ခွေးသူခိုးမ

ခွေးသူခိုးမ(စ/ဆုံး)

————–

“ ခွေးသူခိုးမ “ ဒါကိုကြားနေကျ ဖြစ်ခဲ့ရတာက ကျမတို့ ခွေးမှန်းသိတတ်စ
အရွယ်ကတည်းကပါ။ “ ခွေးသူခိုးမ ခွေးသူခိုးမ “ ဆိုတဲ့ လူတွေရဲ့ အော်သံတွေ
ရှေ့ကနေ ကျမတို့အမေက ပြေးလွှားနေခဲ့ရတဲ့ မြင်ကွင်းက ကျမတို့အတွက်
ကြောက်လန့်ရင်ခုန်မှုနဲ့အတူ မိတ်ဆက်ပေးခံခဲ့ရတဲ့ အမည်နာမ တစ်ခုပါ။
ကျမတို့လို့ ပြောရတဲ့ အကြောင်းက ကျမတို့မှာ မောင်နှမ ၄ယောက်ရှိတယ်၊
လူတွေပြောသလိုဆို ၄ကောင်ပေါ့၊ ခွေးသူခိုး ၄ကောင်ပေါ့။ အမေက
အရမ်းလျင်မြန်တယ်၊ သူ့ရဲ့နောက်မှာ ခွေးသူခိုး ခွေးသူခိုးဆိုပြီး
အော်လိုက်လာတဲ့ လူတွေကို အမြဲ မျက်ချည်ဖြတ်နိုင်ခဲ့တယ်။ လူတွေပါလာရင်
ကျမတို့ကိုထားတဲ့ ခြုံတောထဲကို တိုက်ရိုက်ဘယ်တော့မှ မလာဘူး။
လူတွေမရှိတော့မှ တိတ်တိတ်လေး ပြန်ရောက်လာတတ်တယ်၊ အမေပါးစပ်ထဲမှာ စားစရာ
တစ်ခုခုတော့ အမြဲချီလာတာချည်းပဲ။ တစ်ခါတလေမုန့်၊ တစ်ခါတလေကျပြန်တော့
ထမင်းခဲ၊ တစ်ချို့ရက်တွေများ ဆိုရင်တော့ ငါးခြောက်တွေ အသားဟင်း
ငါးဟင်းတွေတောင် ပါလာတတ်တယ်။
ရောက်တာနဲ့ ကျမတို့ မောင်နှမ၄ယောက်ကို စားစေပြီး အမေက
ဘေးကနေထိုင်ကြည့်နေတတ်တယ်။ ကျမတို့ မောင်နှမတွေ ဗိုက်ဝလို့ ဆော့နေခါမှ
အမေက ကျမတို့စားထားတဲ့ အကြွင်းအကျန်တွေကို စားတတ်တယ်၊ တစ်ခါတလေလည်း
ကျမတို့ စားတာနဲ့ ကုန်သွားတော့ အမေ မစားရရှာဘူးပေါ့။
အဲဒီလိုနဲ့ ကျမတို့မောင်နှမတွေ ဘဝက အမေရှာကြွေးတာစားပြီး သက်သောင့်သက်သာ
ဆော့ကစားရုံပါပဲ။ ကျမတို့ လမ်းစလျှောက်တတ်ခါစ အပြင်ကိုထွက်တဲ့ အခါမှာတော့
အမေက ပေးမထွက်ပဲ ဂုတ်ကနေ ကိုက်ချီပြီး လုံခြုံတဲ့ ခြုံထူထူ အသိုက်ထဲကိုပဲ
ပြန်ပို့တတ်ပါတယ်။
တစ်နေ့မှာတော့ ကျမတို့ဗိုက်ဆာနေကျ နေအပူဆုံးအချိန်အထိ
အမေပြန်မလာခဲ့ပါဘူး။ ကျမတို့လည်း ဗိုက်ဆာလွန်းတော့ ခြုံပြင်ထွက်ပြီး
အမေကိုမျော်မိကြတယ်၊ ခြုံပြင်ထွက်လိုက် ခြုံထဲ ပြန်ဝင်လိုက်နဲ့ ညနေ
နေဝင်တဲ့အထိလည်း ပြန်မလာခဲ့ဘူး။ ညအမှောင်ဘက်ရောက်လာတော့ ကျမတို့လည်း
ခြုံအပြင်မထွက်ရဲတော့ပဲ ခြုံထဲကနေပဲ မျော်နေတော့တယ်။ မှောင်လာလေ
ဗိုက်ဆာတာထက် မလုံခြုံတဲ့စိတ် ကြောက်တဲ့စိတ်က ပိုပြီးကြီးစိုးလာခဲ့တယ်။
အမေ့ရဲ့ ရင်ငွေ့လည်းမရတော့ ဆောင်းကပိုပြီး အေးစက်မာကြောလာတယ်။
ခွေးထီးကြီးတွေ အော်ဟောက်သံ ကြားတဲ့အခါများဆိုရင် ရင်တစ်ခုလုံးတုန်ပြီး
တဒုတ်ဒုတ်အသံတောင် ပြန်ကြားရတဲ့အထိ ကြောက်ခဲ့ကြတယ်။ ကျမတို့ မောင်နှမတွေ
ကြောက်စိတ်၊ ဆာလောင်စိတ်၊ မလုံခြုံမှု၊ အေးစက်မာကြောမှုတွေနဲ့
အချင်းချင်း ပူးကပ်ရင်း မိုးလင်းသွားခဲ့ပေမယ့် အမေကတော့ ကျမတို့ရှေ့ကို
ပြန်ပေါ်မလာတော့ပါဘူး။
နောက်တစ်နေ့ နေပူချိန်အထိ အမေ့ပြန်မလာတဲ့ အချိန်မှာတော့ ကျမတို့တွေ
အရဲစွန့်ပြီး ခြုံနဲ့ဝေးတဲ့အထိ အစာရှာရင်း လျှောက်ထွက်သွားကြရပါတယ်။
အမှိုက်ပုံတစ်ခုနားရောက်တော့ ကျမရဲ့အကို ၃ကောင်က ဦးဆောင်ပြီး
အစာဝင်ရှာကြတယ်၊ ချဉ်သိုးသိုး ထမင်းနဲ့ ဟင်းတွေတွေ့တော့ ကျမရဲ့အကိုတွေက
ကျမကို စားဖို့နေရာဖယ်ပေးကြတယ်။ ဘဝမှာ ပထမဦးဆုံး
ကိုယ်တိုင်ထွက်ရှာတဲ့အစာကို စားရခြင်းပါပဲ။
ညရောက်တော့ ကျမတို့ အိမ်ဂေဟာ ခြုံထဲကိုပဲ ပြန်လာကြတယ်၊ ကြောက်စိတ်
အားငယ်စိတ်တွေ ရှိနေသေးပေမယ့်လည်း အရင်ညကထက်တော့ သက်သာလာတယ်ပြောရမှာပါပဲ။
ဒီလိုနဲ့ အစာထွက်ရှာလိုက်၊ ခြုံပြန်အိပ်လိုက်နဲ့ ပြေးလွှားနိုင်တဲ့
ကောင်ပေါက်စလေးတွေ ဖြစ်လာခဲ့တယ်၊ ကျမရဲ့အကို ၃ကောင်ကလည်း ကျမအတွက်
အားကိုးရာ စစ်သူကြီးတွေဖြစ်လာကြတာပေါ့။
တစ်နေ့မှာ လူငယ်တစ်စုက ကျမတို့ကို လိုက်ဖမ်းကြတယ်၊
သူတို့ဘာလို့ဖမ်းတာလည်းဆိုတာ မသိတော့ ကျမတို့ မောင်နှမ ၄ယောက်
ပြေးလွှားကြရင်း အကိုတွေက ကျမကို ရှေ့ကပြေးစေခဲ့ကြတယ်။ ကျမနဲ့
ကျမရဲ့နောက်က အကိုနဲ့ လွှတ်မြောက်လာခဲ့ပေမယ့် ကျမအကို ၂ကောင်းကတော့
လူငယ်တွေလက်ထဲ ပါသွားခဲ့ကြတယ်။ ညရောက်တော့ မောင်နှမ ၂ယောက်ထဲပဲ
ခြုံကိုပြန်နိုင်ကြတော့တယ်။ ညအိပ်တဲ့အချိန်မှာတော့ အကိုက ကျမကို
မကြောက်ဖို့ အားပေးတဲ့အနေနဲ့ ကျမအပေါ်လက်လေးတင်ပြီး အိပ်ပေးရှာတယ်၊
ကျမတို့အတွက် ခြောက်ခြားစရာ လောကဓံ အသစ်တစ်ခုပဲပေါ့။
ကျမတို့မောင်နှမ လူတွေကိုကြောက်သွားခဲ့ကြတယ်။ လူတွေနဲ့အဝေးဆုံးနေရာမှာပဲ
အစာရှာကြတယ်၊ လူတွေကိုမြင်ပြီဆိုတာနဲ့ အဝေးဆုံးကို ပြေးထွက်ကြတယ်။
ဒီလိုနဲ့ပဲ ရက်တွေတော်တော်ကြာ ဖြတ်သန်းလာတော့ ကျမတို့ရဲ့ ခြေထောက်တွေလည်း
ပိုပြီးသန်မာလာကြတယ်။
လယ်ကံသင်းအတိုင်း စက်ဘီးနင်းပြီး ပြန်တတ်တဲ့ ကျောင်းသားလေးတစ်ယောက်က
ကျမတို့ကိုမြင်တော့ အစာတွေပြပြီး လာစားဖို့ပြောတယ်။ ကျမတို့ကလည်း
သင်ခန်းစာ ကောင်းကောင်းရထားတာဆိုတော့ အနား အကပ်မခံကြဘူး။
ကျမတို့ကိုခေါ်မရတဲ့ အဆုံး ကျောင်းသားလေးက စားစရာတွေကို
ကျွတ်ကျွတ်အိတ်လေး ပေါ်မှာ သေချာထားခဲ့ပြီး စက်ဘီးဆက်နင်းပြီး
ပြန်သွားတယ်။ ကျမတို့လည်း သူအဝေးကို ရောက်သွားမှ သူထားခဲ့တဲ့
အစာတွေကိုသွားကြည့်တော့ အိုး……. ဝမ်းသာလိုက်တာ ကြက်ရိုးတွေမှာ အသားတွေ
အများကြီးကပ်နေတဲ့ အစာတွေပဲ။ ကျမတို့မောင်နှမ အားရပါးရစားရင်း
အမေချီလာကြွေးတဲ့ အစာတွေကို ပြန်သတိရပြီး မျက်ရည်ဝဲနေခဲ့သေးတယ်။
ကျမတို့ အစာရှာစားပြီး ညနေကျောင်းပြန်ချိန်ရောက်ရင် ထုံးစံအတိုင်း
ကျောင်းသားလေးက စားစရာတစ်ခုခု အမြဲတမ်း ယူလာကြွေးတယ်။ ကျမတို့ကလည်း
ထုံးစံအတိုင်း သူအဝေးရောက်တာနဲ့ သွားစားကြတာပေါ့။ တစ်ရက်ပြီးတစ်ရက်
ကြာလာတော့ သူနဲ့ကျမတို့ နီးသထက်နီးပြီး သူကြွေးတဲ့အစာတွေကို စားကြတယ်။
သူကတော့ ကျမတို့ကို အန္တရယ်ပြုမယ့်အရိပ်အယောင် မတွေ့ရပါဘူး။
ကျမတို့လည်း ကျောင်းပိတ်ရက်ကလွဲပြီး ကျောင်းသားလေး ပြန်တဲ့အချိန်ဆို
သူ့ကိုသွားစောင့်နေကြတယ်။ ခုတော့ သူ့ရှေ့မှာပဲ အစာကိုစားကြတယ်။ တစ်ခါတလေ
သူ့လက်နဲ့ ကိုင်ကြွေးတဲ့ အစာကိုတောင် စားရဲနေကြပါပြီ။ တစ်နေ့မှာတော့
သူနဲ့အတူ လူကြီးတစ်ယောက်ပါလာတယ်။ ကျမတို့ကိုပြရင်း စကားတွေ ပြောနေကြတယ်၊
လူကြီးက ခေါင်းယမ်းနေတာလည်းတွေ့တယ်။ သူတို့ဘာပြောနေကြတာလဲတော့ ကျမတို့
မသိကြပါဘူး။ လူစိမ်းပါလာတော့ ကျမတို့လည်း ခပ်ဝေးဝေးကပဲစောင့်နေခဲ့တယ်။
အဲဒီနေ့ကတော့ ကြက်ကြော်ကြီးတွေ ၂ခုတောင်ထားခဲ့ပေးလို့ ကျမတို့မောင်နှမ
ပျော်ရွင်စွာနဲ့ ခြုံဂေဟာဆီကို ချီသယ်လာကြပြီး စားခဲ့ကြတယ်။
ကျမတို့မောင်နှမလည်း အတင့်ရဲပြီး လူနေအိမ်တွေနဲ့ ခပ်လှမ်းလှမ်းအထိ
လျှောက်လည်ခဲ့ကြသေးတယ်။ တစ်ချို့တွေများ သူတို့မွေးစားတဲ့လူတွေဆီမှာ
အခန့်သား စားပြီး မပူမပင်ရ ဇိမ်ကျနေလိုက်ကြတာ၊ သူတို့ကြည့်ပြီး
အားကျမိပါရဲ့။ ကျမအားကျကောင်းနေတုန်းမှာပဲ ကျမတို့ကို မတူမတန်သလို
ထိုးဟောင်ပြီး ရန်မူလို့ ထွက်ပြေးလိုက်ရသေးတယ်၊ အော ခွေးအချင်းချင်းတောင်
ခွဲခြားဆက်ဆံချင်ကြတော့ ပို ရင်နာမိပါရဲ့။
ကျမတို့မောင်နှမလည်း အစာရှာစားရင်း ထုံးစံအတိုင်း မောင်ကျောင်းသား
ပြန်နေကျ လယ်ကံသင်းလမ်းကို သွားစောင့်ကြတယ်။ ဒီနေ့လည်း
လူကြီးပါလာသေးတာပဲ၊ ကျမတို့မောင်နှမ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
အနားချဉ်းကပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီတော့မှ လူစိမ်းက ကျောင်းသားရဲ့
အဖေဆိုတာ သိရတော့တယ်။ မောင်ကျောင်းသားက ကျမတို့ကို မွေးစားဖို့ သူ့အဖေကို
ပူဆာနေပေမယ့် သူ့အဖေက ငြင်းဆန်နေတယ်။ အဲဒီလိုနဲ့ လူစိမ်းကိုပါ
မကြောက်တော့ပဲ အနားကပ်ရဲသွားတယ်။ လူစိမ်းပုံစံကတော့ ကျမအကိုကို
ပိုခင်သလို ကျမခံစားမိတယ်။
အဲလိုနဲ့ တစ်ရက်ရောက်တော့ ထုံးစံအတိုင်း ကျမတို့ကို အစာကြွေးရင်း
မောင်ကျောင်းသားက ကျမကိုပွတ်သပ်နေသလို လူကြီးကလည်း ကျမ အကိုကို
ပွေ့ချီပြီးအစာကြွေးနေတယ်။ မောင်ကျောင်းသား မျက်လုံးမှာ မျက်ရည်တွေကျနေတာ
သတိထားမိတယ်။ လူကြီးက ကျမအကိုကို ပွေ့ချီရင်းအိတ်ထဲထဲ့လိုက်ချိန်မှာ
ကျမအခြေအနေကို သဘောပေါက်သွားတယ် ငါ့အကိုကို မွေးစားပြီး ငါ့ကို လူကြီးက
မွေးစားဖို့ ငြင်းဆန်လိုက်ပြီဆိုတာ။
သူတို့ပေးတဲ့ မုန့်တွေကို ကိုက်ချီပြီး ခြုံဂေဟာကို မျက်ရည်တွေနဲ့
တစ်ကောင်တည်း ပြန်လာခဲ့ရတဲ့ရက်ပေါ့။ ကျမဘဝမှာ ဘာတစ်ခုမှ
မကျန်တော့လောက်အောင် ဆုံးရှုံးလိုက်ရသလိုပါပဲ။ တညလုံးငိုနေခဲ့ပြီး
အစားကြိုက်တဲ့ ကျမ မုန့်တွေလည်း စားချင်စိတ်မရှိတော့ပါဘူး။ အထီးကျန်စိတ်၊
ကြောက်စိတ်၊ မလုံခြုံစိတ်တွေနဲ့ ခွေးလောကမှာတောင်
ဆက်ပြီးအသက်မရှင်ချင်တော့လောက်အောင်ပါပဲ။
ကျမတစ်ကောင်းတည်း အစာရှာထွက်ရပြီပေါ့။ တစ်ရက်ပြီးတစ်ရက် ရုန်းကန်းရင်း၊
အနိုင်ကျင့်ခံရရင်း၊ ပြန်လည်တိုက်ခိုက်ရင်းနဲ့ ကျမလည်း သန်မာသထက်
သန်မာလာခဲ့ပါပြီ။ အချိန်တန် အရွယ်ရောက်လာတော့ ကျမလည်း ပုံစံမျိုးစုံနဲ့
ကျင်လည်ရင်း ကိုယ်ဝန်ရှိလာခဲ့တယ်။ နေတာကတော့ ကျမအမေ အမွေပေးခဲ့တဲ့
ခြုံဂေဟာမှာပါပဲ။ ကျမဗိုက်တဲ့မှာ ကျမ ကလေးတွေ ရှိနေခြင်းက ကျမအတွက်
အထီးကျန်မှုတွေကို လျော့ပါးလာသလိုခံစားရတယ်။
ကျမမွေးတော့ ထူးထူးခြားခြား သားသမီ ၄ကောင်၊ သား ၃ကောင်၊ သမီး၁ကောင်၊
ကျမအမေနဲ့ အကိုတွေကို သတိရလိုက်တာလေ။ ငါတစ်ကောင်ခွေး မဟုတ်တော့ဘူး
ငါ့မိသားစုလေးရနေပြီဆိုပြီး ပျော်တဲ့စိတ်ကလည်း တစ်ပိုင်းပေါ့။ ငါ့
သားသမီးတွေအတွက် ငါဘာမဆို ရင်ဆိုင်ရဲတယ် ဆိုတဲ့ သတ္တိတွေ ဝင်လာပြီး
ငါ့အမေလည်း ဒီလိုသတ္တိတွေနဲ့ ငါတို့ကို မွေးခဲ့ကြွေးခဲ့တာ နေမှာ။
ကျမ သားသမီး လေးယောက်စာအတွက် ရှာဖွေရတာ တော်တော်မလွယ်တော့ပါဘူး၊ ကျမ
အိမ်တွေရဲ့ မီးဖိုခန်းတွေကို ချဉ်းကပ်ရပါပြီ၊ လစ်ရင်လစ်သလို ကျမ သား
သမီးတွေအတွက် ခိုးယူရပါပြီ။ “ ခွေးသူခိုးမ ခွေးသူခိုးမ “ ဆိုတဲ့ အသံတွေ
ကျမအတွက် မဆန်းတော့ပါဘူး။ လူတွေလိုက်လာရင် ခြုံဂေဟာကို
တိုက်ရိုက်မပြန်ခဲ့တဲ့ ကျမအမေဟာ ကျမတို့ လုံခြုံရေးအတွက်ဆိုတာ
ကောင်းကောင်း နားလည်ခဲ့ပါပြီ။ အစာမပါပဲ ကျမပြန်ဖို့မဖြစ်နိုင်ဘူးလေ၊
ကျမချီလာမယ့်အစာကို ဆာလောင်စွာ စောင့်နေမယ့် ကျမသား သမီးတွေ အတွက် ကျမ
အစာကို မဖြစ်မနေ ရအောင်ယူမှ ဖြစ်မယ်၊ ငါက မိခင်ပဲလေ။
ခဲနဲ့အထုခံ၊ ရေနွေးပူနဲ့ အပက်ခံရတဲ့ အကြိမ်ကြိမ်ကြားမှာ ကျမ သားသမီးတွေ
လမ်းစလျှောက်နိုင်ကြပြီလေ၊ ကျမကြွေးနိုင်လို့ ဝတုတ်နေတဲ့
သားသမီးတွေကိုကြည့်ပြီး ပီတိဖြစ်လိုက်တာရှင်။ ဒီနေ့ လယ်ကွင်းထဲက
လူနေတဲကြီးထဲမှာ ငါးရံ့ခြောက်တွေ လှမ်းထားတာ အများကြီးပဲ၊ ကျမ သား
သမီးတွေ ရှယ်စားရတော့မယ်။ လူအိပ်ချိန်တွေ၊ ဝင်ပေါက်တွေ ကျမ
သေချာလေ့လာထားပြီးပြီ ကျမအတွက် အေးဆေးပါ။
ဒီနေ့တော့ ညထွက်မှရမယ်၊ ညနက်ပြီဆိုတော့ သားသမီးတွေကို ထားခဲ့ပြီး
ထွက်လာခဲ့တယ်။ ငါးခြောက်လှမ်းတဲ့ တဲကြီးနားရောက်တော့ လူသံလုံးဝမကြားရဘူး
အိပ်နေလောက်ပြီ၊ သေချာအောင် ခဏစောင့်ပြီး ဝင်ပေါက်နား ချဉ်းကပ်လိုက်တယ်။
ထောင်ခြောက် ရှိမရှိ သေချာကြည့်ပြီး ဝင်လိုက်တယ်။
အထဲကိုသေချာရောက်သွားပြီ၊ ထွက်ရင်လည်း ဒီအပေါက်ကပဲ ထွက်ရမယ် ခြံစည်းရိုးက
ကျမခုန်မထွက်နိုင်လောက်အောင် မြင့်တယ်လေ။
ဟောတွေ့ပြီ ငါးရံ့ခြောက်တွေ၊ ကျမ ငါးရဲ့ခြောက်တွေ
ကိုက်ချီလိုက်ချိန်မှာပဲ ကျမဝင်ခဲ့တဲ့ အပေါက်ဘက်က အသံကြားတော့ အမလေး….
အပေါက်ကို သွပ်ပြားကြီးနဲ့ ပိတ်လိုက်ပါပေါ့လား…….
လက်နိပ်ဓာတ်မီးတွေ အားကောင်းကောင်းနဲ့ ဝိုင်းထိုးရင်း “ ခွေးသူခိုးမ
ခွေးသူခိုးမ “ ဆိုတဲ့အသံတွေ ကျမနားထဲမှာ ဆူညံပွက်နေတော့တယ်။ ကျမလည်း
မျက်နှာမီးထိုးခံထားရတော့ ဘာမှ မမြင်ရပဲ ဦးတည့်ရာ ပြေးတဲ့အချိန်မှာ
ကျမခေါင်းပေါ် ပြင်းထန်တဲ့ ရိုက်ချက်နဲ့အတူ လှဲကျသွားပါတယ်။ ငါ့သား
သမီးတွေအတွက် ငါကျဆုံးလို့ မဖြစ်ဘူး လွှတ်အောင်ပြေးရမယ်…
ကျမပြန်ထလိုက်ချိန်မှာပြ ခြေထောက်တွေကို ဖြတ်ရိုက်လိုက်တာ သွင်သွင်
ကျိုးပါပေါ့လား………
“ ငါတို့တဲ့က အမဲသားတွေ ခိုးသွားတာ ဒီခွေးသူခိုးမပဲ၊ ဝက်သားခြောက်တွေ
ချီသွားတာ ဒီ ခွေးသူခိုးမပေါ့ “ အခြားတဲတွေကပါ မိန်းမ၊
ယောကျားလူစုံရောက်လာကြပြီး ကျမခိုးခဲ့တဲ့အကြောင်းတွေပြောပြီး ရိုက်ပုတ်
ထိုးနှက်လိုက်ကြတာ ကျမသေရတော့မှာပါပဲ။ “ ဟေး
ငါတို့အမြီးကောင်းကောင်းရပြီကွ “ အရက်သမားတစ်စုရဲ့ ဝမ်းသာအားရ
ပြောလိုက်တဲ့ အသံတွေကြားထဲ ကျမကတော့ ကျမ သားသမီးတွေအတွက် သောကတွေ
ပူလောင်လိုက်ပါဘိ၊
ငါ့အမေပြန်မလာ နိုင်တဲ့ည…………….
ငါတို့တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ည………
ငါပြန်မလာရင် ငါ့သားသမီးတွေ…………
“ ခွေးသူခိုးမ ခွေးသူခိုးမ ခွေးသူခိုးမ “ အသံတွေကြား မျက်လုံးတွေပြာ
သားသမီးတို့ရဲ့ ပုံရိပ်တွေဝေဝေဝါးဝါး…….

Crd:ရွှေမိုး ( နတ်မောက်)