“တစ်ပွဲစားမုဆိုးနှင့်ရွှေမောင်းတောသိုက်ကအပျိုတော်”(အပိုင်း 1)

“တစ်ပွဲစားမုဆိုးနှင့်ရွှေမောင်းတောသိုက်ကအပျိုတော်”(အပိုင်း 1)

——————————————–

ရေးသူ- ထမံ(တောင်ငူ)

ညက နက်လှပြီ။

ရွှေမောင်းတောရွာ၊ အစွန်ဘက်ဆီက ထရံကာ ကြမ်းခအတွင်းဆီ၀ယ် အဖေ၊ အမေနှင့် အခါလည်သာသာခန့်သာ ရှိပေဦးမည့် မိန်းကလေးငယ်တစ်ယောက်တို့ ရှိနေ၏။

သမီးကလေးသည် မိခင်နှင့် ဖခင်၏ မေတ္တာအရိပ်အောက်၀ယ် စကားသင်စ ကလေးငယ်တို့၏ ဘာသာဘာ၀အတိုင်း ပျော်ရွှင်စွာဖြင့် မိခင် ဖခင်တို့ သင်ကြားပေးနေသည့် စကားတို့ကို မပီကလာ၊ ပီကလာဖြင့် လိုက်လံပြောဆိုနေ၏။

ဤသည်ကို မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့က သဘောကျဖြင့် ရှိနေလေပြီး မိဘတို့ထုံးစံအတိုင်း ပတ်၀န်းကျင်နှင့် ကမ္ဘာကြီးကိုပင် မေ့လျော့နေသည့်နှယ်ပင်။

” ကိုမြင့်မောင်…ကျုပ်တို့ သမီးလေးကို ကြည့်စမ်းပါဦး။ ဘယ်လောက်တောင်များ ချစ်စရာကောင်းနေသလဲလို့…”

မိခင်ဖြစ်သူ မလှဝေက ပြောလာတယ်။

” အေးနော်…ငါ့မှာလည်း တစ်ရက်တစ်ရက် လယ်ထဲမှာ ပင်ပန်းခဲ့သမျှ ဒီသမီးလေးကြောင့်ပဲ အပန်းပြေနေရတော့တာ…”

” အိုတော်…ဒါဖြင့် တော့်ကို အမောပြေစေတာ ကျုပ်မပါဘူးဆိုပါတော့…”

မလှဝေ၏ စကားကြောင့် ကိုမြင့်မောင် မျက်နှာကို အစွမ်းကုန်ပြုံးလိုက်ရလေကာ…။

” အဟဲ…မိန်းမကလည်းကွာ။ အဲ့ဒီ့လို သဘောတော့လည်း မဟုတ်ဘူးပေါ့ကွာ။ မင်းက မင်း၊ သမီးလေး မြရီက မြရီ။ တူတော့ဘယ်တူပါ့မလဲ။ သမီးလေးက ရေဆို၊ မင်းက လေပြေပေါ့ဟ…”

ကိုမြင့်မောင် အလျှောက်ကောင်းသွားသည်။

မလှဝေကိုယ်၌သည်ကလည်း ကိုမြင့်မောင်ကို အပျော်ဖြင့် စနောက်ချင်ရုံသာမို့ ထွေထူးပြီးတော့ စိတ်ထဲမထားပါ။ သို့သော် လင်သား၏ အဖြေကလှတော့ သူမစိတ်ထဲ ကြိတ်ကာ ကျေနပ်ရသည်ပင်။

” ပေပေ…”

” ​ေ၀…”

သားဖအနှစ်ယောက်ကား အပေးအယူတည့်စွာ၊ အခေါ်အထူး ပြုရင်း ရှိနေသည်။

မတင်ဝေသည် သားအဖနှစ်ဦးကို တစိမ့်စိမ်စိုက်ကြည့်ကာနေမိလေ၏။

ထိုသို့ကြည့်နေရင်းဖြင့် သူမ၏ အာရုံတို့က အတိတ်ဆီကို ခဏတာ အလည်ပြန်သွားရလေသည်။

******

” ဒုန္​း…”

” ဟဲ့…လှဝေ။ ညည်း ငါ့ကို မှန်မှန်ပြောစမ်း။ ညည်း ဟိုကောင် လူမွဲမြင့်မောင်နဲ့ ရည်ငံ့နေတယ်ဆို…”

မိခင်ဖြစ်သူက ဝါခြမ်းပြားကို ကြမ်းဆီပုတ်ရင်း ဒေါသမျက်၀န်းများဖြင့် မေးလာသည့် စကား။

လှဝေ ချက်ချင်းကြီး ဘာပြန်ပြောရမည်မသိ။ ပြီးတော့ အံ့သြမှုကလည်း အဆုံးအစွန်။ သူမ ယခုမှ ရွာထဲက မိခင်တောင်းခိုင်းသည့် အကြွေးတို့ကို လည်တောင်းပြီး ပြန်လာခြင်းဖြစ်သည်။

အိမ်ကို ရောက်ရောက်ချင်း မိခင်ဖြစ်သူ၏ ဒေါသမျက်၀န်းများကို ရင်ဆိုင်ရလေပြီး ယခုလို အမေးခံရခြင်းပင် ဖြစ်လေ၏။

” ဟုတ်…ဟုတ်ပါတယ် မေမေ…”

ငယ်ကတည်းက မလိမ်ညာတတ်ခဲ့သူမို့ အမှန်အတိုင်းပင် ပြောမိ၏။

” ဟင်…ဒီလောက်တောင် ခွေးဖြစ်ချင်တဲ့ကောင်မ…”

ဤ၀ယ် မိခင်၏ လက်ထဲက ဝါးခြမ်းပြားက လှဝေ၏ ကျောပြင်ဆီကို တဗြန်းဗြန်းကျရောက်လာတော့လေသည်။

ချစ်မိတော့ အပြစ်ရှိသည်ဟုသာ လှဝေယူဆမိပြီး မိခင်၏ ဝါးခြမ်းပြားဒဏ်ကို ကျောကော့အောင် ခံရလေသည်။

သူမ၏ မိခင်၊ ဖခင်တို့ အသိုင်းအဝိုင်းသည် ငွေကြေးရတက်များအဖြစ် ရှိမနေနိုင်ကြသော်ငြား လယ်ပိုင်ယာပိုင်နှင့် တင့်တောင့်တင့်တယ် အသိုင်းအဝိုင်းတစ်ခုဆီက ဖြစ်လေသည်။

သို့အတွက် ချစ်ရသူ ကိုမြင့်မောင်နှင့် စောကတည်းကပင် သဘောမတူနိုင်ကြောင်းကို လှဝေရိပ်စားမိလေသည်။

သို့သော် အချစ်စိတ်သည်က ထိန်ချုပ်မရနိုင်ပါ။ နဂိုကပင် သနားရင်းစွဲရှိသည့် မိဘမဲ့ တစ်ကောင်ကြွက် ကိုမြင့်မောင်အပေါ် လှဝေ အချစ်တွေ ပုံပေးမခဲ့သည်။

တိတ်တဆိတ်ပင် ချစ်ကြိုးသွယ်မိကြ၏။ ချစ်သူသက်တစ်နှစ်တာ ကာလအတွင်း မျက်နှာချင်းဆိုင် ရင်ချင်းအပ်အခြေအနေမျိုးဖြင့် တစ်ကြိမ်တစ်ခါမှ သူမတို့ ချစ်သူနှစ်ဦး မဆုံခဲ့ဖူးသေး။ စကားပြောလိုက စာဖြင့်သာ ဆက်သွယ်၍ ပြောခဲ့ကြရသည်။

ယခုလည်း အကြွေးတောင်းရာမှ အပြန်၊ လမ်းဆီ၀ယ် ကိုမြင့်မောင်ထံဆီကို သူမ စာကမ်းခဲ့မိ၏။

ဤသည်ကို ပြုစဉ် အနီးအနား၌ ဘယ်သူကမှ ရှိမနေ။ သို့ရာတွင် ယခုမူကား မိခင်ဖြစ်သူက သိရှိခဲ့လေပြီ။

သူမ အလွန်စိတ်ဆိုးမိရ၏။ မိခင်ဖြစ်သူကို သည်ကိစ္စသိရှိအောင် ပြောသူကို သူမ သိပ်သိလိုနေမိသည်။

လှဝေတစ်ယောက် အရိုက်သာ ခံနေရသည်။ အတွေးလွန်နေသည့် လှဝေ မျက်ရည်က ကျမလာ။ ထိုသို့ အရိုက်ခံရင်းကပင် ရင်ထဲက ကိုမြင့်မောအပေါ် အချစ်စိတ်တို့က ပိုပြီးတိုးလာသယောင်ပင် ခံစားမိရလေ၏။

မိခင်ဖြစ်သူ၏ ဆဲဆို ကြိမ်းမောင်းသံများက သူမ၏ နားဆီတွင် တိုးတိမ်လာခဲ့သယောင်ပင်။

မိခင်ဖြစ်သူသည် စိတ်လွန်ဒေါသထွက်ပြီး အားရအောင်ရိုက်ပြီးပါမှ တုတ်ကို ပစ်ချကာ ထွက်သွားလေသည်။

ထိုအဖြစ်ကြောင့် လှဝေလည်း အိမ်တွင်းအခန်းပိတ်ခံခဲ့ရသည်။

သို့သော် မိခင်ဖြစ်သူသည် ဖခင်ဖြစ်သူကိုကား ထိုအဖြစ်အပျက်အတွင်း ပြောမပြဘဲ ထိန်ချန်ထားပေးသည်ကပင် လှဝေတစ်ယောက် ကျေးဇူးတင်ရပေဦးမည်။

******

တစ်လခန့်အကြာ…။

ရွာနီးချင်းဖြစ်သော အင်းတိမ်ရွာ၌ ကထိန်ပွဲရှိလာခဲ့သည်။

ထိုပွဲဆီကို လှဝေ သွားခွင့်ရခဲ့သည်။ သို့သော် လွတ်လပ်စွာဖြင့်တော့ မဟုတ်၊ လှဝေ၏ အနီးဆီတွင် မိခင်ဖြစ်သူက အရိပ်ပမာ ရှိနေခဲ့သည်။

သို့ကြောင့် လှဝေမှာ ပွဲကို ရောက်လာရသော်ငြား လှောင်အိမ်ထဲဆီက ယုန်သူငယ်ပမာ။

မကြာသေးခင်ကမှ ဖခင်ဖြစ်သူသည် သူမနှင့် ကိုမြင့်မောင်အကြောင်းကို မိခင်ထံဆီကတစ်ဆင့် သိရှိသွားခဲ့၏။

သို့အတွက်ကြောင့် ဖခင်ဖြစ်သူက တုတ်ကြိမ်း၊ ဓားကြိမ်း ကြိမ်းဝါးကာ ထပ်မံ၍ ဆက်သွယ်ပါလျှင် နှစ်ယောက်စလုံးကို သတ်မည်ဟု ဆိုလေ၏။

ပြီးနောက် သူမကို အခန်းပိတ်ရာဆီက လွတ်မြောက်စေခဲ့သည်။ ဤကား ထောင်ချောက်တစ်ခုအဖြစ် စီစဉ်ခြင်းဖြစ်ကြောင်း လှဝေနားလည်မိလေ၏။

သို့ကြောင့် ဖခင်ဖြစ်သူ၏ ရန်က ဝေးစေရန် ကိုမြင့်မောင်ကို အဆက်အသွယ် ဖြတ်သည့်အနေဖြင့် စာပို့ကာ ပြောလိုက်လေသည်။

ထိုညနေတွင်ပင် ကိုမြင့်မောင့်တစ်ယောက် အရိုက်ခံရကြောင်းကို ကြားသိရလေသည်။

ဖြစ်ပုံမှာ တစ်ခါမှ အရက်သေစာမသောက်စားဖူးသော ကိုမြင့်မောင်သည် သူမစိတ်ဖြင့် အရက်သောက်မိပြီး အလွန်မူးနေစဉ် တစ်ဖက်ရွာက ငပိန်တို့လူစုသည် ကိုမြင့်မောင်အား အစိမ်းသက်သက် ရန်ရှာကာ ဝိုင်း၀န်းထိုးကြိတ်ကြလေသည်ပင်။

သူမ အလွန်ပင် ဂရုဏာသက်မိသွားရသည်။

သူမ ပြန်လည်ဆက်သွယ်လိုက်ချိန် စိတ်ရော ခန္ဓာပါ ချွတ်ခြုံကျနေသည့် ကိုမြင့်မောင်တစ်ယောက် အလွန်အမင်း ၀မ်းသာကာ ကျန်းမာရေးပင် နေ့ချင်းညချင်း ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ကြားသိရလေ၏။

ယနေ့တွင်တော့ အင်းတိမ်ရွာ၀ယ် ကထိန်ရှိကြောင်း၊ သူမသည် မိခင်နှင့်အတူ အသိုင်းအဝိုင်းများဖြင့် လာရမည်ဖြစ်ကြောင်း၊ သို့သော် ကိုမြင့်မောင်ကို သူမ အလွန်တွေ့ချင်မိကြောင်း စာပို့ဆက်သွယ်ထားခဲ့ပါသည်။

ဤကား စွန့်စားလွန်းရာ ကျနိုင်သော်လည်း သူမတို့အကြောင်းကို မိခင်ဖြစ်သူ သိရှိသွားချိန်က စ၍ ယခုအချိန်အထိ ချစ်ရသူချင်း မျက်နှာ မမြင်နိုင်သေးကြပါ။

သို့အတွက်ကြောင့် နှစ်ဦးစလုံးက စွန့်စားကာ အဝေးက မြင်ရုံဖြင့်ပင် ကျေနပ်နိုင်မည်ဖြစ်ကြောင်း နားလည်မှု ရှိရှိ ဆုံးဖြတ်ထားကြခြင်းပင်။

သို့ပေမယ့် တကယ်တမ်း တွေ့ကြချိန်တွင်တော့ အချစ်ဒိန်းဒလိမ်းနတ်ရဲ့ ဖမ်းစားမှုကို သူတို့ မလွန်ဆန်နိုင်ခဲ့ကြ။

မြင်ရုံကနေ နီးချင်လာကြရတယ်။

ကထိန်ပွဲအတွက် တည်ခင်းဧည့်ခံထမင်းကို အားလုံးစားသုံးနေကြချိန်…။

လှဝေမှာ ထမင်းကို အမြန်ဆုံးစားသောက်ပြီး ပန်းကန်းကို ဆေးကြောရာဆီပို့မယ်လို့ မိခင်ကို အကြောင်းပြကာ ထွက်ခဲ့လိုက်တယ်။

ရေကပြင်ဆီကိုရောက်တော့ ကိုမြင့်မောင်က အသင့် စောင့်ဆိုင်းနေပါလေရဲ့။

ချစ်သူနှစ်ဦး ပထမဆုံးအကြိမ် ဆုံတွေ့ခွင့် ရကြလေပြီ။

စကားတွေတောင် ချက်ချင်းမဆိုနိုင်ကြ၊ ချစ်သူနှစ်ဦး တစ်ဦးလက်ကို တစ်ဦး ထိတွေ့ဆွဲကိုင်မိကြ၏။

” ခွေးမ…ခွေးကောင်…”

ဆဲဆိုသံကြောင့် ကြည့်မိကြသည်။ ဘယ်အချိန်ကတည်းကပင် သူမတို့အနောက်ကို ရောက်နေမှန်းမသိသော မိခင်၊ ဖခင်နဲ့ ဆွေမျိုးတစ်စု။

သို့သော် အခြေအနေက အဲ့ဒီ့တုန်းက သူတစ်ပါးရပ်ရွာ၏ ပွဲတော်အခါမှာမို့ သိမ်သိမ်မွေ့မွေ့နဲ့ပင် ပြီးဆုံးခဲ့လေသည်။

လှဝေကို မိဘနှစ်ပါးနှင့် ဆွေမျိုးတွေက ရွာကို ပြန်လည်ခေါ်ဆောင်လာခဲ့ကြ၏။

အိမ်ရောက်တော့ ဖခင်က ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး အခန်းတံခါးပိတ်ခံရပြန်လေ၏။

ကိစ္စက ဒီတင်ပြီးခဲ့ပြီဟု ထင်ခဲ့ပေသော်ငြယး ထင်သလိုတော့ ဖြစ်မလာခဲ့။

နောက်တစ်ပါတ်လောက်ကြာ၀ယ် လှဝေသိခဲ့ရသည်မှာ ပြီးခဲ့သော အင်းတိမ်ရွာ ကထိန်နေ့က သူမတို့ အသိုင်းအဝိုင်းသည် ရွာထိပ်ဆီကနေ ကိုမြင့်မောင် အပြန်ကို စောင့်ပြီး ဝိုင်း၀န်းရိုက်နှက်ကြလေ၏။

ထို့နောက် ရွာ၏ အရိပ်ကိုပင် မနင်းဖို့အတွက် သြဇာပေးခဲ့သည်မို့ ကိုမြင့်မောင်တစ်ယောက် ရွာကနေ ထွက်သွားရကြောင်း ကြားသိရလေသည်။

အခြေအနေက ဆိုးသွမ်းလွန်းခဲ့ရပြီပင်။

သို့သော် လှဝေတစ်ယောက် အခုလို ဒုက္ခဆင်းရဲတွေ ကြုံတွေ့ရလေလေ ချစ်ရသူကို ပိုပြီးချစ်မိရလေ ဖြစ်လာရသည်။

ကိုမြင့်မောင် ရွာကထွက်သွားခဲ့ပြီး နှစ်ပါတ်လောက်အကြာ တစ်ညမှာတော့…။

” လွ​…လွ​ေ၀…”

” ဒေါက်…ဒေါက်…”

ပြတင်းပေါက်ဆီကနေ တစ်စုံတစ်ယောက်က တိုးညှင်းညှင်း ခေါက်ရင်း ခေါ်နေသည့် အသံ။

လှဝေ အိပ်ရာက နိုးလာရပြီး နားစွင့်မိလိုက်၏။ အသံကား ကိုမြင့်မောင် အသံပင်။

” လွ​ေ၀…လွ​ေ၀…”

လှဝေ အသာထပြီး ပြတင်းတံခါးကို ဖွင့်လိုက်သည်။

အပြင်ဘက်၀ယ် ပြတင်းပေါက်ဆီကို ခဲရာခဲဆစ်တွယ်တက်ကာ သူမကို ငံ့လင့်နေရှာသည့် ချစ်ရသူ။

သူ၏ည အသိုင်းအဝိုင်းတို့ မြင်သွားပါက မဖြစ်သာပြီမို့ အခန်းတွင်းဆီကို လှဝေ ခေါ်ဆောင်လိုက်ရ၏။

ချစ်ရသူနှစ်ဦး တစ်ဦးကို တစ်ဦး ဖက်ထားမိကြသည်။ ထိုမှတစ်ဆင့် လွမ်းရသည်တို့ကို အတိုးချမိကြရင်း အခြေအနေက တစ်ဖက်ကမ်းဆီကို အတူတကွ မက်မက်မောမော ကူးခတ်မိခဲ့ကြလေသည်။

အဲ့ဒီညကတွင်ပင် လှဝေ ကိုမြင့်မောင်၏ အနောက်ကို ခိုးရာ လိုက်ခဲ့မိပါတော့၏။

သူမတို့ ခြေဦးတည်ခဲ့ရာက မိဘနှစ်ပါးနှင့် အသိုင်းအဝိုင်းတို့အနေဖြင့် တော်ရုံလိုက်ရှာဖို့ရာ မလွယ်ကူနိုင်သော ရွှေမောင်းတောရွာဆီသို့ပင်…။

******

ရွှေမောင်းတောရွာ…။

နာမည်က ခပ်ဆန်းဆန်းဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ဘာကြောင့် ဤနာမည်ဖြစ်လာတာလဲဆိုသည့် အကြောင်းကား ရှိနေ၏။

ရှေးက ဤရွာတည်မယ့်နေရာကား ခြုံတန်းထူထူ တောထူထူနေရာကြီးပင်။ တောကောင်များပင် ခိုအောင်းတတ်လေသည်။

သို့တောထူထူကြီးဆီ၌ ညဘက်အခါမျိုး၀ယ် မောင်းသံတွေကြားရကြောင်း သိရလေသည်။

ထိုတောဆီ၀ယ် ညဘက်သားကောင်လိုက်ဖူသေား တောလိုက်မုဆိုးအချို့၏ ပြောပုံအရ…။

၎င်းတောတန်းထဲဆီ၀ယ် ညရေးညတာ သားကောင်လိုက်နေစဉ် မောင်းသံတွေအပြင် ဆိုင်းသံတွေ သီချင်းသံတွေကိုပါ ကြားရတတ်ကြောင်း သိရှိရ၏။

တစ်ခါတစ်ရံ၌ မောင်းသံတွေချည်းသာ ကြားရတတ်ပြီး ထိုအခါမျိုး၀ယ် မီးရောင်တွေနှင့် လူစုလူဝေးကြီးတွေကို မြင်ရတတ်ပြန်ကြောင်း သိရပြန်သည်။

သို့သော် အနားသွားကြည့်မိပါက ထိုလူတန်းကြီးနှင့် မောင်းသံတို့ကား ချက်ချင်းကိုပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်လေသည်ဟု ဆိုကြသည်။

ဒီအချက်တွေကြောင့် တောတန်းကြီးကား ရွှေမောင်းတောဟူသော အမည်နာမ တွင်ရလေတော့သည်။

နှစ်တွေကြာလာသောခါ…။

ရွှေမောင်းတောကြီးဆီ၀ယ် တောရဆောက်တည်သော ရဟန်းတစ်ပါးသည် ကျောင်းသင်္ခန်းလေးဆောက်ကာ ရောက်ရှိလာ၏။

တောရရဟန်း ရောက်ပြီးချိန်ကတည်းက ထိုအရပ်၌ မောင်းသံတို့ကို မကြားရတတ်တော့ပေ။ သို့သော် ဗမာတို့၏ ထုံးအရ ထိုအရပ်သည်ကား ရှေးက ပညတ်ထားလေရာ ရွှေမောင်းတောအဖြစ်နှင့်သာ ဆက်ရှိနေရလေသည်။

နောက်များတွင်တော့ တောရကျောင်းသင်္ခန်းလေးကို အားကိုးအားထားပြုကာ လူတွေက အခြေကျူးလာကြလေသည်။

တစ်နှစ် နှစ်နှစ်အတွင်း ရွှေမောင်းတောအရပ်၀ယ် တဖြေးဖြေး လူနေများလာလေသည်။ သို့ကြောင့် ရွှေမောင်းတောကား ရွာတစ်ရွာအဖြစ် သီးသန့်လိုဖြစ်လာခဲ့ရလေတော့သည်။

သို့အချိန်တွင်တော့ လူတို့အရင် ရောက်ရှိကာ တောရဆောက်တည်နေသော ရဟန်းသည်ကား လူနေထူထပ်မှုကြောင့် တောရဆောက်တည်ဖို့ ခက်ခဲရကာ အခြားအရပ်ဆီကို ရွှေ့ပြောင်းသွားခဲ့လေတော့၏။

သို့သော်ကား ယခင်က ညဘက်ကြားနေရသည့် မောင်းသံတို့ကိုကား လူနေထူလာမှုကြောင့်ထင်ပါ၏၊ လုံး၀ကို မကြားရလေတော့ပြီ။

သို့ဖြင့် ထိုအရပ်သည် ရေခံမြေခံကောင်းသည်မို့ နောက်ထပ်နေထိုင်သူတို့ ရောက်လာခဲ့ကြပြီး နေရာယူ နေထိုင်ကြလေရာက ရွှေမောင်းတောရွာသည် ရွာအသစ်တစ်ခုအဖြစ်သို့ ဖြစ်တည်ခဲ့ရတော့သည်ပင်။

အနှီရွှေမောင်းတောရွာဆီသို့ မြင့်မောင်တို့လင်မယား ပြောင်းရွှေ့လာခဲ့ကြရ၏။

တကယ်တမ်း၀ယ် ပြောင်းရွှေ့သည်ဟု ဆိုရမည်ထက် လှဝေ၏ မိဘတွေနှင့် ဝေးရာဆီ၀ယ် လာပြီး ပုန်းအောင်းသည်ဟုပင် ဆိုရပေမည်။

မြေနေရာကား ယခုမှ ရွာခြေချကာစဖြစ်နေည်မို့ လှဝေတို့လင်မာယားသည် လစ်လပ်နေသော ရွာအစွန်အဖျားဆီက နေရာတစ်ခုဆီ၀ယ် တဲကလေးတစ်လုံး တည်ဆောက်ကြကာ ဘ၏ စာမျက်နှာသစ်ကို စတင်လိုက်ကြလေသည်။

ကိုမြင့်မောင်သည် ကျပန်းသမားဖြစ်သောကြောင့် လက်သမားပညာကိုလည်း အတော်အသင့်တတ်မြောက်လေသည်။ သို့ကြောင့် ရွာအသစ်ဆီက အိမ်တွေ တဲတွေ ဆောက်လုပ်ရာ၌ ကိုမြင့်မောင်ကား မပါမဖြစ်ပင်။

သည်အတွက် ၀င်ငွေလေးကလည်း မဆိုး။ လင်မယားနှစ်ယောက်ထဲလည်း ဖြစ်ပြန်ဆိုသည်ကြောင့် သူတို့အတွက်သည်က အစစအရာရာသည် အဆင်ပြေပြေ ချောချောမွေ့မွေ့ပင် ဖြစ်ရလေ၏။

******

ရွှေမောင်းတောရွာကို ရောက်ရှိ အခြေချပြီး တစ်လခန့်အကြာ…။

တစ်ညသား၀ယ် လှဝေတစ်ယောက် အိပ်မက်တစ်ခုကို မြင်မက်ရလေသည်။

အိပ်မက်ထဲ၌ လှဝေသည် သူတို့အိမ်၏ အနောက်ဘက်ခြမ်း တောတန်းဆီတွင် လူသူတွေ မနဲမနောဖြင့် စည်ကားနေသော ပွဲစျေးကြီးတစ်ခုဆီကို ရောက်နေရလေသည်။

ကိုမြင့်မောင်မပါဘဲ လှဝေတစ်ယောက်ထဲ ပွဲခင်းထဲကို တစ်လှမ်းချင်း သွားနေမိလေသည်။

” အလှထိပ်ခေါင် မာယာမများတတ်တဲ့…သဲဖျာကိုးမရိုးတဲ့ ဟော့ဒီက လုံမပျိုပါ…ကောင်းကင်ယံဆီ သာသာထိုးတက်လို့ တစ်မျိုးမပိုတဲ့ အမျိုးအစစ်ဧကန်…ရွှေမောင်းသံ ညံပေတိမ်းတဲ့ အပျိုတော်အမှန် အပျိုတော် အမှန်…”

ပွဲခင်းကြီး၏ တစ်ဖက်ထိပ်ဆီက မီးတိုင်တွေ ထိန်ထိန်ညီးနေအောင် ထွန်းညှိထားသော မြေ၀ိုင်းဇာတ်ဆီက လွင့်ပျံလာသည့် ဆိုင်းသံနှင့်အတူ မိန်းမတစ်ယောက် သီဆိုနေသည့် တေးသံလွင်လွင်။

အသံသည် ချိုကြည်ပြီး ရှင်းလင်းလွန်းနေ၏။ လှဝေတစ်သက်၀ယ် ထိုကဲ့သို့သော အသံမျိုးကို တစ်ခါမှ မကြားဖူးခဲ့။ နားထောင်ရသည်မှာ လည်း အတော့်ကိုပင် နား၀င်ပီယံရှိနေလွန်းရ၏။

သို့ကြောင့် လှဝေသည် ထိုအသံရှင်ကို အတော့်ကလေး စိတ်၀င်စားမိရလေသည်။ ခြေလှမ်းတွေကို အဲ့ဒီ့ဘက်သို့ ဦးတည်ကာ လှမ်းမိလေတော့သည်။

မကြာပါ…။

လူသူတွေ စုဝေးပြီး ကြည့်နေကြသော မြေ၀ိုင်းဇာတ်ပွဲတစ်ခု။

အသံရှင်ကား ထိုဇာတ်ပွဲ၏ အလယ်ဆီ၀ယ် “အပျိုတော်”ဟု အမည်ခံကာ တေးသီချင်းချိုချိုတို့ကို သီဆိုကျူးနေသော ချောမောလှပလွန်းသည့် ဇာတ်မင်းသမီး။

ကိုယ်နေဟန်ထားသည် အလှတွင် အယဉ်ဆင့်ဟူသော စာချိုးဖြင့် ညီလှသည်။ ၀တ်ပုံစားပုံသည် ” ယဉ်ပေသကို ” ဟု ဆိုရမည်ထက်ပင် ပိုမိုလွန်းနေပြီး ရုပ်ရည်ကလေးသ်ညကလည်း သူမတူအောင် ပြိုင်စံရှား နတ်သမီးတစ်မျှပင် ချောမောလှပလွန်းနေသည်ဟု ထင်မှတ်ရနိုင်ဖွယ်။

” ရွှေမောင်းသံ…ညံပေတိမ်းတဲ့ ဟော့ဒီက အပျိုတော်အမှန် အပျိုတော် အမှန်…”

မင်းသမီး၏ တေးဆိုသံသည် ဆိုင်းသံနှင့် လိုက်ဖက်လွန်းလှနေ၏။ ဆိုင်းသံအချ၀ယ် မင်းသမီး၏ အသံက တက်လေသည်။ ဆိုင်းသံတက်လျှင် မင်းသမီး၏ အသံက ချလေ၏။

လှဝေခမျာမှာကား ရှေးဟောင်းသီချင်းကြီးကို ခံစားနားစဉ်မိရင်း မျက်၀န်းတို့ပင် ဝေ့သီလာရကာ အကြည့်တို့သည် တေးသီဆိုနေသော မင်းသမီးဆီက လုံး၀ မခွာနိုင်။

သူမကိုယ် သူမလည်း အသက်ရှူဖိုိ့ုကိုပင် မေ့နေသည်ဟု ထင်မိနေရလေ၏။

အချိန်တွေ ပြောင်းလဲလာခဲ့၏။

လှဝေတစ်ယောက်ကယး မြေ၀ိုင်းဇာတ်ဆီက မင်းသမီးချောကို ငေးမိနေဆဲ။

ထိုမှသည် နောက်ထပ် ဘယ်လောက်အထိ ငေးမောမိနေလေသည်မသိ၊ အချိန်တွေ ပြောင်းလဲကာ ဇာတ်ပွဲသိမ်းပြီဟု ကြေညာပါမှ လှဝေ သတိ၀င်ရလေသည်။

ကြည့်နေသည့် လူသူတွေ အလျှိုလျှို ထွက်သွားကုန်ကြသည်။

လှဝေတစ်ယောက်သည်သာ ဇာတ်ပွဲ၏ အရှေ ၀ယ် ထီးထီးမတ်မတ်ကြီးရပ်ကျန်လို့နေသည်။

” အို…”

မင်းသမီးသည် လှဝေကို မြင်ကာ အံ့သြသွားသည့် ဟန်ဖြင့် နှုတ်ခမ်းလေးကို ဝိုင်းကာပင် အာမေဋိတ်သံကို ပြုလေသည်။

လှဝေက မင်းသမီးကို ပြုံးပြလိုက်လေသည်။

ထိုအခါ မင်းသမီးက ပြန်ပြုံးပြလေ၏။

ပြီးနောက် ဆိုင်းဝိုင်းထဲဆီ၀ယ် ထိုင်နေသော လူကြီးတစ်ယောက်ထံဆီကို စကားတွေ တီးတိုးသွားပြောလေသည်။ ပြီးသော် လှဝေထံဆီသို့ ပြုံးရွှင်ကာ လှမ်းလာနေလေသည်။

မင်းသမီးသည် အနားကိုရောက်၀ယ် လှဝေရဲ့ လက်အား မဆိုင်းမတွ လှမ်းကိုင်လာကာ…။

” မေမေ…”

” ဟင်…”

အခေါ်အဝေါ်က ထူးဆန်းသည်မို့ လှဝေ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

” ကျွန်မ…မေမေနဲ့ လိုက်ခဲ့ချင်တယ်။ ကျွန်မ လိုက်ခဲ့ပါရစေနော်။ ခွင့်လည်းတောင်းပြီးပါပြီ။ မေမေတို့အတွက်လည်း ၀န်ထုပ်၀န်ပ်ိုးမဖြစ်စေရပါဘူးနော်။ ကျွန်မကို အားလုံးက စောင့်ရှောက်ပြီး ပံ့ပိုးပေးမယ်တဲ့ မေမေရဲ့။ ဒါကြောင့် ကျွန်မ မေမေနဲ့ လိုက်ခဲ့ပါရစေနော်…”

မင်းသဦမီးက မျက်ရည်အဝိုင်းသားနှင့် တောင်းပန်လာသည်။

သို့အခါ လှဝေမှာ နဂိုကတည်းကပင် မြင်မြင်ချင်း အပြစ်မမြင် ချစ်ခင်ရသူမို့ ငြင်းပါယ်ဖို့ရာ မတွေးမိနိုင်တော့။

မင်းသမီးဆီက မျက်ရည်စတွေကို လှဝေ သုတ်ပေးလိုက်မိလေသည်။

” မငိုပါနဲ့ကွယ်။ ကဲ…ကဲ လိုက်ခဲ့ပါနော် ကလေး။ မေမေနဲ့ လိုက်ခဲ့ပါနော်…”

မင်းသမီး၏ မျက်နှာလေးသည် ချက်ချင်းပင် ပြုံးရွှင်သွားလေသည်။

ပြီးနောက် ချက်ချင်းပင် လှဝေ၏ ၀မ်းဗိုက်အား သူမ၏ လက်ဖြင့် ထိကိုင်လိုက်ကာ ဗြုန်းခနဲ ပျောက်ကွယ်သွားခဲ့တော့လေ၏။

လှဝေလည်း ထိုနေရာတွင်ပင် အိပ်မက်ဆီက လန့်နိုးခဲ့ရလေတော့သည်။

သို့ပေမယ့်လည်း နေုက်တစ်နေ့ နံနက်မှာတော့ ညက အိပ်မက်မက်ခဲ့သည်ကို အမှတ်တမဲ့ပင် ဖြစ်ကာ မေ့သွားရသည်မို့ ကိုမြင့်မောင်အားလည်း တူကးကတ အသိမပေးမိခဲ့တော့ပေ…။

အိပ်မက်မက်ပြီး မကြာခင်တွင်တေ့ာ လှဝေ တစ်ယောက် ကိုယ်လေးလက်၀န်ရှိလာခဲ့ရလေသည်။

ကိုယ်လေးလက်၀န်ရှိနေသည်ကို လင်သားဖြစ်သော ကိုမြင့်မောင်သိသော် ရူးသွားသည်ဟု ထင်ရလောက်အောင်ပင် ပျော်နေရှာလေ၏။

လှဝေသည် ကိုမြင့်မောင်အား ကြည့်ကာ ဂရုဏာလည်း သက်မိရလေ၏။

ကိုမြင့်မောင်သည် မိသားစုဟူသည့် အရသာကို ယခုမှပင် ပြန်လည် ခံစားမိရသူမို့ နှုတ်ဆီကပင် ” မိသားစုကို ပြန်ရပြီ မိသားစုကို ပြန်ရပြီ ” ဟုလည် းသတိရတိုင်းပင် အကြိမ်ကြိမ်ရေရွတ်ကာ နေလေသည်။

ဤမြင်ကွင်းကို မြင်တိုင်း လှဝေတစ်ယောက် ခင်ပွန်းသည်ကို ကြည့်ပြီး တကယ့်ကိုပဲ ရင်ထဲမှာ ၀မ်းနည်း၊ ၀မ်းသာဖြစ်ရ၏။

၀မ်းနည်းရသည့်အကြောင်းကား ခင်ပွန်းသည်၏ ဘဝြဖတ်သန်းမှုသည် တစ်ကောင်ကြွက်တစ်မျက်နှာသမားဖြစ်နေ၏။ မိဘမောင်ဘွားမရှိ၊ မျက်နှာငယ်ငယ်နှင့် ဖြတ်သန်းခဲ့ရသော ချိန်တွေအတွက် သူမ ထပ်တူခံစားမိနေရသည်။

၀မ်းသာသည်ဆိုခြင်းက ခင်ပွန်းသည်၏ ကွက်လပ်ကလေးကို သူမအနေနှင့် ဖြည့်ဆည်းပေးနိုင်ခဲ့သောကြောင့်ပင်ဖြစ်၏။

သမီးလေးကို မွေးပြီးနောက်ပိုင်း ကိုမြင့်မောင်သည်က အလုပ်ကို ယခင်ကထက်ပိုလို့ ကြိုးစားလေသည်။

မနက်အစောကနေ ညနေစောင်းအထိ မရပ်မနားကို အလုပ်လုပ်၏။ ညရောက်လျှင်ကား သမီးလေး၊ ဇနီးသည်နှင့်အတူ တီတီတာတာစကားတွေပြောကာ ပင်ပန်းသမျှတို့ကို ဖြေဖျောက်၏။

ဘာပဲဖြစ်ဖြစ် လှဝေအတွက် ယခုလက်ရှိဘ၀သည် မိဘတွေလက်ထဲတွင် ရှိစဉ်ကလို ငွေကြေးမပြည့်စုံပေမယ့် စိတ်ချမ်းသာရသည့် ဘဝြဖစ်လေ၏။

သမီးလေးမွေးပြီး မကြာပါ။ လှဝေတို့ကို ကံကပေးသည်ဟု ပြောရပေမည်မသိ၊ သူတို့နေသော မြေကွက်ကလေးကို တရား၀င် အပိုင်အဆိုင်ရရှိခဲ့လေ၏။

ပြီးလျှင် တဲအိမ်ကလေးကိုလည်း အခိုင်အခံ့အိမ်ကလေးအဖြစ် ပြန်လည်ပြင်ဆင် ဆောက်လုပ်နိုင်ခဲ့လေသည်။ ထိုကြားထဲ၌ အိမ်တက်အလှူနှင့် သမီးလေး၏ တစ်နှစ်ပြည့် မွေးနေ့အလှူလေးကိုပါ လုပ်ဆောင်ဖြစ်ခဲ့သေးလေသည်။

” လှဝေ အိပ်ကြစို့လေ။ ဒီမှာ သမီးလေးတောင် အိပ်သွားပြီ…”

လှဝေ ဘယ်ရွေ့ဘယ်မျှပင် အတွေးလွန်သွားမိသည်မသိ။ ကိုမြင့်မောင်ပြောလာမှ ကြည့်မိလိုက်သည်တွင် သမီးလေးလှဖြူက သူ့အဖေလက်ပေါ်ဆီ၌ အိပ်ပျော်၍ပင် နေချေပြီ။

လှဝေ အိပ်ရာကို အမြန်ဆုံး ခင်းလိုက်သည်။

ပြီးသော် သမီးလေးကို ချသိပ်၏။ ထို့ောနက် လင်မယားနှစ်ယောက်သား သမီးလေး၏ တစ်ဖက်တစ်ချက်တွင် ၀င်ရောက်လှဲလျောင်းလိုက်ကြကာ မိသားစုသုံးဦးအတူတကွ အိပ်ကစ်လိုက်ကြလေတော့သည်။

*******

သုံးနှစ်ခန့်အကြာ…။

လှဝေတို့၏ သမီးလေးလှဖြူတစ်ယောက် အသက်အားဖြင့် သုံးနှစ်ကျော် လေးနှစ်အကြားကို ရောက်ရှိလာပြီဖြစ်သည်။

လှဖြူလေးသည် စကားအားဖြင့်လည်း အတော့်ကို တီတီတာတာဆိုတတ်နေပြီပင်။

တစ်နေ့သား မနက်ခင်းတစ်ခုတွင်တော့…။

ကိုမြင့်မောင်တစ်ယောက် အလုပ်သွားဖို့ ပြင်ဆင်နေလေသည်။

မလှဝေသည် မီးဖိုထဲ၌ ကိုမြင့်မောင်အတွက် ထမင်းကြမ်းစားရန် လုပ်ဆောင် ပြင်ဆင်ပေးနေလေသည်။

သူတို့ အိပ်ရာထစဉ်က သူတို့၏ သမီးလေး လှဖြူသည် အိပ်ရာထဲ၀ယ် အိပ်ပျော်ပြီး ကျန်ရစ်ခဲ့လေသည်။ ဤကို လင်မယားနှစ်ယောက်စလုံး သိရှိ၏။

သို့ဖြင့် ကိုမြင့်မောင်တစ်ယောက် ထမင်းကြမ်းစားပြီးချိန် အလုပ်သွားမည်အပြု၊ ယခင့်ယခင်ကလို လုပ်နေကျအတိုင်း သူ့သမီးလေးလှဖြူကို နမ်းမည်အလုပ် အိပ်ရာထဲ၀ယ် ကလေးက ား ရှိမနေတော့ပြီ။

ရုတ်တရက် ကိုမြင့်မောင်တစ်ယောက် သူ၏ သမီးဖြစ်သူ အိပ်ရာကနိုးကာ မိခင်ဖြစ်သူထံဆီကိုများ ရောက်နေရောသလား တွေးမိသွားလေသည်။

” လွ​ေ၀​ေရ…လွ​ေ၀…”

” ဟော…ကိုမြင့်မောင် တော်မသွားသေးဘူးလား…”

မလှဝေက အိမ်အနောက်ဘက်ကနေ ပြန်ထူးလာ၏။

” အေး…ငါ မသွားရသေးဘူးလေ။ ငါ့ သမီးလေးကိုမှ မနမ်းရသေးတာ…”

” ဪ…အိပ်ရာထဲ ၀င်နမ်းလိုက်တော်ရေ။ ကျုပ်ဖြင့် ဒီမှာ ရေငင်နေလို့ မအားသေးဘူး။ တကယ်ထဲမှပဲ…”

မလှဝေ၏ တုန့်ပြန်စကားကို ကြားမိလိုက်ချိန်ကိုမြင့်မောင် ခေါင်းနပန်းတွေပင် ကြီးသွားရလေသည်။

” လှဝေ…မဟုတ်သေးဘူး။ သမီးလေး အိပ်ရာထဲမှာ မရှိဘူးဟ…”

” ဟောတော်…အိပ်ရာထတုန်းကတောင် ရှိနေသေးတာကို…”

” အေး…ဟုတ်တယ်။ ငါ အိပ်ရာထတုန်းကလည်း ရှိနေသေးတာပဲ…”

လင်မယားနှစ်ယောက် ပြာယာခတ်ကုန်ကြရပြီ။

လှဖြူလေးသည် မနက်မိုးလင်းချိန် သူတို့အိပ်ရာထသော အချိန်အထိ ရှိနေဆဲ။ ယခုမှ အသံမကြားဘာမကြားဖြင့် ရုတ်တရက်ကြီး ဘယ်ဆီကို ပျောက်သွားလေသည်မသိ။

ကိုမြင့်မောင်တို့ လင်မယားနှစ်ယောက် ချက်ချင်းကိုပဲ အိမ်နံဘေးပတ်လည်ကို လိုက်ရှာကြည့်ကြရသည်။

လင်မယားနှစ်ယောက်စလုံး ရင်တထိတ်ထတ်ဖြင့်။ အိမ်အနီး၀ယ် မတွေ့ကြရ။

သို့ဖြင့် အိမ်၏ အနောက်ဘက် တောတန်းဆီကို တိုး၀င်ကာ ရှာကြရလေသည်။

တွေ့ချေပြီ…။

ဆက်ရန်။