Unicode Version
‘စုန်းထီးကြီးဦးဘသာနှင့် သိုက်တစ်ထောင်ငဖီး'(စ/ဆုံး)
———————————————————————–
(၁)
သိုက်ဆိုတာ အစုအဖွဲ့ကိုပြောတာတဲ့ဗျ၊ ရွာဦးကျောင်းဆရာတော်ကတော့ အဲဒီလိုပြောတာပဲ၊ ရတနာတွေစုဖွဲ့နေရင် ရတနာသိုက်ပေါ့၊ လူတွေစုဖွဲ့နေရင် လူသိုက်ပေါ့ဗျာ၊ ကုလားသိုက် ကျားဝင်ကိုက်တယ်ဆိုတဲ့ စာဆိုတောင်ရှိသေးတယ်မဟုတ်လားဗျ၊ ဒါပေမယ့် ကျုပ်တို့ကတော့ သိုက်လို့ပြောလိုက်တာနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ သိုက်နန်းဇာတ်လမ်းတွေကိုပဲမျက်စိထဲ သွားသွားပြီး မြင်တတ်တာဗျ။
တစ်နေ့တော့ ကျုပ်လည်းယာခင်းထဲဆင်းမလို့လုပ်တုန်း အဖေက ကျုပ်ကိုပြောတယ်။
“ဟေ့၊ အလတ်ကောင်၊ ရွာပြင်က ဇရပ်မှာ လူစိမ်းတွေရောက်နေတယ်လို့ပြောတယ်၊ မင်းယာထဲဆင်းရင်း ဘယ်သူဘယ်ဝါတွေလဲ၊ ရွာထဲမှာဘာလို့မတည်းတာလဲဆိုတာကို စုံစမ်းခဲ့စမ်း”
ကျုပ်လည်းခေါင်းညိတ်ပြီးတော့ ကျုပ်ညီနဲ့အတူတူထွက်လာခဲ့တာပေါ့ဗျာ၊ ရွာအပြင်ရောက်တော့ အဖေပြောတဲ့အတိုင်း ဇရပ်မှာ လူငါးယောက်လောက် ထိုင်နေကြတယ်ဗျ၊ ခြင်ထောင်တွေ ဘာတွေလည်းထောင်ထားတာဆိုတော့ ညကတည်းကရောက်နေပြီး တစ်ညအိပ်ထားတာဖြစ်နိုင်တယ်ဗျ၊ သူတို့ဘာလို့ ရွာထဲမှာမတည်းခိုတာလည်းဆိုတာကို ကျုပ်လည်းသိချင်နေတာပေါ့ဗျာ၊
ရွာပြင်က ဇရပ်တွေဆိုတာ ပြုပြင်မည့်သူမရှိ၊ သုံးတဲ့လူမရှိလို့ အိုဟောင်းနေပါပြီဗျာ၊ တစ်ချိန်တုန်းကတော့ ဒီဇရပ်တွေက ခရီးသွားတွေ အသုံးများခဲ့တဲ့ဇရပ်တွေပေါ့၊ ခုခေတ်တော့ ဇရပ်တွေမသုံးကြတော့ပါဘူး၊ ရွာမှာ ဆွေမျိုးနီးစပ်ရှိတဲ့လူက ဆွေမျိုးအိမ်မှာတည်းကြတယ်၊ နောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာ သွားတည်းလဲရတယ်ဗျာ၊ ဒါမှမဟုတ် အသိအကျွမ်းမရှိရင် ရွာလူကြီးကိုပြောပြီး တည်းခိုလို့ရသေးတယ်၊ ကျုပ်တို့ခေတ်က ဇရပ်မှာတည်းတဲ့ခေတ် မရှိတော့ပါဘူး။
ဒါပေမယ့် ဒီလူတွေက ရွာထဲမဝင်ဘဲ ရွာပြင်မှာတည်းနေပုံထောက်ရင်တော့ သူတို့မှာ ရွာထဲကိုမဝင်ရဲတဲ့အကြောင်းတစ်ခုခုတော့ရှိမှာဗျ၊ ကျုပ်လည်း ဒီလူတွေကို အဝေးကနေလှမ်းပြီးအကဲခတ်ကြည့်နေတာပေါ့ဗျာ၊ လူဆိုးသူခိုးတွေလား၊ ဒါမှမဟုတ် လောင်းကစားသမားတွေလား၊ ၀ရမ်းပြေးတွေများလား၊ ဓါးပြတွေများလားပေါ့။ ဒါပေမယ့် ဒီလူတွေပုံကိုကြည့်ရတာတော့ အဲဒီလိုပုံစံမဟုတ်ဘူးဗျ၊ အပေါ်က ရှပ်အကျီနဲ့ အောက်ကပုဆိုးကို ကျကျနနဝတ်ထားတယ်ဗျ၊ ဒီလူတွေကိုကြည့်လိုက်တာနဲ့ လူရမ်းကားတွေမဟုတ်ဘူးလို့ ကျုပ်ထင်လိုက်တယ်၊ ဇရပ်နားရောက်တော့ ကျုပ်ညီကိုယာခင်းထဲကို အရင်သွားခိုင်းလိုက်ပြီးတော့ ကျုပ်လည်း ဇရပ်အနားမှာ ရစ်သီရစ်သီလုပ်ပြီးကြည့်နေတာပေါ့ဗျာ။
ဇရပ်အောက်မှာ လူတစ်ယောက်က အုတ်ခဲသုံးလုံးနဲ့ ထင်းမီးဖိုလုပ်ပြီးတော့ ထမင်းအိုးတည်နေတယ်ဗျ၊ အိုးကတော့ မြေအိုးပေါ့ဗျာ၊ ကျုပ်လည်း အဲဒီလူကိုပြုံးပြပြီးတော့ သူ့အနားကိုမယောင်မလည်နဲ့သွားလိုက်တယ်။
“အကိုကြီးတို့က ဘယ်သူတွေလဲဗျ”
“အဲဒီလူက စကားမပြောဘူးဗျာ၊ ကျုပ်ကိုတွေတွေကြီးကြည့်နေပြီးတော့ ဇရပ်ပေါ်မှာ တရားထိုင်နေတဲ့ လူကြီးကိုလက်ညှိုးထိုးပြတယ်၊ ဆိုလိုချင်တာကတော့ သူ့ကိုသွားမေးဆိုတဲ့ သဘောပေါ့ဗျာ၊ ကျုပ်လည်း ဇရပ်ပေါ်ကိုတက်ခဲ့လိုက်တော့ ကျန်တဲ့လူတွေလည်း စကားမပြောဘဲ သူတို့လုပ်စရာရှိတာကို လုပ်နေကြတယ်၊ အသက် ငါးဆယ်လောက်ရှိမယ့် အဘိုးကြီးတစ်ယောက်ကတော့ တရားထိုင်သလိုထိုင်နေတယ်ဗျ၊ သူ့အရှေ့မှာလည်း ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းထားတယ်၊ အနားရောက်တော့မှ သူက တရားထိုင်နေတာမဟုတ်ဘူးဗျ၊ သူ့ရှေ့က ဖယောင်းတိုင်ကြီးကို မျက်တောင်မခတ်ဘဲသေသေချာချာကြည့်နေတာဗျ၊ ဖယောင်းတိုင်က ဝါဆိုဖယောင်းတိုင်လောက်ရှိမယ့် ဖယောင်းတိုင်အကြီးကြီးပါဗျာ။
(၂)
ကျုပ်ကြမ်းပြင်ပေါ်ကိုထိုင်လိုက်တယ်ဆိုရင်ပဲ အဲဒီလူကြီးက ချောင်းတစ်ချက်ဟန့်တယ်ဗျ၊ ကျုပ်ကိုတော့ လှည့်တောင်မကြည့်ဘူး။
“ငါတို့ဘယ်သူတွေလဲ၊ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ မင်းသိချင်တယ်မဟုတ်လား၊ ဘာလဲ မင်းအဖေသူကြီးက မင်းကိုကြည့်ခိုင်းလိုက်လို့လား”
ကျုပ်ဖြင့်လန့်ပြီးတုန်သွားတာပဲဗျာ၊ ဒီလူကြီးက အကြောင်းစုံသိနေတာကိုးဗျ။ သူ့အသံကတော့ နည်းနည်းဒေါသထွက်နေသလိုပဲဗျာ။
“ဟုတ်၊ ဟုတ်ပါတယ် အဖေက ဦးကြီးတို့ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ သိချင်ပါတယ်၊ နောက်ပြီး အဖေကဒီရွာက သူကြီးဆိုတော့ မဖြစ်သင့်တာမဖြစ်ရအောင် ကြိုပြီးသိထားချင်တာပါ”
ဒီတော့မှ ထိုင်နေတဲ့ဦးလေးကြီးက ဖယောင်းတိုင်ကြီးကိုမီးမှုတ်လိုက်တယ်ဗျာ။
“ငါတို့က မကောင်းတဲ့လူတွေမဟုတ်ပါဘူးကွာ၊ ဒီရွာမှာ လုပ်စရာရှိလို့လာခဲ့တာ”
“မကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာတော့ ယုံပါတယ်၊ ဦးလေးတို့က ဘာလုပ်စရာရှိလို့လဲ”
“ငါ့နာမည် ဦးဖီးလို့ခေါ်တယ်ကွ၊ သာယာ၀တီကနေလာတယ်၊ ငါတို့က မင်းတို့ရွာကိုဘာမှမလုပ်ဘူး၊ မင်းတို့ကိုလည်း ဘာမှမထိခိုက်စေရဘူး၊ ဒါကြောင့်မို့လို့ မင်းတို့ရွာထဲတောင်မဝင်ဘဲ ရွာပြင်မှာပဲတည်းခိုတာ”
“ကောင်း. . ၊ ကောင်းပါပြီ ဦးကြီး”
ကျုပ်လည်း ကြောက်ကြောက်နဲ့ဇရပ်ပေါ်ကဆင်းလာခဲ့တာပေါ့ဗျာ၊ ဒီဦးလေးကြီးက အကုန်သိနေတယ်ဆိုတော့ သူ့ကိုကြောက်တာပေါ့ဗျာ၊ ဒါနဲ့ယာခင်းထဲကို ရောက်လာတာပေါ့၊ လွန်ခဲ့တဲ့ သုံးလေးရက်က မိုးနည်းနည်းရွာထားတော့ ဦးဘသာကြီးရဲ့လယ်ထဲမှာ မြက်နုလေးတွေ ပေါက်နေတာပေါ့ဗျာ။ ဦးဘသာကြီးက သူ့နွားတွေကို သူ့လယ်ထဲလွှတ်ကျောင်းရင်း ကျုပ်တို့ယာတဲအနားမှာ မတ်တပ်ရပ်နေတယ်၊ ကျုပ်လည်း ဦးဘသာကြီးနဲ့စကားပြောဖြစ်တာပေါ့ဗျာ။
(၃)
“ရွာထိပ်မှာ လူစိမ်းတွေရောက်နေတာဗျာ၊ ကျုပ်သွားမေးတော့လည်း သူတို့က မကောင်းတဲ့လူတွေမဟုတ်ပါဘူးတဲ့ဗျာ၊ ပုံစံကြည့်fရတာကတော့ ဆေးဆရာလိုလို၊ အထက်လမ်းဆရာလိုလိုပဲဗျ”
ဦးဘသာကြီးက ကျုပ်ကိုခပ်ပြုံးပြုံးနဲ့ကြည့်လိုက်ပြီး
“မကောင်းတဲ့လူက သူ့ကိုယ်သူမကောင်းဘူးလို့ပြောမလားကွ၊ ဒါနဲ့ သူတို့ကဘယ်နှယောက်တုန်းကွ”
“ငါးယောက်ဗျ၊ အသက်ကြီးကြီးနဲ့တစ်ယောက်က သာယာ၀တီကနေလာတာတဲ့၊ သူ့နာမည်ကတော့ ဦးဖီးဆိုပဲဗျ၊ ကျန်တဲ့လူလေးယောက်ကတော့ သူတို့ဖာသာအလုပ်တွေလုပ်နေတာဗျ၊ စကားလည်းမပြောဘူးဗျို့”
ကျုပ်ပြောတာလဲကြားပြီးရော ဦးဘသာကြီးက မျက်မှောင်ကြုတ်နေတယ်ဗျ၊ နောက်ပြီးတော့နွားရိုက်တဲ့ ကြိမ်လုံးကို ဝှေ့ယမ်းနေသေးတယ်။
“ဦးဖီးဆိုပါလား၊ ငါကြားဖူးတာကတော့ သာယာ၀တီက သိုက်တစ်ထောင်ငဖီးဆိုတဲ့လူကို ကြားဖူးတာပဲ”
“သိုက်တစ်ထောင်ငဖီးက ဘာလဲဗျ”
“အိုကွာ၊ မင်းနားလည်အောင်ပြောရရင် သိုက်ဆရာပေါ့၊ သိုက်ဆရာဆိုတာ သိုက်တူးတဲ့လူကိုပြောတာကွ”
“သိုက်ဆရာအကြောင်းတော့ ကျုပ်တို့သိပါတယ်၊ ဒေးစွန်ပါသိုက်မှာ သိုက်ဆရာကြီးက သိပ်စွမ်းတော့ သိုက်နန်းရှင် မောင်နှမတွေ ငိုကြတယ်မဟုတ်လား”
“အေးအေး၊ သိရင်လဲပြီးတာပဲ”
“နေအုံးလေဦးဘသာရဲ့၊ သိုက်အကြောင်းသိတာက သိတာပဲ၊ သိုက်တစ်ထောင်ငဖီးဆိုတာက အခု ဦးဘသာပြောမှ ကြားဖူးတာ၊ သူ့အကြောင်းသိရင် နည်းနည်းလောက်ပြောစမ်းပါအုံးဗျာ”
ဦးဘသာကြီးက ကွမ်းအစ်ထဲကနေ ဆေးရွက်ကြီးတစ်ဖဲ့ ဖဲ့လိုက်ပြီးတော့ ပါးစပ်ထဲကိုပစ်ထည့်လိုက်ပြီး
“ဒီလိုကွ၊ ကြာတော့ကြာပြီ၊ သာယာ၀တီမြို့ဆိုတာ ပဲခူးတိုင်းထဲကပေါ့ကွာ၊ အဲဒီမှာ ငဖီးဆိုတဲ့သူငယ်တစ်ယောက်က အင်းပညာကိုလေ့လာရင်း သိုက်ကိုနိုင်တဲ့အင်းကိုတွေ့သွားတယ်တဲ့ကွ၊ အဲဒါနဲ့သူ့တစ်ကိုယ်လုံး မဟုတ်တဲ့နေရာက ချန်ပြီးတော့ အဲဒီအင်းတွေကို ဆေးမင်ကြောင်ထိုးတယ်ဆိုပဲ၊ အဲဒီမှာ အင်းကလည်း အောင်မြင်သွားတော့ သူက သိုက်တွေကိုနိုင်သွားတာပေါ့ကွာ၊ ဒါနဲ့ ပဲခူးနားက ကျွဲသည်းအင်းက သိုက်ကိုတူးကြည့်တယ်ကွ၊ ကျွဲသည်းအင်းဆိုတာ သိုက်ဆရာတွေကြားမှာ နာမည်ကြီးတဲ့သိုက်ပေါ့ကွာ၊ သိုက်ပိုင်ဘိုးဘိုးက တော်တော်တန်ခိုးကြီးတယ်ဆိုပဲကွ”
ဦးဘသာကြီးက သိုက်အကြောင်းတွေပြောရောဗျာ၊ ကျုပ်ကလည်း ဒါမျိုးအကြောင်းတွေ ခပ်ကြိုက်ကြိုက်ဆိုတော့ နားထောင်လို့ လွှတ်ကောင်းတာပေါ့ဗျာ။
“ဒါနဲ့ ငဖီးက သိုက်ကိုတူးတော့ ရသွားရောလား”
“ကျွဲသည်းအင်းသိုက်က မွန်ဘုရင်တစ်ယောက်ပိုင်ခဲ့တဲ့သိုက်ကွ၊ အဲဒီသိုက်ကို မွန်မောင်နှမ ခုနစ်ယောက်စောင့်တယ်၊ ငဖီးက အင်းကွက်တွေအစွမ်းနဲ့ သိုက်တံခါးဖွင့်ပြီး သိုက်စောင့်တွေ၊ သိုက်နန်းရှ်တွေကို ကြိုးနဲ့တုပ်ထားတာပေါ့၊ နောက်တော့ သိုက်နန်းကြီးထဲကိုဝင်ပြီးတော့ သိုက်စာတစ်စောင်ကိုယူခဲ့ပြီး ပြန်ထွက်လာတယ်တဲ့”
“သိုက်စာပဲယူတယ်ဆိုတော့ သိုက်နန်းထဲမှာ ရတနာတွေဘာတွေ မရှိဘူးလား”
“ရှိတာပေါ့ကွ၊ ဒါပေမယ့် ငဖီးက ရတနာတွေကို လိုချင်တာမဟုတ်ဘူး၊ သိုက်နန်းတွေဖောက်ပြီးတော့ အထဲက သိုက်စာတွေကိုယူတာကွ၊ သိုက်စာတွေယူပြီးရင်လည်း သိုက်နန်းရဲ့နံရံမှာ ထုံးနဲ့အင်းတစ်ကွက်ဆွဲခဲ့တယ်၊ သူသိုက်နန်းကိုတူးလို့ရခဲ့တယ်ဆိုတဲ့ သဘောပေါ့ကွာ”
“ဒီလိုဆိုတော့လည်း ငဖီးက ထူးဆန်းသားပဲ၊ ဒါနဲ့ သိုက်စာဆိုတာ ဘာလဲဗျ”
“သိုက်စာဆိုတာ ဘုရားတွေဌာပနာတဲ့အခါ၊ သိုက်တွေမြှုပ်တဲ့အခါမှာ ရှေးတုန်းက ရေးခဲ့တဲ့ လှို့ဝှက်စာတွေပဲကွ၊ သိုက်တွေတော်တော်များများမှာ သိုက်စာတွေရှိကြတယ်၊ ဒါပေမယ့် လူတိုင်းဖတ်လို့မရဘူး၊ သိုက်စာတွေက လှို့ဝှက်ရေးတာဆိုတော့ ဘာကိုဆိုလိုမှန်းမသိအောင် လင်္ကာတွေနဲ့ ဖွက်ပြီးရေးခဲ့ကြတာကွ”
“သူတို့က ဘာလို့ရေးခဲ့တာလဲဗျ”
“ဘုရားသိုက်တွေကလွဲလို့ ကျန်တဲ့သိုက်ကရတနာတွေက ထိုက်တဲ့သူယူဆိုတဲ့ သဘောနဲ့ထားခဲ့တာကွ၊ သိူက်စာကို အဖြေဖော်နိုင်တဲ့လူ၊ ဒီသိုက်က ရတနာတွေကို ယူဆိုတဲ့သဘောပေါ့၊ သိုက်စာတွေက တစ်ခုနဲ့တစ်ခု အချိတ်အဆက်တွေရှိတယ်၊ သိုက်ရဲ့တည်နေရာတွေ၊ သိုက်ထဲက ရတနာတွေအကြောင်းတွေ ရေးထားကြတာကိုးကွ၊ ဒါနဲ့ပဲ ငဖီးက သူမသေခင် သိုက်ပေါင်းတစ်ထောင်တိတိတူးပြမယ်လို့ ကြုံးဝါးပြီးသိုက်တွေကို အပျော်တမ်းအနေနဲ့လိုက်တူးတာပဲ။ တူးလို့အောင်မြင်ရင်လည်း သူကတန်ဖိုးရှိတာမယူဘူးတဲ့ကွ၊ သိုက်စာတွေလောက်ပဲယူတာ၊ အဲ ဒါပေမယ့် သူ့တပည့်တွေကတော့ ထိုက်သလောက်ယူတယ်လို့ပြောတယ်၊ တစ်ချို့တပည့်တွေဆို ချမ်းသာသွားတာ တွေရှိတယ်တဲ့ကွ”
“ထူးဆန်းပါပေ့ဗျာ၊ ကျုပ်သာဆို သိုက်တစ်သိုက်တူးပြီး ရတနာတွေရရင် အိမ်ကြီး၊ ကားကြီးဝယ်ပြီး ချမ်းချမ်းသာသာနဲ့နေလိုက်တယ်ဗျာ”
ဦးဘသာကြီးက ကျုပ်ကိုမျက်စောင်းထိုးကြည့်တယ်။
“ငဖီးအောင်မြင်တယ်ဆိုတာကလည်း သူက လောဘမဖက်လို့ကွ၊ လောဘဖက်တဲ့လူတွေဆိုရင် တော်တော်များများ မအောင်မြင်ဘဲ အသက်တောင်ဆုံးသွားတာတွေရှိတယ်၊ မင်းတို့လိုလောဘတက်တဲ့ ကောင်မျိုးတွေပေါ့ကွာ၊ ဟား၊ ဟား”
ဦးဘသာကြီးက ပြောချင်ရာပြောပြီးတော့ ကြိမ်လုံးကြီးယမ်းပြီး တဲထဲကနေထွက်သွားပါရောဗျာ၊ ကျုပ်ကိုပြောသွားတာဆိုတော့ ကျုပ်လည်း သိပ်မကျေနပ်ဘူးပေါ့၊ ဒါနဲ့ပဲ ဒီလူကြီးတွေနဲ့ပေါင်းပြီး စနည်းနာကြည့်ဖို့ စိတ်ကူးလိုက်တယ်၊ သိုက်တူးတယ်ဆိုရင်လည်း ဝေစုလေး ရလိုရငြားပေါ့ဗျာ။
(၄)
ညနေရောက်တော့ ကျုပ်လည်းအိမ်ပြန်ပြီးတော့ ရေတောင်မချိုးဘဲ အိမ်မှာဘာဟင်းချက်သလဲဆိုပြီးကြည့်လိုက်တယ်၊ ဆိတ်သားကို အတုံးသေးသေးလေးတွေတုံးပြီးတော့ ခရမ်းချဉ်သီးနဲ့ နှပ်ထားတဲ့ဟင်းဗျာ၊ ဆီများများနဲ့ဆိုတော့ ကောင်းမှကောင်းပဲ၊ ကျုပ်လည်း ပန်းကန်စင်က ပန်းကန်လုံးကလေးတစ်လုံးယူပြီးတော့ ဟင်းတွေကိုခပ်ထည့်လိုက်တာပေါ့ဗျာ၊ ပြီးတော့ ပန်းကန်လုံးကလေးကိုကိုင်ပြီးတော့ အိမ်အပြင်ကိုအမြန်ပြေးထွက်ခဲ့တာပေါ့။
ကျုပ်သွားတဲ့နေရာကတော့ ရွာပြင်က ဇရပ်ကိုသွားတာဗျ၊ ဇရပ်ထဲမှာတော့ အဲဒီလူကြီးတွေက ဝိုင်းပြီးထိုင်နေတယ်ဗျ၊ ထမင်းစားမလို့ ထိုင်နေတာဖြစ်မှာပေါ့ဗျာ၊ ကျုပ်လည်း ဇရပ်ပေါ်ကိုအမြန်ပြေးတက်လိုက်တယ်။ ကျုပ်ထင်တဲ့အတိုင်းပဲ သူတို့က ထမင်းစားဖို့ ဝိုင်းထိုင်နေကြတာ၊ လူတိုင်းရဲ့အရှေ့မှာ သံပန်းကန်ပြားချပ် တစ်ချပ်စီချထားပြီးတော့ ထမင်းတွေထည့်ထားတယ်၊ သူတို့အလယ်မှာတော့ ငါးခြောက်ဖုတ်ဆီစိမ်လေးတစ်ခွက်ရယ်၊ ငါးပိထောင်းလိုဟာလေးရယ်၊ နောက်ပြီးတော့ ဒန့်သလွန်ရွက်နုတွေကို ဟင်းခါးကျဲကျဲချက်ထားတဲ့ တစ်ခွက်ရယ်၊ ဒါပဲပါတာပေါ့ဗျာ။
“ဆရာကြီးတို့စားဖို့ ဟင်းလာပို့ပေးတာပါဗျာ”
“ဘာဟင်းလဲလူလေးရဲ့”
“ဆိတ်သားကို ခရမ်းချဉ်သီးနဲ့နှပ်ပြီးချက်ထားတာပါဆရာကြီး၊ ဆရာကြီးတို့ သုံးဆောင်ကြပါ”
ဆရာကြီးက မျက်လွှာချလိုက်ပြီး
“လူလေး စေတနာကိုတော့ ဦးလေးက အသိအမှတ်ပြုပါတယ်ကွယ်၊ ဒါပေမယ့် လူလေးဟင်းကိုပြန်ယူသွားပါ၊ ဦးလေးတို့တစ်ဖွဲ့လုံးက ခြေလေးချောင်းသား မစားဘူးကွဲ့”
ကျုပ်လည်း ဘာလုပ်ရမှန်းမသိဘူးပေါ့၊ ဆရာကြီးတွေကတော့ ထမင်းစားနေကြတယ်၊ ကျုပ်လည်း ဦးဖီးဆိုတဲ့သူကို အကဲခတ်နေမိတယ်၊ ထမင်းစားတာဆိုတော့ သူဝတ်ထားတဲ့ ရှပ်အကျီအဖြူလက်ရှည်ကို လက်ဖျံလောက်အထိ ခေါက်တင်ထားတာပေါ့ဗျာ၊ ကျုပ်သေသေချာချာကြည့်တော့မှ သူ့လက်ဖျံမှာ အင်းတွေပြည့်နေတာပဲဗျ။ ဒါတင်မကသေးဘူး သူထမင်းစားနေတဲ့လက်ခုံမှာလည်း အင်းကွက်တွေဗျ၊ ဆေးမင်ကြောင်ထိုးထားတာကြာတော့ အရောင်က ခပ်မှိန်မှိန်ပဲရှိတော့တာ။ ထမင်းစားပြီးတော့ သူ့တပည့်တစ်ယောက်က လက်ဆေးရေထည့်ထားတဲ့ ဒန်ဇလုံကလေးကိုလှမ်းပေးလိုက်တယ်၊ သူလက်ဆေးတာကို သေသေချာချာကြည့်တော့ လက်ဖဝါးမှာလဲ ဆေးနီနဲ့အင်းတွေစမတွေ ဆွဲထားတာဗျ၊ ကျုပ်လည်း ဒီလူက ဦးဘသာပြောတဲ့ သိုက်တစ်ထောင်ငဖီးများလားလို့ တွေးနေမိတာပေါ့။
သူ့လက်ကိုသေချာစိုက်ကြည့်နေတဲ့ ကျုပ်ကို ဦးဖီးကလည်း သိတဲ့ပုံပဲဗျ၊ သူ့လက်ဝါးကိုဖြန့်ပြပြိးတော့
“ဒါကတော့ အစာအင်းလို့ခေါ်တယ်ကွ၊ စားတဲ့အစာတွေအကုန်လုံးကို သန့်ရှင်းစေတယ်၊ မကောင်းတဲ့အောက်လမ်း၊ အပင်းတွေ၊ အဆိပ်အတောက်တွေပါလာရင် ဒီအင်းက သန့်စင်ပေးတယ်ကွ”
ကျုပ်လည်း သိပ်စိတ်ဝင်စားသွားတာပေါ့ဗျာ၊ ဆရာကြီးရဲ့ တပည့်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် စကားလှမ်းပြောနေကြတယ်ဗျ။ ကျုပ်လည်း ဆရာကြီးအနားကို တိုးကပ်သွားပြီး
“ဆရာကြီး ကျုပ်တို့ရွာကို သိုက်တူးဖို့လာတာမဟုတ်လား”
ကျုပ်က ဒဲ့ပဲမေးချလိုက်တော့တာ၊ ဆရာကြိးက မျက်နှာတစ်ချက်ပျက်သွားတယ်၊ သူ့တပည့်တွေကလဲ ဘယ်လိုလုပ်မလဲဆိုတဲ့ မျက်နှာပေးတွေနဲ့ အံ့ဩနေတာပေါ့၊ ဆရာကြီးက တော်တော်ကြာအောင်စဉ်းစားနေတယ်။
“အင်း၊ ဒီရွာမှာ အလုပ်လုပ်မှာဆိုတော့ ရွာခံတစ်ယောက်လောက်ရှိတာလည်း မဆိုးဘူးလို့မြင်တယ်တပည့်တို့၊ ဒီကောင်လေးကို ငါတို့အဖွဲ့ထဲသွင်းကြရအောင်”
ဆရာကြီးရဲ့စကားကို သူ့တပည့်တွေက မငြင်းပါဘူးဗျာ၊ ဆရာကြီးက ကျုပ်ကိုကြည့်လိုက်ပြီး
“မင်းတကယ်ပဲ ငါတို့နဲ့အလုပ်လုပ်ချင်တာလားလူလေး”
ကျုပ်လည်း ခေါင်းကိုအမြန်ညိတ်လိုက်တယ်။
“သူက ကျင့်ကြံထားတာမှမရှိတာ ဆရာကြီးရဲ့သူ့ကိုသုံးလို့ရပါ့မလား”
သူ့တပည့်တစ်ယောက်က ဝင်ပြောတယ်ဗျ၊ ဆရာကြီးက ခေါင်းညိတ်လိုက်တယ်။
“သိုက်စာကိုဖော်ဖို့ဆိုရင် ဒီနယ်မြေအကြောင်းသိတဲ့လူမှ ဖော်နိုင်မှာကွ”
ဆရာကြီးကအဲဒီလိုပြောပြီးတော့ ကျုပ်ကိုသေသေချာချာကြည့်ပြီး
“မင်းငါတို့အဖွဲ့ထဲဝင်မယ်ဆိုရင် ဟောဒီအင်းကိုမြိုချရမယ်”
ဆရာကြီးက အင်းချပ်တစ်ခုကိုထုတ်ပေးတာပေါ့ဗျာ၊ နောက်တော့အင်းချပ်ကိုသူ့လက်ဖဝါးထဲမှာထည့်ထားပြီးတော့ အသားကလေးကြိတ်ချေနေရင်း အင်းချပ်ကလေးက ပဲစေ့လောက်ရှိတဲ့ အလုံးကလေးတစ်လုံးဖြစ်သွားတာပေါ့၊ ကျုပ်လည်း စဉ်းစားမနေပါဘူးဗျာ၊ အဲဒီအင်းကလေးကို ပါးစပ်ထဲထည့်လိုက်ပြီးတော့ ရေအိုးစင်က ရေတစ်ငုံပြေးမော့ပြီး မြိုချလိုက်တာပေါ့ဗျာ။
“အေး၊ ကောင်းပြီကွ၊ အဲဒီအင်းကိုမြိုပြီးတဲ့အချိန်မှာ ငါတို့သိုက်တူးတယ်ဆိုတာကို မင်းဘယ်သူ့ကိုမှပြောလို့မရဘူး၊ အဲဒီအင်းကို လှံစက်ြာအင်းလို့ခေါ်တယ်ကွာ၊ ငါတို့သိုက်တူးတဲ့အကြောင်း မင်းသူများကိုပြန်ပြောလိုက်တာနဲ့ မင်းဗိုက်ထဲက အင်းက လှံကြီးတစ်လကအဖြစ်ပြောင်းလဲသွားပြီး မင်းဗိုက်ပေါက်ထွက်သွားလိမ့်မယ်”
ကျုပ်ဆိုခေါင်းနားပန်းတွေ ကြီးသွားတာပဲဗျာ၊ သူက မြိုဆိုလို့ မြိုလိုက်တာ၊ အခုတော့ ကျုပ်ဘေးဖြစ်ပြီလေဗျာ။ မတတ်နိုင်ဘူးပေါ့ဗျာ၊ သိုက်တူးတဲ့အကြောင်းကို မပြောရဘူးဆိုတော့လည်း မပြောဘူးပေါ့။
ကျုပ်ပြန်ထိုင်လိုက်တော့ ဇရပ်ထဲမယ်အတော်မှောင်နေပြီဗျ၊ ရွာလမ်းမှာလည်း လူသွားလူလာ မရှိတော့ဘူး၊ ဆရာကြီးတပည့်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီးတော့ သူတို့ယူလာတဲ့ အောက်လင်းဓါတ်မီးကြီးကို ထွန်းလိုက်တယ်ဆိုရင်ပဲ ဇရပ်တစ်ခုလုံးတင်မက ဘေးပတ်ဝန်းကျင်ပါ လင်းထိန်သွားတော့တာပေါ့ဗျာ၊ ကျန်တဲ့တပည့်တွေက ခြင်ထောင်လေးလုံးကိုထောင်လိုက်တယ်၊ ခြင်ထောင်တွေက စစ်ခြင်ထောင် ပိတ်ပိတ်ကြီးတွေဆိုတော့ ခြင်ထောင်ထောင်လိုက်တာနဲ့ အဲဒီခြင်ထောင်အလယ်မှာ ဘာလုပ်နေတယ်ဆိုတာကို မမြင်ရတော့ဘူးဗျို့၊ တော်တော်လည်း လှို့ဝှက်တဲ့လူတွေဗျာ။
ခြင်ထောင်လေးလုံးအလယ်မှာ နေရာလွတ်ကြီးဖြစ်နေတယ်။ အဲဒီမှာ ဆရာကြီးက သူ့လွယ်အိတ်ထဲက အထုပ်ကလေးတစ်ထုပ်ချပြီး ကျုပ်တို့အလယ်မှာဖြေလိုက်တယ်၊ အဲဒီအထုပ်ထဲကနေ တစ်ထွာလောက်ရှိမယ့် ပေရွက်ကလေးထွက်လာတယ်ဗျာ။ ပေရွက်ကလေးက ဝင်းလက်နေတာပဲ၊ ကြေးလဲမဟုတ်ဘူးဗျ၊ ကျုပ်အထင် ရွှေပြားဖြစ်နိုင်တယ်။
“ဒီဟာက ဘုရားတစ်ဆူကိုတူးတုန်းက ရတဲ့သိုက်စာကွ၊ ဒီသိုက်စာကို မင်းဖတ်ကြည့်စမ်း”
ကျုပ်လည်း ရွှေပြားကလေးကို သေသေချာချာကိုင်ပြီးဖတ်ကြည့်တာပေါ့၊ ဒါပေမယ့် လက်ရေးတွေက တွန့်တွန့်ချွန်ချွန်တွေဆိုတော့ ဘာတွေလဲဆိုတာ သေသေချာချာမသိပါဘူးဗျာ။
“မန်ကျည်းကိုးပင်အောက် ဖက်ထိပ်ပေါက်၊ ဒေါင်းဖန်ဝါ၊ မြားတစ်ထောက်၊ သီတာရေကြည်တစ်ပေါက်၊ မြင်တွေ့သူတိုင်းသောက်၊ လှည်းတန်းကြီးနဲ့ ခုနစ်ခေါက်”
ကျုပ်လည်းမဖတ်တတ်ဖတ်တတ်နဲ့ဖတ်ပြီးတော့ ဆရာကြီးကိုကြည့်လိုက်တယ်၊ ဆရာကြီးက ကျုပ်ဖတ်တာမှန်တယ်ဆိုပြီးခေါင်းညိတ်တယ်။
“အဲဒါဘာတွေရေးထားတာလဲ ဆရာကြီး”
“သိုက်စာကွ”
“ဒါနဲ့ ကျုပ်တို့ရွာနဲ့ ဘာဆိုင်လို့လဲ”
“ဒီစာအရဆိုရင်မဆိုင်ပေမယ့် အရင်တစ်ခါတူးမိတဲ့ သိုက်စာတစ်ခုမှာတော့ ဒီနေရာကိုညွှန်းထားတာကွ၊ ဒီတော့ ငါ့အထင် အဲဒီမန်ကျည်းကိုးပင်နဲ့ ဖက်ထိပ်ပင်က ဒီနားတစ်ဝိုက်မှာပဲရှိရမယ်၊ မင်းကြားဖူးထားတာရှိသလား”
ကျုပ်လည်း တစ်ခုမှ မကြားဖူးဘူးဗျ၊ ဒါနဲ့ခေါင်းခါလိုက်တာပေါ့၊ သိုက်စာကိုတော့ အလွတ်ရအောင်လို့ သေသေချာချာရွတ်ထားလိုက်တယ်၊ ကျုပ်က အတန်းပညာမရှိသလို၊ စာပေဘက်လည်း ရေးတတ်ဖတ်တတ်ရုံဆိုတော့ မေ့လွယ်တယ်မဟုတ်လားဗျာ။
“မင်းလည်းရအောင်စုံစမ်း၊ ငါလည်းရအောင်စုံစမ်းမယ်ကွာ၊ ငါတို့မှာအချိန်သိပ်မရှိဘူးကွ၊ တပေါင်းလမပြည့်ခင် ဒီသိုက်ကိုတူးရမှာ၊ တပေါင်းလပြည့်ပြီးရင်တော့ နောက်တစ်နှစ်မှ ပြန်လာရမှာ”
“ဒါဆို ကျုပ်ဗိုက်ထဲက အင်းကရော တစ်နှစ်လုံးခံနေမှာလားဗျ”
“မဖြစ်ပါဘူးကွာ။ ငါတို့အောင်မြင်ရင် အဲဒီအင်းကိုထုတ်ပေးမယ်၊ ဟုတ်ပြီလား”
“ဒါနဲ့သိုက်စာကို ဆရာကြီးတို့တစ်ကယ်ပဲ မဖော်နိုင်သေးတာလား”
“လှည်းတန်းကြီးနဲ့ခုနစ်ခေါက်ဆိုတာက လှည်းခုနစ်စီးတိုက်စာ ရတနာတွေရှိတယ်လို့ပြောတာကွ၊ ကျန်တာကတော့ ဒီနေရာအနားက နေရာတစ်ခုခုကိုညွှန်းနေတာပဲ၊ ကဲ ညည့်နက်နေပြီ မင်းပြန်တော့ကွာ၊ ငါတို့လည်း အဓိဌာန်ဝင်စရာရှိသေးတယ်”
သူတို့မောင်းထုတ်တာနဲ့ကျုပ်လည်းပြန်ခဲ့တယ်၊ ဘယ်သူမှမစားတဲ့ ဟင်းပန်းကန်ကိုကျုပ်ကိုပေးလိုက်တာပေါ့ဗျာ၊ ကျုပ်လည်း ဇရပ်ကနေထွက်လာပြီး ရွာထိပ်နားကိုလည်းရောက်ရော ကျောတွေပါချမ်းတတ်လာတယ်ဗျ၊ အဲဒီအရှေ့မှာ သန်းပင်ကြီးတစ်ပင်ရှိတယ်၊ ညညဆို အသားတွေဘာတွေသယ်လာရင် လိုက်ဆွဲတတ်တယ်တဲ့ဗျာ၊ ကျုပ်လက်ထဲက ပန်းကန်ကလည်း ဆိတ်သားဟင်း၊ အမေက မဆလာနိုင်နိုင်ထည့်ထားတော့ မွှေးနေတာပဲဗျာ၊ ညနေမိုးမချုပ်ခင်ယူလာရတာဆိုတော့ အုပ်ဆိုင်းစရာလည်း ဘာမှပါမလာခဲ့ဘူး။
ကျုပ်လျှောက်နေရင်း သန်းပင်ကြီးအနားရောက်တော့ အပင်ကြီးက ဝုန်းခနဲတစ်ချက်လှုပ်သွားတယ်၊ ကျုပ်လည်း ကြောက်တော့ ဘာမှမတွေးနေတော့ဘဲ ပါလာတဲ့ဟင်းပန်းကန်လုံးကို မြေကြီးပေါ်ကိုချပြီးတော့ တန်းပြီးပြေးတော့တာပဲဗျာ၊ ရွာထိပ်နားမှာ ဖွင့်ထားတဲ့ တရုတ်ကြီးတို့အရက်ဆိုင်ကိုရောက်တော့မှ အမောဖြေနိုင်တယ်၊ အရက်ဆိုင်မှာတော့ ဘက်ထရီမီးထွန်းထားပြီးတော့ လူလည်းစည်ကားနေတာဗျာ။
(၅)
“အဖေ၊ ကျုပ်တို့ဘက်မယ် မန်ကျည်းကိုးပင်ဆိုတာ ကြားဖူးသလား”
ကျုပ်အိမ်ရောက်တော့ ရေမိုးချိုးပြီး အဖေ့ကိုမေးလိုက်တယ်၊ အဖေက ထမင်းစားပြီးလို့ ထန်းညက်ခဲလေးကိုက်နေရင်း
“မန်ကျည်းကိုးပင်ဆိုတာ ရွာဟောင်းကြီးတစ်ခုသားရဲ့၊ အဖေတို့ရွာရဲ့အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိတာ၊ အခုတော့ အဲဒီရွာကြီးမရှိတော့ပါဘူး၊ စစ်တုန်းက အကုန်ထွက်ပြေးကြရင်း ရွာကောသွားတာကွဲ့”
ကျုပ်သဲလွန်စတစ်ခုရလိုက်ပြီဆိုတော့ မျက်လုံးတွေအရောင်လက်သွားတယ်ဗျာ။ ဒါနဲ့ ဖက်ထိပ်ဆိုတာကို အဖေ့ကိုမေးရတာပေါ့၊ အဖေကတော့ အဲဒါကိုမသိဘူးဗျ၊ ကျုပ်လည်းဆက်မေးမလို့လုပ်နေတုန်း အမေက တုတ်တစ်ချောင်းနဲ့အိမ်ရှေ့ထွက်လာပြီး၊ ဟိုရှာလိုက် ဒီရှာလိုက်လုပ်နေတယ်။
“ထားလိုက်ပါတော့မသိန်းရာ”
“အို၊ မထားနိုင်ဘူးရှင့်၊ ဆိတ်သားတွေ အစိတ်သားလောက်ပါသွားတာ၊ လာပါစေအုံး၊ အဲဒီကြောင်မကို မိလို့ကတော့ အရိုးကျိုးအောင်ရိုက်သတ်မယ်တော့”
ကျုပ်လည်း ထိုင်ရင်းကျောချမ်းသွားတာပေါ့ဗျာ၊ အမေက ကျုပ်ဟင်းတွေခိုးသွားတာကို ကြောင်ခိုးသွားတယ်လို့ ထင်နေလို့သာပေါ့၊ ကျုပ်လည်း မျက်နှာပူတာနဲ့ အမေ့နားမှာဆက်မနေတော့ဘဲ အိမ်ပေါ်ကိုအမြန်တက်ခဲ့တယ်၊ ညဘက်လည်း အိပ်မရပါဘူးဗျာ၊ နဖူးပေါ်လက်တင်ပြီးတော့ အဲဒီသိုက်စာကိုပဲ ရွတ်နေမိတယ်။
“မန်ကျည်းကိုးပင်အောက် ဖက်ထိပ်ပေါက်၊ ဒေါင်းဖန်ဝါ မြားတစ်ထောက် . . .”
မနက်မိုးလင်းပြီဗျ၊ ကျုပ်လည်း ယာထဲကိုဆင်းလာရင်း ပါးစပ်ကနေ သိုက်စာကိုရွတ်နေမိတယ်၊ အငယ်ကောင်ကတော့ ထုံးစံအတိုင်း ကျုပ်ရှေ့ခပ်လှမ်းလှမ်းကနေသွားနေတာပေါ့ဗျာ၊ ရွာပြင်ကိုရောက်တော့ အငယ်ကောင်က သန်းပင်ကြီးအနားမှာရပ်နေတယ်။
“အကိုလတ်၊ ဒီမှာကြည့်စမ်းပါအုံး၊ အိမ်ကပန်းကန်နဲ့မတူဘူးလား”
ပန်းကန်လုံးကတော့ ကျုပ်ညက ဟင်းထည့်ခဲ့တဲ့ပန်းကန်လုံးပဲဗျ၊ ဒါပေမယ့် ဟင်းတွေကတော့ တစ်ခုမှမရှိတော့တဲ့အပြင် ပန်းကန်လုံးကိုလျှာနဲ့လျက်ထားသလားမသိပါဘူး၊ ပန်းကန်တွေ ပြောင်လို့ဗျ။
“ဟုတ်ချင်မှ ဟုတ်မှာပါကွာ၊ ယူမနေစမ်းပါနဲ့၊ လာစမ်းပါ”
“မဟုတ်ဘူးအကိုလတ်၊ အိမ်ကပန်းကန်မှ အိမ်ကပန်းကန်ဗျ”
“ထားခံစမ်းပါဆိုနေကွာ”
ကျုပ်လည်းပန်းကန်လုံးကို ခြေထောက်နဲ့ကန်ထုတ်လိုက်တော့တယ်၊ ပန်းကန်လုံးက လမ်းဘေးချုံထဲကိုကျပြီး ကွဲသွားသလားတော့မသိပါဘူးဗျာ၊ ဒါနဲ့ကျုပ်လည်း သိုက်စာလေးညည်းရင်း ဇရပ်အနားကိုရောက်လာတာပေါ့ဗျာ၊ ဇရပ်ထဲက ဆရာကြီးက ကျုပ်ကိုမျက်စပစ်ပြတယ်၊ ကျုပ်လည်း ကျုပ်ညီပါတာမို့လို့ အခြေအနေမဟန်ကြောင်း ခေါင်းခါပြလိုက်တာပေါ့ဗျာ။
ဒီလိုနဲ့ယာခင်းထဲရောက်လာပါရောဗျာ၊ ယာအလုပ်တွေလုပ်နေရင်း ကျယ်ကလည်းအကျယ်ကြီးဆိုတော့ကျုပ်လည်း သိုက်စာကိုသီချင်းလိုလုပ်ဆိုနေတာပေါ့၊ သိုက်စာက ကာရံနဘေနဲ့ရေးထားတာဆိုတော့ မဆိုးဘူးဗျ၊ ဆိုလို့တော့ကောင်းသား။ ကျုပ်လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် အလုပ်လုပ်နေတုန်း အနောက်ကနေကြိမ်နဲ့တို့ခံလိုက်ရတော့မှ လန့်သွားတာပေါ့။
“ကောင်လေး၊ မင်းဘာတွေဆိုနေတာလဲ”
ဦးဘသာကြီးက ကျုပ်အနောက်မှာရောက်နေတာဗျာ၊ ကျုပ်ဖြင့်လန့်သွားတာပဲ”
“ဒီ၊ ဒီလိုပါပဲဗျ၊ သီချင်းဆိုနေတာပါ”
“မင့်သီချင်းကလည်း သိုက်စာလိုလို ဘာလိုလိုနဲ့”
ကျုပ်ဖြင့်အံ့ဩသွားတာပဲဗျာ၊
“ဦးဘသာကြီးက သိုက်စာမှန်းဘယ်လိုလုပ်ပြီးသိသဲဗျ”
“မင်းနှယ်ကွာ၊ ဘယ်တေးရေးဆရာကများ သူ့သီချင်းထဲမှာ မြားတစ်ထောက်တို့ လှည်းခုနစ်စီးတို့ ထည့်ရေးမှာလဲကွ၊ ဒီလိုအသုံးအနှုန်းက သိုက်စာထဲမှာပဲရှိတာ”
ကျုပ်လည်း ပေါ်သွားမှာ အရမ်းကြောက်နေပြီလေ၊ သိုက်တူးတဲ့အကြောင်း ပေါ်သွားလို့ကတော့ ဘာဖြစ်မလဲဆိုတာ သိတယ်မဟုတ်လားဗျာ။
“အော်၊ အင်း၊ သိုက်စာပါဗျ၊ အဖေတို့ပြောတာ ကြားလို့ ကျုပ်လည်း ဘာရယ်မဟုတ်ဘူး၊ ရွတ်နေမိတာ”
“မန်ကျည်းကိုးပင်ဆိုတာ ရွာဟောင်းကွ၊ ဖက်ထိပ်ပေါက်ဆိုတာက ဖက်ထိပ်တော့မဖြစ်နိုင်ဘူး၊ ဖက်လိပ်ပဲဖြစ်မယ်၊ တို့ရွာဟောင်းနာမည်က ဖက်လိပ်ရွာမဟုတ်လား”
ဦးဘသာပြောတော့မှ ကျုပ်လည်း အရမ်းအံ့ဩသွားတယ်၊ ဟုတ်မယ်ဗျ၊ ရွှေပေလွှာကလေးမှာ အစွန်းတွေ၊ ခြစ်ရာတွေရှိနေတာဆိုတော့ ဖက်လိပ်နေရာမှာ လ အစား ထဆင်ထူးလို့ ထငဲ်ကြတာနေမှာ။
“အံမယ် ဦးဘသာကြီးက ဖော်တတ်ပါလား၊ ဒါနဲ့ ဒေါင်းဖန်ဝါ မြားတစ်ထောက်ဆိုတာကရောဗျာ”
“ဒေါင်းဖန်ဝါဆိုတော့ နေမင်းကိုပြောတာ၊ သိုက်စာတွေမှာ နေလုံးပါတယ်ဆိုရင် အရှေ့၊ ဒါမှမမဟုတ် အနောက်ကိုညွှန်ပြတာပဲကွ၊ မြားတစ်ထောက်ဆိုတာ အကွာအဝေးတစ်ခုကိုဆိုလိုတာ”
“ကျုပ်နားလည်ပြီဗျ၊ မြားတစ်ထောက်ဆိုတော့ မြားနဲ့ပစ်ကြည့်ပြီးတော့ အဲဒီမြားသွားစိုက်တဲ့နေရာကိုပြောတာမဟုတ်လား”
ဦးဘသာက ခေါင်းကိုသွက်သွက်ခါတယ်။
“မျက်စိတစ်မှိတ်တို့၊ မြားတစ်ထောက်တို့၊ ကွမ်းတစ်ရာညက်တို့ဆိုတာ တို့ဗမာတွေ ရှေးရှေးက တိုင်းတာခဲ့တဲ့ အခေါ်အဝေါ်တွေကွ၊ မြားတစ်ထောက်ဆိုတာ ကိုက်တစ်ရာကွ၊ ကိုက်တစ်ရာဆိုတော့ ပေသုံးရာပေါ့”
ကျုပ်လည်း ဦးဘသာကြီးရဲ့ ဗဟုသုတကိုတော့ လေးစားနေတာပါပဲဗျာ၊ မေးလက်စနဲ့မို့ ဆက်ပြီးမေးရတာပေါ့။
“ရေကြည်တစ်ပေါက်ကျတော့ရော”
“ဖက်လိပ်ရွာရဲ့အရှေ့၊ ဒါမှမဟုတ် အနောက်ဘက် ကိုက်တစ်ရာအကွာမှာ ရေနဲ့ပတ်သက်တာတစ်ခုခုရှိမယ်တဲ့ကွ၊ ဒီတော့ ဖက်လိပ်ရွာဟောင်းရဲ့အနောက်မှာ ဘာမှမရှိဘူး၊ အဲ၊ ဒါပေမယ့် ဖက်လိပ်ရွာရဲ့အရှေ့၊ တို့ရွာရဲ့အနောက်မှာတော့ ရှေးဟောင်းရေတွင်းကြီးရှိတယ်လေကွာ၊ သိုက်စာအရတော့ အဲဒီရေတွင်းကြီးကိုတူးရမှာကွ၊ ရတနာတွေ လှည်းခုနစ်စီးတိုက်ရှိမယ့်သဘောပေါ့ကွာ”
ကျုပ်လည်းစိတ်မထိန်းနိုင်တော့ ဝမ်းသာပြီး ထခုန်လိုက်မိတယ်ဗျာ။
“ဟုတ်ပြီ၊ ဟုတ်ပြီ”
“ဘာဟုတ်တာတုန်းကွ၊ သိုက်စာဆိုတာ ရမ်းသမ်းရေးထားတာတွေပါကွာ၊ ရှိချင်မှလည်းရှိမှာပါ၊ နောက်ပြီး အဲဒီရေတွင်းကြီးအကြောင်း မင်းလည်းသိရဲ့သားနဲ့”
ကျုပ်လည်း အမူအရာကိုပြန်ထိန်းလိုက်ရတယ်ဗျ။
“ဟုတ်ပါ့ဗျာ၊ ကျုပ်က သိုက်စာဖော်နိုင်လို့ ပျော်တာပါ၊ အဲဒီကိုတော့ သွားဖို့မတွေးထားပါဘူး”
“အေးကွာ၊ မသွားနဲ့ဟ၊ အဲဒီနေရာက ကြမ်းတယ်”
ဦးဘသာကြီးပြန်သွားပါရော၊ ကျုပ်လည်း ဦးဘသာကြီးလစ်တာနဲ့ ယာခင်းထဲကနေ ပြန်တက်ခဲ့ပြီး ရွာအပြင်က ဇရပ်ကိုပြေးခဲ့တာပေါ့ဗျာ၊ ဆရာကြီးရှေ့ကို ကျုပ်ရောက်တော့ ကျုပ်မှာ မောလို့ စကားတောင်မနည်းပြောနေရတယ်။
“သိပြီဆရာကြီး၊ သိုက်စာနေရာကို ကျုပ်သိပြီ”
ဆရာကြီးတို့အကုန်လုံး ပျော်ရွှင်သွားတာပေါ့၊ ကျုပ်လည်း ဦးဘသာကြီးပြောခဲ့တဲ့အတိုင်း ပြောလိုက်တော့ အားလုံးကခေါင်းညိတ်တယ်ဗျ။
“ကဲ၊ ဒါဆို အချိန်ဆွဲနေလို့မဖြစ်ဘူး၊ ငါတို့ ဒီညပဲလုပ်ငန်းစကြမယ်ကွာ”
“ဖြစ်ပါ့မလား ဆရာကြီးရဲ့”
“ဖြစ်ပါတယ်၊ ငါ့နာမည် သိုက်တစ်ထောင်ငဖီးပါကွ”
ဆရာကြီးက လွှတ်ခနဲရေရွတ်လိုက်တယ်၊ ဒီတော့မှ ကျုပ်လည်း ဒီဆရာကြီးက သိုက်တစ်ထောင်ငဖီးမှန်း သိသွားခဲ့တာဗျ။ ရေတွင်းပျက်နားကိုသွားတော့ ညနေတောင်စောင်းချင်နေပါပြီ၊ ကျုပ်လည်း အိမ်ကိုမပြန်တော့ဘဲသူတို့နဲ့လိုက်ခဲ့လိုက်တယ်။ ရေတွင်းကြီးအနားကို နေ့ခင်းကြောင်တောင်တောင် မသွားရဲကြဘူးဗျ၊ အခုက ကျုပ်တို့ဆရာကြီးပါတာဆိုတော့ မကြောက်တတ်ဘူးပေါ့ဗျာ၊ ဆရာကြီးက ထုံးမှုန့်လိုအမှုန့်တွေ ကျုပ်ကိုပေးတယ်ဗျ၊ ဂုန်နီအိတ်ထဲမှာ အမှုန့်တွေဖွေးနေတာပဲ၊ ရေတွင်းနားရောက်တော့ သူက ခြေသုံးလှမ်း လှမ်းလိုက်ပြီးတော့
“ဒီခြေသုံးလှမ်းနေရာအတိုင်း ပိတ်ပြီးတော့ လူအရိုးမှုန့်တွေကို ဖြူးစမ်းကွာ၊ အဝိုင်းဖြစ်သွားအောင် ဖြူးနော်”
ဆရာကြီးပြောမှ ကျုပ်ကိုင်ထားတာ လူအရိုးမှုန့်တွေဆိုတာ သိရတယ်၊ ကျုပ်လည်း မငြင်းသာတော့ဘူးပေါ့ဗျာ၊ သူပြောတဲ့အတိုင်း အရိုးမှုန့်တွေနဲ့စည်းဝိုင်းတစ်ခုဝိုင်းလိုက်တယ်၊ အဲဒီစည်းဝိုင်းကနေ ဆရာကြီးက နောက်ထပ်ခြေလှမ်းသုံးလှမ်း လှမ်းတယ်ဗျ။
“ဒီနေရာမှာ နောက်ထပ်တစ်ဝိုင်းထပ်လုပ်ဟေ့၊ ခုနက ဝိုင်းတဲ့ဟာက အတွင်းစည်း၊ အခုဟာက အပြင်စည်းပေါ့ကွာ”
ကျုပ်ဖြူးရင်း အရိုးမှုန့်ထုပ်က ကုန်တော့မယ်ဗျ၊ အောက်မှာဆို အရိုးခဲတွေကိုပါ စမ်းမိနေပြီ၊ လူအရိုးမှုန့်ဆိုတာ သိတော့ စိတ်ထဲမသတီဘူးပေါ့ဗျာ၊ စည်းတားပြီးသွားတော့ ဆရာကြီးက အိတ်ထဲကနေပြီးတော့ ဘာတွေမှန်းမသိဘူးထုတ်တယ်၊ ကြိုးတွေရော၊ အဝတ်စတွေရော၊ အစုံပါပဲဗျာ။ နောက်ပြီးအဲဒါတွေကို မြေပြင်မှာခင်းနေတယ်ဗျ။
“ညသန်းခေါင်မတိုင်ခင် တူးရမယ်ဟေ့၊ ဒီနေရာက ကြမ်းတယ်ဟ”
“မင်းက ဒီအပြင်စည်းမှာစောင့်နေ၊ ငါနဲ့ကျန်တဲ့လူတွေက ရေတွင်းထဲကိုဆင်းပြီးတော့ တူးကြမယ်၊ မင်းဘာမှ ကြောက်မနေနဲ့ သူတို့ဒီစည်းကို မကျော်နိုင်ဘူး”
ကျုပ်လည်း ခေါင်းညိတ်လိုက်ရတာပေါ့ဗျာ။
“တစ်ခုတော့ရှိတယ်နော်၊ မင်းစည်းအပြင်ကိုလုံး၀မထွက်ရဘူး၊ ငါတို့အတွင်းစည်းထဲကိုလဲ ဝင်မလာနဲ့ ဟုတ်ပြီလား”
နောက်တော့ ဆရာကြီးက သူ့လူတွေနဲ့ တိုးတိုးတိတ်တိတ်တိုင်ပင်နေတယ်ဗျာ၊ ကျုပ်လည်း စည်းမဖောက်ရဘူးဆိုတော့ သူတို့ဘာပြောသလဲဆိုတာကို သိပ်မကြားရဘူးဗျ၊ သူတို့ကတော့ သိုက်နန်းရှင်တွေကိုဘယ်လိုချုပ်မယ်၊ ဘယ်လိုနှိပ်စက်မယ်ဆိုပြီး ပြောနေကြတာဗျ။
(၆)
ညကတဖြည်းဖြည်းမှောင်လာပြီဗျ၊ ညရှစ်နာရီလောက်ရောက်တော့ သူတို့ရေတွင်းထဲကနေ ကျောက်တုံးကြီးတစ်တုံးကိုဆွဲတင်လာကြတယ်၊ ကျောက်တုံးကြီးကလည်း ထူးဆန်းတယ်ဗျ၊ ရှည်ရှည်မြောမြောကြီးဗျ၊ အဲဒီကျောက်တုံးကြီးကို ဖနောင့်နဲ့ပေါက်ကြ၊ ဆေးမှုန့်တွေနဲ့ဖြူးကြ၊ ကြိမ်လုံးတွေနဲ့ရိုက်ကြတော့ ကျောက်တုံးကြီးက လူလိုအော်ငိုတယ်ဗျာ၊ ကျုပ်ဖြင့်လန့်နေတာ၊ သူတို့ပြောတဲ့ သိုက်နန်းရှင်ဆိုတာလားတော့ မသိပါဘူးဗျာ။
ပြီးတော့ သူတို့စတူးကြတာပဲ၊ ရေတွင်းကြီးက ရေခမ်းလေ့မရှိပေမယ့် ဒီလိုအချိန်ဆိုရင် ရေနည်းနေပြီပေါ့ဗျာ၊ နှုံးတွေကိုတူးပြီးတော့ ခြင်းတွေနဲ့သယ်သယ်ထုတ်ကြတာ၊ ဒီအချိန်မှာပဲ ရွာဟောင်းဘက်ကနေ အလင်းရောင်လုံးကြီးတစ်ခု မိုးပေါ်ပျံတက်လာတယ်ဗျာ၊ ကျုပ်လည်း အံ့ဩပြီးကြည့်နေတာပေါ့၊ နောက်တော့ အဘိုးကြီးတစ်ယောက် လမ်းလျှောက်လာတာဗျာ၊ ကျုပ်ဖြင့်လန့်တာ သေတော့မလိုပဲ၊ မီးလုံးကြီးကလည်း မိုးပေါ်မှလင်းနေတယ်ဗျာ။
“ဟေ့ကောင်တွေ၊ မင်းတို့ရပ်တန်းက ရပ်လိုက်ကြစမ်း”
အသံကြားလိုက်တော့မှ ဦးဘသာကြီးအသံဖြစ်နေတာဗျ၊ ဦးဘသာကြီးက စည်းအနားကိုကပ်လာတော့ သိုက်ဆရာနဲ့တပည့်တွေက ဦးဘသာကြီးကိုကြည့်နေတာပေါ့ဗျာ၊ နောက်တော့ ဦးဘသာကြီးက ကျုပ်ကိုကြည့်ပြီး
“ဟေ့ကောင်လေး၊ အဲဒီကျောက်တုံးကြီးကို ရေတွင်းထဲကို ပြန်တွန်းချလိုက်စမ်း”
ကျုပ်က အတွင်းစည်းဝိုင်းထဲကိုပြေးဝင်ပြီးတော့ သူတို့သယ်လာတဲ့ကျောက်တုံးကြီးကို ရေတွင်းထဲကိုပြေးတွန်းထည့်လိုက်ပါရောဗျာ၊ ကျောက်တုံးကြီးက ရေတွင်းထဲကျသွားတာနဲ့ ရေတွင်းထဲက ရေတွေအကုန်လုံးက ဝုန်းဆိုပြီး ရေတွင်းအပြင်ကိုလျှံပြီး ပန်းထွက်လာတာဗျာ၊ သိုက်ဆရာနဲ့ တပည့်တွေလည်း ဘာလုပ်ရမှန်းမသိဖြစ်ကုန်တာပေါ့။
“မင်း၊ မင်းဘာလုပ်တာလဲ”
သိုက်တစ်ထောင်ငဖီးခေါ် ဦးဖီးက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ ပြောတာဗျ။
“ဟား၊ ဟား ခင်ဗျားတို့သိုက်တူးနေတာကို ရပ်တန့်ပေးတာလေဗျာ”
“မင်း၊ မင်းစည်းဖောက်ရင် မင်းဗိုက်ထဲကအင်းက မင်းကိုစီရင်လိမ့်မယ်”
ကျုပ်လည်းတော်တော်လန့်သွားတာပေါ့ဗျာ၊ ဦးဘသာကြီးက သူ့လက်ဝါးကိုဖြန့်ပြတယ်ဗျ၊
“မင်းပြောတာ ဒီအင်းလားငဖီးရ”
ဦးဘသာကြီးက လက်ထဲက အင်းလုံးကလေးကို မြေကြီးပေါ်ကိုပစ်ပေါက်ချလိုက်တယ်ဆိုရင်ပဲ အင်းလုံးကလေးက ဝုန်းခနဲပေါက်ပြီးတော့ တစ်တောင်လောက်ရှည်တဲ့ လှံကြီးတစ်ချောင်းဖြစ်သွားရောဗျို့။
သိုက်ဆရာကြီးက မယုံနိုင်သေးဘူး၊ ဒီအချိန်မှာ ဦးဘသာကြီးက အရှေ့တက်လာတယ်။
“အလတ်ကောင်၊ ငါနဲ့လိုက်ခဲ့”
ကျုပ်လည်းစည်းဝိုင်းအပြင်ကိုထွက်ပြီးတော့ ဦးဘသာကြီးအနောက်မှာ သွားရပ်နေတာပေါ့ဗျာ၊ ဦးဘသာကြီးက သိုက်ဆရာကိုလက်ညှိုးထိုးပြီး
“ငဖီး၊ မင်းပြန်တော့၊ မင်းလူတွေခေါ်ပြီး မင်းသွားတော့”
အဲဒီအခါမှာ ငဖီးဆိုတဲ့ဆရာကြီးကလည်း ရယ်တယ်ဗျ။
“ဟား၊ ဟား ဘယ်သူများလဲလို့ ဘသာပါလားကွ၊ မင်းလိုစုန်းက ငါ့ကိုပြုစားလို့ရမယ်လို့ ထင်နေတာလားကွ”
ဦးဘသာကြီးနဲ့ ငဖီးနဲ့က သိနေတဲ့ပုံပဲဗျ၊ သူတို့ချင်း အသက်သိပ်မကွာဘူးဆိုပေမယ့် ဦးဘသာကတော့ ဦးဖီးထက် အသက်ဆယ်နှစ်လောက် ပိုကြီးပုံရတယ်။
“ဟေ့ကောင်ငဖီး၊ မင်းအောက်လမ်းနည်းတွေသုံးပြီးတော့ သိုက်ကလေးတွေကို တူးနေတာတွေ တော်လောက်ပြီငဖီး၊ မင်းပြန်တော့”
“မပြန်ဘူးကွ၊ ငါဒီသိုက်ကိုရအောင်တူးမှာ၊ ဒီသိုက်ကိုရရင် ဒီသိုက်ထဲက ပြဒါးရှင်အမြုတေလုံးကို ရမှာကွ”
“ဟေ့ကောင်ငဖီး၊ မင်းတော်တော့၊ ဒီပြဒါးရှင်လုံးက သူ့ပိုင်ရှင်ကိုစောင့်နေတာကွ”
“ဟား ဟား အဲဒီပိုင်ရှင်က ငါပဲကွ၊ ငါပြဒါးရှင်လုံးရရင် ဘာမှကြောက်စရာမလိုတော့ဘူးကွ၊ ဒီအခါ နာမည်ကြီးတဲ့ ဘုရားသိုက်တွေလိုက်တူးလို့ရပြီ၊ သိုက်ဗပါင်းတစ်ထောင်ပြည့်အောင်တူးမယ့် ငဖီးကွ”
“ဟား၊ ဟား၊ ဟား”
ဒီအချိန်မှာပဲကျုပ်တို့အနားမှာ ရယ်သံတွေကြားလိုက်ရတယ်ဗျ၊ သိုက်ဆရာကြီးရဲ့ တပည့်လေးယောက်က ပတ်ဝန်းကျင်ကိုလှည့်ကြည့်ရင်း အတော်ကိုတုန်လှုပ်ခြောက်ချားနေပြီ၊ ကျုပ်တို့ကသာ ဘာမှမမြင်ရတာ၊ နောက်တော့ တပည့်လေးယောက်စလုံး ခြေဦးတည့်ရာထွက်ပြေးကြရောဗျို့၊ ဦးဘသာကြီးလှည့်ထွက်သွားတော့ ကျုပ်လည်း သူ့နောက်ကိုပြေးလိုက်ခဲ့တာပေါ့ဗျာ၊ သိုက်ဆရာကြီးဦးဖီးကတော့ ရေတွင်းနားမှာတစ်ယောက်တည်းကျန်နေခဲ့တာပေါ့။
ကျုပ်ကိုဦးဘသာကြီးက တစ်လမ်းလုံးဆူပူကြိမ်းမောင်းလာတယ်။
“ဒါနဲ့ ဦးဘသာကြီးက ကျုပ်ဒီရောက်နေမှန်းဘယ်လိုလုပ်ပြီးသိတာလဲ”
“ရွာထဲမှာ မင်းပြန်မလာလို့ဆိုပြီး ရုတ်ရုတ်သဲသဲဖြစ်နေကြတယ်ကွ၊ ငါလည်းစဉ်းစားလိုက်တော့ မင်းက သိုက်စာတွေအကြောင်းပြောနေတာနဲ့ အဲဒါနဲ့များသက်ဆိုင်မလားဆိုပြီး ဒီကိုလိုက်လာခဲ့တာ”
“ဒါဆို၊ ကျုပ်ဗိုက်ထဲက အင်းကိုရော ဦးဘသာကြီး ဘယ်လိုလုပ်ပြီးထုတ်လိုက်တာလဲ”
“မင်းကိုကြိမ်နဲ့တို့လိုက်ကတည်းက မင်းဗိုက်ထဲက အင်းကိုငါထုတ်လိုက်တာကွ”
ကျုပ်ဖြင့် ဦးဘသာကြီးကို မချီးကျူးဘဲ မနေနိုင်ပါဘူးဗျာ။
“ဒါဆို သိုက်ဆရာတွေ ဘာဖြစ်ကြမှာလဲ ဦးဘသာ”
“သူတို့ခင်းတဲ့လမ်း၊ သူတို့လျှောက်ရမှာပေါ့ကွာ၊ ကဲ လာလာ ရွာထဲအမြန်သွားရအောင်၊ မင်းမိဘတွေ မင်းကိုစိတ်ပူနေပြီကွ”
ကျုပ်တို့ရွာထဲကိုလည်းရောက်ရော အမေကကျုပ်ကိုဆော်တော့တာပဲဗျာ၊ မပြောမဆိုနဲ့ ပျောက်သွားပြီးတော့ ညကိုးနာရီမှ ပြန်ရောက်လာတာကိုးဗျာ၊ ကျုပ်လည်း အမှန်အတိုင်းဘယ်ပြောရဲမလဲ၊ အရက်သောက်ပြီးတော့ အမူးလွန်ပြီး ရွာပြင်နားမှာ အိပ်ပျော်နေတာလို့ ပြောလိုက်ရတာပေါ့ဗျာ။
အဲဒီညမှာပဲ ညသန်းခေါင်လောက်ရောက်တော့ စူးစူးဝါးဝါး အော်ဟစ်သံကြီးကို တစ်ရွာလုံး ကြားလိုက်ရတယ်ဗျ၊ အသံကြီးက အကျယ်ကြီးပါ။ ပြီးတော့ လှိုဏ်ခေါင်းသံလိုလို ပဲ့တင်ထပ်နေသေးတယ်၊ ရွာကအိပ်နေတဲ့လူတွေတောင် လန့်နိုးပြီး ဘာဖြစ်တာလဲလို့ အချင်းချင်းမေးကြမြန်းကြနဲ့ပေါ့၊ အဖေတောင်မှ ရွာသားတွေစုပြီး ရွာတစ်ပတ်လှည့်ကြည့်သေးတယ်ဗျ၊ နောက်တော့ ဘာမှမတွေ့တာနဲ့ ပြန်အိပ်ကြတာပေါ့၊ ကျုပ်က အကြောင်းသိနေတဲ့သူဆိုတော့ ထမကြည့်တော့ဘဲ ခွေခွေကလေးအိပ်နေလိုက်တယ်ဗျာ။
“အလတ်ကောင်ရေ၊ မင်းနဲ့ကာလသားတွေနဲ့ ရွာပြင်ဇရပ်က ခရီးသွားတွေကျန်ခဲ့တဲ့ အရာတွေကိုသိမ်းဆည်းလိုက်စမ်းကွာ”
အဖေအမိန့်ပေးလို့ ကျုပ်နဲ့ရွာသားတွေ ဇရပ်ပေါ်ကိုတက်ပြီး သိမ်းကြတာပေါ့ဗျာ၊ ဟိုလူတွေတော့ ဘယ်ရောက်သွားမှန်းကိုမသိပါဘူး၊ သူတို့အထုပ်အပိုးတွေသိမ်းပြီးတော့ ရဲတွေဘာတွေခေါ်ပြီး ပြလိုက်သေးတယ်၊ ဒီတော့မှ ရွာကလူတွေကသူတို့ကို သိုက်တူးသမားတွေဆိုပြီး သိသွားကြတာဗျ၊ သူတို့ဆီက ဘာမှန်းမသိတဲ့ အင်းတွေကိုတော့ မြေမြှုပ်ပြီး ဖျက်ဆီးလိုက်ကြတာပေါ့ဗျာ။
ဒီနေ့တော့တော်လောက်ပြီဗျာ၊ သိုက်တစ်ထောင်ငဖီးလည်း သိုက်တစ်ထောင်မပြည့်ခင်မှာပဲ သေဆုံးသွားတယ်ဆိုပါတော့၊ သိုက်နန်းရှင်တွေကပဲ သူ့ကိုခေါ်သွားတာလား၊ သူ့ရဲ့အင်းတွေကပဲ သိုက်မပြီးတော့တာလားဆိုတာတော့ မသိတော့ပါဘူးဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော်
Zawgyi Version
‘စုန္းထီးႀကီးဦးဘသာႏွင့္ သိုက္တစ္ေထာင္ငဖီး'(စ/ဆုံး))
———————————————————————–
(၁)
သိုက္ဆိုတာ အစုအဖြဲ႕ကိုေျပာတာတဲ့ဗ်၊ ႐ြာဦးေက်ာင္းဆရာေတာ္ကေတာ့ အဲဒီလိုေျပာတာပဲ၊ ရတနာေတြစုဖြဲ႕ေနရင္ ရတနာသိုက္ေပါ့၊ လူေတြစုဖြဲ႕ေနရင္ လူသိုက္ေပါ့ဗ်ာ၊ ကုလားသိုက္ က်ားဝင္ကိုက္တယ္ဆိုတဲ့ စာဆိုေတာင္ရွိေသးတယ္မဟုတ္လားဗ်၊ ဒါေပမယ့္ က်ဳပ္တို႔ကေတာ့ သိုက္လို႔ေျပာလိုက္တာနဲ႔ ငယ္ငယ္ကၾကည့္ဖူးတဲ့ သိုက္နန္းဇာတ္လမ္းေတြကိုပဲမ်က္စိထဲ သြားသြားၿပီး ျမင္တတ္တာဗ်။
တစ္ေန႔ေတာ့ က်ဳပ္လည္းယာခင္းထဲဆင္းမလို႔လုပ္တုန္း အေဖက က်ဳပ္ကိုေျပာတယ္။
“ေဟ့၊ အလတ္ေကာင္၊ ႐ြာျပင္က ဇရပ္မွာ လူစိမ္းေတြေရာက္ေနတယ္လို႔ေျပာတယ္၊ မင္းယာထဲဆင္းရင္း ဘယ္သူဘယ္ဝါေတြလဲ၊ ႐ြာထဲမွာဘာလို႔မတည္းတာလဲဆိုတာကို စုံစမ္းခဲ့စမ္း”
က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့ က်ဳပ္ညီနဲ႔အတူတူထြက္လာခဲ့တာေပါ့ဗ်ာ၊ ႐ြာအျပင္ေရာက္ေတာ့ အေဖေျပာတဲ့အတိုင္း ဇရပ္မွာ လူငါးေယာက္ေလာက္ ထိုင္ေနၾကတယ္ဗ်၊ ျခင္ေထာင္ေတြ ဘာေတြလည္းေထာင္ထားတာဆိုေတာ့ ညကတည္းကေရာက္ေနၿပီး တစ္ညအိပ္ထားတာျဖစ္ႏိုင္တယ္ဗ်၊ သူတို႔ဘာလို႔ ႐ြာထဲမွာမတည္းခိုတာလည္းဆိုတာကို က်ဳပ္လည္းသိခ်င္ေနတာေပါ့ဗ်ာ၊
႐ြာျပင္က ဇရပ္ေတြဆိုတာ ျပဳျပင္မည့္သူမရွိ၊ သုံးတဲ့လူမရွိလို႔ အိုေဟာင္းေနပါၿပီဗ်ာ၊ တစ္ခ်ိန္တုန္းကေတာ့ ဒီဇရပ္ေတြက ခရီးသြားေတြ အသုံးမ်ားခဲ့တဲ့ဇရပ္ေတြေပါ့၊ ခုေခတ္ေတာ့ ဇရပ္ေတြမသုံးၾကေတာ့ပါဘူး၊ ႐ြာမွာ ေဆြမ်ိဳးနီးစပ္ရွိတဲ့လူက ေဆြမ်ိဳးအိမ္မွာတည္းၾကတယ္၊ ေနာက္ၿပီးေတာ့ ဘုန္းႀကီးေက်ာင္းမွာ သြားတည္းလဲရတယ္ဗ်ာ၊ ဒါမွမဟုတ္ အသိအကြၽမ္းမရွိရင္ ႐ြာလူႀကီးကိုေျပာၿပီး တည္းခိုလို႔ရေသးတယ္၊ က်ဳပ္တို႔ေခတ္က ဇရပ္မွာတည္းတဲ့ေခတ္ မရွိေတာ့ပါဘူး။
ဒါေပမယ့္ ဒီလူေတြက ႐ြာထဲမဝင္ဘဲ ႐ြာျပင္မွာတည္းေနပုံေထာက္ရင္ေတာ့ သူတို႔မွာ ႐ြာထဲကိုမဝင္ရဲတဲ့အေၾကာင္းတစ္ခုခုေတာ့ရွိမွာဗ်၊ က်ဳပ္လည္း ဒီလူေတြကို အေဝးကေနလွမ္းၿပီးအကဲခတ္ၾကည့္ေနတာေပါ့ဗ်ာ၊ လူဆိုးသူခိုးေတြလား၊ ဒါမွမဟုတ္ ေလာင္းကစားသမားေတြလား၊ ၀ရမ္းေျပးေတြမ်ားလား၊ ဓါးျပေတြမ်ားလားေပါ့။ ဒါေပမယ့္ ဒီလူေတြပုံကိုၾကည့္ရတာေတာ့ အဲဒီလိုပုံစံမဟုတ္ဘူးဗ်၊ အေပၚက ရွပ္အက်ီနဲ႔ ေအာက္ကပုဆိုးကို က်က်နနဝတ္ထားတယ္ဗ်၊ ဒီလူေတြကိုၾကည့္လိုက္တာနဲ႔ လူရမ္းကားေတြမဟုတ္ဘူးလို႔ က်ဳပ္ထင္လိုက္တယ္၊ ဇရပ္နားေရာက္ေတာ့ က်ဳပ္ညီကိုယာခင္းထဲကို အရင္သြားခိုင္းလိုက္ၿပီးေတာ့ က်ဳပ္လည္း ဇရပ္အနားမွာ ရစ္သီရစ္သီလုပ္ၿပီးၾကည့္ေနတာေပါ့ဗ်ာ။
ဇရပ္ေအာက္မွာ လူတစ္ေယာက္က အုတ္ခဲသုံးလုံးနဲ႔ ထင္းမီးဖိုလုပ္ၿပီးေတာ့ ထမင္းအိုးတည္ေနတယ္ဗ်၊ အိုးကေတာ့ ေျမအိုးေပါ့ဗ်ာ၊ က်ဳပ္လည္း အဲဒီလူကိုၿပဳံးျပၿပီးေတာ့ သူ႔အနားကိုမေယာင္မလည္နဲ႔သြားလိုက္တယ္။
“အကိုႀကီးတို႔က ဘယ္သူေတြလဲဗ်”
“အဲဒီလူက စကားမေျပာဘူးဗ်ာ၊ က်ဳပ္ကိုေတြေတြႀကီးၾကည့္ေနၿပီးေတာ့ ဇရပ္ေပၚမွာ တရားထိုင္ေနတဲ့ လူႀကီးကိုလက္ညႇိဳးထိုးျပတယ္၊ ဆိုလိုခ်င္တာကေတာ့ သူ႔ကိုသြားေမးဆိုတဲ့ သေဘာေပါ့ဗ်ာ၊ က်ဳပ္လည္း ဇရပ္ေပၚကိုတက္ခဲ့လိုက္ေတာ့ က်န္တဲ့လူေတြလည္း စကားမေျပာဘဲ သူတို႔လုပ္စရာရွိတာကို လုပ္ေနၾကတယ္၊ အသက္ ငါးဆယ္ေလာက္ရွိမယ့္ အဘိုးႀကီးတစ္ေယာက္ကေတာ့ တရားထိုင္သလိုထိုင္ေနတယ္ဗ်၊ သူ႔အေရွ႕မွာလည္း ဖေယာင္းတိုင္၊ အေမႊးတိုင္ေတြ ထြန္းထားတယ္၊ အနားေရာက္ေတာ့မွ သူက တရားထိုင္ေနတာမဟုတ္ဘူးဗ်၊ သူ႔ေရွ႕က ဖေယာင္းတိုင္ႀကီးကို မ်က္ေတာင္မခတ္ဘဲေသေသခ်ာခ်ာၾကည့္ေနတာဗ်၊ ဖေယာင္းတိုင္က ဝါဆိုဖေယာင္းတိုင္ေလာက္ရွိမယ့္ ဖေယာင္းတိုင္အႀကီးႀကီးပါဗ်ာ။
(၂)
က်ဳပ္ၾကမ္းျပင္ေပၚကိုထိုင္လိုက္တယ္ဆိုရင္ပဲ အဲဒီလူႀကီးက ေခ်ာင္းတစ္ခ်က္ဟန႔္တယ္ဗ်၊ က်ဳပ္ကိုေတာ့ လွည့္ေတာင္မၾကည့္ဘူး။
“ငါတို႔ဘယ္သူေတြလဲ၊ ဘာလို႔႐ြာထဲမွာ မတည္းခိုတာလဲဆိုတာ မင္းသိခ်င္တယ္မဟုတ္လား၊ ဘာလဲ မင္းအေဖသူႀကီးက မင္းကိုၾကည့္ခိုင္းလိုက္လို႔လား”
က်ဳပ္ျဖင့္လန႔္ၿပီးတုန္သြားတာပဲဗ်ာ၊ ဒီလူႀကီးက အေၾကာင္းစုံသိေနတာကိုးဗ်။ သူ႔အသံကေတာ့ နည္းနည္းေဒါသထြက္ေနသလိုပဲဗ်ာ။
“ဟုတ္၊ ဟုတ္ပါတယ္ အေဖက ဦးႀကီးတို႔ ဘာလို႔႐ြာထဲမွာ မတည္းခိုတာလဲဆိုတာ သိခ်င္ပါတယ္၊ ေနာက္ၿပီး အေဖကဒီ႐ြာက သူႀကီးဆိုေတာ့ မျဖစ္သင့္တာမျဖစ္ရေအာင္ ႀကိဳၿပီးသိထားခ်င္တာပါ”
ဒီေတာ့မွ ထိုင္ေနတဲ့ဦးေလးႀကီးက ဖေယာင္းတိုင္ႀကီးကိုမီးမႈတ္လိုက္တယ္ဗ်ာ။
“ငါတို႔က မေကာင္းတဲ့လူေတြမဟုတ္ပါဘူးကြာ၊ ဒီ႐ြာမွာ လုပ္စရာရွိလို႔လာခဲ့တာ”
“မေကာင္းတဲ့လူေတြမဟုတ္ဘူးဆိုတာေတာ့ ယုံပါတယ္၊ ဦးေလးတို႔က ဘာလုပ္စရာရွိလို႔လဲ”
“ငါ့နာမည္ ဦးဖီးလို႔ေခၚတယ္ကြ၊ သာယာ၀တီကေနလာတယ္၊ ငါတို႔က မင္းတို႔႐ြာကိုဘာမွမလုပ္ဘူး၊ မင္းတို႔ကိုလည္း ဘာမွမထိခိုက္ေစရဘူး၊ ဒါေၾကာင့္မို႔လို႔ မင္းတို႔႐ြာထဲေတာင္မဝင္ဘဲ ႐ြာျပင္မွာပဲတည္းခိုတာ”
“ေကာင္း. . ၊ ေကာင္းပါၿပီ ဦးႀကီး”
က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ဇရပ္ေပၚကဆင္းလာခဲ့တာေပါ့ဗ်ာ၊ ဒီဦးေလးႀကီးက အကုန္သိေနတယ္ဆိုေတာ့ သူ႔ကိုေၾကာက္တာေပါ့ဗ်ာ၊ ဒါနဲ႔ယာခင္းထဲကို ေရာက္လာတာေပါ့၊ လြန္ခဲ့တဲ့ သုံးေလးရက္က မိုးနည္းနည္း႐ြာထားေတာ့ ဦးဘသာႀကီးရဲ႕လယ္ထဲမွာ ျမက္ႏုေလးေတြ ေပါက္ေနတာေပါ့ဗ်ာ။ ဦးဘသာႀကီးက သူ႔ႏြားေတြကို သူ႔လယ္ထဲလႊတ္ေက်ာင္းရင္း က်ဳပ္တို႔ယာတဲအနားမွာ မတ္တပ္ရပ္ေနတယ္၊ က်ဳပ္လည္း ဦးဘသာႀကီးနဲ႔စကားေျပာျဖစ္တာေပါ့ဗ်ာ။
(၃)
“႐ြာထိပ္မွာ လူစိမ္းေတြေရာက္ေနတာဗ်ာ၊ က်ဳပ္သြားေမးေတာ့လည္း သူတို႔က မေကာင္းတဲ့လူေတြမဟုတ္ပါဘူးတဲ့ဗ်ာ၊ ပုံစံၾကည့္fရတာကေတာ့ ေဆးဆရာလိုလို၊ အထက္လမ္းဆရာလိုလိုပဲဗ်”
ဦးဘသာႀကီးက က်ဳပ္ကိုခပ္ၿပဳံးၿပဳံးနဲ႔ၾကည့္လိုက္ၿပီး
“မေကာင္းတဲ့လူက သူ႔ကိုယ္သူမေကာင္းဘူးလို႔ေျပာမလားကြ၊ ဒါနဲ႔ သူတို႔ကဘယ္ႏွေယာက္တုန္းကြ”
“ငါးေယာက္ဗ်၊ အသက္ႀကီးႀကီးနဲ႔တစ္ေယာက္က သာယာ၀တီကေနလာတာတဲ့၊ သူ႔နာမည္ကေတာ့ ဦးဖီးဆိုပဲဗ်၊ က်န္တဲ့လူေလးေယာက္ကေတာ့ သူတို႔ဖာသာအလုပ္ေတြလုပ္ေနတာဗ်၊ စကားလည္းမေျပာဘူးဗ်ိဳ႕”
က်ဳပ္ေျပာတာလဲၾကားၿပီးေရာ ဦးဘသာႀကီးက မ်က္ေမွာင္ၾကဳတ္ေနတယ္ဗ်၊ ေနာက္ၿပီးေတာ့ႏြား႐ိုက္တဲ့ ႀကိမ္လုံးကို ေဝွ႔ယမ္းေနေသးတယ္။
“ဦးဖီးဆိုပါလား၊ ငါၾကားဖူးတာကေတာ့ သာယာ၀တီက သိုက္တစ္ေထာင္ငဖီးဆိုတဲ့လူကို ၾကားဖူးတာပဲ”
“သိုက္တစ္ေထာင္ငဖီးက ဘာလဲဗ်”
“အိုကြာ၊ မင္းနားလည္ေအာင္ေျပာရရင္ သိုက္ဆရာေပါ့၊ သိုက္ဆရာဆိုတာ သိုက္တူးတဲ့လူကိုေျပာတာကြ”
“သိုက္ဆရာအေၾကာင္းေတာ့ က်ဳပ္တို႔သိပါတယ္၊ ေဒးစြန္ပါသိုက္မွာ သိုက္ဆရာႀကီးက သိပ္စြမ္းေတာ့ သိုက္နန္းရွင္ ေမာင္ႏွမေတြ ငိုၾကတယ္မဟုတ္လား”
“ေအးေအး၊ သိရင္လဲၿပီးတာပဲ”
“ေနအုံးေလဦးဘသာရဲ႕၊ သိုက္အေၾကာင္းသိတာက သိတာပဲ၊ သိုက္တစ္ေထာင္ငဖီးဆိုတာက အခု ဦးဘသာေျပာမွ ၾကားဖူးတာ၊ သူ႔အေၾကာင္းသိရင္ နည္းနည္းေလာက္ေျပာစမ္းပါအုံးဗ်ာ”
ဦးဘသာႀကီးက ကြမ္းအစ္ထဲကေန ေဆး႐ြက္ႀကီးတစ္ဖဲ့ ဖဲ့လိုက္ၿပီးေတာ့ ပါးစပ္ထဲကိုပစ္ထည့္လိုက္ၿပီး
“ဒီလိုကြ၊ ၾကာေတာ့ၾကာၿပီ၊ သာယာ၀တီၿမိဳ႕ဆိုတာ ပဲခူးတိုင္းထဲကေပါ့ကြာ၊ အဲဒီမွာ ငဖီးဆိုတဲ့သူငယ္တစ္ေယာက္က အင္းပညာကိုေလ့လာရင္း သိုက္ကိုႏိုင္တဲ့အင္းကိုေတြ႕သြားတယ္တဲ့ကြ၊ အဲဒါနဲ႔သူ႔တစ္ကိုယ္လုံး မဟုတ္တဲ့ေနရာက ခ်န္ၿပီးေတာ့ အဲဒီအင္းေတြကို ေဆးမင္ေၾကာင္ထိုးတယ္ဆိုပဲ၊ အဲဒီမွာ အင္းကလည္း ေအာင္ျမင္သြားေတာ့ သူက သိုက္ေတြကိုႏိုင္သြားတာေပါ့ကြာ၊ ဒါနဲ႔ ပဲခူးနားက ကြၽဲသည္းအင္းက သိုက္ကိုတူးၾကည့္တယ္ကြ၊ ကြၽဲသည္းအင္းဆိုတာ သိုက္ဆရာေတြၾကားမွာ နာမည္ႀကီးတဲ့သိုက္ေပါ့ကြာ၊ သိုက္ပိုင္ဘိုးဘိုးက ေတာ္ေတာ္တန္ခိုးႀကီးတယ္ဆိုပဲကြ”
ဦးဘသာႀကီးက သိုက္အေၾကာင္းေတြေျပာေရာဗ်ာ၊ က်ဳပ္ကလည္း ဒါမ်ိဳးအေၾကာင္းေတြ ခပ္ႀကိဳက္ႀကိဳက္ဆိုေတာ့ နားေထာင္လို႔ လႊတ္ေကာင္းတာေပါ့ဗ်ာ။
“ဒါနဲ႔ ငဖီးက သိုက္ကိုတူးေတာ့ ရသြားေရာလား”
“ကြၽဲသည္းအင္းသိုက္က မြန္ဘုရင္တစ္ေယာက္ပိုင္ခဲ့တဲ့သိုက္ကြ၊ အဲဒီသိုက္ကို မြန္ေမာင္ႏွမ ခုနစ္ေယာက္ေစာင့္တယ္၊ ငဖီးက အင္းကြက္ေတြအစြမ္းနဲ႔ သိုက္တံခါးဖြင့္ၿပီး သိုက္ေစာင့္ေတြ၊ သိုက္နန္းရွ္ေတြကို ႀကိဳးနဲ႔တုပ္ထားတာေပါ့၊ ေနာက္ေတာ့ သိုက္နန္းႀကီးထဲကိုဝင္ၿပီးေတာ့ သိုက္စာတစ္ေစာင္ကိုယူခဲ့ၿပီး ျပန္ထြက္လာတယ္တဲ့”
“သိုက္စာပဲယူတယ္ဆိုေတာ့ သိုက္နန္းထဲမွာ ရတနာေတြဘာေတြ မရွိဘူးလား”
“ရွိတာေပါ့ကြ၊ ဒါေပမယ့္ ငဖီးက ရတနာေတြကို လိုခ်င္တာမဟုတ္ဘူး၊ သိုက္နန္းေတြေဖာက္ၿပီးေတာ့ အထဲက သိုက္စာေတြကိုယူတာကြ၊ သိုက္စာေတြယူၿပီးရင္လည္း သိုက္နန္းရဲ႕နံရံမွာ ထုံးနဲ႔အင္းတစ္ကြက္ဆြဲခဲ့တယ္၊ သူသိုက္နန္းကိုတူးလို႔ရခဲ့တယ္ဆိုတဲ့ သေဘာေပါ့ကြာ”
“ဒီလိုဆိုေတာ့လည္း ငဖီးက ထူးဆန္းသားပဲ၊ ဒါနဲ႔ သိုက္စာဆိုတာ ဘာလဲဗ်”
“သိုက္စာဆိုတာ ဘုရားေတြဌာပနာတဲ့အခါ၊ သိုက္ေတြျမႇဳပ္တဲ့အခါမွာ ေရွးတုန္းက ေရးခဲ့တဲ့ လႈိ႕ဝွက္စာေတြပဲကြ၊ သိုက္ေတြေတာ္ေတာ္မ်ားမ်ားမွာ သိုက္စာေတြရွိၾကတယ္၊ ဒါေပမယ့္ လူတိုင္းဖတ္လို႔မရဘူး၊ သိုက္စာေတြက လႈိ႕ဝွက္ေရးတာဆိုေတာ့ ဘာကိုဆိုလိုမွန္းမသိေအာင္ လကၤာေတြနဲ႔ ဖြက္ၿပီးေရးခဲ့ၾကတာကြ”
“သူတို႔က ဘာလို႔ေရးခဲ့တာလဲဗ်”
“ဘုရားသိုက္ေတြကလြဲလို႔ က်န္တဲ့သိုက္ကရတနာေတြက ထိုက္တဲ့သူယူဆိုတဲ့ သေဘာနဲ႔ထားခဲ့တာကြ၊ သိူက္စာကို အေျဖေဖာ္ႏိုင္တဲ့လူ၊ ဒီသိုက္က ရတနာေတြကို ယူဆိုတဲ့သေဘာေပါ့၊ သိုက္စာေတြက တစ္ခုနဲ႔တစ္ခု အခ်ိတ္အဆက္ေတြရွိတယ္၊ သိုက္ရဲ႕တည္ေနရာေတြ၊ သိုက္ထဲက ရတနာေတြအေၾကာင္းေတြ ေရးထားၾကတာကိုးကြ၊ ဒါနဲ႔ပဲ ငဖီးက သူမေသခင္ သိုက္ေပါင္းတစ္ေထာင္တိတိတူးျပမယ္လို႔ ႀကဳံးဝါးၿပီးသိုက္ေတြကို အေပ်ာ္တမ္းအေနနဲ႔လိုက္တူးတာပဲ။ တူးလို႔ေအာင္ျမင္ရင္လည္း သူကတန္ဖိုးရွိတာမယူဘူးတဲ့ကြ၊ သိုက္စာေတြေလာက္ပဲယူတာ၊ အဲ ဒါေပမယ့္ သူ႔တပည့္ေတြကေတာ့ ထိုက္သေလာက္ယူတယ္လို႔ေျပာတယ္၊ တစ္ခ်ိဳ႕တပည့္ေတြဆို ခ်မ္းသာသြားတာ ေတြရွိတယ္တဲ့ကြ”
“ထူးဆန္းပါေပ့ဗ်ာ၊ က်ဳပ္သာဆို သိုက္တစ္သိုက္တူးၿပီး ရတနာေတြရရင္ အိမ္ႀကီး၊ ကားႀကီးဝယ္ၿပီး ခ်မ္းခ်မ္းသာသာနဲ႔ေနလိုက္တယ္ဗ်ာ”
ဦးဘသာႀကီးက က်ဳပ္ကိုမ်က္ေစာင္းထိုးၾကည့္တယ္။
“ငဖီးေအာင္ျမင္တယ္ဆိုတာကလည္း သူက ေလာဘမဖက္လို႔ကြ၊ ေလာဘဖက္တဲ့လူေတြဆိုရင္ ေတာ္ေတာ္မ်ားမ်ား မေအာင္ျမင္ဘဲ အသက္ေတာင္ဆုံးသြားတာေတြရွိတယ္၊ မင္းတို႔လိုေလာဘတက္တဲ့ ေကာင္မ်ိဳးေတြေပါ့ကြာ၊ ဟား၊ ဟား”
ဦးဘသာႀကီးက ေျပာခ်င္ရာေျပာၿပီးေတာ့ ႀကိမ္လုံးႀကီးယမ္းၿပီး တဲထဲကေနထြက္သြားပါေရာဗ်ာ၊ က်ဳပ္ကိုေျပာသြားတာဆိုေတာ့ က်ဳပ္လည္း သိပ္မေက်နပ္ဘူးေပါ့၊ ဒါနဲ႔ပဲ ဒီလူႀကီးေတြနဲ႔ေပါင္းၿပီး စနည္းနာၾကည့္ဖို႔ စိတ္ကူးလိုက္တယ္၊ သိုက္တူးတယ္ဆိုရင္လည္း ေဝစုေလး ရလိုရျငားေပါ့ဗ်ာ။
(၄)
ညေနေရာက္ေတာ့ က်ဳပ္လည္းအိမ္ျပန္ၿပီးေတာ့ ေရေတာင္မခ်ိဳးဘဲ အိမ္မွာဘာဟင္းခ်က္သလဲဆိုၿပီးၾကည့္လိုက္တယ္၊ ဆိတ္သားကို အတုံးေသးေသးေလးေတြတုံးၿပီးေတာ့ ခရမ္းခ်ဥ္သီးနဲ႔ ႏွပ္ထားတဲ့ဟင္းဗ်ာ၊ ဆီမ်ားမ်ားနဲ႔ဆိုေတာ့ ေကာင္းမွေကာင္းပဲ၊ က်ဳပ္လည္း ပန္းကန္စင္က ပန္းကန္လုံးကေလးတစ္လုံးယူၿပီးေတာ့ ဟင္းေတြကိုခပ္ထည့္လိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ ပန္းကန္လုံးကေလးကိုကိုင္ၿပီးေတာ့ အိမ္အျပင္ကိုအျမန္ေျပးထြက္ခဲ့တာေပါ့။
က်ဳပ္သြားတဲ့ေနရာကေတာ့ ႐ြာျပင္က ဇရပ္ကိုသြားတာဗ်၊ ဇရပ္ထဲမွာေတာ့ အဲဒီလူႀကီးေတြက ဝိုင္းၿပီးထိုင္ေနတယ္ဗ်၊ ထမင္းစားမလို႔ ထိုင္ေနတာျဖစ္မွာေပါ့ဗ်ာ၊ က်ဳပ္လည္း ဇရပ္ေပၚကိုအျမန္ေျပးတက္လိုက္တယ္။ က်ဳပ္ထင္တဲ့အတိုင္းပဲ သူတို႔က ထမင္းစားဖို႔ ဝိုင္းထိုင္ေနၾကတာ၊ လူတိုင္းရဲ႕အေရွ႕မွာ သံပန္းကန္ျပားခ်ပ္ တစ္ခ်ပ္စီခ်ထားၿပီးေတာ့ ထမင္းေတြထည့္ထားတယ္၊ သူတို႔အလယ္မွာေတာ့ ငါးေျခာက္ဖုတ္ဆီစိမ္ေလးတစ္ခြက္ရယ္၊ ငါးပိေထာင္းလိုဟာေလးရယ္၊ ေနာက္ၿပီးေတာ့ ဒန႔္သလြန္႐ြက္ႏုေတြကို ဟင္းခါးက်ဲက်ဲခ်က္ထားတဲ့ တစ္ခြက္ရယ္၊ ဒါပဲပါတာေပါ့ဗ်ာ။
“ဆရာႀကီးတို႔စားဖို႔ ဟင္းလာပို႔ေပးတာပါဗ်ာ”
“ဘာဟင္းလဲလူေလးရဲ႕”
“ဆိတ္သားကို ခရမ္းခ်ဥ္သီးနဲ႔ႏွပ္ၿပီးခ်က္ထားတာပါဆရာႀကီး၊ ဆရာႀကီးတို႔ သုံးေဆာင္ၾကပါ”
ဆရာႀကီးက မ်က္လႊာခ်လိုက္ၿပီး
“လူေလး ေစတနာကိုေတာ့ ဦးေလးက အသိအမွတ္ျပဳပါတယ္ကြယ္၊ ဒါေပမယ့္ လူေလးဟင္းကိုျပန္ယူသြားပါ၊ ဦးေလးတို႔တစ္ဖြဲ႕လုံးက ေျခေလးေခ်ာင္းသား မစားဘူးကြဲ႕”
က်ဳပ္လည္း ဘာလုပ္ရမွန္းမသိဘူးေပါ့၊ ဆရာႀကီးေတြကေတာ့ ထမင္းစားေနၾကတယ္၊ က်ဳပ္လည္း ဦးဖီးဆိုတဲ့သူကို အကဲခတ္ေနမိတယ္၊ ထမင္းစားတာဆိုေတာ့ သူဝတ္ထားတဲ့ ရွပ္အက်ီအျဖဴလက္ရွည္ကို လက္ဖ်ံေလာက္အထိ ေခါက္တင္ထားတာေပါ့ဗ်ာ၊ က်ဳပ္ေသေသခ်ာခ်ာၾကည့္ေတာ့မွ သူ႔လက္ဖ်ံမွာ အင္းေတြျပည့္ေနတာပဲဗ်။ ဒါတင္မကေသးဘူး သူထမင္းစားေနတဲ့လက္ခုံမွာလည္း အင္းကြက္ေတြဗ်၊ ေဆးမင္ေၾကာင္ထိုးထားတာၾကာေတာ့ အေရာင္က ခပ္မွိန္မွိန္ပဲရွိေတာ့တာ။ ထမင္းစားၿပီးေတာ့ သူ႔တပည့္တစ္ေယာက္က လက္ေဆးေရထည့္ထားတဲ့ ဒန္ဇလုံကေလးကိုလွမ္းေပးလိုက္တယ္၊ သူလက္ေဆးတာကို ေသေသခ်ာခ်ာၾကည့္ေတာ့ လက္ဖဝါးမွာလဲ ေဆးနီနဲ႔အင္းေတြစမေတြ ဆြဲထားတာဗ်၊ က်ဳပ္လည္း ဒီလူက ဦးဘသာေျပာတဲ့ သိုက္တစ္ေထာင္ငဖီးမ်ားလားလို႔ ေတြးေနမိတာေပါ့။
သူ႔လက္ကိုေသခ်ာစိုက္ၾကည့္ေနတဲ့ က်ဳပ္ကို ဦးဖီးကလည္း သိတဲ့ပုံပဲဗ်၊ သူ႔လက္ဝါးကိုျဖန႔္ျပၿပိးေတာ့
“ဒါကေတာ့ အစာအင္းလို႔ေခၚတယ္ကြ၊ စားတဲ့အစာေတြအကုန္လုံးကို သန႔္ရွင္းေစတယ္၊ မေကာင္းတဲ့ေအာက္လမ္း၊ အပင္းေတြ၊ အဆိပ္အေတာက္ေတြပါလာရင္ ဒီအင္းက သန႔္စင္ေပးတယ္ကြ”
က်ဳပ္လည္း သိပ္စိတ္ဝင္စားသြားတာေပါ့ဗ်ာ၊ ဆရာႀကီးရဲ႕ တပည့္ေတြကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ စကားလွမ္းေျပာေနၾကတယ္ဗ်။ က်ဳပ္လည္း ဆရာႀကီးအနားကို တိုးကပ္သြားၿပီး
“ဆရာႀကီး က်ဳပ္တို႔႐ြာကို သိုက္တူးဖို႔လာတာမဟုတ္လား”
က်ဳပ္က ဒဲ့ပဲေမးခ်လိုက္ေတာ့တာ၊ ဆရာႀကိးက မ်က္ႏွာတစ္ခ်က္ပ်က္သြားတယ္၊ သူ႔တပည့္ေတြကလဲ ဘယ္လိုလုပ္မလဲဆိုတဲ့ မ်က္ႏွာေပးေတြနဲ႔ အံ့ဩေနတာေပါ့၊ ဆရာႀကီးက ေတာ္ေတာ္ၾကာေအာင္စဥ္းစားေနတယ္။
“အင္း၊ ဒီ႐ြာမွာ အလုပ္လုပ္မွာဆိုေတာ့ ႐ြာခံတစ္ေယာက္ေလာက္ရွိတာလည္း မဆိုးဘူးလို႔ျမင္တယ္တပည့္တို႔၊ ဒီေကာင္ေလးကို ငါတို႔အဖြဲ႕ထဲသြင္းၾကရေအာင္”
ဆရာႀကီးရဲ႕စကားကို သူ႔တပည့္ေတြက မျငင္းပါဘူးဗ်ာ၊ ဆရာႀကီးက က်ဳပ္ကိုၾကည့္လိုက္ၿပီး
“မင္းတကယ္ပဲ ငါတို႔နဲ႔အလုပ္လုပ္ခ်င္တာလားလူေလး”
က်ဳပ္လည္း ေခါင္းကိုအျမန္ညိတ္လိုက္တယ္။
“သူက က်င့္ႀကံထားတာမွမရွိတာ ဆရာႀကီးရဲ႕သူ႔ကိုသုံးလို႔ရပါ့မလား”
သူ႔တပည့္တစ္ေယာက္က ဝင္ေျပာတယ္ဗ်၊ ဆရာႀကီးက ေခါင္းညိတ္လိုက္တယ္။
“သိုက္စာကိုေဖာ္ဖို႔ဆိုရင္ ဒီနယ္ေျမအေၾကာင္းသိတဲ့လူမွ ေဖာ္ႏိုင္မွာကြ”
ဆရာႀကီးကအဲဒီလိုေျပာၿပီးေတာ့ က်ဳပ္ကိုေသေသခ်ာခ်ာၾကည့္ၿပီး
“မင္းငါတို႔အဖြဲ႕ထဲဝင္မယ္ဆိုရင္ ေဟာဒီအင္းကိုၿမိဳခ်ရမယ္”
ဆရာႀကီးက အင္းခ်ပ္တစ္ခုကိုထုတ္ေပးတာေပါ့ဗ်ာ၊ ေနာက္ေတာ့အင္းခ်ပ္ကိုသူ႔လက္ဖဝါးထဲမွာထည့္ထားၿပီးေတာ့ အသားကေလးႀကိတ္ေခ်ေနရင္း အင္းခ်ပ္ကေလးက ပဲေစ့ေလာက္ရွိတဲ့ အလုံးကေလးတစ္လုံးျဖစ္သြားတာေပါ့၊ က်ဳပ္လည္း စဥ္းစားမေနပါဘူးဗ်ာ၊ အဲဒီအင္းကေလးကို ပါးစပ္ထဲထည့္လိုက္ၿပီးေတာ့ ေရအိုးစင္က ေရတစ္ငုံေျပးေမာ့ၿပီး ၿမိဳခ်လိုက္တာေပါ့ဗ်ာ။
“ေအး၊ ေကာင္းၿပီကြ၊ အဲဒီအင္းကိုၿမိဳၿပီးတဲ့အခ်ိန္မွာ ငါတို႔သိုက္တူးတယ္ဆိုတာကို မင္းဘယ္သူ႔ကိုမွေျပာလို႔မရဘူး၊ အဲဒီအင္းကို လွံစက္ျာအင္းလို႔ေခၚတယ္ကြာ၊ ငါတို႔သိုက္တူးတဲ့အေၾကာင္း မင္းသူမ်ားကိုျပန္ေျပာလိုက္တာနဲ႔ မင္းဗိုက္ထဲက အင္းက လွံႀကီးတစ္လကအျဖစ္ေျပာင္းလဲသြားၿပီး မင္းဗိုက္ေပါက္ထြက္သြားလိမ့္မယ္”
က်ဳပ္ဆိုေခါင္းနားပန္းေတြ ႀကီးသြားတာပဲဗ်ာ၊ သူက ၿမိဳဆိုလို႔ ၿမိဳလိုက္တာ၊ အခုေတာ့ က်ဳပ္ေဘးျဖစ္ၿပီေလဗ်ာ။ မတတ္ႏိုင္ဘူးေပါ့ဗ်ာ၊ သိုက္တူးတဲ့အေၾကာင္းကို မေျပာရဘူးဆိုေတာ့လည္း မေျပာဘူးေပါ့။
က်ဳပ္ျပန္ထိုင္လိုက္ေတာ့ ဇရပ္ထဲမယ္အေတာ္ေမွာင္ေနၿပီဗ်၊ ႐ြာလမ္းမွာလည္း လူသြားလူလာ မရွိေတာ့ဘူး၊ ဆရာႀကီးတပည့္တစ္ေယာက္က မတ္တပ္ရပ္လိုက္ၿပီးေတာ့ သူတို႔ယူလာတဲ့ ေအာက္လင္းဓါတ္မီးႀကီးကို ထြန္းလိုက္တယ္ဆိုရင္ပဲ ဇရပ္တစ္ခုလုံးတင္မက ေဘးပတ္ဝန္းက်င္ပါ လင္းထိန္သြားေတာ့တာေပါ့ဗ်ာ၊ က်န္တဲ့တပည့္ေတြက ျခင္ေထာင္ေလးလုံးကိုေထာင္လိုက္တယ္၊ ျခင္ေထာင္ေတြက စစ္ျခင္ေထာင္ ပိတ္ပိတ္ႀကီးေတြဆိုေတာ့ ျခင္ေထာင္ေထာင္လိုက္တာနဲ႔ အဲဒီျခင္ေထာင္အလယ္မွာ ဘာလုပ္ေနတယ္ဆိုတာကို မျမင္ရေတာ့ဘူးဗ်ိဳ႕၊ ေတာ္ေတာ္လည္း လႈိ႕ဝွက္တဲ့လူေတြဗ်ာ။
ျခင္ေထာင္ေလးလုံးအလယ္မွာ ေနရာလြတ္ႀကီးျဖစ္ေနတယ္။ အဲဒီမွာ ဆရာႀကီးက သူ႔လြယ္အိတ္ထဲက အထုပ္ကေလးတစ္ထုပ္ခ်ၿပီး က်ဳပ္တို႔အလယ္မွာေျဖလိုက္တယ္၊ အဲဒီအထုပ္ထဲကေန တစ္ထြာေလာက္ရွိမယ့္ ေပ႐ြက္ကေလးထြက္လာတယ္ဗ်ာ။ ေပ႐ြက္ကေလးက ဝင္းလက္ေနတာပဲ၊ ေၾကးလဲမဟုတ္ဘူးဗ်၊ က်ဳပ္အထင္ ေ႐ႊျပားျဖစ္ႏိုင္တယ္။
“ဒီဟာက ဘုရားတစ္ဆူကိုတူးတုန္းက ရတဲ့သိုက္စာကြ၊ ဒီသိုက္စာကို မင္းဖတ္ၾကည့္စမ္း”
က်ဳပ္လည္း ေ႐ႊျပားကေလးကို ေသေသခ်ာခ်ာကိုင္ၿပီးဖတ္ၾကည့္တာေပါ့၊ ဒါေပမယ့္ လက္ေရးေတြက တြန႔္တြန႔္ခြၽန္ခြၽန္ေတြဆိုေတာ့ ဘာေတြလဲဆိုတာ ေသေသခ်ာခ်ာမသိပါဘူးဗ်ာ။
“မန္က်ည္းကိုးပင္ေအာက္ ဖက္ထိပ္ေပါက္၊ ေဒါင္းဖန္ဝါ၊ ျမားတစ္ေထာက္၊ သီတာေရၾကည္တစ္ေပါက္၊ ျမင္ေတြ႕သူတိုင္းေသာက္၊ လွည္းတန္းႀကီးနဲ႔ ခုနစ္ေခါက္”
က်ဳပ္လည္းမဖတ္တတ္ဖတ္တတ္နဲ႔ဖတ္ၿပီးေတာ့ ဆရာႀကီးကိုၾကည့္လိုက္တယ္၊ ဆရာႀကီးက က်ဳပ္ဖတ္တာမွန္တယ္ဆိုၿပီးေခါင္းညိတ္တယ္။
“အဲဒါဘာေတြေရးထားတာလဲ ဆရာႀကီး”
“သိုက္စာကြ”
“ဒါနဲ႔ က်ဳပ္တို႔႐ြာနဲ႔ ဘာဆိုင္လို႔လဲ”
“ဒီစာအရဆိုရင္မဆိုင္ေပမယ့္ အရင္တစ္ခါတူးမိတဲ့ သိုက္စာတစ္ခုမွာေတာ့ ဒီေနရာကိုၫႊန္းထားတာကြ၊ ဒီေတာ့ ငါ့အထင္ အဲဒီမန္က်ည္းကိုးပင္နဲ႔ ဖက္ထိပ္ပင္က ဒီနားတစ္ဝိုက္မွာပဲရွိရမယ္၊ မင္းၾကားဖူးထားတာရွိသလား”
က်ဳပ္လည္း တစ္ခုမွ မၾကားဖူးဘူးဗ်၊ ဒါနဲ႔ေခါင္းခါလိုက္တာေပါ့၊ သိုက္စာကိုေတာ့ အလြတ္ရေအာင္လို႔ ေသေသခ်ာခ်ာ႐ြတ္ထားလိုက္တယ္၊ က်ဳပ္က အတန္းပညာမရွိသလို၊ စာေပဘက္လည္း ေရးတတ္ဖတ္တတ္႐ုံဆိုေတာ့ ေမ့လြယ္တယ္မဟုတ္လားဗ်ာ။
“မင္းလည္းရေအာင္စုံစမ္း၊ ငါလည္းရေအာင္စုံစမ္းမယ္ကြာ၊ ငါတို႔မွာအခ်ိန္သိပ္မရွိဘူးကြ၊ တေပါင္းလမျပည့္ခင္ ဒီသိုက္ကိုတူးရမွာ၊ တေပါင္းလျပည့္ၿပီးရင္ေတာ့ ေနာက္တစ္ႏွစ္မွ ျပန္လာရမွာ”
“ဒါဆို က်ဳပ္ဗိုက္ထဲက အင္းကေရာ တစ္ႏွစ္လုံးခံေနမွာလားဗ်”
“မျဖစ္ပါဘူးကြာ။ ငါတို႔ေအာင္ျမင္ရင္ အဲဒီအင္းကိုထုတ္ေပးမယ္၊ ဟုတ္ၿပီလား”
“ဒါနဲ႔သိုက္စာကို ဆရာႀကီးတို႔တစ္ကယ္ပဲ မေဖာ္ႏိုင္ေသးတာလား”
“လွည္းတန္းႀကီးနဲ႔ခုနစ္ေခါက္ဆိုတာက လွည္းခုနစ္စီးတိုက္စာ ရတနာေတြရွိတယ္လို႔ေျပာတာကြ၊ က်န္တာကေတာ့ ဒီေနရာအနားက ေနရာတစ္ခုခုကိုၫႊန္းေနတာပဲ၊ ကဲ ညည့္နက္ေနၿပီ မင္းျပန္ေတာ့ကြာ၊ ငါတို႔လည္း အဓိဌာန္ဝင္စရာရွိေသးတယ္”
သူတို႔ေမာင္းထုတ္တာနဲ႔က်ဳပ္လည္းျပန္ခဲ့တယ္၊ ဘယ္သူမွမစားတဲ့ ဟင္းပန္းကန္ကိုက်ဳပ္ကိုေပးလိုက္တာေပါ့ဗ်ာ၊ က်ဳပ္လည္း ဇရပ္ကေနထြက္လာၿပီး ႐ြာထိပ္နားကိုလည္းေရာက္ေရာ ေက်ာေတြပါခ်မ္းတတ္လာတယ္ဗ်၊ အဲဒီအေရွ႕မွာ သန္းပင္ႀကီးတစ္ပင္ရွိတယ္၊ ညညဆို အသားေတြဘာေတြသယ္လာရင္ လိုက္ဆြဲတတ္တယ္တဲ့ဗ်ာ၊ က်ဳပ္လက္ထဲက ပန္းကန္ကလည္း ဆိတ္သားဟင္း၊ အေမက မဆလာႏိုင္ႏိုင္ထည့္ထားေတာ့ ေမႊးေနတာပဲဗ်ာ၊ ညေနမိုးမခ်ဳပ္ခင္ယူလာရတာဆိုေတာ့ အုပ္ဆိုင္းစရာလည္း ဘာမွပါမလာခဲ့ဘူး။
က်ဳပ္ေလွ်ာက္ေနရင္း သန္းပင္ႀကီးအနားေရာက္ေတာ့ အပင္ႀကီးက ဝုန္းခနဲတစ္ခ်က္လႈပ္သြားတယ္၊ က်ဳပ္လည္း ေၾကာက္ေတာ့ ဘာမွမေတြးေနေတာ့ဘဲ ပါလာတဲ့ဟင္းပန္းကန္လုံးကို ေျမႀကီးေပၚကိုခ်ၿပီးေတာ့ တန္းၿပီးေျပးေတာ့တာပဲဗ်ာ၊ ႐ြာထိပ္နားမွာ ဖြင့္ထားတဲ့ တ႐ုတ္ႀကီးတို႔အရက္ဆိုင္ကိုေရာက္ေတာ့မွ အေမာေျဖႏိုင္တယ္၊ အရက္ဆိုင္မွာေတာ့ ဘက္ထရီမီးထြန္းထားၿပီးေတာ့ လူလည္းစည္ကားေနတာဗ်ာ။
(၅)
“အေဖ၊ က်ဳပ္တို႔ဘက္မယ္ မန္က်ည္းကိုးပင္ဆိုတာ ၾကားဖူးသလား”
က်ဳပ္အိမ္ေရာက္ေတာ့ ေရမိုးခ်ိဳးၿပီး အေဖ့ကိုေမးလိုက္တယ္၊ အေဖက ထမင္းစားၿပီးလို႔ ထန္းညက္ခဲေလးကိုက္ေနရင္း
“မန္က်ည္းကိုးပင္ဆိုတာ ႐ြာေဟာင္းႀကီးတစ္ခုသားရဲ႕၊ အေဖတို႔႐ြာရဲ႕အေနာက္ဘက္ ခပ္လွမ္းလွမ္းမွာရွိတာ၊ အခုေတာ့ အဲဒီ႐ြာႀကီးမရွိေတာ့ပါဘူး၊ စစ္တုန္းက အကုန္ထြက္ေျပးၾကရင္း ႐ြာေကာသြားတာကြဲ႕”
က်ဳပ္သဲလြန္စတစ္ခုရလိုက္ၿပီဆိုေတာ့ မ်က္လုံးေတြအေရာင္လက္သြားတယ္ဗ်ာ။ ဒါနဲ႔ ဖက္ထိပ္ဆိုတာကို အေဖ့ကိုေမးရတာေပါ့၊ အေဖကေတာ့ အဲဒါကိုမသိဘူးဗ်၊ က်ဳပ္လည္းဆက္ေမးမလို႔လုပ္ေနတုန္း အေမက တုတ္တစ္ေခ်ာင္းနဲ႔အိမ္ေရွ႕ထြက္လာၿပီး၊ ဟိုရွာလိုက္ ဒီရွာလိုက္လုပ္ေနတယ္။
“ထားလိုက္ပါေတာ့မသိန္းရာ”
“အို၊ မထားႏိုင္ဘူးရွင့္၊ ဆိတ္သားေတြ အစိတ္သားေလာက္ပါသြားတာ၊ လာပါေစအုံး၊ အဲဒီေၾကာင္မကို မိလို႔ကေတာ့ အ႐ိုးက်ိဳးေအာင္႐ိုက္သတ္မယ္ေတာ့”
က်ဳပ္လည္း ထိုင္ရင္းေက်ာခ်မ္းသြားတာေပါ့ဗ်ာ၊ အေမက က်ဳပ္ဟင္းေတြခိုးသြားတာကို ေၾကာင္ခိုးသြားတယ္လို႔ ထင္ေနလို႔သာေပါ့၊ က်ဳပ္လည္း မ်က္ႏွာပူတာနဲ႔ အေမ့နားမွာဆက္မေနေတာ့ဘဲ အိမ္ေပၚကိုအျမန္တက္ခဲ့တယ္၊ ညဘက္လည္း အိပ္မရပါဘူးဗ်ာ၊ နဖူးေပၚလက္တင္ၿပီးေတာ့ အဲဒီသိုက္စာကိုပဲ ႐ြတ္ေနမိတယ္။
“မန္က်ည္းကိုးပင္ေအာက္ ဖက္ထိပ္ေပါက္၊ ေဒါင္းဖန္ဝါ ျမားတစ္ေထာက္ . . .”
မနက္မိုးလင္းၿပီဗ်၊ က်ဳပ္လည္း ယာထဲကိုဆင္းလာရင္း ပါးစပ္ကေန သိုက္စာကို႐ြတ္ေနမိတယ္၊ အငယ္ေကာင္ကေတာ့ ထုံးစံအတိုင္း က်ဳပ္ေရွ႕ခပ္လွမ္းလွမ္းကေနသြားေနတာေပါ့ဗ်ာ၊ ႐ြာျပင္ကိုေရာက္ေတာ့ အငယ္ေကာင္က သန္းပင္ႀကီးအနားမွာရပ္ေနတယ္။
“အကိုလတ္၊ ဒီမွာၾကည့္စမ္းပါအုံး၊ အိမ္ကပန္းကန္နဲ႔မတူဘူးလား”
ပန္းကန္လုံးကေတာ့ က်ဳပ္ညက ဟင္းထည့္ခဲ့တဲ့ပန္းကန္လုံးပဲဗ်၊ ဒါေပမယ့္ ဟင္းေတြကေတာ့ တစ္ခုမွမရွိေတာ့တဲ့အျပင္ ပန္းကန္လုံးကိုလွ်ာနဲ႔လ်က္ထားသလားမသိပါဘူး၊ ပန္းကန္ေတြ ေျပာင္လို႔ဗ်။
“ဟုတ္ခ်င္မွ ဟုတ္မွာပါကြာ၊ ယူမေနစမ္းပါနဲ႔၊ လာစမ္းပါ”
“မဟုတ္ဘူးအကိုလတ္၊ အိမ္ကပန္းကန္မွ အိမ္ကပန္းကန္ဗ်”
“ထားခံစမ္းပါဆိုေနကြာ”
က်ဳပ္လည္းပန္းကန္လုံးကို ေျခေထာက္နဲ႔ကန္ထုတ္လိုက္ေတာ့တယ္၊ ပန္းကန္လုံးက လမ္းေဘးခ်ဳံထဲကိုက်ၿပီး ကြဲသြားသလားေတာ့မသိပါဘူးဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း သိုက္စာေလးညည္းရင္း ဇရပ္အနားကိုေရာက္လာတာေပါ့ဗ်ာ၊ ဇရပ္ထဲက ဆရာႀကီးက က်ဳပ္ကိုမ်က္စပစ္ျပတယ္၊ က်ဳပ္လည္း က်ဳပ္ညီပါတာမို႔လို႔ အေျခအေနမဟန္ေၾကာင္း ေခါင္းခါျပလိုက္တာေပါ့ဗ်ာ။
ဒီလိုနဲ႔ယာခင္းထဲေရာက္လာပါေရာဗ်ာ၊ ယာအလုပ္ေတြလုပ္ေနရင္း က်ယ္ကလည္းအက်ယ္ႀကီးဆိုေတာ့က်ဳပ္လည္း သိုက္စာကိုသီခ်င္းလိုလုပ္ဆိုေနတာေပါ့၊ သိုက္စာက ကာရံနေဘနဲ႔ေရးထားတာဆိုေတာ့ မဆိုးဘူးဗ်၊ ဆိုလို႔ေတာ့ေကာင္းသား။ က်ဳပ္လည္း ကိုယ့္စိတ္ကူးနဲ႔ကိုယ္ အလုပ္လုပ္ေနတုန္း အေနာက္ကေနႀကိမ္နဲ႔တို႔ခံလိုက္ရေတာ့မွ လန႔္သြားတာေပါ့။
“ေကာင္ေလး၊ မင္းဘာေတြဆိုေနတာလဲ”
ဦးဘသာႀကီးက က်ဳပ္အေနာက္မွာေရာက္ေနတာဗ်ာ၊ က်ဳပ္ျဖင့္လန႔္သြားတာပဲ”
“ဒီ၊ ဒီလိုပါပဲဗ်၊ သီခ်င္းဆိုေနတာပါ”
“မင့္သီခ်င္းကလည္း သိုက္စာလိုလို ဘာလိုလိုနဲ႔”
က်ဳပ္ျဖင့္အံ့ဩသြားတာပဲဗ်ာ၊
“ဦးဘသာႀကီးက သိုက္စာမွန္းဘယ္လိုလုပ္ၿပီးသိသဲဗ်”
“မင္းႏွယ္ကြာ၊ ဘယ္ေတးေရးဆရာကမ်ား သူ႔သီခ်င္းထဲမွာ ျမားတစ္ေထာက္တို႔ လွည္းခုနစ္စီးတို႔ ထည့္ေရးမွာလဲကြ၊ ဒီလိုအသုံးအႏႈန္းက သိုက္စာထဲမွာပဲရွိတာ”
က်ဳပ္လည္း ေပၚသြားမွာ အရမ္းေၾကာက္ေနၿပီေလ၊ သိုက္တူးတဲ့အေၾကာင္း ေပၚသြားလို႔ကေတာ့ ဘာျဖစ္မလဲဆိုတာ သိတယ္မဟုတ္လားဗ်ာ။
“ေအာ္၊ အင္း၊ သိုက္စာပါဗ်၊ အေဖတို႔ေျပာတာ ၾကားလို႔ က်ဳပ္လည္း ဘာရယ္မဟုတ္ဘူး၊ ႐ြတ္ေနမိတာ”
“မန္က်ည္းကိုးပင္ဆိုတာ ႐ြာေဟာင္းကြ၊ ဖက္ထိပ္ေပါက္ဆိုတာက ဖက္ထိပ္ေတာ့မျဖစ္ႏိုင္ဘူး၊ ဖက္လိပ္ပဲျဖစ္မယ္၊ တို႔႐ြာေဟာင္းနာမည္က ဖက္လိပ္႐ြာမဟုတ္လား”
ဦးဘသာေျပာေတာ့မွ က်ဳပ္လည္း အရမ္းအံ့ဩသြားတယ္၊ ဟုတ္မယ္ဗ်၊ ေ႐ႊေပလႊာကေလးမွာ အစြန္းေတြ၊ ျခစ္ရာေတြရွိေနတာဆိုေတာ့ ဖက္လိပ္ေနရာမွာ လ အစား ထဆင္ထူးလို႔ ထငဲ္ၾကတာေနမွာ။
“အံမယ္ ဦးဘသာႀကီးက ေဖာ္တတ္ပါလား၊ ဒါနဲ႔ ေဒါင္းဖန္ဝါ ျမားတစ္ေထာက္ဆိုတာကေရာဗ်ာ”
“ေဒါင္းဖန္ဝါဆိုေတာ့ ေနမင္းကိုေျပာတာ၊ သိုက္စာေတြမွာ ေနလုံးပါတယ္ဆိုရင္ အေရွ႕၊ ဒါမွမမဟုတ္ အေနာက္ကိုၫႊန္ျပတာပဲကြ၊ ျမားတစ္ေထာက္ဆိုတာ အကြာအေဝးတစ္ခုကိုဆိုလိုတာ”
“က်ဳပ္နားလည္ၿပီဗ်၊ ျမားတစ္ေထာက္ဆိုေတာ့ ျမားနဲ႔ပစ္ၾကည့္ၿပီးေတာ့ အဲဒီျမားသြားစိုက္တဲ့ေနရာကိုေျပာတာမဟုတ္လား”
ဦးဘသာက ေခါင္းကိုသြက္သြက္ခါတယ္။
“မ်က္စိတစ္မွိတ္တို႔၊ ျမားတစ္ေထာက္တို႔၊ ကြမ္းတစ္ရာညက္တို႔ဆိုတာ တို႔ဗမာေတြ ေရွးေရွးက တိုင္းတာခဲ့တဲ့ အေခၚအေဝၚေတြကြ၊ ျမားတစ္ေထာက္ဆိုတာ ကိုက္တစ္ရာကြ၊ ကိုက္တစ္ရာဆိုေတာ့ ေပသုံးရာေပါ့”
က်ဳပ္လည္း ဦးဘသာႀကီးရဲ႕ ဗဟုသုတကိုေတာ့ ေလးစားေနတာပါပဲဗ်ာ၊ ေမးလက္စနဲ႔မို႔ ဆက္ၿပီးေမးရတာေပါ့။
“ေရၾကည္တစ္ေပါက္က်ေတာ့ေရာ”
“ဖက္လိပ္႐ြာရဲ႕အေရွ႕၊ ဒါမွမဟုတ္ အေနာက္ဘက္ ကိုက္တစ္ရာအကြာမွာ ေရနဲ႔ပတ္သက္တာတစ္ခုခုရွိမယ္တဲ့ကြ၊ ဒီေတာ့ ဖက္လိပ္႐ြာေဟာင္းရဲ႕အေနာက္မွာ ဘာမွမရွိဘူး၊ အဲ၊ ဒါေပမယ့္ ဖက္လိပ္႐ြာရဲ႕အေရွ႕၊ တို႔႐ြာရဲ႕အေနာက္မွာေတာ့ ေရွးေဟာင္းေရတြင္းႀကီးရွိတယ္ေလကြာ၊ သိုက္စာအရေတာ့ အဲဒီေရတြင္းႀကီးကိုတူးရမွာကြ၊ ရတနာေတြ လွည္းခုနစ္စီးတိုက္ရွိမယ့္သေဘာေပါ့ကြာ”
က်ဳပ္လည္းစိတ္မထိန္းႏိုင္ေတာ့ ဝမ္းသာၿပီး ထခုန္လိုက္မိတယ္ဗ်ာ။
“ဟုတ္ၿပီ၊ ဟုတ္ၿပီ”
“ဘာဟုတ္တာတုန္းကြ၊ သိုက္စာဆိုတာ ရမ္းသမ္းေရးထားတာေတြပါကြာ၊ ရွိခ်င္မွလည္းရွိမွာပါ၊ ေနာက္ၿပီး အဲဒီေရတြင္းႀကီးအေၾကာင္း မင္းလည္းသိရဲ႕သားနဲ႔”
က်ဳပ္လည္း အမူအရာကိုျပန္ထိန္းလိုက္ရတယ္ဗ်။
“ဟုတ္ပါ့ဗ်ာ၊ က်ဳပ္က သိုက္စာေဖာ္ႏိုင္လို႔ ေပ်ာ္တာပါ၊ အဲဒီကိုေတာ့ သြားဖို႔မေတြးထားပါဘူး”
“ေအးကြာ၊ မသြားနဲ႔ဟ၊ အဲဒီေနရာက ၾကမ္းတယ္”
ဦးဘသာႀကီးျပန္သြားပါေရာ၊ က်ဳပ္လည္း ဦးဘသာႀကီးလစ္တာနဲ႔ ယာခင္းထဲကေန ျပန္တက္ခဲ့ၿပီး ႐ြာအျပင္က ဇရပ္ကိုေျပးခဲ့တာေပါ့ဗ်ာ၊ ဆရာႀကီးေရွ႕ကို က်ဳပ္ေရာက္ေတာ့ က်ဳပ္မွာ ေမာလို႔ စကားေတာင္မနည္းေျပာေနရတယ္။
“သိၿပီဆရာႀကီး၊ သိုက္စာေနရာကို က်ဳပ္သိၿပီ”
ဆရာႀကီးတို႔အကုန္လုံး ေပ်ာ္႐ႊင္သြားတာေပါ့၊ က်ဳပ္လည္း ဦးဘသာႀကီးေျပာခဲ့တဲ့အတိုင္း ေျပာလိုက္ေတာ့ အားလုံးကေခါင္းညိတ္တယ္ဗ်။
“ကဲ၊ ဒါဆို အခ်ိန္ဆြဲေနလို႔မျဖစ္ဘူး၊ ငါတို႔ ဒီညပဲလုပ္ငန္းစၾကမယ္ကြာ”
“ျဖစ္ပါ့မလား ဆရာႀကီးရဲ႕”
“ျဖစ္ပါတယ္၊ ငါ့နာမည္ သိုက္တစ္ေထာင္ငဖီးပါကြ”
ဆရာႀကီးက လႊတ္ခနဲေရ႐ြတ္လိုက္တယ္၊ ဒီေတာ့မွ က်ဳပ္လည္း ဒီဆရာႀကီးက သိုက္တစ္ေထာင္ငဖီးမွန္း သိသြားခဲ့တာဗ်။ ေရတြင္းပ်က္နားကိုသြားေတာ့ ညေနေတာင္ေစာင္းခ်င္ေနပါၿပီ၊ က်ဳပ္လည္း အိမ္ကိုမျပန္ေတာ့ဘဲသူတို႔နဲ႔လိုက္ခဲ့လိုက္တယ္။ ေရတြင္းႀကီးအနားကို ေန႔ခင္းေၾကာင္ေတာင္ေတာင္ မသြားရဲၾကဘူးဗ်၊ အခုက က်ဳပ္တို႔ဆရာႀကီးပါတာဆိုေတာ့ မေၾကာက္တတ္ဘူးေပါ့ဗ်ာ၊ ဆရာႀကီးက ထုံးမႈန႔္လိုအမႈန႔္ေတြ က်ဳပ္ကိုေပးတယ္ဗ်၊ ဂုန္နီအိတ္ထဲမွာ အမႈန႔္ေတြေဖြးေနတာပဲ၊ ေရတြင္းနားေရာက္ေတာ့ သူက ေျခသုံးလွမ္း လွမ္းလိုက္ၿပီးေတာ့
“ဒီေျခသုံးလွမ္းေနရာအတိုင္း ပိတ္ၿပီးေတာ့ လူအ႐ိုးမႈန႔္ေတြကို ျဖဴးစမ္းကြာ၊ အဝိုင္းျဖစ္သြားေအာင္ ျဖဴးေနာ္”
ဆရာႀကီးေျပာမွ က်ဳပ္ကိုင္ထားတာ လူအ႐ိုးမႈန႔္ေတြဆိုတာ သိရတယ္၊ က်ဳပ္လည္း မျငင္းသာေတာ့ဘူးေပါ့ဗ်ာ၊ သူေျပာတဲ့အတိုင္း အ႐ိုးမႈန႔္ေတြနဲ႔စည္းဝိုင္းတစ္ခုဝိုင္းလိုက္တယ္၊ အဲဒီစည္းဝိုင္းကေန ဆရာႀကီးက ေနာက္ထပ္ေျခလွမ္းသုံးလွမ္း လွမ္းတယ္ဗ်။
“ဒီေနရာမွာ ေနာက္ထပ္တစ္ဝိုင္းထပ္လုပ္ေဟ့၊ ခုနက ဝိုင္းတဲ့ဟာက အတြင္းစည္း၊ အခုဟာက အျပင္စည္းေပါ့ကြာ”
က်ဳပ္ျဖဴးရင္း အ႐ိုးမႈန႔္ထုပ္က ကုန္ေတာ့မယ္ဗ်၊ ေအာက္မွာဆို အ႐ိုးခဲေတြကိုပါ စမ္းမိေနၿပီ၊ လူအ႐ိုးမႈန႔္ဆိုတာ သိေတာ့ စိတ္ထဲမသတီဘူးေပါ့ဗ်ာ၊ စည္းတားၿပီးသြားေတာ့ ဆရာႀကီးက အိတ္ထဲကေနၿပီးေတာ့ ဘာေတြမွန္းမသိဘူးထုတ္တယ္၊ ႀကိဳးေတြေရာ၊ အဝတ္စေတြေရာ၊ အစုံပါပဲဗ်ာ။ ေနာက္ၿပီးအဲဒါေတြကို ေျမျပင္မွာခင္းေနတယ္ဗ်။
“ညသန္းေခါင္မတိုင္ခင္ တူးရမယ္ေဟ့၊ ဒီေနရာက ၾကမ္းတယ္ဟ”
“မင္းက ဒီအျပင္စည္းမွာေစာင့္ေန၊ ငါနဲ႔က်န္တဲ့လူေတြက ေရတြင္းထဲကိုဆင္းၿပီးေတာ့ တူးၾကမယ္၊ မင္းဘာမွ ေၾကာက္မေနနဲ႔ သူတို႔ဒီစည္းကို မေက်ာ္ႏိုင္ဘူး”
က်ဳပ္လည္း ေခါင္းညိတ္လိုက္ရတာေပါ့ဗ်ာ။
“တစ္ခုေတာ့ရွိတယ္ေနာ္၊ မင္းစည္းအျပင္ကိုလုံး၀မထြက္ရဘူး၊ ငါတို႔အတြင္းစည္းထဲကိုလဲ ဝင္မလာနဲ႔ ဟုတ္ၿပီလား”
ေနာက္ေတာ့ ဆရာႀကီးက သူ႔လူေတြနဲ႔ တိုးတိုးတိတ္တိတ္တိုင္ပင္ေနတယ္ဗ်ာ၊ က်ဳပ္လည္း စည္းမေဖာက္ရဘူးဆိုေတာ့ သူတို႔ဘာေျပာသလဲဆိုတာကို သိပ္မၾကားရဘူးဗ်၊ သူတို႔ကေတာ့ သိုက္နန္းရွင္ေတြကိုဘယ္လိုခ်ဳပ္မယ္၊ ဘယ္လိုႏွိပ္စက္မယ္ဆိုၿပီး ေျပာေနၾကတာဗ်။
(၆)
ညကတျဖည္းျဖည္းေမွာင္လာၿပီဗ်၊ ညရွစ္နာရီေလာက္ေရာက္ေတာ့ သူတို႔ေရတြင္းထဲကေန ေက်ာက္တုံးႀကီးတစ္တုံးကိုဆြဲတင္လာၾကတယ္၊ ေက်ာက္တုံးႀကီးကလည္း ထူးဆန္းတယ္ဗ်၊ ရွည္ရွည္ေျမာေျမာႀကီးဗ်၊ အဲဒီေက်ာက္တုံးႀကီးကို ဖေနာင့္နဲ႔ေပါက္ၾက၊ ေဆးမႈန႔္ေတြနဲ႔ျဖဴးၾက၊ ႀကိမ္လုံးေတြနဲ႔႐ိုက္ၾကေတာ့ ေက်ာက္တုံးႀကီးက လူလိုေအာ္ငိုတယ္ဗ်ာ၊ က်ဳပ္ျဖင့္လန႔္ေနတာ၊ သူတို႔ေျပာတဲ့ သိုက္နန္းရွင္ဆိုတာလားေတာ့ မသိပါဘူးဗ်ာ။
ၿပီးေတာ့ သူတို႔စတူးၾကတာပဲ၊ ေရတြင္းႀကီးက ေရခမ္းေလ့မရွိေပမယ့္ ဒီလိုအခ်ိန္ဆိုရင္ ေရနည္းေနၿပီေပါ့ဗ်ာ၊ ႏႈံးေတြကိုတူးၿပီးေတာ့ ျခင္းေတြနဲ႔သယ္သယ္ထုတ္ၾကတာ၊ ဒီအခ်ိန္မွာပဲ ႐ြာေဟာင္းဘက္ကေန အလင္းေရာင္လုံးႀကီးတစ္ခု မိုးေပၚပ်ံတက္လာတယ္ဗ်ာ၊ က်ဳပ္လည္း အံ့ဩၿပီးၾကည့္ေနတာေပါ့၊ ေနာက္ေတာ့ အဘိုးႀကီးတစ္ေယာက္ လမ္းေလွ်ာက္လာတာဗ်ာ၊ က်ဳပ္ျဖင့္လန႔္တာ ေသေတာ့မလိုပဲ၊ မီးလုံးႀကီးကလည္း မိုးေပၚမွလင္းေနတယ္ဗ်ာ။
“ေဟ့ေကာင္ေတြ၊ မင္းတို႔ရပ္တန္းက ရပ္လိုက္ၾကစမ္း”
အသံၾကားလိုက္ေတာ့မွ ဦးဘသာႀကီးအသံျဖစ္ေနတာဗ်၊ ဦးဘသာႀကီးက စည္းအနားကိုကပ္လာေတာ့ သိုက္ဆရာနဲ႔တပည့္ေတြက ဦးဘသာႀကီးကိုၾကည့္ေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ ဦးဘသာႀကီးက က်ဳပ္ကိုၾကည့္ၿပီး
“ေဟ့ေကာင္ေလး၊ အဲဒီေက်ာက္တုံးႀကီးကို ေရတြင္းထဲကို ျပန္တြန္းခ်လိုက္စမ္း”
က်ဳပ္က အတြင္းစည္းဝိုင္းထဲကိုေျပးဝင္ၿပီးေတာ့ သူတို႔သယ္လာတဲ့ေက်ာက္တုံးႀကီးကို ေရတြင္းထဲကိုေျပးတြန္းထည့္လိုက္ပါေရာဗ်ာ၊ ေက်ာက္တုံးႀကီးက ေရတြင္းထဲက်သြားတာနဲ႔ ေရတြင္းထဲက ေရေတြအကုန္လုံးက ဝုန္းဆိုၿပီး ေရတြင္းအျပင္ကိုလွ်ံၿပီး ပန္းထြက္လာတာဗ်ာ၊ သိုက္ဆရာနဲ႔ တပည့္ေတြလည္း ဘာလုပ္ရမွန္းမသိျဖစ္ကုန္တာေပါ့။
“မင္း၊ မင္းဘာလုပ္တာလဲ”
သိုက္တစ္ေထာင္ငဖီးေခၚ ဦးဖီးက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့ ေျပာတာဗ်။
“ဟား၊ ဟား ခင္ဗ်ားတို႔သိုက္တူးေနတာကို ရပ္တန႔္ေပးတာေလဗ်ာ”
“မင္း၊ မင္းစည္းေဖာက္ရင္ မင္းဗိုက္ထဲကအင္းက မင္းကိုစီရင္လိမ့္မယ္”
က်ဳပ္လည္းေတာ္ေတာ္လန႔္သြားတာေပါ့ဗ်ာ၊ ဦးဘသာႀကီးက သူ႔လက္ဝါးကိုျဖန႔္ျပတယ္ဗ်၊
“မင္းေျပာတာ ဒီအင္းလားငဖီးရ”
ဦးဘသာႀကီးက လက္ထဲက အင္းလုံးကေလးကို ေျမႀကီးေပၚကိုပစ္ေပါက္ခ်လိုက္တယ္ဆိုရင္ပဲ အင္းလုံးကေလးက ဝုန္းခနဲေပါက္ၿပီးေတာ့ တစ္ေတာင္ေလာက္ရွည္တဲ့ လွံႀကီးတစ္ေခ်ာင္းျဖစ္သြားေရာဗ်ိဳ႕။
သိုက္ဆရာႀကီးက မယုံႏိုင္ေသးဘူး၊ ဒီအခ်ိန္မွာ ဦးဘသာႀကီးက အေရွ႕တက္လာတယ္။
“အလတ္ေကာင္၊ ငါနဲ႔လိုက္ခဲ့”
က်ဳပ္လည္းစည္းဝိုင္းအျပင္ကိုထြက္ၿပီးေတာ့ ဦးဘသာႀကီးအေနာက္မွာ သြားရပ္ေနတာေပါ့ဗ်ာ၊ ဦးဘသာႀကီးက သိုက္ဆရာကိုလက္ညႇိဳးထိုးၿပီး
“ငဖီး၊ မင္းျပန္ေတာ့၊ မင္းလူေတြေခၚၿပီး မင္းသြားေတာ့”
အဲဒီအခါမွာ ငဖီးဆိုတဲ့ဆရာႀကီးကလည္း ရယ္တယ္ဗ်။
“ဟား၊ ဟား ဘယ္သူမ်ားလဲလို႔ ဘသာပါလားကြ၊ မင္းလိုစုန္းက ငါ့ကိုျပဳစားလို႔ရမယ္လို႔ ထင္ေနတာလားကြ”
ဦးဘသာႀကီးနဲ႔ ငဖီးနဲ႔က သိေနတဲ့ပုံပဲဗ်၊ သူတို႔ခ်င္း အသက္သိပ္မကြာဘူးဆိုေပမယ့္ ဦးဘသာကေတာ့ ဦးဖီးထက္ အသက္ဆယ္ႏွစ္ေလာက္ ပိုႀကီးပုံရတယ္။
“ေဟ့ေကာင္ငဖီး၊ မင္းေအာက္လမ္းနည္းေတြသုံးၿပီးေတာ့ သိုက္ကေလးေတြကို တူးေနတာေတြ ေတာ္ေလာက္ၿပီငဖီး၊ မင္းျပန္ေတာ့”
“မျပန္ဘူးကြ၊ ငါဒီသိုက္ကိုရေအာင္တူးမွာ၊ ဒီသိုက္ကိုရရင္ ဒီသိုက္ထဲက ျပဒါးရွင္အျမဳေတလုံးကို ရမွာကြ”
“ေဟ့ေကာင္ငဖီး၊ မင္းေတာ္ေတာ့၊ ဒီျပဒါးရွင္လုံးက သူ႔ပိုင္ရွင္ကိုေစာင့္ေနတာကြ”
“ဟား ဟား အဲဒီပိုင္ရွင္က ငါပဲကြ၊ ငါျပဒါးရွင္လုံးရရင္ ဘာမွေၾကာက္စရာမလိုေတာ့ဘူးကြ၊ ဒီအခါ နာမည္ႀကီးတဲ့ ဘုရားသိုက္ေတြလိုက္တူးလို႔ရၿပီ၊ သိုက္ဗပါင္းတစ္ေထာင္ျပည့္ေအာင္တူးမယ့္ ငဖီးကြ”
“ဟား၊ ဟား၊ ဟား”
ဒီအခ်ိန္မွာပဲက်ဳပ္တို႔အနားမွာ ရယ္သံေတြၾကားလိုက္ရတယ္ဗ်၊ သိုက္ဆရာႀကီးရဲ႕ တပည့္ေလးေယာက္က ပတ္ဝန္းက်င္ကိုလွည့္ၾကည့္ရင္း အေတာ္ကိုတုန္လႈပ္ေျခာက္ခ်ားေနၿပီ၊ က်ဳပ္တို႔ကသာ ဘာမွမျမင္ရတာ၊ ေနာက္ေတာ့ တပည့္ေလးေယာက္စလုံး ေျခဦးတည့္ရာထြက္ေျပးၾကေရာဗ်ိဳ႕၊ ဦးဘသာႀကီးလွည့္ထြက္သြားေတာ့ က်ဳပ္လည္း သူ႔ေနာက္ကိုေျပးလိုက္ခဲ့တာေပါ့ဗ်ာ၊ သိုက္ဆရာႀကီးဦးဖီးကေတာ့ ေရတြင္းနားမွာတစ္ေယာက္တည္းက်န္ေနခဲ့တာေပါ့။
က်ဳပ္ကိုဦးဘသာႀကီးက တစ္လမ္းလုံးဆူပူႀကိမ္းေမာင္းလာတယ္။
“ဒါနဲ႔ ဦးဘသာႀကီးက က်ဳပ္ဒီေရာက္ေနမွန္းဘယ္လိုလုပ္ၿပီးသိတာလဲ”
“႐ြာထဲမွာ မင္းျပန္မလာလို႔ဆိုၿပီး ႐ုတ္႐ုတ္သဲသဲျဖစ္ေနၾကတယ္ကြ၊ ငါလည္းစဥ္းစားလိုက္ေတာ့ မင္းက သိုက္စာေတြအေၾကာင္းေျပာေနတာနဲ႔ အဲဒါနဲ႔မ်ားသက္ဆိုင္မလားဆိုၿပီး ဒီကိုလိုက္လာခဲ့တာ”
“ဒါဆို၊ က်ဳပ္ဗိုက္ထဲက အင္းကိုေရာ ဦးဘသာႀကီး ဘယ္လိုလုပ္ၿပီးထုတ္လိုက္တာလဲ”
“မင္းကိုႀကိမ္နဲ႔တို႔လိုက္ကတည္းက မင္းဗိုက္ထဲက အင္းကိုငါထုတ္လိုက္တာကြ”
က်ဳပ္ျဖင့္ ဦးဘသာႀကီးကို မခ်ီးက်ဴးဘဲ မေနႏိုင္ပါဘူးဗ်ာ။
“ဒါဆို သိုက္ဆရာေတြ ဘာျဖစ္ၾကမွာလဲ ဦးဘသာ”
“သူတို႔ခင္းတဲ့လမ္း၊ သူတို႔ေလွ်ာက္ရမွာေပါ့ကြာ၊ ကဲ လာလာ ႐ြာထဲအျမန္သြားရေအာင္၊ မင္းမိဘေတြ မင္းကိုစိတ္ပူေနၿပီကြ”
က်ဳပ္တို႔႐ြာထဲကိုလည္းေရာက္ေရာ အေမကက်ဳပ္ကိုေဆာ္ေတာ့တာပဲဗ်ာ၊ မေျပာမဆိုနဲ႔ ေပ်ာက္သြားၿပီးေတာ့ ညကိုးနာရီမွ ျပန္ေရာက္လာတာကိုးဗ်ာ၊ က်ဳပ္လည္း အမွန္အတိုင္းဘယ္ေျပာရဲမလဲ၊ အရက္ေသာက္ၿပီးေတာ့ အမူးလြန္ၿပီး ႐ြာျပင္နားမွာ အိပ္ေပ်ာ္ေနတာလို႔ ေျပာလိုက္ရတာေပါ့ဗ်ာ။
အဲဒီညမွာပဲ ညသန္းေခါင္ေလာက္ေရာက္ေတာ့ စူးစူးဝါးဝါး ေအာ္ဟစ္သံႀကီးကို တစ္႐ြာလုံး ၾကားလိုက္ရတယ္ဗ်၊ အသံႀကီးက အက်ယ္ႀကီးပါ။ ၿပီးေတာ့ လႈိဏ္ေခါင္းသံလိုလို ပဲ့တင္ထပ္ေနေသးတယ္၊ ႐ြာကအိပ္ေနတဲ့လူေတြေတာင္ လန႔္ႏိုးၿပီး ဘာျဖစ္တာလဲလို႔ အခ်င္းခ်င္းေမးၾကျမန္းၾကနဲ႔ေပါ့၊ အေဖေတာင္မွ ႐ြာသားေတြစုၿပီး ႐ြာတစ္ပတ္လွည့္ၾကည့္ေသးတယ္ဗ်၊ ေနာက္ေတာ့ ဘာမွမေတြ႕တာနဲ႔ ျပန္အိပ္ၾကတာေပါ့၊ က်ဳပ္က အေၾကာင္းသိေနတဲ့သူဆိုေတာ့ ထမၾကည့္ေတာ့ဘဲ ေခြေခြကေလးအိပ္ေနလိုက္တယ္ဗ်ာ။
“အလတ္ေကာင္ေရ၊ မင္းနဲ႔ကာလသားေတြနဲ႔ ႐ြာျပင္ဇရပ္က ခရီးသြားေတြက်န္ခဲ့တဲ့ အရာေတြကိုသိမ္းဆည္းလိုက္စမ္းကြာ”
အေဖအမိန႔္ေပးလို႔ က်ဳပ္နဲ႔႐ြာသားေတြ ဇရပ္ေပၚကိုတက္ၿပီး သိမ္းၾကတာေပါ့ဗ်ာ၊ ဟိုလူေတြေတာ့ ဘယ္ေရာက္သြားမွန္းကိုမသိပါဘူး၊ သူတို႔အထုပ္အပိုးေတြသိမ္းၿပီးေတာ့ ရဲေတြဘာေတြေခၚၿပီး ျပလိုက္ေသးတယ္၊ ဒီေတာ့မွ ႐ြာကလူေတြကသူတို႔ကို သိုက္တူးသမားေတြဆိုၿပီး သိသြားၾကတာဗ်၊ သူတို႔ဆီက ဘာမွန္းမသိတဲ့ အင္းေတြကိုေတာ့ ေျမျမႇဳပ္ၿပီး ဖ်က္ဆီးလိုက္ၾကတာေပါ့ဗ်ာ။
ဒီေန႔ေတာ့ေတာ္ေလာက္ၿပီဗ်ာ၊ သိုက္တစ္ေထာင္ငဖီးလည္း သိုက္တစ္ေထာင္မျပည့္ခင္မွာပဲ ေသဆုံးသြားတယ္ဆိုပါေတာ့၊ သိုက္နန္းရွင္ေတြကပဲ သူ႔ကိုေခၚသြားတာလား၊ သူ႔ရဲ႕အင္းေတြကပဲ သိုက္မၿပီးေတာ့တာလားဆိုတာေတာ့ မသိေတာ့ပါဘူးဗ်ာ။
ၿပီးပါၿပီ။
#အဂၢေဇာ္