“ညစောင့်ကြီး “(စ/ဆုံး)

“ညစောင့်ကြီး “(စ/ဆုံး)

————————————–

(၁)

“တောင်းပန်ပါတယ်ကွာ၊ မင်းကိုငါတို့ဆီမှာ အလုပ်မခန့်နိုင်ဘူး”

သားကြီးတစ်ယောက်ထိုစကားကိုကြားသည့်အခါ အလွန်စိတ်ဓါတ်ကျသွားလေသည်။

“ဘာဖြစ်လို့လဲဦးလေး၊ အလုပ်ခေါ်စာမှာရေးထားတဲ့ အချက်အလက်တွေအကုန်လုံးနဲ့ ကျုပ်နဲ့က ပြည့်စုံနေပါတယ်၊ ကျုပ်ကိုဘာဖြစ်လို့ အလုပ်မခန့်ရတာလဲဆိုတာကို ဦးလေးပြောပြနိုင်မလား”

စက်ရုံမှူးက သားကြီးအားတစ်ချက်ကြည့်လိုက်ပြီး

“ငါတို့စက်ရုံမှာ သူခိုးတွေကိုအလုပ်မခန့်ဘူး”

သားကြီးတစ်ယောက် စိတ်ထဲထောင်းခနဲဒေါသထွက်သွားသည်။

“ဘာရယ်ဗျ”

“မင်း ခိုးမှုကျူးလွန်ပြီးတော့ ထောင်ကထွက်လာတာ ငါတို့သိပါတယ်ကွ၊ ဒါကြောင့်မင်းကိုတို့စက်ရုံမှာ မင်းကိုအလုပ်မခန့်နိုင်ဘူး၊ ကဲကဲ ငါတို့လည်းမအားသေးဘူး၊ မင်းပြန်ပါတော့”

သားကြီးတစ်ယောက်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီးနောက် ထိုင်ခုံမှငေါက်ခနဲထကာ အခန်းအတွင်းမှထွက်လာခဲ့တော့သည်။ စက်ရုံမှထွက်လာရင်း အပြင်သို့ေရောက်သည့်အခါ မိမိဘဝကိုယ်မိမိ အလွန်စိတ်ပျက်လျှက် ခေါင်းငိုက်စိုက်ချကာ လမ်းလျေျာက်လာခဲ့မိသည်။ သားကြီးလက်ထဲတွင် ဖိုင်တစ်တွဲရှိပြီး ထိုဖိုင်တွဲအတွင်းတွင်တော့ အလုပ်လျှောက်ရန်အတွက် ကိုယ်ရေးရာဇဝင်နှင့် အချက်အလက်များကို သုံးလေးစုံအပိုထည့်ထားသေးသည်။

“ဝန်ထမ်းအလိုရှိသည်”

ဆိုင်းဘုတ်တစ်ခုတွေ့သဖြင့် သားကြီးတစ်ယောက် ထိုဆိုင်အတွင်းသို့ဝင်လိုက်တော့သည်။ ဆိုင်မှာ ကားအပိုပစ္စည်းများရောင်းချသည့်ဆိုင်ကြီးတစ်ဆိုင်ဖြစ်နေလေသည်။ သားကြီးလည်း ဆိုင်မန်နေဂျာထံသို့သွားပြီး အလုပ်လျှောက်ချင်ကြောင်းပြောဆိုကာ ကိုယ်ရေးအချက်အလက်ဖောင်တစ်စောင်ထုတ်ပေးလိုက်လေသည်။ ဆိုင်မန်နေဂျာက သားကြိးအား စူးစူးစိုက်စိုက်ကြည့်ရင်း

“မင်းကိုငါတို့အလုပ်မခန့်ဘူး၊ မင်းရဲ့ အလုပ်လျှောက်တဲ့ဖောင်ကို ပြန်ယူသွားပါ”

သားကြီးမှာ လက်ထဲတွင် စာရွက်စာတမ်းများကိုင်ကာ ငေးကြောင်နေမိသည်။ မန်နေဂျာမှာ သူ၏အချက်အလက်များကို မကြည့်ရသေးခင်မှာပင် သူ့အားငြင်းပယ်လိုက်သည်ကို အလွန်အံ့သြနေမိသည်။

“ကျုပ်ကိုပေးတဲ့တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်မှာပါဗျာ၊ ကျုပ်အလုပ်မှာလည်း မခိုမကပ်ပါဘူး၊ နောက်ပြီးတော့ ခင်ဗျားတို့ခိုင်းတာအကုန်လုံးကိုလုပ်ပါ့မယ်”

မန်နေဂျာက တစ်ချက်ညည်းတွားလိုက်ကာ

“ဒီမှာ အောင်မျိုး၊ မင်းကိုငါတို့အလုပ်မခန့်ပါဘူးဆိုနေမှကွာ”

“ခင်၊ ခင်ဗျားက ကျုပ်ကိုသိတယ်တဲ့လား”

မန်နေဂျာက သူ့အားစိုက်ကြည့်လိုက်ရင်း

“ဒီမှာ၊ မင်းက ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ထောင်ကျပြီး အခုမှပြန်လွတ်လာတာကို ငါတင်မကဘူး တစ်မြို့လုံးသိတယ်ကွ၊ မင်းလိုလက်ဆော့ခြေဆော့ရှိတဲ့ကောင်ကို ငါ့အလုပ်မှာခန့်စရာလား”

သားကြီးတစ်ယောက် ခေါင်းကိုဆတ်ခနဲညိတ်လိုက်ပြီးနောက် စာရွက်စာတမ်းများကိုဖိုင်အတွင်းသို့ပြန်ယူထည့်လိုက်ကာ ထိုနေရာမှ လှမ်းထွက်လာခဲ့သည်။ ကားများ၊ ဆိုင်ကယ်များ တဝီဝီသွားနေသည့် လမ်းမဘေးတွင် တစ်ယောက်တည်း ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်နေမိသည်။ မြောင်းကူးတံတားကလေးတစ်ခုအနီးအရောက်တွင် ရေအပြည့်နှင့်စီးဆင်းနေသည့် မြောင်းကြီးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လက်ထဲတွင်ကိုင်ထားသည့် ဖိုင်တွဲအား ထိုမြောင်းအတွင်းသို့ပစ်ချလိုက်လေတော့သည်။ စာရွက်စာတမ်းများက ဖိုင်အတွင်းမှ တိုးထွက်သွားကြကာ မြောင်းရေပြင်တွင်ပြန့်ကျဲကုန်လေသည်။

သို့နှင့်သားကြီးတစ်ယောက် မိမိနေထိုင်ရာ ရပ်ကွက်ကလေးဆီသို့ပြန်လာခဲ့သည်။ အိမ်သို့မရောက်မီ တစ်လမ်းကျော်လမ်းထိပ်သို့ရောက်သည့်အခါ ဆိုင်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုဆိုင်မှာ သံတိုသံစများ၊ ပုလင်းခွံများပြန်ဝယ်သည့် ဆိုင်ကြီးဖြစ်သည်။ ဆိုင်ကြီးမှာအတော်အတန်ကြီးမားကာ ဂိုထောင်ကြီးတမျှဖြစ်နေသည်။ ဆိုင်တွင်လည်း အလုပ်သမားလေးများအတော်များများရှိကာ ပုလင်းရွေးခြင်း၊ သံတိုသံစများကိုချိန်တွယ်နေကြရင်းနှင့် အလုပ်ရှုပ်နေကြသည်။ သားကြီးတစ်ယောက် တွေဝေငေးမောစွာနှင့် ဆိုင်နဖူးစီးတွင်တပ်ထားသည့် ဆိုင်းဘုတ်တစ်ခုကိုဖတ်ကြည့်လိုက်သည်။

“ဟေ့၊ သားကြီးပါလား”

ထိုအခါ ဆိုင်အတွင်းမှလူတစ်ယောက်က ပြုံးရွှင်ရယ်မောကာ ပြေးထွက်လာလေသည်။ ထိုလူမှာ ကုလားတစ်ယောက်ဖြစ်ပြီး ဆံပင်ကောက်ကောက်၊ မုတ်ဆိတ်မွှေးကောက်ကောက်များရှိကာ အပေါ်တွင် ရှပ်အကျီအကောင်းစားတစ်ထည်ကိုဝတ်ဆင်ထားပြီး အောက်ပိုင်းတွင်တော့ ပလေကပ်ပုဆိုးအပြာရောင်ကွက်ကို ဝတ်ဆင်ထားသည်၊ သားကြီးက ထိုသူအား စိုက်ကြည့်လိုက်ပြီးနောက်

“ဘာလဲဆာမိ”

“မင်းပြန်လွတ်လာပြီလို့ကြားလို့ကွ၊ ငါလည်းအလုပ်များနေလို့ မင်းဆီကိုတောင်မလာဖြစ်ပါဘူးကွာ”

“မင်းလာစရာမလိုဘူးဆာမိ၊ ငါကလည်းမင်းကိုမတွေ့ချင်ဘူး”

ဆာမိဆိုသည့် ကုလားကြီးကရယ်မောကာ

“မင်းကလည်း စိတ်ကြီးပဲကွာ၊ ဒါနဲ့ မင်းအလုပ်ရှာနေတယ်ဆို၊ ဟိုတစ်နေ့က ရွှေခင်က ငါ့ကိုပြောပြတယ်၊ မင်းအတွက်အလုပ်တစ်နေရာများရှိမလားတဲ့”

သားကြီးက တောက်တစ်ချက်ခေါက်လိုက်လေသည်။

“မင်းဆီမှာ ငါသေတာတောင်မလုပ်ဘူးကွာ”

ဆာမိက သက်ပြင်းချလျှက်

“မင်းစိတ်ကူးမလွဲပါနဲ့ကွာ၊ မင်းလိုလူတစ်ယောက်ကို ဘယ်သူကအလုပ်ခန့်မှာလဲကွ၊ မင်းနောက်ဆုံးကြံရာမရရင်တော့ ငါ့ဆီကိုလာခဲ့ကွာ၊ ဒီမှာပုလင်းရွှေး၊ သံထုဝင်လုပ်ပေါ့၊ စားဖို့သောက်ဖို့တော့ ရတာပေ့ါကွာ၊ အေး၊ တစ်ခုရှိတာကတော့ အရင်လိုလက်ဆော့ခြေဆော့မလုပ်နဲ့တော့ပေါ့ကွာ”

သားကြီးမှာ ဒေါသထွက်ထွက်နှင့် ဆာမိ၏အင်္ကျီစအားလက်ဖြင့်ဆွဲလိုက်ကာ

“ဟေ့ကောင် ဆာမိ၊ မင်းငါ့ကိုဘာလို့ဒီလိုစကားတွေပြောနေတာလဲဆိုတာ ငါသိတယ်နော်၊ ငါ့သည်းခံနိုင်စွမ်းကို မင်းလာစမနဲ့”

“ဟား၊ ဟား စိတ်ထိန်းပါသားကြီးရာ၊ အခုမှ ထောင်ကထွက်လာတာတောင် တစ်လမပြည့်သေးဘူး၊ ငါ့ကိုရိုက်ပြီး ထောင်ထဲထပ်ဝင်ချင်သေးလို့လားကွာ”

သားကြီးတစ်ယောက်တွေဝေသွားကာ ဆာမိအကျီစကိုလွှတ်လိုက်တော့သည်။ ဆာမိက သူ့ရှပ်အကျီကိုလက်နှင့်ပွတ်သပ်ရင်း

“ဒါထက် မင်းမိန်းမက ရွှေခင်ကိုပြောလိုက်စမ်းပါအုံးကွာ၊ လကုန်ဆပ်ရမည့်အကြွေးတွေ လာဆပ်လို့ အရင်းမဆပ်နိုင်ရင်တောင်မှ အတိုးတော့လာသပ်ထားပါလို့၊ တော်ကြာ အတိုးရောအရင်းရောများနေမှ ငါသူ့ကိုသိမ်းနေရမယ်လို့၊ ဟား၊ ဟား”

သားကြီးမှာလက်သီးဖြင့်ထိုးနှက်ရန်ပြင်ဆင်လိုက်သည်။ ဆာမိကတော့ အေးအေးဆေးဆေး မထုံတတ်တေးမျက်နှာပေးလုပ်နေသည်။ ယခုအချိန်တွင် သားကြီးတစ်ယောက် ယခင်လိုမာ၍မရတော့သဖြင့် ခေါင်းငုံ့ကာ အသာလှည့်ထွက်လာခဲ့တော့သည်။ ဆာမိတစ်ယောက်ကတော့ အောင်နိုင်သူအပြုံးနှင့် ပြုံးနေလေသည်။

စိတ်ပျက်လက်ပျက်နှင့်် အိမ်ရှေ့တွင်ထိုင်ချလိုက်သော သားကြီးကို သူ့ဇနီးဖြစ်သူ မရွှေခင်က ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဘယ်လိုလဲ ကိုအောင်၊ ဒီနေ့ရော အလုပ်ရှာမရပြန်ဘူးလား”

အောင်မျိုးကခေါင်းညိတ်လိုက်လေသည်။ မရွှေခင်က အိမ်ရှေ့တွင်ထိုင်နေကာ ဟင်းသီးဟင်းရွက်များကို နှီးကြိုးများဖြင့်ပြင်စီးကာ ခေါင်းရွက်ဗန်းကြီးတစ်ခုအတွင်းသို့ စီထည့်နေသည်မို့ သားကြီးလည်း မနေတတ်တော့ဘဲ မိန်းမဖြစ်သူအား ကူညီလုပ်ကိုင်ပေးလေသည်။

“ဟိုဘက်အိမ်က ဆိုက်ကားသမား ကိုညွှန့်ပြောတော့ မြို့ထဲမှာ အလုပ်တွေပေါတယ်ဆိုပဲ”

သားကြီးအလုပ်ရှာမရခြင်းကို မရွှေခင်က သိပ်မကျေနပ်ပုံရလေသည်။ သားကြီးလည်း ခေါင်းကုပ်လိုက်ရင်း

“အေးကွာ၊ အလုပ်တွေက ပေါတယ်ဆိုပေမယ့် ငါ့ကိုဘယ်သူမှမခန့်ကြဘူးကွ”

“ရှင့်သူငယ်ချင်းဆာမိကိုတောင် ကျုပ်ဟိုတစ်နေ့က ဝင်ပြောခဲ့သေးတယ်၊ ဒီလုပ်ငန်းက ရှင်ကျွမ်းကျင်တဲ့လုပ်ငန်းဆိုတော့ ရှင့်ကိုလက်ခွဲလေးဘာလေးများ ပေးမလားလို့”

“တော်စမ်းရွှေခင်”

သားကြိးက အသံအကျယ်ကြီးနှင့်အော်ထည့်လိုက်ရာ မရွှေခင်တစ်ယောက်လန့်ဖျပ်သွားတော့သည်။

“ဒီကောင့်အကြောင်းကို ငါအသိဆုံးပဲ၊ ဒီကောင်က မိတ်ဆွေမဟုတ်ဘူး၊ ရန်သူကွ၊ ငါ့အတွက်ရန်သူပဲ၊ ငါဒီကောင်နဲ့ နောက်ထပ်လုံးဝမပတ်သက်တော့ဘူး”

မရွှေခင်က နှုတ်ဆိတ်နေပြီး အသီးအရွက်များကို ဈေးဗန်းအတွင်းသို့ ဖြန့်ထည့်နေလေသည်။

“ဒါနဲ့ နင်ဆာမိဆီက အကြွေးယူထားတယ်ဆို”

မရွှေခင်က တစ်ချက်တွေဝေသွားပြီး ခေါင်းညိတ်လိုက်လေသည်။

“နင်ဘာလို့ဒီကောင်နဲ့ ပတ်သက်ရတာလဲ၊ ဒီကောင်နဲ့မပတ်သက်ပါနဲ့လို့ ငါနင့်ကိုထောင်ဝင်စာတွေ့တုန်းက အတန်တန်မှာထားတယ်မဟုတ်လား၊ ဘာလဲရွှေခင်၊ နင်က သူ့မယားဖြစ်ချင်နေလို့လား”

“တော်တော့ ကိုအောင်၊ ရှင့်စကားတွေက ကျုပ်ကိုစော်ကားနေပြီ၊ ဒီမှာကျုပ်ပြောမယ်၊ ဆွေမရှိမျိုးမရှိ၊ ကလေးတစ်ယောက်နဲ့ ထောင်အပြင်မှာကျန်ခဲ့တဲ့ကျုပ်က ဘာလုပ်စားနိုင်မှာမို့လို့လဲ၊ ပြီးတော့ ရှင့်ရဲ့ရုံးချိန်းအတွက်၊ ရှေ့နေကြေးတွေအတွက် ကျွန်မဘယ်ကရခဲ့တာလို့ရှင်ထင်တာလဲ၊ ကိုဆာမိသာ ရှင့်ကိုခင်မင်လို့ ကျွန်မကိုယုံယုံကြည်ကြည်နဲ့ ထုတ်ချေးပေးခဲ့တာ၊ ဒီရပ်ကွက်ထဲမှာ ဘယ်သူက ကျွန်မကိုငွေချေးပေးမှာလဲ”

သားကြီးဘာမှမပြောနိုင်တော့ဘဲ အိမ်တိုင်ကိုသာ လက်သီးနှင့်ထိုးနေမိတော့သည်။

“ဒါတွေအားလုံးက ရှင့်အပြစ်တွေပဲ၊ ရှင်သာ လက်ဆော့ခြေဆော့မလုပ်ခဲ့ရင်”

“တော်စမ်း ရွှေခင်၊ ငါလုပ်တာမဟုတ်ပါဘူးလို့ မင်းကိုဘယ်နှစ်ခါပြောရမလဲ”

“ကဲပါတော်၊ ဒါတွေကျုပ်စိတ်မဝင်စားဘူး၊ ကျုပ်ရှင်နဲ့လည်း ဖက်ပြီးရန်မဖြစ်ချင်ဘူး၊ ကျုပ်ဈေးရောင်းထွက်တော့မယ်၊ ကျုပ်ကိုဈေးဗန်းမပေးအုံး၊ ရှင်ထမင်းမစားရသေးဘူးဆိုရင် အုပ်ဆောင်းအောက်မှာ ထမင်းဟင်းတွေခူးထားတယ်၊ ဒါနဲ့ တော်ဟင်းတွေအကုန်မစားပစ်နဲ့အုံးနော်၊ ခနနေသမီးကျောင်းကပြန်လာတော့မယ်၊ သူစားဖို့လည်း ဟင်းတွေချန်ထားအုံး”

သားကြီးတစ်ယောက် မရွှေခင်၏ ဈေးဗန်းကြီးကို တစ်ဖက်မှကိုင်ကာ မြှောက်တင်လိုက်သည်။ မရွှေခင်ကတော့ နေ့တိုင်းဈေးထွက်ရောင်းနေရသဖြင့် သိသာမည်မဟုတ်သော်လည်း ထိုဈေးဗန်းကြီးမှာ ယောက်ျားတစ်ယောက်ပင်လျှင် အားအတန်စိုက်ကာ မယူရလေသည်။ ဈေးဗန်းထဲတွင်တော့ ဟင်းသီးဟင်းရွက်၊ ရာသီပေါ်သီးနှံများအစုံပါလေသည်။ ထိုမျှလေးလံလှသည့် ဈေးဗန်းကြီးကို မရွှေခင်က စွေ့ခနဲခေါင်းပေါ်ကောက်တင်လိုက်လေသည်။ ထို့နောက် ငါးခြောက်ငါးခြမ်းများထည့်ထားသည့် လက်ဆွဲခြင်းကြီးတစ်လုံးဆွဲကာ လမ်းမအတိုင်းထွက်ခွာသွားလေတော့သည်။

“ဟောဒီက ဟင်းရွက်စုံ”

မရွှေခင်အသံစာစာက လမ်းထိပ်ရောက်သွားသည့်တိုင်အောင် အတိုင်းသားကြားနေရလေသည်။ သားကြီးတစ်ယောက် ဇနီးဖြစ်သူ၏ နောက်ကျောကုန်းကိုလှမ်းကြည့်ကာ သက်ပြင်းတစ်ချက်ချမိသည်။

“သြော်၊ ရွှေခင်၊ ရွှေခင်၊ မင်းငါမရှိတဲ့အချိန်တွေမှာ ဒီလိုပဲ ခက်ခက်ခဲခဲရှာစားနေရတယ်ထင်ပါရဲ့”

သားကြီးတစ်ယောက် လက်ဆေးပြီး ထမင်းဝိုင်းနံဘေးသို့ထိုင်လိုက်မိသည်။ ထမင်းဝိုင်းတွင်အုပ်ထားသည့် အုပ်ဆောင်းကိုဖွင့်လိုက်သည့်အခါတွင်တော့ ထမင်းအိုးတစ်အိုး၊ ငါးပိရည်၊ တို့စရာများနှင့် ငါးတုံးနှစ်တုံးကိုတွေ့ရသည်။ သားကြီးတစ်ယောက်ဆာလောင်နေပြီဖြစ်သော်လည်း ငါးဟင်းကိုမစားတော့ဘဲ ထမင်းခူးလိုက်ကာ ငါးပိရယ်ဆမ်းလိုက်ပြီး ခရမ်းကျွတ်သီးများကိုက်ကာ ထမင်းစားနေလေသည်။ ထမင်းစားပြီးနောက် ဆေးပေါ့လိပ်တစ်လိပ်ကိုထုတ်လိုက်ကာ အိမ်ရှေ့တွင်ဖွာရှိုက်ရင်း စဥ်းစားနေမိသည်။

“ဒါတွေ အားလုံးက ငါ့ကြောင့်ပါ၊ ငါ့အပြစ်တွေပါ ရွှေခင်ရာ”

သားကြီးတစ်ယောက် အတိတ်ဘဝအကြောင်းအရာများဆီသို့ ပြန်လည်တွေးတောနေမိလေသည်။

(၂)

သားကြီးမှာ ယခုနေထိုင်သည့် နယ်မြို့ကလေးဇာတိပင်ဖြစ်သည်။ နယ်မြို့ကလေး၏ ဆင်ခြေဖုံးရပ်ကွက်ကလေးတွင်နေထိုင်သည်။ သားကြီး၏အလုပ်မှာတော့ ဒန်အိုးဒန်ခွက်များ၊ သံတိုသံစများဝယ်ယူခြင်းဖြစ်သည်။ ထိုအလုပ်မှာ သေးနုပ်သော်လည်း အမြတ်ကျန်လှပေသည်။ သားကြီးတစ်ယောက် မနက်မိုးလင်းလျှင် သစ်သားလက်တွန်းလှည်းကလေးဖြင့် တစ်လမ်းဝင်တစ်လမ်းထွက်၊ တစ်ရွာဝင်တစ်ရွာထွက်တွန်းကာ ဒန်အိုးဒန်ခွက်အဟောင်းများ၊ သံတိုသံစများနှင့် ပုလင်းများကိုလိုက်လံဝယ်ယူလေသည်။

သားကြီးနှင့် ခင်မင်သူမှာ ဆာမိဖြစ်သည်။ ဆာမိမှာ အလွန်ဆင်းရဲလှသည်။ ကလေးပင်လေးယောက်ရှိသည်။ သားကြီးမှာ ငယ်သူငယ်ချင်းဖြစ်သူအား သနားသွားပြီး လုပ်ငန်းကိုခွဲပေးခဲ့သည်။ ဆာမိမှာ အစပိုင်းတွင်လှည်းပင်မရှိဘဲ ဂုန်နီအိတ်ထမ်းကာ အတိုအစများကို လိုက်လံဝယ်ယူလေသည်။

ထိုလုပ်ငန်းမှာအဆင်ပြေသဖြင့် သားကြီးတစ်ယောက် စုမိဆောင်းမိရှိခဲ့ပြီး မရွှေခင်နှင့်ပင် အိမ်ထောင်ရက်သားကျခဲ့သည်။ ဆာမိမှာလည်း အခြေအနေမဆိုးပေ၊ ယခုဆိုလျှင် ဆာမိတစ်ယောက် လှည်းကလေးတစ်စီးပင် ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်။ ဆာမိမှာ သားကြီးတို့နှင့် တစ်လမ်းကျော်တွင်နေထိုင်ပြိး သူ့အိမ်တွင် အတိုအစဝယ်ယူသည့် ဆိုင်ကလေးဖွင့်ထားသလို သားကြီးမှာလည်း အိမ်တွင် အတိုအစပစ္စည်းများဝယ်ယူသည့် ဒိုင်သဘောမျိုးဖွင့်ထားသည်။

သူငယ်ချင်းဖြစ်သူ ဆာမိမှာ တစ်ဖြည်းဖြည်းနှင့်စီးပွားပြိုင်ဘက်ဖြစ်လာသည်။ သို့သော်လည်း သားကြီးမှာ မနာလိုဝန်တိုခြင်းမရှိပေ၊ သူငယ်ချင်းအဆင်ပြေရေးအတွက်ပင် တစ်ခါတလေ သူငယ်ချင်းအား အလျော့ပေးလိုက်ရသည်များရှိသည်။ ဆာမိမှာလည်း သားကြီးအား သူငယ်ချင်းတစ်ယောက်အပြင် ဆရာတစ်ယောက်၊ ကျေးဇူးရှင်တစ်ယောက်အလား ရိုသေလေးစားသည်။

တစ်ရက် သားကြီးတစ်ယောက် တွန်းလှည်းကလေးတွန်းလာခဲ့ပြီး လမ်းတစ်ခုတွင် အမှတ်မထင်ဘဲ ဆာမိနှင့်တွေ့ဆုံလေတော့သည်။ ဆာမိကလည်း တွန်းလှည်းကလေးနှင့်ပင်ဖြစ်သည်။

“သားကြီး၊ မင်းအခြေအနေဘယ်လိုလဲကွ”

“ပုလင်းတွေလည်းအများကြီးရတယ်၊ နောက်ပြိး သံတွေလည်းတော်တော်ရခဲ့တယ်ကွ၊ အခုတောင် လှည်းပြည့်နေလို့ အိမ်ပြန်လာခဲ့တာ၊ ဒါနဲ့မင်းက အခုမှထွက်မှာလား၊ နေတောင်မြင့်နေပြီနော်”

“အေးကွာ၊ ငါ့သမီးကလေးနေမကောင်းဘူးကွ၊ ငါလည်း သူ့ကိုပြုစုရင်း စောစောစီးစီးမထွက်ဖြစ်ဘူးပေါ့ကွာ၊ ဒါပေမယ့် မထွက်လို့ကလည်းရတာမဟုတ်ဘူး၊ ငါတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာမဟုတ်လား၊ ငါကတော့ မင်းကျန်ခဲ့တဲ့ အကြွင်းအကျန်လေးတွေ လိုက်ကောက်လိုက်တော့မယ်ကွာ”

သနားစိတ်ရှိသည့် သားကြီးမှာ ဆာမိအားကြည့်ရင်း သနားမိသွားသည်။

“ကဲ ဆာမိရာ၊ ပူမနေစမ်းပါနဲ့၊ အခုငါဝယ်လာတဲ့ပစ္စည်းတွေမင်းယူလိုက်၊ ငွေကိုလည်း နောက်မှပဲပေးတော့ပေါ့ကွာ၊ မြန်မြန်ရောင်းပြီးတော့ မင်းလည်း မင်းရဲ့သမီးကို ပြုစုနိုင်တာပေါ့”

ဆာမိမှာအလွန်ပျော်ရွှင်သွားပြီး

“ကျေးဇူးတင်ပါတယ်သူငယ်ချင်းရာ၊ ဒါဆို ငါယူသွားတော့မယ်နော်”

သံထည်နှင့်ပုလင်းများကို အားရပါးရကျုံးထည့်နေသည့် ဆာမိအားကြည့်ပြီး သားကြီးတစ်ယောက် ပီတိများဖြစ်နေမိသည်။ သူငယ်ချင်းလိုအပ်နေသည့်အချိန်တွင် ကူညီရသည့်အတွက် ပျော်ရွှင်ပီတိကိုလည်းခံစားမိသည်။ ဆာမိမှာ သားကြီး၏လှည်းကို ပြောင်သလင်းခါအောင်ယူသွားပြိးတော့မှ ပြန်သွားလေတော့သည်။ သားကြီးလည်း နောက်တစ်ခေါက်အဝယ်ထွက်ရန်အတွက် မြို့ထဲသို့ဆင်းလာခဲ့ပြန်သည်။

“ကိုအောင်၊ ရှင်ဒီနေ့နည်းလှချည်လား”

ညနေပြန်သည့်အခါ အိမ်တွင်အဝယ်ဒိုင်ဖွင့်ကာ အလုပ်လုပ်သည့် မရွှေခင်က ပြောဆိုပြန်သည်။ သားကြီးက ခြေလက်များကိုဆေးကြောရင်း ထိုအဖြစ်အပျက်များကို ပြန်လည်ပြောပြလိုက်တော့သည်။

“အောင်မယ်လေး၊ ကိုအောင် ရှင်က အခုတော့ကယ်တင်ရှင်ကြီးလုပ်လာတယ်ပေါ့၊ ကြည့်လည်းလုပ်အုံးနော်၊ သူများအကျိုးဆောင် ကိုယ့်အကျိုးပြောင်ဖြစ်နေအုံးမယ်”

“ရွှေခင်၊ မင်းကလည်းကွာ၊ ငါက သူ့ကိုစေတနာသန့်သန့်နဲ့ကူညီခဲ့တာပါကွ၊ သူများကိုကူညီရင် ငါတို့ကိုလည်း ကူညီမယ့်သူပေါ်မှာပါကွ”

မရွှေခင်က ဘာမှမပြောတော့ဘဲ တစ်ချက်မဲ့လိုက်လေသည်။

သို့နှင့်မရွှေခင်တစ်ယောက် ကိုယ်ဝန်ရလာခဲ့သည်။ ကိုယ်ဝန်ရင့်သည့်အချိန်တွင် မရွှေခင်က ရွာကိုပြန်ချင်သည်ဟုဆိုကာ ရွာသို့တစ်ပတ်ဆယ်ရက်ခန့်ပြန်သွားတော့သည်။ သားကြီးက လိုက်ချင်သော်လည်း လက်ရှိစိးပွားရေးကို ပစ်ထား၍မရပေ၊ သို့နှင့် မလိုက်သွားတော့ဘဲ အိမ်တွင်သာ ဒိုင်ဖွင့်လျှက် အရောင်းအဝယ်များကိုပြုလုပ်နေတော့သည်။

ထိုညတွင် မိုးကသည်းထန်စွာရွာလေသည်။ မိုးရွာလျှင် ဈေးကွက်အေးတတ်သည်မို့ သားကြီးတစ်ယောက်ဆိုင်ကို ညခုနစ်နာရီမှာပင် ပိတ်လိုက်ပြီး အိမ်ထဲဝင်လာခဲ့သည်။ အောက်စက်တွင် မြန်မာကားတစ်ခွေထိုးကြည့်နေရင်း အရက်တစ်လုံးကို အမဲသားကြော်နှင့်မြည်းကာ ဇိမ်ခံနေစဉ် အိမ်ရှေ့တွင်ခေါ်သံသဲ့သဲ့ကိုကြားရသည်။

“သားကြီးရေ၊ သားကြီး မင်းအိပ်ပြီလား”

အသံမှာဆာမိအသံဖြစ်နေသဖြင့် သားကြီးက တံခါးထဖွင့်ပေးလိုက်ရသည်။ ဆာမိမှာ လှည်းကိုတွန်းလာပြီး ခြံအတွင်းသို့ဝင်ခဲ့သည်။ လမ်းမကြီးတွင် လူသူရှင်းလင်းနေသည်။ ဆာမိက ခြံထဲရောက်သည့်အခါ သူခြုံထားသည့် ပီနံအိတ်အခွံကိုချွတ်ချလိုက်လေသည်။

“ဆာမိ၊ မင်းဘာဖြစ်လာတာလဲကွ”

“ပစ္စည်းနည်းနည်းထွက်ဝယ်တာပါကွာ”

ဆာမိက လှည်းအတွင်းသို့ပြလိုက်ရာ ကြေးကြိုးအခွေအလိပ်ကြီးများကိုတွေ့လိုက်ရလေသည်။

“ဆာမိ၊ ကြေးကြိုးတွေပါလားကွ၊ မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား၊ ဥပဒေနဲ့ညီရဲ့လား”

“ညီပါတယ်ကွာ၊ မြို့ပြင်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကနေ ငါဝယ်ခဲ့တာပါ”

“ဒါဖြင့်ရင် မင်းအိမ်ကိုမင်းသယ်ပေါ့ကွ၊ ဘာလို့ငါ့ဆီရောက်လာတာလဲ”

“ဟိုလေကွာ၊ ငါက ဘောလုံးကွင်းထိပ်နားက အသည်းလေးနဲ့ ညိနေကြသကွ”

သားကြီးမျက်လုံးများပြူးသွားသည်။

“ဟေ၊ အသည်းလေးဆိုတာ ကွမ်းယာဆိုင်က ကောင်မလေးမဟုတ်လား”

“ဟုတ်တယ်၊ အခုလည်း သူ့ကိုနည်းနည်းပါးပါးပေးကမ်းချင်လို့ ဒီကြေးကြိုးခွေကိုရောင်းမလို့ကွ၊ ဒါပေမယ့် အိမ်ကိုသယ်သွားရင် ငါ့မိန်းမက သိသွားမှာကွ”

“မင်းက တော်တော်မလွယ်တဲ့ကောင်ပဲ၊ အခုတောင် မိန်းမနဲ့ ကလေးလေးယောက်မဟုတ်လားကွာ”

ဆာမိက ရယ်မောရင်း

“စကားပုံတစ်ခုရှိတယ်လေ သားကြီးရ၊ ယောက်ျားတစ်ယောက်ရဲ့ဘဝက မိန်းမတစ်ယောက်ရဲ့လက်ထဲမှာပဲ မကုန်ဆုံးသွားသင့်ဘူးတဲ့ကွ၊ ဟဲ ဟဲ”

“မင်းစကားပုံကို ငါမကြားဖူးပါဘူးကွာ၊ ကဲကဲ အခုငါဘာလုပ်ပေးရမလဲ”

“ဒီကြေးကြိုးကို ဝယ်ရင်ဝယ်ကွာ၊ မင်းမဝယ်ရင်လည်း ငါဒီမှာခဏထားခဲ့မယ်ကွ၊ အိမ်ကမိန်းမသိရင် ပြဿနာတွေဖြစ်မှာစိုးလို့”

“ဝယ်တော့မဝယ်ဘူးကွာ၊ ငါက သံအပိုင်းပဲလုပ်တာကိုးကွ၊ မင်းထားချင်ရင်တော့ ဒီမှာထားခဲ့၊ မနက်ကျတော့ လာပြန်ယူပေါ့”

“အေးပါသူငယ်ချင်းရာ”

ဆာမိက ကြေးကြိုးအခွေကြီးများကိုသယ်ကာ အိမ်ရှေ့သံတိုသံစများထားသည့်ချောင်တစ်နေရာတွင် ထားခဲ့လိုက်သည်။ ထို့နောက် ပီနံအိတ်ခွံစဖြင့် အုပ်လိုက်တော့သည်။

“ဒါနဲ့ သားကြီး၊ မင်းကိုငါ ကတိတစ်ခုတောင်းချင်ပါတယ်ကွာ၊ မင်းဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောရဘူးနော်ကွ”

“အေးပါကွာ၊ မပြောပါဘူး၊ စိတ်ချစမ်းပါ”

ဆာမိတစ်ယောက် သားကြီးအား ပြုံးပြလျှက် မိုးထဲရေထဲမှာပင် လှည်းကိုတွန်းပြီးပြန်သွားလေသည်။ သားကြီးလည်း အတော်မူးနေပြီမို့ အိမ်ပေါ်တက်ကာ အိပ်လိုက်တော့သည်။ မိုးအေးအေးနှင့်မို့ အိပ်ရတာအလွန်ဇိမ်ရှိလှသည်။

မနက်မိုးမလင်းသေးခင်မှာပင် ခြံရှေ့မှ အော်ခေါ်သံကိုကြားရသဖြင့် သားကြီးလည်းအိပ်နေရာမှထလာခဲ့သည်။ ခြံတံခါးကိုဖွင့်လိုက်သည့်အခါတွင်တော့ ရဲများနှင့် ရပ်ကွက်လူကြီးအချို့ကိုတွေ့လိုက်ရသည်။

“ဘာကိစ္စရှိလို့လဲဗျ”

“ညက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်သူပိုင်ပစ္စည်းတွေပျောက်သွားတယ်၊ အဲဒါ မင်းဆီမှာများရှိမလားဆိုပြီး လာရှာတာ”

“အိုဗျာ၊ သူ့ဖာသာပစ္စည်းပျောက်တာ ကျုပ်နဲ့ဘာဆိုင်သလဲဗျ”

ထိုအခါ ဒုရဲအုပ်တစ်ဦးက

“ပျောက်တဲ့ပစ္စည်းက ခင်ဗျားတို့ဝယ်ရောင်းလုပ်နေတဲ့ ပစ္စည်းမို့လို့ပါ၊ ခင်ဗျားကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ”

သားကြီးလည်း ခြံတံခါးဖွင့်ပေးလိုက်ပြီး

“ကဲ၊ ကြည့်ပါဗျာ၊ ကြည့်ပါ”

ရဲနှင့် ရပ်ကွက်လူကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆိုင်အတွင်းလှည့်ပတ်ကြည့်ကြရာ ဆိုင်ထောင့်တစ်နေရာတွင် ပီနံအိတ်ဖြင့်အုပ်ထားသည့် ကြေးကြိုးများကို ရဲများကတွေ့သွားလေတော့သည်။

“ဟာ၊ ဒီပစ္စည်းတွေပဲ ဆရာကြီးတို့”

“ကဲ သူ့ကိုဖမ်းလိုက်ကြတော့”

သားကြီးတစ်ယောက် အလွန်ထိတ်လန့်သွားသည်။ ရဲတပ်သားများက သားကြီးအားဝန်းရံလိုက်ကြစဉ်

“မဟုတ်ဘူး၊ အဲဒါ ကျုပ်ပစ္စည်းမဟုတ်ဘူးဗျ”

“ခင်ဗျားဆီမှာ လက်ပူးလက်ကြပ်မိနေပြီပဲဗျာ”

“မဟုတ်တာဗျာ၊ ဒီပစ္စည်းက ကျုပ်ဟာမဟုတ်ဘူး၊ ကျုပ်ကို ကျုပ်သူငယ်ချင်းဆာမိက ပေးထားခဲ့တာဗျ”

သို့နှင့် ဆာမိထံသို့သွားကာ ရှင်းကြလင်းကြလေသည်။ ဆာမိမှာ ထိုအကြောင်းကိုကြားသည့်အခါ အလွန်အံ့သြစွာဖြစ်နေလေသည်။

“ဆာမိ၊ ဒီကြေးကြိုးတွေက မင်းငါ့ကိုညကပေးသွားတာလေကွာ”

ဆာမိက ပြူးကြောင်သည့်မျက်လုံးများဖြင့်

“ဟာ၊ သားကြီး မင်းဘာပြောတာလဲကွ၊ ငါဖြင့် အဲဒီကြေးကြိုးတွေကို မြင်တောင်မမြင်ဖူးပါဘူးကွာ”

သားကြီးတစ်ယောက် ခေါင်းမီးတောက်သွားသည်။ ဆာမိမှာ သူမသိဟုဆိုကာ ဘူးခံငြင်းနေလေသည်။

“ကဲ သက်သေပစ္စည်းနဲ့အတူ လက်ပူးလက်ကြပ်မိနေပြီဆိုမှတော့ ကိုအောင်မျိုးငြင်းမနေပါနဲ့တော့ဗျာ၊ ကျန်တာ ရုံးရောက်မှ ဆက်ရှင်းကြတာပေါ့”

သို့နှင့် သားကြီးတစ်ယောက်အဖမ်းခံရတော့သည်။ အတိုချုပ်ပြောရလျှင် ပြည်သူပိုင်ပစ္စည်းလက်ဝယ်တွေ့ရှိမှုဖြင့် သားကြီးတစ်ယောက် ထောင်ခုနစ်နှစ်ကျတော့သည်။ သားကြီးအပြောအဆိုကို မည်သူမှလည်းမယုံကြည်ကြပေ၊ သို့နှင့်အမှုအခင်းဖြစ်သည့်အခါ သားကြီး၏လုပ်ငန်းကိုပစ်ပြီး ရုံးလိုက်၊ ဂတ်လိုက် လိုက်ရသဖြင့် စီးပွားရေးလုပ်ငန်းလည်းပျက်စီးသွားတော့သည်။ တစ်ဖက်တွင်ဆာမိမှာမူ သားကြီးလုပ်ငန်းမရှိတော့သဖြင့် လုပ်ငန်းမှာပိုမိုကျယ်ပြန့်လာကာ ဆိုင်ကြီးကန္နားနှင့်ပင်ဖြစ်၍ ကြီးပွားသွားတော့သည်။

“တောက်၊ ဆာမိ၊ ဆာမိ ငါကတော့ မင်းကိုသူငယ်ချင်းဆိုပြီးတော့ အရင်က ခင်လိုက်မင်လိုက်ရတာ၊ မင်းကအခုတော့ ငါ့ကို နောက်ကျောကိုဓါးနဲ့ထိုးတာပေါ့”

(၃)

သားကြီးတစ်ယောက် ယခုရက်ပိုင်းတွင် အလုပ်မည်မည်ရရမရှိဘဲ အိမ်တွင်သာအောင်းနေတော့သည်။ ဆာမိ၏ ဆိုင်ခန်းရှေ့သို့မဖြတ်သွားချင်သောကြောင့်ဖြစ်သည်။ ညနေဘက်တွင်တော့ ဈေးထွက်သွားသည့် မရွှေခင်မှာ အမောတကောနှင့်ပြေးလာလေသည်။

“ရွှေခင်၊ ဘယ်လိုဖြစ်တာလဲ ဈေးဗန်းထဲမှာလည်း ရောင်းလို့မကုန်သေးပါလားကွ”

“မဟုတ်ဘူး ကိုအောင်၊ ဆိုက်ကားဆရာ ကိုညွန့်က အလုပ်တစ်ခုရှိတယ်၊ လူအမြန်လိုနေတယ်ပြောလို့ အိမ်ကိုအမြန်ပြေးလာခဲ့တာ တော့”

“ဘာအလုပ်မို့လို့လဲ ရွှေခင်ရာ”

“စက်ရုံတစ်ခုမှာ ညစောင့်တဲ့တော်”

“ဟာကွာ၊ ဖြစ်ပါ့မလားကွ”

“ကိုညွန့်ပြောတာကတော့ ဘယ်လိုလူကိုမဆို ညစောင့်ခန့်မယ်လို့ပြောတယ်၊ ရှင်သွားမေးကြည့်ပါလားတော်၊ လူက ချက်ချင်းလိုနေတာတဲ့”

သားကြီးတစ်ယောက် တွေဝေငေးမောနေမိသည်။ ထိုအချိန် မရွှေခင်က

“သွားကြည့်တာ မမှားပါဘူးတော်၊ မရတော့လည်း အရင်း၊ ရတော့လည်း အမြတ်ပေါ့တော်”

နောက်ဆုံးမရွှေခင်၏ တိုက်တွန်းမှုကြောင့် သားကြီးခေါင်းညိတ်လိုက်တော့သည်။ သို့နှင့်အဝတ်အစားလဲ ပြင်ဆင်ပြီးနောက် ဆိုက်ကားတစ်စီးဖြင့်ထွက်လာခဲ့သည်။ ဆိုက်ကားဆရာကိုညွန့်က သားကြီးအားလိုက်ပို့ပေးသည်။

“ဟုတ်ရောဟုတ်ရဲ့လား ကိုညွန့်ရာ၊ ကျုပ်တို့မြို့က ကျဉ်းကျဉ်းလေးဗျ၊ ကျုပ်အကြောင်းကိုတစ်မြို့လုံးကလူတွေသိပြီးသား၊ ကျုပ်ကိုဘယ်သူကမှ အလုပ်ခန့်ချင်တာမဟုတ်ဘူး”

“ခန့်ရင်ခန့်မှာပေါ့ကွာ၊ ဒါနဲ့ သားကြီး၊ မင်းသရဲမကြောက်တတ်ဘူးမဟုတ်လား”

သားကြီးက ခေါင်းခါလိုက်သည်။

“သရဲမကြောက်တတ်ရင်တော့ မင်းအလုပ်ရမှာပါကွာ”

“ဘာဆိုင်လို့လဲဗျ”

“အဲဒီစက်ရုံကြီးက သရဲတော်တော်ကြမ်းတယ်ဆိုပဲကွ၊ သူခိုးသူဝှက်တွေတောင်မှ သရဲခြောက်ခံရမှာစိုးလို့ စက်ရုံတွေဆီမသွားဝံ့ဘူးဆိုပဲကွာ၊ ဒါပေမယ့်လည်း ညစောင့်ကမထားလို့မရဘူးမဟုတ်လား”

သရဲဆိုသည့်အသံကြားသဖြင့် သားကြီးဘာရယ်မဟုတ်ဘဲ ကျောချမ်းမိသွားသည်။ သို့သော်လည်း သားကြီးမှာ သရဲတစ္ဆေကို ငယ်စဉ်ကတည်းပင် အယုံအကြည်မရှိသလို ကြောက်လည်းမကြောက်တတ်ခဲ့။ အကျဉ်းကျနေစဉ်က နေခဲ့ရသည့် ရဲဘက်စခန်းပင်လျှင် သရဲအလွန်ခြောက်သည်ဟု သတင်းကြီးသော်လည်း သားကြီးမှာ သရဲကိုအကောင်အထည်မပြောနှင့် အနံ့အသက်ပင်မကြုံဖူးခဲ့ပေ။

မကြာမီ ကုမ္ပဏီတစ်ခုထံသို့ ရောက်လာခဲ့သည်၊ ကုမ္ပဏီအဆောက်အဦပေါ်သို့မေးစမ်း၍တက်သွားရာ မကြာခင် ဝန်ထမ်းများနှင့်တွေ့ဆုံတော့သည်။ သားကြီးလည်း လစ်လပ်နေသည့် ညစောင့်ရာထူးအတွက် အလုပ်လာလျှောက်ခြင်းဖြစ်ကြောင်း တာဝန်ကျအရာရှိထံ သတင်းပို့လိုက်တော့သည်။ တာဝန်ကျအရာရှိက မကြာခင် ရာထူးကြီးကြီးလူကြီးတစ်ဦးထံသို့ခေါ်သွားလေသည်။ ထိုလူကြီးက သားကြီး၏ ကိုယ်ရေးအချက်အလက်များကိုကြည့်ကာ

“မဆိုးပါဘူး၊ မင်းအရင်က ညစောင့်လုပ်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့ဖူးလား”

“မရှိပါဘူးဆရာ၊ ဒါပေမယ့် ကျုပ်အခုအလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ့မယ်လို့ ကတိပေးပါတယ်”

“မင်းသတ္တိကောင်းရဲ့လား”

အရာရှိမေးသည့်စကားကြောင့် သားကြီးတစ်ယောက်မျက်မှောင်ကြုတ်လိုက်မိသည်။ အရာရှိကလည်း ခေါင်းညိတ်လျှက်

“ငါဆိုလိုချင်တာဒီလိုမဟုတ်ပါဘူး”

“ကျုပ်သိပြီးပါပြီ၊ ကျုပ်သရဲမကြောက်တတ်ပါဘူး”

“ကောင်းပြီ၊ မင်းနာမည် အောင်မျိုးနော်”

“ကျုပ်ကို သားကြီးလို့တော့ လူတွေခေါ်ကြပါတယ်ဆရာ”

“အေး၊ သားကြီးဆိုရင်လည်း သားကြီးပေါ့ကွာ၊ ဒါနဲ့ ဒီညစပြီး အလုပ်ဆင်းနိုင်မလား၊ မင်းကိုနေ့စားအဖြစ်နဲ့အရင်ခန့်ထားမယ်၊ လုပ်ရည်ကိုင်ရည်ကြည့်ပြီး နောက်တော့ ရာထူးတိုးပေးတာပေါ့ကွာ”

“ဒါနဲ့ဆရာ ကျုပ်တစ်ခုပြောချင်ပါတယ်၊ ကျုပ်အရင်က ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ထောင်ကျခဲ့ဖူးပါတယ်”

အရာရှိက တစ်ချက်စဉ်းစားသွားသည်။

“ရပါတယ်၊ ထောင်ကထွက်လာတာဆိုတော့ အကျဉ်းထောင်ထဲမှာ ဘယ်လောက်ခါးခါးသီးသီး ခံခဲ့ရမလဲဆိုတာ မင်းကိုယ်မင်းအသိဆုံးဖြစ်မှာပါသားကြီး၊ လူမှန်ရင်တော့ တစ်ခါမှားဖူးတဲ့အမှားကို နောက်တစ်ခါထပ်မမှားမိစေနဲ့ကွာ”

သားကြီးတစ်ယောက် အလွန်ပျော်ရွှင်သွားမိသည်ကတော့ အမှန်ပင်ဖြစ်သည်။

“စိတ်ချပါဆရာ၊ ကျုပ်တာဝန်ကျေကျေနဲ့လုပ်ပါ့မယ်”

“အေးအေး၊ ညစောင့်ဆိုတော့ ယူနီဖောင်းတော့ ဝတ်စရာမလိုပါဘူးကွာ၊ စက်ရုံကိုသွားရင် တခြားညစောင့်တွေလည်းရှိတယ်၊ မင်းကိုသူတို့က ကူညီမှာပါ”

သားကြီးခေါင်းညိတ်လိုက်ကာ အပြင်သို့ပြေးထွက်ခဲ့သည်။ ဆိုက်ကားဆရာ ကိုညွန့်နှင့်အတူတူအိမ်သို့ပြန်လာခဲ့တော့သည်။ ညနေငါးနာရီတွင် အလုပ်ခွင်ဝင်ရမည်မို့ အိမ်တွင်ပြင်ဆင်ဆရာရှိတာများကိုပြင်ဆင်နေသည်။ မရွှေခင်လည်း မကြာခင် ဈေးရောင်းရာမှ ပြန်လာတော့သည်။

“ရွှေခင်၊ မိန်းမရေ၊ ငါအလုပ်ရပြီကွ”

မရွှေခင်က အတိုင်းမသိပျော်ရွှင်သွားလေသည်။

“ရှင်ရတဲ့အလုပ်ကို သေသေချာချာလုပ်နော်”

“စိတ်ချပါရွှေခင်ရာ၊ ငါကအခုနေ့စားဆိုပေမယ့် နောက်တော့ ရာထူးတွေဘာတွေတိုးမှာကွ”

ညနေရောက်သည့်အခါ သားကြီးတစ်ယောက် ထမင်းချိုင့်ဆွဲကာထွက်လာခဲ့တော့သည်။ ဆိုက်ကားဆရာကိုညွန့်က သားကြီးအား ထိုစက်ရုံဆီသို့ လိုက်လံပို့ဆောင်ပေးသည်။ စက်ရုံမှာ စက်မှုဇုန်အတွင်းဖြစ်ပြီး သူတို့နေရာနှင့် မိနစ်နစ်ဆယ်ခန့်မောင်းနှင်ရပြီး မြို့ပြင်ဘက်တွင်ဖြစ်သည်။ အခြားစက်ရုံကြီးများ၊ မီးခိုးခေါင်းတိုင်ကြီးများကိုကြည့်ကာ ဆိုက်ကားဖြတ်နင်းလာရင်း မကြာခင်အချိန်တွင် စက်ရုံကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ ခြံဝန်းအကျယ်ကြီးအတွင်းဖြစ်ကာ အတွင်းတွင်အဆောက်အဦများစွာရှိသည် ဂိုထောင်ကြီးပင် ငါးလုံးတိတိရှိသည်၊ စက်ရုံကြီးပတ်ပတ်လည်ကို အုတ်တံတိုင်းအမြင့်ကြီးခတ်ထားလေသည်၊ စက်ရုံဝင်ပေါက်ဘေးတွင်တော့ ဂိတ်ပေါက်စောင့်သည့် အဆောက်အဦတစ်ခုရှိသည်။

“ကဲ သားကြီးရေ၊ ကံကောင်းပါစေကွာ”

ကိုညွန့်က ပြောဆိုပြီးနောက် ဆိုက်ကားပြန်နင်းသွားတော့သည်။ သားကြီးလည်း စက်ရုံအဝင်ဝသို့လျှောက်လမ်းလာခဲ့ရာ တံခါးတစ်ဖက်မှ အစောင့်တစ်ဦးက ပြေးဆင်းလာလေသည်။

“အောင်မျိုးဆိုတာ မင်းမဟုတ်လား”

“ဟုတ်ပါတယ်၊ ကျုပ်ကိုညစောင့်အဖြစ်တာဝန်ချထားတာပါ”

သားကြီးလည်း လူသူရှင်းကာ တိတ်ဆိတ်နေသည့်် စက်ရုံကြီးအားတစ်ချက်ကြည့်လိုက်ကာ

“ဒါနဲ့ စက်ရုံမှာလူမရှိဘူးလားဗျ”

“အခုလောလောဆယ်တော့ စက်ရုံကိုပိတ်ထားတယ်၊ ဒါပေမယ့် အထဲမှာတော့ စက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေရှိနေသေးလို့ ဒီပစ္စည်းတွေကို သေချာစောင့်ရှောက်ဖို့အတွက် နေ့ဆိုင်းညဆိုင်းနဲ့ အစောင့်ချထားတာပဲ၊ ငါကတော့ နေ့ဆိုင်းပေါ့ကွာ”

“ဒါဆို ကျုပ်ဘယ်လိုလုပ်ရမှာလဲ”

“ဟောဒီမှာဓါတ်မီးရှိတယ်၊ မင်းရဲ့တာဝန်က ညဘက်တစ်ခါတလေစက်ရုံကိုပတ်ကြည့်ရမယ်၊ ပြီးရင်တော့ မနက်အလုပ်မပြန်ခင်မှာ စက်ရုံထဲမှာရှိတဲ့ပစ္စည်းတွေ၊ စက်တွေ နေရာတကျရှိရဲ့လားဆိုတာကို လိုက်စစ်ဆေးပြီးတာနဲ့ ပြန်လို့ရပြီ၊ ဟောဒီမှာ ကြိုးဖုန်းရှိတယ်၊ ဒီနံရံမှာတော့ ရဲစခန်း၊ မီးသတ်စခန်းနဲ့ တခြားဖုန်းနံပါတ်တွေရေးထားတယ်၊ တစ်ခုခုဆိုရင်ဖုန်းသာဆက်ပေါ့ကွာ”

“ဒါ၊ ဒါဆို သူခိုးသူဝှက်တွေဘာတွေ စက်ရုံကိုဝင်တယ်ဆိုရင်ရောဗျာ”

ထိုလူက ပြုံးလျှက်

“မလာပါဘူးဗျာ၊ သူတို့လာမှာမဟုတ်ပါဘူး”

ထိုလူက လက်တွင်ပတ်ထားသည့် နာရီအားကြည့်လိုက်ရင်း

“ညနေငါးနာရီတောင်ကျော်နေပြီပဲ၊ ငါအလုပ်ဆင်းတော့မယ်”

“ဟာ၊ ဟေ့လူ၊ ကျုပ်နားမလည်သေးဘူးဗျ၊ ပစ္စည်းတွေနေရာတကျရှိမရှိက ကျုပ်ဘယ်လိုလုပ်ပြီးသိမှာလဲ”

“ခင်ဗျားကိုမနက်ဖြန်မနက်မှ ကျုပ်ပြတော့မယ်ဗျာ၊ အခုတော့ တော်တော်နောက်ကျနေပြီမို့ ကျုပ်သွားပြီ”

နေ့ဆိုင်းစောင့်သူက သားကြီးအား သော့တွဲတစ်တွဲပေးပြီးနောက် ထိုဂိတ်ပေါက်ဝရှိအဆောက်အဦဘေးတွင်ကပ်ရပ်ထားသည့် စက်ဘီးကလေးကို ထုတ်ယူလိုက်ကာ စက်ရုံအပြင်သို့နင်းထွက်သွားသည်။ သားကြီးလည်း ထိုလူအားငေးကြည့်ပြီး

“ဘယ်လိုလူလဲဟ”

ဟုရေရွတ်လိုက်မိသည်။ ညနေငါးနာရီသာရှိသေးသော်လည်း ဆောင်းတွင်းမို့နေ့တာတိုသည်ဖြစ်ရာ ပတ်ဝန်းကျင်က အမှောင်ဖုံးလာခဲ့သည်။ သားကြီးလည်း ဂိတ်ပေါက်ရှိလုံခြုံရေးတဲကလေးအတွင်း လိုက်လံစူးစမ်းကြည့်နေမိသည်။ သို့နှင့်ညနေငါးနာရီခွဲလာခဲ့သည်။

“အင်း၊ စက်ရုံထဲမှာ ဘာတွေရှိတယ်ဆိုတာသိရအောင်လို့ နည်းနည်းလောက်တော့ ပတ်ကြည့််အုံးမှ၊ ဒါနဲ့ သေးကလည်းပေါက်ချင်လိုက်တာ”

သားကြီးလည်း ခြံတံခါးမအား သော့ဖြင့်အသေအချာခတ်လိုက်ကာ စက်ရုံဝင်းအတွင်းသို့ လှည့်ပတ်ကြည့်လိုက်တော့သည်။ စက်ရုံဝန်းမှာ အတော်အတန်ကျယ်ဝန်းကာ အတွင်းတွင်အဆောက်အဦများစွာရှိသည်။ သားကြီးတစ်ယောက်စက်ရုံကြီးကိုလှည့်ပတ်ကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ ကျက်သီးများတဖြင်းဖြင်းထလာခဲ့သည်။ ဤမျှကြီးမားလှသည့်နေရာတွင် တစ်ယောက်တည်းဆိုသည့််အတွေးကြောင့် ခြောက်ခြားနေမိသည်။ စက်ရုံကြီးအား ပတ်ကြည့်ရင်း စက်ရုံအနောက်ဘက် တစ်နေရာအရောက်တွင် အိမ်သာများကိုတွေ့လိုက်ရလေသည်။ ကျားသုံးခန်း၊ မသုံးခန်းရှိပြီး ကျားမအိမ်သာမှာ တစ်ခုနှင့်တစ်ခုအတန်ငယ်ကွာဝေးအောင် တည်ဆောက်ထားသည်။ အိမ်သာနှစ်ခု၏ အလယ်တွင်တော့ သပြေပင်ကြီးတစ်ပင်ရှိသည်။ သားကြီးလည်း အပေါ့သွားချင်လာသဖြင့် ယောက်ျားလေးအိမ်သာခန်းအတွင်းသို့ဝင်လာခဲ့သည်။ အိမ်သာခန်းများမှာ မီးမထွန်းထားသည်မို့ မှောင်မိုက်လျှက်ရှိနေသည်။

အိမ်သာခန်းတစ်ခုအတွင်းသို့ သားကြီးဝင်ရောက်လိုက်စဉ် အခြားအိမ်သာခန်းတံခါးများမှာ ဝုန်းခနဲ၊ ဒိုင်းခနဲအသံမြည်လျှက် သူ့အလိုလိုပိတ်သွားကြလေသည်။ သရဲမကြောက်တတ်သည့်သားကြီးပင် အနည်းငယ်ထိတ်လန့်သွားသည်။ အပေါ့သွားနေရင်း

“ဟေ့၊ ဘယ်ကောင်လုပ်တာလဲကွ”

သားကြီးက အော်ဟစ်ကြိမ်းမောင်းလိုက်သည့်အခါ ထိုအသံများမှာတိတ်ဆိတ်သွားတော့သည်။ တစ်ဖန် မကြာမီတွင် အိမ်သာခေါင်မိုးသွပ်ပြားမျာပေါ်တွင် တဝုန်းဝုန်းနှင့် ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်လုပ်နေပြန်သည်။ သွပ်ပြားများမို့ တဝုန်းဝုန်းအသံက ကျယ်လောင်လှသည်။

“ဟာ၊ ဘယ်ကောင်လုပ်နေပြန်တာလဲ၊ ငါထွက်လာပြီးလုပ်ရင်တော့ နာတော့မယ်”

သားကြီးမှာကြိမ်းမောင်းပြီး ကိစ္စပြီးသဖြင့် အိမ်သာအတွင်းမှထွက်လာလိုက်သည်။ အိမ်သာသုံးခန်းတွဲအပြင်ကိုရောက်သည့်အခါ သားကြီးနောက်ကျောဘက်မှ လေချွန်သံကြားလိုက်ရသဖြင့် အတော်လန့်သွားကာ လှည့်ကြည့်မိလိုက်သည်။ အိမ်သာခေါင်မိုးပေါ်တွင် လူဝံကြီးနှင့်တူသည့် အကောင်ကြီးတစ်ကောင်က ဆောင့်ကြောင့်ထိုင်နေခြင်းဖြစ်သည်။ သားကြီးလှည့်ကြည့်သည့်အခါ အသံနက်ကြီးဖြင့်အော်လျှက် သားကြီးအပေါ်သို့ခုန်အုပ်တော့သည်။ အိမ်သာခေါင်မိုးပေါ်မှ လွှားခနဲခုန်ဆင်းလာသည့် ထိုသရဲကြီးမှာ သားကြီးရင်ဝကိုဆောင့်ကန်လိုက်သဖြင့် သားကြီးတစ်ယောက်ပက်လက်လန်လဲကျသွားသည်။ ထိုအခါ သားကြီးအပေါ်သို့ခုန်တက်ကာ သူ့လက်အေးကြီးများဖြင့် သားကြီးလည်ပင်းကိုညှစ်လေတော့သည်။

သားကြီးလည်း အနီးအပါးကိုလက်ဖြင့်စမ်းသည့်အခါ အုတ်ခဲကျိုးတစ်ပိုင်းကိုစမ်းမိလိုက်သဖြင့် ထိုအုတ်ခဲကျိုးဖြင့် သရဲကြီး၏ နောက်စေ့အား အကြိမ်များစွာထုနှက်တော့သည်။ သို့သော်လည်း သရဲကြီးမှာ မည်သို့မျှပင်မနေပေ၊ သားကြီးမှာတော့ လည်ပင်းညှစ်ခံရသဖြင့် အသက်ရှုကြပ်လာခဲ့သည်။

“ဟေ့ကောင်၊ ဟေ့ကောင်”

ထိုစဉ်လူတစ်ဦးက အော်ဟစ်လျှက် ထိုသရဲကြီးဆီသို့ ဓါတ်မီးနှင့်ထိုးကာ ပြေးလာလေသည်။ သရဲကြီးမျက်နှာကိုဓါတ်မီးနှင့်ထိုးသောကြောင့် သရဲကြီးမှာကြောက်လန့်ပြီး သပြေပင်ပေါ်သို့ လွှားခနဲခုန်တက်ကာ တက်ပြေးလေသည်။ ထို့နောက် ထိုလူက သားကြီးအား လာဆွဲထူသည်။ သားကြီးမှာ စကားမပြောနိုင်ဘဲ အသက်ကိုလုပြီးရှူရှိုက်နေရသည်။

“ကျေး၊ ကျေးဇူးတင်ပါတယ်”

“မင်းဘာလို့ ဒီအနောက်ဘက်အိမ်သာကိုလာတက်တာလဲကွ”

“ကျုပ်လည်း အပေါ့သွားချင်လာတာနဲ့လာခဲ့တာပါ”

“မင်းကွာ၊ အပေါ့သွားချင်ရင် ရုံးခန်းတွဲအောက်ဘက်မှာ အိမ်သာတစ်ခုရှိတယ်၊ အဲဒီမှာပဲသွား၊ နောက်ဆိုရင် ဒီဘက်ကိုမလာနဲ့၊ ဟုတ်ပြီလား”

သားကြီးလည်းခေါင်းညိတ်လိုက်မိသည်။ သပြေပင်ပေါ်မှ သရဲကြီးမှာ သစ်ကိုင်းများပေါ်တွင် တွဲလောင်းခိုကာ တရှဲရှဲဖြင့်အသံပေးနေလေသည်။ သားကြီးကိုကယ်တင်ခဲ့သည့်လူကြီးမှာ သပြေပင်ကိုတစ်ချက်ကြည့်ရင်း

“ဒီကောင့်ကို ဓါတ်မီးနဲ့သာထိုး၊ ဒီကောင်က အလင်းရောင်ကြောက်သဟ”

သားကြီးလည်း ခပ်လှမ်းလှမ်းတွင်ပြုတ်ကျနေသည့် ဓါတ်မီးကိုကောက်ယူလိုက်ကာ သရဲကြီးအားလိုက်ထိုးတော့သည်။ သရဲကြီးမှာ ဓါတ်မီးနှင့်အထိုးခံရသည့်အခါ သစ်ပင်တစ်ကိုင်းမှတစ်ကိုင်းသို့ ခုန်ကူးပြေးလွှားရင်း မကြာခင်ပျောက်ကွယ်သွားတော့သည်။ သားကြီးလည်းထ ိုလူကြီးနှင့်အတူတူ လမ်းလျှောက်ပြန်လာခဲ့သည်။

ထိုလူကြီးမှာ နဖူးပြောင်ပြောင်နှင့်ဖြစ်သည်။ အပြာရောင်အင်္ကျီနှင့် မဲနယ်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားလေရာ ဝန်ထမ်းတစ်ဦးပင်ဖြစ်လိမ့်မည်ဟု သားကြီးတွေးမိသည်။ အသက်မှာတော့ ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါးရှိမည်ထင်သည်။ ပါးချောင်နားချောင်များကျနေကာ မျက်လုံးအိမ်မှာ ခွက်ခွက်နှင့်ဖြစ်သည်။

“ဒါနဲ့ အဘကြီးက ဒီမှာလုပ်တာလား”

“ဟုတ်တယ်၊ ဒီမှာညစောင့်လုပ်နေတာကြာပြီ၊ ဒါနဲ့ မင်းကိုငါမမြင်ဖူးပါလားကွ”

“ဟုတ်ကဲ့၊ ကျုပ်နာမည် အောင်မျိုးပါ၊ အများကတော့ သားကြီးလို့ခေါ်ပါတယ်၊ ကျုပ်က ဒီနေ့မှ ညစောင့်တာဝန်ကျတာပါ”

“အေးကွာ၊ မင်းရှိတော့ ငါလည်းအဖော်ရတာပေါ့”

သို့နှင့် လုံခြုံရေးဂိတ်တဲကလေးဆီသို့ပြန်ရောက်ခဲ့သည်။ စက်ရုံကြီးတစ်ဝှမ်း မီးချောင်းများဖွင့်ထားသဖြင့် အနည်းငယ်လင်းချင်းနေသည်။ ဘာရယ်မဟုတ်ဘဲ သားကြီးနှင့် ထိုလူကြီးမှာ အတူတူထိုင်နေမိသည်။

“ဒါထက် အဘနာမည်က ဘယ်လိုခေါ်သလဲဗျ”

“ငါ့နာမည်က သိန်းထွန်းလို့ခေါ်တယ်ကွ၊ အရင်က လုပ်ဖော်ကိုင်ဖက်တွေကတော့ အဘသိန်းပဲခေါ်ကြတယ်”

သားကြီးက ခေါင်းညိတ်လျှက်

“အဘသိန်း၊ ဒီမှာလုပ်တာကြာပြီလား”

“ကြာပြီကွ၊ ငါအသက်ငါးဆယ်လောက်ကတည်းက ညစောင့်လုပ်တာဆိုတော့ အခုဆိုရင် အနှစ်နှစ်ဆယ်နီးပါးလောက်ရှိပြီ”

“ဒါနဲ့ အရင်လူတွေက ဘာလို့မမြဲတာလဲဗျ”

အဘသိန်းက တစ်ချက်မဲ့လိုက်ပြီး

“လက်ကြောမတင်းလို့ မမြဲကြတာပေါ့ကွာ”

“ဟာဗျာ၊ ဒီလိုတော့ ဟုတ်မယ်မထင်ပါဘူး၊ ဧကန္တ သရဲခြောက်လို့များလား”

အဘသိန်းက ဒေါသထွက်သွားကာ

“ဟာကွာ၊ ညစောင့်က သရဲကြောက်လို့ရမလားကွ၊ သရဲဆိုတာ နေရာတိုင်းမှာရှိနေတာပဲလေ၊ အဓိက ကတော့ သူ့စည်းကိုယ့်စည်းပေါ့၊ သူလည်း သူ့အလုပ်သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်ပေါ့”

သားကြီးနှင့် အဘသိန်းမှာ စကားစပြတ်သွားပြီးနောက် သားကြီးတစ်ယောက်ခံတွင်းချဉ်လာသဖြင့် ဆေးပေါ့လိပ်တစ်လိပ်ထုတ်လိုက်ကာ သောက်နေမိသည်။ အဘသိန်းကို ဆေးပေါ့လိပ်ကမ်းပေးသော်လည်း အဘသိန်းက မသောက်ကြောင်း ခေါင်းခါပြသည်။ မကြာခင်မှာပင် စက်ရုံကြီးအတွင်း အသံများကြားရသည်။ စက်ပစ္စည်းများမှာ တဂျိန်းဂျိန်းနှင့်လည်ပတ်နေကြသည့်အသံများဖြစ်သည်။ သားကြီးလည်း ထူးဆန်းသွားပြီး

“ဘာဖြစ်တာလဲမသိဘူး”

ဓါတ်မီးကိုဆွဲကိုင်လိုက်စဉ် အဘသိန်းကတော့ အေးအေးလူလူပင်

“သွားကြည့်မနေပါနဲ့ကွာ၊ ငါပြောသလို သူ့အလုပ်သူလုပ်နေကြတာပါ”

သားကြီးတစ်ယောက် ကြက်သီးများတဖြန်းဖြန်းထသွားပြန်သည်။ ဓါတ်မီးကိုကိုင်ပြီး ကွကွကြီးဖြစ်နေရာမှ အဘသိန်းစကားကြောင့်ပြန်ထိုင်လိုက်ရသည်။ တံခါးအလုံပိတ်ထားသည့် စက်ရုံကြီးအတွင်းမှ အသံဗလံပေါင်းစုံထွက်နေကြသည်ကို နားထောင်ရသည်မှာ စိတ်ခြောက်ချားဖွယ်ဖြစ်သည်။

ညကိုးနာရိထိုးတော့မည်ဖြစ်သည်။ ထိုစဉ် ဒိုင်နာကားအဖြူတစ်စီးမှာ စက်ရုံသို့ဝင်သည့်လမ်းအတိုင်းဝင်လာလေသည်။ မကြာခင် စက်ရုံအရှေ့သို့ရောက်လာခဲ့သည်။ သားကြီးလည်း ဓါတ်မီးကိုင်ကာ ခြံတံခါးမကြီးဆီသို့ထွက်လာခဲ့သည်။

“ညနက်နေပြီ၊ ဘယ်သူတွေပါလိမ့်၊ ကုမ္ပဏီက လွှတ်လိုက်တဲ့လူများလား”

သားကြီးခြံတံခါးအနီးသို့ရောက်သည့်အခါ ခြံတံခါးကိုမဖွင့်သေးဘဲ ထိုကားရပ်မည်ကို စောင့်နေမိသည်။ သို့သော် ထိုကားမှာမရပ်ဘဲ ခြံတံခါးကြီးကိုဝင်တိုက်လေတော့သည်။

“ဟေ့လူ၊ ကားရပ်လေ၊ ဟာ”

သို့သော် ခြံတံခါးကြီးအား မတိုက်မိဘဲ ဖြတ်ဖောက်ထွက်သွားသည်မှာ အံ့သြစရာပင်ဖြစ်သည်။ အလွန်ထူထဲသည့် သံပြားများဖြင့်ပြုလုပ်ထားသည့် စက်ရုံခြံတံခါးကြီးအား ကားတစ်စီးဖောက်ထွက်သွားသည်မှာ ပုံမှန်တော့မဟုတ်ပေ၊ သားကြီးတစ်ယောက် အံ့သြစွာကြည့်နေစဉ်မှာပင် ထိုကားက လုံခြုံရေးဂိတ်ကိုဖြတ်ကျော်ပြီး စက်ရုံအနီး မြေပြင်တစ်နေရာတွင် တန့်ခနဲရပ်သွားတော့သည်။ ပြီးနောက် ဒိုင်နာကားအနောက်ခန်းမှ မိန်းကလေးများခုန်ဆင်းလာကြသည်။ ထိုမိန်းကလေးများမှာ ဆွဲခြင်းတောင်းများဆွဲထားကြပြီး ဆယ်ဦးခန့်ရှိသည်။ အချင်းချင်းစကားပြောကာ ရယ်မောလျှက် တံခါးပိတ်ထားသည့် စက်ရုံကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကိုမြင်တွေ့လိုက်ရသည်။

ဒိုင်နာကားကြီးမှာအပြင်ဘက်သို့ ပြန်ကွေ့ထွက်လာသည်။ သားကြီးအနီးသို့အဖြတ် သားကြီးမှာ ကားမောင်းသူအားသေသေချာချာကြည့်လိုက်မိသည်။ ဒိုင်နာကားမောင်းသူမှာ ဦးခေါင်းမှာ ပြားချပ်ချပ်နှင့်ဖြစ်သည်။ သားကြီးလည်း မနေနိုင်တော့ဘဲ လုံခြုံရေးဂိတ်တဲဆီသို့ ပြန်ပြေးလာခဲ့သည်။

“အဘသိန်း၊ အဘသိန်း”

အဘသိန်းမှာတော့ အေးအေးလူလူပင်

“ငါပြောသားပဲ၊ သူ့အလုပ်သူလုပ်တာပါဆိုနေ”

“သူတို့က ဘယ်သူတွေလဲဗျ”

“လွန်ခဲ့တဲ့နှစ်က စက်ရုံကိုအကြိုလုပ်တဲ့ ဖယ်ရီကားတစ်စီးက ကုန်တင်ကားကြီးတစ်စီးနဲ့တိုက်မိပြီး မှောက်သွားတယ်ကွ၊ ကားသမားလည်း ပွဲချင်းပြီးသေတယ်၊ ကားပေါ်လိုက်လာတဲ့ အလုပ်သမကလေးတွေလည်း ဆယ်ယောက်နီးပါး သေသွားကြတယ်”

“ဖြစ်ရလေဗျာ၊ ဒါဆိုသူတို့က မကျွတ်ဘူးပေါ့၊ သူတို့အတွက်ရော အမျှအတန်းမလုပ်ပေးကြဘူးလား”

“သူတို့အိမ်သားတွေတော့လုပ်ပေးမယ်ထင်တာပါပဲ၊ ဒါပေမယ့် ကောင်မလေးတွေက စွဲနေပုံရတယ်၊ အရင်က စက်ရုံပိုင်ရှင်ကလည်း တရုတ်ဆိုတော့ ဒါမျိုးတွေအယုံအကြည်မရှိလို့ ဘာမှမလုပ်ဖြစ်ဘူးကွ”

“သနားစရာဗျာ”

“အဲဒီနောက်ပိုင်းကတည်းက စက်ရုံမှာ အခြောက်အလှန့်တွေဖြစ်လာတယ်၊ စက်တွေနဲ့ ပစ္စည်းတွေကသူ့နေရာသူမရှိဘဲဖြစ်နေသကွ၊ ပြီးတော့ ခြောက်လှန့်လိုက်တာလည်း တအားပဲ၊ နောက်ဆုံး ဒီစက်ရုံမှာလုပ်မယ့်လူမရှိတော့တာနဲ့ ပိုင်ရှင်တရုတ်လည်း စက်ရုံကိုရောင်းပြီး ပြန်သွားတော့တာပဲကွာ၊ လူမရှိတော့ဘူးဆိုတော့မှ သရဲတွေပိုပိုများလာတာကွ၊ မင်းလည်းကြားဖူးမှာပေါ့၊ လူမရှိတဲ့အိမ်တွေဘာတွေဆိုရင် သရဲတွေက ဝင်နေတတ်တာ၊ အဲဒီလိုသဘောမျိုးပေါ့ကွာ”

သို့နှင့် ညကိုးနာရီခွဲလာခဲ့ပြီဖြစ်သည်။ သားကြီးတစ်ယောက်ဗိုက်ဆာလာသဖြင့် ထမင်းချိုင့်ဖွင့်စားရန် စိတ်ကူးရလိုက်သည်။ သို့နှင့်သုံးဆင့်ထမင်းချိုင့်ကလေးကို ဖွင့်လိုက်သည့်အခါ ထမင်းတစ်ချိုင့်၊ ကန်စွန်းရွက်ကြော်တစ်ချိုင့်၊ ငါးခြောက်အတုံးကလေးများကို ခပ်စပ်စပ်ချက်ထားသည်က တစ်ချိုင့်ဖြစ်နေသည်။ ထမင်းချိုင့်အားကြည့်ရင်း ဖွယ်ဖွယ်ရာရာချက်ထည့်ပေးလိုက်သည့် ရွှေခင်ကိုပင် အားနာနေမိသည်။

“ဒါနဲ့ အဘသိန်း၊ ထမင်းချိုင့်မပါဘူးလားဗျ”

“မင်းဖာသာစားပါကွာ၊ ငါကစားလာခဲ့ပြီးသားကွ”

သားကြီးတစ်ယောက်ဆာဆာနှင့်် ထမင်းစားတော့သည်။ အဘသိန်းက သားကြီးစားသောက်နေသည်ကို မျက်တောင်မခတ်ဘဲ ကြည့်နေလေရာ သားကြီးပင်စိတ်ထဲမလုံမလဲဖြစ်လာသည်။

“အဘသိန်း၊ ဗိုက်ဆာလို့လားဗျ၊ ဆာရင်ကျုပ်ထမင်းကျွေးမယ်လေ”

“အေးကွာ၊ ဆာတော့ဆာတယ်”

“ဆာတာပေါ့ဗျာ၊ ညနေအလုပ်မလာခင် ထမင်းစားခဲ့တာဆိုတော့ ဒီအချိန်ကျရင် ဆာတော့မှာပေါ့၊ ကဲ ကျုပ်ထမင်းကို ချိုင့်ထဲခွဲပေးမယ်ဗျာ၊ အဘသိန်းလဲစား”

အဘသိန်းက ဂျာနယ်တစ်ခုကိုကောက်ယူလိုက်ကာ

“ရပါတယ်ကွာ၊ ငါ့ကိုဒီဂျာနယ်ပေါ်မှာပဲ ပုံပေးစမ်းပါ”

“မဟုတ်တာပဲဗျာ၊ ထမင်းချိုင့်နဲ့စားပါဗျ”

“ရပါတယ်ကွာ၊ ဒီပေါ်ကိုပဲ ပုံပေး”

သားကြီးလည်း ပြောမရတော့သဖြင့် ထမင်းချိုင့်အတွင်းမှ ထမင်းတစ်ဝက်နှင့် ဟင်းများကို ထိုဂျာနယ်ပေါ်တွင်ပုံပေးလိုက်တော့သည်။ အဘသိန်းမှာ လက်ပင်မဆေးဘဲ ထမင်းပုံအားလက်နှင့်နှိုက်စားနေလေသည်။ သားကြီးက အဘသိန်းထမင်းစားသောက်နေသည်ကိုကြည့်ရင်းပင် စိတ်ထဲတစ်မျိုးဖြစ်နေမိသည်။ အဘသိန်းက ထမင်းကိုလက်နှင့်ဆုပ်ပြီး ပါးစပ်အတွင်းသို့ အားရပါးရထိုးထည့်ရန်အတွက် ပါးစပ်ဟလိုက်သည့်အခါ ပါးစပ်အတွင်းမှ သွားဖြူဖြူများသည် ထမင်းထည့်ထားသည့် ဂျာနယ်ပေါ်သို့ ပြုတ်ကျလာကြလေသည်။ သားကြီးမှာကြည့်နေရင်း ကျောချမ်းသွားသည်။ သွားများကျလာပြီးသည့်အခါ လောက်ကောင်ဖွေးဖွေးများမှာ အဘသိန်းပါးစပ်အတွင်းမှ တစ်ကောင်ပြီးတစ်ကောင် ကျလာရင်း ထမင်းပုံပေါ်တွင်တွန့်လိမ်ကာသွားလာနေလေသည်။ ထို့အပြင် အလွန်ပုပ်ဟောင်နံစော်သည့် အနံ့ကိုလည်းရရှိလိုက်တော့သည်။ သားကြီးတစ်ယောက် အဘသိန်းမှာ လူမဟုတ်ကြောင်း သိလိုက်ပေပြီ၊ သို့သော် ချက်ချင်းထပြေးပြန်လျှင်လည်းမကောင်းပေ၊ မတော် သူ့အနောက်သို့ပြေးလိုက်လာပြီး ဂုတ်ချိုးနေမှ အသက်ဆုံးရမည်ကိုတွေးကာ သက်ပြင်းချလိုက်မိသည်။

အလွန်အန်ချင်လာသဖြင့် စိတ်ကိုမနည်းထိန်းထားရသည်။ စားလက်စ ထမင်းချိုင့်ကိုပင် ဆက်မစားတော့ဘဲ အသာပိတ်သိမ်းလိုက်သည်။ အဘသိန်းကတော့ ထမင်းများအား အငမ်းမရစားသောက်နေရင်း

“ထမင်းမစားတော့ဘူးလားကွ သားကြီးရ”

သားကြီးကြောက်ကြောက်နှင့်ခေါင်းညိတ်လိုက်သည်။

“မင်းမစားတော့ဘူးဆိုရင်လည်း ငါ့ကိုကျွေးစမ်းပါကွာ၊ ထမင်းကစားလို့ကောင်းလိုက်တာ၊ ငါမစားရတာ တော်တော်ကြာပြီကွ”

သားကြီးလည်း ချိုင့်ကိုပြန်ဖွင့်လိုက်ပြီး ချိုင့်အတွင်းကျန်သမျှ ထမင်းနှင့်ဟင်းများကို အဘသိန်းရှေ့ ဂျာနယ်ပေါ်တွင်ပုံအောပေးလိုက်လေသည်။ အဘသိန်းကတော့ အားရပါးရစားသောက်လျှက်ရှိသည်။ စားသောက်ပြီးစီးသည့်အခါ အဘသိန်းက သူ့လက်များကိုလျှာဖြင့်ပြောင်စင်အောင်လျှက်နေလေသည်။ အဘသိန်းလက်ချောင်းများမှာ လူသားလက်နှင့်မတူဘဲ၊ ဒန့်သလွန်သီးကဲ့သို့ အဖောင်းဖောင်းအဆစ်များဖြင့် ရှည်မျောမျောကြီးဖြစ်သည်။ စားသောက်ပြိးနောက် သားကြီးလည်း အဘသိန်းနှင့်စကားမပြောတော့ဘဲ ကြောက်စိတ်ကိုထိန်းကာ ဂိတ်အတွင်းထိုင်နေမိသည်။

ညဆယ့်နှစ်နာရီခန့်ထိုးသောအခါ သားကြီးတစ်ယောက် ငိုက်မြည်းလာပြီဖြစ်သည်။

“မင်းအိပ်ချင်ရင်အိပ်ပေါ့ကွာ”

“ဟာဗျာ၊ ညစောင့်က အိပ်လို့ဘယ်ဖြစ်မလဲ၊ ဒါနဲ့ အဘသိန်းလည်း အိပ်ချင်ရင်အိပ်ပေါ့”

“မအိပ်ပါဘူးကွာ၊ ငါတို့က တစ်နေ့လုံးအိပ်ထားတာကွ၊ ညနေ နေဝင်ရီတရောမှ ထလာခဲ့တာဆိုတော့ ဘယ်အိပ်ချင်ပါ့မလဲ”

သားကြီးမှာ အိပ်ချင်နေသော်လည်း မအိပ်ရဲပေ၊ သူအိပ်နေသည့်အချိန် သရဲများက သူ့အားတစ်ခုခုလုပ်မည်လား၊ အဘသိန်းက သူ့ကိုဂုတ်ချိုးသတ်ပြီး လူစားလဲမည်လားဆိုသည်ကို တွေးတောကာ ကြောက်ရွံနေခြင်းဖြစ်သည်။

“ဒါနဲ့ အဘသိန်းမှာ သားထောက်သမီးခံမရှိဘူးလား”

“သမီးတစ်ယောက်တော့ရှီတယ်၊ သူလည်းအိမ်ထောင်ကျနေပါပြီ၊ အခုတော့ ရန်ကုန်မှာ အခြေကျနေလေရဲ့”

“ဒါထက် အဘသိန်း ဘယ်တုန်းက သေသွားခဲ့တာလဲ”

သားကြိးမေးလိုက်သည့်အခါ အဘသိန်းတစ်ယောက် ဒေါသထွက်သွားပုံရသည်။ အဘသိန်းမျက်လုံးများက အနီရောင်ရင့်ရင့် လင်းလက်လာသည်။

“မင်းဘာပြောလိုက်တာလဲ သားကြီး”

“ဟို၊ ဟိုလေ”

“ငါမသေဘူး၊ ငါဘယ်တုန်းကမှ မသေခဲ့ဘူးကွ”

“ဟုတ်၊ ဟုတ်မှာပါ၊ ကျုပ်လည်း စကားပြောချင်ဇောနဲ့ လောပြီးထွက်သွားတာ”

အဘသိန်းက ခေါင်းခါလျှက်

“မဟုတ်ဘူး၊ မင်းငါ့ကိုသေပြီလို့ပြောချင်တာနေမယ်၊ မင်းဒီစကားကို ရည်ရွယ်ချက်ရှိရှိပြောတာမဟုတ်လား၊ မင်းဆိုလိုတာက ငါကသေသွားပြီ၊ ဒီမှာဆက်အလုပ်လုပ်စရာမလိုတော့ဘူးလို့ ပြောချင်တာလား”

သားကြီးက လက်ကာကာခြေကာကာဖြင့်

“မဟုတ်ပါဘူး အဘသိန်းရာ၊ ကျုပ်၊ ကျုပ်တောင်းပန်ပါတယ်”

အဘသိန်းက မတ်တပ်ထရပ်လိုက်ပြီးတော့

“မင်းရော သေချင်သလား သားကြီး”

“ဗျာ . . .”

အဘသိန်းက သားကြီး၏ လည်ကုပ်ကိုလက်ချောင်းရှည်ကြီးများနှင့် ဖမ်းဆုပ်လိုက်ပြီးနောက်

“မင်းရောသေချင်သလားသားကြီးရ”

“မ၊ မသေချင်ပါဘူးဗျာ”

သားကြီးကြောက်ကြောက်လန့်လန့်နှင့် တစ်ကိုယ်လုံးတုန်ယင်နေမိသည်။ ထိုစဉ်မှာပင် အဘသိန်းက ဟက်ဟက်ပက်ပက်ရယ်မောလေသည်။ သားကြီးပင် နားမလည်နိုင်တော့။

“ဟား၊ ဟား မင်းသိပ်ကြောက်သွားပြီလားကွ၊ ငါကမင်းကို စတာပါကွ”

ထိုသို့ပြောပြီး လက်ကိုပြန်ရုတ်သိမ်းလိုက်လေသည်။ သားကြီး ရင်တွေတဒုန်းဒုန်းဖြင့် ခုန်နေဆဲဖြစ်သည်။

“မင်းမျက်နှာကိုကြည့်ရတာ သိပ်ရယ်ချင်တာပဲကွာ၊ ဟား၊ ဟား”

“အဘသိန်းရာ၊ နောက်၊ နောက်ဆိုရင် ကျုပ်ကို ဒီ၊ ဒီလိုမစပါနဲ့ဗျာ”

“အေးပါကွာ၊ ဒါနဲ့ မင်းထမင်းက စားလို့တော့အကောင်းသားကွ၊ မနက်ဖြန်ရော ငါ့ကိုချက်ပေးမှာလား”

“ဗျာ၊ မနက်ဖြန်၊ ဟုတ်၊ ဟုတ်ကဲ့”

အဘသိန်းက ကလေးတစ်ယောက်လို ပြုံးပျော်ရွှင်သွားလေသည်။ သို့နှင့်သူတို့ဆက်ထိုင်နေရင်း

“အဘသိန်း၊ ကျုပ်ကိုတကယ်သတ်မလို့လား”

“မသတ်ပါဘူးကွာ၊ ငါတွေ့ခဲ့တဲ့လူတွေထဲမှာ မင်းက ငါ့အပေါ်အကောင်းဆုံးပဲကွ၊ ငါမင်းကိုမသတ်ပါဘူးကွာ၊ မင်းကိုငါချစ်ပါတယ်ကွ”

ထိုတော့မှ သားကြီးသက်ပြင်းချနိုင်သည်။ ထိုတစ်ညက ကုန်ခဲလှပေစွ၊ သို့နှင့်မနက် လေးနာရီထိုခါနီးအချိန်သို့ရောက်လာခဲ့သည်။ စက်မှုဇုန်အနောက်ဘက်ရှိ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံကို ကြားလိုက်ရသည်။ သားကြီးလည်း ထိုအသံကိုနားစွင့်ထောင်နေရင်း တစ်ဖက်သို့လှည့််ကြည့်လိုက်သည့်အခါ အဘသိန်းမရှိတော့ပေ၊ ထိုနည်းတူ စက်ရုံဝင်းကြီးတစ်ခုလုံးမှာလည်း ငြိမ်သက်တိတ်ဆိတ်သွားလေတော့သည်။

“သူတို့ပြန်သွားတာလား”

သားကြီးမှာထိုတော့မှ သက်ပြင်းချနိုင်သည်။ ထို့နောက် ထိုင်စောင့်နေရင်းငိုက်မြည်းလာကာ မှေးခနဲအိပ်ပျော်သွားတော့သည်။

“ဟေ့လူ၊ ဟေ့လူ”

လူတစ်ယောက်က လှုပ်နှိုးသည်ကိုခံစားလိုက်ရသည့်အတွက် သားကြီးမှာလန့်နိုးသွားသည်။

“ကျုပ်က ခင်ဗျားကိုထွက်ပြေးသွားပြီမှတ်နေတာဗျ”

ထိုလူမှာ နေ့ဆိုင်းစောင့်သည့်လူဖြစ်သည်။ သားကြီးလည်း ဘေးဘီကိုကြည့်လိုက်သည့်အခါ မိုးလင်းနေချေပြီ။ ထိုလူက သားကြီးနှင့်အတူ ပစ္စည်းများစစ်ဆေးမည်ဟုဆိုကာ ခေါ်သွားသဖြင့် အနောက်မှလိုက်သွားရသည်။ စက်ရုံတံခါးများ၊ ဂိုထောင်တံခါးများကိုဖွင့်ပြီး အတွင်းသို့ဝင်စစ်ရသညည်။ အတွင်းတွင်တော့ စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများမှာ နေရာပျက်ယွင်းနေသည်ဟု ထိုလူကပြောသည်။

“ဒါထက် ညကခင်ဗျား ဘာတွေကြားရသေးလဲ”

သားကြီးက အမှန်အတိုင်းပြောရန်စိတ်ကူးမိသော်လည်း မပြောချင်တော့သဖြင့် ခေါင်းသာခါပြလိုက်လေသည်။

“ညတုန်းက အေးအေးဆေးဆေးပါပဲဗျာ”

ထိုလူမှာ တအံ့တသြနှင့်

“ညဘက်သရဲခြောက်တယ်ဆိုလို့ ညစောင့်တွေပြေးကြတာ လေးငါးယောက်မကတော့ဘူးဗျ၊ ခင်ဗျားကတော့ အာဂလူပဲဗျာ”

“ကျုပ်ဖြင့်ဘာသရဲမှ မတွေ့ပါဘူးဗျာ”

သားကြီးတစ်ယောက်လိမ်ပြောလိုက်မိသည်။ ထိုနေ့တော့ အိမ်သို့ပြန်လာရာ သမီးဖြစ်သူနှင့်အတူ မရွှေခင်မှာ စောင့်ကြိုနေလေသည်။

“ဘယ်လိုလဲ ကိုအောင်၊ ရှင်အဆင်ပြေရဲ့လား”

သားကြီးလည်း ခြေလက်ဆေးကြောရင်း ခေါင်းသာညိတ်ပြလိုက်လေသည်။ အိမ်ပေါ်သို့လှမ်းတက်လိုက်သည့်အခါ

“အဆင်ပြေရင်လည်း ပြီးတာပဲတော်၊ ရှင်လည်း ဒီအလုပ်ကိုသေသေချာချာလုပ်နော်”

“အေးပါကွ၊ ကုမ္ပဏီကငါ့ကိုနေ့စားခန့်ထားတယ်ဆိုပေမယ့် လောလောဆယ်အပတ်ရှင်းနဲ့ ရှင်းပေးလိမ့်မယ်၊ ငါလည်း ဒီအလုပ်ကိုစွဲစွဲမြဲမြဲလုပ်သွားမှာပါ”

“ကဲ ရှင်လည်းပင်ပန်းလာရောပေါ့၊ ဟောဒီမှာမနက်စာထမင်းစား၊ ပြီးရင် အိပ်တော့၊ ညကျတော့ အလုပ်ပြန်ဆင်းရအုံးမယ်မဟုတ်လား”

မရွှေခင်ပြင်ဆင်ပေးသည့်ထမင်းကိုစားသောက်ကာ သားကြီးတစ်ယောက်လှဲအိပ်လိုက်တော့သည်။

(၄)

ညနေတွင်လည်း သားကြီးမှာ ထမင်းချိုင့်ကလေးဆွဲကာ အိမ်မှထွက်လာခဲ့ပြန်သည်။ ယနေ့တော့ အလုပ်ချိန်အတိအကျရောက်သွားသည်။ သို့သော်လည်း နေ့ဆိုင်းအစောင့်မှာ ပြန်ချင်နေပုံရပြီး စက်ရုံအရှေ့လမ်းတွင်ပင် စက်ဘီးရပ်ကာစောင့်နေပြီဖြစ်သည်။

“ခင်ဗျားကလည်း နောက်ကျလိုက်တာဗျာ”

“ဟာဗျာ၊ ခုမှ ငါးနာရီထတောင်မထိုးသေးဘူး၊ ငါးမိနစ်တောင်လိုသေးတယ်”

“အေးဗျာ၊ ရော့ရော့ သော့တွဲတွေယူထားတော့ ကျုပ်ပြန်တော့မယ်”

နေ့စောင့်အလုပ်သမားမှာ စက်ဘီးနင်းကာ ပြန်သွားလေတော့သည်။ သားကြီးလည်း လုံခြုံရေးဂိတ်တဲအတွင်းသို့ဝင်ခဲ့ကာ အကြံတစ်ခုရသွားသဖြင့် ထိုဂိတ်တဲစားပွဲအောက်တွင်ရှိသည့် စာရွက်စာတမ်းများကို လှန်လှောရှာဖွေနေမိသည်။ ထိုစာအုပ်များမှာ လုံခြုံရေးများအဝင်အထွက်စာရင်းကိုမှတ်သားထားသည့်စာအုပ်များ၊ စက်ရုံလူအဝင်အထွက်ကို မှတ်သားထားသည့်စာရင်းစာအုပ်များဖြစ်သည်။ အတော်ဟောင်းနွမ်းနေသည့် စာရင်းစာအုပ်များကို ပြန်လှန်လှောကြည့်သည့်အခါ လွန်ခဲ့သည့် တစ်နှစ်ခန့်စာရင်းဇယားများတွင် အဘသိန်း၏ လက်မှတ်ကိုတွေ့ရလေသည်။ ထိုလက်မှတ်များကို လိုက်လံကြည့်ရင်း လွန်ခဲ့သည့် ဆယ့်တစ်လခန့်သို့ရောက်သည့်အခါ အဘသိန်းလက်မှတ်ကိုမတွေ့ရတော့ပေ၊ သားကြီးက ထိုရက်စွဲအားကြည့်ရင်း

“ဟုတ်ပြီ၊ ဒါအဘသိန်း သေသွားတဲ့ရက်ပဲဖြစ်မယ်”

“ဟေ့၊ ဘာတွေကြည့်နေတာလဲကွ”

အသံကြားသဖြင့် မော့ကြည့်လိုက်ရာ အဘသိန်းဖြစ်နေလေသည်။ သားကြီးလည်း စာအုပ်ကိုအလျှင်အမြန်ပိတ်လိုက်ပြီးေနောက်

“ဟို၊ ဟိုလေ၊ ဘာမှမဟုတ်ပါဘူး၊ ပျင်းပျင်းရှိတာနဲ့ စာအုပ်တွေလှန်လှောနေမိတာပါ”

“ဒါနဲ့ မင်းငါ့အတွက် ထမင်းရောပါသလားကွာ”

“ပါပါတယ်ဗျာ၊ ဟောဒီမှာဗျ၊ ဒီနေ့တော့ ထမင်းနှစ်ချိုင့်ထည့်လာခဲ့တယ်၊ တစ်ချိုင့်က အဘသိန်းဖို့ပေါ့”

“အေးကွာ၊ ဒါဆိုရင်လည်း ငါ့ကိုထမင်းကျွေးစမ်းပါ၊ ငါဆာလှပြီကွ”

သားကြီးက ထုံးစံအတိုင်း ဂျာနယ်စက္ကူတစ်ခုပေါ်တွင် ထမင်းများကိုပုံပေးလိုက်လေသည်။ ထိုအခါ အဘသိန်းက ထမင်းကိုမြိန်ရည်ရှက်ရေစားတော့သည်။ ထမင်းစားရင်း အလွန်ဆိုးဝါးသည့်အနံ့နှင့် ကြောက်မက်ဖွယ်အဆင်းများကိုမြင်တွေ့ရသည်။ ထိုတစ်ညတော့ မနေ့ညကလောက် မခြောက်ချားတော့ပေ၊ သို့နှင့်တစ်ညတာမှာ အေးအေးလူလူပြီးဆုံးသွားပြန်သည်။

တစ်လခန့်ကြာသည့်အခါ သားကြီးကိုကုမ္ပဏီမှ အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ခန့်လိုက်လေသည်။ သားကြီးလည်း စက်ဘီးကလေးတစ်စီးဝယ်ယူလိုက်သည်။ ညနေစောင်းလျှက် ထိုစက်ရုံဟောင်းကြီးဆီသို့ လေကလေးတချွန်ချွန်ဖြင့်သွားရောက်စမြဲဖြစ်သည်။ အဘသိန်းနှင့်ပင် အလွန်ခင်မင်ရင်းနှီးနေလေသည်။ ညသန်းခေါင်အချိန်လောက်တွင်တော့ ခေါင်းပြားကိုအေး၏ ဒိုင်နာကားကြီးဝင်လာတတ်သည်။ ထိုခေါင်းပြားနေသည့် သရဲကြီးနှင့်ပင် သားကြီးက ခင်မင်နေပြီဖြစ်ပြီး ခေါင်းပြားကိုအေးက သူရောက်လာသည့်အခါတိုင်း သားကြီးအားလက်ပြနှုတ်ဆက်တတ်သည်။

ယုတ်စွအဆုံး စက်ရုံရှိအလုပ်သမကလေးများနှင့်ပင် ခင်မင်နေပြီဖြစ်ကာ မကျွတ်မလွတ်သည့် သရဲအလုပ်သမများ ကားပေါ်မှဆင်းလာလျှင် သားကြီးက နောက်ပြောင်ကျီစယ်တတ်သည်။

“ဟေ့၊ နင်တို့အလုပ်လုပ်ပြီးရင် ကိုယ့်ပစ္စည်းတွေကိုယ် ပြန်သိမ်းသွားကျ၊ နေရာတကျပြန်ထားခဲ့ကြ ဟုတ်ပြီလား”

သားကြီးပြောသဖြင့် ယခုနောက်ပိုင်းဆိုလျှင် စက်ရုံအတွင်းမှ ပစ္စည်းများမှာ နေရာမရွေ့ဘဲ ရှိနေတတ်လေသည်။ သပြေပင်မှ သရဲကြီးပင်လျှင် သားကြီးနှင့်မျက်မှန်းတမ်းမိနေပြီဖြစ်ကာ ထိုအနီးမှဖြတ်သန်းသွားလျှင် သစ်ပင်ပေါ်မှနေ၍ ပြူးပြ၊ ဖြဲပြလုပ်ပြတတ်သေးသည်။ သို့နှင့် သရဲမကြောက်တတ်သည့် သားကြီးမှာ သရဲများနှင့်ပင် အဖော်ဖြစ်နေခဲ့တော့သည်။

သုံးလခန့်ကြာသည့်အခါ ဆာမိတစ်ယောက် အိမ်သို့ပေါက်ချလာလေသည်။

“ဟေ့ကောင်ဆာမိ၊ မင်းဘာလာလုပ်တာလဲ”

“ငါမင်းကို အကူအညီတစ်ခုတောင်းစရာရှိလို့ပါ သားကြီးရာ”

“မင်းလိုကောင်ကို ငါဘာမှမကူညီနိုင်ဘူးကွ”

“ဒီလိုမပြောပါနဲ့ကွာ၊ အခုက အကူအညီဆိုတာထက် ဂွင်ကွ”

သားကြီးလည်း ဘာမှမပြောဘဲ ဆက်နားထောင်နေမိသည်။

“ဒီလိုကွ မင်းစောင့်နေတဲ့ စက်ရုံကြီးထဲမှာ တန်ဖိုးကြီးတဲ့စက်ပစ္စည်းတစ်ချို့ရှိသကွ၊ အဲဒီစက်ပစ္စည်းတွေက သိန်းရာချီတန်သတဲ့ကွာ”

“အဲဒါ ငါနဲ့ဘာဆိုင်လဲကွ”

“ဒီလိုပါကွာ၊ ငါ့ကိုဝယ်လက်တစ်ယောက်က လာဆက်သွယ်တယ်ကွ၊ အဲဒီစက်ပစ္စည်းတွေရပြီဆိုရင် ငါ့ကိုလည်း ကာလတန်ဖိုးထက် နည်းနည်းခွာပြီး ပေးမယ်တဲ့၊ ဒီတော့ ဒီလိုလုပ်ကွာသူငယ်ချင်း၊ မင်းအဆင်မပြေတာကိုလည်း ငါသိပါတယ်၊ ဒီတော့ မင်းတို့စက်ရုံကို ငါတို့တွေဝင်မယ်”

ဆာမိ၏ သူခိုးကျင့်သူခိုးကြံကို သားကြိးတစ်ယောက်ရိပ်မိလိုက်သည်။

“မင်းက အသာလေးမသိချင်ယောင်ပဲ ဆောင်ပေးထားကွာ၊ အဲဒီစက်တွေရရင် ငါရောင်းရငွေထဲက မင်းကိုတစ်ဝက်ပေးမယ်၊ စက်တစ်လုံးရောင်းရင် သိန်းငါးဆယ်ပေါ့ကွာ၊ ဘယ်လိုလဲ သားကြီးရ”

“ဟ၊ ပစ္စည်းတွေပျောက်တာသိရင် ငါအလုပ်ပြုတ်မှာပေါ့ကွ”

ဆာမိက ပြုံးလျှက်

“မင်းအလုပ်က တစ်လမှ တစ်သိန်းလောက်ရတာပါကွာ၊ ပစ္စည်းပျောက်တာကို မင်းလည်းဘူးခံငြင်းပေါ့ကွ၊ အလုပ်ပြုတ်တော့လည်း ပြုတ်ပေါ့ကွာ၊ သိန်းငါးဆယ်နဲ့ တစ်သိန်းနဲ့ လဲလိုက်စမ်းပါကွ”

သားကြီးတွေဝေသွားမိသည်။

“လုပ်စမ်းပါသားကြီးရာ၊ မင်းဒီလိုလုပ်လိုက်ရင် မင်းမိန်းမတင်နေတဲ့အကြွေးတွေလဲကျေမယ်၊ မင်းမိန်းမလည်း ပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ဘူးပေါ့ကွ၊ ကျန်တဲ့ငွေနဲ့ မင်းတို့စီးပွားရေးတစ်ခုခုရင်းနှိးပြီးလုပ်စားကြပေါ့”

ဆာမိပြောသည်ကလည်းမှန်သည်။ ထိုကိစ္စသာအောင်မြင်ပါက လက်ရှိကြွေးပူများလည်းကင်းမည်၊ ကုမ္ပဏီမှ အပြစ်တင်လာပါကလည်း တစ်ယောက်တည်းစောင့်ရသည်မို့ ဘာဘာညာညာဟု လှီးလွဲပြောဆို၍ရသည်။ မသကာ ကိုယ့်ခေါင်းကိုယ် တုတ်ဖြင့်သုံးလေးချက်ခန့်ရိုက်ပြီး သူခိုးများက လုပ်သွားသည်ဟုပြောဆိုလျှင်တောင် ယုံကြမည်မလွဲပေ။

“အေးကွာ၊ ဘယ်တော့စမလဲ”

“ဝမ်းသာလိုက်တာသူငယ်ချင်းရာ၊ ကဲ ပြောနေကြာပါတယ်ကွာ၊ ဒီညက လကွယ်ညကွ၊ ဒီညပဲ စကြမယ်၊ ဒါနဲ့မင်းဆီကို ဘယ်အချိန်လာရမလဲ”

“ဒီညသန်းခေါင်လောက်လာခဲ့ပေါ့ကွာ၊ စက်တွေကလေးတယ်နော်၊ မင်းဘယ်လိုသယ်မှာလဲ”

“ငါ့ကောင်လေးတွေ လေးငါးခြောက်ယောက်ခေါ်ခဲ့မယ်ကွာ၊ ပြီးတော့ ငါ့ရဲ့လိုက်ထရပ်ကားကိုလည်း ယူလာခဲ့မယ်”

“အေး၊ မင်းတို့အဆင်ပြေရင်ပြီးတာပါပဲ၊ ဒါနဲ့ ငါ့ကိုတစ်ဝက်တိတိပေးရမှာနော် ဆာမိ”

“စိတ်ချစမ်းပါသားကြီးရာ”

သို့နှင့် ဆာမိနှင့်သားကြီးတို့ အလုပ်ဖြစ်သွားတော့သည်။ ထိုညနေတွင်တော့ သားကြီးတစ်ယောက် ထုံးစံအတိုင်းစက်ဘီးကလေးနင်းလာခဲ့သည်။ ဆာမိဆိုင်အရှေ့မှအဖြတ် ဆာမိက သားကြီးကိုလှမ်းပြုံးပြလေရာ သားကြီးကလည်း နှစ်နှစ်ကာကာပြန်လည်ပြုံးပြလိုက်တော့သည်။ စက်ရုံရောက်သည့်အခါ အဘသိန်းအား ထမင်းပုံကျွေးနေစဉ်

“အဘသိန်း၊ လူတွေကို သူတို့လုပ်ခဲ့တဲ့အတိုင်းပြန်လုပ်တာ ကောင်းလားမကောင်းဘူးလားဗျ”

အဘသိန်းက ထမင်းစားရင်း သားကြီးကိုမော့ကြည့်ကာ

“သူတို့လုပ်ခဲ့တဲ့အတိုင်းပြန်လုပ်တာ မကောင်းဘူးလို့ဘယ်ရှိပါ့မလဲကွာ”

သားကြီးမှာ ကျေကျေနပ်နပ်နှင့်ပြုံးလိုက်မိတော့သည်။

လကွယ်ညမို့ အမှောင်ထုက ပိုမိုကြီးစိုးနေလေသည်။ ညဆယ့်တစ်နာရီခွဲအချိန်ခန့်ရောက်သောအခါ လိုက်ထရပ်ကားတစ်စီးမှာ မီးမဖွင့်ဘဲ လမ်းအတိုင်းအသာကလေးမောင်းလာခဲ့သည်။ ထို့နောက် စက်ရုံအရှေ့တွင်ရပ်တန့်လိုက်ရာ သားကြီးက စက်ရုံခြံတံခါးမကြီးအား ပြေးဖွင့်ပေးလိုက်တော့သည်။ ကားခေါင်းခန်းတွင်တော့ ဆာမိက ထိုင်နေလေသည်။

“သားကြီးရေ၊ ငါတို့စောစောစီးစီး လုပ်ငန်းစကြမယ်ဟေ့”

“လုပ်သာလုပ်ကွာ၊ မင်းတို့ဘာစက်ဖြုတ်မှာလဲ”

“မီးစက်ကြီးဖြုတ်မယ်ကွာ၊ အချိန်ရသေးရင်တော့ ငါတို့နောက်တစ်ခေါက်ပြန်လာပြီး တခြားစက်တွေဖြုတ်ကျတာပေါ့၊ ယူမယ့်ယူတော့ တစ်ခါတည်းနဲ့ များများရအောင်ယူကြမယ်ဟေ့”

သို့နှင့် ဆာမိတို့ကားကလေးမှာ စက်ရုံအတွင်းသို့ဝင်လာခဲ့သည်။ ကားပေါ်မှ ကောင်လေးလေးယောက်က ခုန်ဆင်းလာပြီးနောက် မီးစက်ကြီးထံသို့သွားလေသည်။ မီးစက်မှာ နိုင်ငံခြားဖြစ် မီးစက်ကြီးဖြစ်သည့်အတွက် တန်ဖိုးအတော်ရှိမည်မှာအမှန်ဖြစ်သည်။ မီးစက်ကြီးကို စက်ရုံကြမ်းပြင်တွင် မူလီများနှင့်တပ်ဆင်ထားသည်ဖြစ်ရာ ဆာမိတို့အဖွဲ့က ထိုမူလီများကို အားတက်သရောဖြုတ်နေကြလေသည်။

ထို့နောက် မီးစက်ကြီးကို ကားပေါ်သို့တင်မကြကာ လိုက်ထရပ်ကားကိုပြန်လည်မောင်းထွက်သွားလေတော့သည်။ စက်ရုံခြံတံခါးမှ ထွက်ခွာသွားပြီးသည့်အခါ ဆာမိက သားကြီးအားကြည့်ရင်း

“သားကြီး၊ ငါတို့ပြန်လာခဲ့အုံးမယ်”

ဟုပြောဆိုကာ ကားကိုမောင်းထွက်သွားလေသည်၊ ဆာမိတို့ကားထွက်သွားပြီး စက်ရုံရှေ့လမ်းတွင်ရှိနေစဉ်မှာပင် ဒိုင်နာကားဖြူကြီးမှာ စက်ရုံခြံဝင်းအတွင်းသို့ဝင်လာကာ ထိုးရပ်သွားလေသည်။ သားကြီးက ကားပေါ်မှဆင်းလာသည့် မိန်းကလေးများကိုကြည့်ရင်း

“ကဲ၊ ကောင်မလေးတွေ၊ ဒီလူတွေက စက်တွေခိုးသွားသဟ၊ သူတို့ကိုနည်းနည်းလောက်ဆွဲထားကြအုံး”

ထိုအခါ အလုပ်သမလေးများက ကားပေါ်မှခုန်ဆင်းကာ ဆာမိ၏ လိုက်ထရပ်အား ဝိုင်းဝန်းဆွဲထားကြလေသည်။ ဆာမိမှာလည်း အလွန်ထိတ်လန့်ပြီး ကားလီဗာကို တအားနင်းလေသည်။ သို့သော်ကားမှာ အရှေ့သို့မထွက်ဘဲ ဘီးများသာလည်ပတ်နေပြီး မီးခိုးငွေ့များထွက်လာကြသည်။ အလုပ်သမကလေးများမှာ ကားပေါ်ပါလာသည့် ဆာမိ၏ကောင်လေးများအား အဆင်းသဏ္ဍာန်အမျိုးစုံဖြင့် ခြောက်လှန့်ကြကာ၊ ဝိုင်းဆွဲကြလေသည်။ ထိုကောင်လေးများမှာ ထွက်ပြေးမည်ဟုကြံရွယ်ထားသော်လည်း အလုပ်သမကလေးများက ဆွဲထားကြသဖြင့် မပြေးသာတော့ပေ၊ ဆာမိမှာ အလွန်ထိတ်လန့်နေလေသည်။ ဆာမိမှာ ကားတံခါးကိုဖွင့်ကာခုန်ဆင်းလိုက်ရင်း

“သရဲ၊ သရဲ သားကြီးရေ၊ မင်းတို့အလုပ်ထဲမှာ သရဲတွေရှိတယ်ကွ”

သားကြီးက မဲ့ပြုံးပြုံးလိုက်ပြီး

“သူတို့တွေကို သရဲလို့မခေါ်နဲ့ဆာမိရ၊ သူတို့က ငါ့အတွက်တော့ သူငယ်ချင်းတွေပဲ”

“သူငယ်ချင်းတဲ့လားကွာ”

“ဟုတ်တယ်ဆာမိ၊ ဟောဒီသရဲတစ္ဆေတွေက ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် မင်းလိုယုတ်မာတဲ့ သူငယ်ချင်းထက်တော့ ပိုပြီးသာပါတယ်ကွ၊ ဒီလိုသရဲတစ္ဆေတွေနဲ့ မိတ်ဆွေဖြစ်ရတာ၊ မင်းလိုကောက်ကျစ်ယုတ်မာတဲ့လူနဲ့ မိတ်ဆွေဖြစ်ရတာထက် အများကြီးသာတယ်ကွ”

ဆာမိတစ်ယောက်စက်မှုဇုံလမ်းအတိုင်းပြေးရန် ကြံရွယ်လိုက်စဉ် လိုက်ထရပ်ကားခေါင်မိုးပေါ်မှ လေချွန်သံတစ်ချက်ကြားလိုက်ရသဖြင့် အနောက်သို့လှည့်ကြည့်လိုက်မိသည်။

“အောင်မယ်လေး၊ ကယ်တော်မူကြပါ”

ကားခေါင်မိုးပေါ်မှ လူဝံပုံစံရှိသည့် သရဲကြီးတစ်ယောက်မှာ ဆာမိအပေါ်သို့လွှားခနဲခုန်ဆင်းလာပြီး ဆာမိအားဖိထားလေတော့သည်။ ဆာမိမှာ အလွန်ထိတ်လန့်စွာဖြင့် အော်ဟစ်နေသည်။

“ကယ်ပါအုံးကွာ၊ သားကြီး ငါ့ကိုကယ်ပါအုံး”

သားကြီးမှာ ပြုံးရင်း ဆာမိဆီသို့တစ်လှမ်းချင်းလျှောက်လာလေသည်။ ထို့နောက်လက်ထဲတွင်ကိုင်ထားသည့်တုတ်ဖြင့် ကိုယ့်ခေါင်းကိုယ်ရိုက်ချလိုက်လေရာ ဆာမိမှာအလွန်အံ့သြစွာဖြင့်

“သားကြီး၊ မင်းဘာလုပ်တာလဲ”

သားကြီးခေါင်းမှ သွေးများစီးကျလာလေသည်။ သားကြီးက ပြုံးလျှက်

“မင်းလုပ်သလို ပြန်လုပ်တာလေဆာမိရဲ့”

ထိုစဉ်မှာပင် ရဲများနှင့် စက်မှုဇုံမှ လုံခြုံရေးတပ်ဖွဲ့များက ကားများ၊ ဆိုင်ကယ်များဖြင့်ရောက်လာကြလေသည်။ ဆာမိနှင့်သူ့ကောင်လေးများမှာ စက်ရုံဝန်းအပြင်ဘက် လိုက်ထရပ်ကားအနီးတွင် လူးလိမ့်နေကြလေသည်။ ရဲတပ်ဖွဲ့ဝင်များက ဆာမိတို့အား ဖမ်းဆီးလိုက်ကြလေသည်။ သားကြီးက နဖူးကိုလက်ဖြင့်အုပ်ထားသည်။

“ဖုန်းဆက်တာ မောင်ရင်လား”

“ဟုတ်ပါတယ်၊ ဒီလူတွေစက်ရုံထဲကိုအတင်းခိုးဝင်ပြီးေတော့ စက်တွေလာခိုးကြတာပါ၊ ဒါနဲ့ကျုပ်လည်း စက်မှုဇုန်ထိပ်က ရဲကင်းကိုဖုန်းဆက်လိုက်တာပါ၊ ပြီးတော့ ကျုပ်လည်း ဒီလူတွေကိုနိုင်သလောက် ခုခံပါသေးတယ်”

“ဒီလူက မြို့ထဲမှာ သံတိုသံစဝယ်တဲ့ ဆာမိတို့ပဲ”

“ကဲ ဒီသူခိုးတွေကို ဖမ်းဆီးလိုက်ကြတော့၊ ပြီးတော့ ကုမ္ပဏီကိုလည်းဆက်သွယ်ပြီး ဥပဒေအတိုင်း အရေးယူဖို့လုပ်ကြပါ”

ရဲတပ်ဖွဲ့ဝင်များက ဆာမိတို့အဖွဲ့အားဖမ်းဆီးသွားလေသည်။ ဆာမိမှာတော့ ပုဆိုးအတွင်းသေးများပေါက်ချကာ မျက်လုံးပြူးကြီးဖြင့် ပတ်ဝန်းကျင်ကိုကြည့်နေရင်း သရဲ၊ သရဲဟု ရေရွတ်ကာ ရဲတပ်ဖွဲ့ဝင်များနောက်သို့ပါသွားတော့သည်။ အချုပ်အားဖြင့်ဆိုရသော် ဆာမိတို့တစ်သိုက် ခိုးမှုဖြင့်ထောင်ကျသွားတော့သည်။ သို့သော်လည်း ဆာမိမှာ ထောင်တွင်းမနေရပေ၊ ဆာမိတစ်ယောက် စိတ်ဖောက်ပြန်သွားသဖြင့် ထောင်ကျမည့်အစား အရူးထောင်သို့ရောက်သွားတော့သည်။ သွက်သွက်ခါအောင်စိတ်ဖောက်သွားသည့် ဆာမိကိုကြည့်ကာ သားကြီးတစ်ယောက် ခေါင်းခါမိသည်။

“ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတယ်လို့ပဲ သတ်မှတ်ပေါ့ဆာမိရာ”

သားကြီးကို ကုမ္ပဏီမှ ဆုချသေးသည်။ သို့သော်လည်း သားကြီးတစ်ယောက် လုပ်စရာအလုပ်တစ်ခု ကျန်နေသေးသည်။ တစ်ရက်၊ သားကြီးအလုပ်သွားရန်ပြင်ဆင်နေချိန်မှာပင် မိန်းမတစ်ဦးက သူတို့အိမ်ရှေ့သို့ရောက်လာခဲ့သည်။

“ကိုသားကြီးဆိုတာ ရှင်လား”

သားကြီးက ခေါင်းညိတ်လိုက်ကာ

“ခင်ဗျား၊ ကျုပ်ထည့်လိုက်တဲ့စာကို ရတယ်မဟုတ်လား”

“ရပါတယ်၊ ဒါကြောင့်လည်း ကျွန်မလိုက်လာရတာပါ”

ထိုမိန်းမက အိမ်ထဲဝင်ထိုင်သည်။

“အေးဗျာ၊ အဘသိန်းတစ်ယောက် အလုပ်ကိုစိတ်စွဲနေတယ်ထင်ပါရဲ့၊ အဘသိန်းသေတော့ ခင်ဗျားတို့ကုသိုလ်ကောင်းမှုတွေ မလုပ်ပေးဖြစ်ဘူးလား”

ထိုအခါ ထိုမိန်းမက ငိုယိုတော့သည်။

“ကျွန်မအမှားတွေပါရှင်၊ ကျွန်မယောက်ျားက အစိုးရဝန်ထမ်းမို့ ဟိုးအထက်ဘက်ကိုတာဝန်ကျတော့ လိုက်သွားရပါတယ်၊ အဖေဆုံးတာသိပေမယ့် ကျွန်မတို့ပြန်မလာဖြစ်ပါဘူး၊ ဒီမှာရှိတဲ့အမျိုးတွေကပဲ အဖေ့ကိုသင့်သလို သဂြိုဟ်ပေးလိုက်ကြတာပါ၊ အခုအဖေမကျွတ်ဘူးဆိုတာ သိရတော့ ကျွန်မဖြင့်စိတ်တောင်မကောင်းပါဘူးရှင်”

“အေးဗျာ၊ ခင်ဗျားဘက်ကကြည့်ရင်လည်း လွယ်မှမလွယ်ဘဲကိုးဗျ၊ ကဲပါ၊ အခုတော့ ခင်ဗျားကျုပ်နဲ့လိုက်ခဲ့၊ ခင်ဗျားအဖေ ခင်ဗျားကိုတွေ့ချင်နေမှာဗျ”

သားကြီးမှာ စက်ဘီးကလေးကိုနင်းလာခဲ့သည်။ ထိုမိန်းမကတော့ အငှားကားတစ်စီးဖြင့် သားကြီးအနောက်မှလိုက်လာခဲ့လေသည်။ မကြာခင် စက်ရုံကြီးဆီသို့ရောက်သွားခဲ့သည်။

“ခင်ဗျားဒီမှာခဏနေအုံး၊ မိုးနည်းနည်းချုပ်ရင် ခင်ဗျားအဖေလာလိမ့်မယ်”

သားကြီးပြောသည့်အတိုင်း ညနေခြောက်နာရီထိုးခါနီးတွင် အဘသိန်းတစ်ယောက် လုံခြုံရေးတဲကလေးအတွင်းသို့ဝင်လာလေသည်။

“ဟာ၊ သားကြီး ဒီနေ့ဘာဟင်းချက်သလဲကွ”

ထိုအခါ ထိုမိန်းမက မတ်တပ်ရပ်ထရင်း

“အဖေ”

ဟုတစ်ခွန်းတည်းခေါ်လိုက်ရာ အဘသိန်းမှာ ထိုမိန်းမကိုကြည့်ရင်း အလွန်အံ့သြသွားလေသည်။

“သမီး၊ သမီး”

“အဖေ၊ အဖေ့ဆီကိုသမီးပြန်လာပြီလေအဖေရဲ့၊ အဖေလိုက်ခဲ့ပါ၊ အဖေသမီးအနောက်ကို လိုက်ခဲ့ပါတော့နော်”

“အဖေလိုက်လို့မဖြစ်ဘူးသမီး၊ အဖေမရှိရင် ဒီစက်ရုံကြီးမလုံခြုံဘူးသမီးရဲ့၊ ဘယ်သူက ဒီစက်ရုံကိုကြပ်ကြပ်မတ်မတ် စောင့်မှာလဲသမီးရယ်”

ထိုအခါ သားကြီးက မတ်တပ်ရပ်လိုက်ပြီး

“ဘာမှမပူပါနဲ့အဘသိန်းရာ၊ ကျုပ်တစ်ယောက်လုံးရှိပါတယ်ဗျ၊ ကျုပ်ကိုစိတ်ချစမ်းပါ”

“ဟုတ်ပါတယ်အဖေရယ်၊ အခုသမီးနဲ့ပြန်လိုက်ခဲ့ပါတော့နော်”

အဘသိန်းတစ်ယောက် စက်ရုံကြီးအား စိတ်မချသည့်အကြည့်ဖြင့်ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက်

“ကောင်းပါပြီသမီးရယ်၊ အဖေလိုက်ခဲ့မယ်နော်”

အဘသိန်းမှာ သူ့သမီးနှင့်အတူ ကားအတွင်းသို့ဝင်သွားလေတော့သည်။ သားကြီးမှာထိုအဖြစ်ကိုငေးမောကြည့်နေမိသည်။ ကားမထွက်ခင် အဘသိန်းတစ်ယောက် သားကြီးအားလက်ပြနှုတ်ဆက်သွားသေးသည်။

“သွားပါတော့အဘသိန်းရာ၊ စိတ်ချလက်ချနဲ့ ကောင်းရာမွန်ရာအရပ်ကို သွားတော့နော်”

သားကြီးရေရွတ်လိုက်မိသည်။ စက်ရုံကြီးမှာ တိတ်ဆိတ်၍နေသည် အဘသိန်းမရှိတော့လည်း သားကြီးတစ်ယောက်ပျင်းခြောက်ခြောက်နှင့်ကျန်ခဲ့တော့သည်။ ထမင်းစားရန်ထမင်းချိုင့်ဖွင့်လိုက်သည့်အခါတွင်တော့ အဘသိန်းကိုပိုသတိရသွားသည်။

“အဘသိန်းရေ၊ ကျုပ်ကတော့ ထမင်းတွေတောင်ပိုပြီးထည့်လာသဗျ၊ အဘသိန်းမရှိတော့ ဒီထမင်းတွေကိုဘယ်သူစားမလဲဗျာ”

ထိုစဉ် လုံခြုံရေးဂိတ်တဲအပြင်တွင် လေချွန်သံတစ်ချက်ကိုကြားလိုက်ရသည်။ သားကြီးက ထိုနေရာသို့ကြည့်လိုက်ရာ လူဝံနှင့်တူသည့် သရဲကြီးက မြေတွင်ဆောင့်ကြောင့်ထိုင်လျှက် သားကြီးအားပြုံးပြရင်းကြည့်နေလေသည်။ သားကြီးလည်း ဂျာနယ်တစ်ရွက်ပေါ်တွင် ထမင်းနှင့်ဟင်းများကို ပုံအောထည့်လိုက်ပြီးနောက် လုံခြုံရေးဂိတ်တဲအပြင်ဖက်သို့ ထွက်လာခဲ့တော့၏။

ပြီးပါပြီ။

#အဂ္ဂဇော် #ဖြစ်ရပ်မှန် #သရဲ