*ဦးဖိုးဝေ နှင့် ဇော်ဂျီဖေမောင်*📖📖📖
*************************************
◾အခန်း (၁)
မြောက်တဲစုရွာလေး၏ အကြော်ဆိုင်လေးတွင် ဖြစ်သည်။ဦးတင်အုန်းတို့ မိသားစုသည် ဦးဖိုးဝေနှင့် သူရိယတို့အား အကြော်အပြင် အခြားစားစရာအစုံအလင်နှင့် ဧည့်ခံနေကြသည်။ဦးတင်အုန်းသည် သမီးဖြစ်သူ၏ အရှက်ကို ကာကွယ် ပေးခဲ့သော ဦးဖိုးဝေအား ကျေးဇူရှင်အဖြစ်သတ်မှတ်ကာ ဧည့်ခံ ကျွေးမွေးနေခြင်း ဖြစ်သည်။ထို့နောက် ဦးတင်အုန်းသည် လက်ဖက်ရည်အိုးထဲမှ ရေနွေးကြမ်းအား လက်ဖက်ရည် ပန်းကန်လုံးထဲသို့ ငှဲ့ထည့်လိုက်ရင်း
“ဆရာကြီး ရေနွေးကြမ်းလေးသောက်ပါဦး ခင်ဗျ “
” ကိုတင်အုန်း ဧည့်ဝတ်ကျေတာထက်ပိုနေပါပြီ “
“ကျနော့် သမီးလေးကို ကယ်ခဲ့တာနဲ့ စာရင် ကျနော် ခု ဧည့်ခံတဲ့ အရာတွေက မပြောပလောက်ပါဘူးဗျာ “
“ကိုတင်အုန်း နဲ့ ဒီမှာ ရှိတဲ့လူတွေကို ကျုပ် ပြောပြချင်တယ် “
“ဟုတ်ကဲ့ ပြောပါ ခင်ဗျ”
ဦးတင်အုန်း၏ အိမ်ဝိုင်းလေးထဲတွင် ဖေသျှင်ကို ယုံကြည်ခဲ့ဖူးသော လူများရှိနေ၍ ဦးဖိုးဝေမှ ဆုံးမစကားပြောရန် အစပျိုး လိုက်ခြင်းပင် ဖြစ်သည်။ထို့နောက် ဦးဖိုးဝေသည် လက်ကျန်ရေနွေးတခွက်ကို သောက်လိုက်ပြီး
“ခင်ဗျားတို့တတွေ မှတ်ထားရမှာက တန်ခိုးရှိတိုင်း ကိုးကွယ် တာဟာ မမှန်ဘူးလို့ ကျုပ်ဆိုချင်တယ် “
“ဆရာကြီးပြောတာ ကျနော်တို့ နားမလည်ဘူးခင်ဗျ “
” ခင်ဗျားတို့က တန်ခိုးရှိတဲ့သူတွေကို ကိုးကွယ်ယုံကြည်ချင်တဲ့ စိတ်တွေ ရှိကြတယ်။တန်ခိုးရှိတိုင်းသာ ကိုးကွယ်ကြမယ် ဆိုရင် ဒေဝဒတ်ကို ကိုးကွယ်ရမလိုတောင် ဖြစ်ကုန်ပြီပေါ့ “
“ဟုတ်ကဲ့ ဆရာကြီး “
“အင်း လောကီတန်ခိုးတွေပိုင်ဆိုင်တိုင်း လူကောင်းလို့မဆို နိုင်ဘူး ဘာလို့လဲဆိုတော့ သူတို့က ကိလေသာတဏှာကို မပယ် သတ်နိုင်သေးလို့ပဲ အရိယာဝိဇ္ဇာဓိုရ်တွေတော့ မရှိဘူး မဟုတ် ရှိပါတယ် ဒါပေမဲ့ သူတို့က လူတွေနဲ့ သိပ်ပြီး တွေ့လေ့မရှိဘူး “
“ဟုတ်ကဲ့ပါ ဆရာကြီး မှတ်ထားပါ့မယ် “
“အဲ့ဒီတော့ ထူးဆန်းတာလေးမြင်ရရင် ယုံကြည်တတ်တဲ့ ခင်ဗျားတို့စိတ်ကို ဖျောက်ပါ ရတနာသုံးပါးကသာ ခင်ဗျားတို့ ရဲ့ ကိုးကွယ်ရာအမှန် ဖြစ်လိမ့်မယ် “
“ကျနော်တို့ နောင်တရပါပြီ ဆရာကြီး မီးပူဇော်တဲ့အထိ ရူးရူးမိုက်မိုက် ကိုးကွယ်ယုံကြည်မိတဲ့ ကျနော့်ကိုယ်ကျနော် လည်း ရှက်မိပါတယ် ဆရာကြီးရယ် “
ဦးတင်အုန်းသည် နောင်တရသည့် မျက်နှာနှင့် ဦးဖိုးဝေအား စကားဆိုလေသည်။ဦးဖိုးဝေသည် အကျိုးရှိခြင်းကြောင့် အကြောင်းဖြစ်သည်ကို သိသူမို့ သူ့အား အပြစ်မတင်ပဲ စကားအချို့ ပြောလာသည်။
“ကဲ ကိုတင်အုန်းရေ ကျုပ်ကို တခုလောက်ပြောပြစေချင်တယ် “
“ဟုတ်ကဲ့ ဘာပြောပြရမှာလဲ ခင်ဗျ”
“ဖေသျှင် နဲ့ ဘယ်လိုတွေ့တယ်ဆိုတာ ကျုပ်ကို ပြောပြစမ်းဗျာ “
“အင်း ပြောရမယ်ဆိုရင်တော့ ကျနော် နဲ့ ကျနော့် သမီး ထင်းသွားတိုက်ရာကနေ စတာပဲ ဆရာကြီးရေ “
ဦးတင်အုန်းသည် ဖေသျှင့် နှင့် တွေ့ဆုံခဲ့သော အဖြစ်ကို ပြန်ပြောင်းလို့ ပြောပြပါလာပါတာ့သည်။
◾အခန်း (၂)
ဒေါ်မိညိုတယောက် အကြော် ကြော်ရာတွင်သုံးသော အိမ်အောက်ရှိ ထင်းပုံနားတွင် စိတ်ပျက် လက်ပျက်စွာ ငြီးငြူရင်း ထိုင်နေလေသည်။
“ကိုတင်အုန်းရေ ထင်းက အစိုတွေချည်းပဲ ထင်းခြောက်က ရှားလာပြီ တောထဲသွားပြီး ထင်းလေးဘာလေး ခွေပါဦးတော် “
“အေးဟာ ငါလည်း ဘယ်နားသွားခွေရမလဲ မစဉ်းစားတတ်တော့ဘူး “
“ဗိုလ်စောင့်တောင်ကို သွားပါလားတော် “
“ဟဲ့ မိညို ဗိုလ်စောင့်တောင်က ဘယ်လောက်နာမည်ကြီးလဲ နင်လည်းသိသားနဲ့ “
“သိတော့ သိတာပေါ့တော် အဖော် တော့သမီးခေါ်သွား တောင်ပေါ် ထိမတက်နဲ့ သွားတဲ့သူ မရှိတော့ အဲ့ဒီမှာ ထင်းခြောက်တွေ ပေါလောက်တယ် “
“နင်ကတော့လေ “
“တော်မသွားရင် မိသေး နဲ့ ကျမပဲ သွားတော့မယ်”
“ငါပဲ သွားပါ့မယ် မိသေးကိုတော့ ခေါ်မနေတော့ဘူး “
“တော်က ဘယ်မယားငယ်နဲ့ တွေ့ချင်လို့ သမီးကို မခေါ်တာလဲ”
“ဟာ ဒီမိန်းမကတော့ ခေါ်မယ်ဟေ့ ခေါ်မယ် “
ဒေါ်မိညိုသည် သွားသာ သွားခိုင်းရသည်။ဦးတင်အုန်းအား တယောက်တည်းစိတ်မချသောကြောင့် သမီးဖြစ်သူအား ထည့်လိုက်ရခြင်းဖြစ်သည်။အခြားတောများတွင် ထင်းခြောက် ရှား နေပြီဖြစ်သောကြောင့် ထင်းခြောက်ရရန် ဗိုလ်စောင့်တောင်သို့ သွားခိုင်းရခြင်း ဖြစ်သည် ။
မနက်စာစောတွင် ဦးတင်အုန်းသည် လှည်းကောက်နေပြီး သမီးဖြစ်သူ မိသေးသည် ထမင်းအုပ်နှင့် ရေဘူးတို့ကို ပြင်ဆင်နေသည်။မိခင်ဖြစ်သော ဒေါ်မိညိုတယောက်မှာ ထင်းခွေသွား မည့်သားအဖနှစ်ယောက်အား တတွတ်တွတ်မှာကြားလို့ နေ သည် ။
“မိသေး နင့်အဖေကို ကြည့်ပြောထားဦး ညည်းအဖေက နွားမောင်းရင် ဆဲတယ် တောင်ပေါ်ရောက်ရင် မဆဲစေနဲ့ တောင်ပေါ်အထိလည်း မမောင်းခိုင်းနဲ့ “
“အမေရယ် အဖေကြီးကို စိတ်ပူရင်လည်း သွားခိုင်းမနေနဲ့ လေ “
“မသွားလို့ မဖြစ်လို့ပေါ့ဟဲ့ အကြော် ကြော်ဖို့ထင်းက မရှိတော့ဘူး အစိုတွေက မီးခိုးတွေအူလို့ အကြော် ကြော်ရတာ မျက်စိတွေ တောင်မှုန်တော့မယ် “
“အဖေကြီးကို မှာတာမဟုတ်ဘူး”
“နင့်အဖေက ကြောင်တောင်တောင် ငါမှာရင် ဂရုကို စိုက်တာ မဟုတ်ဘူး”
သားအမိနှစ်ယောက် အပြန်အလှန် စကားဆိုနေစဉ် လှည်း ကောက်ပြီးသော ဦးတင်အုန်းမှာ
“မိသေးရေ အဖေတို့ သွားကြရအောင် နေမြင့်ရင် နွားတွေနေပူလိမ့်မယ် “
“ဟုတ်ကဲ့ အဖေကြီး “
မိသေးသည် ထမင်းအုပ်ကို ပုဆိုး နှင့် ပတ်ကာ လက်မှဆွဲ လာပြီး လှည်းပေါ် တင်ပေးလေသည်။ဒေါ်မိညိုသည် ရေဘူးအား လှည်းရံတိုင်တွင် ချိတ်ပေးလိုက်သည်။ဦးတင်အုန်းသည် သူ၏ လက်ဆွဲတော်ဓားမအား လှည်းဓားမချပ်တွင် ထိုးထားလိုက်ပြီး သမီးဖြစ်သူအား လှည်းပေါ် တက်စေကာ ဗိုလ်စောင့်တောင်ဆီသို့ ထင်းခွေရန် ထွက်ခွါလာခဲ့ကြပါတော့သည် ။
◾အခန်း (၃)
ဦးတင်အုန်းတို့ လှည်းလေးသည် လှည်းလမ်းလေးအတိုင်း တအိအိ နှင့် ရွေ့လျားနေသည်။ဦးတင်အုန်းသည် လေလေး တချွန်ချွန်၊သီချင်းလေး တအေးအေး နှင့် လှည်းမောင်းနေလေ၏။မိသေးသည် ဖခင်ကြီးဆိုနေသော သီချင်းအား နားထောင်ရင်းမှ အိပ်ချင်စိတ်ပင် ပေါ်လာရာ
“အဖေကြီး သီချင်းကလည်း အိပ်ချင်လိုက်တာ “
“မိသေး ညည်းတို့က သီချင်းကောင်းကောင်းကို နားမထောင် တတ်ဘူး “
“ကျမ မေးပါဦးမယ် အဖေ လူတွေက ဘာလို့ ဗိုလ်စောင့် တောင်ကို ကြောက်နေကြတာလဲ “
“ငါလည်း မသိဘူး မိသေးရဲ့ “
“အင်း ထင်းက ခဏနဲ့ခွေရင် ရလောက်တယ် လှည်းစီးရတာ က ကြာတာ “
“နင့် အမေကိုလည်း ငါ မပြောချင်ဘူး ထင်းက အတော်သုံးတာ ရွာနားကို ထင်းတွေလည်း တခြားသူတွေ ခွေတာနည်းနည်း ငါတို့ ခွေလို့ပဲကုန်တာ “
“အဖေကြီးကတော့ ပြောရော့မယ် “
“ပြောရော့မယ် မဟုတ်ဘူး တကယ် ငါ့သမီးရ နင်လည်း ခေါင်းနဲ့ ရွက်ပြီး ထင်းခွေလိုက် ငါလည်း လှည်းနဲ့ တိုက်ပြီး ထင်းခွေပေးလိုက်နဲ့ မိညို တယောက်ကတော့ တို့သားအဖနှစ်ယောက် ခွေပေးသမျှ အကုန်သုံးနိုင်တယ် “
“အဖေပြောမှပဲ ကျမလည်း တွေးမိတယ် ဒါပေမဲ့ ထင်းအစို ခြောက်ရင်တော့ ကျမတို့သားအဖ ဒီဝဋ်က ခဏ ကျွတ်ပါပြီ “
သမီး ဖြစ်သူမိသေး၏ပြောစကားကို ဦးတင်အုန်း ပြုံးလိုက်မိပြီး သီချင်းတအေးအေးနှင့် လှည်းကို ဆက်မောင်းလို့နေရာ မကြာသောအချိန်မှာပင် ဗိုလ်စောင့်တောင် တောင်ခြေသို့ ရောက်ရှိလာပါတော့သည်။တောင်ခြေရှိ သစ်ပင်အရိပ်တခုတွင် ဦး တင်အုန်း ရပ်လိုက်ကာ လှည်းကိုဖြုတ်ပြီးနောက် လှည်းဒေါက်ဂွဖြင့် လှည်းကိုထောက်လိုက်ပြီး နွားနှစ်ကောင်အား လှန်ထား လိုက်ပြီးသည့်နောက်တွင် သမီးဖြစ်သူအား လှမ်း၍ စကားဆို လေသည် ။
“မိသေး သမီးက နွားတွေကို ကြည့်ထား အဖေ ထင်းသွားခွေလိုက်ဦးမယ် ဓားမချပ်က ကြံခုတ်ဓားကို ယူထား အဖေလည်း အဝေးကြီးမသွားဘူး တခုခုဆို အော်သံပေးလိုက် အဖေ ချက် ချင်းပြေးလာခဲ့မယ် “
“ဟုတ်ကဲ့ “
ဦးတင်အုန်းသည် သူ၏ ဓားကို ခါးကြားထိုးကာ ဗိုလ်စောင့်တောင်ပေါ် သို့ တက်သွားလေ၏။မိသေးသည် ကြံခုတ်ဓားကို ယူပြီး နွားနှစ်ကောင်ကို ကြည့်ကာ လှည်းအနားတွင် ထိုင်လို့ နေပါသည် ။
ကျေးငှက်ကလေးများ၏ အော်သံ၊တောကြက်တို့၏ တွန်သံ၊ လေနုအေးလေးများ တိုက်ခိုက်၍ ဝါးရုံပင်တို့မှ တကျီကျီမြည်သံတို့ကြောင့် မိသေး၏ မျက်လုံးတို့ မှေးစင်းလာကာ အိပ်ချင်လာသည်။တချက် တချက် ဖခင်၏ သီချင်းညည်းသံကကြားရ၍ အိပ်ငိုက်နေရာမှ ပြုံးရယ်ချင်မိသည်။ဖခင်ဖြစ်သူ၏ သီချင်းသံကြားသောအခါ ဖခင်ကြီး၏ အကြောင်းတွေးမိပြန် သည်။အပြောအဆိုမငြင်သာသည့် သူမ၏ ဖခင်သည် သူမ အပေါ်ကိုတော့ ဖခင်တဦး၏ တာဝန်ကျေ၏။စပါးပေါ်ချိန်မှသာ ငွေပေါ်သည့် တောဓလေ့ဖြစ်သော်လည်း ဖခင်ကြီးသည် မည်သည့်အချိန်ဖြစ်ဖြစ် အဝတ်အစားအား ဝယ်လိုကဝယ် ချုပ်လိုက ချုပ် သူမသဘောအတိုင်း ဖြစ်၏ ။
“ဟဲ့ ကလေးမ ဒီမှာ ဘာလုပ်နေတာလဲ “
“ရှင် ရှင် “
အတွေးပေါင်းစုံ နှင့် ကြံခုတ်ဓားကိုင်ကာ တယောက်တည်း ပြုံးနေမိစဉ် မထင်မှတ်ပဲ လူကြီးတယောက်၏ အသံကြားလိုက်သောကြောင့် လန့်ဖျန့်သွားပြီး ထိုလူကြီးကို ကြည့်လိုက်မိသည် ကတုံးပေါက်ဆံပင်နှင့် ယောဂီဝတ်စုံကို ဝတ်ထားသော လူကြီး သည် သူမအား စကားလာပြောခြင်းဖြစ်သည်။ရုတ်တရက်မို့ ဘာပြောရမည်မှန်း မသိခင် ထိုလူကြီးမှ ဆက်လက် စကားဆိုလာလေသည် ။
“ကလေးမ ကျုပ်မေးနေတာ ဖြေဦးလေ “
“ဟို ဟို ထင်းလာခွေတာပါ “
“တယောက်တည်းလား ကလေးမ “
“မဟုတ်ပါဘူး အဖေပါ ပါတယ် “
“အော် ဟုတ်လား ကဲ ကဲ ကျုပ်လည်း သွားလိုက်ဦးမယ် “
ယောဂီ ဝတ်စုံ နှင့် လူကြီးသည် နောက်ထပ်မည်သည့်စကားမှ မပြောပဲ တောင်ပေါ်သို့ တက်သွားပါလေတော့သည်။
◾အခန်း (၄)
ဦးတင်အုန်းတယောက် ထင်းခြောက်များကိုရှာနေရင်းမှ တောင်ပေါ်သို့ ရောက်မှန်းမသိ ရောက်လာလေသည်။တောင် ထိပ်သို့ ရောက်ရန်မှာ လိုသေး၏။သစ်ပင်အသေအခြောက်များ တွေ့ရသော်လည်း စိတ်ကြိုက်မတွေ့သေးသဖြင့် ဆက်ပြီးရှာရာ တနေရာအရောက်တွင် အတော်ကြီးသော သစ်ခြောက်ပင်တပင်ကို တွေ့ လိုက်ရသည်။အပင်သည် မကြီးလွန်း မသေးလွန်းဖြစ်ရာ လှည်းတစီးတိုက်စာ ကောင်းကောင်းရနိုင်သည်။ပင် စည်မှာ အတန်အသင့်ကြီးသောကြောင့် ပေါက်ဆိန် နှင့် ပြန်ပေါက်ရမည်ဟု တွေးရင်း အပင်အား ခုတ်လိုက်လေသည်။သစ်ပင်သည် တဖြည်းဖြည်းလဲကျသွားပြီးနောက် ခြုံနွယ်များအပေါ်သို့ ကျလေ၏။ထိုစဉ်
“ဝေါင်း “
ကျယ်လောင်သော အသံ နှင့်အတူ အဝါကြားအဆင်နှင့် ဟင်းမျိုးကြီးမှာ ဦးတင်အုန်းထံ မာန်ဖီရင်း အုပ်တော့မည့်ဟန် နှင့် တဖြည်းဖြည်း ရှေ့တိုးလာလေသည်။ဦးတင်အုန်းမှာ ဓားမကို လက်ကကိုင်ပြီး ငေးကြောင်ကြည့်နေမိလေသည်။ဗိုလ်စောင့်တောင်တွင် ကျားရှိသည်ဟု တခါမှပင် မကြားဖူးချေ။ယခုတော့ သူ့အား မာန်ဖီနေသော ကျားကြီးသည်က ဘယ်ကဘယ်လို ပေါ်လာမှန်းမသိ သူ့အား ပါးစပ်ကြီးဟရင်းမှ ခုန်အုပ်ဖို့ရာ အားယူနေပြီ ဖြစ်သည်။ဦးတင်အုန်းသည် ပြေးဖို့လည်း မေ့ လျော့ကာ ကြောင်ငေးနေမိသည်။ထိုစဉ် သူ၏နောက်ကျောဆီမှ အသံတခုက ခပ်ပြတ်ပြတ်ထွက်ပေါ်လာပြီး အသံနှင့်အတူ ကျားကြီးထံသို့ အလုံးလေးတလုံး ၀င်လာလေတော့သည်။
“တယ် ငါနေတဲ့တောင်ပေါ်ကို လာပြီး လူတွေကို ဒုက္ခပေးချင်တယ်ပေါ့ “
ထိုသို့ပြောပြီး ပစ်လိုက်သော အလုံးလေးသည် ကျားကြီးဆီသို့ တည့်တည့်ထိပြီးနောက် ကျားကြီးမှာ မီးများလောင်ကျွမ်းသွားတော့သည်။ကျားကြီးသည် ပြာမှုန့်ဘဝသို့ ရောက်သွားချိန် ပြာပုံထဲမှ အလုံးလေးသည် ပစ်လွှတ်သူထံ ပျံဝဲ၍ ပြန်သွားနေလေသည် ။ထိုသူမှာ သာမာန်လူတယောက် မဟုတ်နိုင်ဟု တွေးလိုက်ပြီး ဦးတင်အုန်းတယောက် ထိုလူ၏ ရှေ့တွင် ဒူးထောက်ထိုင်ပြီး ဦးချလိုက်တော့သည်။ဦးတင်အုန်း ဦးချလိုက်သောသူမှာ သံဓာတ်လုံးကို ပိုင်သော ဖေသျှင် ပင် ဖြစ်ပါလေသည် ။
ဦးတင်အုန်းသည် သူနှင့် ဖေသျှင်တွေ့ဆုံခဲ့ပုံကို ဦးဖိုးဝေအားပြောပြနေခြင်းဖြစ်သည်။ထို့နောက် ဦးဖိုးဝေသည် လက်ကျန်အကြော်တခုကို ကုန်အောင်စားလိုက်ပြီး ပုဆိုးစုတ်တထည် နှင့် လက်ကို သုတ်နေရင်းမှ စကားဆိုလိုက်သည်။
“ကိုတင်အုန်း ကျုပ်အထင်တော့ ခင်ဗျားကို လှည့်စားပြီး အယုံသွင်းသွားတာနေမှာပေါ့ ဗိုလ်စောင့်တောင် အနေအထားက ကျားရှိနိုင်ပါ့မလား”
“အဲ့တာကို ကျနော်လည်း မစဉ်းစားမိခဲ့ဘူး ကျနော့်အဘတွေ ခေတ်တုန်းကတောင် ကျားသစ်ပဲရှိတယ်လို့ကြားဖူးတာ”
“သတိမမူတော့လည်း ဖြစ်တတ်ပါတယ် “
ဦးဖိုးဝေ နှင့် ဦးတင်အုန်းတို့ စကားပြောနေကြစဉ် အိမ်ဝိုင်းထဲ သို့ ပြုံးချို ရောက်လာလေသည်။ပြုံးချိုသည် သူရိယ နှင့် ဦးဖိုးဝေကို ပြုံး၍ ကြည့်လိုက်ပြီး
“ဆရာကြီး ကျုပ်အိမ်မှာ တည်းရမယ်နော် ဟိုမှာ ထမင်းသုံး ဆောင်ဖို့ အသင့်ဖြစ်နေပြီ “
“ဦးကြီးက အကြော်တွေ စားလိုက်တာ ဗိုက်တောင်ပြည့်ရော ကွယ် “
“ဆရာကြီးရေ မလိုက်လို့တော့ မရဘူး ကျနော်ပြောစရာလေးရှိလို့ “
“အင်း ဦးကြီးတို့လည်း ညနေသွားစရာရှိတယ်ဆိုတော့ ကဲ မောင်ပြုံးချိုရေ မင်းအိမ်ကို သွားကြတာပေါ့ “
ဦးဖိုးဝေသည် ပြောပြောဆိုဆို မတ်တပ်ထရပ်လိုက်ရာ သူရိယလည်း ရပ်လိုက်ရ၏။ထို့နောက် သူတို့နှစ်ယောက်သည် ဦးတင်အုန်း နှင့် အိမ်ဝိုင်းထဲရှိ လူများကို နှုတ်ဆက်ကာ ပြုံးချို၏ အနောက်သို့ လိုက်သွားကြပါတော့သည် ။
◾အခန်း (၅)
ပြုံးချို၏သည် သူ၏နာမည် နှင့် လိုက်ဖက်စွာ မပြုံး ရယ်နိုင်တော့ပါ။အမြဲပြုံးရယ်နေသော ပြုံးချိုတယောက် မပြုံးနိုင် သည်ကို သူရိယတယောက်သတိထားမိ၍ စကားစလိုက်၏။
“ကိုပြုံးချို ဘယ်လို စိတ်ညစ်စရာတွေ ရှိလို့လဲဗျ”
“ဆရာကြီးကို ပြောရမှာ အားနာနေတာ “
“မဟုတ်တာ အခက်အခဲရှိရင် ပြောဗျ “
ဦးဖိုးဝေသည် မပြုံးမရွှင်ဖြစ်နေသော ပြုံးချိုအား သေချာအကဲခတ်လိုက်ပြီးနောက်
“ငါ့တူကြီး နဲ့ ဦးကြီးတို့က အခုမှ သိတယ်ဆိုပေမဲ့ သူစိမ်းတွေ တော့ မဟုတ်ကြပါဘူး ကဲ ဘာတွေခက်ခဲနေတယ် ဆိုတာ ပြောစမ်းပါဦး “
“ကျနော့် နွားတွေ ပျောက် ပျောက်နေတာ ဆရာကြီးသိတယ် မဟုတ်လား “
“အေး သိတယ်လေ ဘာဖြစ်လို့လဲ ထပ်ပျောက်ပြန်ပြီလားကွ”
“ကျနော့် စိတ်ထဲမရိုးတော့ဘူး ထင်လို့ပါ ဆရာကြီးတို့နဲ့ မတွေ့ခင်ကတည်းက ကျနော့်နွားတွေ ယွမ်းအိုင်ရွာဘက်ကို သွားပြီး ကြံခင်းတွေ စား စားနေတယ် ဆရာကြီး ကျနော် လျော်ရတာလည်း မနည်းတော့ဘူး သေချာချည်ထားတာတောင် ဂျို နဲ့ ကြိုးတွေကို ရုန်းပြီး မရမက ထွက်သွားတယ် ဆရာကြီးရာ အဲ့တာ ကျနော်ကို ကူညီနိုင်မလားလို့ပါ “
“ငါတူကြီးက မသင်္ကာဘူးဆိုတော့လည်း ဦးကြီး လိုက်ကြည့်ပေးပါ့မယ် ဒါပေမဲ့ အခု ချက်ချင်းတော့ မရဘူးကွယ့် ဦးကြီးတို့ ဗိုလ်စောင့်တောင်ကို သွားရဦးမယ် “
“ဘာဖြစ်လို့လဲ ဆရာကြီး “
“အဲ့တာကိုတော့ ဦးကြီးလည်း မပြောနိုင်ပေဘူး ဦးကြီးတို့ ပြန်လာမှ မင်းကိစ္စကို ဆက်ကြတာပေါ့ကွယ် “
“ဟုတ်ကဲ့ ရပါတယ် ဆရာကြီး “
“အကူညီတခုလည်း တောင်းချင်တယ်ကွယ့် “
“ပြောပါ ဆရာကြီး “
“ဦးကြီးတို့ကို ဓာတ်မီးနှစ်လက်လောက် ငှားနိုင်မလား “
“ဘာများလည်းလို့ ရတာပေါ့ ဆရာကြီးရာ “
ပြုံးချိုသည် ပြောပြောဆိုဆို မတ်တပ်ထရပ်လိုက်ပြီး ဘုရားအိုး စင်ပေါ် တင်ထားသော လေးတောင်ထိုး ဓာတ်မီးတလက် နှင့် သုံးတောင်ထိုး ဓာတ်မီးတို့အား ယူကာ ဦးဖိုးဝေအား ပေး လိုက်လေသည် ။
“ဆရာကြီး ဒီမှာ ဓာတ်မီးတွေပါ ဒီဘက်က သုံးလုံးထိုးက အားသိပ်မရှိတော့ဘူး ထင်တယ် ကျနော် ဓာတ်ခဲ သွားငှားပေးမယ် “
“ရတယ် မောင်ပြုံးချို တလက်ဆိုပဲ ရနေပါပြီ “
“လိုအပ်ရင် ယူပါ အားမနာပါနဲ့ ဆရာကြီးခင်ဗျ “
“ရတယ် ငါ့တူကြီးရေ ကဲ အဲ့တာဆို လူလေး သူရိယရေ မင်းအကို ဧည့်ခံထားတဲ့ထမင်း စားလိုက်ကြရအောင် တောင်ပေါ် စောစော သွားကြတာပေါ့ “
ဦးဖိုးဝေသည် ဗိုက်မဆာသော်လည်း တညလုံး ဘာမှမစားပဲ နေရမည်ကို သိသောကြောင့် သူရိယအား ဗိုက်ဖြည့်ခိုင်းရင်း သူပါ ထမင်းစားမည်ဖြစ်ရာ အိမ်ရှင် ပြုံးချိုမှာ ဦးဖိုးဝေ သူ၏ ပြဿနာကို ကူညီမည် ဖြစ်၍ ပြုံးရွှင်ကာ ဝမ်းပန်းတသာ နှင့် ထမင်းစားနိုင်ဖို့ရာ အတွက် ပြင်ဆင်ပေးလိုက်ပါလေသည် ။
◾အခန်း (၆)
ဗိုလ်စောင့်တောင်ရှိရာသို့ ဦးဖိုးဝေ နှင့် သူရိယတို့ လမ်း လျှောက်နေလေသည်။အမြင်သာနီးပြီး ခရီးမှာ အတန်ဝေးသောကြောင့် အတန်ကြာအောင်သွားရသော နေရာလည်းဖြစ် ၏။ဦးဖိုးဝေသည် ဖေသျှင်ဆီမှ ရလာသော သံဓာတ်လုံးအား လွယ်အိတ်ထဲမှ ထုတ်ယူလိုက်ပြီးဘေးတွင်ရှိသော သူရိယအား စကားဆိုလိုက်လေသည် ။
“လူလေး ဖေသျှင်ကို ကယ်သွားတာ ဝိဇ္ဇာစာရင်းဝင် ဇော်ဂျီပဲ ကွယ့် သူနဲ့ ဖေသျှင် ဘယ်လိုပတ်သတ်နေတယ်ဆိုတာ အဘ လည်း မသိဘူး”
“ဟုတ် အဘ “
“ဇော်ဂျီနဲ့ ရင်ဆိုင်ရမှာဆိုတော့ မလွယ်ဘူးဟေ့ ဒါပေမဲ့ သီလပျက်သူတွေကိုတော့ မူ့နေစရာမလိုပါဘူး လူလေးရေ”
“အဘ ကျနော်တခုလောက် မေးချင်တယ် ဇော်ဂျီလို့ ဘာလို့ ခေါ်တာလဲ အဘ “
“ဇော်ဂျီဆိုတာ တကယ်တော့ ယောဂီဆိုတဲ့ စကားကနေ ဆင့်ကဲ ပြောင်းလဲသွားတာ လူလေးရဲ့ ယောဂီဆိုတာ ယောဂ တရားကို အားထုတ်နေသူကိုပြောတာ ယောဂဆိုတာကတော့ သမထ၊သမာဓိ နဲ့ ဈန်တရားကို အားထုတ်သူ ပေါ့ကွယ် “
“အဘ ဇော်ဂျီတွေက တော်တော်အစွမ်းထက်လား “
“အင်း အစွမ်းထက်တယ် လူလေး သူတို့ရဲ့ တောင်ဝှေးနဲ့ မြေလျှိုးမိုးပျံနိုင်တယ် ရှေးလူကြီးတွေ ပြောတာတော့ လ နဲ့ နေ ကို တောင် လက်နဲ့ သပ်နိုင်တယ်လို့ အဆိုရှိတယ် လူလေး “
“သူတို့က တော်တော်စွမ်းတာပဲ အဘ “
“မကြာခင် ဇော်ဂျီနဲ့တွေ့ရတော့မှာပေါ့ကွယ် “
ဦးဖိုးဝေ နှင့် သူရိယတို့ စကားတပြောပြောနှင့် လမ်းလျှောက် လာရာ မကြာသောအချိန်တွင် ဗိုလ်စောင့်တောင်ခြေသို့ ရောက် လာပြီ ဖြစ်သည်။သူတို့တောင်ခြေသို့ ရောက်ချိန်တွင် နေလည်း ဝင်လုပြီ ဖြစ်၏။ထိုစဉ် သူတို့နှစ်ယောက်၏ ဦးခေါင်းပေါ်သို့ အသွားသုံးမြောင့်ပါသော အနီရောင်လှံတံတခုသည် အရှိန်ပြင်းစွာ ကျလာလေတော့သည်။သို့ပေမဲ့ ထိုအနီရောင်လက်နက်ဆန်း သည် ဦးဖိုးဝေ၏ ဦးခေါင်းနှင့် တတောင်ခန့်အလိုတွင် ရပ်တန့်လို့ နေလေသည်။ထို့နောက် ဦးဖိုးဝေသည် အရှေ့သို့ လမ်းဆက်လျှောက်လိုက်ကာ လေပေါ်တွင် ရပ်တန့်နေသော အသွားသုံးမြောင့်နှင့် လှံတန်သဖွယ် လက်နက်ကို ကြည့်ပြီး
“လူလေး ဇော်ဂျီကတော့ အတော်ကို ဒေါသထွက်နေတာပဲ “
“ကျနော်တို့ကို အသေသတ်ဖို့လုပ်တာ မဟုတ်လား အဘ “
“ငယ်ထိပ်ကနေ ထုတ်ချင်းပေါက်အောင် လုပ်တာ လူလေးရေ ဒေါသကြီးတဲ့ ဇော်ဂျီ သူ့လှံတံကို ဘယ်လိုပြန်ယူမလဲ ကြည့်ကြတာပေါ့ ဒီတောင်ခြေမှာတော့ သူကိုယ်တိုင် ထွက်ပြီးတိုက် ခိုက်မဲ့ပုံ မပေါ်ဘူး “
“ဟုတ်ကဲ့ အဘ စောင့်ကြည့်တာပေါ့ “
ဦးဖိုးဝေ နှင့် သူရိယသည် လေပေါ်တွင် ရပ်တန့်နေသော ဇော်ဂျီ၏ လက်နက်ကို စူးစိုက် ကြည့်နေသည်။အတန်ကြာသောအခါ နေလည်း ဝင်ပြီ ဖြစ်သည်။နေဝင်၍ အလင်းရောင် ပျောက်သည် နှင့် အလွန်တရာ လျင်မြန်လွန်းလှ၍ အနီရောင် အလင်းတန်းသဏ္ဍန်သာမြင်တွေ့နိုင်သည့် ဇော်ဂျီသည် သူ၏ လက်နက်ကို ယူ၍ ဗိုလ်စောင့်တောင်ဘက်ဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ထိုအခါမှ ဦးဖိုးဝေ နှင့် သူရိယတို့ ဓာတ်မီးကို အားပြု၍ တောင်ပေါ်သို့ တက်သွားပါတော့သည် ။
◾အခန်း (၇)
ဦးဖိုးဝေ နှင့် သူရိယတို့သည် ဗိုလ်စောင့်တောင်ပေါ်သို့ တရွေ့ရွေ့တက်လာရာ မကြာသောအချိန်တွင် ဖေသျှင်နေခဲ့သော တဲ ဆီသို့ ရောက်လာပြီ ဖြစ်သည်။ဦးဖိုးဝေသည် ပြုံးချိုထံမှ ငှား လာသော ဓာတ်မီးလေးဖြင့် တဲပတ်ဝန်းကျင်အား ကြည့်နေလေ သည်။ထိုစဉ် ကျယ်လောင်သော ရယ်မောသံကြီးနှင့် အတူ စကားသံ ပေါ်ထွက်လာလေ၏။
“ဟားး ဟားး ငါ့ညီတော်ကို အနိုင်ယူသွားတဲ့ သူဆိုလို့ ဘယ် လိုလူလဲလို့ သာမာန်အထက်လမ်း ဆရာတယောက်ပါလား။ပတ်ဝန်းကျင်ကိုတောင် မီးထိုးမှ မြင်ရတဲ့ အထက်လမ်းဆရာ ဒီနေ့ သင့်ရဲ့ဝိညာဉ်၊ခန္ဓာ တွဲတဲ့နေ့ နောက်ဆုံးဖြစ်ပြီဟေ့။ဘေးက ကောင်လေး မင်းကို ရန်မပြုချင်ဘူး တောင်အောက် ပြန်ဆင်းတော့ “
” ခင်ဗျားကိုယ် ခင်ဗျား အတော်အထင်ကြီးလှပါလား “
“ကောင်လေး မင်းမသွားဘူး ဆိုရင်လည်း ရတယ် မင်းထိုက် နဲ့ မင်းကံပေါ့ “
“အသံနဲ့ ခြိမ်းခြောက်မနေနဲ့ ဇော်ဂျီ ငါ့ရှေ့ကို လာခဲ့စမ်း “
ဦးဖိုးဝေသည် ဓာတ်မီးကို အသံလာရာဆီသို့ ထိုးကြည့်လိုက် ၏။သို့ပေမဲ့ မည်သည်ကိုမှ မတွေ့ရပေ။ထိုအချိန် ဟားတိုက်ရယ်မောသံနှင့် အတူ တောင်ဝှေးတချောင်းသည် အနီရောင်များတောက်လျက် တဲရှေ့မြေပြင်တွင် စိုက်နေပြီး ထိုတောင်ဝှေး ထိပ်မှ မီးအလင်းရောင်များ ဖြာထွက်လာကာ ပတ်ဝန်းကျင် တခုလုံးအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။မကြာသော အချိန်တွင် ဇော်ဂျီသည် သုံးမြောင့်အသွားပါသော အနီရောင် လှံတံသဏ္ဍန်လက်နက်ကို ကိုင်လျက် မီးလင်းနေသော တောင် ဝှေးနားတွင် ပေါ်လာလေ၏။မုတ်ဆိတ်မွေး ရှည်ရှည်နှင့် ဇော်ဂျီသည် သူ၏ လက်ထဲမှ သုံးခွလှံတပ်ထားသော တောင်ဝှေးဖြင့် ဦးဖိုးဝေတို့ကို ချိန်ရွယ်ကာ
“သင်က ငါ့ညီတော်ကို အနိုင်ကျင့်တယ်ပေါ့ ကဲ သေပေတော့”
ဇော်ဂျီသည် ရှည်ရှည်ဝေးဝေး မပြောတော့ပဲ ချိန်ရွယ်ထားသော သုံးခွလှံပါ တောင်ဝှေး နှင့် အားကုန် ပစ်ပေါက်လေ၏ ။ သို့ပေမဲ့ လှံတံသည် ဦးဖိုးဝေ၏ နဖူးနှင့် လက်နှစ်သစ်မျှ အလို တွင် ရပ်တန့်နေလေရာ ဇော်ဂျီမှာ အနည်းငယ် အံ့ဩသွားပြီး
“ဘယ်လိုမှ မဖြစ်နိုင်တာ ငါအခုပစ်လိုက်တဲ့ အားက သင့်ကို ထိုးဖောက်ပြီး တယုဇနာအထိ ရောက်နိုင်ပါတယ် ဘာကြောင့် များ သင့်ကို မဖောက်နိုင်တာလဲ “
ဇော်ဂျီသည် ထူးဆန်းအံ့ဩနေပြီး မယုံကြည်ဟန် နှင့် ဦးဖိုးဝေကို ကြည့်နေစဉ် ဦးဖိုးဝေသည် ချောင်းတချက်ဟန့်လိုက်သည် နှင့် ဇော်ဂျီ၏ သုံးခွလှံပါသောတောင်ဝှေးမှာ မြေပြင်တွင် ခ နေလေရာ ဇော်ဂျီမှာ ပို၍ အံဩသွားပြီး တောင်ဝှေးရှိရာသို့ လက်ကို ဆန့်တန်းလိုက်ရာ တောင်ဝှေးသည် သူ့ထံသို့ ငြင်သာ စွာပြန်ရောက် လာလေ၏။တခါမှ မကြုံစဖူးမို့ ဇော်ဂျီသည် သူ ၏ သုံးခွလှံပါ တောင်ဝှေးအား ပုခုံးပေါ်ထမ်းထားလျက် ဦးဖိုးဝေအား စကားဆိုလေသည် ။
“ဟဲ့ အထက်လမ်းဆရာ သင်က ဘယ်လို ဖြစ်ပြီး ငါ့ရဲ့တောင် ဝှေး မတိုးရတာလဲ အသင့်ပညာကြောင့်လား “
“ဇော်ဂျီ သင့်ရဲ့ လှံသွားပါ တောင်ဝှေး နဲ့ ဘယ်သူတွေကို ဆုံးမဖူးလဲ “
“နတ်ဆိုး နဲ့ ဘီလူးဆိုး တွေကို သုတ်သင်ဖူးတယ် “
“သင့် လှံတန် အသုံးမပြုနိုင်တဲ့ သူတွေရော ရှိလား “
“ရှိတယ် သီလလုံတဲ့ သူနဲ့ အကျင့်မြတ်တဲ့ ရဟန်းတွေ “
“ဇော်ဂျီသည် ပြောလက်စ စကားကို ရပ်လိုက်ပြီးနောက် ဦးဖိုးဝေအား
“အဲ့တာဆို သင်က သီလလုံသူလား သင်က သီလလုံတယ်ဆို ငါ့ရဲ့ ညီက”
ဇော်ဂျီသည် တွေးပြီး ဦးဖိုးဝေကိုသာ ကြည့်နေလေသည် ။ ထိုအခါ သူရိယသည် ဇော်ဂျီအား
“ဒီမှာ ဇော်ဂျီ ခင်ဗျားညီဆိုတဲ့ သူက ဘုန်းကြီးအတု လုပ်ပြီး အောက်လမ်းပညာနဲ့ ကျောင်းတွေကို လုတယ် ပြီးတော့ ရွာသားတွေရဲ့ ပစ္စည်းတွေကိုလည်း ခိုးတယ် အခု သူ့ကို ကိုးကွယ်တဲ့ မိန်းမပျိုကိုပါ ဖျက်ဆီးဖို့ လုပ်တယ်။ဒီလောက်ဆိုးတဲ့ သူကို တောင် ခင်ဗျားက ကာကွယ်ပေးနေသေးတယ် “
“သူ သူပြောတာ အဲ့လိုမဟုတ်ဘူး “
“ခင်ဗျားမှာ အစွမ်းတွေ ဒီလောက်ရှိတာတောင် အမှန်တရားကို မသိဘူးလား “
“ငါမှားပြီ ငါက ကိလေသာမကုန်သေးတဲ့ လူတယောက်မို့ လောဘမောဟ ဒေါသစိတ်တွေ ရှိသေးတယ် ငါ ပေးထားတဲ့ သံဓာတ်လုံးကို သင်တို့ လုပြီး ငါ့ညီတော်ကို ဒုက္ခပေးတယ် ထင်ပြီး သင်တို့ကို အသေသတ်ဖို့ ကြံခဲ့မိတယ် ငါ့ရဲ့ လှံတောင်ဝှေးက ဘယ်တော့မှ သီလရှိသူကို မထိခိုက်နိုင်ဘူး ငါမှားလေပြီ ဇော်ဂျီ ဖေမောင်ဆိုတဲ့ ငါ ကိလေသာကြောင့် မှားပြီ “
ဇော်ဂျီသည် တယောက်တည်း ရေရွတ်နေပြီး မြေပြင်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး လှံတံအား မြေပြင်တွင် ချကာ လက် အုပ်ချီရင်း ဦးဖိုးဝေအား စကားဆိုလေသည် ။
“ဒေါသ အမှောင်၊လောဘ အမှောင်တွေ ဖုံးခဲ့တဲ့ ငါ့ကို ခွင့် လွှတ်ပါ ငါ့နာမည်က ဇော်ဂျီ ဖေမောင်ပါ “
“ကျုပ် အပြစ်မဆိုပါဘူး ဒါပေမဲ့ သင်ရဲ့ညီက လောကီလောကုတ် နှစ်ခုလုံးကို ဒုက္ခ ပေးနေတယ် အဲ့တာကို သင်ကိုင်တွယ် နိုင်မလား “
“စိတ်ချပါ ငါ တာဝန်ယူတယ် ငါညီ လူမိုက်ကို ငါကိုယ်တိုင် ဆုံးမပါ့မယ် “
“ဇော်ဂျီ ကျုပ် သင့်ကို စကားနည်းနည်း ပြောချင်တယ်။လော ကီဈာန် နဲ့ တန်ခိုးတွေ ဘယ်လောက်ပဲ ရှိရှိ ကိလေသာ မကုန်သ၍ အမှားဆိုတာ ရှိနေမှာပဲ အဲ့ဒီတော့ ကျုပ်မှာချင်တယ် လောဘ၊မောဟ၊ဒေါ်သတွေ ကင်းတဲ့ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်စေမဲ့ အကျင့်ကိုသာ ကျင့်ပါလို့ သတိပေးလိုက်ပါတယ် “
ဇော်ဂျီသည် ဦးဖိုးဝေ၏ စကားကို လေးနက်တည်ကြည်စွာ နားထောင်ရင်း သာဓု သုံးကြိမ်ခေါ်လိုက်ပြီး ဦးဖိုးဝေကို ဦးညွှတ်အရို အသေပေးကာ သူ၏ သုံးခွလှံပါသော တောင်ဝှေးကို ပုခုံးမှာ ထမ်းလျက် ပျောက်ကွယ်လို့ သွားချိန်မှာပင် မြေပြင်တွင် စိုက်ပြီး လင်းနေသော တောင်ဝှေးသည်လည်း ရုတ်ချည်း အပေါ်သို့ ပျံတက်သွားရာ ဗိုလ်စောင့်တောင်ပေါ်တွင် မှောင်မဲ သွားတော့သည်။ထိုအခါမှ ဦးဖိုးဝေသည် ဓာတ်မီးကို ထွန်းလိုက်ပြီး
“ကဲ ကဲ လူလေးရေ ပြဿနာ တခုတော့ ရှင်းသွားပြီ အဘ တခု မေ့သွားတယ် သူရဲ့ ဓာတ်လုံးကို ပြန်မပေးလိုက်ရဘူး ဒါပေမဲ့ ပြဿနာ မရှိပါဘူး “
ဦးဖိုးဝေသည် ထိုသို့ ပြောပြီး လက်တဖက်ဖြင့် လွယ်အိတ်ထဲ နှိုက်ကာ ဓာတ်လုံးကို ယူပြီး
“ဥစ္စာရင်း မှန်သူထံ ပြန်ရောက်စေ “
ဦးဖိုးဝေ စကားဆုံးသည် နှင့် သံဓာတ်လုံးလေးသည် မီး တောက်များ တဖြည်းဖြည်းတောက်လာပြီး ကောင်းကင်ပေါ်သို့ လျင်မြန်သောအရှိန်ဖြင့် ပြန်တက်သွားချိန် သူရိယမှ ဦးဖိုးဝေ အား စကားဆိုလေ၏ ။
“အဘရေ ဒီ ပြဿနာကတော့ ပြီးပြီ။ကိုပြုံးချိုရဲ့ ပြဿနာကို ရှင်းကြရဦးမှာ မဟုတ်လား ကျနော်တို့ ပြန်ကြရအောင် “
“အေးအေး လူလေးရေ အဘတို့ ပြန်ကြတာပေါ့ကွယ် “
ဤသို့ဖြင့် ဦးဖိုးဝေ နှင့် သူရိယသည် အမှောင်ထဲတွင် ဓာတ် မီးလေးအားကိုးဖြင့် တောင်အောက်သို့ ပြန်ဆင်းလာခဲ့ကြပါတော့သည် ။
◾ဦးဖိုးဝေ နှင့် ဇော်ဂျီ ဖေမောင်သည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း