စုန်းထီးကြီးဦးဘသာနှင့် ဝိညာဉ်ဖလှယ်တဲ့ပွဲ

စုန်းထီးကြီးဦးဘသာနှင့် ဝိညာဉ်ဖလှယ်တဲ့ပွဲ(စ/ဆုံး)

——————————–

“အလတ်ကောင်၊ အလတ်ကောင်”

ကျုပ်လည်းအလတ်ကောင်နောက်ကိုပြေးလိုက်သွားတယ်ဗျ၊ ဒါပေမယ့် အောင်ရှိန်က ကျုပ်လက်ကိုလှမ်းဆွဲထားတယ်၊ အလတ်ကောင်နဲ့ ဦးဖိုးထူးဆိုတဲ့လူကြီးကတော့ အမှောင်ကျနေတဲ့လမ်းကျဉ်းကလေးထဲကိုဝင်ပြီးပျောက်ကွယ်သွားပါတော့တယ်ဗျာ။

“အလတ်ကောင်ငါ့ကိုမှတ်မိတယ် အောင်ရှိန်ရ”

“ဒါပေမယ့်လည်း မလိုက်သွားပါနဲ့အုံး သာဒင်ရာ၊ ဒါကလည်း သူတို့ရဲ့လှည့််ကွက်တစ်ခုဖြစ်နေနိုင်တယ်ကွ၊ ငထေရှင်ဆိုတာ သိပ်ကိုမာယာများတဲ့လူပဲ၊ မင်းကိုမှတ်မိချင်ယောင်ဆောင်ပြီးတော့ သူ့အနောက်ကိုမင်းလိုက်လာအောင်လုပ်တာလည်းဖြစ်နိုင်တယ်လေကွာ၊ မင်းလိုက်သွားတော့မှ မင်းကိုတစ်နေရာကနေစောင့်ပြီးတိုက်ခိုက်မယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ”

ကျုပ်ဖြင့်တော်တော်ထူးဆန်းသွားတယ်ဗျာ။

“နေပါအုံး အောင်ရှိန်ရ၊ ငထေရှင်ဆိုတာ ငါနဲ့လည်းမသိသလို၊ ငါနဲ့လည်း ဘာရန်ငြိုးရန်စမှ ရှိတဲ့သူမဟုတ်ဘူးလေကွာ၊ သူက ဘာဖြစ်လို့ ငါ့ကိုသတ်ချင်မှာလဲကွ”

ကျုပ်မေးလိုက်တော့ အောင်ရှိန်က ခေါင်းတညိတ်ညိတ်နဲ့

“ဒါဆိုရင် သူကဘာဖြစ်လို့ ညနေတုန်းက မင်းကိုသေအောင်ကြံမှာလဲကွ၊ မင်းရင်ဘတ်မှာရသွားတဲ့လက်ရာကြီးက သေနိုင်တယ်မဟုတ်လားသာဒင်”

အောင်ရှိန်ပြောတော့မှ ကျုပ်လည်းပြန်တွေးမိတယ်ဗျ၊ ဟုတ်တော့ဟုတ်သားနော်၊ တကယ်လို့ ငထေရှင်နဲ့ရန်ငြိုးမရှိတာမှန်ရင် သူကဘာဖြစ်လို့ ကျုပ်ကိုသေကြောင်းကြံရမှာလဲဗျာ။

“ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ အလတ်ကောင်က ငါ့ကိုမှတ်မိတယ်ဆိုတာ ပရိယာယ်မဟုတ်ဘူးလို့ထင်တယ်ကွ၊ ငါ့အထင်တော့ ဒါတကယ်ပဲ”

“တကယ်ဆိုလည်း သည်းခံစောင့်လိုက်ပေါ့ သာဒင်ရာ၊ ဒီအရေးက ညတွင်းချင်းဖြေရှင်းနိုင်တဲ့အရေးမှမဟုတ်တာ၊ ပြီးတော့ အ,ကာလ ညအခါဆိုတာ မကောင်းမှုတွေမွေ့ပျော်တဲ့အချိန်မဟုတ်လားကွ”

“ဒါဆို ငါတို့ဘာလုပ်ကြမလဲ အောင်ရှိန်”

“စစ်ပွဲကတော့ စနေပြီကွ၊ စစ်ပွဲမှာ ရန်သူရဲ့ခလုပ်ကန်သင်းတွေ၊ ဆူးညှောင့်တွေ၊ နင်းမိုင်းဖြတ်မိုင်းတွေသာမက ရန်သူရဲ့လက်နက်တွေကိုပါ သတိကြီးကြီးထားပြီးတော့ မျက်စိရှင်ရှင် နားလျင်လျင်နဲ့နေရတယ်မဟုတ်လားကွ၊ အခုလည်းဒီအတိုင်းပေါ့ကွာ၊ ဒီစစ်ပွဲမှာ သတိကင်းတဲ့လူက တစ်ပန်းရှုံးမှာပဲသာဒင်ရေ၊ ကိုင်းအချိန်မရှိတော့ဘူး၊ ဒီညတို့ တို့ဒီအိမ်မှာပဲ နားလိုက်ကြစို့ကွာ၊ မနက်ရောက်တော့မှ ခေါင်းအေးအေးနဲ့ စဉ်းစားကြတာပေါ့”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့ အိမ်ထဲကိုပြန်လိုက်ဝင်ခဲ့ပါတော့တယ်ဗျာ၊ ဘသိုက်ကြည့်ရတာတော့ ကြောက်ကြောက်လန့်လန့်နဲ့ဗျ။ အောင်ရှိန်ကတော့ ဘသိုက်ကိုမကြောက်ဖို့ပြောတယ်။

“ဘာမှမကြောက်ပါနဲ့ ငါတို့ရှိနေသရွေ့ ဒီကောင်တွေမင်းတို့မိသားစုကို ဒုက္ခပေးနိုင်မှာမဟုတ်ပါဘူးကွာ”

ဘသိုက်တို့အိမ်မှာ ခြင်ထောင်သိပ်များများစားစားရှိပုံမရဘူးဗျ၊ ကျုပ်တို့သုံးယောက်အိပ်ဖို့အတွက် ခြင်ထောင်အပြဲအစုတ်ကလေးတစ်လုံးထောင်ပေးရှာပါတယ်၊ ခြင်ထောင်ထဲဝင်ပေမယ့် ကျုပ်ကအိပ်မပျော်ဘူးဗျာ၊ အလတ်ကောင်ကိုပဲ စိတ်ထဲတွေးနေမိတာဗျ၊ မကြာခင်မှာပဲ အိမ်ထဲက ရေနံဆီမီးတိုင်တွေကို မှုတ်လိုက်တော့တယ်၊ အောက်လင်းမီးကိုငြိမ်းလိုက်တော့ အိမ်ကြီးကမှောင်မဲသွားပါရောဗျာ၊ တံခါးရွက်မရှိတဲ့ တံခါးပေါက်ကနေ လရောင်မှိန်ပြပြကလေးက အိမ်ထဲကိုကျနေပါရော၊ ကျုပ်က ခြင်ထောင်တစ်ဖက်စွန်းမှာအိပ်တယ်၊ အောင်ရှိန်ကအလယ်၊ တစ်ဖက်မှာတော့ မိသက်ပေါ့ဗျာ၊ အောင်ရှိန်က ခြင်ထောင်ထဲငုတ်တုတ်ထိုင်ပြီး တရားမှတ်နေတဲ့အချိန်မှာ မိသက်ကတော့ သူ့လွယ်အိတ်ကို တဂျွတ်ဂျွတ်နဲ့နှိုက်နေပါရော။ ကျုပ်လည်းသိချင်တာနဲ့ မိသက်ဘက်ကိုစောင်းအိပ်လိုက်ရင်း

“မိသက်၊ ဘာတွေလုပ်နေတာလဲကွ၊ မှောင်ကြီးမည်းကြီးထဲ ဘာတွေရှာနေတာလဲ”

“ဘာမှမဟုတ်ပါဘူး ဘဘကြီးရာ၊ ဒီငထေရှင်ဆိုတဲ့ကောင်ကို ဆော်ဖို့လက်နက်ရှာနေတာပါ”

ကျုပ်ဖြင့်ပြုံးမိသွားတယ်ဗျ၊ မိသက်က အလွန်ဆုံးရှိမှ ဆယ့်သုံးနှစ်ဆယ့်လေးနှစ်လောက်ပေါ့ဗျာ၊ လူငယ်ဆိုတော့လည်း စိတ်အားတက်ကြွနေတာပေါ့၊ မိသက်က ပုတီးခပ်လတ်လတ်ကလေးတစ်ကုံးကိုထုတ်လိုက်ပြီး သေချာကြည့်နေတယ်။ နှစ်ဆယ့်ခုနစ်လုံးပုတီးထပ် ရှည်တယ်ဆိုတော့ ကျုပ်အထင် လေးဆယ့်ငါးလုံးပုတီးဖြစ်မယ်ထင်တယ်။

“အောင်မယ်၊ ငထေရှင်ကိုများ ဆော်မယ်လေးဘာလေးနဲ့၊ ဟိုကနင့်ကိုလုပ်သွားလို့ ပဋ္ဌာန်းပုတီးကုံးတောင် ပြတ်သွားတယ်မဟုတ်လား”

မိသက်က ကျုပ်ကိုမခံချင်စိတ်နဲ့ကြည့်လိုက်ပြီးတော့

“ဟောဒါက အရဟံပုတီးဘကြီးရဲ့၊ အရဟံသိဒ္ဓိဂုဏ်တော်ကို အပတ်ကိုးထောင်အဓိဋ္ဌာန်နဲ့စိပ်ထားတာ”

မိသက်ကိုကြည့်ပြီး ကျုပ်အံ့သြသွားတာတော့အမှန်ပဲဗျ၊ မိသက်က နောက်ထပ်လွယ်အိတ်ကိုလက်နှိုက်ပြီး ကိုးလုံးပုတီးကလေးတစ်ကုံးထုတ်လိုက်ပြန်ပါရော။

“ဟော၊ ထွက်လာပြန်ပြီ၊ ဒါကရော ဘာပုတီးလဲ”

“ဒါက ဂုဏ်တော်ကိုးပါးပုတီး ဘဘရဲ့၊ သိမ်ဝင်ပုတီးအစစ်၊ ဂုဏ်တော်ကိုးပါးကို ကိုးရာကိုးဆယ့်ကိုးပတ် အဓိဋ္ဌာန်နဲ့စိပ်ထားတာ”

“အားပါးပါး၊ ပုတီးတွေကများလှချည်လား၊ မသိတဲ့လူက နင့်အိတ်ကိုတွေ့ရင် ပုတီးရောင်းတဲ့ကလေးမလို့ ထင်ကုန်တော့မှာပဲ”

မိသက်က ပြုံးလိုက်ပြီးတော့

“ဒါတောင်မှအများကြီးကျန်သေးတယ် ဘဘကြီးကြည့်မလား”

မိသက်က ပုတီးတွေလက်တစ်ဆုပ်စာလောက်နှိုက်ပြတယ်ဗျ၊ ပုတီးတွေကိုစုံလို့ပါပဲဗျာ။

“နေပါအုံးမိသက်ရာ၊ ငါတို့နဲ့မတွေ့နဲ့ နှစ်နှစ်လောက်အတွင်းမှာ နင်ပုတီးတွေချည်းထိုင်စိပ်နေတာပဲလား”

မိသက်က ခေါင်းညိတ်ပြီး

“သမီးက လုပ်စရာမှမရှိတာ ဘဘရဲ့၊ အိမ်မှုကိစ္စဆိုတာကလည်း မကြီးခင်ကြည်တို့၊ မကြီးနှင်းကြည်တို့ကလုပ်တယ်မဟုတ်လား၊ ဒါနဲ့သမီးလည်း အဖေကြီးနဲ့ဆေးကုမလိုက်ရတဲ့နေ့ဆိုရင် အိမ်မှာဖြစ်ဖြစ်၊ မြစ်ကမ်းစပ်မှာဖြစ်ဖြစ် လူသူအေးတဲ့နေရာမှာ သွားသွားထိုင်ပြီး ပုတီးပဲထိုင်စိပ်နေတာ၊ ပုတီးစိပ်တာ ပျော်ဖို့ကောင်းတယ် ဘဘရဲ့”

“အောင်မယ်လေး၊ တစ်ချို့တွေများ ပုတီးစိပ်တာပျင်းဖို့ကောင်းလို့ အိပ်ငိုက်တာပဲကြားဖူးတယ်၊ နင့်အလှည့်ကျမှ ပုတီးစိပ်တာ ပျော်ဖို့ကောင်းတယ်တဲ့လား”

မိသက်က ခေါင်းကုပ်ရင်း

“ဒါတော့မသိဘူးဘဘရေ၊ သမီးကတော့ ပုတီးစိပ်နေရရင်ပျော်တယ်၊ ပုတီးကိုအဓိဋ္ဌာန်နဲ့စိပ်ရင်း အဓိဋ္ဌာန်တစ်ဆင့်ပြီးတစ်ဆင့် အောင်သွားတာကို ခံစားရတာကိုက ပျော်ဖို့ကောင်းတာ၊ ဒါကြောင့် အားရင်ပုတီးချည်းလှိမ့်စိပ်နေတာပေါ့”

ကျုပ်လည်း သဘောကျသွားတယ်ဗျာ။

“နင်ကတော့လေ တော်တော်မလွယ်တဲ့ဟာမလေးပဲ၊ ဒါနဲ့ ပုတီးစိပ်တယ်ဆိုတာ ဒီအတိုင်းစိပ်လို့မရဘူးနော်”

“အောင်မာ၊ ငါကလည်း သူ့ကိုပုတီးစိပ်ပုံစိပ်နည်းကို သေသေချာချာသင်ထားပေးပါတယ်ကွ”

တရားမှတ်နေတဲ့အောင်ရှိန်က တရားဖြုတ်ပြီးဝင်ပြောတယ်၊ ကျုပ်လည်းအောင်ရှိန်ကိုကြည့်ရင်း

“အေးကွာ၊ ဒီမိသက်ဆိုတဲ့ကလေးမကတော့ မလွယ်ဘူးကွ၊ ဆရာထက်တပည့်လက်စောင်းထက်မယ့် ဟာမလေး၊ ဟား၊ ဟား”

ကျုပ်ပြောလိုက်တော့ အောင်ရှိန်ကလည်းရယ်တယ်၊ မိသက်ကတော့ လျှာလေးတစ်လစ်ထုတ်ပြီး ရှက်နေတာပေါ့ဗျာ၊ အောင်ရှိန်က

“အေးကွ၊ ဒါကလည်း ကံတရားအရပေါ့ကွာ၊ ငါကမိသက်ကိုမွှေးစားလိုက်တယ်ဆိုတာ သူ့မှာအုပ်ထိန်းသူမရှိတော့လို့ သနားပြီးမွေးစားလိုက်တာပဲ၊ ပညာပေးဖို့အထိ မတွေးထားဘူးကွ၊ ဒါပေမယ့် သူ့မှာလည်း ပါရမီပါတယ်ထင်ပါတယ်ကွာ၊ အခုရန်ကုန်ကိုလာရင်း ငါဆုံးဖြတ်ချက်ချလိုက်ပြီကွ၊ မိသက်က ငါ့ရဲ့ဆက်ခံသူဖြစ်မှာကျိန်းသေတယ်၊ ဒါကြောင့်မို့ ဘုရားပျံဂိုဏ်းကို သူ့လက်ကိုအပ်မလို့ စဉ်းစားထားတယ်ကွ”

အောင်ရှိန်ကပြောရင်း

“ရှေ့ဖြစ်ဟောကိန်းတစ်ခုအရ ငါ့နေရာမှာဆက်ခံမယ့်လူက မိန်းကလေးတဲ့ကွ၊ ငါလည်းအတွေးမျိုးစုံဝင်နေမိတယ်၊ ငါထင်တာကတော့ ငါမွေးထားတဲ့ ငါ့သမိးနှစ်ယောက်ထဲက တစ်ယောက်ယောက်ဖြစ်မယ်ထင်ခဲ့တာပဲ၊ ဒါပေမယ့် သူတို့ကိုပညာပေးကြည့်ပေမယ့် သူတို့က စိတ်လည်းမဝင်စားသလို၊ လိုက်လဲမလုပ်နိုင်ကြဘူးကွ၊ ဒီအတွက် ငါစိုးရိမ်နေတာကြာခဲ့ပြီကွာ၊ ဒါပေမယ့် ကံတရားဆိုတာကလည်း ထူးဆန်းတယ်ကွ၊ မင်းတို့ရွာကိုလာလည်ရာက မိသက်နဲ့တွေ့ပြီးတော့ မိသက်ကိုငါမွေးစားလိုက်ရတယ်ဆိုတာကလည်း ဒီအတိုင်းအကြောင်းမဲ့ဖြစ်သွားတာမဟုတ်ဘူးကွ၊ အကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတဲ့စကားဟာ သိပ်မှန်တာပဲကွာ”

ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ ထောက်ခံလိုက်မိတယ်။ အောင်ရှိန်က မိသက်ဘက်ကိုလှည့်ပြီးတော့

“ကဲ သမီးမိသက်၊ အိပ်ကြစို့ကွဲ့၊ မနက်ဖြန်မနက် ငါတို့သားအဖ ရွှေတိဂုံဘုရားပေါ်တက်ကြမယ်”

ကျုပ်လည်း အံ့သြသွားတယ်။

“ဟင်၊ ဒါဆို အလတ်ကောင်ကိစ္စကိုဘယ်လိုလုပ်မလဲအောင်ရှိန်”

“ငါပြောခဲ့တယ်မဟုတ်လား၊ ဒီစစ်ပွဲမှာ သတိကြီးကြီးဝိရိယကြီးကြီးထားရမယ်ဆိုတာလေကွ၊ ရွှေတိဂုံဘုရားသွားတယ်ဆိုတာ တခြားမဟုတ်ဘူး၊ စစ်ပွဲတစ်ပွဲကို တိုက်ခိုက်တော့မယ်ဆိုရင် လက်နက်တွေစုရမယ်၊ အဲဒီလက်နက်တွေကိုလည်း ချွန်မြအောင်သွေးထားရမယ်မဟုတ်လား၊ အခုရွှေတိဂုံသွားတယ်ဆိုတာကလည်း ငါတို့လက်နက်တွေကိုအဆင့်မြှင့်ဖို့၊ ငါတို့လက်နက်တွေကို အသင့်ပြင်ဖို့သွားတာပဲ သာဒင်”

ကျုပ်နားလည်လိုက်ပါပြီဗျာ။

“အေးလေ၊ ဒါဆိုရင်လည်း မင်းတို့ချည်းသွားကြပေါ့၊ ကဲ၊ ကဲ မင်းတို့မနက်ခရီးဆက်မှာဆိုတော့ အိပ်လိုက်ကြတော့”

အောင်ရှိန်နဲ့မိသက်လည်း လှဲအိပ်သွားတယ်ဗျ၊ အောင်ရှိန်က ပက်လက်အိပ်တယ်၊ မိသက်ကတော့ဟိုဖက်လှည့််ပြိး ကွေးကွေးလေးပေါ့ဗျာ၊ ကျုပ်လည်း အောင်ရှိန်ကိုကျောခိုင်းပြီးအိပ်ရတယ်၊ အိပ်ရာပြောင်းရင်မအိပ်တတ်တဲ့ ကျုပ်ရဲ့အကျင့်ဆိုးကြောင့်် ကျုပ်အိပ်လို့မပျော်ပါဘူးဗျာ။ ဆက်လှဲနေရင်း တောင်တွေးမြောက်တွေးနဲ့ဆိုတော့ ပိုပြီးဆိုးးတာပေါ့၊ ဒါပေမယ့် အိပ်နေရင်း ကျုပ်ကျောကုန်းတွေပူတက်လာတယ်ဗျာ၊ ပြီးတော့ ဝမ်းဗိုက်ထဲမှာလည်း ပူလောင်လို့ဗျ၊ ကျုပ်လည်းတစ်ခုခုထူးနေတာသိလိုက်ပါပြီ၊ ဒါက ကျုပ်ဆီမှာနေတဲ့ အစောင့်အရှောက်တွေအချက်ပြတာဗျ၊ အောင်ရှိန်တို့သားအဖကျင့်တဲ့ ကျင့်စဉ်တွေက ဘုရားကျင့်စဉ်တွေလေဗျာ၊ အောင်ရှိန်ဆိုတာကလည်း ကံငါးပါးလုံတဲ့လူဆိုတော့ သူ့အစွမ်းတွေကို ကျုပ်မှာရှိတဲ့ပုဂ္ဂိုလ်တွေက မခံနိုင်ဘူးထင်ပါတယ်ဗျာ၊ စုန်းတစ်ယောက်က သူ့လိုလူနဲ့ကျောချင်းကပ်အိပ်ဖို့နေနေသာသာ ကြမ်းတစ်ပြေးထဲတောင် ထိုင်နိုင်မှာမဟုတ်ဘူးဗျ၊ ကျုပ်ကပညာမြင့်နေလို့သာ ဘာမှသိပ်မဖြစ်သာ၊ သာမန်စုန်းဆိုရင်တော့ အနားကပ်တာနဲ့ ဗြောင်းဆန်ထွက်သွားမှာပေါ့ဗျာ။

ကျုပ်လည်း အိပ်ကလည်းအိပ်မပျော်၊ ဆက်လည်းမလှဲချင်တော့တာနဲ့ အိပ်ရာထဲက ထွက်လိုက်မိတယ်ဗျ၊ ခြင်ထောင်ထဲကထွက်ပြီး အိမ်ရှေ့တံခါးပေါက်နားထိုင်လိုက်တော့ ခုနက ပူနေတာတွေ ချက်ချင်းပျောက်သွားတယ်၊ ကောင်းကင်မှာ မှိန်ပြပြသာနေတဲ့ လကိုမော့ကြည့်ပြီး ဘာမဆိုင်ညာမဆိုင် ကျုပ်တို့ရွာကလေးကိုတောင် လွမ်းနေမိပါတယ်ဗျာ၊ အခုနေတဲ့နေရာလေးကလည်း ရန်ကုန်မြို့လို့သာဆိုရပေမယ့် အခုလိုကျတော့လည်း ကျုပ်တို့တောရွာကလေးနဲ့ ထူးမခြားနားပါဘူးဗျာ။

(၂)

“ဦးဘသာ . . .”

ခြံပေါက်ဝနားကနေ အသံကြားလိုက်လို့ ကျုပ်လှမ်းကြည့်လိုက်တော့ ဖြူဖြူအရိပ်တစ်ခုက ခြံဝမှာရပ်နေသဗျာ။

“ဟာ၊ အလတ်ကောင်ပါလား”

ကျုပ်လည်းသူ့အနားပြေးသွားလိုက်တော့ အလတ်ကောင်က အနောက်ကိုဆုတ်သွားတယ်။

“ကျုပ်အနားကိုမလာပါနဲ့ဦးဘသာရာ၊ ဦးဘသာကျုပ်အနားကိုလာရင် ကျုပ်ပူတယ်ဗျ”

ကျုပ်လည်းခြေထောက်ကိုချက်ချင်းရပ်လိုက်ရတယ်၊ အလတ်ကောင်နဲ့ကျုပ်နဲ့ကြားမှာ ဆယ်ပေလောက်တော့ ဝေးနေသဗျ။

“အလတ်ကောင်၊ မင်းငါ့ကိုမှတ်မိတယ်လား”

“မှတ်မိတာပေါ့ဦးဘသာရာ၊ ခုနကလည်း ကျုပ်ဒီကိုလာတော့ ဦးဘသာကိုတွေ့ပါတယ်၊ ဒါပေမယ့်ဗျာ၊ ကျုပ်ဦးဘသာကို နှုတ်မဆက်နိုင်ခဲ့ဘူး”

“မင်းဘာတွေဖြစ်နေတာလဲဦးဘသာ၊ မင်းသေသွားပြီးပြီလား”

အလတ်ကောင်က ခေါင်းခါတယ်ဗျ၊ ခပ်ဖြူဖြူမှုန်ဝါးဝါးနဲ့ အလတ်ကောင်ရဲ့ပုံရိပ်က တိမ်လိုမြူလိုခပ်ဝါးဝါးပါပဲဗျာ။

“ကျုပ်လည်းဘာဖြစ်မှန်းမသိတော့ဘူးဦးဘသာရာ၊ ကျုပ်ထောင်ကြီးတစ်ခုထဲ အကျဉ်းကျနေသလိုဖြစ်နေတယ်ဗျ၊ ဘယ်ကိုမှလည်း မသွားရမလာရဘူး၊ အဲ . . .ဒါပေမယ့် ညရောက်ပြီဆိုရင်တော့ ကျုပ်လွတ်လွတ်လပ်လပ်သွားလို့ရတယ်၊ အခုလည်းဦးဘသာကို သတိရလို့လိုက်လာခဲ့တာပါပဲ”

“ဟာ၊ ဒါဆိုရွာမှာမင်းကိုမြင်ခဲ့တာက မင်းအစစ်ပေါ့”

“ဟုတ်တယ်ဦးဘသာ”

“မင်းမသေဘူးဆိုတော့ ဘာဖြစ်နေတာလဲကွ”

“ကျုပ်လည်း ဘာကိုမှသေချာမသိပါဘူးဗျာ၊ အခုတော့ကျုပ်က အိမ်ကြီးတစ်အိမ်ထဲမှာအိပ်နေသဗျ၊ ကျုပ်အိပ်သွားပြီဆိုရင် ဒီလိုမျိုးကိုယ်သွားချင်တဲ့နေရာကို သွားလို့ရရနေတယ်၊ ဒါကြောင့် ရွာက ကျုပ်အိမ်ကိုပြန်တယ်၊ ဦးဘသာအိမ်ကိုသွားပြီးတော့ ဦးဘသာကို ပြောပြချင်ပေမယ့် ဦးဘသာခြံဝိုင်းထဲဝင်လို့မရဘူး၊ လူဖြူဖြူကြီးတွေက ကျုပ်ကိုတွန်းထုတ်တယ်၊ ဒါနဲ့အိမ်ပြင်ကနေပဲ ဦးဘသာကိုအော်ခေါ်ရတာ”

ကျုပ်သဘောပေါက်လိုက်ပါပြီဗျာ၊ ကျုပ်ခြံကျုပ်ဝန်းကို အစောင့်အရှောက်တွေလက် အပ်ထားတာကိုးဗျ၊ သရဲမွေးတယ်လို့တော့ မပြောချင်ပေမယ့် အဲဒီသဘောပါပဲဗျာ၊ နေစရာမရှိတဲ့ပရလောကသားတွေ၊ ကူရာမဲ့နေတဲ့ပရလောကသားတွေကို ကျုပ်ခြံထဲမှာနေရာပေးထားတယ်၊ အပြန်အလှန်အနေနဲ့ သူတို့ကလည်း ကျုပ်ခြံကပစ္စည်းကို မပျောက်မပျက်အောင် ကြည့်ရှုပေးကြတယ်လေဗျာ၊ အခုအလတ်ကောင်လာတော့ သူ့ကိုခြံထဲက ပရလောကသားတွေက တားမြစ်တာဖြစ်မယ်ဗျ။

“ကျုပ်ကိုကယ်ပါအုံးဦးဘသာရာ၊ ကျုပ်ဒီလိုပုံကြီးနဲ့ဆက်မနေချင်တော့ဘူး၊ ကျုပ်ရွာကိုပြန်ချင်လှပြီဗျ”

“အေးပါအလတ်ကောင်ရာ၊ မင်းကိုငါကယ်မှာပါ၊ မင်းကိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငါရအောင်ကယ်ထုတ်မှာပဲကွ”

ကျုပ်ပြောပြီး အရှေ့ကိုတိုးလိုက်တော့ အလတ်ကောင်က အနောက်ကိုတစ်ချက်လှည့်ကြည့်တယ်ဗျ၊ ပြီးတော့သူက ထိတ်ထိတ်လန့်လန့်နဲ့

“သွားရတော့မယ်ဦးဘသာ၊ ကျုပ်သွားရတော့မယ်၊ ကျုပ်ထွက်သွားတာ သူမသိခင်၊ ကျုပ်သွားရတော့မယ်ဗျ”

“ဟေ၊ အလတ်ကောင်၊ မင်းဘယ်ကိုသွားမှာလဲ၊ ဘယ်ကိုသွားမှာလဲကွ”

ကျုပ်လည်းပြောရင်းဆိုရင်း အရှေ့ကိုပြေးတက်ပြီး အလတ်ကောင်လက်ကိုဆွဲလိုက်တော့ အလတ်ကောင်က မီးခိုးငွေ့တစ်ခုလို ဖြစ်ပြီး ရုတ်ချည်းပျောက်သွားပါရောဗျာ။ ကျုပ်လည်း ဘေးဘီကိုကြည့်ရင်း

“အလတ်ကောင်၊ အလတ်ကောင်” ဆိုပြီးတော့ အော်ခေါ်နေမိတယ်ဗျ၊ နောက်တော့ စိတ်ပျက်လက်ပျက်နဲ့ အိမ်နားကိုပြန်လာခဲ့တယ်၊ ခြံခေါင်းရင်းနားက သရက်ပင်တစ်ပင်အောက်မှာ ပက်လက်ကုလားထိုင်အစုတ်တစ်လုံးချထားတာနဲ့ ကျုပ်လည်းအဲဒီပက်လက်ကုလားထိုင်မှာ ထိုင်လိုက်မိတယ်ဗျ။

“ငါမင်းကိုရအောင်ကယ်မယ်အလတ်ကောင်၊ မင်းကိုငါ ရအောင်ကယ်မယ်ကွ”

အလတ်ကောင်အကြောင်းတွေးပြီးတော့ ပက်လက်ကုလားထိုင်ပေါ်ကို မှီချလိုက်မိတယ်ဗျ၊ တစ်နေကုန်ပင်ပန်းထားတာဆိုတော့ လူကလည်း တော်တော်မြော့နေပြီပေါ့ဗျာ၊ ဒီအချိန်လေအေးအေးလေးတွေကလည်း တဖြူးဖြူးနဲ့တိုက်နေတာဆိုတော့ ကျုပ်လည်းအိပ်မောကျသွားတယ်ဆိုပါတော့။

“အဘကြီး. . . အဘကြီး၊ ဘယ့်နှယ့်ဒီမှာလာပြီးအိပ်နေရတယ်လို့ဗျာ”

ကျုပ်ကိုလှုပ်နှိုးလိုက်တော့မှ ကျုပ်လည်းလန့်နိုးလာတယ်ဗျ၊ ကြည့်လိုက်တော့ ဘသိုက်က ကျုပ်ကိုနှိုးနေတာ၊ မိုးတောင်စင်စင်လင်းပြီး ပတ်ဝန်းကျင်က လင်းချင်းနေပြီဗျာ၊ ပက်လက်ကုလားထိုင်က ထဖို့လုပ်ပေမယ့် တစ်ကိုယ်လုံးက ကိုင်ရိုက်ထားသလို နာကျင်နေပြီးတော့ မထနိုင်ဘူးဗျ၊ ဘသိုက်ဆွဲထူမှ ထလာနိုင်တယ်၊ ခါးတွေလည်းကိုက်နေပြီး ခြေထောက်တွေလည်း တန်းနေပါရောဗျာ၊ ပက်လက်ကုလားထိုင်မှာ တစ်ညလုံးနီးပါးအိပ်ခဲ့ရတာဆိုတော့ အကြောတွေတုံ့ဆိုင်းကုန်တာပေါ့ဗျာ။

“သြော်၊ ဇရာ . . . ဇရာ”

ကျုပ်ညည်းညူလိုက်မိတဲ့အချိန်မှာ အောင်ရှိန်က ကျုပ်ကိုကြည့်ပြီး

“ဇရာတွေ ဘာညာတွေလုပ်မနေပါနဲ့ကွာ၊ လာလာ၊ မျက်နှာသစ်ပြီးတော့ ကောက်ညှင်းပေါင်းလေးစားလိုက်ပါအုံးကွာ၊ ကောက်ညှင်းပေါင်းလေးက မွှေးတယ်ကွ”

ကျုပ်လည်း ထော့နဲ့ထော့နဲ့နဲ့ လမ်းလျှောက်လာပြီးတော့ သံရေစည်ပိုင်းထဲက ရေခပ်ပြီးမျက်နှာသစ်လိုက်မိတယ်ဗျ၊ ဒီအချိန်မှာ လူတစ်ယောက်က ရေထမ်းပုံးကြီးနဲ့ထမ်းလာပြီးတော့ ရေတွေကိုစည်ပိုင်းထဲလောင်းထည့်တယ်၊ ဘသိုက်က အဲဒီလူကိုပိုက်ဆံပေးနေတာမြင်တာနဲ့

“ဟ ရေသယ်ပေးတဲ့လူကို ပိုက်ဆံပေးရတာလားဟ”

“ဟုတ်တယ်အဘကြီးရေ၊ ရေတစ်ထမ်းကို ပြားနှစ်ဆယ်ဗျ”

ကျုပ်တောင်နည်းနည်းတွန့်သွားတယ်ဗျာ၊ ရွာမှာအလကားရတဲ့ရေ၊ ဖောချင်းသုံးချင်း သုံးနိုင်တဲ့ရေက ဒီမှာတော့ တစ်ထမ်းကိုပြားနှစ်ဆယ်တဲ့ဗျ၊ ရေထမ်းပုံးကလည်း ရွာကရေထမ်းပုံးနဲ့ယှဉ်ရင် သားအဖလောက်နီးနီးကိုကွာတယ်၊ ကျုပ်ဖြင့် မျက်နှာသစ်ရမှာတောင် နှမြောလာပြီဗျာ။

မျက်နှာကိုရေနည်းနည်းနဲ့ပဲ သစ်ပြီး အိမ်ပေါ်တက်လာခဲ့တယ်ဗျ၊ အိမ်ရှေ့နားမှာ စားပွဲခုံချထားပြီးတော့ စားပွဲပေါ်မှာ ကောက်ညှင်းပေါင်းတွေတင်ထားတယ်၊ ပဲလုံးလုံးကလေးတွေကို ဆီနဲ့စိမ်ထားတာလဲပါတယ်၊ ဘေးနားမှာ မုန့်အတုံးအတုံးကလေးတွေကိုလည်းချထားသေးတယ်ဗျာ။

“ဟာ၊ ကောက်ညှင်းပေါင်းက မွှေးနေပါလားကွာ၊ တို့ရွာက ကောက်ညှင်းပေါင်းတွေက ဒီလောက်မမွှေးဘူးကွ”

ကျုပ်လည်း ကောက်ညှင်းပေါင်းလက်တစ်ဆုပ်ကို လက်နဲ့နှိုက်ပြီး ကောက်စားလိုက်တယ်၊ စားလို့တော့ကောင်းချက်ပဲဗျာ၊ ကောက်ညှင်းက စင်းစင်းအိအိကလေးဗျ၊ ကျုပ်တော့ ဒီလိုပေါင်းတာကို ကြိုက်သွားတာနဲ့ ဘသိုက်ဘက်လှည့်ပြီး

“ကောက်ညှင်းပေါင်းက ကောင်းလိုက်တာကွာ၊ မင်းမိန်းမပေါင်းတာလားကွ”

“ဘယ်ဟုတ်ပါ့မလဲအဘကြီးရာ၊ မနက်စောစောက ဝယ်လိုက်တာဗျ”

“ဟုတ်လား၊ ဘယ်ဈေးပေးရသလဲ”

“တစ်ဆယ်သားကိုနှစ်ကျပ်ငါးမူးဗျာ”

ကျုပ်ဖြင့် စားနေတဲ့ကောက်ညှင်းတောင်မှ သီးမလိုဖြစ်သွားတယ်ဗျာ၊ အရှေ့က ကောက်ညှင်းပန်းကန်ကိုကြည့်ပြီး

“ဒါဆို ဒီဟာတွေအကုန်လုံးက ဘယ်လောက်ဖိုးလဲ”

“အကုန်လုံး ဆယ့်ငါးကျပ်ဖိုး”

ကျုပ်ဖြင့် လန့်သွားတယ်၊ ဆယ့်ငါးကျပ်ဆိုရင် ကျုပ်တို့တောမှာဆိုရင် ဗိုက်ရိုက်စားလို့ရတယ်ဗျာ၊ ဒါနဲ့ဘေးနားက မုန့်အတုံးလေးတွေကိုလက်ညှိုးထိုးပြီးတော့

“ဒါကရောဘာလဲကွ”

“ဒါက ဘိန်းမုန့််လို့ခေါ်တယ် အဘကြီးရ”

“ဘာ၊ ဘိန်းတဲ့လား ဒီဘိန်းက ဟိုမကောင်းတဲ့မူးယစ်ဆေးဘိန်းနဲ့ တူတူပဲလား”

ကျုပ်ပြောတော့ ဘသိုက်တို့မိသားစုက ရယ်ကြတယ်ဗျ။

“စားမှာသာစားပါဆရာကြီးရာ၊ ဒီဟာစားလို့ ဆရာကြီးမမူးပါဘူးဗျ”

“မသိဘူးလေကွာ၊ ဒီလိုမုန့်မျိုး တို့ဆီမှာမရှိဘူးကွ၊ ဟိုဘိန်းမဟုတ်တာ သေချာပါတယ်နော်ကွ”

“ဟိုဘိန်းသာဆိုလို့ကတော့ ဈေးမှာပေါပေါပဲပဲနဲ့ရပါ့မလားဆရာကြီးရ၊ စားမှာသားစားစမ်းပါ”

ကျုပ်လည်းစားလိုက်တော့ ဆန်နဲ့ထန်းလျက်နဲ့လုပ်ထားတဲ့မုန့်မျိုးဗျ၊ အစေ့ကလေးတွေကတော့ ကိုက်လိုက်ရင် တတောက်တောက်နဲ့ ဆိမ့်နေတယ်ဗျ။

“ကောင်းတော့ကောင်းသားဟေ့၊ ဒါကြောင့် ဘိန်းစားတွေက ဘိန်းတွေစားတာဖြစ်မယ်ကွ၊ ဟား၊ ဟား”

ကျုပ်ပြောတော့ အောင်ရှိန်တို့ရော အားလုံးက ဝိုင်းရယ်လိုက်ကြပါရောဗျာ။

ဘသိုက်တို့ကတော့ အလုပ်ဆင်းဖို့ပြင်ဆင်နေသဗျာ၊ ကျုပ်လည်းမနေနိုင်တာနဲ့ မေးကြည့်မိတယ်။

“ဘသိုက်၊ မင်းတို့အခုဘာလုပ်ကြမလဲကွ”

“ရရာအလုပ်ပေါ့ အဘကြီးရာ၊ ရန်ကုန်မှာက ဘယ်အရာမှအလကားမရဘူးဗျ၊ ကျုပ်တို့ဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝပါ”

“အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ကွ၊ မဟုတ်တာတော့မလုပ်နဲ့ဟေ့”

“ဆရာကြီးတို့က ရွေတိဂုံဘုရားသွားမလို့ဆိုဗျ”

ဘသိုက်က အောင်ရှိန်တို့ကိုမေးလိုက်တယ်။

“အေးကွ”

“ဒါဆို မြေနီကုန်းဆိုတဲ့နေရာမှာဆင်းပြီး ဘုရားသွားတဲ့ကားလေးတွေရှိတယ်ဆရာကြီး၊ အဲဒါစီးရင် ဘုရားကိုတန်းရောက်တယ်”

“အေးပါ၊ ငါတို့ကိုမပူစမ်းပါနဲ့ကွာ”

ဘသိုက်တို့လူတစ်သိုက်က ထမင်းချိုင့်တွေကိုယ်စီနဲ့ အိမ်ထဲကနေထွက်သွားပါရောလားဗျာ၊ သူတို့ထွက်သွားတော့လည်း အိမ်ကြီးက တိတ်ဆိတ်သွားသဗျ၊ ကျုပ်တို့သုံးယောက်ပဲကျန်ခဲ့တယ်၊ ဘသိုက်မိန်းမကလည်း ဈေးသွားမယ်ဆိုပြီးထွက်သွားလေရဲ့။

“သြော်၊ ဒါနဲ့ငါပြောရအုံးမယ်အောင်ရှိန်ရေ၊ ညက ဒီကိုအလတ်ကောင်လာသေးတယ်ကွ”

အောင်ရှိန်ကမျက်လုံးပြူးသွားတယ်။

“ငါပြောတာဆံုံးအောင်နားထောင်ပါအုံးကွာ၊ လာသွားတယ်ဆိုတာက လူအဖြစ်နဲ့တော့မဟုတ်ဘူးကွ၊ ဝိညာဉ်အဖြစ်နဲ့လာတာ၊ မင်းယုံမလားတော့မသိဘူး၊ အလတ်ကောင်မှ အလတ်ကောင်အစစ်ကွ၊ သူက ညအိပ်တဲ့အခါ အခုလိုမျိုးကိုယ်သွားချင်တဲ့နေရာကို သွားလို့ရတယ်လို့ပြောတယ်ကွ”

ကျုပ်ပြောတာကိုနားထောင်ပြီးတော့ အောင်ရှိန်က ခေါင်းတဆတ်ဆတ်နဲ့ညိတ်တယ်။

“မင်းပြောတာဖြစ်နိုင်ပါတယ်”

ကျုပ်လည်းလန့်သွားပြီးတော့

“ဘယ်လိုကွ၊ မင်းကငါပြောတာကို ယုံတယ်တဲ့လား၊ မသေသေးတဲ့လူတစ်ယောက်က ဒီလိုထွက်သွားပြီး သွားနိုင်တာကို မင်းကယုံတယ်တဲ့လား”

“ယုံတယ်ကွ၊ ဒီနည်းလမ်းကို ဝိညာဉ်လွှင့်တယ်လို့ခေါ်ကြတယ်၊ နာမ်ရုပ်ခွာတယ်လို့လည်းခေါ်ကြတယ်၊ အင်္ဂလိပ်လိုဆိုရင်တော့ Astral Projection လို့ခေါ်တတ်ကြတယ်ကွ”

ကျုပ်တောင်မှ ဒီလောက်မသိဘူးဗျာ၊ ဒါနဲ့အောင်ရှိန်ပြောတာကိုဆက်နားထောင်နေမိတယ်။

“ဒီနည်းလမ်းက ကျင့်လို့လည်းရတယ်၊ ဒါပေမယ့် တော်တော်အချိန်ယူရတယ်၊ ဒါမှမဟုတ်ရင်လည်း မတော်တဆဖြစ်သွားတတ်တာမျိုးရှိတယ်၊ ဘယ်လိုအချိန်မှာဖြစ်တတ်သလဲဆိုရင်တော့ အကြီးအကျယ်စိတ်ဓါတ်ကျတဲ့အချိန်၊ စိတ်ဆင်းရဲနေတဲ့အချိန်မျိုးမှာ ကိုယ်အိပ်လိုက်တဲ့အခါ ကိုယ့်ရဲ့စိတ်ညွတ်တဲ့နေရာမှာ ရုပ်ပုံသဏ္ဍာန်သွားပေါ်တဲ့နည်းပေါ့ကွာ၊ အဲဒါကို တချို့က သရဲခြောက်တယ်လို့ထင်ကြတယ်၊ တကယ်တော့ အဲဒီလိုမဟုတ်ဘူး၊ တို့ဝိဇ္ဇာနည်းမှာ ဒီလိုနည်းတစ်ခုရှိသကွ”

“တို့စုန်းနည်းမှာတော့ ပူးကပ်တာရှိတယ်၊ ဒါပေမယ့် စုန်းတွေထဲမှာ ကိုယ်ထဲကခွာလို့ရတဲ့စုန်း၊ ခွာလို့မရတဲ့စုန်းဆိုပြီးရှိသေးတယ်၊ ဥပမာ ငါပေါ့ကွာ၊ ငါက ကိုယ့်ကိုယ်ထဲကနေ နာမ်ရုပ်ကောင်ကို ခွာမရဘူးကွ၊ ခွာလိုက်ရင် ငါ့ကိုယ်ထဲက ပုဂ္ဂိုလ်တွေက မကြိုက်ကြဘူး၊ ပြီးတော့ မကောင်းကြံနေတဲ့လူတွေအတွက်လည်း အခွင့်အရေးဖြစ်သွားနိုင်တယ်၊ ငါ့ရဲ့နာမ်မရှိတဲ့အချိန်မှာ ငါ့ရုပ်ကောင်ကြီးကို မောင်ပိုင်စီးသွားတာမျိုးလည်း ဖြစ်နိုင်တယ်ကွ”

“ဒီအတိုင်းဆိုရင် အလတ်ကောင်ကို ဝိညာဉ်ဖလှယ်ထုတ်တဲ့နည်းလမ်းနဲ့ ပြန်ခေါ်လို့ရနိုင်တယ်ကွ”

“ဘယ်လိုကွ၊ ဝိညာဉ်ဖလှယ်တာတဲ့လား”

“ဒီနည်းကို ငါတော့မစမ်းဖူးဘူး၊ ဒါပေမယ့် သူများပြောတာတော့ကြားဖူးတယ်၊ ဒီနည်းလုပ်ဖို့ဆိုရင် လူသုံးယောက်လိုတယ်၊ ဝိညာဉ်ခေါ်ထုတ်မယ့်လူနှစ်ယောက်ရယ်၊ ပြီးတော့ နတ်ကတော်လို လိပ်ပြာလှပြီး ပူးလွယ်ကပ်လွယ်တဲ့ လူတစ်ယောက်ပေါ့ကွာ”

အောင်ရှိန်ပြောတာကို ကျုပ်သိပ်စိတ်ဝင်စားသွားတယ်ဗျာ။

“ဥပမာပြောကြပါစို့ကွာ၊ အလတ်ကောင်ဆိုပါတော့၊ အလတ်ကောင်ရဲ့နာမ်က ကိုယ်ထဲကနေ ပွားထွက်တယ်ဆိုပေမယ့် သူဟာ အသက်မသေသေးတဲ့အတွက် သူ့ရဲ့ရုပ်ကောင်နဲ့ဆက်သွယ်ထားတဲ့ နာမ်အပ်ကြိုး၊ တချို့ကလည်း လိပ်ပြာကြိုးလို့ခေါ်တယ်၊ အဲဒီကြိုးကိုရှာရမယ်ကွ၊ အရင်ဆုံးအလတ်ကောင်ရဲ့ နာမ်ကို နတ်ကတော်ဆီပူးကပ်ခိုင်းရမယ်၊ ဒီအချိန်အလတ်ကောင်ရဲ့ကိုယ်ထဲမှာကျန်နေတဲ့ နာမ်ကောင်နောက်တစ်ကောင်ကို မောင်းထုတ်ပြီးတော့ နာမ်အပ်ကြိုးကိုဖြတ်ထုတ်ရမယ်၊ ဒါဆို ဒီလူရဲ့နာမ်က အလတ်ကောင်ရဲ့ကိုယ်နဲ့ပြတ်သွားပြီ၊ တစ်ချိန်တည်းမှာပဲ နတ်ကတော်ဆီဝင်နေတဲ့အလတ်ကောင်ကို သူ့ကိုယ်ထဲကိုပြန်ဝင်ခိုင်းရမယ်၊ ဒီလိုအဖြစ်ကို တစ်ပြိုင်တည်းလုပ်လိုက်တော့မှ ရမယ်ကွ”

“မင်းပြောတာ ငါသဘောပေါက်ပြီ”

အောင်ရှိန်က ကျုပ်ကိုသေချာကြည့်လိုက်ပြီး

“မင်းဘာမှမဟုတ်တာတော့ လျှောက်မလုပ်စမ်းနဲ့ သာဒင်ရာ၊ တစ်ခုခုလုပ်မယ်ဆိုရင်လည်း ငါတို့ကိုတိုင်ပင်စမ်းပါ၊ ဒီကိစ္စက ထင်တာထက်ပိုပြီးနက်နဲတယ်ကွ”

“အေးပါကွာ၊ ငါဘာမှမလုပ်ပါဘူး”

စားသောက်ပြီးတော့ အောင်ရှိန်တို့သားအဖ အိမ်ပေါ်ကဆင်းသွားတယ်၊ အောင်ရှိန်က ခြံဝကနေ ကျုပ်ကိုလှမ်းကြည့်ပြီး

“မဟုတ်တာတွေ မလုပ်နဲ့နော် သာဒင်”

ကျုပ်လည်း ခေါင်းပဲခါပြလိုက်တော့တယ်ဗျာ၊ အောင်ရှိန်တို့ထွက်သွားပြီး တော်တော်ကြာတော့ ဘသိုက်မိန်းမက ဈေးခြင်းတောင်းကြီးဆွဲပြီး ပြန်ရောက်လာတယ်၊ ကျုပ်လည်း အစီအစဉ်ရှိတာနဲ့ သူ့အနားသွားပြီး

“မိန်းကလေး၊ ဒီအနားမှာ နတ်ဝင်သည်တို့၊ နတ်ကတော်တို့ မရှိဘူးလားကွဲ့”

ဘသိုက်မိန်းမက တစ်ချက်စဉ်းစားပြီးတော့

“ရှိတာပေါ့ အဘကြီးရယ်၊ ဈေးပိုင်းမှာ နတ်ကတော်မောင်စိုးဆိုတာရှိတယ်၊ သူ့ကိုလူတွေကတော့ မာမီစိုးလို့ခေါ်တာပေါ့”

ကျုပ်လည်းပြုံးလိုက်မိတယ်။ ကျုပ်အကြံအစည်ကို အကောင်အထည်ဖော်ရမယ့်အချိန်ပေါ့ဗျာ၊ ကျုပ်ကတော့ ရှင်းရှင်းပါပဲ၊ ဒီလောက်တော့ ကျုပ်လည်းလုပ်နိုင်တယ်၊ အောင်ရှိန်တို့ကို စောင့်နေစရာမလိုပါဘူးဗျာ၊ အလတ်ကောင်ကိုကယ်တင်မယ်လို့ ကတိပေးထားတာဆိုတော့ နေ့ရွေ့ညရွေ့မလုပ်နိုင်ပါဘူး၊ ဒါနဲ့ပဲ ကျုပ်လည်း မာမီစိုးအိမ်ကိုမေးပြီးတော့ ရပ်ကွက်ထဲကနေထွက်လာခဲ့လိုက်တော့တယ်။

(၃)

ဈေးပိုင်းဆိုတာ သိပ်စည်ကားတဲ့နေရာဗျ၊ ဈေးအရှေ့မျက်နှာချင်းဆိုင်မှာရှိပြီးတော့ ဆိုင်ကြီးကန္နားကြီးတွေနဲ့ အပြည့်ပဲဗျာ၊ ဆိုင်တစ်ဆိုင်အရှေ့အရောက်မှာ လူတွေအုံခဲနေတာကိုတွေ့လိုက်ရတယ်၊ ပြီးတော့ တေးသီချင်းသံတွေကိုကြားလိုက်ရတယ်၊ နတ်ဒိုးသံက မြိုင်နေအောင်တီးနေတာဆိုတော့ ကျုပ်လည်း လူအုပ်ကြားထဲကိုတိုးဝင်ပြီးကြည့်လိုက်မိတယ်။

“ပခန်းအဖေကြီးကျော်ပါဘုရား၊ တနင်္လာသား၊ သောကြာသမီးတို့က လုပ်ငန်းကိုင်ခန်းတွေအဆင်ပြေလို့ အဖေကြီးတို့ကို ကတိထားတဲ့အတိုင်း ပျော်ပွဲများဆက်ကြောင်းပါအဖေကြီးဘုရား၊ အဖေကြီးကြွမြန်းပြီးတော့ ထန်းရည်၊ ကြက်ကြော်၊ ဝီစကီတော်များကို ဘုန်းပေးပါအဖေကြီးဘုရား”

မင်းညီမင်းသားဝတ်စုံဝတ်ထားတဲ့ နတ်ကတော်က အဲဒီလိုပြောပြီးတာနဲ့ လက်ဝါးတွေတဆတ်ဆတ်တုန်ယင်လာပြီးတော့ နတ်ဝင်တော့တာပါပဲဗျာ၊ ဒါပေမယ့် တကယ်ဝင်တာမဟုတ်ပါဘူးဗျာ၊ ဟန်ပြလုပ်နေတာပါ၊ နတ်ဒိုးခပ်မြူးမြူးတီးလိုက်တဲ့အခါ နတ်ကတော်က ကွေးနေအောင်ကတော့တာပါပဲ။

“မာမီစိုးဆိုတာ သူပဲဖြစ်မယ်”

ကျုပ်တွေးလိုက်မိပြီးတော့ ဆက်ကြည့်နေမိတယ်၊ ကျုပ်အစီအစဉ်က နတ်ကတော်တော့ရနေပြီဗျာ၊ အလတ်ကောင်ကိုရှာဖို့ပဲလိုတော့တယ်မဟုတ်လား၊ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ အုံခဲပြီးကြည့်နေတဲ့လူအုပ်ထဲမှာ အလတ်ကောင်ကိုလှမ်းတွေ့လိုက်ရတယ်ဗျ၊ အလတ်ကောင်က ကျုပ်ကိုမြင်ပုံမရပါဘူး၊ နတ်ကတော် ကနေတာကိုပဲ သေချာငေးပြီးကြည့်နေတယ်၊ ဟန်ကျလိုက်တာများပြောမနေပါနဲ့တော့ဗျာ၊ ဒါနဲ့ကျုပ်လည်း လူအုပ်ထဲကထွက်သွားပြီးတော့ အလတ်ကောင်ရှိတဲ့နေရာကို ပတ်သွားလိုက်တယ်။

ကျုပ်ရင်တွေခုန်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ အလတ်ကောင်မသိအောင်လူအုပ်ထဲတိုးသွားပြီး နောက်ဆုံးကျုပ်က အလတ်ကောင်အနောက်တည့်တည့်ကိုရောက်သွားတော့တယ်။ ရောက်သွားတာနဲ့ ဘာမပြောညာမပြောနဲ့ အလတ်ကောင်ဂုတ်ကိုဆွဲပြီးတော့ နတ်ပူးနေတဲ့အရှေ့ကို တစ်ခါထဲခုန်ဝင်လိုက်တော့တယ်ဗျာ။

“ဟေ့၊ တိတ်စရာတိတ်၊ ပိတ်စရာပိတ်၊ စူဠလိပ် . . .”

ကျုပ်အော်လိုက်တဲ့အချိန်မှာပဲ နတ်ကန္နားဝိုင်းကြည့်နေကြတဲ့လူတွေရော၊ ဆိုင်းတီးနေတဲ့လူတွေပါ အကုန်လုံး စလိုးမိုးရှင်းအနှေးပြသလို နှေးနှေးကွေးကွေးကြီးတွေဖြစ်သွားတော့တယ်။ ကျုပ်လည်း အချိန်ဆွဲမနေတော့ဘဲ အလတ်ကောင်ရဲ့နောက်စေ့ကို လက်နဲ့ပုတ်ထည့်လိုက်ပြီးတော့

“ထွက်စရာထွက်၊ သက်စရာသက်စမ်း”

ကျုပ်လက်နဲ့ထိသွားတာနဲ့ အလတ်ကောင်ရဲ့ကိုယ်ထဲကနေ အလတ်ကောင်က ထွက်သွားတယ်ဗျ၊ သူ့ပုံစံအတိုင်း ခပ်ရေးရေးကလေးထွက်သွားတာကို မြင်လိုက်ရသဗျ၊ ဒီအခါ နတ်ကတော်ရဲ့လက်နဲ့ အလတ်ကောင်ရဲ့ဝိညာဉ်နဲ့ကိုဆက်ပေးလိုက်တော့တယ်၊ နတ်ကတော်က ဓါတ်လိုက်သလို တဆတ်ဆတ်တုန်ခါသွားပြီးတော့ တစ်ချက်ငြိမ်ကျသွားတယ်၊ အလတ်ကောင်ရဲ့မှုန်ဝါးဝါးဝိညာဉ်က နတ်ကတော်ဆီကိုဝင်သွားပါရောဗျာ၊ ကျန်တာကတော့ ကျုပ်ဆက်လုပ်ဖို့ပဲဗျ၊ ဒါနဲ့အလတ်ကောင်ရဲ့ကျန်နေတဲ့ကိုယ်ထဲက အကောင်ကိုထုတ်ဖို့အချိန်ပဲပေါ့ဗျာ၊ အလတ်ကောင်ရဲ့ပခုံးကိုလက်နဲ့ပုတ်ထည့်လိုက်တော့ အလတ်ကောင်က မျက်လုံးတွေပွင့်လာသဗျ။

ပြီးတော့ ကျုပ်လက်ကိုဆောင့်ဆွဲလိုက်တယ်၊ အလတ်ကောင်က ပါးစပ်ကြီးဖြဲပြီးတော့ တဟားဟားနဲ့ရယ်ပါရောဗျာ။

“ဟား၊ ဟား၊ ဟား”

အလတ်ကောင်ရယ်တာကိုကြည့်ပြီး ကျုပ်ကျောထဲစိမ့်ခနဲချမ်းတုန်တက်သွားတယ်ဗျာ၊ ဒီအချိန်မှာပဲ ကျုပ်ကိုယ်လုံးကြီးက ပေါ့ပေါ့ပါးပါးကြီးဖြစ်သွားသဗျ။ ကျုပ်လည်း အနောက်ကိုလှည့်ကြည့်လိုက်တော့ အနောက်မှာ ကျုပ်ကိုယ်ခန္ဓာကြီးက ငူငူကြီးရပ်နေသဗျ၊

“မင်း၊ မင်းဒါဘာလုပ်တာလဲ”

“ဘာလုပ်ရမလဲဗျ၊ ခင်ဗျားကိုယ်ကို ကျုပ်လိုချင်လို့ပေါ့ဗျ”

ပြောရင်းဆိုရင်း ကျုပ်ကိုဆောင့်ဆွဲထည့်လိုက်တယ်၊ ကျုပ်ကလွင့်မြောသွားပြီးတော့ အလတ်ကောင်ရဲ့ကိုယ်ထဲကို ဝင်သွားပါရောဗျာ၊ နောက်တော့ ကျုပ်မျက်လုံးတွေအမှောင်ဖုံးလာတယ်၊ ပြီးတာနဲ့ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတယ်ဆိုပါတော့ဗျာ။

“ဟင်း၊ ဟင်း၊ ဟင်း”

တဟင်းဟင်းနဲ့ရယ်သံကြားတော့မှ ကျုပ်မျက်လုံးဖွင့်လိုက်မိတယ်၊ ကျုပ်ခေါင်းတွေက ကိုက်ခဲနေတာပဲဗျာ၊ ကျုပ်အားယူပြီးကုန်းထရင်း ကျုပ်လက်ကိုကျုပ် ပြန်ကြည့်လိုက်မိတယ်။

“ဟာ၊ ငါ့လက်တွေဘာဖြစ်သွားတာလဲ”

ကျုပ်ရဲ့ပါးရေတွန့်နေတဲ့လက်တွေမရှိတော့ဘဲ ကျစ်လျစ်သန်မာတဲ့ လက်တွေဖြစ်သွားတယ်ဗျာ၊ ကျုပ်အသံကလည်း မတူတော့ဘူးဗျ၊ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်လိုက်တော့ လူငယ်တစ်ယောက်ရဲ့ကိုယ်ခန္ဓာဖြစ်နေပါရော။ ဘေးဘီကိုကြည့်လိုက်တော့ အမှိုက်ပုံကြီးတစ်ခုနားရောက်နေတာဗျ၊ လူသူရှင်းနေပြီးတော့ အမှိုက်တွေ တောင်လိုရာလိုပုံနေတဲ့နေရာပေါ့ဗျာ။

“တော်တော်မှ အံ့သြသွားရဲ့လား”

ကျုပ်နားထဲကြားရတာက ကျုပ်အသံဗျ၊ ဒါနဲ့အသံကြားရာကိုကြည့်လိုက်တော့ ကျုပ်အရှေ့မှာရပ်နေတာ ကျုပ်ကိုယ်တိုင်ပဲဖြစ်နေတယ်။

“ဟာ၊ ဘာတွေဖြစ်ကုန်တာလဲ၊ ဒါ . . ဒါဆို ငါ့က အလတ်ကောင်ကိုယ်ထဲကို ရောက်သွားတာများလား”

“အစစ်ပေါ့ရှင်”

ကျုပ်ဘေးနားကနေ မိန်းကလေးတစ်ယောက်ထွက်လာတယ်ဗျ၊ အသက်ခပ်လတ်လတ်မိန်းမတစ်ယောက်ပဲဗျာ၊ လှတာကတော့ တော်တော်လှပါတယ်။

“နင်တို့၊ နင်တို့ငါ့ကိုဘာလုပ်လိုက်တာလဲ”

“ဘာလုပ်ရမလဲ၊ ဒီလိုဘာမှအသုံးမကျတဲ့ကောင်ရဲ့ ကိုယ်ထဲမှာနေမယ့်အစား အစောင့်အရှောက်ဂန္ဓဗ္ဗသုံးယောက်ပါတဲ့ ဟောဒီကိုယ်လုံးထဲမှာပဲ နေတော့မှာပေါ့ဗျ”

သွားပြီဗျာ၊ မသမာသူက ကျုပ်ကိုယ်ခန္ဓာကို ရသွားပြီဗျ။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါ့ကိုယ်ခန္ဓာကို မင်းတို့မပိုင်ဆိုင်ရဘူး”

“ခင်ဗျားပြောနေလဲ အပိုပါပဲအဘိုးကြီးရာ၊ ဒီလိုဖြစ်အောင် ကျုပ်တို့ပဲစီစဉ်ခဲ့တာဗျ”

ကျုပ်နားတောင်ကျုပ်မယုံနိုင်ဘူးဗျာ။

“ဘာပြောတယ်၊ မင်းတို့က စီစဉ်ခဲ့တာတဲ့လား”

ဘေးနားက မိန်းကလေးက

“ရှင်တို့ကိုမကြာခင် အဆုံးသတ်ပေးမှာဆိုတော့ မသေခင်လေး ဘာတွေဖြစ်သွားတယ်ဆိုတာကို သိအောင်နားထောင်ကြပေါ့ရှင်၊ တကယ်တော့ ဒီကောင်လေးကို ကျွန်မတို့က အသုံးချဖို့စီစဉ်ခဲ့တာ ရှင့််ကြောင့်ဘဲ ဦးသာစံ”

“ဘယ်လို၊ အလတ်ကောင်ကို အသုံးချခဲ့တယ်တဲ့လား”

“ဟုတ်တယ်၊ ဒီကောင်လေးကို ထိလိုက်ရင် တစ်နည်းမဟုတ်တစ်နည်း ရှင်ဒီကောင်လေးအနောက်ကို လိုက်လာမယ်ဆိုတာ ကျွန်မတို့သိတယ်၊ ကျွန်မတို့လိုချင်တာက ဒီကောင်လေးလို ရူးရူးပေါပေါမျိုးကိုလိုချင်တာမဟုတ်ဘူး၊ စုန်းမဒေါ်ပျင်းကြီးရဲ့ အစွမ်းဆုံးအစောင့်အရှောက်သုံးကောင် ကိန်းအောင်းနေတဲ့ ရှင့်ရဲ့ခန္ဓာကိုယ်ကို လိုချင်ခဲ့တာပဲ ဦးသာစံ၊ ဒါကြောင့် ဒီကောင်လေးကို တည်ကြက်လုပ်ခဲ့တာ”

အခုမှ ကျုပ်သဘောပေါက်တယ်ဗျာ။ ဒါဆိုရင်အလတ်ကောင်ရန်ကုန်မှာအဖမ်းခံရတာတွေ၊ ကယ်မယ့်သူတွေတွေ့ခဲ့တာတွေက အားလုံးသူတို့စီစဉ်ခဲ့တာပဲပေါ့။

“ဒါဆို အလတ်ကောင်ကို ရန်ကုန်မှာအကျဉ်းကျအောင်လုပ်တာ မင်းတို့ပဲပေါ့”

“သိပ်သေချာတာပေါ့ရှင်၊ သူ့ဦးလေးဆိုနီရဲ့ ဆရာ၊ အရာရှိကြီးဆိုတာ ကျွန်မတို့ကို ကိုးကွယ်နေတဲ့သူပဲ၊ ကျွန်မတို့လည်း အမှတ်မထင် ဒီကောင်လေးကိုတွေ့ခဲ့ရတယ်၊ ဒီကောင်လေးရဲ့အကြောင်းကို မေးမြန်းရင်း ရှင့်ကိုသိခဲ့ရတာပဲ ဦးသာစံ၊ ရှင်က သာဒင်ဆိုပြီးနာမည်ပြောင်းထားလို့သာ ရှင့်ကိုကျွန်မတို့မတွေ့ခဲ့တာ၊ ဒီကောင်လေးပြောတော့မှ ရှင်က ဒေါ်ပျင်းကြီးရဲ့ တစ်ဦးတည်းသောသား ဦးသာစံဆိုတာ သိလိုက်ရတာပဲ”

“ဒါနဲ့ဘာလုပ်မလို့လဲ၊ ငါ့ကိုယ်နဲ့ မင်းတို့ဘာလုပ်မလို့လဲ”

ဒီအခါ ကျုပ်ကိုယ်ထဲဝင်နေတဲ့ ငထေရှင်က

“ခင်ဗျားက သယ်ဆောင်သူသက်သက်ပဲ၊ ဒီ ဂန္ဓဗ္ဗသုံးဦးဆိုတာ သိပ်အစွမ်းထက်တဲ့အမျိုးတွေ၊ ခင်ဗျားက သယ်ဆောင်သူဆိုတော့ သူတို့ရဲ့အစွမ်းတွေကို အစွမ်းကုန်အသုံးမချနိုင်ဘူး၊ ဒါပေမယ့် ကျုပ်ကတော့ သူတို့တွေကို ကောင်းကောင်းကြီးကိုအသုံးချမှာဗျ”

“ကဲပါ၊ စကားရှည်မနေပါနဲ့ မောင်ကြီးရယ်၊ သူတို့ကိုအခုပဲသတ်ပစ်လိုက်ကြပါစို့၊ ဒီရုပ်ခန္ဓာပျက်စီးသွားရင် ဒီရုပ်ထဲမှာ နဂိုရှိနေတဲ့ အူကြောင်ကြားခင်မောင်လည်း သေမယ်၊ ပြီးတော့ အခုမှရုပ်ထဲရောက်လာတဲ့ ဦးသာစံလည်းသေမယ်၊ ဟား၊ ဟား”

ငထေရှင်က ကျုပ်ကိုလက်ဝါးနဲ့ညွှန်လိုက်တယ်ဗျ၊ ဒီအချိန်သူ့ခေါင်းပေါ်ကနေ အမောက်ကြီးသုံးခုက ပေါ်လာပါရောဗျာ၊ သူ့မျက်လုံးတွေက ရွှေရောင်တွေဝင်းလက်သွားတယ်၊ နောက်တော့ လက်ထဲမှာ ရွှေရောင်အလင်းလုံးကြီးတစ်ခု ပေါ်လာပါရော။ ကျုပ်လည်း ဘာမှမလုပ်နိုင်တော့တာနဲ့ မျက်လုံးကိုပဲ မှိတ်ထားလိုက်တော့တယ်။

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်နာမည်ကိုခေါ်သံကြားလို့် ကျုပ်မျက်လုံးဖွင့်လိုက်တော့ မြက်ခင်းစိမ်းကြီးတစ်ခုဆီရောက်နေတယ်ဗျာ၊ ကျုပ်အရှေ့မှာ ရပ်နေတဲ့လူကတော့ အလတ်ကောင်ဗျ။

“ဟာ အလတ်ကောင်ပါလား”

အလတ်ကောင်က ကျုပ်ဆီကိုပြေးလာတယ်ဗျ၊ ကျုပ်လည်း အလတ်ကောင်ကို ပြန်ပြီးဖက်ထားလိုက်မိတယ်ဗျာ။

“လွမ်းလိုက်တာ ဦးဘသာ၊ ဦးဘသာ အခုမှပြန်လာတယ်နော်”

“မင်းနဲ့လည်း အခုမှပဲတွေ့ရတော့တယ် အလတ်ကောင်ရာ”

“ဒါတွေအားလုံးက ကျုပ်အပြစ်တွေပါဦးဘသာ၊ ကျုပ်သာ ရွာကနေမခွာခဲ့ရင် ဒီအဖြစ်တွေက ဆက်ဖြစ်မှာမဟုတ်ဘူး”

“ငါ့အပြစ်တွေလည်းပါပါတယ်အလတ်ကောင်ရာ၊ မင်းရွာကနေထွက်သွားမယ်ဆိုကတည်းက ငါမင်းကိုမရရတဲ့နည်းနဲ့ တားလိုက်ရမှာကွ၊ အခုတော့ ဒီလိုတွေဖြစ်ကုန်ပြီ”

အလတ်ကောင်က ကျုပ်ကိုဖက်ထားရာကနေ ခွာလိုက်ပြီး

“ဒါနဲ့ ကျုပ်တို့သေပြီလား ဦးဘသာ”

ကျုပ်လည်း ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးတော့

“အေး၊ သေပြီးပြီထင်တာပဲကွ၊ ငါနောက်ဆုံးသတိရတာကတော့ ငထေရှင်က ငါ့ကိုယ်ခန္ဓာကို ယူသွားပြီး ငါ့ကိုပြန်သတ်ခဲ့တာပဲ”

“ဒါဆို ဒီနရောက ငရဲလား”

“ဟုတ်မယ်မထင်ဘူးလား”

“ဒါဖြင့် ကျုပ်တို့နတ်ပြည်ရောက်နေတာလားဗျာ”

“မင်းကွာ၊ နတ်ပြည်က ဒီလိုဘယ်နေမှာလဲကွ”

ဒီအချိန်ကောင်းကင်မှာ နေလုံးလိုလိုအလင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီးတော့

“မင်းတို့နှစ်ယောက်လုံး မသေဘူး”

အသံသြသြကြီးနဲ့ဗျာ၊ ကျုပ်နဲ့အလတ်ကောင်လည်း မော့ကြည့်လိုက်မိတာပေါ့။

“ဒါဆို ကျုုပ်တို့ဘယ်ရောက်နေတာလဲ”

“မင်းတို့ဒီကိုယ်လုံးတစ်ခုထဲမှာ အတူတူမနေနိုင်ဘူး၊ ဒီအတွက် မင်းတို့ကိုငါနေရာတစ်ခုထဲမှာ ခဏထည့်ထားလိုက်တာ”

“ဒါနဲ့ခင်ဗျားကဘယ်သူလဲ”

“ငါက ရုပ်မရှိဘူး၊ အထီးအမမရှိဘူး၊ ငါသူတစ်ပါး ယောက်ျားမိန်းမဆိုတာတွေလည်းမရှိတော့ဘူး၊ ငါဟာအလွန်သန့်စင်သွားပြီ”

ကျုပ်ရော အလတ်ကောင်ရော ခေါင်းကုပ်နေမိတယ်။

“ဒါဆို ကျုပ်တို့ဘာဆက်လုပ်ရမှာလဲ”

“မင်းကိုငါအသက်ပြန်သွင်းပေးမယ် အလတ်ကောင်၊ ပြီးရင်တော့ မင်းက ကြီးလေးတဲ့တာဝန်တစ်ခုလုပ်ရမယ်၊ အဲဒီတာဝန်ကတော့ မင်းရဲ့ဦးဘသာကို အသက်ပြန်သွင်းပေးဖို့ပဲ”

“ဒါပေမယ့် ဦးဘသာရဲ့ခန္ဓာကို ငထေရှင်က ယူသွားပြီလေဗျာ”

“အငှားခန္ဓာတစ်ခုရှာရမယ်”

“ဘယ်လိုရှာရမလဲ”

“မင်းပြန်နိုးတာနဲ့ လောလောလတ်လတ်သေသွားတဲ့လူကိုရှာရမယ်၊ အဲဒီလူကိုတွေ့ရင် အဲဒီလူနဲ့နှုတ်ခမ်းချင်းထိပြီးတော့ မင်းကိုယ်ထဲမှာရှိနေတဲ့ ဦးဘသာရဲ့ဝိညာဉ်ကို ကူးပြောင်းပြေးရမယ်”

“ဒါဆို ဖုတ်ပြန်သွင်းတဲ့သဘောပေါ့နော်”

အလတ်ကောင်က မေးတယ်ဗျ။

“ဖုတ်သွင်းတယ်မခေါ်ဘူး၊ ငါတို့အခေါ်အရ နာမ်ကိန်းတယ်လို့ခေါ်တယ်၊ အရေးကြီးတာက သေသွားတဲ့လူက နေ့မကူးဘဲသေထားတဲ့လူဖြစ်ရမယ်၊ ပြီးတော့ တကယ်လို့ ဦးဘသာက သူ့ကိုယ်ထဲ နာမ်ကိန်းနိုင်တယ်ဆိုရင်တောင်မှ ခုနစ်ရက်အတွင်း သူ့နဂိုမူလကိုယ်ထဲကို ပြန်ကူးပြောင်းနိုင်ဖို့ကြိုးစားရမယ်”

“ဒါဆို ခုနစ်ရက်အတွင်း ပြန်မကူးနိုင်ရင် ဘာဖြစ်မလဲ”

“ဦးဘသာက တကယ်သေသွားလိမ့်မယ်၊ အဲဒီအခါကျတော့မှ ဖုတ်ဝင်တယ်လို့ ခေါ်လို့ရတာပေါ့ကွာ”

“ကျုပ်နားမရှင်းဘူးဗျာ၊ ကျုပ်ရဲ့ခန္ဓာထဲကနေ နာမ်ထွက်သွားပေမယ့် ကျုပ်က မသေသေးဘူးလား”

အလင်းလုံးကြီးက တဟားဟားနဲ့ရယ်ပြီး

“သေတယ်ဆိုရင် အရာအားလုံးက ရပ်တန့်သွားရမယ်၊ မင်းရဲ့နှလုံးတွေ၊ သွေးကြောတွေ၊ ဦးနှောက်တွေ အကုန်လုံးရပ်တန့်သွားရမယ်၊ ဒီတော့မှ သေတယ်လို့ခေါ်တယ်၊ အခုဟာက ငထေရှင်က မင်းရဲ့နှလုံးတွေ၊ ဦးနှောက်တွေ မရပ်တန့်သွားခင်မှာ မင်းကိုယ်ထဲကိုဝင်လိုက်တာ၊ ဒါကြောင့် မင်းရဲ့ရုပ်ခန္ဓာဟာ သေတယ်လို့ ယူဆလို့မရသေးဘူး”

အလတ်ကောင်က အားရဝမ်းသာနဲ့ ကျုပ်ဘက်ကိုလှည့်လိုက်ပြီး

“ဒါဆို ကျုပ်တို့မှာအခွင့်အရေးရှိသေးတယ်၊ မျှော်လင့်ချက်ရှိသေးတာပေါ့ ဦးဘသာ”

အလင်းလုံးကြီးက

“မင်းငါပြောတာကို မှတ်မိတယ်မဟုတ်လား”

အလတ်ကောင်က ခေါင်းညိတ်ပြီးတော့

“တစ်ရက်အတွင်းသေထားတဲ့လူကိုရှာရမယ်၊ ပြီးတော့ နှုတ်ခမ်းကနေ ဝိညာဉ်ထည့််ပေးရမယ် ဒါပဲမဟုတ်လား”

အလင်းလုံးကြီးက ဘာမှမပြောဘဲနဲ့ ပျောက်ကွယ်သွားတော့တယ်။ အလင်းလုံးကြီးပျောက်ကွယ်ပြီးတာနဲ့ ကျုပ်နဲ့အလတ်ကောင်မတ်တပ်ရပ်နေတဲ့နေရာကလည်း အမှောင်ထုကြီးတစ်ခုဖြစ်သွားပါတော့တယ်ဗျာ။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #သရဲ