တစ်ပွဲစားမုဆိုး

တစ်ပွဲစားမုဆိုးနှင့် သရမီရွာ
ရေးသူ- ထမံ(တောင်ငူ)
xxxxxxx

အချိန်က ၁၈၉၀ ၀န်းကျင်။ အချိန်က မနက်အစောပိုင်း…။

သရမီကျေးရွာ အခြေပြုထားတဲ့ ပဲခူးရိုးမတောင်ကြောကြီးတစ်ခိုဆီမှာ မြူနှင်းတို့က အုပ်ကာလွှမ်းလို့…။

မကြာ…။

နေခြည်သဲ့သဲ့သမ်းချိန်မှာ နှင်းမြူတို့အကြားဆီက ကြေးစည်သံတနောင်နောင်နဲ့ ဆွမ်းခံကြွ ကိုယ်ရင်ငယ်လေးများ လှမ်းလျှောက်လာနေတယ်။

ရှုလက်မျှော်ခင်းက ပန်းချီကားတစ်ချပ်နှယ် မြင်ရသူတို့အဖို့ စိတ်လက်ကြည်သာစရာ။

အဲ့ဒီ့အချိန်…။

သာယာလှတဲ့ နံနက်ခင်းနဲ့ မလိုက်ဖက်၊ မလျှော်ညီအောင် ရွာရဲ့အနောက်ဘက်ထိပ်ဖျားမှာနေတဲ့ မုဆိုးကြီးမုံခေါင်တစ်ယောက်ကတော့ မနေ့ညတုန်းက ရရှိထားတဲ့ ဒရယ်တစ်ကောင်ကို ဓားနဲ့ လှီးဖြတ်ခုတ်ထစ်နေခဲ့တယ်။

ဆွမ်းခံကြွကိုရင်လေးတွေ သူ့ခြံရှေ့က ဖြတ်တော့ မုံခေါင်က လည်ပြန်တစ်ချက်လှည့်ကြည့်တယ်။ ပြီးတော့ လှူတန်းဖို့ သူ့အိမ်ထဲကို ဝင်လိုက်ပြီး ဆွမ်းတစ်ပန်းကန်ကို ခူးခပ်လို့ နံဘေးအိမ်က ကလေးငယ်ကို လှမ်းခေါ်ပြီး သွားလောင်းခိုင်းတယ်။

ကလေးငယ်က ဆွမ်းလောင်းဖို့ ထွက်သွားတာနဲ့ မုံခေါင်က ဘာကိုမှ အာရုံမထားတော့ဘဲ သူ့လုပ်လက်စ အသားဖျက်တာကိုပဲ ဆက်လုပ်နေတော့တာ။

xxxxxx

မုဆိုးကြီး မုံခေါင်က ချင်းလူမျိုးတစ်ယောက်။

အသက်က လေးဆယ်တန်းအရွယ်။

ချင်းလူမျိုးဖြစ်ပေမယ့် ချင်းတောင်တန်းမှာ မနေဖူးဘူး။ ငယ်စဉ်ကတည်းက မိဘတွေရဲ့ ခြေချရာနေရာဖြစ်တဲ့ ပဲခူးရိုးမကို အခြေပြုတဲ့ သရမီရွာဆီမှာ သူ့ကို ဝါရင့်သဘာရင့် မုဆိုးကြီးရယ်လို့ သတ်မှတ်ထားကြတယ်။

မုံခေါင်ရဲ့ပုံစံက အသားဖြူဖြူ၊ အရပ်ခပ်သာသာ၊ ဆံပင်ကတော့ ရှည်လျှားတွ့န်လိမ်ပြီး အမြဲတမ်း အနောက်ဘက်မှာ စုစည်းချည်နှောင်ထားတတ်တယ်။

မျက်နှာထားကတော့ အမြဲလိုပဲ တည်တည်ကြီးနေတတ်သူဖြစ်ပြီး သဘောမနောကတော့ ကောင်းတဲ့သူတစ်ယောက်ပါ။ ပြီးတော့ ကလေးတွေကိုလည်း သိပ်ချစ်တတ်သေးတယ်။

မုဆိုးကြီးနဲ့ ပက်သက်လို့ နောက်ထပ် ထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ခုက သရဏီရွာတစ်ရွာလုံးက သူ့ကို တစ်ပွဲစားလို့လည်း သမုတ်ထားကြတာပဲ။

ဒီလိုသမုတ်ခံရအောင်လည်း သူကိုယ်တိုင်ကလည်း လူတကာမလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ဆောင်ပြတဲ့အခိုက်အတန့်တွေကို မကြာခဏ လက်တွေ့သက်ကာရ ကြုံဖူးကြတယ်။

အဖြစ်အပျက်အချို့ကို ပြန်ကောက်ရရင်…။

တစ်ခါတစ်ပါး နွေခေါင်ခေါင်ကြီးမှာ ရွာဆီကို မိုးကြိုးခမယ့်အကြောင်း ဦးဖိုးခက တစ်ရက်ကြိုတင်ပြီး ပြောပြခဲ့တယ်။

မိုးကြိုးခမယ့်ရက်နဲ့ အချိန်က မနက်ဖြန်နေ့လည်လို့ ပြောပြီး အဲ့ဒီ့အချိန် ဘယ်သူမှ အပြင်ကို မထွက်ကြဖို့၊ မြေပြင်နဲ့ အနီးကပ်ဆုံးနေရာမှာ နေကြဖို့ မှာတယ်။

နွေခေါင်ခေါင်ကြီးဆိုတော့ အားလုံးကလည်း မိုးကြိုးခမယ်ပြောလာတဲ့ မုံခေါင်ရဲ့ စကားကို ရယ်မောစရာတစ်ခုလို အထင်ရှိခဲ့ကြတယ်။

သူပြောတဲ့ နေ့ရက်မှာတော့ မနက်လင်းကတည်းက နေက ကျဲတောက်နေအောင်ပူနေတယ်။ ဒါကြောင့်ပဲ အားလုံးက ဒီနေ့အတွက်တော့ မိုးကြိုးခမယ့် အရိပ်အယောင်ဆိုတာ လုံးဝရှိမနေခဲ့ဘူးလို့ ယူဆမိကြတယ်။

အချို့ကဆို မုံခေါင်ကို အကုသိုလ်များပြီး ထင်ရာလျှောက်ပြော ရူးသွားပြီလို့တောင် ခနဲ့တဲ့တဲ့ ထင်မိကြသေးတာ။

ဒါပေမယ့်လည်း မွန်းတည့်ပြီးချိန်မှာတော့ အနောက်ဘက်ဆီက မိုးသားတိမ်တိုက်တွေက ရုတ်ခြည်းအုပ်လွှမ်းလာခဲ့တယ်။

နောက်တော့ မိုးစက်မိုးပေါက်တွေတောင် မကျသေး၊ ရုတ်ခြည်းကိုပဲ လျှပ်စီးကြောင်းကြီးတစ်ခုက သရမီရွာဆီကို လက်ခနဲ ထိုးစိုက်ကျလာခဲ့ပြီး ကျယ်လောင်ပြင်းထန်လွန်းတဲ့ မိုးခြိမ်းသံကြီးကလည်း ကြောက်ခမန်းလိလိထွက်ပေါ်လာတော့တယ်။

မုဆိုးကြီးပြောသလို မိုးကြိုးခခဲ့ပြီ။

မိုးကြိုးဒဏ်ကြောင့် ရွာဖျားပိုင်းက လူနှစ်ယောက်ဖက်စာလောက်ရှိတဲ့ ကုက္ကိုပင်ကြီး ဖြောင်းခနဲ ထက်ပိုင်းပြတ်သွားခဲ့တယ်။ လူတွေကို ထိခိုက်မှု မရှိခဲ့ပေမယ့် အနီးမှာထားတဲ့ စားကျင်းဆီက နွားနှစ်ကောင် နေရာမှာတင်ပွဲချင်းပြီး သေသွားခဲ့တယ်။ ဒါက မုဆိုးကြီးမုံခေါင်ရဲ့ ထူးခြားမှုဆီက တစ်ခု။

နောက်တစ်ခု ရှိသေးတယ်။

အဲ့ဒါက မိုးကြိုးခပြီးနောက်ပိုင်း မုဆိုးကြီးကို ရပ်ရွာကလူတွေက သို့လောသို့လော တွေထင်လာခဲ့တယ်။ အချို့က မုဆိုးကြီးမုံခေါင်တော့ တစ်ပွဲစားဖြစ်နေပြီလို့ဆိုကြတယ်။

အဲ့ဒီ့အဖြစ်အပျက်အပြီး နေုာက်ပိုင်းအချိန်တွေမှာတော့ မုဆိုးကြီးမုံခေါင်ဟာ အထက်မှာ စကားခံခဲ့တဲ့အတိုင်း တစ်ပွဲစားဆိုတဲ့ အကြောင်းနဲ့ လျှော်ညီတာတွေ ပြသလာတော့တာပါပဲ။

နောက်ထပ်အဖြစ်အပျက်တွေကတော့ သူဟာ တစ်ခါတစ်ရံမှာ ကလေးတွေကို ခေါ်ပြီး ကောက်ရိုးအရုပ်ကို အသက်သွင်းလမ်းလျှောက်ခိုင်းတာတို့ ရွှံ့နွားရုပ်လုပ်ပြီး အသက်သွင်း နွားတိုက်တာတို့လို ထူးဆန်းတာတွေ လုပ်ပြတယ်လို့ ဆိုတယ်။

ဒါကတော့ ထူးခြားတဲ့ ဖြစ်စဉ်တွေအထဲက အချို့ကို ကောက်နုတ်ပြောပြတာ။

နောက်ထပ်အလားတူဖြစ်စဉ်မျိုးတွေ အတော်များများလည်း မုဆိုးကြီး မုံခေါင်က ပြုလုပ်ပြခဲ့တာတွေ အများကြီးရှိသေးတာပ။

Xxxxx

မနက်မိုးလင်းစအချိန်…။

ကိုင်းမှာမိထားတဲ့ တော၀က်သေကောင်ကို ထမ်းပိုးပြီး တောဆီက ပြန်လာတဲ့ မုဆိုးကြီးမုံခေါင်…။

အိမ်တစ်အိမ်ရှေ့ကအဖြတ်၊ ကြားလိုက်ရတဲ့ အသံကြောင့် ခြေလှမ်းတွေ ရပ်သွားတယ်။ အသံကြားရာကို လှမ်းကြည့်တော့ အိမ်ရဲ့ ပြတင်းပေါက်ကနေ သူရှိရာကို လှမ်းကြည့်နေတဲ့ မျက်၀န်းတစ်စုံ။

ဒီမျက်၀န်းတွေက မုဆိုးကြီးရဲ့ မျက်၀န်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ပုန်းလျိုးကွယ်လျိုးနဲ့ ဖြစ်သွားတယ်။ ဒါကို ကြည့်ပြီး မုဆိုးကြီးက ခေါင်းကို မသိမသာ ခါရမ်းလို့ နေရာကနေ ဆက်လက်လှမ်းထွက်သွားခဲ့တယ်။

နောက်တော့ မကြာပါဘူး။ မုဆိုးကြီးရဲ့ အိမ်မှာတော၀က်သားရတယ်ဆိုတဲ့ သတင်းကြောင့် ရွာသူရွာသားတို့ လာ၀ယ်ကြတဲ့အချိန်…။

” ဟေ့…သာပေါ၊ ရော့…ဒါက မင်းအမေစားချင်နေတဲ့ ခေါင်းသားနဲ့ ၀က်ဦးနှောက်။ ဒါကို ကျွေးပြီးရင် မင်းအမေကို အိပ်ရာကောင်းကောင်းနဲ့ သိပ်လိုက်။ ပြီးရင် မင်းတို့တစ်မိသားစုလုံး အိမ်မှာနေပြီး သူ့အနားမှာပဲ ရှိနေပေးကြချေ…”

မုဆိုးကြီးကပြောတော့ သာပေါဆိုတဲ့ ရွာသားက ကြောင်တောင်တောင်ဖြစ်သွားတယ်။

” အင်း…ဟို…”

” ကဲပါ…မြန်မြန်ယူသွား။ မြန်မြန်ချက်ကျွေးလိုက်…သွား…သွား…”

မုဆိုးကြီးကပြောတော့ သာပေါတစ်ယောက် ယောင်နနနဲ့ ယူပြီး ထွက်သွားတယ်။

ညနေချိန်မှာတော့ ရွာထဲမှာ ကိစ္စတစ်ခုဖြစ်လာတယ်။ အဲ့ဒါက သာပေါရဲ့ အသက်ခုနှစ်ဆယ်အရွယ် အမေကြီးဆုံးသွားတာ။ ဆုံးတာက ရိုးရိုးဆုံးတာ မဟုတ်ဘူး။ ဖုတ်ထွက်သွားတာလို့ ပြောကြတယ်။ သေပြီးပြီးချင်း ခန္ဓာကိုယ်က အသားတွေ ရိရွဲလာတယ်တဲ့။ မသေခင်မှာလည်း မုဆိုးကြီးကို ကျေးဇူးတင်တဲ့အကြောင်း ပြောသွားတယ်တဲ့လေ။

သာပေါကတော့ သူ့အမေကိစ္စကို အမြန်ဆုံးစီစဉ်ပြီးတာနဲ့ မုဆိုးကြီးဆီကို အပြေးရောက်လာတော့တာပဲ။ သာပေါရောက်တော့ မုဆိုးကြီးက သူမွေးထားတဲ့ မျောက်ကလေးကို အစာကျွေးနေတယ်။

” မုဆိုးကြီး ကျုပ်အမေ ဘယ်လိုဖြစ်ရတာလဲ။ မုဆိုးကြီးပေးလိုက်တဲ့ ၀က်ဦးနှောက်နဲ့ ခေါင်းသားကို စားပြီးတော့ ငါသွားတော့မယ်ဆိုပြီး လှဲအိပ်ရာက သေသွားတာ။ မုဆိုးကြီးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောသွားသေးတယ်…”

သာပေါက ရောက်ရောက်ချင်း အမောတကောမေးတော့တာ။ မုဆိုးကြီးကတော့ ခပ်အေးအေးပုံစံနဲ့ပဲ…။

” မနက်က ငါ ၀က်သေကို ထမ်းပြီးပြန်လာတော့ မင်းရဲ့ အမေမှာ ၀င်နေတဲ့ ဖုတ်ကောင်ကို မြင်မိတယ်။ သူ့ကို ဆက်ထားနေရင် မင်းတို့မိသားစုတွေပါ အန္တရာယ်ရှိလာနိုင်တာမို့ ငါမေတ္တာရပ်ခံတော့ သူက ၀က်ခေါင်းသားနဲ့ ၀က်ဦးနှောက်စားမယ်။ အဲ့ဒါပြီးရင် ထွက်သွားမယ်လို့ ပြောတယ်။ ဒါပါပဲ…”

တိုင်းရင်းသားဆိုတော့ စကားအဆုံးသတ်က တုံးတိတိ။

ရုတ်တရက်တော့ သာပေါတစ်ယောက် ဘာပြောရမယ်မသိ၊ ဒါပေမယ့်လည်း ရက်ထဲခံစားနေရတာမို့ ချက်ချင်းပဲ…။

” ဒါပေမယ့် ကျုပ် အမေက အကောင်းကြီးလေ။ သူက ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူးလေ…”

” နင့်ရဲ့ မိန်းမ အခုတလော သိသိသာသာပိန်လာပြီး ကျန်းမာရေးမကောင်းသလို ဖြူဖပ်ဖြူလျော်ဖြစ်နေတာ သူ့ကြောင့်ပဲ။ နင့်ရဲ့ အမေက လွန်ခဲ့တဲ့ ဆယ်လေးငါးရက်က ရေဆိပ်မှာ ချော်လဲပြီး အသက်ပါသွားရာ ဖုတ်၀င်နေခဲ့တာ။ ဒါကြောင့် အခု သေသေချင်း အသားတွေက ရိလာရတာပေါ့…”

သာပေါ ငိုင်သွားတယ်။

မုဆိုးကြီးပြောတဲ့ အသားတွေရိနေတယ်ဆိုတာက အမှန်တကယ်လည်း ဖြစ်နေခဲ့တာကိုး။ သာပေါကတော့ ငိုင်နေရင်းက မိက်ရည်တွေကျလာခဲ့တယ်။ အခုနကတုန်းက သူ မုဆိုးကြီးကို စိတ်ဆိုးနေခဲ့တာ။ အခုကျတော့ မုဆိုးကြီး ပြောပြတာတွေနဲ့ ဖြစ်ပျက်နေတာတွေက တစ်ထပ်ထဲလေ။ သာပေါ စိတ်မဆိုးနိုင်တော့ပါဘူး။

” ငါသာ အဲ့ဒီ့လို မလုပ်ပေးဘူးဆိုရင် နင့်အမေသေတာကို နင်တို့ မသိဘူး။ နင်တို့မသိတော့ နင်တို့အမေအတွက် ကောင်းမှုမပြုပေးနိုင်ဘူး။ နင်တို့အမေကတော့ နင်တို့ပြုပေးမယ့် ကုသိုလ်ကို မျှော်နေမှာ အသေအချာပဲ…”

သာပေါ ချုံးပွဲချ ငိုကြွေးတော့တယ်။ မုဆိုးကြီးကတော့ သာပေါကို ဂရုမစိုက်တော့ဘူး။

မျောက်ကလေးဆီကို အစာခွက်ကလေးထည့်ပေးပြီး အိမ်ထဲကို ၀င်သွားတော့တာပါပဲ။

Xxxxxx

သာပေါရဲ့ အမေ ရက်လည်ဆွမ်းကျွေးဆီကို မုဆိုးကြီးရောက်လာတယ်။

တစ်ကယ်တော့ ရက်လည်ဆိုတာထက် လလည်ဆွမ်းလို့တောင် ပြောရမလားမသိဘူး။ မုဆိုးကြီး ရောက်လာတော့ သာပေါက တခုတ်တရ ကြိုဆိုတယ်။ ပြီးတော့ နေရာထိုင်ကောင်းမှာ စားသောက်ဖို့ ပြင်ပေးတယ်။

မုဆိုးကြီးက သာပေါတို့ ခင်းကျင်းပေးတဲ့အစားအသောက်ကို စားသောက်နေတုန်းမှာ ရွာလူကြီးဦးလှဖေရောက်လာတယ်။ မုဆိုးကြီးကို မြင်လိုက်တော့ ဦးလှဖေက အခန့်သင့်လိုက်လေခြင်းလို့ ယူဆပြီး တစ်ဝိုင်းထဲ ထိုင်လေပြီး…။

” ကဲ…ကျုပ်တော့ဖြင့် ဒီကကိစ္စပြီးရင် မုဆိုးကြီးဆီကို လာဖို့တွေးနေတာ။ အခုတော့ အတော်ပါပဲ…”

သူကြီးကပြောတော့ မုဆိုးကြီး စားသောက်နေရင်းက မော်ကြည့်လာတယ်။

” ဘာကြောင့်များလဲ လူကြီး…”

” အင်း…သဘက်ခါကျရင် မြို့က ၀န်ထောက်မင်းတို့ ရွာကို အလည်လာကြလိမ့်မယ်။ ရွာမှာ ဆယ်ရက်လောက်နေပြီး တောလည်ချင်တယ် ပြောတယ်။ ဒီတော့ သူတို့ ရောက်ရောက်ချင်း စားသောက်ဖို့ တောကောင်သားတချို့ကို ကြိုတင်မှာချင်တယ်ဗျာ။ နောက်ပြီးတော့ သူတို့က တောလည်မှာဆိုတော့ မုဆိုးကြိးက လမ်းပြအဖြစ် ကူညီပေးဖို့အတွက် လာပြောဖို့ပါ…”

မုဆိုးကြီး ခေါင်းကို ညိတ်လိုက်တယ်။ ဒါပေမယ့် ၀န်ထောက်မင်းဆိုတဲ့ ဝေါဟာရကို သူက ကြားသာကြားဖူးတာ ဘာမှန်းတော့ သေချာမသိဘူး။

” ၀န်ထောက်မင်းဆိုတော့ သူတို့က ဘယ်လိုပုံစံမျိုးလဲ…”

” မြို့က အာဏာရ အထက်တန်စားလူတွေဆိုပါတော့ မုဆိုးကြီးရ…”

” အင်းဗျာ…အာဏာရဆိုပေမယ့် သူတို့တောလည်မယ်ဆိုရင်တော့ ကျုပ်စကားကို သူတို့ နာခံဖို့တော့ လိုအပ်တယ်။ ဒါကိုတော့ လူကြီးပဲ မှာကြားပေး။ တောတောင်ဆိုတာက အစောင့်အရှောက်ရှိတယ်။ သည်းကမ်းကြီးတယ်။ ဒါကိုတော့ သေချာပြောပြပပေးထားပါ…”

” ဟုတိပါပြီ မုဆိုးကြီးရယ်။ ကျုပ် ပြောပြလိုက်ပါ့မယ်…”

မုဆိုးကြီးစိတ်ကျေနပ်သွားတယ်။ ပြီးတော့ တစ်စုံတစ်ခုကို သတိရလိုက်ဟန်နဲ့…။

” ဪ…လူကြီး။ ဒါနဲ့ သူတို့အတွက် ဘာအသားများလိုချင်လဲ…”

ရွာလူကြီး ခဏ စဉ်းစားလိုက်တယ်။

” သိပ်ပြီးလည်း ခက်ခဲမယ့်အသားတော့ မလုပ်ပါနဲ့။ အလွယ်ရနိုင်မယ့် ဂျီသားလောက်ဆို အဆင်ပြေနိုင်ပါတယ်…”

” ဂျီသား…အဲ့ဒါတော့ လတ်တလောမရနိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီအချိန်က ဂျီတွေ မိတ်လိုက်တဲ့အချိန်၊ ဒါကြောင့် အဆင်ပြေမယ်ဆို ဆတ်သားတော့ ကျုပ်ရှာပေးမယ်…”

” ကောင်းပြီလေ ဆတ်သားလည်း အဆင်ပြေပါတယ်ဗျာ…”

မုဆိုးကြီး ခေါင်းကို ညိတ်လိုက်တယ်။

” အင်းလေ…ဒါဖြင့်လည်း မနက်ဖြန်မနက်ကိုပဲ ကျုပ်လာပို့ပါမယ်။ ကဲ…အခုတော့ တော၀င်တော့မှာမို့ သွားပြီဗျို့…”

မုဆိုးကြီးက နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။

ရွာလူကြီးကတော့ စားပွဲမှာ ထိုင်ကျန်ရစ်ရင်း မုဆိုးကြီးရဲ့ နောက်ကျောကို ငေးလို့…။

Xxxxxxx

နောက်တစ်နေ့ မနက်မှာတော့ ဆက်သေတစ်ကောင်နဲ့အတူ မုဆိုးကြီးမုံခေါင် သူကြီးအိမ်ရှေ့ဆီကို ရောက်လာခဲ့တယ်။

” သူကြီး…သူကြီး…ငါ ရောက်ပြီ…”

” ဪ…မုဆိုးကြီး။ သေချာလှပါလား၊ လာဗျာ လာ…”

မုဆိုးကြီးက ဆတ်သေကို အောက်ချလိုက်တယ်။

” ညတုန်းက ငါ ဒီကောင့်ကို ဖမ်းရတာ တော်တော်ဆိုးတယ်။ ကိုင်းမိထားတာတောင် ကြိုးပြတ်အောင် ရုန်းပြေးလို့ ငါ ဓားနဲ့ လိုက်ခုတ်ထားရတာ…”

ဆတ်သေကောင်ရဲ့ ဦးခေါင်းဆီမှာ ဓားရာကြီးက အထင်းသား။

ဦးလှဖေတောင် ဆတ်သေဆီက ဒဏ်ရာကို ကြည့်ပြီး ကြက်သီးထမိသွားရသေးတယ်။

” ကဲ…လူကြီး။ နင် တစ်ကောင်လုံးကို ယူမှာလား။ ဒါမှမဟုတ် ရွေးယူမှာလား…”

” ၀န်ထောက်တွေလာမှာဆိုတော့ တစ်ကောင်လုံးကိုပဲ ယူလိုက်မယ်ဗျာ။ ဘယ်လောက်လဲ…”

” သုံးကျပ်…”

” အင်း…ရတယ်။ ဒါပေမယ့် အကောင်တော့ ဖျက်ပေးခဲ့ဦးနော်…”

” အေး…ပိုက်ဆံထဲမှာ အသားဖျက်ခ မပါဘူး။ ဒါပေမယ့် ငါဖျက်ပေးခဲ့မယ်၊ ခေါင်းကိုတော့ အသားဖျက်ခအဖြစ် ငါပြန်ယူမယ်…”

” အင်း…ယူပါဗျာ ယူပါ…”

မုဆိုးကြီးက ချက်ချင်းပဲ အိမ်နံဘေးက ငှက်ပျောတောဆီကို ဆတ်သေကြီးကောက်ထမ်းပြီး ၀င်သွားတယ်။

ပြီးတော့ ဦးလှဖေကို ရေနွေးတည်ခိုင်းပြီး ငှက်ပျောဖက်တချို့ကို ခုတ်ခင်းလို့ အသားဖျက်ခြင်းကိစ္စကို လုပ်ဆောင်တော့တာပဲ။

မုဆိုးကြီးရဲ့ ကျွမ်းကျင်မှုက သူမတူဘူး။ အသားဖျက်နေတာများ ဓားသိုင်းကနေသလိုတောင် ထင်မိရတယ်။

နွားပေါက်ငယ်နီးနီးရှိတဲ့ ဆတ်သေကို ဖျက်လိုက်တာများ ခဏလေးပါပဲ။

မျက်စိရှေ့မှာတင် အရိုးနဲ့အသား ကွဲကွဲပြားပြား ဖျက်ပြီးသားဖြစ်သွားတယ်။

” ကဲ…ပြီးပြီ…”

မုဆိုးကြီးက လက်ဆေးပြီး ပုဆိုးစနဲ့ သုတ်လို့ပြောလာတော့ ဦးလှဖေက ချက်ချင်းပဲ ငွေသုံးကျပ် ကမ်းပေးလိုက်တယ်။

မုဆိုးကြီးက ပိုက်ဆံကို ယူပြီးတော့ ခါးပုံစဆီကို ထည့်လိုက်ပြီး…။

” ကဲ…ပြီးပြီဆိုတော့ ငါသွားတော့မယ်။ ဪ…သားကောင်ရဲ့ ခေါင်းကိုတော့ သဘောတူထားတဲ့အတိုင်း အသားဖျက်ခအဖြစ် ငါယူသွားပြီနော်…”

မုဆိုးကြီးက ဆတ်ခေါင်းကြီးကို ကိုင်လို့ ခြံထဲက ထွက်သွားတော့တယ်။

******

မုဆိုးကြီးက သူ့အရှေ့မှာထိုင်နေတဲ့ ၀န်ထောက်ဆိုတဲ့ အသားဖြူဖြူလူမျိုးခြားလူကြီးနဲ့ အခြားလူစိမ်းတွေရဲ့မျက်နှာတွေကို အသေအချာ တစ်ယောက်ချင်း လိုက်ကြည့်ပြီး အကဲခတ်နေတယ်။

” ၀န်ထောက်မင်း…ဟော့ဒီကသူကတော့ ကျုပ်တို့ ရွာက သိပ်ကို တော်လွန်းတဲ့ မုဆိုးကြီးမုံခေါင်ပါပဲ။ ၀န်ထောက်မင်းတို့ တောလည်ရာကို သူက လမ်းပြအဖြစ် လိုက်ပေးမှာ ဖြစ်ပါတယ်…”

ဦးလှဖေက ဗမာစကားပြောတတ်တဲ့ ၀န်ထောက်မင်းကို ရိုရိုကျိုးကျိုးနဲ့ ပြောတယ်။

၀န်ထောက်မင်းက မုဆိုးကြီးကို မိတ်ဆက်တဲ့အနေနဲ့ ပြုံးပြပေမယ့် မုဆိုးကြီးကတော့ ခပ်တည်တည်ပဲ။

” နင်တို့ တောကိုလည်မယ်ဆို ငါ့စကားကိုတော့ နားထောင်ကြရလိမ့်မယ်…”

မုဆိုးကြီးက ဘွင်းဘွင်းရှင်းရှင်းကြီး ထပြောတာ။

” ဟေ့လူ…ခင်ဗျား ဘာစကားပြောတာလဲ…”

၀န်ထောက်မင်းရဲ့ အနောက်က သက်တော်စောင့် လူကောင်ထွားထွား နွားကြီးဆိုသူက ထအော်တာ။

၀န်ထောက်မင်းက လက်ကာပြလိုက်ပြီး…။

” ဟုတ်ကဲ့ မုဆိုးကြီး။ ကျွန်ုပ်တို့ မုဆိုးကြီးစကားကို နားထောင်ပါ့မယ်…”

” ဟုတ်ပြီ…ဒါဖြင့် နင်တို့ ဘာလက်နက်ကို သုံးမလဲ။ ဘာကောင်ကို ပစ်ချင်လဲ…”

၀န်ထောက်မင်းရဲ့ မျက်နှာက အပြုံးမပျက်ပါဘဲ…။

” ဘာအတွက် မေးတာလဲ မုဆိုးကြီးရ…”

” ဘာကြောင့်မှ မဟုတ်ပါဘူး။ နင်တို့ ဘာလက်နက်သုံးမယ်ဆိုတာနဲ့ ဘာကောင်ပစ်မယ်ဆိုတာကို ငါက သိထားမှ ဘယ်တောဘယ်တောင်ကို သွားရမယ်၊ ပြီးတော့ တောပိုင်တောင်ပိုင်တွေကို ဘယ်လိုတောင်းဆိုရမယ်ဆိုတာ ပြောလို့ရမှာမို့ ငါမေးတာ…”

” ကျွန်ုပ်တို့တတွေ သေနတ်ကိုပဲ သုံးမှာပါ။ သားကောင်ကတော့ အကောင်ကြီးတာတွေပဲ ပစ်ခတ်လိုပါတယ်…”

” ကောင်းပြီလေ…နင်တို့ စိတ်ကျေနပ်သေရမယ်။ ဒါပေမယ့် ငါ့စကားကို အားလုံး နားထောင်ရမယ်ဆိုတဲ့ စကားကိုတော့ နင်တို့ အသေအချာ မမေ့ကြပါနဲ့…”

၀န်ထောက်မင်းက ခေါင်းကို ညိတ်တယ်။

” ကောင်းပါပြီ မုဆိုးကြီး။ ဒါနဲ့ လမ်းပြခကရော ကျွန်ုပ်တို့ ဘယ်လို ပေးရပါမလဲ…”

” ငါ့အတွက် ၁၀ ကျပ်ဆို ရပါပြီ…”

” ဟာ…ခင်ဗျား လမ်းပြခက မများလွန်းဘူးလား…”

နွားကြီးက ၀င်ပြောလာတာ။

” အခြားသူနဲ့ဆိုရင်တော့ များတယ်ပြောနိုင်ပါတယ်။ ဒါပေမယ့် အခု နင်တို့ကို လိုက်ပြမယ့်သူက ငါ မုံခေါင်ဖြစ်နေလို့ ဒီပမာဏတောင်းတာ…”

” ရပါတယ်ဗျာ…ပေးပါ့မယ်…”

၀န်ထောက်မင်းက ကြည်ကြည်ဖြူဖြူပြောတယ်။ နွားကြီးက မျက်နှာထားတင်းတင်းနဲ့ ကြည့်လာတော့ မုဆိုးကြီးက အေးအေးဆေးဆေးပဲ ပြန်ကြည့်တယ်။ ကြားထဲက ဦးလှဖေကတော့ မျက်စိမျက်နှာတွေ ပျက်လို့ရယ်ပေါ့။

” ကဲ…လမ်းပြခကို အခုပဲ ကျွန်ုပ်တို့ ပေးလိုက်ပါမယ်…”

မုဆိုးကြီးက လက်ကာပြတယ်။ ပြီးတော့ ဦးလှဖေဆီကို မေးငေါ့ပြပြီး…

” လူကြီးကို ပေးလိုက်ပါ။ အဲ့ဒါရဲ့ ငါးကျပ်က ဘုန်းကြီးကျောင်းကို လှူပေး။ ကျန်တဲ့ငါးကျပ်က ရွာအရှေ့ဘက်ထိပ်က ဦးလေး ဖိုးထူးရဲ့အိမ် ပြန်ပြင်ဆောက်ဖို့ ပေးလိုက်ပါ…”

မုဆိုးကြီးရဲ့ စိတ်ထားကို နွားကြီးမှအပ ၀န်ထောက်မင်းနဲ့ပါလာသူတိုင်း လေးစားမိသွားကြတယ်။

” ကဲ…မနက်ဖြန်မနက်ကို နင်တို့ အသင့်ပြင်ထားကြပါ။ ငါ လာခေါ်လိုက်မယ်။ အခုတော့ ငါပြန်ဦးမယ်…”

မုဆိုးကြီး ထထွက်သွားတယ်။

” တောက်…အတော့်ကို ပြောရဆိုရ လက်ပေါက်ကပ်တဲ့ လူပဲ။ ဟေ့…သူကြီး သူက ဘာလူမျိုးလဲ တိုင်းရင်းသားလား…”

နွားကြီးက မာတင်းတင်း မေးလာတာ။ သူကြီးဦးလှဖေက တုန်တုန်လှုပ်လှုပ်နဲ့…

” ဟုတ်…ဟုတ်ပါတယ်။ သူက တိုင်းရင်းသား ချင်းလူမျိုးပါ။ မွေးတာတော့ ဒီရွာမှာပဲ မွေးတာ။ သူက မွေးကတည်းက ထူးဆန်းမှုတွေနဲ့ မွေးလာတာ…”

ဦးလှဖေစကားကို အကုန်လုံးက စိတ်၀င်စားသွားကြတယ်။

” ဘယ်လိုများလဲ ကျွန်ုပ်တို့ သိချင်တယ်။ ဦးလှဖေ သိတယ်ဆို ပြောပြပါ…”

၀န်ထောက်မင်းက စိတ်၀င်တစားနဲ့ တောင်းဆိုလာတယ်။

” အများကြီးတော့ ကျုပ်လည်း အများကြီးတော့ မသိပါဘူး ၀န်ထောက်မင်း။ ဒါပေမယ့် သိသလောက်တော့ ပြောပြပါမယ်…”

” အင်း…”

၀န်ထောက်မင်းက ခွင့်ပြုတော့ ဦးလှဖေက စပြောပါတော့တယ်။

” သူ့အဖေကလည်း မုဆိုးတစ်ယောက်ပဲ။ သူ့ကို ကိုယ်၀န်ဆောင်တော့ သူ့အဖေမုဆိုးကြီးက တောလိုက်တိုင်း သားကောင်တွေ မရတဲ့ရက်မရှိဘဲ။ အရင်ကဆို တစ်ပါတ်နေလို့ တစ်ကောင်ရဖို့တောင် ခဲယဉ်းတယ်တဲ့…”

အားလုံးက ဦးလှဖေပြောပြနေတဲ့ အကြောင်းအရာကို စိတ်၀င်စားလာကြတယ်။

” အဲ့ဒီ့လို နေ့စဉ်တိုင်း သားကောင်ရလာတိုင်း ကိုယ်၀န်ဆောင်နေတဲ့ သူ့အမေက သားကောင်တွေရဲ့ သွေးနဲ့ အစိမ်းသောက်ပြီး အသည်းကို မီးကင်စားတတ်တယ်။ ဒါပေမယ့် သူ့ကို မွေးပြီးတော့ သူ့အမေ အဲ့ဒီ့လို မသောက်တော့ဘူးတဲ့…”

” ဟင်…ဒါက ထူးဆန်းတာလား…”

နွားကြီးက ၀င်ပြောတာ။

အဲ့ဒီ့တော့ ဦးလှဖေက ဘာဆက်ပြောရမယ် မသိတော့ဘူး။ ၀န်ထောက်မင်းက…

” ဆက်ပြောပါ ဦးလှဖေ။ ကျွန်ုပ် စိတ်၀င်စားတယ်။ နွားကြီး ဘာမှ၀င်မပြောပါနဲ့…”

နွားကြီး မကျေနပ်ပေမယ့် ဘာမှ၀င်မပြောတော့ဘူး။ ပြီးတော့ နေရာကနေ ထထွက်သွားတယ်။

” ရပြီ ဦးလှဖေ။ ဆက်ပြောပါ…”

” သူ အသက်ငါးနှစ်အရွယ်ရောက်တော့ သူ့အဖေနဲ့အတူ သားကောင်လိုက်တာကို မလိုက်ရလို့ဆိုပြီး အတင်းဂျီပူကျတယ်။ အဲ့ဒါနဲ့ မတတ်သာတဲ့အဆုံး သူတို့တစ်မိသားစုလုံး တောထဲကို ၀င်ကြတယ်။ အဲ့ဒီမှာ မှိုကျင်းတစ်ကျင်းတွေ့လို့ သူ့ကို နံဘေးမှာချထားပြီး သူ့အဖေနဲ့ သူ့အမေတို့ မှိုခူးနေကြတုန်း သူက ပျောက်သွားတယ်တဲ့။ အဲ့ဒါနဲ့ လိုက်ရှာတော့ အနီးအနားကပဲ သူ့ကို ပြန်တွေ့တယ်။ ဒါပေမယ့် သူ့လက်ထဲမှာတော့ မြွေကြီးတစ်ကောင်ကို လည်မျိုက ဖျစ်ကိုင်ပြီး ဖမ်းထားတာတဲ့…”

” အိုး…ဂေါ့…”

၀န်ထောက်မင်းနဲ့အတူ အားလုံး အံ့အားသင့်သွားကြတာ။

ဒီလိုနဲ့ပဲ ဦးလှဖေက မုဆိုးကြီးနဲ့ ပက်သက်တဲ့ အချို့အကြောင်းအရာတို့ကို ပြောပြီးနောက်မှာတော့ ဧည့်သည်အားလုံးကို ဆတ်သားဟင်းအဖုံဖုံနဲ့ ညစာတည်ခင်းဧည့်ခံတယ်။

ဆတ်သားဟင်းက လတ်လတ်ဆတ်ဆတ်ပေမို့ ဧည့်သည်တွေဆိုတာ စားလိုက်ကြတာများ ခေါင်းတောင်မဖော်နိုင်ကြဘူး။

၀န်ထောက်မင်းဆိုရင် ညစာစားရင်း ဆတ်သားအမြည်းနဲ့ နိုင်ငံခြားအရက်ကို တွဲဖက်သောက်သုံးရင်း ဇိမ်ယူလိုက်သေးတာ။

ညစာစားပြီးတဲ့အခါမှာတော့ ၀န်ထာက်မင်းနဲ့ ဦးလှဖေက စကားပြောနေကြပြီး ကျန်တဲ့သူတွေကတော့ မနက်တောလည်ဖို့အတွက်ကို ပြင်ဆင်နေကြတယ်။

ကျေးလက်ဒေသရဲ့ ညက စောစီးစွာနဲ့ပဲ တိတ်ဆိတ်ငြိမ်သက်နေတာရယ်။

အတော်ကလေး ညဉ့်နက်လာတော့ ပြင်ဆင်မှုတွေ ပြီးကြပြီ။

ဒီတော့ အိပ်စက်အနားယူဖို့ ပြင်ဆင်ကြတယ်။ နွားကြီးတို့လူစုကတော့ အိမ်အောက်မှာပဲ အိပ်ကြပြီး ၀န်ထာက်မင်းနဲ့ သူ့သမီးလေး ရိုစီတို့ကတော့ အိမ်အပေါ်မှာ အိပ်ကြတယ်။

ခရီးပန်းလာကြတဲ့အပြင် ဧည့်သည်တွေခမျာ အစားလည်း ကောင်းကောင်းစားထားကြတာမို့ တစ်ခဏအတွင်းမှာပဲ အိပ်ပျော်သွားကြတယ်။

မကြာပါဘူး။ ဦးလှဖေရဲ့ အိမ်ရှိရာဆီကို ချဉ်းကပ်လာတဲ့ ေ၀၀ါးဝါး အရိပ်တစ်ခု။ အရိပ်က ပုံရိပ်တစ်ခုလို တစ်ဖက်ဆီကို ထိုးဖောက်မြင်နေရတာမို့ လူသားစင်စစ်တစ်ယောက်မဟုတ်တာကတော့ သေချာတယ်။

အရိပ်က အိမ်ပေါ်ကို လွင့်ပါးပြီး လှမ်းတက်သွားတယ်။ ပြီးတော့ ၀န်ထောက်မင်းတို့ အိပ်နေကြတဲ့ အခန်းဆီကို ထွင်းဖောက်ပြီး ၀င်သွားခဲ့လေရဲ့။

အချိန်အတော်လေးကြာတော့ အရိပ်က ပြန်ထွက်လာတယ်။ လာတုန်းကလမ်းအတိုင်းပဲ အိမ်အောက်ကို ပြန်ဆင်းပြီး ခြံ၀န်းက ထွက်မယ်အလုပ်ကျ…။

” မင်း ဘာလုပ်တာလဲ ကိုထွေး…”

အရိပ်ရဲ့ အရှေ့မှာ ပိတ်ပြီး ရပ်နေတဲ့ မုဆိုးကြီးက မေးလိုက်တော့ အရိပ်က လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး…။

” ဟို…မု…မုဆိုးကြီး ကျုပ်…ကျုပ်…”

” မင်း ငါ့ကို ကြောက်လန့်ဖို့ မလိုပါဘူး။ မင်း ဘာလုပ်လာတာလဲ ငါသိချင်တယ်…”

မုဆိုးကြီးက ထပ်ပြောတော့မှ ကိုထွေးဆိုတဲ့ အရိပ်က…။

” ညနေတုန်းက ကျုပ်တို့ ပစ္စည်းတွေချကူတော့ ၀န်ထောက်မင်းရဲ့ သမီးလေးက အတော်လှတာကို မြင်မိတယ်။ ဒါပေမယ့်လည်း အဲ့ဒီ့တုန်းက လူသူတွေအများကြီးဆိုတော့ ကျုပ် ရဲရဲ မကြည့်ရဲခဲ့ဘူး။ အဲ့ဒါနဲ့ ပြန်သွားရပေမယ့် ကျုပ်စိတ်ထဲမှာ သူ့ကို ထပ်ပြီး မြင်ချင်စိတ်တွေ ထိန်းမရလောက်အောင် ဖြစ်နေရတယ်။ ဒါကြောင့် ကျုပ်…ဟို…ဟို ကိုယ်ပွားထုတ်ပြီး လာ…လာကြည့်တာ…”

” မင်း သူ့ကို ဘာလုပ်ခဲ့သေးလဲ…”

” မ…မလုပ်ပါဘူး။ ကျုပ် ဒီအတိုင်း ငေးကြည့်ရုံပဲ ကြည့်ခဲ့တာပါ…”

” မင်း သူ့ကို ပြုစားဖို့အတွက် ကြံရွယ်ခဲ့သေးလား…”

” ဟင့်အင်း…ကျုပ် ဘာမှကို မလုပ်ခဲ့ပါဘူး…”

” အေး…ငါ ယုံကြည်လိုက်မယ်။ မင်းအနေနဲ့ လူငယ်ပီပီ သူ့ကို စွဲလန်းသွားတာကိုတော့ ငါ အပြစ်မပြောဘူး။ ဒါပေမယ့် မင်းဆီက ပညာနဲ့ တစ်စုံတစ်ခုပြုစားပြီး မဟုတ်တာ လုပ်မယ်ဆိုရင်တော့ ငါမင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူးနော်…”

” ဟုတ်ကဲ့ပည မုဆိုးကြီးရယ်။ ကျုပ် အဲ့ဒါမျိုး ဘယ်တော့မှ မလုပ်ပါဘူး။ ကတိပေးပါတယ်…”

” အေးပါ…ငါ မင်းကို ယုံပါတယ်။ စိတ်လွတ်သွားမှာစိုးလို့ သတိပေးတာ။ ကဲ…မနက်ကျရင် မင်းလည်း ပစ္စည်းသယ်အဖြစ်နဲ့ လိုက်ရမယ်မှတ်လား။ သွား…ပြန်နားချေတော့…”

” ဟုတ်ကဲ့ မုဆိုးကြီး…”

စုန်းထီးလေး ကိုထွေးရဲ့ အရိပ်က မုဆိုးကြီးရဲ့ အနားကနေ လှစ်ခနဲ ပြေးထွက်သွားခဲ့တယ်။

အဲ့ဒီ့နောက်တော့ မုဆိုးကြီးလည်း ဦးလှဖေတို့ အိမ်ကြီးဆီကို တစ်ချက်လှမ်းကြည့်လို့ ခေါင်းကို အသာရမ်းခါပြီး အမှောင်ထုထဲကို ၀င်ရောက်ပျောက်ကွယ်သွားတော့တာ။

xxxxxxx

မနက်အစောအချိန် မုဆိုးကြီးဦးဆောင်တဲ့ လူစုတို့ ရိုးမကြောကြီးဆီကို ဦးတည်ပြီး တက်ခဲ့ကြတယ်။

အရှေ့ဆုံးမှာ မုဆိုးကြီးက တူမီးသေနတ်ကို ထမ်းပြီး ခြေလှမ်းမှန်မှန်နဲ့ သွားနေသလို အနောက်မှာတော့ အထမ်းသမားအချို့။

အဲ့ဒီရဲ့ အနောက်မှာတော့ ၀န်ထောက်မင်းတို့ သားအဖလိုက်ပါလာပြီး နောက်ပိတ်မှာတော့ နွားကြီးတို့ လူစုလိုက်ပါလာတယ်။

၀န်ထောက်မင်းတို့သာအဖမှာ ရိုစီကေ အရှေ့က သွားပြီး ၀န်ထောက်မင်းက အနောက်က လိုက်နေတယ်။ ရိုစီရဲ့ အရှေ့မှာတော့ စားစရာတွေ ထည့်ထားတဲ့ ခြင်းကြီးကို လွယ်ပိုးထားတဲ့ ကိုထွေး။

ရိုစီရဲ့ ၀တ်စားပြင်ဆင်ပုံက မြင်ရသူတို့အဖို့တော့ နတ်သမီးလးအလားထင်မှတ်ပြီး အသက်ရှူမှားဖွယ်ရာ။

ကိုထွေးဆို အလေးအပင်ကြီးကို လွယ်ပိုးထားရင်းက မကြာခဏ လှည့်လှည့်ပြီး ကြည့်နေမိလေတယ်။

လူအရေအတွက်က ၀န်ထောက်မင်းတို့လူစုက ငါးယောက်၊ အထမ်းသမားလေးယောက်၊ မုဆိုးကြီးနဲ့ဆိုတော့ အားလုံးပေါင်း ဆယ်ယောက်တိတိ။

သရမီရွာဆိုတာက ရိုးမအခြေမှာဆိုပေမယ့် သားကောင်တွေကျက်စားရာဆီကိုရောက်ဖို့ကတော့ အတော့်ကို သွားရသေးတာလေ။

နေနည်းနည်းမြင့်လာတော့ ရိုစီမျက်နှာမှာ ချွေးသီးချွေးပေါက်လေးတွေ စို့လာတယ်။ ဒါကို ကြည့်ပြီး ကိုထွေးမှာ ရိုစီ့ကို သနားနေမိသေးတာ။

ရိုးမအထဲကို ရောက်ပြီး တောင်ကုန်အချို့ကို ဖြတ်သန်းလို့ ပြန့်ကလေးတစ်ခုဆီကို ရောက်တော့ မုဆိုးကြီးက ရပ်တန့်လိုက်ပြီး…။

” ကဲ…၀န်ထောက်မင်း။ အရှေ့ဆက်လို့ကတော့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ငါတို့တတွေ ဒီအနားတဝိုက်မှာပဲ အထိုင်ချမှရမယ်။ ဟိုဘက်မှာ လျှိုထဲမှာ စမ်းချောင်းရှိတယ်။ ပြီးတော့ ဒီဘက်မှာက သစ်၊ ဝါးတွေ ပေါတယ်။ ဟိုနားက တောင်ကုန်းဆီမှာ တဲတွေကို ညနေမစောင်းခင် အမြန်ထိုးကြဖို့လိုတယ်…”

မုဆိုးကြီးက ပြောတယ်။ ဒီအခါ နွားကြီးက ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ပြီး အရှေ့တိုးလာကာ…။

” ဟေ့လူ…ခဏနေပါဦးဗျယ ကျုပ်တို့က တောလိုက်ဖို့ လာကြတာ။ ဒါကို ခရီးက ဘယ်လောက်မှ မရောက်သေးဘူး။ ခင်ဗျားက ဒီနေရာမှာ စခန်းချမယ်ဆိုတော့က ကဲ…ပြော ဘယ်မှာလဲ သားကောင်။ ကျုပ်တို့က ဘာကိုပစ်ရမှာလဲ။ ပြောတော့ ခင်ဗျားက မုဆိုးဆို။ အေး…ကျုပ်ကတော့ ခင်ဗျားလို မုဆိုးမဟုတ်ဘူး။ ဒါပေမယ့် မုဆိုးမဟုတ်လို့ သားကောင်မပစ်ဖူးပေမယ့် ရွာနဲ့ သိပ်မဝေးတဲ့ ဟော့ဒီလိုနေရာမှာ ဘာသားကောင်မှ မရှိဘူးဆိုတာကိုတော့ ကျုပ်တို့ သိတယ်ဗျ။ ခင်ဗျားသိအောင် ထပ်ပြောလိုက်မယ်။ ကျုပ်တို့က အလကားသက်သက် ပျော်ပွဲစားဖို့ ထွက်လာကြတာ မဟုတ်ဘူး…”

မုဆိုးကြီးမျက်နှာကွက်ခနဲ ဖြစ်သွားတယ်။

” အင်း…ဟုတ်တော့ဟုတ်နေပါပြီ။ ကဲပါ…ထားလိုက်တော့။ သဘောတူညီမှုအရတော့ နင်တို့အားလုံး ငါ့စကားကို နားထောင်ကြမယ်လို့ ကတိပြုထားကြတယ်မလား။ အဲ့ဒီ့တော့ ဒီညအတွက် ဘာကြောင့် ဒီမှာ တည်းခိုဖို့ ပြောလဲဆိုတာ ညရောက်ရင် သိကြရလိမ့်မယ်။ ကဲ…၀န်ထောက်မင်း။ နင်ကပဲ ဒီကလူတွေကို တဲတွေအမြန်ဆောက်ဖို့ ပြောပေးတော့။ ငါလည်း အချိန်ရှိတုန်း နင်တို့အတွက် ဟင်းစားလေးဘာလေးရအောင် လိုက်ရှာချေဦးမယ်…”

မုဆိုးကြီးက ပြောပြီး တောဆီကို ၀င်သွားခဲ့တယ်။

ကျန်ရစ်ခဲ့ကြတဲ့ သူတွေကို ၀န်ထောက်မင်းက မုဆိုးကြီးမှာတဲ့အတိုင်း တဲတွေ ဆောက်ကြဖို့ ပြောတယ်။

နွားကြီးမှအပ အကုန်လုံးက ပစ္စည်းတွေချပြီး တစ်ညတာ တည်းခိုဖို့အတွက် တဲနှစ်လုံးကို အမြန်ဆုံးဆောက်ကြတယ်။

လူအင်အားတောင့်တင်းပြီး အမိုးအကာပစ္စည်းစုံလင်တာမို့ နာရီပိုင်းအကြာမှာပဲ တောင့်တင်းတဲ့ တဲနှစ်လုံးကို ဆောက်ပြီးသွားခဲ့တယ်။

အားလုံးပစ္စည်းတွေ နေရာချပြီးတော့ မုဆိုးကြီးက ယုန်သေနှစ်ကောင်ကို နားရွက်ကဆွဲပြီး ပြန်ရောက်လာခဲ့တယ်။

” ကဲ…ဒီညအတွက်တော့ ဟင်းစားက ဒီယုန်နှစ်ကောင်ပဲ။ ဒါကို ချက်ပြုတ်ဖို့အတွက် အမြန်ဆုံးပြီးအောင် ငါ့ကို မီးဖိုတာတို့ ထင်းကောက်တာတို့ လုပ်ကူကြပါဦး…”

မုဆိုးကြီးက တောင်းဆိုတော့ အလုပ်သမားတွေက ချက်ချင်းပဲ ဝိုင်း၀န်းလုပ်ဆောင်ကြလေပြီ။

” ကဲ…နင်တို့ လုပ်ထားနှင့်ကြ။ ငါတော့ လျှိုထဲက. စမ်းပေါက်မှာ သူတို့ကို ကိုင်လိုက်ဦးမယ်။ ရေချိုးချင်တဲ့သူ ကိုယ်လက်သန်စင်ချင်တဲ့သူတွေ ရှိရင် တစ်ခါထဲ လိုက်ခဲ့လို့ရတယ်…”

ယုန်သေနှစ်ကောင်နဲ့အတူ ဓားမြှောင်တစ်ချောင်းကိုင်ပြီး ထွက်သွားတော့ ၀န်ထောက်မင်းတို့ လူစုလည်း အနောက်က လိုက်ကြရတော့တာ။

စမ်းချောင်းရေက ဒူးသာသာတော့ရှိမယ်။

မုဆိုးကြီးက ကမ်းနံဖူးမှာ ယုန်သားဖျက်နေချိန် ၀န်ထောက်မင်းတို့လူစုကတော့ ရေတင်းချိုးကြတယ်။

ရိုစီကတော့ ရေမချိုးဘဲ ကိုယ်လက်သာ သန့်စင်ပြီးနေတယ်။

” ဟေ့ကောင်…မင်း ဘာကြည့်တာလဲ…”

ရုတ်တရက် နွားကြီးဆီက ရန်လိုတကြီးနဲ့ အော်သံ။

ရည်ရွယ်ရာကို အားလုံးကြည့်မိကြတော့ အထမ်းသမားအဖြစ် လိုက်လာတဲ့ မောင်ထွေးကို တွေ့ရတယ်။ နွားကြီးက ကမူးရှူးထိုးနဲ့ ကမ်းပေါ်တက်ပြီး မောင်ထွေးဆီကို သွားတယ်။

” မင်းကို ငါမေးနေတယ်လေ။ မင်း ရိုစီ့ကို ဘာသဘောနဲ့ ကြည့်နေတာလဲ…”

နွားကြီးက မောင်ထွေးရဲ့ အက်ျင်္ီကို ဆွဲပြီးမေးတာ။ ရိုစီဆိုတဲ့ အသံကြောင့် ရိုစီအပါအ၀င် ၀န်ထောက်မင်းတို့လူစုမှာ ကမ်းပေါ် တက်ကြတယ်။ မောင်ထွေးရဲ့ အကြည့်တွေကတော့ ရိုစီရဲ့ဆီမှာပဲ ရှိနေတုန်း။

” ဟေ့ကောင် မင်းအတော်ရိုင်းပါလား။ ဒီလောက်ပြောနေတာတောင် မင်းက ဂရုမစိုက်ဘဲ ကြည့်နေတာပေါ့…တောက်…”

နွားကြီးက အင်္ကျီကို တစ်ချက်ဆောင့်ပြီး ထိုးမယ်လုပ်မှ မောင်ထွေး အသိ၀င်လာတဲ့ ပုံစံနဲ့။

” အဲ…ဟို…ကျုပ် ဘာမှ မကြည့်ပါဘူးဗျ…”

လိမ်ညာစကားမမည်တဲ့ စကားနဲ့ မောင်ထွေး အဖြေပြုတယ်။ ဒါကို နွားကြီးက မကျေနပ်ဘူး။

” ဟေ့ကောင် မင်း ဗြောင်လိမ်တာပဲ။ သေပေတော့…”

နွားကြီးက သူ့ရဲ့ လက်သီးဆုပ်ကြီးနဲ့ မောင်ထွေးကို ထိုးဖို့ အားယူလိုက်တယ်။ ဒါပေမယ့် မောင်ထွေးက ကြောက်ဟန်မပြဘဲ နွားကြီးရဲ့ မျက်စိအစုံဆီကို စူးရှတဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်တော့ နွားကြီး လှုပ်ရှားမှုမရှိ၊ တောင့်တောင့်ကြီးဖြစ်သွားတယ်။

နွားကြီးဖြစ်သွားတာကို ဘယ်သူကမှ သတိမထားမိဘူး။ အဲ့ဒီ့အခိုက်မှာပဲ မုဆိုးကြီး ရောက်လာပြီး…။

” မောင်ထွေး…”

မုဆိုးကြီးက ပခုံးကို ပုတ်ပြီး ခေါ်လာပါမှ မောင်ထွေးရဲ့ အကြည့်က နွားကြီးဆီက လွှဲဖယ်လာပြီး…

” စိတ်ကို လျော့လိုက်ပါ…”

မောင်ထွေး စိတ်ကို လျော့ချလိုက်တယ်။ ဒီတော့မှ နွားကြီးခမျာ လှုပ်ရှားလို့ ရသွားပြီသ အလွန်ကိုပဲ မောပန်းတကြီးဟန်ပန်နဲ့ ဟောဟဲဆိုက်နေရာက…။

” မ…မကောင်းဆိုးရွားတွေ။ ဒီလူတွေက မကောင်းဆိုးရွားတွေ။ သူတို့နဲ့ ကျုပ် ဆက်ပြီး မနေနိုင်ဘူး…”

နွားကြီးတစ်ယောက် သွေးရူးသွေးတန်းနဲ့ အော်ဟစ်ပြီး လျှိုအပေါ်ကို ပြေးတက်သွားခဲ့တယ်။

၀န်ထောက်မင်းတို့သားအဖနဲ့ ကျန်သူတွေကတော့ မောင်ထွေးကို သို့လောသို့လော ပုံစံနဲ့ ကြည့်လာကြတယ်။

” ဘာမှ မဖြစ်ပါဘူး။ ကဲ…ကဲ…လုပ်စရာရှိတာ အမြန်ဆုံးလုပ်ကြ။ မှောင်သွားရင် အန္တရာယ်ရှိတယ်။ ငါတို့ ပြန်သွားရင် အခုပ်သမားတွေ ရေခပ်ဆင်းကြရလိမ့်ဦးမယ်…”

မုဆိုးကြီးက ပြောတော့ အားလုံးပဲ လုပ်စရာရှိတာ အမြန်ဆုံးလုပ်ကြတယ်။

သူတို့တတွေရဲ့ အလုပ်တွေပြီးတော့ မုဆိုးကြီးက ဖျက်ပြီးသားယုန်သားတွေကို ဖက်နဲ့ ထုပ်ထားတဲ့ အထုပ်ကို ကိုင်ထားပြီး အရှေ့ကနေ လှမ်းထွက်သွားတယ်။

လမ်းမှာ ယုန်သားသုံးလေးဖတ်ကို မုဆိုးကြီး တစ်စုံတစ်ရာဆီ ပစ်ပေးလိုက်တာမျိုး မြင်ရတယ်။ ဒီအတွက် ဘယ်သူကမှတော့ မေးခွန်းထုတ်မလာပါဘူး။

စခန်းချရာဆီကို ပြန်ရောက်တော့ နွားကြီး ပြန်ရောက်မလာကြောင်းကို သိရတယ်။ အလုပ်သမားတွေကတော့ ထမင်းတွေတောင် ချက်ပြီးထားပြီ။

” ကဲ…နင်တို့ ရေခပ်ဆင်းကြမယ်ဆို ဆင်းကြ။ အချိန်သိပ်မကျန်ဘူးဆိုပေမယ့် မိုးတော့မချုပ်စေနဲ့။ နွားကြီးကိုတော့ စိတ်မပူကြနဲ့။ ငါ့ မိတ်ဆွေတွေနဲ့ သူ့ကို ရှာခိုင်းပြီး ဒီကို လာပို့ခိုင်းထားတယ်…”

အလုပ်သမားတွေက ရေခပ်ဖို့ အသင့်လုပ်ထားပြီးသားဖြစ်တဲ့ ဝါးကျည်တောက်တွေကို ထမ်းပြီး ထွက်သွားကြတယ်။ ၀န်ထောက်မင်းနဲ့ အဖွဲ့တွေကလည်း အ၀တ်အစားလဲဖို့ ထွက်သွားကြပြီ။

” မောင်ထွေး။ နင့် စိတ်ကို လျော့ပါကွာ။ တကယ်တော့ အဲ့ဒီလူက စိတ်ရင်းကောင်းပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး ကိုယ်ရည်သွေးချင်လွန်းလို့သာ မဖြစ်သင့်တာတွေ ဖြစ်နေရတာပါ။ ဒါပေမယ့်လည်း သူ့တာ၀န်သူလုပ်တာမို့ နင်ကလည်း နားလည်ပေးလိုက်ပေါ့…”

” ဟုတ်ကဲ့…”

မောင်ထွေးက မုဆိုးကြီးရဲ့ စကားကို နာခံရိုကျိုးတယ်။

” ဒါနဲ့ နင် ဟင်းချက်တတ်တယ်မလား…”

” ချက်တတ်ရင် ဒီယုန်သားကို ငရုတ်သီးစပ်ရှားရှားလေးနဲ့ ချက်ချေကွာ။ အကောင်းဆုံးဖြစ်အောင်သာချက်…”

” ဟုတ်ကဲ့…”

မောင်ထွေးက ယုန်သားအထုပ်ကိုယူပြီး ချက်ပြုတ်ဖို့ မီးဖိုဘက်ကို ထွက်သွားတယ်။ တအောင့်ကြာတော့ မွှေးပျံလွန်းတဲ့ ယုန်သားဟင်းရနံ့ကို အားလုံး ရှူရှိုက်လိုက်မိကြတယ်။

၀န်ထောက်မင်းတို့ သားအဖဆိုရင် ဟင်းနံ့ကြောင့် အံ့သြသင့်နေကြတယ်။ ရိုစီက ဟင်းချက်နေတဲ့ မောင်ထွေးအနားဆီကို ရောက်လာပြီး…။

” အကို…ဟင်းနံ့က သိပ်ကို မွှေးလွန်းတယ်နော်…”

ရိုစီ့ဆီက စကားစပြီး ပြောလာလိမ့်မယ်လို့ မောင်ထွေးက ဘယ်တုန်းကမှ မမျော်လင့်ထားမိသူဆိုတော့ ငေးကြည့်ပြီး ကြက်သေသေနေတယ်။

” အကို…”

ရိုစီက အနောက်တိုင်းသွေးရောနှောထားသူပီပီ လက်သွက်ခြေသွက်နဲ့ မောင်ထွေးလက်မောင်းကို ပုတ်ပြီး ပြောတော့မှ မောင်ထွေးလည်း သတိ၀င်လာရပြီး…။

” အဲ…ဟုတ်…ဟုတ် မရိုစီ…”

” ဟင်းရနံ့က သိပ်ကို မွှေးတယ်လို့ ရိုစီပြောနေတာ…”

” ဪ…အင်း ဟုတ် ဟုတ်တယ် မရိုစီ…”

မောင်ထွေးရဲ့ စကားတွေက အယောင်ယောင်အမှားမှားနဲ့။

” အကို့နာမည်က ဘယ်သူလဲဟင်…”

” ကျုပ်နာမည် မောင် မောင်ထွေးပါ…”

” မောင်ထွေး…နာမည်က သဘောစရာကောင်းတာပဲ။ ရိုစီ့နာမည်ကိုတော့ အကိုသိပြီးသားမို့ မိတ်မဆက်တော့ဘူးနော်။ ဪ…ဒါနဲ့ ရိုစီ အကိုချက်နေတဲ့ ဟင်းကို မြည်းကြည့်ချင်တယ် ကျက်ပြီမလား။ မြည်းလို့ ရမလား အကို…”

” ဪ…ဟုတ်ဟုတ် ရပါတယ် ရိုစီ…”

မောင်ထွေး ရင်ခုန်သံတွေ သိပ်ကို မြန်လွန်းနေရတယ်။ ဟင်းအိုးထဲက အကောင်းဆုံးဖြစ်နိုင်မယ့် ဟင်းတစ်တုံးကို ဆယ်ယူပြီးတော့ ရိုစီ့ကို ပေးမြည်းလိုက်တယ်။

ပူနေတဲ့ ဟင်းတုံးကို ရိုစီက ထိကနန်း၊ တို့ကနန်းမြည်းနေတော့ မောင်ထွေးခမျာ ကြည့်ပြီး ကြည်နူးနေမိသေးတာ။

” အမလေး…ကောင်းလိုက်တာနော် ဟီး…ဟီး…”

ရိုစီက ယုန်သားကို ဝါးနေရင်း ပြုံးပြီးပြောလာတော့ မောင်ထွေးတို့ ကြည့်နေရင်း သူ့ကိုယ်သူ နတ်ပြည်ရောက်သွားပြီလို့တောင် ထင်နေမိတာ။

ရိုစီ့ဆီက သင်းပျံ့တဲ့ ကိုယ်သင်းရနံ့ကိုလည်း မောင်ထွေး တစ်၀ရှိုက်ရှူရင်း လောကကြီးကို တဒင်္ဂမေ့သွားမိတယ်။

” အကို…ဟေ့ အကို…”

” ဪ…မ မ ရိုစီ…”

” ဟင်းအိုးက ရေခမ်းနေပြီလားလို့…”

ရိုစီ ပြောမှ ကြည့်မိတော့ ဟင်းအိုးက ဖျစ်ဖျစ်မြည်နေပြီ။ မောင်ထွေးလည်း ရှက်စိတ်အချို့ ရောပြွန်းပြီး ချက်ချင်းပြာယာခတ်သွားရကာ ဟင်းအိုးဆီကို ရေတွေ လောင်းချလိုက်တယ်။

” ရှဲ…” ခနဲ အသံထွက်လာတော့ လန့်သွားမိသေးတာ။ ဒါကိုကြည့်ပြီး ရိုစီက ရယ်တယ်။ ရိုစီရယ်တော့ မောင်ထွေးလည်း ရှက်ကိုးရှက်းကန်းနဲ့ လိုက်ရယ်မိတယ်။ အဲ့ဒီ့အချိန် ရိုစီက တစ်စုံတစ်ခုကို တွေးမိသွားဟန်နဲ့…။

” ဪ…အကို။ ဒါနဲ့လေ…ဟို…ညနေတုန်းက အကိုထွန်းနဲ့ စမ်းချောင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စ။ အဲ့ဒါအတွက် အကို့ကို ရိုစီတောင်းပန်ပါတယ်နော်…”

” အကိုထွန်းဆိုတာက…”

” အကိုနွားကြီးကို ပြောတာလေ။ သူ့ရဲ့ နဂိုနာမည်က ထွန်းအောင်တဲ့။ လူက အကြီးကြီးမို့ နွားကြီးလို့ နာမည်ပေးထားကြတာ…”

” ဪ…”

” အကိုထွန်းက ရိုစီအမေဘက်က ဆွေမျိုးနီးစပ်တော်တယ်။ သူက ရိုစီ့ကို သိပ်ချစ်တာ။ ရိုစီ့အတွက်နဲ့ ရန်မကြာခဏဖြစ်သတ်တတ်တယ်။ ဒါပေမယ့် ညနေတုန်းကတော့ အကိုထွန်း သိပ်ကို တရားလွန်တယ်။ ဒါကြောင့် အကို့ကို ရိုစီက ကြားကနေ တောင်းပန်တာ…”

” ဪ…မရိုစီရယ်။ ဒါများဗျာ တောင်းပန်နေရသေးတယ်လို့။ မလိုအပ်ပါဘူးဗျ…”

” အဲ့ဒီ့လိုတော့လည်း ဘယ်ဟုတ်မလဲ။ ဒီလိုတောကြီးမျက်မည်းဆိုတာ ဒယ်ဒီကလွဲပြီး ရိုစီတို့က တစ်ခါမှ ရောက်ဖူးကြတာမဟုတ်ဘူး။ အစိမ်းသက်သက်နေရာကြီး။ အကိုတို့ စောင့်ရှောက်ပေးမှသာ ရိုစီတို့အတွက် အန္တရာယ်ကင်းမှာ မဟုတ်လား…”

” ဒါတော့ ဒါပေါ့ မရိုစီရယ်…”

” မရိုစီလို့ မခေါ်ပါနဲ့ အကိုရယ်။ ရိုစီက အကို့ထက် အသက်ငယ်မယ်ထင်ပါတယ်။ဒါကြောင့် ရိုစီလို့ပဲ ခေါ်ပါ…”

” ဟုတ်ကဲ့ ရိုစီ…”

” ဒါနဲ့လေ အကို။ ရိုစီတစ်ခုလောက် မေးလို့ ရဦးမလား…”

” ရတယ် မေးပါ။ ကျွန်တော်ဖြေပါ့မယ်ဗျ…”

” ဘာရယ်တော့ မဟုတ်ပါဘူး။ ညနေတုန်းက အကိုတို့ ရန်ဖြစ်တာကို ကြည့်ပြီး ရိုစီ သိပ်ကို အံ့သြသွားမိတယ်။ အကိုထွန်းကလေ သတ္တိကြောင်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ညနေတုန်းကတော့ အကို့ကို ကြည့်ပြီး သူ့ခမျာ သိပ်ကို သွေးပျက်ထိတ်လန့်သွားတယ်။ ရိုစီလေ အဲ့ဒါကို နားမလည်နိုင်ဘူး။ အံ့သြနေမိတယ်။ ဘာကြောင့်အဲ့ဒီ့လို ဖြစ်သွားရတာလဲလို့ ရိုစီသိချင်နေမိတယ် အကို…”

ရိုစီ့စကားအဆုံး မောင်ထွေး မျက်စိမျက်နှာ ပျက်သွားတယ်။

ညနေတုန်းက အဖြစ်အပျက်မှာ နွားကြီးက သူ့ကို လက်နဲ့ရွယ်တဲ့အချိန် သူက နွားကြီးရဲ့ စိတ်ကို ချုပ်နှောင်လိုက်တာ။ ပြီးတော့ နှလုံးဆီကို လှမ်းညှစ်ပြီး သူ့အသွင်ကိုလည်း မြင်စေလိုက်တာ။

တကယ်လို့ မုဆိုးကြီးသာ ရောက်မလာရင် သူ နွားကြီးကို အသက်သေတဲ့အထိတောင် လုပ်မိမယ်ထင်ရဲ့။

ဒါကြောင့် နွားကြီးက သတိ၀င်၀င်ချင်း သူ့သဏ္ဍာန်ကို မြင်ထားတာမို့ သွေးပျက်ပြီး ထွက်ပြေးသွားတာ။

” အကို…ရိုစီ မေးနေတယ်လေ…”

” ဪ…အင်း ရို…စီ…”

မောင်ထွေး အလိုက်အထိုက်လုပ်ရင်း ဘယ်လိုဖြေရမယ်ဆိုတာကို စဉ်းစားပေမယ့် အဖြေက မရဘူး။ ရိုစီကိုလည်း သူ မလိမ်လိုဘူးလေ။

” အကို…မဖြေဘူးလား…”

ရိုစီက နှုတ်ခမ်းစူပြီး ပြောလာတယ်။ ဒီအချိန်မှာ မောင်ထွေးအတွက် ကယ်တင်သူက ရှိလာတယ်။ အခြားသူမဟုတ်ဘူး နွားကြီးရယ်လေ။

မှောင်ရီပျိုးနေပြီဖြစ်တဲ့ တောစပ်ဆီကနေ အိပ်မက်ယောင်သူတစ်ယောက်လို နွားကြီးတစ်ယောက် တောင့်တောင့်ကြီးနဲ့ လှမ်းလျှောက်လာတာ။

” အကို အကိုထွန်း…”

ရိုစီတစ်ယောက် မောင်ထွေးကို မေ့သွားတယ်။ ထိုင်ရာက ထပြီး မောင်ထွန်းဆီကို ပြေးရင်းနဲ့ သူ့အဖေဆီကိုလည်း

” ဒယ်ဒီရေ…ဒီမှာ အကိုထွန်းပြန်လာပြီ…” ရယ်လို့ အော်သွားသေးတာ။

စခန်းတစ်ခုလုံး နွားကြီးကို ဝိုင်းကြည့်ကြတယ်။ လမ်းလျှောက်လာပုံကြောင့်လည်း အံ့သြမိနေကြတယ်။ ရိုစီက နွားကြီးအနားကို ရောက်လုချိန်ကျ မုဆိုးကြီးက ကြား၀င်လာပြီး…။

” ကလေးမ…သူ့အသားကို မထိပါနဲ့…”

ရိုစီ အရှိန်တန့်သွားတယ်။

ပြီးတော့ မုဆိုးကြီးဆီကို အံ့သြနေတဲ့အသွင်နဲ့ လှမ်းကြည့်တယ်။

မုဆိုးကြီးကတော့ ဘယ်သူ့ကိုမှ ဂရုစိက်မြနေဘူး။ နွားကြီးကို စူးစိုက်ကြည့်လိုက့်ပီး…

” ကဲ…မိတ်ဆွေကြီး။ သူ့ကို ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်။ တစ်လက်စထဲနဲ့ သူ့ကို အိပ်ရာမှာ သိပ်ခဲ့ပေးပါ…”

နွားကြီးဆီက တုန့်ပြန်စကား ထွက်မလာဘူး။ ဒါပေမယ့် မုဆိုးကြီး ညွှန်ပြရာအိပ်ရာနေရာဆီကိုတော့ တစ်ခါထဲ လှမ်းတက်သွားပြီး လှဲလျောင်းအိပ်စက်လိုက်တယ်။ ဘာကြောင့်ရယ်တော့ သေချာမသိပါဘူး။ လှဲပြီးတာနဲ့ နွားကြီးဆီက ချက်ချင်းကိုပဲ အိပ်မောကျသံထွက်လာတော့တယ်။

အဲ့ဒီ့နောက်မှာတော့ အားလုံး ထမင်းစားကြတယ်။

၀န်ထောက်မင်းတို့ဆီက ဆီသွတ်ရိက္ခာတွေပါပေမယ့် ထမင်းဝိုင်းအလယ်မှာ စားအကောင်းဆုံးက မောင်ထွေးချက်တဲ့ ယုန်သားဟင်းပဲ။

ငရုတ်သီးက စပ်ရှားရှားလေးနဲ့ တောစပ်ဆီက ရတဲ့ ပျဉ်းတော်သိမ်အရွက်လေးဖုံးချက်ထားတော့ စားရသူတို့မှာ ခံတွင်းပိုလိုက်ကြတယ်။

စားရင်းသောက်ရင်းနဲ့ မောင်ထွေးရဲ့ ဟင်းလက်ရာကိုလည်း ချီးကျူးနေကြတာဆိုတာ ၀က်၀က်ကို ကွဲပေါ့။

xxxxxxx

” ဝေါ…ဝေါ…ဝေါ…”

အားလုံး အိပ်မောကျနေတဲ့အချိန် အထက်ဘက်ဆီက တော်လှဲသံကြီး ထွက်ပေါ်လာတာမို့ အားလုံး လန့်ဖျပ်ပြီး နိုးလာကြတယ်။

အသံကြီးက အတော့်ကို ကျယ်လောင်လွန်းလှတာ။

” တောင်ကျချောင်း ရေကျတာ။ ဘာမှစိတ်မပူကြနဲ့ အန္တရာယ်မရှိပါဘူး…”

မအိပ်စက်ဘဲ တဲရဲ့တိုင်ကို မှီထိုင်နေတဲ့ မုဆိုးကြီးက ပြောတာ။

သူတို့ရှိနေတဲ့ နေရာမှာက မိုးရိပ်မိုးယောင်တောင် မပြတော့ ကျန်တဲ့သူတွေက ဟုတ်နိုးနိုး၊ မဟုတ်နိုးနိုးနဲ့။

” ဖြစ်နိုင်ပါ့မလား မုဆိုးကြီးရယ်။ ရေလျှံရအောင် မိုးရွာဖို့ နေနေသာသာ၊ မိုးရိပ်မိုးယောင်တောင် မရှိဘူးမှတ်လား…”

ညနေစောင်းက နွားကြီးပြန်လာချိန် ခပ်မာမာအပြောခံခဲ့ရတာကို မကျေနပ်တဲ့ ရိုစီက ခနဲ့ပြီး မေးတာ။

” တောင်ကျရေဆိုတာ ဒီနေရာမှာရွာ၊ ဒီနေရာမှာ ရေကြီးတတ်တဲ့ အမျိုးမဟုတ်ဘူး ကလေးမရဲ့။ ဟိုးအထက်မှာ ရွာတဲ့မိုးကြောင့် ရေလုံးက ချောင်းတစ်လျှောက် အောက်ကို အရှိန်နဲ့ ကျဆင်းလာတာ။ ဒီရေလုံးနဲ့သာ တိုးမိရင် ဆင်လိုသတ္တဝါတောင် မလွတ်နိုင်ဘူး။ သိပ်ကို အန္တရာယ်များတယ်။ ဒါကို ကလေးမတို့ မြို့မှာနေတဲ့သူတွေက အယောက်တိုင်းမသိနိုင်ပေမယ့် ငါတို့လို ကျေးလက်က လူတွေကတော့ ကလေးက အစ သိကြတယ်…”

မုဆိုးကြီးစကားကို မချေပနိုင်တာမို့ ရိုစီ နှုတ်ဆိတ်သွားတယ်။ ဒီအခါမှာ တဲအောက်မှာ အိပ်တဲ့ မောင်ထွေးက…

” ဟုတ်တယ် ရိုစီ။ ဒါကို အကိုတို့လို ရိုးမကို အခြေပြုပြီးနေကြတဲ့သူတိုင်း သိထားကြတယ်။ ဒါပေမယ့် မုဆိုးကြီးလိုမျိုး ကြိုသိနိုင်ဖို့ကကျတော့ မဖြစ်နိုင်ဘူးလေ။ ဒါအတွက်ကြောင့် ညနေတုန်းက ခရီးကို ရှေ့မဆက်ဘဲ ဒီမှာပဲ အထိုင်ချမယ်လို့ မုဆိုးကြီးက ပြောခဲ့တာ…”

” ဟင်…အဲ့ဒီ့လိုလား။ ဒါဖြင့်လည်း အဲ့တုန်းကတည်းက ပွင့်ပွင့်လင်းလင်းပြောပြပေါ့။ ဘာလို့ မပြောပြခဲ့တာလဲ…”

” ဪ…ဖြစ်မလာသေးခင်မှာ ပြောရင် ယုံသူရော မယုံသူရော ရောပြွန်းပြီး စိတ်၀မ်းကွဲနိုင်တာကြောင့်ပေါ့…”

မောင်ထွေးနဲ့ ရိုစီတို့ စကားပြောနေကြတာကို မုဆိုးကြီးရော ၀န်ထောက်မင်းပါ တစ်ခွန်းမှ ၀င်မပြောကြဘူး။

အသံက သူတို့ရှိရာဆီကို တဖြည်းဖြည်းနဲ့ နီးကပ်ခဲ့တယ်။ အနားရောက်လုရောက်ခင်မှာတော့ အသံက ညနေက ရေချိုးဆင်းတဲ့ လျှိုထဲဆီကနေ ဖြတ်သန်းသွားလေတယ်။

ဒီတော့မှပဲ အားလုံးက သက်ပြင်းချနိုင်ကြတော့တယ်။

” ကဲ…အားလုံးပဲ အိပ်ကြတော့။ မနက်ကျ တောလည်မယ့်အဖွဲ့ အစောထွက်ကြမယ်…”

အိပ်ရာတွေဆီကို ကိုယ်စီကိုယ်ငှ ပြန်၀င်ကုန်ကြ၏။ သို့သော် တစ်ခဏ အကြာ၌…

” အမလေး…”

ရိုစီ့ဆီက အော်သံ။

အသံကြားကြားချင်း အိပ်ရာကနေ ဝုန်းခနဲထပြီး ရောက်သွားသူက မောင်ထွေး။

အားလုံးရောက်လာပြီး မီးတွေ ဖွင့်ကြည့်တဲ့အခါမှာတော့ ရိုစီက အလွန်အမင်း ကြောက်လန့်နေပြီး မောင်ထွေးကတော့ ရိုစီ့အိပ်ရာထဲမှာ။ လက်က အိပ်ရာဆီက တစ်စုံတစ်ခုကို ဖိထားတဲ့ပုံပဲ။

” ဟေ့…မောင်ထွေး။ မင်း ဘာလုပ်တာလဲ…”

” မဟုတ်ဘူး။ မောင်ထွေးက ရိုစီ အော်သံကြားမှ ရောက်လာတာ…”

အထင်လွဲတော့မယ့် အခြေအနေကို ၀င်ထိန်းသူက မုဆိုးကြီး။

ပြီးတော့ မုဆိုးကြီးက မောင်ထွေးရှိရာဆီကို သွားလိုက်ပြီး လက်နဲ့ ဖိအုပ်ထားတဲ့ အရာကို ဆွဲထုတ်ယူလိုက်တယ်။

” အိုး…ဂေါ့…”

” ဘုရား…ဘုရား မြွေပဲ…”

မုဆိုးကြီးရဲ့ လက်ထဲမှာ ဦးခေါင်းကို အကိုင်ခံထားရပြီး ကျန်ရစ်တဲ့ ကိုယ်လုံးက လက်ကို ပြန်လည်ရစ်ပတ်ရုန်းကန်နေတဲ့ လက်ကောက်၀တ်လုံးလောက်ရှိတဲ့ မည်းပြောင်ပြောင် မြွေဟောက်တစ်ကောင်။

” မြွေဟောက်ပဲ…ရေလုံးတိုးလာမှာကို သိလို့ ရှောင်ရှားရင်း ဒီကို ရောက်လာတာ…”

မုဆိုးကြီးက မြွေဟောက်ကောင်ကို တောစပ်ဆီ ယူသွားပြီး ပါးစပ်က တတွတ်တွတ်ပြောပြီး လွှတ်ပေးလိုက်တယ်။

” ရိုစီ ကျေးဇူးတင်ပါတယ် အကိုမောင်ထွေး…”

ရိုစီက ကျေးဇူးတင်စကားပြောတာ။ ၀န်ထောက်မင်းကတော့ မောင်ထွေးကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။

” အားလုံးပဲ မအိပ်ခင် ကိုယ့်အိပ်ရာကို ပြန်ပြီးစစ်ဆေးကြပါ။ ကဲ…ကဲ…အိပ်ရာ၀င်ကြပေတော့…”

မုဆိုးကြီးက ဆော်သြတယ်။

အဲ့ဒီ့နောက်မှာတော့ အားလုံးပဲ ကိုယ့်အိပ်ရာကို ပြန်လည်စစ်ဆေးလိုက်ကြပြီး အိပ်ရာ၀င် အိပ်စက်ကြလေတော့တာ။

xxxxxx

မနက်အစောအချိန်…။

နေထွက်လာပြီဆိုပေမယ့် မြူခိုးတို့က တောင်သီလာတို့ဆီမှာ ရစ်ဝဲကပ်ခိုနေတုန်းပဲ။ ကျေးငှက်သာရကာတို့ အော်မြည်သံက တောတစ်ခွင်ကို လွှမ်းထားတယ်။

၀န်ထောက်မင်းတို့ စခန်းချရာ နေရာဆီမှာ အားလုံး အိပ်ရာက နိုးပြီး ခရီးဆက်ဖို့အတွက် ပြင်ဆငိနေကြတယ်။

မုဆိုးကြီးမုံခေါင်ကလည်း အားလုံးပြီးစီးမယ့်အချိန်ကိုစောင့်ရင်း တူမီးသေနတ်အတွက် ကျည်အသစ်ရိုက်နေတယ်။

” မုဆိုးကြီး…”

၀န်ထောက်မင်းက အသံပြုပြီး အနားကို ရောက်လာတယ်။

မုဆိုးကြီးက မော်ကြည့်လိုက်တော့…။

” ကျွန်ုပ်တို့ စခန်းကို ဒီနေရာမှာပဲ ပုံသေချထားပြီး ပစ်မယ့်အဖွဲ့ပဲ တောဆီကို ၀င်ကြတာ ပိုကောင်းမယ် ထင်တယ်…”

မုဆိုးကြီးက ကျည်ဆံကို ပြန်ရိုက်နေတယ်။

” ၀န်ထောက်မင်းရဲ့ သဘောပါ။ အဲ့ဒီ့လိုသွားချင်တယ်ဆိုလည်း ရပါတယ်…”

” အင်း ကျွန်ုပ်စိတ်ထင် ဒီတောင်ကြောတွေမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေ ရှိနေမယ်လို့ ထင်မိတယ်။ ဒါကြောင့် လူအများကြီးသွားရင် ပစ္စည်းတွေလည်း များပြီး တောတောင်ထဲမှာ သွားရေးလာရေး နေရေးထိုင်ရေး အားလုံး အခက်တွေ့မယ်လို့ ထင်မိတယ်…”

” မှန်ပါတယ် လူများရင်တော့ နင်ပြောသလိုဖြစ်မှာ အသေအချာပဲ…”

” ဒါကြောင့် စခန်းကို ဒီမှာပဲ အထိုင်ချပြီး ပစ်မယ့်အဖွဲ့က တောကို၀င်မယ်။ အဲ့ဒီ့လို၀င်ရာမှာလည်း အဝေးကြီးကို မ၀င်လိုဘူး။ သားကောင်ရှိနိုင်မယ့် နီးရာတောကိုပဲ ၀င်တော့မယ်။ ဒါပေမယ့် အဲ့ဒီလိုဆို သားကောင်ကော ရနိုင်ပါ့မလား။ ကျွန်ုပ်ကလည်း တောလိုက်မထွက်ဖြစ်တာ နှစ်အတော်ကြာနေပြီ။ ဒါကြောင့် မုဆိုးကြီးကပဲ အစစအရာရာစီစဉ်ပေးပါ။ တကယ်လို့ လိုအပ်မယ်ဆိုရင်လည်း လမ်းပြကြေး ထပ်ပေးပါမယ်…”

မုဆိုးကြီးက ကျည်ရိုက်နေမှုကို အဆုံးသတ်လိုက်ပြီး သိမ်းဆည်းလိုက်တယ်။

” ဘာမှ စိတ်မပူပါနဲ့။ ငါ နင့်စိတ်တိုင်းကျဖြစ်အောင် အားလုံးအဆင်ပြေအောင် စီမံပေးမှာပေါ့…”

အစီအမံက ပြောင်းသွားတယ်။

၀န်ထောက်မင်းပြောသလိုပဲ တောပစ်မယ့်အဖွဲ့နဲ့ စခန်းမှာ ကျန်ရစ်မယ့်အဖွဲ့ဆိုပြီး ကွဲသွားတယ်။

အားလုံးပေါင်း ဆယ်ယောက်တိတိရှိတဲ့အထဲက ၀န်ထောက်မင်းတို့အသားအဖရယ် မုဆိုးကြီးရယ် မောင်ထွေးရယ် နောက်ပြီးတော့ သက်တော်စောင့်ဖြစ်တဲ့ နွားကြီးတို့ နှစ်ယောက်ရယ် ဖြစ်သွားတယ်။

ကျန်ရစ်တဲ့သူတွေကတော့ စခန်းဆီမှာ စားရေးသောက်ရေး စီမံပြီး လိုအပ်မှသာ လိုက်လာခဲ့ကြဖို့ မှာခဲ့တယ်။

ဒီလိုနဲ့ပဲ တောဆီကို ၀င်ကြပါပြီ။

စခန်းဆီက ထွက်ပြီး မကြာခင် မုဆိုးကြီးက ခြေလှမ်းတွေကို ရပ်ပြီး ပါးစပ်က တီးတိုးစကားတွေ ပြောလို့ ဟိုဒီလိုက်ကြည့်နေတယ်။

” အရှေ့ဘက်က ကျောက်နီတောင် စားကွင်းမှာ ဆတ်ရှိမယ်။ တောင်ဘက်က ရေနက်ချောင်ဘက်မှာ ၀က်အုပ်တစ်အုပ်ရှိမယ်။ ဘယ်ဟာကို ပစ်ချင်လဲ…”

မုဆိုးကြီးက ၀န်ထောက်မင်းကို မေးတာ။

၀န်ထောက်မင်းက တစ်ချက်တွေးလိုက်ပြီး…။

” ဥိးလှဖေအိမ်မှာတုန်းကတော့ ဆတ်သားက စားခဲ့ပြီးပြီ။ ဒီတော့ အခုတစ်ခါ ၀က်သွားပစ်ကြမယ်…”

” ကောင်းပြီလေ.. ငါတို့ သွားကြတာပေါ့။ ဒါပေမယ့် တစ်ခုတော့ ငါမှာကြားချင်တယ်။ အဲ့ဒီ့နေရာမှာ မက်မောစရာ ဘာကိုပဲ တွေ့တွေ့ နင်တို့ မထိမကိုင် မယူကြပါနဲ့…”

မုဆိုးကြီးက မှာကြားပြီးတာနဲ့ တောင်ဘက်ဆီကို ဦးတည်လှမ်းထွက်သွားခဲ့တယ်။

အားလုံးပဲ အနေုာက်က လိုက်ကြတာပေါ့။

ခရီးက နည်းနည်းလှမ်းပြီး ဗျိုက်တောနဲ့ ရွက်ကြွေတောအချို့ကို ဖြတ်ခဲ့ကြရတယ်။

နောက်တော့ လမ်းကြောင်းက အောက်ကို နိမ့်ဆင်းသွားပြီး လျိုကြီးတစ်ခုဆီကို ဦစတည်သွားတယ်။

ငှက်ပျောပင်တွေ တစ်ပင်စ နှစ်ပင်စ မြင်လာရချိန်ကျ မုဆိုးကြီးက…။

” ကဲ…အားလုံးပဲ။ အရှေ့မှာ လူးကျင်းရှိတယ်။ လူကို စုမနေကြနဲ့ နှစ်ယောက်စီ တွဲနေကြ။ သေနတ်ပါတဲ့သူနဲ့ မပါတဲ့သူ သုံးယောက်တစ်တွဲစီ တွဲလိုက်ကြတာ ပိုကောင်းမယ်။ ဘာကြောင့်လဲဆိုတော့ လူများများစုနေရင် တော၀က်က ကျည်လာရာကို ကမူးရှုးထိုး ပြေးထိုးတဲ့အခါ ရှောင်ရခက်နေလိမ့်မယ်…”

မုဆိုးကြီးစကားကြောင့် လူသုံးယောက်တစ်တွဲ တွဲလိုက်ကြတယ်။

သေနတ်မပါတဲ့သူက ရိုစီနဲ့ မောင်ထွေးပဲ ရှိတာဆိုတော့ တစ်ဖွဲ့စီ ခွဲထွက်ရတယ်။ မောင်ထွေးက နွားကြီးတို့ဆီ ပါ၀င်သွားရပြီး ရိုစီကတော့ သူ့အဖေနဲ့အတူ မုဆိုးကြီးအဖွဲ့မှာ။

မုဆိုးကြီးက သူ့ရဲ့ တူမီးသေနတ်ကို ယမ်းထောင်းကျည်ထည့်ပြီး အသင့်ပြင်လိုက်တယ်။

အဲ့ဒီ့အခိုက် လေသင့်လာတာမို့ ၀က်အုပ်ရဲ့ အုအုအိအိ အသံတွေကို ကြားလိုက်ကြရတယ်။

” ကဲ…အခြေအနေအရတော့ ဘေးကနေ ပန်းပြီး လူးကျင်းကို ဝိုင်းကြမယ်။ီးအချိန်က သူတို့လူးကျင်းဆီ ဆင်းကြတယ်ဆိုပေမယ့် အချို့ကောင်တွေက ငှက်ပျော်ငုတ်တူးစားချင်စားနေကြဦးမှာ။ ဒါကိုတော့ သတိထားကြ။ ပစ်ကွင်းရပြီဆိုရင် လေချွန်သံပြုကြမယ်။ နောက်တစ်ကြိမ်ဆိုရင် ပြိုင်တူပစ်ကြမယ်…”

အဖွဲ့နှစ်ဖွဲ့ ကိုယ်စီကိုယ်ငှ လမ်းကြောင်းအတိုင်း ထွက်ခဲ့ကြတယ်။

ငှက်ပျောတောက ရွက်ခြောက်တွေနဲ့ဆိုတော့ ပစ်ကွင်းကောင်းရဖို့က အတော့်ကို မလွယ်ဘူး။ ဒီလိုပဲ အရှေ့ကို တိုးရာမှာလည်း အသံမထွက်အောင်အပြင် သင်းကွဲနဲ့ မတွေ့အောင် အတော့် ဂရုစိုက်ကြရ ရှောင်ရှားနေကြရတယ်။

သွေးအေးအေးနဲ့ အချိန်အတော် ယူပြီး သွားလိုက်တော့ လူးကျင်းကို တွေ့ရပါပြီ။ ၀က်အုပ်က ဆယ်ကောင်လောက်ရှိတယ်။

ပစ်ကွင်းအတွက်ကို အသံလုံလုံနဲ့ နေရာယူကြပြီးတော့ မုဆိုးကြီးက လေချွန်သံပြုလိုက်တယ်။

တစ်ဖက် နွားကြီးတို့ဆီကလည်း လေချွန်သံ ပြန်လာခဲ့တယ်။

” ကဲ…၀န်ထောက်မင်း။ ပစ်ကွင်းရပြီဆိုရင် အချက်ပြတော့မယ်…”

မုဆိုးကြီးက နောက်တစ်ကြိမ် ပြုလိုက်ချိန်တယ်။ လေချွန်သံ အဆုံးမှာတော့…။

” ဒိန်း…ဒိန်း…ဒိန်း…”

” ဝု အု အု အီး…”

” အား…”

အဖွဲ့နှစ်ဖွဲ့ဆီက ပစ်ခတ်သံတွေကြောင့် ၀န်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတယ်။

၀က်အုပ်ဆီက အော်သံတွေအပြင် နွားကြီးတို့အဖွဲ့ဆီက လူတစ်ယောက်ရဲ့ အော်သံကိုလည်း စူးခနဲ ကြားလိုက်ရတယ်။

ယမ်းခိုးတွေကြားမှာ ၀က်အုပ်က ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ခေါင်းဆောင်၀က်ကြီးနဲ့အတူ သုံးလေးကောင် လဲကျနေတယ်။

ကျန်တဲ့ ၀က်အချို့ကတော့ ကမူးရှူးထိုးနဲ့ တစ်ဖက်ကို တက်ပြေးကုန်ကြတယ်။

၀က်တွေဆီက အန္တရာယ်ကတော့ အေးသွားပြီ။ သို့ပေမယ့် မုဆိုးကြီးအတွက် မအေးသေးတာက လူအော်သံ။

” ဟေး…ဘာဖြစ်တာလဲ…”

နွားကြီးတို့ဆီက တုန့်ပြန်သံ မကြားရ။ မုဆိုးကြီးတို့လည်း တစ်ဖက်တောဆီကို အပြေးအလွှား သွားကြည့်လိုက်ကြတယ်။

” ဟင်…”

သွေးအိုင်ထဲမှာ နွားကြီး သူ့အဖော်တို့ ခွေခွေလေးတွေ လဲနေကြတယ်။

မောင်ထွေးကတော့ ငှက်ပျော်ပင်တွေစုနေတဲ့ အကြားမှာ တွေ့ရတယ်။

” မောင်ထွေး ဘယ်လိုဖြစ်တာလဲ…”

” ၀က်ပတ်တာ…”

” ဟာ…က္စ္​…”

မုဆိုးကြီး မကျေမချမ်နဲ့ ညည်းတွားလိုက်တယ်။

၀န်ထောက်မင်းနဲ့ ရိုစီတို့ကတော့ နွားကြီးတို့နှစ်ယောက်ကိုကြည့်ပြီး သွေးပျက်နေကြတယ်။

ရိုစီဆိုရင် ကြောက်စိတ်ကြောင့် ကြူကြူပါအောင် ငိုလေတာ။

မုဆိုးကြီးမှာတော့ ထင်မှတ်မထားတဲ့အဖြစ်အတွက် စိတ်ထဲ ဒေါသတခဲခဲနဲ့။

xxxxxx

တစ်ပါတ်ခန့်အကြာ…။

နွားကြီးတို့နှစ်ယောက်ကို ရွာဆီမှာပဲ သင်္ဂြိုဟ်ခဲ့ကြပြီး ၀န်ထောက်မင်းတို့လည်း ခရီးစဉ်ကို ဖျက်လို့ မြို့ဆီကို ပြန်ကြတော့မယ်။

၀န်ထောက်မင်းတို့နဲ့အတူ မောင်ထွေးလည်း ြ ထမင်းချက်အဖြစ်နဲ့ မြို့ကို လိုက်ပါသွားဖို့ အသင့်ဖြစ်နေတယ်။

မောင်ထွေးကို မြို့ကို ခေါ်တာ ရိုစီက ခေါ်တာ။ ဒါကြောင့် ကျေနပ်စိတ်ကဲနေတဲ့ မောင်ထွေးရဲ့ အကြည့်တွေက ရိုစီ့ဆီမှာပဲ ရွှန်းရွှန်းစားစားကို ရှိနေတယ်။

ဦးလှဖေတို့ ဝိုင်းထဲကို မုဆိုးကြီး ၀င်ရောက်လာတယ်။ ၀န်ထောက်မင်းကို နှုတ်ဆက်ပြီးတော့ မုဆိုးကြီးက မောင်ထွေးကို လှမ်းခေါ်လိုက်တယ်။ ပြီးတော့ ဝေးရာဆီကို ခေါ်သွားခဲ့ပြီး…။

” မောင်ထွေး…ဖြစ်စဉ်အမှန်ကို ငါသိလိုတယ်။ နင် ဘာလုပ်ခဲ့တယ်ဆိုတာ ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ့ကို ပြောပြပါ…”

မောင်ထွေးတစ်ယောက် မုဆိုးကြီးကို ညာလို့မရဘူးဆိုတာ နားလည်တာကြောင့် အမှန်အတိုင်းပဲ ပြောပြလေတယ်။

xxxxxx

လူစုခွဲပြီးတော့ လမ်းကြောင်းအတိုင်း ဆက်တိုးလာကြရင်း တစ်နေရာကိုရောက်တော့ နွားကြီးတို့နှစ်ယောက်က မောင်ထွေးကို သေနတ်နဲ့ အပြိုင်ချိန်လာကြတယ်။

မောင်ထွေးလည်း ထင်မှတ်မထားခဲ့တာကြောင့် ကြက်သေသေသွားတယ်။

” မကောင်းဆိုးရွား…မင်းဘာကောင်လဲဆိုတာ ငါသိတယ်။ မင်းဘယ်လောက်ကြီးပဲ စွမ်းစွမ်း သေနတ်ကိုတော့ ယှဉ်နိုင်မယ် မထင်ဘူး။ ဟုတ်တယ်မလား ငတိုး …”

” ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…”

နွားကြီးတို့နှစ်ယောက် စကားတွေ ပြောနေကြတုန်း မုဆိုးကြီးတို့ဆီက လေချွန်သံကြားရတယ်။

နွားကြီးက ပြုံးဖြီးဖြီးနဲ့ လေချွန်သံ ပြန်ပေးလိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ မောင်ထွေးရဲ့ အမြင်ဆီမှာ မလှမ်းမကမ်းက ၀က်လူးကျင်းကို လှမ်းမြင်လိုက်ရတယ်။

” ပစ်ဖို့ အချက်ပြတာနဲ့ ငါတို့ ၀က်ကို မပစ်ဘဲ သူ့ကို ပစ်မယ်…”

နွားကြီးက သူ့လူကို အချိန်ကိုက်လိုက်တယ်။

အဲ့ဒီ့အချိန်မှာပဲ လေချွန်သံက ထွက်ပေါ်လာတယ်။ မောင်ထွေးလည်း နံဘေးက ငှက်ပျော်အုံကြားကို ဒိုင်ပင်ပစ်ထိုးချလိုက်တယ်။ ပြီးတော့ ၀က်အုပ်ဆီက ဇီဝိန်ကြွေပြီး လွင့်ပျံလာတဲ့ ဝိဥာဉ်ကို ဆွဲဆောင်လှမ်းခေါ်လိုက်မိတော့တာ။

xxxxxx

” အင်း…နင် မမှားပါဘူး အသက်အန္တရာယ်အတွက် လက်တုန့်ပြန်တာပဲ။ ငါ အဲ့ဒီ့တုန်းကတည်းက ထင်မိတယ်။ ဘာလို့လဲဆိုတော့ မြေပြင်မှာ ခြေရာခြေခင်း ဘာမှမရှိတာအပြင် ပစ်တုန်းကလည်း ၀င်တွေ အဲ့ဒီ့ဘက်ကို ပြေးတက်သွားတာကို ငါမမြင်မိလို့…”

မောင်ထွေး မျက်နှာ မကောင်းဖြစ်သွားတယ်။

” ကဲပါ…မအခု နင် မြို့ကို လိုက်သွားရမယ်မလား။ သူတို့ အလုပ်ကို လုပ်မှာဖြစ်တဲ့အတွက် သူတို့အပေါ်မှာ သစ္စာရှိပါ။ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာကိုပဲ နင်မြတ်နိုးပါလို့ ငါ မှာလိုက်ပါရစေ…”

မောင်ထွေးလည်း မုဆိုးကြီးရဲ့ စကားကို ခေါင်းညိတ်နာခံလိုက်တယ်။

” မောင်ထွေးရေ သွားကြမယ်ဟေ့…”

ဦးလှဖေက လှမ်းခေါ်နေပြီ။

” ဆရာ…ကျုပ်သွားတော့မယ်…”

မုဆိုးကြီးက ခေါင်းညိတ်ပြတော့ မောင်ထွေးလည်း ကျောခိုင်းထွက်သွားခဲ့ပါပြီ။

xxxxxx

တမြေ့မြေ့နဲ့ ဝေးဝေးသွားတဲ့ ၀န်ထောက်မင်းတို့အဖွဲ့ကို ကြည့်ပြီး မုဆိုးကြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။

” မောင်ထွေး…နင် အစစအရာရာ အဆင်ပြေပါစေ…”

နှုတ်ဆက်စကားမဆန်တဲ့ တီးတိုးစကား။

၀န်ထောက်မင်းတို့အဖွဲ့ကတော့ တရွေ့ရွေ့နဲ့ သရမီရွာဆီကနေ ဝေးလို့ ဝေးလို့…။

ပြီးပါပြီ။

ရေးသားသူ…ထမံ(တောင်ငူ)

#ညမဖတ်ရ

တစ္ပြဲစားမုဆိုးႏွင့္ သရမီ႐ြာ
ေရးသူ- ထမံ(ေတာင္ငူ)
xxxxxxx

အခ်ိန္က ၁၈၉၀ ၀န္းက်င္။ အခ်ိန္က မနက္အေစာပိုင္း…။

သရမီေက်း႐ြာ အေျချပဳထားတဲ့ ပဲခူး႐ိုးမေတာင္ေၾကာႀကီးတစ္ခိုဆီမွာ ျမဴႏွင္းတို႔က အုပ္ကာလႊမ္းလို႔…။

မၾကာ…။

ေနျခည္သဲ့သဲ့သမ္းခ်ိန္မွာ ႏွင္းျမဴတို႔အၾကားဆီက ေၾကးစည္သံတေနာင္ေနာင္နဲ႔ ဆြမ္းခံႂကြ ကိုယ္ရင္ငယ္ေလးမ်ား လွမ္းေလွ်ာက္လာေနတယ္။

ရႈလက္ေမွ်ာ္ခင္းက ပန္းခ်ီကားတစ္ခ်ပ္ႏွယ္ ျမင္ရသူတို႔အဖို႔ စိတ္လက္ၾကည္သာစရာ။

အဲ့ဒီ့အခ်ိန္…။

သာယာလွတဲ့ နံနက္ခင္းနဲ႔ မလိုက္ဖက္၊ မေလွ်ာ္ညီေအာင္ ႐ြာရဲ႕အေနာက္ဘက္ထိပ္ဖ်ားမွာေနတဲ့ မုဆိုးႀကီးမုံေခါင္တစ္ေယာက္ကေတာ့ မေန႔ညတုန္းက ရရွိထားတဲ့ ဒရယ္တစ္ေကာင္ကို ဓားနဲ႔ လွီးျဖတ္ခုတ္ထစ္ေနခဲ့တယ္။

ဆြမ္းခံႂကြကိုရင္ေလးေတြ သူ႔ၿခံေရွ႕က ျဖတ္ေတာ့ မုံေခါင္က လည္ျပန္တစ္ခ်က္လွည့္ၾကည့္တယ္။ ၿပီးေတာ့ လႉတန္းဖို႔ သူ႔အိမ္ထဲကို ဝင္လိုက္ၿပီး ဆြမ္းတစ္ပန္းကန္ကို ခူးခပ္လို႔ နံေဘးအိမ္က ကေလးငယ္ကို လွမ္းေခၚၿပီး သြားေလာင္းခိုင္းတယ္။

ကေလးငယ္က ဆြမ္းေလာင္းဖို႔ ထြက္သြားတာနဲ႔ မုံေခါင္က ဘာကိုမွ အာ႐ုံမထားေတာ့ဘဲ သူ႔လုပ္လက္စ အသားဖ်က္တာကိုပဲ ဆက္လုပ္ေနေတာ့တာ။

xxxxxx

မုဆိုးႀကီး မုံေခါင္က ခ်င္းလူမ်ိဳးတစ္ေယာက္။

အသက္က ေလးဆယ္တန္းအ႐ြယ္။

ခ်င္းလူမ်ိဳးျဖစ္ေပမယ့္ ခ်င္းေတာင္တန္းမွာ မေနဖူးဘူး။ ငယ္စဥ္ကတည္းက မိဘေတြရဲ႕ ေျခခ်ရာေနရာျဖစ္တဲ့ ပဲခူး႐ိုးမကို အေျချပဳတဲ့ သရမီ႐ြာဆီမွာ သူ႔ကို ဝါရင့္သဘာရင့္ မုဆိုးႀကီးရယ္လို႔ သတ္မွတ္ထားၾကတယ္။

မုံေခါင္ရဲ႕ပုံစံက အသားျဖဴျဖဴ၊ အရပ္ခပ္သာသာ၊ ဆံပင္ကေတာ့ ရွည္လွ်ားတြ႕န္လိမ္ၿပီး အၿမဲတမ္း အေနာက္ဘက္မွာ စုစည္းခ်ည္ေႏွာင္ထားတတ္တယ္။

မ်က္ႏွာထားကေတာ့ အၿမဲလိုပဲ တည္တည္ႀကီးေနတတ္သူျဖစ္ၿပီး သေဘာမေနာကေတာ့ ေကာင္းတဲ့သူတစ္ေယာက္ပါ။ ၿပီးေတာ့ ကေလးေတြကိုလည္း သိပ္ခ်စ္တတ္ေသးတယ္။

မုဆိုးႀကီးနဲ႔ ပက္သက္လို႔ ေနာက္ထပ္ ထူးျခားတဲ့ ဂုဏ္ပုဒ္တစ္ခုက သရဏီ႐ြာတစ္႐ြာလုံးက သူ႔ကို တစ္ပြဲစားလို႔လည္း သမုတ္ထားၾကတာပဲ။

ဒီလိုသမုတ္ခံရေအာင္လည္း သူကိုယ္တိုင္ကလည္း လူတကာမလုပ္ႏိုင္တဲ့ အလုပ္ေတြကို လုပ္ေဆာင္ျပတဲ့အခိုက္အတန႔္ေတြကို မၾကာခဏ လက္ေတြ႕သက္ကာရ ႀကဳံဖူးၾကတယ္။

အျဖစ္အပ်က္အခ်ိဳ႕ကို ျပန္ေကာက္ရရင္…။

တစ္ခါတစ္ပါး ေႏြေခါင္ေခါင္ႀကီးမွာ ႐ြာဆီကို မိုးႀကိဳးခမယ့္အေၾကာင္း ဦးဖိုးခက တစ္ရက္ႀကိဳတင္ၿပီး ေျပာျပခဲ့တယ္။

မိုးႀကိဳးခမယ့္ရက္နဲ႔ အခ်ိန္က မနက္ျဖန္ေန႔လည္လို႔ ေျပာၿပီး အဲ့ဒီ့အခ်ိန္ ဘယ္သူမွ အျပင္ကို မထြက္ၾကဖို႔၊ ေျမျပင္နဲ႔ အနီးကပ္ဆုံးေနရာမွာ ေနၾကဖို႔ မွာတယ္။

ေႏြေခါင္ေခါင္ႀကီးဆိုေတာ့ အားလုံးကလည္း မိုးႀကိဳးခမယ္ေျပာလာတဲ့ မုံေခါင္ရဲ႕ စကားကို ရယ္ေမာစရာတစ္ခုလို အထင္ရွိခဲ့ၾကတယ္။

သူေျပာတဲ့ ေန႔ရက္မွာေတာ့ မနက္လင္းကတည္းက ေနက က်ဲေတာက္ေနေအာင္ပူေနတယ္။ ဒါေၾကာင့္ပဲ အားလုံးက ဒီေန႔အတြက္ေတာ့ မိုးႀကိဳးခမယ့္ အရိပ္အေယာင္ဆိုတာ လုံးဝရွိမေနခဲ့ဘူးလို႔ ယူဆမိၾကတယ္။

အခ်ိဳ႕ကဆို မုံေခါင္ကို အကုသိုလ္မ်ားၿပီး ထင္ရာေလွ်ာက္ေျပာ ႐ူးသြားၿပီလို႔ေတာင္ ခနဲ႔တဲ့တဲ့ ထင္မိၾကေသးတာ။

ဒါေပမယ့္လည္း မြန္းတည့္ၿပီးခ်ိန္မွာေတာ့ အေနာက္ဘက္ဆီက မိုးသားတိမ္တိုက္ေတြက ႐ုတ္ျခည္းအုပ္လႊမ္းလာခဲ့တယ္။

ေနာက္ေတာ့ မိုးစက္မိုးေပါက္ေတြေတာင္ မက်ေသး၊ ႐ုတ္ျခည္းကိုပဲ လွ်ပ္စီးေၾကာင္းႀကီးတစ္ခုက သရမီ႐ြာဆီကို လက္ခနဲ ထိုးစိုက္က်လာခဲ့ၿပီး က်ယ္ေလာင္ျပင္းထန္လြန္းတဲ့ မိုးၿခိမ္းသံႀကီးကလည္း ေၾကာက္ခမန္းလိလိထြက္ေပၚလာေတာ့တယ္။

မုဆိုးႀကီးေျပာသလို မိုးႀကိဳးခခဲ့ၿပီ။

မိုးႀကိဳးဒဏ္ေၾကာင့္ ႐ြာဖ်ားပိုင္းက လူႏွစ္ေယာက္ဖက္စာေလာက္ရွိတဲ့ ကုကၠိဳပင္ႀကီး ေျဖာင္းခနဲ ထက္ပိုင္းျပတ္သြားခဲ့တယ္။ လူေတြကို ထိခိုက္မႈ မရွိခဲ့ေပမယ့္ အနီးမွာထားတဲ့ စားက်င္းဆီက ႏြားႏွစ္ေကာင္ ေနရာမွာတင္ပြဲခ်င္းၿပီး ေသသြားခဲ့တယ္။ ဒါက မုဆိုးႀကီးမုံေခါင္ရဲ႕ ထူးျခားမႈဆီက တစ္ခု။

ေနာက္တစ္ခု ရွိေသးတယ္။

အဲ့ဒါက မိုးႀကိဳးခၿပီးေနာက္ပိုင္း မုဆိုးႀကီးကို ရပ္႐ြာကလူေတြက သို႔ေလာသို႔ေလာ ေတြထင္လာခဲ့တယ္။ အခ်ိဳ႕က မုဆိုးႀကီးမုံေခါင္ေတာ့ တစ္ပြဲစားျဖစ္ေနၿပီလို႔ဆိုၾကတယ္။

အဲ့ဒီ့အျဖစ္အပ်က္အၿပီး ေနုာက္ပိုင္းအခ်ိန္ေတြမွာေတာ့ မုဆိုးႀကီးမုံေခါင္ဟာ အထက္မွာ စကားခံခဲ့တဲ့အတိုင္း တစ္ပြဲစားဆိုတဲ့ အေၾကာင္းနဲ႔ ေလွ်ာ္ညီတာေတြ ျပသလာေတာ့တာပါပဲ။

ေနာက္ထပ္အျဖစ္အပ်က္ေတြကေတာ့ သူဟာ တစ္ခါတစ္ရံမွာ ကေလးေတြကို ေခၚၿပီး ေကာက္႐ိုးအ႐ုပ္ကို အသက္သြင္းလမ္းေလွ်ာက္ခိုင္းတာတို႔ ႐ႊံ႕ႏြား႐ုပ္လုပ္ၿပီး အသက္သြင္း ႏြားတိုက္တာတို႔လို ထူးဆန္းတာေတြ လုပ္ျပတယ္လို႔ ဆိုတယ္။

ဒါကေတာ့ ထူးျခားတဲ့ ျဖစ္စဥ္ေတြအထဲက အခ်ိဳ႕ကို ေကာက္ႏုတ္ေျပာျပတာ။

ေနာက္ထပ္အလားတူျဖစ္စဥ္မ်ိဳးေတြ အေတာ္မ်ားမ်ားလည္း မုဆိုးႀကီး မုံေခါင္က ျပဳလုပ္ျပခဲ့တာေတြ အမ်ားႀကီးရွိေသးတာပ။

Xxxxx

မနက္မိုးလင္းစအခ်ိန္…။

ကိုင္းမွာမိထားတဲ့ ေတာ၀က္ေသေကာင္ကို ထမ္းပိုးၿပီး ေတာဆီက ျပန္လာတဲ့ မုဆိုးႀကီးမုံေခါင္…။

အိမ္တစ္အိမ္ေရွ႕ကအျဖတ္၊ ၾကားလိုက္ရတဲ့ အသံေၾကာင့္ ေျခလွမ္းေတြ ရပ္သြားတယ္။ အသံၾကားရာကို လွမ္းၾကည့္ေတာ့ အိမ္ရဲ႕ ျပတင္းေပါက္ကေန သူရွိရာကို လွမ္းၾကည့္ေနတဲ့ မ်က္၀န္းတစ္စုံ။

ဒီမ်က္၀န္းေတြက မုဆိုးႀကီးရဲ႕ မ်က္၀န္းနဲ႔ ရင္ဆိုင္ရခ်ိန္မွာေတာ့ ပုန္းလ်ိဳးကြယ္လ်ိဳးနဲ႔ ျဖစ္သြားတယ္။ ဒါကို ၾကည့္ၿပီး မုဆိုးႀကီးက ေခါင္းကို မသိမသာ ခါရမ္းလို႔ ေနရာကေန ဆက္လက္လွမ္းထြက္သြားခဲ့တယ္။

ေနာက္ေတာ့ မၾကာပါဘူး။ မုဆိုးႀကီးရဲ႕ အိမ္မွာေတာ၀က္သားရတယ္ဆိုတဲ့ သတင္းေၾကာင့္ ႐ြာသူ႐ြာသားတို႔ လာ၀ယ္ၾကတဲ့အခ်ိန္…။

” ေဟ့…သာေပါ၊ ေရာ့…ဒါက မင္းအေမစားခ်င္ေနတဲ့ ေခါင္းသားနဲ႔ ၀က္ဦးေႏွာက္။ ဒါကို ေကြၽးၿပီးရင္ မင္းအေမကို အိပ္ရာေကာင္းေကာင္းနဲ႔ သိပ္လိုက္။ ၿပီးရင္ မင္းတို႔တစ္မိသားစုလုံး အိမ္မွာေနၿပီး သူ႔အနားမွာပဲ ရွိေနေပးၾကေခ်…”

မုဆိုးႀကီးကေျပာေတာ့ သာေပါဆိုတဲ့ ႐ြာသားက ေၾကာင္ေတာင္ေတာင္ျဖစ္သြားတယ္။

” အင္း…ဟို…”

” ကဲပါ…ျမန္ျမန္ယူသြား။ ျမန္ျမန္ခ်က္ေကြၽးလိုက္…သြား…သြား…”

မုဆိုးႀကီးကေျပာေတာ့ သာေပါတစ္ေယာက္ ေယာင္နနနဲ႔ ယူၿပီး ထြက္သြားတယ္။

ညေနခ်ိန္မွာေတာ့ ႐ြာထဲမွာ ကိစၥတစ္ခုျဖစ္လာတယ္။ အဲ့ဒါက သာေပါရဲ႕ အသက္ခုႏွစ္ဆယ္အ႐ြယ္ အေမႀကီးဆုံးသြားတာ။ ဆုံးတာက ႐ိုး႐ိုးဆုံးတာ မဟုတ္ဘူး။ ဖုတ္ထြက္သြားတာလို႔ ေျပာၾကတယ္။ ေသၿပီးၿပီးခ်င္း ခႏၶာကိုယ္က အသားေတြ ရိ႐ြဲလာတယ္တဲ့။ မေသခင္မွာလည္း မုဆိုးႀကီးကို ေက်းဇူးတင္တဲ့အေၾကာင္း ေျပာသြားတယ္တဲ့ေလ။

သာေပါကေတာ့ သူ႔အေမကိစၥကို အျမန္ဆုံးစီစဥ္ၿပီးတာနဲ႔ မုဆိုးႀကီးဆီကို အေျပးေရာက္လာေတာ့တာပဲ။ သာေပါေရာက္ေတာ့ မုဆိုးႀကီးက သူေမြးထားတဲ့ ေမ်ာက္ကေလးကို အစာေကြၽးေနတယ္။

” မုဆိုးႀကီး က်ဳပ္အေမ ဘယ္လိုျဖစ္ရတာလဲ။ မုဆိုးႀကီးေပးလိုက္တဲ့ ၀က္ဦးေႏွာက္နဲ႔ ေခါင္းသားကို စားၿပီးေတာ့ ငါသြားေတာ့မယ္ဆိုၿပီး လွဲအိပ္ရာက ေသသြားတာ။ မုဆိုးႀကီးကိုလည္း ေက်းဇူးတင္တယ္လို႔ ေျပာသြားေသးတယ္…”

သာေပါက ေရာက္ေရာက္ခ်င္း အေမာတေကာေမးေတာ့တာ။ မုဆိုးႀကီးကေတာ့ ခပ္ေအးေအးပုံစံနဲ႔ပဲ…။

” မနက္က ငါ ၀က္ေသကို ထမ္းၿပီးျပန္လာေတာ့ မင္းရဲ႕ အေမမွာ ၀င္ေနတဲ့ ဖုတ္ေကာင္ကို ျမင္မိတယ္။ သူ႔ကို ဆက္ထားေနရင္ မင္းတို႔မိသားစုေတြပါ အႏၲရာယ္ရွိလာႏိုင္တာမို႔ ငါေမတၱာရပ္ခံေတာ့ သူက ၀က္ေခါင္းသားနဲ႔ ၀က္ဦးေႏွာက္စားမယ္။ အဲ့ဒါၿပီးရင္ ထြက္သြားမယ္လို႔ ေျပာတယ္။ ဒါပါပဲ…”

တိုင္းရင္းသားဆိုေတာ့ စကားအဆုံးသတ္က တုံးတိတိ။

႐ုတ္တရက္ေတာ့ သာေပါတစ္ေယာက္ ဘာေျပာရမယ္မသိ၊ ဒါေပမယ့္လည္း ရက္ထဲခံစားေနရတာမို႔ ခ်က္ခ်င္းပဲ…။

” ဒါေပမယ့္ က်ဳပ္ အေမက အေကာင္းႀကီးေလ။ သူက ဘယ္သူ႔ကိုမွ အႏၲရာယ္မေပးဘူးေလ…”

” နင့္ရဲ႕ မိန္းမ အခုတေလာ သိသိသာသာပိန္လာၿပီး က်န္းမာေရးမေကာင္းသလို ျဖဴဖပ္ျဖဴေလ်ာ္ျဖစ္ေနတာ သူ႔ေၾကာင့္ပဲ။ နင့္ရဲ႕ အေမက လြန္ခဲ့တဲ့ ဆယ္ေလးငါးရက္က ေရဆိပ္မွာ ေခ်ာ္လဲၿပီး အသက္ပါသြားရာ ဖုတ္၀င္ေနခဲ့တာ။ ဒါေၾကာင့္ အခု ေသေသခ်င္း အသားေတြက ရိလာရတာေပါ့…”

သာေပါ ငိုင္သြားတယ္။

မုဆိုးႀကီးေျပာတဲ့ အသားေတြရိေနတယ္ဆိုတာက အမွန္တကယ္လည္း ျဖစ္ေနခဲ့တာကိုး။ သာေပါကေတာ့ ငိုင္ေနရင္းက မိက္ရည္ေတြက်လာခဲ့တယ္။ အခုနကတုန္းက သူ မုဆိုးႀကီးကို စိတ္ဆိုးေနခဲ့တာ။ အခုက်ေတာ့ မုဆိုးႀကီး ေျပာျပတာေတြနဲ႔ ျဖစ္ပ်က္ေနတာေတြက တစ္ထပ္ထဲေလ။ သာေပါ စိတ္မဆိုးႏိုင္ေတာ့ပါဘူး။

” ငါသာ အဲ့ဒီ့လို မလုပ္ေပးဘူးဆိုရင္ နင့္အေမေသတာကို နင္တို႔ မသိဘူး။ နင္တို႔မသိေတာ့ နင္တို႔အေမအတြက္ ေကာင္းမႈမျပဳေပးႏိုင္ဘူး။ နင္တို႔အေမကေတာ့ နင္တို႔ျပဳေပးမယ့္ ကုသိုလ္ကို ေမွ်ာ္ေနမွာ အေသအခ်ာပဲ…”

သာေပါ ခ်ဳံးပြဲခ် ငိုေႂကြးေတာ့တယ္။ မုဆိုးႀကီးကေတာ့ သာေပါကို ဂ႐ုမစိုက္ေတာ့ဘူး။

ေမ်ာက္ကေလးဆီကို အစာခြက္ကေလးထည့္ေပးၿပီး အိမ္ထဲကို ၀င္သြားေတာ့တာပါပဲ။

Xxxxxx

သာေပါရဲ႕ အေမ ရက္လည္ဆြမ္းေကြၽးဆီကို မုဆိုးႀကီးေရာက္လာတယ္။

တစ္ကယ္ေတာ့ ရက္လည္ဆိုတာထက္ လလည္ဆြမ္းလို႔ေတာင္ ေျပာရမလားမသိဘူး။ မုဆိုးႀကီး ေရာက္လာေတာ့ သာေပါက တခုတ္တရ ႀကိဳဆိုတယ္။ ၿပီးေတာ့ ေနရာထိုင္ေကာင္းမွာ စားေသာက္ဖို႔ ျပင္ေပးတယ္။

မုဆိုးႀကီးက သာေပါတို႔ ခင္းက်င္းေပးတဲ့အစားအေသာက္ကို စားေသာက္ေနတုန္းမွာ ႐ြာလူႀကီးဦးလွေဖေရာက္လာတယ္။ မုဆိုးႀကီးကို ျမင္လိုက္ေတာ့ ဦးလွေဖက အခန္႔သင့္လိုက္ေလျခင္းလို႔ ယူဆၿပီး တစ္ဝိုင္းထဲ ထိုင္ေလၿပီး…။

” ကဲ…က်ဳပ္ေတာ့ျဖင့္ ဒီကကိစၥၿပီးရင္ မုဆိုးႀကီးဆီကို လာဖို႔ေတြးေနတာ။ အခုေတာ့ အေတာ္ပါပဲ…”

သူႀကီးကေျပာေတာ့ မုဆိုးႀကီး စားေသာက္ေနရင္းက ေမာ္ၾကည့္လာတယ္။

” ဘာေၾကာင့္မ်ားလဲ လူႀကီး…”

” အင္း…သဘက္ခါက်ရင္ ၿမိဳ႕က ၀န္ေထာက္မင္းတို႔ ႐ြာကို အလည္လာၾကလိမ့္မယ္။ ႐ြာမွာ ဆယ္ရက္ေလာက္ေနၿပီး ေတာလည္ခ်င္တယ္ ေျပာတယ္။ ဒီေတာ့ သူတို႔ ေရာက္ေရာက္ခ်င္း စားေသာက္ဖို႔ ေတာေကာင္သားတခ်ိဳ႕ကို ႀကိဳတင္မွာခ်င္တယ္ဗ်ာ။ ေနာက္ၿပီးေတာ့ သူတို႔က ေတာလည္မွာဆိုေတာ့ မုဆိုးႀကိးက လမ္းျပအျဖစ္ ကူညီေပးဖို႔အတြက္ လာေျပာဖို႔ပါ…”

မုဆိုးႀကီး ေခါင္းကို ညိတ္လိုက္တယ္။ ဒါေပမယ့္ ၀န္ေထာက္မင္းဆိုတဲ့ ေဝါဟာရကို သူက ၾကားသာၾကားဖူးတာ ဘာမွန္းေတာ့ ေသခ်ာမသိဘူး။

” ၀န္ေထာက္မင္းဆိုေတာ့ သူတို႔က ဘယ္လိုပုံစံမ်ိဳးလဲ…”

” ၿမိဳ႕က အာဏာရ အထက္တန္စားလူေတြဆိုပါေတာ့ မုဆိုးႀကီးရ…”

” အင္းဗ်ာ…အာဏာရဆိုေပမယ့္ သူတို႔ေတာလည္မယ္ဆိုရင္ေတာ့ က်ဳပ္စကားကို သူတို႔ နာခံဖို႔ေတာ့ လိုအပ္တယ္။ ဒါကိုေတာ့ လူႀကီးပဲ မွာၾကားေပး။ ေတာေတာင္ဆိုတာက အေစာင့္အေရွာက္ရွိတယ္။ သည္းကမ္းႀကီးတယ္။ ဒါကိုေတာ့ ေသခ်ာေျပာျပပေပးထားပါ…”

” ဟုတိပါၿပီ မုဆိုးႀကီးရယ္။ က်ဳပ္ ေျပာျပလိုက္ပါ့မယ္…”

မုဆိုးႀကီးစိတ္ေက်နပ္သြားတယ္။ ၿပီးေတာ့ တစ္စုံတစ္ခုကို သတိရလိုက္ဟန္နဲ႔…။

” ဪ…လူႀကီး။ ဒါနဲ႔ သူတို႔အတြက္ ဘာအသားမ်ားလိုခ်င္လဲ…”

႐ြာလူႀကီး ခဏ စဥ္းစားလိုက္တယ္။

” သိပ္ၿပီးလည္း ခက္ခဲမယ့္အသားေတာ့ မလုပ္ပါနဲ႔။ အလြယ္ရႏိုင္မယ့္ ဂ်ီသားေလာက္ဆို အဆင္ေျပႏိုင္ပါတယ္…”

” ဂ်ီသား…အဲ့ဒါေတာ့ လတ္တေလာမရႏိုင္ဘူးဗ်။ ဘာလို႔လဲဆိုေတာ့ ဒီအခ်ိန္က ဂ်ီေတြ မိတ္လိုက္တဲ့အခ်ိန္၊ ဒါေၾကာင့္ အဆင္ေျပမယ္ဆို ဆတ္သားေတာ့ က်ဳပ္ရွာေပးမယ္…”

” ေကာင္းၿပီေလ ဆတ္သားလည္း အဆင္ေျပပါတယ္ဗ်ာ…”

မုဆိုးႀကီး ေခါင္းကို ညိတ္လိုက္တယ္။

” အင္းေလ…ဒါျဖင့္လည္း မနက္ျဖန္မနက္ကိုပဲ က်ဳပ္လာပို႔ပါမယ္။ ကဲ…အခုေတာ့ ေတာ၀င္ေတာ့မွာမို႔ သြားၿပီဗ်ိဳ႕…”

မုဆိုးႀကီးက ႏႈတ္ဆက္ၿပီး ထြက္သြားခဲ့တယ္။

႐ြာလူႀကီးကေတာ့ စားပြဲမွာ ထိုင္က်န္ရစ္ရင္း မုဆိုးႀကီးရဲ႕ ေနာက္ေက်ာကို ေငးလို႔…။

Xxxxxxx

ေနာက္တစ္ေန႔ မနက္မွာေတာ့ ဆက္ေသတစ္ေကာင္နဲ႔အတူ မုဆိုးႀကီးမုံေခါင္ သူႀကီးအိမ္ေရွ႕ဆီကို ေရာက္လာခဲ့တယ္။

” သူႀကီး…သူႀကီး…ငါ ေရာက္ၿပီ…”

” ဪ…မုဆိုးႀကီး။ ေသခ်ာလွပါလား၊ လာဗ်ာ လာ…”

မုဆိုးႀကီးက ဆတ္ေသကို ေအာက္ခ်လိုက္တယ္။

” ညတုန္းက ငါ ဒီေကာင့္ကို ဖမ္းရတာ ေတာ္ေတာ္ဆိုးတယ္။ ကိုင္းမိထားတာေတာင္ ႀကိဳးျပတ္ေအာင္ ႐ုန္းေျပးလို႔ ငါ ဓားနဲ႔ လိုက္ခုတ္ထားရတာ…”

ဆတ္ေသေကာင္ရဲ႕ ဦးေခါင္းဆီမွာ ဓားရာႀကီးက အထင္းသား။

ဦးလွေဖေတာင္ ဆတ္ေသဆီက ဒဏ္ရာကို ၾကည့္ၿပီး ၾကက္သီးထမိသြားရေသးတယ္။

” ကဲ…လူႀကီး။ နင္ တစ္ေကာင္လုံးကို ယူမွာလား။ ဒါမွမဟုတ္ ေ႐ြးယူမွာလား…”

” ၀န္ေထာက္ေတြလာမွာဆိုေတာ့ တစ္ေကာင္လုံးကိုပဲ ယူလိုက္မယ္ဗ်ာ။ ဘယ္ေလာက္လဲ…”

” သုံးက်ပ္…”

” အင္း…ရတယ္။ ဒါေပမယ့္ အေကာင္ေတာ့ ဖ်က္ေပးခဲ့ဦးေနာ္…”

” ေအး…ပိုက္ဆံထဲမွာ အသားဖ်က္ခ မပါဘူး။ ဒါေပမယ့္ ငါဖ်က္ေပးခဲ့မယ္၊ ေခါင္းကိုေတာ့ အသားဖ်က္ခအျဖစ္ ငါျပန္ယူမယ္…”

” အင္း…ယူပါဗ်ာ ယူပါ…”

မုဆိုးႀကီးက ခ်က္ခ်င္းပဲ အိမ္နံေဘးက ငွက္ေပ်ာေတာဆီကို ဆတ္ေသႀကီးေကာက္ထမ္းၿပီး ၀င္သြားတယ္။

ၿပီးေတာ့ ဦးလွေဖကို ေရေႏြးတည္ခိုင္းၿပီး ငွက္ေပ်ာဖက္တခ်ိဳ႕ကို ခုတ္ခင္းလို႔ အသားဖ်က္ျခင္းကိစၥကို လုပ္ေဆာင္ေတာ့တာပဲ။

မုဆိုးႀကီးရဲ႕ ကြၽမ္းက်င္မႈက သူမတူဘူး။ အသားဖ်က္ေနတာမ်ား ဓားသိုင္းကေနသလိုေတာင္ ထင္မိရတယ္။

ႏြားေပါက္ငယ္နီးနီးရွိတဲ့ ဆတ္ေသကို ဖ်က္လိုက္တာမ်ား ခဏေလးပါပဲ။

မ်က္စိေရွ႕မွာတင္ အ႐ိုးနဲ႔အသား ကြဲကြဲျပားျပား ဖ်က္ၿပီးသားျဖစ္သြားတယ္။

” ကဲ…ၿပီးၿပီ…”

မုဆိုးႀကီးက လက္ေဆးၿပီး ပုဆိုးစနဲ႔ သုတ္လို႔ေျပာလာေတာ့ ဦးလွေဖက ခ်က္ခ်င္းပဲ ေငြသုံးက်ပ္ ကမ္းေပးလိုက္တယ္။

မုဆိုးႀကီးက ပိုက္ဆံကို ယူၿပီးေတာ့ ခါးပုံစဆီကို ထည့္လိုက္ၿပီး…။

” ကဲ…ၿပီးၿပီဆိုေတာ့ ငါသြားေတာ့မယ္။ ဪ…သားေကာင္ရဲ႕ ေခါင္းကိုေတာ့ သေဘာတူထားတဲ့အတိုင္း အသားဖ်က္ခအျဖစ္ ငါယူသြားၿပီေနာ္…”

မုဆိုးႀကီးက ဆတ္ေခါင္းႀကီးကို ကိုင္လို႔ ၿခံထဲက ထြက္သြားေတာ့တယ္။

******

မုဆိုးႀကီးက သူ႔အေရွ႕မွာထိုင္ေနတဲ့ ၀န္ေထာက္ဆိုတဲ့ အသားျဖဴျဖဴလူမ်ိဳးျခားလူႀကီးနဲ႔ အျခားလူစိမ္းေတြရဲ႕မ်က္ႏွာေတြကို အေသအခ်ာ တစ္ေယာက္ခ်င္း လိုက္ၾကည့္ၿပီး အကဲခတ္ေနတယ္။

” ၀န္ေထာက္မင္း…ေဟာ့ဒီကသူကေတာ့ က်ဳပ္တို႔ ႐ြာက သိပ္ကို ေတာ္လြန္းတဲ့ မုဆိုးႀကီးမုံေခါင္ပါပဲ။ ၀န္ေထာက္မင္းတို႔ ေတာလည္ရာကို သူက လမ္းျပအျဖစ္ လိုက္ေပးမွာ ျဖစ္ပါတယ္…”

ဦးလွေဖက ဗမာစကားေျပာတတ္တဲ့ ၀န္ေထာက္မင္းကို ႐ို႐ိုက်ိဳးက်ိဳးနဲ႔ ေျပာတယ္။

၀န္ေထာက္မင္းက မုဆိုးႀကီးကို မိတ္ဆက္တဲ့အေနနဲ႔ ၿပဳံးျပေပမယ့္ မုဆိုးႀကီးကေတာ့ ခပ္တည္တည္ပဲ။

” နင္တို႔ ေတာကိုလည္မယ္ဆို ငါ့စကားကိုေတာ့ နားေထာင္ၾကရလိမ့္မယ္…”

မုဆိုးႀကီးက ဘြင္းဘြင္းရွင္းရွင္းႀကီး ထေျပာတာ။

” ေဟ့လူ…ခင္ဗ်ား ဘာစကားေျပာတာလဲ…”

၀န္ေထာက္မင္းရဲ႕ အေနာက္က သက္ေတာ္ေစာင့္ လူေကာင္ထြားထြား ႏြားႀကီးဆိုသူက ထေအာ္တာ။

၀န္ေထာက္မင္းက လက္ကာျပလိုက္ၿပီး…။

” ဟုတ္ကဲ့ မုဆိုးႀကီး။ ကြၽႏ္ုပ္တို႔ မုဆိုးႀကီးစကားကို နားေထာင္ပါ့မယ္…”

” ဟုတ္ၿပီ…ဒါျဖင့္ နင္တို႔ ဘာလက္နက္ကို သုံးမလဲ။ ဘာေကာင္ကို ပစ္ခ်င္လဲ…”

၀န္ေထာက္မင္းရဲ႕ မ်က္ႏွာက အၿပဳံးမပ်က္ပါဘဲ…။

” ဘာအတြက္ ေမးတာလဲ မုဆိုးႀကီးရ…”

” ဘာေၾကာင့္မွ မဟုတ္ပါဘူး။ နင္တို႔ ဘာလက္နက္သုံးမယ္ဆိုတာနဲ႔ ဘာေကာင္ပစ္မယ္ဆိုတာကို ငါက သိထားမွ ဘယ္ေတာဘယ္ေတာင္ကို သြားရမယ္၊ ၿပီးေတာ့ ေတာပိုင္ေတာင္ပိုင္ေတြကို ဘယ္လိုေတာင္းဆိုရမယ္ဆိုတာ ေျပာလို႔ရမွာမို႔ ငါေမးတာ…”

” ကြၽႏ္ုပ္တို႔တေတြ ေသနတ္ကိုပဲ သုံးမွာပါ။ သားေကာင္ကေတာ့ အေကာင္ႀကီးတာေတြပဲ ပစ္ခတ္လိုပါတယ္…”

” ေကာင္းၿပီေလ…နင္တို႔ စိတ္ေက်နပ္ေသရမယ္။ ဒါေပမယ့္ ငါ့စကားကို အားလုံး နားေထာင္ရမယ္ဆိုတဲ့ စကားကိုေတာ့ နင္တို႔ အေသအခ်ာ မေမ့ၾကပါနဲ႔…”

၀န္ေထာက္မင္းက ေခါင္းကို ညိတ္တယ္။

” ေကာင္းပါၿပီ မုဆိုးႀကီး။ ဒါနဲ႔ လမ္းျပခကေရာ ကြၽႏ္ုပ္တို႔ ဘယ္လို ေပးရပါမလဲ…”

” ငါ့အတြက္ ၁၀ က်ပ္ဆို ရပါၿပီ…”

” ဟာ…ခင္ဗ်ား လမ္းျပခက မမ်ားလြန္းဘူးလား…”

ႏြားႀကီးက ၀င္ေျပာလာတာ။

” အျခားသူနဲ႔ဆိုရင္ေတာ့ မ်ားတယ္ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ အခု နင္တို႔ကို လိုက္ျပမယ့္သူက ငါ မုံေခါင္ျဖစ္ေနလို႔ ဒီပမာဏေတာင္းတာ…”

” ရပါတယ္ဗ်ာ…ေပးပါ့မယ္…”

၀န္ေထာက္မင္းက ၾကည္ၾကည္ျဖဴျဖဴေျပာတယ္။ ႏြားႀကီးက မ်က္ႏွာထားတင္းတင္းနဲ႔ ၾကည့္လာေတာ့ မုဆိုးႀကီးက ေအးေအးေဆးေဆးပဲ ျပန္ၾကည့္တယ္။ ၾကားထဲက ဦးလွေဖကေတာ့ မ်က္စိမ်က္ႏွာေတြ ပ်က္လို႔ရယ္ေပါ့။

” ကဲ…လမ္းျပခကို အခုပဲ ကြၽႏ္ုပ္တို႔ ေပးလိုက္ပါမယ္…”

မုဆိုးႀကီးက လက္ကာျပတယ္။ ၿပီးေတာ့ ဦးလွေဖဆီကို ေမးေငါ့ျပၿပီး…

” လူႀကီးကို ေပးလိုက္ပါ။ အဲ့ဒါရဲ႕ ငါးက်ပ္က ဘုန္းႀကီးေက်ာင္းကို လႉေပး။ က်န္တဲ့ငါးက်ပ္က ႐ြာအေရွ႕ဘက္ထိပ္က ဦးေလး ဖိုးထူးရဲ႕အိမ္ ျပန္ျပင္ေဆာက္ဖို႔ ေပးလိုက္ပါ…”

မုဆိုးႀကီးရဲ႕ စိတ္ထားကို ႏြားႀကီးမွအပ ၀န္ေထာက္မင္းနဲ႔ပါလာသူတိုင္း ေလးစားမိသြားၾကတယ္။

” ကဲ…မနက္ျဖန္မနက္ကို နင္တို႔ အသင့္ျပင္ထားၾကပါ။ ငါ လာေခၚလိုက္မယ္။ အခုေတာ့ ငါျပန္ဦးမယ္…”

မုဆိုးႀကီး ထထြက္သြားတယ္။

” ေတာက္…အေတာ့္ကို ေျပာရဆိုရ လက္ေပါက္ကပ္တဲ့ လူပဲ။ ေဟ့…သူႀကီး သူက ဘာလူမ်ိဳးလဲ တိုင္းရင္းသားလား…”

ႏြားႀကီးက မာတင္းတင္း ေမးလာတာ။ သူႀကီးဦးလွေဖက တုန္တုန္လႈပ္လႈပ္နဲ႔…

” ဟုတ္…ဟုတ္ပါတယ္။ သူက တိုင္းရင္းသား ခ်င္းလူမ်ိဳးပါ။ ေမြးတာေတာ့ ဒီ႐ြာမွာပဲ ေမြးတာ။ သူက ေမြးကတည္းက ထူးဆန္းမႈေတြနဲ႔ ေမြးလာတာ…”

ဦးလွေဖစကားကို အကုန္လုံးက စိတ္၀င္စားသြားၾကတယ္။

” ဘယ္လိုမ်ားလဲ ကြၽႏ္ုပ္တို႔ သိခ်င္တယ္။ ဦးလွေဖ သိတယ္ဆို ေျပာျပပါ…”

၀န္ေထာက္မင္းက စိတ္၀င္တစားနဲ႔ ေတာင္းဆိုလာတယ္။

” အမ်ားႀကီးေတာ့ က်ဳပ္လည္း အမ်ားႀကီးေတာ့ မသိပါဘူး ၀န္ေထာက္မင္း။ ဒါေပမယ့္ သိသေလာက္ေတာ့ ေျပာျပပါမယ္…”

” အင္း…”

၀န္ေထာက္မင္းက ခြင့္ျပဳေတာ့ ဦးလွေဖက စေျပာပါေတာ့တယ္။

” သူ႔အေဖကလည္း မုဆိုးတစ္ေယာက္ပဲ။ သူ႔ကို ကိုယ္၀န္ေဆာင္ေတာ့ သူ႔အေဖမုဆိုးႀကီးက ေတာလိုက္တိုင္း သားေကာင္ေတြ မရတဲ့ရက္မရွိဘဲ။ အရင္ကဆို တစ္ပါတ္ေနလို႔ တစ္ေကာင္ရဖို႔ေတာင္ ခဲယဥ္းတယ္တဲ့…”

အားလုံးက ဦးလွေဖေျပာျပေနတဲ့ အေၾကာင္းအရာကို စိတ္၀င္စားလာၾကတယ္။

” အဲ့ဒီ့လို ေန႔စဥ္တိုင္း သားေကာင္ရလာတိုင္း ကိုယ္၀န္ေဆာင္ေနတဲ့ သူ႔အေမက သားေကာင္ေတြရဲ႕ ေသြးနဲ႔ အစိမ္းေသာက္ၿပီး အသည္းကို မီးကင္စားတတ္တယ္။ ဒါေပမယ့္ သူ႔ကို ေမြးၿပီးေတာ့ သူ႔အေမ အဲ့ဒီ့လို မေသာက္ေတာ့ဘူးတဲ့…”

” ဟင္…ဒါက ထူးဆန္းတာလား…”

ႏြားႀကီးက ၀င္ေျပာတာ။

အဲ့ဒီ့ေတာ့ ဦးလွေဖက ဘာဆက္ေျပာရမယ္ မသိေတာ့ဘူး။ ၀န္ေထာက္မင္းက…

” ဆက္ေျပာပါ ဦးလွေဖ။ ကြၽႏ္ုပ္ စိတ္၀င္စားတယ္။ ႏြားႀကီး ဘာမွ၀င္မေျပာပါနဲ႔…”

ႏြားႀကီး မေက်နပ္ေပမယ့္ ဘာမွ၀င္မေျပာေတာ့ဘူး။ ၿပီးေတာ့ ေနရာကေန ထထြက္သြားတယ္။

” ရၿပီ ဦးလွေဖ။ ဆက္ေျပာပါ…”

” သူ အသက္ငါးႏွစ္အ႐ြယ္ေရာက္ေတာ့ သူ႔အေဖနဲ႔အတူ သားေကာင္လိုက္တာကို မလိုက္ရလို႔ဆိုၿပီး အတင္းဂ်ီပူက်တယ္။ အဲ့ဒါနဲ႔ မတတ္သာတဲ့အဆုံး သူတို႔တစ္မိသားစုလုံး ေတာထဲကို ၀င္ၾကတယ္။ အဲ့ဒီမွာ မႈိက်င္းတစ္က်င္းေတြ႕လို႔ သူ႔ကို နံေဘးမွာခ်ထားၿပီး သူ႔အေဖနဲ႔ သူ႔အေမတို႔ မႈိခူးေနၾကတုန္း သူက ေပ်ာက္သြားတယ္တဲ့။ အဲ့ဒါနဲ႔ လိုက္ရွာေတာ့ အနီးအနားကပဲ သူ႔ကို ျပန္ေတြ႕တယ္။ ဒါေပမယ့္ သူ႔လက္ထဲမွာေတာ့ ေႁမြႀကီးတစ္ေကာင္ကို လည္မ်ိဳက ဖ်စ္ကိုင္ၿပီး ဖမ္းထားတာတဲ့…”

” အိုး…ေဂါ့…”

၀န္ေထာက္မင္းနဲ႔အတူ အားလုံး အံ့အားသင့္သြားၾကတာ။

ဒီလိုနဲ႔ပဲ ဦးလွေဖက မုဆိုးႀကီးနဲ႔ ပက္သက္တဲ့ အခ်ိဳ႕အေၾကာင္းအရာတို႔ကို ေျပာၿပီးေနာက္မွာေတာ့ ဧည့္သည္အားလုံးကို ဆတ္သားဟင္းအဖုံဖုံနဲ႔ ညစာတည္ခင္းဧည့္ခံတယ္။

ဆတ္သားဟင္းက လတ္လတ္ဆတ္ဆတ္ေပမို႔ ဧည့္သည္ေတြဆိုတာ စားလိုက္ၾကတာမ်ား ေခါင္းေတာင္မေဖာ္ႏိုင္ၾကဘူး။

၀န္ေထာက္မင္းဆိုရင္ ညစာစားရင္း ဆတ္သားအျမည္းနဲ႔ ႏိုင္ငံျခားအရက္ကို တြဲဖက္ေသာက္သုံးရင္း ဇိမ္ယူလိုက္ေသးတာ။

ညစာစားၿပီးတဲ့အခါမွာေတာ့ ၀န္ထာက္မင္းနဲ႔ ဦးလွေဖက စကားေျပာေနၾကၿပီး က်န္တဲ့သူေတြကေတာ့ မနက္ေတာလည္ဖို႔အတြက္ကို ျပင္ဆင္ေနၾကတယ္။

ေက်းလက္ေဒသရဲ႕ ညက ေစာစီးစြာနဲ႔ပဲ တိတ္ဆိတ္ၿငိမ္သက္ေနတာရယ္။

အေတာ္ကေလး ညဥ့္နက္လာေတာ့ ျပင္ဆင္မႈေတြ ၿပီးၾကၿပီ။

ဒီေတာ့ အိပ္စက္အနားယူဖို႔ ျပင္ဆင္ၾကတယ္။ ႏြားႀကီးတို႔လူစုကေတာ့ အိမ္ေအာက္မွာပဲ အိပ္ၾကၿပီး ၀န္ထာက္မင္းနဲ႔ သူ႔သမီးေလး ႐ိုစီတို႔ကေတာ့ အိမ္အေပၚမွာ အိပ္ၾကတယ္။

ခရီးပန္းလာၾကတဲ့အျပင္ ဧည့္သည္ေတြခမ်ာ အစားလည္း ေကာင္းေကာင္းစားထားၾကတာမို႔ တစ္ခဏအတြင္းမွာပဲ အိပ္ေပ်ာ္သြားၾကတယ္။

မၾကာပါဘူး။ ဦးလွေဖရဲ႕ အိမ္ရွိရာဆီကို ခ်ဥ္းကပ္လာတဲ့ ေ၀၀ါးဝါး အရိပ္တစ္ခု။ အရိပ္က ပုံရိပ္တစ္ခုလို တစ္ဖက္ဆီကို ထိုးေဖာက္ျမင္ေနရတာမို႔ လူသားစင္စစ္တစ္ေယာက္မဟုတ္တာကေတာ့ ေသခ်ာတယ္။

အရိပ္က အိမ္ေပၚကို လြင့္ပါးၿပီး လွမ္းတက္သြားတယ္။ ၿပီးေတာ့ ၀န္ေထာက္မင္းတို႔ အိပ္ေနၾကတဲ့ အခန္းဆီကို ထြင္းေဖာက္ၿပီး ၀င္သြားခဲ့ေလရဲ႕။

အခ်ိန္အေတာ္ေလးၾကာေတာ့ အရိပ္က ျပန္ထြက္လာတယ္။ လာတုန္းကလမ္းအတိုင္းပဲ အိမ္ေအာက္ကို ျပန္ဆင္းၿပီး ၿခံ၀န္းက ထြက္မယ္အလုပ္က်…။

” မင္း ဘာလုပ္တာလဲ ကိုေထြး…”

အရိပ္ရဲ႕ အေရွ႕မွာ ပိတ္ၿပီး ရပ္ေနတဲ့ မုဆိုးႀကီးက ေမးလိုက္ေတာ့ အရိပ္က လႈပ္လႈပ္ရွားရွားျဖစ္သြားၿပီး…။

” ဟို…မု…မုဆိုးႀကီး က်ဳပ္…က်ဳပ္…”

” မင္း ငါ့ကို ေၾကာက္လန္႔ဖို႔ မလိုပါဘူး။ မင္း ဘာလုပ္လာတာလဲ ငါသိခ်င္တယ္…”

မုဆိုးႀကီးက ထပ္ေျပာေတာ့မွ ကိုေထြးဆိုတဲ့ အရိပ္က…။

” ညေနတုန္းက က်ဳပ္တို႔ ပစၥည္းေတြခ်ကူေတာ့ ၀န္ေထာက္မင္းရဲ႕ သမီးေလးက အေတာ္လွတာကို ျမင္မိတယ္။ ဒါေပမယ့္လည္း အဲ့ဒီ့တုန္းက လူသူေတြအမ်ားႀကီးဆိုေတာ့ က်ဳပ္ ရဲရဲ မၾကည့္ရဲခဲ့ဘူး။ အဲ့ဒါနဲ႔ ျပန္သြားရေပမယ့္ က်ဳပ္စိတ္ထဲမွာ သူ႔ကို ထပ္ၿပီး ျမင္ခ်င္စိတ္ေတြ ထိန္းမရေလာက္ေအာင္ ျဖစ္ေနရတယ္။ ဒါေၾကာင့္ က်ဳပ္…ဟို…ဟို ကိုယ္ပြားထုတ္ၿပီး လာ…လာၾကည့္တာ…”

” မင္း သူ႔ကို ဘာလုပ္ခဲ့ေသးလဲ…”

” မ…မလုပ္ပါဘူး။ က်ဳပ္ ဒီအတိုင္း ေငးၾကည့္႐ုံပဲ ၾကည့္ခဲ့တာပါ…”

” မင္း သူ႔ကို ျပဳစားဖို႔အတြက္ ႀကံ႐ြယ္ခဲ့ေသးလား…”

” ဟင့္အင္း…က်ဳပ္ ဘာမွကို မလုပ္ခဲ့ပါဘူး…”

” ေအး…ငါ ယုံၾကည္လိုက္မယ္။ မင္းအေနနဲ႔ လူငယ္ပီပီ သူ႔ကို စြဲလန္းသြားတာကိုေတာ့ ငါ အျပစ္မေျပာဘူး။ ဒါေပမယ့္ မင္းဆီက ပညာနဲ႔ တစ္စုံတစ္ခုျပဳစားၿပီး မဟုတ္တာ လုပ္မယ္ဆိုရင္ေတာ့ ငါမင္းကို ခြင့္လႊတ္မွာ မဟုတ္ဘူးေနာ္…”

” ဟုတ္ကဲ့ပည မုဆိုးႀကီးရယ္။ က်ဳပ္ အဲ့ဒါမ်ိဳး ဘယ္ေတာ့မွ မလုပ္ပါဘူး။ ကတိေပးပါတယ္…”

” ေအးပါ…ငါ မင္းကို ယုံပါတယ္။ စိတ္လြတ္သြားမွာစိုးလို႔ သတိေပးတာ။ ကဲ…မနက္က်ရင္ မင္းလည္း ပစၥည္းသယ္အျဖစ္နဲ႔ လိုက္ရမယ္မွတ္လား။ သြား…ျပန္နားေခ်ေတာ့…”

” ဟုတ္ကဲ့ မုဆိုးႀကီး…”

စုန္းထီးေလး ကိုေထြးရဲ႕ အရိပ္က မုဆိုးႀကီးရဲ႕ အနားကေန လွစ္ခနဲ ေျပးထြက္သြားခဲ့တယ္။

အဲ့ဒီ့ေနာက္ေတာ့ မုဆိုးႀကီးလည္း ဦးလွေဖတို႔ အိမ္ႀကီးဆီကို တစ္ခ်က္လွမ္းၾကည့္လို႔ ေခါင္းကို အသာရမ္းခါၿပီး အေမွာင္ထုထဲကို ၀င္ေရာက္ေပ်ာက္ကြယ္သြားေတာ့တာ။

xxxxxxx

မနက္အေစာအခ်ိန္ မုဆိုးႀကီးဦးေဆာင္တဲ့ လူစုတို႔ ႐ိုးမေၾကာႀကီးဆီကို ဦးတည္ၿပီး တက္ခဲ့ၾကတယ္။

အေရွ႕ဆုံးမွာ မုဆိုးႀကီးက တူမီးေသနတ္ကို ထမ္းၿပီး ေျခလွမ္းမွန္မွန္နဲ႔ သြားေနသလို အေနာက္မွာေတာ့ အထမ္းသမားအခ်ိဳ႕။

အဲ့ဒီရဲ႕ အေနာက္မွာေတာ့ ၀န္ေထာက္မင္းတို႔ သားအဖလိုက္ပါလာၿပီး ေနာက္ပိတ္မွာေတာ့ ႏြားႀကီးတို႔ လူစုလိုက္ပါလာတယ္။

၀န္ေထာက္မင္းတို႔သာအဖမွာ ႐ိုစီေက အေရွ႕က သြားၿပီး ၀န္ေထာက္မင္းက အေနာက္က လိုက္ေနတယ္။ ႐ိုစီရဲ႕ အေရွ႕မွာေတာ့ စားစရာေတြ ထည့္ထားတဲ့ ျခင္းႀကီးကို လြယ္ပိုးထားတဲ့ ကိုေထြး။

႐ိုစီရဲ႕ ၀တ္စားျပင္ဆင္ပုံက ျမင္ရသူတို႔အဖို႔ေတာ့ နတ္သမီးလးအလားထင္မွတ္ၿပီး အသက္ရႉမွားဖြယ္ရာ။

ကိုေထြးဆို အေလးအပင္ႀကီးကို လြယ္ပိုးထားရင္းက မၾကာခဏ လွည့္လွည့္ၿပီး ၾကည့္ေနမိေလတယ္။

လူအေရအတြက္က ၀န္ေထာက္မင္းတို႔လူစုက ငါးေယာက္၊ အထမ္းသမားေလးေယာက္၊ မုဆိုးႀကီးနဲ႔ဆိုေတာ့ အားလုံးေပါင္း ဆယ္ေယာက္တိတိ။

သရမီ႐ြာဆိုတာက ႐ိုးမအေျခမွာဆိုေပမယ့္ သားေကာင္ေတြက်က္စားရာဆီကိုေရာက္ဖို႔ကေတာ့ အေတာ့္ကို သြားရေသးတာေလ။

ေနနည္းနည္းျမင့္လာေတာ့ ႐ိုစီမ်က္ႏွာမွာ ေခြၽးသီးေခြၽးေပါက္ေလးေတြ စို႔လာတယ္။ ဒါကို ၾကည့္ၿပီး ကိုေထြးမွာ ႐ိုစီ့ကို သနားေနမိေသးတာ။

႐ိုးမအထဲကို ေရာက္ၿပီး ေတာင္ကုန္အခ်ိဳ႕ကို ျဖတ္သန္းလို႔ ျပန္႔ကေလးတစ္ခုဆီကို ေရာက္ေတာ့ မုဆိုးႀကီးက ရပ္တန္႔လိုက္ၿပီး…။

” ကဲ…၀န္ေထာက္မင္း။ အေရွ႕ဆက္လို႔ကေတာ့ မျဖစ္ႏိုင္ေသးဘူး။ ဒါေၾကာင့္ ငါတို႔တေတြ ဒီအနားတဝိုက္မွာပဲ အထိုင္ခ်မွရမယ္။ ဟိုဘက္မွာ လွ်ိဳထဲမွာ စမ္းေခ်ာင္းရွိတယ္။ ၿပီးေတာ့ ဒီဘက္မွာက သစ္၊ ဝါးေတြ ေပါတယ္။ ဟိုနားက ေတာင္ကုန္းဆီမွာ တဲေတြကို ညေနမေစာင္းခင္ အျမန္ထိုးၾကဖို႔လိုတယ္…”

မုဆိုးႀကီးက ေျပာတယ္။ ဒီအခါ ႏြားႀကီးက ပတ္၀န္းက်င္ကို လွည့္ပတ္ၾကည့္ၿပီး အေရွ႕တိုးလာကာ…။

” ေဟ့လူ…ခဏေနပါဦးဗ်ယ က်ဳပ္တို႔က ေတာလိုက္ဖို႔ လာၾကတာ။ ဒါကို ခရီးက ဘယ္ေလာက္မွ မေရာက္ေသးဘူး။ ခင္ဗ်ားက ဒီေနရာမွာ စခန္းခ်မယ္ဆိုေတာ့က ကဲ…ေျပာ ဘယ္မွာလဲ သားေကာင္။ က်ဳပ္တို႔က ဘာကိုပစ္ရမွာလဲ။ ေျပာေတာ့ ခင္ဗ်ားက မုဆိုးဆို။ ေအး…က်ဳပ္ကေတာ့ ခင္ဗ်ားလို မုဆိုးမဟုတ္ဘူး။ ဒါေပမယ့္ မုဆိုးမဟုတ္လို႔ သားေကာင္မပစ္ဖူးေပမယ့္ ႐ြာနဲ႔ သိပ္မေဝးတဲ့ ေဟာ့ဒီလိုေနရာမွာ ဘာသားေကာင္မွ မရွိဘူးဆိုတာကိုေတာ့ က်ဳပ္တို႔ သိတယ္ဗ်။ ခင္ဗ်ားသိေအာင္ ထပ္ေျပာလိုက္မယ္။ က်ဳပ္တို႔က အလကားသက္သက္ ေပ်ာ္ပြဲစားဖို႔ ထြက္လာၾကတာ မဟုတ္ဘူး…”

မုဆိုးႀကီးမ်က္ႏွာကြက္ခနဲ ျဖစ္သြားတယ္။

” အင္း…ဟုတ္ေတာ့ဟုတ္ေနပါၿပီ။ ကဲပါ…ထားလိုက္ေတာ့။ သေဘာတူညီမႈအရေတာ့ နင္တို႔အားလုံး ငါ့စကားကို နားေထာင္ၾကမယ္လို႔ ကတိျပဳထားၾကတယ္မလား။ အဲ့ဒီ့ေတာ့ ဒီညအတြက္ ဘာေၾကာင့္ ဒီမွာ တည္းခိုဖို႔ ေျပာလဲဆိုတာ ညေရာက္ရင္ သိၾကရလိမ့္မယ္။ ကဲ…၀န္ေထာက္မင္း။ နင္ကပဲ ဒီကလူေတြကို တဲေတြအျမန္ေဆာက္ဖို႔ ေျပာေပးေတာ့။ ငါလည္း အခ်ိန္ရွိတုန္း နင္တို႔အတြက္ ဟင္းစားေလးဘာေလးရေအာင္ လိုက္ရွာေခ်ဦးမယ္…”

မုဆိုးႀကီးက ေျပာၿပီး ေတာဆီကို ၀င္သြားခဲ့တယ္။

က်န္ရစ္ခဲ့ၾကတဲ့ သူေတြကို ၀န္ေထာက္မင္းက မုဆိုးႀကီးမွာတဲ့အတိုင္း တဲေတြ ေဆာက္ၾကဖို႔ ေျပာတယ္။

ႏြားႀကီးမွအပ အကုန္လုံးက ပစၥည္းေတြခ်ၿပီး တစ္ညတာ တည္းခိုဖို႔အတြက္ တဲႏွစ္လုံးကို အျမန္ဆုံးေဆာက္ၾကတယ္။

လူအင္အားေတာင့္တင္းၿပီး အမိုးအကာပစၥည္းစုံလင္တာမို႔ နာရီပိုင္းအၾကာမွာပဲ ေတာင့္တင္းတဲ့ တဲႏွစ္လုံးကို ေဆာက္ၿပီးသြားခဲ့တယ္။

အားလုံးပစၥည္းေတြ ေနရာခ်ၿပီးေတာ့ မုဆိုးႀကီးက ယုန္ေသႏွစ္ေကာင္ကို နား႐ြက္ကဆြဲၿပီး ျပန္ေရာက္လာခဲ့တယ္။

” ကဲ…ဒီညအတြက္ေတာ့ ဟင္းစားက ဒီယုန္ႏွစ္ေကာင္ပဲ။ ဒါကို ခ်က္ျပဳတ္ဖို႔အတြက္ အျမန္ဆုံးၿပီးေအာင္ ငါ့ကို မီးဖိုတာတို႔ ထင္းေကာက္တာတို႔ လုပ္ကူၾကပါဦး…”

မုဆိုးႀကီးက ေတာင္းဆိုေတာ့ အလုပ္သမားေတြက ခ်က္ခ်င္းပဲ ဝိုင္း၀န္းလုပ္ေဆာင္ၾကေလၿပီ။

” ကဲ…နင္တို႔ လုပ္ထားႏွင့္ၾက။ ငါေတာ့ လွ်ိဳထဲက. စမ္းေပါက္မွာ သူတို႔ကို ကိုင္လိုက္ဦးမယ္။ ေရခ်ိဳးခ်င္တဲ့သူ ကိုယ္လက္သန္စင္ခ်င္တဲ့သူေတြ ရွိရင္ တစ္ခါထဲ လိုက္ခဲ့လို႔ရတယ္…”

ယုန္ေသႏွစ္ေကာင္နဲ႔အတူ ဓားေျမႇာင္တစ္ေခ်ာင္းကိုင္ၿပီး ထြက္သြားေတာ့ ၀န္ေထာက္မင္းတို႔ လူစုလည္း အေနာက္က လိုက္ၾကရေတာ့တာ။

စမ္းေခ်ာင္းေရက ဒူးသာသာေတာ့ရွိမယ္။

မုဆိုးႀကီးက ကမ္းနံဖူးမွာ ယုန္သားဖ်က္ေနခ်ိန္ ၀န္ေထာက္မင္းတို႔လူစုကေတာ့ ေရတင္းခ်ိဳးၾကတယ္။

႐ိုစီကေတာ့ ေရမခ်ိဳးဘဲ ကိုယ္လက္သာ သန္႔စင္ၿပီးေနတယ္။

” ေဟ့ေကာင္…မင္း ဘာၾကည့္တာလဲ…”

႐ုတ္တရက္ ႏြားႀကီးဆီက ရန္လိုတႀကီးနဲ႔ ေအာ္သံ။

ရည္႐ြယ္ရာကို အားလုံးၾကည့္မိၾကေတာ့ အထမ္းသမားအျဖစ္ လိုက္လာတဲ့ ေမာင္ေထြးကို ေတြ႕ရတယ္။ ႏြားႀကီးက ကမူးရႉးထိုးနဲ႔ ကမ္းေပၚတက္ၿပီး ေမာင္ေထြးဆီကို သြားတယ္။

” မင္းကို ငါေမးေနတယ္ေလ။ မင္း ႐ိုစီ့ကို ဘာသေဘာနဲ႔ ၾကည့္ေနတာလဲ…”

ႏြားႀကီးက ေမာင္ေထြးရဲ႕ အက္်ၤီကို ဆြဲၿပီးေမးတာ။ ႐ိုစီဆိုတဲ့ အသံေၾကာင့္ ႐ိုစီအပါအ၀င္ ၀န္ေထာက္မင္းတို႔လူစုမွာ ကမ္းေပၚ တက္ၾကတယ္။ ေမာင္ေထြးရဲ႕ အၾကည့္ေတြကေတာ့ ႐ိုစီရဲ႕ဆီမွာပဲ ရွိေနတုန္း။

” ေဟ့ေကာင္ မင္းအေတာ္႐ိုင္းပါလား။ ဒီေလာက္ေျပာေနတာေတာင္ မင္းက ဂ႐ုမစိုက္ဘဲ ၾကည့္ေနတာေပါ့…ေတာက္…”

ႏြားႀကီးက အက်ႌကို တစ္ခ်က္ေဆာင့္ၿပီး ထိုးမယ္လုပ္မွ ေမာင္ေထြး အသိ၀င္လာတဲ့ ပုံစံနဲ႔။

” အဲ…ဟို…က်ဳပ္ ဘာမွ မၾကည့္ပါဘူးဗ်…”

လိမ္ညာစကားမမည္တဲ့ စကားနဲ႔ ေမာင္ေထြး အေျဖျပဳတယ္။ ဒါကို ႏြားႀကီးက မေက်နပ္ဘူး။

” ေဟ့ေကာင္ မင္း ေျဗာင္လိမ္တာပဲ။ ေသေပေတာ့…”

ႏြားႀကီးက သူ႔ရဲ႕ လက္သီးဆုပ္ႀကီးနဲ႔ ေမာင္ေထြးကို ထိုးဖို႔ အားယူလိုက္တယ္။ ဒါေပမယ့္ ေမာင္ေထြးက ေၾကာက္ဟန္မျပဘဲ ႏြားႀကီးရဲ႕ မ်က္စိအစုံဆီကို စူးရွတဲ့ အၾကည့္နဲ႔ စိုက္ၾကည့္လိုက္ေတာ့ ႏြားႀကီး လႈပ္ရွားမႈမရွိ၊ ေတာင့္ေတာင့္ႀကီးျဖစ္သြားတယ္။

ႏြားႀကီးျဖစ္သြားတာကို ဘယ္သူကမွ သတိမထားမိဘူး။ အဲ့ဒီ့အခိုက္မွာပဲ မုဆိုးႀကီး ေရာက္လာၿပီး…။

” ေမာင္ေထြး…”

မုဆိုးႀကီးက ပခုံးကို ပုတ္ၿပီး ေခၚလာပါမွ ေမာင္ေထြးရဲ႕ အၾကည့္က ႏြားႀကီးဆီက လႊဲဖယ္လာၿပီး…

” စိတ္ကို ေလ်ာ့လိုက္ပါ…”

ေမာင္ေထြး စိတ္ကို ေလ်ာ့ခ်လိုက္တယ္။ ဒီေတာ့မွ ႏြားႀကီးခမ်ာ လႈပ္ရွားလို႔ ရသြားၿပီသ အလြန္ကိုပဲ ေမာပန္းတႀကီးဟန္ပန္နဲ႔ ေဟာဟဲဆိုက္ေနရာက…။

” မ…မေကာင္းဆိုး႐ြားေတြ။ ဒီလူေတြက မေကာင္းဆိုး႐ြားေတြ။ သူတို႔နဲ႔ က်ဳပ္ ဆက္ၿပီး မေနႏိုင္ဘူး…”

ႏြားႀကီးတစ္ေယာက္ ေသြး႐ူးေသြးတန္းနဲ႔ ေအာ္ဟစ္ၿပီး လွ်ိဳအေပၚကို ေျပးတက္သြားခဲ့တယ္။

၀န္ေထာက္မင္းတို႔သားအဖနဲ႔ က်န္သူေတြကေတာ့ ေမာင္ေထြးကို သို႔ေလာသို႔ေလာ ပုံစံနဲ႔ ၾကည့္လာၾကတယ္။

” ဘာမွ မျဖစ္ပါဘူး။ ကဲ…ကဲ…လုပ္စရာရွိတာ အျမန္ဆုံးလုပ္ၾက။ ေမွာင္သြားရင္ အႏၲရာယ္ရွိတယ္။ ငါတို႔ ျပန္သြားရင္ အခုပ္သမားေတြ ေရခပ္ဆင္းၾကရလိမ့္ဦးမယ္…”

မုဆိုးႀကီးက ေျပာေတာ့ အားလုံးပဲ လုပ္စရာရွိတာ အျမန္ဆုံးလုပ္ၾကတယ္။

သူတို႔တေတြရဲ႕ အလုပ္ေတြၿပီးေတာ့ မုဆိုးႀကီးက ဖ်က္ၿပီးသားယုန္သားေတြကို ဖက္နဲ႔ ထုပ္ထားတဲ့ အထုပ္ကို ကိုင္ထားၿပီး အေရွ႕ကေန လွမ္းထြက္သြားတယ္။

လမ္းမွာ ယုန္သားသုံးေလးဖတ္ကို မုဆိုးႀကီး တစ္စုံတစ္ရာဆီ ပစ္ေပးလိုက္တာမ်ိဳး ျမင္ရတယ္။ ဒီအတြက္ ဘယ္သူကမွေတာ့ ေမးခြန္းထုတ္မလာပါဘူး။

စခန္းခ်ရာဆီကို ျပန္ေရာက္ေတာ့ ႏြားႀကီး ျပန္ေရာက္မလာေၾကာင္းကို သိရတယ္။ အလုပ္သမားေတြကေတာ့ ထမင္းေတြေတာင္ ခ်က္ၿပီးထားၿပီ။

” ကဲ…နင္တို႔ ေရခပ္ဆင္းၾကမယ္ဆို ဆင္းၾက။ အခ်ိန္သိပ္မက်န္ဘူးဆိုေပမယ့္ မိုးေတာ့မခ်ဳပ္ေစနဲ႔။ ႏြားႀကီးကိုေတာ့ စိတ္မပူၾကနဲ႔။ ငါ့ မိတ္ေဆြေတြနဲ႔ သူ႔ကို ရွာခိုင္းၿပီး ဒီကို လာပို႔ခိုင္းထားတယ္…”

အလုပ္သမားေတြက ေရခပ္ဖို႔ အသင့္လုပ္ထားၿပီးသားျဖစ္တဲ့ ဝါးက်ည္ေတာက္ေတြကို ထမ္းၿပီး ထြက္သြားၾကတယ္။ ၀န္ေထာက္မင္းနဲ႔ အဖြဲ႕ေတြကလည္း အ၀တ္အစားလဲဖို႔ ထြက္သြားၾကၿပီ။

” ေမာင္ေထြး။ နင့္ စိတ္ကို ေလ်ာ့ပါကြာ။ တကယ္ေတာ့ အဲ့ဒီလူက စိတ္ရင္းေကာင္းပါတယ္။ ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ကိုယ္ရည္ေသြးခ်င္လြန္းလို႔သာ မျဖစ္သင့္တာေတြ ျဖစ္ေနရတာပါ။ ဒါေပမယ့္လည္း သူ႔တာ၀န္သူလုပ္တာမို႔ နင္ကလည္း နားလည္ေပးလိုက္ေပါ့…”

” ဟုတ္ကဲ့…”

ေမာင္ေထြးက မုဆိုးႀကီးရဲ႕ စကားကို နာခံ႐ိုက်ိဳးတယ္။

” ဒါနဲ႔ နင္ ဟင္းခ်က္တတ္တယ္မလား…”

” ခ်က္တတ္ရင္ ဒီယုန္သားကို င႐ုတ္သီးစပ္ရွားရွားေလးနဲ႔ ခ်က္ေခ်ကြာ။ အေကာင္းဆုံးျဖစ္ေအာင္သာခ်က္…”

” ဟုတ္ကဲ့…”

ေမာင္ေထြးက ယုန္သားအထုပ္ကိုယူၿပီး ခ်က္ျပဳတ္ဖို႔ မီးဖိုဘက္ကို ထြက္သြားတယ္။ တေအာင့္ၾကာေတာ့ ေမႊးပ်ံလြန္းတဲ့ ယုန္သားဟင္းရနံ႔ကို အားလုံး ရႉရႈိက္လိုက္မိၾကတယ္။

၀န္ေထာက္မင္းတို႔ သားအဖဆိုရင္ ဟင္းနံ႔ေၾကာင့္ အံ့ၾသသင့္ေနၾကတယ္။ ႐ိုစီက ဟင္းခ်က္ေနတဲ့ ေမာင္ေထြးအနားဆီကို ေရာက္လာၿပီး…။

” အကို…ဟင္းနံ႔က သိပ္ကို ေမႊးလြန္းတယ္ေနာ္…”

႐ိုစီ့ဆီက စကားစၿပီး ေျပာလာလိမ့္မယ္လို႔ ေမာင္ေထြးက ဘယ္တုန္းကမွ မေမ်ာ္လင့္ထားမိသူဆိုေတာ့ ေငးၾကည့္ၿပီး ၾကက္ေသေသေနတယ္။

” အကို…”

႐ိုစီက အေနာက္တိုင္းေသြးေရာေႏွာထားသူပီပီ လက္သြက္ေျခသြက္နဲ႔ ေမာင္ေထြးလက္ေမာင္းကို ပုတ္ၿပီး ေျပာေတာ့မွ ေမာင္ေထြးလည္း သတိ၀င္လာရၿပီး…။

” အဲ…ဟုတ္…ဟုတ္ မ႐ိုစီ…”

” ဟင္းရနံ႔က သိပ္ကို ေမႊးတယ္လို႔ ႐ိုစီေျပာေနတာ…”

” ဪ…အင္း ဟုတ္ ဟုတ္တယ္ မ႐ိုစီ…”

ေမာင္ေထြးရဲ႕ စကားေတြက အေယာင္ေယာင္အမွားမွားနဲ႔။

” အကို႔နာမည္က ဘယ္သူလဲဟင္…”

” က်ဳပ္နာမည္ ေမာင္ ေမာင္ေထြးပါ…”

” ေမာင္ေထြး…နာမည္က သေဘာစရာေကာင္းတာပဲ။ ႐ိုစီ့နာမည္ကိုေတာ့ အကိုသိၿပီးသားမို႔ မိတ္မဆက္ေတာ့ဘူးေနာ္။ ဪ…ဒါနဲ႔ ႐ိုစီ အကိုခ်က္ေနတဲ့ ဟင္းကို ျမည္းၾကည့္ခ်င္တယ္ က်က္ၿပီမလား။ ျမည္းလို႔ ရမလား အကို…”

” ဪ…ဟုတ္ဟုတ္ ရပါတယ္ ႐ိုစီ…”

ေမာင္ေထြး ရင္ခုန္သံေတြ သိပ္ကို ျမန္လြန္းေနရတယ္။ ဟင္းအိုးထဲက အေကာင္းဆုံးျဖစ္ႏိုင္မယ့္ ဟင္းတစ္တုံးကို ဆယ္ယူၿပီးေတာ့ ႐ိုစီ့ကို ေပးျမည္းလိုက္တယ္။

ပူေနတဲ့ ဟင္းတုံးကို ႐ိုစီက ထိကနန္း၊ တို႔ကနန္းျမည္းေနေတာ့ ေမာင္ေထြးခမ်ာ ၾကည့္ၿပီး ၾကည္ႏူးေနမိေသးတာ။

” အမေလး…ေကာင္းလိုက္တာေနာ္ ဟီး…ဟီး…”

႐ိုစီက ယုန္သားကို ဝါးေနရင္း ၿပဳံးၿပီးေျပာလာေတာ့ ေမာင္ေထြးတို႔ ၾကည့္ေနရင္း သူ႔ကိုယ္သူ နတ္ျပည္ေရာက္သြားၿပီလို႔ေတာင္ ထင္ေနမိတာ။

႐ိုစီ့ဆီက သင္းပ်ံ႕တဲ့ ကိုယ္သင္းရနံ႔ကိုလည္း ေမာင္ေထြး တစ္၀ရႈိက္ရႉရင္း ေလာကႀကီးကို တဒဂၤေမ့သြားမိတယ္။

” အကို…ေဟ့ အကို…”

” ဪ…မ မ ႐ိုစီ…”

” ဟင္းအိုးက ေရခမ္းေနၿပီလားလို႔…”

႐ိုစီ ေျပာမွ ၾကည့္မိေတာ့ ဟင္းအိုးက ဖ်စ္ဖ်စ္ျမည္ေနၿပီ။ ေမာင္ေထြးလည္း ရွက္စိတ္အခ်ိဳ႕ ေရာႁပြန္းၿပီး ခ်က္ခ်င္းျပာယာခတ္သြားရကာ ဟင္းအိုးဆီကို ေရေတြ ေလာင္းခ်လိုက္တယ္။

” ရွဲ…” ခနဲ အသံထြက္လာေတာ့ လန္႔သြားမိေသးတာ။ ဒါကိုၾကည့္ၿပီး ႐ိုစီက ရယ္တယ္။ ႐ိုစီရယ္ေတာ့ ေမာင္ေထြးလည္း ရွက္ကိုးရွက္းကန္းနဲ႔ လိုက္ရယ္မိတယ္။ အဲ့ဒီ့အခ်ိန္ ႐ိုစီက တစ္စုံတစ္ခုကို ေတြးမိသြားဟန္နဲ႔…။

” ဪ…အကို။ ဒါနဲ႔ေလ…ဟို…ညေနတုန္းက အကိုထြန္းနဲ႔ စမ္းေခ်ာင္းမွာ ျဖစ္ခဲ့တဲ့ ကိစၥ။ အဲ့ဒါအတြက္ အကို႔ကို ႐ိုစီေတာင္းပန္ပါတယ္ေနာ္…”

” အကိုထြန္းဆိုတာက…”

” အကိုႏြားႀကီးကို ေျပာတာေလ။ သူ႔ရဲ႕ နဂိုနာမည္က ထြန္းေအာင္တဲ့။ လူက အႀကီးႀကီးမို႔ ႏြားႀကီးလို႔ နာမည္ေပးထားၾကတာ…”

” ဪ…”

” အကိုထြန္းက ႐ိုစီအေမဘက္က ေဆြမ်ိဳးနီးစပ္ေတာ္တယ္။ သူက ႐ိုစီ့ကို သိပ္ခ်စ္တာ။ ႐ိုစီ့အတြက္နဲ႔ ရန္မၾကာခဏျဖစ္သတ္တတ္တယ္။ ဒါေပမယ့္ ညေနတုန္းကေတာ့ အကိုထြန္း သိပ္ကို တရားလြန္တယ္။ ဒါေၾကာင့္ အကို႔ကို ႐ိုစီက ၾကားကေန ေတာင္းပန္တာ…”

” ဪ…မ႐ိုစီရယ္။ ဒါမ်ားဗ်ာ ေတာင္းပန္ေနရေသးတယ္လို႔။ မလိုအပ္ပါဘူးဗ်…”

” အဲ့ဒီ့လိုေတာ့လည္း ဘယ္ဟုတ္မလဲ။ ဒီလိုေတာႀကီးမ်က္မည္းဆိုတာ ဒယ္ဒီကလြဲၿပီး ႐ိုစီတို႔က တစ္ခါမွ ေရာက္ဖူးၾကတာမဟုတ္ဘူး။ အစိမ္းသက္သက္ေနရာႀကီး။ အကိုတို႔ ေစာင့္ေရွာက္ေပးမွသာ ႐ိုစီတို႔အတြက္ အႏၲရာယ္ကင္းမွာ မဟုတ္လား…”

” ဒါေတာ့ ဒါေပါ့ မ႐ိုစီရယ္…”

” မ႐ိုစီလို႔ မေခၚပါနဲ႔ အကိုရယ္။ ႐ိုစီက အကို႔ထက္ အသက္ငယ္မယ္ထင္ပါတယ္။ဒါေၾကာင့္ ႐ိုစီလို႔ပဲ ေခၚပါ…”

” ဟုတ္ကဲ့ ႐ိုစီ…”

” ဒါနဲ႔ေလ အကို။ ႐ိုစီတစ္ခုေလာက္ ေမးလို႔ ရဦးမလား…”

” ရတယ္ ေမးပါ။ ကြၽန္ေတာ္ေျဖပါ့မယ္ဗ်…”

” ဘာရယ္ေတာ့ မဟုတ္ပါဘူး။ ညေနတုန္းက အကိုတို႔ ရန္ျဖစ္တာကို ၾကည့္ၿပီး ႐ိုစီ သိပ္ကို အံ့ၾသသြားမိတယ္။ အကိုထြန္းကေလ သတၱိေၾကာင္တတ္တဲ့သူ မဟုတ္ပါဘူး။ ဒါေပမယ့္ ညေနတုန္းကေတာ့ အကို႔ကို ၾကည့္ၿပီး သူ႔ခမ်ာ သိပ္ကို ေသြးပ်က္ထိတ္လန္႔သြားတယ္။ ႐ိုစီေလ အဲ့ဒါကို နားမလည္ႏိုင္ဘူး။ အံ့ၾသေနမိတယ္။ ဘာေၾကာင့္အဲ့ဒီ့လို ျဖစ္သြားရတာလဲလို႔ ႐ိုစီသိခ်င္ေနမိတယ္ အကို…”

႐ိုစီ့စကားအဆုံး ေမာင္ေထြး မ်က္စိမ်က္ႏွာ ပ်က္သြားတယ္။

ညေနတုန္းက အျဖစ္အပ်က္မွာ ႏြားႀကီးက သူ႔ကို လက္နဲ႔႐ြယ္တဲ့အခ်ိန္ သူက ႏြားႀကီးရဲ႕ စိတ္ကို ခ်ဳပ္ေႏွာင္လိုက္တာ။ ၿပီးေတာ့ ႏွလုံးဆီကို လွမ္းညႇစ္ၿပီး သူ႔အသြင္ကိုလည္း ျမင္ေစလိုက္တာ။

တကယ္လို႔ မုဆိုးႀကီးသာ ေရာက္မလာရင္ သူ ႏြားႀကီးကို အသက္ေသတဲ့အထိေတာင္ လုပ္မိမယ္ထင္ရဲ႕။

ဒါေၾကာင့္ ႏြားႀကီးက သတိ၀င္၀င္ခ်င္း သူ႔သ႑ာန္ကို ျမင္ထားတာမို႔ ေသြးပ်က္ၿပီး ထြက္ေျပးသြားတာ။

” အကို…႐ိုစီ ေမးေနတယ္ေလ…”

” ဪ…အင္း ႐ို…စီ…”

ေမာင္ေထြး အလိုက္အထိုက္လုပ္ရင္း ဘယ္လိုေျဖရမယ္ဆိုတာကို စဥ္းစားေပမယ့္ အေျဖက မရဘူး။ ႐ိုစီကိုလည္း သူ မလိမ္လိုဘူးေလ။

” အကို…မေျဖဘူးလား…”

႐ိုစီက ႏႈတ္ခမ္းစူၿပီး ေျပာလာတယ္။ ဒီအခ်ိန္မွာ ေမာင္ေထြးအတြက္ ကယ္တင္သူက ရွိလာတယ္။ အျခားသူမဟုတ္ဘူး ႏြားႀကီးရယ္ေလ။

ေမွာင္ရီပ်ိဳးေနၿပီျဖစ္တဲ့ ေတာစပ္ဆီကေန အိပ္မက္ေယာင္သူတစ္ေယာက္လို ႏြားႀကီးတစ္ေယာက္ ေတာင့္ေတာင့္ႀကီးနဲ႔ လွမ္းေလွ်ာက္လာတာ။

” အကို အကိုထြန္း…”

႐ိုစီတစ္ေယာက္ ေမာင္ေထြးကို ေမ့သြားတယ္။ ထိုင္ရာက ထၿပီး ေမာင္ထြန္းဆီကို ေျပးရင္းနဲ႔ သူ႔အေဖဆီကိုလည္း

” ဒယ္ဒီေရ…ဒီမွာ အကိုထြန္းျပန္လာၿပီ…” ရယ္လို႔ ေအာ္သြားေသးတာ။

စခန္းတစ္ခုလုံး ႏြားႀကီးကို ဝိုင္းၾကည့္ၾကတယ္။ လမ္းေလွ်ာက္လာပုံေၾကာင့္လည္း အံ့ၾသမိေနၾကတယ္။ ႐ိုစီက ႏြားႀကီးအနားကို ေရာက္လုခ်ိန္က် မုဆိုးႀကီးက ၾကား၀င္လာၿပီး…။

” ကေလးမ…သူ႔အသားကို မထိပါနဲ႔…”

႐ိုစီ အရွိန္တန္႔သြားတယ္။

ၿပီးေတာ့ မုဆိုးႀကီးဆီကို အံ့ၾသေနတဲ့အသြင္နဲ႔ လွမ္းၾကည့္တယ္။

မုဆိုးႀကီးကေတာ့ ဘယ္သူ႔ကိုမွ ဂ႐ုစိက္ျမေနဘူး။ ႏြားႀကီးကို စူးစိုက္ၾကည့္လိုက့္ပီး…

” ကဲ…မိတ္ေဆြႀကီး။ သူ႔ကို ျပန္လိုက္ပို႔ေပးတာ ေက်းဇူးတင္ပါတယ္။ တစ္လက္စထဲနဲ႔ သူ႔ကို အိပ္ရာမွာ သိပ္ခဲ့ေပးပါ…”

ႏြားႀကီးဆီက တုန္႔ျပန္စကား ထြက္မလာဘူး။ ဒါေပမယ့္ မုဆိုးႀကီး ၫႊန္ျပရာအိပ္ရာေနရာဆီကိုေတာ့ တစ္ခါထဲ လွမ္းတက္သြားၿပီး လွဲေလ်ာင္းအိပ္စက္လိုက္တယ္။ ဘာေၾကာင့္ရယ္ေတာ့ ေသခ်ာမသိပါဘူး။ လွဲၿပီးတာနဲ႔ ႏြားႀကီးဆီက ခ်က္ခ်င္းကိုပဲ အိပ္ေမာက်သံထြက္လာေတာ့တယ္။

အဲ့ဒီ့ေနာက္မွာေတာ့ အားလုံး ထမင္းစားၾကတယ္။

၀န္ေထာက္မင္းတို႔ဆီက ဆီသြတ္ရိကၡာေတြပါေပမယ့္ ထမင္းဝိုင္းအလယ္မွာ စားအေကာင္းဆုံးက ေမာင္ေထြးခ်က္တဲ့ ယုန္သားဟင္းပဲ။

င႐ုတ္သီးက စပ္ရွားရွားေလးနဲ႔ ေတာစပ္ဆီက ရတဲ့ ပ်ဥ္းေတာ္သိမ္အ႐ြက္ေလးဖုံးခ်က္ထားေတာ့ စားရသူတို႔မွာ ခံတြင္းပိုလိုက္ၾကတယ္။

စားရင္းေသာက္ရင္းနဲ႔ ေမာင္ေထြးရဲ႕ ဟင္းလက္ရာကိုလည္း ခ်ီးက်ဴးေနၾကတာဆိုတာ ၀က္၀က္ကို ကြဲေပါ့။

xxxxxxx

” ေဝါ…ေဝါ…ေဝါ…”

အားလုံး အိပ္ေမာက်ေနတဲ့အခ်ိန္ အထက္ဘက္ဆီက ေတာ္လွဲသံႀကီး ထြက္ေပၚလာတာမို႔ အားလုံး လန္႔ဖ်ပ္ၿပီး ႏိုးလာၾကတယ္။

အသံႀကီးက အေတာ့္ကို က်ယ္ေလာင္လြန္းလွတာ။

” ေတာင္က်ေခ်ာင္း ေရက်တာ။ ဘာမွစိတ္မပူၾကနဲ႔ အႏၲရာယ္မရွိပါဘူး…”

မအိပ္စက္ဘဲ တဲရဲ႕တိုင္ကို မွီထိုင္ေနတဲ့ မုဆိုးႀကီးက ေျပာတာ။

သူတို႔ရွိေနတဲ့ ေနရာမွာက မိုးရိပ္မိုးေယာင္ေတာင္ မျပေတာ့ က်န္တဲ့သူေတြက ဟုတ္ႏိုးႏိုး၊ မဟုတ္ႏိုးႏိုးနဲ႔။

” ျဖစ္ႏိုင္ပါ့မလား မုဆိုးႀကီးရယ္။ ေရလွ်ံရေအာင္ မိုး႐ြာဖို႔ ေနေနသာသာ၊ မိုးရိပ္မိုးေယာင္ေတာင္ မရွိဘူးမွတ္လား…”

ညေနေစာင္းက ႏြားႀကီးျပန္လာခ်ိန္ ခပ္မာမာအေျပာခံခဲ့ရတာကို မေက်နပ္တဲ့ ႐ိုစီက ခနဲ႔ၿပီး ေမးတာ။

” ေတာင္က်ေရဆိုတာ ဒီေနရာမွာ႐ြာ၊ ဒီေနရာမွာ ေရႀကီးတတ္တဲ့ အမ်ိဳးမဟုတ္ဘူး ကေလးမရဲ႕။ ဟိုးအထက္မွာ ႐ြာတဲ့မိုးေၾကာင့္ ေရလုံးက ေခ်ာင္းတစ္ေလွ်ာက္ ေအာက္ကို အရွိန္နဲ႔ က်ဆင္းလာတာ။ ဒီေရလုံးနဲ႔သာ တိုးမိရင္ ဆင္လိုသတၱဝါေတာင္ မလြတ္ႏိုင္ဘူး။ သိပ္ကို အႏၲရာယ္မ်ားတယ္။ ဒါကို ကေလးမတို႔ ၿမိဳ႕မွာေနတဲ့သူေတြက အေယာက္တိုင္းမသိႏိုင္ေပမယ့္ ငါတို႔လို ေက်းလက္က လူေတြကေတာ့ ကေလးက အစ သိၾကတယ္…”

မုဆိုးႀကီးစကားကို မေခ်ပႏိုင္တာမို႔ ႐ိုစီ ႏႈတ္ဆိတ္သြားတယ္။ ဒီအခါမွာ တဲေအာက္မွာ အိပ္တဲ့ ေမာင္ေထြးက…

” ဟုတ္တယ္ ႐ိုစီ။ ဒါကို အကိုတို႔လို ႐ိုးမကို အေျချပဳၿပီးေနၾကတဲ့သူတိုင္း သိထားၾကတယ္။ ဒါေပမယ့္ မုဆိုးႀကီးလိုမ်ိဳး ႀကိဳသိႏိုင္ဖို႔ကက်ေတာ့ မျဖစ္ႏိုင္ဘူးေလ။ ဒါအတြက္ေၾကာင့္ ညေနတုန္းက ခရီးကို ေရွ႕မဆက္ဘဲ ဒီမွာပဲ အထိုင္ခ်မယ္လို႔ မုဆိုးႀကီးက ေျပာခဲ့တာ…”

” ဟင္…အဲ့ဒီ့လိုလား။ ဒါျဖင့္လည္း အဲ့တုန္းကတည္းက ပြင့္ပြင့္လင္းလင္းေျပာျပေပါ့။ ဘာလို႔ မေျပာျပခဲ့တာလဲ…”

” ဪ…ျဖစ္မလာေသးခင္မွာ ေျပာရင္ ယုံသူေရာ မယုံသူေရာ ေရာႁပြန္းၿပီး စိတ္၀မ္းကြဲႏိုင္တာေၾကာင့္ေပါ့…”

ေမာင္ေထြးနဲ႔ ႐ိုစီတို႔ စကားေျပာေနၾကတာကို မုဆိုးႀကီးေရာ ၀န္ေထာက္မင္းပါ တစ္ခြန္းမွ ၀င္မေျပာၾကဘူး။

အသံက သူတို႔ရွိရာဆီကို တျဖည္းျဖည္းနဲ႔ နီးကပ္ခဲ့တယ္။ အနားေရာက္လုေရာက္ခင္မွာေတာ့ အသံက ညေနက ေရခ်ိဳးဆင္းတဲ့ လွ်ိဳထဲဆီကေန ျဖတ္သန္းသြားေလတယ္။

ဒီေတာ့မွပဲ အားလုံးက သက္ျပင္းခ်ႏိုင္ၾကေတာ့တယ္။

” ကဲ…အားလုံးပဲ အိပ္ၾကေတာ့။ မနက္က် ေတာလည္မယ့္အဖြဲ႕ အေစာထြက္ၾကမယ္…”

အိပ္ရာေတြဆီကို ကိုယ္စီကိုယ္ငွ ျပန္၀င္ကုန္ၾက၏။ သို႔ေသာ္ တစ္ခဏ အၾကာ၌…

” အမေလး…”

႐ိုစီ့ဆီက ေအာ္သံ။

အသံၾကားၾကားခ်င္း အိပ္ရာကေန ဝုန္းခနဲထၿပီး ေရာက္သြားသူက ေမာင္ေထြး။

အားလုံးေရာက္လာၿပီး မီးေတြ ဖြင့္ၾကည့္တဲ့အခါမွာေတာ့ ႐ိုစီက အလြန္အမင္း ေၾကာက္လန္႔ေနၿပီး ေမာင္ေထြးကေတာ့ ႐ိုစီ့အိပ္ရာထဲမွာ။ လက္က အိပ္ရာဆီက တစ္စုံတစ္ခုကို ဖိထားတဲ့ပုံပဲ။

” ေဟ့…ေမာင္ေထြး။ မင္း ဘာလုပ္တာလဲ…”

” မဟုတ္ဘူး။ ေမာင္ေထြးက ႐ိုစီ ေအာ္သံၾကားမွ ေရာက္လာတာ…”

အထင္လြဲေတာ့မယ့္ အေျခအေနကို ၀င္ထိန္းသူက မုဆိုးႀကီး။

ၿပီးေတာ့ မုဆိုးႀကီးက ေမာင္ေထြးရွိရာဆီကို သြားလိုက္ၿပီး လက္နဲ႔ ဖိအုပ္ထားတဲ့ အရာကို ဆြဲထုတ္ယူလိုက္တယ္။

” အိုး…ေဂါ့…”

” ဘုရား…ဘုရား ေႁမြပဲ…”

မုဆိုးႀကီးရဲ႕ လက္ထဲမွာ ဦးေခါင္းကို အကိုင္ခံထားရၿပီး က်န္ရစ္တဲ့ ကိုယ္လုံးက လက္ကို ျပန္လည္ရစ္ပတ္႐ုန္းကန္ေနတဲ့ လက္ေကာက္၀တ္လုံးေလာက္ရွိတဲ့ မည္းေျပာင္ေျပာင္ ေႁမြေဟာက္တစ္ေကာင္။

” ေႁမြေဟာက္ပဲ…ေရလုံးတိုးလာမွာကို သိလို႔ ေရွာင္ရွားရင္း ဒီကို ေရာက္လာတာ…”

မုဆိုးႀကီးက ေႁမြေဟာက္ေကာင္ကို ေတာစပ္ဆီ ယူသြားၿပီး ပါးစပ္က တတြတ္တြတ္ေျပာၿပီး လႊတ္ေပးလိုက္တယ္။

” ႐ိုစီ ေက်းဇူးတင္ပါတယ္ အကိုေမာင္ေထြး…”

႐ိုစီက ေက်းဇူးတင္စကားေျပာတာ။ ၀န္ေထာက္မင္းကေတာ့ ေမာင္ေထြးကို ေက်းဇူးတင္တဲ့ အၾကည့္နဲ႔ ၾကည့္ေနတယ္။

” အားလုံးပဲ မအိပ္ခင္ ကိုယ့္အိပ္ရာကို ျပန္ၿပီးစစ္ေဆးၾကပါ။ ကဲ…ကဲ…အိပ္ရာ၀င္ၾကေပေတာ့…”

မုဆိုးႀကီးက ေဆာ္ၾသတယ္။

အဲ့ဒီ့ေနာက္မွာေတာ့ အားလုံးပဲ ကိုယ့္အိပ္ရာကို ျပန္လည္စစ္ေဆးလိုက္ၾကၿပီး အိပ္ရာ၀င္ အိပ္စက္ၾကေလေတာ့တာ။

xxxxxx

မနက္အေစာအခ်ိန္…။

ေနထြက္လာၿပီဆိုေပမယ့္ ျမဴခိုးတို႔က ေတာင္သီလာတို႔ဆီမွာ ရစ္ဝဲကပ္ခိုေနတုန္းပဲ။ ေက်းငွက္သာရကာတို႔ ေအာ္ျမည္သံက ေတာတစ္ခြင္ကို လႊမ္းထားတယ္။

၀န္ေထာက္မင္းတို႔ စခန္းခ်ရာ ေနရာဆီမွာ အားလုံး အိပ္ရာက ႏိုးၿပီး ခရီးဆက္ဖို႔အတြက္ ျပင္ဆငိေနၾကတယ္။

မုဆိုးႀကီးမုံေခါင္ကလည္း အားလုံးၿပီးစီးမယ့္အခ်ိန္ကိုေစာင့္ရင္း တူမီးေသနတ္အတြက္ က်ည္အသစ္႐ိုက္ေနတယ္။

” မုဆိုးႀကီး…”

၀န္ေထာက္မင္းက အသံျပဳၿပီး အနားကို ေရာက္လာတယ္။

မုဆိုးႀကီးက ေမာ္ၾကည့္လိုက္ေတာ့…။

” ကြၽႏ္ုပ္တို႔ စခန္းကို ဒီေနရာမွာပဲ ပုံေသခ်ထားၿပီး ပစ္မယ့္အဖြဲ႕ပဲ ေတာဆီကို ၀င္ၾကတာ ပိုေကာင္းမယ္ ထင္တယ္…”

မုဆိုးႀကီးက က်ည္ဆံကို ျပန္႐ိုက္ေနတယ္။

” ၀န္ေထာက္မင္းရဲ႕ သေဘာပါ။ အဲ့ဒီ့လိုသြားခ်င္တယ္ဆိုလည္း ရပါတယ္…”

” အင္း ကြၽႏ္ုပ္စိတ္ထင္ ဒီေတာင္ေၾကာေတြမွာ မျမင္ႏိုင္တဲ့ အႏၲရာယ္ေတြ ရွိေနမယ္လို႔ ထင္မိတယ္။ ဒါေၾကာင့္ လူအမ်ားႀကီးသြားရင္ ပစၥည္းေတြလည္း မ်ားၿပီး ေတာေတာင္ထဲမွာ သြားေရးလာေရး ေနေရးထိုင္ေရး အားလုံး အခက္ေတြ႕မယ္လို႔ ထင္မိတယ္…”

” မွန္ပါတယ္ လူမ်ားရင္ေတာ့ နင္ေျပာသလိုျဖစ္မွာ အေသအခ်ာပဲ…”

” ဒါေၾကာင့္ စခန္းကို ဒီမွာပဲ အထိုင္ခ်ၿပီး ပစ္မယ့္အဖြဲ႕က ေတာကို၀င္မယ္။ အဲ့ဒီ့လို၀င္ရာမွာလည္း အေဝးႀကီးကို မ၀င္လိုဘူး။ သားေကာင္ရွိႏိုင္မယ့္ နီးရာေတာကိုပဲ ၀င္ေတာ့မယ္။ ဒါေပမယ့္ အဲ့ဒီလိုဆို သားေကာင္ေကာ ရႏိုင္ပါ့မလား။ ကြၽႏ္ုပ္ကလည္း ေတာလိုက္မထြက္ျဖစ္တာ ႏွစ္အေတာ္ၾကာေနၿပီ။ ဒါေၾကာင့္ မုဆိုးႀကီးကပဲ အစစအရာရာစီစဥ္ေပးပါ။ တကယ္လို႔ လိုအပ္မယ္ဆိုရင္လည္း လမ္းျပေၾကး ထပ္ေပးပါမယ္…”

မုဆိုးႀကီးက က်ည္႐ိုက္ေနမႈကို အဆုံးသတ္လိုက္ၿပီး သိမ္းဆည္းလိုက္တယ္။

” ဘာမွ စိတ္မပူပါနဲ႔။ ငါ နင့္စိတ္တိုင္းက်ျဖစ္ေအာင္ အားလုံးအဆင္ေျပေအာင္ စီမံေပးမွာေပါ့…”

အစီအမံက ေျပာင္းသြားတယ္။

၀န္ေထာက္မင္းေျပာသလိုပဲ ေတာပစ္မယ့္အဖြဲ႕နဲ႔ စခန္းမွာ က်န္ရစ္မယ့္အဖြဲ႕ဆိုၿပီး ကြဲသြားတယ္။

အားလုံးေပါင္း ဆယ္ေယာက္တိတိရွိတဲ့အထဲက ၀န္ေထာက္မင္းတို႔အသားအဖရယ္ မုဆိုးႀကီးရယ္ ေမာင္ေထြးရယ္ ေနာက္ၿပီးေတာ့ သက္ေတာ္ေစာင့္ျဖစ္တဲ့ ႏြားႀကီးတို႔ ႏွစ္ေယာက္ရယ္ ျဖစ္သြားတယ္။

က်န္ရစ္တဲ့သူေတြကေတာ့ စခန္းဆီမွာ စားေရးေသာက္ေရး စီမံၿပီး လိုအပ္မွသာ လိုက္လာခဲ့ၾကဖို႔ မွာခဲ့တယ္။

ဒီလိုနဲ႔ပဲ ေတာဆီကို ၀င္ၾကပါၿပီ။

စခန္းဆီက ထြက္ၿပီး မၾကာခင္ မုဆိုးႀကီးက ေျခလွမ္းေတြကို ရပ္ၿပီး ပါးစပ္က တီးတိုးစကားေတြ ေျပာလို႔ ဟိုဒီလိုက္ၾကည့္ေနတယ္။

” အေရွ႕ဘက္က ေက်ာက္နီေတာင္ စားကြင္းမွာ ဆတ္ရွိမယ္။ ေတာင္ဘက္က ေရနက္ေခ်ာင္ဘက္မွာ ၀က္အုပ္တစ္အုပ္ရွိမယ္။ ဘယ္ဟာကို ပစ္ခ်င္လဲ…”

မုဆိုးႀကီးက ၀န္ေထာက္မင္းကို ေမးတာ။

၀န္ေထာက္မင္းက တစ္ခ်က္ေတြးလိုက္ၿပီး…။

” ဥိးလွေဖအိမ္မွာတုန္းကေတာ့ ဆတ္သားက စားခဲ့ၿပီးၿပီ။ ဒီေတာ့ အခုတစ္ခါ ၀က္သြားပစ္ၾကမယ္…”

” ေကာင္းၿပီေလ.. ငါတို႔ သြားၾကတာေပါ့။ ဒါေပမယ့္ တစ္ခုေတာ့ ငါမွာၾကားခ်င္တယ္။ အဲ့ဒီ့ေနရာမွာ မက္ေမာစရာ ဘာကိုပဲ ေတြ႕ေတြ႕ နင္တို႔ မထိမကိုင္ မယူၾကပါနဲ႔…”

မုဆိုးႀကီးက မွာၾကားၿပီးတာနဲ႔ ေတာင္ဘက္ဆီကို ဦးတည္လွမ္းထြက္သြားခဲ့တယ္။

အားလုံးပဲ အေနုာက္က လိုက္ၾကတာေပါ့။

ခရီးက နည္းနည္းလွမ္းၿပီး ဗ်ိဳက္ေတာနဲ႔ ႐ြက္ေႂကြေတာအခ်ိဳ႕ကို ျဖတ္ခဲ့ၾကရတယ္။

ေနာက္ေတာ့ လမ္းေၾကာင္းက ေအာက္ကို နိမ့္ဆင္းသြားၿပီး လ်ိဳႀကီးတစ္ခုဆီကို ဦစတည္သြားတယ္။

ငွက္ေပ်ာပင္ေတြ တစ္ပင္စ ႏွစ္ပင္စ ျမင္လာရခ်ိန္က် မုဆိုးႀကီးက…။

” ကဲ…အားလုံးပဲ။ အေရွ႕မွာ လူးက်င္းရွိတယ္။ လူကို စုမေနၾကနဲ႔ ႏွစ္ေယာက္စီ တြဲေနၾက။ ေသနတ္ပါတဲ့သူနဲ႔ မပါတဲ့သူ သုံးေယာက္တစ္တြဲစီ တြဲလိုက္ၾကတာ ပိုေကာင္းမယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူမ်ားမ်ားစုေနရင္ ေတာ၀က္က က်ည္လာရာကို ကမူးရႈးထိုး ေျပးထိုးတဲ့အခါ ေရွာင္ရခက္ေနလိမ့္မယ္…”

မုဆိုးႀကီးစကားေၾကာင့္ လူသုံးေယာက္တစ္တြဲ တြဲလိုက္ၾကတယ္။

ေသနတ္မပါတဲ့သူက ႐ိုစီနဲ႔ ေမာင္ေထြးပဲ ရွိတာဆိုေတာ့ တစ္ဖြဲ႕စီ ခြဲထြက္ရတယ္။ ေမာင္ေထြးက ႏြားႀကီးတို႔ဆီ ပါ၀င္သြားရၿပီး ႐ိုစီကေတာ့ သူ႔အေဖနဲ႔အတူ မုဆိုးႀကီးအဖြဲ႕မွာ။

မုဆိုးႀကီးက သူ႔ရဲ႕ တူမီးေသနတ္ကို ယမ္းေထာင္းက်ည္ထည့္ၿပီး အသင့္ျပင္လိုက္တယ္။

အဲ့ဒီ့အခိုက္ ေလသင့္လာတာမို႔ ၀က္အုပ္ရဲ႕ အုအုအိအိ အသံေတြကို ၾကားလိုက္ၾကရတယ္။

” ကဲ…အေျခအေနအရေတာ့ ေဘးကေန ပန္းၿပီး လူးက်င္းကို ဝိုင္းၾကမယ္။ီးအခ်ိန္က သူတို႔လူးက်င္းဆီ ဆင္းၾကတယ္ဆိုေပမယ့္ အခ်ိဳ႕ေကာင္ေတြက ငွက္ေပ်ာ္ငုတ္တူးစားခ်င္စားေနၾကဦးမွာ။ ဒါကိုေတာ့ သတိထားၾက။ ပစ္ကြင္းရၿပီဆိုရင္ ေလခြၽန္သံျပဳၾကမယ္။ ေနာက္တစ္ႀကိမ္ဆိုရင္ ၿပိဳင္တူပစ္ၾကမယ္…”

အဖြဲ႕ႏွစ္ဖြဲ႕ ကိုယ္စီကိုယ္ငွ လမ္းေၾကာင္းအတိုင္း ထြက္ခဲ့ၾကတယ္။

ငွက္ေပ်ာေတာက ႐ြက္ေျခာက္ေတြနဲ႔ဆိုေတာ့ ပစ္ကြင္းေကာင္းရဖို႔က အေတာ့္ကို မလြယ္ဘူး။ ဒီလိုပဲ အေရွ႕ကို တိုးရာမွာလည္း အသံမထြက္ေအာင္အျပင္ သင္းကြဲနဲ႔ မေတြ႕ေအာင္ အေတာ့္ ဂ႐ုစိုက္ၾကရ ေရွာင္ရွားေနၾကရတယ္။

ေသြးေအးေအးနဲ႔ အခ်ိန္အေတာ္ ယူၿပီး သြားလိုက္ေတာ့ လူးက်င္းကို ေတြ႕ရပါၿပီ။ ၀က္အုပ္က ဆယ္ေကာင္ေလာက္ရွိတယ္။

ပစ္ကြင္းအတြက္ကို အသံလုံလုံနဲ႔ ေနရာယူၾကၿပီးေတာ့ မုဆိုးႀကီးက ေလခြၽန္သံျပဳလိုက္တယ္။

တစ္ဖက္ ႏြားႀကီးတို႔ဆီကလည္း ေလခြၽန္သံ ျပန္လာခဲ့တယ္။

” ကဲ…၀န္ေထာက္မင္း။ ပစ္ကြင္းရၿပီဆိုရင္ အခ်က္ျပေတာ့မယ္…”

မုဆိုးႀကီးက ေနာက္တစ္ႀကိမ္ ျပဳလိုက္ခ်ိန္တယ္။ ေလခြၽန္သံ အဆုံးမွာေတာ့…။

” ဒိန္း…ဒိန္း…ဒိန္း…”

” ဝု အု အု အီး…”

” အား…”

အဖြဲ႕ႏွစ္ဖြဲ႕ဆီက ပစ္ခတ္သံေတြေၾကာင့္ ၀န္းက်င္တစ္ခုလုံး ဆူညံပြက္ေလာ႐ိုက္သြားတယ္။

၀က္အုပ္ဆီက ေအာ္သံေတြအျပင္ ႏြားႀကီးတို႔အဖြဲ႕ဆီက လူတစ္ေယာက္ရဲ႕ ေအာ္သံကိုလည္း စူးခနဲ ၾကားလိုက္ရတယ္။

ယမ္းခိုးေတြၾကားမွာ ၀က္အုပ္က ႐ုန္းရင္းဆန္ခတ္ျဖစ္ေနၿပီး ေခါင္းေဆာင္၀က္ႀကီးနဲ႔အတူ သုံးေလးေကာင္ လဲက်ေနတယ္။

က်န္တဲ့ ၀က္အခ်ိဳ႕ကေတာ့ ကမူးရႉးထိုးနဲ႔ တစ္ဖက္ကို တက္ေျပးကုန္ၾကတယ္။

၀က္ေတြဆီက အႏၲရာယ္ကေတာ့ ေအးသြားၿပီ။ သို႔ေပမယ့္ မုဆိုးႀကီးအတြက္ မေအးေသးတာက လူေအာ္သံ။

” ေဟး…ဘာျဖစ္တာလဲ…”

ႏြားႀကီးတို႔ဆီက တုန္႔ျပန္သံ မၾကားရ။ မုဆိုးႀကီးတို႔လည္း တစ္ဖက္ေတာဆီကို အေျပးအလႊား သြားၾကည့္လိုက္ၾကတယ္။

” ဟင္…”

ေသြးအိုင္ထဲမွာ ႏြားႀကီး သူ႔အေဖာ္တို႔ ေခြေခြေလးေတြ လဲေနၾကတယ္။

ေမာင္ေထြးကေတာ့ ငွက္ေပ်ာ္ပင္ေတြစုေနတဲ့ အၾကားမွာ ေတြ႕ရတယ္။

” ေမာင္ေထြး ဘယ္လိုျဖစ္တာလဲ…”

” ၀က္ပတ္တာ…”

” ဟာ…ကၥ္​…”

မုဆိုးႀကီး မေက်မခ်မ္နဲ႔ ညည္းတြားလိုက္တယ္။

၀န္ေထာက္မင္းနဲ႔ ႐ိုစီတို႔ကေတာ့ ႏြားႀကီးတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ေသြးပ်က္ေနၾကတယ္။

႐ိုစီဆိုရင္ ေၾကာက္စိတ္ေၾကာင့္ ၾကဴၾကဴပါေအာင္ ငိုေလတာ။

မုဆိုးႀကီးမွာေတာ့ ထင္မွတ္မထားတဲ့အျဖစ္အတြက္ စိတ္ထဲ ေဒါသတခဲခဲနဲ႔။

xxxxxx

တစ္ပါတ္ခန္႔အၾကာ…။

ႏြားႀကီးတို႔ႏွစ္ေယာက္ကို ႐ြာဆီမွာပဲ သၿဂႋဳဟ္ခဲ့ၾကၿပီး ၀န္ေထာက္မင္းတို႔လည္း ခရီးစဥ္ကို ဖ်က္လို႔ ၿမိဳ႕ဆီကို ျပန္ၾကေတာ့မယ္။

၀န္ေထာက္မင္းတို႔နဲ႔အတူ ေမာင္ေထြးလည္း ျ ထမင္းခ်က္အျဖစ္နဲ႔ ၿမိဳ႕ကို လိုက္ပါသြားဖို႔ အသင့္ျဖစ္ေနတယ္။

ေမာင္ေထြးကို ၿမိဳ႕ကို ေခၚတာ ႐ိုစီက ေခၚတာ။ ဒါေၾကာင့္ ေက်နပ္စိတ္ကဲေနတဲ့ ေမာင္ေထြးရဲ႕ အၾကည့္ေတြက ႐ိုစီ့ဆီမွာပဲ ႐ႊန္း႐ႊန္းစားစားကို ရွိေနတယ္။

ဦးလွေဖတို႔ ဝိုင္းထဲကို မုဆိုးႀကီး ၀င္ေရာက္လာတယ္။ ၀န္ေထာက္မင္းကို ႏႈတ္ဆက္ၿပီးေတာ့ မုဆိုးႀကီးက ေမာင္ေထြးကို လွမ္းေခၚလိုက္တယ္။ ၿပီးေတာ့ ေဝးရာဆီကို ေခၚသြားခဲ့ၿပီး…။

” ေမာင္ေထြး…ျဖစ္စဥ္အမွန္ကို ငါသိလိုတယ္။ နင္ ဘာလုပ္ခဲ့တယ္ဆိုတာ ဘာျဖစ္ခဲ့တယ္ဆိုတာ ငါ့ကို ေျပာျပပါ…”

ေမာင္ေထြးတစ္ေယာက္ မုဆိုးႀကီးကို ညာလို႔မရဘူးဆိုတာ နားလည္တာေၾကာင့္ အမွန္အတိုင္းပဲ ေျပာျပေလတယ္။

xxxxxx

လူစုခြဲၿပီးေတာ့ လမ္းေၾကာင္းအတိုင္း ဆက္တိုးလာၾကရင္း တစ္ေနရာကိုေရာက္ေတာ့ ႏြားႀကီးတို႔ႏွစ္ေယာက္က ေမာင္ေထြးကို ေသနတ္နဲ႔ အၿပိဳင္ခ်ိန္လာၾကတယ္။

ေမာင္ေထြးလည္း ထင္မွတ္မထားခဲ့တာေၾကာင့္ ၾကက္ေသေသသြားတယ္။

” မေကာင္းဆိုး႐ြား…မင္းဘာေကာင္လဲဆိုတာ ငါသိတယ္။ မင္းဘယ္ေလာက္ႀကီးပဲ စြမ္းစြမ္း ေသနတ္ကိုေတာ့ ယွဥ္ႏိုင္မယ္ မထင္ဘူး။ ဟုတ္တယ္မလား ငတိုး …”

” ဟုတ္ပါ့ဗ်ာ…ဟုတ္ပါ့…”

ႏြားႀကီးတို႔ႏွစ္ေယာက္ စကားေတြ ေျပာေနၾကတုန္း မုဆိုးႀကီးတို႔ဆီက ေလခြၽန္သံၾကားရတယ္။

ႏြားႀကီးက ၿပဳံးၿဖီးၿဖီးနဲ႔ ေလခြၽန္သံ ျပန္ေပးလိုက္တယ္။ အဲ့ဒီ့အခ်ိန္မွာပဲ ေမာင္ေထြးရဲ႕ အျမင္ဆီမွာ မလွမ္းမကမ္းက ၀က္လူးက်င္းကို လွမ္းျမင္လိုက္ရတယ္။

” ပစ္ဖို႔ အခ်က္ျပတာနဲ႔ ငါတို႔ ၀က္ကို မပစ္ဘဲ သူ႔ကို ပစ္မယ္…”

ႏြားႀကီးက သူ႔လူကို အခ်ိန္ကိုက္လိုက္တယ္။

အဲ့ဒီ့အခ်ိန္မွာပဲ ေလခြၽန္သံက ထြက္ေပၚလာတယ္။ ေမာင္ေထြးလည္း နံေဘးက ငွက္ေပ်ာ္အုံၾကားကို ဒိုင္ပင္ပစ္ထိုးခ်လိုက္တယ္။ ၿပီးေတာ့ ၀က္အုပ္ဆီက ဇီဝိန္ေႂကြၿပီး လြင့္ပ်ံလာတဲ့ ဝိဥာဥ္ကို ဆြဲေဆာင္လွမ္းေခၚလိုက္မိေတာ့တာ။

xxxxxx

” အင္း…နင္ မမွားပါဘူး အသက္အႏၲရာယ္အတြက္ လက္တုန္႔ျပန္တာပဲ။ ငါ အဲ့ဒီ့တုန္းကတည္းက ထင္မိတယ္။ ဘာလို႔လဲဆိုေတာ့ ေျမျပင္မွာ ေျခရာေျခခင္း ဘာမွမရွိတာအျပင္ ပစ္တုန္းကလည္း ၀င္ေတြ အဲ့ဒီ့ဘက္ကို ေျပးတက္သြားတာကို ငါမျမင္မိလို႔…”

ေမာင္ေထြး မ်က္ႏွာ မေကာင္းျဖစ္သြားတယ္။

” ကဲပါ…မအခု နင္ ၿမိဳ႕ကို လိုက္သြားရမယ္မလား။ သူတို႔ အလုပ္ကို လုပ္မွာျဖစ္တဲ့အတြက္ သူတို႔အေပၚမွာ သစၥာရွိပါ။ ျဖဴစင္တဲ့ ခ်စ္ျခင္းေမတၱာကိုပဲ နင္ျမတ္ႏိုးပါလို႔ ငါ မွာလိုက္ပါရေစ…”

ေမာင္ေထြးလည္း မုဆိုးႀကီးရဲ႕ စကားကို ေခါင္းညိတ္နာခံလိုက္တယ္။

” ေမာင္ေထြးေရ သြားၾကမယ္ေဟ့…”

ဦးလွေဖက လွမ္းေခၚေနၿပီ။

” ဆရာ…က်ဳပ္သြားေတာ့မယ္…”

မုဆိုးႀကီးက ေခါင္းညိတ္ျပေတာ့ ေမာင္ေထြးလည္း ေက်ာခိုင္းထြက္သြားခဲ့ပါၿပီ။

xxxxxx

တေျမ့ေျမ့နဲ႔ ေဝးေဝးသြားတဲ့ ၀န္ေထာက္မင္းတို႔အဖြဲ႕ကို ၾကည့္ၿပီး မုဆိုးႀကီး သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္။

” ေမာင္ေထြး…နင္ အစစအရာရာ အဆင္ေျပပါေစ…”

ႏႈတ္ဆက္စကားမဆန္တဲ့ တီးတိုးစကား။

၀န္ေထာက္မင္းတို႔အဖြဲ႕ကေတာ့ တေ႐ြ႕ေ႐ြ႕နဲ႔ သရမီ႐ြာဆီကေန ေဝးလို႔ ေဝးလို႔…။

ၿပီးပါၿပီ။

ေရးသားသူ…ထမံ(ေတာင္ငူ)

#ညမဖတ္ရ