ဂြိုလ်မွေတဲ့ရေမျောကမ်းတင်

*ဂြိုလ်မွှေတဲ့ ရေမျောကမ်းတင်*📖📖📖
±±±±±±±±±±±±±±±±±±±±±±

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

မောင်လူလှ – ကညင်မြေ
=================

              အဲ့ဒီနေ့က မြန်မာ့ရိုးရာ မဟာသင်္ကြန်ရဲ့ နှစ်ဆန်း တစ်ရက်နေ့ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ မဟုတ်ပေမယ့်လည်း စစ်ကျိုးရွာက ရပ်မိရပ်ဖလူကြီးတွေရဲ့ စီမံပေးမှုကြောင့် ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းဖြစ်ခဲ့တယ်။
မနက်ပိုင်းမှာတော့ သက်ကြီးပူဇော်ပွဲလေး လုပ်လိုက်ကြပြီး ရွာထဲကအဖိုးအဖွားတွေကို ခေါင်း​လျှော်ပေးခြင်း ခြေသည်းလက်သည်းတွေ ညှပ်ပေးခြင်း အဟာရဖြစ်စေတဲ့ မုန့်များကျွေးမွေးလှူဒါန်းခြင်း ငွေသားထောက်ပံ့ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

           နေ့လည်ပိုင်းလောက်မှာ ရွာဦးကျောင်း ဆရာတော်သံဃာတော်များကိုပင့်ဖတ်ပြီး နှစ်စဥ်နာနေကျ ပရိတ်တရားတွေကို နာယူကြတယ်။ ပရိတ်အိုး ပရိတ်ပန်းတွေ စီတန်းချထားတဲ့ တရားနာမဏ္ဍပ်လေးဟာ ဘယ်နေရာကပဲကြည့်ကြည့် အင်မတန်မှ ကျက်သရေရှိလှပါတယ်။

” သာဓု!!! သာဓု!!! သာဓု!!! “

            ပရိတ်တရားနာယူတဲ့နေရာကတော့ ရွာရဲ့အရှေ့ဘက် အင်းစောင်းဘေးမှာပါ။ အင်းကြီးရဲ ပတ်ပတ် လည်ကိုတော့ ရွာ့မျက်နှာဖုံးသူဌေးတွေ ပိုင်ဆိုင်တဲ့ ယာမြေတွေက ခြံရံထားပါတယ်။ သီးနှံတွေ ရိပ်သိမ်းပြီးချိန်ဆိုတော့ ယာခင်းတွေထဲ အလေ့ကျအပင်တွေနဲ့ နွားမြိုင်အုပ်ကလွဲရင် ဘာမှရှိမနေတော့။ ယာခင်းတွေကို ဖြတ်ပြီးတိုက်လာတဲ့ တောင်လေဖြူးဖြူးလေးအောက်မှာ ပရိတ်တရားပွဲလေးက အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ။

” ဒေါင်!!! ဒေါင်!!! ဒုန်း!!! ဒုန်း!!! ကလုံ!!! ကလုံ!!! “

          တရားနာကြွလာသူတွေ ပရိတ်အိုးကိုယ်စီနဲ့ ကိုယ့်အိမ်ကိုယ်ပြန်သွားကြချိန်မှာ ကလေးတွေက တစ်နှစ်တစ်ကြိမ်ပြုလုပ်နေကျ မိစ္ဆာနှင်သံပုံးတွေ ပြိုင်တူတီးကြတယ်။ အကြောင်းကတော့ ဆူညံသံကြောက်တဲ့ မကောင်းဆိုးဝါးတွေ ရွာထဲမနေစေရန် ရှေးအစဥ်အလာမပျက် ပြုလုပ်ကြတာ ဖြစ်ပါတယ်။

” ဟေး !!!!! “

အားလုံးပြီးသွားတာနဲ့ ခေါင်းအုံးရိုက် ချောတိုင်တက် အပြေးပြိုင် စတဲ့ အရွယ်သုံးပါးသဘောကျ က စားပွဲတွေကို စတင်ပြုလုပ်ကြပါပြီ။

” ဖုံး ဖောင်း!!! ဖုံးဖောင်း!!! ဖောင်း ဖောင်း !!!!

” ဟေး!!!!! ကိုလှထွန်း ရိုက်ထား ရိုက်ထား ကိုပေတူး
ကြီးပြုတ်ကျတော့မယ် ရိုက်ထား ဟား ဟား ဟား “

         ခေါင်းအုံးရိုက်ပွဲ ဆိုတာ လူကြီးတစ်ရပ်စာ ဝါးတန်းပေါ် မှာ လူနှစ်ယောက်မျက်နှာချင်းဆိုင် ခွထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ခေါင်းအုံးသို့မဟုတ် ဖွဲအိတ်တွေနဲ့ ရိုက်ရတာ ဖြစ်ပါတယ်။ ဝါးတန်းအောက်မှာတော့ သဲသို့မဟုတ်ဖွဲတွေကို ခင်းပေးထားပြီး ရှုံးနိမ့်လို့ ပြုတ်ကျလာရင် လူမထိခိုက်အောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

” ကိုပေတူးကြီး ရှုံးလည်း အားမငယ်နဲ့ ရော့ ဆပ်ပြာ
တစ်ပိုင်း နှစ်သိမ့်ဆု ပေးတာ ဟဲဟဲ “

” ကိုလှထွန်း ဆုငွေတစ်သောင်း လာယူပါ ကိုလှထွန်း “

            ချောတိုင်တက်တာကတော့ အထွေအထူးပြောစရာလိုမယ် မထင်ပါ။ သတ်မှတ်ထားတဲ့ ဝါးတစ်လုံးကို အလံတိုင်စိုက်ပြီး စက်ဆီ စားအုန်းဆီစတဲ့ဆီတွေနဲ့ ချောမွတ်နေအောင် သုတ် ၊ ပြီးရင်တော့ အသင့်တူးထားတဲ့ တွင်းထဲကို စိုက်လိုက်တယ်။ တွင်းခြေရင်းနဲ့ ပတ်ပတ်လည်ကို မြေပြန်ဖို့ပြီး အပေါ်မှာဖွဲတို့်သဲတို့ ခင်းပေးထားရပါတယ်။

            တိုင်ပေါ်တက်တဲ့လူတွေ ပြန်ချောကျတဲ့အခါ မနာကျင်စေရန် ရည်ရွယ်ထားကြတာပါ။ ပါဝင်ကစား ကြသူတွေက ကိုယ့်အဖွဲ့နဲ့ကိုယ် တစ်ယောက်ကိုတစ်ယောက်ဆင့်ပြီး အလံတိုင်ကို တက်ယူကြရတယ်။

အလံတိုင်ရတဲ့ အဖွဲ့ကတော့ ကြိုတင်ကြေညာထားတဲ့ ဆုကြေးငွေငါးသောင်းအပြင် အပိုဆုအနေနဲ့ ရွှေဝါဆပ်ပြာပိုင်းတွေကိုပါ ရရှိမှာပါ။ မက်မောစရာမရှိပေမယ့် သူ့အိုးနဲ့သူ့ဆန် ပျော်စရာတော့ကောင်းကြပါတယ်။

” ဟေ့ တက်ထားကွ!!!! “

” လှမြင့်ရေ တောင့်ထားကွ ဟား ဟား ဟား သန်းဌေး
နဲ့ တင်ညွှန့် သေချာကိုင်ထား ချော်ကျမယ် ကိုဌေး
အောင် မင်းထွန်းပေါ် တက်ပြီး အလံကို ယူလိုက် “

” လုပ်ထားကွ လုပ်ထား အဟေး!! ဟေး!! ဟေး!!! “

ကလေးလူကြီး ကျားမအစုံပါဝင်တဲ့ ပရိတ်သတ်ကြီးကတော့ ပွဲစဥ်ရဲ့နောက်ဆုံးချောတိုင်တက်ပွဲကိုကြည့်ရင်း တစ်ခဲနက် အားပေးနေကြပါတယ်။

” မရတော့ ဘူး အရမ်းလေးနေပြီ ငါးသောင်းမရလည်း
နေပါစေတော့ အီး “

လူလေးယောက်ကို ဆင့်ထမ်းထားရတဲ့ အောက်ဆုံးကလူက မခံနိုင်တော့တဲ့အခါ တစ်ဖွဲ့လုံးက အရှုံးပေးကြရတယ်။ နောက်တစ်ဖွဲ့က ဆက်တက်ပေါ့။

ရှုံးသွားတာနဲ့ အပြီးပိုင်ထွက်သွားရတာ မဟုတ်ပဲ တသင်းသင်းက အလံကိုမရမချင်း ပြန်တက်ကြရဦးမှာဖြစ်ပါတယ်။

” စောသာထူးတို့ ပြန်ကျလာကုန်ပြီ ဟား ဟား ဟား “

အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ မှီကာနီးမှ ပြန်လျှောကျလာနေကြတယ်။ အဲ့ဒီလို အဖွဲ့လိုက်ပြန်လျှောကျပြီဆိုရင် ပွဲကြည့်ပရိသတ်တွေက ဝေါကနဲခွက်ထိုးခွက်လန် ရီမောကြပါလေရော။

ပွဲကြည့်ပရိတ်သတ်တွေထဲမှာတော့ အရပ်မနိမ့်မမြင့် အသားလတ်လတ်နဲ့ ကျနော်က ဆုချီးမြင့်ပေးရသူဖြစ်ပါတယ်။ {စာရေးသူလဲ – စျေးဗန်းခင်း}

” ဟော ဦးမြင့်တို့အဖွဲ့ တက်ပြီဟေ့ “

” သန်းနိူင် မင်းက လူငယ်ပဲ အောက်ကနေလိုက် “

” ဟေး ဟေး တက်ထားကွ တက်ထား ဟေ့ ဟေ့ “

ဦးမြင့်စိန်ကတော့ ဒီလိုပွဲမျိုးတွေဆို အရမ်း ဝါသနာကြီးသူတစ်ယောက်ပါ။

(*ဦးမြင့်လို့ အတိုကောက်ရေးပါရစေ*) ယခု တက်ဖို့အလှည့်ကျတဲ့ အဖွဲ့ထဲမှာလည်း သူက အပေါ်ဆုံးမှာ နေရာယူထားတယ်။ သူတို့အဖွဲ့ အလံတိုင်ကို မှီလုမှီခင်လေးမှာ အောက်ဆုံးက မောင်သန်းနိူင်က မထိန်းနိူင်တော့ပဲ လဲကျသွားခဲ့တာကြောင့် ဝါးလုံးကိုခွထားတဲ့ ဦးမြင့်စိန်တစ်ယောက်ထဲ အပေါ်မှာ ကျန်နေခဲ့တယ်။

ပြိုင်ပွဲစည်းကမ်းအရ အဖွဲ့ဝင်တွေမပါတဲ့အတွက် တစ်ယောက်တည်း အလံကိုယူလို့မရပါဘူး။ဒါကြောင့် သူလက်လျှော့ပြီးပြန်ဆင်းလာခဲ့ရတယ်။ သူ့စိတ်ထဲမှာတော့ မကျေမချမ်းတွေ ဖြစ်နေခဲ့တယ်ဆိုတာ စူပုတ်နေတဲ့ မျက်နာကို ကြည့်ရင်သိနိုင်တယ်လေ။ အဲ့ဒီအချိန် အားလုံးမထင်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တယ်။

ချောတိုင်ပေါ်ကနေ ပြန်လျှောဆင်းလာနေတဲ့ ဦးမြင့်စိန်ရဲ့ လက်နှစ်ဖက်က တိုင်ကိုဖက်ထားရင်းက ချော်ပြီးပြုတ်ထွက်သွားခဲ့တယ်။ မြေပြင်ပေါ်ရောက်ဖို့ လေးပေလောက်သာ လိုတော့တဲ့အချိန် နောက်ကိုလှန်ကျပြီး ဇောက်ထိုးကြီးပြုတ်ကျလာခဲ့တာပါ။ ဒီအမြင့်လောက်ကဆိုရင် တော်ရုံကလေးတွေပြုတ်ကျလည်း ပွန်းပဲ့ရုံကလွဲလို့ အန္တရာယ်မရှိနိုင်မှန်း လူတိုင်းသိကြပါတယ်။

သို့ပေမယ့် ပြုတ်ကျလာတဲ့ ဦးမြင့်စိန်ခမျာ သူ့ခန္ဓာကိုယ်ကြီးကို တစ်ယောက်ယောက်က ဆွဲထားသလို ပြန်ထလို့မရတော့တာကြောင့် ဘေးမှာ ရပ်ကြည့်နေတဲ့ သူတွေကို အော်ခေါ်ပါတော့တယ်။

” ဟေ့ကောင်….တွေ ….လာ ကူ ဟူ အု အု …ကြ ..”

” ဟာ ဦးမြင့် ….”

စကားတွေတောင် လေးလုံးမကွဲ ဝူးဝူးဝါးဝါးအသံတွေပါပါလာတာမလို့ ရပ်ကြည့်နေတဲ့သူတွေလည်း မနေသာတော့ပဲ ​အပြေးအလွှားသွားပြီး ပွေ့ချီလိုက်ရတယ်။

ကျေးလက်ဆေးခန်းကို ထမ်းခေါ်သွားပြီး ပြကြည့်တော့ ခါးမြတ်တာလို့ပဲ သိရပြီး ဆေးမှူးက ဆေးတစ်လုံးထိုးပေးကာ အားရှိတာတွေကျွေးဖို့ ပေးလိုက်တဲ့ဆေးတွေ မှန်မှန်တိုက်ဖို့ မှာကြားပြီး ပြန်လွှတ်လိုက်တယ်။

ဦးမြင့်နေရာမှာ တခြားလူအစားထိုးပြီး ပြန်တက်ချိန်မှာ ကံကောင်းစွာနဲ့ အလံတိုင်ကို အရယူနိုင်ခဲ့ပါတယ်။ ဒီသတင်းကိုကြားတော့ ဦးမြင့်က မျက်နာကြီး မဲ့ရှုံ့ပြီး ငိုရှာတယ်။ ချောတိုင်တက်နေတဲ့ နေရာနဲ့ ဦးမြင့်အိမ်က သိပ်မဝေးလေတော့ တဟေးဟေးတဟားဟား အသံတွေကို အိပ်ရာထဲကနေ အတိုင်းသားကြားနေရတာကိုး။

နာတာရှည်ရောဂါသည်အဖြစ်နဲ့ အချိန်ကြာမြင့်စွာနေနေရချိန်မှာ အစားကိုလည်း ဟုတ္တိပတ္တိမစားတော့ ၊ စားပြီဆိုလည်း ထူးထူးဆန်းဆန်း အမဲသားဝက်သားဝမ်းတွင်းသား အူစုံသဲစုံကိုမှ တစ်ပိဿာ ပိဿာဝက်လောက် တောင်းစားတတ်တယ်။

ဇနီးဖြစ်သူ ဒေါ်စန်းရီကလည်း မငြီးမငြူ ပြုစုပေးရှာပါတယ်။ သားသမီးငါးယောက်ကိုလည်း ကျောင်းဆက်မထားနိုင်တော့တာကြောင့် စိတ်မကောင်းစွာနဲ့ ပဲကျောင်းနုတ်ပြီး အလုပ်ထွက်လုပ်ခိုင်းခဲ့ရတယ်။ ကလေးတွေထဲ အကြီးဆုံးဖြစ်တဲ့ ဇင်မာနွယ်လေးက

” အမေရယ် သမီးနဲ့ အလတ်ကောင်ပဲ အလုပ်လုပ်ကျွေးပါ့မယ် ကျန်တဲ့ ကလးသုံးယောက်ကိုတော့ ကျောင်းတက်ပါစေလားတော် “

လို့ ပြောရှာတယ်။ ဒေါ်စန်းရီကလည်း သဘောတူပေးခဲ့ပါတယ်။

ဆေးထိုးဆေးသောက်နဲ့ ခြောက်လလောက်ကြာအောင် ကုသပေးခဲ့ပေမယ့် ဦးမြင့်ရဲ့ဝေဒနာက အရှင်းမပျောက်ကင်းခဲ့။ အလုပ်မလုပ်နိုင်တော့တာက လွဲလို့ အိပ်ရာထဲကနေ အစားတော့ ပုံမှန် တောင်းစားခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ ပတ်ဝန်းကျင်ရဲ့ ဘာဘာညာညာ ပြောဆိုမှုတွေ ရှိလာတယ်။

ဒါကြောင့်​ မစန်းရီလည်း မနေသာတော့ပဲ ပရောဂဆရာတွေခေါ်ပြီး ကုကြည့်တော့

” နင့်ယောကျ်ားရဲ့ပယောဂက အရမ်းထူးဆန်းတယ် မသိရင် ဘာမှမဖြစ်သလို လူကောင်းလိုလိုပဲ ငါကသာမန်ပယောဂလောက်ပဲ တောင်းတောင်းပန်ပန်နဲ့ ကုတတ်တာ ကဲ့ကဲ့ ငါပြန်မယ် “

ဆရာသမားတွေကလဲ သူတို့ကို ပမာမခန့်လုပ်နေတဲ့ ဦးမြင့်ကြောင့် ခေါင်းတခါခါနဲ့ မစန်းရီကို အကျိုးအကြောင်းပြောကာ လက်လျှော့သွားကြရပါတယ်။

ဦးမြင့် နေမကောင်းဖြစ်နေစဥ်က ကျနော် နှစ်ကြိမ်သုံးကြိမ်လောက် သွားတွေ့ပြီး သတင်းမေးဖြစ်ခဲ့တယ်။

သွားတိုင်းလည်း သူ့အတွက်အားရှိစေမယ့် အစားအစာလေးတစ်ခုတော့ ပါသွားတတ်စမြဲ။ ဦးမြင့်က ဒေါသကြီးတတ်ပေမယ့် လူတိုင်းနဲ့ တည့်အောင်ပေါင်းသူဆိုတော့ ကျနော်နဲ့လည်း ခင်တယ်လေ။

ယခုနောက်ပိုင်း ထူးခြားနေတာက ဦးမြင့်တစ်ယောက် ကျနော်လာပြီဆို အတွေ့မခံတော့တာပါ။ ” လေတိုက်တာ မခံချင်လို့ပါ ” ပြောပြီး ခေါင်းမြှီးခြုံအိပ်နေတတ်ပါတယ်။

ကျနော်နေတဲ့အိမ်နဲ့ ဦးမြင့်တို့အိမ်ဟာ သုံးမိနစ်လောက်တော့ ဆိုင်ကယ်စီးရတယ်။ ကျေးရွာတွေမှာ အိမ်ပေါက်စေ့ဆိုင်ကယ်တွေနဲ့ ခေတ်ထနေချိန်ဆိုတော့ ကျနော့်မှာလည်း အဖေ့ကိုပူဆာပြီး ဝယ်ထားတဲ့ ဟွန်ဒါဘီးလေးတစ်ဘီးတော့ရှိတယ်လေ။ မိသားစုသုံးဆိုတော့ ကြုံတဲ့လူက တက်ခွတဲ့ ဘီးလေးပေါ့။

မှတ်မှတ်ရရ ညနေခင်းတစ်ခုမှာ အမေခိုင်းတာနဲ့ ဦးမြင့်တို့ရပ်ကွက်နားကို ကြွေးတောင်းထွက်လာခဲ့တယ် ။

” ဂလုပ် “

” ဟင် “

ချောတိုင်တက်ပွဲ ကျင်းပတဲ့ နေရာနားရောက်တော့ နေဝင်ရီတရောအချိန်ဖြစ်နေပြီ။ ရုတ်တရက်ဆိုသလို ကျနော်စီးလာတဲ့ ဆိုင်ကယ်က အကောင်တကောင်ကောင်ကို တက်ကြိတ်မိသလို ဖြစ်သွားခဲ့တယ်။ မြေသားလမ်းဆိုတော့ ဖုန်လုံးကြီးတွေတလိပ်လိပ်နဲ့မလို့ ဘယ်အရာကိုမှ သေသေချာချာမမြင်လိုက်ရ။

        ခွေးတွေကြောင်တွေများ ဖြစ်နေမလားဆိုတဲ့အတွေးနဲ့ ဟိုဟိုဒီဒီ လှည့်ပတ်ရှာကြည့်တော့ လူအရိပ်လို မည်းမည်းသဏ္ဍာန်တစ်ခုက ​ယာခင်းတွေရှိတဲ့အင်းစောင်းချုံတွေထဲကို ထွက်ပြေးသွားတာ မြင်လိုက်ရတယ်။

​နေဝင်ပြီးချိန် လက်ကျန်အလင်းရောင်လေးကို အားကိုးပြီး ဆိုင်ကယ်နဲ့ အပြေးလိုက်သွားခဲ့ပေမယ့် ထိုအရာက မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားခဲ့တာကြောင့် ကျနော် ဆက်မလိုက်တော့ပဲ လှည့်ပြန်ဖို့အလုပ်

” ကျမယောကျ်ားကို အမြန်ပြန်လာခဲ့ဖို့ ပြောပေးပါ
ရှင် အဟင့် ဟင့် “

ဆိုတဲ့ အသံတစ်သံနဲ့အတူ ငိုညည်းသံတစ်ခုက နောက်ကျောဘက်ကနေ ထွက်လာတယ်။

ဒါမျိုးတွေ အတွေ့အကြုံရှိတဲ့ ကျနော်လည်း ချက်ချင်းသဘော ပေါက်သွားပြီး

” ခင်ဗျား ယောကျ်ားက အခု ဘယ်မှာလဲ ” ပြန်မေးလိုက်တော့

” ဟိုးတလောက ချောတိုင်ပေါ်ကနေ ပြုတ်ကျတဲ့သူနဲ့ ပါသွားခဲ့တာ….. “

ကျနော်နောက်လှည့်မကြည့်ပဲ အလိုက်တသိနားထောင်ပေးနေချိန်မှာပဲ ​အသံက တဖြည်းဖြည်းဝေးသွားခဲ့ပါပြီ။ ကြည့်ရတာ ဂုဏ်တော်တွေအမြဲနှလုံးသွင်းတဲ့ ကျနော့်နားမှာ နေမရဘူးထင်ပါရဲ့။

&&&&&&

        ဒီနေ့မှာတော့ ပခုက္ကူမှာနေတဲ့ ကျနော့်ရဲ့လက်ဦးရှမ်းဆရာကြီး ဦးစိုင်းမြိုင်တစ်ယောက် ရွာကို အလည်လာမယ်​ပြောထားလို့ ဝေလီဝေလင်းအချိန်ကတည်းက ကျနော် ကားဂိတ်မှာ လာစောင့်နေခဲ့ပါတယ်။

ကျနော်တို့ရွာနဲ့ ကားဂိိတ်က ခုနှစ်မိုင်လောက် ဝေးတဲ့အတွက် အမေက စောစောလာကြိုခိုင်းခဲ့တာပါ။ ဆရာကြီးက ပခုက္ကူကနေ ရန်ကုန်ကို အရင်ဆုံး ညကားစီးလာပြီး ရန်ကုန်ကနေတဆင့် ကျွန်းကုန်းဂိတ်ကို ပြန်စီးလာမှာလေ။

ရန်ကုန်-မန္တလေးကားတွေ တစ်စီးပြီးတစ်စီး ဂိတ်မှာ လာရပ်ကြပေမယ့် ဆရာကြီးက ပါမလာသေး။ နောက်ဆုံးလာရပ်တဲ့ ရွှေမန်းသူ ကားပေါ်ကို ကျနော် တချက်ဝေ့ကြည့်ပြီး ဆရာကြီးရဲ့ အရိပ်အယောင်တောင် မတွေ့ရတာကြောင့် ကားဆရာကို နှုတ်ဆက်ပြီး ဂိတ်ဘေးကဇရပ်ထဲကိုပဲ ငိုက်စိုက်စိုက်နဲ့ ပြန်ဝင်လာတဲ့အချိန်

” မောင်လူလှက ဘယ်သူ့ကို လာကြိုတာလဲ “

ဆိုတဲ့ အသံကြား လို့ ကျနော် ဆတ်ခနဲလှည့်ကြည့်လိုက်တော့ ကျနော့်အနောက်မှာ အထုပ်နှစ်ထုပ်ကို ဘယ်ညာတစ်ဖက်စီ ဆွဲ ထားတဲ့ ဆရာကြီးမြင်လိုက်ရတယ်။

” ဟာ ဆရာကြီး ကျနော်က မပါလာသေးဘူးထင်နေတာ “

” ဟကောင်ရ ငါ့အထုပ်တွေက ဟိုဘက်ခြမ်းမှာ ထည့်
ထားတာလေ သွားမယူရင် ပါသွားမှာပေါ့ “

” ဟီး ဟီး ဟုတ်ကဲ့ဆရာကြီး ပေး ပေး ကျနော့်ကိုအထုပ်တွေ “

ကျနော်လည်း ကပျာကယာနဲ့ အထုပ်တွေ ပြေးကူဆွဲလိုက်ပြီး ဆိုင်ကယ်ဂွထဲ ထည့်လိုက်တယ်။ ပြီးတာနဲ့

” ဆရာကြီး ခဏ နားဦးမလား တစ်ခါထဲ ပြန်ကြမလား ”
လို့ မေးလိုက်တယ်။ ဆရာကြီးက

” နေပါဦးဟ ငါမနက်စာ ဘာမှ မစားရသေးဘူးကွ မင်း
တို့ရွာမှာ လက်ဖက်ရည်ဆိုင်မရှိသေးဘူး မဟုတ်
လား လာ တို့လက်ဖက်ရည်ဆိုင် အရင်သွားရအောင်”

သို့ကလို ကျနော့်အမေးကို ပြန်ဖြေပြီး ကားဂိတ်နဲ့ မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်ကို ထွက်သွားခဲ့တယ်။ ကျနော်လဲ နောက်ကလိုက်သွားကာ ဆိုင်ကယ်ကို လက်ဖက်ရည်ဆိုင်ရှေ့ရပ်ပြီး

” ကဲ့ ထိုင် ကိုလူလှ ဘာစားမလဲ မစားလည်း တစ်ခုခုတော့သောက်လိုက် “

” ရပါတယ် ဆရာကြီး ကျနော် မသောက်တော့ပါဘူး “

” ငါဝယ်တိုက်မှာပါကွာ မူမနေစမ်းပါနဲ့ “

” မဟုတ်တာ ဆရာကြီးရယ် ကျနော့်မှာ ပိုက်ဆံပါပါတယ် ဆရာကြီးကို မနက်စာကျွေးဖို့ အမေပေး
လိုက်တာ “

ဆရာကြီးက သူ့အတွက် လက်ဖက်ရည်ကျစိမ့်တစ်ခွက်မှာပြီး ကျနော်ငြင်းနေတဲ့ကြားက ကျနော့်အတွက် စပါကလင်တစ်လုံးကိုပါ မှာလိုက်တယ်။

ဆရာနဲ့တပည့်ဆုံတုန်း ထွေလီကာလီစကားစမြည်တွေ ပြောကြရင်းက ဦးမြင့်အကြောင်းကိုပါ ထည့်ပြောဖြစ်ခဲ့ကြတယ်။

” ငါ့တပည့်လည်း မခေတော့ပါလား ဒီဘက်ခေတ်လူ
ငယ်တွေထဲ မင်းကတော့ စံပဲ “

” လူငယ်တွေ အပျော်အပါးတွေနဲ့ အချိန်ကုန်နေချိန်မှာ
မင်းက ဒီလိုပညာတွေကို မညည်းမငြူလေ့လာနေတယ်”

” အဲ့လောက်လဲ မဟုတ်ပါဘူး ဆရာရယ် ဒါနဲ့
ဆရာ ဦးမြင့်က ဘာဖြစ်တာလဲ ​”

” အဲ့တာ ​အပမှီတယ်ခေါ်တယ် ဘယ်လိုအမျိုးအစား
လဲဆိုတာတော့ သွားကြည့်ကြည့်မှ သေချာသိရလိမ့်
မယ် “

ကျနော်တို့ ဆရာတပည့်တွေ မနက်ကိုးနာရီလောက်မှ အိမ်ပြန်လာခဲ့ကြပါတယ်။ ဆရာကြီးကိုတော့ ရွာမှာ ရှမ်းဆရာလို့ လူသိများပြီး တော်တော်လဲ သြဇာညောင်းပါတယ်။ နယ်လှည့်ပြီးဆေးလိုက်ကုသလို ပရောဂတွေဘာတွေလည်း တော်တော်နိုင်နင်းတာ တွေ့ရတယ်။

ဟိတ်ဟန်တွေဘာတွေလည်းမရှိသလို ကျော့မော့နေအောင် မဝတ်စားတတ်တော့ အကြောင်းမသိရင် စျေးသည်နဲ့တောင် မှားနိုင်ပါတယ်။

တစ်ရွာလုံးက လူကြီးပိုင်းတွေကလည်း ဆရာကြီးပေးခဲ့တဲ့သွေးဆေးကို သောက်ပြီး ဘယ်လောက်ကောင်းကြောင်း ဘယ်လိုရောဂါတွေတောင် ပျောက် ကင်းကြောင်း အလာပသလာပစကားတွေ လာပြောကြလို့ ကျနော်တို့အိမ်လေးဟာ အတော်လေးစည်ကားနေခဲ့ပါတယ်။

ဆရာကြီး ရွာရောက်ပြီး သုံးရက်မြောက်နေ့မှာ အမေက ယာထဲကနေပြန်လာတဲ့ကျနော့်ကို ခေါ်ပြီး ဦးမြင့်တို့ အိမ်ကို လိုက်ပို့ ခိုင်းတယ်။

” ကိုလူလှ မင်းပြောတဲ့ နေရာက ဒီနေရာလား “

” ဟုတ်တယ် ဆရာကြီး “

” သြော် ရေမျောကမ်းတင်နဲ့ မြေဖုတ်ဘီလူးလင်မယားပါလား “

” ဘယ်လို ဆရာကြီး “

” မိုးတွင်းရောက်ရင် ဒီကွင်းအထိ ရေရောက်တယ်မလား “

” ဟုတ် ရောက်တယ် ဆရာကြီး “

” ဒါဆိုသေချာပါတယ် လူနာအိမ်ရောက်အောင် ဆက်မောင်းကွာ “

ဦးမြင့်တို့အိမ်ရှေ့ကိုရောက်တာနဲ့ ဆိုင်ကယ်ဘရိတ်ကိုနင်းပြီး ကျွိကနဲ့ထိုးရပ်လိုက်တယ်။ ဒါကိုမြင်တော့ ခြံထဲကစားနေကြတဲ့ ကလေးတစ်သိုက်က ကျနော်ဆီ ပြေးလာကြတယ်။ ကျနော်ကလည်း အလိုက်တသိနဲ့ ခါးပုံစထဲထည့်လာတဲ့ သကြားလုံးတွေ ထုတ် ပေးလိုက်တော့ အော်ဟစ်မြူးထူးပြီး ကစားနေကျနေရာကို ပြန်ထွက်သွားကြပါတော့တယ်။

ဘေးကနေ ပြုံးပြီးကြည့်နေတဲ့ ဆရာကြီးက
” ငါ့တပည့်က ကလေးဗိုလ်လည်း လုပ်တတ်တာပဲ ” လို့ ချီးမွှမ်းပြီး အိမ်ပေါ်တက်သွားခဲ့တယ်။

အိမ်ပေါ်ရောက်တော့ တခူးခူးနဲ့ အိပ်ပျော်နေတဲ့ ဦးမြင့်ကို တွေ့ရပြီး မပြောမဆို ရောက်ချလာတဲ့ ဆရာကြီးကို မြင်တော့ ဒေါ်စန်းရီလဲ ဆရာကြီးထိုင်ဖို့ ဖျာကို သေချာလေးခင်းပေးပြီး ကွမ်းအစ် လက်ဖက် ရည်ဗန်းတွေ အမြန်တည်ခင်းပေးလိုက်တယ်။ ပြီးတာနဲ့ အိမ်ခန်းဒေါင့်လေးမှာ သွားထိုင်ပြီး ဘာတွေဖြစ်လာမလဲ ဆိုတဲ့ အတွေးနဲ့ ကျနော်တို့ကို ကြည့်နေခဲ့တယ်။

ဆရာကြီးက ဦးမြင့်ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီး …

” ဟန်ဆောင်မနေပါနဲ့ ဇော်ကြီးရာ မင်းမိန်းမ မြေဖုတ်ဘီလူးမက မင်းကို အမြန်ပြန်လာခဲ့ဖို့ မှာလိုက်တယ်ကွ ”
လို့ ခပ်တိုးတိုးပြောလိုက်တယ်။

ဆရာကြီးပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပာယ်ကို ကျနော်ကလွဲလို့ ဘယ်သူမှသိနိုင်မယ်မထင်ပါ ။ ဒေါ်စန်းရီကို မသိမသာ အကဲခတ်လိုက်တော့ ” ဘာ​ဖြစ်တာလဲ ” ဆိုတဲ့အကြည့်နဲ့ လှမ်းကြည့်နေတာ တွေ့ရတယ်။

ရုတ်တရက်ဆိုသလို အိပ်မောကျနေတဲ့ ဦးမြင့်က ဖျက်ကနဲ့ မျက်လုံးပွင့်လာပြီး ထထိုင်လိုက်တယ်။

” မင်း ဘယ်သူလဲ ဘာကောင်လဲ ထွက်သွားစမ်း “

” ဝုန်း ဂလုံး ဂွမ်း “

ဦးမြင့်က ရှူးရှူးရှဲရှဲနဲ့ အနားမှာရှိတဲ့ဓာတ်ဘူးတွေ ကွမ်းအစ်တွေကို ခြေထောက်နဲ့ ကန်ထုတ်လိုက်တာ ပါ။ ပုံစံကြည့်ရတာလဲ လူမမာနဲ့ လုံးဝမတူတော့။

” ဟို နောက်က ကောင်လေး မင်းတော်တော် အားယား
နေလား ငါမကြိုက်ပါဘူးဆို ငါ့ဆီခဏ ခဏ လာနေ
တယ် မင်းနဲ့ ဒီကောင်ငမြင့်က သားအဖတွေ မလို့
လား ဟဲ့ စန်းရီ ဒီကောင်တွေကို အကုန်မောင်းထုတ်လိုက်ကြစမ်း “

ဒေါသတကြီးနဲ့ ​ပြဿနာတွေ ထရှာနေတဲ့ ဦးမြင့်ကို ကြည့်ပြီး ဒေါ်စန်းရီ ကြောက်လန့်သွားခဲ့တယ်။ စားချိန်သောက်ချိန်ကလွဲလို့ စကားမပြောတဲ့ ခင်ပွန်းဖြစ်သူက အခုလိုသောင်းကျန်းတော့ တုန်တုန်ရီရီနဲ့ ကျနော့်လက်ကို လာပြေးဆွဲပါတော့တယ်။

” မကြောက်နဲ့ ဒေါ်လေး ဆရာကြီး တစ်ယောက်လုံး ရှိ
ပါတယ် “

လို့ အားပေးလိုက်တော့မှ တုန်ရီနေတာ ရပ်ပြီး ငြိမ်သွားခဲ့တယ်။ ဆရာကြီးကတော့

” ဇော်ကြီး မင်းငါ့ကို မသိတော့ဘူးလား အမှတ်သည်း
ခြေမရှိတဲ့ကောင်ပဲ “

” တောက်!!!! ရှမ်းဆရာ အစုတ်ပလုပ်ကောင်!!!!!! “

ဦးမြင့်က စားမတတ်ဝါးမတတ် မျက်လုံးကြီးတွေနဲ့ ဆရာကြီးကို စိုက်ကြည့်ပြီး ဆဲဆိုနေခဲ့တယ်။ ပါးစပ်ကသာ ဆဲဆိုနေပေမယ့် လက်တွေက လှုပ်လို့ မရတာကြောင့်

” ကဲ့ မိစန်းရီရေ ဒီကောင်က ငမြင့်မဟုတ်ဘူးဟေ့ ဇော်ကြီးဆိုတဲ့ ရေမျောကမ်းတင်ကောင် ဒင်း ဝဲကြီးရွာမှာ သောင်းကျန်းလွန်းလို့ ငါကိုယ်တိုင် အစီအရင်တွေလုပ်ပြီး သူ့အခေါင်းပျဥ်ချပ်ကို ချောင်းထဲ​မျှောလိုက်တာ ရေကြီးတော့ ဒီရွာမှာ သောင်လာတင်နေတာပေါ့ “

ဝဲကြီးရွာဆိုတာ ကျနော်တို့ ရွှေကညင်ရွာနဲ့ သုံးလေးရွာလောက်ခြားပြီး စစ်တောင်းမြစ် တစ်ဖက်ကမ်းမှာ ရှိတာပါ။ ဒေါ်စန်းရီကတော့

” ဆရာကြီးရှင့် ကိုမြင့်မှာ နဂိုအသက်ကောရှိသေးရဲ့
လား “

” ငွေ့ငွေ့လေးတော့ ရှိသေးတယ်ဒါကြောင့်လည်း နင့်
ကို မှတ်မိနေတာပေါ့ “

” ဒါဖြင့်ရင် အပြီးပျောက်သွားအောင် ကုပေးပါလား ဆရာကြီးရယ် ကျမ ကိုမြင့်ကို မကြည့်ရက်တော့ဘူး “

ဆရာကြီးလဲ မျက်ရည်ဝဲဝဲနဲ့ပြောနေတဲ့ ဒေါ်စန်းရီကို တချက်ကြည့်ပြီး ကျနော့်ကို ခေါင်းညိမ့်ပြလိုက်တယ်။

ကျနော်လည်း ဒေါ်စန်းရီကို လက်ကုပ်ပြီး အိမ်အောက်ကို လိုက်ခဲ့ဖို့ အချက်ပြလိုက်တယ်။ အိမ်နဲ့ ခပ်ဝေးဝေးကို ရောက်တော့

” ဒေါ်လေး ဦးမြင့်စိန်က ပယောဂထွက်သွားရင် ခဏပဲ
နေရတော့မှာ သူ့နားမှာ ဒါတွေ ပြောရင် ထသောင်း
ကျန်းမှာစိုးလို့ သူအာရုံမရနိုင်တဲ့ နေရာကို ခေါ်လာရ
တာပါ “

” တကယ်ကြီးလား သားရယ် “

” ဟုတ်တယ် ဒေါ်လေး ဒါကြောင့် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်ပါ ။ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေကိုတော့ ကျနော် သွားအကြောင်းကြားပေးထားမယ် “

ကျနော့်စကားဆုံးတာနဲ့ ဒေါ်စန်းရီ ရှိူက်ကြီးတငင်ငိုရှာတယ်။ ကျလာတဲ့မျက် ရည်တွေကို လက်ကောက်ဝတ်နဲ့ အမြန်သုတ်ပြီး ထိန်းပေမယ့် ငယ်လင်ငယ်မယားတွေရဲ့ သံယောဇဥ်က ရှိနေသေးတယ်လေ။

” အေးပါ သားရယ် ဒေါ်လေးလည်း ကိုမြင့်ကို မကြည့်
ရက်တော့ပါဘူး “

” သွား သား သားတို့ လုပ်စရာရှိတာ သွားလုပ်ပါ ဒေါ်
လေး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်မယ် “

ကျနော်ဒီနေ့ ယာထဲက အလုပ်တွေ စောစောသိမ်းလိုက်တယ်။ အချိန်ကိုကြည့်တော့ မနက်ဆယ်နာရီထိုးနေပြီ။ ပေါင်းနုတ်နေတဲ့ အမဖြစ်သူကို လှမ်းခေါ်ပြီး နှစ်ယောက်သား အိမ်ကို သုက်ခြေတင်လိုက်တယ်။

လုပ်လက်စတွေမသတ်သေးတာမလို့ အမဖြစ်သူက ပြန်လာတဲ့လမ်းတစ်လျှောက် ပွစိပွစိနဲ့ ကျနော့်ကိုဆူနေလို့ ပြန်လာရတဲ့အကြောင်းရင်းကို အသေးစိပ်ရှင်းပြခဲ့ရပါသေးတယ်။ အိမ်ရောက်တော့ ရေအမြန်ချိုးပြီး ပြာယာခက်နေတဲ့ကျနော့်ကို အမေကကြည့်ပြီး ရယ်တယ်။

” ဖြေးဖြေးသွားပါ သားရယ် နင့်အဖေနဲ့ ဆရာကြီး
တောင် စောစောလေးကမှ သွားကြတာပါဟဲ့ “

” ဟုတ်လား သားမှမသိပဲ အမေရဲ့ သွားပြီ…”

ဦးမြင့်တို့ခြံရှေ့ကို ကျနော်ရောက်တော့ ရုတ်တရက်ကြီးကြက်သီးတွေဖြန်းကနဲ ထလာလို့ အနားပတ်ပတ်လည်ကို မျက်စိကစားကြည့်လိုက်မိတယ်။ အိမ်နဲ့ ခပ်လှမ်းလှမ်းက ပျဥ်းမပင်တပင်အောက်မှာ မိန်းမတစ်ယောက် ကျောပေးပြီး ခါးထောက်ရပ်နေတာ မပီမသမြင်လိုက်ရတယ်။

” သြော် ဒါကြောင့်ကိုး ” လို့တွေးပြီး အိမ်ပေါ်တက်လာတော့ အကြောင်းကြားထားတဲ့ လူကြီးတစ်ချို့နဲ့ ကျနော့်အဖေက စကားတွေ ပြောနေကြတာ တွေ့လိုက်ရတယ်။

ဒေါ်စန်းရီကို လှမ်းကြည့်လိုက်တော့ ကလေးတွေကို ထမင်းကျွေးပြီး အပူသည်ရုပ်နဲ့ မီးဖိုခန်းထဲ ထိုင်နေတာ မြင်လိုက်ရတယ်။

” ကဲ့ လူစုံပြီ ဆိုတော့ လုပ်ငန်းစကြတာပေါ့ “

ဆရာကြီးက ​​အဲ့လိုပြောပြီး ရေနွေးတစ်ခွက်မော့သောက်လိုက်တယ်။

ပြီးတာနဲ့ ခွက်အလွတ်ထဲကို သောက်ရေအနည်းငယ်ထည့်ပြီး ခွက်ကို ပါးစပ်နားတေ့လိုက်တယ်။ တစ်ခုခုကို ရွတ်ဆိုနေမှန်း သိပေမယ့် ကျနော်လည်း သေချာမကြားရတာကြောင့် ဆရာကြီးရွတ်ပြီးတဲ့အထိ စောင့်ကြည့်နေခဲ့တယ်။

ကွမ်းတစ်ယာညှက်လောက်ကြာတော့ ဆရာကြီးဂါထာရွတ်တာ ပြီးသွားပြီး ကိုင်ထားတဲ့ ရေခွက်ထဲ လက်ကိုနှစ်လိုက်တယ်။ ပြီးတာနဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ ဦးမြင့်ကို

” ဟေ့ကောင် ဇော်ကြီး ထစမ်း အပြင်မှာ မင်းမိန်းမ
မြေဖုတ်ဘီလူးမ လှကြူ စောင့်နေတယ် မင်းကို
ပြန်လာခေါ်တာတဲ့ “

” အမလေး “

သံပတ်ရုပ်တစ်ခုလို ဆက်ကနဲထထိုင်လိုက်တဲ့ ဦးမြင့်ကို ကြည့်ပြီး အကြောင်းမသိသေးတဲ့ ကျေးရွာလူကြီးတွေအားလုံးလဲ ထမပြေးရုံတမယ် ထိတ်လန့်ကုန်ကြပါတယ်။

” တောက်!!! ဟင်း ဟင်း ဟင်း “

ဦးမြင့်က မီးထတောက်တော့မယ့် မျက်လုံးကြီးနဲ့ လူတိုင်းကို လိုက်ကြည့်ပြီး တောက်တစ်ချက်ခေါက်လိုက်တယ်။

” သြော် ငါမေ့နေတာဇော်ကြီးရေ မင်းကို မနေ့က
တည်းက ဆိုင်ရာတွေနဲ့ ချုပ်ထားခဲ့မိတာ တို့ပြန်သွား
ရင် မဆိုင်တဲ့သူတွေကို ဒုက္ခပေးမှာ စိုးလို့ကွ “

” ကဲ့ ရပြီ ပြောပြော ဘာတွေ ပြောချင်လဲ “

” ငါ×××မ ရှမ်းဆရာ ငါ×××မလူတွေ ဒီတစ်ခါလည်း
မင်းတို့ လက်ဦးသွားပြန်ပြီ အေး ဒါပေမယ့် ငါထွက်
သွားတာရင် ဒီခန္ဓာကိုယ်ကြီးလည်း ပြန်ကောင်းမယ်
မထင်နဲ့နော် “

ပယောဂကောင်က ရင့်သီးရိုင်းစိုင်းလွန်းတဲ့ စကားတွေ တရစပ်ပြောပြီး အိမ်ရှေ့ကို လှမ်းကြည့်လိုက်တယ်။

” ဒီဖေ××မကလည်း ဟိုနားဒီနားလေး သွားတာတောင်
မရဘူး “

” ဖြန်း!!!! အား!!! “

အိမ်ရှေ့ကိုလှမ်းကြည့်ပြီး ပြောလိုက်တဲ့စကားအ ဆုံးမှာ “ဖြန်း´´ကနဲမြည်သံနဲ့အတူ ဦးမြင့်ပါးမှာ လက်ဝါးရာကြီး တစ်ခုပေါ်လာတယ်။

” ဟင် “

ဆရာကြီးတစ်ယောက်လုံး ရှိနေတာတောင် ရာရာ စစ ဒင်းလိုမြေဖုတ်ဘီလူးမက ဒီလိုလုပ်ရသလား လို့တွေးပြီး ကျနော်စိတ်ဆိုးမာန်ဆိုးနဲ့ အောက်ဆင်းမယ်အလုပ် ..

” ဟကောင် ငါခွင့်ပြုထားတာ သူ့လင်နဲ့ သူမယားကိစ္စ
လေမင်းနဲ့ ဘာဆိုင်လို့တုန်း ” လို့ ခပ်တိုးတိုးလှမ်းဆူတယ်။

” ကဲ့ ဇော်ကြီး အချိန်မရှိဘူး အေးဆေးထွက်မလား
ဒုက္ခခံပြီးမှ ထွက်မလား ပြော ပြော ကြာတယ်ကွာ “

” မထွက်ဘူး မင်း ဘာလုပ်မလဲ ရှမ်းဆရာစုတ် “

” ဒါဖြင့်လည်း ဒီသစ္စာရေစင်အစွမ်းလေး မြည်းကြည့်လိုက်
လေ ကဲ့ ”
” အောင်မလေး ပူလှချည်ရဲ့ဗျာ လှကြူရေ ငါ့ကို ကယ်
ပါဦး “

ဆရာကြီးတောက်လိုက်တဲ့ ရေမန်းက မဆိုစ လောက်လေးဆိုပေမယ့် ဝင်ပူးခံထားရတဲ့ ဦးမြင့်ခမျာ မခံမရပ်နိုင်အောင် တွန့်လိမ်ကောက်ကွေးနေရပါတယ်။ သည်းမခံနိုင်တော့တဲ့အဆုံး အိမ်ရှေ့က ဘီလူးမကို အော်ဟစ်အကူအညီတောင်းပါလေရော။

`လှကြူ´ဆိုတဲ့ အသံကြားတော့ ကျေးရွာလူကြီးတွေရဲ့မျက်နာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အထင်းသား ပေါ်လာခဲ့တာ ကျနော် သတိထားမိတယ်။ နောက်မှမေးကြည့်ဦးမယ်လို့တွေးပြီး ဖြစ်ပျက်နေတာတွေကိုပဲ အာရုံစိုက်လိုက်ပါတယ်။

မြေဖုတ်ဘီလူးမက အော်ဟစ်နေတဲ့ သူ့ယောကျ်ားအသံကိုကြားတော့ စိတ်ဆိုးသွားဟန်နဲ့ ခြံထဲဝင်ဖို့ ကြိုးစားပါတော့တယ်။

” ဆရာ ဟိုမှာ….”

” တောက် ဟိုကောင်မ နင်ဘာအချိုးချိုးတာလဲ အခု
ချက်ချင်းရပ်လိုက်နော် မရပ်ရင် နှစ်ခါသေအောင်
ထပ်လုပ်လိုက်မယ် “

မြေဖုတ်ဘီလူးမက ဆရာကြီးပြောနေတဲ့စကားကိုတောင် ဂရုမစိုက်တော့ပဲ ခြံစည်းရိုးကို ဖျက်ပြီး အိမ်ပေါ်ခုန်တက်မယ်အလုပ်၊

” ကဲ့ ပြောမရတော့လဲ နတ်ကြီးရေ တာဝန်ချိန် ရောက်ပြီ ထပြီး ရိုက်ချလိုက်စမ်း အဲ့ကောင်မကို “

” ဖြောင်း ” ” ဖုန်း “

ဆရာကြီးက သူ့ပညာကို ထုတ်မသုံးပဲ အိမ်စောင့်နတ်ကို ဆင့်ခေါ်ပြီး ဆုံးမခိုင်းလိုက်ဟန်တူပါတယ်။

ရုတ်တရက်ဆိုသလို ဖြူဆွတ်နေတဲ့အင်္ကျီနဲ့ မကိုဍ်ဆောင်း ပုဂ္ဂိုလ်တစ်ဦးက အိမ်ပေါက်ဝမှာ ဘွားကနဲပေါ်လာပြီး အိမ်ထဲပြေးဝင်လာတဲ့ဘီလူးမကို လက်ထဲက ဆူးတင်းပုတ်နဲ့ ဆီးရိုက်လိုက်ပါလေရော။

ရိုက်ပြီးတာနဲ့ ကျန်လက်တစ်ဖက်ကိုဖြန့်ပြီး အိမ်တွင်းအိမ်ပြင် ခြံထောင့်တွေပါမကျန် စည်းတွေပြန်တားပြီး ဖျက်ကနဲ ပျောက်ကွယ်သွားခဲ့တယ်။

မြေဖုတ်ဘီလူးမလည်း ဟန်ချက်ပျက်ပြီး တင်းပုတ်အရှိန်​နဲ့ ခြံပြင်ကို ပြန်ရောက်သွားတယ်။ ညင်ညင်သာသာ ပြန်ရောက်သွားတာတော့ မဟုတ်။ ထပ်ဝင်ဖို့ ကြိုးစားပေမယ့် ခြံနားကိုတောင် ကပ်လို့ မရတော့တာကို တွေ့လိုက်ရတယ်။

ကျနော့်တစ်သက် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ အဖြစ်အပျက်မို့ အိမ်စောင့်နတ်ဆိုတာကြီးကို ထပ်တွေ့လိုတွေ့ရငြား လိုက်ကြည့်ပေမယ့် လုံးဝမတွေ့ရတော့ပါ။ ဦးမြင့်ကို ကြည့်လိုက်တော့ လူးလိမ့်ရလွန်းလို့ ပွန်းပဲ့ပြီး သွေးစတွေတောင် ထွက်လာနေပြီ။ (အိမ်ကရဲ့ အခင်းက ဝါးကြမ်းခင်းပါ ထိုအချိန်က ဦးမြင့်တို့အိမ် ပျဥ်မခင်းရသေးပါ)

ပယောဂကောင်က ခေါင်းအတော်မာတယ်။ တော် တော်နဲ့မထွက်ပဲ ပေခံနေတော့ မူလခန္ဓာရှင်ကို အရမ်းထိခိုက်မှာစိုးလို့ ဆရာကြီးက သူ့ပညာကို အနည်းငယ်ထုတ်သုံးလိုက်တယ်။ လူးလိမ့်နေတဲ့ ဦးမြင့် တဖြည်း ဖြည်းငြိမ်သွားတာနဲ့ ဒေါ်စန်းရီကငိုသံပါကြီးနဲ့ မီးဖိုခန်းထဲကနေ ထွက်လာပြီး

” ကိုမြင့်ရေ တော်ပါတော့ ဒီအကောင်က တော်မသေ
မချင်း ထွက်မယ်မထင်ဘူး ကျမတို့ကို စိတ်ချထားခဲ့
ပါတော့ ကလေးတွေကို ကျမပဲ လုပ်ကိုင်ကျွေးပါ့
မယ် “

လို့ ပြောလိုက်တယ်။ အခုမှ သတိကောင်းကောင်းပြန်ရလာတဲ့ဦးမြင့်က မျက်တောင်တောင်မခပ်တော့ပဲ ဇနီးသည်ကို အကြာကြီးငေးကြည့်နေခဲ့တယ်။

” စန်းရီ ငါထွက်သွားရင် နင်ကလေးတွေကို သေချာ
ပျိုးထောင်ပါဟာ အ! ဒီရေမျောကမ်းတင် ကောင်
က ငါ့အတွင်းကလီစာတွေ စားထားတာ ကုန်ခါနီးနေ
ပြီ ဆရာကြီးက သူ့ကို အပြင်မောင်းထုတ်နေတာ
လုံးဝမထွက်ဘူး ငါပါလိုက်သွားရတော့မယ် သမီး
သားငယ် အဖေ့ကို စိတ်ချ…..”

ဦးမြင့်က စကားပြောနေရင်း မျက်ဖြူကြီးလှန်ပြီး
အသိစိတ်ပြန်ပျောက်သွားခဲ့တယ်။

” တောက် ရှမ်းဆရာစုတ် မင်း ဘာလုပ်လိုက်တာလဲ
ငါအမှောင်ကမ္ဘာထဲ ရောက်သွားတယ် ငါ့အစွမ်းတွေ
ဟိုတစ်ခါ မင်းဖျက်ဆီးလိုက်ကတည်းက ဘာမှ
လုပ်လို့ မရတော့လို့ မင်းသက်သာနေတယ်မှတ် “

” အမယ် အလာကြီးပါလား ဇော်ကြီးရာ မင်းအဆင့်နဲ့
များကွာ ကောင်းပြီလေ နောက်နောင်ဆိုတာ မရှိတော့
အောင် တစ်ခါထဲအပြီးထွက်စမ်းကွာ ရော့ “

ဆရာကြီးက ခေါင်းမာလွန်းတဲ့ ပရောဂကောင်ကို လက်ထဲကိုင်ထားတဲ့ ရေမန်းနဲ့ အကုန်ပက်ချလိုက်တယ်။

” အား ….”

ပယောဂကောင်က ဝမ်းခေါင်းသံပါအောင် အော်ဟစ်ပြီး ဦးမြင့်ခန္ဓာကိုယ်ထဲကနေ ထွက်သွားတော့ ပါးစပ်ကြီးဟပြီး အသက်ငင်နေတဲ့ဦးမြင့်ကို ကျနော် စိတ်မကောင်းစွာ မြင်လိုက်ရတယ်။ လူတစ်ကိုယ်လုံးကလဲ ပိန်လီပြီး ယခင် စိုပြေခဲ့တဲ့အသားအရေဟာ အခုတော့ ခြောက်ကပ်လို့နေပါတယ်။

ဆရာကြီးကတော့ လုပ်စရာရှိတာတွေ ဆက်လုပ်ပြီး ရေမျောကမ်းတင်ကောင်ကို သူ့မိန်းမလက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ ဒါကိုတော့ ကျေးရွာလူကြီးတွေ မမြင်လိုက်ကြပါဘူး။

ငိုရလွန်းလို့ မို့အစ်နေတဲ့ မျက်လုံးတွေကို မကြာ ခဏပွတ်သပ်နေတဲ့ သမီးကြီးဇင်မာနွယ်နဲ့ ဒေါ်လေးစန်းရီတို့ကတော့ ဦးမြင့်နားကို ကပ်ပြီး တတ်သမျှမှတ်သမျှ ဘုရားစာတွေ ရွတ်ပေးနေခဲ့ပါတယ်။ ကျန်တဲ့ ဘုစုခရုလေးတွေကိုတော့ ဒေါ်စန်းရီရဲ့ ညီမဖြစ်သူက သူ့အိမ်မှာ ခေါ်ထားတာမလို့ ရှိမနေကြ။

ဦးမြင့်က ကျနော့်ကို လှမ်းကြည့်ပြီး မျက်ရည်တွေကျနေတယ်။ သူ့ကလေးတွေကို အပ်နေတယ်ဆိုတာ ကျနော်ရိပ်မိပါတယ်။

ကျနော်လည်း သူမြင်သာအောင် ခေါင်းကိုဖြည်းဖြည်းလေး ညိမ့်ပြလိုက်လိုက်တော့ ဖြူဖက်ဖြူရော် ဖြစ်နေတဲ့ နှုတ်ခမ်းတွေပေါ်ကနေ အပြုံးရိပ်လေးတစ်ချို့ပေါ်လာပြီး သက်ပြင်းဖြည်းဖြည်းလေး ချကာ ငြိမ်သွားခဲ့တယ်။

” အမလေး အဖေရဲ့ !!!!

အစ်မဖြစ်သူရဲ့ ငိုသံကြောင့် အဒေါ့်အိမ်ရောက်နေတဲ့အငယ်လေးတွေ အကုန်ပြန်ပြေးလာကြပြီး ဖခင်အလောင်းကိုဖက်လို့ အတူတူငိုယိုနေကြတာ ကြည့်ရင်း ရင်ထဲမကောင်းတာတော့အမှန်ပါ ။

ဝဍ်နာကံနာလည်း မဟုတ် ဥတုကြောင့် ဖြစ်တဲ့ ဝေဒနာလည်း မဟုတ်တဲ့ ဒီလိုအဖြစ်ဆိုးမျိုးကို သံသ ရာတကွေ့မှာ ကျနော်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါပြီ။

&&&&&&&&&====&&&&&=====&&&&&&&&&
ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေ…..
ဆရာသမားများအားလုံးကို ဦးထိပ်ပန်ဆင်လျှက်

…..မောင်လူလှ <<<ကညင်မြေ>>>…..