“ငါးစိမ်းသည်မ”(စ/ဆုံး)

“ငါးစိမ်းသည်မ”(စ/ဆုံး)
————————————–

ငါးတွေ ငါးတွေ လက်ဆတ်တယ်နော်…ဟေ့ဒီမယ်အလေးလည်းပြည့်တယ်

အစ်မရေ ငါးတွေအားပေးပါဦး တန်တယ်နော်… ”

တစ်နေကုန် ဈေးတည်းမှာပဲ မိသားစုအတွက်အချိန်ကုန်ရုန်းကန်ရင်း သားသက်ရုံထဲမှာ

အချိန်ကုန်နေတဲ့ ငါးစိမ်းသည် မြင့်မြင့့်စန်းတစ်ယောက်အခုလည်း သူ့ရဲ့ ငါးတွေရောင်းကုန်အောင်

အော်အော်ပြီးအပြိုင်အဆိုင်ကို မိတ်ခေါ်နေလိုက်တာ …. ၊ မြင့်မြင့်စန်းအသက်က ၅၀ကျော်နေပြီ

ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ် သားသမီးက မထွန်းကားခဲ့တော့ တူတွေ ၊ တူမတွေ ၊

မောင်နှမနဲ့ ဆွေမျိုးသားချင်းတွေအပေါ်မှာပိုပြီးတော့ သံယောဇဉ်တွယ်နေမိတယ် ၊

လူတွေကပြောကြတယ် သံယောဇဉ်တွေနည်းအောင် တစ်ယောက်တည်းနေရမယ်တဲ့

အဲ့လိုပြောတဲ့သူတွေကိုယ်တိုင်ရော တကယ်သံယောဇဉ်တွေပြတ်နိုင်ပြီလား

တစ်ကယ်ရော တစ်ယောက်တည်းနေနိုင်ပြီလားဆိုတာတော့ မြင့်မြင့်စန်း မသိဘူး.. ၊

သူ့အတွက်တော့ လူဖြစ်လာပြီးမှ ဆွေရယ် မျိုးရယ်အသိုင်းအဝိုင်းလေးနဲ့ စည်းစည်းလုံးလုံးလေး

မနေလိုက်ရရင် လူဖြစ်ရကျိုးမနပ်သလို….အထီးကျန်သလို …. ဒီလိုဘဝကြီးနဲ့အသက်ရှင်ရမှာ

ငွေတွေဘယ်လောက်ရှိရှိ ဘဝကြီးက ဟာတာတာနဲ့ မပြည့်စုံသလိုခံစားရတယ် ၊

ဒီအသက်အရွယ်မှတော့ နောက်အိမ်ထောင်ပြုဖို့စိတ်ကူးမရှိတော့ဘူး ၊ ကိုယ်စားချင်တာစားမယ် ၊

ငွေရှာမယ် သုံးချင်သလိုသုံးမယ် မိသားစုအတွက်လိုအပ်တာဖြည့်ပေးမယ် ဒီလိုလေးနဲ့ရုန်းကန်နေရတာကိုက

လူပိသနေပြီ ဘဝအဓိပ္ပာယ်ရှိနေလှပြီ… ၊ တစ်ခါတစ်လေ လူတွေက ခတ်တယ် … ငါးညှီနံ့တွေနဲ့

လူတွေ ရှုပ်ထွေးနေတဲ့နေရာကြီးမှာအကုသိုလ်အလုပ်တွေလုပ်ပြီး ငွေရှာနေတာ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ၊

တကယ်ဆို ကိုယ်တွေလို သားငါးရောင်းရတဲ့သူတွေဆိုတာ သူတို့လို သားငါးစားချင်ကြတဲ့လူတွေရှိနေလို့

စီးပွားဖြစ်လုပ်နေရတာလေ….လောကကြီးမှာ တစ်လောကလုံး သတ်သတ်လွတ်စားကြည့်ပါလား

ဈေးတွေမှာ သားငါးရုံဆိုတာ ဘယ်ရှိပါတော့မလဲလေ… ရောင်းပေးနေတဲ့သူကိုတောင်

ကျေးဇူးမတင်ကြပဲ ငရဲကြီးတယ် ငရဲသေးတယ်တဲ့ ဝေဖန်တတ်ကြတဲ့သူတွေဆိုတာလည်း

ဒုနဲ့ဒေပါပဲ …. ။

မြင့်မြင့်စန်း ရဲ့ တစ်နေ့တာက ဒီလိုနဲ့လည်ပတ်နေလိုက်တာ

မြင့်မြင့်စန်းတယ့်လေးနှစ်သမီးအရွယ်ကတည်းကဆိုရင်အခုဆိုရင်အသက်တောင် ငါးဆယ်ကျော်နေပြီ ၊

အထိုင်များတာရယ်အစားအသောက်သောင်းကြမ်းတာရယ်ကြောင့် ပုံစံကတော့ ၀၀ ပုပု လုံးလုံးလေးနဲ့

ရွှေတွေကတော့ တစ်ကိုယ်လုံးအပြည့်ဆင်ထားသေးတယ် ၊ မျက်နာပေါက်က ဆိုးသလို

စကားပြောရင်လည်း နှုတ်ကလေးနည်းနည်းကြမ်းတတ်တယ် ၊ လုပ်နေတဲ့အလုပ်နဲ့လည်း

ဆိုင်သေးတာကို… ၊ စိတ်ထားလေးကတော့ စိတ်ပုတ်တာတွေဘာတွေမရှိတော့

သူနဲ့ လုပ်ငန်းတူတွေထဲမှာဆို စိတ်ထားကောင်းတဲ့သူလို့ဆိုလို့ရတဲ့အထဲမှာပါတယ် ၊

ဘယ်လောက်စိတ်ထားကောင်းကောင်း လူတစ်ယောက်ကအပြောအဆိုမတတ်တဲ့အခါ

ဆဲသလိုဖြစ်တတ်တယ်ဆိုတဲ့ စကားပုံက မြင့်မြင့်စန်းကိုရည်ညွန်းထားပုံရတယ် …. ။

ဒီလိုနဲ့ သားငါးဈေးလေးမှာ မြင့်မြင့်စန်းအသံဆာဆာလေးက

နေ့တိုင်း လွှမ်းမိုးထားဆဲပေါ့…တစ်နေ့တော့ မြင့်မြင့်စန်း ကံဆိုးမိုးမှောင်ကျလာခဲ့တဲ့တစ်နေ့

ကြုံလာခဲ့ရတယ် ၊အဲ့ဒီနေ့ကစပြီး မြင့်မြင့်စန်းရဲ့အသံဆာဆာလေး..

မြင့်မြင့်စန်းဈေးရောင်းနေကျ နေရာလေးက လစ်ဟာသွားခဲ့တာလို့ဆိုရမယ်….

ကံဆိုးမှုတွေစတင်ခဲ့တဲ့အချိန်က မြင့်မြင့်စန်း ဈေးကနေခါတိုင်း ဈေးပတ်ချိန်မှ

ပြန်လာနေကျကိုအဲ့နေ့ကျမှနေပြင်းလို့ထင်တယ် ခေါင်းထဲနည်းနည်းမူးသလိုဖြစ်နေတာနဲ့

ပြန်နေကျအချိန်မဟုတ်ဘဲ ဈေးသိမ်းလိုက်ပြီး ငါးခြင်းတောင်းလေးကိုသယ်ရင်း

အိမ်အပြန်မှာ ဈေးဘယ်ဘက်အခြမ်းမှာ ဈေးထဲကထွက်ထွက်ခြင်း လမ်းကျဉ်းလေးတစ်ခုအရောက်…. ၊

လမ်းရှင်းနေတဲ့အချိန်မို့အရှိန်ခပ်ပြင်းပြင်းနဲ့ တဟုန်ထိုး မောင်ထွက်လာတဲ့ ဟိုင်းလက် ကားတစ်စီးနဲ့

ပစ်တိုက်မိသွားပါလေရော… ကားကအရှိန်နဲ့တိုက်လိုက်မိလို့ မြင့်မြင့်စန်း သတိလစ် ပစ်လဲကျသွားတုန်း

ခုနကအရှိန်နဲ့မောင်းလာတဲ့ကားက မြင့်မြင့်စန်းကို တိုက်မိသည့်တိုင်အောင်အရှိန်ချက်ချင်းမသေသေးဘဲ

လမ်းမပေါ်မှာ လွင့်စင်ပြီး ပစ်လဲသွားတဲ့ မြင့်မြင့်စန်းကိုယ်လုံးပေါ်ကိုတက်ကြိတ်သွားသေးတယ် ၊

အဲ့ဒီ့နောက်မှ ကားက ထိုးရပ်သွားတယ် ….

“ ကျွီ……………..ဝုန်း………………. ”

ဟာ…ကားတိုက်သွားပြီဟေ့….ဝိုင်းထားဝိုင်းထား

ကားသမားထွက်မပြေးစေနဲ့ ”

“ ဟိုမိန်းမလေးသေသွားပြီထင်တယ် သနားပါတယ် ”

“ ဟယ်….လမ်းပေါ်မှာခေါင်းကြီးတစ်ခုလုံးပြားကပ်နေအောင် ကားကြိတ်ခံထားရတာပဲ

ကြောက်စရာကောင်းလိုက်တာ ဘုရားဘုရား ”

စတဲ့ တစ်ယောက်တစ်ပေါက်အသံတွေနဲ့တစ်ဈေးလုံးက လူတွေ တဝုန်းဝုန်းနဲ့

ထွက်ကြည့်ကြတယ်အဲ့ထဲမှာမှ မြင့်မြင့်စန်းမှန်းသိတဲ့သူတွေပါလာတော့ မြင့်မြင့်စန်းအတွက်

စိတ်မကောင်းဖြစ်ကြသလို ၊ မိသားစုကိုလည်းအကြောင်းကြားလိုက်ကြတယ် ၊

မကြာခင်မှာပဲ ရဲတွေလည်းရောက်လာပြီးအလောင်စစ်ချက်တွေယူတယ် ပြီးတော့ ကားသမားကိုလည်း

ဖမ်းခေါ်သွားတယ် ၊ မြင့်မြင့်စန်းအလောင်းကိုတော့ နာရေးကူညီတဲ့ ပရဟိတအဖွဲ့တစ်ခုက

လူငယ်လေးတွေ ကြောက်ကြောက်လန့်လန့်နဲ့ သွေးပျက်သလိုပုံလေးတွေနဲ့ သယ်သွားကြတယ် ၊

ကြောက်လည်းကြောက်စရာပဲအဝတ်အစားအရောင် ၊ ငါးထည့်တဲ့ တောင်းလေးနဲ့

လက်ဝတ်လက်စားတွေသာ မပါခဲ့ဘူးဆိုရင် ဒီလူက မြင့်မြင့်စန်းပါဆိုပြီး ဘယ်သူမှ

တန်းမပြောနိုင်လောက်တဲ့အထိပဲ ၊ မြင့်မြင့်စန်းရဲ့ ဦးခေါင်းကြီးတစ်ခုလုံးက ကားလမ်းမှာ ပြားကပ်နေပြီး

ခန္ဓာကိုယ်မှာလည်းအရိုးအစစ်တွေလိမ်ကောက်လို့ ၊အသားတွေကလည်းပဲ့နေပြီး ခြေထောက်က

ပြောင်းပြန်ကြီးလိမ်ကောက်နေတယ် ၊ မြင်နေရတဲ့သူတွေတင် ကျောရိုးထဲစိမ့်သွားပြီး တစ်ဖက်ကလည်း

မြင့်မြင့်စန်းအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ် ဂရုနာသက်မိကြတယ် … ။

အဖြစ်အပျက်တွေက မြန်လွန်းတာလားအချိန်ကပဲ ကုန်လွယ်တာလားတော့မသိဘူး ၊

မြင့်မြင့်စန်းရဲ့အဖြစ်အပျက်လေးက တစ်လလောက်ကြာသွားတော့ လူတွေ မေ့မေ့ပျောက်ပျောက်တောင်

ဖြစ်သွားကြပြီလေ… ၊ လူဆိုတဲ့သတ္တဝါကလည်း မေ့လွယ်တတ်ကြတယ် ၊ ပတ်ဝန်းကျင်က

လူတစ်ယောက်ကွယ်လွန်ရင် ဂရုနာသက်ကြတယ် ကိုယ့်အလှည့်ကျ သေမင်းလာခေါ်ရင်

ဘယ်လိုလုပ်ရမယ်ဆိုတာ တွေးပူတတ်ကြတယ် ၊ ဘုရားတရားဘက်ကိုအားကိုးတတ်လာတယ် ၊

နောက်ပိုင်းကျတော့လည်း တကယ်စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့သူ ရှားပါတယ် …. ၊ ဒါ့ကြောင့် ဘုရားရှင်က

အမြဲ သတိကပ်ဖို့ကိုအဓိကထား မမေ့ကြဖို့ မှာကြားဟောကြားခဲ့တာမဟုတ်လား ။
ဆိုက်ကားသမား ဆိုတဲ့ ဂုဏ်ပုဒ်က မခမ်းနားပေမယ့် ကိုကျော်ကြီးအတွက်တော့

သိပ်အရေးမကြီးပါဘူး ၊အတန်းပညာမတက်တဲ့အပြင် ပတ်ဝးန်ကျင်မှာလည်း လက်လုပ်လက်စားနဲ့

ရှင်သန်နေကြတဲ့သူတွေချည်းပဲမို့ ဒီရေအိုင်ထဲကနေ ကျော်ကြည့်ဖို့ မကြိုးစားချင်တော့တာ

လူ့သဘာဝပါပဲ ၊ ကိုကျော်ကြီးလည်း လူတွေထဲက လူတစ်ယောက်မို့ ဒီလမ်းစဉ်အတိုင်း

ပေါ့ပေါ့ပါးပါးနဲ့ ဟိုနားဒီနားဆိုက်ကားနင်းလိုက် ငွေလေးရလာလိုက် မိန်းမကိုအိမ်စရိတ်တစ်ဝက်ပေးလိုက်

ကျန်တာလေးကိုအပန်းဖြေဆိုတဲ့ခေါင်းစဉ်နဲ့အရက်ကလေးသွားမော့လိုက်နဲ့ နေ့ည..နေ့ည..ဆက်နေပြီ ။

မိန်းမလုပ်တဲ့သူက ရပ်ကွက်အနှံ့ ခဝါသည်အလုပ်ကိုလုပ်ကိုင်တယ် ယိုင်နဲ့နဲ့ ဓနိမိုး ဝါးအကာ

အိမ်လေးထဲမှာ လင်မယားနှစ်ယောက် တက်ညီလက်ညီ ပင်ပင်ပန်းပန်းအလုပ်လုပ်လိုက် တစ်နေ့တစ်နေ့

ရလိုက်စားလိုက် သုံးလိုက်နဲ့ စုမိတယ်ကိုမရှိဘူး..အိမ်အသုံးစရိတ်ဆိုတာကလည်း

အိမ်ထောင်တစ်ခုတည်ပြီဆိုကတည်းက ဘယ်ကဘယ်လို ကပ်ပါလာမှန်မသိတဲ့အမွှာလိုပါပဲ ၊

ဒီကြားထဲ ကလေးက မွေးထားမိပြန်တော့ ဒုက္ခပေါ် ဒုက္ခဆင့် ရှာတဲ့ပိုက်ဆံဘယ်လိုလောက်ငှပါတော့မလဲ ၊

ကလေးကလည်း ကျောင်းနေအရွယ်လေးဆိုတော့ ကျောင်းစရိတ်သိပ်မကုန်လို့တော်သေး ၊

တစ်နေ့တစ်နေ့မစုမိတဲ့အပြင် နေထိုင်မကောင်းတာတို့ ၊အရေးပေါ်လိုအပ်တာတို့ဆိုရင်လည်း

ရပ်ကွက်ထဲကအတိုးပေးစားတဲ့အိမ်မှာ မျက်နာငယ်လေးနဲ့ သွားချေးလိုက်ငှားလိုက်တာပါပဲ ၊

ဘယ်လိုပဲဖြစ်နေပါစေအိမ်ထောင်ဦးစီးလုပ်တဲ့ ကိုကျော်ကြီးက သူ့အလုပ်ကလေးကို ပိုလည်းမကြိုးစားသလို

လျော့လည်းမလုပ်ပါဘူး…သူလုပ်မြဲအတိုင်းကိုပဲပုံမှန်လေးဆက်လုပ်နေဖြစ်တယ် ၊

တစ်ကောင်ကြွက် ကိုကျော်ကြီး က ငယ်ငယ်ရွယ်ရွယ်မှာ တစ်ရပ်ကွက်တည်းသူနဲ့အိမ်ထောင်ကျပြီးနောက်

အရင် လူပျိုတုန်းကလို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လိုက်ပြီးနေ့စားမလုပ်ဖြစ်တော့ဘူး..

သူတတ်နိုင်သလောက် စုထားဆောင်းထားတာလေးနဲ့ ဆိုက်ကားလေးတစ်စင်းဝယ်ပြီး ဒီမိသားစုဘဝလေးကို

တည်ဆောက်နေခဲ့တာအခုဆို သူတောင်အသက်လေးဆယ်စွန်းစွန်းထဲရောက်လာခဲ့ပြီ…

ဘဝကမတိုးတတ်လာပေမယ့်အချိန်တန်ရင် ထမင်းဝိုင်းလေးမှာ ဆုံရမယ် သားလေးနဲကချစ်ဇနီးသည်

မျက်နာလေးကို မြင်နေရာတာနဲ့တင် သူ့အတွက် ပြည့်စုံနေပြီလေ… ၊ သူအမြဲပြောနေကျစကားတစ်ခွန်းရှိတယ်

ဘာတဲ့… “ ဘဝဆိုတာ ချမ်းသာဖို့မလိုဘူး….မိသားစုတစ်ခုမှာ နွေးထွေးကြင်နာချစ်ခင်မှုမရှိရင်

ဘယ်လောက်ချမ်းသာချမ်းသာ ဘယ်လောက်ပညာတတ်ပါစေ သူတို့နှလုံးသားတွေက ပြည့်စုံတယ် ၊

နွေးထွေးတယ်ဆိုတဲ့ ခံစားမှုကို ရှာတွေ့မှာမဟုတ်ဘူးတဲ့ ၊ ဘယ်လောက်ထိဈေးကြီးတဲ့ ထမင်းဝိုင်းကြီးမှာ

ဘယ်လိုမျိုး နာမည်ကြီးဟင်းတွေ စုံလင်နေပါစေအနည်းဆုံးတော့ ကိုယ်ချစ်ရတဲ့ မိသားစုမရှိဘဲ

တစ်ယောက်တည်းစားရတဲ့ညစာကအေးစက်နေမှာပဲ…. ၊ မိသားစုတွေစုံစုံလင်လင်နဲ့

စားသောက်ရတဲ့ ထမင်းစားဝိုင်းလေးမှာ ဟင်းဆိုလို့ ငါးပိရည်တစ်ခွက်တည်းရှိရင်တောင်

ဘယ်လိုစားစား တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး ဖြစ်လာတဲ့ ပီတိအရှိန်လေးနဲ့

ထမင်းလည်းမြိန်သလို ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေနဲ့ လွှမ်းခြုံနေတဲ့ ထမင်းဝိုင်းလေးမို့

အရာရာပြည့်စုံနေပြီပဲလေ ” တဲ့… ဒီစကားလေးကို ကိုကျော်ကြီး မူးတဲ့အခါ ပိုပြောတတ်တယ် ၊

သူပြောတာမှန်သင့်သလောက်တော့ မှန်ပါတယ်… ကိုကျော်ကြီးလို လူကြမ်းကြီးတစ်ယောက်က

လူကြမ်းပေမယ့် နှလုံးနုတဲ့လူတွေထဲမှာ ပါတယ်ဆိုတာတော့ လက်ခံရမယ် ။

ကိုကျော်ကြီးမှာ ထူးခြားတဲ့အချက်လေးတွေလည်းရှိသေးတယ် ၊ သူက

တစ်နေကုန်အလုပ်လုပ်နေတဲ့အချိန်ဆိုအရက်လုံးဝမသောက်ဘူး ၊ တစ်ခြားဆိုက်ကားဆရာတွေကမှ

နည်းနည်း နည်းနည်းလောက် ခိုးသောက်ထားတတ်ကြသေးတယ် ၊အဲ့တစ်ချက်တော့ ကိုကျော်ကြီးက

စံထားလောက်တယ်… ၊အေး..အလုပ်တွေပြီးပြီလား..အလုပ်တွေပြီးလို့ ဆိုက်ကားသိမ်းမယ့်အချိန်

ညဘက်ဆိုရင်တော့အရက်ကို သူသောက်နိုင်တဲ့ လစ်မစ်တစ်ခုရောက်တဲ့အထိ

ရေလည်သောက်တတ်တယ် ၊ နောက်ပြီး သူက မူးလာရင်လည်း ဘယ်သူ့ကိုမှ

မရစ်တတ်ဘူး..သူ့ဘာသာသူ တိတ်တိတ်လေး ဆိုက်ကားလေးနင်းပြီးအိမ်ပြန်တတ်တယ်

ဘာပြသနာမှလည်းမဖြစ်သလို ဘယ်သူနဲ့မှလည်းရန်မဖြစ်ဖူးဘူး ၊ ကိုကျော်ကြီးက တော်တော်

အနေအေးတဲ့ လူတစ်ယောက်လို့အကြမ်းဖျင်းသတ်မှတ်လို့ရတယ် ၊ ကိုကျော်ကြီးတို့ ဆိုက်ကားဂိတ်က

ဈေးနားမှာဆိုတော့ တစ်နေ့တစ်နေ့ ပုံမှန်ဝင်ငွေလေးက ဈေးသွားဈေးပြန် စီးနေကျလူတွေရထားတော့

စိတ်ချရတဲ့သဘောမှာရှိတယ် ။

တစ်နေ့ ခါတိုင်းလိုပဲ ကိုကျော်ကြီး တစ်နေကုန် ဆိုက်ကားဆွဲ…အချိန်တန်တော့

ဘုံဆိုင်ကိုပြေးပြီးအရက်ကလေးသောက်ဖြစ်တယ် နောက်ပြီး ပြန်နေကျလမ်းလေးအတိုင်း

ဆိုက်ကားလေးကို တအိအိနင်းပြီး ဈေးဘေးနားက ပြန်နေကျ လမ်းကလေးအတိုင်း

အိမ်ကိုပြန်လာခဲ့တယ်…. ၊

ဒီနေ့မှ ခါတိုင်းထက်ကို ပိုမှောင်နေသလားလို့တွေးမိတယ် ၊

ပတ်ဝန်းကျင်မှာ ထူးထူးခြားခြားအရင်ကြားနေကျ ညည့်ပုရစ်ကလေးတွေ

အော်သံတောင်မကြားရလောက်အောင် ဆိတ်ငြိမ်နေတာကိုတော့ သတိထားမိတယ် ၊

လမ်းမီးတစ်ချို့ကလည်း ပြတ်လိုက်လာလိုက်နဲ့ ….အရက်ဆိုင်ကပြန်လာတဲ့လမ်းမှာလည်း

နာရေးအိမ်တစ်အိမ်ကို မြင်လာခဲ့ရသေး ၊ ဘယ်ကနေဘယ်လိုအူနေမှန်းမသိတဲ့

ခွေးအုပ်ကြီးအူနေတဲ့အသံကလည်းအသည်းထဲအရိုးထဲထိ စိမ့်ဝင်သွားလောက်အောင်

ကြောက်စရာအငွေ့အသက်တွေရနေမိတယ် ၊ ကိုကျော်ကြီးလိုအကြောက်အလန့်မရှိတဲ့သူတောင်

ဒီလို ညမျိုးမှာ ကျောချမ်းနေမိတာအမှန်ပဲ ။

ဆိုက်ကားခြေနင်းလေးကို ဖြည်းဖြည်းလေးနင်းနေရာက ခပ်မြန်မြန်လေး မသိမသာ နင်းနင်း

ကြည့်လိုက်တယ် … ၊ စိတ်ထဲမှာတော့အိမ်အမြန်ပြန်ရောက်ချင်နေမိတယ်

အချိန်ကလည်း သန်ခေါင်ဆိုတော့ လမ်းပေါ်မှာလည်းလူသူကင်းမဲ့နေတဲ့အပြင်

လမ်းမကြီးတွေမှာတောင် ကားအသွားအလာ မရှိသလောက် ကြဲနေတဲ့အချိန် ၊

ကိုကျော်ကြီး တစ်ယောက်တည်း ဈေးဘေးနားက လမ်းလေးအတိုင်း

ဆိုက်ကားလေးနဲ့….. ။

ဈေးဘေးနားက လမ်းလေးနားလည်းရောက်ရော ကိုကျော်ကြီး သူ့အရှေ့က

မြင်ကွင်းကြောင့် တစ်ချက်တော့ တွန့်သွားမိတယ်…နောက်တော့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်း

မျက်လုံးကိုသေချာအမူပျောက်အောင်ပွတ်လိုက်ရင်းအဲ့ဒီ့မြင်ကွင်းကိုသေချာပြန်ကြည့်လိုက်တယ် ။

လရောင်ထိန်ထိန်လင်းနေတဲ့ ညအလယ်မှာ သူမြင်နေရတာက

အမူးသမားတစ်ယောက် ကားလမ်းပေါ်မှာ ကန့်လန့်ကြီးလှဲအိပ်နေတာ…. ၊

ကိုကျော်ကြီးလည်းအမူးသမားချင်းတူတူဆိုတော့ ကိုယ်ချင်းစာပြီး သူ့ဆိုက်ကားအရှေ့ဘက်

ခပ်ဝေးဝေးမှာ လှဲနေတဲ့အမူးသမား ညဘက်ကြီး လူမသိသူမသိ ကားကြိတ်ခံရပြီး

သေမှာစိုးလို့ စေတနာနဲ့ သူ့ဆိုက်ကားမှာတပ်ထားတဲ့ ဘဲလ်လေးကို ဆက်တိုက်တီးပြီး

အသိပေးလိုက်တယ်

“ ကလင် ကလင် ကလင် ”

ဒါပေမယ့် သူ့အရှေ့မှာ လှဲနေတဲ့အရာက တစ်ချက်လောက်လှုပ်ယုံပဲလှုပ်သွားပြီး

အိပ်မြဲအိပ်နေပြန်တာကိုတွေ့နေရတယ်…နောက်တော့ ကိုကျော်ကြီး စိတ်မရှည်တော့ဘဲ

သွားနှိုးမှဖြစ်မယ်ဆိုပြီး ဆိုက်ကားပေါ်ကအသာလေးဆင်းပြီး သူ့ရှေ့နားကလူအနားကို

လေးလေးကန်ကန် လျှောက်သွားရင်း လှမ်းပြောလိုက်တယ်…

“ ဟေ့ယောင် မူးရင်လည်း လွတ်လွတ်ကင်းကင်းမူးစမ်းကွာ…ဒီမှာတော့လာမအိပ်နဲ့

ငါမုန့်ဟင်းခါးမစားချင်ဘူးကွာ ”

ကိုကျော်ကြီး စကားအဆုံး တစ်ဖက်ကလူကအသိအမှတ်ပြုတဲ့ပုံနဲ့ ပိုလှုပ်လာပြီး

လှဲနေရာက ဆက်ခနဲကောက်ထလိုက်တယ် ပြီးတော့ လိမ်ကောက်လိမ်ကောက်နဲ့

ကိုကျော်ကြီးနားကို ပြေးလာပါလေရော….တစ်ဖက်ကလူရဲ့ ထူးဆန်းတဲ့အပြုအမှုကြောင့်

ကိုကျော်ကြီးလည်း တစ်ချက်တွန့်သွားပြီးကြောင်ကြည့်နေတုန်း ဟိုခူက

သူ့အနားရောက်လာတော့မယ်….အနားရောက်ခါလည်းနီးရော ကိုကျော်ကြီး တစ်ဖက်ကလူကို

သေသေချာချာမြင်လိုက်ရတော့တယ်… ၊ သူကဆီပြေးလာနေတာက လူမှမဟုတ်ဘဲ…

နံပြားတစ်ခြပ်လိုမျိုး ဖောင်းတဲ့နေရာကဖောင်း ပိန်တဲ့နေရာကပိန်နဲ့ ပြားကပ်နေတဲ့ ခေါင်းကြီးနဲ့

အရိုးအဆစ်တွေနေရာပြောင်းပြီးပြောင်းပြန်တွေဖြစ်တွန့်လိမ်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့

မိန်းမကြီးတစ်ယောက်ပုံစံဟန်မျိုးနဲ့ သရဲဖြစ်နေတာကိုမြင်လိုက်တော့ ဘာပြောကောင်းလေမလဲ

ကိုကျော်ကြီးလည်း ဆိုက်ကားကိုထားရစ်ခဲ့ပြီးအော်တောင်မအော်လိုက်နိုင်ဘူး

ခွေးပြေးဝက်ပြေးကိုတန်းပြေးတော့တာ သူပြေးလေ နောက်ကလိုက်လေနဲ့ မှီမလိုမှီမလိုဖြစ်ရင်း

ကိုကျော်ကြီးအသည်းအသန်ပြေးလိုက်တာဆိုတာ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းကို

မသိလိုက်ဘူး… နောက်ဆုံး ကိုကျော်ကြီး သတိရလာတာက သူတို့မြို့နယ်က ဆေးရုံအသေးစားလေး

တစ်ခုမှာဖြစ်နေတယ်…. ၊ သူသတိလစ်နေတာ တစ်ရက်ပြည့်တော့မယ်ဆိုတာကိုလည်းသိလိုက်တယ်

ဘေးနားမှာလည်း ဆွေမျိုးတွေ နဲ့ ဇနီးသည် ၊ သားလေးက စိုးရိမ်တကြီးစောင့်နေကြတယ်….

“ ဟယ် ကိုကျော်ကြီး သတိရလာပြီတော့…. ”

“ သွားသွား ဆရာဝန်သွားပင်ကြပါဦး….. ”

“ ကိုကျော်ကြီး ကိုကျော်ကြီး ဘာတွေဖြစ်ခဲ့တာလဲ…..

ဘာဖြစ်လို့ ဟိုဘက်ရပ်ကွက်က လမ်းဘေးမှာ သွားအိပ်နေရတာတုန်း ”

“ ဟင်..ငါ့ဘယ်မှာအိပ်လို့လဲ ”

ဘေးနားကအပေါင်းအသင်းတွေစကားကြောင့် ကိုကျော်ကြီး မသိသလိုနဲ့

ပြန်မေးလိုက်တော့

“ ဟော့ဗျာ…ခင်ဗျားဆိုက်ကားက ဈေးဘေးနားကလမ်းမှာ သော့မခတ်ဘဲထားခဲ့တာကို

အဲ့နားကာအိမ်က မနက်ကျတော့မြင်လို့ သိမ်းပေးထားတာလေ… လူက ဟိုးဘက်ရပ်ကွက်က လမ်းဘေးမှာ

လဲနေတာကိုတွေ့လို့အကြောင်းကြားတာနဲ့ ကျွန်တော်တို့တွေ့ပြေးပြီးခင်ဗျားကိုသယ်လာပြီး

ဆေးရုံတင်ထားလိုက်တာ..ခင်ဗျားအရက်တွေသိပ်မသောက်နဲ့တော့ဗျာ…

အလွန်အကျွံကြီးကျတော့ ဘယ်ကောင်းပါ့မလဲဗျာ…သားသမီးနဲ့ မိန်းမ မျက်နာလည်းထောက်စမ်းပါဦး ”

အဲ့ဒီ့အခါမှ ကိုကျော်ကြီးအဖြစ်အပျက်ကို သေချာသိသွားပြီး သူပြေးခဲ့တာတွေ

အပြေးလွန်ပြီးအမောဆို့လို့ သတိလစ်သွားတာတွေကိုပြန်မြင်လာတယ် ၊ တစ်ခုနဲ့တစ်ခု

ချိတ်ဆက်မိလာတာနဲ့ သူဖြစ်ခဲ့သမျှကိုအားလုံးနားလည်အောင် သေသေချာချာရှင်းပြလိုက်တော့တယ်

အဲ့ဒီ့အခါမှ လူတွေကလည်း လန့်သွားကြပြီး တကယ်လားဆိုပြီးမေးလာကြတယ် ၊ တစ်ချို့ကလည်း

ကိုကျော်ကြီးအရက်ကြောင် ကြောင်ပြီးလျှောက်ပြောတာလို့သတ်မှတ်ထားကြတယ်… ။

နောက်ပိုင်း လတွေတော်တော်ကြာလာတော့

လူတွေသိလာတာက ကိုကျော်ကြီးအပြင် ညဘက် သန်းခေါင်ချိန်လောက်

လူပြတ်တဲ့အချိန်တွေမှာအဲ့ဒီ့လမ်းကတစ်ယောက်တည်း ပြန်ဖြစ်တဲ့အခါအနောက်ကနေ

ကိုကျော်ကြီးကြုံသလို သရဲမက ပြေးလိုက်တတ်တာတွေ ကြုံလာတယ်ဆိုတဲ့

သတင်းတွေကြားတော့မှ ကိုကျော်ကြီးစကားကို လက်ခံလာကြတယ် ၊အစားအသောက်ပါလာရင်

လိုက်ဆွဲတဲ့အထိကို ဆိုးတယ်လို့ကြားရတယ်.. ၊ တစ်ချို့ကျတော့လည်းအပုတ်နံ့နဲ့

အနံပေးပြီးအခြောက်အလန့်ခံရတယ်လို့လည်းပြောကြတယ်…. ၊အားလုံးကို

ဆက်စပ်ကြည့်တော့ ဒီသရဲမက ဘယ်သူလဲဆိုတာတော့အားလုံးလည်း ရိပ်စားမိကြမှာပါ ။

တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ ဈေးတစ်ခုရှိတယ် ၊အဲ့ဒီ့ဈေးနားမှာလည်း

လမ်းသွယ်လေးတစ်ခုရှိတယ် ၊ ညဘက်ဆို လူပြတ်တတ်တယ်ဆို တစ်ယောက်တည်း

ညနက်မှအိမ်ပြန်ရတဲ့အခါမျိုးမှာ ဘုရားတရားမမေ့ဘဲ သတိထားပြီး ပြန်ကြဖို့

အထူးမှာကြားပါရစေ… ၊ ဈေးနေရာနဲ့ဖြစ်ရပ်မှန်လေးဖြစ်ခဲ့တဲ့နေရာတွေကို

ပြောခွင့်မရှိတဲ့အတွက် ဒီလောက်ပဲသတိပေးပါရစေ…. ၊ မဖြစ်မနေ ဒီလမ်းကနေ

ညဘက် ကိုယ်တစ်ယောက်တည်းအိမ်ပြန်ရမယ်ဆိုရင်လည်းအတွေးထဲမှာ

တစ်ခုတော့ ကြိုတွေးထားပါ ကိုယ်သာ ကိုကျော်ကြီးနေရာမှာဆို

ဘာတွေလုပ်မိမှာလဲဆိုတာလေးကိုပေါ့………… ။

ပြီးပါပြီ
ရေးသားသူ–မိုးစွေ
#crd