ဦးဖိုးဝေ နှင့် စုန်းမတကောင်အား ဆုံးမခြင်း
(၇၁)
အခန်း (၁)
သုံးပန်လှရွာလေး၏ အိမ်တအိမ်တွင် လဲလျောင်းနေသော မိန်းမပျိုလေးမှာ လှယမင်းဖြစ်သည်။သူမ၏ဘေးတွင်တော့ မိဘနှစ်ပါးရှိပြီး သမီးဖြစ်သူ၏ မလှုပ်မယှက်ခန္ဓာကိုယ်ကို ငေး၍ ကြည့်နေကြလေသည်။သူတို့သည် တစုံတယောက်အား စောင့်မျှော်နေခြင်းဖြစ်ပြီး ယနေ့မှာတော့ သူတို့စောင့်မျှော်နေသူရောက်မလာခဲ့ပါက အိပ်ယာထက်တွင် လဲလျောင်းနေသော သမီးဖြစ်သူအား အပြီးတိုင်ဆုံးရှုံးရတော့မည်ဖြစ်သည်။အချိန်သည် တဖြည်းဖြည်းနှင့် အကုန်မြန်လာသည်။ထိုစဥ် လှေကားအား ခြေဖြင့်နင်းတက်လာသည့်သံ ကြားရ၍ သူတို့ ရင်ထဲတွင် သိမ့်ခနဲ တုန်သွားသည်။အိမ်ပေါ်တက်လာသောသူများမှာ သူတို့ မျှော်လင့်နေသူများသာ ဖြစ်ပါစေလို့ ဆုတောင်းပြီး အိမ်ပေါက်ဝကို ကြည့်လိုက်ကြသည်။မြင်တွေ့လိုက်ရသော လူနှစ်ယောက် ကြောင့် အားရဝမ်းသာဖြစ်သွားကာ
“ဆရာကြီးတို့ ရောက်လာပြီ အဲ့တာဆို ကျ ကျမတို့သမီးလေး ပြန်ကောင်းလာတော့မှာပေါ့”
“ကောင်းရမှာပေါ့ဗျာ ကဲ ကဲ ကလေးမရေ ဒီအတိုင်း စကား ပြောနေလို့ကတော့ ကလေးမရဲ့မိဘတွေက ဘယ်ကြားနိုင်မလဲကွယ့် ဟိုမှာကလေးမရဲ့ ရုပ်ခန္ဓာပဲ အဲ့အထဲကို ဝင်အိပ်ပေတော့”
ထိုသို့ စကားပြောလိုက်သူမှာ အိမ်ပေါ်သို့ တက်လာသော ဦးဖိုးဝေနှင့် သူရိယ နှစ်ယောက်အနက် ဦးဖိုးဝေ ဖြစ်ပေသည် ။ ဦးဖိုးဝေသည် သူ့အား စောင့်ဆိုင်းနေသော လှယမင်း၏မိဘများကို စကားဆိုလိုက်ရင်းမှ အတူပါလာသောလှယမင်း၏ ဝိညာဥ်ကို စကားဆိုလိုက်ခြင်းဖြစ်သည်။ဦးဖိုးဝေ စကားဆိုပြီးသောအခါ ဝိညာဥ်အဖြစ်နှင့်ပင် မိဘများကို စကားပြောနေသော လှယမင်းအား သူမ၏ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်ခိုင်း လိုက်သည်။ထိုအခါမှ လှယမင်းဝိညာဉ်သည် သူမရဲ့ရုပ်ခန္ဓာကြီးအား အံ့သြမှင်သက်စွာကြည့်လိုက်ရင်း သူမ၏ရုပ်ခန္ဓာ ကိုယ်ပေါ်သို့ တဖြည်းဖြည်းချင်း အလိုက်သင့်အိပ်ချလိုက်ပြီး မကြာခင်မှာပင် ကိုယ်ခန္ဓာကြီးသည် တဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး မျက်စိပွင့်လာပါတော့သည်။
အခန်း (၂)
လှယမင်းသည် ရုပ်နှင့် ဝိညာဉ်ပြန်တွဲလာသည့်အချိန်တွင် တော့ ချက်ချင်းလှုပ်ရှားနိုင်စွမ်းမရှိသေးပဲ စကားသာ ပြောနိုင်သည့်အနေအထားတွင် ရှိသည်။ ဦးဖိုးဝေမှာတော့ စိတ်မပူရန်နှစ်သိမ့်စကား ပြောလေသည်။
“စိတ်မပူနဲ့ လေးနှစ်လောက်က ကိုယ်ခန္ဓာနဲ့ ကင်းကွာနေတာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ကူညီပြီး လုပ်ပေးပါ တကယ်က မယ်၀ါဆိုတဲ့ပညာသည်ကလေးမက ကိုယ်ခန္ဓာကို မပျက်မစီးအောင်နေထိုင်ခဲ့လို့သာ တော်သေးတာ ကဲ ကဲ ကျုပ်တို့လည်း ခရီးဆက်ဖို့ရှိသေးတာမို့ ခွင့်ပြုပါဦး “
လှယမင်း၏မိဘနှစ်ပါးသည် ကျေးဇူးတင်လွန်း၍ ဦိးဖိုးဝေအား ရှိခိုးဦးချကန်တော့လိုက်လေသည်။ထို့နောက် ဦးဖိုးဝေနှင့် သူရိယသည် အိမ်ပေါ်မှ ဆင်းလာချိန် အိမ်ဝိုင်းထဲတွင် ရောက်နေသော သုံးပန်လှရွာသားများသည် မြေပြင်ပေါ်တွင် ထိုင်ကာ ဦးချကန်တော့ကြလေသည်။ထိုအခါ ဦးဖိုးဝေမှ ဆုများပေးလိုက်ပြီး ရွာအပြင်သို့ ထွက်ခွါလာလေသည်။ရွာအပြင်ရောက်သောအခါ ဦးဖိုးဝေသည် ဘေးတွင်ရှိသော သူရိယအားစကားဆိုလေသည်။
“လူလေးရေ အဘတို့ သင်း၀င်းဆိုတဲ့ရွာကို အမြန်သွားမှ ဖြစ်လိမ့်မယ် မယ်ဝါက သူ့အစွမ်းတွေ တော်တော်သုံးထားလို့ အခုအချိန် လူတွေကို သိပ်ပြီး ဒုက္ခမပေးနိုင်သေးတာ တကယ်လို့ သူ့ကို အချိန်တွေ အများကြီးပေးလိုက်မိရင်် သုံးပန်လှရွာလေးလို ထပ်ပြီးဖြစ်ဦးမှာပဲ အဲ့ဒီတော့ အဘတို့ မြန်မြန်သွားဖို့ လိုအပ်တယ် “
“ဟုတ်ကဲ့ အဘ သင်းဝင်းရွာက သိပ်ပြီးတော့ မဝေးပါဘူး ညနေလောက်ဆို ရောက်လောက်ပါတယ် “
” တော်သေးတာပေါ့ကွယ် ဘုရားပွဲသွားတဲ့ လူငယ်တွေနဲ့ ဆုံလို့သာပေါ့ ဒါနဲ့ လွန်းတောင်မှာ ကျန်ခဲ့တဲ့မကျွတ်မလွတ်သေးတဲ့ သူတွေကို ဟိုကလေးမလေး လမ်းကောင်းကောင်းလျှောက်နိုင်တာနဲ့ ကတိအတိုင်း ကျွေးမွေးလှုဒါန်းရမယ်နော် လူလေး မေ့လို့ မဖြစ်ဘူး “
“ရက်အတော်ကြာကြာ စောင့်ရမယ်နဲ့ တူတယ်နော် အဘ “
“တပတ်လောက် ဆိုရင်တော့ ကောင်းလောက်မှာပါ “
“အဲ့လောက်တော့ သူတို့တွေ စောင့်ရမှာပေါ့ အဲ့ဒီကို သွားရင် အဘ လိုက်ခဲ့ဦးနော် ကျနော်တယောက်ထဲတော့ မသွားချင်ဘူး”
ဦးဖိုးဝေသည် သူရိယ၏စကားကြောင့် သဘောကျစွာ ပြုံးလိုက်သည်။ထို့နောက် သူတို့နှစ်ယောက်သည် စကားတပြောပြောနှင့် သင်းဝင်းရွာလေးဆီသို့ ခရီးဆက်နေကြပါသည် ။
အခန်း (၃)
သစ်လုံးတိုင်များဖြင့် ဆောက်လုပ်ထားပြီး အိမ်အောက်တွင် ကြက်သွန်နီနှင့် ပြောင်းဖူးခြောက်များ ဆွဲထားသောအိမ်ကြီး တအိမ်၏ အောက်တွင် လူများစုစုရုံးရုံး ရောက်ရှိနေကြသည်။အကြောင်းမှာ ထိုအိမ်ပိုင်ရှင် ကိုတင်ဦးနှင့် မဆယ်မတို့၏ တဦးတည်းသော သမီးလေး အသက်တဆယ့်သုံးနှစ်အရွယ် မိပူစူးမှာ အံတကြိတ်ကြိတ်ဖြင့် အော်ဟစ်နေသလို ကြက်များကိုလည်း လိုက်လံ ဖမ်းစားလို့နေသည်။ထိုအတွက် ရွာသားများ သည် ကလေးမလေးအား အိမ်တိုင််တွင် ကြိုးနှင့် ပူးချည်ထားရလေသည်။တတ်ကျွမ်းသော အထက်လမ်းဆရာများအား ပင့်သော်လည်း မည်သူမှ မနိုင်ကြပေ။ထို့ကြောင့် ကိုတင်ဦးနှင့် မဆယ်မတို့ လင်မယားမှာ များစွာစိတ်ညစ်ရလေသည်။ယခုလည်း သမီးဖြစ်သူမှာ သူမအား အသားစိမ်းငါးစိမ်းများကျွေးရန် အော်ဟစ်ဆဲဆိုပြီး တောင်းခံနေလေသည်။
“ဟဲ့ကောင်တွေ ကောင်မတွေ နင်တို့က ငါ့စကားကို နားမထောင်ဘူးလား ငါ့ဆီ အမဲသားယူခဲ့စမ်း အစိမ်းဖြစ်ပစေနော် “
“ထမင်း စားမလား ထမင်း စားမယ်ဆို ငါတို့ ခူးပေးမယ် “
“ထွီ မယ်ဝါဆိုတဲ့ ငါက လေးနှစ်လောက် ထမင်းဟင်းတွေ စားလာခဲ့ပြီးပြီ အခု အသားစိမ်းပဲ စားချင်တယ် နင်တိို့ မြန်မြန်ရှာပေးနော်် မပေးရင်တော့လား ငါ ဒီက လွတ်ရင် နင်တို့ကိုပါ စားပစ်မှာ ဟီးးး ဟီးးး
သူမ မည်မျှအော်ဟစ်တောင်းဆိုမှုလုပ်နေစေကာမူ မည်သူကမှ သူမ၏ တောင်းဆိုမူကို မလိုက်လျောသောအခါ ဒေါသ ပို၍ ထွက်လာသည်။ထို့ကြောင့် ပို၍ ပို၍ ကျယ်လောင်စွာအော်ဟစ်လာသည့်အတွက် ဘေးအိမ်များမှ ကလေးငယ်များကပါ ငိုယိုကုန်ကြသလို ခွေးများမှာလည်း ထိုးဟောင်လာကြလေ၏။ဦးတင်ဦးမှာတော့ များစွာ စိတ်ညစ်နေရသည်။ရွာသားများမှ ဦး တင်ဦးအား နှစ်သိမ့်ပေးနေကြသည်။ထိုအထဲတွင် တူမောင်ဖြစ်သူ မောင်ပုလည်း အပါအဝင်ဖြစ်သည်။မောင်ပုသည် ဦးလေးဖြစ်သူအား စကားဆိုလေသည်။
“ဦးလေး ကျုပ်တို့ ဘုရားပွဲသွားတုန်းက အထက်လမ်းဆရာ ကြီးတယောက် တွေ့ခဲ့တယ်ဗျ ကျုပ် ရွာကို ပင့်ထားတယ် အခု ညနေလောက်ဆိုတော့ ရောက်လာမလားပဲ “
“မောင်ပုရာ ဒီရွာပတ်ဝန််းကျင်က နာမည်ကြီးတဲ့အထက်လမ်း ဆရာတွေတောင် မနိုင်တာ ဘယ်ကမှန်းမသိတဲ့ အထက်လမ်း ဆရာက နိုင်မှာတဲ့လားကွာ နောက်ပြီး မင်းက ဘာပဲလုပ်လုပ် အမြဲလွဲနေတာ လူလိမ်တွေပဲနေမှာပါကွာ ငါကတော့ မကုခိုင်းဘူးကွာ”
“ဘယ်ဟုတ်မလဲ ဦးလေးရာ ပုစူးမကို မကုပဲ ဒီအတိုင်းထားလို့မှ မရတာ “
“မကုပဲတော့ ဘယ်နေမလဲဟ ငါ မြို့တက်ပြီး နာမည်ကြီးတဲ့အထက်လမ်းဆရာ သွားရှာပင့်မှာပေါ့ ငါ့သမီးအတွက်ဆို ဘယ်လောက်ကုန်ကုန်ကွာ ငါကုမယ် “
“ကျုပ်ခေါ် ထားတဲ့ ဆရာကိုရော ဘယ်လိုလုပ်ရမလဲ “
“မသိဘူး မောင်ပုရာ စိတ်ညစ််နေရတဲ့အထဲ မင်း လုပ်ချင်သ လိုသာ လုပ်ကွာ “
“အားနာစရာတွေတော့ ဖြစ်ကုန်တော့မှာပဲဗျာ “
မောင်ပုမှာ ငြီးငြူလိုက်ပြီးနောက် အိမ်၀ိုင်းပြင်ပသို့ ထွက်ခွာသွားတော့သည်။အိမ်အပြန်လမ်းတွင် အပေါင်းအသင်းများဖြစ်ကြသော စိုးဝင်း၊ဖိုးလုံးတို့နှင့် ဆုံလေသည် ။
“မောင်ပု ဘာဖြစ်လို့လဲကွ မျက်နှာလည်း မကောင်းပါလား”
“ဘာဖြစ်ရမှာလဲကွာ ငါ့ဦးလေးပေါ့ ငါတို့ ဘုရားပွဲသွားတုန်းက တွေ့ခဲ့တဲ့ ဆရာကြီးနဲ့ မကုဘူးတဲ့လေကွာ အဲ့တာ ဆရာကြီးရောက်လာရင် ငါတော့ မျက်နှာပျက်ပါပြီကွာ “
“မင်းတယောက်တည်း မဟုတ်ပါဘူးကွာ ငါတို့လည်း ပါတယ် ဒီအတိုင်းကြီးတော့ ပြန်မလွှတ်နိုင်ပါဘူး ငါ့အိမ်ကို ခေါ်မယ်ကွာ ပြီးမှ အကျိုးအကြောင်း ရှင်းပြကြတာပေါ့ “
“အေးကွာ အဲ့လိုပဲ လုပ်ကြတာပေါ့ လာ လာ တို့တတွေ သွားစောင့်ကြရအောင် “
“နေဦး မောင်ပု မင်းဦးလေးက ငါတို့ပင့်ထားတဲ့ ဆရာကြီးနဲ့ ဘာလို့ မကုချင်တာတဲ့လဲ “
“သူက မြို့တက်ပြီး နာမည်ကြီးအထက်လမ်းဆရာ ခေါ်မှာတဲ့ကွ အဲ့တာကြောင့်မို့လို့ မကုတာတဲ့ ပြီးတော့ ငါ ဆရာပင့်ထားတဲ့ အကြောင်းပြောတော့ မင်းတို့သိတဲ့အတိုင်း မယုံမကြည်ဖြစ်နေတာပေါ့ကွာ အမှန်အတိုင်းပြောရရင် လူလိမ်ပဲ ထင်နေတာ “
“လူတယောက်ကို အကြောင်းမသိသေးပဲ လူလိမ်လို့ပြောတာ တော့ မင်းဦးလေးကို ငါသဘောမကျဘူးကွာ “
“သူလည်း သူ့သမီးဇောနဲ့ နေမှာပေါ့ကွာ နေတောင် စောင်းနေ ပြီ လာ တို့တတွေ ဆရာကြီးတို့ကို သွားစောင့်ကြရအောင် “
ဤသို့ဖြင့် မောင်ပုတို့ သူငယ်ချင်းတသိုက်သည် ရွာအဝင် လမ်းသို့ ဦးတည်လို့ သွားကြပါလေတော့သည် ။
အခန်း (၄)
ညနေစောင်းအချိန်တွင် ဖြစ်သည်။နွားကျောင်းသွားသော လူငယ်လေးများသည် ရွာအဝင်တွင် အပန်းဖြေထိုင်နားနိုင်ရန်အတွက် ချပေးထားသော ကျွန်းသစ်တုံးကြီးပေါ် ထိုင်နေသော မောင်ပုတို့အား နှုတ်ဆက်ကြလေသည်။
“ကိုမောင်ပုတို့ကတော့ အေးဆေးပဲဗျို့ အပျိုလေးတွေကို ပိုးလိုက် အပျိုကြီးတွေကို ပိုးလိုက်နဲ့ “
“ဟေ့ သာအောင် တချိန် မင်းအရွယ်ရောက်လာရင် ဘယ် လောက်ပင်ပန်းတယ်ဆိုတာ မင်းသိလာမှာပါကွာ”
” ဘာလဲ ရွာရိုးကိုးပေါက် လျှောက်သွားရလို့လား”
“အင်း ဒီသောက်ကလေးကတော့နော် သွား သွား “
သာအောင်ဟုအမည်ရသောာ နွားကျောင်းသားလေး၏ စကားကြောင့် ဘေးတွင်ရှိသော အပေါင်းအသင်းများမှ ရယ်ကြရာ မောင်ပုတယောက် ခပ်တည်တည်နှင့် သာအောင်အားဟောက်လိုက်ခြင်း ဖြစ်သည်။နွားကျောင်းသားလေးများသည် မောင်ပုတို့အဖွဲ့အား နှုတ်ဆက်သွားကြသည်။နွားများ၊ကျွဲများ အကုန်လုံးနီးပါး ရွာထဲပြန်ရောက်မှသောအချိန်မှာမှ လွယ်အိတ်ကြီး တယောက်တလုံးစီလွယ်ပြီး ရွာထဲသို့ ဝင်လာသော ဦးဖိုးဝေနှင့် သူရိယတို့အား တွေ့လိုက်ရသည်။မောင်ပုတို့သည် ဦးဖိုးဝေတို့အား မြင်သောအခါ
“ဆရာကြီးတို့ ရောက်လာပြီလားဗျ”
“အေး ငါတူတို့”
“ကြွပါဆရာကြီး ကြွပါ “
ဖိုးလုံးသည် ဦးဖိုးဝေတို့အား သူ၏အိမ်သို့ ခေါ်လာလေသည် ။ကျန်သော မောင်ပုနှင့် စိုးဝင်းသည်လည်း ဦးဖိုးဝေတို့နှင့်အတူ လိုက်လာခဲ့ကြသည်။ဖိုးလုံး၏အိမ်သို့ ရောက်သောအခါ သဘောမနောကောင်းသော ဖိုးလုံး၏ဖခင်ကြီးမှ ဦးဖိုးဝေနှင့်သူရိယအား ကောင်းမွန်စွာပင် ခရီးဦးကြိုပြုလေသည်။
“ကြွပါ ခင်ဗျာ ကြွပါ ကျုပ်ကတော့ ဟော့ဒီက မောင်ဖိုးလုံးရဲ့အဖေ သိန်းလှိုင်ပါ “
“ဟုတ်ကဲ့ပါ ကျုပ်လည်း ဒီကတူတော်မောင်တွေက ဒီရွာမှာ ထူးဆန်းတဲ့ကိစ္စတခု ဖြစ်နေလို့ဆိုတာနဲ့ လာခဲ့လိုက်တာ “
“ဘာများလဲဗျ “
“ပယောဂ ဝင်ပူးနေလို့ ဆိုလား”
ဦးဖိုးဝေနှင့် ဦးသန်းလှိုင်တို့ စကားပြောနေကြစဥ် မောင်ပုမှ ကြားဖြတ်စကားဝင်ဆိုလိုက်လေသည်။
“ဆရာကြီးကို ကျုပ် ပင့်ထားတာပါ ကျုပ်ဦးလေးက မြို့ကိုသွားပြီး နာမည်ကြီးဆရာ ရှာပင့်မှာမို့ ဆရာကြီးနဲ့ မကုနိုင်ဘူးလို့ ပြောလာလို့ ကျုပ်တို့ ဒီကို ခေါ်လာတာပါ ဦးကြီး”
“ငါ သိပြီ ဒီကောင်တင်ဦးက လူတွေကို လွယ်လွယ်နဲ့ ယုံတတ်တဲ့ကောင် မဟုတ်ဘူးကွ အင်း ဧည့်သည်ကြီးတို့ကို မျက်နှာ ပျက်စရာတွေ ဖြစ်ကုန်ပါပြီ။နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့တော့ ဘာမှ ပူမနေပါနဲ့ ဧည့်သည်ကြီးရေ ကျုပ်တို့က လယ်သမားတွေ ဆိုတော့ အပန်းမကြီးလှပါဘူး “
“ကျုပ် ခင်ဗျားရဲ့စေတနာကို မြင်ရပါတယ် ကျုပ်နဲ့ မကုချင်ဘူးဆိုပေမဲ့လည်း ကျုပ်ကတော့ ကုရလိမ့်မယ် ငွေရေးကြေး ရေးကြောင့်ဆိုရင်တော့ ပြန်သာပြောလိုက်ပါ ကျုပ်တို့က အခကြေးငွေ တကျပ်တပြားမှ မယူပါဘူးလို့ “
ဦးဖိုးဝေမှ ဦးသန်းလှိုင်အား ထိုသို့ပြောလိုက်သည့်အခါ မောင်ပုနှင့် အပေါင်းအပါများသည်
“အဲ့တာဆို ကျုပ်ဦးလေးအိမ်ကို နောက်တခေါက် သွားလိုက် ဦးမယ်ဗျာ “
မောင်ပုနှင့် စိုးဝင်းသည်် ဖိုးလုံးတို့်အိမ်မှ ထွက်လာလိုက်လေသည်။သူတို့ သွားနေသည်မှာ ဦးတင်ဦး၏အိမ်ဆီသို့သာ ဖြစ်ပါ သည်။
အခန်း (၅)
“အလကားဆိုလည်း မကုဘူးကွာ အလကားကုပေးနေမှတော့ အလကား ဆရာပဲ ဖြစ်မှာပေါ့ “
“ဦးလေး ကျုပ်တို့ကို ပြောချင်တာ ပြော ဘာမှမဆိုင်တဲ့ ဆရာကြီးတို့ကိုတော့ အဲ့လို မပြောပါနဲ့ဗျာ “
“မောင်ပု မင်းက ဒီလိုတွေလည်း ပြန်ပြောတတ်တယ်လား ဟေ့ကောင် ငါ မြို့ကဆရာကို သွားပင့်ခိုင်းထားပြီးပြီ မနက်ဖြန်ဆို သူလာလိမ့်မယ် မင်းတို့ ဘာမှ ပူစရာ မလိုပါဘူးကွ “
ဦးတင်ဦး၏ပြောစကားအား ကိုမောင်ပု မည်သို့ပြန်ပြောရမည်မှန်းမသိ ဖြစ်နေသည်။ထိုအခါမှ ဘေးတွင် တချိန်လုံးငြိမ် နားထောင်နေသော စိုးဝင်းမှ ၀င်ပြောလေသည်။
“ဦးတင်ဦးပြောတာက မဟုတ်သေးဘူးဗျ ခင်ဗျားက လူတဖက်သားအပေါ် အထင်သေးတာက ဟုတ်ပါပြီ ကျုပ်တို့ အပူပါတာပေါ့ ခင်ဗျားသမီးက ရိုးရိုးနေမကောင်းဖြစ်တာ ရူးတာ မဟုတ်ဘူး တရွာလုံးကိုလည်း သတ်ပစ်မယ်စားပစ်မယ်နဲ့ ပြောနေတာလေ ကျုပ်တို့အပူက ပါသွားပြီ ကျုပ်တို့ကို မပူစေချင်ရင် ခင်ဗျားတို့ရွာထဲက ထွက်သွားပေါ့ “
စိုးဝင်း၏ စကားကြောင့် ကိုတင်ဦး ဒေါသထွက်သွားကာ စိုးဝင်းအား ထိုကြိတ်မည့်ဟန်ပြင်နေသဖြင့် လူအများ ဝိုင်းဆွဲ ထားကြရသည်။ထို့နောက် ရွာသားအချို့သည် မောင်ပုနှင့် စိုးဝင်းအား အိမ်ဝိုင်းထဲမှ ထွက်သွားခိုင်းလိုက်သည်။သူတို့နှစ်ယောက်သည် အင်မတန်လက်ပေါက်ကပ်လှသော ကိုတင်ဦးအား မကျေမနပ် ဖြစ်နေကြသည်။သူတို့ မကျေနပ်သည်ကလည်း မလွန်ပေ။ပထမအစကဖြင့် တခါမှ မမြင်ဘူးသော ဦးဖိုးဝေတို့အား ငွေလိမ်မည့် လူများသာ ဖြစ်နိုင်သည်ဟို ဆိုသည်။ယခု အလကားကုပေးမည် ဟုပြောသောအခါ အလကားဆရာများသာ ဖြစ်မပေါ့ဟု ထပ်မံပြောလာပြန်သည်။လူတယောက်ကို မမြင်ဘူး မတွေ့ဘူးပါပဲ ချိုးချိုးနှိမ်နှိမ် ပြော သည်ကို သူတို့မနှစ်သက်ပေ။နောက်တခု ရှိသေးသည်။စေတ နာကောင်း သဘောကောင်းသော မောင်ပုကို ဆွေမျိုးများက နှိမ်ကြသည်။မောင်ပုစကား အလကား ဆိုသည့် စကားကိုတောင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည် အထိ ဖြစ်၏။အမှန်စင်စစ် မောင်ပုသည် အားနာတတ်ပြီး စိတ်ရင်း၊သဘောမနော ကောင်းလွန်းသော သူတယောက် ဖြစ်လေသည်။ယခုလည်း မောင်ပုကို ပြောဆိုလုပ်ပြီးနောက် တခါမှပင် မြင်တွေ့ဖူးခြင်း မရှိသော ဦးဖိုးဝေ တို့ကိုပါ စော်ကားနေခြင်းကြောင့် စိုးဝင်းမှ မခံနိုင်၍ ပြန်ပြောရာမှစ ပြဿနာတက်ခြင်းဖြစ်သည်။ဖိုးလုံးတို့ အိမ်သို့ သူတို့နှစ်ယောက် ပြန်ရောက်လာရာ မျက်နှာမကောင်း ဖြစ်နေသည်ကို သတိထားမိသော ဖိုးလုံးမှ အမေးစကားဆိုလိုက်လေသည်။
“ဟေ့ကောင်တွေ မင်းတို့ မျက်နှာတွေ မကောင်းကြပါလား ဘာတွေ ဖြစ်ခဲ့ကြလို့လဲကွ”
“မပြောချင်ပါဘူးကွာ ဒီကောင့်ဦးလေး ကပ်တတ်တတ်နဲ့ ထုံးစံအတိုင်းပေါ့ “
“အဲ့လူအကြောင်းလဲ မပြောချင်တော့ပါဘူးကွာ “
“ငါ သိတယ် ဘာမှ တွေးမနေနဲ့ “
“ငါသိပါတယ်ကွာ ထားလိုက် အဲ့တာ သူ့ကိစ္စ “
ဖိုးလုံးသည် မောင်ပုတို့ နှစ်ယောက်အား စကားဆိုပြီးနောက် ဦးဖိုးဝေကို ကြည့်ကာ
“ဆရာကြီး ဒီလူတွေက စေတနာကို နားမလည်ပါဘူးဗျာ ထားလိုက် ဆရာကြီး ကျုပ်တို့အိမ်မှာပဲနေ ဘာမှ ပူစရာမလိုဘူး။အေးအေးဆေးဆေးနေပြီးမှ လိုရာခရီးကို သွားပေါ့ “
“နေတော့ နေရဦးမယ် ငါ့တူ အဲ့ဒီမယ်ဝါဆိုတဲ့ စုန်းမက ကလေးမလေးရဲ့ကိုယ်ထဲမှာ ထုံကူးထားတာ သူက နှစ်ချို့စုန်းမ တယောက်ပဲ သားစိမ်းငါးစိမ်းနဲ့ လူရဲ့ရိုးတွင်းချဉ်ဆီတွေကို စားရင် သူ့စွမ်းအားက ပိုတိုးတယ် မနက်ဖြန် သူခေါ်ထားတဲ့ မြို့ကဆရာ ကုတာကို တချက်ကြည့်ကြတာပေါ့ ဒီအတိုင်းထားလို့က မဖြစ်ဘူး ငါ့တူရဲ့ ဒီစုန်းမမယ်ဝါက တရွာလုံးကို ဒုက္ခပေးမှာ “
ဦးဖိုးဝေမှ ရှင်းပြလိုက်သောအခါ သာမာန်သရဲပူးသည် မဟုတ်ကြောင်း သိသွားသော မောင်ပုတို့မှာ အတော်စိတ်ပူသွားကြသည်။ဦးတင်ဦးအား သွားပြောမည်ပြင်သောအခါ ဦးဖိုးဝေ မှ တားဆီးလိုက်လေသည် ။
“ငါ့တူတို့ သွားမနေပါနဲ့ကွယ် မနက်ဖြန်မှ အခြေအနေကြည့် ကြတာပေါ့ မယ်ဝါကို နိုင်တဲ့ဆရာဆိုရင်လည်း ဦးကြီးတို့ ပြန်ရုံပေါ့ မနိုင်ဘူးဆိုရင်တော့ ကူညီပေးပါ့မယ် “
” ဟုတ်ကဲ့ပါ အဲ့တာဆိုလည်း မနက်ဖြန်မှ ကျုပ်တို့ သွားကြတာပေါ့ ဆရာကြီးတို့ စားချင်တာသာ ပြော ကျုပ် ချက်ကျွေးမယ်။ကျုပ် အိမ်အောက်က ကြက်တကောင် ပစ်လိုက်မယ်ဗျာ”
ဖိုးလုံးမှ ပြောပြောဆိုဆို အိမ်တိုင်တွင် ချိတ်ထားသော လွတ်အိတ်ကိုယူ၍ အောက်ဆင်းပြီး ကြက်ပစ်မယ်ကြံနေသ ဖြင့် ဦးဖိုးဝေအလျင်အမြန် တားလိုက်ရသည် ။
“မလုပ်ပါနဲ့ ငါ့တူရယ် ဦးကြီးတို့က မြင်သား၊ကြားသားတွေ မစားဘူးကွယ့် ပြီးတော့ ကိုယ့်အတွက် ရည်ရွယ်ပြီး သတ်တာမျိုးဆို ပိုပြီး မစားသေးတယ် “
“မမြင်စေရပါဘူး ကျုပ် အိမ်နဲ့ ခပ်ဝေးဝေး “
“ဟေ့ကောင် ဖိုးလုံးမင်းကို ဆရာကြီးပြောနေတာ မကြားဘူးလား သွား မင်း အဒေါ် ရဲ့အိမ်မှာ ဝက်သားချက်တယ် ဟင်းသွားယူချေ “
“ဟုတ်ကဲ့ အဖေ “
ဖိုးလုံးသည် သူ၏သူငယ်ချင်းများကို ခေါ်ကာ အိမ်မှ ထွက် လာလိုက်သည်။ထို့နောက် အဒေါ် ဖြစ်သူ၏အိမ်တွင် ဝက်သားဟင်းတခွက်ယူလိုက်ပြီး စိုးဝင်းနှင့် မောင်ပုတို့သည်လည်း သူတို့ အိမ်များမှ ဟင်းတခွက်စီ ခပ်ပြီး ယူဆောင်လာခဲ့ကြပါလေတော့သည် ။
အခန်း (၆)
သင်းဝင်းရွာလေး၏ နံနက်ခင်းတွင် ဖြစ်သည်။စုန်းမ မယ်ဝါ ဝင်ရောက်နေသော မိပူစူးတယောက် မျက်ကွင်းများညိုသည် အထိ အော်ဟစ်ဆဲဆိုကာ သောင်းကြမ်းနေလေ၏။ထို့အတွက် ရွာလေး၏ နံနက်ခင်းအလှတရားသည် မည်သို့မှ မပေါ် နိုင် တော့ပေ။
“ငါ့ကို လွှတ်စမ်း နင်တို့တွေနော် ငါ တခြားကိုယ်ထဲ ဝင်ဖို့ မစွမ်းသာသေးလို့ နင်တို့ သက်သာတယ်မှတ် ဟဲ့ မယ်ဝါတဲ့ ဘာမှတ်နေလဲ နင်တို့တရွာလုံး အသေဆိုးနဲ့ သေစေရမယ်ဟေ့ “
ကလေးမမှာ အသံပင်မထွက်တော့ပေ မြင်ရသူများအဖို့ဖြင့် လည်း ဘဝင်ကျစရာမရှိလှပေ။ မိပူစူး၏မိခင် မဆယ်မကသာ သူမ၏ သမီးဖြစ်သူနှင့် မလှမ်းမကမ်းတွင် ရပ်လျက်မှ စကားဆိုလေသည် ။
“ရှင် ဘာလိုချင်လို့ ကျမတို့ရဲ့သမီးလေးကို ဒုက္ခပေးရတာလဲပြောစမ်း”
“နင့်သမီးတင် မကဘူး တရွာလုံးကို ပါသတ်မှာ “
“နင်က ငါ့သမီးကိုယ်ထဲ ဝင်နေတာ နင် တွေ့ မယ် “
မဆယ်မသည် အိမ်ဘေးတွင် ထောင်ထားသော ကောက်ဆွ ခက်ရင်းအား သွားယူလိုက်လေသည်။ကိုတင်ဦး ရွာထိပ်သို့သွားပြီး အထက်လမ်းဆရာကို သွားကြိုနေချိန်ဖြစ်သည့်အပြင် ရွာသားများသည်လည်း အချိန်စောလွန်း၍ သူမတို့ အိမ်ထဲသို့မည်သူမှ မလာကြသဖြင့် အိမ်ထဲတွင် သားအမိနှစ်ယောက်သာ ရှိနေသည်။သမီးဖြစ်သူ၏ပုံစံ ပျောက်လုလုဖြစ်ပြီး မျက်စိရဲရဲနှင့် ညစ်ညမ်းယုတ်ပဲ့သောစကားများနှင့် သွေးဆာနေသည့် စကားများကြောင့် မဆယ်မ ဆက်ပြီး သည်းမခံနိုင်တော့ပဲ ခက်ရင်းခွကို ယူကာ မယ်ဝါဝင်ရောက်ပူးကပ်နေသော သမီးဖြစ်သူ၏အနားသို့ တဖြည်းဖြည်းတိုးကပ်လာသည်။ ခက်ရင်းကို ချိန်ရွယ်ကာ အမှန်တကယ် ထိုးတော့မည့် အနေအထားဖြစ်နေသောကြောင့် မယ်ဝါ ဝင်ရောက်ပူးကပ်နေသော မိပူစူးမှာ မည်သို့သော ဆဲဆိုမှုမှ မလုပ်တော့ပဲ ငေး၍သာ ကြည့်နေလေသည်။ထို့နောက် ခက်ရင်းနှင့် ထိုးတော့မည့်အနေအထားတွင်ရှိနေသော မဆယ်မကို မျက်ရည်ဝဲနေသော မျက်လုံးဖြင့် ကြည့်လာကာ
“အမေ အမေ သမီးကို သတ်တော့မလို့လား “
“နင်က ငါ့သမီးမဟုတ်ဘူး “
“သမီးက အမေ့သမီး မဟုတ်ရင် ဘယ်သူ့သမီး ဖြစ်ရမှာလဲ အဖေရော ဘယ်သွားလဲ သမီးအတွက် အဝတ်အစားချုပ်ပေးမယ်ဆိုပြီး အခုထိ မချုပ်ရသေးဘူးလား “
မိပူစူး၏ စကားများအား ကြားသောအခါ ခက်ရင်းကို ကိုင်ထားသော မဆယ်မသည် ခက်ရင်းကိုလွှတ်ချလိုက်ပြီး ကြိုးနှင့် တုတ်ခံထားရသော သမီးအား ပွေ့ဖက်လိုက်ကာ
“သမီး ငါ့သမီးလေး ပြန်ကောင်းသွားပြီ “
ဒေါ်ဆယ်မမှာ မိပူစူးအား ပွေးဖက်ထားစဉ် သူမ မမြင်ကွယ်ရာရောက်နေသော မိပူစူး၏မျက်နှာမှာ ကြောက်မက်ဖွယ်ရာ အပြုံးတချက် ပြုံးလိုက်ပြီး ပါးစပ်နှင့် အံကိုက်ဖြစ်နေသော ဒေါ်ဆယ်မ၏ လည်ပင်းနေရာအား ကိုက်ခဲလိုက်တော့သည်။
“အမလေး အားး နင် နင် “
“ကောင်းလိုက်တာ သွေးလေးက လတ်ဆတ်ပြီး အသက်က အိုသာအိုတာ အသားလေးက အိနေတာပဲ”
ဒေါဆယ်မသည် သူမ၏လည်ပင်း အကိုက်ခံလိုက်ရသည့် အတွက် လန့်ဖျန့်ကာ သမီးဖြစ်သူကို တွန်းထိုးပြီး နောက်သို့ဆုတ်လိုက်သည်။သူမ၏ လည်ပင်းတွင်လည်း သွေးများ စီးကျလျက်ရှိပြီး အသားစတချို့ပါ ပဲ့ပါသွား၍ လည်ပင်းမှ သွေးတို့ သည် မြင်မကောင်းအောင် ထွက်နေရာ လက်နှင့် ဖိထားလိုက်ပြီး သမီးဖြစ်သူကို ကြည့်ကာ ကြောက်လန့်တကြားအော်ဟစ်လေတော့သည်။ထိုအချိန် အိမ်ဝိုင်းဝတွင် ပြန်ရောက်နေပြီဖြစ်သော ကိုတင်ဦးမှာ အော်သံကြောင့် အပြေးဝင်လာပြီး မိန်းမဖြစ်သူ၏လည်ပင်းတွင် သွေးများစီးကျနေသည့်အတွက် သူဝတ်ထားသော အင်္ကျီကို ချွတ်လိုက်ကာ မိန်းမဖြစ်သူ မဆယ်မ၏ လည်ပင်းတွင် ဖိကပ်လိုက်ပြီး
“လာကြပါဦးဗျ ကျုပ် ကျုပ် မိန်းမကို မကောင်းဆိုးဝါးကိုက်သွားလို့ “
ကိုတင်ဦးအော်လိုက်သည်နှင့် ရွာသားများရောက်လာကြ လေသည်။ရွာသားများနည်းတူ မြို့မှပါလာသော အထက်လမ်းဆရာသည် ထိုအချင်းအရာကို မြင်ပြီးနောက် တိုင်တွင် အချည်ခံထားရသော မိပူစူးကို ကြည့်လိုက် အကိုက်ခံထားရသော မဆယ်မကို ကြည့်လိုက်နှင့် သူ၏မျက်နှာတွင် ချွေးစေးများပြန်လာသည်။ထို့နောက် စိုးရိမ်တကြီးနှင့် မိန်းမဖြစ်သူ သွေး တိတ်စေရန် ဖိပေးထားသောကိုတင်ဦးအား အထက်လမ်းဆရာဆိုသူမှ စကားဆိုလိုက်လေသည် ။
“အားနာတယ်ဗျာ ကျုပ် ကျုပ် မကုနိုင်တော့ဘူး ကျုပ် ပြန် ပြန်တော့မယ် “
“ဆ ဆရာ နေပါဦးဗျာ ကျုပ်ကို ကူညီပါဦး “
“ကျုပ် မနိုင်ဘူး ကျုပ်က သာမာန် သရဲတစ္ဆေနဲ့ ခြေစုန်း ခေါင်းစုန်းလောက်ပဲ နိုင်တာ အခုလို ဘာစုန်းအမျိုးအစားမှန်းတောင် ပြောလို့မရတော့တဲ့ မကောင်းဆိုးဝါးတကောင်ကိုတော့ ကျုပ် ဘယ်လိုမှ မနိုင်ဘူး ခင်ဗျားတို့လည်း သူ ခိုင်းတဲ့အတိုင်း သာ လုပ်ရင်လုပ် မလုပ်ရင် ဒီရွာကနေ ထွက်ပြေးကြတော့ “
မြို့မှ ပင့်လာသော အထက်လမ်းဆရာသည် သုတ်ခြေတင်၍ လွယ်အိတ် တကားကား နှင့် အိမ်ဝိုင်းထဲမှ ထွက်သွားလေပြီ ဖြစ်သည်။ထိုအဖြစ်အပျက်များကို ကြည့်နေသောမိပူစူးသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေပါလေတော့သည်။ရွာသားများသည်လည်း ကြောင်ငေးကြည့်နေသော ကိုတင်ဦးအား
“ဟေ့ကောင် တင်ဦး ဘယ်လိုလုပ်မှာလဲ ဆယ်မ သွေးတွေ တအား ထွက်နေပြီ မြို့ဆေးရုံ ပို့မှ ရမယ်ထင်တယ်”
“ကျုပ်လည်း ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိတော့ပါဘူးဗျာ”
ကိုတင်ဦးတယောက် မည်သို့ လုပ်ရမည်မှန်းမသိ ဖြစ်နေသောအချိန်တွင် ရွာသားများကြားထဲမှ မောင်ပုထွက်လာပြီး
“ဦးလေး အခု ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး မဟုတ်လား”
“ဝေးဝေးနေစမ်းပါ မောင်ပုရာ ဒီမှာ စိတ်ညစ်ရတဲ့ အထဲ မင်းက တမှောင့်”
“ဦးလေး အခု ဘယ်လိုလုပ်မှာလဲ ပြောစမ်းပါဦး “
ကိုတင်ဦးသည် မောင်ပု၏မျက်နှာကို သေချာကြည့်လိုက်ပြီး
“ဘယ်သူမှ မကုနိုင်တော့လည်း ဒီမကောင်းဆိုးဝါးမကို ငါကိုယ်တိုင် ရှင်းပစ်ရတော့မှာပေါ့ကွာ မောင်ပု လာစမ်း မင်းလေးလေးကိုပွေ့ထားပြီး ဒီအင်္ကျီနဲ့ သွေးထွက်နေတဲ့နေရာကို ပိတ်ထား ကျန်တဲ့သူတွေ လှည်းတစီးကောက်ကြစမ်းပါဗျာ ကျုပ် မိန်းမကို မြို့ဆေးရုံ လိုက်ပို့ပေးစမ်းပါ ကျုပ်ကတော့ “
ကိုတင်ဦးသည် ပြောပြောဆိုဆို အနားတွင်ရှိသော ခက်ရင်းကိုကိုင်ကာ မိပူစူး၏အနားသို့ တိုးကပ်သွားချိန် ရွာသားများမှ အလန့်တကြား တားဆီးလိုက်ကြလေသည် ။
“ဟေ့ကောင် တင်ဦး အဲ့တာ မင်းသမီးနော် “
“ဟေ့ကောင် ဘာလုပ်မလို့လဲ “
ကိုတင်ဦးသည် မည်သူ့စကားမှ ဂရုမစိုက်ပဲ မိပူစူး၏ အနီးသို့ ခက်ရင်းကို ကိုင်ပြီး လျှောက်သွားကာ ထိုးမည်ကြံစဉ်
“ငါ့တူ မင်းသမီးကို မင်းပြန်သတ်လို့ ဒီကိုယ်ထဲမှာ ပူးကပ်နေတဲ့ စုန်းမကို သတ်လို့ရပြီ ထင်နေတာလား အဲ့တာဆို မင်း မှားသွားပြီ မင်းသမီး သေသွားမှာပဲ ရှိတယ် အထဲက စုန်းမကတော့ နောက်တယောက်ရဲ့ရုပ်ခန္ဓာထဲ ထပ်ဝင်ဦးမှာပဲ “
အသံလာရာဆီသို့ ကြည့်လိုက်ရာ ဖိုးလုံး ဦးဆောင်ခေါ်လာသော လူစိမ်းနှစ်ယောက်ဖြစ်နေသည်။ထိုအခါ ကိုတင်ဦးသည်
“ခင်ဗျားတို့က ဘယ်သူတွေလဲ “
“အထက်လမ်းဆရာတွေပေါ့ကွာ ကဲ မင်းနောက်ဆုတ်တော့ “
ကိုတင်ဦးသည် ဦးဖိုးဝေကို မြင်လိုက်သည်နှင့် အံ့ဩစရာကောင်းလောက်အောင် သူ၏မသိစိတ်မှ နေ၍ သူစိမ်းတယောက်၏ခိုင်းစေမှုကို လိုက်လုပ်နေသည့်အတွက် ကိုယ်တိုင် အံ့ဩလို့နေသည်။ထို့နောက် ဦးဖိုးဝေသည် လည်ပင်းတွင်အကိုက်ခံထားရသော မဆယ်မကို ကြည့်ကာ သူနှင့်အတူ ပါလာသော သူရိယအား စကားဆိုလေသည်။
“လူလေးရေ မင်း သူ့ကို ကြည့်ပေးလိုက်ပါဦး ပညာရပ်တွေ လည်း သုံးပြီး ကုပေးနိုင်တယ် လူလေး “
ဦးဖိုးဝေ ထိုသို့ပြောလိုက်သည်နှင့် သူရိယသည် မောင်ပု ပွေ့ဖက်ထားသော ဒေါ်ဆယ်မ၏အနားသွားကာ လည်ပင်းမှ ဒဏ်ရာအား ဖိထားသောအင်္ကျီကို ဖယ်လိုက်ပြီးနောက် သူ၏ မျက်လုံးကို ပိတ်လိုက်ပြီး သူ၏လက်ဖြင့် အကိုက်ခံထားရသောဒဏ်ရာကို သပ်လိုက်ရာ ဒဏ်ရာနေရာမှာ သွေးစပင်ကပ် ကျန်မနေတော့ပဲ အကောင်းပကတိဖြစ်သွား၍ ကိုတင်ဦးနှင့် မောင်ပုတို့ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြလေသည်။ ထို့နောက် ဦးဖိုးဝေသည် ကြိုးတုတ်ခံထားရသော မိပူစူးအနီးတိုးလာသောအခါ မယ်ဝါ ဝင်ပူးခံထားရသော သူမမှာ ဦးဖိုးဝေကို ကြည့်ပြီး ကြောက်လန့်တကြားနှင့် အော်ဟစ်ဆဲဆိုနေပြီးနောက် မည်သူမှ မထင်မှတ်ထားသည့်စကားကို ဆိုလေရာ ရွာသားများ ထပ်မံပြီး အံ့ဩရပြန်လေသည် ။
“ငါ ငါ တောင်းပန်ပါတယ် ငါ့ကို လွှတ်ပေးပါ ငါနောက်ဆို ဘယ်သူ့ကိုမှ ဒုက္ခ မပေးတော့ပါဘူး ငါ့ ငါ့ကို ဘာမှ မလုပ်ပါနဲ့ ငါ ငါ နင့်ကို ကြောက်တယ် ငါ့ကို လွှတ်ပေးပါ ငါ့ဆီ နင် ဘာလို့ ထပ်ရောက်လာတာလဲ “
“စိတ်ချ ငါ နင့်ကို ဘာမှ မလုပ်ဘူး နင် မိုက်လုံးကြီးလှချည် လား မယ်ဝါ တကယ်ဆို နင်က စုန်းဆိုတာထက် ပိုတယ် မကောင်းဆိုးဝါး ဖြစ်နေပြီ နင့်ရဲ့အပြစ်ကို နင် ခံရမဲ့အချိန်ရောက်ပြီ မယ်ဝါ”
ဦးဖိုးဝေသည် ထိုသို့ပြောပြီးနောက် မျက်လုံးကို မှိတ်လိုက် ၏။ထို့နောက် ပါးစပ်မှ အသံခပ်တိုးတိုးဖြင့် စကားဆိုလိုက်လေသည်။
“ကဲ ဆိုင်ရာကနေ ဒီနှစ်ချို့မယ်ဝါရဲ့နာမ်ကို ခေါ်စမ်းဟေ့ “
ဦးဖိုးဝေ ထို့သို့ ဆိုလိုက်သည်နှင့် မိပူစူး၏ ကိုယ်ထဲမှာ နှစ်ချို့မယ်ဝါ၏ နာမ်ထွက်လာသည်။မယ်ဝါ၏နာမ် ထွက်လာသည်နှင့် အိမ်ခြံ၀င်းတနေရာမှ မီးများတောက်လောင်နေသော ကြိုးတချောင်းပေါ် ထွက်လာပြီး မယ်ဝါ၏ နာမ်ကို ရစ်ပတ်ကာ မြေကြီးထဲသို့ ဆွဲခေါ်သွားပါလေတော့သည်။ထိုမြင်ကွင်းကို မြင်နိုင်သူမှာ ဦးဖိုးဝေနှင့် သူရိယသာ ရှိလေ၏။ထို့နောက် ဦးဖိုးဝေသည် မိပူစူးအား ကြိုးများတုပ်ထားသည်ကို ဖြေခိုင်းလိုက် ၏။အကောင်းပကတိ ပြန်ဖြစ်သွားသော မိပူစူးသည် သူမ၏ မိခင်ဆီသို့ အပြေးသွားပြီး ပွေ့ဖက်ထားလိုက်လေ၏။ထို့နောက် ကိုတင်ဦးသည် ဦးဖိုးဝေ၏ရှေ့တွင် ဒူးထောက် ထိုင်ချလိုက်ပြီး
“ကျုပ် ကျုပ်ကို ခွင့်လွှတ်ပါ ဆရာကြီး ကျုပ် တကယ်ကို မိုက်မဲမိပါတယ် “
“ကဲ ကဲ စိတ်ထဲထားမနေတော့နဲ့ အခြေအနေက ကောင်းပြီ ထင်တယ် ကျုပ်တို့လည်း ကိစ္စတွေပြီးပြီဆိုတော့ လွမ်းတောင် ရွာကို သွားရပေဦးမယ် ကဲ လူလေးရေ သွားစို့ “
ဦးဖိုးဝေသည် သူရိယကို ခေါ်ကာ လွမ်းတောင်ရွာမှ သူတို့ကတိပေးခဲ့သော မကျွတ်မလွတ်ဖြစ်နေသူများကို အလှုဒါနပြုရန်အတွက် ချက်ချင်းပြန်သွားလေရာ ရွာသားများမှာ ရွာထဲမှ ထွက်ခွါသွားသည့် ဦးဖိုးဝေနှင့် သူရိယအား ငေးကြည့်လို့နေပါ လေတော့သည် ။
ဦးဖိုးဝေနှင့် စုန်းမတကောင်အား ဆုံးမခြင်း သည်က ဤမျှသာ။မကြာမီ ဦးဖိုးဝေနှင့် အကျွတ်အလွတ် အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။
မောင်တင်ဆန်း