“ဂူထဲကတစ္ဆေကြီး”(စ/ဆုံး)

“ဂူထဲကတစ္ဆေကြီး”(စ/ဆုံး)

——————————————–

၁။
“ဟေ့ကောင် ငနိုင်း ထင်းခွဲနေတာလားကွ”

ကျွန်တော်သည် အိမ်ရှေ့ကထင်းပုံတွင် ထင်းခွဲနေ
သည့်အချိန် ခြံဝမှအော်သံကြားသဖြင့် ထင်းခွဲနေရာက
မော့ကြည့်လိုက်ရာ အတန်းဖော်သူငယ်ချင်း ညီညီဖြစ်
နေသည်။

“ဟာညီညီ ဝင်လာခဲ့လေကွာ။ မင်းတစ်ယောက်ထဲ
လား

“ဟုတ်တယ်ကွာ။ ငါမင်းကို တောထဲသွားပြီးမှိုရှာဖို့
လာခေါ်တာ။ မနေ့က ဦးလေးဝင်းနိုင်တို့ မှိုတွေအများ
ကြီးရလာတယ်တဲ့။ ငါတို့လည်းသွားရှာကြရအောင်”

“ငါလည်းသွားရှာမလို့ စိတ်ကူးနေတာ။ ထင်းခွဲပြီး
ရင် မင်းကိုလာခေါ်မလို့ဘဲ။ အများကြီးရရင် ရောင်းပြီး
ကိုယ်လိုချင်တာ ဝယ်လို့ရတာပေါ့ကွာ”

“ဟုတ်တယ်ကွ။ ငါလည်း အင်္ကျီတစ်ထည်လောက်
လိုချင်နေတာ။ အိမ်မှာမတောင်းရက်လို့”

“အေးပါကွ။ မှိုအများကြီးရရင် ရောင်းပြီးဝယ်ပေါ့။
ဒါနဲ့မင်းပလိုင်း (ပစ္စည်များ ထည့်လွယ်ရသောတောင်း)
ပါလာပြီလား”

အမှန်မှာ ညီညီထံတွင် ပလိုင်းပါလာမှန်း သိပြီးဖြစ်
သည်။ ကျွန်တော်က စကားလုပ်၍ မေးမြန်းလိုက်ခြင်း
ဖြစ်သည်။

“ငါခေါ်ရင် မင်းလိုက်မယ်ဆိုတာ ကြိုသိနေလို့ တစ်
ခါထဲ ယူလာခဲ့တယ် ‘

“ဒါဆို ငါ့ကိုခဏစောင့်အုံး။ ဒါလေးပြီးသွားအောင်
လက်စသတ်လိုက်အုံးမယ်”

ထိုနောက်တွင် ကျွန်တော်သည် ထင်းခွဲနေတာကို
လက်စသတ်၍ ပလိုင်းလွယ်၍ ညီညီနှင့်အတူ တောထဲ
သို့ လိုက်ခဲ့လေသည်။

ကျွန်တော်တို့အရပ်၌ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်
ရက်များတွင် မြို့ပေါ်ကကျောင်းသား၊ ကျောင်းသူများကဲ့
သို့ ကျူရှင်မရှိသောကြောင့် မနက်ပိုင်းတွင် အိမ်မှုကိစ္စ
များအား ကူလုပ်ပေးပြီးလျှင် တစ်နေ့လုံးအေးအေးဆေး
ဆေး နားနေနိုင်သည်။ ထိုအချိန်မျိုးတွင် ကျွန်တော်တို့
သည် တောထဲသို့သွားကာ ဟင်းစားရှာလေ့ရှိကြသည်။

ကျွန်တော်တို့ရွာသည် တောင်အောက်တွင် တည်
ထားသော ရွာဖြစ်သဖြင့် ရွာပြင်ထွက်သည်နှင့်တောထဲ
သို့ရောက်ပြီဖြစ်၏။

“ငါတို့ဝါးရုံတောဖက်မှာ သွားရှာရအောင်။ ဒီမှာက
ရွာထဲကလူတွေ လာရှာပြီးပြီဆိုတော့ သိပ်ပြီးရတော့မှာ
မဟုတ်ဘူး။ ဟိုမှာဆိုရင်မျှစ်ကော ရရင်ရအုံးမှာကွ”

ညီညီသည် ရွာသူရွာသားများက သရဲခြောက်သည်
ဟု ပြောဆိုနေကြသော ဝါးရုံတောတွင် သွားရှာမည်ဟု
ဆိုလေသည်။ ထိုကြောင့်ကျွန်တော်က_

“ဖြစ်ပါ့မလားကွာ။ သရဲခြောက်တာ ခံနေရမှဖြင့်”

“နေ့ခင်းဖက်ကြီး ဘယ်သရဲမှ မခြောက်ပါဘူးကွာ”

“အေးကွာ မင်းသဘော”

နောက်ဆုံးတွင်တော့ ကျွန်တော်သည် မငြင်းတော့
ဘဲ ညီညီခေါ်သည့်နေရာကို လိုက်လာခဲ့သည်။ ထိုဝါးရုံ
တောသည် ရွာနှင့်သုံးမိုင်ခန့်ဝေးပြီး ဝါးရုံပင်များ အများ
အပြား ပေါက်နေသောကြောင့် ဝါးရုံတော ဟုအလွယ်
ခေါ်ကြခြင်းဖြစ်သည်။

ဝါးရုံတောတွင် သရဲ၊တစ္ဆေ ခြောက်လန့်တတ်သော
ကြောင့် ထိုနေရာသို့လာ၍ မှိုရှာသူနည်းပါးသဖြင့် တစ်
ခဏလေးအတွင်းမှာပင် ကျွန်တော်တို့နှစ်ဦးသည် တစ်
ဦးလျှင် မှိုငါးအုံ ခြောက်အုံခန့်တွေ့လေသည်။

ကျွန်တော်တို့နှစ်ဦးသည် လောဘဇောဖြင့်ဆက်ရှာ
လေရာ တောနက်ထဲသို့ ရောက်မှန်းမသိ ရောက်လာခဲ့
သည်။

မှို အပေါက်များသောကြောင့် မကြာမီ ပလိုင်းပြည့်
သွားလေသည်။ ထို့နောက်ကျွန်တော်တို့သည် ဝါးရုံများ
အတွင်းပေါက်နေသော မျှစ်များကို ညီညီယူလာသည့်
ကုန်နီအိတ်ထဲသို့ အတူတကွ ချိုးထည့်ကြလေသည်။

မျှစ်များ ကုန်နီအိတ်တစ်ဝက်ခန့်ရချိန်တွင် ကောင်း
ကင်တွင် တိမ်စိုင်များ မဲမှောင်လာပြီး မိုးရွာချလေတော့
သည်။

ကျွန်တော်တို့နှစ်ဦးမှာ လောဘစော တက်နေလေ
ရာ မိုးရွာတော့မည် အခြေအနေကိုမသိလိုက်ပါ။ မိုးရွာ
လာသည့်အချိန်မှ ကုန်နီအိတ်ကိုထမ်းကာ မိုးခိုရမည့်
နေရာတစ်ခုကို လိုက်ရှာရလေတော့သည်။

၂။
တစ်ခဏမျှကြာသည့်အခါ မိုးခိုရန် ဂူတစ်ဂူရှာတွေ့
လေသည်။ မိုးသည် သည်းထန်စွာ ရွာသွန်းနေသဖြင့်
ဂူထဲတွင် မဲမှောင်နေသည်။

ဂူများထဲတွင် မြွေကြီးများ ခိုအောင်းနေတတ်သဖြင့်
အတွင်းပိုင်းအထိမဝင်ဘဲ ဂူဝတွင်သာနေ၍ မိုးခိုရလေ
သည်။ သိပ်မကြာမီမိုးတိတ်သွားလေရာ ဂူထဲကထွက်
ရန်ပြင်ဆင်နေသည့်အချိန် ကျွန်တော်သည် ဘေးပတ်
ပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ ကျွန်တော်တို့နှင့်
ဆယ့်ငါးပေခန့်အကွာတွင် အရောင်လက်နေသော အိုး
တစ်လုံးကိုတွေ့လေသည်။

ကျွန်တော်သည် ရွှေအိုးဖြစ်မည်အထင်နှင့် အနီးသို့
သွား၍ ယူကြည့်လိုက်ရာ ရွှေအိုးမဟုတ်ဘဲကြေးအိုးဖြစ်
မှန်းသိလိုက်ရလေသည်။

အိုးသည် ထမင်းချက်သည့်အိုး ဖြစ်ဟန်တူပါသည်။
ဘေးတွင် လက်ကိုင်နှစ်ဖက်ပါရှိသည်။ ကြေးအိုးဖြစ်နေ
လျှင်လည်း ရွာလယ်က ဦးတရုတ်ကြီးဆိုင်တွင်ရောင်း၍
ရမှန်းသိသဖြင့် ယူပြန်လာသည်။

“ဟေ့ကောင် တရုတ်ကြီးက မင်းရဲ့အိုးအစုတ်ကြီး
ကို ဝယ်ပါ့မလားကွ”

“ဝယ်မယ်ထင်တာဘဲ။ မဝယ်ဘူးဆိုရင်လည်း အိမ်
ရောက်တော့ လွင့်ပစ်လိုက်ရုံပေါ့ကွာ”

“တောထဲမှာ တွေ့တဲ့ပစ္စည်းတွေကို အိမ်ကိုမယူပြန်
ဖို့ မင်းအိမ်ကမှာထားတယ်မလား”

ညီညီပြောသည့်အတိုင်းပင် အဖိုးသည် ကျွန်တော်
တို့ တောတောင်ထဲ သွားသည့်အချိန်တိုင်း တောထဲက
အသုံးအဆောင်ပစ္စည်း အဟောင်းများကို မယူပြန်လာ
နှင့်ဟု အမြဲမှာလေ့ရှိသည်။

အကြောင်းမှာ ထိုပစ္စည်းအဟောင်းများတွင် စွဲကပ်
နေသော တစ္ဆေ၊သရဲများက အိမ်သို့ လိုက်ပါလာတတ်
သောကြောင့်ဖြစ်ပါသည်။

“ဟုတ်တယ်ဟ။ ဒါပေမယ့် ဦးတရုတ်ကြီးက ဒီအိုး
ကို ဝယ်မယ်ဆိုရင် ပိုက်ဆံရမှာလေကွာ”

“မင်းအိမ်ကတွေ့သွားရင် ဘယ်လိုပြောမလည်း”

“အိမ်ကမသိအောင် ဖွက်ထားမှာပေါ့ကွ။ မနက်ဖြန်
ဆိုရင် ဦးတရုတ်ကြီး မြို့ကပြန်လာပြီလေ။ အဲဒီအချိန်
ကျရင် သွားရောင်းလိုက်မှာပေါ့”

ကျွန်တော်နှင့် ညီညီ စကားပြောရင်း လမ်းလျှောက်
လာရာ ကျွန်တော်တို့နောက်မှ ခြေသံကြားလိုက်ရလေ
သည်။ နောက်သို့လှည့်ကြည့်လိုက်သော် ဘာမှမတွေ့ရ
ပေ။

“ဟေ့ကောင်ညီညီ မင်းကောကြားရတယ်မလား”

“အေး ကြားရတယ်။ ယုန်ကလေးတွေရဲ့ ခြေသံဘဲ
ဖြစ်မယ်”

ရွာသို့ပြန်ရောက်သည့်အချိန် မှိုအများအပြား ရလာ
သဖြင့် အားလုံးအံ့ဩနေကြသည်။ ဝါရုံတောတွင် သွား
ရှာသည်ဟုပြောလိုက်ရာ ပို၌အံ့ဩသွားကြလေသည်။

ရွာသားများက “မင်းတို့မို့လို့ အကြောက်အလန့်မရှိ
သွားရှာရဲတယ်” ဟုချီးမွမ်းစကားလား ကဲ့ရဲ့စကားလား
မသဲကွဲသော စကားများဆိုကြလေသည်။

၃။
အိမ်သို့ပြန်ရောက်သော် ကြေးထမင်းအိုးကို ခြံဝန်း
ထဲရှိ စပယ်ရုံတွင် ဝှက်ထားခဲ့သည်။ ထိုနောက်ရေချိုးပြီး
ထမင်းစားလေရာ အလွန်ဆာနေပြီ ဖြစ်သောကြောင့်
သုံးပန်ကန်ကုန်သွားလေသည်။

ကျွန်တော် ထမင်းစားနေသည့်အချိန် နှာခေါင်းထဲ
တွင် အသေကောင်ပုတ်နံ့ကဲ့သို့သော စိမ်းချွေ့ချွေ့အနံ့
မျိုးရနေသည်။

“နိုင်းရေ သားဘာအနံ့မှမရဘူးလား။ ဒီလောက်ထိ
နံစော်နေတာကို ‘

“ရတယ်အမေ။ ကြွက်သေပြီး ပုတ်နေတာဖြစ်မယ်။
သားထမင်းစားပြီးတော့မှ လိုက်ရှာပြီးမြုပ်လိုက်မယ်”

“အေးအေး ထမင်းအရင်စားလိုက်အုံးသား”

ထမင်းစားပြီးသည့်အခါ ကျွန်တော်သည် ခြံဝန်းထဲ
တွင် နေရာအနှံ့လိုက်ရှာလေသည်။ သို့သော်မည်သည့်
နေရာတွင်မှ ရှာမတွေ့ပေ။ ညနေခင်းအချိန် အဖေနှင့်
အဖိုး ခြံကပြန်လာသည့်အချိန် အားလုံးဝိုင်း၍ရှာကြပါ
သော်လည်း မည်သို့သောအသေကောင်မှ မတွေ့ရပါ။

စပယ်ပန်းရုံထဲတွင် မရှာကြသဖြင့် ကျွန်တော့်အဖို့
ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ အကယ်၍ကြေး
ထမင်းအိုးအား သူတို့တွေ့သွားခဲ့လျှင် အဆူခံ၊ အရိုက်ခံ
ရမည်မှာ အသေအချာပင်ဖြစ်သည်။

ညမှောင်သည်အထိ ရှာသော်လည်း ဘာမှမတွေ့
သဖြင့် ဆက်၍မရှာတော့ဘဲ ညစာစားကာ အိပ်ယာဝင်
သည်။ ပြဿနာက ထိုအချိန်မှစလာသည်။

ကျွန်တော် အိပ်ပျော်နေသည့်အချိန် မျက်နှာပေါ်သို့
ရေစက်ကဲ့သို့ အရည်များ တစ်စက်စက်စီးကျလာသဖြင့်
မျက်လုံးဖွင့်ကြည့်လိုက်ရာ မီးလောင်ထားသဖြင့် အဆီ
တဝင်းဝင်းနှင့် အဆင်းပျက်နေသော လက်တစ်စုံအား
မြင်တွေ့လိုက်ရသည်။

ထိုလက်တစ်စုံသည် ကျွန်တော်၏ လည်ပင်းပေါ်
သို့ရောက်နေပြီဖြစ်၏။ ထိုနောက်တွင်တော့ ကျွန်တော်
သည် မီးလောင်ထားသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ
သော လူကြီးတစ်ဦး၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြင်တွေ့
လိုက်ရလေတော့သည်။

“ဟီး..ဟီး..ဟီး..ငါပစ္စည်းပြန်ပေး..ဟီး..ဟီး..ဟီး”

ထိုလူကြီးသည် ကျွန်တော်အား လည်ပင်းညစ်ကာ
ငြီးသွားသံများနှင့်အတူ စကားပြောဆိုနေ၏။ မီးကျွမ်း
ထားသဖြင့် မျက်နှာတစ်ခုလုံးက မည်းတူးနေပြီး အဆီ
တစ်ဝင်းဝင်းဖြစ်နေသည်။ မျက်လုံးများက နီရဲနေပြီး ဆံ
ပင်သည်လည်း မီးလောင်ထားသဖြင့် ကျိုးတိုကျဲတဲသာ
တွေ့ရသည်။ အင်္ကျီမပါသဖြင့် ရင်ဘတ်တစ်ခုလုံးကိုမြင်
နေရကာ အသားစများက လှန်ထွက်နေပြီး သွေးများရဲ
နေသည်။

“အမေရေ သားကိုကယ်ပါဦး…”

ကျွန်တော်သည် အားကုန်သုံးကာ အော်ဟစ်လိုက်
သော်လည်း အသံက လည်ချောင်း၌သာ ပျောက်ကွယ်
သွားသည်။

“ဟီး…ဟီး…ပြန်ပေး ငါ့ပစ္စည်းပြန်ပေး ဟီး..ဟီး”

“ထိုလူကြီးသည် ကျွန်တော့်လည်ပင်းကို အတင်း
ညစ်ထားသဖြင့် အသက်ရှူကျပ်လာသည်။ ထို့ကြောင့်
ကျွန်တော်သည် တတ်သမျှ မှတ်သမျှ ဘုရားစာများကို
ရွတ်၍ အားကုန်သုံးကာအော်ဟစ်လိုက်သည်။

“ကယ်…ကယ်ပါဦး။ အမေရေ…”

ထိုအချိန်မှအသံသည် လည်ချောင်းမှ ပြွန်ထွက်လာ
ခဲ့ပြီး ကျယ်လောင်စွာထွက်ပေါ်လာသည်။

“အမေ…အမေ”

“အမေဒီမှာရှိတယ်လေ သား။ စိတ်ထိန်းပါဦး”

“အဖေ…အဖေ”

“အဖေလည်းရှိပါတယ်။ တစ်ကိုယ်လုံးလည်း ချွေး
တွေ စိုချွဲနေတာပဲ။ ဘာဖြစ်နေတာလည်း သားရယ်”

“သ..သ..သရဲ..သရဲသားကို လည်ပင်းလာညစ်နေ
တယ် ”

” အိပ်မက် မက်နေတာပါ သားရယ်။ ဘာမှမဖြစ်ပါ
ဘူးနော် ”

အဖေနှင့်အမေတို့ ရောက်လာသည့်အခါမှ တစ္ဆေ
ကြီးသည် ပျောက်ကွယ်သွားလေသည်။

” အိပ်မက် မက်နေတာပါမြေးရယ်။ မယ်စိန် ဘုရား
စင်ပေါ်က ပရိတ်ရေသွားယူလာခဲ့စမ်း”

“ဟုတ်..ဟုတ်ကဲ့အဖေ ”

အဖိုးက အော်ဟစ်ကာ စေခိုင်းသဖြင့် အမေသည်
ကမန်းကတန်းထ၍ ဘုရားစင်ပေါ်တွင် တင်ထားသော
ပရိတ်ရေဘူးအား သွားယူလေသည်။

ထို့နောက်အဖိုးသည် ကျွန်တော်အား ပရိတ်ရေစင်
တိုက်၍ ဘုရားစာရွတ်ခိုင်းကာ အိပ်စေသည်။ မကြာမီ
အားလုံး အခန်းထဲက ပြန်ထွက်သွားလေရာ ကျွန်တော်
တစ်ဦးထဲ ကျန်လေသည်။ ကျွန်တော်မှာ လန့်နေသည့်
အရှိန်ကြောင့် အတော်နှင့်အိပ်မပျော်ချေ။

တစ်ဦးဦးက ကျွန်တော်ကို စိုက်ကြည့်နေသည်ဟု
ခံစားနေရသည်။ မကြာမီကျွန်တော် အိပ်ပျော်သွားလေ
သည်။ ထိုအခါတစ္ဆေကြီးသည် နောက်တစ်ကြိမ်ထပ်မံ
ရောက်ရှိလာသည်။

” ငါ့ပစ္စည်းပြန်ပေး…ဟီး…ဟီး…ဟီး ”

နောက်ထပ်တစ်ကြိမ် ကျွန်တော်လည်ပင်းကို လာ
ညစ်ပြန်သည်။ ကျွန်တော်သည်လည်း ပထမတစ်ကြိမ်
ကအတိုင်း ဘုရားစာကို ရွတ်ဆို၍ အားကုန်အော်လိုက်
သည်။

” အား….ကယ်ပါဦး အမေရေ..အား ”

” အ…အမေ…အမေ ”

” အမေဒီမှာလေ။ ဘာတွေဖြစ်နေတာလည်း သား
ရယ်။ အမေရင်တွေတုန်လိုက်တာကွယ် ”

ကျွန်တော်၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် စိုချွဲ
နေ၏။ ထိုအချိန်အဖိုးက အသင့်ယူလာသော ပရိတ်ရေ
ဖြင့် နောက်တစ်ကြိမ်တိုက်လေသည်။ အဖိုး၏မျက်နှာ
ပေါ်တွင် ကျွန်တော်ကို မသင်္ကာသည့်အရိပ်အယောင်
များ အားတွေ့နေရ၏။ ပရိတ်ရေသောက်ပြီးသည့်အခါ
ကျွန်တော်သည် အမေ့ကိုဖက်၍ ငိုလေတော့သည်။

” သားကြောက်တယ်အမေ ဟီး…ဟီး…ဟီး ”

” မကြောက်နဲ့တော့နော်။ အမေတို့အားလုံး သား
အနားမှာရှိနေတာပဲ’

” ဒီနေ့တောထဲမှာဘာဖြစ်ခဲ့သလဲ မြေးလေး ”

” ဘာမှမဖြစ်ခဲ့ပါဘူးအဖိုး ”

“ဒါဆိုတောထဲက ပစ္စည်းဟောင်းတစ်ခုခု ယူပြန်ခဲ့
သေးလား။ မလိမ်နဲ့နော် အမှန်အတိုင်းဖြေ ”

ထိုအခါကျွန်တော်သည် အဖိုးအား ကြောက်သဖြင့်
အမှန်အတိုင်း ဝန်ခံရလေတော့သည်။ ကျွန်တော်သည်
တောထဲကနေ ကြေးအိုးတစ်လုံး ယူပြန်လာခဲ့ကြောင်း
ပြောပြလိုက်လေရာ အဖိုးသည် မျက်နှာပျက်သွားခဲ့ပြီး_

” အခန်းထဲ၌ရှိနေသော မိတ်ဆွေခင်ဗျာ။ ကျွန်ုပ်၏
မြေးသည် မိတ်ဆွေ၏ ပစ္စည်းမှန်း မသိသောကြောင့်
မိတ်ဆွေပိုင်ဆိုင်သော ပစ္စည်းကို အိမ်သို့ယူပြန်လာခဲ့မိ
ခြင်းဖြစ်ပါတယ်။ မနက်ဖြန်မနက်နေထွက်တာနှင့် မြေး
လေး ယူဆောင်လာသော ပစ္စည်းကို မူလနေရာသို့ ပြန်
လည်၍ပို့ဆောင်ပေးပါမည်။ ထို့အတွက်ကြောင့် ကျွန်ုပ်
၏မြေးအား ထပ်မံ၍ အနှောင့်အယှက်မပေးဖို့ မေတ္တာ
ရပ်ခံအပ်ပါတယ် ”

ထိုနောက်အဖိုးသည် အခန်းနေရာအနှံ့ ပရိတ်ရေ
ဖြင့်လိုက်ဖြန်းလေသည်။ သည်တစ်ခါတွင်တော့ အမေ
လာအိပ်ပေးသဖြင့် ကျွန်တော်သည် ကြောက်စိတ်ပြေ
ကာ နှစ်ခြိတ်စွာ အိပ်ပျော်သွားလေသည်။

ထိုအချိန်မှစ၍ မနက်မိုးလင်းသည်အထိ တစ္ဆေကြီး
၏ ခြောက်လန့်ခြင်းကိုမခံရတော့ချေ။

၄။
နေထွက်ချိန်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကျွန်
တော်တို့သားအဖသည် ကြေးထမင်းအိုးကို ပြန်သွားပို့
ရန် ဝါးရုံတောဆီသို့ထွက်လာခဲ့၏။ ထိုအချိန်ကျွန်တော်
၏ မျက်လုံးထဲတွင် မျက်နှာတစ်ခုလုံး မည်းနက်နေပြီး
အဆီတဝင်းဝင်းဖြစ်နေသော တစ္ဆေကြီး၏ မျက်နှာကို
သာ ပြန်မြင်ယောင်နေသည်။

ကျွန်တော်တို့သည် ခပ်သွက်သွက် လျှောက်လာခဲ့
ရာ မကြာမီဂူသို့ရောက်လေသည်။ ကျွန်တော်က ဂူထဲ
သို့ လိုက်မဝင်ရဲသဖြင့် ဂူပေါက်ဝတွင်သာစောင့်သည်။
အဖေတစ်ယောက်တည်း ဂူထဲသို့ဝင်သွားလေသည်။

” ထားခဲ့ပြီလား အဖေ ”

” အေး နောက်ဆိုတောထဲကနေ ဘာပစ္စည်းမှ ယူပြန်
မလာခဲ့နဲ့ ကြားလား ”

” ဟုတ်ကဲ့ အဖေ ”

ကျွန်တော်တို့ သားအဖနှစ်ဦးသည် နေမမြင့်ခင် ရွာ
ရောက်အောင်ပြန်လာသည်။ အိမ်သို့ပြန်ရောက်သော
အခါ အိမ်ပေါက်ဝတွင် အဖိုးကစောင့်ကြိုနေ၏။

” သွားထားခဲ့ပြီးလား ”

” ဟုတ်ကဲ့အဖေ ထားခဲ့လိုက်ပြီ ”

အဖေသည် အဖိုး၏အမေးကို ပြန်ဖြေကာ အိမ်ပေါ်
သို့ တက်သွားသည်။

“ပြုခဲ့သမျှ အကုသိုလ်တော်တော်ကြီးပါလားကွာ။
ခုထိမကျွတ်လွတ်နိုင်သေးဘူး ”

အဖိုးက ဤသို့ရေရွတ်ပြောဆိုလိုက်ရာ ကျွန်တော်
သည် ထိုတစ္ဆေကြီးအကြောင်းကို သိချင်သောကြောင့်
ပြောပြဖို့ရန်ပူဆာလိုက်လေသည်။

ထိုအခါအဖိုးသည် တစ္ဆေကြီး၏ ဘဝဇာတ်ကြောင်း
ကိုပြည့်ပြည့်စုံစုံ ပြောပြလေသည်။

၅။
သီးနှံပေါ်ချိန်ရောက်ပြီဆိုလျှင် ကျေးလက်ဒေသက
လယ်သမား၊ ယာသမားများသည် ဗုံသံမောင်းသံ ဆူဆူ
ညံညံဖြင့် အလှူရှင်ပြုပွဲများကို ပျော်ရွှင်စွာ ဆင်နွဲကျင်းပ
လေ့ရှိကြသည်။

ထိုပျော်ရွှင်မှုကို ပျက်ပြယ်သွားအောင် ပြုလုပ်လေ့ရှိ
သူမှာ ဓားပြဗိုလ်မိုးကြိုးဖြစ်သည်။ ဓားပြဗိုလ်မိုးကြိုးမှာ
ဓားပြတိုက်သည့်အလုပ်ကို အမြဲတမ်းလုပ်လေ့မရှိပါ။

တောင်သူလယ်သမားက လယ်ထဲယာထဲတွင် စိုက်
ပျိုးထားသော သီးနှံများကို ရိတ်သိမ်း ရောင်းချပြီးသည့်
အချိန်ကျမှ ဓားပြတိုက်ခြင်းအလုပ်ကို စတင်လေသည်။

တောင်သူလယ်သမား အပေါင်းတို့သည် မိမိတို့၏
စိုက်ပျိုးရိတ်သိမ်းထားသည့် သီးနှံများကို ရောင်းချမည်
ဆိုလျှင် တိုးတိုးတိတ်တိတ်သာရောင်းကြရသည်။

သီးနှံများကို ရောင်းချထားသည့်အကြောင်း မိုးကြိုး
ကြားသွားခဲ့လျှင် ထိုအိမ်၏ပျော်ရွှင်မှုတို့သည် ရုတ်ချည်း
ပြောင်းလဲသွားမည်ဖြစ်သည်။

တနေ့တွင် ဗိုလ်မိုးကြိုးတို့ ဓားပြအဖွဲ့သည် အိမ်တစ်
အိမ်အား ဓားပြဝင်တိုက်သည်။ ထိုအိမ်က ဇနီးမောင်နှံ
နှစ်ဦးသည် သီးနှံအထွက်ကောင်းလျှင် သားနှစ်ဦးကို
ရှင်ပြုပေးမည်ဟု ရည်စူးထား၏။

ထိုနှစ်တွင် ရာသီဥတုမှန်သဖြင့် သီးနှံအထွက်တိုး
လေသည်။ ထို့ကြောင့်သားနှစ်ဦးကို ရှင်ပြုပေးရတော့
မည်ဖြစ်သဖြင့် အပျော်လွန်နေသည့်အိမ်ဖြစ်လေသည်။
မိုးကြိုးသည် မည်သူ့ဆီက သတင်းရလာသည်မသိပါ။
ငွေပမာဏအတိအကျပြောကာတောင်းလေသည်။

အိမ်ရှင်ဇနီးမောင်နှံက မရှိပါဟု လိမ်လည်ပြောဆို
လိုက်သည့်အခါ ဓားပြများသည် အိမ်သားများကို ရိုက်
နှက်ကန်ကျောက်လေသည်။ ထိုကြောင့်နောက်ဆုံးတွင်
သီးနှံရောင်းရသောငွေများသာမက သားနှစ်ဦးကိုရှင်ပြု
ပေးရန်အတွက် အနှစ်နှစ်အလလ စုဆောင်းထားသော
လက်ဝတ်ရတနာအနည်းငယ်ကိုပါ မပေးချင်ပေးချင်နှင့်
ပေးလိုက်ရလေသည်။

ထိုအချိန်က ကျွန်တော်တို့ရွာ အနီးအနား ပတ်ဝန်း
ကျင်သည် အစိုးရ၏ အုပ်ချုပ်မှုအာဏာ မသက်ရောက်
သဖြင့် ဓားပြဗိုလ်မိုးကြိုးသည် ထင်တိုင်းကြဲနေ၏။

သို့သော်တစ်နေ့တွင် ဓားပြဗိုလ်မိုးကြိုး၏ ဘဝနေ
ဝင်ချိန်သည် ရောက်လာခဲ့၏။ သည်းမခံနိုင်တော့သည့်
ရွာသားများက မိုးကြိုးတို့ဓားပြအဖွဲ့ကို ချေမှုန်းရန် တိတ်
တဆိတ်တိုင်ပင်ကြသည်။

ဓားပြဗိုလ်မိုးကြိုးကို သတ်ရန် အကောင်းဆုံးအချိန်
သည် ၎င်း၏လက်ထဲတွင် သေနတ်မရှိသည့်အချိန်ဖြစ်
သည်။ ထိုအချိန်မှာ ဓားပြဗိုလ်မိုးကြိုး အရက်မူးပြီး အိပ်
ပျော်နေသော ညအချိန်ဖြစ်သည်။

ထို့ကြောင့်ရွာသားများသည် သန်းခေါင်ယံအချိန်သို့
ရောက်သည်နှင့် ဓားပြဗိုလ်မိုးကြိုး နေထိုင်သည့် ဂူသို့
တိတ်တဆိတ်ချည်းကပ်လာခဲ့ကြသည်။

ဂူအနီးသို့ရောက်သွားချိန်တွင် ဓားပြဗိုလ်မိုးကြိုးနှင့်
၎င်း၏တပည့်ဓားပြများသည် အရက်သေကာ အိပ်ပျော်
နေကြသည်။ ၎င်းတို့သည် မိမိတို့အား ရန်ပြုမည့်သူမရှိ
နိုင်ဟု တွေးထားဟန်တူပါသည်။

ထို့ကြောင့်ရွာသားများက ဓားပြအဖွဲ့အား အလွယ်
တကူ ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးရမိသော ဓားပြဗိုလ်
မိုးကြိုးနှင့် ၎င်း၏တပည့်များကို လက်ပြန်ကြိုးတုတ်ကာ
လန့်လာအောင်နိုးသည်။

လန့်နိုးလာသည့်အချိန် ရွာသားများသည် စိတ်ကျေ
နပ်အောင် ရိုက်နှက်ကလဲ့စားချေလေသည်။ ထိုနောက်
မိုးကြိုးအား အရှင်လတ်လတ်မီးရှို့သတ်ပစ်လိုက်သည်။
မိုးကြိုး၏အသက်ဇီဝိန်မှာ မီးတောက်မီးလျှံများနှင့်အတူ
လိုက်ပါသွားလေသည်။

ထို့နောက်ရွာသားများသည် ၎င်းတို့ဆီက အတင်း
ဓားပြတိုက်လုယူသွားသော ရွှေငွေပစ္စည်းများကို နေရာ
အနှံ့ လိုက်ရှာလေသည်။ သို့သော်မည်သည့်နေရာတွင်
မှမတွေ့ပါ။ တစ်နေရာရာတွင် မြုပ်ထားဟန်တူပါသည်။

နောက်ဆုံးတွင် ရွာသားများသည် ရှာမတွေ့ရသဖြင့်
လက်လျှော့ကာရွာသို့ ပြန်လာခဲ့လေသည်။

အဖိုး၏စကားအဆုံးတွင်_
ဓားပြဗိုလ်မိုးကြိုးသည် ၎င်း၏အကုသိုလ်ကံကြောင့်
မကျွတ်မလွတ်ဘဲ သစ္ဆေသရဲဖြစ်နေခြင်းပေလော……

သို့မဟုတ်ပါလျှင် ၎င်း၏တိုက်ရာပါ ရတနာပစ္စည်း
များကို စွဲလမ်းနေသောကြောင့် မကျွတ်မလွတ်ခြင်းပေ
လော…….

မည်သို့ပင်ဆိုစေ ဓားပြဗိုလ်မိုးကြိုးအား ကျွတ်လွတ်
နိုင်အောင် ကောင်းမှုကုသိုလ်ပြုလုပ်ပေး၍ အမျှဝေပေး
မည်သူကာ ဤလောကတွင် ရှိလိမ့်မည်မဟုတ်ချေ။

#ပြီး
#ဆက်လက်ကြိုးစားပါဦးမည်
#ဒီကိုး