ငါ့တို့နေရာတွေကိုမဖျက်နဲ့ (စ/ဆုံး)
———————————-
ဘဲလူးရွာနှင့် သာစည်မြို့က ၃မိုင်အေးအေးလောက် ဝေးသည်။ ကားလမ်းပေါက်သည်ဆိုငြား လမ်းမှာ ချိုင့်ကျင်းကမူ ထူပြောလှသည်။ ဆိုင်ကယ်ပင် တစ်နာရီ မိုင်၄၀နှုန်းလောက်သာ မောင်းနှင်နိုင်၏။
လမ်းပိုင်းကို ပြန်လည်ပြုပြင်ရန်အတွက် လမ်းခုလပ်ဖြစ်သည့် ထောက်ရှာပင်ဟုခေါ်သော အရပ်၌ လမ်းတံတားဦးစီးဌာနမှ ယာယီစခန်းဝန်းတခု အခြေချထားပြီးဖြစ်သည်။
လူအများက အလွယ်ပင် ထိုစခန်းဝန်းကို ထောက်ရှာပင်စခန်းဟု ခေါ်ကြလေ၏။ ထိုဝန်းအတွင်း၌ လမ်းခင်းသည့် ကတ္တရာပုံးများ၊ စက်ယန္တယားများ ၊လမ်းခင်း လုပ်သား တဲတန်းလျားများ အစီအရီ ရောက်ရှိနေကြပြီ ဖြစ်လေ၏။လွန်ခဲ့သော ခြောက်လခန့်ကစ၍ လမ်းလုပ်သား အင်အား ၅၀ခန့်ဖြင့် လမ်းပိုင်းနေရာအချို့ကို စတင် ပြုပြင်နေကြပြီဖြစ်သည်။
ထောက်ရှာပင်စခန်းနှင့် သာစည်မြို့အကြား အချို့နေရာများတွင် ကျောက်ကြီးများချ၍ လမ်းကြိတ်စက်များဖြင့် အထပ်ထပ်အခါခါ ကြိတ်နေကြပြီး၊ အချို့နေရာများတွင်တော့ ထပ်ပိုးကတ္တရာပင် ခင်းပြီးနေကြပြီဖြစ်သည်။ပေ၄၀ လမ်းကို တခြမ်းချင်း ခင်းသည်ဖြစ်ရာ၊ တခြားတဖက်မှ လိုရာခရီးကို သွားနိုင်၏။
ထောက်ရှာပင်စခန်းသည် ရှေးအခါက သင်္ချိုင်းမြေဖြစ်သည်။ အနီးနားရှိ ဖိုခနောက်ဆိုင် အနေအထား ရှိသောဘဲလူးရွာ၊ မြေပုံရွာနှင့် သံဇရပ်ရွာတို့မှ ထိုသင်္ချိုင်းကို အသုံးပြုခဲ့ကြသည်။ နောင် လမ်းအူကြောင်း ဖေါက်လုပ်သည့်အထဲ ပါသွားပြီး၊ သင်္ချိုင်းမြေနေရာကို ရွေ့ပြောင်းခဲ့ရလေ၏။
ယခုချိန်ထိတိုင် လမ်းနံဘေး ကွင်းကမူရှိ တောထနေသော မြက်ပင်ရှည်များအကြား၌ ဆွေးမြေ့အက်ကွဲနေကြသော သင်္ချိုင်းဟောင်းမှ အုတ်ဂူအချို့ကို မြင်တွေ့နိုင်သေးသည်။
သွားနေကြ လာနေကြ အနီးအပါးက ရွာသားတို့အဖို့ သင်္ချိုင်းဟောင်းသည် သာမန်မြင်ကွင်းဆိုပေမယ့်၊ရံဖန်ရံခါ အလည်လာတတ်သော အာဂန္တုဧည့်များအတွက်တော့ ညဘက် ကားမီးရောင်နှင့် မြင်ရသည့် မြက်ရိုင်းရှည်များအကြားက အုတ်ဂူဟောင်းများသည် စိတ်ချောက်ချားချင်စဖွယ်ပင်ရှိနေတော့သည်။
သို့သော်လည်း ထိုနေရာမှ ဆက်၍ သွားလျှင် ကိုက်၂၀၀ အနီးရှိ ထောက်ရှာပင်စခန်းဖြစ်သည့် လမ်းတံတားဦးစီးဌာနဝန်းအတွင်းမှ လင်းထိန်နေသော မီးရောင်ကြောင့် ထူးထူးခြားခြား ထိတ်လန့်စရာတော့မရှိပါချေ။
နောက်တခုက ငွေရွှင်သော ယန္တယား မောင်းသည့် ဝန်ထမ်းအချို့က ညနေပိုင်း အလုပ်သိမ်းချိန်တွင် သာစည်မြို့ပေါ်တက် အရက်ဘီယာ သောက်စားတတ်ကြသည်ဖြစ်ရာ၊ အသွားအလာမှာ ထင်သလောက် သိပ်မပြတ်ချေ။လုပ်ငန်းသုံး ကားတချို့ ဖြတ်သွားဖြတ်လာ ရှိတတ်လေ၏။
ထောက်ရှာပင် သင်္ချိုင်းကို လမ်းမလွတ်၍ ဘူဒိုဇာ ခေါ် မြေကော်ကားဖြင့် ထိုးကော်စဥ်ကတော့ ထူးခြားဖြစ်စဥ်အချို့ ဖြစ်ပျက်ခဲ့ဖူးသည်ဟု ဆိုစမှတ်ရှိခဲ့လေ၏။
ထိုအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ဖူးသော လမ်းလုပ်သားအချို့က ပြန်ပြော၍လည်းကောင်း၊ သင်္ချိုင်းကို ဖျက်စဥ်က လာကြည့်ကြသော အချို့သော ဘဲလူးရွာသား၊ မြေပုံရွာသား ၊ သံဇရပ်ရွာသားတို့က ပြန်ပြောပြ၍လည်းကောင်း ထိုသတင်းထူးသည် နာမည်ကျော်ခဲ့လေ၏။
___________
အခန်း၂။
လူဆိုသည့် သတ္တဝါသည် အခြားသတ္တဝါများထက် အစွဲအလန်းကြီးကြသည်ဟုဆိုရသော် မှားမည်မထင်။ ထိုအထဲမှာမှ မြန်မာလူမျိုးသည် ပို၍ပင် အစွဲအလန်းကြီးကြကုန်၏။ ငါ့ပစ္စည်း ငါ့ဥစ္စာ ငါ့သားမယား ငါ့နေရာ ငါ့အိပ်ယာ စသဖြင့်အသီးသီး စွဲလန်းကြလေ၏။
ကြုံဖူးကြမှာပါ။ အဝတ်အစား သစ်သစ်လွင်လွင်တွေနဲ့ ရက်ရှည် ဘုရားဖူး သို့မဟုတ် အပျော်ခရီးထွက်ကြသူတွေဟာ တရက် နှစ်ရက်တော့ နေရာ အသစ်အဆန်းတွေမှာ ခဏတာ ပျော်မွေ့ကြ၏။ နှစ်ရက်ကနေ သုံးရက် ၊ သုံးရက်ကနေ လေးငါးရက်ကျော်လာတော့ မိမိအိမ်ကို အောက်မေ့လွမ်းဆွတ်လာကြသည်။ကိုယ်ခေါင်းချနေကျ အိပ်ယာကိုပင် တမ်းတလာတတ်ကြ၏။လမ်းခရီးက အစားအစာတွေကို ခံတွင်းမတွေ့တော့။အရသာ မရှိဟု ထင်မှတ်လာတတ်ကြသည်။ အိမ်ထမင်းအိမ်ဟင်းကို လွမ်းဆွတ်လာ၏။ထိုသို့သော အကြောင်းကြောင်းတွေကြောင့် မိမိတို့အိမ်ရှိရာကို ပြန်ချင်လာ၏။တည်းခိုခန်း၊ဟိုတယ်၊ နားနေစခန်းတို့ထက် ကိုယ့်အိမ်ကိုယ်ယာမှာမှ လုံခြုံစိတ်ချရသည်ဟု အောက်မေ့လာတတ်ကြသည်။ ဒါသည်ပင် အစွဲအလန်းတမျိုး ဖြစ်နေသည်မဟုတ်လော။ဆိုချင်တာက မြန်မာတို့သည် ဒေသစွဲ အလွန်ကြီးကြကုန်လေ၏။
ထိုသို့သော အစွဲအလန်းကြောင့်ပင်လား မပြောတတ်။ ထောက်ရှာပင် သင်္ချိုင်း၌ နောက်ဆုံး နားခိုခဲ့ကြသော ဝိဉာဥ်တို့သည် လမ်းအူကြောင်း ဖေါက်လုပ်၍ ၎င်းတို့ အုတ်ဂူများ ဖျက်ဆီးခံရသောအခါ ၎င်းတို့သည်မရွေ့မပြောင်းလိုကြကြောင်း အထင်အရှား ပြသခဲ့ကြလေ၏။
ထိုဖြစ်ရပ်ဆန်းကို အောက်တွင် ပြည့်စုံစွာ ဖေါ်ပြပါအံ့။
_____________
အခန်း၃။
လမ်းတံတားဦးစီးဌာနပိုင် လမ်းပိုင်းစခန်းတခု၏ အစည်းအဝေးခန်း၌ အေအီး ခေါ် အင်ဂျင်နီယာ ဦးခင်မောင်သိန်း နှင့် လမ်းတာဝန်ခံ ဦးအောင်ခင်တို့ စကားပြောနေကြသည်။အင်ဂျင်နီယာ အရာရှိ ဦးခင်မောင်သိန်းသည် ဦးအောင်ခင်အား ဆူပူနေဟန်တူ၏။
” ကဲ ကိုအောင်ခင်! ခင်များ ပြောတော့ ဒီလကုန်ရင် ထောက်ရှာပင် လမ်းပိုင်းကို လမ်းကြမ်း အပ်ပါ့မယ်ဆို ၊ ခုချိန်ထိ ခင်များ အပိုင်းက ဘာမှ မစရသေးပါလားဗျ ”
လမ်းအင်ဂျင်နီယာ ဦးခင်မောင်သိန်းက ထောက်ရှာပင်လမ်း တာဝန်ခံ ဦးအောင်ခင်အား အလိုမကျဟန်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ ဦးအောင်ခင်က သူ၏ အခက်အခဲကို ပြာပြာသလဲ တင်ပြလေ၏။
” ထောက်ရှာပင်သင်္ချိုင်းက ရွာသုံးရွာ အသုံးပြုနေတာပါ ဆရာ၊ အဲ့ဒါကြောင့် ရွာသုံးရွာက ကျေးရွာအုပ်ချုပ်ရေးပိုင်းကို သေချာနားလည်အောင် ညှိနှိုင်းနေရလို့ ခုထိ ကြာနေတာပါ။
တရွာတည်းဆိုရင် ခုလောက် မကြာပါဘူး။ပြီးခဲ့တဲ့လကပဲ အင်ဂျင်နီယာမှုးကြီးက ဒေသခံတွေနဲ့ ပြသနာမဖြစ်အောင် အထူးရှောင်ရှားပါလို့ အသေအချာ မှာသွားတော့ ကျွန်တော်လဲ ဇွတ်မလုပ်ရဲဘူး ဖြစ်နေတယ်ဆရာ ။ အခု ရွာသုံးရွာလုံးရဲ့ သဘောတူညီမှု ရပြီမို့ လုပ်ငန်းစတော့မှာပါ ဆရာ။ ညဆိုင်းပါ ဆင်းမယ်ဆိုရင် လမ်းကြမ်းကို လကုန်အပြီး လဆန်း ၃ရက် ၄ရက်မှာ အပ်နိုင်ပါတယ် ဆရာ၊ ”
အင်ဂျင်နီယာမှုးကြီး ကွင်းဆင်းစစ်ဆေးစဥ်က လမ်းအင်ဂျင်နီယာ ဦးခင်မောင်သိန်းရော အတူပါလာသဖြင့် ၊ ဦးအောင်ခင်၏ အခက်အခဲကို နားလည်သွားဟန်တူ၏။ ထိုကိစ္စကို ဆက်ဖိအား မပေးတော့ဘဲ၊ယာဥ် ယန္တယားများ၏ ကြံခိုင်ရေးနှင့် စက်သုံးဆီစာရင်းများကို တိတိကျကျ တင်ပြရန် ပြော၍ ပြန်သွားလေ၏။
အင်ဂျင်နီယာ ပြန်သွားမှ၊ လမ်းပိုင်း/စခန်းတာဝန်ခံ ဦးအောင်ခင်ခမျာ သက်ပြင်းမောချနိုင်လေ၏။
ဦးအောင်ခင်သည် လုပ်သက်ရင့် လမ်းတာဝန်ခံဖြစ်၏။ ၎င်းသည် အင်ဂျင်နီယာ မဟုတ်သော်လည်း လမ်းနှင့်ပတ်သက်၍ အင်ဂျင်နီယာ တယောက်ပမာ အကုန်အစင် နားလည်တတ်ကြွမ်းသူ ဖြစ်သည်။ထို့ကြောင့်လည်း အင်ဂျင်နီယာများက ဦးအောင်ခင်ကို အားကိုးကြသည်။
ဦးအောင်ခင်သည် ဘွဲ့မရသော်လည်း၊ လုပ်ငန်းအတွေ့အကြုံကြောင့် စီမံခန့်ခွဲမှုကောင်း၏။သာမန် အလုပ်သမားဘဝက တက်လာသည်ကြောင့် အောက်ခြေ လမ်းခင်းလုပ်သားတို့၏ ဘဝများကို စာနာနားလည်သည်။
အလုပ်သမားများကို အမိန့် ၊ လုပ်ပိုင်ခွင့်အာဏာတို့နှင့် မအုပ်ချုပ်ဘဲ၊ နားလည်အောင် သိမ်းသွင်းပြောဆို၍ ခိုင်းစေတတ်သည်။ ထို့ကြောင့် အလုပ်သမားများက တာဝန်ခံဦးအောင်ခင်၏ လက်အောက်မှာ အလုပ်လုပ်ရာတာ ပျော်ရွှင်ချမ်းမြေ့ကြလေ၏။ ဦးအောင်ခင် ခိုင်းစေလျှင် တလေးတစား လုပ်ကိုင်ကြသည်ကများ၏။
ဦးအောင်ခင်သည် စက်ကြီး(မြေကော်ကား၊ ကျောက်ကြိတ်ကား)မောင်းသမား အုပ်စုကို ခေါ်လိုက်သည်။ မနက်ဖြန် မနက် အာရုံတက်လျှင် ထောက်ရှာပင်သင်္ချိုင်းအတွင်းက လမ်းနယ်မြေနှင့် မလွတ်သော မြေပုံနှင့် အုတ်ဂူများကို စတင်ရှင်းလင်းကြရန် အမိန့်ပေးလိုက်လေတော့သည်။
စက်ကြီးမောင်းသမားအဖွဲ့မှာ ညိုကြီး ခေါ် တင်ညိုဝင်း၊ ဆန်းဦး၊ ဝင်းချို နှင့် အသေးလေး ခေါ် အောင်အောင်တို့ ပါဝင်၏။
ညိုကြီး နှင့် ဆန်းဦးက မြေကော်စက်(Loader) ၊ဘက်ဟိုး ၊မြေညှိစက် (Grinder) မောင်းသူများ ဖြစ်ကြသည်။ ဝင်းချို နှင့် အသေးလေးတို့ကတော့ စွယ်စုံရ၏။ ဒန့် (Dump)ဟုခေါ်သော မြေသယ်ကားများကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်သလို၊ ကျောက်ကြိတ်ကားကြီးများကိုလည်း မောင်းနိုင်သူများ ဖြစ်ကြသည်။
တာဝန်ခံ ဦးအောင်ခင်က …
” မနက်ဖြန် မနက်ကို ထုံးစံအတိုင်း ဆိုင်ရာပိုင်ရာတွေကို ကန်တော့ပွဲအပ်ပြီးတာနဲ့ လုပ်ငန်းစကြမယ်။
လိုအပ်ရင် ငါတို့အားလုံး ညဆိုင်း ဆင်းပေးရလိမ့်မယ်။ အေအီး(အင်ဂျင်နီယာ)က ဒီထောက်ရှာပင် လမ်းပိုင်းကို လကုန်အမှီ ပြီးချင်တယ်တဲ့။
အဲ့ဒီတော့ မင်းတို့အားလုံး ဒီရက်ပိုင်း အလုပ်များမယ်၊ ပင်ပန်းကြမယ်။အထူးသဖြင့် ငါ တခုမှာချင်တယ် ။ ညဆိုင်း ဆင်းတဲ့အခါ အရက်သေစာသောက်စားပြီးမှ လုပ်ကိုင်တာမျိုး မလုပ်ကြပါနဲ့။ အေး ဒီလိုမှာရတာက လုပ်ငန်းခွင်မှာ အမှားအယွင်း မဖြစ်စေချင်လို့ ကြိုမှာရတာပဲ။ မင်းတို့လဲ နားလည်ကြမှာပါ။
နေမကောင်း ဖျားနာတာကလွဲရင် ခွင့်မယူကြပါနဲ့။ ဒီလမ်းပိုင်း ပြီးသွားနဲ့ မင်းတို့အားလုံးကို ငါ ရှယ်ပြုစုမယ်လို့ ကတိပေးတယ်၊ ဟုတ်ပြီနော် ”
အားလုံးက ဦးအောင်ခင်စကားကို နားလည်ကြောင်း လက်ခံ ခေါင်းငြိမ့်ကြသည်။ သို့ပေမဲ့ စိတ်မချဟန်ဖြင့် ဦးအောင်ခင်က ညိုကြီးနှင့် အသေးလေးတို့ကို လက်ညှိုးထိုးပြီး …
” ညိုကြီး … မင်းက စက်ကြီးမောင်းအဖွဲ့ထဲမှာဆို အကြီးဆုံး လုပ်သက်အရင့်ဆုံး ။ပြီးတော့ မူးရင် သောက်တလွဲ အလုပ်ဆုံး။ ငါ စိတ်မချတာ မင်းနဲ့ ဟိုကောင် အသေးလေး ။
မင်းတို့ နှစ်ကောင် တွဲမိရင် သောက်တလွဲတွေ လုပ်တတ်လွန်းလို့ ငါ ဖြေရှင်းရတာ အကြိမ်ရေ မနည်းတော့ဘူးနော်။
ဒီတခါတော့ ဘာပြသနာမှာ မလုပ်ကြပါနဲ့လို့ ငါကြိုတောင်းပန်ပါရစေ။ အေအီး ဦးခင်မောင်သိန်းနဲ့ ငါ နောက်ထပ် မျက်နှာမပျက်ချင်တော့ဘူး ။မင်းတို့နှစ်ကောင်ကို ဒီတခါတော့
ငါ စိတ်ချပါရစေကွာ ”
ညိုကြီးက ဖြဲစပ်စပ် မျက်နှာပေးဖြင့် …
“ဟာ စိတ်ချပါ ဆရာရယ်။ ဆရာ့တပည့်အကြောင်းလဲ ဆရာသိပြီးသားပဲဟာ ။ ဆရာ မျက်နှာပျက်စေမယ့် ကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး။ ကျွန်တော် ကတိပေးပါတယ် ”
ညိုကြီးက ကတိပေးပေမယ့် ဦးအောင်ခင်ကတော့ စိတ်ချဟန်မတူ။ သူတို့နှစ်ယောက်ကိုတော့ အထူးစောင့်ကြည့်ရမည်ဟုသာ ရင်ထဲကနေ တေးမှတ်ထားလိုက်လေတော့၏။
____________
အခန်း၄။
သင်္ချိုင်းမြေကို ဘူဒိုဇာတွေနဲ့ မထိုးခင်မှာ ဆိုင်ရာပိုင်ရာတွေကို အရိုအသေပေးသည့်အနေဖြင့် အုန်းပွဲငှက်ပျောပွဲများထိုးကာ အမွှေးနံ့သာတိုင်များဖြင့် ပူဇော်ပသလေ၏။
ဒါမျိုးတွေက ဦးအောင်ခင်အတွက် မဆန်းတော့ပေ။ လမ်းမလွတ်သည့် သစ်ပင်ကြီးများ ခုတ်လှဲသည့်အခါတိုင်း သူ ဤသို့ဆောင်ရွက်နေကျဖြစ်၏။
ယခုလည်း သင်္ချိုင်းမြေအတွင်း ရှိသော အထင်ကရအုတ်ဂူများကို လမ်းအူကြောင်းထိုးသည့်အခါ သူ၏ လူများက မြေကော်စက်များဖြင့် ထိုးမ ၊ ရွေ့ပြောင်းရမည်မို့ ဆိုင်ရာပိုင်ရာတို့ကို အနှောက်အယှက်မရှိစေရန် ဤသို့ ပူဇော်ပသခြင်း ဖြစ်ပါ၏။
ထို့အပြင် ရွာများနှင့် သက်ဆိုင်သော ဘုန်းကြီးကျောင်းမှ သံဃာအချို့အား ထောက်ရှာပင်သင်္ချိုင်းသို့ ပင့်ဖိတ်၍ ကုသိုလ်ပြု အမျှဝေပေးသည်။ ပြီးလျှင် လုပ်ငန်းသုံး မြေသယ်ကားကြီး ၂စီးအား သင်္ချိုင်းမြေပေါ် အလွတ်ရပ်စေပြီး ၊ “ဤသင်္ချိုင်းအား လမ်းနယ်မြေနှင့် မလွတ်သောကြောင့် မင်းမိန့်ဖြင့် ရှင်းလင်းမည် ဖြစ်ပါသည်။ သင်္ချိုင်းအတွင်း ရှိကြကုန်သော မကျွတ်မလွတ်သေးသည့် ဝိဉာဥ်များ ကားပေါ်သို့ တက်ကြပါ။ သင်တို့အား သင်္ချိုင်းမြေအသစ်သို့ ပို့ဆောင်ပေးပါမည်” ဟု ကြေငြာစေ၏။
မနက်စောစောကပင် ဦးအောင်ခင်နှင့် စက်အဖွဲ့သားများ လုပ်ငန်းခွင် လုပ်ကွက်ထဲ ရောက်နှင့်နေကြသလို၊ အနီးအပါးရွာများက လူအချို့လည်း လာရောက် စပ်စုလေ့လာနေကြသည်ကို မြင်တွေ့ရလေ၏။
အမိန့်ကြေငြာကို ဖတ်သည့်အခါ တခုခုများ ထူးခြားလာလေမလားဟု အားလုံးက မြေသယ်ကားကြီးများအပေါ် အာရုံစူးစိုက် ကြည့်နေကြလေ၏။
သိုပေမယ့် လူအများက စပ်စုနေကြသော်လည်း ကားများသည် ဝန်တင်သကဲ့သို့ လေးများ ညွှတ်ခြင်း ဖြောင့်ခြင်းမရှိ။ သူ့မူလအတိုင်းသာ ရှိလေ၏။ တစုံတရာမျှ ကားများ လှုပ်ရှားမှု မပြခဲ့ချေ။ ဦးအောင်ခင်ကမူ သူ့ထုံးစံအတိုင်း လုပ်စရာရှိတာတွေကို ဆက်လုပ်လေ၏။ ကားအလွတ်များကို သင်္ချိုင်းအသစ်ဆီသို့ မောင်းသွားစေသည်။ ကားများ ထွက်ခွါသွားကြလေ၏။ယခုချိန်ထိ ထောက်ရှာပင်သင်္ချိုင်းသည် ထူးခြားမှု တစုံတရာ မပြသချေ။ သို့တည်းမဟုတ် ထောက်ရှာပင်သင်္ချိုင်းအတွင်းရှိ ဝိဉာဥ်တို့သည် မင်းမိန့်ကို ဖီဆန်လေသလော မဆိုတတ်တော့ချေ။
လုပ်ငန်းခွင် အချိန်ကျလာသည်နှင့် ညိုကြီးတို့ မြေကော်ကားများက အုတ်ဂူအချို့၏ အောက်က မြေသားမှစ၍ ကော်ယူ၍ အုတ်ဂူအကျိုးအပဲ့များကို မြေသယ်ကားကြီးများပေါ်သို့ တင်ပေးနေကြသည်။
သင်္ချိုင်းအတွင်းမှာ စက်သံတွေ ၊ မြေကော်သည့် ဂေါ်နှင့် အမာခံအုတ်သားတို့ ထိခတ်သံတွေက တဂျိန်းဂျိန်းနှင့် ဆူညံနေ၏။သို့သော် ဦးအောင်ခင်၏ အစီအမံတွေကြောင့်လား မသိ။ ယခုချိန်ထိ သင်္ချိုင်းမြေမှ အနှောက်အယှက် တစုံတရာ မမြင်တွေ့ရသေးချေ။
နေ့တပိုင်း ကျိုးသည့်အထိ ညိုကြီးတို့အဖွဲ့က လက်တွဲညီညီ ရှင်းလင်းသွားသည်ဖြစ်ရာ ၊ ပေ၄၀အကျယ် ရှိသော လမ်းအူကြောင်းမှာ ထင်သာမြင်သာ ရှိလာ၏။သို့သော် သင်္ချိုင်းမြေက မဆုံးသေးပေ။ အရှည်ကြီး ကျန်နေသေး၏။ ရွာသုံးရွာ အသုံးပြုသော ထောက်ရှာပင်သင်္ချိုင်းမြေ၏ အလည်တည့်တည့်ကနေ လမ်းကြောင်းထွင်သွားသည်ဖြစ်ရာ၊ အုတ်ဂူဟောင်းအချို့သည် လမ်းသစ်၏ ဘေးဝဲယာ၌ မပျက်မစီးဘဲ ကျန်နေရစ်၏။
ဦးအောင်ခင် အနေဖြင့် ထိုကျန်ရစ်သော အုတ်ဂူများနှင့် သင်္ချိုင်းအမှတ်အသားများကို လောလောဆယ် မရှင်းအားသေးချေ။ အဓိကက အေအီး ဦးခင်မောင်သိန်း လိုချင်သော လမ်းကြောင်း ခရီးတွင်သွားဖို့ဖြစ်၏။ ထို့ကြောင့် မပျက်မစီး ကျန်ရစ်သော အုတ်ဂူများကို ဒီအတိုင်းသာ ထားရစ်ခဲ့လေ၏။ နေ့တပိုင်း အလုပ်ပြန်စတော့ ဦးအောင်ခင်က လမ်းကြောင်းကိုသာ ဆက်ထွင်ခိုင်း၏။ သူတို့တတွေ ကြိုးစားပန်းစား အလုပ်လုပ်ကြသည်။ စက်သံ၊ ကားသံတွေက ဆူညံနေဆဲပင်။ဝန်းကျင်၌ ရွာသားအချို့သာ ကျန်တော့သည်။ တော်တော်များများက ပြန်သွားကြပြီ ဖြစ်သည်။
ဒီလိုဖြင့် ညနေစောင်းသွားခဲ့၏။ နေဝင်လုလု အချိန်၌ စက်များ၊ လုပ်သားများ ခေတ္တ နားကြလေ၏။ တာဝန်ခံ ဦးအောင်ခင်ကိုယ်တိုင် ကြီးကြပ်နေသည်ဖြစ်ရာ ၊ ညိုကြီးတယောက် အရက်ကို ခိုးမသောက်ရဲချေ။ ဒီကနေ့ည သူတို့ ညဆိုင်းဆင်းကြရမည်ဟု ဦးအောင်ခင်က ပြောထားလေ၏။
အမှန်မှာတော့ ညိုကြီးလို အရက်ကြိုက်တတ်သူအဖို့ ဒီအချိန်က လေပြိုချိန်မဟုတ်လား။တကယ်လည်း ညိုကြီးတယောက် တအေ့အေ့နှင့် လေချဥ်တွေ တက်နေ၏။
အလုပ်သမားအများစုဟာ ထမင်းစားဖို့အတွက် ပြင်ဆင်နေကြ၏။ စခန်းက ထမင်းကို ဒါန်အိုးဖြင့်၊ ဟင်းများကို ၅ဆင့်ချိုင့်ကြီးများဖြင့် ပို့လိုက်ခြင်း ဖြစ်သည်။ ပဲပြုပ် ၊ ချဥ်ပေါင်ဟင်း၊ ငါးခြောက်ထောင်းကြော်၊ ငရုတ်သီးထောင်း ပါ၏။
ပင်ပန်း၍ ဆာနေကြသူတွေအတွက် မြိန်လောက်မည့် ဟင်းအမယ်များပင်။
ညိုကြီးမှာ ဆာသည်မှန်သော်လည်း စားဝင်မည်မဟုတ်၍ ထမင်းဝိုင်းဖွဲ့နေကြသူများကို ကြည့်၍ သက်ပြင်းကိုသာ ချမိသည်။ ထိုအခိုက် ညိုကြီးအနီးသို့ အသေးလေးသည် ခိုးကြောင်ခိုးဝှက် အမူအယာဖြင့် ရောက်လာ၏။
အနားရောက်လာသည့် အသေးလေးထံမှ အရက်နံ့ရသည့်အခါ ညိုကြီးက …
” ဟိတ်ကောင် ! မင်း … မင်း ”
” တိုးတိုးလုပ်ပါ ဆရာသမားရဲ့။ ဟဲဟဲ ကိုယ့်ဆရာ ဘာလိုနေသလဲဆိုတာ တပည့်က သိလို့ ၊ နေ့ခင်းဘက်က စခန်းကနေ အရက်တလုံး ဝင်ဆွဲလာခဲ့တယ်။ ဆရာဦးအောင်ခင် မမြင်အောင် အသာကစ်လိုက်၊ ရော့ ရော့ ”
အသေးလေးက ခါးကြားမှာ အင်္ကျီနဲ့ ဖုံးလာတဲ့ ပုလင်းကို ညိုကြီးအား အသာ ဝှက်ပေးလိုက်၏။ ညိုကြီးခမျာ အားရဝမ်းသာဖြင့် ပုလင်းကို ယူ၍ ကျိုက်ခနဲ မော့ချလိုက်သည်။
လူက အရက်ဝင်သွားမှ အကြောအချင်တွေ ပြေလျော့သွားသလို ခံစားရလေ၏။ ဒါပေမဲ့ တခုခု လိုနေသည်ဟု စိတ်ထဲ ခံစားရပြန်၏။
အလိုက်သိတဲ့ အသေးလေးက အသင့်ယူလာတဲ့ မရမ်းပေါင်း တပြားကို ညိုကြီးလက်ထဲ ထည့်ပေးလိုက်သည်။ ညိုကြီး မရမ်းပေါင်းကို တကိုက်ကိုက်လိုက်၏။ အရက်ဆိုတာက အမြည်းလေး တခုတော့ပါမှ ပြည့်စုံတာ မဟုတ်လား။
ညိုကြီးက နောက် တကျိုက် ထပ်မော့သည်။ ဒီတခါ အသေးလေးက ဆေးပေါ့လိပ်ကို မီးညှိပေးထား၏။ ညိုကြီး အသေးလေးလက်ထဲက ဆေးပေါ့လိပ်ကို ယူဖွာလိုက်ပြန်သည်။
သူတို့နှစ်ယောက် ဆိုဒ်တာဝန်ခံ ဦးအောင်ခင် မသိအောင် အရက်ခိုးသောက်နေကြခြင်း ဖြစ်သည်။ညိုကြီးက လေးပက်လောက် ဝင်သွားတော့မှ ပုလင်းကို အသေးလေးထံ ပြန်ပေး၏။ အသေးလေးက ညိုကြီး ပေးလာတဲ့ အရက်ပုလင်းကို ယူမော့သည်။ ဒီလိုနဲ့ နှစ်ယောက်သား အရက်ကလေးမော့လိုက် အမြည်းလေးစားလိုက်ဖြင့် အဆင်ပြေနေကြသည်။
၎င်းတို့နှစ်ဦးမှာ မူးသာမူး၏။ အမူးပါးတို့ ထုံးစံအတိုင်း ဆရာဦးအောင်ခင် မြင်မှာစိုး၍ ပုလင်းကို သောက်ပြီးတိုင်း ဝှက်ထားလေ၏။အမှတ်တမဲ့ ကြည့်လျှင် ကားနံဘေး အကွယ်၌ ထိုင်၍ လုပ်ငန်းအကြောင်း တိုင်ပင်နေသည့်ဟန် ရှိကြလေ၏။
ထိုအခိုက် ဦးအောင်ခင်သည် ၎င်းတို့အနီးရောက်လာလေ၏။ ဦးအောင်ခင်က ၎င်းတို့၂ဦးကို မမြင်၍ ထမင်းစားရန် လာခေါ်ခြင်း ဖြစ်သည်။
” ဟကောင်တွေ အော် … မင်းတို့က ကားကိုကွယ် ထိုင်နေကြတာကိုး။ ဘာလုပ်နေကြတာတုန်း! ထမင်းစားကြစို့လေကွာ ။ ဟိုမှာ သူများတွေတောင် စားပြီးလို့ ပန်းကန်ဆေးကုန်ကြပြီ။ လာ … လာ ငါနဲ့အတူ တခါတည်း ထမင်းစားလှဲ့ကြ … ”
ဦးအောင်ခင်က သူတို့နှစ်ဦး အရက်သောက်နေသည်ကို မသိ။ အရက်သောက်မည် စိုး၍ ထမင်းစားရန် လာခေါ်ခြင်းဖြစ်သည်။ ပုလင်းကို အသေးလေးက ဝှက်ထားပြီး ဖြစ်၏။
ညိုကြီးက မှင်မပျက်နှင့် …
” ဟုတ် ဟုတ် ဆရာ။ လာပါပြီ။ ကျွန်တော်မောင်းနေတဲ့ ဘက်ဟိုးက ဟိုက်ဒရောလစ်ဆီ နည်းနည်းစိမ့်နေလို့ အသေးလေးကို ခေါ်ပြနေတာပါ”
အသေးလေးက စက်ပြင်ဆရာမဟုတ်ပေမယ့် ဟိုကလိဒီကလိတော့ ရလေ၏။
ဦးအောင်ခင်က …
” ဟေ! ဒါဆို ဟိုက်ဒရောလစ်ဆီ အပိုပါတယ်မဟုတ်လား။ ဖြည့်ထားအုံး ၊ တော်နေကြာ လုပ်ငန်းခွင်ထဲကျမှ ပျက်နေပါအုံးမယ် ။ ဒါနဲ့ ဘယ်က စိမ့်တာတုန်း၊ မင်း စစ်ကြည့်ပြီးပြီလား ”
” ဟုတ်ကဲ့ဆရာ စစ်ကြည့်ပြီးပြီ။ အဝင်ပိုက်ဆက် ယူနီယံခေါင်းက စိမ့်ကျနေတာ ဆရာ ”
” ငါ့လခွမ်း … အဲ့ဒါဆိုလဲ ယူနီယံခေါင်းကို ဖြုတ်ပြီး အရစ်တိပ်ထည့်ပတ်၊ ပြီးတော့ အသေအချာ ပြန်ကြပ်လေကွာ ။ ညိုကြီး မင်း စက်ကိုင်တာ အိုသေတော့မယ် ။ ဒါလောက်တော့ ကိုယ်ဟာကိုယ် လုပ်တတ်ရမှာပေါ့ ”
” ဟီး ဟုတ် ဟုတ် ဆရာ။ ကျွန်တော် ထမင်းစားပြီးမှ လုပ်လိုက်တော့မယ် ”
သို့ဖြင့် ဆရာဦးအောင်ခင်နဲ့အတူ ညိုကြီးနှင့်အသေးလေးတို့ ထမင်းအတူစားရန် ကားအနီးမှ ထွက်ခွါသွားကြလေ၏။
ညိုကြီး ကားရပ်ထားသည့်နေရာသည် ညဆိုင်း၌ စတင် ထိုးကော်ရမည့် အုတ်ဂူအဟောင်းများ ရှိသောနေရာဖြစ်၏။ အုတ်ဂူအချို့မှာ ညစ်ထေး မွဲခြောက်နေကြသည်။
ထိုအထဲမှာမှ အုတ်ဂူတလုံးမှာ အရွယ် ခပ်ကြီးကြီး ရှိလေ၏။ ထိုအုတ်ဂူသည် နှစ်များစွာ ကြာမြင့်ခဲ့လေဟန်တူသည်။ ဆေးရောင်မဲ့စွာ ရာသီများစွာကို ကျော်ဖြတ်ခဲ့ရ၍ အုတ်ချပ်အချို့မှာ မြင်မကောင်းအောင် ကွာကျလျက်ရှိသည်။ သို့သော် ကဗျည်းထွင်း ကျောက်စာချပ်မှ အက္ခရာစာလုံးများမှာ ထင်သာမြင်သာ ရှိ၍ ဖတ်၍ ရနိုင်သေး၏။
” ဘုရားဒါယိကာ ၊ ကျောင်းဒါယိကာဘဲလူးကျေးရွာဥက္ကဌကြီး ဦးပြုံးချို၊ အသက် ၅၇နှစ် ၊ ၂၅ရက် ဖေဖေါ်ဝါရီလ ၁၉၇၂ခုနှစ်၌ ကွယ်လွန်သည်။” ဟု ရေးထိုးထားလေ၏။
ယခင်က ကျေးရွာဥက္ကဌဟောင်း တစ်ဦး ၏ အုတ်ဂူ ဖြစ်လေ၏။ ဒါကြောင့်မို့ ထင်၏။ ယင်းအုတ်ဂူမှာ တခြားအုတ်ဂူများထက် အရပ်အနေ မြင့်သလို အရွယ်အစားလည်း ပို၍ ကြီးလေ၏။
အမှောင်ထုသည် တစစနှင့် ထောက်ရှာပင်သင်္ချိုင်းအား ဝါးမြိုစပြုလေပြီ။အမှောင်ထုသည် ဝန်းကျင်ကို သိမ်းပိုက်စပြုလေပြီ။ တာဝန်ခံ ဦးအောင်ခင်သည် လမ်းလုပ်သားများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မီးစက်နှိုး၍ ဟယ်လင်မီးကြီးများကို
လုပ်ကွက်အတွင်း ထွန်းညှိစေသည်။
တလောကလုံးက မှောင်မိုက်နေပေမယ့် ထောက်ရှာပင်သင်္ချိုင်းသည် ယခုအခါ၌ ထင်ထင်ရှားရှား လင်း၍ နေလေတော့သည်။
သို့ပေမင့် ဆောင်းဦးရာသီမို့လား၊ တောရိပ်တောင်ရိပ် မကင်း၍လား မသိ။ ထောက်ရှာပင်သင်္ချိုင်းဝန်းကျင်၌ မြူမှုန်ပါးပါးလေးက မသိမသာ လွှမ်းခြုံ၍ နေလေ၏။
ထို့အတူ ညိုကြီး ရပ်ထားခဲ့သော ကား၏ နောက်ကွယ်က ဦးပြုံးချို၏ အုတ်ဂူနှင့် မြေကြီးအစပ်ကြားကနေ အစိမ်းရောင် ဖျော့ဖျော့ရှိသော အငွေ့တခုသည် လေထုထဲသို့ လူးလွန့်ထွက်လာသည်ကို လမ်းလုပ်သားများ တဦးတယောက်မှ သတိမမူ၍ မမြင်လိုက်မိကြချေ။
ထို ခပ်ဖျော့ဖျော့ အစိမ်းရောင်ငွေ့ရည်တန်းလေးသည် ရပ်ထားသည့် ညိုကြီး မောင်းသော ဘက်ဟိုးကားကြီး၏ အင်ဂျင်စက်ခန်းအတွင်းသို့ တရွေ့ရွေ့ လူးလွန့်ကာ ဝင်ရောက်သွားလေတော့၏။
______________
အခန်း၅။
ညဆိုင်း လုပ်ငန်းခွင် စလေပြီ။ ထုံးဖြူတန်း နှစ်ဖက်အကြားက လမ်းနှင့် မလွတ်သော အုတ်ဂူများကို ညိုကြီးတို့အဖွဲ့ ရှင်းလင်း ကုတ်ကော်ကြတော့မည်။
ကားကြီးစက်သံများက ထောက်ရှာပင်သင်္ချိုင်းမှ မြိုင်မြိုက်ဆိုင်ဆိုင် ထွက်ပေါ်လာ၏။ မြေသယ်ကားများသည် မြေစာနှင့် အုတ်ဂူ အကျိုးအပဲ့များကို သယ်ဆောင်၍ တဝူးဝူး တဝေါဝေါနှင့် မောင်းထွက်သွားကြလေ၏။
ညိုကြီးကားမှာ ယခုထက်ထိ စက်နှိုး မရသေးချေ။ ဆီပိုက် ယိုစိမ့်တာ ပြင်ပြီးလေမှ၊ ညိုကြီး၏ မြေကော်ကားသည် လုံးဝ နှိုးမရခြင်း ဖြစ်လေ၏။
” ဂီး … ဂစ် … ဂစ် … ”
မော်တာသံ ခပ်ကြမ်းကြမ်းသာ ထွက်ပေါ်လာ၏။ စက်နှိုးမရ။ ဆောင်းဦးပေါက်ရာသီမှာ ညိုကြီးနှင့် အသေးလေး ချွေးပျံနေကြသည်။ သူတို့ တတ်သလောက် မှတ်သလောက် အင်ဂျင်ကို ဟိုဟိုဒီဒီ နှိုက်ကြည့်သည်။ အင်ဂျင်၌ အပြစ်ဟူ၍ တစုံတရာ ရှာမတွေ့ချေ။
” ဟေ့ကောင်တွေ နှိုးမရဘူးလား။မင်းတို့ကား နှိုးမရရင် ထားလိုက်ကွာ၊ အချိန်ကုန်တယ် စခန်းဝင်းကနေ ကားတစီး လှမ်းမှာလိုက် ”
ဘက်ဟိုးကား နှစ်စီး ရှိသဖြင့် နောက်ကားတစီး ထောက်ရှာပင်သင်္ချိုင်းသို့ လာရောက်ရန် စခန်းကို လှမ်းအကြောင်းကြားလိုက်သည်။ မကြာပါ။ ကိုက်၂၀၀ခန့် ဝေးသောစခန်းရုံးမှ ဘက်ဟိုးကားတစီး ထပ်ရောက်လာ၏။
ညိုကြီးက ရောက်လာသော ဘက်ဟိုးပေါ်တက်၍ အနီးအပါးက လူတရပ်နီးပါး ကျောက်ခဲကြီးများနှင့် အုတ်ဂူအချို့ကို စတင် ရှင်းလေ၏။ထိုအထိ အသစ်ရောက်လာသော ကားက အဆင်ပြေသည်။
သို့သော် ညိုကြီး စက်ချို့ယွင်း၍ ရပ်ထားခဲ့သော ကားကို ရွေ့၍ ယင်းအနီးက အုတ်ဂူကြီးကို ကော်ထုတ်မည်အပြုတွင် …
ညိုကြီး အမြန် ဘရိတ်ကို နင်းလိုက်ရသည်။ သူ့ မျက်လုံးထဲတွင် ထိုအုတ်ဂူဟောင်း အရှေ့ကပ်လျက်၌ နုတ်ခမ်းမွှေးကားကား၊ ဆံပင်ကို သျှောင်တစောင်း ထုံးဖွဲ့ထားသော လူကြီးတယောက် ရပ်နေသည်ကို မြင်လိုက်ရ၍ ဖြစ်၏။ထိုလူကြီးသည် ညိုမှိုင်းသော တိုက်ပုံကို ပုဆိုးအကွက်တုံးဖြင့် တွဲဖက်ဝတ်ဆင်ထားလေ၏။ ညိုကြီး ကားရပ်ရသည့်အကြောင်းရင်းခံမှာ ထိုလူကြီးက သူ့အန္တရာယ်ကို မမှုဘဲ ကားပေါ်မှ သူ့အား မျက်ထောင့်နီကြီးနှင့် ကြည့်နေသည်မဟုတ်လား။
ဘရိတ်အုပ်သံ ကျွီဟူသော အသံနှင့်အတူ ဒုန်းခနဲ ဘက်ဟိုးကားကြီးက ရပ်သွားလေ၏။ ထိုအဖြစ်
အပျက်ကို မြင်သော တာဝန်ခံ ဦးအောင်ခင်က ညိုကြီးကားထံသို့ ပြေးလာပြီး ၊
” ဟ! ဘာဖြစ်ပြန်ပြီတုန်း ညိုကြီး ”
ဘက်ဟိုးကားမှာ စက်နှိုးထားဆဲဖြစ်သည်။
ကားပေါ်မှ ညိုကြီးမှာ ဦးအောင်ခင်၏ အမေးကို ပြန်မဖြေနိုင် ။ ဆွံအနေ၏။ အုတ်ဂူကိုသာ စိုက်တိုက်မတ်တတ် ကြည့်နေသည်။ ဦးအောင်ခင်သည် ညိုကြီး ကြည့်နေသော အုတ်ဂူသို့ မသင်္ကာ၍ လှမ်းကြည့်လိုက်သည်။ ဘာကိုမျှ မတွေ့ရ။ သို့ဖြင့် ဘက်ဟိုးကားပေါ်သို့ တက်၍ ညိုကြီး ပခုန်းအား ပုတ်၍ …
” ညိုကြီး ဘာဖြစ်တာလဲ ”
ပခုန်းကို ပုတ်ခံရသောအခါမှ သတိဝင်လာသည့် ညိုကြီးက ထစ်ငေါ့စွာဖြင့် …
” ဟို … ဟိုမှာလေ ဆ ..ဆရာ၊ အုတ် … အုတ်ဂူရဲ့ … ရှေ့မှာ လူ … လူကြီးတယောက် … ”
ဦးအောင်ခင် က ညိုကြီး လက်ညှိုးထိုးပြသည့်နေရာကို ကြည့်သည်။ ညိုကြီး ပြောသော လူကြီးဆိုတာကို မမြင်ရချေ။ သူ့မျက်လုံးထဲတွင် ညစ်ထေးထေး အုတ်ဂူကြီးကိုသာ မြင်ရလေ၏။
” ဘာမှ မရှိပါဘူး ညိုကြီးရ ”
ထိုသို့ပြောပြီး ဦးအောင်ခင်သည် မသင်္ကာ၍ ညိုကြီး ပါးစပ်အနီး နှာခေါင်းကို ရှုံပွပွနှင့် အနံ့ခံကြည့်လိုက်သည်။
” ဟာ! ညိုကြီး မင်း အရက်သောက်ထားတယ် ၊ မင်းကွာ … ငါ ဒီလောက် အတန်တန် မှာထားပါရဲ့နဲ့ တောက် ! ”
ညိုကြီးက ဦးအောင်ခင်အား အားနာကြောက်ရွံစွာ ပြန်ကြည့်ရင်း၊
” ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် နည်းနည်း သောက်ထားပါတယ် ။ ဒါပေမဲ့ ကျွန်တော် ပြောတာ အမှန်ပါ … ”
ညိုကြီးက ဦးအောင်ခင်ကို ရှင်းပြပြီး ကားရှေ့ကို ပြန်အကြည့်မှာတော့ ခုဏက သူ မြင်ခဲ့သော သျှောင်တစောင်း နဲ့ လူကြီးသည် မရှိတော့ပြန်ချေ။
ဦးအောင်ခင် ညိုကြီးအား ဘာမှ မပြောတော့ဘဲ၊ ဘက်ဟိုးကားပေါ်မှ ဆင်းသွား၏။ ပြီးသော် ညိုကြီး နှိုးမရ၍ ပျက်နေသော ဘက်ဟိုးကားကို ပြင်နေသည့် စိုးအောင်ကို လှမ်းခေါ်၏။
” စိုးအောင် … စိုးအောင် ၊ ဒီကို လာစမ်းဟေ့ ”
စခန်းရုံးမှ ပြင်/ထိန်း ဖြစ်သော စိုးအောင်ကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။ တဆက်တည်း ဦးအောင်ခင်က ဘက်ဟိုးကားမောင်းသည့်နေရာမှ ညိုကြီးအား …
” ညိုကြီး … မင်း ဆင်းခဲ့တော့၊ ဒီည မင်း နားလိုက်၊ မင်းအစား စိုးအောင် ဆက်မောင်းလိမ့်မယ် ”
ညိုကြီးမှာ တာဝန်ခံဦးအောင်ခင်၏ အမိန့်ကို မလွန်ဆန်ရဲ။ ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း သူ့အဖြစ်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။ အဘယ်ကြောင့် သူ အသေအချာ မြင်ခဲ့သော ယောင်တစောင်းနဲ့ လူကြီးသည် ဆရာဦးအောင်ခင်က မတွေ့ခဲ့သလို၊ သူ့ မျက်စိအောက်နေ ပျောက်သွားသလဲဆိုတာ စဥ်းစားမရနိုင် ဖြစ်နေ၏။
ညိုကြီး အစား စိုးအောင်က ဘက်ဟိုးကားပေါ်တက်၍ မောင်း၏။ တာဝန်ခံ ဦးအောင်ခင် အမိန့်ပေးသည့်အတိုင်း ကျေးရွာဥက္ကဌဟောင်း၏ ဂူဗိမ္မာန်ကို ဖြိုဖျက်ရန် မြေကော်သည့် ဂေါ်ကို မ၍ ကားကို ရှေ့တိုးရန် ပြင်လိုက်သည်။
” ဝူး … ဝရော … ”
ကားကို ရှေ့တိုးနောက်ဆုတ် ပြုလိုက်သည်။ ထိုအခိုက်သမယ၌ ဘက်ဟိုး ယာဥ်မောင်းသူနေရာ၌ ထိုင်နေသော စိုးအောင်အား အနောက်ဖက်မှ လက်ကြမ်းကြီးတဖက်က အရှိန်ပြင်းပြင်းနှင့် ရိုက်ပုတ်လိုက်သလို ” ဖျောင်း ” ဟူသော အသံကြီးထွက်ပေါ်လာ၏။တချက်တည်းမဟုတ် အဆက်မပြတ် ရိုက်နေခြင်း ဖြစ်၏။
” ဖျောင်း ”
” ဖြန်း ”
” ဖြန်း ”
” အောင်မယ်လေးဗျ ! ”
စိုးအောင် နာနာကျင်ကျင် အော်ဟစ်လိုက်မိသည်။ ဇက်ပိုးသည် လည်း အရိုက်ခံရသောကြောင့် နီမြန်းသွားလေ၏။
စိုးအောင် ကြောက်လန့်တကြားနှင့် သူ၏ အနောက်ကို လှည့်ကြည့်လိုက်သည်။ သူ၏ အနောက်တွင် မည်းမည်း စုပ်ဖွားကြီး တကောင် မတ်မတ်ရပ်လျက် သူ့အား ထပ်ခါထပ်ခါ ရိုက်ပုတ်နေသည်ကို တွေ့လိုက်ရလေ၏။
” ဟာ! အဘရေ ကယ်ပါအုံး ”
စိုးအောင် သော့ပင် မပိတ်နိုင်ဘဲ၊ ဘက်ဟိုးကား မောင်းသည့်ခုံမှ အူယားဖါးယား ပြေးဆင်းသွားလေ၏။
အနီးကပ် ကြီးကြပ်နေသော တာဝန်ခံ ဦးအောင်ခင်မှာ ပြင်/ထိန်း စိုးအောင်၏ အဖြစ်အပျက်ကို နားမလည်စွာ …
” ဟေ့ကောင် စိုးအောင် ! ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ ”
စိုးအောင်မှာ ဦးအောင်ခင် ရှိရာသို့ ပြေးလာပြီး၊ ဦးအောင်ခင်ကိုယ်အားကွယ်၍ ဘက်ဟိုးကားမောင်းသည့် ခုံ၏အနောက်ကို လက်ညှိုးတည့်တည့်ထိုးကာ …
” မသိဘူး အဘ၊ မည်းမည်း စုပ်ဖွားကြီး ၊ သူ့လက်ကြမ်းကြီးနဲ့ ကျွန်တော့ကို ထပ်ခါထပ်ခါ ရိုက်နေလို့ ၊ ကျွန်တော် ကြောက်ပြီး ဆင်းလာတာ၊ ဟိုမယ် ဟိုမယ် ထိုင်ခုံနောက်မှာ … ”
အရိပ်မည်းမည်းသည် ဦးအောင်ခင် ကြည့်လိုက်သောအခါ၊ လှစ်ခနဲ ကားအောက်သို့ ခုန်ဆင်း ပျောက်ကွယ်သွားပြန်၏။ သို့သော် မသဲမကွဲ ထိုအရိပ်မည်းကို ဦးအောင်ခင်လည်း လှမ်းမြင်လိုက်ရသည်။
ထိုအခိုက် မြေသယ်ကားများရှိရာ လမ်းလုပ်သားများထံမှ ဆူညံသံများ ထွက်ပေါ်လာပြန်သည်။
” အဘရေ … အဘ ! ဒီကို လာကြည့်ပါအုံး ၊ ဒီမှာ အသေးလေး (အောင်အောင်) တယောက် ဘာဖြစ်မှန်းမသိဘူးဗျို့ ”
ဒီမှာ ဘာမှန်းမသိတဲ့ တစုံတရာက စိုးအောင်ကို ရိုက်ပုတ်နေ၍ ဦးအောင်ခင်ခမျာ ဘာလုပ်ရမှန်း မသိချိန်၊ ကိုက်၂၀ခန့်အကွာက လမ်းလုပ်သားများ၏ အော်ဟစ် ခေါ်သံကို ကြားရပြန်သည်။ သို့ဖြင့် ဦးအောင်ခင်လည်း ထိုနေရာသို့ ပြေးရပြန်သည်။
ဦးအောင်ခင် ရောက်သွားတော့၊ မြေသယ်ကားမောင်းသည့် အသေးလေးသည် သင်္ချိုင်းမြေပေါ်မှာ တခွီးခွီးနှင့် အကြောတက်နေ၏။ ဘေးနားမှာ လုပ်သားအချို့က အသေးလေးအား ခြေမ ချိုးသည့်လူက ချိုး၊ နှိပ်နှယ်ပေးသူက နှိပ်ပေးနေကြ၏။
ဦးအောင်ခင် အသေးလေး အနီးကပ်သွားပြီး၊ အသေးလေး၏ ပါးကို ခပ်ဆတ်ဆတ်လေး နှစ်ချက် ရိုက်ထည့်လိုက်သည်။လက်ဝါးပြင်နှင့် ပါးနှစ်ဖက် ထိတွေ့သံက ခပ်ပြင်းပြင်း ထွက်ပေါ်လာ၏။
” ဖျန်း ဖျန်း ”
အသေးလေးမှာ ထိုသို့ အကြောတတ်တတ်ကြောင်း ဦးအောင်ခင်က သိထား၏။ အသေးလေးသည် ပါးကို နှစ်ချက်မျှ အရိုက်ခံရသောအခါ သတိပြန်လည်လာ၏။
အသေးလေး သတိလည်လည်လာခြင်း ပြောသည့်စကားက လူအများကို ထိတ်လန့်သွားစေသည်။
” အကုန်လုံး ထွက်သွားကြ !
ထွက်မသွားရင် နင်တို့အားလုံးကို ငါ အသေလုပ်ပစ်မှာ! ”
ဟင်!
ဟာ!
အသေးလေး၏ မူလ အသံမဟုတ်။ အသံမှာ အစ်အောအော ရှိလေ၏။ နောက်တခုက အသေးလေးရဲ့ မျက်လုံးတွေ။ အသေးလေးရဲ့ မျက်လုံးတွေက အသိမရှိသူတယောက်ပမာ။ ဝိုင်းစက်ပြူးလည်နေ၏။
အသေးလေးကိုယ်သည် အထိန်းအကွပ်မဲ့ တဆတ်ဆတ် တုန်နေသည်။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ထား၏။
ထွက်သွား! အကုန်ထွက်သွားကြ!
ဒုတိယမ္မိ အသေးလေးထံမှ စိတ်ဆိုးမာန်ဆိုး နှင်ထုတ်သည့်အသံနှင့်အတူ ဘေးဘီဝဲယာက သစ်ပင်ကြီးများ၏ သစ်ရွက်များသည် လေမတိုး လေမတိုက်ဘဲ တရှဲရှဲတဟဲဟဲ မြည်သံပေး လှုပ်ခတ်နေကြလေ၏။ ထို့အတူ ခွေးလေခွေးလွင့်များသည်လည်း နာနာဘာဝများကို မြင်တွေ့ကြသည့်အလား အူကြဟစ်ကြသည်မှာ လမ်းလုပ်သားများအားလုံးကို ကြက်သီးမွှေးညင်း ဖျန်းဖျန်း ထသွားစေ၏။
တဂျုန်းဂျုန်းနှင် လည်ပတ်နေသော မီးစက်မှာ စက်မငြိမ်းဘဲ၊ ထောက်ရှာပင်သင်္ချိုင်းအတွင်း ထွန်းထားသည့် ဟယ်လင်မီးကြီးများက ငြိမ်းလုနီးနီး မှိတ်တုတ်မှိတ်တုတ်နှင့် ပုတ်ခတ်ကြကုန်လေ၏။
ထူးဆန်းအံဩဖွယ်ရာများက ဆက်ခါဆက်ခါ ပေါ်ထွက်လာ၏။တခါမျှ ထိုသို့ မကြုံဖူး၍ လမ်းလုပ်သားများ အပါအဝင် ဦးအောင်ခင် ကိုယ်တိုင်ပင် ကြောက်ရွံစိုးရိမ်စိတ်များ ဖြစ်ပေါ်ကုန်၏။ ကြမ်းကြမ်းတမ်းတမ်း လမ်းလုပ်သား ယောက်ကျားရင့်မာကြီးများမို့သာ တော်တော့သည်။ သာမန်လူဆိုရင် နှလုံးတုန်၍ အသက်ရှုပင် ရပ်သွားနိုင်လေ၏။
လင်းတလှည့် မှိန်တလှည့် ကျိုးကြားအလင်းရောင်အောက်တွင် တစ္ဆေပူးကပ်နေသော အသေးလေး ခေါ် အောင်အောင်၏ မျက်နှာနှင့် အမူအယာက ပို၍ပင် ထိတ်လန့်စဖွယ် ကောင်းနေတော့သည်။
သုသာန်တစပြင်မြေပေါ်၌ ဗျစ်ဆွဲကြီး ထိုင်လျက် ပါးစပ်က သရေတွေ တမြားမြား စီးကျနေ၏ ။ ၎င်းထံမှရင်ခေါင်းသံ တဟင်းဟင်းကြီးကလည်း မသတီစဖွယ် ဆက်တိုက်ထွက်ပေါ်နေပါ၏။
လမ်းလုပ်သားအချို့သည် ဘုရားစာ ရွတ်ဖတ်နေကြသည်။
တချို့က ၂၄ပစ္စည်း …
“ဟေတုပစ္စယော ၊ အရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော … … ”
တချို့က သံဗုဒ္ဓေရွတ်ကြ၏။
” သံဗုဒ္ဓေ၊ အဌဝီသဉ္စ ၊ ဒွါရသဉ္စ… ”
ကိုယ့်နည်းကိုယ်ဟန်နှင့် မိမိတို့၏ အကြောက်တရားကို ထိန်းကွပ်နေကြရလေ၏။
သို့ပေသိ … ထောက်ရှာပင်သင်္ချိုင်းထဲက ဝိဉာဥ်များသည် ငြိမ်သက်ခြင်း မရှိဘဲ၊ တိုး၍သာ ဆူညံလာတော့လေ၏။
” ဗြောင်း … ဝုန်း ဂလုန်း ”
လေပြင်းမကျဘဲ သင်္ချိုင်းဇရပ်၏ အမိုးသွပ်ပြားများသည် ပြုတ်ထွက်လုမတတ် တဖြောင်းဗြောင်းနဲ့ အသံပေး ရိုက်ခတ်နေကြသည်။ ပို၍ ထူထဲလာသော မြူခိုးများက ထောက်ရှာပင်သင်္ချိုင်း လမ်းနယ်မြေကို ဖုံးအုပ်လာ၏။
လမ်းလုပ်သားထဲတွင် အသက်ငယ်ရွယ်သူများလည်း ပါရှိသည်။ တချို့ဆို အသက်ပင် မပြည့်တတ်သေးပေ။ အလွန်ရှိလှ ၁၅/၁၆ နှစ်ပင်။ လူငယ်လေးအချို့သည် ယခုလို အနေအထားကို သူတို့ တသက်၌ ကြုံဖူးတွေ့ဖူးခြင်း မရှိ။ ထို့ကြောင့် ငိုမလိုလိုပင် ဖြစ်နေကြသည်။
လေဟာနယ်တွင် ပျံ့လွင်နေသော မြူခိုး အမှုန်အမွှားများက လေသက်ရာသို့ စီးမြောလျှက် ရှိ၏။ လင်းတလှဲ့ မှိန်တလှဲ့ ဖြစ်နေသော ဟယ်လင်မီးရောင်ပင် ထိုးဖေါက်နိုင်စွမ်း မရှိတော့ချေ။
” ဟာ! ဟိုမှာ ဟိုမှာ … ”
” ဟာ! အများကြီးပဲ … ”
မြူခိုးများတွင် လူရိပ်သဏ္ဍာန်အချို့ ထင်ဟပ်လာသည်ကို လမ်းလုပ်သားများအားလုံးက မျက်ဝါးထင်ထင် မြင်တွေ့ကြရခြင်း ဖြစ်သည်။ ပထမတော့ လေးငါးယောက်ခန့်၏ အရိပ်သဏ္ဍာန်များ။ နောက်တော့ တဖြည်းဖြည်း အရိပ်တွေက များလာသည်မှာ ဆယ်ဂဏန်း မကတော့ချေ။ ပုပုဝဝ တိုတို ရှည်ရှည် ကလေး လူကြီး ယောက်ကျား မိန်းမ အရွယ်စုံ ဆိုဒ်စုံပင်။
တဖြည်းဖြည်း နီးကပ်လာကြသော အရိပ်များမှာ ကြည်လင်ပီသလာကြသည်။ အထူးသဖြင့် ၎င်းအရိပ်များ၏ မျက်နှာများက ထင်ရှားလာသောအခါ စိတ်ဆိုးမကျေနပ်သည့် အရိပ်သဏ္ဍာန်များအဖြစ် မြင်တွေ့လာကြရခြင်း ဖြစ်သည်။
ဟူး ဟူး ဟူး
ဝေါ ဝေါ
လေသံတွေက တဟူးဟူး တဝေါဝါနှင့် ဆူညံလာသည်။ သို့သော် စက္ကန့်အနည်းမျှ အတွင်း၌ ထိုလေသံများ တိခနဲ ငြိမ်သက်သွား၏။ ထို့အတူ တဂျိန်းဂျိန်းနှင့် ဆူညံနေသော မီးစက်ကြီးသည်လည်း ဝုတ်ခနဲ ငြိမ်းသွားလေ၏။
လမ်းလုပ်သားများသည် ကြယ်ရောင်လရောင် အလင်းအောက်တွင် တဦးမျက်နှာ တဦး ကြည့်လိုက်မိကြလေသည်။ အားလုံး၏ မျက်နှာတွေက စိုးရိမ်ထိတ်လန့်နေဟန် အထင်းသား ပေါ်လွင်နေကြသည်။
ထောက်ရှာပင်သင်္ချိုင်း လုပ်ကွက်ထဲရှိ လမ်းလုပ်သားများ နားဝယ် ပီသကြည်မြသော အသံဝါကြီးတခု ထင်ရှားစွာ ကြားလိုက်ကြရလေ၏။
ထွက်သွား ! အခု ထွက်သွား!
လမ်းတာဝန်ခံ ဦးအောင်ခင် အပါအဝင် လမ်းလုပ်သားများသည် ထိုအသံကြီး ကြားလိုက်ရပြီးနောက် ဘာကိုမျှ မသယ်နိုင်တော့ဘဲ၊ ခြေလွတ်လက်လွတ် ထွက်ပြေးကြရလေတော့သည်။
ပြီးပါပြီ။
ပီပီ၊မန္တလေး၊
၂၃၊၁၁၊၂၀၂၁