*တစ်ပွဲစားမောင်ညွန့်*📖📖📖
***************************
ဖြစ်ရပ်မှန်
သူ့နာမည်က မောင်ညွန့်။
သူက ကွန်းချောင်းရွာသားဖြစ်ပေမင့် ရွာထဲတွင်နေလေ့မရှိဘဲကျွန်တော်တို့သစ်ထုတ်လုပ်ရေးစခန်း ရှေ့တွင်တဲလေးထိုးပြီးနေထိုင်သူဖြစ်သည်။
ကျွန်တော်တို့သစ်ထုတ်လုပ်ရေးစခန်းမဖွင့်ခင် ဟိုးယခင်က သူသည် ဤတောအတွင်းဝယ်..မိုးတွင်းဆိုလျှင်ဝါးခုတ်..ပွင့်လင်းရာသီဆိုလျှင်အမဲလိုက်..စသည်တို့ဖြင့်တစ်ကိုယ်တည်းလှုပ်ရှားနေသူဖြစ်သည်။
ပြီး..ရွာထဲသို့လည်းသိပ်ပြန်လေ့မရှိဘဲ တောအတွင်းဝယ်..အဆင်ပြေသည့်နေရာတွင်တဲထိုးပြီးနေထိုင်လေ့ရှိသည်။
ဤတောကလည်း ဟိုးယခင်က အလွန်နက်ပြီး..ကျားဆင်စသည့်တောကောင်များလည်း ပေါများလွန်းလှသည်။
နောက်ပိုင်းတွင်မူ ကျွန်တော်တို့သစ်ထုတ်လုပ်ရေးစခန်းတွေရောက်လာသည့်နောက် တောကောင်ကြီးတွေတဖြည်းဖြည်းနည်းပါးလာသည်။
မောင်ညွန့်သည် ကျွန်တော်တို့သစ်ထုတ်လုပ်ရေးစခန်းရှေ့တွင် တဲထိုး၍ဇောက်ချနေထိုင်လာသည့်နောက် ကျွန်တော်တို့နှင့်လည်း တဖြည်းဖြည်းရင်းနှီးလာခဲ့သည်။
ကျွန်တော်တို့သည် အထက်မှချပေးသောရိက္ခာများ ငါးခြောက် ပဲ စသည်တို့ကိုမောင်ညွန့်အမဲလိုက်၍ရရှိသည့်ဟင်းလျာများနှင့်လဲလှယ်တတ်ကြသေးသည်။
ရံဖန်ရံခါ အားလပ်ချိန်ဆိုလျှင်တော့ မောင်ညွန့်နှင့်အတူ တောနက်ထဲသို့သွားကာ အမဲလိုက်တတ်ပါသေးသည်။
ယင်းသို့လိုက်ရာတွင်လည်း သားကောင်ကို ရတစ်လှည့် မရတစ်လှည့်သာဖြစ်သည်။
နောက်ပိုင်းတွင်တော့ မောင်ညွန့်တစ်ယောက် ၎င်း၏တဲတွင် နေထိုင်လေ့မရှိတော့ဘဲ အခြားမုဆိုးတစ်ယောက်နှင့်သာ အတူတကွအမဲလိုက်နေလေတော့သည်။
ယင်းသို့လိုက်ပြီး သုံးနှစ်ခန့်ကြာလာတော့မှ သူ၏တဲတွင် အတည်တကျအခြေပြန်ချလေသည်။
တစ်နေ့။ထိုနေ့က နေ့လယ်တစ်နာရီထိုးစပြုနေပြီဖြစ်သည်။
ကျွန်တော်လည်းအလုပ်နားရက်ဖြစ်သည်မို့မောင်ညွန့်နှင့်အတူအရက်သောက်ဖြစ်သည်။
ယင်းအခိုက်တွင် ခပ်လှမ်းလှမ်းမှ ဂျီဟောက်သံကြားလိုက်ရသောအခါ ၎င်းက
“ဟင်း..ဒီကောင်တော့ သေချင်နေပြီနဲ့တူတယ်”
ယင်းသို့ကြိမ်းတော့ ကျွန်တော်က
“ပြောတာလွယ်လိုက်တာ။
သေချင်နေပြီလို့ပြောရအောင် အဲဒီကောင်က
မင်းမွေးထားတာဟုတ်လို့လား”
ယင်းသို့စလိုက်တော့ ၎င်းလည်းမခံချင်စိတ်ဖြစ်သွားဟန်တူသည်။
“ဒါဆို မင်းနဲ့ငါလောင်းမလား။အဲဒီဂျီကိုငါရမရ”
“လောင်းမယ်လေ။
ဒါပေမယ့် အဲဒီတစ်ကောင်တည်းနဲ့တော့မရဘူး။လေးကောင်အထိပစ်နိုင်မှ။မမှောင်ခင် လေးကောင်အထိပစ်နိုင်ရင် ငါနှစ်သောင်းပေးမယ်။မရရင်မင်းကပြန်ပေး”
ယင်းသို့စိန်ခေါ်တော့၎င်းက
“ငါနိုင်ရင်မင်းငါ့ကိုပိုက်ဆံမပေးနဲ့။ရလာတဲ့ဂျီတွေကို ဖျက်ပြီး စက်သမားတွေ၊ကားသမားတွေကို ချက်ချင်းပြန်ရောင်းပေး။
ဘယ်လိုလဲ”
“ဟာ ရတာပေါ့ကွ”
မောင်ညွန့်ထိုင်ရာမှ ယိုင်တိုင်တိုင်ဖြင့်ထလိုက်သည်။
ကျွန်တော်တို့စသည့်အချိန်က နေ့လယ်တစ်နာရီထိုးနေပြီမို့ သူ့အတွက် မမှောင်ခင်ဂျီလေးကောင်ရဖို့ဆိုတာ မည်သို့မှမဖြစ်နိုင်ချေ။
တောအုပ်ကြီးဖြစ်နေပြန်သည်မို့ ညနေငါးနာရီဆိုလျှင် မှောင်နေပြီမဟုတ်လား။
ကျွန်တော်တို့နှစ်ယောက် လောင်းကြေးအတည်ပြုပြီးသည့်နောက် မောင်ညွန့်လည်း အမဲပစ်သေနတ်ကိုယူကာ
ဆိုင်ကယ်တစ်စီးဖြင့်ထွက်သွားသည်။
နာရီဝက်ခန့်အကြာ၌ ၎င်းသည် ဂျီသေနှစ်ကောင်ကို ဆိုင်ကယ်ပေါ်တွင် ရှေ့နောက်တစ်ကောင်စီတင်ပြီးရောက်လာသည်။
“ကဲ ကိုသန်း ခင်ဗျားစကားအတိုင်း
ဒီနှစ်ကောင်ကိုဖျက်ထား”
ယင်းသို့ဆိုပြီး ဂျီသေနှစ်ကောင်ကို မြေကြီးပေါ်ပစ်ချကာ ဆိုင်ကယ်ကိုဆက်လက်မောင်းထွက်သွားပြန်သည်။
ကျွန်တော့်မှာမူ ပါးစပ်အဟောင်းသားနှင့်ကျန်ခဲ့သည်။
သို့သော်လည်း ကြာကြာမအံ့သြဖြစ်ဘဲ ချောင်းဘေးတွင် ဂျီသေနှစ်ကောင်ကိုဖျက်ရတော့သည်။
လေးနာရီထိုးသောအချိန်၌ မောင်ညွန့်ပြန်ရောက်လာသည်။
ဆိုင်ကယ်ပေါ်တွင် ဂျီသေနှစ်ကောင်ပါလာပြန်သည်မို့ ကျွန်တော်တို့လည်း ဆက်ဖျက်ပေးရပြန်သည်။
အံ့သြစရာအလွန်ကောင်းလှသည်။
တစ်နာရီမှ လေးနာရီအတွင်း ဂျီလေးကောင်ကို ရအောင်ပစ်နိုင်သူရယ်ပင်။
(ဤနေရာတွင် မေးစရာရှိသည်က အနှီဂျီလေးကောင်ကို အခြားတစ်နေရာမှ အလွယ်ဝယ်ယူလာခြင်းမဖြစ်နိုင်လောဟူ၍ပင်။
သို့သော် ဤတောဤတောင်တွင် ကျွန်တော်တို့၏ခြေရာတွေကထပ်လျက်ရှိနေသည်။
ပြီး စခန်းနှင့်ရွာဆိုတာကလည်း ဆယ့်နှစ်မိုင်ခန့်ဝေးကွာသည်ကတစ်ကြောင်း၊ယင်းရွာတွင် ဘာတွေရှိသနည်းဆိုတာကအစအကုန်သိထားကြသူတွေမို့ ဤဂျီလေးကောင်ကိုမောင်ညွန့် ဝယ်ယူလာခြင်းဆိုတာတော့ လုံးဝမဖြစ်နိုင်ချေ။)
နောက်ဆုံးတွင်တော့ လောင်းကြေးအတိုင်း ထိုဂျီလေးကောင်ကိုညတွင်းချင်းအပြီးဖျက်ပြီး စခန်းအတွင်းရှိ ဘက်ဖိုးသမားတွေ၊ကားသမားတွေကို
“ပိုက်ဆံနောက်မှပေး”ဟုပြောကာ လိုက်ဖြန့်ရလေတော့သည်။
နောက်ပိုင်းတွင် မောင်ညွန့် သားကောင်ရလာသည်မှာ ခပ်စိပ်စိပ်ဖြစ်လာသည်။
ပို၍ထူးဆန်းသည်မှာ ယနေ့ မည်သည့်သားကောင်ကို အရပစ်လာမည်ဟု ပြောပြီး ထွက်သွားလျှင် ပြန်လာသည့်အခါ၌ သူလိုချင်သည့်သားကောင်ပါမြဲပါလာတတ်သည်။
ကြာလာတော့ ကျွန်တော်တို့လည်း မောင်ညွန့်ကိုစိတ်ဝင်စားလာခဲ့သည်။
သို့ဖြင့် ကျွန်တော်တို့အဖွဲ့သည် စခန်းပြောင်းရွေ့ခါနီး၌ နှုတ်ဆက်ပွဲအနေဖြင့် အတူဝိုင်းဖွဲ့ကာ အရက်သောက်ရင်း
မောင်ညွန့်ကိုမေးဖြစ်သည်။
“နေစမ်းပါအုံး မင်းက လိုချင်တဲ့သားကောင်မှန်သမျှအကုန်ရနေတော့တာပဲ။ဘယ်လိုကြောင့်များလဲ။သားကောင်တွေကို သီးသန့်မွေးထားတာလား”
ယင်းသို့မေးတော့ ၎င်းက
“ဟာ မမွေးပါဘူးဗျ။
ဒီအတိုင်းပဲရှာဖွေပြီး ပစ်ခတ်လာခဲ့တာပဲ”
“မဖြစ်နိုင်ပါဘူး။မင်းငါတို့ကို လျှိုထားတာဖြစ်မယ်..ပြောစမ်းပါကွာ။ငါတို့သိချင်လွန်းလို့ပါ”
တာဝန်ခံတစ်ယောက်က အတင်းအကြပ်မေးမြန်းတော့ မောင်ညွန့်လည်း သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး
“ဒီလိုဗျ။
လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်က ကျွန်တော်မုဆိုးကြီးတစ်ယောက်နဲ့အတူ အမဲလိုက်ဖူးတယ်။သူက သားကောင်တွေ
ရှားပါးချိန်မှာတောင်နေ့တိုင်းရတော့ ‘ဘာကြောင့်လဲ’လို့ကျွန်တော်ကမေးတော့ သူကသိပ်မဖြေချင်ဘူး။
ကျွန်တော်က သူ့ဆီတပည့်ခံပြီးအတင်းအကြပ်မေးမှဖြေတာ။
အဲဒါကတော့ သူ့ကိုယ်သူ ဒီတောမှာရှိတဲ့နတ်။အင်း..မကောင်းတဲ့နတ်လို့ပြောရမှာပေါ့။အဲဒီနတ်ဆီမှာ အပ်နှင်းထားတာ။
ပြောရမယ်ဆိုရင် နတ်က သူလိုချင်တဲ့သားကောင်ကိုပေးတယ်။သူကတော့ သေရင် အဲဒီနတ်ဆီမှာ အခိုင်းအစေအဖြစ်လုပ်ကိုင်ပေးမယ် ဆိုပြီး ကတိသစ္စာပြုခဲ့သတဲ့။
ဒါကြောင့်လည်း သူလိုချင်တဲ့သားကောင်ကို အချိန်မရွေးရနေတာတဲ့။
ကျွန်တော်လည်း အဲဒီတုန်းက သူသားကောင်တွေရနေတာမြင်တော့အားကျပြီး အဲဒီနတ်ဆီမှာ သစ္စာပြုတိုင်တည်ချင်တော့ သူက အစပိုင်းမှာ ငြင်းတယ်။
နောက်တော့ ကျွန်တော် စိတ်အားထက်သန်လွန်းတာကြောင့် အုန်းပွဲငှက်ပျောပွဲတွေနဲ့ သစ္စာပြု တိုင်တည်ပေးခဲ့တယ်”
၎င်းစကားကြောင့် ကျွန်တော်တို့လည်း အံ့အားသင့်ထိတ်လန့်သွားခဲ့ရသလို၊သူအလိုရှိသည့်သားကောင်မှန်သမျှ အချိန်တိုအတွင်း ရှာဖွေပစ်ခတ်နိုင်ခဲ့သည့် အခိုက်အတန့်တွေကို ရုတ်ချည်းပြန်မြင်ယောင်လာမိသည်။
သို့သော် တစ်ဘဝစာအတွက်သာ ကောင်းမွန်သော်လည်း နောင်ဘဝအတွက်မူ ရင်လေးစရာဖြစ်နေသည်မို့ ကျွန်တော်က
“ခင်ဗျား မလုပ်ကောင်းတာတွေလျှောက်လုပ်နေတာပဲ။အဲဒီတိုင်တည်တာကို ပြန်ဖျက်လို့ရလား”
“ဘယ်ရတော့မလဲဗျ။
နတ်ဆီမှာတိုင်တည်ထားတဲ့ကိစ္စကို”
“ဟင်း”
ကျွန်တော်သာ မဟုတ်။အခြားဝန်ထမ်းတွေပါသက်ပြင်းအသီးသီးချမိတော့သည်။
နောက်ပိုင်း စခန်းပြောင်းရွေ့ခဲ့သည့်နောက် ကျွန်တော်တို့အဖွဲ့လည်း မောင်ညွန့်နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။
ဤကဲ့သို့ နတ်နှင့်အပေးအယူလုပ်ထားသည့်ပုဂ္ဂိုလ်တွေ၏ ဘဝဇာတ်သိမ်းသည် စိတ်ဝင်စားစရာမျိုးစုံဖြင့်သိမ်းတတ်ကြသည်မို့ ကျွန်တော်လည်း ၎င်း၏သတင်းကိုရသလောက်စုံစမ်းခဲ့သေးသည်။
သို့သော် နောက်ပိုင်းတွင် ကိုဗစ်ကာလကတစ်မျိုး။အာဏာသိမ်းတာကတစ်မျိုးမို့ မောင်ညွန့်၏သတင်းမှာ အစအနလုံးဝပျောက်ကွယ်လျက်ရှိနေပါတော့သည်။
ယခုထက်တိုင်ပင်အဆက်အသွယ်မရတော့ပါ။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
မှတ်ချက်။ ။ဤအဖြစ်အပျက်အား ဖုန်းဆက်ပြီး တကူးတကပြန်လည်ပြောပြသည့် သစ်ထုတ်လုပ်ရေးစခန်းမှ စာပေချစ်သူအား ကျေးဇူးတင်ပါသည်။