ဂမ္ဘီရမျက်လုံးပိုင်ရှင်(စ/ဆုံး)
————————–
တောင်ပြုန်းပွဲတော်ကြီး၏ ပူပြင်းသောနေရောင်အောက်၌လူငယ်တစ်ဦးသည် လေးလံလှသော တောင်ကြီးတစ်လုံးကိုထမ်း၍ သွားလာနေလေ၏။
လူငယ်သည် များပြားလှသော လူအုပ်ကြီးအတွင်း တောင်းကြီးကိုပင်ပန်းကြီးစွာထမ်း၍ သွားလာနေရာမှ အရှေ့မှ လမ်းပိတ်၍ လျှောက်နေသော မိန်းမလျာတစ်ဦးကို ရှောင်တိမ်းပြီး..မိန်းမလျာတွေကြောင့်တော့ ခက်ပါပြီ၊ ဒါပေမဲ့ တောင်ပြုန်းပွဲကို မိန်းမလျာတွေရဲ့ ပွဲလို့ ဆိုရလောက်အောင်ဖြစ်နေပြီ၊ ဟိုတုန်းကဆိုရင် မိန်းမလျာတွေ ဒီလောက်မများသေးပါဘူး၊ အခုတော့ ကြည့်လေရာ မြင်လေရာ မိန်းမလျာတွေချည်းပါပဲ…
ဟု ရေရွတ်နေလေ၏။လူငယ်၏တောင်းကြီးအတွင်း ကန်တော့ပွဲအတွက် လိုအပ်သော အုန်းသီး၊ ငှက်ပျောသီးနှင့် အမွှေးတိုင် စသော ပစ္စည်းများပါဝင်၏။လူငယ်သည် တောင်းကြီးကိုထမ်း၍ တရွေ့ရွေ့ သွားလာနေလေ၏။
တောင်ပြုန်းပွဲတော်က ကာလသားများသည် အစဉ်အလာအတိုင်း မိန်းမများကို ကြီးကြီးငယ်ငယ် အရွယ်မရွေးဘဲ နောက်ပြောင်ကျီစယ်နေကြ၏။
ထိုသို့နောက်ပြောင်သော်လည်း မိန်းမများသည် ဒေါသထွက်ဟန်မရှိဘဲ အလိုက်သင့် ပြန်လည်နောက်ပြောင်နေကြ၏။
ပွဲတော်၌ လူပျိုကာလသားများသာမက သက်ကြားအို အရွယ်လူကြီးတစ်ဦးက သမီးအရွယ် မိန်းမပျိုလေးကို စပ်ဖြီးဖြီး ကြည့်၍..နှမလေးရေ ဒီနေ့ည အိမ်ပြန်မအိပ်ဘူးနော်…ဟု နောက်ပြောင်လေ၏။
မျက်နှာပြောင်ဟန်ရှိသော မိန်းမပျိုတစ်ယောက်ကနှုတ်ခမ်းကိုမဲ့၍…ရှင်ကြီးမအိပ်လည်း အိမ်မှာအိပ်မဲ့လူမပြတ်ဘူး အဘိုးရေ…
ဟု ပြန်လည်နောက်ပြောင်လေရာ လူစုလူဝေးကြီးသည်သဘောကျဟန်ဖြင့် တဝါးဝါး ရယ်မောကြလေ၏။
တစ်နေရာ၌ အခြားသော ကာလသားလူငယ်တစ်ဦးကအရက်ပုလင်းကိုမော့၍ အမေအရွယ် မိန်းမကြီးအား…ယောက္ခမကြီး ခင်ဗျားသမီး ဘယ်မှာထားခဲ့လဲ…ဟု နောက်ပြောင်လေရာ မိန်းမကြီးက ရယ်မော၍..
ဟဲ့ကောင်လေး ငါက အပျိုကြီးဟဲ့၊ သမီးမရှိဘူး၊လိုချင်ရင် ငါ့ကိုလာယူလှည့်၊ တင်တောင်းစရာမလိုဘူး…ဟု ပြောလေရာ လူအုပ်ကြီးသည် သဘောကျဟန်ဖြင့်ရယ်မော ကြပြန်၏။
လူငယ်သည် အပျော်လွန်နေသော လူအုပ်ကြီးကို အတင်းတိုးဝှေ့၍ ထွက်ခဲ့လေ၏။
အတန်ကြာအောင် လျှောက်လှမ်းပြီးသောအခါ ပွဲဈေးတန်းကို လွန်မြောက်ပြီး တောင်ပြုန်းရွာအတွင်းသို့ ရောက်သွားလေ၏။
ရွာအတွင်းရှိ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရှိရာ ခြံဝင်းထဲသို့ရောက်သည်နှင့် မိန်းမလျာတစ်စုသည် လူငယ်ကို မြင်တွေ့သွားပြီးလှုပ်လှုပ်ရွရွဖြစ်ကာ… ဘိုးစံ ပြန်လာပြီ၊ ငါတို့အတွက် ဘာတွေပါသလဲ၊ ဝိုင်းလုကြရအောင်ဟေ့…ဟု ဆိုကာ ဘိုးစံဆိုသော လူငယ်ထံသို့ မိန်းမလျာများပြေးလွှားသွားလေ၏။
လူငယ်သည် မိမိထံသို့ ဝိုင်းဝန်းလုယက်ရန် ရောက်ရှိလာသော မိန်းမလျာများကိုကြည့်၍ မျက်လုံးပြူးသွားပြီး…ဟေ့လူတွေ… မလုပ်နဲ့နော်၊ တောင်းထဲက ပစ္စည်းတွေကျကွဲလို့ ကျုပ်ကို ညမွှေးပန်းကြီး ဆူခံရမယ်…ဟု တားဆီးလေ၏။
သို့သော် မိန်းမအစစ်များထက်ပင် ပိုကဲသော မိန်းမလျာတစ်စုသည် ဘိုးစံ၏တောင်းကို မြေပေါ်သို့ချသူကချ၊ ဘိုးစံကို ပွေ့ဖက်သူက ပွေ့ဖက်ဖြင့် ပြုလုပ်ကြလေ၏။မိန်းမလျာများအနက် အသဲဆုံး၊ အကဲဆုံး လှလှမိုးဆိုသူက ဘိုးစံ၏ပါးကို ရွှတ်ခနဲမြည်အောင်ပင် နမ်းရှုံ့လိုက်သေး၏။
ထိုအခါ ကျန်သောမိန်းမလျာများက သဘောကျစွာဖြင့်ဝိုင်းဝန်းသြဘာပေးကြလေ၏။
ဘိုးစံသည် . မိန်းမလျာလှလှမိုး၏ အပြုအမူကြောင့် ဒေါသူပုန်ထသွားပြီး …မိန်းမလျာစုတ်ကြီး၊ ခင်ဗျားကြီး လွန်ပြီ…ဟု အော်ဟစ်ကာ မိန်းမလျာ၏ရင်ဘတ်အား ဆောင့်တွန်းလိုက်ရာ မိန်းမလျာသည်…အမလေး သေပါပြီတော်… ဟု အော်ဟစ်ပြီး မြေပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားလေ၏။
ထိုအခိုက်မှာပင် ပျဉ်ထောင်အိမ်ကြီး၏ အပေါ်ထပ်မှ
..ဘိုးစံ တော်စမ်း၊ မမိုက်ရိုင်းနဲ့….ဟူသော အသံကိုကြားရ၍ မော့ကြည့်လိုက်ရာအိမ်ကြီး၏ ဝရန်တာ၌ ကြိမ်ကုလားထိုင်ကြီးချ၍ ခန့်ခန့်ကြီးထိုင်နေသောအသက်ငါးဆယ်ဝန်းကျင် မိန်းမလျာကြီးတစ်ဦးကို မြင်ရလေ၏။
ထိုမိန်းမလျာကြီးသည် တောင်ပြုန်းရွာဇာတိ ညမွှေးပန်းဆိုသော မိန်းမလျာကြီးပင်ဖြစ်၏။ညမွှေးပန်းသည် ကြိမ်ကုလားထိုင်ပေါ်မှ ဝုန်းခနဲထရပ်၍ဘိုးစံကို မကျေမချမ်းကြည့်ကာ…မိန်းမလျာတွေကို စော်ကားတဲ့စကားမပြောနဲ့၊ သူတို့ဟာ နှင့်ကျေးဇူးရှင်တွေဟဲ့၊ နင်ဟာ မိန်းမလျာတွေကျွေးတဲ့ ထမင်းကိုစားပြီး မိန်းမလျာတွေကို စော်ကားရသလား၊ ကျေးဇူးမသိတတ်တဲ့ ကောင်…
ဟု ကြိမ်းမောင်းလေရာ ဘိုးစံသည် ညမွှေးပန်းကို စကားမတုံ့ပြန်တော့ဘဲ မြေပေါ်သို့ကျနေသော တောင်းကြီးကိုထမ်း၍ပျဉ်ထောင်အိမ်ကြီးအနောက်သို့ လျှောက်ခဲ့၏။
မီးဖိုဆောင်၌ ခါးကုန်းကြီးတစ်ယောက်သည် ထမင်းအိုးတစ်လုံးကို ယောက်မဖြင့်မွှေ၍ ချက်ပြုတ်နေလေ၏။
ဘိုးစံသည် မီးဖိုဆောင်သို့ရောက်လျှင် လက်ထဲရှိတောင်းကြီးကို ဆောင့်ချလိုက်၏။
ဘိုးစံ၏ အမူအရာကြောင့် မီးဖိုချောင်ထဲရှိ ထမင်းအိုးမွှေနေသော ခါးကုန်းကြီးတစ်ယောက်က ထိတ်လန့်ဟန်ဖြင့်…လန့်လိုက်တာကွာ၊ အေးအေးဆေးဆေး လုပ်စမ်းပါ၊မင်းကြောင့် သောက်ထားတာလေးတွေ ပျောက်ကုန်ပြီ…
ဟု ပြောလေ၏။
ခါးကုန်းကြီးသည် ညမွှေးပန်း၏ ထမင်းချက်ကြီး ဖြစ်၏။ခါးကုန်းကြီးက ခေါင်းခါယမ်း၍… မိန်းမလျာတွေနဲ့ဖက်ပြီး မဖြစ်စမ်းပါနဲ့ကွာ၊ ယောက်ျားသိက္ခာကျပါတယ်…ဟု ပြောလေရာ ဘိုးစံက မျက်နှာရှုံ့မဲ့၍
…ဘာ… ယောက်ျားသိက္ခာကျတယ် ဟုတ်လား၊ မိန်းမလျာတွေက ကျုပ်ကိုဝိုင်းပြီး နောက်ပြောင်တာကို ကျုပ်က လက်ပိုက်ကြည့်နေရမလား အရှက်မရှိတဲ့ လှလှမိုးဆိုတဲ့ မိန်းမလျာက ကျုပ်ပါးကိုတောင် နမ်းသွားသေးတယ်…ဟု ပြောလေရာ ခါးကုန်းကြီးက တဟားဟား ရယ်၍…မိန်းမလျာက မင်းပါးကို ဖက်နမ်းသွားလို့ မင်း ဒေါသဖြစ်နေတယ်ပေါ့၊ မိန်းမလျာမဟုတ်ဘဲ ချောချောလှလှ ကွမ်းတောင်ကိုင် မိန်းကလေးဆို မင်း ဘယ်လိုနေမလဲ၊ ဒီလိုပဲ ဒေါသဖြစ်မှာလား၊ ဟိ ဟိ… ငါတော့ မြင်ချင်သေးတယ်ကွာ…
ဟု ပြောလေ၏။
ခါးကုန်းကြီး၏ နောက်ပြောင်မှုကြောင့်. ဘိုးစံသည် ပိုမို၍ဒေါသဖြစ်သွားပြီး …ဟေ့လူကြီး ကျုပ်ပါးကို ဘယ်သူနမ်းနမ်း ဒေါသဖြစ်မှာပဲ….ခါးကုန်းကြီးက ရယ်မော၍…မိန်းမလျာတွေကို မေ့ထားလိုက်စမ်းပါကွာ၊ ဟောဒီမှာ ငါ အရက်နဲ့မြည်းဖို့ ကြက်ပေါင်နှစ်ချောင်း ဖယ်ထားတယ်၊ မင်း အတွက် တစ်ချောင်းရမယ်၊ မိန်းမလျာတွေမမြင်အောင် စားဦး…ဟု ပြောလေရာ ဘိုးစံသည် ခါးကုန်းကြီးပေးသော ကြက်ပေါင်ကို ယူ၍ ကိုက်ဝါးလိုက်ကာ … ကြက်ပေါင်လေးကိုက်လိုက်ရမှ မောပန်းတာလေး ပြေသွားတယ်၊ နေပူကြီးထဲမှာ ညမွှေးပန်းကြီးအတွက် နတ်ပစ္စည်းတွေသွားယူရတာ ပင်ပန်းလိုက်တာဗျာ…ဟု ညည်းညူလေ၏။
ခါးကုန်းကြီးက မိန်းမလျာများမမြင်အောင် ကွယ်ဝှက်ထားသော ဝီစကီပုလင်းကိုဖွင့်၍ သောက်လိုက်ပြီး …ဟဲ ဟဲ.. ညမွှေးပန်းဆီမှာ ထမင်းချက်လုပ်တာ ဒါလေးတွေ ငါ့အတွက် အမြဲတမ်းရနေလို့ကွ ကဲ… စားပြီးရင် အိမ်နောက်ကအိမ်ကို သွားပြီးရှင်းလိုက်ဦး၊ မနက်ဖြန် ချိုးရေတော် သုံးမဲ့နေ့မှာတောင်ပြုန်းကို ညမွှေးပန်းရဲ့တူတော်မောင် ရောက်လာလိမ့်မယ်၊ဒီကောင်လာရင် ငါတို့ ခေါင်းနောက်ဦးမယ်…ဟု ပြောလေ၏။
ဘိုးစံက မျက်နှာကိုမဲ့၍…ကျုပ်တော့ စိတ်ကုန်တယ်ဗျာ၊ မိန်းမလျာတွေရဲ့အလုပ်တွေကို ပင်ပန်းရတဲ့အထဲ ညမွှေးပန်း တူတော်မောင်ကလာပြီး ညှဉ်းဆဲဦးမယ်၊ ဒီကောင်တော့ မိန်းမလျာ မဟုတ်ပါဘူးနော်…ဟု မေးမြန်းလေရာ ခါးကုန်းကြီးက ရယ်မော၍…မဟုတ်ပါဘူးကွာ၊ လူတိုင်းကို မိန်းမလျာ ထင်နေပြန်ပြီ၊ညမွှေးပန်းဆီမှာ ငါတို့နှစ်ယောက် အေးအေးချမ်းချမ်း စားသောက်နေရဖို့ အဓိကပါပဲကွာ၊ ငါကတော့ နတ်ကတော်တွေကိုလည်း မယုံဘူး၊ ညမွှေးပန်းကိုတောင် မယုံဘူးကွာ၊ သူတို့အားလုံး အရူးလူလိမ်တွေပဲထင်တယ်၊ ဘာပဲဖြစ်ဖြစ် ငါ့အတွက်တော့ သောက်ရဖို့ပဲအဓိကပဲကွာ၊ ဟောဒီလို အကောင်းစားဝီစကီပုလင်းနဲ့ ကြက်ပေါင်ကို ကိုက်နေရရင် ဘယ်စည်းစိမ်နဲ့မှ မလဲနိုင်ပါဘူးကွာ၊ မင်းလည်းငါ့လို သောက်တတ်အောင် လုပ်ပါလားကွာ၊ မင်း သောက်တတ်ရင်ငါ့အတွက် အဖော်ရတာပေါ့…ဟု ပြောလေ၏။
ဘိုးစံသည် ခါးကုန်းကြီး၏ ဝီစကီပုလင်းကိုကြည့်၍…ကျုပ် သောက်ကြည့်ပြီးပြီ၊ အရက်ကို မကြိုက်ဘူးဗျ၊သွားတော့မယ်ဗျာ၊ ခြံနောက်ကအိမ်ကို သွားရှင်းဦးမယ်…ဟု ပြောကာ ခါးကုန်းကြီးအနီးမှ ထွက်ခွာသွားလေ၏။ခါးကုန်းကြီးက ဝီစကီကို တကြိုက်မော့သောက်၍…ဝီစကီကို မကြိုက်ဘူးတဲ့၊ လူမိုက်ပဲ…ဟု ရေရွတ်ပြီး ကျန်ရစ်ခဲ့လေတော့၏။
ဘိုးစံသည် ခြံအနောက်ရှိ အိမ်လေးသို့ ရောက်ခဲ့လေ၏။ ထိုအိမ်လေးကို ညမွှေးပန်းကိုယ်တိုင် စိတ်တိုင်းကျ တည်ဆောက်ထား၏။
ညမွှေးပန်းသည် အားလပ်သည့်အချိန် အနားယူ၏။ ထိုသို့အနားယူတိုင်း ညမွှေးပန်းကို ပြုစုရန် လူငယ်တစ်ယောက် အဖော်ခေါ်သွား၏။
ဘိုးစံသည် အိမ်ကလေးကို အမှိုက်များလှဲပြီး ရေဖတ်တိုက်ကာ အိမ်ကလေး၌ပင် ခြေပစ်လက်ပစ် လှဲချလိုက်၏။
ထိုသို့လှဲချရင်း အတိတ်ဘဝကို ပြန်လည်မြင်ယောင်၏။
ငယ်စဉ်ကပင် မိခင်ဆုံးပါးပြီး ဖခင် အရက်သမားကြီး၏ ကျွေးမွေးပြုစုမှုအောက်၌ နေထိုင်ရ၏။
ဖခင်သည် ရွာစဉ်လှည့်၍ အပ်ချုပ်စက်တစ်လုံးထမ်းကာစက်ချုပ်သည်အဖြစ် အသက်မွေး၏။
တစ်နေ့ ဖခင်ရောက်ရှိနေသောရွာသို့ မိန်းမလျာညမွှေးပန်းရောက်လာ၏။
ဖခင်သည် ညမွှေးပန်းအတွက် အဝတ်အထည်များချုပ်လုပ်ပေးရင်း ညမွှေးပန်း၏ လိုအပ်ချက်ကို နားလည်သွား၏။
ထို့ကြောင့် ဘိုးစံကို လက်ဆွဲကာ ညမွှေးပန်းထံသို့ လာရောက်ပြသပြီး …ကျုပ်သား ဘိုးစံကို ညမွှေးပန်းဆီမှာ အပ်ထားချင်တယ်၊ခိုင်းချင်ရာ ခိုင်းပါ….ဟု ပြောလေရာ ဘိုးစံသည် ဖခင်၏အပြုအမူကြောင့် အလွန်အံသြသွားလေ၏။
ညမွှေးပန်းသည် ဘိုးစံ၏ ဥပဓိရုပ်ကိုကြည့်ပြီး သဘောကျကာ ဖခင်၏လက်သို့ ငွေစက္ကူတစ်ထပ်ထည့်၍…ကျွန်မဆီမှာ ရှင့်သားကို တစ်သက်လုံးခေါ်ထားမယ်၊ကျွေးမွေးမယ်၊ လူမြင်ကောင်းအောင် ဆင်ပေးမယ်၊ ဒီနေ့ကစပြီးရှင့်သားကို ကျွန်မ ပိုင်ပြီ”…ဟု ပြောလေ၏။
ဖခင်သည် မိမိ၏လက်ထဲသို့ မမျှော်လင့်ဘဲ ရောက်ရှိလာသည့် ငွေစက္ကူထုပ်ကို ပါးစပ်အဟောင်းသားကြည့်ကာ ဝမ်းသာလွန်းသဖြင့်…ဒီနေ့ကစပြီး ကျုပ်သားကို ခင်ဗျားပိုင်ပြီ၊ ခိုင်းချင်ရာခိုင်းတော့…ဟု ဆိုကာ ကျောခိုင်းထွက်ခွာသွားလေ၏။
ဘိုးစံသည် ဖခင်၏အပြုအမူကို ဝမ်းနည်းလွန်းသဖြင့်…အဖေ မလုပ်ပါနဲ့ အဖေရယ်၊ ကျုပ် အဖေနဲ့ပဲနေပါရစေ၊ အဖေ မသွားပါနဲ့၊ ကျုပ်ကို မထားခဲ့ပါနဲ့ …ဟု တောင်းပန်လေ၏။
ထိုအခါ ဖခင်ဖြစ်သူက ဘိုးစံကိုလက်ကာပြ၍…လူလေး ဘိုးစံ၊ နတ်ကတော်ကြီးဆီမှာ အေးအေးဆေးနေပါကွာ၊ မင်းအမေမရှိတဲ့နောက်ပိုင်း အဖေ့ဘဝကြီးဟာသိပ်ခြောက်သွေ့တာပဲ၊ ဒါကြောင့် အဖေ အိမ်ထောင်ပြုမလို့၊ မင်းအဖေနဲ့ အတူနေလို့မဖြစ်တော့ဘူး…ဟု ပြောကာ ကျောခိုင်းထွက်ခွာသွားလေ၏။
ဘိုးစံသည် ဖခင်၏ တစ်ကိုယ်ကောင်းဆန်သော အပြုအမူကြောင့် ရင်ထဲတွင် နာကျင်သွားလေ၏။
ဖခင်သည် မိမိကိုစွန့်ပစ်ပြီး နောက်မိန်းမယူရန် ကြံစည်လေပြီ။
ဘိုးစံသည် ထိုအချိန်မှစ၍ နတ်ကတော်ကြီးညမွှေးပန်း၏ အစေအပါးဘဝသို့ ရောက်ရှိသွားလေ၏။
ဘိုးစံသည် နတ်ကတော်ကြီး၏ ထမီ၊ အင်္ကျီ စသည်တို့ကိုပြင်ဆင်ပေးရ၏။
ထို့ပြင် ညမွှေးပန်း၏ ဆံထုံး၊ ပန်း၊ လက်ဝတ်လက်စားတို့ကို ပြင်ဆင်ပေးရ၏။
ဘိုးစံသည် ညမွှေးပန်းနှင့် နေထိုင်ရခြင်းကို ပျော်ရွှင်ခြင်း မရှိချေ။အဘယ်ကြောင့်ဆိုသော် ညမွှေးပန်း၏ တပည့်တပန်းများသည် မိန်းမလျာများ ဖြစ်၍နေလေ၏။
ဘိုးစံသည် မိန်းမလျာများ၏ အနေအထိုင် အပြောအဆိုကိုကြည့်၍ လွန်စွာမုန်းတီးရွံရှာနေမိ၏။
ယောက်ျားကြီးတန်မဲ့ မိန်းမများကဲ့သို့ ကနွဲ့ကလျ ပြောဆိုကာတစ်ဦး၏အတင်းအဖျင်းကို တစ်ဦးက အားမနာတန်း ပြောဆိုတတ်၏။ထို့ပြင် ညမွှေးပန်း၏တပည့် မိန်းမလျာများသည် တစ်ယောက်ကိုတစ်ယောက် မနာလို ဝန်တိုကြ၏။
ဘိုးစံသည် နတ်ကတော်များ၏ ထိကပါး ရိကပါး ပြောဆိုခြင်းကို အလွန်မုန်းတီး၏။
သို့သော် ညမွှေးပန်းကိုယ်တိုင် နတ်ကတော်ဖြစ်ပြီး မိန်းမလျာများကို ပစားပေးထားသဖြင့် ဘိုးစံသည် ညမွှေးပန်းနှင့် တပည့်များ၏နတ်နှင့်ပတ်သက်သော အကြောင်းအရာများကို ကိုယ်တိုင်သိမြင်၏။
ထိုသို့သိမြင်သောကြောင့် ၄င်းတို့လူစုကို ယုံကြည်ခြင်းမရှိချေ။ညမွှေးပန်း၏အိမ်၌ ခိုကပ်နေထိုင်သော ခါးကုန်းကြီးလည်း ဘိုးစံကဲ့သို့ယုံကြည်ခြင်း မရှိချေ။သို့သော် ခါးကုန်းကြီးသည် အရက်သမားကြီးဖြစ်ပြီး ညမွှေးပန်းစွန့်ကြဲထားသော အရက်များကို ရရှိနေသဖြင့် ၄င်းတို့ အကြိုက်ပြောဆိုပြီး နေထိုင်လေ၏။
ဘိုးစံသည် အိမ်ကလေးကို ရှင်းလင်းပြီးသောအခါ နောက်တစ်နေ့ ညမွှေးပန်း၏တက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရလေ၏။
တောင်ပြုန်းနတ်ပွဲ၌ နန်းကြီး၌ပွဲတက်ရသော နတ်ကတော်သည် အလွန်ဂုဏ်ရှိ၏။
နတ်ကတော်များသည် တစ်နှစ်တစ်ကြိမ်တက်ပွဲတက်ရန် အလွန်အလေးအနက်ထား၏။ထို့ကြောင့်ပင် နတ်ကတော်များအားလုံး တက်ပွဲပြုလုပ်နိုင်ရန် အသည်းအသန် ကြိုးစားကြ၏။တစ်နှစ်တစ်ကြိမ် နတ်ပွဲတက်ရခြင်းသည် နတ်ကတော်များအတွက် မဟာအခွင့်အရေးပင်ဖြစ်၏။
နတ်ကတော်တို့၏ထိပ်ခေါင် ညမွှေးပန်းအတွက်မူ တက်ပွဲဆိုသည်မှာ သူ့အတွက် အသေးအမွှားပင် ဖြစ်၏။ညမွှေးပန်းကို တက်ပွဲပြုလုပ်ပေးမည့် ဒကာများ ပေါများလှ၏။ ညမွှေးပန်းသည် တောင်ပြုန်းနတ်ပွဲ၌ တက်ပွဲကို အခမ်းနားဆုံး၊အလှပဆုံးဖြစ်အောင် ပြင်ဆင်၏။ညမွှေးပန်း၏ နောက်ပိုင်း မိန်းမလျာများလည်း ညမွှေးပန်းနည်းတူ ထည်ဝါခမ်းနားကြ၏။ဘိုးစံသည် ညမွှေးပန်း၏ တက်ပွဲအတွက် အစစ အရာရာကြိုတင်ပြင်ဆင်ပေးရလေ၏။
နောက်တစ်နေ့သို့ရောက်သောအခါ ညမွှေးပန်းသည် နန်းကြီးသို့ တက်ပွဲတက်ရန် ဖင်တကြွကြွ ဖြစ်နေ၏။
တောင်ပြုန်းနတ်ပွဲ၌တက်ပွဲကို ညနေပိုင်း၌ စတင်လေ၏။
အနယ်နယ်အရပ်ရပ်ရှိ တက်ပွဲတက်မည့် နတ်ကတော်များ
များပြားလှသဖြင့် နောက်ဆုံးတက်ပွဲတက်မည့် နတ်ကတော်သည်ညဉ့်နက်သန်းခေါင်အထိ အချိန်ကြာ၏။
ညမွှေးပန်းသည် နန်းကြီးသို့ထွက်ခါနီး၌ ဘိုးစံကို သူ့အနီးသို့ လက်ယပ်ခေါ်၍
…ဘိုးစံ မြို့ကလာမဲ့ ငါ့ရဲ့တူတော်မောင်ကို ကောင်းကောင်း ဧည့်ခံစမ်း၊ သူ့ဆီက ဧည့်ဝတ်မကျဘူးဆိုတဲ့အသံကိုကြားရရင် နင် မလွယ်ဘူး…
ဟု မှာကြားလေ၏။
ဘိုးစံက ခေါင်းညိတ်၍
…စိတ်ချပါဗျာ၊ ခင်ဗျားဘာသာ နန်းကြီးပေါ်မှာ အိုက်တင်များလွန်းလို့ ဝမ်းလျားမှောက်မလဲအောင် ကြိုးစား..
ဟု ပြောလေရာ ညမွှေးပန်းက ဆဲဆိုလိုက်၏။
မကြာမီ နတ်ကတော်ကြီး ညမွှေးပန်းတို့အဖွဲ့ အိမ်မှစီတန်းပြီး ထွက်ခွာသွားလေ၏။
ခါးကုန်းကြီးက နတ်ကတော်များ ထွက်ခွာသွားသောအခါမြင်ကွင်းကိုကြည့်၍ ဝမ်းသာအားရဖြင့်…မိန်းမလျာတွေ သွားပြီဟေ့၊ ငါတော့ ဒီနေ့ အရက်တဝကြီးသောက်ရတော့မယ်…ဟု ကြုံးဝါးလေ၏။
ဘိုးစံသည် ခါးကုန်းကြီးကဲ့သို့ အရက်သောက်တတ်သူမဟုတ်သဖြင့်…သောက်ဗျာ သောက်၊ ခင်ဗျားကြီး သေအောင်သောက်၊
အရက်နဲ့မြည်းဖို့ ကြက်ပေါင်တွေကို ကျုပ်စားမယ်”
ဟု ဆိုကာ ခြံထဲရှိ အရိပ်ကောင်းသော သစ်ပင်အောက်၌
ဖျာတစ်ချပ်ကို ခင်းလေ၏။
ထို့နောက် ခါးကုန်းကြီးက ပုလင်းထောင်၍ ဘိုးစံကအမြည်းစားပြီး လောကစည်းစိမ်ကို ခံစားရလေ၏။
ဘိုးစံသည် ကြက်ပေါင်ကို တစ်ကိုက်ကိုက်၍…နတ်ကတော်တွေမရှိတဲ့ အိမ်ကြီးထဲမှာ အကြီးဆုံးစည်းစိမ်က နားစည်းစိမ်ပဲဗျ၊ မိန်းမလျာတွေဟာ မိန်းမအစစ်တွေထက် စကားများတယ်ဗျ…
ဟု ပြောလေ၏။
ထိုအခါ ခါးကုန်းကြီးက..သိပ်ဟုတ်တာပေါ့ကွာ၊ နောက်ပြီးတော့ မိန်းမလျာတွေဟာ မိန်းမအစစ်တွေထက် ပိုပြီးသံသယများတယ်ကွ၊ ငါ့ကို ဘယ်အချိန် မဟုတ်တာလုပ်မလဲလို့ အမြဲစောင့်ကြည့်နေတယ်…
ဟု ပြောလေ၏။
ဘိုးစံနှင့် ခါးကုန်းကြီးသည် အရက်သောက် အမြည်းစားရင်း အချိန်ကုန်နေလေ၏။
အတန်ကြာလျှင် ခြံပေါက်မှ လူရိပ်ကိုမြင်ရပြီး ထိုသူက လက်ပြ၍
…ကျုပ် ညမွှေးပန်းရဲ့ တူတော်မောင်ပါ…
ဟူသောအသံကို ကြားရသဖြင့် ဘိုးစံသည် ကြက်ပေါင်ကိုချ၍
…အမလေး စည်းစိမ်တော့ ပျက်ပါပြီဗျာ…
ဟု ညည်းညူလိုက်လေ၏။
ညမွှေးပန်း၏တူသည် သက္ကလတ်ဘောင်းဘီ၊ ဖလေဇာကုတ်အင်္ကျီနှင့် ဦးထုပ်ဆောင်းထားသော အသက်သုံးဆယ်ဝန်းကျင်လူတစ်ဦးဖြစ်၏။
ထိုသူသည် လွယ်အိတ်တစ်လုံးကို စလွယ်သိုင်းလွယ်ထား၏။
ဘိုးစံသည် ညမွှေးပန်း၏ မှာကြားချက်ကြောင့် ခြံပေါက်ဝသို့ ကမန်းကတန်း ပြေးသွားပြီး
… ကြွပါခင်ဗျာ၊ ညမွှေးပန်းကြီး နန်းကြီးမှာ တက်ပွဲနေ့နဲ့ တိုက်ဆိုင်နေလို့ မိတ်ဆွေကို မကြိုနိုင်တာပါ၊ ကျွန်တော်တို့ကိုအိမ်မှာစောင့်ပြီး မိတ်ဆွေကို ဧည့်ခံခိုင်းပါတယ်၊ ဧည့်ဝတ်ကျေဖို့သေသေချာချာ မှာထားခဲ့ပါတယ်…
ဟု ပြောလိုက်လေရာညမွှေးပန်း၏ တူတော်မောင်ကကျယ်ဝန်းသောခြံနှင့် အိမ်ကို မျက်လုံးဝေ့ကြည့်၍
…ညမွှေးပန်းကြီး တော်တော်စီးပွားဖြစ်နေတာပဲ၊ ကျုပ်နေရတဲ့နေရာကို ပြပါဦး…
ဟု ပြောလေ၏။
ဘိုးစံသည် ညမွှေးပန်း၏တူတော်မောင်ကို ခြံနောက်ရှိအိမ်ကလေးသို့ ဦးဆောင်ခေါ်သွားလေ၏
ဘိုးစံသည် ဧည့်သည်အား မကြာမီ ရေချိုးနိုင်ရန် ရေတွင်း၌ ပြင်ဆင်ထားမည်ဟု ပြောဆိုလေ၏၊
တူတော်မောင်သည် ခြံကြီးကိုသာ အကဲခတ်ကြည့်ပြီးလိုက်ပါလာ၏။
ထိုသူ၏အမူအရာသည် မိမိထင်သကဲ့သို့ ဒုက္ခပေးမည့်သူ မဟုတ်ဟု ထင်မြင်မိ၏။
ညနေတက်ပွဲပြီးသောအခါ ညမွှေးပန်း ဦးဆောင်သော
မိန်းမလျာများက အိမ်သို့ပြန်လည်ရောက်ရှိလာ၏။
ညမွှေးပန်းကြီးသည် ဧည့်သည်ရောက်နေကြောင်း သိရသော
အခါ သူ၏တူတော်မောင်ရှိရာ အိမ်ကလေးသို့ အပြေးသွားလေ၏။
ထိုအချိန်မှစ၍ ဘိုးစံသည် ဧည်သည့်အတွက် နံနက် ညထမင်းကို အိမ်ကလေးသို့ ပို့ဆောင်ပေးရ၏။
ညမွှေးပန်း၏
တူတော်မောင်သည် ပွဲတော်ရက်များအတွင်း တစ်နေကုန် သွားလာ
လည်ပတ်နေလေ၏။
ထိုသူ၏ ထူးဆန်းသောစရိုက်မှာ အလွန်စကားပြောနည်းပြီး
ညမွှေးပန်း၏ အိမ်ရှိ မိန်းမလျာများနှင့် ရောရောနှောနှောနေထိုင်ခြင်းမရှိချေ။
ညမွှေးပန်းကြီးနှင့်ပင် မေးတစ်ခွန်း ခေါ်တစ်ခွန်းသာ ဆက်ဆံ၏။
ဘိုးစံသည် ထိုသူအား ရင်းနှီးလို၍ စကားစပြောကြည့်သောအခါ ဧည့်သည်က
…မင်း တော်တော်စကားများတဲ့ကောင်ပဲ၊ ငါ အေးအေးဆေးဆေး နေချင်တယ်၊ အပိုစကားတွေမပြောနဲ့ကွာ..
ဟု တားဆီးလေ၏။
ဘိုးစံသည် ဧည့်သည်၏ သူစိမ်းဆန်သောအမူအရာကြောင့်
မရောနှောဝံ့တော့ချေ။ ထိုသူအတွက်
အစားအသောက် ကိုသာ ပုံမှန် ပို့ပေးရလေ၏။
အပိုင်း ၂ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၂
ညမွှေးပန်း၏ ဧည့်သည် သည် အသောက်အစားမက်သူတစ်ဦး ဖြစ်၏။သူ့အတွက် အရက်တစ်လုံး နေ့စဉ် မှန်မှန်ပို့ပေးရ၏။
ဝါခေါင်လဆန်း ပွဲတော်ပြီးသောအခါ ညမွှေးပန်းကြီး၏တူတော်မောင် ပြန်ရန် ပြင်ဆင်နေတော့၏။
ဧည့်သည် ပြန်မည့်နေ့သို့ရောက်သောအခါ ညမွှေးပန်းကြီးကိုယ်တိုင် အိမ်လေးသို့လာရောက်တွေ့ဆုံ၏။
ညမွှေးပန်းကြီးသည် ဧည့်သည်ကို စိတ်ဝင်စားနေသောမိန်းမလျာတစ်စုကိုမခေါ်ဘဲတစ်ကိုယ်တည်း ရောက်ရှိလာ၏။
ထိုအခါ ဘိုးစံသည် ညမွှေးပန်းကြီးနှင့် ဧည်သည့်၏ ထူးဆန်းသော ဆက်ဆံရေး
ကို မမျှော်လင့်ဘဲ သိလိုက်ရ၏။
ဘိုးစံသည် အိမ်ကလေး၏ အနောက်မှ တိတ်တဆိတ် ချောင်းမြောင်းကြည့်နေခဲ့၏။ ဧည့်သည်က အရက်ပုလင်းကိုမော့၍…ကျုပ် ပြန်တော့မယ်၊ ခင်ဗျားဆီမှာ နေခွင့်ပေးတဲ့အတွက်ကျေးဇူးကမ္ဘာပဲ…
ဟု ပြောလိုက်ရာ ညမွှေးပန်းက တင်းမာသော လေသံဖြင့်…မင်းဟာ ငါ့ကို တော်တော်ဒုက္ခပေးတဲ့ကောင်ပဲ၊ ဒါကြောင့်မင်းပြန်ပါစေလို့ ငါ အမြဲဆုတောင်းခဲ့တယ်၊ အခုတော့ ငါ ဆုတောင်းပြည့်ပြီပေါ့…ဟု ပြောလေ၏။
ဧည့်သည်က ညမွှေးပန်း၏စကားကြောင့်သဘောကျဟန်ဖြင့် ရယ်မော၍…ဟား ဟား ဟား… လောဘအိုးကြီး၊ ခင်ဗျားကြီးဆုတောင်းအမြဲပြည့်ပါစေဗျာ…ဟု ပြောရင်း သူ၏ကျောပိုးအိတ်ကိုလွယ်ကာ အိမ်ငယ်လေးပေါ်မှ ဆင်းသွားလေ၏။
ညမွှေးပန်းကြီးသည် ထိုသူ၏ နောက်ကျောကို မကျေမချမ်းကြည့်၍ ဆဲဆိုလိုက်လေ၏။
ထိုသူခြံကြီး၏ထိပ်သို့ရောက်သောအခါ ညမွှေးပန်း၏တပည့် မိန်းမလျာတစ်စုသည် ပြုံးရွှင်သောအမူအရာဖြင့် အနီးသို့ရောက်လာပြီး …ပြန်တော့မလို့လား၊ နောက်လည်းလာဦးနော်…ဟု နှုတ်ဆက်လေရာ ထိုသူက မိန်းမလျာများကို ရွံရှာဟန်ဖြင့်ကြည့်၍…ယောက်ျားဖြစ်ပြီး ယောက်ျားလိုမနေတဲ့ ဟိုမရောက်ဒီမရောက် ကောင်တွေ၊ ငါ့နားက ထွက်သွားစမ်း…ဟု အော်ဟစ်မောင်းထုတ်လိုက်ရာ မိန်းမလျာများသည်ရှက်ကိုးရှက်ကန်း ဖြစ်သွားလေ၏။
ထိုသူ ခြံထဲမှထွက်သွားသောအခါ ဘိုးစံက မိန်းမလျာများကို သဘောကျစွာဖြင့် လှောင်ပြောင်ရယ်မောနေလေ၏။
မိန်းမလျာများသည် ဘိုးစံဘက်သို့လှည့်၍ လှလှမိုးဆိုသောမိန်းမလျာက မကျေမချမ်းဖြင့်…ယောက်ျားရင့်မကြီးဖြစ်နေပြီး မိန်းမသားတွေကို မစာနာဘူး၊ နင်တို့ဟာ ဘုရားဆုပန် မင်းယောက်ျားမဖြစ်သင့်ဘူး…
ဟု ပြောလေရာ ဘိုးစံက ရယ်မော၍…ကျုပ်တို့ယောက်ျားစစ်စစ်တွေက မိန်းမလျာတွေကို မကြင်နာဘူး၊ မိန်းမစစ်စစ်တွေဆိုရင်တော့.. ဘယ်လိုကြင်နာရမလဲ ဆိုတာကောင်းကောင်းသိပြီးသား…ဟု ပြောလေ၏။
ထိုအခါ မိန်းမလျာတစ်ဦးက မကျေမနပ်ဖြင့်..ဟဲ့… ငါတို့က မိန်းမစစ်တွေထက် အစစအရာရာသာတာဟဲ့၊ ချက်တဲ့ပြုတ်တဲ့နေရာမှာ ပြိုင်မလား၊ လင်ကိုပြုစုတဲ့နေရာမှာ ပြိုင်မလား၊ ကြိုက်
တဲ့ဘက်က စမ်းလိုက် “..ဟု ပြောလေ၏။ မိန်းမလျာ၏စကားကြောင့် အနီးသို့ ရောက်လာသော ခါးကုန်းကြီးက…ဟား ဟား ဟား– နင်တို့မိန်းမလျာတွေ မပြိုင်နိုင်တဲ့နေရာ တစ်ခုတော့ရှိပါတယ်…ဟု ပြောဆိုလေရာ မိန်းမလျာများက သံပြိုင်…ဘယ်နေရာလဲ “…ဟု မေးမြန်းလေ၏။
ခါးကုန်းကြီးက ရယ်မော၍..ဟား ဟား ဟား…လည်စိရှိတဲ့နေရာမှာလေ၊ နင်တို့လည်ပင်းမှာ လည်စိကြီးတွေနဲ့…ဟု ပြောလေရာ မိန်းမလျာများသည် ခါးကုန်းကြီးအား…လူယုတ်မာကြီး၊ ဒီဘဝမှာ ခါးကုန်းနေတာတောင်ယုတ်မာနေသေးတယ်…ဟု ပြောဆိုလေတော့၏။
တောင်ပြုံးပွဲတော်ကြီး ပြီးဆုံးပြီး ရက်အနည်းငယ်ကြာသောအခါ အနီးအနားရွာသို့ မင်းသား စိန်ကတုံး ဇာတ်အဖွဲ့ လာရောက်ကကြလေ၏။
ညမွှေးပန်းနှင့် မိန်းမလျာများအားလုံး မင်းသားစိန်ကတုံးဇာတ်အဖွဲ့ကို ကြည့်ချင်သောကြောင့် ဝမ်းမြောက်ဝမ်းသာ ပြင်ဆင်ကြလေ၏။
ညမွှေးပန်းသည် ဘိုးစံကိုခေါ်၍…ဟဲ့ကောင် ဘိုးစံ၊ ငါတို့အားလုံး စိန်ကတုံးသွားကြည့်ကြမယ်၊ ဒီနေ့ည ငါ့ခြံလုံခြုံရေးကို နင်နဲ့ ခါးကုန်းကြီး တာဝန်ယူ၊ ငါ့ခြံထဲကနတ်ရုပ်တစ်ရုပ်ပျောက်ရင် နင်တို့နှစ်ယောက်စလုံး အသေပဲ…ဟု ပြောလေ၏။
ဘိုးစံက ညမွှေးပန်းကို မျက်နှာရှုံ့မဲ့၍ကြည့်ပြီး…ဒီမှာ ကျုပ်လည်း မင်းသားစိန်ကတုံးကိုကြည့်ဖို့ အားခဲထားတာဗျ၊ ကျုပ်လည်း လိုက်ပါရစေ…ဟု တောင်းဆိုလေ၏။
ညမွှေးပန်းက လက်ကာပြ၍…တော်စမ်း ဘိုးစံ၊ ငါတို့မိန်းမသားတွေသွားတဲ့လမ်းမှာနင်က ယောက်ျားရင့်မကြီးဖြစ်ပြီး ဘာဖြစ်လို့ တကောက်ကောက်လိုက်နေမှာလဲ၊ နောက်ပြီးတော့ စိန်ကတုံးက ယောက်ျားပဲ၊ ယောက်ျားအချင်းချင်း ဘာလို့ကြည့်မှာတုန်း…ဟု ပြောလေ၏။
ဘိုးစံသည် မိန်းမလျာကြီး ညမွှေးပန်းကိုခြေဆုံးခေါင်းဆုံးကြည့်၍…ယောက်ျားအချင်းချင်း ဘာလို့ကြည့်မှာလဲ ဟုတ်လား၊ခင်ဗျားတို့ကတော့ စိန်ကတုံးကို ကြည့်မှာပေါ့၊ လောကကြီးဟာတော်ရယ်စရာကောင်းပါလား…
ဟု လှောင်ပြောင်ဟန်ဖြင့် ပြောဆိုလေရာ ညမွှေးပန်းက ဘိုးစံ၏ခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်၍…နင်က ငါတို့ကို မိန်းမလျာဆိုပြီး လှောင်ချင်တာလား၊မိန်းမလျာတွေရဲ့ ထမီနားခိုစားတဲ့ကောင်ကများ၊ လူပါးဝလို့၊ နင့်ကိုစကားရှည်ရှည်ဝေးဝေး မပြောတော့ဘူး၊ ဟောဒီမှာ ပိုက်ဆံတစ်မတ်ကိုယူပြီး ဒီနေ့ည အေးအေးဆေးဆေး ငါ့ခြံကို စောင့်ပါ…ဟု ပြောကာ ဘိုးစံ၏အနီးမှ ထွက်ခွာသွားလေ၏။ဘိုးစံသည် ညမွှေးပန်းကို မခံချင်အောင်ပြောဆိုပြီး ငွေတစ်မတ်ရရှိသဖြင့် လွန်စွာကျေနပ်သွားလေ၏။
သူသည် ညမွှေးပန်းထံမှရရှိသော မတ်စေ့လေးကို စုဘူးထဲသို့ ထည့်ရန်ပြင်ပြီးမှ…ဟိုဘက်ရွာမှာ အံစာဝိုင်းကောင်းကောင်းရှိတယ် ဆိုပဲ၊ငါ့ရဲ့ကံကို သွားစမ်းရမယ်…ဟု ကြုံးဝါးကာ ငွေတစ်ဖက်ကိုကိုင်၍ အန်စာဝိုင်းသို့ ထွက်ခဲ့လေ၏။တစ်ဖက်ရွာဇရပ်၌ အန်စာဝိုင်းကောင်းနေပြီး လူများ ဝိုင်းအုံနေလေ၏။
ဘိုးစံသည် လူအများပြားသို့တိုးဝင်၍ ကြက်ဇယား၌ငွေတစ်မတ်ကို တင်လိုက်၏။
ထိုနေ့က သူ၏ကံဇာတာ ကောင်းမွန်နေသဖြင့် ငွေတော်တော်များများ အနိုင်ရလိုက်၏။ဘိုးစံသည် အန်စာဝိုင်းသိမ်းသောအခါမှပင် ဝမ်းသာအားရပြန်လာခဲ့၏။
ဘိုးစံသည် ခါးကုန်းကြီးအားကိုးဖြင့် ညမွှေးပန်း၏ခြံကြီးအား စောင့်ကြပ်ခြင်းမရှိဘဲ ထွက်ခဲ့၏။ညမွှေးပန်း၏ အိမ်သို့ပြန်ရောက်သောအခါ တစ်ခြံလုံး တိတ်ဆိတ်နေ၏။
ဘိုးစံသည် မီးရောင်ကိုကိုင်၍ တစ်ခြံလုံးကို လှည့်ပတ်ကြည့်လိုက်၏။
ထိုအခိုက်မှာပင် ညမွှေးပန်း၏ခြံအနောက်ရှိ နတ်ရုပ်များထားရှိသောနေရာ၌ အော်သံဟစ်သံများကို ကြားရလေ၏။
ဘိုးစံသည် နတ်ရုပ်များကြားရှိ ကွက်လပ်သို့ရောက်သောအခါ မိမိမျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် နတ်ရုပ်များကြား၌ လူနှစ်ဦးအသက်လု၍ တိုက်ခိုက်နေလေ၏။
ထိုသူနှစ်ဦးမှာ ညမွှေးပန်း၏တူတော်မောင်နှင့် ခါးကုန်းကြီးဖြစ်နေလေ၏။
ညမွှေးပန်း၏လူသည် လွန်ခဲ့သောရက်ကပင် ဤအရပ်မှပြန်ထွက်သွားပြီးဖြစ်၏။
ယခုအဘယ်ကြောင့် ပြန်ရောက်လာပြီးခါးကုန်းကြီးနှင့် အသက်လု တိုက်ခိုက်နေသနည်း။ဘိုးစံသည် ဓားရှည်ကိုယ်စီဖြင့် တိုက်ခိုက်နေသော လူနှစ်ဦးအားကြည့်၍…ရပ်ကြပါ၊ ခင်ဗျားတို့နှစ်ယောက် ဘယ်လိုရန်ဖြစ်ကြတာလဲ…ဟု အော်ဟစ်မေးမြန်းလေ၏။
သို့သော် ညမွှေးပန်း၏တူနှင့် ခါးကုန်းကြီးသည် ဘိုးစံကိုဂရုမစိုက်ဘဲ တိုက်ခိုက်နေဆဲဖြစ်၏။ ၄င်းတို့၏တိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး အသက်အန္တရာယ်ကျလုနီးပါး ဖြစ်နေလေ၏။
ဘိုးစံသည် လူနှစ်ဦး၏တိုက်ပွဲကိုကြည့်ပြီး အလွန်စိုးရိမ်လေ၏။
ထိုအခိုက်မှာပင် ညမွှေးပန်း၏ တူသည် ခါးကုန်းကြီး၏ဓားချက်မိပြီး ကိုယ်ခန္ဓာယိမ်းယိုင်သွားလေ၏။
ခါးကုန်းကြီး အခွင့်အရေးကို လက်လွတ်မခံဘဲ အနီးကပ်ပူးကပ်ပြီး ဓားရှည်ဖြင့် ထိုးစိုက်လိုက်၏။သို့သော် ညမွှေးပန်း၏တူကလည်း လက်ထဲရှိဓားဖြင့်ခါးကုန်းကြီးကလည်း ပြန်လည်ထိုးစိုက်လိုက်လေ၏။
ခါးကုန်းကြီး၏ ရင်ဝသို့ ဓားစိုက်ပြီး မြေပေါ်သို့ လဲကျသွားလေ၏။ ဘိုးစံသည် မီးတုတ်ကိုပစ်ချ၍ခါးကုန်းကြီး ဟု အော်ဟစ်ကာ အနီးသို့ ပြေးပွေ့လိုက်၏။ခါးကုန်းကြီးသည် နာကျင်စွာဖြင့် ညည်းညူလိုက်ပြီး…ငါ မနေရတော့ဘူး ဘိုးစံ၊ လောဘရဲ့အကျိုးဆက်ပေါ့ကွာ၊ ဟိုကောင်လည်း သွားပြီထင်တယ်…
ဟု ပြောလေ၏။
ဘိုးစံသည် ခါးကုန်းကြီးကို မချိတင်ကဲကြည့်၍…ဘယ်လိုဖြစ်တာလဲဗျာ၊ ကျုပ်တော့ ဘယ်လိုမှနားမလည်နိုင်တော့ဘူး…ဟု ပြောလေရာ ခါးကုန်းကြီးက သွေးများအန်ချလိုက်ပြီး…ညမွှေးပန်းရဲ့တူဆိုတဲ့ကောင်က ညမွှေးပန်းဆီက အလွန်ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကို ခိုးချင်လို့ လျှို့ဝှက်ပြီးလာယူတာကွ၊လွန်ခဲ့တဲ့အကြိမ်တုန်းက ညမွှေးပန်းဆီက စာအုပ်ကို ခိုးခွင့်မရလို့ခုတစ်ကြိမ် ထပ်ခိုးတာပဲ…ဟု ပြောလေရာ ဘိုးစံက ခါးကုန်းကြီး၏ ဒဏ်ရာကိုကြည့်၍ ခေါင်းခါယမ်းပြီး…စာအုပ်တစ်အုပ် ဘယ်လောက်အဖိုးတန်မှာလဲဗျာ၊ စာအုပ်တစ်အုပ်အတွက် အသက်အန္တရာယ်ဖြစ်ရတယ်လို့…ဟု ပြောလေရာ ခါးကုန်းကြီးက မောပန်းနွမ်းနယ်နေရာမှ…ဒီစာအုပ်ကို လိုချင်လွန်းလို့ ငါကိုယ်တိုင် ညမွှေးပန်းဆီမှာ နှစ်ပေါင်းများစွာ ဒုက္ခခံနေတာကွ၊ တကယ်တော့ ဒီစာအုပ်ဟာညမွှေးပန်းနဲ့ဘာမှမဆိုင်ဘူး သူ့ဆီကိုမမျှော်လင့်ဘဲ ရောက်နေတာကွ ညမွှေးပန်းဟာအရင်တုန်းက မန္တလေးမြို့ပေါ်မှာ အိမ်ဖော်အလုပ်ကိုလုပ်ဖူးတယ်၊သူဟာ အိမ်ဖော်ဘဝနဲ့ အဲဒီစာအုပ်ကိုခိုးယူခဲ့တာပဲ…ဟု ပြောလေ၏။
ဘိုးစံသည် ခါးကုန်းကြီး၏ ထူးဆန်းသောစကာကြောင့်
…ညမွှေးပန်းကြီးက အရင်တုန်းက အိမ်ဖော်လုပ်ဖူးတယ်ဟုတ်လား၊ အိမ်ဖော်လုပ်ပြီး သူက ဘာဖြစ်လို့ သူတစ်ပါးပစ္စည်းကိုခိုးရတာလဲ…ဟု ရေရွတ်လေရာ ခါးကုန်းကြီးက မောပန်းသောဟန်ပန်ဖြင့်…စာအုပ်က အဖိုးတန်လို့ပေါ့ကွာ၊ ဒါတွေမေးမနေပါနဲ့တော့၊ ငါ့အတွက်အချိန်မရှိတော့ဘူး၊ မင်းလုပ်ရမှာက နံကရိုင်းမယ်တော်ရုပ်ထဲက စာအုပ်ကိုယူပြီး ဒီနေရာကပြေးပေတော့၊ ဒီစာအုပ်ထဲက အကြောင်းအရာတွေကိုဖတ်ပြီး မင်းဘဝတိုးတက်အောင်ကြိုးစားပေတော့၊ ငါမနေရတော့ဘူး၊ မောလိုက်တာကွာ…
ဟု ပြောရင်း မောပန်းစွာဖြင့် အသက်ကိုပြင်းပြင်းရှူနေလေ၏၊ ဘိုးစံသည် ခါးကုန်းကြီးကို ကြည့်ရှုနေစဉ်မှာပင် ၄င်းအသက်ထွက်သွားလေ၏၊
ဘိုးစံသည် ခါးကုန်းကြီးပြောသော နံကရိုင်းမယ်တော်ရုပ်ကို ရှာဖွေလေရာ မြေပေါ်၌ တွေ့ရလေ၏။ဘိုးစံသည် တုန်ယင်သောလက်များဖြင့် နံကရိုင်းမယ်တော်ရုပ်ကို ကောက်ယူလိုက်လေ၏။ညမွှေးပန်း၏တူလည်း သေဆုံးနေလေပြီ။
ဘိုးစံသည် မိမိ၏အရှေ့တွင် မမျှော်လင့်ဘဲ လူနှစ်ဦး သေဆုံးသွားသဖြင့် ထိတ်လန့်တုန်လှုပ်နေမိ၏။ဘိုးစံသည် နံကရိုင်းမယ်တော်ရုပ်ကို သေချာစွာကြည့်လိုက်သောအခါအရုပ်၏ နောက်ကျော၌ အံဝှက်တစ်ခုရှိပြီး .အံဝှက်ကိုဖွင့်လိုက်သောအခါ အတွင်းထဲမှ သားရေဖုံးစာအုပ်တစ်အုပ် ထွက်လာလေ၏။
ထိုစာအုပ်ကလေးသည် အလွန်အဖိုးတန်သည်ဟု ဆို၏။
ထိုစာအုပ်ကလေးအတွက် လူနှစ်ဦး၏အသက် ဆုံးရှုံးလိုက်ရ၏။လူနှစ်ယောက်၏အသက်ကိုရင်းရလောက်အောင် ဤစာအုပ်ကလေးသည် မည်မျှအဖိုးတန်နေသနည်း။ဘိုးစံသည် စာအုပ်ကို ကြောင်ငေးငေးကြည့်နေစဉ်အနောက်ကအသံကိုကြားရ၍ လှည့်ကြည့်လိုက်သောအခါ ညမွှေးပန်းကြီး၏အိမ်အတွင်းမှ မီးတောက်ကြီးကို မြင်လိုက်ရ၏။
ညမွှေးပန်း၏အိမ်ကြီး မီးလောင်နေချေပြီ။
ထိုအိမ်ထဲတွင်ညမွှေးပန်း၏ များပြားလှသောနတ်ရုပ်များရှိ၏။ထိုနတ်ရုပ်များ မီးလောင်လျှင် ညမွှေးပန်းကြီး ရူးမတတ်ဖြစ်ပြီး မိမိအသက်ကိုပင် ရန်ရှာလိမ့်မည်။ဤအရပ်မှ အမြန်ဆုံးခွာမှ တော်ကာကြတော့မည်။
ဤသို့ဖြင့်ဘိုးစံသည် မိမိ၏ခါးဝတ်ခါးစားဖြင့် တောင်ပြုန်းရွာကလေး မှ ပြေးခဲ့၏။
သူသည် ရေလမ်းအတိုင်း ငှက်စီး၍ပြေးရန် ကြံစည်၏။
ဘိုးစံသည် လှေဆိပ်သို့ရောက်သောအခါ ဆိုက်ကပ်ထားသော သမ္ဗာန်တစ်စီးကို တွေ့ရ၏။
ထိုသမ္ဗာန်ရှိလူများ ရွာထဲသို့ရောက်နေလိမ့်မည်။
ဘိုးစံသည်စဉ်းစားမနေတော့ဘဲ သမ္ဗာန်ကိုလှော်ခတ်ကာ ထိုအရပ်မှ ပြေးခဲ့လေတော့သည်။
ဘိုးစံသည် သမ္ဗာန်ကို တစ်ညလုံး လှော်ခတ်သွားလေ၏။
ကံကောင်းထောက်မစွာဖြင့် သမ္ဗာန်ပေါ်၌ ထမင်းထုပ်များ ကိုတွေ့လေရာ
ဘိုးစံသည် ဆာဆာဖြင့် ထမင်းထုပ်ကိုဖွင့်၍ ကြည့်ရာကြက်သားဟင်းပါရှိ၏။
ဟင်းစပ်စပ်ကို မြိန်ရည်ယှက်ရည် စားလေ၏။ဘိုးစံသည် မောပန်းသောအခါ ကမ်းကိုကပ်၍ ခဏမျှနားလေ၏။
နံနက်အရုဏ်တက်အချိန်သို့ ရောက်ရှိနေလေပြီ။
ဘိုးစံသည်ကမ်းကပ်၍ တစ်မှေးမျှမှေးစက်ရန်ကြံ၏။
မှေးစက်ပြီးသောအခါ လွယ်အိတ်ထဲရှိ သားရေဖုံးစာအုပ်ကလေးကို ယူလေ၏။
သူသည် ထိုစာအုပ်ကလေးကို အေးအေးဆေးဆေး အချိန်ပေး၍ဖတ်ရှုချင်၏။
ခါးကုန်းကြီးက သားရေဖုံးစာအုပ်ထဲမှ အကြောင်းအရာများကိုဖတ်ရှု၍ မိမိဘဝတိုးတက်အောင် ကြံဆောင်ရမည် ဆို၏။
ထိုစာအုပ်ကလေးအတွက် လူနှစ်ဦး အသက်ပေးသွားရ၏။
ထိုစာအုပ်သည် မည်မျှ အဖိုးတန်သနည်း။
ထိုစာအုပ်ထဲ၌ရတနာသိုက်မြေပုံများ ရေးဆွဲထားလေသလော။
ဘိုးစံသည် သူ၏လွယ်အိတ်ထဲသို့ စာအုပ်ကလေးကို ပြန်ထည့်၍ မိမိနှင့် တစ်ကိုယ်တည်းပါလာသော ငွေစကြေးစများကိုကြည့်ရှုလေရာ လွန်ခဲ့သောညက အန်စာဝိုင်း၌ ငွေများစွာ အနိုင်ရကြောင်း အမှတ်ရသွား၏။
မိမိ၌ ငွေရှိလျှင် လောလောဆယ် စားဝတ်နေရေးအတွက်ပူပင်စရာမလိုတော့ချေ။
ဘိုးစံသည် ရင်ထဲတွင် အနည်းငယ်အေးမြသွားသဖြင့် လှေကလေးကို ဆက်၍လှော်ခတ်ခဲ့လေ၏။
ဘိုးစံသည် အတန်ကြာအောင် လှော်ခတ်ပြီးနောက် ပျင်းရိလာသဖြင့် လှေကိုဆက်၍မလှော်တော့ဘဲ ကမ်းသို့ကပ်လိုက်၏။
ပြီးနောက် မြစ်ကမ်းအတိုင်း လျှောက်လှမ်းလာ၏။အနီးအနား၌ ရွာများရှိပုံမရ။ အတန်ကြာအောင်လျှောက်ပြီးမှ ဘုန်းကြီးကျောင်းတစ်ကျောင်းကို တွေ့ရ၏။
ဘုန်းကြီးကျောင်းအနောက်၌ ဖိုရုံကလေးတစ်ရုံကို တွေ့ရ၏။
ဖိုရုံကလေး၌ ကပ္ပိယကြီးတစ်ဦး ဖိုထိုးရင်း သီချင်းဆိုနေ၏။
ဘိုးစံက ကပ္ပိယကြီးထံတွင် အိပ်စက်ခွင့်တောင်းလေရာ ကပ္ပိယကြီးက လက်ဝါးဖြန့်၍…အိပ်ခွင့်ရဖို့ ဆရာတော်ကြီးကို လျှောက်ထားပေးမယ်၊ဒီအတွက် မင်းက ငါဖိုထိုးဖို့ ငွေစကြေးစနည်းနည်းတော့ လှူဒါန်းရမယ်…ဟု အကြပ်ကိုင်လေရာ ဘိုးစံသည် ကပ္ပိယကြီးကို မကျေမချမ်းဖြင့် ငွေတစ်မတ် ထုတ်ပေးလိုက်လေ၏။
ကပ္ပိယကြီးက ငွေတစ်မတ်ရသောအခါမှပင်လက်ခမောင်း ခတ်၍…ဒီလိုမှပေါ့ .. ကိုယ့်လူရယ်၊ ကျောင်းမှာ တစ်ညမဟုတ်ဘူး၊ နေချင်သလောက် နေနိုင်တယ်…ဟု ပြောလေ၏။
ဘိုးစံက ကပ္ပိယကြီး၏စကားကြောင့်မျက်မှောင်ကြုတ်၍…နေချင်သလောက်နေနိုင်တယ် ဟုတ်လား၊ ဆရာတော်ကြီးက ခွင့်ပြုပါ့မလား…ဟု မေးမြန်းလေ၏။ ထိုအခါ ကပ္ပိယကြီးက ရယ်မော၍…ဒီကျောင်းက ဆရာတော်ကြီး ပျံလွန်တော်မူတာ ကြာပြီကွ၊ လောလောဆယ် ကျောင်းမှာ ကျောင်းထိုင်မရှိသေးဘူး၊ကျောင်းကိုစောင့်နေရတဲ့ ငါတစ်ယောက်တည်းရှိတယ်…
ဟု ပြောလေရာ ဘိုးစံက ခေါင်းတဆတ်ဆတ်ညိတ်၍…ဒါကြောင့် ကျုပ်ကိုပျော်သလောက် နေနိုင်တယ်လို့ပြောတာကိုး၊ ရက်ရောပါ့ဗျာ…ဟု ပြောလေ၏။
ကပ္ပိယကြီးက ရယ်မော၍…မင်းက ငွေတစ်မတ်စွန့်ကြဲလိုက်ရလို့ မကျေမချမ်းဖြစ်နေ၊မင်းကို ကျောင်းမှာနေချင်သလောက်နေဖို့ ငွေတစ်မတ်နဲ့ ခွင့်ပြုလိုက်တာ တန်ပါတယ်ကွာ၊ ဒီမှာ ကိုယ့်လူ၊ မင်းအဆင်မပြေဘူးဆိုရင်မင်းကို ငါကပဲ ကျွေးမွေးထားရဦးမယ်…ဟု ပြောလေ၏။
ဘိုးစံသည် ကပ္ပိယကြီးစကားကြောင့်ခေါင်းညိတ်၍…ကျုပ် ဗိုက်ဆာနေပြီ၊ ဘာကျွေးမှာလဲ…ဟု မေးမြန်းလေ၏။
ကပ္ပိယကြီးက အနီးရှိ မီးဖိုကို လက်ဝှေ့ယမ်းပြ၍…ဆန်ပြုတ်အိုးတည်ထားတယ်ကွ၊ သက်သတ်လွတ်ဆန်ပြုတ်ပေါ့ကွာ၊ အားရပါးရ သောက်ပေတော့….ဟု ပြောလေ၏။
ဘိုးစံသည် သက်သတ်လွတ်ဆန်ပြုတ်ဆိုသဖြင့် မျက်နှာရှုံ့မဲ့သွားလေ၏။
ထို့ကြောင့် ခေါင်းခါယမ်း၍… ကျုပ်က အသားမပါရင် ထမင်းစားမဝင်ဘူးဗျ…ဟု ပြောလေ၏။
ကပ္ပိယကြီးက သက်ပြင်းချ၍…အစားအသောက်တဏှာ အတော်ကြီးတဲ့ကောင်ပဲ၊ လူဟာအသားစားသတ္တဝါမဟုတ်ဘူး၊ သက်သတ်လွတ်စားသတ္တဝါကွ၊အသားစားသတ္တဝါရဲ့ အူသိမ် အူမတွေဟာ တိုတယ်၊ သက်သတ် လွတ်စား သတ္တဝါရဲ့ အူသိမ်အူမကတော့ ရှည်လျားတယ်၊ လူရဲ့ အူသိမ်အူမတွေဟာ ရှည်လျားတယ်၊ ဒါကြောင့် လူဟာ သက် သတ်လွတ်စားသင့်တယ်၊ မင်း ငါနဲ့အတူနေရင်တော့ သက်သက်လွတ်တွေပဲစားရမယ်၊ မစားချင်ရင် ဒီကျောင်းက သွားပေတော့…ဟု မောင်းနှင်ထုတ်လေ၏။
ဘိုးစံက အထိတ်တလန့်ဖြင့်…ဒီကျောင်းကတော့ မသွားပါရစေနဲ့၊ သက်သတ်လွတ်စားဆိုလည်း စားပါ့မယ်…ဟု ပြောကာ ဆန်ပြုတ်များကို ပန်းကန်သို့ထည့်၍ သောက်လေ၏။
ကပ္ပိယကြီး၏ ဆန်ပြုတ်သည် အရသာရှိလှ၏။
ဘိုးစံသည် ထိုညက ကပ္ပိယကြီး၏ ဖိုရုံကလေးနံဘေးရှိကွပ်ပျစ်လေး၌ အိပ်စက်လေ၏။
အပိုင်း၃ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံး ပိုင်ရှင်
အပိုင်း ၃
တောင်ပြုန်းရွာ၌ ကျန်ရစ်ခဲ့သော ညမွှေးပန်း၏အိမ်ကြီးလည်းမီးလောင်ခဲ့ချေပြီ။
ညမွှေးပန်း၏ခြံကြီး၌ မီးလောင်နေသော နတ်ရုပ်များနှင့် လူသေအလောင်းနှစ်လောင်း ကျန်ရစ်ခဲ့၏။
ခါးကုန်းကြီးထံမှရရှိခဲ့သော သားရေဖုံးစာအုပ်ကလေးကိုယခုထိ ဖွင့်မကြည့်ရသေး။
ထိုစာအုပ်ကလေးသည် လူ့အသက်နှစ်ချောင်းပေးခဲ့ရ၏။
ထိုစာအုပ်ကလေးသည် မည်မျှ အဖိုးတန်သနည်း။
ခါးကုန်းကြီးသည် ထိုစာအုပ်လေးကို လိုချင်လွန်း၍ ညမွှေးပန်းထံ၌ ကျွန်ခံခဲ့သည်ဆို၏။
ထိုစာအုပ်ထဲ၌ ရတနာသိုက်မြေပုံပင် ပါရှိလေသလော။
ရွှေဖြစ်ငွေဖြစ်စေသော ဂါထာမန္တရားများပင် ရေးမှတ်ထားလေသလော။
ဘိုးစံသည် တွေးရင်း စိတ်ဝင်စားလာသဖြင့် လွယ်အိတ်ထဲမှ ထုတ်ကြည့်လိုက်၏။
ထိုအခိုက်မှာပင် အနီးသို့ကပ္ပိယကြီး ရောက်ရှိလာပြီး …မင်း တစ်ညလုံး စာဖတ်ရင် ရေနံဆီဖိုး ထပ်ပေးရမယ်….ဟု ပြောလေရာ ဘိုးစံက ကပ္ပိယကြီးကို မျက်နှာရှုံ့မဲ့၍ကြည့်လိုက်ပြီး…ခင်ဗျားကြီးက အတော်စီးပွားရေးဆန်တာပဲ၊ ကပ္ပိယမလုပ်ဘဲ ပွဲစားကြီး လုပ်ဖို့ကောင်းတယ်…
ဟု ဆိုကာ လွယ်အိတ်ထဲသို့ စာအုပ်ကိုပြန်ထည့်ကာ အိပ်စက်လေတော့၏။
ဘိုးစံသည် နောက်တစ်နေ့သို့ရောက်သောအခါ လွန်ခဲ့သောညကမဖတ်လိုက်ရသော သားရေဖုံးစာအုပ်ကို ဖတ်ရှုရန် ကြံစည်လေ၏။
သို့သော် လျှို့ဝှက်အပ်သောစာအုပ်ကို ကပ္ပိယကြီး၏ရှေ့၌ဖတ်ရှုရန် ဆန္ဒမရှိသဖြင့် ကပ္ပိယကြီးတိုက်ကျွေးသော သက်သတ်လွတ် ဆန်ပြုတ်ကိုသောက်၍…ကျုပ် အေးအေးဆေးဆေး အနားယူချင်ဇာယ်၊ အနားယူရမဲ့နေရာကို လမ်းညွှန်ပြပါဦး…ဟု မေးမြန်းလေရာ ကပ္ပိယကြီးက သဘောကျဟန်ဖြင့်ရယ်မော၍… နံနက်စာ ဆန်ပြုတ်သောက်ပြီးတာနဲ့ ပြန်ပြီးအိပ်တော့မလို့အတော်ဝီရိယကောင်းတဲ့ ပုဂ္ဂိုလ်ပဲကိုး၊ ကဲ.. အေးအေးဆေးဆေးအိပ်ချင်ရင်တော့ ဟိုကမ်းပါးထိပ်က ညောင်ပင်ကြီးအောက် နတ်ကွန်းမှာ သွားပြီးအိပ်ပေတော့…ဟု လမ်းညွှန်လိုက်လေတော့သည်။
ဘိုးစံသည် ကပ္ပိယကြီး၏စကားကို နားထောင်ပြီး မြစ်ကမ်းအတိုင်း လျှောက်လှမ်းခဲ့လေ၏။
အရိပ်ကောင်းစွာရရှိသော ညောင်ပင်ကြီးအောက်၌ ရွာတော်ရှင်နတ်ကွန်းရှိ၏။
ဘိုးစံသည် နတ်ကွန်းအနောက်ရှိ အုတ်ခုံအောက်၌ ဝင်၍ထိုင်လိုက်ရ၏။
ထို့နောက် လွယ်အိတ်ထဲရှိ သားရေဖုံးစာအုပ်လေးကို ထုတ်၍ စတင်ဖတ်ရှုလေ၏။
သားရေဖုံးစာအုပ် ထိပ်ဆုံး၌
♥နယ်ပိုင်ဝန်ထောက် ဦးဇေယျ၏ မှတ်တမ်း
ဟူသော စာတမ်းကို ဦးစွာတွေ့ရ၏။
ဘိုးစံသည် စာအုပ်ထဲတွင်ပါရှိသော အကြောင်းအရာများကိုသိချင်ဇောဖြင့် စတင်ဖတ်ရှုလေ၏။ မှတ်တမ်း ထဲတွင်ဤသို့ ရေးသား ထားလေ၏။
တစ်ချိန်က ကျွန်ပ်သည် နယ်ပိုင်ဝန်ထောက်ရာထူးဖြင့် ခရိုင်မြို့ကြီးတစ်မြို့၌ တာဝန်ထမ်းဆောင်ခဲ့ဖူး၏။
ကျွန်ပ်သည် လူပျိုလူလွတ်တစ်ဦးဖြစ်သဖြင့် အိမ်ထောင်တာဝန်များကို ထမ်းဆောင်ခြင်းမရှိဘဲ ရုံးပိတ်ရက်များ၌ အရာရှိကြီးများ စုဝေးလေ့ရှိသော ကလပ်၌သာ အချိန်ဖြုန်းလေ့ရှိ၏။
တစ်နေ့သ၌ ကျွန်ပ်သည် မိတ်ဆွေတစ်ဦးဖြစ်သော ယဇ်မျိုးအင်စပက်တော် ဦးဘလှနှင့်အတူ ကလပ်၌ ဘိလိယက် ကစားနေလေ၏။
ကျွန်ပ်တို့သည် အတန်ကြာအောင် ဘိလိယက်ကစားနောက် ဧည့်ခန်းထဲသို့သွားကာ သော့တံဆိပ်ဘီယာနှင့် ဒိန်ခဲမြည်းရင်း ကိုလိုနီအရာရှိကြီးများ ခံစားလေ့ရှိသော စည်းစိမ်ခံစားခဲ့ကြလေ၏။
ထိုအခိုက်မှာပင် ဧည့်ခန်းထဲသို့ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အိန္ဒိယလူမျိုးတစ်ဦး ဝင်ရောက်လာကာ ကျွန်ပ်တို့နှစ်ယောက်အား ရိုကျိုးဟန်ဖြင့် ဦးညွှတ်လိုက်ပြီး…ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝင်ခွင့်ပြုပါ၊ ကျွန်တော်ဟာအရာရှိမင်းများရဲ့ အကူအညီကို ရယူချင်လို့ပါ…ဟု တောင်းဆိုလေ၏။
အိန္ဒိယလူမျိုး၏ အင်္ဂလိပ်စကားပြောအဆင့်အတန်း မနိမ့်ကျလှကြောင်း ကျွန်ပ်တို့နှစ်ဦးစလုံး ရိပ်စားမိလေ၏။
မည်သို့ပင်ဖြစ်စေ ကျွန်ပ်တို့အရာရှိကြီးနှစ်ဦးသည် ကလပ်ဧည့်ခန်းထဲသို့ပင်ဝင်၍ အကူအညီတောင်းခံသော အိန္ဒိယလူမျိုးအားအလိုမကျသလို ဖြစ်သွားပြီး ကျွန်ပ်က…ဟောလီးဒေးမှာ အေးအေးဆေဆေး အနားယူနေတာကွ၊မင်းကို ကျုပ်တို့က ဘယ်လိုအကူအညီပေးရမှာလဲ…ဟု လေသံပြတ်ပြတ်ဖြင့် မေးမြန်းလိုက်လေ၏။
ထိုအခါ အိန္ဒိယလူမျိုးက လွန်စွာရိုကျိုးသော အမူအရာဖြင့်…အရာရှိမင်းများရဲ့ နားနေချိန်မှာ ကျွန်တော် အခုလိုအနှောင့်အယှက်ပေးမိတာ အလွန်ပဲ ဝမ်းနည်းပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ထူးခြားတဲ့စွမ်းရည်သတ္တိတစ်ခုရှိပါတယ်၊ ဒီစွမ်းရည် သတ္တိကို အရာရှိမင်းတို့သိအောင် ပြချင်လို့ပါ…ဟု ပြောလေ၏။
ထိုအခါ ကျွန်ပ်တို့ အရာရှိနှစ်ဦးသည် အိန္ဒိယလူမျိုးအား မျက်လှည့်ဆရာတစ်ဦးဟု အထင်ရောက်သွားပြီး ပိုမိုအထင်အမြင်သေးကာ ကျွန်ပ်က…ဟေ့လူ ခင်ဗျား ကျုပ်တို့ကို မျက်လှည့်ပြမလို့ မဟုတ်လား၊ အလိမ်အညာတွေကို ကျုပ်တို့ စိတ်မဝင်စားဘူး၊ မျက်လှည့်ပြပြီး ပိုက်ဆံတောင်းမယ့်လူဟာ အရာရှိကလပ်ကိုတောင် ဝင်ရဲတာကိုး၊ မင်း တော်တော်ရဲတင်းတာပဲ၊ ကျုပ်တို့ရှေ့ အခုချက်ချင်း ထွက်သွားစမ်း…ဟု မောင်းနှင်ထုတ်လိုက်၏။
ထိုအခါ အိန္ဒိယလူမျိုးက ကမန်းကတန်းလက်ကာ၍
..ကျွန်တော်ဟာ လူကြီးမင်းတို့ကို မျက်လှည့်ပြပြီး ပိုက်ဆံ တောင်းမဲ့လူ မဟုတ်ပါဘူး၊ ကျွန်တော့်မှာရှိတဲ့ အလွန်ထူးဆန်းအစွမ်းတစ်ခုကို ပြချင်လို့ပါ…ဟု ပြောလေရာ ကျွန်ပ်၏ မိတ်ဆွေ ယဇ်မျိုးအင်စပက်တော်ဦးဘလှက အိန္ဒိယလူမျိုးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး…နေပါဦး၊ မင်းမှာရှိတဲ့အစွမ်းဆိုတာ ဘာလဲ၊ မြေလျှိုးမိုးပျံနိုင်တဲ့အစွမ်းလား၊ ကိုယ်ပျောက်နိုင်တဲ့အစွမ်းလား…ဟု မေးမြန်းလေ၏။
ထိုအခါ အိန္ဒိယလူမျိုးက ကျွန်ပ် တို့နှစ်ဦးကို တည်ကြည်သော အမူအရာဖြင့်ကြည့်၍…ကျွန်ပ်မှာ ရှိတဲ့အစွမ်းက ကမ္ဘာလောကကြီးကို ကြည့်မြင်ရာမှာ မျက်စိနှစ်လုံးကို အသုံးမပြုဘဲ ကြည့်မြင်နိုင်သူပါဟု ပြောလေ၏။
အိန္ဒိယလူမျိုး၏ ထူးခြားသောစကားကြောင့် ကျွန်ပ်က ခေါင်းခါယမ်းလိုက်ပြီး…မင်းက ကမ္ဘာလောကကြီးကို မျက်လုံးနဲ့မကြည့်ဘဲမြင်နိုင်တယ်ဆိုတော့ အကြားအမြင်ပေါက်နေတဲ့သဘောပေါ့၊ ဟုတ်ပြီ၊ကျုပ် နားလည်ပြီ၊ မင်းဟာ ဗေဒင်ဆရာယောင်ယောင်၊ အကြားအမြင်ဆရာယောင်ယောင် တစ်ယောက်ပေါ့၊ ကျုပ်တို့ ဗေဒင်ဝါသနာမပါဘူး၊ သွားပေတော့…ဟု မောင်းနှင်ထုတ်ပြန်၏။
ထိုအခါ အိန္ဒိယလူမျိုးကသက်ပြင်းချ၍ …ကျွန်တော် ဗေဒင်ဆရာလည်း မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထိုင်ခွင့်ပြုပါ၊ လူကြီးမင်းတို့နားလည်အောင်အေးအေးဆေးဆေး ရှင်းပြချင်လို့ပါ…ဟု ပြောလေရာ ကျွန်ပ်က ကလပ်ဧည့်ခန်း၌ထိုင်ရန် လက်ဖြင့်ပြလိုက်၏။
အိန္ဒိယလူမျိုးသည် ကျွန်ပ်တို့ရှေ့၌ ဣန္ဒြေရရ ဝင်ထိုင်လိုက်ပြီး…ကျွန်တော့်နာမည် ရှန်ကာရလို့ ခေါ်ပါတယ်၊ ကျွန်ပ်က ကမ္ဘာလောကကြီးကို မျက်စိနဲ့မကြည့်ဘဲ မြင်နိုင်သူပါ၊ ကျွန်တော့်ရဲ့ မျက်လုံးအစုံကို ပတ်တီးနဲ့ အထပ်ထပ်ပိတ်ပြီး ဖုံးအုပ်ထားရင်တောင် ကျွန်တော်ဟာ အရှေ့မှာရှိတဲ့သူတွေကို မျက်စိနဲ့ကြည့်နေအလိုမြင်နိုင်ပါတယ်၊ဟုပြောလေ၏။
ကျွန်ပ်က….ပတ်တီး အထပ်ထပ် ပိတ်ထားတာတောင် မြင်နိူင်တယ် ဆိုတော့ လှည့်ကွက် တစ်ခုခု ရှိမှာပေါ့… ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရက…ဒါဟာ လှည့်ကွက်မဟုတ်ပါဘူးဗျာ၊ ကျွန်တော်ရဲ့စွမ်းရည်သတ္တိ အစစ်အမှန်ပါ၊ ဒီလိုစွမ်းသတ္တိမျိုးရဖို့အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်လာခဲ့ရပါတယ်…ဟု ပြောလေ၏။
ကျွန်ပ်သည် လူထူးဆန်း ရှန်ကာရ၏အခြေအနေကြောင့် လွန်စွာစိတ်ဝင်စားသွားပြီး…ဘယ်လိုကျင့်ကြံအားထုတ်ခဲ့တာလဲ၊ စိတ်ဝင်စားလွန်းလို့ပြောပြပါ…ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရဆိုသော လူထူးဆန်းက…ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်နေလို့မပြောနိုင်တာကို ခွင့်လွှတ်ပါဗျာ…ဟု ပြောလေ၏။
ထိုအခါ ကျွန်ပ်က ရှန်ကာရကိုကြည့်၍သက်ပြင်းချလိုက်ပြီး…ကောင်းပြီး မင်းရဲ့ ကိုယ်ရေးကိုယ်တာကို မမေးတော့ပါဘူး၊ ကျုပ်တို့ကို လာတွေ့တဲ့အကြောင်းကို ပြောပါဦး…ကျွန်ပ်သည် စိတ်မြန်လက်မြန်ဖြင့် ရှန်ကာရဆိုသူ၏အနောက်သို့သွားကာ မျက်လုံးအစုံကို လက်ဖြင့်ပိတ်လိုက်၏။
ထို့နောက် အရှေ့၌ရပ်နေသော ယဇ်မျိုးအင်စပက်တော်ဦးဘလှအား…ခင်ဗျား လက်ထောင်ပြစမ်းဗျာ၊ ခင်ဗျား ဘယ်နှစ်ချောင်းထောင်သလဲဆိုတာ သူ့ကိုမေးပြီး သူ့ရဲ့အစွမ်းကို ကြည့်ရမှာပဲ..ဟု ပြောလေရာ ဦးလှဖေက သူ၏လက်သုံးချောင်း ထောင်ပြလေ၏။
ထိုအခါ ကျွန်ပ်က ရှန်ကာရအား..’မင်းရဲ့ရှေ့မှာ လက်ဘယ်နှစ်ချောင်းထောင်ပြသလဲ…ဟု မေးမြန်းလိုက်ရာ ရှန်ကာရက တည်ငြိမ်အေးဆေးသောအမူအရာဖြင့် …လက်သုံးချောင်း ထောင်ပြပါတယ် ဆရာ….ဟု ပြောလေရာ ကျွန်ပ်တို့နှစ်ဦးစလုံး အံ့အားသင့်သွားသောသို့သော် မည်သည့်အကြောင်းအရာကိုမျှ အလွယ်တကလက်မခံတတ်သော ကျွန်ပ်က…နောက်တစ်ကြိမ် ထပ်စမ်းဦးမယ်ဟု ပြောလေ၏။ ထို့နောက် ဦးလှဖေက သူ၏လက်ချောင်းငါးချောင်းကို ထောင်ပြလိုက်၏။
အိန္ဒိယလူမျိုး ရှန်ကာရက တည်ငြိမ်သောအမူအရာနှင့်ပင်….လက်ငါးချောင်း ထောင်ပြပါတယ်…ဟု ပြောလေ၏။
ကျွန်ပ်သည် ရှန်ကာရ၏ မျက်လုံးပေါ်တွင်အုပ်ထားသောလက်ကို ဖယ်ရှားလိုက်ပြီး…မင်းမဆိုးဘူး…ဟု ချီးမွမ်းလိုက်လေ၏။ ထိုအခါ ယဇ်မျိုးအင်စပက်တော်ဦးလှဖေက ရှန်ကာရကို ကျေနပ်ဟန်မရှိသေးဘဲ နံရံ၌ ချိတ်ထားသောသူ၏ကုတ်အင်္ကျီကိုယူ၍ ရှန်ကာရ၏မျက်လုံးများကို သေချာစွာချည်နှောင်လေ၏။
ထို့နောက် ရှန်ကာရက စမ်းသပ်ရန် ကျွန်ပ်အား လက်ဟန်ခြေဟန်ဖြင့် အချက်ပြလေ၏။
ထိုအခါ ကျွန်ပ်က ကုတ်အင်္ကျီထဲရှိ ဖောင်တိန်ကို ဆွဲထုတ်၍ ရှန်ကာရကိုကြည့်ကာ…ကျုပ်လက်ထဲမှာကိုင်ထားတာ ဘာလဲ…ဟု မေးမြန်းလေ၏။ ထိုအခါ ရှန်ကာရက” ဖောင်တိန်ပါ ခင်ဗျာ…ဟု ပြောလေ၏။
ကျွန်ပ်သည် ထပ်မံ၍ စမ်းသပ်လိုသဖြင့်လူထူးလူဆန်း ရှန်ကာရ၏ရှေ့၌ လက်သီးဆုပ်ကာ
..ကျုပ် ဘာလုပ်ပြနေသလဲ..ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရက…ကျွန်တော်မျိုးကို လက်သီးဆုပ်ပြနေပါတယ်…ဟု ပြောလေရာ ကျွန်ပ်တို့နှစ်ဦးသည် ရှန်ကာရ၏စကားအံ့သြခြင်းမက အံ့သြနေလေ၏။
ထို့နေ့က ကျွန်ပ်၏ မိတ်ဆွေဦးလှဖေက ရှန်ကာရဆိုသောလူထူးလူဆန်းကို စိတ်ဝင်စားဟန်ဖြင့် ကြည့်၍..ဒီလှည့်ကွက်ကို ပြောပြပါဦးမင်းမှာ လှည့်ကွက်လေးတစ်ခုတော့ ရှိပုံရမယ်…ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရက…ဒါဟာ လှည့်ကွက်မဟုတ်ပါဘူးဗျာ၊ ကျွန်တော်ရဲ့စွမ်းရည်သတ္တိ အစစ်အမှန်ပါ၊ ဒီလိုစွမ်းသတ္တိမျိုးရဖို့အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်လာခဲ့ရပါတယ်…ဟု ပြောလေ၏။
ကျွန်ပ်သည် လူထူးဆန်း ရှန်ကာရ၏အခြေအနေကြောင့် လွန်စွာစိတ်ဝင်စားသွားပြီး …ဘယ်လိုကျင့်ကြံအားထုတ်ခဲ့တာလဲ၊ စိတ်ဝင်စားလွန်းလို့ပြောပြပါ…ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရဆိုသော လူထူးဆန်းက…ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်နေလို့မပြောနိုင်တာကို ခွင့်လွှတ်ပါဗျာ…ဟု ပြောလေ၏။
ထိုအခါ ကျွန်ပ်က ရှန်ကာရကိုကြည့်၍သက်ပြင်းချလိုက်ပြီး…ကောင်းပြီး မင်းရဲ့ ကိုယ်ရေးကိုယ်တာကို မမေးတော့ပါဘူး၊ ကျုပ်တို့ကို လာတွေ့တဲ့အကြောင်းကို ပြောပါဦး…ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရက…ကျွန်တော်က ဒီမြို့မှာရောက်နေတဲ့ လိုင်းရင်းစီးတီးဆက်ကပ်အဖွဲ့မှာ လူထူးလူဆန်းတစ်ယောက်အနေနဲ့ ကပြပါတယ်…ဟု ပြောလေ၏။
ကျွန်ပ်သည် မြို့ပေါ်သို့ ရောက်ရှိနေသော လိုင်းရင်းစီးတီးအဖွဲ့ကို ကောင်းစွာသိ၏။
ထိုဆက်ကပ်အဖွဲ့၏ ပြကွက်များကိုစိတ်ဝင်စားလွန်းသဖြင့် လက်မှတ်ဝယ်ယူရန်ပင် ကြံစည်ထားလေ၏။
လိုင်းရင်းစီးတီးဆက်ကပ်အဖွဲ့ကြီးသည် မြို့စွန်ရှိ ဘောလုံးကွင်းကြီး၌ တခမ်းတနား ခင်းကျင်းပြသနေလေ၏။
လူထူးလူဆန်း ရှန်ကာရက ဆက်လက်၍…ကျွန်တော့်ကို မျက်စိများကိုအသုံးမပြုဘဲ မြင်နိုင်သူဆိုပြီးဆက်ကပ်အဖွဲ့မှာ ကြော်ငြာထားပါတယ်၊ နောက်ပြီးတော့ ကျွန်တော်ဟာ ဆက်ကပ်အဖွဲ့ကြီးကို လူတွေစိတ်ဝင်စားအောင် ကျွန်တော်ရဲ့အစွမ်းကိုအသုံးပြုပြီး ကြော်ငြာပေးရပါတယ်…ဟု ပြောလေ၏။
ထိုနောက် ရှန်ကာရ ကဆက်၍
….ကျွန်တော်က မြို့တစ်မြို့ကိုရောက်တိုင်း မြို့ပေါ်က ဂုဏ်သရေရှိလူကြီးမင်းတွေကို ရှာဖွေရပါတယ်၊ ပြီးတော့ ဆပ်ကပ် အဖွဲ့ရဲ့ ကြော်ငြာ အတွက် ကျွန်တော့်ရဲ့မျက်လုံးကို ဂုဏ်သရေရှိလူကြီးမင်းတို့ ကိုယ်တိုင် ပတ်တီးနဲ့ စီးနှောင်စေပါတယ်။ ဒီလိုမလုပ်ရင်မြို့သူမြို့သားတွေက မုသာဝါဒ၊ ကျူးလွန်တယ်လို့ ယူဆကြမှာပါ၊ဂုဏ်သရေရှိ လူကြီးမင်းကိုယ်တိုင် ကျွန်တော့်မျက်လုံးကို ပက်ဘီးနဲ့စည်းပြီးရင် ကျွန်တော်တော့ တစ်မြို့လုံးကို လမ်းကြိုလမ်းကြားပါမကျန် စက်ဘီးနဲ့ လှည့်ပြီး ကြော်ငြာ ရမှာပါ…ဟုပြောလေရာ ကျွန်ပ်သည် ရှန်တာ၏ ထူးခြားသောစွန့်စားခန်းကို အလွန်စိတ်ဝင်စားသွားလေ၏။
မြို့ပေါ်၌ ရထားလုံး၊ စက်ဘီးများ ပျားပန်းခတ်အောင်များပြားလှ၏။
ထိုမျှများပြားသော လူစုလူဝေးကြား၌ မျက်နှာကိုပတ်တီးဖြင့်စီးပြီး စက်ဘီးစီးရသည်မှာ အန္တရာယ်များလွန်းလှ၏။
ဤမျှ အန္တရာယ်များပြားသောအလုပ်ကို လုပ်ခဲ့သော ရှန်ကာရကို သနားကရုဏာသက်သလို ဖြစ်မိ၏။
ထို့ကြောင့် ရှန်ကာရ အကူအညီတောင်းသောအလုပ်ကို လုပ်ကိုင်ပေးရန် ဆုံးဖြတ်လိုက်လေ၏။
ကျွန်ပ်တို့သည်ရှန်ကာရ အသင့်ယူဆောင်လာသော ပတ်တီးဖြင့် ၄င်း၏မျက်စိ၊ မျက်နှာနှင့် ဦးခေါင်းပါမကျန် ရစ်ပတ်လေ၏။
ရှန်ကာရသည် ၄င်း၏မျက်နှာတစ်ပြင်လုံး ပတ်တီးများ စည်းနှောင်ပြီးသောအခါ ထိုင်ရာက ထ၍…ကျွန်တော့်ကို အခုလိုကူညီတဲ့အတွက် လူကြီးမင်းတို့ကိုကျေးဇူးအထူးပါတယ်၊ ကျွန်တော့်ကို ခွင့်ပြုပါဦး…
ဟု ပြောကာ ထိုင်ရာမှထ၍ကျွန်ပ်တို့အရှေ့မှ ထွက်သွားလေ၏။
ရှန်ကာရသည် အမှန်တကယ်ပင် ကလပ်ထဲမှ ဘေးမတရန်မခဘဲ ထွက်သွားနိုင်လေ၏။
ရှန်ကာရသည် ကလပ်အပြင်သို့ရောက်သောအခါ စက်ဘီးတစ်စီးပေါ်သို့တက်လေ၏။ စက်ဘီးထိုင်ခုံ၏အနောက်တွင်ဘုတ်ပြားကြီးတစ်ချပ်ကို ထောင်ထားပြီး ဘုတ်ပြားပေါ်၌ ဆေးရောင်စုံဖြင့် အောက်ပါအတိုင်း ရေးသားထားလေ၏။
♥ရှန်ကာရမျက်စီ နှင့် မကြည့်ဘဲ
မြင်နိူင်သူ♥
ဘုတ်ပြား၏အောက်ခြေ၌ ယနေ့ည ဤမြို့၌ ရှန်ကာရပါဝင်သော လိုင်းရင်းစီးတီးဆက်ကပ်အဖွဲ့ ကပြဖြေဖျော်မည်ဟု ရေးထားလေ၏။
ရှန်ကာရ၏စက်ဘီးအနီး၌ စိတ်ဝင်စားသူများနှင့် ကလေးသူငယ်များ ဝိုင်းအုံနေလေ၏။
ရှန်ကာရသည် မျက်လုံးအစုံကို ပတ်တီးအထပ်ထပ်စည်းနှောင်ထားသော်လည်း မျက်စိမြင်သူတစ်ဦးနှင့်မခြားဘဲ စက်ဘီးပေါ်သို့ လွှားခနဲ ခုန်တက်၍ စတင်စီးနှင်လေ၏။
ထိုအခါ ရှန်ကာရကို ဝိုင်းဝန်းကြည့်ရှုနေသူများသည်လက်ခုပ် လက်ဝါးတီး၍ အားပေးကြလေ ၏။
ကလေးငယ်များသည် ရန်ကာရ၏ စက်ဘီးအနောက်သို့အပြေး အလွှား လိုက်ပါသွားကြလေ၏။ရှန်ကာရသည် ရှုပ်ထွေးလှသော စက်ဘီးများကြား၌ ကျင်လည်စွာ စီးနှင်းသွားလေ၏။
ကျွန်ပ်နှင့်ဦးလှဖေသည် ရှန်ကာရ၏နောက်ကျောကိုတအံ့တသြကြည့်ရှု၍ ကျန်ရစ်ခဲ့လေ၏။
ကျွန်ပ်တို့နှစ်ယောက်စလုံး ထိုနေ့ည၌ ရှန်ကာရပါဝင်သောလိုင်းရင်းစီးတီး ဆပ်ကပ်အဖွဲ့သို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေ၏။
ထိုနေ့ညသို့ရောက်သောအခါ ကျွန်ပ်နှင့် ယဇ်မျိုးအင်စပက်တော် ဦးလှဖေသည် ဆပ်ကပ်ပွဲကြည့်ရန် မြို့ပြင်သို့ထွက်ခဲ့လေ၏။
မြို့ပြင်သို့ရောက်လျှင် လိုင်းရင်းစီးတီ ဆပ်ကပ်အဖွဲ့၏ဆပ်ကပ်ရုံကြီးကို ခမ်းနားစွာ ပြင်ဆင်ထားကြောင်း တွေ့ရ၏။
ဆပ်ကပ်ရုံကြီး၏အရှေ့၌ စိတ်ဝင်စားဖွယ်ကောင်းသောမီးစားသည့်ပြကွက်၊ ကျွမ်းဘားကစားသည့် ပြကွက် စသည်တို့ကိုပန်းချီရေးဆွဲထားလေ၏။
ဆပ်ကပ်ရုံကြီး၏အထက်၌ ရှန်ကာရ၏ပုံကို ပန်းချီရေးဆွဲထားပြီး လူထူး
♥လူဆန်း ရှန်ကာရမျက်စိနှင့်မကြည့်ဘဲ မြင်နိုင်သူ♥
ဟူသော စာကြောင်းကြီးကို ဆေးရောင်စုံဖြင့် ရေးဖွဲ့ထားလေ၏။
လိုင်းရင်းစီးတီး ဆပ်ကပ်အဖွဲ့၌ ရှန်ကာရ၏ပြကွက်များကိုလူများစိတ်ဝင်စားဆုံး ဖြစ်ပုံရ၏။
မကြာမီ လူထူးလူဆန်း ရှန်ကာရ၏ အစွမ်းပြကွက်များကိုမြင် တွေ့ရပေတော့မည်။
ကျွန်ပ်တို့သည် ဆပ်ကပ်အဖွဲ့၏ မီးစားသောပြကွက်၊ မြွေအလမ္ပာယ် ပြကွက်၊ ဓားရှည်ကို မျိုချသည့်ပြကွက် စသည်တို့ကို ရှုမငြီးအောင် ကြည့်ရှုရလေ၏။
ဆပ်ကပ်အဖွဲ့၏ ပဏာမပြကွက်များ ပြီးဆုံးသွားသော အခါပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသော ရှန်ကာရ၏ ပြကွက်များ စတင်လေ၏။
ရှန်ကာရ စင်မြင်ပေါ်သို့ရောက်သောအခါ တစ်ရုံးလုံး၏မီးများကို မှိတ်လိုက်ပြီး ရှန်ကာရတစ် ယောက်တည်းကိုသာ စလိုက်မီးထွန်းထားလေ၏။
ပရိသတ်များက ရှန်ကာရကို လက်ခုပ်တဖြောင်းဖြောင်းတီး၍ ကြိုဆိုကြလေ၏။
ရှန်ကာရသည် ပရိသတ်အချို့ကို စင်မြင်ပေါ်သို့ ဖိတ်ခေါ်လိုက်ပြီး
သူ၏မျက်နှာကို ပတ်တီးများဖြင့် အထပ်ထပ် စည်းနှောင်စေ၏။
ရှန်ကာရသည် မျက်နှာတစ်ပြင်လုံး ပတ်တီးစည်းနှောင်ပြီးသောအခါ ဂျိုကာဝတ်စုံ ဝတ်ဆင်ထားသော ကလေးငယ်တစ်ဦးစင်နောက်မှထွက်လာပြီး ရှန်ကာရ၏လက်ထဲသို့ ရွှေရောင်သေနတ်တစ်လက်ကို ထည့်ပေးလေ၏။
ထို့နောက် ကလေးငယ်သည် မလှမ်းမကမ်းသို့သွား၍ သူ၏ခေါင်းပေါ်သို့ နို့ဆီခွက်တစ်ခွက်ကို တင်လေ၏။ရှန်ကာရသည် ကလေးငယ်၏ခေါင်းပေါ်တွင် တင်ထားသော နို့ဆီခွက်ကို သေနတ်ဖြင့် ချိန်လိုက်၏။
ကျွန်ပ်သည် ထိုမြင်ကွင်းကိုကြည့်၍ လွန်စွာ စိတ်လှုပ်ရှားနေမိ၏။
ရှန်ကာရသည် ကလေးငယ်၏ခေါင်းကို ချိန်ရွယ်၍ သေနတ်ကို ဒိုင်းခနဲ ပစ်လိုက်လေ၏။ သေနတ်သံနှင့်အတူ ကလေးငယ်၏ခေါင်းပေါ်ရှိ နို့ဆီခွက်လည်း လွှင့်ပျံထွက်သွား၏။
ထိုအခါမှပင် ဆပ်ကပ်ရုံတစ်ရုံလုံး လက်ခုပ်လက်ဝါးတဖြောင်းပြောင်း တီးခတ်ကြ၏။ ထို့နောက် မိန်းမပျိုလေးတစ်ဦးစင်မြင့်ပေါ်သို့တက်လာပြီး နို့ဆီခွက်၌စိုက်ဝင်နေသော ကျည်ဆံထိပ်ဖူးကိုထုတ်၍ ပရိသတ်ကို ဝှေ့ယမ်းပြလေ၏။
ပရိသတ်သည် ရှန်ကာရ၏အစွမ်းကို သဘောကျလွန်းသဖြင့် ရုံပွင့်လုမတတ် အားပေးကြလေ၏။ ရှန်ကာရ၏ပြကွက်တစ်ကွက်မှာမိန်းမလှလေးကို လှည်းဘီးပုံသဏ္ဌာန် သစ်သားပြား၌ ချည်နှောင်၍ပေါက်ဓားများဖြင့် တစ်ချက်ပြီးတစ်ချက် ပစ်ပေါက်လေ၏။
မိန်းမလှလေး၏ ခန္ဓာကိုယ်နှင့် အနီးစပ်ဆုံးနေရာများ၌ပေါက်ဓားများ တစ်ချောင်းပြီးတစ်ချောင်း စိုက်ဝင်လေရာ ပရိသတ်များသည် ဘုရားကြကုန်၏။
မျက်လုံးအစုံကို ပတ်တီးစည်းထားသော ရှန်ကာရ၏ လက်မှန်းလွဲချော်သွားလျှင် မိန်းမလှလေး အသက်ဆုံးပါးသွားနိုင်၏။
ထိုပြကွက်ကို မျက်စိမြင်သူများပြလျှင်ပင် ရင်တမမနှင့် ကြည့်ရှုရ၏။ ရှန်ကာရကဲ့သို့ မျက်လုံးများ စည်းနှောင်ထားသူဆိုလျှင်ပြော ဖွယ်ရာ မရှိတော့။
ရှန်ကာရသည် ပေါက်ဓားများကို ကုန်စင်အောင်ပေါက်ပြလိုက်ပြီး ပရိသတ်အား ဦးညွှတ်၍ အရို အသေပေးလိုက်သောအခါပရိသတ်၏ အားပေးသံများ မိုးသို့ညံသွားလေ၏။
ရှန်ကာရ၏ နောက်ထပ်ပြကွက်တစ်ကွက်မှာ မိန်းမချောလေးငါးယောက်ကို စင်ပေါ်၌ လှည့်လည်ကပြစေပြီး မျက်နှာကိုအဝတ်စည်းထားသော ရှန်ကာရက မိန်းမချောလေးများကို တင်းနစ်ဘော လုံးဖြင့် ထိမှန်အောင် ပစ်ပေါက်သောပြကွက်ဖြစ်၏။ မိန်းမချောလေးများသည် ရှန်ကရ၏ဘော လုံးများ မထိအောင် ကပြရင်းရှောင်တိမ်းလေရာ မည်သို့ပင် ရှောင်တိမ်းစေကာမူ နောက်ဆုံး၌
ရှန်ကာရ၏ ဘောလုံးများ ထိမှန်ကြလေ၏။ ထိုပြကွက်သည် ရယ်ရွှင်ဖွယ် ဟာသဆန်ဆန် ပြသသဖြင့် ပရိသတ်များ အလွန်သဘောကျလေ၏။
ရှန်ကာရ၏ နောက်ဆုံးပြကွက်မှာ ရိုးရှင်းသော်လည်း အံ့ဩဖွယ်
ကောင်းလှ၏။
ရှန်ကာရ၏ခန္ဓာကိုယ်ပေါ်သို့ သံစည်ပိုင်းငယ်တစ်လုံးကို စွပ်ချလိုက်ပြီး လက်နှစ်ဖက်သာ အပြင်သို့ ထုတ်ထားလေ၏။
သံစည်ပိုင်းငယ်မှ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးလွှမ်းထားပြီး လက်မောင်းနှစ်ဖက်သာလွတ်လပ်နေလေ၏။ ရှန်ကာရသည် ထိုလက်နှစ်ဖက်ဖြင့် အပ်နှင့်အပ်ချည်ကို ကိုင်ထားပြီး အပ်နဖား ပေါက်ထဲသို့ အပ်ချည်အား သေသပ်စွာ ထိုးစိုက်ပြလေ၏။
ပရိသတ်များသည် သဘောကျလွန်းသဖြင့် လက်ခုပ် လက်ဝါး တီး၍ အားပေးကြပြန်၏။နောက်ဆုံးရှန်ကာရ၏ ပြကွက်များလည်း ပြီးဆုံးသွားလေတော့၏။
ထိုနေ့ည ဆပ်ကပ်ပွဲပြီးဆုံးသောအခါ ကျွန်ပ်၏ မိတ်ဆွေကြီး ဦးလှဖေသည် လိုင်းရင်းစီးတီး ဆပ်ကပ်အဖွဲ့ကို ချီးမွမ်းခန်းဖွင့်၍ ပြန်သွားလေ၏။
ကျွန်ပ် တကိုယ်တည်းအိမ်သို့ပြန်လာရာမှ ရှန်ကာရနှင့်စကားပြောဆိုချင်စိတ်များ ဖြစ်ပေါ်လာပြီး ဆပ်ကပ်ရုံသို့ ပြန်လှည့်ခဲ့လေ၏။
ဆပ်ကပ်ရုံအနောက်သို့ရောက်သောအခါ ဆပ်ကပ်သမားများနှင့် ဝေးရာ၌ ခန်းဆီးများ ကာရံထားပြီးတစ်ကိုယ်တည်းနေထိုင်သော ရှန်ကာရကို တွေ့ရလေ၏။
ရှန်ကာရသည် ဇာတ်ခုံပေါ်၌ စည်းနှောင်ထားသော ပတ်တီးများကို ဖြေနေပြီး ကျွန်ပ်ကို ရုတ်တရက်မြင်သောအခါ အံ့သြဟန်ဖြင့်ကြည့်၍
…နယ်ပိုင်ဝန်ထောက်မင်း ကြွပါ ခင်ဗျာ၊ ထိုင်ပါ…ဟု ဆိုကာ သူ၏အနီးရှိ ထိုင်ခုံ၌ နေရာပေးလေ၏။
ကျွန်ပ်သောက်ရန် ကော်ဖီတစ်ခွက်ကိုလည်း မှာပေးလေ၏။
ပြီးနောက် ရှန်ကာရက ဖော်ရွေသော အမူအရာဖြင့်
…နေ့လယ်က နယ်ပိုင်ဝန်ထောက်မင်း ဆပ်ကပ်မကြည့်ဘူးထင်လို့ လက်မှတ်မပေးမိတာ ခွင့်လွှတ်ပါ ခင်ဗျာ၊ ကျွန်တော့်ရဲ့ပြကွက်တွေကို မြင်လိုက်မယ် ထင်ပါတယ်..
ဟု ပြောလေရာ ကျွန်ပ်က ကော်ဖီတစ်ငုံသောက််၍…မောင့်ရဲ့ပြကွက်တွေဟာ အံ့မခန်းပါပဲ၊ ကျုပ်နဲ့အတူယစ်မျိုးအင်စပက်တော် ဦးလှဖေလည်း အတူလိုက်ကြည့်ပါတယ်၊ဦးလှဖေကတော့ ပြန်သွားပြီ၊ ကျုပ်ကတော့ မောင်ရင်နဲ့ စကားပြောချင်သေးလို့ ဆပ်ကပ်ရုံနောက်ကို လှည့်ပြီးဝင်လာခဲ့တာပါ
ဟု ပြောလေ၏။ ရှန်ကာရသည် ကျွန်ပ်၏စကားကြောင့်
…ကျွန်တော်နဲ့ တွေ့ချင်တဲ့အကြောင်းကို အမိန့်ရှိပါနယ်ပိုင်မင်း’…
ဟု ပြောလေ၏။ ထိုအခါ ကျွန်ပ်က ရင်းနှီးသော အမူအရာဖြင့်
‘..ကျုပ်ကို နယ်ပိုင်မင်းတွေ ဘာတွေ ခေါ်မနေပါနဲ့ဗျာ၊ရင်းရင်းနှီးနှီး ဦးဇေယျလို့ ခေါ်နိုင်ပါတယ်၊ကျုပ်တို့က မိတ်ဆွေတွေဖြစ်နေပြီပဲ..
ဟု ပြောလေရာ ရှန်ကာရသည် ဝမ်းသာသောအမူအရာဖြင့်
..ကျွန်တော် ဆပ်ကပ်အဖွဲ့နဲ့ နိုင်ငံပေါင်းစုံလှည့်ပြီး ပြစားဖူးပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လို ဆပ်ကပ်က လူထူးလူဆန်းတစ်ယောက်ကို ဂုဏ်သရေရှိလူကြီးမင်းတွေက မိတ်ဆွေဖွဲ့ချင်တယ်ဆိုတာ ကြုံတောင့်ကြုံခဲပါ၊များသောအားဖြင့် လူကြီးလူကောင်းတွေဟာ ဆပ်ကပ်လူရွှင်တော်ဆိုရင် မတူမတန်သလို ဆက်ဆံချင်ကြတယ်၊ ဒါကြောင့် ဦးဇေယျက မိတ်ဆွေလို သဘောထားတယ်ဆိုတော့ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်…ဟု ပြောလေ၏။ ထိုအခါ ကျွန်ပ်က…..ကျွန်ပ်တို့နှစ်ယောက် မိတ်ဆွေဖြစ်တဲ့ အထိမ်းအမှတ် အနေနဲ့ နောက်တစ်နေ့ ကျုပ်အိမ်မှာ ထမင်းဖိတ်ကျွေးပါရစေ..
ဟု ဖိတ်ခေါ်လေရာ ရှန်ကာရက ဝမ်းမြောက်ဝမ်းသာပင် လက်ခံခဲ့လေ၏။
အပိုင်း၄ ဆက်ရန်
မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း၄
နောက်တစ်နေ့သို့ရောက်သောအခါ ကျွန်ပ်၏ဒရိုင်ဘာသည်ဝီစလီကားနက်ကလေးဖြင့် ရှန်ကာရအား သွားရောက်ခေါ်ဆောင်လေ၏။
ကျွန်ပ်၏ထမင်းချက်သည် ဘင်္ဂါလီလူမျိုးတစ်ယောက်ဖြစ်လေရာ ရှန်ကာရစားသောက်နိုင်ရန် ကောင်းမွန်ပြည့်စုံစွာ ချက်ပြုတ်နိုင်လေ၏။
ကျွန်ပ်တို့ နေ့လယ်စာစား ပြီးသောအခါ ဝရန်တာ၌ထိုင်၍မလိုင်မုန့်ကလေးများနှင့် အချိုတည်းကြလေ၏။
ရှန်ကာရသည် ကျွန်ပ်ဘဝအကြောင်းကို စိတ်ဝင်စားစွာမေးမြန်းလေ၏။
ရှန်ကာရ၏အလှည့်ပြီးသောအခါ ကျွန်ပ်၏အလှည့်သို့ရောက်လေ၏။
ကျွန်ပ်က…ကျုပ်တို့ မိတ်ဆွေဖြစ်နေပြီဆိုတော့ ရင်းရင်းနှီးနှီး မေးချင်တယ်၊ သိလည်းသိချင်တယ်၊ ကျုပ်က စာရေးဆရာတစ်ယောက်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ထူးခြားဆန်းကြယ်မှုတွေကို အလွန်စိတ်ဝင်စားတယ်၊ ကျုပ်တို့အမျိုးထဲမှာ နတ်ဝင်သည်တွေရှိတယ်၊ကျုပ်ရဲ့အဘိုးတစ်ယောက်က အဂ္ဂိရတ်ဝါသနာအိုးကြီးပဲ၊ ကျုပ်အဖေရဲ့ ညီတစ်ယောက်ဟာ ကိုလိုနီအစိုးရ အရာရှိတစ်ယောက်ဖြစ်ပေမဲ့ဗေဒင်ဆရာအလုပ်ကိုလဲ လုပ်ကိုင်တယ်၊ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်မိတ်ဆွေရဲ့ ထူးခြားဆန်းကြယ်တဲ့ အကြောင်းအရာတွေ ဘယ်လိုပိုင်ဆိုင်ခွင့်ရခဲ့တယ်ဆိုတာ ကျုပ်ကို ပြောပြပါလား၊ ကျုပ်စာအုပ်ထဲမှာမှတ်တမ်းတင်ထားချင်လို့ပါ …ဟု တောင်းဆိုခဲ့လေ၏။
ကျွန်ပ်၏တောင်းဆိုချက်ကို ရှန်ကာရသည် အတန်ကြာအောင် မျက်မှောင်ကြုတ်၍ စဉ်းစားနေလေ၏။
ကျွန်ပ်၏တောင်းဆိုချက်ကြောင့်ရှန်ကာရ အခက်တွေ့နေကြောင်း တွေ့ရသောအခါ စပ်စုလိုစိတ်ကိုလျော့၍…လျှို့ဝှက်အပ်တဲ့အကြောင်းအရာတွေကို မပြောချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့ဗျာ၊ ကျုပ်စိတ်ထဲမှာ ဘယ်လိုမှမထားပါဘူး…ဟု ပြောလေ၏။
ရှန်ကာရသည် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး…ကျွန်တော်ရဲ့ လျှို့ဝှက်အပ်တဲ့ ဘဝနောက်ကြောင်းကိုနိုင်ငံ ပေါင်းစုံရောက်တိုင်း သုတေသနပညာရှင်တွေက နည်းအမျိုးမျိုးနဲ့လှည့်ပတ်ပြီး မေးမြန်းလေ့ရှိတယ်၊ ဒါပေမဲ့ ဘယ်လိုလူမျိုးကိုမဆိုကျွန်တော် ဝေ့လည်ကြောင်ပတ်လုပ်ပြီး မဖြေဘဲ ခေါင်းရှောင်နေခဲ့တယ်၊ အချို့လည်း ကျွန်တော်လျှို့ဝှက်ချက်ကို သိချင်တော့ ချော့မော့ပြီး မေးမြန်းကြတယ်၊ အချို့က ပိုက်ဆံနဲ့ပေါက်ပြီး မေးကြတယ်၊အချို့ဆိုရင် အသက်အန္တရာယ်ကိုတောင် ရန်ရှာပြီး မေးမြန်းကြတယ်၊ဒါပေမဲ့ ကျွန်တော့်ရဲ့လျှို့ဝှက်ချက်ကို သူတို့ သိမသွားခဲ့ဘူး၊ ဒါပေမဲ့ဦးဇေယျနဲ့တွေ့တော့ ကျွန်တော့်ရင်ထဲမှာ ဘယ်လိုဖြစ်သွားသလဲမသိဘူး၊ ကွန်တော့်ရဲ့လျှို့ဝှက်တဲ့ ဘဝနောက်ကြောင်းကို ပြောပြချင်စိတ်တွေ ဖြစ်ပေါ်လာတယ်…ဟု ပြောလေ၏။
ကျွန်ပ်သည် ရှန်ကာရ၏စကားကြောင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီးလျှင်..ဒါဆိုရင် ရှန်ကာရရဲ့ ဘဝနောက်ကြောင်းကို ကျုပ်သိရတော့မှာလား..ဟု မေးမြန်းလေ၏။
ရှန်ကာရက အဝေးဆီသို့ ငေးကြည့်၍… ကျွန်တော်ပြောပါ့မယ်၊ ဦးဇေယျစာအုပ်ထဲမှာ မှတ်တမ်းလိုက်ပြီးတင်ရင် တင်လို့ရပါတယ်.. ဟု ခွင့်ပြုလေ၏။
ကျွန်ပ်သည် ရှန်ကာရ၏ လွန်စွာထူးခြားဆန်းကြယ်သော အစွမ်းသတ္တိနှင့်ပတ်သက်ပြီး သိခွင့်ရတော့မည်ဆိုသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေ၏။
ထို့ကြောင့် ရှန်ကာရ၏ ပခုံးကိုဖက်၍…ကျုပ်တို့နှစ်ဦးဟာ ရှေးဘဝက ပဋ္ဌာန်းဆက်ရှိခဲ့တယ်ထင်တယ်၊ ဒါကြောင့် ရှန်ကာရနဲ့ အခုမှသိခွင့်ရပေမဲ့ ထူးခြားဆန်းကြယ်တဲ့ ဘဝနောက်ကြောင်းတွေကို အလွန်သိချင်နေမိတယ်၊ကျုပ်ရဲ့ မှတ်စုစာအုပ်ထဲမှာ ဘဝနောက်ကြောင်းကို ဝမ်းသာအားရမှတ်တမ်းတင်ထားပါမယ်၊ တတ်နိုင်သလောက်လည်း လျှို့ဝှက်ထားပါ့မယ်…လို့ ကတိပြုပါတယ်ဟု ပြောလေရာ ရှန်ကာရက သက်ပြင်းချ၍…ကျွန်တော် သက်ရှိထင်ရှားရှိနေသရွေ့တော့ လျှို့ဝှက်ထားစေချင်ပါတယ်၊ ဒီကမ္ဘာလောကကြီးမှာ ကျွန်တော်မရှိတော့ဘူးဆိုရင် ဦးဇေယျရဲ့သဘောပါ၊ ကဲ… ကျွန်တော့်ဘဝနောက်ကြောင်းကို စပြီးပြောပြပါတော့မယ်၊ ဦးဇေယျ ရေးမှတ်ဖို့ ပြင်ပေတော့..ဟု ပြောလေ၏။
ကျွန်ပ်လည်း စိတ်အားတက်ကြွစွာဖြင့်ကျွန်ပ်၏မှတ်စုစာအုပ်ကိုယူ၍ လူထူးလူဆန်း ရှန်ကာရ၏လျှို့ဝှက်အပ်သော ဘဝနောက်ကြောင်းကို ရေးမှတ်ရန် ပြင်ဆင်ရလေတော့၏။
ကျွန်ပ်သည် အလွန်ထူးခြားဆန်းကြယ်၍ စိတ်ဝင်စားဖွယ်ကောင်းလှသော ရှန်ကာရ၏ ဘဝဇာတ်ကြောင်းများကို ဝရန်တာ၌ပင် ထိုင်၍ ရေးမှတ်ခဲ့လေ၏။
အချို့မရှင်းလင်းသော အချက်အလက်များကို ရှန်ကာရအားကျွန်ပ်က ပြန်လည်မေးမြန်းရလေ၏။
ရှန်ကာရသည် စိတ်ရှည်လက်ရှည်ဖြင့် ပြန်လည်ဖြေကြားပေးလေ၏။
ထို့ကြောင့် အောက်တွင်ရေးသားထားသော အကြောင်းအရာများသည် ရှန်ကာရ၏ ဘဝဇာတ်ကြောင်းကို ရေးဖွဲ့ထားသောမှတ်စုကြီးပင်ဖြစ်လေ၏။
တစ်ခါက ရှန်ကာရဆိုသော လူထူးလူဆန်းတစ်ယောက်ရှိခဲ့ဖူး၏။
ထိုသူသည် ထူးခြားလျှို့ဝှက်အပ်သော အတတ်ပညာများကိုလိုချင်လွန်းလှ၍ အပတ်တကုတ် ကြိုးစားဆောင်ရွက်ခဲ့၏။သူ၏ကြိုးစားမှု၊ ဇွဲလုံ့လ ဝီရိယ ခိုင်မာမှုတို့ကြောင့် အဆုံး၌အောင်မြင်ခဲ့ပြီး သာမန်လူတို့ ရရှိနိုင်ခဲလှသောဘဝကို ရရှိခဲ့၏။
နောင်လာနောက်သားတို့ ရှန်ကာရ၏ဘဝနောက်ကြောင်းကိုဖတ်ရှုမိပြီး လူထူးလူဆန်းတစ်ယောက်၏ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကိုအတူယူ ကြိုးပမ်းလိုစိတ်များ ဖြစ်ပေါ်လာလျှင် ကျွန်ပ် မှတ်တမ်းတင်ရကျိုး နပ်ပေပြီ။
(နယ်ပိုင်ဝန်ထောက်မင်း)
♥ရွှန်ကာရ၏ ထူးဆန်းသော ဘဝနောက်ကြောင်းများ♥
ကျွန်တော့်ကို အိန္ဒိယနိုင်ငံ ကက်ရှမီးယားပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။
ကျွန်တော့်မိဘတွေဟာ ဆင်းရဲနွမ်းပါးလွန်းလို့သူဌေးကြီးတစ်ယောက်အိမ်မှာ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ကိုင်ရပါတယ်။
တစ်နေ့တော့ သူဌေးကြီးရဲ့မွေးနေ့ပွဲမှာ မျက်လှည့်ပွဲနဲ့ ဧည့်ခံပြီးတော့ မျက်လှည့်ဆရာဟာ ဒေးဗစ်ဆိုတဲ့ ပညာရှင်ကြီးပဲ ဖြစ်တယ်။ကျွန်တော်ဟာ မျက်လှည့်ပြကွက်တွေကိုကြည့်ပြီး ဆရာကြီးဒေးဗစ်ကို အထူးအထင်ကြီး လေးစားခဲ့တယ်။
ဆရာကြီး ဒေးဗစ်ဆီမှာ မျက်လှည့်ပညာ သင်ယူချင်စိတ်တွေတဖွားဖွား ဖြစ်ပေါ်လာပါတယ်။
ကျွန်တော့်မိဘတွေကို မျက်လှည့်ပညာ သင်ယူဖို့ ခွင့်တောင်းတဲ့အခါ မိဘများက ခွင့်မပြုခဲ့ပါဘူး။
ဒါကြောင့် မျက်လှည့်ပညာသင်ယူချင်စိတ် ပြင်းထန်လွန်းတဲ့ကျွန်တော်ဟာ အိမ်က ထွက်ပြေးခဲ့ပါတယ်။
အဲဒီတုန်းက ကျွန်တော်ရဲ့ ကိုယ်ပေါ်မှာ ပိုက်ဆံအနည်းငယ်နဲ့ ခါးဝတ်ခါးစားပဲ ရှိခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ဓာတ်ပြင်းထန်နေတဲ့အတွက် အခက်အခဲ အတားအဆီးတွေကို အံတုပြီး ဆရာကြီး ဒေးဗစ်ကို သဲကြီးမဲကြီး လိုက်လံရှာဖွေခဲ့တယ်။
ဆရာကြီးဒေးဗစ်ရှိတဲ့အရပ်ကို စုံစမ်းပြီး ရထားတစ်တန်၊ကားတစ်တန်နဲ့ ပင်ပင်ပန်းပန်း လိုက်လံရှာဖွေခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာ ဆရာကြီးဒေးဗစ် မျက်လှည့်ပြရာမြို့ကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပြီး ဆရာကြီးဒေးဗစ်ဆီမှာ တပည့်ခံဖို့ ကြိုးစားခဲ့ပါတယ်။
ဆရာကြီးဒေးဗစ်က ကျွန်တော့်ရဲ့ ပြင်းပြတဲ့ဝါသနာကို
ရိပ်စားမိသွားပြီးတပည့်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်..ဆရာကြီးဆီမှာ ပထမဆုံးသင်ရတာက မျက်လှည့်ရုံရှေ့မှာပရိသတ်စိတ်ဝင်စားအောင် ကြိုးစားပြီး ရုံထဲကို လူဝင်အောင်လုပ်တဲ့ပညာပါ။
ကျွန်တော်ဟာ ဆရာကြီးဆီမှာ မျက်လှည့်ပညာသင်ယူရင်းဆရာကြီးဟာ ကျွန်တော်ထင်ထားသလို မှော်ဆရာကြီးတစ်ယောက်မဟုတ်ဘဲ ပရိသတ်ကို လှည့်စားမှုအတတ်ပညာနဲ့ ပြသနေကြောင်းသိခဲ့ရတယ်။
ဒီအချိန်ကစပြီး ဆရာကြီးဆီမှာ မျက်လှည့်ပညာ သင်ယူချင်စိတ် မရှိတော့ဘူး။
တန်ခိုးစွမ်းအင်တစ်ခုကို ပိုင်ဆိုင်လိုစိတ်တွေ ရင်ထဲမှာတဖွားဖွား ဖြစ်ပေါ်လာတယ်။
ဒီလို တန်ခိုးစွမ်းအင်မျိုးကို ပိုင်ဆိုင်ချင်ရင် စစ်မှန်တဲ့ ယောဂီတစ်ယောက်ကို ရှာဖွေရမယ်။ဒါပေမဲ့ တန်ခိုးစွမ်းအင်နဲ့ ပြည့်စုံတဲ့ယောဂီကို ရှာဖို့ဆိုတာကောက်ရိုးပုံထဲက အပ်ကို ရှာရသလိုပဲ။
ယောဂီတွေဟာ သူတို့ရဲ့အစွမ်းကို လူအများကြားမှာ ကြွားဝါပြီး ထုတ်ပြလေ့မရှိဘူး။
သူတို့ရဲ့အစွမ်းကို လျှို့ဝှက်ပြီး လူသူနဲ့မနီးတဲ့ အရပ်ဒေသတွေမှာ နေထိုင်တတ်ကြတယ်။
နောက်ဆုံးတော့ ကျွန်တော်ဟာ တန်ခိုးစွမ်းအင်နဲ့ ပြည့်စုံတဲ့ ယောဂီတစ်ယောက်ကို ရှာဖွေဖို့ ဆုံးဖြတ်ပြီးအိန္ဒိယပြည်အနှံ့ လှည့်လည်သွားလာနေခဲ့တယ်။
ကျွန်တော်ဟာ များသောအားဖြင့် ယောဂီအတုအယောင်တွေကိုသာ မြင်တွေ့ခဲ့ရတယ်။
ကျွန်တော်ဟာ စားဝတ်နေရေးအတွက် နယ်လှည့်မျက်လှည့်အဖွဲ့လေးမှာ ဝင်ပြီးလုပ်ကိုင်ခဲ့ရတယ်။ မျက်လှည့်အဖွဲ့နဲ့ နိုင်ငံအနှံ့သွားလာရင်း ဆရာစစ် ဆရာမှန်နဲ့တွေ့ဖို့ ကြိုးစားခဲ့တယ်။
ဒီလိုနဲ့မျက်လှည့်အဖွဲ့မှာ နေထိုင်ပြီး ငါးနှစ်လောက်အကြာမှာ ရာဂျီးနီးဆိုတဲ့ယောဂီကြီးအကြောင်းကို မမျှော်လင့်ဘဲ ကြားခဲ့ရတယ်။
ရာဂျီးနီးဟာ ဟိမဝန္တာတောထဲမှာ အနေများပြီးတော့ သူဟာထူးခြားဆန်းကြယ်တဲ့ တန်ခိုးအစွမ်းတွေကို ပိုင်ဆိုင်တယ်လို့ ကြားရတယ်။
ရာဂျီးနီး တရားထိုင်ရင်း မြေပေါ်ကနေ ခန္ဓာကိုယ် ကြွတက်ပြီး လေထဲမှာ ရပ်တည်နိုင်ကြောင်း သိရတယ်။
ဒီအချိန်ကစပြီးကျွန်တော် မျက်လှည့်အဖွဲ့ကထွက်ပြီး ရာဂျီးနီးကို ရှာဖွေခဲ့ပြန်တယ်။
မျက်လှည့်အဖွဲ့ကထွက်တော့ ကျုပ်စုဆောင်းထားတဲ့ ငွေလေးနည်းနည်းပဲပါတယ်။
ရာဂျီးနီးရဲ့ သတင်းအစအနကိုရတာနဲ့ အသည်းအသန် လိုက်ပြီးရှာနေခဲ့တယ်။
ဒါပေမဲ့ ရာဂျီးနီးနဲ့ ကျွန်တော်ဟာ အလွယ်တကူတွေ့ဖို့ကံဇာတာမပါဘူး။
နောက်ဆုံးတော့ ကျွန်တော်ဟာ အိန္ဒိယပြည်အနှံ့လှည့်ပြီး ခြေသလုံးအိမ်တိုင်အဖြစ် သွားလာရင်း ဆရာကြီး ဒေးဗစ်ဆီမှာ သင်ယူခဲ့တဲ့ မျက်လှည့်ပညာကို အသုံးပြုပြီး အသက်မွေးဝမ်းကြောင်း ပြုခဲ့တယ်။
တစ်နေ့ မမျှော်လင့်ဘဲ ရာဂျီးနီးရဲ့သတင်းကို အရူးမတစ်ယောက်ဆီက ကြားသိရတယ်။
အရူးမ တောထဲရောက်တုန်းလေထဲမှာ ဝဲပျံနေတဲ့ လူပျံကြီးတစ်ယောက်ကို တွေ့ခဲ့တယ်ဆိုပဲ။
အရူးမဟာ ကျုပ်ပြနေတဲ့ လမ်းဘေး မျက်လှည့်ဝိုင်းလေးမှာလာပြီးအော်ဟစ်ပြောဆိုနေတာပါ။
ကျွန်တော်ဟာ အရူးမဆီက သတင်းရရချင်း တောထဲကိုလိုက်သွားခဲ့တယ်။
တောထဲကိုရောက်ပြီး အတန်ကြာအောင် ရှာလိုက်တော့ ရာဂျီးနီးရဲ့ တဲကလေးကို တွေ့တယ်။
တဲကလေးရဲ့အနီးမှာ တရားထိုင်နေတဲ့ ရာဂျီးနီးကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့တော့တာပဲ။
ရာဂျီးနီးဟာ မုတ်ဆိတ်မွှေး ဆွတ်ဆွတ်ဖြူနေပြီး ကြည်ညိုဖွယ် အဆင်းသဏ္ဌာန်မျိုးရှိတယ်။
ရာဂျီးနီးဟာ အသက်ကို ပြင်းပြင်းရှူပြီး တရားမှတ်နေရင်း သူ့မျက်နှာတစ်ခုလုံး အရောင်အဝါတွေလင်းလက်နေသလို ခံစားရတယ်။
ကျွန်တော် ချောင်းမြောင်းကြည့်ရှုနေတုန်းမှာပဲ ရာဂျီးနီးရဲ့ခန္ဓာကိုယ်ဟာ မြေပြင်က တဖြည်းဖြည်း မြင့်တက်လာတာ မြင်တွေ့ရတယ်။
သူဟာ တရားထိုင်တဲ့ အနေအထားအတိုင်း တင်ပျဉ်ခွေ ထိုင်ရာကလေထဲကို မြှောက်တက်လာတာကို အံ့သြဖွယ် မြင်တွေ့ရတယ်။
ရာဂျီးနီးဟာ မြေပြင်က ၂ ပေ လောက်အမြင့်မှာ တစ်နာရီနီးပါး တရားထိုင်ပြီး တဖြည်းဖြည်း အောက်ကိုပြန်ကျသွားတယ်။ကျွန်တော်အလွန်တွေ့ချင်လို့ လိုက်ရှာနေတဲ့ ယောဂီကို မမျှော်လင့်ဘဲတွေ့လိုက်ရ လို့ အိပ်မက်မက်နေသလားလို့တောင် ထင်မိခဲ့တယ်။ရာဂျီးနီးဟာ တရားထိုင်ပြီးတော့ စမ်းချောင်းထဲက ရေနည်းနည်း လက်ခုပ်နဲ့ယူပြီး သူ့ပခုံးကို ဖျန်းပက်တယ်။
ပြီးတာ့ သူ့ရဲခြေလက်တွေကို ဆေးကြောနေတာ မြင်တွေ့ရတယ်။
ကျွန်တော်ဟာ ရာဂျီးနီးဆီမှာ တောင်းပန်တိုးလျှိုးပြီး တပည့်ခံဖို့ ကြိုးစားလိုက်တယ်။
ရာဂျီးနီးဟာ တောထဲမှာ မမျှော်လင့်ဘဲကျွန်တော့်ကို မြင်လိုက်တော့ ဘဝင်မကျတဲ့အမူအရာနဲ့…ငါ တရားထိုင်နေတာ မြင်ရလား..လို့ မေးမြန်းတယ်။ကျွန်တော်က ရာဂျီးနီးတရားထိုင်တာကို အစအဆုံး မြင်တွေ့ပြီး တပည့်အဖြစ်ခံယူချင်ကြောင်း တောင်းပန်ခဲ့မိတယ်။
ရာဂျီးနီးဟာ သူ့ရဲ့တပည့် နောက်လိုက်အဖြစ် ဘယ်လိုလူကိုမှ လက်မခံကြောင်း ပြောခဲ့တယ်။ကျွန်တော်က ရာဂျီးနီးနဲ့ ခြေအစုံကိုဖက်ပြီးတော့ အကြိမ်ကြိမ် တောင်းပန်ခဲ့တယ်။
နောက်ဆုံးတော့ ရာဂျီးနီးဟာ ဒေါသူပုန်ထပြီး ကျွန်တော့်ကို” ထွက်သွား ထွက်သွား..လို့ အော်ဟစ်မောင်းထုတ်ခဲ့တယ်။
ကျွန်တော်ဟာ ရာဂျီးနီးရဲ့ဒေါသပြေအောင် အနီးအနားမှာမနေဘဲ ခပ်လှမ်းလှမ်းကနေပြီး ရာဂျီးနီးကို အလုပ်အကျွေးပြုခဲ့တယ်။
ရာဂျီးနီးဟာ ကျွန်တော့်ကိုမြင်တာနဲ့ ဒေါသဖြစ်နေတော့တာပဲ။
ရာဂျီးနီးဟာ ရက်အနည်းငယ်ကြာတော့ ကျွန်တော့်ကို အနည်းငယ် ဒေါသပြေပျောက်လာတယ်။
ရာဂျီးနီးဟာ တစ်လပြည့်မြောက်တဲ့နေ့မှာ ကျွန်တော့်ကို စကားလက်ခံပြောပြီး နောက်ဆုံးမှာ တပည့်အဖြစ် အသိအမှတ်ပြုခဲ့တယ်။
ကျွန်တော့်တစ်သက်မှာ အမျှော်လင့်ဆုံး ဆန္ဒတစ်ခုပြည့်ဝတော့မယ်ဆိုတော့ ဝမ်းသာလိုက်တာ ပြောမပြတတ်အောင်ပါပဲ။
ရာဂျီးနီးက ကျွန်တော့်ဘဝနောက်ကြောင်းတွေကို အစမှအဆုံးထိ နားထောင်နေခဲ့တယ်။နောက်ပြီးတော့ ကျွန်တော်နဲ့ ဘယ်လိုပညာရပ်မျိုး သင့်တော်မယ်ဆိုတာ ဆုံးဖြတ်ချက်ချတယ်။ရာဂျီးနီးဟာ ကျွန်တော့်ကို ယောဂပညာအခြေခံနဲ့ လေ့ကျင့်စေလိုတဲ့အကြောင်း ပြောတယ်။
ဒါပေမယ့် ရာဂျီးနီးကမင်းဟာ ယောဂီနဲ့သွားလို့ဖြစ်မဲ့လူ မဟုတ်ဘူး၊ မင်းဟာပန်းတိုင်ကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံးရောက်ချင်နေတယ်၊ ရှေးတုန်းက အိန္ဒိယပြည်ကြီးမှာ အင်မတန်လေးနက်ပြီး တန်ဖိုးရှိတဲ့ပညာရပ်တွေ ရှိတယ်၊ ဒီပညာတွေဟာ ထိန်းသိမ်းစောင့်ရှောက်မဲ့သူမရှိတော့ပျောက်ကွယ်သွားတယ်၊ ငါတို့တိုင်းပြည်မှာ အရင်က အနာဂတ်ကိုမြင်နိုင်တဲ့ ပညာရှင်တွေ အမြောက်အမြားရှိခဲ့တယ်၊ ဒီပညာရှင်ကြီးတွေကို ဘုရင်တွေ၊ မြို့စား နယ်စားတွေက အသုံးပြုခဲ့တယ်၊ ဒီပညာရှင်တွေကြောင့်ပဲ အိန္ဒိယပြည်ကြီးဟာ အမြင့်မားဆုံးအဆင့် ရောက်ခဲ့ရတယ်၊ ဒီနေ့ခေတ်မှာ ငါတို့လူမျိုးတွေကိုယ်တိုင် ယောဂီတွေကိုအမျိုးမျိုးမြင်ကုန်ကြပြီ၊ မြို့ရွာထဲမှာ လှည့်ပြီးတောင်းစားနေတဲ့သူတောင်းစားတွေကလည်း ဘာသာရေးကို ခုတုံးလုပ်ပြီး ယောဂီအမည် ခံယူနေကြတယ်၊ အမှန်တော့ ယောဂီအစစ်တွေဟာ လူတွေနဲ့နီးနီးကပ်ကပ် မနေကြဘူး၊ သူတို့ဟာ ဟိမဝန္တာတောထဲမှာနေပြီးအစာကို နည်းနည်းစားပြီး တရားကို များများကျင့်ကြတယ်၊ ယောဂီတွေဟာ တောထဲ တောင်ထဲမှာနေပြီး မြို့ရွာရဲ့အနာဂတ်ကို ပြောနိုင်တာဟာ သူတို့ရဲ့ကျင့်ကြံအားထုတ်မှုကြောင့်ပဲ၊ ဒါကြောင့် ကျင့်ကြံအားထုတ်မှုတွေ မလုပ်ဘဲနဲ့တော့ တန်ခိုးစွမ်းအင်တွေကို ရလာမှာမဟုတ်ဘူးလို့ ပြောတယ်၊ကျွန်တော်ဟာ ယောဂီကြီး ရာဂျီးနီးကို ကျင့်ကြံအားထုတ်မှုတွေ ကြိုးစားလုပ်ပါ့မယ်လို့ ကတိတွေ အတန်တန်ပေးခဲ့တယ်။ရာဂျီးနီးကတော့ ကျွန်တော့်ရဲ့စိတ်ကို ထွင်းဖောက်မြင်နေဟန်နဲ့….မင်းဟာ ဘယ်တော့မှ သူတော်စင်တစ်ယောက်ဖြစ်မှာမဟုတ်ဘူး၊ မင်းရဲ့ကိုယ်ရောင် ကိုယ်ဝါပေါ်မှာ လောဘခိုးတွေ ဝေနေတယ်၊ မင်းဟာ အလိုလောဘကြောင့် ကျင့်ကြံအားထုတ်မှုတွေကို အပြင်းအထန် လုပ်မှာ သေချာတယ်အောင်မြင်မယ်၊ မင်းကို သမာဓိနဲ့ပတ်သက်တဲ့ အကျင့်အကြံတွေကို သင်ကြားပေးမယ်၊ စိတ်ကို ထိန်းနိုင်ရင် သမာဓိရမယ်၊ သမာဓိရဖို့ အတွက် အချိန်တွေ အများကြီးပေးပြီး လေ့ကျင့်ရမယ်၊ မကောင်းတဲ့ စိတ်ကိုဖျောက်ပြီး ကောင်းတဲ့စိတ်ကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ရ မယ်၊ ဒီအတွက် မင်းရဲ့ကြိုးစားအားထုတ်မှုနဲ့ ပါရမီရှိမှဖြစ်မယ်….လို့ မိန့်ကြားတယ်။ နောက်တော့ ကျွန်တော့်ကို စိတ် လေ့ကျင့်ခန်းတွေ စတင်သင်ကြားပေးခဲ့တယ်။ကျွန်တော်ဟာ အရင်ဆုံး သဘာဝတရားကြီးကို နားလည် အောင် လုပ်ရမယ်လို့ပြောတယ်။
ကျွန်တော်ဟာ ပထမဆုံး တောထဲ သွားပြီးပတ်ဝန်းကျင်တစ်ခုလုံး မြင်သာအောင် ကြည့်ရတယ်။
တောပန်းလေးတွေ ကြွေနေတာ၊ သစ်ရွက်တွေ ကြွေနေတာ၊စမ်းချောင်းထဲမှာ ငါးလေးတွေ ကူးခတ်နေတာ စသည်ဖြင့် မြင်အောင်ကြည့်ရတယ်။
နောက်ပြီး အကြားအာရုံကလည်း ငှက်ကလေးတွေ အော် မြည်သံ၊ သစ်ရွက်ကြွေသံ၊ စမ်းရေစီးသံ၊ လေတိုးသံ စသည်ဖြင့်နားထောင်ရတယ်။
မျက်စိနဲ့ သဘာဝလောကကြီးကို မပြတ်ကြည့်ပြီး နားနဲ့မပြတ်နားထောင်ရတယ်။စိတ်ထဲမှာ ဘာတစ်ခုမှ ဝင်မတွေးရဘူး။ သဘာဝလောကကြီးကို ဒီအတိုင်းပဲ ကြည့်နေရတယ်။
နားထောင်ရတယ်။ စိတ်ကလုံးဝဝင်ပြီး အလုပ်မလုပ်ရဘူး။အစပိုင်းကတော့ သဘာဝလောကကြီးကို ကြည့်ရတာအတော်ခက်တာပဲ။ ဘာကြောင့်လဲဆိုတော့ စိတ်ဆိုတာ တစ်သက်လုံးတွေးခေါ်မျှော်မြင်ဖို့ အလေ့အကျင့်ရနေပြီ။မတွေးရ မနေနိုင်တော့ဘူး။ မှတ်ချက်မချဘဲ မနေနိုင်တော့ဘူး။
ရာဂျီးနီးရဲ့ကျင့်စဉ်က သဘာဝလောကကို ကြည့်ရုံပဲကြည့်၊နားထောင်ရုံပဲ နားထောင်၊ ဝင်မပါရဘူး။
ကိုယ့်စိတ်ထဲက ဘာမှဝင်မတွေးရဘူး။ ဒီလိုနေပြီး အတန်ကြာလို့ အလေ့အကျင့်ရလာရင် ရင်ထဲကို တိတ်ဆိတ်ငြိမ်သက်ခြင်းရင်ထဲက တိတ်ဆိတ်ငြိမ်သက်ခြင်းကို အကြားကြီးရအောင်ကြိုးစားရတယ်။ တိတ်ဆိတ်ငြိမ်သက်ခြင်းရှိရင် အရာရာကို ကြိုတင်ပြီး မြင်နိုင်ပြီလို့ ဆိုတယ်။
ဒါကြောင့်လည်း ရင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းရဖို့ကျွန်တော် အလေးအနက် ကြိုးပမ်းခဲ့ရတယ်။
အပိုင်း ၅ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း၅
ရာဂျီးနီးဟာ ကျွန်တော့်ကို နေ့စဉ်ရက်ဆက် ပညာတွေကိုသင်ပေးခဲ့တယ်။
တစ်နေ့တော့ ရာဂျီးနီးက ကျွန်တော့်ကို စမ်းချောင်းနံဘေးမှာ ထိုင်ခိုင်းပြီးတော့
…လူတွေမှာ သိစိတ်နဲ့ မသိစိတ်ဆိုပြီးရှိတဲ့အတွက် သိစိတ်ဟာ ပတ်ဝန်းကျင်မှာ မြင်တွေ့သမျှတွေကို အာရုံကျက်စားတတ်တဲ့အတွက် ထိန်းသိမ်းနိုင်တဲ့အလေ့ အကျင့်တွေကို လုပ်ထားရမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်၊
ရာဂျီးနီးရဲ့ကျင့်စဉ်အရ ကျွန်တော်အလွန်ချစ်တဲ့ မိခင်ကြီးရဲ့မျက်နှာကို စိတ်ထဲမှာ မြင်အောင်ကြည့်ဖို့လေ့ကျင့်ထားတဲ့အတွက် မိခင်ကြီးရဲ့မျက်နှာကို အာရုံထဲမှာ စွဲထင်နေဖို့ အခက်အခဲသိပ်မရှိဘူး၊
အာရုံစူးစိုက်နေတုန်း စိတ်လွင့်ပျံသွားရင် ခဏ စိတ်ကိုအနားပေးပြီးမှ ပြန်လေ့ကျင့်ရပါတယ်၊
ညဘက် လိုဏ်ဂူထဲမှာ အိပ်စက်တဲ့အခါ ဖယောင်းတိုင်ထွန်းပြီး မီးကို မျက်လုံး ထဲ စွဲထင်အောင် စူးစိုက်ကြည့်ရတဲ့ လေ့ကျင့်ခန်းကိုလည်း လုပ်ရ တယ်၊ အဓိက,ကတော့ မိခင်ကြီးရဲ့မျက်နှာကို အချိန်ကြာမြင့်စွာ မျက်လုံးထဲစွဲထင်အောင် လုပ်ရတဲ့ လေ့ကျင့်ခန်းပါပဲ။
ဒီလိုနဲ့ ဆရာကြီးရဲ့ ညွှန်ကြားမှုအောက်မှာ သုံးနှစ်လောက် လေ့ကျင့်လိုက် တော့ မိခင်ကြီးရဲ့မျက်နှာကို စိတ်အာရုံထဲမှာ တစ်မိနစ်ခွဲလောက်အထိ စူးစိုက်ထားနိုင်ကြောင်း တွေ့ရတယ်၊
ဆရာကြီးကို ကျွန်တော်ရဲ့စူးစိုက် မှုနဲ့ပတ်သက်ပြီး ပြောပြတော့ ဆရာကြီးက သုံးမိနစ်လောက် အာရုံ ထဲမှာ ထိန်းထားနိုင်ရင် တန်ခိုးစွမ်းအင်တစ်ခုကို ပိုင်ဆိုင်နိုင်ပြီဖြစ် ကြောင်း ပြောပါတယ်။ တစ်နေ့ အလွန်ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုနဲ့ ရင်ဆိုင်ရတယ် အရာဝတ္ထုတစ်ခုကို အာရုံထဲမှာ စွဲထင်အောင် လုပ်တဲ့ လေ့ကျင့်ခန်းကို ကျင့်ကြံနေရင်းနဲ့ ကျွန်တော့်ရဲ့ အနံ့ခံအာရုံစွမ်း တွေ ကျဆင်းသွားတာ အံ့ဩဖွယ်ကောင်းအောင် တွေ့ရတယ်၊ ဒီအကြောင်းကို ဆရာကြီးကို အသိပေးလိုက်တော့ ဆရာကြီးက အမြင်အကြား ရလာတဲ့အတွက် အနံအာရုံမှာ အာရုံခံနိုင်စွမ်းနည်းသွား တယ်လို့ ဆိုပါတယ်…
ဟု ပြောလေရာ ကျွန်ပ်သည် ရှန်ကာရ၏ ထူးခြား ဆန်းကြယ်သော ဖြစ်ရပ်များကို မှတ်စုစာအုပ်၌ မရပ်မနား ရေးမှတ် နေရာမှ ညောင်းညာလွန်းသဖြင့် ခဏမျှ ထရပ်လိုက်ပြီး
…စိတ်ဝင်စားဖို့ကောင်းလိုက်တာဗျာ၊ နားရှိလို့သာ ကြား ရတယ်၊ ယုံနိုင်စရာတောင်မရှိဘူး၊ ဒါနဲ့နေပါဦး၊
ခင်ဗျားရဲ့ အနံ့ အာရုံက အရင်လို ခံနိုင်စွမ်းမရှိတော့ဘူးလား….
ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရ ခေါင်းခါယမ်း၍
…အနံအာရုံခံနိုင်စွမ်းတွေ ပြန်ကောင်းလာပါပြီ။ ဒီလိုနဲ့ ဆရာကြီးဆီမှာ ပညာသင်ယူရင်း သုံးနှစ်ပြည့်တော့ ဆရာကြီးက ဟိမဝန္တာတောထဲကို ပြန်ဝင်ဖို့ ကျုပ်ကို ခွဲခွာပြီး ထွက်သွားတယ်၊ ကျွန်တော်ဟာ ဆရာကြီးရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်ပြီးလေ့ကျင့်လိုက်ရင် တန်ခိုးစွမ်းအင်တစ်ခုကို ပိုင်ဆိုင်မယ်ဆိုတာ ယုံကြည်တယ်၊
ဒီလိုနဲ့ ကျွန်တော်ဟာ ကာလကတ္တားမြို့ကြီးကို ရောက်ခဲ့ပြီးတော့ စားဝတ်နေရေးအတွက် မျက်လှည့်ပြပြီးအသက်မွေးဝမ်း ကျောင်း ခဲ့ရတယ်၊ တန်ခိုးစွမ်းအင် တွေရဖို့ ရာဂျီးနီးရဲ့ ကျင့်စဉ်တွေကိုလည်း ကြိုးကြိုး စားစား ကျင့်ကြံ နေခဲ့တယ်၊
ဒီလိုကျင့်ကြံရင်း တစ်နေ့နေ့မှာ တန်ခိုး စွမ်းအင်တစ်ခု ကို ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတာ ရင်ထဲမှာ နိုင်နိုင်မာမာ သိရှိလာ ခဲ့တယ်၊
ကျွန်တော်ဟာ မျက်လှည့်ပွဲပြီးတဲ့ညတိုင်း ညဉ့်နက်သည့် တိုင်အောင် မိခင်ကြီးရဲ့မျက်နှာကို အာရုံထဲမှာ စွဲထင်နိုင်မဲ့ လေ့ကျင့်ခန်းကို ကျင့်ကြံနေခဲ့တယ်၊ တဖြည်းဖြည်း မိခင်ကြီးရဲ့မျက်နှာဟာ အာရုံထဲမှာ ၂ မိနစ်လောက်အထိ တပြိုင်တည်း စွဲထင်လာခဲ့တယ်၊
ဆရာကြီးဟာ သုံးမိနစ်အထိ အာရုံထဲမှာ စွဲထင်နိုင်ရင် တန်ခိုးစွမ်းအင် တစ်ရပ်ကို ပိုင်ဆိုင်မယ်လို့ ပြောတဲ့ အတွက် ကျွန်တော် စိတ်အား တက်ကြွလာမိတယ်၊ ထူးခြားမှုတစ်ခုက လေ့ကျင့်ရင်း ကျွန်တော့် အာရုံထဲမှာ မိခင်ကြီးရဲ့မျက်နှာကို မြင်နိုင်စွမ်း တဖြည်းဖြည်း တိုး တက်လာပါတယ်၊
တစ်နေ့ ကျွန်တော်ဟာ မျက်လှည့်ပွဲတစ်ခုပြဖို့ မီးရထားနဲ့ ခရီးဆက်ခဲ့ကြပါတယ်၊ မြို့တစ်မြို့ကို အရောက်မှာ မီးရထားလမ်းချော်နေတာနဲ့ အဲဒီမြို့မှာ ခဏနားခဲ့ရတယ်၊
အဲဒီမြို့က ကျောင်းမှာ ဟိန္ဒူ မီးနင်းပွဲတစ် သရုပ်ပြနေနဲ့ သွားကို ပါတယ်မီးနင်းတဲ့ပုဂ္ဂိုလ်ဟာ ရဲရဲတောက်နေတဲ့ မီးခဲပေါ်မှာ တရရ လျှောက်လှမ်းသွားတယ်၊ သူ့တစ်ကိုယ်လုံးမှာ နံငယ်ပိုင်း လေးက လွဲပြီး ဘာမှဝတ်မထားဘူးအိန္ဒိယလူမျိုး မီးနင်းတိုက်ပြီး ရဲရဲနီနေတဲ့ မီးသွေးခဲပေါ်ကနေ ဒုတိယအကြိမ် လျှောက်လှမ်းပြန်ပြန်တယ်။
ပရိသတ်က မီးနင်းသမားကို လက်ခုပ် တဖြောင်းဖြောင်းတီးပြီး အားပေးကြတယ်။
မီးနင်းသမားဟာ ဒုတိယအကြိမ် မီးနင်းပြီးတော့ ပရိသတ်ထဲက ရဲစွမ်း သတ္တိအပြည့်နဲ့ မီးနင်းချင်တဲ့သူရှိသလား။ ရှိရင် ဝင်နင်းဖို့ ဖိက်ခေါ်ပါတယ်လို့ ဆိုတယ်။ ကျွန်တော်ဟာ အခွင့်အရေးတစ်ခုရတယ်လို့ သုံးသပ်မိ တယ်။
ဆရာကြီး ရာဂျီးနီးဆီမှာ တန်ခိုးစွမ်းအင်တစ်ခုရဖို့ ကျင့်ကြံ မှုတွေ အများကြီးလုပ်ခဲ့တယ်။
ဒီကျင့်ကြံမှုတွေကို လက်တွေ့စမ်းသပ် ဖို့ အခွင့်အရေးတစ်ခုရပြီလို့ ဆုံးဖြတ်ခဲ့တယ်။
ကျွန်တော်က မီးနင်းပွဲ ကို ဝင်ရောက်ဆင်နွှဲလိုကြောင်း ပြောလိုက်တဲ့အခါ ပရိသတ်က လက်ခုပ်လက်ဝါးတီးပြီး အားပေးပါတယ်။
ဒီအချိန်မှာပဲ ကျွန်တော်နဲ့ရွယ်တူ အိန္ဒိယလူငယ်တစ်ယောက်ဟာ မီးနင်းပွဲဆင်နွှဲလိုကြောင်း ပြောပါတယ်။
မီးနင်းပွဲကို ဝင်နွှဲမဲ့လူ နှစ်ယောက်ဖြစ်သွားတဲ့အတွက် ပရိသတ်အဖို့ ပိုမိုပြီး နှစ်ထောင်းအားရ ဖြစ်မိပါတယ်။
မီးနင်းသမား ကြီးက ကျွန်တော်တို့လူငယ်နှစ်ဦးကို တစ်လှည့်စီ မီးနင်းစေပါတယ်။
ကျွန်တော်တို့နှစ်ယောက် ဘယ်သူအရင်မီးနင်းရမလဲဆိုပြီး ခေါင်းပန်း လှန်တဲ့အခါ ကျွန်တော်က ဒုတိယမြောက် မီးနင်းမဲ့အလှည့်ဖြစ်သွား တယ်၊
မီးနင်းသမားကြီးက မီးညွန့်တွေ ကူးစက်လောင်ကျွမ်းမှာ စိုးတဲ့အတွက် ကျွန်တော်တို့ကိုယ်ပေါ်က ဒိုဘီတွေကို ဖယ်ရှားခိုင်းပါ တယ်။
ကျွန်တော်အရင် နင်းရမဲ့လူငယ်က ရဲရဲနီတဲ့ မီးကျီခဲတွေ အနီးကိုရောက်တော့ အပူဒဏ် ပြင်းထန်လွန်းလို့ မျက်စိမျက်နှာ ပျက်သွားပါတယ်။
သူ့ရဲ့အမူအရာကို မီးနင်းသမားကြီးက ရိပ်မိတဲ့ အတွက် မနင်းချင်ရင် နောက်ဆုတ်လို့ရနိုင်ကြောင်း ပြောတယ်။ လူငယ်ဟာ `မီးကျီခဲတွေကိုကြည့်ပြီး ကြောက်ရွံ့နေတာ အမှန်ပဲ။ ဒါပေမဲ့ သူ့ကို သတ္တိမရှိဘူးလို့ အများမြင်မှာကြောက်ပြီး ကျွန်တော် နင်းရဲပါတယ်ဗျာ.. လို့ပြောတယ်။
ပြီးတော့ မီးကျီခဲတွေရှိရာကို ခပ်တည်တည်နဲ့ လျှောက်သွားတယ်။ သူဟာ မီးကျီခဲတွေကိုပေါ်ကို ပထမခြေလှမ်းပြီးတာနဲ့ စူးစူးဝါးဝါး အော်ဟစ်ပြီး မီးကျီခဲတွေပေါ်ကခုန်ထွက်သွားတယ်။
လူငယ်ဟာ နာကျင်လွန်းလို့ မြေပေါ်မှာ လူးလိမ့်နေခဲ့တယ်။
လူငယ်ရဲ့ ခြေဖါးနှစ်ဖက်စလုံး မီးလောင်ပြီး ဒဏ်ရာတွေ ရရှိသွားခဲ့တယ်။
မီးနင်းသမားကြီးဟာ ကျွန်တော့်ဘက်လှည့်ပြီး…မင်း နင်းရတော့မယ်လို့ ပြောပါတယ်၊ ကျွန်တော်က ရဲဝံ့တဲ့အမူအရာနဲ့ ရင်ကော့ပြီး အသင့်ပါပဲ လို့ ပြောလိုက်တယ်။မီးနင်းပွဲကြတဲ့ ပရိသတ်ကတော့ မျက်စိရှေ့မှာတင် လူငယ်တစ်ယောက်ပြင်းပြင်းကန်တန် ဒဏ်ရာ ရသွားတဲ့အတွက် ကျွန်တော် အတွက်စိုးရိမ်ပြီး…မနင်းနဲ့၊ ဒုက္ခရောက်မယ်၊ ဒါဟာ သူတော်စင် တွေမှ လုပ်နိုင်မယ်…လို့ အော်ဟစ်တားဆီးကြတယ်။
ကျွန်တော် ဟာ ပရိသတ်တွေ ငြိမ်ငြိမ်သက်သက်နေဖို့ လက်ပြလိုက်တယ်။ ပရိသတ်ငြိမ်သက်သွားတဲ့အခါမှ မျက်လုံးအစုံကိုမှိက်ပြီး ရဲရဲနီ နေတဲ့မီးကျီခဲတွေကို မြင်ယောင်လိုက်တယ်။ ခဏကြာတော့ မီးခဲတွေဟာ တဖြည်းဖြည်း အေးစက်လာပြီလို့ အာရုံပြုလိုက်တယ်။
ကျွန်တော်ဟာ တစ်မိနစ်လောက်အတွင်း အာရုံပြုမှုကို အပြီးသတ်လိုက်တယ်။
ဘာကြောင့်လဲဆိုတော့ အရာဝတ္ထုတစ်ခုပေါ်မှာ စွဲစွဲမြဲမြဲ အာရုံပြုနိုင်တဲ့အစွမ်းဟာ ကျွန်တော်မှာ နှစ်မိနစ်လောက်သာပိုင်ဆိုင်လို့ဖြစ်တယ်။
ကျွန်တော့်ရဲ့ စိတ်အာရုံတွေ ငြိမ်းအေးလာတဲ့အခါ တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ မီးကျီခဲတွေရှိရာကို လျှောက်ခဲ့တယ်။ ကျွန်တော်က အိပ်မွေ့ချခံတဲ့ လူတစ်ယောက်လို ဖြစ်နေတယ်။
ကျွန်တော်ဟာ မီးကျီခဲတွေအနီးကိုရောက်ကတည်းကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကြီးကြီးမားမား ရခဲ့တယ်။ မီးကျီခဲတွေဟာ ပူလောင်ခြင်းမရှိဘဲ အေးမြနေတယ်လေ။
ကျွန်တော်ဟာ ခြေတစ်လှမ်းပြီးတစ်လှမ်း ဝံ့ဝံ့ကြွားကြွားလှမ်းတက်သွားတယ်။
ပရိသတ်က ကျွန်တော့်ကို ဝမ်းသာအားရဩဘာပေးကြပါတယ်။
မီးနင်းတဲ့ အမျိုးသားကြီးက ကျွန်တော့်ပခုံးကို ပုတ်လိုက်ပြီး“မင်းမှာ စိတ်စွမ်းအင်တစ်ရပ်တော့ရှိမှာ သေချာတယ်၊မြွေမြွေချင်း ခြေမြင်ပြီးသားပါကွာ၊လို့ ချီးကျူးသြဘာပေးခဲ့တယ်။ဒီအချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်တွေ ကြီးမားလာတယ်။ နှစ်နဲ့ချီပြီး ပင်ပင်ပန်းပန်း ကျင့်ကြံလာခဲ့တဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော် ခံစားရပြီလေ။
ဆရာကြီး ရာဂျီးနီးရဲ့ `မိန့်မှာချက်တွေကို နားထဲမှာ ကြားယောင်လာတယ်။..မင်းရဲကျော်ကြံမှု အားကောင်းပြီး အတိတ်ဘဝက ပါရမီ ရှိခဲ့ရင်မျက်စိနဲ့မကြည့်ဘဲ အရာရာကို ထိုးထွင်းပြီး မြင်နိုင်တယ်..တဲ့။
ကျွန်တော်ဟာ မီးနင်းပွဲပြီးတဲ့နောက်ပိုင်း ယုံကြည်မှုတွေရလာ ပြီး မျက်စိကို အသုံးမပြုဘဲ အရာရာကို ထိုးထွင်းပြီး မြင်နိုင်အောင် ကျင့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဒါဟာ တတိယမျက်လုံးကျင့်စဉ်ပဲ၊ ဒီလို ကျင့်စဉ်မျိုးကို ကျွန်တော်အနေနဲ့ ကျင့်ဖို့ မသင့်တော်သေးဘူး အတိတ်ဘဝက ပါရမီမပါလို့ မအောင်မြင်ရင်လည်း ကျွန်တော့်ကံပေါ့လို့ သဘောထားတယ်။
ဒီလိုဆုံးဖြတ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့်ရဲ့အိပ်မက်ထဲကိုဆရာကြီး ရာဂျီးနီး ရောက်လာတယ်။
အိပ်မက်ထဲမှာ ဆရာကြီးကကျွန်တော့်ရဲ့ဆုံးဖြတ်ကို သဘောမတူဘူး။ ဆရာကြီးက ..ရှန်ကာရ၊ မင်းရဲ့စိတ်ကို မင်း မပိုင်သေးဘူး၊ ဒီလိုလူမျိုးဟာ တတိယမျက်လုံးကျင့်စဉ်ကို ကျင့်မယ်ဆိုရင် ဘေးဒုက္ခအပေါင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်..လို့ ဆိုတယ်။
ကျွန်တော်ဟာ အိပ်မက်ထဲမှာ ဆရာကြီးကတားပေမဲ့လက်တွေ့ဘဝထဲမှာ တားဆီးတာမဟုတ်တဲ့အတွက် မယုံကြည်ခဲ့ဘူး။
ဒါကြောင့် ကျင့်စဉ်တွေကို တဖြည်းဖြည်းတိုးပြီး ကျင့်သွားတယ်…ရှန်ကာရသည် ပြောဆိုရင်း မောလှလာသဖြင့် ခဏမျှ နား၏။
ပြီးနောက် ကျွန်ပ်ထံမှ ရေတစ်ခွက်ကို တောင်းသောက်ပြီးသူ၏စကားကို ဆက်ပြန်၏။
ကျွန်ပ်လည်းအလွန် အလွန်မှ ထူးဆန်းသော အကြောင်းအရာများကို ကြားသိနေရသဖြင့် မှတ်စုစာအုပ်၌ အားတက်သရောရေးမှတ်နေမိ၏။
မီးနင်းပွဲနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ကို ယုံကြည်မှုရလာပြီး လေ့ကျင့်တဲပုံစံ နည်းနည်းပြောင်းလဲသွားတယ်။
အရင်ကလို မိခင်ကြီးရဲ့မျက်နှာကိုပဲ အာရုံထဲမှာ စွဲထင်ဖို့မကြိုးစားတော့ဘဲညစဉ် ဖယောင်းတိုင်မီးတောက်ကိုကြည့်ပြီး လေ့ကျင့်နေခဲ့တယ်။ဖယောင်းတိုင်မီးတောက်ကို သေသေချာချာ လေ့လာကြည့် ရင်အပိုင်း ၃ ပိုင်းရှိတာ တွေ့ရမယ်။
သိပ်ဆုံးက အဝါရောင်၊ အောက်ဆုံးကခရမ်းရောင်၊ အလယ်က အနက်ရောင်လေးပဲ ဖြစ်တယ်။
ဖယောင်းတိုင်မီးတောက်နဲ့ ကျွန်တော့်မျက်လုံးတွေဟာတစ်တန်းတည်း မြင်နေရပါမယ်။
ဖယောင်းတိုင်ကို ခန္ဓာကိုယ်ရဲ့(၁၆)လက်မအကွာမှာ ထားရတယ်။ ပြီးတော့ ဖယောင်းတိုင်မီးတောက်နဲ့ မျက်လုံးဟာ တပြေးတည်း မြင်နေရတယ်။
မျက်လုံးကြွက်သားတွေကို အပေါ်နဲ့အောက် ရွေ့လျားမရှိအောင် အထူးဂရုစိုက်ရတယ်။
မျက်လုံးအစုံဟာ ဖယောင်းတိုင် မီးတောက်ရဲ့ အလယ်မှာရှိတဲ့ အနက်ရောင်အပိုင်းကို စူးစိုက်ပြီးကြည့်နေရတယ်။အာရုံလွှင့်လို့ လုံးဝမဖြစ်ပါဘူး။
ဒီလိုနဲ့ လေ့ကျင့်မှုတွေများလာတဲ့အခါ ဖယောင်းတိုင်မီးတောက်ကိုကြည့်နေတဲ့အချိန်မှာနံဘေးပတ်ဝန်းကျင်ကို လုံးဝမမြင်ရတော့ပါဘူး။
အားလုံးဟာကွယ်ပျောက်နေသလိုပဲ။
ဒီနောက်တော့မှ မျက်လုံးတွေကို တဖြည်းဖြည်း မှိတ်လိုက်ပြီး မိခင်ကြီးရဲ့မျက်နှာကို အာရုံထဲမှာ စွဲထင်အောင်ပြန်လုပ်ရပါတယ်။
ဒီအချိန်ကစပြီး တဖြည်းဖြည်း တိုးတက်လာရာကနောက်ဆုံးမှာ ဆရာကြီးပြောသလို အရာဝတ္ထုတစ်ခုကို သုံးမိနစ်လောက် အာရုံစူးစိုက်နိုင်သေးတယ်။
ဒီလိုကျင့်စဉ်တွေကို မနားမနေကျင့်ကြံပြီး တစ်နေ့မှာ ကျွန်တော် အရမ်းအားရကျေနပ်တဲ့ နေ့တစ်နေ့ကို မမျှော်လင့်ဘဲ ကြုံတွေ့ရတယ်။
ကျွန်တော်ဟာ မျက်စိမှတ်ထားပြီး အရာဝတ္တုတွေရဲ့ ဦးတဝါးပုံရိပ်တွေကို မြင်တွေ့နေရတယ်။
နောက်တော့ မျက်လုံးအစုံကိုပိတ်ပြီးရှေ့မှာရှိနေတဲ့ အရာဝတ္ထုတွေကို အာရုံပြုကြည့်လိုက်တာနဲ့ အရာဝတ္ထုရဲ့ပုံသဏ္ဌာန်ကို မှန်းဆနိုင်နေပါပြီ။
အလွန်အံ့သြဖို့ကောင်းပါတယ်။ကျွန်တော်ဟာ အလွန်ထူးခြားဆန်းကြယ်တဲ့ အာရုံတစ်မျိုးကို ပိုင်ဆိုင်ခွင့်ရလိုက်တာပါ..
ရှန်ကာရသည် သူ၏စကားကို ခဏမျှနား၍ ရေတစ်ခွက်ကို တောင်းသောက်ပြန်၏။
ကျွန်ပ်လည်း စိတ်ဝင်စားလွန်း၍ ရေးမှတ်နေရာမှ ရှန်ကာရနားသောအခါမှ အညောင်းအညာဖြေရန် သတိရ၏။
ကျွန်ပ်သည် မတ်တပ်ရပ်၍ အညောင်းဆန့်လိုက်၏။
ပြီးမှဆက်ရေးလေ၏။
ရှန်ကာရက ဆက်လက်၍
…လူမှာရှိတဲ့ အမြင်၊ အကြား၊ အနံ့အာရုံတွေမှာ အတွင်းနဲ့ အပြင်အာရုံဆိုပြီး နှစ်မျိုးရှိပါသေးတယ်။
ကျွန်တော်တို့လူသားတွေဟာ အတွင်းအာရုံကိုပါ ဖွံ့ဖြိုးအောင် ပြုလုပ်နိုင်ခဲ့ရင် မျက်လုံးကို အသုံးမပြုဘဲ ပြင်တွေ့နိုင်မယ်၊ နားကို အသုံးမပြုဘဲ ကြင်မယ်။နှာခေါင်း ကိုအသုံးမပြုဘဲ အနံ့ခံနိုင်လိမ့်မယ်။
ကျွန်တော်ဟာ အာရုံရဲ့အတွင်းပိုင်းဖွံ့ဖြိုးအောင် အထူးအရေးပေးပြီး လေ့ကျင့်ခဲ့တယ်ညစဉ်ညတိုင်း ဖယောင်းတိုင်တစ်တိုင်ပြီးတစ်တိုင် တန်းပြီးဝန်းဝန်း လေ့ကျင့်ခဲ့တယ်။ တစ်ခါတစ်ရံ မအိပ်ဘဲ တစ်ညလုံးကျင့်တာတောင် ရှိခဲ့တယ်။
အိပ်ခန်းထဲမှာ တစ်ကိုယ်တည်းထိုင်ပြီး ကျွန်တော့်မျက်လုံးတွေကို အဝတ်စည်းနှောင်တယ်။
ပြီးတော့မျက်စိရှေ့က အရာတွေကို အာရုံခံစားပြီး မြင်နိုင်အောင် ကြိုးစားကြည့်ပါတယ်။
ကျွန်တော် စိတ်အားထက်ထက်သန်သန်နဲ့ ကြိုးစားလွန်းတော့နောက်ဆုံးမှာ အောင်မြင်မှုရလာတာပါပဲ။
နောက်ဆုံး ကျွန်တော်ရဲ့စမ်းသပ်မှုမှာ ဖဲထုပ်တစ်ထုပ်ကို အသုံးချခဲ့တယ်။
ဖဲထုပ်တစ်ထုပ်ကိုယူပြီး အပေါ်ဆုံးဖဲချပ်ကို လှန်လိုက်တယ်။
ကျွန်တော်ဟာ ဖဲချပ်ရဲ့နောက်ကျောဘက်ကကြည့်ပြီး ဖဲပွင့်ကို မှန်အောင် ခန့်မှန်းခဲ့တယ်။
နောက်ပြီးတော့.ဖဲချပ်တွေ တစ်ချပ်ပြီး တစ်ချပ် ဆွဲထုတ်ပြီးတစ်ထုပ်လုံး ကျွန်တော် ခန့်မှန်းခဲ့တယ်။
ဖဲထုပ်တစ်ထုပ်လုံးကို ခန့်မှန်းသမျှအားလုံးကို စာရွက်တစ်ရွက်မှာ ချရေးထားတယ်။
အားလုံးပြီးလို့ ပြန်တိုက်စစ်ကြည့်တော့ အံ့သြဖွယ်ကောင်းလောက်အောင် မှန်ကန်တာကို တွေ့ရတယ်။
ဒီလိုဖတ်ရှုနိုင်တဲ့အစွမ်းကို ကျွန်တော် ဘယ်လိုမှ သူတစ်ပါး နားလည်အောင် ရှင်းမပြနိုင်ဘူး၊
သေချာတာတစ်ခုကတော့ မျက်စိနဲ့ စာအုပ်ကိုမမြင်နိုင်ပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်း တွေနဲ့ စာအုပ်ကိုထိထားရင် စာအုပ်ထဲက စာတွေကိုမမှားအောင် ဖတ်ရှုနိုင်ပါတယ်…
ဟု.ပြောလေရာ ကျွန်ပ်သည် ရှန်ကာရ၏စကားကြောင့်မျက်မှောင်ကြုတ်၍
..ခင်ဗျားခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းနဲ့ ထိတွေ့ရင် စာအုပ်ကို ဖတ်နိုင်တယ် ဟုတ်လား..
ဟု မေးမြန်းမိလေ၏။
ရှန်ကာရက ခေါင်းညိတ်၍
..ဟုတ်ပါတယ်၊ ခန္ဓာကိုယ်ပေါ်က အရေပြားဖုံးအုပ်ထားတဲ့ အစိတ်အပိုင်းတွေအားလုံးက အာရုံခံစားပြီး စာအုပ်ကို ဖတ်ရှုနိုင်ပါတယ်၊
ကျွန်တော့်ကို အခန်းတစ်ခန်းထဲမှာ အလုံပိတ်ထားပြီးတစ်ဖက်ခန်းက စာအုပ်ကို ဖတ်ပြပါဆိုရင် ကျွန်တော် မဖတ်နိုင်ပါဘူး၊
အဲဒီအခန်းထဲကို ကျွန်တော် မျက်စိနဲ့မကြည့်ဘဲ ပြတင်းပေါက်ကနေ လက်ညှိုးလေးတစ်ချောင်းပဲ ထည့်ခွင့်ပြုရင်တောင် စာကိုဖတ်နိုင်ပါတယ်။
ကျွန်တော့်မျက်လုံးနဲ့မကြည့်ရပေမဲ့ လက်ညှိုးနဲ့ကြည့်ပြီး ဖတ်ရှုနိုင်တယ်လို့ ပြောချင်တာပါ…
ဟု ပြောလေ၏။
ထိုအခါ ကျွန်တော်သည် ဖဲချပ်များကိုဖတ်ရှုခြင်းနှင့်ပတ်သက်၍ စိတ်ကူးပေါက်သွားပြီး
…ဒါဆိုရင် ဖဲချပ်တွေကို ဖတ်တဲ့အခါ မောင်ရင့်ရဲ့ လက်ချောင်းတွေနဲ့ ဖဲချပ်အရှေ့ကို ပွတ်သပ်ကြည့်ဖို့လိုသလား…
ဟု မေးမြန်းလိုက်လေ၏။
ထိုအခါ ရှန်ကာရက
…ဖဲချပ်တွေကိုဖတ်ရှုတဲ့နေရာမှာတော့ လက်ချောင်းတွေနဲ့ထိတွေ့ပြီး ဖတ်ရှုစရာမလိုပါဘူး၊ ဖဲချပ်တွေက ပါးလျာလွန်းလို့လားတော့မသိဘူး၊ ဒီလိုနဲ့ မျက်စိနဲ့မကြည့်ဘဲ အရာရာကို မြင်တွေ့နိုင်တဲ့ အဆင့်တစ်ခုကို ကျွန်တော် ရရှိခဲ့ပါတယ်… ဟု ပြောလေ၏။
အပိုင်း ၆ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၆
ကျွန်ပ်သည် ရှန်ကာရဆိုသော လူထူးလူဆန်းအကြောင်းကို မှတ်တမ်းတင်နေရာမှ ၄င်း၏ဆရာကြီး ရာဂျီးနီးကို သတိရသွားပြီးနောက် ကျွန်ပ်က…ဟိမဝန္တာတောထဲကိုရောက်သွားတဲ့ ဆရာကြီး ရာဂျီးနီးနဲ့ ပြန်မတွေ့ဘူးလား…
ဟု မေးမြန်းလေ၏။
ထိုအခါ ရှန်ကာရက ခေါင်းခါယမ်း၍
…ဆရာကြီးနဲ့ ကျွန်တော် ပြန်မတွေ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ ဆရာကြီးနဲ့ အိပ်မက်ထဲမှာတော့ ခဏခဏ ကြုံတယ်၊ဒါပေမဲ့ အိပ်မက်ထဲမှာတွေ့တိုင်း ဆရာကြီးက ကျွန်တော့်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့ကြောင်း ပြောတယ်၊ နောက်ပြီးတော့ ပညာရပ်နဲ့ပတ်သက်ပြီးအစွမ်းကုန် လျှို့ဝှက်ထားဖို့ သတိပေးတယ်၊ ကျွန်တော်ဟာစိတ်စွဲလမ်းလို့ ဆရာကြီးကို အိပ်မက်မက်တာလို့ မျှော်လင့်ရတာပဲ၊ဒါကြောင့် အိပ်မက်ထဲက ဆရာကြီးရဲ့ပြောစကား တွေကို ကျွန်တော်မလိုက်နာမိတာပဲ၊ ဆရာကြီးက ပညာရပ်ကို အလေးမမူပြုရင်တစ်နေ့နေ့မှာ ကျွန်တော်ရဲ့အသက်ဇီဝိန်ကြွေမယ် လို့ သတိပေးဖူးတယ်…
ဟု ပြောလေ၏။
ထိုအခါ ကျွန်ပ်က…မောင်ရင့်ရဲ့လေ့ကျင့်ခန်းတွေကို ရပ်လိုက်ပြီလား..ဟု မေးမြန်းလေ၏။
ရှန်ကာရက ခေါင်းညိတ်၍..ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝသွားပြီဆိုတော့ညဘက် ဖယောင်းတိုင်မီးထွန်းတဲ့ လေ့ကျင့်ခန်းရော၊ မိခင်ကြီးရဲ့မျက်နှာကို ကြည့်တဲ့လေ့ကျင့်ခန်းရော မလုပ်တော့ဘူး၊ လေ့ကျင့်ခန်းမလုပ်ပေမဲ့ ကျွန်တော့်ရဲ့စွမ်းရည်သတ္တိတွေ လျော့ကျမသွားပါဘူး၊လိုင်းရင်းစီးတီး မျက်လှည့်အဖွဲ့ကြီးမှာ ကျွန်တော် ရောက်နေတာကြာပြီ၊ မျက်လှည့်ပိုင်ရှင် ဂျူးအဘိုးကြီးက ကျွန်တော့်အပေါ်မှာသိပ်ကောင်းတယ်၊ သူ့သမီးနဲ့တောင် ကျွန်တော့်ကို ပေးစားဖို့ ကြံစည်တယ်၊ ဒါပေမဲ့ ဆရာကြီး ရာဂျီးနီးရဲ့ကျင့်စဉ်တွေကို လေ့ကျင့်ပြီးတဲ့ နောက်မှာ အိမ်ရာထူထောင်ခြင်း မလုပ်ချင်တော့ဘူး၊ မျက်လှည့်အဖွဲ့မှာတော့ တစ်သက်လုံးနေတော့မယ်လို့ ဆုံးဖြတ်ထားတကျွန်တော် ဒီလို မျက်စိကိုအသုံးမပြုဘဲ မြင်နိုင်တဲ့အစွမ်းသတ္တိတွေရှိလာတာဟာ ဆရာကြီးရာဂျီးနီးရဲ့ကျေးဇူးကြောင့်ပါပဲ၊ ကျွန်တော်မသေမီ ဆရာကြီး ရာဂျီးနီးကို တစ်ကြိမ်တွေ့ချင်ပါသေးတယ်…”ဟု ပြောရင်း သူ၏ စကားကို အဆုံးသတ်လိုက်လေ၏။
ပြီးနောက်မောလျဟန်ဖြင့် ရေတစ်ခွက်ကို ယူ၍ သောက်၏။
ပြီးနောက်…ကျွန်တော် ဒီနေ့ တော်တော်ပင်ပန်းသွားတယ်၊ နယ်ပိုင်မင်းကျွန်တော့်ကို ပြန်ခွင့်ပေးပါ၊ ကျွန်တော့်ရဲ့ ထူးခြားဆန်းကြယ်တဲ့- ဘဝဇာတ်ကြောင်းတွေကို အတတ်နိုင်ဆုံး လျှို့ဝှက်ပေးပါလို့ မေတ္တာ.ရပ်ခံချင်ပါတယ်…
ဟု ပြောလေရာ ကျွန်ပ်က ရေးမှတ်နေသော မှတ်စုစာအုပ်ကို ပိတ်၍
…ဒီအတွက်တော့ စိတ်ချပါ၊ ကျုပ်ဟာ စာရေးဆရာတစ်ယောက်မဟုတ်ပါဘူး၊ မောင်ရင်ရဲ့ စွမ်းရည်သတ္တိတွေကို လူကြားချပြဖို့ရည်ရွယ်ချက်မရှိဘူး၊ မောင်ရင့်ရဲ့မှတ်တမ်းတွေကို ရေးမှတ်နေတာဟာတစ်သက်မှာတစ်ကြိမ် ကြုံတွေ့နိုင်ခဲတဲ့ ထူးခြား ဆန်းကြယ်တဲ့ဖြစ်ရပ်တွေကို အခွင့်အရေးရတုန်း မှတ်တမ်းတင်နေတာပါ…
ဟု ပြောလေ၏။ထို့နောက် ကျွန်ပ်သည် ဝီစလီကားကို ကိုယ်တိုင်မောင်းနှင်၍ လိုင်းရင်းစီးတီး မျက်လှည့်အဖွဲ့ကြီးတည်ရှိရာ မြို့ပြင်ဘောလုံးကွင်းဆီသို့ လိုက်လံပို့ဆောင်ပေးခဲ့၏။
ထိုနေ့ညက ကျွန်ပ်သည် မှတ်တမ်းကြီးကို အကြိမ်ကြိမ်အဖန်ဖန် ဖတ်ရှု၍ အိပ်မပျော်နိုင်တော့ချေ။
ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား အထူးခြားဆုံး လူသားတစ်ယောက်၏ ဘဝမှတ်တမ်းကို ကျွန်ပ်ရေးမှတ် ခဲ့လေပြီ။ထိုမှတ်တမ်းကို ဖတ်ရှုမိသူအပေါင်းသည် ကျွန်ပ်ကို ရူးသွပ်သူ တစ်ဦးဟူ၍ပင် ထင်မြင်ကောင်း ထင်မြင်ပေလိမ့်မည်။
ဤမျှထူးခြားဆန်းကြယ်ပြီး ရှားပါးသော လူတစ်ယောက်သည် လိုင်းရင်းစီးတီးကဲ့သို့ သာမန်မျက်လှည့်အဖွဲ့လေး၌ တိမ်မြုပ်မနေသင့်ဟု ကျွန်ပ် ထင်မြင်မိလေ၏။
ရှန်ကာရကဲ့သို့ မျက်စိကိုအသုံးမပြုဘဲ မြင်နိုင်သူတစ်ဦးကိုဆရာဝန်များကို ဖော်ထုတ်နိုင်လျှင် မျက်မမြင်များ၊ နားမကြားသူများအတွက် များစွာ အသုံးဝင်နိုင်၏။
ကျွန်ပ်သည် ရှန်ကာရ၏အကြောင်းများကို တွေးတောင်းထိုနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ချေ။
နောက်တစ်နေ့သို့ရောက်သောအခါ ကျွန်ပ်၏မိတ်ဆွေယစ်မျိုးအင်စပက်တော် ဦးလှဖေက…ဒီနေ့ည လိုင်းရင်းစီးတီး နောက်ဆုံးညဗျ၊ ကျုပ်တော့ကြည့်ချင်သေးတယ်…
ဟု ပြောလေရာ ကျွန်ပ်ကခေါင်းညိတ်၍ …လိုင်းရင်းစီးတီးက ဒီနေ့ပြပြီးရင် အိန္ဒိယကို ကူးတော့မှာဗျ၊ ကျုပ်တို့နိုင်ငံကို တော်တော်နဲ့ရောက်မှာမဟုတ်ဘူး၊ နောက်ဆုံးအနေနဲ့ သွားကြည့်ကြမယ်…ဟု ပြောလေ၏။
ထိုနေ့ညသို့ရောက်သောအခါ ကျွန်ပ်နှင့်မိတ်ဆွေကြီးဦးလှဖေသည် လိုင်းရင်းစီးတီးကို မျက်လှည့်ကြည့်ရန် သွားရောက်ခဲ့လေ၏။
မျက်လှည့်အဖွဲ့ပြသရာ ဘောလုံးကွင်းသို့ရောက်သောအခါနောက်ဆုံးနေ့ဖြစ်သော်လည်း လူများရှင်းလင်းနေကြောင်း တွေ့ရ၏။
မျက်လှည့်ရုံကြီးရှေ့သို့ရောက်သောအခါ ပိုစတာများ ချိတ်ဆွဲထားသော်လည်း လက်မှတ်ရောင်းသောနေရာ၌ ပိတ်ထားကြောင်းတွေ့ရ၏။မျက်လှည့်ရုံရှေ့၌ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထား၍ ဖတ်ရှုကြည့်လိုက်ရာ ယနေ့ည မျက်လှည့်မပြဖြစ်ပါကြောင်း ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးပါသည်ဟု ရေးသားထားလေ၏။
ကျွန်ပ်သည် မျက်မှောင်ကြုတ်လိုက်ပြီး မိတ်ဆွေကြီးဦးလှဖေဘက်သို့ လှည့်၍…မျက်လှည့်ရုံမှာ တစ်ခုခုဖြစ်ပြီနဲ့တူတယ်၊ ဒါကြောင့်အနီးပတ်ဝန်းကျင်မှာ ဈေးသည်တွေတောင်မရှိဘဲ ရှင်းလင်းနေတာကိုး၊ ကျုပ်တို့ စုံစမ်းကြည့်ရအောင်…ဟု ပြောလေ၏။
ထိုစဉ် မျက်လှည့်ရုံစောင့်သော အဘိုးကြီးတစ်ယောက် ရုံထဲမှထွက်လာ၍ ကျွန်ပ်က ရှေ့သို့တိုးသွားပြီး…ဒီနေ့ ဘာလို့ မျက်လှည့်မပြတာလဲဗျ…
ဟု မေးမြန်းလေ၏။
မျက်လှည့်ရုံစောင့်သော အဘိုးကြီးကဝမ်းနည်းဟန်ဖြင့်…ကျုပ်တို့မျက်လှည့်အဖွဲ့က လူတစ်ယောက်သေသွားလို့ပါ…ဟု ပြောလေ၏။
ကျွန်ပ်က အဘိုးကြီး၏စကားကြောင့်အံ့သြဟန်ဖြင့်ကြည့်၍…ဘယ်သူသေတာလဲဗျာ”…ဟု မေးမြန်းလေ၏။
အဘိုးကြီးက…ကျုပ်တို့ လိုင်းရင်းစီးတီးအဖွဲ့ရဲ့ အဘိုးတန်ဆုံး လူတစ်ယောက်ပေါ့ဗျာ၊ မျက်လုံးတွေကို အသုံးမပြုဘဲ မြင်နိုင်တဲ့လူလေ၊ရှန်ကာရဆိုတဲ့လူပေါ့ဗျာ…ဟု ပြောလေရာ ကျွန်ပ်သည် အဘိုးကြီး၏စကားကြောင့်မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးသွားပြီး…ဘာ ရှန်ကာရ သေသွားပြီ ဟုတ်လား၊ မနေ့ကတောင်သူ ကျန်းမာရေးကောင်းနေသားပဲ၊ ဘာဖြစ်လို့ သေရတာလဲ…
ဟု မေးမြန်းလေ၏။ အဘိုးကြီးက…ကျုပ်တို့လည်း ရေရေရာရာ မပြောနိုင်ပါဘူး၊ ဒီနေ့နံနက်သူ့ကို အိပ်ရာထဲမှာ သေနေတာတွေ့ရတာပဲ၊ မျက်လှည့်အဖွဲ့မှာတော့ဒါမျိုးတွေ တွေ့တတ်ပါတယ်၊ ထူးခြားမှုတစ်ခုတော့ မဟုတ်ပါဘူး၊လူတိုင်းဟာ သေမျိုးချည်းပဲ မဟုတ်လား…
ဟု ပြောလေရာ ကျွန်ပ်သည် ရှန်ကာရ၏မျက်နှာကို မြင်ပြီးကရုဏာစိတ်ဖြင့် ခေါင်းခါယမ်းကာ…သူဟာ မျက်လုံးတွေကို အသုံးမပြုဘဲ အရာဝတ္ထုတွေကိုမြင်နိုင်တဲ့ အထူးဆန်းဆုံးလူဗျ။ သူလိုလူဟာ ဘာကြောင့် အခုလိုလွယ်လွယ်သေဆုံးရတာလဲ၊ သူဟာ ကမ္ဘာပေါ်မှာ တစ်ယောက်တည်းရှိတဲ့ ရှားရှားပါးပါး လူတစ်ယောက်ဗျ…
ဟု ဝမ်းနည်းစွာ ရေရွတ်နေမိ၏။ မျက်လှည့်အဖွဲ့ကို အဘိုးကြီးက ကျွန်ပ်၏အမူအရာကို ကြည့်၍
….အထူးခြားဆုံးလူလည်း တစ်ချိန်မှာ သေဆုံးရမှာပဲ၊စောစောသေတာနဲ့ နောက်ကျသေတာပဲ ကွာခြားမှုရှိတာပါ၊ ရင်ထဲမှာ တရားရှိရင် အရာရာကို သိနားလည်လိမ့်မယ်၊ တရားရှိအောင်ကြိုးစားပါ…
ဟု ပြောရင်း မျက်လှည့်ရုံထဲသို့ ပြန်လည်ဝင်ရောက်သွားလေ၏။
ကျွန်ပ်သည် အဘိုးကြီး၏နောက်ကျောကိုကြည့်၍ ခေါင်းခါယမ်းလိုက်ပြီး …ရှန်ကာရ ဘာဖြစ်သွားရတာလဲ၊ နှမြောလိုက်တာဗျာ…..
ဟု အကြိမ်ကြိမ် ရေရွတ်နေလေ၏။ကျွန်ပ်၏အမူအရာကို မိတ်ဆွေကြီး ကိုလှဖေက နားမလည်ဟန်ဖြင့် ကြည့်နေရှာ၏။
ကျွန်ပ်သည်မည်သည့်စကားကိုမျှ မဆိုတော့ဘဲ ကားကိုပြန်လည်မောင်းနှင်လာခဲ့၏။
ရှန်ကာရသည် လွန်ခဲ့သောနေ့က ကျွန်ပ်အား သူ့ဘဝဇာတ်ကြောင်းကို မချွင်းမချန်ပြောပြ၏။
ရှန်ကာရသည် ကျွန်ပ်ကို မြင်မြင်ချင်း ရင်းနှီးခင်မင်ခဲ့သည်ဆို၏။
ထို့ကြောင့်ပင် လျှို့ဝှက်အပ်သော ဘဝနောက်ကြောင်းများကို ပြောပြခဲ့ခြင်းဖြစ်၏။
ရှန်ကာရသည် လွန်စွာထူးခြားဆန်းကြယ်ပြီး လူသာမန်များကျင့်နိုင်ခဲလှသော ကျင့်စဉ်ကို အောင်မြင်ခဲ့သူဖြစ်၏။
သူ၏ထူးခြားလျှို့ဝှက်သောအစွမ်းကို အခကြေးငွေယူ၍လူအများကို ပြသခဲ့၏။
သူ၏လျှို့ဝှက်အပ်သော ကျင့်စဉ်များကိုလည်း ကျွန်ပ်ကဲ့သို့ သာမန်လူတစ်ယောက်ကို အိတ်သွန်ဖာမှောက်ပြောပြပြီး မှတ်တမ်းများ ရေးသွင်းစေခဲ့၏။ထို့ကြောင့် မမြင်ရသော ပုဂ္ဂိုလ်များက ရှန်ကာရအား အပြစ်ဒဏ် ချမှတ်လိုက်ခြင်းပင်လော။
ဤသို့ဆိုလျှင် ဆရာကြီး ရာဂျီးနီးက အိပ်မက်ထဲတွင် သတိပေးချက်များသည် အမှန်ပင် ဖြစ်နေပေသလော။ တိုက်ဆိုင်မှုပေလော။
တွေးမရအောင် ဖြစ်မိ၏။
ကျွန်ပ်သည် ထိုနေ့မှစ၍ ရှန်ကာရနှင့် တွေ့ဆုံခဲ့သောအကြောင်းအရာများကို မေ့ပစ်နိုင်အောင် ကြိုးပမ်းရလေ၏။မည်သို့ပင်ဖြစ်စေ အထက်၌ ကျွန်ပ်ရေးမှတ်ခဲ့သော ရှန်ကာရနှင့် ပတ်သက်သော အကြောင်းသည် ကျွန်ပ် ၏သဘော ဆန္ဒ နှင့် ပြင်ဆင်ရေးသားခြင်းအလျဉ်းမရှိဘဲ ရှန်ကာရ၏ ပြောဆိုချက်များကိုသာ တိကျစွာ မှတ်တမ်းတင်ထားခြင်း ဖြစ်ပေတော့၏။
(နယ်ပိုင်ဝန်ထောက်မင်း ဦးဇေယျ)
၊ဤနေရာတွင် ညောင်ပင်ကြီးအနောက်သို့ဝင်၍ သားရေဖုံးစာအုပ်ကလေးကို ဖတ်ရှုနေသော ဘိုးစံ၏အကြောင်းကို ဆက်ပါဦးမည်။
ဘိုးစံသည် နယ်ပိုင်ဝန်ထောက်မင်း ဦးဇေယျကိုယ်တိုင် ရေးသားထားသော စာအုပ်ကို ဖတ်ရှုပြီးနောက်
…စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက အလွန်ထူးခြားဆန်းကြယ်ပြီး မယုံနိုင်စရာကောင်းလိုက်တာ၊ ဒါဆိုရင် လူထူးလူဆန်းရှန်ကာရဆိုတဲ့လူဟာ တကယ်ပဲ မျက်စိနဲ့မကြည့်ဘဲ အရာဝတ္ထုတွေကိုမြင်နိုင်သူပေါ့၊ ဒါမှမဟုတ် ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာနယ်ပိုင်ဝန်ထောက်မင်း ဦးဇေယျ စိတ်ရူးပေါက်ပြီး ရေးချင်တာရေးထားတာတွေလား၊ ဒီလိုလည်း မဖြစ်နိုင်ပါဘူးလေ၊ စာအုပ်ထဲကအကြောင်း အရာတွေဟာ အစစ်အမှန်တွေဖြစ်လို့ လူ့အသက်နှစ်ချောင်းဆုံးရှုံးခဲ့ရတာပဲ၊ လူ့အသက်နှစ်ချောင်းတောင် မကပါဘူး၊ ငါ့ရဲ့ကျေးဇူးရှင် မိန်းမလျာကြီး ညမွှေးပန်းရဲ့ အိမ်ကြီးတောင် မီးလောင်သွားခဲ့ရတယ်၊ ငါဟာ ဒီစာအုပ်ကလေးကို အင်မတန် ကံထူးလို့ရခဲ့တယ်၊ စာအုပ်ထဲက ရှန်ကာရဆိုတဲ့လူလို အစွမ်းသတ္တိရှိရင် ဘာကိုအကျိုးရှိမလဲဟု မျက်မှောင်ကြုတ်၍ စဉ်းစားနေမိ၏။
ထို့နောက် တစ်စုံတစ်ရာကို အတွေးပေါက်သွားပြီး’
… ဟိုက်… ဟုတ်ပြီ၊ ဒီလူရဲ့အစွမ်းအစမျိုးရှိရင် ငါ သူဌေးဖြစ်ပြီပေါ့၊ ဘုရား ဘုရား .. ငွေတွေကို ထားစရာတောင်ရှိမှာမဟုတ်ဘူး၊ တစ်လောကလုံးမှာ ငါလုပ်ချင်တာ လုပ်ခွင့်ရမယ်၊ မြန်မာပြည်မှာ ကျင်းပသမျှ ဘုရားပွဲတွေမှာ လေးကောင်ဂျင်ဝိုင်းတွေ၊ ၃၆ ကောင်
ထီတွေ၊ ပါထန်ဝိုင်းတွေ အများကြီးပဲ၊
ဒီဝိုင်းကြီးမှာသွားပြီး အစွမ်းပြလိုက်ရင် ငွေတွေကို ဖွေးခနဲ၊ ဖွေးခနဲ နေမှာပဲ၊ ဟုတ်ပြီ… ဒီစာအုပ်ထဲက ကျင့်စဉ်တွေကို သေသေချာချာဖတ်ပြီး ငါ လေ့ကျင့်ရမယ်၊ကျင့်စဉ်တွေအောင်မြင်သွားပြီဆိုရင်တော့ ငါ့အတွက် ရွှေလိုချင်ရွှေဖြစ်မယ်၊ ငွေလိုချင် ငွေဖြစ်မယ်၊ ဒါဆိုရင် မီးလောင်သွားတဲ့ညမွှေးပန်းကြီးရဲ့အိမ်ထက် ဆယ်ဆလောက်ကြီးတဲ့အိမ်ကြီးကို ငါဆောက်နိုင်ပြီ၊ ဟား ဟား ဟား… ဒါဆိုရင် ငါ့ကို ဝိုင်းနိုင်နေတဲ့လူတွေ ငါ့ကို မော့ကြည့်ကြရမယ်၊ ငါ့ကိုနှိမ်တဲ့လူတွေထဲမှာ တောင်ပြုန်းက မိန်းမလျာတွေ အဆိုးဆုံးပဲ၊ ငါချမ်းသာလာပြီဆိုရင် ငါ့အနားမှာအချွေအရံတွေ ဝိုင်းဝိုင်းလည်နေမှာပဲ၊ အခုလို တစ်ကောင် ကြွက်တစ်မျက်နှာ မဟုတ်တော့ဘူး၊ ရန်ကုန်မြို့တော်ကြီးက ပညာတတ်အချောဆုံး အလှဆုံး မိန်းမတစ်ယောက်ကို ခေါင်းခေါက် ယူပစ်လိုက်မယ်၊ လောကမှာ အဓိက က ငွေပဲ၊ လက်ထဲမှာ ငွေတွေအများကြီးရှိဖို့ပဲ၊ ခါးကုန်းကြီးပြောတာ မှတ်မိတယ်၊ ငွေဟာ ဒုတိယမြောက် ဘုရားသခင်တဲ့၊ ငွေရှိရင် အရာရာမှန်တယ်၊ ကောင်းတယ်ဖြစ်သွားကြတာပဲ၊ ငွေရှိလဲ့လူလုပ်တာမှန်သမျှ တင့်တယ်တယ်၊ ငါ့ဘဝတစ်လျှောက်လုံး ငွေမရှိလို့ အနှိမ်ခံခဲ့ရတယ်၊ စိတ်ဆင်းရဲခဲ့ရတယ်၊ မိန်းမလျာတွေကတောင် ငါ့ကို လူရာမသွင်းချင်ဘူး၊ ဒီနေ့ဒီအချိန်ကစပြီး ငါ့ရဲ့ကံဇာတာတွေ ကောင်းမွန်လာပြီထင်တယ်၊ကြည့်စမ်း— နယ်ပိုင်ဝန်ထောက်မင်း ဦးဇေယျရဲ့မှတ်တမ်းကို လိုချင်တဲ့လူနှစ်ယောက် အသက်ပေးသွားရတယ်၊ မိန်းမလျာကြီး ညမွှေးပန်းလည်း နယ်ပိုင်ဝန်ထောက်မင်းဆီမှာ အိမ်ဖော်အဖြစ်လုပ်ကိုင်ပြီးစာအုပ်ကြီးကို ခိုးယူခဲ့တယ်၊ မိန်းမလျားကြီးဟာ စာအုပ်ကြီးကိုနှစ်ပေါင်းများစွာ သိမ်းထားပြီး ဘာမှဖြစ်မလာဘူး၊ ငါတစ်ယောက်တည်း အတိတ်ကံကောင်းလွန်းလို့ လက်ထဲကို စာအုပ်ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့တာပဲ၊ ဒီနေ့ ငါ့လောက်ဆင်းရဲနွမ်းပါးပြီး အခြေအနေမဲ့တဲ့သူ ရှိမလား၊ ဒီကျင့်စဉ်ကြီးကိုလေ့ကျင့်လို့ မအောင်မြင်ရင်လည်း ငါ့မှာ အရှုံးမရှိပါဘူး၊ ဒုံရင်းကဒုံရင်းအတိုင်းပါပဲ၊ ဒီနေ့ကစပြီး ငါ့ရဲ့စားဝတ်နေရေးအတွက် အလုပ်တစ်ခုရအောင်ရှာမယ်၊ အလုပ်ရရင် စာအုပ်ထဲက ကျင့်စဉ်တွေကိုငါအေးအေး ဆေးဆေး ကျင့်နိုင်ပြီ၊ ခါးကုန်းကြီးပြောတဲ့စကားရှိတယ်၊ဘာပဲလုပ်လုပ် စိတ်ဆန္ဒက အရေးကြီးဆုံးတဲ့၊ စိတ်ဆန္ဒပြင်းပြရင်ဘာမဆိုအောင်မြင်မယ်တဲ့၊ ငါ့စိတ်တွေ ဒီလောက်ပြင်းထန်နေတာ၊ငါ မအောင်မြင်ဘဲ နေမှာလား….
ဘိုးစံသည် အထက်ပါအတိုင်း တစ်ကိုယ်တည်း တွေးတောပြီး ကပ္ပိယကြီးထံသို့ ပြန်ထွက်ခဲ့၏။
ထိုအချိန်၌ ညနေစောင်းအချိန်သို့ပင် ရောက်ရှိနေပြီ။ ဘိုးစံတစ်နေကုန် ထမင်းမစာရသေးချေ။
ကပ္ပိယကြီးသည် ဘိုးစံ ပြန်လည်ရောက်ရှိလာသောအခါ
…တစ်နေကုန်အိပ်ပြီး ပြန်လာပြီပေါ့၊ ဟောဒီမှာ မင်းအတွက်ဆန်ပြုတ်ရှိတယ်…ဟု ပြောလေ၏။
ဘိုးစံက ဆန်ပြုတ်ပန်းကန်ကို အမြန်ဆုံးသောက်လိုက်ပြီးဗိုက်ထဲမှာ အဆာပြေသွားပြီ၊ ကပ္ပိယကြီးဆီမှာ အကူအညီတောင်းစရာရှိတယ် ဟု ပြောလေ၏။ ကပ္ပိယကြီးက မျက်မှောင်ကြုတ်၍
…ဆန်ပြုတ်သောက်ပြီးတော့ ပိုက်ဆံချေးမလို့လား၊ ငါ့ဆီမှာချေးစရာ ပိုက်ဆံမရှိဘူး၊ ကိုယ့်လူ…
ဟု ပြောလေ၏။ ဘိုးစံက ရယ်မော၍…ကပ္ပိယကြီးက ကျုပ်ကို တော်တော်အထင်သေးတာပဲ၊ပိုက်ဆံမချေးပါဘူးဗျာ၊ ကျုပ် အလုပ်တစ်ခုလုပ်ချင်လို့ဗျ၊ ဘာအလုပ်ပဲဖြစ်ဖြစ် မရွေးဘူးဗျာ၊ လောလောဆယ် ကျုပ်ရဲ့စားဝတ်နေရေးအဆင်ပြေရင် ကျေနပ်ပြီဟု ပြောလေ၏။ ဘိုးစံ၏စကားကြောင့် ကပ္ပိယကြီးက…အလုပ်တစ်နေရာတော့ ချက်ချင်းရမယ်၊ ဒါပေမဲ့ ဒီအလုပ်ကို မြို့ပေါ်မှာ ဘယ်သူမှမလုပ်ချင်ကြဘူး….
ဟုပြောလေရာ ဘိုးစံက
…ဘယ်သူမှမလုပ်ချင်တဲ့အလုပ်ကို ကျုပ်လုပ်မယ်၊ ဘာအလုပ်လဲ….
ဟုဆိုလေ၏ ။ ကပ္ပိယကြီးက
….ငါ့မိတ်ဆွေ လူ့ဂွစာကြီး ဦးဂွတိုဆီမှာ လုပ်ရမှာဦးဂွတိုက တို့မြို့မှာ စိန်ဘုရင်ဆိုပြီး ပေါင်မုန့်လုပ်ရောင်းတယ်။
ဦးဂွတိုရဲ့ပေါင်မုန့်က သိပ်အကောင်းကြီးမဟုတ်ပေမဲ့ မြို့ပေါ်မှာတော့တစ်ခုတည်းသော ပေါင်မုန့်ပေါ့ကွာ၊ ဦးဂွတိုဟာ နာမည်နဲ့လိုက်အောင် ဂွကျလွန်းလို့ သူ့ဆီမှာ ဘယ်သူမှမလုပ်ချင်ဘူး၊ ပြောနေကြာတယ်၊ ငါနဲ့လိုက်ခဲ့ကွာ….
ဟု ပြောကာ ဘိုးစံအား ဦးဂွတိုဆီသို့ ခေါ်ဆောင်သွားလေ၏။
ဦးဂွတို၏အိမ်သို့ရောက်လျှင် အသက် ၆ဝ ဝန်းကျင် လူကြီးတစ်ဦးထွက်လာပြီး ဘိုးစံကို ရှူတင်းတင်းကြည့်ကာ
…ဒီမြို့ကလူမဟုတ်ဘူး၊ ဒါကြောင့် ငါ့ရဲ့စိန်ဘုရင် ပေါင်မုန့်လုပ်ငန်းမှာ လာပြီးလုပ်ဝံ့တာကိုး၊ ကပ္ပိယကြီး.. ဒီကောင့်ကိုထားခဲ့ဗျာ၊ ကျုပ်မေးချင်တာ မေးမယ်၊ ဒီကောင်လည်း ဖြေချင်ရာဖြေလိမ့်မယ်၊ ကြိုက်ရင်ခန့်မယ်၊ မကြိုက်ရင် မခန့်ဘူး၊ ဒီကောင်ကျုပ်ဆီမှာ အလုပ်ရသွားရင်တော့ ကပ္ပိယကြီးအတွက် နေ့စဉ်ပေါင်မုန့်တစ်လုံး တစ်လတိတိ ပို့ခိုင်းပေးမယ် ”
ဟု ပြောလေရာ ကပ္ပိယကြီးက ဝမ်းသာအားရဖြင့်….ပျော်စရာပဲ၊ ဆန်ပြုတ်သောက်ရာကနေ ပေါင်မုန့် ပြောင်းစားရတော့မယ်…ဟု ပြောလေ၏။ကပ္ပိယကြီးပြန်သွားသောအခါ ဦးဂွတိုက ဘိုးစံ၏ရုပ်လက္ခဏာကိုအကဲခတ်၍
….ဥပဓိရုပ်ကတော့ ကောင်းတယ်ကွာ၊ လူချောလူခန့်တစ်ယောက်ပဲ၊ မိန်းကလေးတွေကျမဲ့ရုပ်မျိုး၊ ဒါပေမဲ့ ငါက ဥပဓိရုပ်သန့်တဲ့ယောက်ျားမျိုးကို မကြိုက်ဘူး၊ ဥပဓိသိပ်ကောင်းရင် ဥပဓိအားကိုးနဲ့ လက်ကြောမတင်းချင်ဘူး၊ ငါလိုလူနဲ့ ဒီအလုပ်နဲ့ တူလို့လား၊တန်လို့လားလို့ ဘဝင်မြင့်ပြီး သွေးနထင်ရောက်တတ်တယ်၊ ဥပဓိသန့်တဲ့အတွက် ပိုပြီးသန့်အောင် ပြန့်အောင် ကြိုးစားကြတယ်၊ ဒီလိုကြိုးစားရင်း ယောက်ျားဟန်ပျက်ပြီး မိန်းမဟန်ပြောင်းသွားတာများတယ်၊ ဒီလိုယောက်ျားမျိုးဟာယောက်ျားတန်မဲ့ မျက်နှာကိုစနိုးလိမ်း၊ အမွှေးနံ့သာတွေသုံးပြီး မိန်းမထက် ပိုအလှပြင်ကြတယ်။ တစ်ခါတုန်းက လင်မယားနှစ်ယောက်ဟာ ယောက်ျားနဲ့မိန်းမ ဆွဲကြိုးတစ်ကုံးကို သူဆွဲမယ်၊ ငါဆွဲမယ်ဆိုပြီး လုဆွဲတာ မြင်ဖူး တယ်။
ဒါဟာ ယောက်ျားတစ်ယောက်ရဲ့စရိုက်ပျက်သွားလို့ကွ၊ ယောက်ျားဆိုတာ ရုန်းကန်ဖို့ ကြိုးစားရတယ်၊ တည်ဆောက်ရတယ်၊ ကာကွယ်တတ်ရတယ်၊ သူတို့မှာ အလှပြင်ဖို့ အချိန်မရဘူး၊ အလှပြင်တာမိန်းမတွေအလုပ်ကွ…
ဟု ပြောလေရာ ဘိုးစံသည် ဦးဂွတို၏စကားကြောင့် မိမိ၏ခံစားချက်နှင့် ကိုက်ညီနေသဖြင့် အားပါးတရ ထောက်ခံလေ၏။ဘိုးစံက
…သိပ်ဟုတ်တာပေါ့ ဦးလေးရာ၊ ယောက်ျားတန်မဲ့ မိန်းမတွေလို ကနွဲ့ကလျပြောပြီး အလှပြင်နေတဲ့ ယောက်ျားတွေကို ကျွန်တော်သိပ်မုန်းတာပဲ၊ ဒီလိုလူမျိုးတွေဟာ မိန်းမရရင် မိန်းမကို လုပ်မကျွေးတဲ့အပြင်မိန်းမထမီနား ခိုစားမဲ့ကောင်တွေဗျ၊ ကျွန်တော်က ဥပဓိကောင်းပေမဲ့ကနွဲ့ကလျ မလုပ်ပါဘူး၊ ကျားဆိုမှ ကျားပါဗျ…
ဟု ဆိုကာ လက်ခမောင်းကို တဖြောင်းဖြောင်းခတ်လိုက်လေ၏။ ဦးဂွတိုသည် ဘိုးစံ၏အမူအရာကို သဘောကျဟန်ဖြင့် ကြိုက်သွားပြီ၊ မင်းနဲ့ ငါ ပေါင်းလို့ရတာ သေချာသွားပြီ…
ဟုပြောလေတော့၏။
အပိုင်း ၇ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၇
လူဂွစွာကြီး ဦးဂွတိုက ဖိုးစံကို မေးခွန်းများ ဆက်မေးပြန်၏။
…ဒီမှာ ဘိုးစံမင်းကို မေးရဦးမယ်၊ ယောက်ျားကောင်း မောင်းမတစ်ထောင် ဆိုတဲ့ စကားကို လက်ခံသလား…
ဟု မေးမြန်းလေ၏။
ဘိုးစံသည် ဦးဂွတို၏အမေး
ကြောင့်မျက်မှောင်ကြုတ် ၍ ..ယောက်ျားကောင်းရင် မောင်းမတစ်ထောင် ဟုတ်လား၊ ယောက်ျားတစ်ယောက်က မိန်းမအများကြီးယူရမယ်လို့ ဆိုလိုတာ လား၊ ဒါတော့ မကောင်းဘူးထင်တယ်…ဟု ပြောလေ၏။
ဦးဂွတိုသည် ဘိုးစံ၏စကားကြောင့် ခေါင်း ခါယမ်းလိုက်ပြီး
…ကောင်းတယ်ကွ၊ ယောက်ျားတစ်ယောက်ရဲ့သဘာဝဟာ မိန်းမတစ်ယောက်နဲ့ ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး၊ ယောက်ျား တွေဟာ အသစ်အဆန်း သိပ်မက်တယ်…
ဟု ပြောလေရာ ဘိုးစံသည် ဦးဂွတိုကြီး၏စကားကို လိုက် မမီနိုင်သဖြင့် ခေါင်းခါယမ်းလိုက်ပြီး
…ဦးလေးပြောတာ ကျုပ် နားမလည်ဘူး၊ ကျုပ်ဟာ ချစ်သူလည်း မရှိဘူး၊ အိမ်ထောင်လည်း မပြုဖူးဘူး…
ဟု ပြောလေ၏။
ဘိုးစံ၏စကားကို နားထောင်၍ ဦးဂွတိုကရယ်မော၍
…ဟား ဟား ဟား… မင်းမသိသေးတဲ့အရာတွေကိုမဆွေးနွေးတော့ပါဘူးကွာ၊ အိမ်ထောင်ပြုတယ်ဆိုတာ ဥပဒေဘောင်အတွင်းက ပြည်တန်ဆာစနစ်တစ်ခုပါပဲကွာ၊ ယောက်ျားနဲ့မိန်းမ အတူနေခွင့်ရဖို့အတွက် လူမှုပတ်ဝန်းကျင်က သတ်မှတ်ပေးလိုက်တာပဲ၊ဒါနဲ့နေပါဦးကွ၊ မင်း ပေါင်မုန့်စားဖူးတယ် မဟုတ်လား…
ဟုမေးလေရာ ဘိုးစံက…စားဖူးပါတယ်ဗျာ၊ ပေါင်မုန့်ကို ကျုပ် တော်တော်ကြိုက်တယ်
……ဒါဆိုရင် အတော်ပဲ၊ မင်းကို ငါ့ရဲ့မူပိုင်ပေါင်မုန့်ဖုတ်နည်းကို တစ်ပတ်အတွင်း အပြီးသင်ပေးမယ်၊ ဘာကြောင့်လဲဆိုတော့တစ်ပတ်ပြည့်ရင် ငါ ဒီမြို့က မရှိတော့ဘူး…
ဟု ပြောလေရာ ဘိုးစံသည် ဦးဂွတိုကို အံ့သြဟန်ဖြင့် ကြည့်၍
…ဦးလေးက ဘုရားဖူးခရီးထွက်မလို့လား…ဟု မေးမြန်းလေ၏။
ဦးဂွတိုက ခေါင်းခါယမ်း၍
…ငါ့ရုပ်ကို သေသေချာချာကြည့်စမ်း၊ ဘုရားဖူးထွက်မဲ့ရုပ်လား၊ ငါ ဒီမြို့ကမရှိတော့ဘူးဆိုတာ မိန်းမခိုးပြေးမလို့ကွ….
….ဗျာ ဦးလေးက ဒီအရွယ်ရောက်မှ မိန်းမခိုးပြေးမလို့ဟုတ်လား၊ မသင့်တော်ပါဘူးဗျာ……
ငါ့အရွယ်က ဘုရားသွား ကျောင်းတက် လုပ်သင့်တဲ့အရွယ်လို့ ဆိုချင်တာလား၊ ငါ့တစ်သက်မှာ ဘယ်တော့မှ ဟန်ဆောင်ပြီး မလုပ်ဘူး၊ ငါ ဘယ်ဘုရား၊ ဘယ်ကျောင်းမှ မသွားချင်ဘူး၊ငါ လောလောဆယ် မိန်းမတစ်ယောက်နဲ့ပဲ အတူနေချင်တယ်၊ ဟားဟား ဟား .. မင်း ငါ့ကို ဘာကြည့်တာလဲ၊ ဦးလေး အသက်ကြီးပါပြီလို့ ဆိုချင်တာလား၊ အသက်ကြီးလို့ လုပ်ချင်တာကို လုပ်တာကွ၊ လောကမှာ လူတွေဟာ တစ်သက်လုံး ကိုယ်ဖြစ်ချင်တာကိုမျိုသိပ်ပြီး ဟန်ဆောင်နေခဲ့တယ်၊ တကယ်တော့ လူတိုင်း လူတိုဟာလူ့လောကကြီးမှာ ငါဘယ်နှစ်နှစ်လောက်နေရမလဲဆိုတာ ဆန်းစစ်သင့်တယ်၊ ငါ့အသက် ၆၀ ရှိပြီ၊ နောက်ထပ် ငါနေရလှရင် ၅နှစ်ပေါ့ကွာ၊ ဒါတောင် ငါ့ကျန်းမာရေးကောင်းနေမှနော်၊ ငါ့မိတ်ဆွေတစ်ယောက်ကို တွေ့ဖူးတယ်၊ အသက် (၇၀)နားကပ်နေပြီ၊ ပိုက်ဆံကို လူငယ်လေးတစ်ယောက်လို အရူးအမူးရှာဖွေနေတုန်းရှိသေးတယ်၊ဒီလူနေရလှရင် လူ့ဘဝမှာ ငါးနှစ်ပေါ့ကွာ၊ သူနေရမဲ့ ငါးနှစ်ဆိုတာဟိုလှည့် ဒီလှည့်နဲ့ အချိန်ကုန်သွားမှာပါ၊ အချို့ အသက်ခုနစ်ဆယ်ရောက်မှ စာသင်နေတာ သေမင်းနဲ့တွေ့ရင် အသုံးချဖို့လား၊ ဒီအရွယ်ကြီးရောက်မှ ဘာကိုမှဟန်ဆောင်မနေနဲ့တော့၊ လူ့ဘဝဆိုတာ အများရှေ့မှာ အထင်ကြီးအောင် ဟန်ဆောင်ရတဲ့ ခပ်ကြောင်ကြောင်ဘဝကြီးကွ၊ လူတွေ အထင်ကြီးအောင်လုပ်ထားတဲ့ လူမှုစည်းကမ်းဆိုတာ ဘာအဓိပ္ပာယ်မှမရှိဘူး၊အားလုံး ဟန်ဆောင်ထားတဲ့အရာတွေချည်းပဲကွ၊ ငါ့အရွယ် အဘိုးကြီးအဘွားကြီး တော်တော်များများဟာ ဟန်ဆောင်ပြီး ဘုရားကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်နေကြတယ်၊ သူတို့ရင်ထဲမှာ ဘာရှိသလဲဆိုတာ သူတို့အသိဆုံးပဲကွ၊ လောကမှာ လူတွေဟန်ဆောင်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရတာ ငါအမုန်းဆုံးပဲ၊ ဒါကြောင့်ငါ့ရဲ့အရိုးသားဆုံးဆန္ဒအတိုင်း မြို့ပေါ်က မခင်လှဆိုတဲ့ အပျိုကြီးကို ငါ ခိုးဖို့ဆုံးဖြတ်လိုက်ပြီကွ၊ တကယ်တော့ မခင်လှဟာ အပျိုကြီးအမည်ခံထားပေမဲ့ အပျိုကြီးအစစ်လည်း မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ်ငါမသေခင် မိန်းမတစ်ယောက်နဲ့ ပျော်ပျော်ပါးပါး နေချင်သေးတယ်၊ငါ့ရဲ့လိုအင်ဆန္ဒတွေကို မခင်လှက ဖြည့်ဆည်းပေးလိမ့်မယ်…
ဟု ပြောလေ၏။
ဘိုးစံသည် ဦးဂွတို၏စကားကြောင့်မျက်မှောင်ကြုတ်၍
…ဦးလေးက ဘာဖြစ်လို့ မခင်လှကို ခိုးပြေးရတာလဲ “..
ဟု မေးမြန်းလေ၏။ ထိုအခါ ဦးဂွတိုက ရယ်မော၍
…မခင်လှရဲ့အမေက အရင်တုန်းက ငါ့ရဲ့ငယ်ရည်းစားကွမခင်လှရဲ့အမေက ငါ့ကို မုဆိုးမဖြစ်မှ ပြန်မျှော်လင့်နေတယ်၊ သူ့သမီးနဲ့ သဘောမတူဘူးလို့ ငြင်းတယ်၊ နွားအိုမြက်နုကြိုက်ဆိုတဲ့စကားကိုမင်း ကြားဖူးတယ် မဟုတ်လား၊ အသက် (၅၀) ရှိတဲ့ မိန်းမကြီးကိုငါက ဘာလုပ်ရတော့မှာလဲကွ၊ မခင်လှက အသက်သုံးဆယ်စွန်းစွန်းလေးပဲ ရှိသေးတယ်…
ဟု ပြောလေရာ ဘိုးစံက ဦးဂွတိုကိုကြည့်၍ ရယ်မောကာ
…ဦးလေးက အမေနဲ့သမီးကြားက ဇာတ်လမ်းပဲဗျ၊ ဦးလေးစိတ်ချမ်းသာသလို လုပ်ပါဗျာ၊ ဦးလေးရဲ့ စိန်ဘုရင်ပေါင်မုန့်လုပ်ငန်းမပျက်စီးစေရဘူး၊ ကျုပ် တာဝန်ယူတယ်…
ဟု ကတိပေးလိုက်လေ၏။
ဦးဂွတိုသည် ဘိုးစံအား သူ၏ပေါင်မုန့်လုပ်နည်းကို သင်ပြပေးလေ၏။
ပေါင်မုန့်လုပ်ရန် ဂျုံ၊ တဆေး စသည့် ကုန်ကြမ်းများကိုမြို့ထဲမှ ဝယ်ယူနိုင်သည်ဆို၏။
ဦးဥတိုသည် ပေါင်မုန့်ကို ဖိုထဲသို့ထည့်၍ အကြိမ်ကြိမ် မီးဖုတ်ပြလေ၏။
ဘိုးစံသည် မကြာမီ ပေါင်မုန့် ကောင်းစွာဖုတ်တတ်သွားလေ၏။
ဘိုးစံ ပေါင်မုန့်ဖုတ်တတ်ပြီး တစ်ပတ်အကြာတွင် ဦးဂွတိုအိမ်မှ ထွက်ခွာသွားလေ၏။
ဦးဂွတိုက ဘိုးစံ၏ပခုံးကိုဖက်၍.
..မင်းကို ငါ့ရဲ့အိမ်နဲ့လုပ်ငန်းကို ယုံယုံကြည်ကြည် အပ်နှံခဲ့တယ်၊ ငါ မိန်းမခိုးမဲ့အကြောင်းကို တစ်မြို့လုံးမှာ မင်းကလွဲလို့ဘယ်သူမှမသိဘူးကွ၊ မြို့ပေါ်ကလူတွေဟာ ငါနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြဘူး၊ သူတို့က ငါ့ကို လူ့ဂွစာကြီးလို့ ဆိုတယ်၊တကယ်တော့ မြို့ပေါ်ကလူအများစုဟာ လူလိမ်လူညာတွေကွ၊ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတဲ့လူတွေ၊ ဒါတွေ ထားလိုက်ပါတော့ကွာ၊ ငါ ဘယ်တော့ပြန်လာမယ် မပြောနိုင်ဘူး၊ တစ်နေ့နေ့ ငါပြန်လာခဲ့မယ်၊ ငါ့ရဲ့အိမ်နဲ့လုပ်ငန်းကို ဂရုစိုက်ပါ၊ မင်းဟာ သစ္စာရှိမယ်လို့ ငါယုံပါတယ်…
ဟု ပြော၍ အိမ်မှထွက်ခွာသွားလေ၏။
ဘိုးစံသည် ထိုအချိန်မှစ၍ လူ့ဂွစာကြီး ဦးဂွတို၏အိမ်၌နေထိုင်၍ ပေါင်မုန့်ဖုတ်သောအလုပ်ကို လုပ်ရလေ၏။
ပေါင်မုန့်များ ပြီးစီးသောအခါ မှန်ဘီရိုထဲသို့ထည့်၍ ရောင်းချရလေ၏။
ဦးဂွတို၏ ပေါင်မုန့်ဖောက်သည်များသည် အိမ်သို့ လာရောက်ဝယ်ယူကြလေ၏။
ထိုသူများသည် ဦးဂွတိုကို မမြင်သောအခါ ဘိုးစံကို စပ်စုကြလေ၏။
ဘိုးစံသည် ဦးဂွတို သင်ကြားပေသည့်အတိုင်း
…ဦးဂွတိုကြီး မိန်းမခိုးသွားပြီ၊ ဘယ်မိန်းမကိုခိုးသလဲဆိုတော့မြို့ပေါ်က အလှထိပ်ခေါင် အပျိုကြီး မခင်လှကိုဗျ၊ ကျုပ်က ဦးဂွတိုရဲ့ပေါင်မုန့်ပညာသင် တပည့်ပါ…
ဟု ပြောလေ၏။
ဘိုးစံ၏အဖြေကြောင့် မြို့ပေါ်ရှိလူများသည် မယုံနိုင်အောင် အံ့သြသွားကြလေ၏။
ထိုအချိန်၌ မခင်လှလင်နောက် လိုက်သွားသည့် သတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားလေ၏။
ထိုသတင်းကိုကြားသောအခါအချို့က ဦးဂွတိုကြီးအား
…ဘုရားသွားကျောင်းတက် လုပ်ရမဲ့အရွယ်မှာ သမီးအရွယ်မိန်းမကို ခိုးယူတယ်၊ တဏှာရူးကြီး…
ဟု ပြောကြလေ၏။
အချို့က မခင်လှအား
…တစ်သက်လုံး အပျိုကြီးလုပ်ပြီး မြို့ပေါ်မှာ ဂုဏ်သိက္ခာရှိရှိနေပြီးမှ အဖေအရွယ်ကြီးကို ယူရဲတယ်…
ဟု ကဲ့ရဲ့လေ၏။
မခင်လှကို မနာလိုသော မိန်းမများက
…ပေါင်မုန့်ဖုတ်တဲ့ အဘိုးကြီးများ ဘာလုပ်ဖို့လဲ၊ မိန်းမစျေးပျက်တယ်၊ ဒီမိန်းမ အရှက်ကိုမရှိဘူး…
ဟု မဆီမဆိုင် ကဲ့ရဲ့ကြကုန်၏။
အပျိုကြီး၏မိခင်၊ ဦးဂွတို၏ ရည်းစားဟောင်း အဘွားကြီးသည် ထမီစွန်တောင်ဆွဲ၍ ပေါင်မုန့်ဆိုင်သို့ ရောက်ရှိလာပြီး ဆဲဆိုလေတော့၏။
ဘိုးစံသည် ပေါင်မုန့်ဆိုင်ထဲသို့ဝင်၍ ပုန်းအောင်းနေရလေ၏။
မည်သို့ပင်ဖြစ်စေ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ဟူသောစကားရှိသည့်အတိုင်း တစ်ပတ်ခန့်ကြာသောအခါ ဝေဖန်သံများငြိမ်သက်သွားလေ၏။
ဘိုးစံသည် ပေါင်မုန့်များကိုဖုတ်၍ ရောင်းချရင်း ညသို့ရောက်သောအခါ နယ်ပိုင်ဝန်ထောက်မင်း ဦးဇေယျ ရေးသားထားသော မှတ်တမ်းထိုစာအုပ်ကို အကြိမ်ကြိမ်ဖတ်ရှုပြီးနောက် ရှန်ကာရဆိုသူလူထူးလူဆန်း၏ အစွမ်းအစများကို မရရအောင်ယူမည်ဟု ဆုံးဖြတ်လိုက်လေ၏။
ဘိုးစံသည် ရှန်ကာရ၏ မှတ်တမ်းကို အကြိမ်ကြိမ်ဖတ်ရှုပြီး ကျင့်စဉ်များကို စတင်လေ့ကျင့်လေ၏။
ထို့နောက် ဖယောင်းတိုင်ထုပ်များကို ဝယ်ယူပြီး ညစဉ်ဖယောင်းတိုင်မီးတောက်ကို ကြည့်ရှုသော လေ့ကျင့်ခန်းအား စတင်လေ၏။
သူသည် အိပ်ခန်းထဲ၌ ခန်းဆီးများကိုဆွဲကာလိုက်ပြီးဖယောင်းတိုင်ကို မျက်စိရှေ့တည့်တည့်၍ ထွန်းညှိလိုက်လေ၏။
ထို့နောက် ရှန်ကာရ၏ စာအုပ်ထဲတွင်ပါရှိသော အကွာအဝေးအတိုင်း သူ၏မျက်နှာနှင့်ဖယောင်းတိုင်၏အကွာအဝေးကိုပေတံဖြင့် တိုင်းတာလေ၏။ရှန်ကာရသည် သူ၏အချစ်ဆုံး မိခင်ကြီး၏မျက်နှာကို အာရုံပြုသည်ဆို၏။
ဘိုးစံသည် မိခင်မျက်နှာထက် ဖခင်မျက်နှာကိုသာ မြင်ယောင် ကြည့်လေ၏။
ဤသို့ဖြင့် ဘိုးစံသည် ဖယောင်းတိုင်လေ့ကျင့်ခန်းကို နေ့စဉ်လေ့ကျင့်ပြီး ရက်အနည်းငယ်ကြာသောအခါ ရှန်ကာရ၏မှတ်တမ်း၌ပါရှိသည့်အတိုင်း မီးတောက်၌ အဝါရောင်အပိုင်း၊ ခရမ်းရောင်အပိုင်းနှင့် အနက်ရောင်အပိုင်းဟူ၍ အပိုင်း ၃ ပိုင်းပါရှိကြောင်းသိရ၏။
ဖယောင်းတိုင်၏အလယ်ပိုင်းသည် ဂမ္ဘီရဆန်ပြီး နက်မှောင်သော အပိုင်းဖြစ်၏။
ဘိုးစံသည် ထိုအပိုင်းကို နေ့စဉ်ရက်ဆက်ကြည့်သောအခါ ထူးခြားမှုများ ကြုံတွေ့ရ၏။
သူ၏စိတ်ပျံ့လွင့်မှုများ တဖြည်းဖြည်း နည်းပါးလာ၏။
စိတ်သည် တသမတ်တည်း တည်ငြိမ်နေပြီး သဘာဝလောကကြီးနှင့် ပတ်သက်သော အတွေးအခေါ်များ လျော့နည်းသွား၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဖယောင်းတိုင်ပေါ်ရှိ မီးတောက်ထဲ၌ ရောက်ရှိနေသယောင် ခံစားရ၏။
ဖယောင်းတိုင်မီးတောက်ကိုစူးစိုက်ကြည့်ရင်း သမာဓိများတိုးတက်လာပြီး သူ၏တစ်သက်တွင်တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော သက်သောင့်သက်သာ ခံစားမှုမျိုးမိမိ၏ရင်ထဲ၌ အေးမြမှုများ ပိုများလာသယောင် ခံစားရလေ၏။
ဤသို့ဖြင့် ဘိုးစံသည် ဦးဂွတိုကြီး၏ ပေါင်မုန့်ဆိုင်တစ်ကိုယ်တည်း နေထိုင်ရင် ကျင့်စဉ်များ လေ့ကျင့်နေလေ၏။ဘိုးစံသည် ဦးဂွတိုကြီးကို စောင့်မျှော်နေလေရာ လပေါင်းများစွာကြာသည်အထိ ပြန်လည်ရောက်ရှိခြင်း မရှိချေ။
ဘိုးစံသည် ပေါင်မုန့်ရောင်းသောငွေများကို စုဆောင်းထားလေ၏။
သူ၏စားဝတ်နေရေးအတွက် မြို့တစ်နေရာရှိ ခပ်ညံ့ညံ့ထမင်းဆိုင်လေး၌ စားသောက်လေ၏။
ဘိုးစံသည် ဖယောင်းတိုင်ကို စူးစိုက်ကြည့်သော ကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်ပြီးသောအခါ ဖခင်ကြီး၏မျက်နှာကိုမြင်ယောင်သော လေ့ကျင့်ခန်းကို ပြောင်းလဲလေ့ကျင့်လေ၏။
ဘိုးစံသည် ဖခင်ကြီး၏မျက်နှာမြင်ယောင်အောင် ကြည့်ရှုရင်း လအနည်းငယ်ကြာသောအခါ တစ်မိနစ်ခန့် အာရုံထဲ၌ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ကြောင်း တွေ့ရ၏။
အာရုံထဲ၌ သုံးမိနစ်မျှာကြာအောင် ထိန်းသိမ်းနိုင်လျှင် ထူးခြားသော တန်ခိုးစွမ်းအင်တစ်ခု ရရှိနိုင်မည်ဆို၏။
ဘိုးစံသည် မိမိ၏လေ့ကျင့်မှုများ တိုးတက်မှုရှိသဖြင့် အလွန်စိတ်အားတက်ကြွလေ၏။
လူထူးလူဆန်း ရှန်ကာရကဲ့သို့ မျက်လုံးဖြင့်မကြည့်ဘဲ မြင်နိုင်သော တန်ခိုးစွမ်းအင်ရရှိလာလျှင် မြန်မာပြည်အရပ်ရပ်ရှိလောင်းကစားဝိုင်းများ၌ လှည့်လည်ပြီးကစားရန် ကြံစည်၏။
လေးကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ၃၆ ကောင်ထီ စသည်တို့၌မျက်လုံးဖြင့်မကြည့်ဘဲ မြင်နိုင်သော အစွမ်းရှိလျှင် လောင်းကစားဝိုင်းတစ်ဝိုင်းလုံးရှိ ငွေများအားလုံး မိမိထံသို့ပင် ရောက်ရှိလာလိမ့်မည်။
ဘိုးစံသည် သူ၏အနာဂတ်အရေးနှင့်ပတ်သက်၍ စိတ်ကူးယဉ်သည့်အခါတိုင်း မျက်လုံးထဲတွင် ငွေများ တဖွေးဖွေး မြင်ယောင်နေမိ၏။
ထိုအချိန်၌ မိမိ၏စိတ်များ လွန်မင်းစွာ တက်ကြွနေမိ၏။
ထိုသို့ စိတ်အားတက်ကြွသည့်အခါတိုင်း လူထူးဆန်း ရှန်ကာရ၏ကျင့်စဉ်ကို မရရအောင် လေ့ကျင့်ရန် ဆုံးဖြတ်မိလေ၏။
…ငါ့ရဲ့ကျင့်စဉ်အောင်မြင်ရင် ငွေဆိုတာ မလိုချင်မှအဆုံးပဲ၊ ပိုက်ဆံတွေ ထားစရာရှိမှာမဟုတ်ဘူး၊ ငါ့ကို ဆင်းရဲလွန်းလို့နှိမ်တဲ့သူတွေကို ငွေတွေနဲ့ ဖိသတ်လောက်အောင် ငါချမ်းသာတော့မယ်…ဟု ကြုံးဝါးကာ ညစဉ်ညတိုင်း ကျင့်စဉ်များကို တိုး၍လေ့ကျင့်လေ၏။
ဘိုးစံ၏ ပြင်းပြသောစိတ်ဓာတ်ကြောင့် သူ၏အစွမ်းများ တဖြည်းဖြည်း တိုးတက်လာ၏။
သူသည် အရာဝတ္ထုတစ်ခုကို အာရုံထဲ၌ တစ်မိနစ်ခွဲခန့်ထိန်းချုပ်လာနိုင်၏။
ထိုသို့ ထိန်းချုပ်နိုင်သောအခါ ရှန်ကာရကဲ့သို့မျက်လုံးများမှိတ်၍ မိမိရှေ့မှ အရာဝတ္ထုများကို စူးစမ်းကြည့်လေ၏။
စူးစမ်းကာစ၌ အခက်အခဲရှိသော်လည်း ကာလရှည်ကြာသောအခါ မျက်လုံးမှိတ်ထားသော်လည်း မျက်စိရှေ့တွင်ရှိနိုင်မည့်ပစ္စည်းများအား မှန်းဆလာနိုင်၏။
ဘိုးစံသည် ကျင့်စဉ်ကို ပင်ပန်းကြီးစွာ ဆက်လက်လေ့ကျင့် ရင်း အာရုံထဲတွင် နှစ်မိနစ်ကြာအောင် ထိန်းချုပ်လာနိုင်သောအခါ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် ရှန်ကာရ၏မှတ်တမ်း၌ လူတစ် ယောက်သည် အာရုံတစ်ခု၌ နှစ်မိနစ်ခန့်ကြာအောင် ထိန်းချုပ်နိုင်ရန် အနည်းဆုံး ၁၅ နှစ်ခန့် အားထုတ်ရန်လိုသည်ဆို၏။
သို့သော် ရှန်ကာရ၏မှတ်တမ်း၌ပင် လွန်စွာထူးခြားသော ပါရမီရှင်များသည် ထိုသို့သောစွမ်းအင်ရရှိရန် နှစ်နှစ်ခန့် အချိန်ယူရ မည် ဆို၏။
ယခု မိမိသည် အာရုံတစ်ခုကို နှစ်မိနစ်ခန့် ထိန်းချုပ်နိုင်ရန် နှစ်နှစ်မျှသာ အချိန်ယူရကြောင်း တွေ့ရ၏။
ဘိုးစံသည် ဝမ်းသာလွန်း ၍ လက်ခမောင်းထခတ်လိုက်၏။
.
..ဟား ဟား ဟား… ငါဟာ ပါရမီရှင်တစ်ယောက်ပဲ၊ ကြည့်စမ်း… အာရုံတစ်ခုကို နှစ်မိလောက် စူးစိုက်ဖို့အတွက်သာမန်လူတွေဆိုရင် ၁၅ နှစ်လောက် အချိန်ယူရတယ်တဲ့၊အလွန့် အလွန်ထူးခြားတဲ့ ပါရမီရှင်တွေမှသာ နှစ်နှစ်လောက်အတွင်း အောင် မြင်နိုင်တယ်တဲ့၊ ဒါဆိုရင် ငါဟာ ပါရမီရှင်အစစ်ပဲ၊ ဒီအတိုင်း ဆက်ပြီးလေ့ကျင့်သွားရင် တစ်နေ့နေ့မှာ ငါ့ရဲ့ကျင့်စဉ်တွေ မအောင်မြင် စရာ လမ်းမရှိဘူး။ဟား ဟား ဟား မျက်စိကိုအသုံးမပြုဘဲ မြင်နိုင်တဲ့စွမ်းရည်ရပြီဆိုရင်တော့ လောင်းကစားဝိုင်းတွေမှာ ရှိသမျှ ငွေတွေအားလုံး ငါ့ငွေတွေဖြစ်တော့မှာပဲ၊ ပိုက်ဆံဆိုတာ ငါ့အတွက် မလိုချင်မှအဆုံးဖြစ်မယ်၊ ပိုက်ဆံတွေ အများကြီးရရင် အကောင်းဆုံး ဆိုတဲ့ အိမ်ကြီးတွေဝယ်မယ်၊ အဖိုးအတန်ဆုံး အဝတ်တွေကို ဝတ်မယ်၊ အရသာအရှိဆုံး အစားအစာတွေကို စားမယ်၊ အချောဆုံး အလှဆုံး မိန်းမတွေကိုယူမယ်၊ ငွေရှိရင် အရာရာပြီးတယ်၊ ငွေရှိတဲ့ လူကိုလူတွေက ရိုသေကြတယ်၊ ငါ့အနားမှာ အခြွေအရံ အသင်း အပင်းတွေ အများကြီးဖြစ်နေမှာပဲ၊ ငါ့ရဲ့အနာဂတ်ဘဝအကြောင်းကို တွေးလိုက်ရင် ပျော်စရာကောင်းလိုက်တာ၊ ငါလိုလူ ဇမ္ဗူမှာ ရှိသေးလား ဘိုးစံသည် ထိုသို့သော အတွေးများကို မကြာခဏတွေးရင်း မိမိဘဝကို စိတ်အားတက်ကြွနေမိ၏။
ဘိုးစံသည် ရည်မှန်းချက်ကြီးသည်နှင့်အညီ သူ၏ကျင့်စဉ်များကို ပိုမို၍ ကြိုးစားလေ့ကျင့်လေ၏။
ဦးဂွတို၏ ပေါင်မုန့်ရုံကလေးသို့ မိမိရောက်ရှိနေသည်မှာနှစ်နှစ်ခန့်ရှိချေပြီ။
ဦးဂွတိုသည်. နှစ်နှစ်နီးပါး နေရပ်ဒေသသို့ ပြန်မလာဘဲ နေထိုင်လေ၏။
ဦးဂွတို အဘယ်ကြောင့် ဤမျှကြာအောင် ထွက်ခွာသွားသည် မသိ။
ဦးဂွတို ခိုးယူပေါင်းသင်းနေသော အပျိုကြီး မခင်လှ၏သတင်းအစအနကိုလည်း မကြားရချေ။
မည်သို့ပင်ဖြစ်စေ ဘိုးစံသည် မိမိကို ယုံကြည်စွာ အပ်နှံထားသောဦးဂွတို၏လုပ်ငန်းမပျက်စီးရန် အထူးသတိပြု၍ နေထိုင်ခဲ့၏။
သူသည် ဦးဂွ တို၏လက်ရာနှင့် တသွေမတိမ်းတူညီအောင်ပေါင်မုန့်များကို ဖုတ်လေ၏။
ဦးဂွတို၏ဖောက်သည်များအားလုံး ဘိုးစံထံတွင် ဝယ်ယူနေကြဆဲ ဖြစ်၏။
ဘိုးစံသည် လျှို့ဝှက်သောကျင့်စဉ်ကို လေ့ကျင့်နေသူဖြစ်၍အချိန်ရှိသရွေ့ အိမ်တွင်းပုန်း၍သာ နေ၏။
သူသည် ပေါင်မုန့်ဖုတ်၍ အားလပ်သည့် အချိန်တိုင်းဖယောင်းတိုင်များကိုထွန်း၍ လေ့ကျင့်ခန်းများကို လေ့ကျင့်၏။
ထို့ကြောင့် မြို့ပေါ်ရှိလူများသည် ဘိုးစံအား လွန်စွာ အေးဆေးပြီး အထီးကျန်နေထိုင်သူဟု ထင်မြင်ကြ၏။
ဘိုးစံနှင့်ရွယ်တူ လူငယ်အချို့သည် ဘင်ချို မယ်ဒလင်များကို ဆောင်ယူ၍ ဘိုးစံကို လာရောက်မိတ်ဖွဲ့၏။
၄င်းတို့နှင့်အတူလိုက်၍ မြို့ပေါ်ရှိ အပျိုများအိမ်၌ ဘင်ဂျိုတီးရန် ဖိတ်ခေါ်၏။
ဘိုးစံသည် ထိုလူငယ်များနှင့် ရည်ရွယ်ချက်ခြင်းမတူသောကြောင့် ယဉ်ကျေးမှုမပျက်ဘဲ ငြင်းဆန်ခဲ့၏။
ဘိုးစံသည် မိမိ၏ ကြီးမားသောရည်မှန်းချက်နှင့် နှိုင်းယှဉ်လျှင် ထိုလူငယ်များသည် အသေးအမွှားဖြစ်နေသည် ထင်၏။
မိမိ၏ရည်မှန်းချက်အောင်မြင်ခဲ့လျှင် ရွှေလိုချင် ရွှေဖြစ်မည်၊ငွေလိုချင် ငွေဖြစ်မည် မဟုတ်ပါလား။
ဘိုးစံသည် ဖယောင်းတိုင်များကိုသာ နေ့စဉ်ဝယ်ယူ၍လေ့ကျင့်နေလေရာ ဘိုးစံဖယောင်းတိုင်ဝယ်သောဆိုင်မှ ဘိုးစံအားဘာသာတရား အလွန်ကိုင်းရှိုင်းသော သူတော်စင်တစ်ဦးဟု ထင်မြင်လေ၏။
ဘိုးစံသည် ဖယောင်းတိုင်ဝယ်ယူသည့်အခါတိုင်းဘုရားမီးပူဇော်ချင်လို့ ဖယောင်းတိုင်ပေးပါ ခင်ဗျာဟု ယဉ်ကျေးစွာ ပြောဆို၍ ဝယ်ယူလေ၏။
အပိုင်း ၈ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၈
ဘိုးစံသည် ဖယောင်းတိုင်များနှင့် လေ့ကျင့်နေခဲ့ပြီး ငြီးငွေ့သလို ဖြစ်လာသဖြင့် မြို့ပြင်သို့ထွက်၍ တိတ်ဆိတ်သောအရပ်၌တရားထိုင်ရန် ကြံစည်ပြန်၏။
ဘိုးစံသည် မြို့ပြင်ရှိ စေတီပျက်ကြီးတစ်ဆူသို့ သွားရောက်ပြီး တရားထိုင်လေ၏။
သို့သော် စေတီပျက်အနီးသို့ နွားကျောင်းသားများ လာရောက် နွားကျောင်းလေ့ရှိသဖြင့် ထိုနေရာကို စွန့်ခွာခဲ့ရ၏။
မြို့ပြင်ရေကန်ကြီးအနီး၌ လူရှင်းသဖြင့် ထိုအရပ်သို့သွားကာမိမိဖခင်ကြီး၏မျက်နှာကို မြင်ယောင်အောင် ကြည့်ရှု၏။
ဘိုးစံသည် ထိုသို့လေ့ကျင့်ပြီး လအနည်းငယ်ကြာသောအခါမျက်စိများမှိတ်၍ မိမိရှေ့ရှိ အရာဝတ္ထုအား အာရုံခံသော လေ့ကျင့်ခန်းကို လေ့ကျင့်လေ၏။
ထိုအခါ အံ့သြဖွယ်ရာပင် အရာဝတ္ထု၏ ပုံသဏ္ဌာန် အနားသတ်များကို မြင်ယောင်လာ၏။
ထိုမှတစ်ဖန် ဝိုးတဝါးပုံရိပ်များကိုမြင်ယောင်လာ၏။
ဘိုးစံသည် စိတ်အားတက်ကြွပြီး အပြင်းအထန် လေ့ကျင့်ပြန်၏။မိမိ၏အတွေ့အကြုံများသည် လူထူးလူဆန်းကြီး ရှန်ကာရ၏အတွေ့အကြုံများနှင့် ဆင်တူနေလေ၏။
ဘိုးစံသည် သုံးနှစ်ပြည့်သောနေ့တစ်နေ့၌ သူ၏မနောအာရုံ၌ဖခင်ကြီး၏ပုံရိပ်ကို သုံးမိနစ်ကြာမျှ စွဲထင်အောင် မြင်ယောင်နေလေ၏။
ထိုအချိန်မှစ၍ မိမိ၏စွမ်းရည်ကို ဖဲထုပ်ဖြင့် စတင်စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် ကြောင်နက်တံဆိပ်ဖဲတစ်ထုပ်ကို ဝယ်ယူ၍စတင်စမ်းသပ်လေ၏။
သူသည် ဖဲပွင့်များကို နောက်ကျောမှ ဖတ်နိုင်မဖတ်နိုင် ဦးစွာ စမ်းသပ်လေ၏။
ဘိုးစံသည် ဖဲထုပ်တစ်ထုပ်ကို ခုံပေါ်တွင်တင်၍ မှောက်ချထား၏။
ထို့နောက် ဖဲထုပ်ကို အာရုံခံပြီး စူးစိုက်ကြည့်လေ၏။
သို့သော်ဖဲပွင့်များကို ခန့်မှန်းနိုင်ခြင်းမရှိဘဲ ဖဲချပ်၌ပါဝင်သော ဒီဇိုင်းပုံများကိုသာမြင်ယောင်နေလေ၏။
ထိုဒီဇိုင်းပုံများသည် မည်သည့်ဖဲချပ်၌မဆို မြင်တွေ့ရသောဖဇိုင်းများဖြစ်၏။
ဘိုးစံသည် စိတ်အားမငယ်သေးဘဲ ဖဲချပ်၏အနောက်ဘက်သို့ အာရုံစူးစိုက်၍ ကြည့်လေ၏။
သို့သော် သူ၏အာရုံထဲ၌ မည်သည့်ထူးခြားချက်ကိုမျှ မတွေ့ရချေ။
ဘိုးစံသည် မိမိကိုယ်မိမိ ယုံကြည်မှုကြီးစွာဖြင့် ဖဲချပ်ကိုအာရုံစူးစိုက်ကြည့်လေ၏။
တစ်မိနစ်ပြည့်သည်အထိ ဖဲချပ်၏ဒီဇိုင်းများကိုသာ မြင်တွေ့ရ၏။
နှစ်မိနစ်ကြည့်သော်လည်း ထူးခြားချက်မရှိ။ ဘိုးစံသည် လွန်စွာစိတ်လှုပ်ရှားသွားပြီး ဖဲချပ်ကို စူးစိုက်ထားလိုက်၏။
ဖဲချပ်နောက်တွင်ပါရှိသော အပွင့်ကို မိမိ လွန်စွာသိချင်နေမိ၏။
သုံးမိနစ်ပြည့်ကာနီးသောအခါ လွန်စွာထူးခြားသော ဝိုးတဝါးပုံရိပ်တစ်ခုကို မြင်တွေ့ရလေ၏။
ဘိုးစံသည် စိတ်လှုပ်ရှားစွာဖြင့် ထိုပုံရိပ်ကို အာရုံစူးစိုက်လိုက်သောအခါ ဂျိုကာရုပ်ကလေးတစ်ရုပ်ကို မြင်လိုက်၏။
ဘိုးစံသည် ဝမ်းသာအားရဖြင့် ဂျိုကာဟု အော်ဟစ်လိုက်ပြီး ဖဲထုပ်မှ ဖဲချပ်ကို ကမန်းကတန်းလှန်ကြည့်လိုက်၏။
ထိုအခါ မိမိမျှော်မှန်းသကဲ့သို့ ဂျိုကာရုပ်ဖြစ်နေသဖြင့် ဝမ်းသာအားရဖြစ်သွားပြီးအောင်ပြီ… အောင်ပြီ ဟု တစ်ကိုယ်တည်း အော်ဟစ်လိုက်လေ၏။
ဖဲထုပ်အနောက်ရှိ အပွင့်များကို မိမိ အောင်မြင်စွာ ခန့်မှန်းနိုင်ချေပြီ။
ဘိုးစံသည် ခဏနား၍ ထပ်မံစမ်းသပ်လေ၏။
သူသည် ပထမနည်းလမ်းအတိုင်း ဖဲချပ်ကိုကြည့်၍ ဖဲချပ်အနောက်ရှိ အပွင့်ကို ခန့်မှန်းလေ၏။
ဒုတိယအကြိမ်၌လည်း သုံးမိနစ်ပြည့်ကာနီးသောအခါ ဂဏန်းတစ်ခုကို ထင်ရှားပီသစွာ မြင်တွေ့ရ၏။
ဘိုးစံသည် ငါးဂဏန်းဟုဝမ်းသာအားရအော်ဟစ်ပြီး ဖဲချပ်ကို လှန်လိုက်လေ၏။
ထိုအခါ အံ့သြဖွယ်ကောင်းလောက်အောင်ပင် နံပါတ်ငါးဖဲပွင့်ကို မြင်တွေ့ရ၏။
ဘိုးစံသည် ဝမ်းသာလှိုက်မောပြီး စိတ်လှုပ်ရှားလွန်းသဖြင့်ခြေပေါ်၌ ပက်လက်လှန်၍ လှဲချလိုက်ပြီးနောက် တဟားဟားရယ်မောကာ…ငါ့ကို ဘယ်အရာမှ တားဆီးလို့မရတော့ဘူး၊ ငါ့ ရည်မှန်းချက်တွေ အောင်မြင်တော့မယ်၊ ငါ သူဌေးကြီးဖြစ်တော့မယ်၊ကြည့်စမ်း… ဖဲထုပ်ထဲက ဖဲချပ်နှစ်ပွင့်ကို ခန့်မှန်းတာ တစ်လုံးမှမလွဲဘူး…
ဟု ဆိုကာ နောက်ထပ်ဖဲပွင့်များကို ဆက်လက်ခန့်မှန်းကြည့်ရာ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ရာနှုန်းပြည့်နီးပါး မှန်ကန်ကြောင်း တွေ့ရလေ၏။
ဘိုးစံသည် စာရွက်တစ်ရွက်နှင့် ခဲတံတစ်ချောင်းကိုယူကာထုပ်မှ ဖဲချပ်များကို ဖတ်ရှုလေ၏။
သူသည် ဖတ်ရှုပြီးသမျှကိုမှတ်တမ်းတင်ထားလေ၏။
ဘိုးစံသည် မိမိလေ့ကျင့်ခန်း တိုးတက်မှုရှိရန်အတွက်မှတ်တမ်းတင်ထားသမျှကို ပြန်လည်ကြည့်ရှုလေ၏။
ထိုအခါ မိမိ၏အာရုံထဲတွင် မြင်တွေ့သမျှ အားလုံးမှန်ကန်ကြောင်း တွေ့ရ၏။
ဘိုးစံသည် ဖဲချပ်များကို ဖတ်ရှုချိန်တိုတောင်းစေရန်ဂရုပြု၍ လေ့ကျင့်လေ၏။
ထိုသို့လေ့ကျင့်ရင်း ဖဲချပ်များကိုဖတ်ရှုသည့်အချိန်တဖြည်းဖြည်းလျော့ပါးလာလေ၏။
ဘိုးစံသည် ထိုအချိန်မှစ၍ မြို့ပြင်သို့ထွက်၍ တရားကျင့်ကြံခြင်းကို ရပ်စဲလိုက်လေ၏။
သူသည် ဖယောင်းတိုင်ဖြင့်လေ့ကျင့်ခြင်း၊ ဖခင်မျက်နှာကို မြင်အောင်ကြည့်ခြင်းတို့ကို စွန့်ပယ်၍ ဖဲချပ်များနှင့်ပင် လေ့ကျင့်နေလေတော့၏။
ဘိုးစံသည် သူ၏လေ့ကျင့်ခန်းများပြုလုပ်ရန် အချိန်လိုအပ်သဖြင့် ပေါင်မုန့်ဖုတ်သောအလုပ်ကိုပင် လုပ်ကိုင်လိုခြင်း မရှိတော့ချေ။ထို့ကြောင့် ပေါင်မုန့်ဆိုင်ကလေးကို ပိတ်လိုက်လေ၏။
ဦးဂွတို၏ ပေါင်မုန့်ဖောက်သည်များသည် ဘိုးစံဆိုင်ပိတ်လိုက်သဖြင့်အခက်ကြုံသွားလေ၏။
ဘိုးစံသည် ပေါင်မုန့်ဆိုင်ရှေ့၌
ယနေ့မှစ၍ စျေးမရောင်းပါ၊ မေးမြန်းစုံစမ်းခြင်း သည်းခံပါ
ဟု ရေးသားထားလေ၏။
ဘိုးစံသည် ထိုအချိန်မှစ၍ အိပ်ချိန် စားချိန်မှလွဲပြီး ဖဲချပ်များနှင့်ပင် အချိန်ကုန်နေလေ၏။
သူသည် မြို့လယ်ထမင်းဆိုင်ကလေးသို့ သွားရောက်စားသောက်ခြင်းကိုပင် အချိန်ကုန်သည်ဟု ယူဆကာ အိမ်၌ပင် ဖြစ်သလိုစားသောက်လေ၏။
ဘိုးစံသည် ဖဲထုပ်များဖြင့် ညဉ့်သန်းခေါင်တိုင် အချိန်ကုန်နေတတ်၏။
ထိုသို့လေ့ကျင့်ပြီး သုံးလနီးပါးကြာသောအခါ ဖဲပွင့်များကိုတစ်မိနစ်အတွင်း ဖတ်ရှုနိုင်ကြောင်း တွေ့ရ၏။
ထိုသို့လေ့ကျင့်ရင်း ၆လခန့်ကြာသောအခါ ဖဲပွင့်များကို မိနစ်ဝက်အတွင်း ဖတ်ရှုလာနိုင်လေ၏။
ဘိုးစံသည် စိတ်အား တက်ကြွပြီး ဖဲပွင့်များကို မြင်နိုင်သောအချိန်ကို လျှော့ချရန် ကြိုးပမ်းလေ၏။
ထိုအဆင့်များ၌ တိုးတက်နှုန်းရရှိရန် ပိုမိုခက်ခဲလာကြောင်းတွေ့ရ၏။
ဘိုးစံသည် တစ်နေ့တစ်ခြားတိုး၍ လေ့ကျင့်လေ၏။
ထိုအခါ အိပ်ချိန် စားချိန်များပင် မမှန်တော့ဘဲ သူ့တစ်ကိုယ်လုံး ပိန်ချုံး ချည့်နဲ့လာလေ၏။
သူသည် ဖဲချပ်များကို ဖတ်ရှုနိုင်သည့်အချိန်တိုတောင်းရန် အလွန်အရေးကြီးကြောင်း သိ၏။
ထို့ကြောင့် မအိပ်မနေ ကြိုးပမ်းလေ့ကျင့်လေ၏။
သို့သော်နောက်ပိုင်းအချိန်များ၌ ဖဲချပ်များကို လျှင်မြန်စွာ ဖတ်ရှုနိုင်ရန် ပိုမို၍ ခက်ခဲကြောင်း တွေ့ရ၏။
တစ်စက္ကန့်မျှသောအချိန်ကို လျှော့ချရန်ပင် အလွန်ရှည်လျား သော အချိန်လိုအပ်လေ၏။
မည်သို့ပင်ဖြစ်စေ ဘိုးစံ၏ သဲကြီးမဲကြီး ကြိုးပမ်းလေ့ကျင့်မှုကြောင့် ဖဲပွင့်များကို ငါးစက္ကန့်အတွင်း လျှင်မြန်စွာ ဖတ်ရှုလာနိုင်၏။
ဘိုးစံသည် ဖဲပွင့်များကို အောင် မြင်စွာ ဖတ်ရှုလာနိုင်သောအခါ တောင်းငယ်တစ်လုံးထဲ၌ အံစာတုံးများကိုထည့်၍ တောင်းကိုလှုပ်ယမ်းလေ၏။
ထိုသို့ အံစာတုံးများကို ဖတ်ရှုခြင်းသည် ဖဲပွင့်များကို ဖတ်ရှုခြင်းထက် ပိုမိုခက်ခဲကြောင်း တွေ့ရ၏။
ဘိုးစံသည် နေ့မအား ညမအား လေ့ကျင့်ပြန်လေရာ မကြာမီတောင်းအတွင်းရှိ အန်စာတုံးများကို မှန်ကန်စွာ ဖတ်ရှုနိုင်လေ၏။
ဘိုးစံသည် ထိုအချိန်မှစ၍ အပြင်းအထန် လေ့ကျင့်ခြင်းကိုရပ်နား၍ မိမိ၏ကျင့်စဉ်များ ပိုမိုတိုးတက်စေရန် ဝေဖန် ပိုင်းခြားလေ၏။
နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေ၏။
ထိုဆုံးဖြတ်ချက်မှာ မိမိ၏ကျင့်စဉ်များ ရပ်ဆိုင်း၍ လက်တွေ့ စမ်းသပ်ရန် ဆိုသောဆုံးဖြတ်ချက်ပင် ဖြစ်၏။
ဘိုးစံသည် နောက်တစ်နေ့သို့ရောက်သောအခါ လောင်းကစားဝိုင်းများသို့ သွားရောက်စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် နံနက်စောစောထ၍ ရေမိုးချိုးပြီး မြို့ထဲသို့ ထွက်ခဲ့၏။
ဘိုးစံ မြို့ထဲသို့ရောက်သည့်အခါတိုင်း ၃၆ ကောင်ထီဖွင့်သော တရုတ်ဒိုင်ကြီးတစ်ဒိုင်ရှိကြောင်း သတိပြုမိ၏။
ထိုတရုတ်ဒိုင်ကြီး၏အိမ်ကို အနီရဲရဲသုတ်ထားပြီး အိမ်ဝင်းကြီးရှေ့၌ လွန်စွာကြီးမားသော တရုတ်နတ်ရုပ်ကြီးရှိ၏။
တရုတ်နတ်ရုပ်ကြီးကို ကြေးနီဖြင့် ပြုလုပ်ထား၏။ထိုတရုတ်နှတ်ကြီးသည် ၃၆ ကောင်ဒိုင်အား မစသည်ဆို၏။
၃၆ ကောင်ထီဆိုသည်မှာ တရုတ်ဒိုင်ကြီးက နေ့စဉ် ပေါက် ကောင်တစ်ကောင်အား ကတ္တီပါအိတ်ထဲတွင်ထည့်ပြီး တရုတ် နတ်ရုပ်ကြီးရှေ့ရှိ တိုင်၌ ချိတ်ဆွဲထားလေ့ရှိ၏။
မြို့ပေါ်ရှိ ၃၆ ကောင်ထီထိုးလိုသူများသည် တစ်ကျပ်မှစ၍ထိုးချင်သလောက် ထိုးခွင့်ရှိလေ၏။
ထိုးသားများထိုးသောအရုပ်နှင့် တရုတ်ဒိုင်ကြီးတင်ထားသော ပေါက်ကောင်တူလျှင် ၃၆ ကောင်ထီ ပေါက်လေ၏။
ထီပေါက်သောအခါ ထိုးသားသည် ၁ ကျပ်ဖိုးထိုးလျှင်၂၄ ကျပ် အလျော်ရ၏။
တရုတ်ဒိုင်ကြီးသည် ထိုးသားများအား ရိုးရိုးမထိုးစေဘဲ နေ့စဉ်အတိတ်တစ်ခုပေးလေ့ရှိ၏။
သို့သော် တရုတ်ဒိုင်ကြီးပေးသော အတိတ်များသည် ထီဖွင့် သောအခါ အလွဲကြီး လွဲနေလေ့ရှိ၏။
မည်သို့ပင်ဖြစ်စေ ထိုးသားများသည် တရုတ်ဒိုင်ကြီးပေးသောအတိတ်များကို တစ်နေကုန်စဉ်းစားပြီး မိမိစိတ်ကူးပေါက်ရာ ကိုထိုးလေ့ရှိ၏။
မှတ်ချက် ။ကိုလိုနီခေတ်က တရုတ်ပြည်မှ ဆင်းသက်လာဟန်ရှိသော ၃၆ ကောင်ထီသည် မြန်မာဆင်းရဲသားအများစုကို ကောင်းစွာနှိပ်စက်ခဲ့၏။ ၃၆ ကောင်ထီကြောင့် ဘဝပျက်သူများ ဒုနှင့်ဒေးရှိကြောင်းမှတ်သားဖူးပါသည်။(စာရေးသူ)
ဘိုးစံသည် စိတ်အားထက်သန်စွာ ၃၆ ကောင်ထီဖွင့်ရာတရုတ်အိမ်နီကြီးသို့ ထွက်ခဲ့လေ၏။
အိမ်နီကြီးရှေ့သို့ရောက်သောအခါ လူအများ စုစုဝေးဝေးရှိနေကြောင်း တွေ့ရ၏။
လူတစ်စုသည် သင်ပုန်း၌ရေးသားထားသောအတိတ်ကို အလုအယက် ဖတ်သူဖတ်၊ ကူးသူကူးနှင့် အလုပ်ရှုပ်လေ၏။
ခြံကြီးရှေ့ ကြေးနီရောင် နတ်ရုပ်ကြီးရှေ့၌ တရုတ်အမျိုးသားသုံး လေးယောက်သည် အမွှေးတိုင်များ၊ သစ်သီးများဖြင့် ပူဇော်လေ၏။
၃၆ ကောင်ဒိုင်မှ တရုတ်ကြီးသည် ကြေးနီရောင် တရုတ်နတ်ရုပ်ကြီးရှေ့၌ တရုတ်ဘာသာဖြင့် ထိုးသားများ ပေါက်ကောင်ကို လွဲချော်ပါစေဟု ဆုတောင်းနေလေ၏။
ဘိုးစံသည် စိတ်လှုပ်ရှားစွာဖြင့် တရုတ်နတ်ရုပ်ကြီးရှေ့၌ချိတ်ဆွဲထားသော ကတ္တီပါအိတ်ကို စူးစိုက်ကြည့်လေ၏။
သူသည် အာရုံစူးစိုက်၍ ကတ္တီပါအိတ်ထဲရှိ အရုပ်ကို မှန်းဆကြည့်လေ၏။
သို့သော် သူ၏အာရုံထဲ၌ မပီဝိုးတဝါးသာ မြင်တွေ့ရသဖြင့်စိတ်ဓာတ်ကျသွား၏။
ကတ္တီပါအိတ်ကို မျက်စိဖြင့်ကြည့်ရုံဖြင့် အိတ်ထဲရှိ အကောင်ကို မမှန်းဆနိုင်သေးချေ။
ဘိုးစံသည် ကတ္တီပါအိတ်ဆွဲထားသော ဝါးလုံးတိုင်၏အမြင့်ကို ခန့်မှန်းကြည့်ကာ မိမိ၏အရပ်နှင့်မှီကြောင်း တွေ့ရ၏။
ဘိုးစံသည် ဝါးလုံးတိုင်အောက်သို့သွား၍ ကတ္တီပါအိတ်ကိုလက်နှင့်ထိကြည့်၏။
ထိုအခါ အနည်းငယ် မလှမ်းမကမ်းဖြစ်နေသေး၍ ခြေဖျားထောက်လိုက်၏။
ဘိုးစံ၏လက်သန်းသည် ကတ္တီပါအိတ်နှင့် ထိကိုင်လိုက်သည်နှင့် ကတ္တီပါအိတ်ထဲရှိအရာကို မြင်တွေ့လိုက်ရ၏။
ကတ္တီပါအိတ်ထဲ၌ ငါးရုပ်ကို တွေ့လိုက်ရသဖြင့် လွန်စွာစိတ်လှုပ်ရှားသွားမိ၏။
ဘိုးစံသည် ယနေ့ ၃၆ ကောင်ထီဖွင့်ပွဲ၌ ငါးကိုဖွင့်မည်ဖြစ် ကြောင်း ရိပ်စားမိလိုက်၏။
ဘိုးစံသည် စိတ်လှုပ်ရှားစွာဖြင့် ကျောက်သင်ပုန်း၌ ရေးသားထားသော အတိတ်ကိုဖတ်ကြည့်ရာ ဝေဿန္တရာဇာတ်တော်ထဲမှ စာသားများကို ရေးသားထားလေ၏။
ဝေဿန္တရာမင်းသား ပင်လယ်ထဲ၌ သင်္ဘောပျက်သဖြင့်ငါးရုပ်ကို အတိတ်ပေးထားလေသလား မသိ။
မိမိ၌ ရှိသမျှငွေများကို ငါးရုပ်၌ ပုံအောထိုးလျှင် တရုတ်ဒိုင်ကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားနိုင်၏။
ထို့ကြောင့် ငွေ၁ဝ ကျပ်ကိုသာ ထိုးလိုက်လေ၏။
ဘိုးစံသည် ညနေစောင်းသောအခါ တရုတ်ဒိုင်ကြီးသို့သွား၍စောင့်လေ၏။
တရုတ်ဒိုင်၏ရှေ့၌ စိတ်လှုပ်ရှားစွာဖြင့် စောင့်နေသော လူအုပ်ကြီးရှိ၏။
လူအုပ်ထဲရှိ ၃၆ ကောင်တီဝါသနာအိုးများသည် သူ့အရုပ်ထွက်မည်၊ ငါ့အရုပ်ထွက်မည်နှင့် ထင်ကြေးအမျိုးမျိုး ပေးကြလေ၏။
ညနေ ငါးနာရီထိုးသောအခါ တရုတ်လူမျိုးများ ဝတ်လေ့ရှိသော အင်္ကျီနှင့် ဘောင်းဘီပွဲကြီးကို ဝတ်ဆင်ထားသော တရုတ်ကြီးထွက်လာ၏။
ထိုတရုတ်ကြီးအနောက်၌ တရုတ်လူမျိုးလေးငါးယောက်ခြံရံပြီး လိုက်ပါလာ၏။
စိတ်အားထက်သန်နေသော လူအုပ်ကြီးက
..ဖွင့်ပါတော့ဗျို့”…
ဟု အော်ဟစ်နေလေ၏။
တရုတ်ကြီးသည် ပြုံးရွှင်သော အမူအရာဖြင့် လူအုပ်ကြီးကိုလက်ကာပြလိုက်ပြီး…ဖွင့်ပါမယ်ဗျာ၊ အားလုံး ကံကောင်းပါစေ….ဟု ရေရွတ်ပြီး ဝါးလုံးတိုင်၌ ချိတ်ဆွဲထားသော ကတ္တီပါအိတ်ကို ချလေ၏။
တရုတ်ကြီးလက်သို့ ကတ္တီပါအိတ်ရောက်သောအခါထိုးသားများသည် အိတ်ကို မျက်တောင်မခတ်တန်း ကြည့်ရှုကြ၏။
တရုတ်ကြီးသည် ကတ္တီပါအိတ်ရှုံကြီးကိုလျှော့၍ အိတ်ထဲရှိအရာကို ထုတ်လိုက်၏။
ထိုအခါ တရုတ်ကြီးလက်ထဲ၌ ငါးရုပ်ပါရှိသဖြင့် ထီပေါက်သူများက ဝမ်းသာအားရ ဟေးခနဲ အော်ဟစ်ကြ၏။
ဘိုးစံသည် မိမိထင်ထားသည့်အတိုင်း ငါးရုပ်ဖြစ်နေသဖြင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေ၏။
မိမိ နှစ်ပေါင်းများစွာ အပင်ပန်းခံ၍ ကျင့်စဉ်ကို လေ့ကျင့်ရကျိုး နပ်လေပြီ။
ယနေ့မှစ၍ မိမိဘဝ၌ ရွှေလိုချင် ရွှေဖြစ်ရမည်။
ငွေလိုချင်ငွေဖြစ်ရမည်။ မြန်မာပြည်အရပ်ရပ်ရှိ လောင်းကစားဝိုင်းရှိသောနေရာများသို့သွား၍ ပိုက်ဆံရှာရမည်။
မိမိ၌ရှိသော အစွမ်းအစနှင့်ဆိုလျှင် ပိုက်ဆံများကို ထားရှိပင် ရှိမည်မဟုတ်။
ဘိုးစံသည် မိမိဘဝနောင်ရေးကိုတွေးပြီး လွန်စွာစိတ်အားတက်ကြွနေမိ၏။
ထိုနေ့က ၃၆ ကောင်ထီပေါက်သူများအနက် ဘိုးစံသည်၁ဝ ကျပ်တိတိ ထိုးထားသဖြင့် အများဆုံးဖြစ်၏။
ဘိုးစံသည် ၃၆ကောင်ဒိုင်မှ ၂၄ဝ ကျပ် အလျော်ရလေ၏။
တရုတ်ဒိုင်ကြီးမှ ဆိုင်ရှင်လူကြီးသည် ဘိုးစံအား စာအိတ်နှင့် ထည့်ထားသော ငွေ ၂၄ဝ ကျပ်ကို ပေးအပ်၍…အိပ်မက်အရထိုးတယ် ထင်တယ်၊ ဒီနေ့လျော်ရတာအများဆုံးပဲ၊ နောင်လည်း ပေါက်ပါစေ…ဟု ဆုတောင်းပေးလေ၏။ဘိုးစံသည် ငွေ ၂၄၀ ကျပ်ကိုယူ၍ ပေါင်မုန့်ဆိုင်သို့ ပြန်ခဲ့၏။
မြို့ပေါ်ရှိ ၃၆ ကောင်ထီဝါသနာအိုးများ၏ စကားဝိုင်း၌ ဘိုးစံတစ်ယောက် ၂၄ဝ ကျပ်ပေါက်သောသတင်း ပြန့်နှံ့သွားလေ၏။
ထိုခေတ်က ငွေ ၂၄၀ ကျပ်သည် ရွှေတစ်ဆယ်သားဝယ်နိုင်သော ပမာဏဖြစ်သဖြင့် များပြားသည်ဟု ဆိုနိုင်၏။
ဘိုးစံသည်ပေါင်မုန့်ဆိုင်သို့ရောက်သောအခါ ငွေစက္ကူများကို နမ်းရှုံ့၍ ဝမ်းသာအားရ ရယ်မောလိုက်ပြီး…ခုတော့လည်း ပိုက်ဆံရှာရတာ လွယ်လိုက်တာ၊ ကမ္ဘာပေါ်မှာ ဘယ်နေရာမဆို ငါ့အတွက် ပိုက်ဆံရှာရလွယ်သွားပြီ၊ ငါသူဌေးကြီးဖြစ်တော့မယ်၊ ငါလိုလူ ဇမ္ဗူမှာရှိသေးလား…ဟု ကြွေးကြော်လိုက်လေ၏။
ဘိုးစံသည် ငွေစက္ကူများကို နမ်းရှုံ့နေရင်း မိမိကို အားပေးစကားပြောခဲ့သော ၃၆ ကောင်ပိုင်ရှင် တရုတ်ကြီး၏စကားများကိုကြားယောင်နေလေ၏။
တရုတ်ကြီးက ဒီနေ့လျော်ရတာ အများဆုံးပဲ၊ နောင်လည်းပေါက်ပါစေ ဟု ဆုတောင်းပေးခဲ့၏။
ဘိုးစံ နောက်တစ်နေ့ တရုတ်ဒိုင်ကြီးသို့သွားရောက်ပြီး အနိုင်ရရှိခဲ့လျှင် နှစ်ရက်ဆက်တိုက် အနိုင်ရရှိသော မိမိ၏ကံကြမ္မာကိုအများက အံ့သြကြမည်။
သုံးရက်ဆက်တိုက် အနိုင်ရလျှင်မူ မိမိကို မဟာကံထူးရှင်ဟု ယူဆကြလိမ့်မည်။
မိမိထိုးသောအကောင်ကို မေးမြန်း၍ တစ်မြို့လုံး လိုက်လံထိုးကြလိမ့်မည်။
ထိုအခါ တစ်မြို့လုံး ၃၆ ကောင်ထီပေါက်ပြီးတရုတ်ဒိုင်ကြီးပင် လျော်နိုင်မည် မဟုတ်။
ဤသို့ဆိုလျှင် မိမိ၏ ထူးခြားသောအစွမ်းကို လူအများကြားတွင် ထင်ပေါ်ကျော်ကြားလာလိမ့်မည်။ ထိုသို့ ထင်ပေါ်ကျော်ကြားသွားလျှင် လောင်းကစားဒိုင်ကြီးများအားလုံး မိမိကို ရှောင်ရှားကြလိမ့်မည်။မြန်မာပြည်အရပ်ရပ်ရှိ ၃၆ ကောင် ထီရုံကြီးများ၊လေးကောင်ဂျင်ဝိုင်းများအားလုံးသို့ သတင်းပျံ့နှံ့သွားလျှင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့သော ကျင့်စဉ်သည် ရေစုန်မျောရပေတော့မည်။
ဘိုးစံသည် ထိုသို့တွေးတောရင်း အနာဂတ်၌ မိမိ၏ လောင်းကစားမည့်ပုံစံကို သုံးသပ်ဆင်ခြင်နေမိ၏။
အတန်ကြာအောင် စဉ်းစားပြီးနောက် နည်းလမ်းတစ်ခုကိုရရှိလေ၏။
ထိုနည်းလမ်းအရ လောင်းကစားပွဲများ၌ လူအများသတိမပြုမိစေရန် ၆၀ ရာခိုင်နှုန်းသာ အနိုင်ယူကစားရန် ကြံစည်၏။
သူသည် တစ်ရာဖိုး ကစားမည်ဟု ကြံရွယ်ထားလျှင် ၄၀ဖိုး အရှုံးခံပြီး ၆၀ ဖိုး အနိုင်ယူရန်ဖြစ်၏။တစ်နည်းအားဖြင့် ပွတ်ကာသီကာဖြင့် အနိုင်ယူကစားရန်သာကြံစည်၏။
သို့မှသာလျှင် မိမိ၏ထူးခြားသောအစွမ်းကို လူအများ မရိပ်မိနိုင်မှာဖြစ်၏။
ဘိုးစံသည် လောင်းကစားဝိုင်းများ၌ကစားရန် မိမိ၏ပုံစံကို ခိုင်မာစွာ ချမှတ်လိုက်၏။
အပိုင်း ၉ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၉
ဘိုးစံသည် နောက်တစ်နေ့သို့ရောက်လျှင် ၃၆ ကောင်ထီ ဆိုင်ရှိရာတရုတ်ဒိုင်သို့သွားပြီး ကတ္တီပါအိတ်ကို လက်ဖြင့် စမ်းကိုင်ကြည့်လေ၏။
ထိုအခါ ကတ္တီပါအိတ်ထဲရှိ ပေါက်ကောင်မှာ ဝက်ဖြစ်နေကြောင်း သိရ၏။
မြို့ပေါ်ရှိ ၃၆ ကောင် ဝါသနာအိုးများသည်လွန်ခဲ့သောရက်ကက ဘိုးစံအနိုင်ရထားသဖြင့် များစွာ အထင်ကြ၏။
၄င်းတို့သည် ဘိုးစံထိုးသောအကောင်ကိုထိုးရန်ရစ်ဝဲနေကြ၏။ အချို့ မျက်နှာချိုသွေး၍ မေးမြန်းကြ၏။
ဘိုးစံသည် တရုတ်များ၏ ပေါက်ကောင်အမှန်ကို သိရှိသော်လည်း လိပ်ရုပ်နှင့် ငါးရုပ်ကို တစ်ဆယ်ဘိုးစီ ထိုးလိုက်လေ၏။
မြို့သူမြို့သားများသည် လွန်ခဲ့သောနေ့က ဘိုစံ၏ကံကြမ္မာကိုယုံပြီး လိပ်နှင့်ငါးကို အများအပြား လိုက်ထိုးကြ၏။
ထိုနေ့ညနေ ၃၆ ကောင် ထီဖွင့်သောအခါ ဘိုးစံမြင်သကဲ့သို့ ဝက်ရုပ်ကိုသာ ပေါက်ကောင်ဖွင့်လေ၏။
မြို့သူမြို့သားအများစုသည် ဘိုးစံ၏အကောင်များကို လိုက်၍ထိုးကြရာ အများဆုံး ဒုက္ခရောက်ကြလေ၏။
ဘိုးစံသည် နောက်တစ်နေ့၌လည်း ပေါက်ကောင်မှာ လိပ်ဖြစ်ကြောင်း သိသော်လည်း အကောင်ကိုလွှဲ၍ ထိုးလိုက်လေ၏။
မြို့သူမြို့သားများသည် ဘိုးစံကို အထင်ကြီးနေဆဲဖြစ်၍ အတုခိုးပြီးထိုးပြန်၏။
ညနေစောင်းသောအခါ ပေါက်ကောင်လိပ်ကိုသာဖွင့်သဖြင့်ဘိုးစံနောက်ကိုလိုက်၍ ထိုးသူများ ရှုံးကြပြန်၏။
ဤသို့ဖြင့် ဘိုးစံသည် မိမိအနိုင်ရသော ငွေများ၏ ၄၀%ဖြစ်သော ငွေတစ်ရာနီးပါး အရှုံးခံ၍ ထိုးလိုက်ပြီးနောက် ၃၆ကောင်လောင်းကစားဝိုင်းသို့ မသွားဘဲ နေလေ၏။
ဤမြို့ကလေး၌ မိမိဆက်၍ နေထိုင်လျှင် သူတစ်ပါး ရိပ်မိသွားမှာ စိုး၏။
သူ၏ ပေါင်မုန့်ဆရာကြီး ဦးဂွတိုမှာလည်း အိမ်သို့ ပြန်မလာသေး။ ဦးဂွတို မြို့မှထွက်ခွာသည်မှာ သုံးနှစ်ကျော်အချိန်သို့ပင်ရောက်နေချေပြီ။
ဘိုးစံသည် နောက်ဆုံး၌ မြို့မှထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး ပေါင်မုန့်ရောင်းလို့ရသမျှ ငွေစကြေးစများကို စု၍ ကပ္ပိယကြီးထံသို့ သွားရောက်အပ်နှံလိုက်၏။ကပ္ပိယကြီးသည် ဘိုးစံ မြို့မှထွက်ခွာရန်အကြောင်းတို့ကြားသောအခါ…ဘာလိုလိုနဲ့ မြို့ကလေးမှာ မင်းရောက်နေတာ သုံးနှင့်ကျော်ပြီ၊ သုံးနှစ်လုံးလုံး မင်း ငါ့ကို မကြာမကြာ ပေါင်မုန့်ပို့ပေးနေတာ ကျေးဇူးတင်တယ်၊ မင်းရဲ့ပေါင်မုန့်ဆရာကြီး ဦးဂွတိုတော့လှတာမက်လို့ ညစာခက်နေပြီထင်တယ်၊ ငါ့ကိုအပ်တဲ့ပိုက်ဆံတွေကိုဦးဂွတိုဆီမှာ ပြန်ပေးလိုက်ပါမယ်…ဟု ပြောလေ၏။
ထို့နောက်တွင်မူ ဘိုးစံသည် ပေါင်မုန့်ဆိုင်ကလေးကိုပိတ်၍မြို့မှ ထွက်ခွာခဲ့လေ၏။
သူသည် အထုပ်အပိုးများထမ်း၍ ထွက်ခွာလာခဲ့ပြီး၃၆ကောင်ထိဖွင့်သော တရုတ်ဒိုင်ကြီးရှေ့သို့ ရောက်လေ၏။
ထိုအခါ ၃၆ ကောင်ထီရောင်းသော တရုတ်လူငယ်များကဘိုးစံကို နှုတ်ဆက်၍…ပေါင်မုန့်သည်လေး၃၆ ကောင်ထီ ထိုးပါဦး…ဟုဖိတ်ခေါ်လေ၏။
ဘိုးစံက လက်ကာပြ၍…ထိုးချင်စိတ်မရှိတော့ဘူးဗျာ…ဟု ပြောလေ၏။
ဘိုးစံသည် ၃၆ ကောင် ထီဆိုင်ကြီးကို ကျောခိုင်းထွက်ရန်ကြံပြီးကာမှ မိမိ နေ့စဉ်စားလေ့ရှိသော ထမင်းဆိုင်ကလေးမှ မုဆိုးမတင်တင်ဆိုသော မိန်းကလေးကို မြင်ရလေ၏။
မိန်းကလေးသည် အလွန်စိတ်သဘောထားကောင်းပြီး သူမ၏ယောက်ျားကို ဓားပြသတ်၍ သေဆုံးရရှာသူဖြစ်၏။တင်တင်သည် ဘိုးစံကိုမြင်သောအခါ ပြုံးရွှင်သော အမူအရာ ဖြင့်…ဘယ်အကောင်ထိုးရမှန်း မသိဘူး၊ ကိုဘိုးစံ အကြံပေးပါဦး…ဟု ပြောလေ၏။
ဘိုးစံသည် တင်တင်ဆိုသော မိန်းကလေးကို ကူညီချင်စိတ်ဖြစ်သွားပြီး ကတ္တီပါအိတ်ကြီးကို လက်ဖြင့် ထိကိုင်ကြည့်လိုက်၏။ထိုအခါ လိပ်ရုပ်ကိုမြင်သဖြင့် တင်တင်၏အနီးသို့ကပ်ကလေသံတီးတိုးဖြင့်….တင်တင်မှာ ပါသမျှငွေတွေကို လိပ်မှာပဲ ပုံအောထိုးလိုက်ပေတော့၊ ကျုပ် စေတနာနဲ့ပြောတာ….
ဟု ပြောလိုက်၏။တင်တင်သည် ဘိုးစံ၏ တည်ကြည်သော အမူအရာကြောင့်…ရှင်.. တကယ်ပြောတာလား၊ ကျွန်မ ဈေးရင်းဖို့ငွေတွေတော့ ပါတယ်၊ ရှင့်ကိုယုံပြီး အကုန်လုံးထိုးလိုက်ပြီ…ဟု ပြောလေရာ ဘိုးစံက သက်ပြင်းချ၍…တင်တင် ပေါက်မှာပါ၊ တင်တင်ရဲ့ ထမင်းဆိုင်မှာ သုံးနှစ်လုံးလုံး စိတ်ချမ်းချမ်းသာသာ စားသောက်ခွင့်ရတဲ့အတွက် ကျေးဇူးဆပ်တယ်လို့ သဘောထားပါ…ဟု ပြောရင်း တင်တင့်ကို ကျောခိုင်း၍ ထွက်ခွာလာခဲ့တော့၏။
ဘိုးစံသည် လှေဆိပ်သို့သွားကာ ငှက်ပျောသီးများတင်ထားသော သမ္ဗာန်ကြီးဖြင့် လှေကြုံလိုက်ခွင့်တောင်းလေရာ လှေသူကြီးက အခကြေးငွေမဆိုသလောက် တောင်းလေ၏။
ညသို့ရောက်သောအခါ ဘိုးစံသည် သမ္ဗာန်ကြီးဖြင့် လိုက်ပါရင်းသူ၏ အနာဂါတ် အရေးကို တွေးတောနေလေ၏။ ငှက်ပျောသီးသမ္ဗာန်ကြီးသည်တစ်ရွာ၏အနီးရှိ လှေဆိပ်၌ ဆိုက်ကပ်လေ၏။
ထိုလှေဆိပ်၌ ဆိုင်းသံဗုံသံများကို ကြားရသဖြင့် ပွဲခင်းရှိသည်ဆိုကာ လှေပေါ်မှ လူများဆင်းသွားကြလေ၏။
လှေဆိပ်သို့ အနီးအနားရွာများမှ လှေများလည်း တဖွဲဖွဲရောက်ရှိလာ၏။
ဘိုးစံသည် ပွဲခင်းရှိလျှင် လောင်းကစားဝိုင်းရှိမည်ဟု တွေးကာ ထိုအရပ်သို့မှန်းဆ၍ လျှောက်ခဲ့လေ၏။
မကြာမီ ပွဲခင်းကြီးရှိရာ ကွင်းပြင်ကြီးသို့ ရောက်ရှိလေ၏။
ပွဲခင်းကြီး၌ လူများ စည်စည်ကားကားရှိနေ၏။
အနီးအနားရွာမှလာသော လှည်းဝိုင်းကြီးများကလည်း ပွဲကိုဝိုင်းရံထားလေ၏။
လှည်းအစီးပေါင်း နှစ်ရာခန့်ရှိသဖြင့် စည်ကားသော ပွဲဈေးကြီးပင် ဖြစ်၏။
ပွဲဈေးတန်းဘက်သို့ရောက်သောအခါ ဈေးဆိုင်တန်းများ၏အဆုံး၌ ကစားဝိုင်းများကိုတွေ့ရ၏။
ဘိုးစံသည် ကစားဝိုင်းများကိုမြင်လျှင် အလွန်စိတ်လှုပ်ရှားသွားမိ၏။
ဘုရားပွဲ မပြီးမချင်း ဤအရပ်မှမခွဲဘဲ ငွေရှာရန် ဆုံးဖြတ်လိုက်၏။ဤကစားဝိုင်းကြီးများသည် သူကြီးမင်း၏အမိန့်တော်နှင့်ကျင်းပသော ကစားဝိုင်းများဖြစ်၏။
အနီးအနားရွာများမှ ကစားသမားများ စိတ်ဝင်တစား လာရောက်ကစားကြ၏။
ဘိုးစံသည် လူအများ ကြိတ်ကြိတ်တိုးစည်ကားနေသောကစားဝိုင်းကြီးသို့ ချည်းကပ်လိုက်၏။
ကစားဝိုင်းမှာ အလွန်ရိုးရှင်းသောကစားဝိုင်းဖြစ်၏။
မြေပေါ်ရှိ ကတ်ထူပြားပေါ်တွင် အနီရောင်ဆေးဖြင့် အကွက်များ ရေးဆွဲထားပြီး ထိုအကွက်ထဲ၌ ကြက်ရုပ်၊ ဝက်ရုပ်၊ နဂါးရုပ်စသည့် အရုပ်များရေးဆွဲထား၏။လောင်းကစားဝိုင်းဒိုင်သည် မှောက်ထားသော တောင်းထဲတွင် အန်စာသုံးလုံးထည့်ထားပြီး တောင်းကို မြေပေါ်၌လှုပ်ရမ်းပြီးအန်စာများကို ခေါက်၏။
ထိုးသားများသည် မြေပေါ်ရှိ ရေးဆွဲထားသော အကွက်၌ မိမိတို့စိတ်တိုင်းကျ ထိုးကြ၏။
ထိုးသားများ စိတ်ကြိုက်ထိုးပြီးသောအခါ ဒိုင်က….လက်ရှောင်၊ ပေါက်ကောင်ဖွင့်မယ်….ဟု အော်ကာ တောင်းကို ဖွင့်လိုက်၏။
တောင်းထဲရှိ အန်စာများ၌ ကြက်၊ ဝက်၊ နဂါး စသည်ဖြင့်ပြလေ၏။ ထိုးသားများသည် မိမိတို့ထိုးသော အကောင်များနှင့်ကိုက်ညီလျှင် ဒိုင်ထံမှ အလျော်ရ၏။
လွဲချော်သော အကောင်များကိုမူ ဒိုင်က စားလေ၏။
လောင်းကစားဝိုင်းသို့ ဘိုးစံ ချည်းကပ်လိုက်သောအခါ ဒိုင်လုပ်သူ၏အဖွဲ့သားများက…ကြိုက်ရာကိုထိုးနော်၊ ကံသက်သက်ကစားတာ၊ ဉာဏ်မပါဘဲ၊ ကံသာအမိ ကံသာအဖပဲ၊ ဒီနေ့ သူဌေးလောင်းမဖြစ်ဘူးလို့ဘယ်သူပြောနိုင်မလဲ…ဟု အော်ဟစ်ပြီး ဖိတ်ခေါ်လေ၏။
ဘိုးစံသည် တောင်းကြီးအရှေ့၌ ဝင်ထိုင်လိုက်ပြီး တောင်းကိုအာရုံပြုကြည့်လေ၏။
လူအများဆူညံပွက်နေ၍ အာရုံပြုရန် ခက်ခဲနေ၍ လွယ်ကူသော နည်းလမ်းကိုပင် အသုံးပြုလိုက်၏။
ဘိုးစံသည် မသိမသာ တောင်းကိုထိကိုင်ပြီး ပြန်ချလိုက်၏။
ဘိုးစံတောင်းကိုထိကိုင်လိုက်သည်နှင့် တောင်းထဲရှိ အန်စာတုံးများကို မြင်လိုက်၏။
ဘိုးစံသည် အံစာတုံးသုံးလုံးကို မြင်သော်လည်း ရှေ့ဆုံးပွဲဖြစ်သဖြင့် နှစ်လုံးအစားခံပြီး တစ်လုံးထိုးလိုက်၏။
ဒိုင်လုပ်သူသည်ထိုးသားများအားလုံးပြီးစီးအောင်စောင့်၍’ ဖွင့်မယ်၊ လက်ရှောင်ဟု အော်ဟစ်ကာ တောင်းကြီးကို ဖွင့်လိုက်၏။
ထိုအခါဘိုးစံမြင်သကဲ့သို့ပင် ဖြစ်နေလေ၏။
ဒိုင်လုပ်သူက စိတ်အားတက်ကြွစွာဖြင့်…ဟောဒီမှာ နဂါးကို တစ်မူးလျော်ပြီ၊ ကြက်နဲ့ဝက်ကိုတော့ စားတယ်၊ လိပ်ကိုလည်း တစ်မတ်လျော်ပြီဗျာဟု အော်ဟစ်လိုက်လေ၏။
ဘိုးစံသည် ထိုဝိုင်း၌ တစ်လှည့်ပြီးတစ်လှည့် နိုင်တစ်လှည့်ရှုံးတစ်လှည့် ကစားရင်း မသိမသာ အနိုင်ယူခဲ့လေ၏။
အတန်ကြာအောင် ကစားပြီး ထိုင်ရာမှထ၍…တော်ပြီဗျာ၊ ကျုပ် စိတ်မပါတော့ဘူး..ဟု ဆိုကာ ထိုဝိုင်းမှထ၍ နောက်တစ်ဝိုင်းသို့ ကူးလေ၏။
ဘိုးစံသည် လောင်းကစားဝိုင်းများ တစ်ဝိုင်းပြီးတစ်ဝိုင်းကူးသန်း၍ မသိမသာ အနိုင်ကစားခဲ့လေ၏။
ညဉ့်အတော်နက်မှသာ လောင်းကစားခြင်းကိုရပ်စဲ၍ သမ္ဗာန်ရှိရာသို့ ပြန်ခဲ့လေ၏။
ဘိုးစံသည် ထိုညတစ်ညတည်း ငွေလေးဆယ်မျှ အနိုင်ရလိုက်ရာ ရွှေဒင်္ဂါး နှစ်ပြားစာပင်ဖြစ်၏။
ဘိုးစံသည် နောက်တစ်နေ့နံနက် လှေထွက်မည်ဆိုသောအခါဘုရားပွဲ၌ပျော်သဖြင့် မလိုက်လိုတော့ကြောင်း ပြောလေ၏။
ငှက်ပျောသီးသမ္ဗာန်ပေါ်ရှိ လှေသူကြီးက …လူပျော်ပဲ၊ နေခဲ့ပေတော့ “..ဟု ဆိုကာ လှေကိုထွက်သွားလေ၏။
ဘိုးစံသည် ဘုရားဖူးများစုပြုံ၍ တည်းလေ့ရှိသော ဇရပ်ကြီး၌ သွားတည်လေ၏။
ဘိုးစံသည် ဘုရားဖူးများစုပြုံ၍ တည်းလေ့ရှိသော ဇရပ်ကြီး၌ သွားတည်းလေ၏။
ဘိုးစံသည် မသိမသာဖြင့် ညစဉ် အနိုင်ယူကာ ကစားလေ၏။
လောင်းကစားဒိုင်များက ဘိုးစံကို သံသယမဖြစ်ဘဲ ကံထနေသူဟူ၍သာ မြင်ကြ၏။
ဘိုးစံသည် မိမိ၏ရည်မှန်းချက်များအောင်မြင်သဖြင့် လွန်စွာပျော်ရွှင်ပြီး စိတ်အားတက်ကြွနေမိ၏။ မိမိ၏လွယ်အိတ်ထဲ၌ ငွေများတစ်နေ့တခြား တိုးပွားလာလေပြီ။
ဘိုးစံသည် သုံးညကစားပြီးသောအခါ အနီးဆုံးမြို့သို့တက်၍တောသားများဝယ်လေ့ရှိသော ရွှေဆိုင်မှ လက်ကောက်နှစ်ကွင်းနှင့်ဆွဲကြိုးတစ်ကုံးကို ဝယ်ယူလေ၏။
ထိုသို့ဝယ်ယူရခြင်းမှာ မိမိ၏ပိုက်ဆံထုပ်ကြီး ဖောင်းကအများသံသယမဝင်အောင်ဖြစ်၏။
ဘိုးစံသည် ဘုရားပွဲကျင်းပရာအချိန်(၈) ရက်လုံးနေ၍ လောင်းကစားဝိုင်းများ၌ အချိန်ကုန်လေ၏။
လောင်းကစားဝိုင်းထောင်သူများသည် ဘိုးစံကို လောင်းကစား ဝါသနာအိုးမှန်း သတိပြုမိသွားလေ၏။
ဘိုးစံသည် ထိုအခါများ၌ သတိကြီးစွာထား၍ ကစားရလေ၏။
အချို့သောညများ၌ အရှုံးခံပြီး စောစောဝိုင်းမှ ခွာရသည့်ညများပင်ရှိလေ၏။
မည်သို့ပင်ဖြစ်စေ ဘိုးစံ၏လောဘကို ထိန်းသိမ်း၍ လောင်းကစားသော အလေ့အကျင့်ကြောင့် သူ၏အစွမ်းကို မည်သူမျှရိပ်စားမိခြင်း မရှိချေ။
ဘိုးစံသည် ဘုရားပွဲကြီးပြီးသောအခါ ထိုအရပ်မှ ခွာခဲ့လေ ၏။
ထို့နောက် မိမိရွှေဝယ်ရာမြို့လေး၌ ၃၆ ကောင်ထီကို အကြီး အကျယ်လုပ်သော ဒိုင်ကြီးနှစ်ဒိုင်ရှိကြောင်း သိရ၏။
ဘိုးစံသည် ထိုမြို့ကလေး၌ ခေတ္တနေထိုင်၍ ၃၆ ကောင်ထီဆိုင်ကြီးများ၌ ဝင်ရောက်လောင်းကစားရန် ကြံ၏။
ဘိုးစံသည် ဤနှုန်းအတိုင်း ဆက်၍ကစားနေလျှင် တစ်နှစ် အတွင်း မိမိ သူဌေးဖြစ်တော့မှာ သေချာနေလေ၏။
ထို့ကြောင့် လောဘကို အတတ်နိုင်ဆုံးထိန်း၍ ၃၆ ကောင် ထီဆိုင်ကြီး နှစ်ဆိုင်လှည့်၍ ထိုးနေလေ၏။
ဘိုးစံသည် မြို့ပြင်ရှိ ဇရပ်ပျက်ကြီး၌ အိပ်စက်လေ၏။
မိမိ ဝယ်ယူထားသော ရွှေတိုရွှေစများကို ဇရပ်ပျက်ကြီးအနောက်ရှိ မြေကြီးထဲ၌ အိုးတစ်လုံးနှင့်ထည့်၍ မြှုပ်နှံထားခဲ့၏။
ဘိုးစံသည် ထိုမြို့မှထွက်ခွာပြီးနောက် နယ်စပ်မြို့များ၌ လောင်းကစားဝိုင်းများစွာရှိကြောင်း သိရ၏။
ထို့ကြောင့် လော်ရီကားကြီးတစ်စီးကို ကားကြုံလိုက်ခဲ့လေ၏။
နယ်စပ်မြို့ကလေးသို့ရောက်လျှင် တိုင်းရင်းသားများသာမကတရုတ်လူမျိုးများကိုလည်း မြင်တွေ့ရ၏။
ဘိုးစံသည် တရုတ်လူမျိုးများ ဦးစီး၍ဖွင့်လှစ်သော လေးကောင် ဂျင်ဝိုင်းများ၌ လှည့်လည်၍ ကစားလေ၏။
ထိုသို့ ကစားရာ၌ လောဘ စိတ်ကိုထိန်း၍ ကစားနိုင်သဖြင့် နယ်စပ်မြို့ကြီး၌ ပိပိရိရိဖြင့် အနိုင်ယူ ကစားနိုင်၏။
ဘိုးစံသည် နယ်စပ်မြို့ကြီး၌ လည်းအနည်းငယ်ကြာအောင်နေထိုင်ပြီး ပြည်မကြီးထဲသို့ ပြန်လည်ဝင်ရောက်ခဲ့၏။
ပြီးနောက် ဇရပ်အနောက်၌မြေအိုးနှင့်သိမ်းထားသော ရွှေများကိုသွားရောက် တူးဖော်လေ၏။
ထို့နောက် မြန်မာပြည်အနှံ့လှည့်လည်၍ လောင်း ကစား၍ ရရှိသော ငွေကြေးများဖြင့် ရန်ကုန်မြို့ကြီး၌ အိမ်ကြီး တစ်ဆောင်ကို ဝယ်ယူလေ၏။
ထို့နောက် ရရှိသောငွေကြေးများကို မက္ကဇင်ဘဏ်ကြီး၌ အပ်နှံထားလေ၏။
ဘိုးစံသည် ချမ်းသာစွာ နေနိုင်သော်လည်း မိမိ၏အစွမ်းကို လျှို့ဝှက်ထားလိုသဖြင့် သူ၏အိမ်ကြီး၌ ထမင်းချက် မိန်းမကြီးတစ်ဦးနှင့် ထိုမိန်းမကြီး၏သမီးကိုပင် အိမ်သန့်ရှင်းရေး အတွက် ငှားရမ်းထားလေ၏။
ထမင်းချက်သားအမိသည် အေးဆေးစွာ နေထိုင်ပြီး စပ်စု တတ်သူများ မဟုတ်သဖြင့် ဘိုးစံအတွက် များစွာ အဆင်ပြေ၏။
ဘိုးစံသည် သူ၏လျှို့ဝှက်သောကျင့်စဉ်များကို ပြန်လည်လေ့ကျင့်ခြင်း မရှိတော့ချေ။
မိန်းမလျာကြီး ညမွှေးပန်းထံမှရရှိသော စာအုပ်ကြီးကိုမူယွန်းသေတ္တာတွင် သေချာစွာ သိမ်းဆည်းထားလေ၏။
ထိုသို့နေထိုင်ရင်း သောင်ပြုန်းပွဲရာသီချိန်သို့ရောက်သောအခါ ဘိုးစံသည် တောင်ပြုန်းနတ်ပွဲသို့ သွားရောက်လိုစိတ်များ ဖြစ်ပေါ်လာ၏။
ဘိုးစံသည် တောင်ပြုန်းပွဲတော်သို့ ထွက်ခဲ့လေ၏။
သူသည် ချိတ်လုံချည်၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်း စသည် ဖြင့် လူကုံထံတစ်ဦးကဲ့သို့ ဝတ်စားသွားလေ၏။
ထို့ကြောင့် တောင်ပြုန်းသို့ရောက်သောအခါ ဘိုးစံကို မှတ်မိသူ မရှိဘဲ ဖြစ်နေလေ၏။
ဘိုးစံသည် မိန်းမလျာကြီးညမွှေးပန်း၏ သတင်းကို စုံစမ်း လေရာ ညမွှေးပန်းကြီးသည် အိမ်မီးလောင်ပြီးနောက် ဆင်းရဲနွမ်းပါးသွားပြီး တဲကလေးထိုး၍ ချို့ချို့ငဲ့ငဲ့ နတ်ကနေကြောင်း ကြားရ၏။
ညမွှေးပန်းကြီးသည် မိမိ အပေါ် ကျေးဇူးရှိ၍ ကရုဏာဖြစ်မိ၏။
ဘိုးစံသည် ညမွှေးပန်းကြီး၏ဒုက္ခကို ကယ်မပေးလိုသော ဆန္ဒ ဖြစ်ပေါ်လာ၏ ။
ထို့ကြောင့် တောင်ပြုန်းပွဲတော်သို့လာ၍ ဖွင့်လှစ်သော ၃၆ ကောင် ထီဆိုင်ကြီးများသို့သွားပြီး မိမိ၏အစွမ်းဖြင့် မှန်းဆပြီး ဝယ်ယူခဲ့လေ၏။
ဘိုးစံသည် ၃၆ ကောင်ထီဆိုင်ကြီး ငါးဆိုင်မှ ပေါက်ကောင် များကို ဝယ်ယူ၍ လက်မှတ်များကို ကလေးငယ်တစ်ဦးမှတစ်ဆင့် ညမွှေးပန်းထံသို့ ပို့ဆောင်လိုက်လေ၏။
ညမွှေးပန်းကြီးသည် မိမိထံသို့ အမည်မသိလူတစ်ဦး ပေး လိုက်သော ၃၆ကောင် ထီလက်မှတ်ငါးစောင်ကို အံ့သြစွာဖြင့် လက်ခံယူလိုက်လေ၏။
ထိုလက်မှတ်ငါးဆောင်သည် တစ်စောင်လျှင် ၁၀ ကျပ်ဖိုး ထိုးထားသဖြင့် တန်ဖိုးကြီးသော လက်မှတ်များပင် ဖြစ်၏။
ညမွှေးပန်းသည် ဤမျှတန်ဖိုးကြီးသော လက်မှတ်များ မိမိထံသို့ မည်သူက ပို့လိုက်သနည်းဟု တွေးတောနေလေ၏။ညမွှေးပန်းနှင့်အတူ ခိုကပ်နေထိုင်သော မိန်းမလျာတစ်စုက လည်း ထင်ကြေးအမျိုးမျိုးပေးကြလေ၏။
မိန်းမလျာများအနက်မှ လှလှမိုးဆိုသူက…အမလေး. လက်မှတ်တစ်စောင်ကို တစ်ဆယ်ကြီးများ တောင် ထိုးထားတယ်၊ တောင်ပြုံးပွဲတော်ကြီးမှာ တစ်ဆယ်တန် လက်မှတ်တွေ ဝယ်ထားကယ်ပေါက်များပေါက်လိုက်ရင်တော့ ညမွှေးပန်းကြီးချမ်းသာသမျှကို မတွေးဝံ့ဘူး၊ ဘာပဲဖြစ်ဖြစ် ညနေ ၃၆ ကောင်ထီမဖွင့်မီ ကိုယ်တော်တွေဆီမှာ ဆုတောင်းကြမယ်…ဟု ပြောကာ ၄င်းတို့ကိုးကွယ်သော နတ်များအား ပူဇော် ပသကြကုန်၏။
ထို့နောက်ညမွှေးပန်း၏ နောက်လိုက် မိန်းမလျာများသည်၃၆ ကောင် ထီဖွင့်မည့်နေရာများ၌သွား၍ စောင့်ကြလေ၏။
ညနေစောင်းအချိန် ၃၆ ကောင်ထီဖွင့်သောအခါ ဒိုင် အသီးသီး၌ ညမွှေးပန်း၏ထီလက်မှတ်များ ပေါက်ကောင်ဖြစ်နေ သဖြင့် မယုံနိုင်အောင်ဖြစ်ပြီး ညမွှေးပန်းထံသို့ ဝမ်းသာအားရ ပြန် ပြေးကြကြ၏။
ညမွှေးပန်းသည် သူ၏ ၃၆ ကောင် ထီလက်မှတ်များ အားလုံးပေါက်နေကြောင်း ကြားရသောအခါ ဝမ်းသာအားရဖြင့် …တကယ်လား၊ တကယ်ကို ၃၆ ကောင်ထီတွေ အကုန် လုံး ပေါက်နေတာလား၊ အမလေး.. ဒါဆိုရင် ညမွှေးပန်းတို့တော့ ချမ်းသာပြီပေါ့၊ ဝမ်းသာလိုက်တာ၊ ငါ့တစ်သက်မှာ ဒီနေ့ဟာ ဝမ်း အသာဆုံးပဲဟေ့…အော်ဟစ်ပြီး ကခုန်လေ၏။
ညမွှေးပန်းသည် ထိုနေ့မှာပင် ၃၆ ကောင် ဒိုင်ကြီးများမှ ငွေများကို သွား၍ထုတ်လေ၏။
ညမွှေးပန်းတစ်ယောက် ဒိုင်များ အားလုံး၌ ထီပေါက်သောသတင်းမှာလည်း တောင်ပြုန်းတစ်ရွာလုံးပြန့်နှံ့သွားလေ၏။
ညမွှေးပန်း၏ ထူးခြားသော ကံကြမ္မာကို ၃၆ ကောင်ဒိုင်ကြီးများပင် အံ့သြကြ၏။
ဒိုင်အသီးသီး၌ ညမွှေးပန်း၏ထီလက်မှတ်များသာ ပေါက် ကောင်ဖြစ်နေခြင်းမှာ လွန်စွာထူးခြားသော ဖြစ်ရပ်ပင်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ညမွှေးပန်းကြီးကို ၄င်းကိုးကွယ်သော ကိုယ်တော်များက မစလိုက်ခြင်းဖြစ်သည်ဟု ပြောစမှတ်တွင်သွားဤသို့ဖြင့် ညမွှေးပန်းကြီးသည် ဘိုးစံ၏ ကျေးဇူးကြောင့်စီးပွားရေး ပြန်လည်ချောင်လည်သွားလေ၏။
နတ်ယုံကြည်သူများသည် ညမွှေးပန်းချမ်းသာလာခြင်းမှာ ကိုယ်တော်များ၏ မစမှုကြောင့် ချမ်းသာလာသည်ဟု ယုံကြည်ကြ ရာ ညမွှေးပန်းကို ပိုမို၍ ကိုးကွယ်ကြလေ၏။
အပိုင်း ၁၀ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၁၀
ဘိုးစံသည် တောင်ပြုန်းရွာမှပြန်လာပြီးနောက် မန္တလေးမြို့ပတ်ဝန်းကျင် လောင်းကစားဝိုင်းအမျိုးမျိုး၌ ကျင်လည်ခဲ့လေ၏။
သူ၏အစွမ်းကြောင့် ပိုက်ဆံရှာရသည်မှာ လွန်စွာလွယ်ကူလေ၏။
ဘိုးစံသည် မန္တလေးမြို့ပေါ်ရှိ လူကုံထံများ၏ ဖဲဝိုင်း၊ ဂျင်ဝိုင်းများ၌ ကျင်လည်ခဲ့လေ၏။
မည်သို့ပင်ဖြစ်စေ ဘိုးစံသည် မိမိ၏လောဘကို သံမဏိ စည်းကမ်းကဲ့သို့ ထိန်းသိမ်းလေရာ ဘိုးစံ၌ ထူးဆန်းသော အစွမ်းရှိကြောင်း မည်သူမျှ မသိမြင်ကြချေ။
ဘိုးစံသည် လောင်းကစားဝိုင်းများ၌ လှည့်လည်သွားလာရင်းမိမိ၏အစွမ်းကြောင့် ငွေများ စုဆောင်းမိလေ၏။
ထိုငွေများကိုမက္ကဇင်ဘဏ်သို့ ထည့်၍စုဆောင်းထားလေ၏။
တစ်နေ့သ၌ ဘိုးစံသည် နယ်မြို့လေးတစ်မြို့ရှိ ပွဲဈေးတန်းတစ်ခုကို ရောက်ရှိသွားလေ၏။
ပွဲဈေးတန်း၏အဆုံး၌ ဆက်ကပ်ရုံရှိ၏။
ထိုမြို့၌ ဆက်ကပ်ပွဲပြသည်မှာ နှစ်ညရှိပြီဟု သိရ၏။
ဘိုးစံသည် ဆက်ကပ်ကြည့်ရန် လက်မှတ်ဝယ်၍ ရုံထဲသို့ဝင်ခဲ့၏။ဆက်ကပ်နှင့် မျက်လှည့်ဆန်ဆန် ပူးပေါင်းပြသသော ရုံကြီးထဲသို့ ဝင်ခဲ့လေ၏။
ဘိုးစံသည် ထိုညက ဆက်ကပ်အဖွဲ့၏ ပြကွက်များကို ကြည့်ရှုရင်းကောင်းကင်ဘားကစားသော ပြကွက်ကို ကြည့်ရှုရလေ၏။
ကောင်းကင်ဘား ပြသသူများသည် မောင်ဘတူနှင့် မောင်ဘသူဆိုသော အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်၏။
ဘိုးစံသည် ၄င်းတို့နှစ်ဦး၏ပြကွက်များကို ကြည့်ရှုနေစဉ် ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားပြီးညီအစ်ကိုနှစ်ဦးအနက် မောင်ဘတူသည် ကောင်းကင် ဘားကစားရာမှအသံနက်ကြီးနှင့် မြေပေါ်သို့ ပြုတ်ကျသွားသည်ဟု မြင်ယောင်လိုက်လေ၏။
သို့သော် လက်တွေ့တွင်မူ မောင်ဘတူနှင့် မောင်ဘသူတို့ညီအစ်ကိုနှစ်ဦးသည် တွဲဘက်ညီညီဖြင့် ပြသနေဆဲဖြစ်၏။
ဘိုးစံသည် မိမိ၏အာရုံထဲ၌ ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသောကြောင့် ကြောက်မက်ဖွယ်ပြကွက်ကို မျက်လုံးထဲကမထွက်တော့ချေ။
ထို့ကြောင့် ကောင်းကင်ဘားပြကွက်ကို ရင်တမမကြည့်ရှုနေလေ၏။
သို့သော် ကောင်းကင်ဘားပြကွက် ပြီးဆုံးသွားသည်အထိ ၄င်းတို့ညီအစ်ကိုနှစ်ဦး ဘေးမသီ ရန်မခဘဲ ပြသသွားနိုင်၏။
ဘိုးစံသည် ညီအစ်ကိုနှစ်ဦး၏ ပြကွက်များ ပြီးဆုံးသောအခါမှပင် သက်မကို ချနိုင်လေ၏။
ကောင်းကင်ဘားပြရင်း ထိုညီအစ်ကိုနှစ်ယောက် မည်သည့်အန္တရာယ်မျှ မကြုံတွေ့သော်လည်း မောင်ဘတူ မြေပေါ်သို့ပြုတ်ကျပြီး သွေးသံရဲရဲဖြစ်သွားသော ရှုခင်းကို မိမိ၏အာရုံထဲ၌ ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရ၏။
ထိုအကြောင်းကို မောင်ဘတူတို့ ညီအစ်ကို အား ပြောပြပြီး သတိပေး လို၏။
ထိုကြောင့် ဘိုးစံသည် ဆက်ကပ်အဖွဲ့ပြီးဆုံးသောအခါ လူအများပြန်သွားသော်လည်း မပြန်နိူင်သေးပဲဆက်ကပ်ရုံအနောက်သို့ ဝင်ခဲ့၏။
ဆက်ကပ်အဖွဲ့ရှိ တာဝန်ရှိသူတစ်ဦးက ဘိုးစံကို တားဆီးလိုက်သောအခါ မောင်ဘတူတို့ ညီအစ်ကိုနှင့် တွေ့လိုကြောင်း ခွင့်တောင်းလေ၏။
ထိုသူသည် ဘိုးစံအား အနားယူနေသော ညီအစ်ကိုနှစ်ယောက်ထံသို့ ခေါ်ဆောင်သွားလေ၏။
ဘိုးစံက ညီအစ်ကိုနှစ်ယောက်ကို မိတ်ဆက်ပြီးသောအခါမောက်မာဟန်ရှိသော ညီအစ်ကိုနှစ်ယောက်အနက် မောင်ဘတူက…ကျုပ်တို့ညီအစ်ကိုနဲ့ ဘာကြောင့်တွေ့ချင်တာလဲ…ဟုလေသံမာမာဖြင့် ပြောလေ၏။ ဘိုးစံက ခေါင်းခါယမ်း၍…ကျုပ် ခင်ဗျားတို့ ညီအစ်ကိုနဲ့ လာတွေ့တာက ကောင်းကင်ဘားကစားရင် အန္တရာယ်တွေ့နိုင်လို့ လာပြီး သတိပေးတာပါ…ဟု.ပြောလေရာ ဘိုးစံ၏စကားသည် မာန်တက်နေသောညီအစ်ကိုနှစ်ယောက်ကို လှောင်ပြောင်သလိုဖြစ်သွားပြီး မောင်ဘတူက…ဘာများလဲလို့၊ ခင်ဗျားက မီးချောင်းမင်း ရေခင်းပြနေတာကိုး၊ ကောင်းကင်ဘား ကစားတယ်ဆိုတာ အသက်အန္တရာယ်နဲ့ ရင်းပြီးလုပ်ရတယ်ဆိုတာ လူတိုင်းသိတယ်၊ ခင်ဗျားပြောမှမဟုတ်ဘူး၊ ဒါပေမဲ့ ကျုပ်တို့ညီအစ်ကိုက ကောင်းကင်ဘား ကစားဖို့မွေးဖွားလာတဲ့သူတွေ၊ ဘယ်တော့မှ အန္တရာယ်မဖြစ်နိုင်ဘူး၊နေပါဦး.. ခင်ဗျားက မဆီမဆိုင် ကျုပ်တို့ညီအစ်ကိုကို အန္တရာယ်ဖြစ်နိုင်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ၊ ခင်ဗျားက ကောင်းကင်ဘား ပြကွက်နဲ့ ပတ်သက်လို့ ဘယ်လောက်ကျွမ်းလို့လဲ၊ ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ကို ပညာစမ်းချင်လို့လား…ဟု ပြောလေ၏။
ဘိုးစံက သက်ပြင်းချ၍…ကျုပ် ပညာစမ်းဖို့လည်း မဟုတ်ပါဘူး၊ ကောင်းကင်ဘားလည်း မကစားတတ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့ည ကောင်းကင်ဘားကြည့်ရင်းကျုပ်ရဲ့ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး မောင်ဘတူကောင်းကင်ဘားပြရင်း မြေပေါ်ကို ပြုတ်ကျသွားတာ မြင်လိုက်ရတယ်၊ ကျုပ်ရဲ့အာရုံထဲမှာ ထင်ထင်ရှားရှားကြီးကို မြင်နေတာ၊ ကျုပ်အရင်က ဒီလို တစ်ခါမှမဖြစ်ဖူးပါဘူး၊ မောင်ဘတူ မြေပေါ်ကိုပြုတ်ကျတာ ထင်ထင်ရှားရှား မြင်ရတယ်..”
ဟုပြောလေရာ မောင်ဘတူက ဒေါသတကြီးဖြင့်…ဟေ့လူ… တော်စမ်း၊ နိမိတ်မရှိတာတွေ လာဟော နေတယ်၊ မြန်မာပြည်မှာ ကျုပ်တို့ညီအစ်ကိုထက် ကောင်းကင်းကျွမ်းတဲ့သူမရှိဘူး၊ ကျုပ်တို့က ဘာလို့ပြုတ်ကျရမှာလဲ၊ နေပါဦး၊ခင်ဗျားက အကြားအမြင်လိုလို ဗေဒင်ဆရာလိုလို လာလုပ်နေတယ်ဆိုတော့လူလိမ်ပဲဖြစ်ရမယ်၊ ကျုပ်တို့ဆီက ဘာမှရဖို့မမျှော်လင့်နဲ့ …”ဟု ရင့်သီးစွာ ပြောလေ၏။
ဘိုးစံသည် မိမိ၏အာရုံ၌မြင်ရသော အကြောင်းအရာကိုရိုးရိုးသားသာ လာပြောပါလျက် ရိုင်းပြစွာ တုန့်ပြန်သော ညီအစ်ကိုကို ရင်နာသွား၏။
ထို့ကြောင့် ခေါင်းခါယမ်းလိုက်ပြီး…ကျုပ်ရင်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်ရတဲ့ အာရုံတစ်ခုကို စိုးရိမ်ပြီး ခင်ဗျားတို့ကို ပြောပြတာပါ၊ ကျုပ်ကိုယ်တိုင်လည်းတိတိကျကျဖြစ်မယ်လို့ မပြောဝံ့ပါဘူး၊ ဒါပေမဲ့ ကျုပ်ရဲ့နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ အကျင့်အကြံတစ်ခုကြောင့် ထူးခြားတဲ့စွမ်းရည် တစ်ခုကို ပိုင်ဆိုင်ပါတယ်…ဘိုးစံ၏စကားမဆုံးမီ မောင်ဘတူက သေတ္တာကို လက်ဖြင့်ပုတ်၍…ဘာစွမ်းရည်ပိုင်ပိုင် ကျုပ်တို့ကို လာလိမ်ဖို့မကြိုးစားနဲ့၊ခင်ဗျား ကျုပ်တို့ရှေ့က ထွက်သွားစမ်း၊ အခုချက်ခြင်းထွက်သွား၊မသွားရင် ဆွဲထိုးမိလိမ့်မယ်…ဟု မောင်းနှင်ထုတ်လေ၏။
ဘိုးစံသည် မိုက်ရူးရဲ ညီအစ်ကိုနှစ်ယောက်နှင့် စကားတုံ့ပြန်ပြောဆိုလိုခြင်း မရှိတော့ချေ။
ထို့ကြောင့်ထိုင်ရာမှထရပ်၍…ကျုပ်မှာရှိတဲ့အစွမ်းဆိုတာ မျက်လုံးနဲ့မကြည့်ဘဲ မြင်နိုင်တဲ့ အစွမ်းသတ္တိတစ်ခုပါ၊ ဒါဟာ မင်းတို့ညီအစ်ကိုရဲ့ ကံကြမ္မာနဲ့ဘာမှမဆိုင်ပါဘူး၊ ကျုပ်သွားပါတော့မယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမလွန်ကဲဘဲ သတိနဲ့ကြိုးစားပြီး ကောင်းကင်ဘား ကစားကြပါ၊ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိပါဘူး…ဟုဆိုကာ မိုက်ရူးရဲ ညီအစ်ကို ရှေ့မှ ထွက်ခဲ့လေ၏။
ဘိုးစံသည် ဆက်ကပ်ရုံအပြင်သို့ရောက်သောအခါ ဖဲဗေဒင်ဟု ရေးထားပြီး ဖဲထုပ်ကလေးတစ်ထုပ်ရှေ့တွင်ထိုင်နေသောအဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရ၏။
ဂျူးအဘိုးကြီးသည် ဘိုးစံကို ပြုံးရွှင်သော အမူအရာဖြင့် …ကောင်းကင်ဘားကစားတဲ့ ညီအစ်ကိုနှစ်ယောက်ကမိုက်မိုက်ရိုင်းရိုင်းပြောပြီး မောင်းထုတ်လိုက်ပုံရတယ်….
ဟု ပြောလေရာ ဘိုးစံသည် ဂျူးအဘိုးကြီးကို အံ့သြသွားပြီး…
ခင်ဗျားက ဘယ်လိုလုပ်ပြီး သိတာလဲ…ဟု မေးမြန်းလေ၏။
ဂျူးအဘိုးကြီးက ဘိုးစံကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး…ပညာမျက်စိနဲ့ကြည့်ရင် သိနိုင်တာပေါ့၊ ကောင်းကင်ဘားညီအစ်ကိုနှစ်ယောက်ရဲ့ အနိဋ္ဌာရုံတွေကို ကျုပ်ရဲ့ဖဲချပ်လေးတွေကလည်း ပြောပြနေတယ် …ဟု ပြောလေရာ ဘိုးစံက မျက်မှောင်ကြုတ်၍…ဖဲတွေနဲ့ ဗေဒင်ကြည့်လို့ရလို့လားဟု မေးမြန်းလေ၏။
အဘိုးကြီးက ခေါင်းညိတ်၍…ဖဲတွေနဲ့ ဗေဒင်ကြည့်လို့ရတာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ၊ မောင်ရင်က အခုမှ အိပ်မက်မက်နေရသလား၊ လွန်ခဲ့တဲ့ရက်ကညီအစ်ကိုနှစ်ယောက်ထဲက မောင်ဘတူဆိုတဲ့လူဟာ ကျုပ်ရဲ့ ဖဲဗေဒင်ကို လှောင်ပြောင်သရော်ပြီး လာကြည့်ခဲ့တယ်၊ ကျုပ်က ရိုးရိုးသားသားပဲ သူ့ကို စကားတစ်ခွန်းပြောခဲ့တယ်၊ ကောင်းကင်ဘားပြရင်း မြေပေါ်ကို ဇောက်ထိုးကျပြီး သေလိမ့်မယ်လို့…ဟုပြောလေ၏။
ဘိုးစံက မျက်လုံးပြူးသွားပြီး …ဟင် .. ဖဲဗေဒင်ကလည်း ဒီလူတွေ ဒုက္ခရောက်မယ်လို့မြင်တယ်ပေါ့၊ သေချာရဲ့လားဗျာ……သိပ်ပြီးသေချာတာပေါ့၊ ဖဲချပ်လေးတွေက ဘယ်တော့မှမုသားမပြောဘူး၊ ဒါပေမဲ့ အဓိက ကတော့ ဖဲချပ်ကို ပိုင်ဆိုင်တဲ့သူကအရေးအကြီးဆုံးပါ၊ ပါရမီမရှိတဲ့သူတွေ ဖဲချပ်ကိုင်ရင်တော့ အမှန်တရားကို ဖဲချပ်တွေက ပြောမှာမဟုတ်ဘူး……..ကျုပ်ကိုလည်း ဗေဒင်လုပ်ပေးပါလား၊ ခင်ဗျားရဲ့ ဖဲဗေဒင်ကို ကျုပ် တော်တော်စိတ်ဝင်စားသွားပြီ……ဖဲဗေဒင်ကမြင်တာကိုပဲ ကွင်းခနဲ ကွက်ခနဲ့ ပြောတယ်၊မလိုတာတွေကို ပြောလေ့မရှိဘူး၊ ထိုင်ပါ၊ မောင်ရင့်ကို ကျုပ် ဗေဒင်ကြည့်ပေးပါ့မယ်….ဘိုးစံသည် ဂျူးအဘိုးကြီး၏ရှေ့တွင် ဝင်ထိုင်လိုက်ရာအဘိုးကြီးက ဖဲထုပ်ကို ချိုးခိုင်းလိုက်၏။
ဘိုးစံသည် ဖဲထုပ်ကို ချိုးပေးလိုက်၏။
ဂျူးအဘိုးကြီးသည်ဖဲထုပ်အပေါ်ဆုံးမှ ဖဲချပ်ကိုကြည့်၍ သက်ပြင်းချလိုက်ပြီး
…မောင်ရင်ဟာ တတိယမျက်လုံးပိုင်ရှင်တစ်ယောက်ပဲ၊ဂမ္ဘီရပညာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုမဲ့ပုဂ္ဂိုလ်ပဲ၊ ဒါပေမဲ့တစ်ချိန်ချိန်မှာ ကိုယ်ကျိုးစီးပွားအတွက် အသုံးမပြုတော့ဘဲ အများ အကျိုး အတွက် အသုံးပြုမဲ့ သူတော်ကောင်းတစ်ယောက်ဖြစ်မှာ သေချာတယ် ။ဘာပဲဖြစ်ဖြစ် ဒီနေ့ကို ကျုပ် တသက် ဘယ်တော့မှမမေ့ပါဘူး၊ တတိယမျက်လုံးပိုင်ရှင်ကို ကျုပ် ဗေဒင်ကြည့်ခွင့်ရလို့လည်း ဂုဏ်ယူပါတယ်…
ဟု ပြောလေရာ ဘိုးစံသည် ဂျူးအဘိုးကြီး၏ ဗေဒင် မှန်လွန်းပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
ဘိုးစံသည် သူ၏အရှေ့၌ မှောက်၍ချထားသော ဖဲချပ်ကလေးကို ထိကိုင်ကြည့်လိုက်ရာ သာမန်ဖဲချပ်များနှင့်မတူဘဲ အလွန်ထူးဆန်းသောပုံများကို တွေ့ရလေ၏။
ဂျူးအဘိုးကြီးက ဖဲထုပ်ကလေးကို ကုလားဖန်ထိုးလိုက်ပြီး…ဖဲထုပ်တွေရဲ့ မူလအစက အနောက်တိုင်းက ဂမ္ဘီရပညာရှင်တွေ အသုံးပြုခဲ့တဲ့ ကိရိယာတစ်ခုပါပဲ၊ ဂမ္ဘီရပညာရှင်တွေအသုံးပြုခဲ့တဲ့ မူလဖဲချပ်စုစုပေါင်းက (၇၈) ချပ်တောင်ရှိခဲ့တယ်၊ဂမ္ဘီရပညာရှင်ကြီးတွေဟာ လူတွေရဲ့စိတ်မှာ လောဘစိတ်၊ ယှဉ်ပြိုင်လိုစိတ်တွေ ကိန်းအောင်းနေတယ်လို့ ယူဆတယ်၊ ဒါကြောင့် ဒီစိတ်တွေ တပြိုင်တည်း ဖြစ်ပေါ်နိုင်တဲ့ လောင်းကစားခြင်းမှာ ဂမ္ဘီရပညာကိုပေါင်းစပ်ခဲ့တယ်၊ ဟိုးအရင်က ဂမ္ဘီရဖဲချပ်တွေမှာ တုတ်အုပ်စု၊ဓားအုပ်စု၊ ကြယ်အုပ်စု၊ ခွက်အုပ်စုဆိုပြီး ရှိတယ်၊ နောက်တော့လောင်းကစားဖဲချပ်တွေအနေနဲ့ ဖန်တီးအခါမှာ တုတ်ဖဲချပ်တွေဟာညှင်းဖဲချပ်အဖြစ်ပြောင်းခဲ့တယ်၊ ခွက်ဖဲချပ်တွေကိုတော့ ဟတ်ဖဲချပ်တွေအနေနဲ့ ဖန်တီးခဲ့တယ်၊ ဓားဖဲချပ်တွေကိုတော့ စပိတ်ဖဲလုပ်ခဲ့တယ်။ကျန်ဖဲချပ်တွေကိုလည်း ဒိုင်းမွန်းဖဲချပ်အဖြစ် ပြောင်းခဲ့ပြန်တယ်။ဒီလိုပြောင်းလဲခဲ့တဲ့ အထောက်အထားတွေကို ဖဲဗေဒင်ကိုကြည့်ခြင်းဖြင့်သိနိုင်တယ်၊ ဖဲချပ်တွေနဲ့ ဂမ္ဘီရပညာဆက်စပ်နေပုံကို ပြောရရင်အရှည်ကြီးပဲ…ဟု ပြောလေရာ ဘိုးစံသည် ဂျူးအဘိုးကြီး၏စကားများကိုစိတ်ဝင်စားစွာ နားထောင်လေ၏။
သူသည် ဂျူးအဘိုးကြီး၏ ဂမ္ဘီရဖဲချပ်ကလေးများကို အလွန်စိတ်ဝင်စားနေမိ၏။
ထို့ကြောင့် ဂျူးအဘိုးကြီးကိုကြည့်၍…ဖဲဗေဒင်က သိပ်မှန်တာပဲဗျ၊ ဒီဗေဒင်ကို အလွယ်တကူသင်လို့ရမလား……သင်လို့ လွယ်ပါတယ်၊ ဒါပေမဲ့ ဖဲဗေဒင်ကပြောတဲ့ဟောချက်တွေ မှန်ကန်ဖို့ကတော့ ဖဲဗေဒင်ကို နှလုံးသားထဲက အူလှိုက်သည်းလှိုက် ယုံကြည်ဖို့လိုတယ်၊ ဖဲဗေဒင်နဲ့ ဟောပြောသူကတသားတည်းဖြစ်နေဖို့လိုတယ်၊ တသားတည်းဖြစ်မှသာ ဟောချက်တွေ သွေးထွက်အောင်မှန်လိမ့်မယ်၊ ဒီလိုဖြစ်ဖို့တော့ နှစ်ပေါင်းများစွာအချိန်ကုန်ရလိမ့်မယ်…ဟု ပြောလေရာ ဘိုးစံသည် ဖဲဗေဒင်ကို သင်ယူချင်စိတ်များပျောက်သွားလေ၏။
ဂျူးအဘိုးကြီး၏ ဖဲဗေဒင်မှန်ကန်စေရန် မိမိ၏ကျင့်စဉ်ကဲ့သို့ခက်ခဲနက်နဲပေလိမ့်မည်။
မည်သည့်ပညာရပ်မျှ လွယ်လွယ်ကူကူအောင်မြင်မှုရမည် မထင်ချေ။
ဘိုးစံသည် ထိုမြို့၌ ခေတ္တနေထိုင်၍ လောင်းကစားခြင်းအမှုကို ပြုလုပ်ရန် ကြံရွယ်၏။
နောက်တစ်နေ့သို့ရောက်သောအခါ လွန်စွာထူးဆန်းသောသတင်းဆိုးတစ်ခုကို ကြားရလေ၏။
ထိုသတင်းမှာ ဆပ်ကပ်အဖွဲ့၌ ကောင်းကင်ဘား ကစားသော အမြွှာညီအစ်ကိုအနက် မောင်ဘတူဆိုသူသည် ကောင်းကင်ဘားကစားရင်း မြေပေါ်သို့ ဇောက်ထိုးပြုတ်ကျပြီး သေဆုံးခဲ့သည်ဆို၏။
မောင်ဘတူသည် ကောင်းကင်ဘားကစားရင်း ပိုက်ပေါ်သို့ပြုတ်ကျရာမှ ပိုက်ပေါက်ပြီး မြေပေါ်သို့ ပြုတ်ကျသွားခြင်း ဖြစ်၏။
ဘိုးစံသည် ထိုသတင်းကိုကြားသောအခါ မောင်ဘတူအတွက် စိတ်မကောင်းခြင်းများစွာဖြစ်မိ၏။
မိမိ၏ ထူးခြားဆန်းကြယ်သော အာရုံကိုလည်း လွန်စွာအံ့သြသွားလေ၏။
ထိုအာရုံမျိုးကို သူ၏တစ်သက်၌ ဤတစ်ကြိမ်သာ ကြုံတွေ့ခြင်းဖြစ်၏။
လူထူးလူဆန်း ရှန်ကာရ၏ကျင့်စဉ်များကို အောင်မြင်စွာလေ့ကျင့်ပြီးနောက် ပထမဆုံး ကြုံတွေ့ရသော ကြောက်မက်ဖွယ်အာရုံပင်ဖြစ်၏။
မိမိ၏ ထူးခြားသော အမြင်အာရုံသည် မှန်ကန်မှုရှိသလိုဖဲဗေဒင်ပညာရှင် ဂျူးအဘိုးကြီး၏ဟောချက်မှာလည်း ကြောက်မက်ဖွယ် မှန်ကန်မှုရှိ၏။
လောက၌ ထူးခြားဆန်းကြယ်ပြီး သာမန်လူတို့၏ဉာဏ်ရည်ဖြင့် လိုက်မမီသောအကြောင်းအရာများစွာရှိကြောင်း ရိပ်စားမိသလိုရှိ၏။
ဘိုးစံသည် ဂမ္ဘီရပညာကို အကူအညီ ယူ၍ လောဘတကြီး ငွေရှာခဲ့၏။
မိမိရှာဖွေ၍ရသမျှ ငွေကြေးများကို မက္ကဇင့်ဘဏ်၌ အပ်နှံထား၏။
ဘိုးစံသည် လောင်းကစားဝိုင်းများ၌ စွန့်စား၍ ငွေရှာသော်လည်း အသက်အန္တရာယ်များသောဖြစ်ရပ်များနှင့် ကြုံတွေ့ရ၏။
သူသည် နယ်စပ်ဒေသ၌ လောင်းကစားဝိုင်းပြုလုပ်စဉ်အသက်အန္တရာယ်နှင့်ပင် နီးကပ်သွားခဲ့၏။
ဘိုးစံသည် နယ်စပ်မြို့ကလေးတစ်မြို့၌ လောင်းကစားရန်ရောက်ရှိနေ၏။
သူသည် နယ်စပ်မြို့ကလေး၏ ထမင်းဆိုင်တစ်ဆိုင်၌ တည်းခိုပြီး လောင်းကစားနိုင်မည့် အခွင့်အရေးကို စောင့်နေ၏။
ထိုအခိုက်မှာပင် ဘိုးစံတည်းခိုနေသော ထမင်းဆိုင်ရှေ့သို့မြင်းရထားတစ်စီး ရောက်ရှိလာပြီး ရထားပေါ်မှ တရုတ်လူမျိုးများဝတ်လေ့ရှိသော အင်္ကျီနှင့် ဘောင်းဘီပွကြီးကို ဝတ်ဆင်ထားသောလူတစ်ဦး ဆင်းလာ၏။
အပိုင်း ၁၁ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၁၁
ဘိုးစံတည်းခိုနေသော ထမင်းဆိုင်ရှေ့သို့မြင်းရထားတစ်စီး ရောက်ရှိလာပြီး ရထားပေါ်မှ တရုတ်လူမျိုးများဝတ်လေ့ရှိသော အင်္ကျီနှင့် ဘောင်းဘီပွကြီးကို ဝတ်ဆင်ထားသောလူတစ်ဦး ဆင်းလာ၏။
ထိုသူသည် ဘိုးစံထံသို့ ဖော်ရွှေသော အမူအရာနှင့် ရောက်လာပြီး …မိတ်ဆွေနာမည်က ကိုဘိုးစံ ထင်တယ်၊ ကျုပ်တို့သခင်ကြီး လွှတ်လိုက်လို့ပါ၊ လောင်းကစားပွဲလုပ်ချင်ရင် ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ… ဟု ဖိတ်ခေါ်လေ၏။
ဘိုးစံသည် ရေငတ်တုန်း ရေတွင်းထဲကျဖြစ်သဖြင့် ထိုသူ၏အနောက်သို့ လိုက်ခဲ့လေ၏။
မကြာမီ ဘိုးစံတို့စီးလာသော ရထားလုံးသည် မြို့တစ်နေရာရှိ လွန်စွာခမ်းနားကြီးကျယ်သော ခြံကြီးအတွင်းသို့ ဝင်ရောက်ခဲ့လေ၏။
ခြံကြီးထဲရှိ ကြီးမားသော အိမ်ကြီး၏ ဆင်ဝင်အောက်၌တရုတ်လူငယ်များ စောင့်ကြိုနေပြီး ဘိုးစံကို အိမ်ကြီး၏အပေါ်ထပ်သို့ ခေါ်ဆောင်သွားလေ၏။
အပေါ်ထပ်ဧည့်ခန်းထဲတွင် လောင်းကစားပွဲပြုလုပ်ရင်စားပွဲရှည်ကြီးကို စီစဉ်ထားပြီး ထိုစားပွဲ၌ ပိုးဖဲကတ္တီပါဝတ်ဆင်ထားသော တရုတ်သူဌေးကြီးများကို တွေ့ရလေ၏။
ထိုတရုတ်သူဌေးများအနက် မုတ်ဆိတ်ဖြူကြီးများရှိသောတရုတ်သူဌေးကြီးက ဘိုးစံကို လှိုက်လှဲသော အမူအရာဖြင့် ကြိုဆိုပြီး…ပြည်မကြီးက လောင်းကစားဝါသနာအိုးကြီးတစ်ဦးရောက်နေတယ်ဆိုတာသိရလို့ ဖိတ်ခေါ်လိုက်တာပါ…ဟု ပြောလေရာ ဘိုးစံသည် တရုတ်သူဌေးများကို ဦးညွှတ်၍..ကျွန်တော့်ကို ခုလို တကူးတကဖိတ်ခေါ်ပြီး ကစားခွင့်ပြုတာ ကျေးဇူးတင်ပါတယ်…ဟု ဆိုလိုက်ပြီး တရုတ်သူဌေးများနှင့်အတူ လောင်းကစားခြင်းအမှုကို ပြုလုပ်လေ၏။
ထိုနေ့က တစ်နေကုန် လောင်းကစားဝိုင်းပြုလုပ်ပြီးနောက်ဘိုးစံသည် မိမိ၏ထုံးစံအတိုင်း တရုတ်သူဌေးများကို မသိမသာပင်အနိုင်ယူ၍ ကစားလေ၏။
ညနေစောင်းသောအခါ ဘိုးစံသည် အနိုင်ရရှိထားသောငွေထုပ်ကိုပိုက်၍ ပြန်ရင်ပြင်လေ၏။
ထိုအခိုက်မှာပင် မုတ်ဆိတ်ဖြူကြီးများရှိသော အိမ်ရှင်တရုတ်သူဌေးကြီးသည် ဘိုးစံကို ရင်းနှီးခင်မင်သော အမူအရာဖြင့်ကြည့်၍…မိတ်ဆွေကို ကျုပ်တို့ တရုတ်မိတ်ဆွေတွေက တောင်းပန်စရာ ရှိပါတယ် …”ဟု ပြောလေရာ ဘိုးစံသည် အံ့ဩပြီး တရုတ်သူဌေးကြီးကိုကြည့်လိုက်လေ၏။
ထိုအခါ တရုတ်သူဌေးကြီးက…ဒီလိုပါ မိတ်ဆွေ၊ မိတ်ဆွေကို လောင်းကစားတဲ့နေရာမှာ မရိုးမဖြောင့်လုပ်တတ်တယ်လို့ ကျုပ်တို့ ကြိုပြီး သံသယဖြစ်မိတယ်၊ ဒီလိုသံသယဖြစ်ရတာလည်း မိတ်ဆွေနဲ့အတူ လောင်းကစားဖူးတဲ့ လူတစ်ယောက်က ကျုပ်တို့ရဲ့မိတ်ဆွေပါ၊ သူ့ရဲ့သတင်းပေးချက်အရ မိတ်ဆွေရောက်တုန်း ဖိတ်ခေါ်ပြီး ရိုးဖြောင့်မှု ရှိမရှိစောင့်ကြည့်ခဲ့ပါတယ်၊ ဒီနေ့ မိတ်ဆွေနဲ့အတူ လောင်းကစားတဲ့ပုဂ္ဂိုလ်တွေက အလွန်ကျွမ်းကျင်တဲ့သူတွေပါ၊ သူတို့အားလုံး မိတ်ဆွေကို စောင့်ကြည့်တဲ့အခါ မိတ်ဆွေဟာ ရိုးသားစွာ ကစားခဲ့ကြောင်းသိရှိရပါတယ်၊ ဒီနေ့ လောင်းကစားတဲ့ပွဲမှာ မိတ်ဆွေ မရိုးဖြောင့်ခဲ့ဘူးဆိုရင် မိတ်ဆွေရဲ့အသက်ကို ပေးရမှာ သေချာပါတယ်၊ဒါကြောင့် မိတ်ဆွေရဲ့ ရိုးဖြောင့်မှုကို ကျုပ်တို့ စော်ကားမိတဲ့အတွက်အခုလို တောင်းပန်ရခြင်းဖြစ်ပါတယ်…` ဟု ပြောလေရာ ဘိုးစံသည် ယနေ့လောင်းကစားပွဲသည်မိမိ၏အသက်အန္တရာယ်ကိုပင် ထိခိုက်နိုင်ကြောင်း ရိပ်စားမိပြီးကျောထဲတွင် စိမ့်ခနဲ ဖြစ်သွားလေ၏။
တစ်ခါကလည်း ဘိုးစံသည် လောင်းကစားရန်လှည့်လည်ရင်း ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံရလေ၏။
ဓားပြများသည် ဘိုးစံထံမှ ငွေကြေးများရရှိသဖြင့် စက်သူဌေးတစ်ဦးဟု ယူဆကာ ပြန်ပေးဆွဲခဲ့ခြင်းဖြစ်၏။
ဘိုးစံသည် ဓားပြများနှင့်အတူ တောထဲသို့ လိုက်ပါခဲ့ရလေ၏။
တောတွင်းတစ်နေရာသို့ရောက်သောအခါ ဓားပြများ၏စခန်းသို့ ရောက်လေ၏။
ထိုစခန်းရှိ ဓားပြများ၏ ထူးခြားချက်မှာ ဓားပြအားလုံး လောင်းကစားခြင်းကို ဝါသနာထုံကြ၏။
ဓားပြခေါင်းဆောင်သည် လောင်းကစားရာ၌ သဲကြီးမဲကြီးအနိုင်ဆုံးဖြစ်၏။
ဓားပြများသည် ဘိုးစံအား အချုပ်ခန်းထဲ၌ ချုပ်နှောင်ထားလေ၏။
ထိုညက ဓားပြများသည် မီးပုံကြီးဖို၍ ဖဲကစားကြလေ၏။
ဘိုးစံသည် လောင်းကစားသမားတစ်ဦးဖြစ်သဖြင့် ဖဲဝိုင်းကိုမြင်သောအခါ ဝင်ရောက်ပြီး ကစားလိုစိတ်များ တဖွဲဖွဲ ဖြစ်ပေါ်လာ၏။
ထို့ကြောင့် ဖဲရိုက်နေသော ဓားပြများကို အသံပြု၍…ဟေ့လူတွေ ကျုပ်က ဖဲသမားတစ်ယောက်လို့ ပြောခင်ဗျားတို့ မယုံခဲ့ဘူး၊ ကျုပ်ကို သူဌေးတစ်ယောက်လို့ပဲထင်နေတယ်၊ ကျုပ်က ဖဲသမားဆိုတာ ယုံကြည်အောင် ခင်ဗျားတို့ကိုသက်သေပြမယ်၊ ကျုပ်ကို အချုပ်ထဲက လွှတ်ပေးပါ…ဟု ပြောလေ၏။
ဓားပြများသည် ဘိုးစံ၏အမူအရာကို အကဲခတ်ပြီး အချုပ်ထဲမှ လွှတ်ပေးလေ၏။
ဘိုးစံသည် အချုပ်မှလွတ်ပြီး ဖဲဝိုင်းသို့ရောက်သောအခါ…ကျုပ်က နယ်လှည့်ပြီး ဖဲလိမ်ရိုက်တဲ့ ဖဲသမားတစ်ယောက်ပါ၊ မယုံရင် ခင်ဗျားတို့ကို ဖဲလိမ်ရိုက်ပြမယ်…ဟု ပြောလေရာ ဓားပြများအားလုံး ဖဲသမားများဖြစ်သဖြင့်ဆေးပြခေါင်းဆောင်က…ဟေ့လူ ကျုပ်တို့အားလုံး ဖဲကျွမ်းတဲ့သူတွေချည်းပဲ၊ကျုပ်တို့အားတဲ့အချိန်တိုင်း ဖဲရိုက်နေကြတယ်၊ ကျုပ်တို့လို ဖဲဝိဇ္ဇာတွေကို ခင်ဗျား ဖဲလိမ်ရိုက်နိုင်တယ်ဆိုရင်တော့ ခင်ဗျားကို လေးစားတဲ့အနေနဲ့ တစ်ခါတည်း လွှတ်ပေးမယ်ဗျာ…ဟု ပြောလေရာ ဘိုးစံသည် မိမိလွတ်မြောက်ရေးအတွက်ရင်အေးသွားရလေ၏။
ဓားပြများသည် အမှန်တကယ်ပင် ဖဲဝိဇ္ဇာများဖြစ်ကြ၏။
၄င်းတို့သည် ယခင်က ရွာစဉ်လှည့်၍ ဖဲလိမ်ရိုက်နေသူများ ဖြစ်ကြ၏။
ဘိုးစံက မိမိကိုယ်မိမိ ဖဲသမားဟုဆိုလိုက်သောအခါ ဘိုးစံကို အထင်သေးဟန်ဖြင့် ရယ်မောပြီး စောင့်ကြည့်ကြလေ၏။
၄င်းတို့အား ဘိုးစံလိုလူက လှည့်စားရန်မဖြစ်နိုင်ဟု ယူဆကြ၏။
သို့သော် ဘိုးစံသည် ထူးခြားသော စိတ်တန်ခိုးစွမ်းအင်ကိုရရှိထားသူဖြစ်သဖြင့် ထိုအစွမ်းကို အသုံးပြုကာ ဓားပြများအားကောင်းစွာ ပညာပြနိုင်ခဲ့၏။
ဓားပြများသည် ဖဲကစားရင်း ဘိုးစံ၏အစွမ်းကို မယုံနိုင်အောင် ဖြစ်ကြပြီး နံနက်မိုးစင်စင်လင်းသောအခါ ဓားပြခေါင်းဆောင်က ဘိုးစံ၏ပခုံးကိုဖက်၍…မင်းဟာ အလွန်တော်တဲ့ ဖဲဝိဇ္ဇာတစ်ယောက်ဆိုတာကျုပ်တို့ လက်ခံလိုက်ပါပြီ၊ ဒီလောက်တော်တဲ့ ဖဲဝိဇ္ဇာဟာ ဘယ်လိုနည်းနဲ့မှ စက်သူဌေးတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ၊ မင်းဟာ မွေးကတည်းက ဖဲထုပ်ကိုကိုင်ပြီး မွေးလာခဲ့တာဖြစ်မယ်…ဟု ချီးကျူးထောပနာပြုကာ ဘိုးစံအား တောထဲမှ ကားလမ်းဆီသို့ ပြန်လည်ပို့ဆောင်ပေးလေ၏။
ဓားပြများသည် ဘိုးစံထံမှရယူထားသော ငွေကြေးများကိုလည်း ပြန်လည်ပေးအပ်လိုက်လေ၏။
ဤသို့ဖြင့် ဘိုးစံသည် အနယ်နယ် အရပ်ရပ်သို့လှည့်၍လောင်းကစားသည့်အခါ အန္တရာယ်မျိုးစုံနှင့်ကြုံတွေ့ရပြီး ဘဝ အတွေ့အကြုံ အမျိုးမျိုးကိုလည်း စုံလင်စွာ ရရှိခဲ့လေ၏။
ဘိုးစံသည် မိမိ၏အစွမ်းကို အသုံးပြု၍ ငွေရှာလာခဲ့ရာနှစ်အနည်းငယ်အတွင်း ကျိကျိတက် ချမ်းသာလာခဲ့လေ၏။
ဘိုးစံသည် ထိုအချိန်မှစ၍ မိမိ နှစ်ပေါင်းများစွာ လက်ရှောင်ခဲ့သောရန်ကုန်မြို့ကြီးသို့ဝင်၍ လောင်းကစားခြင်းလုပ်ငန်း လုပ်ကိုင်ရန်ဆုံးဖြတ်လိုက်လေ၏။
ယခင်က ရန်ကုန်မြို့၌ မိမိ၏အစွမ်းကို အသုံးပြု၍ လောင်းကစားခြင်းပြုလုပ်လျှင် လူအများရိပ်မိပြီး အန္တရာယ်နှင့် ကြုံတွေ့နိုင်သဖြင့် ရန်ကုန်မြို့ကို ရှောင်ကွင်းနေခဲ့၏။
ထိုစဉ်က ရန်ကုန်မြို့ကြီးသည် အရှေ့တောင်အာရှ၌ အစည်ကားဆုံး၊ အလှပဆုံးမြို့တစ်မြို့ဖြစ်ပြီး တရုတ်တန်းရှိ ဟိုတယ်ကြီးများ၌ လောင်းကစားဝိုင်းအမျိုးမျိုး စုံလင်အောင်ရှိကြ၏။
ထိုခေတ်သည် ဗြိတိသျှကိုလိုနီခေတ်ဖြစ်သဖြင့် လူကုံထံတို့၏ လောင်းကစားခြင်းအလုပ်ကို အားပေးအားမြှောက်ပြုလေ၏။
ရန်ကုန်မြို့ကြီး၌ လောင်းကစားဝိုင်းများသာမက မြင်းပြိုင်ပွဲများလည်း ရှိ၏။
မြင်းပြိုင်ပွဲများ၌ ဗြိတိသျှကိုလိုနီနိုင်ငံများကဲ့သို့လောင်းကစားဒိုင်များ အကြီးအကျယ် ပြုလုပ်၏။
ရန်ကုန်မြို့ကြီး၌ လောင်းကစားဝိုင်းများ စုံလင်လှသဖြင့်အာရှတိုက်မှ သူဌေးသူကြွယ်များပင် လာရောက်ပြီး လောင်းကစားလေ့ရှိ၏။
ဘိုးစံသည် မိမိ၏အတွေ့အကြုံအရ အချိန်တန်ပြီဟု ယူဆရန်ကုန်မြို့ လောင်းကစားဝိုင်းများသို့ ဝင်ရောက်ခဲ့လေ၏။
ဘိုးစံသည် တရုတ်တန်းရှိ အခမ်းနားဆုံး ဟိုတယ်ကြီးသို့လန်ချားငှားကာ သွားရောက်ခဲ့၏။
ထိုနေ့သည် စနေနေ့ဖြစ်သဖြင့်ဟိုတယ်ကြီးများ၌ ပိုမိုစည်ကားနေလေ၏။
တရုတ်ဟိုတယ်ကြီးများ၌ လေးကောင်ဂျင်၊ မာကျောက်၊ပါတန်နှင့် လွန်စွာကြေးကြီး၍ သူဌေးသူကြွယ်များပင် ကစားရှိသော ကာစီနိုကစားဝိုင်းများရှိ၏။
ဘိုးစံ ဟိုတယ်အတွင်းသို့ ဝင်ရောက်သွားသောအခါ ဧည့်ကြိုလူငယ်အား လောင်းကစားချင်ကြောင်း ပြောလေ၏။
ထိုအခါ လူငယ်က ရိုကျိုးသောအမူအရာဖြင့် ခါးကိုညွှတ်၍…လူကြီးမင်း ကျွန်တော်နဲ့ အပေါ်ထပ်ကို လိုက်ခဲ့ပါ…ဟု ခေါ်လေ၏။
အောက်ဆုံးထပ်၌ စားသောက်ဖွယ်ရာများကို ရောင်းချပြီးစားသောက်သူများနှင့် စည်စည်ကားကားရှိနေ၏။
ဘိုးစံ အပေါ်ထပ်သို့ရောက်လျှင် ဧည့်ကြိုလူငယ်က ကစားဝိုင်းများကို ညွှန်ပြပေးလေ၏။
ဧည့်ကြိုလူငယ်သည် ဘိုးစံအား အလွန်ကြေးကြီးသောကာစီနိုကစားဝိုင်းများကို အပေါ်ဆုံးထပ်၌ ကျင်းပကြောင်း ကာစီနိုဝိုင်းများ၏ စတင်ချိန်မှာ ည (၇) နာရီဖြစ်ကြောင်း ပြောလေ၏။
ဘိုးစံသည် ဘိလပ်ရည်တစ်ပုလင်းကို မှာယူ၍သောက်ရင်းတရုတ်လူငယ်အား…ငါက ကာစီနိုကစားချင်တာကွ၊ ကာစီနိုက ညမှပဲရှိတယ်ဆိုတော့ ညရောက်မှ ပြန်လာတော့မယ်…ဟု ပြောလေရာ တရုတ်လူငယ်သည် ကာစီနိုကစားမည်ဆိုသဖြင့် လွန်စွာ အထင်ကြီးသွားလေ၏။
ကာစီနိုဝိုင်းများသို့ တော်တန်ရုံငွေကြေးရှိသူများ မကပ်ဝံ့ချေ။
ဘိုးစံသည် တရုတ်တန်းရှိ ထင်ရှားသော ဟိုတယ်ကြီးများတစ်လုံးပြီးတစ်လုံးဆက်၍ကြည့်လေရာ လောင်းကစားဝိုင်းများ၌မြန်မာလူမျိုးများသာမက တိုင်းရင်းသားများနှင့် နိုင်ငံခြားသားများလာရောက်ကစားကြကြောင်း တွေ့ရ၏။
ဘိုးစံသည် ညသို့ရောက်သောအခါ ဟိုတယ်ကြီးသို့ ရောက်ခဲ့ပြီး မဟော်ဂနီရောင် တဖိတ်ဖိတ်တောက်ပနေသော လှေကားကြီးကို နင်း၍ အပေါ်ဆုံးထပ်သို့ တက်ခဲ့လေ၏။
အပေါ်ထပ်သို့ရောက်သောအခါ ငွေကြေးလဲလှယ်သောနေရာသို့သွားပြီ ရူပီတစ်ရာတန်တစ်ရွက်ကို ငွေကိုင်အားပေးလိုက်ရာငွေကိုင်သည် ဘိုးစံကို လွန်စွာအထင်ကြီးသော အမူအရာဖြင့်ဦးညွှတ်ကာ ဖန်ဖြင့်ပြုလုပ်ထားသော တိုကင်ပြားလေးများကိုပြန်လည်ပေးအပ်လေ၏။
ဘိုးစံသည် တိုကင်ပြားများကို ကတ္တီပါအိတ်ထဲသို့ တချွင်ချွင်မြည်အောင် ထည့်လိုက်လေ၏။
ယနေ့ည မိမိ၏အလိုလောဘကိုအတတ်နိုင်ဆုံး ထိန်းချုပ်မည်ဟု ဆုံးဖြတ်ထား၏။
သူ၏ရင်ထဲတွင် လောင်းကစားရန် စိတ်အားတက်ကြွလာ၏။
ဘိုးစံသည် တရုတ်ဟိုတယ်ကြီး၏ အပေါ်ဆုံးထပ်သို့ တက်ကြည့်လေရာ ထိုအထပ်၌ ရွှေရောင်၊ ငွေရောင် တဖိတ်ဖိတ်တောက်ပနေသော လူကုံထံ ယောက်ျား မိန်းမများကို တွေ့ရလေ၏။
အပေါ်ဆုံးထပ်၌ ကာစီနိုကစားဝိုင်းသာရှိပြီး မြန်မာလူမျိုးများထက် တရုတ်နှင့် နိုင်ငံခြားသားများ ပိုမိုများပြားလေ၏။
ဘိုးစံသည် စိန်ရောင်၊ ရွှေရောင် တလက်လက်တောက်ပနေသော လူကုံထံယောက်ျား မိန်းမများကိုကြည့်၍ ရင်ထဲတွင် မနှစ်မြို့သလို ခံစားရလေ၏။
သူသည် ယခင်က လူကုံထံများကို လွန်စွာအထင်ကြီးပြီးရိုကျိုးသောစိတ်ဓာတ်ပင်ရှိ၏။
ယခုနောက်ပိုင်း ထူးဆန်းသောကျင့်စဉ်များကို ကျင့်ခဲ့ပြီးနောက် ယခင်ကကဲ့သို့ လူကုံထံများကို အသားလွတ် အထင်ကြီးသော စိတ်ဓာတ်များ ပျောက်ကွယ်သွားလေ၏။
လူကုံထံတိုင်း အထင်ကြီးစရာမဟုတ်ဟု ယူဆခဲ့လေ၏။
အချို့သော လူကုံထံများသည် အလွန်စိတ်ဓာတ်ညံ့ဖျင်းပြီး အောက်တန်းကျလှကြောင်း သတိပြုမိ၏။
ဘိုးစံသည် ကစားဝိုင်း၏အရှေ့၌ ရပ်၍ကြည့်နေမိ၏။
ရှည်လျားသော အစိမ်းရောင်စားပွဲပေါ်၌ လူများသည် ဖန်ပြားကလေးများကို စုပြုံတင်ထား၏။
၄င်းတို့အားလုံး၏အာရုံသည် စားပွဲပေါ်ရှိ အဖြူရောင်ဘောလုံးလေး မည်သည့်ဂဏန်းခွက်ထဲသို့ ကျမည်နည်းဟု တွေးဆနေကြ၏။
ဘိုးစံသည် စားပွဲပေါ်ရှိ အဖြူရောင်ဘောလုံးလေးကို အာရုံစူးစိုက်သွားမိ၏။
သူသည် အာရုံစူးစိုက်၍ မြင်ယောင်အောင်ကြည့်ရှုသော အတတ်အား နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့၏။
ထိုကြောင့် ဘိုးစံသည် အနီးပတ်ဝန်းကျင်ရှိ လူများ၏ဆူညံသံ၊ငြင်းခုန်သံ၊ ဆေးလိပ်နံ့နှင့် မီးခိုးငွေ့များအားလုံးကို သူ၏အာရုံထဲတွင် မရှိတော့ဘဲ အဖြူရောင်ဘောလုံးလေးကိုသာ အာရုံပြုနေမိ၏။
ခဏကြာလျှင် စားပွဲပေါ်ရှိ (၁)မှ (၃၆) ထိ နံပါတ်များအားလုံး ဝေဝါးသွားပြီး အာရုံထဲတွင် (၈) ဂဏန်းတစ်လုံးကိုသာထင်ထင်ရှားရှား ကျန်ရစ်ခဲ့၏။
၈ ဂဏန်းကို မြင်တွေ့ရန် လွန်စွာရိုးရှင်းပြီး လွယ်ကူလှ၏။
ဘိုးစံသည် အာရုံစိုက်ခြင်းကို ရပ်တန့်၍ ၈ ဂဏန်းကိုသာထိုးရန်ဆုံးဖြတ်လိုက်၏။
ထိုအခါမှသာလျှင် ကစားဝိုင်းမှ လူများ၏ ဆူညံသံများ၊မီးခိုးငွေ့များအားလုံး သူ၏အာရုံထဲသို့ ပြန်လည်ဝင်ရောက်လာ၏။
ဘိုးစံသည် တိုကင်ပြားတစ်ပြားကိုထုတ်၍ အစိမ်းရောင်စားပွဲပေါ်ရှိ နံပါတ် ၈ နှင့် သက်ဆိုင်သောအကွက်၌ တင်ထားလိုက်၏။
ထိုညက နံပါတ် ၈ ဂဏန်းကို အထင်တကြီးထိုးသူမှာဘိုးစံတစ်ယောက်တည်း ဖြစ်၏။
ဒိုင်လုပ်သူက စားပွဲကိုလှည့်လိုက်ရာ အဖြူရောင် ဘောလုံး လေးသည် ခုန်၍ပြေးလွှားသွားလေ၏ လူအများအားလုံး၏ အာရုံသည် ဘောလုံးလေးအပေါ်၌ စူးစိုက်ထားကြ၏။
ခဏကြာလျှင် စားပွဲလည်နေရာမှ ရပ်တန့်ပြီး အဖြူရောင်ဘောလုံးလေးသည် တဖြည်းဖြည်း နှေးလာပြီး နံပါတ် ၈ ရှိရာအပေါက်သို့ ထိုးကျသွားလေ၏။
လောင်းကစားဝိုင်းတစ်ဝိုင်းလုံး ဟာခနဲဖြစ်သွားပြီး ဘိုးစံကလွဲ၍ ဒိုင်ဖြစ်သူက စားသွားလေ၏။
ပရိသတ်များသည် ၄င်းတို့၏ထင်ကြေးမှာ မှားယွင်းသွားသဖြင့် သက်ပြင်းရှည်ကြီးကို ဟင်းခနဲ ချလိုက်ကြ၏။ဒိုင်၏အကူ လူငယ်တစ်ယောက်က ရှည်လျားသောသစ်သားပြားဖြင့် ရှုံးသူများ၏ တိုကင်ဖန်ပြားများကို ယူလိုက်၏။
ဘိုးစံ၏ တိုကင်ဖန်ပြားကို ချန်ထားကာ ဘိုးစံထိုးသောငွေ၏ (၃၆)ဆကို လျော်ပေးလိုက်၏။
ဘိုးစံသည် မိမိ၏ ပထမဦးဆုံး ကစားပွဲ၌ ငွေများ အမြောက်အမြား ရရှိလိုက်လေ၏။
အပိုင်း ၁၂ ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၁၂
ဘိုးစံသည်လောင်းကစားဝိုင်းကြီးတစ်ခုလုံး၏ ငွေများကို မိမိ သိမ်းပိုက်လိုက သိမ်းပိုက်နိုင်လေပြီ။
ရန်ကုန်မြို့တော်ကြီး၏ အကြီးဆုံးလောင်းကစားဒိုင်ကြီးကိုမိမိ၏ပညာစွမ်းဖြင့် အနိုင်ယူနိုင်ခဲ့၏။
ကာစီနိုကစားဝိုင်း၌ မိမိအစွမ်းရှိသမျှ အသုံးချခဲ့လျှင် ဟိုတယ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်၏။
ထိုအခါ သူ၏အမည်သတင်း ချက်ချင်းကျော်ကြားသွားပြီးမည်သည့်ဟိုတယ်ကိုမျှ ဝင်ခွင့်ရတော့မည် မဟုတ်ချေ။
ထို့ကြောင့် သူ၏လောဘစိတ်ကိုထိန်း၍ ကစားရန်သာ ဆုံးဖြတ်လိုက်လေ၏။
ဘိုးစံသည် ၃၆ ဂဏန်းထိုးသောနေရာမှ မသိမသာ ခွာခဲ့ပြီး ဘလက်ဂျက်ခေါ် ၂၁ ပေါက် ကစားသော စားပွဲသို့ ကူးခဲ့၏။
ထိုစားပွဲ၌ ချောမောလှပသော မျက်နှာဖြူ မိန်းမများကိုပင်မြင်တွေ့၏။
၂၁ ပေါက် ကစားရန် ဒိုင်ဖြစ်သည် စားပွဲထိပ်၌ထိုင်ပြီးထိုးသားများက ဒိုင်ကို ဝိုင်းရံထား၏။
၂၁ ပေါက် ကစားနည်းမှာ အလွန်လွယ်ကူပြီး သည်းထိတ်ရင်ဖို ကစားနည်းဖြစ်၏။
ကစားသမားများသည် မိမိ၏ဖဲချပ်မှ ဂဏန်းများကို၂၁ပေါက်နှင့် နီးနိုင်သမျှ နီးအောင် ပေါင်းရ၏။
ကစားသူရရှိသောဂဏန်းသည် ၂၁ ပေါက်ကျော်ပါက ရှုံးနိမ့်ပြီး ဒိုင်စားသွားလေ၏။
၂၁ ပေါက် ကစားရာ၌ ကစားသမားများ ကြုံတွေ့ရသောပြဿနာမှာ မိမိ၏ဂဏန်းများနှင့်ပင် ကျေနပ်နေမည်လော။
နောက်တစ်ကြိမ် ဖဲတစ်ချပ်ကိုဆွဲ၍ ဂဏန်းများပေါင်းဦးမည်လောဟူ၍ဖြစ်၏။
သို့သော် ဘိုးစံသည် ထိုပြဿနာကို မိမိ၏အစွမ်းဖြင့်ကောင်းစွာကျော်ဖြတ်နိုင်၏။
သူသည် ဒိုင်ဖြစ်သူ မိမိထံဝေမည့်ဖဲချပ်ကို ငါးစက္ကန့်အတွင်းဖတ်ရှုနိုင်သဖြင့် ထိုဖဲချပ်ကို ယူမည် မယူမည် ဆုံးဖြတ်၍ ဒိုင်ကိုလျှင်မြန်စွာ အဖြေပေးနိုင်၏။
ဘိုးစံသည် ခဏကြာအောင် ကစားပြီးနောက် ၂၁ ပေါက်ကစားကစားနည်းမှ ရူပီ ၃ဝ မျှ အနိုင်ရခဲ့၏။
ဘိုးစံသည် တရုတ်တန်းဟိုတယ်မှ ရူပီတစ်ရာ၊ တစ်ထောင်မျှ အနိုင်လိုချင်လျှင်ပင် လွယ်လွယ်ကူကူ ရရှိနိုင်၏။
ကမ္ဘာပေါ်တွင် မိမိလောက် ငွေရှာရလွယ်ကူသူမရှိဟုထင်မြင်မိလေ၏။
ဘိုးစံသည် ငွေလဲလှယ်သောနေရာသို့သွားပြီးတိုကင်ဖန်ပြားများနှင့် အနိုင်ရသောငွေကို သွား၍လဲလေ၏။
ငွေကိုင်စာရေးသည် ဘိုးစံအနိုင်ရကြောင်း တွေ့ရသဖြင့်ရိုကျိုးသော အမူအရာဖြင့်… ဒီနေ့ည ကံကောင်းတဲ့အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ…
ဟု ပြောလေ၏။
ဘိုးစံသည် ငွေကိုင်စာရေးအတွက် ငွေတစ်မူးပေးလိုက်ရာစာရေးသည် ဘိုးစံကို အလွန်ကျေးဇူးတင်ကြောင်း ပြောလေ၏။
တရုတ်တန်းရှိ လောင်းကစားဝိုင်းများ၏ စံနှုန်းနှင့်ဆိုလျှင်ယနေ့ည ဘိုးစံအနိုင်ရသောငွေသည် သာမန်မျှသာဖြစ်၏။
ကာစီနိုဒိုင်ကြီးများ၌ မျက်နှာဖြူများ၊ တရုတ်သူဌေးကြီးများ၏ လောင်းကြေးသည် အလွန်များပြား၏။
ဘိုးစံသည် အနိုင်ရရှိသောငွေများကိုယူ၍ ဟိုတယ်ကြီးထဲမှထွက်ခဲ့လေ၏။
ထို့နောက် ကားတစ်စီးကိုငှားရမ်းကာ ဘုံဘေရက်စတော့ရင့်ကို သွားရောက်စားသောက်လေ၏။
ဘိုးစံသည် ဘုံဘေရက်စတော့ရင့်၌ စားသောက်ရင်း သူ၏အနာဂတ်အရေးကိုတွေးပြီး လွန်စွာ စိတ်အားတက်ကြွနေမိ၏။ရန်ကုန်မြို့တော်ကြီး၌ ယနေ့ည ပထမဦးဆုံး ငွေရှာခဲ့ခြင်းဖြစ်၏။
မိမိအတွက် ငွေရှာရန် လွယ်လွန်းလှပါတကား။
ဘိုးစံသည် တစ်ကိုယ်တည်း ညစာစားသောက်ရင်းအထီးကျန်နိုင်လှသော ဘဝကို သတိပြုမိ၏။
မိမိသည် ချမ်းသာကြွယ်ဝသော်လည်း အခြွေအရံ အသင်းအပင်း နည်းပါးလှ၏။
မိမိ၏ လျှို့ဝှက်ကျင့်စဉ်နှင့် လောင်းကစားခြင်းကိစ္စကို လူသိမှာစိုးသဖြင့် အထီးကျန်နေထိုင်ရ၏။
လောင်းကစားဒိုင်များ၌ ငွေရှာသည့်အလုပ်ကို မည်သူ့ကိုမျှ အသိပေး၍ မဖြစ်ချေ။
ထိုကိစ္စ ပေါက်ကြားသွားလျှင် မိမိနှစ်ပေါင်းများစွာ ကြိုးပမ်းလေ့လာခဲ့သမျှ ရေစုန်မျောရပေမည်။
ဘိုးစံသည် ညစာကို တစ်ကိုယ်တည်းစားသောက်၍ အိမ်သို့ ပြန်ခဲ့၏။
ဘိုးစံသည် ရန်ကုန်မြို့ကြီး၌ အတန်ကြာသည်အထိလောင်းကစားခြင်းပြုလုပ်နေလေ၏။
ငွေများလည်း အဆမတန်ရရှိလိုက်လေ၏။
တစ်နေ့သ၌ သူ၏လောင်းကစားမိတ်ဆွေတစ်ယောက်မှတစ်ဆင့် ကော့သောင်းဘက်၌ လောင်းကစားဝိုင်းများ အလွန်စည်ကားကြောင်း ကြားရ၏။
ဘိုးစံသည် ကော့သောင်းသို့ ရေလမ်းခရီးဖြင့် သွားရန်ဆုံးဖြတ်လိုက်၏။
သူသည် စက်လှေတစ်စီးကို အခကြေးငွေပေး၍လိုက်ခဲ့၏။
ဘိုးစံသည် ကော့သောင်းသို့မရောက်မီ မုန်တိုင်းနှင့် ကြုံတွေ့လိုက်ရ၏။
ပြင်းထန်သော မုန်တိုင်းကြောင့် ၄င်းတို့၏စက်လှေကလေး လှိုင်းထဲ၌ လိမ့်နေလေ၏။
ဘိုးစံသည် ပင်လယ်ပြင်၌ မုန်တိုင်းထန်ခြင်းကို မကြုံဖူးသဖြင့်.တုန်လှုပ်ချောက်ချားသွားလေ၏။
သို့သော် စက်လှေပေါ်တွင် လိုက်ပါလာသော လူများနှင့်ယှဉ်လျှင် များစွာတည်ငြိမ်အေးချမ်းနေလေ၏။
မကြာမီ လေပြင်းများတိုက်ခတ်ခြင်း ပိုမိုပြင်းထန်လာပြီး တစ်ချီတွင် သင်္ဘောသည်တစ်ဖက်သို့စောင်း၍ ပင်လယ်ထဲသို့ နစ်သွားလေ၏။
ဘိုးစံသည် သင်္ဘောနစ်ကြောင်း သိရှိသောအခါ သတိကြီးစွာထား၍ သင်္ဘောပေါ်ရှိ ပျဉ်ပြားကြီးတစ်ချပ်ကိုဖက်၍ ပင်လယ်ထဲသို့မျောပါသွားလေ၏။
ဘိုးစံသည် ရေထဲ၌ ကြိုးစားကူးခတ်ရင်း ကြိုးတစ်ချောင်းကို တွေ့၍ မိမိကိုယ်ခန္ဓာနှင့် ပျဉ်ပြားကို ချည်နှောင်လိုက်လေ၏။
ဘိုးစံသည် ပင်လယ်ထဲ၌ သုံးရက်ခန့် ကူးခတ်ပြီး မေ့မြောသွားလေ၏။
ဘိုးစံသည် ကံကောင်းထောက်မစွာဖြင့် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းတစ်ကျွန်း၌ သွား၍တင်လေ၏။
ဘိုးစံသတိရလာသောအခါအမည်မသိ ကျွန်းတစ်ခုပေါ်သို့ ရောက်ရှိနေကြောင်း သိရ၏။
ဘိုးစံသည် ကျွန်းကြီးအနှံ့ လိုက်လံကြည့်ရှုသောအခါ သက်ရှိဆို၍ တစ်ဦးတစ်ယောက်မျှမရှိကြောင်း တွေ့ရ၏။
သူသည် ကျွန်းပေါ်၌ ဘဝရပ်တည်ရေးအတွက် ကြိုးပမ်းရလေတော့၏။
ကျွန်းပေါ်၌ ငှက်ပျောပင်များနှင့် အခြားသော သီးပင်စားပင် အနည်းငယ်ကို တွေ့ရှိလေ၏။
ဘိုးစံသည် စားဝတ်နေရေးအတွက် ကြိုးပမ်းရှာဖွေရင်းမိမိ၏ထူးခြားဆန်းကြယ်သောအစွမ်းကို ဆင်ခြင်မိလေ၏။
သူသည်လူထူးလူဆန်း ရှန်ကာရ၏မှတ်တမ်းကို ဖတ်ရှုပြီး ထိုအစွမ်းမျိုးကိုရလိုဇောဖြင့် ပင်ပန်းကြီးစွာ ကြိုးစားလေ့ကျင့်ခဲ့၏။
သူ၏ဇွဲ လုံ့လ ဝီရိယဖြင့် ကြိုးပမ်းအားထုတ်မှုကြောင့်ထူးခြားဆန်းကြယ်သောအစွမ်းကို ပိုင်ဆိုင်ခဲ့၏။
ထိုအစွမ်းကို အသုံးပြု၍ လောင်းကစားဝိုင်းများ၌ ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့၏။
မိမိကိုယ်မိမိ ကမ္ဘာပေါ်တွင် ငွေရှာရ အလွယ်ဆုံး လူတစ်ယောက်ဟူ၍ပင် ထင်မြင်ခဲ့၏။
ယခု လူသူမရှိသော ကျွန်းပေါ်၌ မိမိလေ့ကျင့်ထားသော ပညာရပ်သည် မည်သို့မျှ အသုံးမဝင်နိုင်တော့ချေ။
မိမိရှာဖွေထားသော မြောက်မြားသော ငွေများလည်းအချည်းနှီး ဖြစ်သွားချေပြီ။
ယခု မိမိရောက်နေသော ကျွန်းပေါ်၌ငွေစက္ကူတစ်ရွက်သည် သစ်သီးတစ်လုံးမျှပင် အသုံးမဝင်ချေ။
ဘိုးစံသည် ကျွန်း၌ တစ်ကိုယ် တည်း အတွေးနယ်ချဲ့သည့်အခါတိုင်း ထိုအကြောင်းများကိုသာ တဖန်ဖန် တလဲလဲ ဆင်ခြင်နေမိ၏။
ထိုအချိန်မှစ၍ သူ၏ဘဝ၌ အတွေးသစ် အမြင်သစ်များကိုရရှိခဲ့လေ၏။
ဘဝဟူသည် ရေပွက်ပမာ တိုတောင်းလှ၏။
ယခင်ကမိမိဘဝကိုသာ ဘဝဟု ထင်မြင်ခဲ့၏။
ဘဝဟူသည် အလွန်ခိုင်မာသည်ဟုလည်း အထင်ရှိ၏။
သို့သော် ပင်လယ်ပြင်တွင် မုန်တိုင်းထန်လိုက်သည်နှင့် မိမိ၏အိပ်မက်များ အရည်ပျော်ကျသွား၏။
မိမိ ပင်ပန်းကြီးစွာ လေ့ကျင့်ထားသမျှ အလကားဖြစ်သွားချေပြီ။
စည်းစိမ်ချမ်းသာများရရှိလျှင် ထိုအရာများကို ခံစားပြီး ပျော်ချင်တိုင်း ပျော်လိုက်မည်ဟု ရည်မှန်း၏။
ယခုမိမိ၏အပျော်များ ဘယ်ရောက်ကုန်သနည်း။
ကျွန်းပေါ်၌ ငွေကြေးချမ်းသာဟူသည် မည်သို့မျှ အသုံးမဝင်တော့။
မိမိ၏မျှော်လင့်ချက် အိပ်မက်များအားလုံးကို မမျှော်လင့်သော မုန်တိုင်းတစ်ခုက ဖျက်ဆီးလိုက်၏။
ဘိုးစံသည် ဘဝဆိုတာ ရေပွက်ပမာဟူသော စကားကိုယခင်က အကြိမ်ကြိမ်ကြားနာဖူး၏။
သို့သော် ထိုစကားကို သူ၏နှလုံးသားမှ နှစ်နှစ်ကာကာ လက်ခံခြင်းမရှိ။
ယခု ပင်လယ်ထဲ၌ လက်တွေ့ ဒုက္ခရောက်သောအခါမှပင်လောကမှာ ဘယ်အရာမှမမြဲပါလားဟု ယူဆလိုက်၏။
သူသည်ဒုက္ခထဲမှ သုခကို ရှာတွေ့လိုက်သလို ဖြစ်သွား၏။
ထိုအချိန်မှစ၍ မိမိကိုယ်ကျိုးအတွက် လောဘဇောဖြင့်ရယူလိုစိတ်များ မရှိတော့။
စည်းစိမ်ချမ်းသာများရရှိ၍ ပျော်မည်ဆိုလျှင် မည်မျှပျော်နိုင်မည်နည်း။
ထိုအရာများ ရိုးအီသွားသောအခါလောကမှာ နေချင်စိတ်ပျောက်သွားနိုင်၏။
တောင်မြင့်ကြီးတစ်လုံးပေါ်သို့တက်ကြည့်သော ကလေးငယ်တစ်ဦးသည် တောင်ပေါ်သို့ ပင်ပင်ပန်းပန်းတက်ပြီးကာမှ အပေါ်ကကြည့်တော့လည်း ဘာမှမဟုတ်ပါလား၊ အံ့သြစရာမရှိပါလားဟုတွေးတောမိသလို ဖြစ်လိမ့်မည်။
ဘိုးစံသည် ထိုအချိန်မှစ၍ ငွေကြေးဥစ္စာ ရယူချင်စိတ်များပျောက်သွားလေ၏။
သူသည် ကျွန်းပေါ်၌ ဘေးဒုက္ခအပေါင်းနှင့်သေဆုံးရမည်ကိုပင် မကြောက်ဘဲ အေးချမ်းစွာ နေထိုင်ခဲ့၏။
ဘိုးစံ ကျွန်း၌နေထိုင်ပြီး သုံးလခန့်အကြာ ကျွန်းအနီးသို့ဖြတ်သွားသော တံငါသည်တစ်ဦး၏လှေကို မြင်ရ၏။
ဘိုးစံသည် ကုန်းမြင့်ပေါ်ရှိ မိမိအသင့်ပြင်ထားသော မီးဖိုကိုမီးရှို့လိုက်လေ၏။
တံငါသည် အဘိုးအိုသည် လူမရှိသောကျွန်းမှမီးရောင်ကို မြင်ရသဖြင့် ဘိုးစံကို လာရောက်ကယ်ဆယ်လေ၏။
ဘိုးစံသည် အဘိုးအိုကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မိမိ၌ပါသမျှငွေများကို ပေးအပ်လိုက်၏။
ဘိုးစံသည် လောဘစိတ်များမရှိတော့သဖြင့် လောင်းကစားခြင်းအလုပ်ကို မလုပ်တော့ဘဲ ရန်ကုန်မြို့သို့ ပြန်လာခဲ့၏။သူ၏အနာဂတ်အိပ်မက်များ ပြောင်းလဲသွားခဲ့၏။
သူသည် ကံကောင်းထောက်မလွန်း၍ သေကံမရောက်၊သက်မပျောက်ခဲ့ခြင်း ဖြစ်၏။
သို့သော် ကျွန်းပေါ်၌ အနာဂတ်မဲ့နေထိုင်ခဲ့သဖြင့် မိမိဘဝကို လေးနက်စွာ သုံးသပ်ခွင့်ရသွား၏။
ဘိုးစံသည် ပါရမီကောင်းသူတစ်ဦးဖြစ်သဖြင့် ဘဝ၏မတည်မြဲသောသဘောကို ရိပ်စားမိသွား၏။
ထိုအချိန်မှစ၍ ငွေဆိုသည်မှာ သူ့အတွက်လိုအပ်သည်ထက်ပိုပြီး မလိုချင်တော့ချေ။
လူ့ဘဝ၌နေထိုင်လျှင် ထိုက်သင့်သလောက်သာ ငွေရှိဖို့လိုသည်ဟု ယူဆ၏။
လက်ထဲ၌ ငွေများများရှိလေ ပင်ပန်းလေဖြစ်၏။
ဘဝဟူသည် မည်မျှတည်မြဲသည် မတည်မြဲသည်ကို သူအသိဆုံးဖြစ်ခဲ့၏။
မိမိ၌ရှိသော ငွေများအားလုံးကို အကျိုးရှိရာနေရာအသုံးချရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် လောင်းကစားခြင်းမှရရှိသောငွေများကို မက္ကဇင့်ဘဏ်မှ ထုတ်ယူ၍ မြန်မာပြည်အရပ်ရပ်ရှိ မိဘမဲ့ကျောင်းများ၊ဆေးရုံများ၊ စာကြည့်တိုက်များနှင့် အခြားသော ပရဟိတလုပ်ငန်းများ၌ လှူဒါန်းလိုက်လေ၏။
ထိုသို့ လှူဒါန်းပြီးနောက် ဘိုးစံ၏ ရင်ထဲတွင် အလွန်ထူးခြားသောခံစားမှုတစ်ခု ဖြစ်ပေါ်လာလေ၏။
ထိုခံစားမှုမှာ ဘိုးစံ၏တစ်သက်၌ တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ဖူးသော ငြိမ်းအေးမှုပင်ဖြစ်၏။
အပိုင်း ၁၃ ဇာတ်သိမ်း
ဆက်ရန်
♦မင်းမြတ်သူရ
ဂမ္ဘီရမျက်လုံးပိုင်ရှင်
အပိုင်း ၁၃ (ဇာတ်သိမ်း)
တစ်နေ့သ၌ ဘိုးစံသည် အထက်မြန်မာပြည်ဘက်ရှိ ရွာကြီးတစ်ရွာ၏အနီးရှိ ဇရပ်၌ နားခိုနေလေ၏။
ဘိုးစံသည် ရွာစဉ်လှည့်၍ ရွာများအတွက် လိုအပ်သောရေတွင်းများကို တူးဖော်ခြင်း၊ တံတားဆောက်ခြင်းတို့ကို ပြုလုပ်ပေးနေ၏။
ဘိုးစံသည် ဇရပ်၌ နားခိုနေစဉ် ဇရပ်နှင့် မလှမ်းမကမ်းရှိလှည်းလမ်းမှဖြတ်သန်းသွားသော ချူသံတလွင်လွင်နှင့် ချစ်တီးလှည်းတစ်စီးကို မြင်ရ၏။
လှည်းနှစ်စီးအနက် အနောက်ဘက်မှလိုက်ပါလာသောလှည်းပေါ်၌ ဝတ်ကောင်းစားလှများဝတ်ဆင်ပြီး ငိုယိုလိုက်ပါသွားသော မိန်းမလှလေးတစ်ယောက်ကို မြင်လေ၏။
ထိုမိန်းကလေးကို ချစ်တီးများ ကြွေးနှင့်သိမ်းလိုက်လေသလား။
ဘိုးစံသည် မိန်းကလေးကို ကယ်တင်လိုသောကြောင့်ရွာထဲသို့ သွားရောက်စုံစမ်းလေ၏။
ထိုအခါ မိမိထင်သည့်အတိုင်းပင် မိန်းမပျိုအား ချစ်တီးများက ကြွေးနှင့်သိမ်းယူသွားကြောင်း သိရ၏။
မိန်းကလေး၏မိဘများသည် အသက်အရွယ် ကြီးရင့်လှပြီဖြစ်၏။
ချစ်တီးသူဌေးသည် မိန်းကလေးအား အိမ်စေလုပ်ကိုင်ရန်ခေါ်ဆောင်သွားသည် ဆို၏။
ချစ်တီးသူဌေးသည် မိန်းကလေးအား မကြာမီ ခြေတော်တင်မှာ သေချာ၏။
ဘိုးစံသည် မိန်းကလေး၏ဘဝကို ကယ်တင်ပေးရန် ဆုံးဖြတ်လိုက်ပြီး အဘိုးအိုနှင့် အဘွားအိုကိုခေါ်ကာ မြို့ပေါ်ရှိချစ်တီးတိုက်သို့ ရောက်လေ၏။
ချစ်တီးသူဌေးသည် မမျှော်လင့်ဘဲ ကယ်တင်ရှင်ပေါ်ပေါက်လာ၍ အံ့သြသွားလေ၏။
ဘိုးစံက မိန်းကလေးအတွက် ငွေများကိုစိုက်ထုတ်ပေးမည်ဆိုသောအခါ ချစ်တီးက မတတ်သာဘဲ အလျှော့ပေးလိုက်ရလေ၏။
မိန်းကလေး၏မိဘများသည် ချစ်တီးလက်မှ သမီးပျိုလေးပြန်လွတ်လာသဖြင့် အလွန်ပျော်ကြ၏။
ဘိုးစံကိုလည်း ကယ်တင်ရှင်ကြီးတစ်ယောက်နှယ်သဘောထား၏။ မိန်းကလေး၏အမည်မှာ မမြနွယ်ဟု သိရ၏။
ထိုအခါမှပင် ဘိုးစံသည် မမြနွယ်ကို အသေအချာ ကြည့်မိ၏။
မိန်းကလေး သည် အလွန်လှ၏။
သူမ၏ အသားအရည်မှာ ဖြူစင်ဝင်းပနေပြီး သိမ်သောခါးနှင့် စွင့်ကားသောတင် ရှိ၏။
သူမ၏မျက်လုံးများ ဝိုင်းစက်ကြည်လင်နေပြီး ရှည်လျား သောဆံပင်များရှိ၏။
သူမ၏ကိုယ်လုံးသည် အလွန်ကြည့်ကောင်းပြ်ီးစွဲမက်ဖွယ်အတိ ဖြစ်၏။
ဘိုးစံသည် မမြနွယ်ကိုကြည့်ပြီး သူ၏တစ်သက်တွင်တစ်ကြိမ်မျှ မခံစားဖူးသော ခံစားမှုမျိုးကို ကြုံတွေ့ရ၏။
ထိုအရာသည် အချစ်ပင် ဖြစ်လေသလား မသိ။
ဘိုးစံသည် အရင်က လျှို့ဝှက်စွာနေထိုင်ပြီး လောဘစိတ်ဖြင့်ငွေများကို သိမ်းကြုံးရှာခဲ့၏။
ထိုစဉ်က မိန်းမများကို မြင်တွေ့ရသော်လည်း ဘဝရည်မှန်းချက်ကို ပျက်မှာစိုး၍ မြိုသိပ်ထားရ၏။
ယခုတော့ မမြနွယ်ကိုမြင်သည်နှင့် ရင်ထဲတွင် လှိုက်ဖိုလာ၏။
သူ၏ဘဝ တည်တည်ငြိမ်ငြိမ်နှင့်တစ်အိုးတစ်အိမ် ထူထောင်ဖို့ သင့်နေချေပြီ။
ဤသို့ဖြင့် ဘိုးစံသည် မမြနွယ်တို့ ရွာကလေး၌ သောင်တင်ခဲ့၏။အသက်အရွယ်ကြီးရင့်ရှာသော မမြနွယ်၏ မိဘနှစ်ပါးအတွက် ကူညီထောက်ပံ့ပေးခဲ့၏။
ဘိုးစံသည် မမြနွယ်ကို ချစ်ရေးဆိုလိုက်ရာ မမြနွယ်ကလည်းမေတ္တာတုံ့ပြန်၏။
ဘိုးစံသည် မမြနွယ်၏မိဘများကို တောင်းရမ်း၍သူမကို လက်ထပ်ယူခဲ့လေ၏။
မမြနွယ်သည် ဘိုးစံနှင့်အတူ သျှောင်နောက် ဆံထုံးပါခဲ့လေ၏။
ဘိုးစံသည် မမြနွယ်နှင့်ပေါင်းရင်း မိမိပိုင်ငွေများကို ပရဟိတလုပ်ငန်းများသို့ တဖွဲဖွဲလှူဒါန်းနေလေ၏။
♥♥
တစ်နေ့သ၌ ဘိုးစံ၏အိမ်၌ လွန်စွာထူးဆန်းသော မီးလောင်မှုတစ်မှု ဖြစ်ပွားခဲ့၏။
မီးလောင်မှုကို ထူးဆန်းသည်ဆိုရခြင်းမှာဘိုးစံ ရိုသေစွာ သိမ်းဆည်းထားသော ရှန်ကာရ၏ မှတ်တမ်းသည်အလိုအလျောက် မီးလောင်ပြာကျသွားခြင်း ဖြစ်၏။
ဘိုးစံသည် ရှန်ကာရ၏မှတ်တမ်းကို ယွန်းသေတ္တာထဲတွင်ထည့်၍ ရိုသေစွာ သိမ်းဆည်းထား၏။
မှတ်တမ်းတင်ထားသော ယွန်းသေတ္တာသည် အလိုအလျောက် မီးလောင်ကျွမ်းသွားလေ၏။
ဘိုးစံသည် မီးလောင်ခြင်းကို အချိန်မီသိရှိ၍ ငြိမ်းသတ်လိုက်ရာ အိမ်သို့ကူးစက်လောင်ကျွမ်းခြင်း မရှိချေ။
ဘိုးစံသည် ရှန်ကာရ၏မှတ်တမ်း မီးလောင်ခြင်းကို စဉ်းစားမရဘဲ ရှိနေ၏။
ရှန်ကာရ၏မှတ်တမ်းကို မမျှော်လင့်ဘဲ မိန်းမလျာကြီး ညမွှေးပန်းထံမှ ရရှိခဲ့၏။
ယခု ထိုမှတ်တမ်းကြီးသည် ထူးဆန်းစွာပင် မီးလောင်ပျက်စီးသွားချေပြီ။
ထို့နောက် ဘိုးစံသည် ညမွှေးပန်းနှင့်ပတ်သက်သော သတင်းများကို သိချင်စိတ်ကြောင့် တောင်ပြုန်းသို့ ထွက်ခဲ့၏။
မမြနွယ်သည် တောင်ပြုံးပွဲတော်သို့ ရောက်ဖူးချင်သည်ဆိုကာဘိုးစံနှင့်အတူ လိုက်လာ၏။
ဘိုးစံတို့ လင်မယား တောင်ပြုန်းသို့ရောက်သောအခါ ညမွှေးပန်း၏သတင်းကို စုံစမ်းလေရာ လွန်ခဲ့သောရက်အနည်းငယ်ကပင် ညမွှေးပန်း ကွယ်လွန်ခဲ့ကြောင်း သိရ၏။
ဘိုးစံသည် ပိုမိုစိတ်ဝင်စားပြီး ညမွှေးပန်းသေဆုံးသည့်နေ့ရက်၊ အချိန်ကိုပါ စုံစမ်းလေရာ လွန်စွာထူးဆန်းသော တိုက်ဆိုင်မှုတစ်ခုကို ထပ်မံကြုံတွေ့ရလေ၏။
ထိုတိုက်ဆိုင်မှုမှာ ညမွှေးပန်း သေဆုံးသော နေ့ရက်၊ အချိန်တို့သည် ဘိုးစံ၏လက်ဝယ်ရှိသော ရှန်ကာရ၏မှတ်တမ်း မီးလောင်သော နေ့ရက်၊ အချိန်နှင့် တိတိကျကျ တူညီနေလေ၏။
ဘိုးစံသည် သာမန်လူတို့ ဖြေရှင်းနိုင်ခဲလှသော တိုက်ဆိုင်မှုကြီးကို မိမိ၏ကိုယ်ပိုင်ဉာဏ်ဖြင့်
မဆင်ခြင်နိုင်၍ လက်လျော့လိုက်ရလေ၏။
♥♥
ဘိုးစံသည် ရှန်ကာရ၏မှတ်တမ်းကြီး မီးလောင်ပျက်စီးသွားပြီးနောက် ထူးဆန်းလျှို့ဝှက်သော ကျင့်စဉ်များ ကမ္ဘာပေါ်တွင်ကွယ်ပျောက်သွားမှာ စိုးရိမ်သဖြင့် မိမိ၏ဘဝမှတ်တမ်းကြီးကိုရေးသားရန်ဆုံးဖြတ်လိုက်၏။
ထိုအချိန်မှစ၍ သားရေဖုံးစာအုပ်ကြီးတစ်အုပ်ကို ဝယ်ယူပြီးမိမိဘဝမှတ်တမ်းကို စီကာပတ်ကုံး ရေးသားခဲ့၏။
သူသည် မှတ်တမ်းကြီးကို တစ်နေ့ပြီးတစ်နေ့ သတိရသလောက် ကြိုးပမ်း၍ ရေးသားခဲ့၏။
ဘိုးစံသည် ဘဝမှတ်တမ်း ရေးရင်း မက္ကဇင့်ဘဏ်၌ရှိသော ငွေများကို တဖြည်းဖြည်းထုတ်၍ ရက်ရက်ရောရော လှူဒါန်းနေလေ၏။
ထိုသို့ မြန်မာပြည်အနှံ့လှည့်လည်လှူဒါန်းသောအခါ မမြနွယ်အစပိုင်း၌ ဘိုးစံအနောက်သို့လိုက်ခဲ့သော်လည်း နောက်ပိုင်း၌ ပင်ပန်းသည်ဆိုကာ မလိုက်တော့ချေ။
ဘိုးစံသည် မမြနွယ်ကို မြတ်နိုးသူဖြစ်သဖြင့် မလိုက်ခြင်းကို အပြစ်မမြင်ခဲ့ချေ။
ဘိုးစံ မြန်မာပြည်အနှံလှည့်လည် ၍ အလှူဒါနလုပ်နေချိန်၌ မမြနွယ်သည် အားလပ်၍နေလေ၏။
ထိုသို့အားလုပ်နေရာ၌
မကောင်းသော အပေါင်းအဖော်များနှင့် တွေ့ပြီး ဖဲရိုက်တတ်လေ၏။
ဖဲဝိုင်းကို အငြိမ့်မင်းသမီးဟောင်း တစ်ယောက်၏ နေအိမ်၌ ပြုလုပ်လေ၏။
မမြနွယ်သည် ထိုအိမ်သို့ မကြာခဏသွား၍ ဖဲကစားနေလေ့ရှိ၏။
ထိုသို့ကစားသောအခါ ဖဲဝိုင်းကို ပုလိပ်များ ဝင်ဖမ်းသဖြင့်ဘိုးစံသည် မမြနွယ်အတွက် အရှက်ရခဲ့၏။
ဘိုးစံသည် ထိုအချိန်မှစ၍ မမြနွယ်ကို အိမ်ပြင်သို့မထွက်ရန်တစ်ချက်လွှတ် အမိန့်ထုတ်ခဲ့လေ၏။
♥♥
ဘိုးစံသည် မြန်မာပြည်အနှံ့လှည့် လည်လှူဒါန်းရင်းဟင်္သာတနယ်ဘက်ရှိ ဆင်းရဲနွမ်းပါးသော မိသားစုမှ မောင်ဘတင့်ဆိုသော လူငယ်တစ်ယောက်အား ကောလိပ်ကျောင်းထားပေးရန်ရန်ကုန်မြို့သို့ ခေါ်ဆောင်ခဲ့လေ၏။
မမြနွယ်သည် မောင်ဘတင့်ကို အိမ်သို့ခေါ်ဆောင်လာခြင်းအား မနှစ်မြိုဟန်ဖြင့်
…အိမ်မှာ လူပိုတစ်ယောက်ရှိတာ မကောင်းဘူး၊ နွယ်တော့မောင်ဘတင့်ကို သိပ်မုန်းတာပဲ…
ဟု ပြောလေ၏။
ဘိုးစံက သက်ပြင်းချ၍… မောင်ဘတင့်က အတော်ရိုးတယ် နွယ်ရဲ့၊ သူ့ကို လောလာဆယ် အိမ်မှာပဲထားတာကောင်းမယ်…ဟု ပြောလေ၏။
မမြနွယ်သည် ဘိုးစံ၏စကားကြောင့်မျက်နှာရှုံ့မဲ့၍…နွယ်တော့ မောင်ဘတင့်ရုပ်ကိုမြင်ကတည်းက သဘောမကျဘူး၊ သူ့ရုပ်က အတော်အကျည်းတန်တယ်…ဟု ပြောလေ၏။
ဘိုးစံကရယ်မော၍
…အကျည်းတန်တာ အရေးမကြီးပါဘူး နွယ်၊ လူတစ်ယောက်မှာ ရိုးဖြောင့်တဲ့စိတ်ဓာတ်ရှိဖို့ အဓိကပါ၊ မောင်ဘတင့်ဟာဆင်းရဲနွမ်းပါးပြီး ပညာကြိုးစားချင်တဲ့စိတ် ရှိတယ်၊ ရိုးသားဖြောင့်’မတ်မှုလည်း ရှိတယ်၊ ဒါကြောင့် သူ့ကိုကူညီချင်လို့ ရန်ကုန်ကိုခေါ်လာခဲ့တာပါ…ဟု ပြောလေ၏။
မမြနွယ်သည် မောင်ဘတင့်ကို သဘောကျဟန်မရှိဘဲအဆင့်အတန်းခွဲခြားပြီး ဆက်ဆံလေ၏။
မမြနွယ်သည် ရန်ကုန်မြို့ လူကုံထံလောက၌ ဝင်ဆန့်ပြီးနောက်မိမိ၏ ဆင်းရဲနွမ်းပါးသောဘဝကို မေ့လျော့နေလေပြီ။
ဘိုးစံသည်မမြနွယ်ကို ချစ်လွန်းလှ၍ ရွှေပေါ်မြတင်ထား၏။
ဘိုးစံသည် မက္ကဇင့်ဘဏ်မှ ငွေများကိုထုတ်၍ လှူဒါန်းနေလေ၏။
ထိုသို့လှူဒါန်းရာ၌ ပကာသနမဖြစ်စေရန် မိမိ၏အမည်ကိုအတတ်နိုင်ဆုံး လျှို့ဝှက်ပြီး လှူဒါန်းခဲ့လေ၏။ထို့ကြောင့် ဘိုးစံသည် မြန်မာပြည်ရှိ အလှူတန်းဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း လူသိရှင်ကြား မဖြစ်ခဲ့ချေ။
ဘိုးစံသည်မောင်ဘတင့်ကို ကောလိပ်ကျောင်း၌ ပညာသင်ကြားစေခဲ့၏။
မောင်ဘတင့်သည် မမြနွယ်၏ လူတန်းစားခွဲခြားသောဆက်ဆံရေးကို ခံနိုင်ရည် ရှိဟန်မရှိတော့ချေ။
ထို့ကြောင့် မောင်ဘတင့်ကအဆောင်မှာနေချင်သည်ဆိုသဖြင့် ကောလိပ်ကျောင်းအဆောင်သို့ပြောင်းရွှေ့ပြီး နေထိုင်စေခဲ့၏။
ဘိုးစံသည် လောင်းကစားခြင်းပြုလုပ်ပြီး မိမိရှာဖွေထားသောငွေကြေးဥစ္စာများကို အများအကျိုးအတွက် လှူဒါန်းခွင့် ရသဖြင့်လွန်စွာ ကျေနပ်ပီတိဖြစ်နေမိ၏။
မက္ကဇင့်ဘဏ်၌ အပ်နှံထားသော ငွေများကို အကျိုးရှိရှိခွဲဝေလှူဒါန်းခဲ့ရာ တဖြည်းဖြည်း ငွေများ နည်းပါးလာ၏။
ဘိုးစံသည် မြန်မာပြည်အနှံ့သို့ မိမိကိုယ်တိုင်ခရီးထွက်၍ လိုအပ်သည့်ဒေသ၌ ခွဲဝေလှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရာ၌ မိမိ၏အလှူသည် ရေများရာ မိုးရွာသော အလှူမျိုးမဖြစ်စေရန် အထူးသတိထားလေ၏။
ဘိုးစံသည် နှစ်စဉ် အညာဒေသရှိရွာများသို့ ရေတွင်းများလှည့်လည် တူးပေး၏။
မရှိဆင်းရဲသားများအတွက် ဆေးဝါးများ လှူဒါန်း၏။
သို့သော် ထိုသို့လှူဒါန်းရာတွင် အမည်မသိ လူတစ်ဦး အနေဖြင့်သာ လှူဒါန်းလေ၏။
မိမိသည် ရန်ကုန်မြို့ရှိ သူဌေးကြီး တစ်ဦး၏ကိုယ်စား လာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း လူအများကို ပြောလေ၏။
♥♥
တစ်နေ့သ၌ ဘိုးစံသည် အလှူဒါနများပြုလုပ်ပြီး မိုးရာသီသို့ ဝင်ရောက်လာသဖြင့် ရန်ကုန်မြို့သို့ ပြန်ခဲ့၏။
သူ၏ခမ်းနားကြီးကျယ်သော အိမ်ကြီးသို့ရောက်သောအခါခြံစောင့်မရှိဘဲ တံခါးကို စေ့ရုံသာစေ့ထားကြောင်း တွေ့ရ၏။
ခြံစောင့်ကုလား ဘယ်အရပ်သို့ ရောက်ရှိနေသည် မသိ။
ဘိုးစံ အိမ်ထဲသို့ဝင်ရောက်သောအခါ ထမင်းချက်မိန်းမကြီးကိုလည်းမမြင်ရဘဲ ဓာတ်စက်သီချင်းသံသဲ့သဲ့ ကြား၏။
ဘိုးစံသည် မမြနွယ် ဝမ်းသာသွားစေရန် အသံမပြုဘဲ အခန်းထဲဝင်ရန်ကြံ၏။
ဘိုးစံသည် အခန်းတံခါးဖွင့်လိုက်သောအခါ ခုတင်ပေါ်၌ ကပိုကရို လဲလျောင်းနေသော မမြနွယ်ကို မြင်ရ၏။
မမြနွယ်သည် အခန်းတံခါးကို ကျောပေး၍ ဘေးတစောင်းအိပ်နေ၏။
ဘိုးစံသည်… မမြနွယ်…
ဟု အသံပြုရန် ကြံလိုက်၏။
ထိုအခိုက်မှာပင် အိပ်ခန်းနှင့်တွဲလျက်ရှိသော ရေချိုးခန်းမှ ယောက်ျားတစ်ယောက်၏ သီချင်းသံကို ကြားလိုက်ရသဖြင့် ဘိုးစံ သည် နွေခေါင်ခေါင် မိုးကြိုးပစ်သကဲ့သို့ ခံစားလိုက်ရ၏။
ထိုယောက်ျား၏အသံကို မိမိ ကောင်းစွာသိ၏။
ထိုအသံ သည် မိမိ ကျွေးမွေးပြုစုထားသော မောင်ဘတင့်၏အသံဖြစ်၏။
မမြနွယ်သည် ကပိုကရိုလဲလျောင်းနေရာမှ…မောင်လေး ရေမြန်မြန်ချိုးလေကွယ်၊ မမ စောင့်နေတာ ကြာလှပြီ…
ဟုအော်ဟစ်ခေါ်ဝေါ်လေ၏။
ထိုအချိန်၌ ဘိုးစံ၏ရင်ထဲတွင် နွေတစ်ရာနှယ် ပူပြင်းနေလေ၏။
ရုပ်ဆိုးအကျည်းတန်လွန်းသော မောင်ဘတင့်ကို အမုန်းကြီး မုန်းသည်ဆိုသော မမြနွယ်သည် အဘယ်ကြောင့် အပြောင်းလဲကြီးပြောင်းလဲသွားလေသနည်း။
မိမိ၌ ကာမပိုင်ယောက်ျားရှိနေသည်ကို မေ့နေပြီလော…
မောင်ဘတင့်လို လူကလည်း ကျေးဇူးရှင်၏မျက်နှာကိုမှ
မထောက် စော်ကားရက်လေ၏။ မောင်ဘတင့်၏ ရိုးဖြောင့်မှုများ ဘယ်ရောက်သွားလေသနည်း။
ထိုအခိုက်မှာပင် မမြနွယ်သည် စောင်ကိုပတ်၍ ခုတင်ပေါ်မှ ဆင်းကာ ရေချိုးခန်းထဲသို့ ဝင်သွားလေ၏။
ရေချိုးခန်းထဲမှ ကလူကျီစယ်သံများကို ကြားရ၏။
ဘိုးစံသည် ရေချိုးခန်းကို အကြည့်ရောက်သွားပြီး ယောင် ယမ်း၍ မျက်လုံးများကို စုံမှိတ်လိုက်၏။ သူသည် မျက်စိဖြင့် မကြည့်ဘဲ မြင်နိုင်စွမ်းရှိသူ မဟုတ်ပါလား။
ရေချိုးခန်းထဲက အဖြစ်အပျက်များကို မြင်နေရ၏။
မောင် ဘတင့်နှင့် မမြနွယ်တို့သည် အဝတ်အစားဗလာကျင်း၍ ရေချိုးစိမ်ကန်ကြီးထဲ၌ ရှိနေ၏။
မောင်ဘတင့်သည် မမြနွယ်၏ တစ်ကိုယ်လုံး နေရာလပ်မကျန် နမ်းရှုံ့၍ ရေချိုးကန်ထဲသို့ တွန်းလှဲလိုက်၏။
ဘိုးစံသည် သစ္စာမဲ့သော လူနှစ်ယောက်ကြောင့် သွေးများ ဆူပွက်လာ၏။
ထိုသူနှစ်ယောက်ကို အပြစ်ဒဏ်ခတ်ရမည်လော။
ဘိုးစံသည် ခဏကြာအောင် မင်သက်နေပြီးမှ ခေါင်းကိုခါ ယမ်း၍
…သူတို့ကို တိရစ္ဆာန်စိတ်မျိုး ငါ မထားသင့်ပါဘူး၊ ငါ့ဘဝရဲ့ ပြည်ဖုံးကားအဟောင်းကိုပိတ်ပြီး ပြည်ဖုံးကားအသစ်ဖွင့်ဖို့ အချိန် တန်နေပြီ၊ တကယ်တော့ ဘာတစ်ခုမှ အမြဲမရှိ၊ မသေချာ၊ မရေရာတဲ့ သဘောတွေပါပဲ၊ မမြနွယ်ဟာ မောင်ဘတင့်ကို အကျည်းတန်လို့ အမုန်းကြီးမုန်းတယ်ဆိုပေမဲ့ အမြဲတမ်း မမုန်းနိုင်ပါဘူး၊ အမြဲတမ်း လည်း မချစ်နိုင်ပါဘူး၊ အရာအားလုံးဟာ ရေပွက်ပမာ ပြောင်းလဲနေ တာပါပဲ၊ ဒီသဘောတရားတွေကို ငါ သေသေချာချာ သိထားပြီးပါပြီ၊ ဒီတော့ငါ ဘာလုပ်ရတော့မှာလဲ….
ဘိုးစံသည် မိမိလုပ်ကိုင်ရမည့်အရာကို တွေးတောမိသွားပြီးအိမ်ခန်းထဲသို့ဝင်၍ မက္ကဇင့်ဘဏ်၏ဘဏ်စာအုပ်ကို ယူလိုက်၏။
ပြီးနောက် အိမ်ပေါ်မှ မည်သူမျှမသိအောင် တိတ်တဆိတ် ပြန်ထွက်ခဲ့လေ၏။
ဘိုးစံသည် ခြံအပြင်သို့ရောက်သောအခါ ကြီးကျယ်ခမ်းနား သော အိမ်ကြီးကို တစ်ချက်ငဲ့စောင်းကြည့်လိုက်ပြီး
…ဘာကိုမှ မက်မောစရာမရှိတော့ပါဘူး၊ ရေပွက်ပမာပဲ…
ဟု တီးတိုးရေရွတ်ရင်း ကျောခိုင်းထွက်ခွာလာခဲ့လေတော့၏။
♥♥
ဘိုးစံသည် မက္ကနှင့်ဘဏ်မှ ငွေများအားလုံးကိုထုတ်၍ မြန်မာပြည်အရပ်ရပ်သို့ လှည့်လည်လှူဒါန်းခဲ့လေ၏။
ထိုသို့လှူဒါန်းပြီး သူ၏လက်ထဲ တစ်ပြားတစ်ချပ်မှ မကျန် တော့သောအခါ မွန်ပြည်နယ် ကေလာသတောင်၌ တောကျောင်း လေး ဆောက်၍ ရဟန်းပြုကာ တစ်ပါးတည်း သီတင်းသုံးနေလေ၏။
ဘိုးစံသည်. ထိုအချိန်မှစ၍ ပြီးပြည့်စုံဆုံး ငြိမ်းချမ်းမှုကိုရရှိခဲ့လေ၏။
ဘိုးစံ ရဟန်းပြုသောအချိန်၌ ရန်ကုန်မြို့၊ ဗဟန်း ကြားတောရ လမ်းရှိ ဘိုးစံ၏အိမ်ကြီး၌ ကြောက်မက်ဖွယ် အဖြစ်ဆိုးကြီး တစ်ခုကြုံတွေ့ရလေ၏။
ထိုအဖြစ်ဆိုးကြီးသည် အံ့သြဖွယ်အလွန်ကောင်းသော တိုက် ဆိုင်မှုကြီးလည်း ဖြစ်၏။
ဘိုးစံတစ်ယောက် မွန်ပြည်နယ်၊ ကေလာသ တောင်၌ ရဟန်း ပြုလိုက်သောအချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ဘိုးစံ၏ ဘဝမှတ်တမ်းများရေးသားပြီး ထည့်သွင်းထားသော ထင်းရှူး သေတ္တာကြီးသည်အလိုအလျောက် မီးတောက်လောင်လေ၏။
ထိုမီးလောင်မှုကြီးသည် အလွန်ပြင်းထန်လွန်းသဖြင့် အိပ်ခန်း ထဲ၌ အချစ်နလန်ထနေသော မောင်ဘတင့်နှင့် မမြနွယ်လည်း လွတ် မြောက်ခြင်း မရှိခဲ့ချေ။ပြည်ဖုံးကားအဟောင်းကိုပိတ်ပြီး ပြည်ဖုံးကားအသစ်ကိုဖွင့်လိုက်သော ဘိုးစံသည် ထိုအဖြစ်ဆိုးများကို မသိရှာပေ။
သိရန်လည်း မကြိုးစားတော့ချေ။
အရာအားလုံးပြီးဆုံးသွားချေပြီ။
ပြီးပါပြီ