“စုန်းမကျိန်စာ”(စ/ဆုံး)
===========================
ကျွန်ုပ်မှာခရီးသွားလာခြင်းကိစ္စကြီးများမပေါ်ပေါက်သည့်အတွက်ရိုးမတောတွင်းသာလှည့်လည်အမဲပစ်လျှက်ရှိနေသည်။
သာဝနှင့်မဲလုံးမှာလည်းကျွန်ုပ်နောက်မှအမဲပစ်လိုက်ပြီးညနေစောင်း
လူငယ်သဘာဝသောက်စားကာ ကောင်မလေးများကိုပိုးပန်းနေသည်။
တခုသောနေ့တွင်ပဲခူးရိုးမဖက်မှ
ဧည့်သည်တစ်စုကျွန်ုပ်ရွာသို့ရောက်လာကြသည်။
ကျွန်ုပ်မှာဧည့်သည်များကိုရေနွေး
ကြမ်းနှင့်မျောက်ချေးခါးဖြင့်ဧည့်ခံတည်ခင်းဖြစ်သည်။
မျောက်ကားကျွန်ုပ်ပစ်ခြင်းမဟုတ်
သာဝနှင့်မဲလုံး ခွေးများဖြင့်အမဲလိုက်
ထွက်ကြရာမှရလာသောချေးခါးဖြစ်သည်။
မျောက်ချေးခါးစား၍ရသည့်မျောက်မှာတခြားမျောက်မှာ မျောက်ညိုဟုခေါ်သော တစ်ပိသာကျော်ခန့်ရှိမျောက်အမျိုးအစားဖြစ်သည်။ မျောက်ချေးခါးကိုတခြားရာသီထက်နွေဦးရာ
သီတွင်စားသောက်ကြ၏။
မျောက်ညိုမှာရွက်နူဝေသောနွေဦးကာလတွင်အရွက်များကိုစားသောမျောက်မျိုးဖြစ်ရာ မျောက်ညိုရလာပါကအစာအိမ်ကိုခွဲထုတ်ကာပြုတ်ပြီးအတွင်းမှအစာဟောင်းများကိုယူရသည်။
အစာဟောင်းများမှာလဖက်ကဲ့သို့ရှိနေသည်။ ထိုအစာဟောင်းများကိုဆီ၊ကြက်သွန်၊မြေပဲ၊နှမ်းများဖြင့်သုတ်စားရသည်။
ခါးဆိမ့်ဆိမ့်အရသာရှိသောမျောက်ချေးခါးမှာ ကြိုက်နှစ်သက်သူများအတွက်အလွန်စားကောင်း၏။
ကျွန်ုပ်တို့ကားလဖက်ခြောက်ကျကျခပ်ထားသောရေနွေးကြမ်းပူပူကိုတဖူးဖူးမှုတ်သောက်လိုက်၊ မျောက်ချေးခါးကိုအမြည်းအဖြစ်အနည်းငယ်စားလိုက်ဖြင့် အိမ်ရှေ့ကွက်ပစ်တွင်စကားဝိုင်းဖွဲ့နေကြသည်။
” ဦးလေးနာမည်က ဦးတင်မောင်ပါ
မောင်ဖိုးတေ ၊ လာရင်းကိစ္စကတော့ဒီကစက်သူဌေးမောင်ဇော်မိုးကိစ္စပါ…”
” ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ…”
ကျွန်ုပ်ကိုမိတ်ဆက်လာသူမှာအသက်ငါးဆယ်အရွယ်လူကြီးတယောက်ဖြစ်သည်။ စက်သူဌေးဇော်မိုးဆိုသူကား အသက်သုံးဆယ့်ငါးအရွယ် လူတယောက်ဖြစ်သည်။ သူမျက်နှာကအအိပ်ပျက်အစားပျက်ရှိဟန်မျက်ကွင်းများညိုကာနားထင်များချောင်ကျနေသည်။ ပူပင်သောကတခု
ရောက်နေဟန်ကသူ့မျက်နှာတွင်အရိပ်
လာထင်နေသည်။
” ကျွန်ုပ်တတ်နိူင်တဲ့ကိစ္စဆိုရင် ကူညီပေးပါ့မယ် ၊ ဒါပေမယ့် ပြသာနာကိုတော့ ယုံယုံကြည်ကြည်နဲ့ အမှန်အတိုင်းပြောဖို့လိုလိမ့်မယ်လို့သတိပေးထားပါရစေ…..”
ကျွန်ုပ်စကားကြောင့်ဦးတင်မောင်နှင့်
ကိုဇော်မိုးခေါင်းခြင်းဆိုင်တီးတိုးစကား
ဆိုကာတခဏမျှငြိမ်ကျသွားကြသည်။
ပြီးနောက်…ကိုဇော်မိုးမှာတခုခုကိုဆုံးဖြတ်ချက်ချလိုက်ဟန် ကျွန်ုပ်ကိုစကားဆိုလာသည်။
” ဒီပြသာနာရဲ့အစဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစတယ်ပြောရလိမ့်မယ် ကိုဖိုးတေ ၊ တကယ်တော့ဗျာ ခုပြသာနာတွေဖြစ်ရတာ ကျွန်တော့်လောဘတက်
မူကြောင့်လည်းပါပါတယ်… ဖြစ်ပုံက
ဒီလိုဗျ… ”
ကျွန်ုပ်ကားတိတ်ဆိတ်ငြိမ်သက်စွာဖြင့်ကိုဇော်မိုးပြောလာသည့်ဇာတ်လမ်းကိုနားစွင့်နေမိသည်။
ဇော်မိုးတို့မှာပဲခူးတိုင်းမှမဲဇလီဆိုသောရွာကြီးတရွာတွင်နေကြသူများဖြစ်သည်။ ဇော်မိုးမိဘများမှာ ဆန်စက်၊ဆီစက်ပိုင်ရှင်သူဌေးသူကြွယ်များဖြစ်ကြသည်။
ဇော်မိုးတွင်မွေးချင်းအစ်ကိုတယောက်၊အမတယောက်ရှိကာဇော်မိုးက
အငယ်ဆုံးဖြစ်သည်။
ဇော်မိုးမိဘများမှာသားသမီးသုံးယောက်အိမ်ထောင်ကျသောအခါအမွေများကိုညီတူ၊ညီမျခွဲဝေပေးလာသည်။
သားသမီးသုံးယောက်တွင်ဇော်မိုးမှာ
စီးပွားရေးအမြင်ရှိသူအဖြစ်အားလုံးသတ်မှတ်ချီးကျုးခံရသည်။
ရရှိလာသောအမွေများကိုအရင်းတည်ကာ မြေပဲဝယ်လှောင်၊စပါးဝယ်လှောင်ကာ ကိုယ်တိုင်ကြိတ်ခွဲပြီးကုန်သည်ပွဲစားများကိုရောင်းချရာ သူဝယ်လှောင်စဥ်စျေးထက်နှစ်ဆကျော်ခန့်အမြတ်ရပြီး စီးပွားရေးမှာတစ်နေ့တခြားတိုးတက်လာသည်။
သုံးလေးနှစ်ခန့်အတွင်း ကံဇာတာကလည်းကောင်း စည်းစနစ်ကျကျလည်းလုပ်ကိုင်တတ်သူမို့စီးပွားရေး
တက်လာခြင်းဖြစ်သည်။
ဇော်မိုးဇနီးမယားအမည်မှာမေသူဟု
အမည်ရပြီးသူတို့တွင်သားတယောက်
သမီးတယောက်ရှိသည်။
ဇော်မိုးဇနီးမေသူမှာ မဲဇလီရွာသူမဟုတ်ပဲ ပဲခူးရိုးမတောင်ခြေအနီး
ထန်းနှစ်ပင်ရွာသူတယောက်ဖြစ်သည်။
ဇော်မိုးမှာစီးပွားရေးလုပ်ငန်းကိုတိုးချဲ့
ရန်စဥ်းစားရာ ဇနီးမယားရွာတွင်စီးပွား
ရေးလုပ်ငန်းတိုးချဲ့ရန်ကြံစည်စိတ်ကူး
ရန်နေရာရှာရာ ဆီစက်၊ဆန်စက်တည်ထောင်သူမရှိသည့်ဇနီးမယားရွာ ထန်းနှစ်ပင်တွင်တည်ထောင်ရန်စိတ်ကူးရှိနေသည်။
မေသူအမျိုးများကလည်းတရွာလုံး
နီးပါးမို့ သူ့စီးပွားရေးကိုနှောင့်ယှက်ရန်
ပြုမည့်သူအတွက်စိတ်ပူရန်မလိုသည့်အတွက်ပို၍အဆင်ပြေနေသည်။
ထို့ကြောင့် ထန်းနှစ်ပင်ရွာတွင်မြေနေရာတည်ရန်နေရာလိုက်ရှာရာ ကျယ်ဝန်းသောမြေနေရာတခုသွားတွေ့သည်။
စက်ရုံတည်ရန်၊ အလုပ်သမားတန်းလျားဆောက်ရန် ၊ ကုန်ပစ္စည်းများ
ထားရန်အဆောက်အဦးများဆောက်၍
အဆင်ပြေမည့်မြေနေရာမျိုးဖြစ်သည်။
သို့ရာတွင်.. ပြသာနာတခုတော့ရှိနေသည်။ ထိုနေရာတွင်နေထိုင်သူရှိနေ
ခြင်းကြောင့်ဖြစ်သည်။
ပိုင်ရှင်ကိုစျေးကောင်းပေးဝယ်၍
ရသော်လည်းပိုင်ရှင်သည်မြေပိုင်ရှင်
မဟုတ် ၊ နေသူမရှိသည့်နေရာတွင်ကာလရှည်နေရာမှမြေပိုင်အဖြစ်နေရာ
ယူထားခြင်းဖြစ်သည်။
ထိုနေရာကိုထန်းနှစ်ပင်ရွာသားများကဖုန်းဆိုးမြေဟုခေါ်ကြသည်။ ရွာနှင့်
ခြေလျှင်တစ်နာရီသွားရမည့်အရပ်တွင်
တည်ရှိနေသောနေရာဖြစ်သည်။
ဖုန်းဆိုးမြေဟုခေါ်ရခြင်းမှာအကြောင်းရှိသည်။ သစ်ပင်ကြီးများ
ကျဲပါးပြီး ကြိမ်ပင်၊ဆူးပင်၊နွယ်ပင်များ
ဖြင့်တောထနေသောနေရာမျိုးဖြစ်၏။
ဖုန်းဆိုးမြေကိုရွာသားများမှာတကူးတကခုတ်ထွင်စိုက်ပျိုးသူမရှိ၊စိတ်မဝင်စားပဲစွန့်ပစ်ထားကြသည်။လွန်ခဲ့သောသုံးနှစ်ကထိုနေရာသို့လင်မယားနှစ်ယောက်ရောက်လာကြသည်။
အသက်လေးဆယ်ကျော်လင်မယားဖြစ်ပြီး သားသမီးမရှိလင်မယားနှစ်ယောက်တည်းဖြစ်သည် ။
လင်ဖြစ်သူအမည်မှာတင်သောင်းဟု
အမည်ရပြီး၊ဇနီးဖြစ်သူအမည်မှာ ရင်ရွှေဟုခေါ်သည်မှလွဲ၍ တခြားအကြောင်းများမည်သူမှမသိကြ။
သူတို့ဘယ်အရပ်ကလာ၍နောက်ကြောင်းမည်သို့ရှိသည်ကို
မသိကြခြင်းဖြစ်သည်။
လင်မယားနှစ်ယောက်မှာ နေထိုင်သူမရှိသောဖုန်းဆိုးမြေတွင် အိမ်ငယ်တစ်လုံးဆောက်၍နေကြသည်။
ထန်းနှစ်ပင်ရွာသားများနှင့်အဆက်အဆံမလုပ်၊ လိုအပ်သည်များရွာသို့လာဝယ်သည်မှအပ၊ရွာသာရေး၊နာရေးများတွင်ဝင်ရောက်ပါဝင်ခြင်းမရှိ၊သီးခြားနေသူများဖြစ်သည်။
လင်မယားနှစ်ယောက်ရုပ်ရည်မှာအလွန်လိုက်ဖက်သောပုံစံမျိုးရှိသည်။
တင်သောင်းမှာအရပ်ပုပု၊ အသားမည်းမည်း ဗလတောင့်တောင့်ဖြစ်သည်။ မျက်နှာကလေးထောင့်စပ်စပ်ပုံစံမျိုးရှိကာ အာဖရိကသားများလိုလိမ်ကောက်နေသောဆံပင်၊နဖူးမောက်မောက်၊မျက်လုံးပြူးပြူး၊နခေါင်းပွပွ၊ပါးစပ်ပြဲပြဲပုံစံရှိကာ၊မျက်နှာတွင်ကန့်လန့်ဖြတ်ဓားဒဏ်ရာကြီးတခုရှိသည်။
အင်ကျီဝတ်သည်ဟူ၍မြင်ဖူးသူမရှိ၊ အရောင်ညစ်ညစ်ပုဆိုးကွက်ကျဲတထည်ကိုဒူးအထိတိုတိုဝတ်ကာ ဓားမကြီးတလက်ခါးတွင်ထိုး၍သွားလာနေသော တင်သောင်း ထန်းနှစ်ပင်ရွာသို့
ရောက်လာလျှင် တင်သောင်းကိုတွေ့သောခလေးများမှာ လမ်းပေါ်တွင်မဆော့ရဲကြပဲ နီးစပ်ရာအိမ်များသို့ဝင်ပြေးကြသည်။
ခွေးများသည်ပင်အမြီးကုတ်ကာခြံအတွင်းမှဟောင်ဝံ့ကြသည်။ တင်သောင်းကားမည်သူကိုမှဂရုမစိုက် မျက်နှာထားတည်တည်ဖြင့် သူလိုအပ်သည်ဝယ်ယူကာပြန်တတ်သည်။
အဓိကဝယ်ယူသည်ကားအရက်ဖြစ်၏။
ရင်ရွှေမှာကား ခေါင်းမလျှော်၊ဆီမထည့်သည်မှာနှစ်မည်မျကြာပြီမသိသော
ဆံပင်ဖိုးရိုးဖားလျားကိုအမြဲတစေကျောပေါ်ဖြန့်ချထားတတ်သည်။
မျက်လုံးကစွေစောင်းကာ ၊သွားခေါသည်။ ညစ်ထေးထေးထမီကိုရင်လျား
ဝတ်ထားတတ်သည်။စကားပြောလျှင်
အဆဲအဆိုလေးပါမှပြောတတ်သူဖြစ်သည်။
သူတို့နှစ်ယောက်စားသောက်ရေးအတွက်အလုပ်အကိုင်မှာ သားသတ်လုပ်ငန်းဖြစ်သည်။
ထန်းနှစ်ပင်ရွာတွင်အစပထမသားသတ်လုပ်ငန်းလုပ်ကိုင်သူမရှိ။ ရွာတွင်ပွဲလမ်းသဘင်ရှိပါက ဝက်များကိုအနည်းငယ်လက်ရဲဇက်ရဲရှိသူများဝိုင်းသတ်ကာအသားပေါ်ကြသည်။
နေ့စဥ်အသားပေါ်သည်ဟူ၍မရှိပေ။တင်သောင်းတို့လင်မယားရောက်လာချိန်တွင်တင်သောင်းမှာရွာ၏လွတ်နေသောအလုပ်ဖြစ်သော
သားသတ်လုပ်ငန်းကိုယူလိုက်တော့သည်။
အစပထမ ဝက်ဝယ်၍သတ်သည့်အလုပ်သာလုပ်သော်လည်း နောက်ပိုင်း
နွားသတ်ခြင်းလုပ်ငန်းများလုပ်ကိုင်
လာသည်။
ဝက်ပေါ်သောအလုပ်ကိုမနက်ပိုင်းလေးနာရီတွင်ထလုပ်ပြီးမိုးလင်းသည်နဲ့
အားလုံးအပြီးအစီး ဝမ်းတွင်းကလီစာ၊
အသား၊အရိုးများ သူ့အတွဲနဲ့သူအသင့်
ဖြစ်နေသည်။
ရင်ရွှေမှာအသားများကိုထန်းနှစ်ပင်ရွာတွင်မနက်စောစောသွားရောင်းသည်။ ရောင်းမကုန်၍ပိုလျှံသောအသားများကို တင်သောင်းမှာတခြားရွာများသို့သွားရောင်းတတ်သည် ။
သားသတ်ခြင်းလုပ်ငန်းကိုသူတို့အိမ်နှင့်မနီးမဝေးတွင် ပြုလုပ်ခြင်းဖြစ်ရာ
ထိုနေရာတွင်ယင်မဲရိုင်းများအုပ်စုလိုက်ရှိနေကာ ၊ အပုတ်နံ့များမခံမရပ်နိူင်ရှိနေသည်။
တခြားသူများမှာသားသတ်လုပ်ငန်း
လုပ်သည့်နေရာမှဖြတ်သွားလျှင်ပင်
အနံ့မခံနိူင်ကြသော်လည်း တင်သောင်းတို့လင်မယားမှာမည်သို့မျှခံစားရဟန်မပြချေ။
အစားအသောက်ပိုင်းနှင့်ပတ်သက်လျင်လည်းလင်မယားနှစ်ယောက်လုံး
အစားကြူးသူများဖြစ်သည်။
တင်သောင်းဆိုလျှင်မကျက်တကျက်အသားများကိုအရက်နှင့်မြည်းနေတတ်သလို၊ရင်ရွှေကလည်း
မြည်းရင်းနိူက်စားနေတတ်သည်။
ဖုန်းဆိုးမြေမှာအစပထမကတည်းက
သရဲခြောက်သည်ဟုနာမည်ကြီးသော
နေရာဖြစ်သည်။ ညရေးညတာဆိုလျှင်
တယောက်တည်းဖြတ်သွားဖြတ်လာဝံ့သူမရှိသောနေရာဖြစ်၏ ။
ထိုနေရာမျိုးမှာသားသတ်လုပ်ငန်းလုပ်သည်ဆိုပါက ပရလောကသားများနှင့်ကြိမ်းသေပေါက်တွေ့ရှိရမည်မှာသေချာနေသည်။
တင်သောင်းတို့လင်မယားတပတ်ခန့်အထိသားသတ်ခြင်းအလုပ်လုပ်နေသော်လည်း အနှောင့်အယှက်မကြုံရသေးချေ။
ပထမဆုံးနွားသတ်သည့်နေ့တွင်
အနှောင့်အယှက်စကြုံတော့သည်။
ထိုနေ့ကပထမဆုံးနွားတကောင်အမဲပေါ်မည့်နေ့မို့ ညနှစ်နာရီခန့်တွင်တင်သောင်းမှာနွားကိုနဖားမှကိုင်ဆွဲကာ
သတ်မည့်နေရာဆွဲသွားနေ၏။ ဇနီးဖြစ်သူမှာမီးတုတ်ကိုင်ကာရှေ့မှသွားနေသည်။နွားကအချိန်ပေးအမဲဖျက်ရမည်မို့ စော၍သတ်ဖြတ်ရန်လုပ်နေကြခြင်းဖြစ်သည်။
နွားမှာသူ့ကိုသတ်တော့မည်ကိုသိနေသည်မို့ ခြေစုံကန်ကာရပ်နေသော်လည်းနဖားကြိုးကိုဆွဲနေသည်မို့နာကျင်သောကြောင့်
နှာတရူးရူးမှုတ်ကာလိုက်ပါနေရသည်။
တင်သောင်းမှာနွားသတ်ခြင်းအတွက်
လက်ယဥ်သူမို့ ဂျိုနှစ်ချောင်းအလည်သို့ပုဆိန်ဖြင့်သုံးလေးချက်ထုကာ
သတ်ဖြတ်လိုက်သည်။
မြိနေအောင်သွေးထားသောဓားမကြီးဖြင့် နွားကိုအမဲဖျက်နေချိန် ဇနီးဖြစ်သူရင်ရွှေမှမီးတုတ်ကိုင်ကာအလင်းပြပေးထားသည်။
” ကိုတင်သောင်း ဟိုမှာဘာကောင်ကြီးလည်းမသိဘူး နွားခြေကို
လာဆွဲနေတယ်… ”
ဖုန်းဆိုးမြေမှထွက်လာသော ကြောက်မက်ဖွယ်ရုပ်သွင်ဖြင့်မဲနက်နက်
အကောင်ကြီးတကောင်မှာ တင်သောင်း
အကြမ်းထည်ခုတ်ထားသောနွားနောက်ခြေတစ်ချောင်းကိုလာဆွဲနေသည်ကို
ရင်ရွှေကမြင်ကာ တင်သောင်းကိုပြောလိုက်ရာခေါင်းငုံကာအလုပ်လုပ်နေသောတင်သောင်းလှည့်ကြည့်ရာ နွားခြေထောက်ဆွဲနေသောမကောင်းဆိုးဝါးကောင်ကြီးကိုတွေ့လိုက်ရသည်။
…တောက်…ငါ့အသားလာလုစားနေတဲ့မကောင်းဆိုးဝါးသိကြရောပေါ့ကွာ…ကဲ…. ဒုတ်……
တင်သောင်းမှာ ဒေါသတကြီးကြိမ်းဝါးပြောဆိုပြီး ဓားမကြီးဖြင့် မကောင်းဆိုးဝါးလက်ကိုပြေးခုတ်လိုက်ရာ မကောင်းဆိုးဝါးလက်ကိုဓားထိသွားပြီးဆွဲထားသောနွားခြေထောက်
ကိုလွတ်ချပြီးအသံနက်ကြီးဖြင့်အော်ညီးသံပြုနေ၏။ တင်သောင်းမှာဓားဖြင့်ထပ်မံလိုက်ခုတ်ရာ ဖုန်းဆိုးတောအတွင်းပြေးဝင်သွားတော့သည်။
…နောက်တခါဆိုရင်လက်ကိုမခုတ်ဘူး ၊ လည်ပင်းကိုခုတ်လို့ သရဲဘဝကပါကျွတ်သွားမယ် ၊သတ္တိရှိရင်နောက်တခါလာခဲ့ကြ….
…ဟုတ်ပ အငတ်အပြတ်ကောင်တွေ
နောက်တခါလာရင် လည်ပင်းပြတ်အောင်သာခုတ်လိုက်ကိုတင်သောင်း…
တင်သောင်းတို့လင်မယားမှာထိုမျှထိ
စရိုက်ကြမ်းသောလင်မယားဖြစ်သည်။
သရဲတစ္ဆေကိုလင်သာမကြောက်သည်မဟုတ်ဇနီးဖြစ်သောရင်ရွှေလည်းအကြောက်အလန့်မရှိသူဖြစ်သည် ။
နောက်ရက်များတွင်တင်သောင်းဓားချက်ဖြင့်လည်ပင်းပြတ်မည်စိုးကြောက်သည်လားမဆိုနိူင်၊မည်သည့်မကောင်းဆိုးဝါးမှရောက်မလာကြတော့ပေ။
ရင်ရွှေနှင့်ပတ်သက်၍ပြောစရာနောက်တချက်ရှိသည်။ ရင်ရွှေထံအသားများကိုအကြွေးယူကြသော်လည်းမည်သူမှအကြွေးမပေးပဲမထားဝံ့ကြပေ။ မထားဝံ့သောအကြောင်းတရားများလည်းရှိသည်။
တခါကရွာထဲမှမိန်းမတယောက်က ရင်ရွှေထံမှအသား အကြွေးယူကာညနေအသားဖိုးလာကောက်ရန်ပြောသည်။
ညနေစောင်းရင်ရွှေအကြွေးသွားတောင်းသောအခါ၊မရှိသေး၍မပေးနိူင်ကြောင်းစကားပြောလာသည်။ ထိုမိန်းမသည်လည်း ရွာထဲတွင်ခပ်စွာစွာ
နူတ်သီးကောင်းလျှာပါးမိန်းမတယောက်ဖြစ်သည်။ ရွှေရင်နှင့်ထိုမိန်းမ
ခွန်းကြီးခွန်းငယ်စကားများကြရင်း
…နင်တို့မိသားစုတွေစားထားသမျှအသားက အပင်းဖြစ်ပါစေ…..
ရွှေရင်မှာမြေကြီးကိုဖနောင့်ဖြင့်ပေါက်၊ တံတွေးထွေးရင်း ကျိန်ဆဲကာ
ထွက်သည်။ တိုက်ဆိုင်သည်လား၊တကယ်လားမဆိုနိူင်၊ညရောက်သောအခါထိုမိသားစုတအိမ်လုံးဗိုက်အောင့်၍လူးလှိမ့်နေကြသည် ။
ဆေးတိုက်၍လည်းမပျောက်ပဲမခံမရပ်နိူင်အော်ဟစ်နေကြသည့်အတွက်
လူကြီးများစဥ်းစားရကြပ်ကုန်သည်။
နောက်ဆုံးရွှေရင်နှင့်ပြသာနာတက်သည်ကိုသိသောအိမ်နီးနားခြင်းများကရွှေရင်နှင့်ထိုမိန်းမပြသာနာတက်ကာရွှေရင်ကြိမ်သွားသည့်အကြောင်းပြောလာကြသည်။
ရွာလူကြီးများမှာလည်းတယောက်တည်းမဟုတ်ပဲတအိမ်လုံးဗိုက်အောင့်နေကြသည့်အတွက်ရွှေရင်ပြုစားထားသည်မှာဟုတ်လိုဟုတ်ငြားဝက်သားဖိုးသွားပေးကာပြေရာပြေကြောင်းသွားပြောကြသည်။
ရွာလူကြီးများဖုန်းဆိုးကုန်းမှရွာသို့ပင်
မရောက်သေးမှီ ဗိုက်အောင့်ကာတဝေါ့ဝေါ့ထိုးအန်နေကြသောမိသားစုမှာတဝေါ့ဝေါ့ထိုးအန်ကုန်ကြတော့သည်။
ရွာသားများမှာထိုမိသားစုအန်လိုက်သောအန်ဖတ်များကိုကြည့်ကာမျက်လုံးအပြူးသားဖြင့်အံ့သြကုန်ကြသည်။ အန်ဖတ်များမှာအသားစအပုတ်အသိုးများ၊ဆံပင်ချည်ထွေးများဖြစ်နေသောကြောင့်ပင်ဖြစ်၏။
ထိုအချိန်မှစကာရွှေရင်မှာ စုန်းမတယောက်အဖြစ်တရွာလုံးကြောက်လန့်ကာမည်သူမှအကြွေးမပေးပဲမနေဝံ့ကြတော့ပေ။ ရွှေရင်နှင့်ပြသာနာဖြစ်မည့်အရေးဝေးဝေးမှရှောင်ကြသည်။
ယခုဇော်မိုးမှာ ထိုကဲ့သို့ကြောက်စရာလင်မယားနှင့်ထိပ်တိုက်ဆုံနေရပြီဖြစ်သည်။
ဇော်မိုးအနေဖြင့်သူစီးပွားရေးတွက်ခြေကိုက်မည့်အရေးအတွက်မည်သည့်အတားအဆီးကိုမဆိုရင်ဆိုင်ရန်
တွေးထားသည်။
ထို့အတွက် ကျေးရွာလူကြီးများကိုသွားရောက်စည်းရုံးတော့သည်။
စပါးစက်၊ဆီစက်တည်လျှင်ရွာမှစပါး၊နှမ်း၊မြေပဲများကိုတခြားနေရာသွားရောင်းစရာမလိုပဲ သူဝယ်မည်ဖြစ်ကြောင်း။ စက်ရုံတွင်အလုပ်သမားများကိုရွာသားများကိုအလုပ်ပေးခေါ်ခိုင်းမည်ဖြစ်ရာ ရွာသားများလည်းအလုပ်ရမည်ဖြစ်ကြောင်းပြောလာသည်။
ဇော်မိုးပြောစကားကသဘာဝကျနေသည့်အပြင်တရွာလုံးအဆင်ပြေမည့်အရေးမို့ရွာလူကြီးများမှာ တင်သောင်းတို့အိမ်သွားရတော့သည်။
တင်သောင်းတို့လင်မယားအိမ်သို့ရောက်သောအခါ ဓားသွေးကျောက်ပေါ် သူ့ဓားမကြီးတင်၍သွေးနေသော
တင်သောင်းကိုတွေ့လိုက်ကြ
ရသည်။
..မလာစဖူး အလာထူးလို့ကျုပ်အိမ်ကို
ရွာကလူကြီးတွေရောက်လာကြပါလား
ကျုပ်ဘာအမှားမှ မလုပ်ထားဖူးနော်…
…တော်ပြောပုံကကျုပ်ပဲအပြစ်လုပ်ထားသလိုလို ၊ ကျုပ်လည်းဘာအပြစ်မှမလုပ်ထားပါဘူးတော်….
လင်ယောက်ကျားကရွာလူကြီးများရှေ့
ဓားကိုင်ရပ်ကာ မခိုးမခန့်ပြောနေချိန်
နောက်ဖေးတွင်ထမင်းချက်နေပုံရသော
ရွှေရင်မှာလည်းယောက်မကြီးကိုင်ကာ
အိမ်ရှေ့ထွက်လာရင်းပြောလာခြင်းဖြစ်သည်။
….အပြစ်လုပ်ထားလို့လာတာမဟုတ်ပါဘူးကွာ။ မင်းတို့ကိုပြောစရာရှိလို့ရောက်လာတာပါ ။.. ကိစ္စကတော့ မင်းတို့ခုနေတဲ့နေရာကတို့ရွာအပိုင်မြေ၊
ဒီတော့မင်းတို့ကိုဒီနေရာကဖယ်ခိုင်းချင်တယ်။ …..
….ဘာ…ကျုပ်တို့ဒီမှာနေလာတာသုံးနှစ်သုံးမိုးမကတော့ဘူး ။ ဘာလို့ဖယ်ပေးရမှာလဲ ၊ မဖယ်နိူင်ဘူးဗျာ…
…ရှင်တို့မတရားမပြောကြနဲ့ဒီနေရာက
ဘယ်သူမှအပိုင်မဟုတ်ဘူးဆိုတာကျုပ်တို့သိတယ်မတရားလာမလုပ်နဲ့ ၊ရွှေရင်တို့ကအသက်ချင်းလဲဖို့ဝန်မလေးဘူးနော်…
…..မင်းတို့လင်မယားကိုထိုက်သင့်တဲ့ငွေကြေးတချို့တခြားနေရာတခုမှာနေဖို့အတွက်ပါစီစဥ်ပေးပါ့မယ်…
…တခြားနေရာလည်းမနေနိူင်ဘူးဗျာ။
ဒါကျုပ်တို့အပိုင်မြေ ၊ ခင်ဗျားတို့နောက်ထပ်ဘာစကားမှလာမပြောကြနဲ့တော့ ကျုပ်စိတ်တိုလာရင်မလွယ်ဘူးနော်။ ကျုပ်ခြံထဲကခုထွက်သွားကြနော်….
တင်သောင်းတယောက်ဓားကြီးတယမ်းယမ်းပြောဆိုကြိမ်းမောင်း
နေသောကြောင့် ရွာလူကြီးများနှင့်ဇော်မိုးမှာတင်သောင်းခြံထဲမှ သူ့ထက်ငါအလျှင်အမြန်ထွက်လာကြရသည်။
” မောင်ဇော်မိုးရယ် လက်လျော့
ဒီေနလိုက်ပါတော့ကွာ ..တခြားနေရာတခုရွေးပါ၊ဦးတို့အဆင်ပြေအောင်လုပ်ပေးပါ့မယ်… ”
” ဒီလူက ဘယ်လိုလူများလဲ ကျေးရွာလူကြီးတွေကိုတောင်မလေးမစားနဲ့ဗျာ…နောက်ပြီးရွာခံသားလဲမဟုတ်ပဲ
မြေနေရာလုပြီးလူမိုက်လာလုပ်နေတယ်…”
” ဒီလိုကောင်စားမျိုးနဲ့ ဘယ်သူက
ဖက်ပြိုင်ချင်မှာလဲဇော်မိုးရာ….ဘယ်နေရာကလွင့်လာမှန်းမသိတဲ့..ရေမျောကမ်းတင်လင်မယားတွေ…”
ရွာလူကြီးများကတခြားနေရာရွေးချယ်ခိုင်းသော်လည်းဇော်မိုးကား
လက်မလျော့..ဖုန်းဆိုးမြေကိုမရ.. အရယူမည်ဟုစိတ်ပိုင်းဖြတ်ထားသည်။
ထန်းနှစ်ပင်ရွာလူကြီးများနှင့်
ပြသာနာဖြစ်ပြီးတစ်လလောက်အထိ
တင်သောင်းတို့လင်မယားအသားများလာမရောင်းသလို ရွာသို့လည်းမဝင်ကြပေ။ အသားများတခြားရွာသို့သွားရောင်းသလို ၊ အရက်နှင့်အိမ်အသုံးအဆောင်များလည်းတဖက်ရွာမှ
ဝယ်လာတတ်သည် ။
ထန်းနှစ်ပင်ရွာသားများအတွက်မနက်ပိုင်းအချိန်ထူးဆန်းသော သတင်း
တပုဒ်က တရွာလုံးပါးစပ်ဖျားရေပန်းစားနေသည်။ တင်သောင်းတယောက်
တဖက်ရွာသို့သွားသောနေရာတွင်ဓားဒဏ်ရာများဖြင့်သေဆုံးနေသောကြောင့်ပင်ဖြစ်သည်။
ညကတည်းကပင်သေဆုံးဟန်ရှိပြီး
ခန္ဓာကိုယ်အနှံ့ဒဏ်ရာဗရပွများဖြင့်ရက်ရက်စက်စက်အသတ်ခံထားရခြင်း
ဖြစ်သည်။
ရင်ရွှေတယောက်သူယောက်ကျားအလောင်းဖက်ငိုကာသူ့ယောက်ကျားကိုသတ်သွားသူများကိုကျိန်စာ
တိုက်နေသည် ။ ရွာသားများကားထိုလင်မယားကိုကြည့်မရသည့်အတွက်
တင်သောင်းသေသည့်အတွက်မည်သူမှဝမ်းနည်းခြင်းမရှိ၊ကွယ်ရာတွင်အားရဝမ်းသာကြောင်းပြောနေကြသေး
သည် ။
သူကြီးခေါ်၍မတတ်သာပဲမြေကျင်း
တူးပေးရသူတယောက်နှစ်ယောက်မှလွဲကာတင်သောင်းအသုဘမှာခြောက်ကပ်တိတ်ဆိတ်စွာပြီးဆုံးသွားသည်။
ရင်ရွှေမှာယောက်ကျားမြေစာပုံကိုဖက်ငိုလိုက်သူ့ယောက်ကျားကိုသတ်သွားသူများကိုကျိန်ဆဲလိုက်ရှိနေသည်။
တင်သောင်းသေပြီးသုံးရက်အကြာ
ရင်ရွှေမှာဖုန်းဆိုးတောသို့ပြောင်းရွှေ့သွားကာ သင်ချိုင်းကုန်းနှင့်မနီးမဝေးတွင်တဲထိုးနေတော့သည်။ သူမယောက်ကျားမရှိသောဖုန်းဆိုးမြေတွင်မနေလို
သောကြောင့်ဖြစ်ဟန်တူကြောင်းရွာသားများပြောနေကြသည် ။တင်သောင်းကိုမည်သူသတ်သွားသည်ဆိုခြင်းကိုလည်းအထူးတလည်စုံစမ်းမူမပြုပဲထားလိုက်ကြသည်။
ဖုန်းဆိုးမြေမှတင်သောင်းတို့လင်မယားထွက်သွားခြင်းကဇော်မိုးအတွက်ဝမ်းသာစရာဖြစ်နေသည် ။
ဖုန်းဆိုးမြေကိုရွာမှလူငှားများဖြင့်
ရှင်းလင်းလိုက်သည်။ တင်သောင်းတို့အိမ်ကိုလည်းမီးတင်ရှို့လိုက်ကြ၏။
တင်သောင်းတို့အိမ်မီးတင်ရှို့သော
နေ့ကရင်ရွှေတယောက် အဝေးမှစိမ်းစိမ်းကြီးလာကြည့်နေသည်။
သို့ရာတွင် မည်သည့်စကားမှမဆိုပဲလှည့်ပြန်သွားခြင်းကြောင့်ရွာသားများပင်အံ့သြသွားကြ၏။ အရင်ကဆိုပါက
ဆဲဆိုကြိမ်းမောင်းနေမည့်ရင်ရွှေတယောက်ခင်ပွန်းချစ်လင်ဆုံးပါးသွားခြင်းအတွက်အားကိုးမရှိ၍ စိတ်ဓာတ်ကျသွားပြီဟုအားလုံးခပ်ပေါ့ပေါ့တွေး
လိုက်ကြသည်။
ဟိုးယခင်ကခြုံနွယ်ပိတ်ပေါင်းများဖြင့်လူသူအရောက်အပေါက်နည်းသော
ဖုန်းဆိုးမြေမှာ တစ်လကျော်အတွင်း
ဆန်စက် ၊ ဆီစက်၊ အလုပ်သမားတန်း
လျားများပေါ်ထွန်းလာသည်။
နေ့ဖက်တွင်စက်သံများဖြင့်ဆူညံ့နေကာအလုပ်သမားများကလည်းကိုယ်စီတာဝန်များဖြင့်လှုပ်ရှားသက်ဝင်နေသည်။
ဇော်မိုးတယောက်သူ့လုပ်ငန်းခွင်ကို
ကြည့်ကာ ကျေနပ်စွာပြုံးနေသည်။
ရာသီကလည်း စပါးပေါ်သောရာသီမို့
ထန်းနှစ်ပင်ရွာသာမကရွာနီးချုပ်စပ်မှ
စပါးမှန်သမျဒိုင်ခံဝယ်နေရာ စပါးလာရောင်းသောလှည်းများကလည်းမပြတ်တမ်းရှိနေသည် ။
အစစအရာရာ အားလုံးအဆင်ပြေနေပြီဟုဇော်မိုးတွက်ထားပြီးမှမထင်မှတ်ထားသောကြောက်လန့်စရာ
ပြသာနာဆိုးကြီးတစ်ခုပေါ်ပေါက်လာ
သည်။
စက်ရုံတွင်ကင်းညပိုင်းကင်းစောင့်ရန်အလုပ်သမားနှစ်ယောက်ကိုအလှည့်ကျအမြဲထားသည်။ တခြားသူများအိပ်သော်လည်းကင်းသမားနှစ်ယောက်မှာအိပ်ခွင့်မရှိစက်ရုံတွင်း ပျောက်ရှစရာပစ္စည်းကများသောကြောင့်စောင့်ကြပ်နေရသည်။ ကင်းတာဝန်ကျသူမှာနောက်နေ့အလုပ်ဆင်းစရာမလိုပဲတနေကုန်အိပ်ခွင့်ရှိသည် ။
ကြောက်လန့်စရာအဖြစ်ဆိုးကြီးကြုံရသည့်ညကင်းတာဝန်ကျသူမှာ မောင်ထွေးနှင့်ဝင်းဇော်ဖြစ်သည်။
အားလုံးအိပ်ချိန်တွင်သူတို့နှစ်ယောက်မှာလက်နှိတ်ဓတ်မီးတဝင်းဝင်းဖြင့်စက်ရုံကိုလှည့်ပတ်နေကြ၏။
” ..မောင်ထွေးရာ တစ်ညလုံးမအိပ်ပဲ
ဒီလိုကြီးနေရမှာပျင်းစရာကြီးကွာ…”
” ပျင်းရင်လည်းစောင့်ရမှာပဲကွ..စက်ရုံထဲပျောက်စရာတွေအများကြီး တခုခုသာပျောက်သွားရင်ငါတို့လျှော်နိူင်မှာ
မဟုတ်ဘူး…..ဝင်းဇော်…”
” ..ငှက်အိပ်တန်းသွားပစ်ရအောင်ကွာ
ပြီးရင်ငှက်သားနဲ့ထမင်းချက်စားကြမယ်…”
”..စက်ရုံကိုထားပြီးအဝေးကြီးသွားလို့မရဘူးလေ ဝင်းဇော်…”
” သိပ်မဝေးဘူးကွဟိုနားကအပင်မှာ
ညနေစောင်းက ချိုးနှစ်ကောင်အိပ်တန်း
ဝင်သွားတာတွေ့လိုက်ရတယ်…မင်းမီးထိုးပေးမောင်ထွေး ငါပစ်မယ်…”
” ..ဒီလောက်တောင်ပြောမရတာ သွားကွာ…သွား….”
ဝင်းဇော်အဆွယ်ကောင်းမှုကြောင့်မောင်ထွေးတယောက် ငှက်အိပ်တန်း
ပစ်ရန်လိုက်ခဲ့တော့သည် ။
စက်ရုံနှင့်အနည်းငယ်သာလှမ်းသော
အုန်းနှဲပင်ပေါ်သို့မီးထိုးရှာကြည့်ရာ
ချိုးနှစ်ကောင်အိပ်နေသည်ကိုတွေ့လိုက်ရ၏။
မောင်ထွေးမှချိုးတည့်တည့်မီးထိုးထားရာ ဝင်းဇော် မှာချိုးအစာအိမ်နေရာသို့ချိန်ရွယ်ပစ်ခတ်လိုက်သည်။
ဝင်းဇော်ပစ်ပြီးတပြိုင်နက်တည်းမောင်ထွေးကလက်နှိတ်ဓာတ်မီးကိုမီးမှိတ်လိုက်သည်။ သို့မှသာ တခြားတကောင်မှာဘာအိပ်ယာနိူးလာချိန်ဘာမှန်းမသိဖြစ်နေမည်ဖြစ်၏။
ဝင်းဇော်ပစ်ချက်က ချိုးကိုထိ၍ပြုတ်ကျလာသံကြားရသည် ။ မောင်ထွေးကနောက်တကြိမ်မီးဖွင့်လိုက်ရာ တကောင်တည်းကျန်ခဲ့သောချိုးမှာတောင်ကြည့်မြောက်ကြည့်ရှိနေရာဝင်းဇော်မှနောက်တခေါက်လျှင်မြန်စွာပစ်ချလိုက်သည်။
ကျန်နေသောချိုးကိုလည်းထိမှန်ကာပြုတ်ကျလာသည်မို့နှစ်ယောက်သား
ပျော်သွားကြသည်။
အပင်အောက် ပြုတ်ကျနေသောချိုးများကောက်ယူရန်အပင်အောက်ဆီသို့မောင်ထွေးမှ ဟိုဒီလိုက်ကြည့်နေရာ
မြင်လိုက်ရသောမြင်ကြောင့်နှစ်ယောက်သား ပါးစပ်အဟောင်းသားအံ့သြသွားရသည်။ သူတို့တွေ့လိုက်ရသည်မှာကား တကိုယ်လုံးအရေပြားမပါရဲရဲနီနေကာ၊သွေးကြောကြီးများမြင်နေရသည်။
ဦးခေါင်းမှာလည်းအရေပြားဆွဲခွာထားသလိုရဲရဲနီနေသည်။ မျက်နှာပြင်ကလည်းအရိုးစုမျက်နှာကဲ့သို့ရှိနေပြီး
မျက်ခွံမပါသောမျက်လုံးကြီးများက
ပြူးကျယ်ကာအပြင်သို့ပြုတ်ကျတော့မလားထင်နေရသည်။
နူတ်ခေါင်းနေရာတွင်အပေါက်နှစ်ပေါက်ကိုတွေ့နေရ၏။ နူတ်ခမ်းသားများမရှိ၍အကျဲသားပေါ်နေသောသွားများမှာ ငါးမန်းသွားလိုချွန်ထက်စွာရှိနေကြသည်။
ထိုကြောက်မက်ဖွယ်ရာအကောင်ကြီးမှာဆောင့်ကြောင့်ထိုင်ခေါင်းငုံလျက်
ချိုးငှက်တကောင်အားကိုက်ဖဲ့စားနေရာမှာမီးရောင်ကြောင့် ပြန်ကြည့်လာရာ
မှရုပ်ကိုသေချာမြင်တွေ့လိုက်ကြရာနှစ်ယောက်သားတခဏမျကြောက်လန့်စိတ်ဖြင့်ကြောင်ငေးနေချိန်။
ကြောက်လန့်စရာအကောင်ကြီးမှာ
သူနှင့်အနီးဆုံးတွင်ရှိသောမောင်ထွေးထံလွားခဲခုန်ဝင်လာသည်။
………ဝင်းဇော်… ကူပါအုံး…အား ….အီး….အ…..
ကြောက်လန့်ဖွယ်အကောင်ကြီးအရှိန်ဖြင့်ခုန်ဝင်လာမူကို အမှတ်တမဲ့နေမိသောမောင်ထွေးမှာနောက်သို့ပစ်လဲသွားသည်။ နောက်စေ့နှင့်မြေကြီးထိကာမူးဝေနေသောမောင်ထွေးပြန်မထလာမှီ လည်ပင်းကိုကိုက်ဆွဲလိုက်ရာလည်ပင်းအသားများကြောက်စရာကောင်ကြီးပါးစပ်အတွင်ပါသွားပြီး
သွေးများလည်းငေါက်ခနဲပန်းထွက်
လာ၏။
မောင်ထွေးအကူအညီတောင်းသံ၊နာကျင်စွာအော်ဟစ်သံကိုဝင်းဇော်ကြားနေရသော်လည်းနဂိုကပင်သရဲ
ကြောက်တတ်သူမို့သူငယ်ချင်းကိုကူ
ညီရန်မတွေးပဲစခန်းသို့ခြေကုန်သုတ်
ပြေးပါလေတော့သည် ။
ကြောက်လန့်အကောင်ကြီးမှာသိန်းငှက်လက်သည်းလိုလက်သည်းများဖြင့်
မောင်ထွေးဗိုက်ကိုကုတ်ဆွဲကာခွဲနေသည်။
သွေးသံတရဲရဲ ဖြင့်ဗိုက်ပွင့်သွားချိန်ဗိုက်အတွင်းလက်နှိက်ပြီးအသည်းကိုအားကုန်ဆွဲဖြုတ်ကာလက်
ပြန်နူတ်ချိန်တွင်တဆတ်ဆတ်တုန်နေသောမောင်ထွေး၏အသည်းပါလာသည်။ မောင်ထွေးကားအစပထမနာကျင်သံပြုကာရုန်းကန်အော်သေးသော်လည်းနောက်ပိုင်းအသံတိုးလာ၏။ အသဲဆဲဲဖြုတ်ခံရချိန်ကိုယ်ခန္ဓာတဆတ်တုန်ကာငြိမ်ကျသွားတော့သည်။
ကြောက်လန့်စရာအကောင်ကြီးမှာ တဆတ်ဆတ်တုန်နေသောမောင်ထွေးအသည်းကိုမြိုင်ရည်ယှက်ရည်ကိုက်
ဖဲ့စားနေပြီးကုန်သောအခါအူများကို
ဆွဲထုတ်စားနေပြန်သည်။
ဝင်းဇော်တယောက်ကြောက်လန့်မှုကြောင့်အသံပင်မထွက်နိူင်ပဲ သူနေရာ
စက်ဝင်းအတွင်းပြေးလာသည်။
စက်ဝင်းအတွင်းကားမီးလင်းနေ၏။
ငှက်ပစ်သောနေရာမှာ စခန်းနှင့်မဝေးသောကြောင့် မောင်ထွေးနာကျင်စွာအော်သံကြောင့်အအိပ်ဆတ်သူတချို့
နိူးလာကြချိန်တွင်ဝင်းထဲသို့ပုဆိုးမနိူင်ပဝါမနိူင်ပြေးလာသောဝင်းဇော်ကိုတွေ့လိုက်ကြရသည်။
”…ဝင်းဇော်..ဘာဖြစ်လာတာလဲ…”
..မောင်ထွေးရော မတွေ့ပါလား….
ဝင်းဇော်မှာကြောက်လန့်မှုကြောင့်အတန်ကြာစကားမပြောနိူင်ပဲရှိနေရာမှ
မောင်ထွေးအားကြောက်စရာအကောင်
ကြီးတကောင်ကိုက်သွားသည့်အကြောင်းပြောပြလာသည်။
ဝင်းဇော်စကားအဆုံးအားလုံးလှုပ်လှုပ်ရွရွတယောက်တပေါက်ဆူညံ့စွာဖြင့်တုတ်၊ဓားလက်နက်များကိုင်ကာ
လူစုပြီး မောင်ထွေးရှိနေရာလိုက်သွားကြသည်။
မောင်ထွေးကားသွေးအိုင်အတွင်းမချိမဆန့်အသက်ပျောက်လျှက်ရှိနေသည်ကိုတွေ့လိုက်ကြရသည့်အပြင်
အူ၊အသည်းများဖောက်စားခံထားရသည့်အားလုံးထိတ်လန့်သွားကြသည်။မောင်ထွေးအားသတ်ဖြတ်သွားသည့်အကောင်ကိုတော့မတွေ့ရတော့ချေ။
….ဝင်းဇော်မောင်ထွေးကိုဘာကောင်ကိုက်သွားတာလဲ မင်းအမြင်မှားပြီး
မကောင်းဆိုးဝါးလို့မြင်တာလား….
….အမြင်မှားတာမဟုတ်ဘူးဗျ၊ တကယ်ကြောက်စရာအကောင်ကြီးတကောင်ကိုက်သွားတာဗျ၊ကျုပ်မျက်လုံး
နှင့်တပ်အပ်မြင်ခဲ့တာ….
…မကောင်းဆိုးဝါးသတ်တယ်လို့မဖြစ်နိူင်ပါဘူးကွာ ၊ ပုံစံကြည့်ရတာမင်းတို့
တောမှောက်သလိုဖြစ်ပြီး အသားစား
တိရိစ္ဆာန်တကောင်ကို ကြောက်စရာ
အကောင်တကောင်လို့မြင်တာနေမယ်….
….ကျုပ်မလိမ်ဘူးဗျမောင်ထွေးကိုသတ်သွားတာတောသတ္တဝါမဟုတ်ဘူးဗျ မကောင်းဆိုးဝါးဗျ….
တခြားသူများကမောင်ထွေးကိုသတ်သွားသည်မှာသားစားတောသတ္တဝါတကောင်လက်ချက်ဟုထင်နေကြသည်။
သို့ရာတွင် မောင်ထွေးက ကြောက်စရာ
မကောင်းဆိုးဝါးဟုအခိုင်အမာဆိုနေသည်။
…ကဲ..ကဲ.. ငြင်းမနေကြနဲ့တော့ ရွာလူကြီးတွေကိုသွားခေါ် လုပ်စရာရှိတာဆက်လုပ်ရမယ် ။ ဇော်မိုးကိုလည်းလှမ်းအကြောင်းကြားရမယ်…..
အလုပ်သမားခေါင်းဆောင် တာတီးကအစီအစဥ်ပြောလာခြင်းဖြစ်သည်။
ဇော်မိုးမှာ ထန်းနှစ်ပင်နှင့်မဲဇလီကုန်းသို့
ကူးချည်သန်းချည်သွားလာနေပြီး ဆန်စက်၊ဆီစက်ကိစ္စအဝဝကိုအလုပ်သမားခေါင်းဆောင်တာတီးကို
လွဲအပ်ထားသည်။
တာတီးမှာမေသူအကိုအရင်းလည်းဖြစ်ရာယုံကြည်အားကိုးရသူတယောက်
လည်းဖြစ်သည်။
ရွာလူကြီးများကိုသွားခေါ်ပြီးရောက်လာချိန်တွင် မောင်ထွေးမည်သို့သေသည်ကိုမေးမြန်းရာ ဝင်းဇော်မှသူမြင်ခဲ့ရသည်ကိုပြောပြလာ၏။
သို့ရာတွင် ရွာလူကြီးများမှာလည်းမောင်ထွေးပြောစကားကိုအယုံအကြည်မရှိ၊မောင်ထွေးကိုအသားစားတောသတ္တဝါတကောင်သတ်ဖြတ်သွားသည်ဟုသာထင်နေကြသည်။ ဝင်းဇော်တောမှောက်၍အမြင်အာရုံမှားခြင်းဟုသာ
သတ်မှတ်လိုက်ကြသည်။
မောင်ထွေးအလောင်းကားရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်မို့ဆက်ထားရန်
မဖြစ်နိူင်တော့သည်မို့ညတွင်းချင်းသဂြိုလ်ရန်သင်းချိုင်းသို့ယူဆောင်လာ
ခဲ့ကြသည်။
သင်ချိုင်းကုန်းအဝင်တွင်ရင်ရွှေနေသောတဲဘေးမှဖြတ်လျှောက်ကြရာတွင်
ရင်ရွှေမှာဆီမီးခွက်ကြီးကိုင်ကာအားရကျေနပ်ဟန်ပြုံးနေသည်ကိုတွေ့လိုက်
ကြရသည်။
မောင်ထွေးအလောင်းမှာအစိမ်းသေအလောင်းမို့မြေမမြုတ်ပဲ မီးသဂြိုလ်ရန်ရွာမှလူကြီးများပြောသောကြောင့်
လိုက်ပါလာသူများမှာ
သင်းချိုင်းအတွင်းရသမျှထင်းခြောက်များကိုရှာဖွေနေကြချိန်…။
…ဟာ..လုပ်ကြပါအုံး….
…အမလေးဗျ…..
….အလောင်းကြီးထလာလို့…
မီးသဂြိုလ်မည့်နေရာတွင်ချထားသော
မောင်ထွေးအလောင်းကြီးမှာတောင့်တောင့်ကြီးထရပ်လာရာအားလုံးအလန့်
တကြားရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ဗိုက်ကြီးပွင့်ထွက်ကာမျက်လုံး
သေကြီးများဖြင့်ရှိကာ၊ လည်ပင်းတဖက်ဘေးသို့စောင်းနေသောမောင်ထွေးပုံစံ၊ အသက်ဝင်ကာထရပ်လာမူကြောင့်အားလုံးအလန့်တကြားဖြစ်ကာ
မောင်ထွေးနှင့်ဝေးရာပြေးလွားကုန်ကြသည်။
မည်မျပင်သတ္တိကောင်းသူမဆိုယခုလိုအခြေအနေမျိုးရုတ်တရက်ကြုံရလျှင်သွေးပျက်သွားနိူင်သောအခြေအနေမျိုးဖြစ်သည်။
…ဟေ့ကောင်တွေ ဒါဖုတ်ဝင်တာ ၊ လွတ်ပေးလိုက်လို့မဖြစ်ဘူး အမြန်ဖမ်းထားကြ၊ လွတ်သွားလို့မဖမ်းမိရင်
ရွာအတွက်အန္တရာယ်ရှိနိူင်တယ်…
အတွေ့အကြုံရှိသောလူကြီးတယောက်
ပြောလာသောစကားဖြစ်သည်။
…ကဲကွာ.. ဖျောင်း…ဘုတ်…
ထင်းခြောက်လိုက်ရှာနေသောအလုပ်သမားခေါင်းဆောင်တာတီးမှာ
အကြောက်အလန့်နည်းသူမို့တုတ်တချောင်းကိုင်ကာ ဖုတ်ဝင်နေသောမောင်ထွေးရှိရာပြေးသွားရင်းနောက်ကျောအားရိုက်ချလိုက်သည်။
…ဟင်….
မောင်ထွေးမှာအရိုက်ခံရမူကြောင့်လဲကျမသွားပဲနောက်သို့လှည့်ကာ
ရုတ်တရက်လျင်မြန်စွာဖြင့် တာတီးလည်ပင်းအားသူ့လက်နှစ်ဖက်ဖြင့်ညှစ်
လိုက်သည်။
တာတီးမှာမောင်ထွေးလက်ကိုဆွဲဖြုတ်ရန်ကြိုးစားသော်လည်းအောင်မြင်ခြင်းမရှိ။အလွန်သန်မာသော
လက်နှစ်ဖက်အားကြောင့်အသက်ရှုကြပ်ကာမျက်လုံးကြီးများပြူးနေတော့သည်။
…ဟေ့ကောင်တွေဘာရပ်ကြည့်နေကြတာလဲ.. တာတီးသေတော့မယ် ။ ဝိုင်းကူကြလေကွာ….
ရွာလူကြီးတယောက်အော်ဟစ်သတိပေးတော့မှ တခြားသူများလည်း
သတိဝင်လာကြပြီး ဖုတ်ဝင်ပူးနေသော
မောင်ထွေးကိုဝိုင်းဆွဲနေကြသည်။
မောင်ထွေးမှာဖုတ်ဝင်ပြီးအလွန်သန်မာနေသောကြောင့်
လူသုံးလေးယောက်ဝိုင်းဆွဲဖြုတ်သည်အခါမှာ တာတီးလည်ပင်းကိုညှစ်ထား
သောလက်များပြုတ်သွားတော့သည်။
ရုန်းကန်နေသောမောင်ထွေးကိုလူအားသုံးကာမြေပြင်ပေါ် တွန်းလှဲထားကြသည်။
ပြီးနောက်..ခြေလက်များကိုကြိုးတုတ်ပြီးထင်းခြောက်တုံးကြီးများဖိကာစုပုံလိုက်ကြ၏။
မောင်ထွေးမှာခြေလက်များကြိုးတုတ်နေချိန်ဦးခေါင်းကိုဘယ်ညာယိမ်းကာ
လိုက်ကိုက်ရန်ကြိုးစားနေသည်။ ထင်းခြောက်တုံးကြီးများစုပုံပြီးချိန်တွင်ထင်းများကိုမီးအမြန်ရှို့လိုက်ကြတော့သည်။
ထင်းချောင်းငယ်များမှတဆင့်ထင်းတုံးကြီးများကိုမီးစွဲလာချိန်တွင်
မောင်ထွေးတယောက်အသားများမီးစွဲလျက်ထင်းပုံကြီးအောက်မှရုန်းနေရာမှ
တဖြည်းဖြည်းငြိမ်ကျသွားတော့မှအားလုံးသက်ပြင်းကိုယ်စီချလိုက်မိကြတော့သည်။
ထင်းချောင်းများအားလုံးလောင်ကျွမ်းပြာကျသည်အထိစိတ်ချရအောင်စောင့်ပြီးမှအားလုံးသင်းချိုင်း
ကုန်းမှပြန်ထွက်လာကြသည်။
…ဟား..ဟား..ဟား.. ဒါနင်တို့ရွာသားတွေရဲ့သေမင်းနိမိတ်အစပဲရှိသေးတယ် ။ မကြာခင်ဒီထက်ဆိုးတာတွေထပ်လာအုံးမယ်ဆိုတာမှတ်ထားကြ…..
…တောက်…ဒီကောင်မကြီးသေချင်နေပြီထင်တယ်….
….နိမိတ်မရှိ ၊နမာမရှိစကားတွေလျောက်ပြောနေတာ ပါးစပ်ပိတ်သွားအောင် လုပ်ပေးမှတော်တော့မယ်…
…မောင်ထွေးကိုဖုတ်ဝင်အောင်လုပ်တာ
ဒီမိန်းမကြီးလက်ချက်ပဲနေမယ်…
…ဟေ့ကောင်တွေတော်ကြ သူနဲ့တုဖက်
ပြောမနေကြနဲ့ ကို့လမ်းကိုသွားကြ…
ရင်ရွှေတယောက်သူ့အိမ်ရှေ့ရပ်စောင့်ကာ သဘောကျစွာရယ်မောရင်းပြောလာသောစကားကြောင့်လူငယ်များမှာ
တုတ်ဆွဲ၊ဓားဆွဲဒေါသဖြစ်နေကြရာ ရွာလူကြီးများကဝိုင်းဟန့်၍သာမကျေမချမ်းဖြင့်ငြိမ်နေရသည်။
…ငါ့ကိုသတ်မလို့တဲ့ ငါသေရင်နင်တို့တရွာလုံးကိုသရဲဘဝနဲ့လာသတ်မှာနော်။
လာသတ်ကြ၊ လာသတ်ကြ…ငါ့ယောက်ကျားကိုသတ်သွားတဲ့သေနာကျရွာသားတွေ….
ရင်ရွှေ၏မကျေမနပ်ရေရွတ်ကြိမ်း
မောင်းသံက ခပ်ဝေးဝေးသို့ရောက်နေပြီဖြစ်သောထန်းနှစ်ပင်ရွာသားများနောက်မှကပ်၍လိုက်ပါလာသည်။
နောက်တစ်နေ့မနက်ရောက်သောအခါ ဇော်မိုးနေထိုင်ရာ မဲဇလီရွာသို့လူလွှတ်ခေါ်ခိုင်းကြသည်။
ဇော်မိုးမှာအလုပ်ကိစ္စများဖြတ်ပြီးအားခြင်းလိုက်လာ၏။ ဖြစ်ပျက်သမျအကြောင်းအရာကိုအကြမ်းဖျင်းသိထားပြီးဖြစ်သော်လည်းအသေးစိတ်ပြန်လည်စုံစမ်းမေးမြန်းကာ မောင်ထွေးမိသားစုကို ထောက်ပံ့ကြေးငွေများပေး
အပ်ကာ ဆန်စက်တွင်မောင်ထွေး ရက်လည်အထိရှိနေသည် ။
ဝင်းဇော်ပြောသောမောင်ထွေးကို
ကြောက်လန့်စရာ မကောင်းဆိုးဝါးတကောင်ကိုက်သွားသည်ဆိုခြင်းကိုဇော်မိုးလည်းမယုံသည့်အတွက် ထန်းနှစ်ပင်ရွာမှမုဆိုးများကိုငှားရမ်းကာ တောနင်းရှာခိုင်းသော်လည်း အသားစားကျားအပါအဝင်၊မည်သည့်သားကောင်ကြီးခြေရာကိုမှမတွေ့ဟုဆို
လာကြသည်။
ရက်လည်ပြီးချိန်ထိနောက်ထပ်မည်သည့်အန္တရာယ်မှမတွေ့ရသောကြောင့်
မဲဇလီရွာသို့ပြန်လာခဲ့သည်။
မောင်ထွေးသေဆုံးပြီးရက်နှစ်ဆယ်မြောက်နေ့တွင် နောက်ထပ်ကြောက်လန့်စရာကိစ္စတခုပေါ်ပေါက်လာသည်။
ဇော်မိုးစက်ရုံတွင်အလုပ်လုပ်သော
အလုပ်သမားသုံးယောက်မှာ ညနေပိုင်းဆန်စက်၊ဆီစက်သိမ်းချိန်ရွာသို့သွားပြီး
လိုအပ်သည်များဝယ်ကာပြန်လာကြသည်။
သူတို့ပြန်လာချိန်တွင်နေကလည်းမှောင်နေပြီဖြစ်၏။
သုံးယောက်သားလက်နှိတ်ဓာတ်မီးကိုယ်စီဖြင့်စကားတပြောပြောဖြင့်စက်ရုံရှိရာပြန်လာ၍လမ်းတဝက်ရောက်ချိန်။
…ဟေ့ကောင်တွေ ခဏလောက်စောင့်ကြပါအုံး ငါအပေါ့သွားချင်လို့….
…ဟေ့ကောင်မင်းအဲလောက်သတ္တိနည်းရလား ကိစ္စရှင်းပြီးနောက်ကလိုက်ခဲ့ကွာ….
….အတော်ကြောက်တတ်တဲ့အကောင်
ကြောက်ရင်အောင့်ထားပြီးစခန်းအထိ
လိုက်ခဲ့…
အပေါ့သွားလိုသူမှာမောင်ထွေးကိစ္စဖြစ်ပြီးကတည်းကကြောက်လန့်စိတ်ဝင်နေသောကြောင့်သူငယ်ချင်းနှစ်ယောက်ကို
စောင့်နေခိုင်းသော်လည်း ကျန်နှစ်ယောက်ကပေါ့ပေါ့တန်တန်သဘောထားကာ စနောက်၍တမင်တကာမစောင့်ကြပေ။
အပေါ့အလွန်သွားလိုနေပြီမို့ထိုသူမှာလည်း လမ်းဘေးမှာပင်သူ့ကိစ္စဖြေရှင်းပြီးခပ်လှမ်းလှမ်းရောက်သွားပြီဖြစ်သောသူငယ်ချင်းနှစ်ယောက်နောကလိုက်ရန်ဟန်ပြင်စဥ် ။
… ဟင်….
လမ်းဘေးမှ
ခြုံပုတ်တခုသည်လှုပ်ယမ်းသွားခြင်း
ကြောင့် လက်နှိတ်ဓာတ်မီးဖြင့်ကြည့်လိုက်ရာ။
…အမလေးဗျ…..အား……
ကြောက်လန့်စရာအကောင်ကြီးတကောင်ကိုတွေ့လိုက်ရသောကြောင့်အလန့်တကြားအော်ဟစ်လိုက်၏။ ကြောက်လန့်စရာအကောင်ကြီးမှာထိုလူအော်သံပင်မဆုံး လူပေါ်သို့လွားခနဲ
ခုန်အုပ်လိုက်သည်။
…ဟိုကောင်ဘာဖြစ်တာလဲမသိဘူး
အမြန်သွားကြည့်ရအောင်….
ရှေ့ခပ်လှမ်းလှမ်းသို့ရောက်နေပြီဖြစ်သောသူငယ်ချင်းနှစ်ယောက်မှာသူတို့လူရှိရာပြန်လှည့်ပြေးလာကြသည်။
….အမလေးဗျ…
…ကယ်ကြပါအုံးဗျို့….
သူတို့တွေ့လိုက်ရသည့်မြင်ကွင်းမှာကား
သွေးအိုင်အတွင်းအသက်ငင်နေသောသူတို့သူငယ်ချင်းကိုဗိုက်ကိုဆွဲဖောက်ကာအူများဆွဲနူတ်ပြီးစားသောက်နေသောကြောက်လန့်ဖွယ်အသွင်အပြင်ရှိသောမကောင်းဆိုးဝါးကြီးတကောင်ကို
လက်နှိတ်ဓာတ်မီးအလင်းရောင်အောက်တွင်တွေ့လိုက်ရသောကြောင့်
ထိတ်လန့်အံ့သြကာခတ္တခဏငေးကြောင်ကြည့်နေကြစဥ်။
အူခွေကြီးကိုသွေးသံတရဲရဲကိုက်ဖြတ်စားရင်းသူတို့ကိုလှမ်းကြည့်လာသော
ကြောင့် စက်ရုံဖက်သို့ဖနောင့်နှင့်တင်ပါးတသားတည်းကျအောင် အော်ဟစ်ပြေးကြပါတော့သည်။
ဇော်မိုးမှသူ့ဇာတ်လမ်းကိုထိုနေရာတွင်
အဆုံးသတ်လိုက်သည်။
” အဖြစ်ကတော့ ဒါပဲကိုဖိုးတေ..၊ ဒီကြောက်စရာအကောင်ကြီးကြောင့်
ကျွန်တော်အလုပ်သမားတွေ ညဆိုအပြင်မထွက်ရဲကြတော့ဘူး။ သွေးလန့်
ကုန်ပစ္စည်းလာပို့သူတွေလည်းခရီးဝေးသမားတွေလည်း ညနေစောင်းချိန်တွေ
မလာဝံ့မပြန်ဝံ့ကြတော့ ကြာလာရင်
ကျွန်တော့်စီးပွားရေးထိခိုက်လာမှာ၊အခုတောင်လုပ်ငန်းမကောင်းတော့လို့
ဒီကဦးတင်မောင်နှင့်တိုင်ပင်ကြည့်တော့ ။
ရွာခံမုဆိုးတွေဖမ်းဖို့မစွမ်းဆောင်နိူင်တဲ့ကိစ္စကို ဖြေရှင်းနိူင်လောက်တဲ့မုဆိုးဖိုးတေဆိုတာရှိတယ်ဆိုပြီးခင်ဗျားအကြောင်းတွေပြောပြလာတယ် ။
ကျွန်တော်ကိုကူညီပါကိုဖိုးတေ ၊ကိုဖိုးတေအတွက်ငွေရေးကြေးရေးမနစ်နာစေရပါဘူး…”
” ကျွန်ုပ်လည်းကိုဇော်မိုးပြောသလောက် ၊ညွန်းသလောက်တော်သူ
မဟုတ်ပါဘူး။ တကယ်လို့ကျွန်ုပ်လိုက်လို့ဘာမှအဖြစ်ထူးမလာရင်မျက်နှာပျက်စရာတွေဖြစ်လာနိူင်တယ် ။…”
” လိုက်သာလိုက်ခဲ့ပါ ကိုဖိုးတေ ။
တကယ်လို့အကျိုးမထူးရင်တောင်
ကျွန်တော်အပြစ်မတင်ပါဘူးဗျာ…..”
” ကျွန်ုပ်လည်းခုပြသာနာကိုစိတ်ဝင်စားပါတယ်လိုက်ကြည့်ပေးပါမယ်။ ဒါပေမယ့်ကျွန်ုပ်တွဲဖက်လူတွေကိုပါခေါ်ရလိမ့်မယ်ကိုဇော်မိုး သူတို့ပါမှပဲပြသာနာကိုဖြေရှင်းရတာပိုလွယ်ပါလိမ့်မယ့်…”
” ကိုဖိုးတေ လိုက်မယ်ဆိုတာနဲ့တင်
ကျေနပ်နေပါပြီ ။ ကြိုက်တဲ့လူခေါ်ပါ
ကျွန်တော်တာဝန်ယူပါတယ်…. ”
ကျွန်ုပ်တို့စကားပြောနေချိန်တွင် သာဝနှင့်မဲလုံးရောက်လာကြရာ ကျွန်ုပ်မှကိုဇော်မိုးတို့နှင့်မိတ်ဆက်ပေးလိုက်သည်။
တဆက်တည်းခရီးတွင်ကျွန်ုပ်နှင့်လိုက်ပါမည့်သူဟုပါထည့်သွင်းမိတ်ဆက်ပေးလိုက်သည်။
ကျွန်ုပ်မှာယခုကိစ္စရပ်သည်သာမာန်ကိစ္စရပ်မဟုတ်နိူင်ကြောင်းတွေးမိသောကြောင့် ကိုဇော်မိုးနှင့်ဦးတင်မောင်ကိုအပြင်ခဏသွားမည်ပြောကာမဲလုံးကိုဧည့်ခံခိုင်းထားပြီး သာဝခေါ်ကာ
ရွာထိပ်ဘုန်းကြီးကျောင်းသို့ထွက်လာရင်း လမ်းတွင်သာဝအား ကိုဇော်မိုးတို့
လာသည့်အကြောင်းအကြမ်းဖျင်းပြောပြလိုက်သည်။
” အဲဒီရွာမှာကောင်မလေးတွေချောလား ကိုကြီးဖိုးတေ….”
” လူတွေကိုအူအသည်းနူတ်စားနေတဲ့
ကြောက်စရာကောင်းတဲ့အကောင်ကြီးကိုစိတ်မဝင်စားပဲ မဆီမဆိုင်အပျိုတွေ
အကြောင်းစိတ်ဝင်စားနေရလား သာဝရာ….”
” …ကြောက်စရာအကောင်ကြီးဆိုမှကြောက်ရမှာပေါ့မဖြစ်မနေတွေ့မှကြောက်တော့မယ်… ။ အပျိုလေးတွေကမှရင်ခုန်ဖို့ကောင်းတာ အပျိုတောင်နော်ချောချောလေးမှ…. ”
„ သြော်….ကမ္ဘာကျော်ဖွန်အကြောင်ဆုံးလူသားဘွဲ့မင်းကိုပေးရတော့မယ်.သာဝရယ်….”
” …လောကကြီးမှာလူလူချင်းမေတ္တာထားတာအပြစ်မရှိပါဘူး။ အမုန်းပွားနေမှသာ အကုသိုလ်ဖြစ်တာ အခုဟာကကျွန်တော်က မေတ္တပေးနေတာ ဘယ်လောက်မွန်မြတ်တဲ့စိတ်ထားလဲ
ကိုကြီးညီက သူတော်ကောင်းလေးပါ…”
သာဝ သူ့အပြစ်လွတ်အောင်ပြောသည့်စကားကိုကြားကာအသံထွက်ရယ်မိသည်။
” …မေတ္တာပေးတာတော့မှန်ပါတယ်။
ဒါပေမယ့်မင်းမေတ္တာက ကွက်ကျားမိုးလိုပဲ ရည်းစားမရှိ၊အပျိုချောချောလေးတွေကိုပဲမေတ္တာကွက်ကြားမိုးရွာနေတဲ့
ကောင်လေ….”
ကျွန်ုပ်စကားကိုသာဝစပ်ဖြီးဖြီးလုပ်နေသည်။ မကြာမှီကျွန်ုပ်တို့ရွာထိပ်ဘုန်းကျောင်းသို့ရောက်ရှိလာခဲ့ကြသည်။
ကပ္ပိယကြီးဦးသံလုံးကိုကျောင်းခြံဝိုင်းအတွင်းမတွေ့ရသောကြောင့်
ကျောင်းပေါ်သို့မတက်လိုသော်လည်း
တက်ရတော့သည်။
ထိုင်ခုံတစ်လုံးပေါ်ထိုင်နေသော
ရွာကျောင်းထိုင်ဆရာတော်
ဦးသုမဂ် ခြေထောက်အား
နှိပ်နယ်ပေးနေသော ဦးသံလုံးကိုတွေ့ရသည်။ ဦးသံလုံးက ကျွန်ုပ်တို့ကိုတွေ့သောအခါပြုံးပြလာသည်။ ကျွန်ုပ်တို့
ဆရာတော်ကိုရှိခိုးဦးချလိုက်ကြသည်။
” ..ဒကာတို့က.ဘယ်သူတွေတုန်းကွယ့်….”
”…အကုသိုလ်အလုပ်လုပ်နေတဲ့ မုဆိုးဖိုးတေနှင့် သူ့တပည့်သာဝပါဘုရား…”
ဆရာတော်က မျက်လုံးမှုန်ရာကျွန်ုပ်တို့ကိုမည်သူမည်ဝါမှန်းမသိရာ၊ ဦးသံလုံးမှကြားမှဝင်ဖြေလိုက်ခြင်းဖြစ်သည်။
” ဟေ…မလာစဖူး…ကျောင်းခြံထဲအမဲကောင်ဝင်ပြေးလို့လိုက်လာကြတာလား။…”
” …မဟုတ်ပါဘူးဘုရား၊ ကပ္ပိယကြီး
ဦးသံလုံးနဲ့တွေ့ဖို့ရောက်လာခဲ့တာပါ…”
” …အေး…ဒကာဖိုးတေ မင်းကိုဘုန်းကြီးတွေ့ချင်နေတာကြာပြီ။ မင်းကကျောင်းကိုတမင်ရှောင်ပြီးရောက်မလာလေတော့ ခုရောက်တုန်းရောက်ခိုက် သူ့အသက်ကိုသတ်တာမလုပ်ဖို့
တားချင်တယ်… ”
ဆရာတော်မှာကျွန်ုပ်ကိုသူ့အသက်ကိုသတ်၍အပါယ်ငရဲသွားရသည့်မုဆိုး
အကြောင်းပုံဝတ္ထုဥပမာဖြင့်တစ်နာရီခန့်ဆုံးမစကားပြောကြားနေရာ ပျင်းရိနေသော်လည်း တင်ပါ့ဘုရား ဟုအလိုက်သင့်ပြန်ဖြေနေရသည်။
ပြီးမှတရေးတမောကျိန်းစက်မည်ဆိုကာတိုက်ခန်းအတွင်းဝင်သွားမှ ဦးသံလုံးနှင့်ကျွန်ုပ်တို့နှစ်ယောက်ကျောင်း
အောက်ဆင်းလာခဲ့ကြသည်။
ကျောင်းဝင်းအတွင်းထိုင်နေကျကွက်ပစ်ပေါ်တွင်ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။
” ….ဦးသံလုံးကိုတွေ့ချင်လို့သာကျောင်းပေါ်တက်လာရတယ် ။ ဆရာတော်နဲ့တွေ့ရင် မုဆိုးအလုပ်စွန့်ဖို့တရားဟောလွန်းလို့ရှောင်နေတာ…”
ကျွန်ုပ်စကားကြောင့်ဦးသံလုံးအသံထွက်ရယ်မောနေသည်။
”..မင်းကောင်းဖို့ ဆုံးမတာပဲလေ။
မင်းကိုအပါယ်ငရဲမကျစေချင်လို့ ဆရာတော်က ဆုံးမနေတာ….”
” ဘုရားဟောပြီးချွတ်ရင်
တောင်မုဆိုးဘဝက ကျွတ်မှာမဟုတ်တာမို့ဆရာတော်ကို ကျွန်ုပ်ကအားနာလို့ပါ….”
” ..ကဲ.. ဘာတွေအပူကပ်ဖို့ရောက်လာတာလဲဖိုးတေ…”
” ကျွန်ုပ်ရောက်လာနှင့်ကိစ္စတခုခုပါလာမယ်ဆိုတာသိနေတာပေါ့… ”
” ခုမှသိတဲ့လူကျလို့မင်းအကြောင်းနောကျေနေပြီ။ အလိုရှိမှကျောင်းရောက်လာတတ်တာ၊နိူ့မို့ ကျောင်းဖက်
ခြေဦးတောင်မလှည့်တဲ့ကောင်….”
..ကျွန်ုပ်အိမ်မှာပဲခူးနယ်ကဧည့်သည်တွေရောက်နေတယ်ဦးသံလုံး ….
ကျွန်ုပ်မှ ဇော်မိုးတို့ရောက်လာသော
လာရင်းကိစ္စအကြောင်းအရာကိုဦးသံလုံးကိုပြောပြလိုက်သည်။
ဦးသံလုံးမှာကျွန်ုပ်စကားအဆုံးငြိမ်သက်စွာရှိနေသည်။
” ဒီကိစ္စကိုဦးသံလုံးအနေနဲ့ဘယ်လိုထင်လဲ၊ ကျွန်ုပ်ကတော့ဒီကိစ္စဟာ သားကောင်တကောင်ကောင်လက်ချက်
မဟုတ်နိူင်ဘူးထင်လို့ ဦးသံလုံးနဲ့တိုင်ပင်ဖို့ရောက်လာတာ….”
” ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်မှ
ဒီကိစ္စဘာလဲဆိုတာအတိအကျသိမှာပေါ့ကွ …”
” ..ဦးသံလုံးကိုကျွန်ုပ်နဲ့လိုက်ခဲ့စေချင်တယ်ဗျာ…”
” ဟေ့ကောင်ရ မင်းဟာကဘယ်နှစ်ရက်ကြာမယ်မှန်းမသိ၊ဆရာတော်ဝေယျာဝစ္စလုပ်ဖို့လူလိုတယ်ကွ၊ငါခရီးဝေးသွားလို့မရဘူး….”
” ဒီအတွက်တော့ပူမနေပါနဲ့ ရွာထဲကဦးမောင်ဖြူကို ဦးသံလုံးပြန်မလာခင်အထိကျောင်းမှာနေဖို့ပြောထားခဲ့လို့ရပါတယ်။ သူကတကိုယ်ရည်တကာယသမားဆိုတော့ ကွမ်းဖိုး၊ဆေးဖိုးလေးကန်တော့ပြီး ကျွန်ုပ်အကူညီတောင်းရင်ရပါတယ်….”
” တတ်လည်းတတ်နိူင်တဲ့အကောင်
ငါ့ကိုခေါ်ဖို့အားလုံးစီစဥ်တွေးတောပြီး
မှကျောင်းကိုလာခဲ့တာကိုး…ကဲပါ…ဆရာတော်ကိုလျှောက်ပြီး မင်းနောက်လိုက်ခဲ့ပါ့မယ်ဖိုးတေ….”
” သေချာလေးပြောလျောက်အုံးနော်၊
တော်ကြာကပ္ပိယကြီးဦးသံလုံးတယောက်မုဆိုးဖိုးတေနဲ့ပေါင်းပြီးအမဲပစ်
ထွက်သွားဖို့လုပ်တယ်ထင်နေအုံးမယ်…..”
ကျွန်ုပ်စကားကြောင့်ဦးသံလုံးသဘောကျစွာရယ်မောနေသည်။
ဇော်မိုးတို့မှာကျွန်ုပ်အိမ်တွင်တစ်ညအိပ်ကြပြီးနောက်တနေ့မနက်စောစောမှာပင်ကျွန်ုပ်တို့လူစုရွာမှခရီးထွက်ကြသည်။
ဦးသံလုံးကိုလည်းမိတ်ဆက်ထားပြီးမို့
သိနေကြပြီဖြစ်သည်။
ဦးတင်မောင်တယောက်ဦးသံလုံးအဖွဲ့ထဲရောက်လာမှသူနဲ့ရွယ်တူခြင်းစကား
ပြောဖော်ရပြီမို့ အဂ္ဂိရတ်အကြောင်း၊တိုင်းရင်းဆေးအကြောင်းများရေပက်မဝင်ပြောဆိုနေကြ၏။
ကျွန်ုပ်တို့လူစုမှာရေပြာထမင်းဆိုင်မှကားကြုံစောင့်စီးကာ ထန်းနှစ်ပင်ရွာ
သို့ခရီးဆက်ခဲ့ကြပါတော့သည်။
တနေကုန်ကားစီးပြီးညနေလေးနာရီတွင်လမ်းတနေရာကားရပ်ခိုင်းပြီးကားလမ်းဘေးနွားလှည်းလမ်းကြောင်းအတိုင်းခြေလျှင်တစ်နာရီကျော်လျှောက်သွားပြီးချိန် ထန်းနှစ်ပင်ရွာသို့
ရောက်လာကြပါတော့သည်။
ထန်းနှစ်ပင်ရွာကားအိမ်ခြေသုံးရာခန့်ရှိပြီး ရွာဘေးတွင်စပါးခင်းများတမျှော်တခေါ်ရှိနေသည်။ စပါးရိတ်သိမ်းပြီးချိန် လယ်ကွင်းများတွင်ပဲစိုက်ကြောင်း ဇော်မိုးကပြောပြလာသည် ။
ရွာဘေးလမ်းမှတောင်ဖက်အရပ်သို့တစ်နာရီခန့်လျှောက်သောအချိန်တွင်ကား ဖုန်းဆိုးမြေဟုနာမည်တွင်ကာယခု
စပါးစက်၊ဆန်စက်တည်ထားသောနေရာသို့ရောက်လာကြသည်။
အလုပ်သမားနှစ်ဆယ်ကျော်၊အလုပ်သမားတန်းလျားများဖြင့်တည်ဆောက်ထားသောနေရာကရွာငယ်တရွာအလားရှိနေကြသည် ။
ကျွန်ုပ်တို့ရောက်ချိန်တွင်အလုပ်သိမ်းနေကြပြီဖြစ်သည်။
စက်ပိုင်ရှင်သူဌေးရောက်လာခြင်း
အတွက် အလုပ်သမားများဇော်မိုးအနီး
ရောက်လာကြ၏။
ကျွန်ုပ်တို့လူစုနှင့်သူ့လူများအား
ဇော်မိုးမှမိတ်ဆက်ပေးနေသည်။
” ….ဒါကျွန်တော်စက်ရုံကအလုပ်သမားခေါင်းဆောင် ကျွန်တော်ယောက်ဖပဲကိုဖိုးတေ နာမည်ကကိုတာတီးလို့ခေါ်တယ်….”
”..ယောက်ဖ မင်းသွားခေါ်တဲ့မုဆိုးဖိုးတေဆိုတာလား ငါကဘယ်ကရုပ်ရှင်မင်းသားခေါ်လာတာလဲလို့… ”
”..ကိုဖိုးတေတို့လူစုကိုယောက်ဖဆီအပ်ပါတယ် လိုလေသေးမရှိရအောင်
စီမံပေးလိုက်ပါ… ”
” …မောလာကြရောပေါ့ ကျွန်တော်နားမယ့်နေရာလိုက်ပြပေးမယ်… ”
” ကျွန်တော်နဲ့ဦးလေးတင်မောင်က
ရွာထဲပြန်သွားရမယ်၊ ကျွန်တော်မိန်းမနဲ့ခလေးတွေရောက်နေလို့သွားရတာပါ။
မနက်ပြန်ဆုံကြတာပေါ့ဗျာ…”
ကိုဇော်မိုးမှာသူ့ယောက်ဖတာတီးထံကျွန်ုပ်တို့လူစုကိုအပ်ပြီးဦးတင်မောင်နှင့်ရွာသို့ပြန်သွားကြသည်။
တာတီးမှာကျွန်ုပ်တို့နားနေရန်အိမ်ငယ်လေးတစ်လုံးပြပေးသည်။ ရေမိုးချိုးရန် စက်ရုံဝင်းဘေးဖက်မှရေတွင်းငယ်
တစ်ခုတွင်ချိုးနိူင်ကြောင်းပြောလာသည်။ ကိုတာတီးကားအရပ်အမောင်း
ခြောက်ပေနီးပါး၊ဗလတောင့်တောင့်
မေးရိုးကားကား မုတ်ဆိတ်မွေး၊ပါးသိုင်းမွေးထူလဗျစ်၊အသားညိုညိုဖြင့်
ရှိရာသူပုံစံကမြန်မာနှင့်မတူပဲအိန္ဒိယ
လူမျိုးနဲ့ပိုတူနေသည်။အသက်လေးဆယ်နီးပါးခန့်ရှိပြီး
လူပုံစံကမဟုတ်မခံစိတ်ရှိသူ၊ရိုးသားပုံရသူဟုအကြမ်းဖျင်းကောက်ချက်ချမိသည်။
ကျွန်ုပ်တို့လူစုမှာအထုတ်အပိုးများ
ချကာ ခဏတဖြုတ်နားပြီး ရေမိုးချိုး
ကြသည်။
ရေမိုးချိုးပြီးသောအခါမှောင်ရိပ်သန်းနေပြီဖြစ်သည်။
” ကိုဖိုးတေတို့ရေမိုးချိုးပြီးရင်တစ်ခွက်၊တဖလားသွားသောက်ကြရအောင်ဗျာ၊မိတ်ဖြစ်ဆွေဖြစ်ပေါ့…”
” အစီအစဥ်ထဲမှာဒီအစီအစဥ်ကအကောင်းဆုံးပဲ ကိုတာတီးရယ်… ”
ဦးသံလုံးမှာညစာလည်းမစားသည်မို့ မှောင်သည်နှင့်တရားထိုင်ပုတီးစိတ်
ရှိနေသည်။
ကျွန်ုပ်တို့မှာစက်ရုံအလည်မြေကွက်လပ်တွင်ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။
ဆန်ချက်အရက်ကို ကြက်သားသုတ်ဖြင့်ကျွန်ုပ်တို့လေးယောက်အရက်နှစ်လုံးကုန်အောင်သောက်ပြီးနားလိုက်
ကြသည်။
ကိုတာတီးနှင့်စကားပြောကြည့်မှကိုတာတီးမှာကျွန်ုပ်ခန့်မှန်းထားသလိုရိုးသားသူဖြစ်ကြောင်းသိလိုက်ရသည်။
ဒါကြောင့်မို့သာ လူရည်လည်သူဌေး
ဇော်မိုးအနေဖြင့်ယုံကြည်ရသော ကိုတာတီးလက်လွဲအပ်ထားခြင်းဖြစ်မှန်း
သိလိုက်ရသည်။
” ..ကိုဖိုးတေ ကျွန်တော်တို့နှစ်ယောက်တည်းစကားနည်းနည်းပြောရအောင်ဗျာ ၊… ”
” မင်းတို့နှစ်ယောက်ထမင်းစားပြီးအိပ်ကြတော့ ကျွန်ုပ်ကိုတာတီးနဲ့စကား
နည်းနည်းပြောလိုက်အုံးမယ်…. ”
” …တိုးမောင်ရယ်.. ညီလေးသာဝနဲ့မဲလုံးထမင်းစားဖို့ပြင်ပေးလိုက်ပါကွာ။
ငါ့ညီတို့အားမနာကြနဲ့နော် အဝသာစားကြ….”
ကိုတာတီးမှသူ့လူတယောက်ကိုခေါ်ပြီးသာဝနှင့်မဲ့လုံးထမင်းစားရန်စီစဥ်ခိုင်းရာထမင်းစားမည့်နေရာသို့ထိုလူမှလာခေါ်၍ လိုက်ပါသွားကြသည်။
မှန်အိမ်မီးစာကိုအလည်တွင်ချကာ
တဖက်တချက်တွင်ကျွန်ုပ်နှင့်ကိုတာတီးထိုင်နေကြသည်။
” လူတွေကိုအူ၊အသည်းဖောက်စားတဲ့
ကြောက်စရာအကောင်ကြီးဆိုတာ
ကိုတာတီးတွေ့လိုက်ရလား…. ”
”..မတွေ့လိုက်ရဘူး ကိုဖိုးတေ၊ ဖုတ်ဝင်သွားတဲ့မောင်ထွေးဆီလည်ပင်းတောင်ညှစ်ခံရတာ ၊မောင်ထွေးကငါးပေမပြည့်တဲ့လူဖလံလေးနော် ကျွန်တော်ဗလနဲ့ရုန်းလို့မလွတ်ဘူး။
သန်ချက်ဗျာ သုံးလေးယောက်အတင်း
ဆွဲဖြုတ်ရတယ် ။ တခုမေးကြည့်ရမယ်
ကိုဖိုးတေ သရဲတစ္ဆေရှိတယ်ဆိုတာယုံလား….”
” ကိုတာတီးစကားကိုပြန်ဖြေဖို့အကိုးအကား၊အထောက်အထားနဲ့ရှင်းပြမယ်နော် ၊ အနောက်နိူင်ငံသားတွေဟာ ရုပ်ဝါဒီသမားတွေ လက်တွေ့ကျတာယုံတာပေါ့ ၊ အဲလိုအနောက်နိူင်ငံသားတွေတောင်မှသရဲတစ္ဆေရှိတယ်ဆိုတာလက်ခံရတဲ့ညအိပ်ရင်သရဲခြောက်တဲ့
ကမ္ဘာကျော်တဲ့အထိသရဲခြောက်တဲ့ကြောက်စရာအိမ်တွေမှာမယုံလို့ကိုယ်တိုင်လက်တွေ့စမ်းကြည့်ရင်းယုံသွားကြတာရှိတယ်။…”
” နောက်တခုမေးကြည့်ရမယ်နော်။ လူတယောက်ကျိန်စာတိုက်ရင်တကယ်ဖြစ်တတ်လား၊ ကျိန်စာကရှိပါ့မလား..”
” ကျွန်ုပ်တော်တို့အရှေ့တိုင်းသားတွေက ကျိန်စာနဲ့ပတ်သက်ရင်ယုံကြည်ကြတယ်။ ရှေးကဘုရင်တွေဘုရားတည်ရင် ကျောက်စာမှာဘုရားတည်ရတဲ့ကုသိုလ်အတွက်
ဆုတောင်းနဲ့အတူ၊ကျိန်စာကိုပါထည့်သွင်းထားကြတယ်၊သူတည်ထားတဲ့ဘုရားကိုဖျက်ဆီးသူ ဘာဒုက္ခ၊ညာဒုက္ခ
ရောက်ပါစေကျိန်စာကို အနောက်နိူင်ငံသားတွေပျက်ရယ်ပြုကြတယ် ။
ဒါပေမယ့် သူတို့ကျိန်စာကိုယုံသွားတဲ့
အဖြစ်အပျက်တစ်ခုပေါ်လာတယ် ကိုတာတီး…. ”
” ဘယ်လိုအဖြစ်အပျက်များလဲကိုဖိုးတေ ၊ကျွန်တော်ကစာလည်းမတတ်၊ဗဟုသုတလည်းမရှိတော့ ကိုဖိုးတေပြောတာတွေနားထောင်ရတာ တကယ့်
အနှစ်သာရတွေကြီးပါပဲ… ”
” ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲကိုတာတီးရယ်ကျွန်ုပ်လည်းလေ့လာမှတ်သားမူတွေပေါ့ ။
ဒါနဲ့အီဂျစ်ကပိရမစ်ကြီးတွေမြင်ဖူးလားဘုရင်တွေကသူ့ထက်ငါအပြိုင်ဆောက်ကြထားကြတာ ။ ပိရမစ်မှာသုံးတဲ့ကျောက်ပြားတချပ်လူလေးယောက်
ဆွဲရတယ်တဲ့ အဲလောက်အမြင့်ကိုဘယ်လိုတည်ကြတာလဲတော့မပြောတတ်ဘူး။ အဲတာကထားပါအခုလိုရင်းကကျိန်စာအကြောင်း။
အီဂျစ်ဘုရင်တွေဟာသူတို့မသေခင်
တည်းကမြေအောက်ထဲမှလျို့ဝှက်ဂူသင်းချိုင်းတွေတည်ဆောက်ထားကြတယ်တဲ့။
သူတို့သေရင်အဲဒီအောက်မှာပဲမြုတ်
ရတာပေါ့ ၊သူတို့မသေခင်ကသုံးခဲ့တဲ့
အသုံးအဆောင်တွေပါ အဲဒီမြေအောက်ဂူသင်းချိုင်းမှာထည့်သွင်းမြုတ်နှံပေးရတယ်။သူတို့စိတ်ကူးကသူတို့ဟာတနေ့မှာပြန်လည်ရှင်သန်လာမယ်တွေးထားကြတာလေ။
ဘူမိဗေဒပညာရှင်တဖွဲ့ အယောက်
လေးဆယ့်ကိုးလားငါးဆယ်လားပဲ သိပ်မမှတ်မိတော့ဘူး။
သူတို့အဖွဲ့ဟာအီဂျစ်မှာတူးဖော်ရေးလုပ်ရင်း ဖာရို ၁၉ဘုရင်ရဲ့ဂူသင်းချိုင်းကိုသွားတွေ့တယ် ။
ဂူရဲ့တခါးပေါက်ပေါ်မှာအီဂျစ်ရှေးဟောင်းဘာသာစကားနဲ့ကျိန်စာ
တိုက်ထားတာဖတ်မိကြတယ် ။ သူ့ဂူသင်းချိုင်းကိုဖျက်စီးသူကိုကျိန်ထားတာ၊ ကျိန်စာကအရှည်ကြီး အတိုချုပ်ကပြောရင် ရေသွား၊ရေဘေး၊ကုန်သွားကုန်းဘေးပုံစံကျိန်တာပေါ့၊ကြောက်စရာလန့်စရာကျိန်စာကြီးပေါ့….”
” ဒါနဲ့ဘယ်လိုဖြစ်သွားလဲ သူတို့ဖွင့်လိုက်ကြလား…”
” အနောက်နိူင်ငံသားတွေပဲလေကျိန်စာကို ဘယ်ယုံပါ့မလဲဖွင့်လိုက်ကြတာပေါ့….”
” ဒီတော့ ဘယ်လိုတွေဖြစ်သွားကြလဲ…”
” အဲဒီအဖွဲ့မှာပါဝင်သူအားလုံးဟာတစ်နှစ်ကျော်နှစ်နှစ်အတွင်းအားလုံးသေကုန်ကြတယ်။
သေတာတောင်ပုံစံမျိုးစုံနော်၊တချို့ကားအက်ဆီးဒင့်၊တချို့နှလုံးဖောက်၊
တချို့နေမကောင်းဖြစ်၊တချို့ကို့ဟာကို
သတ်သေဆိုတဲ့မတူညီတဲ့ပုံစံမျိုးစုံနဲ့သေကုန်ကြတာ…”
..ဟာ အတော်ကြီးထူးဆန်းပါလားဗျာ၊ ကျွန်တော်လည်းကျိန်စာတခုမိနေတယ်ကိုဖိုးတေ….
…ဘယ်လိုကိုတာတီး ကျိန်စာမိနေတယ် ဟုတ်လား ဘယ်လိုကျိန်စာမျိုးကိုဘယ်သူကတိုက်လိုက်တာလဲ….
…အလကားနောက်ပြောတာပါကိုဖိုးတေရယ်.. ဟဲဟဲ…တကယ်ယုံသွားတယ်မဟုတ်လား….
…အတော်နောက်တဲ့လူဗျာ ကျွန်ုပ်ကတကယ်အောက်မေ့နေတာ..
..ညနက်ပြီကိုဖိုးတေ ထမင်းဆာရောပေါ့.. တိုးမောင်ရယ်.. မင်းကိုကြီးဖိုးတေကိုထမင်းကျွေးဖို့လုပ်ကွာ….
…အတူစားကြရအောင်လေ
ကိုတာတီး…
…ကျွန်တော်မဆာသေးဘူးဆက်သောက်အုံးမယ် ကိုဖိုးတေ….
ကျွန်ုပ်ထမင်းစားရန်ထမင်းချက်ကောင်လေးတိုးမောင်ကခူးခပ်ပေးသည်။ ကြက်သားဟင်းငပိရည်တို့စရာဟင်းဖြစ်သည်။ ကျွန်ုပ်ထမင်းစားနေသည့်နေရာသို့ကိုတာတီးလာပြီးထမင်းဟင်းများထည့်စားရန်အားမနာရန်ပြောကာ ဟင်းများထည့်ပေးနေသည်။
ကိုတာတီးမျက်နှာကိုအကဲခတ်ကြည့်မိရာသူ့တွင်လူသိမခံလိုသောစိတ်ညစ်စရာအကြောင်းတခုရှိနေသည်
ဟုကျွန်ုပ်ခန့်မှန်းမိသည်။ မျက်နှာကပြုးနေသော်လည်း အပြုံးကတမင်ဖန်တီးထားသောအပြုးတုမှန်းကျွန်ုပ်ရိပ်စားမိသည်။
ကျွန်ုပ်မှာထမင်းစားပြီးချိန်ကိုတာတီးကိုနူတ်ဆက်ပြီးအိပ်ယာဝင်ခဲ့သည်။
ကိုတာတီးတယောက်ကားမီးအိမ်ကလေးထွန်းလျက်သောက်စားကျန်နေရစ်ခဲ့၏။
ကျွန်ုပ်ကားအိပ်ယာပေါ်ခေါင်းချသည်နှင့်အိပ်ပျော်သွားသည်။
နောက်တနေ့မနက်အစောကြီးကျွန်ုပ်တို့ကိုလာနိူးသူမှာကိုတာတီးဖြစ်သည်။
ဦးသံလုံးညစာမစားသည့်အတွက်မနက်စာထမင်းကိုသူ့လူတယောက်အားအစောကြီးထချက်ခိုင်းထားသည်ဆိုသည်။
ကျွန်ုပ်တို့သုံးယောက်မျက်နှာသစ်နေကြချိန်မှာပင်ဦးသံလုံးမှာစားသောက်ပြီးလမ်းပင်လျောက်နေပြီဖြစ်သည်။
ထမင်းကြော်ကိုငါးခြောက်ဖုတ်ဖြင့်
စားသောက်ကာ လဖက်ခြောက်ကျကျခပ်ထားသောရေနွေးကြမ်းကိုသောက်ရင်းကိုတာတီးနှင့်ကျွန်ုပ်စကားပြောဆို
ဖြစ်ကြသည်။
” ကိုတာတီး ညကဘယ်အချိန်မှအိပ်တာလဲ၊မနက်ကျတော့လည်းကျွန်ုပ်တို့ထက်အရင်နိူးနေတယ်…. ”
” ညနက်တယ်ကိုဖိုးတေ ဒါပေမယ့်
မနက်စောစောအမြဲထတော့အချိန်ရောက်တော့နိူးနေရော ဆက်အိပ်လို့မရတော့ဘူး…. ”
” ကျွန်ုပ်အနီးအနားတောတွေလျောက်ကြည့်ချင်တယ် ကိုတာတီး၊အဲတာတောကျွမ်းတဲ့လူတယောက်လောက်ထည့်ပေးလိုက်လို့ရမလား….”
” ရတာပေါ့ကိုဖိုးတေရယ် ၊ယောက်ဖကြီးက ကိုဖိုးတေဘာလိုလို လုပ်ပေးဖို့မှာထားတယ်။
..မောင်ထူးရယ်…မောင်ထူး….
ကိုတာတီးကကျွန်ုပ်စကားကိုအဆင်ပြေကြောင်းပြောပြီးတပြိုင်နက်
အလုပ်ဆင်းရန်ပြင်ဆင်နေကြသူများဖက်လှည့်ကာနာမည်တခုလှမ်းခေါ်လိုက်သည်။
အသက်ဆယ့်ရှစ်အရွယ်ကောင်လေးတယောက် ဗျာ..ဟုထူးရင်းအနားရောက်လာသည်။
….မင်းဒီကအစ်ကိုကြီးတွေကိုတောထဲလမ်းပြဖို့ခေါ်သွားလိုက်….
….ဟိုလေ ကျွန်တော်အလုပ်…အလုပ်..
…မင်းလုပ်အားခတနေ့စာအတွက်စိတ်ပူမနေနဲ့ လာရင်ပေးမယ်….
ကိုတာတီးစကားကြောင့်လူငယ်မျက်
နှာပြုံးရွင်သွားသည်။
” ….ဒီလိုဆိုကျွန်တော်တို့သွားပြီကိုတာတီး…”
ကျွန်ုပ်မှာဦးသံလုံးကိုပင်ပန်းမည်စိုး၍ စခန်းတွင်ချန်ထားရစ်ပြီး မောင်ထူးကိုရှေ့မှ လမ်းပြစေလျှက် ကျွန်ုပ်တို့ဆရာတပည့်သုံးဦးနောက်မှလိုက်ခဲ့
ကြသည်။ နေ့လည်စာရိက္ခာအလို့ငှာကောက်ညှင်းဆန်အနည်းငယ်ထည့်ယူ
လာခဲ့ကြသည်။
မောင်ထွေးကိုကြောက်စရာအကောင်
ကြီးအူ၊အသည်းနူတ်စားသော ဥနှဲပင်ကြီးမှာစခန်းနှင့် မိနစ်နှစ်ဆယ်ခန့်အကွာတွင်ရှိသည်။
ထိုမှတဆင့်တောတွင်းဝင်ရောက်ခဲ့ကြတော့သည်။
တောတွင်းမွန်းတည့်ချိန်အထိလှည့်
ပတ်သွားလာသော်လည်းမည်သည့်ထူး
ခြားမူကိုမှမတွေ့ရပေ ။
ကျွန်ုပ်တို့မှာမနက်စာစားချိန်ရောက်လာပြီမို့ ရေထွက်စမ်းပေါက်လေးရှိသောနေရာတွင်နားလိုက်ကြသည်။
သာဝနှင့်မဲလုံးကားဟင်းစားရှာရန်
ဟုဆိုကာထွက်သွားကြသည်။
ကျွန်ုပ်မှာဝါးတောအတွင်းမှကောက်ညှင်းကျဥ်တောက်ဖုတ်သည့်တင်းဝါးတစ်လုံးခုတ်ကာဝါးဆစ်ရှစ်ပိုင်းဖြတ်ပြီး မောင်ထူးကိုပေးလိုက်ရာ
မောင်ထူးမှာ ဆန်ကိုဝါးကျည်တောက်အတွင်းထည့်၊ရေထည့်နေချိန်တွင်ကျွန်ုပ်ကထင်းခြောက်များရှာပြီးမီးတပုံမွေးလိုက်သည် ။
မီးအရှိန်ကောင်းလာသောအခါငုတ်စိုက်တန်းထိုးပြီး ကောက်ညှင်းကျည်တောက်ကိုခပ်စောင်းစောင်းလေးမီးပုံအနီးကပ်ဖုတ်နေကြချိန်တွင်သာဝနှင့်မဲလုံးပြန်ရောက်လာကြသည်။ သူတို့လက်တွင်
အမွေးနူတ်ရင်းယူလာသော ငူ ခြောက်ကောင်ပါလာသည်။
မဲလုံးကားလေးဂွပစ်အလွန်လက်ဖြောင့်သူဖြစ်သည်။
” ငှက်စားပင်တွေ့တာနဲ့ပစ်လာတာကို
ကြီးရယ် ၊ ဒါတောင်ဆက်ပစ်ရင်ရအုံးမယ် စားဖို့နောက်ကျနေမှာစိုးလို့….”
သာဝနှင့်မဲလုံးပင်ငှက်ကို ခုတ်ထစ်၍
ပါလာသောဆားပွတ်ကာဝါးတွင်ညှပ်လျက်မီးကင်နေကြသည်။ ငှက်သားနှင့်ကောက်ညှင်းကျည်တောက်ကျက်ချိန်တွင်လေးယောက်သား အားပါးတရစားသောက်လိုက်ကြရာကောက်ညှင်းကျည်တောက်ရောငှက်သားပါတက်တက်ပြောင်လေတော့သည်။
စားသောက်ပြီးခဏတဖြုတ်နားပြီးသောအခါ ကျွန်ုပ်တို့မှာတောတောင်အနှံ့စမ်းတဝါးဝါးခြေဆန့်ကြပါတော့သည်။
ညနေစောင်းလာသည်အထိမည်သည့်ထူးခြားမှုမှမတွေ့သောကြောင့် စက်ရုံသို့ပြန်လာခဲ့ကြတော့သည် ။
လမ်းတွင်သာဝနှင့်မဲလုံးမှာကျွန်ုပ်နှင့်မောင်ထူးနောက်မှလိုက်လျှက်တိုးတိုးကြိတ်ကြိတ်ဖြင့် တစ်စုံတရာကိုတိုင်ပင်
နေကြသည်။ ကျွန်ုပ်နောက်လှည့်ကြည့်လျှင်နှစ်ယောက်သားငြိမ်သွားကြသည်။ သူတို့မည်သည့်ကိစ္စများလုပ်ထားသည်မပြောတတ်ပေ ။
စက်ရုံသို့ရောက်သောအခါနေပင်
မှောင်ခါနီးပြီမို့ ရေမချိုးဖြစ်ကြတော့ပေ။
” အခြေအနေမထူးဘူးဆိုကိုဖိုးတေ….ယောက်ဖတောင်ပြန်သွားတာမကြာသေးဘူး ကိုဖိုးတေတို့ကိုစောင့်ခဲ့သေးတယ်၊ ကျွန်တော်ကနေမမှောင်ခင်
ပြန်ခိုင်းလိုက်တာ…”
” အေးဗျာ…ဘာထူးခြားမှုမှမရှိဘူးကြည့်ရတာ ဒီကောင်ကြီးကညဖက်ပဲလှုပ်ရှားပုံရတယ်ဗျ ညဖက်တွေသတိထားရမယ်….”
” ဟုတ်လောက်တယ်ကိုဖိုးတေ၊ လူသတ်ရင်ညဖက်တွေပဲလာသတ်တာဆိုတော့ညဖက်လှုပ်ရှားပုံရတယ်… ။
ဒါနဲ့ညနေတစ်ခွက်တဖလား တောကြက်ဥကြော်လေးနဲ့ကစ်ကြရအောင်….”
” ..ဘယ်လို.. ဘယ်က တောကြက်ဥရတာလဲဗျ..”
” ကိုဖိုးတေ တပည့်နှစ်ယောက်ယူလာတာလေ မောင်တိုးကိုကြော်ခိုင်းနေကြတာကြားတယ် ။ …”
ကျွန်ုပ်ကားသာဝနှင့်မဲလုံး
တောကြက်ဥယူလာကြသည်ဆိုသည့်အတွက်စိတ်တွင်းထောင်းခနဲဒေါသဖြစ်သွားသည်။
ကျွန်ုပ်တို့မုဆိုးစည်းကမ်းအရသူတပါးအသိုက်အမြုံကိုမဖျက်ဆီးရန်၊ငှက်ဥ၊ကြက်ဥများတွေ့ပါကမယူရန် မကြာခဏသွန်သင်ဆုံးမပေးထားဖူးသည်။
ဒါကြောင့်အပြန်လမ်းတွင်နှစ်ကောင်သားအမှုအယာပျက်နေကြခြင်းဖြစ်သည်။
ကျွန်ုပ်ထမင်းချက်သည့်နေရာသို့
ခြေလှမ်းကျဲကြီးများဖြင့်လျောက်သွားရာကိုတာတီးက ကျွန်ုပ်ကို နားမလည်သောမျက်နှာဖြင့်နောက်မှလိုက်လာသည်။
ထမင်းချက်သည့်နေရာတွင်မဲလုံးနှင့်သာဝကိုမတွေ့ရပဲချက်ပြုတ်ရင်းအလုပ်ရှုတ်နေသည့် မောင်တိုးကိုတွေ့ရ၏။
” မောင်တိုးရယ် ဟိုနှစ်ကောင်တောကြက်ဥတွေလာပေးသွားတယ်ဆို
ဟုတ်လား…”
” ..ဟုတ်တယ်ကိုကြီးဖိုးတေ ဒီဟင်းအိုးကျက်မှကြော်တော့မလို့ ဟိုမှာလေ ကြက်ဥတွေ… ”
….ဟာ…
ကျွန်ုပ်ကားမောင်တိုးညွန်ပြရာခုန်ပေါ်ခြင်းကျားလေးပေါ်မှရှစ်လုံးခန့်ရှိမည်ဖြစ်သောတောကြက်ဥများကိုကြည့်ကာ စိတ်အတွင်းသက်ာမကင်းဖြစ်သွားပြီးကိုင်၍မီးရောင်အောက်တွင်အနီးကပ်ကြည့်မိရာရင်ထိတ်သွားရသည်။
…သာဝ.. မဲလုံး…..လာကြစမ်း…ခွေးကောင်တွေ….
ကျွန်ုပ်ဒေါသတကြီးခေါ်သံကြောင့်စက်ရုံမှလူငယ်များနှင့်စကားဝိုင်းဖွဲ့ပြောနေကြဟန်တူသော သာဝနှင့်မဲလုံး
ပြန်ထူး၍ရောက်လာကြသည်။ မောင်တိုးနှင့်ကိုတာတီးမှာကျွန်ုပ်ဒေါသဖြစ်သည်ကိုနားမလည်နိူင်ဟန်အကြောင်သားကြည့်နေကြသည်။
ထမင်းချက်သည့်နေရာရောက်လာသောသာဝနှင့်မဲလုံးကား ကျွန်ုပ်လက်တွင်းမှတောကြက်ဥကြည့်ကာခိုးထုတ်ခိုးထည်နဲ့မိသောသူခိုးလိုမျက်နှာငယ်လေးများဖြင့်ရှိနေသည်။
…မင်းတို့ကိုကျွန်ုပ်ဘယ်လိုသွန်သင်ဆုံးမထားလဲ၊သူများအသိုက်အမြုံကဥတွေမယူဖို့ သားကောင်ပေါက်လေးတွေမသတ်ဖို့ပြောတာမေ့နေကြပြီလား…
…ကျွန်တော်တို့ မှားသွားပါတယ်ကိုကြီး…
…နောက်မဖြစ်စေရပါဘူး ဒီတခါတော့ခွင့်လွတ်ပေးပါကိုကြီး….
ကျွန်ုပ်မဲလုံးနှင့်သာဝကိုမာန်မဲနေစဥ်ကျွန်ုပ်အသံကျယ်သွား၍ဦးသံလုံး
ရောက်လာသည်။
…ဖိုးတေ ဘာတွေများဒေါသဖြစ်နေတာလဲသူများနေရာမှာလေကွာ စိတ်လျှော့
ပါအုံး…
…ဒီကောင်တွေသေမယ့်လမ်းရွေးလာလို့ဦးသံလုံးရယ် ၊ အခုသူတို့ယူလာတာ
တောကြက်ဥမဟုတ်ဘူးဗျ ငန်းပုတ်လို့ခေါ်တဲ့တောကြီးမြွေဟောက်ဥတွေ
ဒီမြွေတွေက လူကိုတွေ့ရင်တောင်လိုက်တတ်တာ သူဥကိုယူတဲ့လူဆိုရင်အနံ့ခံပြီးရောက်ရာနေရာလိုက်တာ….
ငန်းပုတ်မြွေအကြောင်းကြားဖူးနားဝရှိကြသည်မို့ အားလုံးပါးစပ်အဟောင်းသားရှိနေကြသည်။
…လုပ်..လုပ်ပါဦး ကိုကြီးဖိုးတေ..
…ကျွန်တော်တို့ကိုကယ်ပါဗျာ…
….မင်းတို့တအားမှားတယ် ၊ တောကြက်ဥဒီလောက်ကြီးမလားကွာ
နောက်ပြီးသေချာကြည့်ရင်ဥမှာအစက်ပျောက်လေးတွေပါတယ်…
….ဖိုးတေရာ ဒီအတိုင်းပြောနေလို့မဖြစ်သေးဘူးလေ တခုခုလုပ်ရမှာပေါ့…
…လုပ်ရမယ် ဦးသံလုံးဒီကောင်တွေကြောင့်စခန်းကလူတွေပါအန္တရယ်ရှိနေပြီ…
သာဝနှင့်မဲလုံးကားဆောက်တည်ရာမရ
ငိုမဲ့မဲ့ဖြစ်နေကြသည်။
.. ကိုတာတီးလူတွေကိုအခန်းထဲမှာမနေခိုင်းပဲ အပြင်ကိုထွက်ခိုင်းပြီးကွင်းပြင်မှာနေခိုင်းဗျာ ဓားတွေ၊တုတ်တွေပါဆောင်ထားခိုင်း၊ပြီးရင်ဘေးပတ်ချာလည်မှာမီးစက်ဝိုင်းလုပ်ထားရမယ်။
၊ ဟိုနှစ်ကောင်မင်းတို့အဝတ်အစားတွေချွတ်မီးရှို့လိုက် မင်းတို့ကိုယ်နံ့ရသလောက်ဖျောက်ထားရမယ်….
ကိုတာတီးမှာကျွန်ုပ်ပြောသည့်အတိုင်းသူလူများကိုကွင်းပြင်တွင်ထွက်နေခိုင်းကာ သိုလှောင်ထားသော
ထင်းများအကုန်ထုတ်စေသည်။
ရိုးမနီးသောအရပ်မို့ထင်းကားအလျှံအပယ်ပူစရာမလို၊ လိုအပ်သည့်ပမာ
ဏအထိရလာသည်။ မီးစက်ဝိုင်းလုပ်ပြီးသောအခါလူအားလုံးအတွင်းသို့
ဝင်စေလျှက်သာဝနှင့်မဲလုံးအဝတ်အစားများကိုမီးရှို့ပြီးသူတို့ခန္ဓာကိုယ်အား ပေါင်ဒါမှုန့်များဖြူးကာ လူအုပ်အလယ်တွင်နေစေသည်။
ကျွန်ုပ်တွက်ဆချက်သာမလွဲပါက
ငန်းပုတ်မြွေကြီးသည်ကျွန်ုပ်တို့လာရာလမ်းအတိုင်းသူ့ဥယူသွားမည့်သူ၏အနံ့ကိုခံလိုက်လာမည်ဖြစ်ရာ ကျွန်ုပ်တို့ပြန်လာရာအရှေ့ဖက်မှလာမည်မှာကြိမ်းသေနေသည် ။
ယခုမြွေကိုသတ်မှရတော့မည်မို့ ပို၍သေချာစေရန် မြွေဥတစ်လုံးကိုကျွန်ုပ်တို့လူစုနဲ့ခပ်ဝေးဝေးအရှေ့ဖက်
အရပ်တွင် မြေပြင်ပေါ်ခွဲထားကာ အရှေ့ဖက်ခြမ်းကိုမီးတောက်များပို၍
များစေရန်ထည့်ထားခိုင်းလိုက်သည်။
ကျွန်ုပ်မှာအရှေ့ဖက်အခြမ်းကိုအဓိကဦးတည်ကာတာဝန်ယူမည်ဖြစ်ပြီး
တခြားသူများကို ဘေးပတ်လည်သို့ကြည့်ခိုင်းထားသည်။
ကျွန်ုပ်တို့လူစုမှာမည်သူမှစကားမဆိုငြိမ်သက်တိတ်ဆိတ်စွာရှိနေကြသည်။ ညသည်တဖြည်းဖြည်းနက်လာသည်။ ဆယ်နာရီခန့်အရောက်တွင် ကျွန်ုပ်မြေပြင်ပေါ်မြွေဥခွဲထားသောနေရာသို့ လျောတိုက်ရွေ့လျားလာသော
အရာတစ်ခုမြင်လိုက်ရသည် ။
ကျွန်ုပ်အားလုံးကိုလက်ထောင်ပြရင်း
အနောက်သို့ဆုတ်ခိုင်းပြီးသေနတ်ကိုမောင်းတင်ကာမြေပြင်ပေါ်မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။
ငန်းပုတ်ကြီးမှာကျွန်ုပ်တို့ရှိရာဒေါသတကြီးအရှိန်ဖြင့်ပြေးလာကာမီးတောက်များအနီးရောက်သောအခါ
ကိုခန္ဓာအားမတ်လိုက်ရာ ကျွန်ုပ်မျက်လုံးပြူးသွားရသည်။
အကြောင်းမှာငန်းပုတ်ကြီးသည်ကျွန်ုပ်တွေးထားသည်ထက် အကောင်ကြီးသောကြောင့်ဖြစ်သည်။
ယောက်ကျားကြီးခြေသလုံးခန့်ကိုယ်ခန္ဓာရှိပြီး အပေါ်သို့မတ်လိုက်သောအခါ လေးပေကျော်ခန့်ပင်မြင့်နေသည်ကိုတွေ့လိုက်ရသည်။
မြွေကြီးမျက်လုံးများသည်မီးရောင်အောက်တွင်အခိုးအငွေ့များထွက်နေသည်လားထင်မှတ်ရကာ ခွက်ထားသောပါးပြင်းကြီးက ဒေါသမာန်ဟုန်မည်မျပြင်းထန်နေသည်ကိုဖော်ပြနေသည်။
ကျွန်ုပ်မှာငန်းပုတ်ကြီးကိုမမှိန်မသုန်စိုက်ကြည့်လျှက်စိတ်ကိုတည်ငြိမ်အောင်ထားနေရသည်။ မီးတောက်များသာမရှိပါက ငန်းပုတ်ကြီးသည်ရပ်နေမည်မဟုတ်ရှေ့တိုးကာတခါတည်းပေါက်သတ်သွားမည်မှာသေချာသည်။
….ဝှီး….ဒိုင်း…..ဖောင်း..ဘုတ်….
….ဟာ…..
….နည်းတဲ့ငန်းပုတ်ကြီးလား…
….ငါ့တသက်ဒီလောက်ကြီးတဲ့ငန်းပုတ်
မမြင်ဖူးပါဘူးကွာ….
….အသေကြီးမြင်ရတာတောင်ကြောက်ဖို့ကောင်းတယ်….
ကျွန်ုပ်ကားသက်ပြင်းမောကြီးချလိုက်မိသည်။ အေးနေသောအချိန်မှာပင်နဖူးမှစီးကျလာသောချွေးစေးများကို လက်ဖဝါးဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။
ငန်းပုတ်မြွေကြီးမှာ ကိုယ်ခန္ဓာယိမ်းနွဲ့ကာ
မီးပုံကြောင့်မြေကြီးပေါ်မှလာမရသော
အခါအမြီးဖျားကိုအားပြုပြီးခုန်လိုက်သည်။ ကျွန်ုပ်ကားငန်းပုတ်မြွေကြီးထိုသို့လုပ်မည်မထင်သောကြောင့်မျက်
လုံး စိတ်လှုပ်ရှားသွားသော်လည်းအလေ့အကျင့်ရနေသောလက်ကအန္တရာယ်နှင့်ကြုံချိန်တဒဂ်ဆုံးဖြတ်ချက်ဖြင့်ငန်းပုတ်ခေါင်းကိုချိန်ရွယ်ပစ်ခတ်လိုက်သည်။
ကံကောင်းထောက်မစွာမြွေခေါင်းကိုသေနတ်ကျည်ဆန်ထိမှန်ပြီး ဦးခေါင်းကြေမွသွားကာ ကျွန်ုပ်အနီးမြေပြင်ပေါ်ပြုတ်ကျလျှက်ကိုယ်လုံးကြီးမြေပြင်ပေါ်တွန့်လိမ်လျှက်ရှိနေသည်။
…အန္တရာယ်ကင်းပြီမို့ အားလုံးကိုယ့်နေရာကိုယ်ပြန်လို့ မြွေကိုရော၊မြွေဥကိုရောစားလို့ အန္တရာယ်မရှိတော့ပါဘူး…
စက်ရုံလုပ်သားများမှာပျော်ရွင်စွာဖြင့်
မြွေကြီးကိုဆွဲယူသွားကြတော့သည်။
ကျွန်ုပ်အနီးတွင် ဦးသံလုံး၊ကိုတာတီး၊မဲလုံး၊သာဝသာကျန်နေရစ်ခဲ့ကြသည်။
…ဖိုးတေရယ် မင်းသာတရားထိုင်ရင်
အတော်အကျိုးရှိမယ်။..အသက်ဘေးနဲ့ကြုံနေရချိန်စိတ်ကိုတည်ငြိမ်အောင်ထားနိူင်တာအတော်ကြီးစိတ်အင်အားကောင်းတယ်၊ထိန်းချုပ်နိူင်တယ်။.
ခက်တာက အဲလိုစိတ်တည်ငြိမ်လို့သတ္တဝါတွေဘေးဒုက္ခရောက်ကြရတာ….
…ဦးသံလုံးကတော့နော်လုပ်လာပြီ ၊
အစောနကငန်းမြွေကြီးကိုဦးသံလုံးကိုမေတ္တာပို့ပြီးနှင်ခိုင်းရကောင်းမလားတွေးနေတာ….
..ခွေးကောင်ငါ့ကိုသတ်နေတာလား၊
မနိူင်းစကောင်း တရားကိုအဆင့်တစ်ခုအထိရောက်နေသူနဲ့ လာနိူင်းယှဥ်နေတယ်။ ငါအဆင့်နဲ့မေတ္တာသွားပို့ရင်သေသွားမှာပေါ့…
ဦးသံလုံးစကားကြောင့်ကျွန်ုပ်တို့သဘောကျစွာရယ်မောလိုက်ကြသည်။
…ကိုကြီးဖိုးတေ ကျွန်တော်နောက်နောင် သူများအသိုက်အမြုံမဖျက်စီးတော့ပါဘူး…
….ကျွန်တော်လည်း ကတိပေးပါတယ်
နောက်ဘယ်တော့မှ သူများအသိုက်အမြုံမဖျက်စီးတော့ပါဘူး…
သာဝနှင့်မဲလုံးမှာကျွန်ုပ်အနီးမဝံ့မရဲတိုး
ကပ်ပြောလာကြသည်။
…အေးအေး..ကျွန်ုပ်အသိမြန်လို့မင်းတို့မသေတာ ပြောရရင်သေနေ့မစေ့သေးဘူးပြောရမှာပေါ့။ မုဆိုးလုပ်မယ့်သူလိုက်နာရမယ့်စည်းကမ်းချက်တွေရှိတယ် ၊ ဇီးနဲ့သားကောင်မပစ်ခတ်ရဘူး။
သားမခွဲသေးတဲ့သားသည်အမေမိခင်ကြီးကိုမပစ်ခတ်ရဘူး၊
မိခင်ကိုသတ်မိရင်တောသဘာဝနားမလည်သေးတဲ့ကောင်လေးတွေဟာ သားစားသတ္တဝါတွေလက်ချက်နဲ့အကုန်သေကုန်လို့တိရိစ္ဆာန်မျိုးလည်းတုံးတာပေါ့ကွာ ။ ကဲကဲ အန္တရာယ်မရှိတော့ဘူး
ထမင်းသွားစားကြတော့….
ဦးသံလုံးက အိပ်စက်မည့်အဆောင်ထွက်သွားပြီဖြစ်သလို မဲလုံးနှင့်သာဝကလည်းမြွေသားချက်ပြုတ်ရန်
ပြင်ဆင်သည့်နေရာထွက်သွားသည်။
ကိုတာတီးမှာအရက်ပုလင်းနှင့်ဖန်ခွက်များကိုင်ပြီး ကျွန်ုပ်အနီးရောက်လာသည်။
…မြွေသားမကျက်ခင်သောက်ရင်း
စောင့်ကြတာပေါ့ ကိုဖိုးတေ လောလောဆယ်မြွေဥကြော်ခိုင်းထားတယ်….
…ကျွန်ုပ်မြွေသားမစားဘူး ကိုတာတီး ရာသက်ပန်ရှောင်ထားတယ်။ သတ်ရင်တောင်မလွဲသာမရှောင်သာမှသတ်တာ….
…မုဆိုးဖြစ်ပြီးအစားရွေးလှချည်လားဖိုးတေရ…
…စည်းထားတာကိုတာတီးရ ကျွန်ုပ်အဖေပြောပြဖူးတယ်။ မြွေသားမစားသူဟာ မြွေအန္တရာယ်ပြုခံရတာနည်းတယ်တဲ့ မြွေသားစားသူကိုတခြားမြွေတွေကသိတယ်တဲ့ သူတို့အမျိုးအနွယ်ကိုစားသူဆိုပြီးအန္တရယ်ပြုကြတယ်ဆိုပဲ၊ ဒါကရှေးလူကြီးတွေပြောစကားနော်
ဟုတ်မဟုတ်ကျွန်ုပ်လည်းမပြောတတ်ဘူး….
မောင်ထူးမှာကျွန်ုပ်တို့အနီးရောက်လာသောကြောင့် ကိုတာတီးမှ ကြက်သား
ကြော်ယူခိုင်းလိုက်ရာကြက်သားကြော်ဖြင့် အရက်သောက်ဖြစ်ကြသည်။
…ဒါနဲ့ အစောနကမြွေကြီးက အတော်ဒေါသကြီးတာပဲ ကိုဖိုးတေလူအုပ်စုတွေ့တာတောင်ရှောင်မသွားဘူး….
…ငန်းပုတ်လေကိုတာတီးတောကြီးမြွေဟောက်လို့လည်းခေါ်ကြတယ်။ ကိုက်ရင်သေပဲ ဆေးကုမရဘူး….”
…ဟာ….အဲလောက်တောင်ပြင်းတာလား…
…မြွေပေါက်တယ်ဆိုတာကအဆိပ်အိတ်ထဲကအဆိပ်ရည်ကိုအစွယ်ဖျားကိုပို့လိုက်တာ အစွယ်အဖျားအပေါက်လေးကတဆင့် အဆိပ်ကိုထုတ်လိုက်တာဆေးထိုးသလိုပေါ့ ၊ တခြားအဆိပ်ရှိမြွေတွေလူကိုကိုက်ရင်အဆိပ်သုံးစက်လောက်ပဲ ထုတ်လွတ်နိူင်ပေမယ့်၊ငန်းပုတ်တွေကတခါပေါက်ရင်အဆိပ်ရည်
အစက်သုံးဆယ်လောက်ထုတ်လွတ်နိူင်တယ် ၊ ကဲ ဒီတော့တွေးကြည့်လေကိုက်ရင်ဘယ်ဆေးမှီပါ့မလဲ….
…ဘုရား…ဘုရား…အတော်ကြောက်စရာကောင်းတဲ့မြွေပါလား…
..အဆိပ်အားကိုးနဲ့မိုက်နေတဲ့မြွေမျိုးဗျ၊
တခြားမြွေတွေကလူကို ဒီအတိုင်းတွေ့ရင်မလိုက်ဘူးနော်။ ဒီကောင်တွေက
တောင်သုံးလေးတောင်ကျော်တဲ့အထိလိုက်တတ်တယ် ။ ကျွန်ုပ်ကတော့ငန်းပုတ်ကိုတွေ့ရင်သတ်တယ်။ ကျွန်ုပ်တို့တောသူတောင်သားတွေက တောကိုအမှီပြုနေရတာလေ တောထဲဒီကောင်တွေနဲ့ တွေ့ရင်နေရင်းထိုင်းရင်းအသက်ဘေးကြုံမှာစိုးလို့ သတ်တာပါ…..
….ကိုဖိုးတေအကြောင်းဦးတင်မောင်ပြောတုန်းက ကျွန်တော်က တအားအမွန်းတင်ပြောတယ်ထင်မိတယ်။
မုဆိုးဘွဲ့နာမည်က ပစ်မလွဲဖိုးတေတဲ့၊
အတွေ့အကြုံဗဟုသုတစုံတယ်။ တောတောင်သဘာဝအခြေအနေကိုမှန်းဆနိူင်တယ်။ နယ်မြေဗဟုသုတဆိုလည်းမြန်မာပြည်တခွင်အမဲပစ်ဖူးရုံမက ဟိမဝန္တာထိရောက်ဖူးတယ်။ ခေါင်းဆောင်စိတ်ရှိပြီး အန္တရာယ်ကြုံရင်ရှေ့က ရင်ဆိုင်တဲ့လူစားမျိုးတဲ့.အဲလောက်ညွန်းနေတော့ပိုပြောတယ်ထင်နေတာ ၊လက်တွေ့ကြုံမှသူပြောတာလိုနေသေးမှန်းသိရတော့တယ်…..
….ကိုတာတီးက မြှောက်ပြောမှန်းသိပေမယ့် ကျွန်ုပ်က အမြှောက်တော့ ကြိုက်တယ်ဗျ…
…မြှောက်ပါ့မလားကိုဖိုးတေရာ ငန်းပုတ်ကြီးမီးပုံပေါ်ကျော်ပြီးခုန်ထွက်လာတော့.. ဟာ…သွားပြီဆိုပြီးတွက်ထားတာ ၊ သေနတ်သံလည်းကြားလိုက်ရော
မြွေကြီးလည်းမြေပေါ်ပြုတ်ကျနေရော၊ တကယ့်ပစ်မလွဲပါပဲ။ စကားပြောကြည့်တော့မှအတွေ့အကြုံဗဟုသုတလည်းစုံမှန်းသိရတယ်။…ဒါနဲ့လေမြွေကိုသတ်ရင်ခေါင်းကိုဖြတ်ပြီးမြုတ်ရတယ်ဆိုတာဘာကြောင့်များလဲကိုဖိုးတေ…
…ဒါကတော့သိပ္ပံသဘောတရားနဲ့လည်းဆက်စပ်နေတယ်ကိုတာတီး မြွေရဲ့မျက်လုံးဟာ ဓာတ်ပုံဖလင်ကွက်လိုအကွက်လေးပေါင်းထောင်ချီပြီးရှိတယ်တဲ့ ။ မြွေတကောင်သေဆုံးချိန်မှာ
သူရဲ့နောက်ဆုံးပုံရိပ်တွေကိုမျက်လုံးမှာမှတ်တမ်းအဖြစ်အရိပ်ထင်ပြီးကျန်နေရစ်ခဲ့တယ် ။ တခြားမြွေတွေကအဲဒီမြွေနားရောက်လာလို့မျက်လုံးကိုကြည့်မိရင်သတ်သူရဲ့ပုံရိပ်ကိုမြင်ရတာမို့
အဲဒီလူကိုရန်သူလို့သဘောထားပြီးတွေ့တဲ့နေရာမှာပေါက်သတ်ကြလို့
မြွေသတ်ပြီးရင်ခေါင်းကိုမြုတ်တတ်ကြတာ…
…စကားပြောလို့ကောင်းပေမယ့် ညလည်းနက်လာပြီ၊ ကိုဖိုးတေကတနေကုန်တောလည်ထားတော့ပင်ပန်းနေတာ၊ ကျွန်တော်ကအားမနာတမ်းစကားပြောနေမိတယ်…
…ရပါတယ် ကိုတာတီးရယ် ၊ ကိစ္စမရှိပါဘူး….
…လာ ကိုဖိုးတေ ထမင်းသွားစားမယ်
…
ကိုတာတီးကား ကျွန်ုပ်ကိုအားနာဟန်စကားဆိုရင်း ထမင်းချက်သည့်နေရာရှေ့ထမင်းစားပွဲတွင် မောင်တိုးကို ထမင်းခူးခိုင်းကာ မြွေသားနှင့်မြွေဥလုံးဝမပါရန်မှာကြားနေသည်။ မြွေသားစားလျှင်မြွေနဲ့ရန်သူဖြစ်နိူင်သည်မို့သူလည်းမစားတော့ကြောင်းပြောသည်။
သူကားထမင်းမစားသေး ကျွန်ုပ်အနီးတွင်ထိုင်ကာ အရက်တစ်လုံးထိုင်သောက်ရင်းအားမနာတမ်းစားရန်တဖွဖွပြောနေသည်။
စားသောက်ပြီးကျွန်ုပ်အိပ်ရန်အဆောင်သို့ပြန်ချိန်ရှေ့ထိလိုက်ပို့ပေးသည်။
…နောက်များလည်းကိုဖိုးတေဆီကဗဟုသုတစကားတွေထပ်ကြားချင်ပါသေးတယ် ။ နောက်နေ့ဆက်ပြောကြမယ်ကိုဖိုးတေ ၊ ကောင်းသောညဖြစ်ပါစေ…
…ကိုတာတီးလည်း ညနက်ထိသောက်မနေပါနဲ့ ကြာလာရင်ကျန်းမာရေးထိခိုက်လာနိူင်တယ် ။..
…ဟုတ်ကဲ့ ကိုဖိုးတေ ကျွန်တော်ကိုဖိုးတေစေတနာစကားကိုနားထောင်ချင်ပေမယ့် ကျွန်တော်က ကျိန်စာမိထားတယ်ဗျာ.. အိပ်တော့ ကိုဖိုးတေ…
ကိုတာတီးကားမူးနေပြီလားသူ့လျို့ဝှက်ထားသောကိစ္စ၏တစွန်းတစလား
မဆိုနိူင် ကျွန်ုပ်နားလည်ရခက်သောစကားများပြောကာ မီးကွင်းလုပ်ထားသောနေရာသို့သွားကာအရက်ထိုင်သောက်နေသည်။
အချိန်ကလည်းညဆယ့်တစ်နာရီခန့်ရှိနေပြီမို့ကျွန်ုပ်ကား အိပ်ယာပေါ်လှဲချကာစိတ်ကိုဖြေလျော့ချလိုက်သည်။ တနေကုန်လှုပ်ရှားသွားလာရသောကြောင့်ပင်ပန်းသည့်အပြင်ထမင်းဗိုက်လေးအောင်စားထားသည့်အတွက်အိပ်ယာပေါ်ခေါင်းချသည်နဲ့တပြိုင်နက်အိပ်ပျော်သွားသည်။
….လုပ်ကြပါအုံး… လုပ်ကြပါအုံး…
…ကြောက်စရာမကောင်းဆိုးဝါး အကောင်ကြီးရောက်နေလို့…
…..ထကြဟေ့.. ထကြ.. ကြောက်စရာမကောင်းဆိုးဝါးကြီးရောက်နေလို့…
…ဖိုးတေ…ထထ… မကောင်းဆိုးဝါးရောက်လာပြီ….
ကျွန်ုပ်မှာလူများဆူညံ့စွာအော်ဟစ်သံကိုအစပထမအိပ်မက်ဟုထင်နေသေးသော်လည်း ဦးသံလုံးအသံကြားမှကမန်းကတန်းအိပ်ယာဘေးမှသေနတ်ကိုစမ်းကိုင်ရင်းအဆောင်အောက်သို့
အိပ်မှုန်စုန်ဝါးပြေးဆင်းလာခဲ့သည် ။
ကျွန်ုပ်တို့ညနေက ငန်းပုတ်မြွေတားရန်မီးစက်ဝိုင်းပြုလုပ်ထားသောနေရာသို့လူများပြေးလွားသွားနေကြသည်။
မီးများငြိမ်းသွားပြီဖြစ်သော်လည်းလက်နှိတ်ဓာတ်မီးရောင်များဖြင့်လင်းထိန်နေသည်။ ထိုအလည်တွင် ကြောက်လန့်စရာမြင်ကွင်းတခုကကျွန်ုပ်ကိုဆီးကြိုနေရာ ကျွန်ုပ်မှာအိပ်ချင်နေသောမျက်လုံးများပြူးကျယ်ကုန်သည်။
ကိုတာတီးနှင့် ကြောက်လန့်စရာရုပ်သွင်ရှိသောမကောင်းဆိုးဝါးကောင်
လုံးထွေးနေကြခြင်းဖြစ်သည်။
ကိုတာတီးမှာအားကောင်းမောင်းသန်မို့ ခံလုံးနေနိူင်ခြင်းဖြစ်သည်။ ကိုတာတီးတလှည့်မကောင်းဆိုးဝါးကောင်တလှည့်လုံးထွေးနေရာ ကိုတာတီးအောက်ရောက်သွားချိန်စက်ရုံမှရဲတင်းသောလူငယ်တချို့က ဓား၊လှံများဖြင့်ဝင်ထိုး
ဝင်ခုတ်ကြသည်။
သို့ရာတွင် မကောင်းဆိုးဝါးကောင်ကြီးမှာနာကျင်ဟန်မပြပေ ။
…အားလုံးနောက်ဆုတ်ကြ ဒါဖုတ်ဝင်နေတာ မင်းတို့လက်နက်တွေမရဘူး
ဖိုးတေ ရော့…ဒီဓားနဲ့သတ်…
ကျွန်ုပ်မှာသေနတ်နဲ့ပစ်ခတ်ရန်ချိန်ရွယ်နေရာ ဦးသံလုံးအော်ဟစ်သတိပေးသံကြောင့် သေနတ်ကိုနံဘေးမှတယောက်ဆီအပ်လိုက်သည်။
ဦးသံလုံးပေးသောဓားမြှောင်တိုကိုကိုင်ကာ မကောင်းဆိုးဝါးကောင်ကြီးအပေါ်ရောက်ချိန်ကျောကုန်းကိုပြေးထိုးလိုက်သည်။
…အီး…
…အ…
..ဝိုင်းချုပ်ထားကြ မကြောက်နဲ့ ချုပ်ကြလေကွာ မင်းတို့ဆရာသေတာကြည့်ချင်နေကြလား….
မကောင်းဆိုးဝါးကျောကုန်းကိုဓားဖြင့်ပြေးထိုးရာ နာကျင်စွာအော်ညီးသံနဲ့အတူ လက်ပြန်ရိုက်လိုက်ရာ ကျွန်ုပ်ခါးသို့မကောင်းဆိုးဝါးလက်သည်းများထိသွားသည်။
ဘေးမှအခြေအနေကြည့်နေသောဦးသံလုံးမှာမကောင်းဆိုးဝါးကိုဝိုင်းချုပ်ရန်ပြောရင်း ပရိတ်ရေဗူးကိုထုတ်ကာ
ပရိတ်ရေဖြင့်ပက်ဖြန်းနေရာ မကောင်းဆိုးဝါးမှာ အက်ရှရှအသံကြီးဖြင့်အော်ဟစ်ရင်းထွက် ကိုတာတီးကိုယ်ပေါ်မှခွာ၍ ထွက်ပြေးရန်ကြိုးစားနေသည်။
ဦးတာတီးအော်သံကြောင့်မဲလုံးသာဝနှင့် တခြားသောလူငယ်များမကောင်း
ဆိုးဝါးကိုဝိုင်းချုပ်ကာ ခြေလက်များကိုတယောက်နှစ်ဖက်စီကိုင်၍မြေပြင်ပေါ်
ပက်လက်လှန်ထားလိုက်ကြသည်။
မကောင်းဆိုးဝါးကားစူးရှစွာအော်ဟစ် ရုန်းကန်နေ၏ ။
…ဖိုးတေ အသည်းကိုထိအောင်ထိုး…
….စွတ်….အီး….အူး….
ဦးသံလုံးစကားအတိုင်းမကောင်းဆိုးဝါးရင်ဘတ်အသည်းဆီထိုးထည့်လိုက်ရာမကောင်းဆိုးဝါးကြီးမှာနာကျင်စွာညီးညူရင်းတဖြည်းဖြည်း
ငြိမ်ကျသွားသည်။
ထို့နောက်အသားများတဖြည်းဖြည်း
အရည်ပျော်ပုတ်ပွကာမခံမရပ်နိူင်အောင်နံလာခြင်းကြောင့်အားလုံးနောက်ဆုတ်လိုက်ကြသည်။
…ကိုတာတီး အခြေအနေကောင်းလား….
…လက်သည်းနဲ့ကုတ်မိတဲ့အပေါ်ယံဒဏ်ရာတွေပါကိုဖိုးတေ သေလောက်တဲ့ ဒဏ်ရာမဟုတ်ပါဘူး အေးဆေးပါ…
….ဒါနဲ့ ဘယ်ကဘယ်လိုဒီကောင်ကြီးရောက်လာတာလဲဗျ..
…အရက်သောက်နေတုန်းဗြုန်းဆိုဝင်ချလာတာပါပဲ ကျွန်တော်လည်းအကိုက်မခံရအောင်လုံးထွေးသတ်ပုတ်ရင်း အသံကုန်အော်နေတာ ၊ တော်သေးတာပေါ့ လူတွေအရောက်မြန်လို့.
မြန်မာ့သိုင်းနည်းနည်းတတ်ထားတာလည်းပါတာပေါ့..ဟဲ..ဟဲ….
ကိုတာတီးကားတကယ့်အာဂလူပင်
တကိုယ်လုံးသွေးသံတရဲရဲကြားမှပြုံးနိူင်ရယ်နေနိူင်သေးသည်။ ကိုတာတီးမညေ့်အပြင် မကောင်းဆိုးဝါးလည်းသေပြီမို့စက်ရုံမှလူငယ်များဝမ်းမြောက်ဝမ်းသာ၊ရှိနေကြသည်။
ကျွန်ုပ်မှာအရည်ပျော်ကျနေသောမကောင်းဆိုးဝါးကောင်အနီးလျောက်သွားပြီးကြည့်လိုက်ရာတခြားအသားများမရှိတော့သော်လည်းလတ်လတ်ဆတ်ဆတ်လူအသည်းပေါ်ကျွန်ုပ်ထိုးစိုက်ထားသောဓားရှိနေသည်ကိုတွေ့လိုက်ရသည်။
…အဆန်းပါလား အသည်းကခုမှထုတ်လာသလိုလတ်လတ်ဆတ်ဆတ်ကြီးပဲ
ဦးသံလုံး…
…အစိမ်းသေရဲ့အသည်းနှလုံးနဲ့ဖန်တီးထားတဲ့မကောင်းဆိုးဝါးမျိုးပဲဖိုးတေရယ် ၊ ဒါကအဆင့်မြင့်အောက်လမ်းဆရာတွေပဲဖန်တီးနိူင်တာ
သူ့ကိုမွေးထားတဲ့အောက်လမ်းဆရာရှိသေးတယ်….
……အား……
…ဟာ..ကိုတာတီး….
…..ဟားဟား…ဟား..ဟား…..
..ငါ့ယောက်ကျားရဲ့အသည်းနှလုံးနဲ့မကောင်းဆိုးဝါးဖန်တီးပြီးနင်တို့တရွာလုံးသတ်ဖို့လုပ်ထားတာ ခုနင်တို့ကဒုတိယတခါငါ့ယောက်ကျားသတ်လိုက်ကြပြန်ပြီ သတ်မယ် သတ်မယ် နင်တို့တရွာလုံးကိုသတ်မယ်….
ဆံပင်စုတ်ဖွားထမီရင်လျားဖြင့်အရူးမလိုမိန်းမကြီးတယောက်မှာလူအုပ်ကြားသို့မည်သည်သည့်အချိန်ကရောက်နေသည်မသိကိုတာတီးအနီးလျောက်သွားကာ ဝမ်းဗိုက်ကိုသူကိုင်လာသောဓားမြှောင်ဖြင့်ထိုးသွင်းလိုက်ရာ ကိုတာတီးမှာ မြေပြင်ပေါ်ခွေကျသွားတော့သည်။
မိန်းမကြီးကားသွေးစွန်းနေသောဓားမြောင်ကိုကိုင်ကာအရူးမကြီးလိုရယ်မောရင်း မကောင်းဆိုးဝါးကို
သူယောက်ကျားအသည်းဖြင့် ဖန်တီးထားကြောင်းပြောလာသည်။
…ရင်ရွှေ ခွေးမကြီး ဘာရပ်ကြည့်နေကြတာလဲသတ်ကြကွာ…
…ဟေ့ကောင်တွေ လက်လွန်ခြေလွန်ဖြစ်ကုန်မယ် မလုပ်ကြနဲ့…
…ဒီအတိုင်းဖမ်းချုပ်ပြီးရွာလူကြီးကိုအပ်လိုက်ကြလေကွာ ကိုယ်ထိလက်ရောက်မလုပ်ကြနဲ့…
ကျွန်ုပ်နှင့်ဦးသံလုံးပြောစကားသည်ဒေါသထွက်နေသောလူငယ်များနားသို့မဝင်တော့ ရင်ရွှေအားဓားဖြင့်ခုတ်သူခုတ်၊ တုတ်ဖြင့်ရိုက်သူရိုက် ရင်ရွှေကိုအမဲဖျက်သလိုဝိုင်းဖျက်နေကြသည်။
…ကိုတာတီး အားတင်းထားနော် ကျွန်တော်ခင်ဗျားကိုဆေးရုံရောက်အောင်ပို့ပေးမယ်….
…ငါအခြေအနေငါသိပါတယ်ဖိုးတေ
ငါမနေရတော့ဘူး မသေခင်ငါမင်းကို
ဝန်ခံသွားစရာရှိတယ် ငါပြောတာတွေကိုမင်းစိတ်ထဲပဲတသက်လုံးသိမ်းသွားပေးပါ….
…စိတ်ချကိုတာတီး ခင်ဗျားဘာပြောစရာရှိလဲ…
ကိုတာတီးမှာဗိုက်မှသွေးများဒလဟောထွက်နေသည်ကိုလက်ဖြင့်
ဖိအုပ်ကိုင်ထားသည်။ လေသံသည်အားပျော့နေပြီဖြစ်၏ ။ ကျွန်ုပ်မှာ လူအုပ်စုနဲ့ဝေးရာကိုတာတီးကိုပွေ့ချီခေါ်ကာမြေပြင်ပေါ်ထိုင်ချရင်းကျွန်ုပ်ပေါင်ပေါ်ခေါင်းတင်ပေးထားလိုက်သည်။
….တင်သောင်းကိုသတ်လိုက်တာငါပဲဖိုးတေ….
…..ဗျာ…ကိုတာတီး….
ကိုတာတီး၏မထင်မှတ်သောပြောစကားကြောင့်ကျွန်ုပ်အံ့သြတုန်လှုပ်သွားရသည်။
…ဟုတ်တယ်ဖိုးတေ တဖက်ရွာသွားတဲ့လမ်းမှာဒီကောင်နဲ့ငါတွေ့တော့ ၊ငါကညှိနိူင်းတယ် ဒီဖုန်းဆိုးမြေအတွက်ကျသင့်ငွေလည်းပေးမယ် ၊သူတို့နေချင်လည်းဆက်နေ အလုပ်လိုချင်လည်း
လုပ်လို့ရတယ်ပြောတာ ငါ့ကိုမအေနှမနဲ့ဆဲပြီးဓားနဲ့ခုတ်တာ လူကောင်ခြင်းလည်းကွာသလိုငါကသိုင်းနည်းနည်းပါးပါးတတ်တော့ သူ့ဓားကိုပြန်လုပြီးဒေါသဖြစ်ဖြစ်နဲ့ခုတ်သတ်ပစ်ခဲ့တာဖိုးတေ ငါအပြစ်ကိုငါဖုန်းကွယ်ပြီးနေရတာပင်ပန်းလှပါပြီ….
…ခင်ဗျားမောနေမယ်ကိုတာတီးစကားမပြောပါနဲ့တော့…
..ငါကသေမယ့်လူပါကွာ မသေခင်ငါလေးစားရတဲ့မင်းဆီအပြစ်ဝန်ခံရတာ
စိတ်ရှင်းသွားသလိုခံစားရတယ်…
ကိုတာတီးလေသံကအတော်ကြီးအားလျော့နေပြီဖြစ်သောကြောင့်သူ့ပါးစပ်သို့ကျွန်ုပ်နားကပ်ကာထောင်နေရသည်။
….မင်းပြောတဲ့ကျိန်စာလေ ငါမိတာဖိုးတေ….ငါယောက်ကျားသတ်တဲ့လူအသေဆိုးနဲ့သေပါစေတဲ့….စုန်း..စုန်းမကျိန်….
…ကိုတာတီး…..ကိုတာတီး….ဟာ…
ကိုတာတီးကားကျွန်ုပ်လက်ပေါ်အသက်ပျောက်သွားခဲ့ပြီဖြစ်သည်။
သူဖုန်းကွယ်ထားသောလျို့ဝှက်ချက်တခုကိုကျွန်ုပ်ထံအပ်နှံ၍ တမလွန်သို့
ကူးပြောင်းသွားခဲ့ချေပြီ။
ရင်ရွှေရှိရာလှမ်းကြည့်မိရာ သွေးအိုင်အတွင်းရုပ်ပျက်ဆင်းပျက် အသက်ပျောက်နေသည်ကိုမြင်လိုက်ရသည်။
အာရုံဦးရှေ့ပြေးရောင်ခြည်များစတင်ဝင်ရောက်လာပြီဖြစ်သည်။
သွေးအတိဖုံးလွမ်းနေသောပတ်ဝန်းကျင်ကြောင့်မနက်ခင်းအာရုံဦးကအရုပ်ဆိုးအကျည်းဆန်လွန်းနေပါတော့သည်။
============================
ပြီးပါပြီ
ရေးသားသူ-မြူခိုးအလင်္ကာ
#crd