Unicode Version
“တစ္ဆေ ကိုယ်၀န်”(စ/ဆုံး)
——————————–
အချိန်ကာလ အားဖြင့်တော့ ၁၉၇၀ ခု လောက်ကဖြစ်ပေလိမ့်မည်။ အေးချမ်းလှသော ထိုမြို့လေးကလည်း စည်စည်ကားကားရှိလှသလို နေချင့်စဖွယ်လည်းကောင်းလှပေသည်။ သူ့အလုပ်သူလုပ် ကိုယ့် အလုပ်ကိုယ်လုပ်နှင့် ကြိုးကြိုးစားစားနေထိုင်စားသောက်ကြသော်လည်း တစ်ဦးနှင့်တစ်ဦးက အမြဲတစေ ကူညီရိုင်းပင်းတတ်ကြလေ၏။
“ဟာ … ကိုလှဆောင် … ထင်းခုတ်သွားတော့မလို့လားဗျ”
“ဟုတ်တယ် … သောင်းဖေရေ … မင်းကော ကနေ့ ဆိုင်သွားမရောင်းဘူးလား ”
“ရောင်းတယ်ဗျ … လိုတာလေး အိမ်ပြန်ယူမို့ ခနထွက်လာတာ … ဒါနဲ့ ခင်များ ဒီတစ်လော အလုပ်တွေ နင်းကန်လုပ်နေတယ်နော် … ဟဲဟဲ ”
သောင်းဖေကား တိုင်းရုံးဈေး လေးထဲက အထည်ရောင်းသူ တစ်ဦးလည်းဖြစ်လေသည်။ ယခုမှာတော့ လိုအပ်သော ပစ္စည်းလေးများယူရန် ဖီးဆင့်စက်ဘီးကို နင်းရင်း ပြန်လာရာမှ ကိုလှဆောင် နှင့်တွေ့ကာ စကားပြောနေကြခြင်းဖြစ်လေ၏။
“ဟဲဟဲ … နင်းကန်လုပ်ဆို … ငါ့မိန်းမ အေးရွှေက ကိုယ်၀န် ငါးလ ရှိနေပြီကိုးကွ … ခုကတည်းက အလုပ်ကို ကြိုးစားထားမှ … ကလေးမွေးရင် မွေးစရိတ်ဖွားစရိတ်လေး ရမှာပေါ့ကွ … မင်းတို့ လူပျိုတွေ မသိပါဘူးကွာ ”
“အေးပါဗျာ … ပြောထားအုံးပေါ့ … ကျုပ်လည်း တနေ့တော့ ခင်များလို … မယားချောချောလေး ရအောင်ကျုပ်ရှာပြမယ် … ဟဲဟဲ ခုတော့သွားတော့မယ် ကိုလှဆောင်ရေ … ကျုပ်ဆိုင်မှာ အမျိုးသမီးဗိုက်ဖုံးအင်္ကျီ ခပ်ပွပွ တွေရှိတယ်နော် … လိုရင်မမေ့နဲ့အုံး ”
“မမေ့ပါဘူးကွာ … မမေ့ပါဘူး … ငါလည်း နေမလင့်ခင်သွားလိုက်အုံးမယ် ”
“ကောင်းပါပြီဗျာ … ကောင်းပါပြီ ”
ဤသို့ဖြင့် ကိုလှဆောင်မှာ သောင်းဖေ အားကျောခိုင်းကာ ထွက်လာခဲ့လိုက်တော့သည်။ သောင်းဖေ မှာတော့ ကျောပြောင်ပြောင် ပုဆိုး တိုတို တွင် ဓားမတို တစ်လက်ထိုးကာ ထွက်သွားသော ကိုလှဆောင်အားကြည့်ကာ ခေါင်းတငြိမ့်ငြိမ့် နှင့်ကျန်ခဲ့လေတော့သည်။
ကိုလှဆောင်မှာ အင်မတန်ရိုးသားသော လူတစ်ယောက်ဖြစ်လေ၏ ။ သူ၏ ရိုးသားသော စာရိတ္တ ကူညီရိုင်းပင်းတတ်သော အကျင့်စရိုက်ကြောင့်လည်း အိမ်နီးနားချင်းများပါမက ရပ်ကွက်ထဲက လူများပါ ၎င်းအားခင်မင် ချစ်ခင်ကြ၏။ ကိုလှဆောင်မှာ အသက်၃၀ ကျော်ခန့်သာရှိသေး၍ သန်မာထွားကြိုင်းသော ယောကျာ်းတစ်ယောက်ဖြစ်လေသည်။ အသားညိုညို အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့် တင်းတင်းလည်းရှိလှသလို ရုပ်ရည်မှာလည်း အဆိုးကြီးတော့မဟုတ်။ ကြည့်ပျော်ရှုပျော်ရှိလေ၏။ အသက်နှစ်ဆယ်ကျော် အရွယ်တည်းက မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကာ ထိုအချိန်မှစ၍ ကိုယ်ထူးကိုယ်ချွန်နေလာခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ အေးရွှေနှင့် အကြောင်းပါကာ အိမ်ထောင်ကျခဲ့လေ၏။
သူတို့နှစ်ယောက် အကျဉ်းရုံးသာ လက်ထပ်မင်္ဂလာပြုခဲ့ကြသည်။ ထိုအချိန်တွင် ကိုလှဆောင်မှာ အသက် ၂၈ ဖြစ်ပြီး အေးရွှေမှာတော့ အသက်ဆယ့်ကိုးနှစ်သာ ရှိသေးသည်။ ထိုခေတ်ထိုအချိန်တုန်းက လူများသည် ထောင်ထောင်မောင်းမောင်း နှင့်ထွားကြိုင်းကြသည်။ အေးရွှေမှာ ငယ်လည်းငယ် ချစ်စရာရုပ်ရည်ရူပကာလေးလည်း ရှိလေ၏။ ကိုလှဆောင်မှာတော့ မိမိထက်လည်းငယ် လှလည်းလှ ချောလည်းချောလှသော ဇနီးသည်လေးကို တုန်နေအောင်ချစ်ရှာ၏။ မိန်းမ မျက်နှာ တစ်ချက် အညှိုးမခံလိုသော လူစားဆိုကားမမှားပေ။ အေးရွှေ ဘာလို ဘာ ညာလို ညာ သူက အကုန်ဖြည့်ဆည်းပေးတတ်သည်။ ထို့အတူ အေးရွှေမှာလည်း လင့်၏ ဘ၀ပေးအခြေနေကိုသိသောကြောင့် အနေအထိုင်သိုသိပ်၏။ စည်းကမ်းလည်းရှိ၏။ ငွေးရေးကြေးရေး တိုင်းတာသုံးစွဲသည့်နေရာတွင်လည်း တော်၏။ ထို့ကြောင့်လည်း ကိုလှဆောင်မှာ အလိုက်သိသော ဇနီးကို ချစ်သည်မှာ ယုံမှားဖွယ်တော့မရှိပေ။
လူကောင်းသူကောင်း တစ်ယောက်ဖြစ်သော်လည်း ကိုလှဆောင်မှာ ဘ၀ပေးအခြေနေကမကောင်းတော့ သစ်ခုတ် ဝါးရောင်းရင်းနှင့်သာ ၀မ်းရေးကို ကြိုးစားပမ်းစား နှင့်ကျောင်းရလေသည်။ အေးရွှေလေး နှင့် အိမ်ထောင်ကျပြီးနောက် သူအလုပ်ကို ယခင်ထက်ပင် သာလို့ပင် ကြိုးစားလာခဲ့၏။ အစစအရာရာကို ခြင့်ချိန်တတ်လာ၏။ ယခုတစ်ဖန် အေးရွှေတွင် ပထမဆုံး ရင်သွေးလေးလည်း ရလာပြီဟု ကြားရပြန်ရာတွင်တော့ ကိုလှဆောင် တစ်ယောက် ၀မ်းသာပီတိဖြစ်ကာ ယခင်ထက်ပင် သာ၍သာ၍ အလုပ်ကို ဆထက်တပိုး ကြိုးစားခဲ့သည်။ အေးရွှေလေး ကိုယ်၀န်ပင် ငါးလ ကျော်လာခဲ့လေပြီ။
“ဗြုန်း ….”
ကိုလှဆောင်လည်း ၎င်းခုတ်လာသော ဝါးစိမ်းများကို ဝါးနှီးကြိုးဖြင့်ပင် သေချာ တုပ်နှောင်လာကာ အိမ်အရောက်မှာတော့ ပုခုံးပေါ်မှတစ်ဆင့် မြေကြီးပေါ်သို့ အသာ ပစ်ချလိုက်၏။ ဝါးအစည်းပစ်ချလိုက်သော အသံမှာ သိပ်မကျယ်လှသော်လည်း အိမ်ထဲက မအေးရွှေ ကတော့ ကြားကာ ထွက်လာလေ၏။ ကိုလှဆောင်မှာတော့ ၎င်း၏ ပုဆိုးစဖြင့်ပင် မျက်နှာထက်၌ စိုရွဲနေသော ချွေးတို့ကို ကုန်စင်သွားအောင်သုတ်ကာ အိမ်ရှေ့ကွပ်ပျစ်လေးပေါ်တွင် အမောပြေ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။
“ကိုလှဆောင် … ပြန်ရောက်လာပြီလား ”
“အေး … မိန်းမရယ် … နေကလည်း ပူပါဘိသနဲ့ … ”
ပြောပြော ဆိုဆို နှင့် ကိုလှဆောင်လည်း ထိုင်နေရာမှ ထလိုက်တော့
“အိုနေနေ … အေးရွှေ ရေခပ်ပေးမယ်”
ဤသို့ပင် အေးရွှေကား အလိုက်သိတတ်သော ဇနီးကောင်းတစ်ယောက်ပင်။ ကိုလှဆောင်မှာတော့ ရေခပ်ရန်ထသွားသော အေးရွှေကို ကြည့်ကာ ကျေနပ်ပီတိဖြစ်ခြင်းများစွာဖြင့် ပြုံးရင်းသား ကြည့်နေလိုက်တော့သည်။ ခနကြာတော့ စတီးခွက်ကလေး နှင့်ရေခပ်လာကာ ကိုလှဆောင်အား ပေးလေ၏။
“အားပါးပါး … ကောင်းလိုက်တာ … မိန်းမရယ် … ဟောဒီကမ္ဘာပေါ်မှာလေ … မိန်းမ ခုလို ခပ်တိုက်တဲ့ ရေသာ အရသာ အရှိဆုံးကွ … ဟားဟားဟား”
“အပိုတွေပါ … ဒါနဲ့ … အေးရွှေလေ … ခုတစ်လော သရက်သီး ခပ်စိမ်းစိမ်းကြီးတွေ စားချင် နေလိုက်တာတော် … ”
“ဟ … မိန်းမရယ် … သရက်သီးစိမ်းစားချင်တာများ စောစောက ပြောရော့ပေါ့ … ကိုလှဆောင် ဝါးသွားခုတ်တဲ့ နေရာမှာလေ … သရက်ပင်ကြီး တစ်ပင်ရှိတယ် … သရက်သီးတွေကလည်း သီးလိုက်တာ ပြွတ်ခဲလို့ … ငါ့မိန်းမ စားချင်ရင် နောက်နေ့ ခူးလာခဲ့ပေးမယ် … ဟုတ်ပလား ”
“ဟုတ်ပါပြီတော် … ဟုတ်ပါပြီ … ဟုတ်ပါပြီ”
“ဒါနဲ့ … ဘာဟင်းချက်လဲ အေးရွှေ ”
ကိုလှဆောင်လည်း စကားကောင်းနေရာမှ ရုတ်တရက် ဗိုက်ဆာလာမှန်းသတိရလေတော့၏။
“ရှင်ကြိုက်တဲ့ … ဘဲဥနဲ့ မန်ကျည်းသီးကို မချိုမချဉ်လေး ချက်ထားတယ် လေ … နောက်ပြီးတော့ ချဉ်ပေါင်ရွက် ဟင်းရည်လေးလည်းရှိတယ် ”
“ဟာ … နှိပ်ဟ … အဲ့ဒါတွေ ငါ့မိန်းမက အားကြီးချစ်ဖို့ကောင်းတာ … ဗိုက်ထဲက ကလေးလေး လည်းဗိုက်ဆာနေတော့မယ် … လာလာ ထမင်းသွားစားကြရအောင် ”
သာယာကြည်နူးဖွယ်ကောင်းလှသော သူတို့မိသားစု အနာဂတ်လေး က ရေရှည်မှာ လှပနိုင်ပါ့မလား။ မမြင်ရသော ကံကြမ္မာဆိုသည့် အရာကြီးကရော သူတို့ အပေါ်မျက်နှာသာပေးပါ့မလား ။ သို့သော်လည်း သူတို့လင်မယားမှာတော့ ချစ်ခြင်းရယ် မပြယ်ဘဲ တရင်းတနှီး နေထိုင်ဆက်ဆံရင်းသာဖြင့် အချိန်ကုန်စေခဲ့သည်။ အချိန်ဆိုသော ယန္တရားစက်၀န်းကြီးကလည်း ပုံမှန်လည်ပတ်ရင်းက အကုန်မြန်လွန်းလှသည်။ အေးရွှေ ကိုယ်၀န်ကိုးလထဲသို့ရောက်ခဲ့ချေပြီ။ ဗိုက်ကလေး တစ်လုံး နှင့် အေးရွှေကိုလည်း ကိုလှဆောင် ချွေးတစ်ပေါက်ပင် အကျမခံနိုင်တော့ပေ။ ကလေးမွေးလ ဖွားလ ကလည်းနီးလာပြီမို့ အစစအရာရာကို သူက သာ လုပ်လေသည်။ ထမင်းချက် အ၀တ်လျှော် ရေခပ် ဘာညာက အစ အေးရွှေလုပ်စရာမလိုတော့။ ကိုလှဆောင်၏ လက်ဖြင့်သာ အကုန်လုံးကို ပြီးစေ၏။ ဤသို့ဖြင့် ကိုလှဆောင်လည်း ထင်းခုတ် ဝါးခုတ် မသွားတော့သည်မှာ ဆယ်ရက်ကျော်ခန့်ပပင် ရှိလာခဲ့လေတော့၏။
“မိန်းမရေ … ဒီမှာဘာပါလဲ ကြည့်လိုက်စမ်း ”
“ဗိုက်ဖုံး အင်္ကျီပဲ မို့လား … အကို လှဆောင် ”
“ဟဲဟဲ … ငါ့မိန်းမလေးက … အကြားအမြင်ရနေသလိုပဲ … ဟုတ်တယ် မိန်းမရဲ့ … သောင်းဖေ ဆိုင်မှာ ဗိုက်ဖုံးအင်္ကျီ အသစ်ရောက်လို့ ၀ယ်လာတာ … မိန်းမနဲ့ လိုက်တယ်လေ … ပန်းရောင်လေး ”
“အော် … အကိုလှဆောင်ရယ် … ကလေး မွေးရက်ဖွားရက်က နီးတောင်နီးလာပြီကို … ငွေလေး ဘာလေးချွေတာ အုံးမှပေါ့ … အေးရွှေဆီမှာ လည်းဗိုက်ဖုံးအင်္ကျီတွေ များနေပါပြီ ”
အေးရွှေကတော့ မိန်းမတို့သဘာ၀ မလိုအပ်ဘဲ ငွေမကုန်စေလိုသောကြောင့် ပြောလေ၏။
“ဟုတ်ပါပြီ … မိန်းမရယ် … အဓိက က ကိုယ့်ဘာသာ ကျန်းမာအောင်နေ … ကိုယ်ခံအားများများရှိအောင်စား … ဟုတ်ပလား … ကျန်တာ အကို့တာ၀န်ထားစမ်းပါ … ငွေရေးကြေးရေးက … ပူစရာမရှိဘူး … ”
“အင်းပါ … အကိုရယ် … အေးရွှေက စိတ်ပူလို့ပြောတာပါ ”
“အို … ဒါတွေ ခေါင်းထဲ မထည့်စမ်းပါနဲ့ … မိန်းမရယ် … အကို့ ဖို့သာ ကလေးလေးကို လူဖြစ်အောင်မွေးပေး … နောက်ပြီး ကလေးလေး မျက်နှာကို အကိုမြင်ချင်လှပြီ ”
“အမလေး … အကို အကဲပိုကြီး … မကြာခင်မြင်ရတော့မှာပါနော် ”
“ဟုတ်ပါတယ် … မိန်းမရယ် … တကယ်လို့ … ကလေးလေး မမွေးခင်ဘဲ အကိုများ မတော်တဆ တခုခုဖြစ်သွားရင် …”
ကိုလှဆောင် စကားကို ဆုံးအောင်မပြောလိုက်ရ ။ အေးရွှေက ဖြတ်ကာ
“အို … မဟုတ်တာ … နိမိတ်မရှိ … နမာ မရှိတွေ မပြောပါနဲ့ … အကိုက ဘာကိစ္စ မတော်တဆ တခုခု ဖြစ်ရမှာလဲ … ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ”
ဟူ၍အလန့်တကြားဖြင့် ၀င်ပြောလေ၏။
“ဟုတ်ပါပြီ … မိန်းမရယ် … ကဲ … နက်ဖြန် ဒီ ဗိုက်ဖုံးလေး အကို့ကို ၀တ်ပြမယ်မလား ”
အေးရွှေလည်း ကိုလှဆောင်အား မျက်စောင်းလေး တစ်ချက်ထိုးကာ ခေါင်းကို ညိတ်ပြလိုက်လေ၏။ ထိုအခါကိုလှဆောင်ကလည်း အေးရွှေ၏ လက်ကလေး ကို ဆွဲကာ သူမ၏ ခန္ဓာကိုယ်လေးကို သူ၏ ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းလိုက်ပါလေတော့၏။
+++++++++++
နောက်တစ်နေ့ မနက်
“အိမ်း … ထင်းလည်း ကုန်နေပါပေါ့လား … ဒီထမင်းအိုးလေး တည်ပြီးရင် ငါလည်း တစ်နိုင်လောက် ထင်းသွားရှာအုံးမှပါလေ ”
ကိုလှဆောင်တစ်ယောက် မနက်စောစော မျက်နှာသစ်ပြီးနောက် ထမင်းအိုးတည်ရာမှ အိမ်သုံးဖို့ အတွက် ထင်းများနည်းနေပြီကို သတိရလေတော့၏။ ထို့ကြောင့်လည်း သုံးလောက်ရုံလောက် ထင်းလေးများသွားခုတ် သွားခွေ ရန် တွေးနေမိလေ၏။ အေးရွှေမှာတော့ အိပ်ကောင်းနေတုန်းပင်။ ထမင်းအိုးတက်သည် အထိ ကိုလှဆောင် တစ်ယောက် ၀တ္ထုစာအုပ်ကလေး ဖတ်နေလိုက်သည်။ ထမင်းအိုးလည်း ကျက်သည့် အချိန်တွင် လမ်းထဲမှ ပဲပြုတ်သည်ကြီးဆီက အကြော် နှင့်ပဲပြုပ်ကို ၀ယ်ကာ ၎င်း၏ တစ်၀မ်းစာအတွက် မနက်စာကို စတင်ဖြည့်တင်းလိုက်တော့သည်။ အေးရွှေလည်း နိုးလာပြီထင်သည်။
“အကို … ”
“ဟင် … အေးရွှေ နိုးပြီလား … လာထထ အကိုရေခပ်ထားတယ် … မျက်နှာသွားသစ်လိုက်နော် ”
အေးရွှေလည်း ကိုလှဆောင်ပြောသည့် အတိုင်းပင် အိပ်ရာမှထကာ မျက်နှာသစ်လိုက်သည်။ ပြီးနောက် အနည်းငယ်မျှ ဖီးလိမ်းသုတ်သင်လေ၏။
“မိန်းမ … မနက်စာ ဘာစားချင်လဲ ”
“အေးရွှေဖို့ … တကူးတက လုပ်မနေပါနဲ့ အကိုရယ် … အကိုစောစောက ဘာစားနေတာလဲ … အဲ့အတိုင်းပဲ အေးရွှေကို လုပ်ပေးပါ ”
“ဟုတ်ပါပြီ မိန်းမရယ် … ဒါဆိုလည်း ပဲပြုတ် ထမင်းဆီဆမ်းလေး နဲ့ အကြော်နဲ့ စားလိုက်ပေါ့ … ဘာဘူကြီးဆီက ၀ယ်ထားတဲ့ နွားနို့လေးလည်း တစ်ခွက်စာလောက်ကျန်သေးတယ် … အကိုနွှေးပေးမယ် … ဟုတ်ပြီလား ”
ဤသို့လျှင် ကိုလှဆောင်လည်း မီးဖိုတည်းတစ်ဖန်ပြန်၀င်ကာ ကုန်းကုန်းကွကွ နှင့် အလုပ်ရှုပ်ရပြန်တော့သည်။ ပြီးနောက် ဇနီးသည်စားဖို့ ထမင်းဆီဆမ်း နှင့် နွားနို့ကိုယူလာကာ
“ကဲ … စားပါဗျာ … စားပါ … အိမ်မှာ သုံးဖို့ ထင်းလေး နည်းနည်းလိုနေလို့ … အကို ထင်းခန သွားရှာလိုက်အုံးမယ် … အကိုပြန်လာမှ မိန်းမ စားချင်တာ ဈေးထဲက ထမင်းဆိုင်မှာသွား၀ယ်ပေးမယ် ဟုတ်ပြီလား ”
“ဟုတ်ကဲ့ပါရှင် … ဟုတ်ကဲ့ပါ … အရမ်းကြီးလည်း ကြာမနေနဲ့အုံးနော် … နေမြင့်လာရင် အကို ပင်ပန်းနေလိမ့်မယ် ”
ချစ်ဇနီးလေးထံမှ ထိုသို့ ဂရုဏာစိတ်ပူသံလေး ကြားရတော့ ကိုလှဆောင် တစ်ယောက် အလိုလိုပင် အားတက်ပီတိဖြစ်နေမိလေ၏။ ထို့နောက်တွင်တော့ ၎င်း၏ ဓားမတိုလေးကို ခါးထိုးကာ မိသားစု အသိုက်အမြုံလေးကို ခေတ္တ ခွဲခွာသွားခဲ့လေပါတော့သည်။ အေးရွှေမှာတော့ အိမ်ကလေးထဲကနေ လက်ပြရင်း ပြရင်း ဖြင့် ။
++++++++++
မွန်းလွဲ နှစ်ချက်တီးလောက်အထိ ကိုလှဆောင် အိမ်ပြန် ရောက်မလာသေးပေ ။ အေးရွှေမှာတော့ ကိုလှဆောင် ရောက်လာချိန်တွင် အမောပြေရန်အတွက် မနေ့က သူမအတွက် ၀ယ်ပေးထားသော အပန်းရောင် ဗိုက်ဖုံးအင်္ကျီလေးကို ၀တ်ကာ လည်ပင်း တရှည်ရှည် နှင့် မျှော်နေရှာလေ၏။ တစ်အိမ်သုံးစာလေး ရှာဖို့ ဆိုပြီးနောက်ထွက်သွားသည်မှာ နာရီ အတော်များများကိုပင် ကျော်လွန်လို့နေချေပြီ။ အေးရွှေတစ်ယောက် မျှော်ရင်း မျှော်ရင်းကပင် ၀မ်းနည်းသယောင်ယောင် စိုးရိမ် သယောင်ယောင် ခံစားချက်များ အမျိုးအမည်မသိ ခံစားချက်များကို စတင်ခံစားလာရလေတော့သည်။ အိမ်ရှေ့ကွပ်ပျစ်ဘေးပေါ်ထိုင်ရင်း ဝါးလုံးတိုင်လေးကိုမှီကာ ချစ်လင် ပြန်လာပြီလော ပြန်လာပြီလောဟု မျှော်နေရသည့် ဗိုက်ကြီးသည် ကိုယ်၀န်သည်မလေး၏ အဖြစ်ကား သနားစဖွယ်ပင် ကောင်းလို့နေပေ၏။
“မိန်းမရေ … မိန်းမ ”
သူမတွေးနေရင်းပင် ကိုလှဆောင်၏ အသံကို ကြားလိုက်ရလေတော့၏။ ခြံရှေ့က အပြေးလေး လာနေသော ကိုလှဆောင်ကိုပါ ထပ်မံတွေ့လိုက်ရမှ အေးရွှေ သက်ပြင်းချလိုက်နိုင်တော့၏။
“ကိုလှဆောင် … အကို ”
ပြောပြောဆိုဆို နှင့် ထကြိုမည် အပြု ကိုလှဆောင်က မလာနဲ့ မလာနဲ့ သူလာမယ် ဟု လက်နှင့်လုပ်ပြနေသောကြောင့် အေးရွှေတစ်ယောက် ထိုနေရာလေးတွင်ပင် ထိုင်မြဲထိုင်နေလိုက်တော့သည်။ ထို့နောက် ထူးဆန်းသော အချက်တစ်ခုကို အေးရွှေ အမှတ်မထင် တွေ့လိုက်ရတော့၏။ မနက်တည်းက ထင်းခွေသွားသော ကိုလှဆောင်မှာ ထင်းတစ်ချောင်းမှ ပါမလာခဲ့ပေ။ တစ်ဖန် ခြံပေါက်၀တွင် ရပ်နေသော ကိုလှဆောင်မှလည်း မြေကြီးအပူရှိန်ကြောင့် ဖြစ်ပေါ်လာသော တံလျှပ် အပူလှိုင်းများနှင့် အတူ ရုတ်တရက် ရောထွေးပျောက်ကွယ်သွားခဲ့လေတော့၏။
“ဟင် … ကိုလှဆောင် … ကိုလှဆောင် ”
ရုတ်တရက်ပျောက်သွားသော ကိုလှဆောင် ကြောင့် အေးရွှေလည်း အသံကုန်ဟစ်ကာ အော်ခေါ်လိုက်လေတော့၏ ။
“အို … ငါအိပ်မက်မက်နေတာပါလား … အကို အခုချိန်ထိ တကယ်ပြန်မရောက်သေးတာပါကလား … အကို အန္တရာယ်ကင်း ဘေးရှင်းပါစေ ”
ဝါးလုံးတိုင်လေးကို မှီကာ ချစ်လင် အလာကို မျှော်နေရင်းမှ အေးရွှေတစ်ယောက် တဒင်္ဂ အိပ်ပျော်သွားခြင်းဖြစ်၏။ ထိုသို့ ခနလေး အိပ်ပျော်သွားစဉ် မက်ခဲ့သော အိပ်မက်ကို အေးရွှေ ဘယ်လိုမှ အဓိပါယ် ကောက်မရခဲ့ ။ ထို့ကြောင့်လည်း ကိုလှဆောင် တစ်ယောက် ဘေးမသီရန်မခ ဖို့ရာအတွက်သာ တတွတ်တွတ် ဆုတောင်းနေမိတော့ ရှာလေ၏။ မကြာပေ ၎င်းနေထိုင်ရာ ခြံကလေးထဲသို့ လူတစ်ယောက် အပြေးတစ်ပိုင်း နှင့်၀င်လာလေတော့သည်။ ထိုလူကား ကိုလှဆောင်၏ ငယ်သူငယ်ချင်း လှမောင် ပင်ဖြစ်လေ၏။
“အေးရွှေ … အေး ..အေးရွှေ … ဟောဟဲ ”
“ဟင် … ကိုကြီး လှမောင် … ဘာဖြစ်လာတာလဲ … အလောတကြီးနဲ့ ”
“ညည်း … ညည်းလင် လှဆောင် … ဝောာထဲမှာ ပိုးထိပြီး ဆုံးပြီတဲ့ဟ … အခု … အခု ဆေးရုံကြီးမှာ”
“ရှင် ……….”
အေးရွှေတစ်ယောက် ရှင်ဟုသာ ပြောနိုင်ပြီး ခေါင်းထဲ မိုက်ကနဲ ဖြစ်သွားလေတော့၏ ။ ကံကောင်းထောက်မစွာဖြင့်ပင် ၎င်း၏ နံဘေးက ဝါးလူံးတိုင်လေးကို ကိုင်ကာ လဲမကျသွားအောင် ထိန်းထားနိုင်ခဲ့သည်။ သို့သော်လည်း ကြေကွဲပျက်စီးသွားသော စိတ်နံရံများထံတွင် ပဲ့တင်ထပ်နေသည့် အသံကား
“ညည်းလင် လှဆောင် … ဝောာထဲမှာ ပိုးထိလို့ ဆုံးပြီ”
“ညည်းလင် လှဆောင် … ဝောာထဲမှာ ပိုးထိလို့ ဆုံးပြီ”
“ညည်းလင် လှဆောင် … ဝောာထဲမှာ ပိုးထိလို့ ဆုံးပြီ”
ဟူ၍ပင် ဖြစ်ပါလေတော့သတည်း ။
ကံကြမ္မာဆိုသော လောကတရားကြီးက မည်သူ့ကိုမျှ မျက်နှာသာ မပေးတတ်။ ယခုပင်လျှင် ကိုယ်၀န်ကြီး နေ့စေ့လစေ့ဖြင့် အေးရွှေလေးကိုပင် ရိုတ်ခတ်သွားသည့် ကံကြမ္မာ၏ လှိုင်းတံပိုးက အဆမတန်ပြင်းထန်လွန်းလှပေသည်။ အေးရွှေ တစ်ယောက် အပြင်းအထန်ငိုကြွေးချင်ခဲ့မိသော်လည်း ငိုမချရက်ခဲ့။ လင်ကို မချစ်၍ မဟုတ်။ မကြာမီမှာပင်လောကထဲသို့ ခြေချလာမည့် ကလေးအတွက် တွေးကာ အေးရွှေလေးခမျာ စိတ်ကို အဆုံးစွန်ထိ တင်းထားခဲ့ရရှာသည်။ သူမ တစ်ခုခုဖြစ်ပါက လူလောကသို့ပင် မရောက်သေးသော ကလေးငယ်လေး ထိခိုက်မည်ကို စိုးရိမ်သော ကြောင့်ဖြစ်ပေလိမ့်မည် ။ သို့သော် မခံစားနိုင်တော့သည့် အဆုံး ကြိတ်ခါ ငိုခဲ့ရသည့် အချိန် တွေသည်လည်း နည်းသည်တော့မဟုတ်။
“အေးရွှေ … စိတ်ကိုတင်းထားမနေနဲ့ … ငိုချလိုက် … ငိုချလိုက်ရင် သက်သာတယ် ”
အချို့က ထိုသို့ အားပေးကြသော်လည်း အေးရွှေမှာ လည်နေသော မျက်ရည်များနှင့်အတူ အပြုံးနှင့်သာ တုံ့ပြန်ခဲ့သည်။ ထိုကလေးကို သူမ ရအောင်မွေးမည်။ ဘာကြောင့်ရယ်ဖြစ်ဖြစ် ထိုကလေး လူ့လောကထဲ ရောက်လာဖို့ကို သူမ အတတ်နိုင်ဆုံး စွမ်းဆောင်မည်ဟုလည်း ကြုံးဝါးထားသေးသည်။ တစ်ခါတစ်ရံမှာတော့ မျက်စိသူငယ် နားသူငယ် ကလေးတစ်ယောက် အမေ မုဆိုးမ အဖြစ် တစ်ယောက်တည်း လောကဓံခရီးကို ဆက်လျှောက်ရမည့် အဖြစ်အားတွေးကာ ကြောက်ရွံမိသလို စိုးရိမ်နေမိပြန်သည်။ ယခုမှ မိမိအသက်သည်လည်း နှစ်ဆယ် ကျော် နှစ်ဆယ့် တစ် ထဲရောက်ရုံသာရှိသေးသည် မဟုတ်ပါလား။ ကိုလှဆောင်၏ ဈာပနကိုတော့ အကျဉ်းရုံးဖြင့်သာ ပြီးစီးခဲ့စေသည်။ လင်သေ သွားသော မုဆိုးမ ဗိုက်ကြီးသည်လေး အေးရွှေကို အိမ်နီးနားချင်းများက ဂရုစိုက်ပေးကြ၏ ။ ထိုထဲမှ ရှမ်းမကြီး ဒေါ်နန်းရွှေကြည်ကလည်း ၎င်း၏ သမီးအရင်းလေးလို အစစအရာရာ ဂရုစိုက်ပေးသည်မို့ အေးရွှေလေး တစ်ယောက် ဒီတစ်ခါတော့ ကံကောင်းခဲ့ရရှာလေ၏။
ကိုလှဆောင် ရက်လည်ပြီး ဆယ့်ငါးရက်ခန့် အကြာမှာတော့ အေးရွှေလေး၏ မွေးရက်ဖွားရက်သည် သူ့ဓမ္မတာ အတိုင်းရောက်မှန်းမသိရောက်လာခဲ့ပါတော့၏။ ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာ ရှိလှ ပြီး အရပ်ရှည်သော အေးရွှေလေးအဖို့ ပထမဆုံးသားဦးလေးကို ၎င်း၏ နေအိမ်တွင်သာ အရပ်လက်သည်ခေါ်ပြီး အဆင်ပြေချောမွေ့စွာဖြင့်ပင် မွေးဖွားသန့်စင်နိုင်ခဲ့လေတော့သည်။ ထိုသားဦးလေးကိုလည်း အေးရွှေကပင် မောင်လှဆောင်ဟု ကင်ပွန်းတပ်ပေးကာ ချစ်လင်ကို သတိရတမ်းတသည့် အနေဖြင့် ခေါ်တွင်စေခဲ့၏။ တစ်သားမွေး တစ်သွေးလှ ဆိုသလို အေးရွှေမှာ သားဦးလေး မောင်လှဆောင်ကို မွေးပြီးနောက် ယခင်ထက်ပင် အသားအရည်များ စိုပြေလာကာ ပြည့်ပြည့်ဖြိုးဖြိုးနှင့် အတော်ပင် ကြည့်လို့ကောင်းလာလေ၏။ အသက်လေးမှာလည်း နှစ်ဆယ်ကျော် လေးဆိုတော့ ကာလသားများ၏ မျက်စိကျစရာ ကလေးတစ်ယောက် အမေ မုဆိုးမလေးဖြစ်လာရတော့သည်။ သူမ မီးတွင်းထဲက ဆင်းသည့် အချိန် ပုံမှန်လို ကျန်းမာ လာချိန်များတွင်တော့ ကိုယ်တိုင် ၀င်ငွေရှာရလေတော့သည်။
မနက်ခင်း အိပ်ယာနိုးသည် နှင့် သားလေး မောင်လှဆောင်အား နို့ချိုတိုက်ကာ အိမ်နီးချင်းဖြစ်သော ဒေါ်နန်းရွှေကြည်ထံတွင် ကလေးကို အပ်ပြီး သူမ မှာတော့ ဈေးဗန်းခေါင်းရွက်ကာ ရပ်ကွက်ထဲ ဈေးပတ်ရောင်းပြီး ငွေရှာလေတော့သည်။ အသက်လေးကငယ်ငယ် နှင့် မုဆိုးမ ဖြစ်ကာ ကိုယ်တိုင် ပင်ပင်ပန်းပန်း ၀င်ငွေရှာနေရသော အေးရွှေလေးကို ရပ်ကွက်ထဲရှိ လူများက သနားဂရုဏာသက်ကြလေသည်။ ထို့အပြင် ယခင်ထက်ပင် လှလာသော အေးရွှေလေးအား လာရောက် ကမ်းလှမ်းကြသော ကာလသားများပင်ရှိလာလေ၏။ သို့သော်လည်း မိမိ၏သားလေး ငယ်လွန်းသည်က တစ်ကြောင်း ထို့အပြင် လင်သေသည်မှမကြာ သေး နောက်တစ်လင် ထပ်ပြောင်းယူသည့် မိန်းမ အဖြစ်သို့ မရောက်လိုသောကြောင့် အတန်တန် ငြင်းလွှတ်ခဲ့ရသူများပင် မနည်းရှိလာလေ၏။ ထိုသို့နေလာရင်းက ပင် သားလေးမောင်လှဆောင်မှာ တစ်နှစ်ခွဲအရွယ်ခန့်သို့ ရောက်မှန်းမသိရောက်လာခဲ့လေပါတော့၏။
“အေးရွှေရယ် … ညည်းအသက်က ကြီးသေးတာလည်း မဟုတ်ဘူး … ကလေး တစ်ဖက် ဈေးတစ်ဖက် နဲ့ ညည်းကြည့်ရတာ ပင်ပန်းပါတယ်အေ … အားကိုးလေး ဘာလေးရှာစမ်းပါဟဲ့ … ရပ်ကွက်ထဲမှာလည်း ညည်းကို ရရင် လိုချင်တဲ့လူတွေ ပေါပါဘိသနဲ့ ”
“အို … အမ နန်း ကလည်း … အိမ်ထောင် တစ်မှုပြုတယ်ဆိုတာ လွယ်ကူတဲ့ … အလုပ်မှမဟုတ်ဘဲ … နောက်ပြီး အေးရွှေ က ကိုယ့် အားကိုယ် ကိုး နိုင်နေပါပြီတော် … ”
“အေ့လေ … ကျုပ်က အပျိုကြီးဆိုတော့ ညည်းပြောသမျှ ခံရမပေါ့ … ဒါပေမယ့်အေ … လင် မရှိတဲ့ မယားက … ဘယ်တင့်တယ် ပေလိမ့်မလဲ … ”
“အပူမရှာချင်စမ်းပါဘူး … အမ နန်းရယ် ”
ဒေါ်နန်းရွှေကြည်ကြီးမှာ အေးရွှေလေးအား နှမ အရင်းလေး တစ်ယောက်ကဲ့သို့ချစ်ရှာ၍ သတိပေးနေခြင်းဖြစ်လေသည်။ အေးရွှေမှာလည်း ထိုနည်း လည်းကောင်းပင် ဒေါ်နန်းရွှေကြည်အား အမ အရင်းသဖွယ် ပြန်လည် မေတ္တာထားလေ၏။ သို့သော် ဒေါ်နန်းရွှေကြည်ကား အေးရွှေလေး ကောင်းစားစေရန် အလို့ဌာ ရည်ရွယ်ပြီး နောက်ထပ် တစ်အိုးတစ်အိမ်ထူထောင် ဖို့ကို အတန်တန် လောဆော်ပြန်သည်။ မည်မျှပင် ခိုင်ခန့်သော ကျောက်ဆောင် ဖြစ်လင့်ကစား လှိုင်းတံပိုး၏ မကြာမကြာ ရိုက်ခတ်မှု ဒဏ်ကို ခံရပါက ပြိုပျက်စမြဲပင် ။ ထိုနည်းအတူ ပင်။
“ဒါနဲ့လေ … အေးရွှေ …. တို့ရပ်ကွက် တောင်ပိုင်းက သစ်စက်သူဌေးလေး …. စိန်သောင်းကော ညည်းဘယ်လို သဘောရလဲ … ကောင်လေးက ညည်းနဲ့ မတိမ်းမယိမ်းဘဲ … ဖော်ဖော်ရွေရွေ ရည်ရည် မွန်မွန်လည်း ရှိပါဘိသနဲ့ … တစ်နေ့ကပဲ ငါ့လာမေးတယ် … အေးရွှေလေး ဖက်က လက်ခံရင် မိသားဖသားပီပီ လာရောက်တောင်းရမ်းယူပါမယ်တဲ့ … ညည်းစဉ်းစားနော် … အခွင့်ရေးဆိုတာ နှစ်ခါ ရရိုးထုံးစံမရှိဘူး … ညည်းသားလေး ကိုချစ်တယ် မို့လား …. သူ့နောင်ရေးအတွက်လည်း ကြည့်စမ်းပါအေ ”
သားလေး အကြောင်းပါလာတော့ အေးရွှေ ခေတ္တမျှငြိမ်သက်သွားရတော့သည်။ အမှန်ပင် သူမဈေးရောင်းပြီး ရှာကျွေးနေနိုင်သည်ကား ဘယ်အချိန်ထိလဲ ဘယ်အတိုင်း အတာ အထိလဲ။ အမနန်း အကြံပေးသည်ကား ဟုတ်လေစွ ။ သားလေး ရှေ့ရေးအတွက် ငါကြံရပေအုံးမည် ကိုစိန်သောင်းမှာလည်း မိမိ အပျိုဘ၀တည်းက ပိုးပန်းခဲ့သောသူပင် မဟုတ်ပါလား ၎င်း၏ စိတ်နေသဘောကို မိမိလည်း ကောင်းစွာနားလည်သည်ပဲ ဟူ၍ စိတ်ထဲ၌ တွေးတောနေမိလေ၏။
“ဟဲ့အေးရွှေ … ပြောနေတာ ကြားရဲ့လား ”
“ကြား … ကြားပါတယ် … အမနန်းရယ် … အေးရွှေ စဉ်းစားချင်ပါသေးတယ် ”
“စဉ်းစားချင်သပဆိုလည်း … စဉ်းစားပေါ့အေ … အချိန်ဆွဲတာတော့ မဖြစ်စေနဲ့ … ငါမလည်း ညည်းကောင်းစားစေချင်လို့ပါ အေးရွှေရယ် ”
“ကျွန်မ … နားလည်းပါတယ် အမနန်းရယ် ”
ဤသို့ဖြင့်ပင် အေးရွှေလေးအတွက် စဉ်းစားစရာ ဖြစ်လာခဲ့ရတော့သည်။ သားလေး မောင်လှဆောင်မှာလည်း ငယ်လွန်းလှသေးသလို ၎င်း၏ရှေ့ရေးကလည်း ဝေဝေဝါးဝါး မြူနှင်းထဲ လမ်းလျှောက်နေရသော ကလေးငယ် သဖွယ် ဖြစ်လို့နေရသည်မဟုတ်ပါလား ။ သူမအတွက် အမှန်တကယ် အားကိုလိုနေသည်ကိုလည်း သူမ သိပေသည်။ ထို့ကြောင့်ပင် ……
++++++++++++
“ဟုတ်ကဲ့ ခင်မျ … ကျုပ်ကလည်း ဒီရပ်ဒီရွာထဲက အုပ်ချုပ်ရေးမှူး လူကြီးဖြစ်လင့်ကစား … ဟောဒီက လူလေး မောင်စိန်သောင်း နဲ့ ဟောဒီက သမီးလေး အေးရွှေ တို့အတွက် မင်္ဂလာပွဲဖြစ်မြောက်စေလိုကြောင်း လာရောက်ကျောင်းလမ်းခြင်းဖြစ်ပါတယ် ”
အေးရွှေ ၏ ပျဉ်ခင်းကြမ်းလေးပေါ်တွင် လူအတော်များများစုံစုံလင်လင် ရှိလို့နေကြသည်။ သစ်စက်သူဌေးလေး ကိုစိန်သောင်း ရပ်ကွက်လူကြီး ဦးမြသာ ဒေါ်နန်းရွှေကြည် နှင့်တကွ အေးရွှေတို့ပင်။ ဒေါ်နန်းရွှေကြည်ကြီးမှာတော့ အေးရွှေလေးအတွက် တွေးကာ ပီတိပြုံးတွေက သူမ၏ မျက်နှာကို ဖုံးလွှမ်းလို့နေလေ၏။
“ဟောဒီက … သမီးလေး … အေးရွှေ သဘောကိုလည်း သိရပြီ မို့ အခုလို လာရောက်တောင်းရမ်းခြင်းလည်းဖြစ်ပါတယ် ..”
“ဟုတ်ပါတယ်ရှင် … ကျုပ်ညီမလေးက … မိန်းမကောင်းလေးပါ … ယခု ကိစ္စမှာတောင် အတန်တန် နားချယူထားရပါတယ် … နောက်ပြီး မယား၀တ္တရားတွေလည်း ကျေပွန်သူလေး တစ်ယောက်ပါ ”
မောင်စိန်သောင်းမှာတော့ အေးရွှေလေးအား တစ်စိမ့်စိမ့်ကြည့်ကာ မှိုရသော မျက်နှာနှင့် ပြုံးလို့ပျော်လို့ ။ အေးရွှေလေးမှာတော့ မျက်လွှာကို အောက်ချလို့ထားလေသည်။ ဒေါ်နန်းရွှေကြည်ကြီးမှာလည်း အေးရွှေ၏ ကောင်းကြောင်း တော်ကြောင်းများကို တဖွဖွ ချီးမွမ်းခန်းဖွင့်လို့နေပါတော့၏။
“ကိုင်း … ဒါဖြင့်လည်း ကျုပ်တို့ မင်္ဂလာရက်သတ်မှတ်လိုက်ကြရအောင်လားဗျာ …”
ထိုအခါ ကိုစိန်သောင်းက
“အေးရွှေ … သဘောကရော ”
“မောင်စိန်သောင်းတို့ … သင့်သလိုစီမံကြပါကွယ် … သျှောင်နောက်ဆံထုံးပါဆိုသလို …. မောင် တို့စီမံတဲ့ အတိုင်း အေးရွှေက လိုက်ရမှာပါ … မဟုတ်ဘူးလား အေးရွှေ ”
အေးရွှေပင် ဘာမှမပြောရ ။ ဒေါ်နန်းရွှေကြည်က ပိတ်သိမ်းပြောလိုက်လေတော့သည်။ ဤသို့ဖြင့်ပင် သတို့သားလောင်း နှင့် ရပ်ကွက်လူကြီးတို့ ခေါင်းချင်းဆိုင်ကာ
“ကဲဗျာ … ကနေ့က အင်္ဂါနေ့ဆိုတော့ … လာမယ့် တနင်္ဂနွေနေ့ကို … မင်္ဂလာရက်သတ်မှတ်လိုက်မယ် … ကြိုတင်ပြင်ဆင်ချိန်လေးရတာပေါ့ဗျာ … မကောင်းပေဘူးလား ”
“ကောင်းပါ့ရှင် … ကောင်းပါ့ ကောင်းပါ့ ”
ထိုစဉ်
“ဒုန်း ………”
“ဟဲ့ … အမလေး …ဗုဒ္ဓေါ ”
“ဟာ ”
အိမ်ခေါင်မိုးအား တစ်စုံတစ်ယောက်က ခဲလုံးဖြင့် ပစ်လိုက်သလို ဒုန်းကနဲ အသံကျယ်ကြီး မြည်လို့သွားလေ၏။ ထို့ကြောင့်လည်း အိမ်ထဲက လူများ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ အတန်ကြာအောင်ငြိမ်သက်နေမိကြတော့သည်။ ရုတ်တရက်ဆိုသလို ဒေါ်နန်းရွှေကြည်ကြီးလည်း မျက်နှာပျက်လို့သွားလေ၏။
“ဘာသံကြီးလဲဗျ ”
“သင်္ဘောသီး ကြွေကျတာ နေမှာပါ … ရပ်ကွက်လူကြီးရယ် … လုပ်စရာရှိတာသာဆက်လုပ်ကြပါ … ”
ကိုစိန်သောင်းမှာ ရပ်ကွက်လူကြီးထံ ရေများများလောင်းထားသဖြင့် စောဒက မတက်တော့ဘဲ ကိစ္စဝိစ္စများကို မြန်မြန်လက်စသတ်ကာ အေးရွှေလေး အိမ်မှ ထွက်သွားကြလေတော့၏။ ထိုနေ့မှစကာ အရပ်ဗန်းစကားလော ကောလဟလ လော မသိရသည့် စကားတစ်လုံးထွက်ပေါ်လာလေတော့သည်။ ထိုစကားမှာ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က သေဆုံးသွားသည့် ကိုလှဆောင်လား ၎င်း၏ အိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် ငုပ်တုတ်ထိုင်လျက်သား တွေ့နေကြသည် ဟူသော စကားပင် ဖြစ်ပါလေတော့၏။ သို့တစ်ဖန် ကိုစိန်သောင်း နှင့် မအေးရွှေ မင်္ဂလာပွဲကျင်းပတော့မည် ဟူသော သတင်းသည်လည်း ရပ်ကွက်ထဲ၌ တမုဟုတ်ချင်း ပျံ့နှံ့လို့သွားခဲ့ပါတော့သည်။
“ဟိတ် … ကြားပြီးကြပြီလား … သစ်စက် သူဌေးလေး စိန်သောင်းက ဟိုမုဆိုးမလေး အေးရွှေကို ယူတော့ မတဲ့ ”
“ကျုပ်လည်း … ကြားပြီးပါပြီတော် … ကောင်လေးနှယ့် … ငယ်ကငယ် … ဥစ္စပေါ ရုပ်ချောပါဘိနဲ့ … ဘောက်မဲ့ကြောင့် ဒီမုဆိုးမလေးကိုမှ မေတ္တာ ရှိရသလဲ မတွေးတတ်ပေါင်အေ ”
“အဲ့ဒါက အရေးမကြီးဘူး … အခုတလော သေသွားတဲ့ အေးရွှေရဲ့ လင်ကြီး ကိုလှဆောင်ကို သူတို့ အိမ်ရှေ့မှာ တွေ့တွေ့နေရသတဲ့ ”
“ဟယ် … ဟုတ်သလား ”
“အဟုတ်ပဲ တော်ရေ … တနေ့ကတောင် … မြဒင်တို့ အဖွဲ့ အရက်မူးပြီးပြန်လာတာ… ကိုလှဆောင်ကြီးက ဆေးလိပ်မီးတစ်တို့ တောင်းလွှတ်လိုက်လို့ အခု ဖျားနေကြလေရဲ့ ”
“အမလေး … ကြောက်စရာကြီးပါလား… ကိုလှဆောင် ခမျာ သူ့မိန်းမ ကိုယ်၀န်နေ့စေ့လစေ့ကြီး ဆုံးသွားတော့ ကျွတ်ချင်မှကျွတ်မှာ … နောက်ပြီး အေးရွှေကိုလည်း တုန်နေအောင်ချစ်ရှာတာကိုး ”
“ဒါကြောင့် ပြောတာပေါ့အေ … အခုထွက်နေတဲ့ သတင်းသာ မှန်ရင် … သစ်စက်သူဌေးလေး အဖြစ်ကတော့ မတွေးဝံ့စရာပဲ ”
“သဗ္မေ သတ္တာ ကမ္မသက္ကာပေါ့အေ … သတ္တဝါတစ်ခု ကံတစ်ခုပဲ …”
ထိုစကားတွေကား ရပ်ကွက်ထဲ၌ အလုပ်မရှိ သန်းတုပ် အတင်းအုပ်သော မိန်းမများဆီမှ ထွက်လာခဲ့ခြင်းပင်။ ကိုစိန်သောင်း၏ နီးစပ်ရာ သူငယ်ချင်းများကလည်း အေးရွှေလေးနှင့် လက်ထပ်မည့် အရေး နောက်ဆုတ်ကြရန် တိုက်တွန်းကြပြန်သည်။ သို့သော် အေးရွှေ အပျိုဘ၀တည်းက သဘောကျလာသည့် စိန်သောင်းမှာတော့ ထိုကန့်ကွက်လာသည်များကို ပြင်းပြင်းထန်ထန် ငြင်းဆန်ရင်းက မိုက်တွင်းဆက်နက်ခဲ့လိုက်ပါတော့၏။ သိပ်မကြာလိုက်ပေ ။ စိန်သောင်းတစ်ယောက် အေးရွှေနှင့် မင်္ဂလာ မဆောင်မီ နှစ်ရက် အလိုမှာပဲ ခွဲဝိုင်းထဲက သစ်ပုံပြိုကာ ပွဲချင်းပြီး သေဆုံးသွားသည်ဟူသော သတင်းကား ဟိုးလေးတကျော် ဖြစ်လို့သွားပါလေတော့၏။
++++++++++
“ကျုပ်မပြောဘူးလား … ခုကြည့် စိန်သောင်းကတော့ ပွဲချင်းပြီးပဲ ”
“ဟုတ်ကွာ … သူ့ခမျာ … မင်္ဂလာကနေ … အမင်္ဂလာ ဖြစ်သွားရှာပြီ ”
“သေပုံသေခင်းက … ဒီတိုင်း ကြားရင်သာ ရိုးတာ အကြောင်းစုံသိတဲ့ လူက မရိုးဘူး ရောင်းရင်းရ”
“ဘယ်လိုတွေ မရိုးတာတုံး”
“ဖြစ်ပုံက … ဒီလိုဗျ ”
ထိုကိစ္စကား စိန်သောင်းတစ်ယောက် အေးရွှေအား သွားရောက်ကျောင်းလမ်းပြီး ဒုတိယ မြောက်နေ့တွင် စတင်ခဲ့လေတော့သည်။
“လှဆောင် …. မလာနဲ့ … မလာနဲ့ … မင်းနဲ့ ငါတို့ နဲ့က ဘာမှ မဆိုင်ဘူး … သွားသွား ”
“ဟား … ဟား … ဟား …. ဘာလို့ မဆိုင်ရမလဲ … စိန်သောင်းရ … မင်းက ငါ့မယား နုနုထွတ်ထွတ် လေးကို အပိုင်စီးဖို့ ကြံနေတာ … ငါ့နဲ့ မဆိုင်ဘဲ ရှိမလား ”
“ဟာ … မင်း … မင်း … မင်းက သေသွားပြီလေ … မင်းက လူမဟုတ်ဘူး … မင်းက မိစ္ဆာပဲ ”
“အေ … ငါက မိစ္ဆာပဲ … ငါသေသွားတာ မှန်ပေမယ့် ငါအေးရွှေ အနားမှာရှိတယ် … ငါရှိနေသရွေ့ မင်းတို့ အေးရွှေအနား တောင်ကပ်ဖို့ မစဉ်းစားနဲ့ …ရှေ့ဆက်တိုးရင်တော့ … ငါ့အဆိုးမဆိုနဲ့ပေါ့ စိန်သောင်းရာ …. ဟား ဟားဟား ဟားဟား ”
လှိုဏ်သံပေါက်နေသော ကိုလှဆောင်၏ အသံကြီးကား အမှောင်ထု နှင့် ရောထွေးပျောက်ကွယ်သွားလေတော့သည်။
“လှဆောင် …. လှဆောင် ”
ကိုစိန်သောင်း အိပ်မက်ဆိုးတွေ ခြောက်လှန့်နေချေပြီ။ တစ်ကိုယ်လုံးဇော ချွေးများဖြင့် နစ်ကာ လူပင် အသက်ရှုရသည်မှာ ပင်ပန်းလို့နေလေ၏။ ထို့ကြောင့်လည်း အိပ်ယာထက်မှ ထကာ ရေတစ်ခွက်သောက်ပြီး အ၀တ်များကို လဲလိုက်တော့သည်။ နာရီကို ကြည့်လိုက်တော့ ညသန်းခေါင်ပင် ကျော်လို့နေချေပြီ။
“အူဝူး ….. ဝူး …”
ညခွေး၏ ရုတ်တရက်ဆွဲဆွဲငင်ငင်အူလိုက်သော အသံကြီးကား ကျောချမ်းဖွယ် အတိ။ ဤသို့ဖြင့်ပင် ကိုစိန်သောင်း တစ်ယောက် ညစဉ်ညတိုင်း ကိုလှဆောင်၏ အိပ်မက်ထဲမှ ခြောက်လှန့်ခြင်းကို ရက်ဆက်ခံစားရရှာလေသည်။ သို့သော်လည်း မိမိမှာ ရှင်လူ လှဆောင်မှာသေလူဟုသဘောထားကာ မိမိ၏ လုပ်စရာရှိသည်များကို လက်မလျော့ဘဲ ဆက်တိုးလုပ်မြဲလုပ်လေတော့သည်။
သောကြာနေ့ည ကိုးနာရီ
“ဝူး …. ဂျုတ် … ဂျုတ် ဂျုတ် ဂျုတ် ”
“ဗျင်း … ဗျင်း …. ဗျင်း ”
“ဟာ …..”
သစ်ခွဲဝိုင်းထဲမှ ရုတ်တရက် ခွဲစက်ကြီး လည်ပတ်နေသော အသံကို စိန်သောင်း စာအုပ်ဖတ်နေရင်းမှ ကြားလိုက်ရတော့သည်။ ထိုခြံကြီးတစ်ခုလုံး အလုပ်သမားများ ပြန်သွားသည့် အချိန်မှစကာ စိန်သောင်းတစ်ယောက်တည်းသာရှိလေ၏။ ယခု လူသူမရှိဘဲ ခွဲစက်ကြီး သူ့အလိုအလျောက်လည်ပတ်လာသောကြောင့် စိန်သောင်း ခေါင်းနပန်းကြီးသွားလေတော့သည်။ ထို့အပြင် ၎င်းစာဖတ်နေရာ ပြတင်းပေါက်မှ တစ်ဆင့်ကြည့်လျင် ခွဲစက်ကို အတိုင်းသား မြင်ရလေ၏။ ထို့ကြောင့်လည်း စိန်သောင်းတစ်ယောက် ပြတင်းပေါက်ကို ဖွင့်ကာ ကြည့်လိုက်တော့
“ဟာ …… ”
ခွဲဝိုင်းထဲက လေးပေ ဆယ့်နှစ်ပေခန့် ရှိသော သစ်လုံးကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်ပြနေသော ကိုလှဆောင် အားတွေ့လိုက်ရလေတော့၏။ တစ်ချက်တစ်ချက် ဆေးလိပ်ကိုရှိုက်လိုက်တိုင်း ရဲခနဲ ပေါ်သွားသော ကိုလှဆောင်၏ မျက်နှာကြီးကား ကျောချမ်းဖွယ် ကောင်းလှပေသည်။
“တောက် … ခွေးမသား … ရာရာစစကွာ ”
ကိုစိန်သောင်းလည်း အစတည်းက အကြောက် အလှန့်နည်းသူ ပီပီ အိမ်နံရံတွင် ထိုးထားသော ငှက်ကြီးတောင် ဓားကို ဆွဲကာ အိမ်ပေါ်က ပြေးဆင်းသွားလိုက်တော့သည်။ ခွဲဝိုင်းထဲရောက်တော့ စောစောက ကိုလှဆောင်ကြီး ရှိမနေတော့ပါ ။ သို့သော် ခွဲစက်ကြီးမှာတော့ တစ်ဗြုန်းဗြုန်း နှင့်လည်ပတ်နေလေ၏။ ထို့ကြောင့် ခလုတ်ကို သွားပိတ်ရန် လိုအပ်ပေသည်။ ညနေကမှ ခွဲပေးရန် လာပို့သွားသော သစ်ပုံကြီး၏ နောက်တွင် စက်ခလုတ်က ရောက်နေလေ၏။ ကိုစိန်သောင်းလည်း သတိကြီးကြီးထားက လက်တစ်ကမ်းအကွာတွင် ရှိသော ခလုတ်ကို ပိတ်ရန် အတွက် လက်လှမ်းလိုက်လေတော့သည်။
“ဘုတ် ….”
“ဟာ …. ”
ဘယ်ကမှန်းမသိသော လက်မည်းကြီးတစ်ဖက်က ၎င်း၏ ခြေထောက်ကိုမြဲမြံစွာဆွဲထားလိုက်တော့သည်။ ကိုစိန်သောင်းလည်း ကြောက်အားလှန့်အားဖြင့် အတင်းရုန်းလေတော့ ထပ်ထားသော သစ်ပုံကြီးမှာ ဟန်ပျက်သွားပြီး ၎င်းအပေါ်သို့ ရက်ရက်စက်စက် ပြုတ်ကျသွားခဲ့ပါတော့၏။
“အား ………”
ညကြီး အချိန်မတော် ခွဲစက်ထဲက လူတစ်ယောက်၏ ကြောက်မက်ဖွယ် အော်သံကြီးက ည၏ တိတ်ဆိတ်ခြင်းကို ထိုးခွဲလို့သွားပါလေတော့၏။
++++++++++
“ကြောက်စရာကြီးပါလားဗျ … ဒါဆို ကိုစိန်သောင်းကို သရဲ လှဆောင်က သတ်သပေါ့ ဟုတ်လား”
“အေး … အဲ့သလိုပဲ ဆိုရမှာပေါ့ကွာ … ကိုင်း ငါလည်း သွားစရာရှိသေးလို့ သွားအုံးမယ် ”
“ကောင်းပါပြီဗျာ … ကောင်းပါပြီ ”
ကျန်ခဲ့သော ထိုလူမှာတော့ သရဲလှဆောင် အကြောင်းတွေးကာ တဗျင်းဗျင်းထလာသော ၎င်း၏ ကြက်သီးများကို လက်ဖြင့် ပွတ်သပ်နေလိုက်ပါတော့သတည်း …။
ကိုစိန်သောင်း သေဆုံးခြင်းကား သွေးရိုးသားရိုး မဟုတ်ကြောင်းကို မြို့ထဲ ရပ်ကွက်ထဲက လူတိုင်းသိသည်။ သို့သော်လည်း မည်သူမျှတော့ ထိုကိစ္စကို အရေးတယူလုပ်ကာ ပုံကြီးမချဲ့ခဲ့ကြပေ။ သို့သော် အေးရွှေ၏ အိမ်ရှေ့၌ ညစဉ်ညတိုင်း လူတစ်ယောက် တောင်မြောက် လျှောက်နေသည်ဟူသော သတင်း ကွပ်ပျစ်ပေါ်ထိုင်ကာ ဆေးလိပ်မီးကြီးကို ရဲနေအောင်ဖွာနေသည်ဟူသော သတင်းမှာတော့ အိပ်ရာ ၀င်တစ္ဆေပုံပြင် သဖွယ်ဖြစ်လို့လာခဲ့ပါတော့၏။ တစ်ချို့စပ်စုလိုသော လူငယ်လေးများက မအေးရွှေအိမ်ရှေ့တွင် ညတိုင်းရှိနေတတ်သော လူကြီးကို လာလာချောင်းတတ်ကြသည်။ တွေ့တဲ့ အခါလည်း တွေ့သလို မတွေ့တဲ့အခါလည်း မတွေ့ကြပေ။ သို့သော် ထူးဆန်းသည်ကား ထိုလူကြီးမှာ မနက်မိုးလင်းခါနီးပါက အိမ်ထဲသို့၀င်ရောက်ပျောက်ကွယ် သွားတတ်သည် ဟူ၍ပင်ဖြစ်ပါလေတော့၏။
ကိုစိန်သောင်းဆုံးပြီး သုံးလ အကြာမှာတော့ ထိုမြို့ကလေးသို့ ရုံးစာရေးလေး လှဖေ ရောက်လာခဲ့ပြန်သည်။ ထိုစာရေးလေး တာ၀န်ကျရာ ရုံးမှာ အေးရွှေလေးတို့အိမ်နှင့် မနီးမဝေးတွင်ရှိလေ၏။ ထို့ကြောင့်လည်း မနက်ခင်းတွင် ဟင်းရွက်ကန်စွန်းလေး ထွက်ထွက်ရောင်းသော အေးရွှေအား စာရေးလေး လှဖေ မြင်ပါများတော့ သဘောကျလာခဲ့တော့သည်။ တစ်ဖန် ကလေး တစ်ယောက် အမေ မုဆိုးမလည်းဖြစ်သလို ငယ်ငယ် ရွယ်ရွယ် နှင့် ကိုယ်ထူကိုယ်ထ ရှာစားနေသည်ကိုလည်း ဂရုဏာသက်ကာ ထိုဂရုဏာနောက်မှ မေတ္တာဆိုသော နှောင်ကြိုးကြီးက အထုံးဖွဲ့လာခဲ့တော့၏။ ခေတ်ပညာတတ် လူငယ်တစ်ယောက်ဖြစ်သော လှဖေကား အတိတ်ကို ဂရုမစိုက် ရှေ့ရေး ကောင်းစားကိုသာ လိုလားသူဖြစ်သည်။ သရဲတစ္ဆေ နာနာဘာ၀ ဆိုသည်ကိုကား ယုံကြည်ဖို့ရာဝေးစွ ။ ထို့ကြောင့်လည်း စာရေးလေး လှဖေ ခမျာ ဒုတိယ စိန်သောင်းဟူသော ဘွဲ့လေးကိုပါ ထပ်မံဆွတ်ခူးသွားခဲ့ပြန်တော့သည်။
ကိုလှဖေလည်း အားရင်အားသလို အေးရွှေလေးကို လူပျိုလှည့် ရစ်သီရစ်သီလုပ်တတ်လေ၏။ နယ်ခံ မြို့ခံများက ဝိုင်း၀န်းတားဆီးကြသော်လည်း စာရေးလေးလှဖေမှာ ခေါင်းမာမာ နှင့်ရှေ့ဆက်တိုးလေ၏။ ဒေါ်နန်းရွှေကြည်မှာတော့ ထုံးစံအတိုင်း အေးရွှေအား စာရေးလေးလှဖေ နှင့် ညှော်ဆီတိုက်ပြန်လေ၏။ ဤသို့ဖြင့်ပင် ကိုလှဖေ မှာ အေးရွှေ၏ အိမ်သို့ တံခါးမရှိ ဓားမရှိ ၀င်ခွင့်ထွက်ခွင့်ကို တရားဝင်ရလာလေတော့၏။ အေးရွှေ၏ သားလေး လှဆောင်ကလည်း ကိုလှဖေအား ခင်ရှာလေသည်။ ကိုလှဖေကား တခြားမြို့ကြီးသို့ ခေတ္တသွားတိုင်း အေးရွှေအဖို့ သားလေး အဖို့ ဟူ၍ လက်ဆောင်များ ၀ယ်၀ယ်ပေးလာတတ်သည်။ အစပိုင်းတွင် အေးရွှေက မယူဘူး မကောင်းပါဘူး ဟူ၍ အတန်တန်ငြင်းရသော်လည်း နောက်ပိုင်းတွင်တော့ မငြင်းနိုင်ရှာတော့ပေ။ သူတို့၏ ရင်းနှီးမှုကလည်း တစ်ဆထက်တစ်ဆ ခိုင်ခိုင်မာလာခဲ့တော့၏။
ထို့အပြင်ထူးဆန်းသည်ကား အေးရွှေ၏ အိမ်မှ ညစဉ်လိုလို ငိုညည်းသံကြီးများ ညည်းတွား တောက်ခတ်သံများကို အနီးအပါးမျှ လူများကြားလာရခြင်းပင်။ အေးရွှေ နှင့် သားလေး မောင်လှဆောင်မှာတော့ ဘာမျှလည်း မကြားရသလို ဘာမျှလည်း မသိခဲ့ရပေ။
“ဟင် … ကိုလှဖေ ပါလား … လာထိုင်လေ ”
“ဟုတ်တယ် အေးရွှေ ရဲ့ … ဒါနဲ့ ကနေ့ ဈေးမထွက်ဘူးလား ”
“ဥပုဒ် နေ့ဆိုတော့ … နားတယ် ကိုလှဖေ … ခနနေမှ သားလေးနဲ့ … ဘုန်းကြီးကျောင်းသွား သီလ ယူမို့ … ”
“အကို ကော လိုက်လို့ရလား ”
အေးရွှေ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ
“ရတာတော့ … ရပါတယ် … ဒါပေမယ့် ပတ်၀န်းကျင်က ကိုလှဖေ နဲ့ အေးရွှေကို တစ်မျိုးထင်သွားရင် မကောင်းဘူး … ”
“အို … ပတ်၀န်းကျင်ကို ဂရုစိုက်မနေပါနဲ့ … အကိုက ဟောဒီက အေးရွှေ နဲ့ သားလေးကို တကယ် သံယောဇဉ်ရှိတာပါ ”
“မသင့်တော်ပါဘူး … အကိုလှဖေရယ် … အေးရွှေက ကလေးတစ်ယောက် အမေ မုဆိုးမ … ကိုလှဖေက လူပျို ပညာတတ် မအပ်စပ်ပါဘူးရှင် ”
“ဂုဏ်တွေ ပကာသန တွေက အချစ်နဲ့တွေ့ရင် ရှုံးရတာချည်းပါပဲ အေးရွှေရယ် … မေတ္တာတရားကသာ လောကကြီးမှာ အရေးအပါဆုံးအရာပါ ”
“ဒါတွေထားပါတော့ ကိုလှဖေရယ် … သားလေးကို သနပ်ခါးလိမ်းပေးရအုံးမယ် … အမနန်းလည်း ပါမှာဆိုတော့ ကိုလှဖေ လိုက်ချင်သပ ဆိုလည်း လိုက်ခဲ့လို့ရပါတယ် ”
ထိုအခါ ကိုလှဖေက
“အလကား နောက်တာပါ အေးရွှေရယ် … အကို ခုပဲ လားရှိုးသွားရမယ်… အထက်က ကြေးနန်းရောက်လာလို့ … ညနေကျပြန်ရောက်မယ် … အေးရွှေလေး တို့ လိုတာရှိရင် အကို့ကို မှာလိုက်လေ ”
“အို … မဟုတ်တာ ကိုလှဖေရယ် … သွားစရာရှိတာသာ သွားပါ … ဘာမှ နောက်ဆံတင်းမနေပါနဲ့ ဘယ်သူနဲ့ သွားမာလဲ ကိုလှဖေ”
“အော်… ပြာတာ ထွန်းအုံ နဲ့ပါ ကိုင်း … ဒါဖြင့်လည်း အကို့ကို ခွင့်ပြုအုံး ”
“ဟုတ်ကဲ့ပါ ရှင် ”
ကိုလှဖေလည်း အေးရွှေအား နှုတ်ဆက်ကာထွက်သွားလိုက်တော့သည်။ အေးရွှေမှာတော့ ထွက်သွားသော ကိုလှဖေ၏ ကျောပြင်ကို ငေးမောကာ သက်ပြင်း ကိုသာ အကြိမ်ကြိမ်ချနေမိတော့သည်။ ကိုစိန်သောင်းလို အဖြစ်မျိုး မကြုံရပါစေ နဲ့ဟူ၍လည်း စိတ်ထဲ၌ ဆန္ဒပြုနေမိ၏။ သူမ၏ အနောက်ဖက် ကွပ်ပျစ်ပေါ်တွင်တော့ မိန့်မိန့်ကြီးထိုင်ကာ ဆေးပေါ့လိပ်ကြီးကို တရှဲရှဲဖွာနေသည့် ကိုလှဆောင်ကိုတော့ မည်သူမျှ မတွေ့လိုက်ရသလို မည်သူမျှလည်း သတိမထားမိလိုက်ပေ။
++++++++++
ညနေစောင်းတော့ အေးရွှေလေး ဘယ်သူ့ကိုမျှော်မှန်းမသိ မျှော်နေမိသည်။ အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းညှိဆိုသလို ကိုလှဖေ၏ မေတ္တာလေး ရောင်ပြန်နေသည်ထင်။ အေးရွှေတစ်ယောက် ကိုလှဖေ အားမျှော်မှန်းမသိ မျှော်နေမိသည်။ သို့သော် ထိုနေ့ တစ်နေ့လုံး စာရေးလေး လှဖေ ပြန်မရောက်လာခဲ့ပေ။ အကယ်၍ ၎င်းပြန်ရောက်လာပါက သူမ ထံသို့ တိုက်ရိုက်လာမည်ကို ဘယ်ဗေဒင်မှ မေးစရာမလိုဘဲ အေးရွှေသိသည်။ ယခုတော့ စာရေးလေး လှဖေ ပြန်ရောက်မလာခဲ့ပါ ။ နောက်တစ်နေ့ မနက်မှသာ သတင်းလေး တစ်ခုပဲ ရောက်လို့လာခဲ့ပါတော့၏။
“စာရေးလေး နဲ့ သူ့တပည့် ပြာတာ ထွန်းအုံ တို့ဂျစ်ကား မြို့အ၀င်ချောက်ထဲကျလို့တဲ့ ”
ဟူ၍ပင်ဖြစ်လေပါတော့၏ ။ စာရေးလေးမှာ ထိုအက်ဆီးဒန့်ဖြင့်ပင် ပွဲချင်းပြီး သေဆုံးသွားသော်လည်း ပြာတာ ထွန်းအုံမှာတော့ အသက်မသေဘဲ ခြေနှစ်ချောင်းသာ တွင်တွင်ကျိုးသွားခဲ့တော့သည်။ ဆေးရုံရောက်လို့ ပြာတာ ထွန်းအုံ၏ အပြောအရ ကြားရသူအားလုံး အံ့အားသင့်ခဲ့ရလေတော့၏။
“ကျုပ်ဆရာ … ကျုပ်ဆရာက … ကားမောင်း အင်မတန်ကျွမ်းပါတယ်ဗျာ … လားရှိုးကနေ တလမ်းလုံး ရှောရှောလျူလျူပဲ မြို့အ၀င်ကျမှ ဆရာက ကားရှေ့မှာ လူတစ်ယောက် ရုတ်တရက်ထွက်လာတယ်ဆိုပြီး ချောက်ထဲကို ဆွဲချသွားတာ ”
“ဘုရား … ဘုရား ”
“ဘယ်က လူ ထွက်လာတာတုန်း ထွန်းအုံရ ”
“ကျုပ်ကတော့ ဘယ်သူမှ မမြင်ဘူးဗျ … ဆရာက သာ လူထွက်လာတယ်ဆိုပြီး ကားကို ဆွဲချပစ်လိုက်တာ … ကျုပ်ဆရာ ငယ်ငယ်ရွယ်ရွယ် နဲ့ကံဆိုးရှာပါတယ်ဗျာ … ကျုပ်အပေါ် အင်မတန်ကောင်းတဲ့လူဗျ … အီးဟီးဟီး ”
ပြာတာ ထွန်းအုံလည်း ပြောရင်းငိုလေ၏။ အကြောင်းသိနေသော လူများကတော့ ကိုလှဆောင် လက်ချက်မှန်းသဘောပေါက်ကြသည်။ သို့သော် ဖြစ်ပြီးသွားတဲ့ ကိစ္စအတွက်တော့ စိတ်မကောင်းရုံမှ အပ ……
+++++++++
ဤသို့ဖြင့်ပင် အေးရွှေလေးမှာလည်း မြို့ထဲ၌ ကျိန်စာသင့် သတို့သမီး တစ်ယောက်သဖွယ်ဖြစ်လာရတော့သည်။ ယခင်က ကမ်းလှမ်းသူများ မြောက်များစွာရှိလှသော်လည်း ယခုမှာတော့ အေးရွှေအနားသို့ မည်သည့် ယောကျာ်းသားမျှ မကပ်ရဲကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သရဲကိုလှဆောင် အားကြောက်လှန့်ကြ၍ဖြစ်လေ၏။ ဒေါ်နန်းရွှေကြည်လည်း ထပ်မံ၍ မတိုက်တွန်းလိုတော့ သလို အေးရွှေမှာလည်း အနာပေါ် အနာဆင့်ကာ ပူဆွေးသောက ရောက်ရရှာလေတော့၏။ သိပ်မကြာလိုက်ပေ စာရေးလေး ကိုလှဖေ ဆုံးပြီး သုံးလ အကြာတွင် ထူးထူးဆန်းဆန်း သတင်းတစ်ခု ထိုမြို့လေးအား လှုပ်ခတ်သွားစေတော့သည်။ ထိုအရာကား အခြားတော့ မဟုတ်
“အေးရွှေ ကိုယ်၀န်ရလာပြီ ”
ဟူသော သတင်းပင်ဖြစ်ပါလေတော့သတည်း။ သားလေး လှဆောင် အသက်နှစ်နှစ်ကျော် အရွယ် တွင် အေးရွှေတစ်ယောက် လင်ကောင်မပေါ်ဘဲ ကိုယ်၀န် ဆောင်လာရလေတော့သည်။
“အမလေး … ရမပေါ့ဟဲ့ … စာရေးလေးနဲ့ အဲ့လောက် ပလူးနေတာ …”
“အေးဟယ် … ယူတောင် မယူရသေးဘဲ … ကောင်မ ရွကိုရွတာပါအေ ”
“အခုတော့ ကြည့်လေ … တာ၀န်ယူမယ့် လူကသေတော့ ညည်းလည်း ခံပေအုံးတော့ ”
စသဖြင့် မခံနိုင်လောက်တဲ့ အထိ အတိုက်အခိုက် စကားလုံးများက အေးရွှေ၏ အသည်းကို ရက်ရက်စက်စက် လုံးခြေပစ်လိုက်သည့် အလား။ ထို့ကြောင့်လည်း သူမ အိမ်ထဲက အိမ်ပြင်ပင် မထွက်ရဲတော့ပေ ။ သူမ သီလကို သူမယုံသည်။ ကိုလှဖေ နှင့်လည်း အသားချင်းပင် မထိခဲ့ဖူးသလို ရုတ်တရက် လင်ကောင်မရှိဘဲ ရလာသော ထိုကိုယ်၀န်ကြောင့် သူမ ရှက်လည်းရှက်လွန်းလှသည်။ ထိုအချိန်တွင် သူမထံ၌ အဖော်ကား ဘေးအိမ်က ရှမ်းမကြီး ဒေါ်နန်းရွှေကြည် တစ်ယောက်သာ ရှိလေတော့သည်။
“အေးရွှေရေ … မြို့ထဲက အသံတွေတော့ ညည်းလည်း ကြားမိလောက်ရောပေါ့ … သူတို့ပြောတာတွေ ကော ဟုတ်ကဲ့လား ”
သားလေးမောင်လှဆောင်မှာတော့ အေးရွှေ၏ ရင်ခွင်ထဲတွင် မျက်လုံးလေး ပြူးကလယ်ပြူးကလယ် ဖြင့် မအေ တလှည့် ဒေါ်နန်းရွှေကြည်ကြီးအား တစ်လှည့် ကြည့်နေလေ၏။
“မဟုတ်ရပါဘူး … အမနန်းရယ် … ကျွန်မ နဲ့ ကိုလှဖေ အကြောင်းကို အမ နန်း အသိဆုံးပါ … အခု ဘယ်ကဘယ်လို ပေါ်လာမှန်းမသိ တဲ့ ကိုယ်၀န်ကြောင့် အေးရွှေ ရှက်လည်း ရှက် သေလည်းသေချင်နေပါပြီ ”
“အို … အဲ့လို စိတ်လိုက်မာန်ပါ လုပ်လို့ ဘယ်ဖြစ်မလဲ အေးရွှေရဲ့ … ညည်းကိုယ်၀န်ကြီးကလည်း သုံးလသာပြောတယ် … မွေးတော့ ဖွားတော့မယ့် အတိုင်းကြီးပဲ ”
မှန်ပေသည် အေးရွှေ၏ ကိုယ်၀န်သုံးလ သို့ရှိနေချေပြီ။ သို့သော် သာမန် ကိုယ်၀န်သည်များလို သုံးလ အထိ ဗိုက်မသိမသာလေး စူသည်မဟုတ်။ မွေးတော့ဖွားတော့မည့် ဗိုက်ကြီးလို အရှေ့သို့ တစ်ပေ သာသာ လောက်စူထွက်နေလေ၏။
“အေး … ငါလည်း ကြည့်နေတာကြာပြီ … ညည်းဟာက သွေးရိုးသားရိုးမှ ဟုတ်ကဲ့လားဟဲ့ …ရေဖျဉ်း တွေဘာတွေများဖြစ်နေတာလား ”
“ရေဖျဉ်းတော့ မဟုတ်ဘူး အမနန်း … လက်သည် အဒေါ်ကြီးစမ်းပေးတာတော့ … ဗိုက်ကြီးတာလို့ဆိုတာပဲ ”
“နေစမ်းပါအုံး … ဒါနဲ့ ညည်းဒီဗိုက်မရခင် ဘာတွေများ ထူးထူးဆန်းဆန်း လုပ်မိသေးသလဲ ”
ဒေါ်နန်းရွှေကြည်၏ အမေးကြောင့် အေးရွှေလည်း ခေတ္တမျှတွေဝေသွားလေတော့သည်။ ထို့နောက် တစ်စုံတစ်ရာကို စဉ်းစားသွားမိဟန်ဖြင့်
“ထူးထူးဆန်းဆန်းတော့ … မရှိပါဘူး … ဒါပေမယ့်”
အေးရွှေစကားစကို ခေတ္တဖြတ်ထားလိုက်လေသည်။
“ဟဲ့ … ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေ ”
“ဒါပေမယ့် … ကိုစိန်သောင်းဆုံးပြီး မကြာခင်မှာ ကိုလှဆောင်ကို အိပ်မက်မက်တယ် … အမနန်း”
“ဟေ … ဟုတ်လား … ဘယ်လိုတွေမက်တာလဲ ”
“ကျွန်မလည်း သိပ်မမှတ်မိဘူး … ကိုလှဆောင် ကျွန်မ ဘေးကို လာလာ အိပ်တယ် လို့ မက်တယ်ထင်တာပဲ ”
“အလို … ညည်းပြောတာ ဟုတ်ကဲ့လား ”
ဒေါ်နန်းရွှေကြည်လည်း အေးရွှေအား အံ့ဩလွန်းသဖြင့် မေးခွန်းထုတ်လိုက်မိတော့၏။ အေးရွှေက ခေါင်းကိုသာ ညိတ်ပြလေသည်။
“ဒါဆို … ဒါဆို မဖြစ်ဘူး …. အဲ့ဒါ ညည်းကိုယ်၀န်က လူနဲ့ ရတဲ့ ကိုယ်၀န်မဟုတ်ဘူးပဲ ”
“ရှင် … ဘယ်လို ”
“ဟုတ်တယ် … ငါ့အထင်ပြောရရင် … ညည်း လင် လှဆောင် ကြောင့်ရတဲ့ ကိုယ်၀န် တစ္ဆေ ကိုယ်၀န်ပဲဟဲ့ … မဖြစ်ဘူး မဖြစ်ဘူး … ငါ့အသိ အထက်လမ်း ဆရာကြီး ဦးသိန်းအောင် နဲ့တိုင်ပင်မှ ဖြစ်မယ် … မဟုတ်ရင် ညည်းပါ ဒုက္ခရောက်သွားနိုင်တယ် ”
ဒေါ်နန်းရွှေကြည် စကားပင် မဆုံးလိုက်
“ဒုန်း … အုန်း ”
အိမ်ကြီးမှာ မြေငလျင်လှုပ်သွားသည့် အလား အသံကျယ်ကြီးမြည်ကာ သိမ့်သိမ့်တုန်သွားလေတော့၏။ တစ်ချက်ဖြင့် မကသေး သုံးလေး ချက်ဆင့်ကာ ဆင့်ကာ ယိမ်းထိုးသွားသောကြောင့် အေးရွှေကော ဒေါ်နန်းရွှေကြည်ပါ မျက်နှာပျက်ကုန်ကြလေတော့သည်။ သားလေး မောင်လှဆောင်မှာ မျက်ရည်လေး လယ်တယ်လယ်တယ် ဖြင့် သူ့အမေ ရင်ခွင်ထဲ အတင်းတိုးပါလေတော့၏။
“ငါ့ ကလေးကို … ဘယ်သူမှ ဘာမှမလုပ်ရဘူး … လုပ်တဲ့လူ ငါသတ်မယ် … သတ်မယ် … ဟားဟားဟား ”
ဘယ်ကမှန်းမသိသော အသံဩကြီးက အိမ်ခန်းအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့၏။ ထိုအသံကို အေးရွှေကောင်းစွာသိသည်။ ထိုအသံကား ကိုလှဆောင်၏အသံ ကိုလှဆောင်၏ အသံ
“မေမေ … မေမေ … သားကြောက်တယ် ”
“မကြောက်နဲ့ … သား .. မေမေ ရှိတယ် … အမနန်းရေ ကယ်ပါအုံး ”
“အေအေ … ညည်းတို့ နေရစ်ကြအုံး … ငါဆရာကြီးကို သွားခေါ်မယ် ”
ဒေါ်နန်းရွှေကြည်လည်း ထိုသို့ပြောရင်း အိမ်ပေါ်က ဒုန်းစိုင်းပြေးထွက်သွားလေတော့၏။ အေးရွှေနှင့် သားလေး လှဆောင်မှာတော့ မျက်စိသူငယ် နားသူငယ် ဖြင့် အိမ်လေးအတွင်း ကျန်ခဲ့လေပါတော့၏။ သိပ်မကြာလိုက်ပေ ဒေါ်နန်းရွှေကြည် နှင့် အသက်ငါးဆယ်ကျော် ခြောက်ဆယ် ခန့်ရှိသော အဖိုးကြီး တစ်ယောက် အေးရွှေ၏ အိမ်သို့ရောက်လာလေတော့၏။ အိမ်ကလေးမှာ ပကတိငြိမ်သက် တိတ်ဆိတ်လျက်။ ထို အဖိုးကြီး အိမ်ထဲ ခြေချလိုက်သည် နှင့် တစ်ပြိုင်နက် အိမ်နောက်ဖေး ဖက်မှ ပန်းကန်ရိုက်ခွဲသံ ရေအိုးရိုက်ခွဲသံများ ဆူညံစွာထွကိပေါ်လာတော့သည်။
“ဖုန်း … ”
“ခွမ်း …”
“အုန်း ….”
သားလေး လှဆောင်မှာတော့ ကြောက်လွန်းလှသဖြင့် မျက်စိကော နားကော အားကုန်ပိတ်ထားလေသည်။ စောစောကအဖိုးကြီးလည်း ထိုအသံများကို နားစွင့်ကာ မျက်စိကို အသာမှိတ်ထားရင်း အာရုံခံနေလေတော့သည်
“အဘ … အထဲကို ကြွပါ … အထဲကိုကြွပါ”
ဒေါ်နန်းရွှေကြည်က ထိုအဖိုးကြီးအား ပျာပျာသလဲဖြင့် အိမ်ထဲကို ဖိတ်လေ၏။ ထိုအခါ အထက်လမ်းဆရာကြီး ဦးသိန်းအောင်လည်း အိမ်ထဲကို ဦးစွာ၀င်လေသည်။ ပြီးနောက် အိမ်အတွင်းမှ ဘုရားစင်အား ဦးသုံးကြိမ်ချကာ တင်ပလ္လင် ခွေကာ ထိုင်လိုက်တော့သည်။ ပြီးနောက် မျက်စိကို တစ်ဖန် ပြန်မှိတ်လိုက်ရင်း
“အိမ်း … နန်းရွှေကြည်ပြောတာ မှန်နေသကိုး … လှဆောင် … အခု ချက်ချင်း ငါ့ရှေ့ကို လာစမ်း …ငါဆရာ အမိန့် … ”
အထက်လမ်းဆရာကြီး ထိုသို့ပြောလိုက်သည် နှင့် တစ်ပြိုင်နက် အိမ်ပြတင်းပေါက်များ လေမတိုက်ဘဲ သူ့အလိုလို ပြင်းထန်စွာ ပိတ်သွားလေတော့၏။
“ဂျုန်း … ဂျုန်း … ဂျုန်း ”
“ငါ့ကို … အာခံချင်သလား … အိမ်ထဲမှာ မင်းရှိနေတာ ငါသိတယ် … အခုချက်ချင်းထွက်ခဲ့စမ်း … ငါသုံးကြိမ်သုံးခါ ခေါ်လို့မှ မင်းမရောက်ရင် … ငါအဆိုးမဆိုနဲ့ ဟေ့ ”
ဆရာကြီး၏ စကားသံဆုံးသည် နှင့်တစ်ပြိုင်နက် အရာခပ်သိမ်းတို့သည် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားလေတော့သည်။
“အီးဟီးဟီး … အင်းဟင်းဟင်း ”
ရုတ်တရက်ဆိုသလို ဒေါ်နန်းရွှေကြည်ကား တအီးအီး တအင်းအင်း ညည်းတွားကာ အကြောအချဉ်များ တွန့်လိမ်လာလေတော့သည်။
“အမနန်း ….”
အေးရွှေ စိုးရိမ်တစ်ကြီးဖြင့် ဒေါ်နန်းရွှေကြည်အား သွားထိမည် အပြု ဆရာကြီးက လက်ကို အသာကာပြလေ၏ ။
“ကိုင်း … ဆိုစမ်း … မောင်လှဆောင် … ဘာကြောင့် မင်းအခုလို … မိုက်လုံးကြီးတဲ့ အမှုတွေ ပြုနေရသလဲ ”
ထိုအခါ ဒေါ်နန်းရွှေကြည်မှာ ဆရာကြီးအား မျက်လုံးစိမ်းကြီးဖြင့် ကြည့်ရင်း အသံဩကြီးဖြင့်
“ငါ့မယားနဲ့ … ငါ့သားကို ချစ်လို့ ”
“တိတ်စမ်း … မင်းနဲ့ သူတို့နဲ့က ဘ၀ခြားသွားပြီ လှဆောင် … မင်းလွတ်ရာ ကျွတ်ရာကို သွား ”
“မသွားနိုင်ဘူး … ငါ့မိသားစု နားမှာပဲ နေမယ် ”
“တောက် … တော်တော်ပြောရခက်တဲ့ကောင် … ငါ့ဆေးကြိမ်လုံးစာ မိချင်သလား ”
ကိုလှဆောင် ၀င်စီးနေသော ဒေါ်နန်းရွှေကြည်ကြီး မှာ ဆရာကြီးအား ကိုက်တော့မည့် ခွေးရူးတစ်ကောင်လို မာန်ဖီပြနေလေ၏။ မယုံနိုင်စရာကောင်းလှသော ထိုအဖြစ်အပျက်ကို မြင်လိုက်ရသည် မို့ ဘေးကကြည့်နေသော အေးရွှေ မျက်ရည်များဝဲလာလေတော့သည်။
“အကိုလှဆောင် ….”
“အေးရွှေ ….”
“အကိုလှဆောင် … ဘာလို့ အခုလိုတွေလုပ်နေရတာလဲ ”
ထိုအခါ ကိုလှဆောင် တစ်ဖြစ်လဲ ဒေါ်နန်းရွှေကြည်ကြီးမှာ မျက်ရည်များဝဲလာလေတော့၏။
“အေးရွှေကို ချစ်လို့ပေါ့ … အကိုပြောခဲ့ဖူးတယ် မလား … အကို့ သားဦးလေးကိုလည်း အကိုမြင်ချင် လွန်းလို့ပါ … အေးရွှေရယ် ”
“အကိုလှဆောင် ရဲ့ အချစ်ကို နားလည်ပါတယ် … ဒါပေမယ့် အကိုလှဆောင် မှားနေပြီ အခု သားလေးလည်း အကိုကြောင့်ကြောက်နေရှာပြီ … အေးရွှေတို့ကို မသနားဘူးလား ”
“အကို … အကိုမှားသွားပါတယ် အေးရွှေ ”
ထိုအခါ ဆရာကြီးက
“ဟုတ်တယ် … မောင်လှဆောင် … မောင်ရင့် ရဲ့ အချစ်ကြောင့် ဖြစ်လာတဲ့ မိုက်ပြစ်တွေကို နောင်သံသရာထိ မသယ်သွားချင်ပါနဲ့ …. ဟောဒီက သမီးလေးလည်း မောင်ရင့် ကြောင့် ဒုက္ခပင်လယ် ဝေနေရှာပြီ … ”
“ကျုပ် … ကျုပ် မှားသွားပါတယ် … အဘရယ် … ကျုပ်ကို ခွင့်လွှတ်ပါ … ကျုပ်ကို ခွင့်လွှတ်ပါ … အကို့ကို ခွင့်လွှတ်ပါ အေးရွှေ ”
ကိုလှဆောင်လည်း အနည်းငယ် အမြင်မှန်ရလာကာ ငိုသံကြီးဖြင့် တောင်းပန်လေတော့သည်။
“ဟောဒီက သမီးလေးဆီမှာ မောင်ရင့်ကြောင့် ကိုယ်၀န်ဆောင်နေရပြီ … အဲ့ဒါကို ပါ တခါတည်း ပြန်နုတ်သွားပါ ”
“ကောင်း … ကောင်းပါပြီ အဘ … အေးရွှေ အကို့ကို သားလေး ပေးပါအုံး ”
အေးရွှေလည်း ၎င်းရင်ဘက်ထဲမှ သားလေးကို ကိုလှဆောင်ထံပေးလေ၏။ ကလေးမှာတော့ ကိုလှဆောင် ၀င်ပူးနေသော ဒေါ်နန်းရွှေကြည်ကြီးအား အကြောင်သား ငေးကြည့်နေလေတော့သည်။ ထိုအခါ ကိုလှဆောင်က ကလေး၏ နဖူးပြင်အား အားရပါးရ နမ်းရှုံ့ကာ အေးရွှေထံပြန်ပေးလိုက်သည်။
“အကိုသွားတော့မယ် … အေးရွှေ … အဘ ကျုပ် အတွက်ရည်စူးပြီး အမျှ အတန်းဝေ ကုသိုလ်ပြုပေးပါ … နောက်ပြီး အေးရွှေကို ရေမန်းတစ်ခွက်တိုက်လိုက်ရင် အခု ကိုယ်၀န်က သူ့အလိုလို ပျက်ကျသွားပါလိမ့်မယ် … ”
“အိမ်းကောင်းပြီ …. မောင်လှဆောင် … မောင်ရင့် ဆန္ဒအတိုင်းဖြစ်စေရမယ် ”
ဆရာကြီးလည်း ထိုသို့ပြောလိုက်တော့ ဒေါ်နန်းရွှေကြည်ကြီးမှာ ထိုင်လျက်သားမှနေ၍ အရုပ်ကြိုးပြတ် ပုံလျက်သား လဲကျသွားလေတော့သည်။ ဆရာကြီးလည်း ဘုရားစင်ပေါ်မှ ရေမန်းတစ်ခွက်ယူကာ မျက်နှာကိုတောက်လိုက်တော့
“ဟင် … အေးရွှေ … ငါ … ငါဘာဖြစ်သွားတာလဲ ”
အေးရွှေလည်း အကြောင်းကုန်စင်ပြောပြလိုက်တော့ ဒေါ်နန်းရွှေကြည်ကြီးမှာ သက်ပြင်းကို အကြိမ်ကြိမ်ချနေမိတော့သည်။
“တော်သေးတာပေါ့ဟယ် … မောင်လှဆောင်က နဂို စိတ်ရင်းစိတ်ခံလေးက ကောင်းနေလို့သာပေါ့”
“ကဲရော့ … သမီးလည်း ဟောဒီက ရေမန်းလေးကို ဘုရားတရားအာရုံပြုပြီးသောက်လိုက်ချေ ”
အေးရွှေလည်း ဆရာကြီးကမ်းပေးသော ရေမန်းခွက်လေးအား ဆရာကြီးပြောသည့်အတိုင်းသောက်လိုက်လေတော့သည်။
“ကိုင်း … အဘကို ခွင့်ပြုကြအုံးဟေ့ … မောင်လှဆောင်အတွက်သာ ကုသိုလ်ကောင်းမှုပြုပေးဖို့ မမေ့ကြနဲ့ ဟုတ်ပလား ”
“ဟုတ်ကဲ့ပါ … အဘ ”
အေးရွှေလည်း ဆရာကြီးအား လက်အုပ်ကလေး ချီကာ ပြန်ပြောလေ၏။ ဒေါ်နန်းရွှေကြည်ကြီးမှာတော့ ဆရာကြီးအား ခြံပေါက်၀ထိ လိုက်ပို့ပြီးနောက် အိမ်ထဲပြန်ဝင်လာခဲ့တော့သည်။ အေးရွှေ၏ အိပ်ခန်းလိုက်ကာ လေးမှာ လေတိုက်၍ ရုတ်တရက် လှုပ်သွားသည်မို့ ဒေါ်နန်းရွှေကြည်လည်း ထိုအခန်းထဲသို့ ၀င်မိမှန်းမသိ ၀င်မိသွားလေတော့၏။
“အမလေး …”
ကုတင်ပေါ်၌ သရဲ ကိုလှဆောင်ကြီးမှာ စတိုင်ကျကျ လဲလျောင်းနေသည်ကို တွေ့လိုက်ရလေတော့၏။ ဒေါ်နန်းရွှေကြည်လည်း ရုတ်တရက်လန့်ကာ အော်လိုက်သည်မို့ ကိုလှဆောင်မှာ ပြတင်းပေါက်မှ ကျော်ကာ ခုန်ပေါက်ပြေးထွက်သွားသည်ကို အတိုင်းသားမြင်လိုက်ရတော့သည်။ အချိန်ကား ညီကို မသိတသိ နွားရိုင်းသွင်းချိန် ။
++++++++++
ထိုညမှာပင် အေးရွှေတစ်ယောက် အလေးသွားရင်းမှ သွေးခဲများပါကာ ၎င်း၏ ကိုယ်၀န်မှာ မည်သို့မျှ မခံစားရဘဲ အပြီးတိုင် ပျက်ကျသွားလေ၏။ ၎င်း၏ တစ်ပေသာသာ စူထွက်နေသော ဗိုက်မှာလည်း အကောင်းပကတိပြန်လည်ဖြစ်လို့သွားချေပြီ။ နောက်နေ့မနက်မှ အေးရွှေ နှင့်အတူ ဒေါ်နန်းရွှေကြည်ပါ မြို့ဦးဘုန်းကြီးကျောင်းလေးတွေ ပရိအက္ခရာ ရှစ်ပါးကို ၀ယ်ယူပြီး ကိုလှဆောင်အတွက် ရည်စူး ကုသိုလ်ပြုပေးလိုက်ကြတော့သည်။
“ကွယ်လွန်သူ ကိုလှဆောင် နှင့်တကွ …. သုံးဆယ့် တစ်ဘုံတွင် ကျင်လည်နေကြကုန်သော …. ဝေနေယျာ သတ္တဝါ အားလုံးတို့အား …. အမျှ အမျှ အမျှ ပေးဝေပါကုန်၏ … အားလုံး အမျှရကြ၍ သာဓု အနုမောဿဒ် ခေါ်ဆိုနိုင်ကြပါစေ
အားလုံး …. ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု … သာဓု … သာဓု
အားလုံး …. ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု … သာဓု … သာဓု
အားလုံး …. ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု … သာဓု … သာဓု ”
ရေစက်ချ အမျှဝေသံလေးကား ဘုန်းကြီးကျောင်း ပရဝု အတွင်း ဆည်းလည်းသံလေးများနှင့် အတူသာယာစွာပျံ့လွှင့်လျက် ။ ကိုလှဆောင် တစ်ယောက် ကောင်းရာဘုံဘ၀ သို့ ရောက်ပါစေလို ကြောင်း ဆုမွန်ကောင်း တောင်းရင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။
++++++++++++
( စာကြွင်း / ထိုနေ့မှ စကာ အေးရွှေလေး၏ အိမ်ရှေ့၌ ညစဉ်ညတိုင်း လူတစ်ယောက် လမ်းလျှောက်နေပုံများ လူတစ်ယောက် ကွပ်ပျစ်ပေါ်ထိုင်ကာ ဆေးပေါ့လိပ်ကြီး ဖွာနေပုံများကို မည်သူမျှလည်း မတွေ့ကြရတော့သလို မည်သူမျှလည်း ထိုအကြောင်းကို မပြောကြတော့ပေ။ )
ဖြစ်ရပ်မှန်အား အခြေခံထားခြင်းဖြစ်သည်။ ၀တ္ထုသဘောအရ ကွန့်မြူးရေးသားထားခြင်းများ ပါရှိသည့် အတွက် ကာယကံရှင် များ အမှတ်မထင် ဖတ်ရှုမိပါက နားလည်သည်းခံပေးကြပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည် ။
ကျွန်ုပ်ရေးသားသော ( တစ္ဆေကိုယ်၀န် ) အမည်ရ ဇာတ်လမ်းတိုလေး ဤတွင်ပြီး၏။
စာဖတ်သူတို့အားအစဉ်လေးစားလျက်
စာရေးသူ =သူရေး “အားလေးစားလျက်
#crd
Zawgyi Version
“တေစၦ ကိုယ္၀န္”(စ/ဆုံး)
——————————–
အခ်ိန္ကာလ အားျဖင့္ေတာ့ ၁၉၇၀ ခု ေလာက္ကျဖစ္ေပလိမ့္မည္။ ေအးခ်မ္းလွေသာ ထိုၿမိဳ႕ေလးကလည္း စည္စည္ကားကားရွိလွသလို ေနခ်င့္စဖြယ္လည္းေကာင္းလွေပသည္။ သူ႔အလုပ္သူလုပ္ ကိုယ့္ အလုပ္ကိုယ္လုပ္ႏွင့္ ႀကိဳးႀကိဳးစားစားေနထိုင္စားေသာက္ၾကေသာ္လည္း တစ္ဦးႏွင့္တစ္ဦးက အၿမဲတေစ ကူညီ႐ိုင္းပင္းတတ္ၾကေလ၏။
“ဟာ … ကိုလွေဆာင္ … ထင္းခုတ္သြားေတာ့မလို႔လားဗ်”
“ဟုတ္တယ္ … ေသာင္းေဖေရ … မင္းေကာ ကေန႔ ဆိုင္သြားမေရာင္းဘူးလား ”
“ေရာင္းတယ္ဗ် … လိုတာေလး အိမ္ျပန္ယူမို႔ ခနထြက္လာတာ … ဒါနဲ႔ ခင္မ်ား ဒီတစ္ေလာ အလုပ္ေတြ နင္းကန္လုပ္ေနတယ္ေနာ္ … ဟဲဟဲ ”
ေသာင္းေဖကား တိုင္း႐ုံးေဈး ေလးထဲက အထည္ေရာင္းသူ တစ္ဦးလည္းျဖစ္ေလသည္။ ယခုမွာေတာ့ လိုအပ္ေသာ ပစၥည္းေလးမ်ားယူရန္ ဖီးဆင့္စက္ဘီးကို နင္းရင္း ျပန္လာရာမွ ကိုလွေဆာင္ ႏွင့္ေတြ႕ကာ စကားေျပာေနၾကျခင္းျဖစ္ေလ၏။
“ဟဲဟဲ … နင္းကန္လုပ္ဆို … ငါ့မိန္းမ ေအးေ႐ႊက ကိုယ္၀န္ ငါးလ ရွိေနၿပီကိုးကြ … ခုကတည္းက အလုပ္ကို ႀကိဳးစားထားမွ … ကေလးေမြးရင္ ေမြးစရိတ္ဖြားစရိတ္ေလး ရမွာေပါ့ကြ … မင္းတို႔ လူပ်ိဳေတြ မသိပါဘူးကြာ ”
“ေအးပါဗ်ာ … ေျပာထားအုံးေပါ့ … က်ဳပ္လည္း တေန႔ေတာ့ ခင္မ်ားလို … မယားေခ်ာေခ်ာေလး ရေအာင္က်ဳပ္ရွာျပမယ္ … ဟဲဟဲ ခုေတာ့သြားေတာ့မယ္ ကိုလွေဆာင္ေရ … က်ဳပ္ဆိုင္မွာ အမ်ိဳးသမီးဗိုက္ဖုံးအက်ႌ ခပ္ပြပြ ေတြရွိတယ္ေနာ္ … လိုရင္မေမ့နဲ႔အုံး ”
“မေမ့ပါဘူးကြာ … မေမ့ပါဘူး … ငါလည္း ေနမလင့္ခင္သြားလိုက္အုံးမယ္ ”
“ေကာင္းပါၿပီဗ်ာ … ေကာင္းပါၿပီ ”
ဤသို႔ျဖင့္ ကိုလွေဆာင္မွာ ေသာင္းေဖ အားေက်ာခိုင္းကာ ထြက္လာခဲ့လိုက္ေတာ့သည္။ ေသာင္းေဖ မွာေတာ့ ေက်ာေျပာင္ေျပာင္ ပုဆိုး တိုတို တြင္ ဓားမတို တစ္လက္ထိုးကာ ထြက္သြားေသာ ကိုလွေဆာင္အားၾကည့္ကာ ေခါင္းတၿငိမ့္ၿငိမ့္ ႏွင့္က်န္ခဲ့ေလေတာ့သည္။
ကိုလွေဆာင္မွာ အင္မတန္႐ိုးသားေသာ လူတစ္ေယာက္ျဖစ္ေလ၏ ။ သူ၏ ႐ိုးသားေသာ စာရိတၱ ကူညီ႐ိုင္းပင္းတတ္ေသာ အက်င့္စ႐ိုက္ေၾကာင့္လည္း အိမ္နီးနားခ်င္းမ်ားပါမက ရပ္ကြက္ထဲက လူမ်ားပါ ၎အားခင္မင္ ခ်စ္ခင္ၾက၏။ ကိုလွေဆာင္မွာ အသက္၃၀ ေက်ာ္ခန႔္သာရွိေသး၍ သန္မာထြားႀကိဳင္းေသာ ေယာက်ာ္းတစ္ေယာက္ျဖစ္ေလသည္။ အသားညိဳညိဳ အရပ္ျမင့္ျမင့္ ခႏၶာကိုယ္ေတာင့္ေတာင့္ တင္းတင္းလည္းရွိလွသလို ႐ုပ္ရည္မွာလည္း အဆိုးႀကီးေတာ့မဟုတ္။ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိေလ၏။ အသက္ႏွစ္ဆယ္ေက်ာ္ အ႐ြယ္တည္းက မိဘႏွစ္ပါး ေရွ႕ဆင့္ေနာက္ဆင့္ဆုံးပါးသြားကာ ထိုအခ်ိန္မွစ၍ ကိုယ္ထူးကိုယ္ခြၽန္ေနလာခဲ့ၿပီး လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန႔္ကမွ ေအးေ႐ႊႏွင့္ အေၾကာင္းပါကာ အိမ္ေထာင္က်ခဲ့ေလ၏။
သူတို႔ႏွစ္ေယာက္ အက်ဥ္း႐ုံးသာ လက္ထပ္မဂၤလာျပဳခဲ့ၾကသည္။ ထိုအခ်ိန္တြင္ ကိုလွေဆာင္မွာ အသက္ ၂၈ ျဖစ္ၿပီး ေအးေ႐ႊမွာေတာ့ အသက္ဆယ့္ကိုးႏွစ္သာ ရွိေသးသည္။ ထိုေခတ္ထိုအခ်ိန္တုန္းက လူမ်ားသည္ ေထာင္ေထာင္ေမာင္းေမာင္း ႏွင့္ထြားႀကိဳင္းၾကသည္။ ေအးေ႐ႊမွာ ငယ္လည္းငယ္ ခ်စ္စရာ႐ုပ္ရည္႐ူပကာေလးလည္း ရွိေလ၏။ ကိုလွေဆာင္မွာေတာ့ မိမိထက္လည္းငယ္ လွလည္းလွ ေခ်ာလည္းေခ်ာလွေသာ ဇနီးသည္ေလးကို တုန္ေနေအာင္ခ်စ္ရွာ၏။ မိန္းမ မ်က္ႏွာ တစ္ခ်က္ အညႇိဳးမခံလိုေသာ လူစားဆိုကားမမွားေပ။ ေအးေ႐ႊ ဘာလို ဘာ ညာလို ညာ သူက အကုန္ျဖည့္ဆည္းေပးတတ္သည္။ ထို႔အတူ ေအးေ႐ႊမွာလည္း လင့္၏ ဘ၀ေပးအေျခေနကိုသိေသာေၾကာင့္ အေနအထိုင္သိုသိပ္၏။ စည္းကမ္းလည္းရွိ၏။ ေငြးေရးေၾကးေရး တိုင္းတာသုံးစြဲသည့္ေနရာတြင္လည္း ေတာ္၏။ ထို႔ေၾကာင့္လည္း ကိုလွေဆာင္မွာ အလိုက္သိေသာ ဇနီးကို ခ်စ္သည္မွာ ယုံမွားဖြယ္ေတာ့မရွိေပ။
လူေကာင္းသူေကာင္း တစ္ေယာက္ျဖစ္ေသာ္လည္း ကိုလွေဆာင္မွာ ဘ၀ေပးအေျခေနကမေကာင္းေတာ့ သစ္ခုတ္ ဝါးေရာင္းရင္းႏွင့္သာ ၀မ္းေရးကို ႀကိဳးစားပမ္းစား ႏွင့္ေက်ာင္းရေလသည္။ ေအးေ႐ႊေလး ႏွင့္ အိမ္ေထာင္က်ၿပီးေနာက္ သူအလုပ္ကို ယခင္ထက္ပင္ သာလို႔ပင္ ႀကိဳးစားလာခဲ့၏။ အစစအရာရာကို ျခင့္ခ်ိန္တတ္လာ၏။ ယခုတစ္ဖန္ ေအးေ႐ႊတြင္ ပထမဆုံး ရင္ေသြးေလးလည္း ရလာၿပီဟု ၾကားရျပန္ရာတြင္ေတာ့ ကိုလွေဆာင္ တစ္ေယာက္ ၀မ္းသာပီတိျဖစ္ကာ ယခင္ထက္ပင္ သာ၍သာ၍ အလုပ္ကို ဆထက္တပိုး ႀကိဳးစားခဲ့သည္။ ေအးေ႐ႊေလး ကိုယ္၀န္ပင္ ငါးလ ေက်ာ္လာခဲ့ေလၿပီ။
“ျဗဳန္း ….”
ကိုလွေဆာင္လည္း ၎ခုတ္လာေသာ ဝါးစိမ္းမ်ားကို ဝါးႏွီးႀကိဳးျဖင့္ပင္ ေသခ်ာ တုပ္ေႏွာင္လာကာ အိမ္အေရာက္မွာေတာ့ ပုခုံးေပၚမွတစ္ဆင့္ ေျမႀကီးေပၚသို႔ အသာ ပစ္ခ်လိုက္၏။ ဝါးအစည္းပစ္ခ်လိုက္ေသာ အသံမွာ သိပ္မက်ယ္လွေသာ္လည္း အိမ္ထဲက မေအးေ႐ႊ ကေတာ့ ၾကားကာ ထြက္လာေလ၏။ ကိုလွေဆာင္မွာေတာ့ ၎၏ ပုဆိုးစျဖင့္ပင္ မ်က္ႏွာထက္၌ စို႐ြဲေနေသာ ေခြၽးတို႔ကို ကုန္စင္သြားေအာင္သုတ္ကာ အိမ္ေရွ႕ကြပ္ပ်စ္ေလးေပၚတြင္ အေမာေျပ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္ေတာ့သည္။
“ကိုလွေဆာင္ … ျပန္ေရာက္လာၿပီလား ”
“ေအး … မိန္းမရယ္ … ေနကလည္း ပူပါဘိသနဲ႔ … ”
ေျပာေျပာ ဆိုဆို ႏွင့္ ကိုလွေဆာင္လည္း ထိုင္ေနရာမွ ထလိုက္ေတာ့
“အိုေနေန … ေအးေ႐ႊ ေရခပ္ေပးမယ္”
ဤသို႔ပင္ ေအးေ႐ႊကား အလိုက္သိတတ္ေသာ ဇနီးေကာင္းတစ္ေယာက္ပင္။ ကိုလွေဆာင္မွာေတာ့ ေရခပ္ရန္ထသြားေသာ ေအးေ႐ႊကို ၾကည့္ကာ ေက်နပ္ပီတိျဖစ္ျခင္းမ်ားစြာျဖင့္ ၿပဳံးရင္းသား ၾကည့္ေနလိုက္ေတာ့သည္။ ခနၾကာေတာ့ စတီးခြက္ကေလး ႏွင့္ေရခပ္လာကာ ကိုလွေဆာင္အား ေပးေလ၏။
“အားပါးပါး … ေကာင္းလိုက္တာ … မိန္းမရယ္ … ေဟာဒီကမာၻေပၚမွာေလ … မိန္းမ ခုလို ခပ္တိုက္တဲ့ ေရသာ အရသာ အရွိဆုံးကြ … ဟားဟားဟား”
“အပိုေတြပါ … ဒါနဲ႔ … ေအးေ႐ႊေလ … ခုတစ္ေလာ သရက္သီး ခပ္စိမ္းစိမ္းႀကီးေတြ စားခ်င္ ေနလိုက္တာေတာ္ … ”
“ဟ … မိန္းမရယ္ … သရက္သီးစိမ္းစားခ်င္တာမ်ား ေစာေစာက ေျပာေရာ့ေပါ့ … ကိုလွေဆာင္ ဝါးသြားခုတ္တဲ့ ေနရာမွာေလ … သရက္ပင္ႀကီး တစ္ပင္ရွိတယ္ … သရက္သီးေတြကလည္း သီးလိုက္တာ ႁပြတ္ခဲလို႔ … ငါ့မိန္းမ စားခ်င္ရင္ ေနာက္ေန႔ ခူးလာခဲ့ေပးမယ္ … ဟုတ္ပလား ”
“ဟုတ္ပါၿပီေတာ္ … ဟုတ္ပါၿပီ … ဟုတ္ပါၿပီ”
“ဒါနဲ႔ … ဘာဟင္းခ်က္လဲ ေအးေ႐ႊ ”
ကိုလွေဆာင္လည္း စကားေကာင္းေနရာမွ ႐ုတ္တရက္ ဗိုက္ဆာလာမွန္းသတိရေလေတာ့၏။
“ရွင္ႀကိဳက္တဲ့ … ဘဲဥနဲ႔ မန္က်ည္းသီးကို မခ်ိဳမခ်ဥ္ေလး ခ်က္ထားတယ္ ေလ … ေနာက္ၿပီးေတာ့ ခ်ဥ္ေပါင္႐ြက္ ဟင္းရည္ေလးလည္းရွိတယ္ ”
“ဟာ … ႏွိပ္ဟ … အဲ့ဒါေတြ ငါ့မိန္းမက အားႀကီးခ်စ္ဖို႔ေကာင္းတာ … ဗိုက္ထဲက ကေလးေလး လည္းဗိုက္ဆာေနေတာ့မယ္ … လာလာ ထမင္းသြားစားၾကရေအာင္ ”
သာယာၾကည္ႏူးဖြယ္ေကာင္းလွေသာ သူတို႔မိသားစု အနာဂတ္ေလး က ေရရွည္မွာ လွပႏိုင္ပါ့မလား။ မျမင္ရေသာ ကံၾကမၼာဆိုသည့္ အရာႀကီးကေရာ သူတို႔ အေပၚမ်က္ႏွာသာေပးပါ့မလား ။ သို႔ေသာ္လည္း သူတို႔လင္မယားမွာေတာ့ ခ်စ္ျခင္းရယ္ မျပယ္ဘဲ တရင္းတႏွီး ေနထိုင္ဆက္ဆံရင္းသာျဖင့္ အခ်ိန္ကုန္ေစခဲ့သည္။ အခ်ိန္ဆိုေသာ ယႏၲရားစက္၀န္းႀကီးကလည္း ပုံမွန္လည္ပတ္ရင္းက အကုန္ျမန္လြန္းလွသည္။ ေအးေ႐ႊ ကိုယ္၀န္ကိုးလထဲသို႔ေရာက္ခဲ့ေခ်ၿပီ။ ဗိုက္ကေလး တစ္လုံး ႏွင့္ ေအးေ႐ႊကိုလည္း ကိုလွေဆာင္ ေခြၽးတစ္ေပါက္ပင္ အက်မခံႏိုင္ေတာ့ေပ။ ကေလးေမြးလ ဖြားလ ကလည္းနီးလာၿပီမို႔ အစစအရာရာကို သူက သာ လုပ္ေလသည္။ ထမင္းခ်က္ အ၀တ္ေလွ်ာ္ ေရခပ္ ဘာညာက အစ ေအးေ႐ႊလုပ္စရာမလိုေတာ့။ ကိုလွေဆာင္၏ လက္ျဖင့္သာ အကုန္လုံးကို ၿပီးေစ၏။ ဤသို႔ျဖင့္ ကိုလွေဆာင္လည္း ထင္းခုတ္ ဝါးခုတ္ မသြားေတာ့သည္မွာ ဆယ္ရက္ေက်ာ္ခန႔္ပပင္ ရွိလာခဲ့ေလေတာ့၏။
“မိန္းမေရ … ဒီမွာဘာပါလဲ ၾကည့္လိုက္စမ္း ”
“ဗိုက္ဖုံး အက်ႌပဲ မို႔လား … အကို လွေဆာင္ ”
“ဟဲဟဲ … ငါ့မိန္းမေလးက … အၾကားအျမင္ရေနသလိုပဲ … ဟုတ္တယ္ မိန္းမရဲ႕ … ေသာင္းေဖ ဆိုင္မွာ ဗိုက္ဖုံးအက်ႌ အသစ္ေရာက္လို႔ ၀ယ္လာတာ … မိန္းမနဲ႔ လိုက္တယ္ေလ … ပန္းေရာင္ေလး ”
“ေအာ္ … အကိုလွေဆာင္ရယ္ … ကေလး ေမြးရက္ဖြားရက္က နီးေတာင္နီးလာၿပီကို … ေငြေလး ဘာေလးေခြၽတာ အုံးမွေပါ့ … ေအးေ႐ႊဆီမွာ လည္းဗိုက္ဖုံးအက်ႌေတြ မ်ားေနပါၿပီ ”
ေအးေ႐ႊကေတာ့ မိန္းမတို႔သဘာ၀ မလိုအပ္ဘဲ ေငြမကုန္ေစလိုေသာေၾကာင့္ ေျပာေလ၏။
“ဟုတ္ပါၿပီ … မိန္းမရယ္ … အဓိက က ကိုယ့္ဘာသာ က်န္းမာေအာင္ေန … ကိုယ္ခံအားမ်ားမ်ားရွိေအာင္စား … ဟုတ္ပလား … က်န္တာ အကို႔တာ၀န္ထားစမ္းပါ … ေငြေရးေၾကးေရးက … ပူစရာမရွိဘူး … ”
“အင္းပါ … အကိုရယ္ … ေအးေ႐ႊက စိတ္ပူလို႔ေျပာတာပါ ”
“အို … ဒါေတြ ေခါင္းထဲ မထည့္စမ္းပါနဲ႔ … မိန္းမရယ္ … အကို႔ ဖို႔သာ ကေလးေလးကို လူျဖစ္ေအာင္ေမြးေပး … ေနာက္ၿပီး ကေလးေလး မ်က္ႏွာကို အကိုျမင္ခ်င္လွၿပီ ”
“အမေလး … အကို အကဲပိုႀကီး … မၾကာခင္ျမင္ရေတာ့မွာပါေနာ္ ”
“ဟုတ္ပါတယ္ … မိန္းမရယ္ … တကယ္လို႔ … ကေလးေလး မေမြးခင္ဘဲ အကိုမ်ား မေတာ္တဆ တခုခုျဖစ္သြားရင္ …”
ကိုလွေဆာင္ စကားကို ဆုံးေအာင္မေျပာလိုက္ရ ။ ေအးေ႐ႊက ျဖတ္ကာ
“အို … မဟုတ္တာ … နိမိတ္မရွိ … နမာ မရွိေတြ မေျပာပါနဲ႔ … အကိုက ဘာကိစၥ မေတာ္တဆ တခုခု ျဖစ္ရမွာလဲ … ဖြဟဲ့ လြဲပါေစ ဖယ္ပါေစ ”
ဟူ၍အလန႔္တၾကားျဖင့္ ၀င္ေျပာေလ၏။
“ဟုတ္ပါၿပီ … မိန္းမရယ္ … ကဲ … နက္ျဖန္ ဒီ ဗိုက္ဖုံးေလး အကို႔ကို ၀တ္ျပမယ္မလား ”
ေအးေ႐ႊလည္း ကိုလွေဆာင္အား မ်က္ေစာင္းေလး တစ္ခ်က္ထိုးကာ ေခါင္းကို ညိတ္ျပလိုက္ေလ၏။ ထိုအခါကိုလွေဆာင္ကလည္း ေအးေ႐ႊ၏ လက္ကေလး ကို ဆြဲကာ သူမ၏ ခႏၶာကိုယ္ေလးကို သူ၏ ရင္ခြင္က်ယ္ႀကီးထဲ ဆြဲသြင္းလိုက္ပါေလေတာ့၏။
+++++++++++
ေနာက္တစ္ေန႔ မနက္
“အိမ္း … ထင္းလည္း ကုန္ေနပါေပါ့လား … ဒီထမင္းအိုးေလး တည္ၿပီးရင္ ငါလည္း တစ္ႏိုင္ေလာက္ ထင္းသြားရွာအုံးမွပါေလ ”
ကိုလွေဆာင္တစ္ေယာက္ မနက္ေစာေစာ မ်က္ႏွာသစ္ၿပီးေနာက္ ထမင္းအိုးတည္ရာမွ အိမ္သုံးဖို႔ အတြက္ ထင္းမ်ားနည္းေနၿပီကို သတိရေလေတာ့၏။ ထို႔ေၾကာင့္လည္း သုံးေလာက္႐ုံေလာက္ ထင္းေလးမ်ားသြားခုတ္ သြားေခြ ရန္ ေတြးေနမိေလ၏။ ေအးေ႐ႊမွာေတာ့ အိပ္ေကာင္းေနတုန္းပင္။ ထမင္းအိုးတက္သည္ အထိ ကိုလွေဆာင္ တစ္ေယာက္ ၀တၳဳစာအုပ္ကေလး ဖတ္ေနလိုက္သည္။ ထမင္းအိုးလည္း က်က္သည့္ အခ်ိန္တြင္ လမ္းထဲမွ ပဲျပဳတ္သည္ႀကီးဆီက အေၾကာ္ ႏွင့္ပဲျပဳပ္ကို ၀ယ္ကာ ၎၏ တစ္၀မ္းစာအတြက္ မနက္စာကို စတင္ျဖည့္တင္းလိုက္ေတာ့သည္။ ေအးေ႐ႊလည္း ႏိုးလာၿပီထင္သည္။
“အကို … ”
“ဟင္ … ေအးေ႐ႊ ႏိုးၿပီလား … လာထထ အကိုေရခပ္ထားတယ္ … မ်က္ႏွာသြားသစ္လိုက္ေနာ္ ”
ေအးေ႐ႊလည္း ကိုလွေဆာင္ေျပာသည့္ အတိုင္းပင္ အိပ္ရာမွထကာ မ်က္ႏွာသစ္လိုက္သည္။ ၿပီးေနာက္ အနည္းငယ္မွ် ဖီးလိမ္းသုတ္သင္ေလ၏။
“မိန္းမ … မနက္စာ ဘာစားခ်င္လဲ ”
“ေအးေ႐ႊဖို႔ … တကူးတက လုပ္မေနပါနဲ႔ အကိုရယ္ … အကိုေစာေစာက ဘာစားေနတာလဲ … အဲ့အတိုင္းပဲ ေအးေ႐ႊကို လုပ္ေပးပါ ”
“ဟုတ္ပါၿပီ မိန္းမရယ္ … ဒါဆိုလည္း ပဲျပဳတ္ ထမင္းဆီဆမ္းေလး နဲ႔ အေၾကာ္နဲ႔ စားလိုက္ေပါ့ … ဘာဘူႀကီးဆီက ၀ယ္ထားတဲ့ ႏြားႏို႔ေလးလည္း တစ္ခြက္စာေလာက္က်န္ေသးတယ္ … အကိုေႏႊးေပးမယ္ … ဟုတ္ၿပီလား ”
ဤသို႔လွ်င္ ကိုလွေဆာင္လည္း မီးဖိုတည္းတစ္ဖန္ျပန္၀င္ကာ ကုန္းကုန္းကြကြ ႏွင့္ အလုပ္ရႈပ္ရျပန္ေတာ့သည္။ ၿပီးေနာက္ ဇနီးသည္စားဖို႔ ထမင္းဆီဆမ္း ႏွင့္ ႏြားႏို႔ကိုယူလာကာ
“ကဲ … စားပါဗ်ာ … စားပါ … အိမ္မွာ သုံးဖို႔ ထင္းေလး နည္းနည္းလိုေနလို႔ … အကို ထင္းခန သြားရွာလိုက္အုံးမယ္ … အကိုျပန္လာမွ မိန္းမ စားခ်င္တာ ေဈးထဲက ထမင္းဆိုင္မွာသြား၀ယ္ေပးမယ္ ဟုတ္ၿပီလား ”
“ဟုတ္ကဲ့ပါရွင္ … ဟုတ္ကဲ့ပါ … အရမ္းႀကီးလည္း ၾကာမေနနဲ႔အုံးေနာ္ … ေနျမင့္လာရင္ အကို ပင္ပန္းေနလိမ့္မယ္ ”
ခ်စ္ဇနီးေလးထံမွ ထိုသို႔ ဂ႐ုဏာစိတ္ပူသံေလး ၾကားရေတာ့ ကိုလွေဆာင္ တစ္ေယာက္ အလိုလိုပင္ အားတက္ပီတိျဖစ္ေနမိေလ၏။ ထို႔ေနာက္တြင္ေတာ့ ၎၏ ဓားမတိုေလးကို ခါးထိုးကာ မိသားစု အသိုက္အၿမဳံေလးကို ေခတၱ ခြဲခြာသြားခဲ့ေလပါေတာ့သည္။ ေအးေ႐ႊမွာေတာ့ အိမ္ကေလးထဲကေန လက္ျပရင္း ျပရင္း ျဖင့္ ။
++++++++++
မြန္းလြဲ ႏွစ္ခ်က္တီးေလာက္အထိ ကိုလွေဆာင္ အိမ္ျပန္ ေရာက္မလာေသးေပ ။ ေအးေ႐ႊမွာေတာ့ ကိုလွေဆာင္ ေရာက္လာခ်ိန္တြင္ အေမာေျပရန္အတြက္ မေန႔က သူမအတြက္ ၀ယ္ေပးထားေသာ အပန္းေရာင္ ဗိုက္ဖုံးအက်ႌေလးကို ၀တ္ကာ လည္ပင္း တရွည္ရွည္ ႏွင့္ ေမွ်ာ္ေနရွာေလ၏။ တစ္အိမ္သုံးစာေလး ရွာဖို႔ ဆိုၿပီးေနာက္ထြက္သြားသည္မွာ နာရီ အေတာ္မ်ားမ်ားကိုပင္ ေက်ာ္လြန္လို႔ေနေခ်ၿပီ။ ေအးေ႐ႊတစ္ေယာက္ ေမွ်ာ္ရင္း ေမွ်ာ္ရင္းကပင္ ၀မ္းနည္းသေယာင္ေယာင္ စိုးရိမ္ သေယာင္ေယာင္ ခံစားခ်က္မ်ား အမ်ိဳးအမည္မသိ ခံစားခ်က္မ်ားကို စတင္ခံစားလာရေလေတာ့သည္။ အိမ္ေရွ႕ကြပ္ပ်စ္ေဘးေပၚထိုင္ရင္း ဝါးလုံးတိုင္ေလးကိုမွီကာ ခ်စ္လင္ ျပန္လာၿပီေလာ ျပန္လာၿပီေလာဟု ေမွ်ာ္ေနရသည့္ ဗိုက္ႀကီးသည္ ကိုယ္၀န္သည္မေလး၏ အျဖစ္ကား သနားစဖြယ္ပင္ ေကာင္းလို႔ေနေပ၏။
“မိန္းမေရ … မိန္းမ ”
သူမေတြးေနရင္းပင္ ကိုလွေဆာင္၏ အသံကို ၾကားလိုက္ရေလေတာ့၏။ ၿခံေရွ႕က အေျပးေလး လာေနေသာ ကိုလွေဆာင္ကိုပါ ထပ္မံေတြ႕လိုက္ရမွ ေအးေ႐ႊ သက္ျပင္းခ်လိုက္ႏိုင္ေတာ့၏။
“ကိုလွေဆာင္ … အကို ”
ေျပာေျပာဆိုဆို ႏွင့္ ထႀကိဳမည္ အျပဳ ကိုလွေဆာင္က မလာနဲ႔ မလာနဲ႔ သူလာမယ္ ဟု လက္ႏွင့္လုပ္ျပေနေသာေၾကာင့္ ေအးေ႐ႊတစ္ေယာက္ ထိုေနရာေလးတြင္ပင္ ထိုင္ၿမဲထိုင္ေနလိုက္ေတာ့သည္။ ထို႔ေနာက္ ထူးဆန္းေသာ အခ်က္တစ္ခုကို ေအးေ႐ႊ အမွတ္မထင္ ေတြ႕လိုက္ရေတာ့၏။ မနက္တည္းက ထင္းေခြသြားေသာ ကိုလွေဆာင္မွာ ထင္းတစ္ေခ်ာင္းမွ ပါမလာခဲ့ေပ။ တစ္ဖန္ ၿခံေပါက္၀တြင္ ရပ္ေနေသာ ကိုလွေဆာင္မွလည္း ေျမႀကီးအပူရွိန္ေၾကာင့္ ျဖစ္ေပၚလာေသာ တံလွ်ပ္ အပူလႈိင္းမ်ားႏွင့္ အတူ ႐ုတ္တရက္ ေရာေထြးေပ်ာက္ကြယ္သြားခဲ့ေလေတာ့၏။
“ဟင္ … ကိုလွေဆာင္ … ကိုလွေဆာင္ ”
႐ုတ္တရက္ေပ်ာက္သြားေသာ ကိုလွေဆာင္ ေၾကာင့္ ေအးေ႐ႊလည္း အသံကုန္ဟစ္ကာ ေအာ္ေခၚလိုက္ေလေတာ့၏ ။
“အို … ငါအိပ္မက္မက္ေနတာပါလား … အကို အခုခ်ိန္ထိ တကယ္ျပန္မေရာက္ေသးတာပါကလား … အကို အႏၲရာယ္ကင္း ေဘးရွင္းပါေစ ”
ဝါးလုံးတိုင္ေလးကို မွီကာ ခ်စ္လင္ အလာကို ေမွ်ာ္ေနရင္းမွ ေအးေ႐ႊတစ္ေယာက္ တဒဂၤ အိပ္ေပ်ာ္သြားျခင္းျဖစ္၏။ ထိုသို႔ ခနေလး အိပ္ေပ်ာ္သြားစဥ္ မက္ခဲ့ေသာ အိပ္မက္ကို ေအးေ႐ႊ ဘယ္လိုမွ အဓိပါယ္ ေကာက္မရခဲ့ ။ ထို႔ေၾကာင့္လည္း ကိုလွေဆာင္ တစ္ေယာက္ ေဘးမသီရန္မခ ဖို႔ရာအတြက္သာ တတြတ္တြတ္ ဆုေတာင္းေနမိေတာ့ ရွာေလ၏။ မၾကာေပ ၎ေနထိုင္ရာ ၿခံကေလးထဲသို႔ လူတစ္ေယာက္ အေျပးတစ္ပိုင္း ႏွင့္၀င္လာေလေတာ့သည္။ ထိုလူကား ကိုလွေဆာင္၏ ငယ္သူငယ္ခ်င္း လွေမာင္ ပင္ျဖစ္ေလ၏။
“ေအးေ႐ႊ … ေအး ..ေအးေ႐ႊ … ေဟာဟဲ ”
“ဟင္ … ကိုႀကီး လွေမာင္ … ဘာျဖစ္လာတာလဲ … အေလာတႀကီးနဲ႔ ”
“ညည္း … ညည္းလင္ လွေဆာင္ … ေဝာာထဲမွာ ပိုးထိၿပီး ဆုံးၿပီတဲ့ဟ … အခု … အခု ေဆး႐ုံႀကီးမွာ”
“ရွင္ ……….”
ေအးေ႐ႊတစ္ေယာက္ ရွင္ဟုသာ ေျပာႏိုင္ၿပီး ေခါင္းထဲ မိုက္ကနဲ ျဖစ္သြားေလေတာ့၏ ။ ကံေကာင္းေထာက္မစြာျဖင့္ပင္ ၎၏ နံေဘးက ဝါးလူံးတိုင္ေလးကို ကိုင္ကာ လဲမက်သြားေအာင္ ထိန္းထားႏိုင္ခဲ့သည္။ သို႔ေသာ္လည္း ေၾကကြဲပ်က္စီးသြားေသာ စိတ္နံရံမ်ားထံတြင္ ပဲ့တင္ထပ္ေနသည့္ အသံကား
“ညည္းလင္ လွေဆာင္ … ေဝာာထဲမွာ ပိုးထိလို႔ ဆုံးၿပီ”
“ညည္းလင္ လွေဆာင္ … ေဝာာထဲမွာ ပိုးထိလို႔ ဆုံးၿပီ”
“ညည္းလင္ လွေဆာင္ … ေဝာာထဲမွာ ပိုးထိလို႔ ဆုံးၿပီ”
ဟူ၍ပင္ ျဖစ္ပါေလေတာ့သတည္း ။
ကံၾကမၼာဆိုေသာ ေလာကတရားႀကီးက မည္သူ႔ကိုမွ် မ်က္ႏွာသာ မေပးတတ္။ ယခုပင္လွ်င္ ကိုယ္၀န္ႀကီး ေန႔ေစ့လေစ့ျဖင့္ ေအးေ႐ႊေလးကိုပင္ ႐ိုတ္ခတ္သြားသည့္ ကံၾကမၼာ၏ လႈိင္းတံပိုးက အဆမတန္ျပင္းထန္လြန္းလွေပသည္။ ေအးေ႐ႊ တစ္ေယာက္ အျပင္းအထန္ငိုေႂကြးခ်င္ခဲ့မိေသာ္လည္း ငိုမခ်ရက္ခဲ့။ လင္ကို မခ်စ္၍ မဟုတ္။ မၾကာမီမွာပင္ေလာကထဲသို႔ ေျခခ်လာမည့္ ကေလးအတြက္ ေတြးကာ ေအးေ႐ႊေလးခမ်ာ စိတ္ကို အဆုံးစြန္ထိ တင္းထားခဲ့ရရွာသည္။ သူမ တစ္ခုခုျဖစ္ပါက လူေလာကသို႔ပင္ မေရာက္ေသးေသာ ကေလးငယ္ေလး ထိခိုက္မည္ကို စိုးရိမ္ေသာ ေၾကာင့္ျဖစ္ေပလိမ့္မည္ ။ သို႔ေသာ္ မခံစားႏိုင္ေတာ့သည့္ အဆုံး ႀကိတ္ခါ ငိုခဲ့ရသည့္ အခ်ိန္ ေတြသည္လည္း နည္းသည္ေတာ့မဟုတ္။
“ေအးေ႐ႊ … စိတ္ကိုတင္းထားမေနနဲ႔ … ငိုခ်လိုက္ … ငိုခ်လိုက္ရင္ သက္သာတယ္ ”
အခ်ိဳ႕က ထိုသို႔ အားေပးၾကေသာ္လည္း ေအးေ႐ႊမွာ လည္ေနေသာ မ်က္ရည္မ်ားႏွင့္အတူ အၿပဳံးႏွင့္သာ တုံ႔ျပန္ခဲ့သည္။ ထိုကေလးကို သူမ ရေအာင္ေမြးမည္။ ဘာေၾကာင့္ရယ္ျဖစ္ျဖစ္ ထိုကေလး လူ႔ေလာကထဲ ေရာက္လာဖို႔ကို သူမ အတတ္ႏိုင္ဆုံး စြမ္းေဆာင္မည္ဟုလည္း ႀကဳံးဝါးထားေသးသည္။ တစ္ခါတစ္ရံမွာေတာ့ မ်က္စိသူငယ္ နားသူငယ္ ကေလးတစ္ေယာက္ အေမ မုဆိုးမ အျဖစ္ တစ္ေယာက္တည္း ေလာကဓံခရီးကို ဆက္ေလွ်ာက္ရမည့္ အျဖစ္အားေတြးကာ ေၾကာက္႐ြံမိသလို စိုးရိမ္ေနမိျပန္သည္။ ယခုမွ မိမိအသက္သည္လည္း ႏွစ္ဆယ္ ေက်ာ္ ႏွစ္ဆယ့္ တစ္ ထဲေရာက္႐ုံသာရွိေသးသည္ မဟုတ္ပါလား။ ကိုလွေဆာင္၏ ဈာပနကိုေတာ့ အက်ဥ္း႐ုံးျဖင့္သာ ၿပီးစီးခဲ့ေစသည္။ လင္ေသ သြားေသာ မုဆိုးမ ဗိုက္ႀကီးသည္ေလး ေအးေ႐ႊကို အိမ္နီးနားခ်င္းမ်ားက ဂ႐ုစိုက္ေပးၾက၏ ။ ထိုထဲမွ ရွမ္းမႀကီး ေဒၚနန္းေ႐ႊၾကည္ကလည္း ၎၏ သမီးအရင္းေလးလို အစစအရာရာ ဂ႐ုစိုက္ေပးသည္မို႔ ေအးေ႐ႊေလး တစ္ေယာက္ ဒီတစ္ခါေတာ့ ကံေကာင္းခဲ့ရရွာေလ၏။
ကိုလွေဆာင္ ရက္လည္ၿပီး ဆယ့္ငါးရက္ခန႔္ အၾကာမွာေတာ့ ေအးေ႐ႊေလး၏ ေမြးရက္ဖြားရက္သည္ သူ႔ဓမၼတာ အတိုင္းေရာက္မွန္းမသိေရာက္လာခဲ့ပါေတာ့၏။ ငယ္ငယ္႐ြယ္႐ြယ္ သန္သန္မာမာ ရွိလွ ၿပီး အရပ္ရွည္ေသာ ေအးေ႐ႊေလးအဖို႔ ပထမဆုံးသားဦးေလးကို ၎၏ ေနအိမ္တြင္သာ အရပ္လက္သည္ေခၚၿပီး အဆင္ေျပေခ်ာေမြ႕စြာျဖင့္ပင္ ေမြးဖြားသန႔္စင္ႏိုင္ခဲ့ေလေတာ့သည္။ ထိုသားဦးေလးကိုလည္း ေအးေ႐ႊကပင္ ေမာင္လွေဆာင္ဟု ကင္ပြန္းတပ္ေပးကာ ခ်စ္လင္ကို သတိရတမ္းတသည့္ အေနျဖင့္ ေခၚတြင္ေစခဲ့၏။ တစ္သားေမြး တစ္ေသြးလွ ဆိုသလို ေအးေ႐ႊမွာ သားဦးေလး ေမာင္လွေဆာင္ကို ေမြးၿပီးေနာက္ ယခင္ထက္ပင္ အသားအရည္မ်ား စိုေျပလာကာ ျပည့္ျပည့္ၿဖိဳးၿဖိဳးႏွင့္ အေတာ္ပင္ ၾကည့္လို႔ေကာင္းလာေလ၏။ အသက္ေလးမွာလည္း ႏွစ္ဆယ္ေက်ာ္ ေလးဆိုေတာ့ ကာလသားမ်ား၏ မ်က္စိက်စရာ ကေလးတစ္ေယာက္ အေမ မုဆိုးမေလးျဖစ္လာရေတာ့သည္။ သူမ မီးတြင္းထဲက ဆင္းသည့္ အခ်ိန္ ပုံမွန္လို က်န္းမာ လာခ်ိန္မ်ားတြင္ေတာ့ ကိုယ္တိုင္ ၀င္ေငြရွာရေလေတာ့သည္။
မနက္ခင္း အိပ္ယာႏိုးသည္ ႏွင့္ သားေလး ေမာင္လွေဆာင္အား ႏို႔ခ်ိဳတိုက္ကာ အိမ္နီးခ်င္းျဖစ္ေသာ ေဒၚနန္းေ႐ႊၾကည္ထံတြင္ ကေလးကို အပ္ၿပီး သူမ မွာေတာ့ ေဈးဗန္းေခါင္း႐ြက္ကာ ရပ္ကြက္ထဲ ေဈးပတ္ေရာင္းၿပီး ေငြရွာေလေတာ့သည္။ အသက္ေလးကငယ္ငယ္ ႏွင့္ မုဆိုးမ ျဖစ္ကာ ကိုယ္တိုင္ ပင္ပင္ပန္းပန္း ၀င္ေငြရွာေနရေသာ ေအးေ႐ႊေလးကို ရပ္ကြက္ထဲရွိ လူမ်ားက သနားဂ႐ုဏာသက္ၾကေလသည္။ ထို႔အျပင္ ယခင္ထက္ပင္ လွလာေသာ ေအးေ႐ႊေလးအား လာေရာက္ ကမ္းလွမ္းၾကေသာ ကာလသားမ်ားပင္ရွိလာေလ၏။ သို႔ေသာ္လည္း မိမိ၏သားေလး ငယ္လြန္းသည္က တစ္ေၾကာင္း ထို႔အျပင္ လင္ေသသည္မွမၾကာ ေသး ေနာက္တစ္လင္ ထပ္ေျပာင္းယူသည့္ မိန္းမ အျဖစ္သို႔ မေရာက္လိုေသာေၾကာင့္ အတန္တန္ ျငင္းလႊတ္ခဲ့ရသူမ်ားပင္ မနည္းရွိလာေလ၏။ ထိုသို႔ေနလာရင္းက ပင္ သားေလးေမာင္လွေဆာင္မွာ တစ္ႏွစ္ခြဲအ႐ြယ္ခန႔္သို႔ ေရာက္မွန္းမသိေရာက္လာခဲ့ေလပါေတာ့၏။
“ေအးေ႐ႊရယ္ … ညည္းအသက္က ႀကီးေသးတာလည္း မဟုတ္ဘူး … ကေလး တစ္ဖက္ ေဈးတစ္ဖက္ နဲ႔ ညည္းၾကည့္ရတာ ပင္ပန္းပါတယ္ေအ … အားကိုးေလး ဘာေလးရွာစမ္းပါဟဲ့ … ရပ္ကြက္ထဲမွာလည္း ညည္းကို ရရင္ လိုခ်င္တဲ့လူေတြ ေပါပါဘိသနဲ႔ ”
“အို … အမ နန္း ကလည္း … အိမ္ေထာင္ တစ္မႈျပဳတယ္ဆိုတာ လြယ္ကူတဲ့ … အလုပ္မွမဟုတ္ဘဲ … ေနာက္ၿပီး ေအးေ႐ႊ က ကိုယ့္ အားကိုယ္ ကိုး ႏိုင္ေနပါၿပီေတာ္ … ”
“ေအ့ေလ … က်ဳပ္က အပ်ိဳႀကီးဆိုေတာ့ ညည္းေျပာသမွ် ခံရမေပါ့ … ဒါေပမယ့္ေအ … လင္ မရွိတဲ့ မယားက … ဘယ္တင့္တယ္ ေပလိမ့္မလဲ … ”
“အပူမရွာခ်င္စမ္းပါဘူး … အမ နန္းရယ္ ”
ေဒၚနန္းေ႐ႊၾကည္ႀကီးမွာ ေအးေ႐ႊေလးအား ႏွမ အရင္းေလး တစ္ေယာက္ကဲ့သို႔ခ်စ္ရွာ၍ သတိေပးေနျခင္းျဖစ္ေလသည္။ ေအးေ႐ႊမွာလည္း ထိုနည္း လည္းေကာင္းပင္ ေဒၚနန္းေ႐ႊၾကည္အား အမ အရင္းသဖြယ္ ျပန္လည္ ေမတၱာထားေလ၏။ သို႔ေသာ္ ေဒၚနန္းေ႐ႊၾကည္ကား ေအးေ႐ႊေလး ေကာင္းစားေစရန္ အလို႔ဌာ ရည္႐ြယ္ၿပီး ေနာက္ထပ္ တစ္အိုးတစ္အိမ္ထူေထာင္ ဖို႔ကို အတန္တန္ ေလာေဆာ္ျပန္သည္။ မည္မွ်ပင္ ခိုင္ခန႔္ေသာ ေက်ာက္ေဆာင္ ျဖစ္လင့္ကစား လႈိင္းတံပိုး၏ မၾကာမၾကာ ႐ိုက္ခတ္မႈ ဒဏ္ကို ခံရပါက ၿပိဳပ်က္စၿမဲပင္ ။ ထိုနည္းအတူ ပင္။
“ဒါနဲ႔ေလ … ေအးေ႐ႊ …. တို႔ရပ္ကြက္ ေတာင္ပိုင္းက သစ္စက္သူေဌးေလး …. စိန္ေသာင္းေကာ ညည္းဘယ္လို သေဘာရလဲ … ေကာင္ေလးက ညည္းနဲ႔ မတိမ္းမယိမ္းဘဲ … ေဖာ္ေဖာ္ေ႐ြေ႐ြ ရည္ရည္ မြန္မြန္လည္း ရွိပါဘိသနဲ႔ … တစ္ေန႔ကပဲ ငါ့လာေမးတယ္ … ေအးေ႐ႊေလး ဖက္က လက္ခံရင္ မိသားဖသားပီပီ လာေရာက္ေတာင္းရမ္းယူပါမယ္တဲ့ … ညည္းစဥ္းစားေနာ္ … အခြင့္ေရးဆိုတာ ႏွစ္ခါ ရ႐ိုးထုံးစံမရွိဘူး … ညည္းသားေလး ကိုခ်စ္တယ္ မို႔လား …. သူ႔ေနာင္ေရးအတြက္လည္း ၾကည့္စမ္းပါေအ ”
သားေလး အေၾကာင္းပါလာေတာ့ ေအးေ႐ႊ ေခတၱမွ်ၿငိမ္သက္သြားရေတာ့သည္။ အမွန္ပင္ သူမေဈးေရာင္းၿပီး ရွာေကြၽးေနႏိုင္သည္ကား ဘယ္အခ်ိန္ထိလဲ ဘယ္အတိုင္း အတာ အထိလဲ။ အမနန္း အႀကံေပးသည္ကား ဟုတ္ေလစြ ။ သားေလး ေရွ႕ေရးအတြက္ ငါႀကံရေပအုံးမည္ ကိုစိန္ေသာင္းမွာလည္း မိမိ အပ်ိဳဘ၀တည္းက ပိုးပန္းခဲ့ေသာသူပင္ မဟုတ္ပါလား ၎၏ စိတ္ေနသေဘာကို မိမိလည္း ေကာင္းစြာနားလည္သည္ပဲ ဟူ၍ စိတ္ထဲ၌ ေတြးေတာေနမိေလ၏။
“ဟဲ့ေအးေ႐ႊ … ေျပာေနတာ ၾကားရဲ႕လား ”
“ၾကား … ၾကားပါတယ္ … အမနန္းရယ္ … ေအးေ႐ႊ စဥ္းစားခ်င္ပါေသးတယ္ ”
“စဥ္းစားခ်င္သပဆိုလည္း … စဥ္းစားေပါ့ေအ … အခ်ိန္ဆြဲတာေတာ့ မျဖစ္ေစနဲ႔ … ငါမလည္း ညည္းေကာင္းစားေစခ်င္လို႔ပါ ေအးေ႐ႊရယ္ ”
“ကြၽန္မ … နားလည္းပါတယ္ အမနန္းရယ္ ”
ဤသို႔ျဖင့္ပင္ ေအးေ႐ႊေလးအတြက္ စဥ္းစားစရာ ျဖစ္လာခဲ့ရေတာ့သည္။ သားေလး ေမာင္လွေဆာင္မွာလည္း ငယ္လြန္းလွေသးသလို ၎၏ေရွ႕ေရးကလည္း ေဝေဝဝါးဝါး ျမဴႏွင္းထဲ လမ္းေလွ်ာက္ေနရေသာ ကေလးငယ္ သဖြယ္ ျဖစ္လို႔ေနရသည္မဟုတ္ပါလား ။ သူမအတြက္ အမွန္တကယ္ အားကိုလိုေနသည္ကိုလည္း သူမ သိေပသည္။ ထို႔ေၾကာင့္ပင္ ……
++++++++++++
“ဟုတ္ကဲ့ ခင္မ် … က်ဳပ္ကလည္း ဒီရပ္ဒီ႐ြာထဲက အုပ္ခ်ဳပ္ေရးမႉး လူႀကီးျဖစ္လင့္ကစား … ေဟာဒီက လူေလး ေမာင္စိန္ေသာင္း နဲ႔ ေဟာဒီက သမီးေလး ေအးေ႐ႊ တို႔အတြက္ မဂၤလာပြဲျဖစ္ေျမာက္ေစလိုေၾကာင္း လာေရာက္ေက်ာင္းလမ္းျခင္းျဖစ္ပါတယ္ ”
ေအးေ႐ႊ ၏ ပ်ဥ္ခင္းၾကမ္းေလးေပၚတြင္ လူအေတာ္မ်ားမ်ားစုံစုံလင္လင္ ရွိလို႔ေနၾကသည္။ သစ္စက္သူေဌးေလး ကိုစိန္ေသာင္း ရပ္ကြက္လူႀကီး ဦးျမသာ ေဒၚနန္းေ႐ႊၾကည္ ႏွင့္တကြ ေအးေ႐ႊတို႔ပင္။ ေဒၚနန္းေ႐ႊၾကည္ႀကီးမွာေတာ့ ေအးေ႐ႊေလးအတြက္ ေတြးကာ ပီတိၿပဳံးေတြက သူမ၏ မ်က္ႏွာကို ဖုံးလႊမ္းလို႔ေနေလ၏။
“ေဟာဒီက … သမီးေလး … ေအးေ႐ႊ သေဘာကိုလည္း သိရၿပီ မို႔ အခုလို လာေရာက္ေတာင္းရမ္းျခင္းလည္းျဖစ္ပါတယ္ ..”
“ဟုတ္ပါတယ္ရွင္ … က်ဳပ္ညီမေလးက … မိန္းမေကာင္းေလးပါ … ယခု ကိစၥမွာေတာင္ အတန္တန္ နားခ်ယူထားရပါတယ္ … ေနာက္ၿပီး မယား၀တၱရားေတြလည္း ေက်ပြန္သူေလး တစ္ေယာက္ပါ ”
ေမာင္စိန္ေသာင္းမွာေတာ့ ေအးေ႐ႊေလးအား တစ္စိမ့္စိမ့္ၾကည့္ကာ မႈိရေသာ မ်က္ႏွာႏွင့္ ၿပဳံးလို႔ေပ်ာ္လို႔ ။ ေအးေ႐ႊေလးမွာေတာ့ မ်က္လႊာကို ေအာက္ခ်လို႔ထားေလသည္။ ေဒၚနန္းေ႐ႊၾကည္ႀကီးမွာလည္း ေအးေ႐ႊ၏ ေကာင္းေၾကာင္း ေတာ္ေၾကာင္းမ်ားကို တဖြဖြ ခ်ီးမြမ္းခန္းဖြင့္လို႔ေနပါေတာ့၏။
“ကိုင္း … ဒါျဖင့္လည္း က်ဳပ္တို႔ မဂၤလာရက္သတ္မွတ္လိုက္ၾကရေအာင္လားဗ်ာ …”
ထိုအခါ ကိုစိန္ေသာင္းက
“ေအးေ႐ႊ … သေဘာကေရာ ”
“ေမာင္စိန္ေသာင္းတို႔ … သင့္သလိုစီမံၾကပါကြယ္ … ေသွ်ာင္ေနာက္ဆံထုံးပါဆိုသလို …. ေမာင္ တို႔စီမံတဲ့ အတိုင္း ေအးေ႐ႊက လိုက္ရမွာပါ … မဟုတ္ဘူးလား ေအးေ႐ႊ ”
ေအးေ႐ႊပင္ ဘာမွမေျပာရ ။ ေဒၚနန္းေ႐ႊၾကည္က ပိတ္သိမ္းေျပာလိုက္ေလေတာ့သည္။ ဤသို႔ျဖင့္ပင္ သတို႔သားေလာင္း ႏွင့္ ရပ္ကြက္လူႀကီးတို႔ ေခါင္းခ်င္းဆိုင္ကာ
“ကဲဗ်ာ … ကေန႔က အဂၤါေန႔ဆိုေတာ့ … လာမယ့္ တနဂၤေႏြေန႔ကို … မဂၤလာရက္သတ္မွတ္လိုက္မယ္ … ႀကိဳတင္ျပင္ဆင္ခ်ိန္ေလးရတာေပါ့ဗ်ာ … မေကာင္းေပဘူးလား ”
“ေကာင္းပါ့ရွင္ … ေကာင္းပါ့ ေကာင္းပါ့ ”
ထိုစဥ္
“ဒုန္း ………”
“ဟဲ့ … အမေလး …ဗုေဒၶါ ”
“ဟာ ”
အိမ္ေခါင္မိုးအား တစ္စုံတစ္ေယာက္က ခဲလုံးျဖင့္ ပစ္လိုက္သလို ဒုန္းကနဲ အသံက်ယ္ႀကီး ျမည္လို႔သြားေလ၏။ ထို႔ေၾကာင့္လည္း အိမ္ထဲက လူမ်ား တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ အတန္ၾကာေအာင္ၿငိမ္သက္ေနမိၾကေတာ့သည္။ ႐ုတ္တရက္ဆိုသလို ေဒၚနန္းေ႐ႊၾကည္ႀကီးလည္း မ်က္ႏွာပ်က္လို႔သြားေလ၏။
“ဘာသံႀကီးလဲဗ် ”
“သေဘၤာသီး ေႂကြက်တာ ေနမွာပါ … ရပ္ကြက္လူႀကီးရယ္ … လုပ္စရာရွိတာသာဆက္လုပ္ၾကပါ … ”
ကိုစိန္ေသာင္းမွာ ရပ္ကြက္လူႀကီးထံ ေရမ်ားမ်ားေလာင္းထားသျဖင့္ ေစာဒက မတက္ေတာ့ဘဲ ကိစၥဝိစၥမ်ားကို ျမန္ျမန္လက္စသတ္ကာ ေအးေ႐ႊေလး အိမ္မွ ထြက္သြားၾကေလေတာ့၏။ ထိုေန႔မွစကာ အရပ္ဗန္းစကားေလာ ေကာလဟလ ေလာ မသိရသည့္ စကားတစ္လုံးထြက္ေပၚလာေလေတာ့သည္။ ထိုစကားမွာ လြန္ခဲ့ေသာ တစ္ႏွစ္ခြဲခန႔္က ေသဆုံးသြားသည့္ ကိုလွေဆာင္လား ၎၏ အိမ္ေရွ႕ ကြပ္ပ်စ္ေပၚတြင္ ငုပ္တုတ္ထိုင္လ်က္သား ေတြ႕ေနၾကသည္ ဟူေသာ စကားပင္ ျဖစ္ပါေလေတာ့၏။ သို႔တစ္ဖန္ ကိုစိန္ေသာင္း ႏွင့္ မေအးေ႐ႊ မဂၤလာပြဲက်င္းပေတာ့မည္ ဟူေသာ သတင္းသည္လည္း ရပ္ကြက္ထဲ၌ တမုဟုတ္ခ်င္း ပ်ံ႕ႏွံ႔လို႔သြားခဲ့ပါေတာ့သည္။
“ဟိတ္ … ၾကားၿပီးၾကၿပီလား … သစ္စက္ သူေဌးေလး စိန္ေသာင္းက ဟိုမုဆိုးမေလး ေအးေ႐ႊကို ယူေတာ့ မတဲ့ ”
“က်ဳပ္လည္း … ၾကားၿပီးပါၿပီေတာ္ … ေကာင္ေလးႏွယ့္ … ငယ္ကငယ္ … ဥစၥေပါ ႐ုပ္ေခ်ာပါဘိနဲ႔ … ေဘာက္မဲ့ေၾကာင့္ ဒီမုဆိုးမေလးကိုမွ ေမတၱာ ရွိရသလဲ မေတြးတတ္ေပါင္ေအ ”
“အဲ့ဒါက အေရးမႀကီးဘူး … အခုတေလာ ေသသြားတဲ့ ေအးေ႐ႊရဲ႕ လင္ႀကီး ကိုလွေဆာင္ကို သူတို႔ အိမ္ေရွ႕မွာ ေတြ႕ေတြ႕ေနရသတဲ့ ”
“ဟယ္ … ဟုတ္သလား ”
“အဟုတ္ပဲ ေတာ္ေရ … တေန႔ကေတာင္ … ျမဒင္တို႔ အဖြဲ႕ အရက္မူးၿပီးျပန္လာတာ… ကိုလွေဆာင္ႀကီးက ေဆးလိပ္မီးတစ္တို႔ ေတာင္းလႊတ္လိုက္လို႔ အခု ဖ်ားေနၾကေလရဲ႕ ”
“အမေလး … ေၾကာက္စရာႀကီးပါလား… ကိုလွေဆာင္ ခမ်ာ သူ႔မိန္းမ ကိုယ္၀န္ေန႔ေစ့လေစ့ႀကီး ဆုံးသြားေတာ့ ကြၽတ္ခ်င္မွကြၽတ္မွာ … ေနာက္ၿပီး ေအးေ႐ႊကိုလည္း တုန္ေနေအာင္ခ်စ္ရွာတာကိုး ”
“ဒါေၾကာင့္ ေျပာတာေပါ့ေအ … အခုထြက္ေနတဲ့ သတင္းသာ မွန္ရင္ … သစ္စက္သူေဌးေလး အျဖစ္ကေတာ့ မေတြးဝံ့စရာပဲ ”
“သေဗၼ သတၱာ ကမၼသကၠာေပါ့ေအ … သတၱဝါတစ္ခု ကံတစ္ခုပဲ …”
ထိုစကားေတြကား ရပ္ကြက္ထဲ၌ အလုပ္မရွိ သန္းတုပ္ အတင္းအုပ္ေသာ မိန္းမမ်ားဆီမွ ထြက္လာခဲ့ျခင္းပင္။ ကိုစိန္ေသာင္း၏ နီးစပ္ရာ သူငယ္ခ်င္းမ်ားကလည္း ေအးေ႐ႊေလးႏွင့္ လက္ထပ္မည့္ အေရး ေနာက္ဆုတ္ၾကရန္ တိုက္တြန္းၾကျပန္သည္။ သို႔ေသာ္ ေအးေ႐ႊ အပ်ိဳဘ၀တည္းက သေဘာက်လာသည့္ စိန္ေသာင္းမွာေတာ့ ထိုကန႔္ကြက္လာသည္မ်ားကို ျပင္းျပင္းထန္ထန္ ျငင္းဆန္ရင္းက မိုက္တြင္းဆက္နက္ခဲ့လိုက္ပါေတာ့၏။ သိပ္မၾကာလိုက္ေပ ။ စိန္ေသာင္းတစ္ေယာက္ ေအးေ႐ႊႏွင့္ မဂၤလာ မေဆာင္မီ ႏွစ္ရက္ အလိုမွာပဲ ခြဲဝိုင္းထဲက သစ္ပုံၿပိဳကာ ပြဲခ်င္းၿပီး ေသဆုံးသြားသည္ဟူေသာ သတင္းကား ဟိုးေလးတေက်ာ္ ျဖစ္လို႔သြားပါေလေတာ့၏။
++++++++++
“က်ဳပ္မေျပာဘူးလား … ခုၾကည့္ စိန္ေသာင္းကေတာ့ ပြဲခ်င္းၿပီးပဲ ”
“ဟုတ္ကြာ … သူ႔ခမ်ာ … မဂၤလာကေန … အမဂၤလာ ျဖစ္သြားရွာၿပီ ”
“ေသပုံေသခင္းက … ဒီတိုင္း ၾကားရင္သာ ႐ိုးတာ အေၾကာင္းစုံသိတဲ့ လူက မ႐ိုးဘူး ေရာင္းရင္းရ”
“ဘယ္လိုေတြ မ႐ိုးတာတုံး”
“ျဖစ္ပုံက … ဒီလိုဗ် ”
ထိုကိစၥကား စိန္ေသာင္းတစ္ေယာက္ ေအးေ႐ႊအား သြားေရာက္ေက်ာင္းလမ္းၿပီး ဒုတိယ ေျမာက္ေန႔တြင္ စတင္ခဲ့ေလေတာ့သည္။
“လွေဆာင္ …. မလာနဲ႔ … မလာနဲ႔ … မင္းနဲ႔ ငါတို႔ နဲ႔က ဘာမွ မဆိုင္ဘူး … သြားသြား ”
“ဟား … ဟား … ဟား …. ဘာလို႔ မဆိုင္ရမလဲ … စိန္ေသာင္းရ … မင္းက ငါ့မယား ႏုႏုထြတ္ထြတ္ ေလးကို အပိုင္စီးဖို႔ ႀကံေနတာ … ငါ့နဲ႔ မဆိုင္ဘဲ ရွိမလား ”
“ဟာ … မင္း … မင္း … မင္းက ေသသြားၿပီေလ … မင္းက လူမဟုတ္ဘူး … မင္းက မိစာၦပဲ ”
“ေအ … ငါက မိစာၦပဲ … ငါေသသြားတာ မွန္ေပမယ့္ ငါေအးေ႐ႊ အနားမွာရွိတယ္ … ငါရွိေနသေ႐ြ႕ မင္းတို႔ ေအးေ႐ႊအနား ေတာင္ကပ္ဖို႔ မစဥ္းစားနဲ႔ …ေရွ႕ဆက္တိုးရင္ေတာ့ … ငါ့အဆိုးမဆိုနဲ႔ေပါ့ စိန္ေသာင္းရာ …. ဟား ဟားဟား ဟားဟား ”
လႈိဏ္သံေပါက္ေနေသာ ကိုလွေဆာင္၏ အသံႀကီးကား အေမွာင္ထု ႏွင့္ ေရာေထြးေပ်ာက္ကြယ္သြားေလေတာ့သည္။
“လွေဆာင္ …. လွေဆာင္ ”
ကိုစိန္ေသာင္း အိပ္မက္ဆိုးေတြ ေျခာက္လွန႔္ေနေခ်ၿပီ။ တစ္ကိုယ္လုံးေဇာ ေခြၽးမ်ားျဖင့္ နစ္ကာ လူပင္ အသက္ရႈရသည္မွာ ပင္ပန္းလို႔ေနေလ၏။ ထို႔ေၾကာင့္လည္း အိပ္ယာထက္မွ ထကာ ေရတစ္ခြက္ေသာက္ၿပီး အ၀တ္မ်ားကို လဲလိုက္ေတာ့သည္။ နာရီကို ၾကည့္လိုက္ေတာ့ ညသန္းေခါင္ပင္ ေက်ာ္လို႔ေနေခ်ၿပီ။
“အူဝူး ….. ဝူး …”
ညေခြး၏ ႐ုတ္တရက္ဆြဲဆြဲငင္ငင္အူလိုက္ေသာ အသံႀကီးကား ေက်ာခ်မ္းဖြယ္ အတိ။ ဤသို႔ျဖင့္ပင္ ကိုစိန္ေသာင္း တစ္ေယာက္ ညစဥ္ညတိုင္း ကိုလွေဆာင္၏ အိပ္မက္ထဲမွ ေျခာက္လွန႔္ျခင္းကို ရက္ဆက္ခံစားရရွာေလသည္။ သို႔ေသာ္လည္း မိမိမွာ ရွင္လူ လွေဆာင္မွာေသလူဟုသေဘာထားကာ မိမိ၏ လုပ္စရာရွိသည္မ်ားကို လက္မေလ်ာ့ဘဲ ဆက္တိုးလုပ္ၿမဲလုပ္ေလေတာ့သည္။
ေသာၾကာေန႔ည ကိုးနာရီ
“ဝူး …. ဂ်ဳတ္ … ဂ်ဳတ္ ဂ်ဳတ္ ဂ်ဳတ္ ”
“ဗ်င္း … ဗ်င္း …. ဗ်င္း ”
“ဟာ …..”
သစ္ခြဲဝိုင္းထဲမွ ႐ုတ္တရက္ ခြဲစက္ႀကီး လည္ပတ္ေနေသာ အသံကို စိန္ေသာင္း စာအုပ္ဖတ္ေနရင္းမွ ၾကားလိုက္ရေတာ့သည္။ ထိုၿခံႀကီးတစ္ခုလုံး အလုပ္သမားမ်ား ျပန္သြားသည့္ အခ်ိန္မွစကာ စိန္ေသာင္းတစ္ေယာက္တည္းသာရွိေလ၏။ ယခု လူသူမရွိဘဲ ခြဲစက္ႀကီး သူ႔အလိုအေလ်ာက္လည္ပတ္လာေသာေၾကာင့္ စိန္ေသာင္း ေခါင္းနပန္းႀကီးသြားေလေတာ့သည္။ ထို႔အျပင္ ၎စာဖတ္ေနရာ ျပတင္းေပါက္မွ တစ္ဆင့္ၾကည့္လ်င္ ခြဲစက္ကို အတိုင္းသား ျမင္ရေလ၏။ ထို႔ေၾကာင့္လည္း စိန္ေသာင္းတစ္ေယာက္ ျပတင္းေပါက္ကို ဖြင့္ကာ ၾကည့္လိုက္ေတာ့
“ဟာ …… ”
ခြဲဝိုင္းထဲက ေလးေပ ဆယ့္ႏွစ္ေပခန႔္ ရွိေသာ သစ္လုံးႀကီးေပၚတြင္ ေဆာင့္ေၾကာင့္ထိုင္ကာ ေဆးလိပ္ေသာက္ျပေနေသာ ကိုလွေဆာင္ အားေတြ႕လိုက္ရေလေတာ့၏။ တစ္ခ်က္တစ္ခ်က္ ေဆးလိပ္ကိုရႈိက္လိုက္တိုင္း ရဲခနဲ ေပၚသြားေသာ ကိုလွေဆာင္၏ မ်က္ႏွာႀကီးကား ေက်ာခ်မ္းဖြယ္ ေကာင္းလွေပသည္။
“ေတာက္ … ေခြးမသား … ရာရာစစကြာ ”
ကိုစိန္ေသာင္းလည္း အစတည္းက အေၾကာက္ အလွန႔္နည္းသူ ပီပီ အိမ္နံရံတြင္ ထိုးထားေသာ ငွက္ႀကီးေတာင္ ဓားကို ဆြဲကာ အိမ္ေပၚက ေျပးဆင္းသြားလိုက္ေတာ့သည္။ ခြဲဝိုင္းထဲေရာက္ေတာ့ ေစာေစာက ကိုလွေဆာင္ႀကီး ရွိမေနေတာ့ပါ ။ သို႔ေသာ္ ခြဲစက္ႀကီးမွာေတာ့ တစ္ျဗဳန္းျဗဳန္း ႏွင့္လည္ပတ္ေနေလ၏။ ထို႔ေၾကာင့္ ခလုတ္ကို သြားပိတ္ရန္ လိုအပ္ေပသည္။ ညေနကမွ ခြဲေပးရန္ လာပို႔သြားေသာ သစ္ပုံႀကီး၏ ေနာက္တြင္ စက္ခလုတ္က ေရာက္ေနေလ၏။ ကိုစိန္ေသာင္းလည္း သတိႀကီးႀကီးထားက လက္တစ္ကမ္းအကြာတြင္ ရွိေသာ ခလုတ္ကို ပိတ္ရန္ အတြက္ လက္လွမ္းလိုက္ေလေတာ့သည္။
“ဘုတ္ ….”
“ဟာ …. ”
ဘယ္ကမွန္းမသိေသာ လက္မည္းႀကီးတစ္ဖက္က ၎၏ ေျခေထာက္ကိုၿမဲၿမံစြာဆြဲထားလိုက္ေတာ့သည္။ ကိုစိန္ေသာင္းလည္း ေၾကာက္အားလွန႔္အားျဖင့္ အတင္း႐ုန္းေလေတာ့ ထပ္ထားေသာ သစ္ပုံႀကီးမွာ ဟန္ပ်က္သြားၿပီး ၎အေပၚသို႔ ရက္ရက္စက္စက္ ျပဳတ္က်သြားခဲ့ပါေတာ့၏။
“အား ………”
ညႀကီး အခ်ိန္မေတာ္ ခြဲစက္ထဲက လူတစ္ေယာက္၏ ေၾကာက္မက္ဖြယ္ ေအာ္သံႀကီးက ည၏ တိတ္ဆိတ္ျခင္းကို ထိုးခြဲလို႔သြားပါေလေတာ့၏။
++++++++++
“ေၾကာက္စရာႀကီးပါလားဗ် … ဒါဆို ကိုစိန္ေသာင္းကို သရဲ လွေဆာင္က သတ္သေပါ့ ဟုတ္လား”
“ေအး … အဲ့သလိုပဲ ဆိုရမွာေပါ့ကြာ … ကိုင္း ငါလည္း သြားစရာရွိေသးလို႔ သြားအုံးမယ္ ”
“ေကာင္းပါၿပီဗ်ာ … ေကာင္းပါၿပီ ”
က်န္ခဲ့ေသာ ထိုလူမွာေတာ့ သရဲလွေဆာင္ အေၾကာင္းေတြးကာ တဗ်င္းဗ်င္းထလာေသာ ၎၏ ၾကက္သီးမ်ားကို လက္ျဖင့္ ပြတ္သပ္ေနလိုက္ပါေတာ့သတည္း …။
ကိုစိန္ေသာင္း ေသဆုံးျခင္းကား ေသြး႐ိုးသား႐ိုး မဟုတ္ေၾကာင္းကို ၿမိဳ႕ထဲ ရပ္ကြက္ထဲက လူတိုင္းသိသည္။ သို႔ေသာ္လည္း မည္သူမွ်ေတာ့ ထိုကိစၥကို အေရးတယူလုပ္ကာ ပုံႀကီးမခ်ဲ႕ခဲ့ၾကေပ။ သို႔ေသာ္ ေအးေ႐ႊ၏ အိမ္ေရွ႕၌ ညစဥ္ညတိုင္း လူတစ္ေယာက္ ေတာင္ေျမာက္ ေလွ်ာက္ေနသည္ဟူေသာ သတင္း ကြပ္ပ်စ္ေပၚထိုင္ကာ ေဆးလိပ္မီးႀကီးကို ရဲေနေအာင္ဖြာေနသည္ဟူေသာ သတင္းမွာေတာ့ အိပ္ရာ ၀င္တေစၦပုံျပင္ သဖြယ္ျဖစ္လို႔လာခဲ့ပါေတာ့၏။ တစ္ခ်ိဳ႕စပ္စုလိုေသာ လူငယ္ေလးမ်ားက မေအးေ႐ႊအိမ္ေရွ႕တြင္ ညတိုင္းရွိေနတတ္ေသာ လူႀကီးကို လာလာေခ်ာင္းတတ္ၾကသည္။ ေတြ႕တဲ့ အခါလည္း ေတြ႕သလို မေတြ႕တဲ့အခါလည္း မေတြ႕ၾကေပ။ သို႔ေသာ္ ထူးဆန္းသည္ကား ထိုလူႀကီးမွာ မနက္မိုးလင္းခါနီးပါက အိမ္ထဲသို႔၀င္ေရာက္ေပ်ာက္ကြယ္ သြားတတ္သည္ ဟူ၍ပင္ျဖစ္ပါေလေတာ့၏။
ကိုစိန္ေသာင္းဆုံးၿပီး သုံးလ အၾကာမွာေတာ့ ထိုၿမိဳ႕ကေလးသို႔ ႐ုံးစာေရးေလး လွေဖ ေရာက္လာခဲ့ျပန္သည္။ ထိုစာေရးေလး တာ၀န္က်ရာ ႐ုံးမွာ ေအးေ႐ႊေလးတို႔အိမ္ႏွင့္ မနီးမေဝးတြင္ရွိေလ၏။ ထို႔ေၾကာင့္လည္း မနက္ခင္းတြင္ ဟင္း႐ြက္ကန္စြန္းေလး ထြက္ထြက္ေရာင္းေသာ ေအးေ႐ႊအား စာေရးေလး လွေဖ ျမင္ပါမ်ားေတာ့ သေဘာက်လာခဲ့ေတာ့သည္။ တစ္ဖန္ ကေလး တစ္ေယာက္ အေမ မုဆိုးမလည္းျဖစ္သလို ငယ္ငယ္ ႐ြယ္႐ြယ္ ႏွင့္ ကိုယ္ထူကိုယ္ထ ရွာစားေနသည္ကိုလည္း ဂ႐ုဏာသက္ကာ ထိုဂ႐ုဏာေနာက္မွ ေမတၱာဆိုေသာ ေႏွာင္ႀကိဳးႀကီးက အထုံးဖြဲ႕လာခဲ့ေတာ့၏။ ေခတ္ပညာတတ္ လူငယ္တစ္ေယာက္ျဖစ္ေသာ လွေဖကား အတိတ္ကို ဂ႐ုမစိုက္ ေရွ႕ေရး ေကာင္းစားကိုသာ လိုလားသူျဖစ္သည္။ သရဲတေစၦ နာနာဘာ၀ ဆိုသည္ကိုကား ယုံၾကည္ဖို႔ရာေဝးစြ ။ ထို႔ေၾကာင့္လည္း စာေရးေလး လွေဖ ခမ်ာ ဒုတိယ စိန္ေသာင္းဟူေသာ ဘြဲ႕ေလးကိုပါ ထပ္မံဆြတ္ခူးသြားခဲ့ျပန္ေတာ့သည္။
ကိုလွေဖလည္း အားရင္အားသလို ေအးေ႐ႊေလးကို လူပ်ိဳလွည့္ ရစ္သီရစ္သီလုပ္တတ္ေလ၏။ နယ္ခံ ၿမိဳ႕ခံမ်ားက ဝိုင္း၀န္းတားဆီးၾကေသာ္လည္း စာေရးေလးလွေဖမွာ ေခါင္းမာမာ ႏွင့္ေရွ႕ဆက္တိုးေလ၏။ ေဒၚနန္းေ႐ႊၾကည္မွာေတာ့ ထုံးစံအတိုင္း ေအးေ႐ႊအား စာေရးေလးလွေဖ ႏွင့္ ေညႇာ္ဆီတိုက္ျပန္ေလ၏။ ဤသို႔ျဖင့္ပင္ ကိုလွေဖ မွာ ေအးေ႐ႊ၏ အိမ္သို႔ တံခါးမရွိ ဓားမရွိ ၀င္ခြင့္ထြက္ခြင့္ကို တရားဝင္ရလာေလေတာ့၏။ ေအးေ႐ႊ၏ သားေလး လွေဆာင္ကလည္း ကိုလွေဖအား ခင္ရွာေလသည္။ ကိုလွေဖကား တျခားၿမိဳ႕ႀကီးသို႔ ေခတၱသြားတိုင္း ေအးေ႐ႊအဖို႔ သားေလး အဖို႔ ဟူ၍ လက္ေဆာင္မ်ား ၀ယ္၀ယ္ေပးလာတတ္သည္။ အစပိုင္းတြင္ ေအးေ႐ႊက မယူဘူး မေကာင္းပါဘူး ဟူ၍ အတန္တန္ျငင္းရေသာ္လည္း ေနာက္ပိုင္းတြင္ေတာ့ မျငင္းႏိုင္ရွာေတာ့ေပ။ သူတို႔၏ ရင္းႏွီးမႈကလည္း တစ္ဆထက္တစ္ဆ ခိုင္ခိုင္မာလာခဲ့ေတာ့၏။
ထို႔အျပင္ထူးဆန္းသည္ကား ေအးေ႐ႊ၏ အိမ္မွ ညစဥ္လိုလို ငိုညည္းသံႀကီးမ်ား ညည္းတြား ေတာက္ခတ္သံမ်ားကို အနီးအပါးမွ် လူမ်ားၾကားလာရျခင္းပင္။ ေအးေ႐ႊ ႏွင့္ သားေလး ေမာင္လွေဆာင္မွာေတာ့ ဘာမွ်လည္း မၾကားရသလို ဘာမွ်လည္း မသိခဲ့ရေပ။
“ဟင္ … ကိုလွေဖ ပါလား … လာထိုင္ေလ ”
“ဟုတ္တယ္ ေအးေ႐ႊ ရဲ႕ … ဒါနဲ႔ ကေန႔ ေဈးမထြက္ဘူးလား ”
“ဥပုဒ္ ေန႔ဆိုေတာ့ … နားတယ္ ကိုလွေဖ … ခနေနမွ သားေလးနဲ႔ … ဘုန္းႀကီးေက်ာင္းသြား သီလ ယူမို႔ … ”
“အကို ေကာ လိုက္လို႔ရလား ”
ေအးေ႐ႊ အတန္ၾကာေအာင္ တိတ္ဆိတ္သြားၿပီးမွ
“ရတာေတာ့ … ရပါတယ္ … ဒါေပမယ့္ ပတ္၀န္းက်င္က ကိုလွေဖ နဲ႔ ေအးေ႐ႊကို တစ္မ်ိဳးထင္သြားရင္ မေကာင္းဘူး … ”
“အို … ပတ္၀န္းက်င္ကို ဂ႐ုစိုက္မေနပါနဲ႔ … အကိုက ေဟာဒီက ေအးေ႐ႊ နဲ႔ သားေလးကို တကယ္ သံေယာဇဥ္ရွိတာပါ ”
“မသင့္ေတာ္ပါဘူး … အကိုလွေဖရယ္ … ေအးေ႐ႊက ကေလးတစ္ေယာက္ အေမ မုဆိုးမ … ကိုလွေဖက လူပ်ိဳ ပညာတတ္ မအပ္စပ္ပါဘူးရွင္ ”
“ဂုဏ္ေတြ ပကာသန ေတြက အခ်စ္နဲ႔ေတြ႕ရင္ ရႈံးရတာခ်ည္းပါပဲ ေအးေ႐ႊရယ္ … ေမတၱာတရားကသာ ေလာကႀကီးမွာ အေရးအပါဆုံးအရာပါ ”
“ဒါေတြထားပါေတာ့ ကိုလွေဖရယ္ … သားေလးကို သနပ္ခါးလိမ္းေပးရအုံးမယ္ … အမနန္းလည္း ပါမွာဆိုေတာ့ ကိုလွေဖ လိုက္ခ်င္သပ ဆိုလည္း လိုက္ခဲ့လို႔ရပါတယ္ ”
ထိုအခါ ကိုလွေဖက
“အလကား ေနာက္တာပါ ေအးေ႐ႊရယ္ … အကို ခုပဲ လားရႈိးသြားရမယ္… အထက္က ေၾကးနန္းေရာက္လာလို႔ … ညေနက်ျပန္ေရာက္မယ္ … ေအးေ႐ႊေလး တို႔ လိုတာရွိရင္ အကို႔ကို မွာလိုက္ေလ ”
“အို … မဟုတ္တာ ကိုလွေဖရယ္ … သြားစရာရွိတာသာ သြားပါ … ဘာမွ ေနာက္ဆံတင္းမေနပါနဲ႔ ဘယ္သူနဲ႔ သြားမာလဲ ကိုလွေဖ”
“ေအာ္… ျပာတာ ထြန္းအုံ နဲ႔ပါ ကိုင္း … ဒါျဖင့္လည္း အကို႔ကို ခြင့္ျပဳအုံး ”
“ဟုတ္ကဲ့ပါ ရွင္ ”
ကိုလွေဖလည္း ေအးေ႐ႊအား ႏႈတ္ဆက္ကာထြက္သြားလိုက္ေတာ့သည္။ ေအးေ႐ႊမွာေတာ့ ထြက္သြားေသာ ကိုလွေဖ၏ ေက်ာျပင္ကို ေငးေမာကာ သက္ျပင္း ကိုသာ အႀကိမ္ႀကိမ္ခ်ေနမိေတာ့သည္။ ကိုစိန္ေသာင္းလို အျဖစ္မ်ိဳး မႀကဳံရပါေစ နဲ႔ဟူ၍လည္း စိတ္ထဲ၌ ဆႏၵျပဳေနမိ၏။ သူမ၏ အေနာက္ဖက္ ကြပ္ပ်စ္ေပၚတြင္ေတာ့ မိန႔္မိန႔္ႀကီးထိုင္ကာ ေဆးေပါ့လိပ္ႀကီးကို တရွဲရွဲဖြာေနသည့္ ကိုလွေဆာင္ကိုေတာ့ မည္သူမွ် မေတြ႕လိုက္ရသလို မည္သူမွ်လည္း သတိမထားမိလိုက္ေပ။
++++++++++
ညေနေစာင္းေတာ့ ေအးေ႐ႊေလး ဘယ္သူ႔ကိုေမွ်ာ္မွန္းမသိ ေမွ်ာ္ေနမိသည္။ အိုးခ်င္းထား အိုးခ်င္းထိ ႀကိဳးခ်င္းထား ႀကိဳးခ်င္းညႇိဆိုသလို ကိုလွေဖ၏ ေမတၱာေလး ေရာင္ျပန္ေနသည္ထင္။ ေအးေ႐ႊတစ္ေယာက္ ကိုလွေဖ အားေမွ်ာ္မွန္းမသိ ေမွ်ာ္ေနမိသည္။ သို႔ေသာ္ ထိုေန႔ တစ္ေန႔လုံး စာေရးေလး လွေဖ ျပန္မေရာက္လာခဲ့ေပ။ အကယ္၍ ၎ျပန္ေရာက္လာပါက သူမ ထံသို႔ တိုက္႐ိုက္လာမည္ကို ဘယ္ေဗဒင္မွ ေမးစရာမလိုဘဲ ေအးေ႐ႊသိသည္။ ယခုေတာ့ စာေရးေလး လွေဖ ျပန္ေရာက္မလာခဲ့ပါ ။ ေနာက္တစ္ေန႔ မနက္မွသာ သတင္းေလး တစ္ခုပဲ ေရာက္လို႔လာခဲ့ပါေတာ့၏။
“စာေရးေလး နဲ႔ သူ႔တပည့္ ျပာတာ ထြန္းအုံ တို႔ဂ်စ္ကား ၿမိဳ႕အ၀င္ေခ်ာက္ထဲက်လို႔တဲ့ ”
ဟူ၍ပင္ျဖစ္ေလပါေတာ့၏ ။ စာေရးေလးမွာ ထိုအက္ဆီးဒန႔္ျဖင့္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေသာ္လည္း ျပာတာ ထြန္းအုံမွာေတာ့ အသက္မေသဘဲ ေျခႏွစ္ေခ်ာင္းသာ တြင္တြင္က်ိဳးသြားခဲ့ေတာ့သည္။ ေဆး႐ုံေရာက္လို႔ ျပာတာ ထြန္းအုံ၏ အေျပာအရ ၾကားရသူအားလုံး အံ့အားသင့္ခဲ့ရေလေတာ့၏။
“က်ဳပ္ဆရာ … က်ဳပ္ဆရာက … ကားေမာင္း အင္မတန္ကြၽမ္းပါတယ္ဗ်ာ … လားရႈိးကေန တလမ္းလုံး ေရွာေရွာလ်ဴလ်ဴပဲ ၿမိဳ႕အ၀င္က်မွ ဆရာက ကားေရွ႕မွာ လူတစ္ေယာက္ ႐ုတ္တရက္ထြက္လာတယ္ဆိုၿပီး ေခ်ာက္ထဲကို ဆြဲခ်သြားတာ ”
“ဘုရား … ဘုရား ”
“ဘယ္က လူ ထြက္လာတာတုန္း ထြန္းအုံရ ”
“က်ဳပ္ကေတာ့ ဘယ္သူမွ မျမင္ဘူးဗ် … ဆရာက သာ လူထြက္လာတယ္ဆိုၿပီး ကားကို ဆြဲခ်ပစ္လိုက္တာ … က်ဳပ္ဆရာ ငယ္ငယ္႐ြယ္႐ြယ္ နဲ႔ကံဆိုးရွာပါတယ္ဗ်ာ … က်ဳပ္အေပၚ အင္မတန္ေကာင္းတဲ့လူဗ် … အီးဟီးဟီး ”
ျပာတာ ထြန္းအုံလည္း ေျပာရင္းငိုေလ၏။ အေၾကာင္းသိေနေသာ လူမ်ားကေတာ့ ကိုလွေဆာင္ လက္ခ်က္မွန္းသေဘာေပါက္ၾကသည္။ သို႔ေသာ္ ျဖစ္ၿပီးသြားတဲ့ ကိစၥအတြက္ေတာ့ စိတ္မေကာင္း႐ုံမွ အပ ……
+++++++++
ဤသို႔ျဖင့္ပင္ ေအးေ႐ႊေလးမွာလည္း ၿမိဳ႕ထဲ၌ က်ိန္စာသင့္ သတို႔သမီး တစ္ေယာက္သဖြယ္ျဖစ္လာရေတာ့သည္။ ယခင္က ကမ္းလွမ္းသူမ်ား ေျမာက္မ်ားစြာရွိလွေသာ္လည္း ယခုမွာေတာ့ ေအးေ႐ႊအနားသို႔ မည္သည့္ ေယာက်ာ္းသားမွ် မကပ္ရဲၾကေတာ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ သရဲကိုလွေဆာင္ အားေၾကာက္လွန႔္ၾက၍ျဖစ္ေလ၏။ ေဒၚနန္းေ႐ႊၾကည္လည္း ထပ္မံ၍ မတိုက္တြန္းလိုေတာ့ သလို ေအးေ႐ႊမွာလည္း အနာေပၚ အနာဆင့္ကာ ပူေဆြးေသာက ေရာက္ရရွာေလေတာ့၏။ သိပ္မၾကာလိုက္ေပ စာေရးေလး ကိုလွေဖ ဆုံးၿပီး သုံးလ အၾကာတြင္ ထူးထူးဆန္းဆန္း သတင္းတစ္ခု ထိုၿမိဳ႕ေလးအား လႈပ္ခတ္သြားေစေတာ့သည္။ ထိုအရာကား အျခားေတာ့ မဟုတ္
“ေအးေ႐ႊ ကိုယ္၀န္ရလာၿပီ ”
ဟူေသာ သတင္းပင္ျဖစ္ပါေလေတာ့သတည္း။ သားေလး လွေဆာင္ အသက္ႏွစ္ႏွစ္ေက်ာ္ အ႐ြယ္ တြင္ ေအးေ႐ႊတစ္ေယာက္ လင္ေကာင္မေပၚဘဲ ကိုယ္၀န္ ေဆာင္လာရေလေတာ့သည္။
“အမေလး … ရမေပါ့ဟဲ့ … စာေရးေလးနဲ႔ အဲ့ေလာက္ ပလူးေနတာ …”
“ေအးဟယ္ … ယူေတာင္ မယူရေသးဘဲ … ေကာင္မ ႐ြကို႐ြတာပါေအ ”
“အခုေတာ့ ၾကည့္ေလ … တာ၀န္ယူမယ့္ လူကေသေတာ့ ညည္းလည္း ခံေပအုံးေတာ့ ”
စသျဖင့္ မခံႏိုင္ေလာက္တဲ့ အထိ အတိုက္အခိုက္ စကားလုံးမ်ားက ေအးေ႐ႊ၏ အသည္းကို ရက္ရက္စက္စက္ လုံးေျခပစ္လိုက္သည့္ အလား။ ထို႔ေၾကာင့္လည္း သူမ အိမ္ထဲက အိမ္ျပင္ပင္ မထြက္ရဲေတာ့ေပ ။ သူမ သီလကို သူမယုံသည္။ ကိုလွေဖ ႏွင့္လည္း အသားခ်င္းပင္ မထိခဲ့ဖူးသလို ႐ုတ္တရက္ လင္ေကာင္မရွိဘဲ ရလာေသာ ထိုကိုယ္၀န္ေၾကာင့္ သူမ ရွက္လည္းရွက္လြန္းလွသည္။ ထိုအခ်ိန္တြင္ သူမထံ၌ အေဖာ္ကား ေဘးအိမ္က ရွမ္းမႀကီး ေဒၚနန္းေ႐ႊၾကည္ တစ္ေယာက္သာ ရွိေလေတာ့သည္။
“ေအးေ႐ႊေရ … ၿမိဳ႕ထဲက အသံေတြေတာ့ ညည္းလည္း ၾကားမိေလာက္ေရာေပါ့ … သူတို႔ေျပာတာေတြ ေကာ ဟုတ္ကဲ့လား ”
သားေလးေမာင္လွေဆာင္မွာေတာ့ ေအးေ႐ႊ၏ ရင္ခြင္ထဲတြင္ မ်က္လုံးေလး ျပဴးကလယ္ျပဴးကလယ္ ျဖင့္ မေအ တလွည့္ ေဒၚနန္းေ႐ႊၾကည္ႀကီးအား တစ္လွည့္ ၾကည့္ေနေလ၏။
“မဟုတ္ရပါဘူး … အမနန္းရယ္ … ကြၽန္မ နဲ႔ ကိုလွေဖ အေၾကာင္းကို အမ နန္း အသိဆုံးပါ … အခု ဘယ္ကဘယ္လို ေပၚလာမွန္းမသိ တဲ့ ကိုယ္၀န္ေၾကာင့္ ေအးေ႐ႊ ရွက္လည္း ရွက္ ေသလည္းေသခ်င္ေနပါၿပီ ”
“အို … အဲ့လို စိတ္လိုက္မာန္ပါ လုပ္လို႔ ဘယ္ျဖစ္မလဲ ေအးေ႐ႊရဲ႕ … ညည္းကိုယ္၀န္ႀကီးကလည္း သုံးလသာေျပာတယ္ … ေမြးေတာ့ ဖြားေတာ့မယ့္ အတိုင္းႀကီးပဲ ”
မွန္ေပသည္ ေအးေ႐ႊ၏ ကိုယ္၀န္သုံးလ သို႔ရွိေနေခ်ၿပီ။ သို႔ေသာ္ သာမန္ ကိုယ္၀န္သည္မ်ားလို သုံးလ အထိ ဗိုက္မသိမသာေလး စူသည္မဟုတ္။ ေမြးေတာ့ဖြားေတာ့မည့္ ဗိုက္ႀကီးလို အေရွ႕သို႔ တစ္ေပ သာသာ ေလာက္စူထြက္ေနေလ၏။
“ေအး … ငါလည္း ၾကည့္ေနတာၾကာၿပီ … ညည္းဟာက ေသြး႐ိုးသား႐ိုးမွ ဟုတ္ကဲ့လားဟဲ့ …ေရဖ်ဥ္း ေတြဘာေတြမ်ားျဖစ္ေနတာလား ”
“ေရဖ်ဥ္းေတာ့ မဟုတ္ဘူး အမနန္း … လက္သည္ အေဒၚႀကီးစမ္းေပးတာေတာ့ … ဗိုက္ႀကီးတာလို႔ဆိုတာပဲ ”
“ေနစမ္းပါအုံး … ဒါနဲ႔ ညည္းဒီဗိုက္မရခင္ ဘာေတြမ်ား ထူးထူးဆန္းဆန္း လုပ္မိေသးသလဲ ”
ေဒၚနန္းေ႐ႊၾကည္၏ အေမးေၾကာင့္ ေအးေ႐ႊလည္း ေခတၱမွ်ေတြေဝသြားေလေတာ့သည္။ ထို႔ေနာက္ တစ္စုံတစ္ရာကို စဥ္းစားသြားမိဟန္ျဖင့္
“ထူးထူးဆန္းဆန္းေတာ့ … မရွိပါဘူး … ဒါေပမယ့္”
ေအးေ႐ႊစကားစကို ေခတၱျဖတ္ထားလိုက္ေလသည္။
“ဟဲ့ … ဒါေပမယ့္ ဘာျဖစ္လဲ ဆက္ေျပာေလ ”
“ဒါေပမယ့္ … ကိုစိန္ေသာင္းဆုံးၿပီး မၾကာခင္မွာ ကိုလွေဆာင္ကို အိပ္မက္မက္တယ္ … အမနန္း”
“ေဟ … ဟုတ္လား … ဘယ္လိုေတြမက္တာလဲ ”
“ကြၽန္မလည္း သိပ္မမွတ္မိဘူး … ကိုလွေဆာင္ ကြၽန္မ ေဘးကို လာလာ အိပ္တယ္ လို႔ မက္တယ္ထင္တာပဲ ”
“အလို … ညည္းေျပာတာ ဟုတ္ကဲ့လား ”
ေဒၚနန္းေ႐ႊၾကည္လည္း ေအးေ႐ႊအား အံ့ဩလြန္းသျဖင့္ ေမးခြန္းထုတ္လိုက္မိေတာ့၏။ ေအးေ႐ႊက ေခါင္းကိုသာ ညိတ္ျပေလသည္။
“ဒါဆို … ဒါဆို မျဖစ္ဘူး …. အဲ့ဒါ ညည္းကိုယ္၀န္က လူနဲ႔ ရတဲ့ ကိုယ္၀န္မဟုတ္ဘူးပဲ ”
“ရွင္ … ဘယ္လို ”
“ဟုတ္တယ္ … ငါ့အထင္ေျပာရရင္ … ညည္း လင္ လွေဆာင္ ေၾကာင့္ရတဲ့ ကိုယ္၀န္ တေစၦ ကိုယ္၀န္ပဲဟဲ့ … မျဖစ္ဘူး မျဖစ္ဘူး … ငါ့အသိ အထက္လမ္း ဆရာႀကီး ဦးသိန္းေအာင္ နဲ႔တိုင္ပင္မွ ျဖစ္မယ္ … မဟုတ္ရင္ ညည္းပါ ဒုကၡေရာက္သြားႏိုင္တယ္ ”
ေဒၚနန္းေ႐ႊၾကည္ စကားပင္ မဆုံးလိုက္
“ဒုန္း … အုန္း ”
အိမ္ႀကီးမွာ ေျမငလ်င္လႈပ္သြားသည့္ အလား အသံက်ယ္ႀကီးျမည္ကာ သိမ့္သိမ့္တုန္သြားေလေတာ့၏။ တစ္ခ်က္ျဖင့္ မကေသး သုံးေလး ခ်က္ဆင့္ကာ ဆင့္ကာ ယိမ္းထိုးသြားေသာေၾကာင့္ ေအးေ႐ႊေကာ ေဒၚနန္းေ႐ႊၾကည္ပါ မ်က္ႏွာပ်က္ကုန္ၾကေလေတာ့သည္။ သားေလး ေမာင္လွေဆာင္မွာ မ်က္ရည္ေလး လယ္တယ္လယ္တယ္ ျဖင့္ သူ႔အေမ ရင္ခြင္ထဲ အတင္းတိုးပါေလေတာ့၏။
“ငါ့ ကေလးကို … ဘယ္သူမွ ဘာမွမလုပ္ရဘူး … လုပ္တဲ့လူ ငါသတ္မယ္ … သတ္မယ္ … ဟားဟားဟား ”
ဘယ္ကမွန္းမသိေသာ အသံဩႀကီးက အိမ္ခန္းအတြင္း က်ယ္ေလာင္စြာ ထြက္ေပၚလာေလေတာ့၏။ ထိုအသံကို ေအးေ႐ႊေကာင္းစြာသိသည္။ ထိုအသံကား ကိုလွေဆာင္၏အသံ ကိုလွေဆာင္၏ အသံ
“ေမေမ … ေမေမ … သားေၾကာက္တယ္ ”
“မေၾကာက္နဲ႔ … သား .. ေမေမ ရွိတယ္ … အမနန္းေရ ကယ္ပါအုံး ”
“ေအေအ … ညည္းတို႔ ေနရစ္ၾကအုံး … ငါဆရာႀကီးကို သြားေခၚမယ္ ”
ေဒၚနန္းေ႐ႊၾကည္လည္း ထိုသို႔ေျပာရင္း အိမ္ေပၚက ဒုန္းစိုင္းေျပးထြက္သြားေလေတာ့၏။ ေအးေ႐ႊႏွင့္ သားေလး လွေဆာင္မွာေတာ့ မ်က္စိသူငယ္ နားသူငယ္ ျဖင့္ အိမ္ေလးအတြင္း က်န္ခဲ့ေလပါေတာ့၏။ သိပ္မၾကာလိုက္ေပ ေဒၚနန္းေ႐ႊၾကည္ ႏွင့္ အသက္ငါးဆယ္ေက်ာ္ ေျခာက္ဆယ္ ခန႔္ရွိေသာ အဖိုးႀကီး တစ္ေယာက္ ေအးေ႐ႊ၏ အိမ္သို႔ေရာက္လာေလေတာ့၏။ အိမ္ကေလးမွာ ပကတိၿငိမ္သက္ တိတ္ဆိတ္လ်က္။ ထို အဖိုးႀကီး အိမ္ထဲ ေျခခ်လိုက္သည္ ႏွင့္ တစ္ၿပိဳင္နက္ အိမ္ေနာက္ေဖး ဖက္မွ ပန္းကန္႐ိုက္ခြဲသံ ေရအိုး႐ိုက္ခြဲသံမ်ား ဆူညံစြာထြကိေပၚလာေတာ့သည္။
“ဖုန္း … ”
“ခြမ္း …”
“အုန္း ….”
သားေလး လွေဆာင္မွာေတာ့ ေၾကာက္လြန္းလွသျဖင့္ မ်က္စိေကာ နားေကာ အားကုန္ပိတ္ထားေလသည္။ ေစာေစာကအဖိုးႀကီးလည္း ထိုအသံမ်ားကို နားစြင့္ကာ မ်က္စိကို အသာမွိတ္ထားရင္း အာ႐ုံခံေနေလေတာ့သည္
“အဘ … အထဲကို ႂကြပါ … အထဲကိုႂကြပါ”
ေဒၚနန္းေ႐ႊၾကည္က ထိုအဖိုးႀကီးအား ပ်ာပ်ာသလဲျဖင့္ အိမ္ထဲကို ဖိတ္ေလ၏။ ထိုအခါ အထက္လမ္းဆရာႀကီး ဦးသိန္းေအာင္လည္း အိမ္ထဲကို ဦးစြာ၀င္ေလသည္။ ၿပီးေနာက္ အိမ္အတြင္းမွ ဘုရားစင္အား ဦးသုံးႀကိမ္ခ်ကာ တင္ပလႅင္ ေခြကာ ထိုင္လိုက္ေတာ့သည္။ ၿပီးေနာက္ မ်က္စိကို တစ္ဖန္ ျပန္မွိတ္လိုက္ရင္း
“အိမ္း … နန္းေ႐ႊၾကည္ေျပာတာ မွန္ေနသကိုး … လွေဆာင္ … အခု ခ်က္ခ်င္း ငါ့ေရွ႕ကို လာစမ္း …ငါဆရာ အမိန႔္ … ”
အထက္လမ္းဆရာႀကီး ထိုသို႔ေျပာလိုက္သည္ ႏွင့္ တစ္ၿပိဳင္နက္ အိမ္ျပတင္းေပါက္မ်ား ေလမတိုက္ဘဲ သူ႔အလိုလို ျပင္းထန္စြာ ပိတ္သြားေလေတာ့၏။
“ဂ်ဳန္း … ဂ်ဳန္း … ဂ်ဳန္း ”
“ငါ့ကို … အာခံခ်င္သလား … အိမ္ထဲမွာ မင္းရွိေနတာ ငါသိတယ္ … အခုခ်က္ခ်င္းထြက္ခဲ့စမ္း … ငါသုံးႀကိမ္သုံးခါ ေခၚလို႔မွ မင္းမေရာက္ရင္ … ငါအဆိုးမဆိုနဲ႔ ေဟ့ ”
ဆရာႀကီး၏ စကားသံဆုံးသည္ ႏွင့္တစ္ၿပိဳင္နက္ အရာခပ္သိမ္းတို႔သည္ အပ္က်သံပင္ၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားေလေတာ့သည္။
“အီးဟီးဟီး … အင္းဟင္းဟင္း ”
႐ုတ္တရက္ဆိုသလို ေဒၚနန္းေ႐ႊၾကည္ကား တအီးအီး တအင္းအင္း ညည္းတြားကာ အေၾကာအခ်ဥ္မ်ား တြန႔္လိမ္လာေလေတာ့သည္။
“အမနန္း ….”
ေအးေ႐ႊ စိုးရိမ္တစ္ႀကီးျဖင့္ ေဒၚနန္းေ႐ႊၾကည္အား သြားထိမည္ အျပဳ ဆရာႀကီးက လက္ကို အသာကာျပေလ၏ ။
“ကိုင္း … ဆိုစမ္း … ေမာင္လွေဆာင္ … ဘာေၾကာင့္ မင္းအခုလို … မိုက္လုံးႀကီးတဲ့ အမႈေတြ ျပဳေနရသလဲ ”
ထိုအခါ ေဒၚနန္းေ႐ႊၾကည္မွာ ဆရာႀကီးအား မ်က္လုံးစိမ္းႀကီးျဖင့္ ၾကည့္ရင္း အသံဩႀကီးျဖင့္
“ငါ့မယားနဲ႔ … ငါ့သားကို ခ်စ္လို႔ ”
“တိတ္စမ္း … မင္းနဲ႔ သူတို႔နဲ႔က ဘ၀ျခားသြားၿပီ လွေဆာင္ … မင္းလြတ္ရာ ကြၽတ္ရာကို သြား ”
“မသြားႏိုင္ဘူး … ငါ့မိသားစု နားမွာပဲ ေနမယ္ ”
“ေတာက္ … ေတာ္ေတာ္ေျပာရခက္တဲ့ေကာင္ … ငါ့ေဆးႀကိမ္လုံးစာ မိခ်င္သလား ”
ကိုလွေဆာင္ ၀င္စီးေနေသာ ေဒၚနန္းေ႐ႊၾကည္ႀကီး မွာ ဆရာႀကီးအား ကိုက္ေတာ့မည့္ ေခြး႐ူးတစ္ေကာင္လို မာန္ဖီျပေနေလ၏။ မယုံႏိုင္စရာေကာင္းလွေသာ ထိုအျဖစ္အပ်က္ကို ျမင္လိုက္ရသည္ မို႔ ေဘးကၾကည့္ေနေသာ ေအးေ႐ႊ မ်က္ရည္မ်ားဝဲလာေလေတာ့သည္။
“အကိုလွေဆာင္ ….”
“ေအးေ႐ႊ ….”
“အကိုလွေဆာင္ … ဘာလို႔ အခုလိုေတြလုပ္ေနရတာလဲ ”
ထိုအခါ ကိုလွေဆာင္ တစ္ျဖစ္လဲ ေဒၚနန္းေ႐ႊၾကည္ႀကီးမွာ မ်က္ရည္မ်ားဝဲလာေလေတာ့၏။
“ေအးေ႐ႊကို ခ်စ္လို႔ေပါ့ … အကိုေျပာခဲ့ဖူးတယ္ မလား … အကို႔ သားဦးေလးကိုလည္း အကိုျမင္ခ်င္ လြန္းလို႔ပါ … ေအးေ႐ႊရယ္ ”
“အကိုလွေဆာင္ ရဲ႕ အခ်စ္ကို နားလည္ပါတယ္ … ဒါေပမယ့္ အကိုလွေဆာင္ မွားေနၿပီ အခု သားေလးလည္း အကိုေၾကာင့္ေၾကာက္ေနရွာၿပီ … ေအးေ႐ႊတို႔ကို မသနားဘူးလား ”
“အကို … အကိုမွားသြားပါတယ္ ေအးေ႐ႊ ”
ထိုအခါ ဆရာႀကီးက
“ဟုတ္တယ္ … ေမာင္လွေဆာင္ … ေမာင္ရင့္ ရဲ႕ အခ်စ္ေၾကာင့္ ျဖစ္လာတဲ့ မိုက္ျပစ္ေတြကို ေနာင္သံသရာထိ မသယ္သြားခ်င္ပါနဲ႔ …. ေဟာဒီက သမီးေလးလည္း ေမာင္ရင့္ ေၾကာင့္ ဒုကၡပင္လယ္ ေဝေနရွာၿပီ … ”
“က်ဳပ္ … က်ဳပ္ မွားသြားပါတယ္ … အဘရယ္ … က်ဳပ္ကို ခြင့္လႊတ္ပါ … က်ဳပ္ကို ခြင့္လႊတ္ပါ … အကို႔ကို ခြင့္လႊတ္ပါ ေအးေ႐ႊ ”
ကိုလွေဆာင္လည္း အနည္းငယ္ အျမင္မွန္ရလာကာ ငိုသံႀကီးျဖင့္ ေတာင္းပန္ေလေတာ့သည္။
“ေဟာဒီက သမီးေလးဆီမွာ ေမာင္ရင့္ေၾကာင့္ ကိုယ္၀န္ေဆာင္ေနရၿပီ … အဲ့ဒါကို ပါ တခါတည္း ျပန္ႏုတ္သြားပါ ”
“ေကာင္း … ေကာင္းပါၿပီ အဘ … ေအးေ႐ႊ အကို႔ကို သားေလး ေပးပါအုံး ”
ေအးေ႐ႊလည္း ၎ရင္ဘက္ထဲမွ သားေလးကို ကိုလွေဆာင္ထံေပးေလ၏။ ကေလးမွာေတာ့ ကိုလွေဆာင္ ၀င္ပူးေနေသာ ေဒၚနန္းေ႐ႊၾကည္ႀကီးအား အေၾကာင္သား ေငးၾကည့္ေနေလေတာ့သည္။ ထိုအခါ ကိုလွေဆာင္က ကေလး၏ နဖူးျပင္အား အားရပါးရ နမ္းရႈံ႕ကာ ေအးေ႐ႊထံျပန္ေပးလိုက္သည္။
“အကိုသြားေတာ့မယ္ … ေအးေ႐ႊ … အဘ က်ဳပ္ အတြက္ရည္စူးၿပီး အမွ် အတန္းေဝ ကုသိုလ္ျပဳေပးပါ … ေနာက္ၿပီး ေအးေ႐ႊကို ေရမန္းတစ္ခြက္တိုက္လိုက္ရင္ အခု ကိုယ္၀န္က သူ႔အလိုလို ပ်က္က်သြားပါလိမ့္မယ္ … ”
“အိမ္းေကာင္းၿပီ …. ေမာင္လွေဆာင္ … ေမာင္ရင့္ ဆႏၵအတိုင္းျဖစ္ေစရမယ္ ”
ဆရာႀကီးလည္း ထိုသို႔ေျပာလိုက္ေတာ့ ေဒၚနန္းေ႐ႊၾကည္ႀကီးမွာ ထိုင္လ်က္သားမွေန၍ အ႐ုပ္ႀကိဳးျပတ္ ပုံလ်က္သား လဲက်သြားေလေတာ့သည္။ ဆရာႀကီးလည္း ဘုရားစင္ေပၚမွ ေရမန္းတစ္ခြက္ယူကာ မ်က္ႏွာကိုေတာက္လိုက္ေတာ့
“ဟင္ … ေအးေ႐ႊ … ငါ … ငါဘာျဖစ္သြားတာလဲ ”
ေအးေ႐ႊလည္း အေၾကာင္းကုန္စင္ေျပာျပလိုက္ေတာ့ ေဒၚနန္းေ႐ႊၾကည္ႀကီးမွာ သက္ျပင္းကို အႀကိမ္ႀကိမ္ခ်ေနမိေတာ့သည္။
“ေတာ္ေသးတာေပါ့ဟယ္ … ေမာင္လွေဆာင္က နဂို စိတ္ရင္းစိတ္ခံေလးက ေကာင္းေနလို႔သာေပါ့”
“ကဲေရာ့ … သမီးလည္း ေဟာဒီက ေရမန္းေလးကို ဘုရားတရားအာ႐ုံျပဳၿပီးေသာက္လိုက္ေခ် ”
ေအးေ႐ႊလည္း ဆရာႀကီးကမ္းေပးေသာ ေရမန္းခြက္ေလးအား ဆရာႀကီးေျပာသည့္အတိုင္းေသာက္လိုက္ေလေတာ့သည္။
“ကိုင္း … အဘကို ခြင့္ျပဳၾကအုံးေဟ့ … ေမာင္လွေဆာင္အတြက္သာ ကုသိုလ္ေကာင္းမႈျပဳေပးဖို႔ မေမ့ၾကနဲ႔ ဟုတ္ပလား ”
“ဟုတ္ကဲ့ပါ … အဘ ”
ေအးေ႐ႊလည္း ဆရာႀကီးအား လက္အုပ္ကေလး ခ်ီကာ ျပန္ေျပာေလ၏။ ေဒၚနန္းေ႐ႊၾကည္ႀကီးမွာေတာ့ ဆရာႀကီးအား ၿခံေပါက္၀ထိ လိုက္ပို႔ၿပီးေနာက္ အိမ္ထဲျပန္ဝင္လာခဲ့ေတာ့သည္။ ေအးေ႐ႊ၏ အိပ္ခန္းလိုက္ကာ ေလးမွာ ေလတိုက္၍ ႐ုတ္တရက္ လႈပ္သြားသည္မို႔ ေဒၚနန္းေ႐ႊၾကည္လည္း ထိုအခန္းထဲသို႔ ၀င္မိမွန္းမသိ ၀င္မိသြားေလေတာ့၏။
“အမေလး …”
ကုတင္ေပၚ၌ သရဲ ကိုလွေဆာင္ႀကီးမွာ စတိုင္က်က် လဲေလ်ာင္းေနသည္ကို ေတြ႕လိုက္ရေလေတာ့၏။ ေဒၚနန္းေ႐ႊၾကည္လည္း ႐ုတ္တရက္လန႔္ကာ ေအာ္လိုက္သည္မို႔ ကိုလွေဆာင္မွာ ျပတင္းေပါက္မွ ေက်ာ္ကာ ခုန္ေပါက္ေျပးထြက္သြားသည္ကို အတိုင္းသားျမင္လိုက္ရေတာ့သည္။ အခ်ိန္ကား ညီကို မသိတသိ ႏြား႐ိုင္းသြင္းခ်ိန္ ။
++++++++++
ထိုညမွာပင္ ေအးေ႐ႊတစ္ေယာက္ အေလးသြားရင္းမွ ေသြးခဲမ်ားပါကာ ၎၏ ကိုယ္၀န္မွာ မည္သို႔မွ် မခံစားရဘဲ အၿပီးတိုင္ ပ်က္က်သြားေလ၏။ ၎၏ တစ္ေပသာသာ စူထြက္ေနေသာ ဗိုက္မွာလည္း အေကာင္းပကတိျပန္လည္ျဖစ္လို႔သြားေခ်ၿပီ။ ေနာက္ေန႔မနက္မွ ေအးေ႐ႊ ႏွင့္အတူ ေဒၚနန္းေ႐ႊၾကည္ပါ ၿမိဳ႕ဦးဘုန္းႀကီးေက်ာင္းေလးေတြ ပရိအကၡရာ ရွစ္ပါးကို ၀ယ္ယူၿပီး ကိုလွေဆာင္အတြက္ ရည္စူး ကုသိုလ္ျပဳေပးလိုက္ၾကေတာ့သည္။
“ကြယ္လြန္သူ ကိုလွေဆာင္ ႏွင့္တကြ …. သုံးဆယ့္ တစ္ဘုံတြင္ က်င္လည္ေနၾကကုန္ေသာ …. ေဝေနယ်ာ သတၱဝါ အားလုံးတို႔အား …. အမွ် အမွ် အမွ် ေပးေဝပါကုန္၏ … အားလုံး အမွ်ရၾက၍ သာဓု အႏုေမာႆဒ္ ေခၚဆိုႏိုင္ၾကပါေစ
အားလုံး …. ၾကားၾကားသမွ် အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေသာ္ သာဓု … သာဓု … သာဓု
အားလုံး …. ၾကားၾကားသမွ် အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေသာ္ သာဓု … သာဓု … သာဓု
အားလုံး …. ၾကားၾကားသမွ် အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေသာ္ သာဓု … သာဓု … သာဓု ”
ေရစက္ခ် အမွ်ေဝသံေလးကား ဘုန္းႀကီးေက်ာင္း ပရဝု အတြင္း ဆည္းလည္းသံေလးမ်ားႏွင့္ အတူသာယာစြာပ်ံ႕လႊင့္လ်က္ ။ ကိုလွေဆာင္ တစ္ေယာက္ ေကာင္းရာဘုံဘ၀ သို႔ ေရာက္ပါေစလို ေၾကာင္း ဆုမြန္ေကာင္း ေတာင္းရင္းျဖင့္ နိဂုံးခ်ဳပ္အပ္ပါသည္။
++++++++++++
( စာႂကြင္း / ထိုေန႔မွ စကာ ေအးေ႐ႊေလး၏ အိမ္ေရွ႕၌ ညစဥ္ညတိုင္း လူတစ္ေယာက္ လမ္းေလွ်ာက္ေနပုံမ်ား လူတစ္ေယာက္ ကြပ္ပ်စ္ေပၚထိုင္ကာ ေဆးေပါ့လိပ္ႀကီး ဖြာေနပုံမ်ားကို မည္သူမွ်လည္း မေတြ႕ၾကရေတာ့သလို မည္သူမွ်လည္း ထိုအေၾကာင္းကို မေျပာၾကေတာ့ေပ။ )
ျဖစ္ရပ္မွန္အား အေျခခံထားျခင္းျဖစ္သည္။ ၀တၳဳသေဘာအရ ကြန႔္ျမဴးေရးသားထားျခင္းမ်ား ပါရွိသည့္ အတြက္ ကာယကံရွင္ မ်ား အမွတ္မထင္ ဖတ္ရႈမိပါက နားလည္သည္းခံေပးၾကပါရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္ ။
ကြၽႏ္ုပ္ေရးသားေသာ ( တေစၦကိုယ္၀န္ ) အမည္ရ ဇာတ္လမ္းတိုေလး ဤတြင္ၿပီး၏။
စာဖတ္သူတို႔အားအစဥ္ေလးစားလ်က္
စာေရးသူ =သူေရး “အားေလးစားလ်က္
#crd