“စုန်းထီးကြီးဦးဘသာနှင့် သသူခိုးတော်တော်ဆိုး”(စ/ဆုံး)

“စုန်းထီးကြီးဦးဘသာနှင့် သသူခိုးတော်တော်ဆိုး”(စ/ဆုံး)

=================================

(၁)

တစ်ရက်တော့ ကျုပ်နဲ့ဦးဘသာ ယာတဲကလေးထဲထိုင်ပြီး စကားပြောနေကြတုန်း လူတစ်ယောက်က တဲအနားရောက်လာသဗျ၊ အဲဒီလူနာမည်က ကိုအုန်းခင်တဲ့ဗျ၊ ကျုပ်တို့ရွာသားပါပဲဗျာ။ ဦးဘသာက စကားပြောရင်း ကိုအုန်းခင်ကိုမြင်တော့

“ဟေ့ အုန်းခင်၊ မင်းကိုမတွေ့တာ ကြာပါပြီကော၊ ဘယ်သွားနေလို့လဲကွ”

ယာတဲနားကဖြတ်သွားတဲ့ ကိုအုန်းခင်က ယာတဲထဲကိုလှမ်းဝင်လာရင်း

“ဟုတ်တယ် ဦးဘသာ၊ မတွေ့ဆို ကျုပ်အင်းခြေဘက်ရောက်နေတာကိုးဗျ”

ကိုအုန်းခင်က ယာတဲတိုင်ကလေးကို မှီပြီးလာရပ်တယ်ဗျ။

“အင်းခြေဆိုတော့ ဘယ်အင်းခြေလဲဗျ”

“ဟာကွာ၊ ဘယ်အင်းခြေရှိရမှာလဲ ကွေးကောက်အင်းရဲ့ မြောက်ဘက်က အင်းခြေလေကွာ”

ကျုပ်တို့ပြောဆိုနေတာကို ဦးဘသာက ခေါင်းတညိတ်ညိတ်နဲ့ကြည့်နေရင်း

“အင်းခြေမှာ ဘာသွားလုပ်တာလဲကွ”

“အင်းခြေရွာက ရေကျသွားရင် နှုန်းပြင်တွေပေါ်တယ်လေဗျာ၊ အဲဒီနှုန်းမြေတွေမှာ ကိုင်းစိုက်ကြတယ်၊ ကျုပ်သူငယ်ချင်းတစ်ယောက် ကိုင်းစိုက်တာ အဆင်ပြေတယ်ဆိုတာနဲ့ ဒီနှစ်တော့ ဒီကောင်နဲ့လိုက်သွားပြီး ကိုင်းသွားစိုက်နေတာဗျ”

“ဟ၊ ကောင်းသားပဲကွ၊ အဆင်ရောပြေတယ်မဟုတ်လား”

ကိုအုန်းခင်က ခေါင်းကုတ်ရင်း

“စိုက်ပျိုးရေးကတော့ အဆင်ပြေပါတယ်ဗျာ၊ နှုန်းမြေနုတွေဆိုတော့ မြေဆီလည်းသိပ်ကောင်းတာဗျ၊ အဲ မပြေတာကတော့ . . .”

ကိုအုန်းခင်က စကားဆက်မပြောသေးဘဲ သူ့ဦးထုပ်နဲ့သူ့ကိုယ်သူယပ်ခပ်နေသေးသဗျာ၊ ကျုပ်ကလည်း ဒါမျိုးဆိုမရဘူး သိပ်သိချင်တာမဟုတ်လား။

“မပြေတာက ဘာလဲဗျ”

“မပြေတာက သူခိုးသိပ်ပေါတာကွ”

“ဟာ၊ ဒါတော့ ကျုပ်ကြားဖူးတယ်၊ အဖေတို့အရင်က ခဏခဏပြောတယ်ဗျာ၊ အင်းခြေရွာတို့ ကွေးကောက်ရွာတို့ဆိုတာ လူဆိုးလူမိုက်သိပ်ပေါတာတဲ့ဗျ၊ စည်းတို့ဘောင်တို့နားမလည်ပဲ လစ်ရင်လစ်သလို လုပ်တတ်တဲ့လူတွေတဲ့ဗျာ”

“သူခိုးပေါတာတော့ ပြောမနေပါနဲ့ အလတ်ကောင်ရာ၊ အင်းခြေရွာကလူတွေက တို့ကိုင်းလုပ်တဲ့ တဲအိမ်စုတွေထဲကို ဆင်းဆင်းပြီးခိုးကြတာကွ၊ ခိုးတာကလည်း ဘာမှမရှောင်ဘူးဟေ့ကောင်ရေ၊ တွေ့တာခိုးတာ၊ ဘာမှခိုးစရာမရှိရင်တောင် တောင်းတွေ၊ ပလုံးတွေ၊ နောက်ပြီး ပုခုံးတင် ခေါင်းခုတဲ့ ပုဆိုးစုတ်ကအစ ခိုးတာပါဆိုကွာ၊ ဘာမှမရရင်တောင် ကိုင်းခင်းထဲဆင်းပြီး အပင်တွေကို ခိုးနှုတ်ကြသေးတယ်ကွ၊ အပင်တွေက သီးပွင့်လို့ခိုးတယ်ဆို ထားပါတော့ကွာ၊ အခုက တမင်ဖျက်လိုဖျက်ဆီးလုပ်တာကွ”

“အဲဒီရွာကလူတွေ စာရိတ္တမကောင်းဘူးလို့ပဲ ပြောရမှာပေါ့ အုန်းခင်ရ”

“စာရိတ္တ မကောင်းချက်ကတော့ သူများပစ္စည်းကိုယ့််ပစ္စည်းလို့ကို ထင်နေတာဗျို့၊ မိသွားရင်လည်း ခပ်ပြောင်ပြောင်ပဲဗျ၊ မချေမငံပြောရင် သူတို့ကပဲ ရိုက်မယ်ပုတ်မယ်လုပ်လို့ သူတို့ကိုပြန်ကြောက်နေရတယ်၊ တစ်နေ့တစ်နေ့ မပျောက်တဲ့ပစ္စည်းကိုမရှိဘူး အခုတောင် ငှက်ဖျားပြန်ထလို့ ရွာပြန်လာပြီးဆေးကုတာဗျာ၊ ဟိုပြန်သွားရင် တစ်တဲလုံးများ ပြောင်နေမလားမသိဘူး”

“ကိုအုန်းခင်က တဲကိုဒီအတိုင်းထားခဲ့တာပဲလားဗျ၊ သူခိုးတွေအတွက် စိတ်ကြိုက်ဖြစ်သွားမှာပေါ့”

“ငါ့မိန်းမနဲ့ ငါ့သားကြီးနဲ့ရှိတယ်လေကွာ၊ ဒီအတိုင်းထားခဲ့လို့တော့ ရမလားကွ၊ ကိုင်းထဲက သီးနှံတွေပေါ်တော့မယ်ဆိုတော့ ငါလည်းပြန်ချင်နေပြီ၊ မနက်ဖြန်၊ သဘက်ခါလောက်တော့ အင်းခြေပြန်မယ်ဟေ့”

“ဒီအတိုင်းဆို အင်းခြေရွာသားတွေက တော်တော်ဆိုးဆိုးပဲဗျ”

ဦးဘသာက သက်ပြင်းတစ်ချက်ချရင်း

“စာရိတ္တညံ့ဖျင်းတဲ့လူတွေများတဲ့ရွာက ဘယ်တော့မှမကြီးပွားဘူးတဲ့ အုန်းခင်ရ”

“ဟုတ်တယ်ဗျ၊ ဒါကြောင့်အင်းခြေရွာက ဟိုးအရင်ကလည်း ခပ်သေးသေး၊ အခုလည်း ခပ်သေးသေးပဲ၊ သူတို့ရွာအလုပ်ဖြစ်နေတယ်ဆိုတာကလည်း နှုန်းမြေတွေမှာ စွန့်စားပြီး ကိုင်းလာစိုက်တဲ့လူတွေကြောင့်ဗျ၊ သူတို့က အဲဒီလူတွေကို အမှီသဟဲပြုပြီး စားသောက်နေရတာ”

ကျုပ်က ဦးဘသာကို ကြည့်လိုက်ပြီး

“ကိုအုန်းခင်ကြီးလည်း သနားပါတယ်ဗျာ၊ ဒါနဲ့ဦးဘသာ၊ အိမ်ကို သူခိုးမလာတဲ့နည်း၊ သူခိုးမကပ်တဲ့နည်းတွေဘာတွေမရှိဘူးလားဗျ”

ဦးဘသာက တစ်ချက်တွေတွေကြီးစဉ်းစားနေရင်း

“ရှိတယ်ကွ၊ ရှေးမြန်မာကြီးတွေ သုံးခဲ့တဲ့ နည်းတစ်ခုရှိတယ်”

ဦးဘသာပြောတော့ ကိုအုန်းခင်မျက်လုံးတွေ အရောင်လက်သွားတယ်ဗျာ။

“ဟာ၊ ဟုတ်လားဦးဘသာ၊ ဒါဆို ကျုပ်ကိုအဲဒီနည်းပေးပါလား”

ဦးဘသာက ရေနွေးတစ်ကျိုက်မော့သောက်လိုက်ပြီးတော့ သူ့ပါးစပ်ထဲ ပလုပ်ကျင်းပြီး တဲအနောက်ဘက်ကိုထွေးထည့်လိုက်တယ်ဗျ၊ ပြီးတော့မှ

“ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ ရန်စီစီတဲ့ကွ”

ဦးဘသာပြောတာတွေနားထောင်ပြီး ကျုပ်ကမျက်မှောင်ကြုတ်မိလိုက်တယ်။

“ဘာလဲ ဦးဘသာ၊ ဦးညိုက သူ့မိန်းမခေမာကို ကိုသုတနဲ့တွဲပြီးမြင်လိုက်လို့ ရန်လုပ်တယ်လို့ပြောချင်တာလား”

ကျုပ်ထပြောတော့ ဦးဘသာမှာ ရယ်လိုက်တာပြောမနေပါနဲ့တော့ဗျာ၊ သူ့ဗိုက်ကိုသူဖိပြီးတော့ ရယ်နေပါရော။ ခဏကြာတော့မှ စကားဆက်ပြောနိုင်တယ်ဗျာ။

“အလတ်ကောင်ရာ၊ မင်းကတော့ ပေါက်ကရအကုန်တွေးတတ်တယ်၊ ဒါက ရှေးလူကြီးတွေ မှတ်သားခဲ့တာကွ”

ကျုပ်ကိုလှောင်ရယ်နေတဲ့ ဦးဘသာကို ကျုပ်ကမျက်စောင်းထိုးလိုက်ရင်း

“အိုဗျာ၊ အဲဒါပဲပြောမလို့၊ အဲဒီရှေးလူကြီးတွေကိုလည်း ကျုပ်သိပ်မုန်းတာပဲဗျာ”

“ဟာ၊ ရှေးလူကြီးတွေကို မုန်းသတဲ့လား၊ ဆိုစမ်းပါအုံးကွာ”

“ဟုတ်တယ်လေဗျာ၊ တစ်ခုခုကိုရင် လင်္ကာတွေဘာတွေစပ်ပြီးတော့ စကားဝှက်လိုလို ပဟေဠိလိုလိုနဲ့ လုပ်တတ်သေးတယ်မဟုတ်လား၊ ဟိုနေ့ကပဲ ပုံပြင်တစ်ပုဒ်ဖတ်ကြည့်တာ၊ အဖေက သားသုံးယောက်ကိုခေါ်ပြီးတော့ တစ်ရွာတစ်ကျီဆောက်ပါ၊ အိမ်နောက်ဖေးဈေးဆိုင်တည်ပါ၊ ခေါင်းတစ်ရာသားကိုစားပါဆိုပြီး မဟုတ်ကဟုတ်ကတွေပြောတယ်ဗျာ၊ ဒီတော့ အရှေ့က သားနှစ်ယောက်က အဖေ့စကားဆိုပြီး လိုက်လုပ်ရင်း မွဲသားကြတယ်မဟုတ်လား၊ သားသမီးတွေကို တန်းတူချစ်တယ်ဆိုရင် သားသုံးယောက်စလုံးကို အိမ်နောက်ဖေးမှာဟင်းသီးဟင်းရွက်စိုက်ကွာ၊ ငါးသေးငါးမွှားလေးတွေစား၊ ပုဆိုးကိုတစ်နေ့သုံးခါလှည့်ဝတ် ဒီလိုမျိုးကောင်းကောင်းမွန်မွန်ပြောလိုက်ရင် သားသုံးယောက်စလုံး အဆင်ပြေမသွားဘူးလားဗျာ၊ အဲဒါ အဲဒီအဘိုးကြီးအသုံးမကျတာပဲဗျ”

“အလတ်ကောင်ကလည်းကွာ၊ ဒါက ပုံပြင်ပါကွ၊ ဉာဏ်ရှိတဲ့လူက သူများထက်တပန်းသာတယ်ဆိုတဲ့ အကြောင်းပြောချင်တာပါကွ”

“အို၊ ဘာပဲဖြစ်ဖြစ်၊ ဒီအဘိ်ုးကြီးမကောင်းတာ အခုလည်း ဦးညိုခေမာဆိုလား လုပ်ပြန်ပြီ”

“ဟေးဟေး၊ ဒါကတော့ မင်းပြောသလို ပဟေဠိမဟုတ်ပါဘူးကွာ၊ တို့ဗမာအယူအဆအရ မိတ်ဘက်၊ ရန်ဘက်ဆိုတာ ရှိတယ်ကွ၊ ခုနက ပြောတဲ့ ဦးညို၊ ခေမာ၊ သုတ၊ ဝေရီဆိုတာ ရန်ဘက်တွေကိုပြောတာ”

ဦးဘသာက ဆက်ပြီးတော့

“ဦးညိုဆိုတာ တနင်္ဂနွေနဲ့အင်္ဂါဆိုတာ ရန်ဘက်ကွ၊ ခေမာဆိုတာ တနင်္လာနဲ့ ကြာသပတေးက မတည့်ဘူး၊ သုတဆိုတာကတော့ သောကြာနဲ့စနေပေါ့ကွာ၊ ဝေရီဆိုတော့ ဗုဒ္ဓဟူးချင်းမတည့်ဘူးလို့ပြောတာ”

“အဲဒါနဲ့ သူခိုးနဲ့ဘာဆိုင်လို့လဲဗျ”

“ဒီနည်းက ဓါတ်နည်းကွ၊ ဓါတ်တူနံတူမိတ်ဘက်ယူ နံတူသတ်က အသေရတဲ့ကွ၊ ခုနကပြောတဲ့အတိုင်း ဆက်ပြောရင် သူခိုးဆိုတာ သနဲ့ခနဲ့ပေါင်းထားတာ၊ တစ်နည်းအားဖြင့်ပြောရင် သဆိုတာ သောကြာ၊ ခဆိုတာ တနင်္လာမဟုတ်လား”

“ဟုတ်တယ်လေဗျာ”

“အဲဒီသူခိုးမလာအောင်ဆိုရင် ရန်ဘက်ဓါတ်နဲ့ ရိုက်ထုတ်ရတယ်ကွ၊ ခုနက စာချိုးအရ သောကြာရဲ့ရန်ဘက်က ဘာတုန်းကွ”

“ဦးညိုခေမာ သုတ . . . အဲ . . သုတဆိုတော့ သောကြာရဲ့ရန်ဘက်က စနေဗျ”

“အေး၊ ခိုးဆိုတဲ့ တနင်္လာရဲ့ ရန်ဘက်ကရောကွာ”

“ခေမာဆိုတော့ ကြာသပတေးပေါ့ဗျာ”

“ဒါဆို သူခိုးရဲ့ရန်ဘက်က စနေနဲ့ ကြာသပတေး ဟုတ်တယ်မဟုတ်လား၊ ဒါပေမယ့် ဓါတ်သဘောအရ မလာစေချင်တဲ့ဓါတ်ကို နံတူသွားရိုက်လို့မရဘူးကွ၊ ကက်ကင်းရိုက်ရတယ်၊ ကက်ကင်းအသက်ပြင်းတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား၊ ဒါကြောင့် စနေကြာသပတေးကို ကက်ကင်းအနေနဲ့ ကြာသပတေး စနေနဲ့ရိုက်ရတယ်ကွ”

“ကက်ကင်းတွေ အသက်ပြင်းတွေ လုပ်မနေပါနဲ့ ဦးဘသာရာ၊ အဲဒီတော့ ကိုအုန်းခင်က ဘာလုပ်ရမှာလဲ”

“ကြာသပတေးဆိုတော့ ပ၊ဖ၊ဗ၊ဘ၊မကွ၊ စနေဆိုတော့ တ၊ထ၊ဒ၊ဓ၊နလေ၊ ဒီတော့ ဒီနှစ်ခုလုံးပါတဲ့အသားကိုရှာလိုက်ရင် ပိတောက်သားလို့တွေ့လိမ့်မယ်ကွ”

ကိုအုန်းခင်က အားတက်သရောနဲ့

“ပိတောက်သားဟုတ်တယ်ဗျာ၊ ဘာဆက်လုပ်ရမလဲ”

“သူခိုးမလာအောင်လို့ ကက်ကင်းငါးချက်အစီအရင်ဆိုတာရှိတယ်ကွ၊ အရင်ဆုံး ပန်းပုထုရမယ်၊ ခုခေတ်တော့ ဘုရားစောင်းတန်းတွေဘာတွေမှာ ပန်းပုလုပ်ငန်းတွေရှိတယ်၊ လိုချင်တဲ့အသားလဲ သူတို့ဆီမှာရတော့ ဟန်ကျတာပေါ့ကွာ”

“အရင်ဆုံး ပိတောက်သားနဲ့ ပိတုန်းပုံထုရမယ်၊ ပိတုန်းဆိုတာလည်း ကြာသပတေးစနေပဲလေ၊ ပြီးရင်ပိတုန်းရဲ့ဝမ်းမှာ အပေါက်ဖောက်ပြီး ပြဒါးထည့်ရမယ် ပြဒါးဆိုတာလည်း ကြာသပတေးစနေပဲ၊ ပြီးရင်တော့ အဲဒီအပေါက်ကို ပဒိုင်းသားနဲ့ ပိတ်၊ အိမ်ရဲ့ပြတင်းပေါက်အပေါ်မှာ ချိတ်သာထားလိုက်စမ်းကွာ၊ မင်းပြောတဲ့သူခိုး လာကိုလာရဲမှာမဟုတ်တော့ဘူး”

ဦးဘသာပြောသမျှကို ကျုပ်ကလက်ချိုးရေတွက်ရင်း

“ပိတောက်၊ ပိတုန်း၊ ပြဒါး၊ ပဒိုင်း၊ ပြတင်း . . .ဟာ အားလုံးက ကြာသပတေးစနေတွေချည်းပါပဲလားဗျာ”

“ဒါရှေးလူကြီးတွေသုံးတဲ့နည်းကွ၊ ရှေးလူကြီးတွေ သစ်သားအိမ်တွေဘာတွေဆောက်ရင် ပြတင်းပေါက်အပေါ်မှာ ပိတုန်းပုံတွေထုထားတာ ရှေးအိမ်တွေရောက်ရင် မြင်ဖူးကြလိမ့်မယ်၊ အဲဒါ အလကားအလှလုပ်ထားတာမဟုတ်ဘူးကွ၊ အင်္ဂလိပ်ခေတ်က တောင်ငူဘက်မှာ သူဌေးကြီးတစ်ယောက်ရှိတယ်ကွ၊ သူ့ကိုလူတွေက တံခါးဖွင့်သူဌေးလို့ခေါ်တယ်၊ အိမ်ထဲမှာ ရတနာတွေ၊ လက်ဝတ်လက်စား၊ အသုံးအဆောင်တွေကို ဒီအတိုင်းထားတာ၊ တစ်ခါမှလည်း သူ့အိမ်ကိုတံခါးပိတ်တယ်လို့မရှိဘူးတဲ့ကွာ၊ ဒါတောင်မှ သူခိုးသူဝှက် မကပ်နိုင်ဘူးဆိုပဲ၊ သူ့အိမ်ကိုခိုးမယ်ဆိုပြီး ကြံတာနဲ့ အကြံပျက်ရောပဲ”

“ဟာ၊ ဒါဆို ဒီအစီအရင်အတိုင်း စီရင်ထားတာပေါ့နော်”

“အေးပေါ့ကွ အလတ်ကောင်ရ”

“ဒါဆို ဒီသူဌေးကြီး ဘာဆက်ဖြစ်သွားသလဲဗျာ”

“ခေတ်မကောင်းတဲ့အချိန် ဓါးပြတိုက်ခံရလို့ တစ်အိမ်လုံးပြောင်ပြီး သူဌေးကြီးလည်း သေသွားတာပဲ”

“ဟာဗျာ၊ ဦးဘသာကတော့ လုပ်တော့မယ်၊ ကျုပ်က အကောင်းမှတ်လို့”

“ဟ၊ သူက သူခိုးပြေးအစီအရင်ပဲလုပ်ထားတာလေ၊ ဓါးပြပြေးလုပ်ထားတာမှ မဟုတ်တာကွ၊ ဟား ဟား”

ဦးဘသာက အားရပါးရ ရယ်တော့တယ်ဗျ၊ ကိုအုန်းခင်ကတော့ ခေါင်းညိတ်ရင်း

“ဟုတ်ပြီဦးဘသာရာ၊ ကျုပ်အခု အင်းခြေမပြန်ခင် မနက်ဖြန်မြိုင်သာတက်မယ်၊ ရွှေမြင်တင်ဘုရားက ပန်းပုဆိုင်တွေမှာ ဦးဘသာပြောတဲ့အတိုင်း ပိတုန်းရုပ်ထုပြီးတော့ စမ်းကြည့်မယ်ဗျာ”

“လုပ်လိုက်စမ်းပါကွ၊ စမ်းကြည့်လိုက်စမ်းပါ၊ ပိတုန်းရောက်ပြီးတော့မှ မင်းအိမ်ကိုသူခိုးလာကပ်ရင် ငါ့လည်ကိုလာဖြတ် ဟုတ်ပြီလား”

ကိုအုန်းခင်တစ်ယောက် ပျော်ရွှင်သွားပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ယာတဲထဲက ထွက်သွားပါရောဗျို့။

(၂)

နောက်တစ်နေ့မနက်အစောကြီး ကာလသားခေါင်းကိုမြင့်တစ်ယောက် အိမ်ကိုရောက်လာပါရောဗျာ၊ အပြေးတစ်ပိုင်းနဲ့ရောက်လာတာဗျ၊ ခြံရှေ့ကတည်းက အသံရှည်ဆွဲပြီး အော်ပါရော။

“သူကြီးရေ၊ ပါသွားပြီ၊ ပါသွားပြီဗျ”

အဖေက ကိုမြင့်ကိုကြည့်ရင်း

“ဟေ့ကောင်ငမြင့် အဆုံးမရှိအစမရှိနဲ့ မင်းကြီးဒေါ်ကြီး ပါသွားတာလားကွ”

“ဟာ၊ သူကြီးကတော့လုပ်ပြီ၊ ပါသွားတာက ရွာဦးကျောင်းဆရာတော်ဗျ”

“ဟေ၊ ရွာဦးကျောင်းဆရာတော်က ဘယ်ဒကာမက ခိုးသွားတာလဲကွ”

ကိုမြင့်က အမောတကောနဲ့

“သူကြီးကတော့ ကိုယ်လိုရာဆွဲတွေးပြန်ပါပြီဗျာ၊ ညက ရွာဦးကျောင်းကို သူခိုးကပ်လို့ဗျ၊ အခုရွာဦးကျောင်းက ဆင်းတုတွေပျောက်သွားပြီ၊ အဲဒါ သူကြီးကိုလာအကြောင်းကြားတာဗျ။

အဖေက ငေါက်ခနဲမတ်တပ်ထရပ်လိုက်ပြီး

“ဟာ၊ ဘယ်လိုခွေးသူခိုးက ခိုးသွားတာလဲကွာ၊ အေးအေး၊ ငါလာပြီခဏစောင့်”

အဖေနဲ့ကိုမြင့်နဲ့ အိမ်ကနေခပ်သုပ်သုပ်ထွက်သွားကြတယ်၊ ဒါမျိုးကျတော့ ကျုပ်လည်းမသိလို့မဖြစ်ဘူးမဟုတ်လားဗျာ၊ ဒါနဲ့သူတို့အနောက်ကနေ ခပ်မြန်မြန်ပြေးလိုက်ခဲ့ပါရော။

မနက်ခြောက်နာရီတောင်မထိုးသေးဘူး ရွာဦးကျောင်းမှာ လူတွေစည်ကားနေပြီဗျ၊ ကျောင်းအတက် သရက်ထောင်လှေကားအရင်းမှာ လူတွေကိုအုံခဲနေတာပဲဗျာ၊

“အားလုံးဘေးဖယ်ကြစမ်း၊ သူကြီးလာပြီ သူကြီးလာပြီ”

လူတွေက ရှဲသွားကြတယ်ဗျ၊ ကျုပ်လူတွေကြားထဲတိုးပြီးတော့ ဘာများလဲလို့သွားကြည့်လိုက်တော့

“အောင်မယ်လေး၊ ချေးပုံကြီးဗျာ၊ ရွှံစရာကောင်းလိုက်တာ ဝေါ့ . . .ဝေါ့”

လူတွေက ကျုပ်ကိုကြည့်ပြီး ဝိုင်းရယ်ကြတယ်ဗျ၊ ကျုပ်ကလည်း လူတွေဘက်လှည့်ပြီး

“ခင်ဗျားတို့ဗျာ၊ ချေးပုံကို ဒီလောက်တောင်အုံခဲပြီးကြည့်နေရအောင် ချေးမမြင်ဖူးဘူးလားဗျ”

“အလတ်ကောင်ရ၊ ဒီချေးက သာမန်ချေးပုံမဟုတ်ဘူးကွ”

လူတွေက ကျုပ်ကိုပြန်ပြောတယ်။

“သာမန်ချေးပုံမဟုတ်ရအောင် ရွှေမှုန်တွေစားပြီးတော့ ပါထားတဲ့ချေးမို့လားဗျာ”

“ဟေ့ကောင်၊ ငါတို့ကိုပတ်မရမ်းနဲ့ မင်းအလုံးနဲ့သေချာကြည့်”

ချေးပုံက တော်တော်နံတာဗျ၊ ကျုပ်လည်း နှာခေါင်းကိုလက်နဲ့ညှစ်ပိတ်ပြီး သေချာကြည့်တော့မှ ချေးပုံအပေါ်တည့်တည့်မှာ အမွှေးတိုင်တုတ်အတိုကလေးတစ်ချောင်းကိုတွေ့လိုက်ရတယ်၊ ပြီးတော့ ချေးပုံအောက်မှာလည်း အဖြူရောင်စက္ကူလေးတစ်ခုလိုပဲဗျ”

“ဟာ၊ အေးဗျ၊ ချေးပုံကထူးဆန်းနေတယ်”

“အဲဒါ သူခိုးက အိပ်မွှေ့ချသွားတာကွ”

ဦးဘသာက ပြောရင်းအနားကိုကပ်လာတော့ ရွာသားတွေက ဦးဘသာကိုကြည့်ပြီး အနောက်ဆုတ်ပေးလိုက်ကြတယ်၊ အဖေက ဦးဘသာကိုကြည့်ရင်း

“ဘယ်လိုပြောလိုက်တာလဲ ဦးဘသာ”

“လူတွေအိပ်သွားအောင် အိပ်မွှေ့ချတဲ့အောက်လမ်းနည်းတစ်ခုကို သုံးထားတာသူကြီးရ၊ မယုံရင် အဲ့ဒီချေးပုံကို ဖယ်ကြည့်ုလိုက်၊ အောက်မှာ အင်းတစ်ကွက်တွေ့ရလိမ့်မယ်”

ကျုပ်လည်း မယုံတာနဲ့ အနားက ဝါးခြမ်းပြားတစ်ခုကောက်ပြီး ချေးပုံကိုမွှေကြည့်လိုက်တယ်ဗျ၊ ဦးဘသာပြောတဲ့အတိုင်းပဲဗျာ၊ ချေးပုံအောက်မှာ မှိုင်းကိုင်စက္ကူနဲ့ရေးထားတဲ့ အင်းတစ်ခုတွေ့တယ်ဗျ၊ ရေးထားတာကတော့ တစ်နှစ်သုံးလေး ဂဏန်းတွေကို အချွန်ပုံစံလေးတွေ ရေးထားတာဗျ။

“ဒီအင်းကို အိပ်မွှေ့ချအင်းလို့ခေါ်တယ်၊ အောက်လမ်းသမားတွေကတော့ မိုးလင်းအင်းတဲ့၊ ဒီအင်းချပြီး အပေါ်က ချေးပါပြီး အမွှွေးတိုင်စိုက်ထားရင် ဒီအနံ့ကိုရတဲ့လူ၊ ဒီအဝန်းအဝိုင်းထဲမှာ နေတဲ့လူတွေက မိုးစင်စင်လင်းတော့မှ နိုးသတဲ့”

“ဟုတ်ပါ့ဗျာ၊ ဟုတ်ပါ့၊ ကျုပ်ဆို မနက်ကမနိုးလို့ အုန်းမောင်းတောင် မခေါက်လိုက်ရဘူး”

ကျောင်းပေါ်က ဦးဇင်းတစ်ပါးကဆင်းလာသဗျ။

“သူကြီးလည်းပါလာတာနဲ့အတော်ပဲဗျာ၊ ကဲ ကဲ ကျောင်းပေါ်ကိုတက်ပြီး စနည်းနာကြည့်ပါအုံး”

အဖေတက်မယ်လုပ်တော့ ရွာသားတွေပါ လှေကားကနေတက်ဖို့ပြင်တယ်၊ ဒီအခါ ဦးဇင်းက

“နေအုံး ခင်ဗျားတို့အကုန်လုံးတက်လို့ဘယ်ဖြစ်မလဲ”

“ဘာဖြစ်လို့ တက်မရတာလဲ ဦးဇင်းရဲ့”

“ခင်ဗျားတို့တက်ရင် ကျောင်းပေါ်က သူခိုးရဲ့ခြေရာလက်ရာတွေ အကုန်ပျက်သွားမယ်မဟုတ်လား၊ အောက်မှာပဲ နေခဲ့ကြ၊ ပြီးတော့မှ ကြည့်၊ ဟုတ်ပြီလား”

အဖေနဲ့လူကြီးတစ်ချို့ကျောင်းပေါ်တက်ကြတယ်ဗျ၊ ဦးဘသာကလည်း ကျောင်းလှေကားမှာ ခုံဖိနပ်ချွတ်ပြီးတော့ ကျောင်းပေါ်တက်ဖို့ပြင်တယ်၊ ဦးဇင်းက ဦးဘသာကိုအတက်မခံချင်တဲ့ပုံစံပါပဲဗျာ၊ ကျုပ်က အဖေ့ကိုလက်တို့လိုက်တော့ အဖေက ဦးဇင်းမျက်နှာကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်မှ ဦးဘသာက ကျောင်းပေါ်တက်လို့ရတယ်။

ကျောင်းကြမ်းပြင်မှာ ခြေရာတစ်ခုကိုတွေ့ရတယ်၊ ခြေရာက ဘုရားဆင်းတုတွေ ထားတဲ့ ကျောင်းဆောင်ဘက်ကိုဦးတည်သွားတဲ့ပုံပဲဗျ၊ ဖုတ်ပေနေတဲ့ခြေရာတွေအတိုင်းကျုပ်တို့လိုက်ကြည့်ရင်း ဘုရားကျောင်းဆောင်အနားရောက်တော့ ကျောင်းထိုင်ဆရာတော်က နေရာတစ်ခုကိုလက်ညှိုးညွန်ပြသဗျ။

“အဲဒီမှာထားတဲ့ ခြောက်လက်မလောက်ရှိတဲ့ ဆင်းတုတစ်ဆူ ပါသွားတာပဲ သူကြီး”

အဖေက မျက်မှောင်ကြုတ်ရင်း

“ဆင်းတုက ရွှေမို့လို့များလား ဦးဇင်း”

“မဟုတ်ဘူး သူကြီး၊ ဆင်းတုက သစ်သားဆင်းတုပဲ၊ ဦးဇင်းတို့ကျောင်းမှာ ရွှေဆင်းတုမှ မရှိတာပဲ၊ သစ်သား၊ ကျောက်၊ ကြေးဆင်းတုတွေချည်းရှိတာပါ၊ ကြေးဆင်းတုပျောက်တယ်ဆိုရင် ထားပါတော့၊ ကြေးက ကျိုလို့ရသေးတယ်မဟုတ်လား၊ အခုက သစ်သားဆင်းတုပျောက်သွားတယ်ဆိုတော့ တစ်ခုခုတော့ ထူးဆန်းနေတယ်သူကြီး”

ကျုပ်က ဘုရားကျောင်းဆောင်ကိုသေချာကြည့်လိုက်ရင်း

“ဟိုလေ၊ တစ်ယောက်ယောက်က ဘုရားကိုကြည်ညိုလွန်းလို့ ခိုးပင့်သွားတာရော မဖြစ်နိုင်ဘူးလား”

အဖေက ကျုပ်လက်မောင်းကို လက်ဝါးနဲ့ရိုက်ရင်း

“မင်းပြောရင် တလွဲချည်းဘဲ၊ ဘုရားဆင်းတုကို ပူဇော်မယ့်လူက ဒီလိုခိုးမလားကွ”

သူခိုးကလည်း ဆန်းတယ်ဗျာ၊ အဲဒီဘုရားဆင်းတု တစ်ခုထဲကိုပဲ ခိုးသွားတာဗျ၊ ဘုန်းကြီးကျောင်းက တခြားဘယ်ပစ္စည်းမှ မပျောက်ဘူး၊ ယုတ်စွအဆုံး ဘုရားကျောင်းဆောင်အရှေ့မှာထားထားတဲ့ ငွေတွေတစ်ဝက်လောက်ပြည့်နေတဲ့ အလှူခံပုံးကိုတောင် ဖောက်မသွားဘူးဗျာ။

“အလတ်ကောင်ပြောတာမှန်တယ်သူကြီး”

တစ်ချိန်လုံးငြိမ်နေတဲ့ ဦးဘသာက အခုမှထပြောတယ်။

“သူခိုးက ဘုရားရုပ်တုကို ခိုးသွားတာ အကြောင်းတစ်ခုခုရှိရမယ်၊ ဒါနဲ့ဆရာတော်ဘုရား၊ ဒီဘုရားဆင်းတုက ဘယ်လိုပုံစံမျိုးပါလိမ့်”

“ပုံစံကတော့ ထူးဆန်းတယ်၊ ဆင်ခံမြင်းရံဘုရားပဲ မင်းမြောက်တန်ဆာလိုဟာတွေလည်းပါသေးတယ်၊ သစ်စေးသုတ်ထားပြီး နက်ပြောင်နေတာပဲ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဒီဘုရားကို ဘယ်ကရသလဲဆိုတာ ဆရာတော်သိပါသလားဘုရား”

“ဘယ်ကရသလဲဆိုတော့၊ သြော်၊ ဟုတ်ပြီ၊ တို့ရွာသုံးရွာအလယ်က ဗောဓိကုန်းကိုရှင်းတော့ တွေ့တဲ့ဘုရားဆင်းတုပဲ၊ ဗောဓိကုန်းဆိုတာ ဒကာကြီးတို့သိတဲ့အတိုင်း ဘုရားပျက်ကြီးမဟုတ်လား၊ ဒါနဲ့ ဒီဆင်းတုကို ဒီကျောင်းကိုယူလာပြီး သီတင်းသုံးခိုင်းထားတာ”

“တပည့်တော်အမြင်ပြောရရင်တော့ ဘုန်းကြီးကျောင်းတက်ကတည်းက လောကီပညာအစီအရင်ကိုတွေ့ရတယ်၊ ပြီးတော့ တစ်ကျောင်းလုံးက ဘာမှမပျောက်ဘဲ ဘုရားဆင်းတုပဲ ပျောက်သွားပုံထောက်ရင် သေချာပေါက် ဒီသူခိုးက ဥစ္စာပစ္စည်းလိုချင်လို့ ခိုးတာမဟုတ်ဘဲ၊ လောကီပညာရပ်တစ်ခုခုကြောင့် ခိုးဝှက်သွားတာဖြစ်နိုင်ပါတယ်ဘုရား”

ဦးဘသာပြောတာကို အားလုံးကလက်ခံကြတယ်။

“ဒါထက်ထူးတာက ခြေရာတွေပဲ၊ ခြေရာက အလာပဲရှိတယ် အပြန်မရှိဘူး၊ ဒီလိုလုပ်ခဲ့တာက ရွာကိုစိန်ခေါ်ခဲ့တာပဲ၊ အောက်လမ်းဆရာက မင်းတို့စွမ်းရင် လိုက်ခဲ့ကြဆိုပြီး စိန်ခေါ်တဲ့သဘောပဲ”

“ဟာ၊ ဒါဖြင့်ရင် ဒီသူခိုးလက်ထဲမှာ ဘုရားဆင်းတုရှိသေးတယ်ပေါ့နော်”

“သေချာတာပေါ့ အရှင်ဘုရား၊ သူခိုးလက်ထဲ ရှိကိုရှိသေးတယ်”

အဖေက ဦးဘသာကိုကြည့်ရင်း

“ဦးဘသာ နည်းနည်းပါးပါးကူညီနိုင်မလား”

ဆရာတော်က ဦးဘသာကိုကြည့်ရင်း

“တတ်နိုင်ရင် လုပ်ပါ ဒကာဘသာရာ၊ ဦးဇင်းကတော့ ကျောင်းကပစ္စည်းကို မပျောက်မပျက်စေချင်ဘူး”

“တင်ပါ့၊ တပည့်တော် ကူညီပေးပါ့မယ်”

အဖေက ဦးဘသာကိုတစ်ချက်ကြည့်ရင်း

“ဒါနဲ့ဦးဘသာ၊ ကျုပ်ကြားဖူးထားတာကတော့ သူခိုးခြေရာကျန်ရင် မြေငါးမျိုးနဲ့ ခြေရာပေါ်ပုံရင် သူခိုးက ပစ္စည်းပြန်လာပေးရတယ်၊ မပေးရင် သွေးအန်ပြီးသေတယ်ဆိုပဲဗျ”

“မလုပ်နဲ့သူကြီး၊ ဒီနည်းလမ်းက အောက်လမ်းနည်းပဲ၊ မြေငါးမျိုးဆိုတာ ဘုရားမြေ၊ ကျောင်းမြေ၊ သိမ်မြေ၊ သုဿန်မြေ၊ လယ်မြေ တစ်ချို့ကလည်း လမ်းမြေသုံးကြတယ်၊ အဲဒီမြေငါးမျိုးကို အမျှစီပုံပြီးတော့ အလယ်မှာဖယောင်းတိုင်ထွန်းတဲ့နည်းလမ်းပဲ၊ ဖယောင်းတိုင်မကုန်ခင် သူခိုးလာရင်လာ မလာရင်သေရော၊ ဒါအောက်လမ်းနည်းတစ်ခုပဲ၊ ပြီးတော့ ခိုးမိတာလောက်နဲ့ သူတစ်ပါးအသက်သေမှာမျိုးကို ကျုပ်မလုပ်ချင်ဘူးသူကြီး”

“ဦးဘသာပြောတာလည်း နည်းလမ်းကျပါတယ်၊ ဒါဆိုဘယ်လိုလုပ်မလဲ”

“ကြက်မွှေးတစ်ချောင်းလောက်လိုပါတယ်၊ ကြက်မွေးတောင်မှ ကြက်ဖရဲ့ဖင်ထောင်မွှေးလိုပါတယ်”

ဦးဘသာပြောတော့ အဖေက ခပ်မြန်မြန်ရှာခိုင်းတယ်၊ ကြက်ဖတစ်ကောင်ဖမ်းပြီးတော့ ဖင်ကစိမ်းပြီးကော့နေတဲ့ အမွှေးရှည်ကြီးတစ်ချောင်းကို နှုတ်ယူပြီး ဦးဘသာကိုပေးလိုက်တယ်။

“ခြေရာကို ကြက်မွှေးနဲ့ပွတ်မယ်သူကြီး၊ ခိုးတဲ့လူကတော့ မခံမရပ်နိုင်အောင် ယားပြီး ရယ်နေမိလိမ့်မယ်၊ အဲဒီလူကို သူကြီးတို့ဖမ်းသာဖမ်း”

ဦးဘသာက ပြောပြောဆိုဆိုနဲ့ ခြေရာကို ကြက်မွှွေးထိပ်ဖျားနဲ့ ကလိတော့တာပဲဗျာ၊ ကျုပ်တို့လည်း ကျောင်းအောက်ရောက်နေတဲ့ ရွာထဲကလူတွေကို အကဲခတ်နေမိတယ်၊ လူတွေအားလုံးက ပုံမှန်ပဲဗျ။ ဒါနဲ့ ကိုမြင့်နဲ့တိုင်ပင်ပြီး ရွာထဲလှည့််ရတော့တယ်၊ တစ်နေရာရောက်တော့ ရွာသူကောင်မလေးတစ်ယောက်က လှမ်းအော်တယ်ဗျ။

“ကိုမြင့် ကိုမြင့်ကိုတွေ့တာနဲ့အတော်ပဲ”

“ဟေ၊ ဘာဖြစ်လို့တုန်းဟ”

“အဖေဘယ်လိုဖြစ်တယ်မသိဘူး၊ တဟားဟားနဲ့ ခွက်ထိုးခွက်လန်ရယ်နေတာ ရပ်မရဘူးရှင့်”

ကိုမြင့်နဲ့ကျုပ်နဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အိမ်ပေါ်ကိုပြေးတက်လိုက်တယ်၊ အိမ်ရှေ့ခန်းမှာပဲ ဦးသော်ကကြီးကိုတွေ့လိုက်ရပါရောဗျာ။ ဦးသော်ကကြီးက ကလိထိုးခံရတဲ့လူလိုမျိုး တဟားဟားနဲ့ရယ်ရင်း ကြမ်းပြင်မှာလိမ့်နေပါရော၊ ကျုပ်နဲ့ကိုမြင့်က ဦးသော်ကရဲ့လက်ကို ဘယ်ညာတွဲပြီးတော့ အိမ်ပေါ်ကနေဆွဲခေါ်လာခဲ့တယ်။

ရွာဦးကျောင်းကိုရောက်တဲ့အထိ ဦးသော်ကက ရယ်နေတုန်းပဲဗျ၊ ကျောင်းအောက်ကလူတွေကတော့ ဘာတွေဖြစ်မှန်းသိပုံမရဘူး၊ ကျုပ်တို့နှစ်ယောက် ဦးသော်ကကိုကျောင်းပေါ်ခေါ်သွားတော့မှ ဦးဘသာက ကလိထိုးနေတာကိုရပ်လိုက်တယ်၊ ဆရာတော်နဲ့အဖေတို့လူကြီးတွေက ဦးသော်က ရယ်နေတာကိုတွေ့တော့ တော်တော်အံ့သြနေကြတာဗျ။

“ဒီလူပါပဲအရှင်ဘုရား”

“ဟ ဒကာကြီးသော်ကပါလား၊ ဒကာကြီးသော်ကဆိုတာ တို့ကျောင်းရဲ့အမာခံ အလှူ့ဒကာတစ်ဦးပဲကွ၊ သူက ဒါမျိုးလုပ်ပါ့မလား”

ဆရာတော်က ဦးဘသာကိုသိပ်မယုံချင်သေးဘူးဗျ၊ ဦးဘသာက ကျောင်းပေါ်ကခြေရာကို ကြက်မွှေးနဲ့ပွတ်တော့ ဦးသော်ကကြီးမှာ လိမ့်နေအောင်ရယ်တော့တယ်။ ဒီတော့မှ ဆရာတော်လည်းယုံတာ၊ ဦးသော်က ကတော့ရယ်ရလွန်းလို့ တော်တော်မောနေရှာသဗျာ၊ တော်တော်ကြာတော့မှ စကားပြောနိုင်တယ်။ စကားပြောနိုင်တာနဲ့ ဆရာတော်ကိုလက်အုပ်ချီပြီးတော့ ကုန်းကန်တော့တာပဲဗျ။

“တပည့်တော်ကိုခွင့်လွှတ်ပါဘုရား”

“ဟဲ့ ဘုရားသူခိုး၊ မင်းလုပ်တဲ့အပြစ်တွေက ဘယ်လောက်ကြီးသလဲဆိုတာ မင်းသိရဲ့လား၊ ဘုန်းကြီးကျောင်းက ဆင်းတုကိုမှ ခိုးရတယ်လို့ကွာ”

“တပည့်တော်မှားပါတယ်ဘုရား”

“ဘာအခုမှ မှားတာလဲ၊ ကဲပါ၊ ဒါတွေထားလိုက်ပါ၊ ဒါထက် ဘာဖြစ်လို့များ ဒီဘုရားဆင်းတုကို ခိုးယူခဲ့တာလဲဆိုတာ ငါသိချင်တယ်”

“မှန်ပါအရှင်ဘုရား၊ လွန်ခဲ့တဲ့သုံးရက်လောက်က တပည့်တော်တို့အိမ်ကို ဧည့်သည်တစ်ယောက်ရောက်လာပါတယ်၊ သူ့နာမည်က မောင်မောင်လှလို့ခေါ်ပါတယ်၊ အထက်လမ်းပညာရပ်တွေကို လိုက်စားနေတဲ့သူပါတဲ့ဘုရား”

“မောင်မောင်လှဆိုတာ ဟိုရက်က မင်းနဲ့အတူကျောင်းကိုလိုက်လာတဲ့ လူမဟုတ်လား”

“ဟုတ်ပါတယ်ဘုရား၊ သူက ဘုန်းကြီးကျောင်းသွားရင်း ဘုရားဆင်းတုကိုတွေ့တော့ စိတ်ဝင်စားတယ်ဆိုပြီး တပည့်တော်ကို ပင့်ခိုင်းပါတယ်၊ တပည့်တော်က ဆရာတော်ကို ပြောလို့ရမှာမဟုတ်ဘူးဆိုပြီး ငြင်းတော့ ဒီလူက တပည့်တော်ကိုတောင် စိတ်ဆိုးသွားပါတယ်ဘုရား၊ ပြီးတော့ ဒီဆင်းတုကို သူရအောင်ယူမယ်လို့လည်း ပြောခဲ့ပါသေးတယ်”

“တယ်၊ ဘုရားဆင်းတုကိုမှ မက်မောနေတယ်၊ အခု ဒီလူဘယ်မလဲ”

“မရှိတော့ပါဘူးဘုရား၊ တပည့်တော် မနက်အိပ်ရာနိုးတော့ သူမရှိတော့ပါဘူး”

“ဟေ၊ ဘယ်လိုလုပ်ပြီးမရှိတော့တာလဲ၊ ပြီးတော့ မင်းကခိုးပေးတာမဟုတ်လား”

“တပည့်တော်လည်း ခိုးချင်ပါ့မလား ဘုရား၊ တပည့်တော် ညက အိပ်ရာဝင်ပြီးတဲ့အချိန် မနက်အိပ်ရာနိုးတော့ တစ်မျိုးကြီးဖြစ်နေတယ်ဘုရား၊ ပြီးတော့ အိပ်မက်ထဲမှာလိုလို အပြင်မှာလိုလိုနဲ့ ကျောင်းပေါ်ကိုတက်ပြီး ဘုရားရုပ်ကိုယူပြီး ပြန်ဆင်းလာတယ်လို့ မက်ပါတယ်ဘုရား”

ဆရာတော်က အဖေ့ကိုကြည့်တယ်၊ အဖေက ဦးသော်က ကိုကြည့်ရင်း

“ကိုသော်က ခင်ဗျားပြောတာသေချာသလား၊ ဒီကိစ္စတွေကို ခင်ဗျားမသိဘူးဆိုတာ အမှန်ပဲလား”

“ဟုတ်ပါတယ် သူကြီး”

“နောက် ကျုပ်စုံစမ်းလို့ ဒီအမှုမှာ ခင်ဗျားလည်းပါနေတယ်ဆိုရင် ခင်ဗျားအဲဒီကျရင် အရေးယူခံရမယ်နော်”

ဦးဘသာက အဖေ့ရှေ့ဝင်ရင်း

“ဟုတ်တယ်သူကြီး၊ သူပြောတာဟုတ်ပါတယ်၊ ဒီလူက တော်တော်လည်တဲ့လူဗျ၊ ဘယ်လိုလည်သလဲဆိုတော့ ကျုပ်တို့ရွာမှာ ပညာတတ်တဲ့လူတွေရှိတာ သူသိတယ်၊ ဒီတော့ သူကိုယ်တိုင်တက်မခိုးဘဲနဲ့ ဦးသော်ကကို ပညာနဲ့ပြုစားပြီးခိုးခိုင်းတာပဲဗျ၊ ပြီးတော့ တမင်ခြေရာတွေချန်သွားခဲ့တယ်၊ သူကြီးပြောတဲ့အတိုင်းသာ မြေငါးမျိုးနဲ့စီရင်လိုက်ရင် ဦးသော်က သေမှာပဲဗျ၊ ဒီလိုဆို တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်သွားတယ်၊ ဦးသော်က သေသွားရင် ဦးသော်ကကို နှုတ်ပိတ်ပြီးသားလဲဖြစ်၊ ဘုရားဆင်းတုဘယ်မှာရှိတယ်ဆိုတာကိုလည်း ဘယ်သူမှမသိတော့ဘူးပေါ့ဗျာ”

“ဟုတ်ပါ့ဗျာ၊ ဦးဘသာကြီး ဆုံးဖြတ်တာမှန်ပေလို့ဗျို့၊ နို့မို့ဆို ကိုသော်က အချောင်သေမှာ”

ဦးသော်ကလည်း ဒီတော့မှ ထိတ်လန့်သွားတယ်။

“ဒါဆို ဒီလူက လူယုတ်မာပေါ့”

“သေချာတာပေါ့ဗျာ”

“ကျုပ်ကိုပြောတာတော့ အထက်လမ်းလိုက်နေတယ်ပြောတာပဲဗျ”

“ဒီမှာ သော်ကရဲ့ အောက်လမ်းမကောင်းဘူးဆိုတာ လူတိုင်းသိနေတာပဲ၊ ဒီတော့ သူမကောင်းတဲ့အကြောင်းကို သူပြန်ပြောပါ့မလားဗျာ၊ မကောင်းတဲ့လူဆိုတာ သူ့ကိုယ်သူ လူကောင်းယောင်ယောင်၊ ဖြူစင်သယောင်ယောင် ဟန်ဆောင်တတ်ကြသဗျ”

“ဦးဘသာပြောတာတော့ ဟုတ်မယ်ဗျာ၊ ဒီတစ်ချီတော့ ကျုပ်ခံလိုက်ရပြီဗျ”

“ကဲပါ အဲဒါတွေထားလိုက်ပါတော့ ဒီဆင်းတုကို ဘယ်လိုပြန်ယူမလဲ”

“ဥစ္စာရင်းမှန်ရင် ပြန်ရမှာပေါ့ ဆရာတော်ရာ၊ ကဲ တပည့်တော်ကို ခွင့်ပြုပါအုံး”

ဦးဘသာက ပြောရင်းဆိုရင်း ကျောင်းပေါ်ကနေဆင်းသွားတယ်ဗျ၊ အဖေနဲ့လူကြီးတွေက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ကျန်နေခဲ့တာပေါ့။

ဦးဘသာကြီးက တစ်ခုခုကိုတော့ သိတဲ့ပုံပဲဗျ၊ ဒါနဲ့ ကျုပ်လည်း ဦးဘသာအနောက်ကနေ လိုက်ပြီးဆင်းသွားမိတယ်၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ ဦးဘသာက ဘုန်းကြီးကျောင်းကနေဆင်းသွားပြီး ရွာပြင်ကိုတန်းထွက်သွားပါလေရော၊ ပုံမှန်ဆိုရင် ဦးဘသာက ကျုပ်ကိုခေါ်နေကျဗျ၊ အခုက ဘာမှမခေါ်ဘဲ ဆင်းသွားတာဆိုတော့ ကျုပ်မသိစေချင်တာ တစ်ခုခုရှိနေတဲ့ပုံစံပဲ၊ ဒါကြောင့် ကျုပ်လည်း ဦးဘသာမသိအောင် အသာကလေးလိုက်သွားခဲ့တာပေါ့ဗျာ။

ရွာပြင်သုဿန်နားရောက်တော့ ဦးဘသာက သုဿန်ထဲကိုချိုးဝင်သွားတယ်ဗျ။ ကျုပ်လည်း ချုံကွယ်ကလေးကနေ အသာလိုက်ချောင်းရင်း သုဿန်အနောက်နားခပ်လှမ်းလှမ်းရောက်တော့ ဦးဘသာက ဘေးဘီကိုတစ်ချက်ကြည့်ရင်း

“ဟေ့ကောင် မောင်မောင်လှ၊ မင်းငါ့ကို ပုန်းနေလို့ရမယ်ထင်သလားကွ၊ ထွက်ခဲ့စမ်းပါ”

ဦးဘသာခေါ်နေပေမယ့် ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာပဲဗျ၊

“မင်းမထွက်လာရင် မင်းကိုငါဂုတ်ကဆွဲပြီး ခေါ်လိုက်မှာနော်ဟေ့ကောင်”

ဒီအခါ အုတ်ဂူဟောင်းတွေကြားထဲကနေ လူတစ်ယောက်မတ်တပ်ထရပ်လိုက်သဗျာ၊ လူပုံစံကတော့ တုတ်တုတ်ခိုင်ခိုင် အသားမဲမဲနဲ့ပဲဗျ၊ ဒီလောက်လူကြီးက အုတ်ဂူတွေကြားမှာ ဘယ်လိုပုန်းနေသလဲဆိုတာကို ကျုပ်ဖြင့််မတွေးတတ်အောင်ပါပဲ။ မောင်မောင်လှက ဦးဘသာကိုမြင်တော့ မချိသွားဖြဲကလေးလုပ်ရင်း

“ဟို၊ ဦးသာစံကြီးက ရှိသေးတာကိုး၊ ကျုပ်ဖြင့် မရှိတော့ဘူးမှတ်တာ”

“ဟေ့ကောင် အပိုတွေပြောမနေနဲ့၊ ငါရှိမရှိကို မင်းကပိုပြီးသိမှာပေါ့၊ ငါရှည်ရှည်ဝေးဝေးမပြောချင်တော့ဘူးကွာ၊ ပေးစမ်း၊ ငါ့ကိုအဲဒီဆင်းတုပေး”

ဦးဘသာပြောတော့ မောင်မောင်လှက သူလွယ်ထားတဲ့လွယ်အိတ်ကြီးကိုတစ်ချက်ကြည့်ရင်း

“ဒါတော့ ပေးလို့မရဘူးဗျ”

“ပေးဆိုပေးစမ်းကွာ၊ မင်းငါ့အကြောင်းသိတယ်မဟုတ်လား”

“သိပါတယ်ဦးသာစံရာ၊ ဒါပေမယ့် ဒီဆင်းတုက ကျုပ်အတွက်အရေးကြီးလို့ပါဗျ”

“ဘယ်လိုအရေးကြီးတာလဲပြောစမ်း”

ဦးဘသာ လေသံက ခက်ထန်နေတာပဲဗျာ၊ ပျော်ပျော်နေပြီး အမြဲပြုံးပြုံးကြီးနေတတ်တဲ့ သူရုပ်ကလည်း အခုတော့ မျက်မှောင်ကြီးကြုတ်လို့ဗျ။ မောင်မောင်လှက ဦးဘသာအနားကိုအသာလေးကပ်သွားပြီး

“ဒီလိုပါ ဦးသာစံရာ၊ အခုမြိုင်သာမှ ဘုရားကျ ဂိုဏ်းဆိုတာပေါ်နေတယ်ဗျ၊ နာမည်ကသာ ဘုရားကျဆိုပေမယ့် ဂိုဏ်းက အောက်လမ်းဂိုဏ်း၊ သိုက်တူးတဲ့ဂိုဏ်းပေါ့ဗျာ”

“ဘုရားကျဆိုမှ ကောင်းတော့မလားကွာ”

“အခုသူတို့ဂိုဏ်းက ဦးဘသာတို့ ရွာသံုံးရွာကြားက ဗောဓိကုန်းလို့ခေါ်တဲ့ ဘုရားစေတီပျက်ကြိးကိုတူးဖို့လာတာတဲ့ဗျာ၊ သူတို့ပြောစကားအရဆိုရင် အဲဒီစေတီပျက်ကြီးထဲမှာ လှည်းကိုးစီးတိုက် ရတနာတွေရှိတယ်ဆိုပဲဗျ”

“အဲဒါဘုရားပစ္စည်းတွေဖြစ်မှာပေါ့”

“အဲဒီသိုက်ကိုဖွင့်ဖို့က ဟောဒီဆင်းတုလိုသဗျာ၊ ဟောဒီဆင်းတုက နှယ်နှယ်ရရမဟုတ်ဘူးဗျ၊ လောကီပညာတွေနဲ့စီရင်ထားတဲ့ သစ်သားတွေကို ပေါင်းပြီးလုပ်ထားတဲ့ သစ်စေးဘုရားဗျ၊ ဒီဘုရားဆင်းတုကို အမှုန့်ကြိတ်ပြီး ရလာတဲ့ဆေးမှုန့်တွေကို သိုက်ဖွင့်တဲ့အခါမှာ သုံးဖို့တဲ့ဗျ၊ ပြီးတော့ ဒီဆေးမှုန့်က ဒီတစ်သိုက်ထဲမဟုတ်ဘဲ တခြားသိုက်တွေကိုဖွင့်တဲ့အခါမှာလည်း သုံးနိုင်သတဲ့ဗျာ”

“ကောင်းကွာ၊ ဒါနဲ့ပဲမင်းက ဒီဆင်းတုကို လာခိုးရတယ်ပေါ့၊ ခိုးပြီးတော့ ဘုရားဆင်းတုကို အမှုန့်ခြေအုံးမတဲ့လား၊ မင်းတို့ကောင်တွေရဲ့ ဘဝကတော့ မတွေးရဲစရာပါလား”

“ကျုပ်လည်း လုပ်ချင်လို့လုပ်ရတာမဟုတ်ပါဘူးဗျာ၊ ကျုပ်သမီးလေး နေမကောင်းတော့ ငွေလိုတယ်ဗျ၊ အဲဒါနဲ့ ဘုရားကျဂိုဏ်းထဲဝင်ပြီး သူတို့ခိုင်းတာလုပ်ပေးပြီး ငွေရှာပေးနေရတာ၊ ကျုပ်သမီးက မန္တလေးလောက်ဆင်းပြီး ခွဲစိတ်မှ အသက်ရှင်နိုင်မှာတဲ့ဗျ”

ဦးဘသာက မောင်မောင်လှကိုကြည့်ပြီးတော့ သနားသွားတဲ့ပုံပဲဗျာ၊

“မင်းကွာ၊ ငွေလိုတာ တစ်ခုတည်းအတွက်နဲ့ ဒီလောက်အောက်တန်းကျတဲ့ လုပ်ရပ်ကိုလုပ်ရသလား၊ ကဲပါ ငါ့ကိုဆင်းတုပြန်ပေး”

“ပေးရင် ဂိုဏ်းကဆရာကြီးတွေက ကျုပ်ကိုဆူမှာပေါ့ဦးသာစံရဲ့”

“ငါပြောလိုက်မယ်၊ မင်းကိုပြောရင် ဟောဒီရွာက ဘသာဆိုတဲ့စုန်းက လုပ်လွှတ်လိုက်ပါတယ်လို့ပြောလိုက်၊ မင်းရဲ့ဆရာကြီးတွေကိုသာ ငါ့ဆီကိုခေါ်လာခဲ့၊ ဒီကိစ္စကို ငါရှင်းမယ် ဟုတ်ပြီလား”

မောင်မောင်လှက လွယ်အိတ်ထဲက သတင်းစာစက္ကူနဲ့ပတ်ထားတဲ့ ဘုရားဆင်းတုကိုထုတ်လိုက်တယ်ဗျ၊ နောက်တော့ မပေးချင်ပေးချင်နဲ့ ဦးဘသာကိုလှမ်းပေးတယ်၊ ဦးဘသာက ဘုရားဆင်းတုယူပြီး

“ဟေ့ကောင် ငါလက်မပါခင် သွားတော့လေ၊ ဘာလုပ်နေတာလဲ”

ဦးဘသာ ဟောက်လိုက်တော့ မောင်မောင်လှတစ်ယောက် လန့်ပြီးပြေးတော့တာပဲဗျာ၊ ဦးဘသာက သုဿန်ထဲကထွက်လာရင်း ကျုပ်ပုန်းနေတဲ့အနားရောက်တော့ ရပ်သွားတယ်ဗျ။

“အလတ်ကောင်ထွက်လာခဲ့”

ကျုပ်ဖြင့် အံ့သြသွားတာပဲဗျာ။ ဒါနဲ့ အုတ်ဂူတွေအနောက်ကနေထွက်ခဲ့တယ်၊ ဦးဘသာက ဘုရားဆင်းတုကို ကျုပ်ကိုလှမ်းပေးပြီးတော့

“ရော့၊ ဘုရားဆင်းတုကို ရွာဦးကျောင်းကိုပြန်ပင့်သွား၊ သူခိုးက သုဿန်ထဲ ဘုရားဆင်းတုထားခဲ့တာပါလို့ပြောလိုက်၊ မင်းတွေ့တာတွေကို ဘယ်သူ့ကိုမှမပြောနဲ့ ဟုတ်ပြီလား”

ကျုပ်က ဘုရားဆင်းတုကိုလှမ်းယူပြီး

“ဒါနဲ့ ဦးဘသာကြီးက ကျုပ်လိုက်လာတာကို သိတယ်တဲ့လား”

“သိတာပေါ့ကွ၊ မင်းရွာအထွက်ကတည်းက လိုက်လာမှန်းငါသိတာပေါ့၊ မင်းကို မောင်မောင်လှတို့နဲ့ ပေးမတွေ့ဘူးဆိုတာ ဒီကောင်တွေက ယုတ်မာတဲ့ကောင်တွေကွ၊ ငါ့မနိုင်ရင် မင်းကိုလုပ်မှာစိုးလို့ မပြောတာ ရှင်းပြီလား၊ ကဲ သွား”

ဦးဘသာပြောတာနဲ့ ကျုပ်လည်း ဘုရားပိုက်ပြီး ပြန်လာခဲ့ရပါရောဗျာ။ ဒီလိုနဲ့ ကျုပ်တို့ရွာက ဘုရားခိုးမှုကြီးက ပြီးသွားပါရောဗျာ၊ ဦးဘသာကြီးကြောင့်ဆိုတာတော့ ကျုပ်ကလွဲလို့ ဘယ်သူမှ မသိလိုက်ဘူးဗျ။

သုံးလေးရက်လောက်ကြာတော့ ကျုပ်နဲ့ဦးဘသာ အိမ်မှာထိုင်ရင်းစကားပြောနေကြပါရောဗျာ၊ ဒီအချိန် ခြံထဲကို ကိုအုန်းခင်တစ်ယောက် ဝင်လာတယ်ဗျ။ မျက်နှာကြီးကလည်း မှိုင်လို့

“သူကြီးရှိလားအလတ်ကောင်”

“မရှိဘူးဗျ၊ ဘယ်သွားသလဲမသိပါဘူးဗျာ၊ သြော်၊ ဒါနဲ့ ကိုအုန်းခင် ဘာလာလုပ်တာလဲဗျ၊ သူခိုးပြေးတဲ့ အစီအရင်ရော လုပ်ဖြစ်ရဲ့လား”

“လုပ်ဖြစ်တာပေါ့ကွာ၊ အခုလာတာကလည်း ငါ့သားပျောက်နေလို့ ရွာမှာများရှိမလားဆိုပြီး လာရှာတာကွ”

“ဗျာ၊ ကိုအုန်းခင်သားက ဘယ်လိုဖြစ်ပြီးပျောက်သွားတာလဲ”

“မပြောတတ်ပါဘူးကွာ၊ ငါအင်းခြေကိုပြန်ရောက်ပြီး မကြာပါဘူး၊ ဒီကောင်ဗွေဖောက်လာရောကွာ၊ အဲဒါ မနေ့ကပဲ ငါတို့လင်မယားနဲ့ ရန်ဖြစ်ပြီးတော့ အိမ်ပေါ်ကဆင်းမယ်ဆိုပြီး ဆင်းချသွားလေရဲ့၊ တို့ရွာများရောက်လာမလားဆိုပြီး ငါ့မှာလာရှာရတာကွ၊ သွားမယ်ကွာ၊ မင်းအဖေလာရင် ငါလာသွားတယ်လို့ပြောထားလိုက် ဟုတ်ပြီလား”

ကိုအုန်းခင်က ခြံထဲကပြန်ထွက်မလို့လုပ်တယ်ဗျ၊

“ဟော၊ ဒါနဲ့ ကိုအုန်းခင်သားနာမည်ပြောအုံးလေဗျာ”

“ငါ့သားနာမည်ကတော့ ငလုံးလို့ခေါ်တယ်၊ နာမည်အရင်းက သက်ခိုင်တဲ့ကွ”

ပြောရင်းဆိုရင်း ကိုအုန်းခင်က ခြံထဲကထွက်သွားသဗျာ၊ ဒီကောင်ငလုံးက အခုမှ အသက်ဆယ့်ရှစ်လောက်ရှိသေးတာဗျ။ ကျုပ်က ခုံမှာပြန်ထိုင်လိုက်တော့ ဦးဘသာမျက်နှာက အံ့သြနေတယ်။

“ဦးဘသာ ဘာဖြစ်တာလဲဗျ”

“ဘာဖြစ်ရမလဲ၊ အဲဒါငါ့ကြောင့််၊ ငါ့ကြောင့်ကွ”

“ဗျာ၊ ဘယ်လိုငါ့ကြောင့်လဲ”

“ဟာ၊ သူ့အိမ်ကို သူခိုးမကပ်အောင်ဆိုပြီး ကက်ကင်းငါးချက်နဲ့ရိုက်ပေးလိုက်တယ်မဟုတ်လား”

“အင်းလေဗျာ၊ အဲဒါနဲ့ သူ့သားအိမ်ကထွက်သွားတာနဲ့ ဘာဆိုင်သလဲဗျ”

“ဟကောင်ရ၊ သူ့သားနာမည်က သက်ခိုင်ဆိုကွ”

“ဗျာ၊ သက်ခိုင်၊ သက်ခိုက် . . . သူခိုး . .သူခိုး၊ ဟာ လတ်စသတ်တော့ သူခိုးရော သက်ခိုင်ရောက သောကြာတနင်္လာဖြစ်နေပါလား”

“ကောင်းကွာ၊ သူခိုးမလာအောင်ဆိုပြီး ကက်ကင်းရိုက်ပေးလိုက်ပေမယ့် အခု သူ့အိမ်က သူ့သားသက်ခိုင်ပါ မနေနိုင်ဘဲ အိမ်ပေါ်က ဆင်းပြေးသွားပါရောလားကွာ”

“ဟာ၊ ဦးဘသာရာ သိပ်ပြီးစိတ်မကောင်းမဖြစ်ပါနဲ့၊ ဦးဘသာက မကောင်းဖြစ်စေချင်တဲ့စိတ်နဲ့ လုပ်ပေးလိုက်တာမှမဟုတ်ဘဲဗျ၊ ကျုပ်ပြောသလို မှားတဲ့အခါလည်း မှားမှာပေါ့ဗျာ၊ ဒါပေမယ့် ဒီအမှားက စေတနာအမှားမဟုတ်လား”

“စေတနာတွေ ဝေဒနာတွေလုပ်မနေနဲ့၊ ငါလုပ်လို့ သူ့သားဆင်းသွားတဲ့အကြောင်းကို အုန်းခင်မသိစေနဲ့ဟေ့၊ သိများသိလို့ကတော့ ဓါးဆွဲလာပြီး ငါ့လည်ကိုလာဖြတ်နေအုံးမယ်၊ ကိုင်း ငါလည်းလစ်ပြီဟေ့”

ဦးဘသာက ပြောဆိုပြီးတော့ အိမ်ထဲကနေ ခပ်သုတ်သုတ်ထွက်သွားပါရောဗျာ၊ ကျုပ်က ဦးဘသာနောက်ကျောကိုကြည့်ရင်း

“သြော်၊ သူခိုး သူခိုး၊ သ သူခိုး တော်တော်ဆိုးပါလား”

ဆိုပြီး ရေရွတ်လိုက်မိတယ်ဗျာ၊ ဦးဘသာကောင်းမှုနဲ့ အိမ်ကထွက်ပြေးသွားတဲ့သက်ခိုင်က အင်းခြေရွာသူတစ်ယောက်နဲ့ ညားသွားပါရောလားဗျာ၊ အိမ်ကထွက်ပြေးပြီးတော့ မိန်းမယူသွားတယ်ပေါ့၊ သူ့သားအိမ်ထောင်ကျပြီးကတည်းက ကိုအုန်းခင်တို့လင်မယား အင်းခြေရွာမှာပဲ အခြေချဖြစ်တာ ရွာကိုတောင် သိပ်မရောက်တာ ကြာလှပေါ့ဗျာ။

ပြီးပါပြီ။

ရေးသားသူ-အဂ္ဂဇော်

#အဂ္ဂဇော်