စတေးကြသူများ

စတေးကြသူများ(စ/ဆုံး)
———————–

ရေးလက်စ စာကိုခဏရပ်ထားလိုက်ပြီး ဘေးမှာချထားသောကော်ဖီကိုကျွန်မယူကာသောက်လိုက်ရင်း
ဒီဝတ္ထုပြီးဖို့အတွက် အတွေ့အကြုံနည်းနည်းလိုမည်ဟုကျွန်မတွေးလိုက်သည်။
ကျွန်မကော်ဖီကိုအရသာခံသောက်နေရင်း ကျွန်မထိုင်နေသောကော်ဖီဆိုင်အတွင်းလူသုံးယောက်ဝင်လာတာကိုမြင်လိုက်ရသည်။

“သူငယ်ချင်းတို့ရေငါဒီမှာ”

ကျွန်မလက်ပြကာနှုတ်ဆက်လိုက်ပြီး ကျွန်မရှိရာသို့သူတို့လျှောက်လှမ်းလာသည်။

“ငါရောက်နေတာကြာလှပြီ နင်တို့တွေဘယ်ဝင်နေလို့ ဒီလောက်ကြာနေတာလဲ”

ကျွန်မကနောက်ကျနေရသည့်အကြောင်းကိုမေးတော့
်ချယ်ရီက ကျွန်မဘေးကိုဝင်ထိုင်လိုက်ကာပြောပြသည်။

“ဒီလိုမြနှောင်းညို ရေ ငါတို့နယ်ဘက်က ကုမ္မဏီတစ်ခုက ရှိုးပွဲလုပ်မှာလေ အဲ့ဒါကြွေက မော်ဒယ်ရှိုးမှာပါမှာ လွန်းထက်ကိုလည်းဖျော်ဖြေပေးဖို့အတွက်ဖိတ်ထားတယ် ငါတို့နယ်ဘက်ကဆိုတော့ ငါကသူတို့လိုအပ်တဲ့အဝတ်အစားတွေဝယ်တာကိုလိုက်ပြီးကူညီပေးနေရတာနဲ့ကြာသွားတာ”

“စျေးဝယ်ထွက်ရင်းနဲ့ကြာသွားတာပေါ့ ဒါနဲ့နင်တို့နယ်ဘက်ကဆိုတော့နင့်ကိုကောမဖိတ်ဘူးလား”

ကျွန်မစကားကိုကြားပြီးချယ်ရီမျက်နှာပျက်သွားသည်။ဒါကိုမြင်မှကျွန်မစကားမှားသွားကြောင်းသိလိုက်ရသည်။တကယ်တော့ချယ်ရီက မော်ဒယ်ဆိုပေမယ့် ကြွေလောက်နာမည်မကြီးပေ။သီချင်းအနည်းငယ်ဆိုတတ်ပေမယ့်
လွန်းထက်လောက်အောင်မြင်မှုမရှိ။

“ငါကိုတော့မဖိတ်ထားပါဘူး
ဒါပေမယ့်ရောက်တုန်းရောက်ခိုက်ငါ့နယ်မှာရှိတဲ့ထူးခြားတဲ့နေရာ
တွေအလည်လိုက့်ပို့ပေးမလို့လေ အဲ့ဒါငါကောလိုက်သွားမှာ
မြနှောင်းနင်ကောလိုက်ခဲ့ပါ့လား”

ချယ်ရီရဲ့ကမ်းလှမ်းချက်ကိုကျွန်မစိတ်မကောင်းစွာဖြင့်ငြင်းပယ်လိုက်သည်။ဒီလထုတ်မည့်လုံးချင်းအတွက်ကျွန်မ အားထုတ်ရန်ရှိသေးသည်မဟုတ်ပါလား။

“နောက်မှလိုက်ခဲ့တော့မယ်သူငယ်ချင်းတို့ နင်တို့ပျော်ပျော်ရွှင်ရွှင်နဲ့သာသွားကြ ငါဒီလ လုံးချင်းထွက်ဖို့အချက်အလက်တွေစုဆောင်းရဦးးမယ်”

“ငါတို့လေးယောက်ဆိုတော်တော်ပျော်ဖို့ကောင်းမှာ မြနှောင်းရဲ့
နင်မအားဘူးဆိုတော့မတတ်နိုင်ဘူးပေါ့
ဒါနဲ့ဒီတစ်ခေါက်လုံးချင်းက ဘာအကြောင်းအရာပေါ်မူတည်ပြီးရေးထားတာလဲ”

ကြွေကစိတ်ဝင်တစားလှမ်းမေးမှ ကျွန်မဒီတစ်ခေါက်ရေးမည့်
အကြောင်းအရာ ကိုစိတ်လှုပ်ရှားစွာဖြင့်စဉ်းစားလိုက်သည်။

“ဒီတစ်ခေါက်ရေးမယ့်အကြောင်းကတော့မကျွတ်မလွတ်သေးတဲ့
ပရလောကသားတွေကို မြင်နိုင်တဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရေးမှာ သူငယ်ချင်းတို့ရေ horror အမျိုးအစားပေါ့”
•••••••••••••••••••

“လိပ်စာအရတော့ ဒီအ်ိမ်ပဲ…..”

ကျွန်မ အိမ်လိပ်စာကိုကိုင်ပြီး ကျယ်ဝန်းလှသောခြံဝန်းကြီးကိုကြည့်ကာကျွန်မရှာနေသည့်အိမ်မှန်းအတည်ပြုလိုက်သည်။

လူခေါ်ခေါင်းလောင်းကိုတီးလိုက်တော့ အသက်အနည်းငယ်ကြီးရင့်သည့်အမျိုးသမီးတစ်ဦးထိုအိမ်ထဲကထွက်လာတာကိုမြင်လိုက်ရပြန်သည်။ထိုအမျိုးသမီးကကျွန်မကိုမြင်တော့အနည်းငယ်မျက်မှောင်ကျုံ့လိုက်တာကိုတွေ့သည်။

“မင်္ဂလာပါ ရှင့် ဒါဒေါ်ဖြူ ဇာတို့အိမ်ကပါလား”

“ဟုတ်ပါတယ်ရှင်က စာရေးဆရာမမြနှောင်းညို ထင်တယ်
အထဲဝင်ပါရှင့်”

ကျွန်မကဟုတ်မှန်ကြောင်းခေါင်းညိမ့်လိုက်ပြီးသူမနောက်သို့လိုက်လာခဲ့သည်။အိမ်ထဲရောက်တော့ ရှေးဆန်လှသောအိမ်တွင်းမှုအပြင်အဆင်နဲ့နတ်ရုပ်တုတစ်ချို့ကို
ကျွန်မသတိထားမိပြီး သူမညွှန်ပြသည့်ဧည့်ခန်းထဲသို့ဝင်ထိုင်လိုက်သည်။
ထိုနောက်ကျွန်မရှေ့သို့ဝင်ထိုင်လိုက်သော ဒေါ်ဖြူ ဇာကိုကျွန်မတစ်ချက်ကြည့်လိုက်သည်။တကယ်တော့သူမရှိ သည့်နေရာကိုကျွန်မအသိနတ်ဝင်သည်ကလမ်းညွှန်လိုက်ချင်းဖြစ်သည်။

“ကဲ ကျွန်မစကားပုလ္လင်ခံမနေတော့ပါဘူး ကျွန်မကိုအထွေးလွှတ်လိုက်တာပါကျွန်မအကြောင်းကိုလည်း
ဒေါ်ဖြူ ဇာ ကအထွေးပြောပြလို့သိပြီးပြီထင်ပါရဲ့”

ဒေါ်ဖြူ ဇာက ကျွန်မကိုကြည့်ကာခေါင်းညိမ့်ပြလိုက်သည်။

“ဟုတ်ပါတယ်ဆရာမ
အထွေးကဆရာမအကြောင်းကိုပြောပြထားပါတယ်ဒါကြောငိ့မို့လည်းဆရာမကိုစောင့်နေတာပါ”

“ဒါဆိုရင် ဘယ်လိုပါလဲ ကျွန်မလိုချင်တဲ့အရာဒေါ်ဖြူ ဇာ့ဆီမှာရှိပါသလား”

ကျွန်မစကားကိုကြားပြီးဒေါ်ဖြူ ဇာကသူမသိမ်းဆည်းထားသောကတ္တီပါဘူးလေးကိုဖွင့်ပြီးကျွန်မဆီလှမ်းပေးလိုက်သည်။ထိုဘူးလေးထဲမှာ အဝါရောင်ကျောက်တစ်မျိုးတပ်ဆင်ထားသည့်ငွေလက်စွပ်လေးတစ်ခုရှိနေသည်။ကျွန်မကထိုလက်စွပ်လေးကိုတော်မတော်ဝတ်ကြည့်လိုက်မိသည်။

“ဒီလက်စွပ်လေးကိုဝတ်လိုက်ရင်တကယ်ပဲ ဝိဥာဉ်တွေကိုမြင်ရမယ်ပေါ့ ဟုတ်ပါသလားဒေါ်ဖြူ ဇာ”

“စိတ်တော့မရှိပါနဲ့ လက်စွပ်ဝတ်လိုက်တာနဲ့ချက်ချင်းကြီးတော့
ဝိဥာဉ်တွေကဥုံဖွဆိုပြီးပေါ်လာမှာမဟုတ်ပါဘူးတဖြည်းဖြည်းနဲ့တော့ရှင်ခံစားမိမှာပါ ရှင်သဘောကျမှဝယ်ဖို့ဆုံးဖြတ်ပါ”

ကျွန်မက လက်ကိုင်အိတ်ထဲက ငွေစက္ကူ ထည့်ထားသည့်စာအိတ်ကိုသူမဆီသို့လှမ်းပေးလိုက်သည်။

“အထွေးကိုယ်တိုင်ထောက်ခံထားတဲ့စုန်းမပဲ ကျွန်မယုံရမှာပေါ့
ကျွန်မဝယ်ပါ့မယ်”

ဒေါ်ဖြူဇာကစာအိတ်ကိုလက်ခံလိုက်ပြီးကျွန်မဝတ်ထားသောလက်စွပ်ကိုလှမ်းကြည့်လိုက်သည်။

“ဒီလက်စွပ်က ဝိဥာဉ်တင်မဟုတ်ဘူးတခြားပရလောကနဲ့ဆက်စက်တဲ့အရာမှန်သမျှမြင်နိုင်တဲ့အစွမ်းရှိတယ် ဒီလက်စွပ်ကိုဘာအတွက်ရှင်သုံးမှာပါလဲ”

“ကျွန်မပြောလို့ရပါတယ် ကျွန်မကစာရေးဆရာလေ ဝိဥာဉ်တွေနဲ့ပတ်သက်ပြီးစာအုပ်တစ်အုပ်ထုတ်ချင်လို့ပါ
ဒါဆိုကျွန်မကိုခွင့်ပြုပါဦး”

ကျွန်မကထိုဒေါ်ဖြူ ဇာအားနှုတ်ဆက်ပြီးပြန်ထွက်လာခဲ့သည်။ကျွန်မ၏
ကားဆီသို့ရောက်ကာနီးမှာတော့ ဖုန်းတစ်ကောဝင်လာသောကြောင့်ကျွန်မကောက်ကိုင်လိုက်သည်
ချယ်ရီတို့နယ်ဆီသို့ရောက်နေသော ကြွေ့ဆီမှဖြစ်သည်။

“အေး ပြော မိကြွေ”

“နင့်ကိုသတိရလို့ပါမြနှောင်းရဲ့ နင်တော့ပါမလာတာနာတာပဲ
ချယ်ရီမက အခုသဘောတွေစွတ်ကောင်းနေတာ အခုလည်းသူတို့နယ်ဘက်ကနာမည်ကြီးတဲ့နေရာတွေလိုက်ပို့ပေးနေတာ သူအခုလိုက်ပို့ပေးမယ့်နေရာကဘာပါလိမ့်
သြော် သိပြီ အင်္ဂလိပ်ခေတ်က မြို ပိုင်တစ်ဦးနေခဲ့တဲ့အိမ်တဲ့
အဲ့အိမ်ထဲမှာသမိုင်းဝင်ပစ္စည်းတွေအများကြီးဆိုပဲ နင်လိုက်လာရင်ကုန်ကြမ်းရလောက်တယ်သိလား
ထူးခြားချက်ကအဲ့ဒီအိမ်ကြီးကိုရေကန်အလယ်ထဲမှာဆောက်ထားတာတဲ့ ငါတို့လှေစီးသွားရမှာအခုလှေငှါးနေတယ်”

“အေးအေး ပျော်အောင်လည်ခဲ့ကြနော်အပြန်ကျမုန့်ဝယ်ခဲ့ဦး”

မကြာခင်ကားမောင်းရမှာမို့ကျွန်မဖုန်းပြောတာကိုလက်စသတ်ကာကျွန်မနေအိမ်ရှိရာသို့မောင်းထွက်လာခဲ့သည်။

အိမ်ကိုရောက်တော့ ရေမိုးချိုးကာညနေစာစားသုံးအပြီးကျွန်မရဲ့စာရေးစားပွဲပေါ်မှာ
နေ့လည်ကဝယ်လာသောလက်စွပ်ကိုပွတ်သတ်နေမိသည်။
အချိန်ကတဖြည်းဖြည်းနဲ့ကုန်ဆုံးသွားတာကိုပင်မသိလိုက်ပေ။
ထိုအခိုက်မှာပင် ကျွန်မဆီသို့ဖုန်းတစ်ကောဝင်လာသည်။ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ချယ်ရီဆက်တာကိုကျွန်မသိလိုက်သည်။

“အေး ချယ်ရီရေ ပြော လျှောက်လည်ရတာတော်တော်ပင်ပန်းသွားကြပြီလား”

ကျွန်မကဝမ်းသာအားရမေးလိုက်သော်လည်း ချယ်ရီဆီကဘာသံမှမကြားရ။အစကဖုန်းလိုင်းမကောင်းလို့များလာဟုထင်ခဲ့သော်လည်း ဖုန်းထဲကနေငိုရှိုက်သံတစ်ချက်ကိုကျွန်မကြားလိုက်ရသည်။

“ချယ်ရီ ချယ်ရီ နင်ငိုနေတာလားဘာဖြစ်လို့လဲ့ နင်ဘာဖြစ်လို့လဲ”
•••••••••••••••

နောက်ဆုံး မှာတော့မီးသဂြိုလ်စက်ထဲဝင်သွားသော ကြွေ့အလောင်းကိုကြည့်ပြီး လွန်းထက်နဲ့ကြွေဒီလောကကြီးမှာမရှိတော့ဘူးဆိုတာကျွန်မလက်ခံလိုက်ရသည်။အရုပ်ကြိုးပျက်ထိုင်ငိုနေသော ချယ်ရီ့ကိုကျွန်မဆွဲထူလိုက်ပြီး ကျွန်မမျက်ဝန်းဝကမျက်ရည်တချို့ကိုသုတ်လိုက်သည်။

“အရမ်းကြီးဝမ်းနည်းမနေပါနဲ့တော့ချယ်ရီကြာရင် နင့်ကျန်းမာရေးထိလိမ့်မယ် သူတို့နှစ်ယောက်ကံမပါလို့ဒီအထိပဲနေသွားရတယ်လို့ပဲတွေးရမှာပေါ့”

“ငါငါ့ကိုယ့်ငါ ခွင့်မလွှတ်နိုင်ဘူးမြနှောင်း တကယ်ဆိုငါပါတစ်ခါတည်း သေသွားရမှာ သူတို့ရေမကူးတတ်ဘူးဆိုတာသိရက်သား နဲ့လှေစီးပြီးသွားဖို့ငါပဲအကြံပေးခဲ့တာ”

ကျွန်မ သွေးပျက်ပြီးကိုယ့်ကိုယ်ကိုအပြစ်တင်နေသော ချယ်ရီ့ကိုဖက်ထားလိုက်ပြီးနှစ်သိမ့်လိုက်သည်။

“နင့်အပြစ်
ိမဟုတ်ပါဘူးလှေကနဂိုလ်ကတည်းကပေါက်နေတာမဟုတ်လား
သတိမထားမိတော့ ရေလယ်ခေါင်မှာရေဝင်ပြီးနစ်မြုပ်သွားတာဆို
အခုနင်တစ်ယောက်အသက်ရှင်နေတာကိုကံကောင်းလှပါပြီ”

တရှုံ့ရှုံ့ငိုကြွေးနေတဲ့ ချယ်ရီ့ကိုခေါ်ပြီးသချို င်္င်းကနေထွက်သွားဖို့ကျွန်မတို့ပြင်လိုက်ကြသည်။
ကားနားရောက်ချိန်မှာတော့ ချယ်ရီတစ်ယောက် ထိတ်လန့်သောအမူအရာဖြင့်နောက်လှည့်ကာတစ်ခုခုရှာနေတာကိုမြင်လိုက်ရသည်။

“မြနှောင်း နင်ရေမွှေးနံ့မရဘူးလား ကြွေအမြဲသုံးနေတဲ့ရေမွှေးနဲ့လေ ငါငါအခုရလိုက်တယ်”

အထိတ်တလန့်ဖြစ်နေသောချယ်ရီ့ကိုကြည့်ပြီး ကျွန်မအနံ့ခံကြည့်တော့ ကျွန်မနှာခေါင်းဝမှာကြွေအမြဲသုံးနေကြရေမွှေးနံ့ကိုရလိုက်သည်။ချယ်ရီကိုကြည့်လိုက်တော့ထိတ်လန့်နေတဲ့သူမအမူအရာကိုကြည့်ပြီးကျွန်မခံစားရသည့်အတိုင်းပြော၍မဖြစ်ဆိုတာနားလည်လိုက်သည်။

“ငါတော့မရပါဘူး နောက်ပြီးဒီအသုဘလိုက်ပို့တဲ့လူတွေအများကြီးပဲသူတို့ထဲကဖြစ်မှာပေါ့”

ကျွန်မချယ်ရီ့ကိုဖျောင်းဖျလိုက်ပြီးအသုဘလိုက်ပို့တဲ့လူအုပ်ကြီးအားကြည့်လိုက်တော့ လူအုပ်ကြားထဲမှာ ကျွန်မတို့အားလှမ်းကြည့်နေသောမျက်လုံးနှစ်စုံကိုမြင်လိုက်မိသည်။ထိုမျက်ဝန်းများနှင့်အရမ်းရင်းနှီးသလိုခံစားရပြီးအမြင်မှားတာနေမှာပါဟုကိုယ့်ကိုယ်ကိုတွေးကာကားထဲသို့ဝင်လိုက်သည်။
မကြာခင် ပါပါရာဇီတွေရောက်လာပြီး သတင်းယူကြတော့မည်ဆိုတာကျွန်မသိနေသောကြောင့်ဖြစ်သည်။နာမည်ကြီးမော်ဒယ်တစ်ဦးနဲ့အဆိုတော်တစ်ဦးရေနစ်သေဆုံးသည့်ကိစ္စဟာ အနုပညာလောကမှာနာမည်ကြီးသတင်းဖြစ်မှာသေချာပါသည်။
•••••••••••••••
ခြောက်လခန့်ကြာပြီးနောက်…..

ချယ်ရီနေထိုင်သည့်ခြံရှေ့ရောက်တော့ ကျွန်မကားကိုထိုးရပ်လိုက်သည်။ခြံရဲ့ပတ်ဝန်းကျင်အနီးမှာပါပါရာဇီတချို့ရှိနေတာကိုကျွန်မမြင်လိုက်ရသည်။ချယ်ရီ့ဆီလာတိုင်း
ထိုပါပါရာဇီများကိုမြင်ရသည်မှာကျွန်မအတွက်ရိုးနေပြီဖြစ်သည်။
ကြွေနဲ့လွန်းထက်သေဆုံးသွားသည့်ကိစ္စအနုပညာလောကမှာဂယက်ထပြီးနောက်ပိုင်းမှာတော့ ချယ်ရီနာမည်ဟာမယုံနိုင်စရာကောင်းလောက်အောင်တဟုန်ထိုးကျော်ကြားလာသည်ကတော့ကျွန်မမျက်မြင်ပင်ဖြစ်သည်။ချယ်ရီဟာ
ရှိုးပွဲတွေမှာနာမည်ရလာပြီးယခုဆိုလျှင်သရုပ်ဆောင်လောကကိုဝင်ရောက်ကာတစ်နိုင်ငံလုံးရဲ့အချစ်တော်အဖြစ်သို့ရောက်ရှိနေပြီဖြစ်သည်။ချယ်ရီ့ရဲ့အိမ်ကိုကျွန်မ ကတံခါးမရှိဓားမရှိဝင်နိုင်တာကြောင့် အသာလေးဝင်လာခဲ့သည်။
ချယ်ရီရဲ့ကားကိုခြံဝန်းထဲမှာမြင်ရသောကြောင့်ချယ်ရီအိမ်ထဲမှာရှိနေတာကိုကျွန်မသိနေခဲ့သည်။

“ချယ်ရီရေ ချယ်ရီ”

အိမ်ထဲဝင်ရောက်လာတော့ချယ်ရီရဲ့နာမည်ကိုအော်ခေါ်လိုက်ပေမယ့် ချယ်ရီရဲ့အရိပ်အယောင်ကိုမမြင်ရပေ။ထိုအခိုက်အတန့်အိမ်ပေါ်တက်သည့်လှေကားပေါ်ကနေ လူရိပ်တစ်ခုထက်ပိုသောအရာများကအပေါ်ထပ်သို့တက်သွားတာကိုမြင်လိုက်ရသည်။

“ချယ်ရီနင်အပေါ်မှာလား”

ကျွန်မအပေါ်ထပ်သို့တက်ကာချယ်ရီ့ကိုရှာဖွေနေမိသည်။သူမအခန်းထဲသို့ဝင်ကြည့်မိတော့မှအခန်းထောင့်မှောင်ရိပ်ကျနေသည့်နေရာမှာ ထိတ်လန့်နေသောချယ်ရီ့ကိုတွေ့လိုက်ရသည်။

“မြနှောင်း သူ သူတို့ငါ့နားမှာအချိန်တိုင်းရှိနေတယ်ဒါကိုနင်မြင်ရလား သူတို့ငါ့အပေါ်ကျေနပ်မှာမဟုတ်ဘူးဒါ ဒါကိုငါသိနေတယ်”

“သတိထားစမ်း ချယ်ရီ ဘယ်သူတွေနင့်နားရှိနေတာလဲ”

ချယ်ရီက လိုက်ကာများကာထားသည့်နေရာကိုလက်ညိုးထိုးပြတော့ကျွန်မကသူမထိုးပြသည့်နေရာကိုလှမ်းကြည့်လိုက်သည်။

“ကြွေနဲ့ လွန်းထက်ငါ့နားမှာရှိနေတုန်းပဲ ငါလှုပ်ရှားမှုမှန်သမျှကိုအငြိုးတကြီးနဲ့စောင့်ကြည့်နေကြတယ်
ဟိုလိုက်ကာနောက်မှာသူတို့ရှိနေကြတယ်နင်မြင်လား”

“ဘာမှမရှိပါဘူးနင့်စိတ်ထင်တာနေမှာပါ ကဲနင့်ကြည့်ရတာတစ်ညလုံးအိပ်ရပုံမရဘူးအားရှိသွားအောင်အိပ်လိုက်”

တကယ်တော့ ကျွန်မလိုက်ကာနောက်ကအရိပ်နှစ်ခုကိုမြင်ရပါသည်။ချယ်ရီကြောက်မည်စိုး၍သာလိမ်ညာလိုက်ရခြင်းဖြစ်သည်။ချယ်ရီ့ကိုအိပ်ရာထဲမှာသိပ်ပြီးကျွန်မ လိုက်ကာနောက်သို့ထွက်လာခဲ့သည်။လိုက်ကာရဲ့နောက်ကွယ်မှာချယ်ရီအိပ်နေတာကို အငြိုးတကြီးကြည့်နေသည့် သဏ္ဍန်နှစ်ခုကိုကျွန်မမြင်လိုက်ရသည်။

“ကြွေနဲ့လွန်းထက် နင်တို့နှစ်ယောက် ဘာလို့အငြိုးတကြီးနဲ့
ချယ်ရီ့ကိုလိုက်နှောက်ယှက်နေရတာလဲ ”

ကျွန်မမေးတာကိုပြန်မဖြေပဲ သူတို့နှစ်ယောက်က နင်မသိပါဘူးဆိုသည့်အကြည့်မျိုးဖြင့်ကြည့်ကာ အမှောင်ရိပ်အတွင်းသို့တိုးဝင်ပျောက်ကွယ်သွားတာကိုကျွန်မမြင်လိုက်ရသည်။
••••••••••••••••
“ကျွန်မပေးတဲ့ အဆောင်က ဝိဥာဉ်တွေကိုမြင်ရရုံတင်မကဘူး
စကားပါပြောလို့ရတယ် ဒါပေမယ့်ရှင်တွေ့ခဲ့တဲ့နှစ်ယောက်ကရှင့်ကိုစကားမပြောဖူးဆိုတော့ ဖြစ်နိုင်ချေတစ်ခုက သူတို့ကိုအင်အားကြီးတဲ့သူတစ်ဦးကချုပ်ကိုင်ထားတာလို့ယူဆရမှာပဲ
ရှင့်အနေနဲ့ သူတို့သေဆုံးခဲ့တဲ့နေရာကိုသွားပြီးလေ့လာရင်တော့အဖြေတစ်ခုခုတွေ့မှာပဲ”

စုန်းမ ဖြူ ဇာပြောလိုက်သည့်စကားများကိုကြားယောင်ရင်းကျွန်မက
ကြွေတို့သေဆုံးခဲ့သည့်နေရာရေအိုင်သို့ရောက်လာခဲ့သည်။ရေကန်စပ်မှာ လှေတချို့ရှိနေပြီးလိုက်ပို့မည့်လှေသမားကိုမူမတွေ့ရချေ။

“ဒီနယ်ကလူတွေကလှေစီးကျွမ်းကျင်ကြတယ်လေ ဒါကြောင့်လှေသမားတွေဘာတွေမရှိဘူး လာလေ့လာတဲ့သူတွေကိုဧည့်လမ်းညွန်တွေကပဲလှေသမားလုပ်ပေးတယ်”

ကျွန်မနဲ့အတူပါလာသော ဧည့်လမ်းညွန်ကလှေကိုလှော်ခတ်ကာရှင်းပြသည်။
တကယ်တော့ကျွန်မလည်း
လှေလှော်အသင်းဝင်ဖြစ်တာကြောင့်လှေလှော်တတ်သော်လည်း
ဧည့်လမ်းညွှန် ပါမှပိုအဆင်ပြေမည်ဟုထင်သောကြောင့်ထိုသူ့ကိုငှါးခဲ့ခြင်းဖြစ်သည်။

“ရေကန်အလယ်က အိမ်ကြီးထဲမှာထူးခြားတာဆိုလို့သိပ်မရှိပါဘူး
ဆုတောင်းပြည့်တယ်ဆိုတဲ့နတ်ရုပ်တစ်ခုပဲရှိတယ် ကျွန်တော်တော့အကြိမ်ကြိမ်ဆုတောင်းတာပဲတစ်ခါမှပြည့်မလာဘူး”

ထိုဧည့်လမ်းညွှန်ပြောတာကိုကျွန်မနားထောင်ပြီးထိုအိမ်ကြီးရှိရာသို့ရောက်လာခဲ့သည်။
ဧည့်လမ်းညွန်က အိမ်ကြီးအတွင်းသို့ကြိုက်သလိုကြည့်ရှုပါဟုပြောပြီးအပြင်မှာနေခဲ့ပြီးအစောင့်နဲ့စကားပေါနေတာကိုကျွန်မတွေ့သည်။ကျွန်မကအိမ်ကြီးအတွင်းသို့လှည့်လည်ကြည့်ရှု့ရင်း အခန်းတစ်ခုထဲသို့ဝင်ရောက်သွားမိသည်။ ထိုအခန်းထဲမှာ
နဂိုမည်းတာလား ကြေးတွေကြောင့်လားမသိ မည်းပြာနေသော လူတစ်ရပ်စာရှိသည့်ရုပ်တုတစ်ခုကိုတွေ့ရသည်။
ထိုရုပ်တုရဲ့မျက်နှာပေါက်ကိုကြည့်ရသည်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး အနောက်အာဖရိကကလာသည့်လူမျိုးပုံစံဖြစ်သည်ဟုကျွန်မထင်မိသည်။ထိုအခန်းထဲကနေလှည့်ကာထွက်ခွာမည်အပြုကျွန်မနောက်ကျောကနေစကားသံတစ်ခွန်းကိုကြားလိုက်ရသည်။

“ဒီနေ့တော့ထူးခြားတဲ့လူတစ်ယောက်ငါ့ဆီရောက်လာတာပဲ”

အခန်းထဲမှာလူတစ်ယောက်မှာမရှိဘူးဆိုတာကျွန်မသိသည်။
စကားသံကဘယ်ကထွက်လာတာလဲဟုအတည်ပြုရန်လှည့်ကြည့်လိုက်တော့ စောစောကရုပ်တုနေရာမှာကပ္ပလီမတစ်ယောက်ထိုင်နေတာကို
မြင်လိုက်ရသည်။

“ရှင်ဘယ်သူလဲ စောစောကရှင့်ကိုမတွေ့ပါဘူး”

“မင်းဝင်လာကတည်းကငါရှိနေပါတယ် ကလေးမ အမြင်ချင်းကွာခြားသွားလို့နေမှာပါ စောစောကတော့ရုပ်တုအသွင်နဲ့အခုတော့လူသားအသွင်နဲ့ပေါ့”

သူမပြောတော့မှစောစောကရုပ်တုမရှိတော့တာကျွန်မသတိထားမိသွားသည်။

“ရှင်ကစောစောက ရုပ်တုပေါ့ ရှင်ကဘယ်သူလဲ နောက်ပြီးဘယ်လိုလုပ်မြန်မာစကားပြောတတ်တာလဲ”

“ငါဒီကိုရောက်တာနှစ်ပေါင်းရာနဲ့ချီနေပြီမြန်မာစကားမပြောတတ်ပဲနေပါ့မလား တကယ်တော့ငါက အာဖရိကကနတ်ဘုရားတပါးပါ
ငါ့နာမည်လူမီနာလို့ခေါ်တယ် ဒါနဲ့မင်းဒီကိုလာတာကိစ္စတစ်ခုရှိလို့မဟုတ်လား”

ထိုအခါမှကျွန်မလာရင်းကိစ္စကိုသတိရသွားသည်။

“ဟုတ်ပါတယ် ကျွန်မကိစ္စရှိလို့လာတာပါ ရှင်သိမှာပါ လွန်ခဲ့တဲ့ခြောက်လလောက်က ဒီကရေအိုင်မှာလူနှစ်ယောက်ရေနစ်သေသွားတယ် အဲ့ဒီလူနှစ်ယောက်ရဲ့ဝိဥာဉ်ကကျွန်မသူငယ်ချင်းကိုနှောက်ယှက်နေတယ် နောက်တော့ကျွန်မသိလိုက်ရတာက သူတို့ကိုချုပ်ကိုင်နေတဲ့သူရှိတယ်ဆိုတာပဲအဲ့ဒါရှင်မဟုတ်လား”

“ဟားဟားဟား မင်းသူငယ်ချင်းကအဲ့လိုပဲပြောလား သူအပေးအယူလုပ်ခဲ့တုန်းက ဒီလိုခြော က်လှန့်ခံရမယ်လို့ငါသတိပေးခဲ့သားပဲ ဒါကိုသူကျေကျေနပ်နပ်လက်ခံပြီးစတေးမှုပြုလုပ်ခဲ့တာပဲ”

သူမစကားကိုကြားပြီးချယ်ရီဘာအပေးယူလုပ်ခဲ့ပြီးစတေးမှုလုပ်ခဲ့တာပါလိမ့်ဟုတွေးနေမိသည်။

“ချယ်ရီပြောတာတော့ ရှင်အတင်းအကြပ်ခိုင်းစေခဲ့တာဆို”

“နားထောင်ကလေးမ လွန်ခဲ့တဲ့ခြောက်လမတိုင်ခင်တုန်းက
ချယ်ရီဆိုတဲ့မိန်းကလေးငါ့ဆီရောက်လာခဲ့တယ် သူ့ကြည့်ရတာ
သူလိုချင်တာမဖြစ်လို့စိတ်ဓာတ်ကျနေပုံပဲ အဲ့ဒီနေ့ကသူဆေးတချို့သောက်ပြီး ငါ့အခန်းထဲမှာလဲကျသွားတယ် အဲ့ဒီမှာပဲသူ့ရဲ့တွယ်ငြိနေတဲ့ဝိဥာဉ်က ငါ့ကိုတွေ့ပြီးသူလိုချင်တာတွေဖြည့်ဆည်းပေးဖို့ပြောတယ်
ငါကလည်း လိုတရတဲ့သူမဟုတ်တဲ့အတွက်ဖြည့်ဆည်းမပေးနိုင်ဘူး ဒါပေမယ့်နည်းလမ်းတစ်ခုတော့ပေးလိုက်တယ်”

ကျွန်မက ချယ်ရီ့ကိုဘာနည်းလမ်းပေးလိုက်တာပါလိမ့်ဟုသိချင်မိသည်။

“အဲ့ဒါကတော့ လွှဲပြောင်းခြင်းစတေးမှုလို့ခေါ်တယ်မင်းလိုချင်တဲ့အရာကိုပိုင်ဆိုင်ထားတဲ့သူကို ငါ့နယ်ပယ်ထဲမှာပဲ
သူ့အသက်ကိုစတေးရင် သူ့ဆီမှာရှိတဲ့ပိုင်ဆိုင်ထားတဲ့အရာက
မင်းဆီကိုရောက်လာမယ် မင်းသူငယ်ချင်းကတော့တကယ်လောဘကြီးတယ် စတေးမှုအတွက်လူနှစ်ယောက်တောင်အသုံးပြုခဲ့တယ်”

ထိုအခါမှ ကြွေတို့သေဆုံးမူ့ဟာသွေးရိုးသားရိုးသေဆုံးမှုမဟုတ်ဘူးဆိုတာကျွန်မသိလိုက်ရပါတယ်။ချယ်ရီဟာ သူဖြစ်ချင်တဲ့နာမည်ကြီးအဆိုတော်သရုပ်ဆောင်ဖြစ်ဖို့ကြွေတို့ကိုစတေးခဲ့တာကျွန်မသိလိုက်ရသည်။

“စတေးမှုရဲ့နောက်ဆက်တွဲရလဒ်ကတော့ စတေးခံရတဲ့သူတွေဟာ ဝင်သက်ထွက်သက်ကုန်ဆုံးသည်အထိခြောက်လှန့်နေဦးမယ်
ိဆိုတာပဲ”
••••••••••••••••

ရေကန်အလယ်ကအိမ်ကြီးဆီသို့ သူမကလှေပေါ်ကနေလှော်တက်ဖြင့် လှော်ခတ်ရင်း မြနှောင်းပြောပြတာကိုပြန်ကြားနေမိသည်။

“ချယ်ရီငါစုံစမ်းကြည့်တော့ ကြွေတို့သေတဲ့ရေကန်မှာ နတ်ရုပ်တစ်ရုပ်ရှိတယ်တဲ့ ဝိဥာဉ်တွေကအဲ့ဒီနတ်ရုပ်အောက်မှာ
ထိန်းချုပ်မှုနဲ့တည်ရှိကြတယ်တဲ့ နင်အဲ့ဒီနတ်ရုပ်ဆီမှာ ပူဇော်ပြီး
တောင်းပန်ကြည့်ပါလား”

မြနှောင်းက ဂရုဏာမျက်ဝန်းဖြင့်ပြောတော့ သူမကမြနှောင်း
အနေနဲ့သူမလုပ်ခဲ့တာတွေကိုသိသွားရင်ခွင့်လွှတ်နိုင်ပါ့မလားဟုတွေးနေမိသည်။ မြနှောင်းအကြံပေးသလို နတ်ရုပ်ဆီမှာပူဇော်ရင်ရနိုင်လောက်တယ်ဟုအတွေးလည်းပေါ်မိသည်။သို့သော်သူမက နိုင်ငံကျော်အနုပညာရှင်မို့ လူသိလို့မဖြစ်ဖူးဟုသူမတွေးမိပြီးဘယ်သူမှမရှိသည်။ညအချိန်မှထွက်လာခဲ့ခြင်းပင်ဖြစ်သည်။သူမရဲ့လှေနောက်မှာငုတ်တုတ်ထိုင်လိုက်လာသော သဏ္ဍာန်နှစ်ခုကိုကြည့်ပြီးမကြာမီလွတ်မြောက်ဖို့မျှော်လင့်နေမိသည်။

သူမအိမ်ကြီးဆီသို့ရောက်တော့ အိမ်ကြီးအတွင်းမှာဘယ်သူမှမရှိကြဟုထင်သည်။အစောင့်ကလည်းညအခါသူ့အိမ်ပြန်သွားသည်ဟုထင်သည်။သူမ ဖယောင်းတိုင်အမွှေးတိုင်များကိုထုတ်ကာထွန်းညိပူဇော်လိုက်ပြီး
လူမီနာအလာသို့စောင့်ဆိုင်းနေမိသည်။ယခင်ကဝိဥာဉ်ဘဝနဲ့တွေ့ဖူးသော်လည်းယခုလိုလူသားဘဝနဲ့လာတွေ့ပါ့မလားဟုစိတ်ထင့်နေမိသည်။
ခဏအကြာမှာတော့ သူမနောက်ကနေခြေသံတချို့ကြားလိုက်ရသည်။လူမီနာအထင်ဖြင့်သူမလှည့်ကြည့်လိုက်တော့ ဝတ်ရုံမည်းကြီးခြုံထားသည့်သူကိုတွေ့လိုက်ရသည်။သူ့ရဲ့မျက်နှာကိုသူမမမြင်ရပေမယ့်
ို့သူ့ရဲ့လက်ထဲမှာတော့ချွန်ထက်လှသည့်ဓားတစ်ချောင်းကိုတော့သူမမြင်လိုက်ရသည်။သူက သူမပါးစပ်အားလှမ်းပိတ်ကာနောက်ဆုံးသူမရင်ဝသို့သူ့ရဲ့ဓားအားမညာမတာထိုးထည့်လိုက်တာကိုတော့နောက်ဆုံးသူမသိလိုက်ရသည်။
•••••••••••••••••••
“မင်္ဂလာပါရှင့် ကျွန်မတို့ရဲ့ စူပါစတားတို့ရဲ့ရင်ဖွင့်သံ အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ် ဒီတစ်ခေါက်ကျွန်မတို့အစီအစဉ်ကိုဖိတ်ကြားထားတဲ့အနုပညာရှင်ကတော့စာရေးဆရာမ မြနှောင်းညိုပဲဖြစ်ပါတယ် ကြိုဆိုပေးကြပါဦး”

“ဖြောင်းးးး ဖြောင်းးး ဖြောင်းးး”

လက်ခုတ်သြဘာပေးလိုက်သောပရိတ်သတ်များကိုကြည့်ပြီးကျွန်မပြုံးကာနုတ်ဆက်လိုက်သည်။

“မင်္ဂလာပါဆရာမ ပရိတ်သတ်တွေကဆရာမအပေါ်အရမ်းစိတ်ဝင်စားနေကြတယ်
အကြောင်းကတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မော်ဒယ်ကြွေ
အဆိုတော် လွန်းထက်နဲ့ ပြည့်သူ့အချစ်တော် ချယ်ရီတို့ရဲ့သူငယ်ချင်း ဖြစ်နေတာကတစ်ကြောင်းဆရာမရဲ့ထူးခြားတဲ့အရည်အချင်းတွေကြောင့်ဒီအစီအစဉ်မှာပါဝင်ဖို့ဖိတ်ခေါ်လိုက်ရခြင်းဖြစ်ပါတယ်”

“ဟုတ်ကဲ့ ကျွန်မအခုလိုဖိတ်ကြားခံရတဲ့အတွက်ဂုဏ်ယူမိပါတယ်
ကျေးဇူးလည်းတင်ပါတယ်”

ကျွန်မက အစီအစဉ်တင်ဆက်သူအမျိုးသမီးအားသကာဆမ်းထားသောမျက်နှာထားမျိုးဖြင့်ပြန်ပြောလိုက်သည်။

“ဆရာမသူငယ်ချင်းတွေနဲ့ပတ်သက်ပြီး ဆရာမရင်ဖွင့်စရာရှိမှာပေါ့
အထူးသဖြင့်ချယ်ရီပေါ့ ချယ်ရီဟာကိုယ့်ကိုယ်ကိုဓားနဲ့ထိုးသတ်တယ်ဆိုပြီးသတင်းကြီးနေပေမယ့် ရဲတွေဘက်ကလူသတ်မှုဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ချနေတယ် ဆရာမအနေနဲ့ကောဘယ်လိုထင်မိပါသလဲ”

“အင်းကျွန်မကတော့လူသတ်မှုလို့မထင်ဘူးချယ်ရီ့ကိုတစ်နိုင်ငံလုံးချစ်ကြတယ်လေ ဘယ်လိုလူမျိုးကချစ်စရာကောင်းတဲ့ချယ်ရီ့ကိုသတ်ရက်မှာလဲ
နောက်ပြီးကျွန်မသူငယ်ချင်းမှာစိတ်ဓာတ်ကျတဲ့ရောဂါရှိတယ်လေ
တစ်ခါကလည်းသူ ဆေးတွေသောက်ပြီးသေကြောင်းကြံစည်ဖူးတယ်ဒါကတော့လူအနည်းငယ်သိတဲ့ကိစ္စပေါ့လေ”

အစီအစဉ်တင်ဆက်သူကနားလည်ဟန်ဖြင့်ခေါင်းငြိမ့်လိုက်တာကိုကျွန်မတွေ့ရသည်။ကျွန်မအာရုံများကရှေ့တွင်ရှိနေသောပရိတ်သတ်များဆီသို့ရောက်သွားပြီးတစ်စုံတစ်ခုများတွေ့မလားဟုရှာကြည့်နေမိသည်။

“ဆရာမပြောတာမှန်တယ်လို့ထင်ပါတယ် အခုဆရာမအကြောင်းပဲမေးပါတော့မယ် ဆရာမကအခုဆိုရင်
ဆရာမဝတ္ထုကိုရိုက်တဲ့ဇာတ်ကားမှာ သရုပ်ဆောင်ပါလုပ်နေပြီး
ဇာတ်ဝင်သီချင်းကိုပါသီဆိုထားတယ်နော် ဆရာမအနေနဲ့စွယ်စုံရအနုပညာရှင်ဖြစ်ဖို့ ဘယ်လောက်ထိမျှော်မှန်းထားပါသလဲ”

“ဟုတ်ကဲ့ ကျွန်မလည်းကျွန်မသူငယ်ချင်းတွေနဲ့နီးစပ်ပြီး
ပိုးကူးသွားတယ်ထင်ပါတယ် ကျွန်မအစွမ်းကုန်ကြိုးစားသွားမှာပါ”

အစီအစဉ်တင်ဆက်သူကိုပြန်ဖြေနေပေမယ့်ကျွန်မမျက်လုံးများက
ပရိတ်သတ်ကြားမှာရှာနေဆဲပင်။

“သြော်ကျွန်မအရေးကြီးတာမေးဖို့မေ့သွားတော့မလို့
ဆရာမအနေနဲ့ဒီလိုစွယ်စုံရအနုပညာရှင်ဖြစ်ဖို့ဘာတွေစတေးခဲ့ရသလဲ ဥပမာလူတစ်ယောက်ကအဆိုတော်ဖြစ်ချင်လို့ဆရာဝန်ဘဝကို့စွန့်လွှတ်ရတာမျိုးလေ”

နောက်ဆုံးမှာတော့ကျွန်မရှာနေတာကိုတွေ့ရှိသွားမိသည်။ပရိတ်သတ်ကြားမှာအငြိုးတကြီးဖြင့်ကျွန်မအားစိုက်ကြည့်နေသော
သဏ္ဍာန်သုံးခုထိုသဏ္ဍာန်သုံးခုကိုလူတွေမတွေ့နိုင်ပေမယ့် ကျွန်မကတော့သေချာပေါက်မြင်နေရသည်။ကျွန်မထိုအရာများဆီသို့လှမ်းကြည့်ရင်းအစီအစဉ်တင်ဆက်သူမေးသည့်မေးခွန်းကိုဖြေးညှင်းစွာဖြင့်ဖြေလိုက်သည်။

“စတေးမှုလားရှိတာပေါ့ရှင် ဒါပေမဲ့အဲဒီစတေးမှုကတော့
ပြောပြလို့မဖြစ်နိုင်တာကိုတော့နားလည်ပေးပါရှင်”

ပြီးပါပြီ
သျှင်သွေးသုတ
#မူရင်းတင်ထားသူအားလည်းcredit