“တစ်ပွဲစားမုဆိုးနှင့်ရွှေမောင်းတောသိုက်က အပျိုတော်” (အပိုင်း ၄ သိမ်း)
————————————–
ရေးသူ- ထမံ(တောင်ငူ)
**
ထို့နောက်တွင်တော့ မျက်၀န်းများသည် လေးလံလာရသည့်အတွက် အင်းသားတို့ စီစဉ်ပေးထားရာ ထန်းချောဖျာချပ်ဆီ၌ တုံးလုံးလှဲကာ မှေးစက်လိုက်မိတော့လေ၏။
*******
ဘယ်လောက်ကြာကြာ အိပ်ပျော်သွားခဲ့မိသည်မသိ။ မုဆိုးကြီး၏ နားထဲဆီကို ဆူညံသံ အချို့ တိုး၀င်ရောက်ရှိလာသည်မို့ ချက်ချင်းပင် ငေါက်ခနဲ ထထိုင်မိလိုက်လေ၏။
ပြင်ပ၀ယ် အလင်းစတို့က မှိန်ပြ၍ပင်နေလေပြီ။
” တောက်…အလကား မဆီမဆိုင်တွေ။ ဘယ့်နှယ့်…။ ဒီမယ် ဟေ့ကောင်တွေ။ အခုပွဲပေးတာက ငါက ရိုးရာကို လေးစားသမှုနဲ့ လုပ်တာ။ ဒါကို ဘယ်သူက ကွန့်တာလဲ…”
စကားသံက အော်ကြီးဟစ်ကျယ်။
အင်းကို ပိုင်ဆိုင်သည့် ပိုင်ရှင်အသစ်ဆိုသူ ရောက်နေချေပြီ။ သူ၏ စကားသံသည် ဗိုက်ပူပူ အသားမည်းမည်းဖြင့် ရုပ်ဆိုးအကျည်းတန်လှသော သွင်ပြင်ဖြင့် လိုက်ဖက်လွန်းစွာ။
” ငါက ကွန့်လိုက်တာပဲ…”
မုဆိုးကြီးက လေသံမှန်မှန်ဖြင့် ပြောလိုက်သည်။
” မင်းက ဘယ်သူလဲ…”
” ငါက မုံခေါင်ပဲ။ သရမီရွာက တစ်ပွဲစားမုဆိုး မုံခေါင်…”
” မုံခေါင်…”
အင်းပိုင်ရှင်ချစ်တီးသည် သံတူလိုက်ကာ ရေရွတ်လိုက်၏။ ထို့နောက်…
” နေစမ်းပါဦး။ မင်းကို ငါမသိဘူး။ မင်းက ငါ့အင်းထဲကို ဘာလာလုပ်နေတာလဲ…”
” ငါက ငါးလာ၀ယ်တာ။ ဒါပေမယ့် ရောက်တော့ မင်းလစ်လှူရှုထားတဲ့ မင်းရဲ့ ကျေးဇူးရှင်အလုပ်သမားတွေအတွက် ငါ ၀င်ကူညီပေးနေတာပဲ…”
” တောက် မဆီမဆိုင်ကွာ။ အမြင်မတော် ဆင်တော်နဲ့ ခလောက်။ မုဆိုးနဲ့ ငါ့နေရာ ဘာမှမဆိုင်ဘူး။ မင်း ထွက်သွားလိုက်တော့…”
မုံခေါင် ပြုံးလိုက်မိ၏။
” မဆိုင်ပေမယ့် မုဆိုးနဲ့ တံငါဟာ ဆွေမျိုးတော်တယ်ဆိုတာကိုတော့ နင် မေ့နေပြီထင်တယ်။ ရေပြင်နဲ့ ကုန်းမြေက ဆက်စပ်နေသလို မုဆိုးနဲ့ တံငါဆိုတာလည်း စပ်ဆက်နေပါတယ်။ အဲ့ဒီ့လိုပဲ အလုပ်ရှင်နဲ့ အလုပ်သမားကလည်း ဆက်စပ်နေတယ်။ နင် ကျေးဇူးမကန်းချင်ပါနဲ့…”
မုဆိုးကြီး၏ စကားကြောင့် အင်းပိုင်ရှင်သည် ရှူးရှူးရှားရှားဖြစ်သွားရလေကာ…။
” အဲ့ဒါ ငါ့ကိစ္စပါ။ မင်းနဲ့ မဆိုင်ဘူး။ မင်းလမ်းမင်းသွားတော့…”
” မဆိုင်လို့ မရဘူး။ ဒုက္ခရောက်နေသူတိုင်းအတွက် နိုင်ရာက ကူညီပေးတတ်တာ ငါ့အလုပ် ငါ့အကျင့်ပဲ။ ကဲပါ… ငါ စကားကုန်ကုန်ပြောမယ်။ နင် ဒီက နင့်လူတွေအတွက် ဘာမှမလုပ်ပေးနိုင်ဘူးမဟုတ်လား။ ဒါပေမယ့် ငါ လုပ်ပေးနိုင်တာကို ငါလုပ်မယ်။ ဒါကိုမှ နင်ကန့်ကွက်ရင်တော့ နေဦး မဟုတ်ဘူး။ မှားနေတာနင်မို့လို့ ညကျ တစ်ပွဲစားသရဲကို အစာသွားကျွေးရင် နင်ပါလိုက်ခဲ့ရမယ်…”
မုံခေါင်က ပြတ်ပြတ်သားသားပြော၏။ ထိုအခါ တစ်ဖက်က အင်းပိုင်ရှင်သည် ဒေါသတကြီးဖြင့် နံဘေးက ဓားရှည်တစ်ချောင်းကို ဆွဲကိုင်လိုက်ကာ…။
” မလိုက်ဘူးဆိုရင်ကော…”
” မလိုက်ဘူးဆိုရင် တစ်ပွဲစားသရဲက မင်းဖြစ်သွားမှာပေါ့…”
မုံခေါင်သည် သွက်လက်လွန်းစွာဖြင့် နံဘေးက သေနတ်ကို ယူကာ ထိုးချိန်ထားပြီး ဖြစ်လေတော့သည်။
*******
ညနေစောင်း မှောင်စပျိုးသည်နှင့် မုံခေါင်သည် အင်းပိုင်ရှင်ချစ်တီးကို လှေပေါ်သို့ခေါ်တင်ကာ မျောက်သားဟင်း ထမင်းထုပ်နှင့်အတူ ထွက်ခဲ့လေသည်။
လှေကို မုံခေါင်ကိုယ်တိုင် လှေလှော်၏။
အင်းပိုင်ရှင်ချစ်တီးသည် လှေဦးထိပ်ဆီက ထိုင်ကာ မုံခေါင်အား မကျေမချမ်း တတွတ်တွတ်ဆဲဆိုနေလေ၏။
မုံခေါင်သည် အင်းပိုင်ရှင် ချစ်တီး၏ စကားကို မကြားသည့်နှယ်ပြုရင်း လှေကို ဆက်လှော်ကာ တစ်ပွဲစားသရဲကို အစာကျွေးရမည့် နေရာအားလိုက်လံကြည့်ရှုနေလေ၏။
ကမ်းနဖူးဆီ၌ ကုက္ကိုလ်ပင်ပျို တစ်ပင်ကို မုံခေါင်တွေ့လိုက်ရလေသည်။
ထိုနေရာကို မုံခေါင် ရွေးချယ်လိုက်လေ၏။
လှေကို ထိုဆီ၀ယ် ကပ်လိုက်လေသည်။ ထို့နောက် ထမင်းထုပ်ကို ခင်းကျင်းလိုက်ကာ…။
” ကဲ…မိတ်ဆွေ တစ်ပွဲစားကြီး။ နင် စားချင်တဲ့ မျောက်သားနဲ့ ထမင်းထုပ်တော့ ငါ ပြင်ပြီးပြီ။ လာစားလှည့်တော့…”
ပတ်၀န်းကျင်ဆီက တိုးဝှေ့နေသော လေညျိင်းသွဲ့သွဲ့သည် ရုတ်ခြည်းရပ်တန့်သွားကာ အော်မြည်နေသော ပိုးမွှားကောင်တို့၏ အသံသည်လည်း တိတ်ဆိတ်ကာ သွားလေ၏။
ပတ်၀န်းကျင်သည် လေဟာနယ်ကြီးတစ်ခုပမာ။
” ဗွမ်း…ဝုန်း…”
တစ်ဖက် ရေပြင်ဆီက တစ်စုံတစ်ယောက် ဖြတ်သန်းလာသည့် အသံ။
အင်းပိုင်ရှင် ချစ်တီးမှာ ထိုအသံကို စိတ်၀င်တစား နားစွင့်နေလေ၏။
မကြာ…။
တိုးခတ်မှုကြောင့် ဖြစ်လာသော ရေလှိုင်းစတို့သည် သူတို့ရှိနေရာ ကုက္ကိုလ်ပင်ရိပ်၏ ကမ်းနဖူးဆီကို လာရောက်ကာရိုက်ခတ်လေ၏။
” ဟာ…ဘာ…ဘာကြီးလဲ…”
အင်းပိုင်ရှင် ချစ်တီးသည် အင်းထဲက ကနုးကွပြီး တက်လာသည့် အရာကြီးကြောင့် အလွန်ပင် လန့်ဖျပ်ကာ ဖင်ထိုင်လျှက်ပင် လဲကျသွားလေ၏။
အသွင်ကအပြင်သည် လူတစ်ယောက်၏ ပုံဟန်အတိုင်းပင်။ သို့သော် ထူးကဲနေသည်က ထိုအရာကြီး၏ ခန္ဓာကိုယ်နှင့် အရပ်အမောင်းပင်။
ခန္ဓာကိုယ်သည် တုတ်ခိုင်ကြီးမားလှပြီး အရပ်အမောင်းသည်က ရှစ်ပေခန့် ရှိပေမည်။ ရေစိုနေသော ရှည်လျားသည့် ဆံပင်ရှည်တို့က မျက်နှာကို အုပ်ကာ ဖုံးကွယ်ထားသည်။
ထိုအရာကြီးသည် မုံခေါင်၏ အရှေ့ဆီတွင် ရပ်လိုက်သည်။
” ကဲ…မိတ်ဆွေ တစ်ပွဲစားကြီး။ ခင်ဗျား တောင့်တတဲ့ မျောက်သားနဲ့ ထမင်းကို သုံးဆောင်ချေတော့။ ပြီးရင် နင် ဘမ်းစားထားတဲ့ အင်းသားတွေကို ပြန်ကုသပေးလိုက်ချေဦး…”
မုံခေါင်က ပြောလိုက်သည်။
သို့သော် တစ်ပွဲစားကြီးသည် ထမင်းများပြင်ထားရာဆီကို မသွား။ အင်းပိုင်ရှင် ချစ်တီးဘက်ကို လှည့်ကာ…။
” ငါ သူ့ကို စားချင်သွားပြီ…”
” ဟာ…”
အင်းပိုင်ရှင် ချစ်တီး၏ အသံပင်။
အသံနှင့်အတူ လူသည်ကလည်း နတ်ပူးသည့်နှယ် တုန်ယင်ကာနေသည်။ ထို့အပြင် ကြောက်စိတ်ကြောင့် ကျင်ငယ်တို့ပင် ထွက်ကျနေလေ၏။
” တကယ်စားချင်တာလား။ ဖြစ်ပါ့မလား…”
” လူသားတော့ တစ်ခါမှ မစားဖူးဘူး။ ဒါပေမယ့် ဖြစ်တယ်။ ငါ သူ့ကို စားမယ်…”
အင်းစောင့် တစ်ပွဲစားကြီးက အင်းပိုင်ရှင် ချစ်တီးဆီကို တိုးကပ်ကာ ပြောလိုက်သည်။
” မ…မလုပ်ပါနဲ့ဗျာ။ ကျနော့်ကို မလုပ်ပါနဲ့။ တောင်းပန်ပါတယ်။ ကြောက်လည်းကြောက်ပါတယ်။ နောက်ဆိုရင်လည်း တောင်းဆိုတာကို လုပ်ပေးပါ့မယ်ဗျာ…”
အင်းပိုင်ရှင် ချစ်တီးသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် တောင်းပန်လာလေ၏။
ထိုအခါ အင်းစောင့်တစ်ပွဲစားကြီးက…။
” မင်း…အတော့်ကို များနေပြီ။ တကယ်ဆိုရင် မင်းက အင်းပိုင်ရှင်၊ ငါက အစောင့်။ အလုပ်သမားနဲ့ အလုပ်ရှင်လိုပဲ။ မင်းကောင်းရင် ငါကောင်းဖို့ ၀န်မလေးဘူး။ အခုကျ မင်းက တစ်ဘို့ထဲကိုပဲ ကြည့်တယ်။ မင်းအလုပ်သမားတွေကို ပစ်ထားတယ်။ လူမပီသတဲ့ မင်း သေသင့်တယ် မထင်ဘူးလား…”
” မ…မထင်ပါဘူး။ အဲ…ထင်ပါတယ်။ ဒါပေမယ့် ငါ…ငါ ပြုပြင်ပါ့မယ်။ ငါ အားလုံးကို အပြန်အလှန် စောင့်ရှောက်ပါမယ်နော်။ ငါ…က ကတိပေးပါတယ်…”
အင်းပိုင်ရှင် ချစ်တီးကား လက်အုပ်ချီကာပင် တောင်းပန်နေချေပြီ။
မုံခေါင်ကား ထိုမြင်ကွင်းကို ကြည့်ကာ ကြိတ်ကြိတ် ပြုံးမိလေ၏။
” ကောင်းပြီလေ…ဒီတစ်ခါတော့ မျောက်သားနဲ့ပဲ ငါ စားလိုက်မယ်။ နောက်တစ်ခါကျရင်တော့ မင်းလုပ်ပုံမဟုတ်ရင် မဟုတ်သလို လူသားဟင်းနဲ့ ဖြစ်သွားလိမ့်မယ်…”
အင်းစောင့် တစ်ပွဲစားကြီးသည် မုံခေါင်ပြင်ပေးထားရာ ထမင်းပုံကြီးအနီး၌ ဆောင့်ကြောင့် ထိုင်ချလိုက်ကာ ထမင်းတို့ကို လက်ကားကြီးဖြင့် ကြုံးကြုံးကာ စားလေတော့၏။
အင်းပိုင်ရှင်ချစ်တီးမှာတော့ ကျောခိုင်းကာ ထမင်းတွေ စားနေသော အင်းစောင့်တစ်ပွဲစားကြီးကို ကြည့်ရင်းက သက်ပြင်းလေပူတွေကို တသွင်သွင် မှုတ်ထုတ်ကာဖြင့်…။
******
” ငဦးရေ…ဒီမနက် မုဆိုးကြီးကို သူ့အိမ်မှာ တွေခဲ့တယ်တဲ့ကွ…”
ခြံဝိုင်းထဲကို ၀င်လာလာချင်း ငထူးက ဆိုလေ၏။
ထိုစကားကြောင့် ငဦးနှင့်အတူ ထိုင်နေသော ကိုမြင့်မောင် အလွန်ပင် ၀မ်းသာသွားလေသည်။
” ဒါဖြင့် သွားကြမယ်လေ။ တော်ကြာ တောကို ထွက်သွားမှဖြင့်…”
ငထူးက ခေါင်းကိုညိတ်၏။ ငဦးက ကိုမြင့်မောင်အား ကြည့်လိုက်သည်။
” ကဲ သွားကြစို့ ကိုမြင့်မောင်ရေ…”
သုံးဦးသား ခြံဝိုင်းထဲက ထွက်လာကြလေ၏။
ခပ်သုတ်သုတ် ခြေလှမ်းများကြောင့် မကြာသော အချိန်တွင် ရွာအပြင်က မုဆိုးကြီး၏ ခြံရှေ့ဆီကို ရောက်လေသည်။
” မုဆိုးကြီး…ဗျို့ မုဆိုးကြီး…”
ငဦးက ခေါ်သံ ပြုလိုက်သည်။
” ဟေ…ငဦးတို့လား လာကြလေကွာ…”
မုဆိုးကြီးသည် တဲအထဲက ထွက်မလာဘဲ ပြောလာ၏။
ငဦးတို့သည် ခြံထဲဆီကို ၀င်လာကြလေသည်။
ထုံးစံအတိုင်း ကွပ်ပျစ်ဆီ၌ ထိုင်နေကြ၏။
မကြာပါ…။
မုဆိုးကြီးသည် တဲအတွင်းဆီက ပလိုင်းနှင့် သေနတ်ကြီးကို ကိုင်ကာ ထွက်လာလေသည်။
” ဟော…မုဆိုးကြီးကို ကျုပ်တို့ စောင့်နေခဲ့တာ သုံးရက်တောင်ကြာတယ်။ ဒါနဲ့ အခုကကော ဘယ်သွားမလို့လဲ…”
” အခု ငါ သဖန်းတောကို သွားမလို့။ မြညိုဆီမှာ မောင်ညို့ကို ထားရစ်ခဲ့တာမို့…”
” ဟော…ဖြစ်ရမယ်ဗျာ…”
” ဒါနဲ့ နင်တို့ ညီအကို ဒီတစ်ခါ ငါ့ဆီ လာတာ ငှက်ကွ်းမေးမလို့တော့ မဟုတ်လောက်ဘူးနော်…”
လူစိမ်းဖြစ်သော ကိုမြင့်မောင်ကို ကြည့်ကာ မုံခေါင်က မေးလိုက်သည်။
” ဟုတ်တယ်ဗျာ။ ဒီတစ်ခါ ရောက်လာရတာ ဒီက ကျုပ်တို့အသိ ကိုမြင့်မောင်ကြီး ဒုက္ခရောက်နေလို့ဗျ…”
“ဘယ်လိုဖြစ်တာလဲ…”
” ဒီလိုဗျ…သူက ရွှေမောင်းတောမှာ နေတာ။ အခု သူ့သမီးလေးကို စုန်းလိုလို ကဝေလိုလို လူတစ်ယောက်က ဖမ်းသွားလို့…”
ငဦးက အစချီပေးလိုက်၏။ ထိုအခါ မုံခေါင်က ကိုမြင့်မောင်ကို ကြည့်လိုက်သည်။ ထိုအခါ ကိုမြင့်မောင်သည် မုံခေါင်အား ဖြစ်စဉ်အစအဆုံးကို အသေးစိတ်ပြောပြလေတော့သည်။
ထို့နောက်တွင်တော့ မုံခေါင်သည် ကိုမြင့်မောင်အား ကူညီရန်အတွက် သေနတ်ကိုထမ်း၊ ဓားကိုလွယ်ကာ သရမီရွာဆီက ထွက်ခဲ့လေတော့သည်။
******
ညနေစောင်းအချိန်…။
ရွှေမောင်းတောရွာဆီကို မုံခေါင် ခြေချမိလိုက်သည်နှင့် သာမန်မဟုတ်သော လေညှင်းတစ်ခု၏ တိုးဝေ့တိုက်ခတ်မှုကို ခံစားမိလိုက်ရလေ၏။
” အင်း…”
တစ်စုံတစ်ခုကို သိရှိမိပြီးသည်မို့ မုံခေါင် ခပ်သာသာ ရေရွတ်လိုက်သည်။
” ကျုပ်တို့ အဆင်ပြေနိုင်ပါ့မလား မုဆိုးကြီး…”
” အဆင်ပြေနိုင်ပါတယ်။ ဘာမှစိတ်မပူနဲ့နော်…”
နှစ်ဦးသား ရွာဆီကို ဆက်လာခဲ့ကြလေ၏။
ရွာထဲကို ခြေချမိလိုက်သည်နှင့် ရွာသူရွာသားတို့ဆီက ပြင်းထန်သော အကြည့်စူးစူးတို့ကို နှစ်ယောက်အတူ ရင်ဆိုင်ကြရလေ၏။
” သူတို့ ဒီညပိုင်းတွေမှာ အတော်လေးကိုပဲ ဒုက္ခတွေ ရောက်နေကြရပုံပဲနော်…”
” ဟုတ်တယ် မုဆိုးကြီးရ။ ညဘက်ဆို ဟိုမကောင်းဆိုးရွားတွေက လူတွေကို ခြောက်လှန့်နေကြတာ။ ဒါကြောင့်ပဲ အားလုံးက ကျပြသ်မီးလေးကြောင့် စတင်လာတာဆိုပြီး မုန်းတီးနေကြတာဗျာ…”
ကြားရသည်မှာ စိတ်မကောင်းစရာပင်။
“ဘာမှမပူပါနဲ့။ အဲ့ဒီ့ကိစ္စကို ငါဖြေရှင်းပေးနိုင်မှာပါ…”
ထိုညတွင် မုဆိုးကြီးသည် ကိုမြင့်မောင်၏ အိမ်ဆီတွင်ပင် တည်းကာနေ၏။
ကိုမြင့်မောင်သည် အိမ်ကလေးဆီကို ရောက်ပြီးကတည်းက မိသားစု၏ ပုံရိပ်တို့ကို မြင်ယောင်သည်ထင့်၊ မျက်နှာမကောင်းချေ။
ကိုမြင့်မောင်သည် ထိုညကို အစောကြီးပက် အိပ်ရာ၀င်ခဲ့လေ၏။
မုံခေါင်ကတော့ ညဉ့်ဦးပိုင်းကို ခဏမှေးကာ အိပ်စက်လိုက်လေ၏။ တစ်ရေးရပြီးသော် လှဲလျောင်းရင်းက ပတ်၀န်းကျင်၏ အသံဗလံတို့ကိုနားစွင့်နေလိုက်လေသည်။
သိပ်မကြာလိုက်…။
ရွာလမ်းမဆီက ခွေးအူသံအချို့ ထွက်ပေါ်လာသည်ကို မုံခေါင် ကြားလိုက်ရလေ၏။
ထိုခဏအတွင်း၌ သူ၏ စိတ်သည် လွင့်ခနဲ ဖြစ်သွားလေ၏။
” မုဆိုးကြီး… သူတို့ ရောက်လာကြပြီ…”
ဘယ်အချိန်ကပင် အိပ်ရာက နိုးလာသည်မသိသော ကိုမြင့်မောင်က ဆိုလာ၏။
မုဆိုးကြီးသည် လှဲလျောင်းမပျက် ငြိမ်သက်ကာပင် ရှိနေလေသည်။
ထိုအချင်းအရာကြောင့် ကိုမြင့်မောင်မှာ မုံခေါင့်ကို အိပ်နေသည်အထင်ဖြင့် အိပ်ရာကထကာ သွားကြည့်လိုက်သည်။
မုံခေါင်သည် သက်မဲ့ရုပ်အလောင်းတစ်ခုအလား ဖြစ်နေလေ၏။
” မုဆိုးကြီး…မုဆိုးကြီး…”
ကိုမြင့်မောင် လှုပ်နှိုးလိုက်သည်။
သို့သော် မုံခေါင်သည် ချက်ချင်းနိုးမလာ။ အတန်ကြာသည်အခါမှပင် မျက်၀န်းများ ဖွင့်လာလေ၏။
ထိုအချင်းအရာကြောင့် ကိုမြင့်မောင်ကား အလွန်ပင် ၀မ်းသာသွားရလေ၏။
” မုဆိုးကြီး မကောင်းဆိုးရွားတွေ ရွာထဲကို ရောက်နေပြီ။ တစ်ခုခုလုပ်ပါဦး…”
” အချိန်မကျသေးဘူး နင်ခဏသည်းခံဦး…”
” ဘာကြောင့်လဲ မုဆိုးကြီး…”
ကိုမြင့်မောင်သည် မိသားစုအရေး၊ ထိုကိစ္စ၏ ဖိအားတို့ကို အပြင်းအထန် ခံစားနေမိဟန်ပင်။ သို့ကြောင့် မုံခေါင်ကို အားမလိုအားမရဖြစ်ကာ ဒေါသသံဖက်ကာ ပြောဆိုလာ၏။
” ဒီမယ် မြင့်မောင်။ နင်စိတ်ရှည်ပါ။ အခုကိစ္စက နင်ထင်သလောက် ဖြေရှင်းဖို့ရာက ရိုးရှင်းမနေဘူး။ သူတို့ ဒီည ပုံမှန်အတိုင်း ရွာထဲကို ၀င်တယ်နော်။ ဒါပေမယ့် ဒီညမှာ နောက်ထပ်တစ်ယောက် ထပ်ရောက်လာလိမ့်ဦးမယ်။ သူကို ခြုံနိုင်မှ ငါတို့ နင့်ကလေးကို ပြန်ရမှာ…”
” ဘာကိုပြောချင်တာလဲ မုဆိုးကြီး။ ကျုပ်သမီးလေးကို ခေါ်သွားတဲ့သူက အခုညကို ရောက်လာမယ်လို့ ပြောချင်တာလား…”
” ဟုတ်တယ်။ နောက်တစ်ခုက သူနဲ့အတူ နင့်မိန်းမရဲ့ အဖေပါ ပါလာလိမ့်မယ်…”
” ဟင်…သူ…သူက သေပြီလေ…”
” မှန်ပါတယ်။ သေပေမယ့် သူ့ဝိဥာဉ်က မလွတ်လပ်သေးဘူး…”
” ကျုပ် နားမလည်တော့ဘူး မုဆိုးကြီးရာ ရှင်းပြပါဦး…”
” အင်း…အစကတော့ ငါလည်း မသိဘူး။ အခုနကမှ ငါ အကုန်လုံးကို မြင်နိုင်ခဲ့တာ။ နင်နားလည်အောင် ငါပြောပြမယ်။ ဒီအကြောင်းတွေရဲ့ အစက ရွှေမောင်းတောသိုက်ကို ဦးတည်လာခဲ့တာတွေပဲ။ ဒီကိစ္စထဲမှာ နင့်မိန်းမရဲ့ အဖေကလည်း ပါ၀င်ခဲ့တယ်။ နင်မိန်းမရဲ့ အဖေက သိုက်စာကို မထင်မှတ်ဘဲ ရရှိခဲ့တယ်။ အဲ့ဒါကို သိုက်ဆရာက လိုက်ရင်း သိသွားတယ်။ စျေးညှိနှိုင်းတယ်။ မရခဲ့ဘူး။ ဒီတော့ အဲ့ဒီ့ သိုက်စာကို လုဖို့ကြံတယ်။ နင့်မိန်းမရဲ့ အဖေကို သူ ပညာနဲ့ လုပ်ကြံသတ်ဖြတ်လိုက်တယ်။ ဝိဥာဉ်ကို ချုပ်ထားလိုက်တယ်။ နောက်တော့ သိုက်စာကို မေးမြန်းပြီး သူရှာတယ်။ အဲ့ဒီ့အချိန်မှာ နင့်ရဲ့ သမီးကို သူမြင်တွေ့သွားခဲ့တယ်။ ရွှေမောင်းတောသိုက်ကတိုတာ သူသိတယ်။ သူ့အတွက် သိုက်စာမလိုတော့ဘူး။ ကလေးကို သော့တစ်ချောင်းလို သူအသုံးပြုဖို့ ကြံရွယ်ထားတယ်။ ဒီအခါမှာ တစ်ဖက်က ရွှေမောင်းတောသိုက်က အနွယ်တွေကလည်း သူတို့နှစ်ခါနာမယ့် အရေးအတွက် ရွာလာတည်တဲ့ လူတွေကို ဒေါသထွက်ပြီး အခုလို ဖြစ်ကြရတော့တာပဲ…”
ကိုမြင့်မောင်သည် သူမမြင်နိုင်သည့် ရပ်၀န်းဆီက အဖြစ်အပျက်အလုံးကို မုံခေါင်၏ စကားကြောင့် နားလည်လိုက်လေ၏။
” ကျုပ်တို့ ဘာလုပ်နိုင်မလဲ…”
” အခု ငါတို့ အဓိက လုပ်ကြရမှာက သိုက်ဆရာကို မိအောင်ဖမ်းရမယ်။ ပြီးရင် ရွှေမောင်းတောသိုက်နဲ့ ကလေးကိစ္စကို ရှင်းလင်းကြရမယ်။ ချုပ်နှောင်ခံထားရတဲ့ နင့်မိန်းမရဲ့အဖေကို သင့်ရာဘုံဆီကို ရောက်ဖို့ ငါတို့ လုပ်ကြရမယ်…”
ကိုမြင့်မောင်ဆီက သက်ပြင်းချသံ ထွက်ပေါ်လာသည်။
ထိုအခိုက်၀ယ် မုံခေါင်သည် ဆတ်ခနဲ ဖြစ်သွားပြီး…။
” သူရောက်နေပြီ။ သွားကြစို့…”
မုံခေါင်သည် သူ၏ ပလိုင်းနှင့် သေနတ်ကြီးကို ဆွဲယူကာ အိမ်ပေါ်ဆီက ဆင်းလိုက်၏။
ကိုမြင့်မောင်သည်လည်း ငှက်ကြီးတောင်ဓားတစ်ချောင်းကို ဆွဲကိုင်ကာ လိုက်လာလေ၏။
အောက်ဆီကို ရောက်လေသော် မုဆိုးကြီးသည် လှဖြူလေး အိပ်ပျော်နေခဲ့ဖူးရာ တောင်ပို့ကြီးဘက်ဆီကို ဦးတည်းကာလှမ်းထွက်ခဲ့ကြလေတော့သည်။
******
ပွဲစျေးတန်းကြီးတစ်ခု။
လူသူတွေတော့ ရှိမနေတော့။ ဟာလာဟင်းလင်းဖြစ်နေသော စျေးဆိုင်များနှင့် ဆိုင်းဝိုင်း၊ မြေ၀ိုင်းဇာတ်ခုံများကို မုံခေါင်တို့ တွေ့မြင်နေရလေ၏။
” ဒါက ဘယ်နေရာလဲ။ ဘယ်သူမှလည်း မရှိဘူး။ တစ်ခါမှလည်း မမြင်ဖူးဘူး…”
” ရွှေမောင်းတောသိုက်ဆိုတာ ဒါပဲပေါ့…”
” ဟင်…ဘယ်သူမှလည်း မရှိပါလား…”
” ဘယ်ရှိပါမလဲ။ ဟို သိုက်ဆရာက သိုက်ကို ချုပ်နေပြီလေ။ ဒါကြောင့် ငါတို့ ဆင်းလာတဲ့အချိန် ရွာထဲမှာ သောင်းကျန်းနေတဲ့ သိုက်စောင့်တွေ အကုန်မရှိတော့ဘဲ အသံတွေဘာသံမှ မကြားရတော့တာပေါ့…”
မုံခေါင်သည် ထိုစဉ်တုန်းက ရုတ်ခြည်း တိတ်ဆိတ်သွားသည့် အသံတို့ကို နားစွင့်ကာ သိုက်ဆရာရောက်နေကြောင်းကို သိရှိခဲ့ခြင်းဖြစ်၏။
” ကဲ…အချိန်မရှိတော့ဘူး။ ဒီအနေအထားအရဆို သိုက်ကို သူအတော်လေး ချုပ်မိနေပြီ။ ငါတို့ မြန်မြန်သွားကြစို့…”
မုံခေါင်သည် လူသူမရှိသော ပွဲခင်းကြီး၏ တစ်နေရာဆီကို ဦးတည်ကာ သွားလိုက်လေသည်။ မီးတိုင်တို့ကြောင့် လမ်းကို ကောင်းစွာ မြင်နိုင်နေသည်။
တစ်နေရာဆီကို ရောက်သော်…။
ကြိုးများဖြင့် တုပ်နှောင်ခံထားရလေသည့် လူတစ်စု။
” ကြိုးတုပ်ခံထားရတာ သိုက်စောင့်တွေပဲ…”
မုံခေါင်က ကိုမြင့်မောင်ကို တီးတိုးပြောပြလိုက်သည်။
ထိုမှသည် တစ်ဖက်ကို ကြည့်သော် ကန်တော့်ပွဲများအကြား အလုပ်ရှုပ်နေသော အ၀တ်မည်းကို ၀တ်ဆင်ထားသည့်သူတစ်ယောက်။ သူ၏ နောက်ပါးဆီတွင်လည်း တပည့်ဟု ယူဆရသူ နှစ်ဦးကလည်း ထိုင်လျှက်သား။
” မြင့်မောင် နင် သတ္တိရှိရဲလား…”
” ကျုပ် မှာ သတ္တိက အပြည့််ရှိပြီးသားပဲ။ သေတစ်နေ့ မွေးတစ်နေ့၊ အမေမွေးတဲ့ ယောက်ျားသား အမေ့ကို မျက်နှာမငယ်စေရဘူး။ ပြောူာပြော ကျုပ်ဘာလုပ်ရမလဲဆိုတာကို…”
ကိုမြင့်မောင်၏ အပြောကြောင့် မုံခေါင် ပြုံးမိသွားရသည်။
” ကဲ…ဒါဖြင့် နင် အဲ့ဒီ့ကောင်ဆီကို ပြေး၀င်ပြီး တိုက်ခိုက်ပါ။ အဓိက သူ့ဆီက ကန်တော့်ပွဲတွေကို နင်ဖျက်ဆီးပါ။ ငါက အခုနေ ထွက်လို့မရဘူး။ ငါထွက်လိုက်ရင် သူ့ပညာက အဆင့်ပိုသာတာမို့ သူ့စည်းထဲမှာ ငါပါ ချုပ်နှောင်ခံရလိမ့်မယ်…”
” ရတယ် ကျုပ် လုပ်မယ်…”
” ဒါဖြင့် ဟိုဘက်ကနေ ပတ်ပြီး သူ့ဆီကို ပြေး၀င်တိုက်ခိုက်လိုက်တော့…”
မုံခေါင်၏ စကားအဆုံး ကိုမြင့်မောင်သည် အကွယ်အကာအချို့ကိုယူကာ မုံခေါင်ပြသည့် နေရာအရောက်တွင်တော့ သိုက်ဆရာထံဆီကို ရုတ်တရက် ပြေး၀င်ကာ တိုက်ခိုက်လေတော့သည်။
ရုတ်တရက် ဓားဖြင့် ၀င်ပိုင်းလာသည့် ကိုမြင့်မောင်ကြောင့် ရုတ်ခြည်း သိုက်ဆရာ လန့်သွားရပြီး ဘာမှမတတ်နိုင်ခဲ့။
ကိုမြင်မောင်ကလည်း သိုက်ပွဲတွေကို အဓိက ဖျက်ဆီးလေ၏။
” ဝေါ…ဝုန်း…ဝုန်း…”
သိုက်ဆရာချထားသော စည်းသည် စည်းပေါက်သွားခဲ့ပြီး ဆူညံကျယ်လောင်လှသော တော်လဲသံကြီးများ ဖြစ်ပေါ်လာသည်။
ချုပ်နှောင်ခံထားရသော ကြိုးများ ပြေကုန်လေ၏။ သိုက်စောင့်တို့သည် သိုက်ဆရာနှင့် သူ၏ တပည့်နှစ်ယောက်ထဲဆီကို ပြေး၀င်တိုက်ခိုက်ကုန်ကြလေသည်။
မုံခေါင်နှင့် ကြိုမင့်မောင်တို့က တစ်ယောက်တစ်နေရာဆီကနေ ထိုမြင်ကွင်းကို တဒင်္ဂကြည့်နေရင်းက…။
” ကိုမြင့်မောင် သိုက်ဆရာ သေလို့မရသေးဘူး။ ကလေးကို ဘယ်မှာလဲဆိုတာ မေးရအူးမယ်လေ…”
မုံခေါင်အော်လိုက်သည်။ ကိုမြင့်မောင်သည် ရုတ်ခြည်း ဘာလုပ်ရမည်မသိ။
ထိုအခိုက်၀ယ် သိုက်ဆရာနှင့် အပေါင်းအပါတို့ကား မြေဆီကို လဲကျကုန်ရလေပြီ။
ကိုမြင့်မောင်လည်းမတားနိုင်သလို မုံခေါင်လည်း ဘာလုပ်ရမည်မသိ။
မကြာပါ…။
သိုက်စောင့်တို့၏ လက်ချက်ကြောင့် သိုက်ဆရာတို့ အပေါင်းအပါ သုံးယောက်ကား အသက်ဗလာ ရုပ်ခန္ဓာချည်းသာ ကြွင်းရစ်လေတော့၏။
ထိုသို့သောအခိုက်၌ တစ်နေရာဆီက ထွက်ပေါ်လာသည့် လှပလွန်းသော အမျိုးသမီးတစ်ယောက်။
သူ၏ လက်ထဲတွင်တော့ လှဖြူလေးကို ချီကာထားလေသည်။
သိုက်ဆရာ သေပြီမို့ ကလေး၏ သတင်းကို မရနိုင်တော့ဟု ယူဆထာယမိကြသည့် ကြုမင့်မောင်ကော မုံခေါင်ပါ ၀မ်းသာသွားကြရလေ၏။
ထိုအမျိုးသမီးသည် မုံခေါင်တို့ဆီကို လှမ်းလာလေ၏။
အနားကို ရောက်လေသော်…။
” ဒီက အမောင်တို့ အခုလို ကျွန်မတို့ရဲ့ စိုက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
” ရပါတယ်…”
” သ…သမီး…”
မုံခေါင်က အလိုက်အထိုက် ပြန်ဖြေလိုက်ချိန် ကိုမြင့်မောင်ကား ကလေးကို မြင်ကာ ၀မ်းသာအားရခေါ်လိုက်လေ၏။
ထိုအခါ အမျိုးသမီး၏ မျက်နှာသည် တင်းခနဲ ဖြစ်သွားပြီး…။
” လက်စသတ်တော့ ဟော့ဒီက ငါ့ရဲ့ ညီမကို ဒုက္ခရောက်အောင် လုပ်တဲ့ အဖေက နင်ဖြစ်နေတာကိုး။ နင်တို့လို နမော်နမဲ့နိုင်သူတွေလက်ထဲ ငါ့ညီမလေးကို ထပ်ပြီးအပ်ဖို့ မရှိတော့ဘူး။ နင်တို့ ပြန်လိုက်ကြတော့…”
အမျိုးသမီးသည် ပြောပြောဆိုဆို လှည့်ထွက်ဟန်ပြုလိုက်သည်။
” ဪ…သိုက်စောင့်တွေကလည်း ကျေးဇူးရှင်ကို ကျေးစွပ်တတ်တာပါပဲလား…”
” ဘာ…”
အမျိုးသမီးသည် ခြေလှမ်းကို တန့်ကာ ဒေါသတကြီး လှည့်ကြည့်လာလေ၏။
” သင် ဘာပြောလိုက်တာလဲ…”
” ကျေးဇူးရှင်ကို ကျေးစွပ်တယ်လို့ ပြောတာလေ။.ငါတို့သာ မကယ်ရင် နင်တို့သိုက် အခုလောက်ဆို ဟာလာဟင်းလင်းဖြစ်နေလောက်ပြီ…”
” ကျေးဇူးဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ကျေးမစွပ်ဘူး။ သင့်စကားကို သင်ကိုယ်တိုင် ပြန်ပြင်လိုက်ပါ တစ်ပွဲစားကြီး…”
” ငါက စကားကို ပြန်ပြင်ပြောလို့ရတယ်။ နင်လည်း စကားပြန်ပြင်ပြောဖို့ လိုအပ်တယ်…”
” ငါက ဘာကို ပြန်ပြင်ရမလဲ။ သူတို့လင်မယား စောင့်ရှောက်တာ သိမ်ဖျင်းလို့ ငါ့ညီမလေးနဲ့ဘငါ အပြီးတိုင် ခွဲရတော့မလို ဖြသ်ခဲ့ရတာလေ…”
” သူ့ကြောင့်ပဲ နင်တို့အားလုံး အန္တရာယ်ကင်းခဲ့တယ်မလား။ တကယ်လို့ သူသာ ၀င်မတိုက်ရင် ဘာဖြစ်မယ်ဆိုတာ နင်သိလိုက်ပါ။ သိုက်နန်းရှင်မလေး…”
” ကောင်းပြီလေ…အဲ့ဒီ့အတွက် ထိုက်သင့်တဲ့ ကျေးဇူးဆပ်မှုအဖြစ် နင်တို့နှစ်ယောက်ကို တစ်သက်စားမကုန်နိုင်မယ့် အဖိုးတန်ပစ္စည်းတွေ ငါ ပေးလိုက်မယ်…”
အမျိုးသမီး၏ စကားအဆုံး ကိုမြင့်မောင်သည် လှုပ်လှုပ်ရှားရှားဖြစ်သွားလေပြီး…။
” သိုက်နန်းရှင်မလေး။ ခင်ဗျား ကျုပ်ကို ဟော့ဒီခင်ဗျားတို့ သိုက်ကြီးတစ်ခုလုံးအပ်လည်း ကျုပ်စိတ်မ၀င်စားဘူး။ ဘာကြောသ့်လဲဆိုတော့ ကျုပ်အတွက် အဖိုးတန်ဆိုတာဟာ သမီးလေးဖြစ်နေလို့ပဲ…”
” ဒါဖြင့် နင်တို့ ဘာကြောင့် သေချာမစောင့်ရှောက်တာလဲ…”
” သူတို့က သေချာမစောင့်ရှောက်တာမဟုတ်ဘူး။ တစ်ဖက်က သိုက်ဆရာရဲ့ အစွမ်းကိုလည်း နင်တို့သိုက်တစ်ခုလုံး မြင်နိုင်ခဲ့ပြီမလား။ သူတုိ့က သာမန်လူတွေပါ။ ရိုးသားသူတို့ထုံးစံအရ လှည့်ဖျားသူလက်မှာ တစ်ခဏတာ ကျရှုံးရတဲ့ သဘောပါ။ အခုတော့ သူ့သမီးအတွက် သူကိုယ်တိုင်ပဲ စွန့်စားခဲ့တယ်မလား…”
သိုက်နန်းရှင်မသည် တစ်ခဏတာ ငြိမ်သက်သွားလေ၏။
” သိုက်အတွက်တောင် သူကယ်တင်ခဲ့ပြီးပြီပဲ။ သူ့ကျေးဇူးအတွက် သူပျော်ရွှင်ဖို့ သူတန်ဖိုးထားရာ သူ့သမီးကို ပြန်ပေးလှည့်ပါလို့ ငါကြားကနေ တောင်းဆိုတယ်…”
သိုက်နန်းရှင်မလေးသည် ဆတ်ခနဲ ဖြစ်သွားလေ၏။
” ကောင်းပြီလေ…ငါ ငါ့ညီမလေးကို ယုံယုံကြည်ကြည်နဲ့ သူတို့ဆီ ပြန်အပ်လိုက်မယ်။ တစ်စုံတစ်ခု ထပ်ပြီးဖြစ်လာရင်တော့ သူတို့ကို ငါ ခွင့်မလွှတ်ဘူး…”
” ကျုပ်ကတိပေးတယ်။ သမီးလေးကို ဘာမှထပ်မဖြစ်စေရတော့ဘူး…”
ကိုမြင့်မောင်သည် ပြတ်သားသော ကတိကို ပေးလိုက်၏။
ထိုအခါ သိုက်နန်းရှင်မလေးသည် သူမ ပွေ့ချီထားလေသည့် လှဖြူလေးအား ကိုမြင့်မောင်လက်ဆီသို့ ပြန်လည်ကာလွှဲလိုက်လေတော့သည်။
******
အရာအားလုံး ပြီးဆုံးခဲ့ချေပြီ။
ကိုမြင့်မောင်၏ ပြောပြချက်အရ မလှဝေတို့သည် သူမတို့၏ ကျေးဇူးရှင်အိမ်ဦးနတ်ကြီး ဦးသန်းမောင်အတွက် ဆွမ်းသွတ်အလှူကို ထပ်မံကာ ပြုလုပ်ပေးခဲ့ကြရသည်။
ထိုညတွင် သူမတို့၏ အိမ်ဦးနတ်ကြီးဦးသန်းမောင်သည် အခြားဘ၀တစ်ခုဆီကို ကူးပြောင်ူရပြီဖြစ်ကြောင်းအသိပေးလာခဲ့၏။
ထိုမှသည် သုံးရက်ခန့် အကြာတွင်တော့…။
ညဉ့်သန်းခေါင်ယံအချိန်၌ ရွှေမောင်းတောရွာသားတို့သည် သူတို့၏ ရွာအနောက်ဘက်ဆီက လှည်းတန်းကြီးများသွားလာသံ၊ လူသူတို့ စကားပြောသံတို့ကို ကြားရလေပြီး အကောင်အထည်ကိုတော့ မမြင်ကြရဟုဆိုကြလေ၏။
ရွှေမောင်းတောသိုက် ရွှေ့ပြောင်းသွားခြင်းပင်။
ထိုသို့သော အချိန်တွင်ကား…။
တစ်ပွဲစားမုဆိုးကြီးမုံခေါင်သည် ကိစ္စဝိစ္စပြီးဆုံးပြီမို့ သရမီရွာကို ပြန်သွားခဲ့ကာ နောက်တစ်နေ့ နံနက်တွင်တော့ သေနတ်ကိုထမ်းကာ ပလိုင်းကို လွယ်လျှက် ချစ်ရသူမြညိုရှိရာ သဖန်းတောရွာဆီသို့ ဦးတည်လှမ်းကာဖြင့်…။
ပြီးပါပြီ။