Unicode version
” စုန်းထီးကြီးဦးဘသာနှင့် လွမ်းစေတီ “(စ/ဆုံး)
———————————————————
အတွဲ(၄) စာစဉ်(၁၃)
(၁)
ကျုပ်နားထဲက အသံတွေတိတ်သွားပြီးတဲ့နောက် လောကကြီးတစ်ခုလုံးက တိတ်ဆိတ်သွားတယ်ဗျ၊ ကျုပ်ပဲနားပင်းသွားတာလားလို့တောင် ထင်နေမိတယ်၊ သိပ်မကြာခင် ကျုပ်အေးစက်စက်အထိအတွေ့ကို ခံစားလိုက်ရတာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့တယ်ဗျ၊ ဘယ်နေရာမှန်းမသိတဲ့ နေရာတစ်ခုကိုကျုပ်ရောက်နေတယ်ဗျာ၊ ဘေးဘီဝဲယာအကုန်လုံးကလည်း ချုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေတဲ့ ကွင်းကြီးတစ်ခုပေါ့၊ ပြီးတော့လည်း ပိန်းပိတ်အောင်ကိုမှောင်နေတာဗျာ၊ အရှေ့မှာ ဘာရှိလို့ဘာရှိမှန်းကို မမြင်ရဘူး၊ ကျုပ်လည်းခြေဦးတည့်ရာကို ဆက်လျှောက်လာမိတာပေါ့ဗျာ။
အရှေ့မှာ လူသွားလမ်းကလေးတစ်ခုကိုတွေ့တယ်ဗျ၊ လမ်းက ဖြောင့်ဖြောင့်တန်းတန်းတော့မဟုတ်ဘူး၊ ကွေ့ကွေ့ကောက်ကောက်ကလေးရယ်၊ ပြီးတော့ လမ်းကလေးအပေါ်မှာလည်းလရောင်လိုလို အလင်းရောင်ဖြော့ဖြော့ကလေးက ကျနေတယ်၊ လမ်းရှိရင် ရွာတွေ့ဆိုတဲ့စကားပုံအတိုင်း ကျုပ်လည်း အဲဒီလမ်းကလေးအတိုင်းဆက်လျှောက်လာခဲ့တာပေါ့ဗျာ။ လေတွေတိုက်တာလည်း အေးလိုက်တာမပြောပါနဲ့၊ အေးစက်နေတဲ့ ဆောင်းလေအေးတွေက ဘေးဘီဝဲယာကနေ တဝူးဝူးနဲ့ကိုတိုက်နေတာဗျာ၊ ကျုပ်ဖြင့် ချမ်းလွန်းလို့ ကိုယ့်လက်မောင်းတွေကို ကိုယ်ပြန်ပွတ်နေမိတယ်၊ လမ်းကလေးအတိုင်းလည်း ဆက်လျှောက်လာခဲ့တာပေါ့ဗျာ။
ဆက်လျှောက်လာရင်း အရှေ့မှာမီးရောင်တစ်ခုတွေ့တယ်ဗျ၊ ကျုပ်လည်းအားတက်သွားပြီး ခပ်မြန်မြန်ပြေးတော့တာပဲ၊ တင်းကုပ်လိုလို၊ အကြော်တဲလိုလို တဲကလေးတစ်လုံးကိုလှမ်းတွေ့လိုက်ရတယ်၊ တဲထဲမှာ မီးပုံကြီးတစ်ပုံရှိပြီးတော့ လူလေးယောက်က မီးထိုင်လှံနေတယ်ဗျ၊ ကျုပ်လည်း အတော်ချမ်းနေပြီဆိုတော့ တဲအနားရောက်တာနဲ့ ဘာမပြောညာမပြော တဲအထဲကိုခုန်ဝင်လိုက်တယ်။ ပြီးတော့ မီးပုံနံဘေးမှာထိုင်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို မီးပုံအနားကိုတိုးကပ်ရင်း မီးလှုံလိုက်တာပေါ့ဗျာ၊ အခုမှပဲ နွေးသွားတော့တယ်၊ ဟိုလူလေးယောက်ကတော့ ကျုပ်ကိုဘာမှမပြောဘူးဗျ။
ကျုပ်လည်း မီးလနေရင်း ကျုပ်ဘေးကလူရဲ့ လက်တွေကိုကြည့်မိပါရော၊ လက်တွေက ထူးဆန်းလိုက်တာဗျာ၊ လက်ချောင်းတွေက တစ်ထွာကျော်ကျော်ရှည်ပြီး ပိန်ပိန်သွယ်သွယ်လေးတွေဗျ၊ လက်ချောင်းတွေကလည်း အများကြီးဗျို့၊ ကျုပ်လည်း အမှတ်မထင် စိတ်ထဲကနေ အဲဒီလက်ချောင်းတွေကို ရေတွက်လိုက်မိတာပေါ့ဗျာ၊ လက်ဝါးတစ်ဖက်မှာ လက်ချောင်းရှစ်ချောင်းပါတယ်ဗျ၊ နှစ်ဖက်ပေါင်းတော့ ဆယ့်ခြောက်ချောင်းပေါ့ဗျာ၊ ကျုပ်ဖြင့် လူတစ်ယောက်က လက်ချောင်းဒီလောက်အများကြီးပါတယ်ဆိုတာ ကြားကိုမကြားဖူးတာ၊ ဒါနဲ့ အဲဒီလူကိုကြည့်မယ်ဆိုပြီး လှည့်ကြည့်လိုက်တော့ ကျုပ်လန့်သွားတာပြောမနေပါနဲ့ဗျာ။
အဲဒီလူကလည်း ကျုပ်ကိုပြန်လှည့်ကြည့်တယ်ဗျ၊ မျက်နှာကလူပုံစံဆိုပေမယ့် မျက်လုံးက လေးလုံးပါတယ်ဗျာ၊ သာမန်မျက်လုံးနှစ်လုံးအောက်မှာ နောက်ထပ်မျက်လုံးနှစ်လုံးထပ်ပါသေးတယ်၊ ကျုပ်လည်းလန့်ပြီးအော်မိတော့မလို့ဗျ။ ဒီအချိန်ကျုပ်ပုခုံးကို လက်ကြီးတစ်ဖက်က လာပုတ်တယ်၊ ကျုပ်လည်း ပုခုံးပေါ်ကျတဲ့လက်ကို ဆတ်ခနဲကြည့်လိုက်တော့ လက်ကအရှည်ကြီးဗျ၊ မြွေကြီးလို လက်ရှည်ရှည်ကြီးအတိုင်းလိုက်ကြည့်ရင်း အဲဒီလက်ကြီးက ကျုပ်နဲ့မီးပုံမျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူဆီက ထွက်လာတဲ့လက်ကြီးဖြစ်နေပါရောဗျာ၊
အဲဒီလူကိုလည်းတွေ့ရော ကျုပ်လည်း လန့်ပြီးအော်မိတယ်ဗျ။ မအော်ပဲနေနိုင်မလား၊ ဒီလူရဲ့ခေါင်းက ဇောက်ထိုးကြီးဗျ၊ လည်ပင်းပြီးတော့ ဆံပင်တွေကိုတွေ့ရတာပဲ၊ ပြီးရင်မျက်လုံး၊ နှာခေါင်းကလည်းအပေါ်ကိုထောင်လို့ ပါးစပ်ကြီးပြီးရင်တော့ မေးစေ့ချွန်ချွန်ကြီးက မိုးပေါ်ထောင်တက်နေတယ်ဗျာ၊
“မလန့်ပါနဲ့ကွ၊ မင်းချမ်းနေတယ်မဟုတ်လား၊ ငါတို့နဲ့အတူတူ မီးဆက်လှုံလေကွာ”
ကျုပ်လည်း အကြောက်အကန်ငြင်းဆန်လိုက်ပြီးတော့
“မလှုံဘူး၊ ကျုပ်၊ ကျုပ်သွားတော့မယ်”
ကျုပ်လည်းပုခုံးပေါ်က လက်ကိုပုတ်ချပြီးတော့ တဲအပြင်ကိုထပြေးတာပေါ့ဗျာ၊ ဒါပေမယ့် တဲတံစက်မြိတ်နားမှာ ဆက်ပြေးလို့မရဘဲ တန့်နေတယ်ဗျ၊ အနောက်လှည့်ကြည့်တော့ ကျုပ်အင်္ကျှီရဲ့ ခါးနားကအစကို လက်အရှည်ကြီးက လှမ်းဆွဲထားတာကိုးဗျာ၊ ကျုပ်လည်း အဲဒီလက်ကိုပါ ပုတ်ချပြီးတော့ ဆက်ပြေးတော့တာပေါ့ဗျာ။
ခြေဦးတည့််ရာပြေးရင်း ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်ကုန်မှန်းလည်း မသိပါဘူးဗျာ၊ မောလို့ နားလိုက်ရတယ်၊ နားနေရင်း ဟိုးအရှေ့က ဆီမီးခွက်အရောင်ကလေးလှမ်းတွေ့တယ်ဗျ။ ကျုပ်ဖြင့်ပျော်သွားတာပဲ၊ ဆီမီးခွက်ရှိရင် လူရှိတာကြိမ်းသေပဲမဟုတ်လား၊ ဒါနဲ့ ဆီမီးခွက်အလင်းရောင်အနောက်ကို ခပ်မြန်မြန်ပြေးလိုက်လာခဲ့တာပေါ့ဗျာ။
ပြေးလာရင်းနဲ့ မီးရောင်ကတဖြည်းဖြည်းနီးလာတယ်ဗျ၊ အနားရောက်တော့အိမ်ကလေးတစ်အိမ်ကိုတွေ့ပြန်ပါရော၊ အိမ်ရှေ့မှာဆင့်ကလေးထိုးထားပြီးတော့ ဆင့်အပေါ်မှာ အဘွားကြီးတစ်ယောက်က ဒူးတစ်ဖက်ထောင်ပြီးထိုင်နေတယ်၊ ကျုပ်လည်း အဘွားကြီးကိုတွေ့တော့ အားကိုးတကြီးနဲ့အမြန်ပြေးဝင်ခဲ့တာပေါ့ဗျာ။
“အမေကြီး၊ ကျုပ်မောလာလို့ ဒီမှာခဏနားခွင့်ပြုပါ”
အဘွားကြီးက ကျုပ်ကိုကြည့်ရင်း
“နားပါတော်၊ နားပါ၊ ခဏမကလို့ တစ်သက်လုံးနားရင်လည်း စိတ်မဆိုးဘူး”
အဘွားကြီးစကားကြားရတာကတော့ တစ်မျိုးပဲဗျ၊ ပြီးတော့ အဘွားကြီးက ဆေးလိပ်တစ်လိပ်ကိုကိုင်ပြီး သူ့ခေါင်းပေါ်ကိုထိုးထည့်လိုက်ပါရောဗျာ၊ ကျုပ်လည်းအခုမှ သေချာကြည့်မိတယ်ဗျ၊ အဘွားကြီးခေါင်းထိပ်ဖျားတွေက မီးတွေလောင်နေတာဗျာ၊ ငယ်ထိပ်ကနေ မီးတောက်ကြီးတွေက အလျှံတငြီးငြီးနဲ့ တောက်လောင်နေပါရော၊ အဘွားကြီးက ဆေးလိပ်ကို သူ့ခေါင်းကမီးတောက်နဲ့ မီးညှိပြီးတော့ တစ်ချက်နှစ်ခွာဖွာနေသေးတယ်၊ ကျုပ်လည်း အခြေအနေမဟန်မှန်းသိတာနဲ့ ဆင့််ပေါ်ကနေပြေးဆင်းပြီးတော့ လမ်းပေါ်ပြေးတက်တာပဲဗျာ။ ဒီတော့ အဘွားကြီးက အိမ်ထဲကနေလှမ်းေးအာ်တယ်။
“လူလေး၊ လူလေး၊ နားမယ်ဆို”
“မနားတော့ဘူး၊ ကြောက်တယ်၊ ကြောက်တယ်”
ကျုပ်လည်း ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးတော့တာပေါ့ဗျာ။ ပြေးရင်းလွှားရင်း ညောင်ပင်ကြီးတစ်ပင်အောက်ကိုရောက်လာခဲ့တယ်ဗျ၊ ညောင်ပင်ကြီးက အကိုင်းအခက်တွေ ဝေေ၀ဆာဆာနဲ့ အတော်ကြီးတဲ့အပင်ကြီးပေါ့ဗျာ၊ ကျုပ်လည်း မောမောနဲ့ထိုင်နားနေတုန်း ဦးသူတော်ကြီးက ညောင်ပင်တစ်ဖက်ကနေထွက်လာတယ်။
“ဟေ့ကောင်၊ ငါနဲ့လိုက်ခဲ့စမ်း”
ကျုပ်လည်း အယောင်ယောင်အမှားမှားနဲ့ ဦးသူတော်ကြီးခေါ်တဲ့အနောက်ကိုလိုက်လာခဲ့မိတယ်၊ ဒီအချိန် ညောင်ပင်တစ်ဖက်မှာ မိန်းမတစ်ယောက်ပေါ်လာတယ်ဗျ။
“မောင်လေး”
ကျုပ်လည်းချာခနဲလှည့်ကြည့်လိုက်တာပေါ့။
“ဟာ၊ မမမြ”
မမမြက ကျုပ်ကိုကြည့်ရင်း
“မောင်လေး၊ သူနဲ့လိုက်မသွားနဲ့၊ လာ မမနဲ့လိုက်ခဲ့”
ကျုပ်က မမမြဘက်ကိုလှည့််မယ်ပြင်လိုက်တော့ ဦးသူတော်က ကျုပ်လက်တစ်ဖက်ကိုဆွဲလိုက်တယ်ဗျ၊
“မရဘူး၊ မင်းငါနဲ့ပဲလိုက်ခဲ့ရမယ်”
ဦးသူတော်က ကျုပ်လက်ကိုအတင်းဆွဲပါရောဗျာ၊ ကျုပ်လည်း ခြေကန်ရုန်းပေမယ့် ရုန်းလို့မရဘူးဗျ၊ ဒီတော့ ဦးသူတော်ခေါ်ရာအနောက်ကို တရွတ်တိုက်ပြီးပါသွားတာပေါ့၊ ဒီတော့ မမမြကလည်း ကျုပ်ဆီကိုပြေးလာတယ်ဗျ၊ ကျုပ်ရဲ့ကျန်တဲ့လက်တစ်ဖက်ကို သူကဆွဲပြန်တယ်။
“မလိုက်ရဘူး၊ မောင်လေး မမနဲ့ပဲ နေရမယ်”
အမှန်အတိုင်းပြောရရင် ကျုပ်စိတ်ကလည်း မမမြဘက်ကိုညွှတ်နေတာကိုးဗျ၊ ဒီတော့ မမမြက လက်တစ်ဖက်နေကျုပ်ကိုဆွဲ၊ ဦးသူတော်က နောက်ထပ်လက်တစ်ဖက်ကိုဆွဲနဲ့ ကျုပ်မှာ ဟိုဖက်ပါသွားလိုက်၊ ဒီဖက်ပါသွားလိုက်နဲ့ ကားယားကြီးဖြစ်နေတာပေါ့ဗျာ။ နောက်တော့ မမမြက ကျုပ်လက်ကိုသူ့လက်ဝါးတစ်ဖက်နဲ့ အုပ်လိုက်တယ်ဗျ၊ ကျုပ်တစ်ကိုယ်လုံး ဓါတ်လိုက်သလိုဖြစ်သွားပြီးတော့ ဦးသူတော်ကြီးလည်း ဝုန်းခနဲလွင့်ထွက်သွားတာပေါ့ဗျာ။
မမမြက ကျုပ်ကိုလှမ်းဆွဲရင်း
“သူနဲ့လိုက်မသွားနဲ့မောင်လေး၊ သူနဲ့လိုက်သွားရင် မောင်လေးသေရလိမ့်မယ်”
ဦးသူတော်လည်း လူးလဲကုန်းထရင်း
“သူနဲ့လိုက်မသွားနဲ့ကောင်လေး၊ သူနဲ့လိုက်သွားရင် မင်းသေတာထက်ဆိုးတဲ့ဘဝရောက်ရလိမ့်မယ်ကွ”
မမမြက ကျုပ်လက်ကိုဆွဲလိုက်ပြီး ကျုပ်မျက်နှာကိုသေသေချာချာစိုက်ကြည့်တယ်။
“မောင်လေး၊ မမနဲ့လိုက်ခဲ့နော်၊ မမနဲ့လိုက်နေနော်”
ကျုပ်လည်း ခေါင်းညိတ်ပြလိုက်တယ်။ ဒီတော့ မမမြက သူ့မျက်နှာကို ကျုပ်မျက်နှာအနားကပ်လာတာပဲဗျာ၊ ဘယ်လောက်ကပ်သလဲဆိုရင် နှာခေါင်းချင်းထိသွားအောင်ကိုကပ်တာ၊ ကျုပ်မှာဖြင့် ရှက်သလိုလို၊ ရွံ့သလိုလို ဖိန်းတိန်း၊ ရှိန်းတိန်းကြီးဗျာ။ နောက်တော့ မမမြက သူ့နှုတ်ခမ်းဖူးဖူးကလေးနဲ့ ကျုပ်နှုတ်ခမ်းတွေကို အတင်းစုပ်နမ်းပါလေရောဗျာ၊ ကျုပ်ဘယ်လိုခံစားရတယ်ဆိုတာကို ပြန်မပြောပြတတ်ဘူးဗျ၊ ပြီးတော့ သူ့ပါးစပ်ထဲကနေ ငရုတ်ကောင်းစေ့လောက်ရှိတဲ့ အလုံးကလေးတစ်လုံးက ကျုပ်ပါးစပ်ထဲကိုဝင်လာတယ်ဗျ၊ ကျုပ်ဖြင့် လျှာနဲ့လိုက်စမ်းနေတုန်း အလုံးကလေးက ပျောက်သွားတော့တာပဲ၊ ဟဲ ဟဲ ကြွားတယ်လို့တော့ မထင်နဲ့ဗျ၊ ကျုပ်ဘဝရဲ့ ပထမဆုံးအနမ်းက ဥစ္စာစောင့်နဲ့ နမ်းခဲ့ရတာဗျ။
(၂)
ငါးမိနစ်လောက်ကြာပြီးတော့ မမမြက ကျုပ်ကိုသေချာကြည့်ရင်း
“မောင်လေးကို မမတို့သိုက်နန်းကိုခေါ်သွားမယ်နော်၊ မောင်လေးလိုက်မယ်မဟုတ်လား”
ကျုပ်လည်း ထူးဆန်းသွားတာပေါ့။
“ဘယ်လိုဗျ၊ သိုက်နန်းကိုခေါ်မယ်တဲ့လား၊ မမမြက လူမဟုတ်ဘူးလား”
မမမြက ခစ်ခနဲရယ်တယ်ဗျ။
“မောင်လေးက တုံးအလိုက်တာကွယ်၊ မမမြက လူမဟုတ်ပါဘူး၊ ဘုမ္မစိုး သိုက်နန်းရှင်တစ်ယောက်ပါ”
ကျုပ်ဖြင့်ထူးဆန်းနေတာဗျာ၊ ကျုပ်ကတော့ မမမြကို လူလို့ပဲထင်နေတာဗျ၊ ဒီအချိန် ဦးသူတော်ကြီးက
“ဟေ့ကောင်၊ သူပြောတာမယုံနဲ့၊ သူ့အနောက်ကို လိုက်မသွားနဲ့နော်”
မမမြက ကျုပ်မျက်နှာကလေးကို အသာပြုံးကြည့်ရင်း
“မောင်လေးပဲ မမကိုချစ်တယ်ဆို”
ကျုပ်ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆို ပါးစပ်ကဖြေနော်၊ မောင်လေး မမနဲ့အတူတူ သိုက်နန်းကိုလိုက်ခဲ့မလား”
“လိုက်၊ လိုက်ခဲ့မယ်”
ဦးသူတော်က ကြိတ်မနိုင်ခဲမရနဲ့ ဆဲဆိုအော်ဟစ်နေရောဗျာ။ မမမြက ပြုံးနေတာပဲဗျာ၊ မမမြပြုံးနေရင် သိပ်လှတာဗျ၊ ပြီးတော့ ကျုပ်လက်ကိုဆွဲရင်း
“ကဲမောင်လေး၊ မောင်လေးကိုယ်တိုင် လိုက်မယ်ဆိုလို့ မမကခေါ်တာနော်၊ မောင်လေးမျက်စိမှိတ်ထား”
ကျုပ်လည်း မျက်လုံးမှိတ်ထားလိုက်တယ်ဗျ၊ ထူးဆန်းတာကတော့ ကျုပ်မတ်တပ်ရပ်နေတဲ့အောက်က မြေပြင်က ရွေ့သွားသလိုလို၊ ပတ်ဝန်းကျင်တစ်ခွင်လုံး ရွေ့လျားနေသလိုလိုဖြစ်နေတာပဲ၊ ကျုပ်လည်း စိတ်ထဲက ပျော်နေမိတာပေါ့ဗျာ၊ ကျုုပ်က သိုက်နန်းရှင်ဖြစ်တော့မှာကိုးဗျ၊ ကျုပ်ကြည့်ဖူးတဲ့ သိုက်နန်းအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားတွေထဲကလိုမျိုး မင်းသားဝတ်စုံကလေးဝတ်၊ ရွှေပုံငွေပုံတွေကြားမှာပျော်ပျော်ကြီး စံစားရတော့မှာကိုး၊ ပြီးတော့ကိုယ်ချစ်တဲ့ မမမြနဲ့လည်း အတူတူနေရတော့မယ်မဟုတ်လားဗျာ။
ရင်ထဲသိမ့်ခနဲတစ်ချက်လှုပ်လိုက်ပြီးတော့ အသည်းထဲအေးသွားတယ်ဗျ၊ မမမြက ကျုပ်အနားကပ်ပြီး
“ကဲရပြီမောင်လေး၊ မျက်လုံးဖွင့်လိုက်တော့”
သိုက်နန်းက အကျယ်ကြီးဗျ၊ ကျောက်ဂူလိုလို မှောင်မှောင်မည်းမည်းပဲဗျ၊ ကျုပ်လည်း နံဘေးနားက မမမြကိုကြည့်လိုက်ပြီးတော့
“မမမြ၊ ဒါဘယ်ကိုရောက်လာတာလဲဗျ”
“မမတို့သိုက်နန်းကိုရောက်လာတာပေါ့မောင်လေးရယ်”
“ဟောဗျာ၊ သိုက်နန်းကလည်း ကျုပ်ကြည့်ဖူးတဲ့ ဇာတ်ကားထဲကလို ရွှေတွေ၊ ငွေတွေအပုံလိုက်အခဲလိုက်မရှိပါလားဗျ”
မမမြက တခစ်ခစ်နဲ့ရယ်မောလိုက်ပြီးတော့
“အိုကွာ၊ မမတို့သိုက်က ဥစ္စာပစ္စည်းတွေစောင့်ရတဲ့သိုက်မှမဟုတ်ဘဲကိုး”
“ဟာဗျာ၊ ဒါဆို ဘယ်ဟာကိုစောင့်ရတာလဲ”
မမမြက ဂူတစ်နေရာကိုလက်ညှိုးထိုးပြတယ်ဗျ၊ အဲဒီနေရာမှာတော့ ပြဿဒ်ကလေးနဲ့ ဘုရားဆင်းတုတော်ကလေးတစ်ဆူရှိတယ်၊ အဲဒီပြဿဒ်က ညတုန်းက ဦးသူတော်တူးဖော်ခဲ့တဲ့ ပြဿဒ်နဲ့ဘုရားဆင်းတုပေါ့ဗျာ။ သက်တန့်ရောင်စဉ်လို ရောင်စဉ်ခုနှစ်သွယ်က တဝင်းဝင်းတလက်လက်နဲ့ ထွက်နေပါရောဗျာ။
“မမမြတို့က အဲဒီဘုရားဆင်းတုကိုစောင့်နေရတာလား”
“အဟုတ်ပေါ့ကွာ၊ မမနဲ့ အဘိုးဦးတောက်တဲ့နဲ့က အရင်တုန်းက ဂန္ဓာရီလမ်းကို ကျင့်သုံးတဲ့ ဝိဇ္ဖာဓိုရ်ကြီးတစ်ယောက်ကို အလုပ်အကျွေးပြုနေကြတဲ့ မြေးအဘိုးပေါ့ မောင်လေးရယ်”
“ဗျာ၊ ဦးတောက်တဲ့နဲ့ မမနဲ့က မြေးအဘိုးတော်စပ်တာလား၊ ဒါနဲ့ပဲ အဖေကြီးဆိုဗျ”
“အဖေကြီးဆိုတာ အဘိုးကိုခေါ်တာလေ မောင်လေးရဲ့”
ကျုပ်လည်းအခုမှ သဘောပေါက်တော့တယ်ဗျာ။
“ဒါနဲ့ ဆက်ပြောပါအံ့ုးမမ အဲဒီဝိဇ္ဇာဓိုရ်ကြီးက ဘာဆက်ဖြစ်သွားတာတုန်း”
“သူက ထွက်ရပ်ပေါက်ပြီးတော့ အထက်စခန်းကိုကြွမြန်းသွားတယ်၊ သူကျန်ခဲ့တဲ့ ဟောဒီမဟိဒ္ဓိဓါတ်လုံးကိုတော့ မကောင်းတဲ့လူတွေ လက်ထဲကို မကျရောက်ရလေအောင် ကြေးငါးမျိုး၊ သတ္တုငါးမျိုး စပ်ထားတဲ့ ပဉ္စလောဟာသတ္တုနဲ့ ဆင်းတုတော်ထုပြီးတော့ ဆင်းတုတော်အထဲမှာ ဓါတ်လုံးကိုဌာပနာခဲ့တာပေါ့၊ မမတို့ မြေးအဘိုးကိုလည်း ဒီဓါတ်လုံးကိုစောင့်ရှောက်ဖို့ဆိုပြီးတော့ အစောင့်အကြပ်အနေနဲ့ ထားခဲ့တာပေါ့ မောင်လေးရယ်”
ကျုပ်လည်း စိတ်ထဲတစ်မျိုးကြီးဖြစ်လာတယ်ဗျ၊ သိုက်နန်းဆိုလို့ ရွှေပေါ်မြတင်လည်း မနေရဘူးလေဗျာ၊ လှလှပပလည်း ဝတ်စားရတာမဟုတ်ဘူးဗျ၊ မမမြတို့တောင်မှ ချည်ထည်ကြမ်းလောက်ပဲ ဝတ်တာစားတာကိုး၊ ကျုပ်စိတ်ထဲ သိုက်နန်းရှင်ချင်းအတူတူတောင်မှ၊ ဒီလိုဘာမှမရှိတဲ့သိုက်မှာ သိုက်နန်းရှင်ဖြစ်ရတာ မတန်ဘူးလို့ တွေးမိသွားသေးတယ်။
“ဒါနဲ့ မမတို့ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ”
“နှစ်တွေတော့ မရေမတွက်နိုင်လောက်အောင်ပါပဲ မောင်လေးရယ်၊ မမနဲ့ အဖေကြီးနဲ့ သိုက်နန်းမှာနှစ်ယောက်တည်း ပျင်းခြောက်ခြောက်ကြီးနေရတာကြာပါပြီကော”
မမမြက ကျုပ်အနားကိုတိုးကပ်လာပြီး
“အခုတော့ ရှေ့လျှောက်ပျင်းစရာမလိုတော့ဘူး၊ ဘာလို့လဲဆိုတော့ မောင်လေးလည်း သိုက်နန်းမှာရှိနေပြီလေ၊ မမနဲ့မောင်လေးနဲ့ ဒီသိုက်နန်းမှာ အတူတူနေကြရအောင်နော်”
ကျုပ်ခေါင်းမညိတ်၊ ခေါင်းမခါဘဲ တွေတွေကြီးဖြစ်နေတယ်ဗျာ။ ဒီလိုဘာမှမရှိတဲ့ သိုက်နန်းကြီးမှာ ကျုပ်နဲ့သူနဲ့နှစ်ယောက် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေရအုံးမယ်တဲ့လား။
(၃)
“အလတ်ကောင်၊ အလတ်ကောင်”
ကျုပ်နားထဲအသံတစ်ခုဝင်လာတယ်ဗျ၊
“ဟင်၊ ဒီအသံကို ကျုပ်ကြားဖူးတယ်”
မမမြက ပြာပြာသလဲနဲ့
“ဘာအသံလဲ၊ မမတော့မကြားပါဘူး”
“မဟုတ်ဘူးဗျ၊ ဒီအသံက ကျုပ်နဲ့တော်တော်ရင်းနှီးနေတဲ့အသံပဲ”
မမမြက အတင်းပဲ ကျုပ်အနားကပ်လာပြီးတော့ ကျုပ်နားရွက်နှစ်ဖက်ကို သူ့လက်ဝါးနှစ်ဖက်နဲ့အုပ်ပြီးပိတ်လိုက်တယ်။
“အို၊ မောင်လေးကလည်း မဟုတ်တာတွေ နားမထောင်စမ်းပါနဲ့”
ထူးဆန်းတာက သူနားပိတ်လိုက်ပေမယ့် ကျုပ်ကအသံတွေကြားနေရဆဲပဲဗျ။ အဲဒီအသံကို ကျုပ်ကြားဖူးနေတယ်၊ ကျုပ်အမြဲတမ်းကြားဖူးတဲ့အသံလိုဖြစ်နေတယ်ဗျာ။ ခက်တာက အသံကိုရင်းနှီးနေပေမယ့် ဘယ်သူ့အသံမှန်းကိုမသိတာဗျ။
“အလတ်ကောင်၊ မင်းအဲဒီမှာနေလို့မရဘူး၊ မင်းမနေရဘူးကွ”
ကျုပ်နားထဲအသံံတွေကြားနေဆဲပဲ၊ ကျုပ်လည်း အသံကိုနားထောင်ရင်း ပါးစပ်ကနေပြီးတော့ လွှတ်ခနဲထွက်သွားတယ်။
“ဦး . . . ဦးဘသာလား”
ဒီတော့မှ ကျုပ်ခေါင်းထဲက အတွေးတွေထဲမှာ ဦးဘသာအကြောင်းတွေပြန်ပေါ်လာတာဗျ၊ ပြန်စဉ်းစားကြည့်ရင် တော်တော်ထူးဆန်းဖို့ကောင်းသားဗျ၊ ကျုပ်က ဦးဘသာကိုမေ့နေတယ်လေဗျာ၊ ကျုပ်ထင်တာကတော့ မမမြကများ ကျုပ်ခေါင်းထဲက အတွေးတွေကို ပိတ်ဆို့ထားသလားလို့ပေါ့။
“ဦးဘသာ၊ ဦးဘသာဘယ်နားမှာလဲ”
ကျုပ်လည်း မမမြရင်ဘတ်ကိုတွန်းထုတ်လိုက်ပြီး သိုက်နန်းကြီးအထဲကို ဟိုကြည့်ဒီကြည့်လိုက်ကြည့်တာပေါ့ဗျာ။
“ဦးဘသာ၊ ဦးဘသာဘယ်မှာလဲ”
ကျုပ်လည်း သိုက်နန်းထဲမှာ ပြေးနေမိတယ်ဗျာ၊ အသံက တစ်နေရာရာကနေ ဦးတည်ထွက်လာတာဆိုတော့ အသံကြားရာအနောက်ကိုလိုက်ခဲ့တာပေါ့၊ တစ်နေရာရောက်တော့ ကျင်းနက်ကြီးတစ်ခုတွေ့တယ်ဗျ၊ အဲဒီကျင်းနက်က အကျယ်ကြီးပဲဗျာ၊ ကျင်းက လူသုံးရပ်စာလောက်တော့ နက်မယ့်ပုံပဲ၊ ကျင်းထဲမှာတော့ ယောက်ျားတွေအများကြီး မတ်တပ်ရပ်နေကြတယ်ဗျာ။
“ဟော၊ လူသစ်ရောက်ပြီ၊ လူသစ်ရောက်ပြီ”
ခေါင်းပေါင်းနဲ့လူတစ်ယောက်က အော်တယ်ဗျ၊
“မင်းလည်း မကြာခင် ကျင်းထဲရောက်တော့မယ်”
သျှောင်ထုံးကို တစောင်းထုံးထားတဲ့လူက အော်ပြန်ရောဗျို့၊ ဒီလူတွေက ကျင်းထဲမှာ တောင့်တောင့်ကြီးတွေ မတ်တပ်ရပ်ပြီး မလှုပ်မရှားနဲ့ဗျ၊ မျက်လုံးနဲ့ ပါးစပ်ပေါက်တွေပဲ လှုပ်နေကြတယ်၊ အသံပေါင်းစုံအော်ဟစ်နေတာပေါ့ဗျာ။
“ခင်ဗျားတို့က ဘယ်သူတွေလဲ”
“တို့အားလုံးက မြမြရဲ့လင်ယောက်ျားတွေပေါ့”
“ဗျာ၊ လင်ယောက်ျားတွေက ဒီလောက်များသလား”
ကျုပ်ရေရွတ်နေတုန်းရှိသေးတယ် မမမြက အနောက်ကနေပြေးလိုက်လာတယ်ဗျ။
“မောင်လေး၊ အဲဒီဘက်ကိုမသွားနဲ့ လာ၊ လာ ဒီဘက်ကိုလာခဲ့”
ကျုပ်လည်း သူ့ကိုကြည့်ရင်း တော်တော်တုန်လှုပ်သွားတာပေါ့။
“မလာဘူး၊ မလာဘူး၊ သွား၊ ခင်ဗျားကျုပ်အနားကိုမလာနဲ့”
ကျုပ်လည်း ဆက်ပြေးမိတာပေါ့ဗျာ၊ နေုာက်တော့ အရှေ့မှာ ကျောက်တံခါးကြီးတစ်ချပ်ကိုတွေ့တယ်ဗျ၊ ကျောက်တံခါးကြီးက ပုံမှန်သစ်သားတံခါးနဲ့ ပုံစံတူတူပဲဗျ၊ ကျုပ်လည်းအတင်းပြေးပြီးတော့ ကျောက်တံခါးကိုထုတာပေါ့ဗျာ။ ဦးဘသာအသံက အဲဒီကျောက်တံခါးတစ်ဖက်ကနေလာတာဗျ။
“ဦးဘသာ၊ ကျုပ်ကိုကယ်ပါအုံး၊ ကျုပ်ကိုကယ်ပါအုံး”
ကျုပ်ထုနေတုန်း မမမြကအနားရောက်လာပြီး ကျုပ်လက်ကိုဆွဲတာပဲ။
“မောင်လေးပဲ သိုက်နန်းမှာနေမယ်လို့ပြောခဲ့တာမဟုတ်လား၊ လာ၊ မမအနောက်ကိုလိုက်ခဲ့နော်”
“ဟဲ့ ဥစ္စာစောင့်မ၊ သိုက်နန်းတံခါးကိုဖွင့်ပေးစမ်း”
ကျောက်တံခါးကြီးက တဝုန်းဝုန်းနဲ့လှုပ်လာတယ်ဗျာ၊ မမမြက တံခါးကိုကြည့်ရင်း
“မဖွင့်ပေးဘူး၊ မဖွင့်ပေးနိုင်ဘူး၊ ရှင်အစွမ်းအစရှိရင် ဝင်လာခဲ့ပါလား”
ဒီတော့ ဦးဘသာက တောက်ခေါက်တယ်ဗျ။
“အောင်မယ်၊ နင်ကများငါ့ကို ရာရာစစ၊ ကိုင်း၊ ငါ့အဆိုးမဆိုနဲ့နော်”
ပြီးတာနဲ့ သိုက်နန်းကြီးတစ်ခုလုံး ငလျင်လှုပ်သလို တဂျိန်းဂျိန်းနဲ့လှုပ်တော့တာပဲဗျာ၊ ကျောက်ဂူကြီးရဲ့မျက်နှာကျက်ကနေပြီးတော့ ကျောက်တုံးတွေ၊ ဖုန်မှုန့်တွေက တဖြောဖြောနဲ့ စုပုံကျနေသေးတယ်၊ ခြေထောက်နှစ်ချောင်းအပေါ် အနိုင်နိုင်ရပ်ထားရတယ်ဆိုပေမယ့် တစ်ကိုယ်လုံးက ယိမ်းထိုးနေတယ်ဗျာ။
ပြီးတာနဲ့ အရှေ့က ကျောက်တံခါးကြီးနှစ်ချပ်က ဝုန်းခနဲပွင့်ထွက်သွားတော့တာပဲ၊ တံခါးအနားမှာရပ်နေတဲ့ ကျုပ်နဲ့ မမမြတို့အနောက်ကိုလွင့်ထွက်သွားတာပေါ့ဗျာ။ ကျုပ်လည်း တံခါးပွင့်သွားပြီဆိုတော့ အားကိုးတကြီးနဲ့ အပြင်ကိုပြေးထွက်ဖို့လုပ်လိုက်တော့ တံခါးအပြင်မှာ မျက်လုံးကြီးတစ်ခုဗျ၊ ကျောက်တံခါးအထဲကို ချောင်းကြည့်နေပါရော၊ ကြီးလိုက်တဲ့မျက်လုံးကြီးဗျာ၊ ကျုပ်တို့ကိုယ်လုံးရဲ့ လေးငါးဆယ်ဆမက ရှိတာပေါ့။
“ဟေ့အလတ်ကောင် မင်းဘယ်မှာလဲ”
ကျုပ်လည်း လက်နှစ်ဖက်ကိုဝှေ့ယမ်းရင်း
“ကျုပ်ဒီမှာ၊ ကျုပ်ဒီမှာဗျ”
ဒီတော့ မျက်လုံးကြီးက ဖြတ်ခနဲပျောက်သွားပြီးတော့ ဦးဘသာက ကျုပ်ဘေးနားမှာ ဘွားခနဲလာပေါ်ပါရောဗျာ၊ ကျုပ်ဖြင့် ပြောမပြတတ်အောင်ဝမ်းသာသွားပြီးတော့ ဦးဘသာကြီးကိုပြေးဖက်ထားလိုက်တာပေါ့၊
“ဦးဘသာ၊ ကျုပ်ကိုကယ်ပါ၊ ကျုပ်ကိုကယ်ပါ”
မမမြက ဦးဘသာကို စူးစူးစိုက်စိုက်ကြည့်ပြီးတော့
“ရှင်ကိုယ့်ဖာသာကိုယ်နေပါအဘိုးကြီး၊ ကျုပ်တို့ကိုဝင်မရှုပ်ပါနဲ့”
“ဟ၊ ဒီကောင်လေးက ငါ့တူငါ့သားလေးလိုခင်ရတဲ့ကောင်လေး၊ ငါ့ဖာသာနေလို့ရမလား”
“ဒီကောင်လေးက အခုရှင်နဲ့မဆိုင်တော့ဘူး၊ သူက ကျုပ်ရဲ့လူဖြစ်သွားပြီရှင့်”
“အောင်မာ၊ ကြီးကြီးကျယ်ကျယ်မပြောစမ်းနဲ့၊ လာအလတ်ကောင် ငါတို့ပြန်မယ်”
ဒီတော့ မမမြက အသံအကျယ်ကြီးနဲ့ အော်လိုက်ပါရော။
“အဖေကြီးရေ၊ အဖေကြီးရဲ့ ဒီကိုလာပါအုံး”
ကျုပ်တို့အရှေ့မှာ ဦးတောက်တဲ့ကြီးပေါ်လာတယ်ဗျ၊ ထုံးစံအတိုင်း စုတ်စုတ်ပြတ်ပြတ်နဲ့ပေါ့ဗျာ။
“ဟေ့၊ မင်းတို့နှစ်ယောက် ဒီထဲကနေဘယ်ကိုမှ မထွက်သွားရဘူးဟေ့”
ဦးတောက်တဲ့က ကျုပ်တို့ကိုစူးစူးဝါးဝါးကြည့်ပြီးတော့ လက်ညှိုးထိုးရင်းပြောတာဗျ၊ ဦးဘသာက ခါးထောက်လိုက်ရင်း
“ဒါကျုပ်လူ၊ ကျုပ်ပြန်ခေါ်တာဘာဖြစ်လဲ”
“ဟား၊ ဟား ဒီကောင်လေးက မင်းရဲ့လူမဟုတ်တော့ဘူးကွ၊ ဟောဒီသိုက်နန်းထဲကိုတောင် ရောက်လာနေပြီပဲ၊ မှတ်ထား စုန်းကောင်ရ၊ ဒီအထဲကို သူ့ဆန္ဒမပါဘဲ လာလို့မရဘူးကွ”
ဦးဘသာက ကျုပ်ကိုလှည့်ကြည့်ပြီး
“အလတ်ကောင်၊ မင်းဘာတွေလုပ်ခဲ့ပြီးပြီလဲ”
ကျုပ်လည်း ခေါင်းကုပ်ရင်း
“ဟိုလေ၊ ကျုပ်၊ ကျုပ် သူနဲ့သိုက်နန်းထဲကိုလိုက်မယ်လို့ ပြောလိုက်မိတယ်”
“ဘာကွ”
ဦးဘသာကြီးက ထအော်တယ်။
“ဒါဆိုရင် အတူတူနေမယ်လို့များ ကတိပေးလိုက်သေးသလား”
ကျုပ်သေချာပြန်စဉ်းစားကြည့်တယ်ဗျ၊ အတူတူနေမယ်လို့တော့ ကတိမပေးဖူးသေးဘူး၊ ဒါနဲ့ ခေါင်းကိုခါပြလိုက်တယ်။ ဦးဘသာက ကျုပ်ကိုသေချာကြည့်ပြီးတော့
“မင်းပါးစပ်ကိုဟထားလိုက်စမ်းကွာ”
ကျုပ်လည်းပါးစပ်ကိုဟထားတာပေါ့၊ ဦးဘသာက ဘာမပြောညာမပြောနဲ့ ကျုပ်ဇက်ပိုးကိုလက်ဝါးနဲ့ဖြောင်းခနဲရိုက်ချလိုက်တယ်ဗျ၊ ရိုက်လို့လည်းပြီးရော ကျုပ်ရင်ထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်လာတယ်၊ နောက်တော့ တဖြည်းဖြည်းပျို့တက်လာတယ်၊ လည်ချောင်းအဝနားရောက်တော့ အန်ချင်လာတာနဲ့ ကြမ်းပြင်ပေါ်ကို ဝေါ့ခနဲအန်ချလိုက်မိတယ်၊ ကျုပ်ပါးစပ်ထဲကနေ ခဲလုံးတွေထွက်လာတာ မနည်းဘူးဗျာ၊ ခဲလုံးတွေက ဆီးဖြူသီးလောက်ရှိတယ်၊ မသိရင် ဆိတ်ချေးလုံးလေးတွေကျနေတာပဲ၊ အလုံးငါးဆယ်လောက် ကြမ်းပြင်ပေါ်ကို တဒေါက်ဒေါက်နဲ့ကျသွားပြီးတော့မှ အန်တာရပ်သွားတယ်၊ အန်လိုက်ရလို့ မောလိုက်တာလည်း ပြောမနေပါနဲ့ဗျာ။
“ဘာ၊ ဘာတွေလဲ ဦးဘသာ”
“လတ်စသတ်တော့ သူတို့ကမင်းကို သိုက်စာတွေတောင် ခွံ့ပြီးနေမှကိုးကွ၊ သိတာမြန်လို့ပေါ့အလတ်ကောင်ရာ၊ မင်းဝမ်းထဲမှာဒီအစာတွေပြည့်သွားရင် မင်းသေပြီကွ”
“ဗျ . . . ဗျာ၊ သိုက်စာခွံ့တယ်တဲ့လား”
“သိုက်နန်းက လူတွေကိုဖမ်းစားချင်တယ်၊ အခိုင်းအစေအဖြစ်ခေါ်ချင်တယ်ဆိုရင် အဲဒီလိုမျိုး သိုက်စာခွံ့တယ်ကွ၊ တစ်ချို့လည်း စားသောက်စရာထဲထည့်ခွံတယ်၊ လက်ဖက်ကျွေးတယ်၊ တစ်ခါတစ်လေ ရေထဲထည့်တိုက်တယ်ကွ၊ သိုက်စာ ဝမ်းထဲမှာပြည့်ပြီဆိုရင် အဲဒီသိုက်ထဲကနေ ထွက်မရတော့ဘူးကွ”
ကျုပ်လည်း မမမြကိုလှည့်ကြည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ မမမြက ကျုပ်ကိုသိုက်နန်းထဲခေါ်ချင်တာလဲ”
မမမြက ရယ်မောလိုက်ပြီး
“မင်းကိုချစ်လို့ပေါ့ မောင်လေးရာ”
“ဘာဗျ”
“အေးလေ၊ မင်းကိုချစ်လို့ ခေါ်တာပေါ့၊ လာပါကွာ၊ ရောက်လက်စနဲ့မထူးတော့ပါဘူး၊ မမနဲ့အတူတူ လာနေလှည့်ဟုတ်ပြီလား”
ကျုပ်လည်း ခေါင်းကိုခါရမ်းလိုက်ပြီး
“မနေဘူး၊ မနေချင်ဘူး၊ မမမြကျုပ်ကိုညာတယ်၊ မမမြက ကျုပ်ကိုတကယ်ချစ်တာမဟုတ်ဘူး”
“တကယ်ချစ်တာပါဆို မောင်လေးကလည်း”
ကျုပ်က ကျင်းနက်ထဲက လူတွေကိုလက်ညှိုးထိုးပြလိုက်တယ်။
“ဒါဆိုရင် ဒီလူတွေကရောဗျာ၊ ဒီလူတွေက ဘယ်သူတွေလဲ”
မမမြက ကျင်းကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးတော့
“သူတို့လည်း မမမြရဲ့ချစ်သူတွေပဲပေါ့၊ တစ်ချိန်က သူတို့ကိုနှစ်နှစ်ကာကာချစ်ခဲ့ပေမယ့် အချိန်ကြာလာတော့ အချစ်ပေါ့သွားလို့ ချောင်ထိုးထားလိုက်တယ်ဆိုပါတော့ကွာ၊ ဟင်း၊ ဟင်း”
“ဒါ၊ ဒါဆိုရင် ကျုပ်ကိုရော တစ်ချိန်ကျရင် သူတို့လိုမျိုးချောင်ထိုးမှာလား”
မမမြက ပြာပြာသလဲနဲ့
“အို၊ မောင်လေးကိုတော့ မမကတကယ်သံယောဇဉ်ရှိတာပါ၊ မောင်လေးကို ချောင်မထိုးပါဘူး”
ဦးဘသာကျုပ်ကိုကြည့်ပြီး
“မင်းသေချာစဉ်းစားနော်အလတ်ကောင်၊ စကားပုံတောင်ရှိသေးတယ်၊ တစ်ခါခြံကျော်ဖူးတဲ့နွားက နောက်တစ်ခါကျော်ဖို့ ဝန်မလေးဘူးတဲ့၊ အခုသူလုပ်ထားတာ တစ်ခါမှမကတာ”
မမမြက ဦးဘသာကို ဒေါသတကြီးနဲ့ကြည့်လိုက်ပြီးတော့
“ရှင့်ပါးစပ်ကိုပိတ်ထားလိုက်စမ်း”
အဲဒီလိုပြောရင်း ဦးဘသာကို ကျောက်ခဲတစ်လုံးနဲ့လှမ်းပစ်တော့တာပဲဗျာ၊ ဦးဘသာက အဲဒီကျောက်ခဲလုံးကို လေပေါ်တင်ပဲ အစိတ်စိတ်အမွှာမွှာကွဲအောင်လို့ ဖောက်ခွဲပစ်လိုက်တယ်။ မမမြက မကျေမနပ်နဲ့ ထပ်ပြီးတော့ ကျောက်ခဲလေးငါးခဲနဲ့ ထပ်ပစ်တယ်ဗျာ၊ ကျောက်ခဲတွေက လေပေါ်ရောက်သွားတယ်ဆိုရင်ပဲ ချွန်ထက်ပြီးတော့ အသွားတွေတလက်လက်ဖြစ်နေတဲ့ ဓါးတွေ၊ လှံတွေအဖြစ်ပြောင်းလဲသွားသဗျ၊ ဦးဘသာကတော့ ဒီလောက်တော့အပျော့ပေါ့ဗျာ၊ အဲဒီဓါးတွေ လှံတွေကလည်း လေပေါ်မှာပဲ မှန်ချပ်ကွဲသလို တစ်စစီကွဲထွက်ကုန်တာပေါ့ဗျ။
ဦးတောက်တဲ့ကလည်း ဒီအတိုင်းရပ်မနေတော့ဘူးဗျို့၊ သူ့ပါးစပ်ကြီးဖြဲလိုက်တယ်ဆိုရင်ပဲ ပါးစပ်ထဲကနေ ကျွတ်လိုလို၊ မျှော့လိုလိုအကောင်လေးတွေ ခုန်ပေါက်ထွက်လာတာပဲဗျာ၊ ဒီအကောင်လေးတွေ ကြမ်းပြင်ပေါ်ရောက်တာနဲ့ တစ်လံလောက်ရှိတဲ့ မြွေနက်ကြီးတွေဖြစ်သွားရောဗျို့၊ ကျုပ်လိုက်တော့ မရေတွက်မိပေမယ့် မြွေပေါင်းအကောင်ငါးဆယ်လောက်တော့ ရှိသဗျ၊ မြွေအုပ်ကြီးက တဖြည်းဖြည်းနဲ့ ဦးဘသာဆီကိုလာပါလေရော၊ မြွေတွေသွားတဲ့အသံက တရှဲရှဲနဲ့ သိပ်ကြောက်ဖို့ကောင်းတာဗျ။ ကျုပ်ကြားဖူးတဲ့ သိုက်မြွေဆိုတာ ဒါမျိုးဖြစ်မှာပေါ့ဗျာ။ ပါးပျဉ်းတွေထောင်၊ ပါးစောင်တွေခဲပြီးတော့ ဦးဘသာဆီကိုလာကြတာ။
ဦးဘသာကိုမြွေတွေဝိုင်းလိုက်တော့ ကျုပ်ဖြင့် ဦးဘသာကိုပြေးဖက်ထားမိတယ်၊ မြွေတွေက ဒေါသတကြီးနဲ့ ပေါက်မယ်ပြုမယ် တကဲကဲလုပ်နေတာကိုးဗျ၊ ဦးဘသာက ခြေဖနောင့်ကိုတစ်ချက်ဆောင့်လိုက်တာနဲ့ အဲဒီမြွေတွေက တီကောင်တွေဖြစ်သွားတယ်ဗျာ၊ တီကောင်တွေဖြစ်ပြီးတော့ ကြမ်းပြင်ပေါ်မှာ တဝုန်းဝုန်းနဲ့ခုန်နေကြပါရော၊
မမမြက အနောက်ကိုခုန်ဆုတ်လိုက်ပြီးတော့ လက်နှစ်ဖက်ကိုစုပြီး မိုးပေါ်ထောင်လိုက်တယ်ဗျ။
“ကဲ ဝိဇ္ဇာဓိုရ်ကြီးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ နောက်ဆုံးလက်နက်ဖြစ်တဲ့ ဓါးစင်္ကြာလက်နက်ထုတ်မဟဲ့၊ နင်တို့နှစ်ကောင် ခံနိုင်ရင်ခံစမ်း”
မမမြလက်ထဲမှာ လခြမ်းပုံစံ ဓါးသွားကြီးတစ်ခုပေါ်လာတယ်ဗျ၊ ဓါးမှာလက်ကိုင်မပါဘူး၊ အသွားပဲပါတယ်၊ ပြီးတော့ မမမြက မန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်တာနဲ့ အဲဒီလခြမ်းပုံစံဓါးက သူ့လက်ထဲမှာ လည်တော့တာပဲဗျာ။ လည်တဲ့အသံကလည်း တရွှမ်းရွှမ်းနဲ့ ဓါးသွားကိုလေပေါ်မှာဝှေ့ကစားရင် ထွက်တဲ့အသံပေါ့၊ ပြီးတာနဲ့ ဦးဘသာကို အဲဒီဓါးစြက်ာနဲ့ ပစ်လွှတ်လိုက်ပါရောဗျာ။
ဓါးစြက်ာပျံတာကလည်း သိပ်မြန်တာဗျာ၊ ဦးဘသာရင်ဘတ်ကိုထိပြီးနောက် ရွတ်ခနဲကိုယ်လုံးကိုဖြတ်ချသွားပြီး ဟိုးအနောက်ကိုပျံထွက်သွားတာဗျ၊ ကျုပ်လည်း ဦးဘသာကိုကိုင်ကြည့်တာပေါ့၊ ဦးဘသာကတော့ မျက်လုံးမှိတ်ထားတယ်ဗျ၊ ဓါးစြက်ာဖြတ်သွားပေမယ့် ဦးဘသာကိုယ်လုံးမှာ ဘာဒဏ်ရာမှ မဖြစ်သွားဘူး။ မမမြလည်း သိပ်အံ့သြသွားပုံရတယ်ဗျ။ ဒါနဲ့ နောက်ထပ် သုံးလေးကြိမ်လောက် ထပ်ပစ်ပြန်ရောဗျို့၊ ဓါးစြက်ာက ဦးဘသာကို လေးငါးခြောက်ချက်ထိတယ်ဗျ၊ ဒါပေမယ့် ဘာမှမဖြစ်ဘူး။
ဒီတော့ ဦးဘသာက မျက်လုံးတွေဖွင့်လိုက်တယ်။
“ကျွနု်ပ်သည် ဘုရားဆင်းတုကိုလည်းကောင်း၊ မဟိဒ္ဓိဓါတ်လုံးကိုလည်းကောင်း ရယူပိုင်ဆိုင်လိုသည့် လောဘအလျင်းမရှိပါ၊ ဤမှန်သော သစ္စာစကားကြောင့် ဓါးစြက်ာသည် ကျွနု်ပ်အား ရန်မပြုနိုင်စေသတည်း၊ ဓါးစြက်ာလည်း ပျက်ယွင်းရပ်တန့်စေသတည်း”
ဦးဘသာက ဒီလိုရွတ်တာကိုးဗျ၊ ဒီတော့ ဓါးစြက်ာက လေပေါ်မှာပျံနေရင်း ရပ်တန့်သွားတယ်၊ ပြီးတော့ လခြမ်းကွေးအဖြစ်ပြန်ပြောင်းလဲသွားပြီး ရပ်တန့်နေတယ်။
“မဖြစ်နိုင်ဘူး၊ ဓါးစြက်ာက ရှင့်ကိုမဖြတ်ဘူးဆိုတာ မဖြစ်နိုင်ဘူး”
မမမြက တော်တော်ထိတ်လန့်နေတယ်ဗျ၊ ဦးဘသာက လက်ပိုက်လိုက်ပြီးတော့
“ဒီမယ် မိန်းကလေး၊ မင်းကို ဝိဇ္ဇာဓိုရ်ကြီးက ဓါးစြက်ာပေးခဲ့တယ်ဆိုတာ သူထားခဲ့တဲ့ ဓါတ်လုံးကို စောင့်ရှောက်ကာကွယ်ဖို့ပဲ၊ ဒီတော့ ဓါတ်လုံးကိုလိုချင်တဲ့ လောဘသားတွေကိုပဲ ဓါးစြက်ာကဖြတ်နိုင်မှာပေါ့ဟဲ့၊ ငါက ညည်းတို့ဓါတ်လုံးကို ဂရုမစိုက်ဘူး”
မမမြက ထွက်ပြေးမယ်လုပ်တော့တယ်ဗျ၊ လေပေါ်ကိုတစ်ချက်ခုန်လိုက်တာနဲ့ သူ့ကိုယ်လုံးက ဝှစ်ခနဲပျောက်သွားပြီးတော့ ဆံပင်ကြီးပဲကျန်တော့တာပဲဗျာ၊ ပြီးတော့ ဂူထဲမှာပျံနေပါရော၊ ဦးဘသာက သူ့ခေါင်းက ခေါင်းပေါင်းစကိုဖြုတ်လိုက်ပြီးတော့ လေပေါ်မြှောက်တင်လိုက်တာနဲ့ ခေါင်းပေါင်းစက ခုနက ဆံပင်ဘုတ်သိုက်ကြိးကို သူ့အလိုလိုသွားပတ်ပြီးတော့ ကြမ်းပြင်ပေါ်ကို ဘုတ်ခနဲပြုတ်ကျတာပဲဗျာ။ မြေကြီးပေါ်ရောက်တာနဲ့ မမမြပြန်ဖြစ်သွားပါရော၊ ခေါင်းပေါင်းစကတော့ သူ့ကိုယ်လုံးကို တင်းတင်းကြပ်ကြပ်ပတ်ထားဆဲပေါ့ဗျာ။
“နင်ပြေးလို့ ဘယ်လွယ်မလဲမိန်းကလေး၊ ငါ ရှည်ရှည်ဝေးဝေးမပြောချင်ဘူး၊ ငါ့လူကို ငါပြန်ခေါ်သွားမယ်၊ နင်တို့မတားကြနဲ့”
“မရဘူး၊ ခေါ်လို့မရဘူး၊ ကျုပ်ယောက်ျားအသစ်တစ်ယောက် ရှာခဲ့ရတာ ဘယ်လောက်ကြာပြီမှတ်သလဲ၊ နှစ်ပေါင်းသုံးဆယ်နီးပါးရှိပြီရှင့်၊ မခေါ်ရဘူး သူ့ကိုပြန်ခေါ်မသွားရဘူး”
ကျုပ်ဖြင့် မမမြကိုကြည့်ပြီးတော့ အတော်ကိုကြောက်လာတာဗျာ၊
“ဒါဆို ဒါတွေအားလုံးက မမမြက ကြိုတင်ကြံစည်ခဲ့တာပေါ့”
မမမြက ရယ်တယ်ဗျ။ တဟီးဟီး၊ တဟားဟားနဲ့ကိုရယ်တာ
“အေးပေါ့၊ နင့်ကိုမြင်ကတည်းက ငါသိတယ်၊ နင်က တဏှာရူးမှန်း ငါသိလိုက်တယ်၊ ဒါကြောင့် နင့်ကိုဖျားယောင်းဖို့လုပ်ခဲ့တာပဲ၊ နင်တို့လွမ်းစေတီကလေးကိုလာဖြစ်အောင်၊ လွမ်းစေတီကိုလာရင် ငါနဲ့ဆုံအောင်လို့ လုပ်ခဲ့တာပဲ၊ နင်ပြန်သွားပြီးတဲ့ ညမှာပဲ ငါက နင့်အသက်ကိုနှုတ်ဖို့ နင်တို့တည်းတဲ့အိမ်ပေါ်ကို တက်လာခဲ့တာပဲ”
ဒီတော့မှ မနေ့ညက မမမြအိမ်ပေါ်တက်လာတာကို ကျုပ်သတိရသွားတယ်ဗျ။
“ဒါပေမယ့် ဟိုဖိုးသူတော် အစုတ်ပလုပ်က ငါ့နာမ်ကောင်အပြင်ထွက်သွားတာကို စောင့်နေခဲ့တာကြာခဲ့ပြီ၊ အခုငါထွက်သွားတော့ သူ့အတွက်အခွင့်အရေးဆိုပြီးတော့ သိုက်နန်းကိုဝင်စီးပြီး ငါတို့မြေအဘိုးကို ဖမ်းချုပ်ခဲ့တာပဲ၊ ဒါကြောင့် နင့်ကိုအသက်နှုတ်ဖို့ ငါမစွမ်းသာတော့တာ”
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲဗျာ၊ ဘုတ်ဆုံတို့ပြောစကားအရဆိုရင် ဒီဦးသူတော်က ရွာမှာလာနေတာကြာပြီဆိုတော့ ကျုပ်အထင် မမမြသိုက်နန်းက အခွာကိုစောင့်နေတဲ့ပုံပဲဗျ၊ သိုက်နန်းကနေ နာမ်ရုပ်ပွားထွက်ပြီး တကယ့်ရုပ်သွင်ကျန်နေတဲ့အချိန် ဝင်ဖမ်းလိုက်တာကိုးဗျ။
“ဒါပေမယ့် ဖိုးသူတော်က သူ့လောဘနဲ့သူ၊ အဆုံးသတ်သွားခဲ့တယ်၊ သူကျောက်တုံးထဲကို မြိုကျသွားတဲ့အချိန်မှာ သူ့ခန္ဓာထဲကို ငါကကိန်းဝင်လိုက်ပြီးတော့ သူ့ချိုင်းအောက်က လှံသွားနဲ့ နင့်ကိုပစ်သတ်ခဲ့တာပဲ”
“ဟား၊ ဟား၊ ဟား”
ဒီအချိန်ပဲ ရယ်သံကြီးတစ်ခုကြားလိုက်ရတယ်ဗျ၊ ကျုပ်တို့ရယ်သံကြားတဲ့နေရာကိုကြည့်လိုက်တော့ သိုက်နန်းဂူအဝမှ ဦးသူတော်ကြီး မတ်တပ်ရပ်နေသဗျ။
“ဟာ၊ ဦးသူတော်က မသေဘူးဟေ့”
ကျုပ်အံ့သြပြီးအော်လိုက်မိတယ်၊ ဦးသူတော်က မမမြကိုလက်ညှိုးထိုးပြီးတော့
“နင်တို့အကြံ ဒါအကုန်ပဲလားဟဲ့၊ ပြောစမ်းပါအုံး နင်တို့မြေးအဘိုး ဘာဖြစ်လို့ သိုက်စောင့်ဘဝကိုရောက်သွားရတယ်ဆိုတာလေ”
မမမြက ဘာမှမပြောဘဲ အံကြိတ်နေတယ်။ ဦးသူတော်က
“ငါပြောပြမယ်၊ သူတို့မြေးအဘိုးက အဂ္ဂိရတ်လိုင်းနဲ့ဓါတ်လုံးဖန်တီးပြီးတော့ ထွက်ရပ်ပေါက်အောင်ကျင့်ကြံနေတဲ့ ဘိုးတော်ကြီးဆီမှာ ပညာရနိုးနိုး၊ ဓါတ်ပြာ၊ ဓါတ်ဆေးရနိုးနိုးနဲ့ တပည့်ခံနေကြတဲ့ မြေးအဘိုးပေါ့”
ဦးတောက်တဲ့က ခေါင်းငိုက်စိုက်ကျသွားတယ်။
“တစ်နေ့တော့ ဓါတ်လုံးအောင်တာနဲ့ ဘိုးတော်ကြီးက ဓါတ်လုံးကိုနောက်ဆုံးဓါတ်စာကျွေးဖို့အသွားမှာ ဟောဒီမြေးအဘိုးက ဓါတ်လုံးကိုခိုးယူပြီးတော့ ပြေးခဲ့တာပဲ၊ တကယ်တော့ ဒီဓါတ်လုံးက သူတို့မြေးအဘိုးထင်နေသလိုမျိုး ရွှေဖြစ်ငွေဖြစ်ဓါတ်လုံးမဟုတ်ဘူး၊ သိဒ္ဒိဆယ်ပါးနဲ့ပြည့်စုံပြီးတော့ မဟိဒ္ဓိပေါက်နိုင်ပြီး လူစင်စစ်ကနေ ဘိုးတော်ဝိဇ္ဇာဓိုရ်အဖြစ်ပြောင်းလဲနိုင်တဲ့ ဓါတ်လုံးပဲ၊ ဒါပေမယ့် သူတို့မြေးအဘိုးရဲ့ မတော်လောဘတွေက သူတို့ကိုပြန်အကျိုးပေးပြီးတော့ လူစင်စစ်ကနေ ဓါတ်လုံးကိုစောင့်ရတဲ့ ပြိတ္တာတစ်ပိုင်းဘဝကို ရောက်သွားရတာပဲ”
ဦးတောက်တဲ့က ယောက်ျားကြီးတန်မဲ့ မျက်ရည်တွေတဖြိုင်ဖြိုင်ကျပြီးတော့ ငိုပါလေရောဗျာ။
“ဒီဓါတ်လုံးကို တစ်ချိန်ကျရင် ဝိဇ္ဇာဓိုရ်ကြီးက ပြန်လာယူမှာမို့လို့ ဘုရားဆင်းတုထဲကိုထည့််ပြီး ဌာပနာခဲ့တာပဲ၊ ကဲ အခုတော့ အဲဒီအချိန်ကျပြီ”
ကျောက်ဂူကြီးတစ်ခုလုံးလင်းထိန်သွားးပြီးတော့ ဂူဝကနေ အလင်းလုံးကြီးတစ်ခုဝင်လာတယ်ဗျ၊ အလင်းလုံးထဲကို သေသေချာချာကြည့်ရင် လူမျက်နှာပုံလိုလို ပုံရိပ်ကြီးပါတယ်၊ အဲဒါကြီးက ဘုရားဆင်းတုအနားကိုပျံသန်းသွားတယ်ဆိုရင်ပဲ ပြဿဒ်ထဲက ဘုရားဆင်းတုထဲကနေ အရောင်မျိုးစုံဝင်းလက်နေတဲ့ ဆီးသီးကင်းလောက် အလုံးကလေးတစ်လုံးက သူ့အလိုလိုပျံတက်လာတာပဲဗျာ၊ ဒီအလုံးလေးက အလင်းလုံးကြီးထဲဝင်သွားတော့ အလင်းလုံးကြီးက ပိုပြီးအရောင်တွေတက်သွားပါရော။
နောက်တော့ အသံသြသြကြီးထွက်လာတယ်။
“တောက်တဲ့နဲ့ မြမြ၊ နင်တို့တာဝန်ပြီးပြီ၊ ဦးသူတော်က ငါနဲ့လိုက်ခဲ့”
ဦးသူတော်လည်း အလင်းလုံးတစ်လုံးဖြစ်ပြီးတော့ ပျံတက်သွားတာပဲဗျာ၊ မမမြနဲ့ ဦးတောက်တဲဲ့တို့က ငိုယိုနေရင်း တဖြည်းဖြည်းကျောက်ရုပ်အဖြစ်ပြောင်းသွားတယ်ဗျို့၊ အလင်းလုံးက သိုက်နန်းဂူဝကိုရောက်တော့ ကျုပ်လည်း မနေနိုင်မထိုင်နိုင် လှမ်းမေးမိလိုက်တယ်။
“ဒါဆို၊ ကျုပ်၊ ကျုပ်တို့ကရော ဘာလုပ်ရမှာလဲ”
“မင်းတို့က လာရာလမ်းအတိုင်းပြန်ပေါ့ကွ”
ဒီလိုပြောပြီးတော့ အလင်းလုံးကြီးက လင်းသွားလိုက်တာဗျာ၊ စိန်ရောင်ခြည်အတိုင်း တဖြတ်ဖြတ်နဲ့ဗျ၊ ကျုပ်လည်း တော်တော်ကြာအောင်ကြည့်နေမိသေးတာ၊ နောက်တော့ အလင်းတွေစူးလာတာနဲ့ မျက်လုံးကိုမှိတ်ချလိုက်ရောဗျို့။
“ကိုအလတ်ကောင်၊ ဗျို့၊ ကိုအလတ်ကောင်”
ကျုပ်နားထဲအသံကြားတော့ လန့်ပြီးထလိုက်တယ်ဗျ၊ ဒီကောင်ချိုတူးက ခုနစ်သံချီပြီး ကျုပ်အနားမှာအော်ခေါ်နေတာပဲ။ ကျုပ်လည်း ယောင်ယမ်းပြီးတော့ ရင်ဘတ်ကိုစမ်းကြည့်လိုက်မိသေးတယ်။ ရင်ဘတ်နားက အောင့်တောင့််တောင့်နဲ့ နာနေတယ်ဗျာ။
“ဦးဘသာက နှိုးခိုင်းလို့ဗျ၊ နေမြင့်ပြီတဲ့၊ ထတော့တဲ့”
“သြော်၊ အေး၊ အေး”
ကျုပ်အိပ်ရာထပြီးဆင်းလိုက်တော့ ဦးဘသာနဲ့ ဦးလူဝနဲ့က စကားတောင်ကောင်းနေပြီဗျ၊
“ကျုပ်တို့လည်းခွင့်ပြုပါအုံး၊ သွားစရာအကြောင်းကလည်းရှိသေးတာဆိုတော့ဗျာ၊ စိတ်ထဲကအတိုင်းဆို ဒီရွာမှာ တစ်လကိုးသီတင်း နေချင်သပ လူဝရေ”
“ကျုပ်နားလည်ပါတယ်ဗျာ၊ ကိုင်း မနက်စာစားပြီးတော့မှသွားကြပါလား”
ဘုတ်ဆုံက မနက်စာပြင်ပေးတယ်ဗျ၊ ကျုပ်လည်းစားသောက်နေရင်း ဦးဘသာအနားကို တိုးတိုးကပ်ပြီးတော့
“ဦးဘသာ၊ လွမ်းစေတီကလေး ဘာဆက်ဖြစ်သွားသလဲဗျ”
“သူ့ဟာနဲ့သူရှိမှာပေါ့ကွာ၊ ဒါပေမယ့် မင်းရဲ့မမကတော့ မရှိလောက်တော့ဘူးကွ”
ကျုပ်လည်း ထမင်းစားနေရင်း စိတ်ထဲမကောင်းဖြစ်မိသွားသေးတယ်၊ ပြီးတော့ ကျုပ်တို့တွေ ပြန်ဖို့ အထုပ်တွေအပိုးတွေပြင်ဆင်ကြတာပေါ့ဗျာ၊ နောက်တော့ အိမ်ပေါ်ကဆင်းခါနီး လှေကားရင်းကနေ ဟိုးဝေးဝေးမှာ မြင်နေရတဲ့ တောင်ရိုးကလေးဆီကို ငေးကြည့်မိသေးတယ်ဗျ။
“သွားပေအုံးတော့ မမမြရေ”
ကျုပ်လည်းတစ်ချက်ရေရွတ်ပြီးတော့ အိမ်ပေါ်ကဆင်းခဲ့တယ်။ အိမ်အောက်မှာတော့ ဦးလူဝဆင်ထားတဲ့လှည်းက အသင့်စောင့်နေပြီပေါ့ဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
” စုန္းထီးႀကီးဦးဘသာႏွင့္ လြမ္းေစတီ “(စ/ဆုံး)
———————————————————
အတြဲ(၄) စာစဥ္(၁၃)
(၁)
က်ဳပ္နားထဲက အသံေတြတိတ္သြားၿပီးတဲ့ေနာက္ ေလာကႀကီးတစ္ခုလုံးက တိတ္ဆိတ္သြားတယ္ဗ်၊ က်ဳပ္ပဲနားပင္းသြားတာလားလို႔ေတာင္ ထင္ေနမိတယ္၊ သိပ္မၾကာခင္ က်ဳပ္ေအးစက္စက္အထိအေတြ႕ကို ခံစားလိုက္ရတာနဲ႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့တယ္ဗ်၊ ဘယ္ေနရာမွန္းမသိတဲ့ ေနရာတစ္ခုကိုက်ဳပ္ေရာက္ေနတယ္ဗ်ာ၊ ေဘးဘီဝဲယာအကုန္လုံးကလည္း ခ်ဳံႏြယ္ပိတ္ေပါင္းေတြနဲ႔ျပည့္ေနတဲ့ ကြင္းႀကီးတစ္ခုေပါ့၊ ၿပီးေတာ့လည္း ပိန္းပိတ္ေအာင္ကိုေမွာင္ေနတာဗ်ာ၊ အေရွ႕မွာ ဘာရွိလို႔ဘာရွိမွန္းကို မျမင္ရဘူး၊ က်ဳပ္လည္းေျခဦးတည့္ရာကို ဆက္ေလွ်ာက္လာမိတာေပါ့ဗ်ာ။
အေရွ႕မွာ လူသြားလမ္းကေလးတစ္ခုကိုေတြ႕တယ္ဗ်၊ လမ္းက ေျဖာင့္ေျဖာင့္တန္းတန္းေတာ့မဟုတ္ဘူး၊ ေကြ႕ေကြ႕ေကာက္ေကာက္ကေလးရယ္၊ ၿပီးေတာ့ လမ္းကေလးအေပၚမွာလည္းလေရာင္လိုလို အလင္းေရာင္ေျဖာ့ေျဖာ့ကေလးက က်ေနတယ္၊ လမ္းရွိရင္ ႐ြာေတြ႕ဆိုတဲ့စကားပုံအတိုင္း က်ဳပ္လည္း အဲဒီလမ္းကေလးအတိုင္းဆက္ေလွ်ာက္လာခဲ့တာေပါ့ဗ်ာ။ ေလေတြတိုက္တာလည္း ေအးလိုက္တာမေျပာပါနဲ႔၊ ေအးစက္ေနတဲ့ ေဆာင္းေလေအးေတြက ေဘးဘီဝဲယာကေန တဝူးဝူးနဲ႔ကိုတိုက္ေနတာဗ်ာ၊ က်ဳပ္ျဖင့္ ခ်မ္းလြန္းလို႔ ကိုယ့္လက္ေမာင္းေတြကို ကိုယ္ျပန္ပြတ္ေနမိတယ္၊ လမ္းကေလးအတိုင္းလည္း ဆက္ေလွ်ာက္လာခဲ့တာေပါ့ဗ်ာ။
ဆက္ေလွ်ာက္လာရင္း အေရွ႕မွာမီးေရာင္တစ္ခုေတြ႕တယ္ဗ်၊ က်ဳပ္လည္းအားတက္သြားၿပီး ခပ္ျမန္ျမန္ေျပးေတာ့တာပဲ၊ တင္းကုပ္လိုလို၊ အေၾကာ္တဲလိုလို တဲကေလးတစ္လုံးကိုလွမ္းေတြ႕လိုက္ရတယ္၊ တဲထဲမွာ မီးပုံႀကီးတစ္ပုံရွိၿပီးေတာ့ လူေလးေယာက္က မီးထိုင္လွံေနတယ္ဗ်၊ က်ဳပ္လည္း အေတာ္ခ်မ္းေနၿပီဆိုေတာ့ တဲအနားေရာက္တာနဲ႔ ဘာမေျပာညာမေျပာ တဲအထဲကိုခုန္ဝင္လိုက္တယ္။ ၿပီးေတာ့ မီးပုံနံေဘးမွာထိုင္လိုက္ၿပီး လက္ဝါးႏွစ္ဖက္ကို မီးပုံအနားကိုတိုးကပ္ရင္း မီးလႈံလိုက္တာေပါ့ဗ်ာ၊ အခုမွပဲ ေႏြးသြားေတာ့တယ္၊ ဟိုလူေလးေယာက္ကေတာ့ က်ဳပ္ကိုဘာမွမေျပာဘူးဗ်။
က်ဳပ္လည္း မီးလေနရင္း က်ဳပ္ေဘးကလူရဲ႕ လက္ေတြကိုၾကည့္မိပါေရာ၊ လက္ေတြက ထူးဆန္းလိုက္တာဗ်ာ၊ လက္ေခ်ာင္းေတြက တစ္ထြာေက်ာ္ေက်ာ္ရွည္ၿပီး ပိန္ပိန္သြယ္သြယ္ေလးေတြဗ်၊ လက္ေခ်ာင္းေတြကလည္း အမ်ားႀကီးဗ်ိဳ႕၊ က်ဳပ္လည္း အမွတ္မထင္ စိတ္ထဲကေန အဲဒီလက္ေခ်ာင္းေတြကို ေရတြက္လိုက္မိတာေပါ့ဗ်ာ၊ လက္ဝါးတစ္ဖက္မွာ လက္ေခ်ာင္းရွစ္ေခ်ာင္းပါတယ္ဗ်၊ ႏွစ္ဖက္ေပါင္းေတာ့ ဆယ့္ေျခာက္ေခ်ာင္းေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ လူတစ္ေယာက္က လက္ေခ်ာင္းဒီေလာက္အမ်ားႀကီးပါတယ္ဆိုတာ ၾကားကိုမၾကားဖူးတာ၊ ဒါနဲ႔ အဲဒီလူကိုၾကည့္မယ္ဆိုၿပီး လွည့္ၾကည့္လိုက္ေတာ့ က်ဳပ္လန႔္သြားတာေျပာမေနပါနဲ႔ဗ်ာ။
အဲဒီလူကလည္း က်ဳပ္ကိုျပန္လွည့္ၾကည့္တယ္ဗ်၊ မ်က္ႏွာကလူပုံစံဆိုေပမယ့္ မ်က္လုံးက ေလးလုံးပါတယ္ဗ်ာ၊ သာမန္မ်က္လုံးႏွစ္လုံးေအာက္မွာ ေနာက္ထပ္မ်က္လုံးႏွစ္လုံးထပ္ပါေသးတယ္၊ က်ဳပ္လည္းလန႔္ၿပီးေအာ္မိေတာ့မလို႔ဗ်။ ဒီအခ်ိန္က်ဳပ္ပုခုံးကို လက္ႀကီးတစ္ဖက္က လာပုတ္တယ္၊ က်ဳပ္လည္း ပုခုံးေပၚက်တဲ့လက္ကို ဆတ္ခနဲၾကည့္လိုက္ေတာ့ လက္ကအရွည္ႀကီးဗ်၊ ေႁမြႀကီးလို လက္ရွည္ရွည္ႀကီးအတိုင္းလိုက္ၾကည့္ရင္း အဲဒီလက္ႀကီးက က်ဳပ္နဲ႔မီးပုံမ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့လူဆီက ထြက္လာတဲ့လက္ႀကီးျဖစ္ေနပါေရာဗ်ာ၊
အဲဒီလူကိုလည္းေတြ႕ေရာ က်ဳပ္လည္း လန႔္ၿပီးေအာ္မိတယ္ဗ်။ မေအာ္ပဲေနႏိုင္မလား၊ ဒီလူရဲ႕ေခါင္းက ေဇာက္ထိုးႀကီးဗ်၊ လည္ပင္းၿပီးေတာ့ ဆံပင္ေတြကိုေတြ႕ရတာပဲ၊ ၿပီးရင္မ်က္လုံး၊ ႏွာေခါင္းကလည္းအေပၚကိုေထာင္လို႔ ပါးစပ္ႀကီးၿပီးရင္ေတာ့ ေမးေစ့ခြၽန္ခြၽန္ႀကီးက မိုးေပၚေထာင္တက္ေနတယ္ဗ်ာ၊
“မလန႔္ပါနဲ႔ကြ၊ မင္းခ်မ္းေနတယ္မဟုတ္လား၊ ငါတို႔နဲ႔အတူတူ မီးဆက္လႈံေလကြာ”
က်ဳပ္လည္း အေၾကာက္အကန္ျငင္းဆန္လိုက္ၿပီးေတာ့
“မလႈံဘူး၊ က်ဳပ္၊ က်ဳပ္သြားေတာ့မယ္”
က်ဳပ္လည္းပုခုံးေပၚက လက္ကိုပုတ္ခ်ၿပီးေတာ့ တဲအျပင္ကိုထေျပးတာေပါ့ဗ်ာ၊ ဒါေပမယ့္ တဲတံစက္ၿမိတ္နားမွာ ဆက္ေျပးလို႔မရဘဲ တန႔္ေနတယ္ဗ်၊ အေနာက္လွည့္ၾကည့္ေတာ့ က်ဳပ္အက်ၤွီရဲ႕ ခါးနားကအစကို လက္အရွည္ႀကီးက လွမ္းဆြဲထားတာကိုးဗ်ာ၊ က်ဳပ္လည္း အဲဒီလက္ကိုပါ ပုတ္ခ်ၿပီးေတာ့ ဆက္ေျပးေတာ့တာေပါ့ဗ်ာ။
ေျခဦးတည့္္ရာေျပးရင္း ဘယ္ကိုေရာက္လို႔ ဘယ္ကိုေပါက္ကုန္မွန္းလည္း မသိပါဘူးဗ်ာ၊ ေမာလို႔ နားလိုက္ရတယ္၊ နားေနရင္း ဟိုးအေရွ႕က ဆီမီးခြက္အေရာင္ကေလးလွမ္းေတြ႕တယ္ဗ်။ က်ဳပ္ျဖင့္ေပ်ာ္သြားတာပဲ၊ ဆီမီးခြက္ရွိရင္ လူရွိတာႀကိမ္းေသပဲမဟုတ္လား၊ ဒါနဲ႔ ဆီမီးခြက္အလင္းေရာင္အေနာက္ကို ခပ္ျမန္ျမန္ေျပးလိုက္လာခဲ့တာေပါ့ဗ်ာ။
ေျပးလာရင္းနဲ႔ မီးေရာင္ကတျဖည္းျဖည္းနီးလာတယ္ဗ်၊ အနားေရာက္ေတာ့အိမ္ကေလးတစ္အိမ္ကိုေတြ႕ျပန္ပါေရာ၊ အိမ္ေရွ႕မွာဆင့္ကေလးထိုးထားၿပီးေတာ့ ဆင့္အေပၚမွာ အဘြားႀကီးတစ္ေယာက္က ဒူးတစ္ဖက္ေထာင္ၿပီးထိုင္ေနတယ္၊ က်ဳပ္လည္း အဘြားႀကီးကိုေတြ႕ေတာ့ အားကိုးတႀကီးနဲ႔အျမန္ေျပးဝင္ခဲ့တာေပါ့ဗ်ာ။
“အေမႀကီး၊ က်ဳပ္ေမာလာလို႔ ဒီမွာခဏနားခြင့္ျပဳပါ”
အဘြားႀကီးက က်ဳပ္ကိုၾကည့္ရင္း
“နားပါေတာ္၊ နားပါ၊ ခဏမကလို႔ တစ္သက္လုံးနားရင္လည္း စိတ္မဆိုးဘူး”
အဘြားႀကီးစကားၾကားရတာကေတာ့ တစ္မ်ိဳးပဲဗ်၊ ၿပီးေတာ့ အဘြားႀကီးက ေဆးလိပ္တစ္လိပ္ကိုကိုင္ၿပီး သူ႔ေခါင္းေပၚကိုထိုးထည့္လိုက္ပါေရာဗ်ာ၊ က်ဳပ္လည္းအခုမွ ေသခ်ာၾကည့္မိတယ္ဗ်၊ အဘြားႀကီးေခါင္းထိပ္ဖ်ားေတြက မီးေတြေလာင္ေနတာဗ်ာ၊ ငယ္ထိပ္ကေန မီးေတာက္ႀကီးေတြက အလွ်ံတၿငီးၿငီးနဲ႔ ေတာက္ေလာင္ေနပါေရာ၊ အဘြားႀကီးက ေဆးလိပ္ကို သူ႔ေခါင္းကမီးေတာက္နဲ႔ မီးညႇိၿပီးေတာ့ တစ္ခ်က္ႏွစ္ခြာဖြာေနေသးတယ္၊ က်ဳပ္လည္း အေျခအေနမဟန္မွန္းသိတာနဲ႔ ဆင့္္ေပၚကေနေျပးဆင္းၿပီးေတာ့ လမ္းေပၚေျပးတက္တာပဲဗ်ာ။ ဒီေတာ့ အဘြားႀကီးက အိမ္ထဲကေနလွမ္းေးအာ္တယ္။
“လူေလး၊ လူေလး၊ နားမယ္ဆို”
“မနားေတာ့ဘူး၊ ေၾကာက္တယ္၊ ေၾကာက္တယ္”
က်ဳပ္လည္း ဖဝါးနဲ႔တင္ပါး တစ္သားတည္းက်ေအာင္ေျပးေတာ့တာေပါ့ဗ်ာ။ ေျပးရင္းလႊားရင္း ေညာင္ပင္ႀကီးတစ္ပင္ေအာက္ကိုေရာက္လာခဲ့တယ္ဗ်၊ ေညာင္ပင္ႀကီးက အကိုင္းအခက္ေတြ ေဝေ၀ဆာဆာနဲ႔ အေတာ္ႀကီးတဲ့အပင္ႀကီးေပါ့ဗ်ာ၊ က်ဳပ္လည္း ေမာေမာနဲ႔ထိုင္နားေနတုန္း ဦးသူေတာ္ႀကီးက ေညာင္ပင္တစ္ဖက္ကေနထြက္လာတယ္။
“ေဟ့ေကာင္၊ ငါနဲ႔လိုက္ခဲ့စမ္း”
က်ဳပ္လည္း အေယာင္ေယာင္အမွားမွားနဲ႔ ဦးသူေတာ္ႀကီးေခၚတဲ့အေနာက္ကိုလိုက္လာခဲ့မိတယ္၊ ဒီအခ်ိန္ ေညာင္ပင္တစ္ဖက္မွာ မိန္းမတစ္ေယာက္ေပၚလာတယ္ဗ်။
“ေမာင္ေလး”
က်ဳပ္လည္းခ်ာခနဲလွည့္ၾကည့္လိုက္တာေပါ့။
“ဟာ၊ မမျမ”
မမျမက က်ဳပ္ကိုၾကည့္ရင္း
“ေမာင္ေလး၊ သူနဲ႔လိုက္မသြားနဲ႔၊ လာ မမနဲ႔လိုက္ခဲ့”
က်ဳပ္က မမျမဘက္ကိုလွည့္္မယ္ျပင္လိုက္ေတာ့ ဦးသူေတာ္က က်ဳပ္လက္တစ္ဖက္ကိုဆြဲလိုက္တယ္ဗ်၊
“မရဘူး၊ မင္းငါနဲ႔ပဲလိုက္ခဲ့ရမယ္”
ဦးသူေတာ္က က်ဳပ္လက္ကိုအတင္းဆြဲပါေရာဗ်ာ၊ က်ဳပ္လည္း ေျခကန္႐ုန္းေပမယ့္ ႐ုန္းလို႔မရဘူးဗ်၊ ဒီေတာ့ ဦးသူေတာ္ေခၚရာအေနာက္ကို တ႐ြတ္တိုက္ၿပီးပါသြားတာေပါ့၊ ဒီေတာ့ မမျမကလည္း က်ဳပ္ဆီကိုေျပးလာတယ္ဗ်၊ က်ဳပ္ရဲ႕က်န္တဲ့လက္တစ္ဖက္ကို သူကဆြဲျပန္တယ္။
“မလိုက္ရဘူး၊ ေမာင္ေလး မမနဲ႔ပဲ ေနရမယ္”
အမွန္အတိုင္းေျပာရရင္ က်ဳပ္စိတ္ကလည္း မမျမဘက္ကိုၫႊတ္ေနတာကိုးဗ်၊ ဒီေတာ့ မမျမက လက္တစ္ဖက္ေနက်ဳပ္ကိုဆြဲ၊ ဦးသူေတာ္က ေနာက္ထပ္လက္တစ္ဖက္ကိုဆြဲနဲ႔ က်ဳပ္မွာ ဟိုဖက္ပါသြားလိုက္၊ ဒီဖက္ပါသြားလိုက္နဲ႔ ကားယားႀကီးျဖစ္ေနတာေပါ့ဗ်ာ။ ေနာက္ေတာ့ မမျမက က်ဳပ္လက္ကိုသူ႔လက္ဝါးတစ္ဖက္နဲ႔ အုပ္လိုက္တယ္ဗ်၊ က်ဳပ္တစ္ကိုယ္လုံး ဓါတ္လိုက္သလိုျဖစ္သြားၿပီးေတာ့ ဦးသူေတာ္ႀကီးလည္း ဝုန္းခနဲလြင့္ထြက္သြားတာေပါ့ဗ်ာ။
မမျမက က်ဳပ္ကိုလွမ္းဆြဲရင္း
“သူနဲ႔လိုက္မသြားနဲ႔ေမာင္ေလး၊ သူနဲ႔လိုက္သြားရင္ ေမာင္ေလးေသရလိမ့္မယ္”
ဦးသူေတာ္လည္း လူးလဲကုန္းထရင္း
“သူနဲ႔လိုက္မသြားနဲ႔ေကာင္ေလး၊ သူနဲ႔လိုက္သြားရင္ မင္းေသတာထက္ဆိုးတဲ့ဘဝေရာက္ရလိမ့္မယ္ကြ”
မမျမက က်ဳပ္လက္ကိုဆြဲလိုက္ၿပီး က်ဳပ္မ်က္ႏွာကိုေသေသခ်ာခ်ာစိုက္ၾကည့္တယ္။
“ေမာင္ေလး၊ မမနဲ႔လိုက္ခဲ့ေနာ္၊ မမနဲ႔လိုက္ေနေနာ္”
က်ဳပ္လည္း ေခါင္းညိတ္ျပလိုက္တယ္။ ဒီေတာ့ မမျမက သူ႔မ်က္ႏွာကို က်ဳပ္မ်က္ႏွာအနားကပ္လာတာပဲဗ်ာ၊ ဘယ္ေလာက္ကပ္သလဲဆိုရင္ ႏွာေခါင္းခ်င္းထိသြားေအာင္ကိုကပ္တာ၊ က်ဳပ္မွာျဖင့္ ရွက္သလိုလို၊ ႐ြံ႕သလိုလို ဖိန္းတိန္း၊ ရွိန္းတိန္းႀကီးဗ်ာ။ ေနာက္ေတာ့ မမျမက သူ႔ႏႈတ္ခမ္းဖူးဖူးကေလးနဲ႔ က်ဳပ္ႏႈတ္ခမ္းေတြကို အတင္းစုပ္နမ္းပါေလေရာဗ်ာ၊ က်ဳပ္ဘယ္လိုခံစားရတယ္ဆိုတာကို ျပန္မေျပာျပတတ္ဘူးဗ်၊ ၿပီးေတာ့ သူ႔ပါးစပ္ထဲကေန င႐ုတ္ေကာင္းေစ့ေလာက္ရွိတဲ့ အလုံးကေလးတစ္လုံးက က်ဳပ္ပါးစပ္ထဲကိုဝင္လာတယ္ဗ်၊ က်ဳပ္ျဖင့္ လွ်ာနဲ႔လိုက္စမ္းေနတုန္း အလုံးကေလးက ေပ်ာက္သြားေတာ့တာပဲ၊ ဟဲ ဟဲ ႂကြားတယ္လို႔ေတာ့ မထင္နဲ႔ဗ်၊ က်ဳပ္ဘဝရဲ႕ ပထမဆုံးအနမ္းက ဥစၥာေစာင့္နဲ႔ နမ္းခဲ့ရတာဗ်။
(၂)
ငါးမိနစ္ေလာက္ၾကာၿပီးေတာ့ မမျမက က်ဳပ္ကိုေသခ်ာၾကည့္ရင္း
“ေမာင္ေလးကို မမတို႔သိုက္နန္းကိုေခၚသြားမယ္ေနာ္၊ ေမာင္ေလးလိုက္မယ္မဟုတ္လား”
က်ဳပ္လည္း ထူးဆန္းသြားတာေပါ့။
“ဘယ္လိုဗ်၊ သိုက္နန္းကိုေခၚမယ္တဲ့လား၊ မမျမက လူမဟုတ္ဘူးလား”
မမျမက ခစ္ခနဲရယ္တယ္ဗ်။
“ေမာင္ေလးက တုံးအလိုက္တာကြယ္၊ မမျမက လူမဟုတ္ပါဘူး၊ ဘုမၼစိုး သိုက္နန္းရွင္တစ္ေယာက္ပါ”
က်ဳပ္ျဖင့္ထူးဆန္းေနတာဗ်ာ၊ က်ဳပ္ကေတာ့ မမျမကို လူလို႔ပဲထင္ေနတာဗ်၊ ဒီအခ်ိန္ ဦးသူေတာ္ႀကီးက
“ေဟ့ေကာင္၊ သူေျပာတာမယုံနဲ႔၊ သူ႔အေနာက္ကို လိုက္မသြားနဲ႔ေနာ္”
မမျမက က်ဳပ္မ်က္ႏွာကေလးကို အသာၿပဳံးၾကည့္ရင္း
“ေမာင္ေလးပဲ မမကိုခ်စ္တယ္ဆို”
က်ဳပ္ေခါင္းညိတ္ျပလိုက္တယ္။
“ဒါဆို ပါးစပ္ကေျဖေနာ္၊ ေမာင္ေလး မမနဲ႔အတူတူ သိုက္နန္းကိုလိုက္ခဲ့မလား”
“လိုက္၊ လိုက္ခဲ့မယ္”
ဦးသူေတာ္က ႀကိတ္မႏိုင္ခဲမရနဲ႔ ဆဲဆိုေအာ္ဟစ္ေနေရာဗ်ာ။ မမျမက ၿပဳံးေနတာပဲဗ်ာ၊ မမျမၿပဳံးေနရင္ သိပ္လွတာဗ်၊ ၿပီးေတာ့ က်ဳပ္လက္ကိုဆြဲရင္း
“ကဲေမာင္ေလး၊ ေမာင္ေလးကိုယ္တိုင္ လိုက္မယ္ဆိုလို႔ မမကေခၚတာေနာ္၊ ေမာင္ေလးမ်က္စိမွိတ္ထား”
က်ဳပ္လည္း မ်က္လုံးမွိတ္ထားလိုက္တယ္ဗ်၊ ထူးဆန္းတာကေတာ့ က်ဳပ္မတ္တပ္ရပ္ေနတဲ့ေအာက္က ေျမျပင္က ေ႐ြ႕သြားသလိုလို၊ ပတ္ဝန္းက်င္တစ္ခြင္လုံး ေ႐ြ႕လ်ားေနသလိုလိုျဖစ္ေနတာပဲ၊ က်ဳပ္လည္း စိတ္ထဲက ေပ်ာ္ေနမိတာေပါ့ဗ်ာ၊ က်ဳုပ္က သိုက္နန္းရွင္ျဖစ္ေတာ့မွာကိုးဗ်၊ က်ဳပ္ၾကည့္ဖူးတဲ့ သိုက္နန္းအေၾကာင္း႐ိုက္ထားတဲ့ ႐ုပ္ရွင္ကားေတြထဲကလိုမ်ိဳး မင္းသားဝတ္စုံကေလးဝတ္၊ ေ႐ႊပုံေငြပုံေတြၾကားမွာေပ်ာ္ေပ်ာ္ႀကီး စံစားရေတာ့မွာကိုး၊ ၿပီးေတာ့ကိုယ္ခ်စ္တဲ့ မမျမနဲ႔လည္း အတူတူေနရေတာ့မယ္မဟုတ္လားဗ်ာ။
ရင္ထဲသိမ့္ခနဲတစ္ခ်က္လႈပ္လိုက္ၿပီးေတာ့ အသည္းထဲေအးသြားတယ္ဗ်၊ မမျမက က်ဳပ္အနားကပ္ၿပီး
“ကဲရၿပီေမာင္ေလး၊ မ်က္လုံးဖြင့္လိုက္ေတာ့”
သိုက္နန္းက အက်ယ္ႀကီးဗ်၊ ေက်ာက္ဂူလိုလို ေမွာင္ေမွာင္မည္းမည္းပဲဗ်၊ က်ဳပ္လည္း နံေဘးနားက မမျမကိုၾကည့္လိုက္ၿပီးေတာ့
“မမျမ၊ ဒါဘယ္ကိုေရာက္လာတာလဲဗ်”
“မမတို႔သိုက္နန္းကိုေရာက္လာတာေပါ့ေမာင္ေလးရယ္”
“ေဟာဗ်ာ၊ သိုက္နန္းကလည္း က်ဳပ္ၾကည့္ဖူးတဲ့ ဇာတ္ကားထဲကလို ေ႐ႊေတြ၊ ေငြေတြအပုံလိုက္အခဲလိုက္မရွိပါလားဗ်”
မမျမက တခစ္ခစ္နဲ႔ရယ္ေမာလိုက္ၿပီးေတာ့
“အိုကြာ၊ မမတို႔သိုက္က ဥစၥာပစၥည္းေတြေစာင့္ရတဲ့သိုက္မွမဟုတ္ဘဲကိုး”
“ဟာဗ်ာ၊ ဒါဆို ဘယ္ဟာကိုေစာင့္ရတာလဲ”
မမျမက ဂူတစ္ေနရာကိုလက္ညႇိဳးထိုးျပတယ္ဗ်၊ အဲဒီေနရာမွာေတာ့ ျပႆဒ္ကေလးနဲ႔ ဘုရားဆင္းတုေတာ္ကေလးတစ္ဆူရွိတယ္၊ အဲဒီျပႆဒ္က ညတုန္းက ဦးသူေတာ္တူးေဖာ္ခဲ့တဲ့ ျပႆဒ္နဲ႔ဘုရားဆင္းတုေပါ့ဗ်ာ။ သက္တန႔္ေရာင္စဥ္လို ေရာင္စဥ္ခုႏွစ္သြယ္က တဝင္းဝင္းတလက္လက္နဲ႔ ထြက္ေနပါေရာဗ်ာ။
“မမျမတို႔က အဲဒီဘုရားဆင္းတုကိုေစာင့္ေနရတာလား”
“အဟုတ္ေပါ့ကြာ၊ မမနဲ႔ အဘိုးဦးေတာက္တဲ့နဲ႔က အရင္တုန္းက ဂႏၶာရီလမ္းကို က်င့္သုံးတဲ့ ဝိဇၹာဓိုရ္ႀကီးတစ္ေယာက္ကို အလုပ္အေကြၽးျပဳေနၾကတဲ့ ေျမးအဘိုးေပါ့ ေမာင္ေလးရယ္”
“ဗ်ာ၊ ဦးေတာက္တဲ့နဲ႔ မမနဲ႔က ေျမးအဘိုးေတာ္စပ္တာလား၊ ဒါနဲ႔ပဲ အေဖႀကီးဆိုဗ်”
“အေဖႀကီးဆိုတာ အဘိုးကိုေခၚတာေလ ေမာင္ေလးရဲ႕”
က်ဳပ္လည္းအခုမွ သေဘာေပါက္ေတာ့တယ္ဗ်ာ။
“ဒါနဲ႔ ဆက္ေျပာပါအံ့ုးမမ အဲဒီဝိဇၨာဓိုရ္ႀကီးက ဘာဆက္ျဖစ္သြားတာတုန္း”
“သူက ထြက္ရပ္ေပါက္ၿပီးေတာ့ အထက္စခန္းကိုႂကြျမန္းသြားတယ္၊ သူက်န္ခဲ့တဲ့ ေဟာဒီမဟိဒၶိဓါတ္လုံးကိုေတာ့ မေကာင္းတဲ့လူေတြ လက္ထဲကို မက်ေရာက္ရေလေအာင္ ေၾကးငါးမ်ိဳး၊ သတၱဳငါးမ်ိဳး စပ္ထားတဲ့ ပၪၥေလာဟာသတၱဳနဲ႔ ဆင္းတုေတာ္ထုၿပီးေတာ့ ဆင္းတုေတာ္အထဲမွာ ဓါတ္လုံးကိုဌာပနာခဲ့တာေပါ့၊ မမတို႔ ေျမးအဘိုးကိုလည္း ဒီဓါတ္လုံးကိုေစာင့္ေရွာက္ဖို႔ဆိုၿပီးေတာ့ အေစာင့္အၾကပ္အေနနဲ႔ ထားခဲ့တာေပါ့ ေမာင္ေလးရယ္”
က်ဳပ္လည္း စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္လာတယ္ဗ်၊ သိုက္နန္းဆိုလို႔ ေ႐ႊေပၚျမတင္လည္း မေနရဘူးေလဗ်ာ၊ လွလွပပလည္း ဝတ္စားရတာမဟုတ္ဘူးဗ်၊ မမျမတို႔ေတာင္မွ ခ်ည္ထည္ၾကမ္းေလာက္ပဲ ဝတ္တာစားတာကိုး၊ က်ဳပ္စိတ္ထဲ သိုက္နန္းရွင္ခ်င္းအတူတူေတာင္မွ၊ ဒီလိုဘာမွမရွိတဲ့သိုက္မွာ သိုက္နန္းရွင္ျဖစ္ရတာ မတန္ဘူးလို႔ ေတြးမိသြားေသးတယ္။
“ဒါနဲ႔ မမတို႔ဒီမွာေနတာ ဘယ္ေလာက္ၾကာၿပီလဲ”
“ႏွစ္ေတြေတာ့ မေရမတြက္ႏိုင္ေလာက္ေအာင္ပါပဲ ေမာင္ေလးရယ္၊ မမနဲ႔ အေဖႀကီးနဲ႔ သိုက္နန္းမွာႏွစ္ေယာက္တည္း ပ်င္းေျခာက္ေျခာက္ႀကီးေနရတာၾကာပါၿပီေကာ”
မမျမက က်ဳပ္အနားကိုတိုးကပ္လာၿပီး
“အခုေတာ့ ေရွ႕ေလွ်ာက္ပ်င္းစရာမလိုေတာ့ဘူး၊ ဘာလို႔လဲဆိုေတာ့ ေမာင္ေလးလည္း သိုက္နန္းမွာရွိေနၿပီေလ၊ မမနဲ႔ေမာင္ေလးနဲ႔ ဒီသိုက္နန္းမွာ အတူတူေနၾကရေအာင္ေနာ္”
က်ဳပ္ေခါင္းမညိတ္၊ ေခါင္းမခါဘဲ ေတြေတြႀကီးျဖစ္ေနတယ္ဗ်ာ။ ဒီလိုဘာမွမရွိတဲ့ သိုက္နန္းႀကီးမွာ က်ဳပ္နဲ႔သူနဲ႔ႏွစ္ေယာက္ ႏွစ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ေနရအုံးမယ္တဲ့လား။
(၃)
“အလတ္ေကာင္၊ အလတ္ေကာင္”
က်ဳပ္နားထဲအသံတစ္ခုဝင္လာတယ္ဗ်၊
“ဟင္၊ ဒီအသံကို က်ဳပ္ၾကားဖူးတယ္”
မမျမက ျပာျပာသလဲနဲ႔
“ဘာအသံလဲ၊ မမေတာ့မၾကားပါဘူး”
“မဟုတ္ဘူးဗ်၊ ဒီအသံက က်ဳပ္နဲ႔ေတာ္ေတာ္ရင္းႏွီးေနတဲ့အသံပဲ”
မမျမက အတင္းပဲ က်ဳပ္အနားကပ္လာၿပီးေတာ့ က်ဳပ္နား႐ြက္ႏွစ္ဖက္ကို သူ႔လက္ဝါးႏွစ္ဖက္နဲ႔အုပ္ၿပီးပိတ္လိုက္တယ္။
“အို၊ ေမာင္ေလးကလည္း မဟုတ္တာေတြ နားမေထာင္စမ္းပါနဲ႔”
ထူးဆန္းတာက သူနားပိတ္လိုက္ေပမယ့္ က်ဳပ္ကအသံေတြၾကားေနရဆဲပဲဗ်။ အဲဒီအသံကို က်ဳပ္ၾကားဖူးေနတယ္၊ က်ဳပ္အၿမဲတမ္းၾကားဖူးတဲ့အသံလိုျဖစ္ေနတယ္ဗ်ာ။ ခက္တာက အသံကိုရင္းႏွီးေနေပမယ့္ ဘယ္သူ႔အသံမွန္းကိုမသိတာဗ်။
“အလတ္ေကာင္၊ မင္းအဲဒီမွာေနလို႔မရဘူး၊ မင္းမေနရဘူးကြ”
က်ဳပ္နားထဲအသံံေတြၾကားေနဆဲပဲ၊ က်ဳပ္လည္း အသံကိုနားေထာင္ရင္း ပါးစပ္ကေနၿပီးေတာ့ လႊတ္ခနဲထြက္သြားတယ္။
“ဦး . . . ဦးဘသာလား”
ဒီေတာ့မွ က်ဳပ္ေခါင္းထဲက အေတြးေတြထဲမွာ ဦးဘသာအေၾကာင္းေတြျပန္ေပၚလာတာဗ်၊ ျပန္စဥ္းစားၾကည့္ရင္ ေတာ္ေတာ္ထူးဆန္းဖို႔ေကာင္းသားဗ်၊ က်ဳပ္က ဦးဘသာကိုေမ့ေနတယ္ေလဗ်ာ၊ က်ဳပ္ထင္တာကေတာ့ မမျမကမ်ား က်ဳပ္ေခါင္းထဲက အေတြးေတြကို ပိတ္ဆို႔ထားသလားလို႔ေပါ့။
“ဦးဘသာ၊ ဦးဘသာဘယ္နားမွာလဲ”
က်ဳပ္လည္း မမျမရင္ဘတ္ကိုတြန္းထုတ္လိုက္ၿပီး သိုက္နန္းႀကီးအထဲကို ဟိုၾကည့္ဒီၾကည့္လိုက္ၾကည့္တာေပါ့ဗ်ာ။
“ဦးဘသာ၊ ဦးဘသာဘယ္မွာလဲ”
က်ဳပ္လည္း သိုက္နန္းထဲမွာ ေျပးေနမိတယ္ဗ်ာ၊ အသံက တစ္ေနရာရာကေန ဦးတည္ထြက္လာတာဆိုေတာ့ အသံၾကားရာအေနာက္ကိုလိုက္ခဲ့တာေပါ့၊ တစ္ေနရာေရာက္ေတာ့ က်င္းနက္ႀကီးတစ္ခုေတြ႕တယ္ဗ်၊ အဲဒီက်င္းနက္က အက်ယ္ႀကီးပဲဗ်ာ၊ က်င္းက လူသုံးရပ္စာေလာက္ေတာ့ နက္မယ့္ပုံပဲ၊ က်င္းထဲမွာေတာ့ ေယာက္်ားေတြအမ်ားႀကီး မတ္တပ္ရပ္ေနၾကတယ္ဗ်ာ။
“ေဟာ၊ လူသစ္ေရာက္ၿပီ၊ လူသစ္ေရာက္ၿပီ”
ေခါင္းေပါင္းနဲ႔လူတစ္ေယာက္က ေအာ္တယ္ဗ်၊
“မင္းလည္း မၾကာခင္ က်င္းထဲေရာက္ေတာ့မယ္”
ေသွ်ာင္ထုံးကို တေစာင္းထုံးထားတဲ့လူက ေအာ္ျပန္ေရာဗ်ိဳ႕၊ ဒီလူေတြက က်င္းထဲမွာ ေတာင့္ေတာင့္ႀကီးေတြ မတ္တပ္ရပ္ၿပီး မလႈပ္မရွားနဲ႔ဗ်၊ မ်က္လုံးနဲ႔ ပါးစပ္ေပါက္ေတြပဲ လႈပ္ေနၾကတယ္၊ အသံေပါင္းစုံေအာ္ဟစ္ေနတာေပါ့ဗ်ာ။
“ခင္ဗ်ားတို႔က ဘယ္သူေတြလဲ”
“တို႔အားလုံးက ျမျမရဲ႕လင္ေယာက္်ားေတြေပါ့”
“ဗ်ာ၊ လင္ေယာက္်ားေတြက ဒီေလာက္မ်ားသလား”
က်ဳပ္ေရ႐ြတ္ေနတုန္းရွိေသးတယ္ မမျမက အေနာက္ကေနေျပးလိုက္လာတယ္ဗ်။
“ေမာင္ေလး၊ အဲဒီဘက္ကိုမသြားနဲ႔ လာ၊ လာ ဒီဘက္ကိုလာခဲ့”
က်ဳပ္လည္း သူ႔ကိုၾကည့္ရင္း ေတာ္ေတာ္တုန္လႈပ္သြားတာေပါ့။
“မလာဘူး၊ မလာဘူး၊ သြား၊ ခင္ဗ်ားက်ဳပ္အနားကိုမလာနဲ႔”
က်ဳပ္လည္း ဆက္ေျပးမိတာေပါ့ဗ်ာ၊ ေနုာက္ေတာ့ အေရွ႕မွာ ေက်ာက္တံခါးႀကီးတစ္ခ်ပ္ကိုေတြ႕တယ္ဗ်၊ ေက်ာက္တံခါးႀကီးက ပုံမွန္သစ္သားတံခါးနဲ႔ ပုံစံတူတူပဲဗ်၊ က်ဳပ္လည္းအတင္းေျပးၿပီးေတာ့ ေက်ာက္တံခါးကိုထုတာေပါ့ဗ်ာ။ ဦးဘသာအသံက အဲဒီေက်ာက္တံခါးတစ္ဖက္ကေနလာတာဗ်။
“ဦးဘသာ၊ က်ဳပ္ကိုကယ္ပါအုံး၊ က်ဳပ္ကိုကယ္ပါအုံး”
က်ဳပ္ထုေနတုန္း မမျမကအနားေရာက္လာၿပီး က်ဳပ္လက္ကိုဆြဲတာပဲ။
“ေမာင္ေလးပဲ သိုက္နန္းမွာေနမယ္လို႔ေျပာခဲ့တာမဟုတ္လား၊ လာ၊ မမအေနာက္ကိုလိုက္ခဲ့ေနာ္”
“ဟဲ့ ဥစၥာေစာင့္မ၊ သိုက္နန္းတံခါးကိုဖြင့္ေပးစမ္း”
ေက်ာက္တံခါးႀကီးက တဝုန္းဝုန္းနဲ႔လႈပ္လာတယ္ဗ်ာ၊ မမျမက တံခါးကိုၾကည့္ရင္း
“မဖြင့္ေပးဘူး၊ မဖြင့္ေပးႏိုင္ဘူး၊ ရွင္အစြမ္းအစရွိရင္ ဝင္လာခဲ့ပါလား”
ဒီေတာ့ ဦးဘသာက ေတာက္ေခါက္တယ္ဗ်။
“ေအာင္မယ္၊ နင္ကမ်ားငါ့ကို ရာရာစစ၊ ကိုင္း၊ ငါ့အဆိုးမဆိုနဲ႔ေနာ္”
ၿပီးတာနဲ႔ သိုက္နန္းႀကီးတစ္ခုလုံး ငလ်င္လႈပ္သလို တဂ်ိန္းဂ်ိန္းနဲ႔လႈပ္ေတာ့တာပဲဗ်ာ၊ ေက်ာက္ဂူႀကီးရဲ႕မ်က္ႏွာက်က္ကေနၿပီးေတာ့ ေက်ာက္တုံးေတြ၊ ဖုန္မႈန႔္ေတြက တေျဖာေျဖာနဲ႔ စုပုံက်ေနေသးတယ္၊ ေျခေထာက္ႏွစ္ေခ်ာင္းအေပၚ အႏိုင္ႏိုင္ရပ္ထားရတယ္ဆိုေပမယ့္ တစ္ကိုယ္လုံးက ယိမ္းထိုးေနတယ္ဗ်ာ။
ၿပီးတာနဲ႔ အေရွ႕က ေက်ာက္တံခါးႀကီးႏွစ္ခ်ပ္က ဝုန္းခနဲပြင့္ထြက္သြားေတာ့တာပဲ၊ တံခါးအနားမွာရပ္ေနတဲ့ က်ဳပ္နဲ႔ မမျမတို႔အေနာက္ကိုလြင့္ထြက္သြားတာေပါ့ဗ်ာ။ က်ဳပ္လည္း တံခါးပြင့္သြားၿပီဆိုေတာ့ အားကိုးတႀကီးနဲ႔ အျပင္ကိုေျပးထြက္ဖို႔လုပ္လိုက္ေတာ့ တံခါးအျပင္မွာ မ်က္လုံးႀကီးတစ္ခုဗ်၊ ေက်ာက္တံခါးအထဲကို ေခ်ာင္းၾကည့္ေနပါေရာ၊ ႀကီးလိုက္တဲ့မ်က္လုံးႀကီးဗ်ာ၊ က်ဳပ္တို႔ကိုယ္လုံးရဲ႕ ေလးငါးဆယ္ဆမက ရွိတာေပါ့။
“ေဟ့အလတ္ေကာင္ မင္းဘယ္မွာလဲ”
က်ဳပ္လည္း လက္ႏွစ္ဖက္ကိုေဝွ႔ယမ္းရင္း
“က်ဳပ္ဒီမွာ၊ က်ဳပ္ဒီမွာဗ်”
ဒီေတာ့ မ်က္လုံးႀကီးက ျဖတ္ခနဲေပ်ာက္သြားၿပီးေတာ့ ဦးဘသာက က်ဳပ္ေဘးနားမွာ ဘြားခနဲလာေပၚပါေရာဗ်ာ၊ က်ဳပ္ျဖင့္ ေျပာမျပတတ္ေအာင္ဝမ္းသာသြားၿပီးေတာ့ ဦးဘသာႀကီးကိုေျပးဖက္ထားလိုက္တာေပါ့၊
“ဦးဘသာ၊ က်ဳပ္ကိုကယ္ပါ၊ က်ဳပ္ကိုကယ္ပါ”
မမျမက ဦးဘသာကို စူးစူးစိုက္စိုက္ၾကည့္ၿပီးေတာ့
“ရွင္ကိုယ့္ဖာသာကိုယ္ေနပါအဘိုးႀကီး၊ က်ဳပ္တို႔ကိုဝင္မရႈပ္ပါနဲ႔”
“ဟ၊ ဒီေကာင္ေလးက ငါ့တူငါ့သားေလးလိုခင္ရတဲ့ေကာင္ေလး၊ ငါ့ဖာသာေနလို႔ရမလား”
“ဒီေကာင္ေလးက အခုရွင္နဲ႔မဆိုင္ေတာ့ဘူး၊ သူက က်ဳပ္ရဲ႕လူျဖစ္သြားၿပီရွင့္”
“ေအာင္မာ၊ ႀကီးႀကီးက်ယ္က်ယ္မေျပာစမ္းနဲ႔၊ လာအလတ္ေကာင္ ငါတို႔ျပန္မယ္”
ဒီေတာ့ မမျမက အသံအက်ယ္ႀကီးနဲ႔ ေအာ္လိုက္ပါေရာ။
“အေဖႀကီးေရ၊ အေဖႀကီးရဲ႕ ဒီကိုလာပါအုံး”
က်ဳပ္တို႔အေရွ႕မွာ ဦးေတာက္တဲ့ႀကီးေပၚလာတယ္ဗ်၊ ထုံးစံအတိုင္း စုတ္စုတ္ျပတ္ျပတ္နဲ႔ေပါ့ဗ်ာ။
“ေဟ့၊ မင္းတို႔ႏွစ္ေယာက္ ဒီထဲကေနဘယ္ကိုမွ မထြက္သြားရဘူးေဟ့”
ဦးေတာက္တဲ့က က်ဳပ္တို႔ကိုစူးစူးဝါးဝါးၾကည့္ၿပီးေတာ့ လက္ညႇိဳးထိုးရင္းေျပာတာဗ်၊ ဦးဘသာက ခါးေထာက္လိုက္ရင္း
“ဒါက်ဳပ္လူ၊ က်ဳပ္ျပန္ေခၚတာဘာျဖစ္လဲ”
“ဟား၊ ဟား ဒီေကာင္ေလးက မင္းရဲ႕လူမဟုတ္ေတာ့ဘူးကြ၊ ေဟာဒီသိုက္နန္းထဲကိုေတာင္ ေရာက္လာေနၿပီပဲ၊ မွတ္ထား စုန္းေကာင္ရ၊ ဒီအထဲကို သူ႔ဆႏၵမပါဘဲ လာလို႔မရဘူးကြ”
ဦးဘသာက က်ဳပ္ကိုလွည့္ၾကည့္ၿပီး
“အလတ္ေကာင္၊ မင္းဘာေတြလုပ္ခဲ့ၿပီးၿပီလဲ”
က်ဳပ္လည္း ေခါင္းကုပ္ရင္း
“ဟိုေလ၊ က်ဳပ္၊ က်ဳပ္ သူနဲ႔သိုက္နန္းထဲကိုလိုက္မယ္လို႔ ေျပာလိုက္မိတယ္”
“ဘာကြ”
ဦးဘသာႀကီးက ထေအာ္တယ္။
“ဒါဆိုရင္ အတူတူေနမယ္လို႔မ်ား ကတိေပးလိုက္ေသးသလား”
က်ဳပ္ေသခ်ာျပန္စဥ္းစားၾကည့္တယ္ဗ်၊ အတူတူေနမယ္လို႔ေတာ့ ကတိမေပးဖူးေသးဘူး၊ ဒါနဲ႔ ေခါင္းကိုခါျပလိုက္တယ္။ ဦးဘသာက က်ဳပ္ကိုေသခ်ာၾကည့္ၿပီးေတာ့
“မင္းပါးစပ္ကိုဟထားလိုက္စမ္းကြာ”
က်ဳပ္လည္းပါးစပ္ကိုဟထားတာေပါ့၊ ဦးဘသာက ဘာမေျပာညာမေျပာနဲ႔ က်ဳပ္ဇက္ပိုးကိုလက္ဝါးနဲ႔ေျဖာင္းခနဲ႐ိုက္ခ်လိုက္တယ္ဗ်၊ ႐ိုက္လို႔လည္းၿပီးေရာ က်ဳပ္ရင္ထဲမွာ တစ္ဆို႔ဆို႔ႀကီးျဖစ္လာတယ္၊ ေနာက္ေတာ့ တျဖည္းျဖည္းပ်ိဳ႕တက္လာတယ္၊ လည္ေခ်ာင္းအဝနားေရာက္ေတာ့ အန္ခ်င္လာတာနဲ႔ ၾကမ္းျပင္ေပၚကို ေဝါ့ခနဲအန္ခ်လိုက္မိတယ္၊ က်ဳပ္ပါးစပ္ထဲကေန ခဲလုံးေတြထြက္လာတာ မနည္းဘူးဗ်ာ၊ ခဲလုံးေတြက ဆီးျဖဴသီးေလာက္ရွိတယ္၊ မသိရင္ ဆိတ္ေခ်းလုံးေလးေတြက်ေနတာပဲ၊ အလုံးငါးဆယ္ေလာက္ ၾကမ္းျပင္ေပၚကို တေဒါက္ေဒါက္နဲ႔က်သြားၿပီးေတာ့မွ အန္တာရပ္သြားတယ္၊ အန္လိုက္ရလို႔ ေမာလိုက္တာလည္း ေျပာမေနပါနဲ႔ဗ်ာ။
“ဘာ၊ ဘာေတြလဲ ဦးဘသာ”
“လတ္စသတ္ေတာ့ သူတို႔ကမင္းကို သိုက္စာေတြေတာင္ ခြံ႕ၿပီးေနမွကိုးကြ၊ သိတာျမန္လို႔ေပါ့အလတ္ေကာင္ရာ၊ မင္းဝမ္းထဲမွာဒီအစာေတြျပည့္သြားရင္ မင္းေသၿပီကြ”
“ဗ် . . . ဗ်ာ၊ သိုက္စာခြံ႕တယ္တဲ့လား”
“သိုက္နန္းက လူေတြကိုဖမ္းစားခ်င္တယ္၊ အခိုင္းအေစအျဖစ္ေခၚခ်င္တယ္ဆိုရင္ အဲဒီလိုမ်ိဳး သိုက္စာခြံ႕တယ္ကြ၊ တစ္ခ်ိဳ႕လည္း စားေသာက္စရာထဲထည့္ခြံတယ္၊ လက္ဖက္ေကြၽးတယ္၊ တစ္ခါတစ္ေလ ေရထဲထည့္တိုက္တယ္ကြ၊ သိုက္စာ ဝမ္းထဲမွာျပည့္ၿပီဆိုရင္ အဲဒီသိုက္ထဲကေန ထြက္မရေတာ့ဘူးကြ”
က်ဳပ္လည္း မမျမကိုလွည့္ၾကည့္လိုက္တယ္။
“ဘာျဖစ္လို႔လဲ၊ ဘာျဖစ္လို႔ မမျမက က်ဳပ္ကိုသိုက္နန္းထဲေခၚခ်င္တာလဲ”
မမျမက ရယ္ေမာလိုက္ၿပီး
“မင္းကိုခ်စ္လို႔ေပါ့ ေမာင္ေလးရာ”
“ဘာဗ်”
“ေအးေလ၊ မင္းကိုခ်စ္လို႔ ေခၚတာေပါ့၊ လာပါကြာ၊ ေရာက္လက္စနဲ႔မထူးေတာ့ပါဘူး၊ မမနဲ႔အတူတူ လာေနလွည့္ဟုတ္ၿပီလား”
က်ဳပ္လည္း ေခါင္းကိုခါရမ္းလိုက္ၿပီး
“မေနဘူး၊ မေနခ်င္ဘူး၊ မမျမက်ဳပ္ကိုညာတယ္၊ မမျမက က်ဳပ္ကိုတကယ္ခ်စ္တာမဟုတ္ဘူး”
“တကယ္ခ်စ္တာပါဆို ေမာင္ေလးကလည္း”
က်ဳပ္က က်င္းနက္ထဲက လူေတြကိုလက္ညႇိဳးထိုးျပလိုက္တယ္။
“ဒါဆိုရင္ ဒီလူေတြကေရာဗ်ာ၊ ဒီလူေတြက ဘယ္သူေတြလဲ”
မမျမက က်င္းကိုတစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္ၿပီးေတာ့
“သူတို႔လည္း မမျမရဲ႕ခ်စ္သူေတြပဲေပါ့၊ တစ္ခ်ိန္က သူတို႔ကိုႏွစ္ႏွစ္ကာကာခ်စ္ခဲ့ေပမယ့္ အခ်ိန္ၾကာလာေတာ့ အခ်စ္ေပါ့သြားလို႔ ေခ်ာင္ထိုးထားလိုက္တယ္ဆိုပါေတာ့ကြာ၊ ဟင္း၊ ဟင္း”
“ဒါ၊ ဒါဆိုရင္ က်ဳပ္ကိုေရာ တစ္ခ်ိန္က်ရင္ သူတို႔လိုမ်ိဳးေခ်ာင္ထိုးမွာလား”
မမျမက ျပာျပာသလဲနဲ႔
“အို၊ ေမာင္ေလးကိုေတာ့ မမကတကယ္သံေယာဇဥ္ရွိတာပါ၊ ေမာင္ေလးကို ေခ်ာင္မထိုးပါဘူး”
ဦးဘသာက်ဳပ္ကိုၾကည့္ၿပီး
“မင္းေသခ်ာစဥ္းစားေနာ္အလတ္ေကာင္၊ စကားပုံေတာင္ရွိေသးတယ္၊ တစ္ခါၿခံေက်ာ္ဖူးတဲ့ႏြားက ေနာက္တစ္ခါေက်ာ္ဖို႔ ဝန္မေလးဘူးတဲ့၊ အခုသူလုပ္ထားတာ တစ္ခါမွမကတာ”
မမျမက ဦးဘသာကို ေဒါသတႀကီးနဲ႔ၾကည့္လိုက္ၿပီးေတာ့
“ရွင့္ပါးစပ္ကိုပိတ္ထားလိုက္စမ္း”
အဲဒီလိုေျပာရင္း ဦးဘသာကို ေက်ာက္ခဲတစ္လုံးနဲ႔လွမ္းပစ္ေတာ့တာပဲဗ်ာ၊ ဦးဘသာက အဲဒီေက်ာက္ခဲလုံးကို ေလေပၚတင္ပဲ အစိတ္စိတ္အမႊာမႊာကြဲေအာင္လို႔ ေဖာက္ခြဲပစ္လိုက္တယ္။ မမျမက မေက်မနပ္နဲ႔ ထပ္ၿပီးေတာ့ ေက်ာက္ခဲေလးငါးခဲနဲ႔ ထပ္ပစ္တယ္ဗ်ာ၊ ေက်ာက္ခဲေတြက ေလေပၚေရာက္သြားတယ္ဆိုရင္ပဲ ခြၽန္ထက္ၿပီးေတာ့ အသြားေတြတလက္လက္ျဖစ္ေနတဲ့ ဓါးေတြ၊ လွံေတြအျဖစ္ေျပာင္းလဲသြားသဗ်၊ ဦးဘသာကေတာ့ ဒီေလာက္ေတာ့အေပ်ာ့ေပါ့ဗ်ာ၊ အဲဒီဓါးေတြ လွံေတြကလည္း ေလေပၚမွာပဲ မွန္ခ်ပ္ကြဲသလို တစ္စစီကြဲထြက္ကုန္တာေပါ့ဗ်။
ဦးေတာက္တဲ့ကလည္း ဒီအတိုင္းရပ္မေနေတာ့ဘူးဗ်ိဳ႕၊ သူ႔ပါးစပ္ႀကီးၿဖဲလိုက္တယ္ဆိုရင္ပဲ ပါးစပ္ထဲကေန ကြၽတ္လိုလို၊ ေမွ်ာ့လိုလိုအေကာင္ေလးေတြ ခုန္ေပါက္ထြက္လာတာပဲဗ်ာ၊ ဒီအေကာင္ေလးေတြ ၾကမ္းျပင္ေပၚေရာက္တာနဲ႔ တစ္လံေလာက္ရွိတဲ့ ေႁမြနက္ႀကီးေတြျဖစ္သြားေရာဗ်ိဳ႕၊ က်ဳပ္လိုက္ေတာ့ မေရတြက္မိေပမယ့္ ေႁမြေပါင္းအေကာင္ငါးဆယ္ေလာက္ေတာ့ ရွိသဗ်၊ ေႁမြအုပ္ႀကီးက တျဖည္းျဖည္းနဲ႔ ဦးဘသာဆီကိုလာပါေလေရာ၊ ေႁမြေတြသြားတဲ့အသံက တရွဲရွဲနဲ႔ သိပ္ေၾကာက္ဖို႔ေကာင္းတာဗ်။ က်ဳပ္ၾကားဖူးတဲ့ သိုက္ေႁမြဆိုတာ ဒါမ်ိဳးျဖစ္မွာေပါ့ဗ်ာ။ ပါးပ်ဥ္းေတြေထာင္၊ ပါးေစာင္ေတြခဲၿပီးေတာ့ ဦးဘသာဆီကိုလာၾကတာ။
ဦးဘသာကိုေႁမြေတြဝိုင္းလိုက္ေတာ့ က်ဳပ္ျဖင့္ ဦးဘသာကိုေျပးဖက္ထားမိတယ္၊ ေႁမြေတြက ေဒါသတႀကီးနဲ႔ ေပါက္မယ္ျပဳမယ္ တကဲကဲလုပ္ေနတာကိုးဗ်၊ ဦးဘသာက ေျခဖေနာင့္ကိုတစ္ခ်က္ေဆာင့္လိုက္တာနဲ႔ အဲဒီေႁမြေတြက တီေကာင္ေတြျဖစ္သြားတယ္ဗ်ာ၊ တီေကာင္ေတြျဖစ္ၿပီးေတာ့ ၾကမ္းျပင္ေပၚမွာ တဝုန္းဝုန္းနဲ႔ခုန္ေနၾကပါေရာ၊
မမျမက အေနာက္ကိုခုန္ဆုတ္လိုက္ၿပီးေတာ့ လက္ႏွစ္ဖက္ကိုစုၿပီး မိုးေပၚေထာင္လိုက္တယ္ဗ်။
“ကဲ ဝိဇၨာဓိုရ္ႀကီးေတြ လက္ဆင့္ကမ္းေပးခဲ့တဲ့ ေနာက္ဆုံးလက္နက္ျဖစ္တဲ့ ဓါးစၾကၤာလက္နက္ထုတ္မဟဲ့၊ နင္တို႔ႏွစ္ေကာင္ ခံႏိုင္ရင္ခံစမ္း”
မမျမလက္ထဲမွာ လျခမ္းပုံစံ ဓါးသြားႀကီးတစ္ခုေပၚလာတယ္ဗ်၊ ဓါးမွာလက္ကိုင္မပါဘူး၊ အသြားပဲပါတယ္၊ ၿပီးေတာ့ မမျမက မႏၲန္တစ္ပုဒ္႐ြတ္ဆိုလိုက္တာနဲ႔ အဲဒီလျခမ္းပုံစံဓါးက သူ႔လက္ထဲမွာ လည္ေတာ့တာပဲဗ်ာ။ လည္တဲ့အသံကလည္း တ႐ႊမ္း႐ႊမ္းနဲ႔ ဓါးသြားကိုေလေပၚမွာေဝွ႔ကစားရင္ ထြက္တဲ့အသံေပါ့၊ ၿပီးတာနဲ႔ ဦးဘသာကို အဲဒီဓါးျစက္ာနဲ႔ ပစ္လႊတ္လိုက္ပါေရာဗ်ာ။
ဓါးျစက္ာပ်ံတာကလည္း သိပ္ျမန္တာဗ်ာ၊ ဦးဘသာရင္ဘတ္ကိုထိၿပီးေနာက္ ႐ြတ္ခနဲကိုယ္လုံးကိုျဖတ္ခ်သြားၿပီး ဟိုးအေနာက္ကိုပ်ံထြက္သြားတာဗ်၊ က်ဳပ္လည္း ဦးဘသာကိုကိုင္ၾကည့္တာေပါ့၊ ဦးဘသာကေတာ့ မ်က္လုံးမွိတ္ထားတယ္ဗ်၊ ဓါးျစက္ာျဖတ္သြားေပမယ့္ ဦးဘသာကိုယ္လုံးမွာ ဘာဒဏ္ရာမွ မျဖစ္သြားဘူး။ မမျမလည္း သိပ္အံ့ၾသသြားပုံရတယ္ဗ်။ ဒါနဲ႔ ေနာက္ထပ္ သုံးေလးႀကိမ္ေလာက္ ထပ္ပစ္ျပန္ေရာဗ်ိဳ႕၊ ဓါးျစက္ာက ဦးဘသာကို ေလးငါးေျခာက္ခ်က္ထိတယ္ဗ်၊ ဒါေပမယ့္ ဘာမွမျဖစ္ဘူး။
ဒီေတာ့ ဦးဘသာက မ်က္လုံးေတြဖြင့္လိုက္တယ္။
“ကြၽႏု္ပ္သည္ ဘုရားဆင္းတုကိုလည္းေကာင္း၊ မဟိဒၶိဓါတ္လုံးကိုလည္းေကာင္း ရယူပိုင္ဆိုင္လိုသည့္ ေလာဘအလ်င္းမရွိပါ၊ ဤမွန္ေသာ သစၥာစကားေၾကာင့္ ဓါးျစက္ာသည္ ကြၽႏု္ပ္အား ရန္မျပဳႏိုင္ေစသတည္း၊ ဓါးျစက္ာလည္း ပ်က္ယြင္းရပ္တန႔္ေစသတည္း”
ဦးဘသာက ဒီလို႐ြတ္တာကိုးဗ်၊ ဒီေတာ့ ဓါးျစက္ာက ေလေပၚမွာပ်ံေနရင္း ရပ္တန႔္သြားတယ္၊ ၿပီးေတာ့ လျခမ္းေကြးအျဖစ္ျပန္ေျပာင္းလဲသြားၿပီး ရပ္တန႔္ေနတယ္။
“မျဖစ္ႏိုင္ဘူး၊ ဓါးျစက္ာက ရွင့္ကိုမျဖတ္ဘူးဆိုတာ မျဖစ္ႏိုင္ဘူး”
မမျမက ေတာ္ေတာ္ထိတ္လန႔္ေနတယ္ဗ်၊ ဦးဘသာက လက္ပိုက္လိုက္ၿပီးေတာ့
“ဒီမယ္ မိန္းကေလး၊ မင္းကို ဝိဇၨာဓိုရ္ႀကီးက ဓါးျစက္ာေပးခဲ့တယ္ဆိုတာ သူထားခဲ့တဲ့ ဓါတ္လုံးကို ေစာင့္ေရွာက္ကာကြယ္ဖို႔ပဲ၊ ဒီေတာ့ ဓါတ္လုံးကိုလိုခ်င္တဲ့ ေလာဘသားေတြကိုပဲ ဓါးျစက္ာကျဖတ္ႏိုင္မွာေပါ့ဟဲ့၊ ငါက ညည္းတို႔ဓါတ္လုံးကို ဂ႐ုမစိုက္ဘူး”
မမျမက ထြက္ေျပးမယ္လုပ္ေတာ့တယ္ဗ်၊ ေလေပၚကိုတစ္ခ်က္ခုန္လိုက္တာနဲ႔ သူ႔ကိုယ္လုံးက ဝွစ္ခနဲေပ်ာက္သြားၿပီးေတာ့ ဆံပင္ႀကီးပဲက်န္ေတာ့တာပဲဗ်ာ၊ ၿပီးေတာ့ ဂူထဲမွာပ်ံေနပါေရာ၊ ဦးဘသာက သူ႔ေခါင္းက ေခါင္းေပါင္းစကိုျဖဳတ္လိုက္ၿပီးေတာ့ ေလေပၚေျမႇာက္တင္လိုက္တာနဲ႔ ေခါင္းေပါင္းစက ခုနက ဆံပင္ဘုတ္သိုက္ႀကိးကို သူ႔အလိုလိုသြားပတ္ၿပီးေတာ့ ၾကမ္းျပင္ေပၚကို ဘုတ္ခနဲျပဳတ္က်တာပဲဗ်ာ။ ေျမႀကီးေပၚေရာက္တာနဲ႔ မမျမျပန္ျဖစ္သြားပါေရာ၊ ေခါင္းေပါင္းစကေတာ့ သူ႔ကိုယ္လုံးကို တင္းတင္းၾကပ္ၾကပ္ပတ္ထားဆဲေပါ့ဗ်ာ။
“နင္ေျပးလို႔ ဘယ္လြယ္မလဲမိန္းကေလး၊ ငါ ရွည္ရွည္ေဝးေဝးမေျပာခ်င္ဘူး၊ ငါ့လူကို ငါျပန္ေခၚသြားမယ္၊ နင္တို႔မတားၾကနဲ႔”
“မရဘူး၊ ေခၚလို႔မရဘူး၊ က်ဳပ္ေယာက္်ားအသစ္တစ္ေယာက္ ရွာခဲ့ရတာ ဘယ္ေလာက္ၾကာၿပီမွတ္သလဲ၊ ႏွစ္ေပါင္းသုံးဆယ္နီးပါးရွိၿပီရွင့္၊ မေခၚရဘူး သူ႔ကိုျပန္ေခၚမသြားရဘူး”
က်ဳပ္ျဖင့္ မမျမကိုၾကည့္ၿပီးေတာ့ အေတာ္ကိုေၾကာက္လာတာဗ်ာ၊
“ဒါဆို ဒါေတြအားလုံးက မမျမက ႀကိဳတင္ႀကံစည္ခဲ့တာေပါ့”
မမျမက ရယ္တယ္ဗ်။ တဟီးဟီး၊ တဟားဟားနဲ႔ကိုရယ္တာ
“ေအးေပါ့၊ နင့္ကိုျမင္ကတည္းက ငါသိတယ္၊ နင္က တဏွာ႐ူးမွန္း ငါသိလိုက္တယ္၊ ဒါေၾကာင့္ နင့္ကိုဖ်ားေယာင္းဖို႔လုပ္ခဲ့တာပဲ၊ နင္တို႔လြမ္းေစတီကေလးကိုလာျဖစ္ေအာင္၊ လြမ္းေစတီကိုလာရင္ ငါနဲ႔ဆုံေအာင္လို႔ လုပ္ခဲ့တာပဲ၊ နင္ျပန္သြားၿပီးတဲ့ ညမွာပဲ ငါက နင့္အသက္ကိုႏႈတ္ဖို႔ နင္တို႔တည္းတဲ့အိမ္ေပၚကို တက္လာခဲ့တာပဲ”
ဒီေတာ့မွ မေန႔ညက မမျမအိမ္ေပၚတက္လာတာကို က်ဳပ္သတိရသြားတယ္ဗ်။
“ဒါေပမယ့္ ဟိုဖိုးသူေတာ္ အစုတ္ပလုပ္က ငါ့နာမ္ေကာင္အျပင္ထြက္သြားတာကို ေစာင့္ေနခဲ့တာၾကာခဲ့ၿပီ၊ အခုငါထြက္သြားေတာ့ သူ႔အတြက္အခြင့္အေရးဆိုၿပီးေတာ့ သိုက္နန္းကိုဝင္စီးၿပီး ငါတို႔ေျမအဘိုးကို ဖမ္းခ်ဳပ္ခဲ့တာပဲ၊ ဒါေၾကာင့္ နင့္ကိုအသက္ႏႈတ္ဖို႔ ငါမစြမ္းသာေတာ့တာ”
တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲဗ်ာ၊ ဘုတ္ဆုံတို႔ေျပာစကားအရဆိုရင္ ဒီဦးသူေတာ္က ႐ြာမွာလာေနတာၾကာၿပီဆိုေတာ့ က်ဳပ္အထင္ မမျမသိုက္နန္းက အခြာကိုေစာင့္ေနတဲ့ပုံပဲဗ်၊ သိုက္နန္းကေန နာမ္႐ုပ္ပြားထြက္ၿပီး တကယ့္႐ုပ္သြင္က်န္ေနတဲ့အခ်ိန္ ဝင္ဖမ္းလိုက္တာကိုးဗ်။
“ဒါေပမယ့္ ဖိုးသူေတာ္က သူ႔ေလာဘနဲ႔သူ၊ အဆုံးသတ္သြားခဲ့တယ္၊ သူေက်ာက္တုံးထဲကို ၿမိဳက်သြားတဲ့အခ်ိန္မွာ သူ႔ခႏၶာထဲကို ငါကကိန္းဝင္လိုက္ၿပီးေတာ့ သူ႔ခ်ိဳင္းေအာက္က လွံသြားနဲ႔ နင့္ကိုပစ္သတ္ခဲ့တာပဲ”
“ဟား၊ ဟား၊ ဟား”
ဒီအခ်ိန္ပဲ ရယ္သံႀကီးတစ္ခုၾကားလိုက္ရတယ္ဗ်၊ က်ဳပ္တို႔ရယ္သံၾကားတဲ့ေနရာကိုၾကည့္လိုက္ေတာ့ သိုက္နန္းဂူအဝမွ ဦးသူေတာ္ႀကီး မတ္တပ္ရပ္ေနသဗ်။
“ဟာ၊ ဦးသူေတာ္က မေသဘူးေဟ့”
က်ဳပ္အံ့ၾသၿပီးေအာ္လိုက္မိတယ္၊ ဦးသူေတာ္က မမျမကိုလက္ညႇိဳးထိုးၿပီးေတာ့
“နင္တို႔အႀကံ ဒါအကုန္ပဲလားဟဲ့၊ ေျပာစမ္းပါအုံး နင္တို႔ေျမးအဘိုး ဘာျဖစ္လို႔ သိုက္ေစာင့္ဘဝကိုေရာက္သြားရတယ္ဆိုတာေလ”
မမျမက ဘာမွမေျပာဘဲ အံႀကိတ္ေနတယ္။ ဦးသူေတာ္က
“ငါေျပာျပမယ္၊ သူတို႔ေျမးအဘိုးက အဂၢိရတ္လိုင္းနဲ႔ဓါတ္လုံးဖန္တီးၿပီးေတာ့ ထြက္ရပ္ေပါက္ေအာင္က်င့္ႀကံေနတဲ့ ဘိုးေတာ္ႀကီးဆီမွာ ပညာရႏိုးႏိုး၊ ဓါတ္ျပာ၊ ဓါတ္ေဆးရႏိုးႏိုးနဲ႔ တပည့္ခံေနၾကတဲ့ ေျမးအဘိုးေပါ့”
ဦးေတာက္တဲ့က ေခါင္းငိုက္စိုက္က်သြားတယ္။
“တစ္ေန႔ေတာ့ ဓါတ္လုံးေအာင္တာနဲ႔ ဘိုးေတာ္ႀကီးက ဓါတ္လုံးကိုေနာက္ဆုံးဓါတ္စာေကြၽးဖို႔အသြားမွာ ေဟာဒီေျမးအဘိုးက ဓါတ္လုံးကိုခိုးယူၿပီးေတာ့ ေျပးခဲ့တာပဲ၊ တကယ္ေတာ့ ဒီဓါတ္လုံးက သူတို႔ေျမးအဘိုးထင္ေနသလိုမ်ိဳး ေ႐ႊျဖစ္ေငြျဖစ္ဓါတ္လုံးမဟုတ္ဘူး၊ သိဒၵိဆယ္ပါးနဲ႔ျပည့္စုံၿပီးေတာ့ မဟိဒၶိေပါက္ႏိုင္ၿပီး လူစင္စစ္ကေန ဘိုးေတာ္ဝိဇၨာဓိုရ္အျဖစ္ေျပာင္းလဲႏိုင္တဲ့ ဓါတ္လုံးပဲ၊ ဒါေပမယ့္ သူတို႔ေျမးအဘိုးရဲ႕ မေတာ္ေလာဘေတြက သူတို႔ကိုျပန္အက်ိဳးေပးၿပီးေတာ့ လူစင္စစ္ကေန ဓါတ္လုံးကိုေစာင့္ရတဲ့ ၿပိတၱာတစ္ပိုင္းဘဝကို ေရာက္သြားရတာပဲ”
ဦးေတာက္တဲ့က ေယာက္်ားႀကီးတန္မဲ့ မ်က္ရည္ေတြတၿဖိဳင္ၿဖိဳင္က်ၿပီးေတာ့ ငိုပါေလေရာဗ်ာ။
“ဒီဓါတ္လုံးကို တစ္ခ်ိန္က်ရင္ ဝိဇၨာဓိုရ္ႀကီးက ျပန္လာယူမွာမို႔လို႔ ဘုရားဆင္းတုထဲကိုထည့္္ၿပီး ဌာပနာခဲ့တာပဲ၊ ကဲ အခုေတာ့ အဲဒီအခ်ိန္က်ၿပီ”
ေက်ာက္ဂူႀကီးတစ္ခုလုံးလင္းထိန္သြားးၿပီးေတာ့ ဂူဝကေန အလင္းလုံးႀကီးတစ္ခုဝင္လာတယ္ဗ်၊ အလင္းလုံးထဲကို ေသေသခ်ာခ်ာၾကည့္ရင္ လူမ်က္ႏွာပုံလိုလို ပုံရိပ္ႀကီးပါတယ္၊ အဲဒါႀကီးက ဘုရားဆင္းတုအနားကိုပ်ံသန္းသြားတယ္ဆိုရင္ပဲ ျပႆဒ္ထဲက ဘုရားဆင္းတုထဲကေန အေရာင္မ်ိဳးစုံဝင္းလက္ေနတဲ့ ဆီးသီးကင္းေလာက္ အလုံးကေလးတစ္လုံးက သူ႔အလိုလိုပ်ံတက္လာတာပဲဗ်ာ၊ ဒီအလုံးေလးက အလင္းလုံးႀကီးထဲဝင္သြားေတာ့ အလင္းလုံးႀကီးက ပိုၿပီးအေရာင္ေတြတက္သြားပါေရာ။
ေနာက္ေတာ့ အသံၾသၾသႀကီးထြက္လာတယ္။
“ေတာက္တဲ့နဲ႔ ျမျမ၊ နင္တို႔တာဝန္ၿပီးၿပီ၊ ဦးသူေတာ္က ငါနဲ႔လိုက္ခဲ့”
ဦးသူေတာ္လည္း အလင္းလုံးတစ္လုံးျဖစ္ၿပီးေတာ့ ပ်ံတက္သြားတာပဲဗ်ာ၊ မမျမနဲ႔ ဦးေတာက္တဲဲ့တို႔က ငိုယိုေနရင္း တျဖည္းျဖည္းေက်ာက္႐ုပ္အျဖစ္ေျပာင္းသြားတယ္ဗ်ိဳ႕၊ အလင္းလုံးက သိုက္နန္းဂူဝကိုေရာက္ေတာ့ က်ဳပ္လည္း မေနႏိုင္မထိုင္ႏိုင္ လွမ္းေမးမိလိုက္တယ္။
“ဒါဆို၊ က်ဳပ္၊ က်ဳပ္တို႔ကေရာ ဘာလုပ္ရမွာလဲ”
“မင္းတို႔က လာရာလမ္းအတိုင္းျပန္ေပါ့ကြ”
ဒီလိုေျပာၿပီးေတာ့ အလင္းလုံးႀကီးက လင္းသြားလိုက္တာဗ်ာ၊ စိန္ေရာင္ျခည္အတိုင္း တျဖတ္ျဖတ္နဲ႔ဗ်၊ က်ဳပ္လည္း ေတာ္ေတာ္ၾကာေအာင္ၾကည့္ေနမိေသးတာ၊ ေနာက္ေတာ့ အလင္းေတြစူးလာတာနဲ႔ မ်က္လုံးကိုမွိတ္ခ်လိုက္ေရာဗ်ိဳ႕။
“ကိုအလတ္ေကာင္၊ ဗ်ိဳ႕၊ ကိုအလတ္ေကာင္”
က်ဳပ္နားထဲအသံၾကားေတာ့ လန႔္ၿပီးထလိုက္တယ္ဗ်၊ ဒီေကာင္ခ်ိဳတူးက ခုနစ္သံခ်ီၿပီး က်ဳပ္အနားမွာေအာ္ေခၚေနတာပဲ။ က်ဳပ္လည္း ေယာင္ယမ္းၿပီးေတာ့ ရင္ဘတ္ကိုစမ္းၾကည့္လိုက္မိေသးတယ္။ ရင္ဘတ္နားက ေအာင့္ေတာင့္္ေတာင့္နဲ႔ နာေနတယ္ဗ်ာ။
“ဦးဘသာက ႏႈိးခိုင္းလို႔ဗ်၊ ေနျမင့္ၿပီတဲ့၊ ထေတာ့တဲ့”
“ေၾသာ္၊ ေအး၊ ေအး”
က်ဳပ္အိပ္ရာထၿပီးဆင္းလိုက္ေတာ့ ဦးဘသာနဲ႔ ဦးလူဝနဲ႔က စကားေတာင္ေကာင္းေနၿပီဗ်၊
“က်ဳပ္တို႔လည္းခြင့္ျပဳပါအုံး၊ သြားစရာအေၾကာင္းကလည္းရွိေသးတာဆိုေတာ့ဗ်ာ၊ စိတ္ထဲကအတိုင္းဆို ဒီ႐ြာမွာ တစ္လကိုးသီတင္း ေနခ်င္သပ လူဝေရ”
“က်ဳပ္နားလည္ပါတယ္ဗ်ာ၊ ကိုင္း မနက္စာစားၿပီးေတာ့မွသြားၾကပါလား”
ဘုတ္ဆုံက မနက္စာျပင္ေပးတယ္ဗ်၊ က်ဳပ္လည္းစားေသာက္ေနရင္း ဦးဘသာအနားကို တိုးတိုးကပ္ၿပီးေတာ့
“ဦးဘသာ၊ လြမ္းေစတီကေလး ဘာဆက္ျဖစ္သြားသလဲဗ်”
“သူ႔ဟာနဲ႔သူရွိမွာေပါ့ကြာ၊ ဒါေပမယ့္ မင္းရဲ႕မမကေတာ့ မရွိေလာက္ေတာ့ဘူးကြ”
က်ဳပ္လည္း ထမင္းစားေနရင္း စိတ္ထဲမေကာင္းျဖစ္မိသြားေသးတယ္၊ ၿပီးေတာ့ က်ဳပ္တို႔ေတြ ျပန္ဖို႔ အထုပ္ေတြအပိုးေတြျပင္ဆင္ၾကတာေပါ့ဗ်ာ၊ ေနာက္ေတာ့ အိမ္ေပၚကဆင္းခါနီး ေလွကားရင္းကေန ဟိုးေဝးေဝးမွာ ျမင္ေနရတဲ့ ေတာင္႐ိုးကေလးဆီကို ေငးၾကည့္မိေသးတယ္ဗ်။
“သြားေပအုံးေတာ့ မမျမေရ”
က်ဳပ္လည္းတစ္ခ်က္ေရ႐ြတ္ၿပီးေတာ့ အိမ္ေပၚကဆင္းခဲ့တယ္။ အိမ္ေအာက္မွာေတာ့ ဦးလူဝဆင္ထားတဲ့လွည္းက အသင့္ေစာင့္ေနၿပီေပါ့ဗ်ာ။
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ