”စုန်းထီးကြီးဦးဘသာနှင့် ဝေဒဝိဇ္ဇာ စိုင်းရာဇာ”(စ/ဆုံး)

Unicode Version

”စုန်းထီးကြီးဦးဘသာနှင့် ဝေဒဝိဇ္ဇာ စိုင်းရာဇာ”(စ/ဆုံး)
——————————————————————————

(၁)

ကျုပ်တို့ရောက်နေတာကြာပြီဆိုတော့ ပျင်းလာပြီပေါ့ဗျာ၊ ဦးအောင်ရှိန်ပို့ပေးလို့ ဂန့်ဂေါတစ်ဝိုက်လည်း စုံသလောက်ရှိနေပြီမဟုတ်လား၊ မကြာခင် မိုးဦးကျတော့မယ်ဆိုတော့ ပြန်ဖို့အချိန်နီးလာပြီပေါ့ဗျာ။

“ကိုကြီး၊ ငါးသွားမျှားရအောင်ဗျာ”

ဖိုးတွမ်တီးခေါ်တာနဲ့ ကျုပ်လည်းပျင်းပျင်းနဲ့ သူ့အနောက်လိုက်ခဲ့တယ်၊ မိသက်လည်းပါတာပေါ့၊ ကျုပ်တို့သုံးယောက်သား မြစ်ကမ်းဘေးကိုထွက်လာခဲ့တာပေါ့ဗျာ၊ ဖိုးတွမ်တီးက အရှေ့ဆုံးကနေသွားတယ်ဗျ၊ မြစ်ကမ်းနားတစ်လျှောက်လမ်းလျှောက်လာရင်း မြစ်ကွေ့တစ်နေရာရောက်တော့ ဖိုးတွမ်တီးကရပ်လိုက်တယ်။

“ဒီနေရာမှာ ငါးပေါတယ်အကိုကြီးရ ဒီမှာမျှားစို့”

ကျုပ်တို့ထိုင်တဲ့အနားမှာ ညောင်ပင်ငုတ်တိုကြီးတစ်ခုလည်းရှိတယ်ဗျ၊ အဲဒါနဲ့ ကျုပ်တို့သုံးယောက်သား ငါးမျှားကြတာပေါ့ဗျာ၊ ကျုပ်တို့ကျောဘက်မှာတော့ တာလမ်းမကြီးရှိတာပေါ့။ ငါးစာကတော့ ပိုးကောင်တွေဖမ်းပြီးတပ်တယ်၊ ပုစဉ်းတို့၊ ပေါက်ဖတ်တွေဆိုရင် ငါးကသိပ်ကြိုက်တာပေါ့၊ မြစ်ကမ်းဘေးဆင်းပြီးတော့ ကျောက်တုံးတွေလှန်လိုက်ရင်လည်း တီကောင်တွေရှိသေးတယ်။

ကျုပ်တို့ငါးမျှားရင်း အချိန်တစ်နာရီလောက်သာကြာသွားတယ်၊ ငါးတစ်ကောင်မှကိုမရဘူးဗျ၊ အဲဒီနေရာက အရိပ်လည်းကျနေတယ်၊ ရေစပ်မှာလည်း မြက်တောချုံတောလေးတွေရှိတယ်ဆိုတော့ ငါးကတော့ခိုနေမှာဗျ၊ ဒါပေမယ့် ထူးဆန်းတာက တစ်ကောင်မှမဟပ်ဘူး။ မကြာပါဘူးဗျာ၊ လူတစ်ယောက်ငါးမျှားတံကိုင်ပြီး ရောက်လာပါရော။

“ဟာ၊ ကိုအေးပါလား၊ ဒီနေ့ယာခင်းမဆင်းဘူးလား”

“အောင်မယ်၊ မင်းတို့က ဒီမှာလာပြီးတော့ သာယာနေတယ်ပေါ့”

ကိုအေးက ကျုပ်တို့ဘေးနားမှာလာထိုင်တယ်ဗျ။

“တောင်ဘက်ခင်းကိုဆင်းတာကွ၊ လုပ်စရာသိပ်မရှိတာနဲ့ ငါးမျှားရအောင်ထွက်ခဲ့တာ၊ မှန်းစမ်း မင်းတို့ဘယ်နှကောင်ရပြီလဲ”

“တစ်ကောင်မှကို မရသေးတာဗျ”

ကိုအေးက ကျုပ်တို့ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်တယ်။

“ဒီနေရာလောက် ငါးပေါတာ၊ ဒီနေရာပဲရှိတာကိုကွာ၊ မင်းတို့ ငါမျှားတာကို သေချာကြည့်ထားနော်၊ ငါက ငါးမျှားချိတ်တစ်ချက်လွှတ်ရင် ငါးတစ်ကောင်ပဲကွ၊ ဟား၊ ဟား”

ကိုအေးက ငါးမျှားတံကို လွှဲပြီးတော့ ငါးမျှားချိတ်ကိုရေထဲလှမ်းပစ်ထည့်လိုက်တယ်ဗျ၊ ဒီလိုနဲ့ကျုပ်တို့စကားစမြည်ပြောနေကြရင်း နာရီဝက်လောက်သာကြာတယ်၊ ငါးက မမိဘူးဗျ၊ ကျုပ်လည်း ကိုအေးကိုကြည့်ပြီး

“ကိုအေး၊ ခင်ဗျားပြောတော့ တစ်ချက်လွှတ်ရင် တစ်ကောင်ဆိုဗျ၊ အခု တစ်ကောင်မှမရသေးပါလား”

ကိုအေးလည်းခေါင်းကုပ်လိုက်ပြီးတော့

“အေးကွ၊ ဘယ်လိုဖြစ်တာလည်းမသိဘူး”

ဒါနဲ့ငါးမျှားချိတ်ကိုပြန်ဆွဲတင်တော့ အစာကလည်း ဒီအတိုင်းကြီးရှိသေးတာ၊ ကိုအေးလည်း စိတ်မရှည်တော့ဘူးထင်ပါတယ်။

“အစာနည်းလို့ဖြစ်မှာကွ၊ ဒီတစ်ခါ အစာများများတပ်မယ်ကွာ”

ကိုအေးက တီကောင်တွေများများတပ်လိုက်ပြီး ငါးမျှားချိတ်ပြန်လွှတ်တယ်၊ ကျုပ်တို့လည်း ကျုပ်တို့ချိတ်တွေကို အစာတပ်ပြီး ပြန်လွှတ်တာပေါ့ဗျာ၊ ဒါပေမယ့် ဘယ်လိုပဲလွှတ်လွှတ် နာရီဝက်လောက်သာကြာသွားတယ်၊ ငါးက ချိတ်ကိုလုံး၀မဟပ်ဘူးဗျ၊ ငါးက ရေထဲမှာတော့ ပွက်ပွက်နေတာပဲ၊ ကျုပ်တို့ငါးမျှားချိတ်ကို မဟပ်ဘူးဖြစ်နေတာ။

နောက်ဆုံးတော့ ကိုအေးလည်း လက်လျော့လိုက်ရတယ်၊

“ဒီနေ့တော့ ကံမကောင်းပါဘူးကွာ”

ကိုအေးလည်း ခေါင်းကိုတဗြင်းဗြင်းကုပ်တော့တာပါပဲ။

(၂)

“ဟေ့လူတွေ ခင်ဗျားတို့ဘာလုပ်နေကြတာလဲ”

ဒီအချိန်ကျုပ်တို့အနားကို လူတစ်ယောက်ရောက်လာတယ်ဗျ၊ အဲဒီလူကို ကျုပ်တို့မြင်တော့မမြင်ဖူးဘူးဗျ၊ အသက်ကတော့ သုံးဆယ်နီးပါးရှိပြီထင်တာပဲ၊ လူကတော့ အသားဖြူဖြူ၊ မေးရိုးကားကားနဲ့ နှုတ်ခမ်းမွှေးစစနဲ့ဗျို့၊ သူက ကျုပ်တို့အနားလာပြီးတော့ ညောင်မြစ်ပေါ်မှာလာထိုင်တယ်။

“ခင်ဗျားမမြင်ဘူးလားဗျ၊ ကျုပ်တို့ငါးမျှားနေတာ”

“ဟုတ်လား၊ ငါးဘယ်နှကောင်ရပြီလဲ”

“ဟာ၊ ဒီလူကတော့ စစ်လားဆေးလားနဲ့၊ ငါးတစ်ကောင်မှမရလို့ စိတ်ညစ်နေရတဲ့အထဲ”

ကိုအေးက ဘုပြောပြောလိုက်တော့ အဲဒီလူကပြုံးတယ်ဗျ၊ နောက်ပြီးတော့ ရေထဲကိုတစ်ချက်ကြည့်လိုက်ပြီးတော့

“ငါးတွေတော့ရှိသားဗျ၊ တစ်ချက်တစ်ချက် ငါးပွက်လိုက်တာ ငါးအကောင်ကြီးတွေနေမှာ”

“အဲဒါဘာဖြစ်လဲ”

“ကျုပ်လည်း ခင်ဗျားတို့နဲ့အတူတူ ငါးမျှားမယ်ဗျာ”

“မျှားချင်မျှားပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျားမှာ ငါးမျှားတံတို့၊ ချိတ်တို့လည်းမပါပါ့လား၊ ကျုပ်ငါးမျှားတံကိုတော့ မငှားဘူးနော်”

ကိုအေးက အဲဒီလူကို ပြောဆိုနေတာဗျ၊ အဲဒီလူကတော့ ပြုံးပြုံးပဲ

“ရပါတယ်ဗျာ၊ ကျုပ်က ခင်ဗျားတို့လို ငါးမျှားတံမလိုပါဘူး၊ ဟောဒီတုတ်ချောင်းနဲ့မျှားမှာဗျ”

အဲဒီလူက ပြောဆိုရင်း အနားမှကျနေတဲ့သစ်ကိုင်းခြောက်နှစ်ခုကို ကောက်လိုက်တယ်၊ ကျုပ်တို့လည်း ဒီလူကိုကြည့်ပြီး ထူးဆန်းနေတာပေါ့ဗျာ၊ အဲဒီလူက ကမ်းနားကိုလျှောက်သွားပြီးတော့ သစ်ကိုင်းအချင်းချင်း ထိရိုက်နေတယ်၊ စည်းချက်တစ်ခုလိုက်ပြီး ထုရိုက်နေတဲ့ပုံစံပဲဗျ။ ပြီးတော့လည်း ပါးစပ်က မပီမသနဲ့သီချင်းဆိုတယ်။ ကိုအေးက အဲဒီလူလုပ်နေတာကိုကြည့်ပြီး ကျုပ်အနားကိုကပ်လာပြီးတော့

“ဒီလူ့ပုံစံကြည့်ရတာ အရူးဖြစ်မယ်ကွ”

ကျုပ်လည်းခေါင်းညိတ်ပြီး

“ဟုတ်မယ်ဗျ၊ ငါးဖမ်းမယ်လည်းပြောသေးတယ်၊ ရေစပ်နားဆင်းပြီးတော့ တုတ်နှစ်ချောင်းတီးပြီး သီချင်းဆိုနေတာမဟုတ်လား”

ကျုပ်တို့ကြည့်နေတုန်းမှာပဲ အဲဒီလူရဲ့အရှေ့ ရေပြင်မှာ ငါးတွေပွက်လာတယ်ဗျာ၊ နောက်တော့ ငါးတွေက ပွက်ရုံတင်မဟုတ်ဘဲ ရေမျက်နှာပြင်ပေါ်ကို တက်လာလိုက်၊ ပြန်ငုတ်သွားလိုက်နဲ့ လုပ်နေတော့တာ။

“ဖေကြီး ဟိုမှာကြည့်စမ်း၊ ငါးတွေအကြီးကြီးတွေပဲ”

ဖိုးတွမ်တီးက ပြေးဆင်းသွားတာနဲ့ ကျုပ်တို့လည်း ရေစပ်ကိုလိုက်ဆင်းခဲ့တာပေါ့ဗျာ၊ အဲဒီလူရဲ့ဘေးနားမှာရပ်ပြီး ရေပေါ်ကိုတက်တက်လာတဲ့ ငါးကြီးတွေကိုကြည့်မိတယ်၊ ငါးကြီးတွေက ငါးကြင်းကြီးတွေဖြစ်မယ်ဗျ၊ တစ်ကောင်တစ်ကောင်ကို လူကြီးလက်တစ်တောင်လောက်ရှိတာ၊ တချို့ဆို ဒါထက်ပိုကြီးသေးတယ်။

ကျုပ်တို့လည်းအံ့ဩနေတာပေါ့ဗျာ၊ နောက်တော့ တဖြည်းဖြည်းနဲ့ငါးတွေက ရေမျက်နှာပြင်ပေါ်မှာ လူးလွန့်နေတာဗျ၊ ခုန်ပေါက်နေတာဆိုတော့ ရေတွေလည်း တဗွမ်းဗွမ်းနဲ့ပေါ့ဗျာ၊ ငါးတွေကြည့်ရတာ ဟိုလူဆိုနေတဲ့သီချင်းကိုကြားပြီးတော့ ကခုန်နေတဲ့ပုံပဲ၊ ကျုပ်တို့လည်း ဒီတော့မှ အဲဒီလူကို အံ့ဩသွားမိတာ။ ငါးတွေကလည်းထူးဆန်းတယ်ဗျာ၊ ကျုပ်တို့ တီထွေးကြီးနဲ့ အစာတွေများများတပ်ပြီး မျှုားခေါ်တာတောင်မှ မပေါ်လာဘဲနဲ့၊ အခု ဒီလူသစ်ကိုင်းနှစ်ခုတီးတော့မှ တဗွမ်းဗွမ်းနဲ့ပေါ်လာကြတာမဟုတ်လား။

“ကဲ ခင်ဗျားတို့စားဖို့ ကျုပ်ဖမ်းပေးမယ်ဗျာ”

အဲဒီလူက ပြောဆိုပြီး ရေထဲခုန်ပေါက်နေတဲ့ငါးတွေကို လက်ညှိုးထိုးလိုက်တယ်။

“ကဲ တစ်ကောင်လာစမ်း”

သူအဲဒီလိုပြောလိုက်တာနဲ့ ငါးကြင်းကြီးတစ်ကောင်က ရေထဲကနေ အားနဲ့ခုန်တက်ပြီးတော့ ကမ်းပေါ်ကိုကျလာတယ်ဗျ၊ မြေပေါ်မှာလူးလွန့်ပြီး တဖျပ်ဖျပ်ခုန်နေတာပေါ့၊ ငါးကြင်းကြီးက တော်တော်ကြီးတဲ့အကောင်ကြီးဗျ။

“ဒီကောင်က ခင်ဗျားကိုပေးတာ ခင်ဗျားဖမ်းလိုက်လေ”

ဒီတော့မှ ကိုအေးလည်း အဲဒီငါးကြင်းကိုပြေးကောက်ပြီးဖမ်းရတာပေါ့၊ ကုန်းပေါ်ရောက်နေတဲ့ငါးကို ဖမ်းရတာလွယ်လွယ်လေးပါဗျာ၊ နောက်တော့ အဲဒီလူက ကျုပ်ကိုကြည့်တယ်။

“ခင်ဗျားအတွက်လဲ တစ်ကောင်ပေးမယ်၊ ကဲ နောက်တစ်ကောင်လာစမ်းဟေ့”

အဲဒီလိုပြောလိုက်တာနဲ့ ရေထဲကနေ ငါးကြင်းတစ်ကောင်က ခုန်ပျံပြီး ကမ်းစပ်ပေါ်တက်လာပြန်ပါရောဗျာ၊ ကျုပ်လည်း ငါးကြင်းကိုပြေးကောက်ပြီးဖမ်းရတာပေါ့၊ ငါးကြင်းဖြူကြီးက တစ်တောင်ကျော်တယ်ဗျ၊ ဖိုးတွမ်တီးနဲ့ မိသက်တို့ကတော့ အဲဒီလူကို လက်ခုပ်လက်ဝါးတီးပြီး အားပေးနေတာပေါ့။

“မင်းတို့နှစ်ယောက်အတွက်လည်း တစ်ယောက်တစ်ကောင်ပေးမယ်”

အဲဒီလိုပြောပြီးတော့ ရေထဲကိုလက်ညှိုးထိုးပြီး

“အနေတော်နှစ်ကောင် တက်ခဲ့စမ်းကွာ”

ငါးနှစ်ကောင်က တစ်ပြိုင်တည်းခုန်ပြီး ကမ်းပေါ်တက်လာတယ်၊ တစ်ပေလောက်ရှိမယ့်အကောင်တွေပေါ့ဗျာ၊ ဖိုးတွမ်တီးနဲ့ မိသက်လည်း လိုက်ဖမ်းကြတာပေါ့၊ ဒါနဲ့ပဲ ကျုပ်တို့လေးယောက် တစ်ယောက်ကို ငါးတစ်ကောင်စီရသွားတယ်။ အဲဒီလူလည်း ငါးတွေကိုကြည့်ပြီးတော့

“ကဲ၊ ငါးတွေ မင်းတို့သွားလို့ရပြီ”

အဲဒီလိုပြောပြီးတော့ သူ့လက်ထဲက တုတ်နှစ်ချောင်းကို ရေထဲပစ်ချလိုက်တော့ ငါးကြီးတွေအကုန်လုံး ရေအောက်ကိုဆင်းပြီး ပျောက်သွားတာပဲဗျာ၊

“ကဲ ခင်ဗျားတို့ ဒီလောက်ဆို ဟင်းစားရလောက်ရောပေါ့၊ ကျုပ်သွားပြီ”

အဲဒီလူက လှည့်ထွက်သွားဖို့အလုပ်မှာ ကိုအေးက အဲဒီလူရဲ့လက်ကိုပြေးဆွဲတယ်။

“ငါ့ညီ၊ ငါ့ညီက လူသာငယ်ပေမယ့် ပညာမသေးဘူးပဲ”

“ထားလိုက်ပါဗျာ၊ ဒီပညာက မပြောပလောက်ပါဘူး”

“ငါ့ညီဘယ်ကိုသွားမလို့လဲ”

“အခုပဲကျင့်စဉ်တစ်ခုပြီးလို့ တောထဲကထွက်ခဲ့တာ၊ ဘယ်သွားမလဲဆိုတော့ ခြေဦးတည့်ရာပေါ့ဗျာ”

“ဒါဆိုရင် ငါ့ညီကိုအကို ထမင်းဖိတ်ကျွေးပါရစေ၊ အကို့အိမ်လိုက်ခဲ့ပါ”

အဲဒီလူက တစ်ချက်စဉ်းစားနေတယ်ဗျ၊ နောက်တော့ ခေါင်းညိတ်လိုက်တယ်၊ ဒါနဲ့ပဲ ကိုအေးက အဲဒီလူကို သူ့အိမ်ကိုခေါ်သွားတာပေါ့ဗျာ။ ကျုပ်လည်းကိုအေးအနားကိုကပ်သွားလိုက်ပြီး

“ကိုအေးကလည်း လုပ်ပြန်ပြီဗျာ၊ စုန်းလား၊ ကဝေလားမသိဘဲ အိမ်ခေါ်သွားမလို့လား”

“ဘာဖြစ်လဲကွာ၊ သူက ငါတို့ကိုငါးရအောင်လုပ်ပေးထားတာပဲ၊ သူ့ကိုကျေးဇူးပြန်ဆပ်တဲ့သဘောပါကွ၊ မင်းကလည်း”

ကျုပ်ကတော့ ကိုအေးအနောက်ကသာလိုက်ခဲ့ရတယ် မျက်ခုံးခပ်လှုပ်လှုပ်ပဲဗျို့။

(၃)

“မိန်းမရေ၊ ဧည့်သည်ပါလာတယ်ဟေ့”

ကိုအေးက ဦးအောင်ရှိန်အိမ်ထဲကို တန်းဝင်သွားတာဗျ၊ ကျုပ်တို့လည်း အနောက်ကနေပြီး လိုက်ခဲ့တာပေါ့၊ ထမင်းစားမလို့လုပ်နေတဲ့ ဦးအောင်ရှိန်နဲ့ ဦးဘသာက အဲဒီလူကိုသေသေချာချာကြည့်တယ်။

“ဟဲ့မောင်အေး၊ မင်းခေါ်လာတာ ဘယ်သူတုန်းကွ”

“သူက အရမ်းစွမ်းတယ်အဖေရ”

ကိုအေးက သူ့အတွေ့အကြုံတွေကို ပြောပြလိုက်တယ်၊ အဲဒီလူက ဦးအောင်ရှိန်အနားကိုလာထိုင်တယ်ဗျ၊ ကျုပ်ကလည်း ဦးဘသာကို မျက်ရိပ်ပြလိုက်တယ်ဆိုရင်ပဲ ဦးဘသာကလည်း အဲဒီလူကို သေသေချာချာအကဲခတ်နေတယ်။ ဦးအောင်ရှိန်က

“ငါ့တူက ဘယ်သူလဲကွဲ့”

“ကျုပ်နာမည် စိုင်းရာဇာပါ၊ ရှမ်းတစ်ယောက်ပါ၊ ဒါပေမယ့် ရှမ်းပြည်ကတော့မဟုတ်ပါဘူး”

“ငါသိပြီ၊ မင်းက အထက်ဘက်ကလာတဲ့ ရှမ်းပေါ့”

ဦးအောင်ရှိန်ပြောတော့ စိုင်းရာဇာက ခေါင်းညိတ်တယ်။ စစ်ကိုင်းတိုင်းအထက်ဘက်မှာလည်း ရှမ်းတွေရှိသဗျ။ ခန္တီးရှမ်းလို့ ခေါ်ကြတာပေါ့။

“ဒါနဲ့ငါ့တူက ဘယ်လိုပညာ၊ ဘယ်လိုဂိုဏ်းကို လိုက်စားတာလဲ”

စိုင်းရာဇာမျက်နှာတစ်ချက်ပျက်သွားတယ်ဗျ။ ဦးအောင်ရှိန်ကလည်း ရိပ်မိလိုက်တာနဲ့

“မဟုတ်ပါဘူးငါ့တူရာ၊ ငါ့တူအကြောင်းနည်းနည်းပါးပါးသိချင်လို့ မေးကြည့်တာပါ”

“ဟုတ်ကဲ့၊ ကျွန်တော်ကတော့ ဝေဒဘက်ကို ပိုကျွမ်းကျင်ပါတယ်၊ ဓါတ်ပိုင်းကို လိုက်ပါတယ်၊ အခုလည်း တောင်ပေါ်ကနေ ကျင့်စဉ်တစ်ခုအောင်မြင်ပြီး ဆင်းလာရင်း ဒီကအကိုတို့ငါးဖမ်းနေတာကိုတွေ့တာနဲ့ ငါးရအောင်လုပ်ပေးခဲ့တာပါ”

“ဒါဆိုရင် ငါ့တူဘယ်လိုပညာနဲ့ ဒီငါးကိုဖမ်းလိုက်တယ်ဆိုတာ ပြောပြပါလားကွာ”

စိုင်းရာဇာက ပြုံးလိုက်ပြီး

“ဒီအတတ်က ကျွန်တော်တတ်ထားတဲ့ ပညာရပ်ပိုင်းမှာ အကင်းလောက်ပဲရှိပါသေးတယ်ဦးလေး၊ သစ်ကိုင်းနှစ်ကိုင်းကို ဓါတ်ဆင်ပြီးတော့ ငါးတွေမြူးလာအောင် ဓါတ်ရိုက်တာပါ၊ ပြီးတော့ ငါးတွေတက်လာအောင်ကလည်း ဓါတ်သဘောနဲ့ အမိန့်ပေးပြီးတော့ ခေါ်တင်လိုက်တာပါ၊ အသေးစိတ်ပြောရင် ဦးလေးတို့နားမလည်မှာစိုးလို့ပါ”

“အေးကွာ၊ ရပါတယ်၊ ကဲ . . . ဧည့်သည်ဆိုတော့ ဧည့်ခံရမှာပေါ့၊ တို့နဲ့အတူတူ ထမင်းစားသွားပါအုံးကွာ”

“မစားတော့ပါဘူး၊ ဦးလေးတို့နဲ့ အတူတူမစားဝံ့ပါဘူးဗျာ”

စိုင်းရာဇာက ထွက်သွားမလိုလုပ်တော့ ကိုအေးက သူ့အိမ်ကိုခေါ်သွားတာပဲဗျ၊ ကျုပ်လည်း လက်ထဲက ငါးကိုကွပ်ပျစ်ပေါ်ချလိုက်ပြီးတော့ ဦးဘသာတို့အနားကိုကပ်လိုက်တယ်။

“ဦးဘသာ၊ သူပြောတာဟုတ်ရဲ့လား”

“ငါအကဲခတ်ပုံအရတော့၊ စုန်းတို့၊ ကဝေတို့မဟုတ်ပါဘူးကွ၊ အောင်ရှိန်၊ မင်းရောဘယ်လိုမြင်သလဲ”

ဦးအောင်ရှိန်လည်းခေါင်းညိတ်လိုက်ပြီး

“လောကမှာ ငါတို့မသိသေးတဲ့ပညာတွေဆိုတာ အများကြီးရှိတယ်မဟုတ်လား၊ ဒီလူငယ်က ရိုးပုံရပါတယ်၊ သူပြောတာဖြစ်နိုင်တယ်ကွ”

ဦးဘသာတို့ ရိုးတယ်ဆိုတော့မှ ကျုပ်လည်းစိတ်ချနိုင်တာပေါ့ဗျာ။ စိုင်းရာဇာက ဦးဘသာတို့နဲ့ မစားချင်ဘူးဆိုတာနဲ့ မခင်ကြည်က ထမင်းတစ်ဝိုင်းစီစဉ်ပြီး ကိုအေးတို့အိမ်ကိုပို့ပေးရတာပေါ့ဗျာ၊ ကျုပ်လည်းထမင်းစားနေတာပေါ့၊ ဒါပေမယ့် ထမင်းသွားပို့တဲ့ မခင်ကြည်က ကျုပ်တို့ထမင်းစားပြီးတာတောင် ပြန်မလာဘူးဗျ၊ ကျုပ်လည်း မခင်ကြည်ကိုယ်စား ထမင်းပန်းကန်တွေသိမ်းပေးရတာပေါ့ဗျာ၊ ဒီလိုနဲ့ တစ်နာရီလောက်ကြာတဲ့အထိ မခင်ကြည်ပြန်မလာဘူးဗျ၊ ဦးအောင်ရှိန်က မျက်မှောင်ကြုတ်နေတယ်၊ ဒါနဲ့ ဖိုးတွမ်တီးကိုလွှတ်လိုက်တယ်၊ ဖိုးတွမ်တီးလည်း ပြန်မလာပြန်ဘူး၊ နောက်ဆုံးတော့ ကျုပ်ကိုကြည့်တယ်ဗျ၊ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ပြီး

“မောင်အေးတို့၊ ခင်ကြည်တို့ အိမ်ထဲဘာလုပ်နေသလဲဆိုတာ မင်းသွားပြီးတော့ စနည်းနာကြည့်ကွာ”

ကျုပ်လည်း ဦးဘသာခိုင်းတာနဲ့ ကိုအေးတို့အိမ်ကိုထွက်ခဲ့တယ်၊ ကိုအေးတို့အိမ်ပေါ်တက်မယ်ပြင်လိုက်တော့ အိမ်ပေါ်မှာစကားတွေပြောလိုက်၊ တဝါးဝါးနဲ့ရယ်လိုက် အသံတွေကြားနေရတာပဲ၊ ကျုပ်အိမ်ပေါ်တက်တော့ စိုင်းရာဇာက အိမ်ဦးခန်းမှာ အခန့်သားထိုင်နေတယ်၊ သူ့အနားမှာတော့ ကိုအေးနဲ့ မခင်ကြည်ထိုင်နေတယ်၊ စိုင်းရာဇာက ကိုအေးလက်ကို ကိုင်ကြည့်ပြီး

“ခင်ဗျားဟာ တစ်ချိန်ကတော်တော်ဆိုးသွမ်းခဲ့တဲ့လူပဲဗျ၊ ခင်ဗျားကောင်းတဲ့လူနဲ့ ပေါင်းဖက်ရလို့သာ လူကောင်းအဖြစ်ပြောင်းလဲသွားခဲ့တာ”

“မှန်လိုက်တာဆရာ သိပ်မှန်တာပဲ”

ကျုပ်လည်းအနားမှာဝင်ထိုင်လိုက်တယ်၊ ကိုအေးကို စိုင်းရာဇာက ဗေဒင်တွေဟောပေးနေတာဗျ၊ ပြီးတာနဲ့ သူကအိပ်ချင်တယ်လို့ပြောတော့ မခင်ကြည်က ခေါင်းအုံးအသစ်တွေနဲ့ အိပ်ရာပြင်ပေးပြီး အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျုပ်တို့အိမ်ပေါ်ကနေဆင်းလာခဲ့တာပဲဗျာ၊ မခင်ကြည်ကတော့ အတော့်ကိုပျော်နေပုံပဲဗျ။

“မှန်လိုက်တာ၊ ဒီဆရာလေး ဗေဒင်ဟောတာကတော့ မသိရင်ဘေးနားကနေထိုင်ကြည့်နေသလိုပဲ၊ နှင်းကြည်ကိုသွားပြောပြရအုံးမယ်”

မခင်ကြည်ထွက်သွားတော့ ကျုပ်လည်းကိုအေးကိုလက်တို့ပြီး

“ဟုတ်ရဲ့လားကိုအေးရ”

“အေးကွ”

“ဒါနဲ့သူပြောတော့ ခင်ဗျားကလူဆိုးဆို”

ကိုအေးက တစ်ချက်တွေဝေသွားတယ်ဗျ။

“မင်းကိုငါပြောရင် မင်းယုံချင်မှယုံလိမ့်မယ်ကွ၊ တစ်ချိန်က မြင်းဇာရွာက ငအေးဆိုရင် မသိတဲ့သူမရှိသလောက်ပဲ၊ အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်နဲ့ မကောင်းတာမှန်သမျှ လုပ်တဲ့လူပေါ့ကွာ၊ ဒီကြားထဲ လက်ရဲဇက်ရဲနဲ့မို့လို့ ရိုက်ကြ၊ နှက်ကြပြီဟေ့ဆိုရင် ငါကထိပ်ဆုံးကပဲကွ”

“ဗျာ၊ ဟုတ်ရောဟုတ်ရဲ့လားကိုအေးရာ”

“ငါမင်းကိုမလိမ်ပါဘူးအလတ်ကောင်ရာ၊ ငါ ခင်ကြည်နဲ့တွေ့ပြီးတော့မှ အရာရာပြောင်းလဲသွားခဲ့တာကွ”

“နားရှိလို့သာကြားရတယ်ကိုအေးရာ၊ ကျုပ်ဖြင့်သိပ်မယုံချင်ဘူးဗျ”

မခင်ကြည်သတင်းဖြန့်လို့ စိုင်းရာဇာတစ်ယောက် ဟောတာပြောတာ သိပ်မှန်တယ်ဆိုတဲ့သတင်းက ရွာထဲချက်ချင်းဆိုသလိုပြန့်နှံ့သွားတာပေါ့ဗျာ၊ မိန်းမတွေဆိုတာကလည်း ဗေဒင်တို့ဘာတို့ဆိုရင် သိပ်ပြီးဝါသနာပါတယ်မဟုတ်လား၊ ဒါနဲ့ပဲ ညနေရောက်တော့ သူကြီးကတော်က ကိုအေးတို့အိမ်ကိုရောက်ချလာပါရောဗျာ၊ ဗေဒင်မေးဖို့လာခဲ့တာပေါ့။ စိုင်းရာဇာကလည်း ခပ်ချေချေပဲဗျ၊ လူအများကြားမှာ ဗေဒင်မဟောချင်ဘူးတဲ့ဗျာ၊ ဒါနဲ့ပဲ သိချင်လို့လိုက်လာတဲ့လူတွေကို အိမ်ပေါ်ကနေ နှင်ချပြီးတော့ သူကြီးကတော်တစ်ယောက်တည်းကို သီးသန့်ဟောပေးတာပေါ့ဗျာ။

သူကြီးကတော်က ပြန်ဆင်းလာတော့ မျက်ရည်ကလေး စမ်းစမ်းနဲ့ဗျ၊ ကျုပ်တို့လည်းသိချင်တာနဲ့ သူ့ဆီပြေးသွားကြတယ်။

“မှန်တာတော့ ပြောမနေပါနဲ့၊ မသိရင် ဘေးနားကကြည့်နေပြီး ပြောနေတယ်လို့ကိုထင်ရတာ၊ ဟဲ့ ငအေး၊ ဒီဆရာလေးကို နင့်အိမ်မှာမထားနဲ့တော့၊ ငါ့အိမ်ကိုပင့်သွားမယ်”

သူကြီးကတော်ပင့်သွားလို့ စိုင်းရာဇာက သူကြီးအိမ်ကိုလိုက်သွားတယ်ဆိုပါတော့ဗျာ။

(၄)

“ဆရာစိုင်း . . . ဆရာစိုင်း”

နောက်နေ့မနက်ရောက်တော့ တစ်ရွာလုံးဘယ်နားသွားသွား ဆရာစိုင်းဆိုတဲ့သတင်းချည်းကြားနေရတာဗျ၊ သူဟောတာတွေကလည်း သိပ်မှန်တယ်ဆိုပဲဗျ၊ လူတစ်ယောက်ကို ဟိုးငယ်ကျိုးငယ်နာကစပြီး သူတို့တစ်ယောက်တည်း လှို့ဝှက်ထားတဲ့အကြောင်းအရာကိုတောင်မှ သိနေတယ်တဲ့ဗျာ၊ ဒီတော့လည်း ဆရာစိုင်းနာမည်ကြီးပြီပေါ့ဗျာ၊ ဟောတာတောင် အလကားမဟောတော့ဘူးဗျ၊ တစ်ခါဟော တစ်ရာတဲ့၊ ဒါလည်း ဗေဒင်ဝါသနာပါတဲ့လူက ခြစ်ကုပ်ပြီးပေးကြတာပဲဗျာ။ တစ်ရာဆိုတာ ခုခေတ် ငါးသောင်း၊ တစ်သိန်းလောက် တန်တာပေါ့။

ကျုပ်လည်း ဗေဒင်ကိုတော့ ဝါသနာမပါပါဘူး၊ သူကတကယ်မှန်တယ်ဆိုရင်တော့ ကျုပ်သိချင်တာတစ်ခုရှိတယ်၊ ဒါနဲ့ ကျုပ်မှာကျန်တဲ့ငွေကလေးထဲက ငွေတစ်ရာကိုစုပြီး ထွက်ခဲ့တာပေါ့ဗျာ။ ကျုပ်ရောက်သွားတော့ သူကြီးအိမ်က အလှူအိမ်ကြီးအလားစည်ကားနေတာဗျ၊ ရွာထဲကလူတွေဆိုလည်း တန်းစီနေတာပဲ၊ ကျုပ်ဗေဒင်မေးဖို့သွားတော့ မခင်ကြည်တို့ ညီအမကိုတွေ့တယ်ဗျ။

“အလတ်ကောင်၊ နင်ရော ဗေဒင်လာမေးတာလား”

ကျုပ်လည်း လူမိသွားတာနဲ့ ခေါင်းညိတ်လိုက်တာပေါ့ဗျာ။

“မခင်ကြည်တို့ညီအမရော ဗေဒင်လာမေးတာလား၊ ဒါနဲ့ မခင်ကြည်ကို တနေ့က ဟောပြီးပြီမဟုတ်လား”

မခင်ကြည်က ကျုပ်အနားကပ်လာတယ်။

“အဲဒီတုန်းက နင့်အကို ကိုအေးရှိနေလို့ တစ်ချို့အရာတွေကို မဟောပေးလိုက်ဘူးဟ၊ ဗေဒင်ဆိုတာကလည်း တစ်ယောက်တည်းမေးမှကောင်းတာမဟုတ်လား”

ကျုပ်ရောက်သွားတော့ မနက်ကိုးနာရီလောက်ပေါ့ဗျာ၊ ကျုပ်အရှေ့မှာ လူငါးဆယ်လောက်ရှိတယ်ဗျ၊ တစ်ယောက်မေးဖို့ အိမ်ပေါ်တက်သွားလိုက်၊ မကြာခင် အဲဒီလူက ပြန်ဆင်းလာပြီးတော့ ဘယ်လောက်မှန်ကြောင်း၊ ဘယ်လောက်တိကျကြောင်းတွေ ပြန်ပြောလိုက်ကြ၊ တန်းစီနေတဲ့လူတွေကလည်း နားထောင်ပြီးတော့ အံ့ဩကြနဲ့ပေါ့ဗျာ။

ကျုပ်အလှည့်ရောက်တော့ ကျုပ်လည်း တက်သွားတာပေါ့ဗျာ၊ သူကြီးအိမ်က အုတ်တိုက်ကြီးဗျ၊ အဲဒီအုတ်တိုက်ကြီးရဲ့ ခေါင်းရင်းဘက်ကအခန်းကို ဗေဒင်ခန်းအဖြစ်ပြောင်းလဲထားတယ်။ စိုင်းရာဇာက သုံးရက်လောက်အတွင်းသိသိသာသာပြောင်းလဲသွားတာဗျ၊ ရှပ်အင်္ကျီအကောင်းစားနဲ့၊ ဘန်ကောက်ပုဆိုးပြောင်ပြောင်လက်လက်လည်း ဝတ်ထားသေးသဗျ၊ ရုပ်ကလည်း လူရေသန့်ဆိုတော့ ပြင်လိုက်ဆင်လိုက်တဲ့အခါ တော်တော်ကြည့်ကောင်းသွားတာပေါ့ဗျာ။

သူက ကျုပ်ကိုထိုင်ဖို့ပြောလိုက်တော့ ကျုပ်လည်းထိုင်လိုက်တာပေါ့၊

“ကျုပ်မေးချင်တာကတော့ . . .”

ကျုပ်မပြောရသေးခင် စိုင်းရာဇာက လက်ကာပြလိုက်တယ်၊ ပြီးတော့

“မင်းမေးချင်တဲ့မေးခွန်းကို ငါသိပြီးသားပါ၊ မင်းကတကယ်တော့ သားရေပေါ်အိပ်၊ သားရေနားစားတဲ့ ခွေးလိုကျင့်ချင်တဲ့ကောင်ပဲ”

ကျုပ်ကိုခွေးလို့ပြောတော့ ကျုပ်လည်းဒေါသထွက်သွားတာပေါ့။

“ခင်ဗျားဘာတွေပြောနေတာလဲ၊ ခင်ဗျားကျုပ်တို့အကြောင်း ဘယ်လောက်သိလို့လဲ”

“သိတာပေါ့ကွ၊ မင်းနဲ့တွဲနေတာ စုန်းအဘိုးကြီး၊ မင်းနေတာက အရှေ့ဘက်ဇီးကုန်းရွာက၊ မင်းတို့ဒီရောက်တော့ စုန်းအဘိုးကြီးရဲ့ သူငယ်ချင်းအိမ်မှာတည်းနေတာမဟုတ်လား၊ နေပါအုံး စုန်းအဘိုးကြီးနာမည်က ဘာပါလိမ့် . . .”

စိုင်းရာဇာက တစ်ချက်စဉ်းစားလိုက်ပြီး

“အင်း၊ သာဒင်မဟုတ်လား၊ မင်းတို့ကတော့ ဦးဘသာလို့ခေါ်တယ်၊ သူ့သူငယ်ချင်းက ဦးအောင်ရှိန်၊ ဦးအောင်ရှိန်ဆီမှာ သမီးနှစ်ယောက်ရှိတယ်၊ သမီးအငယ်မကတော့ မနှင်းကြည်တဲ့၊ မင်းက သူ့ကိုကြံနေတယ်မဟုတ်လား၊ အခုလာတာလည်း မင်းနဲ့သူနဲ့ညားမလားဆိုတာ သိချင်လို့လာခဲ့တာ၊ မင်းအိပ်ကပ်ထဲမှာ တစ်ရာပါတယ်၊ အစိတ်တန်တစ်ရွက်၊ နှစ်ဆယ်တန်နှစ်ရွက်၊ ငါးကျပ်တန်နှစ်ရွက်၊ ငါးကျပ်တန်တစ်ရွက်က ထောင့်နားမှာ ဆေးလိပ်မီးပေါက်နေသေးတယ်”

စိုင်းရာဇာက ပါးစပ်က ကရားရေလွှတ်သလို ဆက်တိုက်ပြောတော့မှ ကျုပ်ဖြင့်နားထောင်ရင်း လန့်လန့်သွားတာဗျ၊ ကျုပ်လည်း မယုံလို့ အိပ်ကပ်ထဲက ပိုက်ဆံကိုထုတ်လိုက်တယ်၊ သူပြောတဲ့အတန်အတိုင်းကျုပ်ထည့်လာတာ၊ ဒါပေမယ့် သူပြောသလို ငါးကျပ်တန်တစ်ရွက်က မီးပေါက်မပေါက် ကျုပ်တောင်မသိဘူး။

ဒါနဲ့ ငါးကျပ်တန်ကိုထုတ်ပြီးကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပဲဗျာ၊ ဆေးလိပ်မီးပွားကျပြီးတော့ မီးပေါက်ရာကလေး သေးသေးကလေးဖြစ်နေတာ၊ ကျုပ်လည်း ပိုက်ဆံကိုကြည့်လိုက် စိုင်းရာဇာကိုကြည့်လိုက်နဲ့ပေါ့ဗျာ၊ စိတ်ထဲက ရှိတဲ့အတိုင်းဆိုရင် စိုင်းရာဇာကို ကြည်ညိုလွန်းလို့ ထိုင်ပြီးတော့ပါ ကန်တော့ချင်နေပြီဗျ။

“ဟင်း၊ ဟင်း ငါပြောတာဟုတ်တယ်မဟုတ်လား”

“ဟုတ် . . . ဟုတ်ပါတယ်”

“ဒါဆို မင်းသိချင်တဲ့အကြောင်းကို ငါဟောပေးမယ်၊ မင်းနဲ့သူနဲ့ ဘယ်တော့မှမဖြစ်ဘူး၊ မင်းတို့နှစ်ယောက်မှာ ရေစက်မပါဘူး၊ ကံမပါဘူး၊ ဒီတော့ မင်းအခြေအနေမင်းသိပြီး နောက်ဆုတ်လိုက်တာကောင်းမယ်၊ နို့မဟုတ်ရင် တစ်ဖက်သတ်စွဲလမ်းစိတ်နဲ့ မင်းပဲခံစားရမယ်”

ကျုပ်လည်း ဘာမှမပြောတော့ဘဲ စိတ်ဓါတ်ကျကျနဲ့ လက်ထဲက ပိုက်ဆံတစ်ရာကို သူ့အရှေ့က ငွေဖလားထဲကို ပစ်ထည့်လိုက်တာပေါ့ဗျာ၊ ငွေဖလားထဲမှာလည်း ပိုက်ဆံတွေပြည့်လို့ဗျ။

ကျုပ်ခေါင်းငိုက်စိုက်ချပြီးအိမ်ပြန်လာခဲ့တယ်၊ မနှင်းကြည်နဲ့ မခင်ကြည်ကတော့ စကားပြောတိုင်း အဲဒီဆရာစိုင်းအကြောင်းပဲ ပြောနေတော့တာပဲဗျာ၊ ကျုပ်ကလည်း ကျုပ်အနာဂတ်ကို ကျုပ်သိပြီမို့ မနှင်းကြည်ကို ငေးပြီးတော့ပဲကြည့်နေမိတယ်။

“ဟေ့အလတ်ကောင်၊ ဘာတွေမှိုင်နေတာလဲ”

“မဟုတ်ပါဘူးဗျာ၊ ဒီလိုပါပဲ”

“တန်တော့ ဆရာစိုင်းက မင်းကိုတစ်ခုခုဟောလိုက်ပြီနဲ့တူပါရဲ့”

ဦးဘသာလည်း ဗေဒင်တတ်သလားမသိဘူးဗျာ၊ ကျုပ်စိတ်ကိုသိနေသလိုပဲ၊ ကျုပ်လည်း ဘာမှပြန်မပြောတော့ဘဲ မျက်နှာသေကလေးနဲ့ ထိုင်နေလိုက်တယ်။

“အဲဒါထက် ငါထူးခြားတာတစ်ခုပြောချင်တယ်ကွ”

“ဘာထူးခြားလို့လဲ ဦးဘသာ”

“ဒီရက်ပိုင်း မမြင်အပ်တဲ့အရာတွေ ရပ်ရွာထဲလှည့်ပြီးသွားနေတယ်ကွ”

“မမြင်အပ်ဘူးဆိုတာ ဘာတွေလဲဗျ”

“ပြောရရင်တော့ အစုံပေါ့ကွာ၊ ညညဆိုရွာထဲလှည့်သွားနေတာကွ၊ အိမ်ကြိုအိမ်ကြားပါမကျန် သွားသွားနေတာ”

“အဲဒါ ဘာထူးခြားလို့လဲဗျ”

“ငါ့အထင်တော့ ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဘူး၊ ဟိုရက်ကမှ ဗြုန်းစားကြီးရွာကိုရောက်လာတဲ့ ဆရာစိုင်းနဲ့များ သတ်ဆိုင်နေမလားလို့”

ကျုပ်မျက်လုံးတွေအရောင်လက်သွားတယ်။

“ဒါဆို ဆရာစိုင်းက မရိုးသားဘူးပေါ့”

“အဲဒီလိုလည်း ပြောမရဘူးကွ”

“ဒါနဲ့ ဦးဘသာသူ့ကိုစစ်ကြည့်တော့ ရိုးပါတယ်ဆို”

“မင်းနားလည်အောင်ပြောရရင် ဒီပညာရပ်တွေက ဘယ်သူက ဘာဆိုတာကို အကြည့်နဲ့တင်သိဖို့ခက်တယ်ကွ၊ သေသေချာချာစမ်းသပ်စစ်ဆေးမှ သိနိုင်မှာ”

“ဒါဆို ဘယ်လိုစမ်းရမလဲ”

“သူ့ဆံပင်တစ်ကျီလောက်ဖြစ်ဖြစ် ရအောင်ရှာလာခဲ့ကွာ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်၊ ဘာပဲပြောပြော ဒီလူက လူတွေကိုလိမ်ညာနေတာလို့ ကျုပ်စိတ်ထဲထင်သွားမိတယ်။ တကယ်တမ်းသူပြောတာတွေက မှန်ချင်မှလည်းမှန်မှာ၊ ပြီးတော့ ဒီလူ လူလိမ်ဆိုတာကို မနှင်းကြည်တို့သိသွားအောင် သက်သေပြချင်သေးတယ်။

နေ့လည်ကျတော့ မနှင်းကြည်တို့ညီအမ ဆန်ပြာနေရင်း အဲဒီအကြောင်းတွေပဲပြောနေတာ၊ ကျုပ်လည်း နားကြားပြင်းကပ်သလို ဦးအောင်ရှိန်ကလည်း ကြည့်မရပုံရတယ်ဗျ။

“ဟဲ့ သမီး၊ နင်တို့ကတော့ ဆုံလိုက်တာနဲ့ အဲဒီ ဆရာစိုင်း၊ ဆရာစိုင်းဆိုတဲ့ စကား နုတ်ကမချဘူးနော်”

မနှင်းကြည်က ပြုံးလိုက်ပြီးတော့

“အို၊ အဖေကလည်း သူကတကယ်စွမ်းတာကိုး”

“ငါညည်းအဖေပါ၊ ငါလည်းစွမ်းပါတယ်ဟဲ့”

“အဖေက စွမ်းတာနဲ့ သူစွမ်းတာက တူမှမတူတာ၊ အဖေတောင်သူ့လို ဗေဒင်ဟောတတ်လို့လား”

မနှင်းကြည်စကားကို ဦးအောင်ရှိန်နာသွားပုံရတယ်ဗျ၊ မနှင်းကြည်က ဆရာစိုင်းအကြောင်း ပြောလေလေ၊ ကျုပ်ကတော့ ဒေါသထွက်လေလေပဲ။

“အေး၊ တွေ့ကြသေးတာပေါ့ မမနှင်းရာ၊ ဒီလူက လူလိမ်ကြီးတစ်ယောက်ပါဆိုတာ မမနှင်းသိအောင် ကျုပ်စောင့်ဖမ်းပြရသေးတာပေါ့”

(၅)

အဲဒီညနေပဲ ရွာထဲကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်ဗျ၊ အဲဒါကတော့ ရင်မောင်ပဲ၊ ရင်မောင်လည်း ဆရာစိုင်းကို ကြည့်မရပုံပေါ်တယ်။ ဒါနဲ့ပဲ ဆေးကြိမ်လုံးကြီးကိုင်ပြီးတော့ သူကြီးအိမ်ရှေ့မှာ သွားစိမ်ခေါ်တာပေါ့။

“ဟေ့ကောင်၊ အောက်လမ်းငစိုင်း၊ မင်းထွက်လာခဲ့စမ်း”

ရွာသူရွာသားတွေက ရင်မောင်ကိုကြည့်ပြီး အံ့ဩနေတာပေါ့ဗျာ၊ ကျုပ်တို့လည်း အပြေးလာကြည့်ကြတာပေါ့၊ ရင်မောင်က ဆေးကြိမ်လုံးကြီးနဲ့ အိမ်ကိုချိန်ချိန်ပြီးပြောတယ်ဗျ။

“ဟေ့ အောက်လမ်းကောင်၊ မင်းအောက်လမ်းနည်းတွေသုံးပြီးတော့ တို့ရွာကိုလှည့်စားတာ တော်လောက်ပြီကွ၊ အခုထွက်လာခဲ့စမ်း၊ မင်းရဲ့မျက်နှာဖုံးကို ငါဆွဲချွတ်ပြမယ်”

ရင်မောင်ပြောဆိုနေရင်း မကြာခင် သူကြီးအိမ်ပေါ်ကနေ စိုင်းရာဇာ ဟန်ပါပါနဲ့ဆင်းလာတယ်ဗျ။

“ခင်ဗျားစွပ်စွဲနေတာတွေ၊ တစ်ခုမှမဟုတ်ဘူး”

“ရတယ်လေ၊ ဒါဆိုလည်း တစ်ရွာလုံးရဲ့အရှေ့မှာ ခင်ဗျားဘာကောင်လဲဆိုတာ ကျုပ်ပြရသေးတာပေါ့”

“မင်းမှားနေပြီကွ၊ ငါအခုတတ်တဲ့ပညာတွေဆိုတာ ငါတစ်သက်လုံးဆည်းပူးလေ့လာခဲ့တဲ့ပညာတွေ၊ နောက်ပြီးတော့ တကယ်ကျင့်ကြံပြီး တတ်မြောက်ခဲ့တဲ့ပညာရပ်တွေ၊ မင်းငါ့ကို အောက်လမ်းလို့မစော်ကားနဲ့”

စိုင်းရာဇာကလည်း ပြန်ပြောတယ်ဗျ။ ရင်မောင်က ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။

“ကောင်းပြီ၊ ဒါဆိုမင်းအောက်လမ်းဟုတ်မဟုတ်ကို ငါစမ်းမယ်”

“မင်းကြိုက်သလိုစမ်းနိုင်တယ်”

ရင်မောင်က သူ့လည်ပင်းမှာဆွဲထားတဲ့ ကျုတ်ကလေးကိုပြလိုက်ပြီး

“ဒီထဲမှာ ဆေးတော်ကြီးရှိတယ်၊ မင်းသာ အောက်လမ်းမဟုတ်ဘူးဆိုရင် ဒီကျုတ်ကို ကိုင်ရဲရမယ်”

ရင်မောင်ပြောလိုက်တော့ စိုင်းရာဇာတစ်ချက်တွန့်သွားတယ်ဗျ၊

“ဘာလဲ မင်းက မင်းအလိမ်အညာတွေ ပေါ်တော့မှာမို့လို့ ကြောက်နေပြီလားကွ”

ရင်မောင်စိန်ခေါ်လိုက်တော့ စိုင်းရာဇာစိတ်ဆိုးသွားတယ်ဗျ၊ ပြီးတော့ ရင်မောင်ဆီကိုလမ်းလျှောက်လာပြီး လက်ဝါးဖြန့်တယ်။

“ပေးစမ်း၊ မင်းရဲ့ဆေးတော်ကြီး”

ရင်မောင်က ကျုတ်ကိုဖြုတ်ပြီး စိုင်းရာဇာရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်၊ စိုင်းရာဇာက ကျုတ်ကိုကိုင်ထားပေမယ့် ဘာမှမဖြစ်ဘူးဗျ၊ ရင်မောင်တော် အတော်အံ့ဩသွားတယ်။

“မဖြစ်နိုင်ဘူး၊ အောက်လမ်းဆိုရင်တော့ မင်းကိုင်နိုင်မှာမဟုတ်ဘူး”

“မင်းရှေ့တင်ကိုင်ထားတာပဲ မဟုတ်လားကွ”

စိုင်းရာဇာက တစ်ရွာလုံးက လူများမြင်ရအောင် လက်ကိုမြှောက်ပြသည်။ ရွာသားများက ရင်မောင်ကို တီးတိုးပြောဆိုနေကြသည်။

“မဖြစ်ဘူး၊ မင်းဒါတစ်ခုခုလုပ်ထားတာပဲဖြစ်ရမယ်၊ ဒါဖြင့်ရင် မင်းစမမြိုနိုင်လား”

စိုင်းရာဇာက ခေါင်းညိတ်လိုက်ပြီး

“လုပ်စမ်းပါကွ၊ ငါ့ပညာက နိမ့်ကျတဲ့အောက်လမ်းပညာမဟုတ်ဘူး၊ မြင့်မြတ်တဲ့အထက်လမ်းစဉ်ပညာကွ”

ရင်မောင်က အိတ်ကပ်ထဲက စမပြားကလေးကိုထုတ်တယ်ဗျ၊ ပြီးတော့ စမကိုလိပ်ပြီး တစ်ခုခုကိုရွတ်ဖတ်နေတယ်၊ နောက်တော့ စမကို အသေးလေးဖြစ်အောင်လုံးလိုက်တယ်။

“မင်းသာအောက်လမ်းမှန်ရင် ဒီစမ ပါးစပ်ထဲရောက်တာနဲ့ မင်းတစ်ကိုယ်လုံးပူလာလိမ့်မယ်”

စိုင်းရာဇာက ရင်မောင်ပေးတဲ့ စမကိုယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်တာပဲဗျာ၊ အားလုံးလည်း ဘာဖြစ်မလဲဆိုပြီး ငြိမ်နေကြတာပေါ့၊ ဒါပေမယ့် ဆယ်မိနစ်လောက်ကြာတဲ့အထိ ဘာမှကိုမဖြစ်ဘူးဗျာ။

“ကဲ၊ ငါအောက်လမ်းမဟုတ်ဘူးဆိုတာ ယုံပြီလား”

ရင်မောင် ဘာပြောရမှန်းမသိတော့ဘူး၊ ရွာသားတွေကလည်း ရင်မောင်ကိုတစ်ယောက်တစ်ခွန်းနဲ့ ဝိုင်းပြောကြတယ်၊ အချို့ဆိုရင် ဆဲဆိုကြတယ်၊ ဒါနဲ့ပဲ ရင်မောင်လည်း လူအုပ်ကြားထဲကနေ ခြေလှမ်းကျဲကြီးနဲ့ ထွက်သွားတော့တယ်။ စိုင်းရာဇာကတော့ တစ်ရွာလုံးကိုပြုံးပြရင်း

“ဘာမှ မဆဲဆိုကြပါနဲ့ဗျာ၊ ကျုပ်အောင်မြင်နေတာကို မနာလိုလို့ လုပ်တယ်လို့ပဲမှတ်ပါတယ်၊ အပင်မြင့်လေ၊ လေတိုက်ခံရလေပေါ့ဗျာ”

စိုင်းရာဇာပြောလိုက်တဲ့အခါ တစ်ရွာလုံးက လက်ခုပ်တီးပြီး စိုင်းရာဇာကိုချီးကျူးကြတယ်ဗျ၊ ရင်မောင်လုပ်လိုက်တာက စိုင်းရာဇာကို မထိခိုက်ပဲ ပိုပြီးတော့တောင်မှ ကောင်းသွားသေးတယ်ဗျာ၊ ရင်မောင်က ရွာထဲမှာ ဆရာတစ်ဆူနီးပါးပဲဗျ၊ ဒါပေမယ့်အခုတော့ တစ်ရွာလုံးရဲ့အပြောအဆိုခံနေရပြီလေ၊ ရင်မောင်ဒီလိုဖြစ်တော့ သူ့ဆရာဦးအောင်ရှိန်ခေါင်း တက်ဆောင့်တာပေါ့၊ ဦးအောင်ရှိန်က စိုင်းရာဇာကို မနာလိုတာနဲ့ သူ့တပည့်ကိုလွှတ်ပြီး စိန်ခေါ်သလိုလို လျှောက်ပြောကြတာပေါ့ဗျာ။

အဲဒီနေ့ညပဲ ရင်မောင်က ဦးအောင်ရှိန်အိမ်ကိုရောက်လာပြီးတော့ တောင်းပန်ရှာတယ်ဗျ။

“ကျွန်တော်မှားသွားပါတယ်ဆရာကြီးရယ်”

“မင်းက စိတ်လိုက်မာန်ပါလုပ်တာကိုးကွ၊ တကယ်ဆိုရင် ဒီလိုအကြမ်းနည်းနဲ့ဖြေရှင်းစရာအကြောင်းမရှိဘူး၊ မင်းအမှားကျူးလွန်တဲ့အတွက် မင်းကိုငါဒဏ်ခတ်မယ်”

“လုပ်ပါဆရာကြီး၊ ကျုပ်ခံယူပါ့မယ်၊ ကျုပ်ကြောင့် ဆရာကြီးပါထိခိုက်ရတဲ့အတွက် ကျုပ်ဆရာကြီးပေးတဲ့အပြစ်ကို ပျော်ပျော်ကြီးခံပါ့မယ်”

“မင်းကိုသုံးလပညာပိတ်တယ်၊ မင်းငါတို့ပညာကို အသုံးချခွင့်မရှိဘူး၊ နောက်ထပ်ပြီးတော့လည်း အဲဒီလူနဲ့ သွားမပတ်သက်ရဘူး”

ရင်မောင်က ဦးအောင်ရှိန်ကိုကုန်းပြီးကန်တော့တယ်ဗျ၊ အိပ်ခန်းအဝမှာထိုင်နေတဲ့ မနှင်းကြည်ကတော့ ရင်မောင်ကို စားမတတ်ဝါးမတတ်မျက်စောင်းတွေထိုးနေတာ ကြောက်ဖို့တောင်ကောင်းသေးသဗျာ။

(၆)

စကားတစ်ခုရှိတယ်ဗျ၊ “ကိုယ့်ရန်သူရဲ့ ရန်သူက၊ ကိုယ့်ရဲ့မိတ်ဆွေပဲတဲ့” ဒါကြောင့် ကျုပ်လည်း ရင်မောင်ကိုသိပ်ကြည့်မရပေမဲ့ သူ့ကိုသွားကပ်ရတာပေါ့ဗျာ၊ ရင်မောင်လည်း သူ့အိမ်မှာ တံခါးပိတ်ပြီး အိမ်တွင်းအောင်းနေတာဗျ၊ တချို့ရွာသားများဆိုရင် ရင်မောင်အိမ်ရှေ့ကနေ အော်ပြီးဆဲကြတယ်ဆိုပဲ။

“ဗျို့၊ ကိုရင်မောင်၊ တံခါးဖွင့်ပါအုံးဗျ၊ ခင်ဗျားအထဲမှာရှိတာ ကျုပ်သိတယ်”

ကျုပ်ထရံကိုတဘုန်းဘုန်းထုနေပေမယ့် ရင်မောင်က တံခါးမဖွင့်ပါဘူးဗျာ၊ ဒါနဲ့ကျုပ်လည်း သူထွက်လာအောင်လို့ နည်းလမ်းသုံးရတော့တယ်။

“ဗျို့၊ ကိုရင်မောင်၊ ဆရာကြီးရှိန်က အရေးကြီးတာပြောစရာရှိလို့တဲ့၊ စိုင်းရာဇာအကြောင်းဆိုလားပဲ၊ ခင်ဗျားထွက်ခဲ့စမ်းပါ”

အဲဒီလိုပြောတော့မှ ပိတ်ထားတဲ့အိမ်တံခါးက ဝုန်းခနဲပွင့်သွားတယ်၊ ကျုပ်လည်း အိမ်တံခါးပွင့်သွားတာနဲ့ အိမ်ထဲကိုဝင်ခဲ့တာပေါ့ဗျာ၊ ရင်မောင်တို့အိမ်က သပ်သပ်ရပ်ရပ်ကလေးပါ၊ ဘုရားကျောင်းဆောင်ကလည်း ပန်းတွေနဲ့ ဝေဆာနေတာပဲ၊ အိမ်ထဲပြေးဝင်လာတဲ့ ကျုပ်ကိုရင်မောင်က အံ့ဩပြီးကြည့်နေတယ်။

“ဆရာကြီးက ခေါ်လို့ဆိုကွ”

“ဟာဗျာ၊ အဲဒါ ကျုပ်လျှောက်ပြောတာ၊ ခင်ဗျားက ဒီလိုပြောမှ တံခါးဖွင့်မှာကိုးဗျ”

ရင်မောင်လည်း တော်တော်စိတ်ပျက်သွားပုံရတယ်။ ကျုပ်လည်း အိမ်ကိုလှည့်ပတ်ကြည့်ပြီးတော့

“ဒါနဲ့ ဒီအိမ်မှာ ခင်ဗျားတစ်ယောက်တည်းနေတာလား”

ရင်မောင်က ခေါင်းခါပြီး

“မဟုတ်ဘူး၊ ငါ့အမေရယ်၊ ငါ့ညီမရယ်ရှိသေးတယ်၊ ဒါပေမယ့် အခုတော့ အိမ်ကနေဆင်းသွားကြပြီကွ၊ ငါဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် တစ်ရွာလုံးက ပြောဆိုနေတာကို မခံနိုင်လို့ မနေ့ကပဲ သူ့အမျိုးတွေရှိတဲ့ရွာဘက်ကို ထွက်သွားကြပြီ”

ရင်မောင်က သက်ပြင်းချပြီးတော့ ကြမ်းပေါ်မှာထိုင်လိုက်တယ်၊ ကျုပ်လည်း ရင်မောင်အနားကပ်ပြီး

“ဒါနဲ့ ကျုပ်မေးစရာရှိလို့၊ ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ စိုင်းရာဇာက အောက်လမ်းပါလို့ ကောက်ချက်ချနိုင်တာလဲ”

“ငါစိတ်ထဲကလည်း ထင်နေတယ်၊ ပြီးတော့လည်း အစီအရင်တွေကို တွေ့တယ်ကွ”

ကျုပ်လည်း စိတ်ဝင်စားသွားတာနဲ့

“ဘယ်လိုအစီအရင်လဲဗျ”

“ငါသူကြီးအိမ်ကို သေသေချာချာလေ့လာခဲ့ပြီးပြီ၊ လေ့လာကြည့်တဲ့အခါ အိမ်တိုင်တွေမှာ စာတွေရေးခြစ်ထားတယ်ကွ၊ ပြီးတော့ အိမ်ပေါ်တက်တဲ့လှေကားခြေနင်းပြားတွေရဲ့ အောက်ဘက်မှာလည်း စာတွေရေးထားသေးတယ်၊ ဒီလိုယုတ်ညံ့တဲ့နေရာ၊ နိမ့်ကျတဲ့နေရာမှာ ဘယ်အထက်လမ်းသမားမှ အစီအရင်မလုပ်ဘူးကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်ပြီးတော့

“ခင်ဗျားပြောတာ ဟုတ်လောက်တယ်ဗျ”

ကျုပ်ပြောတော့ ရင်မောင်က အံ့ဩသွားပုံရတယ်။ သူပြောတာကို ကျုပ်ပဲယုံတာကိုး။

“မင်းက ဘာသိထားလို့လဲ”

“စိုင်းရာဇာ ကျုပ်တို့နဲ့စတွေ့တော့ သူလုပ်ပြတဲ့ငါးဖမ်းနည်းက အထက်လမ်းနည်းမဖြစ်လောက်ဘူးဗျ၊ ကျုပ်အထင် အောက်လမ်းမဟုတ်ရင်တော့ စုန်းပဲနေမှာ၊ ပြီးတော့ သူကျုပ်တို့နဲ့တွေ့တုန်းက ပြောတာကျတော့ ကျင့်စဉ်တစ်ခုကိုတောထဲမှာ အချိန်အကြာကြီးသွားကျင့်ခဲ့တယ်လို့ ပြောတယ်ဗျ”

ကျုပ်စကားကြားတော့ ရင်မောင်လည်းခေါင်းတဆတ်ဆတ်ညိတ်တယ်။

“မင်းပြောတာလည်းဖြစ်နိုင်တယ်”

“ဒါတင်ဘယ်ကမလဲ၊ ဦးဘသာကလည်း သူ့ကိုသင်္ကာမကင်းဖြစ်နေတယ်တဲ့၊ အဲဒါ သူဘာကောင်လဲဆိုတာ သိရအောင်လို့ သူ့ရဲ့ဆံပင်လိုတယ်တဲ့ဗျ”

ရင်မောင်မျက်မှောင်ကြုတ်သွားတာနဲ့ ကျုပ်လည်း ဆက်ပြောတယ်။

“တကယ်လို့ သူ့ဆံပင်ကျီကိုသာရရင် သူဘာလဲဆိုတာကို ဦးဘသာက ပညာနဲ့ခွဲခြားပေးလိမ့်မယ်၊ ဒါပေမယ့် ကျုပ်အထင်ပြောရရင်တော့ ဒီစိုင်းရာဇာဆိုတဲ့လူက လူကောင်းသူကောင်းမဖြစ်နိုင်ဘူး၊ သူ့ရဲ့အပြုံး၊ သူ့ရဲ့စကားပြောပုံက မရိုးဘူးလို့ကျုပ်ထင်တယ်”

“မရိုးသားတော့ရော ဘယ်လိုလုပ်မလဲကွ၊ အခု တစ်ရွာလုံးက သူ့ဘက်ပါနေပြီမဟုတ်လား”

“အကြောင်းမသိသေးလို့ပါဗျာ၊ ပြီးတော့ကိုရင်မောင် လုပ်တာကလည်း နည်းလမ်းမှမကျတာ၊ မကောင်းတဲ့လူကို အဲဒီလိုဘွင်းဘွင်းကြီး မလုပ်ရဘူးဗျ”

ရင်မောင်က ကျုပ်အနားကိုအသာကပ်လာတယ်။

“ဒီတော့ငါတို့ဘာလုပ်ကြမလဲ”

ကျုပ်လည်း ရင်မောင်အနားကိုကပ်လိုက်ပြီး အသံတိုးတိုးလေးနဲ့

“ကျုပ်တို့သူ့ဆံပင်ကိုရအောင်ရှာကြမယ်ဗျာ”

“ဆံပင်ရရင်ရော”

“သူဘာကောင်လဲဆိုတာ သိရပြီပေါ့၊ တကယ်လို့သူသာ စုန်းတစ်ယောက်၊ အောက်လမ်းတစ်ယောက်ဆိုရင်တော့ ကျုပ်တို့တွေ သူ့မျက်နှာဖုံးကို လူတွေကြားထဲမှာပဲ ဆွဲချွတ်ပေးကြတာပေါ့ဗျာ၊ ဟား . . .ဟား”

ကျုပ်ပြောလိုက်တော့ ရင်မောင်လည်း အားရသွားပြီး အံကြိတ်ပြီးတော့ ပြုံးလိုက်တယ်ဗျ၊ ဒီလိုနဲ့ ကျုပ်ခင်မောင်နဲ့ ဟိုက ကိုရင်မောင်နဲ့ ပေါင်းမိသွားတော့တာပေါ့။

နောက်တစ်နေ့မနက်တော့ ကျုပ်တို့ကြိုတင်ချိန်းထားတဲ့အတိုင်း ရွာပြင်မြစ်ကမ်းဘေးမှာ တွေ့ကြတယ်ဗျ၊ ကျုပ်ကအရင်ရောက်နေပြီးတော့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်စောင့်နေတာ၊ နောက်တော့ ရင်မောင်လည်းရောက်လာတယ်၊ ရွာထဲမှာ ကျုပ်တို့နှစ်ယောက် တပူးပူးတတွဲတွဲလုပ်နေတာကို လူတွေတွေ့သွားရင် မကောင်းဘူးမဟုတ်လား၊ အခုရွာပြင်ကတော့ လူသွားလူလာရှင်းနေတယ်ဗျ။

“ကဲ၊ ငါတို့ဘယ်လိုလုပ်ကြမလဲ၊ ဆံပင်ကိုယူရမှာက လွယ်တော့မလွယ်ဘူးထင်တယ်”

“ကျုပ်မှာအကြံရှိပြီးသားပါဗျ၊ မခင်ကြည်တို့ညီအမက ညနေရောက်ရင် ဆရာစိုင်းစားဖို့ဆိုပြီး ဟင်းချက်ချက်ပြီးပို့တယ်ဗျ”

ကျုပ်ပြောလိုက်တော့ ရင်မောင်မျက်နှာကြီး တင်းမာသွားတာကိုမြင်လိုက်ရတယ်။

“တောက်၊ သူတို့ကတော့ အဖေကိုမှ အားမနာကွာ”

“မိန်းကလေးတွေဆိုတာ ဒီလိုပါပဲဗျာ၊ နောက်ပြီးတော့ မမနှင်းက စကားပြောရင် ဆရာစိုင်းဘယ်လိုတော်တာ၊ ဘယ်လိုထက်တာဆိုပြီးပါးစပ်ဖျားကကို မချဘူး၊ စိုင်းရာဇာကလည်း အသားဖြူဖြူ ရုပ်ခံကလည်းကောင်းတယ်ဆိုတော့ မမနှင်းကြိုက်လည်း ကြိုက်ချင်စရာပေါ့ဗျာ”

“တောက်၊ ဒီကောင်လူပါး၀လို့ကွာ”

“ဒေါသသိပ်မထွက်ပါနဲ့ ကိုရင်မောင်ရ၊ ဒီကောင်ခွေးကျကျမယ့်နေ့က မကြာတော့ပါဘူးဗျ”

“အေး၊ ပြောပါအုံးကွာ၊ မင်းဘယ်လိုလုပ်မလဲ”

“မခင်ကြည်တို့ ဟင်းပို့တဲ့အချိန် ဖိုးတွမ်တီးကိုထည့်ပေးလိုက်မယ်၊ သူတို့စကားပြောနေတုန်း မတော်လို့တိုက်မိသလိုလိုနဲ့ စိုင်းရာဇာခေါင်းက ဆံပင်ကိုနှုတ်ခိုင်းလိုက်မယ်ဗျာ”

“ဖြစ်ပါ့မလားကွ”

“ဖြစ်ပါတယ်၊ ဖိုးတွမ်တီးဆိုတာ နဂိုကတည်းက မျောက်ရှုံးအောင်ဆော့တဲ့ကောင်လေးပဲ၊ နောက်ပြီး စိုင်းရာဇာကလည်း ကလေးလုပ်တာဆိုတော့ အပြစ်တင်မှာမဟုတ်ပါဘူး၊ ဖိုးတွမ်တီးကို ငါးကျပ်ပေးပြီးတော့ ကျုပ်က သေသေချာချာသင်ထားပေးပြီးသား၊ သူ့ဆီက ဆံပင်ရလာရင် ကျုပ်တို့လုပ်ငန်း ဆက်လုပ်လို့ရပြီ”

ရင်မောင်က ခေါင်းညိတ်ပြီး

“ကောင်းတယ်ကွာ၊ ဒါနဲ့ ဘယ်တော့စမလဲ”

“ဒီညနေပဲ လုပ်မှာပါဗျ၊ ကျုပ်လည်း လိုက်သွားမယ်၊ ခင်ဗျားတော့မလိုက်နဲ့၊ ခင်ဗျားနဲ့သူနဲ့က တည့်မှမတည့်တာ”

ရင်မောင်က ခေါင်းညိတ်ပြီးတော့ ကျုပ်ပုခုံးကိုပုတ်တယ်။

“ဒီတစ်ခါတော့ မင်းကိုပဲ အားကိုးရမှာပဲ ခင်မောင်ရာ”

“ကျုပ်ကို ခင်မောင်လို့မခေါ်ပါနဲ့၊ ရင်းရင်းနှီးနှီးဖြစ်သွားအောင်၊ အလတ်ကောင်လို့ပဲ ခေါ်စမ်းပါ”

“အေး၊ ဒါဆိုလည်း အလတ်ကောင်ပေါ့ကွာ၊ သတင်းကောင်းကို စောင့်နေမယ်ဟေ့”

“စိတ်သာချဗျာ”

ကျုပ်နဲ့ရင်မောင်နဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်လိုက်ကြတာပေါ့ဗျာ။

(၇)

အဲဒီညနေပဲ ကျုပ်တို့လုပ်ငန်းစကြတာပေါ့ဗျာ၊ ကျုပ်လည်း ရေမိုးချိုးပြီးတော့ ဖိုးတွမ်တီးကို ခေါ်လိုက်တယ်၊ ပြီးတော့ ကျပ်တန်သုံးရွက်ပေးလိုက်တယ်။

“မင်းငါခိုင်းထားတဲ့အတိုင်းလုပ်နော်”

ဖိုးတွမ်တီးက တစ်ကျပ်တန်သုံးရွက်ယူပြီးတော့

“ဟာဗျာ၊ ကိုကြီးပြောတော့ ငါးကျပ်ပေးမယ်ဆိုဗျ”

“မင်းကွာ၊ လျာကိုရှည်တယ်၊ မင်းသာ စိုင်းရာဇာရဲ့ဆံပင်မွှေးယူလာခဲ့၊ ဒါဆိုရင် ကျန်တဲ့ငွေထပ်ရမယ်”

ကျုပ်ဈေးကိုင်လိုက်တော့ ဖိုးတွမ်တီးလည်း အောင့်သက်သက်နဲ့ခေါင်းညိတ်လိုက်တယ်ဗျ၊ ကျုပ်လည်း လည်သွားပြီလေဗျာ၊ ဒါနဲ့ ညနေစောင်းတော့ မနှင်းကြည်က အလှပြင်ဖြီးလိမ်းပြီးတော့ အိမ်ပေါ်ကနေဆင်းလာတယ်ဗျ၊ ရိုးရိုးချည်ထည်လေးဝတ်ထားပြီး သနပ်ခါးပါးကွက်ကြားလေးကွက်ထားတဲ့ မနှင်းကြည်ကိုမြင်ရတာ ကျုပ်ရင်တွေအေးသွားတာပဲဗျာ။ မခင်ကြည်ကတော့ မိတ်ကပ်တွေဖွေးနေအောင်လူးပြီး နှုတ်ခမ်းနီရဲရဲကြီးဆိုးထားလေရဲ့၊ မျက်ခုံးမွှေးကိုလည်း ခဲတံနက်နက်ကြီးကို တံတွေးဆွတ်ပြီးဆွဲထားတော့ ကျွဲမျှော့ကြီးနှစ်ကောင်ကပ်နေသလို မည်းမည်းကြီးနဲ့ ကြည့်ရရုပ်သိပ်ဆိုးတာဗျ၊ မခင်ကြည်က သုံးဆင့်ချိုင့်တစ်ချိုင့်ကိုယူပြီးတော့ အိမ်ကနေထွက်လာတယ်။

“အမခင်ကြည်၊ ဆရာစိုင်းဆီသွားမလို့လား”

“အေးကွဲ့၊ သူကငါ့လက်ရာကို ကြိုက်တယ်ဆိုလို့သာ တကူးတကပို့ပေးနေရတာပါ၊ ဘာလဲ နင်ရောလိုက်မလို့လား”

“လိုက်မယ်လေဗျာ၊ အပျင်းပြေပေါ့”

ကျုပ်နဲ့ဖိုးတွမ်တီးလည်း အနောက်ကနေမယောင်မလည်နဲ့လိုက်ခဲ့တယ်ဗျ၊ ဒါနဲ့မကြာခင်မှာပဲ သူကြီးအိမ်ကိုရောက်ပါရောဗျာ၊ သူကြီးအိမ်အောက်ထပ်မှာ စားပွဲဝိုင်းကြီးခင်းထားတယ်ဗျ၊ ဘုန်းကြီးငါးပါးကို ကျွေးတဲ့စားပွဲဝိုင်းဆိုတော့ အတော်ကြီးတာပေါ့ဗျာ၊ အဲဒီစားပွဲဝိုင်းတစ်ဖက်မှာ စိုင်းရာဇာက ထိုင်လို့ဗျ၊ သူ့အရှေ့က စားပွဲကြီးမှာလည်း ဟင်းတွေကိုစုံနေတာပဲဗျာ၊ ရွာသူရွာသားတွေ အကျွေးအမွေးကြမ်းချက်ကတော့ ရွာက ဘုန်းကြီးဝိုင်းတောင် ဒီလောက်ဟင်းစုံမယ်မထင်ဘူးဗျ။

“ဪ၊ နှင်းကြည်ရောက်လာပါလား၊ လာလေထိုင်”

စိုင်းရာဇာက ပြောလိုက်တော့ မနှင်းကြည်က သူ့အနားသွားထိုင်ပြီး လက်ထဲက ချိုင့်ကိုဖွင့်လိုက်တယ်၊ စိုင်းရာဇာက ဟင်းချိုင့်ကိုယူပြီးတော့ နမ်းကြည့်တယ်ဗျ။

“ဒီဟာက နှင်းကြည်ကိုယ်တိုင်ထောင်းထားတဲ့ မန်ကျည်းသီးထောင်းပါ၊ ကိုစိုင်း စားကြည့်ရင် လျာလည်သွားမှာ”

စိုင်းရာဇာကလည်း သွားကြီးဖြီးပြီးတော့

“ကောင်းတာပေါ့ဗျာ၊ ကျုပ်ကတော့ နေ့တိုင်း ဝက်သား၊ ကြက်သား၊ အမဲသားတွေစားရလို့လားတော့မသိဘူး၊ အချဉ်လေး၊ အစပ်လေး တောင့်တမိတယ်ဗျ”

စိုင်းရာဇာက မန်ကျည်းသီးထောင်းကို ပန်းကန်ပြားထဲထည့်ပြီးတော့ ထမင်းနဲ့စားလိုက်တယ်၊ ပြီးတော့ ပါးစပ်ကိုအရသာခံနေပြီး

“အားပါးပါး၊ နှင်းကြည်လက်ရာကောင်းပုံများ ဆွေမျိုးတောင်မေ့ချင်တယ်ဗျာ”

ဒီကောင်တမင်သတ်သတ်ဟန်လုပ်နေပေမယ့် မနှင်းကြည်ကတော့ ကျေနပ်နေတဲ့ပုံနဲ့ ရယ်မောနေတာပဲဗျာ၊ ကျုပ်ဖြင့် ဒီကောင့်ကို လည်ပင်းချည်းညှစ်သတ်ပစ်ချင်တော့တာ၊ မနှင်းကြည်ကို စိုင်းရာဇာက ပြောဆိုရယ်မောနေတာမို့လို့ သူကြီးကတော်နဲ့ အခြားရွာကမိန်းမတွေက မျက်စောင်းတခဲခဲပဲဗျ၊

“ငါချက်လာတဲ့ ကြက်သားလေးလည်း စားစမ်းပါအုံးမောင်လေးရယ်”

မိန်းမ၀၀ကြီးတစ်ယောက်က ကြက်သားခွက်ထဲက ကြက်ပေါင်ကြော်ကိုယူလိုက်ပြီးတော့ စိုင်းရာဇာဆီအတင်းထိုးပေးတယ်၊ စိုင်းရာဇာကလည်း မစားချင်လို့အတင်းရုန်းကန်တယ်ဗျ၊ ဒီအခါ စားပွဲတစ်ဖက်မှာထိုင်နေတဲ့ သူကြီးကတော်ကလည်း

“ဟောဒါက ရှဉ့်ကြော် ဆရာစိုင်းရဲ့၊ စားရခဲတယ် စားကြည့်ပါအုံး”

မိန်းမတွေက အလုအယက်နဲ့သူကျွေးတာစားပါဆိုပြီးဖြစ်ကုန်တော့တာပဲဗျာ၊ ဒါနဲ့ ကျုပ်လည်း ဖိုးတွမ်တီးကိုမျက်ရိပ်ပြလိုက်တော့ ဖိုးတွမ်တီးက ဆော့သလိုလိုနဲ့ စိုင်းရာဇာဆီပြေးဝင်သွားတာပဲဗျာ၊ ပြီးတောနဲ့ စိုင်းရာဇာရဲ့ခေါင်းကို လက်နဲ့ပြေးပြီးဆွဲမလို့လုပ်ပါရော။

“ဟိတ်ကောင်လေး၊ ဘာလုပ်တာလဲ”

စိုင်းရာဇာအော်လိုက်တဲ့အချိန်မှာပဲ ဖိုးတွမ်တီးလက်က လေပေါ်မှာရပ်သွားတယ်ဗျ၊ ဖိုးတွမ်တီးတစ်ကိုယ်လုံးလည်း တုန့်ခနဲရပ်သွားတယ်၊ ရပ်သွားတာကလည်း ဖိုးတွမ်တီးက ရပ်လိုက်တာမျိုးမဟုတ်ဘူးဗျ၊ ဖိုးတွမ်တီးကို တစ်ယောက်ယောက်က တွန်းပြီးတော့ တားထားတဲ့ပုံစံပဲ၊ ဖိုးတွမ်တီးကလည်း ငါးကျပ်ရဖို့အရေးအတွက် အရှေ့ကိုလက်ဆန့်ပြီး စိုင်းရာဇာခေါင်းကိုလှမ်းကိုင်ဖို့လုပ်တယ်၊ ဒီမှာပဲ ဖိုးတွမ်တီးရဲ့လက်က အနောက်ကိုပြန်လန်သွားတာပဲ၊ လက်တော့မကျိုးပေမယ့် ဖိုးတွမ်တီးလက်တော်တော်နာသွားပုံရတယ်။

ကျုပ်လည်းသိလိုက်ပါပြီဗျာ၊ ဒီကောင့်မှာ တစ်ခုခုတော့ရှိတယ်၊ ဦးဘသာလိုမျိုး ဘီလူးတွေဘာတွေ ရှိတာလားမသိဘူးဗျ၊ ဒီအချိန်မှာပဲရုတ်ရုတ်သဲသဲဖြစ်သွားတယ်၊ မခင်ကြည်က သူ့သားကိုထဆွဲတော့ လက်ဆေးရည်ဇလုံကြီးကို ခြေထောက်နဲ့တိုက်မိပြီး စိုင်းရာဇာအပေါ်ကိုလက်ဆေးရည်တွေမှောက်ကျသွားတယ်၊ ဒီအခါ အနားကမိန်းမတွေကလည်း လက်ဆေးရည်ဇလုံကိုဆွဲတဲ့သူကဆွဲ၊ သူကြီးကတော်ကလည်း လက်သုတ်ဝတ်နဲ့စိုင်းရာဇာရဲ့ ပေါင်ကိုထပြီးသုတ်လိုသုတ်နဲ့ ရှုပ်ထွေးသွားတာပေါ့ဗျာ။

ကျုပ်လည်းအချိန်ဆွဲမနေတော့ဘူးလေ၊ ပုဆိုးကိုပြင်ဝတ်ပြီးတော့ စိုင်းရာဇာပေါ်ကို လွှားခနဲခုန်အုပ်လိုက်တယ်ဗျ၊ ကျုပ်ခြေထောက်နဲ့ထမင်းဝိုင်းကြီးခတ်မိပြီး ဟင်းခွက်တွေလည်းအကုန်မှောက်ကုန်တာပေါ့ဗျာ၊ ကျုပ်လည်း မိန်းမတွေကြားထဲပိနေတဲ့ စိုင်းရာဇာရဲ့ခေါင်းကို လက်နဲ့အသေအချာလှမ်းနှိုက်ထည့်လိုက်တာပေါ့ဗျာ၊

ဒါပေမယ့် ထူးခြားတာက စိုင်းရာဇာခေါင်းကိုမကိုင်မိဘဲ စိုင်းရာဇာက ရုတ်ခြည်းပျောက်သွားတာဗျ၊ ကျုပ်စမ်းတော့ မိန်းမကြီးတွေရဲ့ ကိုယ်လုံးတွေပဲစမ်းမိတယ်၊ စိုင်းရာဇာက အိမ်ပေါ်တက်တဲ့လှေကားအနားကို ရောက်သွားတယ်ဗျာ၊ လှေကားနဲ့ ထမင်းဝိုင်းနဲ့က ဆယ်ပေသာသာလောက်တော့ ဝေးမှာဗျာ၊ သူက ဖြတ်ခနဲပျောက်ပြီး ဟိုဘက်မှာ သွားပြန်ပေါ်တဲ့ ပုံစံမျိုးပဲ။

လူတွေက ကျုပ်ကိုဝိုင်းဆွဲပါရောဗျာ၊ ရွာသူကြီးအိမ်က ယောက်ျားသားတွေဆိုရင် ကျုပ်ကိုထိုးမယ်ကြိတ်မယ် လုပ်ကြတာပေါ့၊ ကျုပ်လည်း ကြံရာမရတော့တာနဲ့ လက်နှစ်ဖက်ကိုမိုးပေါ်ကိုထောင်ပြီးတော့ ကိုယ်လုံးကိုတဆတ်ဆတ်တုန်ပြီး အပမှီသလိုလို၊ သရဲပူးသလိုလိုလုပ်ရတာပဲဗျာ။

“ဟဲ့ အလတ်ကောင်ဘာဖြစ်တာလည်း”

“သူ့ကြည့်ရတာ ပုံမှန်မဟုတ်ဘူး၊ သရဲပူးတာထင်တယ်”

ကျုပ်လည်း သူတို့အပြောအရ သရဲပူးပြနေရတာပေါ့ဗျာ၊ ရွာသားတွေက ကျုပ်ကိုချုပ်ပြီးတော့

“သရဲပူးတယ်ဆိုရင် ဆရာဦးအောင်ရှိန်ဆီ ခေါ်သွားကြမယ်ဟေ့”

ကျုပ်လည်း အခုမှပဲသက်ပြင်းချနိုင်တော့တယ်၊ ဦးအောင်ရှိန်အိမ်ကိုရောက်ရင် ကျုပ်က သရဲသူ့ဘာသာထွက်သွားတယ်ဆိုပြီးတော့ သရုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတာပေါ့ဗျာ။ ဒီအချိန်လှေကားရင်းနားမှာရပ်နေတဲ့ စိုင်းရာဇာက ကျုပ်ကိုလက်ညှိုးထိုးပြီး

“အဲဒီသရဲကို ဖမ်းချုပ်ပြီးအပေါ်ခေါ်လာခဲ့၊ ကျုပ်ဒီသရဲကိုထုတ်ပေးမယ်”

ရွာသားတွေကလည်း အံ့ဩသွားတာပေါ့။

“ဆရာစိုင်းက အပနှင်တတ်လို့လား၊ ကျွန်မတို့က ဆရာဦးအောင်ရှိန်ဆီကိုခေါ်သွားကြမလို့”

“ဟား၊ ဟား သရဲလောက်ကတော့ ကျုပ်ကအပျော့ပါ၊ လာကျုပ်ထုတ်ပေးမယ်၊ ခေါ်လာခဲ့ကြ”

ဒါနဲ့ပဲ ကျုပ်ကိုအိမ်အပေါ်ထပ်ကိုဆွဲတင်ကြတာပေါ့၊ ကျုပ်လည်း ရုန်းပါသေးတယ်၊ ဒါပေမယ့် လေးယောက်တစ်ယောက်အားမို့ မရုန်းနိုင်ဘဲ အိမ်ပေါ်ပါလာတာပေါ့ဗျာ၊ စိုင်းရာဇာက ဘုရားကျောင်းဆောင်ရှေ့မှာ ကျုပ်ကိုထိုင်ခိုင်းတယ်ဗျ၊ နောက်ပြီးတော့ ကျုပ်ကိုလက်ညှိုးထိုးပြီး

“ဟဲ့ ငါလိုဆရာကို ဘယ်က ကလေက၀သရဲက ရန်ပြုချင်တာလဲ”

စိုင်းရာဇာက ပြောပြီးတော့ အခန်းထောင့်နားမှာထောင်ထားတဲ့ တံမြက်စည်းကြီးပြေးဆွဲတယ်ဗျ၊ တံမြက်စည်းအရိုးက လက်မလုံးလောက်ရှိတဲ့ ကြိမ်လုံးကြီးတပ်ထားတာဗျ၊ ကျုပ်လည်းကြောက်တာပေါ့ဗျာ၊ ဒါနဲ့လက်အုပ်ချီပြီး

“ငါမှားပါတယ်၊ ငါ . . . ငါထွက်သွားပါ့မယ်”

“အောင်မာ၊ သူများကိုပူးကပ်ချင်တိုင်းပူးကပ်ပြီး ထွက်ချင်တိုင်းထွက်လို့ရမလားကွ၊ ဟေ့ သူ့ကိုချုပ်ထားလိုက်စမ်း၊ ဒီသရဲကို မှတ်လောက်သားလောက်အောင် ရိုက်နှက်လွှတ်ရမယ်ဟေ့”

ကျုပ်လက်နှစ်ဖက်ကို ကာလသားနှစ်ယောက်က ချုပ်တယ်ဗျ။ ကျုပ်လည်းအတင်းထပြေးဖို့လုပ်ရင်း ပုဆိုးစနင်းမိပြီး ဖင်ကုန်းပြီးလဲတာပေါ့ဗျာ၊ ဒါကိုတောင်မှ ရွာသားတွေက ဆရာစိုင်းတန်ခိုးနဲ့ သရဲကိုဖင်ပူးတောင်းထောင်ခိုင်းတယ်လို့ထင်ကြတာ၊ စိုင်းရာဇာဆိုတဲ့ကောင်ကလည်း ဘာပြောကောင်းမလဲဗျာ၊ သူ့ရှေ့မှောက်လျက်လဲတဲ့ကျုပ်ကို ကြိမ်လုံးကြီးနဲ့လွှဲလွှဲဆော်တော့တာပေါ့။

“အောင်မယ်လေး၊ ကြောက်ပါပြီဗျ”

ကျုပ်ရဲ့အော်သံက တစ်ရွာလုံးကိုလွှမ်းသွားတာပေါ့ဗျာ။

“ဟား၊ ဟား၊ ဟား”

ကျုပ်အကြောင်းတွေသိတော့ ဦးဘသာကရယ်တယ်ဗျ၊ နောက်ပြီးတော့ ကျုပ်ကိုဖင်ပူးတောင်းထောင်ခိုင်းပြီး ကျုပ်တင်ပါးက အရှိုးရာတွေကို ဆီလူးပေးတယ်ဗျ၊ စိုင်းရာဇာလက်ချက်နဲ့ ကျုပ်တင်ပါးမှာ ကြိမ်လုံးရာတွေဖြစ်ပြီး ကောင်းကောင်းတောင် ထိုင်လို့မရဘူးဗျာ။ ဒါနဲ့ပဲ တဲထဲမှာ မှောက်နေရတာပေါ့၊ ညမှောင်တော့ ရင်မောင်ရောက်လာတယ်ဗျ။

“မင်းအဖြစ်ကို ငါသိပြီးပါပြီ အလတ်ကောင်ရာ၊ ပြစမ်းမင်းဒဏ်ရာတွေ”

ရင်မောင်က ကျုပ်ဖင်ကိုချွတ်ပြီးကြည့်တာပဲဗျာ၊ ပြီးတော့ တောက်ခေါက်ပြီး

“ဒါမင်းကို တမင်သက်သက်လုပ်လိုက်တာပဲကွ”

“ဒါပေါ့ဗျာ၊ ဒီကောင် ကျုပ်ကိုတမင်ပညာပြလိုက်တာဗျ၊ ဒါကျုပ်ကို တရားဝင်စစ်ကြေငြာလိုက်တာပဲ”

“အေးပေါ့ကွာ၊ ခင်မောင်ကို စစ်ကြေငြာတယ်ဆိုရင် ဟောဒီက ရင်မောင်ကိုလည်း စစ်ကြေငြာတာနဲ့အတူတူပဲ၊ ဒါနဲ့ ငါတို့ဘာဆက်လုပ်မလဲ”

“ကိုရင်မောင် ခင်ဗျားအသာကြည့်နေစမ်းပါ၊ ဒီကောင့်ရဲ့ လုပ်ဇာတ်တွေကို ကျုပ်မဖော်ရမခြင်း ကျုပ်လုံး၀မကျေဘူးဗျာ”

“အေး၊ ဒီကောင်က ငါတို့ကိုကြမ်းပြီဆိုတော့ ငါတို့ကလည်း ပြန်ပြီးနုနေလို့မဖြစ်တော့ဘူး အလတ်ကောင်ရ”

ကျုပ်နဲ့ရင်မောင်နဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့် ပြီးအံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်ဖြစ်နေတာကို ဦးဘသာကကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်တာပေါ့ဗျာ၊ ဒီအရေးက မလွယ်တဲ့အရေးမို့ ရှည်တော့ ရှည်အုံးမှာဗျ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #horror

Zawgyi Version

”စုန္းထီးႀကီးဦးဘသာႏွင့္ ေဝဒဝိဇၨာ စိုင္းရာဇာ”(စ/ဆုံး)
——————————————————————————

(၁)

က်ဳပ္တို႔ေရာက္ေနတာၾကာၿပီဆိုေတာ့ ပ်င္းလာၿပီေပါ့ဗ်ာ၊ ဦးေအာင္ရွိန္ပို႔ေပးလို႔ ဂန႔္ေဂါတစ္ဝိုက္လည္း စုံသေလာက္ရွိေနၿပီမဟုတ္လား၊ မၾကာခင္ မိုးဦးက်ေတာ့မယ္ဆိုေတာ့ ျပန္ဖို႔အခ်ိန္နီးလာၿပီေပါ့ဗ်ာ။

“ကိုႀကီး၊ ငါးသြားမွ်ားရေအာင္ဗ်ာ”

ဖိုးတြမ္တီးေခၚတာနဲ႔ က်ဳပ္လည္းပ်င္းပ်င္းနဲ႔ သူ႔အေနာက္လိုက္ခဲ့တယ္၊ မိသက္လည္းပါတာေပါ့၊ က်ဳပ္တို႔သုံးေယာက္သား ျမစ္ကမ္းေဘးကိုထြက္လာခဲ့တာေပါ့ဗ်ာ၊ ဖိုးတြမ္တီးက အေရွ႕ဆုံးကေနသြားတယ္ဗ်၊ ျမစ္ကမ္းနားတစ္ေလွ်ာက္လမ္းေလွ်ာက္လာရင္း ျမစ္ေကြ႕တစ္ေနရာေရာက္ေတာ့ ဖိုးတြမ္တီးကရပ္လိုက္တယ္။

“ဒီေနရာမွာ ငါးေပါတယ္အကိုႀကီးရ ဒီမွာမွ်ားစို႔”

က်ဳပ္တို႔ထိုင္တဲ့အနားမွာ ေညာင္ပင္ငုတ္တိုႀကီးတစ္ခုလည္းရွိတယ္ဗ်၊ အဲဒါနဲ႔ က်ဳပ္တို႔သုံးေယာက္သား ငါးမွ်ားၾကတာေပါ့ဗ်ာ၊ က်ဳပ္တို႔ေက်ာဘက္မွာေတာ့ တာလမ္းမႀကီးရွိတာေပါ့။ ငါးစာကေတာ့ ပိုးေကာင္ေတြဖမ္းၿပီးတပ္တယ္၊ ပုစဥ္းတို႔၊ ေပါက္ဖတ္ေတြဆိုရင္ ငါးကသိပ္ႀကိဳက္တာေပါ့၊ ျမစ္ကမ္းေဘးဆင္းၿပီးေတာ့ ေက်ာက္တုံးေတြလွန္လိုက္ရင္လည္း တီေကာင္ေတြရွိေသးတယ္။

က်ဳပ္တို႔ငါးမွ်ားရင္း အခ်ိန္တစ္နာရီေလာက္သာၾကာသြားတယ္၊ ငါးတစ္ေကာင္မွကိုမရဘူးဗ်၊ အဲဒီေနရာက အရိပ္လည္းက်ေနတယ္၊ ေရစပ္မွာလည္း ျမက္ေတာခ်ဳံေတာေလးေတြရွိတယ္ဆိုေတာ့ ငါးကေတာ့ခိုေနမွာဗ်၊ ဒါေပမယ့္ ထူးဆန္းတာက တစ္ေကာင္မွမဟပ္ဘူး။ မၾကာပါဘူးဗ်ာ၊ လူတစ္ေယာက္ငါးမွ်ားတံကိုင္ၿပီး ေရာက္လာပါေရာ။

“ဟာ၊ ကိုေအးပါလား၊ ဒီေန႔ယာခင္းမဆင္းဘူးလား”

“ေအာင္မယ္၊ မင္းတို႔က ဒီမွာလာၿပီးေတာ့ သာယာေနတယ္ေပါ့”

ကိုေအးက က်ဳပ္တို႔ေဘးနားမွာလာထိုင္တယ္ဗ်။

“ေတာင္ဘက္ခင္းကိုဆင္းတာကြ၊ လုပ္စရာသိပ္မရွိတာနဲ႔ ငါးမွ်ားရေအာင္ထြက္ခဲ့တာ၊ မွန္းစမ္း မင္းတို႔ဘယ္ႏွေကာင္ရၿပီလဲ”

“တစ္ေကာင္မွကို မရေသးတာဗ်”

ကိုေအးက က်ဳပ္တို႔ကိုအထင္ေသးတဲ့အၾကည့္နဲ႔ၾကည့္တယ္။

“ဒီေနရာေလာက္ ငါးေပါတာ၊ ဒီေနရာပဲရွိတာကိုကြာ၊ မင္းတို႔ ငါမွ်ားတာကို ေသခ်ာၾကည့္ထားေနာ္၊ ငါက ငါးမွ်ားခ်ိတ္တစ္ခ်က္လႊတ္ရင္ ငါးတစ္ေကာင္ပဲကြ၊ ဟား၊ ဟား”

ကိုေအးက ငါးမွ်ားတံကို လႊဲၿပီးေတာ့ ငါးမွ်ားခ်ိတ္ကိုေရထဲလွမ္းပစ္ထည့္လိုက္တယ္ဗ်၊ ဒီလိုနဲ႔က်ဳပ္တို႔စကားစျမည္ေျပာေနၾကရင္း နာရီဝက္ေလာက္သာၾကာတယ္၊ ငါးက မမိဘူးဗ်၊ က်ဳပ္လည္း ကိုေအးကိုၾကည့္ၿပီး

“ကိုေအး၊ ခင္ဗ်ားေျပာေတာ့ တစ္ခ်က္လႊတ္ရင္ တစ္ေကာင္ဆိုဗ်၊ အခု တစ္ေကာင္မွမရေသးပါလား”

ကိုေအးလည္းေခါင္းကုပ္လိုက္ၿပီးေတာ့

“ေအးကြ၊ ဘယ္လိုျဖစ္တာလည္းမသိဘူး”

ဒါနဲ႔ငါးမွ်ားခ်ိတ္ကိုျပန္ဆြဲတင္ေတာ့ အစာကလည္း ဒီအတိုင္းႀကီးရွိေသးတာ၊ ကိုေအးလည္း စိတ္မရွည္ေတာ့ဘူးထင္ပါတယ္။

“အစာနည္းလို႔ျဖစ္မွာကြ၊ ဒီတစ္ခါ အစာမ်ားမ်ားတပ္မယ္ကြာ”

ကိုေအးက တီေကာင္ေတြမ်ားမ်ားတပ္လိုက္ၿပီး ငါးမွ်ားခ်ိတ္ျပန္လႊတ္တယ္၊ က်ဳပ္တို႔လည္း က်ဳပ္တို႔ခ်ိတ္ေတြကို အစာတပ္ၿပီး ျပန္လႊတ္တာေပါ့ဗ်ာ၊ ဒါေပမယ့္ ဘယ္လိုပဲလႊတ္လႊတ္ နာရီဝက္ေလာက္သာၾကာသြားတယ္၊ ငါးက ခ်ိတ္ကိုလုံး၀မဟပ္ဘူးဗ်၊ ငါးက ေရထဲမွာေတာ့ ပြက္ပြက္ေနတာပဲ၊ က်ဳပ္တို႔ငါးမွ်ားခ်ိတ္ကို မဟပ္ဘူးျဖစ္ေနတာ။

ေနာက္ဆုံးေတာ့ ကိုေအးလည္း လက္ေလ်ာ့လိုက္ရတယ္၊

“ဒီေန႔ေတာ့ ကံမေကာင္းပါဘူးကြာ”

ကိုေအးလည္း ေခါင္းကိုတျဗင္းျဗင္းကုပ္ေတာ့တာပါပဲ။

(၂)

“ေဟ့လူေတြ ခင္ဗ်ားတို႔ဘာလုပ္ေနၾကတာလဲ”

ဒီအခ်ိန္က်ဳပ္တို႔အနားကို လူတစ္ေယာက္ေရာက္လာတယ္ဗ်၊ အဲဒီလူကို က်ဳပ္တို႔ျမင္ေတာ့မျမင္ဖူးဘူးဗ်၊ အသက္ကေတာ့ သုံးဆယ္နီးပါးရွိၿပီထင္တာပဲ၊ လူကေတာ့ အသားျဖဴျဖဴ၊ ေမး႐ိုးကားကားနဲ႔ ႏႈတ္ခမ္းေမႊးစစနဲ႔ဗ်ိဳ႕၊ သူက က်ဳပ္တို႔အနားလာၿပီးေတာ့ ေညာင္ျမစ္ေပၚမွာလာထိုင္တယ္။

“ခင္ဗ်ားမျမင္ဘူးလားဗ်၊ က်ဳပ္တို႔ငါးမွ်ားေနတာ”

“ဟုတ္လား၊ ငါးဘယ္ႏွေကာင္ရၿပီလဲ”

“ဟာ၊ ဒီလူကေတာ့ စစ္လားေဆးလားနဲ႔၊ ငါးတစ္ေကာင္မွမရလို႔ စိတ္ညစ္ေနရတဲ့အထဲ”

ကိုေအးက ဘုေျပာေျပာလိုက္ေတာ့ အဲဒီလူကၿပဳံးတယ္ဗ်၊ ေနာက္ၿပီးေတာ့ ေရထဲကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့

“ငါးေတြေတာ့ရွိသားဗ်၊ တစ္ခ်က္တစ္ခ်က္ ငါးပြက္လိုက္တာ ငါးအေကာင္ႀကီးေတြေနမွာ”

“အဲဒါဘာျဖစ္လဲ”

“က်ဳပ္လည္း ခင္ဗ်ားတို႔နဲ႔အတူတူ ငါးမွ်ားမယ္ဗ်ာ”

“မွ်ားခ်င္မွ်ားေပါ့ဗ်ာ၊ ဒါနဲ႔ ခင္ဗ်ားမွာ ငါးမွ်ားတံတို႔၊ ခ်ိတ္တို႔လည္းမပါပါ့လား၊ က်ဳပ္ငါးမွ်ားတံကိုေတာ့ မငွားဘူးေနာ္”

ကိုေအးက အဲဒီလူကို ေျပာဆိုေနတာဗ်၊ အဲဒီလူကေတာ့ ၿပဳံးၿပဳံးပဲ

“ရပါတယ္ဗ်ာ၊ က်ဳပ္က ခင္ဗ်ားတို႔လို ငါးမွ်ားတံမလိုပါဘူး၊ ေဟာဒီတုတ္ေခ်ာင္းနဲ႔မွ်ားမွာဗ်”

အဲဒီလူက ေျပာဆိုရင္း အနားမွက်ေနတဲ့သစ္ကိုင္းေျခာက္ႏွစ္ခုကို ေကာက္လိုက္တယ္၊ က်ဳပ္တို႔လည္း ဒီလူကိုၾကည့္ၿပီး ထူးဆန္းေနတာေပါ့ဗ်ာ၊ အဲဒီလူက ကမ္းနားကိုေလွ်ာက္သြားၿပီးေတာ့ သစ္ကိုင္းအခ်င္းခ်င္း ထိ႐ိုက္ေနတယ္၊ စည္းခ်က္တစ္ခုလိုက္ၿပီး ထု႐ိုက္ေနတဲ့ပုံစံပဲဗ်။ ၿပီးေတာ့လည္း ပါးစပ္က မပီမသနဲ႔သီခ်င္းဆိုတယ္။ ကိုေအးက အဲဒီလူလုပ္ေနတာကိုၾကည့္ၿပီး က်ဳပ္အနားကိုကပ္လာၿပီးေတာ့

“ဒီလူ႔ပုံစံၾကည့္ရတာ အ႐ူးျဖစ္မယ္ကြ”

က်ဳပ္လည္းေခါင္းညိတ္ၿပီး

“ဟုတ္မယ္ဗ်၊ ငါးဖမ္းမယ္လည္းေျပာေသးတယ္၊ ေရစပ္နားဆင္းၿပီးေတာ့ တုတ္ႏွစ္ေခ်ာင္းတီးၿပီး သီခ်င္းဆိုေနတာမဟုတ္လား”

က်ဳပ္တို႔ၾကည့္ေနတုန္းမွာပဲ အဲဒီလူရဲ႕အေရွ႕ ေရျပင္မွာ ငါးေတြပြက္လာတယ္ဗ်ာ၊ ေနာက္ေတာ့ ငါးေတြက ပြက္႐ုံတင္မဟုတ္ဘဲ ေရမ်က္ႏွာျပင္ေပၚကို တက္လာလိုက္၊ ျပန္ငုတ္သြားလိုက္နဲ႔ လုပ္ေနေတာ့တာ။

“ေဖႀကီး ဟိုမွာၾကည့္စမ္း၊ ငါးေတြအႀကီးႀကီးေတြပဲ”

ဖိုးတြမ္တီးက ေျပးဆင္းသြားတာနဲ႔ က်ဳပ္တို႔လည္း ေရစပ္ကိုလိုက္ဆင္းခဲ့တာေပါ့ဗ်ာ၊ အဲဒီလူရဲ႕ေဘးနားမွာရပ္ၿပီး ေရေပၚကိုတက္တက္လာတဲ့ ငါးႀကီးေတြကိုၾကည့္မိတယ္၊ ငါးႀကီးေတြက ငါးၾကင္းႀကီးေတြျဖစ္မယ္ဗ်၊ တစ္ေကာင္တစ္ေကာင္ကို လူႀကီးလက္တစ္ေတာင္ေလာက္ရွိတာ၊ တခ်ိဳ႕ဆို ဒါထက္ပိုႀကီးေသးတယ္။

က်ဳပ္တို႔လည္းအံ့ဩေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ငါးေတြက ေရမ်က္ႏွာျပင္ေပၚမွာ လူးလြန႔္ေနတာဗ်၊ ခုန္ေပါက္ေနတာဆိုေတာ့ ေရေတြလည္း တဗြမ္းဗြမ္းနဲ႔ေပါ့ဗ်ာ၊ ငါးေတြၾကည့္ရတာ ဟိုလူဆိုေနတဲ့သီခ်င္းကိုၾကားၿပီးေတာ့ ကခုန္ေနတဲ့ပုံပဲ၊ က်ဳပ္တို႔လည္း ဒီေတာ့မွ အဲဒီလူကို အံ့ဩသြားမိတာ။ ငါးေတြကလည္းထူးဆန္းတယ္ဗ်ာ၊ က်ဳပ္တို႔ တီေထြးႀကီးနဲ႔ အစာေတြမ်ားမ်ားတပ္ၿပီး မွ်ဳားေခၚတာေတာင္မွ မေပၚလာဘဲနဲ႔၊ အခု ဒီလူသစ္ကိုင္းႏွစ္ခုတီးေတာ့မွ တဗြမ္းဗြမ္းနဲ႔ေပၚလာၾကတာမဟုတ္လား။

“ကဲ ခင္ဗ်ားတို႔စားဖို႔ က်ဳပ္ဖမ္းေပးမယ္ဗ်ာ”

အဲဒီလူက ေျပာဆိုၿပီး ေရထဲခုန္ေပါက္ေနတဲ့ငါးေတြကို လက္ညႇိဳးထိုးလိုက္တယ္။

“ကဲ တစ္ေကာင္လာစမ္း”

သူအဲဒီလိုေျပာလိုက္တာနဲ႔ ငါးၾကင္းႀကီးတစ္ေကာင္က ေရထဲကေန အားနဲ႔ခုန္တက္ၿပီးေတာ့ ကမ္းေပၚကိုက်လာတယ္ဗ်၊ ေျမေပၚမွာလူးလြန႔္ၿပီး တဖ်ပ္ဖ်ပ္ခုန္ေနတာေပါ့၊ ငါးၾကင္းႀကီးက ေတာ္ေတာ္ႀကီးတဲ့အေကာင္ႀကီးဗ်။

“ဒီေကာင္က ခင္ဗ်ားကိုေပးတာ ခင္ဗ်ားဖမ္းလိုက္ေလ”

ဒီေတာ့မွ ကိုေအးလည္း အဲဒီငါးၾကင္းကိုေျပးေကာက္ၿပီးဖမ္းရတာေပါ့၊ ကုန္းေပၚေရာက္ေနတဲ့ငါးကို ဖမ္းရတာလြယ္လြယ္ေလးပါဗ်ာ၊ ေနာက္ေတာ့ အဲဒီလူက က်ဳပ္ကိုၾကည့္တယ္။

“ခင္ဗ်ားအတြက္လဲ တစ္ေကာင္ေပးမယ္၊ ကဲ ေနာက္တစ္ေကာင္လာစမ္းေဟ့”

အဲဒီလိုေျပာလိုက္တာနဲ႔ ေရထဲကေန ငါးၾကင္းတစ္ေကာင္က ခုန္ပ်ံၿပီး ကမ္းစပ္ေပၚတက္လာျပန္ပါေရာဗ်ာ၊ က်ဳပ္လည္း ငါးၾကင္းကိုေျပးေကာက္ၿပီးဖမ္းရတာေပါ့၊ ငါးၾကင္းျဖဴႀကီးက တစ္ေတာင္ေက်ာ္တယ္ဗ်၊ ဖိုးတြမ္တီးနဲ႔ မိသက္တို႔ကေတာ့ အဲဒီလူကို လက္ခုပ္လက္ဝါးတီးၿပီး အားေပးေနတာေပါ့။

“မင္းတို႔ႏွစ္ေယာက္အတြက္လည္း တစ္ေယာက္တစ္ေကာင္ေပးမယ္”

အဲဒီလိုေျပာၿပီးေတာ့ ေရထဲကိုလက္ညႇိဳးထိုးၿပီး

“အေနေတာ္ႏွစ္ေကာင္ တက္ခဲ့စမ္းကြာ”

ငါးႏွစ္ေကာင္က တစ္ၿပိဳင္တည္းခုန္ၿပီး ကမ္းေပၚတက္လာတယ္၊ တစ္ေပေလာက္ရွိမယ့္အေကာင္ေတြေပါ့ဗ်ာ၊ ဖိုးတြမ္တီးနဲ႔ မိသက္လည္း လိုက္ဖမ္းၾကတာေပါ့၊ ဒါနဲ႔ပဲ က်ဳပ္တို႔ေလးေယာက္ တစ္ေယာက္ကို ငါးတစ္ေကာင္စီရသြားတယ္။ အဲဒီလူလည္း ငါးေတြကိုၾကည့္ၿပီးေတာ့

“ကဲ၊ ငါးေတြ မင္းတို႔သြားလို႔ရၿပီ”

အဲဒီလိုေျပာၿပီးေတာ့ သူ႔လက္ထဲက တုတ္ႏွစ္ေခ်ာင္းကို ေရထဲပစ္ခ်လိုက္ေတာ့ ငါးႀကီးေတြအကုန္လုံး ေရေအာက္ကိုဆင္းၿပီး ေပ်ာက္သြားတာပဲဗ်ာ၊

“ကဲ ခင္ဗ်ားတို႔ ဒီေလာက္ဆို ဟင္းစားရေလာက္ေရာေပါ့၊ က်ဳပ္သြားၿပီ”

အဲဒီလူက လွည့္ထြက္သြားဖို႔အလုပ္မွာ ကိုေအးက အဲဒီလူရဲ႕လက္ကိုေျပးဆြဲတယ္။

“ငါ့ညီ၊ ငါ့ညီက လူသာငယ္ေပမယ့္ ပညာမေသးဘူးပဲ”

“ထားလိုက္ပါဗ်ာ၊ ဒီပညာက မေျပာပေလာက္ပါဘူး”

“ငါ့ညီဘယ္ကိုသြားမလို႔လဲ”

“အခုပဲက်င့္စဥ္တစ္ခုၿပီးလို႔ ေတာထဲကထြက္ခဲ့တာ၊ ဘယ္သြားမလဲဆိုေတာ့ ေျခဦးတည့္ရာေပါ့ဗ်ာ”

“ဒါဆိုရင္ ငါ့ညီကိုအကို ထမင္းဖိတ္ေကြၽးပါရေစ၊ အကို႔အိမ္လိုက္ခဲ့ပါ”

အဲဒီလူက တစ္ခ်က္စဥ္းစားေနတယ္ဗ်၊ ေနာက္ေတာ့ ေခါင္းညိတ္လိုက္တယ္၊ ဒါနဲ႔ပဲ ကိုေအးက အဲဒီလူကို သူ႔အိမ္ကိုေခၚသြားတာေပါ့ဗ်ာ။ က်ဳပ္လည္းကိုေအးအနားကိုကပ္သြားလိုက္ၿပီး

“ကိုေအးကလည္း လုပ္ျပန္ၿပီဗ်ာ၊ စုန္းလား၊ ကေဝလားမသိဘဲ အိမ္ေခၚသြားမလို႔လား”

“ဘာျဖစ္လဲကြာ၊ သူက ငါတို႔ကိုငါးရေအာင္လုပ္ေပးထားတာပဲ၊ သူ႔ကိုေက်းဇူးျပန္ဆပ္တဲ့သေဘာပါကြ၊ မင္းကလည္း”

က်ဳပ္ကေတာ့ ကိုေအးအေနာက္ကသာလိုက္ခဲ့ရတယ္ မ်က္ခုံးခပ္လႈပ္လႈပ္ပဲဗ်ိဳ႕။

(၃)

“မိန္းမေရ၊ ဧည့္သည္ပါလာတယ္ေဟ့”

ကိုေအးက ဦးေအာင္ရွိန္အိမ္ထဲကို တန္းဝင္သြားတာဗ်၊ က်ဳပ္တို႔လည္း အေနာက္ကေနၿပီး လိုက္ခဲ့တာေပါ့၊ ထမင္းစားမလို႔လုပ္ေနတဲ့ ဦးေအာင္ရွိန္နဲ႔ ဦးဘသာက အဲဒီလူကိုေသေသခ်ာခ်ာၾကည့္တယ္။

“ဟဲ့ေမာင္ေအး၊ မင္းေခၚလာတာ ဘယ္သူတုန္းကြ”

“သူက အရမ္းစြမ္းတယ္အေဖရ”

ကိုေအးက သူ႔အေတြ႕အႀကဳံေတြကို ေျပာျပလိုက္တယ္၊ အဲဒီလူက ဦးေအာင္ရွိန္အနားကိုလာထိုင္တယ္ဗ်၊ က်ဳပ္ကလည္း ဦးဘသာကို မ်က္ရိပ္ျပလိုက္တယ္ဆိုရင္ပဲ ဦးဘသာကလည္း အဲဒီလူကို ေသေသခ်ာခ်ာအကဲခတ္ေနတယ္။ ဦးေအာင္ရွိန္က

“ငါ့တူက ဘယ္သူလဲကြဲ႕”

“က်ဳပ္နာမည္ စိုင္းရာဇာပါ၊ ရွမ္းတစ္ေယာက္ပါ၊ ဒါေပမယ့္ ရွမ္းျပည္ကေတာ့မဟုတ္ပါဘူး”

“ငါသိၿပီ၊ မင္းက အထက္ဘက္ကလာတဲ့ ရွမ္းေပါ့”

ဦးေအာင္ရွိန္ေျပာေတာ့ စိုင္းရာဇာက ေခါင္းညိတ္တယ္။ စစ္ကိုင္းတိုင္းအထက္ဘက္မွာလည္း ရွမ္းေတြရွိသဗ်။ ခႏၲီးရွမ္းလို႔ ေခၚၾကတာေပါ့။

“ဒါနဲ႔ငါ့တူက ဘယ္လိုပညာ၊ ဘယ္လိုဂိုဏ္းကို လိုက္စားတာလဲ”

စိုင္းရာဇာမ်က္ႏွာတစ္ခ်က္ပ်က္သြားတယ္ဗ်။ ဦးေအာင္ရွိန္ကလည္း ရိပ္မိလိုက္တာနဲ႔

“မဟုတ္ပါဘူးငါ့တူရာ၊ ငါ့တူအေၾကာင္းနည္းနည္းပါးပါးသိခ်င္လို႔ ေမးၾကည့္တာပါ”

“ဟုတ္ကဲ့၊ ကြၽန္ေတာ္ကေတာ့ ေဝဒဘက္ကို ပိုကြၽမ္းက်င္ပါတယ္၊ ဓါတ္ပိုင္းကို လိုက္ပါတယ္၊ အခုလည္း ေတာင္ေပၚကေန က်င့္စဥ္တစ္ခုေအာင္ျမင္ၿပီး ဆင္းလာရင္း ဒီကအကိုတို႔ငါးဖမ္းေနတာကိုေတြ႕တာနဲ႔ ငါးရေအာင္လုပ္ေပးခဲ့တာပါ”

“ဒါဆိုရင္ ငါ့တူဘယ္လိုပညာနဲ႔ ဒီငါးကိုဖမ္းလိုက္တယ္ဆိုတာ ေျပာျပပါလားကြာ”

စိုင္းရာဇာက ၿပဳံးလိုက္ၿပီး

“ဒီအတတ္က ကြၽန္ေတာ္တတ္ထားတဲ့ ပညာရပ္ပိုင္းမွာ အကင္းေလာက္ပဲရွိပါေသးတယ္ဦးေလး၊ သစ္ကိုင္းႏွစ္ကိုင္းကို ဓါတ္ဆင္ၿပီးေတာ့ ငါးေတြျမဴးလာေအာင္ ဓါတ္႐ိုက္တာပါ၊ ၿပီးေတာ့ ငါးေတြတက္လာေအာင္ကလည္း ဓါတ္သေဘာနဲ႔ အမိန႔္ေပးၿပီးေတာ့ ေခၚတင္လိုက္တာပါ၊ အေသးစိတ္ေျပာရင္ ဦးေလးတို႔နားမလည္မွာစိုးလို႔ပါ”

“ေအးကြာ၊ ရပါတယ္၊ ကဲ . . . ဧည့္သည္ဆိုေတာ့ ဧည့္ခံရမွာေပါ့၊ တို႔နဲ႔အတူတူ ထမင္းစားသြားပါအုံးကြာ”

“မစားေတာ့ပါဘူး၊ ဦးေလးတို႔နဲ႔ အတူတူမစားဝံ့ပါဘူးဗ်ာ”

စိုင္းရာဇာက ထြက္သြားမလိုလုပ္ေတာ့ ကိုေအးက သူ႔အိမ္ကိုေခၚသြားတာပဲဗ်၊ က်ဳပ္လည္း လက္ထဲက ငါးကိုကြပ္ပ်စ္ေပၚခ်လိုက္ၿပီးေတာ့ ဦးဘသာတို႔အနားကိုကပ္လိုက္တယ္။

“ဦးဘသာ၊ သူေျပာတာဟုတ္ရဲ႕လား”

“ငါအကဲခတ္ပုံအရေတာ့၊ စုန္းတို႔၊ ကေဝတို႔မဟုတ္ပါဘူးကြ၊ ေအာင္ရွိန္၊ မင္းေရာဘယ္လိုျမင္သလဲ”

ဦးေအာင္ရွိန္လည္းေခါင္းညိတ္လိုက္ၿပီး

“ေလာကမွာ ငါတို႔မသိေသးတဲ့ပညာေတြဆိုတာ အမ်ားႀကီးရွိတယ္မဟုတ္လား၊ ဒီလူငယ္က ႐ိုးပုံရပါတယ္၊ သူေျပာတာျဖစ္ႏိုင္တယ္ကြ”

ဦးဘသာတို႔ ႐ိုးတယ္ဆိုေတာ့မွ က်ဳပ္လည္းစိတ္ခ်ႏိုင္တာေပါ့ဗ်ာ။ စိုင္းရာဇာက ဦးဘသာတို႔နဲ႔ မစားခ်င္ဘူးဆိုတာနဲ႔ မခင္ၾကည္က ထမင္းတစ္ဝိုင္းစီစဥ္ၿပီး ကိုေအးတို႔အိမ္ကိုပို႔ေပးရတာေပါ့ဗ်ာ၊ က်ဳပ္လည္းထမင္းစားေနတာေပါ့၊ ဒါေပမယ့္ ထမင္းသြားပို႔တဲ့ မခင္ၾကည္က က်ဳပ္တို႔ထမင္းစားၿပီးတာေတာင္ ျပန္မလာဘူးဗ်၊ က်ဳပ္လည္း မခင္ၾကည္ကိုယ္စား ထမင္းပန္းကန္ေတြသိမ္းေပးရတာေပါ့ဗ်ာ၊ ဒီလိုနဲ႔ တစ္နာရီေလာက္ၾကာတဲ့အထိ မခင္ၾကည္ျပန္မလာဘူးဗ်၊ ဦးေအာင္ရွိန္က မ်က္ေမွာင္ၾကဳတ္ေနတယ္၊ ဒါနဲ႔ ဖိုးတြမ္တီးကိုလႊတ္လိုက္တယ္၊ ဖိုးတြမ္တီးလည္း ျပန္မလာျပန္ဘူး၊ ေနာက္ဆုံးေတာ့ က်ဳပ္ကိုၾကည့္တယ္ဗ်၊ ဦးဘသာက က်ဳပ္ပုခုံးကိုပုတ္ၿပီး

“ေမာင္ေအးတို႔၊ ခင္ၾကည္တို႔ အိမ္ထဲဘာလုပ္ေနသလဲဆိုတာ မင္းသြားၿပီးေတာ့ စနည္းနာၾကည့္ကြာ”

က်ဳပ္လည္း ဦးဘသာခိုင္းတာနဲ႔ ကိုေအးတို႔အိမ္ကိုထြက္ခဲ့တယ္၊ ကိုေအးတို႔အိမ္ေပၚတက္မယ္ျပင္လိုက္ေတာ့ အိမ္ေပၚမွာစကားေတြေျပာလိုက္၊ တဝါးဝါးနဲ႔ရယ္လိုက္ အသံေတြၾကားေနရတာပဲ၊ က်ဳပ္အိမ္ေပၚတက္ေတာ့ စိုင္းရာဇာက အိမ္ဦးခန္းမွာ အခန႔္သားထိုင္ေနတယ္၊ သူ႔အနားမွာေတာ့ ကိုေအးနဲ႔ မခင္ၾကည္ထိုင္ေနတယ္၊ စိုင္းရာဇာက ကိုေအးလက္ကို ကိုင္ၾကည့္ၿပီး

“ခင္ဗ်ားဟာ တစ္ခ်ိန္ကေတာ္ေတာ္ဆိုးသြမ္းခဲ့တဲ့လူပဲဗ်၊ ခင္ဗ်ားေကာင္းတဲ့လူနဲ႔ ေပါင္းဖက္ရလို႔သာ လူေကာင္းအျဖစ္ေျပာင္းလဲသြားခဲ့တာ”

“မွန္လိုက္တာဆရာ သိပ္မွန္တာပဲ”

က်ဳပ္လည္းအနားမွာဝင္ထိုင္လိုက္တယ္၊ ကိုေအးကို စိုင္းရာဇာက ေဗဒင္ေတြေဟာေပးေနတာဗ်၊ ၿပီးတာနဲ႔ သူကအိပ္ခ်င္တယ္လို႔ေျပာေတာ့ မခင္ၾကည္က ေခါင္းအုံးအသစ္ေတြနဲ႔ အိပ္ရာျပင္ေပးၿပီး အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ က်ဳပ္တို႔အိမ္ေပၚကေနဆင္းလာခဲ့တာပဲဗ်ာ၊ မခင္ၾကည္ကေတာ့ အေတာ့္ကိုေပ်ာ္ေနပုံပဲဗ်။

“မွန္လိုက္တာ၊ ဒီဆရာေလး ေဗဒင္ေဟာတာကေတာ့ မသိရင္ေဘးနားကေနထိုင္ၾကည့္ေနသလိုပဲ၊ ႏွင္းၾကည္ကိုသြားေျပာျပရအုံးမယ္”

မခင္ၾကည္ထြက္သြားေတာ့ က်ဳပ္လည္းကိုေအးကိုလက္တို႔ၿပီး

“ဟုတ္ရဲ႕လားကိုေအးရ”

“ေအးကြ”

“ဒါနဲ႔သူေျပာေတာ့ ခင္ဗ်ားကလူဆိုးဆို”

ကိုေအးက တစ္ခ်က္ေတြေဝသြားတယ္ဗ်။

“မင္းကိုငါေျပာရင္ မင္းယုံခ်င္မွယုံလိမ့္မယ္ကြ၊ တစ္ခ်ိန္က ျမင္းဇာ႐ြာက ငေအးဆိုရင္ မသိတဲ့သူမရွိသေလာက္ပဲ၊ အရက္ေသာက္၊ ဖဲ႐ိုက္၊ ၾကက္တိုက္နဲ႔ မေကာင္းတာမွန္သမွ် လုပ္တဲ့လူေပါ့ကြာ၊ ဒီၾကားထဲ လက္ရဲဇက္ရဲနဲ႔မို႔လို႔ ႐ိုက္ၾက၊ ႏွက္ၾကၿပီေဟ့ဆိုရင္ ငါကထိပ္ဆုံးကပဲကြ”

“ဗ်ာ၊ ဟုတ္ေရာဟုတ္ရဲ႕လားကိုေအးရာ”

“ငါမင္းကိုမလိမ္ပါဘူးအလတ္ေကာင္ရာ၊ ငါ ခင္ၾကည္နဲ႔ေတြ႕ၿပီးေတာ့မွ အရာရာေျပာင္းလဲသြားခဲ့တာကြ”

“နားရွိလို႔သာၾကားရတယ္ကိုေအးရာ၊ က်ဳပ္ျဖင့္သိပ္မယုံခ်င္ဘူးဗ်”

မခင္ၾကည္သတင္းျဖန႔္လို႔ စိုင္းရာဇာတစ္ေယာက္ ေဟာတာေျပာတာ သိပ္မွန္တယ္ဆိုတဲ့သတင္းက ႐ြာထဲခ်က္ခ်င္းဆိုသလိုျပန႔္ႏွံ႔သြားတာေပါ့ဗ်ာ၊ မိန္းမေတြဆိုတာကလည္း ေဗဒင္တို႔ဘာတို႔ဆိုရင္ သိပ္ၿပီးဝါသနာပါတယ္မဟုတ္လား၊ ဒါနဲ႔ပဲ ညေနေရာက္ေတာ့ သူႀကီးကေတာ္က ကိုေအးတို႔အိမ္ကိုေရာက္ခ်လာပါေရာဗ်ာ၊ ေဗဒင္ေမးဖို႔လာခဲ့တာေပါ့။ စိုင္းရာဇာကလည္း ခပ္ေခ်ေခ်ပဲဗ်၊ လူအမ်ားၾကားမွာ ေဗဒင္မေဟာခ်င္ဘူးတဲ့ဗ်ာ၊ ဒါနဲ႔ပဲ သိခ်င္လို႔လိုက္လာတဲ့လူေတြကို အိမ္ေပၚကေန ႏွင္ခ်ၿပီးေတာ့ သူႀကီးကေတာ္တစ္ေယာက္တည္းကို သီးသန႔္ေဟာေပးတာေပါ့ဗ်ာ။

သူႀကီးကေတာ္က ျပန္ဆင္းလာေတာ့ မ်က္ရည္ကေလး စမ္းစမ္းနဲ႔ဗ်၊ က်ဳပ္တို႔လည္းသိခ်င္တာနဲ႔ သူ႔ဆီေျပးသြားၾကတယ္။

“မွန္တာေတာ့ ေျပာမေနပါနဲ႔၊ မသိရင္ ေဘးနားကၾကည့္ေနၿပီး ေျပာေနတယ္လို႔ကိုထင္ရတာ၊ ဟဲ့ ငေအး၊ ဒီဆရာေလးကို နင့္အိမ္မွာမထားနဲ႔ေတာ့၊ ငါ့အိမ္ကိုပင့္သြားမယ္”

သူႀကီးကေတာ္ပင့္သြားလို႔ စိုင္းရာဇာက သူႀကီးအိမ္ကိုလိုက္သြားတယ္ဆိုပါေတာ့ဗ်ာ။

(၄)

“ဆရာစိုင္း . . . ဆရာစိုင္း”

ေနာက္ေန႔မနက္ေရာက္ေတာ့ တစ္႐ြာလုံးဘယ္နားသြားသြား ဆရာစိုင္းဆိုတဲ့သတင္းခ်ည္းၾကားေနရတာဗ်၊ သူေဟာတာေတြကလည္း သိပ္မွန္တယ္ဆိုပဲဗ်၊ လူတစ္ေယာက္ကို ဟိုးငယ္က်ိဳးငယ္နာကစၿပီး သူတို႔တစ္ေယာက္တည္း လႈိ႕ဝွက္ထားတဲ့အေၾကာင္းအရာကိုေတာင္မွ သိေနတယ္တဲ့ဗ်ာ၊ ဒီေတာ့လည္း ဆရာစိုင္းနာမည္ႀကီးၿပီေပါ့ဗ်ာ၊ ေဟာတာေတာင္ အလကားမေဟာေတာ့ဘူးဗ်၊ တစ္ခါေဟာ တစ္ရာတဲ့၊ ဒါလည္း ေဗဒင္ဝါသနာပါတဲ့လူက ျခစ္ကုပ္ၿပီးေပးၾကတာပဲဗ်ာ။ တစ္ရာဆိုတာ ခုေခတ္ ငါးေသာင္း၊ တစ္သိန္းေလာက္ တန္တာေပါ့။

က်ဳပ္လည္း ေဗဒင္ကိုေတာ့ ဝါသနာမပါပါဘူး၊ သူကတကယ္မွန္တယ္ဆိုရင္ေတာ့ က်ဳပ္သိခ်င္တာတစ္ခုရွိတယ္၊ ဒါနဲ႔ က်ဳပ္မွာက်န္တဲ့ေငြကေလးထဲက ေငြတစ္ရာကိုစုၿပီး ထြက္ခဲ့တာေပါ့ဗ်ာ။ က်ဳပ္ေရာက္သြားေတာ့ သူႀကီးအိမ္က အလႉအိမ္ႀကီးအလားစည္ကားေနတာဗ်၊ ႐ြာထဲကလူေတြဆိုလည္း တန္းစီေနတာပဲ၊ က်ဳပ္ေဗဒင္ေမးဖို႔သြားေတာ့ မခင္ၾကည္တို႔ ညီအမကိုေတြ႕တယ္ဗ်။

“အလတ္ေကာင္၊ နင္ေရာ ေဗဒင္လာေမးတာလား”

က်ဳပ္လည္း လူမိသြားတာနဲ႔ ေခါင္းညိတ္လိုက္တာေပါ့ဗ်ာ။

“မခင္ၾကည္တို႔ညီအမေရာ ေဗဒင္လာေမးတာလား၊ ဒါနဲ႔ မခင္ၾကည္ကို တေန႔က ေဟာၿပီးၿပီမဟုတ္လား”

မခင္ၾကည္က က်ဳပ္အနားကပ္လာတယ္။

“အဲဒီတုန္းက နင့္အကို ကိုေအးရွိေနလို႔ တစ္ခ်ိဳ႕အရာေတြကို မေဟာေပးလိုက္ဘူးဟ၊ ေဗဒင္ဆိုတာကလည္း တစ္ေယာက္တည္းေမးမွေကာင္းတာမဟုတ္လား”

က်ဳပ္ေရာက္သြားေတာ့ မနက္ကိုးနာရီေလာက္ေပါ့ဗ်ာ၊ က်ဳပ္အေရွ႕မွာ လူငါးဆယ္ေလာက္ရွိတယ္ဗ်၊ တစ္ေယာက္ေမးဖို႔ အိမ္ေပၚတက္သြားလိုက္၊ မၾကာခင္ အဲဒီလူက ျပန္ဆင္းလာၿပီးေတာ့ ဘယ္ေလာက္မွန္ေၾကာင္း၊ ဘယ္ေလာက္တိက်ေၾကာင္းေတြ ျပန္ေျပာလိုက္ၾက၊ တန္းစီေနတဲ့လူေတြကလည္း နားေထာင္ၿပီးေတာ့ အံ့ဩၾကနဲ႔ေပါ့ဗ်ာ။

က်ဳပ္အလွည့္ေရာက္ေတာ့ က်ဳပ္လည္း တက္သြားတာေပါ့ဗ်ာ၊ သူႀကီးအိမ္က အုတ္တိုက္ႀကီးဗ်၊ အဲဒီအုတ္တိုက္ႀကီးရဲ႕ ေခါင္းရင္းဘက္ကအခန္းကို ေဗဒင္ခန္းအျဖစ္ေျပာင္းလဲထားတယ္။ စိုင္းရာဇာက သုံးရက္ေလာက္အတြင္းသိသိသာသာေျပာင္းလဲသြားတာဗ်၊ ရွပ္အက်ႌအေကာင္းစားနဲ႔၊ ဘန္ေကာက္ပုဆိုးေျပာင္ေျပာင္လက္လက္လည္း ဝတ္ထားေသးသဗ်၊ ႐ုပ္ကလည္း လူေရသန႔္ဆိုေတာ့ ျပင္လိုက္ဆင္လိုက္တဲ့အခါ ေတာ္ေတာ္ၾကည့္ေကာင္းသြားတာေပါ့ဗ်ာ။

သူက က်ဳပ္ကိုထိုင္ဖို႔ေျပာလိုက္ေတာ့ က်ဳပ္လည္းထိုင္လိုက္တာေပါ့၊

“က်ဳပ္ေမးခ်င္တာကေတာ့ . . .”

က်ဳပ္မေျပာရေသးခင္ စိုင္းရာဇာက လက္ကာျပလိုက္တယ္၊ ၿပီးေတာ့

“မင္းေမးခ်င္တဲ့ေမးခြန္းကို ငါသိၿပီးသားပါ၊ မင္းကတကယ္ေတာ့ သားေရေပၚအိပ္၊ သားေရနားစားတဲ့ ေခြးလိုက်င့္ခ်င္တဲ့ေကာင္ပဲ”

က်ဳပ္ကိုေခြးလို႔ေျပာေတာ့ က်ဳပ္လည္းေဒါသထြက္သြားတာေပါ့။

“ခင္ဗ်ားဘာေတြေျပာေနတာလဲ၊ ခင္ဗ်ားက်ဳပ္တို႔အေၾကာင္း ဘယ္ေလာက္သိလို႔လဲ”

“သိတာေပါ့ကြ၊ မင္းနဲ႔တြဲေနတာ စုန္းအဘိုးႀကီး၊ မင္းေနတာက အေရွ႕ဘက္ဇီးကုန္း႐ြာက၊ မင္းတို႔ဒီေရာက္ေတာ့ စုန္းအဘိုးႀကီးရဲ႕ သူငယ္ခ်င္းအိမ္မွာတည္းေနတာမဟုတ္လား၊ ေနပါအုံး စုန္းအဘိုးႀကီးနာမည္က ဘာပါလိမ့္ . . .”

စိုင္းရာဇာက တစ္ခ်က္စဥ္းစားလိုက္ၿပီး

“အင္း၊ သာဒင္မဟုတ္လား၊ မင္းတို႔ကေတာ့ ဦးဘသာလို႔ေခၚတယ္၊ သူ႔သူငယ္ခ်င္းက ဦးေအာင္ရွိန္၊ ဦးေအာင္ရွိန္ဆီမွာ သမီးႏွစ္ေယာက္ရွိတယ္၊ သမီးအငယ္မကေတာ့ မႏွင္းၾကည္တဲ့၊ မင္းက သူ႔ကိုႀကံေနတယ္မဟုတ္လား၊ အခုလာတာလည္း မင္းနဲ႔သူနဲ႔ညားမလားဆိုတာ သိခ်င္လို႔လာခဲ့တာ၊ မင္းအိပ္ကပ္ထဲမွာ တစ္ရာပါတယ္၊ အစိတ္တန္တစ္႐ြက္၊ ႏွစ္ဆယ္တန္ႏွစ္႐ြက္၊ ငါးက်ပ္တန္ႏွစ္႐ြက္၊ ငါးက်ပ္တန္တစ္႐ြက္က ေထာင့္နားမွာ ေဆးလိပ္မီးေပါက္ေနေသးတယ္”

စိုင္းရာဇာက ပါးစပ္က ကရားေရလႊတ္သလို ဆက္တိုက္ေျပာေတာ့မွ က်ဳပ္ျဖင့္နားေထာင္ရင္း လန႔္လန႔္သြားတာဗ်၊ က်ဳပ္လည္း မယုံလို႔ အိပ္ကပ္ထဲက ပိုက္ဆံကိုထုတ္လိုက္တယ္၊ သူေျပာတဲ့အတန္အတိုင္းက်ဳပ္ထည့္လာတာ၊ ဒါေပမယ့္ သူေျပာသလို ငါးက်ပ္တန္တစ္႐ြက္က မီးေပါက္မေပါက္ က်ဳပ္ေတာင္မသိဘူး။

ဒါနဲ႔ ငါးက်ပ္တန္ကိုထုတ္ၿပီးၾကည့္လိုက္ေတာ့ သူေျပာတဲ့အတိုင္းပဲဗ်ာ၊ ေဆးလိပ္မီးပြားက်ၿပီးေတာ့ မီးေပါက္ရာကေလး ေသးေသးကေလးျဖစ္ေနတာ၊ က်ဳပ္လည္း ပိုက္ဆံကိုၾကည့္လိုက္ စိုင္းရာဇာကိုၾကည့္လိုက္နဲ႔ေပါ့ဗ်ာ၊ စိတ္ထဲက ရွိတဲ့အတိုင္းဆိုရင္ စိုင္းရာဇာကို ၾကည္ညိဳလြန္းလို႔ ထိုင္ၿပီးေတာ့ပါ ကန္ေတာ့ခ်င္ေနၿပီဗ်။

“ဟင္း၊ ဟင္း ငါေျပာတာဟုတ္တယ္မဟုတ္လား”

“ဟုတ္ . . . ဟုတ္ပါတယ္”

“ဒါဆို မင္းသိခ်င္တဲ့အေၾကာင္းကို ငါေဟာေပးမယ္၊ မင္းနဲ႔သူနဲ႔ ဘယ္ေတာ့မွမျဖစ္ဘူး၊ မင္းတို႔ႏွစ္ေယာက္မွာ ေရစက္မပါဘူး၊ ကံမပါဘူး၊ ဒီေတာ့ မင္းအေျခအေနမင္းသိၿပီး ေနာက္ဆုတ္လိုက္တာေကာင္းမယ္၊ ႏို႔မဟုတ္ရင္ တစ္ဖက္သတ္စြဲလမ္းစိတ္နဲ႔ မင္းပဲခံစားရမယ္”

က်ဳပ္လည္း ဘာမွမေျပာေတာ့ဘဲ စိတ္ဓါတ္က်က်နဲ႔ လက္ထဲက ပိုက္ဆံတစ္ရာကို သူ႔အေရွ႕က ေငြဖလားထဲကို ပစ္ထည့္လိုက္တာေပါ့ဗ်ာ၊ ေငြဖလားထဲမွာလည္း ပိုက္ဆံေတြျပည့္လို႔ဗ်။

က်ဳပ္ေခါင္းငိုက္စိုက္ခ်ၿပီးအိမ္ျပန္လာခဲ့တယ္၊ မႏွင္းၾကည္နဲ႔ မခင္ၾကည္ကေတာ့ စကားေျပာတိုင္း အဲဒီဆရာစိုင္းအေၾကာင္းပဲ ေျပာေနေတာ့တာပဲဗ်ာ၊ က်ဳပ္ကလည္း က်ဳပ္အနာဂတ္ကို က်ဳပ္သိၿပီမို႔ မႏွင္းၾကည္ကို ေငးၿပီးေတာ့ပဲၾကည့္ေနမိတယ္။

“ေဟ့အလတ္ေကာင္၊ ဘာေတြမႈိင္ေနတာလဲ”

“မဟုတ္ပါဘူးဗ်ာ၊ ဒီလိုပါပဲ”

“တန္ေတာ့ ဆရာစိုင္းက မင္းကိုတစ္ခုခုေဟာလိုက္ၿပီနဲ႔တူပါရဲ႕”

ဦးဘသာလည္း ေဗဒင္တတ္သလားမသိဘူးဗ်ာ၊ က်ဳပ္စိတ္ကိုသိေနသလိုပဲ၊ က်ဳပ္လည္း ဘာမွျပန္မေျပာေတာ့ဘဲ မ်က္ႏွာေသကေလးနဲ႔ ထိုင္ေနလိုက္တယ္။

“အဲဒါထက္ ငါထူးျခားတာတစ္ခုေျပာခ်င္တယ္ကြ”

“ဘာထူးျခားလို႔လဲ ဦးဘသာ”

“ဒီရက္ပိုင္း မျမင္အပ္တဲ့အရာေတြ ရပ္႐ြာထဲလွည့္ၿပီးသြားေနတယ္ကြ”

“မျမင္အပ္ဘူးဆိုတာ ဘာေတြလဲဗ်”

“ေျပာရရင္ေတာ့ အစုံေပါ့ကြာ၊ ညညဆို႐ြာထဲလွည့္သြားေနတာကြ၊ အိမ္ႀကိဳအိမ္ၾကားပါမက်န္ သြားသြားေနတာ”

“အဲဒါ ဘာထူးျခားလို႔လဲဗ်”

“ငါ့အထင္ေတာ့ ဒါေသြး႐ိုးသား႐ိုးမျဖစ္ႏိုင္ဘူး၊ ဟိုရက္ကမွ ျဗဳန္းစားႀကီး႐ြာကိုေရာက္လာတဲ့ ဆရာစိုင္းနဲ႔မ်ား သတ္ဆိုင္ေနမလားလို႔”

က်ဳပ္မ်က္လုံးေတြအေရာင္လက္သြားတယ္။

“ဒါဆို ဆရာစိုင္းက မ႐ိုးသားဘူးေပါ့”

“အဲဒီလိုလည္း ေျပာမရဘူးကြ”

“ဒါနဲ႔ ဦးဘသာသူ႔ကိုစစ္ၾကည့္ေတာ့ ႐ိုးပါတယ္ဆို”

“မင္းနားလည္ေအာင္ေျပာရရင္ ဒီပညာရပ္ေတြက ဘယ္သူက ဘာဆိုတာကို အၾကည့္နဲ႔တင္သိဖို႔ခက္တယ္ကြ၊ ေသေသခ်ာခ်ာစမ္းသပ္စစ္ေဆးမွ သိႏိုင္မွာ”

“ဒါဆို ဘယ္လိုစမ္းရမလဲ”

“သူ႔ဆံပင္တစ္က်ီေလာက္ျဖစ္ျဖစ္ ရေအာင္ရွာလာခဲ့ကြာ”

က်ဳပ္လည္း ေခါင္းညိတ္လိုက္တယ္၊ ဘာပဲေျပာေျပာ ဒီလူက လူေတြကိုလိမ္ညာေနတာလို႔ က်ဳပ္စိတ္ထဲထင္သြားမိတယ္။ တကယ္တမ္းသူေျပာတာေတြက မွန္ခ်င္မွလည္းမွန္မွာ၊ ၿပီးေတာ့ ဒီလူ လူလိမ္ဆိုတာကို မႏွင္းၾကည္တို႔သိသြားေအာင္ သက္ေသျပခ်င္ေသးတယ္။

ေန႔လည္က်ေတာ့ မႏွင္းၾကည္တို႔ညီအမ ဆန္ျပာေနရင္း အဲဒီအေၾကာင္းေတြပဲေျပာေနတာ၊ က်ဳပ္လည္း နားၾကားျပင္းကပ္သလို ဦးေအာင္ရွိန္ကလည္း ၾကည့္မရပုံရတယ္ဗ်။

“ဟဲ့ သမီး၊ နင္တို႔ကေတာ့ ဆုံလိုက္တာနဲ႔ အဲဒီ ဆရာစိုင္း၊ ဆရာစိုင္းဆိုတဲ့ စကား ႏုတ္ကမခ်ဘူးေနာ္”

မႏွင္းၾကည္က ၿပဳံးလိုက္ၿပီးေတာ့

“အို၊ အေဖကလည္း သူကတကယ္စြမ္းတာကိုး”

“ငါညည္းအေဖပါ၊ ငါလည္းစြမ္းပါတယ္ဟဲ့”

“အေဖက စြမ္းတာနဲ႔ သူစြမ္းတာက တူမွမတူတာ၊ အေဖေတာင္သူ႔လို ေဗဒင္ေဟာတတ္လို႔လား”

မႏွင္းၾကည္စကားကို ဦးေအာင္ရွိန္နာသြားပုံရတယ္ဗ်၊ မႏွင္းၾကည္က ဆရာစိုင္းအေၾကာင္း ေျပာေလေလ၊ က်ဳပ္ကေတာ့ ေဒါသထြက္ေလေလပဲ။

“ေအး၊ ေတြ႕ၾကေသးတာေပါ့ မမႏွင္းရာ၊ ဒီလူက လူလိမ္ႀကီးတစ္ေယာက္ပါဆိုတာ မမႏွင္းသိေအာင္ က်ဳပ္ေစာင့္ဖမ္းျပရေသးတာေပါ့”

(၅)

အဲဒီညေနပဲ ႐ြာထဲကလူေတြ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကတယ္ဗ်၊ အဲဒါကေတာ့ ရင္ေမာင္ပဲ၊ ရင္ေမာင္လည္း ဆရာစိုင္းကို ၾကည့္မရပုံေပၚတယ္။ ဒါနဲ႔ပဲ ေဆးႀကိမ္လုံးႀကီးကိုင္ၿပီးေတာ့ သူႀကီးအိမ္ေရွ႕မွာ သြားစိမ္ေခၚတာေပါ့။

“ေဟ့ေကာင္၊ ေအာက္လမ္းငစိုင္း၊ မင္းထြက္လာခဲ့စမ္း”

႐ြာသူ႐ြာသားေတြက ရင္ေမာင္ကိုၾကည့္ၿပီး အံ့ဩေနတာေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း အေျပးလာၾကည့္ၾကတာေပါ့၊ ရင္ေမာင္က ေဆးႀကိမ္လုံးႀကီးနဲ႔ အိမ္ကိုခ်ိန္ခ်ိန္ၿပီးေျပာတယ္ဗ်။

“ေဟ့ ေအာက္လမ္းေကာင္၊ မင္းေအာက္လမ္းနည္းေတြသုံးၿပီးေတာ့ တို႔႐ြာကိုလွည့္စားတာ ေတာ္ေလာက္ၿပီကြ၊ အခုထြက္လာခဲ့စမ္း၊ မင္းရဲ႕မ်က္ႏွာဖုံးကို ငါဆြဲခြၽတ္ျပမယ္”

ရင္ေမာင္ေျပာဆိုေနရင္း မၾကာခင္ သူႀကီးအိမ္ေပၚကေန စိုင္းရာဇာ ဟန္ပါပါနဲ႔ဆင္းလာတယ္ဗ်။

“ခင္ဗ်ားစြပ္စြဲေနတာေတြ၊ တစ္ခုမွမဟုတ္ဘူး”

“ရတယ္ေလ၊ ဒါဆိုလည္း တစ္႐ြာလုံးရဲ႕အေရွ႕မွာ ခင္ဗ်ားဘာေကာင္လဲဆိုတာ က်ဳပ္ျပရေသးတာေပါ့”

“မင္းမွားေနၿပီကြ၊ ငါအခုတတ္တဲ့ပညာေတြဆိုတာ ငါတစ္သက္လုံးဆည္းပူးေလ့လာခဲ့တဲ့ပညာေတြ၊ ေနာက္ၿပီးေတာ့ တကယ္က်င့္ႀကံၿပီး တတ္ေျမာက္ခဲ့တဲ့ပညာရပ္ေတြ၊ မင္းငါ့ကို ေအာက္လမ္းလို႔မေစာ္ကားနဲ႔”

စိုင္းရာဇာကလည္း ျပန္ေျပာတယ္ဗ်။ ရင္ေမာင္က ဟက္ဟက္ပက္ပက္ရယ္လိုက္တယ္။

“ေကာင္းၿပီ၊ ဒါဆိုမင္းေအာက္လမ္းဟုတ္မဟုတ္ကို ငါစမ္းမယ္”

“မင္းႀကိဳက္သလိုစမ္းႏိုင္တယ္”

ရင္ေမာင္က သူ႔လည္ပင္းမွာဆြဲထားတဲ့ က်ဳတ္ကေလးကိုျပလိုက္ၿပီး

“ဒီထဲမွာ ေဆးေတာ္ႀကီးရွိတယ္၊ မင္းသာ ေအာက္လမ္းမဟုတ္ဘူးဆိုရင္ ဒီက်ဳတ္ကို ကိုင္ရဲရမယ္”

ရင္ေမာင္ေျပာလိုက္ေတာ့ စိုင္းရာဇာတစ္ခ်က္တြန႔္သြားတယ္ဗ်၊

“ဘာလဲ မင္းက မင္းအလိမ္အညာေတြ ေပၚေတာ့မွာမို႔လို႔ ေၾကာက္ေနၿပီလားကြ”

ရင္ေမာင္စိန္ေခၚလိုက္ေတာ့ စိုင္းရာဇာစိတ္ဆိုးသြားတယ္ဗ်၊ ၿပီးေတာ့ ရင္ေမာင္ဆီကိုလမ္းေလွ်ာက္လာၿပီး လက္ဝါးျဖန႔္တယ္။

“ေပးစမ္း၊ မင္းရဲ႕ေဆးေတာ္ႀကီး”

ရင္ေမာင္က က်ဳတ္ကိုျဖဳတ္ၿပီး စိုင္းရာဇာရဲ႕လက္ထဲကိုထည့္ေပးလိုက္တယ္၊ စိုင္းရာဇာက က်ဳတ္ကိုကိုင္ထားေပမယ့္ ဘာမွမျဖစ္ဘူးဗ်၊ ရင္ေမာင္ေတာ္ အေတာ္အံ့ဩသြားတယ္။

“မျဖစ္ႏိုင္ဘူး၊ ေအာက္လမ္းဆိုရင္ေတာ့ မင္းကိုင္ႏိုင္မွာမဟုတ္ဘူး”

“မင္းေရွ႕တင္ကိုင္ထားတာပဲ မဟုတ္လားကြ”

စိုင္းရာဇာက တစ္႐ြာလုံးက လူမ်ားျမင္ရေအာင္ လက္ကိုေျမႇာက္ျပသည္။ ႐ြာသားမ်ားက ရင္ေမာင္ကို တီးတိုးေျပာဆိုေနၾကသည္။

“မျဖစ္ဘူး၊ မင္းဒါတစ္ခုခုလုပ္ထားတာပဲျဖစ္ရမယ္၊ ဒါျဖင့္ရင္ မင္းစမၿမိဳႏိုင္လား”

စိုင္းရာဇာက ေခါင္းညိတ္လိုက္ၿပီး

“လုပ္စမ္းပါကြ၊ ငါ့ပညာက နိမ့္က်တဲ့ေအာက္လမ္းပညာမဟုတ္ဘူး၊ ျမင့္ျမတ္တဲ့အထက္လမ္းစဥ္ပညာကြ”

ရင္ေမာင္က အိတ္ကပ္ထဲက စမျပားကေလးကိုထုတ္တယ္ဗ်၊ ၿပီးေတာ့ စမကိုလိပ္ၿပီး တစ္ခုခုကို႐ြတ္ဖတ္ေနတယ္၊ ေနာက္ေတာ့ စမကို အေသးေလးျဖစ္ေအာင္လုံးလိုက္တယ္။

“မင္းသာေအာက္လမ္းမွန္ရင္ ဒီစမ ပါးစပ္ထဲေရာက္တာနဲ႔ မင္းတစ္ကိုယ္လုံးပူလာလိမ့္မယ္”

စိုင္းရာဇာက ရင္ေမာင္ေပးတဲ့ စမကိုယူၿပီး ပါးစပ္ထဲပစ္ထည့္လိုက္တာပဲဗ်ာ၊ အားလုံးလည္း ဘာျဖစ္မလဲဆိုၿပီး ၿငိမ္ေနၾကတာေပါ့၊ ဒါေပမယ့္ ဆယ္မိနစ္ေလာက္ၾကာတဲ့အထိ ဘာမွကိုမျဖစ္ဘူးဗ်ာ။

“ကဲ၊ ငါေအာက္လမ္းမဟုတ္ဘူးဆိုတာ ယုံၿပီလား”

ရင္ေမာင္ ဘာေျပာရမွန္းမသိေတာ့ဘူး၊ ႐ြာသားေတြကလည္း ရင္ေမာင္ကိုတစ္ေယာက္တစ္ခြန္းနဲ႔ ဝိုင္းေျပာၾကတယ္၊ အခ်ိဳ႕ဆိုရင္ ဆဲဆိုၾကတယ္၊ ဒါနဲ႔ပဲ ရင္ေမာင္လည္း လူအုပ္ၾကားထဲကေန ေျခလွမ္းက်ဲႀကီးနဲ႔ ထြက္သြားေတာ့တယ္။ စိုင္းရာဇာကေတာ့ တစ္႐ြာလုံးကိုၿပဳံးျပရင္း

“ဘာမွ မဆဲဆိုၾကပါနဲ႔ဗ်ာ၊ က်ဳပ္ေအာင္ျမင္ေနတာကို မနာလိုလို႔ လုပ္တယ္လို႔ပဲမွတ္ပါတယ္၊ အပင္ျမင့္ေလ၊ ေလတိုက္ခံရေလေပါ့ဗ်ာ”

စိုင္းရာဇာေျပာလိုက္တဲ့အခါ တစ္႐ြာလုံးက လက္ခုပ္တီးၿပီး စိုင္းရာဇာကိုခ်ီးက်ဴးၾကတယ္ဗ်၊ ရင္ေမာင္လုပ္လိုက္တာက စိုင္းရာဇာကို မထိခိုက္ပဲ ပိုၿပီးေတာ့ေတာင္မွ ေကာင္းသြားေသးတယ္ဗ်ာ၊ ရင္ေမာင္က ႐ြာထဲမွာ ဆရာတစ္ဆူနီးပါးပဲဗ်၊ ဒါေပမယ့္အခုေတာ့ တစ္႐ြာလုံးရဲ႕အေျပာအဆိုခံေနရၿပီေလ၊ ရင္ေမာင္ဒီလိုျဖစ္ေတာ့ သူ႔ဆရာဦးေအာင္ရွိန္ေခါင္း တက္ေဆာင့္တာေပါ့၊ ဦးေအာင္ရွိန္က စိုင္းရာဇာကို မနာလိုတာနဲ႔ သူ႔တပည့္ကိုလႊတ္ၿပီး စိန္ေခၚသလိုလို ေလွ်ာက္ေျပာၾကတာေပါ့ဗ်ာ။

အဲဒီေန႔ညပဲ ရင္ေမာင္က ဦးေအာင္ရွိန္အိမ္ကိုေရာက္လာၿပီးေတာ့ ေတာင္းပန္ရွာတယ္ဗ်။

“ကြၽန္ေတာ္မွားသြားပါတယ္ဆရာႀကီးရယ္”

“မင္းက စိတ္လိုက္မာန္ပါလုပ္တာကိုးကြ၊ တကယ္ဆိုရင္ ဒီလိုအၾကမ္းနည္းနဲ႔ေျဖရွင္းစရာအေၾကာင္းမရွိဘူး၊ မင္းအမွားက်ဴးလြန္တဲ့အတြက္ မင္းကိုငါဒဏ္ခတ္မယ္”

“လုပ္ပါဆရာႀကီး၊ က်ဳပ္ခံယူပါ့မယ္၊ က်ဳပ္ေၾကာင့္ ဆရာႀကီးပါထိခိုက္ရတဲ့အတြက္ က်ဳပ္ဆရာႀကီးေပးတဲ့အျပစ္ကို ေပ်ာ္ေပ်ာ္ႀကီးခံပါ့မယ္”

“မင္းကိုသုံးလပညာပိတ္တယ္၊ မင္းငါတို႔ပညာကို အသုံးခ်ခြင့္မရွိဘူး၊ ေနာက္ထပ္ၿပီးေတာ့လည္း အဲဒီလူနဲ႔ သြားမပတ္သက္ရဘူး”

ရင္ေမာင္က ဦးေအာင္ရွိန္ကိုကုန္းၿပီးကန္ေတာ့တယ္ဗ်၊ အိပ္ခန္းအဝမွာထိုင္ေနတဲ့ မႏွင္းၾကည္ကေတာ့ ရင္ေမာင္ကို စားမတတ္ဝါးမတတ္မ်က္ေစာင္းေတြထိုးေနတာ ေၾကာက္ဖို႔ေတာင္ေကာင္းေသးသဗ်ာ။

(၆)

စကားတစ္ခုရွိတယ္ဗ်၊ “ကိုယ့္ရန္သူရဲ႕ ရန္သူက၊ ကိုယ့္ရဲ႕မိတ္ေဆြပဲတဲ့” ဒါေၾကာင့္ က်ဳပ္လည္း ရင္ေမာင္ကိုသိပ္ၾကည့္မရေပမဲ့ သူ႔ကိုသြားကပ္ရတာေပါ့ဗ်ာ၊ ရင္ေမာင္လည္း သူ႔အိမ္မွာ တံခါးပိတ္ၿပီး အိမ္တြင္းေအာင္းေနတာဗ်၊ တခ်ိဳ႕႐ြာသားမ်ားဆိုရင္ ရင္ေမာင္အိမ္ေရွ႕ကေန ေအာ္ၿပီးဆဲၾကတယ္ဆိုပဲ။

“ဗ်ိဳ႕၊ ကိုရင္ေမာင္၊ တံခါးဖြင့္ပါအုံးဗ်၊ ခင္ဗ်ားအထဲမွာရွိတာ က်ဳပ္သိတယ္”

က်ဳပ္ထရံကိုတဘုန္းဘုန္းထုေနေပမယ့္ ရင္ေမာင္က တံခါးမဖြင့္ပါဘူးဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း သူထြက္လာေအာင္လို႔ နည္းလမ္းသုံးရေတာ့တယ္။

“ဗ်ိဳ႕၊ ကိုရင္ေမာင္၊ ဆရာႀကီးရွိန္က အေရးႀကီးတာေျပာစရာရွိလို႔တဲ့၊ စိုင္းရာဇာအေၾကာင္းဆိုလားပဲ၊ ခင္ဗ်ားထြက္ခဲ့စမ္းပါ”

အဲဒီလိုေျပာေတာ့မွ ပိတ္ထားတဲ့အိမ္တံခါးက ဝုန္းခနဲပြင့္သြားတယ္၊ က်ဳပ္လည္း အိမ္တံခါးပြင့္သြားတာနဲ႔ အိမ္ထဲကိုဝင္ခဲ့တာေပါ့ဗ်ာ၊ ရင္ေမာင္တို႔အိမ္က သပ္သပ္ရပ္ရပ္ကေလးပါ၊ ဘုရားေက်ာင္းေဆာင္ကလည္း ပန္းေတြနဲ႔ ေဝဆာေနတာပဲ၊ အိမ္ထဲေျပးဝင္လာတဲ့ က်ဳပ္ကိုရင္ေမာင္က အံ့ဩၿပီးၾကည့္ေနတယ္။

“ဆရာႀကီးက ေခၚလို႔ဆိုကြ”

“ဟာဗ်ာ၊ အဲဒါ က်ဳပ္ေလွ်ာက္ေျပာတာ၊ ခင္ဗ်ားက ဒီလိုေျပာမွ တံခါးဖြင့္မွာကိုးဗ်”

ရင္ေမာင္လည္း ေတာ္ေတာ္စိတ္ပ်က္သြားပုံရတယ္။ က်ဳပ္လည္း အိမ္ကိုလွည့္ပတ္ၾကည့္ၿပီးေတာ့

“ဒါနဲ႔ ဒီအိမ္မွာ ခင္ဗ်ားတစ္ေယာက္တည္းေနတာလား”

ရင္ေမာင္က ေခါင္းခါၿပီး

“မဟုတ္ဘူး၊ ငါ့အေမရယ္၊ ငါ့ညီမရယ္ရွိေသးတယ္၊ ဒါေပမယ့္ အခုေတာ့ အိမ္ကေနဆင္းသြားၾကၿပီကြ၊ ငါျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေၾကာင့္ တစ္႐ြာလုံးက ေျပာဆိုေနတာကို မခံႏိုင္လို႔ မေန႔ကပဲ သူ႔အမ်ိဳးေတြရွိတဲ့႐ြာဘက္ကို ထြက္သြားၾကၿပီ”

ရင္ေမာင္က သက္ျပင္းခ်ၿပီးေတာ့ ၾကမ္းေပၚမွာထိုင္လိုက္တယ္၊ က်ဳပ္လည္း ရင္ေမာင္အနားကပ္ၿပီး

“ဒါနဲ႔ က်ဳပ္ေမးစရာရွိလို႔၊ ခင္ဗ်ားက ဘယ္လိုလုပ္ၿပီးေတာ့ စိုင္းရာဇာက ေအာက္လမ္းပါလို႔ ေကာက္ခ်က္ခ်ႏိုင္တာလဲ”

“ငါစိတ္ထဲကလည္း ထင္ေနတယ္၊ ၿပီးေတာ့လည္း အစီအရင္ေတြကို ေတြ႕တယ္ကြ”

က်ဳပ္လည္း စိတ္ဝင္စားသြားတာနဲ႔

“ဘယ္လိုအစီအရင္လဲဗ်”

“ငါသူႀကီးအိမ္ကို ေသေသခ်ာခ်ာေလ့လာခဲ့ၿပီးၿပီ၊ ေလ့လာၾကည့္တဲ့အခါ အိမ္တိုင္ေတြမွာ စာေတြေရးျခစ္ထားတယ္ကြ၊ ၿပီးေတာ့ အိမ္ေပၚတက္တဲ့ေလွကားေျခနင္းျပားေတြရဲ႕ ေအာက္ဘက္မွာလည္း စာေတြေရးထားေသးတယ္၊ ဒီလိုယုတ္ညံ့တဲ့ေနရာ၊ နိမ့္က်တဲ့ေနရာမွာ ဘယ္အထက္လမ္းသမားမွ အစီအရင္မလုပ္ဘူးကြ”

က်ဳပ္လည္းေခါင္းညိတ္လိုက္ၿပီးေတာ့

“ခင္ဗ်ားေျပာတာ ဟုတ္ေလာက္တယ္ဗ်”

က်ဳပ္ေျပာေတာ့ ရင္ေမာင္က အံ့ဩသြားပုံရတယ္။ သူေျပာတာကို က်ဳပ္ပဲယုံတာကိုး။

“မင္းက ဘာသိထားလို႔လဲ”

“စိုင္းရာဇာ က်ဳပ္တို႔နဲ႔စေတြ႕ေတာ့ သူလုပ္ျပတဲ့ငါးဖမ္းနည္းက အထက္လမ္းနည္းမျဖစ္ေလာက္ဘူးဗ်၊ က်ဳပ္အထင္ ေအာက္လမ္းမဟုတ္ရင္ေတာ့ စုန္းပဲေနမွာ၊ ၿပီးေတာ့ သူက်ဳပ္တို႔နဲ႔ေတြ႕တုန္းက ေျပာတာက်ေတာ့ က်င့္စဥ္တစ္ခုကိုေတာထဲမွာ အခ်ိန္အၾကာႀကီးသြားက်င့္ခဲ့တယ္လို႔ ေျပာတယ္ဗ်”

က်ဳပ္စကားၾကားေတာ့ ရင္ေမာင္လည္းေခါင္းတဆတ္ဆတ္ညိတ္တယ္။

“မင္းေျပာတာလည္းျဖစ္ႏိုင္တယ္”

“ဒါတင္ဘယ္ကမလဲ၊ ဦးဘသာကလည္း သူ႔ကိုသကၤာမကင္းျဖစ္ေနတယ္တဲ့၊ အဲဒါ သူဘာေကာင္လဲဆိုတာ သိရေအာင္လို႔ သူ႔ရဲ႕ဆံပင္လိုတယ္တဲ့ဗ်”

ရင္ေမာင္မ်က္ေမွာင္ၾကဳတ္သြားတာနဲ႔ က်ဳပ္လည္း ဆက္ေျပာတယ္။

“တကယ္လို႔ သူ႔ဆံပင္က်ီကိုသာရရင္ သူဘာလဲဆိုတာကို ဦးဘသာက ပညာနဲ႔ခြဲျခားေပးလိမ့္မယ္၊ ဒါေပမယ့္ က်ဳပ္အထင္ေျပာရရင္ေတာ့ ဒီစိုင္းရာဇာဆိုတဲ့လူက လူေကာင္းသူေကာင္းမျဖစ္ႏိုင္ဘူး၊ သူ႔ရဲ႕အၿပဳံး၊ သူ႔ရဲ႕စကားေျပာပုံက မ႐ိုးဘူးလို႔က်ဳပ္ထင္တယ္”

“မ႐ိုးသားေတာ့ေရာ ဘယ္လိုလုပ္မလဲကြ၊ အခု တစ္႐ြာလုံးက သူ႔ဘက္ပါေနၿပီမဟုတ္လား”

“အေၾကာင္းမသိေသးလို႔ပါဗ်ာ၊ ၿပီးေတာ့ကိုရင္ေမာင္ လုပ္တာကလည္း နည္းလမ္းမွမက်တာ၊ မေကာင္းတဲ့လူကို အဲဒီလိုဘြင္းဘြင္းႀကီး မလုပ္ရဘူးဗ်”

ရင္ေမာင္က က်ဳပ္အနားကိုအသာကပ္လာတယ္။

“ဒီေတာ့ငါတို႔ဘာလုပ္ၾကမလဲ”

က်ဳပ္လည္း ရင္ေမာင္အနားကိုကပ္လိုက္ၿပီး အသံတိုးတိုးေလးနဲ႔

“က်ဳပ္တို႔သူ႔ဆံပင္ကိုရေအာင္ရွာၾကမယ္ဗ်ာ”

“ဆံပင္ရရင္ေရာ”

“သူဘာေကာင္လဲဆိုတာ သိရၿပီေပါ့၊ တကယ္လို႔သူသာ စုန္းတစ္ေယာက္၊ ေအာက္လမ္းတစ္ေယာက္ဆိုရင္ေတာ့ က်ဳပ္တို႔ေတြ သူ႔မ်က္ႏွာဖုံးကို လူေတြၾကားထဲမွာပဲ ဆြဲခြၽတ္ေပးၾကတာေပါ့ဗ်ာ၊ ဟား . . .ဟား”

က်ဳပ္ေျပာလိုက္ေတာ့ ရင္ေမာင္လည္း အားရသြားၿပီး အံႀကိတ္ၿပီးေတာ့ ၿပဳံးလိုက္တယ္ဗ်၊ ဒီလိုနဲ႔ က်ဳပ္ခင္ေမာင္နဲ႔ ဟိုက ကိုရင္ေမာင္နဲ႔ ေပါင္းမိသြားေတာ့တာေပါ့။

ေနာက္တစ္ေန႔မနက္ေတာ့ က်ဳပ္တို႔ႀကိဳတင္ခ်ိန္းထားတဲ့အတိုင္း ႐ြာျပင္ျမစ္ကမ္းေဘးမွာ ေတြ႕ၾကတယ္ဗ်၊ က်ဳပ္ကအရင္ေရာက္ေနၿပီးေတာ့ သစ္ပင္ႀကီးတစ္ပင္ေအာက္မွာ ထိုင္ေစာင့္ေနတာ၊ ေနာက္ေတာ့ ရင္ေမာင္လည္းေရာက္လာတယ္၊ ႐ြာထဲမွာ က်ဳပ္တို႔ႏွစ္ေယာက္ တပူးပူးတတြဲတြဲလုပ္ေနတာကို လူေတြေတြ႕သြားရင္ မေကာင္းဘူးမဟုတ္လား၊ အခု႐ြာျပင္ကေတာ့ လူသြားလူလာရွင္းေနတယ္ဗ်။

“ကဲ၊ ငါတို႔ဘယ္လိုလုပ္ၾကမလဲ၊ ဆံပင္ကိုယူရမွာက လြယ္ေတာ့မလြယ္ဘူးထင္တယ္”

“က်ဳပ္မွာအႀကံရွိၿပီးသားပါဗ်၊ မခင္ၾကည္တို႔ညီအမက ညေနေရာက္ရင္ ဆရာစိုင္းစားဖို႔ဆိုၿပီး ဟင္းခ်က္ခ်က္ၿပီးပို႔တယ္ဗ်”

က်ဳပ္ေျပာလိုက္ေတာ့ ရင္ေမာင္မ်က္ႏွာႀကီး တင္းမာသြားတာကိုျမင္လိုက္ရတယ္။

“ေတာက္၊ သူတို႔ကေတာ့ အေဖကိုမွ အားမနာကြာ”

“မိန္းကေလးေတြဆိုတာ ဒီလိုပါပဲဗ်ာ၊ ေနာက္ၿပီးေတာ့ မမႏွင္းက စကားေျပာရင္ ဆရာစိုင္းဘယ္လိုေတာ္တာ၊ ဘယ္လိုထက္တာဆိုၿပီးပါးစပ္ဖ်ားကကို မခ်ဘူး၊ စိုင္းရာဇာကလည္း အသားျဖဴျဖဴ ႐ုပ္ခံကလည္းေကာင္းတယ္ဆိုေတာ့ မမႏွင္းႀကိဳက္လည္း ႀကိဳက္ခ်င္စရာေပါ့ဗ်ာ”

“ေတာက္၊ ဒီေကာင္လူပါး၀လို႔ကြာ”

“ေဒါသသိပ္မထြက္ပါနဲ႔ ကိုရင္ေမာင္ရ၊ ဒီေကာင္ေခြးက်က်မယ့္ေန႔က မၾကာေတာ့ပါဘူးဗ်”

“ေအး၊ ေျပာပါအုံးကြာ၊ မင္းဘယ္လိုလုပ္မလဲ”

“မခင္ၾကည္တို႔ ဟင္းပို႔တဲ့အခ်ိန္ ဖိုးတြမ္တီးကိုထည့္ေပးလိုက္မယ္၊ သူတို႔စကားေျပာေနတုန္း မေတာ္လို႔တိုက္မိသလိုလိုနဲ႔ စိုင္းရာဇာေခါင္းက ဆံပင္ကိုႏႈတ္ခိုင္းလိုက္မယ္ဗ်ာ”

“ျဖစ္ပါ့မလားကြ”

“ျဖစ္ပါတယ္၊ ဖိုးတြမ္တီးဆိုတာ နဂိုကတည္းက ေမ်ာက္ရႈံးေအာင္ေဆာ့တဲ့ေကာင္ေလးပဲ၊ ေနာက္ၿပီး စိုင္းရာဇာကလည္း ကေလးလုပ္တာဆိုေတာ့ အျပစ္တင္မွာမဟုတ္ပါဘူး၊ ဖိုးတြမ္တီးကို ငါးက်ပ္ေပးၿပီးေတာ့ က်ဳပ္က ေသေသခ်ာခ်ာသင္ထားေပးၿပီးသား၊ သူ႔ဆီက ဆံပင္ရလာရင္ က်ဳပ္တို႔လုပ္ငန္း ဆက္လုပ္လို႔ရၿပီ”

ရင္ေမာင္က ေခါင္းညိတ္ၿပီး

“ေကာင္းတယ္ကြာ၊ ဒါနဲ႔ ဘယ္ေတာ့စမလဲ”

“ဒီညေနပဲ လုပ္မွာပါဗ်၊ က်ဳပ္လည္း လိုက္သြားမယ္၊ ခင္ဗ်ားေတာ့မလိုက္နဲ႔၊ ခင္ဗ်ားနဲ႔သူနဲ႔က တည့္မွမတည့္တာ”

ရင္ေမာင္က ေခါင္းညိတ္ၿပီးေတာ့ က်ဳပ္ပုခုံးကိုပုတ္တယ္။

“ဒီတစ္ခါေတာ့ မင္းကိုပဲ အားကိုးရမွာပဲ ခင္ေမာင္ရာ”

“က်ဳပ္ကို ခင္ေမာင္လို႔မေခၚပါနဲ႔၊ ရင္းရင္းႏွီးႏွီးျဖစ္သြားေအာင္၊ အလတ္ေကာင္လို႔ပဲ ေခၚစမ္းပါ”

“ေအး၊ ဒါဆိုလည္း အလတ္ေကာင္ေပါ့ကြာ၊ သတင္းေကာင္းကို ေစာင့္ေနမယ္ေဟ့”

“စိတ္သာခ်ဗ်ာ”

က်ဳပ္နဲ႔ရင္ေမာင္နဲ႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေတာ့ ဟက္ဟက္ပက္ပက္ရယ္လိုက္ၾကတာေပါ့ဗ်ာ။

(၇)

အဲဒီညေနပဲ က်ဳပ္တို႔လုပ္ငန္းစၾကတာေပါ့ဗ်ာ၊ က်ဳပ္လည္း ေရမိုးခ်ိဳးၿပီးေတာ့ ဖိုးတြမ္တီးကို ေခၚလိုက္တယ္၊ ၿပီးေတာ့ က်ပ္တန္သုံး႐ြက္ေပးလိုက္တယ္။

“မင္းငါခိုင္းထားတဲ့အတိုင္းလုပ္ေနာ္”

ဖိုးတြမ္တီးက တစ္က်ပ္တန္သုံး႐ြက္ယူၿပီးေတာ့

“ဟာဗ်ာ၊ ကိုႀကီးေျပာေတာ့ ငါးက်ပ္ေပးမယ္ဆိုဗ်”

“မင္းကြာ၊ လ်ာကိုရွည္တယ္၊ မင္းသာ စိုင္းရာဇာရဲ႕ဆံပင္ေမႊးယူလာခဲ့၊ ဒါဆိုရင္ က်န္တဲ့ေငြထပ္ရမယ္”

က်ဳပ္ေဈးကိုင္လိုက္ေတာ့ ဖိုးတြမ္တီးလည္း ေအာင့္သက္သက္နဲ႔ေခါင္းညိတ္လိုက္တယ္ဗ်၊ က်ဳပ္လည္း လည္သြားၿပီေလဗ်ာ၊ ဒါနဲ႔ ညေနေစာင္းေတာ့ မႏွင္းၾကည္က အလွျပင္ၿဖီးလိမ္းၿပီးေတာ့ အိမ္ေပၚကေနဆင္းလာတယ္ဗ်၊ ႐ိုး႐ိုးခ်ည္ထည္ေလးဝတ္ထားၿပီး သနပ္ခါးပါးကြက္ၾကားေလးကြက္ထားတဲ့ မႏွင္းၾကည္ကိုျမင္ရတာ က်ဳပ္ရင္ေတြေအးသြားတာပဲဗ်ာ။ မခင္ၾကည္ကေတာ့ မိတ္ကပ္ေတြေဖြးေနေအာင္လူးၿပီး ႏႈတ္ခမ္းနီရဲရဲႀကီးဆိုးထားေလရဲ႕၊ မ်က္ခုံးေမႊးကိုလည္း ခဲတံနက္နက္ႀကီးကို တံေတြးဆြတ္ၿပီးဆြဲထားေတာ့ ကြၽဲေမွ်ာ့ႀကီးႏွစ္ေကာင္ကပ္ေနသလို မည္းမည္းႀကီးနဲ႔ ၾကည့္ရ႐ုပ္သိပ္ဆိုးတာဗ်၊ မခင္ၾကည္က သုံးဆင့္ခ်ိဳင့္တစ္ခ်ိဳင့္ကိုယူၿပီးေတာ့ အိမ္ကေနထြက္လာတယ္။

“အမခင္ၾကည္၊ ဆရာစိုင္းဆီသြားမလို႔လား”

“ေအးကြဲ႕၊ သူကငါ့လက္ရာကို ႀကိဳက္တယ္ဆိုလို႔သာ တကူးတကပို႔ေပးေနရတာပါ၊ ဘာလဲ နင္ေရာလိုက္မလို႔လား”

“လိုက္မယ္ေလဗ်ာ၊ အပ်င္းေျပေပါ့”

က်ဳပ္နဲ႔ဖိုးတြမ္တီးလည္း အေနာက္ကေနမေယာင္မလည္နဲ႔လိုက္ခဲ့တယ္ဗ်၊ ဒါနဲ႔မၾကာခင္မွာပဲ သူႀကီးအိမ္ကိုေရာက္ပါေရာဗ်ာ၊ သူႀကီးအိမ္ေအာက္ထပ္မွာ စားပြဲဝိုင္းႀကီးခင္းထားတယ္ဗ်၊ ဘုန္းႀကီးငါးပါးကို ေကြၽးတဲ့စားပြဲဝိုင္းဆိုေတာ့ အေတာ္ႀကီးတာေပါ့ဗ်ာ၊ အဲဒီစားပြဲဝိုင္းတစ္ဖက္မွာ စိုင္းရာဇာက ထိုင္လို႔ဗ်၊ သူ႔အေရွ႕က စားပြဲႀကီးမွာလည္း ဟင္းေတြကိုစုံေနတာပဲဗ်ာ၊ ႐ြာသူ႐ြာသားေတြ အေကြၽးအေမြးၾကမ္းခ်က္ကေတာ့ ႐ြာက ဘုန္းႀကီးဝိုင္းေတာင္ ဒီေလာက္ဟင္းစုံမယ္မထင္ဘူးဗ်။

“ဪ၊ ႏွင္းၾကည္ေရာက္လာပါလား၊ လာေလထိုင္”

စိုင္းရာဇာက ေျပာလိုက္ေတာ့ မႏွင္းၾကည္က သူ႔အနားသြားထိုင္ၿပီး လက္ထဲက ခ်ိဳင့္ကိုဖြင့္လိုက္တယ္၊ စိုင္းရာဇာက ဟင္းခ်ိဳင့္ကိုယူၿပီးေတာ့ နမ္းၾကည့္တယ္ဗ်။

“ဒီဟာက ႏွင္းၾကည္ကိုယ္တိုင္ေထာင္းထားတဲ့ မန္က်ည္းသီးေထာင္းပါ၊ ကိုစိုင္း စားၾကည့္ရင္ လ်ာလည္သြားမွာ”

စိုင္းရာဇာကလည္း သြားႀကီးၿဖီးၿပီးေတာ့

“ေကာင္းတာေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ေန႔တိုင္း ဝက္သား၊ ၾကက္သား၊ အမဲသားေတြစားရလို႔လားေတာ့မသိဘူး၊ အခ်ဥ္ေလး၊ အစပ္ေလး ေတာင့္တမိတယ္ဗ်”

စိုင္းရာဇာက မန္က်ည္းသီးေထာင္းကို ပန္းကန္ျပားထဲထည့္ၿပီးေတာ့ ထမင္းနဲ႔စားလိုက္တယ္၊ ၿပီးေတာ့ ပါးစပ္ကိုအရသာခံေနၿပီး

“အားပါးပါး၊ ႏွင္းၾကည္လက္ရာေကာင္းပုံမ်ား ေဆြမ်ိဳးေတာင္ေမ့ခ်င္တယ္ဗ်ာ”

ဒီေကာင္တမင္သတ္သတ္ဟန္လုပ္ေနေပမယ့္ မႏွင္းၾကည္ကေတာ့ ေက်နပ္ေနတဲ့ပုံနဲ႔ ရယ္ေမာေနတာပဲဗ်ာ၊ က်ဳပ္ျဖင့္ ဒီေကာင့္ကို လည္ပင္းခ်ည္းညႇစ္သတ္ပစ္ခ်င္ေတာ့တာ၊ မႏွင္းၾကည္ကို စိုင္းရာဇာက ေျပာဆိုရယ္ေမာေနတာမို႔လို႔ သူႀကီးကေတာ္နဲ႔ အျခား႐ြာကမိန္းမေတြက မ်က္ေစာင္းတခဲခဲပဲဗ်၊

“ငါခ်က္လာတဲ့ ၾကက္သားေလးလည္း စားစမ္းပါအုံးေမာင္ေလးရယ္”

မိန္းမ၀၀ႀကီးတစ္ေယာက္က ၾကက္သားခြက္ထဲက ၾကက္ေပါင္ေၾကာ္ကိုယူလိုက္ၿပီးေတာ့ စိုင္းရာဇာဆီအတင္းထိုးေပးတယ္၊ စိုင္းရာဇာကလည္း မစားခ်င္လို႔အတင္း႐ုန္းကန္တယ္ဗ်၊ ဒီအခါ စားပြဲတစ္ဖက္မွာထိုင္ေနတဲ့ သူႀကီးကေတာ္ကလည္း

“ေဟာဒါက ရွဥ့္ေၾကာ္ ဆရာစိုင္းရဲ႕၊ စားရခဲတယ္ စားၾကည့္ပါအုံး”

မိန္းမေတြက အလုအယက္နဲ႔သူေကြၽးတာစားပါဆိုၿပီးျဖစ္ကုန္ေတာ့တာပဲဗ်ာ၊ ဒါနဲ႔ က်ဳပ္လည္း ဖိုးတြမ္တီးကိုမ်က္ရိပ္ျပလိုက္ေတာ့ ဖိုးတြမ္တီးက ေဆာ့သလိုလိုနဲ႔ စိုင္းရာဇာဆီေျပးဝင္သြားတာပဲဗ်ာ၊ ၿပီးေတာနဲ႔ စိုင္းရာဇာရဲ႕ေခါင္းကို လက္နဲ႔ေျပးၿပီးဆြဲမလို႔လုပ္ပါေရာ။

“ဟိတ္ေကာင္ေလး၊ ဘာလုပ္တာလဲ”

စိုင္းရာဇာေအာ္လိုက္တဲ့အခ်ိန္မွာပဲ ဖိုးတြမ္တီးလက္က ေလေပၚမွာရပ္သြားတယ္ဗ်၊ ဖိုးတြမ္တီးတစ္ကိုယ္လုံးလည္း တုန႔္ခနဲရပ္သြားတယ္၊ ရပ္သြားတာကလည္း ဖိုးတြမ္တီးက ရပ္လိုက္တာမ်ိဳးမဟုတ္ဘူးဗ်၊ ဖိုးတြမ္တီးကို တစ္ေယာက္ေယာက္က တြန္းၿပီးေတာ့ တားထားတဲ့ပုံစံပဲ၊ ဖိုးတြမ္တီးကလည္း ငါးက်ပ္ရဖို႔အေရးအတြက္ အေရွ႕ကိုလက္ဆန႔္ၿပီး စိုင္းရာဇာေခါင္းကိုလွမ္းကိုင္ဖို႔လုပ္တယ္၊ ဒီမွာပဲ ဖိုးတြမ္တီးရဲ႕လက္က အေနာက္ကိုျပန္လန္သြားတာပဲ၊ လက္ေတာ့မက်ိဳးေပမယ့္ ဖိုးတြမ္တီးလက္ေတာ္ေတာ္နာသြားပုံရတယ္။

က်ဳပ္လည္းသိလိုက္ပါၿပီဗ်ာ၊ ဒီေကာင့္မွာ တစ္ခုခုေတာ့ရွိတယ္၊ ဦးဘသာလိုမ်ိဳး ဘီလူးေတြဘာေတြ ရွိတာလားမသိဘူးဗ်၊ ဒီအခ်ိန္မွာပဲ႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္၊ မခင္ၾကည္က သူ႔သားကိုထဆြဲေတာ့ လက္ေဆးရည္ဇလုံႀကီးကို ေျခေထာက္နဲ႔တိုက္မိၿပီး စိုင္းရာဇာအေပၚကိုလက္ေဆးရည္ေတြေမွာက္က်သြားတယ္၊ ဒီအခါ အနားကမိန္းမေတြကလည္း လက္ေဆးရည္ဇလုံကိုဆြဲတဲ့သူကဆြဲ၊ သူႀကီးကေတာ္ကလည္း လက္သုတ္ဝတ္နဲ႔စိုင္းရာဇာရဲ႕ ေပါင္ကိုထၿပီးသုတ္လိုသုတ္နဲ႔ ရႈပ္ေထြးသြားတာေပါ့ဗ်ာ။

က်ဳပ္လည္းအခ်ိန္ဆြဲမေနေတာ့ဘူးေလ၊ ပုဆိုးကိုျပင္ဝတ္ၿပီးေတာ့ စိုင္းရာဇာေပၚကို လႊားခနဲခုန္အုပ္လိုက္တယ္ဗ်၊ က်ဳပ္ေျခေထာက္နဲ႔ထမင္းဝိုင္းႀကီးခတ္မိၿပီး ဟင္းခြက္ေတြလည္းအကုန္ေမွာက္ကုန္တာေပါ့ဗ်ာ၊ က်ဳပ္လည္း မိန္းမေတြၾကားထဲပိေနတဲ့ စိုင္းရာဇာရဲ႕ေခါင္းကို လက္နဲ႔အေသအခ်ာလွမ္းႏႈိက္ထည့္လိုက္တာေပါ့ဗ်ာ၊

ဒါေပမယ့္ ထူးျခားတာက စိုင္းရာဇာေခါင္းကိုမကိုင္မိဘဲ စိုင္းရာဇာက ႐ုတ္ျခည္းေပ်ာက္သြားတာဗ်၊ က်ဳပ္စမ္းေတာ့ မိန္းမႀကီးေတြရဲ႕ ကိုယ္လုံးေတြပဲစမ္းမိတယ္၊ စိုင္းရာဇာက အိမ္ေပၚတက္တဲ့ေလွကားအနားကို ေရာက္သြားတယ္ဗ်ာ၊ ေလွကားနဲ႔ ထမင္းဝိုင္းနဲ႔က ဆယ္ေပသာသာေလာက္ေတာ့ ေဝးမွာဗ်ာ၊ သူက ျဖတ္ခနဲေပ်ာက္ၿပီး ဟိုဘက္မွာ သြားျပန္ေပၚတဲ့ ပုံစံမ်ိဳးပဲ။

လူေတြက က်ဳပ္ကိုဝိုင္းဆြဲပါေရာဗ်ာ၊ ႐ြာသူႀကီးအိမ္က ေယာက္်ားသားေတြဆိုရင္ က်ဳပ္ကိုထိုးမယ္ႀကိတ္မယ္ လုပ္ၾကတာေပါ့၊ က်ဳပ္လည္း ႀကံရာမရေတာ့တာနဲ႔ လက္ႏွစ္ဖက္ကိုမိုးေပၚကိုေထာင္ၿပီးေတာ့ ကိုယ္လုံးကိုတဆတ္ဆတ္တုန္ၿပီး အပမွီသလိုလို၊ သရဲပူးသလိုလိုလုပ္ရတာပဲဗ်ာ။

“ဟဲ့ အလတ္ေကာင္ဘာျဖစ္တာလည္း”

“သူ႔ၾကည့္ရတာ ပုံမွန္မဟုတ္ဘူး၊ သရဲပူးတာထင္တယ္”

က်ဳပ္လည္း သူတို႔အေျပာအရ သရဲပူးျပေနရတာေပါ့ဗ်ာ၊ ႐ြာသားေတြက က်ဳပ္ကိုခ်ဳပ္ၿပီးေတာ့

“သရဲပူးတယ္ဆိုရင္ ဆရာဦးေအာင္ရွိန္ဆီ ေခၚသြားၾကမယ္ေဟ့”

က်ဳပ္လည္း အခုမွပဲသက္ျပင္းခ်ႏိုင္ေတာ့တယ္၊ ဦးေအာင္ရွိန္အိမ္ကိုေရာက္ရင္ က်ဳပ္က သရဲသူ႔ဘာသာထြက္သြားတယ္ဆိုၿပီးေတာ့ သ႐ုပ္ေဆာင္မယ္လို႔ ဆုံးျဖတ္ထားတာေပါ့ဗ်ာ။ ဒီအခ်ိန္ေလွကားရင္းနားမွာရပ္ေနတဲ့ စိုင္းရာဇာက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး

“အဲဒီသရဲကို ဖမ္းခ်ဳပ္ၿပီးအေပၚေခၚလာခဲ့၊ က်ဳပ္ဒီသရဲကိုထုတ္ေပးမယ္”

႐ြာသားေတြကလည္း အံ့ဩသြားတာေပါ့။

“ဆရာစိုင္းက အပႏွင္တတ္လို႔လား၊ ကြၽန္မတို႔က ဆရာဦးေအာင္ရွိန္ဆီကိုေခၚသြားၾကမလို႔”

“ဟား၊ ဟား သရဲေလာက္ကေတာ့ က်ဳပ္ကအေပ်ာ့ပါ၊ လာက်ဳပ္ထုတ္ေပးမယ္၊ ေခၚလာခဲ့ၾက”

ဒါနဲ႔ပဲ က်ဳပ္ကိုအိမ္အေပၚထပ္ကိုဆြဲတင္ၾကတာေပါ့၊ က်ဳပ္လည္း ႐ုန္းပါေသးတယ္၊ ဒါေပမယ့္ ေလးေယာက္တစ္ေယာက္အားမို႔ မ႐ုန္းႏိုင္ဘဲ အိမ္ေပၚပါလာတာေပါ့ဗ်ာ၊ စိုင္းရာဇာက ဘုရားေက်ာင္းေဆာင္ေရွ႕မွာ က်ဳပ္ကိုထိုင္ခိုင္းတယ္ဗ်၊ ေနာက္ၿပီးေတာ့ က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး

“ဟဲ့ ငါလိုဆရာကို ဘယ္က ကေလက၀သရဲက ရန္ျပဳခ်င္တာလဲ”

စိုင္းရာဇာက ေျပာၿပီးေတာ့ အခန္းေထာင့္နားမွာေထာင္ထားတဲ့ တံျမက္စည္းႀကီးေျပးဆြဲတယ္ဗ်၊ တံျမက္စည္းအ႐ိုးက လက္မလုံးေလာက္ရွိတဲ့ ႀကိမ္လုံးႀကီးတပ္ထားတာဗ်၊ က်ဳပ္လည္းေၾကာက္တာေပါ့ဗ်ာ၊ ဒါနဲ႔လက္အုပ္ခ်ီၿပီး

“ငါမွားပါတယ္၊ ငါ . . . ငါထြက္သြားပါ့မယ္”

“ေအာင္မာ၊ သူမ်ားကိုပူးကပ္ခ်င္တိုင္းပူးကပ္ၿပီး ထြက္ခ်င္တိုင္းထြက္လို႔ရမလားကြ၊ ေဟ့ သူ႔ကိုခ်ဳပ္ထားလိုက္စမ္း၊ ဒီသရဲကို မွတ္ေလာက္သားေလာက္ေအာင္ ႐ိုက္ႏွက္လႊတ္ရမယ္ေဟ့”

က်ဳပ္လက္ႏွစ္ဖက္ကို ကာလသားႏွစ္ေယာက္က ခ်ဳပ္တယ္ဗ်။ က်ဳပ္လည္းအတင္းထေျပးဖို႔လုပ္ရင္း ပုဆိုးစနင္းမိၿပီး ဖင္ကုန္းၿပီးလဲတာေပါ့ဗ်ာ၊ ဒါကိုေတာင္မွ ႐ြာသားေတြက ဆရာစိုင္းတန္ခိုးနဲ႔ သရဲကိုဖင္ပူးေတာင္းေထာင္ခိုင္းတယ္လို႔ထင္ၾကတာ၊ စိုင္းရာဇာဆိုတဲ့ေကာင္ကလည္း ဘာေျပာေကာင္းမလဲဗ်ာ၊ သူ႔ေရွ႕ေမွာက္လ်က္လဲတဲ့က်ဳပ္ကို ႀကိမ္လုံးႀကီးနဲ႔လႊဲလႊဲေဆာ္ေတာ့တာေပါ့။

“ေအာင္မယ္ေလး၊ ေၾကာက္ပါၿပီဗ်”

က်ဳပ္ရဲ႕ေအာ္သံက တစ္႐ြာလုံးကိုလႊမ္းသြားတာေပါ့ဗ်ာ။

“ဟား၊ ဟား၊ ဟား”

က်ဳပ္အေၾကာင္းေတြသိေတာ့ ဦးဘသာကရယ္တယ္ဗ်၊ ေနာက္ၿပီးေတာ့ က်ဳပ္ကိုဖင္ပူးေတာင္းေထာင္ခိုင္းၿပီး က်ဳပ္တင္ပါးက အရႈိးရာေတြကို ဆီလူးေပးတယ္ဗ်၊ စိုင္းရာဇာလက္ခ်က္နဲ႔ က်ဳပ္တင္ပါးမွာ ႀကိမ္လုံးရာေတြျဖစ္ၿပီး ေကာင္းေကာင္းေတာင္ ထိုင္လို႔မရဘူးဗ်ာ။ ဒါနဲ႔ပဲ တဲထဲမွာ ေမွာက္ေနရတာေပါ့၊ ညေမွာင္ေတာ့ ရင္ေမာင္ေရာက္လာတယ္ဗ်။

“မင္းအျဖစ္ကို ငါသိၿပီးပါၿပီ အလတ္ေကာင္ရာ၊ ျပစမ္းမင္းဒဏ္ရာေတြ”

ရင္ေမာင္က က်ဳပ္ဖင္ကိုခြၽတ္ၿပီးၾကည့္တာပဲဗ်ာ၊ ၿပီးေတာ့ ေတာက္ေခါက္ၿပီး

“ဒါမင္းကို တမင္သက္သက္လုပ္လိုက္တာပဲကြ”

“ဒါေပါ့ဗ်ာ၊ ဒီေကာင္ က်ဳပ္ကိုတမင္ပညာျပလိုက္တာဗ်၊ ဒါက်ဳပ္ကို တရားဝင္စစ္ေၾကျငာလိုက္တာပဲ”

“ေအးေပါ့ကြာ၊ ခင္ေမာင္ကို စစ္ေၾကျငာတယ္ဆိုရင္ ေဟာဒီက ရင္ေမာင္ကိုလည္း စစ္ေၾကျငာတာနဲ႔အတူတူပဲ၊ ဒါနဲ႔ ငါတို႔ဘာဆက္လုပ္မလဲ”

“ကိုရင္ေမာင္ ခင္ဗ်ားအသာၾကည့္ေနစမ္းပါ၊ ဒီေကာင့္ရဲ႕ လုပ္ဇာတ္ေတြကို က်ဳပ္မေဖာ္ရမျခင္း က်ဳပ္လုံး၀မေက်ဘူးဗ်ာ”

“ေအး၊ ဒီေကာင္က ငါတို႔ကိုၾကမ္းၿပီဆိုေတာ့ ငါတို႔ကလည္း ျပန္ၿပီးႏုေနလို႔မျဖစ္ေတာ့ဘူး အလတ္ေကာင္ရ”

က်ဳပ္နဲ႔ရင္ေမာင္နဲ႔ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ ၿပီးအံတႀကိတ္ႀကိတ္၊ ေတာက္တေခါက္ေခါက္ျဖစ္ေနတာကို ဦးဘသာကၾကည့္ရင္း သက္ျပင္းရွည္ႀကီးတစ္ခ်က္ ခ်လိုက္တာေပါ့ဗ်ာ၊ ဒီအေရးက မလြယ္တဲ့အေရးမို႔ ရွည္ေတာ့ ရွည္အုံးမွာဗ်။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #horror