ချောင်းထဲက(စ/ဆုံး)
——————–
ညဦးက မိုးဖြိုင်ဖြိုင် ကျထားလေတော့
အပူဒဏ် လျော့ပါးသွား၏။ခင်ဦး ဆန်ဆေး ထမင်းအိုးတည်ပြီး၊ တဲနောက်က
ချောင်းစပ်မှာရှိသော အိမ်သာကို ပြေးထွက်လာခဲ့သည်။
မနက်၄နာရီ အုန်းမောင်းခေါက်သံ
ရွာဦးကျောင်းမှ ပျံလွင့်လာသည်။ဒီကနေ့
သူမ ၁၅မိနစ်ခန့် စော၍ အိပ်ယာကနိူး
ခြင်းဖြစ်၏။ခါတိုင်းဆို အုန်းမောင်းခေါက်သံကြားမှ သူမ အိပ်ယာထ၏။
ရေနံဆီမီးခွက်ကို လက်မှာကိုင်ရင်း
မြေပျော့ကို ရှောင်နင်းလာရခဲ့၏။မှောင်
နဲ့မည်းမည်း အိမ်သာကို တစ်ယောက်တည်းလာရသည်ကို တွေးကာ သူမ
ကျောချမ်းနေမိသည်။
မနေ့က ရွာလယ်က ဒေါ်အေးမြအိမ်မှာ လူစုံတုန်း ပြောနေသံကြားခဲ့ရသည်။ရွာစာသင်ကျောင်းက ဆရာမလေး
နေဝင်ရီတယောအချိန် ချောင်းထဲဆင်း
ရေချိုးတုန်း သရဲအခြောက်ခံရသည်တဲ့။
ဆရာမလေးခမျာ ကြောက်လွန်းလို့ မြို့ပြန်မယ်ပဲ တတွင်တွင်ပြောနေ၏ဆိုပဲ။
ဆရာမလေး ပြောတဲ့အထဲမှာ သူမ
ရေစိမ်နေတုန်း အနောက်ကနေ ရေတွေ
တဗြန်းဗြန်း ပက်သတဲ့။နောက်လှည့်ကြည့်တော့ လူမရှိ။အဲ့တာ ကြောက်တာနဲ့
ကုန်းဘောင်ပေါ်ပြန်အတက် သူမကို နောက်ကနေ ဆံပင်ဆောင့်ဆွဲဆိုပဲ။
ဆရာမလေးခမျာ ထမိန်ရင်လျား
ရေစိုကြီးနဲ့ ကျောင်းကို ပြန်ပြေးခဲ့ရရှာ
သတဲ့လေ။ကျောင်းက အတူနေဆရာမ
တွေက ရွာကလူကြီးတွေပြောပြီး ချောင်းစပ်ကို သွားရှာတော့ ဘာမှမတွေ့ရဘူး။မှောင်ကလည်း မှောင်ပြီလေ။
ဆရာမလေးကတော့ ကြောက်လွန်းလို့ တငိုငိုနဲ့ပေါ့။ရွာလူကြီးက သူ့အိမ်
ခေါ်သွားပြီး၊သူ့သမီးမတုတ်နဲ့အတူအိပ်
ခိုင်းရတယ်တဲ့။
ဒါတွေ ပြန်တွေးပြီး ခင်ဦး အိမ်သာ
တက်ရမှာကို ကြောက်နေခြင်းဖြစ်၏။
အရင်ကတော့ အိမ်သာသွားရင် မီးခွက်ပင်မယူ။ရမ်းမှန်း သွားလိုက်၏။
ကြောက်ပါသည်ဆိုမှ ဗိုက်ထဲက
ရစ်ကနဲ ရစ်ကနဲ နာနေလိုက်တာ။
အတော်နဲ့ ထမရဘူး။ထိုအခိုက် ချောင်းထဲက ဖန်းကနဲ ဖန်းကနဲ ရေပက်သံ
ကြားလိုက်ရသည်။ခင်ဦးကိုယ်လေး
တုန်ကနဲဖြစ်သွား၏။
ငါးပွက်သံမဟုတ်တာ သေချာ၏။ချောင်းရေကို ခပ်ပက်နေသကဲ့သို့ အသံကြားရခြင်း ဖြစ်သည်။ခင်ဦး ထ၍ လုံချည်ကို ပြင်ဝတ်လိုက်သည်။
မီးခွက်ကိုကိုင်ကာ အိမ်သာမှ အောက်သို့ ဆင်း၍ ချောင်းထဲသို့ လှမ်းကြည့်လိုက်သည်။ချောင်းထဲမှာ တရိပ်ရိပ်နဲ့
ခေါင်းကြီးတစ်ခု ဟိုပြေးသည်ပြေး
လုပ်နေသည်ကို တွေ့လိုက်ရသည်။
ကြောက်စိတ်ကသတ်သတ်၊စပ်စုလိုစိတ်ကသတ်သတ်ဆိုတော့ ခင်ဦး မီးခွက်ကို ချောင်းဘက် မြှောက်ကြည့်လိုက်သည်။
အမွှေးအမှင် စုပ်ဖွားဖွားနဲ့ ခေါင်းရှည်မျောကြီးက မီးရောင်ကြောင့် သူမဘက်သို့ လှည့်လာ၏။ခင်ဦးကို စူးစူးကြီး
တစ်ချက်ကြည့်ကာ ရေထဲကို ငုပ်လျှိုးသွားလိုက်တာ မြန်မှမြန်ပဲ။
မကြာပါဘူး ချောင်းရေတွေ ခင်ဦး
ဘက်ကို ဗြန်းကနဲ ဗြန်းကနဲ ကျလာတယ်။ ” အမေရေ သရဲ သရဲ ” လို့ အော်ကာ ခင်ဦး အိမ်ဘက်ကို တချိုးတည်း ပြေးတော့၏။
နွားစာ ကျွေးဖို့ ပြင်နေတဲ့ အဘက
ခင်ဦးအသံကြောင့် ပြေးအလာ၊ကြောက်
လန့်ပြီး ဒရောသောပါး ထွက်လာတဲ့
ခင်ဦးနှင့် တဲဝမှာ ဝုန်းကနဲ တိုက်လဲပါ
လေတော့သည်။
အမေလည်း ဘုရားကန်တော့နေတာကနေ အပြေးအလွှား ထလာရ၏။
သားအဖ၂ယောက် ဝရုန်းသုန်းကား
ဖြစ်နေတာတွေ့တော့..
“ဟဲ့ ဘာဖြစ်နေကြတာလဲ ”
အဘက အရင်ထပြီး ခင်ဦးကို ဆွဲကူ
ထူပေးရင်း..
“မသိဘူး မယ်လှ၊
ငါလည်း မင့်သမီး အော်သံကြားလို့
ပြေးလာတာ ”
ခင်ဦးက တုန်တုန်ရင်ရင်ဖြင့်…
“အဘ ချောင်းထဲ.. ချောင်းထဲမှ သရဲ၊
ကျုပ် သရဲ တွေ့ခဲ့တယ် ”
ဒေါ်လှ ရင်ဘတ်ကို လက်ဖြင့်ဖိရင်း
“အောင်မယ်လေး မြတ်စွာဘုရားကြီး”
ဦးသာပိုက ခင်ဦးကို ကြည့်၍..
“ဟယ် ..ဟုတ်ကော ဟုတ်ရဲ့လား လုံမရယ်”
ခင်ဦး တံတွေးမြိုချရင်း..
“တကယ်ပါ အဘရဲ့၊
ကျုပ် မလိမ်ဝန့်ပါဘူးတော်၊
ဘုရားစူး သရဲမှ သရဲကြီး ”
ဦးသာပို ထရံမှာ ထိုးထားသော ဓားမကို
ဖြုတ်ယူလိုက်ပြီး ..
“သွား ရှေ့ကသွား ၊
အဘ လိုက်ကြည့်စမ်းမယ် ”
ခင်ဦး ကိုယ်ကို တွန့်ပြရင်း..
“ဟင့်အင်း အဘ၊ ကျုပ် မလိုက်ရဲဘူး ၊
အဘ ဖာသာ သွားကြည့် ..”
ခင်ဦး တကယ်ကြောက်နေတာ ကြည့်၍
ဦးသာပို ဇဝေဇဝါ ဖြစ်သွားဟန်တူ၏။
ခင်ဦးဆီက မီးခွက်ကို ယူ၍ နောက်ဖေး
ချောင်းစပ်ကို ထွက်သွားသည်။ဒေါ်လှ
တို့သားအမိလည်း အိမ်ထဲ မနေရဲ၍
ထင်သည်။ဦးသာပို အနောက်သို့ လိုက်ပါသွားကြသည်။
ချောင်းထဲကို မီးခွက်မြှောက်ကြည့်၏။
ချောင်းရေက ငြိမ်နေသည်။ငါးပွက်လေး
မျှပင် မပွက်ချေ။ဦးသာပို သမီးဖြစ်သူဘက်ကို လှည့်ကြည့်၍..
” လုံမ ညည်း အမြင်မှားသာ နေမှာပါ ၊
ချောင်းထဲ ဘာမှ မရှိပါဘူး ”
ဒေါ်လှကလည်း ခင်ဦးကို လက်ကုတ်ခါ
“ခင်ဦးရယ် ညီး အိပ်ရေး မဝတာများလားအေ ”
ခင်ဦး ခေါင်းကုတ်၏။သူမ ခုနက အမှန်တကယ် မြင်တွေ့ခဲ့ရ၏။အခု အဘနဲ့
အမေအား ဘာပြန်ဖြေရမှန်းမသိ။
” ဖန်း ..ဖန်း ”
ထိုအခိုက် ချောင်းအောက်ဖက်ဆီမှ
ရေသံ တဖန်းဖန်း ကြားရပြန်သည်။
ခင်ဦး အလန့်တကြား ထအော်၏။
“ဟော ကြားလား ကြားလား အဘ”
ဦးသာပို ချောင်းအောက်ဘက်ကို
အပြေးလိုက်သွားကာ ကြည့်သည်။
မည်းမည်း ခေါင်းစုပ်ဖွားချွန်ကြီးက ရေပေါ် ခေါင်းဖော်ကာ အောက်သို့
စုန်ဆင်းသွားပြီ ဖြစ်သည်။
မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့်
သူတို့သားအဖ ၃ဦးသား တစ်ဦးကို
တစ်ဦး အကြောင်သား ငေးကြည့်ပြီး
နောက်မှာ၊ အိမ်ဘက်သို့ သုတ်သုတ်
သုတ်သုတ်နဲ့ ပြန်ပြေးသွားကြသည်။
……………………
(၂)
ချောင်းထဲက သရဲကြီးအကြောင်းက
တစ်ရွာလုံး၏ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး သတင်းတစ်ပုဒ် ဖြစ်နေ၏။
ရွာဦးကျောင်းဆရာတော် ဦးကုမာလ
ဦးဆောင်သော သံဃာတော်များက
ချောင်းရိုးတစ်လျောက် ပရိတ်ရွတ်ပေး
သည်။ပရိတ်ရေဖျန်းပေးသည်။
ဒါပေမယ့် သရဲက ငြိမ်မသွားဘူး။
ပိုပြီး သောင်းကျန်းလာ၏။
ရွာအနောက်ဖျားက ဦးတင်အေးအိမ်က အိမ်မွေးကြက်၃ကောင် ဖမ်းစားသွားလို့၊ဦးတင်အေးရဲ့သား၂ယောက် ဒေါသထွက်နေကြသည်။
ဒါတင်လား မဟုတ်သေး။
မုဆိုးမ မငွေအိမ်က ချောင်းစပ်မှာ ဆောက်ထားတဲ့ ဝက်တဲက ဇီးတင်ထားသော
ဝက်မကြီးလည်း ပျောက်ချင်းမလှ ပျောက်သွားပြန်၏။
ပစ္စည်းပျောက်အမှုက တစ်နေ့တစ်မျိုး
မရိုးရအောင် ညတိုင်းပျောက်နေကြ၏။
နေ့ဘက်မှာ ရွာချောင်းက သူမဟုတ်သလိုပဲ ငြိမ်သက်နေတတ်ပြီး၊ ညဘက်မှသာ အိမ်မွေးတိရစ္ဆာန်များ ပျောက်တတ်နေသည်။
ဓားသွေးတဲ့သူ နဲ့ လှံတဆဆပြင်နေတဲ့သူနဲ့ ခုတ်မယ်ထိုးမယ်လို့သာ တြိမ်းဝါးနေကြသည်။
ခက်တာက ရွာလယ်ကအိမ်တွေက ဘာမှ မပျောက်။ချောင်းရိုးကို မေးတင်ထားသော အိမ်များကသာ ပျောက်ဆုံးကြခြင်း ဖြစ်သည်။
ရွာထဲက လူငယ်တွေလည်း တောက်တခေါက်ခေါက်နဲ့။ချောင်ရိုးတလျောက် လူးလာခေါက်တုံ ပြန်ကာ ချောင်းထဲကို ခဲတွေ ကျောက်တွေနဲ့ ပစ်ပေါက်ကာ အယုတ်နတ္တတွေ ဆဲကြ၏။
နတ်ကတော်ဒေါ်မိကတော့ ဒါဟာ
ရွာသားတွေ ရိုးရာကို မေ့လျော့ကုန်ကြလို့ အရှင်ကြီးက သူ့တိုက်ကျားကိုလွှတ်ပြီး သတိပေးတာတဲ့လေ။
ယုံကြည်သူ အချို့လည်း မုန့်နီမုန်ဖြူ ၊ကန်တော့ပွဲအစုံနဲ့ အလောတကော နတ်ကိုးကြတာပေါ့။
ရွာလူကြီး ဦးသာဇံ ခေါင်းခဲလေပြီ။
ချောင်းရိုးသရဲကို ဘယ်လိုနှင်လွှတ်ရပါ့မလဲဟု အိမ်သားတွေကို တိုင်ပင်၏။
လူကြီးကတော် ဒေါ်စံပယ်က
ဟိုဘက်ရွာက အထက်လမ်းဆရာခေါ်ပါလားဟု အကြံပေး၏။
ဆယ်အိမ်ခေါင်း ယောက်ဖတော်က တုတ်၊ဓား၊လေးခွ လက်နက်အစုံ လူငယ်တွေပေးပြီး ညဘက်မှာ ချောင်းရိုးတလျောက် ကင်းလှည့်ကြရင် ကောင်းမလားတဲ့။
“ဟယ် အထက်လမ်းဆရာ ခေါ်လို့
မဖြစ်ပါဘူး၊ ဆရာတော်တွေရဲ့ပရိတ်ရေထက် ဒင်းက စွမ်းနေပါ့မလား ၊ကင်းလှည့်ဆိုလည်း လူငယ်တွေက သောက်ကြစားကြနဲ့။ မတော် ဒင်းတို့များ တစ်ခုခုဖြစ်ရင် ပြသနာက ငါ့ခေါင်းကိုလာစွပ်ဦးမယ်၊ မဖြစ်ပါဘူးကွယ် ”
ယောက္ဖကိုထွန်း ငြိမ်သွား၏။ မငြိမ်လို့
မဖြစ်။ သူကလည်း သောက်တတ်စားတတ်သူ မဟုတ်လား။
ကိုထွန်းက လူပျိုသိုးကြီးဆိုတော့လည်း သောက်တာစားတာကို အစ်မဖြစ်သူက မတားနိုင်ရှာပေ။
ရွာလူကြီး အိမ်ရှေ့ကို ငေးရင်း အကြံတစ်ခု ရသွားပုံရ၏။ ပြုံးယောင်ယောင်ပြုကာ ခုံတန်းရှည်ပေါ် ထိုင်နေရာမှ ထ၍
ပုဆိုး ပြင်ဝတ်ရင်း …
” ငါ စာသင်ကျောင်းဘက် ခဏသွားဦးမယ် မစံပယ်၊ ဧည့်သည်များလာခဲ့ရင်
စာသင်ကျောင်းဘက်သာ လွှတ်လိုက်ပါကွယ် ”
ဟုဆိုကာ ခြေလှမ်းကျဲကြီးဖြင့် ခြံဝိုင်းထဲမှ ထွက်သွား၏။
ယောက္ဖတော် ကိုထွန်းက သူ့အမအား မေးငေါ့ပြရင်း …
” အစ်မ ယောက်ဖ စာသင်ကျောင်းကို
ဘာသွားလုပ်တာလဲဗျ ”
ဒေါ်စံပယ်က နုတ်ခမ်းကို မဲ့၍
” ဟဲ့ ငါလည်း ဘယ်သိမလဲ၊
သိချင်ရင် နင့်ယောက္ဖနောက်လိုက်ပေါ့၊
ကတည်းတော် ဒါမျိုးကိစ္စဆိုတာ
အထက်ပုဂ္ဂိုလ်များမှ သိနိုင်မြင်နိုင်မှာ၊
ငါ ပြောသလို ဟိုဘက်ရွာက ဆရာကို ပင့်လိုက်ရင် ပြီးနေပေါ့ ..”
ဆယ်အိမ်ခေါင်း ကိုထွန်းလည်း ခေါင်းကိုကုတ်ခါ ခပ်ရို့ရို့လေး အစ်မအနားက ထွက်လာခဲ့ရသည်။
…………………….
(၃)
သူကြီး ဦးသာဇံ စာသင်ကျောင်းမှ
ပြန်ထွက်လာခဲ့သည်။သူ့ခြေလှမ်းများက
ဆရာမလေး ရေဆင်းချိုးသော ကုန်းဘောင်ထိုးထားသည့် ရေချိုးဆိပ်ကို ဖြစ်၏။
ရေချိုးဆိပ်ကို ရောက်တော့ ဆရာမလေး ပြေးတက်လာသော ကုန်းဘောင်သစ်သားပြားကို အသေအချာ ကြည့်၏။
ရေထဲမှာ မျောတိုင်၂လုံးကို အကျအနစိုက်ပြီး ကမ်းနှင့်ကုန်းဘောင်ပြား ထိုးထားခြင်း ဖြစ်သည်။
ရေခပ်သူများ အဆင်ပြေစေရန် လုပ်ပေးထားခြင်းဖြစ်သည်။
ထိုးထိုးထောင်ထောင်ထွက်နေသော မျောတိုင်၂တိုင် အနီးသို့ သွားရပ်လိုက်ပြီး ချောင်းထဲကို ကြည့်သည်။ချောင်းရေက မိုးကျပြီးခါစဆိုတော့ နောက်တောက်တောက်။
ဦးသာဇံ ကိုင်ထားသော မျောတိုင်မှ လက်ကို ရုတ်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။
သူ့ ခြေလှမ်းများက ရွာအနောက်ဖျားဆီသို့ ။ ကြက်၃ကောင် ဖမ်းစားခံရသည်ဆိုသော ဦးတင်အေး၏ အိမ်ကို ဖြစ်သည်။
ဦးတင်အေးအိမ်ပြီးလျင် ဝက်မကြီးပျောက်သွားသော မုဆိုးမဒေါ်ငွေ၏အိမ်ကို ဝင်ရဦးမည်။
ညနေစောင်းတော့ သူကြီးဦးသာဇံ ရွာလယ်က သူ၏အိမ်ကို ပြန်ရောက်လာပြီ။ဇနီးဖြစ်သူ ဒေါ်စံပယ်ကို..
” မစံပယ်ရေ မင်းမောင် ငထွန်းကို
အခေါ်လွှတ်ပါဦးကွယ် ”
ဒေါ်စံပယ်လည်း နွားစာစင်းနေသော
သူရင်းငှား စံဘော်ကို အခေါ်ခိုင်းလိုက်သည်။မကြာမီ ဆယ်အိမ်ခေါင်းကိုထွန်း သူကြီးရှေ့ရောက်လာ၏။
သူကြီးဦးသာဇံက ကိုထွန်းကို ညဘက် မသောက်စားတတ်သော လူငယ်အချို့ စုပေးထားရန်နှင့် လိုအပ်မည်ထင်သော လက်နက်ကရိယာများကို ရှာခိုင်းထားလိုက်သည်။
သူကြီးက ဆယ်အိမ်ခေါင်း ကိုထွန်း
သူ့ခြံဝိုင်းထဲက ထွက်သွားတော့၊အိမ်
အောက်ထပ် ဆင့်ကြားမှာ ထိုးထားသော နှစ်ခွမှိန်းချွန်းကို ထုတ်ယူရင်း..
” မစံပယ်ရေ .. ညဘက်ကျ
ငါ ဘက်ထရီတစ်လုံး ယူသွားဦးမယ်၊
ဒီညတော့ မင်း တီဗွီကြည့်မနေနဲ့တော့၊
စောစောသာ အိပ်ပေါ့ကွယ် ..”ဟု ဇနီး
ဖြစ်သူအား လှမ်းအော်ပြောလိုက်သည်။
……………………
(၄)
ချောင်းရိုးကို မေးတင်ပြီး ဝက်တဲဆောက်ထားတဲ့ အတီးတို့ ခြံဝိုင်းထဲမှာ
သူကြီးဦးသာဇံ ဦးဆောင်သော ရွာလုံခြုံရေးအဖွဲ့ ရောက်နေကြပြီ။
အတီးတို့ ခြံဝိုင်းကြီး အတော်ကျယ်၏။ရေချောင်းနံဘေးမှာ လက်ပံပင်အိုကြီးလည်း ရှိ၏။သီးပင်စားပင်များလည်း
စိုက်ပျိုးထားသည်။
အတီးမှာက မီးစက်လည်းရှိလေတော့ တဒုန်းဒုန်းနှင့် မီးစက်ကြီးက လည်ပတ်နေသည်။
သူတို့ ရေချောင်းနံဘေးက ခြုံပုတ်လေးများကို ကွယ်၍ ချောင်းထဲကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။
ညဦးကတည်းက ချောင်းမြောင်းနေကြပေမယ့်၊မီးစက်သာ ၁၂နာရီထိုး ရပ်သွားသည်။
ရေထဲက ဆံပင်စုပ်ဖွား ခေါင်းရှည်သရဲကြီးက ပေါ်မလာသေးပေ။
မီးစက် ငြိမ်းသွားပြီဆိုတော့ သူတို့အားလုံး လက်နှိပ်ဓာတ်မီးကိုယ်စီ
အသင့်ပြင်ထားသည်။
ရေစပ်ကလည်းဖြစ်၊ခြုံပုတ်နားကပ်နေကြရသည့် သူတို့ခမျာ မသက်သာလှပါ။ခြင် အသေတွယ်၏။အသားကို ကိုက်နေသည့် ခြင်ကို ရိုက်ချင်တာ လက်ယားနေ၏။
သို့ပေမယ့် အသံမထွက်ရဲကြ။သူကြီးက ငြိမ်ငြိမ်လေး စောင့်ကြည့်ဖို့ အထူး မှာထားသည်မဟုတ်လား။
ည၂နာရီလောက်ထိ မထူးခြားသေး။
ငိုက်မြည်းသူအချို့က ငိုက်ကြလေပြီ။
နိုးနိုးကြားကြားရှိသူကတော့ သူကြီးဦးသာဇံတစ်ဦးသာ ဖြစ်၏။
သူကြီး အမှောင်ထဲမှာ လက်ပံပင်အိုကြီးအားမော့ကြည့်လိုက်သည်။အပင်အိုက
ချွန်းထွက်နေသော အကိုင်းကြီးများက
လက်တံရှည်ကြီးများပမာ။
အရွက်ကျဲသော အပင်အိုကြီးက တစ္ဆေတစ်ကောင် လက်ဆန့်တန်း၍ အစာငမ်းနေသည့်အလားပင်။
ဝု အု အူးးးး
ညဉ့်လယ်ကြီး ဆွဲငင်စွာ အူလိုက်သော ခွေးအူသံက ခြောက်ခြားဖွယ်ရာ
ကောင်းလွန်းပါ၏။
ခွေးတစ်ကောင် အစပြု၍ အူလိုက်တာက အဆုံးမသတ်နိုင်။တခြားသော ခွေးလေခွေးလွင့်များကလည်း အလားတူ ထပ်မံ၍ အူဟစ်ကြပြန်၏။
ဝူ အူ အူးးး
ပင်ကိုယ်က မကြောက်တတ်ပေမယ့်
သူတို့ ရောက်နေသောနေရာနှင့် အချိန်က ခြောက်ခြားဖွယ်ရာ ကောင်း၏။
တစ်ခါတစ်ခါ ဝက်တဲထဲမှ ဂွီဂစ်ဂစ်
ဟူသော အသံပင် ကြောက်ချင်လာ၏။
ရေချောင်းသရဲ အခြောက်ခံရဖူးသူများ ပြောသော ရေသံတဖန်းဖန်းကို နားစွင့်နေကြပေမယ့် အခုထက်ထိ မကြားရသေးချေ။
တခါတစ်ရံ ရုတ်ခြည်းထပျံကြသည့်
ညဉ့်ငှက်ဆိုးများ၏ အတောင်ခတ်သံက
“ဖတ် ဖလပ် ဖလပ်” ဟုကြားရသည့်အခါ ခေါင်းရှည် စုပ်ဖွားသရဲကြီး၏ ခြေသံများအလား သူတို့ခေါင်းများ ပို၍
ကြီးသွားကြ၏။ပြိုင်တူ မော့ကြည့်မိ၏။
ကာလသားခေါင်း ကျော်ကြီး ခံတွင်း
ချဉ်လာပြီ။ဆေးလိပ် ဖွာချင်လာ၏။အမှန်မှာတော့ ကြောက်စိတ်ပျယ်လွင့်စေရန်
လုပ်မိလုပ်ရာ လုပ်ခြင်းသာ။
ဖျောက်ကနဲ မီးခြစ်လိုက်ပြီး ဆေးလိပ်ကို မီးတို့၍ အားရပါးရ ဖွာရှိုက်လိုက်သည်။စိတ်အဆာ ပြေသွား၏။
ကျန်လူများလည်း ကျော်ကြီးထံမှ
ဆေးလိပ်တောင်း၍ တစ်ဖွာတစ်ရှိုက်
ယူရှိုက်လိုက်ကြသည်။ပြီးနောက် အကြံ
တူနေကြသည်ကို တွေး၍ အချင်းချင်း
ပြုံးပြမိကြသည်။
” ဂျလစ် ဂျလစ် ဂျိ ဂျိ ”
အသံက ဝက်တဲဘက် ချောင်းစပ်မှ
ထွက်ပေါ်လာခြင်း ဖြစ်သည်။သူကြီးက
သူ့လူများကို အချက်ပြ၏။အသံက
သစ်သားကို ကိုက်ဖြတ်နေသော အသံ။
” ဖန်း ဖန်း ဖန်း ”
ဝက်တဲကို ရေများလာစင်၏။မှောင်ပေမယ့် ဝိုးတဝါး အလင်းရောင်ကြောင့်
မြင်နေရသည်။
” ဖျောင်း ဖျောင်း ”
ဝက်တဲ အကာအရံဖြစ်သော သစ်သားချောင်း ကျိုးသည့်အသံ။ဝက်များ
ရုတ်ရုတ်သဲသဲ အော်ကုန်ကြသည်။
ဝက်တဲကို ဘယ်ညာ သူတို့ဝိုင်းလိုက်ကြ၏။တွေ့ပါပြီ ခေါင်းစုပ်ဖွား ရှည်
ကြီး။အမှိုက်များ ဒိုက်များ ခေါင်းပေါ်မှာ
တင်နေသည့် မိချောင်းကြီးတစ်ကောင်
ဖြစ်နေ၍ အံသြနေကြသည်။
သတိရှိသူက သူကြီးဦးသာဇံ။သူက
စ၍ ထိုမိချောင်းကြီးကို မှိန်းဖြင့် စထိုး၏။
ထိချက်ကောင်းသည်။ မှိန်းနှစ်ခွက မိချောင်း၏ ကိုယ်မှာ စိုက်ဝင်သွားသည်။
” ဗြုန်း ဗလုံး ဗလုံး ”
မိချောင်း၏ လူးလွန့်မှုကြောင့် ဝက်တဲ
ကြီး ပြိုကျမတတ် လှုပ်ခါယမ်းကုန်၏။
မှိန်းချက်ကြောင့် မိချောင်းကြီးက နာကျင်စွာ လှုပ်ခါယမ်းသည်။
” ကျော်ကြီး သူ့ကိုယ်ပေါ်ကို ပိုက်ကွန်
ပစ်ဖမ်းပါဟ ၊ ကျန်တဲ့ကောင်တွေက
ထိုးကြ ခုတ်ကြလေ ၊ ငေးမနေကြနဲ့ ”
သူကြီးက ထိုသို့ အော်ဟစ်ပြောလေမှ
ပိုက်ပစ်ဖမ်းသူက ဖမ်း၏။ ဓား လှံတို့ဖြင့်
လည်း အတင်း ဝင်၍ ထိုးကြခုတ်ကြ၏။
အတော်အသက်ပြင်းသော မိချောင်းပင်။
ဒီလောက် ထိုးခုတ်နေသည့်ကြားမှ
အမြီးဖြင့် ဝက်တဲက တိုင်တစ်တိုင်ကို
ရမ်းခါ လှဲပစ်သေးသည်။တော်သေး၏။
တဲက ပြိုကျမသွားပဲ စောင်းသွားသည်။
မကြာပါ လှုပ်ယမ်းနေသော မိချောင်း
ကြီး ငြိမ်သက်သွားသည်။အတီးလည်း
မီးစက်ကို ပြန်နိုးပေးသည်။
အလင်းရောင်အောက်ဝယ် တစ်ရွာလုံးကို ဒုက္ခပေးနေသော ခေါင်းရှည်သရဲ
ခေါ် မိချောင်းကြီးသည် ဝိဉာဉ်ကင်းမဲ့
နေလေ၏။
……………………….
(၅)
နံနက် ဝေလီဝေလင်း အမှောင်ကွဲစ
အချိန်၊ ရွာထဲမှာ အုံးအုံးကျွတ်ကျွတ်နှင့်
သူကြီး ဦးသာဇံအိမ်ဝိုင်းထဲ ဆူပွက်နေကြသည်။
ချောင်းရိုးသရဲကြီးကို သူကြီးနှင့်ကာလသားလူငယ်အဖွဲ့က အသေဖမ်းမိထားသည်ဆိုတဲ့ သတင်းကြောင့် ယာထဲကိုင်းထဲ မဆင်းနိုင်ကြသေးပဲ၊လာကြည့်ကြခြင်း ဖြစ်ပါသည်။
၆ပေခွဲ၊၇ပေခန့်ရှိမည့် ရေသရဲကြီးက
သူကြီးထိုင်နေသော ခုံတန်းရှည်အရှေ့မြေကွက်လပ်မှာ စင်းစင်းကြီးသေနေ၏။သူကြီးက သူ့ဇနီးတည်ပေးသော
အကြမ်းအိုးကို ဇိမ်ဖြင့် ငှဲ့သောက်နေ၏။
ရွာသူရွာသားများကတော့ တစ်ယောက်
တစ်ပေါက် အမျိုးမျိုး ထင်ကြေး ပေးနေ
ကြသည်။
“ဟယ် မိချောင်းကြီးတော့၊ နည်းတာ
ကြီးမဟုတ်ပါလား ”
“လက်စသတ်တော့ အရီးမငွေရဲ့
ဝက်ကို ဒင်းက ဝင်ဆွဲသွားတာကိုး”
” အေးလေ အစကတော့၊
ကြက်လေးတွေပဲ ဆွဲတာ၊နောက်တော့
မည်းမည်းမြင်ရာ အကုန်ဆွဲတာနေမှာ”
” နေ့ဘက်ကျ ဒီကောင်ကြီးက
ဘယ်မှာ ပုန်းနေသလဲ မသိဘူးနော်၊
ရွာချောင်းကို ညဘက်ပဲ ဝင်တာ ”
” ဟယ် အပါးဝနေတဲ့ မိချောင်းပါ့၊
နေ့ဘက်ဝင်ရင် ဒင်း အသတ်ခံရမှာ
သိနေလို့ နေမှာပေါ့ ”
“နို့ နေပါဦး၊ သူကြီးက မိချောင်းမှန်း
အစကတည်းက သိနေတာလား၊
ဒါများတော် ကျုပ်တို့ကို စောစောက
ပြောပါတော့လား ”
ခပ်စွာစွာရှိတဲ့ အရီးလေးခင်ဆုံက
သူကြီးကို အငေါ်တူးလိုက်တော့ သူကြီးက ရယ်မောရင်း ..
” အလိုဗျာ ကျုပ်က အကြားအမြင်ဆရာမှ မဟုတ်တာ၊ ဘယ့်နှယ် သိနေနိုင်မှာလဲ မကြီးဆုံရယ် ..ခက်ကော၊
မကြီးဆုံတောင် နတ်ကတော်ဒေါ်မိဆီမှာ ပွဲသွားထိုးတာ မှန်လို့လားဗျ ”
သူကြီးစကားကြောင့် အားလုံးက
တဝါးဝါး တဟားဟားနှင့် ပွဲကျကုန်၏။
သူကြီးက အားလုံးကို ရှင်းပြသည်။
ပထမဦးဆုံး ရေချိုးဆိပ်မှာ သရဲ
ခြောက်ခံရသူ ဆရာမလေးထံသွား၍
မည်သို့မည်ပုံ အခြောက်ခံရသလဲဆိုတာ စစ်စစ်ပေါက်ပေါက် မေးခဲ့၏။
သူသိလိုတာတွေ သိခဲ့ရတော့ တစ်ခုခု
လွဲနေပြီဟုဆိုကာ ရေချိုးဆိပ်ကို သွား၍
စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အမှန်က ဆရာမလေးသည် ကံအလွန်ကောင်းခဲ့ခြင်းဖြစ်သည်။မိချောင်းက
ဆရာမလေးကို အစာအမှတ်ဖြင့် လာ၍
ချောင်းစဉ် ဆရာမလေးက ကုန်းဘောင်
ပေါ်သို့ အတက်မြန်သွားသည်။
ကြောက်နေသော ဆရာမလေး၏
ဆံပင်နှင့် ကုန်းဘောင်ထိုးဖို့ စိုက်ထားသော မျောတိုင်အကွဲနှင့် ညိနေသည်ကို ဆရာမလေးက သရဲမှ နောက်ကနေ
ဆံပင်ဆွဲထားသည်ဟု ထင်မှတ်မှားခဲ့
ခြင်းဖြစ်၏။
သူကြီးက ထိုနေရာကို သွားလေ့လာ
တော့ မျောတိုင်အကွဲမှာ ဆံချည်မျှင်များ
တွေ့ခဲ့ရခြင်းဖြစ်၏။
ဆက်လက်၍ သူကြီးဦးသာဇံက
ကြက်ပိုင်ရှင် ဦးတင်အေးအိမ်ကို သွား၍
လေ့လာသည့်အခါ ကြက်များကို ချောင်းနံဘေးမှာ ဝါးခြံကြဲကြဲဖြင့် ထားသည်ဟု
သိခဲ့ရသည်။မိချောင်းက ထိုဝါးခြံကို ဖြဲ၍
ကြက်များကို စားသွားခြင်းသာ။
နောက်ဆုံးဖြစ်သော မငွေ၏ဝက်ခြံ
ကို ရောက်တဲ့အခါ ချောင်းနံဘေးက ပျဉ်
ချပ်၂ချောင်း ကျိုးနေသည်ကို တွေ့ရ၏။
မိချောင်းသည် ရှေးဦးစွာ ပျဉ်ချပ်ကို ဝါး
ချိုးခဲ့ပြီးမှ ခြံထဲက ဝက်မကြီးကို ဆွဲသွား
ခြင်း ဖြစ်သည်ဟု ရှင်းပြသည်။
သူကြီးက သူ့စိတ်ထဲ မရှင်းမရှင်းဖြစ်နေသော သံသယတစ်ခုကို လူစုံတုန်း
မငွေအား မေးလိုက်သည်။
” နို့ နေပါအုံး မငွေ၊
မိချောင်းက ပျဉ်ချပ်ကို ချိုးနေချိန်
နင့်ဝက်မက အော်မှာပါဟ ၊
နင် အဲ့လောက် အအိပ်ကြီးရလား ”
မငွေ မျက်နှာက ညိုသည့်ကြားမှ ရဲသွားရှာသည်။အင်္ကျီအောက်နားစကို လုံးချေနေရင်း သူကြီးဦးသာဇံ၏ အနောက်မှာ ရပ်နေသော လူပျိုကြီးကိုထွန်းကို
မရဲတရဲ ကြည့်၍..
” အဲ့ဒီညက သူကြီးယောက်ဖ
အစ်ကိုထွန်းက ကျွန်မအိမ်မှာ …၊
သူက မူးပြီး အိမ်မပြန်တော့ဘူးဆိုလို့ ”
သူကြီးဦးသာဇံ သူ့နောက်က ကိုထွန်း
အား လည်ပြန်လှည့်ကြည့်ရင်း
“ဟေ …”ကနဲ ဖြစ်သွား၏။
လူပျိုကြီး ခိုးစားတာ မိပြီပေါ့။လူပျိုသိုးနဲ့မုဆိုးမတို့က အိမ်ထဲမှာ ချစ်ရည်လူးနေကြတော့ ဝက်အော်သံကြားရပေမယ့်
ထ၍ မကြည့်နိုင်ဘူးပေါ့။
ထို့နောက် တခွိခွိနှင့်တြိတ်ရယ်နေကြ
သော ရွာသားများကိုကြည့်ကာ သဘောပေါက်သွားပြီး သူပါ တဟားဟားနှင့်ရယ်လေတော့သည်။သူကြီးကတော်
မစံပယ်က သူ့မောင် ကိုထွန်းကို ဗိုက်ခေါက် လိမ်ဆွဲနေ၏။
သူတို့ ရယ်မောနေစဉ် ရွာသားများထဲမှ
လူနှစ်ယောက် အတင်းတိုးထွက်လာ၏
ဦးသာပိုတို့ သားအဖဖြစ်နေသည်။
သူရဲခြောက်ခံရသော ဦးသာပိုနှင့်သမီးဖြစ်သူ ခင်ဦးတို့က သူကြီးကို မေးကြသည်။
ပထမဦးစွာ ဦးသာပိုက..
“သူကြီး စိတ်တော့မရှိနဲ့ဗျာ၊ကျုပ်တို့ ရေချောင်းထဲ တွေ့တဲ့သရဲက ဆံပင်စုပ်ဖွားကြီးနဲ့ဗျ ..”
သမီးဖြစ်သူ ခင်ဦးက သူမ၏ဖခင်မေးခွန်းကို ထောက်ခံဟန်ဖြင့်..
” ဟုတ်တယ် သူကြီး၊ကျုပ် အသေအချာ တွေ့ခဲ့တာ၊ရေချောင်းမှာ ခေါင်းစုပ်ဖွားကြီး ဖော်ထားတာတော့”
သူကြီးဦးသာဇံ တန်းလျားရှည်ခုံမှ
မတ်တတ်ထရပ်ပြီး မိချောင်းအသေကြီး
ရှိရာကို သွား၏။
ပြီးနောက် ချောင်းထဲက အသင့် ယူလာခဲ့သော မှော်ဖတ်နှင့်ဒိုက်အမှိုက်များကို မိချောင်း၏ ခေါင်းပေါ် တင်ပေးလိုက်သည်။
မိချောင်းကြီးခေါင်းမှာ ဆံပင်စုပ်ဖွားဖွား သဏ္ဍာန် ပေါ်သွားသည်။
ညဘက်ဆိုလျင် ဆံပင်စုပ်ဖွားကြီးဟုသာ မြင်မှတ်ကြလေမည်။
“ကဲ ဟုတ်ပြီလား ကိုရင်သာပို၊ ဟဲ့ ခင်ဦး ခေါင်းစုပ်ဖွားဆိုတာ ဒါမဟုတ်လား၊ အသေအချာကြည့်”
ဦးသာပိုရော ခင်ဦးပါ သဘောပေါက်
သွားကြသည်။သူကြီး ရှင်းပြတော့မှပဲ
သူတို့ ဟင်းလုံးလုံးချသွားလေ၏။
အားလုံးက သူကြီးဦးသာဇံကို
ချီးကျူး ထောမနာ ပြုကြသည်။သူကြီး
ဉာဏ်ပြေးလို့ သရဲကို မိခြင်းဖြစ်သည်ဟု ဝမ်းသာအားရ ပြောဆိုနေကြ၏။
ထိုအချိန် တစ်ဆယ့်သုံးနှစ်အရွယ်
အပျိုဖြန်းမလေး နှစ်ယောက် သူကြီး
အိမ်ဝိုင်းထဲ အမောတကော ပြေးဝင်
လာကြသည်။
သူကြီးရှေ့လည်း ရောက်ရော သူမ
တို့နှစ်ယောက်သည် အကြောက်လွန်နေဟန်ဖြင့် တုန်ရင်စွာ ပြောသည်။
“ကျွန်မတို့ သရဲအခြောက်ခံရလို့ ”
” ဟေ! ဘယ်မှာ ခြောက်ခံရတာလဲ ”
“ရွာထိပ်က မယ်ဇယ်ပင်ကြီး
အောက်မှာပါ ဦးကြီး ”
သူကြီးက ဘယ်လိုဖြစ်တာလဲဟု
မေးသည်။
” ဟိုဘက်ရွာကို စျေးသွားရောင်းဖို့
ရွာထိပ်က မယ်ဇယ်ပင်ကြီးအောက်
အဖြတ်မှာ အပင်ပေါ်ကနေ ကျွန်မတို့ကို
သဲတွေနဲ့ လှမ်းပက်တာ၊ ကျွန်မတို့က
ဘာလဲဆိုပြီး အပင်ပေါ် မော့ကြည့်တော့ ကိုင်းဂွက အရွက်တွေကြားထဲမှာ
ကြောက်စရာကြီးရှင့် ….”
ကောင်မလေးက ပြောရင်း မောသွား
ဟန်ဖြင့် ခဏရပ်သွားသည်။ပြီးတော့..
” အရွက်တွေဖုံးနေလို့ ကိုယ်ကို
မမြင်ရပေမယ့် ……. ….”
” ဟဲ့ ဆက်ပြောလေ ”
ကောင်မလေးက သူနဲ့အတူပါလာတဲ့
အဖော် မိန်းကလေး၏မျက်နှာကို ကြည့်
ကာ …
” မီးကျီခဲလို ရဲတောက်နေတာပဲ ”
ဘေးနားက နားထောင်နေသူက စိတ်
မရှည်ဟန်ဖြင့် …
” အေး အေး ဘာကြီးလဲ ”
” မျက်လုံးနီနီကြီး နှစ်လုံး ”
သူကြီးက မိန်းကလေး၂ယောက်ကို
စူးစိုက်ကြည့်ပြီးသကာလ ..
” စျေးသွားရောင်းတာဆို၊
အခု ဘာမှ မပါလာပါလားကွယ့် ”
အစအဆုံး ပြောပြနေသော မိန်းကလေး
က မထင်မှတ်သော မေးခွန်းကို အမေးခံရသောအခါ ဆွံအသွား၏။
ထိုအခါ စကားတစ်လုံးမှ ဝင်မပြောသေးသော မိန်းကလေးက ..
” ကျွန်မတို့ ကြောက်ကြောက်နဲ့ ပြေးလာတော့ စျေးဗန်းက အဲ့ဒီမှာ မှောက်ကျ ကျန်ခဲ့ပြီရှင့် ..”
ကျန်မိန်းကလေးကလည်း ထိုအခါမှ
” ဟုတ် ဟုတ်ပါတယ်၊ စျေးဗန်း အဲ့ဒီမှာ ကျန်ခဲ့တယ် ”
သူကြီးဦးသာဇံသည် မိန်းကလေး
နှစ်ယောက်ကို အသေအချာကြည့်၍
ဘာကို တွေးမိသည်မသိ။ပြုံးယောင်
ယောင် ပြု၏။
ရေချောင်းထဲက သရဲဖမ်းမိလို့
နားရပြီ အောက်မေ့တာ၊ အခု မယ်ဇယ်ပင်သရဲက ထပ်ခြောက်ပြန်ပြီဆိုတော့ အိပ်လို့ အနားယူလို့ မဖြစ်တော့ဘူးပေါ့။
သူကြီးက မိန်းကလေး၂ဦးကို ကြည့်၍ ” ကဲ အဲ့ဒါဆိုလည်း ကျုပ်ပဲ ရွာထိပ်က မယ်ဇယ်ပင်ကြီးဆီ သွားကြည့်လိုက်ပါ့မယ် “ဟု ပြောကာ၊ ဆယ်အိမ်ခေါင်း ယောက္ဖတော် ကိုထွန်း ဘက်သို့ လှည့်ပြီး..
” ဒီကလေးနှစ်ယောက်ရဲ့ မိဘတွေ
သွားခေါ်ထားကွာ ငထွန်း ”
သူကြီးမင်းသည် ဘယ်သူ့မှ မခေါ်ပဲ
ရွာထိပ်က မယ်ဇယ်ပင်ကြီးထံသို့ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။စိတ်ထဲမှာတော့ ကြုံးဝါးသွားပါ၏။
” ငါ့ကို မအိပ်ရအောင်လုပ်တဲ့
မယ်ဇယ်ပင်သရဲ ၊ ငါလာပြီဟေ့၊
ဘယ်မှသာ မပြေးလေနဲ့ ”
ပြီးပါပြီ