တန်ပြန်လည်သည့်ဝဋ်_-_အောင်ဓူဝံ
===============
ဦးကောင်းထူးဆိုလျင်ရပ်ထဲရွာထဲမှာ
မသိသူမရှိလှသည့်မုဆိုးတစ်ယောက်ဖြစ်သည်။
ဦးကောင်းထူးကငယ်စဉ်ကလေးဘဝကတည်းက
အကောင်ပလောင်လေးတွေမြင်ရင်မနေနိုင်
သတ်တတ်သည်ဟုလူကြီးသူမများကပြောကြား
သလိုဦးကောင်းထူး၏မိဘများကလည်း
မည်သို့ပင်ဆုံးမဆုံးမနားမဝင်ပဲတိရစ္ဆာန်လေးတွေကိုငြှင်းပန်းနှိပ်စက်၍အသေသတ်သူလည်းဖြစ်
သည်။
မိဘနှစ်ပါးကွယ်လွန်သွားတော့လူပျိုပေါက်အရွယ်
ရောက်နေသောဦးကောင်းထူးလည်း
ထိန်းသိမ်းမည့်သူမရှိတော့ပို၍ဆိုးလာတော့သည်။
တစ်နေကုန်တောထဲဝင်သူလိုချင်သည့်
တောကောင်အားမရမကရှာဖွေပြီးသတ်ဖြတ်ရမှ
သူနေသာထိုင်သာရှိပြီးအကျေနပ်ကြီးကျေနပ်နေသူလည်းဖြစ်သည်။
သူ့ကိုဘာအသားလေးလိုချင်တယ်ဟု
မှာလျင်လည်းရှာဖွေသတ်ဖြတ်ပေးတတ်သေးသည်
အသားရောင်းရသမျှပိုက်ဆံကိုလည်း
အရက်ဆိုင်မှာပဲသုံးဖြုန်းပစ်လိုက်သေးသည်။
အချိန်တွေကြာလာတော့ ဦးကောင်းထူး
တစ်ယောက်ရွာထဲမှ မခင်စံပယ်ဆိုသည့်
အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ကျသွား
လေသည်။
ရွာထဲမှလူအားလုံးက မခင်စံပယ်ပြုပြင်ပေးရင်
ဦးကောင်းထူးတစ်ယောက်လူကောင်းဘဝ
ပြန်ရောက်လိမ့်မည်ဟုထင်နေမိကြသည်။
သို့ပေမယ့်လည်း မခင်စံပယ် ဘယ်လိုပင်တရားချချ
မကြားချင်ပေလက်မခံပေသူပြောနေကြစကားအတိုင်းပြောမြဲသာပြောနေသည်။
“ဒီမှာခင်စံပယ် ငရဲဆိုတာနောက်ဘဝမှခံရမှာ
ငါကတော့မသတ်ရရင်မနေနိုင်တဲ့ကောင်ပဲလေ
ပြီးတော့မင်းကိုငါကဒီသတ်ဖြတ်တဲ့လုပ်ငန်းနဲ့ပဲ
ရှာကျွေးနေရတာမဟုတ်လား
ဒီအလုပ်ကလွဲရင်တခြားအလုပ်လည်းငါကမလုပ်တတ်ဘူးကွ ”
“ဒါတော့ဒါပေါ့ ကိုကောင်းထူးရယ်
အခုကျွန်မတို့ဘဝထဲကိုကလေးတစ်ယောက်က
မကြာခင်ရောက်လာတော့မှာဆိုတော့
ရှင့်ကိုဒီအလုပ်တွေရပ်နားစေချင်လို့ပါတော်
ပြီးတော့ကျွန်မကလည်းရှင်ဒီလိုအကုသိုလ်တွေ
ပြုပြီးရှာဖွေကျွေးမွေးတာကိုကျွန်မမျိုမကျပါဘူး
တော်”
“အေးပါကွာ မင်းစေတနာနဲ့ပြောမှန်းငါသိပါတယ်
တစ်နေ့တော့ငါဒီအလုပ်တွေစွန့်မှာပါဟ”
“အင်းပါတော် အဲဒီနေ့ကိုကျွန်မစောင့်နေပါ့မယ်”
အချိန်တွေကရက်မှလ လမှနှစ်သို့ပြောင်းခဲ့လေပြီ
ဦးကောင်းထူးနဲ့မခင်စံပယ်တို့ရဲ့ဘဝလေးထဲကို
သမီးလေးတစ်ဦးဝင်ရောက်လာတာ အခုဆို
သမီးလေးအသက်တောင်၅နှစ်ရှိခဲ့ပြီဖြစ်သည်
ဦးကောင်းထူးကတော့အကုသိုလ်အလုပ်တို့
လုပ်မြဲလုပ်ဆဲပဲဖြစ်သည်။
“ဖေကြီး”
“ဟေး ဘာလဲငါ့သမီးပြော ဖေကြီးကိုပြော”
လက်ကတောကောင်တစ်ကောင်အား
ဓါးတစ်ချောင်းနှင့်လှီးဖြတ်ရင်းဖြေလိုက်လေသည်။
“ဖေကြီးရယ်ဘာလို့အကောင်လေးတွေကို
သတ်နေတာလဲဟင်”
သမီးလေးခခ ရုတ်တရက်မေးလိုက်သည့်မေးခွန်း
ကြောင့်ဦးကောင်းထူးဘာဖြေရမှန်းမသိဖြစ်သွား
လေသည်။
“အာ အင် ဒီ ဒီလိုလေ သမီးခခရဲ့
သမီးလေးတို့သားအမိစားဖို့ဖေကြီးက
အသားတွေလှီးပေးနေတာပါ သမီးရဲ့ ”
“အော် ဟုတ်လား ဒါဆိုဖေကြီးသတ်တာမဟုတ်ဘူးပေါ့”
သမီးလေး ခခကစကားတတ်တော့
ခခမေးသမျှဦးကောင်းထူးဝှေ့ပတ်ပြီး
ဖြေဆိုနေရလေသည်။
“မ မဟုတ်ပါဘူး သမီးရဲ့ ဖေကြီးက
အကောင်လေးတွေမသတ်ပါဘူး”
“အင်း မေကြီးကပြောတယ် အကောင်လေးတွေကို
မသတ်ရဘူးတဲ့သတ်ရင်ငရဲကြီးလိမ့်မယ်တဲ့
ဖေကြီးလည်းမသတ်နဲ့နော်”
“အေး အေးပါ သမီး ဖေကြီးမသတ်ပါဘူး
သွားသွားသမီးဒီနားလေးမနေနဲ့သွေးတွေ
စင်လိမ့်မယ်နော် ဟိုးနားလေးမှာသွားပြီးဆော့
နော်”
“ဟုတ်ဖေကြီး”
ခုန်ပေါက်ကစားပြီးထွက်သွားရှာတဲ့သမီးလေး
ခခ၏ကျောပြင်လေးအားငေးရင်း ဦးကောင်းထူး
တစ်ယောက်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာ
ချမှတ်လိုက်လေသည်။
“အင်း ငါ့သမီးလေးပြောတာလည်းဟုတ်တာပဲ
အရွယ်မရောက်သေးတဲ့သမီးလေးခခတောင်
အသိတရားရှိသေးတာပဲငါကဘာလို့မပြုပြင်နိုင်
ရမှာလဲတော်ပြီ တော်ပြီ ငါဒီတစ်ခါတောလိုက်
ပြီးရင်ဒီအကုသိုလ်အလုပ်တွေရပ်လိုက်တော့မယ်”
ထိုနေ့က ဦးကောင်းထူးတစ်ယောက်သူ၏
ဆုံးဖြတ်ချက်အားဇနီးဖြစ်သူမခင်စံပယ်အား
ပြောပြရှာသည်။
“ရှင် ရှင် တကယ်ပြောနေတာလား ”
“တကယ်ပေါ့ မိန်းမရ ငါကမလိမ်တတ်ပါဘူး
“ကျွန်မဝမ်းသာလိုက်တာရှင် ရှင်ဘာအလုပ်မှ
မလုပ်ရင်လည်းနေပါကျွန်မရှာကျွေးနိုင်ပါတယ်”
“ဟာ မင်းလုပ်စာတော့ထိုင်ပြီးတော့မစားပါရစေနဲ့
ငါယောက်ျားပါကွ မင်းတို့သားအမိနှစ်ယောက်ကို
တော့ငါရှာကျွေးနိုင်ပါတယ်’
“သြော် ဒါနဲ့ယောက်ျားဟိုတံခါးပေါက်က
မိုးရွာလေတိုက်ရင်ပိတ်လို့မရဖြစ်နေတယ်
တံခါးပိတ်မရတော့အိမ်ကြမ်းခင်းတွေမိုးရေစင်လို့
နောက်နေ့ရှင်အားရင်ပြင်ပေးဦး”
“ဟိုတံခါးလား ”
“အင်းဟုတ်တယ် ယောက်ျား”
“အေးပါ ငါလုပ်လိုက်ပါ့မယ်”
နောက်တစ်နေ့မနက်ရောက်တော့
ဦးကောင်းထူးတစ်ယောက်လက်နက်အစုံအလင်
ယူဆောင်ပြီးတောထဲထွက်လာခဲ့လေသည်။
သူဒီတစ်ခါတောထဲလာရသည်မှာလည်း
ရွာထဲရှိဖောက်သယ်တစ်ဦးမှအသားမှာထား
သဖြင့်တောထွက်လာခဲ့ခြင်းလည်းဖြစ်သည်။
ညနေစောင်းမှဦးကောင်းထူးတစ်ယောက်
အိမ်ပြန်ရောက်လာလေသည်။
ကျောကုန်းထက်မှာသားကောင်တစ်ကောင်အား
ဝါးချွန်ဖြင့်ထိုး၍သယ်လာခြင်းလည်းဖြစ်သည်။
“မေကြီးရေ ဖေဖေပြန်လာပြီ”
“ဟာသမီး အဖေ့ကိုထွက်စောင့်နေတာလား”
“ဟုတ်တယ် ဖေကြီး
ဟင်ဖေကြီးနောက်ကျောပေါ်ကဘာကောင်ကြီးလဲ
ဖေကြီးသတ်လာတာလားဟင်”
“မ မဟုတ်ပါဘူးသမီးရဲ့ ဒါကမှာထားတဲ့လူရှိလို့
လူကြုံပေးခိုင်းလိုက်တာပါ”
“ကိုကောင်းထူး ခဏနားပြီးရေချိုးလိုက်ဦး
ပြီးရင်ထမင်းစားကြမယ်”
“အေးအေး ငါ့ မိန်းမ”
ထိုနေ့ညကထမင်းဝိုင်းလေးသည်
ပျော်ရွှင်ခြင်းတို့နှင့်ပြည့်နေခဲ့လေသည်။
ထမင်းစားသောက်ပြီးညအိပ်ယာဝင်တော့
“ယောက်ျား မနက်ဖြန်ရှင်တောသွားဦးမှာလား”
“ဟင့်အင်း ဒီနေ့နောက်ဆုံးပဲလေ မနက်ဖြန်ကစပြီး
တောမသွားတော့ဘူးဒီအလုပ်ကိုရာသက်ပန်
ငါ့စွန့်တော့မယ်”
“ကျွန်မပျော်လိုက်တာရှင် နောက်ဆုံးတော့
ကျွန်မဖြစ်စေချင်သလိုဖြစ်လာခဲ့ပြီမလား”
“အင်း ဒါပေါ့မိန်းမရာ”
နောက်နေ့မိုးလင်းတော့ ဦးကောင်းထူးတစ်ယောက်
သမီးဖြစ်သူခခနှင့်အတူရှိပြီးဆော့ကစားနေတုန်း
“သြော် ယောက်ျားမေ့တော့မလို့”
“ဘာလဲမိန်းမရဲ့”
“တံခါးပေါက်လေးပြင်ခိုင်းထားတာမေ့နေမှာဆိုးလို့
“အေးဗျာ ဟုတ်သားပဲ ငါအခုပဲတက်ပြင်လိုက်မယ်
သမီးဖေကြီးတံခါးပြင်လိုက်ဦးမယ်နော်
ပြီးမှဆက်ပြီးကစားကြမယ်”
ဦးကောင်းထူးတစ်ယောက်တံခါးပြင်ရန်အတွက်
တူတစ်ချောင်းနှင့်သံများပါပုဆိုးခါးပုံစာထဲသို့
ထည့်ပြီး ထရံကိုတွယ်တက်ပြီး တံခါးအားပြင်နေ
လိုက်သည်။
“ဒုန်း ဒုန်း ဒုန်း ”
“ဒုန်း ဒုန်း ”
လက်တစ်ဖက်ကအိမ်၏သစ်သားပြားကိုကိုင်ထား
ရင်းအားယူ၍အရှိန်ပြင်းပြင်းနှင့်ထုရိုက်နေတုန်း
သစ်သားကဆွေးနေသဖြင့်ကွာကျသွားလေသည်။
ဦးကောင်းထူးလည်းအလျင်အမြန်တံခါးအား
လှမ်းဆွဲပေမယ့်မမှီဘဲအောက်သို့မှောက်လျားထိုး
ပြုတ်ကျပါလေတော့သည်။
“ဝုန်း”
“စွပ်”
“အင့်”
အောက်သို့မှောက်လျားထိုးပြုတ်အကျ
ဝန်းထရံ၏ထိပ်အချွန်ထိပ်ပေါ်သို့တည့်တည့်ပြုတ်
ကျသွားရာဦးကောင်းထူး၏လည်မျိုအား
ထုပ်ချင်းပေါက်ပြီးအသက်ပါထွက်သွားလေသည်။
“ဟင် ကိုကောင်းထူး ကိုကောင်းထူး
လာကြပါဦး လာကြပါဦး ကျွန်မယောက်ျား
ကိုကယ်ကြပါဦး”
“ဟဲ့ ခင်စံပယ်ဘာဖြစ်တာလဲ
နင့်ယောက်ျားဘာဖြစ်တာလဲ”
“ဟို ဟိုမှာ ကျွန်မယောက်ျား ”
“ဟင် ”
“ဟာ ဘယ်လိုဖြစ်တာပါလိမ့်”
“အမလေး ကြောက်စရာကောင်းလိုက်တာ
“ဟေ့ မိန်းကလေးတွေမကြည့်ကြနဲ့
မကြည့်ကြနဲ့သွေးလန့်သွားလိမ့်မယ်”
“လုပ်ကြပါဦးရှင်ကျွန်မယောက်ျား
အသက်မရှိသေးရဲ့လားမသိဘူး”
“ဖေကြီး ဖေကြီးကိုကယ်ပေးပါဦး
ဦးဦးတို့ေရ”
“ဟေ့ ကာလသားတွေလာကြစမ်း
ဦးကောင်ထူးကိုဝိုင်းပြီးဖြုတ်ကြရအောင်”
ထို့နောက်ဦးကောင်းထူးအားဝန်းထရံ၏
အချွန်ပေါ်မှခက်ခက်ခဲခဲချပေးကြရလေသည်။
“ဘယ်လိုဖြုတ်ရမလဲ”
“ဘယ်လိုဖြုတ်ရမှာလဲကွာ ဒီအတိုင်းထရံကို
ချိုးပြီးအလောင်းကိုအောက်ချရမှာပဲ”
“ကဲကြာ ”
“ဂျွတ် ဂျွတ် ဖြောင်း”
အလောင်းကိုမသူကမ ထရံကိုချိုးသူချိုးဖြင့်
ခက်ခဲစွာအလောင်းအားယူရလေသည်။
“ခင်စံပယ် နင်စိတ်ကိုခိုင်ခိုင်ထားနော်
နင့်ယောက်ျားကတစ်ခါတည်းအသက်ထွက်သွားပုံပဲဟ”
“အောင်မယ်လေး ကိုကောင်းထူးရဲ့
အဖြစ်ဆိုးလိုက်တာရှင် ရှင်ဒီနေ့ကစပြီး
အကုသိုလ်အလုပ်တွေမလုပ်တော့ပါဘူးဆိုကာမှ
ဘယ်လိုလုပ်ဒီအဖြစ်ဆိုးမျိုးကြုံရတာလဲတော့
ကြည့်ကြပါဦးတော် ကျွန်မယောက်ျားက
ဒီကနေ့တစ်နေ့လုံးလုံးသမီးလေးနဲ့
ဆော့နေတာပါတော့ ကျွန်မခိုင်းလို့သူအခုလိုသေရတာပါရှင်
ကိုကောင်းထူးရှင်သေရတာ ကျွန်မကြောင့်ကျွန်မကြောင့် ”
“ဟဲ့ မိခင်စံပယ် နင့်စိတ်ကိုထိန်းပါဦးဟာ
နင့်မှာသမီးလေးလည်းရှိနေသေးတယ်ဆိုတာ
နင်မမေ့နဲ့ဦး”
“ကျွန်မ ယူကြုံးမရလို့ပါတော့်
ကျွန်မလေဒီနေ့တစ်နေ့လုံးရွာထဲမှာ
လျှောက်ကြွားထားတာရှင်တို့လည်းသိပါတယ်
ကျွန်မယောက်ျားအကုသိုလ်အလုပ်တွေ
မလုပ်တော့ဘူးဆိုပြီးပြောခဲ့တယ်
အခုတော့ အခုတော့ရှင် ဟီး ဟီး ဟီး ”
“ဟဲ့ တက်သွားပြီ လုပ်ကြပါဦး
ခြေမကိုချိုး ခြေမချိုး ”
“ဟဲ့ယပ်တောင်သွားယူကြစမ်း ခပ်ပေးလိုက်”
“ဟဲ့ခင်စံပယ် ခင်စံပယ် စိတ်ကိုထိန်းမှပေါ့”
ဦးကောင်းထူးသေဆုံးသွားတော့
ရပ်ထဲရွာထဲကလူများကလာရောက်ကူညီပေးကြ
လေသည်။
ထိုအဖြစ်အပျက်ကိုမြင်သူတိုင်းလည်း
မခင်စံပယ်တို့သားအမိနှစ်ယောက်ကို
သနားဂရုဏာစိတ်ဖြစ်မိကြသလို ဦးကောင်းထူး၏
အဖြစ်အပျက်အားကြည့်ပြန်တော့လူတိုင်း
အကုသိုလ်တရားကြီးကိုကြောက်ရွံ့ရပြန်သည်။
လူတချို့ကတော့ ဦးကောင်းထူးသေဆုံးသွားရခြင်း
အကြောင်းမှာသူပြုခဲ့ဖူးသည့်အကုသိုလ်ဝဋ်ကြွေး
ကြောင့်တန်ပြန်ခံရခြင်းဖြစ်သည်ဟုပြောကြလေ
သည်။
ရက်လည်ဆွမ်းသွပ်ပြီးသည့်ည မခင်စံပယ်
သမီးလေးခခနှင့်အတူတူတနေကုန်ပင်ပန်းထား
၍အိပ်မောကျနေတုန်း
“ခင်စံပယ် ခင်စံပယ် ”
“ဟင် ကိုကောင်းထူး ရှင်ကျွန်မတို့သားအမိကို
လာတွေ့တာလား”
“အေးဟုတ်တယ် ငါနင်တို့ကိုလာနှုတ်ဆက်တာ
အခုငါပြုခဲ့ဖူးတဲ့အကုသိုလ်ဝဋ်ကြွေးတွေကို
ပြန်ဆပ်ဖို့ငါသွားရတော့မယ်ဟ”
“ရှင် ရှင်ဘယ်ကိုသွားမှာလဲ”
“ငါ ငါမပြောပါရစေနဲ့ဟာ ဟီး ဟီး ဟီး
ငါ ငါ့သမီးလေးကိုအရမ်းချစ်တယ်
နင်တို့သားအမိကိုငါခွဲမသွားချင်ပါဘူးဟာ
ဒါပေမယ့် ငါ့ရဲ့အကုသိုလ်တွေကတအားကြီးမားနေတော့
ငါနင်တို့နဲ့အတူနေလို့မရဘူး
ငါ့ကိုတစ်ခြားနေရာတစ်ခုကိုပို့ကြတော့မယ်”
“ရှင်မသွားပါနဲ့ ကျွန်မတို့သားအမိကို
မထားခဲ့ပါနဲ့ရှင်”
“ငါ့ကို ခေါ်နေပြီ ငါသွားရတော့မယ်
ငါ့အတွက်ကုသိုလ်ကောင်းမှုတွေပြုပေးပါ
အကုသိုလ်တွေကိုရှောင်ရှားပါလို့ငါမှာချင်တယ်
ငါသွားတော့မယ်”
ပြောရင်းနဲ့အမှောင်ထဲပြေးဝင်ပျောက်ကွယ်
သွားလေတော့သည်။
“ကိုကောင်းထူး ကိုကောင်းထူး ”
“ဟင် ငါအိပ်မက်မက်နေတာပါလား
ငါ့ကိုကိုကောင်းထူးအိပ်မက်လာပေးပြီး
ငါတို့သားအမိကိုနှုတ်ဆက်သွားတာပဲ
ဟီး ဟီး ဟီး ကိုကောင်းထူးရယ် ကျွန်မလေ
ရှင့်ကိုသနားလိုက်တာရှင်ရှင့်ကိုဒီအကုသိုလ်
ဝဋ်ကြွေးကဘယ်အချိန်ထိနောက်ကလိုက်နေ
တော့မှာလည်းကျွန်မမသိတော့ပါဘူးရှင်”
သမီးလေးမနိုးအောင်ကြိတ်ငိုရင်းထိုနေ့ညက
တစ်ညလုံးမခင်စံပယ်မအိပ်ပဲမိုးလင်းခဲ့ရလေ
သည်။
“ကိုကောင်းထူးနှင့်တကွအားလုံးကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု ”
မခင်စံပယ်ကတော့နေ့နေ့ညည
ဘုရားကန်တော့တိုင်းသူပြုသမျှကုသိုလ်အဝဝကို
ဦးကောင်းထူးနှင့်၃၁ဘုံသားအားလုံးကို
အမြဲတမ်းအမျှအတန်းပေးဝေသံကတော့
နေ့စဉ်လိုလိုပျံ့နှံ့နေခဲ့လေသည်။
ပြီးပါပြီ
စာရေးသူသည်ဝါသနာအရနားလည်သိကျွမ်း
သလောက်ရေးသားဖော်ပြထားပါသည်
လိုအပ်ချက်များရှိလျင်နားလည်ပေးကြပါခင်ဗျ။
ဇာတ်လမ်းလေးကိုသဘောကျနှစ်သက်လျှင်
Likeလေးနှိပ်ပြီးအားပေးသွားပါနော်.
#အောင်ဓူဝံ
#AungAungAungAung
#သရဲစာပေ
#credit