*ဘွားမယ်စိန်နှင့် စိန်ခေါ်ကြသူများ*📖📖📖( စဆုံး)
*********************************************
အပိုင်း…၁
တစ်နေ့ကုန်၍တစ်နေ့ကူးလေပြီ။
ပူပြင်းလှသော နွေရာသီပေမို့ ရွာလယ်လမ်းမထက်၌
ဖုန်များကတသောသောထနေခဲ့ပေသည်။
ထိုဖုန်များသည်က
ရွာပြင်ရှိမြက်ခင်းပြင်ဆီသို့သွားရောက်မည့်
နွားအုပ်ကြောင့်ပင်ဖြစ်၏။
နွားကျောင်းသားငယ်တို့သည် မျက်နှာ၌ သနပ်ခါးကိုခပ်ထူထူလိမ်းခြယ်ကာ ခမောက်လေးများကိုယ်စီဆောင်း၍
သူတို့၏နွားအုပ်အား ရွာပြင်ဆီသို့
မောင်းထုတ်သွားကြလေသည်။
“ဘွားရေ…ဘွား……….”
“ဟဲ့…မောင်တိုး မင့်အဘွား ဘုန်းကြီးကျောင်းသွားတယ်ကွဲ့….”
“သြော်…အရီး…ကျုပ်ကဘွားအိမ်မှာရှိနေမယ်ထင်တာ…
ဘုန်းကြီးကျောင်းကို သွားတာကြာပြီလားဗျ……”
“မကြာသေးဘူးဟဲ့…ဘုန်းကြီးနေ့ဆွမ်းအမီပို့ချင်လို့ဆိုပြီး
နင့်ညီမကိုခေါ်ပြီးမြေးအဘွားနှစ်ယောက်သွားကြလေရဲ့”
မောင်တိုးတစ်ယောက် လက်၌ အထုပ်တစ်ထုပ်ကို ကိုင်ဆွဲ၍
ဝိုင်းထဲဝင်လာခဲ့သည်။
ဘွားမယ်စိန်မရှိသည်မို့ ဒေါ်ဝင်းနှင့်စကားပြောနေခဲ့ပြီးနောက်…
“အရီး…ဒါ ကျုပ်မြို့တက်တုန်းဝယ်လာတဲ့ တဘက်ဗျ…
ဘွားနဲ့ဆိုလိုက်မယ်ထင်လို့ ဝယ်လာခဲ့တာ…”
မောင်တိုးပေးသော တဘက်ကို ဒေါ်ဝင်းဖြန့်ကြည့်လေသည်။
“အေးဟဲ့…အရောင်ကလည်း လူကြီးဆန်တော့
နင့်ဘွားနဲ့ဆိုလိုက်တာပေါ့…။
မောင်တိုးတို့များနော်
သူ့ဘွားအတွက်ဆိုသိတတ်လိုက်တာများ…။
ဟိုမောင်အုန်းလည်းဘာထူးသတုန်း
အစားအသောက်ကောင်းတာများရှိတာနဲ့
ဘွားအတွက်ဆိုပြီးရောက်ချလာတာပဲ”
ဒေါ်ဝင်းပြောလေသောအခါ မောင်တိုးသည်
မျက်နှာထားပြုံးပြုးဖြင့်…
“ကျုပ်တို့မှာလေ ကျုပ်တို့မိဘတွေပြီးရင် ဘွားပဲရှိတာဗျ…
ဒီတော့ ဘွားကိုအလေးထားတာပေါ့။
ပြောရရင်ဗျာ…မိဘက ကျုပ်တို့အတွက် အရေးကြီးရင်
ဘွားကလည်း ကျုပ်တို့အတွက်အရေးပါတာပေါ့”
“အမယ်လေးဟဲ့…နားရှိသာကြားရတယ်…
နင့်ရည်းစားကဘယ်သွားထားမှာတုန်း မောင်တိုးရဲ့…
ကလေးမ ကြားရင်ဖြင့် ငိုနေပါဦးမယ်ဟယ်……..”
ဒေါ်ဝင်းက စစနောက်နောက်ဖြင့်ပြောလိုက်သောအခါ၌…
“အာ…အရီးရာ…ကျုပ်ရည်းစားနဲ့
ကျုပ်ကပြတ်တာကြာပါပြီဗျ…”
“ဟေ…ဘယ်နဲ့ဖြစ်ရတာတုန်း”
“ဒီလိုပါပဲအရီးရာ…ကြာပါပြီ…။
ကျုပ်စိတ်ထဲလည်းဘာမှမရှိတော့တာမို့ မပြောဖြစ်တာပါ။
အခုကျုပ်စိတ်ထဲရှိတာ ဘွားနဲ့ပရောဂ ကုလိုက်မယ်…
အိမ်မှာကူမယ်…ဒါပဲရှိတော့တာဗျို့…”
“အေးပါဟယ်…ကောင်းပါ့…ကောင်းပါ့…
နင်လည်း လူပျိုကြီးဖြစ်လာမှာ
ငါဖြင့်မြင်ယောင်ပါသေးတယ်”
“အို…ဒါကလည်းအရီးဆီကစိတ်တွေ
ကျုပ်ကူးကုန်တာထင်ပါရဲ့ဗျာ…”
“အယ်…ဒီကောင်လေးကတော့….”
“ဟား…ဟားး…ဟားး……
ကဲ…ကျုပ်ပြန်ပြီအရီးရေ…နွားစာစဥ်းရဦးမှာမို့”
ဟုဆိုကာ မောင်တိုးသည် ဒေါ်ဝင်းကို
နှုတ်ဆက်ပြီး အိမ်ပြန်သွားတော့လေသည်။
******************************
လသာသော ညတစ်ည၌ …
“ဗျို့…ကိုလှသောင်း….ဗျို့…ကိုလှသောင်း….”
ဟုသော ခေါ်သံသည် တိတ်ဆိတ်မှုကိုဖြိုခွင်းသွား၏။
အမည်ခေါ်ခံရသူသည်လည်း မိမိ၏အိမ်ရှေ့မှအော်ခေါ်သံကြောင့် နိုးလာခဲ့တော့သည်။
ထိုသူသာ နိုးလာခြင်းဖြစ်ပြီး နံဘေးရှိအတူအိပ်သော
သူ၏ဇနီးသည်က အိပ်ပျော်၍နေစဲ။
အိမ်ရှေ့မှအော်ခေါ်သံကိုပင် မကြားလေဘဲ အိပ်ပျော်နေသော
ဇနီးသည်ကို ကိုလှသောင်းတစ်ချက်မျှကြည့်၍ အိပ်ရာထက်မှ
ဆင်းလာခဲ့တော့၏။
“ကိုလှသောင်း…ကိုလှသောင်း…ကိုလှသောင်း……..”
“ဟေ..ဘယ်သူတုန်း…ညကြီးကို
ဘာလို့ဇွတ်အော်ခေါ်နေရတာတုန်းကွ…”
ဟု အော်ပြောရင်း ကိုလှသောင်း အိမ်တံခါးကို
ဖွင့်လိုက်တော့သည်။
အိမ်တံခါးကိုဖွင့်ပြီးနောက် ခြံဝိုင်းအပြင်သို့ထွက်လာခဲ့တော့၏။
သို့သော် ခေါ်သူအားမတွေ့ရ။
သို့ဖြင့် ကိုလှသောင်းတစ်ယောက် ခြံဝိုင်းအပြင်တွင် လိုက်လံရှာမိ၏။
“ဟ…ဘယ်သူလာစနေတာတုန်း…
ဒါ စ ရမယ့်အချိန်မဟုတ်ဘူးကွ…”
ကိုလှသောင်းဒေါသထွက်နေသည်။
သူ၏နာမည်အားအော်ခေါ်သူကိုမတွေ့သောကြောင့်
ပုဆိုးအား ခါးတောင်းကျိုက်ပြီး ခြေကားကား လက်ကားကားဖြင့် ဒေါသတကြီး ရှာနေပြန်သည်။
“ကိုလှသောငျးးးးးးးးးးးးးးးးးးးးးးးးးး”
“အမလေးဗျ………….”
နားစည်ပေါက်ထွက်မတတ်အော်လိုက်သံအသံကြီးကြောင့်
ကိုလှသောင်း အလန့်တကြားဖြစ်သွားရှာသည်။
မိမိနောက်မှအသံဖြစ်၍ ချက်ချင်းလှည့်ကြည့်လိုက်လေရာ…
“ဟင်……….”
“ဂျွတ်………”
**********************************
အုန်းစုရွာ၏နံနက်ခင်းတွင် အမင်္ဂလာသတင်းတစ်ခုသည်
ပျံ့နှံ့၍နေတော့သည်။
“ဟဲ့…ကိုလှသောင်းကြီး… သူတို့ခြံပြင်မှာသေနေတာတဲ့”
“ကျုပ်ကြားပြီးပါပြီတော်…
ကျုပ်အိမ်ကလူ မနက်ကတည်းက သွားကြည့်လာသတဲ့…”
“ဒါဖြင့် တို့လည်းသွားကြည့်ရအောင်လေ”
“အမလေး…သေတာက ကြောက်စရာကောင်းလို့
ကျုပ်ကိုမသွားဖို့ပြောထားတယ်တော့”
“အိုအေ…လာစမ်းပါ…တို့များအဖွဲ့တောင့်တာပဲအေ…
ကြောက်စရာပဲဖြစ်ဖြစ်
ကြည့်စရာတော့သိအောင်ကြည့်ရမှာပေါ့”
“ဟုတ်ပြီတော်…ကျုပ်လိုက်ခဲ့မယ်…”
အုန်းစုရွာသူများ ကိုလှသောင်း၏အလောင်းရှိရာသို့
သွားကြည့်ကြဖို့လူစုနေခြင်းပင်။
လူစုပြီး၍ ကိုလှသောင်းတို့အိမ်ရှေ့သွားကြသောအခါ…
ရွာမှလူများတိုးမပေါက်အောင် ဝိုင်းကြည့်နေကြသည်။
ကိုလှသောင်း၏အလောင်းနံဘေး၌
ကိုလှသောင်း၏ဇနီး ထွေးကြည်မ ရှိ၏။
ထွေးကြည်မသည် ကိုလှသောင်း၏အလောင်းကြီးကိုကြည့်၍
ရှိုက်ငင်တကြီးငိုနေရှာသည်။
ဘေးရှိလူများသည်က အေးကြည်မကို လည်းကောင်း၊
ကျောပြင်ကြီးပေး၍ ခေါင်းကြီးလည်နေသော
ကိုလှသောင်း၏အလောင်းကြီးကိုလည်းကောင်း ကြည့်၍
စုတ်တသပ်သပ်ဖြစ်နေကြလေသည်။
ကိုလှသောင်း၏အလောင်းကြီး၏ ပုံပန်းသဏ္ဌာန်မှာ ပုံပျက်ပန်းပျက်ပင်ဖြစ်၍နေသည်။
ကျောပြင်ဘက်သို့ လှည့်နေသော ခေါင်းကြီးနှင့်
မျက်လုံးပြူးပြူးကြီးများ…
ပါးစပ်ကြီးကို ဟ၍ သေဆုံးနေသည့် ကိုလှသောင်း၏
အသွင်သည် မြင်သူများအဖို့ ထိတ်လန့်စရာပင်။
“ကဲ…ဖယ်ကြတော့…ဖယ်ကြတော့…
လှသောင်းအလောင်းကိုစစ်ဆေးစရာရှိတာစစ်ဆေးဖို့ မင်းတို့ဘေးကိုဖယ်ကြတော့”
ရွာလူကြီးနှင့် အဖွဲ့သည် ကိုလှသောင်း
အလောင်းဘေး၌ ဝိုင်းအုံနေသောလူများကို
ဖယ်ရှားခိုင်းတော့သည်။
ဘေးသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ဖယ်ပေးကြ၍
ရွာလူကြီးတို့အဖွဲ့မှ ကိုလှသောင်း၏အလောင်းကို
စစ်ဆေးကြလေသည်။
သို့သော် ဇတ်ကျိုး၍ သေခြင်းဖြစ်ပြီး သတ်သူ၏
သဲလွန်စ တစ်စုံတစ်ရာကိုမှ ရှာမတွေ့ကြပေ။
သို့ဖြင့် ကိုလှသောင်း၏ အလောင်းကို မြုပ်နှံပေးလိုက်ကြပြီး
ကိုလှသောင်းသေဆုံးမှုအား အဆုံးသတ်လိုက်ကြရလေသည်။
“သူကြီး… ကိုလှသောင်းသေတာကို
မြို့ကိုဘာလို့အကြောင်းမကြားတာလဲဗျ…”
“ဟ..လှသောင်းသေတာ…ဒီကောင်တွေက လူရမ်းကားတွေ…
ဒင်းကိုသတ်ချင်သူတွေမှတပုံကြီးပဲ…
ဒီကောင်သေတာမြို့ကိုအကြောင်းကြားရင် တို့ရွာထဲမြို့ဂတ်က ကောင်တွေခြေရှုပ်နေမှာပေါ့…။
တို့ရွာကိုတော့အထိခိုက်မခံနိုင်ဘူးဟေ့…”
“အဲ့တာလည်းဟုတ်တာပဲဗျာ………..”
အုန်းစုရွာသူကြီး ဦးပေ နှင့်ရွာရှိလူကြီးများ
စကားပြောဆိုနေကြခြင်းဖြစ်သည်။
ကိုလှသောင်းသေဆုံးပြီး၍ ငါးရက်မျှကြာသောအခါ
အားလုံးလည်း စိတ်အေးလက်အေးနေထိုင်ကြရပြန်သည်။
ကိုလှသောင်းသေဆုံးစက ညဘက်ဆို
အပြင်မထွက်ရဲကြသည်မှာ အုန်းစုရွာတစ်ရွာလုံးပင်ဖြစ်သည်။
သို့သော်လည်း ရက်ကြာလာသောအခါ နေမြဲအတိုင်းသာနေထိုင်ကြတော့လေသည်။
“တောက်…ခွေးမသားတွေ…
အရက်ထဲရေရောပြီးငါ့ငွေကိုညာယူတယ်…ဟား…
ငါ့နာမည် စိုးသိန်းတဲ့…တစ်ရွာလုံးမီးရှို့ပစ်လိုက်မယ်…
ငါ့ဘာမှတ်နေလဲ”
“ဝုတ်…ဝုတ်….ဝုတ်….ဝုတ်………..”
“ဟာ…ခွေးမသား…သေချင်တာလား
ငါ့ကိုဟောင်ရအောင်…ရော့…ကွာ………”
“ကိန်…ကိန်…ကိန်………..”
အရက်ဆိုင်မှ မူးမူးရူးရူးပြန်လာသော စိုးသိန်းတစ်ယောက်
သူ့အားဟောင်နေသော ခွေးတစ်ကောင်ကို ကျောက်ခဲဖြင့် ပစ်ပေါက်လိုက်လေရာ ခွေးသည် ခပ်ဝေးဝေးသို့
တကိန်ကိန် အော်ဟစ်လျှက်သားပြေးထွက်သွားတော့သည်။
အရက်သမား စိုးသိန်းတစ်ယောက် ညကြီးအချိန်မတော် ပုလင်းတစ်လုံးဆွဲကာ အိမ်သို့မပြန်သေးဘဲ ယိုင်တိုင်ထိုး၍
လျောက်လှမ်းနေခဲ့သည်။
အရက်ဆိုင်ကပင်စိုးသိန်းအား ပြန်ဖို့ရန်
နှင်ထုတ်လိုက်ရ၏။
“ဘယ်ခွေးမှ လူမထင်သလို…ဘယ်လူကိုမှလူမထင်ဘူးကွ…”
မူးရူးစွာဖြင့် အော်ဟစ်ဆဲဆိုနေသည်။
သူ၏ဆဲဆိုသံများကြားကြပါသော်လည်း မည်သူကမှ
အိမ်အပြင်သို့ထွက်မလာကြ။
“စိုးသိန်း…စိုးသိန်း………..”
“ဘယ်ခွေးမသားလဲ…ငါ့နာမည်ခေါ်တာ…”
နာမည်ခေါ်သံကြား၍ စိုးသိန်း အော်ဆဲလိုက်ပြန်သည်။
သို့သော် သူ၏အမည်အားခေါ်သူကိုမတွေ့ခဲ့။
“စိုးသိန်း………….”
“ဟာ…တယ်…ငါဆဲထည့်လိုက်ရ…
ဘယ်ခွေးသတောင်းစားတုန်း…ထွက်ခဲ့…မိုက်ရင်ထွက်ခဲ့…”
ဟု…ပြောရင်း လူသည်လည်း ယိုင်တိုင်ထိုး၍
တစ်ပတ်လည်ကာ ရှာဖွေနေလေသည်။
အမည်ခေါ်သူအားမတွေ့လေရာ စိုးသိန်းပို၍
ဒေါသထွက်လာလေသည်။
“ထွီ……..ခွေးမသား…ငါ့ကိုများ….လာ…ထွက်ခဲ့…
ထွက်ခဲ့…ခွေးမသား……..”
စိုးသိန်းအော်ဟစ်နေပါသော်လည်း မည်သူမှထွက်မလာပေ။
သို့ကြောင့် စိုးသိန်းအမူးပင်ပြေလုလုဖြစ်လာခဲ့တော့သည်။
“တော်ပြီ…အိမ်ပဲပြန်တာကောင်းတယ်………”
ဟု ဆိုပြီးသူ၏အိမ်ရှိရာသို့ ဦးတည်သွားသောအခါ၌…
“စိုးသိနျးးးးးးးးးးးးးးးးးးးးးး”
“ငါ့လခွမ်း………”
အော်ခေါ်သံအကျယ်ပြီးကြောင့် ရှေ့သို့သွားနေသော
စိုးသိန်းတစ်ယောက် လန့်ဖြန့်ကာ သွားတော့သည်။
ယခုအခါ ခေါ်သံသည် သူ၏နောက်တည့်တည့်မှဖြစ်၍
စိုးသိန်းနောက်သို့လှည့်ကြည့်လိုက်တော့၏။
နောက်သို့လှည့်အကြည့်…
“ဟင်…………..”
“ဂျွတ်……….”
တုန်ရီစွာထွက်ပေါ်လာသော စိုးသိန်း၏ အသံကြီးနှင့်အတူ
ဂျွတ်ဆိုသောမည်သံသည် တဆက်ထဲထွက်ပေါ်လာခဲ့ပြီးနောက်
ပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်၍ သွားတော့၏။
*****************************
“သေပြန်ပြီဟေ့…ဒီတစ်ခါသေတာ စိုးသိန်းပဲ”
“ဟာ…ဘယ်လိုဖြစ်တာတုန်း ဒီကောင်ညကတောင်
မူးရူးပြီးဆဲဆိုနေတာလေဗျာ….”
“မသိဘူးဟေ့…မနက်အစောပဲ
ဒီကောင်သေတယ်သတင်းထွက်လာတာ…သေတာကလည်း
လှသောင်းသေတာနဲ့တပုံစံတည်းဆိုပဲ…”
“ကျုပ်တို့ရွာတော့ ဘာတွေဖြစ်သလဲမသိဘူးဗျာ…”
“အေး…ကျုပ်လည်း ကြောက်လာပြီဗျ…လူနှစ်ယောက် လက်သည်မပေါ်ဘဲသေတာ အတော်ကြောက်ဖို့ကောင်းနေပြီ…”
စိုးသိန်းတစ်ယောက် သေဆုံးသွားခဲ့လေသည်။
သူ၏သေဆုံးခြင်းသည်လည်း
ကိုလှသောင်းသေစဥ်ကအတိုင်းပင်ဖြစ်လေရာ
ရွာသူကြီးဦးပေသည်လည်း ကြံရာမရဖြစ်လို့နေလေသည်။
သို့သော်လည်း ကိုလှသောင်းတုန်းကအတိုင်းပင် စိုးသိန်းအလောင်းအား မြုပ်နှံလိုက်ကြတော့၏။
“ရွာထဲမှာ ကင်းချမယ်…အရင်လို တစ်ကင်းထဲမဟုတ်ဘူး…
ဒီတစ်ခါ အရှေ့၊အနောက်၊တောင်၊မြောက်…အစုံချမယ်…
တစ်ကင်းမှာ သုံးဦးကျ အလှည့်လိုက်စောင့်မှရမယ်ကွာ…
မဟုတ်ရင် တို့ရွာအတွက်ပိုဆိုးလာနိုင်တယ်….
ဘယ်လိုလဲ ငါပြောတာဖြစ်ကြလား”
“ဖြစ်တယ် သူကြီး…ကျုပ်တို့လည်း
အိမ်မှာထိုင်ရင်းကြောက်နေရမှာနဲ့အတူတူ…
ကင်းစောင့်ရင်းအခြေအနေကြည့်ကြတာပေါ့”
“ဟုတ်တယ်ဗျ…ကျုပ်တို့သဘောတူတယ်…”
အုန်းစုရွာသားတို့သည် သူတို့သူကြီး၏အစီအစဥ်ကို
သဘောတူကြလေသည်။
ထိုသို့ဖြင့် ကင်းတဲများပြင်ဆင်ကြပြီး…
ညပိုင်းတွင် အလှည့်ကျ ကင်းတာဝန်များပေးထားတော့၏။
မည်သို့ပင်ဆိုစေကာမူ…ကိုလှသောင်းနှင့် စိုးသိန်းတို့သည်က
သေဆုံး၍သွားခဲ့လေပြီဖြစ်သည်။
အပိုင်း…၂
“ဟဲ့…မောင်ကျော်…နင့်သူငယ်ချင်းတွေလည်း သေကုန်ပြီ…
နင်လည်း အသွားအလာဂရုစိုက်နော်…ကြားသလား”
“အမေရာ…ကျုပ်အတွက်မပူပါနဲ့”
“ဟဲ့…မပူလို့ရမလား…အကြောင်းအရင်းမသိဘဲသေကုန်တာက
နင်နဲ့တတွဲတွဲဖြစ်နေတဲ့အကောင်တွေလေ…။
ဒါမို့ နင့်ကိုငါပြောနေရတာပေါ့ဟဲ့…”
မောင်ကျော်၏မိခင်သည် မောင်ကျော်အား ပြောနေပါသော်လည်း မောင်ကျော်တစ်ယောက် သူ၏ဖက်ကြမ်းဆေးလိပ်ကို ဖွာရှိုက်ရင်း ဝါးခင်းကြမ်းပြင်၌ ထိုင်ကာ
အတွေးများပွားနေလေတော့သည်။
လှသောင်းနှင့်စိုးသိန်းတို့သည်
သူ၏သောက်ဖော်သောက်ဖက်ဖြစ်ယုံသာမ
ဆိုးတူကောင်းဖက်
ငယ်သူငယ်ချင်းများဖြစ်ကြ၏။
ရန်ဖြစ်လည်းအတူတူ…
ကြက်တိုက်လည်းအတူတူ…
အသောက်အစားအပျော်အပါး၌ပါ
အတူတူဖြစ်သောထိုသူငယ်ချင်းများ
သေဆုံးသွားခြင်းကြောင့် မောင်ကျော် စိတ်မအေးနိုင်ပေ။
အတွေးများ၌လည်း သူငယ်ချင်းများ၏ပုံရိပ်ကို
မြင်ယောင်နေမိလေသည်။
“ဟင်း……ဘယ်တွေဖြစ်တာလဲကွာ…….”
မောင်ကျော် သက်ပြင်းချရင်း ငြီးတွားလေသည်။
ခဏမျှစဥ်းစားတွေးတောနေရင်း ဆုံးဖြတ်ချက်တစ်ခုကို
မောင်ကျော် ချလိုက်တော့သည်။
ထိုင်နေရာမှ ထလိုက်ပြီးနောက်…
“အမေ…ကျုပ် သူကြီးအိမ်သွားဦးမယ်ဗျို့……..”
ဟု မိခင်ကြားလေအောင် အော်ပြောလိုက်ပြီးနောက်
ခြံဝိုင်းထဲမှထွက်သွားတော့သည်။
မောင်ကျော်သည် သူကြီးဦးပေ၏ အိမ်သို့ရောက်သောအခါ
သူကြီးက အထူးအဆန်းဖြစ်၍နေခဲ့ပြီး…။
“ဟ…ဘာကိစ္စရှိလို့…မလာစဖူးအလာ
ထူးနေရတာတုန်း မောင်ကျော်…….”
“သူကြီးကို ကျုပ်တိုင်ပင်စရာလေးရှိလို့ပါဗျာ…”
“ဟေ…အေး….ဒါဖြင့် ထိုင်လေကွာ……….”
မောင်ကျော်သည် ရွာသူကြီးဦးပေထိုင်နေသော သစ်သားခုံတန်းနှင့် မျက်နှာခြင်းဆိုင်နေရာရှိ ခုံ၌ ဝင်ထိုင်လေသည်။
သူကြီးဦးပေသည် မောင်ကျော်အား အကဲခတ်နေ၏။
“ကျုပ်…သူငယ်ချင်းတွေဆုံးတာ
သူကြီးအနေနဲ့ ဘယ်လိုထင်တုန်းဗျ…”
“မင်း သူငယ်ချင်းဆိုတာ…
ဟို လှသောင်းနဲ့စိုးသိန်းကိုပြောတာလား”
“ဟုတ်တယ်လေသူကြီးရာ…ကျုပ်မှာသူတို့ပဲရှိတာကို…
သူတို့မပြောတော့ ကျုပ်ကဘယ်သူ့ကိုပြောရမှာတုန်းဗျ…”
“သြော်…အေးပါကွာ…အေးပါ…..”
မောင်ကျော်တို့သည် မည်သူကိုမှကြောက်ရမှန်းမသိသော
မိုက်ရဲ…သတ်ရဲသည့် လူစားတွေမို့ သူကြီးဦးပေသည်
မချစ်သော်လည်းအောင့်ကာနမ်းဆိုသည့်
စကားအတိုင်းပင်နေထိုင်ရ၏။
“အဲ့တာ…သူကြီးဘယ်လိုထင်တုန်း”
“အေး…ငါတော့ ဘယ်လိုမှမထင်ပါဘူးကွာ……..”
“ဟာဗျာ…ခင်ဗျားနှယ်…ရွာသူကြီးလုပ်ပြီး မသိဘူးလားဗျ”
“ဟာ…ဒီကောင်…မင်းအကောင်တွေသေတာ
ဘယ်လိုဆိုတာမင်းမသိဘူးလားကွ…ဟမ်…။
အတူတွဲနေတဲ့ မင်းတောင် မသိတာငါဘယ်သိမတုန်းဟ…။
ဘယ်လူက အငြိုးနဲ့သတ်ချင်နေသလဲဆိုတာ မင်းပဲ သိမှာပေါ့”
“မဟုတ်ဘူး…မဟုတ်ဘူး………။
ကျုပ်ပြောတာသတ်တဲ့သူက
လူလား….သရဲလား ဒါကိုပြောတာ”
“ဟေ…ဘယ်လို…………”
မောင်ကျော်၏စကားများသည် သူကြီးဦးပေအတွက်
ထူးဆန်းနေပေသည်။
မောင်ကျော်မျက်နှာကလည်း မသာယာလှ။
ထို့ကြောင့် သူကြီးဦးပေက ဆက်ပြီး…
“ဒါတော့ ငါလည်းမစဥ်းစားတတ်ဘူး မောင်ကျော်…
မင်းသိတာရှိသလား”
“ကျုပ်စိတ်ထဲ မတင်မကျဖြစ်နေတာ…ကျုပ်တော့
ပရောဂကု၊ သရဲနိုင်တဲ့ဆရာတစ်ယောက်လောက်
တော့ရှာချင်တယ်ဗျာ…။သူကြီးအသိထဲကရှိရင်လည်း
ကျုပ်ကိုလမ်းညွှန်ပေးပါဦး……..”
“မင်းဘာဖြစ်နေတယ်တော့ ငါမသိဘူးမောင်ကျော်…
မင်းလိုချင်တဲ့ဆရာတော့ ငါသိတယ်…”
“ဟား…ဒါဆို ကောင်းတာပေါ့ဗျာ…
ကျုပ်လိုချင်တာအဲ့တာဗျ…..”
မောင်ကျော်၏မျက်နှာသည် ဝမ်းသာရိပ်များထင်းနေ၏။
လိုချင်တာရ၍ ပျော်ရွင်သွားဟန်တူပေသည်။
ထိုသို့ဖြင့် သူကြီးဦးပေကိုယ်တိုင် မောင်ကျော်ပြောသော
ဆရာအား ရှာဖွေပေးတော့၏။
**********************************
“ဘွားမယ်စိန်ရှိလားဗျို့…ဝင်ခဲ့မယ်နော့………”
“ဘယ်သူတွေတုန်း ဝင်ခဲ့ကြလေ…အမေရှိတယ်….”
ဝင်လာသူများထဲမှ ရှေ့မှနှစ်ယောက်ကိုဒေါ်ဝင်းမသိ။
နောက်မှလိုက်ပါလာသော မောင်တိုး…မောင်အုန်းတို့ကို
မြင်လေသောအခါ…
“ဟဲ့…နင်တို့နှစ်ယောက်က ရှေ့ကနေမဝင်ဘဲ…
ဧည့်သည်ကို ဦးဆောင်ခိုင်းနေကြတာလား”
“မဟုတ်ပါဘူးအရီးရာ…ကျုပ်တို့ကခြင်းလုံးခတ်နေကြတာ…
ဒီကနောင်ကြီးတို့က ဘွားအိမ်ကိုညွှန်ခိုင်းတာနဲ့ ညွှန်ပေးလိုက်တာ…ဒါနဲ့ပဲ ဘာအကြောင်းလဲသိချင်လို့
နောက်ကလိုက်လာကြတာဗျ…….”
မောင်တိုးက ပြုံးတုံ့တုံ့ဖြင့်ဖြေလေသည်။
“လာကြကွယ်…မောင်ရင်တို့မေးတဲ့
ဘွားမယ်စိန်ဆိုတာ ဘွားပဲ…ဘယ်ကများလာကြတာတုန်း”
“မောင်တိုး…အနောက်ဖေးကမီးဖိုချောင်မှာ
လက်ဖက်အုပ်လေးကူသယ်ပေးဦး”
ဘွားမယ်စိန်က ဧည့်သည်နှစ်ဦးအား သူထိုင်နေခဲ့သော
ကွပ်ပျစ်ခင်း၌ဝင်ထိုင်စေသည်။
မောင်အုန်းသည် ကွပ်ပျစ်နံဘေးရှိ ထန်းလက်ခုံ၌ဝင်ထိုင်လေသည်။မောင်တိုးတစ်ယောက်မှာတော့ ဒေါ်ဝင်းနှင့်အတူ
ဧည့်သည်များအဖို့ အကြမ်းရေအိုးနှင့်
လက်ဖက်ပွဲသွားပြင်ဆင်ပေးနေ၏။
“ကျုပ်နာမည်က ဦးပေပါဗျ…ကျုပ်က အုန်းစုရွာသူကြီးပေါ့”
“ကျုပ်နာမည်ကတော့ မောင်ကျော်ပါ…
ဘွားအကြောင်းတွေသိရတော့
ကျုပ်တို့အကူအညီတောင်းချင်လို့ လာခဲ့တာပါ”
ရောက်လာသောသူနှစ်ဦးမှာ
အုန်းစုသူကြီးဦးပေနှင့်မောင်ကျော်တို့ပင်ဖြစ်ကြ၏။
“ဘွားဆီအကူအညီတောင်းတယ်ဆိုတော့
မောင်ရင်တို့မှာဘာအရေးအကြောင်းများရှိလို့တုန်း…”
ဟု…ဘွားမယ်စိန်ကမေးသောအခါ လူကြီးဖြစ်သော
သူကြီးဦးပေက မောင်ကျော်၏မျက်နှာကိုကြည့်ပြီး…
“အကြောင်းကတော့ ကျုပ်တို့ရွာမှာ
လူသေမှုဖြစ်တာကြောင့်ပဲဘွား…
သေသူတွေက ဒီကမောင်ကျော်ရဲ့ သူငယ်ချင်းတွေပေါ့ဗျာ…
ကျုပ်တို့လည်း ဒီလူနှစ်ယောက်သေတာကို
ဘယ်လိုမှစုံစမ်းလို့မရဘူး…ဒါပေမယ့် ဒီမောင်ကျော်က
သရဲနိမ်နင်း ပရောဂကုတဲ့ဆရာကို ရှာပေးပါဆိုတာနဲ့…
ဘွားသတင်းတွေကြားမိတဲ့ ကျုပ်လည်း
သူ့ကိုဒီကိုခေါ်လာရတာပဲဗျာ…….”
သူကြီးဦးပေက သူသိသလောက်ပြောပြရှာသည်။
ဘွားမယ်စိန်သည် သူကြီးဦးပေပြောသောစကားကိုနားထောင်ပြီးနောက် မောင်ကျော်ကို စူးစိုက်၍ အကဲခတ်လေသည်။
မောင်ကျော်သည် ဘွားမယ်စိန်အကြည့်များကို မခံနိုင်၍ မျက်လွှာကိုချထားလေသည်။
“ကဲ…ဒီအကြောင်းက မောင်ရင်နဲ့ဆိုင်တာဆိုတော့…
မောင်ရင်ပြောတာကို ဘွားနားထောင်ချင်တယ်…
ဒါမှဘွားဘက်က ကူညီလို့ရမှာနော်……..”
ဘွားမယ်စိန်ပြောလေမှ မောင်ကျော်သည်
ခေါင်းကိုမော့လာပြီး…
“သေတာက ကျုပ်သူငယ်ချင်း လှသောင်းနဲ့စိုးသိန်းပါ…။
လှသောင်းကတော့အရင်ဆုံးသေသွားခဲ့ရသူပေါ့။
စိုးသိန်းကတော့ လှသောင်းသေပြီးငါးရက်အကြာမှ
ထပ်သေရတာ…သူတို့သေတာကလည်း ဘာရောဂါကြောင့်မှမဟုတ်ဘူးဘွားရဲ…ကျောဘက်ကိုလည်ပင်းကြီးလည်ပြီး
သေသွားကြတာ…ဒီကြောင့် ကျုပ်ဘွားဆီကို
အကူအညီတောင်းဖို့လာတာပါ…ကျုပ်အထင်တော့
ဒါဘယ်နည်းနဲ့မှလူသတ်တာမဖြစ်နိုင်ဘူးဗျာ…
ပြောရရင်သရဲသတ်တာလို့ပဲဆိုရမှာပေါ့”
ရေနွေးကြမ်းနှင့်လက်ဖက်အုပ်လာချပေးသော မောင်တိုးနှင့်ဒေါ်ဝင်းသည်လည်း ဘေးတွင်
မတ်တပ်ရပ်လျက်နားထောင်နေကြသည်။
မောင်အုန်းပခုံးပေါ်၌လက်တင်၍
မောင်အုန်းကနားထောင်နေခြင်းပင်။
“သရဲသတ်တာလို့မောင်ရင်ပြောတယ်နော်…
ဒါဆိုရင် မောင်ရင်တို့မှာ ဒီသရဲနဲ့ပတ်သတ်မိတာ
တစ်ခုခုရှိနေလို့ပေါ့…ဒီအကြောင်းကိုတော့
မောင်ရင်ပြောပြမှဖြစ်လိမ့်မယ်ကွဲ့…
ဒါမှလည်း ဘွားကမောင်ရင့်ကိုကူညီပေးနိုင်မှာလေ”
ဘွားမယ်စိန်ပြောလေသောအခါ မောင်ကျော်သည် ဘေးရှိလူများကိုကြည့်၍ ပြောသင့်မပြောသင့်စဥ်းစားနေသည်။
ဒါကိုရိပ်မိသောဘွားမယ်စိန်က…
“ဟောဒီက ဘွားရဲ့သမီး…ဒီနှစ်ယောက်က
ဘွားရဲ့သားတပည့်တွေပေါ့…သူတို့ရှိနေလို့ မောင်ရင်အပြောခက်နေတာဆိုရင် ဘာမှမပူလေနဲ့…
သူတို့တွေက စောင့်ထိန်းအပ်တာကိုစောင့်ထိန်း
တတ်သူတွေပါကွယ်…..”
ထိုသို့ဘွားမယ်စိန်ပြောသောအခါမှ မောင်ကျော်သည်
သက်ပြင်းချလိုက်ပြီး…
“ဟင်း……..ဒါဆို ကျုပ်ပြောပြပါ့မယ်ဗျာ…….။
ကျုပ်စိတ်ထဲလည်း ဒီအကြောင်းကြောင့်ပဲ ကျုပ်သူငယ်ချင်းတွေ ဆုံးရပြီး…ကျုပ်အလှည့်ရောက်လာမလားလို့
စိတ်ထဲခြောက်ခြားနေမိတာ…….”
ဟုပြောရင်း သူ၏အကြောင်းအားစတင်ကာပြောပြလေတော့သည်။
*********************************
“တောက်…..”
“မင်းကဘာဖြစ်တာလဲဟ လှသောင်းရ…”
ထန်းရည်သောက်ရင်း တောက်ခေါက်လိုက်သော လှသောင်းကြောင့် စိုးသိန်းကမေးလေသည်။
မောင်ကျော်ကတော့ ပဲကြီးလှော်ကိုဝါးရင်း လှသောင်းကိုကြည့်နေခဲ့၏။
လှသောင်းသည် မျက်နှာထက်၌ မကျေနပ်ခြင်းများစွာဖြင့်…
“ဟိုဘက်ရွာက စိန်မြင့်ဆိုတဲ့ကောင်ကိုနည်းနည်းမှ
မကျေနပ်ဘူးကွာ……”
ဟု…အခဲမကျေစွာပြောလေသည်။
“ဘာလဲ…မင်းကြက်ရှုံးသွားလို့လား…”
မောင်ကျော်ကမေးလေသည်။
“ဟေ့ကောင်…အနိုင်နဲ့အရှုံးကတော့ လှသောင်းက
ဂရုမစိုက်ဘူးကွ…ဒီကောင့်စကားကိုမကျေနပ်နေတာငါက”
“ပြောစမ်း…ဒီကောင် ဘာပြောလို့လဲ
တို့လည်းမကြားလိုက်မိပါလား”
“စကားကြီးစကားကျယ်နဲ့…ရွှေကျွန်းက
ကြက်ပိုထက်တယ်တဲ့လေ…
ငါ့ကိုစိုက်ကြည့်ပြီးကိုပြောသွားတာ…
ငါဖြင့် ဒင်းက်ို အသေရိုက်ချင်လိုက်တာ…
ဒင်းရွာမို့ပေါ့ကွာ…
တို့ရွာဆိုရင်ဖြင့် အရိုးတခြားအသားတခြားဖြစ်မယ်သာမှတ်…….”
“တောက်…ရွှေကျွန်းသားက လူပါးဝလို့…
အုန်းစုသားတွေသွေးရဲ… သေရဲ…သတ်ရဲတာကို
ဒီကောင်မသိဘူးထင်ပါ့ကွာ….”
လှသောင်းပြောသောစကားကြောင့် မောင်ကျော်ကခံပြင်းစွာပြောလိုက်သည်။
စိုးသိန်းကတော့ ထန်းရည်ကိုအိုးလိုက်မော့ချပြီး…
“နေပါဦးကွာ…ဒီကောင်ဆိုရင်တော့…
တို့တွေယောက်ဖဖြစ်မယ့်ကောင်ပါဟ…
ဘာလို့ဆို သူ့နှမကိုအရယူပြီး ဒင်းမျက်နှာ ပျက်တာကို
ထိုင်ကြည့်လို့ရသေးတာပေါ့…
ဒါမှ အုန်းစုသားတွေရှေ့ ဒူးထောက်လာမယ့်
ရွှေကျွန်းသားပေါ့ကွာ….ဟားး..ဟား…ဟားး…ဟားး….”
“ဘယ်လို သူ့ညီမဟုတ်လား စိုးသိန်း…။
ဒီကောင့်မှာညီမရှိတာလား”
“ရှိတာပေါ့…ဒီကောင်ညီမနာမည်က ခင်လေးတဲ့…
ချောတာမှ လုံးကြီးပေါက်လှဟေ့…မင်းနဲ့ဆိုသိပ်လိုက်မှာ
မောင်ကျော်…ဒီတော့ ဒီကောင်ကို
တို့ရှေ့ဒူးထောက်လေအောင်
မင်း သူ့နှမကို အရယူကွာ……”
“အေး…ဟုတ်သား…စိုးသိန်းပြောတဲ့နည်းကလည်းမဆိုးဘူးမောင်ကျော်…အနုနည်းနဲ့ပဲ အနိုင်ပိုင်းလိုက်တာပေါ့…
ဒါမှ ဒီကောင့်အဖြစ်ထိုင်ကြည့်ပြီး ဝမ်းသာရတာပေါ့ကွာ…..”
သူငယ်ချင်းနှစ်ယောက်၏အပြောကြောင့်
မောင်ကျော်ပြုံးလိုက်မိသည်။
သူငယ်ချင်းများက အိမ်ထောင်ကိုယ်စီကျကြပြီဖြစ်သော်လည်း
သူတစ်ယောက်သာ လူလွတ်ဖြစ်နေလေသည်။
ထို့ပြင် စိန်မြင့်အပေါ် မကျေနပ်ချက်များကြောင့်
မမြင်ဖူးသေးသော စိန်မြင့်၏နှမကို အရယူဖို့ဆုံးဖြတ်လိုက်တော့သည်။
“မင်းတို့ပြောတာငါလက်ခံတယ်ကွာ…
ဒါပေမယ့်…ငါကသူ့နှမကိုမှ မမြင်ဖူးတာကွ…..”
“ဟား…ဒီအတွက်မပူလေနဲ့မောင်…
မင်းသူငယ်ချင်းငါတို့ရှိပါတယ်ကွ…
မင်းကသာ ဒီကောင်မလေး
မင်းမှမင်းတမ်းတမ်းစွဲဖြစ်အောင်ကြိုးစား…
မင်းကိုသာတမ်းတမ်းစွဲ ဖြစ်တာနဲ့ စိန်မြင့်ဆိုတဲ့ကောင်ကြီး
ရူးပြီပေါ့ကွာ…။တို့တွေကလည်း ဒီကောင် ကျရှုံးခန်းကို
ကြည့်ပြီးဟောဒီထန်းတောမှာအောင်ပွဲဆင်ကြတာပေါ့…
မဟုတ်ပေဘူးလားကွ…..”
“ဒါပေါ့ကွာ…ဒါပေါ့……”
“ကဲ… မောင်ကျော်ကိုကောင်မလေးတမ်းတမ်းစွဲပါစေဗျာ…”
“ပေးတဲ့ဆုနဲ့ပြည့်ပါစေကွာ….ဟား…ဟား…ဟား…ဟား….”
မောင်ကျော်တို့သည် ထန်းတော၌
အော်ဟစ်ပျော်ပါးနေကြတော့၏။
အပိုင်း…၃
“ဟိတ်…ကလေးမ…….”
ရွာလမ်းနံဘေး၌တွေ့ဆုံသော
မောင်ကျော်သည် ခင်လေးကို ခေါ်လိုက်လေသည်။
မောင်ကျော်ကို မသိသလို မျက်နှာထားဖြင့်
ခင်လေးကြည့်လိုက်ပြီး…
“တော်ကဘယ်သူတုန်း…ကျုပ်ကိုသိသလား”
“ကိုယ်က အုန်းစုရွာကပါ…မောင်ကျော်လို့ခေါ်ပါသတဲ့ဗျာ…
ဒီရွာကိုလာရတာက…ဒီရွာက အချောလေး
ခင်လေးဆိုတဲ့အမိကိုလာပြီးကြည့်တာပါဗျာ…”
“အမယ်…ကျုပ်နဲ့မသိဘဲ လာရောနေတဲ့လူကိုတော့
ဝေးဝေးရှောင်ပါ့နော်…”
“အခြားသူကိုသာရှောင်ပါခင်ရယ်…ဒီက ခင့်ကိုအသည်းစွဲနေရတဲ့သူကိုတော့မရှောင်ပါနဲ့…မရက်စက်ပါနဲ့နော်…”
“အို…ဘာစကားတွေလာပြောနေတာတုန်း….”
ခင်လေးတစ်ယောက်ရှက်ရွံ့စွာဖြင့် မောင်ကျော်၏အနီးမှထွက်သွားတော့သည်။
မောင်ကျော်မှာက ထွက်သွားသော ခင်လေးကို
ပြုံး၍ကြည့်နေခဲ့လေသည်။
သူငယ်ချင်းတွေ၏အားပေးမှုနှင့်အတူ မောင်ကျော်တစ်ယောက်
ခင်လေးကို အရလိုက်တော့၏။
ခင်လေးနှင့် တဖြေးဖြေးရင်းနှီးဖို့အတွက်လည်း မောင်ကျော်ကြိုးစားလေသည်။
ရွှေကျွန်းသားများကို အရေးမလုပ်သော ခင်လေးသည်လည်း
အုန်းစုရွာသား မောင်ကျော်ကိုတော့ အရေးပေးလေသည်။
ထိုသို့ဖြင့် အတိုချုပ်ပြောရလျင်ဖြင့် မောင်ကျော်နှင့်ခင်လေးတို့သည် ချစ်သူအဖြစ်သို့ရောက်ရှိလာကြ၏။
“ကိုကျော်…”
“ဗျာ…”
“ခင်လေးတို့လူမသိသူမသိ ချိန်းတွေ့နေရတာလည်းကြာပြီ…။
ကိုကျော်ခင်လေးကို
မိသားဖသားပီပီလာတောင်းယူပါတော့လားဟင်……”
“အို…ဘယ်လိုပြောသလဲ ခင်ရယ်…ကိုကျော်ကလေ…
ဟောသည်က ခင့်ကို အရမ်းချစ်…အရမ်းမြတ်နိုးတာ
ခင်လည်းသိရဲ့နဲ့…ကိုကျော် ခင့်ကိုလာတောင်းမှာပါကွယ်…
ဒီအတွက်မပူလေနဲ့နော် ခင်………”
“ဟုတ်…ကိုကျော်….”
ထိုနေ့သည် ခင်လေးနှင့်မောင်ကျော်တို့
နောက်ဆုံးတွေ့ဆုံခြင်းဖြစ်၏။
မောင်ကျော်သည် သူငယ်ချင်းများနှင့်တိုင်ပင်ထားသည့်အတိုင်းပင် ခင်လေးရှိရာသို့ခြေဦးပင်မလှည့်တော့ပေ။
မောင်ကျော် ပြောင်းလဲသွားခြင်းကြောင့်လည်း
ခင်လေးခမျာ တမှိုင်မှိုင်တတွေတွေဖြင့် စိတ်ဆင်းရဲရပြန်၏။
“ဟဲ့ကောင်မ…ခင်လေး…ငါနင့်အစ်ကို…နင်ဘာဖြစ်နေတာလဲ
ငါ့ကိုပြော…ပြောလေ…..”
ခင်လေး အမှုအရာပျက်နေ၍ အစ်ကိုဖြစ်သူ
စိန်မြင့်တစ်ယောက်မနေသာတော့ဘဲမေးလေသည်။
ဘယ်လိုပင်မေးမေး ခင်လေး မပြောလေသောကြောင့်
စိန်မြင့်ဒေါသပုန်ထနေတော့သည်။
ရက်များတဖြေးဖြေးကြာလာလေတော့
ခင်လေး၏ပုံသည်လည်းပြောင်းလဲစပြုလာ၏။
ခင်လေး၏ဗိုက်သည် တဖြေးဖြေးဆူလာခြင်းကြောင့်
စိန်မြင့်နှင့်မိဘနှစ်ပါး အံ့သြထိတ်လန့်ကုန်ကြတော့သည်။
ခင်လေးသည်လည်း အိမ်ထဲမှအိမ်အပြင်သို့မထွက်တော့သလို
မိဘနှင့် အစ်ကိုဖြစ်သူ၏ မေးမြန်းချက်များကိုလည်းမဖြေ။
တငူငူတငိုင်ငိုင်ဖြင့်သာနေရှာ၏။
“ညီမလေး…ကိုကြီးမှာ ညီမလေးပဲရှိတာနော်…
ညီမလေး အခုလိုဖြစ်တာ ကိုကြီးအသုံးမကျလို့ဖြစ်ရတာ…
ဒါမို့ ညီမလေးရည်းစားဘယ်သူဆိုတာသာပြော ကိုကြီးရအောင် တောင်းပန်မယ်…ညီမလေးကိုတာဝန်ယူဖို့ ကိုကြီး
ရှစ်ခိုးရင် ရှစ်ခိုးရပါစေ…ကိုကြီး ရအောင်ပြောမယ်…
ဒါမို့ ညီမလေး ကိုကြီးကိုပြောပြပါညီမလေးရယ်နော်….”
စိန်မြင့်ကချော့မော့၍ပြောလေသည်။
တငူငူတငိုင်ငိုင်နေသော ခင်လေးသည်.စိန်မြင့်စကားကြောင့်…
“ကိုကြီး…ညီမလေးမှားတာပါ…ညီမလေးမှားတာ…
အီး…ဟီးးး….ဟီး….ကိုကျော် က… ကိုကျော်က
ညီမလေးကိုပစ်သွားတာ……..ဟီး….ဟီးးးးး”
ခင်လေး၏စကားကြောင့် စိန်မြင့် မျက်လုံးပြူးသွားရသည်။
မိမိတို့ရွာဆီသို့မကြာခဏလာတတ်သော မောင်ကျော်တို့သုံးယောက်ကို မျက်လုံးထဲမြင်ယောင်လာခဲ့၏။
“ညီမလေးပြောတာ အုန်းစုရွာက မောင်ကျော်လား…
ဟုတ်လားညီမလေး…….”
စိန်မြင့်ကမေးလေတော့ ခင်လေးသည် ငိုရှိုက်နေရင်းမှ
ခေါင်းကို ငြိမ့်ပြ၏။
“ဟာ…ဒါဆိုရင်တော့ ကိုကြီးရအောင်ပြောမယ်…
ဒီကောင်ညီမလေးကိုတာဝန်ယူစေရမယ်…နော်…ညီမလေး….
ဘာမှမပူနဲ့ ဘာမှစိတ်မဆင်းရဲနဲ့တော့…….”
စိန်မြင့်ကပြောရင်း ညီမဖြစ်သူ၏မျက်ရည်များကို
လက်ဖြင့်သုတ်ဖယ်ပေးရှာသည်။
*****************************
မိုးချုပ်သည်ထိ
ထန်းတော၌သာအချိန်ဖြုန်းနေသော
မောင်ကျော်သည်သူငယ်ချင်းများကြောင့်သာ
ခင်လေးကိုပစ်ထားရပါသော်လည်း သူ၏စိတ်အတွင်း၌
ခင်လေးအား တမ်းတနေမိသည်။
“ဟေ့ကောင်…သောက်လေ…ဘာငိုင်နေတာတုန်း…
ဘာလဲ မင်းကအချစ်နာကျနေတာလား”
ဟု…လှသောင်းကမေးလေသည်။
ဆိုးတူ…ကောင်းဖက် သူငယ်ချင်းတွေမို့
မောင်ကျော်ဟန်ဆောင်ပြီး…
“မဟုတ်တာကွာ…ငါက ဝမ်းတောင်သာရဦးမှာ…
အခုဆို ဟိုကောင်မ မျက်ရည်နဲ့မျက်ခွက်ဖြစ်မှာတောင်
မြင်ယောင်ပါသေးတယ်….”
“ဟုတ်ပါ့ကွာ…စိန်မြင့်တစ်ယောက်တော့…မျက်နှာကြီးအီးမှန်သလို ရှုံ့တွနေလောက်ပြီ….ဟားးး…ဟားးး…ဟားးးးးးးးးး”
ထိုစဥြ…
“ဘာ…မင်းတို့က… မင်းတို့က…
ငါ့ညီမကို ကစားနေကြတာပေါ့…
ဟုတ်လား မောင်ကျော်…မင်းတို့နဲ့ငါ ဘာရန်ငြိုးရန်စရှိလို့လဲ…
ဘာလို့ ငါ့ညီမကိုထိရတာလဲကွာ…….”
ရုတ်တရက် သူတို့အနီးရောက်လာသော စိန်မြင့်ကြောင့်
မောင်ကျော်တို့ လန့်သွားရသည်။
သို့သော် သုံးဦးသားထိုင်နေရာမှ ထလာခဲ့ကြပြီး…
“ဒီမှာ စိန်မြင့်…မင်းနဲ့ငါတို့ရန်စမရှိဘူးဟုတ်လား…
ဟား…အေးပေါ့ ပြောသူကဘာမှမဟုတ်ပေမယ့်…
အပြောခံရသူကနာတယ်ကွ…….”
“ဟာ…လှသောင်း…ငါမင်းတို့ကို
ဘာအမှားလုပ်မိလို့လည်းကွာ…ငါဘာအမှားလုပ်မိလို့လဲ”
စိန်မြင့် သူကိုယ်တိုင်မသိသော အကြောင်းအရာကြောင့်
ညီမဖြစ်သူဒုက္ခရောက်ရသဖြင့် စိတ်တို့ကပူထူ၍နေလေသည်။
“ကြက်ပွဲမှာ မင်းနိုင်တော့ မင်းဘာပြောသလဲ စိန်မြင့်…
ဟမ်…မင်းမမှတ်မိဘူးမလား…အဲ့တုန်းက
မင်းငါ့မျက်နှာကိုကြည့်ပြီး ရွှေကျွန်းက ကြက်ပိုထက်တယ်
ဆိုပြီး စကားနာထိုးသွားတာမဟုတ်ဘူးလားကွ…”
“ဟာ..မင်းမှားပြီ လှသောင်း…ဒီစကားက
အချင်းချင်းစနောက်ပြီး ငါပြောမိတာပါကွာ……”
“အချင်းချင်းဟုတ်လား…အေး…ဒါဆို မင်းနှမကိုလည်း
ငါ့သူငယ်ချင်းက စတယ်ကွာ…မင်းမနာနဲ့ပေါ့”
“ဒါစတာမဟုတ်ဘူး…လှသောင်း…အခု ငါ့နှမမှာ သူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ…ဒါစ စရာမဟုတ်ဘူးကွ…….”
“ဘာ…..”
သူငယ်ချင်းများနှင့် စိန်မြင့်ပြောနေသော စကားအား
မောင်ကျော်နားထောင်ရင်းတွေတွေကြီးရပ်ကြည့်နေမိ၏။
“အေး…မင်းတို့ဘာမင်းတို့ကိုယ်ဝန်မကလို့
ဘာပဲဖြစ်ဖြစ်တို့နဲ့မဆိုင်ဘူး…
ဒီတော့ကိုယ့်နှမကိစ္စကိုယ်ရှင်းပေါ့ကွာ…….”
စိုးသိန်းစကားကြောင့် စိန်မြင့်ဒေါသများတဖွားဖွားထွက်လာခဲ့ပြီး…
“ခွပ်……..”
“အ…”
“ဟာ…ခွေးမသားလူပါးဝလို့….”
“ခွပ်…….”
“အား…….”
“ချကွာ…ဒီနေ့မင်းအသေပဲ……..”
စိုးသိန်းကို စိန်မြင့်လက်သီးဖြင့်ထိုးချလိုက်လေရာ
လှသောင်းနှင့် စိုးသိန်းတို့နှစ်ယောက်ပေါင်း၍ စိန်မြင့်ကို
သတ်ပုတ်ကြတော့သည်။
မောင်ကျော်သည်ကား သူ၏လုပ်ရပ်များကိုတွေးရင်း…
ခင်လေး၏မျက်နှာကိုမြင်ယောင်ရင်း ပတ်ဝန်းကျင်ကိုပင်
သတိမမူမိပေ။
“ဒုတ်……”
“အ……….”
“သေစမ်း…ခွေးမသား….”
“ထွီ…တို့ ဒီလိုလာစမ်းရရိုးလားကွ…သေစမ်း………”
“ဟာ…မင်းတို့ဘယ်လိုလုပ်လိုက်တာတုန်း….ဟာကွာ…”
လှသောင်းသည် စိန်မြင့်၏ခေါင်းအား အနီးရှိဝါးရင်းတုတ်ဖြင့်
ရိုက်ချလိုက်လေသည်။
အငိုက်မိ၍ အရိုက်ခံရသော စိန်မြင့်တစ်ယောက် ချက်ကောင်းကိုထိ၍ မြေပေါ်၌ အသက်ငင်နေရှာသည်။
ထိုအခါမှ သတိဝင်လာသော မောင်ကျော်သည် ပြာပြာသလဲ ဖြစ်ကုန်တော့၏။
“ငါ…….ငါ…..မင်းးးး….မင်းးးးးတို့ကို….မကျေနပ်ဘူးးးးးး”
“ဟားးး…ဟားးး…ဟားးး….သေတော့မယ့်ကောင်က…
မကျေနပ် ဂရုမစိုက်ဘူးဟေ့ကောင်….
သရဲဘဝနဲ့တင်လာလိုက်ဦး…
အသေထပ်လုပ်ပစ်ဦးမှာမင်းကို……”
“စိန်မြင့်…မင်းလိုကောင်ကို ဟောသည်က လှသောင်း…စိုးသိန်း…မောင်ကျော်တို့က ရောက်လေရာမှာ သတ်ဦးမှာ….
မကျေနပ်ရင် လာခဲ့ပေါ့ကွာ……….”
“လာ…မောင်ကျော်သွားမယ်…..”
“ဟာ…နေကြဦးလေ…စိန်မြင့်သေသွားဦးမယ်…”
“ဘာလဲ မင်းက မင်းယောက်ဖမို့သနားနေတာလား…
တို့ကမင်းသူငယ်ချင်းတွေပါမောင်ကျော်ရာ…လာစမ်းပါ”
မောင်ကျော်ကို အတင်းဆွဲခေါ်သွားကြတော့သည်။
ထိုသို့ဖြင့် စိန်မြင့်တစ်ယောက် ထန်းတော၌
သေဆုံးသွားတော့၏။
စိန်မြင့်သေဆုံးသည့်သတင်းကို သိကြပါသော်လည်း
လှသောင်းတို့အား မည်သူကမှ အပြစ်မတင်ရဲကြ။
လူဆိုးလူမိုက်များမို့…မပြောဆိုရဲကြခြင်းဖြစ်သည်။
**************************
“အလို…မောင်ရင်တို့က အတော်ဆိုးသွမ်းတာပါလား…..”
“ကျုပ်သူငယ်ချင်းတွေသေရတာ စိန်မြင့်ကြောင့်လို့ကျုပ်ထင်လို့ပါ…ဒါမို့ ကျုပ်ဘွားဆီ လာခဲ့ရတာပါ……”
မောင်ကျော်ပြောသောအဖြစ်အပျက်အဆုံး၌
အားလုံးသည် မောင်ကျော်အား ရွံရှာမုန်းတီးမိကြလေသည်။
ဘွားမယ်စိန်ကတော့ခေါင်းလေးကိုရမ်းပြီး…
“စိန်မြင့်သာ မောင်ရင်တို့ကိုလက်စားချေချင်ရင်
ဒါသူမှန်တာပဲလေကွယ်….”
“ဒါပေမယ့်…ကျုပ်သူငယ်ချင်းတွေပြီးရင် ကျုပ်အလှည့်လာတော့မှာ…ကျုပ်ကိုတော့ကယ်ပေးပါဘွားရယ်…ကျုပ်ကိုကယ်ပေးပါ…..”
မောင်ကျော်သည် လက်အုပ်ချီ၍
ဘွားမယ်စိန်အားတောင်းဆိုလေသည်။
ဘွားမယ်စိန်သည်မောင်ကျော်ကိုစိုက်ကြည့်ပြီး…
“ဘွားဘက်က လူဆိုးလူမိုက်တွေကို
ဘယ်နည်းနဲ့မှမကယ်ဆယ်နိုင်ဘူးမောင်ရင်…”
ဟုဆိုလေသည်။
“ကျုပ်မှားတာတွေအတွက် ကျုပ်နောင်တရနေပါပြီဗျာ…
ကျုပ်ကိုသာ မသတ်ရင်လေ…ကျုပ်…
ကျုပ်ခင်လေးနဲ့အတူနေပြီး
ကောင်းကောင်းမွန်မွန်ဘဝကိုလျောက်ဖို့
ဆုံးဖြတ်ပြီးပါပြီဗျာ…….”
မောင်ကျော်ကပြောသော်လည်း ဘွားမယ်စိန်ကမည်သည့်စကားမှမတုန့်ပြန်တော့ပေ။
မောင်ကျော်လည်းခေါင်းကြီးကိုငုံ့၍ထားလေသည်။
မောင်အုန်းတို့သည်က ဘွားမယ်စိန်အဆုံးအဖြတ်ကိုသာ
သိချင်နေကြ၏။
ခဏမျှတိတ်ဆိတ်နေသော စကားဝိုင်းသည်…
“မောင်ရင့်ဘဝကိုပြုပြင်မယ်ဆိုတာသေချာလား…….”
“သေချာပါတယ်ဗျာ…သေချာပါတယ်….”
“ဒါဆိုကောင်းပြီ…မနက်ဖြန်မနက်မှပြန်လာခဲ့…ဒီညတော့
သူကြီးအိမ်မှာတည်းပေါ့…မောင်ရင့်ကို ကယ်သင့်မကယ်သင့်
ဘွားစဥ်းစားလိုက်ဦးမယ်…ဟုတ်ပြီလား……..”
“ကျေး…ကျေးဇူးတင်ပါတယ်ဗျာ…
လုံးလုံးကြီးငြင်းပယ်တာထက်စာရင်
ကျုပ်ကျေနပ်ပါတယ်…….”
ဘွားမယ်စိန်မှစဥ်းစားပေမည်ဆိုသောကြောင့် မောင်ကျော်ဝမ်းသာသွားရှာသည်။
ထိုသို့ဖြင့် မောင်ကျော်တို့အား သူကြီးအိမ်၌တည်းခိုဖို့ရန်အတွက်မောင်အုန်းကခေါ်ဆောင်သွားတော့၏။
ဇာတ်သိမ်းပိုင်း
နောက်တစ်နေ့ နံနက်ခင်းအချိန်တွင်
သူကြီးအိမ်၌တည်းခိုနေကြသော မောင်ကျော်တို့သည်
ဘွားမယ်စိန်အိမ်သို့ရောက်ချလာခဲ့ကြတော့၏။
ထိုသူတို့ရောက်လာချိန်၌
ဘွားမယ်စိန်သည် ဘုရားခန်း၌တရားထိုင်နေသည်မို့
ကွပ်ပျစ်ခင်း၌ အချိန်အတော်ကြာ ထိုင်စောင့်ကြရလေသည်။
“ကောင်ညှင်းပေါင်းလေးနဲ့အကြော်လေးစားကြဦး…
အမေက တရားထိုင်နေတော့နည်းနည်း ကြာဦးမယ်ကွဲ့….”
“ဟုတ်ကဲ့…ကျုပ်ကလည်းဇောနဲ့မို့စောလာမိတာပါအရီးရယ်…
ကျုပ်တို့စောင့်ပါ့မယ်…”
ဒေါ်ဝင်းသည်ကောင်ညှင်းပေါင်းနှင်အကြော်ပန်းကန်ချ၍
ဧည့်ခံရင်းမောင်ကျော်တို့အားပြောလေသည်။
မောင်ကျော်တို့သည် ဘွားမယ်စိန်အားစောင့်ဆိုင်းရင်း
ဒေါ်ဝင်းချပေးသောအကြော်နှင့်ကောက်ညှင်းပေါင်းကိုတွဲဖက်၍စားကြတော့၏။
ထိုစဥျ…
“သြော်…ကိုမောင်ကျော်တို့က တယ်လည်း
ဝီရိယကောင်းသဗျာ…
ကျုပ်တို့က သူကြီးအိမ်မှာရှိနေတယ်ထင်လို့
အဲ့ကိုပဲသွားကြတာ…
သူကြီးက ဒီကိုထွက်သွားပြီဆိုတော့မှ လိုက်လာရတာဗျို့…
ဘယ့်နဲ့လည်းဗျ မနက်စာစားပြီးကြပြီလား”
မောင်တိုးနှင့်မောင်အုန်းတို့ခြံဝိုင်းထဲသို့ဝင်လာခဲ့ကြသည်။
မောင်အုန်းက ထန်းလက်ခုံ၌ဝင်ထိုင်ရင်းမေးလေတော့
သူကြီးဦးပေက ပြုံးရင်း…
“မောင်ကျော်လေကွာ….ဦးနောင်ချိုက နံနက်စာကျွေးမှာတောင်
မစောင့်နိုင်ဘဲဒီကိုတန်းထွက်လာတာဟေ့…
အစ်မဝင်းက ကောက်ညှင်းပေါင်းနဲ့အကြော်ချကျွေးလို့သာ
ငါ့ဝမ်းမီးငြိမ်းရတယ်မောင်ရင်တို့ရေ………..”
သူကြီးဦးပေစကားကြောင့် မောင်တိုးတို့ပြုံးမိသွား၏။
ဒေါ်ဝင်းက…
“နင်တို့နှစ်ယောက်ရော မနက်စာစားခဲ့ကြရဲ့လား…
မစားရသေးရင် မီးဖိုထဲမှာအကြော်နဲ့ကောက်ညှင်းတွေကျန်သေးတယ်ဟဲ့…
နင်တို့နှမ နန်းကြိုင်ကိုအရီးယူခိုင်းလိုက်မယ်လေ…”
“နေ…နေ…အရီး ကျုပ်တို့က စားခဲ့ပြီဗျ…”
မောင်တိုးကဖြေလေတော့ ဒေါ်ဝင်းကခေါင်းညိတ်လိုက်သည်။
“အေးပါ…စားခဲ့တယ်ဆိုပြီးတာပဲကွယ်……..”
လူများဆုံ၍ စကားဆုံပြောနေခဲ့ကြသည်။
ခဏကြာတော့
ဘွားမယ်စိန်တရားထိုင်ပြီး၍
ကွပ်ပျစ်ခင်းဆီသို့ဆင်းလာလေခဲ့ရာ
အသံတို့သည် တိတ်ဆိတ်သွားတော့၏။
“စောသားပဲ…စိတ်တွေလောနေကြတယ်ထင်ပါ့ကွယ်…”
“ဟုတ်တယ်ဘွားရေ…ဒီကောင်မောင်ကျော်လေ ညကတည်းက
တကြွကြွဖြစ်နေတာ…..”
သူကြီးဦးပေစကားကြောင့် မောင်ကျော်က ပြုံးနေ၏။
ဘွားမယ်စိန်က ခေါင်းညိတ်လိုက်ပြီး…
“အင်း…လူဆိုတာ အမှားကိုဆင်ခြင်ရတယ်ကွဲ့….
သံသရာမှာမကောင်းတဲ့အရာတွေလုပ်မိရင်တောင်
အဲ့လိုအမှားမျိုးထပ်မမှားရအောင် ဆင်ခြင်သင့်တဲ့အရာကို
ဆင်ခြင်ရှောင်ကျဥ်ရမယ်……..”
ဘွားမယ်စိန်စကားကိုအားလုံး တိတ်ဆိတ်စွာနားထောငိနေကြ၏။
“မောင်ကျော်…မင်းလုပ်ခဲ့တဲ့အမှားတွေအတွက်
မင်းလိပ်ပြာလုံသလား”
မောင်ကျော်သည် ဘွားမယ်စိန်အမေးကြောင့်
ခေါင်းကိုရမ်းပြီး…
“ကျုပ်လိပ်ပြာမလုံပါဘူးဘွား…ကျုပ်အမှားတွေကို ကျုပ်ပြန်တွေးမိတိုင်း နောင်တတွေတသီကြီးရမိပါတယ်ဗျာ…….”
“ဒါဆို…မောင်ရင့်အမှားတွေအတွက် သေရမှာကိုကြောက်ရွံ့လို့
ဘွားကိုကယ်ခိုင်းတာလား…ဒါမှမဟုတ် မောင်ရင် အသက်ရှင်ကျန်ရစ်မယ့်အချိန်မှာ အမှားတွေကိုပြုပြင်နေချင်တာကြောင့်လား…”
“ကျုပ်အမှားတွေကို ကျုပ်ပြင်ချင်တာပါ…
ကျုပ်သေရမှာကိုမကြောက်ပါဘူးဘွား…
ဒါပေမယ့် ကျုပ်ကြောင့် ဖြစ်လာခဲ့တဲ့အရာတွေကို
ကျုပ်ပြန်ပြင်ချင်သေးတယ်…ကျုပ်ခင်လေးကိုတာဝန်ယူချင်တယ်…ကျုပ်ကြောင့် သားသေရတဲ့သူ့မိဘတွေကိုလည်း သားတစ်ယောက်လိုစောင့်ရှောက်ချင်သေးတယ်ဗျာ…..”
ဘွားမယ်စိန်သည် မောင်ကျော်ကိုအကဲခတ်နေလေသည်။
ပြီးနောက်…
“အင်း……ဒီလိုဆိုရင်တော့ မောင်ရင်ပြောတာကို ဘွားလက်ခံပေးလိုက်မယ်…ဒါပေမယ်လို့…
မောင်ရင်လုပ်ပေးရမှာလည်းရှိသေးတယ်……… “
မောင်ကျော်ဝမ်းပန်းတသာဖြင့်…
“ပြောပါဘွား…ကျုပ်ဘာလုပ်ပေးရမလဲတာ ပြောပါဗျာ……”
“မောင်ရင်လုပ်ပေးရမှာက သေဆုံးသူ မောင်စိန်မြင့်ရဲ့ မိဘတွေကို ဝင်ချတောင်းပန်…သူတို့ခွင့်လွှတ်သည်အထိ
အပြစ်ပေးဆပ်ပြီး ခင်လေးကိုတာဝန်ယူဖို့ပဲ…ဒါကလည်း ဘွားရှေ့မှောက်မှာပဲမောင်ရင်လုပ်ပေးရလိမ့်မယ်………”
ဘွားမယ်စိန်သည် ခြံပြင်ကိုကြည့်၍ပြောလိုက်သည်။
ခြံပြင်၌ရှိနေသောတစ်စုံတစ်ယောက်သည်လည်း ဘွားမယ်စိန်တို့အား ကြည့်နေခဲ့၏။
“ဘွားမပြောလည်း ဒီအရာတွေက
ကျုပ်ဆုံးဖြတ်ထားပြီးသားပါ…
ဒါမို့…ဘွားစိတ်ချပါ
ဘွားဖြစ်စေချင်သလိုကျုပ်လုပ်နိုင်ပါတယ်ဗျာ……. “
“အင်း…ဒီလိုဆိုရင်တော့ ဘွား
မောင်ရင်တို့ဆီကိုလိုက်ခဲ့ပါ့မယ်…
ကဲ…မောင်တိုးရေ လှည်းပြင်ထားလိုက်တော့”
“ကျုပ်တို့မှာလှည်းပါတယ်ဘွား”
“ရတယ်…ရတယ်…ဘွားတို့ဘာသာပဲလှည်းယူခဲ့ပါ့မယ်…။
ပြန်ရင်လည်း လွယ်တာပေါ့လေ”
“ဟုတ်ကဲ…ဘွား သဘောအတိုင်းပါပဲ”
ထိုသို့ဖြင့် ဘွားမယ်စိန်သည် သူ၏သားတပည့်များဖြစ်သော
မောင်တိုး၊မောင်အုန်းတို့နှင့်အတူ အုန်းစုရွာသို့
လိုက်ပါသွားတော့၏။
***************************
အုန်းစုရွာသို့ရောက်လေတော့
မောင်ကျော်၏အိမ်၌ သာတည်းခိုကြသည်။
မောင်ကျော်၏မိဘများကလည်း ဘွားမယ်စိန်အား
ရိုသေလေးစားကြ၏။
ပြီးနောက်…
ဘွားမယ်စိန်သည် မောင်ကျော်တို့၏အိမ်၌သာ နေရစ်ခဲ့ပြီး
မောင်ကျော်…သူကြီးဦးပေ…မောင်တိုး…မောင်အုန်းတို့သည်
ရွှေကျွန်းရွာသို့ ထွက်ခွာသွားကြလေသည်။
ရွှေကျွန်းရွာရှိ ခင်လေးတို့အိမ်ဆီသို့ရောက်သောအခါ…
“မောင်ကျော်…ဝင်လေကွာ……..”
“ကျုပ်…ကြောက်တယ် သူကြီးရ”
“တယ်…မင်း မိုက်တုန်းကကြ မိုက်ပြီး…ခုမှကြောက်ရသလား…
မင်းယောကျာ်းပဲကွ…ကိုယ့်အပြစ်ကိုယ်ခံယူရဲရမှာပေါ့”
သူကြီးဦးပေ၏စကားကြောင့် မောင်ကျော် စိတ်ကို
ဒုန်းဒုန်းချလိုက်ပြီး…
“ခင်ရေ…ခင်….ကိုကျော်လာပြီလေ ခင်………”
ဟုအော်ရင်း ခြံဝိုင်းထဲသို့ဝင်လေရာ
သူကြီးဦးပေနှင့်တကွ မောင်တိုးတို့သည်လည်း နောက်မှလိုက်ပါလာခဲ့ကြတော့၏။
“ဟေ့ကောင် မင်းဘာလာလုပ်တာလဲ……”
ခင်လေး၏ဖခင်ဖြစ်သူသည် မောင်ကျော်ကို မြင်လေတော့
ဒေါသတကြီးထွက်လာ၏။
ပြီးနောက် ဒေါသကြောင့် မောင်ကျော်အား
တစ်စုံတစ်ခုလုပ်ချင်၍ မျက်လုံးဝေ့ကာရှာနေပြန်သည်။
နောက်ဆုံး မလှမ်းမကမ်းရှိ ဝါးရင်းတုတ်တစ်ချောင်းကိုယူ၍
မောင်ကျော်ကိုရွယ်လေသောအခါ
သူကြီးဦးပေမှ…
“နောင်ကြီး…ကျုပ်က အုန်းစုရွာသူကြီးပါဗျာ…
ဒီကမောင်ကျော်က သူ့အပြစ်တွေအတွက်
လာတောင်းပန်တာပါနောင်ကြီးရာ…
စိတ်လေးနည်းနည်းလျော့ပေးပါ”
“ဘာဗျ… ကျုပ်ကစိတ်လျော့ရမယ်…ဟုတ်လား…ဟား…
ကြားကြသေးရဲ့လား…သားကသေ သမီးကဗိုက်ကြီး…
ဒီလို ဝဋ်ကြွေး တွေခံစားနေရတဲ့ ကျုပ်တို့က
ခွင့်လွှတ်ရမယ်……”
“သူကြီး…မပြောပါနဲ့ဗျာ…ကျုပ်အပြစ်ကျုပ်ခံပါ့မယ်….
ရိုက်ပါ အဖေ…ရိုက်ပါ…ကျုပ်မှားခဲ့တာတွေအတွက်
ကျုပ်ကိုသတ်ပါဗျာ……..”
“အဖေ…ဟုတ်လား….ခွေးမသား….မင်းလိုကောင်က ငါ့ကိုအဖေခေါ်တယ်…အဖေခေါ်ရမယ့်
ငါ့သားကြီးကိုကျအသေသတ်ပစ်ပြီး….
အဖတေဲ့….ဟားးး….ဟားးးး….ဟားးး….ဟားးး…….”
ခင်လေး၏အဖေသည် မျက်ရည်များဖြင့်အော်ဟစ်နေသည်။
လူသည်လည်းဒေါသကြောင့် တုန်ရီနေခဲ့၏။
မောင်ကျော်ကတော့ ဒူးကြီးထောက်၍ ခေါင်းကို
ငုံ့ထားလေသည်။
“ကျုပ်တစ်ဘဝလုံး ဒီအပြစ်တွေကိုပေးဆပ်မှာပါဗျာ…
ကျုပ်ပေးဆပ်မှာပါ………”
“အေး…မပေးဆပ်ခင်…ငါ့သားအတွက် မင်းကို……..”
“ခွပ်……”
“ဟာ….”
“ခွပ်…..”
ခင်လေး၏ဖခင်ကြီးသည် တုတ်ကြီးကိုပစ်ချ၍
မောင်ကျော်၏မျက်နှာအား လက်သီးဖြင့်
အဆက်မပြတ်ထိုးနေခဲ့သည်။
ဘေးရှိမောင်တိုးတို့သည်လည်း ဝင်မဆွဲကြ။
ဖခင်တစ်ဦး၏စိတ်ကိုစာနာသောကြောင့်ပင်။
မောင်ကျော်သည်လည်း တစ်ချက်မျှမရုန်းကန်ခဲ့။
ခင်လေးဖခင်ကြီး၏လက်ချက်ကြောင့်မျက်နှာတစ်ခုလုံးသွေးများဖြင့် ညိုမဲ၍နေသည်။
“အဖေ….တော်ပါတော့………”
“အဖေကြီး…လွန်ကုန်မယ်….တော်တော့လေ……”
အိမ်အတွင်းမှ ခင်လေးနှင့် မိခင်ဖြစ်သူတို့ ပြေးထွက်လာကာ
ဖခင်ကြီးအား ဆွဲတားကြတော့သည်။
မောင်ကျော်ကတော့ ခင်လေးကိုမြင်သောအခါ
မျက်ရည်များကြားမှ တောင်းပန်သောမျက်လုံးများဖြင့်သာ
ကြည့်နေခဲ့၏။
“ငါ…ဒီကောင့်ကို သတ်ချင်တယ်…ဒါမှ ငါ့သားကြီးသေရတာ
လက်စားချေနိုင်မှာကွ… အီးးးးဟီးးးးဟီးးးးးးးးး…….”
ခင်လေးတို့သားအမိသည် ဖခင်ကြီးအား ပွေ့ဖက်ကာထားကြ၏။
သူတို့၏မျက်နှာထက်၌လည်း မျက်ရည်များက
အဆက်မပြတ်ကျဆင်းနေခဲ့သည်။
မောင်ကျော်သည် လူးလှိမ့်ထလာပြီး
ဒူးထောက်နေပြန်၏။
မောင်တိုးတို့လည်း မြင်ရနေသည့် မြင်ကွင်းများကြောင့်
စိတ်မသက်သာကြပေ။
ထိုစဥျ…
“ထင်တော့ထင်သားပဲ…ဒီလိုတွေဖြစ်နေမယ်ဆိုတာကို….”
“ဟာ…ဘွားလိုက်လာတယ်….”
ဘွားမယ်စိန်သည် မောင်ကျော်၏မိဘများနှင့်အတူ ခင်လေးတို့ရှိရာသို့ရောက်ရှိလာခဲ့သည်။
သားဖြစ်သူ မောင်ကျော်၏အဖြစ်ကြောင့် မိဘများသည်လည်း
စိတ်မကောင်းကြပေ။
ဘေးတွင်လည်း လာရောက်ကြည့်နေကြသူများရှိ၍…
“ကဲ…ဘွား ဒီကိစ္စကိုရှင်းပေးပါ့မယ်…
အိမ်ထဲကိုသာခေါ်ကွယ်…”
ခင်လေးမိဘများသည် ဘွားမယ်စိန်ကိုကြည့်ကြ၏။
ဘွားမယ်စိန်၏အသွင်ကိုအကဲခတ်ရင်း…
“ဒီကဘွားကဘယ်ကမှန်းဘယ်သူမှန်းတော့ ကျုပ်မသိပါဘူး…
ဒါပေမယ့်လို့ ကျုပ်စိတ်ထဲကအလိုလိုလေးစားနေမိတယ်…
ဒါမို့ အိမ်ထဲကိုကြွကြပါ…ဖေကြီး အိမ်ထဲဝင်ကြမယ်နော်….”
ဟု ခင်လေးမိခင်က ပြောလိုက်ပြီး ဘွားမယ်စိန်တို့အား အိမ်ထဲသို့ဖိတ်ခေါ်လေသည်။
အိမ်အတွင်းသို့ရောက်တော့ နေရာအသီးသီးဝင်ထိုင်ခဲ့ကြ၏။
“ဘွားက…သောင်ထွန်းရွာကပါ…ဒီကမောင်ကျော်ကသူ့ရဲ့အပြစ်တွေကို ဘွားကိုဝန်ခံထားတယ်…ဒီအပြစ်ကလည်း
သူ့ရဲ့အပေါင်းအသင်းမှားမှုကြောင့်လို့ပဲဘွားပြောချင်တယ်…
တကယ်ဆို မောင်စိန်မြင့်သေရတာ မောင်ကျော်လက်ချက်ကြောင့်မဟုတ်ပေဘူး…မောင်စိန်မြင့်ကို သတ်တာက
လှသောင်းနဲ့စိုးသိန်းပဲကွဲ့….အဲ့လူနှစ်ယောက်ကိုလည်း
မောင်စိန်မြင့်ကလက်စားချေပြီးပါပြီလေ……”
“ဟင်…ကျုပ်သားက သူ့ကိုသတ်တဲ့သူကိုလက်စားချေတယ်…”
“ဟာ…မဖြစ်နိုင်တာဗျာ…….”
ခင်လေး၏မိဘများက မယုံကြည်ကြပေ။
“အင်းလေ…မယုံကြည်ကြရင်တော့
ဘွားကိုယ်တိုင်မောင်စိန်မြင့်ကိုခေါ်ပေးပါ့မယ်…။
မောင်အုန်းရေ…ဘွားရှေ့ကိုခဏလာခဲ့ပေးဦးကွယ်……”
ထို့နောက်တော့ ဘွားမယ််စိန်သည် စိန်မြင့်ကို ဝိညာဥ်ကိုခေါ်ဖို့ရန်ပြင်ဆင်လေသည်။
မောင်အုန်းနှင့်ဘွားမယ်စိန်သည် မျက်နှာခြင်းဆိုင်ထိုင်ကြ၏။
ကျန်လူများကိုတော့ မလှမ်းမကမ်း၌ပြောင်းထိုင်စေသည်။
“ကဲ…ဘွားခေါ်မယ်…
မောင်စိန်မြင့်ဝိညာဥ်ကဒီပတ်ဝန်းကျင်မှာ
သွားလာနေတုန်းပဲ…အဲ့တော့…သက်ဆိုင်သူ
မောင်စိန်မြင့်ဝိညာဥ်ကို ဘွားဖိတ်ခေါ်တယ်…
ဒီလူငယ်ရဲ့ကိုယ်ထဲကိုဝင်ရောက် ပူးကပ်ပေတော့…..”
“ဒုန်း…..”
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကို
ကြမ်းပြင်၌ဆောင့်ချလိုက်သည်။
မောင်အုန်းကိုယ်ကြီးသည် တုန်ရီလာခဲ့၏။
ခေါင်းကြီးကိုငုံ့ထားပြီး ခန္ဓာကိုယ်ကြီးကတုန်ခါနေသည်။
“အခုရောက်လာတာမောင်စိန်မြင့်လား……..”
“ဟုတ်တယ်……”
အသံသြသြကြီးဖြင့်ဖြေလေသည်။
“ကဲမောင်စိန်မြင်…ဟောသည်က မောင်ကျော်က
မင်းမိဘတွေကိုတောင်းပန်ပြီး မင်းနှမကို တာဝန်ယူမယ်လို့
ဘွားကိုပြောတယ် ဒီတော့ မောင်ရင်လက်ခံနိုင်မလား…။
မောင်ရင့်ကိုသတ်တဲ့လူကမောင်ကျော်လား…
သူ့ကိုရော မောင်ရင်အပြစ်ပေးချင်သေးလား”
“ကျုပ်……….”
“ဟင်…”
“ဟာ….”
မောင်အုန်းသည်ခေါင်းကြီးငုံ့ထားရာမှ ဆတ်ခနဲမော့လာ၏။
နီရဲနေသောမျက်လုံးကြီးများကကြောက်မက်ဖွယ်ရာပင်။
ထိုမျက်လုံးကြီးများဖြင့် မောင်ကျော်ကိုစိုက်ကြည့်သည်။
မောင်ကျော်ကလည်းကြည့်နေခဲ့၏။
“ကျုပ်ကိုသတ်တဲ့ကောင်တွေကို ကျုပ်သတ်ပြီးပြီ…..။
အဖေနဲ့ အမေ… ကျုပ်နှမလေးကို ဒီကောင့်လက်အပ်လိုက်…
အဖေနဲ့အမေကိုလည်းကျုပ်မစောင့်ရှောက်နိုင်တော့ဘူး…
ဒီကောင့်ကိုသာ သားအရင်းလိုဆက်ဆံကြ”
“ငါ့သားကြီး….”
“ကိုကြီး…”
“သားရယ်….”
“ကျုပ်ပြောတာနားထောင်ကြ…ကျုပ်ဒီကောင့်ကိုခွင့်လွှတ်တယ်…မောင်ကျော်……….”
“ဗျာ….ဗျာကိုစိန်မြင့်…..”
“မင်းငါ့အစားငါ့မိသားစုကိုစောင့်ရှောက်ကွာ…ငါ့မိသားစုကိုသာငါ့နေရာကနေတာဝန်ယူပေးစမ်းပါ…
ဒါဆိုမင်းကိုငါခွင့်လွှတ်တယ်….”
“စိတ်ချပါဗျာ…ကျုပ်…တကယ်…
တကယ်စောင့်ရှောက်မှာပါ….”
မောင်အုန်းသည်.ခေါင်းကြီးတဆတ်ဆတ်ငြိမ့်နေ၏။
သူ၏မျက်နှာ၌ မျက်ရည်များက ကျဆင်းလာခဲ့ပြီး…
“ကျုပ်ကိုလည်း နောင်ဘဝဒီလိုဝဋ်ကြီးမခံရအောင်
ကုသိုလ်လုပ်ပေးကြဗျာ…ကျုပ်သွားတော့မယ်…”
မောင်အုန်းသည် စကားကို ခပ်ပြတ်ပြတ်ပြောလေသည်။
အမှန်မှာ မောင်အုန်းကိုယ်ထဲ၌ ဝင်ပူးကပ်ထားသော
စိန်မြင့်သာဖြစ်၏။
ထိုသို့ပြောအပြီး၌ မောင်အုန်းကိုယ်ထဲမှ ချက်ချင်းထွက်သွားတော့သည်။
ဝိညာဥ်ထွက်သွားသည်နှင့်လဲကျသွားသော မောင်အုန်းကို
မောင်တိုးက ဆွဲထူထားသည်။
ဘွားမယ်စိန်သည်
ရေမန်းများမောင်အုန်း၏ပါးစပ်အတွင်းတိုက်သွင်းလေသည်။
မောင်အုန်းကို မောင်တိုးလက်ထဲထားခဲ့ပြီးနောက်
ခင်လေး၏မိဘများအား…
“ကဲ…ဘယ်နဲ့လဲ…အခုမောင်စိန်မြင့်ပြောတာတွေကို
ဒီကမိဘတွေကလက်ခံနိုင်ကြရဲ့လား”
ဟု…မေးလေသောအခါ…
“ကျုပ်သားကြီးက ကျုပ်တို့မိသားစုကိုတအားချစ်တာဗျ…
ဒီတော့ ကျုပ်တို့လည်း သူ့စကားအတိုင်းလက်ခံရမှာပေါ့ဗျာ…”
ခင်လေး၏ဖခင်ကြီးသည် သားဖြစ်သူစိန်မြင့်စကားအားလက်ခံရှာသည်။
“ကျုပ်ကလည်း ကိုစိန်မြင့်ကိုပေးတဲ့
ဂတိကြောင့်မဟုတ်ပါဘူး…
ကျုပ်စိတ်ထဲကလည်း တကယ်ကို
ဒီမိသားစုကိုတာဝန်ယူချင်တာပါ…
အဲ့တာကလည်း ကျုပ်သေသည်ထိ
ကျုပ်တစ်ဘဝလုံးစာအတွက်ပါဗျာ…..”
ဟု မောင်ကျော်ကဝင်ပြောလေသည်။
ထိုသို့ဖြင့် မောင်ကျော်၏မိဘများကလည်းသားဖြစ်သူဘက်မှအာမခံကြောင်း ဝင်၍ပြောပေးကြလေရာ…
မောင်ကျော်နှင့်ခင်လေးတို့သည်လည်း လက်ချင်းကိုင်၍
ကြည်နူးနေကြတော့သည်။
မောင်ကျော်မိဘများက ခင်လေးအတွက်
မည်သည်တို့ဖြင့်တင်တောင်းမည်…
မင်္ဂလာပွဲကိုမည်သို့လုပ်ပေးမည်တို့ဖြင့်
တိုင်ပင်ပြောဆိုကြလေရာ
ဘွားမယ်စိန်တို့လာရင်းကိစ္စလည်းအောင်မြင်သွားခဲ့တော့၏။
လာရင်းကိစ္စပြီးသော်လည်း ခင်လေးမိဘများနှင့်
မောင်ကျော်၏မိဘများက ဘွားမယ်စိန်ကို
လူကြီးနေရာ၌ထားချင်ကြသည်မို့
မင်္ဂလာပွဲပြီးသည်ထိနေခိုင်းကြပြန်သည်။
မင်္ဂလာပွဲနှင့်အတူ စိန်မြင့်အတွက် ကုသိုလ်ကောင်းမှုကိုပါ
ဒွန့်တွဲလုပ်ဆောင်ပေးကြ၏။
မောင်ကျော်သည် ခင်လေးအပေါ်၍ကော
ခင်လေး၏မိဘများအပေါ်၌မှာကောပင်
ဂရုတစိုက် တယုတယရှိသည်ကိုမြင်ရသောအခါ ဘွားမယ်စိန်ကျေနပ်နေမိတော့၏။
ပြီးပါပြီ။