ချစ်လွန်းလို့ ကြံမိပါတယ်

ချစ်လွန်းလို့ ကြံမိပါတယ်(စ/ဆုံး)

———————————

မူရင်းရေးသူ ဆရာ ဧကန်မင်း

ကျော်သိုက်တစ်ယောက် မနက်စောစော
ရွာဦးဘုရားရှိ ပုတီးသွားစိပ်ပြီးနောက်
ခုနှစ်နာရီခန့် အိမ်သို့ ပြန်လာခဲ့သည်။

အိမ်မှာ မိခင်ဖြစ်သူထည့်ကျွေးသော
ထမင်းကြော် ပန်းကန်ကိုယူရင်း
ခေါင်းရင်းပိတောက်ပင်အောက်
ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်း
တစ်လုံးချကာ ထိုင်၍ သောက်နေသည်။

“သား…ဒီနေ့ သွားစရာရှိဘူးလား”

“အမေ ဘာခိုင်းမလို့လဲ …သား…သွားစရာမရှိဘူး
ထင်တာပဲ”

“အမေ…ခိုင်းစရာမရှိပါဘူး။
သွားစရာရှိလို့ …သားကို အိမ်စောင့်ခိုင်းမလားလို့
အမေ ရွာမြောက်ဖျားက မင်းဒေါ်လေးလုံးတင်
နေမကောင်းဘူး သတင်းကြားလို့
ဓါတ်စာလေးပေးရင် သတင်းသွားမေးလိုက်ဦးမယ်”

“သားလေ…သား..ဘယ်မှသွားစရာမရှိပါဘူး
အမေ စိတ်ချသာသွားပါ”

“ကိစ္စပေါ်လာလို့ သွားရင် တံခါးတွေ
အသေအချာပိတ်ပြီး ခေါင်းရင်းအိမ်ကို
အသံပြုပြီသွား ဟုတ်လား”

“ဟုတ်ကဲ့”

မိခင်ဖြစ်သူလည်း ပုဆိုးတစ်ထည် ခေါင်းပေါင်းရင်း
လက်မှာ ချိုင့်တစ်လုံးဆွဲ၍ အပြင်ထွက်သွားသည်။

ကျော်သိုက်လည်း ရေနွေးကြမ်းသောက်ရင်း
ထမင်းကြော် စားနေလိုက်တော့သည်။

“ကိုကျော်သိုက် …ကိုကျော်သိုက်”

“ဟေ…ဖိုးထူး ။
ငါ…ခေါင်းရင်းမှာလေကွာ။
လာ…ဒီကို”

ဖိုးထူးလည်း ကွပ်ပျစ်ရှိရာသို့ ရောက်လာသည်

ဖိုးထူးရောက်လာလျှင် ဆရာကြီးဆီက
အမှာတစ်ခုခုယူလာခြင်း ဖြစ်မည်ဟု
သိလိုက်ရသည်။

ဖိုးထူးအစ်ကိုက ဆရာကြီးတို့ရွာသူနှင့်
အိမ်ထောင်ကျနေသည်။သူတို့အိမ်နှင့်
ဆရာကြီးတို့အိမ် တစ်ခြံသာခြားသည်။

ဖိုးထူးက မကြာခဏ သူ့အစ်ကိုအိမ်သို့
ရောက်နေတတ်သဖြင့် ဆရာကြီး
ကျော်သိုက်ကို မှာစရာ ခေါ်စရာရှိလျှင်
ဖိုးထူးကို လွှတ်လေ့ရှိသည်။

ဖိုးထူးမရှိပါက ဖိုးထူးအစ်ကို၏
ယောက်ဖလေးပေါက်စီကို လွှတ်ပြီး
ခေါ်ခိုင်းတတ်သည်။

“ကဲ…ဖိုးထူး ။ မင်းအစ်ကိုအိမ်က လာတာလား”

“ဟုတ်တယ်ဗျ ကိုကျော်သိုက် ဆရာကြီးက
ဒီညနေ ခရီးထွက်စရာရှိတယ်
ပစ္စည်းအစုံအလင်ယူပြီး
နေ့နှစ်နာရီလောက် အရောက်လာခဲ့ပါတဲ့”

“အေး…အေး…သိပြီ
ဒါနဲ့…မင်းဘာစားခဲ့ပြီးပြီလဲ
ကဲ…ထိုင်အမောပြေဦး ငါအိမ်ထဲမှာ မင်းစားဖို့
သွားရှာဦးမယ် ထမင်းကြော်ကတော့
ကုန်ပြီထင်တယ်”

“ဟာ…ကျနော် အများကြီးစားခဲ့တာ ဗိုက်က
အခုထိ မချောင်ဘူး။ ကျနော်မထိုင်တော့ဘူး
အိမ်ပြန်မရောက်တာ တစ်ပတ်လောက်ရှိပြီ
သွားလိုက်ဦးမယ်”

“အေး…အေး ငါ ခုနေ့ခင်း ဆက်ဆက်သွားလိုက်မယ်”

XXXXXXX

ကျော်သိုက်တို့ ဆရာတပည့်နှစ်ယောက်
ညနေလေးနာရီခန့်
အိမ်မှာ စထွက်သည် ။
မိတ္ထီလာသို့ သွားမည်ဟုဆိုသည်။

သာစည် ရွှေညောင်ရထားကို စောင့်ပြီး
စီးလာခဲ့ကြသည်။

ညရထားမို့ သာစည်ဘူတာသို့ ရောက်တော့
မိုးမလင်းသေး။ သို့ကြောင့် မိတ္ထီလာသို့ သွားမည့်
ကားဂိတ်အနီးရှိ လက်ဖက်ရည်ဆိုင်မှာ
ဝင်ထိုင်ရင်း အချိန်ဖြုန်းနေလိုက်ကြသည်။

မနက်စောစောထွက်သောကားဖြင့်
သာစည်မှာ မိတ္တလာသို့ ခရီးဆက်ခဲ့သည်။
မိတ္တီလာသို့ သွားရခြင်းအကြောင်းကို
ဆရာကြီးက ရထားပေါ်မှာ ကတည်းက
ရှင်းပြလာခဲ့သည်။

ဆရာကြီး မိတ်ဆွေ၏ သားတစ်ယောက်
ပယောဂဝင်ရောက် နှောင့်ယှက်နေသည့်အတွက်
ကြွရောက်ပြီး ကူညီဖြေရှင်းပေးရန်
လူလွှတ်၍ ပင့်လိုက်သဖြင့် ခရီးထွက်လာကြောင်း
ပြောသည်။

မိတ္တီလာမြို့ ပွဲစားတန်းရောက်တော့
ပွဲစားကြီး ဦးအောင်ပွင့် ဒေါ်ခင်ကြိုင်တို့
အိမ်ကို အလွယ်တကူ ရောက်ခဲ့သည်။

ခြံနှင့်ဝင်းနှင့် နှစ်ထပ်တိုက်ကြီး ဖြစ်သည်။

ဆရာကြီးကို မြင်လိုက်သည်နှင့်
ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုကြသည်။

ပွဲစားကြီးကတော်ကလည်း မာန်မာနမရှိ
ဖော်ရွေစွာ ဧည့်ခံသည်။

“ဆရာကြီးတို့ ဒီနေ့ရောက်မယ်မှန်းသိလို့
သားကို ခေါ်မထားရဘူး ။မနက်စောစောက
မြင်းခြံပွဲရုံကို လွှတ်လိုက်တယ်။
ပြန်ရောက်ရင် ကျနော်တို့ပွဲရုံမှာ
တစ်နေ့ကုန်မယ်ထင်တယ်
မြင်းခြံပွဲရုံက ပြန်ရောက်ချိန်မှန်းပြီး
ပွဲရုံကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါ့မယ်”

“သူ…ကိစ္စရှိရင် နေပါစေ။
ပြန်လာမှတွေ့ကြတာပေါ့။
သူ အခု ဘယ်လိုနေသေးလဲ သူ့ဇနီးရော”

“သူဇနီး ဆုံးသွားပြီး ဆရာကြီး
ရက်လည်ပြီးတာ နှစ်ရက်ပဲ ရှိပါသေးတယ်
သူ့ယောင်္ကျားစိတ်ကြောင့်ပဲလား
သူလည်း အပြုစား ခံရလို့ပဲလား မသိဘူး
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ထမင်းစားမရ
အိပ်ရာပေါ်လဲပြီး တစ်ပတ်လောက်ပဲ ကြာမယ်
ဆုံးသွားတယ်”

“သူ့မိန်းမ ဆုံးသွားတော့ မောင်နိုင်ဝင်းအမူအရာ
ဘယ်လိုရှိလဲ”

“သူ့မိန်းမ သေတော့ ဝမ်းမနည်းတဲ့အပြင်
အခုမှ အနှောင့်အယှက် ကင်းတော့တယ်။
သေတာ နောက်ကျတယ်လို့ ပါးစပ်ကတောင်
ထုတ်ပြောတယ်”

“အင်း…တစ်ဖက်က အတော်လေး ပေါက်ရောက်နေပြီပဲ”

“မထင်ထားဘူးဆရာကြီး အဲဒီအောက်လမ်းမက
အိမ်မှာနေပြီးသားကို ကြံစည်နေတာ။
အရင်က မသိသာဘူး ။သားနဲ့ မမြကြူလေးတို့
လက်ထပ်ပြီးမှ ဇာတိရုပ် ပေါ်လာတာ”

“မမြကြူလေးနဲ့ မောင်နိုင်ဝင်းတို့က
ချစ်သူရည်းစားတွေလား”

“ဟုတ်ပါတယ် ဆရာကြီး ။
လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက
ပွဲရုံချင်းကကပ်ရက် နေ့စဉ်မြင်ပါများတော့
ချစ်သူတွေ ဖြစ်သွားကြတယ်။
သူတို့ကြိုက်တာလည်း ကြာပြီ။
အိမ်ထောင်ပြုပေးပါဆိုတာနဲ့
မိဘချင်းနားဖောက်ပြီး လက်ထပ်ပေးစားခဲ့တာပါ။

သူတို့အိမ်ထောင်ကျကာစ ချစ်လိုက်ကြတာ
မိန်းကလေးကလည်း ကိုကို
သားကလည်း မြမြနဲ့ မျက်စိအောက်ကကို
အပျောက်မခံကြတာ
သူတို့အိမ်ထောင်ပြုပြီး သုံးလေးလလောက်ပဲ
ကြာမယ် သားကစဖောက်လာတယ်။

အရင်က မြမြလို့ ညင်ညင်သာသာ ခေါ်ရာက
မိမြ မိကြူ နင့်ကို ငါ ကြည့်မရဘူး
နင်နဲ့ အိပ်ခန်းထဲ အတူမနေဘူး
အိပ်ရာ ခွဲအိပ်မယ်နဲ့ ဖြစ်လာပါရော
ချွေးမလေးက ကျနော့်တို့ကို ပြန်တိုင်တာနဲ့
လူကြီးတွေ ဆူပူကြိမ်းမောင်းပြီး
လက်ပါတဲ့အထိ ဖြစ်လာတယ်။

သူ …လက်ပါလာတော့ ချွေးမလေးက
ခပ်ခွါခွါနေတော့တာပေါ့။
သူက ညရှစ်နာရီဆို

အခန်းထဲက ထွက်သွားတယ်။
တစ်ညအိမ်က ခြံစောင့်ထွေးမောင်က
အစ်ကိုလေး…ကျင်မြရဲ့ အခန်းကို
ညညသွားအိပ်တာ တွေ့လိုက်တယ်လို့
လာပြောတာနဲ့ နောက်ည ချောင်းဖမ်းတော့
ကျင်မြအခန်းကို ဝင်သွားတာ
တကယ် ဟုတ်နေတယ်။

ကျင်မြဆိုတာက အိမ်မှာ ထမင်းချက်
အဝတ်လျှော် ခိုင်းထားတဲ့ မိန်းကလေးပဲ။
အိမ်က သားနဲ့ သုံးနှစ်လောက်ကြီးတယ်။
သူ့အသက် နှစ်ဆယ့်ရှစ်နှစ်လောက် ရှိမယ်ထင်တာပဲ။

သားက ဘယ်လိုကြောင့် သာမန်ရုပ်
အသားညိုညို ချွေးမလေးနဲ့ ဘယ်လိုမှ
ယှဉ်လို့မရတဲ့ မိန်းမကို
တန်းတန်းစွဲ ဖြစ်သွားလဲ မသိပါဘူး။

နောက်နေ့ရောက်တော့ သားမသိခင်
အဲဒီ ကျင်မြဆိုတဲ့ အိမ်ဖော်မကို အလုပ်ထုတ်ပြီး
ထွက်သွားခိုင်းလိုက်တယ်”

“ဒါဆို သူတို့ချင်း ပြတ်သွားမှာပေါ့”

“မပြတ်ဘူး ဆရာကြီး။
အဲဒီကျင်မြက အဝေးမထွက်သွားဘဲ
ဒီမြို့ထဲမှာပဲ ရှိတယ်။
သားနဲ့ ဆယ်သွယ်ပြီး သားကပဲ
အခန်းရှာပေးထားလား မသိဘူး။

ညစဉ်ရှစ်နာရီထိုးတာနဲ့ ဘယ်လိုတားတား
ကားနဲ့ ထွက်သွားတယ်။
ကားကို မောင်းလို့မရအောင်
လုပ်တာလည်း ခြေကျင် ထွက်သွားတယ်။
ကြာတော့ တားမရတာနဲ့
ကားကို ဒီအတိုင်းပဲ ထားပေးလိုက်တယ်။
ချွေးမလေးလည်း စိတ်ထဲခံစားရလို့လား။

သားက နှိပ်စက်လို့လား။
ကျင်မြကပဲ သူ့ပညာနဲ့ လုပ်လိုက်လို့လားမသိဘူး။
အိပ်ရာထဲလဲရာက ပြန်ကောင်းမလာတော့ဘဲ
အသက်ပါ ပါသွားတယ်။
အခု…သား မသိအောင် ဆရာကြီးထံ
ကျနော် မိတ်ဆွေကို လွှတ်ပြီး
အကူအညီတောင်းမလို့ ပင့်လိုက်ပါပဲ”

“အင်း…ပွဲစားကြီး ပြောပုံအရဆိုရင်
ကျင်မြဆိုတဲ့ မိန်းကလေးက
အောက်လမ်းနည်းသုံးပြီး
သူ့ကို တန်းတန်းစွဲဖြစ်အောင်
လုပ်ကိုင်ထားတာပဲ။
မောင်နိုင်ဝင်းလာမှ အသေအချာ
အကဲခတ်ရမှာပဲ။
ဒါပေမဲ့ စိတ်မပူပါနဲ့
ပွဲစားကြီးက စောစောကသာ မှာကြားခဲ့မယ်ဆိုရင်
ချွေးမလေးလည်း အသက်သေရမှာ
မဟုတ်ဘူး။အင်း…သတ္တဝါတစ်ခု ကံတစ်ခုပါပဲ။
သူ့သက်တမ်း ဒီလောက်ပဲရှိလို့ ပြန်သွားရတာပါ။
ဒါပေမယ့် မောင်နိုင်ဝင်းအတွက် မစိုးရိမ်ပါနဲ့တော့
ဟောဒီဆရာကြီးရဲ့ တပည်ကလည်း
အကူအညီပေးပါ လိမ့်မယ်။
လိုအပ်ရင် ဆရာလည်း ဝင်ပူးကူညီပါ့မယ်”

ထိုနေ့တစ်နေ့လုံး ကာယကံရှင် မောင်နိုင်ဝင်းနှင့်
မတွေ့ရသေး။

ညနေသုံးနာရီခွဲခန့် ရောက်မှ
ဝီလီဂျစ်ကားလေးမောင်းပြီး
အိမ်ပြန်ရောက်လာသည်။

ကျော်သိုက်နှင့် ဆရာဘိုရှိုင်းကို
မြင်လိုက်သည်နှင့် မကျေနပ်သော
မျက်နှာမျိုး ဖြစ်ပေါ်သွားကာ…

“အဖေတို့က ဆရာတွေခေါ်ပြီး ဘာလုပ်ဦးမလဲ
ကျနော် ဘာမှမဖြစ်ပါဘူး ဆရာတွေ ပြန်လွှတ်လိုက်ပါ”

မောင်နိုင်ဝင်းက မျက်နှာချင်းဆိုင် ကြည့်မပြောဘဲ
ငဲ့စောင်းကြည့်ကာပြောရင်း သူ့အိပ်ခန်းထဲ
တန်းသွားသည်။

“ဟာ ဒီကလေး ဆရာတွေကို ဘယ်လိုပြောသွားတာလဲ
မခင်ကြိုင် မင်းသားကို ခေါ်ခဲ့စမ်း”

“နေ…နေ…သူ့အတိုင်းထားလိုက် သူ့ကိစ္စ
နောက်နေ့မှ ရှင်းမယ် အခု သူ့စိတ်အတိုင်း
လွှတ်ထားလိုက် ဒါနဲ့ ပွဲစားကြီး ကျနော်ကို
တစ်ခုလောက် ကူညီပါလား”

“ပြောပါဆရာလေး ဘာဖြစ်ဖြစ် ကူညီပါ့မယ်”

“ဒီည ပွဲစားလေးကို နောက်ယောင်ခံလိုက်မလို့
ကားတစ်စီးလောက် စီစဉ်ပေးလို့ ရမလား”

“ဟာ…ဖြစ်ပါတယ် ဒီအိမ်မှာ ကားနှစ်စီးရှိတယ်
သားစီးဖို့ တစ်စီးသာ ပေးထားတယ်။ ကျနော်တို့
အိမ်သားတွေစီးဖို့ ဂိုထောင်ထဲမှာ
အော်စတင်ကားနက်လေးတစီး
ရှိသေးတယ်။အဲဒီကားထုတ်ထားပြီး
ဆရာလေး သွားလိုရာ လိုက်ပို့ခိုင်းပါမယ်”

“ကိုနိုင်ဝင်း အပြင်ထွက်သွားမှ နောက်ယောင်ခံ
လိုက်ကြမယ်”

အချိန်က တဖြည်းဖြည်း ကုန်သွားသည်။

ညရှစ်နာရီခန့်ရောက်သည်နှင့် ပွဲစားလေးမောင်နိုင်ဝင်း
ဝတ်ကောင်းစားလှဝတ်ကာ အပြင်ထွက်လာတယ်။

“သား…လာထိုင်ဦးလေကွာ”

“သွားစရာရှိသေးတယ်”

အသံခပ်ပြတ်ပြတ်ပြောပြီး မည့်သူကိုမှ
လှည့်မကြည့်ဘဲ အိမ်အောက်ထပ်ကို
ဆင်းပြီး အပြင်ထွက်သွားသည်။

“ကဲ …ဆရာလေး အိမ်နောက်ဘက်က ကားဂိုထောင်ကို
သွားပါ ။ ဂိုထောင်ကိုပြထားတာ မှတ်မိတယ်မဟုတ်လား
အဲဒီမှာ ကားမောင်းပေးမယ် ကိုဖိုးစိန်
အသင့်စောင့်နေလိမ့်တယ်”

“ဟုတ်ကဲ့ မှတ်မိပါတယ်”

ကျော်သိုက်လည်း အိပ်ခန်းတွေထဲမှ
ဖြတ်ထွက်ပြီး နောက်ဘက်မှရှိသော
ကားဂိုထောင်သို့ ထွက်ခဲ့သည်။

ကျော်သိုက်ဂိုထောင်နားရောက်တော့ ကားစက်
အသင့်နှိုးထားသည်ကို တွေ့လိုက်သည်။

“အခုပဲ ကားထွက်သွားလို့ ဦးလည်း စက်ကို
အသင့်နှိုးထားတာ”

“ကဲ …ကဲ…ဒီကားကို မျက်ခြေမပျက်အောင်
မောင်းပြီး လိုက်ပေတော့”

ကားက ကန်ကြီးဘေးပတ်လမ်းမှ
မောင်းသွားနေသဖြင့်နောက်မှ ခပ်ခွာခွာလေး
လိုက်ခဲ့တယ်။

အတော်ကလေးမောင်းမိတော့ ခြံတစ်ခြံထဲ
မောင်းဝင်သွားသည်။ထိုခြံထဲမှာ
သံမံတလင်းခင်နှင့် ပျဉ်ထောင်အိမ်လေး
ရှိနေသည်။ကျော်သိုက်လည်း ကားကို
ခြံထောင့်မှာ ရပ်ခိုင်းပြီး အခြေအနေကို
အကဲခတ်ကြည့်ရန် ကားပေါ်မှဆင်း၍
မှောင်ရိပ်ခိုကာ ခြံထဲသို့ ဝင်ခဲ့သည်။

သံမံတလင်းခင်းထားသော အိမ်အမျိုးအစားမို့
အိမ်အနီးကပ်ပြီး အတွင်းသို့ ကြည့်၍ ရသည်။

သို့ကြောင့် နံရံပျဉ်ဟနေသော နေရာမှအတွင်းသို့
အကဲခတ်ကြည့်လိုက်သည်။

“မောင်မောင် မောလာတယ် အမောပြေ
ရေအေးအေးလေး သောက်လိုက်ပြီးမှ
စကားပြောကြတာပေါ့”

မကျင်မြ ကမ်းပေးသော သောက်ရေခွက်ကို
လှမ်းယူလိုက်ပြီး တစ်ကျိုက်နှစ်ကျိုက်နှင့်
အကုန်သောက်လိုက်သည်။

ထိုနောက် ကုတင်ပေါ်မှာ နှစ်ယောက်သားထိုင်ပြီး
ချစ်ကြောင်းကြိုက်ကြောင်း သတိရ၍
လွမ်းနေကြောင်း ပြောနေကြသဖြင့်
ကျော်သိုက်လည်း ကားဆီပြန်လာပြီး
ပွဲစားကြီးအိမ်သို့လာခဲ့သည်။

အိမ်သို့ပြန်ရောက်သည်နှင့် ကျော်သိုက်လည်း
ပွဲစားကြီးလင်မယားနှင့် ဆရာကြီးသိအောင်
ရှင်းပြလိုက်သည်။

“မကျင်မြကတော့ ပွဲစားလေးကို
ဆေးခပ်ပြီး သူ့ဘက်ပါအောင်
လုပ်နေတာပဲ ။ ပွဲစားလေးလည်း
အောက်လမ်းနည်းနဲ့ ဆေးမိပြီး
စွဲစွဲလန်းလန်းဖြစ်နေတာ”

“ဆရာ…မောင်နိုင်ဝင်းကို မြင်လိုက်တာနဲ့
အခြေအနေကို သိလိုက်ပြီးပြီ
သူ့ကို ချစ်အောင် ကြိုက်အောင်
အောက်လမ်းနည်းကို သုံးရုံမကဘူး
သူ့ဘက်က အပိုင်ကိုင်နိုင်အောင်
အပင်းသွင်းခံထားရတယ်ကွဲ့။
မောင်ကျော်သိုက်က သင်ယူလေ့လာတုန်းမို့
သေချာအကဲခတ်နိုင်အောင်
လိုက်ကြည့်ခိုင်းခဲ့တာပဲ”

“ဆရာကြီး မသိလို့ မေးပါရစေ
အပင်းသွင်းတယ်ဆိုတော့
အန္တရာယ်ရှိနိုင်ပါလား”

“အပင်းသွင်းတယ်ဆိုတာ အန္တရာယ်ပေးဖို့ပါပဲ။
သူတို့နဲ့ ဘာမှမဖြစ်ရင် ပြဿာနာတစ်စုံတစ်ရာ
မဖြစ်ရင် သွင်းထားတဲ့ ဘာအန္တရာယ်မှ မပေးဘူး။
သူတို့ မကျေနပ်တဲ့အချိန် မုန်းတီးတဲ့အချိန်ဆို
အဲဒီအပင်းက အန္တရာယ်ပေးတော့တာပဲ။
သေတဲ့အထိ ဆိုပါတော့”

“မမြကြူလေးလည်း အပင်းသွင်းခံရပြီး
အသေသတ်လိုက်တာဖြစ်မယ် ထင်တယ်ဆရာကြီး”

“ဖြစ်နိုင်တာပေါ့ ပွဲစားကြီးရဲ့
ဒီမိန်းကလေးက အောက်လမ်းနည်းတစ်ခုကို
ကျွမ်းကျွမ်းကျင်ကျင် တတ်ထားတဲ့ ပညာရှင်ပဲ။
အဆင့်မြင့်အောက်လမ်းပညာသည်မှန်ရင်
အိမ့်ဒလိမ့်စုန်း ဝမ်းတွင်းစုန်း ဆယ့်ကြိုးစီးတဲ့
ဇော်ကနီ စသဖြင့် သူတို့ ပညာအခြေအနေအလိုက်
အနိမ့်အမြင် ရှိကြတယ်။

လူကိုချစ်အောင်လည်း လုပ်နိုင်တယ်
သေအောင်လည်း လုပ်နိုင်တယ်
အနီးမှကပ်ပြီး လုပ်နိုင်သလို အဝေးကလည်း
လုပ်နိုင်တယ်။ အောက်လမ်းပညာ
အဆင့်မြင့်မြင့် တတ်ရင် လူကောင်းတစ်ယောက်ကို
အဝေးကနေပြီး အပင်းသွင်းနိုင်တယ်
အနီးကပ်ပြီးလည်း သွင်းနိုင်တယ်။

သူတို့ သွင်းလိုတဲ့ အပင်းလုံးကြီးဟာ
ဘယ်လောက်ပဲ သွေးသံရဲရဲ
အသားတုံးကြီး ဖြစ်ပါစေ
လက်ဝါးပေါ်တင်ပြီး မန်းမှုတ်ပွတ်ခြေလိုက်ရင်
တဖြည်းဖြည်း သေးသွားရာက
လုံးလုံးပျောက်သွားပြီး အပင်းသွင်းချင်သူသောက်တဲ့
ရေထဲဖြစ်ဖြစ် စားစရာထဲ ဖြစ်ဖြစ်
ရောက်အောင်ပြုပြီး သွင်းတယ်။

သူ့အလိုလို ရောက်သွားအောင်လည်း
သွင်းနိုင်တယ်။ မကောင်းတဲ့ ပစ္စည်း ပိတ်စ
သံတိုသံစ ဆံပင် သစ်သား
ပစ္စည်းအများကြီးကို သေးသေးလေးကနေ
အမှုံအမွှာလေးတွေဖြစ်အောင်လုပ်ပြီး
အစာထဲ သွင်းထားတယ်။

မောင်နိုင်ဝင်းကို ဆရာအကဲခတ်ရတာ
အပင်းတွေ အများကြီး သွင်းထားတယ်
ညစ်ညမ်းတဲ့ ဆေးတွေလည်း အကြိမ်ကြိမ်
သောက်ထားပြီးပြီ။
ဒါကြောင့် တန်းတန်းစွဲကို ဖြစ်နေတာပေါ့ ပွဲစားကြီး”

“ညစ်ညမ်းတဲ့ ဆေးကလည်း ဆရာလေးသိရင်
ရှင်းပြလို့ရရင် ရှင်းပြလား”

“ယုတ်ညံ့တဲ့ မိန်းမတွေဟာ ယောင်္ကျားတစ်ယောက်ကို
ယုတ်ညံ့တဲ့ အဆောင်ဆေးများနှင့် လှည့်ပတ်
ဖျားယောင်းတတ်တယ်။အဲဒီဆေးဆိုတာကလည်း
မိန်းမတွေ ဓမ္မတာပန်းပွင့်သည့်အခါ အသုံးပြုသည့်
အလွန်ညစ်ပတ်သော အခုအခံအထည်ဟောင်းများကို
ရေအင်တုံထဲထည့်ပြီး လျှော်ဖွတ် ထိုမှ ထွက်လာသော
အညစ်အကြေးတို့ အနည်ထိုင်အောင်လုပ်
ရေကြည်ကိုသွန် အကြိမ်ကြိမ် ရေကိုသွန်သဖြင့်
ရရှိလာသော အနည်အနှစ်ကို အလုံးလေးတွေပြုပြီး
နေလှန်းရပါတယ်။

အဲဒီနေလှန်းထားတဲ့ အလုံးလေးတွေကို ဂါထာနဲ့စီရင်ပြီး
မိမိကြိုက်နှစ်သက်တဲ့ ယောင်္ကျားလေးသောက်တဲ့
ရေ ဒါမှမဟုတ် အစာထဲကို ထည့်ပြီး တိုက်ကျွေးရပါတယ်”

“အမယ်လေး အတော်ယုတ်ညံံ့တဲ့ ပညာပါလားနော်”

“သောက်ရေထဲ နေ့တိုင်း နည်းနည်းစီခပ်ပြီး
သောက်စေရင် စီရင်တဲ့ မိန်းကလေးကို
မခွဲနိုင် မခွါနိုင်ရက် တသသစွဲလန်းနေတော့တာပဲ”

“အခု ကျနော် နောက်ကလိုက်သွားပြီး
ကြည့်တဲ့အခါ ရောက်ရောက်ချင်း ပွဲစားလေးကို
ရေတစ်ခွက်တိုက်နေတာ အသေအချာ တွေ့ခဲ့ရပါတယ်”

“အင်း…သားလေးတော့ လူဖြစ်ရှုံးရပြီပေါ့။
ဆရာကြီးနဲ့ ဆရာလေးတို့ သားကို ကယ်လို့ မရတော့ဘူးလား။
ကယ်ပါဦး ဆရာ”

“စိတ်ချပါ မနက်ဖြန် ပွဲစားလေးကို ဆရာကြီး
အပြီးကုပေးပါ့မယ် စိတ်ချလက်ချ အိပ်ပျော်အောင်သာ
အိပ်ကြပါတော့”

ည ဆယ်နာရီခန့် ပွဲစားလေး ပြန်ရောက်လာသည်။

ဆရာကြီးက ဘုရားစင်ရှေ့မှာ အဓိဋ္ဌာန်ဝင်နေပြီး။
ပွဲစားလေးလည်း မည်သူ့ကိုမှ မနှုတ်ဆက်ဘဲ
အခန်းထဲ ဝင်သွားသည်ကို ပွဲစားကြီးနှင့်
ပွဲစားကတော်တို့ လှမ်းကြည့်နေရင်းက
သက်ပြင်းကိုယ်စီ ချမိလိုက်ကြသည်။

XXXXX

ဆရာကြီးလည်း နောက်နေ့ နေ့ကောင်းရက်
ကြုံနေသည့်အတွက်
နေတတ်ချိန် မနက်ပိုင်းမှာပင် လူနာကို အအပ်ခိုင်းပြီး
ဘုရားစင်မှာ ကန်တော့ပွဲနှစ်ပွဲ ပြင်ခိုင်းလိုက်သည်။

ဆီမီး ဖယောင်းတိုင် ထွန်းပြီး သောက်တော်ရေများ
ဆက်ကပ်လိုက်သည်။

“ကဲ…ပွဲစားလေးမောင်နိုင်ဝင်းကို
ဆရာ့လက်အပ်တယ်ဆိုရင်
ခေါ်လိုက်ပါ”

မောင်နိုင်ဝင်းအား ပွဲရုံသို့ မသွားခိုင်းသဖြင့်
စိတ်ဆိုးပြီး အခန်းထဲက မထွက်ဘဲနေစဉ်
ဆရာကြီးက ခေါ်ခိုင်းသဖြင့် ပွဲစားကြီးလည်း
ထပြီး ပွဲစားလေး၏ အခန်းဝမှနေ၍…

“သား …မောင်နိုင်ဝင်း သားကို ကျန်းမာအောင် ဆရာကြီးက
ဆေးကုပေးမလို့ ခေါ်နေတယ်။ အခန်းပြင်ကို
ထွက်ခဲ့ဦး”

“ဘာဗျ…ကျုပ်က ဘာဖြစ်လို့ ဆေးကုရမှာလဲ
ဘာမကျန်းမာတာလဲ ။
ကျန်းမာတာမှ ဒေါင်ဒေါင်ကိုမြည်လို့”

“လာပါ…ခဏထွက်ခဲ့ပါဦး”

“သွား…သွား…သွား…မထွက်ဘူး”

“မထွက်ဘူးဟေ့ မထွက်ဘူးကွ”

အခန်းထဲကနေ ဆူညံစွာ အော်ဟစ်ပြောဆိုနေသည်။

ဆရာကြီးက စိတ်အေးလက်အေး
ထိုင်နေရာမှ မထဘဲ …

“ဟဲ့ …လာခဲ့ပါ…လာခဲ့ပါ …ထွက်ခဲ့ပါ
မကြောက်ပါနဲ့ ဆရာ ဘာမှမလုပ်ပါဘူး”

ဆရာကြီးစကားဆုံးသောအခါ အခန်းထဲမှာ
မောင်နိုင်ဝင်းက

“အားလုံးအိမ်ပေါ်က ဆင်းသွား ကျုပ်က
ဘာဖြစ်လို့ထွက်လာရမှာလဲ
မလာဘူးဟေ့…မလာဘူး”

အိပ်ခန်းထဲမှာ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့်
သောင်းကျန်းနေသည်။

ဆရာကြီးက အသံမြင့်ပြီး ခေါ်လိုက်သည်။

“ဟေ့…ဘာမှမပြောနဲ့ လာ…အခုလာ”

“ဟုတ်ကဲ့…လာခဲ့ပါမယ်”

“လာခဲ့ပါမယ် လုပ်မနေနဲ့ …အခုလာ”

အသံကသာ လာမယ်ပြောပြီး လူကထွက်မလာ
အထဲမှာ ခဏမျှ ငြိမ်သက်သွားသည်။

ပွဲစားလေးက အခန်းပြင်သို့ မထွက်လာသော်လည်း
အခန်းထဲမှာ ထိုင်လိုက်ထလိုက်
အခန်းဝနားသွားရပ်လိုက်နှင့် ဂနာမငြိမ်
ဖြစ်နေသည်။

“ဟေ့…ဆရာခေါ်နေတယ် ကြိမ်လုံးစာမိချင်လို့
မလာသေးတာလား”

ထိုသို့ ဆေးကြိမ်လုံးအကြောင်း ပြောလိုက်မှ
အားမတန်၍ မာန်လျော့လိုက်ဟန်တူသည်။
အခန်းအပြင်သို့ ဆောင့်အောင့်ပြီး ထွက်လာသည်။

ပွဲစားလေး၏ဟန်ပန်က ယောင်္ကျားလေးဟန်ပန်
အမူအရာထက်
အခြောက်လိုလို မိန်းမတစ်ယောက်လိုလို
ဟန်ပန်အနေအထာသို့ ပြောင်းသွားသည်။

အပြင်ရောက်ပြန်တော့ ဆရာကြီးရှေ့ လာမထိုင်ဘဲ
ဘေးတိုက်ဆောင့်ကြောင့်ထိုင်နေသည်။

“ဟေ့…ဒီရှေ့လာ အဝေးကြီးမှာ မထိုင်ရဘူး။
ဆရာမေးစရာရှိတယ် ဒီရှေ့ကိုလာ”

“အဲဒီကမေး…အကုန်ပြောမယ်”

ဆရာကြီးကို လှည့်မကြည့်ဘဲ
ဘေးတိုက်အနေအထားနှင့်
မာဆတ်ဆတ်ပြောသည်။

“ချိုချိုသာသာ ပြောနေတယ် ။
နင်…ကျင်မြဆိုတာ ငါသိတယ်။
အခု ဆရာရှေ့ လာခဲ့ လာ…လာ…ထိုင်”

ဆရာက ထိုင်နေရာမှ ဆေးကြိမ်လုံးကို
ရိုက်မည့်ဟန်ရွယ်လိုက်စဉ်
ဆရာကြီးရှေ့သို့ ဒရွတ်တိုက်ဆွဲပြီး လာထိုင်သည်။

မျက်နှာကို လွှဲထားသည်။ဆရာကြီးလည်း
ဆေးလွယ်အိတ်ထဲမှ ဆေးတစ်တောင့်ကို
ယူလိုက်ပြီး သောက်ရေခွက်ထဲ ထည့်စိမ်၍
မောင်နိုင်ဝင်းကို သောက်ရန် ကမ်းပေးရာ
အဆိပ်ရေကို သောက်ခိုင်းသည့်အလား
တုန်တုန်ရီရီနှင့်…

“မသောက်ပါရစေနဲ့ ဆရာကြီးရယ်
မသောက်ရပါစေနဲ့”

ခါးသီးစွာ ငြင်းဆန်နေလေသည်။
ဆရာကြီးက ငြင်းဆန်နေသော
မောင်နိုင်ဝင်းအား ဆေးကြိမ်လုံးနှင့်
ရွယ်လိုက်ရာ…

“မသောက်လို့ မရဘူးလား။
ဒီကိစ္စ ဆရာကြီးနဲ့ မဆိုင်ပါဘူး။
ကျမတို့ကိစ္စ ကျမတို့ချင်း သဘောတူရင်
ပြီးတာပဲ မဟုတ်လား ဆရာကြီးက
အနေသာချည်းပါ”

“တယ်…အခုထိ နားမလည်သေးဘူး။
နင်…ယုတ်မာတဲ့ အကြံနဲ့ မောင်နိုင်ဝင်းကို
လုပ်ထားတာ ခွင့်မလွှတ်ဘူး”

“သူ့ကို ချစ်လို့ လိုချင်လို့ လုပ်ရတာပါ။
ကျမလို အိမ်ဖော် ရုပ်ဆိုးတဲ့လူကို
ဒီလိုမှ မလုပ်ရင် သူချစ်နိုင်မှာ မဟုတ်ဘူး။
သူ…ချစ်လာအောင် မလုပ်ချင်ဘဲ လုပ်ရတာပါ”

“အေး…မင်းက နည်းမှန်လမ်းမှန်မှ မကြိုးစားဘဲ”

“ဒီနည်းမှမသုံးရင် သူက ချစ်မှာမဟုတ်ဘူး။
ကျမရဲ့ အကြံအစည်ကို ဝင်မနှောင့်ယှက်ပါနဲ့ ဆရာကြီး
အင့် …ဟင့်…ဟင့်…”

“မင်းငိုနေလည်း အပိုပဲ။

လူနာရှင်က ငါ့ကိုအပ်လိုက်ပြီ။
ငါမှာ တာဝန်ရှိတယ်။
ဒါကြောင့် သူကို နှောင့်ယှက်တာတွေ ရပ်လိုက်ပါ”

“ကျမ ချစ်လွန်းလို့ ကြံမိတာပါ။
သူ အခြားမိန်းမနဲ့ ရသွားကတည်းက
စိတ်ဆင်းရဲခဲ့ရတာပါ။
သူများရဲ့ လက်ထဲက အတင်းပြန်ယူထားရတာပါ။
အချစ်မှာ မတရားတာ မရှိပါဘူး ဆရာကြီး”

“အံမယ်…မင်းကများ ငါ့ကို တရားလာပြနေတယ်။
မင်းရဲ့ အတ္တစိတ်ကြောင့် ကာယကံရှင်ရဲ့ ဇနီးမယားလည်း
သေသွားပြီ ။ အဲဒီမိန်းကလေးကို မင်းသတ်ပစ်တာလား”

“အပင်းသွင်းလိုက်တာ မခံနိုင်လို့ သေသွားတာပဲ။
သေအောင် လုပ်တာတော့ မဟုတ်ပါဘူး”

“မင်းကတော့ အပြစ်တွေ များနေပြီ။
ကဲ…စကားများမနေနဲ့ …ဒီရေကို သောက်လိုက်”

“မသောက်ပါရစေနဲ့”

မောင်နိုင်ဝင်းလည်း ထိုင်ရမှထမည်အပြု
ဆရာကြီးက ဆေးကြိမ်လုံးနှင့် ဆတ်ဆတ်လေး
ရိုက်လိုက်ရာ။

“အောင်မလေး သေပါပြီတော့”

အားလုံးအမြင်မှာ ယောင်္ကျားကြီးတစ်ယောက်
ဖြစ်နေသော်လည်း အစွဲရှင်က မိန်းမဖြစ်နေသည့်အတွက်
မိန်းမသံနှင့် ထအော်လိုက်သည့်အသံကို ကြားကြရသည်။

ရေခွက်ကို အတင်းသောက်ခိုင်းသည့်တိုင်
မသောက်ပါ။

ဆရာကြီးက အတင်းမလုပ်ပဲ အစွဲရှင်ကိုယ်တိုင်
ရိုကျိုးလာစေရန် စိတ်ရှည်ရှည်ထား၍
နေခြင်းဖြစ်သည်။

ဆရာကြီးက ကြိမ်လုံးကို ရွယ်လိုက်စဉ်…

“အမယ်လေး မရိုက်ပါနဲ့ ကြောက်ပါပြီ”

“ကြောက်ရင် သောက်လိုက်”

“သောက်လိုက်ရင် သူနဲ့ ဝေးရတော့မှာပေါ့။
အဲဒီလို မရက်စက်ပါနဲ့”

“ဆရာကြီးက မရက်စက်ချင်လို့ အေးအေးသာသာ
ပြောနေတာပေါ့ ။ မင်းကမှ ရက်စက်တာ
မင်းကြောင့် သူ့မိဘတွေ စိတ်ဆင်းရဲရတယ်
သူ့မိန်းမလည်း သေရတယ်
ဆရာက တစ်ဖက်သား ဒုက္ခမများအောင်
အနုနည်းနဲ့ မေတ္တာရပ်ခံနေတာကိုမှ
မင်းက အထွန့်တက်ပြီး စျေးဆစ်နေတယ်”

ဆရာကြီးက ဆေးဖယောင်တိုင်ကိုထွန်းပြီး
သိမ်ဝင်သပိတ်ကွဲနှင့် စီရင်ထားသော
အင်းကြီးတစ်ခုကို ဖယောင်းတိုင်ထိပ်တွင်
ကပ်လိုက်ရာ…

“အား…အား…ပူတယ်…ပူတယ်
မရက်စက်ပါနဲ့”

“ကဲ…ကဲ…အတော်ခံလိုက်ရတယ်ထင်ပါ့
ရော့ရော့…ရေမန်းသောက်လိုက်”

“မသောက်ပါရစေနဲ့ သူနဲ့ မခွဲနိုင်လို့ပါ
သူနဲ့ခွဲရမယ်ဆိုရင် အသေသာသတ်လိုက်ပါ
ရေမန်းတော့ မသောက်ပါရစေနဲ့”

“မင်း…တယ်ခေါင်းမာပေသကိုး”

ဆရာကြီးက အင်းတော်ကြီးကို
မီးနှင့်အပူထပ်ပေးရာ ကြမ်းပြင်မှာ
လူးလှိမ့်ရင်း အော်နေတော့သည်။

” အမယ်လေး…ပူလှချည်ရဲ့”

အပြင်က ကြည့်နေသူများလည်း
ကဝေမ၏ အချစ်ကြီးပုံကို မြင်ရ၍
စိတ်မကောင်းချင်။

ဒါပေမဲ့ နည်းမှန်ကန်မှန် မဟုတ်
စုန်းကဝေမတစ်ယောက် ဖြစ်နေ၍
မည်သူကမှ လက်မခံနိုင်ပါ။

“အမယ်လေး…ပူလှချည်ရဲ့ ပူလှချည်ရဲ့ ။
သောက်…သောက်ပါတော့မယ်…
အပူမပေးပါနဲ့တော့ ဆရာကြီး”

“ပြီးရင် မင်းသွင်းထားတဲ့ အပင်းတွေ
အကုန်ပြန်နှုတ်သွားရမယ် အာမခံလား”

“ဟုတ်ကဲ့…အာမခံပါတယ်”

“ကဲ…ထ”

မောင်နိုင်ဝင်းထဖြစ်လဲ ကဝေမကျင်မြတစ်ယောက်
အားမာန်လျော့ကာ ဆရာကြီးရှေ့မှာ
ထထိုင်ပြီး ဆရာကြီးကမ်းပေးသော ရေမန်းခွက်ကို
ယူပြီး သောက်လိုက်သည်။

ရေမန်းသောက်ပြီးသည်နှင့် ဇက်ကျိုးကျသလို
ခေါင်းကြီးရှေ့သို့ ငိုက်ကျပြီး ထိုင်နေသည်။

“သူ့ကို ပေးကျွေးထားတဲ့ အပင်းတွေ
အကုန်ပြန်ထုတ်ပေးရမယ်မဟုတ်လား”

“ကဲ…ပွဲကတော်ကြီး…ဇကောကြီးကြီးတစ်ချပ်နဲ့
အဝတ်ဖြူတစ်စ ယူလာခဲ့ပါ”

ဆရာကြီးစကားဆုံးသည်နှင့် ပွဲကတော်ကြီးလည်း
သူ့အိမ်မှ အိမ်ဖော်အဒေါ်ကြီးကို မျက်ရိပ်ပြလိုက်ရာ
ထိုင်ရာမှ ထသွားပြီး မကြာခင် ဇကောကြီးတစ်ချပ်နှင့်
ပိတ်ဖြူတစ်စပါလာသည်။

ဇကောပေါ် ပိတ်ဖြူခင်းပြီး ကိုနိုင်ဝင်း၏
မျက်နှာရှေ့မှာ ချထားလိုက်သည်။

ဆရာကြီးလည်း ဂါထာမန္တန်များရွတ်ဖတ်ပြီး
ကိုနိုင်ဝင်းအား အပင်းချဆေးကို သေချာအောင်
တိုက်လိုက်သည်။

အစွဲရှင်က အကုန်မထုတ်ဘဲ မထားနိုင်ရန်
ဆေးတိုက်လိုက်ခြင်း ဖြစ်သည်။
ဆရာကြီးက ဆေးကြိမ်လုံးပြပြီး…

“ကဲ…ဝမ်းထဲသွင်းထားတဲ့ အပင်းတွေကို
အံထုတ်ဖို့ စလုပ်ပေတော့”

ကဝေမလည်း ဆရာကြီး၏ အမိန့်ကို
မလွန်ဆန်ဝံ့သည့်အလား ဝေါ့ခနဲ ဝေါ့ခနဲ
အန်ချနေသည်။

ဒါပေမဲ့ အပြင်သို့ ထွက်မလာသေး။

ဆရာကြီးက ဆေးကြိမ်လုံးနှင့်ရွယ်ကာ
ကျန်လက်တစ်ဖက်က ကျောကို
သပ်ချပေးနေသည်။

“ငါ့တပည့်ကို မပင်ပန်းစေဘဲ
နဂိုမူလသွင်းထားတဲ့အတိုင်းထွက်စေ”

ဆရာကြီးကပါ ကဝေမကို ကူညီပြီး
အပင်းထုတ်ပေးနေသည်။ထို့သို့ ပြုလုပ်နေခြင်းဖြင့်
အစွဲရှင်လည်း သက်သာ ကာယကံရှင်လည်း
သက်သာသည်။

ဆရာကြီး၏ စေတနာပင်ဖြစ်သည်။

“မြတ်စွာဘုရား အမိန့်တော်။ တရားတော်မြတ်အမိန့်တော်။
သံဃာတော်မြတ်များအမိန့်တော်။
အထက်ဆရာကြီးများ အမိန့်တော်။
ငါဆရာအမိန့်တော်။သိကြားဗြဟ္မာ။
စတုလောကပါလနတ်များ သာသနာစောင့်နတ်များ
ရုက္ခစိုး ။ ဘုမ္မစိုး ။ အာကာသစိုးမှစ၍
သူရသာတိ ။ စန္ဒီ ။ ပရမီသွာ ။ မဟာပိန္နဲ ။
ဂေါရမန္တံ စသော နတ်ဒေဝတာများ
စောင့်ရှောက်ကြလော့”

စသဖြင့် ပြောလေမှ ပိတ်ဖြူစပေါ် လွယ်ကူချောင်ချိစွာ
တစ်ဖျောက်ဖျောက်နှင့် ပါးစပ်ထဲမှ ထွက်ကျလာတော့သည်။

မယုံနိုင်ဖွယ်ရာ ပလတ်စတစ်များ ကော်ပတ်ရုပ်များ
ပုလင်းကွဲများ ဆံခြည်ထွေးများ အသားစိမ်း
လတ်လတ်ဆတ်ဆတ်များ မြွေသေကောင်ပုပ်များ
တစ်ခုပြီးတစ်ခု ထွက်ကျလာတော့သည်။

ထို့နောက် မကျလာတော့။

“ကဲ…ကုန်ပြီလား”

“ကုန်ပါပြီ မကျန်တော့ပါဘူး”

“ကဲ…လူနာပလုတ်ကျင်းဖို့ ရေတစ်ခွက်နဲ့
ထွေးခံ ယူပေးလိုက်”

ခဏကြာတော့ ရေတစ်ခွက်နှင့် ထွေးခံယူလာပေးသည်။

“ကဲ…အစွဲရှင် မကျင်မြ ရှိသေးတယ်မဟုတ်လား
ဆရာကြီးကို နောက် ဘယ်သူမှ မကျူးလွန်
မစော်ကား ပညာနဲ့ မလုပ်တော့ပါဘူးလို့
ကတိပေးမလား”

“ပေးပါတယ် ဆရာကြီး”

“ပေးရုံနဲ့ မရဘူး ဆရာကြီးပေးတဲ့ ရေမန်းကိုကိုင်ပြီး
သစ္စာပြုရမယ် သင်ပညာကို လှူမလား”

“မလှူပါရစေနဲ့ …ဘယ်သူ့ကိုမှ အန္တရာယ်မပြုတော့ပါ”

“အေး…မလှူလည်း ရပါတယ်။
သစ္စာရေတော့ သောက်ရမယ်”

ဆရာကြီးလည်း သောက်ရေခွက်ကိုကိုင်ပြီး
ဘုရားစင်ရှေ့လှည့်၍ မန္တာန်ရွတ်နေသည်။

ပြီးသည်နှင့် မကျင်မြဘက်သို့ လှည့်လိုက်ကာ
အစွဲရှင်ကို လိုက်ဆိုစေသည်။

“အကယ်၍ ကတိသစ္စာပျက်ရင်တော့
ဒီရေမန်းက မင်းတတ်ထားသမျှ ပညာတွေကို
ဖျက်ဆီးပစ်လိုက်မှာပဲ ပြီးတော့
ဘေးဆိုးတွေ့လိမ့်မယ် မိန်းကလေး”

“ဟုတ်ကဲ့ …နားလည်ပါပြီ”

အစွဲရှင်က ရေမန်းကို ကုန်အောင်သောက်လိုက်သည်။

“ကဲ…မောင်နိုင်ဝင်းရဲ့ ခန္ဓာကိုယ်ထဲကခွာပြီး
သွားလိုရာ သွားလို့ရပြီ”

ဆရာကြီးလည်း အစွဲရှင်ကို ချုပ်ထားသော
မန္တာန်ကို ဖြေလိုက်သည်နှင့် မောင်နိုင်ဝင်းလည်း
ခဏမျှ ငြိမ်နေပြီ ခဏအတွင်းမှာပင် ပြုံးပြုံးရွှင်ရွှင်
ဖြစ်လာသည်။

“ဟင်…ဘာတွေလုပ်နေကြတာလဲ”

“သားကို …အောက်လမ်းနဲ့ ပြုစားထားလို့
ဆရာကြီး ကုပေးနေတာ ။ အောက်လမ်းသည်မလည်း
အစွဲတွေ ချွတ်သွားပြီ”

“မြမြကော မတွေ့ပါလာ့း”

“ဟင်…မြမြအကြောင်း သား မသိဘူးလား။
အင်း…သားရဲ့မြမြ နေမကောင်းရာက
အခု မရှိတော့ဘူး ။
အောက်လမ်းသည်မ လက်ချက်နဲ့ ဆုံးသွားတယ်”

“ဟင်…အဲဒီအောက်လမ်းသည်က ဘယ်သူလဲ”

“တို့လည်း မသိဘူးဆိုပါတော့
အောက်လမ်းသည်တွေကို မသိတာ အကောင်းဆုံးကွဲ့”

ဆရာကြီးက မသိစေချင်၍
စကားဝင်ဖြတ်လိုက်ရာ ပွဲကတော်ကြီးလည်း
ဆက်မပြောတော့ပေ။

“ကဲ…ကဲ…သိပ်မမေးနဲ့ဦး။
အခုမှ သူ့ရဲ့ အသိစိတ် မသိစိတ်
လုံးထွေးနေတာ မကြာခင် ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်”

ဆရာကြီးက နောက်ထပ် မည်သည့်အန္တရာယ်မှ
မကပ်ငြိအောင် မိသားစုအား နှုတ်ဆက်ပြီး
လက်ဖွဲ့ မန္တာန်များနှင့် စီမံကာကွယ်ပေးခဲ့သည်။

အားလုံးစီစဉ်ပြီးသည်နှင့် ဆရာကြီးတို့လည်း
ပွဲစားကြီး မိသားစုအား နှုတ်ဆက်ပြီး
မိတ္ထီလာမြို့မှ နေရပ်သို့ ပြန်လာခဲ့တော့သည်။

ပွဲစားကြီးတို့လည်း ကျေးဇူးတင်လွန်းသဖြင့်
မိတ္ထီလာမြို့မှ အပြန်…လက်ဆောင်တွေ
အများကြီးပေးသဖြင့် ကျော်သိုက်တစ်ယောက်
လက်ဆောင်ထုတ်ကို ထမ်းပြီး
ဆရာကြီးနောက်မှ လိုက်လာခဲ့တော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါစေ