စိတ်ခြောက်ခြားရာဘုံ(စ/ဆုံး)
—————————-
လူတွေ စည်ကားနေသည့် ကျေးလက်တောရွာလေးတစ်ခုရဲ့ စျေးထဲ ရှိုင်းသုခတို့ အဖွဲ့လေး ရောက်နေခြင်းဖြစ်သည်။ စျေးသည်တွေရဲ့ ခေါ်သံတွေကို ဂရုမစိုက်အား မြန်မာ့ ပန်းချီ ပန်းပုလက်ရာများ၊ မြန်မာ့တူရိယာများ ချိတ်ဆွဲထားသော မြန်မာမှု လက်ရာ ဆိုင်လေးက ရှေးဟောင်းပစ္စည်းတစ်ချို့ကို စိတ်ဝင်တစား ကြည့်နေမိသည်။
“သုခ .. ဟိုဘက်သွားမယ်…”
“အွန်း .. ခဏလေး ငါ ဒါလေးတွေ စိတ်ဝင်စားနေလို့ ဓာတ်ပုံလေးတွေ ရိုက်လိုက်ဦးမယ်..”
သုခ .. ပန်းနုကို မကြည့်ပဲ စကားပြောရင်း ထိုဆိုင်မှ ပစ္စည်းတွေကို မိမိရရ ဖုန်းတစ်လုံးနှင့် ဓာတ်ပုံရိုက်နေမိသည်။ သုခတို့ သူငယ်ချင်း ၅ယောက် ကျောင်းပိတ်ရက် အပန်းဖြေ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား လူငယ်များပီပီ လူသူအရောက်နည်းသော ကျေးရွာလေးတစ်ခုသို့ ပေါက်ပေါက်ရှာရှာ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။သုခ ငယ်ငယ်က ဖေဖေ ပြောပြဖူးတယ်။ဖိုးဖိုးမဆုံးခင်က ဒီ သစ္စာ ကျေးရွာလေးမှာ ထူးဆန်းတဲ့ အဖြစ်အပျက်လေးတွေ ရှိခဲ့ဖူးသည်တဲ့။ သုခ စိတ်ဝင်စားမိတာ အမှန်ပါ။ သုခရဲ့ သွားချင်နေသည့် စိတ်ဆန္ဒကို အကောင်အထည်ဖော်ရင်း သစ္စာကျေးရွာလေးက်ို သူငယ်ချင်းတွေနှင့် တိုင်ပင်ကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ဖေဖေက ဖိုးဖိုးနဲ့ ပတ်သတ်ပြီး ..သစ္စာကျေးရွာအကြောင်း သုခစိတ်ထဲ စွဲအောင် တမင်ပြောခဲ့လေသလား မသိ။ဖိုးဖိုး ကိုယ်စား.. သစ္စာကျေးရွာက မိန်းကလေးတစ်ယောက်ရဲ့ ကျိန်စာကို ဖြေပေးပါတဲ့..။
@@@@@@@
စိမ်းစို အုံမှိုင်းပြီး သာယာအေးချမ်းတဲ့ တောအုပ်လေး တစ်ခုမှာ နေရသလိုပင်။ဝါးဖြင့် သီးသန့်ဆောက်ထားသော တစ်လုံးအိမ်လေး ရှေ့ အပန်းဖြေသည့် ဝရန်တာလိုနေရာလေးမှာ အဖွဲ့လိုက် စုထိုင်နေမိသည်။ ကျေးရွာလေးရဲ့ စည်းကမ်းအရ ဧည့်သည် ဖြစ်တဲ့ သုခတို့ အဖွဲ့လေး ရွာနဲ့ မနီးမဝေး အပန်းဖြေအိမ်လေးမှာ တည်းခိုခွင့်ရကြသည်။အဘိုးဖြစ်သူ သစ္စာကျေးရွာမှာ နေခဲ့ဖူးသည်က တစ်ကြောင်း သုခကို အထူးအဆန်းလုပ်ပြီး ရွာသူရွာသားတစ်ချို့ လာကြည့်တတ်ကြသည်။တိုင်းရင်းသားလူမျိုးတစ်စု ဖြစ်သည့် သူတို့ ဘာသာစကားနဲ့ပြောလျှင် သုခတို့အဖွဲ့ နားမလည်။ မသိပေမယ့် လာကြည့်သူ မှန်သမျှ ပြုံးပြနေရတော့သည်။
“သုခ.. နင့်အဖိုးက ဒီကျေးရွာမှာ ဘယ်လောက်တောင်နေခဲ့လို့ အသိတွေ ပေါရတာလဲ။ သူက နင့်အဖွားနဲ့ မြို့မှာ အိမ်ထောင်ကျပြီး..မကြာဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီသစ္စာ ကျေးရွာမှာပဲ ဆုံးသွားတာဆို..”
ပန်းနု အမေးကို သုခ သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းခါမိလိုက်သည်။
“စိတ်ဝင်စားစရာတော့ အမှန်ပဲ သုခ၊ ထင်သလောက် ရိုးရှင်းမယ် မထင်ဘူး နော်”
ထူးသစ် အပြောကို မုန်းမာန်နဲ့ ရွက်ဝါတို့က ထောက်ခံသလို ကြည့်သည်။ ပန်းနုတို့ ပြောလဲ ပြောစရာပင်။ရွာကိုရောက်တာနှင့် သုခတို့ အဖိုးနာမည်ပြောလိုက်လျှင်ပင် အံ့သြသင့်တဲ့ မျက်လုံးတွေနှင့် ကြည့်ကာ ကျေးရွာလူကြီးဆီ သတင်းပို့ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသော လူတစ်ချို့ကို ကြည့်ပြီး အထူးအဆန်း ဖြစ်ခဲ့ရသည်။သုခတို့ကို ဂရုတစိုက်နှင့် တည်းရမည့်နေရာလေးသို့ လိုက်ပို့ကာ.. အစားအသောက်ကစ ရွာရဲ့ ဓလေ့အတိုင်း အိမ်တိုင်းက ဟင်းတစ်ခွက်စီချက်ကာ သုခတို့ဆီ ဗန်းလေးတွေ ကိုင်ကာ လာပို့ပေးကြသည်။ ချစ်စဖွယ်. ယဉ်ကျေးလွန်းသည့် ဓလေ့လား မပြောတတ် သုခတို့အပေါ်ဆက်ဆံသည်က နက်နဲလွန်းသည် ထင်မိသည်။ထူးခြားသည်က တိုင်းရင်းသားဝတ်စုံလေးတွေ ဝတ်ပြီး ထမင်းလာပို့သော မိန်းကလေးတစ်ချို့မှာ သုခကို မြင်လျှင် မရဲတရဲ ကြည့်တတ်ကြပြီး မျက်နှာလွှဲကာ ထွက်သွားတတ်ကြသည်။လူစိမ်းတစ်ယောက်မို့ ထင်ပါရဲ့…။
“အစ်ကိုလေးတို့… ”
သုခတို့နှင့် မနီးမဝေးခပ်လှမ်းလှမ်းမှ ရုတ်တရက်ခေါ်သံကြောင့် လှည့်ကြည့်မိသည်။ရှိလှမှ အရွယ်လေးက ၁၄နှစ်လောက် ရှိသော မိန်းကလေးတစ်ယောက်။တိုင်းရင်းသူ ဝတ်စုံ အနီရောင်လေးနှင့် ဆံပင်ကို အပေါ်မြင့်မြင့်ထုံးကာ ဝတ်ဆင်ထားသည်က ရှေးဆန်ဆန် လှနေသလိုပင်။တုန်ယင်နေသော လက်ချောင်းလေးတွေကို မသိမသာ ဆုပ်နယ်ရင်း နှုတ်ခမ်းက မပွင့်တပွင့်နှင့် စကားတစ်ခွန်းပြောဖို့ ကြိုးစားနေသည်က သိသာနေသည်။သုခ ထိုမိန်းကလေးဆီ သွားကာ လက်ထဲမှ ဟင်းလာပို့သော ဗန်းလေးကို ကိုင်လိုက်လျှင်..
“ဟိုလေ… ညဘက်ဆိုရင်.. ဒီအပန်းဖြေ အိမ်ရဲ့ အနောက်ဘက်က သစ်ခြောက်ပင်ကြီးဆီ မသွားပါနဲ့နော်..” တဲ့..။
“ဘာပြောတာလဲ .. ညီမ..”
မြန်မာလိုပြောနေပေမယ့် စကားသံက မပီ..မသဲကွဲ..။
“သစ်ခြောက်ပင် ရှိတဲ့ဘက်.. မသွားဖို့ပြောတာ..×××××”
ဆက်ပြောသည့် စကားတွေ နားမလည်တော့။ တိုင်းရင်းသား စကားတွေ ရောသွားသည် ထင်ပါသည်။သုခ တစ်ချက်ပြုံးကာ နားမလည်ပေမယ့် ခေါင်းညိမ့်ပစ်လိုက်သည်။နားမလည်သည့် အရာကို ..စိတ်ရှုပ်မခံနိုင်တော့။ ထိုအခါ.. ကောင်မလေး မျက်နှာ ချက်ချင်း ပြုံးယောင်သန်းသွားပြီး..
“ကျေးဇူးတင်ပါတယ်..”
ဆိုကာ.. လှည့်ထွက်သွားသည်။ထိုကောင်မလေး ဘာကို ဆိုလိုချင်တာလဲ ဆိုတာ သုခ တကယ်ပင် နားမလည်နိုင်တော့..။
@@@@@@@@@@
ညဉ့်ငှက်အော်သံနှင့်အတူ ညတစ်ခုလုံးကို အမှောင်ထုက ဝါးမျိုသွားသည်။ ခြောက်ခြားစရာ ကောင်းလွန်းတဲ့ ညလေ လား …။သုခ ဟိုဒီ လူးလွန့်ရင်း အသံတစ်ခုကို ယောင်ဝါးဝါး ကြားမိလိုက်သည်။ အိပ်ချင်မူးတူး ဖြစ်နေ၍ ထင်ပါ၏၊ အချိန်အတန်ကြာသည်အထိ အသံတစ်ခုကို ကြားနေမိသည်။
“…”
“….”
တူရိယာတစ်ခု တီးသံကို ပီပြင်စွာ ကြားလိုက်ရ၍ သုခ အိပ်ယာကနေ ထထိုင်မ်ိလိုက်သည်။ဘေးမှာ မုန်းမာန်နှင့် ထူးသစ် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို ကြည့်ပြီး ဖော်ရလို့ ရညား လှုပ်နှိုးသော်လည်း မရ။ အခန်းပြင်ကို ထွက်ခဲ့လိုက်သည်။ မထင်မှတ်စွာ ဘေးက ပန်းနုနဲ့ရွက်ဝါ တို့ အခန်းဘက်ကို မျက်နှာမူမိလျှင် … သုခတို့တည်းသည့် အိမ်နှင့် မလှမ်းမကမ်းက တောစပ်က အသံက ထွက်ပေါ်လာသည်။သုခ တွေဝေမနေပဲ သိချင်စိတ်နှင့် အိမ်ပေါ်မှ ဆင်းကာ လရောင်ကို အဖော်ပြုပြီး အသံကြားရာကို မသိစိတ်က သွားနေမိသည်။အချိန်ဘယ်လောက်ကြာသွားသည် မသိ။အသံမှာ သွားလေ အဝေးက လာနေသလို ဖြစ်နေသည်။ သုခ သတိဝင်ကာ ခြေလှမ်းတွေက်ို တုံ့ခနဲ ရပ်လိုက်ပြီး နောက်ပြန်လှည့်ဖို့ ကြိုးစားလိုက်လျှင်…
“ဟင်..”
အသံ…။ တူရိယာ အသံနှင့်အတူ မိန်းကလေးတစ်ယောက်ရဲ့ သာယာစွာထွက်ပေါ်လာသည့် အသံ..။သုခ ခြေသံကို ခပ်ဖွဖွနင်းကာ အုံ့စိုင်းနေသည့် သစ်ရွက် သစ်ခက်တွေကို ဖယ်လိုက်လျှင် ရေတွေ စီးကျနေသည့် ရေတံခွန်နားက ခပ်သေးသေး ဂူတစ်ခုကို လရောင်အောက်ကနေ ပီပြင်စွာ မြင်လိုက်ရသည်၊ ဂူဝမှာ မိန်းကလေးတစ်ယောက် ဗုံတွေကို ပတ်ပတ်လည်တီးနေပြီး ခပ်အုပ်အုပ်ရယ်သံကို အတိုင်းသား ကြားနေရသည်။ အိမ်မက်လား တကယ်လား သုခ ဝေခွဲမရတော့..။ ရင်တွေ အတိုင်းအဆမဲ့ ခုန်လာကာ ထိုမိန်းကလေးမျက်နှာကို သေသေချာချာ မြင်ခွင့်ရချင်လာသည်။လရောင်အောက်မှာ ဗုံတွေတီးပြီး တခစ်ခစ်ရယ်မောကာ သဘောကျနေသာ သူမကို ကြည့်ပြီး သုခ စိတ်တွေ ထိန်းချုပ်နိုင်စွမ်း မရှိတော့။ ထိုမိန်းကလေးကို သေချာကြည့်ဖို့ နီးကပ်စွာ သွားဖို့ ကြိုးစားလျှင်ပဲ ဘောင်းဘီအိတ်ထဲက ဖုန်းက မြည်လာသည်။သုခ ချက်ချင်း ဖုန်းကိုချလိုက်ပြီး silentလုပ်လိုက်ချိန်တွင် ထို ကောင်မလေး ဂူနားက သစ်ပင်ကြီးတစ်ပင်နောက်ကို ဝင်သွားကာ ရုတ်တရက်ဆိုသလို ပျောက်သွားသည်။သုခ မီအောင် လိုက်ကြည့်သော်လည်း ထိုကောင်မလေးကို မတွေ့ရတော့။ရင်ထဲ မောဟိုက်သွားသလို ခံစားလိုက်ရသည်။တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်မျိုး..။ထိုကေ ာင်မလေးကို ဟိုးအရင်ထဲက ရင်းနှီးကျွမ်းဝင်ခဲ့သလိုမျိုး ခံစားနေရသည်။ထိုစဉ် သုခ ပုခုံးကို အေးစက်နေသော လက်တစ်ဖက်က ညင်သာစွာ ဆုပ်ကိုင်လိုက်လျှင်… သုခ ခေါင်းတွေ ကြီးကာ နောက်ကို လှည့်လိုက်မိသည်။
@@@@@@@@@@
“သုခ ..”
“အမလေး..”
“လန့်မနေနဲ့ နင်ကလဲ။ ငါတို့ အော်ခေါ်နေတာ မကြာဘူးလား။ တစ်ရွာလုံး နင့်ကို မီးတုတ်တွေနဲ့ လိုက်ရှာနေကြတာ။ ညကြီး သန်းခေါင် ..ကိုယ်တည်းတဲ့နေရာက ရွာအပြင်တောစပ်နားက အိမ်မှာ နင်မို့ မကြောက်မလန့်..”
သုခ .. ပန်းနုကို တွေဝေစွာ တစ်ချက် စိုက်ကြည့်ပြီး ချက်ချင်း ဆိုသလို ဗုံတွေတီးနေသော မိန်းကလေးကို သတိရကာ ရေတံခွန် အနား အပြေးလေးထွက်ကာ လိုက်ရှာနေမိသည်။ ရုတ်တရက်တော့ ပျောက်ကွယ် မသွားပါနဲ့လား..ကောင်မလေးရေ..။ မီးတုတ်အလင်းရောင်တစ်ချို့နှင့် အတူ ရွာသားအချို့ရောက်လာလျှင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး သိမ်ငယ်စိတ်တွေ ဝင်လာသည်။ ထို မိန်းကလေးကို သုခ ထပ်ပြီး တွေ့ရပါဦးလား။ ခြေဖဝါးမှာ နင်းမိထားသော ဆံထိုးလေး တစ်ခုက်ို ငြင်သာစွာ ကောက်ယူလိုက်ပြီး ထိုမိန်းကလေး၏ အမှတ်တရ ပစ္စည်းတစ်ခုအဖြစ် ဘောင်းဘီအိတ်ထဲ မသိမသာ ထည့်လိုက်သည်။ပြီးလျှင် စိုးရိမ်တကြီး ကြည့်နေသော ရွာသားတစ်ချို့ထံ သွားကာ.. တောင်းပန်စကားဆိုလိုက်သည်။
“စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်။ ”
“စိတ်မပူနဲ့ လူငယ်လေး..။ လာ လာ အချိန်ကလဲ လင့်နေပြီ သစ်ခြောက်ပင်နားနေလို့ မကောင်းဘူး..။အိမ်ပြန်နားကြမယ်..”
ပန်းနု .. သုခ လက်ကို ကိုင်ကာ .. အိမ်ပြန်သည့် ဘက်သို့ လမ်းလျောက်ရင်း..”
“နင် နောက်ဆို လျောက်မသွားနဲ့နော်။ တစ်ရွာလုံး သွေးပျက်ပြီး လန့်သေကြတော့မယ်။ ဒီရေတံခွန်ဘက်ကို ညဆို ဘယ်သူမှ မလာကြဘူး .. သရဲရှိတယ်ဆိုလား..”
သုခ .. ပန်းနု စကားတွေက်ို သိပ်မကြားရ..။ ပန်းနု စကားအဆုံး သစ်ခြောက်ပင် ဘက်မှ ” တောက် “ဆိုသည့် တောက်ခေါက်ခံ ခပ်ပြင်းပြင်း အသံကိုသာ ပီပီပြင့်ပင် ကြားလိုက်ရသည်..။ ပြီးလျှင် မိန်းကလေးတစ်ယောက်ရဲ့ ရှိုက်သံ….။ ဒါ… ထို မိန်းကလေးရဲ့ တီးတိုး ရှိုက်သံလေလား..။
@@@@@@@
“မောင်..”
” မထ သေးဘူးလား..။ မောင်နော် ..မအိပ်နဲ့တော့”
“ဟင်..”
သုခ အိပ်ယာမှ ထ ထိုင်လိုက်သည်။ မသိလျှင် ဘေးက တစ်ယောက်ယောက် နှိုးနေသလိုမျိုး။ စိတ်ထဲ မလုံသလို ဘောင်းဘီ အိတ်ထဲ နှိုက်လိုက်လျှင်.. တစ်ခစ်ခစ် အသံနဲ့အတူ .. ဆံထိုးလေး တစ်ချောင်းပါလာသည်..။သုခ အံ့အားသင့်စွာ ဆံထိုးကို စိုက်ကြည့်နေစဉ်..မုန်းမာန်နှင့် ထူးသစ် အခန်းထဲ ဝင်လာကာ အဝတ်အစားလဲ ကြသည်။
“သုခ .. မနက်စာ စားဖို့ ရွာထဲသွားမယ်..”
သုခ ဘာစကားတစ်ခွန်းမှ မဆိုနိုင်..။
မုန်းမာန်ရဲ့ စကားအဆုံး ထူးသစ်က သုခ လက်ထဲမှ ဆံထိုးကို ဆွဲယူလိုက်ကာ..
“စောန ရွာလူကြီး ငါတို့ကို လာပြသွားတဲ့ သစ်ခြောက်ပင်ရဲ့ အသားဆိုလား..”
”ဟင်..”
မုန်းမာန် ဆံထုံးကို ယူကာ သေချာစိုက်ကြည့်လျှင့် သုခ စိတ်ထဲ လေးလံလာသည်။
” မင်း..မင်း ဒါ ဘယ်က ရတာလဲ..။”
သုခ မဖြေလျှင် မုန်းမာန် နာမည်တစ်ခုကို အော်ခေါ်လိုက်သည်။
“ပန်းနု.. ပန်းနု..”
ပန်းနုနဲ့ရွက်ဝါ အခန်းထဲ ရောက်လာလျှင်.. မုန်းမာန်က ဆံထိုးကို ပန်းနုလက်ထဲ ပေးလိုက်သည်..၊
“ဒါ .. ဒါ.. သစ်ခြောက်ပင်က အသားနဲ့ လုပ်ထားတဲ့ ဆံထိုး မဟုတ်လား.. ဒါဆို ရွာလူကြီး ပြောသွားခဲ့တာတွေက …”
အားလုံး .. သုခကို အံအားသင့်တဲ့ မျက်လုံးတွေနှင့် ကြည့်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြလျှင်…
@@@@@@
ရွာလူကြီးအိမ် အပေါ်ထပ် အောက်ထပ် တိုင်းရင်းသားရွာသူ ရွာသားများနှင့် ပြည့်နှက်နေသည်။
“သစ်ခြောက်ပင်ဆိုတာ သစ်စုန်း တစ်မျိုးပဲ။ လူတစ်ယောက်ထဲ ရှိတဲ့ အချိန်ဆို သူက လူကို စကားပြောတယ်။သေချာပြောပြရရင် ညည်းတယ်ပေါ့။ သစ်ခြောက်ပင်က သစ်ကိုင်း တစ်ခုကို အိမ်ဆောက်တဲ့နေရာမှာ သုံးမိခဲ့ရင် အဲ့အိမ်က အခြောက်ခံရရော။ ဒီသစ်ခြောက်ပင်နဲ့ လုပ်ထားတဲ့ ဆံထိုးကို လူလေး ဘယ်က ရခဲ့တာလဲ။မနေ့ညက ဘာတွေ မြင်ခဲ့လဲ၊ မဟုတ်သေးဘူး လူလေးဘာတွေ ဖြစ်ခဲ့လဲ..”
“ကျွန်တော်.. တူရိယာအသံတစ်ခုကို ကြားခဲ့တယ်..”
“ဘယ်လိုတူရိယာလဲ..”
“ဗုံ..ဗုံသံ..မိန်းကလေးတစ်ယောက်တီးနေတဲ့ ဗုံသံ..”
တစ်ယောက်တစ်ပေါက် အသံတွေနဲ့ အတူ ဆူညံသွားသည်။
“အဲ့ မိန်းကလေးကိုရော လူလေး မြင်ခဲ့လား…”
သုခ သက်ပြင်းတစ်ချက် မသိမသာ ရှိုက်ပစ်လိုက်သည်။
“သုခ အဲ့ မိန်းကလေးက်ို မြင်ခဲ့တယ်ဆိုရင် ပန်းနုတို့ ဒီနေ့ပဲ မြို့က်ို ပြန်တော့မယ်…”
ပန်းနု စကား အဆုံးရွာလူကြီး အပါအဝင် အကုန်လုံး ထိတ်လန့်ကုန်ကြသည်။ နားမလည်သော ဘာသာစကားတစ်ချို့က်ို ပြောပြီး တုန်လှုပ်နေသည့် လူတွေကို ကြည့်ပြီး စိတ်ပျက်လာသည်။
“ပြန် ..ပြန်…လို့ မရဘူး ကလေးတို့…”
“ဟင်..”
“ဘာလို့လဲဗျ ။ ကျွန်တော် ဒီမှာရှိနေတာ ကျွန်တော်တို့ အတွက် မလုံခြုံဘူးဗျ။ အထူးသဖြင့် ကျွန်တော်တို့ သူငယ်ချင်း သုခ.. ။ ကျွန်တော်တို့ ဆက်နေဖို့ မဖြစ်နိုင်ဘူး..”
မုန်းမာန်ရဲ့ စကားအဆုံး သုခ ခေါင်းတွေ ထိုးကိုက်လာသည်။မနေ့ညက ဗုံသံက နားထဲ အူပြီး ဆူညံလာသည်..ပြီးလျှင် .. ကောင်မလေး တစ်ယောက်ရဲ့ ရှိုက်သံ..။သုခ မျက်လုံးထဲ တိုင်းရင်းဝတ်စုံ အနီရောင်နှင့် ဆံထုံးလေး ထုံးကာ သစ္စာဆိုနေသော မိန်းကလေးတစ်ယာက်ကို ဝိုးတဝါး မြင်ယောင်လာသည်။
“ဤသစ္စာ စကား ချိုးဖျက်ပါက ..မောင်သည် ဘဝဆက်တိုင်း နန်းရဲ့ အရှေ့မှာ သွေးအန်ပြီး အသေဆိုးနဲ့ သေပါစေ..”
အဝေးကနေလာတဲ့ လှိုင်းသံ တစ်ခုလို ကျိန်စာတွေ အတိုင်းသား ကြားနေရသည်။
“ကျွန်တော်တို့က ဘာလို့ ပြန်မရတာလဲ ..”
ထူးသစ် အမေးကို ရွာလူကြီးက ဝမ်းနည်းစွာ ခွန်းတုန့်ပြန်လိုက်သည်။
“သစ္စာကျေးရွာ တစ်ခုလုံး အမှောင်တွေ ဖုံးပြီး ကျိန်စာတွေ ကျရောက်လာလိမ့်မယ်…”တဲ့…။
“အားး…”
သုခ နားနှစ်ဖက်ပိတ်ကာ ထိုနေရာမှာ လှဲချကာ လူးလိမ့်အော်နေမိသည်။ နားထဲ ဗုံသံတွေက မထွက်။ ကျယ်လောင်ကာ စူးရှနေသည်။ ဘေးကနေ စိတ်ပူပြီး ငိုယိုကာ မေးနေသော ပန်းနုစကားတွေလဲ မသဲကွဲ။သုခ ထိုနေရာမှ အားယူကာ ထလာခဲ့သည်။
@@@@@@
လောကကြီး တစ်ခုလုံး အမှောင်ဖုံးကာ လေထု ကြီးက ကြမ်းတမ်းစွာ တိုက်ခတ်နေသည်။ သုခ အသည်းအသန် ပြေးထွက်လာရင်း မနေ့ညက ရေတံခွန်နား ရောက်လာလျှင်.. အရာအားလုံး ငြိမ်သက်သွားသည်။ ဘယ်လိုအခြေအနေကြောင့် ထိုနေရာကို ရောက်ရှိခဲ့လဲ သုခ နားမလည်နိုင်တော့။ သုခ ခြေလှမ်းတွေကို ရပ်လိုက်ပြီး အသက်ကို ဝ အောင်ရှူကာ အမောဖြေလိုက်သည်။
“အရမ်းမောလာတာလား…”
ဟင်…။
သုခ အသံလာရာဆီသို့ ကြည့်မိလိုက်လျှင် … တိုင်းရင်းသူ ဝတ်စုံ အနီရောင်လေးနှင့် ဆံထုံးလေးထုံးထားသော မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်..၊အသံခပ်ဝဲဝဲနှင့် ဗမာစကားပြောနေသော ကောင်မလေးမှာ မနေ့ညက သုခ တွေ့ခဲ့သော ကောင်မလေးနှင့် တူလွန်းသည်။ မျက်တောင်ရှည် မည်းနက်နက်လေးတွေ ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး နှုတ်ခမ်းလေးစူကာ စကားတွေ ပြောနေသော သူမကို ကြည့်ရင်း…
“ဟင်.. မင်း..မင်း..”
အသံကြီး လည်ချောင်းမှာ တစ်ဆို့ကာ စကားပင် မဆိုနိုင်…။ထိုမိန်းကလေးကို မျက်လုံးကြီး ပြူးပြီး လက်ညှိုးထိုးကာ စကားတွေ ထစ်နေမိသည်..။
“သြော် ရှင်ကလဲ .. နေ့ခင်းကြောင်တောင် ကြီး လန့်နေတာ.. လူပါ။ သရဲ ထင်နေလို့လား..”
ထိုမိန်းကလေး သုခအနားကို ရောက်လာကာ ပုခုံးကို ဖတ်ခနဲ ရိုက်လိုက်မှ သတိဝင်ကာ..
“မနေ့ညက တွေ့တဲ့ ကောင်မလေးက မင်း လား…”
ကောင်မလေး မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
“ဘာဖြစ်လို့လဲ…”
“မနေ့ညက .. ငါ မင်းကို တွေ့လိုက်တယ်…”
ဆိုလျှင် ကောင်မလေးမျက်လုံးထဲ ကြေကွဲမှုတွေကို ရင်နင့်စွာ တွေ့လိုက်ရသည်။သူမရဲ့ ရင်ထဲ ပြောပြချင်နေသည့် စကားလုံးတွေက်ို ကြိုသိနေသလို။ နားထောင်ချင်သလို ခံစားချက်က ရင်ထဲ စို့နစ်လာသည်။ကောင်မလေးရေ မင်း ရင်ထဲ ရှိတဲ့စကားလုံးတွေ ဖွင့်ချ ပြောလိုက်ပါတော့လား။ထိုမိန်းကလေး သုခကို ကြေကွဲစွာ စ်ိုက်ကြည့်ပြီး အဝေးက လာတဲ့ အသံ တိုးဖျော့ဖျော့လေးနဲ့ အေးစက်စွာ စကားဆိုလိုက်သည်..။
“ရှင် ကျွန်မတီးတဲ့.. ဗုံသံတွေကို ကြားလား…” တဲ့…။
@@@@@@@@@
သုခ ညနေတိုင်းလိုလို ရေတံခွန်အနားက ဂူဆီ သွားဖြစ်သည်။ ထိုမိန်းကလေး နာမည်က မြနန်းရည်တဲ့..။ တူမတူစွာ ရှေးဆန်ဆန်နှင့် နန်းဆန်စွာ လှလွန်းသည်။ ပျော်ရွှင်စွာ တီးခတ်နေသော သူမရဲ့ ဗုံသံတွေကြား သုခ နစ်မြောရတာ အမော..။ ချစ်မိနေပါပြီ နန်းရေ..။
“မောင်..”
“ပြောလေ နန်း..”
“နန်းတို့ .. ဒီရေတံခွန်၊ ဗုံ..၊ သစ်ခြောက်ပင်တွေကို သက်သေတည်ပြီး သစ္စာဆိုကြရအောင်..”
သုခ နားမလည်သလို နန်း..မျက်လုံးတွေကို သေသေချာချာ ကြည့်နေမိသည်။ဖူးညွန့်သွယ် မျက်နှာပြည့်ပြည့်လေးမှာ နှင်းဆီရောင် နှုတ်ခမ်းလေးက ဆွဲဆောင်မှု ရှိလွန်းစည်။
“ဘယ်လို သစ္စာတည်မှာလဲ နန်း..”
“သြော်.. နန်းနဲ့မောင်က ချစ်သူတွေလေ။ အဲ့တော့ တစ်ယောက်အပေါ်တစ်ယောက် သစ္စာမဖောက်ရဘူး။ အဲ့အတွက် မောင် သစ္စာဆိုရမယ်..”
“အင်း…”
ဘာကြောင့်ရယ် မသိ။ သုခ ငြင်းဆိုနိုင်စွမ်းမရှိ..။
“နန်း တိုင်တည်တာတွေကို..မောင်လိုက်ဆိုရမယ်နော်..”
သုခ ခေါင်းကို ငြိမ့်လိုက်လျှင် လောကကြီး တစ်ခုလုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ အပြင်က စီးကျနေသည့် ရေတံခွန် က အသံကပဲ ခြောက်ခြားစွာ စီးကျနေသလို..။ အရာရာ ဟာ ကြက်သီးထဖွယ်ကောင်းလွန်းသည်၊
“ကျွန်တော် ရှိုင်းသုခသည်…
မြနန်းရည်ကို သစ္စာရှိရှိ ချစ်ပါမည်ဟု သစ္စာဆိုပါသည်။”
သုခ သစ္စာစကားဆို အပြီး မျက်လုံးတွေဖွင့်လိုက်လျှင် နန်းရဲ့ ကျေနပ်သော အပြုံးကို အေးစက်စွာ ခံစားလိုက်ရသည်။ နန်းရဲ့…
“ဤသစ္စာ စကား ချိုးဖျက်ပါက ..မောင် သည် ဘဝဆက်တိုင်း နန်းရဲ့ အရှေ့မှာ သွေးအန်ပြီး အသေဆိုးနဲ့ သေပါစေ..”
ဆိုတဲ့ ဖြည့်စွက် ကျိမ်စာကို ကြားလိုက်ရလျှင် အမျိုးအမည် မသိသော ဝေဒနာကြီးကို ခံစားလိုက်ရသည်။ ကံမကောင်းခြင်းနိမိတ်တွေ ဖြစ်လာတော့မည် ဆိုသော အသိမျိူး..။
ပြီးလျှင်…
နန်းရဲ့ အေးစက်နေသော လက်တစ်စုံနှင့် သုခ လက်တွေကို ဆုပ်ကိုင်ကာ.. သူမ အမြဲတီးခတ်နေရာ ဗုံတွေဆီသို့ ထိတွေ့စေသည်။
“ဒီဗုံတွေက လွန်ခဲ့တဲ့ နှစ်၅၀က ဆရာကြီး တစ်ယောကာ စီမံခဲ့တာ မောင်ရဲ့…။ နန်း မြန်မာ့ တူရိယာတွေနဲ့ ပတ်သတ်ပြီး သိပ်မသိဘူး..။ဒါပေမယ့် စတေးခံခဲ့ရတယ်..”
“နန်း ဘာတွေ ပြောနေတာ..”
နန်း စီးကျလာသည့် မျက်ရည်တွေကို သုခ မမြင်အောင် ဖယ်လိုက်ရင်း…
“သစ်ခြောက်ပင်ကြီး အောက်မှာ အရိုးစုတွေ ရှိတယ်.. ။ အရေးကြီးတာက မောင်.. နန်းကို သစ္စာဖောက်သွားလို့ မရဘူး…”
@@@@@@@@@@@
“သုခ.. သုခ ..”
“မျက်လုံးတွေ ဖွင့်ကြည့်ပါဦးလား သုခရယ်..”
သုခ အားယူကာမျက်လုံးတွေ ဖွင့်လိုက်လျှင်.,,
“စိတ်ညို့ ခံနေရတာ..”. တဲ့,..။
တိုင်းရင်းသား ဝတ်စုံ အဖြူ၊ ခေါင်းပေါင်း အဖြူ ၊ မုတ်ဆိတ်မွှေး ဖြူဖြူနှင့် တိုင်းရင်းသား အဖိုးကြီး တစ်ယောက်က ခေါင်းရမ်းကာ ပြောလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ပြန်မယ်ပြောတဲ့ နေ့ကတည်းက သတိလစ်သွားတာ ဆရာကြီး။ ည ညဆို ကျွန်တော်တို့ ရွာသားတွေနဲ့ တစ်ယောက်တစ်လှည့်စီ အလှည့်ကျ စောင့်နေပါလျှက်နဲ့ ပျောက် ပျောက်သွားတယ်။ ပြန်လာတိုင်းလဲ အိပ်ယာထဲမှာ ရေတွေ တစ်က်ိုယ်လုံး ရွှဲနေတယ်.. ။ သုခကို ကယ်မယ့်နည်းလမ်း မရှိတော့ဘူးလား၊ကျွန်တော်တို့ကို ကူညီပါ ဆရာကြီး..”
မုန်းမာန်ရဲ့ စကားအဆုံး ပန်းနုနဲ့ရွက်ဝါ ရှိုက်ကြီး တငင် ငိုသည်။ သုခ အားလုံး မြင်နေ ကြားနေရပေမယ့် စိ်တ်တွေ လွင့်နေသလို ခံစားရသည်၊
” နောက်ဆုံး တစ်နည်းပဲ ရှိတယ်..၊ ဒီည .. ဒီညမှာ သုခက်ို .. မြနန်းရည် ဆီကလေ ပြန်လုရမယ်…”
ဆိုလျှင်… ပန်းနု စီးကျ လာသည့် မျက်ရည်စ တစ်ချို့ကို ဖယ်ပစ်ကာ စိတ်ကို အားတင်းလိုက်သည်။ ဟုတ်တယ်လေ .. ပန်းနု .. သုခကို ကယ်ရမယ်…”
ကံမကောင်းခြင်းတွေ ဖြစ်မလာပါစေနဲ့..။
@@@@@@@
သုခ.. စိတ်တွေ လေးလံနေသည်။
နေ့လည်က .. သစ္စာကျေးရွာ က လူတွေပြောစကားတွေ ပြန်လည်ကြားယောင်နေမိသည်။
ဒီည.. သုခ အတွက် နောက်ဆုံး ဆိုပါလား…။
ခပ်တိုးတိုး ရှိုက်သံနှင့် အတူ ကြေကွဲစွာ တီးခတ်နေသော ဗုံသံတွေကို ကြားနေရသည်၊ နန်း .. ငိုနေတာ များလား..။ သုခ ချက်ချင်းဆိုသလို ကျောပေးကာ ဗုံတွေကို စိတ်ဆိုးစွာ တီးနေသော နန်း ကို ဆွဲလှည့်လိုက်သည်။
“ဟင်… နန်း။ နန်း…ငိုနေတယ်..”
အေးအေးစက်စက် ခန္ဓာကိုယ်တစ်ခု သုခရင်ခွင်ထဲ တိုးဝင်လာလျှင် ပျော်ရွှင်ခြင်းတို့ ပျောက်ဆုံးကာ အထီးကျန်သလို ခံစားလာရသည်..။ မငိုပါနဲ့ နန်းရေ..။
“လွန်ခဲ့တဲ့ နှစ်၅၀က သစ္စာကျေးရွာကို .. လူငယ်တစ်ရောက် ရောက်လာခဲ့တယ်။ တူရိယာတွေကို ချစ်မြတ်နိုးတဲ့ ကျေးရွာသူ ရွာသားတွေအတွက် ကံဆိုးခြင်း နိမိတ်တွေကို ခေါ်ဆောင်လာသူပေါ့။ သူက သစ္စာကျေးရွာအတွက် မိန်းကလေးတစ်ယောက်ကို စတေးဖို့ စီစဉ်ခဲ့တယ်။ဘာကြောင့်လဲဆိုတာ လျို့ဝှက်ချက်တစ်ခုဆိုပဲ။အဲ့မိန်းကလေးကို စတေးရင် သစ္စာကျေးရွာဆိုတဲ့ လူသူအရောက်နည်းတဲ့ စိတ်ခြောက်ခြားရာ ဘုံကို လူတွေရန်ကနေ ကာကွယ်နိုင်မယ်တဲ့..။အဲ့လူငယ်နဲ့ စတေးခံရမယ့် မိန်းကလေးတို့ မေတ္တာသက်ဝင်ပြီး သစ္စာဆိုခဲ့ကြတယ်။ လူငယ်က စတေးခံရတဲ့ ကောင်မလေးအပေါ် သစ္စာရှိပြီး၊ ဖောက်ပြန်ခဲ့ပါက ကောင်မလေးနဲ့အတူ သေပေးရမယ်ဆ်ိုတဲ့ ကတိ။ မောင်တို့ အခုရောက်နေတာ.. လူတွေနေတဲ့ ဘုံ မဟုတ်ဘူး..။ စိတ်ခြောက်ခြားရာဘုံ.. စိတ်ဝိညာဉ်တွေရဲ့ ထွက်ပေါက်ရာဘုံ…”
“ဟင်…”
သုခ စိတ်တွေ ခြောက်ခြားလာသည်၊ နန်း ပြောတဲ့စကားလုံးတွေကို နားမလည်နိုင်တော့..။
“ဒီဗုံရဲ့ သားရေတွေက နန်းရဲ့အသွေး အသားတွေပါမောင်..။ စတေး ခံခဲ့ရတယ်ဆိုတာ နန်းပါ မောင်ရဲ့..။သစ်ခြောက်ပင်ကြီးအောက်မှာ နန်းရဲ့ အရိုးစုတွေ ရှိတယ်..။ လွန်ခဲ့တဲ့ နှစ်၅၀ကတည်းက မောင် ကိုယ်တိုင် နန်းကို စတေးခဲ့တာလေ။အခု နန်းနဲ့ အတူသေပေးပါ..မောင်.. ”
“မဟုတ်သေးဘူး။ မင်း ငါ့ အနားမလာနဲ့..”
“မောင်..ပဲ နန်းကိုချစ်တယ်ဆို..”
“မလာနဲ့…သွား..”
သုခ ချက်ချင်းဆိုသလို နန်းကို တွန်းဖယ်ရင်း ခြေတစ်လှမ်းခြင်း ဆုတ်နေမိသည်၊ ကြောက်ရွံ့မှုတို့က ထိန်းချုပ်လ်ို့ မရ၊ စကားတွေ ဗလုံးဗထွေးပြောရင်း အေးစက် ခက်ထန်စွာ ပြောင်းလဲလာသော နန်းကို ကြည့်ပြီး သုခ မျက်လုံးမှိတ်ကာ အော်ပစ်လိုက်သည်။
“အားး…”
ကြောက်ခမန်းလိလိ အသံနက်ကြီးနှင့်အတူ အမှောင်ထု တစ်ခုလုံးက ဝါးမြိုသွားရင်း…
“ဘယ်သူမှ မလွတ်ဘူး။ မောင်တို့ အကုန်လုံး ဒီနေရာကို ပြန်ရောက်လာကြမှာ..”
@@@@@@@@
အလင်းတန်း တစ်ချို့ သုခ ကိုယ်ပေါ်ကျရောက်လာသည်။ ကြည်လင်ဝင်းပ နေသော အပြုံးနှင့် အတူ ပန်းနု .. သုခကို ငုံ့ ကြည့်နေသည်။ သုခကို ကြည့်ပြီး ပျော်ရွှင်နေသည်မှာ ကလေးတစ်ယောက် အလား…၊
“နောက်ဆုံး.. နင့်ကို ပြန်ရခဲ့ပြီ သုခ၊ ငါ နင့်ကို အဆုံးရှုံး မခံနိုင်ဘူး..”
ပန်းနုနှင့် အတူ ရွက်ဝါ ၊ မုန်းမာန် ထူးသစ်တို့ကို မြင်လိုက်ရလျှင် အားအင်တွေ ပြည့်ဝ သွားသလို ခံစားလိုက်ရသည်။
“ငါတို့ အိမ်ပြန်မယ်…”
“ဟုတ်တယ်.. ငါတို့ အိမ်ပြန်ကြမယ်..”
အကုန်လုံး ခရီးဆောင် ကျောပိုးအိတ်လေးတွေ လွယ်ကာ.. ရှေ့ကို ခရီးဆက်ခဲ့ကြသည်။ခရီးလမ်း တစ်လျောက်လုံး တစ်ယောက်နဲ့ တစ်ယောက် ဘာစကားတစ်ခွန်းမှ မပြော..။ အပြုံးတွေနဲ့ ကိုယ်စီ လမ်းလျောက်နေကြသည်။သုခ ပန်းနုလက်တွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း…စိတ်ထဲ ထိုလမ်းတွေကို ရင်းရင်းနှီးနှီးရောက်ဖူးနေသလို..။ ထူးခြားသည့် အငွေ့အသက်တွေကို ခံစားနေရသည်။ ရောက်ပြီးသား နေရာကို ပြန်ရောက်နေသည့် ခံစားချက်မျိုး။ အိမ်မက်လား တကယ်လား ဝေခွဲမရတော့..။ တစ်ခုခု ဖြစ်လာတော့မယ်ဆိုတာ. ကြိုသိသလို မျိုး ခံစားနေရသည်..။ဒါဟာ အိမ်မက်တစ်ခု မဟုတ်ဘူး ဆိုလျှင်.. အချိန်တွေ မကုန်ဆုံးခင် ပန်းနုကို စကားတစ်ခွန်းပြောဖို့ ကြိုးစားလိုက်မိသည်။
“ချစ်တယ်..ပန်းနု..”
ပန်းနု မျက်နှာ တစ်ဖက်ကို မသိမသာ လွှဲသွားသည်။ သုခစကားကို ပန်းနု ရှက်ပြီး မသိယောင်ဆောင်လေသလား..။တစ်နေရာ အရောက် ပန်းနု ခြေလှမ်းတွေ တုံ့ခနဲ ရပ်ကာ သုခရှေ့ လှပစွာ ပြုံးပြီး လက်တစ်ဖက်ကို ကမ်းလိုက်သည်။သုခ အယောင်ယောင်အမှားမှားနဲ့ ပန်းနု လက်ကို ဆုပ်ကိုင်လိုက်လျှင်…
“သစ္စာ ကျေးရွာကနေ ကြိုဆိုပါတယ် သုခ။ နောက်ဆုံး .. ငါတို့ နင့် အဖိုးပြောတဲ့ .. သစ္စာကျေးရွာကို ရောက်နေပါပြီ…” တဲ့….။
သုခ ဘေးပတ်ဝန်းကျင်ကို သေချာကြည့်မိလျှင် သစ္စာကျေးရွာစျေးထဲ ရောက်ရှိနေကို သ်ိလိုက်ရသည်။
ဒါဟာ အိမ်မက်လား ၊ ဖြစ်ပျက်ပြီးသားလား မဖြစ်ပျက်ရသေးဘူးလား မသဲကွဲ နားထဲ နန်းရဲ့…
” မောင်တို့ အခုရောက်နေတာ.. လူတွေနေတဲ့ ဘုံ မဟုတ်ဘူး..။ စိတ်ခြောက်ခြားရာဘုံ.. စိတ်ဝိညာဉ်တွေရဲ့ ထွက်ပေါက်ရာဘုံ…”
ဆိုတဲ့ စကားတွေသာ ကြားယောင်ရင်း…
လေးစားစွာဖြင့်
နွေရွက်လွှာ
@@@@@@@@@@@@