“စုန်းထီးကြီးဦးဘသာနှင့် သုံးဆယ့်ရှစ်ယောက်မြောက်ဘုရားပျံ”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် သုံးဆယ့်ရှစ်ယောက်မြောက်ဘုရားပျံ”(စ/ဆုံး)
———————————————————————————
အတွဲ(၅) စာစဉ်(၁၀)

(၁)

ဦးဘသာခြံအပြင်ကိုထွက်သွားတော့ ကျုပ်နဲ့ကဝေရှင်ဘသောင်းလည်း အနောက်ကိုအပြေးလိုက်သွားကြတာပေါ့ဗျာ၊ ဦးဘသာကို ကျုပ်ပြေးကိုင်လိုက်တော့ သူ့အသားတွေက ပူခြစ်တောက်နေတာပါပဲ၊ ဦးဘသာပခုံးကို ကျုပ်ထိလိုက်တယ်ဆိုရင်ပဲ ဦးဘသာက ကျုပ်ကိုမျက်ထောင့်နီကြီးနဲ့ ကြည့်ုလိုက်သဗျ၊ ပြီးတာနဲ့ ကျုပ်ကိုလက်နဲ့ပုတ်ထုတ်လိုက်ပါရော။

“ဦးဘသာ၊ ဘယ်လိုဖြစ်တာလဲဗျာ”

“ငါဦးဘသာမဟုတ်ဘူး၊ ငါ့နာမည် သန်းတန်”

ကျုပ်ဖြင့်တော်တော်လန့်သွားတာဗျို့၊ ကြည့်ရတာ ချောချောရဲ့ခန္ဓာကိုယ်ထဲကို အစောင့်အရှောက်အဖြစ်နဲ့ဝင်သွားတဲ့ ဦးသန်းတန်ကို ဦးဘသာက မထိန်းချုပ်နိုင်ခဲ့တဲ့ပုံပဲဗျ၊ ဒီအတိုင်းဆိုရင် ချောချောကိုယ်လုံးထဲက ဦးဘသာက ဘာဆက်ဖြစ်သွားမလဲဗျာ၊ ဝိညာဉ်ပဲလွင့်သွားပြီလား၊ သူ့ကိုယ်ထဲကနေပဲ ထွက်သွားပြီလားပေါ့။

ဘသောင်းက အရှေ့ကိုတက်လာပြီးတော့

“အကိုကြီး၊ အကိုကြီးဘယ်ကိုသွားမလို့လဲဗျ”

“ဘယ်ရှိရမှာလဲကွာ မင်းအကို သိန်းတန်ဆီကိုသွားမလို့ပေါ့ကွ”

ဒီအချိန်မှာပဲ ရွာလမ်းအတိုင်း နွားလှည်းတစ်စီးမောင်းလာတယ်ဗျာ၊ ချောချောက အဲဒီနွားလှည်းကြီးကို ကြည့်ပြီးတော့ တဟားဟားနဲ့ရယ်တယ်၊ ကျုပ်တို့က နွားလှည်းနဲ့တိုက်မိမှာစိုးလို့ လမ်းဘေးကိုဆင်းပေးလိုက်ပေမယ့် ချောချောကတော့ လမ်းလယ်ခေါင်မှာ ကားယားကြီးရပ်ပြီး ခါးကိုထောက်ထားပါရောဗျာ။ လှည်းမောင်းလာတဲ့လူကြီးက ချောချောကိုစောင့်ကြည့်လိုက်ပြီး

“ဟဲ့ကလေးမ၊ လှည်းလာနေတာတောင် လမ်းဘေးမဆင်းဘဲဘာလုပ်နေတာလဲ၊ နွားဝှေ့ခံရလို့ လင်မရဘဲ သေသွားအုံးမယ်”

ဒီလူကြီးက ငေါက်ပြီးပြောလိုက်သေးတယ်ဗျာ၊ ချောချောက ရပ်ကြည့်နေတယ်။ ဒီအချိန်မှာ ချောချောရဲ့ကိုယ်လုံးကနေ ကျနေတဲ့အရိပ်ထဲက အရိပ်နက်ကြီးနှစ်ခုက အပြေးထွက်သွားတာကို မြင်လိုက်ရတယ်ဗျာ၊ အရိပ်တွေက မြေကြီးပေါ်မှာ ရှပ်တိုက်သွားပြီးတော့ နွားနှစ်ကောင်အရိပ်ထဲကိုပြေးဝင်သွားပါရော၊ နွားနှစ်ကောင်က နှာတွေမှုတ်ပြီး မျက်လုံးကြီးတွေက နီနီကြီးဖြစ်လာတာပဲဗျာ၊ နောက်တော့ လှည်းကိုအတင်းခါပြီး ရုန်းပါရော၊ ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် လှည်းပေါ်က လူကြီးက လှည်းအောက်ကိုပြုတ်ကျရတဲ့အထိပဲ၊ ဒီတော့မှ ချောချောကလှည်းပေါ်ကို လွှားခနဲခုန်တက်လိုက်တယ်၊ လှည်းက တစ်ပတ်လည်ပြီးတော့ ဟိုဘက်ကိုကွေ့ပြီးသား ဖြစ်သွားရောဗျို့၊ လမ်းဘေးမှာ ပြူးကြောင်ပြီးရပ်နေတဲ့ ကျုပ်တို့နှစ်ယောက်ကို ကြည့်ပြီးတော့

“လာလေ၊ ဘာလုပ်နေကြတာလဲ”

အဲဒီလိုပြောလိုက်တော့မှ ကျုပ်တို့နှစ်ယောက် လှည်းနောက်မြှီးပေါ်ကို ခုန်တက်လိုက်ကြပါရော၊ ကျုပ်တို့တက်ပြီးသွားတာနဲ့ နွားလှည်းက အရှိန်နဲ့မောင်းထွက်ခဲ့ပါရောဗျာ။

ကျုပ်က နွားနဲ့စိမ်းတဲ့လူမဟုတ်ပါဘူး၊ အိမ်မှာလည်း နွားလှည်းရှိတာဆိုတော့ ကျုပ်လည်း နွားလှည်းမောင်းဖူးပါတယ်ဗျာ၊ ဒါပေမယ့် ဒီတစ်ခါစီးတဲ့နွားလှည်းကတော့ ကျုပ်တစ်သက်နဲ့တစ်ကိုယ်မှာ အမြန်ဆုံးနွားလှည်းပဲဗျ၊ ကားလောက်နီးနီးကိုမြန်တာဗျာ၊ နွားတွေကလည်း ကုန်းကုန်းပြီး ဒုံးပြေးတာ မြန်လိုက်တာပြောမနေပါနဲ့၊ ချောချောက လှည်းပေါ်မှာ မတ်တပ်ကြီးရပ်ပြီး လိုက်လာတာဗျ။

“ရှောင်ကြ၊ ရှားကြ၊ ပြေးကြ၊ လွှားကြ၊ သန်းတန်လာပြီဟေ့”

အသံနက်ကြီးနဲ့လည်း အော်သေးတာဗျ။ နွားလှည်းက ရွာလမ်းအတိုင်းမောင်းလာတာဆိုတော့ လမ်းသွားတဲ့လူတွေ၊ လမ်းပေါ်မှာဆော့နေတဲ့ကလေးတွေနဲ့ တိုက်မိမလိုဖြစ်ပါရော၊ ဒါပေမယ့် ချောချောက လမ်းပေါ်ကလူကို လှမ်းကြည့်လိုက်တာနဲ့ အဲဒီလူကို တစ်ယောက်ယောက်က တွန်းလိုက်သလိုဖြစ်ပြီး အနောက်ကို လန်သွားကြတယ်၊ ဒါကြောင့် တစ်ယောက်နဲ့မှတော့ မတိုက်မိဘူးပေါ့ဗျာ။ ရွာထဲက ထွက်လာပြီးတော့ ဂဝံလမ်းကြီးကိုရောက်ပါရောဗျာ၊ လှည်းက ဂဝံလမ်းပေါ်မှာ ဒေါင်းဒေါင်းပြေးသွားနေတာဆိုတော့ လှည်းပေါ်လိုက်တဲ့ ကျုပ်တို့မှာ ဆီးဖြူသီးကို စကောထဲထည့်ပြီးလှိမ့်သလို လူးလိမ့်နေတာပါပဲဗျာ၊ ဒီအရှိန်နဲ့လှည်းပေါ်က ပြုတ်ကျရင်မလွယ်ဘူးဗျ၊ ဒါကြောင့် လှည်းကိုသေသေချာချာကိုင်ထားရသေးတာ၊ ကျုပ်တို့လှည်းနောက်မှာ ထိုင်လိုက်တဲ့လူတွေသာ လူးလှိမ့်နေတာပါဗျာ၊ လှည်းဦးမှာ မတ်တပ်ရပ်ပြီး လိုက်လာတဲ့ ချောချောကတော့ တစ်ချက်ကလေးတောင်မှ မယိမ်းယိုင်ဘူးဗျ။

ဒီလိုနဲ့ နေမစောင်းတစောင်းအချိန်ကလေးမှာ ရွာကလေးတစ်ရွာကိုလှမ်းတွေ့လိုက်ရပါရောဗျာ၊ ရွာအပြင်ဘက် ကွင်းအစပ်အရောက်မှာပဲ လူတစ်စုက မတ်တပ်ရပ်နေကြသဗျ၊ ချောချောမောင်းလာတဲ့ နွားလှည်းကိုမြင်တာနဲ့ ဒီလူစုက လမ်းပေါ်ကိုတက်လာကြတယ်၊ ချောချောက ဘေးဖယ်လို့ပြောပေမယ့် ဒီလူတွေက မဖယ်ပါဘူးဗျာ။

နွားလှည်းက အနားကိုရောက်တယ်ဆိုရင်ပဲ ဒီလူစုရဲ့ခေါင်းဆောင်ဖြစ်မယ့် သဘက်ကြီးပေါင်းထားတဲ့လူကြီးက နွားလှည်းကို လက်ဝါးနဲ့ကာရင်း

“ဟဲ့နွား၊ အခုချက်ချင်းရပ်လိုက်ပါလား”

လို့အသံပြဲကြီးနဲ့အော်ထည့်လိုက်ပါရော၊ ဒုံးပြေးနေတဲ့နွားနှစ်ကောင်က ကားဘရိတ်ဖမ်းဆွဲလိုက်သလို တိခနဲရပ်သွားတယ်ဗျ၊ ရပ်တဲ့အရှိန်ကြောင့် ကျုပ်နဲ့ ဘသောင်းနဲ့ လှည်းပေါ်ကနေအရှိန်လွန်ပြီးတော့ အရှေ့ကိုကျွမ်းထိုးကျပါရောဗျာ။

“အောင်မယ်လေးဗျာ”

“သေပါပြီဗျ”

နှစ်ယောက်သား အော်ဟစ်ကြတယ်ဗျ၊ ဂဝံမြေပေါ်ကျတာဆိုတော့ အကျမတော်ရင်သေမှာ၊ ထူးဆန်းတာကတော့ ကျုပ်တို့ပြုတ်ကျပြီး မြေကြီးနဲ့ထိတဲ့အခါ မြေကြီးက ဆိုဖာကြီးတစ်ခုလို ပျော့အိနေပါရောဗျာ၊ ဂဝံမြေကြီးဆိုတာ ဒီလိုပျော့အိရိုးထုံးစံမှမရှိတာဗျ၊ ကျုပ်နဲ့ဘသောင်းလူးလဲထပြီးတော့မှ မြေကြီးက ပြန်မာသွားတာဗျ၊ ကျုပ်တို့နှစ်ယောက်က တစ်ဖက်မှာလည်း ရှမ်းတွေ၊ တစ်ဖက်မှာလည်း ချောချောနဲ့နွားလှည်းကြီးဆိုတော့ ပဲလှော်ကြားဆားညပ်သလိုဖြစ်နေတာပေါ့။

ချောချောက နွားတွေကိုကြည့်ရင်း

“ဆက်ပြေးကြစမ်း”

လို့အမိန့်ပေးတော့ နွားတွေက ဆက်ပြေးဖို့လုပ်တယ်၊ ဒီအခါ ရှမ်းကြီးက နွားတွေကို ဝါးခြမ်းပြားကလေးတွေနဲ့ပစ်ထည့်လိုက်ပါရော၊ ဝါးခြမ်းပြားက နှစ်လက်မလောက်ပဲရှိမယ်ဗျ၊ နွားတွေရဲ့ခေါင်းကိုထိသွားတာနဲ့ နွားနှစ်ကောင်က ဇက်ကျိုးကျပြီးတော့ စင်းစင်းကြီးသေပါရောဗျာ၊ ရှမ်းကြီးက နောက်ထပ်ဝါးခြမ်းပြားနဲ့ လှမ်းပစ်ထည့်လိုက်ပြန်တော့ ချောချောဆီကိုတန်းတန်းမတ်မတ်နဲ့ပျံဝင်သွားတယ်ဗျ၊ ချောချောကလက်နဲ့ပုတ်ထုတ်လိုက်တော့ လေပေါ်မှာတင် ဝုန်းခနဲကွဲထွက်သွားပါရော၊ ချောချောက လှည်းပေါ်ကနေ ကျွမ်းတစ်ပတ်ထိုးပြီးတော့ အရှေ့ကိုခုန်ဆင်းလိုက်တယ်။

“မင်းတို့ဘာကောင်တွေလဲ၊ ဘာဖြစ်လို့ ငါတို့လှည်းကိုတားရတာလဲ၊ ငါ့အရှေ့ကနေ ဖယ်ရင်ဖယ်နော်၊ မဟုတ်ရင် မင်းတို့ ငါ့အဆိုးမဆိုနဲ့”

“ဟား၊ ဟား မင်းကိုတားမလို့ရောက်နေပါတယ်ဆိုမှ၊ မင်းကိုလမ်းဖယ်ပေးရအုံးမှာလားကွ”

“ပြောစမ်း၊ မင်းတို့ကို ဘယ်သူလွှတ်လိုက်တာနဲ့”

“အပိုတွေမပြောနဲ့ ငါမင်းကို နှစ်ခုရွေးခိုင်းမယ်၊ ပထမတစ်ခုကတော့ မင်းဒီနေရာကနေ အေးအေးဆေးဆေးလှည့်ပြန်သွားလိုက်ပါ၊ ဒုတိယတစ်ခုကတော့ မင်းလှည့်ပြန်မသွားဘူးဆိုရင် ငါတို့မင်းကို ပြန်ပို့ပေးရလိမ့်မယ်ကွ”

ချောချောက တဟင်းဟင်းနဲ့ရယ်ရင်း

“ငါတတိယတစ်ခုကိုရွေးတယ်”

“တတိယတစ်ခုမှ မရှိတာ”

“ရှိတယ်၊ တတိယတစ်ခုကတော့ မင်းတို့အကုန်လုံးကို ငါသတ်ပြီးတော့ မင်းတို့အလောင်းတွေကို လှည်းနဲ့ဖြတ်နင်းသွားဖို့ပဲ”

ချောချောပြောတော့ ရှမ်းကြီးမျက်နှာက ရှုံ့မဲ့သွားတယ်ဗျ၊

“ဒီကောင်မကတော့ ငါတို့အကြောင်းသိချင်နေပြီထင်တယ်၊ ကဲ ငါ့လူတို့ ဒီကောင်မကို မင်းတို့စိတ်တိုင်းကျသာ လုပ်လွှတ်လိုက်ကြစမ်းကွာ”

ရှမ်းတွေက သူတို့ဆီက ရှိသမျှ အဆောင်လက်နက် ပစ္စည်းတွေနဲ့ ပစ်ကြပါရောဗျာ၊ ကြေးပြား၊ ငွေပြားတွေလည်းပါတယ်၊ သစ်သားနဲ့လုပ်ထားတဲ့ သန်လျက်ကလေးတွေ၊ ဓါးလိုပုံစံကလေးတွေလည်းပါတယ်၊ သတ္တုနဲ့လုပ်ထားတဲ့ လှံကလေးတွေလဲပါတယ်ဗျ၊ လက်နက်တွေက ချောချောကိုပြေးထိတော့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပေါက်လိုက်ကွဲလိုက်တာဆိုတာ မသိရင်မိုးခြိမ်းနေသလိုပါပဲဗျာ။

လက်နက်တွေပစ်ခတ်အပြီးမှာ ချောချောကဘာမှမဖြစ်ပေမယ့် ရှမ်းတွေကတော့ တော်တော်လန့်သွားကြတယ်။ ညနေစောင်းပြီဆိုတော့ နေကဝင်လုပြီဗျ၊ နေရောင်စောင်းစောင်းကထိုးတာဆိုတော့ ဒီလူတွေရဲ့အရိပ်တွေက ရှည်မျောမျောကြီးတွေဖြစ်နေသဗျ၊ ချောချောက ရယ်မောရင်း ခြေထောက်တစ်ချက်ဆောင့်ထည့်လိုက်တော့ သူ့ခြေထောက်အောက်ကနေ အရိပ်မည်းကြီးတွေပြေးထွက်လာပြီး ခုနကလူတွေရဲ့အရိပ်တွေထဲကို ပြေးဝင်ကုန်တယ်ဗျာ၊ မကြာခင်မှာပဲ ရှမ်းတွေ တအွတ်အွတ် တအင့်အင့်နဲ့ လည်ပင်းတွေကိုကိုင်တဲ့လူကကိုင်၊ ရင်ဘတ်ကို ဖိတဲ့လူကဖိနဲ့ အမျိုးစုံခံစားနေကြရပါရော။

ချောချောက ခေါင်းကြီးစိုက်ပြီး သွားကြီးဖြဲလို့ တဟီးဟီးနဲ့ ကျေကျေနပ်နပ်ကြီးရယ်မောပြီးတဲ့အဆုံးမှာ ဒီရှမ်းတွေအကုန်လုံး မြေပြင်ကိုလဲကျပြီး အတုံးအရှုံးသေကုန်ကြပါရောဗျာ။ တစ်ချို့တွေက မသေခင်လူးလွန့်နေကြပါသေးတယ်၊ မျက်လုံးကြီးတွေပြူးထွက်၊ လျှာကြီးတွေပြူးထွက်ပြီးတော့ ပိုးစိုးပက်စက်ကို သေကုန်ကြတာဗျာ၊ သေပြီးတာနဲ့ ဒီလူတွေရဲ့ ကိုယ်ကထွက်တဲ့အရိပ်တွေက ပြေးထွက်လာပြီး ချောချောရဲ့ခြေထောက်အောက်ကိုဝင်ကုန်ကြတယ်၊ ခုနက ကလေးတင် မတ်တပ်ရပ်နေတဲ့ လူဆယ်ယောက်လောက်က အခုမျက်စိရှေ့မှာတင် အသေဆိုးနဲ့သေသွားကြတယ်ဆိုတော့ ကျုပ်ဖြင့်တော်တော်ကိုလန့်နေမိတယ်ဗျာ။ ကျုပ်ထက်လန့်နေတာကတော့ ဘသောင်းပဲဗျ၊ ဘသောင်းဆိုရင် မျက်လုံးကြီးပြူးပြီးတော့ နဖူးကနေ ဇောချွေးတွေကို ပြန်လို့ဗျို့။

သေနေတဲ့နွားကြီးတွေက ငေါက်ခနဲထရပ်ပြီးတော့ လှည်းက မောင်းထွက်ပါရောဗျာ၊ ချောချောရဲ့စကားအတိုင်းပဲ ခုနက သေထားကြတဲ့လူတွေရဲ့အလောင်းတွေကို လှည်းကတက်ကြိတ်ပြီး ရွာဘက်ကိုမောင်းထွက်သွားပါရော၊ ချောချောက ကျုပ်တို့ကိုတောင်မေ့သွားပြီထင်ပါ့ဗျာ၊ ကျုပ်နဲ့ဘသောင်းနဲ့ အနောက်မှာကျန်နေခဲ့တယ်။

“ကိုဘသောင်းရာ ကျုပ်က ရိုးရိုးလူဆိုတော့ ဒီလူတွေသေကုန်တာမြင်တော့ တုန်လှုပ်တာမဆန်းပါဘူး၊၊ ခင်ဗျားကတော့ ကဝေရှင်ဖြစ်ပြီးတော့ ဒီလောက်တောင် တုန်လှုပ်နေစရာလားဗျာ”

“ဟ၊ အရိပ်သခင်၊ အရိပ်သခင်လွတ်သွားပြီကွ”

“ဟင်၊ အရိပ်သခင်ဆိုတာဘာလဲဗျာ”

ဘသောင်းက သူ့နဖူးကိုသူ လက်ဝါးနဲ့တဖတ်ဖတ်ရိုက်ပြီးတော့

“မှားပြီ၊ သားမှားပြီအဖေရေ၊ သားမေ့ပြီးတော့ အရိပ်သခင်ကိုလွှတ်ပေးလိုက်မိပြီ”

ကျုပ်က ဂယောင်ချောက်ခြားဖြစ်နေတဲ့ ဘသောင်းရဲ့လက်မောင်းကို ဆွဲလှုှုပ်ခါလိုက်ပြီး

“ဟေ့လူ၊ ခင်ဗျားကိုမေးနေတယ်လေဗျာ၊ အရိပ်သခင်ဆိုတာ ဘာလဲဗျ”

“ဘာလဲဆိုတာတော့ ငါလည်းသေသေချာချာမသိဘူးကွာ၊ ငါ့အဖေ ကဝေရှင်ကြီးဦးထိုက်တန်မသေခင်တုန်းက ငါ့ကိုသေသေချာချာမှာထားခဲ့တယ်၊ ဘာပဲဖြစ်နေဖြစ်နေ နှစ်တစ်ထောင် အရိပ်သခင်ကို ဘယ်လိုနည်းနဲ့မှ မလွှတ်ပေးနဲ့တဲ့ကွ”

“ဒါဆို သူကဘယ်မှာရှိတာလဲ”

“ငါ့အိမ်ထောင်က နှစ်ပေလောက်နီးနီးရှိတဲ့ ဖန်ပုလင်းကြီးတစ်လုံးထဲမှာလေကွာ”

“ဟာဗျာ၊ ဒါဆို ခင်ဗျားက ဖန်ပုလင်းတွေအကုန်လုံးကို ထုနှက်ပြီး ကဝေတွေလွှတ်ပေးခဲ့တယ်ဆိုတော့ အဲဒီ နှစ်တစ်ထောင်အရိပ်သခင်ဆိုတာ ပါသွားပြီပေါ့”

ဘသောင်းက ခေါင်းညိတ်တယ်ဗျ။

“ဒါကြောင့် ဦးဘသာက အရိပ်စွမ်းအင်တွေကို သုံးနေနိုင်တာကိုးဗျ”

ဘသောင်းက မတ်တပ်ရပ်ပြီးတော့ သူ့ပုဆိုးကိုပြင်ဝတ်ရင်း

“ဘာပဲဖြစ်ဖြစ်၊ ငါတို့အရိပ်သခင်အနောက်ကို လိုက်သွားရမယ်၊ ကဝေရှင်အဆင့်ဆင့်လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာတဲ့အရိပ်သခင်က ငါ့လက်ထက်ရောက်မှာ လွတ်သွားတာမျိုးမဖြစ်နိုင်ဘူးကွ”

ဘသောင်းက အော်ပြီးခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ လှည်းအနောက်ကိုပြေးလိုက်သွားတာနဲ့ ကျုပ်လည်း လူသေအလောင်းကောင်တွေကို ခွကျော်နင်းပြီးတော့ ဘသောင်းအနောက်ကို အပြေးလိုက်ခဲ့ရပါရောဗျာ။

(၂)

မကြာခင် ရွာကလေးတစ်ရွာဆီကိုရောက်တယ်ဗျ၊ ရွာထဲကလူတွေက ရုတ်ရုတ်သဲသဲဖြစ်နေသဗျ၊ ရေပုံးတွေဆွဲတဲ့သူကဆွဲ၊ ဓါးတွေ ပေါက်ဆိန်တွေကိုင်တဲ့လူက ကိုင်နဲ့ဗျ။ ရွာထဲတစ်နေရာကနေ မီးခိုးဖြူဖြူကြီးတွေ အလုံးလိုက်ထွက်နေတာမြင်ရတော့မှ မီးလောင်နေမှန်းသိလိုက်ရတာ၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြတယ်၊ မီးလောင်နေပြီဆိုတော့ တစ်ခုခုဖြစ်ပြီမဟုတ်လားဗျာ၊ ရွာသားတွေနဲ့အတူတူ မီးလောင်တဲ့နေရာကိုအပြေးးလိုက်လာခဲ့ကြတယ်ဗျ၊ မီးလောင်တဲ့ခြံဝန်းအရှေ့ရောက်တယ်ဆိုရင်ပဲ လူတွေကိုအုံခဲနေတာပဲဗျ။

“ဘာဖြစ်တာလဲဗျာ”

“ကောင်မလေးတစ်ယောက်ပေါ့ဗျာ၊ ဘာမပြောညာမပြောနဲ့ အိမ်ထဲကို ဝင်ချသွားလိုဗျ”

သူတို့ပြောတဲ့ကောင်မလေးဆိုတာ ချောချောကလွဲလို့ ဘယ်သူရှိအုံးမလဲဗျ၊ ခြံဝန်းထဲမှာလည်း နွားကြီးနှစ်ကောင်ကသေနေပြီးတော့လှည်းကလည်း တစ်စစီဖြစ်ပြီး ကျနေပါရောဗျာ၊ ကျုပ်နဲ့ဘသောင်းနဲ့ ပြေးဝင်မယ်လုပ်တဲ့အခါ ရွာသားတွေက ကျုပ်တို့ကိုဆွဲထားသဗျ၊ ကျုပ်တို့မီးလောင်သေကုန်မှာကို စိုးရိမ်လို့ပေါ့ဗျာ၊ ဒီအချိန်မှာပဲ မီးလောင်နေတဲ့သစ်သားအိမ်ပေါ်ကနေ ချောချောက ခုန်ဆင်းလာပါရောဗျာ၊ သူ့လက်ထဲမှာလည်း လူတစ်ယောက်ကို ပွေ့ချီလို့ဗျ၊ လူတွေအနားကိုပြေးလာပြီးတော့ ကျုပ်တို့အရှေ့ကိုလည်းရောက်ရော လွှားခနဲခုန်ထည့်လိုက်တာ ဝါးတစ်ပြန်အမြင့်လောက်ရောက်ပြီး ပျံတက်သွားပါရော၊ ရွာသားတွေအံ့အားသင့်နေတုန်းမှာ ကျုပ်နဲ့ဘသောင်းလည်း လူတွေကြားကနေ ရုန်းကန်ထွက်ပြီး ချောချောခုန်သွားတဲ့အနောက်ကို လိုက်ခဲ့ကြပါရောဗျာ။

“ဟိုမှာ၊ ဟိုမှာဟေ့”

ရွာအပြင်မှာ မြေပုံမို့မို့နဲ့ သုဿန်ကလေးတစ်ခုရှိသဗျ၊ အဲဒီသုဿန်ကလေးရဲ့ ဇရပ်ပျက်ကြီးပေါ်မှာ ချောချောကထိုင်နေပါရော၊ ဘသောင်းနဲ့ကျုပ်နဲ့ ရောက်သွားတဲ့အခါ ချောချောက သူ့ပေါင်ပေါ်ကလူကိုကြည့်ရင်း ငိုနေပါရောဗျာ၊ ဘသောင်းက အနီးရောက်တော့ သူလည်းတော်တော်လန့်သွားတယ်ဗျ၊ ချောချောပေါင်ပေါ်မှာ ကျန်နေတဲ့လူက ကိုယ်တစ်ပိုင်းပဲရှိတော့တယ်၊ ခါးအောက်ပိုင်းပါမလာဘူးဗျာ။

“ဟာ အကိုလတ်၊ အကိုလတ်”

ဘသောင်းက အော်ရင်း ချောချောအနားကိုပြေးသွားတယ်။ ဧကန္တချောချောပေါင်ပေါ်ကလူက သူတို့ပြောတဲ့ အကိုလတ် သိန်းတန်များလားဗျာ၊ ဘသောင်းက အနားကိုပြေးသွားပြီး တစ်ပိုင်းပဲပါတဲ့ ခန္ဓာကိုယ်ကို လှုပ်မေးတော့တာပဲ။

“အကိုလတ်၊ ဘယ်လိုဖြစ်ရတာလဲ အကိုလတ်ရာ”

တစ်ပိုင်းတည်းကျန်တဲ့ ကိုယ်က မီးတွေလောင်ပြီးတော့ သူ့အရေပြားတွေဆိုရင် ကြွပ်တောင်ကြွပ်နေပါရော။ ချောချောက ခေါင်းညိတ်ပြီး

“သိန်းတန်ကို သူများသတ်သွားတာကွ၊ သူများသတ်သွားတာ”

“ဘယ်သူကများ ဒီလိုရက်ရက်စက်စက်လုပ်သွားရတာလဲဗျာ”

ချောချောက ခေါင်းငုံ့ပြီးတော့ သေနေတဲ့အလောင်းကောင်ကြီးရဲ့ ပါးစပ်ကို သူ့ပါးစပ်နဲ့တေ့လိုက်ပါရောဗျာ၊ ဒီအခါ ပါးစပ်ထဲကနေ အရိပ်ကြီးတွေကထွက်သွားပြီး အလောင်းကောင်ကြီးထဲကို ဝင်သွားတာကိုတွေ့လိုက်ရတယ်၊ မကြာခင်မှာပဲ မီးလောင်ပြီးသေထားတဲ့ အလောင်းကောင်ရဲ့မျက်နှာကြီးက လှုပ်စိ လှုပ်စိဖြစ်လာပါရောဗျာ၊ ဒီတော့မှ ချောချောက ပါးစပ်ကိုခွာလိုက်တယ်၊ အလောင်းကောင်က တဟွတ်ဟွတ်နဲ့ ချောင်းဆိုးပါရော၊ သူ့ပါးစပ်ထဲကနေ မီးခိုးငွေ့တွေနဲ့ ပြာတွေတောင်ထွက်လာသေးတယ်ဗျာ။

“သိန်းတန်၊ မင်းဘယ်လိုဖြစ်တာလဲ”

ချောချောမေးလိုက်တော့ အလောင်းကောင်ကြီးက မျက်လုံးကလယ်ကလယ်နဲ့ လိုက်ကြည့်ရင်း

“အကိုကြီး၊ ဟာ၊ ညီလေးလည်းပါတာကိုး”

“အလွမ်းသယ်မနေနဲ့ သိန်းတန်ရာ ငါတို့အချိန်သိပ်မရဘူး၊ မင်းကိုဘယ်သူလုပ်တာလဲ”

“ကျုပ်ကိုလုပ်သွားတာက နဖူးပြောင်ပြောင်နဲ့ အဘိုးကြီးတစ်ယောက်ပဲဗျ”

ကျုပ်နဲ့ ဘသောင်းနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။

“ကျုပ်နေ့လည်က အိမ်မှာဆေးတစ်ခုစီရင်နေတဲ့အချိန်မှာ အဲဒီအဘိုးကြီးက အိမ်ပေါ်ကိုတက်လာတယ်ဗျာ၊ ကျုပ်က ဧည့်သည်ဆိုပြီးတော့ ဧည့်ခံနေလိုက်ပါသေးတယ်၊ အဘိုးကြီးက ကျုပ်ကိုတစ်ခွန်းပဲမေးတယ်ဗျ၊ စိန်သွားရှိလားလို့မေးတယ်”

ချောချောက ပြာပြာသလဲဖြစ်ပြီးတော့

“ဟာ၊ ဒါနဲ့မင်းက ထုတ်ပေးလိုက်ရောလားကွ”

“ဘယ်ထုတ်ပေးပါ့မလဲ အကိုကြီးရာ၊ ကျုပ်တတ်သလောက်ပြန်ခုခံတာပေါ့၊ ဒါပေမယ့် ဒီလူကြီးက မခေဘူးဗျ၊ သူ့ခေါင်းပေါ်ကနေ နဂါးနီကြီးတစ်ကောင်ထုတ်လွှတ်ပြီးတော့ ကျုပ်ကိုတိုက်တာပဲဗျာ၊ နောက်တော့ နဂါးကြီးက ကျုပ်ကိုအမြှီးနဲ့ရိုက်ထည့်လိုက်တော့ ကျုပ်ကိုယ်နှစ်ပိုင်းပြတ်ထွက်သွားတာပဲ၊ နဂါးပါးစပ်ထဲက မီးတောက်မီးလျှံတွေထွက်လာပြီး အိမ်ကိုမီးတိုက်ခဲ့တာ”

“ဒါဆို မင်းရဲ့စိန်သွားရော သူတို့လက်ထဲပါသွားပြီလား”

“စိန်သွားကို ကျုပ်က အပါခံပါ့မလား အကိုကြီးရာ၊ အဖေ့ဆီက စိန်သွားနှစ်ခုအမွေရတော့ အကိုကြီးတစ်ခု ကျုပ်တစ်ခုလေဗျာ၊ အဖေက အဲဒီစိန်သွားတွေကို သေချာသိမ်းရမယ်လို့ မှာခဲ့တယ်မဟုတ်လား၊ မကောင်းတဲ့လူတွေလက်ထဲရောက်သွားရင် မကောင်းတာဖြစ်တတ်တယ်ဆိုတယ်မဟုတ်လား၊ ဒါကြောင့် ကျုပ်သေသေချာချာထိန်းသိမ်းထားခဲ့ပါတယ်အကိုကြီး”

“ငါ့စိန်သွားကတော့ မကောင်းတဲ့ကောင်လက်ထဲ ပါသွားပြီဟေ့၊ ဒါနဲ့ မင်းစိန်သွားက အခုဘယ်မှာလဲ”

“ဟောဒီသုဿန်ထဲမှာ ကျုပ်နာမည်နဲ့မြှုပ်ထားတဲ့ မြေပုံကိုရှာပါအကိုကြီး၊ အဲဒီမြေပုံကိုတွေ့ရင် စိန်သွားကိုတွေ့ပါလိမ့်မယ်”

ပြောပြီးတာနဲ့ လူသေကောင်ကြီးက တောင့်တောင့်ကြီးပြန်ဖြစ်သွားပါရောဗျာ၊ သူ့ကိုယ်ထဲက အရိပ်တစ်ခုထွက်လာပြီး ချောချောကိုယ်ထဲဖောက်ဝင်သွားတယ်၊ ချောချောက လူသေကောင်ကို ဇရပ်ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ပြီးတော့

“သူပြောတာကြားလိုက်တယ်မဟုတ်လား၊ ငါတို့ ဒီသုဿန်ထဲ မြန်မြန်ရှာကြရမယ်ကွ”

ဒါနဲ့ ကျုပ်တို့အားလုံး သုဿန်ထဲလှည့်ပြေးကြတာပေါ့ဗျာ၊ သုဿန်မှာထောင်ထားတဲ့ မှတ်တိုင်တွေကို တစ်ခုပြီးတစ်ခုလိုက်ကြည့်ကြတာပေါ့၊ တစ်ချို့မှတ်တိုင်အဟောင်းတွေဆိုရင် ဘာတွေရေးထားမှန်းတောင် ဖတ်လို့မရတော့ဘူးဗျ၊ ဒါပေမယ့် တစ်နေရာရောက်တော့ သုဿန်အပြင်အစပ်နားက ချုံပုတ်ထဲမှာ မှတ်တိုင်ကလေးတစ်ခုကိုတွေ့လိုက်ရပါရောဗျာ။

“ဦးသိန်းတန်၊ အသက်လေးဆယ်ဆိုပါလား”

ကျုပ်က ဘသောင်းကိုလက်ကုပ်ပြီးတော့ အဲဒီနေရာကိုခေါ်လာခဲ့တယ်၊ ချောချောလည်းရောက်လာတယ်ဗျ၊ အချိန်ကတော့ ညနေအတော်စောင်းပြီး နေဝင်တော့မယ့်အချိန်ပေါ့ဗျာ၊ နေအလင်းရောင်က ပတ်ဝန်းကျင်မှာတောင် သိပ်မရှိတော့ဘူးဗျ။ ဘသောင်းက ချုံကိုရှင်းလိုက်တော့ ချောချောက မြေပုံကိုကြည့်ပြီးခေါင်းညိတ်သဗျ၊

“ဟုတ်တယ်၊ ဒါပဲဖြစ်ရမယ်”

ချောချောက မြေကြီးကိုလက်ညှိုးနဲ့ထိုးပြီး ရွတ်လိုက်တာနဲ့ မြေစိုင်မြေသားတွေက သူ့အလိုလိုဖွာတက်လာပြီးတော့ ဘေးကိုယက်ဖယ်သွားသဗျာ၊ ဒီပညာကလည်းမဆိုးဘူးဗျ၊ လူသေမြှုပ်ဖို့တွင်းတစ်တွင်းတူးတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ ကျုပ်တို့အသိဆုံးမဟုတ်လား၊ ဒီပညာရှိလို့ကတော့ လက်ညှိုးတစ်ချောင်းနဲ့ ကျင်းတစ်ကျင်းဖြစ်တယ်ဗျာ၊ ဒီပညာသာကျုပ်တတ်ရင်တော့ ရွာပြန်ပြီး တွင်းချည်းတူးစားမှဗျ၊ ရေတွင်းပြောပါတယ်ဗျာ။

ချောချောတူးပြီး သိပ်မကြာခင်မှာပဲ ပျဉ်းကတိုးသားခပ်ထူထူနဲ့လုပ်ထားတဲ့ သစ်သားအခေါင်းကြီးပေါ်လာခဲ့တယ်ဗျ၊ အခေါင်းကို ရေနံချေးတွေသုတ်ထားလို့ အခေါင်းကြီးက မည်းနက်နေပါရောဗျာ၊ ချောချောလက်ဖျောက်တစ်ချက်တီးလိုက်တော့ အခေါင်းဖုံးက ဝုန်းခနဲဘေးကိုလန်ပွင့်သွားတော့တယ်၊ ကျုပ်လည်း သိချင်လို့ ကျင်းထဲငုံ့ကြည့်တော့ အခေါင်းထဲမယ် တစ်တောင်လောက်ရှိတဲ့ ဝါးဆစ်ဘူးကလေးက လွဲပြီးတော့ ဘာမှကိုမရှိဘူးဗျ။

ချောချောက မြေပေါ်ကနေ ဝါးဆစ်ဘူးဆီကိုလက်လှမ်းတဲ့အချိန်မှာ ဝါးဆစ်ဘူးကလေးက ဝှစ်ခနဲခုန်ထပြီး ချောချောလက်ထဲကိုရောက်လာပါရောဗျာ၊ ချောချောက ဝါးဆစ်ဘူးကို ဆုပ်ကိုင်လိုက်ပေမယ့် ဝါးဆစ်ဘူးနဲ့သူ့လက်နဲ့ထိတဲ့အခါ ရှဲခနဲအသံမြည်သွားပြီးတော့ ဝါးဆစ်ဘူးလည်း လွှတ်ကျသွားတယ်၊ ဘေးက ကြည့်နေတဲ့ကျုပ်က လက်မြန်လို့ပေါ့ဗျာ၊ ချောချောလက်ထဲက ဝါးဆစ်ဘူးအကျမှ ကျုပ်က လှမ်းဖမ်းထားလိုက်တယ်။

ဝါးက ဝါးနက်သားဗျ၊ ဝါးဆစ်က အပေါ်ပိတ်၊ အောက်ပိတ်ပဲ၊ ဝါးဆစ်အောက်ဘက် တစ်နေရာမှာတော့ အံဝှက်လိုတစ်ခုပါတယ်ဗျ၊ ဘသောင်းက ကျုပ်ကိုဆွဲဖွင့်ခိုင်းတာနဲ့ ကျုပ်ဆွဲဖွင့်လိုက်တဲ့အခါ ဝါးဆစ်ဘူးကလျှောခနဲထွက်လာပြီးတော့ အထဲမှာ ဘုရားစိန်ဖူးတော်လို့ စိန်အကွက်အကွက်တွေသွေးထားတဲ့ စိန်ဖူးတစ်ခုကိုတွေ့လိုက်ရတာပါပဲဗျာ။

“ဒါ၊ ဒါက စိန်သွားဆိုတာလား”

ဘသောင်းရော၊ ချောချောပါ ခေါင်းကိုပြိုင်တူညိတ်ကြတယ်။

“ခင်ဗျားတို့စိန်သွားကလည်း ဘုရားစိန်ဖူးတော်နဲ့တူလိုက်တာဗျာ”

“တူမှာပေါ့ကွ၊ အဲဒါဘုရားစိန်ဖူးတော်ပဲကိုး”

“ဟာဗျာ၊ ဘုရားစိန်ဖူးတော်ကို ခင်ဗျားတို့က ဘာလုပ်ထားတာလဲဗျ”

“ဒီဘုရားတွေဆိုတာ လောကီအစီအရင်တွေနဲ့ တည်ခဲ့တဲ့ မြို့စောင့်ဘုရားနှစ်ဆူပဲကွ၊ ရှေးက မြို့တွေ၊ နန်းတွေတည်ရင် မြို့ဦးစေတီ၊ နန်းဦးစေတီဆိုပြီးတော့ စေတီတည်လေ့ရှိတယ်မဟုတ်လား၊ အဲဒီအခါ ဒီမြို့တွေ နန်းတော်တွေ လုံခြုံအောင်ဆိုပြီးတော့ စေတီထဲမှာ အစီအရင်တွေထည့်ထားတတ်ကြတယ်၊ ဒီစိန်ဖူးတော်တွေက ပင်လယ်မြို့ဦးစေတီနဲ့ နန်းဦးစေတီက စိန်ဖူးတော်တွေပဲ၊ ရှေးက စစ်မက်ဖြစ်ကြရင်း ပင်လယ်မြို့ကို ဝိုင်းရံတိုက်ကြတာ မြို့မကျဘဲ ရှိတာမို့လို့ လူယုံသူလျှိုထည့်ပြီး ဟောဒီဘုရားနှစ်ဆူက ထီးတော်ကိုချပြီး ဘုရားကိုချရားသီးအထိဖြိုမှ တိုက်ခိုက်ရတယ်တဲ့ကွာ”

“သြော်၊ ကျုပ်သိပြီ၊ ကျုပ်အရင်က စာထဲဖတ်ဖူးတယ်၊ တောင်ငူမြို့ကိုတိုက်တာ မကျလို့ မြတ်စောညီနောင်ဘုရားက ထီးတော်ချရတယ်ဆိုတာမျိုးပေါ့”

“ဒါပေါ့ကွာ၊ ဟောဒီ ပင်လယ်ဘုရားနှစ်ဆူရဲ့ ထီးတော်ကို မထင်မှတ်ပဲ ကဝေရှင်တွေက ရသွားတယ်ကွ၊ ကဝေရှင်အဆက်ဆက် လက်ဆင့်ကမ်းလာရင်း နောက်ဆုံး ငါတို့အဖေဆီရောက်တာပေါ့ကွာ၊ ဟောဒီစိန်သွားတွေကို အထင်မသေးနဲ့ကွာ၊ ဒီစိန်သွားနဲ့ဖောက်ရင် မပေါက်တဲ့သိုက်မရှိဘူး၊ ဘုရားသိုက်တွေတောင်မှ ပေါက်သတဲ့ကွ၊ ဒါကြောင့် မကောင်းတဲ့လူလက်ထဲ ရောက်လို့မရဘူးလို့ ပြောတာပေါ့”

ဝါးဆစ်ဘူးကို ကျုပ်ကသေချာကိုင်ထားလိုက်တယ်၊ ဘသောင်းက သေသွားတဲ့သူ့အကိုလတ် သိန်းတန်ရဲ့အလောင်းကို ယူလာပြီးတော့ ခုနကအခေါင်းအလွတ်ကြီးထဲကို ပစ်ထည့်ပြီးအခေါင်းကိုပိတ်လိုက်တော့တယ်။

“အကိုလတ်ရေ၊ အခုမှပဲ နေရာကျသွားတော့တာပေါ့ဗျာ”

ချောချောက မြေကြီးတွေကိုပြန်ဖို့လိုက်တော့ မြေပုံကလည်း ပြန်ဖို့ပြီးသားဖြစ်သွားပါရောဗျာ၊ မှတ်တိုင်ကိုပြန်စိုက်လိုက်ပြီးတော့ ကျုပ်တို့တွေ သုဿန်ထဲကထွက်ခဲ့တယ်။

“အခုဘယ်လိုလုပ်ကြမလဲဟင် ကိုဘသောင်း”

“ဘယ်လိုလုပ်ရမှာလဲကွာ၊ နောက်ထပ် စိန်သွားတစ်ခုကို သွားပြန်ယူရမှာပေါ့ကွ”

“ဒါဆိုလည်း ခပ်မြန်မြန်ကလေး သွားကြတာပေါ့ဗျာ”

ချောချောက

“မိုးချုပ်လာပြီဆိုတော့ လမ်းလျှောက်စရာမလိုတော့ပါဘူးကွာ”

အဲဒီလိုပြောပြီးတော့ ချောချောက ကျုပ်ရဲ့ဂုတ်ကို လက်တစ်ဖက်နဲ့ဆွဲကိုင်လိုက်တယ်၊ တစ်ခါ ဘသောင်းရဲ့ဂုတ်ကိုလည်း နောက်လက်တစ်ဖက်နဲ့ဆွဲလိုက်ပြီး အမှောင်ရိပ်တစ်ခုထဲကို ခုန်ဝင်လိုက်ပါရောဗျာ၊ သူခုန်ဝင်တာက အမှောင်ရိပ်ဆိုပေမယ့် ကျုပ်တို့ဖြင့် လေဟာနယ်ကြီးတစ်ခုထဲကို ပြုတ်ကျသွားသလိုပါပဲ။

(၃)

မကြာခင် အလင်းရောင်တွေကိုပြန်မြင်ရတယ်၊ ကျုပ်တို့ရောက်နေတဲ့နေရာကတော့ ငထေရှင်တို့နေထိုင်တဲ့ ခြံကြီးအရှေ့ကိုပဲဗျ။ ကျုပ်တို့ရောက်သွားတယ်ဆိုရင်ပဲ ခြံအရှေ့မှာ လူကြီးတစ်ယောက်ရောက်နေသဗျ။ ကျုပ်သူ့ကိုလှမ်းခေါ်လိုက်တယ်။

“ဟာ၊ ဆရာကြီး ဦးအောင်ရှိန်တောင် ရောက်နေပါရောလား”

ဦးအောင်ရှိန်က ကျုပ်ကိုလှည့်ကြည့်ရင်း

“စောနကမှ ရောက်တာပါကွာ”

“ဘာထူးလဲဗျ”

ဦးအောင်ရှိန်က ခေါင်းခါရင်း

“လောလောဆယ်တော့ တိတ်ဆိတ်နေတာပဲဟေ့၊ ဒါပေမယ့် ဒီလိုတိတ်ဆိတ်တာ မကောင်းဘူးကွ၊ မကြာခင် မုန်တိုင်းထန်သလို ဖြစ်လာတော့မယ့်အရိပ်အခြေပဲ”

ကျုပ်က ဘသောင်းကိုလက်ညှိုးထိုးလိုက်ပြီး

“ဟောဒါက ကဝေရှင်ဘသောင်းတဲ့ဗျ”

ဘသောင်းက ဦးအောင်ရှိန်ကိုပြုံးပြပေမယ့် ဦးအောင်ရှိန်ကတော့ ဘသောင်းကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်။

“ကဝေရှင်တွေက ကောင်းတဲ့လူတွေမဟုတ်ဘူးနော်အလတ်ကောင်”

“အိုဗျာ၊ ဘာပဲဖြစ်ဖြစ် အခုသူက ကျုပ်တို့ဘက်ကပဲမဟုတ်လား၊ ဒီတော့ ကောင်းတယ်လို့ ပြောလို့ရပါတယ်”

“သာဒင်၊ မင်းဘယ်လိုစီစဉ်ထားလဲ”

ဦးအောင်ရှိန်ကလှမ်းမေးလိုက်တော့ ဦးဘသာက တွေတွေကြီးကြည့်နေသဗျ၊ ကျုပ်လည်း ဦးအောင်ရှိန်အနားကိုကပ်လိုက်ပြီးတော့

“အဲဒီကိစ္စတွေ နောက်မှပြောပြမယ်ဗျာ၊ လောလောဆယ်တော့ ဦးဘသာက ဦးဘသာမဟုတ်သေးဘူးဗျ”

“ထားပါတော့ အခုငါတို့ဘယ်လိုလုပ်မယ်စိတ်ကူးလဲ”

ချောချောက

“ငါတို့မှာ စိန်သွားတစ်ခုရှိတယ်၊ ငါတို့ညီအကိုတွေ အဲဒီငထေရှင်ဆိုတဲ့လူကို မျှားခေါ်ပြီး အာရုံလွှဲထားမယ်၊ ဒီအချိန်စိန်သွားနဲ့ခြံကိုဖောက်ပြီးခင်ဗျားတို့ ခြံထဲဝင်ရမယ်”

ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း

“ဘုရားပျံဖြစ်မယ့် မိသက်နဲ့ ကြေးစည်ကလေးကို ပြန်ယူရမယ်”

ချောချောက

“ကျုပ်ရဲ့စိန်သွားကိုပါ ပြန်ယူခဲ့ရမယ်”

အားလုံးသဘောတူပြီးတော့ ခေါင်းညိတ်လိုက်ကြတော့တယ်၊ ဒီအချိန် ခြံတံခါးကြီးက ကျွီခနဲတစ်ချက်မြည်ပြီးတော့ ပွင့်လာပြီး အထဲက လူနှစ်ယောက်ထွက်လာတယ်ဗျ၊ တစ်ယောက်တော့ ဦးဖိုးထူး၊ နောက်တစ်ယောက်ကတော့ မရွှေတောင်ပေါ့ဗျာ။

“သြော်၊ လူတောင်စုံနေပြီပဲ၊ လူစုံရင် ပွဲစလို့ရပြီပေါ့”

ချောချောက မရွှေတောင်ကိုလက်ညှိုးထိုးပြီး

“ဟဲ့ကောင်မ၊ ငါ့စိန်သွားကို နင်တို့ယူထားတယ်မဟုတ်လား၊ အဲဒါငါ့ကိုပြန်ပေးစမ်း”

“ရှင်တို့အစွမ်းအစရှိရင် လာယူလှည့်ပေါ့ရှင်”

မရွှေတောင်ပြောလိုက်တာနဲ့ ချောချောက အရှေ့ကိုခုန်တက်သွားပြီးတော့ မရွှေတောင်ကို အနက်ရောင်မီးခိုးလုံးကြီးတစ်လုံးနဲ့ပစ်ထည့်လိုက်တယ်ဗျ၊ အနက်ရောင်မီးခိုးလုံးကြီးရဲ့အထဲမှာတော့ အရိုးခေါင်းပုံစံ ခေါင်းကြီးတစ်ခုပါသဗျာ၊ မရွှေတောင်က ဒီအလုံးကြိးကို သူ့လက်ဝါးနဲ့ကာထားလိုက်တယ်။ နောက်တော့ ဦးဖိုးထူးဘက်ကိုလှည့်ကြည့်ပြီး

“ဖိုးထူး၊ ရှင်ဘာလုပ်နေတာလဲ”

မရွှေတောင်အော်လိုက်တော့မှ ဦးဖိုးထူးက ဟိတ်ခနဲတစ်ချက်အော်လိုက်ပြီးတော့ အရှေ့ကိုပြေးဝင်လာတယ်ဗျ၊ ပြေးတာကလည်း မြန်လိုက်တာဗျာ၊ မျက်စိတစ်မှိတ်တောင်မကြာပါဘူး၊ ကျုပ်အရှေ့ကိုရောက်လာတယ်၊ ဦးဖိုးထူးလက်ဝါးကြိးက နီရဲတက်လာပြီးတော့ ကျုပ်ရင်ဝကို ဆောင့်တွန်းလိုက်မယ်အလုပ်မှာပဲ ဦးဖိုးထူးကျောကုန်းကို တချွင်ချွင်နဲ့ ကြေးပြားကလေးတွေ ဝိုင်းပြေးကပ်ကြတယ်ဗျ။

ဗြောက်အိုးဖောက်သလို တဖောင်းဖောင်းနဲ့ပေါက်ထွက်သွားပြီး ဦးဖိုးထူးက လွင့်ထွက်သွားပါရောဗျာ၊ ဒီအခါ ကဝေရှင်ဘသောင်းက ရယ်မောရင်း

“ဟား၊ ဟား ကဝေရှင်ရဲ့အရှေ့မှာ စုန်းပညာသုံးရဲတယ်ဆိုတာ မိုက်ရူးရဲဆန်တာလား၊ သတ္တိကောင်းလွန်းတာလားဗျာ”

ဦးဖိုးထူးက မြေကြီးကနေကုန်းထတယ်ဗျ၊ မတ်တပ်ရပ်ပြီးတာနဲ့ လက်ထဲကနေ အလင်းတန်းတစ်ခုကိုထုတ်လိုက်ပါရောဗျာ၊ ဒီအချိန်ပဲ ကဝေထောင်ချောက်တွေက တချွင်ချွင်နဲ့ပျံသန်းလာပြီးတော့ ဦးဖိုးထူးကို ပြေးထိကြတယ်၊ ထောင်ချောက်အခုနှစ်ဆယ်လောက် ထိပြီးတဲ့အခါ ဦးဖိုးထူးတစ်ယောက် အဝတ်အစားတွေစုတ်ပြတ်သပ်ကုန်ပြီး တော်တော်အထိနာသွားပါရော၊ မရွှေတောင်က ဦးဖိုးထူးကို တစ်ချက်စိုက်ကြည့်ရင်း

“ရှင်တော်တော်အသုံးမကျတဲ့လူပဲ ဖိုးထူး၊ ဒီအသက်ဒီအရွယ်ရောက်နေပြီ ဘာမှကိုအဖြစ်မရှိဘူး၊ ဒါကြောင့် ရှင့်ရဲ့နောက်မှမွေးတဲ့အောင်ရှိန်က ရှင့်ထက်အများကြီးပိုစွမ်းနေတာ”

မရွှေတောင်စကားကြားလိုက်တာနဲ့ ဦးဖိုးထူးက တဂီးဂီးတဂါးဂါးနဲ့ထအော်လိုက်တယ်၊ မရွှေတောင်စကားက ဦးဖိုးထူးရဲ့ဒေါသကို ပိုဆွပေးလိုက်သလိုမျိုးဖြစ်သွားတယ်ထင်ပါတယ်ဗျာ၊ ဦးဖိုးထူးက ဦးအောင်ရှိန်ကိုလက်ညှိုးထိုးပြီး

“အောင်ရှိန်၊ မင်းငါ့ထက်မသာရဘူး၊ မင်းငါ့ထက် ပညာတွေမတတ်ရဘူးကွ၊ မင်းဟာ ငါ့တပည့်၊ ငါ့နောက်မှ ဒီလမ်းကိုလျှောက်တာ၊ ဒါကြောင့် မင်းငါ့ထက် ပညာတွေပိုမစွမ်းရဘူးကွ”

“ဒီမှာ ဦးဖိုးထူး၊ ကျုပ်က ခင်ဗျားနောက်မှ ဒီလမ်းကိုရောက်ခဲ့တယ်ဆိုတာမှန်တယ်၊ ဒါပေမယ့် ခင်ဗျားရဲ့တပည့်ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး၊ ကျုပ်လမ်းကို ကျုပ်ဖာသာလျှောက်နေတဲ့လူ၊ ခင်ဗျားနဲ့ကျုပ်နဲ့ လမ်းချင်းမတူမှန်းသိလိုက်တဲ့အချိန်ကတည်းက ကျုပ်နဲ့ခင်ဗျားဟာ အများကြီးကွဲလွဲသွားခဲ့ပြီ”

“မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး၊ မင်းက ဘာကောင်မှမဟုတ်ဘူးအောင်ရှိန်၊ ငါဘယ်လောက်စွမ်းတယ်ဆိုတာ မင်းကိုပြရမယ်၊ မင်းကိုပြရမယ်ကွ”

ဦးဖိုးထူးက ပြောပြောဆိုဆိုနဲ့ သူ့အင်္ကျီကိုဆွဲဖြဲလိုက်တယ်၊ ဒီအခါ သူ့ရင်ဘတ်မှာ ဘီလူးခေါင်းပုံကြီး ဆေးထိုးထားသဗျာ၊ ဘီလူးခေါင်းက မျက်လုံးကြီးက တဖြည်းဖြည်းနဲ့ နီရဲလာတယ်ဆိုရင်ပဲ ဦးဖိုးထူးရဲ့မျက်လုံးကလည်း နီရဲတောက်လာပါရောဗျာ။ ဦးဖိုးထူးက သူ့ညာဘက်လက်ကို လေပေါ်မြှောက်တင်လိုက်တဲ့အခါ အစိမ်းရောင်စွမ်းအင်တွေက သူ့လက်မှာစုစည်းလာပြီးတော့ လက်ထဲမှာပဲ တင်းပုတ်ကြီးတစ်လက်အဖြစ်ပြောင်းလဲသွားပါရော၊ ဒီအခါ ဘသောင်းထောင်ထားတဲ့ ကဝေထောင်ချောက်တွေက တချွင်ချွင်နဲ့ပျံသန်းလာကြပြီး ဦးဖိုးထူးကိုယ်လုံးကိုပြေးကပ်ကြတယ်ဗျာ၊ ကဝေထောင်ချောက်တွေ အများကြီးပြေးကပ်ပြီး သိပ်မကြာပါဘူး ဝုန်းခနဲပေါက်ကွဲသွားတော့တာပါပဲ၊ ဦးဖိုးထူးကတော့ ဘာဆိုဘာမှမဖြစ်ဘူးဗျ။

“ယက္ခစိမ်းတဲ့ဟေ့”

ဦးဖိုးထူးက တစ်ချက်အော်ဟစ်ပြိးတော့ ဦးအောင်ရှိန်ကို တင်းပုတ်နဲ့ပြေးထုတာပဲဗျာ။ ဦးအောင်ရှိန်က လက်ဝါးနဲ့တစ်ချက်ပင့်ခံလိုက်တော့ ဒိန်းခနဲအသံမြည်ပြီး ဦးဖိုးထူးက လွင့်ထွက်သွားတယ်၊ ဦးဖိုးထူးလည်း တော်တော်နာသွားပုံရသလို ဦးအောင်ရှိန်လည်း လက်နာသွားတဲ့ပုံစံပဲဗျ။

ဒီဘက်မှာလည်း မရွှေတောင်နဲ့ ချောချောနဲ့က တဝုန်းဝုန်းနဲ့ဆော်နေကြတာပါပဲဗျာ၊ ဘသောင်းနဲ့ကျုပ်နဲ့ကတော့ သူတို့တိုက်ခိုက်နေတာတွေကို လွှတ်အောင်ကြည့်ရှောင်နေရတာပါပဲ။ တိုက်နေရင်း တစ်ချိန်ရောက်တော့ ချောချောတစ်ယောက် မရွှေတောင်ပစ်လွှတ်လိုက်တဲ့ စက်လက်နက်တွေထိပြီးတော့ အနောက်ကိုလွင့်ထွက်သွားတာပါပဲဗျာ၊ မြေပြင်ပေါ်မှာ ခွေခွေကလေးကျပြီးတော့ ချောချောက ငြိမ်ကျသွားသဗျ၊ ကျုပ်က ချောချောဆီကိုပြေးသွားပြိးတော့ လှုပ်နးပေမယ့်လည်း ချောချောက တုတ်တုတ်တောင်မလှုပ်ဘူးဗျို့။

မရွှေတောင်က ကျုပ်ဆီကိုလမ်းလျှောက်လာတယ်၊ ဒီအခါ ဘသောင်းက ကျုပ်အရှေ့မှာပိတ်ရပ်လိုက်တယ်။ သူ့လက်ကလည်း မြွေတောင်ဝှေးကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတယ်။ မရွှေတောင်က တဟင်းဟင်းနဲ့ရယ်ရင်း

“နင်က ငါ့ပြိုင်ဘက်မဟုတ်ဘူး၊ ကဝေရှင်”

“ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ခင်ဗျားကိုရအောင်တားမှာပဲ”

မရွှေတောင်နှစ်ချက်လောက်ပစ်လိုက်တဲ့အခါ ဘသောင်းလည်း သေလုမြောပါးဖြစ်သွားတော့တာပါပဲဗျာ၊ ကျုပ်လည်းမနေသာတော့ဘူးဗျ၊ မရွှေတောင်က ကျုပ်အရှေ့ရောက်လာတာနဲ့ ကျုပ်က တောင်ဝှေးနဲ့လှမ်းရိုက်ထည့်လိုက်တယ်။ မရွှေတောင်က ကျုပ်မျက်စိရှေ့ကနေ လှစ်ခနဲပျောက်သွားပြီးတော့ ကျုပ်ဘေးကိုရောက်လာတယ်ဗျ၊ ကျုပ်လက်ထဲက ဝါးဆစ်ဘူးကို လာဆွဲတာပေါ့၊ ကျုပ်ကလည်း အတင်းပြန်ဆွဲထားရတယ်၊ မရွှေတောင်က ကျုပ်ရင်ဘတ်ကို လက်ဝါးတစ်ချက်ရိုက်ထည့်လိုက်တော့ ကျုပ်အနောက်ကိုလွင့်ထွက်သွားပြီး ဝါးဆစ်ဘူးကလေးကလည်း မရွှွှေတောင်ဆီကိုပါသွားပါရောလား။

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်အသံနက်ကြီးနဲ့ အော်လိုက်မိတယ်၊ မရွှေတောင်က ဝါးဆစ်ဘူးကလေးကို သေချာကိုင်ပြီး တိုက်ပွဲထဲကနေ တစ်လှမ်းချင်းထွက်သွားပါရော၊ ဦးအောင်ရှိန်ကတော့ ဘီလူးဖြစ်နေတဲ့ ဦးဖိုးထူးနဲ့တိုက်ခိုက်နေတာဆိုတော့ ဘယ်လိုမှမအားဘူးဗျာ၊ ဘသောင်းကြည့်တော့လည်း ပက်လက်၊ ကျုပ်လည်း ပက်လက်လန်နေပြီဗျ၊ ဒီအခါ ချောချောရဲ့မျက်လုံးတွေက ဖြတ်ခနဲပွင့်သွားတယ်၊ နောက်တော့ ငုတ်တုတ်ထိုင်ချလိုက်ပြီး

“အလတ်ကောင်၊ အလတ်ကောင်”

လို့ခေါ်ရင်း ကျုပ်ဆီရောက်လာသဗျာ၊ ကျုပ်က မရွှေတောင်ကိုလက်ညှိုးညွှန်ရင်း

“ကျုပ်က ရပါတယ်ဦးဘသာရာ၊ ဟိုမှာ ဟိုမှာ ပါသွားပြီဗျ”

ဦးဘသာက မတ်တပ်ရပ်လိုက်ပြီး

“ဟဲ့ မရွှေတောင်၊ ငါ့ကိုအဲဒီဝါးဆစ်ဘူး ပြန်ပေးစမ်း”

မရွှေတောင်က တစ်ချက်လှည့််ကြီးပြီးတော့ ပြုံးရင်းဆက်လျှောက်သွားတယ်၊ ဒီအခါ ဦးဘသာက ဝှစ်ခနဲအနက်ရောင်အရိပ်ကြီးဖြစ်ပြီး မရွှေတောင်အနောက်ကိုရောက်သွားပါရောဗျာ၊ တကယ်ကိုမြန်တာဗျ။ မရွှေတောင်ကလည်း လျှင်ပြီးသားပဲဗျာ၊ လက်ပြန်တစ်ချက်နဲ့ပိတ်ရိုက်ထည့်လိုက်တော့ ဦးဘသာမှာ အနောက်ကိုပြန်လွင့်လာပါရော။

“ရှင့်အစွမ်းလောက်နဲ့ ကျုပ်ကိုနိုင်မှာတဲ့လား”

ဦးဘသာက အံ့ကြိတ်ပြီးတော့ လက်နှစ်ဖက်ကို ဘေးကိုဆန့်တန်းလိုက်တယ်၊ ဒီအချိန် မရွှေတောင်ရဲ့အရှေ့မှာ မှန်ချပ်ကြီးတစ်ချပ်ပေါ်လာပါရောဗျာ၊ ဘဲဥပုံမှန်ချပ်ကြီးတစ်ချပ်ဗျ၊ လေးပေလောက်တော့ ရှိမယ်၊ မှန်ဘောင်မှာလည်း ကနုတ်ပန်းတွေပါတယ်၊ ဒါပေမယ့် ထူးခြားတာက မှန်ကြီးရဲ့အထဲမှာ မှန်ချပ်မပါဘဲ အရိပ်လို အနက်ရောင်ကြီးတွေဘဲ ပါတာဗျ။ မရွှေတောင်က မှန်ကိုကြည့်ပြီးသွားတာနဲ့ မျက်လုံးကိုစုံမှိတ်ချလိုက်တယ်။

“ဒါ . . .ဒါ အရိပ်မှန်ချပ်ပဲ”

ဦးဘသာက တဟားဟားနဲ့ရယ်ရင်း

“အေး၊ အရိပ်မှန်ချပ်ကို နင်ကြည့်လိုက်မိပြီ၊ နင်ကြည့်လိုက်မိပြီ မရွှေတောင်ရဲ့”

မရွှေတောင်က အနောက်ကိုဆုတ်လိုက်တယ်၊ ဒီအခါ မှန်ချပ်ထဲကနေ လူတစ်ယောက်က တိုးထွက်လာပါရော၊ ထွက်လာတဲ့လူက မရွှေတောင်ပုံစံပါပဲ၊ လူပုံတော့မဟုတ်ဘူးဗျ၊ အရိပ်ပုံစံမဲမဲကြီးပါ၊ အဲဒီလူက ထွက်လာပြီးတော့ မရွှေတောင်ကို တိုက်ပါလေရောဗျာ၊ မရွှေတောင်တိုက်တဲ့အကွက်အတိုင်း သူက လိုက်တိုက်တာဗျ။

မရွှေတောင်ကလည်း ခေသူမဟုတ်တာပဲဗျာ၊ အဲဒီမှန်ချပ်ကြီးကို စက်လက်နက်နဲ့ပစ်ထည့်လိုက်တော့ မှန်ချပ်ကြီးကွဲထွက်သွားပြီး အရိပ်နက်ပါပျောက်သွားတော့တယ်၊ မရွှေတောင်က ဦးဘသာကို မထိတထိပြုံးပြီးလှည့်အကြည့်မှာ ဦးဘသာက နောက်မှန်ချပ်ကြီးတစ်ချပ်ကို မရွှေတောင်ရဲ့မျက်နှာအရှေ့မှာ ထပ်ပြီးဖော်ပေးလိုက်တယ်။ မရွှေတောင်က ချက်ချင်းအနောက်ကိုပြန်လှည့်တော့ သူ့အနောက်မှာလည်း မှန်ချပ်တစ်ချပ် ထပ်ဖော်ပါရော၊ ခဏအတွင်းမှာပဲ မရွှေတောင်ပတ်ပတ်လည်ရှစ်မျက်နှာမှာ မှန်ချပ်ရှစ်ချပ်ပေါ်လာပြီးသားဖြစ်သွားတယ်၊ မရွှေတောင်လှည့်စရာမရှိတော့ဘဲ သူ့ကိုမှန်ချပ်ကြီးတွေက ဝိုင်းထားကြတယ်ဗျာ။

“ဟဲ့ မရွှေတောင်၊ နင့်လိုပုံစံတူတစ်ယောက်ကိုပဲ နင်နိုင်ရင်နိုင်မယ်၊ ဒါပေမယ့် နင့်လိုပုံစံတူရှစ်ယောက်ကို နင်နိုင်ပါ့မလားဟ”

ပြောနေတုန်း မှန်ချပ်ကြီးတွေအထဲကနေ အရိပ်နက်ကြီးတွေထွက်ပြီးတော့ ဆော်ပါလေရောဗျာ၊ ရှစ်ခုဆိုတော့လည်း မရွှေတောင်အဖို့သိပ်တော့မလွယ်ဘူးပေါ့၊ အရိပ်နက်ကြီးတစ်ခုက မရွှေတောင်လက်ထဲကိုင်ထားတဲ့ ဝါးဆစ်ဘူးကိုလှမ်းယူပြိးတော့ ဦးဘသာဆီကိုပစ်ပေးလိုက်တယ်၊ ဦးဘသာက ဝါးဆစ်ဘူးကိုဖမ်းကိုင်လိုက်ပေမယ့် သူတကယ်မကိုင်နိုင်ပါဘူး၊ ဒါကြောင့် ကျုပ်ကပဲ ကိုင်ထားပေးလိုက်ရတော့တယ်။

မရွှေတောင်က သူ့အရိပ်တွေနဲ့သူ တိုင်ပတ်နေတဲ့အချိန် ဦးအောင်ရှိန်ကလည်း ဦးဖိုးထူးကို နိုင်သွားတယ်ဗျ၊ ဦးဖိုးထူးက တင်းပုတ်ကြီးနဲ့တစ်ချက်အထုမှာ ဦးအောင်ရှိန်က တင်းပုတ်ချက်ကို ခုန်ရှောင်လိုက်ပြီး အဲဒီတင်းပုတ်ပေါ်ကနေတဆင့် ဦးဖိုးထူးရဲ့ခေါင်းဆီပြေးသွားရင်း သူ့လက်ထဲက ပုတီးကုံးနဲ့ ဦးဖိုးထူးငယ်ထိပ်ကို ရိုက်ချလိုက်ပါရော၊ အင့်ခနဲအသံမြည်ပြီးတော့ ဦးဖိုးထူးတစ်ယောက် မြေပြင်ပေါ်ကို မှောက်ခုံကျသွားပြီး ငြိမ်သွားတော့တာပါပဲ။

နောက်ဆုံးတော့ မရွှေတောင်တစ်ယောက်ထဲကျန်တော့တယ်။ ဦးဘသာက ဦိးအောင်ရှိန်ဘက်ကိုလှည့်ကြည့်ရင်း

“ကဲဟေ့၊ နောက်ဆုံးကျန်တဲ့တစ်ယောက်ကို ဝိုင်းဗြင်းလိုက်ကြရအောင်ဟေ့”

ဦးအောင်ရှိန်ကလည်း ခေါင်းညိတ်လိုက်တယ်၊

“ကဲ အောင်ရှိန်ရေ၊ တို့ကိုအလင်းနည်းနည်းပေးစမ်းကွာ”

ဦးအောင်ရှိန်က လက်ညှိုးကိုမိုးပေါ်ထောင်လိုက်ပြီး အလင်းလုံးကြီးတစ်လုံးကို ပစ်တင်ထည့်လိုက်တယ်၊ အလင်းလုံးကြီးတက်သွားတော့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက လင်းထိန်သွားပါရောဗျာ၊ ဒီအခါ မရွှေတောင်ရဲ့ခြေထောက်အောက်နားမှာ အရိပ်တစ်ခုပေါ်လာသဗျ။ ဦးဘသာရဲ့ အရိပ်က လက်တွေအရှည်ကြီးဖြစ်သွားပြီးတော့ မရွှေတောင်ရဲ့အရိပ်ကိုပြေးဆွဲပါရောဗျာ၊ မရွှေတောင်က မရုန်းသာတော့ဘူး။

“အလတ်ကောင်၊ အဲဒီအရိပ်ကို မင်းရဲ့တောင်ဝှေးနဲ့ပြေးထောက်စမ်းကွာ”

ဦးဘသာပြောတော့ ကျုပ်လည်းတုန့်ဆိုင်းမနေတော့ပါဘူးဗျာ၊ မရွှေတောင်ဆီကိုတဟုန်ထိုးပြေးသွားပြိးတော့ ဦးဘသာဆွဲထားလို့ ခပ်ရှည်ရှည်မြောမြောဖြစ်နေတဲ့ သူ့အရိပ်ကို တောင်ဝှေးနဲ့စိုက်ချလိုက်တော့တယ်၊ မရွှေတောင်တစ်ယောက် အင့်ခနဲဖြစ်သွားပြီးတော့ မြေမှာထိုင်ကျသွားပါရော၊ အရိပ်မှန်တွေထဲက ထွက်လာတဲ့အရိပ်တွေကလည်း မရွှေတောင်ကိုယ်လုံးကို ဝိုင်းပြီးဖမ်းချုပ်ထားကြတယ်၊ ဦးဘသာက ဘသောင်းကိုကြည့်ပြီး

“ဘသောင်းရေ၊ ဒီတစ်ခါတော့ မင်းအလှည့်ဟ”

ဦးဘသာအော်လိုက်တာနဲ့ ဘသောင်းက ခြေနှစ်ဖက်ကို ချဲရပ်လိုက်ရင်း ခါးကိုအရှေ့ကိုကိုင်းကာ ပါးစပ်ကြီးကိုပြဲနေအောင်ဖြဲလိုက်ပါရောဗျာ၊ မရွှေတောင်က သူ့မျက်လုံးကနေ အလင်းတန်းနှစ်ခုနဲ့ ဘသောင်းကိုလှမ်းပစ်ပေမယ့် အဲဒီအလင်းတန်းက ဘသောင်းအနားရောက်တဲ့အခါ ဘသောင်းရဲ့ပါးစပ်ထဲကို တဖြည်းဖြည်းတိုးဝင်သွားပါရော၊ မရွှေတောင်တစ်ယောက်မျက်လုံးတွေပြူးသွားတယ်၊ သူ့ရဲ့မျက်လံုံးတွေ၊ နှာခေါင်းပေါက်နဲ့ ပါးစပ်ပေါက်ကနေ အစိမ်းဖန့်ဖန့်အလင်းတန်းကြီးတွေ တိုးထွက်လာပြီးတော့ ဘသောင်းဆီကို စီးဝင်ပါရောဗျာ၊ ဘသောင်းက ကဝေရှင်ပညာနဲ့ မရွှေတောင်ရဲ့မှော်စွမ်းအင်တွေ၊ ပညာစက်တွေကို စုပ်ယူနေပါရော။

“အောင်ရှိန်ရေ၊ သူ့ကို မင်းလက်စတုန်းပေးမှဖြစ်မယ်ကွ”

ဦးအောင်ရှိန်က မရွှေတောင်ဆီကို တစ်လှမ်းချင်းလျှောက်လာတယ်ဗျ၊ နောက်တော့ သူ့လက်ထဲက အနက်ရောင်ပုတီးကလေးကိုထုတ်ပြီး မရွှေတောင်ရဲ့ငယ်ထိပ်ပေါ်ကိုတင်လိုက်ကာ လက်နဲ့အုပ်ကိုင်ချလိုက်တော့တယ်၊ မရွှေတောင်က တဆတ်ဆတ်တုန်ခါပြီးတော့ ခေါင်းပေါ်ကနေ အငွေ့တွေပါထွက်လာတယ်ဗျာ၊ နောက်တော့ ဇက်ကျိုးကျပြီး ကိုယ်လုံးက အရှေ့ကိုမှောက်လျက်ကျသွားပါရော။

ကိုယ်လုံးကျသွားပေမယ့် အဲဒီနေရာမှာ ဝိညာဉ်ပုံစံ မှုန်ဝါးဝါးကလေးကိုတွေ့ရတယ်၊ ရှေးခေတ်မင်းသမီးတွေဝတ်စားသလိုမျိုး အဝတ်အစားတွေဝတ်လို့ဗျ၊ မရွှေတောင်က ဦးအောင်ရှိန်ကို မော့ကြည့်ပြီးတော့

“မောင်ကြီး၊ မောင်ကြီး နှမကို ရက်စက်တော့မှာလား”

ဦးအောင်ရှိန်က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး

“ငါအခုလုပ်တယ်ဆိုတာ နင့်ကိုသိပ်ချစ်လို့ပါ မရွှေတောင်ရာ”

“ချစ်တယ်၊ ဟုတ်လား”

“ဟုတ်တယ်၊ ဘဝပေါင်းများစွာ မင်းနဲ့အကြင်လင်မယားဖြစ်ခဲ့တဲ့ သံယောဇဉ်ကိုထောက်လို့ မင်းကိုလက်စတုန်းပေးလိုက်တာပါမရွှေတောင်၊ ဘဝတစ်ခုမှာ မင်းအယူမှားနောက်ကို လိုက်သွားခဲ့တာကို ငါမတားနိုင်ခဲ့ဘူး၊ ဒါကြောင့် မင်းအခုလိုဖြစ်ခဲ့ရတာပါပဲ၊ ဒီဘဝမှာတော့ မင်းမကောင်းမှုတွေ ဆက်မလုပ်နိုင်အောင် ငါတားရမယ်”

မရွှေတောင်မျက်နှာ ငိုင်ကျသွားတော့တယ်။

“မင်းရဲ့အပြစ်တွေအတွက် မင်းငရဲပြည်မှာ ပြန်ပြီးပေးဆပ်လိုက်ပါတော့ မရွှေတောင်၊ တကယ်လို့ သံသရာတစ်ကွေ့မှာ မရွှေတောင်နဲ့ပြန်ဆုံတွေ့ခွင့်ရမယ်ဆိုရင်ဖြင့် မကောင်းတဲ့အယူဝါဒတွေမရှိဘဲ ကောင်းကောင်းမွန်မွန် ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်”

မရွှေတောင်က ခေါင်းကိုအသာညိတ်တယ်။

“မောင်ကြီးပြောတဲ့အတိုင်းပဲ ဖြစ်ပါစေတော့မောင်ကြီးရယ်၊ နှမ စိတ်လျော့လိုက်ပါပြီ”

“သံသရာဆိုတာ ရှည်လျားလွန်းပါတယ်မရွှေတောင်၊ မောင်ကြီးတို့ တစ်ခါလောက်တော့ ပြန်ဆုံတွေ့ကြအုံးမှာပါ”

မရွှေတောင်က ခေါင်းငိုက်စိုက်ကျသွားပြီး မကြာခင်မှာပဲ ရေခိုးရေငွေ့တွေလိုအဖြစ်မျိုးနဲ့ ပျောက်ကွယ်သွားပါတော့တယ်ဗျာ။ မရွှေတောင်သေသွားပြီးတော့ ဦးဖိုးထူးက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတယ်ဗျ၊ ဦးအောင်ရှိန်က ဦးဖိုးထူးဆီပြေးသွားပြီး

“ဦးဖိုးထူး၊ ခင်ဗျားမသေရဘူး၊ ခင်ဗျားကိုကျုပ်ကယ်မယ်၊ ခင်ဗျားမကောင်းတဲ့လမ်းကို စွန့်ပြီးတော့ ကျုပ်နဲ့ပြန်လိုက်ခဲ့စမ်းပါ”

ဦးဖိုးထူးက ခေါင်းကိုတွင်တွင်ခါပြီး

“မရတော့ဘူးအောင်ရှိန်၊ ငါပြန်မလှည့်နိုင်တော့ဘူး၊ အခုမှတော့ အချိန်တွေ တအားလွန်သွားပြီကွ”

“ဒီလိုတော့ မပြောပါနဲ့ဗျာ၊ မကောင်းမှန်သိရင် ပြန်လှည့်လို့ရပါသေးတယ်”

“သူများအတွက်တော့ဟုတ်ပေမယ့် ငါ့အတွက်ကတော့ မဟုတ်ဘူး အောင်ရှိန်၊ မင်းက လူကောင်းတစ်ယောက်ပါ၊ ငါကတော့ လူကောင်းတစ်ယောက်မဖြစ်နိုင်ခဲ့ဖူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက ငါ့နောက်မှ ဝိဇ္ဇာလမ်းကိုလိုက်ပေမယ့် ငါ့ထက်ပညာတွေရသွားကတည်းက ငါမင်းကိုမနာလိုခဲ့မိတာပါပဲ၊ မင်းနဲ့ငါနဲ့ ပါရမီဓါတ်ခံချင်း မတူဘူးဆိုတာ ငါသိခဲ့ပေမယ့် ငါ့ရဲ့မနာလိုစိတ်ကို ငါမထိန်းချုပ်နိုင်ခဲ့ဘူး၊ ဒါကြောင့် ငါမကောင်းတဲ့လမ်းကိုရွေးခဲ့တယ်၊ မကောင်းတဲ့လူတွေနဲ့ပေါင်းပြီး မကောင်းတဲ့အတတ်တွေတတ်ခဲ့တယ်၊ မင်းကိုပါ အသက်အန္တရာယ်ထိခိုက်အောင် ငါကြံစည်ခဲ့ဖူးပါတယ် အောင်ရှိန်ရာ”

“ဒါတွေအားလုံးကို ကျုပ်ခွင့်လွှတ်ပါတယ် ဦးဖိုးထူးရာ၊ ခင်ဗျားအခုလို အမှန်ကိုမြင်နိုင်တာကိုပဲ ကျုပ်ဝမ်းသာလှပါပြီ”

“စိတ်ကောင်းရှိတဲ့လူတွေက ခွင့်လွှတ်နိုင်ကြတယ်အောင်ရှိန်၊ မင်းက စိတ်ကောင်းရှိလို့ခွင့်လွှတ်နိုင်ပေမယ့် ငါ့ကိုယ်ငါ ခွင့်မလွတ်နိုင်ပါဘူး၊ ငါမင်းအပေါ်ဒီလောက်အပြစ်တွေလုပ်ထားပြီး ဘယ်လိုမျက်နှာနဲ့ နေရမလဲကွာ၊ ငါ့ကိုသွားခွင့်ပေးပါအောင်ရှိန်ရာ၊ ငါသွားတော့မယ်၊ ငါဟာအရူးပါအောင်ရှိန်ရာ၊ ငါ့လိုအရူးကို မင်းမကယ်ပါနဲ့”

“မဟုတ်တာ ဦးဖိုးထူးရာ၊ လူတွေအားလုံးက အရူးတွေချည်းပဲမဟုတ်လား၊ ကျုပ်နဲ့ခင်ဗျားနဲ့ အရင်တုန်းကလို အတူတူရူးကြမယ်လေဗျာ”

“ငါမနာလိုလိုက်တာ အောင်ရှိန်ရာ၊ မင်းမှာအဲဒီလိုစိတ်ကောင်းရှိနေတာကိုက ငါမနာလိုတာ၊ ငါ့ကိုသွားခွင့်ပေးပါတော့ကွာ၊ ငါ့အပြစ်တွေအတွက် ငါခံရမှာငါသိပါတယ်၊ ငါ့ကိုသတ်လိုက်ကြစမ်းပါကွ”

ဒီအချိန် မီးလုံးကြီးတစ်လုံး ပြေးဝင်လာပြီးတော့ ဦးဖိုးထူးကိုထိသွားတယ်ဗျ၊ ဦးဖိုးထူးတစ်ကိုယ်လုံး နီရဲတက်လာပြီးတော့ ချက်ချင်းပဲ မီးသွေးခဲကြီးတွေအဖြစ် ပြောင်းလဲသွားပါရောလား၊ မီးလုံးလာတဲ့နေရာကိုကြည့်လိုက်တော့ ဦးဘသာကိုယ်ခန္ဓာနဲ့ ငထေရှင်ဖြစ်နေသဗျ။

“ဟား၊ ဟား အရှုပ်ထုပ်နှစ်ယောက်တော့သွားပြီ၊ ကဲ ဖိုးထူးနဲ့ ရွှေတောင်ရေ မင်းတို့ငရဲပြည်မှာသွားပြီး လောင်မြိုက်နေလိုက်ကြစမ်းကွာ”

ကျုပ်တို့ ငထေရှင်ကိုတိုက်ဖို့ပြင်လိုက်ပေမယ့် ကျုပ်တို့နောက်ကျသွားပြီဗျ၊ မြေကြီးထဲကနေ လက်မဲမဲကြီးတွေထွက်လာပြီး ကျုပ်တို့လက်တွေခြေထောက်တွေကို ဝိုင်းဆွဲပြီးတော့ ချုပ်နှောင်ထားတယ်၊ လက်မဲမဲကြီးဆွဲတာ မခံရတာဆိုလို့ ဦးဘသာပဲရှိတာ၊ ဦးဘသာကိုယ်လုံးထဲမှာ အခုရှိနေတာက အရိပ်သခင်ဆိုတော့ အရိပ်တွေက သူ့ကိုရန်ပြုလို့မရဘူး မို့လားဗျာ။

ဦးဘသာက တိုက်ခိုက်မယ်လုပ်တော့ ငထေရှင်က လက်ကာပြရင်း

“ခင်ဗျားကြီး စိတ်လိုက်မာန်ပါ မလုပ်နဲ့အုံးဗျ၊ ခင်ဗျားရဲ့အခုအစွမ်းနဲ့ ကျုပ်ကိုလုံးဝတိုက်ခိုက်လို့မရဘူး၊ ကျုပ်တို့ဘီလူးဆိုတာ လူတွေလို အရိပ်ထွက်တာမဟုတ်ဘူးလေဗျာ”

ဦးဘသာလည်း တန့်သွားတယ်၊ ဦးအောင်ရှိန်က

“ဒါဆို မရွှေတောင်တို့၊ ဦးဖိုးထူးတို့ကို ကျုပ်တို့ရှင်းမယ်ဆိုတာကို ခင်ဗျားကကြိုသိနေတာလား”

ငထေရှင်ကပြုံးရင်း

“သေချာတာပေါ့ဗျာ၊ ခင်ဗျားတို့မှမဟုတ်ရင်လည်း ဒီနှစ်ယောက်ကို ကျုပ်ရှင်းရမှာပဲ၊ အခုတော့ ကျုပ်တောင်ပင်ပန်းသက်သာသွားသေးတယ်”

“ခင်ဗျားကြီးတော်တော်အောက်တန်းကျတဲ့လူပဲဗျာ၊ ကိုယ့်ဘက်တော်သားတွေကို ပြန်ပြီးရှင်းချင်ရတယ်လို့”

ကျုပ်ပြောလိုက်တော့ ငထေရှင်က ကျုပ်ကိုစေ့စေ့ကြည့်ရင်း

“ဒါအောက်တန်းကျတယ်မခေါ်ဘူးကွ၊ ပညာဉာဏ်ပရိယာယ်နဲ့ ပြည့်စုံတယ်လို့ခေါ်တယ်”

“နေပါအုံး၊ သူတို့က ခင်ဗျားကိုဘာလုပ်နေလို့လဲ၊ ခင်ဗျားအခုလိုဖြစ်လာအောင်ပဲ သူတို့က ဖန်တီးပေးခဲ့တာမဟုတ်လား”

“ဟုတ်တယ်၊ ဒါပေမယ့် စစ်တုရင်ပွဲမှာ နယ်ရုပ်သေပေးရတာ အဆန်းမဟုတ်ပါဘူး၊ ဒီကောင်တွေက ငါ့အတွက်နယ်ရုပ်ကလေးတွေပဲ၊ ငါ့ရဲ့မဟာလုပ်ငန်းကြီးအောင်မြင်ဖို့အတွက် သူတို့တွေကို ချနင်းမှရမှာမို့လို့ပဲ”

ငထေရှင်က ဦးဘသာဆီလက်ကမ်းလိုက်ပြီးတော့

“ကဲ အရိပ်သခင် ငသန်ပျင် ကျုပ်နဲ့ပူးပေါင်းပါ”

ကျုပ်တို့အားလုံးအံ့အားသင့်သွားမိတယ်ဗျ။

“ငသန်ပျင်ဆိုတာ ဘယ်သူလဲ”

“အရိပ်သခင် ငသန်ပျင်ဆိုတာ ငါတမ္ပဝတီပြည်ကြီးကို စိုးစံအုပ်ချုပ် မင်းလုပ်တဲ့အချိန်တုန်းက ငါ့ရဲ့ပုရောဟိတ်ဆရာကြီးတစ်ယောက်ပဲ”

“ဒါဆိုရင် အရိပ်သခင်ဘယ်မှာရှိတယ်ဆိုတာ ခင်ဗျားကသိနေခဲ့တာပေါ့”

“ဒီမှာကောင်လေး၊ မင်းတို့က မျက်တောင်တဆုံးလောက်မြင်တယ်ဆိုရင် ငါဆိုတဲ့ကောင်က မျက်စေ့တစ်ဆုံးမြင်ပြီးသားပါကွ၊ ကဲ အရိပ်သခင် ကျုပ်နဲ့ပြန်ပူးပေါင်းစမ်းပါ၊ ချပ်သင်းတောကြီးထဲက ဘီလူးတစ်သောင်းသိုက်ကို ပြန်ဖော်ပြီးတော့ ကျုပ်တို့ဒီနေရာမှာ ဘီလူးတိုင်းပြည်ပြန်တည်ထောင်မယ်၊ လူသားတွေကို အုပ်ချုပ်ပြီး တမ္ပဝတီပြည်ကြီးကိုမင်းမူသလိုမျိုး မင်းမူကြမယ်ဗျာ”

ဦးဘသာမျက်လုံးကြီးက တဖြည်းဖြည်းအနက်ရောင်ကြီးဖြစ်လာသဗျာ၊ သူ့လက်ထိပ်တွေကနေလည်း အရိပ်လိုမဲမဲအငွေ့ကြီးတွေ တလူလူထွက်လာပါရော၊ ဦးဘသာက ငထေရှင်မျက်နှာကိုကြည့်ရင်း

“ငါသေမှပဲရမယ်”

ငထေရှင်တော်တော်အံ့သြသွားတယ်။

“အရိပ်သခင်၊ ခင်ဗျားဘာပြောလိုက်တာလဲ”

“ငါက မင်းရဲ့အရိပ်သခင်မဟုတ်ဘူးကွ၊ ငါ့နာမည်သာဒင်”

“ဒါဆို အရိပ်သခင်ကရော”

“မင်းရဲ့အရိပ်သခင်ကို ငါအပြည့်အဝထိန်းချုပ်ထားလိုက်နိုင်ပြီ၊ ငါ့အမိန့်မရဘဲ သူဘာကိုမှ လုပ်လို့ရမှာမဟုတ်တော့ဘူး”

ငထေရှင်က သူထင်ထားတဲ့အတိုင်းဖြစ်မလာတော့ တော်တော်အံ့အားသင့်နေပုံပဲဗျ။ ပြီးကျမှ မျက်နှာကြီးရှုံ့မဲ့ပြီး

“ဒါဆိုရင်တော့ ခင်ဗျားကြီးကို ကျုပ်ရှင်းရတော့မှာပေါ့”

ငထေရှင်ဒီလိုပြောဆိုတဲ့အချိန်မှာပဲ ဘေးနားကနေ လူတစ်ယောက်က ခုန်ထွက်လာသဗျာ၊ ပြီးတော့

“နေအုံး၊ ခင်ဗျားကိုကျုပ်အရင်သတ်မယ်”

ထွက်လာတဲ့လူက ခါးပိုက်နှိုက်ဘသိုက်ဖြစ်နေတယ်ဗျ၊ ဘသိုက်က ချုံကွယ်ကနေထွက်လာပြီး သူ့မှာပါတဲ့ ဓါးမြှောင်နဲ့ ငထေရှင်ကိုပြေးထိုးပါရောဗျာ၊ ရုတ်တရက်ဆိုတော့ ငထေရှင်လည်း ရှောင်ချိန်မရလိုက်ဘူးဗျ၊ ဘသိုက်က လက်ကလည်းခပ်သွက်သွက်ဆိုတော့ ငထေရှင်နံကြားကို ဓါးနဲ့သုံးလေးချက်တော့ ထိုးလိုက်နိုင်တယ်၊ ငထေရှင်လည်း ဘသိုက်ကိုလက်ဝါးနဲ့ရိုက်ထည့်လိုက်ပြီး သူ့နံကြားကိုသူကြည့်လိုက်တယ်၊ နံကြားထဲကနေ စိမ်းရွှေရွှေမဲပုပ်ပုပ်အရည်ကြီးတွေက ပန်းထွက်လာသဗျာ၊

ငထေရှင်က ဦးဘသာလက်ထဲကိုင်ထားတဲ့ ဝါးဆစ်ဘူးကို ပညာနဲ့လှမ်းယူလိုက်ပြီးတော့ ခြံတံခါးဖွင့်ပြီးဝင်ပြေးပါရော၊ ကျုပ်တို့ပြေးလိုက်မယ်လုပ်ပေမယ့် ခြံတံခါးအရှေ့မှာ တဝုန်းဝုန်းနဲ့ပေါက်ကွဲလို့ အနောက်ကိုဆုတ်နေရတယ်။ လက်ဝါးချက်ထိထားတဲ့ ဘသိုက်ကတော့ ဒူးလေးထောင်ပြီး ပက်လက်ကလေးလန်လို့ဗျာ၊

“ကိုဘသိုက်၊ ကိုဘသိုက်”

ဘသိုက်ပါးစပ်က သွေးတွေပွက်ခနဲထွက်လာသဗျ။

“ဘယ်လိုလုပ်လိုက်တာလဲ ဘသိုက်ရာ၊ ငါတို့လိုပညာသည်တွေတောင်သူ့ကိုမနိုင်တာ မင်းလိုလူက ရိုးရိုးတန်းတန်းနိုင်မှာတဲ့လား”

ဘသိုက်က ပြုံးရင်း

“ကျုပ်အသက်ကို အဘကြီးက တစ်ခါကယ်ခဲ့တယ်၊ အဘကြိးအသက်ကို အခုကျုပ်ပြန်ကယ်နိုင်ပြီဆိုတော့ ကျုပ်တို့ကြေပြီပေါ့နော် အဘကြီး”

ဦးဘသာက ခေါင်းကိုညိတ်တယ်ဗျ၊ ဘသိုက်က သူ့လက်ထဲက ကြေးစည်အဝိုင်းပြားကလေးကို ထုတ်လိုက်ပြီး ဦးအောင်ရှိန်ကိုပေးလိုက်တယ်။ ဦးအောင်ရှိန်က တော်တော်အံ့အားသင့်သွားပြီး

“ဒီအဝိုင်းပြားကလေးက မင်းဆီကိုဘယ်လိုရောက်နေတာလဲ ဘသိုက်ရာ”

“ကျုပ်က ခါးပိုက်နှိုက်ပါဗျ၊ အစိမ်းသရဲကို နှိုက်ခိုင်းတယ်ဆိုပေမယ့် ခါးပိုက်နှိုက်တို့တတ်အပ်တဲ့ပညာကို တတ်ပါသေးတယ်၊ ခုနက သူ့ကိုကျုပ်ဝင်လုံးတဲ့အချိန် သူ့တိုက်ပုံအင်္ကျီအတွင်းအိတ်ထဲ ဘာရှိမလဲလို့နှိုက်လိုက်ရင်း ဒါလေးကိုတွေ့လို့ ယူခဲ့တာပဲ”

“ကျေးဇူးတင်ပါတယ်ဘသိုက်ရာ၊ ကျေးဇူးတင်ပါတယ်”

“အဘကြီး၊ ဒီလူဆိုးကောင်ကို နိုင်အောင်လုပ်ပေးပါဗျာ”

ဘသိုက်က ပြောဆိုပြီးတော့ ဇက်ကျိုးကျသွားတယ်ဗျ၊ ဦးအောင်ရှိန်က ဘသိုက်ရဲ့ပွင့်နေတဲ့မျက်လုံးကို လက်နဲ့သေချာပိတ်ပေးပြီးတော့ ကြေးစည်ကလေးကိုင်ပြီး မတ်တပ်ထရပ်လိုက်တယ်။

“သာဒင်၊ ဒီကြေးစည်ကိုထိလိုက်၊ အလတ်ကောင် ဒီကြေးစည်ကလေးကိုထိလိုက်”

ဦးအောင်ရှိန်ပြောတဲ့အတိုင်း ကျုပ်တို့ထိလိုက်ကြတာပေါ့ဗျာ။ ဦးအောင်ရှိန်က ကျုပ်တို့ကိုကြည့်ရင်း

“မျက်လုံးလေးတွေမှိတ်ထားလိုက်ကြ”

သူပြောတဲ့အတိုင်းမျက်လုံးမှိတ်လိုက်တော့ ဦးအောင်ရှိန်က နောင်ဝေေ၀လို့အော်လိုက်တယ်ဆိုရင်ပဲ ကျုပ်တစ်ကိုယ်လုံး လေဟာနယ်ထဲပြုတ်ကျသွားသလိုဖြစ်ပြီးတော့ အသည်းတအေးအေးနဲ့ပေါ့ဗျာ၊

အတော်ကြာတော့မှ ခြေထောက်အောက်မှာ မြေကြိးကိုနင်းမိသဗျ၊ ကျုပ်မျက်စိဖွင့်လိုက်တော့ အုတ်လျှောက်လမ်းကလေးတစ်ခုဖြစ်နေတယ်၊ ကျုပ်ရင်ထဲ ဘယ်လိုကြီးဖြစ်လာတယ်မသိဘူးတစ်ဆို့ဆို့ကြီးနဲ့ဗျာ၊ ဒါနဲ့ ဗိုက်ကိုဖိပြီး အန်မိတော့တာပါပဲ၊ ဦးဘသာက ကျုပ်ကျောကုန်းကိုပုတ်ပေးနေသေးတယ်၊ အအန်သက်သာတော့ ဦးအောင်ရှိန်က လျှောက်လမ်းအတိုင်းလျှောက်သွားတာနဲ့ ကျုပ်နဲ့ဦးဘသာ အနောက်ကနေလိုက်သွားကြတယ်။

“ဒါဘယ်နေရာလဲကွ”

ဦးဘသာက မေးတယ်၊ ကျုပ်လည်း ကြည့်နေရင်း

“နေအုံး၊ ဒီနေရာကိုကျုပ်ရောက်ဖူးတယ်၊ ကျုပ်ရောက်ဖူးတယ်ဗျ”

မကြာခင် ခန်းမကြီးတစ်ခုထဲကိုရောက်လာခဲ့ပါရောဗျာ၊ ဦးအောင်ရှိန်က ဦးဘသာဘက်ကိုလှည့်ပြီး

“ဒါဘုရားပျံဂိုဏ်းရဲ့ ဌာနချုပ်နေရာပဲ သာဒင်”

“နေပါအုံး၊ မင်းက ငါတို့ကို ဒီနေရာကိုဘာဖြစ်လို့ခေါ်လာတာလဲ”

“ဘုရားပျံဂိုဏ်းကို မင်းကိုလက်ဆင့်ကမ်းပေးမလို့ပေါ့သာဒင်ရာ”

“ဟာ၊ ဘာတွေပြောနေတာလဲအောင်ရှိန်ရာ၊ ဘုရားပျံဂိုဏ်းဆိုတာ အထက်ဂိုဏ်း၊ ငါက စုန်းလေကွာ၊ ပြီးတော့ မင်းပြောတော့ မိသက်က ဘုရားပျံဂိုဏ်းရဲ့ ဆက်ခံသူဆိုကွ”

ဦးအောင်ရှိန်က ခေါင်းညိတ်ပြိး

“ဟုတ်တယ်၊ ငါလည်းတစ်ချိန်က ဒီလိုတွေးခဲ့ဖူးတယ်၊ လာစမ်း သာဒင်၊ ဒီနံရံဆေးရေးပန်းချီတွေကိုကြည့်လိုက်စမ်း”

ဦးအောင်ရှိန်ပြတဲ့ နံရံမှာ ဘုရားရှိခိုးနေတဲ့လူတွေပုံကို တန်းစီပြီးဆွဲထားတယ်ဗျ။ ဦးအောင်ရှိန်က သူ့လက်နဲ့ပုံတွေကိုထိုးပြပြိးတော့

“ဒါက ဘုရားပျံဂိုဏ်းအဆက်ဆက် ဂိုဏ်းဝင်တွေကိုပြတဲ့ပုံပဲ၊ ဟောဒီပုံကတော့ ငါပဲ၊ ငါ့ရဲ့ဆက်ဆံသူကတော့ ဒီလူပဲ”

“မိန်းမတစ်ယောက်ပါလားကွ”

“ဟုတ်တယ်၊ ဒီပုံကိုသေချာကြည့်လိုက်တော့ မိန်းမတောင်မှ ရင်သားတွေနဲ့ ထွားကျိုင်းပြီးအရွယ်ရောက်နေတဲ့မိန်းမတစ်ယောက်ကွ၊ ငါအစကတော့ ဒီပုံက မိသက်အတွက်ပုံဖြစ်လိမ့်မယ်လို့တွေးမိတာ၊ ဒါပေမယ့် အခုအခြေအနေအတိုင်းဆိုရင် ဒီပုံက မိသက်ပုံလုံးဝမဖြစ်နိုင်ဘူး၊ ဒီပုံက မင်းရဲ့ပုံပဲ သာဒင်”

“ဘာကွ”

“ဟုတ်တယ်၊ မင်းက မိန်းမခန္ဓာရထားတာ အကြောင်းမဲ့မဟုတ်ဘူးလို့ ငါယူဆတယ်၊ ကံကြမ္မာဆိုတာကလည်း ဆန်းကြယ်တယ်မဟုတ်လား၊ ဒီတော့ ငါထင်တာက ဒီတစ်ခါ ငထေရှင်ကို အပြီးသတ်ရှင်းလင်းရမှာ မင်းပဲလို့ယူဆတယ်”

“မဟုတ်တာတွေ မပြောစမ်းပါနဲ့ကွာ”

“ငါတကယ်ပြောတာပါ သာဒင်ရာ၊ မင်းက မိန်းမခန္ဓာနဲ့ ငထေရှင်ကိုသတ်ဖြတ်ရမယ့်လူပဲ၊ ဒီတော့ ဘုရားပျံဂိုဏ်းကို မင်းကဆက်ခံပြီး ငထေရှင်ကိုအမြစ်ဖြတ်သုတ်သင်ပေးပါ သာဒင်ရာ”

ဦးဘသာရော ကျုပ်ရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အတော်ကိုအံ့သြမိသွားကြတယ်ဗျ။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ သုံးဆယ့္ရွစ္ေယာက္ေျမာက္ဘုရားပ်ံ”(စ/ဆုံး)
———————————————————————————
အတြဲ(၅) စာစဥ္(၁၀)

(၁)

ဦးဘသာၿခံအျပင္ကိုထြက္သြားေတာ့ က်ဳပ္နဲ႔ကေဝရွင္ဘေသာင္းလည္း အေနာက္ကိုအေျပးလိုက္သြားၾကတာေပါ့ဗ်ာ၊ ဦးဘသာကို က်ဳပ္ေျပးကိုင္လိုက္ေတာ့ သူ႔အသားေတြက ပူျခစ္ေတာက္ေနတာပါပဲ၊ ဦးဘသာပခုံးကို က်ဳပ္ထိလိုက္တယ္ဆိုရင္ပဲ ဦးဘသာက က်ဳပ္ကိုမ်က္ေထာင့္နီႀကီးနဲ႔ ၾကည့္ုလိုက္သဗ်၊ ၿပီးတာနဲ႔ က်ဳပ္ကိုလက္နဲ႔ပုတ္ထုတ္လိုက္ပါေရာ။

“ဦးဘသာ၊ ဘယ္လိုျဖစ္တာလဲဗ်ာ”

“ငါဦးဘသာမဟုတ္ဘူး၊ ငါ့နာမည္ သန္းတန္”

က်ဳပ္ျဖင့္ေတာ္ေတာ္လန႔္သြားတာဗ်ိဳ႕၊ ၾကည့္ရတာ ေခ်ာေခ်ာရဲ႕ခႏၶာကိုယ္ထဲကို အေစာင့္အေရွာက္အျဖစ္နဲ႔ဝင္သြားတဲ့ ဦးသန္းတန္ကို ဦးဘသာက မထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ပုံပဲဗ်၊ ဒီအတိုင္းဆိုရင္ ေခ်ာေခ်ာကိုယ္လုံးထဲက ဦးဘသာက ဘာဆက္ျဖစ္သြားမလဲဗ်ာ၊ ဝိညာဥ္ပဲလြင့္သြားၿပီလား၊ သူ႔ကိုယ္ထဲကေနပဲ ထြက္သြားၿပီလားေပါ့။

ဘေသာင္းက အေရွ႕ကိုတက္လာၿပီးေတာ့

“အကိုႀကီး၊ အကိုႀကီးဘယ္ကိုသြားမလို႔လဲဗ်”

“ဘယ္ရွိရမွာလဲကြာ မင္းအကို သိန္းတန္ဆီကိုသြားမလို႔ေပါ့ကြ”

ဒီအခ်ိန္မွာပဲ ႐ြာလမ္းအတိုင္း ႏြားလွည္းတစ္စီးေမာင္းလာတယ္ဗ်ာ၊ ေခ်ာေခ်ာက အဲဒီႏြားလွည္းႀကီးကို ၾကည့္ၿပီးေတာ့ တဟားဟားနဲ႔ရယ္တယ္၊ က်ဳပ္တို႔က ႏြားလွည္းနဲ႔တိုက္မိမွာစိုးလို႔ လမ္းေဘးကိုဆင္းေပးလိုက္ေပမယ့္ ေခ်ာေခ်ာကေတာ့ လမ္းလယ္ေခါင္မွာ ကားယားႀကီးရပ္ၿပီး ခါးကိုေထာက္ထားပါေရာဗ်ာ။ လွည္းေမာင္းလာတဲ့လူႀကီးက ေခ်ာေခ်ာကိုေစာင့္ၾကည့္လိုက္ၿပီး

“ဟဲ့ကေလးမ၊ လွည္းလာေနတာေတာင္ လမ္းေဘးမဆင္းဘဲဘာလုပ္ေနတာလဲ၊ ႏြားေဝွ႔ခံရလို႔ လင္မရဘဲ ေသသြားအုံးမယ္”

ဒီလူႀကီးက ေငါက္ၿပီးေျပာလိုက္ေသးတယ္ဗ်ာ၊ ေခ်ာေခ်ာက ရပ္ၾကည့္ေနတယ္။ ဒီအခ်ိန္မွာ ေခ်ာေခ်ာရဲ႕ကိုယ္လုံးကေန က်ေနတဲ့အရိပ္ထဲက အရိပ္နက္ႀကီးႏွစ္ခုက အေျပးထြက္သြားတာကို ျမင္လိုက္ရတယ္ဗ်ာ၊ အရိပ္ေတြက ေျမႀကီးေပၚမွာ ရွပ္တိုက္သြားၿပီးေတာ့ ႏြားႏွစ္ေကာင္အရိပ္ထဲကိုေျပးဝင္သြားပါေရာ၊ ႏြားႏွစ္ေကာင္က ႏွာေတြမႈတ္ၿပီး မ်က္လုံးႀကီးေတြက နီနီႀကီးျဖစ္လာတာပဲဗ်ာ၊ ေနာက္ေတာ့ လွည္းကိုအတင္းခါၿပီး ႐ုန္းပါေရာ၊ ဘယ္ေလာက္ေတာင္ၾကမ္းသလဲဆိုရင္ လွည္းေပၚက လူႀကီးက လွည္းေအာက္ကိုျပဳတ္က်ရတဲ့အထိပဲ၊ ဒီေတာ့မွ ေခ်ာေခ်ာကလွည္းေပၚကို လႊားခနဲခုန္တက္လိုက္တယ္၊ လွည္းက တစ္ပတ္လည္ၿပီးေတာ့ ဟိုဘက္ကိုေကြ႕ၿပီးသား ျဖစ္သြားေရာဗ်ိဳ႕၊ လမ္းေဘးမွာ ျပဴးေၾကာင္ၿပီးရပ္ေနတဲ့ က်ဳပ္တို႔ႏွစ္ေယာက္ကို ၾကည့္ၿပီးေတာ့

“လာေလ၊ ဘာလုပ္ေနၾကတာလဲ”

အဲဒီလိုေျပာလိုက္ေတာ့မွ က်ဳပ္တို႔ႏွစ္ေယာက္ လွည္းေနာက္ျမႇီးေပၚကို ခုန္တက္လိုက္ၾကပါေရာ၊ က်ဳပ္တို႔တက္ၿပီးသြားတာနဲ႔ ႏြားလွည္းက အရွိန္နဲ႔ေမာင္းထြက္ခဲ့ပါေရာဗ်ာ။

က်ဳပ္က ႏြားနဲ႔စိမ္းတဲ့လူမဟုတ္ပါဘူး၊ အိမ္မွာလည္း ႏြားလွည္းရွိတာဆိုေတာ့ က်ဳပ္လည္း ႏြားလွည္းေမာင္းဖူးပါတယ္ဗ်ာ၊ ဒါေပမယ့္ ဒီတစ္ခါစီးတဲ့ႏြားလွည္းကေတာ့ က်ဳပ္တစ္သက္နဲ႔တစ္ကိုယ္မွာ အျမန္ဆုံးႏြားလွည္းပဲဗ်၊ ကားေလာက္နီးနီးကိုျမန္တာဗ်ာ၊ ႏြားေတြကလည္း ကုန္းကုန္းၿပီး ဒုံးေျပးတာ ျမန္လိုက္တာေျပာမေနပါနဲ႔၊ ေခ်ာေခ်ာက လွည္းေပၚမွာ မတ္တပ္ႀကီးရပ္ၿပီး လိုက္လာတာဗ်။

“ေရွာင္ၾက၊ ရွားၾက၊ ေျပးၾက၊ လႊားၾက၊ သန္းတန္လာၿပီေဟ့”

အသံနက္ႀကီးနဲ႔လည္း ေအာ္ေသးတာဗ်။ ႏြားလွည္းက ႐ြာလမ္းအတိုင္းေမာင္းလာတာဆိုေတာ့ လမ္းသြားတဲ့လူေတြ၊ လမ္းေပၚမွာေဆာ့ေနတဲ့ကေလးေတြနဲ႔ တိုက္မိမလိုျဖစ္ပါေရာ၊ ဒါေပမယ့္ ေခ်ာေခ်ာက လမ္းေပၚကလူကို လွမ္းၾကည့္လိုက္တာနဲ႔ အဲဒီလူကို တစ္ေယာက္ေယာက္က တြန္းလိုက္သလိုျဖစ္ၿပီး အေနာက္ကို လန္သြားၾကတယ္၊ ဒါေၾကာင့္ တစ္ေယာက္နဲ႔မွေတာ့ မတိုက္မိဘူးေပါ့ဗ်ာ။ ႐ြာထဲက ထြက္လာၿပီးေတာ့ ဂဝံလမ္းႀကီးကိုေရာက္ပါေရာဗ်ာ၊ လွည္းက ဂဝံလမ္းေပၚမွာ ေဒါင္းေဒါင္းေျပးသြားေနတာဆိုေတာ့ လွည္းေပၚလိုက္တဲ့ က်ဳပ္တို႔မွာ ဆီးျဖဴသီးကို စေကာထဲထည့္ၿပီးလွိမ့္သလို လူးလိမ့္ေနတာပါပဲဗ်ာ၊ ဒီအရွိန္နဲ႔လွည္းေပၚက ျပဳတ္က်ရင္မလြယ္ဘူးဗ်၊ ဒါေၾကာင့္ လွည္းကိုေသေသခ်ာခ်ာကိုင္ထားရေသးတာ၊ က်ဳပ္တို႔လွည္းေနာက္မွာ ထိုင္လိုက္တဲ့လူေတြသာ လူးလွိမ့္ေနတာပါဗ်ာ၊ လွည္းဦးမွာ မတ္တပ္ရပ္ၿပီး လိုက္လာတဲ့ ေခ်ာေခ်ာကေတာ့ တစ္ခ်က္ကေလးေတာင္မွ မယိမ္းယိုင္ဘူးဗ်။

ဒီလိုနဲ႔ ေနမေစာင္းတေစာင္းအခ်ိန္ကေလးမွာ ႐ြာကေလးတစ္႐ြာကိုလွမ္းေတြ႕လိုက္ရပါေရာဗ်ာ၊ ႐ြာအျပင္ဘက္ ကြင္းအစပ္အေရာက္မွာပဲ လူတစ္စုက မတ္တပ္ရပ္ေနၾကသဗ်၊ ေခ်ာေခ်ာေမာင္းလာတဲ့ ႏြားလွည္းကိုျမင္တာနဲ႔ ဒီလူစုက လမ္းေပၚကိုတက္လာၾကတယ္၊ ေခ်ာေခ်ာက ေဘးဖယ္လို႔ေျပာေပမယ့္ ဒီလူေတြက မဖယ္ပါဘူးဗ်ာ။

ႏြားလွည္းက အနားကိုေရာက္တယ္ဆိုရင္ပဲ ဒီလူစုရဲ႕ေခါင္းေဆာင္ျဖစ္မယ့္ သဘက္ႀကီးေပါင္းထားတဲ့လူႀကီးက ႏြားလွည္းကို လက္ဝါးနဲ႔ကာရင္း

“ဟဲ့ႏြား၊ အခုခ်က္ခ်င္းရပ္လိုက္ပါလား”

လို႔အသံၿပဲႀကီးနဲ႔ေအာ္ထည့္လိုက္ပါေရာ၊ ဒုံးေျပးေနတဲ့ႏြားႏွစ္ေကာင္က ကားဘရိတ္ဖမ္းဆြဲလိုက္သလို တိခနဲရပ္သြားတယ္ဗ်၊ ရပ္တဲ့အရွိန္ေၾကာင့္ က်ဳပ္နဲ႔ ဘေသာင္းနဲ႔ လွည္းေပၚကေနအရွိန္လြန္ၿပီးေတာ့ အေရွ႕ကိုကြၽမ္းထိုးက်ပါေရာဗ်ာ။

“ေအာင္မယ္ေလးဗ်ာ”

“ေသပါၿပီဗ်”

ႏွစ္ေယာက္သား ေအာ္ဟစ္ၾကတယ္ဗ်၊ ဂဝံေျမေပၚက်တာဆိုေတာ့ အက်မေတာ္ရင္ေသမွာ၊ ထူးဆန္းတာကေတာ့ က်ဳပ္တို႔ျပဳတ္က်ၿပီး ေျမႀကီးနဲ႔ထိတဲ့အခါ ေျမႀကီးက ဆိုဖာႀကီးတစ္ခုလို ေပ်ာ့အိေနပါေရာဗ်ာ၊ ဂဝံေျမႀကီးဆိုတာ ဒီလိုေပ်ာ့အိ႐ိုးထုံးစံမွမရွိတာဗ်၊ က်ဳပ္နဲ႔ဘေသာင္းလူးလဲထၿပီးေတာ့မွ ေျမႀကီးက ျပန္မာသြားတာဗ်၊ က်ဳပ္တို႔ႏွစ္ေယာက္က တစ္ဖက္မွာလည္း ရွမ္းေတြ၊ တစ္ဖက္မွာလည္း ေခ်ာေခ်ာနဲ႔ႏြားလွည္းႀကီးဆိုေတာ့ ပဲေလွာ္ၾကားဆားညပ္သလိုျဖစ္ေနတာေပါ့။

ေခ်ာေခ်ာက ႏြားေတြကိုၾကည့္ရင္း

“ဆက္ေျပးၾကစမ္း”

လို႔အမိန႔္ေပးေတာ့ ႏြားေတြက ဆက္ေျပးဖို႔လုပ္တယ္၊ ဒီအခါ ရွမ္းႀကီးက ႏြားေတြကို ဝါးျခမ္းျပားကေလးေတြနဲ႔ပစ္ထည့္လိုက္ပါေရာ၊ ဝါးျခမ္းျပားက ႏွစ္လက္မေလာက္ပဲရွိမယ္ဗ်၊ ႏြားေတြရဲ႕ေခါင္းကိုထိသြားတာနဲ႔ ႏြားႏွစ္ေကာင္က ဇက္က်ိဳးက်ၿပီးေတာ့ စင္းစင္းႀကီးေသပါေရာဗ်ာ၊ ရွမ္းႀကီးက ေနာက္ထပ္ဝါးျခမ္းျပားနဲ႔ လွမ္းပစ္ထည့္လိုက္ျပန္ေတာ့ ေခ်ာေခ်ာဆီကိုတန္းတန္းမတ္မတ္နဲ႔ပ်ံဝင္သြားတယ္ဗ်၊ ေခ်ာေခ်ာကလက္နဲ႔ပုတ္ထုတ္လိုက္ေတာ့ ေလေပၚမွာတင္ ဝုန္းခနဲကြဲထြက္သြားပါေရာ၊ ေခ်ာေခ်ာက လွည္းေပၚကေန ကြၽမ္းတစ္ပတ္ထိုးၿပီးေတာ့ အေရွ႕ကိုခုန္ဆင္းလိုက္တယ္။

“မင္းတို႔ဘာေကာင္ေတြလဲ၊ ဘာျဖစ္လို႔ ငါတို႔လွည္းကိုတားရတာလဲ၊ ငါ့အေရွ႕ကေန ဖယ္ရင္ဖယ္ေနာ္၊ မဟုတ္ရင္ မင္းတို႔ ငါ့အဆိုးမဆိုနဲ႔”

“ဟား၊ ဟား မင္းကိုတားမလို႔ေရာက္ေနပါတယ္ဆိုမွ၊ မင္းကိုလမ္းဖယ္ေပးရအုံးမွာလားကြ”

“ေျပာစမ္း၊ မင္းတို႔ကို ဘယ္သူလႊတ္လိုက္တာနဲ႔”

“အပိုေတြမေျပာနဲ႔ ငါမင္းကို ႏွစ္ခုေ႐ြးခိုင္းမယ္၊ ပထမတစ္ခုကေတာ့ မင္းဒီေနရာကေန ေအးေအးေဆးေဆးလွည့္ျပန္သြားလိုက္ပါ၊ ဒုတိယတစ္ခုကေတာ့ မင္းလွည့္ျပန္မသြားဘူးဆိုရင္ ငါတို႔မင္းကို ျပန္ပို႔ေပးရလိမ့္မယ္ကြ”

ေခ်ာေခ်ာက တဟင္းဟင္းနဲ႔ရယ္ရင္း

“ငါတတိယတစ္ခုကိုေ႐ြးတယ္”

“တတိယတစ္ခုမွ မရွိတာ”

“ရွိတယ္၊ တတိယတစ္ခုကေတာ့ မင္းတို႔အကုန္လုံးကို ငါသတ္ၿပီးေတာ့ မင္းတို႔အေလာင္းေတြကို လွည္းနဲ႔ျဖတ္နင္းသြားဖို႔ပဲ”

ေခ်ာေခ်ာေျပာေတာ့ ရွမ္းႀကီးမ်က္ႏွာက ရႈံ႕မဲ့သြားတယ္ဗ်၊

“ဒီေကာင္မကေတာ့ ငါတို႔အေၾကာင္းသိခ်င္ေနၿပီထင္တယ္၊ ကဲ ငါ့လူတို႔ ဒီေကာင္မကို မင္းတို႔စိတ္တိုင္းက်သာ လုပ္လႊတ္လိုက္ၾကစမ္းကြာ”

ရွမ္းေတြက သူတို႔ဆီက ရွိသမွ် အေဆာင္လက္နက္ ပစၥည္းေတြနဲ႔ ပစ္ၾကပါေရာဗ်ာ၊ ေၾကးျပား၊ ေငြျပားေတြလည္းပါတယ္၊ သစ္သားနဲ႔လုပ္ထားတဲ့ သန္လ်က္ကေလးေတြ၊ ဓါးလိုပုံစံကေလးေတြလည္းပါတယ္၊ သတၱဳနဲ႔လုပ္ထားတဲ့ လွံကေလးေတြလဲပါတယ္ဗ်၊ လက္နက္ေတြက ေခ်ာေခ်ာကိုေျပးထိေတာ့ တဝုန္းဝုန္း တဒိုင္းဒိုင္းနဲ႔ ေပါက္လိုက္ကြဲလိုက္တာဆိုတာ မသိရင္မိုးၿခိမ္းေနသလိုပါပဲဗ်ာ။

လက္နက္ေတြပစ္ခတ္အၿပီးမွာ ေခ်ာေခ်ာကဘာမွမျဖစ္ေပမယ့္ ရွမ္းေတြကေတာ့ ေတာ္ေတာ္လန႔္သြားၾကတယ္။ ညေနေစာင္းၿပီဆိုေတာ့ ေနကဝင္လုၿပီဗ်၊ ေနေရာင္ေစာင္းေစာင္းကထိုးတာဆိုေတာ့ ဒီလူေတြရဲ႕အရိပ္ေတြက ရွည္ေမ်ာေမ်ာႀကီးေတြျဖစ္ေနသဗ်၊ ေခ်ာေခ်ာက ရယ္ေမာရင္း ေျခေထာက္တစ္ခ်က္ေဆာင့္ထည့္လိုက္ေတာ့ သူ႔ေျခေထာက္ေအာက္ကေန အရိပ္မည္းႀကီးေတြေျပးထြက္လာၿပီး ခုနကလူေတြရဲ႕အရိပ္ေတြထဲကို ေျပးဝင္ကုန္တယ္ဗ်ာ၊ မၾကာခင္မွာပဲ ရွမ္းေတြ တအြတ္အြတ္ တအင့္အင့္နဲ႔ လည္ပင္းေတြကိုကိုင္တဲ့လူကကိုင္၊ ရင္ဘတ္ကို ဖိတဲ့လူကဖိနဲ႔ အမ်ိဳးစုံခံစားေနၾကရပါေရာ။

ေခ်ာေခ်ာက ေခါင္းႀကီးစိုက္ၿပီး သြားႀကီးၿဖဲလို႔ တဟီးဟီးနဲ႔ ေက်ေက်နပ္နပ္ႀကီးရယ္ေမာၿပီးတဲ့အဆုံးမွာ ဒီရွမ္းေတြအကုန္လုံး ေျမျပင္ကိုလဲက်ၿပီး အတုံးအရႈံးေသကုန္ၾကပါေရာဗ်ာ။ တစ္ခ်ိဳ႕ေတြက မေသခင္လူးလြန႔္ေနၾကပါေသးတယ္၊ မ်က္လုံးႀကီးေတြျပဴးထြက္၊ လွ်ာႀကီးေတြျပဴးထြက္ၿပီးေတာ့ ပိုးစိုးပက္စက္ကို ေသကုန္ၾကတာဗ်ာ၊ ေသၿပီးတာနဲ႔ ဒီလူေတြရဲ႕ ကိုယ္ကထြက္တဲ့အရိပ္ေတြက ေျပးထြက္လာၿပီး ေခ်ာေခ်ာရဲ႕ေျခေထာက္ေအာက္ကိုဝင္ကုန္ၾကတယ္၊ ခုနက ကေလးတင္ မတ္တပ္ရပ္ေနတဲ့ လူဆယ္ေယာက္ေလာက္က အခုမ်က္စိေရွ႕မွာတင္ အေသဆိုးနဲ႔ေသသြားၾကတယ္ဆိုေတာ့ က်ဳပ္ျဖင့္ေတာ္ေတာ္ကိုလန႔္ေနမိတယ္ဗ်ာ။ က်ဳပ္ထက္လန႔္ေနတာကေတာ့ ဘေသာင္းပဲဗ်၊ ဘေသာင္းဆိုရင္ မ်က္လုံးႀကီးျပဴးၿပီးေတာ့ နဖူးကေန ေဇာေခြၽးေတြကို ျပန္လို႔ဗ်ိဳ႕။

ေသေနတဲ့ႏြားႀကီးေတြက ေငါက္ခနဲထရပ္ၿပီးေတာ့ လွည္းက ေမာင္းထြက္ပါေရာဗ်ာ၊ ေခ်ာေခ်ာရဲ႕စကားအတိုင္းပဲ ခုနက ေသထားၾကတဲ့လူေတြရဲ႕အေလာင္းေတြကို လွည္းကတက္ႀကိတ္ၿပီး ႐ြာဘက္ကိုေမာင္းထြက္သြားပါေရာ၊ ေခ်ာေခ်ာက က်ဳပ္တို႔ကိုေတာင္ေမ့သြားၿပီထင္ပါ့ဗ်ာ၊ က်ဳပ္နဲ႔ဘေသာင္းနဲ႔ အေနာက္မွာက်န္ေနခဲ့တယ္။

“ကိုဘေသာင္းရာ က်ဳပ္က ႐ိုး႐ိုးလူဆိုေတာ့ ဒီလူေတြေသကုန္တာျမင္ေတာ့ တုန္လႈပ္တာမဆန္းပါဘူး၊၊ ခင္ဗ်ားကေတာ့ ကေဝရွင္ျဖစ္ၿပီးေတာ့ ဒီေလာက္ေတာင္ တုန္လႈပ္ေနစရာလားဗ်ာ”

“ဟ၊ အရိပ္သခင္၊ အရိပ္သခင္လြတ္သြားၿပီကြ”

“ဟင္၊ အရိပ္သခင္ဆိုတာဘာလဲဗ်ာ”

ဘေသာင္းက သူ႔နဖူးကိုသူ လက္ဝါးနဲ႔တဖတ္ဖတ္႐ိုက္ၿပီးေတာ့

“မွားၿပီ၊ သားမွားၿပီအေဖေရ၊ သားေမ့ၿပီးေတာ့ အရိပ္သခင္ကိုလႊတ္ေပးလိုက္မိၿပီ”

က်ဳပ္က ဂေယာင္ေခ်ာက္ျခားျဖစ္ေနတဲ့ ဘေသာင္းရဲ႕လက္ေမာင္းကို ဆြဲလႈွုပ္ခါလိုက္ၿပီး

“ေဟ့လူ၊ ခင္ဗ်ားကိုေမးေနတယ္ေလဗ်ာ၊ အရိပ္သခင္ဆိုတာ ဘာလဲဗ်”

“ဘာလဲဆိုတာေတာ့ ငါလည္းေသေသခ်ာခ်ာမသိဘူးကြာ၊ ငါ့အေဖ ကေဝရွင္ႀကီးဦးထိုက္တန္မေသခင္တုန္းက ငါ့ကိုေသေသခ်ာခ်ာမွာထားခဲ့တယ္၊ ဘာပဲျဖစ္ေနျဖစ္ေန ႏွစ္တစ္ေထာင္ အရိပ္သခင္ကို ဘယ္လိုနည္းနဲ႔မွ မလႊတ္ေပးနဲ႔တဲ့ကြ”

“ဒါဆို သူကဘယ္မွာရွိတာလဲ”

“ငါ့အိမ္ေထာင္က ႏွစ္ေပေလာက္နီးနီးရွိတဲ့ ဖန္ပုလင္းႀကီးတစ္လုံးထဲမွာေလကြာ”

“ဟာဗ်ာ၊ ဒါဆို ခင္ဗ်ားက ဖန္ပုလင္းေတြအကုန္လုံးကို ထုႏွက္ၿပီး ကေဝေတြလႊတ္ေပးခဲ့တယ္ဆိုေတာ့ အဲဒီ ႏွစ္တစ္ေထာင္အရိပ္သခင္ဆိုတာ ပါသြားၿပီေပါ့”

ဘေသာင္းက ေခါင္းညိတ္တယ္ဗ်။

“ဒါေၾကာင့္ ဦးဘသာက အရိပ္စြမ္းအင္ေတြကို သုံးေနႏိုင္တာကိုးဗ်”

ဘေသာင္းက မတ္တပ္ရပ္ၿပီးေတာ့ သူ႔ပုဆိုးကိုျပင္ဝတ္ရင္း

“ဘာပဲျဖစ္ျဖစ္၊ ငါတို႔အရိပ္သခင္အေနာက္ကို လိုက္သြားရမယ္၊ ကေဝရွင္အဆင့္ဆင့္လက္ဆင့္ကမ္းၿပီး ထိန္းသိမ္းလာတဲ့အရိပ္သခင္က ငါ့လက္ထက္ေရာက္မွာ လြတ္သြားတာမ်ိဳးမျဖစ္ႏိုင္ဘူးကြ”

ဘေသာင္းက ေအာ္ၿပီးခပ္လွမ္းလွမ္းမွာျမင္ေနရတဲ့ လွည္းအေနာက္ကိုေျပးလိုက္သြားတာနဲ႔ က်ဳပ္လည္း လူေသအေလာင္းေကာင္ေတြကို ခြေက်ာ္နင္းၿပီးေတာ့ ဘေသာင္းအေနာက္ကို အေျပးလိုက္ခဲ့ရပါေရာဗ်ာ။

(၂)

မၾကာခင္ ႐ြာကေလးတစ္႐ြာဆီကိုေရာက္တယ္ဗ်၊ ႐ြာထဲကလူေတြက ႐ုတ္႐ုတ္သဲသဲျဖစ္ေနသဗ်၊ ေရပုံးေတြဆြဲတဲ့သူကဆြဲ၊ ဓါးေတြ ေပါက္ဆိန္ေတြကိုင္တဲ့လူက ကိုင္နဲ႔ဗ်။ ႐ြာထဲတစ္ေနရာကေန မီးခိုးျဖဴျဖဴႀကီးေတြ အလုံးလိုက္ထြက္ေနတာျမင္ရေတာ့မွ မီးေလာင္ေနမွန္းသိလိုက္ရတာ၊ ဒါနဲ႔ က်ဳပ္တို႔ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾကတယ္၊ မီးေလာင္ေနၿပီဆိုေတာ့ တစ္ခုခုျဖစ္ၿပီမဟုတ္လားဗ်ာ၊ ႐ြာသားေတြနဲ႔အတူတူ မီးေလာင္တဲ့ေနရာကိုအေျပးးလိုက္လာခဲ့ၾကတယ္ဗ်၊ မီးေလာင္တဲ့ၿခံဝန္းအေရွ႕ေရာက္တယ္ဆိုရင္ပဲ လူေတြကိုအုံခဲေနတာပဲဗ်။

“ဘာျဖစ္တာလဲဗ်ာ”

“ေကာင္မေလးတစ္ေယာက္ေပါ့ဗ်ာ၊ ဘာမေျပာညာမေျပာနဲ႔ အိမ္ထဲကို ဝင္ခ်သြားလိုဗ်”

သူတို႔ေျပာတဲ့ေကာင္မေလးဆိုတာ ေခ်ာေခ်ာကလြဲလို႔ ဘယ္သူရွိအုံးမလဲဗ်၊ ၿခံဝန္းထဲမွာလည္း ႏြားႀကီးႏွစ္ေကာင္ကေသေနၿပီးေတာ့လွည္းကလည္း တစ္စစီျဖစ္ၿပီး က်ေနပါေရာဗ်ာ၊ က်ဳပ္နဲ႔ဘေသာင္းနဲ႔ ေျပးဝင္မယ္လုပ္တဲ့အခါ ႐ြာသားေတြက က်ဳပ္တို႔ကိုဆြဲထားသဗ်၊ က်ဳပ္တို႔မီးေလာင္ေသကုန္မွာကို စိုးရိမ္လို႔ေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ မီးေလာင္ေနတဲ့သစ္သားအိမ္ေပၚကေန ေခ်ာေခ်ာက ခုန္ဆင္းလာပါေရာဗ်ာ၊ သူ႔လက္ထဲမွာလည္း လူတစ္ေယာက္ကို ေပြ႕ခ်ီလို႔ဗ်၊ လူေတြအနားကိုေျပးလာၿပီးေတာ့ က်ဳပ္တို႔အေရွ႕ကိုလည္းေရာက္ေရာ လႊားခနဲခုန္ထည့္လိုက္တာ ဝါးတစ္ျပန္အျမင့္ေလာက္ေရာက္ၿပီး ပ်ံတက္သြားပါေရာ၊ ႐ြာသားေတြအံ့အားသင့္ေနတုန္းမွာ က်ဳပ္နဲ႔ဘေသာင္းလည္း လူေတြၾကားကေန ႐ုန္းကန္ထြက္ၿပီး ေခ်ာေခ်ာခုန္သြားတဲ့အေနာက္ကို လိုက္ခဲ့ၾကပါေရာဗ်ာ။

“ဟိုမွာ၊ ဟိုမွာေဟ့”

႐ြာအျပင္မွာ ေျမပုံမို႔မို႔နဲ႔ သုႆန္ကေလးတစ္ခုရွိသဗ်၊ အဲဒီသုႆန္ကေလးရဲ႕ ဇရပ္ပ်က္ႀကီးေပၚမွာ ေခ်ာေခ်ာကထိုင္ေနပါေရာ၊ ဘေသာင္းနဲ႔က်ဳပ္နဲ႔ ေရာက္သြားတဲ့အခါ ေခ်ာေခ်ာက သူ႔ေပါင္ေပၚကလူကိုၾကည့္ရင္း ငိုေနပါေရာဗ်ာ၊ ဘေသာင္းက အနီးေရာက္ေတာ့ သူလည္းေတာ္ေတာ္လန႔္သြားတယ္ဗ်၊ ေခ်ာေခ်ာေပါင္ေပၚမွာ က်န္ေနတဲ့လူက ကိုယ္တစ္ပိုင္းပဲရွိေတာ့တယ္၊ ခါးေအာက္ပိုင္းပါမလာဘူးဗ်ာ။

“ဟာ အကိုလတ္၊ အကိုလတ္”

ဘေသာင္းက ေအာ္ရင္း ေခ်ာေခ်ာအနားကိုေျပးသြားတယ္။ ဧကႏၲေခ်ာေခ်ာေပါင္ေပၚကလူက သူတို႔ေျပာတဲ့ အကိုလတ္ သိန္းတန္မ်ားလားဗ်ာ၊ ဘေသာင္းက အနားကိုေျပးသြားၿပီး တစ္ပိုင္းပဲပါတဲ့ ခႏၶာကိုယ္ကို လႈပ္ေမးေတာ့တာပဲ။

“အကိုလတ္၊ ဘယ္လိုျဖစ္ရတာလဲ အကိုလတ္ရာ”

တစ္ပိုင္းတည္းက်န္တဲ့ ကိုယ္က မီးေတြေလာင္ၿပီးေတာ့ သူ႔အေရျပားေတြဆိုရင္ ႂကြပ္ေတာင္ႂကြပ္ေနပါေရာ။ ေခ်ာေခ်ာက ေခါင္းညိတ္ၿပီး

“သိန္းတန္ကို သူမ်ားသတ္သြားတာကြ၊ သူမ်ားသတ္သြားတာ”

“ဘယ္သူကမ်ား ဒီလိုရက္ရက္စက္စက္လုပ္သြားရတာလဲဗ်ာ”

ေခ်ာေခ်ာက ေခါင္းငုံ႔ၿပီးေတာ့ ေသေနတဲ့အေလာင္းေကာင္ႀကီးရဲ႕ ပါးစပ္ကို သူ႔ပါးစပ္နဲ႔ေတ့လိုက္ပါေရာဗ်ာ၊ ဒီအခါ ပါးစပ္ထဲကေန အရိပ္ႀကီးေတြကထြက္သြားၿပီး အေလာင္းေကာင္ႀကီးထဲကို ဝင္သြားတာကိုေတြ႕လိုက္ရတယ္၊ မၾကာခင္မွာပဲ မီးေလာင္ၿပီးေသထားတဲ့ အေလာင္းေကာင္ရဲ႕မ်က္ႏွာႀကီးက လႈပ္စိ လႈပ္စိျဖစ္လာပါေရာဗ်ာ၊ ဒီေတာ့မွ ေခ်ာေခ်ာက ပါးစပ္ကိုခြာလိုက္တယ္၊ အေလာင္းေကာင္က တဟြတ္ဟြတ္နဲ႔ ေခ်ာင္းဆိုးပါေရာ၊ သူ႔ပါးစပ္ထဲကေန မီးခိုးေငြ႕ေတြနဲ႔ ျပာေတြေတာင္ထြက္လာေသးတယ္ဗ်ာ။

“သိန္းတန္၊ မင္းဘယ္လိုျဖစ္တာလဲ”

ေခ်ာေခ်ာေမးလိုက္ေတာ့ အေလာင္းေကာင္ႀကီးက မ်က္လုံးကလယ္ကလယ္နဲ႔ လိုက္ၾကည့္ရင္း

“အကိုႀကီး၊ ဟာ၊ ညီေလးလည္းပါတာကိုး”

“အလြမ္းသယ္မေနနဲ႔ သိန္းတန္ရာ ငါတို႔အခ်ိန္သိပ္မရဘူး၊ မင္းကိုဘယ္သူလုပ္တာလဲ”

“က်ဳပ္ကိုလုပ္သြားတာက နဖူးေျပာင္ေျပာင္နဲ႔ အဘိုးႀကီးတစ္ေယာက္ပဲဗ်”

က်ဳပ္နဲ႔ ဘေသာင္းနဲ႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိတယ္။

“က်ဳပ္ေန႔လည္က အိမ္မွာေဆးတစ္ခုစီရင္ေနတဲ့အခ်ိန္မွာ အဲဒီအဘိုးႀကီးက အိမ္ေပၚကိုတက္လာတယ္ဗ်ာ၊ က်ဳပ္က ဧည့္သည္ဆိုၿပီးေတာ့ ဧည့္ခံေနလိုက္ပါေသးတယ္၊ အဘိုးႀကီးက က်ဳပ္ကိုတစ္ခြန္းပဲေမးတယ္ဗ်၊ စိန္သြားရွိလားလို႔ေမးတယ္”

ေခ်ာေခ်ာက ျပာျပာသလဲျဖစ္ၿပီးေတာ့

“ဟာ၊ ဒါနဲ႔မင္းက ထုတ္ေပးလိုက္ေရာလားကြ”

“ဘယ္ထုတ္ေပးပါ့မလဲ အကိုႀကီးရာ၊ က်ဳပ္တတ္သေလာက္ျပန္ခုခံတာေပါ့၊ ဒါေပမယ့္ ဒီလူႀကီးက မေခဘူးဗ်၊ သူ႔ေခါင္းေပၚကေန နဂါးနီႀကီးတစ္ေကာင္ထုတ္လႊတ္ၿပီးေတာ့ က်ဳပ္ကိုတိုက္တာပဲဗ်ာ၊ ေနာက္ေတာ့ နဂါးႀကီးက က်ဳပ္ကိုအျမႇီးနဲ႔႐ိုက္ထည့္လိုက္ေတာ့ က်ဳပ္ကိုယ္ႏွစ္ပိုင္းျပတ္ထြက္သြားတာပဲ၊ နဂါးပါးစပ္ထဲက မီးေတာက္မီးလွ်ံေတြထြက္လာၿပီး အိမ္ကိုမီးတိုက္ခဲ့တာ”

“ဒါဆို မင္းရဲ႕စိန္သြားေရာ သူတို႔လက္ထဲပါသြားၿပီလား”

“စိန္သြားကို က်ဳပ္က အပါခံပါ့မလား အကိုႀကီးရာ၊ အေဖ့ဆီက စိန္သြားႏွစ္ခုအေမြရေတာ့ အကိုႀကီးတစ္ခု က်ဳပ္တစ္ခုေလဗ်ာ၊ အေဖက အဲဒီစိန္သြားေတြကို ေသခ်ာသိမ္းရမယ္လို႔ မွာခဲ့တယ္မဟုတ္လား၊ မေကာင္းတဲ့လူေတြလက္ထဲေရာက္သြားရင္ မေကာင္းတာျဖစ္တတ္တယ္ဆိုတယ္မဟုတ္လား၊ ဒါေၾကာင့္ က်ဳပ္ေသေသခ်ာခ်ာထိန္းသိမ္းထားခဲ့ပါတယ္အကိုႀကီး”

“ငါ့စိန္သြားကေတာ့ မေကာင္းတဲ့ေကာင္လက္ထဲ ပါသြားၿပီေဟ့၊ ဒါနဲ႔ မင္းစိန္သြားက အခုဘယ္မွာလဲ”

“ေဟာဒီသုႆန္ထဲမွာ က်ဳပ္နာမည္နဲ႔ျမႇဳပ္ထားတဲ့ ေျမပုံကိုရွာပါအကိုႀကီး၊ အဲဒီေျမပုံကိုေတြ႕ရင္ စိန္သြားကိုေတြ႕ပါလိမ့္မယ္”

ေျပာၿပီးတာနဲ႔ လူေသေကာင္ႀကီးက ေတာင့္ေတာင့္ႀကီးျပန္ျဖစ္သြားပါေရာဗ်ာ၊ သူ႔ကိုယ္ထဲက အရိပ္တစ္ခုထြက္လာၿပီး ေခ်ာေခ်ာကိုယ္ထဲေဖာက္ဝင္သြားတယ္၊ ေခ်ာေခ်ာက လူေသေကာင္ကို ဇရပ္ၾကမ္းျပင္ေပၚကို ပစ္ခ်လိုက္ၿပီးေတာ့

“သူေျပာတာၾကားလိုက္တယ္မဟုတ္လား၊ ငါတို႔ ဒီသုႆန္ထဲ ျမန္ျမန္ရွာၾကရမယ္ကြ”

ဒါနဲ႔ က်ဳပ္တို႔အားလုံး သုႆန္ထဲလွည့္ေျပးၾကတာေပါ့ဗ်ာ၊ သုႆန္မွာေထာင္ထားတဲ့ မွတ္တိုင္ေတြကို တစ္ခုၿပီးတစ္ခုလိုက္ၾကည့္ၾကတာေပါ့၊ တစ္ခ်ိဳ႕မွတ္တိုင္အေဟာင္းေတြဆိုရင္ ဘာေတြေရးထားမွန္းေတာင္ ဖတ္လို႔မရေတာ့ဘူးဗ်၊ ဒါေပမယ့္ တစ္ေနရာေရာက္ေတာ့ သုႆန္အျပင္အစပ္နားက ခ်ဳံပုတ္ထဲမွာ မွတ္တိုင္ကေလးတစ္ခုကိုေတြ႕လိုက္ရပါေရာဗ်ာ။

“ဦးသိန္းတန္၊ အသက္ေလးဆယ္ဆိုပါလား”

က်ဳပ္က ဘေသာင္းကိုလက္ကုပ္ၿပီးေတာ့ အဲဒီေနရာကိုေခၚလာခဲ့တယ္၊ ေခ်ာေခ်ာလည္းေရာက္လာတယ္ဗ်၊ အခ်ိန္ကေတာ့ ညေနအေတာ္ေစာင္းၿပီး ေနဝင္ေတာ့မယ့္အခ်ိန္ေပါ့ဗ်ာ၊ ေနအလင္းေရာင္က ပတ္ဝန္းက်င္မွာေတာင္ သိပ္မရွိေတာ့ဘူးဗ်။ ဘေသာင္းက ခ်ဳံကိုရွင္းလိုက္ေတာ့ ေခ်ာေခ်ာက ေျမပုံကိုၾကည့္ၿပီးေခါင္းညိတ္သဗ်၊

“ဟုတ္တယ္၊ ဒါပဲျဖစ္ရမယ္”

ေခ်ာေခ်ာက ေျမႀကီးကိုလက္ညႇိဳးနဲ႔ထိုးၿပီး ႐ြတ္လိုက္တာနဲ႔ ေျမစိုင္ေျမသားေတြက သူ႔အလိုလိုဖြာတက္လာၿပီးေတာ့ ေဘးကိုယက္ဖယ္သြားသဗ်ာ၊ ဒီပညာကလည္းမဆိုးဘူးဗ်၊ လူေသျမႇဳပ္ဖို႔တြင္းတစ္တြင္းတူးတာ ဘယ္ေလာက္ပင္ပန္းသလဲဆိုတာ က်ဳပ္တို႔အသိဆုံးမဟုတ္လား၊ ဒီပညာရွိလို႔ကေတာ့ လက္ညႇိဳးတစ္ေခ်ာင္းနဲ႔ က်င္းတစ္က်င္းျဖစ္တယ္ဗ်ာ၊ ဒီပညာသာက်ဳပ္တတ္ရင္ေတာ့ ႐ြာျပန္ၿပီး တြင္းခ်ည္းတူးစားမွဗ်၊ ေရတြင္းေျပာပါတယ္ဗ်ာ။

ေခ်ာေခ်ာတူးၿပီး သိပ္မၾကာခင္မွာပဲ ပ်ဥ္းကတိုးသားခပ္ထူထူနဲ႔လုပ္ထားတဲ့ သစ္သားအေခါင္းႀကီးေပၚလာခဲ့တယ္ဗ်၊ အေခါင္းကို ေရနံေခ်းေတြသုတ္ထားလို႔ အေခါင္းႀကီးက မည္းနက္ေနပါေရာဗ်ာ၊ ေခ်ာေခ်ာလက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေတာ့ အေခါင္းဖုံးက ဝုန္းခနဲေဘးကိုလန္ပြင့္သြားေတာ့တယ္၊ က်ဳပ္လည္း သိခ်င္လို႔ က်င္းထဲငုံ႔ၾကည့္ေတာ့ အေခါင္းထဲမယ္ တစ္ေတာင္ေလာက္ရွိတဲ့ ဝါးဆစ္ဘူးကေလးက လြဲၿပီးေတာ့ ဘာမွကိုမရွိဘူးဗ်။

ေခ်ာေခ်ာက ေျမေပၚကေန ဝါးဆစ္ဘူးဆီကိုလက္လွမ္းတဲ့အခ်ိန္မွာ ဝါးဆစ္ဘူးကေလးက ဝွစ္ခနဲခုန္ထၿပီး ေခ်ာေခ်ာလက္ထဲကိုေရာက္လာပါေရာဗ်ာ၊ ေခ်ာေခ်ာက ဝါးဆစ္ဘူးကို ဆုပ္ကိုင္လိုက္ေပမယ့္ ဝါးဆစ္ဘူးနဲ႔သူ႔လက္နဲ႔ထိတဲ့အခါ ရွဲခနဲအသံျမည္သြားၿပီးေတာ့ ဝါးဆစ္ဘူးလည္း လႊတ္က်သြားတယ္၊ ေဘးက ၾကည့္ေနတဲ့က်ဳပ္က လက္ျမန္လို႔ေပါ့ဗ်ာ၊ ေခ်ာေခ်ာလက္ထဲက ဝါးဆစ္ဘူးအက်မွ က်ဳပ္က လွမ္းဖမ္းထားလိုက္တယ္။

ဝါးက ဝါးနက္သားဗ်၊ ဝါးဆစ္က အေပၚပိတ္၊ ေအာက္ပိတ္ပဲ၊ ဝါးဆစ္ေအာက္ဘက္ တစ္ေနရာမွာေတာ့ အံဝွက္လိုတစ္ခုပါတယ္ဗ်၊ ဘေသာင္းက က်ဳပ္ကိုဆြဲဖြင့္ခိုင္းတာနဲ႔ က်ဳပ္ဆြဲဖြင့္လိုက္တဲ့အခါ ဝါးဆစ္ဘူးကေလွ်ာခနဲထြက္လာၿပီးေတာ့ အထဲမွာ ဘုရားစိန္ဖူးေတာ္လို႔ စိန္အကြက္အကြက္ေတြေသြးထားတဲ့ စိန္ဖူးတစ္ခုကိုေတြ႕လိုက္ရတာပါပဲဗ်ာ။

“ဒါ၊ ဒါက စိန္သြားဆိုတာလား”

ဘေသာင္းေရာ၊ ေခ်ာေခ်ာပါ ေခါင္းကိုၿပိဳင္တူညိတ္ၾကတယ္။

“ခင္ဗ်ားတို႔စိန္သြားကလည္း ဘုရားစိန္ဖူးေတာ္နဲ႔တူလိုက္တာဗ်ာ”

“တူမွာေပါ့ကြ၊ အဲဒါဘုရားစိန္ဖူးေတာ္ပဲကိုး”

“ဟာဗ်ာ၊ ဘုရားစိန္ဖူးေတာ္ကို ခင္ဗ်ားတို႔က ဘာလုပ္ထားတာလဲဗ်”

“ဒီဘုရားေတြဆိုတာ ေလာကီအစီအရင္ေတြနဲ႔ တည္ခဲ့တဲ့ ၿမိဳ႕ေစာင့္ဘုရားႏွစ္ဆူပဲကြ၊ ေရွးက ၿမိဳ႕ေတြ၊ နန္းေတြတည္ရင္ ၿမိဳ႕ဦးေစတီ၊ နန္းဦးေစတီဆိုၿပီးေတာ့ ေစတီတည္ေလ့ရွိတယ္မဟုတ္လား၊ အဲဒီအခါ ဒီၿမိဳ႕ေတြ နန္းေတာ္ေတြ လုံၿခဳံေအာင္ဆိုၿပီးေတာ့ ေစတီထဲမွာ အစီအရင္ေတြထည့္ထားတတ္ၾကတယ္၊ ဒီစိန္ဖူးေတာ္ေတြက ပင္လယ္ၿမိဳ႕ဦးေစတီနဲ႔ နန္းဦးေစတီက စိန္ဖူးေတာ္ေတြပဲ၊ ေရွးက စစ္မက္ျဖစ္ၾကရင္း ပင္လယ္ၿမိဳ႕ကို ဝိုင္းရံတိုက္ၾကတာ ၿမိဳ႕မက်ဘဲ ရွိတာမို႔လို႔ လူယုံသူလွ်ိဳထည့္ၿပီး ေဟာဒီဘုရားႏွစ္ဆူက ထီးေတာ္ကိုခ်ၿပီး ဘုရားကိုခ်ရားသီးအထိၿဖိဳမွ တိုက္ခိုက္ရတယ္တဲ့ကြာ”

“ေၾသာ္၊ က်ဳပ္သိၿပီ၊ က်ဳပ္အရင္က စာထဲဖတ္ဖူးတယ္၊ ေတာင္ငူၿမိဳ႕ကိုတိုက္တာ မက်လို႔ ျမတ္ေစာညီေနာင္ဘုရားက ထီးေတာ္ခ်ရတယ္ဆိုတာမ်ိဳးေပါ့”

“ဒါေပါ့ကြာ၊ ေဟာဒီ ပင္လယ္ဘုရားႏွစ္ဆူရဲ႕ ထီးေတာ္ကို မထင္မွတ္ပဲ ကေဝရွင္ေတြက ရသြားတယ္ကြ၊ ကေဝရွင္အဆက္ဆက္ လက္ဆင့္ကမ္းလာရင္း ေနာက္ဆုံး ငါတို႔အေဖဆီေရာက္တာေပါ့ကြာ၊ ေဟာဒီစိန္သြားေတြကို အထင္မေသးနဲ႔ကြာ၊ ဒီစိန္သြားနဲ႔ေဖာက္ရင္ မေပါက္တဲ့သိုက္မရွိဘူး၊ ဘုရားသိုက္ေတြေတာင္မွ ေပါက္သတဲ့ကြ၊ ဒါေၾကာင့္ မေကာင္းတဲ့လူလက္ထဲ ေရာက္လို႔မရဘူးလို႔ ေျပာတာေပါ့”

ဝါးဆစ္ဘူးကို က်ဳပ္ကေသခ်ာကိုင္ထားလိုက္တယ္၊ ဘေသာင္းက ေသသြားတဲ့သူ႔အကိုလတ္ သိန္းတန္ရဲ႕အေလာင္းကို ယူလာၿပီးေတာ့ ခုနကအေခါင္းအလြတ္ႀကီးထဲကို ပစ္ထည့္ၿပီးအေခါင္းကိုပိတ္လိုက္ေတာ့တယ္။

“အကိုလတ္ေရ၊ အခုမွပဲ ေနရာက်သြားေတာ့တာေပါ့ဗ်ာ”

ေခ်ာေခ်ာက ေျမႀကီးေတြကိုျပန္ဖို႔လိုက္ေတာ့ ေျမပုံကလည္း ျပန္ဖို႔ၿပီးသားျဖစ္သြားပါေရာဗ်ာ၊ မွတ္တိုင္ကိုျပန္စိုက္လိုက္ၿပီးေတာ့ က်ဳပ္တို႔ေတြ သုႆန္ထဲကထြက္ခဲ့တယ္။

“အခုဘယ္လိုလုပ္ၾကမလဲဟင္ ကိုဘေသာင္း”

“ဘယ္လိုလုပ္ရမွာလဲကြာ၊ ေနာက္ထပ္ စိန္သြားတစ္ခုကို သြားျပန္ယူရမွာေပါ့ကြ”

“ဒါဆိုလည္း ခပ္ျမန္ျမန္ကေလး သြားၾကတာေပါ့ဗ်ာ”

ေခ်ာေခ်ာက

“မိုးခ်ဳပ္လာၿပီဆိုေတာ့ လမ္းေလွ်ာက္စရာမလိုေတာ့ပါဘူးကြာ”

အဲဒီလိုေျပာၿပီးေတာ့ ေခ်ာေခ်ာက က်ဳပ္ရဲ႕ဂုတ္ကို လက္တစ္ဖက္နဲ႔ဆြဲကိုင္လိုက္တယ္၊ တစ္ခါ ဘေသာင္းရဲ႕ဂုတ္ကိုလည္း ေနာက္လက္တစ္ဖက္နဲ႔ဆြဲလိုက္ၿပီး အေမွာင္ရိပ္တစ္ခုထဲကို ခုန္ဝင္လိုက္ပါေရာဗ်ာ၊ သူခုန္ဝင္တာက အေမွာင္ရိပ္ဆိုေပမယ့္ က်ဳပ္တို႔ျဖင့္ ေလဟာနယ္ႀကီးတစ္ခုထဲကို ျပဳတ္က်သြားသလိုပါပဲ။

(၃)

မၾကာခင္ အလင္းေရာင္ေတြကိုျပန္ျမင္ရတယ္၊ က်ဳပ္တို႔ေရာက္ေနတဲ့ေနရာကေတာ့ ငေထရွင္တို႔ေနထိုင္တဲ့ ၿခံႀကီးအေရွ႕ကိုပဲဗ်။ က်ဳပ္တို႔ေရာက္သြားတယ္ဆိုရင္ပဲ ၿခံအေရွ႕မွာ လူႀကီးတစ္ေယာက္ေရာက္ေနသဗ်။ က်ဳပ္သူ႔ကိုလွမ္းေခၚလိုက္တယ္။

“ဟာ၊ ဆရာႀကီး ဦးေအာင္ရွိန္ေတာင္ ေရာက္ေနပါေရာလား”

ဦးေအာင္ရွိန္က က်ဳပ္ကိုလွည့္ၾကည့္ရင္း

“ေစာနကမွ ေရာက္တာပါကြာ”

“ဘာထူးလဲဗ်”

ဦးေအာင္ရွိန္က ေခါင္းခါရင္း

“ေလာေလာဆယ္ေတာ့ တိတ္ဆိတ္ေနတာပဲေဟ့၊ ဒါေပမယ့္ ဒီလိုတိတ္ဆိတ္တာ မေကာင္းဘူးကြ၊ မၾကာခင္ မုန္တိုင္းထန္သလို ျဖစ္လာေတာ့မယ့္အရိပ္အေျခပဲ”

က်ဳပ္က ဘေသာင္းကိုလက္ညႇိဳးထိုးလိုက္ၿပီး

“ေဟာဒါက ကေဝရွင္ဘေသာင္းတဲ့ဗ်”

ဘေသာင္းက ဦးေအာင္ရွိန္ကိုၿပဳံးျပေပမယ့္ ဦးေအာင္ရွိန္ကေတာ့ ဘေသာင္းကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္လိုက္တယ္။

“ကေဝရွင္ေတြက ေကာင္းတဲ့လူေတြမဟုတ္ဘူးေနာ္အလတ္ေကာင္”

“အိုဗ်ာ၊ ဘာပဲျဖစ္ျဖစ္ အခုသူက က်ဳပ္တို႔ဘက္ကပဲမဟုတ္လား၊ ဒီေတာ့ ေကာင္းတယ္လို႔ ေျပာလို႔ရပါတယ္”

“သာဒင္၊ မင္းဘယ္လိုစီစဥ္ထားလဲ”

ဦးေအာင္ရွိန္ကလွမ္းေမးလိုက္ေတာ့ ဦးဘသာက ေတြေတြႀကီးၾကည့္ေနသဗ်၊ က်ဳပ္လည္း ဦးေအာင္ရွိန္အနားကိုကပ္လိုက္ၿပီးေတာ့

“အဲဒီကိစၥေတြ ေနာက္မွေျပာျပမယ္ဗ်ာ၊ ေလာေလာဆယ္ေတာ့ ဦးဘသာက ဦးဘသာမဟုတ္ေသးဘူးဗ်”

“ထားပါေတာ့ အခုငါတို႔ဘယ္လိုလုပ္မယ္စိတ္ကူးလဲ”

ေခ်ာေခ်ာက

“ငါတို႔မွာ စိန္သြားတစ္ခုရွိတယ္၊ ငါတို႔ညီအကိုေတြ အဲဒီငေထရွင္ဆိုတဲ့လူကို မွ်ားေခၚၿပီး အာ႐ုံလႊဲထားမယ္၊ ဒီအခ်ိန္စိန္သြားနဲ႔ၿခံကိုေဖာက္ၿပီးခင္ဗ်ားတို႔ ၿခံထဲဝင္ရမယ္”

ဦးေအာင္ရွိန္က ေခါင္းညိတ္ရင္း

“ဘုရားပ်ံျဖစ္မယ့္ မိသက္နဲ႔ ေၾကးစည္ကေလးကို ျပန္ယူရမယ္”

ေခ်ာေခ်ာက

“က်ဳပ္ရဲ႕စိန္သြားကိုပါ ျပန္ယူခဲ့ရမယ္”

အားလုံးသေဘာတူၿပီးေတာ့ ေခါင္းညိတ္လိုက္ၾကေတာ့တယ္၊ ဒီအခ်ိန္ ၿခံတံခါးႀကီးက ကြၽီခနဲတစ္ခ်က္ျမည္ၿပီးေတာ့ ပြင့္လာၿပီး အထဲက လူႏွစ္ေယာက္ထြက္လာတယ္ဗ်၊ တစ္ေယာက္ေတာ့ ဦးဖိုးထူး၊ ေနာက္တစ္ေယာက္ကေတာ့ မေ႐ႊေတာင္ေပါ့ဗ်ာ။

“ေၾသာ္၊ လူေတာင္စုံေနၿပီပဲ၊ လူစုံရင္ ပြဲစလို႔ရၿပီေပါ့”

ေခ်ာေခ်ာက မေ႐ႊေတာင္ကိုလက္ညႇိဳးထိုးၿပီး

“ဟဲ့ေကာင္မ၊ ငါ့စိန္သြားကို နင္တို႔ယူထားတယ္မဟုတ္လား၊ အဲဒါငါ့ကိုျပန္ေပးစမ္း”

“ရွင္တို႔အစြမ္းအစရွိရင္ လာယူလွည့္ေပါ့ရွင္”

မေ႐ႊေတာင္ေျပာလိုက္တာနဲ႔ ေခ်ာေခ်ာက အေရွ႕ကိုခုန္တက္သြားၿပီးေတာ့ မေ႐ႊေတာင္ကို အနက္ေရာင္မီးခိုးလုံးႀကီးတစ္လုံးနဲ႔ပစ္ထည့္လိုက္တယ္ဗ်၊ အနက္ေရာင္မီးခိုးလုံးႀကီးရဲ႕အထဲမွာေတာ့ အ႐ိုးေခါင္းပုံစံ ေခါင္းႀကီးတစ္ခုပါသဗ်ာ၊ မေ႐ႊေတာင္က ဒီအလုံးႀကိးကို သူ႔လက္ဝါးနဲ႔ကာထားလိုက္တယ္။ ေနာက္ေတာ့ ဦးဖိုးထူးဘက္ကိုလွည့္ၾကည့္ၿပီး

“ဖိုးထူး၊ ရွင္ဘာလုပ္ေနတာလဲ”

မေ႐ႊေတာင္ေအာ္လိုက္ေတာ့မွ ဦးဖိုးထူးက ဟိတ္ခနဲတစ္ခ်က္ေအာ္လိုက္ၿပီးေတာ့ အေရွ႕ကိုေျပးဝင္လာတယ္ဗ်၊ ေျပးတာကလည္း ျမန္လိုက္တာဗ်ာ၊ မ်က္စိတစ္မွိတ္ေတာင္မၾကာပါဘူး၊ က်ဳပ္အေရွ႕ကိုေရာက္လာတယ္၊ ဦးဖိုးထူးလက္ဝါးႀကိးက နီရဲတက္လာၿပီးေတာ့ က်ဳပ္ရင္ဝကို ေဆာင့္တြန္းလိုက္မယ္အလုပ္မွာပဲ ဦးဖိုးထူးေက်ာကုန္းကို တခြၽင္ခြၽင္နဲ႔ ေၾကးျပားကေလးေတြ ဝိုင္းေျပးကပ္ၾကတယ္ဗ်။

ေျဗာက္အိုးေဖာက္သလို တေဖာင္းေဖာင္းနဲ႔ေပါက္ထြက္သြားၿပီး ဦးဖိုးထူးက လြင့္ထြက္သြားပါေရာဗ်ာ၊ ဒီအခါ ကေဝရွင္ဘေသာင္းက ရယ္ေမာရင္း

“ဟား၊ ဟား ကေဝရွင္ရဲ႕အေရွ႕မွာ စုန္းပညာသုံးရဲတယ္ဆိုတာ မိုက္႐ူးရဲဆန္တာလား၊ သတၱိေကာင္းလြန္းတာလားဗ်ာ”

ဦးဖိုးထူးက ေျမႀကီးကေနကုန္းထတယ္ဗ်၊ မတ္တပ္ရပ္ၿပီးတာနဲ႔ လက္ထဲကေန အလင္းတန္းတစ္ခုကိုထုတ္လိုက္ပါေရာဗ်ာ၊ ဒီအခ်ိန္ပဲ ကေဝေထာင္ေခ်ာက္ေတြက တခြၽင္ခြၽင္နဲ႔ပ်ံသန္းလာၿပီးေတာ့ ဦးဖိုးထူးကို ေျပးထိၾကတယ္၊ ေထာင္ေခ်ာက္အခုႏွစ္ဆယ္ေလာက္ ထိၿပီးတဲ့အခါ ဦးဖိုးထူးတစ္ေယာက္ အဝတ္အစားေတြစုတ္ျပတ္သပ္ကုန္ၿပီး ေတာ္ေတာ္အထိနာသြားပါေရာ၊ မေ႐ႊေတာင္က ဦးဖိုးထူးကို တစ္ခ်က္စိုက္ၾကည့္ရင္း

“ရွင္ေတာ္ေတာ္အသုံးမက်တဲ့လူပဲ ဖိုးထူး၊ ဒီအသက္ဒီအ႐ြယ္ေရာက္ေနၿပီ ဘာမွကိုအျဖစ္မရွိဘူး၊ ဒါေၾကာင့္ ရွင့္ရဲ႕ေနာက္မွေမြးတဲ့ေအာင္ရွိန္က ရွင့္ထက္အမ်ားႀကီးပိုစြမ္းေနတာ”

မေ႐ႊေတာင္စကားၾကားလိုက္တာနဲ႔ ဦးဖိုးထူးက တဂီးဂီးတဂါးဂါးနဲ႔ထေအာ္လိုက္တယ္၊ မေ႐ႊေတာင္စကားက ဦးဖိုးထူးရဲ႕ေဒါသကို ပိုဆြေပးလိုက္သလိုမ်ိဳးျဖစ္သြားတယ္ထင္ပါတယ္ဗ်ာ၊ ဦးဖိုးထူးက ဦးေအာင္ရွိန္ကိုလက္ညႇိဳးထိုးၿပီး

“ေအာင္ရွိန္၊ မင္းငါ့ထက္မသာရဘူး၊ မင္းငါ့ထက္ ပညာေတြမတတ္ရဘူးကြ၊ မင္းဟာ ငါ့တပည့္၊ ငါ့ေနာက္မွ ဒီလမ္းကိုေလွ်ာက္တာ၊ ဒါေၾကာင့္ မင္းငါ့ထက္ ပညာေတြပိုမစြမ္းရဘူးကြ”

“ဒီမွာ ဦးဖိုးထူး၊ က်ဳပ္က ခင္ဗ်ားေနာက္မွ ဒီလမ္းကိုေရာက္ခဲ့တယ္ဆိုတာမွန္တယ္၊ ဒါေပမယ့္ ခင္ဗ်ားရဲ႕တပည့္ဘယ္တုန္းကမွ မဟုတ္ခဲ့ဘူး၊ က်ဳပ္လမ္းကို က်ဳပ္ဖာသာေလွ်ာက္ေနတဲ့လူ၊ ခင္ဗ်ားနဲ႔က်ဳပ္နဲ႔ လမ္းခ်င္းမတူမွန္းသိလိုက္တဲ့အခ်ိန္ကတည္းက က်ဳပ္နဲ႔ခင္ဗ်ားဟာ အမ်ားႀကီးကြဲလြဲသြားခဲ့ၿပီ”

“မဟုတ္ဘူး၊ ဘာမွမဟုတ္ဘူး၊ မင္းက ဘာေကာင္မွမဟုတ္ဘူးေအာင္ရွိန္၊ ငါဘယ္ေလာက္စြမ္းတယ္ဆိုတာ မင္းကိုျပရမယ္၊ မင္းကိုျပရမယ္ကြ”

ဦးဖိုးထူးက ေျပာေျပာဆိုဆိုနဲ႔ သူ႔အက်ႌကိုဆြဲၿဖဲလိုက္တယ္၊ ဒီအခါ သူ႔ရင္ဘတ္မွာ ဘီလူးေခါင္းပုံႀကီး ေဆးထိုးထားသဗ်ာ၊ ဘီလူးေခါင္းက မ်က္လုံးႀကီးက တျဖည္းျဖည္းနဲ႔ နီရဲလာတယ္ဆိုရင္ပဲ ဦးဖိုးထူးရဲ႕မ်က္လုံးကလည္း နီရဲေတာက္လာပါေရာဗ်ာ။ ဦးဖိုးထူးက သူ႔ညာဘက္လက္ကို ေလေပၚေျမႇာက္တင္လိုက္တဲ့အခါ အစိမ္းေရာင္စြမ္းအင္ေတြက သူ႔လက္မွာစုစည္းလာၿပီးေတာ့ လက္ထဲမွာပဲ တင္းပုတ္ႀကီးတစ္လက္အျဖစ္ေျပာင္းလဲသြားပါေရာ၊ ဒီအခါ ဘေသာင္းေထာင္ထားတဲ့ ကေဝေထာင္ေခ်ာက္ေတြက တခြၽင္ခြၽင္နဲ႔ပ်ံသန္းလာၾကၿပီး ဦးဖိုးထူးကိုယ္လုံးကိုေျပးကပ္ၾကတယ္ဗ်ာ၊ ကေဝေထာင္ေခ်ာက္ေတြ အမ်ားႀကီးေျပးကပ္ၿပီး သိပ္မၾကာပါဘူး ဝုန္းခနဲေပါက္ကြဲသြားေတာ့တာပါပဲ၊ ဦးဖိုးထူးကေတာ့ ဘာဆိုဘာမွမျဖစ္ဘူးဗ်။

“ယကၡစိမ္းတဲ့ေဟ့”

ဦးဖိုးထူးက တစ္ခ်က္ေအာ္ဟစ္ၿပိးေတာ့ ဦးေအာင္ရွိန္ကို တင္းပုတ္နဲ႔ေျပးထုတာပဲဗ်ာ။ ဦးေအာင္ရွိန္က လက္ဝါးနဲ႔တစ္ခ်က္ပင့္ခံလိုက္ေတာ့ ဒိန္းခနဲအသံျမည္ၿပီး ဦးဖိုးထူးက လြင့္ထြက္သြားတယ္၊ ဦးဖိုးထူးလည္း ေတာ္ေတာ္နာသြားပုံရသလို ဦးေအာင္ရွိန္လည္း လက္နာသြားတဲ့ပုံစံပဲဗ်။

ဒီဘက္မွာလည္း မေ႐ႊေတာင္နဲ႔ ေခ်ာေခ်ာနဲ႔က တဝုန္းဝုန္းနဲ႔ေဆာ္ေနၾကတာပါပဲဗ်ာ၊ ဘေသာင္းနဲ႔က်ဳပ္နဲ႔ကေတာ့ သူတို႔တိုက္ခိုက္ေနတာေတြကို လႊတ္ေအာင္ၾကည့္ေရွာင္ေနရတာပါပဲ။ တိုက္ေနရင္း တစ္ခ်ိန္ေရာက္ေတာ့ ေခ်ာေခ်ာတစ္ေယာက္ မေ႐ႊေတာင္ပစ္လႊတ္လိုက္တဲ့ စက္လက္နက္ေတြထိၿပီးေတာ့ အေနာက္ကိုလြင့္ထြက္သြားတာပါပဲဗ်ာ၊ ေျမျပင္ေပၚမွာ ေခြေခြကေလးက်ၿပီးေတာ့ ေခ်ာေခ်ာက ၿငိမ္က်သြားသဗ်၊ က်ဳပ္က ေခ်ာေခ်ာဆီကိုေျပးသြားၿပိးေတာ့ လႈပ္နးေပမယ့္လည္း ေခ်ာေခ်ာက တုတ္တုတ္ေတာင္မလႈပ္ဘူးဗ်ိဳ႕။

မေ႐ႊေတာင္က က်ဳပ္ဆီကိုလမ္းေလွ်ာက္လာတယ္၊ ဒီအခါ ဘေသာင္းက က်ဳပ္အေရွ႕မွာပိတ္ရပ္လိုက္တယ္။ သူ႔လက္ကလည္း ေႁမြေတာင္ေဝွးကို လက္ႏွစ္ဖက္နဲ႔ က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားတယ္။ မေ႐ႊေတာင္က တဟင္းဟင္းနဲ႔ရယ္ရင္း

“နင္က ငါ့ၿပိဳင္ဘက္မဟုတ္ဘူး၊ ကေဝရွင္”

“ဘာပဲျဖစ္ျဖစ္ က်ဳပ္ကေတာ့ ခင္ဗ်ားကိုရေအာင္တားမွာပဲ”

မေ႐ႊေတာင္ႏွစ္ခ်က္ေလာက္ပစ္လိုက္တဲ့အခါ ဘေသာင္းလည္း ေသလုေျမာပါးျဖစ္သြားေတာ့တာပါပဲဗ်ာ၊ က်ဳပ္လည္းမေနသာေတာ့ဘူးဗ်၊ မေ႐ႊေတာင္က က်ဳပ္အေရွ႕ေရာက္လာတာနဲ႔ က်ဳပ္က ေတာင္ေဝွးနဲ႔လွမ္း႐ိုက္ထည့္လိုက္တယ္။ မေ႐ႊေတာင္က က်ဳပ္မ်က္စိေရွ႕ကေန လွစ္ခနဲေပ်ာက္သြားၿပီးေတာ့ က်ဳပ္ေဘးကိုေရာက္လာတယ္ဗ်၊ က်ဳပ္လက္ထဲက ဝါးဆစ္ဘူးကို လာဆြဲတာေပါ့၊ က်ဳပ္ကလည္း အတင္းျပန္ဆြဲထားရတယ္၊ မေ႐ႊေတာင္က က်ဳပ္ရင္ဘတ္ကို လက္ဝါးတစ္ခ်က္႐ိုက္ထည့္လိုက္ေတာ့ က်ဳပ္အေနာက္ကိုလြင့္ထြက္သြားၿပီး ဝါးဆစ္ဘူးကေလးကလည္း မ႐ႊႊေေတာင္ဆီကိုပါသြားပါေရာလား။

“ဦးဘသာ၊ ဦးဘသာ”

က်ဳပ္အသံနက္ႀကီးနဲ႔ ေအာ္လိုက္မိတယ္၊ မေ႐ႊေတာင္က ဝါးဆစ္ဘူးကေလးကို ေသခ်ာကိုင္ၿပီး တိုက္ပြဲထဲကေန တစ္လွမ္းခ်င္းထြက္သြားပါေရာ၊ ဦးေအာင္ရွိန္ကေတာ့ ဘီလူးျဖစ္ေနတဲ့ ဦးဖိုးထူးနဲ႔တိုက္ခိုက္ေနတာဆိုေတာ့ ဘယ္လိုမွမအားဘူးဗ်ာ၊ ဘေသာင္းၾကည့္ေတာ့လည္း ပက္လက္၊ က်ဳပ္လည္း ပက္လက္လန္ေနၿပီဗ်၊ ဒီအခါ ေခ်ာေခ်ာရဲ႕မ်က္လုံးေတြက ျဖတ္ခနဲပြင့္သြားတယ္၊ ေနာက္ေတာ့ ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး

“အလတ္ေကာင္၊ အလတ္ေကာင္”

လို႔ေခၚရင္း က်ဳပ္ဆီေရာက္လာသဗ်ာ၊ က်ဳပ္က မေ႐ႊေတာင္ကိုလက္ညႇိဳးၫႊန္ရင္း

“က်ဳပ္က ရပါတယ္ဦးဘသာရာ၊ ဟိုမွာ ဟိုမွာ ပါသြားၿပီဗ်”

ဦးဘသာက မတ္တပ္ရပ္လိုက္ၿပီး

“ဟဲ့ မေ႐ႊေတာင္၊ ငါ့ကိုအဲဒီဝါးဆစ္ဘူး ျပန္ေပးစမ္း”

မေ႐ႊေတာင္က တစ္ခ်က္လွည့္္ႀကီးၿပီးေတာ့ ၿပဳံးရင္းဆက္ေလွ်ာက္သြားတယ္၊ ဒီအခါ ဦးဘသာက ဝွစ္ခနဲအနက္ေရာင္အရိပ္ႀကီးျဖစ္ၿပီး မေ႐ႊေတာင္အေနာက္ကိုေရာက္သြားပါေရာဗ်ာ၊ တကယ္ကိုျမန္တာဗ်။ မေ႐ႊေတာင္ကလည္း လွ်င္ၿပီးသားပဲဗ်ာ၊ လက္ျပန္တစ္ခ်က္နဲ႔ပိတ္႐ိုက္ထည့္လိုက္ေတာ့ ဦးဘသာမွာ အေနာက္ကိုျပန္လြင့္လာပါေရာ။

“ရွင့္အစြမ္းေလာက္နဲ႔ က်ဳပ္ကိုႏိုင္မွာတဲ့လား”

ဦးဘသာက အံ့ႀကိတ္ၿပီးေတာ့ လက္ႏွစ္ဖက္ကို ေဘးကိုဆန႔္တန္းလိုက္တယ္၊ ဒီအခ်ိန္ မေ႐ႊေတာင္ရဲ႕အေရွ႕မွာ မွန္ခ်ပ္ႀကီးတစ္ခ်ပ္ေပၚလာပါေရာဗ်ာ၊ ဘဲဥပုံမွန္ခ်ပ္ႀကီးတစ္ခ်ပ္ဗ်၊ ေလးေပေလာက္ေတာ့ ရွိမယ္၊ မွန္ေဘာင္မွာလည္း ကႏုတ္ပန္းေတြပါတယ္၊ ဒါေပမယ့္ ထူးျခားတာက မွန္ႀကီးရဲ႕အထဲမွာ မွန္ခ်ပ္မပါဘဲ အရိပ္လို အနက္ေရာင္ႀကီးေတြဘဲ ပါတာဗ်။ မေ႐ႊေတာင္က မွန္ကိုၾကည့္ၿပီးသြားတာနဲ႔ မ်က္လုံးကိုစုံမွိတ္ခ်လိုက္တယ္။

“ဒါ . . .ဒါ အရိပ္မွန္ခ်ပ္ပဲ”

ဦးဘသာက တဟားဟားနဲ႔ရယ္ရင္း

“ေအး၊ အရိပ္မွန္ခ်ပ္ကို နင္ၾကည့္လိုက္မိၿပီ၊ နင္ၾကည့္လိုက္မိၿပီ မေ႐ႊေတာင္ရဲ႕”

မေ႐ႊေတာင္က အေနာက္ကိုဆုတ္လိုက္တယ္၊ ဒီအခါ မွန္ခ်ပ္ထဲကေန လူတစ္ေယာက္က တိုးထြက္လာပါေရာ၊ ထြက္လာတဲ့လူက မေ႐ႊေတာင္ပုံစံပါပဲ၊ လူပုံေတာ့မဟုတ္ဘူးဗ်၊ အရိပ္ပုံစံမဲမဲႀကီးပါ၊ အဲဒီလူက ထြက္လာၿပီးေတာ့ မေ႐ႊေတာင္ကို တိုက္ပါေလေရာဗ်ာ၊ မေ႐ႊေတာင္တိုက္တဲ့အကြက္အတိုင္း သူက လိုက္တိုက္တာဗ်။

မေ႐ႊေတာင္ကလည္း ေခသူမဟုတ္တာပဲဗ်ာ၊ အဲဒီမွန္ခ်ပ္ႀကီးကို စက္လက္နက္နဲ႔ပစ္ထည့္လိုက္ေတာ့ မွန္ခ်ပ္ႀကီးကြဲထြက္သြားၿပီး အရိပ္နက္ပါေပ်ာက္သြားေတာ့တယ္၊ မေ႐ႊေတာင္က ဦးဘသာကို မထိတထိၿပဳံးၿပီးလွည့္အၾကည့္မွာ ဦးဘသာက ေနာက္မွန္ခ်ပ္ႀကီးတစ္ခ်ပ္ကို မေ႐ႊေတာင္ရဲ႕မ်က္ႏွာအေရွ႕မွာ ထပ္ၿပီးေဖာ္ေပးလိုက္တယ္။ မေ႐ႊေတာင္က ခ်က္ခ်င္းအေနာက္ကိုျပန္လွည့္ေတာ့ သူ႔အေနာက္မွာလည္း မွန္ခ်ပ္တစ္ခ်ပ္ ထပ္ေဖာ္ပါေရာ၊ ခဏအတြင္းမွာပဲ မေ႐ႊေတာင္ပတ္ပတ္လည္ရွစ္မ်က္ႏွာမွာ မွန္ခ်ပ္ရွစ္ခ်ပ္ေပၚလာၿပီးသားျဖစ္သြားတယ္၊ မေ႐ႊေတာင္လွည့္စရာမရွိေတာ့ဘဲ သူ႔ကိုမွန္ခ်ပ္ႀကီးေတြက ဝိုင္းထားၾကတယ္ဗ်ာ။

“ဟဲ့ မေ႐ႊေတာင္၊ နင့္လိုပုံစံတူတစ္ေယာက္ကိုပဲ နင္ႏိုင္ရင္ႏိုင္မယ္၊ ဒါေပမယ့္ နင့္လိုပုံစံတူရွစ္ေယာက္ကို နင္ႏိုင္ပါ့မလားဟ”

ေျပာေနတုန္း မွန္ခ်ပ္ႀကီးေတြအထဲကေန အရိပ္နက္ႀကီးေတြထြက္ၿပီးေတာ့ ေဆာ္ပါေလေရာဗ်ာ၊ ရွစ္ခုဆိုေတာ့လည္း မေ႐ႊေတာင္အဖို႔သိပ္ေတာ့မလြယ္ဘူးေပါ့၊ အရိပ္နက္ႀကီးတစ္ခုက မေ႐ႊေတာင္လက္ထဲကိုင္ထားတဲ့ ဝါးဆစ္ဘူးကိုလွမ္းယူၿပိးေတာ့ ဦးဘသာဆီကိုပစ္ေပးလိုက္တယ္၊ ဦးဘသာက ဝါးဆစ္ဘူးကိုဖမ္းကိုင္လိုက္ေပမယ့္ သူတကယ္မကိုင္ႏိုင္ပါဘူး၊ ဒါေၾကာင့္ က်ဳပ္ကပဲ ကိုင္ထားေပးလိုက္ရေတာ့တယ္။

မေ႐ႊေတာင္က သူ႔အရိပ္ေတြနဲ႔သူ တိုင္ပတ္ေနတဲ့အခ်ိန္ ဦးေအာင္ရွိန္ကလည္း ဦးဖိုးထူးကို ႏိုင္သြားတယ္ဗ်၊ ဦးဖိုးထူးက တင္းပုတ္ႀကီးနဲ႔တစ္ခ်က္အထုမွာ ဦးေအာင္ရွိန္က တင္းပုတ္ခ်က္ကို ခုန္ေရွာင္လိုက္ၿပီး အဲဒီတင္းပုတ္ေပၚကေနတဆင့္ ဦးဖိုးထူးရဲ႕ေခါင္းဆီေျပးသြားရင္း သူ႔လက္ထဲက ပုတီးကုံးနဲ႔ ဦးဖိုးထူးငယ္ထိပ္ကို ႐ိုက္ခ်လိုက္ပါေရာ၊ အင့္ခနဲအသံျမည္ၿပီးေတာ့ ဦးဖိုးထူးတစ္ေယာက္ ေျမျပင္ေပၚကို ေမွာက္ခုံက်သြားၿပီး ၿငိမ္သြားေတာ့တာပါပဲ။

ေနာက္ဆုံးေတာ့ မေ႐ႊေတာင္တစ္ေယာက္ထဲက်န္ေတာ့တယ္။ ဦးဘသာက ဦိးေအာင္ရွိန္ဘက္ကိုလွည့္ၾကည့္ရင္း

“ကဲေဟ့၊ ေနာက္ဆုံးက်န္တဲ့တစ္ေယာက္ကို ဝိုင္းျဗင္းလိုက္ၾကရေအာင္ေဟ့”

ဦးေအာင္ရွိန္ကလည္း ေခါင္းညိတ္လိုက္တယ္၊

“ကဲ ေအာင္ရွိန္ေရ၊ တို႔ကိုအလင္းနည္းနည္းေပးစမ္းကြာ”

ဦးေအာင္ရွိန္က လက္ညႇိဳးကိုမိုးေပၚေထာင္လိုက္ၿပီး အလင္းလုံးႀကီးတစ္လုံးကို ပစ္တင္ထည့္လိုက္တယ္၊ အလင္းလုံးႀကီးတက္သြားေတာ့ ပတ္ဝန္းက်င္ႀကီးတစ္ခုလုံးက လင္းထိန္သြားပါေရာဗ်ာ၊ ဒီအခါ မေ႐ႊေတာင္ရဲ႕ေျခေထာက္ေအာက္နားမွာ အရိပ္တစ္ခုေပၚလာသဗ်။ ဦးဘသာရဲ႕ အရိပ္က လက္ေတြအရွည္ႀကီးျဖစ္သြားၿပီးေတာ့ မေ႐ႊေတာင္ရဲ႕အရိပ္ကိုေျပးဆြဲပါေရာဗ်ာ၊ မေ႐ႊေတာင္က မ႐ုန္းသာေတာ့ဘူး။

“အလတ္ေကာင္၊ အဲဒီအရိပ္ကို မင္းရဲ႕ေတာင္ေဝွးနဲ႔ေျပးေထာက္စမ္းကြာ”

ဦးဘသာေျပာေတာ့ က်ဳပ္လည္းတုန႔္ဆိုင္းမေနေတာ့ပါဘူးဗ်ာ၊ မေ႐ႊေတာင္ဆီကိုတဟုန္ထိုးေျပးသြားၿပိးေတာ့ ဦးဘသာဆြဲထားလို႔ ခပ္ရွည္ရွည္ေျမာေျမာျဖစ္ေနတဲ့ သူ႔အရိပ္ကို ေတာင္ေဝွးနဲ႔စိုက္ခ်လိုက္ေတာ့တယ္၊ မေ႐ႊေတာင္တစ္ေယာက္ အင့္ခနဲျဖစ္သြားၿပီးေတာ့ ေျမမွာထိုင္က်သြားပါေရာ၊ အရိပ္မွန္ေတြထဲက ထြက္လာတဲ့အရိပ္ေတြကလည္း မေ႐ႊေတာင္ကိုယ္လုံးကို ဝိုင္းၿပီးဖမ္းခ်ဳပ္ထားၾကတယ္၊ ဦးဘသာက ဘေသာင္းကိုၾကည့္ၿပီး

“ဘေသာင္းေရ၊ ဒီတစ္ခါေတာ့ မင္းအလွည့္ဟ”

ဦးဘသာေအာ္လိုက္တာနဲ႔ ဘေသာင္းက ေျခႏွစ္ဖက္ကို ခ်ဲရပ္လိုက္ရင္း ခါးကိုအေရွ႕ကိုကိုင္းကာ ပါးစပ္ႀကီးကိုၿပဲေနေအာင္ၿဖဲလိုက္ပါေရာဗ်ာ၊ မေ႐ႊေတာင္က သူ႔မ်က္လုံးကေန အလင္းတန္းႏွစ္ခုနဲ႔ ဘေသာင္းကိုလွမ္းပစ္ေပမယ့္ အဲဒီအလင္းတန္းက ဘေသာင္းအနားေရာက္တဲ့အခါ ဘေသာင္းရဲ႕ပါးစပ္ထဲကို တျဖည္းျဖည္းတိုးဝင္သြားပါေရာ၊ မေ႐ႊေတာင္တစ္ေယာက္မ်က္လုံးေတြျပဴးသြားတယ္၊ သူ႔ရဲ႕မ်က္လံုံးေတြ၊ ႏွာေခါင္းေပါက္နဲ႔ ပါးစပ္ေပါက္ကေန အစိမ္းဖန႔္ဖန႔္အလင္းတန္းႀကီးေတြ တိုးထြက္လာၿပီးေတာ့ ဘေသာင္းဆီကို စီးဝင္ပါေရာဗ်ာ၊ ဘေသာင္းက ကေဝရွင္ပညာနဲ႔ မေ႐ႊေတာင္ရဲ႕ေမွာ္စြမ္းအင္ေတြ၊ ပညာစက္ေတြကို စုပ္ယူေနပါေရာ။

“ေအာင္ရွိန္ေရ၊ သူ႔ကို မင္းလက္စတုန္းေပးမွျဖစ္မယ္ကြ”

ဦးေအာင္ရွိန္က မေ႐ႊေတာင္ဆီကို တစ္လွမ္းခ်င္းေလွ်ာက္လာတယ္ဗ်၊ ေနာက္ေတာ့ သူ႔လက္ထဲက အနက္ေရာင္ပုတီးကေလးကိုထုတ္ၿပီး မေ႐ႊေတာင္ရဲ႕ငယ္ထိပ္ေပၚကိုတင္လိုက္ကာ လက္နဲ႔အုပ္ကိုင္ခ်လိုက္ေတာ့တယ္၊ မေ႐ႊေတာင္က တဆတ္ဆတ္တုန္ခါၿပီးေတာ့ ေခါင္းေပၚကေန အေငြ႕ေတြပါထြက္လာတယ္ဗ်ာ၊ ေနာက္ေတာ့ ဇက္က်ိဳးက်ၿပီး ကိုယ္လုံးက အေရွ႕ကိုေမွာက္လ်က္က်သြားပါေရာ။

ကိုယ္လုံးက်သြားေပမယ့္ အဲဒီေနရာမွာ ဝိညာဥ္ပုံစံ မႈန္ဝါးဝါးကေလးကိုေတြ႕ရတယ္၊ ေရွးေခတ္မင္းသမီးေတြဝတ္စားသလိုမ်ိဳး အဝတ္အစားေတြဝတ္လို႔ဗ်၊ မေ႐ႊေတာင္က ဦးေအာင္ရွိန္ကို ေမာ့ၾကည့္ၿပီးေတာ့

“ေမာင္ႀကီး၊ ေမာင္ႀကီး ႏွမကို ရက္စက္ေတာ့မွာလား”

ဦးေအာင္ရွိန္က သက္ျပင္းရွည္ႀကီးတစ္ခ်က္ခ်လိုက္ၿပီး

“ငါအခုလုပ္တယ္ဆိုတာ နင့္ကိုသိပ္ခ်စ္လို႔ပါ မေ႐ႊေတာင္ရာ”

“ခ်စ္တယ္၊ ဟုတ္လား”

“ဟုတ္တယ္၊ ဘဝေပါင္းမ်ားစြာ မင္းနဲ႔အၾကင္လင္မယားျဖစ္ခဲ့တဲ့ သံေယာဇဥ္ကိုေထာက္လို႔ မင္းကိုလက္စတုန္းေပးလိုက္တာပါမေ႐ႊေတာင္၊ ဘဝတစ္ခုမွာ မင္းအယူမွားေနာက္ကို လိုက္သြားခဲ့တာကို ငါမတားႏိုင္ခဲ့ဘူး၊ ဒါေၾကာင့္ မင္းအခုလိုျဖစ္ခဲ့ရတာပါပဲ၊ ဒီဘဝမွာေတာ့ မင္းမေကာင္းမႈေတြ ဆက္မလုပ္ႏိုင္ေအာင္ ငါတားရမယ္”

မေ႐ႊေတာင္မ်က္ႏွာ ငိုင္က်သြားေတာ့တယ္။

“မင္းရဲ႕အျပစ္ေတြအတြက္ မင္းငရဲျပည္မွာ ျပန္ၿပီးေပးဆပ္လိုက္ပါေတာ့ မေ႐ႊေတာင္၊ တကယ္လို႔ သံသရာတစ္ေကြ႕မွာ မေ႐ႊေတာင္နဲ႔ျပန္ဆုံေတြ႕ခြင့္ရမယ္ဆိုရင္ျဖင့္ မေကာင္းတဲ့အယူဝါဒေတြမရွိဘဲ ေကာင္းေကာင္းမြန္မြန္ ျပန္လည္ဆုံေတြ႕ခ်င္ပါေသးတယ္”

မေ႐ႊေတာင္က ေခါင္းကိုအသာညိတ္တယ္။

“ေမာင္ႀကီးေျပာတဲ့အတိုင္းပဲ ျဖစ္ပါေစေတာ့ေမာင္ႀကီးရယ္၊ ႏွမ စိတ္ေလ်ာ့လိုက္ပါၿပီ”

“သံသရာဆိုတာ ရွည္လ်ားလြန္းပါတယ္မေ႐ႊေတာင္၊ ေမာင္ႀကီးတို႔ တစ္ခါေလာက္ေတာ့ ျပန္ဆုံေတြ႕ၾကအုံးမွာပါ”

မေ႐ႊေတာင္က ေခါင္းငိုက္စိုက္က်သြားၿပီး မၾကာခင္မွာပဲ ေရခိုးေရေငြ႕ေတြလိုအျဖစ္မ်ိဳးနဲ႔ ေပ်ာက္ကြယ္သြားပါေတာ့တယ္ဗ်ာ။ မေ႐ႊေတာင္ေသသြားၿပီးေတာ့ ဦးဖိုးထူးက ဖုတ္လႈိက္ဖုတ္လႈိက္ျဖစ္ေနတယ္ဗ်၊ ဦးေအာင္ရွိန္က ဦးဖိုးထူးဆီေျပးသြားၿပီး

“ဦးဖိုးထူး၊ ခင္ဗ်ားမေသရဘူး၊ ခင္ဗ်ားကိုက်ဳပ္ကယ္မယ္၊ ခင္ဗ်ားမေကာင္းတဲ့လမ္းကို စြန႔္ၿပီးေတာ့ က်ဳပ္နဲ႔ျပန္လိုက္ခဲ့စမ္းပါ”

ဦးဖိုးထူးက ေခါင္းကိုတြင္တြင္ခါၿပီး

“မရေတာ့ဘူးေအာင္ရွိန္၊ ငါျပန္မလွည့္ႏိုင္ေတာ့ဘူး၊ အခုမွေတာ့ အခ်ိန္ေတြ တအားလြန္သြားၿပီကြ”

“ဒီလိုေတာ့ မေျပာပါနဲ႔ဗ်ာ၊ မေကာင္းမွန္သိရင္ ျပန္လွည့္လို႔ရပါေသးတယ္”

“သူမ်ားအတြက္ေတာ့ဟုတ္ေပမယ့္ ငါ့အတြက္ကေတာ့ မဟုတ္ဘူး ေအာင္ရွိန္၊ မင္းက လူေကာင္းတစ္ေယာက္ပါ၊ ငါကေတာ့ လူေကာင္းတစ္ေယာက္မျဖစ္ႏိုင္ခဲ့ဖူး၊ ပြင့္ပြင့္လင္းလင္းေျပာရရင္ မင္းက ငါ့ေနာက္မွ ဝိဇၨာလမ္းကိုလိုက္ေပမယ့္ ငါ့ထက္ပညာေတြရသြားကတည္းက ငါမင္းကိုမနာလိုခဲ့မိတာပါပဲ၊ မင္းနဲ႔ငါနဲ႔ ပါရမီဓါတ္ခံခ်င္း မတူဘူးဆိုတာ ငါသိခဲ့ေပမယ့္ ငါ့ရဲ႕မနာလိုစိတ္ကို ငါမထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး၊ ဒါေၾကာင့္ ငါမေကာင္းတဲ့လမ္းကိုေ႐ြးခဲ့တယ္၊ မေကာင္းတဲ့လူေတြနဲ႔ေပါင္းၿပီး မေကာင္းတဲ့အတတ္ေတြတတ္ခဲ့တယ္၊ မင္းကိုပါ အသက္အႏၲရာယ္ထိခိုက္ေအာင္ ငါႀကံစည္ခဲ့ဖူးပါတယ္ ေအာင္ရွိန္ရာ”

“ဒါေတြအားလုံးကို က်ဳပ္ခြင့္လႊတ္ပါတယ္ ဦးဖိုးထူးရာ၊ ခင္ဗ်ားအခုလို အမွန္ကိုျမင္ႏိုင္တာကိုပဲ က်ဳပ္ဝမ္းသာလွပါၿပီ”

“စိတ္ေကာင္းရွိတဲ့လူေတြက ခြင့္လႊတ္ႏိုင္ၾကတယ္ေအာင္ရွိန္၊ မင္းက စိတ္ေကာင္းရွိလို႔ခြင့္လႊတ္ႏိုင္ေပမယ့္ ငါ့ကိုယ္ငါ ခြင့္မလြတ္ႏိုင္ပါဘူး၊ ငါမင္းအေပၚဒီေလာက္အျပစ္ေတြလုပ္ထားၿပီး ဘယ္လိုမ်က္ႏွာနဲ႔ ေနရမလဲကြာ၊ ငါ့ကိုသြားခြင့္ေပးပါေအာင္ရွိန္ရာ၊ ငါသြားေတာ့မယ္၊ ငါဟာအ႐ူးပါေအာင္ရွိန္ရာ၊ ငါ့လိုအ႐ူးကို မင္းမကယ္ပါနဲ႔”

“မဟုတ္တာ ဦးဖိုးထူးရာ၊ လူေတြအားလုံးက အ႐ူးေတြခ်ည္းပဲမဟုတ္လား၊ က်ဳပ္နဲ႔ခင္ဗ်ားနဲ႔ အရင္တုန္းကလို အတူတူ႐ူးၾကမယ္ေလဗ်ာ”

“ငါမနာလိုလိုက္တာ ေအာင္ရွိန္ရာ၊ မင္းမွာအဲဒီလိုစိတ္ေကာင္းရွိေနတာကိုက ငါမနာလိုတာ၊ ငါ့ကိုသြားခြင့္ေပးပါေတာ့ကြာ၊ ငါ့အျပစ္ေတြအတြက္ ငါခံရမွာငါသိပါတယ္၊ ငါ့ကိုသတ္လိုက္ၾကစမ္းပါကြ”

ဒီအခ်ိန္ မီးလုံးႀကီးတစ္လုံး ေျပးဝင္လာၿပီးေတာ့ ဦးဖိုးထူးကိုထိသြားတယ္ဗ်၊ ဦးဖိုးထူးတစ္ကိုယ္လုံး နီရဲတက္လာၿပီးေတာ့ ခ်က္ခ်င္းပဲ မီးေသြးခဲႀကီးေတြအျဖစ္ ေျပာင္းလဲသြားပါေရာလား၊ မီးလုံးလာတဲ့ေနရာကိုၾကည့္လိုက္ေတာ့ ဦးဘသာကိုယ္ခႏၶာနဲ႔ ငေထရွင္ျဖစ္ေနသဗ်။

“ဟား၊ ဟား အရႈပ္ထုပ္ႏွစ္ေယာက္ေတာ့သြားၿပီ၊ ကဲ ဖိုးထူးနဲ႔ ေ႐ႊေတာင္ေရ မင္းတို႔ငရဲျပည္မွာသြားၿပီး ေလာင္ၿမိဳက္ေနလိုက္ၾကစမ္းကြာ”

က်ဳပ္တို႔ ငေထရွင္ကိုတိုက္ဖို႔ျပင္လိုက္ေပမယ့္ က်ဳပ္တို႔ေနာက္က်သြားၿပီဗ်၊ ေျမႀကီးထဲကေန လက္မဲမဲႀကီးေတြထြက္လာၿပီး က်ဳပ္တို႔လက္ေတြေျခေထာက္ေတြကို ဝိုင္းဆြဲၿပီးေတာ့ ခ်ဳပ္ေႏွာင္ထားတယ္၊ လက္မဲမဲႀကီးဆြဲတာ မခံရတာဆိုလို႔ ဦးဘသာပဲရွိတာ၊ ဦးဘသာကိုယ္လုံးထဲမွာ အခုရွိေနတာက အရိပ္သခင္ဆိုေတာ့ အရိပ္ေတြက သူ႔ကိုရန္ျပဳလို႔မရဘူး မို႔လားဗ်ာ။

ဦးဘသာက တိုက္ခိုက္မယ္လုပ္ေတာ့ ငေထရွင္က လက္ကာျပရင္း

“ခင္ဗ်ားႀကီး စိတ္လိုက္မာန္ပါ မလုပ္နဲ႔အုံးဗ်၊ ခင္ဗ်ားရဲ႕အခုအစြမ္းနဲ႔ က်ဳပ္ကိုလုံးဝတိုက္ခိုက္လို႔မရဘူး၊ က်ဳပ္တို႔ဘီလူးဆိုတာ လူေတြလို အရိပ္ထြက္တာမဟုတ္ဘူးေလဗ်ာ”

ဦးဘသာလည္း တန႔္သြားတယ္၊ ဦးေအာင္ရွိန္က

“ဒါဆို မေ႐ႊေတာင္တို႔၊ ဦးဖိုးထူးတို႔ကို က်ဳပ္တို႔ရွင္းမယ္ဆိုတာကို ခင္ဗ်ားကႀကိဳသိေနတာလား”

ငေထရွင္ကၿပဳံးရင္း

“ေသခ်ာတာေပါ့ဗ်ာ၊ ခင္ဗ်ားတို႔မွမဟုတ္ရင္လည္း ဒီႏွစ္ေယာက္ကို က်ဳပ္ရွင္းရမွာပဲ၊ အခုေတာ့ က်ဳပ္ေတာင္ပင္ပန္းသက္သာသြားေသးတယ္”

“ခင္ဗ်ားႀကီးေတာ္ေတာ္ေအာက္တန္းက်တဲ့လူပဲဗ်ာ၊ ကိုယ့္ဘက္ေတာ္သားေတြကို ျပန္ၿပီးရွင္းခ်င္ရတယ္လို႔”

က်ဳပ္ေျပာလိုက္ေတာ့ ငေထရွင္က က်ဳပ္ကိုေစ့ေစ့ၾကည့္ရင္း

“ဒါေအာက္တန္းက်တယ္မေခၚဘူးကြ၊ ပညာဉာဏ္ပရိယာယ္နဲ႔ ျပည့္စုံတယ္လို႔ေခၚတယ္”

“ေနပါအုံး၊ သူတို႔က ခင္ဗ်ားကိုဘာလုပ္ေနလို႔လဲ၊ ခင္ဗ်ားအခုလိုျဖစ္လာေအာင္ပဲ သူတို႔က ဖန္တီးေပးခဲ့တာမဟုတ္လား”

“ဟုတ္တယ္၊ ဒါေပမယ့္ စစ္တုရင္ပြဲမွာ နယ္႐ုပ္ေသေပးရတာ အဆန္းမဟုတ္ပါဘူး၊ ဒီေကာင္ေတြက ငါ့အတြက္နယ္႐ုပ္ကေလးေတြပဲ၊ ငါ့ရဲ႕မဟာလုပ္ငန္းႀကီးေအာင္ျမင္ဖို႔အတြက္ သူတို႔ေတြကို ခ်နင္းမွရမွာမို႔လို႔ပဲ”

ငေထရွင္က ဦးဘသာဆီလက္ကမ္းလိုက္ၿပီးေတာ့

“ကဲ အရိပ္သခင္ ငသန္ပ်င္ က်ဳပ္နဲ႔ပူးေပါင္းပါ”

က်ဳပ္တို႔အားလုံးအံ့အားသင့္သြားမိတယ္ဗ်။

“ငသန္ပ်င္ဆိုတာ ဘယ္သူလဲ”

“အရိပ္သခင္ ငသန္ပ်င္ဆိုတာ ငါတမၸဝတီျပည္ႀကီးကို စိုးစံအုပ္ခ်ဳပ္ မင္းလုပ္တဲ့အခ်ိန္တုန္းက ငါ့ရဲ႕ပုေရာဟိတ္ဆရာႀကီးတစ္ေယာက္ပဲ”

“ဒါဆိုရင္ အရိပ္သခင္ဘယ္မွာရွိတယ္ဆိုတာ ခင္ဗ်ားကသိေနခဲ့တာေပါ့”

“ဒီမွာေကာင္ေလး၊ မင္းတို႔က မ်က္ေတာင္တဆုံးေလာက္ျမင္တယ္ဆိုရင္ ငါဆိုတဲ့ေကာင္က မ်က္ေစ့တစ္ဆုံးျမင္ၿပီးသားပါကြ၊ ကဲ အရိပ္သခင္ က်ဳပ္နဲ႔ျပန္ပူးေပါင္းစမ္းပါ၊ ခ်ပ္သင္းေတာႀကီးထဲက ဘီလူးတစ္ေသာင္းသိုက္ကို ျပန္ေဖာ္ၿပီးေတာ့ က်ဳပ္တို႔ဒီေနရာမွာ ဘီလူးတိုင္းျပည္ျပန္တည္ေထာင္မယ္၊ လူသားေတြကို အုပ္ခ်ဳပ္ၿပီး တမၸဝတီျပည္ႀကီးကိုမင္းမူသလိုမ်ိဳး မင္းမူၾကမယ္ဗ်ာ”

ဦးဘသာမ်က္လုံးႀကီးက တျဖည္းျဖည္းအနက္ေရာင္ႀကီးျဖစ္လာသဗ်ာ၊ သူ႔လက္ထိပ္ေတြကေနလည္း အရိပ္လိုမဲမဲအေငြ႕ႀကီးေတြ တလူလူထြက္လာပါေရာ၊ ဦးဘသာက ငေထရွင္မ်က္ႏွာကိုၾကည့္ရင္း

“ငါေသမွပဲရမယ္”

ငေထရွင္ေတာ္ေတာ္အံ့ၾသသြားတယ္။

“အရိပ္သခင္၊ ခင္ဗ်ားဘာေျပာလိုက္တာလဲ”

“ငါက မင္းရဲ႕အရိပ္သခင္မဟုတ္ဘူးကြ၊ ငါ့နာမည္သာဒင္”

“ဒါဆို အရိပ္သခင္ကေရာ”

“မင္းရဲ႕အရိပ္သခင္ကို ငါအျပည့္အဝထိန္းခ်ဳပ္ထားလိုက္ႏိုင္ၿပီ၊ ငါ့အမိန႔္မရဘဲ သူဘာကိုမွ လုပ္လို႔ရမွာမဟုတ္ေတာ့ဘူး”

ငေထရွင္က သူထင္ထားတဲ့အတိုင္းျဖစ္မလာေတာ့ ေတာ္ေတာ္အံ့အားသင့္ေနပုံပဲဗ်။ ၿပီးက်မွ မ်က္ႏွာႀကီးရႈံ႕မဲ့ၿပီး

“ဒါဆိုရင္ေတာ့ ခင္ဗ်ားႀကီးကို က်ဳပ္ရွင္းရေတာ့မွာေပါ့”

ငေထရွင္ဒီလိုေျပာဆိုတဲ့အခ်ိန္မွာပဲ ေဘးနားကေန လူတစ္ေယာက္က ခုန္ထြက္လာသဗ်ာ၊ ၿပီးေတာ့

“ေနအုံး၊ ခင္ဗ်ားကိုက်ဳပ္အရင္သတ္မယ္”

ထြက္လာတဲ့လူက ခါးပိုက္ႏႈိက္ဘသိုက္ျဖစ္ေနတယ္ဗ်၊ ဘသိုက္က ခ်ဳံကြယ္ကေနထြက္လာၿပီး သူ႔မွာပါတဲ့ ဓါးေျမႇာင္နဲ႔ ငေထရွင္ကိုေျပးထိုးပါေရာဗ်ာ၊ ႐ုတ္တရက္ဆိုေတာ့ ငေထရွင္လည္း ေရွာင္ခ်ိန္မရလိုက္ဘူးဗ်၊ ဘသိုက္က လက္ကလည္းခပ္သြက္သြက္ဆိုေတာ့ ငေထရွင္နံၾကားကို ဓါးနဲ႔သုံးေလးခ်က္ေတာ့ ထိုးလိုက္ႏိုင္တယ္၊ ငေထရွင္လည္း ဘသိုက္ကိုလက္ဝါးနဲ႔႐ိုက္ထည့္လိုက္ၿပီး သူ႔နံၾကားကိုသူၾကည့္လိုက္တယ္၊ နံၾကားထဲကေန စိမ္းေ႐ႊေ႐ႊမဲပုပ္ပုပ္အရည္ႀကီးေတြက ပန္းထြက္လာသဗ်ာ၊

ငေထရွင္က ဦးဘသာလက္ထဲကိုင္ထားတဲ့ ဝါးဆစ္ဘူးကို ပညာနဲ႔လွမ္းယူလိုက္ၿပီးေတာ့ ၿခံတံခါးဖြင့္ၿပီးဝင္ေျပးပါေရာ၊ က်ဳပ္တို႔ေျပးလိုက္မယ္လုပ္ေပမယ့္ ၿခံတံခါးအေရွ႕မွာ တဝုန္းဝုန္းနဲ႔ေပါက္ကြဲလို႔ အေနာက္ကိုဆုတ္ေနရတယ္။ လက္ဝါးခ်က္ထိထားတဲ့ ဘသိုက္ကေတာ့ ဒူးေလးေထာင္ၿပီး ပက္လက္ကေလးလန္လို႔ဗ်ာ၊

“ကိုဘသိုက္၊ ကိုဘသိုက္”

ဘသိုက္ပါးစပ္က ေသြးေတြပြက္ခနဲထြက္လာသဗ်။

“ဘယ္လိုလုပ္လိုက္တာလဲ ဘသိုက္ရာ၊ ငါတို႔လိုပညာသည္ေတြေတာင္သူ႔ကိုမႏိုင္တာ မင္းလိုလူက ႐ိုး႐ိုးတန္းတန္းႏိုင္မွာတဲ့လား”

ဘသိုက္က ၿပဳံးရင္း

“က်ဳပ္အသက္ကို အဘႀကီးက တစ္ခါကယ္ခဲ့တယ္၊ အဘႀကိးအသက္ကို အခုက်ဳပ္ျပန္ကယ္ႏိုင္ၿပီဆိုေတာ့ က်ဳပ္တို႔ေၾကၿပီေပါ့ေနာ္ အဘႀကီး”

ဦးဘသာက ေခါင္းကိုညိတ္တယ္ဗ်၊ ဘသိုက္က သူ႔လက္ထဲက ေၾကးစည္အဝိုင္းျပားကေလးကို ထုတ္လိုက္ၿပီး ဦးေအာင္ရွိန္ကိုေပးလိုက္တယ္။ ဦးေအာင္ရွိန္က ေတာ္ေတာ္အံ့အားသင့္သြားၿပီး

“ဒီအဝိုင္းျပားကေလးက မင္းဆီကိုဘယ္လိုေရာက္ေနတာလဲ ဘသိုက္ရာ”

“က်ဳပ္က ခါးပိုက္ႏႈိက္ပါဗ်၊ အစိမ္းသရဲကို ႏႈိက္ခိုင္းတယ္ဆိုေပမယ့္ ခါးပိုက္ႏႈိက္တို႔တတ္အပ္တဲ့ပညာကို တတ္ပါေသးတယ္၊ ခုနက သူ႔ကိုက်ဳပ္ဝင္လုံးတဲ့အခ်ိန္ သူ႔တိုက္ပုံအက်ႌအတြင္းအိတ္ထဲ ဘာရွိမလဲလို႔ႏႈိက္လိုက္ရင္း ဒါေလးကိုေတြ႕လို႔ ယူခဲ့တာပဲ”

“ေက်းဇူးတင္ပါတယ္ဘသိုက္ရာ၊ ေက်းဇူးတင္ပါတယ္”

“အဘႀကီး၊ ဒီလူဆိုးေကာင္ကို ႏိုင္ေအာင္လုပ္ေပးပါဗ်ာ”

ဘသိုက္က ေျပာဆိုၿပီးေတာ့ ဇက္က်ိဳးက်သြားတယ္ဗ်၊ ဦးေအာင္ရွိန္က ဘသိုက္ရဲ႕ပြင့္ေနတဲ့မ်က္လုံးကို လက္နဲ႔ေသခ်ာပိတ္ေပးၿပီးေတာ့ ေၾကးစည္ကေလးကိုင္ၿပီး မတ္တပ္ထရပ္လိုက္တယ္။

“သာဒင္၊ ဒီေၾကးစည္ကိုထိလိုက္၊ အလတ္ေကာင္ ဒီေၾကးစည္ကေလးကိုထိလိုက္”

ဦးေအာင္ရွိန္ေျပာတဲ့အတိုင္း က်ဳပ္တို႔ထိလိုက္ၾကတာေပါ့ဗ်ာ။ ဦးေအာင္ရွိန္က က်ဳပ္တို႔ကိုၾကည့္ရင္း

“မ်က္လုံးေလးေတြမွိတ္ထားလိုက္ၾက”

သူေျပာတဲ့အတိုင္းမ်က္လုံးမွိတ္လိုက္ေတာ့ ဦးေအာင္ရွိန္က ေနာင္ေဝေ၀လို႔ေအာ္လိုက္တယ္ဆိုရင္ပဲ က်ဳပ္တစ္ကိုယ္လုံး ေလဟာနယ္ထဲျပဳတ္က်သြားသလိုျဖစ္ၿပီးေတာ့ အသည္းတေအးေအးနဲ႔ေပါ့ဗ်ာ၊

အေတာ္ၾကာေတာ့မွ ေျခေထာက္ေအာက္မွာ ေျမႀကိးကိုနင္းမိသဗ်၊ က်ဳပ္မ်က္စိဖြင့္လိုက္ေတာ့ အုတ္ေလွ်ာက္လမ္းကေလးတစ္ခုျဖစ္ေနတယ္၊ က်ဳပ္ရင္ထဲ ဘယ္လိုႀကီးျဖစ္လာတယ္မသိဘူးတစ္ဆို႔ဆို႔ႀကီးနဲ႔ဗ်ာ၊ ဒါနဲ႔ ဗိုက္ကိုဖိၿပီး အန္မိေတာ့တာပါပဲ၊ ဦးဘသာက က်ဳပ္ေက်ာကုန္းကိုပုတ္ေပးေနေသးတယ္၊ အအန္သက္သာေတာ့ ဦးေအာင္ရွိန္က ေလွ်ာက္လမ္းအတိုင္းေလွ်ာက္သြားတာနဲ႔ က်ဳပ္နဲ႔ဦးဘသာ အေနာက္ကေနလိုက္သြားၾကတယ္။

“ဒါဘယ္ေနရာလဲကြ”

ဦးဘသာက ေမးတယ္၊ က်ဳပ္လည္း ၾကည့္ေနရင္း

“ေနအုံး၊ ဒီေနရာကိုက်ဳပ္ေရာက္ဖူးတယ္၊ က်ဳပ္ေရာက္ဖူးတယ္ဗ်”

မၾကာခင္ ခန္းမႀကီးတစ္ခုထဲကိုေရာက္လာခဲ့ပါေရာဗ်ာ၊ ဦးေအာင္ရွိန္က ဦးဘသာဘက္ကိုလွည့္ၿပီး

“ဒါဘုရားပ်ံဂိုဏ္းရဲ႕ ဌာနခ်ဳပ္ေနရာပဲ သာဒင္”

“ေနပါအုံး၊ မင္းက ငါတို႔ကို ဒီေနရာကိုဘာျဖစ္လို႔ေခၚလာတာလဲ”

“ဘုရားပ်ံဂိုဏ္းကို မင္းကိုလက္ဆင့္ကမ္းေပးမလို႔ေပါ့သာဒင္ရာ”

“ဟာ၊ ဘာေတြေျပာေနတာလဲေအာင္ရွိန္ရာ၊ ဘုရားပ်ံဂိုဏ္းဆိုတာ အထက္ဂိုဏ္း၊ ငါက စုန္းေလကြာ၊ ၿပီးေတာ့ မင္းေျပာေတာ့ မိသက္က ဘုရားပ်ံဂိုဏ္းရဲ႕ ဆက္ခံသူဆိုကြ”

ဦးေအာင္ရွိန္က ေခါင္းညိတ္ၿပိး

“ဟုတ္တယ္၊ ငါလည္းတစ္ခ်ိန္က ဒီလိုေတြးခဲ့ဖူးတယ္၊ လာစမ္း သာဒင္၊ ဒီနံရံေဆးေရးပန္းခ်ီေတြကိုၾကည့္လိုက္စမ္း”

ဦးေအာင္ရွိန္ျပတဲ့ နံရံမွာ ဘုရားရွိခိုးေနတဲ့လူေတြပုံကို တန္းစီၿပီးဆြဲထားတယ္ဗ်။ ဦးေအာင္ရွိန္က သူ႔လက္နဲ႔ပုံေတြကိုထိုးျပၿပိးေတာ့

“ဒါက ဘုရားပ်ံဂိုဏ္းအဆက္ဆက္ ဂိုဏ္းဝင္ေတြကိုျပတဲ့ပုံပဲ၊ ေဟာဒီပုံကေတာ့ ငါပဲ၊ ငါ့ရဲ႕ဆက္ဆံသူကေတာ့ ဒီလူပဲ”

“မိန္းမတစ္ေယာက္ပါလားကြ”

“ဟုတ္တယ္၊ ဒီပုံကိုေသခ်ာၾကည့္လိုက္ေတာ့ မိန္းမေတာင္မွ ရင္သားေတြနဲ႔ ထြားက်ိဳင္းၿပီးအ႐ြယ္ေရာက္ေနတဲ့မိန္းမတစ္ေယာက္ကြ၊ ငါအစကေတာ့ ဒီပုံက မိသက္အတြက္ပုံျဖစ္လိမ့္မယ္လို႔ေတြးမိတာ၊ ဒါေပမယ့္ အခုအေျခအေနအတိုင္းဆိုရင္ ဒီပုံက မိသက္ပုံလုံးဝမျဖစ္ႏိုင္ဘူး၊ ဒီပုံက မင္းရဲ႕ပုံပဲ သာဒင္”

“ဘာကြ”

“ဟုတ္တယ္၊ မင္းက မိန္းမခႏၶာရထားတာ အေၾကာင္းမဲ့မဟုတ္ဘူးလို႔ ငါယူဆတယ္၊ ကံၾကမၼာဆိုတာကလည္း ဆန္းၾကယ္တယ္မဟုတ္လား၊ ဒီေတာ့ ငါထင္တာက ဒီတစ္ခါ ငေထရွင္ကို အၿပီးသတ္ရွင္းလင္းရမွာ မင္းပဲလို႔ယူဆတယ္”

“မဟုတ္တာေတြ မေျပာစမ္းပါနဲ႔ကြာ”

“ငါတကယ္ေျပာတာပါ သာဒင္ရာ၊ မင္းက မိန္းမခႏၶာနဲ႔ ငေထရွင္ကိုသတ္ျဖတ္ရမယ့္လူပဲ၊ ဒီေတာ့ ဘုရားပ်ံဂိုဏ္းကို မင္းကဆက္ခံၿပီး ငေထရွင္ကိုအျမစ္ျဖတ္သုတ္သင္ေပးပါ သာဒင္ရာ”

ဦးဘသာေရာ က်ဳပ္ေရာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး အေတာ္ကိုအံ့ၾသမိသြားၾကတယ္ဗ်။

ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #ဦးေအာင္ရွိန္ #စုန္း #သရဲ