” စုန်းထီးကြီးဦးဘသာနှင့် နိဂုံးမဟုတ်တဲ့နိဂုံး “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် နိဂုံးမဟုတ်တဲ့နိဂုံး “(စ/ဆုံး)
———————————————————————–
အတွဲ(၅) စာစဉ်(၁၂)

(၁)

ငသန်ပျင်က သူ့အကြံအစည်ကိုပြောပြတယ်ဗျ။

“ဒီလိုလုပ်ရမယ်၊ ငထေရှင်ကို ကျုပ်တို့တားဆီးနိုင်တယ်ပဲထားအုံးတော့ ငထေရှင်က သူ့အဖေ ယဘူတေကို သွားနှိုးမှာအသေအချာပဲ၊ ဒီအခါ ယဘူတေနိုးထလာခဲ့ရင် ဒီမြေဖုတ်ဘီလူးတွေကိုပြန်လည်ဦးဆောင်လိမ့်မယ်၊ ယဘူတေနဲ့ မြေဖုတ်ဘီလူးတွေအားလုံးကို ကျုပ်တို့လူအင်အားနဲ့ နိုင်ဖို့မလွယ်ဘူး၊ ဒီတော့ အကယ်၍သာ ယဘူတွေပြန်လည်နိုးထလာခဲ့ရင် ကျုပ်တို့ဘာလုပ်ကြမလဲဆိုတာကို တွေးထားရမယ်”

“မင်းကဘယ်လိုတွေးထားလို့လဲ”

“ဒီနေရာနဲ့ ခပ်လှမ်းလှမ်းမှာ ကျိုက္ကလော့၊ ကျိုက်ကလ္လဲ့ဆိုတဲ့ ဘုရားစေတီတွေရှိတယ်၊ အဲဒီစေတီကုန်းတွေက ဘီလူးတွေပိုင်တဲ့နယ်မြေတွေပဲ၊ ဒါပေမယ့် ဒီဘီလူးတွေက ကောင်းမွန်တဲ့ဘီလူးတွေ၊ ရှေးအကြောင်းပြန်ပြောရရင် ကကုသန်ဘုရားလက်ထက်ကတည်းက ဒီဘီလူးတွေရဲ့ဘီလူးမင်း ဒေဝယက္ခဘီလူးက ကကုသန်ဘုရားနဲ့တန်ခိုးချင်းပြိုင်ပြီးတော့ ရှုံးနိမ့်ခဲ့တယ်၊ အဲဒီကနေတဆင့် ဒီဘီလူးတွေက သူတော်ကောင်းတရားတွေကို ကျင့်ကြံအားထုတ်လာခဲ့ကြတယ်၊ ယဘူတေကို ချုပ်နှောင်ပိတ်ဆို့တဲ့နေရာမှာလည်း ဒီဘီလူးတွေက ကူညီပေးခဲ့ကြတယ်၊ ဒါကြောင့်မို့ အကယ်၍သာ ယဘူတေပြန်နိုးထလာပြီး မြေဖုတ်ဘီလူးတွေကို ဦးဆောင်ပြီဆိုရင် ကျုပ်တို့ကလည်း ဒေဝယက္ခဘီလူးမင်းဆီက အကူအညီကိုတောင်းယူရလိမ့်မယ်”

“မင်းပြောတာ သဘာဝကျပါတယ်”

“နေုာက်တစ်ခုကတော့ ငထေရှင်က သူသေခဲ့မယ်ဆိုရင်တောင် အရိပ်အဖြစ်နဲ့ထွက်ပြေးဖို့ကြိုးစားမှာပဲ၊ ဒီလိုကြိုးစားဖို့အတွက် တစ်နေရာရာမှာ သူဝင်လို့ရတဲ့ ခန္ဓာကိုယ်တစ်ခုကိုထိန်းသိမ်းထားလိမ့်မယ်”

ဦးအောင်ရှိန်က ပြာပြာသလဲနဲ့

“ငါ့မွေးစားသမီး မိသက်ကိုသူဖမ်းပြီး တစ်နေရာမှာဖွက်ထားတယ်”

“ဒါကြောင့် ကျုပ်တို့လူနှစ်စုခွဲရမယ်၊ တစ်စုကတော့ ဒေဝယက္ခဘီလူးမင်းဆီကိုသွားပြီး စစ်ကူတောင်းရမယ်၊ ပြီးတော့ သူထွက်ပြေးဖို့ စီစဉ်ထားတဲ့လူကို ပြန်ရှာဖိုနဲ့ တစ်စုကတော့ ငထေရှင်ကို တိုက်ခိုက်နှိမ်နင်းဖို့ပဲ”

ဒီအခါ ဦးအောင်ရှိန်က လက်ညှိုးထောင်လိုက်ပြီးတော့

“ကောင်းပြီ ငသန်ပျင်၊ ဒေဝယက္ခဘီလူးမင်းဆီကို ငါသွားလိုက်မယ်”

ဦးဘသာကလည်း

“ငါ့ရဲ့တာဝန်က ငထေရှင်ကို တိုက်ခိုက်နှိမ်နင်းဖို့ဆိုတော့ ငါက ငထေရှင်ဆီသွားမယ်”

ဦးဘသာက ကျုပ်နဲ့ဘသောင်းဘက်ကိုလှည့်ကြည့်ပြီး

“ဒီတိုက်ပွဲက ပြင်းထန်မှာအသေအချာပဲ အလတ်ကောင်၊ ဒီတော့ မင်းတို့နှစ်ယောက် ဒီကိစ္စမှာ ဝင်မပါတာကောင်းလိမ့်မယ်ထင်တယ်”

“ဘယ်လိုပြောလိုက်တာလဲ ဦးဘသာရာ၊ ကျုပ်က မပါလို့ရမလားဗျ”

“ဘာပဲဖြစ်ဖြစ် မင်းကိုအန္တရာယ်မဖြစ်စေချင်တာတော့အမှန်ပဲအလတ်ကောင်ရာ၊ မင်းငါ့စကားကို နားထောင်စမ်းပါ”

“ဟာ၊ ကျုပ်လည်းလိုက်ချင်တယ်ဦးဘသာရာ”

ဦးဘသာက ကျုပ်ပခုံးကိုသေချာပုတ်လိုက်ပြီး ကျုပ်မျက်လုံးတွေကိုစိုက်ကြည့်တယ်။

“သူကြီးကို ငါကတိပေးခဲ့တယ် အလတ်ကောင်၊ မင်းကိုချောချောမွေ့မွေ့နဲ့ ရွာကိုပြန်ရောက်အောင် ခေါ်လာခဲ့မယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမယ့် အခု ငါကိုယ်တိုင်ရွာကိုပြန်လိုက်မပို့နိုင်တော့ဘူး၊ မင်းကတော့ မင်းရဲ့မွေးရပ်မြေကိုပြန်ရမယ်”

ကျုပ်လည်းမကျေနပ်တာနဲ့ ဦးဘသာကိုပြန်ပြောမလို့လုပ်လိုက်တဲ့အချိန်မှာပဲ ဦးဘသာက ကျုပ်မျက်နှာအရှေ့ကို သူ့လက်ဝါးနဲ့တစ်ချက်ဝှေ့ယမ်းလိုက်တယ်ဗျ၊ ဒီအခါ ကျုပ်ဘယ်လိုကြီးဖြစ်သွားသလဲကိုမသိဘူးဗျာ၊ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ်ဗျ။

“ကဲ အလတ်ကောင်၊ မင်းရွာကိုပြန်ရမယ်၊ မင်းအိမ်ကိုရောက်အောင်ပြန်ရမယ်၊ ဟုတ်ပြီလား”

ဦးဘသာအသံက အာဏာသံပါလွန်းနေပြီးတော့ ကျုပ်နားထဲမှာ ပဲ့တင်ထပ်သလိုလို မြည်ဟီးသွားတယ်ဗျ၊ ကျုပ်စိတ်က ငြင်းဆန်နေချင်ပေမယ့် ကျုပ်ခေါင်းကညိတ်လိုက်တယ်ဗျ၊ ဦးဘသာက ဘသောင်းကိုကြည့်ပြီး

“ဘသောင်း၊ ဒီကိစ္စတွေကလည်း မင်းနဲ့မဆိုင်ဘူး၊ မင်းအကိုကြီးတွေအတွက် ငါလက်စားချေပေးမယ်၊ မင်းငါ့ကိုတစ်ခုကူညီစမ်းကွာ၊ အလတ်ကောင်ကို ရွာရောက်အောင်ပြန်ပို့ပေးပါ”

“စိတ်ချပါဆရာကြီးရာ၊ ကျုပ်အလတ်ကောင်ကို ပဲခူးကိုခေါ်သွားမယ်၊ အဲဒီကနေ အညာဆန်တက်မယ့်ရထားပေါ် ဆက်ဆက်တင်ပေးလိုက်ပါ့မယ်”

ဦးဘသာက မှာနေတာတွေကိုကြည့်ပြီး ကျုပ်ရင်ထဲဆို့နင့်တက်လာသဗျာ၊ မသိရင် သူမှာနေတဲ့ပုံစံတွေက သူသေခါနီးအကုန်မှာနေတဲ့ပုံစံပဲဗျ။

“အလတ်ကောင်ရေ၊ ရွာရောက်ရင် ငါ့နွားတွေကိုမင်းယူလိုက်တော့၊ ငါ့အိမ်ငါ့ခြံနဲ့ ငါ့လယ်တွေကိုလည်း မင်းအတွက်ပေးခဲ့မယ်၊ ဒီခြံတွေ လယ်တွေ၊ နွားတွေကို ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့တယ်ဆိုရင် မင်းတစ်ဝမ်းတစ်ခါးတော့ ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးရှာစားနိုင်မှာပါကွာ၊ ဒါငါမင်းကိုပေးချင်တဲ့ လက်ဆောင်ပါပဲ”

“ဦးဘသာ၊ ဒါဆို ဦးဘသာက ရွာကိုပြန်မလာတော့ဘူးပေါ့”

ကျုပ်ငိုသံပါကြီးနဲ့မေးလိုက်တော့ ဦးဘသာက တွေဝေသွားတယ်ဗျ၊ ပြီးတော့ မျက်ရည်တွေပေါက်ခနဲကျလာတယ်ဗျာ၊ မိန်းကလေးကိုယ်လုံးထဲဝင်နေတာဆိုတော့ မိန်းမစိတ်တွေဆန်နေတယ်ဆိုပါတော့၊ ပုံမှန်ဆိုရင် ဦးဘသာက စိတ်ခံစားချက်ကို ရင်ထဲမှာကြိတ်ပြီးမြိုသိပ်ထားတတ်တဲ့သူဗျ၊ အခုကျတော့ မိန်းမကိုယ်ဖြစ်နေတဲ့အခါ စိတ်ခံစားရတဲ့အတိုင်း ငိုလွယ်တယ်ထင်ပါ့ဗျာ၊ ဒါပေမယ့် ဦးဘသာက ချက်ချင်းပဲ တစ်ဖက်ကိုလှည့်လိုက်ပြီး သူ့မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ချလိုက်တယ်။

“ဒီမှာအလတ်ကောင်၊ တကယ်လို့ ငါမသေဘူးဆိုရင် တစ်နေ့ ငါရွာကိုပြန်လာခဲ့မှာပါကွာ၊ စိတ်ချစမ်းပါ၊ တို့ရွာဆိုတာ ငါ့ရဲ့အိမ်၊ ငါ့ရဲ့ဇာတိမြေပဲ၊ လူဆိုတာ ကိုယ့်ဇာတိကို မမေ့ကောင်းဘူးတဲ့ကွ”

“ဒါဆို ဦးဘသာပြန်လာခဲ့ပါနော်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရွာရောက်အောင်ပြန်လာခဲ့ပါနော်”

“အေးပါကွာ၊ ငါကတိပေးပါတယ်၊ ငါရွာကိုပြန်လာခဲ့မှာပါ”

ဦးဘသာက ဘသောင်းကိုလှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တဲ့အချိန်မှာ ဘသောင်းကလည်း ပြန်ပြီးခေါင်းညိတ်လိုက်တယ်၊ နောက်တော့ ကျုပ်လက်မောင်းနှစ်ဖက်ကို သူ့လက်နဲ့ဆုပ်ကိုင်ပြီး

“ကဲ အလတ်ကောင်၊ သွားကြပါစို့ကွာ၊ မင်းနေတဲ့အညာကို ပြန်ကြစို့နော်ကွ”

ကျုပ်မလိုက်ချင်လို့ အကြောက်အကန်ငြင်းနေမိတယ်၊ ဒါပေမယ့် ကျုပ်တကယ်တမ်းရုန်းမထွက်နိုင်ပါဘူးဗျာ၊ ဦးဘသာက ကျုပ်ကိုဘာလုပ်လိုက်သလဲမှမသိတာဗျ၊ ဘသောင်းက ကလေးတစ်ယောက်ကိုလက်ဆွဲခေါ်သလိုမျိုး ကျုပ်ကိုခေါ်ထုတ်သွားတယ်၊ ကျုပ်ကလည်း ကလေးတစ်ယောက်က မိဘအနောက်ကိုလိုက်သွားသလိုမျိုး လိုက်သွားမိတယ်ဗျ၊ ကျုပ်စိတ်ထဲမှာတော့ ဘယ်သွားချင်မှာလဲဗျာ။

“ဦးဘသာ၊ ကျုပ်မသွားချင်ဘူး၊ ကျုပ်ရွာပြန်ရမယ်ဆိုရင်တောင် ဦးဘသာနဲ့အတူတူပြန်မယ်”

ကျုပ်ပြောဆိုအော်ဟစ်ရင်း မျက်ရည်တွေစက်လက်နဲ့ ဘသောင်းခေါ်တဲ့အနောက်ကို လိုက်ခဲ့ရပြန်တာပေါ့ဗျာ။

ဘတ်စ်ကားကြီးတစ်စီးပေါ်ကို ကျုပ်နဲ့ဘသောင်းနဲ့တက်ခဲ့ကြတယ်ဗျ၊ အဲဒီကားက ရန်ကုန်ကနေ ပဲခူးကိုသွားတဲ့ ရွှေဟင်္သာလို့အမည်ရတဲ့ကားကြီးပါ၊ ကားပေါ်မှာတော့ လူတွေ၊ ကုန်တွေအများကြီးနဲ့ပေါ့ဗျာ၊ ဘသောင်းခေါ်လို့သာလိုက်လာခဲ့ရပေမယ့် ကျုပ်စိတ်ထဲလုံးဝပျော်တာမှမဟုတ်တာ၊ ဒါနဲ့ကျုပ်လည်း သစ်သားခုံတန်းတစ်ခုမှ ငူငူကြီးထိုင်လိုက်လာမိတယ်။

ကားက ခရီးဆက်ရင်း လူတွေတက်လိုက်ဆင်းလိုက်နဲ့ပါပဲ၊ ကျုပ်က ခေါင်းငိုက်စိုက်ချပြီးလိုက်လာတာဆိုတော့ ဒါတွေကိုသတိမထားမိပါဘူးဗျာ၊ တော်တော်ကြာတဲ့အခါမှ ကျုပ်နဲ့မျက်နှာချင်းဆိုင်ခုံတန်းမှာထိုင်နေတဲ့လူတစ်ယောက်ရဲ့ခြေထောက်ကို သတိထားမိတယ်ဗျ၊ သူ့ခြေထောက်က မည်းမည်းညစ်ညစ်ကြီးဗျာ၊ အရေခွံတွေဆိုရင်လည်း ဆင်အရေခွံတွေကို ခပ်ကြမ်းကြမ်းကြီးဗျ၊ ခြေသည်းကြီးတွေဆိုရင်လည်း တစ်ချောင်းတစ်ချောင်းကို သုံးလက်မလောက်ရှည်တယ်၊ ခြေသည်းတွေက မည်းနက်နေပြီးထိပ်မှာချွန်ထွက်နေတာပါပဲဗျာ၊ ဒီလောက်ရှည်နေတဲ့ခြေသည်းကိုတောင် မညှပ်ဘူးဆိုတော့ ဘယ်လောက်များညစ်ပတ်တဲ့လူဖြစ်မလဲဆိုပြီး အရှေ့ကိုမော့ကြည့်လိုက်တော့မှ ဒီလူက လူမဟုတ်ဘဲ ဘီလူးကြီးတစ်ကောင်ဖြစ်နေပါရော။

ကျုပ်လန့်သွားပြီး အော်ဖို့လုပ်တဲ့အချိန်မှာ ကျုပ်ဘေးမှာထိုင်နေတဲ့အဘွားကြီးက ကျုပ်ကိုလှည့်ကြည့်တယ်၊ အဘွားကြိးက လူအဝတ်အစားတွေသာဝတ်ထားတာ သူ့ရုပ်ကြီးက ဘီလူးရုပ်ကြီးဗျာ၊ ဒါနဲ့တစ်ဖက်ကိုလှည့်ကြည့်တော့လည်း ရှပ်အင်္ကျီဝတ်ထားတဲ့လူက ဘီလူးကြီးတစ်ကောင်ပါပဲ၊ တစ်ကားလုံးက လူတွေကိုကြည့်တော့ အကုန်လုံးဘီလူးတွေဖြစ်နေတယ်၊ ကျုပ်ဘေးနားမှာထိုင်နေတဲ့ဘသောင်းလည်းမရှိတော့ဘူးဗျာ၊ ကားအနောက်နားမှာ ဘီလူးနှစ်ကောင်က ဘသောင်းကိုဖမ်းချုပ်ထားကြတယ်။

“အလတ်ကောင်ရေ၊ ပြေး . . . ပြေးတော့”

ဘသောင်းအော်တဲ့အခါ ဘီလူးတစ်ကောင်က ဘသောင်းရဲ့မျက်နှာကိုလက်သီးနဲ့ခွပ်ခနဲဖြတ်ထိုးချလိုက်ပါရောဗျာ၊ ဘယ်လောက်အားပြင်းသလဲဆို ဘသောင်းတောင်မေ့မြောပြီး ခွေကျသွားသဗျ၊ ကျုပ်ထိုင်နေရာကနေထမယ်လုပ်တဲ့အချိန် ကျုပ်ဘေးနားမှာထိုင်နေတဲ့အဘွားကြီးက ကျုပ်မျက်နှာကိုသူ့ခေါင်းနဲ့ ခွပ်ခနဲတိုက်ထည့်လိုက်ပါရောဗျာ၊ ဘီလူးရဲ့ခေါင်းနဲ့တိုက်မိတယ်ဆိုပေမယ့် မသိရင်အုတ်နံရံကြီးတစ်ခုနဲ့ တိုက်မိလိုက်သလိုမျိုးခံစားလိုက်ရတယ်ဗျာ၊ ချက်ချင်းပဲ ကျုပ်ခေါင်းတွေထုံကျင်တက်လာပြီးတော့ မျက်လုံးတွေမှိတ်ကျပြီး အမှောင်ကျသွားပါရော။

(၂)

ကျုပ်ကိုပေါ်ကို ရေတွေဝုန်းခနဲကျသွားတော့မှ ကျုပ်နိုးလာခဲ့တယ်ဗျာ၊ ကျုပ်လန့်ပြီးထအော်လိုက်တဲ့အချိန်မှာ ကျုပ်အရှေ့ကိုလူတစ်ယောက်ရောက်လာတယ်၊ ခေါင်းပေါင်းကြီးပေါင်းထားတဲ့ ဦးဘသာက ကျုပ်ကိုခါးထောက်ပြီးတော့ ပြုံးပြုံးကြီး ကြည့်လို့ဗျ။

“ဦးဘသာ၊ ဘာတွေဖြစ်ကုန်ပြီလဲ၊ အားလုံးပြီးဆုံးသွားပြီလားဗျာ”

“ဟား၊ ဟား မင်းက ငါ့ကိုဦးဘသာလို့ထင်နေတုန်းကိုးကွ”

“ဟာ၊ ဒါဆို ခင်ဗျား၊ ခင်ဗျားက ငထေရှင်ပဲ”

“ဟုတ်တယ်”

“ဦးဘသာရော၊ ဒါနဲ့ ကျုပ်ဘယ်နေရာကိုရောက်နေတာလဲဗျာ”

“မင်းရဲ့ဦးဘသာက မကြာခင်ရောက်လာမှာပါကွာ၊ ကဲ အချိန်ရှိတုန်း ငါတို့လုပ်ငန်းတွေစကြစို့ဟေ့”

ကျုပ်လူးလဲထဖို့လုပ်လိုက်တော့ ထမရဘူးဗျ၊ ကျုပ်တစ်ကိုယ်လုံးကို ဝက်တုပ်သလို ကြိုးနဲ့တုပ်ထားပါရော၊ ကျုပ်ဘေးနားက သစ်ပင်အောက်မှာလည်း ဘသောင်းကို ကြိုးတုပ်ပြီးငုတ်တုတ်ထိုင်ခိုင်းထားတယ်ဗျာ၊ ဘသောင်းက ခေါင်းငိုက်စိုက်နေပုံထောက်တော့ သတိမေ့နေတဲ့ပုံစံပဲဗျ၊ ငထေရှင်က မြေကြီးကိုလက်နဲ့ထိလိုက်ပြီးတော့ ပါးစပ်က မန္တန်တွေရွတ်တယ်ဗျာ၊ အဲဒီလိုရွတ်နေတုန်းမှာပဲ မြေကြီးထဲကတုန်ခါသွားပြီးတော့ မြေသားတွေက နှစ်ခြမ်းကွဲထွက်သွားပါရော၊ အဲဒီနောက်တော့ အောက်ကနေ ကျောက်ဖျာကြီးတစ်ခုပေါ်လာတယ်ဗျ။ ကျုပ်တို့ရောက်နေတာ တောင်ကုန်းကမူကလေးတစ်ခုအပေါ်မှာဗျ၊ ဘေးနားမှာလည်း သစ်ပင်တွေက ထူထူထပ်ထပ်နဲ့ပေါက်နေတယ်။ ငထေရှင်က မတ်တပ်ထရပ်ပြီးတော့ ကျောက်ဖျာကြီးကို ခြေထောက်နဲ့နင်းကြည့်နေတယ်။

“ကဲကိုယ့်လူတို့၊ ငါယောက်လာခဲ့ပြီ၊ မကြာခင် မင်းတို့အားလုံး လွှတ်လပ်ရတော့မယ်”

ပြောပြောဆိုဆိုနဲ့ ငထေရှင်က သူလွယ်ထားတဲ့လွယ်အိတ်ထဲကနေ စိန်သွားကြီးကိုနှိုက်ထုတ်လိုက်ပါရောဗျာ၊ ဘုရားစိန်ဖူးတော် စိန်သွားကြီးက တစ်မိုက်လောက်ရှိသဗျ၊ သလင်းလိုကျောက်ကို အကွက်အကွက်တွေဖော်ပြီးသွေးထားပါရော၊ ငထေရှင်က အဲဒီစိန်သွားကို ခုနကကျောက်ဖျာကြီးအပေါ်ကိုချလိုက်ပြီး မန္တန်တွေရွတ်တော့တာပဲဗျာ၊ ဒီအခါစိန်သွားက ကျောက်ဖျာအပေါ်မှာ ဂျင်တစ်လုံးလို လည်နေတာဗျ၊ စိန်သွားအချွန်က အောက်စိုက်ပြီးတော့ လည်နေတာမြန်လိုက်တာပြောမနေပါနဲ့ဗျာ၊ ငထေရှင်ကလည်း စိန်သွားကိုသေချာစိုက်ကြည့်ပြီး မန္တန်ချည်းလှိမ့်ရွတ်နေတော့တာ၊ စိန်သွားက မျက်စိရှေ့မှာပဲ လည်ရင်းလည်ရင်းနဲ့ ကျောက်ဖျာကြီးထဲကို တစ်ဆတစ်ဆနဲ့ တိုးဝင်သွားပါရော။

ဧကန္တတော့ ငထေရှင်က သိုက်ဖောက်နေတာဖြစ်မှာဗျ၊ ဒါကြောင့် သူကဒီစိန်သွားကို ဦးသန်းတန်ဆီကနေ မရအရယူခဲ့တာကိုး၊ မျက်စိရှေ့မှာတင်ပဲ စိန်သွားက ကျောက်ဖျာကိုထိုးဖောက်ပြီးတော့ ကျသွားတော့တယ်၊ ငထေရှင်က စိန်သွားကိုအာရုံစိုက်နေတုန်းမှာ ကျုပ်ကလည်း ကျုပ်ကိုချည်တုပ်ထားတဲ့ကြိုးကို ဘယ်လိုဖြေမလဲဆိုပြီး ရသလောက် လှုပ်ရှားနေမိတယ်ဗျ။

ခဏကြာတော့ ဝုန်းခနဲအသံကြီးမြည်ပြီးတော့ ကျောက်ဖျာကြီးက အပေါက်ကြီးပေါက်ကျသွားတော့တာပဲဗျာ။ အပေါက်က ဆယ်ပေလောက်တော့ရှိမယ်ဗျ၊ အဝိုင်းပေါက်ကြီးပေါက်သွားပါလေရော၊ နောက်တော့ အပေါက်ထဲကနေ လူတွေထွက်လာတယ်၊ လူဆိုပေမယ့် ဒီလူတွေရဲ့နောက်ကျောမှာ ပုစဉ်းတောင်ပံလို တောင်ပံတွေပါတယ်ဗျာ၊ လူတွေရဲ့အသားကလည်း ခပ်နီနီပဲဗျ၊ လက်ထဲမှာလည်း ဓါးလှံလက်နက်တွေ ကိုင်ထားကြသေးတယ်၊ ဒီလိုလူ ကိုးယောက်တိတိထွက်လာပြီးတော့ ကျုပ်တို့ခေါင်းပေါ်မှာ ပျံဝဲနေသဗျ။

“မင်းတို့အခုချက်ချင်းထွက်သွားကြစမ်း”

“မထွက်သွားရင် မင်းတို့ခေါင်းရှစ်စိပ်ကွဲပြီး သေရမယ်”

ဒီလူတွေက ပျံသန်းနေရင်း အသံနက်ကြီးတွေနဲ့ အော်ဟစ်ပြီးခြိမ်းခြောက်နေပါသေးတယ်ဗျာ၊ ငထေရှင်က ဒီလူတွေကိုသေချာကြည့်နေရင်း

“မင်းတို့သိုက်စောင့်လောက်ကများ ငါ့ခေါင်းကိုရှစ်စိပ်ခွဲမတဲ့လား၊ မင်းတို့ပဲခွဲမလား၊ ငါကပဲ မင်းတို့ခေါင်းကိုခွဲရမလားဆိုတာ ကြည့်ကြသေးတာပေါ့”

ငထေရှင်က ခေါင်းပေါင်းကိုဖြေလိုက်ပြီးတော့ သဘက်ကိုလည်ပင်းမှာပတ်လိုက်တယ်၊ ဒီအခါ သူ့ခေါင်းကနေ ရွှေရောင်အမောက်အရှည်ကြီးတစ်ခုပေါ်ထွက်လာပါရောဗျာ၊ လှံကိုင်ထားတဲ သိုက်စောင့်လူပျံတစ်ယောက်က ငထေရှင်ကိုလှံနဲ့တအားပြေးထိုးဖို့ ပျံဆင်းလာပါရော၊ ငထေရှင်က သိုက်စောင့်ကိုသေချာစောင့်ကြည့်တဲ့အခါ သိုက်စောင့်က ပျံသန်းလာရင်း ငထေရှင်အနားမရောက်ခင်မှာပဲ မြေကြီးခဲတစ်ခု အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသလိုမျိုး တစ်စစီကွဲပြီး မြေပေါ်ကိုကျသွားပါရောဗျာ၊ သူကိုင်ထားတဲ့ ကြေးနဲ့လုပ်ထားတဲ့လှံတံကြီးတောင် ကျုပ်အနားကိုချွင်ခနဲပြုတ်ကျလာပါရော၊ ကျုပ်လည်း ကြောက်ကြောက်နဲ့လှိမ့်ပြီးရှောင်လိုက်မိတယ်။

တစ်ခါ လေးကိုင်ထားတဲ့ လူပျံနှစ်ယောက်က မိုးပေါ်ကနေ မြှားတွေနဲ့ပစ်ချပါရောဗျာ၊ မြှားတံတွေက တချွင်ချွင်မြည်ပြီး ပြေးလာကြပါရော၊ဒီအခါ ငထေရှင်ရဲ့ခေါင်းမှာ အနီရောင်အမောက်ကြီးပေါ်လာပြီးတော့ သူ့ပါးစပ်ထဲကနေ နဂါးနီကြီးတစ်ကောင်ပျံပြီးထွက်လာတယ်၊ မြှားတံတွေကို အမြှီးနဲ့ခပ်ထုတ်ပြီးတော့ မိုးပေါ်ပျံတက်သွားရင်း လူပျံကိုအမြှီးတွေနဲ့ လိုက်လိုက်ရိုက်တာပဲဗျာ၊ အမြှီးချက်မိတဲ့ လူပျံရဲ့ကိုယ်လုံးက နှစ်ပိုင်းပြတ်ကျသွားပြီး မြေပေါ်ကိုကျပါရော။

ပုဆိန်အကြီးကြီးကိုင်ထားတဲ့လူပျံက ငထေရှင်ဆီကိုအပြေးဝင်သွားပြီး ပုဆိန်နဲ့ခေါင်းကိုပေါက်ချလိုက်ပါရောဗျာ၊ ဂျိန်းခနဲအသံကြီးမြည်ဟီးသွားပြီးတော့ မြေကြီးတွေပါတုန်ခါသွားတယ်၊ ဒါပေမယ့် ပုဆိန်က ငထေရှင်ကိုမထိပါဘူး၊ ငထေရှင်ရဲ့အရှေ့မှာ အစိမ်းရောင်ဘီလူးကြီး တစ်ကောင်ထွက်လာပြီး ပုဆိန်ကြီးကိုလက်နဲ့ညှပ်ပြီးဖမ်းထားပါရော၊ ဘီလူးကြီးက ပုဆိန်ကိုလက်နဲ့ရိုက်ချိုးပြီး လူပျံကိုလက်ဝါးစောင်းနဲ့ခုတ်ထည့်လိုက်တဲ့အခါ လူပျံက တစ်စစီဖြစ်သွားပါတော့တယ်။

ငထေရှင်လူပျံတွေနဲ့ တိုက်ခိုက်နေကြတဲ့အချိန်မှာ ကျုပ်လည်းအနားကိုကျလာတဲ့ ကြေးလှံတံကြီးဆီ အသာလှိမ့်သွားပြီးတော့ လှံတံရဲ့အသွားနဲ့ ကျုပ်လက်ကိုချည်ထားတဲ့ အုန်းဆံကြိုးကိုဆွဲပွတ်နေမိတယ်၊ လှံတံကလည်း ထက်တယ်ဆိုတော့ အုန်းဆံကြိုးက တဖြည်းဖြည်းနဲ့ဖွာထွက်လာတယ်ဗျာ။

ငထေရှင်က ဦးဘသာစောင့်ရှောက်သူ သုံးယောက်ထုတ်သုံးပြီး သိုက်စောင့်လူပျံတွေကိုဆော်လိုက်တာ ခဏကြာတော့ လူပျံရှစ်ယောက်တိတိ သေဆုံးသွားပြီး နောက်ဆုံးလူပျံတစ်ယောက်ပဲကျန်တော့တယ်၊ အဲဒီလူပျံက မိုးပေါ်အတော်မြင့်မြင့်ကနေပျံသန်းရင်း

“မြေဖုတ်သိုက်ပေါက်သွားပြီ၊ ယက္ခဆသိုက် ပေါက်သွားပြီ”

လို့အော်ရင်း မိုးပေါ်ကိုတစ်ဟုန်ထိုး ပျံတက်သွားပါရောဗျာ၊ ဒီအခါ ငထေရှင်က သူ့ခါးကြားထဲက သံလျက်ကိုထုတ်လိုက်ပြီးတော့ အဲဒီလူပျံဆီကို ချိန်ရွယ်လိုက်ပါရော၊ မိုးခြိမ်းသံလို ဂျိန်းခနဲ အသံထွက်သွားပြီး သံလျက်ထဲကနေ ရွှေရောင်မြှားသဏ္ဍာန်ရှိတဲ့မြှားတစ်ချောင်းနဲ့ပစ်ထည့်လိုက်ပါရော၊ ရွှေရောင်မြှားတံက မိုးပေါ်ပျံတက်သွားပြီး လူပျံရဲ့နောက်ကျောတည့်တည့်ကိုထိပြီးတဲ့အခါ လူပျံက အောက်ကိုပြန်ပြုတ်ကျလာပါရော၊ မြေပြင်ပေါ်ကိုအရှိန်နဲ့ကျပြီးတဲ့အခါ လူပျံက ငထေရှင်ကို ဒေါသတကြီးကြည့်နေတယ်၊ ဒီအချိန်မှာပဲ လူပျံရဲ့ခေါင်းက ဖရဲသီးစိပ်ခွဲသလို ရှစ်စိတ်ကွဲပြီး ခွမ်းခနဲကွဲကျသွားတော့တယ်။

“မင်းတို့လို မလောက်လေးမလောက်စား နတ်အစွမ်းလောက်နဲ့ ငါ့ကိုနိုင်မယ်ထင်လို့လား”

ငထေရှင်က ကျုပ်တို့ကိုကြည့်လိုက်ပြီးတော့

“လာဟေ့ကောင်လေးတွေ၊ သိုက်ကိုတော့ဖောက်ပြီးပြီ၊ ကျန်တာဆက်လုပ်ရအောင်ဟေ့”

ငထေရှင်က ကျုပ်ဆီလက်ဝါးလှမ်းပြလိုက်တော့ ကျုပ်က သူ့အလိုလိုပျံသွားပြီး ငထေရှင်ရဲ့လက်ထဲရောက်သွားတယ်၊ ငထေရှင်က ကျုပ်ကိုလက်တစ်ဖက်ကဆွဲကိုင်တယ်၊ ဘသောင်းကို လက်တစ်ဖက်က ဆွဲကိုင်လိုက်ပြီးတော့ သိုက်ပေါက်ကြီးထဲကို ခုန်ချသွားပါရောဗျာ။

သိုက်ပေါက်ကြီးက တော်တော်မြင့်တာဗျ၊ အောက်မှာလည်း အတော်နက်တဲ့တွင်းကြီးပုံစံမျိုးပါပဲ၊ လေထဲကကျတာတောင်မှ တော်တော်နဲ့အောက်ကိုမရောက်နိုင်ဘူးဗျာ၊ ကျုပ်တို့ပြုတ်ကျနေတုန်း တွင်းကြီးရဲ့နံရံကနေ တချွင်ချွင်အသံပေးပြီးတော့ ရွှေရောင်အကွင်းလေးတွေပျံသန်းလာကြတယ်ဗျာ၊ ရွှေကွင်းကလေးတွေက အတော်များတာဗျ၊ ရာနဲ့ချီလောက်မယ်ထင်တယ်၊ ငထေရှင်က တွင်းထဲလှည့်ပတ်ပျံသန်းနေတဲ့အခါ ရွှေကွင်းတွေက သူ့နောက်ကနေ တသီတတန်းကြီး လိုက်လာကြပါရော။

“တောက်၊ ဒီစက်တွေက တမှောင့်”

ငထေရှင်က တောက်တစ်ချက်ခေါက်လိုက်ပြီးတော့ ကျုပ်တို့ကိုပစ်ချလိုက်တယ်၊ ကျုပ်တို့နှစ်ယောက် အောက်ကကြမ်းပြင်ပေါ်ကို ခွေးကျဝက်ကျ ကျတော့တာပေါ့ဗျာ၊ တော်သေးတာက သိပ်အမြင့်ကြီးက မဟုတ်လို့ဗျ၊ ငထေရှင်ကတော့ ကြမ်းပြင်တစ်နေရာမှာ ရပ်လိုက်ပြီး သူဝတ်ထားတဲ့ တိုက်ပုံအင်္ကျီကိုချွတ်လိုက်ပြီးတော့ သူ့အရှေ့မှာကာထားလိုက်တယ်၊ အနောက်က ပျံပြီးလိုက်လာတဲ့စက်တွေက ငထေရှင်ရဲ့တိုက်ပုံကို အားနဲ့ဝင်တိုးကြတယ်ဗျာ၊ သံတွေကိုကြမ်းပြင်ပေါ်ကိုလောင်းချသလို တချွင်ချွင်အသံတွေမြည်ကုန်တယ်၊ ရွှေကွင်းကလေးတွေက ငထေရှင်ရဲ့တိုက်ပုံအင်္ကျီနဲ့တိုးတိုက်မိပြီး ကျိုးပဲ့ပြီးတော့ ကြမ်းပြင်ပေါ်ပြုတ်ကျတယ်ဗျာ၊ ကြမ်းပြင်မှာဆို ရွှေကွင်းအပိုင်းအစကလေးတွေက ပြန့်ကျဲနေတာပါပဲဗျာ။ ငထေရှင်က ရွှေကွင်းကလေးတွေအကုန် ကုန်သွားတော့မှ သူ့တိုက်ပုံအင်္ကျီကို သေချာခါပြီး ကျကျနနပြန်ဝတ်တယ်။

“ရောက်ပြီ၊ နောက်ဆုံးတော့ ငါတို့ရောက်လာခဲ့ပြီ”

ငထေရှင်က လက်ဖျောက်တစ်ချက်တီးလိုက်တဲ့အခါ သူ့လက်ထဲကနေ မီးလုံးတစ်လုံးဟုန်းခနဲထတောက်လာတယ်၊ အဲဒီမီးလုံးကို မိုးပေါ်မြှောက်တင်လိုက်တော့ မီးလုံးက တဖြည်းဖြည်းကြီးသွားပြီး အပေါ်ကိုပျံတက်သွားတယ်၊ မီးလုံးအလင်းရောင်ကြောင့် ဂူကြီးတစ်ခုလုံးကို ထင်ထင်ရှားရှားမြင်လိုက်ရသဗျာ။

ဂူဆိုတာထက် ရေတွင်းကြီးတစ်ခုနဲ့ပိုပြီးတူတယ်ဗျ၊ ဘေးပတ်ပတ်လည်ကို ကျောက်ပြားကြီးတွေနဲ့ ကာထားပါရော၊ နက်တာကလည်း အတော်နက်တယ်၊ ကျုပ်အထင် ပေငါးရာလောက်ရှိမယ့်ပုံပဲ၊ ခုနက ကျုပ်တို့ဆင်းလာခဲ့တဲ့ အပေါက်ကြီးကို ဟိုးအပေါ်မှာမြင်နေရတယ်ဗျာ၊ ဂူရဲ့ကြမ်းပြင် ကျုပ်တို့အရှေ့မှာတော့ ကျောက်ရုပ်တွေတန်းစီပြီးရှိနေတာ မနည်းဘူးဗျ၊ ကျောက်ရုပ်ကြီးတွေရဲ့အလယ်မှာ ကျောက်ကလပ်ကြီးတစ်ခုရှိပြီး ကလပ်ပေါ်မှာတော့ ကျောက်ခေါင်းတလားကြီးတစ်လုံးရှိတယ်၊ ငထေရှင်က မြေကြီးမှာကျနေတဲ့ ဖန်ဂေါ်လီလုံးလောက် အရွယ်အစားရှိတဲ့ အလုံးကလေးကိုကောက်ယူလိုက်တယ်။

“ဒီလောက်ထက်လှတဲ့စိန်သွားတောင်မှ ဒီသိုက်ကိုဖောက်ရင်း ပျက်စီးသွားတယ်တဲ့ကွာ”

“ဘာဗျ၊ အဲဒါခုနက စိန်သွားတဲ့လား”

“ဟုတ်တယ်လေကွာ၊ ဒီသိုက်ကိုဖောက်နိုင်တာ အဲဒီစိန်သွားပဲရှိတာ၊ ပထမအဆင့်အနေနဲ့တော့ သိုက်ကိုစိန်သွားတစ်ခုနဲ့ဖောက်ပြီးပြီ နောက်တစ်ဆင့််ကတော့ နောက်ထပ်စိန်သွားတစ်ခုနဲ့ ဟောဟိုက ခေါင်းတလားကြီးကိုဖောက်ရမှာပဲ”

“ဒါကြောင့်ကိုး ဒါကြောင့်ခင်ဗျားက စိန်သွားနှစ်ခုစလုံးကို ယူသွားခဲ့တာကိုး”

“အစစ်ပေါ့ကွာ”

“ကျုပ်ကိုလွတ်ပေး၊ ကျုပ်ကိုလွှတ်ပေးစမ်းဗျာ”

“ဟေ့ကောင်၊ မင်းကငါ့အတွက် အနိုင်ဖဲချပ်ပဲကွ၊ မင်းကိုငါကလွှတ်ပေးလို့ဖြစ်မလား”

“ဘယ်လိုဗျ”

“အဲဒီဦးသာဒင်ဆိုတဲ့လူကြီးရဲ့ အားနည်းချက်က မင်းလေကွာ၊ သူ့မှာတခြားအားနည်းချက်မရှိပေမယ့် မင်းဆိုတဲ့ကောင်တော့ရှိတယ်မဟုတ်လား၊ မင်းထိခိုက်မှာဆိုရင် သူကသိပ်ကြောက်တာ၊ မင်းသေတာကို ဒီအတိုင်းထိုင်ကြည့်နေပါ့မလားကွ”

“ခင်ဗျားတော်တော်ယုတ်မာတဲ့လူပဲဗျာ၊ ခင်ဗျားကျုပ်ကိုသတ်ပစ်လိုက်စမ်းပါ၊ ကျုပ်ကိုသတ်တာ ခင်ဗျားဆိုတာ ဦးဘသာသိသွားရင် ခင်ဗျားကြီးကို သူဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူးဗျ၊ ခင်ဗျားကို ဆုံထဲထည့်ပြီးထောင်းသလို ထောင်းမှာ”

“ဟား၊ ဟား၊ မင်းက ဒီအတိုင်းသေသွားလို့ ဘာတန်ဖိုးမှမရှိပါဘူးကွ၊ စိတ်ချပါ၊ မင်းကိုငါမသတ်သေးပါဘူး၊ မင်းနဲ့ကောင်းကောင်း ကစားရအုံးမှာ”

ငထေရှင်က သူ့ခါးကြားထဲနှိုက်ပြီးတော့ ဒုတိယစိန်သွားကိုထုတ်လိုက်တယ်ဗျာ၊ အဲဒီစိန်သွားက ဦးသိန်းတန်ဆီကနေ လုယူထားတဲ့စိန်သွားတစ်ခုပေါ့၊ စိန်သွားက မီးရောင်အောက်မှာဝင်းလက်နေပါရော။

(၃)

“ဟိတ်ကောင်ငထေရှင်၊ မင်းလုပ်နေတာတွေကို ရပ်တန်းက ရပ်လိုက်စမ်း”

မိန်းမသံတစ်ခုကြားလို့ ကျုပ်မော့ကြည့်လိုက်တဲ့အခါ ချောချောက တောင်ဝှေးကြိးကိုင်လို့ အောက်ကိုခုန်ဆင်းလာသဗျာ၊ ခုန်ဆင်းလာတယ်ဆိုပေမယ့်လည်း ပြုတ်ကျလာမျိုးမဟုတ်ဘူးဗျ၊ လေပေါ်မှာပျံဝဲပြီးဆင်းလာတာမျိုး။ နောက်ပြီးတော့ ကျုပ်တို့အရှေ့မလှမ်းမကမ်းမှာပဲ ဆင်းလိုက်တယ်။ ငထေရှင် ဦးဘသာကိုမြင်တော့ ကြောက်တော့ကြောက်သွားသဗျ။

“ဟေ့ကောင်ငထေရှင်၊ မင်းကိုအဆုံးသတ်ပေးဖို့ ငါလာခဲ့ပြီကွ”

ငထေရှင်က ချောချောကိုအံ့သြတကြီးနဲ့ကြည့်နေရင်း

“ဟာ၊ ခင်ဗျားလက်မှာကိုင်ထားတာ ကသစ်ဖြူသားတောင်ဝှေးပါလား”

“ဟုတ်တယ်ငထေရှင်၊ ငါဘုရားပျံဖြစ်သွားပြီ၊ ဟောဒီမှာ သင်္ကန်းနက်ဆွဲကြိုး၊ ဒီဆွဲကြိုးကို မင်းလည်ပင်းမှာစွပ်ပြီး မင်းကိုအဝီစိကိုပို့မယ်ကွ”

ငထေရှင်က ကျုပ်ကို ဂုတ်ကနေဆွဲယူလိုက်ပြီးတော့ ကျောက်ရုပ်ကြီးတွေကြားထဲကိုပြေးတယ်ဗျာ၊ ပြေးရင်းလွှားရင်း ကျောက်ရုပ်တွေကို သူ့လက်နဲ့ပုတ်ပြီးတော့ တစ်ခုခုကိုတီးတိုးရွတ်တယ်၊ သူ့လက်နဲ့ထိပြီးတာနဲ့ ကျောက်ရုပ်ကြီးတွေမှာရှိတဲ့ ကျောက်သားကျောက်စိုင်တွေက ပဲ့ကျပြီးတော့ အထဲကနေ ဘီလူးကြီးတွေထွက်လာပါရောဗျာ။

ဘီလူးကြီးဆိုပေမယ့် ကြီးတော့မကြီးဘူးဗျ၊ အရပ်ကတော့ သာမန်လူအရပ်ထက်တောင် နည်းနည်းပုသေးတယ်၊ ငါးပေမပြည့်တဲ့အရပ်လောက်ပေါ့၊ ကိုယ်လုံးမှာတော့ အစိမ်းရောင်အကြေးခွံတွေပါတဲ့ ချပ်ဝန်တန်ဆာတွေကို ဝတ်ထားကြတယ်။ ငထေရှင်က ကျုပ်ကိုဆွဲပြီးပြေးရင်း နောက်ဆုံးအလယ်က ကျောက်ကလပ်ကြီးပေါ်ကို ခုန်တက်လိုက်တယ်၊ ခါးကြားက သန်လျက်ကိုဆွဲထုတ်လိုက်ပြီးတော့

“ကဲ မြေဖုတ်ဘီလူးတွေ၊ မင်းတို့ကို ငါအမိန့်ပေးမယ်၊ အဲဒီလူကို သတ်ကြဖြတ်ကြစမ်းဟေ့”

မြေဖုတ်ဘီလူးတွေက မြေကြီးမှာကျနေတဲ့ ကျောက်သားတွေကိုလက်နဲ့ကိုင်လိုက်ကြတယ်ဆိုရင်ပဲ ကျောက်တုံးတွေက သူ့အလိုလိုဆက်ပြီးတော့ ဓါးတွေ၊ လှံတွေ၊ ပုဆိန်တွေ၊ တင်းပုတ်တွေဖြစ်သွားကြတယ်ဗျာ၊ ပြီးတော့ လက်နက်မျိုးစုံကိုင်ဆွဲပြီး ဦးဘသာကိုဝန်းရံလိုက်ကြတယ်။

ဦးဘသာကတော့ ခပ်တည်တည်ပဲ တောင်ဝှေးကိုင်ပြီးရပ်နေသဗျ၊ ဘီလူးတစ်ကောင်က ဦးဘသာရဲ့ ဘယ်ဘက်ဘေးကနေ ပုဆိန်နဲ့အတင်းဝင်ခုတ်ပါရော၊ ဦးဘသာက တောင်ဝှေးကို မြှောက်ပြီး ဘီလူးရဲ့ရင်ဝကို တောင်ဝှေးရဲ့အခြေနဲ့ဆောင့်ထိုးထည့်လိုက်ပါရောဗျာ၊ ဘီလူးက ပုဆိန်မြှောက်နေရင်းတန်းလန်းနဲ့ပဲ တစ်ကိုယ်လုံးမြေသားတွေဖြစ်သွားပြီး မြေစိုင်မြေခဲလို ပဲ့ကြွေကျသွားတော့တယ်။

“မြေကြီးထဲက လာတဲ့အကောင်တွေ၊ မြေကြီးထဲကို ပြန်သွားကြစမ်း”

ဒီအခါ ဦးဘသာရဲ့ ညာဘက်ဘေးကနေ ဘီလူးတစ်ကောင်က လှံနဲ့ဝင်ထိုးပါရော၊ ဦးဘသာက သူ့ရင်ဝဆီတန်းတန်းမတ်မတ်ဝင်လာတဲ့ လှံသွားကို လက်နဲ့အသာဖမ်းဆုပ်လိုက်တယ်၊ လှံနဲ့ထိုးတဲ့ဘီလူူးကို မျက်စိနဲ့စိုက်ကြည့်လိုက်တဲ့အခါမှာ အဲဒီဘီလူးကြီးက မြေသားတွေဖြစ်သွားပြီး တစ်စစီပဲ့ကျသွားပြန်ရောဗျာ၊ ကျန်တဲ့ဘီလူးဆယ်ကောင်လောက်က ဦးဘသာကို ဝိုင်းပြီးခုတ်ကြထစ်ကြမယ်အလုပ်မှာ ဦးဘသာက လက်ထဲမှာ မိုးကြိုးအလုံးကြီးထုတ်လိုက်ပြီးတော့ ဒီဘီလူးတွေကိုပစ်ချထည့်လိုက်တော့တယ်၊ မိုးကြိုးအလုံးက ဘီလူးတစ်ကောင်ကိုထိပြီးတာနဲ့ နောက်တစ်ကောင်ဆီကိုကန်ထွက်သွားပြီး လိုက်လိုက်ထိတာပဲဗျာ၊ မြန်လိုက်တာပြောမနေပါနဲ့၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘီလူးဆယ်ကောင်စလုံးကို မိုးကြိုးထိသွားပြီးတော့ အကုန်လုံး မြေမှုန့်ဖြစ်ကုန်ပါရော။

ငထေရှင်က ကျောက်ကလပ်ပေါ်ကနေ တော်တော်ထိတ်လန့်နေပြီဗျာ၊ သူ့လက်ထဲက သန်လျက်ကိုမိုးပေါ်ကိုမြှောက်တင်လိုက်ပြီး

“ကဲ ငါ့ရဲ့စစ်သည်တော်အပေါင်းတို့ နိုးထကြလော့၊ ရန်သူကို သုတ်သင်ကြလော့”

လို့အော်ဟစ်ပြီး သန်လျက်အသွားကို မြေကြီးပေါ်ကိုထိုးညွှန်လိုက်တာနဲ့ မြေကြီးက တဂျိန်းဂျိန်းနဲ့ငလျင်လှုပ်သလိုခါရမ်းသွားတော့တာပါပဲ၊ တစ်ချိန်တည်းမှာပဲ ကျောက်ကလပ်ကြိးကို ပတ်ပတ်လည်ဝိုင်းနေတဲ့ ကျောက်ရုပ်တွေအကုန်လုံးက ကျောက်သားတွေပဲ့ကျသွားပြီးတော့ ဘီလူးတွေဖြစ်ကုန်ပါရောဗျာ၊ အကုန်လုံးပေါင်းရင် ဘီလူးတွေက ရာချီမယ်ဗျ၊ ဒီဘီလူးတွေအကုန်လုံး ဦးဘသာဆီကို ပြေးဝင်သွားကြပါရော၊ ငထေရှင်က စိန်သွားကိုထုတ်လိုက်ပြီး ကျောက်ခေါင်းတလားကြီး အပေါ်ကိုဒေါင်လိုက်ထောင်ပြီးတင်လိုက်တယ်၊ ပြီးတာနဲ့ မန္တန်တစ်ခုကိုရွတ်ပြီး စိန်သွားနဲ့ ကျောက်ခေါင်းတလားကြီးကို ဖောက်ခိုင်းတော့တယ်ဗျာ၊ စိန်သွားက ဂျင်ပုံစံလို လည်ပတ်နေပြန်ပါရော။

ကျုပ်ကတော့ ဦးဘသာဘာဖြစ်မလဲဆိုပြီးတော့ပဲ လှည့်ကြည့်နေမိတော့တယ်ဗျာ၊ ဦးဘသာက ဘီလူးတွေကို အများနဲ့တစ်ယောက်တိုက်ခိုက်နေပါရော၊ ဒါပေမယ့် ဘီလူးတွေကများတော့ ကြာကြာမတိုက်နိုင်ပါဘူးဗျာ၊ ဘီလူးတွေက ဦးဘသာကို ဝိုင်းဖမ်းချုပ်ပြီးတော့ တစ်ကောင်ပေါ်တစ်ကောင်ထပ်ပြီး ဝိုင်းဖိသတ်ကြတယ်။

“ဦးဘသာ . . . ဦးဘသာ မသရေဘူး”

ကျုပ်အသံပြဲကြီးနဲ့အော်လိုက်မိတယ်။ ဘီလူးတွေက ဦးဘသာအပေါ်မှာထပ်နေကြတာများ တောင်ကုန်းတစ်ခုလိုတောင်ဖြစ်နေပြီဗျာ။

ကျုပ်မျက်ရည်တွေဝဲပြီးကြည့်နေမိတယ်၊ မကြာခင်မှာပဲ အဲဒီတောင်ကုန်းလို့ ဘီလူးတွေကြားထဲကနေ အနီရောင်အလင်းတန်းတွေထွက်လာပါရောဗျာ၊ တဖြည်းဖြည်းပိုပြီးနီရဲလာပြီးတော့ ဝုန်းခနဲပေါက်ကွဲထွက်သွားတာပါပဲ၊ ဘီလူးတွေရဲ့အစိတ်အပိုင်းတွေက အပိုင်းပိုင်းပြတ်ပြီးတော့ ပြုတ်ကျလာကြတယ်၊ ဦးဘသာက ထိုင်နေရာကနေ တောင်ဝှေးကိုထောက်ပြီး မတ်တပ်ရပ်လိုက်တယ်။

ငထေရှင်က စိန်သွားကိုကြည့်ပြီး အံ့သြနေပြီဗျာ၊ စိန်သွားက အချိန်တော်တော်ကြာတာတောင်မှ ကျောက်ခေါင်းတလားကြီးအထဲကို ဖောက်မဝင်ဘူးဖြစ်နေတယ်။

“ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုများဖြစ်ရတာလဲ”

ကျုပ်လှည့်ကြည့်လိုက်တဲ့အချိန် ဘယ်တုန်းက နိုးနေပြီမှန်းမသိတဲ့ ဘသောင်းက ပါးစပ်က တတွတ်တွတ်ရွတ်လို့ဗျ၊ ဒါဆိုရင် စိန်သွားဖောက်မရအောင်ရွတ်နေတာ သူပဲနေမှာ၊ သူ့အကိုကြီး ဦးသန်းတန်က စိန်သွားကိုခိုင်းစေလို့ရတဲ့ မန္တန်တစ်ခုကို သူ့ကိုသင်ပေးခဲ့တယ်မဟုတ်လား။

ဦးဘသာက ငထေရှင်ကို စွမ်းအားတစ်ခုနဲ့လှမ်းပစ်လိုက်တဲ့အခါ ငထေရှင်ရဲ့ကျောကုန်းကိုထိပြီးတော့ ငထေရှင်ကျောကော့သွားတယ်ဗျ၊ ပြီးတော့ ဦးဘသာကိုလှည့်ကြည့်တယ်။ ဦးဘသာက

“ပါလရသေ့ကြီးက ဒီလက်နက်သုံးမျိုးအစွမ်းနဲ့ ဘီလူးကိုးထောင်ကိုတောင် သတ်ဖြတ်သုတ်သင်ခဲ့တာပဲ၊ မင်းတို့ဘီလူးရာဂဏန်းလောက်ကတော့ ဘုရားပျံတွေအတွက် ပျင်းတောင်ပျင်းသေးတယ်ဟေ့”

“ကောင်မ၊ နင်ကငါနဲ့တစ်ပွဲတစ်လမ်း စမ်းချင်တာပေါ့လေ၊ ရမယ်၊ ရမယ် ငထေရှင်တဲ့ဟေ့”

ငထေရှင်က အော်ရင်း သံလျက်ကိုဝင့်ပြီးတော့ ဦးဘသာဆီကိုခုန်ဝင်သွားတယ်ဗျ။ ပြီးတာနဲ့ သန်လျက်နဲ့အုပ်မိုးပြီးခုတ်ချပါရော၊ ဦးဘသာကလည်း ကသစ်ဖြူတောင်ဝှေးနဲ့ ပြန်ပြီးခံလိုက်သဗျာ။ ငထေရှင်က အားကုန်သုံးပြီးလေပေါ်ကနေဖိချလိုက်တော့ ဦးဘသာက တောင်ဝှေးကိုလက်နှစ်ဖက်နဲ့ကိုင်ထိန်းထားရာက ခြေထောက်တစ်ဖက်ပါနိမ့်ကျပြီးတော့ မုဆိုးဒူးထောက်သလိုအနေအထားဖြစ်သွားတယ်၊ ငထေရှင်က မထေ့ပြုံးပြုံးပြီး လေပေါ်ကနေသန်လျက်ကိုဖိချနေတယ်ဗျာ၊ ဦးဘသာက မျက်နှာကြီးကိုရှုံ့မဲ့ပြီး အောက်ကနေအားကုန်ပြန်တွင်းနေတယ်၊ သံလျက်နဲ့ တောင်ဝှေးနဲ့ထိတဲ့နေရာမှာ ပန်းပဲဖိုထဲက သံခဲလို တဖြည်းဖြည်းနီရဲလာပြီးတော့ မီးမှုန် မီးပွားလေးတွေတောင်မှ ခုန်ခုန်ထွက်နေပါရော။

“မင်းသေရမယ်၊ သာဒင်၊ မင်းသေကိုသေရမယ်”

“မင်းအရင်သေမလား ငါအရင်သေမလား စောင့်ကြည့်ကြသေးတာပေါ့ဟေ့”

ဦးဘသာက ခြေထောက်ကိုပြန်ထောက်လိုက်ပြီးတော့ အားကုန်ပြန်တွန်းတယ်ဗျ၊ အစက ခပ်ပြုံးပြုံးလုပ်နေတဲ့ ငထေရှင်တောင်မှ မျက်နှာကြီးရှုဲ့မဲ့လာပြီးတော့ အားကုန်ပြန်တွန်းထားရတယ်ဗျာ၊ ဦးဘသာက တဖြည်းဖြည်းကုန်းထပြီးတဲ့နောက် တောင်ဝှေးကိုအားကုန်တွန်းထည့်လိုက်တော့ လေပေါ်ပျံနေတဲ့ငထေရှင်တစ်ယောက် အနောက်ကိုလွင့်ထွက်ပြီး ခပ်လှမ်းလှမ်းမှာ သွားကျပါရော။

“အဲဒီသန်လျက်က မင်းရဲ့သန်လျက်မဟုတ်ဘူး ငထေရှင်၊ ဒါကြောင့် မင်းဒီသန်လျက်ကို မသုံးနိုင်ဘူး”

“သုံးနိုင်သလား၊ မသုံးနိုင်သလားဆိုတာ ခင်ဗျားကိုပြမယ်”

ငထေရှင်က သန်လျက်ကို မိုးပေါ်ကိုပစ်တင်လိုက်ပါရော၊ သန်လျက်က သူ့ခေါင်းပေါ်ကိုရောက်တဲ့အချိန်မှာ သံလျက်ပွားတွေ တစ်ခုပြီးတစ်ခုတိုးတိုးထွက်လာသဗျာ။ သံလျက်ပွားတစ်ခု ဆယ်ခုပြန်ပွား၊ အဲဒီဆယ်ခုက ထပ်ပြီးဆယ်ခုဆီပြန်ပွားနဲ့မို့ သံလျက်တွေရာထောင်ချီအောင်ဖြစ်သွားပြီး ငထေရှင်ရဲ့ခေါင်းပေါ်မှာ ဝင်းလက်နေပါရော။

ငထေရှင်က ဦးဘသာကိုလက်ညှိုးညွှန်လိုက်တဲ့အခါ သံလျက်တွေက ဦးဘသာဆီကိုတစ်စင်းပြီးတစ်စင်းပြေးဝင်လာကြတယ်၊ ဦးဘသာက သန်လျက်တွေကို သူ့တောင်ဝှေးနဲ့ တစ်စင်းချင်းဆီ ပုတ်ထုတ်နေတယ်ဗျ။

“ခင်ဗျားက တစ်ချောင်းချင်းစီလောက်သာ ပုတ်ထုတ်နိုင်တာပါဗျာ၊ ကဲ အခုပဲ သန်လျက်အစင်းတစ်ရာ လွှတ်ထည့်လိုက်မယ်၊ လာလေရော့”

ငထေရှင်လက်ညှိုးတစ်ချက်အညွှန်မှာ သံလျက်အစင်းတစ်ရာက ဦးဘသာဆီကိုပြေးဝင်သွားတော့တယ်၊ ဒါပေမယ့် ဦးဘသာကိုမထိဘဲ ဦးဘသာရဲ့အရှေ့တည့်တည့်တစ်တောင်လောက်အလိုမှာ သံလျက်တွေက ရပ်ကုန်တယ်ဗျ၊ ငထေရှင်က မကျေနပ်တာနဲ့ ကျန်တဲ့သန်လျက်တွေအားလုံးကိုပါ ပစ်ထည့်လိုက်ပါရော၊ အလျံတဝင်းဝင်းနဲ့ သံလျက်တွေအကုန်လုံး ဦးဘသာမျက်စိရှေ့နားမှာ ရပ်တန့်နေကြတယ်။

ဦးဘသာက မျက်မှောင်ကြုတ်လိုက်တော့ သူ့ကိုဦးညွန်နေတဲ့သံလျက်တွေက ဟိုဘက်ကိုပြန်လှည့်ကုန်တယ်ဗျ၊ ငထေရှင်ကိုပြန်ပစ်တော့မယ်ဆိုတာ သိလိုက်ပြီမို့လို့ ကျုပ်လည်း ကျောက်ခေါင်းတလားကြီးအနောက်ကိုလှဲချလိုက်ရတော့တယ်၊ ထင်တဲ့အတိုင်းပါပဲ လေထဲမှာ တဝှီးဝှီးပျံဝဲတဲ့အသံတွေကြားလိုက်ရပြီးတော့ သံလျက်တွေအကုန်လုံး ပြေးဝင်လာကုန်တာပဲဗျာ၊ ဒါပေမယ့် သံလျက်တွေက ကျောက်နံရံတွေ၊ ကျောက်ခေါင်းတလားတွေကိုတော့ မဖောက်ဘူးဗျ၊ သံလျက်တွေကုန်သွားတော့မှ ကျုပ်လည်းခေါင်းထောင်ကြည့်လိုက်မိတယ်။ ဦးဘသာက လက်ထဲမှာ တောင်ဝှေးတစ်ဖက် သံလျက်တစ်ဖက် ကိုင်ထားလို့ဗျို့။

“မင်းက သံလျက်တစ်ထောင်ပွားပြတာတော့ကောင်းပါတယ်၊ ဒါပေမယ့် မကောင်းတာက သန်လျက်အစစ်ကိုပါ ငါ့ဆီပစ်လိုက်မိတာပဲ”

ငထေရှင်ပြာပြာသလဲဖြစ်သွားတော့တယ်။

“ခင်ဗျားကြီး သေစမ်း”

ငထေရှင်က လက်ကိုမိုးပေါ်ထောင်ပြီးဝှေ့ယမ်းလိုက်တဲ့အခါ သူ့အနောက်မှာ အနီရောင်မီးအကွင်းကြီးတစ်ခုပေါ်လာပြီးတော့ အထဲကနေ မီးကျီးခဲတွေပျံဝဲပြီးထွက်လာသဗျ။

“ဘုရားပျံရေ၊ ဒီအခန်းကို မီးကျီးခဲမိုးရွာပစ်မယ်ကွ၊ မင်းအဲဒီမှာ လောင်မြိုက်လိုက်စမ်း”

မီးကျီးခဲတွေက အနီပေါက်ကြီးထဲကနေ အများကြီးထွက်လာတာဗျာ၊ အခုရေ ရာထောင်ချီမယ်ထင်တာပါပဲ၊ ငထေရှင်ရဲ့အနားမှာ မီးခဲတွေက စုဝေးနေကြတယ်၊ ဒီအခါ ဦးဘသာက ငထေရှင်လုပ်သလို တောင်ဝှေးကိုမိုးပေါ်ကိုမြှောက်တင်ပြီးတော့ ပတ်ပတ်လည်အောင်မွှေ့နေရင်း သူ့ခေါင်းပေါ်မှာ မိုးသားတိမ်တိုက်တွေဖြစ်လာပါရော၊ မကြာပါဘူး၊ ဂူကြီးအထဲကို မိုးတွေရွာသွန်းချလိုက်တာ ငထေရှင်ရဲ့မီးခဲတွေအကုန် မိုးတွေစိုပြီးတော့ ပြာခဲကြီးတွေဖြစ်ကုန်တယ်၊ မိုးရွာတာကလည်း သဲကြီးမဲကြီးကိုရွာချတာဗျာ၊ ဒါပေမယ့် ထူးဆန်းတာက ကျုပ်တို့ကို အဲဒီမိုးရေတွေက မစိုဘူးဗျ။ ကျုပ်က အနားမှာကျနေတဲ့ သံလျက်ပွားတစ်ခုရဲ့အသွားနဲ့ ကြိုးကိုဖြတ်လိုက်တဲ့အချိန်မှာ ကြိုးကတိခနဲပြတ်ထွက်သွားသဗျာ၊ ဒါနဲ့ ဘသောင်းဆီပြေးသွားပြီးတော့ ဘသောင်းရဲ့ကြိုးတွေကိုလည်းဖြေပေးရသေးတယ်ဗျ။

ငထေရှင်က မရတော့တဲ့အဆုံး သူ့ခေါင်းပေါ်က အမောက်ကြီးသုံးခုကိုထောင်လိုက်တယ်၊ ပြီးတာနဲ့ ပါးစပ်ထဲကနေ နဂါးနီကြီးကိုပစ်လွှတ်လိုက်ပါရော၊ နဂါးနီကြီးက ဦးဘသာဆီကိုပျံသန်းသွားပြီး ဦးဘသာရဲ့ကိုယ်လုံးကိုရစ်ပတ်လိုက်တယ်၊ တစ်ခါတည်းမှာပဲ ဘီလူးစိမ်းကြီးထွက်လာပြီး ဦးဘသာကိုဖမ်းချုပ်ပြန်ပါရောဗျာ၊ ရွှေရောင်အဆင်းရှိတဲ့ နတ်မင်းက ရွှေစြက်ာတစ်ခုနဲ့ ပျံသန်းလာပြီး ဦးဘသာရဲ့ငယ်ထိပ်တည့််တည့်ကို ခုတ်ဖြတ်ဖို့လုပ်ပါရော၊ ဒီအဖြစ်ကို ငထေရှင်က အားရပါးရရယ်မောရင်းကြည့်နေတယ်၊ ဒါပေမယ့် ရွှေရောင်နတ်မင်းက အနားရောက်တော့ ဦးဘသာကိုမခုတ်ဖြစ်ဘဲ ဦးဘသာရဲ့ပါးစပ်ထဲကို တိုးဝင်သွားတာပါပဲဗျာ၊ ဘီလူးကြီးက ဦးဘသာရဲ့နားထဲကိုခုန်ဝင်သွားပြီး နဂါးကြီးက ဦးဘသာရဲ့နှာခေါင်းပေါက်ထဲကို လျှောခနဲဝင်သွားပါရော။

“ဟာ၊ ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ”

“ငါပြောမယ်ငထေရှင်၊ ဒီအစောင့်အရှောက်ပုဂ္ဂိုလ်တွေဆိုတာ ငါတို့ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းပြီးထိန်းသိမ်းလာခဲ့တဲ့လူတွေကွ၊ တစ်နည်းအားဖြင့်ပြောရရင် ငါတို့ရဲ့ ဘိုးရင်းဘွားရင်း မိရင်းဖရင်းတွေလိုဖြစ်နေပြီ၊ မိဘတစ်ယောက်က သားသမီးတစ်ယောက်ကို ဒုက္ခရောက်အောင်လုပ်နိုင်တယ်ဆိုတာ မင်းကြားဖူးလို့လားကွ”

ပြောရင်းဆိုရင်း ငထေရှင်ရဲ့ခေါင်းက အမောက်ကြီးသုံးခုပျောက်ပြီးတော့ ဦးဘသာခေါင်းမှာသွားပေါက်ပါရောဗျာ၊ ဦးဘသာက ငထေရှင်ကိုကြည့်ပြီး

“မင်းရှုံးပြီငထေရှင်၊ မင်းရဲ့အရှုံးကို မင်းလက်ခံပါ၊ မင်းအနေနဲ့ငါ့ကို နိုင်ဖို့အကြောင်းမရှိတော့ဘူး”

“မရှုံးဘူး၊ ကျုပ်ဘယ်တော့မှ မရှုံးဘူး”

ဦးဘသာက ငထေရှင်ဆီကိုခုန်ဝင်သွားပြီးတော့ ငထေရှင်ရဲ့ရင်ဘတ်ကို တောင်ဝှေးနဲ့ရိုက်ချလိုက်တော့တာပဲဗျာ၊ တောင်ဝှေးချက်ထိပြီး ငထေရှင်က အနောက်ကိုလွင့်ထွက်သွားသဗျ၊ ကျောက်ကလပ်ကြီးနဲ့ ပြေးရိုက်ပြီးတော့ ခွေခနဲလဲကျသွားတယ်။

“ကဲ ငထေရှင် မင်းရဲ့အရှုံးကို အေးအေးဆေးဆေးလက်ခံလိုက်ပါ”

ငထေရှင်က ကုန်းထရင်း

“ကျုပ်မရှုံးဘူး၊ ကျုပ်ဘယ်တော့မှ အရှုံးမပေးဘူးဗျ”

ငထေရှင်က ဦးဘသာဆီကိုလက်သီးလက်မောင်းတန်းပြီးပြေးဝင်လာတယ်၊ ဦးဘသာမျက်နှာကိုလက်သီးနဲ့လွှဲပြီးထိုးထည့်လိုက်ပေမယ့် ဦးဘသာက အသာရှောင်တိမ်းလိုက်ပြီး သူ့ညာလက်မှာကိုင်ထားတဲ့ သန်လျက်ရဲ့အနှောင့်နဲ့ ငထေရှင်ရဲ့ကျောကိုထုထည့်လိုက်တော့တယ်၊ ငထေရှင်တစ်ယောက် ကျောအထုခံရလို့ အရှေ့ကိုလွင့်ထွက်သွားပြီး ကျောက်နံရံကြီးနဲ့ပြေးဆောင့်ပါရော။

“ငထေရှင် ငါ့ကိုအရှုံးပေးတော့”

“မပေးဘူး၊ လုံးဝမပေးဘူး”

ငထေရှင်က ပြန်ပြေးလာပြန်တယ်၊ ဒါပေမယ့် သူ့အခြေအနေကိုကြည့်ရတာ မဟန်တော့မှန်းသိသာပါတယ်၊ ဦးဘသာက ငထေရှင်သူ့အနားရောက်လာတော့ တောင်ဝှေးနဲ့ခြေထောက်ကိုဖြတ်ရိုက်ထည့်လိုက်တာ ငထေရှင်က အရှေ့ကိုဟပ်ထိုးလဲကျသွားတော့တယ်၊ ဒီလိုနဲ့ ငထေရှင်ကို မေးလိုက်ရိုက်လိုက် နဲ့ရိုက်နေတာ၊ ဘေးကကြည့်နေတဲ့ကျုပ်တို့တောင်မှ တော်တော်သနားနေပါပြီဗျာ၊ ဦးဘသာက တောင်ဝှေးနဲ့ရိုက်လိုက်၊ သံလျက်နဲ့ထုနှက်လိုက်ပဲဗျ၊ နောက်ဆုံးတော့ ငထေရှင် ဒူးထောက်ကျသွားတော့တယ်။

ဦးဘသာက အနားကိုလျှောက်လာတဲ့အခါမှာ ငထေရှင်က ဦးဘသာလက်ထဲက သန်လျက်ကိုဆွဲယူပြီးတော့ ဦးဘသာကို သန်လျက်နဲ့တစ်ချက်တွတ်ထည့်လိုက်သဗျာ၊ အမှတ်တမဲ့မို့ ဦးဘသာက ငထေရှင်တိုက်ကွက်ကိုထိပြီးတော့ အနောက်ကိုလွင့်ထွက်သွားပါရော။

“ဦးဘသာ . . .”

ကျုပ်အသံရှည်ကြီးနဲ့အော်လိုက်မိတယ်၊ ဦးဘသာက မြေပေါ်လဲကျပြီး တောင်ဝှေးက လက်ကနေလွတ်ထွက်သွားတယ်၊ ဒီအခါ ရှုံးချင်ယောင်ဆောင်ထားတဲ့ ငထေရှင်က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ဦးဘသာဆီကို သံလျက်နဲ့ပြေးဝင်လာတယ်။

“ကျုပ်ရှုံးပြီလို့ ခင်ဗျားထင်နေတယ်မဟုတ်လား၊ ကျုပ်မရှုံးဘူး၊ ကျုပ်ဆိုတဲ့ကောင်က ဘယ်တော့မှ မရှုံ့းဘူးဗျ”

ကျုပ်လည်း လက်ထဲသန်လျက်ကိုင်ထားတာဆိုတော့ ငထေရှင်ဆီကိုပြေးဝင်သွားလိုက်တော့တယ်ဗျာ၊ ကျုပ်နဲ့ဘသောင်းထိုင်နေတဲ့နေရာက ငထေရှင်ရဲ့ဘေးဖက်နားဖြစ်နေတာမဟုတ်လား၊ ကျုပ်အမြန်ပြေးဝင်သွားလိုက်ပြီး ငထေရှင်ရဲ့ညာဖက်နံကြားထဲကို သန်လျက်နဲ့တဆုံးထိုးထည့်လိုက်တော့တယ်၊ ငထေရှင်က မျက်နှာရှုံ့မဲ့ကျပြီး မြေပေါ်ကိုဒူးထောက်ကျသွားပါရော၊ ကျုပ်လည်း သံလျက်ကိုပြန်ဆွဲထုတ်လိုက်ပြီးတော့ အရှေ့ကိုငုံ့သွားတဲ့ ငထေရှင်ရဲ့ဇက်ပိုးကို အားကုန်လွှဲခုတ်ချလိုက်တော့တယ်။

သန်လျက်ကလည်း တော်တော်ထက်တာဆိုတော့ ငထေရှင်ခေါင်းက တိခနဲပြတ်ကျသွားသဗျာ၊ ခေါင်းပြတ်ကြီးက မြေပေါ်မှာ နှစ်ပတ်သုံးပတ်လောက်လိမ့်နေသေးတယ်၊ ဦးဘသာက လဲကျနေလျှက်သားနဲ့

“အလတ်ကောင်၊ မင်းဘာတွေလျှောက်လုပ်တာလဲ”

ခေါင်းပြတ်ကြီးက ပြုံးရင်း

“ဟား၊ ဟား မင်းတို့ရှုံးပြီ၊ တကယ်ရှုံးတာမင်းကွ”

ကျုပ်လည်း တွေဝေနေမိတယ်၊ ငထေရှင်က

“မင်းသတ်လိုက်တာ ငါမဟုတ်ဘူး၊ မင်းသတ်လိုက်တာ မင်းရဲ့အချစ်ဆုံးဆိုတဲ့ ဦးဘသာကြီးကိုပဲကွ”

ကျုပ်မှားပြီဗျာ၊ ကျုပ်ဒေါသထွက်ထွက်နဲ့ခုတ်ထည့်လိုက်တာက ဦးဘသာကိုယ်လုံးကြီးမဟုတ်လားဗျာ၊ ဒါကြောင့် ဦးဘသာက သူ့ကိုယ်လုံးကိုမထိအောင်လို့ တုတ်နဲ့ရိုက်လိုက်၊ သန်လျက်အနှောင့်နဲ့ထုလိုက်နဲ့ လုပ်နေတာကိုး။

“မင်းရဲ့ဦးဘသာ၊ သူ့ကိုယ်ထဲပြန်ဝင်လို့မရတော့ဘူးကွ၊ သူ့ကိုယ်ကြီးကသေပြီ၊ သူ့ကိုယ်ကြီးက ခေါင်းပြတ်ပြီးသေပြီကွ၊ ဟား၊ ဟား”

ငထေရှင်က အသံနက်ကြီးနဲ့အော်ပြီးတာနဲ့ သူ့ခေါင်းအောက်ကနေ အရိပ်ကြီးတစ်ခုထွက်သွားပြီး မြေပြင်မှာ ပြေးလွှားနေပါရောဗျာ၊ ဒီအချိန် ဦးဘသာကိုယ်ထဲက မိန်းမအရိပ်ကလည်း မြေပြင်ပေါ်လျှောခနဲထွက်လာပြီးတော့ ငထေရှင်အရိပ်မည်းကြီးကိုဖမ်းလိုက်တယ်၊ မြေပြင်မှာ ငထေရှင်ရဲ့အရိပ်နဲ့ ငသန်ပျင်ရဲ့အရိပ်ကိုမြင်နေရာတယ်ဗျာ၊ ငသန်ပျင်ရဲ့အရိပ်လက်ထဲမှာ ဓါးကြီးတစ်လက်ပေါ်လာပြီးတော့ ငထေရှင်အရိပ်ရဲ့ရင်ဝကို ထိုးစိုက်ချလိုက်တော့တယ်၊ ဓါးရိပ်က ငထေရှင်အရိပ်ကိုဖောက်ထွက်သွားပြီးတာနဲ့ ငထေရှင်ရဲ့အရိပ်လည်းပျောက်သွားတော့တယ်၊ ငသန်ပျင်က အရိပ်က ကျုပ်တို့ကိုလက်ပြနှုတ်ဆက်ပြီး သူ့အရိပ်လည်းတဖြည်းဖြည်းမှိန်ဝါးပြီး ပျောက်သွားပါရော။

(၄)

အားလုံးပြီးသွားခဲ့ပါပြီဗျာ၊ ဦးဘသာလည်း ငူငူကြီးထိုင်နေပါပြီ၊ ကျုပ်က ဦးဘသာကိုပွေ့ဖက်လိုက်တယ်။

“ဦးဘသာ ကျုပ်အမှားတွေပါဗျာ၊ ဒါတွေအားလုံးက ကျုပ်ရဲ့အမှားတွေပါ”

ဦးဘသာက ကျုပ်ပခုံးကိုပုတ်ရင်း

“မင်းအမှားမဟုတ်ပါဘူး အလတ်ကောင်ရာ၊ မင်းသာငါ့ကိုဝင်မကယ်ဘူးဆိုရင် အခြေအနေကတစ်မျိုးဖြစ်သွားနိုင်တယ်မဟုတ်လား၊ ငါမင်းကိုအပြစ်မတင်ပါဘူး၊ မင်းက အားလုံးကောင်းဖို့အတွက်လုပ်ခဲ့တာပဲ”

“ဒါပေမယ့်ဗျာ၊ မကြာခင် ခုနစ်ရက်ပြည့်တော့မယ်ဗျ၊ ဦးဘသာရဲ့ ကိုယ်ခန္ဓာအစစ်ကလည်း ပျက်စီးသွားပြီဆိုတော့ ဦးဘသာ . . .ဦးဘသာ”

“ဝမ်းနည်းမနေပါနဲ့ကွာ၊ လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပါပဲကွ”

ဒီအချိန် ဂူပေါက်ဝကြီးကနေ ဦးအောင်ရှိန်နဲ့မိသက်ဆင်းလာတယ်၊ သူတို့ကိုတော့ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့လူကြီးတစ်ယောက်က ဆွဲပြီး ပျံဆင်းလာတာဗျ၊ အောက်ရောက်တော့ ဦးအောင်ရှိန်က ခေါင်းပြတ်နေတဲ့ဦးဘသာရုပ်အလောင်းကိုကြည့်လိုက်တယ်။

“ဟာ၊ ဘာတွေဖြစ်ကုန်ပြီလဲ”

“မင်းမြင်တဲ့အတိုင်းပဲ အောင်ရှိန်၊ ဒါနဲ့သူက ဘယ်သူလဲ”

“ဒေဝယက္ခဘီလူးမင်းကြီးက လူယောင်ဆောင်ပြီးလိုက်လာတာကွ၊ ငသန်ပျင်ပြောတာမှန်တယ်ဟေ့၊ ငထေရှင်က သူရှုံးရင်အရိပ်အဖြစ်ထွက်ပြေးဖို့ ကြံစည်ထားတာပဲ၊ သူက ဒီနေရာကနေထွက်ပြေးပြီးတော့ မိသက်ရဲ့ကိုယ်ခန္ဓာထဲကိုဝင်ဖို့ အကြံအစည်ရှိခဲ့တာပဲ၊ ဘီလူးမင်းကြီးရဲ့အကူအညီနဲ့ မိသက်ကိုပြန်ရှာပြီးခေါ်လာရတာပဲ”

ဦးဘသာက သန်လျက်ကြီးကောက်ပြီးတော့ ဘီလူးမင်းကြီးကိုပေးလိုက်တယ်။

“ဒီသံလျက်ကို ဘီလူးမင်းကြီးထိန်းသိမ်းထားတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်”

“ကောင်းပါပြီ၊ ကျုပ်သိမ်းထားလိုက်ပါ့မယ်၊ ပြီးတော့ ဟောဒီနေရာကြီးကိုလည်း ကျောက်ချော်ရည်တွေအပြည့်လောင်းသွင်းလိုက်တော့မယ်”

ကျုပ်တို့အားလုံးကို ဒေဝယက္ခဘီလူးမင်းက တွင်းနက်ကြီးအပေါ်ကိုခေါ်သွားတယ်ဗျ၊ ပြီးတော့ သူ့လက်ညှိုးထဲကနေ ကျောက်ချော်ရည်တွေညှစ်ချပြီး တွင်းကြီးကိုဖြည့်လိုက်ပါရောဗျာ။ ပြီးတော့ ကိုယ်ရောင်ဖျောက်ပြီး ပျောက်ကွယ်သွားပါရော။

“ကဲ ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”

“မင်းက အိမ်ပြန်ရမှာပေါ့အလတ်ကောင်ရာ”

“ဦးဘသာကရော ပြန်မလိုက်ဘူးလား”

ဦးဘသာက ခေါင်းခါလိုက်တယ်၊ ဒီအခါ ဦးအောင်ရှိန်ကလည်း

“သမီးမိသက်၊ သမီးရွာကိုပြန်ရမယ်၊ ရွာမှာ အဖေကြီးမရှိတော့တဲ့အခါ သမီးအဖေကြီးဆီက သင်ယူထားတဲ့ပညာတွေနဲ့ လူတွေကိုဆက်ပြီးကယ်တင်ရလိမ့်မယ်”

မိသက်က ငိုတော့တာပဲဗျာ၊ ဦးအောင်ရှိန်က သူ့လည်ပင်းက ပုတီးကုံးလေးတစ်ခုကိုဖြုတ်ပြီး မိသက်ကိုပေးလိုက်တယ်၊ ပြီးတာနဲ့ ဦးဘသာဘက်ကိုလှည့်လိုက်ပြီး

“ကဲ သူငယ်ချင်း ငါတို့သွားကြဖို့အချိန်ရောက်ပြီ”

ဦးဘသာကလည်း ခေါင်းညိတ်ပြီး ဦးအောင်ရှိန်အနောက်ကိုလိုက်ဖို့ပြင်တယ်ဗျ။

“နေပါအုံး ဦးဘသာတို့ကဘယ်ကိုသွားကြမှာလဲ”

“သုဿန်ကိုပေါ့ကွာ”

“ဗျာ”

“ငါလည်းခုနစ်ရက်ကြာရင်သေမယ်၊ အောင်ရှိန်လည်း ခုနစ်ရက်ကြာရင် သေမှာမဟုတ်လားကွာ၊ ဒီတော့ တို့သူငယ်ချင်းတွေ ဘဝတူဖြစ်နေပြီပဲ၊ ငါတို့သေသွားတော့မှ သူများတွေအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်ဘူး၊ ဒါကြောင့် သုဿန်မှာနေပြီးတော့ သေမယ့်အချိန်ကိုစောင့်နေတော့မယ်အလတ်ကောင်”

“ဟာဗျာ၊ ဦးဘသာဘာတွေပြောနေတာလဲ၊ ဦးဘသာမသေရပါဘူး၊ ကျုပ်ပဲသေမယ်၊ ဦးဘသာ ကျုပ်ကိုယ်ထဲကိုဝင်ပြီးဆက်နေပါဗျာ”

“မင်းဘာတွေပြောနေတာလဲအလတ်ကောင်၊ မင်းကိုယ်ကြီးနဲ့ ငါကဆက်နေလို့ရမယ်ထင်လို့လား၊ ဘရသေ့ပြောတာ မင်းကြားတယ်မဟုတ်လား၊ ခုနစ်ရက်ပြည့်လို့ ငါ့ကိုယ်ထဲငါပြန်မဝင်နိုင်ရင် ငါကသေပြီလေကွာ”

“ဦးဘသာ မသေပါနဲ့ဗျာ၊ ဦးဘသာသေသွားတော့ ကျုပ်တို့ရွာကို ဘယ်သူက စောင့်ရှောက်ပေးတော့မှာလဲဗျ”

“ငကန်းသေရင် ငစွေပေါ်ပါတယ်ကွာ၊ ဒီလောက်ကြီးလည်း စိုးရိမ်မနေပါနဲ့၊ ဘာပဲဖြစ်ဖြစ် အခုငါသေရတော့မယ်ဆိုတာ သိတာတောင်မှ ငါပျော်တယ်၊ ဒီလောကကြီးကောင်းဖို့အတွက် ငါ့ဘဝတစ်သက်တာမှာ အများကြီးလုပ်ဆောင်နိုင်ခဲ့တယ်၊ အခုလည်း လောကကြီးအတွက် ငါအတတ်နိုင်ဆုံးလုပ်ကိုင်ပေးနိုင်ခဲ့တယ်၊ ဒီတော့ ငါပျော်ပါတယ်”

“ကျုပ်ကတော့ မပျော်ဘူးဗျာ၊ ဒီလောကကြီးကလူတွေက ဦးဘသာတို့လုပ်ပေးခဲ့တာတွေကို ဘယ်သူမှမသိဘူးဗျ၊ ဘယ်သူကမှလည်း အသိအမှတ်ပြုကြတာမှမဟုတ်တာ”

“မလိုပါဘူးအလတ်ကောင်ရာ၊ ကိုယ်ဘယ်လောက်ကောင်းတယ်ဆိုးတယ်ဆိုတာ ဘယ်သူသိသိမသိသိ ကိုယ်အသိဆုံးပါကွ၊ လူတစ်ထောင်ချီးမွမ်းတာကို ငါမခံချင်ပေမယ့် ငါ့ကိုယ်ငါတော့ လူကောင်းဆိုပြီးချီးမွမ်းရဲတယ်အလတ်ကောင်၊ ဒါကိုယ့်လိပ်ပြာကိုယ်လုံတာပဲ၊ အခုငါသေရမယ်ဆိုရင်လည်း ငါ့လိပ်ပြာငါလုံတယ်၊ ဒီအတွက် ငါနောက်ဆံတင်းတာတွေ၊ ပူပန်စရာတွေမရှိတော့ဘူး”

ဦးအောင်ရှိန်ကလည်း

“သံသရာဆိုတာအရှည်ကြီးပါကွာ၊ ငါ့ကိုလူတစ်ယောက်ကပြောဖူးတယ်ကွ၊ သေမှာကိုကြောက်နေတဲ့လူဆိုတာ ကိုယ်သေပြီးနောက်ဘဝမှာ မကောင်းတဲ့ဘုံရောက်မှာကိုကြောက်လို့ပဲတဲ့ကွ၊ ကိုယ်မကောင်းတာလုပ်ထားတော့ မကောင်းတဲ့ဘုံကိုရောက်မှာ ကြောက်တာပေါ့ကွာ၊ သေခြင်းတရားကိုရင်ဆိုင်ရဲတဲ့လူတွေဆိုတာကျတော့ ဒီဘဝကနေ စုတေပြီးရင် နောက်ထပ်နောက်ထပ် ပိုကောင်းတဲ့ဘုံဘဝတွေကို ရောက်မယ်ဆိုတာ သိပြီးတဲ့လူတွေတဲ့ကွ၊ မင်းက လူကောင်းတစ်ယောက်ပါသာဒင်ရာ၊ မင်းနဲ့ငါ ဟိုးလူငယ်ပိုင်းစသိကတည်းက မင်းကလူတွေကိုတတ်နိုင်သလောက်ကယ်တင်ခဲ့တယ်၊ ဒုက္ခရောက်သူတွေကို ကူညီပေးခဲ့တာပဲမဟုတ်လား၊ ဒါကြောင့် မင်းသေပြီးသွားလို့ နောက်ဘဝရောက်ရင်လည်း ကောင်းတဲ့လူဖြစ်မယ်ဆိုတာ ငါယုံကြည်ပါတယ်”

“မပြောကြပါနဲ့ဗျာ၊ ကျုပ်ရှေ့မှာ သေစကားတွေမပြောကြပါနဲ့”

ကျုပ်ငိုနေမိတယ်ဗျ၊ မိသက်ကတော့ ငိုတယ်ဆိုပေမယ့် စိတ်တော့တည်တည်ငြိမ်ငြိမ်ပါပဲ၊ ဒါနဲ့ကျုပ်က မိသက်လက်ကိုတို့ပြီး

“မိသက်ရေ၊ နင်လည်းဝိုင်းပြောပါအုံးဟာ”

မိသက်က ခေါင်းခါပြီးတော့

“တွေ့ဆုံတယ်ဆိုတာ တစ်ချိန်ခွဲခွာဖို့မဟုတ်ဘူးလား ကိုအလတ်ကောင်ရာ၊ ဒီလောကနိယာမကြီးထဲမှာ ဖြစ်လာတယ်ဆိုတာကလည်း တစ်ချိန်မှာ ပျက်စီးဖို့ပါပဲ”

“ဟ၊ နင်က ကလေးဖြစ်ပြီး ငါ့ထက်တောင်တရားရနေပါလား၊ မရဘူးဦးဘသာ၊ ဦးဘသာမသွားရဘူး၊ တကယ်လို့ ဦးဘသာသေတယ်ဆိုရင်တောင် ကျုပ်အရှေ့မှာပဲသေရမယ်”

ဦးဘသာက ကျုပ်ကိုသေချာကြည့်ပြီး

“မင်းငါ့ကိုချစ်တယ်မဟုတ်လားအလတ်ကောင်”

ကျုပ်ခေါင်းညိတ်လိုက်မိတယ်။

“တကယ်ချစ်ရင် ငါ့ဆန္ဒကိုလိုက်လျောပေးပါကွာ၊ ငါ့ရဲ့နောက်ဆုံးဆန္ဒကတော့ အေးအေးချမ်းချမ်းသေသွားချင်တာပါပဲ၊ မင်းငါ့ကိုလိုက်မရှာပါနဲ့၊ ရွာကိုပြန်ပါ၊ ငါ့ရဲ့လယ်တွေ၊ နွားတွေကို မင်းကိုငါပေးခဲ့ပါတယ်”

“ကျုပ်အဲဒါတွေမလိုချင်ဘူး၊ ကျုပ်ဦးဘသာကိုပဲ လိုချင်တာပါဗျာ”

“ငါ့ရဲ့နောက်ဆုံးဆန္ဒကို လိုက်လျောပေးပါအလတ်ကောင်ရာ”

အဲဒီလိုပြောပြီးတော့ ဦးဘသာက ဦးအောင်ရှိန်ဘေးနားမှာ သွားရပ်လိုက်တယ်ဗျ၊ နောက်တော့ ဦးအောင်ရှိန်ကိုပခုံးဖက်ပြီး

“ဒီလိုကျတော့ ငါတို့တည်ခဲ့တဲ့သစ္စာက ဒီအချိန်အထိမြဲနေပါလားကွ”

“ဟုတ်ပါရဲ့ကွာ၊ ငါတို့ တောင်ကြားက တော်လှန်ရေးစခန်းမှာ သွေးသစ္စာဆိုဖူးတယ်မဟုတ်လား၊ တို့သူငယ်ချင်းတွေ မွေးရက်၊ မွေးနေ့မတူညီပေမယ့် တစ်ရက်ထဲမှာ အတူတူသေကြမယ်ဆိုတာလေကွာ”

“အေးကွာ၊ ပြောရင်းဆိုရင်း ဗလကြီးတောင်သတိရတယ်ကွ”

သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ ပခုံးဖက်ပြီး ရယ်မောပြောဆိုရင်း ထွက်သွားကြပါရောဗျာ၊ ကျုပ်နဲ့မိသက်နှစ်ယောက်ကတော့ မျက်ရည်စတွေထွေးပွေ့ရင်း ကျန်နေခဲ့တော့တာပါပဲ။ သူတို့နှစ်ယောက်ခပ်လှမ်းလှမ်းရောက်မှ ကျုပ်ကသူတို့ကိုလှမ်းကြည့်ရင်း

“ဦးဘသာ၊ ဒါနဲ့ ဦးဘသာကျုပ်ကို ကတိပေးခဲ့တယ်မဟုတ်လား၊ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ရွာကိုပြန်လာခဲ့မယ်ဆိုတာလေ”

ဦးဘသာက ကျုပ်ကိုလှမ်းကြည့်ရင်း

“ဒါပေါ့ကွ၊ ငါလာခဲ့ပါ့မယ်၊ ငါတစ်ချိန်ချိန်တော့ ရွာကိုရောက်အောင်ပြန်လာခဲ့ပါ့မယ်”

ဒီလိုနဲ့ အတိုချုပ်ပြောရရင်တော့ ဦးဘသာနဲ့ဦးအောင်ရှိန်တို့ သူငယ်ချင်းနှစ်ယောက် ဘယ်ကိုရောက်သွားတယ်ဆိုတာ မသိရတော့ပါဘူးဗျာ၊ ကျုပ်လည်းရွာကိုပြန်ရောက်ခဲ့တယ်၊ ဦးဘသာရဲ့ လယ်တွေ၊ နွားတွေကို ကျုပ်ရခဲ့တယ်၊ အခုကျုပ်တို့နေတဲ့ခြံက ဦးဘသာကျုပ်ကိုပေးခဲ့တဲ့ခြံပေါ့ဗျာ၊ အိမ်ကတော့ ပြန်ပြင်ဆောက်လိုက်တာကြာပါပြီ၊ ကျုပ်လုပ်နေတဲ့လယ်ယာတွေဆိုတာလည်း ဦးဘသာပေးခဲ့တဲ့ လယ်တွေပေါ့ဗျာ။ မိသက်နဲ့လည်း အခုထိဖုန်းအဆက်အသွယ်ရှိပါသေးတယ်၊ မိသက်က ဦးအောင်ရှိန်ဆီက ရတဲ့ပညာတွေကို ဆက်လက်လေ့ကျင့်ပြီးတော့ အထက်လမ်းဆရာမအပျိုကြီးဖြစ်နေတယ်တဲ့ဗျာ။

ကျုပ်ဘဝမှာ အမှတ်အရဆုံးလူတစ်ယောက်ကိုပြောပါဆိုရင်တော့ ဦးဘသာလို့ပဲပြောရမှာပဲဗျာ၊ ကျုပ်အသက်သုံးဆယ်မှာ အိမ်ထောင်ကျခဲ့တယ်၊ သားတွေသမီးတွေထွန်းကားခဲ့တယ်၊ ဒါပေမယ့် ကျုပ်ဘဝမှာအခုထိလုပ်နေတဲ့အလေ့အကျင့်တစ်ခုရှိသေးတယ်ဗျ၊ အဲဒါက ဘာလဲဆိုတော့ ရွာဝင်လမ်းထိပ်က ကုက္ကိုပင်ကြီးအောက်မှာထိုင်နေတတ်တာပါပဲ။

ကျုပ်အချိန်ရရင်ရသလို ကုက္ကိုပင်အောက်မှာထိုင်ရင်း ရွာအဝင်လမ်းကိုငေးကြည့်နေမိတယ်၊ အခုဆိုကျုပ်အသက်ခြောက်ဆယ်ကျော်ပြီ၊ ရွာအဝင်ဇရပ်တွေလည်းမရှိတော့သလို ကျုပ်ထိုင်နေကျ ကုက္ကိုပင်ကြီးဆိုရင်လည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ဘဲ သေဆုံးသွားခဲ့ပြီ၊ ကျုပ်သားသမီးတွေတောင် အိမ်ထောင်ကျလို့ လယ်တွေ၊ ခြံတွေ ခွဲပေးခဲ့ပြီးပြီ၊ ကျုပ်တို့ရွာကလေးလည်း အရင်တုန်းကလို ဝေးလံခေါင်သီတဲ့ရွာကလေးမဟုတ်တော့ဘဲ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဆိုင်ကယ်တဝီဝီစီးကြ၊ လူတိုင်းဖုန်းကိုင်နိုင်ကြတဲ့ရွာကလေးဖြစ်သွားခဲ့ပါပြီ၊ ဒါပေမယ့် ကျုပ်ကတော့ နေ့တိုင်း ရွာထိပ်ကိုသွားနေမိတုန်းပါပဲ၊ ဘာရယ်မဟုတ် ရွာထိပ်က အုတ်ခုံတန်းကလေးမှာထိုင်ပြီး ရွာဝင်လမ်းကိုငေးကြည့်နေမိတုန်းပါပဲဗျာ။

ကျုပ်ဘာလို့ ငေးကြည့်နေတယ်ဆိုတာကို ခင်ဗျားတို့သိတယ်မဟုတ်လားဗျာ၊ အဲဒါကတော့ ဦးဘသာက တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျုပ်တို့ရွာကိုပြန်လာမယ်ဆိုပြီး ကတိပေးသွားခဲ့တယ်မဟုတ်လားဗျာ။ ဦးဘသာဆိုတာ ကတိပေးပြီးရင် ဖျက်တတ်တဲ့လူမဟုတ်ဘူးဆိုတော့ သူတစ်ချိန်ချိန်ပြန်လာမယ်ဆိုတာ ကျုပ်သိနေပါတယ်ဗျာ၊ ကျုပ်ရင်ထဲမှာတော့ ထိပ်ပြောင်ပြောင်နဲ့ပြန်လာမယ့်ဦးဘသာကို အမြဲစောင့်နေခဲ့ပါတယ်၊ သူပြန်လာမယ့်တစ်နေ့ ရွာအဝင်ထိပ်ကနေ ပြေးကြိုပြီးတော့ အားရပါးရတစ်ခါလောက်ပွေ့ဖက်ချင်ပါသေးတယ်ဗျာ။

ပြီးပါပြီ။
စုန်းထီးကြီး ဦးဘသာ အတွဲ(၅) ဤတွင်ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ နိဂုံးမဟုတ္တဲ့နိဂုံး “(စ/ဆုံး)
———————————————————————–
အတြဲ(၅) စာစဥ္(၁၂)

(၁)

ငသန္ပ်င္က သူ႔အႀကံအစည္ကိုေျပာျပတယ္ဗ်။

“ဒီလိုလုပ္ရမယ္၊ ငေထရွင္ကို က်ဳပ္တို႔တားဆီးႏိုင္တယ္ပဲထားအုံးေတာ့ ငေထရွင္က သူ႔အေဖ ယဘူေတကို သြားႏႈိးမွာအေသအခ်ာပဲ၊ ဒီအခါ ယဘူေတႏိုးထလာခဲ့ရင္ ဒီေျမဖုတ္ဘီလူးေတြကိုျပန္လည္ဦးေဆာင္လိမ့္မယ္၊ ယဘူေတနဲ႔ ေျမဖုတ္ဘီလူးေတြအားလုံးကို က်ဳပ္တို႔လူအင္အားနဲ႔ ႏိုင္ဖို႔မလြယ္ဘူး၊ ဒီေတာ့ အကယ္၍သာ ယဘူေတြျပန္လည္ႏိုးထလာခဲ့ရင္ က်ဳပ္တို႔ဘာလုပ္ၾကမလဲဆိုတာကို ေတြးထားရမယ္”

“မင္းကဘယ္လိုေတြးထားလို႔လဲ”

“ဒီေနရာနဲ႔ ခပ္လွမ္းလွမ္းမွာ က်ိဳကၠေလာ့၊ က်ိဳက္ကလႅဲ့ဆိုတဲ့ ဘုရားေစတီေတြရွိတယ္၊ အဲဒီေစတီကုန္းေတြက ဘီလူးေတြပိုင္တဲ့နယ္ေျမေတြပဲ၊ ဒါေပမယ့္ ဒီဘီလူးေတြက ေကာင္းမြန္တဲ့ဘီလူးေတြ၊ ေရွးအေၾကာင္းျပန္ေျပာရရင္ ကကုသန္ဘုရားလက္ထက္ကတည္းက ဒီဘီလူးေတြရဲ႕ဘီလူးမင္း ေဒဝယကၡဘီလူးက ကကုသန္ဘုရားနဲ႔တန္ခိုးခ်င္းၿပိဳင္ၿပီးေတာ့ ရႈံးနိမ့္ခဲ့တယ္၊ အဲဒီကေနတဆင့္ ဒီဘီလူးေတြက သူေတာ္ေကာင္းတရားေတြကို က်င့္ႀကံအားထုတ္လာခဲ့ၾကတယ္၊ ယဘူေတကို ခ်ဳပ္ေႏွာင္ပိတ္ဆို႔တဲ့ေနရာမွာလည္း ဒီဘီလူးေတြက ကူညီေပးခဲ့ၾကတယ္၊ ဒါေၾကာင့္မို႔ အကယ္၍သာ ယဘူေတျပန္ႏိုးထလာၿပီး ေျမဖုတ္ဘီလူးေတြကို ဦးေဆာင္ၿပီဆိုရင္ က်ဳပ္တို႔ကလည္း ေဒဝယကၡဘီလူးမင္းဆီက အကူအညီကိုေတာင္းယူရလိမ့္မယ္”

“မင္းေျပာတာ သဘာဝက်ပါတယ္”

“ေနုာက္တစ္ခုကေတာ့ ငေထရွင္က သူေသခဲ့မယ္ဆိုရင္ေတာင္ အရိပ္အျဖစ္နဲ႔ထြက္ေျပးဖို႔ႀကိဳးစားမွာပဲ၊ ဒီလိုႀကိဳးစားဖို႔အတြက္ တစ္ေနရာရာမွာ သူဝင္လို႔ရတဲ့ ခႏၶာကိုယ္တစ္ခုကိုထိန္းသိမ္းထားလိမ့္မယ္”

ဦးေအာင္ရွိန္က ျပာျပာသလဲနဲ႔

“ငါ့ေမြးစားသမီး မိသက္ကိုသူဖမ္းၿပီး တစ္ေနရာမွာဖြက္ထားတယ္”

“ဒါေၾကာင့္ က်ဳပ္တို႔လူႏွစ္စုခြဲရမယ္၊ တစ္စုကေတာ့ ေဒဝယကၡဘီလူးမင္းဆီကိုသြားၿပီး စစ္ကူေတာင္းရမယ္၊ ၿပီးေတာ့ သူထြက္ေျပးဖို႔ စီစဥ္ထားတဲ့လူကို ျပန္ရွာဖိုနဲ႔ တစ္စုကေတာ့ ငေထရွင္ကို တိုက္ခိုက္ႏွိမ္နင္းဖို႔ပဲ”

ဒီအခါ ဦးေအာင္ရွိန္က လက္ညႇိဳးေထာင္လိုက္ၿပီးေတာ့

“ေကာင္းၿပီ ငသန္ပ်င္၊ ေဒဝယကၡဘီလူးမင္းဆီကို ငါသြားလိုက္မယ္”

ဦးဘသာကလည္း

“ငါ့ရဲ႕တာဝန္က ငေထရွင္ကို တိုက္ခိုက္ႏွိမ္နင္းဖို႔ဆိုေတာ့ ငါက ငေထရွင္ဆီသြားမယ္”

ဦးဘသာက က်ဳပ္နဲ႔ဘေသာင္းဘက္ကိုလွည့္ၾကည့္ၿပီး

“ဒီတိုက္ပြဲက ျပင္းထန္မွာအေသအခ်ာပဲ အလတ္ေကာင္၊ ဒီေတာ့ မင္းတို႔ႏွစ္ေယာက္ ဒီကိစၥမွာ ဝင္မပါတာေကာင္းလိမ့္မယ္ထင္တယ္”

“ဘယ္လိုေျပာလိုက္တာလဲ ဦးဘသာရာ၊ က်ဳပ္က မပါလို႔ရမလားဗ်”

“ဘာပဲျဖစ္ျဖစ္ မင္းကိုအႏၲရာယ္မျဖစ္ေစခ်င္တာေတာ့အမွန္ပဲအလတ္ေကာင္ရာ၊ မင္းငါ့စကားကို နားေထာင္စမ္းပါ”

“ဟာ၊ က်ဳပ္လည္းလိုက္ခ်င္တယ္ဦးဘသာရာ”

ဦးဘသာက က်ဳပ္ပခုံးကိုေသခ်ာပုတ္လိုက္ၿပီး က်ဳပ္မ်က္လုံးေတြကိုစိုက္ၾကည့္တယ္။

“သူႀကီးကို ငါကတိေပးခဲ့တယ္ အလတ္ေကာင္၊ မင္းကိုေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ႐ြာကိုျပန္ေရာက္ေအာင္ ေခၚလာခဲ့မယ္လို႔ ကတိေပးခဲ့တယ္၊ ဒါေပမယ့္ အခု ငါကိုယ္တိုင္႐ြာကိုျပန္လိုက္မပို႔ႏိုင္ေတာ့ဘူး၊ မင္းကေတာ့ မင္းရဲ႕ေမြးရပ္ေျမကိုျပန္ရမယ္”

က်ဳပ္လည္းမေက်နပ္တာနဲ႔ ဦးဘသာကိုျပန္ေျပာမလို႔လုပ္လိုက္တဲ့အခ်ိန္မွာပဲ ဦးဘသာက က်ဳပ္မ်က္ႏွာအေရွ႕ကို သူ႔လက္ဝါးနဲ႔တစ္ခ်က္ေဝွ႔ယမ္းလိုက္တယ္ဗ်၊ ဒီအခါ က်ဳပ္ဘယ္လိုႀကီးျဖစ္သြားသလဲကိုမသိဘူးဗ်ာ၊ စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္သြားတယ္ဗ်။

“ကဲ အလတ္ေကာင္၊ မင္း႐ြာကိုျပန္ရမယ္၊ မင္းအိမ္ကိုေရာက္ေအာင္ျပန္ရမယ္၊ ဟုတ္ၿပီလား”

ဦးဘသာအသံက အာဏာသံပါလြန္းေနၿပီးေတာ့ က်ဳပ္နားထဲမွာ ပဲ့တင္ထပ္သလိုလို ျမည္ဟီးသြားတယ္ဗ်၊ က်ဳပ္စိတ္က ျငင္းဆန္ေနခ်င္ေပမယ့္ က်ဳပ္ေခါင္းကညိတ္လိုက္တယ္ဗ်၊ ဦးဘသာက ဘေသာင္းကိုၾကည့္ၿပီး

“ဘေသာင္း၊ ဒီကိစၥေတြကလည္း မင္းနဲ႔မဆိုင္ဘူး၊ မင္းအကိုႀကီးေတြအတြက္ ငါလက္စားေခ်ေပးမယ္၊ မင္းငါ့ကိုတစ္ခုကူညီစမ္းကြာ၊ အလတ္ေကာင္ကို ႐ြာေရာက္ေအာင္ျပန္ပို႔ေပးပါ”

“စိတ္ခ်ပါဆရာႀကီးရာ၊ က်ဳပ္အလတ္ေကာင္ကို ပဲခူးကိုေခၚသြားမယ္၊ အဲဒီကေန အညာဆန္တက္မယ့္ရထားေပၚ ဆက္ဆက္တင္ေပးလိုက္ပါ့မယ္”

ဦးဘသာက မွာေနတာေတြကိုၾကည့္ၿပီး က်ဳပ္ရင္ထဲဆို႔နင့္တက္လာသဗ်ာ၊ မသိရင္ သူမွာေနတဲ့ပုံစံေတြက သူေသခါနီးအကုန္မွာေနတဲ့ပုံစံပဲဗ်။

“အလတ္ေကာင္ေရ၊ ႐ြာေရာက္ရင္ ငါ့ႏြားေတြကိုမင္းယူလိုက္ေတာ့၊ ငါ့အိမ္ငါ့ၿခံနဲ႔ ငါ့လယ္ေတြကိုလည္း မင္းအတြက္ေပးခဲ့မယ္၊ ဒီၿခံေတြ လယ္ေတြ၊ ႏြားေတြကို ေကာင္းေကာင္းထိန္းသိမ္းႏိုင္ခဲ့တယ္ဆိုရင္ မင္းတစ္ဝမ္းတစ္ခါးေတာ့ ေကာင္းေကာင္းမြန္မြန္ေအးေအးေဆးေဆးရွာစားႏိုင္မွာပါကြာ၊ ဒါငါမင္းကိုေပးခ်င္တဲ့ လက္ေဆာင္ပါပဲ”

“ဦးဘသာ၊ ဒါဆို ဦးဘသာက ႐ြာကိုျပန္မလာေတာ့ဘူးေပါ့”

က်ဳပ္ငိုသံပါႀကီးနဲ႔ေမးလိုက္ေတာ့ ဦးဘသာက ေတြေဝသြားတယ္ဗ်၊ ၿပီးေတာ့ မ်က္ရည္ေတြေပါက္ခနဲက်လာတယ္ဗ်ာ၊ မိန္းကေလးကိုယ္လုံးထဲဝင္ေနတာဆိုေတာ့ မိန္းမစိတ္ေတြဆန္ေနတယ္ဆိုပါေတာ့၊ ပုံမွန္ဆိုရင္ ဦးဘသာက စိတ္ခံစားခ်က္ကို ရင္ထဲမွာႀကိတ္ၿပီးၿမိဳသိပ္ထားတတ္တဲ့သူဗ်၊ အခုက်ေတာ့ မိန္းမကိုယ္ျဖစ္ေနတဲ့အခါ စိတ္ခံစားရတဲ့အတိုင္း ငိုလြယ္တယ္ထင္ပါ့ဗ်ာ၊ ဒါေပမယ့္ ဦးဘသာက ခ်က္ခ်င္းပဲ တစ္ဖက္ကိုလွည့္လိုက္ၿပီး သူ႔မ်က္ရည္ေတြကို လက္ဖမိုးနဲ႔သုတ္ခ်လိုက္တယ္။

“ဒီမွာအလတ္ေကာင္၊ တကယ္လို႔ ငါမေသဘူးဆိုရင္ တစ္ေန႔ ငါ႐ြာကိုျပန္လာခဲ့မွာပါကြာ၊ စိတ္ခ်စမ္းပါ၊ တို႔႐ြာဆိုတာ ငါ့ရဲ႕အိမ္၊ ငါ့ရဲ႕ဇာတိေျမပဲ၊ လူဆိုတာ ကိုယ့္ဇာတိကို မေမ့ေကာင္းဘူးတဲ့ကြ”

“ဒါဆို ဦးဘသာျပန္လာခဲ့ပါေနာ္၊ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ႐ြာေရာက္ေအာင္ျပန္လာခဲ့ပါေနာ္”

“ေအးပါကြာ၊ ငါကတိေပးပါတယ္၊ ငါ႐ြာကိုျပန္လာခဲ့မွာပါ”

ဦးဘသာက ဘေသာင္းကိုလွည့္ၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္တဲ့အခ်ိန္မွာ ဘေသာင္းကလည္း ျပန္ၿပီးေခါင္းညိတ္လိုက္တယ္၊ ေနာက္ေတာ့ က်ဳပ္လက္ေမာင္းႏွစ္ဖက္ကို သူ႔လက္နဲ႔ဆုပ္ကိုင္ၿပီး

“ကဲ အလတ္ေကာင္၊ သြားၾကပါစို႔ကြာ၊ မင္းေနတဲ့အညာကို ျပန္ၾကစို႔ေနာ္ကြ”

က်ဳပ္မလိုက္ခ်င္လို႔ အေၾကာက္အကန္ျငင္းေနမိတယ္၊ ဒါေပမယ့္ က်ဳပ္တကယ္တမ္း႐ုန္းမထြက္ႏိုင္ပါဘူးဗ်ာ၊ ဦးဘသာက က်ဳပ္ကိုဘာလုပ္လိုက္သလဲမွမသိတာဗ်၊ ဘေသာင္းက ကေလးတစ္ေယာက္ကိုလက္ဆြဲေခၚသလိုမ်ိဳး က်ဳပ္ကိုေခၚထုတ္သြားတယ္၊ က်ဳပ္ကလည္း ကေလးတစ္ေယာက္က မိဘအေနာက္ကိုလိုက္သြားသလိုမ်ိဳး လိုက္သြားမိတယ္ဗ်၊ က်ဳပ္စိတ္ထဲမွာေတာ့ ဘယ္သြားခ်င္မွာလဲဗ်ာ။

“ဦးဘသာ၊ က်ဳပ္မသြားခ်င္ဘူး၊ က်ဳပ္႐ြာျပန္ရမယ္ဆိုရင္ေတာင္ ဦးဘသာနဲ႔အတူတူျပန္မယ္”

က်ဳပ္ေျပာဆိုေအာ္ဟစ္ရင္း မ်က္ရည္ေတြစက္လက္နဲ႔ ဘေသာင္းေခၚတဲ့အေနာက္ကို လိုက္ခဲ့ရျပန္တာေပါ့ဗ်ာ။

ဘတ္စ္ကားႀကီးတစ္စီးေပၚကို က်ဳပ္နဲ႔ဘေသာင္းနဲ႔တက္ခဲ့ၾကတယ္ဗ်၊ အဲဒီကားက ရန္ကုန္ကေန ပဲခူးကိုသြားတဲ့ ေ႐ႊဟသၤာလို႔အမည္ရတဲ့ကားႀကီးပါ၊ ကားေပၚမွာေတာ့ လူေတြ၊ ကုန္ေတြအမ်ားႀကီးနဲ႔ေပါ့ဗ်ာ၊ ဘေသာင္းေခၚလို႔သာလိုက္လာခဲ့ရေပမယ့္ က်ဳပ္စိတ္ထဲလုံးဝေပ်ာ္တာမွမဟုတ္တာ၊ ဒါနဲ႔က်ဳပ္လည္း သစ္သားခုံတန္းတစ္ခုမွ ငူငူႀကီးထိုင္လိုက္လာမိတယ္။

ကားက ခရီးဆက္ရင္း လူေတြတက္လိုက္ဆင္းလိုက္နဲ႔ပါပဲ၊ က်ဳပ္က ေခါင္းငိုက္စိုက္ခ်ၿပီးလိုက္လာတာဆိုေတာ့ ဒါေတြကိုသတိမထားမိပါဘူးဗ်ာ၊ ေတာ္ေတာ္ၾကာတဲ့အခါမွ က်ဳပ္နဲ႔မ်က္ႏွာခ်င္းဆိုင္ခုံတန္းမွာထိုင္ေနတဲ့လူတစ္ေယာက္ရဲ႕ေျခေထာက္ကို သတိထားမိတယ္ဗ်၊ သူ႔ေျခေထာက္က မည္းမည္းညစ္ညစ္ႀကီးဗ်ာ၊ အေရခြံေတြဆိုရင္လည္း ဆင္အေရခြံေတြကို ခပ္ၾကမ္းၾကမ္းႀကီးဗ်၊ ေျခသည္းႀကီးေတြဆိုရင္လည္း တစ္ေခ်ာင္းတစ္ေခ်ာင္းကို သုံးလက္မေလာက္ရွည္တယ္၊ ေျခသည္းေတြက မည္းနက္ေနၿပီးထိပ္မွာခြၽန္ထြက္ေနတာပါပဲဗ်ာ၊ ဒီေလာက္ရွည္ေနတဲ့ေျခသည္းကိုေတာင္ မညႇပ္ဘူးဆိုေတာ့ ဘယ္ေလာက္မ်ားညစ္ပတ္တဲ့လူျဖစ္မလဲဆိုၿပီး အေရွ႕ကိုေမာ့ၾကည့္လိုက္ေတာ့မွ ဒီလူက လူမဟုတ္ဘဲ ဘီလူးႀကီးတစ္ေကာင္ျဖစ္ေနပါေရာ။

က်ဳပ္လန႔္သြားၿပီး ေအာ္ဖို႔လုပ္တဲ့အခ်ိန္မွာ က်ဳပ္ေဘးမွာထိုင္ေနတဲ့အဘြားႀကီးက က်ဳပ္ကိုလွည့္ၾကည့္တယ္၊ အဘြားႀကိးက လူအဝတ္အစားေတြသာဝတ္ထားတာ သူ႔႐ုပ္ႀကီးက ဘီလူး႐ုပ္ႀကီးဗ်ာ၊ ဒါနဲ႔တစ္ဖက္ကိုလွည့္ၾကည့္ေတာ့လည္း ရွပ္အက်ႌဝတ္ထားတဲ့လူက ဘီလူးႀကီးတစ္ေကာင္ပါပဲ၊ တစ္ကားလုံးက လူေတြကိုၾကည့္ေတာ့ အကုန္လုံးဘီလူးေတြျဖစ္ေနတယ္၊ က်ဳပ္ေဘးနားမွာထိုင္ေနတဲ့ဘေသာင္းလည္းမရွိေတာ့ဘူးဗ်ာ၊ ကားအေနာက္နားမွာ ဘီလူးႏွစ္ေကာင္က ဘေသာင္းကိုဖမ္းခ်ဳပ္ထားၾကတယ္။

“အလတ္ေကာင္ေရ၊ ေျပး . . . ေျပးေတာ့”

ဘေသာင္းေအာ္တဲ့အခါ ဘီလူးတစ္ေကာင္က ဘေသာင္းရဲ႕မ်က္ႏွာကိုလက္သီးနဲ႔ခြပ္ခနဲျဖတ္ထိုးခ်လိုက္ပါေရာဗ်ာ၊ ဘယ္ေလာက္အားျပင္းသလဲဆို ဘေသာင္းေတာင္ေမ့ေျမာၿပီး ေခြက်သြားသဗ်၊ က်ဳပ္ထိုင္ေနရာကေနထမယ္လုပ္တဲ့အခ်ိန္ က်ဳပ္ေဘးနားမွာထိုင္ေနတဲ့အဘြားႀကီးက က်ဳပ္မ်က္ႏွာကိုသူ႔ေခါင္းနဲ႔ ခြပ္ခနဲတိုက္ထည့္လိုက္ပါေရာဗ်ာ၊ ဘီလူးရဲ႕ေခါင္းနဲ႔တိုက္မိတယ္ဆိုေပမယ့္ မသိရင္အုတ္နံရံႀကီးတစ္ခုနဲ႔ တိုက္မိလိုက္သလိုမ်ိဳးခံစားလိုက္ရတယ္ဗ်ာ၊ ခ်က္ခ်င္းပဲ က်ဳပ္ေခါင္းေတြထုံက်င္တက္လာၿပီးေတာ့ မ်က္လုံးေတြမွိတ္က်ၿပီး အေမွာင္က်သြားပါေရာ။

(၂)

က်ဳပ္ကိုေပၚကို ေရေတြဝုန္းခနဲက်သြားေတာ့မွ က်ဳပ္ႏိုးလာခဲ့တယ္ဗ်ာ၊ က်ဳပ္လန႔္ၿပီးထေအာ္လိုက္တဲ့အခ်ိန္မွာ က်ဳပ္အေရွ႕ကိုလူတစ္ေယာက္ေရာက္လာတယ္၊ ေခါင္းေပါင္းႀကီးေပါင္းထားတဲ့ ဦးဘသာက က်ဳပ္ကိုခါးေထာက္ၿပီးေတာ့ ၿပဳံးၿပဳံးႀကီး ၾကည့္လို႔ဗ်။

“ဦးဘသာ၊ ဘာေတြျဖစ္ကုန္ၿပီလဲ၊ အားလုံးၿပီးဆုံးသြားၿပီလားဗ်ာ”

“ဟား၊ ဟား မင္းက ငါ့ကိုဦးဘသာလို႔ထင္ေနတုန္းကိုးကြ”

“ဟာ၊ ဒါဆို ခင္ဗ်ား၊ ခင္ဗ်ားက ငေထရွင္ပဲ”

“ဟုတ္တယ္”

“ဦးဘသာေရာ၊ ဒါနဲ႔ က်ဳပ္ဘယ္ေနရာကိုေရာက္ေနတာလဲဗ်ာ”

“မင္းရဲ႕ဦးဘသာက မၾကာခင္ေရာက္လာမွာပါကြာ၊ ကဲ အခ်ိန္ရွိတုန္း ငါတို႔လုပ္ငန္းေတြစၾကစို႔ေဟ့”

က်ဳပ္လူးလဲထဖို႔လုပ္လိုက္ေတာ့ ထမရဘူးဗ်၊ က်ဳပ္တစ္ကိုယ္လုံးကို ဝက္တုပ္သလို ႀကိဳးနဲ႔တုပ္ထားပါေရာ၊ က်ဳပ္ေဘးနားက သစ္ပင္ေအာက္မွာလည္း ဘေသာင္းကို ႀကိဳးတုပ္ၿပီးငုတ္တုတ္ထိုင္ခိုင္းထားတယ္ဗ်ာ၊ ဘေသာင္းက ေခါင္းငိုက္စိုက္ေနပုံေထာက္ေတာ့ သတိေမ့ေနတဲ့ပုံစံပဲဗ်၊ ငေထရွင္က ေျမႀကီးကိုလက္နဲ႔ထိလိုက္ၿပီးေတာ့ ပါးစပ္က မႏၲန္ေတြ႐ြတ္တယ္ဗ်ာ၊ အဲဒီလို႐ြတ္ေနတုန္းမွာပဲ ေျမႀကီးထဲကတုန္ခါသြားၿပီးေတာ့ ေျမသားေတြက ႏွစ္ျခမ္းကြဲထြက္သြားပါေရာ၊ အဲဒီေနာက္ေတာ့ ေအာက္ကေန ေက်ာက္ဖ်ာႀကီးတစ္ခုေပၚလာတယ္ဗ်။ က်ဳပ္တို႔ေရာက္ေနတာ ေတာင္ကုန္းကမူကေလးတစ္ခုအေပၚမွာဗ်၊ ေဘးနားမွာလည္း သစ္ပင္ေတြက ထူထူထပ္ထပ္နဲ႔ေပါက္ေနတယ္။ ငေထရွင္က မတ္တပ္ထရပ္ၿပီးေတာ့ ေက်ာက္ဖ်ာႀကီးကို ေျခေထာက္နဲ႔နင္းၾကည့္ေနတယ္။

“ကဲကိုယ့္လူတို႔၊ ငါေယာက္လာခဲ့ၿပီ၊ မၾကာခင္ မင္းတို႔အားလုံး လႊတ္လပ္ရေတာ့မယ္”

ေျပာေျပာဆိုဆိုနဲ႔ ငေထရွင္က သူလြယ္ထားတဲ့လြယ္အိတ္ထဲကေန စိန္သြားႀကီးကိုႏႈိက္ထုတ္လိုက္ပါေရာဗ်ာ၊ ဘုရားစိန္ဖူးေတာ္ စိန္သြားႀကီးက တစ္မိုက္ေလာက္ရွိသဗ်၊ သလင္းလိုေက်ာက္ကို အကြက္အကြက္ေတြေဖာ္ၿပီးေသြးထားပါေရာ၊ ငေထရွင္က အဲဒီစိန္သြားကို ခုနကေက်ာက္ဖ်ာႀကီးအေပၚကိုခ်လိုက္ၿပီး မႏၲန္ေတြ႐ြတ္ေတာ့တာပဲဗ်ာ၊ ဒီအခါစိန္သြားက ေက်ာက္ဖ်ာအေပၚမွာ ဂ်င္တစ္လုံးလို လည္ေနတာဗ်၊ စိန္သြားအခြၽန္က ေအာက္စိုက္ၿပီးေတာ့ လည္ေနတာျမန္လိုက္တာေျပာမေနပါနဲ႔ဗ်ာ၊ ငေထရွင္ကလည္း စိန္သြားကိုေသခ်ာစိုက္ၾကည့္ၿပီး မႏၲန္ခ်ည္းလွိမ့္႐ြတ္ေနေတာ့တာ၊ စိန္သြားက မ်က္စိေရွ႕မွာပဲ လည္ရင္းလည္ရင္းနဲ႔ ေက်ာက္ဖ်ာႀကီးထဲကို တစ္ဆတစ္ဆနဲ႔ တိုးဝင္သြားပါေရာ။

ဧကႏၲေတာ့ ငေထရွင္က သိုက္ေဖာက္ေနတာျဖစ္မွာဗ်၊ ဒါေၾကာင့္ သူကဒီစိန္သြားကို ဦးသန္းတန္ဆီကေန မရအရယူခဲ့တာကိုး၊ မ်က္စိေရွ႕မွာတင္ပဲ စိန္သြားက ေက်ာက္ဖ်ာကိုထိုးေဖာက္ၿပီးေတာ့ က်သြားေတာ့တယ္၊ ငေထရွင္က စိန္သြားကိုအာ႐ုံစိုက္ေနတုန္းမွာ က်ဳပ္ကလည္း က်ဳပ္ကိုခ်ည္တုပ္ထားတဲ့ႀကိဳးကို ဘယ္လိုေျဖမလဲဆိုၿပီး ရသေလာက္ လႈပ္ရွားေနမိတယ္ဗ်။

ခဏၾကာေတာ့ ဝုန္းခနဲအသံႀကီးျမည္ၿပီးေတာ့ ေက်ာက္ဖ်ာႀကီးက အေပါက္ႀကီးေပါက္က်သြားေတာ့တာပဲဗ်ာ။ အေပါက္က ဆယ္ေပေလာက္ေတာ့ရွိမယ္ဗ်၊ အဝိုင္းေပါက္ႀကီးေပါက္သြားပါေလေရာ၊ ေနာက္ေတာ့ အေပါက္ထဲကေန လူေတြထြက္လာတယ္၊ လူဆိုေပမယ့္ ဒီလူေတြရဲ႕ေနာက္ေက်ာမွာ ပုစဥ္းေတာင္ပံလို ေတာင္ပံေတြပါတယ္ဗ်ာ၊ လူေတြရဲ႕အသားကလည္း ခပ္နီနီပဲဗ်၊ လက္ထဲမွာလည္း ဓါးလွံလက္နက္ေတြ ကိုင္ထားၾကေသးတယ္၊ ဒီလိုလူ ကိုးေယာက္တိတိထြက္လာၿပီးေတာ့ က်ဳပ္တို႔ေခါင္းေပၚမွာ ပ်ံဝဲေနသဗ်။

“မင္းတို႔အခုခ်က္ခ်င္းထြက္သြားၾကစမ္း”

“မထြက္သြားရင္ မင္းတို႔ေခါင္းရွစ္စိပ္ကြဲၿပီး ေသရမယ္”

ဒီလူေတြက ပ်ံသန္းေနရင္း အသံနက္ႀကီးေတြနဲ႔ ေအာ္ဟစ္ၿပီးၿခိမ္းေျခာက္ေနပါေသးတယ္ဗ်ာ၊ ငေထရွင္က ဒီလူေတြကိုေသခ်ာၾကည့္ေနရင္း

“မင္းတို႔သိုက္ေစာင့္ေလာက္ကမ်ား ငါ့ေခါင္းကိုရွစ္စိပ္ခြဲမတဲ့လား၊ မင္းတို႔ပဲခြဲမလား၊ ငါကပဲ မင္းတို႔ေခါင္းကိုခြဲရမလားဆိုတာ ၾကည့္ၾကေသးတာေပါ့”

ငေထရွင္က ေခါင္းေပါင္းကိုေျဖလိုက္ၿပီးေတာ့ သဘက္ကိုလည္ပင္းမွာပတ္လိုက္တယ္၊ ဒီအခါ သူ႔ေခါင္းကေန ေ႐ႊေရာင္အေမာက္အရွည္ႀကီးတစ္ခုေပၚထြက္လာပါေရာဗ်ာ၊ လွံကိုင္ထားတဲ သိုက္ေစာင့္လူပ်ံတစ္ေယာက္က ငေထရွင္ကိုလွံနဲ႔တအားေျပးထိုးဖို႔ ပ်ံဆင္းလာပါေရာ၊ ငေထရွင္က သိုက္ေစာင့္ကိုေသခ်ာေစာင့္ၾကည့္တဲ့အခါ သိုက္ေစာင့္က ပ်ံသန္းလာရင္း ငေထရွင္အနားမေရာက္ခင္မွာပဲ ေျမႀကီးခဲတစ္ခု အစိတ္စိတ္အမႊာမႊာကြဲထြက္သြားသလိုမ်ိဳး တစ္စစီကြဲၿပီး ေျမေပၚကိုက်သြားပါေရာဗ်ာ၊ သူကိုင္ထားတဲ့ ေၾကးနဲ႔လုပ္ထားတဲ့လွံတံႀကီးေတာင္ က်ဳပ္အနားကိုခြၽင္ခနဲျပဳတ္က်လာပါေရာ၊ က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔လွိမ့္ၿပီးေရွာင္လိုက္မိတယ္။

တစ္ခါ ေလးကိုင္ထားတဲ့ လူပ်ံႏွစ္ေယာက္က မိုးေပၚကေန ျမႇားေတြနဲ႔ပစ္ခ်ပါေရာဗ်ာ၊ ျမႇားတံေတြက တခြၽင္ခြၽင္ျမည္ၿပီး ေျပးလာၾကပါေရာ၊ဒီအခါ ငေထရွင္ရဲ႕ေခါင္းမွာ အနီေရာင္အေမာက္ႀကီးေပၚလာၿပီးေတာ့ သူ႔ပါးစပ္ထဲကေန နဂါးနီႀကီးတစ္ေကာင္ပ်ံၿပီးထြက္လာတယ္၊ ျမႇားတံေတြကို အျမႇီးနဲ႔ခပ္ထုတ္ၿပီးေတာ့ မိုးေပၚပ်ံတက္သြားရင္း လူပ်ံကိုအျမႇီးေတြနဲ႔ လိုက္လိုက္႐ိုက္တာပဲဗ်ာ၊ အျမႇီးခ်က္မိတဲ့ လူပ်ံရဲ႕ကိုယ္လုံးက ႏွစ္ပိုင္းျပတ္က်သြားၿပီး ေျမေပၚကိုက်ပါေရာ။

ပုဆိန္အႀကီးႀကီးကိုင္ထားတဲ့လူပ်ံက ငေထရွင္ဆီကိုအေျပးဝင္သြားၿပီး ပုဆိန္နဲ႔ေခါင္းကိုေပါက္ခ်လိုက္ပါေရာဗ်ာ၊ ဂ်ိန္းခနဲအသံႀကီးျမည္ဟီးသြားၿပီးေတာ့ ေျမႀကီးေတြပါတုန္ခါသြားတယ္၊ ဒါေပမယ့္ ပုဆိန္က ငေထရွင္ကိုမထိပါဘူး၊ ငေထရွင္ရဲ႕အေရွ႕မွာ အစိမ္းေရာင္ဘီလူးႀကီး တစ္ေကာင္ထြက္လာၿပီး ပုဆိန္ႀကီးကိုလက္နဲ႔ညႇပ္ၿပီးဖမ္းထားပါေရာ၊ ဘီလူးႀကီးက ပုဆိန္ကိုလက္နဲ႔႐ိုက္ခ်ိဳးၿပီး လူပ်ံကိုလက္ဝါးေစာင္းနဲ႔ခုတ္ထည့္လိုက္တဲ့အခါ လူပ်ံက တစ္စစီျဖစ္သြားပါေတာ့တယ္။

ငေထရွင္လူပ်ံေတြနဲ႔ တိုက္ခိုက္ေနၾကတဲ့အခ်ိန္မွာ က်ဳပ္လည္းအနားကိုက်လာတဲ့ ေၾကးလွံတံႀကီးဆီ အသာလွိမ့္သြားၿပီးေတာ့ လွံတံရဲ႕အသြားနဲ႔ က်ဳပ္လက္ကိုခ်ည္ထားတဲ့ အုန္းဆံႀကိဳးကိုဆြဲပြတ္ေနမိတယ္၊ လွံတံကလည္း ထက္တယ္ဆိုေတာ့ အုန္းဆံႀကိဳးက တျဖည္းျဖည္းနဲ႔ဖြာထြက္လာတယ္ဗ်ာ။

ငေထရွင္က ဦးဘသာေစာင့္ေရွာက္သူ သုံးေယာက္ထုတ္သုံးၿပီး သိုက္ေစာင့္လူပ်ံေတြကိုေဆာ္လိုက္တာ ခဏၾကာေတာ့ လူပ်ံရွစ္ေယာက္တိတိ ေသဆုံးသြားၿပီး ေနာက္ဆုံးလူပ်ံတစ္ေယာက္ပဲက်န္ေတာ့တယ္၊ အဲဒီလူပ်ံက မိုးေပၚအေတာ္ျမင့္ျမင့္ကေနပ်ံသန္းရင္း

“ေျမဖုတ္သိုက္ေပါက္သြားၿပီ၊ ယကၡဆသိုက္ ေပါက္သြားၿပီ”

လို႔ေအာ္ရင္း မိုးေပၚကိုတစ္ဟုန္ထိုး ပ်ံတက္သြားပါေရာဗ်ာ၊ ဒီအခါ ငေထရွင္က သူ႔ခါးၾကားထဲက သံလ်က္ကိုထုတ္လိုက္ၿပီးေတာ့ အဲဒီလူပ်ံဆီကို ခ်ိန္႐ြယ္လိုက္ပါေရာ၊ မိုးၿခိမ္းသံလို ဂ်ိန္းခနဲ အသံထြက္သြားၿပီး သံလ်က္ထဲကေန ေ႐ႊေရာင္ျမႇားသ႑ာန္ရွိတဲ့ျမႇားတစ္ေခ်ာင္းနဲ႔ပစ္ထည့္လိုက္ပါေရာ၊ ေ႐ႊေရာင္ျမႇားတံက မိုးေပၚပ်ံတက္သြားၿပီး လူပ်ံရဲ႕ေနာက္ေက်ာတည့္တည့္ကိုထိၿပီးတဲ့အခါ လူပ်ံက ေအာက္ကိုျပန္ျပဳတ္က်လာပါေရာ၊ ေျမျပင္ေပၚကိုအရွိန္နဲ႔က်ၿပီးတဲ့အခါ လူပ်ံက ငေထရွင္ကို ေဒါသတႀကီးၾကည့္ေနတယ္၊ ဒီအခ်ိန္မွာပဲ လူပ်ံရဲ႕ေခါင္းက ဖရဲသီးစိပ္ခြဲသလို ရွစ္စိတ္ကြဲၿပီး ခြမ္းခနဲကြဲက်သြားေတာ့တယ္။

“မင္းတို႔လို မေလာက္ေလးမေလာက္စား နတ္အစြမ္းေလာက္နဲ႔ ငါ့ကိုႏိုင္မယ္ထင္လို႔လား”

ငေထရွင္က က်ဳပ္တို႔ကိုၾကည့္လိုက္ၿပီးေတာ့

“လာေဟ့ေကာင္ေလးေတြ၊ သိုက္ကိုေတာ့ေဖာက္ၿပီးၿပီ၊ က်န္တာဆက္လုပ္ရေအာင္ေဟ့”

ငေထရွင္က က်ဳပ္ဆီလက္ဝါးလွမ္းျပလိုက္ေတာ့ က်ဳပ္က သူ႔အလိုလိုပ်ံသြားၿပီး ငေထရွင္ရဲ႕လက္ထဲေရာက္သြားတယ္၊ ငေထရွင္က က်ဳပ္ကိုလက္တစ္ဖက္ကဆြဲကိုင္တယ္၊ ဘေသာင္းကို လက္တစ္ဖက္က ဆြဲကိုင္လိုက္ၿပီးေတာ့ သိုက္ေပါက္ႀကီးထဲကို ခုန္ခ်သြားပါေရာဗ်ာ။

သိုက္ေပါက္ႀကီးက ေတာ္ေတာ္ျမင့္တာဗ်၊ ေအာက္မွာလည္း အေတာ္နက္တဲ့တြင္းႀကီးပုံစံမ်ိဳးပါပဲ၊ ေလထဲကက်တာေတာင္မွ ေတာ္ေတာ္နဲ႔ေအာက္ကိုမေရာက္ႏိုင္ဘူးဗ်ာ၊ က်ဳပ္တို႔ျပဳတ္က်ေနတုန္း တြင္းႀကီးရဲ႕နံရံကေန တခြၽင္ခြၽင္အသံေပးၿပီးေတာ့ ေ႐ႊေရာင္အကြင္းေလးေတြပ်ံသန္းလာၾကတယ္ဗ်ာ၊ ေ႐ႊကြင္းကေလးေတြက အေတာ္မ်ားတာဗ်၊ ရာနဲ႔ခ်ီေလာက္မယ္ထင္တယ္၊ ငေထရွင္က တြင္းထဲလွည့္ပတ္ပ်ံသန္းေနတဲ့အခါ ေ႐ႊကြင္းေတြက သူ႔ေနာက္ကေန တသီတတန္းႀကီး လိုက္လာၾကပါေရာ။

“ေတာက္၊ ဒီစက္ေတြက တေမွာင့္”

ငေထရွင္က ေတာက္တစ္ခ်က္ေခါက္လိုက္ၿပီးေတာ့ က်ဳပ္တို႔ကိုပစ္ခ်လိုက္တယ္၊ က်ဳပ္တို႔ႏွစ္ေယာက္ ေအာက္ကၾကမ္းျပင္ေပၚကို ေခြးက်ဝက္က် က်ေတာ့တာေပါ့ဗ်ာ၊ ေတာ္ေသးတာက သိပ္အျမင့္ႀကီးက မဟုတ္လို႔ဗ်၊ ငေထရွင္ကေတာ့ ၾကမ္းျပင္တစ္ေနရာမွာ ရပ္လိုက္ၿပီး သူဝတ္ထားတဲ့ တိုက္ပုံအက်ႌကိုခြၽတ္လိုက္ၿပီးေတာ့ သူ႔အေရွ႕မွာကာထားလိုက္တယ္၊ အေနာက္က ပ်ံၿပီးလိုက္လာတဲ့စက္ေတြက ငေထရွင္ရဲ႕တိုက္ပုံကို အားနဲ႔ဝင္တိုးၾကတယ္ဗ်ာ၊ သံေတြကိုၾကမ္းျပင္ေပၚကိုေလာင္းခ်သလို တခြၽင္ခြၽင္အသံေတြျမည္ကုန္တယ္၊ ေ႐ႊကြင္းကေလးေတြက ငေထရွင္ရဲ႕တိုက္ပုံအက်ႌနဲ႔တိုးတိုက္မိၿပီး က်ိဳးပဲ့ၿပီးေတာ့ ၾကမ္းျပင္ေပၚျပဳတ္က်တယ္ဗ်ာ၊ ၾကမ္းျပင္မွာဆို ေ႐ႊကြင္းအပိုင္းအစကေလးေတြက ျပန႔္က်ဲေနတာပါပဲဗ်ာ။ ငေထရွင္က ေ႐ႊကြင္းကေလးေတြအကုန္ ကုန္သြားေတာ့မွ သူ႔တိုက္ပုံအက်ႌကို ေသခ်ာခါၿပီး က်က်နနျပန္ဝတ္တယ္။

“ေရာက္ၿပီ၊ ေနာက္ဆုံးေတာ့ ငါတို႔ေရာက္လာခဲ့ၿပီ”

ငေထရွင္က လက္ေဖ်ာက္တစ္ခ်က္တီးလိုက္တဲ့အခါ သူ႔လက္ထဲကေန မီးလုံးတစ္လုံးဟုန္းခနဲထေတာက္လာတယ္၊ အဲဒီမီးလုံးကို မိုးေပၚေျမႇာက္တင္လိုက္ေတာ့ မီးလုံးက တျဖည္းျဖည္းႀကီးသြားၿပီး အေပၚကိုပ်ံတက္သြားတယ္၊ မီးလုံးအလင္းေရာင္ေၾကာင့္ ဂူႀကီးတစ္ခုလုံးကို ထင္ထင္ရွားရွားျမင္လိုက္ရသဗ်ာ။

ဂူဆိုတာထက္ ေရတြင္းႀကီးတစ္ခုနဲ႔ပိုၿပီးတူတယ္ဗ်၊ ေဘးပတ္ပတ္လည္ကို ေက်ာက္ျပားႀကီးေတြနဲ႔ ကာထားပါေရာ၊ နက္တာကလည္း အေတာ္နက္တယ္၊ က်ဳပ္အထင္ ေပငါးရာေလာက္ရွိမယ့္ပုံပဲ၊ ခုနက က်ဳပ္တို႔ဆင္းလာခဲ့တဲ့ အေပါက္ႀကီးကို ဟိုးအေပၚမွာျမင္ေနရတယ္ဗ်ာ၊ ဂူရဲ႕ၾကမ္းျပင္ က်ဳပ္တို႔အေရွ႕မွာေတာ့ ေက်ာက္႐ုပ္ေတြတန္းစီၿပီးရွိေနတာ မနည္းဘူးဗ်၊ ေက်ာက္႐ုပ္ႀကီးေတြရဲ႕အလယ္မွာ ေက်ာက္ကလပ္ႀကီးတစ္ခုရွိၿပီး ကလပ္ေပၚမွာေတာ့ ေက်ာက္ေခါင္းတလားႀကီးတစ္လုံးရွိတယ္၊ ငေထရွင္က ေျမႀကီးမွာက်ေနတဲ့ ဖန္ေဂၚလီလုံးေလာက္ အ႐ြယ္အစားရွိတဲ့ အလုံးကေလးကိုေကာက္ယူလိုက္တယ္။

“ဒီေလာက္ထက္လွတဲ့စိန္သြားေတာင္မွ ဒီသိုက္ကိုေဖာက္ရင္း ပ်က္စီးသြားတယ္တဲ့ကြာ”

“ဘာဗ်၊ အဲဒါခုနက စိန္သြားတဲ့လား”

“ဟုတ္တယ္ေလကြာ၊ ဒီသိုက္ကိုေဖာက္ႏိုင္တာ အဲဒီစိန္သြားပဲရွိတာ၊ ပထမအဆင့္အေနနဲ႔ေတာ့ သိုက္ကိုစိန္သြားတစ္ခုနဲ႔ေဖာက္ၿပီးၿပီ ေနာက္တစ္ဆင့္္ကေတာ့ ေနာက္ထပ္စိန္သြားတစ္ခုနဲ႔ ေဟာဟိုက ေခါင္းတလားႀကီးကိုေဖာက္ရမွာပဲ”

“ဒါေၾကာင့္ကိုး ဒါေၾကာင့္ခင္ဗ်ားက စိန္သြားႏွစ္ခုစလုံးကို ယူသြားခဲ့တာကိုး”

“အစစ္ေပါ့ကြာ”

“က်ဳပ္ကိုလြတ္ေပး၊ က်ဳပ္ကိုလႊတ္ေပးစမ္းဗ်ာ”

“ေဟ့ေကာင္၊ မင္းကငါ့အတြက္ အႏိုင္ဖဲခ်ပ္ပဲကြ၊ မင္းကိုငါကလႊတ္ေပးလို႔ျဖစ္မလား”

“ဘယ္လိုဗ်”

“အဲဒီဦးသာဒင္ဆိုတဲ့လူႀကီးရဲ႕ အားနည္းခ်က္က မင္းေလကြာ၊ သူ႔မွာတျခားအားနည္းခ်က္မရွိေပမယ့္ မင္းဆိုတဲ့ေကာင္ေတာ့ရွိတယ္မဟုတ္လား၊ မင္းထိခိုက္မွာဆိုရင္ သူကသိပ္ေၾကာက္တာ၊ မင္းေသတာကို ဒီအတိုင္းထိုင္ၾကည့္ေနပါ့မလားကြ”

“ခင္ဗ်ားေတာ္ေတာ္ယုတ္မာတဲ့လူပဲဗ်ာ၊ ခင္ဗ်ားက်ဳပ္ကိုသတ္ပစ္လိုက္စမ္းပါ၊ က်ဳပ္ကိုသတ္တာ ခင္ဗ်ားဆိုတာ ဦးဘသာသိသြားရင္ ခင္ဗ်ားႀကီးကို သူဘယ္ေတာ့မွ အလြတ္ေပးမွာမဟုတ္ဘူးဗ်၊ ခင္ဗ်ားကို ဆုံထဲထည့္ၿပီးေထာင္းသလို ေထာင္းမွာ”

“ဟား၊ ဟား၊ မင္းက ဒီအတိုင္းေသသြားလို႔ ဘာတန္ဖိုးမွမရွိပါဘူးကြ၊ စိတ္ခ်ပါ၊ မင္းကိုငါမသတ္ေသးပါဘူး၊ မင္းနဲ႔ေကာင္းေကာင္း ကစားရအုံးမွာ”

ငေထရွင္က သူ႔ခါးၾကားထဲႏႈိက္ၿပီးေတာ့ ဒုတိယစိန္သြားကိုထုတ္လိုက္တယ္ဗ်ာ၊ အဲဒီစိန္သြားက ဦးသိန္းတန္ဆီကေန လုယူထားတဲ့စိန္သြားတစ္ခုေပါ့၊ စိန္သြားက မီးေရာင္ေအာက္မွာဝင္းလက္ေနပါေရာ။

(၃)

“ဟိတ္ေကာင္ငေထရွင္၊ မင္းလုပ္ေနတာေတြကို ရပ္တန္းက ရပ္လိုက္စမ္း”

မိန္းမသံတစ္ခုၾကားလို႔ က်ဳပ္ေမာ့ၾကည့္လိုက္တဲ့အခါ ေခ်ာေခ်ာက ေတာင္ေဝွးႀကိးကိုင္လို႔ ေအာက္ကိုခုန္ဆင္းလာသဗ်ာ၊ ခုန္ဆင္းလာတယ္ဆိုေပမယ့္လည္း ျပဳတ္က်လာမ်ိဳးမဟုတ္ဘူးဗ်၊ ေလေပၚမွာပ်ံဝဲၿပီးဆင္းလာတာမ်ိဳး။ ေနာက္ၿပီးေတာ့ က်ဳပ္တို႔အေရွ႕မလွမ္းမကမ္းမွာပဲ ဆင္းလိုက္တယ္။ ငေထရွင္ ဦးဘသာကိုျမင္ေတာ့ ေၾကာက္ေတာ့ေၾကာက္သြားသဗ်။

“ေဟ့ေကာင္ငေထရွင္၊ မင္းကိုအဆုံးသတ္ေပးဖို႔ ငါလာခဲ့ၿပီကြ”

ငေထရွင္က ေခ်ာေခ်ာကိုအံ့ၾသတႀကီးနဲ႔ၾကည့္ေနရင္း

“ဟာ၊ ခင္ဗ်ားလက္မွာကိုင္ထားတာ ကသစ္ျဖဴသားေတာင္ေဝွးပါလား”

“ဟုတ္တယ္ငေထရွင္၊ ငါဘုရားပ်ံျဖစ္သြားၿပီ၊ ေဟာဒီမွာ သကၤန္းနက္ဆြဲႀကိဳး၊ ဒီဆြဲႀကိဳးကို မင္းလည္ပင္းမွာစြပ္ၿပီး မင္းကိုအဝီစိကိုပို႔မယ္ကြ”

ငေထရွင္က က်ဳပ္ကို ဂုတ္ကေနဆြဲယူလိုက္ၿပီးေတာ့ ေက်ာက္႐ုပ္ႀကီးေတြၾကားထဲကိုေျပးတယ္ဗ်ာ၊ ေျပးရင္းလႊားရင္း ေက်ာက္႐ုပ္ေတြကို သူ႔လက္နဲ႔ပုတ္ၿပီးေတာ့ တစ္ခုခုကိုတီးတိုး႐ြတ္တယ္၊ သူ႔လက္နဲ႔ထိၿပီးတာနဲ႔ ေက်ာက္႐ုပ္ႀကီးေတြမွာရွိတဲ့ ေက်ာက္သားေက်ာက္စိုင္ေတြက ပဲ့က်ၿပီးေတာ့ အထဲကေန ဘီလူးႀကီးေတြထြက္လာပါေရာဗ်ာ။

ဘီလူးႀကီးဆိုေပမယ့္ ႀကီးေတာ့မႀကီးဘူးဗ်၊ အရပ္ကေတာ့ သာမန္လူအရပ္ထက္ေတာင္ နည္းနည္းပုေသးတယ္၊ ငါးေပမျပည့္တဲ့အရပ္ေလာက္ေပါ့၊ ကိုယ္လုံးမွာေတာ့ အစိမ္းေရာင္အေၾကးခြံေတြပါတဲ့ ခ်ပ္ဝန္တန္ဆာေတြကို ဝတ္ထားၾကတယ္။ ငေထရွင္က က်ဳပ္ကိုဆြဲၿပီးေျပးရင္း ေနာက္ဆုံးအလယ္က ေက်ာက္ကလပ္ႀကီးေပၚကို ခုန္တက္လိုက္တယ္၊ ခါးၾကားက သန္လ်က္ကိုဆြဲထုတ္လိုက္ၿပီးေတာ့

“ကဲ ေျမဖုတ္ဘီလူးေတြ၊ မင္းတို႔ကို ငါအမိန႔္ေပးမယ္၊ အဲဒီလူကို သတ္ၾကျဖတ္ၾကစမ္းေဟ့”

ေျမဖုတ္ဘီလူးေတြက ေျမႀကီးမွာက်ေနတဲ့ ေက်ာက္သားေတြကိုလက္နဲ႔ကိုင္လိုက္ၾကတယ္ဆိုရင္ပဲ ေက်ာက္တုံးေတြက သူ႔အလိုလိုဆက္ၿပီးေတာ့ ဓါးေတြ၊ လွံေတြ၊ ပုဆိန္ေတြ၊ တင္းပုတ္ေတြျဖစ္သြားၾကတယ္ဗ်ာ၊ ၿပီးေတာ့ လက္နက္မ်ိဳးစုံကိုင္ဆြဲၿပီး ဦးဘသာကိုဝန္းရံလိုက္ၾကတယ္။

ဦးဘသာကေတာ့ ခပ္တည္တည္ပဲ ေတာင္ေဝွးကိုင္ၿပီးရပ္ေနသဗ်၊ ဘီလူးတစ္ေကာင္က ဦးဘသာရဲ႕ ဘယ္ဘက္ေဘးကေန ပုဆိန္နဲ႔အတင္းဝင္ခုတ္ပါေရာ၊ ဦးဘသာက ေတာင္ေဝွးကို ေျမႇာက္ၿပီး ဘီလူးရဲ႕ရင္ဝကို ေတာင္ေဝွးရဲ႕အေျခနဲ႔ေဆာင့္ထိုးထည့္လိုက္ပါေရာဗ်ာ၊ ဘီလူးက ပုဆိန္ေျမႇာက္ေနရင္းတန္းလန္းနဲ႔ပဲ တစ္ကိုယ္လုံးေျမသားေတြျဖစ္သြားၿပီး ေျမစိုင္ေျမခဲလို ပဲ့ေႂကြက်သြားေတာ့တယ္။

“ေျမႀကီးထဲက လာတဲ့အေကာင္ေတြ၊ ေျမႀကီးထဲကို ျပန္သြားၾကစမ္း”

ဒီအခါ ဦးဘသာရဲ႕ ညာဘက္ေဘးကေန ဘီလူးတစ္ေကာင္က လွံနဲ႔ဝင္ထိုးပါေရာ၊ ဦးဘသာက သူ႔ရင္ဝဆီတန္းတန္းမတ္မတ္ဝင္လာတဲ့ လွံသြားကို လက္နဲ႔အသာဖမ္းဆုပ္လိုက္တယ္၊ လွံနဲ႔ထိုးတဲ့ဘီလူူးကို မ်က္စိနဲ႔စိုက္ၾကည့္လိုက္တဲ့အခါမွာ အဲဒီဘီလူးႀကီးက ေျမသားေတြျဖစ္သြားၿပီး တစ္စစီပဲ့က်သြားျပန္ေရာဗ်ာ၊ က်န္တဲ့ဘီလူးဆယ္ေကာင္ေလာက္က ဦးဘသာကို ဝိုင္းၿပီးခုတ္ၾကထစ္ၾကမယ္အလုပ္မွာ ဦးဘသာက လက္ထဲမွာ မိုးႀကိဳးအလုံးႀကီးထုတ္လိုက္ၿပီးေတာ့ ဒီဘီလူးေတြကိုပစ္ခ်ထည့္လိုက္ေတာ့တယ္၊ မိုးႀကိဳးအလုံးက ဘီလူးတစ္ေကာင္ကိုထိၿပီးတာနဲ႔ ေနာက္တစ္ေကာင္ဆီကိုကန္ထြက္သြားၿပီး လိုက္လိုက္ထိတာပဲဗ်ာ၊ ျမန္လိုက္တာေျပာမေနပါနဲ႔၊ မ်က္စိတစ္မွိတ္အတြင္းမွာပဲ ဘီလူးဆယ္ေကာင္စလုံးကို မိုးႀကိဳးထိသြားၿပီးေတာ့ အကုန္လုံး ေျမမႈန႔္ျဖစ္ကုန္ပါေရာ။

ငေထရွင္က ေက်ာက္ကလပ္ေပၚကေန ေတာ္ေတာ္ထိတ္လန႔္ေနၿပီဗ်ာ၊ သူ႔လက္ထဲက သန္လ်က္ကိုမိုးေပၚကိုေျမႇာက္တင္လိုက္ၿပီး

“ကဲ ငါ့ရဲ႕စစ္သည္ေတာ္အေပါင္းတို႔ ႏိုးထၾကေလာ့၊ ရန္သူကို သုတ္သင္ၾကေလာ့”

လို႔ေအာ္ဟစ္ၿပီး သန္လ်က္အသြားကို ေျမႀကီးေပၚကိုထိုးၫႊန္လိုက္တာနဲ႔ ေျမႀကီးက တဂ်ိန္းဂ်ိန္းနဲ႔ငလ်င္လႈပ္သလိုခါရမ္းသြားေတာ့တာပါပဲ၊ တစ္ခ်ိန္တည္းမွာပဲ ေက်ာက္ကလပ္ႀကိးကို ပတ္ပတ္လည္ဝိုင္းေနတဲ့ ေက်ာက္႐ုပ္ေတြအကုန္လုံးက ေက်ာက္သားေတြပဲ့က်သြားၿပီးေတာ့ ဘီလူးေတြျဖစ္ကုန္ပါေရာဗ်ာ၊ အကုန္လုံးေပါင္းရင္ ဘီလူးေတြက ရာခ်ီမယ္ဗ်၊ ဒီဘီလူးေတြအကုန္လုံး ဦးဘသာဆီကို ေျပးဝင္သြားၾကပါေရာ၊ ငေထရွင္က စိန္သြားကိုထုတ္လိုက္ၿပီး ေက်ာက္ေခါင္းတလားႀကီး အေပၚကိုေဒါင္လိုက္ေထာင္ၿပီးတင္လိုက္တယ္၊ ၿပီးတာနဲ႔ မႏၲန္တစ္ခုကို႐ြတ္ၿပီး စိန္သြားနဲ႔ ေက်ာက္ေခါင္းတလားႀကီးကို ေဖာက္ခိုင္းေတာ့တယ္ဗ်ာ၊ စိန္သြားက ဂ်င္ပုံစံလို လည္ပတ္ေနျပန္ပါေရာ။

က်ဳပ္ကေတာ့ ဦးဘသာဘာျဖစ္မလဲဆိုၿပီးေတာ့ပဲ လွည့္ၾကည့္ေနမိေတာ့တယ္ဗ်ာ၊ ဦးဘသာက ဘီလူးေတြကို အမ်ားနဲ႔တစ္ေယာက္တိုက္ခိုက္ေနပါေရာ၊ ဒါေပမယ့္ ဘီလူးေတြကမ်ားေတာ့ ၾကာၾကာမတိုက္ႏိုင္ပါဘူးဗ်ာ၊ ဘီလူးေတြက ဦးဘသာကို ဝိုင္းဖမ္းခ်ဳပ္ၿပီးေတာ့ တစ္ေကာင္ေပၚတစ္ေကာင္ထပ္ၿပီး ဝိုင္းဖိသတ္ၾကတယ္။

“ဦးဘသာ . . . ဦးဘသာ မသေရဘူး”

က်ဳပ္အသံၿပဲႀကီးနဲ႔ေအာ္လိုက္မိတယ္။ ဘီလူးေတြက ဦးဘသာအေပၚမွာထပ္ေနၾကတာမ်ား ေတာင္ကုန္းတစ္ခုလိုေတာင္ျဖစ္ေနၿပီဗ်ာ။

က်ဳပ္မ်က္ရည္ေတြဝဲၿပီးၾကည့္ေနမိတယ္၊ မၾကာခင္မွာပဲ အဲဒီေတာင္ကုန္းလို႔ ဘီလူးေတြၾကားထဲကေန အနီေရာင္အလင္းတန္းေတြထြက္လာပါေရာဗ်ာ၊ တျဖည္းျဖည္းပိုၿပီးနီရဲလာၿပီးေတာ့ ဝုန္းခနဲေပါက္ကြဲထြက္သြားတာပါပဲ၊ ဘီလူးေတြရဲ႕အစိတ္အပိုင္းေတြက အပိုင္းပိုင္းျပတ္ၿပီးေတာ့ ျပဳတ္က်လာၾကတယ္၊ ဦးဘသာက ထိုင္ေနရာကေန ေတာင္ေဝွးကိုေထာက္ၿပီး မတ္တပ္ရပ္လိုက္တယ္။

ငေထရွင္က စိန္သြားကိုၾကည့္ၿပီး အံ့ၾသေနၿပီဗ်ာ၊ စိန္သြားက အခ်ိန္ေတာ္ေတာ္ၾကာတာေတာင္မွ ေက်ာက္ေခါင္းတလားႀကီးအထဲကို ေဖာက္မဝင္ဘူးျဖစ္ေနတယ္။

“ဘယ္လိုျဖစ္တာလဲ၊ ဘယ္လိုမ်ားျဖစ္ရတာလဲ”

က်ဳပ္လွည့္ၾကည့္လိုက္တဲ့အခ်ိန္ ဘယ္တုန္းက ႏိုးေနၿပီမွန္းမသိတဲ့ ဘေသာင္းက ပါးစပ္က တတြတ္တြတ္႐ြတ္လို႔ဗ်၊ ဒါဆိုရင္ စိန္သြားေဖာက္မရေအာင္႐ြတ္ေနတာ သူပဲေနမွာ၊ သူ႔အကိုႀကီး ဦးသန္းတန္က စိန္သြားကိုခိုင္းေစလို႔ရတဲ့ မႏၲန္တစ္ခုကို သူ႔ကိုသင္ေပးခဲ့တယ္မဟုတ္လား။

ဦးဘသာက ငေထရွင္ကို စြမ္းအားတစ္ခုနဲ႔လွမ္းပစ္လိုက္တဲ့အခါ ငေထရွင္ရဲ႕ေက်ာကုန္းကိုထိၿပီးေတာ့ ငေထရွင္ေက်ာေကာ့သြားတယ္ဗ်၊ ၿပီးေတာ့ ဦးဘသာကိုလွည့္ၾကည့္တယ္။ ဦးဘသာက

“ပါလရေသ့ႀကီးက ဒီလက္နက္သုံးမ်ိဳးအစြမ္းနဲ႔ ဘီလူးကိုးေထာင္ကိုေတာင္ သတ္ျဖတ္သုတ္သင္ခဲ့တာပဲ၊ မင္းတို႔ဘီလူးရာဂဏန္းေလာက္ကေတာ့ ဘုရားပ်ံေတြအတြက္ ပ်င္းေတာင္ပ်င္းေသးတယ္ေဟ့”

“ေကာင္မ၊ နင္ကငါနဲ႔တစ္ပြဲတစ္လမ္း စမ္းခ်င္တာေပါ့ေလ၊ ရမယ္၊ ရမယ္ ငေထရွင္တဲ့ေဟ့”

ငေထရွင္က ေအာ္ရင္း သံလ်က္ကိုဝင့္ၿပီးေတာ့ ဦးဘသာဆီကိုခုန္ဝင္သြားတယ္ဗ်။ ၿပီးတာနဲ႔ သန္လ်က္နဲ႔အုပ္မိုးၿပီးခုတ္ခ်ပါေရာ၊ ဦးဘသာကလည္း ကသစ္ျဖဴေတာင္ေဝွးနဲ႔ ျပန္ၿပီးခံလိုက္သဗ်ာ။ ငေထရွင္က အားကုန္သုံးၿပီးေလေပၚကေနဖိခ်လိုက္ေတာ့ ဦးဘသာက ေတာင္ေဝွးကိုလက္ႏွစ္ဖက္နဲ႔ကိုင္ထိန္းထားရာက ေျခေထာက္တစ္ဖက္ပါနိမ့္က်ၿပီးေတာ့ မုဆိုးဒူးေထာက္သလိုအေနအထားျဖစ္သြားတယ္၊ ငေထရွင္က မေထ့ၿပဳံးၿပဳံးၿပီး ေလေပၚကေနသန္လ်က္ကိုဖိခ်ေနတယ္ဗ်ာ၊ ဦးဘသာက မ်က္ႏွာႀကီးကိုရႈံ႕မဲ့ၿပီး ေအာက္ကေနအားကုန္ျပန္တြင္းေနတယ္၊ သံလ်က္နဲ႔ ေတာင္ေဝွးနဲ႔ထိတဲ့ေနရာမွာ ပန္းပဲဖိုထဲက သံခဲလို တျဖည္းျဖည္းနီရဲလာၿပီးေတာ့ မီးမႈန္ မီးပြားေလးေတြေတာင္မွ ခုန္ခုန္ထြက္ေနပါေရာ။

“မင္းေသရမယ္၊ သာဒင္၊ မင္းေသကိုေသရမယ္”

“မင္းအရင္ေသမလား ငါအရင္ေသမလား ေစာင့္ၾကည့္ၾကေသးတာေပါ့ေဟ့”

ဦးဘသာက ေျခေထာက္ကိုျပန္ေထာက္လိုက္ၿပီးေတာ့ အားကုန္ျပန္တြန္းတယ္ဗ်၊ အစက ခပ္ၿပဳံးၿပဳံးလုပ္ေနတဲ့ ငေထရွင္ေတာင္မွ မ်က္ႏွာႀကီးရႈဲ႕မဲ့လာၿပီးေတာ့ အားကုန္ျပန္တြန္းထားရတယ္ဗ်ာ၊ ဦးဘသာက တျဖည္းျဖည္းကုန္းထၿပီးတဲ့ေနာက္ ေတာင္ေဝွးကိုအားကုန္တြန္းထည့္လိုက္ေတာ့ ေလေပၚပ်ံေနတဲ့ငေထရွင္တစ္ေယာက္ အေနာက္ကိုလြင့္ထြက္ၿပီး ခပ္လွမ္းလွမ္းမွာ သြားက်ပါေရာ။

“အဲဒီသန္လ်က္က မင္းရဲ႕သန္လ်က္မဟုတ္ဘူး ငေထရွင္၊ ဒါေၾကာင့္ မင္းဒီသန္လ်က္ကို မသုံးႏိုင္ဘူး”

“သုံးႏိုင္သလား၊ မသုံးႏိုင္သလားဆိုတာ ခင္ဗ်ားကိုျပမယ္”

ငေထရွင္က သန္လ်က္ကို မိုးေပၚကိုပစ္တင္လိုက္ပါေရာ၊ သန္လ်က္က သူ႔ေခါင္းေပၚကိုေရာက္တဲ့အခ်ိန္မွာ သံလ်က္ပြားေတြ တစ္ခုၿပီးတစ္ခုတိုးတိုးထြက္လာသဗ်ာ။ သံလ်က္ပြားတစ္ခု ဆယ္ခုျပန္ပြား၊ အဲဒီဆယ္ခုက ထပ္ၿပီးဆယ္ခုဆီျပန္ပြားနဲ႔မို႔ သံလ်က္ေတြရာေထာင္ခ်ီေအာင္ျဖစ္သြားၿပီး ငေထရွင္ရဲ႕ေခါင္းေပၚမွာ ဝင္းလက္ေနပါေရာ။

ငေထရွင္က ဦးဘသာကိုလက္ညႇိဳးၫႊန္လိုက္တဲ့အခါ သံလ်က္ေတြက ဦးဘသာဆီကိုတစ္စင္းၿပီးတစ္စင္းေျပးဝင္လာၾကတယ္၊ ဦးဘသာက သန္လ်က္ေတြကို သူ႔ေတာင္ေဝွးနဲ႔ တစ္စင္းခ်င္းဆီ ပုတ္ထုတ္ေနတယ္ဗ်။

“ခင္ဗ်ားက တစ္ေခ်ာင္းခ်င္းစီေလာက္သာ ပုတ္ထုတ္ႏိုင္တာပါဗ်ာ၊ ကဲ အခုပဲ သန္လ်က္အစင္းတစ္ရာ လႊတ္ထည့္လိုက္မယ္၊ လာေလေရာ့”

ငေထရွင္လက္ညႇိဳးတစ္ခ်က္အၫႊန္မွာ သံလ်က္အစင္းတစ္ရာက ဦးဘသာဆီကိုေျပးဝင္သြားေတာ့တယ္၊ ဒါေပမယ့္ ဦးဘသာကိုမထိဘဲ ဦးဘသာရဲ႕အေရွ႕တည့္တည့္တစ္ေတာင္ေလာက္အလိုမွာ သံလ်က္ေတြက ရပ္ကုန္တယ္ဗ်၊ ငေထရွင္က မေက်နပ္တာနဲ႔ က်န္တဲ့သန္လ်က္ေတြအားလုံးကိုပါ ပစ္ထည့္လိုက္ပါေရာ၊ အလ်ံတဝင္းဝင္းနဲ႔ သံလ်က္ေတြအကုန္လုံး ဦးဘသာမ်က္စိေရွ႕နားမွာ ရပ္တန႔္ေနၾကတယ္။

ဦးဘသာက မ်က္ေမွာင္ၾကဳတ္လိုက္ေတာ့ သူ႔ကိုဦးၫြန္ေနတဲ့သံလ်က္ေတြက ဟိုဘက္ကိုျပန္လွည့္ကုန္တယ္ဗ်၊ ငေထရွင္ကိုျပန္ပစ္ေတာ့မယ္ဆိုတာ သိလိုက္ၿပီမို႔လို႔ က်ဳပ္လည္း ေက်ာက္ေခါင္းတလားႀကီးအေနာက္ကိုလွဲခ်လိုက္ရေတာ့တယ္၊ ထင္တဲ့အတိုင္းပါပဲ ေလထဲမွာ တဝွီးဝွီးပ်ံဝဲတဲ့အသံေတြၾကားလိုက္ရၿပီးေတာ့ သံလ်က္ေတြအကုန္လုံး ေျပးဝင္လာကုန္တာပဲဗ်ာ၊ ဒါေပမယ့္ သံလ်က္ေတြက ေက်ာက္နံရံေတြ၊ ေက်ာက္ေခါင္းတလားေတြကိုေတာ့ မေဖာက္ဘူးဗ်၊ သံလ်က္ေတြကုန္သြားေတာ့မွ က်ဳပ္လည္းေခါင္းေထာင္ၾကည့္လိုက္မိတယ္။ ဦးဘသာက လက္ထဲမွာ ေတာင္ေဝွးတစ္ဖက္ သံလ်က္တစ္ဖက္ ကိုင္ထားလို႔ဗ်ိဳ႕။

“မင္းက သံလ်က္တစ္ေထာင္ပြားျပတာေတာ့ေကာင္းပါတယ္၊ ဒါေပမယ့္ မေကာင္းတာက သန္လ်က္အစစ္ကိုပါ ငါ့ဆီပစ္လိုက္မိတာပဲ”

ငေထရွင္ျပာျပာသလဲျဖစ္သြားေတာ့တယ္။

“ခင္ဗ်ားႀကီး ေသစမ္း”

ငေထရွင္က လက္ကိုမိုးေပၚေထာင္ၿပီးေဝွ႔ယမ္းလိုက္တဲ့အခါ သူ႔အေနာက္မွာ အနီေရာင္မီးအကြင္းႀကီးတစ္ခုေပၚလာၿပီးေတာ့ အထဲကေန မီးက်ီးခဲေတြပ်ံဝဲၿပီးထြက္လာသဗ်။

“ဘုရားပ်ံေရ၊ ဒီအခန္းကို မီးက်ီးခဲမိုး႐ြာပစ္မယ္ကြ၊ မင္းအဲဒီမွာ ေလာင္ၿမိဳက္လိုက္စမ္း”

မီးက်ီးခဲေတြက အနီေပါက္ႀကီးထဲကေန အမ်ားႀကီးထြက္လာတာဗ်ာ၊ အခုေရ ရာေထာင္ခ်ီမယ္ထင္တာပါပဲ၊ ငေထရွင္ရဲ႕အနားမွာ မီးခဲေတြက စုေဝးေနၾကတယ္၊ ဒီအခါ ဦးဘသာက ငေထရွင္လုပ္သလို ေတာင္ေဝွးကိုမိုးေပၚကိုေျမႇာက္တင္ၿပီးေတာ့ ပတ္ပတ္လည္ေအာင္ေမႊ႕ေနရင္း သူ႔ေခါင္းေပၚမွာ မိုးသားတိမ္တိုက္ေတြျဖစ္လာပါေရာ၊ မၾကာပါဘူး၊ ဂူႀကီးအထဲကို မိုးေတြ႐ြာသြန္းခ်လိုက္တာ ငေထရွင္ရဲ႕မီးခဲေတြအကုန္ မိုးေတြစိုၿပီးေတာ့ ျပာခဲႀကီးေတြျဖစ္ကုန္တယ္၊ မိုး႐ြာတာကလည္း သဲႀကီးမဲႀကီးကို႐ြာခ်တာဗ်ာ၊ ဒါေပမယ့္ ထူးဆန္းတာက က်ဳပ္တို႔ကို အဲဒီမိုးေရေတြက မစိုဘူးဗ်။ က်ဳပ္က အနားမွာက်ေနတဲ့ သံလ်က္ပြားတစ္ခုရဲ႕အသြားနဲ႔ ႀကိဳးကိုျဖတ္လိုက္တဲ့အခ်ိန္မွာ ႀကိဳးကတိခနဲျပတ္ထြက္သြားသဗ်ာ၊ ဒါနဲ႔ ဘေသာင္းဆီေျပးသြားၿပီးေတာ့ ဘေသာင္းရဲ႕ႀကိဳးေတြကိုလည္းေျဖေပးရေသးတယ္ဗ်။

ငေထရွင္က မရေတာ့တဲ့အဆုံး သူ႔ေခါင္းေပၚက အေမာက္ႀကီးသုံးခုကိုေထာင္လိုက္တယ္၊ ၿပီးတာနဲ႔ ပါးစပ္ထဲကေန နဂါးနီႀကီးကိုပစ္လႊတ္လိုက္ပါေရာ၊ နဂါးနီႀကီးက ဦးဘသာဆီကိုပ်ံသန္းသြားၿပီး ဦးဘသာရဲ႕ကိုယ္လုံးကိုရစ္ပတ္လိုက္တယ္၊ တစ္ခါတည္းမွာပဲ ဘီလူးစိမ္းႀကီးထြက္လာၿပီး ဦးဘသာကိုဖမ္းခ်ဳပ္ျပန္ပါေရာဗ်ာ၊ ေ႐ႊေရာင္အဆင္းရွိတဲ့ နတ္မင္းက ေ႐ႊျစက္ာတစ္ခုနဲ႔ ပ်ံသန္းလာၿပီး ဦးဘသာရဲ႕ငယ္ထိပ္တည့္္တည့္ကို ခုတ္ျဖတ္ဖို႔လုပ္ပါေရာ၊ ဒီအျဖစ္ကို ငေထရွင္က အားရပါးရရယ္ေမာရင္းၾကည့္ေနတယ္၊ ဒါေပမယ့္ ေ႐ႊေရာင္နတ္မင္းက အနားေရာက္ေတာ့ ဦးဘသာကိုမခုတ္ျဖစ္ဘဲ ဦးဘသာရဲ႕ပါးစပ္ထဲကို တိုးဝင္သြားတာပါပဲဗ်ာ၊ ဘီလူးႀကီးက ဦးဘသာရဲ႕နားထဲကိုခုန္ဝင္သြားၿပီး နဂါးႀကီးက ဦးဘသာရဲ႕ႏွာေခါင္းေပါက္ထဲကို ေလွ်ာခနဲဝင္သြားပါေရာ။

“ဟာ၊ ဘယ္လိုျဖစ္တာလဲ၊ ဘယ္လိုျဖစ္တာလဲ”

“ငါေျပာမယ္ငေထရွင္၊ ဒီအေစာင့္အေရွာက္ပုဂၢိဳလ္ေတြဆိုတာ ငါတို႔ေဆြစဥ္မ်ိဳးဆက္ လက္ဆင့္ကမ္းၿပီးထိန္းသိမ္းလာခဲ့တဲ့လူေတြကြ၊ တစ္နည္းအားျဖင့္ေျပာရရင္ ငါတို႔ရဲ႕ ဘိုးရင္းဘြားရင္း မိရင္းဖရင္းေတြလိုျဖစ္ေနၿပီ၊ မိဘတစ္ေယာက္က သားသမီးတစ္ေယာက္ကို ဒုကၡေရာက္ေအာင္လုပ္ႏိုင္တယ္ဆိုတာ မင္းၾကားဖူးလို႔လားကြ”

ေျပာရင္းဆိုရင္း ငေထရွင္ရဲ႕ေခါင္းက အေမာက္ႀကီးသုံးခုေပ်ာက္ၿပီးေတာ့ ဦးဘသာေခါင္းမွာသြားေပါက္ပါေရာဗ်ာ၊ ဦးဘသာက ငေထရွင္ကိုၾကည့္ၿပီး

“မင္းရႈံးၿပီငေထရွင္၊ မင္းရဲ႕အရႈံးကို မင္းလက္ခံပါ၊ မင္းအေနနဲ႔ငါ့ကို ႏိုင္ဖို႔အေၾကာင္းမရွိေတာ့ဘူး”

“မရႈံးဘူး၊ က်ဳပ္ဘယ္ေတာ့မွ မရႈံးဘူး”

ဦးဘသာက ငေထရွင္ဆီကိုခုန္ဝင္သြားၿပီးေတာ့ ငေထရွင္ရဲ႕ရင္ဘတ္ကို ေတာင္ေဝွးနဲ႔႐ိုက္ခ်လိုက္ေတာ့တာပဲဗ်ာ၊ ေတာင္ေဝွးခ်က္ထိၿပီး ငေထရွင္က အေနာက္ကိုလြင့္ထြက္သြားသဗ်၊ ေက်ာက္ကလပ္ႀကီးနဲ႔ ေျပး႐ိုက္ၿပီးေတာ့ ေခြခနဲလဲက်သြားတယ္။

“ကဲ ငေထရွင္ မင္းရဲ႕အရႈံးကို ေအးေအးေဆးေဆးလက္ခံလိုက္ပါ”

ငေထရွင္က ကုန္းထရင္း

“က်ဳပ္မရႈံးဘူး၊ က်ဳပ္ဘယ္ေတာ့မွ အရႈံးမေပးဘူးဗ်”

ငေထရွင္က ဦးဘသာဆီကိုလက္သီးလက္ေမာင္းတန္းၿပီးေျပးဝင္လာတယ္၊ ဦးဘသာမ်က္ႏွာကိုလက္သီးနဲ႔လႊဲၿပီးထိုးထည့္လိုက္ေပမယ့္ ဦးဘသာက အသာေရွာင္တိမ္းလိုက္ၿပီး သူ႔ညာလက္မွာကိုင္ထားတဲ့ သန္လ်က္ရဲ႕အေႏွာင့္နဲ႔ ငေထရွင္ရဲ႕ေက်ာကိုထုထည့္လိုက္ေတာ့တယ္၊ ငေထရွင္တစ္ေယာက္ ေက်ာအထုခံရလို႔ အေရွ႕ကိုလြင့္ထြက္သြားၿပီး ေက်ာက္နံရံႀကီးနဲ႔ေျပးေဆာင့္ပါေရာ။

“ငေထရွင္ ငါ့ကိုအရႈံးေပးေတာ့”

“မေပးဘူး၊ လုံးဝမေပးဘူး”

ငေထရွင္က ျပန္ေျပးလာျပန္တယ္၊ ဒါေပမယ့္ သူ႔အေျခအေနကိုၾကည့္ရတာ မဟန္ေတာ့မွန္းသိသာပါတယ္၊ ဦးဘသာက ငေထရွင္သူ႔အနားေရာက္လာေတာ့ ေတာင္ေဝွးနဲ႔ေျခေထာက္ကိုျဖတ္႐ိုက္ထည့္လိုက္တာ ငေထရွင္က အေရွ႕ကိုဟပ္ထိုးလဲက်သြားေတာ့တယ္၊ ဒီလိုနဲ႔ ငေထရွင္ကို ေမးလိုက္႐ိုက္လိုက္ နဲ႔႐ိုက္ေနတာ၊ ေဘးကၾကည့္ေနတဲ့က်ဳပ္တို႔ေတာင္မွ ေတာ္ေတာ္သနားေနပါၿပီဗ်ာ၊ ဦးဘသာက ေတာင္ေဝွးနဲ႔႐ိုက္လိုက္၊ သံလ်က္နဲ႔ထုႏွက္လိုက္ပဲဗ်၊ ေနာက္ဆုံးေတာ့ ငေထရွင္ ဒူးေထာက္က်သြားေတာ့တယ္။

ဦးဘသာက အနားကိုေလွ်ာက္လာတဲ့အခါမွာ ငေထရွင္က ဦးဘသာလက္ထဲက သန္လ်က္ကိုဆြဲယူၿပီးေတာ့ ဦးဘသာကို သန္လ်က္နဲ႔တစ္ခ်က္တြတ္ထည့္လိုက္သဗ်ာ၊ အမွတ္တမဲ့မို႔ ဦးဘသာက ငေထရွင္တိုက္ကြက္ကိုထိၿပီးေတာ့ အေနာက္ကိုလြင့္ထြက္သြားပါေရာ။

“ဦးဘသာ . . .”

က်ဳပ္အသံရွည္ႀကီးနဲ႔ေအာ္လိုက္မိတယ္၊ ဦးဘသာက ေျမေပၚလဲက်ၿပီး ေတာင္ေဝွးက လက္ကေနလြတ္ထြက္သြားတယ္၊ ဒီအခါ ရႈံးခ်င္ေယာင္ေဆာင္ထားတဲ့ ငေထရွင္က ခ်က္ခ်င္းမတ္တပ္ရပ္လိုက္ၿပီး ဦးဘသာဆီကို သံလ်က္နဲ႔ေျပးဝင္လာတယ္။

“က်ဳပ္ရႈံးၿပီလို႔ ခင္ဗ်ားထင္ေနတယ္မဟုတ္လား၊ က်ဳပ္မရႈံးဘူး၊ က်ဳပ္ဆိုတဲ့ေကာင္က ဘယ္ေတာ့မွ မရႈံ႕းဘူးဗ်”

က်ဳပ္လည္း လက္ထဲသန္လ်က္ကိုင္ထားတာဆိုေတာ့ ငေထရွင္ဆီကိုေျပးဝင္သြားလိုက္ေတာ့တယ္ဗ်ာ၊ က်ဳပ္နဲ႔ဘေသာင္းထိုင္ေနတဲ့ေနရာက ငေထရွင္ရဲ႕ေဘးဖက္နားျဖစ္ေနတာမဟုတ္လား၊ က်ဳပ္အျမန္ေျပးဝင္သြားလိုက္ၿပီး ငေထရွင္ရဲ႕ညာဖက္နံၾကားထဲကို သန္လ်က္နဲ႔တဆုံးထိုးထည့္လိုက္ေတာ့တယ္၊ ငေထရွင္က မ်က္ႏွာရႈံ႕မဲ့က်ၿပီး ေျမေပၚကိုဒူးေထာက္က်သြားပါေရာ၊ က်ဳပ္လည္း သံလ်က္ကိုျပန္ဆြဲထုတ္လိုက္ၿပီးေတာ့ အေရွ႕ကိုငုံ႔သြားတဲ့ ငေထရွင္ရဲ႕ဇက္ပိုးကို အားကုန္လႊဲခုတ္ခ်လိုက္ေတာ့တယ္။

သန္လ်က္ကလည္း ေတာ္ေတာ္ထက္တာဆိုေတာ့ ငေထရွင္ေခါင္းက တိခနဲျပတ္က်သြားသဗ်ာ၊ ေခါင္းျပတ္ႀကီးက ေျမေပၚမွာ ႏွစ္ပတ္သုံးပတ္ေလာက္လိမ့္ေနေသးတယ္၊ ဦးဘသာက လဲက်ေနလွ်က္သားနဲ႔

“အလတ္ေကာင္၊ မင္းဘာေတြေလွ်ာက္လုပ္တာလဲ”

ေခါင္းျပတ္ႀကီးက ၿပဳံးရင္း

“ဟား၊ ဟား မင္းတို႔ရႈံးၿပီ၊ တကယ္ရႈံးတာမင္းကြ”

က်ဳပ္လည္း ေတြေဝေနမိတယ္၊ ငေထရွင္က

“မင္းသတ္လိုက္တာ ငါမဟုတ္ဘူး၊ မင္းသတ္လိုက္တာ မင္းရဲ႕အခ်စ္ဆုံးဆိုတဲ့ ဦးဘသာႀကီးကိုပဲကြ”

က်ဳပ္မွားၿပီဗ်ာ၊ က်ဳပ္ေဒါသထြက္ထြက္နဲ႔ခုတ္ထည့္လိုက္တာက ဦးဘသာကိုယ္လုံးႀကီးမဟုတ္လားဗ်ာ၊ ဒါေၾကာင့္ ဦးဘသာက သူ႔ကိုယ္လုံးကိုမထိေအာင္လို႔ တုတ္နဲ႔႐ိုက္လိုက္၊ သန္လ်က္အေႏွာင့္နဲ႔ထုလိုက္နဲ႔ လုပ္ေနတာကိုး။

“မင္းရဲ႕ဦးဘသာ၊ သူ႔ကိုယ္ထဲျပန္ဝင္လို႔မရေတာ့ဘူးကြ၊ သူ႔ကိုယ္ႀကီးကေသၿပီ၊ သူ႔ကိုယ္ႀကီးက ေခါင္းျပတ္ၿပီးေသၿပီကြ၊ ဟား၊ ဟား”

ငေထရွင္က အသံနက္ႀကီးနဲ႔ေအာ္ၿပီးတာနဲ႔ သူ႔ေခါင္းေအာက္ကေန အရိပ္ႀကီးတစ္ခုထြက္သြားၿပီး ေျမျပင္မွာ ေျပးလႊားေနပါေရာဗ်ာ၊ ဒီအခ်ိန္ ဦးဘသာကိုယ္ထဲက မိန္းမအရိပ္ကလည္း ေျမျပင္ေပၚေလွ်ာခနဲထြက္လာၿပီးေတာ့ ငေထရွင္အရိပ္မည္းႀကီးကိုဖမ္းလိုက္တယ္၊ ေျမျပင္မွာ ငေထရွင္ရဲ႕အရိပ္နဲ႔ ငသန္ပ်င္ရဲ႕အရိပ္ကိုျမင္ေနရာတယ္ဗ်ာ၊ ငသန္ပ်င္ရဲ႕အရိပ္လက္ထဲမွာ ဓါးႀကီးတစ္လက္ေပၚလာၿပီးေတာ့ ငေထရွင္အရိပ္ရဲ႕ရင္ဝကို ထိုးစိုက္ခ်လိုက္ေတာ့တယ္၊ ဓါးရိပ္က ငေထရွင္အရိပ္ကိုေဖာက္ထြက္သြားၿပီးတာနဲ႔ ငေထရွင္ရဲ႕အရိပ္လည္းေပ်ာက္သြားေတာ့တယ္၊ ငသန္ပ်င္က အရိပ္က က်ဳပ္တို႔ကိုလက္ျပႏႈတ္ဆက္ၿပီး သူ႔အရိပ္လည္းတျဖည္းျဖည္းမွိန္ဝါးၿပီး ေပ်ာက္သြားပါေရာ။

(၄)

အားလုံးၿပီးသြားခဲ့ပါၿပီဗ်ာ၊ ဦးဘသာလည္း ငူငူႀကီးထိုင္ေနပါၿပီ၊ က်ဳပ္က ဦးဘသာကိုေပြ႕ဖက္လိုက္တယ္။

“ဦးဘသာ က်ဳပ္အမွားေတြပါဗ်ာ၊ ဒါေတြအားလုံးက က်ဳပ္ရဲ႕အမွားေတြပါ”

ဦးဘသာက က်ဳပ္ပခုံးကိုပုတ္ရင္း

“မင္းအမွားမဟုတ္ပါဘူး အလတ္ေကာင္ရာ၊ မင္းသာငါ့ကိုဝင္မကယ္ဘူးဆိုရင္ အေျခအေနကတစ္မ်ိဳးျဖစ္သြားႏိုင္တယ္မဟုတ္လား၊ ငါမင္းကိုအျပစ္မတင္ပါဘူး၊ မင္းက အားလုံးေကာင္းဖို႔အတြက္လုပ္ခဲ့တာပဲ”

“ဒါေပမယ့္ဗ်ာ၊ မၾကာခင္ ခုနစ္ရက္ျပည့္ေတာ့မယ္ဗ်၊ ဦးဘသာရဲ႕ ကိုယ္ခႏၶာအစစ္ကလည္း ပ်က္စီးသြားၿပီဆိုေတာ့ ဦးဘသာ . . .ဦးဘသာ”

“ဝမ္းနည္းမေနပါနဲ႔ကြာ၊ လူဆိုတာ ေမြးတစ္ေန႔ ေသတစ္ေန႔ပါပဲကြ”

ဒီအခ်ိန္ ဂူေပါက္ဝႀကီးကေန ဦးေအာင္ရွိန္နဲ႔မိသက္ဆင္းလာတယ္၊ သူတို႔ကိုေတာ့ မ်က္လုံးမ်က္ခုံးေကာင္းေကာင္းနဲ႔လူႀကီးတစ္ေယာက္က ဆြဲၿပီး ပ်ံဆင္းလာတာဗ်၊ ေအာက္ေရာက္ေတာ့ ဦးေအာင္ရွိန္က ေခါင္းျပတ္ေနတဲ့ဦးဘသာ႐ုပ္အေလာင္းကိုၾကည့္လိုက္တယ္။

“ဟာ၊ ဘာေတြျဖစ္ကုန္ၿပီလဲ”

“မင္းျမင္တဲ့အတိုင္းပဲ ေအာင္ရွိန္၊ ဒါနဲ႔သူက ဘယ္သူလဲ”

“ေဒဝယကၡဘီလူးမင္းႀကီးက လူေယာင္ေဆာင္ၿပီးလိုက္လာတာကြ၊ ငသန္ပ်င္ေျပာတာမွန္တယ္ေဟ့၊ ငေထရွင္က သူရႈံးရင္အရိပ္အျဖစ္ထြက္ေျပးဖို႔ ႀကံစည္ထားတာပဲ၊ သူက ဒီေနရာကေနထြက္ေျပးၿပီးေတာ့ မိသက္ရဲ႕ကိုယ္ခႏၶာထဲကိုဝင္ဖို႔ အႀကံအစည္ရွိခဲ့တာပဲ၊ ဘီလူးမင္းႀကီးရဲ႕အကူအညီနဲ႔ မိသက္ကိုျပန္ရွာၿပီးေခၚလာရတာပဲ”

ဦးဘသာက သန္လ်က္ႀကီးေကာက္ၿပီးေတာ့ ဘီလူးမင္းႀကီးကိုေပးလိုက္တယ္။

“ဒီသံလ်က္ကို ဘီလူးမင္းႀကီးထိန္းသိမ္းထားတာ အေကာင္းဆုံးျဖစ္မယ္ထင္ပါတယ္”

“ေကာင္းပါၿပီ၊ က်ဳပ္သိမ္းထားလိုက္ပါ့မယ္၊ ၿပီးေတာ့ ေဟာဒီေနရာႀကီးကိုလည္း ေက်ာက္ေခ်ာ္ရည္ေတြအျပည့္ေလာင္းသြင္းလိုက္ေတာ့မယ္”

က်ဳပ္တို႔အားလုံးကို ေဒဝယကၡဘီလူးမင္းက တြင္းနက္ႀကီးအေပၚကိုေခၚသြားတယ္ဗ်၊ ၿပီးေတာ့ သူ႔လက္ညႇိဳးထဲကေန ေက်ာက္ေခ်ာ္ရည္ေတြညႇစ္ခ်ၿပီး တြင္းႀကီးကိုျဖည့္လိုက္ပါေရာဗ်ာ။ ၿပီးေတာ့ ကိုယ္ေရာင္ေဖ်ာက္ၿပီး ေပ်ာက္ကြယ္သြားပါေရာ။

“ကဲ က်ဳပ္တို႔ဘာဆက္လုပ္ၾကမလဲ”

“မင္းက အိမ္ျပန္ရမွာေပါ့အလတ္ေကာင္ရာ”

“ဦးဘသာကေရာ ျပန္မလိုက္ဘူးလား”

ဦးဘသာက ေခါင္းခါလိုက္တယ္၊ ဒီအခါ ဦးေအာင္ရွိန္ကလည္း

“သမီးမိသက္၊ သမီး႐ြာကိုျပန္ရမယ္၊ ႐ြာမွာ အေဖႀကီးမရွိေတာ့တဲ့အခါ သမီးအေဖႀကီးဆီက သင္ယူထားတဲ့ပညာေတြနဲ႔ လူေတြကိုဆက္ၿပီးကယ္တင္ရလိမ့္မယ္”

မိသက္က ငိုေတာ့တာပဲဗ်ာ၊ ဦးေအာင္ရွိန္က သူ႔လည္ပင္းက ပုတီးကုံးေလးတစ္ခုကိုျဖဳတ္ၿပီး မိသက္ကိုေပးလိုက္တယ္၊ ၿပီးတာနဲ႔ ဦးဘသာဘက္ကိုလွည့္လိုက္ၿပီး

“ကဲ သူငယ္ခ်င္း ငါတို႔သြားၾကဖို႔အခ်ိန္ေရာက္ၿပီ”

ဦးဘသာကလည္း ေခါင္းညိတ္ၿပီး ဦးေအာင္ရွိန္အေနာက္ကိုလိုက္ဖို႔ျပင္တယ္ဗ်။

“ေနပါအုံး ဦးဘသာတို႔ကဘယ္ကိုသြားၾကမွာလဲ”

“သုႆန္ကိုေပါ့ကြာ”

“ဗ်ာ”

“ငါလည္းခုနစ္ရက္ၾကာရင္ေသမယ္၊ ေအာင္ရွိန္လည္း ခုနစ္ရက္ၾကာရင္ ေသမွာမဟုတ္လားကြာ၊ ဒီေတာ့ တို႔သူငယ္ခ်င္းေတြ ဘဝတူျဖစ္ေနၿပီပဲ၊ ငါတို႔ေသသြားေတာ့မွ သူမ်ားေတြအတြက္ဝန္ထုပ္ဝန္ပိုးမျဖစ္ခ်င္ဘူး၊ ဒါေၾကာင့္ သုႆန္မွာေနၿပီးေတာ့ ေသမယ့္အခ်ိန္ကိုေစာင့္ေနေတာ့မယ္အလတ္ေကာင္”

“ဟာဗ်ာ၊ ဦးဘသာဘာေတြေျပာေနတာလဲ၊ ဦးဘသာမေသရပါဘူး၊ က်ဳပ္ပဲေသမယ္၊ ဦးဘသာ က်ဳပ္ကိုယ္ထဲကိုဝင္ၿပီးဆက္ေနပါဗ်ာ”

“မင္းဘာေတြေျပာေနတာလဲအလတ္ေကာင္၊ မင္းကိုယ္ႀကီးနဲ႔ ငါကဆက္ေနလို႔ရမယ္ထင္လို႔လား၊ ဘရေသ့ေျပာတာ မင္းၾကားတယ္မဟုတ္လား၊ ခုနစ္ရက္ျပည့္လို႔ ငါ့ကိုယ္ထဲငါျပန္မဝင္ႏိုင္ရင္ ငါကေသၿပီေလကြာ”

“ဦးဘသာ မေသပါနဲ႔ဗ်ာ၊ ဦးဘသာေသသြားေတာ့ က်ဳပ္တို႔႐ြာကို ဘယ္သူက ေစာင့္ေရွာက္ေပးေတာ့မွာလဲဗ်”

“ငကန္းေသရင္ ငေစြေပၚပါတယ္ကြာ၊ ဒီေလာက္ႀကီးလည္း စိုးရိမ္မေနပါနဲ႔၊ ဘာပဲျဖစ္ျဖစ္ အခုငါေသရေတာ့မယ္ဆိုတာ သိတာေတာင္မွ ငါေပ်ာ္တယ္၊ ဒီေလာကႀကီးေကာင္းဖို႔အတြက္ ငါ့ဘဝတစ္သက္တာမွာ အမ်ားႀကီးလုပ္ေဆာင္ႏိုင္ခဲ့တယ္၊ အခုလည္း ေလာကႀကီးအတြက္ ငါအတတ္ႏိုင္ဆုံးလုပ္ကိုင္ေပးႏိုင္ခဲ့တယ္၊ ဒီေတာ့ ငါေပ်ာ္ပါတယ္”

“က်ဳပ္ကေတာ့ မေပ်ာ္ဘူးဗ်ာ၊ ဒီေလာကႀကီးကလူေတြက ဦးဘသာတို႔လုပ္ေပးခဲ့တာေတြကို ဘယ္သူမွမသိဘူးဗ်၊ ဘယ္သူကမွလည္း အသိအမွတ္ျပဳၾကတာမွမဟုတ္တာ”

“မလိုပါဘူးအလတ္ေကာင္ရာ၊ ကိုယ္ဘယ္ေလာက္ေကာင္းတယ္ဆိုးတယ္ဆိုတာ ဘယ္သူသိသိမသိသိ ကိုယ္အသိဆုံးပါကြ၊ လူတစ္ေထာင္ခ်ီးမြမ္းတာကို ငါမခံခ်င္ေပမယ့္ ငါ့ကိုယ္ငါေတာ့ လူေကာင္းဆိုၿပီးခ်ီးမြမ္းရဲတယ္အလတ္ေကာင္၊ ဒါကိုယ့္လိပ္ျပာကိုယ္လုံတာပဲ၊ အခုငါေသရမယ္ဆိုရင္လည္း ငါ့လိပ္ျပာငါလုံတယ္၊ ဒီအတြက္ ငါေနာက္ဆံတင္းတာေတြ၊ ပူပန္စရာေတြမရွိေတာ့ဘူး”

ဦးေအာင္ရွိန္ကလည္း

“သံသရာဆိုတာအရွည္ႀကီးပါကြာ၊ ငါ့ကိုလူတစ္ေယာက္ကေျပာဖူးတယ္ကြ၊ ေသမွာကိုေၾကာက္ေနတဲ့လူဆိုတာ ကိုယ္ေသၿပီးေနာက္ဘဝမွာ မေကာင္းတဲ့ဘုံေရာက္မွာကိုေၾကာက္လို႔ပဲတဲ့ကြ၊ ကိုယ္မေကာင္းတာလုပ္ထားေတာ့ မေကာင္းတဲ့ဘုံကိုေရာက္မွာ ေၾကာက္တာေပါ့ကြာ၊ ေသျခင္းတရားကိုရင္ဆိုင္ရဲတဲ့လူေတြဆိုတာက်ေတာ့ ဒီဘဝကေန စုေတၿပီးရင္ ေနာက္ထပ္ေနာက္ထပ္ ပိုေကာင္းတဲ့ဘုံဘဝေတြကို ေရာက္မယ္ဆိုတာ သိၿပီးတဲ့လူေတြတဲ့ကြ၊ မင္းက လူေကာင္းတစ္ေယာက္ပါသာဒင္ရာ၊ မင္းနဲ႔ငါ ဟိုးလူငယ္ပိုင္းစသိကတည္းက မင္းကလူေတြကိုတတ္ႏိုင္သေလာက္ကယ္တင္ခဲ့တယ္၊ ဒုကၡေရာက္သူေတြကို ကူညီေပးခဲ့တာပဲမဟုတ္လား၊ ဒါေၾကာင့္ မင္းေသၿပီးသြားလို႔ ေနာက္ဘဝေရာက္ရင္လည္း ေကာင္းတဲ့လူျဖစ္မယ္ဆိုတာ ငါယုံၾကည္ပါတယ္”

“မေျပာၾကပါနဲ႔ဗ်ာ၊ က်ဳပ္ေရွ႕မွာ ေသစကားေတြမေျပာၾကပါနဲ႔”

က်ဳပ္ငိုေနမိတယ္ဗ်၊ မိသက္ကေတာ့ ငိုတယ္ဆိုေပမယ့္ စိတ္ေတာ့တည္တည္ၿငိမ္ၿငိမ္ပါပဲ၊ ဒါနဲ႔က်ဳပ္က မိသက္လက္ကိုတို႔ၿပီး

“မိသက္ေရ၊ နင္လည္းဝိုင္းေျပာပါအုံးဟာ”

မိသက္က ေခါင္းခါၿပီးေတာ့

“ေတြ႕ဆုံတယ္ဆိုတာ တစ္ခ်ိန္ခြဲခြာဖို႔မဟုတ္ဘူးလား ကိုအလတ္ေကာင္ရာ၊ ဒီေလာကနိယာမႀကီးထဲမွာ ျဖစ္လာတယ္ဆိုတာကလည္း တစ္ခ်ိန္မွာ ပ်က္စီးဖို႔ပါပဲ”

“ဟ၊ နင္က ကေလးျဖစ္ၿပီး ငါ့ထက္ေတာင္တရားရေနပါလား၊ မရဘူးဦးဘသာ၊ ဦးဘသာမသြားရဘူး၊ တကယ္လို႔ ဦးဘသာေသတယ္ဆိုရင္ေတာင္ က်ဳပ္အေရွ႕မွာပဲေသရမယ္”

ဦးဘသာက က်ဳပ္ကိုေသခ်ာၾကည့္ၿပီး

“မင္းငါ့ကိုခ်စ္တယ္မဟုတ္လားအလတ္ေကာင္”

က်ဳပ္ေခါင္းညိတ္လိုက္မိတယ္။

“တကယ္ခ်စ္ရင္ ငါ့ဆႏၵကိုလိုက္ေလ်ာေပးပါကြာ၊ ငါ့ရဲ႕ေနာက္ဆုံးဆႏၵကေတာ့ ေအးေအးခ်မ္းခ်မ္းေသသြားခ်င္တာပါပဲ၊ မင္းငါ့ကိုလိုက္မရွာပါနဲ႔၊ ႐ြာကိုျပန္ပါ၊ ငါ့ရဲ႕လယ္ေတြ၊ ႏြားေတြကို မင္းကိုငါေပးခဲ့ပါတယ္”

“က်ဳပ္အဲဒါေတြမလိုခ်င္ဘူး၊ က်ဳပ္ဦးဘသာကိုပဲ လိုခ်င္တာပါဗ်ာ”

“ငါ့ရဲ႕ေနာက္ဆုံးဆႏၵကို လိုက္ေလ်ာေပးပါအလတ္ေကာင္ရာ”

အဲဒီလိုေျပာၿပီးေတာ့ ဦးဘသာက ဦးေအာင္ရွိန္ေဘးနားမွာ သြားရပ္လိုက္တယ္ဗ်၊ ေနာက္ေတာ့ ဦးေအာင္ရွိန္ကိုပခုံးဖက္ၿပီး

“ဒီလိုက်ေတာ့ ငါတို႔တည္ခဲ့တဲ့သစၥာက ဒီအခ်ိန္အထိၿမဲေနပါလားကြ”

“ဟုတ္ပါရဲ႕ကြာ၊ ငါတို႔ ေတာင္ၾကားက ေတာ္လွန္ေရးစခန္းမွာ ေသြးသစၥာဆိုဖူးတယ္မဟုတ္လား၊ တို႔သူငယ္ခ်င္းေတြ ေမြးရက္၊ ေမြးေန႔မတူညီေပမယ့္ တစ္ရက္ထဲမွာ အတူတူေသၾကမယ္ဆိုတာေလကြာ”

“ေအးကြာ၊ ေျပာရင္းဆိုရင္း ဗလႀကီးေတာင္သတိရတယ္ကြ”

သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ ပခုံးဖက္ၿပီး ရယ္ေမာေျပာဆိုရင္း ထြက္သြားၾကပါေရာဗ်ာ၊ က်ဳပ္နဲ႔မိသက္ႏွစ္ေယာက္ကေတာ့ မ်က္ရည္စေတြေထြးေပြ႕ရင္း က်န္ေနခဲ့ေတာ့တာပါပဲ။ သူတို႔ႏွစ္ေယာက္ခပ္လွမ္းလွမ္းေရာက္မွ က်ဳပ္ကသူတို႔ကိုလွမ္းၾကည့္ရင္း

“ဦးဘသာ၊ ဒါနဲ႔ ဦးဘသာက်ဳပ္ကို ကတိေပးခဲ့တယ္မဟုတ္လား၊ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္က်ရင္ ႐ြာကိုျပန္လာခဲ့မယ္ဆိုတာေလ”

ဦးဘသာက က်ဳပ္ကိုလွမ္းၾကည့္ရင္း

“ဒါေပါ့ကြ၊ ငါလာခဲ့ပါ့မယ္၊ ငါတစ္ခ်ိန္ခ်ိန္ေတာ့ ႐ြာကိုေရာက္ေအာင္ျပန္လာခဲ့ပါ့မယ္”

ဒီလိုနဲ႔ အတိုခ်ဳပ္ေျပာရရင္ေတာ့ ဦးဘသာနဲ႔ဦးေအာင္ရွိန္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ ဘယ္ကိုေရာက္သြားတယ္ဆိုတာ မသိရေတာ့ပါဘူးဗ်ာ၊ က်ဳပ္လည္း႐ြာကိုျပန္ေရာက္ခဲ့တယ္၊ ဦးဘသာရဲ႕ လယ္ေတြ၊ ႏြားေတြကို က်ဳပ္ရခဲ့တယ္၊ အခုက်ဳပ္တို႔ေနတဲ့ၿခံက ဦးဘသာက်ဳပ္ကိုေပးခဲ့တဲ့ၿခံေပါ့ဗ်ာ၊ အိမ္ကေတာ့ ျပန္ျပင္ေဆာက္လိုက္တာၾကာပါၿပီ၊ က်ဳပ္လုပ္ေနတဲ့လယ္ယာေတြဆိုတာလည္း ဦးဘသာေပးခဲ့တဲ့ လယ္ေတြေပါ့ဗ်ာ။ မိသက္နဲ႔လည္း အခုထိဖုန္းအဆက္အသြယ္ရွိပါေသးတယ္၊ မိသက္က ဦးေအာင္ရွိန္ဆီက ရတဲ့ပညာေတြကို ဆက္လက္ေလ့က်င့္ၿပီးေတာ့ အထက္လမ္းဆရာမအပ်ိဳႀကီးျဖစ္ေနတယ္တဲ့ဗ်ာ။

က်ဳပ္ဘဝမွာ အမွတ္အရဆုံးလူတစ္ေယာက္ကိုေျပာပါဆိုရင္ေတာ့ ဦးဘသာလို႔ပဲေျပာရမွာပဲဗ်ာ၊ က်ဳပ္အသက္သုံးဆယ္မွာ အိမ္ေထာင္က်ခဲ့တယ္၊ သားေတြသမီးေတြထြန္းကားခဲ့တယ္၊ ဒါေပမယ့္ က်ဳပ္ဘဝမွာအခုထိလုပ္ေနတဲ့အေလ့အက်င့္တစ္ခုရွိေသးတယ္ဗ်၊ အဲဒါက ဘာလဲဆိုေတာ့ ႐ြာဝင္လမ္းထိပ္က ကုကၠိဳပင္ႀကီးေအာက္မွာထိုင္ေနတတ္တာပါပဲ။

က်ဳပ္အခ်ိန္ရရင္ရသလို ကုကၠိဳပင္ေအာက္မွာထိုင္ရင္း ႐ြာအဝင္လမ္းကိုေငးၾကည့္ေနမိတယ္၊ အခုဆိုက်ဳပ္အသက္ေျခာက္ဆယ္ေက်ာ္ၿပီ၊ ႐ြာအဝင္ဇရပ္ေတြလည္းမရွိေတာ့သလို က်ဳပ္ထိုင္ေနက် ကုကၠိဳပင္ႀကီးဆိုရင္လည္း သခၤါရတရားကို မလြန္ဆန္ႏိုင္ဘဲ ေသဆုံးသြားခဲ့ၿပီ၊ က်ဳပ္သားသမီးေတြေတာင္ အိမ္ေထာင္က်လို႔ လယ္ေတြ၊ ၿခံေတြ ခြဲေပးခဲ့ၿပီးၿပီ၊ က်ဳပ္တို႔႐ြာကေလးလည္း အရင္တုန္းကလို ေဝးလံေခါင္သီတဲ့႐ြာကေလးမဟုတ္ေတာ့ဘဲ အိမ္ႀကီးအိမ္ေကာင္းေတြနဲ႔ ဆိုင္ကယ္တဝီဝီစီးၾက၊ လူတိုင္းဖုန္းကိုင္ႏိုင္ၾကတဲ့႐ြာကေလးျဖစ္သြားခဲ့ပါၿပီ၊ ဒါေပမယ့္ က်ဳပ္ကေတာ့ ေန႔တိုင္း ႐ြာထိပ္ကိုသြားေနမိတုန္းပါပဲ၊ ဘာရယ္မဟုတ္ ႐ြာထိပ္က အုတ္ခုံတန္းကေလးမွာထိုင္ၿပီး ႐ြာဝင္လမ္းကိုေငးၾကည့္ေနမိတုန္းပါပဲဗ်ာ။

က်ဳပ္ဘာလို႔ ေငးၾကည့္ေနတယ္ဆိုတာကို ခင္ဗ်ားတို႔သိတယ္မဟုတ္လားဗ်ာ၊ အဲဒါကေတာ့ ဦးဘသာက တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ က်ဳပ္တို႔႐ြာကိုျပန္လာမယ္ဆိုၿပီး ကတိေပးသြားခဲ့တယ္မဟုတ္လားဗ်ာ။ ဦးဘသာဆိုတာ ကတိေပးၿပီးရင္ ဖ်က္တတ္တဲ့လူမဟုတ္ဘူးဆိုေတာ့ သူတစ္ခ်ိန္ခ်ိန္ျပန္လာမယ္ဆိုတာ က်ဳပ္သိေနပါတယ္ဗ်ာ၊ က်ဳပ္ရင္ထဲမွာေတာ့ ထိပ္ေျပာင္ေျပာင္နဲ႔ျပန္လာမယ့္ဦးဘသာကို အၿမဲေစာင့္ေနခဲ့ပါတယ္၊ သူျပန္လာမယ့္တစ္ေန႔ ႐ြာအဝင္ထိပ္ကေန ေျပးႀကိဳၿပီးေတာ့ အားရပါးရတစ္ခါေလာက္ေပြ႕ဖက္ခ်င္ပါေသးတယ္ဗ်ာ။

ၿပီးပါၿပီ။
စုန္းထီးႀကီး ဦးဘသာ အတြဲ(၅) ဤတြင္ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #ဦးေအာင္ရွိန္ #စုန္း #သရဲ