တမလွန်ရထား

တမလွန်ရထား(စ/ဆုံး)

——————–

ဘူတာလေးထဲသို့ သူရောက်ရောက်ခြင်းမှာပဲ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်လေတော့ ထိုဘူတာထဲမှာက မည်သူမှ ရှိမနေခဲ့ပေ။ အချိန်ကတော့ ညပိုင်းပဲ ဖြစ်လေသည်။ ဒီဘူတာရုံထဲကို သူလည်း အရင်က တစ်ခါမှ မရောက်ဖူးခဲ့။ သိလိုသိငြား ဟိုဟိုဒီဒီ လျောက်ကြည့်နေမိသည်။ ဘူတာကတော့ လူသူကင်းနေပြီး တိတ်ဆိတ် ခြင်းကသာ ကြီးစိုးနေခဲ့တော့၏။ စဉ်းစားနေမိသည်က ဒီနေရာကို ဘာ့ကြောင့်ရောက်နေသလည်း။ ဘယ်ကနေဘယ်လို ရောက်ခဲ့သလည်း။ ပြီးတော့ ဘာကိစ္စနှင့် ရောက်နေသလည်း။ စသဖြင့် တွေးတောနေပေမယ့် အဖြေက လုံးဝထွက်လာခြင်း မရှိခဲ့ပေ။

သည်လို ညကြီးမိုးချုပ်မှာ သူတစ်ယောက်ထဲပင်။ တိတ်ဆိတ် ခြောက်ကပ်နေသည့် ဒီနေရာမှာ သူတစ်ယောက်ထဲ ဆိုသည့် အသိက တဖြေးဖြေးနဲ့ ခြောက်ခြားလာခဲ့လေသည်။ သူက ဘယ်သူလည်း။ ဘာ့ကြောင့်မို့ ဒီကို ရောက်နေရတာလည်း အပြင်းအထန်ပင် စဥ်စားနေမိပေမဲ့ သူ့ခေါင်းထဲမှာ လုံးဝပေါ်မလာခဲ့ပေ။ စဥ်းစားရလွန်း၍ ခေါင်းတွေတောင် မူးချင်ချင် ဖြစ်သွားခဲ့မိ၏။ တွေးလေ ခေါင်းရှုပ်လာလေ ဖြစ်တဲ့အတွက် မတွေးတော့ပဲ အခြေနေကြည့်၍ ဒီအတိုင်းသာ နေလိုက်တော့သည်။

ဘူတာနာမည်။ ဟုတ်သည်ပဲ။ သူဘာလို့ မစဉ်းစားမိသလည်း ဟု မိမိကိုယ်မိမိ အပြစ်တင်လိုက်ကာ ဘူတာနာမည်ကို ကြည့်ဖို့အတွက် လျောက်လှမ်း လာခဲ့လိုက်သည်။ ဘူတာရဲ့ အဝင်အဝ နေရာလေးကို ရောက်တော့ ဘူတာရဲ့ နာမည်ကို ကြည့်လိုက်တဲ့အခါ…

“ဟင်.. ဘယ်လိုနာမည်ကြီးလည်း”

ဆိုပြီး အာမေဋိတ်အသံသာ ထွက်သွားလိုက်မိသည်။ သူမြင်လိုက်ရတဲ့ ဘူတာအမည်မှာက..

~ တမလွန်ဘူတာ ~

ဟု တွေ့လိုက်ရခြင်းပင်။ ဒီတော့ သူလည်းတွေ့တွေ့ခြင်းမှာပဲ တုန်လှုပ်ခြောက်ခြား သွားရတော့သည်။ ဘာသဘောပါလိမ့်။ ထူးထူးဆန်းဆန်းပင်။ ဘူတာမည်ကြီးက တမလွန်ဘူတာဆိုတော့ သူ့စိတ်ထဲမှာ အသည်းတုန်သလိုတောင် ဖြစ်သွားမိသည်။ ဘာအဓိပ္ပါယ်လည်း ဆိုတာကို တွေးမရခဲ့ပေ။ ပြီးတော့ ဒီနေရာကြီးက ပြောရရင် စိတ်ထဲမှာပင် မလုံချင်ပေ။ သူ့ကို မျက်လုံးပေါင်းများစွာက စိုက်ကြည့်နေသည်ဟုလည်း ခံစားမိလိုက်သည်။

ဒီတော့ ကြာကြာလည်း မနေချင်တော့၍ ဒီနေရာကနေ ထွက်သွားဖို့ကိုပဲ ဆုံးဖြတ်လိုက် မိတော့သည်။ ဘူတာရုံလေးထဲမှာတော့ ဝါကျင့်ကျင့်မီးလေးတွေ လင်းနေပေမဲ့ အနည်းငယ်ကတော့ မှောင်နေသေးသည်။ မတတ်နိုင်တော့။ အမြန်သာ ထွက်သွားမည်ဟု တွေးတောလိုက်ပြီး ဟိုဟိုဒီဒီကို လိုက်လံကြည့်ရှု့နေရင်း အမှောင်ထုထဲမှာ တဖြေးဖြေးဖြင့် ပုံရိပ်တွေကို မြင်လာရလေသည်။

“ဟာ.. ဘာတွေလည်းမသိဘူး.. များလှချည်လား”

မြင်ကွင်းထဲမှာ မြင်လာရသည်က လှုပ်လှုပ်ရွရွနှင့် မဲမဲပုံရိပ်တွေပင် ဖြစ်လေသည်။ ဒီတော့ အသည်းတွေတုန်ကာ ခြောက်ခြားလာမိသည်။ တိတ်ဆတ်ခြောက်ကပ်နေသော ဘူတာ။ မှောင်မိုက်နေသော ဘူတာ။ ဒါတွေက သူ့ကို ခြောက်ခြားလာစေသည်။

မြင်နေရတဲ့ ပုံရိပ်တွေကို ကြည့်နေမိရင်းနဲ့ သူ့မျက်လုံးထဲမှာ တဖြေးဖြေးနဲ့ ပိုမိုပီပြင်လာလေသည်။ ဒီတော့မှ သေသေချာချာကြည့်လိုက်လေတော့ ချောင်ကျကျ နေရာတွေနဲ့ အမှောင်ရိပ်တွေထဲမှာ ရှိနေတာတွေက လူတွေလား ဘာတွေလည်းပင် မသိတော့။ ပုံစံတွေကတော့ လူတွေပဲဖြစ်ဖို့များလေသည်။

ဒီလူတွေကရော အပြင်မှာထွက် မနေကြပဲ ဒီလို အမှောင်တွေထဲမှာ နေနေတာ ဘာအကြောင်းများ ရှိလို့လည်း။ ပြီးတော့ လူတွေလို့သာ ပြောရပေမဲ့ အသံဟူသမျှ လုံးဝမကြားရပဲ တိတ်ဆိတ်နေကြလေသည်။ ဒီတော့ ထိုနေရာမှာ မနေဝံ့တော့ပဲ ထိတ်လန့်လာကာ ခပ်သုပ်သုပ်ပင် ထွက်လာခဲ့တော့သည်။

ဒါပေမယ့် ဒီနေရာကိုလည်း သူမသိလေတော့ ဘယ်သွားရမှန်းလည်း သူမသိ။ ခြေဦးတည့်ရာသာ ပြေးတော့မည် ဒီလိုနေရာမှာတော့ သူလည်း မနေလိုတော့ပြီ ဟုဆုံးဖြတ်ကာ ပြေးထွက်ခဲ့တော့သည်။ ဒီတော့ သူလည်း ပြေးထွက်လိုက်တော့သည်။ ပြေးရင်း ပြေးရင်းနှင့် ဒုန်းခနဲ တစ်ခုခုကို ဝင်တိုက် မိပြီး လဲကျသွားခဲ့ရတော့၏။

“ဟင်.. ငါဘာကို ဝင်တိုက်မိတာလည်း.. အရှေ့မှာလည်း ဘာမှမရှိပါဘူး”

ထူးဆန်းလှစွာပင် အံ့ဩသွားမိတော့သည်။ သူ ဝင်တိုက်ခဲ့တာက နံရံတစ်ခုပါပဲ။ သို့ပေမဲ့ သူ့မျက်စိရှေ့မှာက ဘာမှရှိမနေခဲ့ပေ။ ဒီတော့ သူ့ရှေ့ကို လက်နှင့် မရဲတရဲပင် စမ်းလိုက် မိလေတော့ ဟုတ်လေသည်။ သူ့အရှေ့မှာ နံရံတစ်ခုက ကာဆီးနေသည်။ ဒါပေမယ့် မမြင်ရ။ လက်နဲ့စမ်းလိုက်တဲ့အခါလည်း နံရံတစ်ခုကို စမ်းမိလေ၏။ မြင်ကွင်းထဲမှာတော့ ဘာမှမမြင်ရပေ။ ဘာတွေလည်း။ ဒီနေရာက ဘယ်လိုနေရာမျိုးလည်းဆိုတာကို သူလည်း မသိတော့ပေ။

အဲ့ဒီနောက် တခြားတစ်နေရာကိုလည်း ထပ်၍ စမ်းကြည့်လိုက်ပြန်သည်။ ဒီတော့လည်း မထူးမခြားပင်။ နံရံကြီးတစ်ခုက ကားဆီးထားလေသည်။ ဘယ်နေရာကိုပဲထိထိ တစ်ခုခုက ခံနေသလိုမျိုးကိုသာ သူစမ်းမိခဲ့သည်။ ဒါဟာဘာလည်း။ အတားအဆီးတစ်ခုခုလား။ ဒါမှမဟုတ် မမြင်ရတဲ့ နံရံတစ်ခုလား ဆိုတာ တွေးမရခဲ့ပေ။

ဒီတော့ အနောက်ကိုလှည့်ကာ ဘူတာထဲကို သေသေ ချာချာပြန်ကြည့်မိသည်။ ဒီတော့ သူမြင်တွေ့နေရသည့် လူတွေက သူ့ကိုလည်း ဘယ်သူကမှ လိုက်ကြည့်ခြင်းမရှိခဲ့ပေ။ သူကသာ ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့တာပင် ဖြစ်တော့၏။ ဒါဆို ဒီလူတွေက ဘယ်သွားကြမလို့လည်း။ သူဒီလို တွေးနေတုန်းမှာပဲ တဂျူံးဂျူံး တဂျက်ဂျက်နဲ့ မြည်သံကြီးတစ်ခုကိုကြားလိုက်ရလေသည်။

“ဟင်.. ရထားသံပါလား”

ဟု တွေးလိုက် မိသည်။ သူလည်း အနည်းငယ်တော့ စိတ်သက်သာရာ ရသွားသည်လေ။ ရထားလာပြီဆိုတော့ တစ်နေရာရာတော့ ဆက်သွားလို့ရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုနေရာမှာတော့ မနေချင်ပေ။ မကြာခင်မှာပဲ မီးတဝင်းဝင်းနဲ့ ဂျူံးဂျူံးဂျက်ဂျက် အော်မြည်ကာ ရထားကြီးတစ်စီးက ဘူတာထဲသို့ဝင်လာလေသည်။

ထိုရထားက ဘူတာမှာ ဆိုက်ကပ်သွားတော့ စောစောကသူမြင်နေရတဲ့ အမှောင်ထဲကလူတွေက အတင်းတိုးဝှေ့ ကာ တက်နေကြသည်ကိုလည်း တွေ့လိုက်ရသည်။ ဒီတော့ သူလည်း ဒီရထားပေါ်ကို တက်ရမလားဆိုပြီး ချီတုန်ချတုန်ဖြစ်နေမိသည်။ ဒီလိုတွေးနေတုန်းမှာပဲ ရထားပေါ်က လူကြီးတစ်ဦးက သူ့ကိုကြည့်ကာ လှမ်းခေါ်လိုက်သည်။

“ဟေ့ ကောင်လေး လာ.. ရထားပေါ်တက်ခဲ့.. ဒီမှာနေခဲ့ရင် မင်းဒုက္ခရောက်သွားမယ် လာခဲ့”

ဆိုပြီး လှမ်းပြောနေတာကိုလည်း ကြားနေရလေသည်။

ပတ်ဝန်ကျင်တစ်ဝိုက် မှာတော့ တိတ်ဆိတ်သွားပြီး ဘူတာထဲမှာလည်း ဘယ်သူမှရှိမနေတော့ပေ။ ထိုစဥ် တဂီးဂီးနဲ့ မာန်ဖီသံများကို သဲ့သဲ့ပင် ကြားလိုက်ရတော့သည်။ ဘာအသံတွေလည်းတော့ မသိသေးပေ။ ဘာကိုမှလည်း မတွေ့ရသေး။ ဖြစ်နိုင်သည်က အကောင်တွေရဲ့ မာန်ဖီနေသံတွေ ဖြစ်နိုင်နေလေသည်။ ဒီတော့ ဘာလုပ်ရမလည်းဟု ကိုယ့်ကိုယ်ကိုပင် ဝေခွဲမရနိုင်ခဲ့ပေ။ ရထားကလည်း ထွက်ခွာဖို့ကို အချက်ပေး အော်မြည်နေလေပြီ။ ထိုအခိုက် မှာပဲ မျက်လုံးထဲမှာ သတ္တဝါတစ်ချို့ကို ရုတ်တရက် မြင်တွေ့လိုက်ရတော့သည်။

“ဟင်.. ခွေးကြီးတွေပါလားဟ”

ဟုတ်သည်။ သူမြင်လိုက်တာက ဘူတာထဲကို ဘယ်ကနေ ဝင်လာမှန်းမသိတဲ့ ခွေးကြီးတွေကို တွေ့လိုက်ရသည်။ ထိုခွေးကြီးတွေက သာမာန်ခွေး အရွယ်တွေတော့ မဟုတ်။ မြင်တွေ့နေကြ ခွေးတွေထက် ပိုပြီးကြီးမားကာ ကြောက်မက်ဖွယ် ပုံသဏ္ဍာန်ကြီးတွေပင်။

မျက်စိရှေ့ မြင်နေရသည်က ဆယ်ကောင်ကျော်လောက် တော့ ရှိမည်။ ပြီးတော့ သူ့ကိုမြင်တွေ့သွားဟန်ဖြင့် တဂီးဂီးနဲ့မာန်ဖီကာ သူ့ဆီကို ပြေးဝင်လာတော့ သည်။ ဒီတော့မှ သူလည်း ကြောက်လန့်သွားကာ ရထားပေါ်ကို အတင်းပြေးတက်လိုက်တော့သည်။ ပြီးတဲ့အခါ အောက်ကိုပြန်ကြည့်မိတော့ စောစောကခွေးတွေက ရထားပေါ်ကလူတွေကို ကြည့်ကာ မာန်ဖီနေတာကိုလည်း တွေ့လိုက်ရသည်။ သို့ပေမဲ့ ရထားပေါ်ကိုတော့ တက်လာခြင်း မရှိခဲ့ပေ။ ဒီအချိန်မှာပဲ ရထားက ပြန်လည်ထွက်ခွါလာတော့သည်။

ရထားပေါ်ရောက်တဲ့အခါ သူလည်း ဟိုဟိုဒီဒီ လိုက်ကြည့်မိလေတော့ စိတ်ထဲမှာ အံ့ဩကာ မှင်တက်သွားရပြန်သည်။ အကြောင်းကတော့ ရထားပေါ်မှာ တွေ့ရတဲ့သူတွေက စကားလည်း ပြောဆိုခြင်းမရှိ ပြီးတော့ မျက်နှာသေကြီးတွေနဲ့ ထိုင်နေကြသည်။ စကားပြောသံဆိုတာ လုံးဝမကြားရပေ။ ရထားခုတ်မောင်းသံကိုသာ ကြားနေရပြီး တခြားတော့ ဘာအသံမှ မကြားရခြင်းပင်။

သူလျောက်လာကိုတွေ့တော့ တစ်ချို့တစ်လေက မျက်လုံးသေကြီးတွေနှင့် လိုက်လံကြည့်ရှုနေတာကို တွေ့နေရသည်။ ဒီတော့ စိတ်ထဲမှာ နည်းနည်းတော့ ထိတ်လန့်လာခဲ့သည်။ ဒီလူတွေဟာ ဘာတွေလည်း။ ပြီးတော့ ဒီရထားက ဘယ်ကိုသွားမှာလည်းဆိုတာ တွေးမရခဲ့ပေ။ ပြီးတော့ ဘယ်သူ့ကို မေးလို့မေးရမှန်းလည်းမသိခဲ့။ တစ်ခုခုတော့ထူးမှာပဲဆိုကာ ဆက်လျောက်နေမိသည်။

တစ်နေရာ အရောက် မှာတော့ လူကြီးတစ်ဦးက သူ့ကို လာထိုင်ဖို့ပြောတာကို မြင်လိုက်တော့ သူလည်းဝမ်းသာသွားကာ အဲ့ဒီလူကြီးဘေးမှာဝင်ထိုင်လိုက်သည်။ ပြီးတော့ တစ်ဆက်ထဲမှာပဲ ထိုလူကြီးကို သိချင်တာတွေ မေးကြည့်ဖို့ စကားစလိုက်သည်။ သို့ပေမယ့် ထိုလူကြီးက သူပြောမှာကိုသိနေသလိုလို လက်ကာပြ၍ ပြန်ပြောလာခဲ့သည်။

“ကောင်လေး မင်းမေးမှာကို ဦးလေးသိတယ်.. ဒါပေမယ့် မမေးနဲ့အုန်း.. ခနစောင့်ကြည့်နေလိုက်ပါ မင်းသိသွားပါလိမ့်မယ်”

ဆိုပြီး ပြောလာလေတော့ သူလည်းနှုတ်ဆိတ်ကာ နေလိုက် မိသည်။ သူ့အရှေ့မှာ ထိုင်နေတဲ့သူတွေကို ကြည့်လိုက် မိတော့လည်း သူတို့ရဲ့ အရှေ့တူရူကို မျက်လုံးသေကြီးတွေနှင့် ကြည့်နေကာ လိုက်ပါလာသည်ကိုပဲ တွေ့နေရလေသည်။ ဘေးဘီဝဲယာလည်း မကြည့်။ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုခြင်းလည်း မတွေ့ရပေ။

***** *****

ဒီလိုနဲ့ အတန်ကြာမှာတော့ ရထားရဲ့ အလည်လျောက်လမ်းအတိုင်း လူကြီးသုံးဦးက လျောက်လာတာကို တွေ့လိုက်ရသည်။ ထိုအခါမှာတော့ ထိုလူကြီးတွေကြည့်ကာ ထိတ်လန့်သွားရတော့၏။ ထိုလူကြီးတွေပုံစံက အသားကမည်းတူးနေပြီး လူတစ်ယောက်ထက်လည်း ပိုပြီးကြီးမားလေသည်။ သူတို့ရဲ့ မျက်နှာကြီးတွေကလည်း တင်းမာခက်ထန်နေတာကိုလည်း တွေ့နေရသည်။

လက်ထဲမှာ တုတ်တစ်ယောက်တစ်ချောင်းဆီပင် ကိုင်ထားကြသေးသည်။ ပြီးတော့ ထိုလူကြီး သုံးယောက်က ရထားပေါ်မှာ ထိုင်နေသူတွေကို တစ်ယောက်ချင်းဆီ လိုက်လံကြည့်ရှု့နေတာကိုလည်း တွေ့လိုက်ရသည်။

“ဒါ.. ဒါ.. ရထားလက် မှတ်စစ်တွေများလား.. ဒါဆို ငါ့မှာ လက် မှတ်မှ မပါတာ ဘယ်လိုလုပ်ရမလည်း”

ဆိုပြီးလည်း သူ့စိတ်ထဲမှာ တွေးတောမိတော့၏။ ထိုလူကြီးတွေက လက်မှတ်စစ်တွေ ဖြစ်လောက်သည်ပဲ။ ဒီလို သူတွေးနေတုန်းမှာပဲ ထိုလူကြီးတွေက လူတစ်ယောက်ကို မြင်တွေ့သွားပြီး သူမပါဘူးဟု ပြောလိုက်ပြီး ထိုလူကိုတော့ ရထားပေါ်ကနေ အောက်ကိုလွှင့်ပစ်တာကိုလည်း မြင်လိုက်ရသည်။

“ဟင်.. ဘာလည်းဟ.. ရထားပေါ်ကနေ လွှင့်ပစ်လိုက်ပါလား”

ထိုအခါ သူလည်း တော်တော်အံ့ဩသွားမိသည်။ ဒါဟာ လက် မှတ်မပါသူလား။ လက်မှတ်မပါတဲ့ လူတစ်ယောက်ပဲဖြစ်နိုင်သည်။ ဒါပေမယ့်လည်း လက်မှတ်မပါတာလေးနဲ့တော့ ရထားပေါ်ကနေ မလွှင့်ပစ်သင့်ဘူး ဆို၍လည်း တစ်ဆက်ထဲ တွေးလိုက်တော့သည်။

ဒီလို ခုတ်မောင်းနေတဲ့ ရထားပေါ်ကနေ အောက်ကို ကြသွားရင် သေပြီပေါ့။ ဘာတွေလည်းမသိဘူး ဆိုကာ စိတ်ထဲမှာလည်း ထိတ်လန့်လာမိတော့သည်။ သူ့ဘေးမှာ ထိုင်နေတဲ့ ဦးလေးကြီးကတော့ အေးအေးသက်သာပဲ ထိုင်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူလည်း ထိုအကြောင်းကို မေးမယ်အလုပ်မှာ ထိုဦးလေးကြီးက ပြောလာခဲ့သည်။

“ငါ့တူ မင်းအံ့ဩနေတာလား.. မအံ့ဩပါနဲ့ကွာ.. ခနနေရင် မင်းလည်း သိလာလိမ့်မယ်.. ငါကဘာလို့ ဒါတွေသိနေတာလည်း မေးအုန်းမလို့လား.. ငါကကြာပြီလေကွာ.. ကဲကဲ အေးအေးသာနေ”

ဆိုပြီးပြောကာ တဖက်သို့ လှည့်သွားလေတော့ သူလည်း ဆက် မမေးမိတော့ပေ။ ငါက ကြာနေပြီဆိုတာ ဘာပါလိမ့်။ ဒါကသူကရော။ ဘာတွေမှန်းကို မသိတော့ပေ။ သူပြောသလိုသာ အေးအေးသာ နေလိုက်တော့သည်။ ဒါပေမဲ့ ဟိုလူကြီးတွေ ရောက်လာပြီး သူ့ကို ရထားပေါ်ကနေ လွှင့်ပစ်လိုက် မှာကိုတော့ စိုးရိမ်လိုက် မိသည်။

ခနအကြာမှာတော့ သူ့အနားသို့ ထိုလူကြီး သုံးဦးက ရောက်လာတော့သည်။ ဒီတော့မှ သူလည်း သေသေ ချာချာကြည့်လိုက် မိတော့၏။ ထိုသုံးယောက်ကား အသားက တော်တော်လေးကို မည်းတူးနေသည်။ မျက်နှာကလည်း မျက်လုံးပြူးပြူးနှင့် ခက်ထန်နေသယောင်ရှိသည်။ မျက်လုံးတွေက ရထားပေါ်ကလူတွေကို အသေချာပင် စိုက်ကြည့်​နေကြလေသည်။

လူကောင်ကြီးတွေကတော့ တော်တော့်ကို ကြီးမားလျက်ပင်။ ထိုသုံးဦးထဲမှ တစ်ဦးကတော့ သူ့ကို သေသေချာချာကြည့်လိုက်ကာ သူမပါဘူး.. သူမပါဘူး.. ဆိုပြီး ပြောဆိုလိုက်တာကိုလည်း သိလိုက်ရသည်။ အသံကြီးတွေက အက်ရှရှ အသံကြီးတွေပင်။

သွားပြီ။ သူ့ဆုတောင်း မပြည့်လေတော့။ စောစောက လူလိုပဲ သူ့ကို ရထားပေါ်ကနေ လွှင့်ပစ်တော့မှာပါလား။ ထိုအသိကြောင့်ပင်။ မျက်စိမျက်နှာ ပျက်သွားလေတော့သည်။ ဘာလုပ်မှန်းပင် မသိတော့။ ထို့နောက် အခြေအနေကို ကြည့်ကာ ဝုန်းခနဲ ထလျက် ပြေးထွက်လိုက်တော့လေသည်။

“ဟာ.. ဟိုကောင် ပြေးပြီ.. လိုက်လိုက်”

ဆိုသည့် အသံတွေကိုလည်း ကြားလိုက်ရတော့သည်။ သူလည်း ရထားပေါ်မှာပင် အသားကုန်ပြေးနေခဲ့ပြီး။ သူ့အနောက် မှာလည်း ပြေးလိုက်လာတဲ့ ခြေသံတွေကိုလည်း ကြားလိုက်ရတော့သည်။ ထိုစဥ် သူ့ဂုတ်ပိုးကို လှမ်းဆွဲလိုက်၍ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားရတော့သည်။ ကြည့်လိုက်လေတော့ လူကြီးသုံးဦးထဲမှ တစ်ဦးပင်။ ထိုလူကြီးက အသံနက်ကြီးဖြင့်..

“မင်းဘာလို့ ထွက်ပြေးရတာလည်း.. မင်းမပါဘူး.. သွားလေရော့”

ဆိုပြီး ပြောလိုက်ကာ သူ့ကို ရထားပေါ်ကနေ ပစ်ချလိုက်လေတော့သည်။ သူလည်း အားခနဲ အော်လိုက်ကာ လေဟာနယ်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ အသည်းတွေ အေးသွားပြီး ခနကြာတဲ့ အခါမှာတော့ မြေပေါ်ကို ဘုတ်ခနဲ ပြုတ်ကြလာလေသည်။

“ဟင်..ငါဘာမှမဖြစ်ဘူးဟ.. ကြည့်စမ်း ရထားပေါ်ကပြုတ်ကြတာ မသေပါလား”

ဆိုကာ တွေးမိပြီး အံ့ဩတကြီးပင် ဖြစ်သွားရတော့ သည်။ ရထားပေါ်က လွှင့်ပစ်ခံရပြီး ဘာမှမဖြစ်တာကိုလည်း သူ့ကိုယ်သူ အံ့ဩနေမိသည်။ ပြီးတော့ ပတ်ဝန်းကျင်ကို ကြည့်လိုက် မိတော့..

“ဒါ.. ဒါ.. ငါနေတဲ့ နေရာပါလား”

ဆိုကာ သတိရလိုက်တော့သည်။ ဒီတော့မှ သူလည်း ပျော်သွားရတော့သည်။ ဟုတ်ပ ငါက အောင်ဖြိုးပဲ။ ပြီးတော့ ငါကဒီမှာ နေတာပဲ။ စသဖြင့် အရာရာကို ပြန်လည် မှတ်မိလိုက်တော့သည်။ သို့ပေမဲ့ ဘာ့ကြောင့် ဒီနေရာ ရောက်နေမှန်းတော့ သူလည်းမသိ။ ထိုစဥ်မှာပင် နားထဲမှာ သူ့နာမည်ခေါ်သံကို ကြားမိလိုက်တော့၏။

“ဟေ့.. အောင်ဖြိုး”

ဆိုပြီး သူ့အနောက်မှ အသံဩဩကြီးကို ကြားလိုက်ရသည်။ သူလည်း အသံလာရာဆီကို လှည့်ကြည့်လိုက်လေတော့ အသံပိုင်ရှင်ကို တွေ့တဲ့အခါ..

“ဘာ.. ဘာကောင်ကြီးတုန်းဟ.. ကြောက်စရာကြီးပါလား”

သူလည်း စိတ်ထဲမှာ ကြောက်ရွံ့သွားလေတော့သည်။ ထိတ်လန့်နေခဲ့ပေမဲ့ ထူးဆန်းစွာပင် ကြက်သီးတော့ မထဖြစ်ခဲ့ပေ။ အရင်ကဆို ကြောက်လန့်စရာတစ်ခုခုကြုံတိုင်း ကြက်သီးတွေထထလာပြီး အခုမှာတော့ လုံးဝကြက်သီးမထတာ တော်တော်ထူးဆန်းနေတယ်လို့လည်း ထင်မိလိုက်သည်။

သူမြင်လိုက်ရတဲ့ အကောင်ကြီးမှာ နားရွက်ကြီးတွေက စကော အသေးစားလောက် ရှိမည်။ ခေါင်းကြီးကလည်း အကြီးကြီးပင်။ မျက်လုံးနှစ်လုံးကလည်း ပြူးထွက်နေကာ နီရဲတောက်ပနေသည်။ နှာခေါင်းကတော့ ပွယောင်းယောင်းကြီး။ ပါးစပ်ကြီးက ပြဲထွက်နေပြီး အထဲက သွားချွန်ချွန်တွေကိုတောင် မြင်နေရသည်။

ဒီတော့သူလည်း ခေါင်းတွေ ကြီးလာသလို ဖြစ်သွားခဲ့ပြီး ​ထိုနေရာကနေ ချက်ချင်းပင် ​ပြေးတော့လေသည်။ ​ထိုအခါမှာတော့ ထိုအကောင်ကြီးက အသံဩဩကြီးဖြင့် လှမ်းအော်လိုက်တော့သည်။

“ဟေ့ အောင်ဖြိုး.. မင်းမပြေးနဲ့ ဒုက္ခရောက်သွားမယ်.. ငါက မင်းကို ကူညီပေးမဲ့သူပဲ.. မင်းအိမ်ကို ငါလိုက်ပို့မှရမယ်.. ဒါငါ့တာဝန်ပဲ”

ဆိုပြီး​ပြောလိုက်လေတော့ သူ့ရဲ့ ခြေလှမ်းတွေလည်း ရပ်တန့်လိုက်တော့သည်။ ထိုစဥ် ထိုအကောင်ကြီးက သူ့အနားကို ဖျပ်ခနဲရောက်လာပြီး သူ့လက်ကိုဆွဲကာ ခေါ်သွားတော့လေသည်။ သူလည်း ​ပထမတော့ ကြောက်သွားပေမဲ့ ထိုအကောင်ကြီးက ထပ်မံပြောလိုက်ပြန်သည်။

“မင်း ငါ့ကို မကြောက်နဲ့ အောင်ဖြိုး.. ငါက မင်းကိုကူညီမဲ့သူ.. မင်းအိမ်ကို ငါလိုက်ပို့မှ ရမှာ”

“ခင်ဗျားက ဘယ်သူလည်း.. ဘာကြောင့် ကျနော့်ကို ကူညီရတာလည်းဗျ.. ကျနော်တော့ ဘာမှ နားမလည်တော့ဘူး”

“လာပါကွာ သွားရင်းနဲ့ ငါပြောပြပါမယ်”

သူ့ကို လက်ဆွဲကာ ခေါ်သွားတော့လေသည်။ ဒီလိုသွားနေရင်းနဲ့ လမ်းတစ်နေရာ အရောက်မှာတော့ လမ်းမှာ ပိတ်ပြီးရပ်နေတဲ့ အမွှေးအမြင်ထူထူ မဲမဲသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရလေသည်။

သူလည်း သေချာကြည့်လိုက်တော့ လူလိုလို မျောက်လိုလို အကောင်ကြီးတစ်ကောင်ပင်။ လူတစ်ယောက်ထက်လည်း ပိုပြီးကြီးမားကာ သူ့ရဲ့ ပါးစပ်ကြီးကိုဖြဲထားပြီး မာန်ဖီနေကာ လမ်းလည်ခေါင်မှာ ရပ်နေခြင်းပင်။ သူတို့လာနေတာကိုလည်းတွေ့ရော ထိုအကောင်ကြီးက သူ့တို့ရှေ့ကို တဒုန်းဒုန်းနဲ့ ပြေးချလာလေတော့သည်။

ဒီတော့ အောင်ဖြိုးလည်း ဘာလုပ်ရမှန်း မတွေးတတ်တော့ပဲ စိတ်ထဲမှာ ထိတ်လန့်သွားပြီး ပြေးဖို့ပြင်လိုက်ပေမဲ့ အနီးရောက်လာတဲ့ အခါမှာတော့ သူ့ကိုလက်ဆွဲခေါ်လာတဲ့ အကောင်ကြီးက ထိုအမွှေးထူထူမဲမဲအကောင်ကြီးကို သူ့ရဲ့လက်နဲ့ ဘုန်းခနဲမြည်အောင် ရိုက်ချလိုက်တော့ ထိုအကောင်ကြီးခမြာ ခပ်ဝေးဝေးကို လွင့်ထွက်သွားပြီး အောက်ကို ဝုန်းခနဲ ပြုတ်ကြသွားတာလည်း တွေ့လိုက်ရတော့သည်။

ထို့နောက် လူးလဲပြန်ထလိုက်ကာ တဂီးဂီးနဲ့ မာန်ဖီလိုက်ပြီး အမှောင်ထဲကို ပြေးဝင်ပျောက်ကွယ် သွားခဲ့တော့သည်။ ထိုအခါ သူနဲ့ပါလာတဲ့ အကောင်ကြီးက ပြောလိုက်လေသည်။

“ဒီလိုပဲကွ.. မင်းတစ်ယောက်ထဲဆို အနိုင်ကျင့်ကြမှာ”

ဒီတော့ သူလည်း သိချင်တာတွေကို မေးကြည့်လိုက်တော့သည်။

“ကျနော့်ကို ပြောပြပါအုန်းဗျာ ဘာတွေဖြစ်နေတာလည်း မသိတော့ဘူး”

“အေး.. ငါပြောပြမယ်.. မင်းက မသေပဲနဲ့ မြောနေခဲ့တာကွ.. ဒါကို မင်းအိမ်က သေပြီလို့တောင် ထင်ထားတာ.. ပြီးတော့ မင်းစီးလာတဲ့ ရထားက တမလွန်ကိုသွားတဲ့ ရထားလေ”

“ဗျာ.. ကျနော်က မြောနေတာ ဟုတ်လား.. ရထားကလည်း တမလွန်ကိုသွားတဲ့ ရထား.. ကျနော်တော့ ဘာမှ နားမလည်တော့ဘူးဗျာ”

သူလည်း အံ့ဩသွားကာ ပြောလိုက်လေတော့ အကောင်ကြီးက ပြောပြလေသည်။

“ဒီလိုကွ.. ငါပြောပြမယ်.. မင်းက လွန်ခဲ့တဲ့ရက်က ကားမှောက်ပြီး မြောသွားခဲ့တာ.. ဒါကို မင်းသေပြီလို့ထင်ပြီး မင်းအိမ်က မနက်ဖြန်ဆို အသုဘတောင်ချတော့မယ်.. ဒီည မင်းခန္ဓာကိုယ်ထဲကို မြန်မြန် ပြန်ဝင်ပေတော့”

ဆိုကာ ပြောလိုက်ပြီး သူ့ကို မျက်လုံးမှိတ်ခိုင်းထားလေတော့ သူလည်း ထိုအကောင်းပြောတဲ့အတိုင်း မှိတ်ထားလိုက်တော့၏။ ထိုအခါမှ သူ့ရဲ့ ခေါင်းထဲမှာ အကြောင်းအရာတွေက အစီအရီပင် ပေါ်လာခဲ့တော့သည်။ ဟုတ်ပေသားပဲ။ သူက အကြောင်းကိစ္စတစ်ခုနဲ့ ပဲခူးကနေ ပြန်လာတဲ့လမ်းမှာ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်ရင်း လမ်းဘေးမြောင်းထဲကျကာ ကားမှောက်သွားခဲ့တာကို သတိရလိုက်သည်။

“ဟုတ်တယ်ဗျ.. ကျနော်မှတ်မိပြီ”

“အေး မင်းကားမှောက်တာကိုလည်း မင်းအိမ်ကသိခဲ့တယ်လေ.. ကားထဲက မင်းပိုက်ဆံအိပ်ထဲမှာ မင်းလိပ်စာပါတာကို.. ဒီတော့ မင်းကို ရွာပြန်ခေါ်လာတာ.. အဲ့ဒီလိုခေါ်ဖို့ မင်းအိမ်က တော်တော် အလုပ်ရှုပ်သွားသေးတယ်.. မင်းကားမှောက်တဲ့နေရာမှာထဲက လူတွေက သေပြီလို့ ထင်ထားကြတာကွ.. မင်းတို့ရွာက ဆေးဆရာနဲ့ပြလိုက်တော့လည်း မင်းသေပြီဆိုပြီးပဲ ပြောလို့ အသုဘချဖို့တောင် ပြင်ဆင်နေကြပြီ”

“ဗျာ.. ဟုတ်လားဗျာ.. သူတို့က မသိကြဘူးလား”

“မသိလို့ပေါ့ကွာ.. တကယ်တော့ မင်းက မသေပဲ မြောနေခဲ့တာကွ”

“ဒါထက် ဟိုရထားအကြောင်းလည်း ပြောပါအုန်းဗျာ”

“ဒီလိုကွ.. အဲ့ဒီရထားကတော့ သေသူတွေကို တမလွန်ပို့တဲ့ ရထားပေါ့ကွာ.. မင်းရောက်နေတဲ့ ဘူတာကို အနီးအနားက သက်ဆိုင်တဲ့ သေသူတွေအားလုံးက ရောက်လာကြတယ်.. တချို့ဆို အဲ့ဒီဘူတာမှာ ရထားလာဖို့ကို တစ်ရက်နှစ်ရက်တောင် စောင့်ကြရတယ်ကွ..

မြောပြီး ရောက်လာတဲ့သူတွေပါတာ များနေရင် အဲ့ဒီရထားက အမြန်ရောက်လာတတ်တယ်.. ပြီးရင် တကယ်သေမသေကို လူကြီးသုံးယောက်က လိုက်ကြည့်ကြတယ်.. မြောနေတဲ့သူဆိုရင် ရထားပေါ်က ပစ်ချလိုက်တာနဲ့ သူနေတဲ့နေရာ အနီးကိုရောက်သွားတော့ပေါ့ကွာ.. ဒီတော့ ငါတို့နဲ့တွေ့တာပေါ့.. ငါတို့တွေကတော့ မင်းတို့လို မြောနေသူတွေကို အိမ်အထိ လိုက်ပို့ရတာပေါ့ ဒါပါပဲ”

“ဘာလို့ လိုက်ပို့တာလည်းဗျ”

“တချို့ ပရလောကသားတွေက ဆိုးတဲ့အကောင်တွေ ရှိတယ်လေ.. သူတို့က မင်းတို့လို ဝိညာဥ်ကြိုး မပြတ်သေးသူတွေကို မနာလိုကြဘူး.. မင်းဝိညာဥ်ကို ချုပ်ထားပြီး သူတို့က မင်းရဲ့ ခန္ဓာကိုယ်ကို မှီတွယ်နေကြဖို့ စောင့်နေကြတာကွ.. ဒါကြောင့် ငါတို့က လိုက်ပို့ရတာ”

ဒီတော့မှ သူလည်း အားလုံးရှင်းသွားခဲ့လေပြီ။ ပထမဆုံး ရထားပေါ်က ပစ်ချခံခဲ့တဲ့သူလည်း သူ့လိုမြောနေတာပဲပေါ့။ ဒီလိုနဲ့ သူတို့လည်း ရွာထဲဝင်လာတဲ့ အချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးက ဖျပ်ခနဲ လင်းလက်သွားပြီး ပြောင်ပြောင်လက်လက်နဲ့ လူကြီးတစ်ဦးပေါ်လာလေသည်။

ထိုလူကြီး ပုံစံက ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေပြီး သူ့ကို လိုက်ပို့တဲ့ အကောင်ကြီးကပင် အရိုသေပေးနေတာကို တွေ့ရလေသည်။ ခနကြာတော့ ပြန်ပျောက်သွားတော့လေသည်။ ဒီတော့ ထိုအကောင်ကြီးက သူ့ကို ပြောပြပြန်သည်။

“ဒါက ရွာစောင့်နတ်ကွ.. မင်းကိုပို့ဖို့အတွက် သူ့ဆီမှာ ခွင့်တောင်းရသေးတယ်”

“ဟုတ်လားဗျ.. သူကခွင့်မပေးရင်ရော”

“အာ.. သူက မင်းကိုသိတာပေါ့ကွာ.. ဒါကြောင့်လည်း ခွင့်ပေးတာပေါ့”

သူတို့လည်း စကားတပြောပြောဖြင့် လျောက်လာကြစဥ် ရွာလမ်းတစ်လျောက် မှာ ခွေးတွေက သူတို့ကိုကြည့်ပြီး တအူအူနဲ့ အူကြပါတော့လေသည်။ အချိန်ကတော့ မနက်ဝေသီဝေလင်း အနားသို့ ကပ်နေလေပြီ။ လမ်းမှာလည်း ပုပုသေးသေးနဲ့ အကောင်လေးတွေကိုလည်း တွေ့နေရသည်။ ထိုအကောင်တွေက ဟိုမှသည် လိုက်လံပြေးသွားနေကာ ဆော့ကစားနေသလိုပင်။ ခွေးတွေကတော့ ထိုအကောင်လေးတွေကို မမြင်၍ပဲလားတော့ မသိ မဟောင်ကြပေ။ သူတို့ကိုသာ ကြည့်ပြီး အူနေခြင်းပင်။

ပြီးတော့ ကြည့်ရဆိုးဆိုးနဲ့ ကြောက်စရာပုံသဏ္ဌာန်နဲ့ အကောင်တွေကိုလည်း မြင်နေခဲ့ရသည်။ တချို့အကောင်တွေဆိုရင် သူတို့နားအထိပင် တဂီးဂီ တဂဲဂဲနဲ့ အော်မြည်ပြီး ပြေးပြေးလာတဲ့အတွက် ဘေးကအကောင်ကြီးက တဖုန်းဖုန်းနဲ့ပင် ရိုက်ထုတ်နေခဲ့ရသည်။

ဒီလိုနဲ့လျောက်လာလိုက်ရင်း သူ့အိမ်ကိုပင် ရောက်လာတော့၏။ ဒီတော့မှသူလည်း တော်တော်လေး အံ့ဩမိလိုက်သည်။ သူ့အိမ်အရှေ့မှာ တာလပတ်တွေနဲ့ အမိုးတွေကို မိုးထားပြီး အသုဘအိမ်လည်း ဖြစ်နေလေပြီ။ အိမ်ရှေ့မှာတော့ အခေါင်းတင်ထားတဲ့ စင်တစ်ခုလည်း တွေ့လိုက်ရတော့သည်။ ဒီတော့ သူ့ကိုခေါ်လာတဲ့အကောင်ကြီးက..

“ကဲ.. အဲ့ဒီအခေါင်းထဲမှာ မင်းခန္ဓာကိုယ်ရှိတယ်.. သံနဲ့ အသေမရိုက်ခင် အမြန်သာ ဝင်ချလိုက်တော့”

ဆိုပြီး ပြောလိုက်ကာ သူ့ကိုလည်း ထိုအခေါင်းပေါ်ကို တွန်းချလိုက်တာကို ခံလိုက်ရပြီး အမှောင်အတိကျသွားတော့သည်။

***** *****

“ရေ.. ရေ.. ရေဆာတယ်.. ရေတိုက်ကြပါ”

ထိုသို့ အိမ်ရှေ့အခေါင်းထဲက အသံကိုကြားလိုက်ရတော့ အသုဘအိမ်အတွင်းရှိ လူတွေလည်း သရဲခြောက်ပြီဆိုကာ ကြောက်လန့်ပြီး ထွက်ပြေးကြပါတော့လေသည်။ နောက် မှသာ သတ္တိရှိသူတွေက မရဲတရဲနဲ့ ရောက်လာပြီး ကြည့်လိုက်ကြတော့ အောင်ဖြိုးတစ်ယောက် မသေပဲ မြောနေမှန်းကို သိလိုက်ကြပါတော့သည်။

ဒီတော့မှ အခေါင်းထဲကနေ သူ့ကို ဆွဲထုတ်ပေးကြကာ ရေတိုက်ပေးကြတော့၏။ အသုဘအတွက် ပြင်ထားတဲ့အပြင်ဆင်တွေကိုလည်း ဖျက်သူဖျက်။ အခေါင်းစင်ကိုလည်း သင်္ချိုင်းကုန်းကို သွားကာ မီးရှို့သူကရှို့နဲ့ အလုပ်တွေ များကုန်လေတော့သည်။ အိမ်သူ အိမ်သားတွေကတော့ အောင်ဖြိုးတစ်ယောက် မသေပဲ​မြောနေတဲ့အတွက် ဝမ်းသာအားရပင် ဖြစ်နေခဲ့တော့သည်။

အသုဘအတွက် ချက်ပြုတ်ထားတာတွေကိုလည်း အလှူလိုသဘောထားပြီး ရွာသူရွာသားတွေကိုလည်း ကျွေးမွေးလိုက်ကြတော့သည်။ ထို့နောက် မှာတော့ အောင်ဖြိုးလည်း ထိုအကြောင်းတွေကို ပြန်ပြောပြလိုက်သည့် အခါမှာတော့ ကြားရသူတွေလည်း အထိတ်ထိတ် အလန့်လန့်ပင် ဖြစ်နေကြရလေတော့၏။ သို့ပေမဲ့ ယုံသူရှိသလို မယုံသူတွေလည်း ရှိနေကြလေသည်။ သူ့အတွက်ကတော့ လောကကြီး၏ ဆန်းကြယ်မှုကို သူကိုယ်တိုင် ကြုံတွေ့လိုက်ရပြီ မဟုတ်ပါလား။

အဆိုးတွေလာပြီးရင်တော့ အကောင်းတွေသည်လည်း မုချပင် လာလေအုန်းမည်။ ဘဝဆိုသည်က အဆိုးနဲ့အကောင်း ဒွန်တွဲလျက်သာ။

***** *****
..ပြီးပါပြီ..