စေတလုံးဘိုးတော်ပန်

*စေတစ်လုံး ဘိုးတော်ပန်*📖📖📖(စ/ဆုံး)

**************************************

“ဟဲ …ဟဲ …ဟဲ…၊ မောင်ဖိုးဖြူ မင်းမျက်စိက
သာမန်ကျိမ်းတာမှ မဟုတ်ဘဲကွ၊ ဒါပေမဲ့
မပူပါနဲ့ စေတစ်လုံး ဘိုးတော်ပန်ဆိုတာ
နဲနဲမှ မကြားဘူး …ဘူးလား စုန်းကဝေ
ဆယ့်နှစ်ကြိုးတစ္ဆေ သရဲသဘက်ဇော်ကနီ
ဇော်ကနက် စေတလုံး ဘိုးတော်ပန်နဲ့ တွေ့ရင်
ရောက်ဆိုရောက် ပျောက်ဆိုပျောက်ရမယ်”

ဖြူပြီးကားနေတဲ့ နှုတ်ခမ်းမွှေးများနဲ့ ခေါင်းပေါင်း
အဖြူတိုက်ပုံအင်္ကျီပုဆိုးအားလုံး အဖြူ
ဝတ်ဆင်ထားပြီး ဇီးဖြူသီးခန့်စိပ်ပုတီးကြီး
လည်မှာ ဆွဲထားသော စေတလုံး ဘိုးတော်ပန်
အမည်ခံ ဥပဓိရုပ်ကောင်းကောင်း လူကြီး
တစ်ယောက်က အိမ်ရှင် ဖြစ်တဲ့ မျက်စိ
ဝေဒနာသည် မောင်ဖိုးဖြူအား ခေတ္တ
အကဲခတ်သလို ကြည့်လိုက်ပြီး မိမိဆေးလွယ်
အိတ်ကြီးထဲကို မွှေနှောက်နေရင်းမှ
ပြောလိုက်လေသည်။ အတန်ကြာမျှ
မွှေနှောက်ပြီး …

“ကဲ…ကဲ…သေချာအောင် မင်းတို့ကို
ပြရတာပေါ့လေ”

ဘိုးတော်ပန်က ပြောပြောဆိုဆို
သူဆေးလွယ်အိတ်ကြီးထဲမှာ
ပုဝါဖြူလေး တစ်ထည် ထုတ်ယူလိုက်ပြီး…

“ရော့ …ရော့ …ဒီပုဝါလေးကို မင်းမျက်နှာ
ခဏအုပ်ထားလိုက်”

မောင်ဖိုးဖြူက ဘိုးတော်ပန် ပေးသော
ပုဝါဖြူကလေးကို မိမိမျက်နှာပေါ်သို့
အုပ်ထားလေသည်။

တခဏကြာတော့ ဘိုးတော်ပန်က

“ကဲ …ကဲ ပုဝါလေး ခွာလိုက်တော့ အဲဒီ့
ပုဝါလေးထဲကို သေချာကြည့်စမ်း “

မောင်ဖိုးဖြူက ဘိုးတော်ပန် အမိန့်အတိုင်း
ပုဝါဖြူကလေးကို မျက်နှာမှ ခွာ၍ ကြည့်လိုက်ရာ

“အမလေး”

မောင်ဖိုးဖြူက ထိတ်လန့်တကြား အော်ရင်း
ပုဝါဖြူလေးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ရာ
မောင်ဖိုးဖြူဘေးနားတွင် ဒူးကလေး တုတ်ထိုင်ပြီး
တစ်ချိန်လုံး ငြိမ်နေတဲ့ ဇနီးဖြစ်သူ ဆန်းကြည်လည်း
ထိတ်လန့်တကြားနဲ့ နောက်သို့ တွန့်သွားလေသည်။
ပုဝါဖြူလေးထဲမှာတော့ လောက်ကောင်တွေက
ရွစိ ရွစိနဲ့ အသဲယားစရာပင် …

ထိုအခါ ဘိုးတော်ပန်ရဲ့ လက်စွဲတော် တပည့်ဖြစ်တဲ့
မောင်ပုံက …

“ကဲ …ဖိုးဖြူ ငါမပြောဘူးလာ၊ မင်းမျက်စိက
သာမန်ကျိမ်းတာ မဟုတ်ဘူးလို့ အနှောင်အယှက်
ပယောဂ ထင်တယ်လို့ တော်သေးတာပေါ့
ဆရာနဲ့ တွေ့ပေလို့ “

ထိုစဉ် ဇနီးဖြစ်သူ ဆန်းကြည်က ခင်ပွန်းဖြစ်သူ
အတွက် စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်းနဲ့ အတူတူ
ပျာပျာသလဲနဲ့ လက်အုပ်ချီရမလို ကလေးများလို
ဆရာရှေ့ရောက်ရင် လက်ပိုက်ရမလိုနဲ့

“ဆရာရယ် ၊ ကယ်ပါဦး၊ ဆရာ့ကျေးဇူးမမေ့ပါဘူး
ဆရာ။ ကျေးဇူးဆပ်ပါ့မယ်၊ အားကိုးပါတယ်”

ဟု စုံသွားအောင် အသနားခံ တောင်းပန်လေတော့သည်။
ဘိုးတော်ပန်ကတော့ တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းက
ဆတ်ဆတ်ငြိမ့်ကာ …

“ပြောပြီးပြီပဲ စေတလုံး ဘိုးတော်ပန်နဲ့ တွေ့မှတော့
ဘာမှမပူနဲ့။ စုန်းကဝေ ဆယ့်နှစ်ကြိုးတစ္ဆေ သူရဲ
သူဘက် ဇော်ကနီ စေတလုံး ဘိုးတော်ပန်နဲ့
တွေ့ရင် ရောက်ဆိုရောက် ပျောက်ဆိုပျောက်
ဆိုရမယ်။ ဒါပေမဲ့ နင်ယောင်္ကျားကံကောင်းတာ
နှစ်ရက်လောက်ကြာရင် သည်လောက်ကောင်တွေ
ထိုးဖောက်စားသောက်ကြမှာမို့ နင့်ယောင်္ကျား
ဟောက်တောက်ကမ်းဘဝ ရောက်ပြီ”

ထိုစဉ် မောင်ဖိုးဖြူကလည်း မျက်စိနာကြောင့်
ကျတဲ့ မျက်ရည်လား၊ ထိတ်လန့်စိုးရိမ်ခြင်းကြောင့်
ကျတဲ့ မျက်ရည်လားတော့ မသိ၊ မျက်ရည်များကို
ပုခုံးပေါ်တင်ထားသော သဘက်ဖြင့်
အသာဖိသုတ်လိုက်ရင်းနဲ့ …

“ကယ်ပါဦး ဆရာရယ်၊ ဆရာ့ကို ပုံအပ်ပါတယ်”

“ကဲပါ ငါဆရာနဲ့ တွေ့နေမှတော့ မစိုးရိမ်နဲ့၊
မကြောက်နဲ့တော့ ပယောဂအနှောင့်အယှက်
အားလုံးကိုလည်း ငါနှင်ပြီးပြီ။ သည်တော့
အန္တရာယ်ကင်းလို့ ဘေးရှင်းသွားပါပြီ
မျက်စိကျိမ်းတာကိုပဲ ကုရတော့မှာ။ သည်တော့
ဆေးပေးခဲ့မယ်။ ငါပေးတဲ့ဆေး ငါမှာသလို
သောက် ပျောက်ပြီပေါ့ကွာ”

ဘိုးတော်ပန်က စကားပြောရင်း ဆေးမှုန့်ကလေး
များကို စက္ကူလေးများနဲ့ ထုတ်၍ ပေးပြီး …

” ဒါက နံနက်၊ ဒါက နေ့လယ်၊ ဒါက ညနေ
တစ်နေ့ သုံးကြိမ်သောက်။ ကဲ …ဒို့လဲ ကြွဦးမယ်၊
ဟိုဘက်ရွာ သွားရဦးမှာ”

ဘိုးတော်ပန်က ထရန်ဟန်ပြင်လိုက်စဉ်
ဆန်းကြည်က တစ်ထောင်တန်နှစ်ရွက်
ရိုသေသော အမူအရာနှင့် ဘိုးတော်ပန်အား
ကမ်းလိုက်စဉ် ဘိုးတော်ပန်က လက်ကာပြကာ
အဆင်းလှေခါးဆီသို့ ဆက်လက်သွားလေတော့သည်။

ထိုစဉ်မှ လက်စွဲတပည့်ဖြစ်တဲ့ မောင်ပုံက
မောင်ဖိုးဖြူတို့ လင်မယားနားကပ်ကာ

“ဆရာက ငွေမကိုင်သလို လက်မခံဘူး။
ဝေဒနာပျောက်ပြီဆိုမှကျေးဇူးဆပ်တဲ့
အနေနဲ့ လာကန်တော့ လှည့်ကြ”

ဟု လေသံတိုးတိုးလေးနဲ့ ပြောကာ ဘိုးတော်ပန်
နောက်သို့ ခပ်သုတ်သုတ်ကလေး လိုက်သွားလေ
တော့သည်။

XXXXX

ဆန်းကြည်တစ်ယောက်ပါးစပ်က အမြှုပ်ထွက်မတတ်
စကားတွေ ပြောလိုက်ရတာ မောသွားပြီထင့် ၊
ရှေ့တွင် ကျုပ်ငှဲ့ ပေးထားတဲ့ အေးနေပြီ ဖြစ်တဲ့
အကြမ်းပန်းကန်ကို ကောက်ကာ ဂွတ်ခနဲ
မော့ချလိုက်ပြီး …

“ကိုကြီးသာဒင်ရေ …ဆရာကတော့ စွမ်းမှစွမ်း။
ဒါကြောင့်လည်း စေတလုံး ဘိုးတော်ပန်လို့
နာမည်ကြီးတာနေမှာ”

သူမတစ်ယောက် စေတလုံး ဘိုးတော်ပန်ကို
ယုံကြည်အားကိုးမှုဟာ အထွဋ်အထိပ်သို့
ရောက်နေသည်ကို ကျုပ်အကဲခတ်မိလေသည်။

“ဒါနဲ့ နေပါဦး ဦးဖိုးဖြူ မျက်စိဝေနာကရော”

“အမလေးတော် အကောင်းပကတိ ဖြစ်သွားပြီလေ”

“ဒါနဲ့ ဆရာကို ဘယ်လောက် ကန်တော့လိုက်ရလဲ”

“တစ်သိန်း ကန်တော့လိုက်တယ်”

“ဟင်…”

ဆန်းကြယ်ရဲ့ ဖြေစကားကြောင့် ကျုပ်မျက်လုံး
ပြူးသွားလေသည်။ ဘာကြောင့်လည်းဆိုတော့
သူတို့လို လက်လုပ်လက်စားဘဝမှာ တစ်နှစ်လုံး
လုပ်တောင် တစ်သိန်းငွေမပိုနိုင်သော ကာလပါ။
ဆန်းကြယ်က စကားကို ဆက်ပြောသည်။

“မဟင်နဲ့ ကိုကြီးသာဒင်ရေ၊ အရေးပေါ်ဆိုတော့
ရွာထဲလှည့်ပြီး အသနားခံပြီး ငွေတိုးနဲ့ ယူရတာပေါ့၊
ဝေဒနာ ပျောက်ဖို့က အဓိကကိုး၊ နောက်မှ
လုပ်ကိုင်ဆပ်ရုံပေါ့ ကိုကြီးသာဒင်ရေ “

“အေးပါ…ဟုတ်ပါတယ်၊ ဒါနဲ့ သည်ဆရာက ဘယ်ကလဲ”

“အောက်ပြည်ကလို့ ပြောတာပဲ၊ တောင်ဘက်က
ပေါက်ပင်ကုန်းရွာမှာ ဖွားအေးတုတ်အိမ် တည်းတယ်တဲ့။
ဆွေမျိုးနည်းစပ်လည်းတော်တယ်လို့ ပြောတာပဲ။
အခုလာတာကလဲ ကိုကြီးသာဒင်ကို လယ်စိုက်ရင်
ကျုပ်ကို ပေးပါဦး လာပြောတာ”

“အေး အေး “

“ကဲ …သည်လိုဆို ကျုပ်ပြန်ဦးမယ်တော်”

သူမက ပြောပြောဆိုဆို ပြန်သွားလေသည်။
သူမ ပြန်သွားမှ ကျုပ်ရဲ့ အတွေးများက
စေတလုံး ဘိုးတော်ပန်ဆီသို့ ပြန်လွင့်သွားလေတော့သည်
သူတည်းတဲ့ အိမ်က ဖွားအေတုတ်ဆိုတာက
အပျိုကြီးဘဝနဲ့ ယခုအသက်(၆၀)ကျောခဲ့ပေပြီ။

အလုပ်ဆိုတာက ဟိုအရင်ကတော့
ကောက်စိုက်လယ်ရိတ်ကူလီအလုပ်နဲ့တစ်ယောက်တည်း
နေလေသည်။ နောက်တစ်ခါ မီးဖွားလက်သည်
လုပ်သလို အနင်းအနှိပ်လဲ လိုက်သည်။
နောက်တော့ ဘာလုပ်သည်မသိ၊ နောက်ပြီး
ဖွားအေးတုတ်က (၁၂)ကြိုးစုန်းမကြီးလို့
တိုးတိုးတိတ်တ်ိတ် သတင်းများ ကျုပ်ကြားဘူး
ထားလေသည်။ ကျုပ်လည်း တွေးရင်းနဲ့ပဲ
ခေါင်းကို တဆတ်ဆတ် ငြိမ့်နေမိတော့သည်။

XXXXX

ပေါက်ပင်ကုန်းရွာ ဖွားအေတုတ်အိမ် အိမ်ဦးခန်း၌
အနံ့မျိုးစုံ၊ အမွှေးတိုင်များကို အငွေ့တလူလူနဲ့
ထွန်းညှိလျှက် ပွဲစုံကျင်းထားလေသည်။
ခင်းကျင်းထားသော ပွဲများမှာ ငှက်ပျော၊
အုန်းပွဲလဲ ပါသည်။

ကြက်အစိမ်းကောင်လုံးပွဲ ပါသလို ကြက်ကောင်လုံး
ကြော်၊ ငါးကြော်၊ ငါးအစိမ်း၊ ထမင်းပွဲ၊ အရက်ပုလင်း
တို့လဲ ပါသည်။ လူကတော့ စေတစ်လုံး ဘိုးတော်ပန်နဲ့
သူ့တပည့် မောင်ပုံ၊ သူတို့နဲ့ မနီးမဝေးအခန်းထောင့်
တစ်နေရာ သင်းဖျာလေးပေါ်မှာ အခန့်သား
ထိုင်လျှက် တွန့်နေသော အရေးအကြောင်းများနှင့်
မလှမပ မျက်နှာကြီးနဲ့ မညီညာသော သွားများ
ပေါ်အောင် ပြုံးပြုံးကြီး ကြည့်နေသော
ဖွားအေးတုတ်…

“ကဲ မောင်ပုံ ပြီးပြီလားဟေ့”

ဘိုးတော်ပန်က သူ့တပည့်မောင်ပုံကို
မေးလိုက်လေသည်။

“ပြီးပြီဆရာ”

ဘိုးတော်ပန်က ခင်းကျင်းထားသော ပွဲစုံရှေ့မှာ
အခန့်သား ထိုင်လိုက်ပြီး …

“ကဲ နယ်တော်ရှင်၊ ပယ်တော်ရှင်များ ကျွန်ပ်က
ပွဲစုံကျင်းလို့တင်ပါတယ်၊ သပါတယ်၊ ပူဇော်ပါတယ်၊
စားတော် ခေါ် သောက်တော်ခေါ်ကြပါ၊ စုန်းမ
ခုနှစ်ယောက် မရှိရင် ရွာတည်လို့ မရဘူးဆိုတဲ့
ရှေးဆိုစကားအရ .ဤရွာထဲမှာရှိသော
စုန်းကဝေ(၁၂)ကြိုးအားလုံးကို ဖိတ်ခေါ်လို့
ကျွေးမွေးပါတယ်။ တစ္ဆေသရဲ၊ သဘက်
သက်ဆိုင်ရာ အားလုံးကို ဖိတ်ခေါ် ကျွေးပါတယ်။
ဤအလုပ်ကို ကူညီပါ၊ စောင်မပါ၊ ခွင့်ပြုပါ။
မှားတာရှိရင် ခွင့်လွတ်ပါ အနူးအညွတ် အသနားခံ
တောင်းပန်ပါသည် ခင်ဗျာ။ မကြာ မကြာလည်း
ဤသို့ တည်ခင်းကျွေးမွေးပါမည်ဗျာ”

စကားဆုံးသည်နှင့် ဘိုးတော်ပန်က ဖွားအေးတုတ်
မျက်နှာကို အကဲခတ်သလို တစ်ချက် ကြည့်လိုက်ရာ
မလှပတဲ့ ဖွားအေတုတ်ကို မျက်နှာကြီးက
ဝင်းလက်သော ပီတီများဖြင့် မလှမပ ရယ်လိုက်ကာ…

“အဟိ…အဟိ…အဟိ…သဘောကျသကွယ်၊
တော်သကွယ်၊အကြံအစည်အားလုံး
အောင်မြင်ပါစေကွယ်”

ဟု ဆုပေးပြီး အိမ်အောက်သို့ ဆင်းသွားလေတော့သည်။
နေမင်းကြီးသည်လည်း အနောက်ဘက် တောင်တန်း
ကြီးအား ပုန်းကွယ်သွားလေပြီ။

XXXXX

ကောင်းကင်မှာ မြူတိမ်များ ကင်းစင်ပြီး
လပြည့်ဝန်းကြီး ထိန်ထိန်သာလျက် ပြသိုလဆိုတော့
ညက အတော်ကလေး အေးသဗျ ။ သည်အချိန်မှာ
ကျုပ်ရွာမှာ ကောက်ကြီးစပါးတွေ ရိတ်သိမ်းကြပြီလေ။
တစ်ချို့ဆို ပြီးသလောက်တောင် ဖြစ်ကုန်ကြပြီ။
ကျုပ်ကတော့ စိုက်တာ နောက်ကျတော့
မရိတ်သိမ်းရသေးဘူးဗျ။ ကျုပ်နဲ့စံအေး
ကျုပ်အိမ်ရှေ့ မြေတလင်း မီးဖိုမှာ မီးလှုံကာ
ရေနွေးကြမ်းသောက်ရင်း စကားစမည်
ပြောနေကြတယ်လေ…

“စံအေး မင်းသည်တစ်ခါ ချလာတဲ့ ကျွန်းသစ်ကြီးက
တယ်လှပါလား။ ဘယ်တုံးက ဘယ်သူတွေနဲ့
ဘယ်တောကို သွားလိုက်တာလဲ”

“တောင်ဘက်က ပေါက်ပင်ကုန်းရွာ ဂျပန်တို့
အဖွဲ့တို့ လိုက်သွားတာ စကားဝါမြောင်
ရောက်ခဲ့တယ်။ မင်းက လယ်ရိတ်တော့မှ
ဆိုတော့ ငါလဲ မပြောတော့ဘူး”

“အေး ဒါနဲ့ သာဒင်၊ ပေါက်ပင်ကုန်းရွာက
စေတလုံး ဘိုးတော်ပန် ဆိုတာ သိလား”

“အေး လူချင်းတော့ မသိဘူး၊ နာမည်တော့
အတော်ကြီးတယ်၊ အတော် စွမ်းတယ်လို့တော့
ကြားဘူးတာပဲ”

“အေးကွ…အဲသည် ဆရာတပည့်နှစ်ယောက်
ဂျပန်အဖွဲ့နဲ့ အတူတူပေါ့ကွာ။ ဆေးပင် ရှာမလို့
ဆိုပြီး တောထဲကို လိုက်လာတယ်ကွ “

စံအေးက စကားကို ခဏရပ်လိုက်ခါ မီးသေနေပြီ
ဖြစ်တဲ့ ဆေးလိပ်တိုကို မီစတစ ကောက်ကာ
မီးငြှိနေစဉ် ကျုပ်လဲ ဘိုးတော်ပန်အကြောင်း
ဆန်းကြည် ပြောပြစဉ်ကပင် စိတ်ဝင်စား
နေခြင်းကြောင့် ကျုပ်က သောက်လက်စ
အကြမ်းပန်းကန်ကို အောက်သို့ ချလိုက်ကာ…

“အေးကွ …ငါ စိတ်ဝင်စားတယ်ကွာ ဆက်စမ်းပါဦး”

“ရှု…အား…”

သည်လိုနဲ့ စံအေးက မီးငြှိပြီးတဲ့ ဆေးလိပ်ကို
တစ်ချက် အားရပါးရ ရှိုက်လိုက်ပြီး …

“ဖြစ်ပုံက သည်လိုကွ၊ ဒို့တောထဲ ရောက်တော့
ထုံးစံအတိုင်း ဂျပန်ကို စခန်းစောင့်ထားနေပြီး
ကျန်တဲ့လူအားလုံးက တောင်ပေါ်တက်
သစ်လှဲကြတယ်ပေါ့ကွာ၊ လှည်းငါးစီးအတွက်
တစ်နေ့ထဲနဲ့ သစ်တွေ အားလုံး စခန်းကို
ရောက်တယ်ကွ၊ သည်လိုနဲ့ စေတစ်လုံး
ဘိုးတော်ပန်တို့ ဆရာပန်တို့ ဆရာတပည့်ကလဲ
သူတို့ ဆေးပင် သူတို့ ရှာကြပြီး အချိန်ကျတော့
စားသောက်ပြီး အိပ်ကြရောပေါ့ကွာ၊ တိုတိုပဲ
ပြောကြပါစို့၊ ည (၁၁)နာရီ တရေးနိုးလောက်
ကြတော့ ဂျပန်က ထဖောက်ပါလေရောဟေ့၊
အဲဒီတုန်းကလည်း ဘိုးတော်ပန်ပါလာလို့ပေါ့။
ဂျပန့်ကို ဆေးတစ်ခွက်တိုက်လိုက်တာ
တစ်ခါတည်း ငြိမ်ကျသွားတာပဲ”

ဘိုးတော်ပန်သတင်း နေရာအနှံကျော်လာသည်။

XXXXX

“အမေ ကြောက်တယ် အီး ဟီး ဟီး ဟီး ဟီး
အမေ လုပ်ပါဦး ဟိုမှာ ကြောက်တယ် အဟင့် အဟင့်”

ကျုပ် အိမ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ ဖိုးတွတ်နဲ့ သန်းမေ
တို့ရဲ့ သား ၁၀ နှစ် အရွယ်ရှိ ငဦးရဲ့ ကြောက်လန့်
တကြား ငိုတဲ့အသံကို ကျုပ်နဲ့ စံအေး ကြားရလေရာ…

“ဟ စံအေး ဒါ ဖိုးတွတ်နဲ့ သန်းမေရဲ့သား
ငဦး အသံ မဟုတ်လား”

“အေး ဟုတ်တယ်ကွ၊ တစ်ခုခုကို ကြောက်ပြီး
ငိုတာပဲ၊ လာ သွားကြည့်ကြရအောင် “

ကျုပ်တို့လဲ ဖိုးတွက်တို့ အိမ်ဘက်ကို ကဗျာ
သုတ်သက် ကူးခဲ့ကြတယ်။ ဖိုးတွတ်တို့ အိမ်ဘက်
ရောက်တော့ အိမ်နီးချင်းတွေ တော်တော်များများ
ရောက်နေကြပြီး တစ်ယောက်တစ်ပေါက် စကားတွေနဲ့
ကျွတ်စီ ကျွတ်စီ ရုံးစုရုံး ဖြစ်နေကြလေသည်။
ကျုပ်နဲ့ စံအေးလည်း လူတွေကြားထဲ
တိုးကြည့်လိုက်တော့ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ
သန်းမေက သူ့သား ငဦး ရင်ခွင်ထဲ ပိုက်လျှက်…

“ငါ့သား ဘာကို ကြောက်တာလဲ ဘာမှမရှိဘူး”

ဖိုးတွတ်ကလည်း အနားမှာထိုင်လျှက်

“ငါ့သား အဖေတို့လေ ဘာမှ ကြောက်စရာ
မရှိပါဘူး သားရဲ့ “

သို့ပေမဲ့ ငဦးက သူ့အဖေ ဖိုးတွတ်ကိုပင်
မကြည့်ရဲအောင် ဖြစ်နေလေသည်။
ငဦးက မြင်မြင်သမျှကိုပင် ကြောက်နေသလို
ဖြစ်နေသောကြောင့် …

“ဟဲ့ သန်းမေ ကလေး မျက်နှာကို ဘာမှ
မမြင်ရအောင် နင့်ရင်ခွင်ထဲ အပ်ထားစမ်း “

သန်းမေက ကျုပ်ပြောသလို ကလေး မျက်နှာကို
ရင်ခွင်ထဲ အပ်ထားလိုက်မှ ကလေးက ဘာမှ
မမြင်နိုင်အောင် ဖြစ်ပြီး ငြိမ်သွားလေသည်။

“ဘယ်လိုဖြစ်တာလဲ သန်းမေ”

စံအေးက မေးလိုက်သည်။

“ဘယ်လိုဖြစ်မှန်း မသိပါဘူး ကိုစံအေးရယ်၊
ကျုပ်တို့လည်း ပေါက်ပင်ကုန်းရွာ အမေ့အိမ်က
ပြန်လာတာ မကြာသေးဘူး။ ကျုပ်က မီးဖိုဆောင်
ဝင်သွားကာ ရှိသေးတယ်။ သူ့အဖေကလဲ
နွားတွေ စားခွက်က ရွှေ့နေတုန်း သားက
သည်ကွပ်ပျစ်ပေါ်က စားနေရင်းကနေ
ကြောက်တယ် ကြောက်တယ်နဲ့ အော်ငိုတော့
တာပါပဲ”

“အေး မိုးကလဲ ချုပ်ပြီဆိုတော့ တစ်ခုခုများ
လိုက်လာသလား”

ကျုပ်က ဖိုးသူတော် ဦးရွှေသီးကို သွားပင့်ဖို့
ပြောမလို့ စဉ်းစားနေတုန်း ဘယ်အချိန်က
ရောက်နေမှန်းမသိ၊ ဆန်းကြည်က ဝင်၍

“တစ္ဆေတွေ ဘာတွေ ပါတာ အမှောင့် ပယောဂတွေ
ဘာတွေ ဆိုရင် တောင်ဘက်ရွာ ပေါက်ပင်ကုန်းက
ဘိုးတော်ပန်ကို သွားပင့်ကြ တကယ်စွမ်း
တကယ်နိုင်တာ”

ဆန်းကြည် စကားကြောင့် ကျုပ်စကား
မဆက်နိုင်ခင်မှာပဲ ဖိုးတွတ်က နွားတွေဆွဲ
လှည်းကရင်း

“ကိုကြီးသာဒင်နဲ့ ကိုစံအေးတို့ ကျုပ်ကို ကူညီပါဦး
ဘိုးတော်ပန်ကို ပင့်ပေးကြဦး”

ကျုပ်နဲ့ စံအေးလည်း ဘာမျှ မပြောသာတော့ဘဲ
လှည်းပေါ်တက်မောင်းကာ ထွက်ခဲ့ရတော့သည်။
လမ်းရောက်တော့ စံအေးက

“ကလေးက ဘာဖြစ်တယ်တော့ မသိဘူး၊
တောထဲမှာ ဂျပန်ဖြစ်တဲ့ အဖြစ်မျိုးကွ၊
မြင်,မြင်သမျှကို ကြောက်နေတဲ့သဏ္ဍာန်ပဲ”

“အေး ဘိုးတော်ပန်နဲ့ တွေ့ရင်တော့
အကြောင်းသိရမှာပဲ”

ကျုပ်တို့လဲ စကားပြောရင်း မောင်းလာကြရာ
ပေါက်ပင်ကုန်းရွာရောက်တော့ ဖွားအေးတုတ်အိမ်ဝင်းထဲ
လှည်းမောင်းဝင်လိုက်ပြီး နှစ်ယောက်သား
လှည်းပေါ်က ဆင်းလိုက်ရာ
နှစ်ခန်းအိမ်လေးရှေ့ကပြင်မှာ ဘိုးတော်ပန်နဲ့
သူတပည့်မောင်ပုံတို့ မှိတ်တုတ်မှိတ်တုတ်
ဖန်မီးအိမ် မီးရောင်အောက်မှာ အကြမ်းသောက်ရင်း
စကားပြောနေသည့်ကို တွေ့ရလေသည်။
ကျုပ်တို့ နှစ်ယောက် ဘာမျှ မပြောရသေး။
ကျုပ်တို့ကို မြင်သည်နှင့် ဘိုးတော်ပန်
ခရီးဦးကြို ပြုလိုက်သည်က …

“ဟဲ…ဟဲ…လာကြဟေ့၊ လာကြ ကလေး
အမှောင့်ပယောဂ အနှောင်အယှက် ဝင်လို့
မဟုတ်လား”

“ဟင်…”

ကျုပ်နဲ့ စံအေး အံ့သြခြင်း အာမေဋိတ်သံ
ပြိုင်တူ ထွက်သွားကြလေသည်။ ကျုပ်တို့လည်း
နှစ်ခန်းအိမ်မြင့်လေးပေါ်သို့ တက်သွားရာ…

“ကဲ ကဲ ထိုင်ကြ ပြောစမ်းကွာ၊ ဘယ်လို
ဖြစ်တာလဲ”

“ကျုပ်တို့က ဟိုဘက်ရွာ ကျွဲခြံကုန်းကပါ”

စံအေး စကားမှမဆုံးခင်…

“အေးပါ ငါသိပါတယ်၊ ကလေးက မြင်သမျှကို
ကြောက်တယ်၊ ကြောက်တယ်နဲ့ ငိုနေတာ
မဟုတ်လား။ မပူပါနဲ့ ၊ ဘာမှမဖြစ်ပါဘူး။
ဖြေးဖြေးပေါ့၊ ရော့ …အကြမ်းသောက်ကြဦး”

ဟု ဆိုကာ အကြမ်းအိုးကို ကျုပ်တို့ထံ
တိုးပေးလိုက်သည် ။ ပြီးမှ …

“အင်း…”

ကနဲ သက်ပြင်း တစ်ချက်ချကာ စဉ်းစာသလိုနဲ့
မိုးကောင်းကင်ကြီးကို မော့ကြည့်နေလေသည်။
အတန်ငယ်ကြာမှ …

“မောင်ပုံ ဆေးလွယ်အိတ် သွားယူစမ်း “

မောင်ပုံက သွက်လက်စွာ အိမ်ထဲက
ဆေးလွယ်အိတ်ကို ယူပေးလိုက်ရာ
ဆေးလွယ်အိတ်ကြီးထဲမှ ဘိုးတော်ပန်က
ဘူးလေး တစ်ဘူး နှိုက်ယူလိုက်ပြီး ဘူးလေးထဲမှ
ဆေးလုံးကလေး တစ်လုံးထုတ်ကာ …

“ဝါး …”

တစ်ချက် သန်းလိုက်ပြီး …

“ရော့ ရော့ သည်ဆေးကိုသာ ဝင်အောင် တိုက်လိုက်၊
ကလေး အိပ်ပျော်သွားလိမ့်မယ်။ ဘာမှ မပူနဲ့လို့။
မိုးကလည်း ချုပ်ပြီ ဆိုတော့ တို့မလိုက်တော့ဘူး”

စံအေးက ဘိုးတော်ပန် ပေးသော စက္ကူဖြင့်
ထုတ်ထားသည့် ဆေးလုံးကလေးကို ရိုသေစွာ
လှမ်းယူလိုက်သည်။

“အေး…ငါ ပြောဦးမယ်၊ ကလေးက ပရလောက
နာနာဘာဝ ဝိနာဘာဝ အသိုင်းအဝန်းကနေ
လူလောကကို ရောက်လာတာကွ ။ဒါကြောင့်
ကလေး(၁၀)နှစ်ပြည့်ပြီဆိုတော့ အရင်ဘဝက
သူ့ရဲ့ အသိုင်းအဝန်းက ဟာတွေက သူ့အရင်
ဘဝကို သတိရအောင် ပုံသဏ္ဍာန်တွေ
အမျိုးမျိုး ဖန်ဆင်းပြပြီး အရင်ဘဝ
ပရလောက နယ်ထဲကို ပြန်ခေါ်ချင်တဲ့
သဘောပဲ။ ဒါကြောင့် သူတို့ မခေါ်နိုင်အောင်၊
နောက် ဒါမျိုး မဖြစ်အောင် အဆောင်ပစ္စည်း
လုပ်ရမယ်၊ မနက်ကို ကလေးပါ ခေါ်ပြီး
လာခဲ့ပါလို့ ပြောလိုက်ကြကွဲ့၊ ကဲ ကဲ
သွားကြတော့”

ကျုပ်တို့လည်း အိမ်ကလေးပေါ်မှ ဆင်းလာခဲ့ကြရာ
မောင်ပုံက ကျုပ်တို့နောက်မှ လိုက်လာသည်။
လှေကားရင်းရောက်တော့ အိမ်ဝင်းထောင့်
တစ်နေရာရှိတဲ့ အိမ်ကလေးအတွင်းမှ မီးအိမ်ကလေး
မြောက်ကာဖြင့် ဖွားအေးတုတ် ထွက်လာပြီး …

“ဟဲ့ သာဒင်တို့ စံအေးတို့ ဘယ်သူ ဘာဖြစ်လို့တုန်း”

ကျုပ်က အကျိုးအကြောင်း ပြောပြလိုက်တော့

“အေး …အေး ဘိုးတော်ပန်နဲ့ တွေ့ရင် အန္တရာယ်
ကင်းသွားမှာပါ။ ကဲ ကဲ ပြန်ကြ ပြန်ကြ။ ဆရာ
မှာတဲ့အတိုင်းသာ လုပ်လိုက်ကြ”

ဟု ဆိုကာ မိမိတဲအိမ်ကလေးထဲသို့ ပြန်ဝင်
သွားလေသည်။

ကျုပ်တို့ပြန်ရန် လှည့်နေစဉ် ဘိုးတော်ပန် တပည့်ဖြစ်သူ
မောင်ပုံက အနားသို့ကပ်ကာ…

“ကိုယ်ဆရာတို့ ပြန်ကြတော့နော်၊ ဆရာမှာတာလဲ
မမေ့ကြနဲ့ဦး အဆောင်ပစ္စည်း လုပ်ရမှာက
ငွေငါးသောင်းလောက်တော့ ကုန်မှာလို့လဲ
ပြောလိုက်ဦး”

ဟု သူက ကျုပ်တို့ကို အမှာစကားပါးလိုက်သေးသည်။
သည်လိုနဲ့ ကျုပ်တို့ပြန်လာကြရာ ဖိုးတွတ်တို့
အိမ်ရောက်တော့ ကလေးက ကြောက်လန့်နေဆဲ၊
ငိုနေဆဲပင် ကျုပ်တို့လည်း ဘိုးတော်ပန် ပေးလိုက်တဲ့
ဆေးလုံးကလေးကို ပေးပြီး ကလေးကို တိုက်လိုက်တော့
ကလေးက သန်းမေ ရင်ခွင်ထဲမှာပဲ ခဏမှိန်းပြီး
အိပ်ပျော်သွားလေသည်။

ထိုအခါမှ ကျုပ်က ဘိုးတော်ပန် ပြောတဲ့စကား
မှာလိုက်တာတွေ အဆောင်ပစ္စည်းလုပ်ရမှာ
ငွေငါးသောင်း ကုန်ကျမည်ဆိုတဲ့ အကြောင်း
တွေကို ပြောပြလိုက်ရာ မပြန်ကြသေးဘဲ
အိမ်နီးချင်း လူတွေက …

“လူ့အသက်တစ်ချောင်း ဘာမျှ ဘာတန်ဘိုး မရှိဘူး၊
လုပ်လိုက် ဖိုးတွတ်”

“လူ့ဘဝ ရခဲတယ်၊ ငွေငါးသောင်းဆိုတာ
လူမသေ ငွေမရှား ရှာလို့ရတယ်။ ဆရာမှာသလို
သွားလုပ်လိုက်ဟဲ့ သန်းမေ”

တစ်ယောက်တစ်ပေါက် ပြောနေကြလေသည်။
သည်အထဲမှာ ဆန်းကြည်အသံက အကျယ်ဆုံး
သူက ရှေ့ဆုံးက …

၂ ရက်လောက်ကြာတော့ ကျုပ်သတိထားမိလိုက်သည်။
ဖိုးတွတ်နဲ့ သန်းမေတို့ သားလေး ငဦး ကျန်းမာစွာဖြင့်
သူ၏ လည်မှာလဲ ကြိုးနီလေးမှာ ငွေပြားလေး
ပတ်ပြီး ဆွဲထားသည့် အဆောင် လက်ဖွဲ့လေးတစ်ခု

ထိုအချိန်မှစ၍ အနီးအနားရွာတွေမှာ ဘိုးတော်ပန်
သတင်းက ကြီးသွားလေသည်။ ဗိုလ်နာတာကအစ
ဖျားတာ နာတာ မျက်စိကျိမ်းတာ ဝေဒနာအားလုံး
ဘိုးတော်ပန်မှ ပျောက်သလို ဖြစ်နေလေသည်။
နောက်ဆုံးအဆောင် လက်ဖွဲ့တွေ တောင်းကြ၊
တောတက် တောသွား အန္တရာယ်ကင်းအောင်
ဘိုးတော်ပန်ထံ သွားပြီး စောင့်ရှောက်ပါရန်
ကန်တော့ကြ အထိ ဖြစ်လာလေသည်။

XXXXXX

တနေ့တော့ ကျုပ်နဲ့ စံအေးတို့ ဖိုးသူတော် ဦးရွှေသီး
ကျောင်းလေးပေါ် ရောက်သွားကြပြီး ဆရာတပည့်
သုံးယောက် စကားလက်ဆုံကြနေကြသည်။
စကားလက်ဆုံကြနေကြသည်က တခြား
ဟုတ်ပါရိုးလား။ စေတလုံး ဘိုးတော်ပန်
အကြောင်းပေါ့။

ဦးရွှေသီးကတော့ ကျုပ်နဲ့စံအေး ပြောတဲ့
စေတလုံး ဘိုးတော်ပန်အကြောင်းကို
အင်းအဲမလိုက်ဘဲ ကြေးကွမ်းအစ်ကြီး
ရှေ့ချကာ ကွမ်းသီးများကို ကွမ်းညှပ်ကြီးနဲ့
တချပ်ချပ် စိပ်ရင်းခေါက်ကာ တဆတ်ဆတ်
ညိမ့်နေလေသည်။

ကျုပ်နဲ့ စံအေး ပြောလို့ကုန်မှ ဦးသူတော်က…

“ဒါလောက်ထိပဲလား”

“ခုဆို ဝေဒနာရောဂါတစ်ခုဖြစ်ရင် ဘိုးတော်ပန်မှ
ပျောက်သလိုကို ဖြစ်နေတာ ဆရာ”

ကျုပ်က ထပ်တွန့်လိုက်သလို စံအေးက တစ်ခါ…

“ဘယ်လို စွမ်းတယ်တော့ မသိဘူး။
ဟိုတနေ့က ဖိုးဖြူတို့ အိမ်ဝိုင်းထဲက အုန်းပင်
အုန်းသီးတွေ တအား သီးနေတာ မြင်တော့
ဆေးဖော်ဘို့ အုန်းရေ လိုချင်လို့ နှစ်လုံးသုံးလုံးလောက်
ရောင်းပါလို့ ပြောတော့ ဖိုးဖြူကလည်း
သူ့ကျေးဇူးမကင်းတော့ …

‘မရောင်းပါဘူး ဆရာကြီးရယ် ၊ လိုသလောက် ယူပါ။
ဒါပေမဲ့ ကျုပ်တော့ မတတ်နိုင်ဘူး”

လို့ ပြောလိုက်တော့ ဘိုးတော်ပန်က…

“မင်းပေးရင် အလွယ်လေးပါကွယ်၊ ရော့
ရော့ အဲ့သည် အုန်းပင်အောက်သွားပြီး
သည်ကြေးစည်ကလေးကိုသာ တီးလိုက်”

ဆိုပြီး သူ့လွယ်အိတ်ကြီးထဲက ကြေးစည်ကလေးနဲ့
တီးမှုတ်ကလေး ပေးလိုက်တာ ဖိုးဖြူက
အုန်းပင်အောက်သွားပြီး ကြေးစည်ကလေး
တီးလိုက်တာနဲ့ အုန်းသီးတွေ ကြွေကျကုန်ကာ
တပည့်တော်ကိုယ်တိုင် မြင်ခဲ့ရတယ် ဘုရား”

စံအေး အားပါးတရ ပြောလိုက်မှ…

“ဟဲ…ဟဲ…ဟဲ…ဟဲ…”

ဦးသူတော်က ပလူမွေးပလူတောင်
သူ့ကတုံးကြီးကို ပွတ်ကာ ထုံးစံအတိုင်း
မရယ်ချင့်ရယ်ချင် ရယ်လိုက်ပြီး …

“အတော် စွမ်းတာကိုးကွနော်”

ဦးသူတော်ရဲ့ စကားကြောင့် ပြောင်သလို
လှောင်သလို ဖြစ်နေသည်ကို ကျုပ်ရော စံအေးပါ
ရိပ်မိလိုက်သည်။ ကျုပ်တို့လည်း နေစောင်းနေပြီ
ဖြစ်သဖြင့် ဦးသူတော်အား ဝတ်ချပြီး …

“တပည့်တော်တို့ ပြန်ဦးမယ် ဘုရား”

ဟု ဆိုကာ နှစ်ယောက်သား ထလာကြရာ
လှေကားဆင်း အပေါက်ရောက်တော့ …

“ဟဲ …ဟဲ …ဟား …ဟား …ဟား အတော်စွမ်းသကိုး”

သည် တစ်ခါတော့ ဦးသူတော်က အားပါးတရ
ရယ်၍ တစ်ယောက်တည်း ပြောနေခြင်း ဖြစ်ရာ
ကျုပ်နဲ့ စံအေးလည်း နှစ်ယောက်ပြိုင်တူ
နောက်သို့ လှည့်ကြည့်လိုက်ရာ ဦးသူတော်က
ခေါင်းတဆတ်ဆတ် ညိမ့်လျက် ကွမ်းသီးများကို
ကွမ်းညှပ်ကြီးနဲ့ တချပ်ချပ်နဲ့ စိတ်နေဆဲ ကျုပ်နဲ့
စံအေးလည်း အဖြေမသိ ပဟေဠိအကြည့်နဲ့
တယောက်တယောက် ကြည့်ကာ လှေကား
လေးမှာ ဆင်းခဲ့ကြတော့သည်။

XXXXXX

နံနက်ခင်းမှာ ကြည်နူးစရာကောင်းတဲ့ ကြေးစည်သံ
ကလေးနှင့်အတူ သံဃာတော်များ ဆွမ်းခံကြွလာ
ကြလေသည်။ ကျုပ်ရဲ့ ဇနီးက အိမ်ရှေ့သို့
ထွက်ကာ ဆွမ်းလောင်းနေသည်။

ထိုစဉ် ဖိုးသူတော် ဦးရွှေသီးရဲ့ တပည့် ဖြစ်တဲ့
ကျောင်းသားလေး ပေသီးက သပိတ်ကလေး
ပိုက်ကာ အိမ်ဝိုင်းထဲသို့ ဝင်ပြေးလာလေသည်။
ပေသီးကို မြင်ကထဲက ဦးသူတော်အကြောင်း
တစ်ခုခုတော့ ထူးပြီဆိုတာ တွက်လိုက်မိပါသည်။
ကျုပ်အလုပ်ခွင်ဆင်းရန် ထမင်းကြမ်း စားနေသည့်
နေရာရောက်တော့ ပေသီးက…

“ဦးသာဒင်၊ ဦးသူတော်က ကိုစံအေးကို ခေါ်ပြီး
အခု ကျောင်းကို ချက်ချင်း လာခဲ့ပါတဲ့ “

ပေသီးက ပြောပြီး တောက်လျှောက် ဆွမ်းခံရာသို့
ပြေးပြီး လိုက်သွားသောကြောင့် ကျုပ်ဘာမျဗ မေးချိန်
မရလိုက်ပေ။ ဒါကြောင့် ကျုပ်လည်း ထမင်းကို
မပြီးသေးဘဲ လက်စသတ်ခါ စံအေးကို
အပြေးလွှားခေါ် နှစ်ယောက်သား ကျောင်းက
ဦးသူတော် အဆောင်သို့ အပြေးကလေး
လှမ်းခဲ့ရတော့သည်။ ဦးသူတော် ကျောင်း
ဆောင်ကလေးပေါ် တက်လိုက်တော့ …

“အား…ကျွတ် …ကျွတ်…ကျွတ်…ဘုရား
ကယ်ပါ အမလေး”

ညည်းသံနဲ့အတူ ဦးသူတော်က သူထိုင်နေကြ
ဘုရားစင်ရှေ့ သင်ဖျာကလေးပေါ်မှာ လူးလိမ့်နေလေ
သည်။ ကျုပ်နဲ့ စံအေးလည်း ဦးသူတော် အနားကို
အပြေးအလွှား ထိုင်လိုက်ပြီး…

“ဦးသူတော် ဘာဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲ”

ဟု မေးလိုက်တော့ …

“အား ဘုရားကယ်ပါ၊ ငါ့ဗိုက်ထဲမှာ အရမ်းနာနေတယ်။
အမလေး ဘုရား ဘုရား။ ဒါရိုးရိုးသားသား မဟုတ်ဖူး
ဆိုတာ ငါသိတယ်။ ဒီတော့ မင်းတို့ စေတလုံး
ဘိုးတော်ပန်ကို အခု ပင့်ပေးစမ်းပါကွာ”

ဦးသူတော်ရဲ့ပြောစကားကြောင့် ကျုပ်နဲ့စံအေး
မျက်လုံးပြူးခါ တယောက်နဲ့တယောက်
ကြည့်နေစဉ်မှာပဲ။

“တောက် “

ဦးသူတော်က တောက်တစ်ချက် ခေါက်လိုက်ကာ…

“ဘာလုပ်နေကြတာလဲ။ သွား အခု မြန်မြန်
သွားပင့်ကြစမ်း”

ကျုပ်နဲ့ စံအေးလည်း ဦးသူတော် ဝေဒနာကို
ခံစားနေရသည်ကို မြင်နေရသည်က တကြောင်း၊
ဆရာရဲ့ အမိန့်ကို မလွန်ဆန့်ဝံ့သည်က တကြောင်း၊
ထို့ကြောင့် ကျုပ်နဲ့ စံအေးလည်း ကျောင်းပေါ်က
အပြေးဆင်း၊ ကျုပ်အိမ်ကို အမြန်ပြေး၊ ကျုပ်
လှည်းကို အမြန်ကလို့ ဘိုးတော်ပန်ကို အမြန်
သွားပင့်ရတော့တာပေါ့ဗျာ။

လမ်းရောက်တော့ ကျုပ်က …

“စံအေး ၊ ငါတို့ ဦးသူတော် ဘယ်လိုဖြစ်တာလဲ မသိဘူး”

“ဟ ငါ့ကောင်ရ၊ တံငါသည်လည်း ရေနစ်သေတတ်သလို
အလမ္မာယ် ဆရာလည်း မြွေကိုက်လို့ သေတတ်တာပဲ။
တော်တော့။ လှည်းသာ မြန်မြန်မောင်းကွာ”

ဒါနဲ့ ကျုပ်တို့လည်း လှည်းကို အမြန်မောင်း
ဘိုးတော်ပန်ကို အမြန်ပင့်လို့ ဦးသူတော်ကျောင်းကို
ရောက်ပြီ ဆိုကြပါစို့။

ကျုပ်နဲ့ စံအေးက ရှေ့က ကျုပ်တို့နောက်က ဘိုးတော်ပန်
သုံးယောက်သား ကျောင်းပေါ်တက်လိုက်တော့
ဦးသူတော်က ထုံးစံအတိုင်း ဘုရားစင်ရှေ့ထိုင်၊
ကြေးကွမ်းအစ်ကြီး ရှေ့ချကာ ကွမ်းညှပ်ကြီးနဲ့
ကွမ်းသီးများကို တချပ်ချပ် ညှပ်ကာ စိတ်နေလေသည်။

ခုတော့ ဘာမှမဖြစ်သလို အကောင်းပကတိအတိုင်း
မြင်လိုက်ရတော့ ကျုပ်နဲ့ စံအေး အံ့သြသွားသလို
ဘိုးတော်ပန် ကတော့ ဆရာရောက်တာနဲ့
ဝေဒနာပျောက်တယ်ဆိုတဲ့ ဂုဏ်ယူ ဝင့်ကြွားတဲ့
ဟန်နဲ့ …

“ဟဲ ဟဲ ဟဲ “

သို့သော် …သူရယ်လို့မှ မဆုံးခင် ‘ဝုန်း …ဗွမ်း’
မမျှော်လင့်ဘဲ အဝင် တံခါးပေါက် အပေါ်ကြီး
ခွေပေါ်မှ ရေအိုးငယ်တလုံးက မှောက်ကျလာပြီး
ဘိုးတော်ပန် တစ်ကိုယ်လုံး ရေတွေ ရွှဲသွားလေသည်။

“ဟဲ့ ပလုတ်တုတ်”

ဘိုးတော်ပန် အော်သံနှင့် အတူ ကျုပ်နဲ့ စံအေး
နောက်သို့ လှည့်ကြည့်လိုက်၊ ဘိုးတော်ပန်
တစ်ကိုယ်လုံး ရေတွေ ရွှဲနေပြီး ကျင်ငယ်နံ့များက
ထောင်းလမောင်းထ သွားလေသည်။
ကျုပ်တို့လည်း ဘာပြောလို့ ဘာလုပ်ရမှန်းမသိ
ဖြစ်နေစဉ် ဘိုးတော်ပန် မတော်တဆ
ဖြစ်သည့်အသွင်နဲ့ …

“အဟီး “

ရှက်ရယ်…ရယ်ကာ ရှေ့တိုးလိုက်စဉ်

“ဝှီး …ဖောင်း …ဒေါင်”

“ဂိန်…အဲ…ဟုတ်ပေါင် အမလေး”

ဘိုးတော်ပန် အော်သံကြောင့် ကျုပ်နဲ့ စံအေး
နောက်လှည့်ကြည့်လိုက်တော့ ကြမ်းခင်းထဲက
ပျဉ်တစ်ချောင်းက အလိုလို ထောင်ထွက်လာပြီး
အရှိန်ပြင်းစွာနဲ့ ဘိုးတော်ပန် နဖူးကို ရိုက်လိုက်ခြင်း
ကြောင့် အာလူးသီး ထွက်နေတဲ့ သူ့နဖူးကို
ဘိုးတော်ပန်က လက်နှစ်ဖက်ဖြင့် ပွတ်နေလေသည်။
ထိုစဉ် ဦးသူတော်က …

“စေတလုံး ဘိုးတော်ပန်၊ ဒကာကြီး အဲသည်လို
ပယောဂအနှောက်အယှက်တွေတော့ ခေါ်မလာနဲ့ဗျာ၊
ကျုပ်က ကြောက်တယ်ဗျ”

“အဟီး”

ဘိုးတော်ပန်က သိက္ခာမလုံသလို ကြောင်တောင်တောင်နဲ့
တချက် ရယ်ပြလိုက်ပြီး ဦးသူတော် ညွှန်ပြသော
နေကထိုင်ကလေးပေါ်သို့ ထိုင်လိုက်ရာ…

“ဂိန်…အိမ်…အိမ် အဲ မဟုတ်ဘူး…အမငေး..အဲ..အဲ
အမလေး”

ဟု အော်ကာ ဓါတ်လိုက်သလို တဆတ်ဆတ်
တုန်ကာ ဖြူဖွေးပြီးကားနေတဲ့ နှုတ်ခမ်းမွှေးတို့ကို
အပေါ်သို့ ကော့တက်သွားလေသည်။ ခဏကြာမှ
ဘိုးတော်ပန် ငြိမ်သွားလေသည်။

“ဟဲ …ဟဲ…ဟား …ဟား …ဟား…ဟား …

ဘိုးသူတော် ဦးရွှေသီးက အားပါးတရ ရယ်လေတော့သည်။
ဘိုးတော်ပန် အဖြစ်ကို ကြည့်ပြီး ကျုပ်နဲ့ စံအေးလည်း
မနေနိုင်တော့ပေ။

“ဟား ဟား ဟား ဟား ဟဲ  ဟဲ  အဟဲ အဟဲ”

ကျုပ်တို့လည်း အားပါးတရ ရယ်ပစ်လိုက်တော့သည်။
ကျုပ်တို့ သိလိုက်ပါပြီ။ ကျုပ်တို့ ဆရာ ဦးရွှေသီး၊
ဘိုးတော်ပန်ကို ပညာပြနေပြီဆိုတာ ဘိုးတော်ပန်
ကတော့ သူထိုင်နေတဲ့ နေကထိုင်ကို မသင်္ကာသလို
ကြည့်နေလေသည်။ ထိုစဉ် စံအေး ဘယ်လို
ဖြစ်သည်မသိ၊ နတ်ပူးသလို တဆတ်ဆတ်
တုန်လာပြီး…

“အဟိ …အဟိ…အဟိ…အဟိ”

ရယ်နေလေသည်။ သို့သော် အသံက သူ့အသံမဟုတ်
မိန်းမကြီး တစ်ယောက် အသံ ဖြစ်နေလေသည်။
တခါ စကားကို ဆက်ပြန်လေသည်။

“ဟဲ့ ငပန် နင် နင့်ဌာနကို အမြန်ပြန်တော့၊
နင့်ကို ငါ့တို့ ခွင့်ပြုသင့်သလောက်၊ ကြည့်ရှု
သင့်သလောက်၊ ကူညီသင့်သလောက် အားလုံး
လိုက်လျောပြီးပြီ၊ ပြန်ဆို အခုပြန် ၊ နောက်ဖြစ်လာမည့်
ပြဿနာကို ငါ တာဝန်မယူနိုင်ဘူး”

ထိုစကားကို ကြားတော့ ဘိုးတော်ပန်
မျက်ကလူးဆံပြာနဲ့ …

“ဟုတ်…ဟုတ် …ဟုတ်ကဲ့ အခု ပြန်ပါတော့မယ်”

ဘိုးတော်ပန် ပြောပြောဆိုဆိုနဲ့ ထပြန်မည့်ဟန်
ပြင်လိုက်စဉ် ဖိုးသူတော် ဦးရွှေသီးက …

“နေပါဦး၊ စေတလုံး ဘိုးတော်ပန်ရဲ့ အခုပြောတာ
ဘယ်သူလဲလို့ ခင်ဗျား ပညာလေးနဲ့ မေးသွားပါဦး

“မမေး …မေးရဲပါဘူး ဘုရာ့၊ လစ် …လစ်တော့၊
အဲ…အဲ…၊ ပြန် ပြန်ခွင့်ပြုပါတော့ ဘုရာ့”

ဘိုးတော်ပန် အတော်ကြောက်လန့်နေပြီး
ဆောက်တည်ရာ မရ ဖြစ်နေလေသည်။

“နေပါ ခင်ဗျား မမေးရဲရင် ကျုပ်မေးလိုက်ပါမယ်”

ဦးသူတော်က ပြောပြောဆိုဆိုနဲ့ …

” ဟဲ့  သည်စကား ပြောတာ ဘယ်သူလဲ “

ဟု မေးလိုက်စဉ် စံအေးက မိန်းမကြီး
တစ်ယောက်အသံနဲ့ ဖြေလိုက်သည်က…

“တပည့်တော် မအေးတုတ်ပါဘုရား”

သည်အဖြေစကား ကြားတော့ ဘိုးတော်ပန် ခမျာ

“အေးတုတ် ဆိုရင် ဘေးဖြစ်အောင် အဟုတ်
လုပ်တော့မှာမို့ လစ် …လစ်…ပြီ …ဘုရား”

ဟုတ်ဆိုကာ ဘယ်သူမျှ မတားနိုင်ခင် ကကြိုးထဲ
လစ်လေတော့သည်။ ကျုပ်တို့လည်း ဘိုးတော်ပန်
အဖြစ်ကို ကြည့်ပြီး …

“ဟား…ဟား …ဟား …ဟား …ဟဲဟဲဟဲ …အဟဲ”

မပြုံးပဲ ဝါးလုံးကွဲ ရယ်လိုက်ကြတော့သည်။
ရယ်လိုက်အားရတော့ ကျုပ်က …

“ဦးသူတော် ဘယ်လိုဖြစ်တာလဲ ဘုရာ့”

ဟု မေးလိုက်တော့ …

“ဟဲ …ဟဲ …ဟဲ …”

ဦးသူတော်က ထုံးစံအတိုင်း ပလူမွေး ပလူတောင်
သူ့ကတုံးကြီးကို ပွတ်ကာ…

“မင်းတို့ပဲ စေတလုံး ဘိုးတော်ပန် သိပ်စွမ်းတယ်ဆို”

“ကဲ …ကဲ …ငါ့တပည့်တို့ အတွေ့အကြုံ တခု
ဗဟုသုတအနေနဲ့ ဦးသူတော် ရှင်းပြမယ်။
သည်စေတလုံး ဘိုးတော်ပန်ဟာ ဘယ်ဘိုးတော်မှလဲ
မဟုတ်ဘူး။ အဌာရဿ တစ်ဆယ့်ရှစ်ရပ်ထဲမှာ
လက်လှည့်တဲ့ မျက်လှည့်တဲ့ ပဉ္စလက်ဆိုတဲ့
ပညာရပ်တွေလဲ ပါသကွဲ့၊ လက်လှည့်ဆိုတာ
လက်ရဲ့သိမ့်မွေ့ပြီး လျှင်မြန်တဲ့ အလေ့အကျင့်နဲ့
လူတွေ ယုံမှားသံသယ ဖြစ်အောင် လှည့်စားတယ်

မျက်လှည့်ဆိုတာ လူတွေ အမြင်မှားစေတဲ့
နေရာ တစ်နေရာကနေ လှည့်စားတယ်။
ပဉ္စလက်ဆိုတာကတော့ ပစ္စည်းတစ်ခုကို
ကြိုတင်စီမံရင်ပြီး ယုံမှားသံသယ ဖြစ်အောင်
လုပ်တာပဲကွဲ့။

အခု သည်စေတလုံး ဘိုးတော်ပန် ဆိုသူက
ပဉ္စလှည့်ပညာကို ထဲထဲဝင်ဝင် သိမြင်တတ်ကျွမ်း
လောက်တဲ့ ပဉ္စလှည့် ဆရာ တစ်ယောက်ပဲကွဲ့။
စုန်းကဝေ(၁၂)ကြိုး၊ ရွာသူပယောဂ အနှောက်
အယှက် မပေးအောင် (၁၂)ကြိုး ဖွားအေးတုတ်ကို
အပီပေါင်းပြီး သူတတ်တဲ့ ပဉ္စလှည့်ပညာနဲ့
အကြံအဖန်လုပ်ပြီး ဘိုးတော်လိုလို စေတလုံး
ပိုင်လိုလိုနဲ့ စားကွက်ဖန်တာပါကွာ”

သည်ပညာရပ်တွေဟာ မသိသူအဖို့
ရွှေတဆုပ်လောက်တန်ဖိုး ရှိပေမဲ့ သိသူအဖို့တော့
ဖွဲတဆုပ်လောက်တောင် တန်ဖိုး မရှိဘူး။
မသိသူတွေ ထိတ်လန့် ကြောက်မက်ဖွယ်တွေ
ဖြစ်တတ်သလို၊ သိသူတွေ အဖို့တော့
ရယ်စရာကြီးပေါ့ကွာ။ သူ့ရဲ့ ပဉ္စလှည့်အတတ်ကို
ငါက အဌာရဿတစ်ဆယ့် ရှစ်ရပ်ထဲက
ယန္ဒယား အတတ်နဲ့ စက်ခလုတ်တွေ
ဆင်ပြီး သူ့ကို ဦးချိုးလိုက်ပြီး၊

ငါ့ပညာနဲ့ (၁၂)ကြိုး အေးတုတ်ကို စံအေးကို
ဝင်ပူးခိုင်းပြီး ၊ အဲ့သည် ဘိုးတော်ပန်ကို
အနှင်ခိုင်းလိုက်တာပဲ၊ အေးတုတ်ကတော့
ငါ့ကို မလှန်နိုင်လို့သာ လုပ်ရတာ။

သိပ်တော့ မကျေနပ်ချင်ဘူး။ အေး ဒါပေမဲ့
သည်လက်လှည့်၊ မျက်လှည့်၊ ပဉ္စလှည့်ပညာတွေ
ကိုလဲ လျှော့တော့ မတွက်နဲ့၊ ပုဂံပြည်
အနော်ရထာမင်း လက်ထက် အရည်းကြီးတွေ
တန်ခိုးထွားစဉ်က ပြည်သူပြည်သားတွေနဲ့
တကွ ရှင်ဘုရင်ထိ ကြောက်ရွံ့ ထိတ်လန့်အောင်
ယုံမှားသံသယတွေ ဖြစ်အောင် လုပ်တဲ့
နေရာမှာ သည်ပညာရပ်တွေလဲ ပါတယ်။
အရည်းကြီးတွေဟာ အဌာရဿ တစ်ဆယ့်ရှစ်ရပ်ကို
တစ်ဖက်ကန်းခတ်အောင် တတ်ကျွမ်းတာကိုးကွ”

ကျုပ်နဲ့ စံအေးလည်း ဦးသူတော် ရှင်းပြမှ
လင်းသွားလေတော့သည်။

“အော် ဂလိုလား”

ဘိုးတော်ပန်တော့ သနားစရာပဲနော်။

“ဟား ဟား ဟား ဟား ဟား “

ဘိုးတော်ပန်ရဲ့အဖြစ် မြင်ယောင်မိကာ
ကျုပ်တို့ သုံးယောက်ရဲ့ ရယ်သံက
ကျောင်းဆောင်လေး အပြင်သို့ ပြန့်လွင့်
သွားတော့သည်။

မူရင်းရေးသူ ဆရာ ဘိုးသာဒင်

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ