အောင်မြတ်သာနှင့်ဆယ့်နှစ်ကြိုးမယ်ညှာ
တစ်ဝေါဝေါ တစ်သောသောနဲ့ တိုက်ခတ်နေတဲ့ အရှေ့လေကြောင့် ဇရပ်ပျက်ပေါ်မှာမိုးထားတဲ့ ဓနိဖက်တွေ တံစက်မြိတ်အောက်ကို ပြုတ်ကျလာခဲ့တယ်။
ဇရပ်အနီးတစ်ဝိုက်မှာဆော့ကစားနေကြတဲ့ ကလေးငယ်တွေကတော့ လေတစ်ချက်တိုက်တိုင်း “မယ်ညှာ လာပြီဟေ့ အဟေးအဟေး” လို့အော်ဟစ်ကာ စနောက်ရင်း ပျော်ရွှင်နေကြတယ်။
ကလေးငယ်တွေရဲ့စကားသံကြောင့် ဇရပ်ပျက်ပေါ်မှာ အိပ်နေတဲ့လူတစ်ယောက် ငုတ်တုတ်ထထိုင်လာပြီး
” ဟေ့ကလေးတွေ ငါအိပ်လို့မရဘူး နားကိုငြီးတယ် … ခပ်ဝေးဝေးမှာ သွားဆော့ကြစမ်း” လို့ အော်ဟစ်လိုက်ပေမယ့် ကလေးငယ်တွေက မကြောက်လန့်တဲ့အပြင် လုံချည်ကို ခေါင်းမှာစွပ်ကာ ” အဟီးအဟီး ငါက မယ်ညှာရဲ့ ညာလက်ရုံးနော် မကြောက်ဘူးလား”ဆိုပြီး စနောက်လိုက်သေးတယ်။
” ဟာ ဒီကလေးတွေနဲ့တော့ ဒုက္ခပဲကွာ ။ မင်းတို့မသွားဘူးဆိုလဲ ငါသွားမယ်ဟေ့” လို့ပြောကာ အဝတ်စားအနည်းငယ်ထည့်ထားတဲ့ အထုပ်ကိုဆွဲယူကာ လူသွားလမ်းအတိုင်းထွက်လာခဲ့လိုက်တယ်။
သစ်ရိပ်ဝါးရိပ်တွေနဲ့အေးမြနေတဲ့ ရွာလမ်းတစ်လျောက် လုပ်ငန်းခွင်ကနေပြန်လာသူ၊ ပြေးလွှားဆော့ကစားနေသူတွေနဲ့ မပြတ်စည်ကားနေခဲ့တယ်။
” ဟိုကောင်လေး …. အရှေ့မှာသွားနေတဲ့ကောင်လေး ခဏလေးနေပါဦး”
အနောက်ကနေ လှမ်းခေါ်လိုက်တဲ့အသံကြောင့် အဝတ်ထုပ်ကိုလွယ်ကာ လမ်းလျောက်နေတဲ့ လူငယ်က သမင်လည်ပြန်လှည့်ကြည့်လိုက်ပြီး
” ကျုပ်ကိုခေါ်တာလားဗျ”
” ဟုတ်တယ် မင်းကိုခေါ်တာ .. ဦးလေးကို တစ်ခုလောက်ကူညီပေးပါလားကွယ်။ တန်ရာတန်ကြေးတော့ပေးမှာပါ”
” ဘာကိစ္စများလဲဗျ ကျုပ်နိုင်တယ်ဆိုရင်ကူညီမယ်လေ”
” ကျုပ်ရဲ့တူတစ်ယောက် ထမင်းစားပြီး တစ်ရေးတစ်မောအိပ်လိုက်တာ အခုပါးစပ်ကနေ အမြုပ်တွေထွက်ပြီး ခေါ်မရတော့လို့ .. ကူညီပြီး ထမ်းပိုးပေးပါဦး”
” ဟာ ဒါကတော့ လုပ်ပေးရမှာပေါ့ … လူနာကဘယ်မှာလဲ”
” လာ လာ ကျုပ်နဲ့လိုက်ခဲ့”
လူငယ်လဲ အသက်ခပ်ကြီးကြီးလူ ခေါ်တဲ့နောက်ကို လိုက်သွားတဲ့အချိန် လမ်းတစ်လျောက်မှာ ဆော့ကစားနေတဲ့ ကလေးငယ်တွေက
” ဟေ့ လူကြီး အဲဒီဘက်မှာ သင်္ချိုင်းပျက်ပဲရှိတယ် ဘယ်သွားမလို့လဲ” ဆိုပြီးအော်ပြောတော့မှ အသိစိတ်ကပ်ပြီး ကြည့်လိုက်ရာ လမ်းအဝင်ဝမှာ ” ထိန်ပင်သုဿာန်” ဆိုပြီးရေးထားတာတွေ့လိုက်ရတယ်။
” ဟေ့ ကလေးတွေ ခုနက လူကြီးတစ်ယောက် ငါ့ကိုလာခေါ်တာမြင်လိုက်သေးတယ်မဟုတ်လား”
လူငယ်ရဲ့စကားကြောင့် ပုဆိုးစလွယ်သိုင်းကာ သံဂွေကိုကိုင်ထားတဲ့ ကလေးတစ်ယောက်က
” ဦးလေးကို ဖိုးသံခဲက စနေပြီထင်တယ်”
” ဖိုးသံခဲ ဟုတ်လား… သူကဘယ်လိုစတာလဲ”
” ဖိုးသံခဲက ရွာကိုလာတဲ့ ဧည့်သည်တွေဆိုရင်အခုလိုပဲစနောက်တတ်တယ် ဒါနဲ့ ဦးလေး နာမည်ကဘယ်လိုခေါ်လဲ”
ကလေးငယ်တွေရဲ့မေးခွန်းကြောင့် လူငယ်က ပခုံးပေါ်တင်ထားတဲ့အဝတ်ထုပ်ကို ဘေးချလိုက်ပြီး
” ငါ့နာမည်က တောက်ရလို့ခေါ်တယ်..မင်းနာမည်ကရော…”
” ကျွန်တော်က မောင်မှတ်… သူကတော့ ဖိုးလုံးတဲ့”
“အေးအေး မင်းတို့ရွာကိုတော့ ငါစိတ်ဝင်စားသွားပြီကွာ”
” ရွာအကြောင်းစိတ်ဝင်စားရင် ဦးသန်းတင်ဆီသွား သူက ရွာအကြောင်းပြောရမယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ပဲဗျ”
” ဟုတ်ပီ ဒါဖြင့် ဦးသန်းတင်နေတဲ့အိမ်ကို စုံစမ်းပြီး သွားလိုက်ဦးမယ် မင်းတို့လဲဆော့စရာရှိတာ ဆော့ကြဦး”
တောက်ရလဲ ကလေးနှစ်ယောက်ရဲ့ခေါင်းကိုပုတ်ကာ ရွာထဲကိုဝင်လာခဲ့လိုက်တယ်။ ရွာထဲရောက်တော့ သိပ်မရှာလိုက်ရပဲ ဦးသန်းတင်နေတဲ့ အိမ်ကိုရောက်လာခဲ့တယ်။
” ဒီအိမ်က ဦးသန်းတင် အိမ်လားဗျို့”
တောက်ရခေါ်သံကြောင့် အပေါ်အင်္ကျီဗလာကျင်းထားတဲ့ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ထွက်လာခဲ့တယ်။
” အေး ဟုတ်တယ် ဒါနဲ့ မင်းက ဘယ်သူလဲ”
” ကျွန်တော်က ဒီရွာအကြောင်း မေးစရာအနည်းငယ်ရှိလို့ တီးခေါက်ကြည့်တော့ ဦးသန်းတင်လောက်အသိပညာဗဟုသုတပြည့်တဲ့သူမရှိဘူးလို့သိခဲ့ရတယ်။ ဒါကြောင့် အခုလိုလာတွေ့ရတာပါ”
တောက်ရစကားကြောင့် ဦးသန်းတင်မျက်နှာ ပြုံးရွှင်သွားပြီး
” မင်းက ဒီလောက်အမွှန်းတင်နေတော့လဲ ငါကမပြောပြလို့ဘယ်ဖြစ်တော့မလဲ လာကွာ အိမ်ပေါ်တက်ခဲ့ဦး”
တောက်ရလဲ လှေကားအဆင်းမှာ ဖိနပ်ချွတ်နေတဲ့အချိန် အလွန်စူးရှတဲ့အနံ့တစ်ခုကိုရလိုက်မိတယ်။
” ဟေ့ကောင်လေး တက်လာလေကွာ”
ဦးသန်းတင် ခေါ်သံကြောင့် အတွေးကိုဖြတ်တောက်ပြီး အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။
” ထိုင်ကွာ.. ဒီနေ့တော့ အိမ်မှာဧည့်ခံစရာ မြေပဲပြုတ်ပဲရှိတယ် ကြိုက်ရင်တော့ စားကွာ”
တောက်ရလဲ ဦးသန်းတင် ချပေးတဲ့မြေပဲပြုတ်ကို ယူမလို့လိုက်လှမ်းလိုက်တဲ့အချိန် မမြင်ရတဲ့ အထိအတွေ့တစ်ခုက လက်ဖျံကို ဖတ်ခနဲလှမ်းပုတ်တာကို ခံစားလိုက်ရတယ်။ ဒါပေမယ့် လက်ကလှမ်းယူပြီးသားဖြစ်နေတဲ့အတွက် ဟန်မပျက်ကောက်ကိုင်ပြီး ကြည့်လိုက်ရာ မြေပဲပြုတ်မဟုတ်တော့ပဲ ခွေးချီးခြောက်ဖြစ်နေတာ မြင်လိုက်ရတယ်။
” ဦးသန်းတင် ခင်ဗျားက ဧည့်သည်ကို ဧည့်ဝတ်ပြုတာကလဲ ရိုင်းလှချည်လား”
တောက်ရစကားကြောင့် မလှမ်းမကမ်းမှာထိုင်နေတဲ့ဦးသန်းတင်မျက်နှာ ပျက်သွားပြီး
” ဟို ဟို ကျုပ်က ဘာသဘောနဲ့မှလုပ်တာမဟုတ်ပါဘူး … ဧည့်သည်ဆိုတော့ ဘာလို့ဘာမှန်းမသိလို့ အကဲစမ်းလိုက်တာပါ”
” ခင်ဗျား အကဲစမ်းတာကလဲ လူရည်ကြည့်လေဗျာ ။ ကျုပ်အခုလုပ်ထည့်လိုက်ရင် သွေးပါအန်သွားလိမ့်မယ်”
” ဟုတ် ဟုတ်ကဲ့ တောင်းပန်ပါတယ်ဗျာ ဒီတစ်ခါ ခွင့်လွှတ်ပေးပါ …”
” ထားလိုက်တော့ ထားလိုက်တော့… ဒီရွာကို ကျုပ်စရောက်တော့ ရွာထိပ်မှာ ဖိုးသံခဲနဲ့ တွေ့ခဲ့သေးတယ်”
” ဆရာလေးက သံခဲနဲ့တွေ့ခဲ့တာကိုး…သူတို့ တစ်မိသားစုလုံးက မယ်ညှာလက်ချက်နဲ့ သေခဲ့ရတာလေ”
ဦးသန်းတင်စကားကိုကြားတော့ တောက်ရ မဲ့ပြုံးပြုံးလိုက်ပြီး
” ကျုပ်လဲ မယ်ညှာဆိုတဲ့ မိန်းမအကြောင်း ကြားဖူးပါတယ် … ရွာထိပ်ကိုရောက်တော့လဲ ကလေးတွေက မယ်ညှာပုံစံလိုဟန်ဆောင်ပြီး ဆော့နေကြသေးတာ” လို့ပြောလိုက်တော့ ဦးသန်းတင်က
” မယ်ညှာဆိုရင် ဒီရွာမှာမသိတဲ့သူမရှိဘူးဗျ.. အဲ နောက်ပြီး ရွာခံအတော်များများက ဒီလိုပညာတွေကို အနည်းအကျဉ်းတတ်မြောက်ထားကြတယ်..”
“ဒါဖြင့် မယ်ညှာအကြောင်း ကျုပ်ကို ပြောပြပါဦး”
” ဆရာလေးသိချင်ရင်တော့ အကျဉ်းချုံးပြောပြပါမယ်.. မယ်ညှာ အမေက သူမွေးကင်းစမှာဆုံးခဲ့တာ။ သူ့အဖေနာမည်က ဦးကင်းမောင်လို့ခေါ်တယ်။ မယ်ညှာက လူမှန်းသိတတ်စအရွယ်ထဲက တစ်ရွာလုံးကို ထုံးလိုချေရေလိုနှောက်ခဲ့တာ”
” ဘယ်လို ဘယ်လို….”
” ဟုတ်တယ်ဆရာလေး.. မယ်ညှာက မွေးရာပါပညာဘူးပါတယ်လို့ ရွာထဲပြောစမှတ်ရှိကြတယ်။ သူ့အသက် ၄နှစ်မှာ ဘယ်အပင်မှာ ဘာအကောင်ရှိတယ်။ ဘယ်အကောင်က ဘယ်ရွာကနေ ပြောင်းလာတာ စသဖြင့် အတိအကျပြောပြနိုင်ခဲ့တာ။ သူနဲ့ရန်ဖြစ်တဲ့ကလေးတွေဆိုရင် ဖျားရင်ဖျား၊ မဖျားရင် ကယောင်ကတမ်းတွေဖြစ်ရော”
” သူဒီလိုလုပ်တာ သူ့အဖေက ဘာမှဝင်မပြောဘူးလား”
” သူ့အဖေကလဲ သမီးကိုမြောက်ပင့်ထားတာ… ဆုံးမဖို့ဆိုတာဝေးရောပေါ့။ တစ်နေ့မှာတော့ သံခဲသားနဲ့ သူနဲ့ကလေးသဘာဝ စကားများရန်ဖြစ်ကြတယ်။ သံခဲရဲ့သားက မယ်ညှာကို တွန်းလိုက်တာ နဖူးမှာ သွေးစို့ရုံဒဏ်ရာလေးတစ်ခုရခဲ့တယ်။ နောက်တစ်နေ့ နေ့လည်ရောက်တော့ သံခဲရော သူ့သားပါ ထမင်းစားရင်း လျာတစ်တောင် လောက်ထွက်ကျပြီး သေပါလေရော။ ဘာကြောင့်သေတယ်ဆိုတာ ငါတို့ကသိပေမယ့် ဘယ်သူမှမပြောရဲကြဘူးလေ”
” မယ်ညှာကြောင့် သေတယ်ဆိုတာကရော ဖြစ်နိုင်ပါ့မလား ”
” သံခဲတို့နဲ့ပြဿနာဖြစ်တာဆိုလို့ မယ်ညှာပဲရှိတာလေ သူပဲလုပ်တာဖြစ်မှာပေါ့ နောက်ပြီး အဲဒီတုန်းက မယ်ညှာက ကိုးနှစ်ပဲရှိသေးတာ။ ဒီကိစ္စဖြစ်ပြီးတော့ မယ်ညှာရော သူ့အဖေပါ ရွာကနေ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်”
” ဦးသန်းတင် ပြောသလိုဆိုရင် ရွာက ကလေးတွေက မယ်ညှာကို ဘာကြောင့်သိနေရတာလဲ။ သူတို့ပုံစံကြည့်ရတာ ကြောက်တဲ့ပုံလဲမပေါ်ဘူး”
” ဆရာလေး မသိလို့ပါ။ ဒီရွာမှာ မယ်ညှာကို မကြောက်တဲ့ ကလေးဆိုတာမရှိဘူး။ ဘာကြောင့်လဲဆိုတာ မကြာခင် ဆရာလေးမြင်တွေ့ရမှာပါ”
” သူက ရွာကနေပျောက်သွားတာ ကြာပီလဲပြောသေး…မကြာခင်မြင်တွေ့ရမှာပါလို့လဲပြောသေး ခင်ဗျားစကားက ဘာကြီးလဲ”
” ဒီရွာက မယ်ညှာရဲ့ အစောက်ရှောက်ခံရွာအဖြစ်ခံယူထားတဲ့အတွက် လပြည့်လကွယ်နေ့တွေဆိုရင် သူ့ရဲ့နာမ်ရုပ်က ရွာထဲကိုလှည့်ပြီး လိုက်ကြည့်တတ်တယ်။ အခု ဆရာလေး ကျုပ်အိမ်ရောက်နေတာ သူသိလောက်ပြီထင်တယ်”
” ဟက်ဟက် သိတော့လဲ ပိုကောင်းတာပေါ့ဗျာ ဘာလဲ ခင်ဗျားက ကြောက်နေတာလား”
တောက်ရစကားကို ဦးသန်းတင် အဖြေမပေးပဲ မျက်နှာရူးနဲ့ ဆေးလိပ်ကောက်ဖွာနေလိုက်တယ်။
” ဟဲဟဲ ဒီလောက်ဆို ကျုပ်သဘောပေါက်ပါတယ် … အခုသိချင်တာတွေသိရပြီဆိုတော့ ကျုပ်ပြန်လိုက်ဦးမယ်။ မယ်ညှာလာရင်တော့ မှတ်သားလောက်အောင်ပညာပေးလိုက်ဦးမယ် ဟားဟားဟား”
တောက်ရက စသလို နောက်သလိုနဲ့ ပြောကာ ဦးသန်းတင်အိမ်ပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။ ရွာထဲကနေ ပြန်ထွက်လာပြီးနောက်ပိုင်း တသွင်သွင်စီးဆင်းနေတဲ့ ချောင်းရိုးတစ်ခုကိုတွေ့တော့ ကိုယ်လက်သန့်စင်ဖို့ပြင်ဆင်နေတဲ့ အချိန်
” ရှင်တို့တွေ မယုတ်မာနဲ့နော်… ငါ့လက်ကိုလွှတ်စမ်း” ဆိုတဲ့အသံက ချောင်းရိုးအနောက်ဘက်ခြမ်းကနေ ထွက်ပေါ်လာခဲ့တယ်။
တောက်ရလဲ ရေချိုးမလို့ပြင်ပီးကာမှ အဝတ်အစားတွေပြန်ဝင်လိုက်ပြီး အသံကြားတဲ့ဘက်ကိုထွက်လာခဲ့ရာ မိန်းကလေးတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်နေတဲ့ လူသုံးယောက်ကို တွေ့လိုက်ရတယ်။
တောက်ရလဲ သူ့အရှေ့မှာ မတရားလုပ်နေတာမြင်တော့ မနေနိုင်တော့ပဲ လူလုံးထွက်ပြလိုက်ပြီး
” မင်းတို့တွေကလဲကွာ မိန်းကလေးတစ်ယောက်ကို အခုလိုအနိုင်ကျင့်တာကြီးက ကြည့်မကောင်းပါဘူး” လို့ပြောလိုက်တော့ လူရမ်းကားတွေက တောက်ရကို မကျေနပ်တဲ့အကြည့်နဲ့ကြည့်ပြီး
” ဒီကောင် တယ်ရှုပ်ပါလား ပညာပေးပြီး မောင်းထုတ်လိုက်ကွာ”လို့ပြောလိုက်တော့ ဘေးမှာ ရပ်နေတဲ့နှစ်ယောက်က တောက်ရကိုရန်ပြုဖို့ အနားတိုးလာခဲ့ကြတယ်။
သရဲတစ္ဆေ၊ နာနာဘာဝတွေကိုအမြဲအနိုင်ယူလာတဲ့ တောက်ရကဒီတစ်ခါ တကယ့်လူတွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်
” ဖောက် ခွပ် … ဟမ် လူစွမ်းကောင်း လုပ်ချင်ဦး”
” အင့် အွတ်”
ပါးစောင်ရိုးတွေကော၊ နံရိုးတွေပါ အဝကျွေးခံထိပြီး မှောက်သွားခဲ့တယ်။ တောက်ရ သတိရလာတော့ နူးညံ့တဲ့လက်အစုံက နဖူးကဒဏ်ရာကို ဆေးထည့်ပေးနေတာ ခံစားလိုက်ရတယ်။
” အား ကျွတ် ကျွတ် ”
” ဒဏ်ရာက ဘယ်လိုနေသေးလဲ သက်သာရဲ့လား”
ချိုသာအေးမြတဲ့ စကားသံကြောင့် နားထင်နှစ်ဖက်ကို လက်ညိုးနဲ့ဖိပြီး ထထိုင်လိုက်ရာ ထန်းလက်တွေကာထားတဲ့ မြေစိုက်တဲတစ်ခုထဲရောက်နေတာမြင်လိုက်ရတယ်။
ဘေးမှာတော့ သနပ်ခါးပါးကွက်ကြားကို ညီညာစွာလူးထားပြီး ဒူးဆစ်လောက်ရှိတဲ့ဆံပင်ကို အဝတ်စနဲ့စည်းထားတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
” သက်သာရဲ့လားရှင် ကျွန်မကြောင့် ဒုက္ခများနေရပါပြီ”
” ရပါတယ် ဒီလောက်က ဘာမှမဖြစ်ပါဘူး ဒါနဲ့ အမိက တစ်ယောက်ထဲနေတာလား”
” မဟုတ်ပါဘူး အရီးထွေးရှိပါတယ်။ အခုက ဧည့်သည်ရဲ့ဒဏ်ရာတွေကိုဆေးထည့်ဖို့ ဆေးပင်သွားခူးနေလို့ပါ”
” ဒီလိုလူပြတ်တဲ့နေရာမှာ မိန်းကလေးနှစ်ယောက်ထဲနေတာဆိုတော့ စိတ်ချရပါ့မလား ၊ မတော်လို့ ခုနကလို လူရမ်းကားတွေနဲ့ဆုံနေရင် မခက်ပေဘူးလား”
တောက်ရစကားကို မိန်းကလေးက ဘာမှပြန်မဖြေပဲ ဖြောင့်စင်းနေတဲ့မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တဲအပြင်ဘက်ကို ငေးကြည့်နေခဲ့တယ်။
ခဏနေတော့ ခြင်းတောင်းတွေထဲမှာ ဆေးမြစ်ဆေးရွက်တွေထည့်ထားတဲ့ အသက်ကြီးကြီးမိန်းမတစ်ယောက် တဲထဲကိုဝင်လာခဲ့တယ်။
” အရီးထွေးတောင် ရောက်လာပြီပဲ ”
” အေးအေး ဒါနဲ့ လူနာကသက်သာရဲ့လား”
” အော် ဟုတ်ကဲ့ သက်သာပါတယ် လက်ဖျံတစ်ဖက်ကတော့ အောင့်နေသေးတယ်”
” မင်းရဲ့လက်က အရိုးအက်သွားတာဖြစ်နိုင်တယ် ငါ့တူမကို ကူညီပေးလို့ဖြစ်တာဆိုတော့ ဒဏ်ရာသက်သာတဲ့ထိ ဒီမှာပဲနေလိုက်ပါဦး အရီးက တိုင်းရင်းဆေးပညာကို အနည်းအပါးလေ့လာဖူးပါတယ်”
တောက်ရလဲ အိမ်ရှင် တူရီးနှစ်ယောက်စကားကို မလွန်ဆန်တော့ပဲ ငြိမ်သက်စွာနဲ့သဘောတူခဲ့လိုက်တယ်။
ညဘက်ရောက်တော့ အိပ်ပျော်နေတဲ့ တောက်ရဘေးကို တစ်စုံတစ်ယောက် ကပ်လာတဲ့အငွေ့အသက်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဘာမှမရှိ။ တောက်ရလဲစိတ်ထဲမသင်္ကာတာနဲ့ အမြင်အာရုံတွေကိုစုစည်းပြီးကြည့်လိုက်ရာ ခြေထောက်တွေကို တစ်ရှုံ့ရှုံ့လိုက်နမ်းနေတဲ့ ပုကွကွအကောင်တစ်ကောင်ကို မြင်လိုက်ရတယ်။
မကြာခင် တဲအပြင်ဘက်ကနေ ကြားလိုက်ရတဲ့ခြေသံကြောင့် ပုကွကွအကောင်က လစ်ခနဲ ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်။ တောက်ရလဲ အိပ်ချင်ယောင်ဆောင်ပြီး ခြေသံကြားတဲ့ဘက်ကို နားစွင့်လိုက်ရာ
” မယ်ညှာ ဒီကောင်က သာမန်လူမဟုတ်ဘူးလို့ နင့်ကိုငါမပြောခဲ့ဘူးလား ”
” ဒါပေမယ့် အရီးရယ် သူ့က မယ်ညှာအသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်လေ”
” သူနဲ့ငါတို့နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းပဲ ဘယ်လိုမှအဆင်မပြေနိုင်ဘူးမယ်ညှာ ”
တောက်ရလဲ တူဝရီးနှစ်ယောက်ပြောနေတဲ့ စကားကိုကြားပြီး မယ်ညှာဆိုတာ သူကယ်ခဲ့တဲ့ မိန်းကလေးဖြစ်နေတာကို သိလိုက်ရတယ်။ ဒါနဲ့ဟန်မပျက်ဆက်နေရင်း မနက်မိုးလင်းတော့ အိပ်ယာကထလိုက်တဲ့အချိန်
” ကောင်လေး နင်လက်ဖျံရိုးကို လူးမယ့်ဆေးတွေငါပေးလိုက်မယ် နင်ဒီမှာဆက်နေလို့မရတော့ဘူး”
” ဘာဖြစ်လို့လဲအရီး”
” ငါတို့အခု အလုပ်ပေါ်လာလို့ ခရီးထွက်ရဦးမယ် ငါ့တူမကို ကယ်ပေးခဲ့တဲ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ် ”
တောက်ရလဲ အခြေအနေမှန်တွေကိုသိပြီးသားမို့ ဟန်မပျက်နေရင်း
” ဒါဖြင့်လဲ ကျုပ်သွားလိုက်ပါဦးမယ် ကံမကုန်ရင် ပြန်ဆုံကြဦးမှာပေါ့ အရီး” လို့ပြောကာ တဲထဲကနေထွက်လာခဲ့လိုက်တယ်။
တောက်ရလဲ ထွက်သာထွက်လာခဲ့ပေမယ့် မယ်ညှာနဲ့ပတ်သတ်ပြီး စိတ်ထဲမတင်မကျဖြစ်နေတာ တစ်ခုရှိတဲ့အတွက် စုံစမ်းဖို့ ရွာအနီးတစ်ဝိုက်မှာ လှည့်ပတ်သွားလာနေတုန်း ကန်စွန်းရွက်ရောင်းတဲ့ဈေးသည်တွေအချင်းချင်းပြောနေတဲ့ စကားသံကို ကြားလိုက်ရတယ်။
” ညက အဖြစ်ကိုသိပြီးပြီလား”
“အေး တစ်ရွာလုံးပျံ့နေတာ မသိစရာလား.. ဦးသန်းတင်ကြီး သနားပါတယ်”
” ဦးသန်းတင်ကို မယ်ညှာက သတ်လိုက်တာတဲ့..”
” ဟဲ့ တိုးတိုးပြောဦး မယ်ညှာအကြောင်းသိတယ်မဟုတ်လား ငါတို့ပါအဆစ်ပါနေဦးမယ်”
ဟင်းသီးဟင်းရွက်သည်တွေရဲ့စကားကြောင့် တောက်ရအံ့အားသင့်သွားပြီး အတွေးထဲမှာ ဦးသန်းတင်ရဲ့ မျက်နှာပေါ်လာခဲ့တယ်။
” မယ်ညှာ မယ်ညှာ ရုပ်ကလေးနဲ့မှမလိုက် ရက်စက်လှချည်လား နင့်လိုမောက်မာရိုင်းစိုင်းတဲ့ပညာသည်ကိုမှ ဦးမချိုးနိုင်ရင် ဒီရွာကနေ မပြန်ဘူး” လို့ကြိမ်းဝါးကာ ရွာထဲကိုပြန်ဝင်ခဲ့လိုက်တယ်။
ရွာထိပ်ရောက်တော့ ထိန်ပင်သုဿန်ပျက်အဝမှာ မှိုင်တွေနေတဲ့ ဖိုးသံခဲကိုမြင်တော့
” ဖိုးသံခဲ ဘာတွေမှိုင်နေတာလဲ”
” မင်း မင်းက ငါ့ကိုမြင်ရတာလား”
” ဒါပေါ့ မြင်ရလို့ ကျုပ်ခေါ်လို့ရတာပေါ့”
” အေးကွာ မယ်ညှာ ဒုက္ခပေးလို့ ရွာကလူတစ်ယောက်သေပြန်ပီ”
” ဦးသန်းတင်မသေခင် ကျုပ်နဲ့တွေ့သေးတယ် သူပြောတာက ဖိုးသံခဲတို့သားအဖကိုလဲ မယ်ညှာကပဲသတ်ခဲ့တာဆို”
” ဟုတ်တယ် ငါတို့သားအဖကို မယ်ညှာသတ်ခဲ့တာ ။ သူဒေါသထွက်တဲ့အချိန်ပြောသမျှစကားတွေက အရမ်းပေါက်မြောက်တယ်။ သူပြောတဲ့စကားတိုင်းကို တစ်သွေမတိမ်းလိုက်လုပ်ပေးနေတဲ့ မှင်စာတစ်ကောင်လဲရှိသေးတယ်”
” ဘယ်လို မှင်စာ တစ်ကောင် ဟုတ်လား”
” ဟုတ်တယ် သူက မယ်ညှာပြောတဲ့အတိုင်း လုပ်လုပ်တာ ငါတို့သားအဖကိုလဲ အဲဒီမှင်စာပဲ လည်ပင်းညှစ်သတ်ခဲ့တာ အဓိက တရားခံကတော့ မယ်ညှာပေါ့ကွာ”
” သူ့ကိုဘယ်သူမှမနိုင်ကြဘူးလား ဒီအတိုင်းလွှတ်ထားရင် ကျန်တဲ့သူတွေဒုက္ခရောက်ကုန်ကြမှာပေါ့”
” မယ်ညှာက ပြုစားမယ့်အချိန်ရောက်မှ ပညာဗူးကိုမြိုတာ သာမန်အချိန်ဆိုရင် ပုံမှန်လူလိုပဲနေတတ်တယ် ဒါကြောင့် သူ့ကိုဆုံးမမယ်ဆိုရင် ပညာဗူးမြိုထားတဲ့အချိန်ကိုစောင့်ဖမ်းမှရမယ်”
” ဖိုးသံခဲပြောမှရှင်းသွားတော့တယ် ဒါကြောင့် သူ့ကိုစတွေ့တဲ့အချိန် ပညာဗူးမမြိုထားလို့သာမန်လူတစ်ယောက်လိုဖြစ်နေခဲ့တာကိုး”
တောက်ရက ဖိုးသံခဲကို နှုတ်ဆက်ပြီး ဦးသန်းတင် အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ကိုရောက်တော့ နာရေးလာကြတဲ့လူတွေထဲမှာ မယ်ညှာရဲ့ အရီးဖြစ်သူကို ဖျတ်ခနဲလှမ်းမြင်လိုက်ရတယ်။ တောက်ရလာတာသိတာနဲ့ ပညာသည်အချို့က မယောင်မလည်နဲ့ထကာ အလျှိုလျှိုပျောက်ကွယ်သွားခဲ့ကြတယ်။
တောက်ရကလဲ မယ်ညှာကိုသာ လိုက်ရှာနေတာမို့ အခြားသူတွေကိုဂရုမစိုက်ပဲ လွှတ်ထားလိုက်တဲ့အချိန် အသုဘအိမ်လှေကားအောက်ကနေ လက်ကောက်ဝတ်လုံးလောက်ရှိတဲ့ မြွေဟောက်အနက်တစ်ကောင်ထွက်လာခဲ့တာကို ဘယ်သူမှသတိမထားမိခဲ့ပေ။
” ရွှီး ရွှီး”
နားထဲမှာ မြွေဟောက်တွန်သံလိုလို လေချွန်သံလိုလိုအသံက တစ်ဖြေးဖြေးကျယ်လောင်လာတဲ့အတွက် တောက်ရမနေသာတော့ပဲ ကြည့်လိုက်ရာ သူ့ခြေဖမိုးကို ပေါက်ဖို့ချိန်ရွယ်နေတဲ့ မြွေဟောက်နက်တစ်ကောင်ကို မြင်လိုက်ရတယ်။
” နင့်မေကလွှား နည်းတဲ့ကောင်ကြီးမဟုတ်ဘူး”
ရုတ်တရက်မို့ တောက်ရ ယောင်ပြီးအနောက်ကို ခုန်ဆုတ်လိုက်ရာ မြွေဟောက်ရဲ့ပေါက်ချက်က ခြေဖမိုးကိုမထိပဲ သဲပြင်ထဲကိုစိုက်ဝင်သွားခဲ့တယ်။ မြွေဟောက်နက်က တောက်ရကို ပေါက်တာ မထိတဲ့အတွက် စိတ်ဆိုးဒေါသထွက်ပြီး တစ်ရှူးရှူးတစ်ရှဲရှဲနဲ့ အနားမှာရှိတဲ့သူတွေကို ရန်ရှာဖို့ဟန်ပြင်နေတာမြင်တော့ စိတ်ထဲကနေ
” ဟဲ့ တိုက်မြွေနက် နဂိုမူလပြန်စမ်း” လို့ပြောပြီး ဖနောင့်ကိုမသိမသာဆောင့်ချလိုက်ရာ မြွေဟောက်အနက်ကနေ လက်သန်းလုံးသာသာရှိတဲ့ လျော်ကြိုးအနက်အဖြစ်ပြောင်းသွားခဲ့တယ်။
တောက်ရလဲ သူ့မှာ အန္တရာယ်တွေပတ်ပတ်လည်ဝိုင်းနေပြီဆိုတာသိတာနဲ့ ရွာထဲမှာမနေတော့ပဲ လူသူရှင်းတဲ့နေရာကို မျှားခေါ်သွားခဲ့တယ်။ အဲဒီအချိန် မယ်ညှာရဲ့အပေါင်းအပါတွေကိုယ်ကနေ ထုတ်လွှတ်နေတဲ့ စက်တွေက တောက်ရ သွားတဲ့လမ်းတစ်လျောက်
ပြည့်နှက်နေခဲ့တယ်။
တောက်ရလဲ လူသူအသွားလာနည်းတဲ့ ထိန်ပင်သုဿာန်ထဲကို ဝင်လာခဲ့ချိန်မှာတော့ ဖိုးသံခဲနဲ့သူ့သားဖြစ်သူက ပြိုလုဆဲဆဲဖြစ်နေတဲ့ ဇရပ်ထုတ်တန်းပေါ်ပြေးတက်ကာ ခိုးကြည့်နေခဲ့ကြတယ်။
” ဟဲ့ မယ်ညှာ နင်က ဆယ့်နှစ်ကြိုးစီးပြီး င့ါကိုသတ်မလို့ပေါ့လေ … လာခဲ့စမ်း ဒီမှာငါစောင့်နေတယ်”
တောက်ရက အုတ်ဂူအပျက်ကို ဖနောင့်နဲ့ပေါက်ကာ ပေါက်ကာ ပြောလိုက်တော့ သုဿာန်အနောက်ပေါက်ဘက်ကနေ ဆံပင်ဖားလျားချပြီး တစ်လှမ်းချင်းလျောက်လာနေတဲ့ မိန်းမတစ်ယောက်ကိုအဝေးကနေ မြင်လိုက်ရတယ်။
မျက်နှာမြင်နိုင်ရုံအနေအထားကိုရောက်လို့ကြည့်လိုက်တော့ မယ်ညှာမဟုတ်ပဲ သူ့အရီးဖြစ်နေခဲ့တယ်။
” ဟို အရီး ကျုပ်က မယ်ညှာကိုခေါ်တာ ခင်ဗျားကဘာလို့ရောက်လာတာလဲ”
” လက်စသတ်တော့ နင်က လူရိုးလူအေးဟန်ဆောင်ပြီးတော့ ငါ့တူမအနားကိုချဉ်းကပ်ခဲ့တာပေါ့လေ အဟက်..အဟက်။ နင့်ကိုစမြင်ထဲက မရိုးသားဘူးဆိုတာသိနေပေမယ့် ငါ့တူမကြောင့် မသတ်ပဲလွှတ်ပေးခဲ့တာ အခုတော့ နင်က ကိုယ့်သေတွင်းကိုယ်ပြန်တူးနေပါလား”
” လေကတော့အတော်ကြီးတဲ့မိန်းမပဲ ကျုပ်မှာအချိန်မရှိဘူး မယ်ညှာဘယ်မှာလဲ ပြောစမ်း”
” ဟက်ဟက် မယ်ညှာက နင့်အရှေ့မှာရောက်နေပြီလေ ဘာလဲ ငါ့နာမည်ကြားလို့ သွေးပျက်သွာူတာလား”
” ဟင် မယ်ညှာ… ဆိုတာက ခင်ဗျားတူမကိုပြောတာမဟုတ်ဘူးလား”
” ငါ့တူမလို အကြောက်အလန့်ကြီးပြီး အနေအေးတဲ့သူက မယ်ညှာဖြစ်ရမှာတဲ့လား…. မယ်ညှာအစစ်က ငါပဲဟေ့”
ဆံပင်ဖားလျားချထားတဲ့မိန်းက အော်ဟစ်ကြုံးဝါးလိုက်ပြီး မြေကြီးကို ဖနောက်နဲ့သုံးချက်ပေါက်လိုက်ရာ အုတ်ဂူပျက်တွေထဲကနေ အရွယ်စုံ ဆိုဒ်စုံ မြွေဟောက်နက်တွေထွက်လာခဲ့တယ်။
” ငါတို့အလုပ်ကိုဝင်ရှုပ်တဲ့ဒီကောင်ကို အသေသတ်ကြစမ်း… ကိုက်လိုက်စမ်းဟေ့ ပေါက်လိုက်စမ်းဟေ့”
ခြောက်ကပ်ကပ်အော်ဟစ်ကြိမ်းဝါးသံအဆုံးမှာ မြွေဟောက်တွေက တောက်ရရပ်နေတဲ့အုတ်ဂူပေါ်ကို ပါးပျဉ်းတစ်ကားကားနဲ့တက်လာပြီး ပေါက်မယ့်ဟန်ပြင်တဲ့အချိန်
” နင်ကလဲ မယ်ညှာ ငါကလဲတောက်ရတဲ့ကွ… နင့်ရဲ့မြွေမပြောနဲ့ နဂါးတွေကိုတောင် အစွယ်ချိုးပြီး လည်မြိုနင်းလာတဲ့ကောင်ကွ” လို့ရေရွတ်ကာ တက်လာတဲ့မြွေတွေရဲ့ခေါင်းကို ဖနောက်နဲ့တက်ကြိတ်ကာ ကန်ထုတ်ပါလေရော။
မယ်ညှာလဲ သူထက်ပိုကြမ်းတမ်းပြနေတဲ့ တောက်ရကိုမြင်တော့ အနည်းငယ်ရှိန်သွားပြီး
” ဗိုက်ပေါက်မ ဒီကောင်ကို ဂုတ်ချိုးသတ်ပစ်စမ်း နင်သူ့ကိုသတ်နိုင်ရင် ဒီတစ်ခွင်နင်ရစေရမယ်” လို့ပြောလိုက်တော့ မျက်နှာတစ်ခုလုံး ပြောင်ချောဖြစ်နေတဲ့အပြင် ဗိုက်တစ်ခုလုံး သွေးသံတရဲရဲနဲ့ပေါက်ထွက်နေတဲ့ သရဲမက တောက်ရကို ရန်ပြုဖို့ပြေးဝင်လာခဲ့တယ်။
ဒီတစ်ခါမှာလဲ တောက်ရက လေပေါ်မှာလွင့်နေတဲ့ သရဲမရဲ့ဆံပင်ကို ဖမ်းဆွဲကာ မျက်နှာပေါ်ကို သုံးကွက်အင်းတစ်ရွက်ကပ်လိုက်တယ်ဆိုရင်ပဲ ငယ်သံပါတဲ့အသံနဲ့အော်ဟစ်ကာ အုတ်ဂူတွေကြားထဲလူးလိမ့်နေပါလေရော။
” တောက် … နင်လိုကောင်ကများ ငါ့ကိုပြန်တိုက်ရဲတယ်ပေါ့” ဆိုပြီးကြိမ်းဝါးကာ မြေပုံတွေပေါ်မှာ ကျိုးတိုးကျဲတဲထွက်နေတဲ့ လူသေဒူးတစ်ရိုးကိုယူကာ တောက်ရကို ရိုက်ဖို့ အရှေ့ကိုတိုးဝင်လာခဲ့တယ်။
” ဟိတ် ရပ်လိုက်စမ်း … ဆက်တိုးလာရင် နင့်ခေါင်းကိုရှစ်စိပ်ကွဲအောင် ထုချလိုက်မယ်” ဆိုတဲ့အသံကြောင့် မော့ကြည့်လိုက်ရာ အုတ်ဂူငါးလုံးကို ခွရပ်ထားတဲ့ ဂိုဏ်းစောင့်ယက္ခကိုမြင်လိုက်ရတယ်။
မယ်ညှာကလဲ ဂိုဏ်းစောင့်ယက္ခကိုမြင်တဲ့တိုင်အောင် ကြောက်လန့်ခြင်းမရှိပဲ ဝင်လာတဲ့အတွက် တောက်ရက မြေပေါ်မှာလူးလိမ့်တဲ့အထိ ရိုက်နှက်ထုထောင်းဖို့အမိန့်ပေးလိုက်ရတယ်။
ဂိုဏ်းစောင့်တွေကလဲ မယ်ညှာကို ရိုက်နှက်ထုထောင်းရင်း
” နင့်လို အောက်တန်းစားအဆင့်က ကိုယ်ထိလက်ရောက်လုပ်ချင်သေးတယ်ပေါ့လေ ဟမ်းးး.. ဖြောင်း…. အွင့်”
ဂိုဏ်းစောင့်တွေရိုက်နှက်နေတဲ့အချိန် ကောင်းကင်တစ်ခုလုံး ရုတ်ချည်းနီရဲလာပြီး တော်လဲသံတွေလိုလို မိုးခြိမ်းသံတွေလိုလို အသံတွေထွက်လာခဲ့တယ်။
တောက်ရလဲ ချက်ချင်းပြောင်းလဲသွားတဲ့ ကောင်းကင်အနီရောင်ကိုကြည့်နေတဲ့အချိန် အပေါ်အောက်အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး ဒူးဆစ်လောက်ရှည်ကျနေတဲ့ဆံပင်ကို လည်ပင်းမှာပတ်ထားတဲ့ မိန်းမတစ်ယောက်ကို တိမ်တွေကြားထဲမှာမြင်လိုက်ရတယ်။
ဂိုဏ်းစောင့်နတ်တွေနဲ့ရိုက်နှက်ခံထိနေတဲ့ မယ်ညှာက ဒီအဖြစ်တွေကိုမြင်တော့
” နင်ဘာလို့ ပညာဗူးကိုပြန်မြိုလိုက်ရတာလဲ… ငါသေရင်တောင် နင်ဒီပညာတွေကို မသုံးတော့ဘူးလို့ ကတိပေးထားတယ်မဟုတ်လား… ” လို့ပြောပြောပြီး အော်နေတဲ့အတွက် ရိုက်နှက်တာကို ရပ်ခိုင်းလိုက်တဲ့အချိန် တိမ်တွေကြားထဲမှာ ရပ်နေတဲ့ မိန်းမဆီကနေ အနီရောင်အလင်းတန်း တစ်ခုအရှိန်ပြင်းစွာထွက်လာတာကို သတိထားမိခဲ့တယ်။
ဒါပေမယ့် အလင်းတန်းကအရမ်းမြန်တဲ့အတွက် တောက်ရရှောင်ချိန်မရလိုက်ပဲ ရပ်နေတဲ့အုတ်ဂူပေါ်ကနေ အောက်ကိုလွှင့်ထွက်သွားခဲ့တယ်။
လေထဲမှာရပ်နေတဲ့မိန်းမက တောက်ရလွင့်ထွက်သွားတာမြင်တော့ သုသာန်ဘေးမှာပေါက်နေတဲ့ ညောင်မုတ်ဆိပ်ပင်ကိုလက်ညိုးထိုးလိုက်တယ်ဆိုရင်ပဲ တွဲလောင်းကျနေတဲ့ ညောင်မုတ်ဆိတ်တွေက အသက်ဝင်လာတဲ့အလား လှုပ်ရှားလာပြီး တောက်ရရဲ့ ခြေတွေ လက်တွေကို လှုပ်မရအောင် ရစ်ပတ်ထားလိုက်ပါလေရော။
တောက်ရလဲ ရှိသမျှအားနဲ့ရုန်းကန်ကြည့်ပေမယ့် ရုန်းလေတင်းလေဖြစ်နေတဲ့အတွက် စိတ်ကိုလျော့ကာ ရင်ဘတ်ထဲမှာတည်ထားတဲ့အင်းစမစေတီတွေကိုအာရုံပြုထားလိုက်တယ်။
” မယ်ညှာ အရီးကြောင့် ဘာလို့ ဒီပညာတွေကို ပြန်သုံးနေတာလဲ … အရီးတို့က ငရဲကျလဲ နောင်တရစရာမရှိဘူးလေ”
မြေပြင်ပေါ်မှာ သွေးသံတရဲရဲနဲ့ လဲကျနေတဲ့ မိန်းမကြီးစကားကြောင့် တောက်ရကြည့်လိုက်ရာ သူကယ်တင်ခဲ့တဲ့မိန်းကလေးကို မြင်လိုက်ရတယ်။
” မင်း မင်းက မယ်ညှာ အစစ်….”
တောက်ရစကားမဆုံးခင်မှာ ညောင်မုတ်ဆိပ်တွေက ပါးစပ်ကိုလာရောက်ရစ်ပတ်လိုက်တဲ့အတွက် ဆက်ပြောမရပဲဖြစ်နေခဲ့တယ်။
” နင်… နင်က ငါ့ကို မယ်ညှာလို့ခေါ်ရဲတယ်ပေါ့လေ….” လို့ပြောကာ အသေသတ်ဖို့လုပ်နေတဲ့အချိန် တောက်ရရဲ့ နှလုံးသားရှိတဲ့ဘက်ကနေ အလွန်စူးရှတဲ့ အလင်းစတစ်ခုထွက်ပေါ်လာခဲ့တယ်။
ထွက်လာတဲ့အလင်းစက တစ်ဖြေးဖြေးလင်းထိန်လာပြီး ချုပ်နှောင်ထားတဲ့နွယ်ကြိုးတွေပါ တစ်ဖျစ်ဖျစ်မြည်အောင်ပြတ်ထွက်တဲ့ထိဖြစ်လာခဲ့တယ်။
လေပေါ်မှာရပ်နေတဲ့မယ်ညှာအစစ်ကလဲ သူ့ပညာတွေနဲ့ပြန်ထိန်းချုပ်ပြီး ရစ်ပတ်ခဲ့ပေမယ့် တောက်ရရင်ဘတ်ထဲကထွက်လာတဲ့ အလင်းတန်းအရှိန်က တစ်ဖြေးဖြေးပိုအားကောင်းလာခဲ့တာ နောက်ဆုံးမှာတော့ ချည်နှောင်ထားတဲ့ နွယ်ကြိုးတွေအကုန် တစ်စစီပြတ်ထွက်သွားခဲ့တယ်။
မယ်ညှာလဲဒီလောက်စူးရှပြင်းထန်တဲ့အလင်းတန်းက ဘာများလဲဆိုပြီး ကြည့်လိုက်တော့ စမအက္ခရာတွေကို ဆင့်ကာဆင့်ကာ ထပ်ထားတဲ့ စေတီတစ်ဆူဖြစ်နေတာမြင်လိုက်ရတယ်။
စမအက္ခရာနဲ့တည်ထားတဲ့စေတီတစ်ဆူလုံး အပြည့်အစုံပေါ်လာတဲ့အချိန် သုဿာန်အတွင်းမှာနေကြတဲ့ နာနာဘာဝတွေအားလုံး ဝရုန်းသုန်းကားထွက်ပြေးကြပါလေရော။ မယ်ညှာကတော့ ထွက်ပြေးခြင်းမရှိပဲ ဘာဖြစ်ဖြစ်ရတယ်ဆိုတဲ့သဘောနဲ့မတ်တပ်ရပ်နေတဲ့အချိန်
” ဖြောင်း” ဆိုတဲ့အသံနဲ့အတူ မြေကြီးပေါ်ကို ဒလိမ့်ခေါက်ခွေး လိမ့်ဆင်းလာခဲ့တယ်။
တောက်ရလဲ လဲကျနေရာကနေလွတ်လာတာနဲ့ သွေးသံတရဲရဲဖြစ်နေတဲ့မယ်ညှာအတုရဲ့ဘေးပတ်ပတ်လည်ကို စည်းချပြီး ထိန်းထားနေစဉ်အတွင်း မယ်ညှာအစစ်ရဲ့ ပါးစပ်ထဲကနေ ပြိုးပြိုးပျက်ပျက်အရောင်ထွက်နေတဲ့လက်သီးဆုပ်အရွယ်အလုံးတစ်လုံး အန်ထွက်လာခဲ့တယ်။
” ဒါ ဒါ ပညာဗူးပဲ …. ငါ့ကိုယ်ထဲမှာ တည်ထားတဲ့ စေတီက မယ်ညှာကိုရော ငါ့ကိုရောကယ်တင်လိုက်တာပဲ”
တောက်ရက တစ်ကိုယ်ထဲရေရွတ်ရင်း အားကုန်ကာ ပျော့ခွေနေတဲ့ မယ်ညှာရဲ့ဘေးပတ်လည်ကို စည်းတားပြီးတဲ့အချိန် ထိန်ပင်သင်္ချိုင်းအဝကနေ သာဓုခေါ်သံသုံးကြိမ်ထွက်ပေါ်လာခဲ့တယ်။
” ဒီတစ်ကြိမ်မှာတော့ မင်း အတော်ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာပဲ” ဆိုတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ အောင်မြတ်သာနှင့်သက်ခိုင်တို့ကို တွေ့လိုက်ရတယ်။
” ဆ..ဆရာ တို့ပါလား ဘယ်လို ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ”
” မင်းပညာကိုအကဲခတ်ချင်တာကြောင့် မမြင်အောင်ဖုံးကွယ်ပြီးနေခဲ့ကြတာ အခု မင်းက ကိုယ်လုပ်ခဲ့တဲ့ကျင့်စဉ်တွေ၊ အင်းစမတွေကိုအသုံးချပြီး လူနှစ်ယောက်ကိုလမ်းမှန်ပို့ပေးနိုင်ခဲ့တာ ဝမ်းသာမိပါတယ်”
” ဆရာ ဒီမိန်းကလေးက တကယ်မလွယ်ဘူး … ကျွန်တော်တော့သေပီလို့ထင်နေတာ”
” မင်းရင်ဘတ်ထဲကနေ စေတီမပွင့်လာရင် သေချာပေါက်ကို သေမှာ.. စေတီပွင့်လာတဲ့အတွက် အပေါ်မှာရှိနေတဲ့သူကို အစောင့်အရှောက်တွေက ရိုက်ချပြီး ပညာပြန်သိမ်းလိုက်တာပဲ ”
” အခုသူတို့ကို ဘယ်လိုလုပ်ရမလဲဆရာ”
” ထုံးစံအတိုင်း ပညာသိမ်း၊ သစ္စာဆိုခိုင်းရုံပေါ့ကွာ။ ဒီလောက်ကတော့ မင်းလုပ်တတ်ပါတယ်”
အောင်မြတ်သာစကားကြောင့် တောက်ရက ရယ်ကျဲကျဲလုပ်ကာ မယ်ညှာတို့ဘက်ကိုထွက်သွားခဲ့တယ်။
တောက်ရရဲ့ချေချွတ်ဆုံးမမှုကြောင့် အရီးဖြစ်သူနဲ့ မယ်ညှာတို့နှစ်ယောက်လုံး ပညာတွေကိုစွန့်လွှတ်ကာ ဘဝကိုရိုးသားစွာဖြတ်သန်းနေထိုင်ခဲ့ကြတယ်။
နောက်ဝတ္တုမှာတော့ လူသေအရိုးခေါင်းထဲက ကူးတို့ခဒင်္ဂါးတစ်မတ်ကိုယူထားတာကြောင့် ဘယ်လိုတွေ ဗြောင်းဆန်အောင်ခံကြရမလဲ။
အောင်မြတ်သာတို့က ဘယ်လိုတွေ ကူညီပေးကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ဒင်္ဂါးတစ်မတ်သွေးတစ်စက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ