စိန်ပန်းမြိုင်မှအိမ်နီကြီး

စိန်ပန်းမြိုင်မှအိမ်နီကြီး(စ/ဆုံး)

———————–

အပိုင်း (၁)

ခြံဝနှင့်အိမ်ကြီးမှာအလှမ်းဝေးလွန်းလှသည်။ခြံရှေ့၌စိန်ပန်းပင်အမြောက်အများနှင့်ကြည့်ရသည်မှာ သာယာလှပသော်လည်း ခြံဝန်းထဲသို့လှမ်းကြည့်မိသည်အခါတွင် အုပ်ဆိုင်းနေသောသစ်ပင်ကြီးများကြားမှာ ခေါင်မိုးချွန်ချွန်များနှင့်အနီရောင်တိုတ်ကြီးကြောင့် မြင်ရသူတိုင်းအတွက်စိတ်ထဲ၌မသိုးမသန့်တော့ဖြစ်သွားကြပေလိမ့်မည်။

ကျွန်မခြံတံခါးမကြီးရှေ့တွင် အတန်ကြာရပ်နေမိပြီး တွေဝေနေ​မိသည်။ခြံထဲမှအိမ်

နီကြီးကိုကြည့်၍ ကျွန်မ

၏ခြေဖျားလက်ဖျားလေးများပင် အေးစက်လာသည်ဟုထင်မိလေသည်။ကျွန်မအတန်ကြာရပ်နေမိပြီးမှ လူခေါ်ဘဲ(လ် )လေးကို လက်နှင့်အသာဖိနှိပ်လိုက်သည်။

***********************

 

” ကဲ…. အာလုံးထိုင်ကြဦး ၊သူကတော့…အစ်​ကို​ကြီးကိုပြုစုစောင့်ရှောက်ဖို့ရောက်လာတဲ့ သူနာပြုဆရာမ​လေးဝတ်ရည်တဲ့၊

အားလုံးသိအောင်မိတ်ဆက်ပေးတာ ၊အထူးသဖြင့် ရွှေမိနဲ့မိလုံးက

ဆရာမလေးဝတ်ရည်ရဲ့လိုအပ်တာတွေကို ကူညီပေးလိုက်ပါ ”

 

ဒေါ်မာလာတင်ခေါ်အိမ်ရှင်သူဌေးက​​တော်ကြီးက သူ၏မိ သားစုနှင့် ကျွန်မကိုမိတ်ဆက်ပေးနေခြင်းဖြစ်လေသည်။သူဌေးကြီး ဦးထွန်းရှိန်သည်လေဖြတ်၍အိပ်ရာထဲလဲနေသည်မှာကြာပြီဖြစ်လေသည်။သူဌေးကတော်ဒေါ်မာလာတင်က ဦးထွန်ရှိန်အား

ပြုစုစောင့်ရှောက်ရန် သူနာပြုခေါ်ယူခဲ့ခြင်းကြောင့် ကျွန်မမှာသူနာပြုအဖြစ်စိန်

ပန်းမြိုင်အိမ်ကြီးဆီသို့ရောက်ရှိလာခဲ့ရခြင်းဖြစ်လေသည်။

 

” အန်တီ့နာမည်က ဒေါ်မာလာတင်တဲ့ ၊သူကအန်တီသမီးကြိီး ကေသီတင် ၊ဒီတစ်ယောက်က အန်တီသားအငယ်ဆုံးသီဟထွန်းရှိန်၊

သူကတော့ အန်တီသားမက်ကျော်စွာဦး ၊ဒီလူကတော့ အန်တီတို့အိမ်ရဲ့မန်နေဂျာဦးသက်အောင်တဲ့၊

သူတို့နှစ်ယောက်ကတော့အိမ်အကူ ရွှေမိနဲ့မိလုံး၊ဒါကတော့ ခြံစောင့်ကြီးဖိုးထော်တဲ့ မင်းလိုအပ်တာတွေရှိရင် သူတို့ဆီမှာ အကူအညီတောင်းလို့ရတယ် ”

 

တိတ်ဆိတ်သွားသောစကားဝိုင်း၌ ကျွန်မလည်းအိမ်ရှိလူများအားမသိမသာအကဲခတ်လိုက်သည်။ဒေါ်မာလာတင်သည် ခေတ်ဆန်လွန်း၍ရှိရင်းစွဲအသက်ထက်လှပနုငယ်နေသလို ကေသီတင်သည်လည်းအမေတူသမီးပီသစွာ ခေတ်ဆန်လွန်းသလို လှလည်းလှ၏။သီဟထွန်းရှိန်မှာမူ

အနေးအေးပုံရသည်။သားမက်ဖြစ်သူကျော်စွာဦးဆိုသူမှာမူရုပ်ရည်ချောမောကြည့်ကောင်းသလို အကြည့်တွေကလည်းရဲတင်းလွန်းသည်ဟု ကျွန်မစိတ်ထဲထင်မိသည်။

************************

 

ညရောက်သောအခါ ခရီးပန်းလာသောကြောင့် ကျွန်မခပ်

စောစောပင် အိပ်ရာဝင်ခဲ့သည်။

အိပ်ပျော်နေရာမှ ရုတ်တရက်ဆိုသလို ကျွန်မလန့်နိုးလာချိန်၌

အခန်းသည်မှိန်ပျပျညမီးရောင်အောက်၌တိတ်ဆိတ်​၍နေသော်လည်း တစ်ချက်တစ်ချက်၌နားထဲမှာ တစ်တောက်တောက်မြည်သံကဲ့သို့

အသံကိုကြားနေရလေသည်။

ကျွန်မခုတင်ပေါ်မှ အသာဆင်းပြီး အသံကြားရာအခန်းဘက်ဆီသို့ လှမ်းလျှောက်ခဲ့၏။အသံသည် ရေချိုးခန်းဘက်ဆီမှကြားရခြင်းဖြစ်လေသည်။

 

“တောက် ” “တောက် ”

အခန်းနှင့်နီးလာ​သောအခါအသံသည်ပို၍ကျယ်လာသည်။ကျွန်မရေချိုးခန်းအဝမှာ အသာရပ်လိုက်သည်တွင် အခန်းထဲမှလှုပ်ရှာသံလိုလိုကြားလိုက်ရ၍ အခန်းတံခါးကိုခပ်သာသာတွန်းဖွင့်လိုက်သည်တွင်။

ဆံပင်ရှည်ကြီးကိုဖားလျားချလျက် ကျောပေးရပ်နေ​သောအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်မို့

 

“မရွှေမိလား ၊ မိလုံးလားဟင် ၊ညဘက်ကြီးဘာလုပ်နေတာလဲ ”

 

ထိုမိန်းမသည် ကျွန်မ၏ အမေးကျောခိုင်းလျက်အနေအထားနှင့်ပင် ခေါင်းယမ်းပြလေသည်။

ထိုနောက် ကျွန်မတို့နှစ်ဦးကြား၌တိတ်ဆိတ်သွားပြီ ဘေစင်ပိုက်ခေါင်းမှ ရေတစ်စက်စက်ကျသံကိုသာကြားနေရလေသည်။

ကျွန်မလည်းဘာမှမမေးတော့ဘဲ စိတ်ရှုပ်ရှုပ်နှင့် အိပ်ရာထဲသို့ပြန်ဝင်ခဲ့လိုက်သည်။

*******************

မိလုံးပြင်ပေးသော မနက်စာကိုစားနေရင်းမှ ကျွန်မ မိလုံးကိုစကားလှမ်းပြောလိုက်သည်။

 

“အိမ်သားတွေရော…မစားကြသေးဘူးလားမိလုံး ”

 

“သူတို့ကမနက်အဆာပြေစာကိုအပြင်မှာ စားကြတာများတယ် ဆရာမရဲ့၊ကြီးကြီးတင်နဲ့မရွှေမိတို့ကတော့စျေးဘက်သွားကြတယ် ၊အစ်ကိုလေးကအိပ်တုန်း၊ကျန်တဲ့သူတွေကတော့ အသီးသီးသွားကြပြီ ”

 

“ဟုတ်လား …ဒါနဲ့ညက ညသန်းခေါင်ကြီး​ရေချိုးခန်းထဲမှာ မရွှေမိလား… မိလုံးလား… ညဘက်ကြီးဘာလုပ်နေတာတုန်း ”

 

ကျွန်မလည်း မိလုံးကကိုယ့်ထက်ငယ်သူမို့ သိချင်တာကိုရဲရဲဝံ့ဝံ့ပင်မေးပစ်လိုက်သည်။

 

“ရှင်….ဆရာမဘာပြောတာလဲမိလုံးနားမလည်ဘူး ”

 

“အော်…ညကလေရေချိုးခန်းထဲမှာ ဆံပင်ဖားလျားကြီးချလို့ ရပ်ပြီးဘာလုပ်နေတာလဲလို့မေးတာပါ ”

 

ကျွန်မ၏နောက်ဆက်တွဲစကားကြောင့် ကျွန်မကိုကြည့်နေသောမိလုံး၏မျက်လုံးအစုံသည် ပြူးကျယ်ဝိုင်းစက်သွားပြီးထိတ်လန့်တုန်လှုပ်သွားပုံဖြင့်

 

” ရှင်…ဘယ်.. ဘယ်လိုဆရာမ… ရေချိုးခန်းထဲမှာဆံပင်ဖားလျားကြီးနဲ့ရပ်နေတာဟုတ်လား၊အဲ့ဒါမိလုံးမဟုတ်ဘူး၊ညဘက်ဆို မိလုံးကအခန်းအပြင်ကိုလုံးဝမထွက်ဘူး…ဒါ…ဒါ…ဒါနဲ့ဆံပင်ကဘယ်လောက်တောင်ရှည်တာလဲ…လဲဟင်ဆရာမ ”

 

“အော်…မိလုံးမဟုတ်ရင်မရွှေမိထင်တယ်၊မြန်မာဆန်ဆန်အဝတ်အစားနဲ့ဆံပင်ကြီးမှတင်ပါးကျော်တယ်လေ…အဲ့ဒါမရွှေမိမဟုတ်လား ”

 

“ရှင်….အမလေး….”

 

“ဒုန်း ” “ဂွမ်း ”

 

ကျွန်မစကားအဆုံးမှာ မိလုံးသည် “အမလေး”တလျက်လက်ထဲမှာကိုင်ထားသောပန်းကန်ပင်ပြုတ်ကျ၍ကွဲသွားလေသည်။

 

” ဘယ်လိုဖြစ်ရတာလဲ… မိလုံးရယ်၊ခြေတွေလက်တွေထိကုန်ဦးမယ်…သတိထားဦး ”

 

” ဟို…ဟို…ဒီအိမ်မှာဆံပင်ရှည်တဲ့သူတစ်ယောက်မှမရှိဘူး ဆ…ဆရာမရဲ့ ”

 

“ဘယ်…ဘယ်လိုမိလုံး၊

ဒီအိမ်မှာဆံပင်ရှည်တဲ့သူမရှိဘူးဟုတ်လား”

သည်တစ်ခါ၌ လက်ထဲမှ ဇွန်းပင်ပြုတ်ကျသွားရသူမှာ ကျွန်မဖြစ်ပါလေသည်။

 

” ဟုတ်…ဟုတ်တယ်ဆရာမရဲ့ဒီအိမ်မှာအဲ့လောက်ဆံပင်ရှည်တဲ့သူ အရင်ကရှိခဲ့ပေမဲ့အခုမရှိတော့ဘူး….ဆရာမ ”

 

” ဟုတ်လား….သူကဘယ်သူလဲ…ဘယ်ရောက်သွားလို့လဲ ”

 

” မမလေးရတီချိုပေါ့…ဆံပင်အရှည်ကြီးနဲ့အရမ်းလည်းလှတာ…ခု. .ခုတော့မမလေးရတီချိုက…ဒီ..ဒီမှာ…မ.. မရှိ….”

 

” မိလုံး” ဟိန်းခနဲထွက်ပေါ်လာသော အသံကြောင့် မိလုံးခမျာစကားပြောနေရင်းမှ ရပ်တန့်သွားရပြီး ကျွန်မလည်းအလန့်တကြားမော့ကြည့်လိုက်မိသည်တွင် သားအငယ်ဖြစ်သူသီဟထွန်းရှိန်ကိုတွေ့လိုက်ရလေသည်။

 

” မိလုံး …နင့်ကိုဘယ်နှစ်ခါပြောရမလဲ ၊ မိုးလင်းတာနဲ့ငါ့ခွေးလေးတွေကိုအစာအရင်ကျွေးပါလို့ပြောထားတယ်လေ ” သီဟထွန်းရှိန်သည် မိလုံးကို ဒေါသတကြီးအော်ဟစ်ပြောဆိုနေရင်းမှ ကျွန်မကိုတွေ့သွားပြီး အနေရခက်သွားပုံနှင့်လှမ်း၍နှုတ်ဆက်လေသည်။

 

“ဆရာမရောက်နေတာကို…ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဆရာမရယ်” ပြောပြီတာနှင့်လှစ်ခနဲပြန်ထွက်သွားသော သီဟထွန်းရှိန်၏နောက်ကျောပြင်ကို ကျွန်မလိုက်လံ၍ငေးမောကြည့်နေမိလေသည်။

********************

 

ယနေ့ဆိုလျှင်စိန်ပန်းမြိုင်သို့ကျွန်မရောက်နေသည်မှာ ရက်သတ္တပတ်တစ်ပတ်ကျော်ပြီဖြစ်သော်လည်း ကျွန်မမှာအိမ်အကူမလေးမိလုံးနှင့်သာရင်းနှီးသိကျွမ်းခဲ့ရသည်။ကျန်လူများနှင့်မူတွေ့ဆုံဖိုရန်ပင်ခဲယဥ်းလှလေသည်။တစ်ခါတစ်ရံ၌မူ သီဟထွန်းရှိန်နှင့်ဆုံရတတ်သော်လည်း ကျွန်မကိုမြင်သည်နှင့်လှစ်ခနဲပျောက်သွားတတ်သော သီဟထွန်းရှိန်ကြောင့် ကျွန်မစိတ်ထဲ ကသိကအောက်ဖြစ်ရပြန်သည်။

 

” ဒါနဲ့…ရတီချိုဆိုတာဘယ်သူလဲဟင် မိလုံး ”

 

ကျွန်မ၏အမေးကြောင့် မိလုံးကကျွန်မကိုဖျတ်ခနဲလှမ်းကြည့်ပြီး ဘေးပတ်ဝန်းကျင်လိုက်လံကြည့်ရှုလိုက်ပြီးမှ

 

” ရတီချိုဆိုတာ… ဘဘကြီးရဲ့သမီး…အစ်ကိုကြီးကျော်စွာဦးရဲ့ဇနီးပေါ့ ၊မမလေးရတီချိုကအရမ်းလှသလိုစိတ်သဘောထားလည်းကောင်းတယ်ဆရာမရဲ့ ”

 

‌” ဟုတ်လား… လှမယ်ဆိုတာတော့ယုံကြည်ပြီးသားပါ ၊သူဌေးကတော်နဲ့မကေသီတင်လည်းလှတယ်လေ ၊ကြည့်ရတာ တစ်မျိုးလုံးချောကြတာထင်ပါရဲ့ ”

‌”ဟယ်…တိုးတိုးပြောပါဆရာမလေးရယ် “ပြောပြောဆိုဆိုနှင့်လက်ညှိုးကို နှုတ်ခမ်းရှေ့ပိတ်လျက် အနားတိုးလာသောမိလုံးကြောင့် ကျွန်မမှာကြောင်အမ်းအမ်းဖြစ်သွားရလေသည်။

‌”သူဌေးကတော်တို့သားအမိနဲ့မမလေးရတီချိုက အမျိုးမတော်ဘူး ဆရာမ၊ အစ်ကိုလေးသီဟထွန်းရှိန်နဲ့သာအဖေတူအမေကွဲမောင်နှမတော်တာ ၊သူဌေးကတော်ကြီးက မမလေးရတီချိုရဲ့မိထွေးလေ၊မမလေးကေသီတင်ကလည်းသူဌေးကတော်ရဲ့အရင်အိမ်ထောင်နဲ့ရလာတာလေ၊ဒီအကြောင်းတွေကို… ဆရာမကိုပဲပြောပြတာပါ ၊သူတို့ရှေ့မှာ စကားပြောဆင်ခြင်ပါနော်ဆရာမ ”

‌”အင်းပါ…မိလုံးရယ်၊ဒါနဲ့ရတီချိုကခရီးသွားနေတာလား ”

‌ ကျွန်မအမေးကြောင့် မိလုံး၏မျက်နှာမှာ ညှိုးလျော်ကျသွားပြီး

‌”မမလေးရတီချိုက…ဆုံးသွားပြီဆရာမ ”

‌”ရှင်…ဘယ်လိုမိလုံး..

‌ဘာရောဂါနဲ့ဆုံးသွားတာလဲ ”

‌” ရောဂါမဟုတ်ပါဘူး…မတော်…..”

‌”မိလုံး “မိလုံးစကားပင်မဆုံးလိုက်။ကျယ်လောင်လှသောအသံနှင့်အော်ဟစ်ခေါ်ကာ အခန်းထဲသို့ဝင်လာသော ကေသီတင်ကိုတွေ့လိုက်ရလေသည်။

‌******************

‌” ရှပ်…ရှပ်….ရှပ်…”

‌ အိပ်မပျော်နိုင်သေးဘဲရှိနေရာမှာ အခန်းပြင်မှ ခြေသံကြောင့် ကျွန်မဆတ်ခနဲငုတ်တုတ်ထထိုင်လိုက်သည်။ခြေသံသည် အခန်းရှေ့၌ ခေတ္တရပ်တန့်သွားပြီးနောက် လှေကားဘက်ရှိရာသို့ လျှောက်သွားသံကိုကြားလိုက်ရသည်မို့ ကျွန်မ အခန်းဝသို့လျှောက်ခဲ့ပြီး တံခါးပေါက်ကိုခပ်ဟဟဖွင့်ပြီးချောင်းကြည့်လိုက်သည်။

‌ မှုန်ပျပျညမီးရောင်အောက်၌ မြင်လိုက်ရသည်မှာ ဆံပင်ရှည်ကြီးနှင့်အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ထိုအမျိုးသမီးကိုကြည့်၍ မိလုံးပြောစကားများကိုကြားယောင်ပြီး ကျွန်မတစ်ကိုယ်လုံး ဇောချွေးများပြန်လာလေသည်။

‌ ကျွန်မကြည့်နေစဥ်မှာပင် အမျိုးသမီးသည် လှေကားထိပ်တွင်ရပ်တန့်လိုက်ပြီးနောက် ကျွန်မရှိရာဆီသို့လည်ပြန်လှည့်ကြည့်လာလေသည်။

‌ ခပ်မှိန်မှိန်မီးအလင်းရောင်အောက်၌မြင်ရသော အမျိုးသမီး၏သွေးမရှိသည့်အလား ဖြူဆုပ်နေသောမျက်နှာနှင့် နီရဲနေသောမျက်လုံးအစုံကိုကြည့်၍ ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရပြီးတဆတ်ဆတ်တုန်ယင်လာမိသည်။

‌ အမျိုးသမီးသည် ကျွန်မကိုလည်ပြန်ကြည့်နေရာမှာ လှေကားဘက်သို့ပြန်လှည့်သွားပြီးနောက် လှေကားထိပ်မှ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။

‌” အား ” ကျွန်မအသံကုန်ဟစ်အော်လိုက်သော်လည်း အသံကထွက်မလာပါချေ။ ကျွန်မတုန်ယင်နေသော ခြေလှမ်းများနှင့်လှေကားရှိရာဆီပြေးသွားပြီးကြည့်လိုက်သည်။လှေကားခြေရင်း၌ ရှင်းလင်းနေသည်။ဘာဆိုဘာမျှမရှိ။ကျွန်မလှေကားထိပ်မှာ အသက်မဲ့သူလိုရပ်တန့်နေမိစဥ်မှာပင်

“တောက် “ကျွန်မ၏အနီးအပါး၌ ကျယ်လောင်သော “တက် “ခေါက်သံကိုကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံးသွေးချင်းချင်းနီနေသော အမျိုးသမီးအား မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်မို့ အသက်ရှူပင်ရပ်တန့်သွားသလို့ခံစားလိုက်ရပြီး တစ်လောကလုံးမှောင်အတိကျသွားလေသည်။

********************

 

“မဖြစ်နိုင်တာတွေကို…မပြောပါနဲ့ဆရာမ…ဒီအိမ်ကြီးမှာကျွန်မတို့နေလာတာနှစ်ပေါင်းများစွာကြာနေပြီ…ခုလိုမျိုးတစ်ခါမှမကြုံဖူးဘူး ”

 

ဒေါ်မာလာတင်သည် ညကကျွန်မတွေ့ကြုံခဲ့ရသောအဖြစ်အပျက်ကိုမယုံကြည်သလိုလက်မခံဘဲရှိလေသည်။

 

“အဲ့ဒါကြောင့်…မေမေ့ကိုပြောတာပေါ့…တွေ့ရာလူကိုအိမ်ထဲမ​သွင်းပါနဲ့လို့…တော်ကြာမဟုတ်တရုတ်သတင်းတွေပျံ့ကုန်မယ်…မေမေ့လူကိုမေမေပဲကြည့်ပြောထား ”

 

ကေသီတင်၏ မောက်မာရိုင်းစိုင်းလှသော အပြုအမူအပြောအဆိုကြောင့် ကျွန်မစိတ်ထဲ ဒေါသထောင်းခနဲထွက်သွားမိလေသည်။ကျန်လူများကတော့ ဘာမျှဝင်ရောက်ပြောဆိုခြင်းမရှိကြဘဲနှုတ်ဆိတ်၍နေကြလေသည်။

*********************

” ဆရာမလေးရယ်…နောက်ဆိုညဘက်တွေမှာဘာသံကြားကြားအပြင်ထွက်မကြည့်နဲ့နော်…မိလုံးဆိုညနက်ပြီဆိုတာနဲ့အခန်းထဲကနေအပြင်ကိုလုံးဝမထွက်တော့ဘူး ”

 

“တကယ်ပါ… မိလုံးရယ်၊ကျွန်မသေသေချာချာကိုမြင်လိုက်တာပါ ”

 

” မ…မပြောပါနဲ့တော့ဆရာမရယ်…မိလုံးကြောက်လို့ပါ၊ဆရာမမြင်ရတာ…မမလေးရတီချိုဖြစ်မှာပေါ့…ဒါကိုလျှောက်မပြောနဲ့ဆရာမ.. အိမ်ကလူတွေကမမလေးရတီချိုအကြောင်းပြောတာမကြိုက်ကြဘူး ”

 

ကျွန်မမှာ မိလုံးစကားကြောင့်နားမလည်နိုင်ဖြစ်သွားရပြီး “ဟင်…ဘာဖြစ်လို့မကြိုက်ကြတာလဲမိလုံး ”

 

” ဟို…ဟို….မမလေးရတီချိုကညဘက်ကြီးလှေကားကနေပြုတ်ကျပြီးသေခဲ့ရတာလေ၊အဲ့အချိန်တုန်းကဆိုရင် ရဲတွေဆိုတာအိမ်မှာရှုပ်ယက်ခတ်နေလို့မနည်းဖြေရှင်းခဲ့ရတာ ”

 

“ဟုတ်လား…ရတီချိုကသူ့ဘာသာပြုတ်ကျတာမဟုတ်ဘူးလား ”

 

“မ…မသိပါဘူးဆရာမရယ်၊ဒီအကြောင်းတွေဆက်မပြောပါနဲ့တော့နော်..ဒီအိမ်ကြီးမှာလည်းဘာတွေဖြစ်နေလဲမသိဘူး…မရွှေမိကလည်း အမျိုးအိမ်ခဏပြန်မယ်ဆိုပြီးတော့ပြန်မလာတော့လို့ မိလုံးစိတ်ညစ်နေတာ….ဆရာမပါအလုပ်ထွက်ရရင်တော့…မိလုံးတစ်ယောက်တည်းဒီအိမ်ကြီးမှာမနေချင်တော့ဘူး ”

*********************

 

အချိန်ကညတစ်နာရီကျော်နေပြီဖြစ်သော်လည်း ကျွန်မမှာအတွေးပေါင်းစွာနှင့်အိပ်မပျော်နိုင်ဘဲရှိလေသည်။

 

” ဘုတ်…ဘုတ် ” မှန်ပြတင်းပေါက်ဆီမှ နှစ်ချက်ဆင့်ထွက်ပေါ်လာသော အသံကြောင့် ရင်အစုံသည်ဒိန်းခနဲဆောင့်ခုန်သွားပြီးကျွန်မညှို့ငင်ခံရသူပမာ ပြတင်းဝနားသို့တဖြည်းဖြည်းလျှောက်သွားမိပြီး ပြတင်းမှတဆင့်ခြံကြီးထဲသို့လှမ်းကြည့်လိုက်မိသည်တွင်…”

‌” ဟင်…မရွှေမိပါလား “ကျွန်မအံသြမင်သက်စွာ နှုတ်မှခပ်တိုးတိုးရေရွတ်လိုက်မိလေသည်။ည၏လရောင်အောက်၌ မရွှေမိကိုအထင်းသားမြင်တွေ့လိုက်ရသည်။မရွှေမိသည် ခါးကြီးထောက်လျက်အိမ်ကြီးဘက်သို့စိုက်ကြည့်နေသည်ကို ကြည့်ရသည်မှာ ကျောချမ်းစရာကောင်းလှပေသည်။ကျွန်မတုန်တုန်လှုပ်လှုပ်နှင့်မရွှေမိကိုကြည့်နေစဥ်မှာပင် မရွှေမိသည်ကျွန်မရှိရာသို့ဖျတ်ခနဲလှမ်းကြည့်လာလေသည်။

————-

အပိုင်း ၂ ဆက်ရန်

အပိုင်း( ၂ )

 

စိန်ပန်းမြိုင်မှအိမ်နီကြီး

***************

 

ကျွန်မရှိရာဆီသို့ လှမ်းကြည့်နေသော မရွှေမိကိုကြည့်၍ ရင်ထဲ၌တထိတ်ထိတ်ခုန်လှုပ်လာပြီး ခြေဖျားလက်ဖျားများပင်အေးစက်လာသလိုခံစားလာရလေသည်။ကြည့်ရသည်မှာ ညဥ့်နက်သန်းခေါင်ကြီးမှ ပြန်လာသော မရွှေမိအား မည်သူမျှတံခါးထဖွင့်ပေးကြပုံမရချေ။ထို့ကြောင့်ပင် မရွှေမိလည်းစိတ်ဆိုးနေပုံရချေသည်။လူမမာများအား ပြုစုနေကြဖြစ်၍ အအိပ်ဆတ်လှသော ကျွန်မတစ်ယောက်တည်းသာ မရွှေမိ၏ အိမ်တံခါးခေါက်သံကိုကြားရခြင်းဖြစ်လိမ့်မည်ထင်သည်။

ကျွန်မ စိတ်ထဲအနည်းငယ် တုန်လှုပ်ကြောက်ရွံ့နေသော်လည်း မရွှေမိအား တံခါးဖွင့်ပေးရန်အတွက် အိပ်ခန်းထဲမှ ထွက်ခဲ့လေသည်။

 

စင်္ကြန်လမ်းတစ်လျှောက်၌ ထွန်းထားသော မှိန်ပျပျအလင်းရောင်မှလွဲ၍ အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေလေသည်။စိတ်ထဲ၌ ကျောချမ်းသလို ခံစားနေရသော်လည်း မရွှေမိကြောင့် အားတင်းပြီး အိမ်အောက်ထပ်သို့ဆင်းခဲ့ရလေသည်။

“ရှပ်…. ရှပ်…” တိတ်ဆိတ်နေသော ညကြီး၌ နောက်ကျောဆီမှ ခြေသံတရှပ်ရှပ်ကြားလိုက်ရသောကြောင့် အဖော်ရပြီဆိုသောအသိစိတ်နှင့် ဝမ်းသာအားရလှမ်းမေးလိုက်မိလေးသည်။

 

“ဘယ်…သူလဲဟင် ” “ဟင်…”မေးလည်းမေးရင်းနောက်ကျောဆီသို့ လှည့်ကြည့်လိုက်သော်လည်းရှင်းလင်းတိတ်ဆိတ်နေသည်မို့ စိတ်ထဲတုန်လှုပ်ချောက်ချားလာပြီး တံခါးမကြီးဆီသို့ အပြေးအလွှားသွားပြီး တံခါးကိုဖွင့်လိုက်လေသည်။ကိုယ်တစ်ယောက်တည်း ထက်စာလျှင်ဘေးနားမှာ အဖော်တစ်ယောက်ရှိနေခြင်းက နေသာပေလိမ့်မည်ထင်သည်။

 

“မရွှေမိရယ် လာတာနောက်ကျလာချည်လား…ကဲ…ကဲ အိမ်ထဲအမြန်ဝင် ၊တော်ကြာအိမ်ရှင်တွေသိသွားပြီး နောက်ကျလို့အဆူခံအပြောခံနေရဦးမယ် ….ဟင် ”

ပြောပြောဆိုဆိုနှင့် တံခါးကိုဖွင့်လိုက်သောလက်အစုံသည် အိမ်အပြင်လရောင်အောက်မှ မြင်ကွင်းအားကြည့်ရင်းမင်သက်နေမိလေသည်။

အိမ်၏ အပြင်ဘက်လရောင်အောက်၌ မရွှေမိလည်းမရှိပါချေ။

 

” မ…မရွှေမိ…မရွှေမိဘယ်ရောက်သွားတာလဲ ဟင်…တစ်ယောက်ယောက်များတံခါးထဖွင့်ပေးလိုက်လို့လား ” ကျွန်မ တစ်ယောက်တည်း ကြောင်တက်တက်နှင့်နှုတ်မှရေရွတ်လိုက်မိပြီ တံခါးကို ပြန်ပိတ်နေစဥ်မှာပင် “ဒုန်း “မြည်သံနှင့်အတူ ဖြတ်ခနဲ​ပြေးလွှားသွားသော အရိပ်တစ်ခုကိုမြင်လိုက်ရ၍ တစ်ကိုယ်လုံး​ကြက်သီး​​ဖြန်း​ဖြန်းထကာ ကြောက်လန့်တ​ကြားနှင့် လှေကားအတိုင်းပြေးလွှားတက်ခဲ့လေရာ “ဘုတ် ” “အင့် ”

“အမလေး “လှေကားထိပ်၌ တစ်စုံတစ်ခုနှင့်ဝင်တိုက်လိုက်မိသည်မို့ ကျွန်မ ကြောက်လန့်တကြားအော်လိုက်မိလေသည်။ကျွန်မအော်သံကြောင့် မည်းမည်းအရိပ်ကြီးမှာ လှုပ်ရှားယိမ်းထိုးသွားပြီး

“ဆရာမ…ဆရာမလေးသတိထားပါဦး…ကျွန်တော်ပါ…ကျွန်တော်သီဟထွန်းရှိန်ပါ ”

 

” ဟင်…ကိုသီဟထွန်းရှိန်လား…အမလေး…ကျေး…ကျေးဇူးတင်လိုက်တာရှင်… အရမ်းကျေးဇူးတင်ပါတယ်…” ​ကျွန်မလည်း အရမ်းကြောက်လန့်တုန်လှုပ်နေချိန်မှာ လူတစ်ယောက်ကိုတွေ့လိုက်ရတာမို့ ဝမ်းသာအားရနှင့် သီဟထွန်းရှိကိုအားပါးတရဖက်သိမ်းဖက်လိုက်မိလေတော့သည်။ကျွန်မ၏အပြုအမူကြောင့် သီဟထွန်းရှိန်သည် ခေတ္တမျှ ငြိမ်သက်တိတ်ဆိတ်နေပြီးနောက် “ဟို….ဟို….ဆရာမလေး ဘာဖြစ်လို့လဲဟင်….ဒီအချိန်ကြီး အောက်ထပ်ကိုဘာဆင်းလုပ်တာလဲ ”

 

အတန်ငယ် စိတ်ငြိမ်သက်သွားပြီဖြစ်သော ကျွန်မသည် သီဟထွန်းရှိန်၏မေးသံကြောင့် သတိပြန်ဝင်လာပြီး ရှက်စိတ်နှင့်အတူသီဟထွန်းရှိန်အားဖက်ထားရာမှ တွန်းထုတ်လိုက်မိလေသည်။

 

” ဟို…ဟို…မရွှေမိပြန်လာလို့ တံခါးထဖွင့်ပေးတာ… ဒါပေမဲ့ တံခါးဖွင့်လိုက်တော့မရွှေမိလည်း မရှိဘူး”

 

” ဗျာ…မဟုတ်တာ…ဒီအချိန်ကြီးမရွှေမိပြန်လာတာတော့ မဖြစ်နိုင်ဘူးထင်တယ်… ဆရာမလေးပဲအမြင်မှားတာလား ဒါမှမဟုတ်အိပ်မက်ကိုတကယ်ထင်နေမိတာများလား ဆရာမရယ် ”

 

” မသိတော့ပါဘူးရှင်…အိပ်မက်မဟုတ်ဘူးလို့တော့ထင်တာပဲ ”

 

***************

သူဌေးကြီးဦးထွန်းရှိန်အား ကိုယ်လက်သန့်စင်ပေးပြီးနောက် မနက်အဟာရဖြည့်စွက်စာကိုကျွေးနေချိန်မှာပင် သူဌေးကတော်ကြီ ဒေါ်မာလာတင်တစ်ယောက်အခန်းထဲသို့ကြွကြွရွရွလှလှပပလေးလှမ်းဝင်လာလေသည်။အတွင်းသားကိုပင် ထွင်းဖောက်မြင်ရလုသည့် ကိုယ်လုံးပေါ်အောင်ကွက်တိချုပ်ထားသည့် အကောင်းစားမှန်ဇာအပါးနှင့်ကြိုးကြီးချိတ်အကောင်းစားကိုဝတ်ဆင်ထားသော ဒေါ်မာလာတင်မှာ နံနက်ခင်းအစော၌ပင် အစွမ်းကုန်လှပ၍နေလေသည်။ကျွန်မလည်း ဒေါ်မာလာတင်၏အလှကို ငေးမော၍ကြည့်နေမိလေတော့သည်။ဒေါ်မာလာတင်ကတော့ ကျွန်မကိုဖုတ်လေသည့်ငပိရှိသည်ဟုပင်ထင်ပုံမရဘဲ သူဌေးကြီးဦးထွန်းရှိန်၏ ခုတင်ပေါ်တွင် တင်ပလွဲဝင်ထိုင်လိုက်ပြီးနောက်

 

” အစ်ကိုကြီးနေသာရဲ့လားဟင်…မာလာမြို့စျေးဘက်ခဏသွားလိုက်ဦးမယ်နော်…စျေးကအပြန်မမမြိုင်တို့အိမ် ဝင်ဦးမှာမို့ နည်းနည်းတော့အိမ်ပြန်နောက်ကျမယ်ထင်တယ် အစ်ကိုကြီးရော စျေးကိုဘာများမှာချင်သေးလဲ…ဒါနဲ့အသုံးစရိတ်နည်းနည်းယူသွားမယ်နော် အစ်ကိုကြီး ”

ဒေါ်မာလာတင်မှာ ပြောချင်ရာပြောပြီး အခန်းထဲမှ ကြွကြွရွရွလှလှပပလေးပြန်ထွက်သွားလေသည်။သူဌေးကြီးဦးထွန်းရှိန်မှာမူ အသိစိတ်ရှိသော်လည်း ကိုယ်တစ်ခြမ်းလေဖြတ်ထားသောကြောင့် သိပ်မလှုပ်ရှားနိုင်ဘဲ ပါးစပ်မှ”ဝူး ဝူးဝါးဝါး “အော်လျက် ကျန်ခဲ့လေသည်။

 

“ဆရာ…ဘာလိုချင်လို့လဲရှင် ၊ဆရာလိုအပ်တာကို ကျွန်မကူညီပေးပါ့မယ် …ဘာမှစိတ်ဓါတ်မကျပါနဲ့နော််…မကြာခင်ပြန်ကောင်းလာမှာပါ ”

လေဖြတ်ထား၍ ရွဲ့နေသောနှုတ်ခမ်းအစုံအား အားပြု၍ ဗလုံးဗထွေးနှင့်ပြောနေသော သူဌေးကြီးဦးထွန်းရှိန်ကိုကြည့်၍ ကျွန်မမှာ စိတ်မကောင်းဖြစ်သွားရပြီး သူဌေးကြီး၏လက်အစုံအား ထွေးဆုပ်၍အားပေးနှစ်သိမ့်လိုက်သည်။သူဌေးကြီးသည် ကျွန်မ၏နှစ်သိမ့်အားပေးစကားကိုကြားပြီးနောက် ပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာပြီ နှုတ်မှလည်း တစ်စုံတစ်ခုကိုကြိုးစား၍ရေရွတ်ပြောဆိုနေလေသည်။

” သံ…သံ..နီး….နီး …ရင်….ထီ ”

 

“ဆရာမ….အောက်ထပ်မှာ မနက်အဆာပြေစာသွားစားလိုက်ပါဦး…အဖေ့ကိုကျွန်တော်ကြည့်ထားပါ့မယ် ” သူဌေးကြီး၏ကြိုးစားပန်းစားပြောနေသောစကားကိုဂရုတစိုက်ဖြင့်နားထောင်နေစဥ်မှာပင် အခန်းဝမှ အသံနှင့်အတူဝင်လာသော သီဟထွန်းရှိန်ကြောင့် သူဌေးကြီး၏ကြိုးစားပန်းစားပြောနေသော အသံမှာရပ်တန့်သွားလေသည်။ကျွန်မလည်း သီဟထွန်းရှိန်ကို တွေ့သောအခါ ညကအဖြစ်ကိုသတိရလိုက်မိပြီး ရှက်ရွံစိတ်ဖြင့် ခေါင်းကိုတတ်နိုင်သလောက်ငုံ့ထားပြီး သီဟထွန်းရှိန်၏ ဘေးမှအသာထွက်ခဲ့သည်။

 

*************

“ဟုတ်လို့လား…ဆရာမလေးရယ်…အစ်ကိုလေးပြောသလိုဆရာမလေးအိပ်မက်မက်လို့ ယောင်ပြီးထသွားတာများလား ”

 

“မဟုတ်တာ…မိလုံးရယ် ၊တကယ်ပါဆို မရွှေမိမှမရွှေမိအစစ်ပါ…ကျွန်မသေသေချာချာကြီးကိုမြင်လိုက်တာပါ ”

 

“ဆရာမမြင်တာအမှန်ဆို မရွှေမိကဘယ်ရောက်သွားတာလဲ သူ့အခန်းထဲမှာလည်းရှင်းလို့ပြန်လာတဲ့အရိပ်အယောင်လည်းမတွေ့ပါဘူး ”

“ဟဲ့…မိလုံး မနက်စောစောစီးစီးဘာတွေပြောနေတာလဲ ”

ကျွန်မနှင့်မိလုံးတို့ မရွှေမိအကြောင်းကို ပြောနေစဥ်မှာပင် ကေသီတင်တစ်ယောက်ထမင်းစားခန်းထဲသို့ ဝင်လာပြီးမိလုံးကိုလှမ်းမေးလိုက်လေသည်။

 

” ဟို…ဟို မရွှေမိအကြောင်းပြောနေတာပါ မမလေး…ညကညဥ့်နက်ကြီးမှ မရွှေမိပြန်လာတာမြင်တယ်လို့ဆရာမလေးကပြောလို့ပါ ”

 

မိလုံး၏စကားဆုံးသောအခါ ကေသီတင်သည် ကျွန်မကိုစူးရဲအေးစက်သော မျက်လုံးများဖြင့်ကြည့်လာပြီး

 

“ဘာ…ရွှေမိပြန်လာတယ် ဟုတ်လား ၊ဆရာမမြင်တာ​သေချာလို့လား” အော်ဟစ်မေးလိုက်သော ကေသီတင်၏မာမာထန်ထန်အသံကြောင့် ကျွန်မမှာ​ယောင်ယမ်း၍ခေါင်းငြိမ့်ပြလိုက်မိလေသည်။

” ဘယ်က ရွှေမိကပြန်လာတာလဲ…ထင်ရာမြင်ရာတွေမပြောနဲ့နော် …ဒီအိမ်မှာ ဆရာမအလုပ်က. ဒယ်ဒီ့ကိုစောင့်ရှောက်ရမယ့်အလုပ်… ကျန်တဲ့အိမ်တွင်းရေးတွေကဆရာမနဲ့မဆိုင်လို့ဝင်မပါ ပါနဲ ”

ကေသီတင်က မောက်မောက်မာမာပြောဆိုပြီးဆောင့်ဆောင့်အောင့်အောင့်နှင့် ပြန်ထွက်သွားလေသည်။ကေသီတင် ထွက်သွားသည်နှင့်မိလုံးက ကျွန်မအနားပြေးလာပြီး

 

“စိတ်မဆိုးနဲ့နော် ဆရာမလေး… မကေသီတင်ကစကားပြောရင်ဒီလိုပဲတအားမောက်မာတာ …အဲ့ဒါကြောင့်ဘယ်သူနဲ့မှမတည့်တာပေါ့ ၊အစ်ကိုလေးသီဟထွန်းရှိန်ဆိုရင်လည်း မမလေးရတီချိုကိုချစ်သလောက် မမလေးကေသီတင်နဲ့တော့မတည့်ဘူးလေ ”

 

“စိတ်မဆိုးပါဘူး မိလုံးရယ်… မကေသီတင်ပြောသလိုပဲ…ကျွန်မအလုပ်ကလူနာပြုစုရုံပဲလေ ကျနိတာတွေ ကျွန်မနဲ့မဆိုင်ပါဘူးလေ ”

****************

ယနေ့တနင်္ဂနွေနေ့ဆိုတော့ စိန်ပန်းမြိုင်အိမ်ကြီးမှာ လူစုံတက်စုံရှိနေလေသည်။

သူဌေးကတော် ဒေါ်မာလာတင်လည်း မြို့ထဲသွား၍ စျေးဝယ်မထွက်သလို၊အသိမိတ်ဆွေများဆီသို့အလည်ပတ်မသွား​ဘဲရှိလေသည်။သားမက်ဖြစ်သူကျော်စွာဦးမှာလည်းပွဲရုံသို့ မသွားဘဲအိမ်၌ရှိ​လေ၏။ထို့အတူ မြို့ထဲ၌ အထည်ဆိုင်ဖွင့်ထားပြီးသွားတစ်ရက်မသွားတစ်ရက်နှင့် သူနေချင်သလိုသာနေတတ်သော ကေသီတင်နှင့် သားအငယ်ဆုံးသီဟထွန်းရှိလည်းအိမ်၌ပင်ရှိလေသည်။ထို့ပြင် စိန်ပန်းမြိုင်အိမ်ကြီး၏ ယုံကြည်အားကိုးရသော သူဌေးကြီး၏လူယုံတော်ဖြစ်သူ ဦးသက်အောင်ပါ ရှိနေလေသည်။

 

” အိမ်သားတွေကိုစုခိုင်းပြီး ဆရာမလေးက ဘာများပြောချင်တာတုန်း ပြောပါဦး ”

ဒေါ်မာလာတင်၏ အသံသည် ဒေါသသံမပါသော်လည်း အေးစက်မာထန်နေသည်ဟု ကျွန်မစိတ်ထဲထင်မိလေသည်။ ကျန်သူများကတော့ မျက်နှာထားခပ်တင်းတင်းများဖြင့်ထိုင်၍နေကြသည်။အထူးသဖြင့် သီဟထွန်းရှိန်၏မျက်နှာသည် ပို၍သုန်မှုန်နေသည်ဟု ကျွန်မထင်မိလေသည်။ကေသီတင်နှင့်ကျော်စွာဦးတို့မှာမူ တစ်ချက်တစ်ချက်၌ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်နေကြသည်ကို ကျွန်မတွေ့နေရလေသည်။

 

” ဒီလိုပါရှင်…အိမ်သားတွေဆီမှာ ကျွန်မခွင့်တောင်းခြင်းတာက သူဌေးကြီးကို ဆေးရုံးတင်ဖို့ပြောချင်လို့ပါ… သူဌေးကြီးရဲ့အခြေအနေက ဆေးရုံးမှာဆရာဝန်​တွေရဲ့ အနီးကပ်ကြပ်ကြပ်မတ်မတ်ကုသမှုကိုသာ ခံယူနေမယ်ဆိုရင် ပြန်ကောင်းလာနိုင်ချေရှိလို့ပါ …အခုလိုအခန်းထဲမှာပဲ အမြဲပိတ်လှောင်နေမယ်ဆိုရင်တော့ မျှော်လင့်ချက်သိပ်မရှိနိုင်လို့ပါ ”

 

“ဘယ်လိုပြောလိုက်တယ် ဆရာမ ၊ဆရာမပြောတဲ့ပုံက ကျွန်မတို့တွေကပဲ ဒယ်ဒီ့ကိုဂရုမစိုက်ဘဲပစ်ထားသလိုဖြစ်နေပြီ ၊ဆေးရုံဆိုအကောင်းဆုံးဆေးရုံမှာပဲကုသခဲ့တာရှင့်..ပြီးတော့ အိမ်မှာပဲကုသတယ်ဆိုပေမဲ့ တစ်ပတ်တစ်ခါ အထူးကုဆရာဝန်ကြီးလာသလို ဆရာမတို့လို့ကျွမ်းကျင်တဲ့သူနာပြုကိုလည်း ငွေပုံအောပေးပြီးငှားထားပေးတယ်လေ …ဒါကိုဆရာမက ကျွန်မတို့မိသားစုကိုအပြစ်ပြောချင်နေတာလား ”

 

“တိတ်စမ်း ကေသီတင်…ငါတစ်ယောက်လုံးရှိနေတာကို ညည်းကဘာမှဝင်ပြောစရာမလိုဘူး ”

ကျွန်မစကားကို အဓိပ္ပါယ်ကောက်လွဲပြီး စိတ်ဆိုးမာန်ဆိုးဖြင်ဝင်ပြောသော ကေသီတင်အား ဒေါ်မာလာတင်က အသံခပ်မာမာဖြင့် ပိတ်ပင်လိုက်သည်မို့ ခပ်စောစောက ကေသီတင်ဒေါသကြောင့် အနေရအထိုင်ရကြပ်နေသော ကျွန်မမှာ ယခုမှပင်အသက်ဝဝရှုနိုင်လေတော့သည်။

 

“ဆရာမလေး ပြောတာမှန်ပါတယ်၊ဆေးရုံမှာဆို အစ်ကိုကြီးအခြေအနေကပိုတိုးတက်လာနိုင်တာပေါ့ ဒါပေမဲ့ အစ်ကိုကြီးကဆေးရုံတက်ရမှာကို သေမလောက်ကြောက်နေတော့ ကျွန်မတို့လည်းမတတ်နိုင်ဘူးလေ ၊ဒါကြောင့်မို့လည်း အစ်ကိုကြီးစိတ်တိုင်းကျအိမ်မှာပဲ အကောင်းဆုံးကုသပေးနေရတာလေ ၊ဒါကြောင့်မို့ နောက်ဆို ဆရာမလည်း အစ်ကိုကြီးမကြိုက်တာကိုမပြောပါနဲ့ မလုပ်ပါနဲ့ကွယ် ”

 

လေသံအေးအေးနှင့်ပြောလာသော ဒေါ်မာလာတင်ကြောင့် ကျွန်မမှာ ရှေ့ဆက်၍ ပြောဖို့ကိုမနည်းအားယူလိုက်ရပြီး မဝံ့မရဲဖြင့်ပင် ပြောလိုက်ရလေတော့သည်။

 

” ဒီ…ဒီလိုဆိုရင်ဖြင့်လည်း….အိမ်မှာနေရင်း လေ့ကျင့်ခန်းလေးဘာလေးလုပ်ဖို့ ပစ္စည်းအချို့နဲ့ သူဌေးကြီး ပြင်ပလေလေးဘာလေးထွက်ရှုလို့ရအောင် ဝှီးချဲအသစ်လေးတစ်စီးလောက်ပဲဝယ်ပေးပါရှင် ရှိတဲ့အဟောင်းကလည်းသုံးလို့မဖြစ်တော့လို့ပါ ”

 

ကျွန်မစကားအအဆုံးမှာ ကေသီတင်တစ်ယောက် ဒေါသတကြီးနှင့်မတ်တပ်ထရပ်လိုက်ပြီး ကျွန်မကိုစားတော့ဝါးတော့မလိုစိုက်ကြည့်၍

” ဘယ်နှယ့် ဆရာမရယ် ရှင်အထွန့်တက်လှပါလားဟင် ၊ဘာမှမလှုပ်နိုင်တဲ့လူကြီးက ဘာလေ့ကျင့်ခန်းကိုလုပ်မှာလဲ ခေါင်းတောင်မထူနိုင်တဲ့သူအတွက် ဝှိီးချဲအသစ်ကဘာလို့ထပ်ဝယ်ရမှာလဲ ပြောပါဦး ” ကေသီတင်၏ စကားအဆုံး၌ သီဟထွန်းရှိန်သည် ဝုန်းခနဲထရပ်လိုက်သည်။

 

“ဒီမှာ…မမကေသီ …ခင်ဗျားပါစပ်ပိတ်ထားရင်ကောင်းမယ်နော် ၊ဆရာမတောင်းဆိုတာကို ကျွန်တော်လက်ခံတယ် ၊ဒါက ဒယ်ဒီကောင်းဖို့အတွက်ပဲလေ …ဘာလဲ မမကမမရဲ့အဖေအရင်းမဟုတ်လို့ ဒီလိုပြောတာလား ”

သီဟထွန်းရှိန်၏ စကားကြောင့် မိသားစုအားလုံးသီဟထွန်းရှိန်အား အလန့်တကြားလှမ်းကြည့်လိုက်ကြလေသည့်။

 

” သားငယ် တိတ်စမ်း ၊မင်းကိုယ်အစ်မကိုဘယ်လိုများပြောလိုက်တာလဲ ” ဒေါ်မာလာတင်၏ ခပ်မာမာအသံကြောင့် သီဟထွန်းရှိန်သည် “တက်”တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်၍ အခန်းထဲမှ ထွက်သွားလေသည်။

 

” ကဲပါ…ဒီလိုလုပ် ၊ဆရာမလိုအပ်တာတွေကို ကိုသက်အောင်ကိုပြောလိုက် ၊ကိုသက်အောင်ကလည်းဆရာမလိုအပ်တာတွေကိုဝယ်ပေးလိုက်ပါ …ပြီးတော့ တစ်လက်စတည်းအိမ်သားအားလုံးကိုအသိပေးလိုက်မယ်… ရွှေမိကစာမလာသတင်းမကြားနဲ့သူ့ရပ်ရွာမှာအိမ်ထောင်ပြုလိုက်တာဖြစ်နိုင်တယ် …ဒါကြောင့်မို့နောက်အပတ်မှာ မိလုံးကိုကူဖို့လူသစ်ရောက်လိမ့်မယ် ”

***************

” ဘုတ်…ဘုတ်…ဘုတ် ”

တိတ်ဆိတ်နေသော ညဥ်သန်းခေါင်၌ အိပ်မက်လိုလို ၊တကယ်လိုလိုနှင့်အခန်းတံခါးအား တဘုတ်ဘုတ်ထုနေသံကိုကြားနေရသည်။အိပ်မက်လေလားဟုတွေးနေစဥ်မှာပင် အသံကထက်မံထွက်ပေါ်လာသည်မို့ အိပ်ရာထဲမှလူးလဲထလိုက်ပြီး အိပ်ခန်းတံခါးဝဆီသို့ လျှောက်သွားပြီးတံခါးကိုဆွဲဖွင့်လိုက်သည်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခေါင်းထက်မှ ဆံပင်မွှေးများပင် ထောင်ထသွားသည်ဟု ခံစားလိုက်ရပြီး တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထလာကာ ရင်ဘတ်ထဲမှ တဒိန်းဒိန်းဆောင့်ခုန်လာလေသည်။

” ဘယ်…ဘယ်သူလဲ…. ”

အထစ်ထစ်အငေါ့ငေါ့နှင့်ထွက်သွားမိသော ကျွန်မ၏မေးသံအဆုံး၌ ဆံပင်ဖို့ရို့ဖားလျားနှင့်အခန်းဝအား ကျောခိုင်းရပ်နေသော အမျိုးသမီးသည် ကျွန်မဘက်သိုဖြည်းလေးစွာလှည့်လာသည်မို့ ကျွန်မ ကြောက်လန့်တကြားနှင့်

ယောင်ယမ်းပြီး မျက်လုံးကိုမှိတ်ချလိုက်မိလေသည်။

 

အပိုင်း ( ၃ ) ဆက်ရန်

အပိုင်း ( ၃ )

“စိန်ပန်းမြိုင်မှအိမ်နီကြီး ”
********************
” ဘယ်…..ဘယ်သူလဲ ”

ကျွန်မရဲ့မေးသံအဆုံးမှာ ကျွန်မဘက်သို့ ဖြည့်လေးစွာလှည့်လာသော ထိုအမျိုးသမီးကိုကြည့်၍ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မျက်လုံးအစုံကိုမှိတ်ချလိုက်မိလေသည်။သို့သော်လည်း ထိတ်လန့်တုန်လှုပ်နေသည့်ကြားမှ သိချင်စိတ်ကပြင်းပြလာသောကြောင့် မျက်လုံးအစုံအားမရဲတရဲနှင့် ဖွင့်ကြည့်လိုက်သောအခါ
“မ…မရွှေမိ…မရွှေမိဘယ်တုန်းကပြန်ရောက်နေတာလဲ ”
မရွှေမိသည် ကျွန်မ၏အမေးကိုမဖြေဘဲ ကျွန်မကိုကျောခိုင်းလိုက်ပြီး စင်္ကြန်လမ်းအတိုင်းလျှောက်သွားပြီးနောက် ကျွန်မရှိရာဆီသို့ ပြည်လှည့်ကြည့်လာပြီး လက်ယပ်၍ခေါ်လေသည်။မရွှေမိ၏အပြုအမူကြောင့် ကျွန်မလည်း ယောင်ယမ်း၍ခေါင်းငြိမ့်ပြလိုက်မိပြီး မရွှေမိနောက်မှ ထက်ကြပ်မကွာလိုက်ခဲ့မိလေသည်
အပေါ်ထပ်တွင် ကျွန်မအပြင် သီဟထွန်းရှိန် ၊ကေသီတင်နှင့်ကျော်စွာဦးတို့၏ အခန်းများရှိသော်လည်း ကျွန်မ၏အခန်းသည် အပေါ်ထပ်၏ မြောက်ဘက်ချောင်အကျဆုံးနေရာ၌တည်ရှိပြီး သီဟထွန်းရှိန်၏အခန်းမှာ အရှေ့ဘက်လသာဆောင်နားရှိ ဘုရားခန်း​ဘေးမှ အခန်း​​ဖြစ်ပြီး ကေသီတင်၏အခန်းမှာမူ ကျွန်မနှင့်ဆန့်ကျင့်ဘက် တောင်ဘက်လသာဆောင်အနီး၌ရှိသလို ကျော်စွာဦး၏အခန်းကတော့ အနောက်ဘက်လသာဆောင်အနီး၌တသီးတသန့်ဖြင့် ရှိလေသည်။ကျော်စွာဦးနေသော ထိုအခန်းသည် ရတီချိုရှိစဥ်ကတည်းက အတူသုံးခဲ့သော အခန်းဟု မိလုံးတော့ပြောပြဖူးသည်။ထိုသို့ တစ်ခန်းနှင့်တစ်ခန်းကြား အခန်းလွတ်များစွာ ခြားထားကြသည်မို့ အခန်းတစ်ခန်းခန်း၌ တော်တန်ရုံကိစ္စတစ်ခုခုဖြစ်လျှင် အခြားတစ်ခန်းမှ သိဖို့ရာခဲယဥ်းလောက်အောင် အိမ်ကြီးက ကြီးမားလွန်းလှသဖြင့် အပေါ်ထပ်တွင် ကျွန်မနှင့်မရွှေမိမှလွဲ၍ ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
မရွှေမိသည် ရှေ့မှနေ၍ အခန်းလွတ်များကို ကျော်ဖြတ်၍စင်္ကြန်လမ်းအတိုင်းသွားနေပြီနောက် လှေကားထိပ်သို့ရောက်ရှိသောအခါ ခေါင်းကြီးငိုက်စိုက်ချ၍ လှေကားအတိုင်းဖြည်းလေးစွာ ဆင်းသွားလေသည်။
ညအိပ်မီးအလင်းရောင် မှိန်ပျပျအောက်၌ ခြေတစ်ဖက်ကို တရွတ်ဆွဲ၍ ဆံပင်ဖိုးရိုးဖားရား အဝတ်အစားဖရိုဖရဲနှင့်မရွှေမိ၏ ပုံစံကိုကြည့်ရသည်မှာ ကျောချမ်းစရာတော့ ကောင်းလှပေသည်။
မရွှေမိသည် လှေကားအဆုံး အောက်ထပ်သို့ရောက်သောအခါ ငူငူကြီးရပ်၍နေပြန်လေသည်။ ကြည့်ရသည်မှာ ကျွန်မကိုစောင့်နေပုံရလေသည်။
ကျွန်မတို့ အောက်ထပ်သို့ရောက်သောအခါ အောက်ထပ်တစ်ထပ်လုံးတွင်လည်း တချောက်ချောက်မြည်နေသော တိုင်ကပ်နာရီမှ အသံကလွဲ၍ တိတ်ဆိတ်နေလေသည်။ကျွန်မလည်း လှေကားခြေရင်းတွင်ရပ်၍ သူဌေးကြီးဦးထွန်းရှိန်၏ အခန်းသို့ မျှော်ကြည့်မိလေသည်။အောက်ထပ်တွင် သူဌေးကြီး ဦးထွန်းရှိန်နှင့်ဒေါ်မာလာတင်တို့၏ အခန်းအပြင် သူဌေးကြီး၏လူယုံတော်ဦးသက်အောင်၏အခန်းလည်း ရှိလေသည်။ထို့ပြင် အောက်ထပ်၌ လွတ်နေသောအခန်းများကျန်နေပါသေးသော်လည်း ကျွန်မကို အောက်ထပ်၌ မနေခိုင်းခြင်းကို ကျွန်မမှာ နားမလည်နိုင်အောင်ဖြစ်ရသည်။တကယ်ဆိုလျှင် လူနာစောင့်ရှောက်သူက အနည်းဆုံးတော့ လူနာ၏ ဘေးချင်းကပ်အခန်းမှာနေရမှာ မဟုတ်လား။သူဌေးကြီး၏သမီး ရတီချိုရှိစဥ်ကတော့ ဖခင်ကြီးကိုအနီးကပ်ပြုစုနိင်ရန်အတွက် သူဌေးကြီး၏ ဘေးကအခန်းမှာ ယာယီနေထိုင်ခဲ့သည်တဲ့လေ။ဒါသည်လည်း မိလုံးပြောပြ၍ သိခြင်းသာဖြစ်လေသည်။ယခုအခါထိုအခန်းကို ပိတ်၍ထားပြီး ထိုအခန်းဘေး၌ ဦသက်အောင်၏အခန်းရှိလေသည်။ဦးသက်အောင်သည် တစ်ကိုယ်တည်းသမား​ဖြစ်​ပြီး သူဌေးကြီး၏အထူးအရေးပေးခံရသူမို့ အိမ်မကြီး၏ဧည့်ခန်းဘေးမှအခန်းတွင်နေခဲ့ပြီး ရတီချိုဆုံးသွားသောအခါမှညရေးညတာ၌ သူဌေးကြီးကိုပြုစုစောင့်ရှောက်နိုင်ရန်အတွက် အခန်းပြောင်းခဲ့သည်တဲ့။နောက်ညာဘက်ဘေးကတစ်ခန်းမှာတော့ သူဌေးကြီး၏ကိုယ်ပိုင်စာကြည့်ခန်းဖြစ်ပြီး ဘေးမှအခန်းမှာမူ ဒေါ်မာလာတင်က အနေများလေသည်။ဒေါ်မာလာတင်သည် ခင်ပွန်းဖြစ်သူ သူဌေးကြီးဦးထွန်းရှိန်နှင့်တစ်ခန်းတည်းအတူနေသည်ဆိုသော်လည်း ကိုယ့်ခုတင်နှင့်ကိုယ် နေရသည်ကိုပင် ” ဆေးနံ့တွေကြာကြာမခံနိုင်ဘူး “ဟုသော အကြောင်းပြချက်ဖြင့် ထိုသို့နေခြင်းဖြစ်လေသည်။
မရွှေမိသည် စင်္ကြန်လမ်းတစ်လျှောက် လျှောက်သွားနေရင်းမှ ထမင်းစားခန်း ၊ မီးဖိုဆောင်များကို ကျော်ဖြတ်လာပြီးနောက် အနောက်ဘက်စင်္ကြန်လမ်းအတိုင်းလျှောက်သွားလေသည်။ထိုစင်္ကြန်ဘေးရှိအခန်းများသည် မရွှေမိနှင့်မိလုံးတို့လို့ အလုပ်သမားများ၏ အခန်းများဖြစ်လေသည်။ မရွှေမိသည် ရှေ့မှတရွေ့ရွေ့သွားနေရင်းမှ ခပ်ဟဟဖွင့်ထား​​သော အခန်းတစ်ခန်းရှေ့သို့အရောက်တွင် ခြေလှမ်းအစုံကို ရပ်တန့်လိုက်ပြီး အခန်းထဲသို့ကြည့်နေလေသည်။ ကျွန်မလည်း မရွှေမိကြည့်သော အခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ မရွှေမိ၏ အခန်းဖြစ်နေသည်ကိုတွေ့လိုက်ရလေသည်။အခန်းသည် မှောင်မိုက်တိတ်ဆိတ်နေပြီး တကျွီကျွီမြည်နေသော တံခါးသံကြောင့် တကိုယ်လုံးကြက်သီးများထလာရသည်မို့ အခန်းထဲသို့ ဆက်မကြည့်ရဲတော့ဘဲ တရွေ့ရွေ့သွားနေသောမရွှေမိနောက် ခပ်သုတ်သုတ်လိုက်သွားမိလေသည်။
မရွှေမိသည် စင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ အိမ်ကြီး၏ အနောက်တံခါးမကြီးအဝသို့ ရောက်သွားပြီး တံခါးကိုဖွင့်ကာ ခြံထဲသို့ဆင်းသွားလေသည်။ ကျွန်မလည်း အိမ်ပြင်သို့ ထွက်သွားသော မရွှေမိကိုကြည့်၍ အိမ်တံခါးဝနားတွင် ခြေစုံရပ်နေမိလေသည်။​​ခြထဲ၌မူ လဆန်းခါစရက်ဖြစ်၍
လ၏အလင်းရောင်အနည်းငယ်မျှ ရှိသော်လည်း ခြံထဲရှိသစ်ပင်ရိပ်များကြောင့် အလင်းရောင်သည် ဟိုတစ်ကွက်သည်တစ်ကွက်ဖြင့်သာရှိလေသည်။အလင်းရောင် မှုန်တိမှုန်ဝါးကြား၌ သစ်ပင်များ ယိမ်းထိုးလှုပ်ရှားနေပုံမှာ မကောင်ဆိုးဝါးများမြူး​တူးပျော်ပါးနေပုံနှင့်ပင်တူနေလေသည်။မရွှေမိသည် မှုန်ပျပျအလင်းရောင်အောက်၌ မတ်မတ်ကြီးရပ်လျက် ကျွန်မကိုလက်ယပ်၍ ခေါ်ပြန်လေသည်။မျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်၍ ခေါ်နေသောမရွှေမိ၏ပုံစံကိုကြည့်ပြီး ကျွန်မရင်ထဲမှ တဒိန်းဒိန်းဆောင့်ခုန်လာပြီး အသက်ရှုတွေပါကြပ်လာသည်မို့ နောက်သို့ပြန်လှည့်ပြေးချင်စိတ်များ ဖြစ်ပေါ်လာလေသည်။မရွှေမိသည် ကျွန်မ၏ဖြစ်အင်ကို မသိဘဲ လက်ယပ်၍ ခေါ်နေလေသည်။ကျွန်မလည်း ခေါင်းကိုအစွမ်းကုန်ခါယမ်းပြလိုက်ပြီး
” ကျွန် ….ကျွန်မ …မ… မလိုက်ချင်တော့ဘူး…မရွှေမိရယ်….ခြံထဲကအရမ်းမှောင်တယ် “ဟုအော်ပြောလိုက်သော အခါ
“တောက် ” မရွှေမိက ” တက် “တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်ပြီး ခါးကြီးထောက်လျက် စူးရဲသောမျက်လုံးအစုံဖြင့် စိုက်ကြည့်နေလေသည်။ညအမှောင်၌ စူးရဲတောက်ပနေသော မရွှေမိ၏မျက်လုံးအစုံကိုကြည့်ပြီး ကျွမတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာလေသည်။
” လာ ခဲ့ ” ဝမ်းခေါင်းသံကြီးနှင့်ခေါ်လိုက်သကဲ့သို့ အသံသြသြကြီးနှင့် ခေါ်လိုက်သော မရွှေမိ၏ ခေါ်သံအဆုံး၌ ကျွန်မသည် အညှို့ခံရသူပမာ ခြံထဲသို့ တရွေ့ရွေ့ဆင်းသွားမိလေသည်။

” မလိုက်ဘူး…ကျွန်မ မလိုက်တော့ဘူး မရွှေမိ ” ကျွန်မသည် ကိုယ့်ခြေထောက်များကို ကိုယ်တိုင်မထိန်းချုပ်နိုင်တော့သလို နှုတ်မှပါအော်ဟစ်ငြင်းဆန်နေသော်လည်း နှုတ်ခမ်းအစုံနှင့်လျှာသည် အာစေးထည့်ခံထားရသူပမာ အသံမှာပြင်ပသို့ ထွက်မလာဘဲ လည်ချောင်းဝမှာတင် တစ်ဆို့ပျောက်ကွယ်သွားလေသည်။

” ဂီး ”
” အား ” ရုတ်တရက် ခေါင်းတည့်တည့်ထက်မှ ငှက်ဆိုးထိုးသံကြီးထွက်ပေါ်လာသည်မို့ ကြောက်လန့်တကြားအော်လိုက်မိသော်လည်း အသံကလည်ချောင်းဝ၌သာ တစ်ဆို့နေပြီ ပြင်ပသို့ထွက်မလာပါချေ။မရွှေမိတစ်ယောက်ကတော့ သစ်ပင်ကြိုသစ်ပင်များကြားမှ တရွေ့ရွေ့သွားနေပြီးခြံ၏နောက်ဘက် တောအုပ်အစပ်သို့ ရောက်သောအခါ ကျွန်မရှိရာဆီလည်ပြန်လှည့်ကြည့်လာပြီး တောထဲသို့ ဆက်လျှောက်သွားလေသည်။

” အူး….အူး….ဝူး….ဝူး….ဝူးး ” တောထဲသို ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက် ကြားလိုက်ရသော ခွေးအူသံများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများအေးခဲသွားသလိုခံစားလိုက်ရပြီး ခေါင်းထက်မှဆံပင်မွှေးများပါ ထောင်ထလာလေသည် ။
မရွှေမိသည် တောအုပ်ထဲ၌ အတန်ကြာသွားပြီးသောအခါ မတ်မတ်ကြီးရပ်၍ တစ်နေရာသို့စူးစူးရဲရဲကြီးစိုက်ကြည့်နေလေသည်။ကျွန်မလည်း အညှို့ခံထားရသူပမာ မရွှေမိနားသို့ လျှောက်သွားပြီး မရွှေမိကြည့်နေသော နေရာသို့လှမ်းကြည့်လိုက်သောအခါ သိပ်အနက်ကြီးမဟုတ်သော်လည်း ခပ်စောက်စောက်ဖြစ်နေသော ချောက်ထဲ၌ အမျိုးသမီးတစ်ယောက်သည် ကျွန်မတို့ရှိရာဆီသို့ လှမ်းမော့၍ကြည့်နေသည်ကို​တွေ့လိုက်ရ​လေသည်။လှမ်းကြည့်နေသော ထိုအမျိုးသမီး၏ မျက်နှာကိုကြည့်ပြီး ကျွန်မရင်တွေ တဒိန်းဒိန်းဆောင့်ခုန်လာလေသည်။ထိုစဥ်မှာပင် လေပြင်းတစ်ချက်ဝှေ့ယမ်းတိုတ်ခတ်သွားပြီးသစ်ပင်များယိမ်းထိုးလှုပ်ရှားသွားသောကြောင့် မှုန်ဝါးဝါးအလင်းရောင်အောက်၌ အမျိုးသမီး၏ ​​သွေးမရှိသကဲ့သို့ ဖြူဖပ်ဖပ်မျက်နှာကြီးကို တွေ့မြင်လိုက်ရလေသည်။

” ဟင်….မ…မရွှေမိလား…မ…မရွှေမိက… ​အောက်ကိုဘယ်လိုရောက်သွား…သွား ” ကျွန်မသည် အထစ်ထစ်အငေါ့ငေါ့နှင့်ဘေးနားမှာရပ်နေသော မရွှေမိကိုလှည့်ကြည့်ပြီး ပြောလိုက်သောအခါ မမြင်ရသောလက်တစ်စုံမှ ကျွန်မကို ချောက်ထဲသို့ခပ်ပြင်းပြင်းဆောင့်တွန်းချလိုက်လေသည်။

” အား ” သံကုန်ဟစ်၍ အော်လိုက်သော ကျွန်မအသံသည် ပြင်ပသို့မထွက်လာသော်လည်း ” ဘုတ် “ခနဲမည်အောင်ပြုတ်ကျသွားပြီး ခန္ဓာကိုယ်မှာ အနည်းငယ်နာကျင်သွားရသောကြောင့် သတိပြန်ဝင်လာပြီး လဲနေရာမှလူးလဲထလိုက်ပြီး ပတ်ဝန်းကျင်ကိုကမန်းကတန်းကြည့်လိုက်မိလေသည်။ပတ်ဝန်းကျင်၌ ကျွန်မမြင်လိုက်ရသည်မှာ ခုတင်တစ်လုံးနှင့်စာအုပ်အနည်းငယ်စီရီတင်ထားသောစားပွဲခုံတစ်ခု ၊ အလှပြင်ပစ္စည်းများအနည်းငယ်တင်ထားသော မှန်တင်ခုံတစ်ခုနှင့် အခန်းထောင့်တစ်နေရာ၌ အဝတ်သုံးလေးထည်ကိုချိတ်နှင့်ချိတ်ထားသည်ကို ​​တွေ့လိုက်ရ​​လေသည်။ဒါသည် ကျွန်မ၏အခန်းမဟုတ်လား။ကျွန်မသည် မယုံကြည်နိုင်ခြင်းများစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး စာကြည့်စားပွဲပေါ်မှရေဘူးကိုယူလိုက်ပြီးရေကိုအငမ်းမရမော့သောက်လိုက်လေသည်။တကယ်ဆို ကျွန်မသည် ခုတင်ပေါ်မှ ပြုတ်ကျရလောက်အောင်အထိ အအိပ်ဆော့သူတစ်ယောက်မဟုတ်ပေ။လည်ချောင်းထဲသို့ ရေများစီးဝင်သွားသောအခါ လှုပ်ရှားတုန်လှုပ်နေသောစိတ်သည် အတန်ငယ်တည်ငြိမ်လာပြီး ကိုယ့်အဖြစ်ကို မယုံနိုင်အောင်ဖြစ်နေမိလေသည်။အိပ်မက်သည် တကယ်ဖြစ်ရပ်ကဲ့သို့ပင် ပီပြင်ထင်ရှားလွန်းလှလေသည်။ကျွန်မသည် လူနာများ၊လူအိုများ၊လူသေများကြားတွင် အလုပ်လုပ်ခဲ့ရသူမို့ သရဲတစ္ဆေဆိုသည်များကို အကြောက်အလန့်သိပ်မရှိသောလည်း စိန်ပန်းမြိုင်ဆိုသော ဤအိမ်ကြီးကိုရောက်မှပင် ကြောက်စိတ်များဝင်ကာ အမျိုးမျိုးအဖုံဖုံတွေ့ကြုံနေရခြင်းဖြစ်လေသည်။
ရေဘူးကို စားပွဲခုံပေါ်သို့ ပြန်တင်လိုက်ပြီး ခုတင်ပေါ်တက်ထိုင်ကာ လက်အုပ်လေးချီ၍ ဘုရားကိုအာရုံပြုကန့်တော့လိုက်သည်။စိတ်ထဲမှလည်း ဘုရားဂုဏ်တော်များကို ရွတ်ပွားနေမိ​လေသည်။ထိုစဥ်မှာပင်

” ရှပ်….ရှပ်…ရှပ်…” အခန်းပြင်မှ တရှပ်ရှပ်သွားနေသော ခြေသံကိုကြားလိုက်ရသည်မို့ ဘုရားကိုအာရုံပြုကန်တော့နေရင်းမှ ကျွန်မနားစွင့်လိုက်မိသည်။

” ရှပ်….ရှပ်…ရှပ်…” ခြေသံကိုထပ်မံ ကြားရပြန်လေသည်။သည်တစ်ခါတော့ အသံက ပို၍ပီပြင်ထင်ရှားလာသည်။​သေချာသည်မှာ အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ပင်ကြားရခြင်းဖြစ်လေသည်။ကျွန်မ ခုတင်ပေါ်မှ အသာဆင်းလိုက်ပြီး တံခါးနားသို့ လျှောက်သွားလိုက်​ပြီး တံခါးကိုခပ်ဖြည်းဖြည်းဖွင့်၍ အပြင်သို့ချောင်းကြည့်လိုက်​သောအခါ အမျိုးသမီးတစ်ယောက် စင်္ကြန်လမ်းအတိုင်းလျှောက်သွားသည်ကိုမြင်လိုက်ရလေသည်။ထိုအမျိုးသမီးသည် ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း၌ ကျောပေါမှ ဆံပင်ရှည်ကြီးများဝဲခါလှုပ်ယမ်းသွားသည်မှာ ကြည်၍ပင်ကောင်းနေလေသည်။အမျိုးသမီးသည် ခပ်ဖြည်းဖြည်းလျှောက်သွားနေရင်းမှ သီဟထွန်းရှိန်ရှိရာ အခန်းဘက်သို့ အတန်ကြာငေးမောကြည့်နေလေသည်။ထို့နောက် အနောက်ဘက်လသာဆောင်ရှိရာ ကျော်စွာဦး၏ အခန်းဘက်သို့သွားဟန်ပြင်လိုက်ပြီးမှ ရုတ်တရက်ဆိုသလိုပင် ကေသီတင်၏အခန်းရှိရာ စင်္ကြန်လမ်းအတိုင်းလျှောက်သွားလေသည်။ကျွန်မသည်လည်း ထိုအမျိုးသမီး၏လှုပ်ရှားမှုများကိုငေးမော၍ နောက်မှတရွေ့ရွေ့လိုက်ပါသွားမိလေသည်။အမျိုးသမီးသည် စင်္ကြန်လမ်းအတိုင်း သွားနေရင်းမှ ကေသီတင်၏အခန်းကိုကျော်သွားသောအခါ လသာဆောင်ဘက်သို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ကျွန်မလည်း ထိုအမျိုးသမီး၏နောက်သို့အမီလိုက်နိုင်ရန် ခြေလှမ်းကိုခပ်သွက်သွက်လှမ်းလိုက်စဥ်မှာပင် ကေသီတင်၏ အခန်းထဲမှ စကားသံခပ်တိုးတိုးကိုကြားလိုက်ရသောကြောင့် ကျွန်မ၏ လှမ်းလက်စခြေလှမ်းများမှာ ရပ်တန့်သွားရလေသည်။

” ဒီကိစ္စက…ကေသီနဲ့မဆိုင်ဘူး…အားလုံးရတီချို့ကြောင့်ဖြစ်တာ ၊ သူ့ကိုယ့်သူအထင်ကြီးလို့… သူ့မာနတွေကြောင့်ဖြစ်တာ ၊တကယ်ဆို ကေသီဘက်ကတောင်နာသေးတယ် ” ဒေါသသံအနည်းငယ်စွက်နေသော ကေသီတင်၏စကားသံထဲတွင် ရတီချို၏နာမည်ကိုကြားလိုက်ရသောကြောင် ကျွန်မအာရုံစိုက်နားစွင့်ရင်း အခန်းတံခါးဝနားသို့ကပ်ကာ အထဲသို့ မြင်ရလိုမြင်ရငြားချောင်းကြည့်ရန်ပြင်လိုက်လေသည်။
အခန်းတံခါးနားသို့ကပ်သွားချိန်၌ ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်​ယောက်သည် နောက်ဘက်မှနေ၍ ကျွန်မ၏ခန္ဓာကိုယ်အား သိမ်းဖက်ချုပ်နှောင်လိုက်ပြီး လက်ဝါးဖြင့်ပါးစပ်ကိုပိတ်ကာ ဆွဲခေါ်၍သွားခြင်းကိုခံလိုက်ရလေသည်။

” အီ…အစ် …အစ်…” ကျွန်မလည်း အားရှိသလောက်တွန်းထိုးရုန်းကန်နေသော်လည်း ထိုသူ၏လက်များမှာ သန်မာလွန်းသောကြောင့် ထိုသူ၏ဆွဲခေါ်သွားရာ​နောက်သို့ တရွေ့ရွေ့နှင့်ပါသွားရလေသည်။ထို့နောက် သူသည် အခန်းတစ်ခန်းအား လျင်လျင်မြန်မြန်ပင်ဆွဲဖွင့်လိုက်ပြီး ကျွန်မကိုပါအခန်းထဲသို့ ဆွဲသွင်းလိုက်ပြီးလျှင် တံခါးကိုခပ်မြန်မြန်ပြန်ပိတ်လိုက်လေသည်။ကျွန်မလည်း ချုပ်နှောင်မှုအားလျော့သွားသော ထိုသူ၏လက်မှ အမြန်ပင်ရုန်းထွက်လိုက်လေသည်။

” ရှင် ….ရှင်..ဘယ်သူလဲ…ကျွန်မကိုဘာလုပ်မလို့လဲ… ကျွန်မနားကပ်မလာနဲ့နော် ”

ကျွန်မလည်း ထူပူကြောက်လန့်နေ၍ ရှေ့မှလူကို သတိထားမ​ကြည့်မိဘဲ တွန်းထိုးရုန်းကန်အော်ဟစ်၍ရန်ပြန်လုပ်မိသောအခါ ထိုသူသည် ကျွန်မ၏နှုတ်ခမ်းအစုံအားလက်ဝါးနှင့်ထက်မံဖိပိတ်လိုက်ပြီး အသံမာမာနှင့်ခပ်တိုးတိုးငေါက်ငမ်းလေသည်။

” တိတ်တိတ်နေ…ပြောချင်ရာဇွတ်ပြောမနေနဲ့….ဆရာမကို ကျွန်တော်ဘာမှမလုပ်ဘူး စိတ်ချ ”

ထိုသူ၏ အသံကိုကြားလိုက်ရသောအခါမှ ကျွန်မမှာ ထိတ်လန့်တုန်လှုပ်စိတ်များပြောလျော့သွားရပြီး

” ရှင်…ရှင် ကိုသီဟထွန်းရှိန် … ဒါ..ဒါဘာလုပ်တာလဲ ဟင် … ”

” ဘာလုပ်တာလဲဆိုတာ ဆရာမကို ကျွန်တော်ကမေးရမှာ… ညသန်းခေါင်ကြီး မကေသီအခန်းရှေ့မှာ ဆရာမဘာလုပ်နေတာလဲပြောလေ…ညနက်ရင်အခန်းထဲကနေ အခန်းပြင်ကိုမထွက်ဖို့ဆရာမကို ကျွန်တော်ပြောထားတယ်လေ ”

” အို…ကျွန်မကလည်းထွက်ချင်လို့ထွက်တာမဟုတ်ပါဘူး…ညနက်သန်းခေါင်ကြီးခြေသံတွေကြားလို့ထွက်ကြည့်တာရှင့်… ”

” ခြေသံဟုတ်လား…ဘာခြေသံလဲ…အဲ့ခြေသံတွေ…အဲ့လူတွေကိုခင်ဗျားပဲမြင်နေ ၊ခင်ဗျားပဲကြားနေတာ…သရဲတစ္ဆေစာအုပ်တွေဖတ်ပြီးစိတ်ကူးတွေယဥ်နေတာရပ်တော့…ကိုယ့်အန္တရာယ်ကိုယ်သတိထားဦး… နောက်တစ်ခါညနက်တွေအခန်းအပြင်ကိုထွက်ရဲထွက်ကြည့် ကျွန်တော့်အကြောင်းသိမယ် ”

သီဟထွန်းရှိန်သည် အသက်နှစ်ဆယ့်လေးနှစ်သာရှိသေး၍ ကျွန်မထက် လေးနှစ်ခန့်ငယ်သော်လည်း မြင့်မားသောအရပ်အမောင်း၊​ယောကျ်ားပီသသောပုံစံနှင့်အေးဆေးတည်ကြည်သော မျက်နှာထားဟန်ပန်ကြောင့် စတွေ့ကတည်းကပင် သီဟထွန်းရှိန်အားရှိန်နေမိသော ကျွန်မမှာ
ယခုလို မမြင်စဖူးသီဟထွန်းရှိန်၏ စိတ်ဆိုးနေသောပုံစံကိုမြင်လိုက်ရသည့်အခါမှာတော့ တုန်တုန်လှုပ်လှုပ်နှင့်ပင်နှုတ်ဆိတ်၍နေမိလေသည်။သီဟထွန်းရှိန်သည် တုန်တုန်ယင်ယင်ဖြစ်နေသော ကျွန်မကိုတစ်ချက်ကြည့်ပြီး အခန်းဝတံခါးနားသို့လျှောက်သွားလိုက်ပြီး အပြင်သို့ချောင်းကြည့်နေလေသည်။ထိုနောက် ကျွန်မရှိရာဆီသို့ လျှောက်လာပြီး လက်ကိုဆွဲကာ စင်္ကြန်လမ်အတိုင်း ခပ်မြန်မြန်ပင်လျှောက်သွားလေသည်။အတန်ကြာလျှောက်ပြီးနောက် ကျွန််မ၏အခန်း​ရှေ့သို့ ရောက်သောအခါ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ကျွန်မကို အခန်းထဲသို့ တွန်းထည့်လိုက်ပြီး ” အိပ်တော့ “ဟု အသံပြတ်နှင့်ပြောကာ ထွက်သွားလေသည်။ ကျန်ခဲ့သော ကျွန်မမှာတော့ သူပြောသလို အိပ်မပျော်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်ခြင်း၊ရင်ဖိုရခြင်းစသော အတွေးပေါင်းများစွာနှင့် မိုးစင်စင်လင်းခဲ့ရလေသည်။
***************
ညကအိပ်ရေးပျက်ထားပေမဲ့ မနက်ခြောက်နာရီထိုးပြီးသည်နှင့် သူဌေးကြီး၏ အခန်းထဲသို့အရောက်လာရမည်ဖြစ်သော ကျွန်မမှာ ယနေ့လည်းတာဝန်ဝတ္တရားမပျက်ဘဲ သူဌေးကြီးအားကိုယ်လက်သန့်စင်ပေးခြင်းစသော​ဝေယျာဝစ္စများအားလုပ်ကိုင်ပေး​ပြီး နံနက်ခင်းတွင် သောက်ရမည့်ဆေးဝါးများကိုတိုတ်ကျွေးပေးပြီးနောက် အခန်းအားလေဝင်လေထွက်ကောင်းစေရန် ပြတင်းတံခါးများ၊လိုက်ကာစများကို လိုက်လံဖွင့်လှစ်လိုက်လေသည်။ထိုအချိန်မှာပင် အခန်းထဲသို့ ဒေါ်မာလာတင်တစ်ယောက်ဝင်လာပြီး
“ဆရာမ….ဒီနေ့အစ်ကိုကြီးကို သပ်သပ်ရပ်ရပ်လေးပြင်ဆင်ပေးထားပါနော် …နေ့လည်ဧည့်သည်​တွေလာမှာမို့ပါ…ပြီးတော့ဒီအခန်းထဲရောစာကြည့်ခန်းကိုပါကြည့်ကောင်းအောင်ပြင်ထားခိုင်းလိုက်ပါ…ဆရာမလေးခိုင်းဖို့မိလုံးကိုလွှတ်လိုက်မယ်”
ဒေါ်မာလာတင်သည် ပြောစရာရှိတာပြောပြီး အခန်းအပြင်သို့ ကြွကြွရွရွလှလှပပလေးပြန်ထွက်သွားလေသည်။ခုတင်ထက်မှလင်ယောကျ်ားဖြစ်သူသူဌေးကြီးဦးထွန်းရှိန်ကိုမူ တစ်ချက်လေးမျှပင်ငဲ့ကြည့်မသွားပါချေ။
**************
နံနက်ခုနှစ်နာရရီ​ကျော်​​လောက်တွင် နံနက်နေရောင်ခြည်ရရန်အတွက် နာရီဝက်လောက်နေပူဆာလှုံပြီးချိန်မှာတော့ သူဌေးကြီးသည် ပင်းပန်း​သောဒဏ်၊ဆေးအရှိန်များကြောင့် နံနက်ကိုးနာရီလောက်တွင် တရေးထပ်၍အိပ်လေသည်။သူဌေးကြီးအိပ်ပျော်သွားသည်နှင့်ကျွန်မလည်း မိလုံးကိုဝိုင်းကူရန်အတွက် စာကြည့်ခန်းဘက်သို့ကူးခဲ့လိုက်သည်။

မိလုံးသည် ကျွန်မကိုမြင်သောအခါ လှမ်း၍ရယ်ပြလေသည်။မိလုံးသည်အိမ်အကူဆိုသော်လည်း မျက်နှာဝိုင်းဝိုင်းခန္ဓာကိုယ်တောင့်တောင့် အသားအရေညိုညိုညက်ညက်နှင့်ကြည့်ပျော်ရှုပျော်ပုံရှိလေသည်။
ကျွန်မ မိလုံးဘေးမှာဝင်ထိုင်လိုက်ပြီ ညကအကြောင်းတွေကို မိလုံးကိုပြောသင့်မပြောသင့်တွေးမိလေသည်။ကျွန်မအတွက် သည်အိမ်ကြီးမှာ မိလုံးကိုမှ မပြောလျှင်လည်းအခြားပြောစရာလူမရှိသည်မှာတော့သေချာလေသည်။

” ဒါနဲ့… မိလုံးကိုမေးရဦးမယ် …မရတီချိုကလှလားဟင် ”

” လှတာပေါ့…ဆရာမလေးရယ်…ဆံပင်လေးဖားလျားချပြီးဂါဝန်အရှည်များဝတ်ထားရင် အရုပ်မလေးလိုအရမ်းချစ်စရာကောင်းတာ…ပြီးတော့စိတ်သဘောထားလည်းတအားကောင်းတာလေ …မိလုံးတို့လိုအလုပ်သမားတွေအတွက် တစ်လတစ်ခါ အဝတ်အစားသစ်တွေဝယ်ပေးသလိုအစားအသောက်ဆိုရင်လည်း သူစားသမျှမိလုံးတို့ကိုကျွေးတာလေ…ပြောရင်းမမလေးကိုသတိရလိုက်တာဆရာမရယ် “မိလုံးသည် သူ့စကားကို အဆုံးသတ်လိုက်ပြီး မျက်လုံးထောင့်ကို လက်နှင့်ပွတ်သုတ်​နေလေသည်။

” စိတ်မကောင်းမဖြစ်ပါနဲ့ မိလုံးရယ်…မင်းမမလေးကိုသတိရရင် ဘုရားရှိခိုးတိုင်းအမျှဝေလေ ”

” ဝေပါတယ် ဆရာမလေးရယ်…ဒါပေမဲ့ မိုးလင်းကမိုးချုပ်အလုပ်နဲ့လက်နဲ့မပြတ်တဲ့ မိလုံးတို့ဘဝက ညဘက်အလုပ်ပြီးတာနဲ့ ပင်ပန်းတဲ့ဒဏ်ကြောင့်
ဘုရားကိုပုဆိန်ပေါက်ရှိခိုးပြီးချက်ချင်အိပ်ပျော်သွားတတ်တော့ အမျှပေးဝေးဖို့ကိုမနည်းကြိုးစားနေရတယ် ဆရာမလေးရေ ”

” အင်း…ကျွန်မနားလည်ပါတယ်မိလုံးရယ် ”

” မမလေးရတီချိုရှိတုန်းက ဒီလောက်မပင်ပန်းဘူးဆရာမလေးရဲ့၊မမလေးဆုံးသွားပြီးမှ မကေသီတင်ရဲ့ဒဏ်ကိုမခံနိုင်လို့ အလုပ်သမားတွေထွက်သွားကြတယ်လေ …အလုပ်သမားအသစ်ထက်မခေါ်ဘဲနေတော့ မိလုံးတို့ပိုပင်ပန်းတာပေါ့…ဒါကြောင့်မို့လည်း…မရွှေမိကပြန်မလာတာပေါ့… ”

” မိလုံးတို့ကို မတရာခိုင်းပေမဲ့ သူတို့မိသားစုတွေအချင်းချင်း​တော့ အဆင်ပြေကြပုံပဲ…မရတီချိုမရှိတော့တာတောင်သူ့ခင်ပွန်းကအတူနေတယ်ဆိုတော့လေ ”

” ဘယ်ကသာ အဆင်ပြေရမှာလဲ ဆရာမရယ်… ၊မနှစ်ကဘဘကြီးနေမကောင်းစဖြစ်ကတည်းက မမလေးရတီချိုက အလုပ်ကနားလိုက်ပြီး အစ်ကိုကျော်စွာဦးကို ပွဲရုံလုပ်ငန်းတွေဦးစီးခိုင်းထားတာမို့ အစ်ကိုကျော်စွာဦးကို မချစ်သော်လည်းအောင့်ကာနမ်းနေကြရတာလေ”

” ဟင်…ဟုတ်လား….ဒါဆိုသီဟထွန်းရှိန်နဲ့ရောအဆင်ပြေရဲ့လား ”

” အမလေး…ပိုဆိုးတာပေါ့…ဆရာမလေးရယ်… အစ်ကိုလေးသီဟထွန်းရှိန်ကလေ ဘဘကြီးနဲ့မမရတီချိုကလွဲရင်ဘယ်သူနဲ့မှမတည့်ဘူး… အရင်ကဆိုအိမ်မှာတောင်နေတာမဟုတ်ဘူး…မမလေးရတီချိုဆုံးခါနီးရက်ပိုင်းလောက်ကမှ အိမ်ပြန်လာနေတာလေ ”

” မိလုံးက… စိန်ပန်းမြိုင်ကမိသားစုတွေအကြောင်းကိုအတော်လေးသိတာပဲနော် ” ကျွန်မက စသလိုလိုနှင့်ပြောပြီး မိလုံး၏မျက်နှာကိုအကဲခတ်ကြည့်လိုက်လေသည်။ကျွန်မစကားကြောင့် မိလုံးသည် ကျွန်မကိုစူးခနဲတစ်ချက်စိုက်ကြည့်လိုက်ပြီး ” သိတာပေါ့…ဆရာမရယ်….မိလုံးအသက်ဆယ့်ငါးနှစ်ကတည်းက ဒီအိမ်ကိုရောက်နေတာလေ…ခုဆိုမိလုံးအသက်နှစ်ဆယ့်သုံးနှစ်တောင်ပြည့်တော့မယ်လေ ”

” ဟုတ်လား…ဒါနဲ့မရွှေမိကမိလုံးထက်အသက်ကြီးပုံပဲနော် ”

” ဟုတ်ကဲ့…မရွှေမိက အသက်အစိတ်ကျော်ပြီဆိုတော့ မိလုံးထက်အသက်ပိုကြီးသလိုလှလည်းလှပါတယ်…ဒါပေမဲ့မရွှေမိက…..”

” ဆရာမ….ဆရာမရှိလား… ”

မိလုံး၏ စကားအဆုံးမသတ်နိုင်ခင်မှာပင် အခန်းဝမှခေါ်သံကြားလိုက်ရလေသည်။ခေါ်သံကိုကြားသည်နှင့်တစ်ပြိုင်နက် မိလုံးသည်မျက်နှာကိုမဲ့ရွှဲလိုက်ပြီး

” ကြားလား ဆရာမလေး…ခေါ်ပုံကမာရေကျောရေနဲ့…အဲ့ဒါအသစ်ရောက်လာတဲ့အလုပ်သမားလေ…နောက်တစ်ယောက်ကအသက်ကြီးကြီးရုပ်ဆိုးဆိုးမိန်းမကြီးလေ ဆရာမတွေ့ပြီးပြီလား ”

“တွေ့ပြီးပါပြီ မိလုံးရယ် ” ကျွန်မ မိလုံးကိုပြန်ဖြေလိုက်ရင်း အခန်းဝသို့ထွက်ခဲ့လိုက်သည်။

” ကျွန်မရှိပါတယ်…သူဌေးကတော်ခေါ်လို့လား ရှင် ”

” မခေါ်ပါဘူး…မကြာခင်ဧည့်သည်လာတော့မှာမို့ အဆင်သင့်ပြင်ထားဖို့ပြောခိုင်းလိုက်တာ ”
****************
ကျွန်မလည်း သူဌေးကြီး၏ အခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး ခုတင်အောက်ခြေမှခလုတ်ကိုဆွဲလိုက်ပြီး ခုတင်ကိုအပေါ်သို့အနည်းငယ်မတင်လိုက်သည်။သူဌေးကြီးသည် ကျွန်မ၏လှုပ်ရှားမှုများကို ငြိမ်ငြိမ်သက်သက်ပင်ကြည့်နေလေသည်။

” နေရတာ သက်သောင့်သက်သာရှိရဲ့လား ဆရာ ” သူဌေးကြီးသည် ကျွန်မ၏ အမေးကို ခေါင်းကိုအသာငြိမ့်ပြ၍ဖြေလေသည်။

” ဒီနေ့ ဧည့်သည်တွေလာမှာတဲ့ ဆရာ ၊ကြည့်ရတာဆရာကြီးရဲ့ဧည့်သည်တွေဖြစ်မယ်… ”

” လာပါ…ဝင်ပါရှင်…အစ်ကိုကြီးကရှင်တို့ကိုမျှော်နေတာကြာလှပေါ့…အစ်ကိုကြီးအခြေအနေကအတော်လေးတော့ ကောင်းလာပါပြီရှင် …မျက်နှာလေးကြည့်ပါလားကြည်လို့ဝင်းလို့လေ…ကျွန်မလည်းအစ်ကိုကြီးကိုပြုစုရင်းတစ်ဖက်မို့ အချိန်မအားတာနဲ့ရှင်တို့ဆီမဆက်သွယ်ဖြစ်တာပါ ရှင် ” ပြောပြောဆိုဆိုနှင့် ဝင်လာကြသော ဒေါ်မာလာတင်နှင့်ဧည့်သည်
များသည် သူဌေးကြီး၏ ခုတင်ဘေးသို့လျှောက်လာကြသည်မို့ ကျွန်မခုတင်ဘေးမှ အသာဖယ်ပေးလိုက်ပြီး ဒေါ်မာလာတင်နှင့်ဧည့်သည်များအား ခေါင်းကိုညွတ်၍ အရိုအသေပြုလိုက်ပြီး ခေါင်းပြန်မော့လိုက်ချိန်တွင် မြင်လိုက်ရသော ဒေါ်မာလာတင်၏ပုံစံကြောင့် အံ့သြမင်သက်၍ကြည့်နေမိလေသည်။ထိုစဥ်မှာပင် ဒေါ်မာလာတင်ဘေးမှ ဧည့်သည်တစ်ယောက်က ကျွန်မကိုလှမ်း၍ ကြည့်လာလေသည်။ထိုသို့ ကြည့်လာသောဧည်သည်၏ မျက်နှာကိုတွေ့မြင်လိုက်ရသောတခဏ၌ ကျွန်မသည် အံ့သြတုန်လှုပ်သွားမိပြီး လက်ထဲမှ ဆေးဘူးသည်ပင် အောက်သို့ပြုတ်ကျသွားရလေသည်။
**************
အပိုင်း ( ၄ ) ဆက်ရန်

သတ်ပုံအမှားများကို သည်းခံပေးကြပါရန်တောင်းပန်အပ်ပါသည်

 

အပိုင်း ( ၄ )

 

“စိန်ပန်းမြိုင်မှအိမ်နီကြီး ”

***************

အယောင်ယောင်အမှားမှားနှင့် လက်ထဲမှပြုတ်ကျသွားသောဆေးဘူးမှာ ဒေါ်မာလာတင်၏ ခြေထောက်နားသို့လိမ့်ဆင်းသွားလေသည်။ဒေါ်မာလာတင်သည် သူ့ခြေထောက်နားမှ ဆေးဘူးကိုအသာကောက်ယူလိုက်ပြီး ချိုမြပြုံးရွှင်သော မျက်နှာထားနှင့်စကားဆိုလာလေသည်။

 

” ဆရာမလေး အရမ်းပင်ပန်းနေတယ်ထင်တယ်… ခဏသွားနားလိုက်ပါဦး…ဒီလိုပါပဲ ကျွန်မနဲ့ဆရာမလေးတစ်ယောက်တစ်လှည့်ပြုစုနေရတာပဲ…အစ်ကိုကြီးအတွက်မို့ပင်ပန်းတယ်လို့မခံစားရပါဘူးရှင်…အိမ်အလုပ်တစ်ဖက်နဲ့မို့ တစ်ခါတလေအစ်ကိုကြီးကို ဆရာမလေးလက်ထဲအပ်ထားရပေမဲ့ ဆရာမလေးကိုလည်းအားနာလှပါတယ် ”

 

ဒေါ်မာလာတင်၏ အသံသည် မကြားရစဖူးချိုလွန်းအီလွန်းလှပေသည်။ထို့ပြင် သစ်လွင်တောက်ပမှုမရှိတော့သည့် တစ်ပတ်နွမ်းပါတိတ်ဝမ်းဆက်ကိုဝတ်ထားပြီးလျှင် အမြဲတမ်းကာလာရောင်စုံနှင့်ခြယ်သထားသော မျက်နှာမှာလည်းအခြယ်အသကင်းလျက်ရှိလေသည်။ထိုသို့ဒေါ်မာလာတင်၏ပြောင်းလဲနေသော ပုံစံကိုကြည့်ပြီး အံ့သြမင်သက်နေမိချိန်မှာပင် မထင်မှတ်ထားသောသူကိုပါ တွေ့လိုက်ရ၍

ရင်ထဲ၌ သိသိသာသာလှုပ်ရှားခုန်လှုပ်သွားပြီးကြောင်အမ်း၍ ငေးကြည့်နေမိလေသည်။

 

“ဆရာမ… ခဏလောက် အနားသွားယူလိုက်ပါ ”

ဒေါ်မာလာတင်၏ အသံကို ဒုတိယအကြိမ်မြောက်ကြားလိုက်ရမှ ဖျတ်ခနဲအသိဝင်လာပြီး အခန်းထဲမှ ယောင်ယောင်ကန်းကန်းနှင့်ထွက်ခဲ့မိလေသည်။ကျွန်မထွက်လာသောအခါ သူလှမ်းကြည့်နေသည့်ကို မျက်လုံးထောင့်စွန်းမှမြင်နေရလေသည်။

 

ခြံ၏အရှေ့ဘက်ပန်းခြံလေးထဲမှ ဒါန်းပေါ်တွင်ထိုင်လိုက်ရင်း ပတ်ဝန်းကျင်ကိုငေးမောကြည့်နေမိသည်။ခြံထဲတွင် သစ်ပင်ကြီးများ၏ အရိပ်ကြောင့်အေးမြ၍နေလေသည်။တစ်ချက်တစ်ချက်တိုတ်ခတ်လိုက်သော လေပြည်လေညင်းလေးများကြောင့် အတန်ငယ်ရှုပ်ထွေးသွားသောစိတ်အစဥ်သည် ပြန်လည်လန်းဆန်းလာလေသည်။

 

” မတွေ့တာကြာပြီနော် ” အသံနှင့်အတူအနားသို့ရောက်လာသောသူ။စိတ်သည်ပြန်လည်ရှုပ်ထွေးသွားမိပြန်လေသည်။

 

” ငါးနှစ်ကျော်ပြီလေ… အဆင်ပြေလား…ရှင့်အမေရောကျန်းမာရေးကောင်းသွားပြီလား ”

 

” အမေ ဆုံးသွားပါပြီ ”

 

” သြော်… စိတ်မကောင်းပါဘူးရှင် ”

 

” ဒါနဲ့ …ဝတ်ရည်က ဒီကိုဘယ်လိုရောက်နေတာလဲ ”

 

” အသိသူနာပြုဆရာမတစ်ယောက်ရဲ့အကူအညီနဲ့ရောက်လာတာပါ..နယ်ဆိုပေမဲ့ရန်ကုန်ထက်လစာများပြီး ကြိုတင်လစာလည်းထုတ်ပေးတယ်လေ…ရှင်ရောသူဌေးကြီးနဲ့ဘာတော်တာလဲ ”

 

” ဘာမှမတော်ပါဘူး…သူဌေးကြီးဦးထွန်းရှိန်ရဲဆုံးသွားတဲ့ဇနီးက ကိုယ့်အဒေါ်​ယောကျ်ားရဲ့အစ်မလေ…ကိုယ်ကအမေဆုံးပြီးကတည်းက… အဒေါ်မိသားစုနဲ့နိုင်ငံခြားကိုလိုက်သွားခဲ့တာ…”

 

” ဒါနဲ့…ဝတ်ရည် ကိုယ့်ကိုအရမ်းမုန်းနေလားဟင်…”

ကျွန်မ သူ့မျက်နှာကိုစူးခနဲ့မော့ကြည့်လိုက်မိသည်။စာလေးတစ်စောင်သာထားခဲ့ပြီး ပျောက်ချင်းမလှပျောက်သွားခဲ့သော ချစ်သူဟောင်းနှင့်ငါးနှစ်ကျော်ကြာမှပြန်ဆုံတွေ့ရခြင်းသည် ဟိုယခင်ကလို ရင်ကိုလှုပ်ခတ်နိုင်စွမ်းတော့မရှိတော့ပါချေ။ကျွန်မအမှတ်မထင်ပင်မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိသည်။

 

“ကျွန်မသွားတော့မယ်…သူဌေးကြီးကိုဆေးတိုတ်ရမယ့်အချိန်ရောက်နေပြီ ”

ကျွန်မ သူ့ကိုကျောခိုင်းလိုက်ပြီး အိမ်ထဲသို့ပြန်ဝင်ရန်ပြင်လိုက်စဥ်မှာပင် စိတ်ထဲမှ တစ်စုံတစ်ယောက်၏စောင့်ကြည့်နေသလိုခံစားနေရသည်မို့ အိမ်ကြီး၏ အပေါ်ထပ်ကို လှမ်းကြည့်လိုက်မိလေသည်။

” အို ” သီဟထွန်းရှိန်သည် ပြတင်းပေါက်တွင်မတ်မတ်ကြီးရပ်၍ ကျွန်မတို့နှစ်ယောက်အားစူးစူးဝါးဝါးစိုက်ကြည့်​နေလေသည်။ကျွန်မလည်း ထိတ်ခနဲခုန်လှုပ်သွားသောစိတ်ကို ဟန်မပျက်အောင်ထိန်းရင်းအိမ်ကြီးထဲသို့ ခပ်သုတ်သုတ်ပြေးဝင်ခဲ့မိလေသည်။

 

**************

 

” ဆရာမလေး…ခဏလောက်ထိုင်ပါဦး

ဧည့်သည်တွေနဲ့မိတ်ဆက်ပေးချင်လို့ ”

 

ဧည့်ခန်းထဲတွင် အိမ်ရှိမိသားစုအကုန်စုရုံး ရောက်ရှိနေ​ကြသည်။ကျွန်မနီးစပ်ရာခုံမှာ ဝင်ထိုင်လိုက်ရင်း မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေသော သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်မိလေသည်။သီဟထွန်းရှိန်သည် မရယ်မပြုံး ခပ်တင်းတင်းမျက်နှာနှင့်ပြန်ကြည့်လေသည်။

 

“အစ်ကိုကြီး နေမကောင်းဖြစ်ကတည်းက ကိုအောင်နိုင်တို့ကို အကြောင်းကြားဖို့ သမီးလေးရတီချိုကို ကျွန်မပြောပါသေးတယ်…ကိုအောင်နိုင်တူမက ကိုအောင်နိုင်တို့တွေ တိုင်းတစ်ပါးကနေ သွားရခက်လာရခက်နဲ့စိတ်မကောင်းဖြစ်နေမှာစိုးလို့အကြောင်း

မကြားချင်ဘူးတဲ့လေ…ခုတော့ရှင်… ” ဒေါ်မာလာတင်သည် စကားပြောနေရင်းမှ ပါးပြင်ပေါ်သို့စီးးကျလာသော မျက်ရည်စများကိုလက်ကိုင်ပုဝါနှင်အသာတို့ထိသုတ်လိုက်လေ၏။

 

‌”တကယ်ပါရှင်… ပွဲရုံအလုပ်တွေကတစ်ဖက် ၊အစ်ကိုကြီးကိုလည်းစိတ်ပူနေရတာနဲ့သမီးလေးခမျာ ညညအိပ်မပျော်ဘူးထင်ပါရဲ့ရှင်… အခါတိုင်းညတွေလည်း အပေါ်ထပ်သူ့တို့လင်မယားအခန်းနဲ့အောက်ထပ်ကအစ်ကိုကြီးအခန်းကို ညဥ့်နက်သန်းခေါင်သွားလာနေကြပါ….အဲ့ဒီညကမှဘယ်လိုများဖြစ်တယ်မသိပါဘူးရှင် အိမ်ကြီးကကြီးလွန်းတော့ မနက်အိမ်သားတွေနိုးမှ လှေကားခြေရင်းမှလဲကျနေတာတွေ့တာ…ကံဆိုးလှတဲ့ကျွန်မသမီးလေးပါ…ဖြစ်နိုင်ရင်သူ့အစား ကျွန်မပဲဖြစ်လိုက်ချင်တယ်..” ဒေါ်မာလာတင်သည် ပြောရင်းမှလက်ကိုင်ပုဝါလေးနှင့်မျက်လုံးထောင့်စွန်းကိုသုတ်ပြန်လေသည်။ဧည့်သည်များမှာမူ ဒေါ်မာလာတင်၏ စကားကိုနှုတ်ဆိတ်၍သာနားထောင်နေလေသည်။

‌” ဖြစ်နိင်ရင်တော့ တူမလေးကိုမြှုပ်နှံထားတဲ့နေရာကို ကျွန်တော်တို့ကိုလိုက်ပြပေးပါဦး…ပြီးတော့ဒိီကကျွန်တော့်တူအတွက်အကူအညီတောင်းရတာကိုလည်းတကယ်အားနာပါတယ် ”

‌” အို မဟုတ်တာကိုအောင်နိူင်ရယ် ဘာအားနာစရာရှိလဲ ကိုယ့်အချင်းချင်းတွေပဲဟာ “ဒေါ်မာလာတင်သည် ထိုစကားကိုပြောပြီးနောက် မိသားစုများကို မသိမသာလှမ်းကြည့်လေသည်။ဒေါ်မာလာတင်၏အကြည့်ကို လူယုံတော်ကြီး ဦးသက်အောင်နှင့်သားမက်ဖြစ်သူကျော်စွာဦးတို့က စိတ်ဝင်တစားရှိနေကြသော်လည်း ကေသီတင်နှင့်သီဟထွန်းရှိန်မှာမူ သူတို့နှင့်မဆိုင်သကဲ့သို့ရှိလေသည်။ကျွန်မမှာလည်း ထိုင်ခုံမှာထိုင်နေရသော်လည်း သူတို့၏မိသားစုဆွေမျိုးကိစ္စသည် ကိုယ်နှင့်မသက်ဆိုင်သည်မို့ စိတ်မသက်မသာဖြစ်မိလေသည်။

‌”ကဲ… တစ်လက်စကတည်း အားလုံးကိုမှာထားရဦးမယ်…နောက်အပတ်ကစပြီး…ကိုအောင်နိုင့်တူ မောင်မင်းပိုင်ဦးက တို့ရဲ့စိန်ပန်းမြိုင်အိမ်ကြီးမှာ အချိန်ခဏလောက်နေမှာမို့ အားလုံးက မိသားစုတွေလို နွေးနွေးထွေးထွေးနဲ့ကြိုဆိုပေးဖို့တောင်းဆိုပါတယ်…ပြီးတော့မိလုံးတို့အဖွဲ့က မောင်မင်းပိုင်ဦးနေဖို့အတွက် အပေါ်ထပ်က အခန်းတစ်ခန်းကိုသေချာလေးပြင်ဆင်​ပေးထားကြပါ ”

‌ ဒေါ်မာလာတင်၏ စကားဆုံးသွားသောအခါ ကျွန်မအလန့်တကြားဖြင့် မင်းပိုင်ဦး၏မျက်နှာကိုကြည့်လိုက်မိလေသည်။ကျွန်မအကြည့်ကြောင့် မင်းပိုင်ဦးကလှစ်ခနဲတစ်ချက်ပြုံးပြလိုက်သည်မို့ ကျွန်မ မလုံမလဲနှင့်သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်မိသည်။

“ဘုရားရေ “ကျွန်မစိတ်ထဲမှ ​နေ ဘုရားတလိုက်မိအောင်ပင် သီဟထွန်းရှိန်၏ မျက်နှာမှာတင်းမာနေသည်ကိုတွေ့လိုက်ရ​လေသည်။

 

****************

 

အချိန်က မွန်းလွဲနှစ်ချက်ကျော်ပေပြီ ။သူဌေးကြီးဦးထွန်းရှိန်သည် ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။ကျွန်မလည်း ပြတင်းဝနားတွင်ထိုင်၍စာအုပ်ဖတ်နေရင်းမှ ငိုက်မျဥ်းလာသလိုရှိလာတာမို့ အခန်းအပြင်သို့ထွက်ခဲ့သည်။

နေ့လယ်နေ့ခင်းဖြစ်၍ ဒေါ်မာလာတင်တို့မိသားစုတွေ မရှိကြသောကြောင့် အိမ်ကြီးသည်တိတ်ဆိတ်နေပြန်သည်။ခုတလော အိမ်ကပ်လှပါသည်ဆိုသော သီဟထွန်းရှိန်သည်ပင် အပြင်သို့ မကြာခဏသွားတတ်လေသည်။

ကျွန်မ အခန်းထဲမှ ထွက်လာပြီးနောက် မီးဖို​ဆောင်ဘေး စင်္ကြန်လမ်းအတိုင်းလျှောက်ခဲ့သည်။နောက်ဖေးမီးဖိုချောင်ထဲတွင် အလုပ်သမားအသစ်ဖြစ်သူ အသက်ခပ်ကြီးကြီး အဒေါ်ကြီးတစ်ယောက်သာ အိုးခွက်ပန်းကန်များကို တိုတ်ချွတ်ဆေးကြောနေသည်ကို တွေ့ရလေသည်။ကြည့်ရသည်မှာ မိလုံးနဲ့နောက်ထက်အလုပ်သမားလေးမှာ မင်းပိုင်ဦးလာလျှင်နေဖို့ အခန်းအားသွားရှင်းနေခြင်းဖြစ်မည်ထင်သည်။မင်းပိုင်ဦးအကြောင်း ခေါင်းထဲသို့ရောက်လာသောအခါ ကြည်လင်နေသောစိတ်က နောက်ကျိရှုပ်ထွေးသွားရပြန်လေသည်။ကျွန်မ စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်းမှ နောက်ဖေးတံခါးမကြီးနားသို့ရောက်ရှိလာသည်။တံခါးကို ဆွဲဖွင့်လိုက်ပြီး ခြံထဲသို့ ဆင်းခဲ့လေသည်။ခြံထဲတွင်လည်းတိတ်ဆိတ်၍နေလေသည်။​ခြံထဲရှိ ခြံစောင့်ကြီး ဦးဖိုးထော်သည်လည်း ခြံကျယ်ကြီး၏တစ်နေရာရာတွင် သစ်ပင်ပန်းပင်များကိုစိုက်ပျိုးပြုပြင်နေမည်ထင်သည်။ ကျွန်မ သစ်ပင်ကြီးများကြားမှ လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်။ခြံနောက်ဘက်သည် ခြံရှေ့ထက် သစ်ပင်ကြီးများပိုများပြီး နေ့ခင်းကြောင်တောင်၌ပင် အနည်းငယ်မျှချောက်ချားစရာကောင်းလေသည်။ကျွန်မလည်း တစ်လောကမက်ခဲ့သော အိပ်မက်ကိုသတိရကာ ကျောချမ်းသလိုလိုတော့ ခံစားနေရလေသည်။

သစ်ပင်ကြိုသစ်ပင်ကြားမှအတန်ကြာလျှောက်လာပြီးသော်ခါ ခြံ၏အဆုံး တောအုပ်အစပ်သို့ရောက်ရှိလာလေသည်။စိန်ပန်းမြိုင်အိမ်ကြီးသည် မြို့လေး၏အထွက် အိမ်ခြေကျဲပါးလှသောနေရာတွင် တစ်သီးတစ်သန့်တစ်ထီးတစ်နန်းရှိနေ၍ ပတ်ဝန်းကျင်၌ ညဘက်မပြောလေနှင့် နေ့လယ်နေ့ခင်း၌ပါ သွားလာသူမရှိသလောက်ရှားပါးလေသည်။

ကျွန်မတောစပ်တွင်ရပ်၍ တော့အုပ်ထဲသို့ဝင်သွားသောလမ်းလေးကိုငေးကြည့်နေရင်း မရွှေမိ၏လက်ယပ်ခေါ်နေသောပုံစံကို မျက်စိထဲမြင်ယောင်လာမိပြီး အယောင်ယောင်အမှားမှားနှင့်တောလမ်းလေးအတိုင်းလျှောက်ဝင်ခဲ့မိ​​လေသည်။

 

” ကျွီ….ကျွီ….”

 

“ရှီး….ရှိီး…ရှိီး….”တောအုပ်ငယ်ထဲမှ အမျိုးအမည်မသိသော အသံပေါင်းစုံကိုကြားနေရသလို တစ်ကိုယ်လုံးရှိ သွေးများဖျဥ်းဖျဥ်းမြည်လာသကဲ့သို့

ကြက်သီးများပါထလာလေသည်။သို့သော်လည်း လှမ်းလက်စ​ခြေလှမ်းများမှာရပ်တန့်၍ မရနိုင်ဘဲရှေ့သို့သာလှမ်းနေမိလေသည်။ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း တောအုပ်လေးထဲမှ အလင်းရောင်သည် မှေးမှိန်ဖျော့တော့လာပြီး အမှောင်များလွှမ်းခြုံလာသည်ဟု ခံစားနေရလေသည်။ကျွန်မ လှမ်းလက်စ ခြေလှမ်းများကိုရပ်တန့်ပြီး အရှေ့သို့ မျှော်ကြည့်လိုက်မိသည်။ရှေ့တည့်တည့်၌မြင်နေရသည်မှာ သစ်ပင်ပုလေးများများပြားစွာပေါက်ရောက်နေသောကုန်းကမူလေးတစ်ခု။ထိုကုန်းကမူလေးကိုကြည့်၍ ရင်ထဲတလှပ်လှပ်မူးဝေလာသလို နားထင်သွေးကြောများလည်းတထိတ်ထိတ်ဆောင့်တိုးလာလေသည်။ထိုနေရာ။ထိုနေရာသည် အိပ်မက်ထဲ၌ မရွှေမိရပ်ခဲ့သောနေရာနှင့်ထပ်တူထပ်မျှတူနေလေသည်။တကယ်ဆိုလျှင် မရွှေမိသည် ကျွန်မရောက်ပြီး မကြာမီမှာပင် အလုပ်ထွက်သွားသည်ဖြစ်၍ မရွှေမိနှင့်ကျွန်မမှာ ခင်မင်ရင်းနှီးမှုသိပ်မရှိခဲ့ဘဲ မကြာခဏဆိုသလို မရွှေမိကိုအိပ်မက်မက်နေသည်ကို မတွေးတောတတ်အောင်ဖြစ်နေမိသည်။ကျွန်မကုန်းကမူလေးရှိရာသို့ လှမ်းသွားရန်ပြင်လိုက်သည်။

 

“ဖျပ်…ဖျပ်… ဖျပ်…”

 

ထိုစဥ်မှာပင် နောက်ကျောဘက်ဆီမှ တဖျပ်ဖျပ်လျှောက်လာသော ခြေသံကြားလိုက်ရသောကြောင့် ကျောထဲ၌ စိမ့်ခနဲဖြစ်သွားပြီး အနောက်သို့ ကမန်းကတန်းလှည့်ကြည့်လိုက်မိသောအခါ

ပခုံးထက်တွင် တစ်စုံတစ်ရာကိုထမ်းလာပြီး ခြေကားကား လက်ကားကားနှင့်တရွေ့ရွေ့လှမ်းလာသော မည်းမည်းကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရလေသည်။တဖြည်းဖြည်းနီးကပ်လာသော မည်းမည်း​ကောင်ကြီးကိုကြည့်ကာ ကျွန်မနေရာတွင်ပင်ကြက်သေသေလျက်ရပ်နေမိလေသည်။ ထိုမည်းမည်းကောင်ကြီးသည် ကျွန်မနားသို့ရောက်သောအခါရပ်တန့်လိုက်ပြီး လက်တစ်ဖက်မှာ လေထဲသို့မြောက်တက်လာလေသည်။

 

” အား ” ထိတ်လန့်တုန်လှုပ်စွာ ကျွန်မအသံကုန်အော်ဟစ်လိုက်သည်။

” ဆရာမလေး….ဆရာမလေး ဘာဖြစ်တာလဲ သတိထားပါဦး….ကျွန်တော်ပါ ခြံစောင့်ဦးဖိုးထော်လေ…”

ခြံစောင့်ကြီး ဦးဖိုးထော်၏ အသံကိုကြားမှ ကျွန်မမှာ ပြန်လည်အသိဝင်လာလေသည်။လူမှာမူ တစ်ကိုယ်လုံးတုန်တုန်ယင်ယင်နှင့်ဖြစ်နေသည်မို့ မြေကြီးပေါ်သို့ ထိုင်ချလိုက်ရလေသည်။

 

” ဦး…ဦးဖိုးထော်ရယ်…လန့်သွား​တာပဲ…အသံမပေးဘာမပေး ”

 

” ဒါနဲ့…ဆရာမလေးက ဒီတောအုပ်ထဲဘာလာလုပ်တာလဲ…”

 

” ပျင်းလို့ လမ်းလျှောက်ထွက်လာတာပါ ဦးဖိုးထော်ရယ် ”

 

ကျွမ်မ၏ အဖြေစကားကိုကြားသောအခါ ဦးဖိုးထော်သည် ကျွန်မကိုစူးစူးရဲရဲတစ်ချက်စိုက်ကြည့်ပြီးနောက်

 

” မထွက်နဲ့…ဒီတောအုပ်ထဲဘယ်တော့မှလမ်းမလျှောက်နဲ့ဆရာမလေး ”

 

” ရှင်…ဘာ…ဘာဖြစ်လို့လံဦးဖိုးထော်…”

 

“ဒီတောအုပ်က သူဌေးကြီးကျန်းမာစဥ်က အမဲပစ်ထွက်တဲ့နေရာပဲ… ပိုးကောင်မွှားကောင်တွေရှိသလို တောကောကြီးတွေလည်းရှိတယ်…နောက်ဘယ်တော့မှာ ဒီဘက်ကိုမလာနဲ့ လမ်းလျှောက်ချင်ရင်ခြံအရှေ့ဘက်မှာလည်းအကျယ်ကြီးပါ ကြိုက်သလောက်လျှောက်လို့ရတယ် ဆရာမလေး ”

 

***************

အချိန်က နေဝင်ဖျိုးဖျ။ညစားကို ခပ်စောစောပင်စားလေ့ရှိသော ကျွန်မ ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်။ယနေ့မှထူးထူးခြားခြား ထမင်းစားခန်းထဲတွင် ကျွန်မထက်ဦးသူတစ်ယောက်ရောက်နေလေသည်။ထိုသူမှာ ကိုကျော်စွာဦးပင်ဖြစ်ပါလေသည်။ကိုကျော်စွာဦးသည် ဤစိန်ပန်း​​မြိုင်အိမ်​ကြီးတွင် ဆုံရခဲသော သူဖြစ်သည်။ကျွန်မသည် ကိုကျော်စွာဦးနှင့်ရင်းနှီးမှုသိပ်မရှိလှသည်မို့ ထမင်းစားခန်းထဲသို့ဝင်ရန်ချီတုံချတုံဖြစ်နေမိပြီး အခန်းဝမှာအသာရပ်နေမိလေသည်။ကိုကျော်စွာဦးသည် ထမင်းကိုဖြည်းလေးစွာစားနေပြီ မိလုံးသည် ကိုကျော်စွာဦး၏အနားတွင်ရပ်ကာ ကိုကျော်စွာဦး၏ထမင်းပန်းကန်ထဲသို့ ဟင်းများကိုဂရုတစိုက်နှင့်ခပ်ထည့်ပေးနေ၏။ပန်းရောင်အင်္ကျီလက်ပြတ်နှင့်အပွင့်ကြီးအခက်ကြီးများပါသောထဘီကိုခပ်တင်းတင်းဝတ်ထာပြီးသနပ်ခါးအဖွေးသားနှင့်ညိုညိုတုတ်တုတ်မိလုံး၏ပုံစံမှာ လှသည်ဟုမဆိုသာသော်လည်း ကြည့်ပျော်ရှူပျော်ရှိ၏။မိလုံးသည် ကျွန်မကိုမမြင် ကိုကျော်စွာဦးကိုသာ ကြည့်၍နေလေသည်။မိလုံး၏ပုံစံကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ တစ်မျိုးတစ်မည်ခံစားလိုက်ရပြီး အခန်းပြင်သို့ပြန်လှည့်ထွက်ရန်ပြင်လိုက်သောအခါ ကိုကျော်စွာဦးသည် ခြေသံကြားသွား၍ထင်သည် လှည့်၍ကြည့်လာလေသည်။မိလုံးကမူ ကျွန်မကိုမြင်သောအခါ ခပ်ပြုံးပြုံးပင်ရှိလေသည်။

 

” သြော် ဆရာမပါလား…ညနေစာ စားမလို့ထင်တယ်…လာပါဆရာမ ကျွန်တော့်ကိုအားမနာပါနဲ့…ကျွန်တော်လည်းစားလို့ပြီးနေပါပြီ ”

 

“အို…မဟုတ်တာ…အေးဆေးစားပါရှင်… ကျွန်မကကိုကျော်စွာဦးကိုအားနာလို့ဝင်မလာတာပါ…ဒါနဲ့ ဒီနေ့ ကိုကျော်စွာဦးအလုပ်ကပြန်လာတာစောတယ်နော် ”

 

” ဟုတ်တယ် ဆရာမ…ကျွန်တော်ဒီနေ့ နေလို့သိပ်မကောင်းလို့ ခပ်စောစောပဲပြန်လာလိုက်တာ ”

“နေမကောင်းဘူးလား…ဆေးလိုရင်ပြောလေ …တော်တန်ရုံဆေးလောက်တော့ ကျွန်မမှာရှိပါတယ် ”

 

” ကျေးဇူးတင်ပါတယ် ဆရာမလေး…ကျွန်တော်အလုပ်ကအပြန်မှာ ဆေးခန်းဝင်ပြခဲ့ပါတယ် ”

ကိုကျော်စွာဦးနှင့်ကျွန်မ စကားစမြည်ပြောရင်းထမင်းစားနေစဥ်မှာပင် ထမင်းစားခန်းတံခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ပြီး သီဟထွန်းရှိန်ဝင်လာလေသည်။သီဟထွန်းရှိန်သည် ကိုကျော်စွာဦးနှင့်ကျွန်မအား ခပ်စူးစူးစိုက်ကြည့်၍ စားပွဲ၏ထိပ်ဘက်ခုံမှာဝင်ထိုင်လိုက်သည်။

 

” မိလုံး…ထမင်းပွဲပြင်ပေး ” ဟိန်းခနဲထွက်လာသော သီဟထွန်းရှိန်၏အသံကြောင့်ကျွန်မမှာလန့်ဖျန့်ကာ ခန္ဓာကိုယ်ပင် ဆတ်ခနဲတုန်သွားလေသည်။ကျော်စွာဦးမှာမူ မတုန်မလှုပ်နှင့်ပင် ထမင်းစားခြင်းကိုလက်စသတ်လိုက်ပြီး “ကျွန်တော် သွားတော့မယ်နော် ဆရာမ “ဟုနှုတ်ဆက်ကာ ထမင်းစားခန်းထဲမှထွက်သွားလေသည်။ကျွန်မမှာ ကိုကျော်စွာဦးကို ခေါင်းသာငြိမ့်ပြလိုက်ပြီး အသံပင်မထွက်ရဲ။သီဟထွန်းရှိန်သည် စားပွဲ၏ထိပ်ဘက်မှနေပြီး ကျွန်မကိုခပ်စူးစူးစိုက်ကြည့်နေလေသည်။ကျွန်မမှာ လက်တုန်တုန်ခြေတုန်တုန်နှင့်ပင် ထမင်းစားခြင်းကိုအမြန်အပြီးသတ်လိုက်ပြီး စားပွဲခုံမှထရန်ဟန်ပြင်လိုက်သောအခါ သီဟထွန်းရှိန်သည် ကျွန်မအားလှမ်း၍ကြည့်သည်မို့ ထိုင်ရမလိုထရမလိုနှင့်ခေါင်းကိုသာတွင်တွင်ငုံ့ထားမိလေသည်။

 

” မဝတ်ရည် ”

နာမည်ကို ခေါ်လိုက်သံကြောင့် ကျွန်မအံ့သြသွားရပြီး သီဟထွန်းရှိန်ကိုမဝံ့မရဲလှမ်းကြည့်လိုက်မိလေသည်။

 

“မဝတ်ရည်က လူတိုင်းနဲ့ခင်မင်လွယ်တာပဲနော် ”

ကသီဟထွန်းရှိန်၏စကားကြောင့် ကျွန်မဖျတ်ခနဲမတ်တပ်ထရပ်လိုက်မိသည်။

 

” မင်း ဘာကိုပြောချင်တာလဲသီဟထွန်းရှိန် “ကျွန်မ၏အသံသည် ဒေါသသံအနည်းငယ်စွက်နေမှန်း ကျွန်မကိုယ်တိုင်ပင်သတိမထားလိုက်မိပါလေ။

 

” ဘာသဘောမှမဟုတ်ပါဘူးဗျာ…ကျွန်တော်စကားမှားသွားရင်ကျွန်တော်ကပဲတောင်းပန်ပါတယ် ”

သူကတောင်းပန်လိုက်သော်လည်းကျွန်မစိတ်ထဲမှာ ကသီကအောက်ဖြစ်သွားရသည်မို့

မျက်နှာထားတင်းတင်းနှင့်ပင်သူ့ကိုလှမ်းကြည့်နေလိုက်သည်။ထိုအခါတွင်တော့ သီဟထွန်းရှိန်သည် သူမဟုတ်သကဲ့သို့ခေါင်းကိုငုံ့ထားလေ၏။ခေါင်းကြီးငုံ့ပြီး ထမင်းကိုအဆက်မပြတ်တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေသော သီဟထွန်းရှိန်၏ပုံစံကိုကြည့်ကာ ကျွန်မလှစ်ခနဲပြုံးလိုက်မိလေသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်မပြုံးလိုက်စဥ်ခဏ၌ သီဟထွန်းရှိန်ကလည်း ကျွန်မကိုလှမ်းကြည်သည်မို့ ကျွန်မမျက်နှာကို ပြန်၍စူပုတ်ထားလိုက်လေသည်။

 

***************

 

” ဖလပ်….ဖလပ်…” အိပ်မက်လိုလို ၊တကယ်ကြားရသလိုလိုနှင့်နားထဲမှာ အသံအချို့ကြားရသောကြောင့် ကျွန်မလန့်နိုးလာပြီး အသံကို​သေချာနားစွင့်နေလိုက်သည်။အသံကပြတင်းပေါက်ဘက်မှာလာနေခြင်းဖြစ်မှန်း ကျွန်မသိလိုက်သည်။ခုတင်ထက်မှဆင်းကာပြတင်းပေါက်နားသို့ ကျွန်မလျှောက်သွားကြည့်လိုက်သည်။ပြတင်းပေါက်သို့ရောက်သော်ခါ လိုက်ကာစကိုဖယ်ပြီး မှန်ပြတင်းမှတစ်ဆင့် အပြင်သို့ကြည့်လိုက်သည်။အပြင်တွင်မှောင်မိုက်နေပြီး ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရ။ခြံထဲသို့ အာရုံစိုက်၍ကြည့်လိုက်ရာ ပိန်းပိိတ်အောင်မှောင်နေသော အမှောင်ထုကိုကြည့်ရသည်မှာကျောချမ်းစရာကောင်းလှပေးသည် ။ကျွန်မ လိုက်ကာစကိုပြန်ဆွဲပိတ်လိုက်ပြီး ခုတင်ရှိရာသိုပြန်လျှောက်လာခဲ့သည်။

 

” ကျစ် “ခုတင်းနားရောက်ခါနီးတွင် အသံတစ်သံကိုထက်ကြားလိုက်ရပြန်သည်။အသံသည် မည်သည့်အသံမှန်းမသိသော်လည်း အခန်းပြင်မှလာသောအသံဖြစ်သည်မှာ​သေချာသည်။အခန်းတံခါးနားသို့တိုးကပ်လျှောက်သွားလိုက်ပြီး အခန်းတံခါးကိုအနည်းငယ်ဟလိုက်ကာ အခန်းပြင်သို့ချောင်းကြည့်လိုက်သည်။စင်္ကြန်လမ်းတစ်လျှောက်ရှင်းလင်းနေသည်။လှေကားထိပ်ဘက်ဆီသို့ လှမ်းကြည့်လိုက်သောအခါမှာလည်း ရှင်းလင်းတိတ်ဆိတ်နေပြန်သည်။ကျွန်မခန်းတံခါးကိုပြန်ပိတ်လိုက်သည်။ယခင်ကစိတ်နှင့်သာဆိုလျှင်လှေကားနားလောက်အထိ သွားလျှောက်ကြည့်မိမည်ဖြစ်သော်လည်း သီဟထွန်းရှိန်၏မျက်နှာကိုမြင်ယောင်ပြီး အခန်းထဲသို့ပြန်ဝင်ခဲ့လိုက်သည်။

****************

 

” တီ…တီ…တီ..” မည်မျှအိပ်ပျော်သွားသည်မသိ နှိုးစက်မှတတီတီမြည်သံကြားမှကျွန်မလန့်နိုးသွားပြီးအိပ်ရာထဲမှလူးလဲထလိုက်သည်။နှိုးစက်ကိုမနက်လေးနာရီခွဲသံပတ်ပေးထားသည်။မနက်လေးနာရီခွဲသည်နှင့်အိပ်ရာထကိုယ်လက်သန့်စင်ပြီးဘုရားခန်းသို့သွားကာ ဘုရားသောက်တော်ရေလဲ ၊ဆီမီးကပ်လှူကာ ဘုရားရှိခိုးပုတီးစိတ်သည်မှာ ကျွန်မ၏နေ့စဥ်အကျင့်တစ်ခု​ဖြစ်​လေသည်။မနက်ခြောက်နာရီမထိုးခင်မှာကျွန်မ၏လုပ်စရာရှိသည်များကိုလုပ်ပြီး ခြောက်နာရီထိုးသည်နှင့်တစ်ပြိုင်နက်အောက်ထပ်ရှိသူဌေးကြီးဦးထွန်းရှိန်၏အခန်းသို့သွားရောက်ရမည်ဖြစ်လေသည်။

ကျွန်မ မှန်တင်ခုံရှေ့မှာထိုင်ပြီပြင်ဆင်ပြီးနောက် ဘုရားဝတ်ပြုရန်အတွက်ဘုရားခန်းဘက်သို့ထွက်ခဲ့လေသည်။အချိန်သည် မနက်ငါးနာရီခန့်ရှိပြီဖြစ်သော်လည်း အိမ်ကြီးရှင်များမှာ မနက်ခြောက်နာရီကျော်ခုနှစ်နာရီထိုးခါနီးမှအိပ်ရာမှနိုးကြသည်မို့ အိမ်ကြီးထဲတွင်တိတ်ဆိတ်ငြိမ်သက်နေလေသည်။အောက်ထပ်တွင်တော့ မိလုံးတို့အလုပ်သမားများ နိုးနေကြပြီးမနက်စာအတွက်ချက်ပြုတ်ဖို့ပြင်ဆင်နေကြမည်​​ဖြစ်သော်လည်း မီးဖိုခန်းထဲမှာသာ အလုပ်များနေတတ်ကြသည်။တိတ်ဆိတ်နေသောစင်္ကြန်လမ်းအတိုင်း ကျွန်မလျှောက်လာခဲ့သည်။ ဘုရားခန်းသည် လှေကားထိပ်မရောက်ခင် အရှေဘက်သို့သွားသောစင်္ကြန်လမ်းမှသွားရမည်ဖြစ်သည်။ထိုစင်္ကြန်လမ်းမှလျှောက်သွားပြီးအဆုံးတွင် အခန်းနှစ်ခန်းရှိပြီး ဘယ်ဘက်အခန်းမှာ သီဟထွန်းရှိန်၏ အခန်းဖြစ်ပြီးဘုရားခန်းမှာ ညာဘက်မှအခန်းဖြစ်လေသည်။

ကျွန်မလည်း စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး အရှေ့ဘက်စင်္ကြန်လမ်းဘက်သို့ ချိုးကွေ့လိုက်လေသည်။ထိုအချိန်မှာပင်

 

” အ မ လေး ” တိတ်​ဆိတ်ငြိမ်သက်နေသော အိမ်ကြီးထဲတွင် အောက်ထပ်မှ အသံနက်ကြီးနှင့် ကြောက်လန့်တကြားအော်ဟစ်လိုက်သော အသံကို ချောက်ချားဖွယ်ရာကြားလိုက်ရလေသည်။ကြားလိုက်ရသော အသံကြောင့် ကျွန်မရင်ထဲတွင်ဒိန်းခနဲဆောင့်ခုန်သွားပြီး လှေကားထိပ်သို့ ပြေးလွှားကြည့်လိုက်လေသည်။

 

” အ မလေး “လှေကားခြေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မလည်းတုန်လှုပ်ချောက်ချားစွာအော်ဟစ်လိုက်မိပြီး လူမှာမိုက်ခနဲပင်ဖြစ်သွားရသည်မို့ လှေကားလက်ရန်းများကိုအားပြု၍ထိုင်ချလိုက်ရလေသည်။ကျွန်မထိုင်နေသော လှေကား၏အဆုံးသမံတလင်းပေါ်တွင်တော့ လူတစ်ယောက်သည် ခြောက်သွေ့စပြုနေပြီဖြစ်သော သွေးအိုင်ထဲတွင် မှောက်ခုံကြီးလဲကျနေလေသည်။

 

————

အပိုင်း ၅ ဆက်ရန်

 

အပိုင်း ( ၅ )

“စိန်ပန်းမြိုင်မှအိမ်နီကြီး ”
**************
သွေးပျက်ဖွယ် မြင်ကွင်းကြောင့် လှေကားထိပ်တွင် ခေတ္တမျှ ကြက်သေသေလျက် ရပ်နေမိသော ကျွန်မ ။ သတိဝင်လာသည်နှင့် တစ်ပြိုင်နက် အောက်ထပ်သို့ ဒရောသောပါးပြေးဆင်းခဲ့သည်။လှေကားခြေရင်းသို့ရောက်သည်နှင့် လဲကျနေသူ၏ဘေးတွင်ထိုင်ချလိုက်ပြီး သွေးခုန်နှုန်းကိုစမ်းရန်ပြင်လိုက်စဥ် အရက်နံ့များထောင်းခနဲရလိုက်သလို လက်သည်လည်းအေးစက်တောင့်တင်းနေသော အထိအတွေ့ကိုသာ ခံစားလိုက်ရသောကြောင့် ထိတ်လန့်တကြားနှင့် ထိုသူ၏မျက်နှာကိုကြည့်လိုက်မိလေသည်။

“အို….သူ…သူ…ကိုကျော်စွာဦးပါလား…. ”

ကျွန်မ ကိုကျော်စွာဦး၏ အသက်ကင်းမဲ့နေပြီဖြစ်သော ခန္ဓာကိုယ်ကြီးကို စိတ်မကောင်းစွာကြည့်နေမိသည်။အိမ်ရှိ မိသာစုများအားလုံးလည်း ကိုကျော်စွာဦး၏ သက်မဲ့ခန္ဓာကိုယ်ကြီးအနားသို့ ရောက်ရှိလာကြလေသည်။

” အား ”

” အ..မ..လေး ”

” ဘယ်….ဘယ်လိုများဖြစ်ရတာလဲ… ပြောကြပါဦး…ဘယ်သူအရင်မြင်တာလဲ ပြောကြပါဦး ” ဒေါ်မာလာတင်၏ ​မေးလိုက်​သောအသံသည် အထစ်ထစ်အငေါ့ငေါ့ဖြင့်​ ထွက်​ပေါ်လာ​လေသည်။

” ဟို…ဟို…ကျွန်မ
…ကျွန်မ အရင်မြင်တာပါမမကြီး…” ဒေါ်မာလာတင်၏ အမေးကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သော အသံတစ်သံကြောင့် အသံလာရာဆီသို့ အားလုံးပြိုင်တူလှမ်းကြည့်လိုက်ကြလေသည်။အထစ်ထစ်အငေါ့ငေါ့နှင့်ဖြေလာသောသူမှာ သိပ်မကြာခင်ကမှ ရောက်လာသော အိမ်အကူအသစ်ဖြစ်ပြီး ယခုအချိန်ထိပင် ကြောက်ရွံ့ထိတ်လန့်စိတ်ပြေသေးပုံမရဘဲ တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်နေလေသည်။
——–

အချိန်က နံနက်ဆယ်နာရီကျော်ပေပြီ။

“အိမ်သားအားလုံး ဧည့်ခန်းထဲမှာ လူစုပေးပါ…ကျွန်တော်တို့ တာဝန်ရှိတဲ့အတိုင်း နည်းနည်းပါးပါးမေးမြန်းစရာရှိလို့ပါ ”
မြို့နယ်ရဲစခန်းမှ​ ရောက်လာ​သောတာဝန်ကျရဲမှူး၏စကားကြောင့် အိမ်သားများအားလုံး အသီးသီးနီးစပ်ရာခုံတွင် ငြိမ်သက်စွာထိုင်လိုက်ကြလေသည်။

ကျွန်မလည်း ခုံလွတ်တစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး အိမ်သားများကို မသိမသာအကဲခတ်ကြည့်လိုက်သည်။ပထမဦးစွာ ဒေါ်မာလာတင်ကို ကြည့်လိုက်သောအခါ ဒေါ်မာလာတင်၏ မျက်နှာသည် အေးစက်စက်နှင့် ခံစားမှုမဲ့သလိုထင်ရလေသည်။
လူယုံတော်ကြီးဦးသက်အောင်ကို ကြည့်မိသောအခါတွင်လည်း ဒေါ်မာလာတင်ကဲ့သို့ပင် အေးစက်မှုန်မှိုင်းသော မျက်နှာနှင့်သာရှိလေသည်။ထပ်မံ၍ ကေသီတင်၏ မျက်နှာကို မသိမသာကြည့်လိုက်မိသည်။ ကေသီတင်သည် အတော်လေးငိုထားဟန်ရှိလေ၏။ဖြူနုသော မျက်နှာမှာ အနီဘက်သို့လုနေပြီး မျက်ခွံများမှာမို့အစ်နေလေသည်။ထို့နောက် သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်း​ကြည့်လိုက်ရာ သီဟထွန်းရှိန်သည် တည်တည်ငြိမ်ငြိမ်ပင်ထိုင်နေပြီး မျက်လုံးများမှာ ငြိမ်သက်လျက်တစ်စုံတစ်ရာကို တွေးတောစဥ်းစားနေပုံရလေသည်။ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကို အတန်ကြာငေးကြည့်နေမိလေရာ သီဟထွန်းရှိန်သည်လည်း ကျွန်မကိုလှမ်း၍ ကြည့်လာသည်မို့ အကြည့်ကို မိလုံးတို့ဆီသို့ ကမန်းကတန်းလွှဲလိုက်ရလေသည်။မိလုံးသည် ခေါင်းကိုငုံလျက် ကြမ်းပြင်သို့သာ စိုက်ကြည့်၍နေလေသည်။ကျန်အလုပ်သမားအသစ်နှစ်ယောက်ဖြစ်သော ဒေါ်ကြူနှင်မိခိုင်တို့မှာလည်း မိလုံးနှင့်နည်းတူပင် ခေါင်းကြီးများကိုငုံ့ထားကြလေသည်။
ခြံစောင့်ကြီးဦးဖိုးထော်မှာလည်း ထိုနည်းတူပင် ခေါင်းကြီးငုံ့ကာ မလှုပ်မယှက်နှင့်ထိုင်နေလေသည်။ ကြည့်ရသည်မှာ အိမ်ကြီးရှင်သူဌေးများ၏ရှေ့မို့ ခေါင်းများကိုငုံ့ထားကြဟန်ရှိလေသည်။ကျွန်မ သက်ပြင်းမောကို မသိမသိမှုတ်ထုတ်လိုက်ပြီး နောက်ဆုံးကျန်သူ မင်းပိုင်ဦးထံသို့ အကြည့်ကို လွှဲလိုက်လေသည်။ထိုအခါ မင်းပိုင်ဦးသည်လည်း ကျွန်မကိုလှမ်း၍ကြည့်​နေလေသည်။မင်းပိုင်ဦး၏အကြည့်ထဲတွင် စိတ်ညစ်စိတ်ရှုပ်ထွေးနေသောပုံစံကိုတွေ့ရလေသည်။

” အဲ့ဒီတော့… အလောင်းကို ပထမဆုံးတွေ့တာက အိမ်အကူမလေးပေါ့…ဒါဆိုမနေ့ညက ကိုကျော်စွာဦးကို ဘယ်အချိန်ကနောက်ဆုံးတွေ့ခဲ့ကြတာလဲ…တစ်ယောက်ယောက်တော့ တွေ့မိမှာပါ ”

အမေးရှိသော်လည်း အဖြေမရှိ။တစ်ယောက်ဆီကမျှအသံထွက်မလာချေ။ကျွန်မ သီဟထွန်းရှိန်ကို မသိမသာလှမ်းကြည့်လိုက်မိသည်။သီဟထွန်းရှိန်သည် နှုတ်ခမ်းကို တင်းတင်း​စေ့၍ ခပ်မ​ဆိတ်နေသလို မိလုံးသည်လည်း ခေါင်းကိုငုံ့၍ထားလေသည်။ကျွန်မ ရဲမှူး၏ မျက်နှာကို အကဲခတ်ကြည့်လိုက်မိသည်။ရဲမှူးကြီး၏ မျက်နှာသည်တည်ငြိမ်အေးဆေးလွန်းနေသည်။ကြည့်ရသည်မှာ ကိုကျော်စွာဦး၏ သေဆုံးမှုသည် သူ့ဘာသာ မတော်တဆဖြင့် လှေကားမှပြုတ်ကျသည်ဟု တွက်ဆထားပုံရသည်။

“မနေ့က နေဝင်ချိန်လောက်မှာ ကိုကျော်စွာဦးနဲ့ ကျွန်မတို့ ထမင်းစားခန်းထဲမှာ နောက်ဆုံးတွေ့ခဲ့ပါတယ်… အဲ့နောက်ပိုင်း မတွေ့ရပါဘူး ”
ကျွန်မ၏ အသံကြောင့် ရဲမှူးနှင့်အိမ်သားများ၏ အကြည့်များသည်ကျွန်မထံသို့စုပြုံရောက်ရှိလာကြလေသည်။

” ဒါဆို.. ထမင်းစားခန်းထဲမှာ နောက်ဆုံးတွေ့ခဲ့ရတာပေါ့…ဒါနဲ့ ကျွန်မတို့ဆိုတော့ ဒီကညီမအပြင် ဘယ်သူတွေရှိသေးတာလဲ ”

” ကျွန်မနဲ့ ကိုသီဟထွန်းရှိန်ရယ် မိလုံးရယ်ပါ ”

” ဒါဆို… အဲ့ဒီအချိန်က ထမင်းစားခန်းထဲမှာ ထူးထူးခြားခြားဘာများမြင်ခဲ့ကြားခဲ့ကြသေလဲ ”

ရဲမှူး၏စကားအဆုံး၌ သီဟထွန်းရှိန်နှင့်မိလုံးကို ကျွန်မလှမ်းကြည့်လိုက်မိသည်။သူတို့နှစ်ယောက်ကလည်း ကျွန်မကိုလှမ်း၍ကြည့်နေလေသည်။

” ထူးထူးခြားခြားဘာမှတော့ မဖြစ်ပါဘူး… သူနေလို့သိပ်မကောင်းဘူးလို့တော့ပြောပါတယ် ”

” ဟုတ်ကဲ့….ဒီလောက်ဆိုရပါပြီ…အိမ်သားတွေအားလုံးလုပ်စရာရှိတာ ဆက်လုပ်ကြပါဗျာ ”

သီဟထွန်းရှိန်၊ကေသီတင်နှင့် ဧည့်သည်အဖြစ်ရောက်ရှိနေသည်မှာ သုံးရက်ပင်မပြည့်သေးသော မင်းပိုင်ဦးအပါအဝင်ကျွန်မနှင့်အတူ အိမ်အလုပ်သမားများအားလုံး ဧည့်ခန်းထဲမှ ထွက်ခဲ့ကြသော်လည်း ဒေါ်မာလာတင်နှင့်လူယုံတော်ကြီး ဦးသက်အောင်မှာမူ ဧည့်ခန်းထဲတွင် ရဲမှူးနှင့်အတူ ကျန်ရစ်ခဲ့လေသည်။

***************
ငယ်စဥ်ကပင်မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး ဆွေမျိုးရင်းချာမရှိသော ကိုကျော်စွာဦး၏ နောက်ဆုံးခရီးသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ပြီးဆုံးသွားခဲ့လေသည်။
————
ရက်လည်ပြီးခါစ အိမ်ကြီးထဲတွင် ဟိုယခင်ကထက်ပင် ပို၍တိတ်ဆိတ်ခြောက်ကပ်နေလေသည်။

အိပ်ပျော်နေသော သူဌေးကြီး၏ မျက်နှာကို ကျွန်မ ကရုဏာသက်စွာငေးကြည့်နေမိသည်။သမီးဖြစ်သူကို ဆုံးရှုံးပြီး သုံးလမပြည့်ခင်မှာပင် သားမက်ဖြစ်သူသည်လည်း သမီးကဲ့သို့ အဖြစ်ဆိုးနှင့် လူ့လောကမှ ထွက်ခွါသွားရသည်ကို သိသောနေ့မှစ၍ သူဌေးကြီး၏ကျန်းမာရေးအခြေအနေသည် မသိမသာဆိုးရွားလာလေသည်။အိမ်သူအိမ်သားများမှာလည်း သီဟထွန်းရှိန်မှလွဲ၍ ကျန်လူများမှာ သူဌေးကြီးဦးထွန်းရှိန်အား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် ထင်မှတ်ထားပုံမရကြပါလေ။ဧည့်သည်ဖြစ်သူ မင်းပိုင်းဦးပင်လျှင် တစ်နေ့ကိုနှစ်ကြိမ်လောက်ဝင်တွေ့တတ်သေးလေသည်။သူဌေးကတော် ဒေါ်မာလာတင်နှင့်သမီးဖြစ်သူကေသီတို့မှာမူ အသုဘကိစ္စမပြီးခင်ကတည်းကပင် သားအမိနှစ်ယောက် ကားတစ်စီးနှင့်အပြင်ထွက်သွားလိုက် ၊ပြန်လာလိုက်ဖြင့် သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြလေသည်မို့ လာကြည့်ဖို့နေနေသာသာ သတိရကြဟန်ပင်မရှိကြပါချေ။မိသားစုကံနည်းပါးလှသော သူဌေးကြီးကိုကြည့်ပြီး ကျွန်မကိုယ်ချင်းစာသနားမိလေသည်။ကျွန်မသည်လည်း မိဘနှစ်ပါးလုံးမရှိကြတော့ဘဲ ဦးလေးဖြစ်သူ၏အိမ်တွင်နေရသည်ဖြစ်၍ သူဌေးကြီးကဲ့သို့ပင် အထီးကျန်ခဲ့ရသည်မဟုတ်လား။ထို့ကြောင့်ပင်လျှင် ရန်ကုန်မြို့ကြီးနှင့် ဝေးကွာလှသော ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်လေသည်။

ကျွန်မ သူဌေးကြီး၏ခုတင်ဘေး ခုံပေါ်တွင်ထိုင်နေရာမှထရပ်လိုက်ပြီး သူဌေးကြီး၏ စာကြည့်ခန်းဘက်သို့ထွက်ခဲသည်။
စာကြည့်ခန်းဝသို့ရောက်သောအခါ တံခါးကိုအသာဆွဲဖွင့်လိုက်သည်။သူဌေးကြီး၏စာကြည့်ခန်းထဲသို့ ရတီချိုနှင့်သူဌေးကြီးမှလွဲ၍ မည်သူမှဝင်လေ့မရှိဟု မိလုံး​ပြောဖူးသည်။ယခုအခါ သူဌေးကြီးရောရတီချိုပါ စာကြည့်ခန်းထဲ မဝင်နိုင်တော့သည်မို့ စာကြည့်ခန်းသည်အမြဲတိတ်ဆိတ်ခြောက်ကပ်နေသည်။တစ်ခါတစ်ရံ၌မူ မိလုံးက အခန်းသန့်ရှင်းရေးဝင်လုပ်လေ့ရှိသော်လည်း စာကြည့်ခန်းထဲ၌ ကြာကြာမနေရဟုဆိုသော ဒေါ်မာလာတင်၏အမိန့်ကြောင့်စာကြည့်ခန်းလေးသည်လည်းသူ၏ပိုင်ရှင်ကဲ့သို့ အထီးကျန်လှလေသည်။
ကျွန်မ တံခါးကိုခပ်ဖြည်းဖြည်းဖွင့်ပြီးဝင်ခဲ့လိုက်သည်။ပြီးနောက် စာအုပ်စင်များကြား လျှောက်ကြည့်ရင်း စင်ပေါ်မှစာအုပ်တစ်အုပ်ကိုဆွဲယူဖတ်ကြည့်လိုက်သည်။

” သန်းခေါင်ယံလူသတ်သမားများ” ဆိုသော စာအုပ်ခေါင်းစဥ်ကြောင့် ရင်ထဲ၌ ထိတ်ခနဲလှုပ်ရှားသွားမိပြီး အတွင်းစာမျက်ကို ဖတ်ကြည့်လိုက်မိလေသည်။

” ရှပ်…ရှပ်…ရှပ် ”

” ကျွီ….ကျွီ….. ”
စာအုပ်ဖတ်နေစဥ်မှာပင် တရှပ်ရှပ်ခြေသံနှင့်အတူ အရာဝတ္တုတစ်ခုကို တရွတ်ဆွဲနေသော အသံမျိုးကိုကြားလိုက်ရသည်မို့ ခေါင်းနားပန်းတွေ ကြီးသွားသလိုခံစားလိုက်ရသည်။နေ့ခင်းကြောင်တောင်ဖြစ်၍ ​ကြောက်စရာမဟုတ်သော်လည်း ဤအခန်းထဲတွင် ကျွန်မတစ်ယောက်တည်းရှိနေသည် မဟုတ်ပါလား ။ပြီးလျှင် ဤစိန်ပန်းမြိုင်အိမ်ကြီး၌ လူနှစ်ယောက်တောင် အစိမ်းသေသေထားကြသည်လေ။ကျွန်မသည် မည်သို့ပင် လူမမာများကြားလူသေများကြား၌ အလုပ်လုပ်ခဲ့ရသူဖြစ်သော်လည်း မိန်းမသားပီပီ ထိတ်လန့်ကြောက်ရွံ့စိတ်ကတော့ ဖြစ်ပေါ်မိသည်ပင်။

“ရှပ်…ရှပ်…ရှပ် ”

” ကျွီ……ကျွီ…”
အသံများသည် ဆက်လက်၍ ထွက်ပေါ်လာပြန်သည်။ကျွန်မ၏ နှလုံးခုန်သံများသည်လည်း သိသိသာသာပင်မြန်ဆန်လာလေသည်။ကျွန်မကြောက်ရွံ့စိတ်ကိုထိန်းရင်း အသံကြားရာ စာကြည့်ခန်း၏ အတွင်းဘက် ချောင်းကျသောနေရာဆီသို့ သတိနှင့်လျှောက်လာခဲ့သည်။ထိုအတွင်းဘက်တွင် အခန်းတစ်ခန်းရှိသေးသည်။သို့သော်ထို့အခန်းသည် သွားလေသူ ရတီချို၏သီးသန့်စာဖတ်ခန်းဖြစ်၍ ​ကျော်စွာဦးမှအပ
မည်သူမျှဝင်ခွင့်မရှိဟု မိလုံးပြောဖူးသည်။
ကျွန်မ ထိတ်လန့်စိတ်နှင့်အတူ တရွေ့ရွေ့လျှောက်ခဲ့သည်။အခန်းသည် ပြန်လည်တိတ်ဆိတ်သွားပြန်လေသည်။ကျွန်မလည်း အသက်ပင်ရဲရဲမရှူဝံ့ဘဲ စာအုပ်စင်များ​ကြားမှလမ်းလေးအတိုင်းလျှောက်လာခဲ့ရင်း အတွင်းခန်း၏တံခါးနားသို့ ရောက်ရှိလာခဲ့​လေ​သည်။အခန်းတံခါးသည် ခပ်ဟဟပွင့်နေသည် ။အခန်းထဲ၌အနည်းငယ်မှောင်နေပြီ ထိုအမှောင်ရိပ်ထဲတွင် ကုန်းကုန်းကွကွဖြင့်လှုပ်ရှားယိမ်းထိုးနေသော မည်းမည်းအရာကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မမှာထိတ်လန့်တုန်လှုပ်ကာ နှုတ်ဖျားမှအသံပင် ထွက်မလာဘဲ လက်ထဲမှစာအုပ်မှာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားလေသည်။အသံကြောင့် အရိပ်မည်းကြီးသည် ကျွန်မရှိရာသို့ ဖျတ်ခနဲ လှည့်ကြည့်လာလေ၏။ကျွန်မ ကြောက်လန့်တကြားနှင့်ခြေလှမ်းများ​ နောက်သို့ဆုတ်လိုက်မိသည်။

” ဆရာမလေး ”

နောက်သို့ပြန်လှည့်ပြေးရန်ပြင်နေရာမှ ရင်းနှိီးသော အသံကြောင့် အရိပ်မည်းကြီးကို သေချာကြည့်လိုင်မိလေတော့သည်။

” မိ…မိလုံး..အမလေး လန့်လိုက်တာမိလုံးရယ်…ဒီအခန်းက ရတီချိုစာဖတ်ခန်းမို့ဝင်ခွင့်မရှိဘူးဆို…”

” သန့်ရှင်းရေးလုပ်နေတာပါ…ဆရာမလေးရယ်… အစ်ကိုကျော်စွာဦးလည်းမရှိတော့ဘူးဆိုတော့ …ဒီအခန်းကိုကျွန်မပဲသန့်ရှင်းရေးတာဝန်ယူရတော့မှာပေါ့ “ဟု ပြောရင်းမှ ပြုံးနေသောမိလုံးကို ကျွန်မတစ်ချက်ငေးကြည့်နေမိလိုက်သည်။

” မိလုံးရယ်… ကျွန်မကလန့်နေတာ… အသက်တောင်မရှူဝံ့ဘူး …သန့်ရှင်းရေးလုပ်မယ်ဆိုလည်း ပြောတာမဟုတ်ဘူး…ကျွန်မ ဝိုင်းကူရှင်းမှာပေါ့ ”
ပြောပြောဆိုဆိုနှင့် အခန်းထဲသို့ဝင်လိုက်ပြီး နီးစပ်ရာစာအုပ်တစ်အုပ်ကိုဆွဲယူကြည့်လိုက်သည်။

“မထိနဲ့ “မာထန်စွာ ထွက်ပေါ်လာသောအသံနှင့်အတူ မိလုံးသည်ကျွန်မလက်ထဲမှစာအုပ်ကိုဆတ်ခနဲဆွဲယူလိုက်သဖြင့် ကျွန်မအံ့သြတုန်လှုပ်ပြီးမိလုံးကိုကြည့်လိုက်မိလေသည်။

“မမလေးရတီချိုက သူ့စာအုပ်တွေကို သူစိမ်းတွေကိုင်တာ မကြိုက်လို့ပါ…စိတ်မဆိုးပါနဲ့ဆရာမလေး…မမလေးရတီချိုမရှိတော့ပေမဲ့…မိလုံးကတော့ မမလေးပြောခဲ့တာတွေကို ​သေတဲ့အထိလိုက်နာသွားမှာမို့ပါ ” မိလုံး၏အသံသည် အေးစက်ပြတ်သားနေလေသည်။မျက်လုံးများမှာလည်းစူးရဲတောက်ပနေလေ၏။ကျွန််မ မိလုံး၏ပုံစံကိုမယုံကြည်နိုင်စွာ ငေးကြည့်နေမိရင်းမှ စကားလမ်းကြောင်းကိုလွှဲလိုက်ရလေသည်။

” ဒါနဲ့ဒီအိမ်ကြီးမှာ ရတီချိုပုံတစ်ပုံမှကို မချိတ်ထားဘူးနော် ”

ကျွန်မ အမေးကြောင့် မိလုံးသည် ရီဝေသောမျက်ဝန်းများဖြင့် အခန်းထောင့်တစ်နေရာသို့ စိုက်ကြည့်နေပြီးမှ
“ဟုတ်တယ်…မမလေးရတီချိုရက်လည်ပြီးတာနဲ့ မမလေးဓါတ်ပုံတွေကိုအကုန်ဖြုတ်ပစ်တာလေ…မြင်ရင်စိတ်မကောင်းဖြစ်ကြမှာစိုးလို့တဲ့လေ… ဒါနဲ့…ဆရာမလေးကိုမေးရဦးမယ်…အစ်ကိုကျော်စွာဦးဆုံးသွားတာကို ဆရာမလေးဘယ်လိုထင်လဲ ..ရဲ​တွေပြောသလို သူ့ဘာသာအရက်မူးလွန်ပြီးပြုတ်ကျတာလား…ဒါမှမဟုတ် တစ်ယောက်ယောက်ကများတွန်းချလိုက်တာလား…ဆရာမလေးအထင်ကို​ပြောပါဦး ”

“ရှင် “မိလုံး၏ ထင်မှတ်မထားသော မေးခွန်းကြောင့် ကျွန်မမှာကြောင်အသွားရလေသည်။မိလုံးလို ရိုးရိုးအအနှင့်လူက ဒီလိုမေးခွန်းမျိုးမေးလိမ့်မည်ဟု မထင်ခဲ့သည်မှာတော့အမှန်ပါပင်။

” ကျွန်မ မသိပါဘူး…မိလုံးရယ်…မိလုံးကရောဘယ်လိုထင်လို့လဲ ”

“မထင်တော့မထင်တတ်ပါဘူး ဆရာမလေးရယ်..မမလေးရတီချိုလိုပဲ အစ်ကိုကျော်စွာဦးလည်း လှေကားကပြုတ်ကျပြီး ဆုံးသွားတော့အရမ်းတိုတ်ဆိုင်နေလို့ပါ…ပြီးတော့ အစ်ကိုကျော်စွာဦးက အိမ်သားတွေနဲ့လည်း သိပ်အဆင်မပြေဘူးလေ…အထူးသဖြင့်အစ်ကိုလေးသီဟထွန်းရှိန်နဲ့မတည့်ဘူးလေ ”

***************
ညသည်နက်သထက်နက်လာပေပြီ။စိန်ပန်းမြိုင် တစ်အိမ်လုံးရှိ လူများသည်လည်း အိပ်​မောကျ၍နေလောက်ကြပေပြီ ။ကျွန်မမှာသာ နေ့ခင်းကမိလုံးပြောလိုက်သောစကားများကို နားထဲ၌ကြားယောင်နေပြီး အိပ်မပျော်နိုင်ဘဲရှိနေလေသည်။ဤအိမ်ကြီးထဲ၌ ဖြစ်ပွားသွားခဲ့သော သေဆုံးမှုများသည် မတော်တဆလား၊တစ်ယောက်ယောက်၏ ပယောဂကြောင့်လေလားဆိုသည်ကိုတော့ သေဆုံးသွားကြပြီဖြစ်သော ကာယကံရှင်များမှသာ သိပေလိမ့်မည်။သို့သော် ဤအကြောင်းကိုတွေးလိုက်မိတိုင်း၌ ကျွန်မ၏စိတ်သည် ရှုပ်ထွေးလာသည်။ကြောက်လန့်လာသည်။ထို့ပြင် စိုးရိမ်သောကများနှင့်အမျိုးအမည်မသိသော ခံစားမှုများလည်း ခံစားနေရသည်။ထို့ပြင် တွေ့စက တည်ငြိမ်အေးဆေးသည်ဟု ထင်ရသလောက် တဖြည်းဖြည်းနှင့်ဂျစ်ကန်ကန်မိုက်ကန်းကန်းပုံဖြစ်လာသော သီဟထွန်းရှိန်၏အကြောင်းကို တွေးနေမိလေသည်။
————-

” ဟင်း…ဟင်း…ဟင်း…” မည်သည့်အချိန်က အိပ်ပျော်သွားသည် မသိသော်လည်း မသဲမကွဲကြားနေရသော ညည်းညူသံကြီးကြောင့် ကျွန်မ ဖျတ်ခနဲ လန့်နိုးလာသည်။

” ဟင်း ဟင်း ဟင်း ဟင်း “မသဲမကွဲကြားနေရသော ညည်းသံကြီးကို ပို၍ပီပီပြင်ပြင်ကြားလိုက်ရပြီးအသံသည် ပို၍နီးကပ်လာသလိုပင်ထင်ရလေသည်။ထိတ်လန့်တုန်လှုပ်ဖွယ် မသတီစရာညည်းညူသံ​​ကြီးကြောင့် ​တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ ကျောထဲကပါ စိမ့်တက်​ပြီး​အေးလာသည်မို့ အိပ်ရာဘေးမှ ညအိပ်မီးအိမ်၏ခလုတ်ကိုခပ်မြန်မြန်ပင် လက်နှင့်ဖိနှိပ်၍ဖွင့်လိုက်သည်။

မှောင်မိုက်နေသော အခန်းထဲ၌ ညအိပ်မီးအိမ်၏ ပြာလဲ့လဲ့အလင်းရောင်က ခပ်မှိန်မှိန်ပေါ်ထွက်လာ​လေသည်။ပြာလဲ့လဲ့အလင်းရောင်၏အကူအညီဖြင့် တစ်ခန်းလုံးကို ကျွန်မ ကျီးကန်းတောင်းမှောက်လိုက်ကြည့်လိုက်သည့်အခါမှာတော့ အခန်း၏ထောင့် တစ်နေရာတွင် ဆောင့်ကြောင့်ကြီးထိုင်ကာမျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။

“အ မ လေး “ကျွန်မ ကြောက်လန့်တကြားအော်ဟစ်လိုက်သော်လည်း အသံသည် လည်ချောင်းဝမှာပင် တစ်ဆို့​​နေပြီး အပြင်သို့ထွက်မလာသလို ​ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လှုပ်ရှား၍မရ​နိုင်ဘဲ ဖြစ်နေလေသည်။

————

#စိန်ပန်းမြိုင်မှအိမ်နီကြီး

အပိုင်း ( ၆ )

“စိန်ပန်းမြိုင်မှအိမ်နီကြီး ”
***************
ညအိပ်မီးအလင်းရောင်ပြာလဲ့လဲ့အောက်တွင် အခန်းတစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်မိရာ အခန်းထောင့်တွင် ဆောင့်ကြောင့်ကြီးထိုင်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။

“အား …”ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သော်လည်း အသံသည် အပြင်သို့ ထွက်မလာပါချေ။ထိုနည်းတူ ခန္ဓာကိုယ်တစ်ခုလုံးလည်းလှုပ်ရှား၍ မရအောင်ရှိလေသည်။ထိုမိန်းမသည် ဆံပင်ဖားလျားကြီးချထားပြီး မျက်လုံးပြူးကြီးများဖြင့် ကျွန်မကို မမှိတ်မသုန်စိုက်ကြည့်နေလေသည်။ကျွန်မကြောက်လန့်တကြားနှင့် မျက်လုံးကိုအားကုန်မှိတ်ချလိုက်မိသည်။

” ဟင်း…ဟင်း..ဟင်း “အက်ကွဲကွဲရှတတအသံကဲ့သို့သော ညည်းညူသံကြီးမှာ ထပ်မံထွက်ပေါ်လာပြန်လေသည်။ကျွန်မ မဝံ့မရဲဖြင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သောအခါ
“ဟင်” ထိုမိန်းမသည် သူထိုင်နေသောနေရာမှ ကြမ်းပြင်ကို သူ၏လက်သည်းရှည်ကြီးများဖြင့်ကုတ်ခြစ်၍နေလေသည်။
ကျွန်မလည်း ထိုမြင်ကွင်းကို တုန်တုန်လှုပ်လှုပ်နှင့် ကြည့်နေမိပြီး အိပ်မက်လေလား၊တကယ်လားဝေခွဲမရနိုင်ဘဲ ဖြစ်နေမိလေသည်။ထိုသို့ ကြည့်နေစဥ်မှာပင် ထိုမိန်းမ၏ပုံရိပ်သည် ဖျတ်ခနဲပျောက်ကွယ်သွားလေသည်။ကျွန်မမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး၌ ဇောချွေးများပြန်နေပြီး တဆတ်ဆတ်တုန်၍နေဆဲဖြစ်လေသည်။

” လာ…လိုက်…ခဲ…”
” အမလေး ” နား နားသို့ကပ်၍ ပြောလိုက်သကဲ့သို့ ကြားလိုက်ရသော လေးတွဲတွဲအသံကြီးကြောင့် ကြောက်လန့်တကြားအော်လိုက်မိသော်လည်း နှုတ်ခမ်းအစုံသည်ဖွင့်ဟ၍ မရနိုင်အောင်ဖြစ်နေ​ပြန်လေသည်။အသံရှင်ကို ကျွန်မအထိတ်တလန့်နှင့်မော့ကြည့်လိုက်မိသည်။

” အို…ဘုရား” တံခါးပေါက်မှ မြင်ကွင်းကြောင့် ကျွမ်မစိတ်ထဲမှ ဘုရားကိုအကြိမ်ကြိမ်တလိုက်မိသည်။တံခါးပေါက်တွင် တော့ အကောင်အထည်မပီပြင်သော ဖြူဖြူအရိပ်ကြီးသည် လှုပ်ရှားယိမ်းထိုးနေပြီး
ကြည့်နေရင်းမှပင် မိန်းမတစ်ယောက်ဖြစ်သွားပြန်ပြီး ကျွန်မရှိရာသို့ ခေါင်းချည်းသက်သက်လှည့်၍စောင်းငဲ့ကြည့်နေသည်။ထို့နောက်တံခါးဝမှ အပြင်သို့ထိုးထွက်သွားလေသည်။တံခါးမှာ ပွင့်၍နေလေသည်။ကျွန်မလည်း ညှို့ငင်ခံထားရသူပမာ အိပ်ရာထက််မှ ဖြည်းလေးစွာထလိုက်ပြီး ထိုထိတ်လန့်တုန်လှုပ်စရာ မိန်းမနောက်သို့ တိတ်တိတ်ဆိတ်ဆိတ်လိုက်ခဲ့မိလေသည်။
အခန်းထဲမှ ထွက်လိုက်သည်နှင့် စင်္ကြန်လမ်းတစ်ခုလုံး မှိန်ပျပျအလင်းရောင်မှ လွဲ၍ ချောက်ချာဖွယ်ရာကောင်းလောက်အောင်တိတ်ဆိတ်နေပြန်သည်။
“ရှပ်..ရှပ်…ရှပ် “စင်္ကြန်လမ်းထက်၌ ထိုမိန်းမ၏ ရှပ်တိုတ်သွားနေသော တရှပ်ရှပ်ခြေသံများထွက်ပေါ်နေသော်လည်း မည်သည့်အခန်းကမျှ တုပ်တုပ်မလှုပ်ကြဘဲ တိတ်ဆိတ်ငြိမ်သက်၍နေလေသည်။ကျွန်မတို့သည် စင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ ကိုကျော်စွာဦး၏အခန်းဘက်သို့ သွားရာစင်္ကြန်လမ်းခွဲသို့ ရောက်သောအခါ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိလေသည်။
” အို” စိတ်ထဲမှ အထိတ့်တလန့်ရွေရွတ်လိုက်မိသည်။မှိန်ပျပျအလင်းရောင်အောက်ရှိ စင်္ကြန်လမ်းပေါ်တွင် မည်းမည်းအရိပ်များမှာ ဟိုသည်ရွေ့လျားနေကြသည်ဟု ထင်မိသည်။ကျွန်မ မြင်ကွင်းကိုဆက်မကြည့်ရဲတော့ဘဲ မျက်နှာအမြန်လွှဲလိုက်ရလေသည်။
စင်္ကြန်လမ်းတစ်လျှောက် တစ်ခန်းပြီးတစ်ခန်းကျော်ဖြတ်ခဲ့ပြီး သီဟထွန်းရှိန်၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းနားသို့ရောက်ရှိခဲ့လေသည်။ထိုစင်္ကြန်လမ်း၏အဆုံး သီဟထွန်းရှိန်၏ အခန်းနားတွင် မင်းပိုင်ဦး၏ အခန်းပါရှိသည်။ထိုအခန်းများဆီသို့ ကျွန်မ လှမ်းမျှော်ကြည့်လိုက်မိပြန်သည်။ အခန်းများသည် မှောင်မည်းတိတ်ဆိတ်နေလေသည်။
ကျွန်မတို့နှစ်ယောက်သည် တဖြည်းဖြည်းနှင့် လှေကားရှိရာသို့နီးကပ်လာကြလေ၏။ရှေ့မှတရွေ့ရွေ့သွားနေသော ကြောက်စရာထိုမိန်းမသည် လှေကားနားရောက်ခါနီးမှ အခန်းတစ်ခန်းရှေ့အရောက်တွင် မတ်မတ်ရပ်နေလေသည်။ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နှင့်ပင် ထိုအခန်းနံရံသို့ တိုးကပ်ရပ်လိုက်သည်တွင် အခန်းထဲမှ စကားပြောသံသဲ့သဲ့ကို ကြားလိုက်ရသည်မို့ ကျွန်မခေါင်းနားပန်းများပင် ကြီးသွားရလေသည်။ဤသည်အခန်းသည် ကျွန်မသိသ​​လောက် ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ကျွန်မရောက်သည့်နေ့မှစ၍ ယနေ့အထိနေထိုင်သူမရှိသောအခန်းသာဖြစ်သည်။ကျွန်မ တုန်တုန်လှုပ်လှုပ်နှင့် အခန်းနံရံနားသို့ ကပ်ပြီး အထဲမှအသံများကိုနားစိုက်ထောင်လိုက်သည်။

“နင်လိုအရူးက ငါ့ခံစားချက်ကိုဘာသိမှာ… ” မိန်းမတစ်ယောက်၏ အသံကိုဦးစွာကြားလိုက်ရလေသည်။အသံတွေကို ခွဲခြားနိုင်သော ကျွန်မအတွက် ထိုအသံသည် ကေသီတင်၏ အသံမှန်းချက်ချင်းသိလိုက်သည်။ကေသီတင်နှင့်စကား​ပြောနေသော တစ်ဖက်သူမှာ မည်သူမည်ဝါမှန်း မသိရသော်လည်း ကေသီတင်၏အသံကို နားထောင်ရသည်မှာ အတော်လေးပင်ဒေါသထွက်နေဟန်ရှိလေသည်။

” တော်စမ်းပါ…ပါးစပ်ပါတိုင်း လျှောက်ပြောမနေနဲ့… သည်အိမ်ထဲကအပ်တိုတစ်ချောင်းကိုတောင် ရဖို့မျှော်လင့်မနေနဲ့…ပြီးတော့ ခင်ဗျားတို့တွေသိပ်လိုချင်နေတဲ့ဟာကိုလည်း ဒီတစ်သက်ရှာတွေ့မယ် မထင်နဲ့…ဘယ်တော့မှမတွေ့ဘူးမှတ်ထား …မမရတီမရှိတော့တဲ့ နောက်ပိုင်း ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးက ကျွန်တော်အတွက်ပဲ…မကေသီနဲ့ဘာမှမဆိုင်ဘူးသိရဲ့လား ” ကြားလိုက်ရသော အသံကြောင့် ကျွန်မရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားရလေသည်။ထိုအသံ ၊ ထိုအသံသည် သီဟထွန်းရှိန်၏ အသံပင်မဟုတ်ပါလား။

” တော်စမ်း…နင်ပါးစပ်ပိတ်ထားစမ်း…နင်လိုကောင်မျိုးနဲ့မောင်နှမတော်ရတာ သိပ်စိတ်ပျက်စရာကောင်းတယ်…နင်လည်းအဲ့ဒီပစ္စည်းကိုအသည်းအသန်ရှာနေတာကို ငါတို့မသိဘူးများထင်နေလား… သွားရှာလေ…သွားရှာ…နင်သိပ်ရှာချင်နေတဲ့ ကျော်စွာဦးရဲ့အခန်းမှာ သွားရှာတော့လေ ”
နောက်ဆက်တွဲ ထွက်ပေါ်လာသော စကားများကို ကျွန်မနားထဲ၌မကြားနိုင်တော့ပါချေ။ကျွန်မစိတ်ထဲ၌ တစ်စုံတစ်ရာကို တွေးမိပြီး ထိထိခိုက်ခိုက်ခံစားလိုက်ရပြီး ခြေစုံရပ်၍ ကြောင်အနေမိလေသည်။

“တောက် ” ပြင်းထန်သော တက်ခေါက်သံကြောင့် ကျွန်မဆတ်ခနဲတုန်သွားမိသည်။တက်ခေါက်သံသည် အခန်းထဲမှလာသည်လား ၊ ကျွန်မရှေ့မှ အမျိုးသမီးဆီမှ လာသည်လား သေချာမခွဲခြားနိုင်သော်လည်း ထိုအမျိုးသမီးသည် မျက်ထောင့်နီကြီးနှင့် ကျွန်မကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်မို့ ကျွန်မလန့်ဖျပ်ပြီး အမျိုးသမီး၏နောက်သို့ ခပ်သွက်သွက်လှမ်းသွားခဲ့မိသည်။
တစ်ထစ်၊နှစ်ထစ် ၊ လှေကားထစ်များကို တထစ်ပြီးတထစ် ကျော်ဖြတ်ခဲ့ရာမှ ရုတ်တရက်ဆိုသလို ကျွန်မ၏ခြေထောက်သည် လေဟာနယ်ကိုသာ နင်းချလိုက်မိလေသည်။
အသံပင်မထွက်နိုင်ဘဲ လှေကားထစ်များမှ ကျီန်မ တလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။

ကံကောင်းထောက်မစွာပင် ကျွန်မပြုတ်ကျသော နေရာမှာ အောက်ခြေသို့ ရောက်လုနီးပြီဖြစ်၍ ခြေထောက်အနည်းငယ် နာကျင်သွားရုံမှအပ ထိခိုက်ဒဏ်ရာမရတာမို့ ချက်ချင်းပင်ထရပ်လိုက်ပြီး အမျိုးသမီး၏နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်သည်။ “ဟင် ” သူဌေးကြီး ဦးထွန်းရှိန်၏ အခန်းသို့သွားနေသော အမျိုးသမီး၏ နောက်ကျောပုံရိပ်ကိုသာ ခပ်ဝါးဝါးမြင်လိုက်ရပြီး လုံးဝပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတော့ စင်္ကြန်လမ်းပေါ်တွင် ကျွန်မတစ်ယောက်တည်းငူငူချည်းရပ်နေမိလေသည်။ စင်္ကြလမ်းသည် တိတ်​ဆိတ်နေသည်။လှေကားဘေး နံရံရှိတိုင်ကပ်နာရီမှ တစ်ချပ်ချပ်မြည်သံသည် ခပ်မှန်မှန်ပေါ်ထွက်နေသည်။စင်္ကြန်လမ်းတစ်လျှောက်ကြည့်ရသည်မှာ အရိပ်မည်းကြီးများယိမ်းထိုးလှုပ်ရှားနေသည်ဟုပင် မြင်ယောင်လာမိလေသည်။ကျွန်မ ကြောက်လန့်တကြားနှင့် ကျွန်မ အခန်းရှိရာဆီသို့ ပြန်ပြေးရန်ပြင်လိုက်စဥ်မှာပင် ကျွန််မဘေးရှိ အခန်းထဲမှ လှုပ်ရှားသံတစ်ခုကိုကြားလိုက်ရပြီး ၊မရှေးမနှောင်းမှာပင် စကားပြောသံကိုပါ ကြားလိုက်ရလေသည်။

” ရှင့်ကိုရှင် သိပ်ဟုတ်လှပြီးလို့ထင်မနေနဲ့ကိုသက်အောင်…
ရှင်ဘာတွေလုပ်နေလဲဆိုတာ ကျွန်မအကုန်သိတယ်…..တကယ်ဆို ရှင်က စိန်ပန်းမြိုင်အိမ်ကြီးရဲ့ အလုပ်သမားတစ်ယောက်ပဲ… ရှင့်ကိုအချိန်မရွေးနှင်ထုတ်ပစ်လိုက်လို့ရတယ်…”

” ဟား…ဟား..ဟားးးလုပ်လိုက်စမ်းပါဗျာ…ခင်ဗျားနှင်ထုတ်ရဲရင်နှင်ထုတ်လိုက်စမ်းပါး…ခင်ဗျားနဲ့ ခင်ဗျားရဲ့တိတ်တိတ်ပုန်းကောင်တို့ရဲ့ အရှုပ်ထုတ်တွေကိုသက်သေနဲ့တကွဖော်ထုတ်လိုက်မှာပေါ့…ပြီးတော့ ကျုပ်ကိုခင်ဗျားမြူဆွယ်ဖြားယောင်းပြီး ခိုင်းခဲ့တာတွေကိုပါ ခင်ဗျားသားနဲ့ရှေ့နေတွေဆီမှာဖော်ထုတ်လိုက်ရုံပဲပေါ့ ”

“ဘာ…ရှင်…ရှင်ယုတ်မာလှချည်လားဟင် ”

” ယုတ်မာတယ် ဟုတ်လား…တကယ်တမ်းယုတ်မာတာကဘယ်သူလဲ ပြောပါဦး…မကောင်းတဲ့အလုပ်မှန်သမျှတော့ ကျုပ်ကိုခိုင်းပြီး စံစားတော့ ခင်ဗျားတို့ပဲစံစားမယ်ပေါ့လေ…ဘယ်မှာလဲ ကျုပ်ရပိုင်ခွင့်..မစို့မပို့ ဟိုကခိုးဒီကခိုးလို့ရတဲ့ငွေလား…သူဌေးကြီးရဲ့သေတမ်းစာမှာ ကျုပ်နာမည် မပြောနဲ့ ခင်ဗျားနာမည်ပါရင်တောင်ကံကောင်း…ရှင်းရှင်းပဲပြောမယ်…ကျုပ်အများကြီး မမျှော်လင့်ဘူး ကျုပ်တို့ရှာနေတဲ့ပစ္စည်းတွေကို ကျုပ်ပဲတွေ့တွေ့ ခင်ဗျားပဲတွေ့တွေ့ တစ်ယောက်တစ်ဝက်ခွဲယူပြီး ဒီအိမ်ကြီးကနေ အမြန်ဆုံးထွက်သွားချင်တယ် ”
အသံများ ပြန်လည်တိတ်​ဆိတ်သွားပြီး အခန်းဝနားသို့လျှောက်လာသော ခြေသံကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့် နီးစပ်ရာအခန်းထဲသို့ ခပ်မြန်မြန်ပင်ဝင်ပုန်းလိုက်ရသည်။ကျွန်မ အခန်းထဲသို့ရောက်သည်နှင့် အခန်းရှေ့မှ ဖြတ်လျှောက်သွားသော ခြေသံများကိုကြားရပြီး ခြေသံများမှာ တဖြည်းဖြည်းဝေးကွာတိတ်ဆိတ်သွားလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်ပြီး အပြင်သို့ လှမ်း၍အရိပ်အခြည်ကြည့်လိုက်သည်။စင်္ကြန်လမ်းတစ်လျှောက်လုံး ငြိမ်သက်တိတ်​ဆိတ်နေလေသည်။ကျွန်မ အခန်းပြင်သို့ ထွက်ရန်ပြင်လိုက်စဥ်မှာပင်

“အို “သူဌေးကြီး၏ အခန်းဘက်ဆီမှလျှောက်လာသော မည်းမည်းအရာတစ်ခုကိုတွေ့လိုက်ရလေသည်။ထိုမည်းမည်းအရာသည် ကျွန်မရှိရာဘက်ဆီသို့ တရွေ့ရွေ့နှင့်လျှောက်လာလေသည်။ကျွန်မ ကမန်းကတန်းပင် အခန်းထဲသို့ပြန်ဝင်လိုက်ပြီး ထိုအရိပ်မည်းကြီးအခန်းရှေ့မှ ဖြတ်သွားသည့်အချိန်၌ အသက်ရှုပါအောင့်ထားမိလေသည်။ပြီးနောက် ခပ်ဟဟပွင့်နေသော တံခါးပေါက်မှ မသိမသာချောင်းကြည့်လိုက်သောအခါ ထိုမည်းမည်းအရာကြီးမှာ အနက်ရောင်ခေါင်းစွပ်နှင့်အနက်ရောင် ဝတ်စုံအပြည့်ဝတ်ဆင်ထားသော လူတစ်ယောက်​ဖြစ်​နေသည်ကို တွေ့လိုက်ရလေသည်။

****************

အိပ်ပျော်နေရာမှ ဖျတ်ခနဲလန့်နိုးလာသောအခါ အရုဏ်ဦး၏ ကျေးငှက်သံများကိုပါ ကြားနေရလေသည်။ကျွန်မ အိပ်ရာထဲမှလူးလဲထလိုက်ပြီး ညကအဖြစ်အပျက်များကို အိပ်မက်လေလား၊တကယ်လားဟု ဇဝေဇဝါနှင့်တွေးနေမိလေသည်။သေချာရေရာစွာ မဆုံးဖြတ်နိုင်သော်လည်း အမှန်တကယ်တွေ့ကြုံခဲ့ရသလို ခံစားနေရသည်။ကျွန်မ စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကိုခါယမ်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့
ခြေ
နှစ်ဘက်ကို တွဲလဲချပြီး မတ်တတ်ထရပ်လိုက်ရင်း အခန်းထောင့်ကို မဝံ့မရဲ လှမ်းကြည့်လိုက်မိသည်။
” အ ” မတ်တတ်ထရပ်လိုက်သည်နှင့် ခြေချင်းဝတ်ဆီမှစူးခနဲ နာကျင်သွားတာမို့ ခြေထောက်ကိုငုံ့ကြည့်လိုက်မိသည်။
” ဟင် ” ခြေချင်းဝတ်နားတွင် အနည်းငယ်ရောင်နေသည်ကို တွေ့လိုက်ရသည်မို့ ညကအိပ်မက်ထဲတွင် လှေကားမှပြုတ်ကျသည်ကို သတိရသွားမိပြီး အံ့သြထိတ်လန့်သွားရလေသည်။
***************
နာနေသော ခြေချင်းဝတ်ကိုထိန်း၍ လှေကားထစ်များမှ ကျွန်မခပ်ဖြည်းဖြည်းဆင်းခဲ့ရင်း ညကအဖြစ်ကိုသာတွေးနေမိသည်။
လှေကားအဆုံးစင်္ကြန်လမ်းအတိုင်း လျှောက်​နေရင်းမှ ညကဝင်ပုန်းခဲ့သော အခန်းရှေ့ အရောက်၌ အခန်းတံခါးကိုတွန်းဖွင့်ကြည့်လိုက်ရာ အလွယ်တကူပင်ပွင့်သွားသည်။ပွင့်သွားသောတံခါးမှ အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ အခန်းထဲတွင် မှောင်မည်းတိတ်​ဆိတ်နေသည်မှအပ ထူးခြားသောအရိပ်အခြည်ကိုမတွေ့ရပေ။
ကျွန်မ စိတ်ရှုပ်ထွေးစွာပင် သူဌေးကြီး၏အခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး လုပ်စရာရှိသည်များကို လုပ်နေလိုက်သည်။ပြီးနောက် နံနက်အဆာပြေစာ စားရန်အတွက် ထမင်းစားခန်းဘက်သို့ထွက်ခဲ့လိုက်သည်။

****************
ထမင်းစားခန်းထဲတွင် တိတ်ဆိတ်နေသည်။အိမ်ရှင်တစ်ယောက်တစ်လေ၏ အရိပ်အခြည်ကိုမှ မတွေ့ရသလို ယခင်နေ့များက
နံနက်စောစော၌ ထမင်းစားခန်းထဲတွင် ရှိနေတတ်သော မိလုံးနှင့် ကျန်အလုပ်သမားများကိုလည်း မတွေ့ရဘဲ ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ်၍ နေလေသည်။ကျွန်မ မီးဖိုခန်းဘက်ဆီသို့ လျှောက်လာလာခဲ့လိုက်သည်။
မီးဖိုခန်းထဲသို့ ရောက်သော့ခါ ဦးဖိုးထော်နှင့်စကားပြောနေသော မိလုံးကိုတွေ့လိုက်ရလေသည်။ကျွန်မလည်း ဘာရယ်မဟုတ်ဘဲ ငေးကြည့်နေမိလေသည်။မိလုံးနှင့်ဦးဖိုးထော်တို့မှာမူ ကျွန်မကို မြင်ပုံမရဘဲ နှစ်ယောက်သားတိုးတိုးကျိတ်ကျိတ်နှင့်တစ်စုံတစ်ရာကို ပြောနေကြလေသည်။တစ်ချက်တစ်ချက်တွင် ဦးဖိုးထော်သည် စကားပြောနေရင်းမှ မိလုံး၏ခေါင်းကို လက်နှင့်ခပ်ဖွဖွပုတ်တတ်လေသည်။
ကျွန်မ မိလုံးတို့၏ ထိုမြင်ကွင်းကို ကြည့်နေရင်းမှ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေလေသည်။ထိုအခိုက်အတန့်မှာပင် မိလုံးသည် ကျွန်မရပ်နေသည်ကိုမြင်သွားပြီး ဦးဖိုထော်နှင့် ပြောလက်စ စကားကိုရပ်ပစ်လိုက်လေသည်။

“ဆရာမလေးပါလား….မနက်စာစားတော့မလား ဆရာမလေး…ဒီမနက်အလုပ်နည်းနည်းများနေလို့ မနက်စာပြင်ပေးဖို့နောက်ကျသွားတယ် ဆရာမလေး ”

“ရပါတယ်… မိလုံးရယ်… မဆာသေးပါဘူး…ခဏနေရင် သူဌေးကြီးနဲ့ခြံထဲလမ်းလျှောက်ထွက်ရမှာမို့… တစ်ခုခုကြိုစားထားရုံပါ…ဒါနဲ့ဒေါ်ကြူနဲ့မိခိုင်ကိုလည်းမတွေ့ပါလား ”

” ဘယ်တွေ့မလဲ ဆရာမလေးရယ်…မနက်အရုဏ်တက်ကတည်းက ခြံထဲမှာပန်းပင်တွေစိုက်ဖို့ဆိုပြီး သူဌေးကတော်နဲ့ခြံထဲရောက်နေတယ်လေ…ပန်းတွေကနိုင်ငံခြားမျိုးတွေမို့ ဦးလေးဖိုးထော်ကိုတောင် မလုပ်ခိုင်းဘူးတဲ့လေ ”

ကျွန်မနှင့်မိလုံး စကားပြောနေစဥ်မှာပင် ဦးဖိုးထော်သည် ခေါင်ကြီးငုံ့လျက် ကျွန််မဘေးမှ ခပ်ယို့ယို့ပင်ဖြတ်သွားလေသည်။ကျွန်မလည်း အမှတ်တမဲ့ ဦးဖိုးထော်ကိုလိုက်ကြည့်နေမိလေသည်။အသားအရောင် ညိုညိုမွဲမွဲနှင့် ခန္ဓာကိုယ်တုတ်ခိုင်သော ဦးဖိုးထော်၏ ပုံစံမှာ အသက်ကြီးသော်လည်း ဖျတ်လတ်သန်မာပုံရလေသည်။အမြဲတမ်းလိုလို ခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းထားတတ်သောကြောင့် မျက်နှာသွင်ပြင်ကိုမူ အသေအချာမမြင်ဖူးပါချေ။ကျွန်မ ဦးဖိုးထော်အားလိုက်ကြည့်​နေသည်ကို မိလုံးလှမ်းကြည့်​နေမှန်း မျက်လုံးထောင့်စွန်းမှ မြင်နေရလေသည်။

“ဆရာမလေး…ထမင်းစားခန်းထဲသွားနှင့်လေ …မိလုံးနောက်ကလိုက်လာခဲ့မယ် ”
****************

မိလုံး ပြင်ပေးသော မနက်စာကိုစားနေရင်းမှ ကျွန်မမိလုံးကို အကဲခတ်ကြည့်နေမိပြီး ကျွန်မထင်သလို မဖြစ်ပါစေနှင့်လို့ စိတ်ထဲမှ ဆုတောင်းနေမိသည်။”အိုးချင်းထား အိုးချင်းထိ” ဆိုသော်လည်း အသက်အရွယ်ကွာခြားလွန်းလှသည် မဟုတ်ပါလား။
***************
စားသောက်ပြီး၍ သူဌေးကြီး၏အခန်းသို့ပြန်လာခဲ့ရာ လမ်းတွင် လူယုံတော်​ကြီးဦးသက်အောင်နှင့် မျက်နှာချင်း ဆုံမိလေသည်။ဦးသက်အောင်သည် ကျွန်မကိုတွေ့သည်နှင့် ပြုံး၍နှုတ်ဆက်လေ၏။ကျွန်မလည်း ဦးသက်အောင်ကို ကြည့်၍ ညကအဖြစ်ကိုသတိရလိုက်မိလေသည်။ညက တွေ့ကြုံခဲ့ရသော အဖြစ်များသည် အိပ်မက်မဟုတ်ဘဲ တကယ်ံ့အဖြစ်အပျက်သာဆိုလျှင် ကြည့်ရသည်မှာ ဤစိန်ပန်းမြိုင်မှ လူများသည် ပစ္စည်းတစ်ခုခုရှာနေကြပုံရသည်။ထိုပစ္စည်းသည် ဘာပစ္စည်းမှန်း သေချာမသိသော်လည်း အရေးကြီးပုံရလေသည်။ပြီးလျှင် ကေသီတင်နှင့်သီဟထွန်းရှိန်တို့သည်လည်း ထိုပစ္စည်းကိုပင် ရှာနေကြပုံရလေသည်။
ကျွန်မလည်း ဦးသက်အောင်ကို နှုတ်ဆက်ပြုံး ပြုံးပြလိုက်ရင်း

“ပွဲရုံသွားတော့ မလို့လား အန်ကယ်”

“ဟုတ်ပါတယ် ဆရာမ ….မောင်ကျော်စွာဦးကိစ္စကြောင့် ပွဲရုံမှာအလုပ်တွေပုံနေလို့ ခုတလောစောစောသွားနေရတယ် ”
ကျွန်မ၏ အ​မေးကို ပြန်ဖြေပြီးထွက်သွားသော လူယုံတော်ကြီးဦးသက်အောင်ကို ငေးကြည့်နေမိသည်။ဦးသက်အောင်သည် ရုပ်ရည်မှာ ကြည့်ကောင်းသည့်ထဲမပါသော်လည်း အသားညိုစိမ့်စိမ့်၊အရက်ထောင်ထောင်မောင်းမောင်းနှင့် အကြည့်ရဆိုးသူတစ်ယောက်တော့ မဟုတ်ပါချေ။အသက်အရွယ်အားဖြင့်လည်း ငါးဆယ်ကျော်သေးပုံမရပေ။သို့ပါလျက် အိမ်ထောင်ဘက်မရှာဘဲ နေသည်မှာ အနည်းငယ်မျှတော့ ထူးဆန်းနေပေသည်။ပြီးတော့ ပို၍ထူးဆန်းသူမှာ သူဌေးကြီးဦးထွန်းရှိန်များဖြစ်​​နေမလားဟု ကျွန်မတွေးမိပြန်သည်။တကယ်ဆိုလျှင် မိမိ၏ဇနီးဖြစ်သူနှင့် အသက်အရွယ် မတိမ်းမယိမ်းယောကျ်ားသားတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားခြင်းသည် တော်တန်ရုံ သံယောစဥ်ကြောင့်နှင့်တော့ မဖြစ်နိုင်ဟုထင်မိသည်။

****************

ကျွန်မ အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးပြီး ခေါင်းထဲကပါနောက်ကျိလာသည်မို့ သူဌေးကြီး၏ အခန်းသို့ ခပ်မြန်မြန်ပင်လျှောက်လာခဲ့လိုက်သည်။သူဌေးကြီး၏ အခန်းနားသို့ ရောက်လာသောအခါ ညကဝတ်စုံနက်နှင့်လူအကြောင်းကို ထပ်၍သတိရမိသွားပြန်သည်။ မျက်နှာကို မမြင်လိုက်ရသော်လည်း လျှင်မြန်ဖျတ်လတ်သောသူတစ်ယောက်ဖြစ်သည်မှာ သေချာသည်။​
ပြီးတော့ ဤစိန်ပန်းမြိုင်အိမ်ကြီးတွင် ထူးဆန်းသော အဖြစ်အပျက်များဖြစ်နေသည်မှာသေချာသည်။ထို့ပြင် သူဌေးသမီးလေးရတီချိုနှင့်ခင်ပွန်းဖြစ်သူတို့၏တိုက်တိုက်ဆိုင်ဆိုင်သေဆုံးမှုသည်လည်း ထူးဆန်း​နေ​ပြန်သည်။သီဟထွန်းရှိန်အပါအဝင် မိသားစုများ၏ပုံစံများမှာလည်း အနည်းငယ်ထူးဆန်းနေကြသည်မှာ အမှန်ပင်။​
ပို၍ထူးဆန်း​နေသည်မှာ ကျွန်မကိုယ်တိုင်ပင် ဖြစ်နေသည်မဟုတ်ပါလား။မကြာခဏ ဆိုသလိုမက်နေသော ထူးထူးဆန်းဆန်းအိပ်များနှင့် ညဥ့်နက်သန်းခေါင်တွင်ကြားရတတ်သော အသံများသည် တော်ရုံတန်ရုံကြောက်လန့်တတ်သူဆိုလျှင်တောင် ခံနိုင်ရည်ရှိမည်မထင်ပါ။ကျွန်မသည်ပင်လျှင် သူဌေးကြီးဦးထွန်းရှိန်အား ထားပစ်ခဲ့ရမည်ကို စိတ်မကောင်းဖြစ်နေမိသလို အိမ်ပြန်သွားပါကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိိုမည်သူ မရှိသောဘဝမို့ ကြိတ်မှိတ်သည်းခံ၍နေခြင်းဖြစ်သည်။

” ဂျစ်…ဂျစ်..”
ကျွန်မ ကိုယ့်အတွေးနှင့်ကိုယ်လျှောက်နေရာမှ အခန်းတစ်ခန်းဆီမှ တစ်စုံတစ်ခုကို ကုတ်ခြစ်နေသံလိုမျိုးကြားလိုက်ရတာမို့ ဘေးပတ်ဝန်းကျင်မှ အခန်းများဆီသို့ နားစွင့်ကြည့်လိုက်သည်။အသံသည် ကျွန်မနှင့်အနီးကပ်ဆုံးအခန်းထဲမှ ကြားနေရခြင်းဖြစ်လေသည်။ကျွန်မလှမ်းလက်စ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး
အသံလာရာ အခန်းဆီသို့ ကြည့်လိုက်မိသည်။

“ဘုရားရေ “ကျွန်မနှုတ်မှ ခပ်တိုးတိုးဘုရားတလိုက်မိသည်။ကျွန်မရောက်နေသည်မှာ ရတီချိုနေခဲ့ဖူးသော အခန်းဖြစ်နေလေသည်။သည်အခန်းသည်အမြဲပိတ်ထား​သော အခန်းပင် မဟုတ်ပါလား။ကျွန်မ စူးစမ်းလိုစိတ်နှင့် တံခါးဝနားသို့ ကပ်သွားလိုက်မိသည်။

” ကျွိီ ကျွီ….” အခန်းတံခါးသည် ကျွန်မတွန်းမဖွင့်ရပါဘဲ အလိုအလျောက်ပွင့်သွား၍ ကျွန်မရင်ထဲ ဒိန်းခနဲဆောင့်ခုန်သွားရပြီး ခြေထောက်များမှာ ရှေ့သို့ဆက်မလှမ်းရဲဘဲ အခန်းထဲသို့ မရဲတရဲနှင့်လှမ်း၍ ကြည့်လိုက်မိလေသည်။

” ဟင် ”
အခန်းထဲမှ မြင်လိုက်ရသော
​မြင်ကွင်းကြောင့် ကျွန်မခေါင်းထဲ၌ မိုက်ခနဲဖြစ်သွားပြီး အခန်းတံခါးဘောင်ကို ကမန်းကတန်းလှမ်းကိုင်လိုက်ရလေသည်။


သတ်ပုံအမှားတွေပါရင် နားလည်းပေးကြပါရန်တောင််းပန်ပါတယ်ရှင်

အပိုင်း ( ၇ )

“စိန်ပန်း​​မြိုင်မှအိမ်နီကြီး ”
****************
ကျွန်မ မိုက်ခနဲ​ဖြစ်သွားသော ခန္ဒာကိုယ်ကိုမနည်းထိန်းလိုက်ရပြီး အခန်းထဲတွင် ​​ခွေ​ခွေလေးလဲ​နေ​သော ​ကေသီတင်အနားသို့ ​ပြေးသွားပြီးစိုးရိမ်ထိတ်လန့်စွာ ​ကြည့်လိုက်မိသည်။​ကေသီတင်၏ခန္ဓာကိုယ်ပြင်ပတွင် ထိခိုက်ဒဏ်ရာကို မ​တွေ့ရသော်လည်း ​ကေသီတင်သည် ​ကြမ်း​ပြင်​ပေါ်တွင် ​ငြိမ်သက်စွာလဲလျောင်းနေလေသည်။ကံကောင်းသည်မှာ ​ကေသီတင်ထံမှ ခပ်မှန်မှန်ရှူ​နေသော အသက်ရှူ​နေသံကို ​ကြားနေရသောကြောင့်ဖြစ်လေသည်။

” မ​ကေသီတင်….မ​ကေသီတင်… ”
​ကေသီတင်၏ လက်ကို ဆုပ်ကိုင်​ပြီးခပ်​ကြမ်းကြမ်းလှုပ်နှိုးလိုက်သောအခါတအင်းအင်းတအဲအဲညည်းညူသံနှင့်အတူ နိုးလာ​လေသည်။

” ဟင်… ရှင်.. ရှင်…ဆရာမလေးက ကျွန်မအခန်းထဲကို ဘယ်လိုရောက်​​နေတာလဲ…ဒါ……ဒါ ကျွန်မအခန်းလည်း မဟုတ်ဘူး ”

​ကေသီတင်သည် ကျွန်မကို​ကြည့်လိုက် ၊သူရောက်​နေသော အခန်းပတ်ဝန်းကျင်ကို​ကြည့်လိုက်နှင့် လဲ​နေရာမှ ကုန်းရုန်းထလာ​လေသည်။

“ပြော…​ပြောပါဦး…ရတီချို့အခန်းထဲကို ကျွန်မဘယ်လိုရောက်​နေတာလဲ…”

​ကေသီတင်မှာ သူ့အ​ဖြစ်ကို သူ မယုံ​ကြည်နိုင်ပုံနှင့် ​သွေးရူးသွေးတန်းမေး​နေလေသည်။

” ကျွန်မလည်း မသိဘူးလေ မကေသီတင်… ကျွန်မ သူဌေး​ကြီးအခန်းကိုသွားတုန်း ဒီအခန်းထဲက အသံ​ကြားလို့ ကြည့်လိုက်တော့ မ​ကေသီတင်ကို​တွေ့တာပဲ ”

” မဟုတ်တာ…မ​ဖြစ်နိုင်တာတွေမပြောပါနဲ့… ….မာမီရေ… မာမီ…မာမီလာပါဦး… ”

” အို…အရမ်းမအော်ပါနဲ့လား.. မကေသီတင်…တော်ကြာသူ​ဌေးကြီး လန့်သွားမှာစိုးလို့ပါ ”

အသံအကျယ်ကြီးနှင့်အော်ဟစ်လိုက်သော ကေသီတင်အား ကျွန်မအလျှင်အမြန်တားမြစ်လိုက်​သော်လည်း ကေသီတင်သည်
စိတ်ဆိုးမာန်ဆိုးနှင့် ကျွန်မကိုတွန်းထုတ်လိုက်ပြီး ထပ်မံ၍အော်ဟစ်လိုက်လေသည်။

” အို…ဖယ်စမ်းပါ..ကျွန်မဘာသာအော်အော် မအော်အော် ရှင်နဲ့ဘာဆိုင်လဲ. …ဒီလောက်အောက်သံကြောင့်နဲ့တော့ အဲ့ဒီအဘိုးကြီးမသေနိုင်ပါဘူး ဆရာမကြီးပုံစံလာလုပ်မနေနဲ့ …မာမီ…မာမီအ​မြန်လာပါဦး…ဒေါ်ကြူ…မိလုံး အားလုံးဘယရောက်နေကြတာလဲ….ဒီကို​မြန်​မြန်မလာနိုင်ကြဘူးလား ”

ကေသီတင်၏ အသံကုန်အော်ဟစ်လိုက်သောအသံကြောင့် တစ်အိမ်သားလုံး အထိတ်တလန့်ပုံများနှင့် အပြေးအလွှားရောက်ရှိလာကြလေသည်။

ရှေ့ဆုံးမှရောက်လာသော ဒေါ်မာလာတင်မှာ သူ့သမီးကေသီတင်ကိုကြည့်ပြီး အံ့သြတကြီးနှင့်မေးလေသည်။

“ဘာ…ဘာ​ဖြစ်တာလဲ သမီးကေသီ…ဒီအခန်းထဲ ဘာဝင်လုပ်နေတာလဲ ”

” အီး….ဟီး..ဟီး..မာမီ….ညက သမီးအိပ်ရာမှာအိပ်​​​နေတာပါပါ….ခုမနက်နိုးလာတော့ ဒီအခန်းထဲ​ရောက်​နေတယ်မာမီ ”

“ဘာ…ဘာပြောတယ် သမီး…​သေသေချာချာလေးပြောစမ်းပါဦး…မထိတ်သာမလန့်သာရှိလိုက်တာ ”

” မသိဘူး…သမီးလည်း ​သေချာမသိဘူးမာမီ…ညကသမီး အခန်းထဲမှာအိပ်​နေတာ… ခုမနက်နိုးတော့ ဒီအခန်းထဲကိုရောက်နေတယ်လေ…ပြီးတော့ ဒီသူနာပြုမလည်း ဒီအခန်းထဲရောက်နေတယ် ”

“ဘာ…ဘယ်လို…ဒါကဘယ်လို​ဖြစ်တာလဲ…ဆရာမလေး ရှင်း​ပြပါဦး ”

​ကေသီတင်တို့သားအမိ၏ စကားကြောင့်
စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွား၍ မနည်းပြန်မျိုသိပ်လိုက်ရလေသည်။

“ကျွန်မလည်း သေချာမသိပါဘူး သူဌေးကတော်…ကျွန်မ သူဌေးကြီး အခန်းကိုသွားနေတုန်း ဒီအခန်းထဲက အသံကြားလို့ကြည့်လိုက်တော့ မကေသီတင်ကို တွေ့တာပါ ”

” ဟင်…ဒါဆိုဘယ်လိုများ​ဖြစ်ရတာလဲ သမီးရယ်…​သေချာစဥ်းစားပါဦး ”

” မသိပါဘူးမာမီရယ်…ညကအိပ်မပျော်လို့ အိပ်ဆေးသောက်ပြီး အိပ်လိုက်တာပါ… မနက်လင်းတော့ ဒီအခန်းထဲရောက်နေတာပဲ…သမီးအိပ်မောကျနေတုန်း တစ်ယောက်ယောက်က ဒီအခန်းထဲကို ရွေ့ခဲ့တာဖြစ်မယ်…အဲ့လူကိုတွေ့အောင်ရှာပေးပါ မာမီ…တွေ့လို့ကတော့ ကေသီတင်ကဘာလဲဆိုတာသိအောင်ပြရမယ် ”

..​ကေသီတင်က ပြောပြောဆိုဆိုနှင့် အိမ်သားများအား မယုံသင်္ကာသော အကြည့်များဖြင့် ကြည့်လေသည်။

” ရူးရင်လည်း အေးဆေးရူးပါလား မမကေသီ…ဘာဖြစ်လို့ အခြားသူတွေကို ဆွဲထည့်နေတာလဲ…ကိုယ့်ဘာသာ အကြောင်းရှိလို့ ဒီအခန်းထဲ ရောက်လာပြီး အိပ်ပျော်သွားတယ်ဆိုရင်ရော ဘယ်သူကဘာပြောရဲမှာလဲ ဗျာ ”

သီဟထွန်းရှိန်၏ ခနဲ့တဲ့တဲ့နှင့်ပြောလိုက်သော စကားကြောင့် ကေသီတင်တစ်ယောက် ဒေါသတကြီးနှင့်ပြန်လည်အော်ဟစ်လေသည်။

” ဘာ…ဘာပြောတယ်….နင့်ပါးစပ်ကိုပိတ်ထားစမ်း…ဘာအကြောင်းရှိလို့ ဒီလိုကျက်သရေမရှိတဲ့အခန်းထဲကိုလာရမှာလဲ.. မာမီသားကို ပါးစပ်ကိုပိတ်ထားခိုင်းမာမီ…ကေသီအရမ်းဒေါသထွက်လာပြီ ”

“အငယ်ကောင် မင်းကလည်းပါးစပ်ပိတ်ထားစမ်း… ကိုယ့်အစ်မကို ဘယ်လိုပြန်ပြောနေတာလဲ…ကဲ ကဲ သွားကြတော့ …အားလုံးကိုယ်လုပ်စရာရှိတာသွားလုပ်ကြ…ဒေါ်ကြူတစ်ယောက်ပဲနေခဲ့ ”
အသီးသီးထွက်သွားကြသော အိမ်သားတွေကိုကြည့်ပြီး ကျွန်မသက်ပြင်းမောကိုချလိုက်ပြီး သူဌေးကြီး၏ အခန်းသို့ထွက်ခဲ
သည်။

***************

အခန်းထဲသို့ရောက်သောအခါ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် အခန်းဝကိုကြည့်နေသော သူဌေးကြီးကို တွေ့လိုက်ရ၍ စိတ်ထဲမကောင်းဖြစ်သွားရလေသည်။

” အသံတွေကြားလို့ စိတ်ပူနေတာလား ဆရာ… မစိုးရိမ်ပါနဲ့ …မကေသီတင်ချော်လဲတာပါ…ဘာမှမဖြစ်ပါဘူး ”

ကျွန်မ၏ စကားကိုကြားတော့မှ သူဌေးကြီး၏ဦးထွန်းရှိန်၏ ထိတ်လန့်နေသောမျက်နှာမှာ ပြေလျော့သွားပြီး သူ၏တုန်ယင်နေသောလက်နှင့် ကျွန်မလက်ကို ဆုပ်ကိုင်လာလေသည်။

” အိမ်သားတွေအတွက် စိတ်မပူပါနဲ့ ဆရာ..အားလုံးအဆင်ပြေပါတယ်…”

ကျွန်မ သူဌေးကြီး၏လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီးအားပေးစကားပြောနေရင်းမှ ညကအဖြစ်များကို ပြန်တွေးမိလေသည်။ညကအဖြစ်သည် အိပ်မက်မဟုတ်လျှင် ကေသီတင်၏ ထူးဆန်းသော အဖြစ်သည် သီဟထွန်းရှိန်၏လက်ချက်လည်းဖြစ်နိုင်သည်။ထို့ပြင် ညကမြင်တွေ့ခဲ့ရသော ဝတ်စုံနက်နှင့်လူကိုမြင်ယောင်မိပြန်သည်။ထိုလူ၏မျက်နှာကိုသေချာမမြင်လိုက်သော်လည်း သွားလာဟန်ကို ရင်းနှိီးနေသည်။သေချာသည်မှာ ဤစိန်ပန်းမြိုင်အိမ်ကြီးမှာ ထူးဆန်းသောအရာများ ဖြစ်နေသည့််အပြင် သူတို့သည် တစ်စုံတစ်ခုကို အသည်းအသန်ရှာနေကြပုံလည်းရသည်။

” ဆရာမလေး..ကျွန်တော် ဒီနေ့အဖေ့ကို လမ်းလျှောက်ခေါ်သွားပါ့မယ် ”
အသံနှင့်အတူ ဝင်လာသော သီဟထွန်းရှိန်ကို ကျွန်မ​ခပ်တင်းတင်းတစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုငြိမ့်ပြလိုက်ရင်း ဝှီးချဲကို သူ့ရှေ့သို့တွန်းပို့ပေးလိုက်သည်။

****************
တိုက်ကြီး၏ တံခါးဝတွင်ရပ်၍ ခြံထဲသို့ ကျွန်မလှမ်းကြည့်လိုက်သည်။ခြံထဲရှိ ခုံးတန်းပေါ်တွင်ထိုင်နေသော မင်းပိုင်ဦးကို တွေ့လိုက်ရတာမို့ မင်းပိုင်ဦးရှိရာဆီသို့ လျှောက်သွားလိုက်သည်။အနားသို့ရောက်သော့ခါ ခြေသံကြား၍ထင်သည်မင်းပိုင်ဦးကလှည့်ကြည့်လာလေသည်။

” ဟာ…ဝတ်ရည်
လမ်းလျှောက်ထွက်လာတာလား…တစ်ယောက်တည်းလား… သူဌေးကြီးရောမပါဘူးလား.. ”

” အင်း…တစ်ယောက်တည်းပဲ…ရှင်ကရော ဒီနေ့အပြင်မသွားဘူးလား ”

” နေ့လည်လောက်မှသွားမယ်ဝတ်ရည်…အိမ်ထဲမှာ ပြဿနာတွေဖြစ်နေတုန်း အပြင်ထွက်သွားရင်ရှောင်သလိုဖြစ်နေမှာစိုးလို့ ဒီမနက်မသွားတော့ဘူး…ဒါနဲ့ ဝတ်ရည်ရောနေရတာအဆင်ပြေရဲ့လား…ကိုယ်တို့အဖြစ်ကလည်း… ငါးနှစ်ကြာမှ ပြန်တွေ့ပြီး တစ်အိမ်ထဲနေရပေမဲ့ တစ်နေတစ်ခါတောင်တွေ့ရဖို့ မလွယ်ဘူးနော် ”

ကျွန်မ သူ့စကားကို ခွန်းတုံ့မပြန်ဘဲ သူ့မျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။သူကလည်း ကျွန်မကို ရွှန်းရွှန်းစားစားမျက်ဝန်းများဖြင့်ပြန်ကြည့်နေလေသည်။

” ရှင် ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာ ဘာကိစ္စရှိလို့နေနေတာလဲ ကိုမင်းပိုင်ဦး… ကျွန်မ အမှန်အတိုင်းသိချင်တယ် ”

ကျွန်မအမေးကြောင့် သူ့မျက်နှာမှာ ကွက်ခနဲပျက်သွားပြီး

“အလုပ်ကိစ္စရှိလို့နေတာလေ ဝတ်ရည်…ကိုယ်ရောက်တဲ့နေ့ကတည်းက ဝတ်ရည်ကို ပြောပြထားတယ်လေ…ဒီမြို့မှာဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုပ်ဖို့ နေရာရှာနေတုန်း ဒီမှာခဏတည်းနေတဲ့သဘောပါ ဝတ်ရည်ရယ် ”

ကျွန်မ သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး ထပ်ပြီးမေးလိုက်သည်။

“ထားပါတော့လေ… ညဘက်တွေ ဘယ်အချိန်အိပ်လဲ…ညကရော တရေးနိုးချိန်မှာ အောက်ထပ်လေးဘာလေးဆင်းသေးလား ”
ကျွန်မ အမေးကြောင့် သူထိတ်လန့်အံ့သြသွားပုံနှင့်

” ဘာ …ဘာကိုမေးတာလဲ ဝတ်ရည်…ညကကိုယ်စောစောအိပ်တာပါ…တစ်​နေကုန်သွားလာထားတော့ ပင်ပန်းပြီး တစ်ချိုးတည်း အိပ်ပျော်သွားတာ မိုးလင်းမှနိုးတာ ”

“ရှင့်ပုံစံက အရင်အတိုင်းပဲနော်ကိုမင်းပိုင်ဦး… ရှင့်ကိုကြည့်လိုက်ရင် အမြဲလျှိုဝှက်ချက်တွေ့နဲ့ပြည့်နေတာပဲ…သူငယ်ချင်းသံယောစဥ်နဲ့ ပြောလိုက်မယ်…ရှင် ဒီအိမ်ကြီးကို ဘာအတွက်ရောက်လာမှန်းမသိပေမဲ့…ရှင်အခုလုပ်နေတာတွေကိုမလုပ်ဘဲ ပြန်သွားဖို့ပဲပြောချင်တယ် ”

ကျွန်မ ပြောပြီးတာနှင့် ခုံမှထလိုက်ပြီး သူ့အနားမှထွက်ခဲ့လိုက်သည်။ထိုအခါ သူပါထိုင်နေရာမှ ထလိုက်ပြီး ကျွန်မလက်ကိုလှမ်းဆွဲလိုက်လေသည်။

” ခဏ…ခဏနေပါဦး ဝတ်ရည်
…ကိုယ်ပြောတာကို နားထောင်ပါဦး.. ဝတ်ရည်က ဘာအဓိပ္ပါယ်နဲ့ပြောလဲမသိပေမဲ့ ကိုယ့်ဒီအိမ်မှာလာနေတာက ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့မဟုတ်ဘူးဆိုတာကျိန်ရဲပါတယ်…အရိုးသားဆုံးပြောရရင် ဒီအိမ်ကြီးမှာ ဝတ်ရည်ရှိနေလို့ နေဖို့ဆုံးဖြတ်လိုက်တာပါ…”

ကျွန်မလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ တတွတ်တွတ်ပြောနေသော သူ့ကိုကြည့်ပြီး ကျွန်မ အတိတ်မှ ဒဏ်ရာများကိုသတိရသွားက​ပြီးလက်ကိုအတင်းဆောင့်ရုန်းပစ်လိုက်သည်။

” အို လွှတ်…ကျွန်မလက်ကိုလွှတ်… ရှင်ပြောသမျှစကားတွေကို လုံးဝအယုံအကြည်မရှိတော့ဘူး….အရင်က ရှင့်အလိမ်အညာစကားတွေကို ယုံခဲ့မိလို့ ဆွေမျိုးတွေကြားမှာ သိမ်ငယ်ခဲ့ရပြီးပြီ ”

“အရင်က ကိစ္စတွေအတွက် ကိုယ်တောင်းပန်ပါတယ် ဝတ်ရည်ရယ်…အဲ့ဒီတုန်းက အမေကလည်းဆုံးသွားပြီး ကိုယ့်ဆီမှာငွေကလည်းမရှိမို့ စိတ်ဓါတ်ကျ​ပြီး အဒေါ်နဲ့လိုက်သွားခဲ့တာပါ…ကိုယ်တစ်နေ့မှဝတ်ရည်ကိုမေ့လို့မရခဲ့ပါဘူး ”

” အို တော်စမ်းပါ
…အရင်တုန်းကအကြောာင်းတွေကိုပြောမနေနဲ့တော့…ရှင့်ကို ကျွန်မ မယုံတော့ဘူး ”

” မဟုတ်ဘူး ဝတ်ရည်…ကိုယ်တကယ်ပြောနေတာ…မကြာခင်ကိုယ့်ပြန်တော့မှာ ကိုယ်ပြန်ရင် ဝတ်ရည်ကိုပါ ခေါ်သွားဖို့ စီစဥ်ထားတယ်…ကိုယ်တို့နှစ်ယောက်လက်ထပ်ပြီး ရန်ကုန်မှာ​နေကြမယ်လေ ”

“ဘာရှင့်..လက်ထပ်မယ် ဟုတ်လား…ဒီစကားကို ရှင်ပြောရဲသေးတယ်ပေါ့…ဒီစကားပြောဖို့နောက်ကျသွားပြီရှင့်…ဖယ်ပေး… ရှေ့ကနေမြန်မြန်ဖယ် ”

ကျွန်မစိတ်တိုတိုနှင့်ရှေ့မှပိတ်ရပ်နေသော သူ့ကိုတွန်းဖယ်ပစ်လိုက်ပြီး
တိုက်ကြီးထဲ ပြန်ဝင်ရန်ဟန်ပြင်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းမှနေ ကျွန်မတို့ကိုကြည့်နေသော သီဟထွန်းရှိန်တို့သားအဖနှစ်ယောက်ကိုတွေ့လိုက်ရလေသည်။သီဟထွန်းရှိန်၏ စူးစူးရဲရဲအကြည့်တွေကြောင့် ကျွန်မခေါင်းကိုငုံ့ပြီး ကျောခိုင်းလိုက်ကာ အိမ်ကြီးထဲသို့ ဒရောသောပါးပြေးဝင်ခဲ့မိလေသည်။

****************
” ဆရာမ…ဧည့်ခန်းထဲကို ခဏလာပါဦး ပြောစရာလေးရှိလို့ ”

​ခြံထဲမှ အပြေးတစ်ပိုင်းဝင်လာမိသော ကျွန်မ။အိမ်ဝတွင် ဒေါ်မာလာတင်နှင့်တည့်တည့်ရင်ဆိုင်တိုးလေသည်။
————
ဧည့်ခန်းထဲသို့ ရောက်သောအခါ ဒေါ်မာလာတင်သည် မျက်နှာထားခပ်တင်းတင်းနှင့် လှမ်းကြည်ပြီး တင်းမာသော လေသံနှင့်စကားစလေသည်။

“မောင်မင်းပိုင်ဦးနဲ့ဆရာမလေးတို့ ဘာပတ်သက်မှုရှိလဲ ”

” ရှင် ”
ကျွန်မ ဒေါ်မာလာတင်ကို အလန့်တကြားမော့ကြည့်လိုက်မိပြီး ခေါင်းကိုခါယမ်း​ပြလိုက်မိသည်။

” ကျွန်မတို့ဘာမှ မပတ်သက်ပါဘူး…ဟိုအရင်ကသိခဲ့ဖူးတဲ့မိတ်ဆွေတွေပါ…

“​ဒါဆိုလည်း ကောင်းပြီလေ..ဆရာမတို့ရဲ့ကိုယ်ရေးကိုယ်တာာကိစ္စတွေကိုတော့ ဘာမှမပြောလိုပါဘူး…ဒါ​ပေမဲ့ စိန်ပန်း​​မြိုင်အိမ်​​ကြီးမှာ​နေရင်တော့ အနေအထိုင်အပြောအဆိုဆင်ခြင်ပါ…စကားရှုပ်ရှုပ်ယှက်ယှက်တွေမပြောမိပါစေနဲ့ ”

****************

ဧည့်ခန်းထဲမှ ကျွန်မစိတ်တိုတိုနှင့်ထွက်လာခဲ့ပြီး စင်္ကြန်လမ်းတစ်လျှောက် တွေတွေဝေဝေနှင့်လျှောက်လာခဲ့သည်။စိတ်ထဲ၌မူ ဒေါ်မာလာတင်၏ မောက်မာသောပုံစံကိုသာ မြင်ယောင်နေမိလေသည်။

” အမေ့ ”
စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်းမှ ရုတ်တရက်လက်ကိုဆောင့်ဆွဲခံလိုက်ရပြီး အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်မို့ လန့်ဖျပ်ပြီး တွန်းထိုးရုန်းကန်​အော်ဟစ်လိုက်မိသည်။

” ဘာလုပ်တာလဲ လွှတ်….အခုချက်ချင်းလွှတ်…မလွှတ်ရင် အော်လိုက်မှာနော်.. ”

” ရှူး…တိုးတိုးပြောပါ…ဆရာမ​လေး မတော် ဒီအခန်းထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်းရှိနေတာကို တစ်ယောက်ယောက်သိသွားရင်မကောင်းဘူး ”

” ရှင်…သီဟထွန်းရှိန် ဒါဘာလုပ်တာလဲ…သူဌေးကြီးရောဘယ်မှာလဲ…”

” စိတ်မပူပါနဲ့…ရှေ့နေကြီးရောက်လာလို့ထားခဲ့တာပါ ”

” ဒါနဲ့ ဘာကိစ္စ ကျွန်မကို ဒီအခန်းထဲခေါ်လာရတာလဲ…”

“မေးစရာရှိလို့ပါ ဆရာမလေး.. မနက်က ကျွန်တော့အစ်မကိစ္စကဘယ်လိုဖြစ်တာလဲ သိချင်လို့….”

ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကိုခပ်စူးစူးကြည့်လိုက်သည်။

“​ကေသီတင် အဲ့ဒီအခန်းထဲဘယ်လိုရောက်နေတာလဲဆိုတာ …ကျွန်မထက်ရှင်ကပိုသိတယ်မဟုတ်ဘူးလား…တကယ်လို့ မကေသီတင်ပြောသလို တစ်ယောက်ယောက်ကသာ သူ့ကို အဲ့ဒီအခန်းထဲသွားထားခဲ့တာဆိုရင် အဲ့ဒီလူကဘယ်သူလဲဆိုတာ ရှင်တို့က ပိုသိမှာပေါ့… ဘာပဲဖြစ်ဖြစ် မကေသီတင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲသေးသေးသွယ်သွယ်လေး ဖြစ်နေပါစေ တော်ရုံလူကတော့ အ​ပေါ်ထပ်က​နေအောက်ထပ်အထိ နိုင်မှာမဟုတ်ဘူး… ရှင့်လို့အရပ်အမောင်းနဲ့ခန္ဓာကိုယ်မျိုးရှိတဲ့သူဆိုရင်တော့ မပြောတတ်ဘူး ”

” ဗျာ…ဆရာမလေး….
​ဘာသဘောနဲ့​ ပြောတာလဲ…. ကျွန်တော်ကဘာကိစ္စအပင်ပန်းခံပြီး အဲ့လိုလုပ်မှာလဲ ”

” ဒါတော့…မသိဘူးလေ…ရှင်တို့မိသားစုကိစ္စပဲ …ကျွန်မနဲ့မှမဆိုင်တာ…ဒါပဲမေးမှာမဟုတ်လား… ကျွန်မသွားတော့မယ် ”

ကျွန်မပြောပြီးတာနှင့် သူရှေ့မှချာခနဲလှည့်ထွက်လိုက်ပြီး အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
“အမေ့ “ကျွန်မ အခန်းတံခါးကို ဆွဲဖွင့်နေစဥ်မှာပင် သီဟထွန်းရှိန်သည် ​နောက်မှကျွန်မလက်ကို လှမ်းဆွဲလိုက်၍ ကျွန်မ၏ခန္ဓာကိုယ်တစ်ခုလုံး အရှိန်မထိန်းနိုင်​တော့ဘဲ သီဟထွန်းရှိန်၏ ရင်ခွင်ထဲသို့လဲကျသွားရလေသည်။

” အို …ရှင် ဒါဘာလုပ်တာလဲ…လွှတ်…ဖယ်ဆို…အမြန်ဖယ် ”

ကျွန်မရှက်ရှက်နှင့် သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ပြီး ရုန်းထွက်လိုက်သည်။

” ဖယ်မှာပါဗျာ…ဆရာမလေးက ကျွန်တော်​ပြောတာကိုဆုံးအောင်နားမထောင်ဘဲ ထွက်သွားဖို့ပဲလုပ်နေလို့ လှမ်းဆွဲလိုက်တာပါ…ကျွန်တော်ပြောတာကို ခဏလောက်ငြိမ်ငြိမ်လေးပဲနားထောင်ပေးပါ…ဆရာမလေးကိုလက်ဖျားနဲ့တောင်မထိပါဘူး ”

” အဲ့ဒါဆိုလည်း…ပြောစရာရှိတာ အမြန်ပြော ”

“မပြောတော့ပါဘူးဗျာ…ဆရာမလေးက ကျွန်တော့်ကိုမြင်တာနဲ့ဒေါသပဲထွက်နေတယ်…ကျွန်တော်ဘာလုပ်မိလို့ ကျွန်တော့်ကိုမုန်းနေရတာလဲ…”

ကျွန်မမျက်နှာကို မမှိတ်မသုန်စိုက်ကြည့်ပြီးပြောနေသော သီဟထွန်းရှိန်ကို ကျွန်မသတိလက်လွတ်ငေးမောကြည့်နေမိသည်။သီဟထွန်းရှိန်နှင့်ကျွန်မ အတန်ကြာအကြည့်ချင်းဆုံမိကြပြီ နောက် ကျွန်မတို့နှစ်ယောက်လုံးအသိဝင်လာပြီး ရှိုးတိုးရှန့်တန့်ဖြင့် မျက်နှာများကိုလွှဲလိုက်ကြသည်။

“ဟို…ဟို…ဒါပဲမဟုတ်လားဟင်….ကျွန်မသွားတော့မယ်”

ကျွန်မ၏စကားသံမှာ ရှက်ရွံစိတ်ဖြင့်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေသည်။ထို့အတူ သီဟထွန်းရှိန်သည်လည်း ခေါင်းကြီးကိုငုံ့ပြီးရပ်နေရာမှ ကျွန်မကိုမဝံမရဲနှင့်လှမ်းကြည့်ပြီး

” ဟို…ဟိုလေ..ဆရာမလေးနဲ့ကိုမင်းပိုင်ဦးကဘယ်လိုများပတ်သက်​နေတာလဲ ”

တံခါးကိုဖွင့်ဖို့လုပ်နေရင်းမှ သီဟထွန်းရှိန်ကို ကျွန်မ လည်ပြန်လှည့်ကြည့်လိုက်သည်။သီဟထွန်းရှိန်သည် ကျွန်မ၏အဖြေကို ငံ့လင့်နေဟန် ​ကြည့်နေလေသည်။

“တကယ်သိချင်တာလား…သိချင်ရင်လည်း ပြောပြရမှာပေါ့…ကျွန်မရဲ့ရည်းစားဟောင်းလေ..ခုတော့ဘာမှမပတ်သက်ပါဘူး…”

ပြောပြီးသည်နှင့် အခန်းထဲမှပြေးလွှားထွက်ခဲ့သည်။ထိုခဏ၌တော့ ကျွန်မစိတ်ထဲ၌ သီဟထွန်းရှိန်နှင့်ပတ်သက်သော သံသယစိတ်များလည်း ပျောက်ကွယ်နေလေသည်မှာတော့အမှန်ပါပင်။

****************

ဖျတ်ခနဲ လန့်နိုးလာချိန်၌ တစ်ခန်းလုံးမှောင်မည်းနေသည်။

” ဂျီ.. ဂျီ ..ဂျီ..”

နိုးလျှင်နိုးချင်ပင် အခန်းထောင့်အမှောင်ထဲမှ ကြမ်းပြင်ကိုကုတ်ခြစ်နေသောအသံကဲ့သို့တဂျစ်ဂျစ်မြည်သံကိုကြားရလေသည်။ကျွန်မ မရဲတရဲနှင့်အခန်းထောင့် အမှောင်ထဲကို ​သေချာကြည့်လိုက်သည်။ကြုံဖူးနေကြဖြစ်သော်လည် နှလုံးခုန်သံများ တထိတ်ထိတ်နှင့်မြန်ဆန်လာသလို စိတ်တင်းထားသည့်ကြားမှချွေးစီးများလည်းအနည်းငယ်ပြန်လာ​လေသည်။

“အမလေး… ဘုရား”အခန်းထောင့်ကိုကြည့်နေရင်းမှ မြင်လိုက်ရသောမြင်ကွင်းကြောင့် လွှတ်ခနဲ လန့်အော်မိသော ပါးစပ်ကို လက်ဖဝါးနှင့်အမြန်ပိတ်လိုက်ရသည်။
အခန်းထောင့်အမှောင်ထဲတွင် ဆံပင်ဖိုးရိုးဖားရားနှင့် ငုတ်တုတ်ထိုင်နေသောမိန်းမတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုမိန်းမသည် ခေါင်းကြီးငိုက်စိုက်ချလျက် သူ၏လက်သည်းရှည်များဖြင့်ကြမ်းပြင်ကို ကုတ်ခြစ်နေလေသည်။ကျွန်မလည်းထိုမြင်ကွင်းကို ​ကြောက်ကြောက်နှင့်ကြည့်နေမိစဥ်မှာပင် မြင်ကွင်းမှဖျတ်ခနဲပျောက်သွား​လေသည်။

“ဘုတ်..ဘုတ်…”

ရုတ်တရက် ပြတင်းမှန်းတံခါးဆီမှ ရိုက်ပုတ်လိုက်သံကဲ့သို့ အသံထွက်လာ၍ ကျွန်မတစ်ကိုယ်လုံး ဆတ်ခနဲတုန်တက်သွားရလေသည်။ပြီးလျှင်
အသက်ရှူသံတွေပါပိုမိုမြန်ဆန်လာပြီး လူမှာမောဟိုက်လာလေသည်။ကျွန်မရင်ဘတ်ကို လက်နှင့်ဖိပြီး ပြတင်းပေါက်နားသို့ထလာခဲ့လိုက်​ပြီး လိုက်ကာစကိုဘေးသို့တွန်းပို့လိုက်ကာ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။
လပြည့်
ရက်နီးလာပြီးမို့ ခြံထဲတွင်လရောင်ဖြင့်လင်း၍နေလေ၏။လ၏အလင်းရောင်အောက်တွင် ဟိုသည်ယိမ်းနွဲ့နေသော သစ်ပင်ကြီးများကို ကျွန်မခဏတာငေးမောကြည့်နေမိသည်။

“ဟင် “ည၏အလှကိုငေးကြည့်နေမိစဥ် မျက်လုံထဲမြင်လိုက်ရသော အရာကြောင့် ကျွန်မ​ယောင်ယမ်းပြီးနောက်ကိုဆုတ်လိုက်မိသည်။ပြတင်းပေါက်မှတဆင့်မြင်လိုက်ရသည်မှာ ကျွန်မရှိရာပြတင်းပေါက်သို့ လှမ်းကြည့်နေသောမိန်းမတစ်ယောက် ။ပြီးလျှင် ထိုအမျိုးသမီးသည် ကျွန်မကိုလက်ယပ်၍ခေါ်နေပြန်သည်။ကျွန်မ လိုက်ကာစကို ဆတ်ခနဲဆွဲပိတ်ပစ်လိုက်သည်။

” ဒေါက်.. ဒေါက်…”
“အမလေး ”
ပြတင်းပေါက်မှခြေလှမ်းကိုနောက်ဆုတ်လိုက်စဥ် ရုတ်တရက် အခန်းတံခါးခေါက်သံထွက်ပေါ်လာသောကြောင့် လန့်ဖျပ်ပြီး ခြေထောက်နှစ်ဘက်မှာ ကြမ်းပြင်ပေါ်သို့ ညွှတ်ခွေလဲကျမလိုပင်ဖြစ်သွားလေသည်။

” ဘယ်…ဘယ်သူလဲ “ကျွန်မတုန်တုန်ရီရီနှင့်လှမ်းမေးလိုက်သော်လည်း ပြန်ဖြေသံကိုမကြားရဘဲ တံခါးခေါက်သံမှာအဆက်မပြတ်ထွက်ပေါ်နေလေသည်။ကျွန်မရင်တထိတ်ထိတ်နှင့် တံခါးနားသို့လျှောက်သွားပြီး တံခါးကိုခပ်ဟဟဖွင့်ကြည့်လိုက်သည်။

” ဝှစ်”

” အမေ့ ”

တံခါးကိုဖွင့်လိုက်သည်နှင့် လူတစ်ယောက်ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသော် အခန်းအပြင်၌ မည်သူမှမရှိပါချေ။ကျွန်မစင်္ကြန်လမ်းတစ်လျှောက်လှမ်းကြည့်လိုက်သည်။

” ဟင်” စင်္ကြလမ်းပေါ်တွင်တရွေ့ရွေ့သွားနေသော အရိပ်မည်းကြီးတစ်ခုကိုတွေ့လိုက်ရသည်။ထိုအရိပ်မည်းကြီးသည် ကျော်စွာဦးနေခဲ့သော အခန်းရှိရာ စင်္ကြန်လမ်းဘက်သို့ ချိုးကွေ့သွားလေသည်။

ကျွန်မ အခန်းတံခါးကိုခပ်ဖြည်းဖြည်းဆွဲဖွင့်လိုက်ပြီး ခြေသံလုံလုံနှင့် စင်္ကြန်လမ်းအတိုင်းဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ကျော်စွာဦး၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းထောင့်ချိုးသို့ ရောက်သောအခါ ခဏရပ်၍ အမောဖြေလိုက်ရသည်။ရင်အစုံမှာဖာဖိုကဲ့သို့ဖြစ်နေပြီး မောဟိုက်နေသော်လည်း သည်ညအဖို့ တရားခံကိုမိအောင်ဖမ်းရန် ကျွန်မဆုံးဖြတ်ချက်ချထားပြီးဖြစ်လေသည်။​ကျော်စွာဦး၏ အခန်းရှိရာသို့ လမ်ထောင့်ချိုးမှအသာချောင်းကြည့်လိုက်သည်။ထိုအခါ အရိပ်မည်းကြီးမှာ အဝတ်နက်ကြီးခြုံထားသောလူတစ်ယောက်ဖြစ်မှန်းတွေ့လိုက်ရလေသည်။
ကြည့်နေစဥ်မှာပင် ထိုလူသည်ကျော်စွာဦး၏ အခန်းတံခါးကိုဖွင့်၍ဝင်သွားလေသည်။
ကျွန်မ လက်ထဲမှကိုင်ထားသော ဓါတ်မီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး ကျော်စွာဦး၏အခန်းဆီသို့ ခြေသံမမြည်​အောင်လျှောက်ခဲ့သည်။
တဖြည်းဖြည်း ကျော်စွာဦး၏ အခန်းနှင့်နီးလာသည်နှင့်အမျှ ရင်တွေတဒိန်းဒိန်းအခုန်မြန်လာသည်။

” ရှပ်…ရှပ်…”
ရှေ့သို့သွားရန်လောနေစဥ်မှာပင် ရုတ်တရက်နောက်မှခြေသံကြားလိုက်ရ၍ ကျွန်မ အထိတ်တလန့်နောက်သို့ လှည့်ကြည့်လိုက်မိသည်။

” ဒုတ် ”
” အ “ဖျတ်ခနဲအရိပ်သာမြင်လိုက်ရ​ပြီး ဇာက်ပိုးဆီမှ နာကျင်မှုနှင့်အတူ လောကကြီးတစ်ခုလုံးမှောင်အတိကျသွားသည်ကိုသာ ကျွန်မသိလိုက်​တော့သည်။

————-

အပိုင်း (၈ )ဆက်ရန်

အပိုင်း ( ၈ )

“စိန်ပန်းမြိုင်မှအိမ်နီကြီး ”
****************

“အ…ကျွတ်….ကျွတ် ”
အသိဝင်လျှင်ဝင်ချင်း ပထမဆုံးခံစားရသည်မှာ ခေါင်းတစ်ခုလုံးအုံခဲနေသလိုဖြစ်နေပြီး ဇက်ပိုးဆီမှနာကျင်နေခြင်းဖြစ်လေသည်။ပြီးလျှင် တစ်ပြိုင်နက်တည်း ထိတ်လန့်ကြောက်ရွံ့စိတ်ပါဝင်လာလေသည်။
“ဘယ်နေရာရောက်နေတာလဲ”ကျွန်မစိတ်ထဲမှ ရေရွတ်လိုက်ပြီးလူးလဲထကြည့်လိုက်သည်။

“ဝတ်ရည်…ဝတ်ရည်သတိရပြီးလားဟင် ….နေဦး အရမ်းမထနဲ့ဦးလေ…ခဏပြန်လှဲနေဦး ”
ရင်းနှီးလွန်းသော အသံကြောင့် စိတ်ထဲမှကြောက်စိတ်များအနည်းငယ်ပြေလျော့သွားပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်။
ပြာလဲ့လဲ့အလင်းရောင်အောက်တွင်မြင်နေရသော အခန်းအပြင်အဆင်ကြောင့် ရင်ထဲမှအပူလုံးကြီးမှာငြိမ်းကျသွားလေသည်။ကျွန်မ ခပ်ဖြည်းဖြည်းထထိုင်လိုက်သည်။ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေဆဲပင်။
“အတင်းမထနဲ့လေ ဝတ်ရည်…ဘယ်လိုနေလဲ… နေသာရဲ့လား ”

” အင်း…သက်သာပါတယ်…ဒါ…ဒါနဲ့ကျွန်မကိုဘယ်သူရိုက်လိုက်တာလဲ…ရှင်ရိုက်လိုက်တာလား ကိုမင်းပိုင်ဦး ”

” ဟာ…မဟုတ်ပါဘူး ဝတ်ရည်ရယ်…စင်္ကြန်လမ်းပေါ်မှာဝတ်ရည်လဲနေတာတွေ့လို့ ကိုယ့်ဝတ်ရည်အခန်းထဲကိုခေါ်ခဲ့တာ…ဝတ်ရည်ကဘယ်လိုဖြစ်တာလဲ…ရိုးရိုးမူးလဲတာမဟုတ်ဘူးလားဟင်…အရိုက်ခံရတာလား… ”

မင်းပိုင်းဦးမျက်နှာကို ကျွန်မသေချာအကဲခတ်ကြည့်လိုက်သည်။မင်းပိုင်ဦး၏ပုံစံမှာ ကျွန်မကိုအမှန်တကယ်ပင်စိုးရိမ်နေသောပုံပေါ်လွင်နေ၍ ကျွန်မခေါင်းကိုအသာအယာငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်… ကျွန်မကိုအနောက်ကနေရိုက်လိုက်တာပဲ…ရှင်ဘာမှမတွေ့လိုက်ဘူးလား ”

“ဟင့်အင်း… ဘယ်သူ့ကိုမှမတွေ့ဘူး…ကိုယ်အဲ့နေရာရောက်တော့ ဝတ်ရည်တစ်ယောက်တည်းလဲနေတာကိုတွေ့တာ… ဒါနဲ့ရိုက်သွားတဲ့သူကိုရောမြင်လိုက်လား ဝတ်ရည် ”

“ဟင့်အင်း…မတွေ့လိုက်ဘူး…နောက်ကခြေသံကြားလို့ လှည့်ကြည့်ဖို့လုပ်နေတုန်းမှာ အရိုက်ခံလိုက်ရတာ…ဒါနဲ့ ရှင်ကဘယ်လိုရောက်လာတာလဲ ”

“အဲ့ဒါ ကိုယ်ကဝတ်ရည်ကိုမေးရမှာ…ဝတ်ရည်ကညကြီးသန်းခေါင် အဲ့ဒီနေရာကိုဘာသွားလုပ်တာလဲ ”

“အခန်းတံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့…အဝတ်နက်ခြုံထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာနဲ့နောက်ကလိုက်ကြည့်တာ ကိုကျော်စွာဦးအခန်းထဲကိုဝင်သွားတာတွေ့လို့ ကြည့်နေတုန်းမှာ
အနောက်ကနေ ကျွန်မဇာက်ပိုးကိုရိုက်လိုက်တယ်ထင်တာပဲ ”

” ဟာ…ဖြစ်ရလေ ဝတ်ရည်ရယ်… မသေကောင်းမပျောက်ကောင်းကွာ…”

မင်းပိုင်းဦးသည် စိုးရိမ်ပူပန်သောမျက်နှာဖြင့် ကျွန်မခေါင်းကို ခပ်ဖွဖွဆုပ်ကိုင်လေသည်။ကျွန်မလည်း ခေါင်းကိုအသာရှောင်တိမ်းလိုက်ပြီး မင်းပိုင်ဦး၏မျက်နှာကိုစေ့စေ့ကြည့်ကာမေးလိုက်သည်။

” ဒီအိမ်ကြီးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်​နေလဲဆိုတာ ရှင်သိတယ်မဟုတ်လား ကိုမင်းပိုင်ဦး…ဒီအိမ်ကြီးကိုရှင်ဘာလာလုပ်တာလဲဆိုတာ ကျွန်မကိုမပြောပြနိုင်ဘူးလား ”

ကျွန်မစကားဆုံးသောအခါ မင်းပိုင်ဦးသည်
သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး ကျွန်မမျက်နှာကိုစေ့စေ့ကြည့်ပြီးပြောလေသည်။

“ဒီအိမ်ကြီးကို ကိုယ်ဘာလို့ရောက်လာလည်းဆိုတာမပြောခင်…ဝတ်ရည်ကတိတစ်ခုတော်အရင်ပေးရမယ်…ဘယ်လိုလဲ ဖြစ်မလား ”

ကျွန်မမင်းပိုင်ဦးမျက်နှာကိုဆတ်ခနဲမော့ကြည့်လိုက်မိသည်။

” ဘာကတိလဲ ”

“ကိုယ်တောင်းမယ့် ကတိကခက်ခက်ခဲခဲကတိမဟုတ်ပါဘူး ဝတ်ရည်ရယ်…ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေ ဝတ်ရည်အမြန်ဆုံးထွက်သွားပါ့မယ်ဆိုတဲ့ကတိပါ ”

” ရှင်…ဘာလို့လဲ…ကျွန်မကဘာလို့ထွက်သွားရမှာလဲ…မသွားဘူး… သနားစရာကောင်းတဲ့သူဌေးကြီးကိုလည်းမထားခဲ့နိုင်ဘူး …ရှင်ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ ”

” ပြောရခက်လိုက်တာ ဝတ်ရည်ရယ်…မင်းအတွက်အန္တရာယ်ရှိလာနိုင်လို့ပြောနေတာ…ကိုယ့်စကားကိုနားထောင်ပါကွာနော် ”

” ဟင့်အင်း နားမထောင်နိုင်ဘူး ကျွန်မကသူနာပြုတစ်ယောက်ပါ …ကျွန်မလူနာကိုမျက်နှာလွဲခဲပစ်မထားခဲ့နိုင်ဘူး… ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာကိုသာ ကျွန်မကိုပြောပြ…အဲ့ဒါမှအန္တရာယ်ကို ကျွန်မလည်းရှောင်နိုင်မှာပေါ့ ”

ကျွန်မစကားကြောင့် မင်းပိုင်းဦးက စိတ်ရှုပ်သွားဟန်နှင့်သူ့ခေါင်းမှဆံပင်များကိုလက်နှင့်ထိုးဖွပစ်လိုက်လေသည်။

“ကိုယ်ပြောပြမယ် သေချာနားထောင်…ကိုယ်ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုရောက်လာတဲ့အကြောင်းအရင်းက ကိုယ့်အဒေါ်ယောကျ်ားကအကူအညီတောင်းလို့ပဲ…ဦးလေးကသူ့တူမရတီချိုသေဆုံးတာကို တစ်ယောက်ယောက်ကလုပ်ကြံတာလို့ထင်နေတယ်… ”

” ရှင်…ဘာ.ဘာ​ပြောတယ် ကိုမင်းပိုင်ဦး ဒါ ဒါဆို မရတီချိုသေဆုံးမှုက မတော်တဆမဟုတ်ဘူးလား ”

” ဟုတ်တယ် သေချာတာက.. တစ်ယောက်ယောက်ကလုပ်ကြံခဲ့တာပဲ…ဘာလို့လုပ်ကြံတာလည်းဆိုတော့ ဒီစိန်ပန်းမြိုင်အိမ်ကြီးရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက ရတီချိုနာမည်နဲ့ရှိနေတာမို့လို့ပဲ…သူဌေးကြီးဦးထွန်းရှိန်က ဒေါ်မာလာတင်ရဲ့နောက်မီးလင်းနေတဲ့ကိစ္စကိုရော၊လူယုံတော်ဦးသက်အောင်ရဲ့သစ္စာမဲ့မှုတွေကိုသိသွားခဲ့လို့ သူပိုင်ဆိုင်မှုမှန်သမျှကို သူ့သမီးနာမည်နဲ့အကုန်လွှဲထားတယ်…ဒီအကြောင်းကိုအိမ်သားတွေသိပြီးသိပ်မကြာခင်မှာပဲ ရတီချိုဆုံးသွားခဲ့ရတယ်…ဒီအကြောင်းတွေကို သူဌေးကြီးဦးထွန်းရှိန်ရဲ့ရှေ့နေက ပြောပြခဲ့တာ…ဒီထက်ပိုပြီးအရေးကြီးတာတစ်ခုက…ရတီချိုကသူ့အမေအရင်းဆီက အမွေရထားတဲ့ရတနာသေတ္တာပျောက်ဆုံးနေတာပဲ…အဲ့ဒါတွေကိုစုံစမ်းဖို့အတွက် ဒီစိန်ပန်းမြိုင်အိမ်ကြီးကို ကိုယ်ရောက်လာခဲ့တာ…ဖြစ်နိုင်ရင် ဝတ်ရည်ကိုဒီအိမ်ကြီးကနေအမြန်ဆုံးပြန်စေချင်တယ်…ပြီးတော့ကိုကျော်စွာဦးလှေကားပေါ်ကနေပြုတ်ကျတာလည်း ဘယ်လိုမှသွေးရိုးသားရိုးမဖြစ်နိုင်ဘူး ”

“အဲ့ဒါတော့ ဟုတ်တယ်…ကိုကျော်စွာဦးသေဆုံးမှုက မတော်တဆမဖြစ်နိုင်ဘူးလို့ကျွန်မလည်းထင်နေတာ ”

“သေချာတာက ဒီအိမ်ကြီးမှာ လူသတ်သမားတစ်ယောက်တော့ရှိနေပြီ…ရှင်ရောဘယ်လိုထင်လဲ…ဘယ်သူ့ကိုသင်္ကာမကင်းဖြစ်မိလဲ ”

“အဲ့ဒါကတော့ ပြောရခက်တယ် ဝတ်ရည်…အားလုံးကမှင်သေသေနဲ့နေနေကြတာဆိုတော့…သေချာတာက ဒေါ်မာလာတင်ကနေအစ အိမ်အလုပ်သမားတွေအထိသတိထားရမယ်ဆိုတာပဲ…ပြီးတော့ ခုညဝတ်ရည်ကြုံခဲ့ရတဲ့အဖြစ်အပျက်အရ တရားခံဟာတစ်ယောက်တည်း မဟုတ်ဘူးဆိုတာသေချာသွားပြီး…ဒါကြောင့်မို့အစစအရာရာဂရုစိုက်နေပါကွာ…နောက်ဆိုညဘက်တွေအပြင်လုံးဝမထွက်ပါနဲ့ တစ်ခုခုအကြောင်းရှိရင်ကိုယ်နဲ့တိုင်ပင်ပါနော်…ဒီစိန်ပန်းမြိုင်ကဘယ့်သူကိုမှယုံလို့မရဘူးဝတ်ရည်…ကိုယ်ပြောတာကိုနားထောင်ပါနော် ”
****************
ကျွန်မ ဝှိီးချဲကို ​မြေနီလမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းတွန်းလာခဲ့ရင်းမှ ခြံ၏အနောက်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် ဝှီးချဲကို ရပ်လိုက်ပြီး တောအုပ်ထဲကိုလှမ်းကြည့်လိုက်မိသည်။သူဌေးကြီးဦးထွန်းရှိန်သည်လည်း တောအုပ်ဘက်သို့ ညှို့မှိုင်းသော မျက်လုံးများဖြင့်ကြည့်နေသည်ကို တွေ့ရသည်။တစ်ချက်တစ်ချက်တောအုပ်ထဲမှ သတ္တဝါအကောင်ငယ်လေးများ၏ အော်သံများက ကျွန်မတို့ဆီသို့ လွင့်ပျံလာလေသည်။

“ဒီနေရာလေးက အရမ်းသာယာတယ်နော် ဆရာ…အရင်က ဒီနောက်ကတောအုပ်ထဲမှာ ဆရာအမဲပစ်ထွက်တာဆို…နောက်ပြန်ကျန်းမာလာရင် ကျွန်မကို ဒီတောအုပ်လေးထဲလိုက်ပြနော်…”

ကျွန်မ သူဌေးကြီးဦးထွန်းရှိန်၏ဝှိီးချဲဘေးမှာ ထိုင်လိုက်ပြီး သူဌေးကြီးရဲ့လက်ကိုအသာဆုပ်ကိုင်ပြီးပြောလိုက်တော့ သူဌေးကြီးက ကျွန်မမျက်နှာကို ခပ်ငေးငေးကြည့်နေရှာသည်။သူဌေးကြီး၏ အခြေအနေမှာကျွန်မရောက်စကထက် အနည်းငယ်သက်သာလာသည်ဟု ထင်ရသော်လည်း တိုးတက်မှုကသိသိသာသာတော့မရှိပါချေ။

“ဆရာ့ အခြေအနေက မကြာခင်ပြန်ကောင်းလာနိုင်တယ်လို့ ဆရာဝန်ကြီးလာတုန်းကပြောသွားတယ်ဆရာ…အဓိက ကစိတ်ဖိစီးမှု မရှိအောင်နေဖို့ပဲလိုတာတဲ့…ကိုယ့်ကျန်းမာရေးကိုပဲတွေးပြီး ကျန်တာတွေကို သိပ်မတွေးပါနဲ့ဆရာ..ဆရာအမြန်ဆုံးပြန်​နေကောင်းလာအောင်… ကျွန်မသေချာစောင့်ရှောက်မှာပါ ”

သူဌေးကြီးဦးထွန်းရှိန်က ကျွန်မပြောတာတွေကို နားထောင်နေရင်းမှ တောအုပ်ဘက်သို့ မျှော်ငေးကြည့်နေ​လေသည် ။ကျွန်မလည်းတောအုပ်ဘက်သို့ အမှတ်တမဲ့ငေးကြည့်လိုက်မိ​လေသည်။

” ဟင် ”
တောအုပ်၏အစပ်တွင် ရပ်နေသော မိန်းမတစ်ယောက်သည် ကျွန်မတို့ရှိရာသို့ လှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။ကျွန်မလည်း ထိုမိန်းမကို ကြည့်နေရင်းထိတ်လန့်အံ့သြနေမိလေသည်။
“မရွှေမိ….မရွှေမိပါလား “ကျွန်မစိတ်ထဲမှ အံ့သြတကြီးရေရွတ်နေစဥ်မှာပင် မရွှေမိသည် ကျွန်မကိုလက်ယပ်၍ခေါ်လေသည်။ကျွန်မ ယောင်ယမ်းပြီး မရွှေမိဆီသို့ သွားရန်ခြေလှမ်းပြင်လိုက်စဥ်မှာပင် မရွှေမိ၏ပုံရိပ်သည် မြင်ကွင်းမှဖျတ်ခနဲပျောက်ကွယ်သွားလေသည်။

***************

သူဌေးကြီးဦးထွန်းရှိန် အိပ်ပျော်သွားသည်နှင့် ကျွန်မလည်း အပြင်သို့ထွက်ခဲ့သည်။
အိမ်ကြီးမှာ တိတ်ဆိတ်၍နေသည်။ညတုန်းကတရားခံကို ဘယ်လိုများရှာရမည်လဲဟု အကြံထုတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့သည်။

“ဆရာမလေး ”

“အမေ့ “ကိုယ့်အတွေးနှင့်ကိုယ် လျှောက်လာခဲ့ရင်း ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် လန့်သွားမိလေသည်။လှည်ကြည့်လိုက်တော့ အခန်းတစ်ခန်းထဲမှ ထွက်လာသောမိလုံးကိုတွေ့လိုက်ရသည်။

” လန့်သွားတာပဲ မိလုံးရယ်…ဘာတွေအလုပ်ရှုပ်နေတာလဲ…”

“အခန်းတွေရှင်းနေတာ ဆရာမလေး…ဒါနဲ့ ဒီနေ့အိမ်အခြေအနေသိပ်မကောင်းဘူး ဆရာမလေးရေ…မနေ့ကရှေ့နေကြီးပြန်သွားပြီးကတည်းက… သူဌေးကတော်ဒေါသတွေထွက်နေတယ် ”

အနားသို့ကပ်ပြီး ခပ်တိုးတိုးပြောလာသော မိလုံး၏စကားကြောင့် ကျွန်မအံ့သြသွားရသည်။

” ဟုတ်လား…ဒီနေ့တော့ကြည့်နေကြည့်စားရမှာပေါ့…ဒါနဲ့မိလုံးကိုမေးစရာရှိတယ်.. ”

” ဟုတ်ကဲ့… မေးလေဆရာမလေး…မိလုံးသိတာဆိုအကုန်ဖြေပါ့မယ် ”

“ဟို…ခြံအနောက်ဘက်က တောအုပ်ထဲကို မိလုံးရောက်ဖူးလားဟင် ….”

ကျွန်မစကားဆုံးတော့ မိလုံးက မျက်လုံးပြူကြီးတွေနဲ့မော့ကြည့်လာလေသည်။

” ဘာ..ဘာဖြစ်လို့မေးတာလဲ ဆရာမလေး…တစ်ခါမှမရောက်ဖူးပါဘူး…တောအုပ်ထဲမှာ အကောင်ပလောင်တွေနဲ့အန္တရာယ်များကများနဲ့ …မသွားရဲပါဘူး…ဆရာမလေးကဘာလုပ်ဖို့လဲ ”

“ဘာမှမလုပ်ပါဘူး မိလုံးရယ်…တောအုပ်ထဲတစ်ခါမှမသွားဖူးလို့ တစ်ခါလောက်သွားကြည့်မလားလို့ပါ… ”

” အို…အန္တရာယ်များကများနဲ့…မသွားပါနဲ့ဆရာမလေးရယ်…ဒါပဲနော် ဆရာမလေး…အခန်းတွေရှင်းဖို့ကျန်သေးလို့….”

****************
ကျွန်မ လှေကားထစ် တစ်ထစ်ချင်းစီကို ခပ်ဖြည်းဖြည်းတက်လာရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးအနှံကို လျှောက်ကြည့်ဖို့ရန် ဆုံးဖြတ်လိုက်သည်။မင်းပိုင်ဦး၏စကားကဘယ်လောက်အထိမှန်မည်ကို သေချာမသိသော်လည်း သည်စိန်ပန်းမြိုင် အိမ်ကြီးမှာ ကျွန်မကိုဒုက္ခပေးမည့်သူရှိနေသည်မှာသေချာသည်။ယခုအချိန်မှာ စိန်ပန်းမြိုင်အိမ်ကြီးမှ ဖြုန်းခနဲထွက်သွားဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။လောလောဆယ် ပြန်စရာအိမ်လည်းမရှိသေးချေ။ရန်ကုန်ကနေ ဘုရင့်နောင်ဖောက်ဖျက်သလိုဖျက်ပြီး ထွက်ခဲ့မိ​သောကျွန်မအတွက် သည်စိန်ပန်းမြိုင်အိမ်ကြီးမှာ အနည်းဆုံးခြောက်လတစ်နှစ်လောက်တော့ အောက််အည်းသည်းခံနေရပေမည်။
ကျွန်မစင်္ကြန်လမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ရင်းမှ ကျော်စွာဦး၏အခန်းသို့သွားသောစင်္ကြန်လမ်းသို့ရောက်လာခဲ့လေသည်။ကျွန်မ မျက်လုံးရှင်ရှင်ထားပြီး လမ်းတစ်လျှောက်ကြည့်လာခဲ့သော်လည်း မည်သည့်အရိပ်အယောင်မှမတွေ့ဘဲအပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေလေသည်။

“ဖြဲ..ဖြဲ”ခပ်တိုးတိုးအသံတစ်ခုကို နားထဲမှာလှစ်ခနဲကြားလိုက်မိသည်။ကြားရသော အသံမှာအဝတ်စသို့မဟုတ်တစ်ခုခုကိုစုတ်ဖြဲနေသော အသံမျိုးဖြစ်သည်။ကျွန်မ အသံလာရာ အခန်းနားသို့ တဖြည်းဖြည်းတိုးကပ်သွားလိုက်မိသည်။

” ကျွီ… ”

” အမလေး… ”

အခန်းတံခါးဝသို့ တိုးကပ်သွားနေမိသော ကျွန်မမှာ ရုတ်တရက်ပွင့်လာသောတံခါးကြောင့် လန့်ပြီးနောက်သို့ဆုတ်လိုက်မိရာ ဖင်ထိုင်ရက်လဲကျသွားရလေသည်။အခန်းတံခါးမှာလည်းပွင့်လာပြီး အခန်းထဲမှ လူတစ်ယောက်ထွက်လာလေသည်။

“ဟာ…ဆရာမလေး…ဘယ်လိုဖြစ်တာလဲ….ထနိုင်ရဲ့လား ကျွန်တော်ထူပေးမယ်…”

အခန်းထဲမှ ထွက်လာသော သီဟထွန်းရှိန်သည် ကျွန်မကိုမြင်သည်နှင့် ပျာပျာသလဲပြေးထူပေးလေသည်။ကျွန်မလည်း သီဟထွန်းရှိန်ကိုကျော်ပြီး ပွင့်နေသော အခန်းတံခါးမှနေ အခန်းထဲသို့လှမ်းကြည့်လိုက်ရာ…အခန်းထဲတွင် ပစ္စည်းအတိုအစများနှင့်ရှုပ်ပွနေပြီး မှို့စများပျံ့ကြဲနေသော မွေ့ရာတစ်ခုကိုလည်း တွေ့ရလေသည်။ကျွန်မကြည့်နေစဥ်မှာပင် သီဟထွန်းရှိန်က တံခါးကိုဖျတ်ခနဲပြန်လှည့်ပိတ်လိုက်လေသည်။ပြီးနောက် ကျွန်မဘေးမှာဒူးထောက်ထိုင်ချလိုက်လေသည်။

“ထနိုင်ရဲ့လား… ဆရာမလေး…ဟို…ကျွန်တော့်လက်ကိုကိုင်ပြီးထကြည့်ပါဦး…”

“ရ..ရပါတယ်…ခြေချင်းဝတ်နည်းနည်းနာသွားရုံပါ ” ပြောပြောဆိုဆိုနှင့် ကျွန်မအားယူပြီးထရပ်ကြည့်လိုက်သည်။

“အ” ခြေချင်းဝတ်ဆီမှ စူးခနနာကျင်သွားပြီး လဲကျမလိုဖြစ်သွားသည်ကို သီဟထွန်းရှိန်ကလှမ်း၍ ထိန်းဖက်လိုက်ပြီး

“ကျွန်တော်ကို အားမနာပါနဲ့…အခန်းထဲထိကျွန်တော်လိုက်ပို့ပေးပါ့မယ် ”
ကျွန်မ သီဟထွန်းရှိန်၏လက်ကို အားပြုကိုင်ပြီးလျှောက်နေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို အကဲခတ်ကြည့်နေမိသည်။တည်ငြိမ်သော မျက်နှာထား၊အေးဆေးသောသွင်ပြင်ဟန်က တရားခံဟုထင်ရက်စရာမရှိသော်လည်း တစ်ချက်တစ်ချက်တွင်တော့ ဝေခွဲရခက်သော အေးစက်စက်အသွင်ကို တွေ့ရတတ်လေသည်။

” ဆရာမ ခဏထိုင်ဦးနော်… ကျွန်တော်ဆေးလိမ်းပေးမယ်… ဆေးသေတ္တာဘယ်နားမှာလဲ… ”
ကျွန်မ အတွေးလွန်နေမိသောကြောင့် အခန်းထဲကို ရောက်လာသည်ကိုပင် သတိမထားမိဘဲ သီဟထွန်းရှိန်၏ အသံကိုကြားမှ အယောင်ယောင်အမှားမှားနှင့် စာကြည့်စားပွဲသို့လက်ညှိုးထိုးပြလိုက်မိလေသည်။

သီဟထွန်းရှိန်သည် ဆေးပုလင်းကိုယူလိုက်ပြီး ကျွန်မခြေထောက်ကို ညင်ညင်သာသာဆေးလိမ်းပေးနေသောအခါမှ ကျွန်မ ဖျတ်ခနဲ့အသိဝင်လာပြီး ကမန်းကတန်းပင် သီဟထွန်းရှိန်၏ လက်ကို
ဆွဲဖယ်လိုက်သည်။

“အို…ကန်တော့နော်…ငရဲတွေကြီးကုန်တော့မှာပဲ ဖယ်ပါ…ကျွန်မဘာသာလိမ်းလိုက်ပါ့မယ်….”

“ရပါတယ် ဆရာမလေးရယ်…ဆရာမလေးက ကျွန်တော့်ထက်လည်းအသက်ကြီးတာပဲ ဘာမှမဖြစ်ပါဘူး…ငြိမ်ငြိမ်လေးနေပါ…ဆေးလိမ်းတာလောက်တော့ ကျွန်တော်လည်း ကျွမ်းပါတယ် ”

” ရှင် ညကဘယ်အချိန်အိပ်လဲ ”

ရုတ်တရက် မဆီမဆိုင်ထမေးလိုက်သော ကျွန်မမေးခွန်းကြောင့် သီဟထွန်းရှိန်သည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် တိတ်ဆိတ်၍သွားလေသည်။အတန်ကြာမှာ ကျွန်မမျက်နှာကိုခပ်ငေးငေးကြည့်ပြီး ခပ်တိုးတိုးပြောလေသည်။

” အမှန်တိုင်း ပြောရရင် မနေ့ညက အရမ်းစိတ်ညစ်လို့ အရက်တွေသောက်ပြီးအိပ်လိုက်တာ ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘဲ မနက်လင်းမှနိုးလာတာ…ဘာဖြစ်လို့မေးတာလဲ ဆရာမလေး..”

“ဘာရယ် မဟုတ်ပါဘူး…ညတုန်းကစင်္ကြန်လမ်းဘက်ကအသံတွေဘာတွေများကြားမိသေးလား မေးမလို့ပါ …ညက ကျွန်မ စင်္ကြန်လမ်းမှာလျှောက်နေတုန်း အနောက်
ကနေဇာက်ပိုးကိုအရိုက်ခံလိုက်ရတယ်လေ… ”

” ဗျာ…ဘယ်လို…ဆရာမလေး…အရိုက်ခံရတယ် ဟုတ်လား…ဘာဖြစ်သွားသေးလဲဟင်…ရိုက်တဲ့သူကိုရော မြင်လိုက်လား ”

ကျွန်မစကားကြောင့် သီဟထွန်းရှိန်မှာ ထိတ်ထိတ်ပျာပျာနှင့်မတ်တတ်ထရပ်လိုက်ပြီး ကျွန်မခေါင်းကိုသူ့အလက်အစုံနှင့်ထိကိုင်လာလေသည်။ကျွန်မလည်း ခဏတာမျှသီဟထွန်းရှိန်၏ အပြုအမူများကိုမင်သက်ငေးမောကြည့်နေမိပြီးမှ သူ့လက်အစုံကိုဖယ်ရှားပြီး ခေါင်းကိုခပ်မြန်မြန်ခါယမ်းပြလိုက်မိလေသည်။

” အို…ရပါတယ်…ဘာမှမဖြစ်တော့ဘူး…သက်သာသွားပါပြီ…”

” ဒါကြောင့် ကျွန်တော်ပြောတာပေါ့…ညဘက်တွေအပြင်မထွက်ပါနဲ့လို့…မတော်လို့ ဆရာမလေးသာတစ်ခုခုဖြစ်သွားရင် ကျွန်တော်လူသတ်မိလိမ့်မယ်…”

ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကို အလန့်တကြားမော့ကြည့်လိုက်မိသည်။မေကြောကြီးများထောင်၍လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောသီဟထွန်းရှိန်၏မျက်နှာမှာအေးစက်တင်းမာနေလေသည်။

” ဆရာမလေး…မနက်ဖြန်ကစပြီး ဒီကနေအမြန်ထွက်သွားတော့…ဒီအိမ်ကကိစ္စတွေပြီးပြတ်သွားရင် ဆရာမလေးကို ကျွန်တော့်လာရှာပါ့မယ်…. ကျွန်တော်​ပြောတာနားထောင်မယ် မဟုတ်လားဟင် ”

” ဘာဖြစ်လို့ ကျွန်မကထွက်သွားရမှာလဲ…မဖြစ်နိုင်ပါဘူး…​ပြီး​တော့ သူဌေးကြီးကို မထားပစ်ခဲ့နိုင်ဘူး…ရှင်တို့မိသားစုတွေထဲကတစ်ယောက်မှသူဌေးကြီးကိုအလေးထားတာမဟုတ်ဘူး ”

ကျွန်မစကားကြောင့် သီဟထွန်းရှိန်၏မျက်နှာမှာတင်းမာနေရာမှလျော့ကျသွားပြီး ကျွန်မဘေးနားမှာ အရုပ်ကြိုးပြတ်ထိုက်ချလိုက်သည်။ပြီးနောက် ကျွန်မပခုံးပေါ်သို့ မျက်နှာအပ်ကာရှိုက်ကြီးတငင်ငိုလေတော့သည်။ကျွန်မမှာ သီဟထွန်းရှိန်၏အပြုအမူကြောင့် ထိတ်လန့်အံ့သြသွားရလေသည်။

” ကျွန်တော်….ကျွန်တော်ကိုသာ မွေးမလာခဲ့ရင်…ကျွန်တော်တို့မိသားစုတွေ ဒီလိုအဖြစ်မျိုးနဲ့ကြုံရမှာမဟုတ်ဘူး…အားလုံး ကျွန်တော့်ကြောင့်….ကျွန်တော်မွေးလာလို့ မမရတီလည်းငယ်ငယ်ရွယ်ရွယ်နဲ့သေခဲ့ရတာ….”

” ဘာ…ဘာတွေပြောနေတာလဲ…မင်း ဘာတွေပြောနေတာလဲ သီဟထွန်းရှိန်….”
ကျွန်မ သီဟထွန်းရှိန်၏ ပခုံးကိုခပ်ကြမ်းကြမ်းဆွဲကိုင်လှုပ်ပြီးမေးလိုက်သောအခါမှ သီဝထွန်းရှိန်မှာ သတိဝင်လာပြီး ဖျတ်ခနဲမတ်တတ်ထရပ်လိုက်လေသည်။

“ဆောရီး…ကျွန်တော် တောင်းပန်းပါတယ် ဆရရာမလေး…ကျွန်တော်သွားတော့မယ်နော်…”

သီဟထွန်းရှိန်သည် ကျွန်မအမေးကိုမဖြေဘဲ အခန်းထဲမှ ကမူရှူးထိုးပြေးထွက်သွားလေသည်။

***************

သီဟထွန်းရှိန်သည် ယခင်နေ့ကအဖြစ်အပျက်များ​ ဖြစ်ပြီးနောက်ကျွန်မကိုရှောင်နေသည်မှာ နှစ်ရက်သုံးရက်ခန့်ပင်ရှိနေလေပြီ။ကျွန်မလည်း အချိန်အားသည်နှင့် သီဟထွန်းရှိန်၏ အရိပ်အခြည်ကို စောင့်ကြည့်နေသော်လည်း သီဟထွန်းရှိန်၏အရိပ်အယောင်ကိုမျှပင် မမြင်ရပါလေ။
ယနေ့လည်း အချိန်အားသည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်အားရှာဖွေမိလေသည်။

” ရွှတ်…ရွှတ် ..”

အသံကြား၍ ဝမ်းသာအားရလှည့်ကြည့်လိုက်မိသောအခါ ကိုယ်မျှော်လင့်ထားသူမဟုတ်ဘဲ မင်းပိုင်ဦးဖြစ်နေသောကြောင့် အနည်းငယ်တော့စိတ်ပျက်သွားမိလေသည်။

“လာ…ဝတ်ရည်…ကိုယ်ပြောစရာရှိတယ်….အမြန်လာ….”

မင်းပိုင်ဦးသည် ပြောပြောဆိုဆိုနှင့် ကျွန်မလက်ကိုဆွဲကာ အခန်းတစ်ခန်းထဲသို့ဝင်ခဲ့လေသည်။ကျွန်မမှာ ယောင်ယောင်ကန်းကန်းနှင့် မင်းပိုင်ဦးဆွဲခေါ်ရာနောက်သို့ပါသွားရလေသည်။

” ဘာ​ပြောမလို့လဲ…လက်ကိုလွှတ်ဦး…”

” ကိုယ်ပြောတာ သေချာနားထောင်…နောက်အပတ်ထဲမှာ သူဌေးကြီးရဲ့ရှေ့နေက အမွေကိစ္စနဲ့ပတ်သက်ပြီး မိသာစုဝင်တွေကိုအသိပေးလိမ့်မယ်… သူဌေးကြီးက သူမသေခင်အမွေကိစ္စတွေကိုတစ်ခါတည်းရှင်းပေးသွားခဲ့မှာ…”

“အို…သူတို့အမွေကိစ္စရှင်းတာ …ဝတ်ရည်တို့နဲ့မဆိုင်ဘူးလေ…ဒါက ဘာပြဿနာရှိလို့လဲ..”

” ဟုတ်တယ် …သူတို့မိသားစုအမွေပြဿနာက ကိုယ်တို့နဲ့မဆိုင်ပါဘူး…ဒါပေမဲ့…
ကိုယ်စုံစမ်းလို့ရသလောက် သူဌေးကြီးရဲ့အမွေခွဲဝေမှုနဲ့ပတ်သက်​ပြီးဆုံးဖြတ်ထားတဲ့ကိစ္စကို သူတို့သဘောမတူကြဘူး…ဒါကြောင့်မို့… ဒီကြားထဲမှာသူတို့ဘက်က သူဌေးကြီးကိုတစ်ခုခုလုပ်နိုင်တယ်… ”

“ရှင်…ဘယ်..ဘယ်လို…ဟုတ်ရဲ့လား…ကျန်တဲ့သူတွေကသူဌေးကြီးကိုအန္တရာယ်ပေးနိုင်တယ်ထားဦး….သီဟထွန်းရှိန်…သီဟထွန်းကတော့ သူ့အဖေအရင်းခေါက်ခေါက်ကိုအန္တရယ်မပေးလောက်ဘူးထင်တယ်…အမွေကရောဘယ်လိုခွဲဝေပေးမှာမို့လဲ ”

ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသည်။မင်းပိုင်ဥိးက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး

” သူဌေးကြီးဦးထွန်းရှိန်က သိပ်ကိုစေ့စပ်သေချာတဲ့သူပဲ ဝတ်ရည်…ဟိုအရင် သူကျန်းမာစဥ်ကတည်းက သူပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေအားလုံးကို သူ့သမီးရတီချို့နာမည်နဲ့လွှဲထားတာ…ဒီထက်ပိုပြီး စေ့စပ်သေချာတာက…တကယ်လို့များ ဒီလောကကြီးမှာ သူရောသူ့သမီးရတီချိုပါမရှိတော့ရင် သူပိုင်ဆိုင်သမျှတွေကို ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းဖို့ကြိုတင်စီစဥ်ထားတယ်…ဦးထွန်းရှိန်ဒီလိုစီစဥ်ထားတာကို ဒေါ်မာလာတင်တို့ မိသားစုတွေရိပ်မိသွားပုံရတယ်…ဒီအကြောင်းတွေကို ရတီချိုဦးလေးနဲ့ရှေ့နေကြီးကို ကိုယ်ပြောပြထားတယ်…ခက်တာက ရတီချိုရဲ့ရတနာသေတ္တာက ဘယ်သူဆီမှာရှိမှန်း မသိတာဘဲ ”

” ဘယ်လို…ဒါဆို ဒေါ်မာလာတင်တို့ မိသားစုကအမွေဆက်ခံခွင့်မရဘူးပေါ့…ဒါနဲ့ ဒေါ်မာလာတင်နဲ့ကေသီတင်ကတော့ ထားပါတော့ သီဟထွန်းရှိန်က သူဌေးကြီးရဲ့သားအရင်းလေ သားအရင်းကိုတောင် အမွေမပေးဘူးလား… ”
ကျွန်မ အမေးကြောင့် မင်းပိုင်ဦးက ကျွန်မမျက်နှာကို ကြည့်ပြီး ခေါင်ကိုအသာအယာခါယမ်းလိုက်လေသည်။

” ပေးပါတယ်…သီဟထွန်းရှိန်အတွက်…အရင်ကသီဟထွန်းရှိန်နေခဲ့တဲ့ မြို့ထဲကအိမ်နဲ့ခြံကိုပေးခဲ့ပါတယ်…တန်းကြေးသိပ်မများပေမဲ့ သီဟထွန်းရှိန်တို့မိသားစုတော့ အေးအေးဆေးဆေးနေလို့ရပါတယ်…ဒါပေမဲ့ဒေါိမာလာတင်တို့မိသားစုက ဒီအစွန်းထွက်တောင်မရှိတဲ့ ခြံနဲ့အိမ်လောက်ကို ဘယ်ကျေနပ်မှာတဲ့လဲ ”

” ဒါနဲ့…သူဌေးကြီးက သူ့သားအရင်းအတွက်ငွေလေးနည်းနည်းပါးပါးတောင်အမွေမပေးဘဲရက်စက်လှချည်းလား ”

” သားအရင်းအတွက်တောင် အမွေမပေးခဲ့လို့ အများအမြင်မှာ သူဌေးကြီးက ရက်စက်တယ်ထင်ရပေမဲ့ သူဌေးကြီးဘက်ကကြည့်ရင် သူမလွန်ဘူးဝတ်ရည်…ဘာလို့လဲဆိုတော့ သီဟထွန်းရှိန်ကသူဌေးကြီးရဲ့သွေးသားအရင်းမဟုတ်ဘူးလေ…ဒေါ်မာလာတင်ကသူဌေးကြီးကိုထောင်ချောက်ဆင်ဖမ်းခဲ့တာ… ဒီအကြောင်းတွေကို သီဟထွန်းရှိန်အရွယ်ရောက်လာမှ သူဌေးကြီးသိသွားတာ…ကြည့်ရတာ သီဟထွန်းရှိန်လည်း သူကသားအရင်းမဟုတ်ဘူးဆိုတာကိုသိပုံရတယ်…
နောက်တစ်ချက်
က ရတီချို့ကို ဒေါ်မာလာတင်တို့မိသားစုထဲက တစ်ယောက်ယောက်က သတ်လိုက်တယ်လို့ သူဌေးကြီးကထင်နေတာ…အဲဲ့ဒါကြောင့်လည်း သူ့ရှေ့နေကတစ်ဆင့် ကိုယ့်အဒေါ်ယောကျ်ားကိုအကူအညီလှမ်းတောင်းခဲ့တာပဲ…
ဘာပဲဖြစ်ဖြစ် အဖြစ်မှန်တွေမကြာခင်ပေါ်လာတော့မှာပါ…ဒီကြားထဲ ဝတ်ရည်လည်းသတိဝိီရိယနဲ့နေပါ ”

****************

မင်းပိုင်ဦးဆီမှကြားသိရသော အကြောင်းတွေကိုတွေးပြီး ကျွန်မစိတ်ထဲ သီဟထွန်းရှိန်ကို မြင်ယောင်နေမိသည်။သီဟထွန်းရှိန်၏ မျက်နှာပေါ်မှ ဝေခွဲရခက်သော အကြည့်များအပြုအမူများကို မြင်ယောင်လာပြီး ကျွန်မအမှတ်တမဲ့ ခေါင်းကိုယမ်းခါလိုက်မိပြီးသက်ပြင်းတစ်ချက်ကိုချလိုက်မိသည်။ကျွန်မခေါင်းထဲမှအတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး သူဌေးကြီး၏ အခန်းဆီသို့ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။

” ဘာလို့ဒီလိုလုပ်ရက်တာလဲ အစ်ကိုကြီးရဲ့…ပြောပါဦး…အစ်ကိုကြီးရဲ့သမီးရတီချို့ကို ဟော့ဒီကမာလာ့သမီးအရင်းထက်တောင်ဂရုစိုက်ခဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တာပါ…ဘာလဲ…သားငယ်လေး သီဟကအစ်ကိုကြီးရဲ့သွေးသားအရင်းမဟုတ်တာနဲ့အမွေမပေးနိုင်ဘူးပေါ့လေ…သားအရင်းမဟုတ်ပေမဲ့ နှစ်နှစ်ဆယ်ကျော်တောင်အတူနေခဲ့တဲ့သူပါ…သံယောစဥ်ကင်းမဲ့လှချည်လား ဦးထွန်းရှိန်ရဲ့…”

” အို…ငိုမနေစမ်းပါနဲ့ မာမီရယ်…ဒီအဘိုးကြီးကဘယ်လောက်ပြောပြော ရမယ့်သူလည်းမဟုတ်ဘူး…ကေသီတို့ကတော့ရှင်းရှင်းပဲ… ဒီအိမ်ကြီးပေါ်ကလည်းမဆင်းပေးနိုင်ဘူး…ရသင့်ရထိုက်တာကိုလည်းရအောင်ယူမှာ…”

“သမီးပြောတာမှန်တယ်…မာမီတစ်ဘဝလုံးရင်းခဲ့ရတာ ရသင့်ရထိုက်တာကိုတော့ ရအောင်ယူရမယ်…ဒီမှာ အစ်ကိုကြီး မာလာတို့ရသင့်ရထိုက်တာကို အစ်ကိုကြီးမပေးဘူးဆိုရင် ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုပါဖျက်ဆီးပစ်ဖို့ဝန်မလေးဘူးနော်… ”
ကျွန်မ သူဌေးကြီး၏ အခန်းရှေ့တွင် တုတ်တုတ်မလှုပ်ဘဲ ငြိမ်သက်စွာရပ်နေမိသည်။အခန်းထဲမှ ဒေါ်မာလာတင်နှင့်ကေသီတင်တို့၏ မကျေမနပ်ပြောဆိုနေသောအသံများမှာ ကျွန်မရှိရာ အခန်းအပြင်အထိ လွင့်ပျံ့လာလေသည်။

***************

ညကတဖြည်းဖြည်းနက်လာ​​ချေပြီ။စိန်ပန်းမြိုင်အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ကျွန်မမှာ အိပ်မပျော်နိုင်သေးပါ။ခေါင်းထဲတွင် အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးနေလေသည်။အိပ်မပျော်နိုင်သည့် အဆုံးစာဖတ်ရန်ဆုံးဖြတ်လိုက်ပြီး မီးအိမ်ကိုထွန်းကာ စားပွဲထက်မှစာအုပ်တစ်အုပ်ကိုဆွဲယူလိုက်သည်။

” တောက်…တောက် ” နားထဲမှာ တစ်ခုခုပြု​တ်ကျသံလိုမျိုးကြားလိုက်ရသည်မို့…အထိတ်တလန့်နှင့် အခန်းထောင့်ကို လှမ်းကြည့်လိုက်မိသည်။မီးအိမ်၏အလင်းရောင်အောက်၌ အခန်းသည်ရှင်းလင်းနေသည်။

” တောက်..တောက်..”
အသံကိုထပ်မံကြားလိုက်ရပြန်သည်။ လက်ထဲမှမီးအိမ်ကိုချလိုက်ပြီး အသံကြားရာဆီသို့ တစ်လှမ်းချင်းလှမ်းသွားမိသော ကျွန်မခြေထောက်တွေက အခန်းတံခါးနားသို့ရောက်လာလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဟဟဖွင့်ပြီး အခန်းပြင်ကိုချောင်းကြည့်လိုက်သည်။

” ဟင် ”
စင်္ကြန်လမ်းတစ်လျှောက်ကျောခိုင်းသွားနေသော လူတစ်ယောက်ကိုမြင်လိုက်ရသည်မို့ ကျွန်မ အသက်ပင်မရှူဝံ့ဘဲ ငြိမ်ငြိမ်သက်သက်နှင့်ထိုလူ၏နောက်ကျောပြင်ကိုကြည့်နေမိရင်းမှ ချက်ချင်းပင်မှတ်မိသွားတာမို့ အခန်းထဲပြန်ဝင်ပြီး လက်ရှည်အင်္ကျီတစ်ထည်ကို အပေါ်ကထပ်ဝတ်လိုက်ပြီး လိုလိုမယ်မယ်လက်နှိပ်ဓါတ်မီးကိုကောက်ယူလိုက်ကာ မင်းပိုင်ဦးနောက်သို့လိုက်ရန် အခန်းအပြင်သို့ထွက်ခဲ့လေသည်။

“ဟင်… ဘယ်ရောက်သွားတာလဲ…”ကျွန်မနှုတ်မှ ခပ်တိုးတိုးရေရွတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လှမ်းမျှော်ကြည့်လိုက်သော်လည်း မင်းပိုင်ဦး၏အရိပ်အယောင်မှုန်ပျပျပင်မမြင်ရပါချေ။ကျွန်မစင်္ကြန်လမ်းအတိုင်းခြေဖွနင်း၍လျှောက်လာခဲ့သည်။ရှေ့လမ်းချိုးတစ်ခုသို့ရောက်လျှင် ကျော်စွာဦးအခန်းသို့သွားသောလမ်းနှင့်လှေကားဆီသို့သွားသောလမ်းရှိသည်။ကျွန်မ ခြေလှမ်းကို မသိမသာလေးမြန်လိုက်စဥ်မှာပင်
“အား” လှေကားဘက်ဆီမှ အော်သံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့်လှေကားရှိရာသို့ အပြေးအလွှားသွားကြည့်လိုက်သည်။

” အမလေး ”

​​လှေကားခြေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့်ကျွန်မအထိတလန့်အော်ဟစ်လိုက်မိလေသည်။

————
အပိုင်း( ၉ ) ဆက်ရန်

အပိုင်း ( ၉ )

” စိန်ပန်းမြိုင်မှအိမ်နီကြီး ”
****************

” လာကြပါဦး….ကယ်ကြပါဦး…” ကျွန်မ အသံကုန်အော်ဟစ်လိုက်​ပြီး လှေကား​ခြေရင်းတွင်သွေးအလူးလူးနှင့်လဲကျနေသော မင်းပိုင်ဦးဆီသို့အလျှင်အမြန်ပြေးဆင်းသွားမိသည်။

” ကိုမင်းပိုင်ဦး…ကိုမင်းပိုင်ဦး.. ကျွန်မခေါ်တာကြားလား…ရှင်သတိထားပါဦး …”

ကျွန်မ မင်းပိုင်ဦး၏ခန္ဓာကိုယ်မှထိခိုင်ဒဏ်ရာများကိုကြည့်ရင်း နှုတ်မှတတွတ်တွတ်အားပေးစကားပြောလိုက်ပြီး သွေးထွက်မလွန်စေရန် လုပ်စရာရှိသည်များကို အလျှင်အမြန်လုပ်ဆောင်နေမိသည်။

“လူ …လူသတ်တရားခံက….”

မင်းပိုင်ဦးသည် သတိရတစ်ချက် မရတစ်ချက်ကြားမှ တိုးတိတ်ဖျော့တော့လွန်းသော အသံဖြင့် အားယူပြောဆိုပြီးနောက် ငြိမ်သက်၍သွားလေသည်။

” ကိုမင်းပိုင်ဦး သတိထားလေ….ကျွန်မခေါ်နေတာကြားလား…လာကြပါဦး…ကယ်ကြပါဦးရှင်….”

ကျွန်မ၏ အော်သံအဆုံး၌ အိမ်သားများအားလုံး ကျွန်မနှင့်ကိုမင်းပိုင်ဦးရှိသော လှေကားခြေရင်းသို့ ရောက်ရှိလာကြလေသည်။

****************

လူကသာ သူဌေးကြီး၏ခုတင်ဘေးတွင် ထိုင်နေရသော်လည်း ကျွန်မစိတ်အစဥ်မှာ ဆေးရုံပေါ်တွင် မေ့မျောနေဆဲဖြစ်သော မင်းပိုင်ဦးဆီသို့ ရောက်ရှိနေမိလေသည်။ဘယ်လိုမှမတတ်သာ၍သာ အိမ်သို့ပြန်လာခဲ့ရသော်လည်း မင်းပိုင်ဦးသတိရသည်အထိစောင့်ကြည့်​ပြီး ဖြစ်ပျက်သမျှအလုံးစုံကို သိချင်နေမိသည်။မင်းပိုင်ဦး၏အဒေါ်လင်မယားက ဆေးရုံသို့လိုက်လာပြီးလျှင် စိန်ပန်းမြိုင်မှ အိမ်သားတွေကို တစ်ယောက်မှ လူနာတွေ့ခွင့်မပြုဟု တားမြစ်လိုက်သောကြောင့် ကျွန်မတို့အားလုံးဆေးရုံမှပြန်ခဲ့ရသည်။ပြီးလျှင် အိမ်ရောက်သည်နှင့် ရဲများရောက်လာပြီးမေးမြန်းစစ်ဆေးကြသေး၏။မင်းပိုင်ဦး၏ အဒေါ်က ရဲစခန်းကိုတိုင်လိုက်ခြင်းဖြစ်သည်။ရဲများရောက်လာသည်နှင့် စစ်ဆေးမေးမြန်းခံရဆုံးမှာ ကျွန်မပင်ဖြစ်သည်။

” မဝတ်ရည် သေချာစဥ်းစားပါဦး… ပထမဆုံး ကိုမင်းပိုင်ဦးကိုတွေ့ရတဲ့ အချိန်က ဘေးပတ်ဝန်းကျင်မှာ…မသင်္ကာစရာလူဖြစ်ဖြစ် ဒါမှမဟုတ်အခြားတစ်ခုခုကိုများသတိထားမိလား ”

“မ…မသိတော့ပါဘူးရှင်….ကျွန်မလည်း ကိုမင်းပိုင်ဦးလဲကျနေတာကိုတွေ့တာနဲ့ ထူပူပြီး ပြေးဆင်းသွားမိတာပါ… ကျန်တာတွေကို သတိမထားမိဘူး ”
ကျွန်မ စကားဆုံးသည်နှင့် တာဝန်ကျရဲက ရေးမှတ်စရာရှိသည်များကို ရေးမှတ်နေပြီး အခြားအိမ်သားများကိုထပ်မေး​လေသည်။အိမ်သားအားလုံးကို စစ်ဆေးပြီးသောအခါ အမှုမှန်မပေါ်မချင်း မည်သူမျှ ခရီးသွားခွင့်မရှိဟု မှာကြားသွားလေသည်။စဥ်းစားမိသလောက် သေချာသည်မှာ မင်းပိုင်ဦးသည် လူသတ်တရားခံကို သိရှိသွားပေလိမ့်မည်။ ဒါကြောင့်ပင် လူသတ်သမားက နှုတ်ပိတ်ရန်အတွက် လှေကားပေါ်မှတွန်းချလိုက်ခြင်းဖြစ်လိမ့်မည်။ကျွန်မ မင်းပိုင်ဦးကိုစင်္ကြန်လမ်းမှာ တွေ့ပြီး အခန်းထဲပြန်ဝင်ကာ အင်္ကျီဝတ်၊ဓါတ်မိီးယူသည်မှာ ငါးမိီနစ်ပင်မကြာပါ။လှေကားထိပ်သို့ ကျွန်မရောက်သွားချိန်အထိ ကြာလှမှ ငါးမိနစ်ကျော်ကျော်သာဖြစ်သည်။ ထိုအချိန်အတွင်းမှာ လူသတ်သမားက ပျောက်ချင်းမလှပျောက်သွားသည်။ပြီးနောက် ကျွန်မအော်သံကြောင့် အိမ်သားများရောက်လာချိန်တွင်လည်း အားလုံးလိုလို တစ်ပြိုင်တည်းရောက်လာကြသည်။ခြံထဲမှာနေသော ခြံစောင့်ကြီး ဦးဖိုးထော်တစ်ယောက်ပဲ နောက်ဆုံးမှရောက်လာခဲ့သည်။ဘာပဲဖြစ်ဖြစ် သေချာသည်မှာသည်လူများထဲမှ တစ်ယောက်ကတော့ ကျိန်းသေလူသတ်သမားပင်ဖြစ်သည်။သည်လူသတ်သမားကို အမြန်ဆုံး မဖော်ထုတ်နိုင်လျှင် သည်စိန်ပန်းမြိုင်အိမ်ကြီးတွင် နောက်ထပ်သေဆုံးမှုများရှိလာနိုင်သည်။

“ဆရာမလေး ”

ကျွန်မအတွေးထဲမှာ နစ်မျောနေမိရာမှ အခန်းဝမှခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသောအခါ သီဟထွန်းရှိန်ကိုတွေ့လိုက်ရလေသည်။

” ကိုမင်းပိုင်ဦးအတွက်… ဆရာမလေးစိတ်ပူနေမှာစိုးလို့ပါ…ကျွန်တော် ဆေးရုံကိုဖုန်းဆက်မေးလိုက်တယ်…ကိုမင်းပိုင်ဦးသတိမရလာသေးပေမဲ့ အသက်အန္တရာယ်အတွက်မစိုးရိမ်ရတော့ဘူးတဲ့…အဲ့ဒါလာပြောတာ ”

ပြောပြီးသည်နှင့် ညှိုးနွမ်းသောမျက်နှာနှင့်ကျောခိုင်းထွက်သွားသော သီဟထွန်းရှိန်၏နောက်ကျောပြင်ကို ငေးမောကြည့်နေမိပြီး ကျွန်မနှုတ်မှသူ့အလိုလိုလှမ်းခေါ်လိုက်မိလေသည်။

” သီဟထွန်းရှိန် ခဏနေပါဦး ”

ကျွန်မခေါ်သံကြောင့် သီဟထွန်းရှိန်က လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီ လှည့်ကြည့်လေ၏။ကျွန်မလည်း သီဟထွန်းရှိန်ရှိရာသို့ ခပ်​မြန်​မြန်လျှောက်သွားလိုက်သည်။

“ကိုမင်းပိုင်ဦး ကိစ္စကို ရှင်ဘယ်လိုထင်လဲဟင်…”

ကျွန်မစကားအဆုံးမှာ သီဟထွန်းရှိန်က ဖျတ်ခနဲမော့ကြည့်လာပြီး

“ကျွန်တော် မပြောတတ်ဘူး …ကိုမင်းပိုင်ဦးကရော ညနက်ကြီးမှာအောက်ထပ်ကိုဘာဆင်းလုပ်တာလဲ…​ပြီးတော့ ဆရာမလေးကရောအပြင်ကိုဘာထွက်လုပ်တာလဲ ပြောပါဦး…ကျွန်တော်တစ်ချိန်လုံးအဲ့ဒါကိုပဲတွေးမိနေတာ…ကိုမင်းပိုင်ဦး အခုလိုဖြစ်သွားတာကို ကျွန်တော်စိတ်မကောင်းပါဘူး…ဒါပေမဲ့ အခုချိန်မှာ ရင်ကွဲမတက်ခံစားနေရတာ ကျွန်တော်ပါ…ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိခံစားနေရလဲသိလား…ဆရာ့မလေးရဲ့စိတ်ထဲမှာ…ဆရာမချစ်သူဒီလိုဖြစ်သွားလို့ ကျွန်တော့်ကို မသင်္ကာ
ဖြစ်နေတာမဟုတ်လား..”

” သီဟထွန်းရှိန်…ရှင်ဘာအဓိပ္ပါယ်နဲ့ပြောနေတာလဲ…ကျွန်မနဲ့ကိုမင်းပိုင်ဦးကမိတ်ဆွေတွေပါ…ရှင်ထင်ချင်ရာထင်ပြီးတွေးချင်ရာတွေးမနေနဲ့…ပြီးတော့ ဘယ်သူ့ကိုမှစွပ်စွဲနေတာမဟုတ်ဘူး…ကျွန်မတို့အချင်းချင်းစည်းလုံးဖို့ကိုပဲပြောချင်တာ ”

“ဆောရီး…. ကျွန်တော်တောင်းပန်ပါတယ်…ကျွန်တော့်စိတ်တွေ တအားရှုပ်ထွေးနေလို့ပါ…အဖြစ်မှန်တွေပေါ်အောင် ကျွန်တော်ကြိုးစားမှာပါ…ပြီးတော့ ဆရာမလေးလည်း ညဘက်တွေ အပြင်ကိုမထွက်ပါနဲ့နော်…ကျွန်တော့်ကိုယုံတယ်ဆိုရင်ဒီစကားလေးပဲနားထောင်ပေးပါ…”

****************

ညကတစ်စထက်တစ်စပိုနက်လာသလို စိန်ပန်းမြိုင်အိမ်ကြီးကလည်း ယခင်နေ့များကထက်ပိုပြီး တိတ်ဆိတ်နေပုံမှာ ချောက်ချားဖွယ်ရာကောင်းလှ​​ပေသည်။
ကျွန်မ အိပ်မပျော်နိုင်သည်မို့ စာကြည့်စားပွဲတွင်ထိုင်ပြီး စာအုပ်ဖတ်နေမိလေသည်။

” ဂျိိီ… ဂျီ…”အသံကြားကြားချင်းပင် ကျွန်မ ဆတ်ခနဲတုန်သွားမိပြီး တစ်ကိုယ်လုံးဖိန်းခနဲရှိန်းခနဲနေအောင် ကြက်သီးမွှေးညှင်းများထလာလေသည်။ကျွန်မလက်ထဲမှ စာအုပ်ကိုချလိုက်ပြီး နောက်သို့ ခပ်ဖြည်းဖြည်းလှည့်ကြည့်လိုက်မိသည်။

“အီ “အံကိုကြိတ်၍ စိတ်ကိုတင်းထားသည့်ကြားမှ ဘယ်လိုမှအသားမကျနိုင်သောမြင်ကွင်းကြောင့် နှလုံးခုန်သံများက တဒိန်းဒိန်း​မြည်​အောင်ဆောင့်ခုန်လာလေသည်။ မျက်လုံးပြူးကြီးများနှင့်ကျွန်မကို လှမ်းကြည့်နေသော အမျိုးသမီးသည်လက်နှစ်ဖက်ကကြမ်းပြင်ကိုတဂျီဂျီမြည်အောင်ကုတ်ခြစ်နေ​လေသည်။ကျွန်မသည် လည်ပြန်ချည်းနှင့်ပင် ထိုမြင်ကွင်းကိုမရဲတရဲကြည့်နေမိသည်။ထိုစဥ်မှာပင် အမျိုးသမီးသည် ဒေါသတကြီးပုံနှင်မတ်တတ်ထရပ်လိုက်လေသည်။ဝဲခနဲလွင့်ကျလာသောဆံပင်ရှည်ကြီးများ၊ညအိပ်ဝတ်စုံးဖားဖားကြီးနှင့်​ကြမ်း​​​ပြင်ကို ဖနောင့်နှင့်ဒေါသတကြီးပေါက်နေသော ထိုအမျိုးသမီး၏ကြောက်မက်ဖွယ် သွင်ပြင်သဏ္ဍန်ကိုကြည့်ပြီး ကျွန်မထိတ်လန့်တကြားအော်ဟစ်လိုက်မိကာ မျက်လုံးအစုံကိုမှိတ်ချလိုက်မိလေသည်။

“ဒေါက်…ဒေါက်…”

“အမလေး”

ရင်အစုံသည် တလှပ်လှပ်အခုန်မြန်နေဆဲမှာပင် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည့်မို့ အယောင်ယောင်အမှားမှားနှင့် လန့်ဖျပ်အော်လိုက်မိပြီး မျက်လုံးကိုမဝံ့မရဲဖွင့်ကြည့်လိုက်သောအခါ တစ်ခန်းလုံးရှင်းလင်းတိတ်ဆိတ်နေလေသည်။
ကျွန်မ တဆတ်ဆတ်တုန်ယင်နေဆဲဖြစ်သော ခြေလှမ်းများကိုထိန်းပြီး အခန်းတံခါးဝဆီသို့ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်ကာ တံခါးကိုဖွင့်လိုက်သည်။

” ဟင် ”
တံခါးကို ဖွင့်ဖွင့်ချင်းမှာပင် မမျှော်လင့်ထားသူကိုတွေ့လိုက်ရသောကြောင့် ကျွန်မအထိတ်တလန့်နှင့်ခြေလှမ်းများကိုနောက်သို့ အလန့်တကြားပြန်ဆုတ်လိုက်မိသည်။သို့သော်လည်း ကျွန်မ၏ခြေလှမ်းများမှာ နောက်ကျသွားချေပြီ။မရွှေမိသည် သူ၏ရှည်လျားသောလက်နှင့် ကျွန်မလက်ကိုဆောင့်ဆွဲ့လိုက်လေသည်။မရွှေမိ၏ ရေခဲတမျှအေးစက်နေသောလက်နှင့်ထိတွေ့လိုက်ရသည့် တစ်ခဏ၌ ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသလို ခံစားလိုက်ရပြီး မရွှေမိဆွဲခေါ်ရာနောက်သို့ တရွတ်ဆွဲ၍လိုက်ပါသွားရလေသည်။ကျွန်မ အားရှိသမျှရုန်းကန်ကာ မရွှေမိ၏လက်မှလွတ်အောင်ကြိုးစားသော်လည်း လူသေကဲ့သို့​အေးစက်တောင့်တင်းနေသော မရွှေမိ၏လက်မှာ သံကဲ့သို့ခိုင်မာလှ၍ ရုန်းမထွက်နိုင်ဘဲရှိလေသည်။လေအဟုန်ကဲ့သို့လျှင်မြန်စွာရွေ့လျားသွားနေသောမရွှေမိနောက်မှ ကျွန်မလည်း တရွတ်တိုတ်လိုက်ပါလာခဲ့ပြီး စိန်ပန်းမြိုင်အိမ်ကြီး၏ အခန်းပေါင်းများစွာကိုကျော်ဖြတ်ပြီး ခြံကြီး၏ အနောက်ဘက်တောအုပ်အစပ်သို့ရောက်ရှိလာခဲ့လေသည်။ညအမှောင်အောက်၌ တောအုပ်ကိုကြည့်ရသည်မှာ တစ္ဆေကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသည့်ပမာ ချောက်ချားတုန်လှုပ်ဖွယ်ကောင်းလှပေသည်။မရွှေမိသည် ကျွန်မလက်ကိုမလွှတ်ဘဲ တောအုပ်ထဲသို့တရကြမ်းပြေးဝင်သွားလေသည်။

” လွှတ်..
လွှတ်…ကျွန်မလက်ကိုလွှတ်ပေးပါမရွှေမိ…ကျွန်မကြောက်တယ်…ကျွန်မ မလိုက်ချင်ဘူး ”
ကျွန်မကြောက်လန့်တကြားနှင့်အော်ဟစ်နေသော်လည်း မရွှေမိသည် ကျွန်မ၏အသံကိုမကြားသည့်အလား ရှေ့ကိုဆက်၍သွားနေပြီး ကုန်းကမူလေးနားသို့ရောက်သောအခါ ​ခြေအစုံကိုရပ်တန့်လိုက်လေသည်။

” အူး..အူး…ဝူး…ဝူးဝူး…..” ချောက်ချားဖွယ်ရာ ပေါ်ထွက်လာသော ခွေးအူးသံများကြောင့် ကျွန်မရင်ဘတ်ထဲမှအသည်းနှလုံးများ ဆွဲနုတ်ခံလိုက်ရသလို ရင်ထဲ၌ လှစ်ဟာအေးစက်သွားလေသည်။မရွှေမိသည် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော ကျွန်မလက်ကိုလွှတ်လိုက်ပြီး ကုန်းကမူလေးဘေးရှိခြုံတောထဲမှ တစ်စုံတစ်ခုကိုကောက်ယူလိုက်ပြီး ကျွန်မကိုလှမ်း၍ပေးနေလေသည်။

“ယူ…လေ….လာယူ….”

” ဟင့်အင်း…မယူဘူး…မယူဘူး..”

အေးစက်ချောက်ချားဖွယ်ကောင်းသော အသံသြသြကြီးနှင့်ပြောလာသော မရွှေမိကိုကြည့်ပြီး ကျွန်မထိတ်လန့်တုန်လှုပ်စွာ ခေါင်းကိုခါယမ်းပြီး​အော်ဟစ်ငြင်းဆန်လိုက်မိသည်။မရွှေမိသည် ကျွန်မကိုကြည့်ပြီး ဒေါသတကြီးနှင့်ကျွန်မရှိရာဆီသို့ တစ်လှမ်းချင်းလှမ်းလာလေသည်။ခြေကာရားလက်ကားရားနှင့်ကျွန်မဆီသို့လှမ်းလာနေသော မရွေမိ၏ပုံစံမှာ တွေ့စကထက်ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး ခေါင်းပေါ်မှ သွေးများသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ တစက်စက်စီးကျ၍နေလေသည်။ထိတ်လန့်ချောက်ချားဖွယ်ကောင်းလှသော မရွှေမိ၏ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ကျွန်မအားကုန်အော်ဟစ်လိုက်မိလေသည်။

” အား….မလာနဲ့…ကျွန်မဆီကိုမလာခဲ့နဲ့…”

” ဝုန်း”

” အား ”

ကျွန်မအသံကုန်အော်ဟစ်ပြီး ရုန်းကန်လိုက်မိရာ ဝုန်းခနဲလဲပြိုသံနှင့်အတူ ကျွန်မတစ်ကိုယ်လုံးကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်။

“အား…ကျွတ်…ကျွတ်…”ကျွန်မသတိဝင်လာပြီး ကြမ်းပြင်ပေါ်မှအမြန်လူးလဲထလိုက်သည်။ကျွန်မ စာကြည့်စားပွဲမှာစာအုပ်ဖတ်နေရာမှအိပ်ပျော်သွားပြီး အိပ်မက်မက်နေခြင်းပင်ဖြစ်လေသည်။အိပ်မက်ဟုဆိုသော်လည်း သွေးသံရဲရဲနှင့်မရွှေမိ၏ပုံစံကိုမြင်ယောင်မိပြီး တစ်ကိုယ်လုံးခြေဖျားလက်ဖျားတွေပါ အေးစက်လာလေသည်။

” ဆရာမလေး… ဆရာမလေး…ဘာဖြစ်တာလဲ..တံခါးအမြန်ဖွင့်ပါဦး…”

ကျွန်မတစ်ယောက်တည်း တုန်လှုပ်ချောက်ချားနေစဥ်မှာပင် အခန်းအပြင်မှ သီဟထွန်းရှိန်၏ အသံကိုကြားလိုက်ရသည်မို့ စိတ်ထဲမှ ထိတ်ခနဲနေအောင်ဝမ်းသာသွားမိလေသည်။

ကျွန်မ အခန်းတံခါးကိုဖွင့်ပေးလိုက်သောအခါ သီဟထွန်းရှိန်သည် စိုးရိမ်တကြီးပုံစံနှင့် အခန်းထဲသို့
ဝင်လာပြီး ကျွန်မလက်ကိုဆွဲကိုင်လိုက်ပြီး အလောတကြီးဖြင့်မေးလေသည်။

” ဘာဖြစ်တာလဲဆရာမလေး…ဆရာမလေးအခန်းထဲကအော်သံကြားလို့…. ဆရာမလေးဘာဖြစ်သွားသေးလဲဟင်…”
စိုးရိမ်တကြီးဖြင့် ကျွန်မလက်မောင်းနှစ်ဘက်ကို သူ့လက်နှင်ခပ်တင်းတင်းဆုပ်ကိုင်ပြီးမေးနေသော သီဟထွန်းရှိန်၏လက်အစုံကို ကျွန်မလက်နှင့်အသာအယာဖယ်ရှားလိုက်ပြီး ကျွန်မ ခုတင်ပေါ်သို့ အင်အားချည်နဲ့စွာထိုင်ချလိုက်မိသည်။

” ဘာ…ဘာမှ မဖြစ်ပါဘူး….ကျွန်မ…ကျွန်မအိပ်မက်ဆိုးတွေမက်နေတာ…အရမ်း​ကြောက်ဖို့ကောင်းတဲ့အိပ်မက်လေ….ရှင်….ရှင်က ကျွန်မအသံကိုဘယ်လိုကြားပြီး ရောက်လာတာလဲ…ရှင့်အခန်းနဲ့ကျွန်မအခန်းဒီလောက်အဝေးကြီးကို…”

” ဟို….ဟို….ကျွန်တော်…ဆရာမလေးကိုစိတ်ပူလို့မနေ့ညကတည်းက… ဒီဘေးကအခန်းကို​ပြောင်းလာခဲ့တာ….”

သီဟထွန်းရှိန်သည် ကျွန်မအမေးကိုဖြေပြီးသည်နှင့် ခေါင်းကိုအောက်ငုံကာ ကျောက်ဆစ်ရုပ်ပမာရပ်နေလေသည်။ကျွန်မလည်းသီဟထွန်းရှိန်ကို မယုံမရဲနှင့် အတန်ကြာငေးမောကြည့်နေမိလေသည်။ထိုနောက် ကျွန်မတို့နှစ်ယောက်သား အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေမိကြသည်။အပြင်လောက၌ စိန်ပန်းမြိုင်အိမ်ကြီးသည်လည်း ချောက်ချားဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်လေသည်။

********** ******
အချိန်ကနေ့ လယ်တစ်နာရီကျော်ကျော်။သူဌေးကြီးလည်း နေ့လယ်နေ့ခင်းတရေးတမောအိပ်သွားပေပြီ။ လပြည့်နေ့ဖြစ်၍ အိမ်တွင်လူစုံတက်စုံရှိသော်လည်း အိမ်အလုပ်သမားများကလည်း သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြသလို ၊ အိမ်ကြီးရှင်များသည်လည်း အခန်းအောင်နေကြပုံရသည်။စိန်ပန်းမြိုင်အိမ်ကြီးမှာ နေ့လယ်နေ့ခင်း၌ပင် လူရိပ်လူခြည်ကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်နေလေသည်။မငြိမ်သက်နိုင်သူမှာ ကျွန်မသာဖြစ်ပါလေသည်။ကျွန်မသည် သူဌေးကြီး၏ အခန်းပြတင်းပေါက်တွင်ရပ်ပြီး ခြံထဲသို့ ငေးကြည့်နေရင်းမှ ညကအိပ်မက်ထဲမှ မရွှေမိကိုမြင်ယောင်လာမိပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်မိလေသည်။

****************
ခြေလှမ်းတွေကို ခပ်မြန်မြန်ခပ်သွက်သွက်လှမ်းပြီး တောအုပ်ထဲသို့ ကျွန်မဝင်ရောက်လာခဲ့သည်။နေ့အချိန်ဖြစ်၍ တောအုပ်ထဲတွင် အလင်းရောင်ရှိသော်လည်း အနည်းငယ်ချောက်ချားစရာတော့ကောင်းနေသည်။ကျွန်မတောအုပ်ထဲကိုလျှောက်ဝင်လာခဲ့ရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးကိုလှမ်း၍ကြည့်လိုက်မိသည်။ခပ်ဝေးဝေးသစ်ပင်ကြိုသစ်ပင်များကြားမှစိန်ပန်း​မြိုင်အိမ်​ကြီး၏တစ်ချို့တစ်ဝက်ကိုသာမြင်ရသော်လည်း စိန်ပန်းမြိုင်အိမ်ကြီး၏ ခမ်းနားထည်ဝါမှုကတော့ ယုတ်လျော့မသွားသည်မှာ သေချာလေသည်။ယခုသည်လိုနေရာမျိုးတွင် ကျွန်မသာအန္တရာယ်ကြုံလာလျှင် ဘယ်လောက်အော်အော် မည်သူမျှကြားနိုင်လိမ့်မည်မထင်ပါ။တွေးရင်းမှ ကျွန်မတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထလာ​လေသည်။ပြီး​နောက် ထိတ်ထိတ်လန့်လန့်နှင့် ​ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး ညကအိပ်မက်ထဲမှာ မြင်ရသော ကုန်းကမူလေးကိုရှာဖွေရင်း​တောအုပ်ထဲသို့​လျှောက်ဝင်လာခဲ့လိုက်သည်။အတန်ကြာလျှောက်နေပြီးနောက် ရှေ့ဆီမှကုန်းကမူလေးကိုတွေ့လိုက်ရသည်မို့ ကျွန်မဝမ်းသာအားရအပြေးအလွှားတက်သွားမိလေသည်။.
” အမေ့ ”
ကုန်းကမူပေါ်သို့ အလောတကြီးလှမ်းတက်လိုက်မိသော ခြေထောက်များမှာ အရှိန်မထိန်းနိူင်တော့ဘဲ တလိမ့်ကောက်ကွေ့ပြုတ်ကျသွားလေ​တော့သည်။
“အ…ကျွတ်…ကျွတ် …”ကျွန်မ မြေပြင်ပေါ်မှလူးလဲထလိုက်ပြီး ဆူးများခြစ်မိသောကြောင့် နာကျင်သွားသောလက်နှစ်ဘက်ကိုမြောက်ကြည့်လိုက်စဥ်မှာပင် လက်အောက်မှာ ဖိထားမိသော အရာဝတ္ထုတစ်ကိုတွေ့လိုက်ရသည်မို့ အံ့သြတကြီးကောက်ယူလိုက်မိလေသည်။

————-
အပိုင်း ( ၁၀ )ဆက်ရန်

အပိုင်း ( ၁၀ )
” စိန်ပန်းမြိုင်မှအိမ်နီကြီး ”
****************

လက်နှင့်ဖိထားမိသော အရာဝတ္ထုကို ကျွန်မအံ့သြတကြီးကောက်ယူကြည့်လိုက်သောအခါ ဒိုင်ယာရီစာအုပ်တစ်အုပ်ဖြစ်နေသည်ကိုတွေ့လိုက်ရလေ၏။စာအုပ်၏မျက်နှာဖုံးတွင် “ရွှေမိ၏နေ့စဥ်မှတ်တမ်း “ဆိုသောနာမည်ကြောင့် ကျွန်မစိတ်ထဲ၌ လှိုက်ခနဲနေအောင်လှုပ်ရှားသွားပြီး စာအုပ်၏အတွင်းစာမျက်နှာများကို အလောတကြီးလှန်လောဖတ်ကြည့်လိုက်မိလေသည်။

.. ဒီနေ့ကဘဝအသစ်စတဲ့နေ့ … ဆိုသော စာကြောင်းလေးကို စာအုပ်၏ပထမဆုံးစာမျက်နှာ၌ရေးသားထားလေသည်။

..အိမ်ကြီးကအရမ်းကိုခမ်းနားတယ်…တစ်သက်လုံးဒီလိုခမ်းနားတဲ့အိမ်ကိုပထမဆုံးတွေ့ဖူးတာပဲ…

…အိမ်ကြီးကအရမ်းခမ်းနားသလို အိမ်ရှင်တွေကလည်းအရမ်းချောလှကြတာပဲ…အထူးသဖြင့် မရတီချိုက ဆံပင်အရှည်ကြီးတွေနဲ့တအားလှတယ်…မရတီချိုကလှပြီးသဘောကောင်းသလောက် ကေသီတင်ဆိုတဲ့မိန်းမကသိပ်မောက်မာတာပဲ လူကိုများမတူသလိုမတန်သလိုဆက်ဆံတယ်…ဘာပဲဖြစ်ဖြစ် အရင်ကလုပ်ခဲ့တဲ့အိမ်ထက်စာရင် စိန်ပန်းမြိုင်အိမ်ကြီးက နတ်ဘုံနတ်နန်းပါပဲ…ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာသူဌေးသမီးဖြစ်ချင်လိုက်တာနော်…

… လောကကြီးကအရမ်းကိုအံ့သြစရာကောင်းတယ်…ဒီနေ့ကိုကိုနဲ့မမျှော်လင့်ဘဲပြန်တွေ့ခဲ့ရတယ်…ဘဝတစ်လျှောက်လုံးကိုကိုကိုပဲချစ်ခဲ့တာ…ကိုကိုကိုပဲရှာခဲ့တာလေ…ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက ကိုကိုကမရတီချိုရဲ့ယောကျ်ားတဲ့လေ…ဒီနေ့တော့ကိုကိုနဲ့ပြန်တွေ့ရလို့ဝမ်းသာမိသလို ဝမ်းလည်းနည်းမိလို့ငိုမိတယ်…

…ကိုကိုနဲ့ပြန်တွေ့ရတော့ ငယ်ငယ်ကအကြောင်းတွေကိုတောင်ပြန်သတိရမိတယ်…ဟိုငယ်ငယ်တုန်းက ကိုကို့အဖေနဲ့အမေရန်ဖြစ်တဲ့အချိန်တိုင်းကိုကိုက ရွှေမိတို့အိမ်ဘက်ကိုလာနေတာမဟုတ်လား…အဲ့ဒီတုန်းက ကိုကိုလာတဲ့အချိန်တိုင်း အရမ်းပျော်လို့ စိတ်ထဲကနေကိုကို့အဖေနဲ့အမေအမြဲရန်ဖြစ်ပါစေလို့ဆုတောင်းခဲ့မိသေးတယ်…ကိုကိုကရွှေမိထက်သုံးနှစ်ပဲကြီးပေမဲ့အရမ်းလူကြီးဆန်တယ် စာလည်းတော်တယ်…ရွှေမိတောင် ကိုကိုကျေးဇူးကြောင့်စာလည်းနည်းနည်းတော်လာပြီး ဒီလိုနေ့စဥ်ကြုံရတာတွေကိုရေးမှတ်တတ်တဲ့အကျင့်ရခဲ့တာမဟုတ်လား…ဒါပေမဲ့ကိုကိုရယ် ရွှေမိရဲ့မကောင်းတဲ့ဆုတောင်းတွေကြောင့်ထင်ပါရဲ့
ကိုကိုတက္ကသိုလ်တက်နေတုန်းမှာကိုကို့အဖေနဲ့အမေကွဲသွားပြီးကိုကိုတို့အိမ်ပြောင်းသွားခဲ့တာလေ…ကိုကိုအိမ်ပြောင်းသွားပြီးကတည်းက ရွှေမိရဲ့ဘဝကအဓိပ္ပါယ်မဲ့သွားသလိုခံစားခဲ့ရတာ…ရွှေမိဆယ်တန်းလည်းမအောင်ခဲ့တော့ ကိုကိုပြောသလိုပညာတတ်လည်းမဖြစ်ခဲ့ပါဘူး…စာနဲ့ပတ်သက်တာဆိုလို့ ဒီနေ့စဥ်မှတ်တမ်းရေးတာပဲရှိတယ်…ရွေမိဘဝလည်းကံမကောင်းပါဘူးကိုကိုရယ်… ကိုကိုတို့ပြောင်းသွားပြီးသုံးနှစ်ကျော်မှာ အဘွားဆုံးသွားလို့အရမ်းကိုဒုက္ခရောက်ခဲ့တာလေ…ရွေမိကငယ်ငယ်ကတည်းကမိဘတွေမရှိတော့လို့အဘွားနဲ့မြေးအဘွားနှစ်ယောက်တည်းနေခဲ့ရတော့ အဘွားမရှိတာနဲ့ဒုက္ခရောက်တော့တာပဲ ပညာကလည်းမတတ်အလုပ်ကလည်းမယ်မယ်ရရမလုပ်တတ်တော့ နောက်ဆုံးဒီလိုနေစရာစားစရာမပူရတဲ့ အိမ်ဖော်အလုပ်တွေကိုလိုက်လုပ်ခဲ့ရတာပေါ့…ခုဆိုကိုကိုနဲ့ရွှေမိကွဲသွားတာ ရှစ်နှစ်ကျော်ထင်တယ်…ဒါပေမဲ့ကိုကို့ကိုမြင်တာနဲ့ရွှေမိချက်ချင်းမှတ်မိတယ်သိလား…ကိုကိုလည်းချက်ချင်းမှတ်မိတယ်မဟုတ်လား…နောက်နေ့လူရှင်းတဲ့အချိန်မှာ ကိုကိုကရွှေမိကိုလာနှုတ်ဆက်ပြီး ကိုကို့ကိုမသိချင်ယောင်ဆောင်နေဖို့ပြောတော့ ရွှေမိအရမ်းဝမ်းနည်းခဲ့တာ…ဒါပေမဲ့ ဘယ်သူမှမသိအောင် ကိုကိုတို့စကားပြောကြမယ်လို့ကိုကိုပြောတော့ ရွှေမိအရမ်းကိုပျော်မိခဲ့တာ…

…ကိုကိုကသူပြောတဲ့ကတိကိုတော့တည်သားပဲ…ကိုကိုပေးတဲ့ပိုက်ဆံတွေကိုရွှေမိမသုံးရက်လို့ စုထားတယ်သိလား…ပြီးရင်လူတွေလစ်တဲ့အချိန်တိုင်းကိုကိုနဲ့စကားပြောခွင့်ရတာကိုလည်းအရမ်းပျော်တယ်…

ကျွန်မ ဒိုင်ယာရီစာအုပ်ကလေးကို ဖတ်နေရင်းမှ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

…စိန်ပန်းမြိုင်အိမ်ကြီးကလူတွေကချမ်းသာသလောက် ချစ်ချစ်ခင်ခင်လည်းမရှိကြဘူး…တစ်ယောက်နဲ့တစ်ယောက်ရန်ပဲဖြစ်နေကြတာပဲ…သူဌေးကတော်နဲ့ကေသီတင်ကအဆိုးဆုံးပဲ…တစ်အိမ်လုံးသူတို့အာဏာတွေပဲပြနေတာစိတ်ပျက်စရာပဲ…သူဌေးကတော်နဲ့ကေသီတင်က မရတီချိုနဲ့အမျိုးမတော်ဘူးလို့မိလုံးပြောတုန်းကသိပ်တောင်မအံ့သြမိဘူး…အကျင့်စရိုက်တွေကအရမ်းကွဲပြားတော့သိသာနေတာကို…ပြီးတော့မိလုံးကလည်းလိုရင်တစ်မျိုးမလိုရင်တစ်မျိုးနဲ့ပေါင်းရသင်းရခက်လိုက်တာနော်…ငါ့ဘာသာဒိုင်ယာရီရေးတာကိုသူကဘာလို့လှောင်ပြောင်နေရတာလဲ…
အထူးသဖြင့်မရတီချိုကငါ့ကိုမျက်နှာသာပေးတာကို နင်မကြိုက်မှန်းငါသိတယ်မိလုံး…နင့်ပါးစပ်ကနေ… နောက်ပေါက်တဲ့ရွှေကြာပင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စောင်းလားမြောင်းလားပြောနေတာကို ငါကြားတယ်နော်…

ကျွန်မစာအုပ်ကလေးကိုဖတ်နေရင်းမှသက်ပြင်းတွေအခါခါချမိသလိုစိတ်တွေလည်း မွန်းကြပ်လာမိသည်။

“သီဟထွန်းရှိန်တဲ့…သူဌေးကြီးရဲ့အငယ်ဆုံးသားလို့ပြောတယ်…မြို့ထဲမှာနေတာတဲ့လေ…တစ်ခါတလေမှအိမ်ကိုပြန်လာတတ်တယ်…သူပြန်လာရင်မရတီချိုနဲ့သူဌေးကြီးကိုပဲစကားပြောတာ ကျန်တဲ့သူတွေကိုအဖက်တောင်မလုပ်ဘူး…အထူးသဖြင့် ကိုကို့ကိုတွေ့ရင်ရန်သူနဲ့တွေ့သလိုမျက်နှာထားတင်းနေတာကိုသတိထားမိတယ်…

…ဒီနေ့စိန်ပန်းမြိုင်အိမ်ကြီးကိုရောက်တာ သုံးလပြည့်ပြီ…

ကျွန်မ မရွှေမိ၏ ခံစားချက်များကို ခပ်မြန်မြန်လေး လှန်လော ဖတ်နေရင်း တစ်နေရာအရောက်တွင် တွေ့လိုက်ရသော စာသားများကြောင့် အံ့သြမင်သက်သွားမိလေသည်။

…ကိုကိုအကျင့်မကောင်းဘူး…မရတီချိုကဒီလောက်ချော ဒီလောက်သဘောကောင်းတာကို ကေသီတင်ဆိုတဲ့မိန်းမနဲ့ဖောက်ပြန်ရသလား…

…စိတ်ရှိတိုင်းသာဆို ကိုကို့တို့ကိုမရတီချိုနဲ့တိုင်ပစ်ချင်တာ ကေသီတင်လိုအကျင့်မကောင်းတဲ့မိန်းမထက်စာရင် မရတီချိုနဲ့ကမှတော်ပါသေးတယ်ကိုကိုရယ်…

…ဒီနေ့ကိုကိုနဲ့မရတီချိုရန်ဖြစ်နေသံကိုကြားတယ်…ဒီအိမ်ရောက်ကတည်းက မရတီချိုဒေါသထွက်တာကို ဒီတစ်ခါပဲမြင်ဖူးသေးတယ်… ကိုကိုနဲ့ ကွာရှင်းမယ်လို့ပြောတဲ့မရတီချိုရဲ့အသံကိုကြားတော့စိတ်ထဲဝမ်းသာသလိုလိုဝမ်းနည်းသလိုလိုချည်းပဲ…ကိုကိုသာမရတီချိုနဲ့ကွာရှင်းရင် အကျင့်မကောင်းတဲ့ကေသီတင်ကိုမယူပါနဲ့ကိုကိုရယ်…ရွှေမိနဲကိုကိုဒီအိမ်ကြီးကနေအတူထွက်သွားရအောင်လေ…

ကျွန်မ ဒိုင်ယာရီစာအုပ်လေးကို ကိုင်ပြီးအံ့သြခြင်းမယုံကြည်နိုင်ခြင်းများဖြင့်ဆက်၍ဖတ်လိုက်သည်။

” ဒီနေ့လကွယ်နေ့…ညသန်းခေါင်ကျော်ရင် ကိုကိုနဲ့ငါချိန်းထားတယ်…

ကျွန််မဒိုင်ယာရီစာအုပ်လေးကို စိတ်ပျက်လက်ပျက်နှင့်ပင်ဆက်၍ဖတ်လိုက်သည်။

….ငါကြောက်တယ်…ငါအရမ်းကြောက်တယ်…မရတီချိုကိုငါသတ်မိတာလား…ကိုကိုသတ်တာလား…မဟုတ်ဘူး မရတီချိုကိုသတ်တာ ကေသီတင်ပဲ…ဟုတ်တယ် မရတီချိုသေတာငါနဲ့ကိုကိုကြောင့်မဟုတ်ဘူး ကေသီတင့်ကြောင့်ပဲ…

တွေ့မြင်လိုက်ရသောစာသားများကြောင့် ကျွန်မထိတ်လန့်အံ့သြလွန်းသဖြင့် လက်ထဲမှဒိုင်ယာရီစာအုပ်လေးမှာ မြေပြင်ပေါ်သို့ဘုတ်ခနဲပြုတ်ကျသွားရလေသည်။

…ကြောက်တယ်. ညတိုင်းအိပ်မက်ဆိုးတွေမက်ပြီးမရတီချိုကိုပဲမြင်နေမိတယ်…ရဲတွေက မရတီချိုသူ့ဘာသာလှေကားကပြုတ်ကျပြီးသေတယ်လို့ပြောပေမဲ့ နေရတာစိတ်မလုံဘူး …အချိန်ရှိသ၍ အဲ့ဒီအကြောင်းကိုပဲပြန်မြင်ယောင်နေမိတယ်…ဘယ်လိုပဲကိုယ့်ကြောင့်မဟုတ်ဘူးလို့ တွေးလည်းမရဘူး…အဲ့ဒီညကအဖြစ်ကိုပဲအိပ်မက်တွေလည်းမက်တယ်…

…အဲ့ဒီနေ့က ကိုကိုနဲ့ချိန်းထားလို့သာ အရဲစွန့်ပြီးအပေါ်ထကပ်ကိုတက်ခဲ့ရတာ…အဲ့ဒီတုန်းကကြောက်ပြီးဆက်မတက်ခဲ့မိရင်အကောင်းသားလို့အခုတွေးမိတယ်…အပေါ်ထပ်ရောက်တော့ မရတီချိုနဲ့သူ့မောင်သီဟထွန်းရှိန်တို့စကားများနေတဲ့အသံကိုကြားပြီး နီးစပ်ရာအခန်းထဲကိုဝင်ပုန်းလိုက်မိတာပိုမှားသွားသလိုပဲ…တကယ်ဆိုအောက်ထပ်ကိုပြန်ဆင်းသွားခဲ့မိရင်အကောင်းသား…သီဟထွန်းရှိန်ကအတော်လေးမူးနေပုံရတယ် မရတီချိုကိုမအော်စဖူးပြန်အော်နေတယ်…သူအိမ်ကိုပြန်လာတာတစ်ပတ်မကြာသေးဘူး သူကလည်းအတော်မွှေတယ်…ဒီကိစ္စဖြစ်သွားတာသူ့ကြောင့်လည်းပါတယ်…မကြာဘူး သီဟထွန်းရှိန်အသံတိတ်သွားပြီး မရတီချိုလှေကားဘက်ကိုပြန်လာတဲ့အသံကိုကြားရလို့ ကြောက်ပြီး အခန်းထဲမှာငြိမ်နေမိတာ ပိုမှားသွားမှန်းခုမှနောင်တရမိတယ်…အဲ့ဒီအချိန်ကသာ ဆူညံသံတွေကြားလို့အပေါ်ထပ််ကိုတက်ကြည့်မိတာလို့ပြောရင် မမလေးရတီချိုလည်းသေမှာမဟုတ်သလို ငါလည်းကြောက်နေရမှာမဟုတ်ဘူး…ခုတော့အခန်းထဲမှာ ပုန်းနေခဲ့မိလို့ မမလေးရတီချိုလှေကားနားရောက်လာပြီး ဟိုမိန်းမကေသီတင်နဲ့တွေ့တာပေါ့…မမလေးရတီချိုနဲ့ကေသီတင်တို့ရန်ဖြစ်စကားများနေသံကိုးကြားပေမဲ့ အခန်းတံခါးပေါက်ကနေ ချောင်းကြည့်ပြီး ထွက်မဆွဲမိတာ တစ်ကယ်ကိုမှားတယ်…မကြာပါဘူး ကေသီတင်ဆောင့်တွန်းလိုက်လို့မမလေးရတီချို လှေကားပေါ်ကနေပြုတ်ကျသွားတယ်…ဟိုမိန်းမယုတ်မကေသီတင် မရတီချိုကိုထားခဲ့ပြီးသူ့အခန်းဘက်ကိုပြန်ပြေးသွားတာတွေ့လိုက်တယ်…အဲ့ဒီအချိန်အထိ မရတီချိုကိုသေစေလိုတဲ့ဆန္ဒလုံးဝမရှိခဲ့ပါဘူး…ကြောက်ပြီးအခန်းထဲမှာခဏငြိမ်နေမိပြီး သတိဝင်လာတာနဲ့မရတီချိုရှိတဲ့အောက်ထပ်ကိုပြေးသွားခဲ့တာငါ့ကိုယ်ငါသိတယ်…အောက်ထပ်ရောက်တော့ သွေးအိုင်ထဲမှာလဲနေတဲ့ မရတီချိုကို မတ်တတ်ရပ်ကြည့်နေတဲ့ ကိုကို့ကိုမြင်တော့ ငါအရမ်းအံ့သြသွားတယ်…ကိုကိုဘာလုပ်နေတာလဲ အိမ်သားတွေကိုနှိုးလေ မရတီချိုကိုကယ်ဖို့လုပ်လေလို့ ပြောခဲ့မိတာအမှန်ပါ…ကိုကိုကခေါင်းယမ်းတယ် မရတီချိုကိုကယ်လိုက်ရင် သူအိမ်ပေါ်ကနှင်ချခံရမယ်တဲ့ ပြီးတော့ငွေအလွဲသုံးစားလုပ်မှုနဲ့လည်းထောင်ကျမှာတဲ့နောက်ဆုံးသူ့ဘဝကဟိုအရင်ကလိုဆင်းရဲစုတ်ပြတ်တဲ့ဘဝကိုပြန်ရောက်သွားမှာတဲ့လေ…ငါမှားတာငါးပဲမှားတာ…ကိုကို့ကိုသနားပြီး ကိုကိုခိုင်းတဲ့အတိုင်း ကိုကိုပေးတဲ့လက်ကိုင်ပဝါနဲ့မရတီချိုရဲ့နှာခေါင်းကိုဖိအုပ်လိုက်မိတယ်…အဲ့ဒီတုန်းက မရတီချိုသွေအိုင်ထဲမှာလှုပ်ရှားလူးလွန်ရင် ငါ့ကိုကြည့်တဲ့အကြည့်တွေကို ခုထိမျက်စိထဲမှာမြင်ယောင်နေတုန်းပဲ…ငါအရမ်းကြောက်တယ်… ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေအဝေးဆုံးကိုထွက်ပြေးသွားချင်တယ်…

ကျွန်မဖတ်နေရင်းမှ ရင်ထဲမှာစူးအောင့်နာကျင်လာမိသည်။
သနားစရာကောင်းလှသော ရတီချို၏ပုံစံကိုလည်း မျက်လုံးထဲမြင်ယောင်နေမိပြီး သေခါနီးမှာ ဘယ်လောက်တောင်များ နာနာကျင်ကျင်ဖြင့် လောကကြီးထဲမှထွက်ခွါသွားရသည်ကိုတွေးမိပြီး ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်စက်များစီးကျလာလေသည်။
ကျွန်မစိတ်ထဲ ထိထိခိုက်ခိုက်နာနာကျင်ကျင်နှင့်ပင် စာအုပ်ကိုဆက်၍ဖတ်လိုက်သည်။ကျွန်မအ​နေနှင့် ယခုအချိန်မှတော့ သည်စာအုပ်ကိုမဖြစ်မနေအဆုံးထိဖတ်ရတော့မည်ဖြစ်သည်။

…ဒီအိမ်ကြီးကနေထွက်သွားကြရအောင်လို့ကိုကို့ကိုပြောလိုက်တယ်… ကိုကိုကသူရသင့်တာတွေရပြီးရင်သွားကြမယ်လို့ပြောတယ်…ရသင့်တာရဖို့ကဘယ်လောက်ကြာဦးမှာလည်းတော့မသိဘူး…တစ်နေ့တစ်နေ့ငါ့မှာကြောက်လို့သေတော့မယ်…

…အိမ်ကိုရောက်လာတဲ့ သူနာပြုဆရာမလေးကတစ်မျိုးပဲ… ညဘက်တွေမှာဆံပင်အရှည်ကြီးနဲ့မိန်းမတစ်ယောက်ကိုတွေ့တွေ့နေတယ်လို့ပြောတယ်…သေချာတယ် ဆံပင်အရှည်ကြီးနဲ့ဆိုတော့ မရတီချိုနေမှာပေါ့…ငါကြောက်တယ် ဒီလိုနဲ့အဖြစ်မှန်တွေပေါ်သွားရင်ကိုကိုရောငါပါအဖမ်းခံရမှာလား…

…ကိုကို့ကိုပြောတော့ ကိုကိုကမကြောက်နဲ့တဲ့ ဒေါ်မာလာတင်ကမရတီချိုသေတာသူ့သမီးကေတင်ကြောင့်ပဲလို့သိထားတာမို့ဒီအမှုကိုဖော်မှာမဟုတ်ဘူးတဲ့…ဒါပေမဲ့ ငါအရမ်းကြောက်နေမိတုန်းပဲ…

…ဒုက္ခတော့ရောက်ပြီး ကိုကိုနဲ့ငါ ခိုး ခိုးတွေ့နေတာကို ကေသီတင်သီသွားပြီး ငါ့ကိုပါးတွေလည်းရိုက်တယ်…အိမ်ပေါ်ကနေလည်းမောင်းချနေတယ် အိမ်ကမထွက်သွားရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်နေတယ်…

…ကိုကိုကပိုက်ဆံထုတ်ပေးတယ်…အဆင်ပြေတဲ့နေရာမှာအရင်သွားနေနှင့်တဲ့ကိစ္စတွေပြီးတာနဲ့သူလိုက်လာမယ်တဲ့…သေချာလို့လား…ကိုကိုတကယ်လိုက်လာပါ့မလား…လိုက်မလာခဲ့ရင်ဘယ်လိုလုပ်မလဲ…

…မနက်ကအိမ်ကို ခဏပြန်ပါရစေလို့ သူဌေးကတော်ကိုပြောလိုက်တော့ ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးတယ်…ပြန်လာချင်လည်းလာမလာချင်လည်းနေ စိန်ပန်းမြိုင်ကအကြောင်းတွေဘယ်သူ့ကိုမှလျှောက်မပြောရဘူးလို့ပြောပြီး လမ်းစရိတ်ပါထုတ်ပေးလိုက်တယ်…တကယ်ထွက်သွားရတော့မယ်ဆိုတော့ ပျော်လည်းပျော်တယ် ကိုကိုလိုက်မလာမှာစိုးလို့ ထွက်လည်းမသွားချင်ဘူး…

…ဒီည ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာနေရမယ့်နောက်ဆုံးညပဲ…ဒီညအပေါ်ထပ်မှာကိုကိုနဲ့ချိန်းထားတယ်…ညဥ့်နက်ရင်ကိုကိုနဲ့ခဏသွားတွေ့ပြီး မနက်အစောကြီးထပြန်ရမယ်…

ကျွန်မ စာကြောင်းများကို စိတ်မောပန်းစွာထက်၍ဖတ်လိုက်မိသည်။

…ကိုကိုကလိုက်လာခဲ့မယ်လို့ကတိပေးလိုက်တယ်…ကိုကို့ကိုယုံကြည်ပေမဲ့ ကံကြမ္မာကိုမယုံရတော့ကြောက်တော့ကြောက်နေမိတယ်…တံခါးခေါက်သံကြားတယ် ကိုကိုလာတာထင်တယ် ပျော်လိုက်တာ…ကိုကိုလည်းမဟုတ်ဘူး ….သူ

” ဒုတ် ”

” အမလေး ”
စာအုပ်ကိုစိတ်ဝင်တစားနှင့်ဖတ်နေစဥ်မှာပင် ကျွန်မရှေ့သို့ လူတစ်ယောက်ရောက်လာပြီး လက်ထဲမှ စာအုပ်ကိုတုတ်နှင့်ရိုက်ချလိုက်သည်မို့ အလန့်တကြားမော့ကြည့်လိုက်မိသောအခါ…
———–
ဇာတ်သိမ်းပိုင်းဆက်ရန်

အပိုင်း ( ၁၁ ) ဇာတ်သိမ်းပိုင်း

စိန်ပန်းမြိုင်မှအိမ်နီကြီး
****************

” မိ…မိလုံး…ဒါ….ဒါဘာလုပ်တာလဲ…”

” ဆရာမက…ရှာတဲ့နေရာမှာ သိပ်တော်တာပဲ…ဒီစာအုပ်ကို မိလုံးရှာနေတာဘယ်လောက်ကြာနေပြီလဲ အရိပ်အယောင်တောင်မတွေ့ဘူး…ခုမှဆရာမလေးကြောင့် စာအုပ်ကိုအလွယ်တကူတွေ့တာပဲ….”

မိလုံးသည် ပြောပြောဆိုဆိုနှင့် လက်ထဲမှ တုတ်ကိုကိုင်မြှောက်ပြီး ကျွန်မဆီသို့ တစ်လှမ်းချင်းတိုးလာ​သော မိလုံးကိုကြည့်​ပြီး ကျွန်မကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

” မိ…မိလုံး ရှေ့ကို တိုးမလာနဲ့နော်…ကျွန်မအော်လိုက်မှာ… ”

” အော်လေ…ကြိုက်သလောက်အော်…ရှင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ဘူးဆရာမလေးရဲ့…မိလုံးဒီလောက်တားနေတဲ့ကြားက ဘာလို့ဒီတောထဲကိုလာရတာလဲ ပြောပါဦး…ဘာလဲဆရာမလေးကရော ဟိုလူယုတ်မာကျော်စွာဦးကိုကြိုက်နေတာလား ပြောလေ… ပြောစမ်း….ဟား ဟား ဟား…အဲ့ဒါဆိုဆရာမလေးကိုလည်း…ရွှေမိနားမှာနေခိုင်းရမှာပေါ့…”

ကျွန်မသည် မိလုံး၏သွေးပျက်ဖွယ်ရယ်သံကြီးကြောင့် မိလုံးကိုအထိတ်တလန့်ကြည့်နေမိသည်။မျက်လုံးကြီးများပြူးလျက် ဒေါသတကြီးဖြစ်နေသော မိလုံး၏ပုံစံမှာ စိတ်ဖောက်ပြန်နေသောသူနှင့်ပင်တူနေလေသည်။

” မိလုံး မင်း…မင်းဘာတွေပြောနေတာလဲ….မရွှေမိကိုမင်းသတ်လိုက်တာလား…”

ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသောအခါ မိလုံးသည် တဟားဟားအော်ရယ်ပြီး ခါးကိုထောက်၍ တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်ပြီး

” ဟုတ်တယ်…ရွှေမိဆိုတဲ့ကောင်မကို ငါသတ်လိုက်တာ…ရာရာစစသူလိုဟာမကများ ငါ့သခင်မကိုထိစရားလား…အဲ့ဒီကောင်မနဲ့ဟိုလူယုတ်မာတွေ မမလေးကိုသတ်လိုက်တာကို ဒီစာအုပ်ထဲမှာ ငါဖတ်လိုက်ရတယ်လေ…ဒါကြောင့်လူသတ်သမား​တွေကို ငါပြန်သတ်လိုက်တာပဲ…ဘာဖြစ်လဲ…ဟိုလူယုတ်မာကျော်စွာဦးကိုလည်းလှေကားကနေငါတွန်းချလိုက်တာပေါ့… ပြီးတော့ နေရာတကာပါတတ်တဲ့ဧည့်သည်ကောင်ကိုလည်းငါတို့ပဲတွန်းချပစ်လိုက်တာ…စိတ်ချအဲ့ဒီကောင်လည်းမကြာခင်သေတော့မှာ….ဟား..ဟား..ခုတော့ ဆရာမလေးအလှည့်ပေါ့…ပြီးရင် ကေသီတင်ဆိုတဲ့မိန်းမယုတ်မကိုသတ်မှာ…သူ့ကိုသတ်ပြီးရင် မမလေးကိုစိတ်ဆင်းရဲအောင်အမြဲလုပ်တဲ့သီဟထွန်းရှိန်နဲ့ဒေါ်မာလာတင်ဆိုတဲ့မိန်းမကြီးကိုပါသတ်မယ်….မမလေးရေ…မမလေးအတွက်မိလုံးလက်စားချေပေးမယ်နော်…နောက်ဆိုမမလေးစိတ်မဆင်းရဲရအောင် ဒီအိမ်ကလူတွေအားလုံးကို မိလုံးသတ်ပေးမယ်သိလာ မမလေး… အီး…ဟီး ဟီး…”

မိလုံး၏ကျောချမ်းဖွယ်ငိုသံကြောင့် ကျွန်မတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာ​လေသည်။

” စိတ်…စိတ်ထိန်းပါဦး… မိလုံးရယ်…ကျွန်မတောင်းပန်ပါတယ်…မိလုံးဒီလိုလိုက်သတ်နေတော့လည်း မရတီချိုကပြန်ရှင်လာမှာမှမဟုတ်တာ…မိလုံးဒီလိုလူတွေသတ်နေတာကို မရတီချိုသာသိရင်ဘယ်လောက်စိတ်မကောင်းဖြစ်လိုက်မလဲ…သေချာစဥ်းစားပါဦးမိလုံးရယ်…မရတီချိုကို မိလုံးချစ်တယ်မဟုတ်လား မရတီချိုမကြိုက်တာဆိုမိလုံးမလုပ်ဘူးမဟုတ်လားဟင်…

ကျွန်မစကားကြောင့် မိလုံးသည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် ဒေါသတကြီးပုံစံနှင့်လက်ထဲမှတုတ်ကိုကိုင်​
မြှောက်လိုက်ပြီး
နောက်

” မဟုတ်ဘူး…မဟုတ်ဘူး မိလုံးက မမလေးစကားဆိုအကုန်နားထောင်တယ်…ဒါပေမဲ့မမလေးကိုစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကိုအကုန်သတ်ရမယ်…သတ်မယ်…သတ်ပစ်မယ်…”

မိလုံး၏သွေးရူးသွေးတန်း ပုံစံကိုကြည့်၍ ကျွန်မကြောက်လန့်တကြားနှင့်ပြေးမိပြေးရာထ၍ ပြေးခဲ့သည်။

“ဘုတ် ”

” အား…”
ကျွန်မကြောက်ကြောက်လန့်လန့်နှင့်ပြေးမိပြေးရာပြေးလာခဲ့မိရာလူတစ်ယောက်နှင့်ဝင်တိုတ်လိုက်မိလေသည်။

” ဟင်…ဦး…ဦးဖိုးထော်…”

” တောင်းပန်ပါတယ် ဆရာမလေး…ကျုပ်တူမလေးက… မမ​လေးရတီချိုကိုသူ့မိခင်တစ်ယောက်လိုသိပ်ချစ်ရှာတာ…သူ့မိဘတွေဆုံးသွားတော့ အသက်ဆယ့်ငါးနှစ်အရွယ်ပဲရှိသေးတဲ့ ကျုပ်တူမလေးကို စိန်ပန်းမြိုင်အိမ်ကြီးကို ကျုပ်
ခေါ်ခဲ့တာလေ ကျုပ်တူမလေးကိုခေါ်လာလို့ စိန်ပန်းမြိုင်အိမ်ကလူတွေသဘောမကျပေမဲ့ မမလေးရတီချိုကတော့
ကြင်ကြင်နာနာဆက်ဆံပေးခဲ့တာလေ ခုလို သူအားကိုးချစ်ခင်ရတဲ့လူက ရုတ်တရက်သေဆုံးသွားခဲ့တော့ သူအရမ်းစိတ်ထိခိုက်နာကျင်သွားပုံရတယ်…တစ်ညမှာ ရွှေမိကိုသူသတ်လိုက်ပြီဆိုပြီး ကျုပ်ကိုလာပြောတယ်…ဒီလိုသူလုပ်မယ်ဆိုတာကိုကျုပ်မသိခဲ့လို့ပါ သူသတ်မယ်ဆိုတာကြိုသိရင်ကျုပ်တားခဲ့မှာပါ…မောင်ကျော်စွာဦးကိုသူသတ်ဖို့လုပ်ထားမှန်းလည်း ကျုပ်တကယ်မသိခဲ့တာပါ…ဒီကိစ္စတွေကြောင့် ကျုပ်တူမလေးကိုခေါ်ပြီးထွက်သွားဖို့ပြင်ဆင်နေတုန်းမှာ ဧည့်သည်လေးကသိသွားလို့ ကျုပ်ကိုယ်တိုင်နှုတ်ပိတ်ဖို့လုပ်ခဲ့ရတာပဲ…အဲ့ဒါကိုဆရာမလေးကအေးအေးဆေးဆေးမနေဘဲ ဒီကိစ္စတွေထဲဝင်ပါရသလား ဗျာ…အခုတော့ ဆရာမလေးကိုပါ မသတ်ချင်ဘဲသတ်ရတော့မယ်….

ခြံစောင့်ကြီး ဦးဖိုထော်၏ စကား​ကြောင့် ကျွန်မအထိတ်တလန့်နှင့်နောက်သို့ခြေလှမ်းများကိုပြန်ဆုတ်လိုက်မိသည်။

” ကျွန်မ… ကျွန်မတောင်းပန်ပါတယ် ဦးဖိုးထော်…အဖြစ်မှန်တွေကိုဝန်ခံလိုက်ပါနော်…ကျွန်မကိုလည်းမသတ်ပါနဲ့နော် တောင်း… တောင်းပန်ပါတယ်ရှင်….”

” မရတော့ဘူး…ဆရာမလေး…ခုချိန်မှဝန်ခံလည်းလက်လွန်နေပြီ…ဆရာမလေးကိုလည်းမသတ်ရင်မဖြစ်လို့သာ သတ်ရမှာ ကျုပ်တကယ်မသတ်ချင်ပါဘူး….”

” ဦးလေး သူ့ကိုဘာမှမ​ပြောနဲ့တော့… သတ်လိုက်တော့…သူလည်းဟိုကောင်လူယုတ်မာကျော်စွာဦးကိုကြိုက်နေတာပဲ…သူကြောင့်မမလေးစိတ်ဆင်းရဲရလိမ့်မယ်…သူ့ကိုအမြန်သတ်ပြီး ဟိုမိန်းမယုတ်ရွှေမိရှိတဲ့ချောက်ထဲမှာပဲ မြှုပ်လိုက်ကြရအောင်…”

မိလုံးသည် အသံနက်ကြီးနှင့်အော်ဟစ်ပြောဆိုရင်း လက်ထဲမှတုတ်ကိုမြှောက်ကိုင်ကာ ကျွန်မဆီသို့ပြေးဝင်လာလေ၏။ကျွန်မလည်း မိလုံးကိုကြည့်ပြီးကြောက်လန့်တကြားနှင့်အသံကုန်အော်ဟစ်လိုက်မိလေသည်။

” အမလေး …ကယ်ကြပါဦးရှင်…”

” ဆရာမလေး.. ပြေးလေး…ပြေးတော့…”
ကျွန်မ၏အော်သံအဆုံး၌ ခေါ်သံနှင့်အတူပြေးဝင်လာသော သီဟထွန်းရှိန်သည် ကျွန်မ၏ခန္ဓာကိုယ်အား အရှိန်နှင့်တွန်းဖယ်ပစ်လိုက်လေသည်။

” သီ…သီဟထွန်းရှိန် ရှင့်ကိုထိသွားလားဟင်…”

” ကျွန်မကိုတွန်းထုတ်ပစ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် မိလုံး၏အရိုက်ခံလိုက်ရသော သီဟထွန်းရှိန်သည် မြေပြင်ပေါ်ပစ်လဲကျသွားသည်မို့ ကျွန်မအပြေးအလွှားထူးရင်းစိုးရိမ်တကြီးမေးလိုက်မိသည်။

” ကျွန်တော်…ကျွန်တော်ဘာမှမဖြစ်ဘူး ဆရာမ…ဆရာမလေးပြေးတော့…အမြန်ပြေးတော့…”

” မပြေးဘူး…ဘာလို့ပြေးရမှာလဲ…”

ကျွန်မသည် မြေပြင်ပေါ်တွင်လဲကျနေသော သီဟထွန်းရှိန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကို ကျွန်မကိုယ်နှင့်ကာလိုက်ပြီး ဦးဖိုးထော်ကို အကူအညီလှမ်းတောင်းလိုက်ရင်းမှ အိမ်​ကြီးဆီမှ​ကြားလို​ကြား​ငြားအသံကုန်အော်ဟစ်ပစ်လိုက်သည့်အခါ မိလုံးသည် မျက်ထောင့်နီကြီးနှင့်ကြည့်​ပြီးကျွန်မတို့ဆီသို့တစ်လှမ်းချင်းလှမ်းလာလေသည်။

“တောင်း…တောင်းပန်ပါတယ် ဦး…ဦးဖိုးထော်ရယ်… မိလုံးကိုတားပါဦး…ကယ်…ကယ်ကြပါဦးရှင်…ဒီမှာ ကျွန်မတို့ကိုသတ်ဖို့လုပ်နေလို့ပါ….”

 

” တိတ်စမ်း…နား​ငြီးတယ်…သီဟထွန်းရှိန်အဲ့ဒီကောင်ကိုပါ သတ်ချင်နေတာအတော်ပဲဖြစ်သွားတာပေါ့…ဦးလေးဘာလုပ်နေတာလဲ…လာလေသူတို့နှစ်ယောက်လုံးကိုသတ်ပစ်ကြမယ်…”

ဦးဖိုးထော်သည် သူ့တူမမိလုံးနှင့်ကျွန်မတို့ကိုကြည့်ကာ လက်ထဲမှမြက်ခုတ်ဓါးကြီးကိုမြေပြင်ပေါ်ထောက်လျက် တွေတွေချည်းရပ်နေလေသည်။

” ဦးဖိုးထော်… လက်ထဲကဓါးကိုချလိုက်ပါ…ထွက်ပြေးဖို့မစဥ်းစားပါနဲ့ ကိုမင်းပိုင်ဦးလည်းသတိရလာပြီမို့ ခင်ဗျားတို့ဘယ်လိုမှပြေးမလွတ်တော့ဘူး…”

ရုတ်တရက်ကြားလိုက်ရသောအသံများနှင့်ဝတ်စုံပြည့်ဝတ်ထားသောတာဝန်ရှိသူများကိုမြင်လိုက်ရသောအခါ ကျွန််မ ဝမ်းသာလွန်းသဖြင့် မျက်လုံးအိမ်မှမျက်ရည်များပါစီးကျလာလေသည်။

****************

ကျွန်မသည် သီဟထွန်းရှိန်၏ လက်မှဒဏ်ရာကိုဆေးထည်းပေးနေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို ခပ်စူးစူး​ငေးကြည့်​နေမိသည်။

” ဘာလို့ အတင်းဇွတ်ဝင်လာရတာလဲ… မတော်လို့ခေါင်းကိုရိုက်မိရင်ဘယ်လိုလုပ်မလဲ…တော်သေးတာပေါ့.. လက်နဲ့ကျောကုန်းပဲထိသွားလို့ပေါ့….”

ကျွန်မစကားကြောင့် သီဟထွန်းရှိန်က ကျွန်မလက်ဖျားလေးကို ဖျတ်ခနဲဆွဲယူကာသူ့ရင်ဘတ်ပေါ်မှာတင်လိုက်ပြီး

” စိုးရိမ်လို့ပေါ့…ဆရာမလေးရယ်…ဆရာမလေးကလည်း ကျွန်တော်ဒီလောက်အရိပ်တကြည့်ကြည့်စောင့်ကြည့်နေတဲ့ကြားကဘယ်လိုများလှစ်ခနဲပျောက်သွားရတာလဲ…တော်သေးတာပေါ့…တာဝန်ရှိတဲ့သူတွေရောက်လာလို့ပေါ့ မဟုတ်ရင်တွေးတောင်မတွေးရဲဘူး…”

သီဟထွန်းရှိန်၏ စကားကြောင့် ကျွန်မမျက်လုံးထဲတွင် မိလုံး၏ပုံစံကို​ပြန်မြင်ယောင်မိပြီး သီဟထွန်းရှိန်၏ လက်ကိုခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်မိလေသည်။

” ဟုတ်တယ်နော်…မိလုံးကြည့်ရတာကြောက်စရာကြီး…သူ့ခမျာမရတီချိုကိုချစ်ခင်စွဲလမ်းတဲ့စိတ်ကြောင့် စိတ်ထိခိုက်သွားတာဖြစ်မယ်…ဒါနဲ့မကေသီတင်လည်းပြစ်ဒဏ်ခံရမှာပေါ့နော်…”

ကျွန်မစကားကြောင့် သီဟထွန်းရှိန်သည် အံကိုတစ်ချက်ကြိတ်လိုက်ပြီး

” သူ့အပြစ်ရှိသလောက်တော့ ခံရမှာပေါ့ …ဒီလိုတွေဖြစ်မှာကိုကျွန်တော်ကြောက်နေခဲ့တာ နောက်ဆုံးတော့ကျွန်တော်ကြောက်တဲ့အတိုင်းဖြစ်လာခဲ့တာပဲ…”

” ဒါနဲ့ စာအုပ်ထဲမှာ… မရတီချိုနဲ့ရှင်နဲ့စကားများနေကြတာလို့ရေးထားတယ်…အဲ့ဒီညက အကြောင်းတွေမှတ်မိလား…”

သီဟထွန်းရှိန်သည် ကျွန်မ၏အ​မေးကြောင့် ရုတ်ချည်မျက်နှာမှာညှိုးငယ်သွားပြီး
ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ပြရင်းဖြေလေသည်။

” အင်း…နည်းနည်းပါးပါးတော့မှတ်မိတယ်…အဲ့ဒီတုန်းက ကျွန်တော် မကေသီနဲ့ကျော်စွာဦးအကြောင်းကိုသိလိုက်ရတာမို့ အရက်တွေသောက်ပြီး သူတို့နှစ်ယောက်လုံးကိုသတ်ပစ်မယ်လို့လုပ်ထားတာလေ..မမရတီချိုသိတာစောသွားလို့ သူတို့နှစ်ယောက်က ကံကောင်းသွားပြီး စိတ်ထားကောင်းလှတဲ့ မမရတီချိုကတော့… ”
ပြောရင်းမှ သီဟထွန်းရှိန်သည် ကျွန်မ၏လက်ပေါ်တွင်မျက်နှာအပ်ပြီးအံကိုကြိတ်၍အသံတိတ်ငိုနေလေသည်။ကျွန်မ သီဟထွန်းရှိန်၏ ခေါင်းကိုလက်တစ်ဖက်နှက့်ခပ်ဖွဖွပု​တ်ရင်းနှစ်သိမ့်လိုက်မိသော်လည်း ကျွန်မကိုယ်၌ကပင် ရတီချိုအကြောင်းတွေးကာစိတ်ထိခိုက်ဝမ်းနည်းမိလေသည်။

” တကယ်တော့…မမရတီချိုက အရမ်းကိုစိတ်သဘောထားကောင်းတာ…ကျွန်တော့်အမေ့က ကျွန်တော့်ကို
အကြောင်းပြပြီးအ​ဖေ့ကို လိမ်ညာလက်ထပ်ခဲ့တာလေ…ဒီအကြောင်း​တွေကို ကျွန်တော်တက္ကသိုလ်တက်တော့မှမတော်တဆသိသွားခဲ့တာ…သိသိချင်း. ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးပျက်သွားသလိုပဲ…ကျွန်တော်အရမ်းချစ်တဲ့အစ်မက ကျွန်တော်နဲ့သွေးမတော်သားမစပ်ဖြစ်နေပြီး ကျွန်တော်မုန်းတဲ့မကေသီကပဲကျွန်တော့အစ်မဆိုတော့ ကျွန်တော်ရူးချင်သလိုလိုဖြစ်ခဲ့တာ…နောက်တော့အဖေပါသိသွားတယ်လေ…ဒါပေမဲ့ထူးဆန်းတာကဘာလဲသိလား…ကျွန်တော်ကသူ့အဖေရဲ့​သွေးသားမဟုတ်ဘူးဆိုတာ မမရတီချိုကသိတာကြာပြီတဲ့လေ…ကျွန်တော်ခံစားရမှာစိုးလို့ ဘယ်သူ့ကိုမှထုတ်မပြောခဲ့တာတဲ့…အဲ့ဒီအကြောင်းကိုသိသွားတဲ့နေ့ကစပြီး ကျွန်တော်ဒီအိမ်ကြီးမှာမနေတော့ဘူး…ကျွန်တော့်အမေအရင်းနဲ့အစ်မကိုထွက်သွားဖို့ခေါ်တာလည်းမရ​တော့ ကျွန်တော်တစ်ယောက်တည်းမြို့ထဲမှာသွားနေခဲ့တာ…ကျွန်တော်အဲ့ဒီလိုနေတော့မမရတီချိုကမြို့ထဲမှာအိမ်ဝယ်ပေးတယ်လေ…နောက်ဆုံးတော့မမရတီချိုစိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့အဲ့ဒီအိမ်မှာနေလိုက်တယ်…ဒီလောကကြီးမှာ ကျွန်တော့်အပေါ်
နားလည်ပေးနိုင်ဆုံး သည်းခံနိုင်ဆုံးသူပါ… ”

ပြောပြီးသည်နှင့် ပြတင်းဝဘက်သို့ငေးငေးငိုင်ငိုင်နှင့်ကြည့်နေသော သီဟထွန်းရှိန်ကိုကြည့်ပြီး ရတီချိုကိုသနားလွန်းသဖြင့် ကျွန်မ သီဟထွန်းရှိန်ကိုနှစ်သိမ့်ရန်စကားလုံးများပင်ပျောက်ဆုံးနေမိလေသည်။
***************
အိမ်​ရှေ့ဆင်ဝင်အောက်မှာ ချထားသော အထုတ်များအားလုံးကို ကားပေါ်သို့တင်လိုက်ပြီးနောက် သီဟထွန်းရှိန်သည် နောက်သို့လုံးဝလှည့်မကြည့်တော့ဘဲ အိမ်ထဲသို့ဝင်သွားလေတော့သည်။ကျွန်မမှာတော့​ ကားဘေးတွင်ရပ်နေသော ဒေါ်မာလာတင်ကိုတစ်လှည့် အထုတ်အပိုးများတင်ထားသောကားကိုတစ်လှည့်ကြည့်ပြီး စိတ်ထဲမှာဝမ်းနည်းသလိုလို၊ ငိုချင်သလိုလို ခံစားနေရလေသည်။

***************
အခန်းတံခါးကိုခပ်ဖြည်းဖြည်းခေါက်လိုက်သောအခါ အထဲမှတုန့်ပြန်သံမကြားရတာမို့ ကျွန်မတံခါးကိုတွန်းကြည့်လိုက်တော့ တံခါးကအလွယ်တကူပွင့်သွားလေသည်။ကျွန်မအခန်းထဲကိုဝေ့ဝဲကြည့်လိုက်သောအခါ ပြတင်းပေါက်နား​တွင်ငူငူချည်းရပ်နေသော သီဟထွန်းရှိန်ကိုတွေ့လိုက်ရသည်မို့ အနားသို့ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်လေသည်။အနားသို့ရောက်သည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်သည် ကျွန်မပခုံးပေါ်ခေါင်းကိုမှိီတင်လိုက်ပြီး ရှိုက်ကြီးတငင်ငိုလေတော့သည်။

” အမေ့ကိုနှုတ်ဆက်စကားလေးတော့ ပြောလိုက်ရောပေါ့…”
ကျွန်မခပ်တိုးတိုးပြောလိုက်ပြီး သီဟထွန်းရှိန်၏ကျောပြင်ကိုလက်နှင့်အသာသိုင်းဖက်လိုက်သည်။

***************
သူဌေးကြီးဦးထွန်းရှိန်၏ အမွေလွှဲပြောင်းမှုအပြီးမှာတော့ စိန်ပန်းမြိုင် အိမ်ကြီးမှာတိတ်ဆိတ်ခြောက်ကပ်၍ ကျန်ခဲ့လေသည်။သူဌေးကြီး၏ ပိုင်ဆိုင်သမျှအားလုံးကိုရောင်းချပြီးနောက် ရသမျှထဲကတစ်ဝက်ကို လူယုံတော်ဦးသက်အောင်အပါအဝင် မိသားစုတွေကို့ခွဲဝေပေးလိုက်ကာ ကျန်တစ်ဝက်ကို လှူဒါန်းလိုက်ပြီး သူဌေးကြီးကနာတာရှည်ဆေးရုံတွင်သာနေတော့မည်ဟု ရှေ့နေ့ကြီးကပြောကြားပြီးသည့်နောက်မှာတော့ ဒေါ်မာလာတင်နှင်အခြားသူများမှာ စိန်ပန်းမြိုင်အိမ်ကြီးမှ ထွက်ခွါသွားကြပြီဖြစ်လေသည်။ကျွန်မသည်လည်း နောက်ရက်တွင် စိန်ပန်းမြိုင်အိမ်ကြီးမှ ပြန်ရတော့မည်မို့ အဝတ်အစားများကို ခေါက်သိမ်းနေပြီဖြစ်လေသည်။ကျွန်မ အဝတ်အစားများကိုခေါက်နေရင်းမှ အမှတ်တမဲ့အခန်းထောင့်သို့လှမ်းကြည့်မိလိုက်ပြီး ဘာရယ်မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးမွေးညင်းများထလာမိလေသည်။

“ဒေါက်…ဒေါက်…ဆရာမလေး…”

ကျွန်မအတွေးလွန်နေစဥ်မှာပင် တံခါးခေါက်သံနှင့်အတူ သီဟထွန်းရှိန်၏အသံကို ကြားလိုက်ရလေသည်။

” ဝင်ခဲ့လေ…တံခါးမပိတ်ထားပါဘူး…”

” အဝတ်အစားတွေသိမ်းနေပြီလား… ဒါနဲ့ ဟိုလေ…ကျွန်တော်နဲ့အတူမြို့ထဲကအိမ်ကိုလိုက်မှာမဟုတ်လားဟင်…”

” ရှင်…ဘယ်..ဘယ်လို…ဘာပြောလိုက်တာလဲ…”

” ကျွန်တော်…အဖေကို ဆေးရုံကိုမပို့ပါဘူး…မြို့ထဲကအိမ်ကိုခေါ်သွားပြီး ကျွန်တော်စောင့်ရှောက်မှာပါ…ကျွန်တော်ကိုကူညီမယ်မဟုတ်လား…ဆရာမလေး”

ကျွန်မဆွံ့အနေသူတစ်ယောက်လို ဘာမျှပြန်မပြောနိုင်ဘဲ သီဟထွန်းရှိန်၏မျက်နှာကိုခပ်​​ငေးငေး ​ကြည့်နေမိလေ၏။သီဟထွန်းရှိန်သည် ကျွန်မရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ ကျွန်မလက်ကိုဆွဲယူလိုက်ပြီးလက်စွပ်ကလေးကိုစွပ်ပေးရင်းမှ

” ဆရာမလေးကို ကျွန်တော်လက်ထပ်ပါရစေ…ခွင့်ပြုပေးပါနော်..”
သီဟထွန်းရှိန်၏ အပြုအမူကြောင့် ကျွန်မရင်ထဲမှာ တသိမ့်သိမ့်လှိုက်ခုန်နေပြီး ရှက်ရွံ့စွာခေါင်းကိုငြိမ့်ပြလိုက်လေသည်။

” ဒါဆို ကျွန်တော်တို့ အဖေ့ကိုသွားပြောကြမယ်လေ…အဖေ့ဆီကခွင့်ပြုချက်သွားယူရအောင်…”

ကျွန်မလက်ကိုဆွဲပြီး အခန်းအပြင်သို့ထွက်ရန်ပြင်နေသော သီဟထွန်းရှိန်၏လက်ကို ကျွန်မပြန်ဆွဲယူလိုက်ပြီး
” ခဏ…ခဏလေး​နေဦး သီဟ…ပြစရာရှိလို့…”

ကျွန်မ သီဟထွန်းရှိန်ကိုပြောပြီးသည်နှင့် အခန်းထောင့်သို့သွားကာ ကြမ်းပြင်ကိုစူးစိုက်ကြည့်နေမိ၏။သီဟထွန်းရှိန်သည် ကျွန်မ၏အပြုအမူကိုနားမလည်နိုင်ဘဲ ကြောင်တက်တက်နှင့်ကျွန်မဘေးတွင် ဆောင့်​ကြောင့်ထိုင်ချလိုက်လေသည်။

” ဘာ…ဘာဖြစ်လို့လဲ ဆရာမလေး ”

ကျွန်မက သီဟထွန်းရှိန်၏ အမေးကိုမဖြေဘဲ ညီညာစီရီစွာခင်းထားသောလျှာထိုးကြမ်းပြင်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။

” သီဟ…ဒီနားကပျဥ်ပြားတွေကိုခွါကြည့်ရအောင် တစ်ခုခုသွားယူပါလား…”

သီဟထွန်းရှိန်သည် နားမလည်နိုင်သောအမူအရာဖြင့် ကျွန်မခိုင်းသည့်အတိုင်း လျှာထိုးပျဥ်ပြားများကိုခွါနေလေသည်။

” ဒီနေရာ…ဒီပျဥ်ပြားကိုခွါ”

ကျွန်မပြသောနေရာကို သီဟထွန်းရှိန်သည် ယောင်ယောင်ကန်းကန်းနှင့်ခွါကြည့်လိုက်ရာ သံသေတ္တာခပ်သေးသေးတစ်လုံးကိုတွေ့လိုက်ရသည်မို့ သီဟထွန်းရှိန်သည် အံ့သြတကြီးနှင့်ကျွန်မကို မော့​ကြည့်လာပြီး

” ဟာ…ဒါ…ဒါ…မမရတီချိုရဲ့ရတနာသေတ္တာပဲ…ဒီ..ဒီနေရာမှာရှိမှန်းဆရာမဘယ်လိုသိတာလဲဟင်…”

” ဟို…ဟို…အိပ်မက်မက်လို့ပါသီဟရယ်…”

” ဘာပဲဖြစ်ဖြစ် အဖေ့သာသိရင်ဝမ်းသာမှာပဲ အဖေ့ကိုသွားပြော​ကြရအောင်နော်…”

****************
အထုတ်အပိုးများ၊ ပစ္စည်းများကို ကားတစ်စီးနှင့်သက်သက်တင်လိုက်ပြီး နောက်ကားတစ်စီးပေါ်တွင် သူဌေးကြီးဦးထွန်းရှိန်၊သီဟထွန်းရှိန်နှင့်ကျွန်မတို့ လိုက်ပါသွားရန်စီစဥ်ထားသည်မို့ ကျွန်မဝှီးချဲကိုကားနားသို့ခပ်ဖြည်းဖြည်းတွန်းလာခဲ့ပြီးကားနားရောက်သည်နှင့်ဝှီးချဲကိုနောက်ပြလှည့်လိုက်ပြီး စိန်ပန်းမြိုင်အိမ်ကြီးကိုနောက်ဆုံးအနေနှင့်ကြည့်လိုက်သည်။

ကောင်းကင်​ပြာ​ပြာ​​အောက်တွင် အထိီးကျန်တိတ်ဆိတ်စွာ ကျန်ခဲ့သောစိန်ပန်းမြိုင်အိမ်ကြီးကိုကြည့်၍ ကျွန်မရင်ထဲမှာလှိုက်ခနဲ​ဖြစ်သွား​ပြီး မျက်ရည်စများက ပါပြင်​​ပေါ်သို့အလိုလိုစီးကျလာ​လေသည်။ထို့အတူ
သူဌေးကြီးဦးထွန်းရှိန်ကိုကြည့်လိုက်​သောအခါတွင်လည်း သူဌေးကြီးသည်လည်း ရီဝေဖျော့တော့သောအကြည့်များဖြင့် စိန်ပန်းမြိုင်အိမ်ကြီးကိုငေးငေးရီရီကြည့်နေသည်ကိုတွေ့လိုက်ရလေ၏။

” သွားကြမယ်လေ…
သွားကြစို့နော်…အဖေ..”

အသံနှင့််အတူပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်သော သီဟထွန်းရှိန်အား ခေါင်းကိုငြိမ့်ပြလိုက်​ပြီး ကျွန်မတို့ စိန်ပန်းမြိုင်အိမ်ကြီးကိုကျောခိုင်းလိုက်​ကြလေသည်။

ပြီးပါပြီ
****************
ဧကြည်ဖြူ