*စုန်းအတတ်နဲ့ နတ်ကတော်*📖📖📖
***************************
သောင်းတိုင်ရွာ…။
နတ်ကတော်ကြီး ဒေါ်စိန်တင်ရဲ့ ခြံဝိုင်းထဲမှာ လူသူတွေ စည်းကားနေတယ်။
ကြီးမားလွန်းလှတဲ့ ဒေါ်စိန်တင်ရဲ့ အိမ်ကြီးအပေါ်မှာလည်း လူသူတွေက အပြည့်…။
အားလုံးရဲ့ အရှေ့မှာ ဒေါ်စိန်တင်တစ်ယောက်ကတော့ ဘော်ကျယ်တွေ တလက်လက်ထနေတဲ့ နတ်ကတော် အဆင်အပြင်နဲ့ ရှိနေလို့ရယ်။
သူနဲ့ မျက်နှာချင်းဆိုင်နေရာမှာတော့ ဆံပင်စုတ်ဖွား၊ အ၀တ်အစား ကပိုကရိုနဲ့ ငူငိုင်ငိုင်ဖြစ်ပြီး ရောဂါဝေဒနာကို အပြင်းအထန် ခံစားနေရဟန်တူတဲ့ မိန်းကလေးတစ်ယောက်။
” ကဲ…ခဏလေး။ ဒီကလေးမရဲ့ နေ့သက်နာမ်သက်ကို အရှင်ကြီးတို့ဆီအပ်ပြီး ရောဂါကုသဖို့ လုပ်ပေးမယ်။ ကလေးမရဲ့ နာမည်နဲ့ နေ့နာမ်ကို ပြောချေ…”
” မစုဝေပါ။ အင်္ဂါ သမီးပါရှင်…”
မိန်းကလေး၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဖေးမပေးထားရင်းက ပြော၏။
နတ်ကတော် ဒေါ်စိန်တင်က ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီး…။
” အင်း…ဟုတ်ပြီ။ အရှင်ကြီးတို့ဆီကို အခုပဲ အပ်နှံပြီး ကုသပေးမယ်…”
ဒေါ်စိန်တင်က ပြောပြောဆိုဆို နတ်ရုပ်များရှိရာဘက်ကို လှည့်လိုက်တယ်။ ပြီးတော့ လက်အုပ်ကို နဖူးဆီကပ်ကာ ချီရင်း…။
” အို…အတွင်း သုံးဆယ့်ခုနှစ်မင်း၊ အပြင်သုံးဆယ့်ခုနှစ်မင်း ခုနှစ်ဆယ့်လေးပါးသော အရှင်အပေါင်းတို့ကို သမီးတော် အကူအညီတောင်းခံအပ်ပါတယ်။ တစ်ဖက်ဇီးတောရွာမှာနေတဲ့ ဟော့ဒီက အင်္ဂါသမီးဆီမှာ ခံစားနေရတဲ့ ရောဂါဘယများကို အရှင်းအလင်း သက်သာပျောက်ကင်းနိုင်ဖို့ အရှင်တို့ကို အကူအညီတောင်းခံပြီး အပ်နှံပါတယ်။ ရောဂါကို ကုသရာမှာ အရှင်ကြီးတို့ အရှင်မတို့ စီမံထိုက်သလိုစီမံနိုင်ဖို့ ဒီက သမီးတော်ဖြစ်သူကတဆင့် စီမံဆောင်ရွက်ပေးပါလို့ တောင်းပန်အပ်ပါတယ် အရှင်ကြီးတို့…။ ယခုပင် ကြွမြန်းတော်မူပါတော့…”
” ဖျောက်…ဖျောက်…ဖျောက်…ဖျောက်…”
ဒေါ်စိန်တင်၏ လက်နဲ့ နဖူးရိုက်သံက ကျယ်လောင်လွန်းစွာ။ ပြီးတော့ ကြည့်နေရင်းကိုပဲ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာတယ်။
” အဘယ်သူများ ကြွလာပါသလဲ…”
ဒေါ်စိန်တင်ရဲ့ အစ်မ၀မ်းကွဲ နတ်ချော့သူ ဒေါ်ဖျော့က မေးတာ။
” ငါဟဲ့…ငါ မင်းကြီးမင်းလေးနှစ်ပါးထဲက ကိုယ်တော်လေးဟဲ့၊ ကိုယ်တော်လေး…”
” အို…ကိုယ်တော်လေးကြွလာတာပဲ။ မသိလို့ မေးမိတာ အမိုက်အမဲလေးကို ဗွေမယူပါနဲ့ အရှင်…”
ကိုယ်တော်လေး၀င်နေတဲ့ ဒေါ်စိန်တင်က မျက်လုံးကို မဖွင့်၊ ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ရင်း…။
” အရှင့်ရဲ့ လိပ်ပြာဖြူ သမီးတော် ပင့်ဖိတ်ရခြင်းအကြောင်းကတော့ ဟော့ဒီက အင်္ဂါသမီးဆီမှာ အ၀တ်အစားမကပ်နိုင်အောင်၊ ပြီးတော့ အိပ်တဲ့အခါမှာလည်း အထိတ်တလန့် ထထအော်ပြေးတတ်ပြီး နေ့ဘက်ဆိုရင်လည်း ၀မ်းဗိုက်ကလည်း အသည်းအသန်အောင့်နေရပါတယ် အရှင်…။ ဒီရောဂါကို အရှင်းအပ ပျောက်ကင်းအောင် ကုသပေးဖို့ အရှင့်လက်တော်ထဲကို အပ်နှံပါတယ်…”
ဒေါ်စိန်တင်က တုန်ရီနေရင်းက တစ်ခဏငြိမ်းသွားပြီး အာရုံခံသလို လုပ်ဆောင်လိုက်တယ်။
” ဒါ…ကလေးမကို နှစ်သက်နေတဲ့ စုန်းထီး ပြုစားတာဟေ့…”
” အို…”
ကြည့်နေကြတဲ့ လူတွေဆီက အလန့်တကြားရေရွတ်သံတွေ။
မိန်းကလေးရဲ့ မိခင်နဲ့ ဖခင်ဆို မျက်စိမျက်နှာကို ပျက်ယွင်းသွားတော့တာပဲ။
” သူက ကလေးမကို အပိုင်သိမ်းသွင်းဖို့ဟဲ့။ အခုတော့ ဘာမှမပူနဲ့၊ ငါကိုယ်တော်ကြွလာပြီဆိုတော့ ဒီသမီးတော်ကို ငါကိုယ်တော်ကယ်ပြီး အဲ့ဒီ့စုန်းထီးကို ဆုံးမလိုက်မဟဲ့…”
ဒေါ်စိန်တင်က မာန်နဲ့ထန်နဲ့ ထပြောတယ်။ လူအုပ်ကြီးဆီက ၀မ်းသာအယ်လှဲနဲ့ လက်ခုပ်တီးသံက ဖြိုင်ခနဲပဲ။
” ကလေးမကို ကိုယ်တော်လေးအရှေ့ဆီ တိုးကပ်ပေးကြစမ်း…”
ကြည့်နေတဲ့သူတချို့က ကလေးမကို မတ်မတ်ထူပြီး ဒေါ်စိန်တင့်အရှေ့ကို တိုးစေတယ်။
” ကဲ…ပညာသည်အကျင့် ဖောက်ပျက်တဲ့ စုန်းထီး၊ နင့်ကို ငါကိုယ်တော် လက်သုံးတော်ဓားနဲ့ သင်းမဟဲ့…”
ဒေါ်စိန်တင်က ပြောပြီး လက်က ဓားကိုင်ဟန်နဲ့ ဟန်ပါပါ ဝေ့ရမ်းတာ။
မြင်ရသူတို့ကတော့ စိတ်၀င်တစားနဲ့ မနောတွေခွေ့နေကြလို့။
” ရော့…ငမိုက်သား နင့်ဒဏ်နင်ခံ…”
ဒေါ်စိန်တင်ရဲ့ ဓားကိုင်လက်က လူနာရဲ့ လည်ပင်းဆီကို။
လူနာမိန်းကလေးဆီက အသံနက်ကြီးနဲ့ ဝူးဝူးဝါးဝါး ထအော်တယ်။ ပြီးတော့ ရုန်းကန်ထပြီး ပြေးဖို့ကြိုးစားတာ။
” ဪ…ဒင်းကလေးက ငါကိုယ်တော်လေးကို အာခံသပေါ့။ တွေ့ကြသေးတာပေါ့…”
ဒေါ်စိန်တင်ကပြောပြီးတာနဲ့ လူနာမိန်းကလေးရဲ့ ငယ်ထိပ်ဆီကို သူ့လက်ဝါးကြီးနဲ့ ဖုန်းခနဲ အုပ်ရိုက်ရိုက်လိုက်တယ်။
” အင့်…”
ရုန်းကန်နေတဲ့ လူနာမိန်းကလေးဆီက အပ်အုပ်အုပ်အသံထွက်ပေါ်လာပြီး ဟုတ်ခနဲ ငြိမ်ကျသွားတော့တယ်။
ကြည့်နေတဲ့သူတို့ခမျာ လန့်ဖျပ်ပြီး အသက်တောင်မရှုရဲကြလောက်တော့ လောက်အောင်ပဲ ငေးရီပြီး ကြည့်နေမိကြတယ်။
” အင့်…ဟင့်…ဟင်း…”
မိန်းကလေးဆီက ခပ်ရှည်ရှည် သက်ပြင်းချသံ။
” လှုပ်လာပြီ…”
အများဆီက အံ့သြတကြီးအသံတွေ။ ဒေါ်စိန်တင်ကတော့ လက်ကို ရုတ်ပြီး ခန္ဓာကိုယ်ကို ယိမ်းထိုးနေရင်းက…။
” စုန်းထီးကောင်တော့ သူ့ဘ၀သူမြန်းသွားပြီ။ ဟဲ့ သမီးတော်ကြီး…ငါကိုယ်တော့်ကို ရေစင်ဆက်စမ်းဟေ့…”
ဒေါ်ဖျော့က ရေ ထည့်ထားတဲ့ ေရွှရောင်ခွက်ကို ကမ်းပေးဆက်သလိုက်တယ်။ ဒေါ်စိန်တင်က ရေခွက်ကို ပါးစပ်နားတေ့လိုက်၊ နဖူးနဲ့ ထိလိုက်လုပ်ပြီးနောက် ဒေါ်ဖျော့ဆီကို ပြန်ကမ်းပေးပြီး…။
” ဝေဒနာသည်ကို အပစင်အောင် ရေစင်တော်ကြီး တိုက်ချေစမ်းဟဲ့…”
ဒေါ်ဖျော့နဲ့ မိဘဖြစ်သူတို့က ဇာတ်လန်ပြီး ခပ်သာသာညည်းနေတဲ့ မိန်းကလေးကို ရေတိုက်လိုက်ကြတယ်။
” အင်း…ဟင်း…အေ့…ဝေါ့…”
” အို…”
” ဟာ…”
ရေစင်သောက်ပြီးတာနဲ့ လူနာမိန်းကလေးက လူးလူးလွန့်လွန့်ဖြစ်ပြီး ရုတ်တရက်ထိုးအန်ချတာ။
အန်သမျှထွက်ကျလာတာက လက်မလောက်ရှိမယ့် နီးစွေးစွေးအသားတုံးတချို့။ ပြီးတော့ ချွဲတွေကလည်း အန်ချထားတာကလည်း နင့်နေအောင်ပဲ။
” အပတော့ စင်ပြီဟေ့…”
ဒေါ်စိန်တင်ရဲ့ အောင်အောင်မြင်မြင်အော်သံကြီးအဆုံး မိန်းကလေးက မျက်လုံးဖွင့်ကြည့်လာတယ်။
ပြီးတော့ သူ့နံဘေးမှာ ဝိုင်း၀န်းကြည့်နေကြတဲ့ လူတွေကို တစ်လှည့်၊ ရောက်ရှိနေတဲ့ ဒေါ်စိန်တင်ရဲ့အိမ်ကြီးကို တစ်လှည့် ကြည့်ရင်း မျက်လုံးအဝိုင်းသားနဲ့။
” မသေကောင်း မပျောက်ကောင်း သမီးလေးရယ်…”
မိခင်ဖြစ်သူကတော့ ၀မ်းသာအားရနဲ့ ငိုပြောပြောပြီး သမီးကို လှမ်းဖက်လိုက်တယ်။ ဖခင်ဖြစ်သူကလည်း မငိုပေမယ့် သမီးဖြစ်သူရဲ့ လက်ကလေးကို လှမ်းကိုင်ထားလို့။
” ကဲ…ငါကိုယ်တော်လေး ကြွမြန်းတော့မဟဲ့…”
ဒေါ်စိန်တင်က ပြောလာတာ။ ဒီတော့ ဒေါ်ဖျော့က ပါးပါးနပ်နပ်နဲ့ပဲ…။
” ကဲ…ကဲ…မိညိုတို့ တင်အောင်တို့ ကိုယ်တော်လေး ပြန်မကြွခင် ညည်းတို့သမီးကို ဆေးကုသပေးထားတာအတွက် ဆက်သစရာရှိတာ ဆက်သလိုက်ဦး…”
” ဟုတ်ကဲ့ပါဗျာ။ ကျုပ်တို့ သမီးလေး သက်သာပျောက်ကင်းသွားတာ သိပ်ကျေးဇူးတင်ပါတယ်။ ဒီအတွက် ကိုယ်တော်လေးကို ငွေတစ်သိန်းဆက်သပါတယ်…”
ဥိးတင်အောင်ရဲ့ စကားအဆုံး လူအုပ်ကြီးဆီက တအံ့တသြဖြစ်သွားကြတဲ့ အသံကြီးက ဝေါခနဲပဲ။
ဒီလိုဖြစ်တာ အံ့သြစရာတော့ မရှိပါဘူး။ ဘာလို့ဆို အဲ့ဒီ့ခေတ်ကာလအရ ငွေတစ်သိန်းဆိုတာ နည်းတဲ့ပမာဏမှမဟုတ်တာ။
ဦးတင်အောင်တို့ မိသားစုသာ ချမ်းသာလွန်းသူတွေမို့ ဒီငွေပမာဏကို တတ်နိုင်တာ။ ဒါတောင် သူတို့အတွက် ဒီသမီးလေးတစ်ယောက်ထဲရှိတာဆိုတော့ ကုသမှုအတွက် ဒီငွေပမာဏလောက်ပဲ ရင်းမိလို့ အားနာနေမိသေးတဲ့ ပုံပဲ။
ဦးတင်အောင်က သူ့လွယ်အိတ်ထဲက ငွေတစ်ထပ်ကို ထုတ်ပြီး ဒေါ်ဖျော့ကို ပေးတယ်။ ဒေါ်ဖျော့ကတစ်ဆင့် နတ်ပူးနေတဲ့ ဒေါ်စိန်တင်ကို ဆက်သလိုက်တယ်။
ဒေါ်စိန်တင်က ငွေတွေကို လှမ်းယူပြီး သူ့ဦးပေါင်းဆီကို ထိုးထည့်လိုက်တော့တာပဲ။
လူနာမိန်းကလေးကတော့ သက်သာသွားခဲ့ပါတယ်။
အဲ့ဒီ့နောက်တော့ ကိစ္စဝိစ္စပြီးပြီဆိုတော့ လူအုပ်ကြီးလည်း အလျိုလျိုပြန်ကုန်ကြပေါ့။
ဦးတင်အောင်တို့ မိသားစုကတော့ ဒေါ်စိန်တင်နဲ့ စကားစမြည်အနည်းငယ်ထပ်ပြောပြီးနောက် သီးသန် ငွေငါးသောင်း ထပ်မံကန်တော့ပြီး ပြန်သွားခဲ့ကြတယ်။
ခြံထဲကနေ ဦးတင်အောင်တို့ လှည်းယဉ်လေး ထွက်ခွာသွားချိန်မှာတော့ ဒေါ်စိန်တင်က ကျေကျေနပ်နပ်ကြီး ပြုံးလို့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လေပြီး…။
” အစ်မဖျော့ရေ…အိမ်ထဲက ကလေးမနဲ့ ပက်သက်တဲ့ အစီအမံတွေ ဖျက်လိုက်ပါတော့ကွယ်…”
” ဟုတ်ကဲ့ စိန်စိန်…”
ဒေါ်စိန်တင် လက်ထဲက ငွေတွေကို လောဘမျက်၀န်းတွေနဲ့ ကြည့်ပြီး သဘောတွေအကျကြီးကျနေတော့တယ်။
******
” မစိန်…အုန်းဆုံရွာက ကိုသာလှတို့က သိပ်ချမ်းသာတယ်တဲ့…”
ရွာစဉ်စျေးလှည့်ရောင်းတဲ့ ဟင်းရွက်သည် မသေးတင်က ပြောတာ။
ဒီစကားကြောင့် ဒေါ်စိန်တင်တစ်ယောက် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်။ ပြီးတော့ ငွေတစ်ချို့ကို ထုတ်ပေးပြီး…။
” ကဲ…မသေးတင်။ ထုံးစံအတိုင်းပဲ သူတို့ဆီက အခရာကျတဲ့ တစ်ယောက်ရဲ့ ဓာတ်သက်ပါမယ့် ကိုယ်သုံးပစ္စည်းလေး…”
မသေးတင်က ငွေကို အလျင်အမြန်ယူပြီး သူ့အတွင်းအင်္ကျီ အိပ်ထောင်ထဲကို ထည့်လိုက်တယ်။
” စိတ်ချ မစိန်။ သူတို့ရဲ့ မြေးပေါက်စလေးက အဲ့ဒီ့အိမ်မှာ အခရာပဲ…”
” အင်းပါ…ဒါဖြင့်လည်း သူ့ကိုပေါ့။ ပြီးရင်တော့ ဒီကိုလာလမ်းခင်းပေးဖို့လည်း မမေ့နဲ့နော်…”
” အို…စိတ်ချစမ်းပါတော်။ မစိန်က ကျုပ်ရဲ့ ကျေးဇူးရှင်ပဲဟာ။ ဒါကြောင့် မစိန်ကို ကျုပ်လုပ်ပေးလာတာလည်း မနဲဘူးလေ…”
” အင်းပါတော်။ ဟင်း…ဟင်း…ဒီတစ်ကြိမ် မြိုးမြိုးမြက်မြက်ရလို့ရှိရင်တော့ ကျုပ် မသေးတင်ကို ထိုက်ထိုက်တန်တန်ပေးပါ့မယ်…”
” ကျေးဇူးပါတော် ကျေးဇူးပါ။ ကဲ…ဒါဖြင့် ကျုပ် သွားလိုက်ဦးမယ် မစိန်ရေ…”
ဒေါ်သေးတင် စျေးတောင်းကို ပြန်ရွက်ပြီး ဒေါ်စိန်တင့် ခြံဝိုင်းထဲက ထွက်သွားတယ်။
” စိန်စိန်..”
” ဪ…မဖျော့၊ စိန့်ကို ဘာပြောမလို့လဲ…”
ဒေါ်ဖျော့က မျက်နှာမသာမယာနဲ့…။
” မမ စိတ်ထဲ နေရတာတစ်မျိုးပဲ။ ဟို…စိန်စိန့်ကို ဒီလိုမျိုးကြီး မလုပ်စေချင်တော့ဘူး…”
” ဟင်…ဘာလို့လဲ မဖျော့ရဲ့…”
ဒေါ်ဖျော့က သက်ပြင်းကို ချလိုက်ပြီး…။
” နတ်နဲ့ နဂါး မလှည့်ဖျားနဲ့ ဆိုတဲ့စကား။ အခု တို့လုပ်နေတာက လူတွေကို လှည့်ဖျားရုံတင်မကဘူး နတ်တွေကိုပါ ခုတုံးလုပ် လှည့်ဖျားသလိုဖြစ်နေပြီ။ ကြာရင်…မကောင်း…”
ဒေါ်ဖျော့ရဲ့ စကားက တ၀က်တပြက်သာရှိသေး၊ ဒေါ်စိန်တင်က ဒေါသတကြီးနဲ့…။
” အို…တော်စမ်းပါ မဖျော့ရယ်။ ဒီမယ်…စိန့်ရဲ့ပညာအဆင့်အတန်းနဲ့ ဘယ်နတ်၊ ဘယ်နဂါးမှကို မမှုဘူး။ ထပ်ပြောမယ်…ဒီအိမ်ရဲ့ စီးပှားကို စိန်က ဦးစီးနေတာ။ အခု ဒီလိုမျိုးလုပ်စားနေတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။ စိန့်အနေနဲ့ သူများပညာသည်တွေလို လူတောသူတောမတိုးဘဲနဲ့ စုတ်စုတ်ပဲ့ပဲ့လည်း မနေနိုင်ဘူး။ အခု စိန်ဒီလိုလုပ်တယ်။ စိန့်ကို လူတွေ ကိုးကွယ်လာတယ်။ အဟင်း…မဖျော့က မှီခိုသူပဲ။ စိန်ပေးတာယူ၊ ကျွေးတာစား၊ စိန့်ကို ကူညီ ဒါပဲ။ ကျန်တာ ဘာမှ ၀င်မပြောနဲ့။ နောက်တစ်ခါပြောလာခဲ့ရင် စိန့်ကိုအဆိုးမဆိုနဲ့…”
ဒေါ်စိန်တင် ဒေါသတကြီးနဲ့ ခြေကို ဆောင့်ပြီး အိမ်ပေါ်တက်သွားတယ်။
ဒေါ်ဖျော့ကတော့ သက်မောကို အသာချရင်း ဒေါ်စိန်တင့် နောက်ကျောကို မချိတင်ကဲ ကြည့်လို့သာပဲ။
******
” မဖျော့…မီးဖိုခန်းထဲက ကြက်သွေးတွေ ယူပေးပါဦး…”
ဒေါ်စိန်တင်တစ်ယောက် အခန်းထဲမှာ အလုပ်များနေတယ်။
သူအခုစီရင်နေတာက အုန်းဆုံရွာက ဦးသာလှရဲ့ မြေးလေးရဲ့ ဆံပင်၊ လက်သည်းနဲ့ အခြားအ၀တ်အစားတို့လို ဓာတ်သက်၀င်ပစ္စည်းတချို့။
မကြာဘူး။
ဒေါ်ဖျော့က ကြက်သွေးတွေယူလာပေးတော့ ဒေါ်စိန်တင်က အဲ့ဒီ့သွေးတွေအထဲကို ဆနွင်းမှုန့်လိုအရာတချို့ ဖြူးချတယ်။ ပြီးတော့ စီရင်ထားပြီဖြစ်တဲ့ ကလေးငယ်ရဲ့ ပစ္စည်းတွေအပေါ်ကို ပက်ဖြန်းလိုက်တယ်။
ပြီးတော့ ဒေါ်စိန်တင်က အရိုးခေါင်းကြီးတစ်ခုကို ယူပြီး အရိုးနဲ့ပြုလုပ်ထားတဲ့ အချောင်းကလေးနဲ့ တတောက်တောက်ခေါက်ပြီး ဒေါ်စိန် ပါးစပ်ကနေ တတွတ်တွတ်ရွတ်တော့တာ။
ဒေါ်ဖျော့ကတော့ ဒေါ်စိန်တင်လုပ်သမျှကို စိတ်မသက်သာစွာနဲ့ ကြည့်နေရင်းပေါ့။ သူ့ခမျာ မတတ်သာလို့သာ မာန်လျော့ထားရခဲ့တဲ့အခြေအနေရယ်။
******
ညဉ့်သန်းခေါင်ယံအချိန်…။
” အား…ဘဘရေ လုပ်ပါဦး သ သရဲကြီး…”
အချစ်ရဆုံး မြေးငယ်လေးရဲ့ အထိတ်တလန့်အော်သံကြောင့် ဦးသာလှတို့ မိသားစု ပြာယာခတ်ကုန်ကြတယ်။
ကလေးငယ်ကတော့ အော်သံကို ပြုပြီးတာနဲ့ ခွေခနဲ သတိလစ်လို့…။
” မြေးလေး…မြေးလေး…”
ကလေးငယ်ဆီက တဂီးဂီး ညည်းညူသံသဲ့သဲ့။ မသိရင် အကောင်တစ်ကောင် မာန်ဖီနေသလိုပဲ။
” လုပ်ကြပါဦး…ပရိတ်ရေလေး ဘာလေး…အမြန်ယူကြပါ…”
ပရိတ်ရေကို အမြန်ယူကြပြီး ကလေးငယ်ကို တိုက်ကျွေးသပ်ချပေမယ့် သတိတော့လည်မလာခဲ့ဘူး။
ဦးသာလှခမျာ နှလုံးသည်းပွတ်လျာ မြေးပေမို့ အဖြစ်အပျက်ကြောင့် ရူးခါသွားမတတ်။
” ဆေးဆရာကြီး ဦးသုခကို သွားခေါ်ချေ…”
ဦးသုခဆိုတာ သူတို့ရွာက အထင်ကရဆေးဆရာကြီးရယ်။
အိမ်ရဲ့ အလုပ်သမားတချို့က ချက်ချင်းပဲ သွားခေါ်ပေးကြတယ်။ ဆေးဆရာကြီး ရောက်လာချိန်ကျ ကလေးငယ်ကို စမ်းသပ်ပြီး…။
” လက္ခဏာက သည်းခြေပျက်တာနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ် ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အတွက် ဒီအရွယ်မှာ ဒီရောဂါမျိုးဖြစ်နိုင်ဖို့က မလွယ်ကူဘူး။ အဓိက ကျုပ်အထင်ပြောရရင်တော့ လူပြုစားတာပဲ ဖြစ်မယ်…”
” ဗျာ…လူပြုစားတာ။ ဟား…အဲ့ဒါဆိုရင်တော့ ဒုက္ခပါပဲ။ ဆရာရယ် စွမ်းမယ်ဆိုရင် လုပ်နိုင်တာလုပ်ပေးပါ။ ဘယ်လောက်ကုန်ကုန် ကျုပ်မြေးလေးအတွက် ကျုပ်ရင်းပါ့မယ်…”
ဆေးဆရာကြီးက ခေါင်းကို ခါရမ်းလိုက်တယ်။
” ဦးသာလှရယ်…ကျုပ်အနေနဲ့ တတ်နိုင်ရင်တော့ ကုသပေးတာကြာပေါ့။ ဒါပေမယ့် ခက်တာက ကျုပ်က ဗိန္ဓောဆရာသီးသန့်ဗျ။ ပယောဂကျ ကျုပ်မစွမ်းသာဘူး…”
” ဟား…ဒါဖြင့် ခက်ပြီပေါ့ ဆရာရယ်။ ဒီနယ်မှာက အဲ့ဒီ့လို ဆရာမျိုးကလည်း ရှားတော့၊ ဘုရား…ဘုရား ကျုပ်မြေးလေးတော့ ရေတိမ်နစ်ပြီထင်တယ်…”
ဦးသာလှရဲ့ ရေရွတ်သံက မချိတင်ကဲဖြစ်လို့။
ဆေးဆရာကြီးကတော့ ခေါင်းက်ိုသာ တွင်တွင်လာရမ်းလို့ရယ်။ကျန်သူတို့မှာလည်း စိတ်မသက်မသာနဲ့ပါပဲ။
******
ဦးသာလှတို့ မိသားစု လှည်းကောက်နေကြတယ်။
မနက်က သောင်းတိုင်ရွာက စျေးသည်သေးတင်က သူတို့ရွာက နတ်ကတော်က ပယောဂတွေ စုန်းတွေ ကုသနိုင်တယ်ဆိုတာပြောတယ်။
ဒီအတွက်ကြောင့် သတင်းကြားကြားချင်းပဲ မြေးဖြစ်သူကို သွားရောက်ကုသဖို့ ဦးသာလှ အားချင်းကို စီစဉ်တော့တာ။
” အေးသုံရေ…ပစ္စည်းတွေညမြန်မြန်ထည့်ဟ။ ဟိုရောက်ရင် ကန်တော့်ပွဲတွေဘာတွေလိုရင်လည်း အဆင်သင့်ဖြစ်အောင် အုန်းသီး ငှက်ပျော်သီးတွေပါ ယူခဲ့ချေ…”
ဦးသာလှက အားလုံးကို ဆော်သြနေတာ။ သွားမယ့်လှည်းက နှစ်စီး။ တစ်စီးက မြေးလူနာရယ် သူရယ်။ နောက်တစ်စီးကတော့ လိုနိုင်မယ့် ပစ္စည်းပစ္စယတချို့နဲ့ မိသားစု၀င်တို့…။
” ကဲ…ကဲ…လူစုံရင် ထွက်ကြ ထွက်ကြ…”
မြေးဖြစ်သူက အသက်ပမာ ရင်နင့်သည်းချာဆိုတော့ ဦးသာလှ တကယ်ကို ပြာယာခတ်နေတာရယ်။
လှည်းတွေ စထွက်တဲ့အချိန်မှာတော့ ခြံ၀ဆီကို လူကြီးတစ်ယောက်နဲ့ အစက်ဆယ့်နှစ်နှစ်အရွယ် အမွှာကလေးနှစ်ယောက် ဗြုန်းစားကြီး ရောက်လာခဲ့တယ်။
” အင်း…မဆီမဆိုင် ဝိသမလောဘအတွက် ကလေးငယ်လေးကိုတောင် ပြုစားနေပါပေါ့လား…”
လူကြီးဆီက စကားသံ။
လူကြီးရဲ့ စကားအသွားအလာကို ဦးသာလှက ရိပ်စားမိတာမို့ လှည်းတွေကို ချက်ချင်းရပ်ခိုင်းပြီး လှည်းပေါ်ကဆင်းလို့…။
” ဒီကနောင်ကြီးက ဘယ်ကလာလို့ ဘယ်ကို သွားမှာလဲ။ ဟို…ကျုပ်ရဲ့ မြေးလေးဖြစ်နေတာကိုရော ဘယ်လိုများ…”
တစ်ဖက်က လူကြီးက လက်ကာပြလာပြီး တည်တည်ကြည်ကြည်နဲ့ပဲ…။
” ကျုပ်တို့က ဂမိကပါဃုဏိက ခရီးသွားဧည့်သည်ပဲ ဆိုပါတော့။ အခု ဒီရွာက အဖြတ်၊ မကောင်းတဲ့အငွေ့အသက်တချို့ကို ခံစားမိတာမို့ လိုက်လာရင်း ဒီကိုရောက်လာရတာ…”
လူကြီးရဲ့ အဖြေကြောင့် ဦးသာလှ သိပ်ကို ၀မ်းသာသွားရတယ်။
” ဟား…ဆရာတွေပဲ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ကျုပ်တို့မိသားစုကိုတော့ ဘုရားမတာပဲ။ ဟို…ဟို…ကျုပ်မြေးလေးကို ကယ်ပေးပါ ဆရာ။ ကျုပ်မြေးလေးက ကျုပ်ရဲ့အသက်မို့ပါ…”
” ရပါတယ်။ ခုနှစ်ရက်သားသမီးအတွက် ကယ်သင့်လို့ အကြောင်းဖန်လာတာပဲ။ ကျုပ်တို့ ဒီကလေးကို ကုသပေးပါ့မယ်…”
” ၀မ်းသာလိုက်တာ ဆရာရယ်။ အိမ်ပေါ်ကိုကြွပါ ဆရာ…”
” ရပါတယ်ဗျာ။ ကျုပ်တို့ အိမ်ပေါ်ကို မတက်တော့ဘူး။ သူငယ်ကိုတော့ အပစင်အောင် ဒီနေရာမှာပဲ ကုသပေးလိုက်ပါ့မယ်…”
လူကြီးက ပြောပြောဆိုဆိုပဲ လှည်းပေါ်က ပျော့ခွေနေတဲ့ ကလေးငယ်ဆီကို လှမ်းသွားပြီး ငယ်ထပ်ဆီကို သူ့ညာလက်နဲ့ အုပ်ကိုင်လိုက်တယ်။
ပြီးတော့ ပါးစပ်ကနေ ဂါထာတစ်မျိုးကို အချိန်အတော်ကြာကြာရွတ်နေတော့တာ။
လူကြီးနဲ့ ပါလာတဲ့ ကလေးနှစ်ယောက်ကတော့ အများနည်းတူပဲ လူကြီးပြုလုပ်နေတာကို စိတ်၀င်တစားကြည့်တယ်။
” အင်း…ဟင်း…ဟင်း…”
ကလေးငယ်ဆီက ညည်းညူသံနဲ့အတူ လူကြီးအုပ်ကိုင်ထားတဲ့ ငယ်ထိပ်ဆီက သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အမည်းရောင်အခိုးအငွေတွေထွက်လာတယ်။
ဒါကို လူကြီးနဲ့အတူလိုက်လာတဲ့ ကလေးနှစ်ကလွဲပြီး အခြားသူတွေ မမြင်နိုင်ခဲ့ဘူး။
အချိန်ခဏကြာတော့ အခိုးအငွေ့တွေ ထပ်ထွက်မလာတော့ဘူး။ ဒီတော့မှ လူကြီးက သူ့လက်ကို ပြန်ရုတ်ပြီး…။
” ကဲ…ကလေးကို ရေမိုးချိုးပေးလိုက်။ တအောင့်ကြာရင် ပုံမှန်အတိုင်း ပြန်ကောင်းသွားပါလိမ့်မယ်…”
” ကျေးဇူးကြီးလှပါတယ် ဆရာရယ်…”
” ရပါတယ်ဗျာ။ အပေါ်က ပြောခဲ့သလိုပဲ ကယ်သင့်လို့ အကြောင်းဖန်လာတာပါ။ ကဲ…ကျုပ်တို့ကို သွားခွင့်ပြုပါဦး…”
လူကြီးက ပြောပြောဆိုဆို နှုတ်ဆက်တော့ ဦးသာလှအလွန် အံ့အားသင့်သွားရပြီး…။
” ဆ…ဆရာ ခဏနေပါဦး။ ကျုပ် ကျေးဇူးတင်လွန်းလို့ ဆရာ့အတွက် ငွေကြေးတချို့ ကျုပ် ကန်တော့်ပါရစေ…”
လူကြီးက တည်ကြည်စွာနဲ့ပဲ ပြုံးလိုက်ပြီး…။
” ကျုပ်တို့အတွက် ငွေကြေးအဖိုးအခတွေ မလိုပါဘူး။ တကယ်လို့ ဒီကနောင်ကြီး အလိုရှိတယ်ဆိုရင်တော့ ကျုပ်တို့ကို ကန်တော့်မယ်ဆိုတဲ့ ငွေကြေးကို ရွာဦးစေတီက စောင်းတန်းအမိုးတွေ ပျက်လုပျက်ခင်ဖြစ်နေတာအတွက် လှူဒါန်းလိုက်ပါ။ ခွင့်ပြုပါဦး…”
ဦးသာလှရင်ထဲ ပီတိအဟုန်ကြောင့် ကြက်သီးမွေးညှင်းတောင်ထသွားရတယ်။ လူကြီးနဲ့ ကလေးနှစ်ယောက်ကတော့ သူတို့ကို ကျောခိုင်းထွက်ခွာသွားခဲ့ပြီ။
” ဟို…ဆ…ဆရာ။ ဆရာ့နာမည်လေးများ…”
” ကျုပ်နာမည် သိဒ္ဒိလို့ခေါ်ပါတယ် နောင်ကြီးသာလှရေ…”
” ဟင်…”
ဦးသိဒ္ဒိဆိုတဲ့ ပုဂ္ဂိုလ်က သူ့နာမည်ကို မပြောဘဲသိနေလေတော့ ဦးသာလှတစ်ယောက် ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ရတော့တာ။
*******
ဒေါ်စိန်တင်တစ်ယောက် အစီအမံပြုထားရာဆီမှာ မျက်လုံးအစုံမှိတ်လို့ တင်ပုလ္လင်ခွေထိုင်ရင်း ရှိနေတယ်။
အဲ့ဒီ့အခိုက္…။
ဝုန်းခနဲ အစီအမံပြုထားတဲ့ ပစ္စည်းတွေဆီက မီးတောက်တစ်ခု ထွက်ပေါ်လောင်မြိုက်လာတယ်။
” ဟင်…တောက်…”
ဒေါ်စိန်တင်ဆီက ဒေါသတကြီးတောက်ခေါက်သံ။ မျက်၀န်းတွေက ဒေါသအရိပ်အငွေ့တွေ အလျှံတညီးညီးထွက်နေတယ်။
” ငါ့ကိုများ စမ်းချင်တယ်ပေါ့…တောက် တွေ့ကြသေးတာပေါ့ ဆရာစုတ်ရယ်…”
ဒေါ်စိန်တင် ရေရွတ်ပြီး လက်နှစ်ဖက်ကို ခေါင်းထက်ဆီမှာ ယှက်ဖြာလိုက်တယ်။ နောက် အောက်ဆီက ပေါင်နှစ်ဖက်ဆီကို မှောက်လျက်အနေအထားနဲ့ ချလိုက်တယ်။
အဲ့ဒီ့နောက်မှာတော့ သူ့ ပါးစပ်က တတွတ်တွတ်ရွတ်ရင်း မျက်၀န်းအစုံကို မှိတ်လိုက်တဲ့အခါ၊ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်သွားတော့တာရယ်။
*******
” ဘဘ…အခုက ဟိုကလေးလေးကိုက ပညာသည် ပြုစားထားတာမလား…”
ဒိုးငယ်ရဲ့ အမေး။ ဦးသိဒ္ဒိက ခေါင်းကို ညိတ်လို့…။
” အင်း…ဟုတ်တယ် လူလေးရဲ့။ ပြောရရင်တော့ ဝိသမလောဘတက်ပြီး သူကိုယ်တိုင်ပြုစား၊ သူကိုယ်တိုင် ပြန်ကုပေးနဲ့ လုပ်စားတဲ့သဘောပဲ။ ဒါကြောင့် သူငယ်ရဲ့ အသက်ဓာတ်ပါ၀င်တဲ့ ပစ္စည်းတချို့နဲ့ စီရင်ပြီး လိပ်ပြာကိုချုပ်နှောင်ထားတဲ့ သူ့အစီအရင်ကို ဘဘက ခပ်လွယ်လွယ်နဲ့ ဖျက်လို့ရခဲ့တာပေါ့…”
” ဪ…”
ဒိုးငယ်က တအံ့တသြနဲ့ ရေရွတ်တယ်။ ဒိုးကြီးက…။
” ဒါနဲ့ ဘဘ သူပညာအဆင့်က ဘယ်အဆင့်လဲ။ သိပ်ကြောက်ဖို့ကောင်းလား…”
ဦးသိဒ္ဒိက ခပ်သာသာပြုံးလိုက်ပြီး…။
” ပြောရရင်တော့ သူ့အဆင့်က ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံး၊ မောက်ပြား၊ အိမ်တလိမ့်စုန်း၊ ကဝေမြောက်စုန်း စတဲ့ ခုနှစ်နွယ်၀င်စုန်းတွေထဲက အိမ်တလိမ့်စုန်းအဆင့်ပဲ။ ကဲပါ ဘဘက အရှေ့က တောအုပ်မှာ အဲ့ဒီ့ပညာသည်နဲ့ ဆုံဖို့ ခေါ်ထားတယ်။ မကြာခင် သူရောက်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် လူလေးတို့ သူ့ကို သေချာ အကဲပြီး စောင့်ကြည့်ပေါ့…”
” ဟုတ်ကဲ့ ဘဘ…”
မကြာဘူး။ သူတို့သုံးယောက် တောအုပ်ဆီကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ သူတို့နားထဲမှာ တဝီ၀ီနဲ့ ပိတုန်းတွေပျံလာသလို အသံတွေကြားရပြီး…။
” သူ စက်တွေလွှတ်နေပြီ။ လူလေးတို့ ဘဘနောက်မှာကွယ်နေကြ…”
ဦးသိဒ္ဒိက ပြောပြောဆိုဆိုပဲ မတ်တပ်ရပ် လက်အုပ်ချီလို့ ပါးစပ်က မန္တာန်ရွတ်ပြီး လာသမျှ စက်တွေကို ပါယ်ထုတ်လိုက်တယ်။
ဦးသိဒ္ဒိရဲ့ ပါယ်ထုတ်မှုကြောင့် ၀င်ရောက်လာသမျှ ပညာစက်တွေက နံဘေးက သစ်ပင်တွေဆီကို ပြေးမှန်တော့တာ။
တဝုန်းဝုန်း၊ တဖြောင်းဖြောင်းနဲ့ ပတ်၀န်းကျင်တစ်ခုလုံး သွက်သွက်ခါနေတယ်။ ဦးသိဒ္ဒိ စက်တွေကို ပါယ်နေတုန်းမှာပဲ မိန်းမတစ်ယောက်ရဲ့ ခြောက်ခြားဖွယ်ရာ ရယ်မောသံကြီးက ထွက်လာပြန်တော့တာ။
” နင် ဘာကြောင့် ဒီလိုလုပ်တာလဲ…”
ဦးသိဒ္ဒိက ပြောတဲ့အချိန် ရယ်သံကြီးက ရပ်တန့်သွားတယ်။ ပြီးတော့ အက်ကွဲလှိုင်းထနေတဲ့ အသံကြီးနဲ့…။
” လူတွေ ငါ့ကို ကိုးကွယ်စေချင်လို့ ငါလုပ်တယ်။ ငါ့ စီးပွားရေးကို ငါလုပ်တယ်။ ဒါကို နင်က မဆီမဆိုင် ၀င်ရှုပ်တယ် နင့်ကို ငါအသေသတ်မယ်…”
” မဟုတ်သေးဘူး စိန်တင်။ နင်တို့ ပညာရပ်ကော ငါတို့ရဲ့ ပညာရပ်ကောက လူသားတွေအတွက် ကောင်းကျိုးဆောင်ဖို့ အစပျိုးခဲ့တဲ့အရာပါ။ အတ္တမာန၊ ဝိသမေလာဘကြောင့် မတော်တရော် ဆိုးသွမ်းမှုဆီရောက်ခဲ့တာ။ ဒါကြောင့် အမှန်ကိုမြင်ပြီး နင့်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်လိုက်ပါ စိန်တင်…”
” အို…မရပ်တန့်နိုင်ဘူး။ နင်က ဘာကောင်မို့လို့ ငါကို အာဏာလာပြနေရတာလဲ။ နင်သာ မသေချင်ဘူးဆို ဘေးရှောင်ထွက်သွားလိုက်…”
” ကောင်းပါပြီ။ နင့်ဘက်က ခေါင်းမာနေတာမို့ ငါ့ဘက်က လုပ်စရာရှိတာကို လုပ်ရပါတော့မယ်…”
ဦးသိဒ္ဒိက ပြောပြောဆိုဆိုနဲ့ပဲ လက်တစ်ဖက်နဲ့ စက်တွေကို ပါယ်ရင်း ကျန်တစ်ဖက်က သူ့လွယ်အိတ်ဆီက ဆေးလုံးလေးတစ်လုံးကို ထုတ်ပြီး စက်တွေရဲ့ လားရာဆီကို ပစ်လွှတ်လိုက်တယ်။
” ဝီး…ဟီး…ဟီး…”
ဆေးလုံးပြေးထွက်သွားတာနဲ့ ကြောက်မက်ဖွယ် တော်လဲသံကြီးက ထွက်ပေါ်လာတာ။
ချက်ချင်းဆိုသလိုပဲ စက်တွေထွက်လာရာဘက်ဆီက ဝုန်းခနဲအသံနဲ့အတူ အမဲရောင်အ၀တ်အစားနဲ့ မိန်းမကြီးတစ်ယောက် မချိမဆန့်အော်ရင်း ပြုတ်ကျလာတယ်။
မိန်းမကြီးက မြေပေါ်ကနေ ထဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် ရုတ်တရက် ပါးစပ်ကနေ သွေးတွေပွက်ခနဲ အန်ကျလာပြီး မျက်ဖြူလန်လို့ ပျော့ခွေ ငြိမ်သက်သွားတော့တယ်။
” အင်း…တော်တော်ခေါင်းမာတာပဲ။ သေတဲ့အထိတောင် နှောင်းနောင်တ ရမသွားရှာဘူး…”
ဦးသိဒ္ဒိက ခပ်ညည်းညည်း ရေရွတ်တယ်။
ဒိုးညီနောင်တို့က လဲကျနေတဲ့ မိန်းမကြီးဆီကို လှမ်းကြည်မိကြတယ်။ သွေးအလိမ်းလိမ်း ရုပ်ပျက်ဆင်းပျက်နဲ့ တကယ့်ကို စိတ်မကောင်းစရာ။
” ကဲ…လူလေးတို့။ ကိစ္စတော့ ပြီးပြီ။ ဒီကနေသွားကြစို့…”
” ဟုတ်ကဲ့ ဘဘ။ ဒါနဲ့ သူကိုရော ဒီအတိုင်းထားခဲ့မှာလား…”
” အင်း…ခဏနေ သူ့ကို ငရဲမီးတောက်တစ်ခုက ဝါးမျိုသွားလိမ့်မယ်။ ဘဘတို့ ဘာမှ လုပ်စရာမလိုဘူး…”
ဒိုးညီနောင်တို့လည်း ဘာမှဆက်မမေးကြတော့ဘူး။
သုံးဦးသား တောအုပ်ဆီကနေ မြောက်အရပ်ကို ဦးတည်လို့ ဆက်လက်ထွက်ခွာခဲ့ကြတယ်။
******
အဲ့ဒီ့အချိန် သောင်းတိုင်ရွာဆီမှာတော့…။
” မီးဗျို့ မီး…နတ်ကတော်ဒေါ်စိန်တင်ရဲ့ အိမ်ကြီး မီးလောင်နေတယ်ဗျို့…”
တစ်ရွာလုံး ပြားပန်းခတ်ပြီး ရေပုံးကိုယ်စီနဲ့ ဒေါ်စိန်တင်ရဲ့ ဝိုင်းထဲကို ပြေးလာကြတယ်။
အိမ်ကြိးဆီမှာတော့ မီးတောက်က အတော်ကြီးပြီး တစ်ခြမ်းတိတိကို ဝါးမျိုထားခဲ့ပြီ။
ရွာက လူအင်အားနဲ့ ဝိုင်းပြီးဘငြှိမ်းသတ်ပေမယ့် ဘယ်လိုမှ မငြှိမ်းနိုင်ခဲ့ကြဘူး။
နောက်ဆုံးတော့ အိမ်ကြီးတစ်လုံးလုံး မီးတောက်ကြီးတွေရဲ့ အောက်မှာ အလဲလဲ အပြိုပြိုနဲ့ အဆုံးသတ်သွားခဲ့တယ်။
ဒေါဖျော့ကိုတော့ မီးလောင်နေတဲ့ကြားဆီက ကယ်တင်နိုင်ခဲ့ပေမယ့် အသက်က မျော့မျော့ရယ်ပဲ ရှိတော့တာ။
ဒေါ်စိန်တင်ကတော့ မီးထဲပဲပါသွားတာလား ဘာလား ဘယ်သူမှမသိခဲ့ကြဘူး။
ဒေါ်ဖျော့က သေခါနီး အဖြစ်အပျက်တွေကို ၀န်ခံလိုက်တဲ့အခါမှာတော့ ရွာသူရွာသားတို့ တောက်တခေါက်ခေါက်နဲ့။
နောက်များမှာတော့ ဇီးတောရွာက အဖြစ်အပျက်ကို ကြားမိကြပြီး ကလေးနှစ်ယောက်နဲ့အတူ ရောက်လာတဲ့ ဆရာနဲ့ ဒေါ်စိန်တင်တို့ရဲ့ အဖြစ်အပျက်ကို ဆက်စပ်မိကြတော့တယ်။
ဒီအချိန်မှာ ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ကတော့ မြန်မာပြည်ရဲ့ မြောက်အရပ်ဆီကို ဦးတည်လျောက်လှမ်းကြရင်း ရေငံကုန်းဆိုတဲ့ နောက်ထပ်ရွာတစ်ရွာဆီကို ရောက်ချိန်၊ ရွာအပြင်က ကျောင်းပျက်ကြီးဆီမှာ မကျွတ်မလွတ်နိုင်သေးတဲ့ ဘုန်းကြီးတစ္ဆေကို ချေချွတ်ကြဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတော့တယ်။
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေစာဖတ်သူအပေါင်း
နောင်ရိုး(ဆေးတပ်)အားလေးစားလျက်