ဆေးလိပ်ကြိုက်သည့်သရဲ

*ဆေးလိပ်ကြိုက်သည့်သရဲ*📖📖📖

*********************
******
“ဟေ့ မယ်တင် …ဘယ်ကိုလဲ”

“ဒေါ်သိန်းမြအိမ် ခဏသွားမလို့ ”

“ဒေါ်သိန်းမြ နေမကောင်းဘူးလို့ ကြားတယ်”

“ဟုတ်တယ် ကျမသွားမှာလည်း ဒေါ်သိန်းမြ
နေမကောင်းတဲ့ကိစ္စပဲ၊ သတင်းလည်း
သွားမေးရင် စပ်စုရင်း ဆိုပါတော့ ”

“အစ်မအေးကျင်က ဘယ်သွားမှာလဲ”

“ဆရာတော်မှာထားလို့ သွားမလို့၊ သန်ဘက်ခါ
အလှူရှိတယ်လေ၊ ဆရာတော်က ဘာတာဝန်
ယူခိုင်းမလို့လဲ မသိဘူး”

“ပိုက်ဆံရှိတဲ့လူတွေကတော့ ဘာလှူသလဲ
မမေးနဲ့ တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်
လှူကြတယ် ”

“ပိုက်ဆံရှိတဲ့ လူတွေကလှူ ၊ ကိုယ်တွေက
လုပ်အားနဲ့ ချက်ပြုတ် ကြော်လှော်ပေးတော့
ကုသိုလ်ခွဲတမ်းရတာပေါ့ ”

ဒေါ်အေးကျင်က ဆရာတော်၏ ညီမတစ်ဝမ်းကွဲ
တော်သလို၊ ဆရာတော်၏ကျောင်းမှာ အလှူ
လုပ်တိုင်း ဒေါ်အေးကျင်က တာဝန်ယူကြော်
လှော်ချက်ပြုတ်ပေးရသည်။ ရပ်ထဲရွာထဲမှ
သာရေးနာရေး အတော်များများ ဒေါ်အေးကျင်၏
လက်ရာနှင့် မကင်းပါ။

ဒေါ်တင်လည်း ဒေါ်သိန်းမြ၏အိမ်သို့ ရောက်လာသည်။
အိမ်ပေါ်မှာ မိန်းမယောင်္ကျား သုံးလေးယောက်ခန့်
ရှိနေသည်။ ဒေါ်သိန်းမြ နေမကောင်းသည့်အတွက်
လာသတင်းမေးကြသူများ ဖြစ်သည်။

“လာဟေ့ မတင်”

“သိန်းမြ နေကောင်းသွားပြီလား”

“မထူခြားပါဘူး ရောဂါက ကောင်းလိုက်ဖြစ်လိုက်နဲ့၊
ဘာရောဂါမှန်းတောင် မသိဘူး၊ အခုလေးတင်
ဗိန္ဓောဆရာ ဦးသိန်းဇံ ပြန်သွားတယ်၊ ဆရာ
ကလည်း ရောဂါအမည် သေသေချာချာ မပြော
သွားဘူး၊ မိန်းမရောဂါဆိုပြီး ဆေးတွေတော့
ပေးသွားတာပဲ”

ထိုစဉ် လူနာလာမေးသည့် အဒေါ်ကြီးတစ်ယောက်က

“စောစောက ဆရာဦးသိန်းဇံရှိနေလို့ မပြောဖြစ်တာ၊
အခု မသိန်းမြရောဂါက အစားအသောက်လည်းပျက်၊
ညဘက်ဆို အိပ်မရဘဲ ထထပြီးအော်တယ်၊ တစ်ခါ
တစ်ရံ ပြောချင်ရာတွေ လျှောက်ပြောတယ်၊ ငိုချင်
လည်း ငိုချလိုက်တယ်တဲ့၊ ပုံစံက လူမမာပုံစံမျိုးမှ
မဟုတ်ဘဲ မဟုတ်မှလွဲရော ရွာထဲက ဒေါ်ငွေမြကြီးများ
ပြုစားထားတာလား မသိဘူး”

“ဟုတ်တယ် ငါလည်း အဲသည်လိုပဲ ထင်နေတယ်”

“နင်တို့ကလည်း အဲဒီဒေါ်ငွေမြကြီးကို ရွာထဲက
လူတွေကသာ စုန်းမလို့ ပြောကြတာ၊ ငါတော့
မထင်ဘူး၊ အပြောအဆို ကြမ်းတိုင်းလည်း
စုန်းမ မဖြစ်နိုင်ပါဘူး”

“မသိန်းမြက၊ ဒေါ်ငွေမြနဲ့ စကားများဖူးလား

“သူနဲ့ကျတော့ မများဖူးပါဘူး။ သူ့တူမနဲ့တော့
စျေးဝယ်ရင်း စကားများဖူးတယ်”

“ပြီးခဲ့တဲ့လက ဒေါ်ငွေမြနဲ့တောင် လမ်းမှာ
တွေ့လို့ ပြုံးပြုံးရယ်ရယ်နဲ့ နှုတ်ဆက်ခဲ့သေးတယ်”

“ဒါဆို ဘယ်လိုဖြစ်တာလဲ”

“မသိပါဘူးအေ…အခုတော့ ညည်းတို့မြင်တဲ့အတိုင်းပဲ
ငါကောင်းနေတာပဲ”

“မနက်ဖြန် ဝါးနက်ချောင်းရွာကို သွားမလို့၊
မသိန်းမြကို ခေါ်သွားနလားလို့ လှည်းနဲ့
မနက်စောစောသွားကြမှာ လိုက်မယ် မဟုတ်လား”

“ဝါးနက်ချောင်းရွာက သရဲစီးပြီးပြောတဲ့
ဆရာမဆီကိုလား”

“ဟုတ်တယ်၊ ကျမတို့လည်း မေးစမ်းစရာရှိလို့
သွားမှာ”

“လိုက်မယ်လေ …အိမ်ကိုလာကြမယ် မဟုတ်လား”

“မနက်စောစော လှည်းနဲ့ဝင်ခေါ်မယ်”

“မတင် …အဲဒီသရဲက ဘယ်လိုပြောသလဲ”

မသိန်းမြ၏ညီမ မရင်လှက မေးသည်။

“သေသေချာချာတော့ မသိပါဘူး၊ တစ်ခေါက်
ရောက်ဖူးတဲ့ ခြေရင်းအိမ်က မခင်လှပြောပြ
သလောက်ပဲ သိထားတယ်၊ သူပြောတာ
ဟောတာကတော့ မှန်တယ်တဲ့၊ မေးချင်တဲ့
လူက သူ့အတွက် ဆေးပေါ့လိပ် လေး၊ငါးလိပ်
ယူသွားပေးရတယ်တဲ့၊ အဲသည်ရွာမှာ သေပြီးတဲ့
လူတစ်ယောက်က မကျွတ်မလွတ်ဘဲ၊ ရည်းစား
ဟောင်းကို ကူညီစောင့်ရှောက်ပြီး ရှေ့ဖြစ်
နောက်ဖြစ် ဟောပြောနေတာတဲ့၊ အဲဒီ
အမျိုးနာမည်က မတင်ရီတဲ့ …ယောင်္ကျား
သေပြီးကလေးတစ်ယောက်နဲ့ ၊ မလုပ်တတ်
မကိုင်တတ် ဒုက္ခရောက်နေတဲ့အချိန်
အိမ်ထောင်မကျခင်က ရည်းစားဖြစ်ခဲ့ဖူးတဲ့
ကိုတင်ငွေဆိုတဲ့လူက သေဆုံးပြီး ဝိညာဉ်
ဘဝနဲ့ ပြန်ဆုံပြီး အခုအချိန်ထိ ကူညီ
စောင့်ရှောက်နေတာလို့ ပြောတာပဲ”

“ဘာတွေ ယူသွားရဦးမလဲ”

“မတင်ရီကိုတော့ မေးမြန်းခ သဒ္ဓါသရွေ့
ပေးရမှာပေါ့၊ သရဲဝိညာဉ်ကတော့ ဆေးပေါ့လိပ်
ပေးရင် ကျေနပ်တယ်တဲ့၊ ဆေးလိပ်သောက်ပြီး
မေးလိုရာမေး၊ ပြောတော့တာပဲတဲ့”

“အေး…ငါလည်း မသိန်းမြနဲ့ လိုက်ခဲ့မယ်၊
မကြုံဖူးလို့ လိုက်ကြည့်ချင်တယ်”

“ကဲ …ကျမပြန်မယ် မနက်စောစော
လှည်းနဲ့ လာခဲ့မယ် ငါးနာရီလောက်
အသင့်ပြင်ပြီး စောင့်နေ”

ဒေါ်တင်လည်း ဒေါ်သိန်းမြကို နှုတ်ဆက်ပြီး
ပြန်သွားတော့သည်။

XXXXX

မနက်စောစော ငါးနာရီခန့် ဝါးနက်ချောင်းရွာသို့
သွားမည့်လှည်း ဒေါ်သိန်းမြအိမ်ရှေ့သို့ ရောက်
လာသည်။

လှည်းပေါ်မှာ လှည်းမောင်းသူနှင့် အမျိုးသမီး
သုံးယောက်တို့ ပါလာသည်။ ဒေါ်သိန်းမြနှင့်
ဒေါ်ရင်လှတို့လည်း အသင့်ပြင်ဆင်ထားပြီး
ဖြစ်၍ အိမ်ပေါ်မှ ဆင်းလာကြသည်။

“လှည်းပေါ်မှာ တို့ငါးယောက်နဲ့ ကျပ်နေတော့မှာပဲ
တိုးဝှေ့ပြီး ထိုင်ကြတာပေါ့၊ သည်အချိန်သွားမှ
ခုနှစ်နာရီလောက်ရောက်မှာ ဟိုမှာမေးမယ့်လူ
ရောက်နေရင် နေမြင့်ဦးမယ် ”

ခုနှစ်နာရီ မထိုးခင်မှာပင် လှည်းက မတင်လှတို့
အိမ်ရှေ့သို့ ရောက်လာသည်။ လှည်းကိုရပ်လိုက်ပြီး
လှည်းပေါ်မှ အမျိုးသမီးကြီး ငါးယောက်တို့
ဆင်းလာကြသည်။

“ထွေးမောင် လှည်းနဲ့နွားကို သင့်တော်ရာမှာ
ရှာကြံပြီး ဖြုတ်ထားလိုက် ”

ဒေါ်တင်ကလည်း လှည်းမောင်း၍ လိုက်ပို့ပေးသော
တူဖြစ်သူ ထွေးမောင်အားမှာပြီး ခြံထဲဝင်ခဲ့ကြသည်။
အိမ်ပေါ်မှာ မေးစမ်းသည့်လူ ရောက်နေသည့်ဟန်မရှိ၊
သို့ကြောင့် ဒေါ်သိန်းမြတို့ အိမ်ပေါ်တက်သွားသည့်
အချိန် ဟောပြောပေးသည်။ မတင်ရီကို မတွေ့၊
အသက်ရှစ်နှစ်အရွယ် မိန်းခလေးတစ်ယောက်သာ
အိမ်ပေါ်မှာ ရှိနေသည်။

“အမေ…အမေ …”

ကလေးမလေးက ဒေါ်သိန်းမြတို့လူစု
အိမ်ပေါ်သို့ တက်လာသည်ကို မြင်သဖြင့်
နောက်ဘက်သို့ လှည့်ကာ အသံပြုလိုက်သည်။

“အမေ…ဧည့်သည်တွေရောက်နေတယ်”

“အေး…လာပြီ သမီးရေ”

ခဏကြာတော့ ကင်ပွန်းချဉ် အညွှန့်ခက်များ
လက်ကကိုင်ပြီး မတင်ရီ အိမ်ပေါ်သို့ တက်လာသည်။

“ဧည့်သည်တွေ ရောက်နေတာပါလား…ကျမလည်း
ဟင်းချက်မလို့ …ကင်းပွန်းချဉ်ရွက် ဆင်းခူးနေတာ
ထိုင်ကြဦးနော် ”

မတင်ရီက ကင်ပွန်းချဉ်ညွှန့်များကို ဆန်ခါတစ်ချပ်
ထဲထည့်ပြီး ရေကပြင်မှာ သွားချထားကာ ခြေလက်
များကို ဆေးကြော သုတ်သင်ပြီး ထွက်လာသည်။

ဧည့်သည်များလည်း ကလေးမလေးခင်းပေးသော
ဖျာပေါ်မှာ ထိုင်နေသည်။ ထို့နောက် မတင်ရီက
ဘုရားစင်သို့ တန်းသွားပြီး ဖယောင်းတိုင် သုံးတိုင်
မီးထွန်းညှိ၍ အမွှေးတိုင်များကို မီးညှိကာ ပူဇော်
ထားလိုက်သည်။ မတင်ရီအား ဒေါ်တင်က
လာရင်းကို ပြောပြသည်။

“ဟုတ်ကဲ့ မေးချင်တာမေးပါ”

ဒေါ်တင်က သူနှင့်ပါလာသောသူ၏ အစ်မကို
စတင်မေးခိုင်းသည် ။ ဒေါ်ခင်ဝင်းက သူတို့
အိမ်မှာ လက်ရှိ ဖြစ်ပျက်နေသော အဖြစ်အပျက်
များကို ဆရာမကို ပြောပြသည်။

“အဲဒီအခက်အခဲ အဖြစ်အပျက်တွေကို ကိုတင်ငွေကို
မေးစမ်းကြည့်လို့ အဲဒါ ဘာတွေလိုအပ်လဲ မသိလို့
ပြောပြပါလား”

“အော် ဒါလား …ကိုတင်ငွေအတွက် ဆေးပေါ့လိပ်
လေး၊ငါးလိပ်ဆို ရပါတယ် ”

ဒေါ်တင်လည်း ဝယ်လာသော ဆေးပေါ့လိပ်
ဆယ်လိပ်အစည်းကို မတင်ရီအား ပေးလိုက်သည်။

“ကိုတင်ငွေက ဆေးလိပ်အရမ်းကြိုက်တယ်
သူ့ကို ဆေးလိပ်ပေးသောက်မှ မေးချင်တာ
မေးလို့ရတယ်”

မတင်ရီက ဆေးလိပ်အစည်းကို ကောက်ယူလိုက်ပြီး
မီးခြစ်တစ်လုံးယူကာ နောက်ဘက်သို့ ဝင်သွားသည်။
မတင်ရီထိုင်နေသော နောက်ဘက်တွင် လိုက်ကာ
တစ်ခုကို နောက်မှာ ကာရံထားသည်။

မတင်ရီက လိုက်ကာနောက်ရောက်တော့
လိုက်ကာကို အားလုံးမြင်အောင် လက်နှစ်ဘက်နှင့်
မပြသည်။ မတင်ရီ နောက်ဘက်မှာကာရံထားသော
အိမ်နံရံဝါးထရံသာ ရှိသည်။ မတင်ရီ အပြင်သို့
ထွက်လာသည်။

မတင်ရီထိုင်၍ မကြာခင် လိုက်ကာနောက်ဘက်မှာ
ဆေးလိပ်မီးညှိနေသည်ကို တွေ့ကြရသည်။
ဆေးလိပ်ကို သုံးလေးဖွာရှိုက်လိုက်သဖြင့်
မီးဖွားများပင် ဖြာ၍ ကျသွားသည်ကို အတိုင်းသား
မြင်နေရသည်။

“ကဲ …ဘာသိချင်ကြလဲ၊ မေးချင်တာ မေးနိုင်တယ်”

ယောင်္ကျားအသံနှင့် နောက်ဘက်က ပီပီသသ
ကြားလိုက်ကြရသည်။ ထိုအခါ ဒေါ်ခင်ဝင်းက
စမေးသည်။

“ကျမတို့အိမ်မှာ သည်နှစ် ဘာစီးပွားရေးပဲ
လုပ်လုပ် စီးပွားရေးက ထိုးတက်မလာဘဲ၊
ထိုးကျလာပါတယ်။ ခါတိုင်းနှစ်တွေက
လုပ်တိုင်းစီးပွားဖြစ်ခဲ့ပါတယ်၊ အိမ်က ကလေးကလည်း
ကောက်ကာငင်ကာ ကြောက်တယ် လန့်တယ်အော်ပြီး
ဖျားနေပါတယ်၊ အသက်ရှစ်ဆယ်ရှိပြီဖြစ်တဲ့ ကျမတို့
အမေလည်း ကောင်းနေရာက လေဖြတ်သလို ဖြစ်သွား
တယ်၊ အဲဒါ…ကျမတို့အိမ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့
ဦးထွန်းမြင့်တို့ လင်မယားကို မသင်္ကာဘူး၊ ကျမတို့
နေနိုင်စားနိုင်တာကို မနာလိုပြီး လုပ်ထားကိုင်ထား
တယ်လို့ ထင်ပါတယ်”

“ဟဲ့…ဟဲ့ နေပါဦး …အခု ကျုပ်ကို လာမေးတာလား
လာပြောပြနေတာလား”

“လာမေးတာပါ …ဟို …ဟို …အိမ်က အမေနဲ့
သားကို စိတ်ပူပြီး …ပြောပြမိတာပါ”

“မင်းတို့က ဘယ်ရွာကလဲ ”

“အောက်စုရွာကပါ ”

“နေကြဦး ငါအောက်စုရွာ ခဏသွားဦးမယ် ”

ဆယ်မိနစ်ခန့် ငြိမ်သွားသည်။ ခဏအကြာ
အသံပြန်ထွက်လာသည်။

“ဟဲ့ ဟဲ့ …ခင်ဗျားတို့ထင်တာ မဟုတ်ဘူး၊
မင်းတို့ထင်တဲ့ မိသားစုက လူတွေနဲ့ ကင်းကင်း
ရှင်းရှင်း နေတာကလွဲပြီး မကောင်းတဲ့အလုပ်
မလုပ်ဘူး၊ အဲသည် မိသားစုက ဘာသာတရား
ကိုင်းရှိုင်းတဲ့ မိသားစုတလွဲမထင်နဲ့၊ ခင်ဗျားတို့
အိမ်က ကောင်လေးရဲ့ ရောဂါက ဘာရောဂါမှ
မဟုတ်ဘူး မြေကိုင်တာ၊သူတို့ဘောလုံးကစားရင်း
ဘောလုံးကွင်း ဘေးမှာ ခြေခေါက်လဲသွားတာ
အဲဒါ စိတ်ဆိုးပြီး သူခလုတ်တိုက်လဲတဲ့နေရာကို
လည်း သေးနဲ့ငေါ့ပန်းခဲ့သေးတယ်။

ကလေးဆိုတော့ လုပ်ကောင်းလား မကောင်းလား
မသိဘူး …လုပ်ချင်ရာလုပ်ခဲ့တာ၊ ကလေးက
ရှစ်နှစ်သားဆိုတော့ နတ်ဖမ်းစားထားတာ၊
နေ့မသိ …ညမသိအောင် အပူမကျဘဲ ရှိတတ်
တယ်…တမှိန်မှိန်ဖြစ်ပြီး၊ ငိုလိုက်ရယ်လိုက်နဲ့
ကျင်ကြီးကျင်ငယ် မနိုင်လည်း ဖြစ်နေတယ်
မဟုတ်လား။

ဘာမှ မစိုးရိမ်နဲ့၊ ဖမ်းစားတဲ့နတ်အတွက်
ခေါပတောင်းတစ်ခုလုပ်၊ ထမင်းထည့်
ပေါက်ပေါက်ထည့် ဆီမီးနှစ်တိုင် ၊ တံခွန်နှစ်ခု၊
ပန်းနံ့သာရေဖျန်း အနောက်မြောက်ထောင့်
အရပ်သို့ မွေးသည့်အချိန်မှာပို့လိုက် ရှင်းရှင်း
ပျောက်သွားလိမ့်မယ်၊ မှတ်မိလား”

“ကျမ စာနဲ့ ရေးမှတ်ပေးထားပါတယ်”

မတင်ရီက အလိုက်သိစွာနှင့်
လိုက်ရေးမှတ်ပေးနေသည်။

“စီးပွားရေးကျတာက…အိမ်ဦးနတ်ဖြစ်တဲ့
ယောင်္ကျားက လုပ်ရမယ့်အလုပ်…မလုပ်
ရောဂါကို အကြောင်းပြပြီး အိမ်မှာနေ
သူရင်းငှားကို မျက်နှာလွှဲပြီး ပစ်ထားတော့
လုပ်ငန်းလစ်ဟင်းပြီး ငွေယိုပေါက်တွေများလို့
စီးပွားကျတာပေါ့၊ ခင်ဗျားယောင်္ကျား နေပြန်
ကောင်းအောင်သာ ကြိုးစားကုသပေးလိုက်။

သူရောဂါက ဒူလာဖြစ်တာ…ဒူလာပျောက်အောင်
ဆေးစားဆေးသောက်လို့ ပျောက်သွားရင်
လုပ်ငန်းကို ပြန်ဦးစီးပြီး လုပ်ခိုင်းလိုက်
ဘယ်သူမှ…ပြုစားထားတာ မဟုတ်ဘူး၊

အသက်ကြီးတဲ့ မိခင်ကို ညနေပိုင်း ရေချိုးပေးတာတို့
ခေါင်းလျှော်တာတို့ မလုပ်စေနဲ့ …လေမမိခင်က၊
ညနေပိုင်း ရေချိုးခဲ့တယ်…ပြန်စဉ်းစားကြည့်လိုက်
မှတ်မိတယ်မဟုတ်လား…”

“ဟုတ်ပါတယ် မနက်ပိုင်းက သူ့ညီမဝမ်းကွဲပေးတဲ့
ငါးချဉ်ကိုသုပ်ပြီးစားတယ်…ညနေပိုင်း ခေါင်းနည်း
နည်း အုံတယ်ဆိုတာနဲ့ ရေချိုးပြီး ခေါင်းလျော်
ပေးလိုက်မိတယ် …”

ဒေါ်တင်က သူ့မိခင်ကို ရေချိုးပေးမိသည့်
အကြောင်း ပြောပြသည်။

“ကဲ…အားလုံး စိတ်ထဲရှင်းသွားပြီပေါ့ …ခင်ဗျားတို့
မိသားစုကိစ္စ ဦးထွန်းမြင့်တို့နဲ့ ဘာမှမပတ်သက်ဘူး
ဟုတ်လား”

“သိပါပြီ”

“ကဲ…ဘယ်သူမေးဦးမှာလဲ”

“ကျမ မေးချင်ပါတယ်”

“မေးပါ…မေးပါ ဘာများ မေးချင်တာပါလဲ”

ဒေါ်သိန်းမြက သူ့အဖြစ်အပျက်များကို
ပြောပြလိုက်ပါသည်။

“အေး ပြောတာပေါ့ ခဏစောင့် ဆေးလိပ်ကုန်
သွားလို့ နောက်တစ်လိပ် မီးညှိလိုက်ဦးမယ်”

လိုက်ကာနောက်မှ ဆေးလိပ်မီးညှိလိုက်သဖြင့်
မီးပွားများ ဖွာခနဲ ဖွာခနဲ လွင့်ကျနေသည်ကို
အားလုံးမြင်နေကြရသည်

“ကဲ …ပြောလို့ရပြီ”

ဒေါ်သိန်းမြလည်း သူခံစားနေရသည်ကို ပြောပြသည်။

“အင်း သိပြီ ၊ ခဏနေပါဦး …အပြင်ကို
ငါးမိနစ် သွားလေ့လာလိုက်ဦးမယ်”

ငါးမိနစ်ခန့်သာ ကြာလိုက်သည် လိုက်ကာနောက်မှ
မီး ရဲခနဲ ရဲခနဲ ဖြစ်သွားသည်။

“အင်း…သိခဲ့ပြီဟေ့ ဒေါ်ငွေမြကြီးနဲ့
ဆုံလိုက်တာနဲ့၊ ဒေါ်ငွေမြက သူ့တူမကိစ္စနဲ့
မကျေနပ်လို့ အောက်လမ်းနည်းနဲ့ လုပ်
ထားတာ၊ ဒါပေမဲ့ မစိုးရိမ်နဲ့ …ဘာအန္တရာယ်မှ
မရှိဘူး၊ မှတ်လောက်သားလောက်ဖြစ်အောင်
ဆုံးမလိုကၱာပါ …

သူ့တူမနဲ့ လွန်ခဲ့တဲ့အပတ်က စျေးဝယ်ရင်း
စကားများခဲ့တယ်၊ တူမဖြစ်သူက အဒေါ်ကို
တိုင်လိုက်တော့ သူအမြဲတမ်း အသုံးပြုတဲ့
ကဝေမှော်ရုပ်လေးကို မှော်သွင်းပြီး ဒေါ်သိန်းမြ
အမည်ကိုပေး သူရောဂါဖြစ်စေချင်တဲ့နေရာကို
မှော်အပ်နဲ့ လိုက်ထိုးတာပဲ”

ဟုတ်ပါသည် ။ လွန်ခဲ့သော တစ်ပတ်က
ဒေါ်သိန်းမြလည်း ဒေါ်ငွေမြ၏ တူမရောင်းသော
ကုန်စုံဆိုင်မှာ စျေးသွားဝယ်ဖြစ်သည်။

ဒေါ်ငွေမြ၏တူမက ကြက်သွန်ချိန်ရာ၊ အလေးချိန်
မပြည့်သေးသည့်အတွက် ချိန်ခွက်ထဲ ကြက်သွန်များ
ကို ပစ်ထည့်ပြီး ပြည့်ပြီ ဆိုကာ ပေးသဖြင့် ရန်ဖြစ်
ခြင်းဖြစ်သည်။ ရန်ဖြစ်ပြီးပြန်လာသည်နှင့်
ကိစ္စပြီးသွားပြီဟု ထင်မှတ်ထားသော်လည်း
ရန်ဖြစ်ပြီး မကြာခင်ရက်မှာ လက်ကနာ၊
ဇက်ကထိုး၊ ခါးကနာ တစ်ကိုယ်လုံး
ဘာရောဂါမှန်း မသိဘဲ၊ အော်ဟစ်နေရ
လောက်သည်အထိ နာကျင်လွန်းလှသည်။

“အဲသည်လို အောက်လမ်းနည်းနဲ့ လုပ်ထားတယ်
ဆိုရင် ဘယ်လိုလုပ်မှ ပျောက်မှာလဲ”

“ကဲ…သည်ကိစ္စက လွယ်ပါတယ်၊
သူက ခင်ဗျားကို သေအောင် ခန္ဓာကိုယ်
ပျက်စီးအောင် လုပ်ထားတာမဟုတ်ဘူး
သူ့အကြောင်းသိအောင် ပညာပေးထားတဲ့
သဘောပါပဲ၊ အစ်မကြီး မေတ္တာသုတ်တို့၊
ပဋ္ဌာန်းတို့ ရွတ်ဖတ်တတ်တယ် မဟုတ်လား”

“အလွတ်ရပါတယ်”

“ဒါဆို ညတိုင်း ဘုရားရှိခိုး ပဋ္ဌာန်းရွတ်၊ မေတ္တာသုတ်ရွတ်၊
ဒေါ်ငွေမြကို မေတ္တာနာနာလေးပို့ပေး၊ သူ့တူမရဲ့
စျေးဆိုင်ကိုလည်း အသွားအလာ မပျက်သွား
မကြာခင်ရက်ပိုင်းအတွင်း ဒေါ်သိန်းမြရဲ့ ခန္ဓာကိုယ်
ပေါ်မှာ ကျရောက်နေတဲ့ ရောဂါတွေ ပျောက်သွား
လိမ့်မယ်၊ ဒေါ်ငွေမြကလည်း သူလုပ်ပြီးတဲ့
ကိစ္စနဲ့တင် ကျေနပ်ပြီး ဆက်မလုပ်ဘဲ ဖြေ
ပေးလိမ့်မယ်၊ ကဲ…နောက်ကို ဘယ်သူနဲ့မှ
ရန်မဖြစ်အောင် နေထိုင်ကြပါဗျာ”

သို့ဖြင့် မေးစမ်း၍ ပြီးပြီဖြစ်သည်။

မတင်ရီကိုလည်း မေးမြန်းခ ငွေအချို့ ပေးလိုက်သည်။
ထိုစဉ် မတင်က စပ်စပ်စုစု လုပ်လာသည်။

“ကိုတင်ငွေကို တစ်ခုလောက်မေးချင်ပါတယ်”

“အင်း မေးပါ …ဆေးလိပ်တစ်လိပ် မီးညှိလိုက်ဦးမယ်”

ထုံးစံအတိုင်း လိုက်ကာနောက်မှ ဆေးလိပ်မီးညှိ
နေသည်ကို တွေ့ရသည်။

“ကဲ …မေးချင်တယ်ဆို မေးပါ”

“တခြားကိစ္စမဟုတ်ပါဘူး…ကိုတင်ငွေရဲ့
ဘဝဖြစ်စဉ်ကို သိချင်လို့ပါ ”

“မပြောပြပါရစေနဲ့ဗျာ”

“ပြောပြပါရှင် ဆေးလိပ်လိုရင် ထပ်ပြီးဝယ်ပေးပါ့မယ်”

“ဟုတ်ပါတယ်ရှင်…ပြောပါလို့တောင်းပန်ပါတယ်”

မတင်ရီက သူ့တို့ အုပ်စုကိုကြည့်ပြီး…

“သူမပြောချင်ရင် အတင်းမတောင်းဆိုပါနဲ့
ကိုတင်ငွေ စိတ်ဆိုးနေပါ့မယ်”

“ကျုပ်က ပြောပြလို့ရပါတယ်…မတင်ရီ
စိတ်များ ဆိုးနေမလား”

“မဆိုးပါဘူး …ရှင်ပြောချင်လည်း ပြောပြလိုက်ပါ”

“ကဲ…ခင်ဗျားတို့ သည်လောက်သိချင်နေရင်
ကျုပ် အကြောင်းကို ပြောပြပါ့မယ်”

XXXXXX

ကိုတင်ငွေက မြင်းခြံဇာတိဖြစ်သည်။ မြင်းခြံနှင့်
မဝေးသော မန်ကျီးတောရွာသားဖြစ်သည်။
ကိုတင်ငွေက ထန်းတက်ခြင်းအလုပ်နှင့်
အသက်မွေးနေသူ ဖြစ်သည်။ သူအသက်
သုံးဆယ်တိုင်အောင် အိမ်ထောင်မကျသေး။

သူအလုပ်နားသည်နှင့် ပြောင်းဖူးဖက်ဆေးပေါ့လိပ်
နှင့်သာ အချိန်ဖြုန်းနေသူ ဖြစ်သည်။ ဆယ့်ငါးနှစ်
သားခန့်ကတည်းက ဆေးပေါ့လိပ် သောက်
လာသူ ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်
သူ့အသက်နှစ်ဆယ်ခန့်က မတင်ရီဆိုသော
မိန်းခလေးနှင့် ချစ်ကြိုက်ခဲ့ပြီး အိမ်ထောင်
ပြုမည့် ရည်ရွယ်ထားကာမှ မတင်ရီကို
တစ်ဖက်သတ်ကြိုက်နေသော စွန်းလွန်းရွာမှ
လှထွန်းက လှည်းတင်ခိုးသွားသဖြင့်
အသည်းကွဲပြီး ကျန်ခဲ့ရသည်။

ထိုအချိန်မှာ စပြီး အချစ်အကြောင်း မစဉ်းစားတော့ဘဲ
မိခင်ကြီးနှင့် အတူ နေထိုင်ပြီး ထန်းတက်ခြင်းအလုပ်ကို
သာ အားစိုက်လုပ်ကိုင်ခဲ့သည်

မတင်ရီနှင့် ဇာတ်လမ်းပြတ်ပြီး ရှစ်နှစ်ခန့်ကြာမှ
မရှင်မိဆိုသော မိန်းခလေးနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့
သည်။ ကိုတင်ငွေတို့က အမေတစ်ခု သားတစ်ခု
ဖြစ်သည်။ မိခင်ဖြစ်သူက အသက်ငါးဆယ့်ငါး
နှစ်ခန့် ရှိပြီး ပိန်ပိန်ပါးပါး ကျန်းမာသေးသည်။

ဝါခူး၊ ဝါစိုက် ၊ကြက်သွန်နှုတ်၊ အလုပ်ရှိလျှင်
အကုန်လိုက်လုပ်သည်။ သားဖြစ်သူက ရှင်မိ
ဆိုသော မိန်းခလေးနှင့် ကြိုက်နေသည်ဟု
သတင်းကြားကတည်းက သဘောမတူခဲ့၊
အမျိုးမျိုးကန့်ကွက်ခဲ့သည်။

“အမေကလည်းဗျာ၊ ကျုပ်တို့က ဘယ်လောက်များ
ချမ်းသာလို့လဲ၊ ဟို့လူကို သဘောမတူ သည်မိန်းကလေးကို
သဘောမတူနဲ့ ရှင်မိတို့ကလည်း လက်လုပ်လက်စား
ဘာနစ်နာသွားလို့လဲ”

“ဟေ့ကောင် ငါနဲ့သူအမေ ပြီးခဲ့တဲ့ သုံးနှစ်လောက်က
လယ်ထဲမှာ နပန်းလုံးတဲ့အထိ ရန်ဖြစ်ထားတာ
ငါ့ကို နင့်ကောင်မကပါ ဝိုင်းပြီး ရန်တွေ့ခဲ့သေးတယ်
နင်သိတယ် မဟုတ်လား၊ သည်လို ရိုင်းစိုင်တဲ့
ကောင်မကို ငါ့ချွေးမ မတော်နိုင်ဘူး။နင် သူကို
ယူရဲ ယူကြည့်စမ်း”

“ဟာဗျာ …အမေတို့ လူကြီးချင်းရန်ဖြစ်တာ
ကျတော်နဲ့ ဘာဆိုင်လို့လဲ”

“ဟေ့ …နင့်ကောင်မမျက်နှာကို ငါမကြည့်ချင်ဘူး
ဒါပဲ”

ကိုတင်ငွေ၏မိခင်က အသည်းအသန်တားနေသည့်
ကြားမှ မရှင်မိကို ခိုးယူပေါင်းသင်ခဲ့သည်။
မရှင်မိကလည်း ယောက္ခမနှင့် မျက်နှာချင်း
မဆိုင်ချင်းပေမယ့် လင်ကိုချစ်သည့်အတွက်
သည်းခံမည်စိတ်ကူးနှင့် အိမ်မှာ အတူလာနေသည်

သို့ပေမဲ့ တစ်ရက်မှ ချွေးမနှင့်ယောက္ခမ
မတည့်ကြ ၊ ချွေးမကလည်း ယောက္ခမနှင့်
မျက်နှာချင်းမဆိုငိလိုသည့်အတွက်
ကိုတင်ငွေ ထန်းတက်ရန် အိမ်ကထွက်သည်နှင့်
သူပါအတူလိုက်၍ ထန်းချက်ရုံသို့ လိုက်ခဲ့သည်။

အိမ်ထောင်ကျ၍ တစ်နှစ်ပင်မပြည့် ကိုတင်ငွေ
ထန်းပင်ပေါ်ပြုတ်ကျပြီးအသက်ဆုံးခဲ့သည်။
သားသမီးကလည်းတစ်ယောက်မှ မရသေး။
ကိုတင်ငွေတစ်ယောက် ထန်းပင်ပေါ်က ကျသေ
ခဲ့ပေမဲ့ သူ့ကိုယ်သူ သေမှန်းမသိ၊ အိမ်ပေါ်
ပြန်ရောက်နေသည်။

မိခင်နှင့် ဇနီးတို့ တစ်ယောက်ကိုတစ်ယောက်
ကြည့်မရ၊ စကားပြောရင်း အနိုင်လုပြောနေကြသည်။

သူဝင်ဖျန်ဖြေပေမဲ့ သူ့ကို နှစ်ယောက်လုံးက
ဂရုမထား၊ ထိုအဖြစ်များကိုကြည့်၍ ကိုတင်ငွေ
စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်ပြီး ဘာမှမပြောတော့ဘဲ
ထိုင်ကြည့်နေလိုက်တော့သည်။

အမေဖြစ်သူကလည်း ချွေးမနှင့်စကားများလိုက်၊
ငိုလိုက်၊ မရှင်မိကလည်း ယောက္ခမနှင့် စကား
အခြေအတင်ပြောလိုက် ငိုလိုက် လုပ်နေသည်

ခါတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်နေကြသူတွေကလည်း
အကြောင်းမရှိ အကြောင်းရှာပြီး အိမ်ကိုလာနေကြသည်။
ဘာကြောင့်များ ပိုက်ဆံရမယ့် အလုပ်မလုပ်ဘဲ
အိမ်ကို လာနေရသည်လဲ စဉ်းစားမရပေ။

အိမ်လာသူများကို သူက ပြုံးပြနှုတ်ဆက်သည်။
သူ့ကို ဘယ်သူကမှ ပြန်မနှုတ်ဆက်ကြတော့။
မည့်သူကမှ သူ့ကို အဖက်လုပ်ပြီး နှုတ်ဆက်မနေတော့။
သင့်တော်ရာသာ ထိုင်နေလိုက်တော့သည်။

တစ်ရက်နေ့ခင်း မိခင်ဖြစ်သူ၊ နေကပူ
နားကပူ ပါးစပ်ကလည်း၊ ချွေးမဖြစ်သူကို
ဆူဆဲပြီး သူ့နာမည်ကိုခေါ်ကာ အော်ငိုနေပြန်ပါသည်။

ဇနီးဖြစ်သူ မရှင်မိက၊ သူနှင့် မနီးမဝေးမှာ ထိုင်နေသည်။

“အမေ သည်လောက် ငိုနေတာ နားမငြီးဘူးလား
မရှင်မိ …မရှင်မိနောက်ဘက်မှာ သွားထိုင်နေ”

ပါးစပ်ကလည်းပြောရင်း မရှင်မိ၏ ပခုံးကို
လှမ်းပုတ်လိုက်သည်။

“အမယ်လေး…သရဲ…သရဲ”

မရှင်မိက အထိတ်တလန့် အော်ပြီး အိမ်နောက်ဘက်ကို
ပြေးဝင်သွားသည်။ အိမ်ပေါ်မှာရှိသော အမေကလည်း
အငိုတိတ်ပြီး သူ့ဘက်သို့ လှည့်ကြည့်သည်။ရွာသား
နှစ်ယောက်ကလည်း သူ့ဘက်သို့ ကြည့်နေသဖြင့်
သူပြုံးပြလိုက်သည်။

ဘာမှမဟုတ်ပါဘူးဆိုသည့်သဘော၊ ဒါပေမဲ့
သူတို့ သူကို ဂရုမစိုက် မပြုံးမရယ်ပြဘဲ ၊
ပြန်လှည့်သွားကြသည်။

“တောက်…သည်လူတွေ ဘာဖြစ်နေတာလဲ
ငါတစ်ယောက်လုံး ရှိနေတာတောင် ငါ့ကို
ဂရုမစိုက်ကြဘူး”

ညဘက်ရောက်တော့ တစ်ယောက်တည်း
အိမ်ပေါ်မှာ မနေချင်တော့သည့်အတွက်
ပြောင်းဖူးဖက်ဆေးပေါ့လိပ်တစ်လိပ် ယူခဲ့ကာ၊
အိမ်ရှေ့တမာပင်ကြီးအောက်ထိုင်ပြီး ဆေးပေါ့လိပ်
ကို ဇိမ်ခံကာ ဖွာရှိုက်နေလိုက်သည်

“အေမေရ …သရဲ …သရဲ”

“အမယ်လေး သရဲ …ဆေးလိပ်ဖွာနေတယ်”

“ကိုတင်ငွေရေ…အမျှ …အမျှ …အမျှ…ပါ”

အိမ်ပေါ်ကလူများရော …အိမ်ရှေ့မှလူများပါ
သူ့ဘက်ကို ကြည့်ပြီး ကြောက်ကြောက်လန့်လန့်
ထအော်ကြသည်။

“အင်း အမှောင်ထဲထွက်ထိုင်ပြီး ဆေးလိပ်
သောက်နေတာဆိုတော့လည်း ရုတ်တရက်
ကြောက်ကြမှာပေါ့”

ကိုတင်ငွေက ထိုကဲ့သို့ စဉ်းစားပြီး လက်ထဲက
ဆေးလိပ်ကိုမသောက်တော့ဘဲ မီးကို မြေကြီးမှာ
ထိုးပြီး သတ်ပစ်လိုက်သည်။

“သည်လူတွေလုပ်တာ တယ်ဇိမ်ပျက်တာပဲ”

တစ်ယောက်တည်းပြောပြီး အိမ်ပေါ်သို့
ပြန်တက်လာကာ သင့်တော်ရာမှာ
ထိုင်နေလိုက်တော့သည်။ သည်လိုနှင့်
တစ်ပတ်ပြည့်သွားသဖြင့် ရက်လည်
တရားနာကြသည်။

ညလည်းရောက်ရော ကိုတင်ငွေအား
အိမ်စောင့်နတ်က အိမ်ပေါ်က နင်ချတော့သည်။

“မင်း သည်မှာ မနေရတော့ဘူး…မင်းဟာ
အခုသေသွားပြီ၊ ဝိညာဉ်လိပ်ပြာဘဝ ရောက်နေပြီ”

“ဟာ မဟုတ်တာ ဘယ်က ဝိညာဉ်ဖြစ်ရမှာလဲ
ကျုပ်အိမ်မှာ ကျုပ်နေတာ ဟိုမှာ ကျုပ်အမေ
ဟိုမှာက ကျုပ်မိန်းမ ဒါ ကျုပ်အိမ် ကျုပ်က
ကျန်းကျန်းမာမာကြီး ဘယ်လိုအကြောင်းနဲ့
သေတယ်လို့ လာပြောနေရတာလဲ၊ ကျုပ်
ဘယ်မှမသွားနိုင်ဘူး”

ထိုအခါ အိမ်စောင့်နတ်လည်း စိတ်မရှည်တော့သည့်
အတိုင်း သူကိုင်ထားသည့် ကြိမ်လုံးနှင့် ရိုက်ပါသည်။
အိမ်ပေါ်က မဆင်းမချင်း ရိုက်ပါသည်။

“မင်းသေပြီဆိုတော့ မယုံဘူးလား၊ မယုံရင်
မင်းရဲ့ ခြေနဲ့ လက်ကို ကြည့်စမ်း”

အိမ်စောင့်နတ်က ပြောသဖြင့် ကိုတင်ငွေလည်း
ကြည့်လိုက်ရာ သူ့လက်နှင့် ခြေထောက်များ
အားလုံး ပက်လက်ဖြစ်နေသည်ကို တွေ့လိုက်
သဖြင့် ဝမ်းနည်းပူဆွေး ငိုကြွေးနေမိသည်။

“ဟေ့ကောင် ငိုမနေနဲ့၊ မင်း…အခု အိမ်ပေါ်ကဆင်း”

“ကျနော် အိမ်ပေါ်ကဆင်းရင် ဘယ်သွားနေရမှာလဲ”

“သွား ဟိုရှေ့က သစ်ပင်မှာ သွားနေ
အဲသည်သစ်ပင်ကို ရောက်ရင် အပေါ်မှာ
မနေရဘူး၊ အောက်မှာနေ အပေါ်မှာနေတဲ့
ဝိညာဉ်ရှိတယ်”

အိမ်စောင့်နတ်ပြောသည့်အတိုင်း သစ်ပင်အောက်မှာ
သွားနေရင်း မိခင်နှင့် ဇနီးမယားတို့ကို မြင်ပြီး
စိတ်ဆင်းရဲကာ နေ့စဉ် ငိုနေမိသည်။

လူတွေက သွားချင်ရာသွားလို့ရသည်။
သရဲတွေက ဘယ်မှသွား၍မရ။ အစာလည်း ဝဝလင်လင်မစားရ၊ သရဲဖြစ်ပြီး ပိန်ချုံးချိနဲ့
လာသည်။ ထိုအခါ နေရာပေးခဲ့သော
နတ်က ရောက်လာပြီး …

“မင်း သည်နေရာမှာ မနေနဲ့တော့ သည်မှာနေရင်
ထပ်ပြီး သေနေရဦးမယ်”

“ဒါဖြင့် ကျနော် ဘယ်ကိုသွားရမှာလဲ”

“မင်းနေရာမယ့်နေရာ ငါပြမယ် …ကဲ လာ လိုက်ခဲ့”

အိမ်စောင့်နတ်က အတော်လှမ်းသည့်နေရာသို့
ခေါ်သွားပြီး သစ်ပင်တစ်ပင်မှာရောပေးသည်။
ထိုအချိန် မိခင်ဖြစ်သူအား စစ်ကိုင်းမှ ညီမ
ဝမ်းကွဲက လာရောက်ခေါ်ပြီး တရားရိပ်သာမှာ
သွားရောက်ခိုလှုံနေထိုင်စေတော့သည်။

မရှင်မိကိုလည်း မိဘများက အိမ်သို့ ပြန်ခေါ်သွားသည်။
ဝိညာဉ်ကိုတင်ငွေလည်း ထိုသစ်ပင်မှာ နေထိုင်လာရင်း
အိမ်ကို သတိမရချင်တော့။

မိခင်နှင့် မရှင်မိတို့ အိမ်မှာမနေတော့သည်ကိုလည်း
သူမသိ။ ရောက်ရာဘဝမှာ ကြုံသလိုရှာဖွေစား
သောက်ခဲ့၍ ယခင်က ကဲ့သို့ ပိန်လှီချိနဲ့ချင်းလည်း
မဖြစ်တော့။ တစ်ရက် ရွာစောင့်နတ်ရောက်လာပြီး
ဝိညာဉ်သရဲကိုတင်ငွေအား…

“မင်းက ဆင်းရဲလို့ မလှူ၊ မလှူလို့ ဆင်းရဲနေတာ။
ဒါပေမဲ့ မင်းမှာ အကုသိုလ်လည်း အများကြီးမရှိဘူး။
မင်းမှာ အကုသိုလ်နည်းတဲ့အတွက် ကောင်းရာ
ကောင်းကြောင်းဖြစ်မယ့် နည်းလမ်းကို လမ်းညွှန်
ပေးမယ်၊ မင်းက ငါခိုင်းတဲ့အတိုင်း စိတ်ပါလက်ပါ
လုပ်ဖို့ အရေးကြီးတယ် ”

“ဟုတ်ကဲ့ …လုပ်ပါ့မယ် လမ်းညွှန်ပေးပါ”

“တစ်ညကို ခုနှစ်အိမ်တိတိ …ဘုရား၊ တရား၊ သံဃာ
တို့ကို အားကိုးကြပါ…ယုံကြည်ကိုးကွယ်ကြပါလို့
အိပ်မက်လိုက်ပေး…တစ်ညကို ခုနှစ်အိမ်တိတိ
ရွာမှာ အိမ်ကုန်တဲ့အထိ အိမ်မက်လိုက်ပေး၊
သည်ရွာပြီး နောက်ရွာ၊ နောက်ရွာပြီး နောက်တစ်ရွာ
ရွာခုနှစ်ရွာတိတိပြည့်အောင်၊ အိပ်မက်လိုက်
ပေးရမယ်၊ အိပ်မက်ပေးပြီးလို့ သုံးနှစ်တိတိ
ပြည့်ရင် အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းမှာ
ဝင်စားခွင့်ရမည်”

ဟု ဆိုလာသည်။

နတ်မင်းပြောသည့်အတိုင်း စိတ်ပါလက်ပါနှင့်
အိပ်မက်လိုက်ပေးခဲ့သည်။ ခုနှစ်ရွာမြောက်
နောက်ဆုံးအိမ်ကို အိပ်မက်ပေးပြီးအပြန်
အတိတ်က ရည်းစားဖြစ်ခဲ့ပြီး လက်ထပ်ခွင့်
မရခဲ့သော မတင်ရီကို မြင်ပြီး သူမအခြေအနေကို
စုံစမ်းသိရှိလိုက်သည့်အခါ သူ့အိမ်မှာ
အတူနေထိုင်ပြီး သူတို့စားဝတ်နေရေး
ဖြေရှင်းပေးခဲ့သည်။

ယခု မတင်ရီတို့အိမ်မှာ နေထိုင်ပြီး
ဟောပြောပေးလာခဲ့သည်မှာ သုံးနှစ်
ပြည့်တော့မည်။ နှစ်လခန့်သာ အချိန်
ကျန်တော့သည်။

ထို့နောက်တော့ သရဲကိုတင်ငွေလည်း
သူ့အကြောင်းကို ပြောပြပြီး သွားပြီးဖြစ်၍
စကားပြောရပ်ကာ ဆေးလိပ်ကို မီးညှိကာ
ဖွာသောက်နေပြန်သည်။

“ဒါဆို နှစ်လနေရင်…ဝိညာဉ်ဘဝက
လွတ်ပြီပေါ့ ဟုတ်လား”

” ဟုတ်တယ် ဘယ်အမျိုးသမီးရဲ့ ဝမ်းမှာ
ဝင်စားရမလဲတော့ မသိသေးဘူး”

“တကယ်လို ရွာစောင့်နတ် ရောက်မလာခဲ့ရင်”

“လာမှာပါ”

“သူ အိပ်မက်ပေးတုန်းကလည်း ရောက်လာတာပဲ
ရွာခုနှစ်ရွာပြည့်တော့လည်း ရောက်လာတာပဲ
ဒါကြောင့် နှစ်လပြည့်ရင် သူရောက်လာမှာပဲ
ဆိုတာ ယုံကြည်ထားတယ်လေ”

ထိုကဲ့သို့ ဝိညာဉ်ကိုတင်ငွေနှင့် လိုက်ကာရှေ့မှာ
ထိုင်နေသော မတင်တို့အုပ်စု အချီအချ ပြောနေစဉ်
မတင်ရီ၏ မျက်နှာမကောင်းသည်ကို ဒေါ်သိန်းမြတို့
တွေ့ကြရသည်။

သူက ဝိညာဉ်ကိုတင်ငွေကို မှီပြီး စားဝတ်နေရေး
ပြေလည်နေခြင်းဖြစ်သည်။ ကိုတင်ငွေသာ
ကျွတ်လွတ်သွားရင် …စားဝတ်နေရေး အခက်အခဲ
ရှိလာနိုင်သည်ကို တွေးမိကြပြီး မတင်ရီအတွက်လည်း
စိတ်မကောင်းဖြစ်ကြသည်။

“ကဲ…ကျမတို့ကို ပြန်ခွင့်ပြုပါဦး

“စိတ်ချလက်ချသာ ပြန်ကြပေတော့၊ ဘယ်သူမှ
အန္တရာယ် မရောက်နိုင်ပါဘူး၊ ကျုပ်မှာတဲ့အတိုင်းသာ
ယုံယုံကြည်ကြည် လုပ်ကိုင်ကြပါ။ ကလေးတွေ
အတွက်လည်း ယတြာလုပ်ပေးဖို့ မှတ်သွားတယ်
မဟုတ်လား”

“မှတ်ထားပေးလိုက်ပါတယ်”

“မေတ္တာသုတ်တို့ ပဋ္ဌာန်းတို့ကိုလည်း ညစဉ်
ညတိုင်း ရွတ်ပေး၊ အရာအားလုံး ငြိမ်းချမ်း
သွားလိမ့်မယ်”

သို့ဖြင့် …မတင်ရီနှင့် သရဲကိုတင်ငွေတို့ကို
နှုတ်ဆက်ပြီး ထိုင်ရာမှ ထလိုက်ကြသည်။

သရဲကိုတင်ငွေတစ်ယောက် လူ့ဘဝပြန်ဝင်စား
သည့်အခါ ကောင်းသောအမိဝမ်း၌ ဝင်စားပါစေဟု
ဆုတောင်းပေးရင်း ထိုအိမ်မှ ပြန်ခဲ့ကြတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်းအားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအုံး

စာဖတ်သူများစိတ်ရွှင်လန်းပါစေ

ဝိပါတ်ကြမ္မာမလွတ်သာ နှင့် ဝဋ်ကြွေးကြောင့်
ခံစားရသူများ စာအုပ်မှ ကောက်နုတ်တင်ပြထားသည်