*တောကြောင်လိုက်သူများ*📖📖📖
•••••••••••••••••••••••••••••••
တောင်တွေက ညိုမှောင်၊ တောတွေကစိမ်းစိမ်း။ ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းလေးက ရေပြာပြာ။ ထို့ကြောင့် ရေပြာစမ်း။
စမ်းချောင်းလေးကို အမှီပြု၍နေကြသော အင်ဖက်တဲငယ်လေးများ စုဝေးရာစခန်းကို ရေပြာစခန်းဟု ခေါ်ကြသည်။ တောင်ခြေမြေပြန့်ရှိ ကြွယ်ကန်၊ ကျောက်အိုး၊ မြင်းခြံ၊ ရွှဲသီး စသော ရွာများမှ သစ်ခွဲမီးသွေးဖုတ် ဝါးခုတ်လုပ်ငန်းများအတွက် လာရောက်နေထိုင်ကြသူများ၏ စခန်း။ အောက်ကျင်းခေါ် မြေနိမ့်လွင်ပြင်မှ ရှမ်းကုန်းမြေမြင့်သို့တက်လျှင် ဦးဆုံးစတွေ့ရသည့် လူ့အဖွဲ့အစည်းလေးတစ်ခု တည်ရှိရာလည်း ဖြစ်သည်။
ဤစခန်း၌ ကနဦး လာရောက်နေထိုင်သူက ဦးလှဘော်။ သူက ရွာငံနယ်သား ဓနုတိုင်းရင်းသား။ မြေပြန့်သားတွေက သူ့ကို ရှမ်းလှဘော်ဟု ခေါ်ကြ သည်။ ကြွယ်ကန်ရွာသူနှင့် အိမ်ထောင်ကျတော့ ရှမ်းလှဘော်သည် တောင်ပေါ် နှင့်မြေပြန့် ကူးချည်သန်းချည် လုပ်နေခဲ့ရာမှ ကြွယ်ကန်ရွာနှင့်လည်း လက်လှမ်းမီရာလည်းဖြစ်၊ သူနှစ်သက်ရာ တောင်ပေါ်ဒေသလည်းဖြစ်သော ရှမ်းပြည်နယ်အစပ် ဤရေပြာစခန်းမှာ တဲထိုးနေခဲ့ခြင်းဖြစ်သည်။
သူတို့ဇနီးမောင်နှံ တောတောင်ထဲမှာစနေတုန်းက လူအများ အံ့သြကြသည်။ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲဟု ဘေးကနေ မယုံမရဲ ဖြစ်ကြသည်။ မကြာခင် ပြေးကြမှာပါဟု ကြိုတင်ခန့်မှန်းသူကလည်း မရှား။
ရှမ်းလှဘော်သည် တောရိုင်းသတ္တဝါနှင့် သဘာဝဘေးရန်တို့ကို ရင်ဆိုင်ရပ်တည်ကာ တောင်ယာစိုက်၊ နွားမွေး၏။ ကြာသော် ရှမ်းလှဘော်၏တဲသည် တောင်ပေါ်နှင့် မြေပြန့်လမ်းတွင် စခန်းထောက်ရာ ဖြစ်လာ၏။ နေ့ချင်းပြန် သစ်ခုတ်ဝါးခုတ်ကြသူတို့၏ အပန်းဖြေနားနေရာလည်း ဖြစ်လာ၏။ သို့ဖြင့် နှစ်အနည်းငယ် အကြာတွင် ရေပြာစခန်း၌ နောက်ထပ်တဲတစ်လုံး တိုးလာပြန်၏။
ကြွယ်ကန်ရွာမှ ဦးစံလှနှင့် ဒေါ်ငွေစိန်တို့ လာရောက်နေကြခြင်း ဖြစ်သည်။ သူတို့က ကြွယ်ကန်ရွာမှာ လယ်မြေ သိပ်မရှိ။ စီးပွားရေးအကွက်ကျဉ်းသည်။ သို့ဖြင့် ရေကြည်ရာ မြက်နုရာရှာရင်း အစမ်းသဘောဖြင့် ရေပြာစခန်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့ကြသည်။
သူတို့လည်း တောင်ယာစိုက် နွားမွေးသည်။ ဤစခန်းဝန်းကျင်တွင် စိုက်ချင်သလောက်စိုက် မြေကပေါသည်။ နွားတွေအတွက်လည်း စားကျက်က ကျယ်လိုက်သမှ တစ်ကွင်းလုံး။ သည်တော့ အဆင်ပြေသည်။ အောက်ကျင်းကို ပြန်မဆင်းကြတော့။
သို့ဖြင့် မြင်းခြံရွာက ဦးစံကြူး၊ ထို့နောက် ရွဲသီးရွာက ကိုစိန်ခို စသူတို့ နောက်ထပ် အခြေချ လာရောက်နေထိုင်ကြရာမှ မူလက ရေပြာစမ်းသည် ရေပြာစခန်းဟု အမည်တွင်ကာ ရွာငယ်လေးတမျှ စည်ကားလာခဲ့တော့သည်။
ယခင်ရွာမှနေ၍ အပင်ပန်းခံပြီး နေ့ချင်းပြန် အလုပ်လာလုပ်သူများသည် ရေပြာစခန်းမှာပင် အင်ဖက်တဲလေးများ အသီးသီးထိုးကာ ညအိပ်ညနေ နေလျက် အလုပ်လုပ်ကြတော့သည်။ အထူးသဖြင့် မိုးရာသီကုန်ဆုံးပြီးနောက် မြေပြန့်မှ လယ်ယာလုပ်ငန်းများ အလုပ်ပါးချိန်တွင် တောင်ပေါ် တက်လာကြသည်။ ထိုအချိန်များတွင် ရေပြာစခန်းသည် လူသံ သူသံ၊ အော်ဟစ်သံတို့ဖြင့် ဆူညံစည်ကားနေတော့သည်။
ကျွန်တော်တို့ ဘူမိဗေဒအဖွဲ့လည်း သတ္တုရှာဖွေရန် ဤစခန်းမှာပင် ရွက်ဖျဉ်တဲထိုး၍ နေဖြစ်ခဲ့ကြသည်။ ထိုအခါ ရေပြာစခန်းမှ လူများ တိရစ္ဆာန်များနှင့်တကွ သူတို့၏အဖြစ်အပျက်များသည် တစ်စတစ်စ ကျွန်တော်တို့နှင့် ရင်းနှီးကျွမ်းဝင်လာခဲ့တော့သည်။
သက်တမ်းမကြာလှသေးသော ရေပြာစခန်းတွင် လူအများ အစဉ်အလာ ပြောစမှတ်ပြုကြမည့် ဇာတ်လမ်းလေးများ ကြိုကြားကြိုကြားဆိုသလို ဖြစ်ပျက်ခဲ့ကြ၏။
သို့ဖြင့် သတ္တုမုဆိုးအဖွဲ့တွင် စာရေးရန်ဝါသနာပါသော ကျွန်တော်သည် မျက်မြင်ကိုယ်တွေ့ ဇာတ်လမ်းအချို့ကို ရေးသား၍ ဖောက်သည်ချဖြစ်ခဲ့သည်။ ယခုဝတ္ထုတွင် ကျွန်တော် အဓိကရေးသားလိုသည်မှာ ရေပြာစခန်းမှ ခွေးများအကြောင်း ဖြစ်၏။
တောထဲတောင်ထဲနေကြသူ အားလုံးလိုလိုပင် ခွေးမွေးလေ့ရှိကြ၏။ အလုပ်နှင့်လက်မပြတ်သော တောသူတောင်သားများသည် တဲ၌ နေရသည့်အချိန်က နည်းပါးလှ၏။ ထိုအခြေအနေတွင် ခွေးသည် တဲစောင့်ဖို့ မရှိမဖြစ်လိုအပ်သော သက်ရှိပစ္စည်းတစ်ခု ဖြစ်နေသည်။
ထို့ကြောင့် ရေပြာစခန်းတွင်လည်း တဲတိုင်းမှာပင် ခွေးမွေးထားကြ၏။ ခွေးသတ္တဝါများတွင် အများစုမှာ သာမန်မျှသာ ဖြစ်သော်လည်း စကားထဲထည့်ပြောရလောက်အောင် ထူးခြာသော ခွေးအနည်းအကျဉ်းလည်း အမှန်ပင် ရှိနေ၏။
ရေပြာစခန်းမှ ခွေးအများစုသည် လူစိမ်းများ တဲအနီးကပ်လာလျှင် ဆီးဟောင်တတ်ကြ၏။ သခင်ကဟန့်လိုက်လျှင် ငြိမ်ကုပ်သွားကြ၏။ တချို့ ခွေးများကတော့ အခွင့်သာလျှင် သာသလို ကိုက်ခဲတတ်၏။ ထိုခွေးများသည် နေရာတကာ၌ တွေ့ရလေ့ရှိသော သာမန်ခွေးများသာ ဖြစ်ကြသည်။
ထိုသာမန် ခွေးထဲက ခွေးများထက်ထူးခြားသောလူအများက အရေးတယူ စကားထဲထည့်ပြောရသော ခွေးနှစ်ကောင်ကို ရေပြာစခန်းတွင် ကျွန်တော် တွေ့ခဲ့ရ၏။
သူတို့မှာ ကျားကောင်နှင့် ဘိုကြီးဆိုသော ခွေးနှစ်ကောင်ပင်။ သူတို့ နှစ်ကောင်သည် ဦးစံလှတဲမှ ခွေးနှစ်ကောင် ဖြစ်၏။ ခွေးဇာတ်လမ်း ရုပ်ရှင်ရိုက်မည်ဆိုလျှင် သူတို့ကို ခွေးဇာတ်လိုက်နေရာတွင် ထားရပါလိမ့်မည်။ ကျန်သာမန် ခွေးများကတော့ ခွေးဆိုက်ပတ်လောက်ပဲ ဖြစ်နိုင်ပေလိမ့်မည်။
ကျားကောင်နှင့်ဘိုကြီး နှစ်ကောင် တောကြောင်အလိုက်ကျွမ်းကျင်ပုံမှာ စာဖွဲ့လောက်ပါ၏။ ရေပြာစခန်းရှိရာ ဤကမ်းပါးနီကွင်းမှာ သူတို့လို ခွေးမျိုးနှစ်ကောင်တည်းရှိလို့သာ တော်တော့သည်။ သို့မဟုတ်လျှင် တစ်ကွင်းလုံးရှိ တောကြောင်တွေ ယခုလောက်ဆိုလျှင် မျိုးတုံးလောက်ပေပြီ။
နေဝင်၍ အမှောင်ပျိုးလျှင်ပင် ကျားကောင်တို့နှစ်ကောင်သည် စခန်းကို ကျောခိုင်း၍ တောတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။ နှစ်ကောင်သား လိုက်ဖက်လည်းညီလှသည်။ ထွားကျိုင်းသန်မာပုံချင်းလည်း တူသည်။ တောကြောင်ကို လိုက်လံရှာဖွေရာမှာ ကျွမ်းကျင်ပါးနပ်ပုံချင်းလည်း တူသည်။
သူတို့သည် တောတကာတောင်တကာအနှံ လျှောက်သွားကြသည်။ တောထဲမှာ သစ်ကျုတ်အန္တရာယ်ရှိမှန်း သိလျက်နှင့် ရဲဝံ့စွာ တောတွင်းသို့ ဝင်သည်။ တောကြောင်အနံ့ မရမချင်း လျှိုမြောင် တောင်စွယ် တောတန်းတွေ့သမျှ အကုန်ဖြတ်သန်းကြသည်။ တစ်ချိန်ချိန်တွင် တောကြောင်ကို အနံ့ခံမိတော့သည်သာ။ အနံ့ကိုရလျှင် အကောင်ကို မတွေ့မချင်း လိုက်တော့သည်။ တစ်ခါတစ်ရံ အနံ့မရမီမှာပင် အကောင်ကို ပက်ပင်းပါ တိုးချင်လည်း တိုးတတ်သည်။
တောကြောင်သည် ခွေးနှစ်ကောင်နှင့် တိုးပြီးလျှင် နီးရာသစ်ပင်ပေါ် တက်ပြေးရတော့သည်။ ခွေးက သစ်ပင်ပေါ်သို့ လိုက်မတက်နိုင်။ အစွယ်တဖွေးဖွေးနှင့် မန်ဖီရင်းသာ သစ်ပင်ခြေရင်း၌ ကျန်ရစ်ခဲ့ရသည်။ သစ်ပင်ပေါ် မော့ကြည့်သော် တောကြောင်ကို မြင်ရ၏။ မြင်ရုံကလွဲ၍ ဘာမှ မတတ်နိုင်။ ဟောင်ခြင်းအမှုကိုသာ ပြုနိုင်တော့သည်။ ခွေးနှစ်ကောင်သည် တောကြောင်ရှိရာ သစ်ပင်ပေါ်မော့လျက် အဆက်မပြတ်ဟောင်၏။ သို့မှသာ စခန်းမှာရှိသော သူတို့သခင်တွေက ကြားပေးလိမ့်မည်။ ကြောင်ကလည်း သစ်ပင်ပေါ်မှ မဆင်းရဲ၊ ခွေးတို့သည် ဟောင်ပြီးရင်း ဟောင်၏။
ရေပြာစခန်း၏ ညခါများတွင် ဟိုအဝေးမှ ခွေးဟောင်သံများကို ကြားရစမြဲပင်။ တချို့ညများတွင် စောစောစီးစီး ကြားရသလို တချို့ညများတွင်မူ ညဉ့်နက်သန်းခေါင်ကျော်မှ ကြားရသည်လည်းရှိ၏။
ခွေးဟောင်သံကြားလိုက်သည်နှင့် ဦးစံလှ၏သားများဖြစ်ကြသော တင်ဝင်းနှင့် တင်မင်းတို့သည် ကျင့်သားရပြီးသား ဖြစ်သည့်အတိုင်း အိပ်ရာမှ ဖျတ်ကနဲ ထထိုင်လိုက်ကြသည်။
ခါတိုင်းယူနေကျ လက်နှိပ်ဓါတ်မီး ငါးတောင့်ထိုးနှင့် လေးခွကိုယူ၊ ဓားကိုလွယ်လျက် တောကိုဝင်ကြသည်။ ဆောင်းကာလ အချမ်းသည်းသော အချိန်မျိုးဆိုလျှင် နွေးထွေးသောအိပ်ရာကိုစွန့်ပြီး နှင်းထူသောတောထဲသို့ တိုးဝင်ရသည်မှာ အင်မတန် စိတ်ပျက်စရာကောင်းလှသည်။ အချမ်းဒဏ်မှ သက်သာစေရန် စောင်တစ်ထည်ကို ပခုံးပတ်ပြီး ခြုံရသေးသည်။ ခွေးဟောင်သည့်နေရာ နီးလျှင် တော်ပါသေးရဲ့။ ဝေးလို့ကဖြင့် မသက်သာပြီ။
ခွေးဟောင်သံကို နားစွန့်ပြီး ဦးတည်သွားရသည်ဖြစ်ရာ လျှိုမြောင် ချောက်ကမ်းပါးတို့ကို ဖြတ်ရ၏။ တောင်ကို ကျော်ရ၏။ ရှုပ်ထွေးပိတ်ဆို့သော ဆေးပျစ်ချုံတို့ကို တိုးရ၏။ နှင်းစိုလူးသော သစ်ပင်မြက်ပင်တို့ကို တိုးဝှေ့ပွတ်တိုက်ရဖန်များလာလျှင် ကိုယ်ခန္ဓာအောက်ပိုင်းတစ်ခုလုံး နှင်းရည်တို့ဖြင့် ရွှဲရွှဲစိုတော့၏။ အအေးဒဏ် အရိုးခိုက်အောင် ပြင်းထန်လွန်းလာလျှင် သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်များကို ရှာဖွေစုပုံမီးရှို့ပြီး မီးလှုံရသေး၏။
တင်ဝင်းတို့အသံကြားရပြီဆိုလျှင် ကျားကောင်တို့သည် ပို၍အားတက်လာကာ ပိုဟောင်၏။ သခင်ကို ခေါင်းမော့မော့၊ အမြီးတနှံ့နှံ့လျှာဖြင့်လျက် မြူးထူးကြိုဆိုကာ “တောကြောင် ဟောဒီသစ်ပင်ပေါ်မှာ” ဟုဆိုနေသယောင်။
လူသံကြားရလျှင် တောကြောင်ခမျာ စိုးရိမ်စိတ်ဝင် ယောက်ယက်ခတ်လေပြီ။ ခွေးတွေချည်းဆိုလို့ကတော့ သစ်ပင်အောက်ကမခွာဘဲ ကြိုက်သလောက်ဟောင်ပါစေ၊ မောတော့ သူတို့လက်လျှော့သွားကြလိမ့်မည်။ အဲ.. လူရောက်လာပြီဆိုတော့ အသက်အန္တရာယ် အလွန်နီးကပ်လာနေပြီပေါ့။ ပေါ့ဆ၍ မဖြစ်တော့ပြီ။
လူက အလွယ်တကူ မမြင်နိုင်သည့် သစ်ရွက်သစ်ခက် ထူသည့် ချောင်ထဲတွင် ဝင်ပုန်းနေရသည်။ နောက်ပြီး ရန်သူကို ဖိတ်ခေါ်နိုင်သည်က တောက်ပသော မျက်လုံးတစ်စုံ။ သည်တော့ အမှောင်ထဲမှာ လက်နှိပ် ဓာတ်မီးရောင်ဖြင့် တောက်ပလွန်းသော မျက်လုံးများကို ရန်သူမမြင်ရအောင် ဦးခေါင်းကို အပေါ်မော့ထားရမည်။
အို.. နားကြားပြင်းကတ်စရာ ခွေးဟောင်သံ စူးရှရှတွေထဲမှာ အသည်းထိပ်စရာ လူသံတွေကို ကြားနေရပြီ … ဒုက္ခပါပဲ။
လက်နှိပ်ဓာတ်မီးထိုးလိုက်၍ တောကြောင်၏ တောက်ပသောမျက်လုံးအစုံကို သစ်ရိပ်မှောင်မှာ လွယ်လင့်တကူ မြင်လိုက်ရလျှင် တင်ဝင်းတို့အဖို့ အလွန်ကံကောင်းသည်ဟု ဆိုနိုင်၏။ လက်ဖြောင့်လှသော တင်ဝင်း ပစ်လွှတ်လိုက်သောလောက်စာလုံးသည် မျက်လုံးနှစ်လုံးကြား (သို့တည်းမဟုတ်) အခြား တစ်နေရာကို ထိမှန်လျှင် ကြောင်သည် ဒဏ်ရာပြင်းထန်လွန်းသောကြောင့် လည်းကောင်း၊ ပစ်ချက်ပျော့လျှင်လည်း လန့်ဖျပ်ပြီး ကယောင်ကတမ်း ဖြစ်သွား သောကြောင့်လည်းကောင်း ခုန်ချမိတတ်သည်။
ခုန်ချလိုက်၍ မြေပြင်ပေါ်ရောက်သည်နှင့် ကျားကောင်တို့၏အစွယ်ကြားမှာ အသက်ပျောက်ရတော့သည်။
လက်နှိပ်ဓာတ်မီးရောင်ဖြင့် ကြောင်ကိုရှာမတွေ့လျှင် သစ်ပင်တစ်ပင်လုံး နေရာအနှံ့ လေးခွဖြင့် အချက်ပေါင်းများစွာ ရမ်းသန်းပစ်ထည့်သည်။ တစ်ချက်မမိ၊ တစ်ချက်မိ။
များစွာသော လောက်စာလုံးများထဲမှ တစ်လုံးတလေက ကြောင်ကို သွားထိလျှင်လည်း ကြောင်ကခုန်ချတတ်သည်။
ထိုသို့မဟုတ်ဘဲ ကြောင်ကို အောက်သို့ခုန်ဆင်းအောင် မည်သို့မျှလုပ်၍ မရတော့ဘူးဆိုလျှင် လူက သစ်ပင်ပေါ် တက်ရသည်။
ချမ်းအေးလှသောကာလ ညဉ့်အချိန်အခါ မြင့်မားမတ်စောက်သော သစ်ပင်ပေါ်တက်ရသည်မှာ အန္တရာယ်များလှသည်။ သူတစ်ပါး၏ အသက်ကိုသေစေဖို့ မိမိအသက်ကို အရင် ရင်းရသည်။
တင်ဝင်း၊ တင်မင်းတို့ကတော့ သည်တောထဲမှာ ကြီးပြင်းလူလားမြောက်လာကြသူများဖြစ်၍ သစ်ပင်တက်ရာမှာ မျောက်ကပင် ရှုံးလောက်အောင် ကျွမ်းကျင်လှသည်။ သစ်ပင်ခွဆုံရောက်လျှင် ဓာတ်မီးဖြင့် သစ်ပင်တစ်ပင်လုံးအနှံ့ထိုးကြည့်၊ တောကြောင်ကို တွေ့မြင်လျှင် လေးခွဖြင့် အနီးကပ်ပစ်ချပေရော့။
တောကြောင်သည် သစ်ပင်ပေါ်မှ မလွှဲသာ မရှောင်သာ ခုန်ချကြရတော့ကာ ကျားကောင်တို့၏ အစွယ်အတွင်း သက်ဆင်းကြရတော့သည်။
ဤနည်းဖြင့် ကျားကောင်တို့ တောင်ကြောင်ဖမ်းခဲ့သည်မှာ မနည်းလှတော့ပြီ။ ညတိုင်းလိုလို တောကြောင်ရသည်ဟုဆိုပါလျှင် ထိုစကားသည် ယုတ္တိမတန်သော စကားမဟုတ်။
ဦးစံလှတို့အိမ်သားများအဖို့ တောကြောင်သားကို မစားချင်အဆုံး။ စားမကုန်သဖြင့် တစ်ခါတစ်ရံ ရောင်းစားရသေးသည်။ တချို့ကိုတော့ ခင်မင်ရင်းနှီးသူများကို ပေးဝေငှရသည်။ မကြာခဏဆိုသလို မိမိတို့၏အိမ်ကလူအပြင် တခြားသူများ တောထဲလိုက်ခဲ့လျှင် သူတို့ကိုလည်း ထုံးစံအတိုင်း ဝေစုခွဲပေးရသည်။
တောကြောင်လိုက်ရာသို့ တင်ဝင်းနှင့် တင်မင်း ညီအစ်ကိုတို့ ဒိုင်ခံသွားကြသော်လည်း တစ်ရက်တလေ ဦးစံလှလည်း လိုက်တတ်သည်။
ဦးစံလှနှင့် တင်ဝင်း၊ ဦးစံလှနှင့် တင်မင်း သွားတတ်သလို သူတို့ အိမ်သားတစ်ယောက်ယောက်နှင့် အပြင်လူတစ်ယောက်၊ နှစ်ယောက်လည်း သွားတတ်သည်။
တောကြောင်လိုက်ရာတွင် အနည်းဆုံး နှစ်ယောက်မှ တစ်ခါတစ်ရံ လေးယောက် ငါးယောက်အထိ သွားတတ်သည်။
ခွေးဟောင်သံကြား၍ တောထဲဝင်ရာတွင် အခြားသူ တစ်ယောက်ယောက် လိုက်လာလျှင်လည်း တားမြစ်လေ့ရှိသည်မဟုတ်။ မည်သို့ပင်ဖြစ်စေ ဦးစံလှအိမ်သား အနည်းဆုံး တစ်ယောက်တော့ ပါစမြဲပင်။ သူတို့က ခွေးရှင် ဖြစ်နေသည်ကိုး။
တင်ဝင်းနှင့် တင်မင်းသည် သတ္တုရှာဖွေရေးလုပ်ငန်းတွင် နေ့စားဝင်လုပ်နေကြသူများဖြစ်ကြ၍ သူတို့ တောကြောင်လိုက်ပုံများကို ကျွန်တော် ကောင်းစွာ သိနေခဲ့ပါသည်။ ကျွန်တော်ပင်လျှင် တစ်ကြိမ် အပျင်းပြေ တောကြောင်လိုက်ခဲ့ဖူးပါသည်။ သို့တိုင်အောင် ဤအကြောင်းကို ကျွန်တော် စာတစ်ပုဒ်အဖြစ် မရေးဖြစ်ခဲ့။
ယခုရေးဖြစ်သည်မှာ ဒေါ်ငွေစိန်ကြောင့် ဖြစ်ပါသည်။ ဒေါ်ငွေစိန်သည် ဦးစံလှ၏ ဇနီးဖြစ်၏။ ဒေါ်ငွေစိန်သည် ဦးစံလှထက် အသက်အတော်ပင် ငယ်သည်။ ကျန်းမာသန်စွမ်းသူဖြစ်ပြီး အလုပ်နှင့်လက် မပြတ်အောင် ဇယ်ဆက်သလို လုပ်နေတတ်သူ ဖြစ်၏။ အိမ်သားများကိုလည်း သူ့လိုပင် အလုပ်အမြဲလုပ်နေမှ ကြိုက်သည်။ သို့မဟုတ်လျှင် တဖျစ်
တောက်တောက် မြည်တွန်တောက်တီးနေတတ်သူ ဖြစ်သည်။
သူ့အိမ်မှ လူများ၊ ခွေးများသည် တောကြောင်နှင့် ပတ်သက်နေကြစေကာမူ သူကတော့ ဘာမှ မဆိုင်သလိုပင်။ တောကြောင်နှင့် ပတ်သက်၍ ပြောကြရာတွင် ဘယ်တော့မှ ဒေါ်ငွေစိန်နာမည် မပါခဲ့။ ယခုသော် ဒေါ်ငွေစိန်၏နာမည် ပါရုံမျှမကတော့ဘဲ ရေပြာစခန်း၌ ပြောစမှတ်ပြုရမည့်သူများတွင်ပင် စာရင်းဝင်သွားခဲ့ပြီ ဖြစ်ပါသည်။
ဆောင်းရာသီတစ်ရက်တွင် ဦးစံလှနှင့်တကွ တင်ဝင်းရော တင်မင်းပါ အောက်ကျင်းသို့ ဆင်းသွားကြသည်။ ဦးစံလှ၏ ညီတစ်ယောက် ရှင်ပြုအလှူပွဲ လုပ်မည်ဖြစ်၍ ဝိုင်းဝန်းကူညီကြရန် ဖြစ်သည်။
သူတို့တဲတွင် ဒေါ်ငွေစိန်နှင့် သူ့သမီးနှစ်ယောက်ဖြစ်သော မြင့်ဌေးနှင့် တင်ဌေးတို့သာ ကျန်ရစ်ခဲ့ကြသည်။ သို့ရာတွင် ကိစ္စမရှိပါ။ အရင်ကလည်း စီးပွားရေးကို ဒေါ်ငွေစိန်ကပင် ဦးဆောင်နေခဲ့သောကြောင့် ဦးစံလှတို့သားအဖတစ်တွေ ခေတ္တခဏ တဲ၌ မရှိခြင်းသည် ဘာမှ ထိခိုက်စရာမဖြစ်ခဲ့။
တောင်ယာစပါးလည်း သိမ်းပြီးပြီဖြစ်၍ ညနေတိုင် လျှင် နွားတွေကို လိုက်သိမ်းရန်သာ ရှိတော့သည်။ ထိုအလုပ်ကိုလည်း မြင့်ဌေးတို့ ညီအစ်မက ထမင်းစားရေသောက်ပမာပင် ထားနိုင်လောက်အောင် ကျွမ်းကျင်ပိုင်နိုင်နေပေပြီ။
ရေပြာစခန်း၏ ဆောင်းညသည် သိပ်သည်းသောအမှောင်ထုအောက်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
ထိုစဉ် အဝေးဆီမှ ခွေးဟောင်သံများကို ခပ်သဲ့သဲ့ကြားလာရသည်။ ကျားကောင်နှင့် ဘိုကြီး၏ အသံမှန်း စခန်းက လူခပ်များများ သိကြပြီးဖြစ်သည်။
ယခင် ညများကဆိုလျှင် ခွေးဟောင်သံတွေ ကြားရပြီးနောက် မကြာမီ ဦးစံလှတဲမှ တောကြောင်အလိုက်သွားသည့် အသံဗလံများကို ကြားရစမြဲ။ ယခုတော့ ဘာသံမှ မကြားရ။ ငြိမ်ချက်သား ကောင်းနေ ဆဲပင်။ ဦးစံလှတို့ သားအဖတစ်တွေ မရှိချိန်တွင် ဒေါ်ငွေစိန်တို့ သားအမိတစ်တွေသည် တောကြောင်လိုက်ရန် တောတွင်းသို့ ညကြီးမင်းကြီး မည်သို့ သွားရောက်နိုင်ပါမည်နည်း။
ခဏအကြာတွင် ရေပြာစခန်း၏အမှောင်ရိပ်မှ လူလေးယောက်တို့သည် ခွေးဟောင်သံကြားရာဆီသို့ ဦးတည်လျက် ထွက်ခွာပျောက်ကွယ်သွားကြ သည်။
အချိန်အတန်ကြာပြီးနောက်တွင်ကား ခွေးဟောင်သံများ ပျောက်ကွယ်သွားကာ ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။
လင်းအရုဏ်မကျင်းမီ အမှောင်ထု ပြယ်လုလုအချိန်တွင် ကိုအောင်ခ၏ တဲမီးဖိုမှ ထူးထူးခြားခြား မီးရောင်ထွက်ပေါ်နေသည်။
တီးတိုးစကားသံများ၊ တောကြောင်ကို ခုတ်ထစ်သံ၊ ထင်းမီးဖိုမှ မီးတောက်မီးလျှံများ။ နောက်… ဇွန်းသံ၊ ပန်းကန်သံ၊ တောကြောင်ဟင်းနံ့မွှေးမွှေး၊ ပုလင်းသံ ခွက်သံ၊ တောအရက်နံ့စူးစူး။
စကားသံများသည် တိုးရာမှ တဖြည်းဖြည်း ကျယ်လောင်လာသည်။ အရက်ပျော်ဝင်နေသော မပီမသ ယိုင်ရွဲ့ရွဲ့စကားလုံးများ။
“ဟေ့… တော်လောက်ပြီကွ။ အဲဒီပန်းကန်ထဲကဟင်းက မနက်လင်းရင် ဒေါ်ငွေစိန်တို့ကို ဝေစုပေးရမှာကွ။ သူတို့ခွေးတွေကြောင့် ဒီကြောင် ကို ရထားတဲ့ဟာကို”
စူးစူးဝါးဝါး စကားသံများ ဖရိုဖရဲ ထွက်ပေါ်လာသည်။
“ခေါက်… ခေါက်ထားလိုက်စမ်းပါကွာ၊ သူတို့က နေ့တိုင်းစားရလို့ ရိုး… ရိုးအီနေပြီကွ။ ဟေ့… တို့က တစ်ခါတလေမှ တောကြောင်သား လတ်
လတ်ဆတ်ဆတ် မွှေးမွှေးလေးကို နှိပ်ရတာ။ ကဲ… ကဲ… ယူတယ်ကွာ၊ စားတယ်ကွာ ဘာဖြစ်လဲ…”
ဆူဆူညံညံစကားသံများ၊ ရန်ဖြစ်သံ၊ တွန်းထိုးပြိုလဲကျကွဲသည့် စကားအသံများ။
“ဟာ… ကုန်ပါပြီကွာ၊ မအေ… တွေ..”
ဆူသံဆဲသံများ ညံစီသွားခဲ့၏။
xxx xxx xxx
ထိုနေ့တစ်မနက်လုံး ခါတိုင်းကလိုပင် ဘာမှမထူးခြားခဲ့။ ဟော… နေ့လယ်ခင်းရောက်ရော ဘယ်သူက လက်တို့သတင်းပေးလိုက်သည် မသိ။ ဒေါ်ငွေစိန် သောင်းကျန်းပါလေတော့သည်။
“သေနာကောင်တွေ၊ ငတ်တာကျတွေ၊ ငါ့ခွေးတွေအစွမ်းနဲ့ ကြောင်ရတာကိုများ ငါ့အိမ်ကိုတော့ တစ်တုံးတစ်ဖတ်မှ မပေးဘူး။ အငတ်တွေ… မျိုကြဟဲ့ ဆို့ကြဟဲ့၊ အငတ်တိုင်းပြည်ကလာတဲ့ ငတ်ကြီးကျတွေရဲ့”
နဂိုကတည်းက အိမ်မှာဆူပူနေကျ၊ အသံကလည်း ခပ်စွာစွာ ခပ်စူးစူးမို့ ဒေါ်ငွေစိန်ဆဲဆိုသံက ရေပြာစခန်းတစ်ခုလုံးကို လွှမ်းသွားသည်။ တဲတိုင်းကလူတွေ ခေါင်းထောင်ကြည့်ကြ၊ စပ်စုကြ၊ မေးငေါ့ကြ၊ ပြုံးစိစိလုပ်ကြ။
ကိုအောင်ခနှင့် အပေါင်းအပါတို့ကတော့ ခေါင်းမဖော်နိုင်။ ရှက်ရှက်ဖြင့် ငြိမ်ကုပ်နေကြသည်။ မလင်းခင်က သောက်မျိုထားသော အရက်ကလည်း အစွမ်းမပြနိုင်တော့ပြီ။
ဒေါ်ငွေစိန်ပါးစပ်မှ အယုတ္တအနတ္တစကားလုံးတွေ အတုံးလိုက်အတစ်လိုက် ထွက်ပေါ်နေဆဲပင်။ ဆဲလိုက် ဆိုလိုက်၊ မောတော့နားလိုက်၊ ရေသောက်လိုက်၊ ပြန်ဆဲလိုက်။
ထိုနေ့က ခပ်စွာစွာ မြင့်ဌေးသည်ပင် သူ့အမေကို စကားတစ်ခွန်းမှ ပြန်မပြောရဲ။
ရေပြာစခန်း၏ မသာယာသော ထိုနေ့သည် မကြာမီကုန်ဆုံးပေတော့မည်။ အမှောင်၏ အစအနများပင် ယှက်သန်းနေပေပြီ။ မကြာမီ အမှောင်ပျိုးတော့မည်။
ထိုအခါ ကျားကောင်နှင့် ဘိုကြီး ခွေးနှစ်ကောင်သည် ခါတိုင်းကလိုပင် တောကြောင်ရှာဖွေရန် တောတွင်းသို့ ဝင်ကြပေတော့မည်။ ယနေ့ည ခွေးဟောင်သံကြားလျှင် မည်သူသည် တောတွင်းသို့ ဝင်ဝံ့ပါတော့မည်နည်း။
သို့ရာတွင်…
အမှောင်ဝင်စပြုသည်နှင့် ဒေါ်ငွေစိန်သည် ခွေးနှစ်ကောင်ကို ခိုင်ခံ့သော သံကြိုးများဖြင့် ချည်နှောင်ထားလိုက်ပါတော့သည်။
သူတို့တစ်သက်တာလုံး လွတ်လပ်စွာ သွားလာလှုပ်ရှားနေခဲ့ရသော ခွေးနှစ်ကောင်သည် သံကြိုးမှ လွတ်ရာလွတ်ကြောင်း ရုန်းကြည့်၏။ မရ။ သံကြိုးကို သွားဖြင့်ကိုက်ဖြတ် ကြည့်၏။ မရ။ ထိုအခါ တအီအီ ကျယ်လောင်စွာ အော်တော့သည်။ မာန်ဖီ၍ သံကြိုးကိုကိုက်လိုက် တအီအီအော်လိုက်ဖြင့် ကြားရသူတိုင်း စိတ်မသက်မသာ ခံစားကြရတော့သည်။
ဒေါ်ငွေစိန်ကတော့ တဲရှေ့ကွပ်ပျစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးပေါ့လိပ်ကြီးကို ရဲကနဲ ရဲကနဲ ဖွာရင်း၊ မီးခိုးတွေကို တဟူးဟူး မှုတ်ထုတ်ရင်းက ငယ်မွေးခြံပေါက် ခွေးနှစ်ကောင် ရုန်းကန်နေသည်ကို မျက်လုံးမှေးစင်း ကြည့်နေလျက်။
ထိုသတင်းသည် ရေပြာစခန်းတစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားတော့၏။ ကြားရသူများက အမျိုးမျိုး ထင်မြင်ချက်ပေးကြ၏။
တချို့က ကိုအောင်ခတို့က ထုံးစံမလိုက်နာ ပျက်ကွက်လို့ဟု အပြစ်တင်ကြ၏။
တချို့ကတော့ ကိုအောင်ခကို အပြစ်မတင်၊ ကိုအောင်ခက ဒေါ်ငွေစိန်ကိုပေးဖို့ ဟင်းချန်ထားပါလျက်နဲ့ ဌေးအောင် အမူးလွန်သွားလို့ ဖြစ်ရတာဟု ဆို၏။
တချို့ကတော့ ဒေါ်ငွေစိန်ကို လောဘကြီးလွန်းတယ်၊ အကဲဆတ်လွန်းတယ်ဟု ဆို၏။
တချို့က ဒေါ်ငွေစိန်မှန်တယ်ဟု ဆို၏။
ထိုအမြင်များ မည်သို့ပင် ကွဲလွဲကြစေစခန်းရှိ လူအားလုံး တညီတညွတ်တည်း သဘောတူလက်ခံသည့် အချက်ကတော့ ကျားကောင်နှင့် ဘိုကြီးမှာ ဘာမှ အပြစ်မရှိဘဲ သံကြိုးနှင့် ချည်နှောင်ခံရတာ ကို ကရုဏာသက်ကြတာပဲ ဖြစ်သည်။
ကျွန်တော်လည်း စခန်းတွင်နေသူတစ်ယောက်ဖြစ်၍ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ခြုံငုံသိရှိပြီး ဖြစ်သည်။ ကျွန်တော်ကတော့ လူတွေအပေါ် ဘာမှ ထင်မြင်ချက် မပေးမိ။ ရေပြာစခန်းမှ ခွေးများအပေါ် စိတ်ဝင်စားမှုရှိထားသည့်အတိုင်း ခွေးချင်းနှိုင်းယှဉ်ပြီးသာ စဉ်းစားခန်းဝင်နေမိသည်။
ဤရေပြာစခန်းတွင် ဟောင်တတ်သည်ဆိုရုံမျှ လုပ်တတ်သည့် သာမန်ခွေးများက လွတ်လပ်နေပြီး တောလိုက်ကျွမ်းကျင်မှုဖြင့် အစွမ်းပြနိုင်သည့် ကျားကောင်နှင့် ဘိုကြီးနှစ်ကောင်ကမူ သံကြိုးဖြင့်ချည်နှောင်ခံရလျက်။ ။
၁၉၉၆ ခုနှစ်၊ မတ်လ၊ မြားနတ်မောင်မဂ္ဂဇင်း။
– ပြီး –
စာရေးသူ – ဆင်တဲဝမြတ်ဖုန်းအားလေးစားလျက်
Like&shareလေးနဲ့အားပေးပါအုံး