ထမင်းဝိုင်း

သင်္ချိုင်းထဲက ထမင်းဝိုင်း (စဆုံး)📖📖📖

(၁)

ဆောင်းလေအေးအေးက ဝေ့ကာတိုက်ခတ်နေလေသည်။ မြန်မာပြည်အလယ်ပိုင်း အထက်အညာဒေသဖြစ်သော်လည်း ကွင်းပြင်အတွင်းဖြတ်သန်းတိုက်ခတ်လာသည့်် ဆောင်းလေများကြောင့် အလွန်ချမ်းအေးလျှက်ရှိသည်။ ဆောင်းတွင်းမို့ နေ့တာတိုလျှက် ညတာရှည်သည့်အချိန်ဖြစ်ရာ ညနေခြောက်နာရီကျော်ရုံမျှနှင့် ပတ်ဝန်းကျင်တစ်ခွင်လုံးကို အမှောင်ထုက အုပ်ဆိုင်းသွားလေတော့သည်။ ထိုအချိန်တွင် ကျောင်းကုန်းရွာကလေးဆီသို့ လူငယ်နှစ်ဦးက ဆိုင်ကယ်ကလေးဖြင့်လာခဲ့ကြလေသည်။ အေးမြသည့်ဆောင်းရာသီဖြစ်သဖြင့် ရွာထိပ်တွင်လူသွားလူလာမရှိတော့ပေ၊ ထိုလူငယ်လေးနှစ်ယောက်မှာ အုတ်တွင်းရွာမှ လူငယ်ကလေးများဖြစ်ကြပြီး ကျေးရွာချင်းဆက်ထားသည့်် လမ်းမကြီးမှတဆင့် အုတ်တွင်းရွာသို့ပြန်လာကြခြင်းဖြစ်ရာ မကြာခင် ကျောင်းကုန်းရွာကလေးအနီးမှ ဖြတ်သန်းသွားကြလေသည်။

ကျောင်းကုန်းရွာကလေးမှာ အိမ်ခြေတစ်ရာခန့်သာရှိသည့်် ရွာငယ်ကလေးတစ်ရွာဖြစ်သည်။ ထိုရွာငယ်ကလေးမရောက်မီး ကျောင်းကုန်းသုဿန်ကြီးကို ဖြတ်သန်းသွားရလေသည်။ ကျေးရွာချင်းဆက်လမ်းမကြီး၏ လက်ယာဘက်နံဘေးတွင် ကျောင်းကုန်းသုဿန်ကြီးက တည်ရှိနေလေသည်။ ကျောင်းကုန်းသုဿန်ဟုဆိုသော်လည်း အနီးအပါးရွာများ နာရေးဖြစ်သည့်အခါ မြှုပ်နှံအသုံးပြုတတ်ကြသဖြင့် ထိုဒေသတစ်ဝိုက်ကြီးမားသည့် သုဿန်ကြီးတစ်ခုဖြစ်သည်။

“မောင်တိုးရာ မြန်မြန်မောင်းပါကွ”

“အေးကွ၊ ငါလည်းအမြန်ဆုံးမောင်းနေတာပဲ လမ်းကလည်းမကောင်းတော့ ဒီလောက်ပဲရောက်တာပေါ့ကွ”

မောင်တိုးနှင့် သိန်းထွန်းတို့နှစ်ယောက်လည်း ဆိုင်ကယ်ကလေးတစ်စီးကို ဖြည်းညှင်းစွာစီးနင်းလာကြခြင်းဖြစ်သည်။ သိန်းထွန်း ညည်းညူလိုက်သည့်အတိုင်းပင် ကျေးရွာချင်းဆက်သွယ်ထားသည့် လမ်းမကြီးမှာ ကွန်ကရိမခင်းရသေးသည့် မြေသားလမ်းကြီးဖြစ်သည်။ ထို့အပြင် မိုးတွင်းကာလတစ်ခုလုံး မိုးရေများ၊ ဗွက်အိုင်များဖြင့် ပျက်စီးနေသည့်လမ်းကြီးဖြစ်ရာ ယခုဆောင်းရာသီရေခန်းသွားချိန်တွင် ထိုဗွက်အိုင်ကြီးများမှာ ကျင်းနက်ကြီးများဖြစ်ပေါ်သွားပြီး လမ်းတစ်ခုလုံး ပျက်စီးနေလျှက်ရှိသည်။

“မင်းဆိုင်ကယ်ကလည်း စုတ်လိုက်တာကွာ”

“ဟေ့ကောင်၊ သိန်းထွန်း မင်းမစီးချင်ရင်ဆင်းနေ၊ ငါ့ဘီးကို မင်းဝယ်ပေးထားတာကျနေတာပဲ၊ ပြီးတော့ ဒီနေ့သွားရတဲ့ကိစ္စကလည်း မင်းကိစ္စမဟုတ်လား”

“အေးပါမောင်တိုးရာ၊ မင်းစိတ်ကိုလျော့ထားစမ်းပါ၊ ဒီမှာ သချိုင်းကုန်းကြီးတွေ့လို့ ငါကြောက်နေရတဲ့အထဲ မင်းကတစ်မှောင့်”

သိန်းထွန်းပြောဆိုလိုက်သည့်အတိုင်းပင် လမ်းတစ်ကွေ့ကို ချိုးကွေ့လိုက်သည့်အခါ ဆိုင်ကယ်မီးရောင်အောက်တွင် အုတ်ဂူဖွေးဖွေးကြီးများက အတိုင်းသားပေါ်လာလေသည်။ ထိုနေရာတွင် လမ်းက ကွေ့ကောက်သွားလေရာ မောင်တိုးလည်း ဆိုင်ကယ်ကိုအမြန်ကွေ့ချလိုက်ရသည်။ သို့သော်အနီးကပ်မှ ကွေ့လိုက်သည်ကတစ်ကြောင်း၊ ထိုအနီးတွင် လမ်းမှာဖုန်ထူနေသည်ကတစ်ကြောင်းမို့ ဆိုင်ကယ်ဘီးမှာ ဖုန်သားထဲသို့နှစ်ကာ ဆိုင်ကယ်လဲကျမလိုဖြစ်သွားသည်။ မောင်တိုးက ဆိုင်ကယ်ကိုထိန်းကာ ဆွဲလှည့်လိုက်သည့််အချိန်တွင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်တော့ဘဲ သုဿန်ကြီးအတွင်းသို့ ထိုးဆင်းသွားလေသည်။

“မောင်တိုးရေ မှောက်ပြီဟ”

ဆိုင်ကယ်အနောက်တွင် ထိုင်စီးသည့် သိန်းထွန်းမှာ ဆိုင်ကယ်ပေါ်မှ အသာခုန်ချလိုက်သည်။ မောင်တိုးလည်း ဆိုင်ကယ်ပေါ်မှအားလွန်ကာ တစ်ဖက်သို့လဲကျသွားသော်လည်း ဆိုင်ကယ်မှာ မလဲဘဲ အရှိန်နှင့်ဆက်လက်မောင်းသွားပြီး လူမပါဘဲနှင့် သုဿန်ကြီးအတွင်းသို့မောင်းဝင်သွားလေသည်။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ထိတ်လန့်သွားလေသည်။

“သိန်းထွန်း၊ ဆိုင်ကယ်က မောင်းတဲ့လူမပါပေမယ့် သချိုင်းကုန်းထဲ တည့််တည့်မောင်းဝင်သွားတယ်နော်”

“အေးကွာ၊ ထူးဆန်းလိုက်တာ ငါတို့ဘာလုပ်ကြမလဲ မောင်တိုး”

“ဘာလုပ်ရမလဲကွ၊ ငါ့ဆိုင်ကယ်ကို ငါသွားပြန်ယူရမှာပေါ့၊ မင်းကလည်း”

“ဖြစ် . . . ဖြစ်ပါ့မလားကွာ”

သိန်းထွန်းက တစ်ချက်ရေရွတ်လိုက်ကာ သုဿန်ကြီးအတွင်းသို့ ကြည့်လိုက်မိသည်။ သစ်ပင်ကြီးများနှင့် အုပ်ဆိုင်းစွာပေါက်နေသည့် သုဿန်ကြီးမှာ ညအမှောင်တွင် အလွန်ကြောက်စရာကောင်းနေလေသည်။ အုတ်ဂူဖြူဖြူကြီးများကလည်း ပြန့်ကျဲကာတည်ရှိနေသလို လူသေများကိုမီးရှို့သည့်် သဂြိုဟ်စက်ကြီးကိုလည်း ထီးတည်းကြီးတွေ့မြင်ရလေသည်။

“လာကွာ၊ ဟေ့ကောင် ဆိုင်ကယ်သွားဝင်ယူရအောင်”

မောင်တိုးက သိန်းထွန်းကိုအဖော်ခေါ်သော်လည်း သိန်းထွန်းက မလိုက်ရဲပေ။ သို့နှင့် သိန်းထွန်းလက်ကိုမောင်တိုးက ပြေးဆွဲလိုက်ပြီး သုဿန်အတွင်းသို့ အတူတူဝင်ခဲ့ကြလေသည်။ အုတ်ဂူများကိုဖြတ်ကျော်ပြီးနောက် တစ်နေရာတွင် အုတ်ဂူတစ်ခုနှင့်တိုက်မိကာ ဘေးတိုက်လဲကျနေသည့် ဆိုင်ကယ်ကိုတွေ့လိုက်ရသောကြောင့် သူတို့နှစ်ဦးအမြန်ပြေးလာကာ ဆိုင်ကယ်ကိုထောင်လိုက်ကြသည်။ ဆိုင်ကယ်နှင့််တိုက်မိသည့်် အုတ်ဂူကြီးမှာ အတော်အိုဟောင်းနေပြီဖြစ်ပြီး အုတ်သားများပင် ကွဲကြေနေကြကာ အတွင်းမှ အရိုးစုကိုပင်လှမ်းမြင်နိုင်လေသည်။

“ဟေ့ကောင်၊ မောင်တိုး ဆိုင်ကယ်ကိုမြန်မြန်ယူကွာ၊ ငါတို့ထွက်ရအောင်”

မောင်တိုးလည်း ဆိုင်ကယ်ကိုထောင်လိုက်သည့််အချိန် ဆိုင်ကယ်မှာစက်ရပ်သွားလေသည်။ သို့နှင့်သော့တံဖြင့်ဖွင့်ကာ ဆိုင်ကယ်ကိုစက်နှိုးသော်လည်း စက်ကမနိုးတော့ပေ၊ ခြေထောက်ဖြင့် စက်နှိုးတံကိုနင်းကာ နှိုးသော်လည်း ဆိုင်ကယ်စက်မနိုးတော့။ မောင်တိုးမှာကြောက်ရွံ့နေသော်လည်း သူ့ထက်ကြောက်တတ်သည့်် သိန်းထွန်းအရှေ့တွင်မို့ မကြောက်သည့်ဟန်ဆောင်နေရသည်။

“ဆိုင်ကယ်ကိုတွန်းသွားကြမယ်ကွာ”

သို့နှင့် သူငယ်ချင်းနှစ်ယောက်ဆိုင်ကယ်ကိုတွန်းလာခဲ့သည်။ လမ်းမရှိသည့် မြက်တောများကိုမဖြတ်တော့ဘဲ ခပ်ရေးရေးမြင်နေရသည့် သုဿန်အတွင်းရှိ လူသွားလမ်းကလေးအတိုင်း ဆိုင်ကယ်ကိုတွန်းလာရာ မကြာခင်တွင် သုဿန်အလယ်ရှိ ဇရပ်ကြီးကိုမြင်လိုက်ရတော့သည်။ ထိုဇရပ်ကြီးအရှေ့တွင် ထမင်းစားပွဲဝိုင်းကြီးတစ်ခုချထားကာ ထမင်းစားပွဲအပေါ်တွင်လည်း ထမင်းတစ်ပန်းကန်၊ အသားများထည့််ထားသည့် ဟင်းတစ်ပန်းကန်နှင့်် ဖယောင်းတိုင်မီးတစ်တိုင်ကိုထွန်းထားသည်ကိုတွေ့ရသည်။

“ဟေ့ . . . ဟေ့ကောင်မောင်တိုး၊ အဲဒါဘာကြီးလဲမသိဘူးကွ”

“ဟာ၊ သန်းထွန်းရာ သွားပြီးစပ်စုမနေနဲ့ ငါတို့ပြန်ရအောင်ကွ”

“အေး . . .အေးပါ”

သူတို့နှစ်ဦး ပြန်ရန်ပြင်လိုက်စဉ်မှာပင် ထမင်းစားပွဲဝိုင်းကြီးပေါ်တွင် မိန်းမကြီးတစ်ယောက်က ဆောင့်ကြောင့်ထိုင်လျက်သားကြီး ပေါ်ပေါက်လာလေသည်။ မျက်စိရှေ့တွင်ပင် ပေါ်ပေါက်လာသဖြင့် နှစ်ဦးသားလန့်သွားတော့သည်။ ထိုမိန်းမကြီးမှာ သူတို့ကိုနောက်ကျောပေးကာထိုင်နေသဖြင့် ထိုမိန်းမကြီး၏ မျက်နှာကိုအသေအချာမမြင်ရပေ။ ထို့နောက်စားပွဲခုံပေါ်တွင် ချထားသည့်် ထမင်းပန်းကန်များကို အားရပါးရစားသောက်နေလေသည်။ မောင်တိုးလည်း အော်ရန်အတွက်ကြံရွယ်လိုက်စဉ် သူ့ပါးစပ်ကိုလက်ကြီးတစ်ဖက်က လာပိတ်လေသည်။ ထိုလက်ကြီးအတိုင်းဆက်ကြည့်လိုက်ရာ အဘိုးကြီးတစ်ယောက်ဖြစ်နေသည်။

“သူ့ဖာသာ ထမင်းစားနေတာ မင်းသွားအော်ရင် နှောင့ယှက်သလိုဖြစ်သွားမှာပေါ့ကွ၊ မအော်နဲ့တော့”

အဘိုးကြီးပြောသည့်အခါ မောင်တိုးက ခေါင်းညိတ်လိုက်လေသည်။

“ဒါနဲ့ အဘကြီးက လူပါနော်”

“အေးပါ၊ ငါကလူအစစ်ပါကွ၊ ခုနက ထမင်းဝိုင်းကလည်း မဖဲဝါအတွက် ငါကပြင်ဆင်ပေးထားတာ၊ ကဲ လာလာ၊ မင်းဆိုင်ကယ်ကို ခဏထားပြီး မင်းသူငယ်ချင်းကိုခေါ်ပါအုံး”

ထိုတော့မှ မောင်တိုးလည်း သူ့သူငယ်ချင်းဖြစ်သူ သန်းထွန်းကိုလှည့်ကြည့်လိုက်ရာ သန်းထွန်းက ပါးစပ်တွင် အမြှုပ်များတစီစီထွက်လျှက် မေ့မြောနေလေသည်။။ မောင်တိုးလည်း ဘာလုပ်ရမှန်းမသိတော့သည့်အတွက် ဆိုင်ကယ်ကိုရပ်ထားလိုက်ပြီး သိန်းထွန်းကိုတွဲထူလိုက်လေသည်။ အဘိုးကြီးကပါ သိန်းထွန်းကို ဝိုင်းကူတွဲသည်။

“မြန်မြန်လုပ်ဟေ့၊ သချိုင်းကုန်းထဲ ကြာကြာမေ့လဲနေတာ မကောင်းဘူးကွ၊ လာခဲ့သူ့ကို ငါ့တဲကိုခေါ်ခဲ့”

“ဒါဆို . . . ကျုပ်၊ ကျုပ်ဆိုင်ကယ်ရော”

“သချိုင်းကုန်းထဲထားခဲ့စမ်းပါ၊ မင်းဆိုင်ကယ်ကိုဒီထဲမှာ ဘယ်သူမှလာမခိုးရဲဘူးကွ”

အဘိုးကြီးပြောသည့်အတွက် မောင်တိုးလည်း သိန်းထွန်းကိုတွဲလျှက် သုဿန်အတွင်းမှ ထွက်လာခဲ့ကြသည်။ ထို့နောက် ကျောင်းကုန်းရွာကလေးအတွင်းသို့ ချိုးဝင်ခဲ့ကြပြီး ရွာနှင့်အတော်လှမ်းသည့် ရွာစွန်ရှိ တဲကလေးအပေါ်သို့ တက်ခဲ့ကြသည်။ တဲအရှေ့ခန်း ဝါးကြမ်းခင်းမှာပင် မောင်တိုးကိုလှဲချလိုက်ရသည်။ တဲအတွင်းရှင်းလင်းနေကာ မည်သည့်အသုံးအဆောင်မှ မရှိပေ။ ထို့အပြင် တဲအိမ်အနောက်ဘက်ရှိထရံကြိးမှာ ဆွေးမြည့်ပြီး ပြဲထွက်နေသလို သက်ကယ်မိုးထားသည့် ခေါင်မိုးမှာလည်း အပေါက်အပေါက်များဖြင့် စုတ်ပြတ်သပ်နေကြသည်။ အဘိုးကြီးကတော့ တစ်ခုတည်းသော ရေနွေးခွက်အတွင်းသို့ တစ်ခုတည်းသော ဓါတ်ဘူးအတွင်းမှ ရေများကိုလောင်းထည့်လိုက်ကာ မောင်တိုးဘက်သို့လှမ်းပေးလိုက်သည်။

“သောက်ပါကွ”

မောင်တိုးက ရေနွေးခွက်ကိုလှမ်းယူလိုက်သော်လည်း ထိုအဘိုးကြီးမှာ မည်သူမည်ဝါဖြစ်မှန်းမသိသဖြင့် မသောက်သေးဘဲ ခွက်ကိုသာကိုင်ထားလိုက်သည်၊ ရေနွေးများ၏ အနွေးဓါတ်ကြောင့် မောင်တိုးလက်များနွေးထွေးသွားရသည်။

“ဒီကနေလှမ်းကြည့်ရင် လမ်းကိုမြင်ရတယ်၊ လမ်းမှာ ဆိုင်ကယ်တွေဘာတွေတွေ့တယ်ဆိုရင်တော့ မင်းအကူအညီပြေးတောင်းလို့ရတာပေါ့ကွာ”

မောင်တိုးလည်းခေါင်းညိတ်လိုက်သည်။

ထို့နောက်တဲကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး

“အဘက ဒီမှာနေတာလား”

“ယာယီပဲဆိုပါစို့ကွာ”

“ဒါနဲ့ ခုနက သချိင်းကုန်းထဲက ထမင်းဝိုင်းက ဘာလုပ်တာလဲ”

“မင်းအဲဒီအကြောင်းတွေကို သိချင်သွားပြီမဟုတ်လား”

မောင်တိုးလည်းခေါင်းညိတ်လိုက်မိသည်။

“အေး၊ သိချင်ရင်၊ ငါပြောပြမယ်၊ တို့ရွာမှာတော့ ဒီအကြောင်းကို တော်တော်များများသိနေကြပါပြီကွ။

သို့နှင့် အဘိုးကြီးက ဘတိုးအား ဇာတ်ကြောင်းတစ်ခုကို ပြောပြလေတော့သည်။

(၂)

အိမ်ခြေတစ်ရာမပြည့်သည့်် ကျောင်းကုန်းရွာကလေးတွင် ကြက်သမားကျော်ကြီးဆိုလျှင် မသိသူမရှိပေ၊ အမြဲတမ်းသောက်စားမူးယစ် ရမ်းကားနေသူတစ်ဦးဖြစ်သလို ကြက်တိုက်လည်းအလွန်ဝါသနာပါသည်။ အားလျှင်သူ့တိုက်ကြက်များကို အမြဲလေ့ကျင့်သင်ကြားပေးနေလေသည်။ အမြုတေရှိရာ အမြုတေစုသည်ဟူသည့် စကားအတိုင်း ကြက်သမားကျော်ကြီးနှင့် တွဲဖက်ညီသူများမှာ ပေါက်ကြီးနှင့် ပြူးကျယ်တို့ပင်ဖြစ်သည်။ ကျော်ကြီးကြက်ဝါသနာပါသည့်အတိုင်း သူတို့လည်းကြက်ဝါသနာပါကြသည်။ သို့သော် ကိုယ်ပိုက်ကြက်မရှိပေ၊ ကြက်ကောင်းဝယ်ရန်လည်းမတတ်နိုင်သဖြင့် ကျော်ကြီးအနားတွင် တပည့်ခံနေကာ ကြက်ပညာများကိုသင်ကြားကြလေသည်။ ကျော်ကြီးကလည်း ကြက်နိုင်တိုင်း ပေါက်ကြီးနှင့် ပြူးကျယ်ကို မမေ့သဖြင့်် သူတို့သုံးဦးမှာ ဆရာတပည့်ဟုဆိုသည်ထက် သူငယ်ချင်းသုံးဦးဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ကျော်ကြီးမှာ ဆံပင်ဘိုကေနှင့်ဖြစ်ပြီး ကြက်သမား၊ အရက်သမားဟုမထင်ရအောင် တောက်တောက်ပြောင်ပြောင်ဝတ်ဆင်တတ်သော်လည်း ပေါက်ကြီးကတော့ ခေါင်းတုံးပြောင်ပြောင် ပုဆိုးတိုတိုနှင့် လက်မောင်းများတွင် ဆေးမင်ကြောင်များအပြည့်ထိုးထားရာ အဝေးမှကြည့်လျှင်ပင် လူမိုက်တစ်ဦးမှန်းသိသာသည်။ ပြူးကျယ်မှာလည်း စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီတိုကို အမြဲဝတ်ဆင်လေ့ရှိပြီး မျက်လုံးမှာအနည်းငယ်ပြူးထွက်နေသည့်အတွက် ပြူးကျယ်ဟုခေါ်ကြသည်။

“ကြက်သမားကျော်ကြီး၊ ကျော်ကြီး ကြက်သမားတဲ့ကွ”

ယခုလည်း ရွာပြင်တောတန်းတစ်နေရာတွင် ကြက်ဝိုင်းကောင်းနေပြီဖြစ်သည်။ ကျော်ကြီး၏ တိုက်တိုင်းနိုင်သည့် ကြက်ဖကြိးနှင့် အုတ်တွင်းရွာမှ ကြက်ဖတစ်ကောင်တို့ အပြိုင်တိုက်သည့်ပွဲဖြစ်သည်။

“သားကြီးရေ၊ ထိုးလိုက်စမ်းပါကွ”

ကြက်နှစ်ကောင်တိုက်နေသည်ကို ကျော်ကြီးက ဘေးမှကြည့်နေကာ သူ့တိုက်ကြက်ဖကြီးကို အမျိုးမျိုးပြောဆိုကာ အားပေးနေလေသည်။ သို့သော် ဒုတိယအကျော့မှာပင် ကျော်ကြီးကြက်က ပြိုင်းနေပြီဖြစ်သည်။ တစ်ချီတွင်တော့ ကျော်ကြီး၏ကြက်ကိုတစ်ဖက်ကြက်မှ ခြေဖြင့်ခတ်ရာ ကျော်ကြီးကြက်ဖကြီး၏ မျက်လုံးတစ်ဖက်ပေါက်ထွက်သွားပြီး ကြက်ဖကြီးမှာ ပတ်ပြေးနေလေသည်။

“ဟား၊ဟား ဒါလားကွ၊ ကျော်ကြီးရဲ့ ချန်ပီယံကြက်”

“ဟား၊ ဟား၊ ဟုတ်ပ ပြေးတဲ့နေရာမှာတော့ ချန်ပီယံပဲကွာ”

လူအများက ဝိုင်းဝန်းလှောင်ပြောင်ကြသဖြင့် ကျော်ကြီးလည်းမခံနိုင်တော့ဘဲ ကွင်းအတွင်းဝင်ကာ သူ့ကြက်ဖကြီးကိုလှမ်းဆွဲလိုက်လေသည်။

“ဟေ့ကောင်ကျော်ကြီး၊ မင်း ဒါဘာလုပ်တာလဲ”

“ကျော်ကြီးဆိုတဲ့ကောင်က အသုံးမကျရင် လူမပြောနဲ့ ကြက်တောင်မှအရှင်မထားဘူးကွ”

ထိုသို့ပြောဆိုလျှက် ကြက်ဖကြီးကို ခြေထောက်မှဆွဲကိုင်ကာ အနီးရှိ သစ်ပင်ကြီးတစ်ပင်နှင့် ရိုက်သတ်တော့သည်။ ကျော်ကြီးက ဒေါသထွက်နေသည်မို့ ကြက်ကြီးကို သစ်ပင်နှင့်အဆတ်မပြတ်ရိုက်လေရာ ကြက်ကြီးမှာ ကျော်ကြီးလက်အတွင်းမှာပင် စိစိညက်ညက်ကြေလျက် သေလေတော့သည်။ ထို့နောက် ကျော်ကြီးလည်း တပည့််နှစ်ယောက်ကို ခေါ်ဆောင်ကာ ရွာထဲသို့ပြန်လာခဲ့တော့သည်။ ရွာစွန်ရှိ ဦးလူပေ၏ အရက်ဆိုင်သို့ဝင်ခဲ့ကြသည်။ ဦးလူပေက ဆိုင်ထဲဝင်လာသည့် ကျော်ကြီးနှင့် တပည့်နှစ်ယောက်ကိုကြည့်လိုက်ပြီး

“စောစောစီးစီးရှပ်လာထုကြတယ်ဆိုတော့ မင်းတို့ရှုံးခဲ့ပြီထင်ပါ့ ကျော်ကြီးရ”

“ဦးလူပေ ပါးစပ်ပိတ်ထားဗျာ၊ အရက်ရောင်းမှာလား မရောင်းဘူးလား ဒါပဲပြော၊ မဟုတ်ရင် ကျုပ်တို့ထပြန်မယ်”

ကျော်ကြီးတို့မှာ ဦးလူပေဆိုင်တွင် အမြဲအားပေးနေသည့် ဖောက်သည်များဖြစ်သဖြင့် ဦးလူပေက ဘာမှမပြောတော့ဘဲ အရက်သုံးလုံးကို စားပွဲပေါ်တင်ပေးလိုက်သည်။ အလွန်စိတ်ညစ်နေသည့်် ကျော်ကြီးမှာ ဦးလူပေချပေးသည့် အရက်ပုလင်းကို ကောက်ကိုင်လိုက်ကာ ဒီအတိုင်းပင်မော့သောက်ချလိုက်လေသည်။

“ဟာ၊ ဆရာသမား ရေမရောတော့ဘူးလား၊ ရေမရောရင် အသေစောသတဲ့နော်”

ပြူးကျယ်ကက ဝင်ပြောလိုက်သည့်အခါ ကျော်ကြီးက ပြူးကျယ်ကို ဒေါသတကြီးနှင့်ကြည့်လိုက်ပြီးနောက် လက်ထဲမှပုလင်းကိုချလိုက်ကာ ပြူးကျယ်အား တံတောင်ဖြင့်ထထောင်းလေသည်။ တပည့်ဖြစ်သူ ပြူးကျယ်မှာ ကျော်ကြီးလုပ်သမျှ တအားအားနှင့်အော်ကာ ခံနေရသည်။ ကျော်ကြီးက ပြူးကျယ်အား နှိပ်စက်ပြီးသည့်အခါ ပေါက်ကြီးဘက်သို့လှည့််လိုက်သည်။

“မင်းလည်း အသုံးတစ်စက်မှမကျဘူးပေါက်ကြီး၊ မင်းကို ငါပါးရိုက်မယ်၊ မင်းမရှောင်နဲ့”

ကျော်ကြီးက ပေါက်ကြီးကိုပါးရိုက်တော့သည်။ ပေါက်ကြီးမှာလည်း ဆရာ့အမိန့်မို့ မရှောင်ဝံ့ပေ၊ ကျော်ကြီးက ပေါက်ကြီးအား လေးငါးချက်ခန့်ဆင့်ရိုက်လိုက်ပြီးသည့်အခါမှ စိတ်ကျေနပ်သွားတော့သည်။ ထို့နောက် အရက်ကိုတဖြည်းဖြည်းချင်း သောက်နေရင်း

“ဘာပဲပြောပြော မင်းတို့တော်ပါတယ် ငါ့တပည့်တို့”

ပေါက်ကြီးပါးများမှာ ယောင်ကိုင်းနေသကဲ့သို့ ပြူးကျယ်မှာလည်း တံတောင်ဆစ်ဒဏ် အတော်ခံရပြီး ဖူးယောင်နေပြီဖြစ်သည်။ ကျော်ကြီးက အရက်သောက်ရင်း တည်ငြိမ်စွာဖြင့်် တစ်ခုခုကိုစဉ်းစားနေလေရာ တပည့်နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေမိကြသည်။

“ဆရာသမား၊ ဘာတွေကြံစည်နေတာလဲဆိုတာ ကျုပ်တို့ကိုပြောပါအုံး”

“ကြံစည်နေတာမဟုတ်ဘူးကွ၊ လုပ်ရင်ကောင်းမလား၊ မလုပ်ရင်ကောင်းမလားဆိုတာ ဆုံးဖြတ်နေတာ”

“ဒီလောက်ဆုံးဖြတ်ရခက်နေရင်လည်း လုပ်မနေပါနဲ့တော့ ဆရာသမားရာ”

ပေါက်ကြီးကပြောသဖြင့် ကျော်ကြီးက လက်ဝါးကိုရွယ်လိုက်သည့်အခါမှ ပေါက်ကြီးကတွန့်သွားလေသည်။ သို့သော် ကျော်ကြီးက ပေါက်ကြီး၏ ပါးကိုကြည့်ရင်း ဆက်မရိုက်ချင်တော့ပေ။

“ဒီဟာလုပ်လိုက်ရင်၊ တို့ရွာမှာတိုက်တဲ့ပွဲတိုင်း ငါနိုင်မှာကွ”

ပြူးကျယ်မျက်လုံးများက ပိုမိုပြူးသွားလေသည်။

“ဟာ၊ ဒါဆို လုပ်သာလုပ်ဗျာ၊ ဆရာသမား၊ ဒီနေ့ ဟိုဘက်ရွာက ကြက်သမားတုတ်ကြီးရဲ့ မျက်နှာကို ဆရာသမားမြင်လိုက်တယ်မဟုတ်လား”

ပြျူးကျယ်ပြောလိုက်သည့််အခါ ကျော်ကြီးက တစ်ချက်ပြန်စဉ်းစားလိုက်ပြီး အံကိုကြိတ်လိုက်လေသည်။

“အေး၊ ဒါကြောင့််လည်း ငါလုပ်ကိုလုပ်မှရမှာ၊ ဒီကောင့်မျက်ခွက်၊ ဒီကောင့်အကြည့်ကို ငါမကျေဘူးကွာ”

ထို့နောက် ကျော်ကြီးက အိတ်ကပ်ထဲမှ ပိုက်ဆံများကိုနှိုက်လိုက်လေသည်။ ပြူးကျယ်အား ပိုက်ဆံငါးရာလှမ်းပေးရင်

“ပြူးကျယ်၊ မင်းက အမဲသားနှစ်ပိဿာ သွားဝယ်လာခဲ့”

ပြျူးူကျယ်လည်း ပိုက်ဆံကိုလှမ်းယူလိုက်သည်။ ထိုစဉ်က အမဲသားတစ်ပိဿာ နှစ်ရာ့ငါးဆယ်သာရှိသည်။ ထို့နောက် ပေါက်ကြီးကိုကြည့်လိုက်ရင်း

“ပေါက်ကြီး၊ မင်းကတော့ စားပွဲဝိုင်းကြီးတစ်ခုရှာလာကွာ၊ ဒီညနေပဲ ငါလိုချင်တယ်”

“ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာသမား”

“သွားလုပ်ကြလေ၊ မင်းတို့ဘာကြည့်နေတာလဲ”

ကျော်ကြီးက ငေါက်လိုက်သဖြင့် တပည့်နှစ်ဦးလည်း ထပြေးရတော့သည်။ ကျော်ကြီးကတော့ အရက်ပုလင်းကိုကောက်ယူလိုက်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်လေသည်။

“တုတ်ကြီး . . . တုတ်ကြီး၊ မင်းနဲ့ငါတွေ့ကြသေးတာပေါ့”

(၃)

ညခုနစ်နာရီထိုးသည့််အခါ ပြူးကျယ်နှင့် ပေါက်ကြီးတို့မှာ ကျော်ကြီးအိမ်သို့ရောက်လာကြသည်။ ပြူးကျယ်မှာ အမဲသားတွဲများကို ကိုင်ဆွဲထားသကဲ့သို့ ပေါက်ကြီးမှာလည်း ဘုန်းကြီးငါးပါးထိုင်ကာ ဆွမ်းစားနိုင်သည့် စားပွဲဝိုင်းကြီးကို ထမ်းပိုးထားလေသည်။

“ဗျို့၊ ဆရာသမား၊ ကျုပ်တို့ရောက်ပြီ”

ထိုအခါ အိမ်ပေါ်မှ တောင်းတစ်လုံးပိုက်လျှက် ကျော်ကြီးက ဆင်းလာလေသည်။

“ကဲ၊ လာလာ၊ ငါနဲ့လိုက်ခဲ့ကြ”

ရွာပြင်သို့ဦးတည်ထွက်သွားသဖြင့် ပြူးကျယ်နှင့်ပေါက်ကြီးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ

“ဆရာသမား၊ စားပွဲခုံကြီးနဲ့ ရွာပြင်မှာဘာလုပ်မလို့လဲ”

“ရွာပြင်မဟုတ်ပါဘူးကွာ၊ သချိုင်းကုန်းကိုသွားမှာ”

“ဗျာ . . . သချိုင်းကုန်းထဲကိုသွားမှာလား”

“အေးလေ၊ သွားပြီးတော့ ဟိုကသရဲတွေကို အစာသွားကျွေးမလို့”

ပေါက်ကြီးမှာ လက်များပင်တုန်ယင်လာလေသည်။ ကျော်ကြီးက သုဿန်အဝသို့ရောက်သည့်အခါ တပည့်နှစ်ဦးကိုလှည့်ကြည့်ရင်း

“ဘာလဲ မင်းတို့က လူမိုက်တွေဖြစ်ပြီး သရဲကျတော့ကြောက်လို့လား”

“ကြောက် . . . ကြောက်တာပေါ့ဆရာသမားရယ်”

ပေါက်ကြီးက ထပြောလေသည်။ ပြူးကျယ်က ကြောက်သော်လည်း ဆရာသမားစိတ်ဆိုးကာ ထိုးနှက်မည်ကိုစိုးရိမ်သဖြင့် မြိုသိပ်ထားလိုက်ရသည်။

“ပေါက်ကြီးရာ မင်းရဲ့ဗလကြီးကိုလည်း အားနာစမ်းပါအုံးကွာ၊ မပူပါနဲ့၊ ငါပါရင် မင်းတို့ဘာမှမဖြစ်စေရဘူး”

ထို့နောက် သုံးဦးသား သုဿန်အတွင်းသို့ဝင်လာခဲ့ကြသည်။ သုဿန်အလယ် ဇရပ်ကြီးအနားအရောက် မြေပြောင်ပြောင်တွင် ကျော်ကြီးက ပေါက်ကြီးထမ်းလာသည့် စားပွဲဝိုင်းကြီးအား ချစေသည်။ ပေါက်ကြီးစားပွဲဝိုင်းကိုချပြီးသည့်အခါ ကျော်ကြီးက သူပိုက်လာသည့် တောင်းထဲမှ သံပန်းကန်ပြားနှစ်ချပ်ကိုထုတ်ယူလိုက်ကာ ထမင်းစားပွဲကြီးအပေါ်သို့တင်လိုက်သည်။ ထို့နောက် သံပန်းကန်ပြားတစ်ချပ်အတွင်းသို့ ထမင်းများကိုခူးခပ်ထည့်လိုက်ပြီးနောက် ကျန်သည့်် ပန်းကန်ပြားတစ်ချပ်အတွင်းသို့ ပြူးကျယ်ဆွဲလာသည့် အမဲသားတွဲကိုထည့်လိုက်လေသည်။

ထို့နောက် တောင်းအတွင်းမှ ဖယောင်းတိုင် သုံးတိုင်ကိုထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင်ထွန်းညှိလိုက်သည်။ ကျော်ကြီးက တုတ်တစ်ချောင်းကိုကောက်ယူလိုက်ပြီးနောက် စားပွဲဝိုင်းအနီးတွင် အဝိုင်းပုံစံစည်းတားလိုက်လေသည်။

“ဟေ့ကောင်တွေ၊ ဒီစည်းဝိုင်းထဲကနေ မထွက်ကြနဲ့နော်၊ ဘာဖြစ်ဖြစ် လုံးဝမထွက်နဲ့၊ ဟုတ်ပြီလား၊ ထွက်ပြေးတဲ့ကောင်ကို သရဲလိုက်ကိုက်လိမ့်မယ်ကွ”

ပေါက်ကြီးနှင့် ပြူးကျယ်လည်း ခေါင်းညိတ်လိုက်သည်။ ထိုအခါ ကျော်ကြီးက စည်းဝိုင်းအတွင်းဝင်လျှက် အသံနေအသံထားဖြင့်

“ဤသချိုင်းကုန်းတွင် နေထိုင်ကြသော သရဲအပေါင်းနှင့််တကွ သချိုင်းစောင့်မဖဲဝါကိုလည်း ကျွနု်ပ်တို့ပင့်ဖိတ်ပါ၊ မဖဲဝါနှင့်တကွ သရဲများအရောက်လာကြပြီး ကျွနု်ပ်တို့ဆက်သသည့် စားတော်ဝိုင်းကို လာရောက်စားသောက်ကြပါ၊ သုံးဆောင်ကြပါ၊ ကျွနု်ပ်တို့ပင့်ဖိတ်ပါသည်”

ကျော်ကြီးက ထိုအတိုင်း သုံးကြိမ်ပြောကြားပြီးသည့်နောက် စားပွဲဝိုင်းကို သုံးဦးသား ကိုင်လိုက်ကာ သုံးခါတိတ်မြှောက်လိုက်လေသည်။ ထို့နောက် ကျော်ကြီးက

“မင်းတို့ကောင်တွေ မျက်လုံးမှိတ်ထားကြစမ်း”

ထိုအခါ တစ်ရွာလုံးရှိခွေးများမှာ တဝူးဝူးနှင့် အူကြလေသည်။ ပေါက်ကြီးတို့လည်း ကြောက်လန့်သဖြင့် မျက်လုံးမဖွင့်ရဲကြပေ၊ ထိုစဉ် သူတို့လက်နှင့်ထိထားသည့် ထမင်းစားပွဲကြီးမှာ ဝုန်းခနဲလှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ ပေါက်ကြီးလည်း ကြောက်ကြောက်ဖြင့်မျက်လုံးကို အသာမှေးကာဖွင့်ကြည့်လိုက်သည့်အခါ ဆံပင်ဖားလျားချထားပြီး ထမီရင်လျားအနက်ရောင်ကို ဝတ်ဆင်ထားသည့် မိန်းမတစ်ဦးက ထိုင်ခုံပေါ်တွင်ဆောင့်ကြောင့်ထိုင်လျှက် ထမင်းနှင့်အမဲသားများကို လက်နှင့်ဆုပ်ကိုင်ကာ အားရပါးရစားသောက်နေလေသည်။ ပေါက်ကြီးလည်း ထိုမိန်းမကိုကြည့်ရင်း သွေးပျက်မတတ်ကြောက်ရွံ့သွားမိသည်။ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာသည်ဖြစ်ရာ အနီးရှိ ကျော်ကြီးက ပေါက်ကြီး၏ ပုခုံးကိုလက်နှင့််ပုပ်လိုက်လေသည်။

“ဟေ့ကောင်ပေါက်ကြီး၊ ထွက်ပြေးဖို့မစဉ်းစားနဲ့နော်၊ ထွက်ပြေးရင်မင်းသေမှာပဲ”

ထိုအခါ စည်းဝိုင်းအပြင်ဘက်တွင် မည်းမည်းအကောင်ကြီးများ ငုတ်တုတ်ထိုင်လျှက်ပေါ်လာကြသည်။ ထိုအကောင်ကြီးများမှာ စည်းဝိုင်းအတွင်းသို့ လက်များနှင့််လှမ်းနှိုက်သော်လည်း စည်းဝိုင်းအတွင်းသို့ဝင်မရပေ၊ သို့နှင့် စည်းဝိုင်းအပြင်မှ အလွန်ကြောက်မယ်ဖွယ်ကောင်းသည့် အသံကြီးများဖြင့် ညည်းညူလျှက် အစာတောင်းကြလေသည်။

“ငါ . . တို့ . . ကို . . ကျွေးပါ”

“ငါ . . တို့ . . ဗိုက် . . ဆာ . . တယ်”

အသံနက်ကြီးများဖြင့် ဗလုံးဗထွေးတစ်လုံးချင်းပြောဆိုနေခြင်းဖြစ်သည်။ ထိုအခါ ခုံပေါ်တွင်ငုတ်တုတ်ထိုင်ကာ စားသောက်နေသည့် မိန်းမကြီးမှာ အမဲသားတွဲကြီးကိုဆွဲကိုင်လျှက် စည်းဝိုင်းအပြင်သို့ပစ်ချပေးလိုက်ရာ မည်းမည်းအကောင်ကြီးများမှာ အမဲသားတွဲထံသို့ သဲကြီးမဲကြီးပြေးလွှားသွားပြီး အသားတွဲကို တစ်ယောက်တစ်ဖဲ့စီလုယူကိုက်ဖြတ်၍ စားသောက်လိုက်သည်မှာ တစ်မိနစ်ခန့်ပင်မကြာလိုက်ပေ။ ထို့နောက် ထိုမိန်းမကြီးက ထမင်းပန်းကန်ကိုလက်ဖြင့်ကိုင်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကျဲပက်လိုက်လေရာ ခွေးပေါက်ကလေးများနှင့်တူသည့်် အကောင်သေးသေးကလေးများသည့် အုံနှင့်ကျင်းနှင့် ပြေးလာကြကာ မြေပေါ်ကျနေသည့်ထမင်းစေ့များကို တစ်လုံးချင်းစီကောက်ကာ အလုအယက် စားသောက်ကြတော့သည်။

ပေါက်ကြီးတစ်ယောက် ထိုအကောင်ကလေးများကို ကြောက်လန့်တကြားကြည့်နေစဉ်မှာပင် စားပွဲပေါ်ထိုင်နေသည့် မိန်းမကြီးမှာ ပျောက်ကွယ်သွားလေသည်။ သူတို့အနီးတွင် ထိုင်နေကြသည့်် မဲမဲအကောင်ကြီးများသာမက မြေပြင်တွင်ရှာစားနေကြသည့်် အကောင်သေးကလေးများပါ ပျောက်ကွယ်သွားကာ သုဿန်ကြီးတစ်ခုလုံး ပကတိအတိုင်း တိတ်ဆိတ်သွားတော့သည်။

ထိုအခါ ကျော်ကြီးက မတ်တပ်ရပ်ထလိုက်ပြီးနောက် လက်နှစ်ဘက်သို လေပေါ်သို့မြှောက်တင်လိုက်ရင်း

“အခုလိုသုံးဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သချိုင်းမှာရှိတဲ့သရဲအပေါင်းနဲ့ သချိုင်းစောင့်မဖဲဝါကိုလည်း အထူးကျေးဇူးတင်ပါတယ်၊ ကျွန်ုပ်တို့ နောက်တစ်ခါတိုက်မည့်ကြက်ပွဲကိုလည်း နိုင်အောင်ကူညီပေးပါ၊ ထိုသို့ကူညီပေးပါက ကျွန်ုပ်တို့ ခုနစ်ရက်ပြည့်သည့်အခါတိုင်း ယခုကဲ့သို့ မဖဲဝါနှင့် သချိုင်းအတွင်းမှ သရဲများကို ထမင်းဝိုင်းဖွဲ့ကာ လာရောက်ကျွေးမွေးပါမည်ဟု ကတိပေးပါသည်။ ကျွနု်ပ်တို့လိုအင်ဆန္ဒများကိုလည်း ပြည့်မြောက်အောင် ဆောင်မပါ”

ကျော်ကြီးအော်ပြီးသည့်အခါ သုဿန်ကြီးတစ်ခုလုံးတွင် ဆူညံအော်ဟစ်သံကဲ့သို့ အသံကြီးများ၊ လူအများအားပေးလက်ခုပ်တီးသည့် အသံကြီးများကဲ့သို့ အသံများထွက်ပေါ်လာပြီးနောက် ရုတ်ခြည်းပင်တိတ်ဆိတ်သွားလေသည်။

“ကဲ အောင်ပြီ၊ ဟေ့ကောင်တွေ၊ အဲဒီစားပွဲကို ရွာထဲသယ်မလာကြနဲ့၊ ဒီနားက တစ်နေရာရာမှာသာထောင်ထားလိုက်ကြ၊ ပန်းကန်တွေကိုလည်း တစ်နေရာဝှက်ထားလိုက်ကြကွာ”

ပြူးကျယ်က

“ဒါဆို ဆရာသမား၊ ရှေ့ပွဲမှာ နိုင်ပြီပေါ့နော်”

ပြူးကျယ်၏အမေးကို ကျော်ကြီးက ခေါင်းညိတ်ကာဖြေဆိုလိုက်လေသည်။

“သိပ်သေချာတာပေါ့ကွာ၊ မနက်ဖြန်မနက်ရောက်တာနဲ့ မင်းက ဟိုဘက်ရွာကိုသွားပြီးတော့ တုတ်ကြီးကိုသွားစိန်ခေါ်စမ်းကွာ၊ ကြိုက်တဲ့ကြေးသာပြောလို့၊ အေး၊ ဒါပေမယ့် ချိန်းတဲ့နေရာကတော့ တို့ရွာထဲမှာဖြစ်ပါစေ”

“ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာသမား”

သူတို့သုံးဦးလည်း သုဿန်အတွင်းမှ ခြေလှမ်းသွက်သွက်နှင့််ပြန်လာခဲ့လေသည်။

(၄)

နောက်တစ်နေ့မနက်မိုးလင်းသည်နှင့် ပြူးကျယ်မှာ ကျော်ကြီးခိုင်းထားသည့်အတွင်း တစ်ဖက်အုတ်တွင်းရွာသို့သွားရောက်ကာ ချိန်းဆိုရလေသည်။ အုတ်တွင်းရွာမှာ ကျောင်းကုန်းရွာကဲ့သို့ ရွာကလေးတစ်ရွာမဟုတ်ဘဲ၊ ရွာကြီးတစ်ရွာဖြစ်သည်။ အိမ်ခြေတစ်ထောင်နီးပါးရှိပြီး အလွန်စည်ကားသည့်ရွာတစ်ရွာဖြစ်သည်။ နေ့လည်ရောက်သည့်အခါ ကျော်ကြီးနှင့် ပေါက်ကြီးတို့မှာ ထိုင်နေကျ ဦးလူပေ၏ အရက်ဆိုင်တွင်ထိုင်ကာ ပြူးကျယ်၏ သတင်းကိုစောင့််နေကြသည်။ မကြာခင်မှာပင် ပြူးကျယ်က အပြေးတစ်ပိုင်းနှင့်ရောက်လာသည်။

“ဘယ်လိုလဲကွပြူးကျယ်ရ”

“ဆရာသမားမှာတဲ့အတိုင်းပဲ ကျုပ်ဒီကောင့်ကိုစိန်ခေါ်ခဲ့တယ်၊ ဒီကောင်ကတော့ ဆရာသမားကိုနိုင်ထားတယ်ဆိုပြီး မြောက်ကြွမြောက်ကြွဖြစ်နေတာဗျ”

“အေးလေ၊ ပြီးရော၊ မင်းတို့ကြည့်နေပါ၊ ငါတို့မနေ့က အစီအရင်တွေလုပ်ထားတယ်၊ ဒီကောင့်ကြက်ဘယ်လောက်ကောင်းကောင်း ငါ့ကြက်ကိုရှုံးရလိမ့်မယ်”

“ဒါနဲ့ ဆရာသမားမှာ ကြက်ကောင်းမှမရှိဘဲ”

“မပူပါနဲ့ကွာ၊ အိမ်မှာငါမွေးထားတဲ့ ကြက်ပေါက်တစ်ကောင်ရှိတယ်၊ ဒီကောင်က ကြက်ပေါက်ဆိုပေမယ့် သိပ်ရဲတဲ့ကောင်ကွ၊ ဒီကောင့်ကို စမ်းသုံးကြည့်ရမယ်”

သို့နှင့် သုံးရက်ခန့်ကြာသည့်အခါ ကျောင်းကုန်းရွာသုဿန်အနီး တောတန်းကလေးထဲတွင် ကြက်ဝိုင်းဖွဲ့ကြလေသည်။ အခြားကြက်သမားများလည်း ဝိုင်းတိုက်မည်ဆိုသော်လည်း အဓိက ကြက်ပွဲမှာတော့ အုတ်တွင်းရွာမှ တုတ်ကြီးနှင့် ကျောင်းကုန်းမှ ကြက်သမားကျော်ကြီးတို့၏ မကျေပွဲဖြစ်နေသည်။ ကြေးမှာလည်း ကြိုက်ကြေးခေါ်ထားသဖြင့် အများက စိတ်ဝင်စားနေကြသည်။

မကြာခင် ကြက်တိုက်မည့်ဝိုင်းအတွင်းသို့ တုတ်ကြီးက သူ့ကြက်ဖကြီးကိုပိုက်ကာ ဝင်လာလေရာ ကျော်ကြီးမှာလည်း ကြက်ပေါက်ကိုပိုက်ကာ ဝင်လာခဲ့သည်။ တုတ်ကြီးက ကျော်ကြီးကိုင်ထားသည့်ကြက်ကိုတွေ့သည့်အခါ ရယ်မောလျှက်

“ဟား၊ ဟား မင်းကြက်ရဲ့ပုံစံကိုကြည့်ရတာ ငါ့ကြက်ဖကြီးရဲ့ သားလောက်ပဲရှိပါရောလား၊ ဒီလိုကြက်သားပေါက်နဲ့ ငါ့ရဲ့ကြက်ကြီးကို မင်းနိုင်မယ်ထင်လို့လား”

ကျော်ကြီးက ဒေါသထွက်သွားသော်လည်း နိုင်ကွက်သိနေသည့်အတွက် မဖြုံတော့ဘဲ ခပ်ထေ့ထ့သာပြုံးလိုက်သည်။

“အေးပါကွာ၊ ဟေ့ကောင် တုတ်ကြီး၊ မင်းကိုငါစိန်ခေါ်တာဆိုတော့ မင်းကြိုက်တဲ့ကြေးကိုခေါ်စမ်းကွာ”

ထိုအခါ တုတ်ကြီးက လက်ညှိုးတစ်ချောင်းထောင်လေသည်။

“တစ်ညပဲ၊ မင်းမိန်းမနဲ့ ငါ့ကိုတစ်ညပေးအိပ်စမ်းကွာ”

ကျော်ကြီးသိက္ခာကို တုတ်ကြီးက စော်ကားသွားခြင်းဖြစ်သည်။ ကြက်ဝိုင်းအတွင်းရှိ လူများအားလုံးက ကျော်ကြီးမည်ကဲ့သို့တုံ့ပြန်မည်ကို စိတ်ဝင်တစားနှင့်ကြည့်နေကြလေသည်။ ကျော်ကြီးက အေးအေးလူလူပင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ မင်းပြောတာကို ငါလက်မခံနိုင်စရာမရှိပါဘူး”

ထိုအခါ တုတ်ကြီးက ပြုံးလိုက်ရင်း

“ကျော်ကြီးရာ ငါက မင်းမိန်းမကို တစ်ညပဲယူမှာနော်၊ တုတ်ကြီးအစွမ်းသိပြီး မင်းမိန်းမက ငါ့နောက်လိုက်လာရင်တော့ ငါ့အပြစ်မဟုတ်ဘူးကွ၊ ဟား၊ ဟား”

ကျော်ကြီးကလည်း ခပ်မာမာပင်

“ကောင်းပြီ၊ ငါ့ကိုကျတော့ မင်းက မိန်းမပေးဖို့ပြောတယ်၊ မင်းကျတော့ လူပျိုလူလွတ်ဆိုတော့ တကယ်လို့မင်းရှုံးရင် ငါ့ကိုဘာပြန်ပေးမလဲကွ ဟေ့ကောင်”

“ဟား၊ ဟား အေးလေ၊ ငါကလည်း မိန်းမကိုတောင်းဆိုတာကိုး၊ မင်းသာဒီကြက်နဲ့ ငါ့ကိုနိုင်သွားရင်တော့ ကျော်ကြီးရာ၊ ငါမင်းကို ငါ့နှမထွေးမှုန်နဲ့ ပေးစားလိုက်မယ်၊ မင်းနားလည်လား”

တုတ်ကြီးနှင့်် အုတ်တွင်းရွာသားများမှာရယ်မောကြလေသည်။ ပြူးကျယ်နှင့် ပေါက်ကြီးတို့မှာ မခံမရပ်နိုင်ဖြစ်ကာ လက်ပါချင်သော်လည်း ကျော်ကြီးက တားလိုက်လေသည်။

“မလုပ်နဲ့ငါ့ကောင်တွေ၊ စိတ်လျော့ထား၊ ကြက်သမားဆိုတာ ကြက်ချင်းအနိုင်ယူရတယ်ကွ၊ လက်ပါလို့မဖြစ်ဘူး”

သို့နှင့် ကြက်ဝိုင်းစတော့သည်။ တုတ်ကြီးက သူ့ကြက်ဖကြီးကို အနီးကပ်အမိန့်ပေးသော်လည်း ကြက်ဖကြီးမှာ ကြက်ပေါက်ကို ယခင်ကလို အားနှင့်မာန်နှင့်် မတိုက်ခိုက်ဘဲ ပေါ့ပေါ့တန်တန်တိုက်ခိုက်နေသည်ဟုထင်ရသည်။ ကြက်များမောသွားသည့်အခါ ကြက်ပွဲကို တစ်ချီပြီးလိုက်လေသည်။ မကြာမီ ဒုတိယအချီစတင်လေပြီ၊ ဒုတိယအချီတွင်တော့ ကျော်ကြီး၏ ကြက်ပေါက်မှာ စတင်တိုက်ခိုက်လေရာ တုတ်ကြီး၏ ကြက်ဖကြီးမှာ လည်ပြန်လှည့်ကာထွက်ပြေးနေရသည်။ တစ်ချက်မှ မတိုက်ခိုက်ဘဲ ကြက်ပေါက်တိုက်ခိုက်သမျှကိုခံနေရသဖြင့် တုတ်ကြီးအလွန်ဒေါသထွက်လာခဲ့သည်။

“တုတ်ကြီးရာ မင်းကြက်ဖက တိုက်အုံးမှာလား၊ မာရသွန်ဝင်ပြေးမှာလားကွ၊ တကတည်း ပြေးပဲပြေးနေတော့တာပဲ”

ကျော်ကြီးပြောလိုက်သည့်အခါ တုတ်ကြီးမှာအလွန်ဒေါသထွက်သွားပြီး သူ့ကြက်ဖကြီးအားရေများနှင့် တဖူးဖူးမှုတ်လေတော့သည်။ မကြာမီ ကျော်ကြီး၏ ကြက်ပေါက်မှာ တုတ်ကြီးကြက်ကိုတက်ခွပ်လေရာ တုတ်ကြီးကြက်ဖမှာ အထိနာသွားပြီးနောက် မြေပြင်သို့ဘိုင်းခနဲလဲကျကာ ခြေနှစ်ချောင်းမိုးပေါ်ထောင်လျှက် ဆန့်ငင် ဆန့်ငင်ဖြစ်သွားလေသည်။ တုတ်ကြီးမှာ ကိုယ့်ကြက်ဖကိုယ်ကြည့်ပြီး အလွန်အံ့အားသင့်နေသည်။

“သေသွားပြီ၊ တုတ်ကြီးရဲ့ကြက်ဖ သေသွားပြီဟေ့”

ထိုအခါ ကျောင်းကုန်းရွာမှကြက်သမားများက ထအော်ကြလေသည်။ ကျော်ကြီးကတော့ ခပ်ပြုံးပြုံးနှင့် တုတ်ကြီးကိုကြည့်လိုက်လေသည်။

“အင်း၊ ထွေးမှုန်၊ ထွေးမှုန်၊ မင်းလေးက ငါ့မယားဖြစ်တော့မှာပါလားကွ၊ ဟား၊ဟား”

တုတ်ကြီးတစ်ယောက် မျက်နှာကြီးမဲနေလေသည်။

“ဘာလဲတုတ်ကြီး၊ မင်းပြောထားတဲ့လောင်းကြေးကို မင်းကတိတည်ကွနော်”

တုတ်ကြီးက တောက်တစ်ချက်ခေါက်လိုက်သည်။

“ကောင်းပြီ၊ ထွေးမှုန်ကိုမင်းဘယ်နေ့လိုချင်သလဲ၊ အခုတော့မရဘူး၊ နောက်နေ့မှ မင်းနဲ့ငါနဲ့ချိန်းပြီး ငါ့နှမကိုမင်းဆီကိုပေးမယ်”

ကျော်ကြီးက လက်ခုပ်လက်ဝါးတီးလိုက်ကာ

“ဟာ၊ ကြိုက်ပြီဟေ့၊ တုတ်ကြီးရဲ့ ကတိစကားကိုတော့ ငါလေးစားသွားပြီကွာ၊ နောက်တစ်ပတ်ကြာရင် မင်းညီမထွေးမှုန်ကို ဟောဒီတို့ရွာ သုဿန်ထဲကိုခေါ်လာခဲ့စမ်းပါ”

တုတ်ကြီးက မကျေမချမ်းဖြစ်ကာ ကြက်ဝိုင်းမှထွက်ခွာသွားတော့သည်။

နောက်တစ်နေ့ညတွင် ကျော်ကြီးခိုင်းသဖြင့် ပြူးကျယ်နှင့် ပေါက်ကြီးတို့လည်း ထုံးစံံအတိုင်း သံပန်ကန်းပြားနှင့်် ထမင်းဟင်းများကို သယ်ဆောင်လာခဲ့သည်။ သုဿန်အတွင်း ဇရပ်အောက်နားတွင် ထောင်ကာချထားသည့် စားပွဲဝိုင်းကို ထုတ်ခင်းလိုက်လေသည်။ ထုံးစံအတိုင်း ထမင်းနှင့်အမဲသားများကိုတင်ကာ သုဿန်အတွင်းရှိ သရဲကြီးများနှင့် မဖဲဝါအားခေါ်ကာကျွေးမွေးတော့သည်။

ကျော်ကြီးမိန်းမကလည်း ကျော်ကြီးရိုက်သမျှ ထုသမျှကိုခံရသူမို့ ကျော်ကြီးအား ဘာမှမပြောရဲပေ၊ သို့နှင့် ကျော်ကြီးမှာ မိန်းမအသစ်ရမည့်အရေးတွေးကာ ပျော်ရွင်နေမိသည်။ တစ်ပတ်ဆိုသည့်အချိန်မှာ ခဏကလေးသာကြာသည်ဟုထင်ရသည်။ ထိုညတွင်တော့ ကျော်ကြီးက ရေမိုးချိုးဝတ်စားပြင်ဆင်လျှက် တပည့်နှစ်ယောက်နှင့်အတူ သုဿန်သို့ ထွက်လာခဲ့လေသည်။

သုဿန်အတွင်းရှိ ဇရပ်ကြီးထဲတွင် ဖယောင်းတိုင်မီး အလင်းရောင်ကလေးကိုတွေ့ရသည့်အတွက် ကျော်ကြီးတို့လည်း ဇရပ်အနီးသို့လာခဲ့သည်။ ထိုအခါ ဇရပ်ပေါ်တွင် တုတ်ကြီးတစ်ယောက် ထိုင်နေလေသည်။

“ဟေ့ကောင်တုတ်ကြီး၊ ဘယ်မလဲကွ၊ မင်းနှမထွေးမှုန်”

တုတ်ကြီးက ဇရပ်ပေါ်မှခုန်ဆင်းလိုက်ကာ ကျောတွင်လွယ်လာသည့် ငှက်ကြီးတောင်ဓါးကိုထုတ်လိုက်သည်။

“ငါ့နှမတော့မပါဘူး၊ အဲဒီအစား မင်းလည်ပင်းကိုဖြတ်မယ့် ဓါးပဲပါလာခဲ့တယ်”

ပေါက်ကြီးနှင့် ပြူးကျယ်တို့မှာ အရှေ့သို့ထွက်လာကြပြီး

“ဆရာသမား၊ ဆရာသမားထွက်ပြေးတော့၊ ဒီကောင့်ကိုကျုပ်တို့ ခုခံထားလိုက်မယ်”

ထိုအခါ ကျော်ကြီးက ပြူးကျယ်တို့ ပုခုံးကိုပုတ်လိုက်ရင်း အရှေ့သို့ထွက်လိုက်ကာ။

“ဟေ့ကောင်တုတ်ကြီး၊ ဓါးပြတိုင်း ကြောက်ရမဲ့အထဲမှာ ကျော်ကြီးမပါဘူးကွ”

ထိုအခါ တုတ်ကြီးက လေတစ်ချွန်လိုက်လေရာ သုဿန်အတွင်းမှ တုတ်များ၊ ဓါးလွတ်များကိုင်ဆောင်ထားကြသည့်် အုတ်တွင်းရွာမှာ လူမိုက်များကိုတွေ့လိုက်ရလေသည်။ လူမိုက်မှာအယောက်နှစ်ဆယ်ခန့်ရှိပြီး ကျော်ကြီးတို့သုံးယောက်ကို ဝိုင်းရံထားလိုက်ကြသည်။

တုတ်ကြီးက ဓါးကိုဝင့်လျှက် အရှေ့သို့တက်လာပြီးနောက်

“ဟေ့ကောင်ကျော်ကြီး၊ ငါတို့က လူနှစ်ဆယ်လောက်ရှိတာ၊ မင်းတို့ကသုံးယောက်ထဲ၊ ငါတို့တကယ်လုပ်ရင် မင်းတို့သုံးယောက် အပိုင်းပိုင်းပြတ်သွားမယ်ဆိုတာ နားလည်သလား”

ကျော်ကြီးကတော့ မကြောက်သည့််မျက်နှာပေးဖြင့် တဟားဟားရယ်မောနေလေသည်။ ပြူးကျယ်နှင့် ပေါက်ကြီးတို့မှာ လက်နက်ကိုင်ထားသည့်လူများကိုကြည့်ရင်း ထိတ်လန့်တုတ်လှုပ်နေကြသည်။ တုတ်ကြီးက ရယ်မောနေသော ကျော်ကြီးအနီးသို့ကပ်လိုက်ပြီး

“ဒီမယ်ကျော်ကြီး၊ မင်းငါ့နှမကို မလိုချင်တော့ဘူးပြောလိုက်စမ်း၊ ဒါဆိုရင် ငါမင်းကိုမသတ်ဘူး”

ကျော်ကြီးက ခပ်ကျယ်ကျယ်ပင်ရယ်မောနေလေသည်။ ထိုအခိုက် အုတ်ဂူများအကြားမှ ကျောက်တုံးများ၊ အုတ်နီခဲများ ပျံထွက်လာကြကာ လက်နက်ကိုင်ထားသည့် လူမိုက်များအားထိမှန်ကုန်တော့သည်။ ကျောက်ခဲ၊ အုတ်ခဲများမှာ အဆက်မပြတ်ထွက်လာကာ လူမိုက်များကိုထိမှန်ကြသဖြင့် လူမိုက်များထွက်ပြေးကြကုန်သည်။ တုတ်ကြီးနှင့် လူမိုက်သုံးလေးဦးသာကျန်ခဲ့သည်။

“ဟေ့ကောင်တွေ၊ ဒီကောင်တွေကိုသတ်စမ်း”

တုတ်ကြီးက အော်လိုက်ကာ ကျော်ကြီးကိုဓါးဖြင့်မိုးခုတ်ထည့်လိုက်သည်။ သို့သော် တုတ်ကြီး၏ဓါးကိုင်လက်ကို လက်ကြမ်းကြီးတစ်ခုက ဆွဲကိုင်လိုက်လေရာ တုတ်ကြီးလက်မှာ လေပေါ်တွင်တန်းလန်းကြီးဖြစ်နေလေသည်။ တုတ်ကြီးအသေအချာကြည့်လိုက်သည့်အခါမှ အလွန်ရှည်လျားသည့်အရပ်ရှိပြီး တစ်ကိုယ်လုံးမဲနက်နေသည့် အကောင်ကြီးတစ်ကောင်မှာ တုတ်ကြီးလက်ကိုဖမ်းချုပ်ထားလေသည်။ ထိုအခါ တုတ်ကြီးနံဘေးမှ လူမိုက်များမှာ ကြောက်လန့်တကြားဖြင့်ထွက်ပြေးကြလေသည်။

ကျော်ကြီးက ရယ်မောလျှက်

“ဟား၊ ဟား တုတ်ကြီး၊ တုတ်ကြီး၊ မင်းက ငါ့နယ်မြေမှာ ငါ့ကိုလူစွာလာလုပ်ချင်တယ်ပေါ့၊ ဟုတ်သလား”

“မ . .မဟုတ်ပါဘူး ကျော်ကြီးရာ”

ကျော်ကြီးက တုတ်ကြီးပုခုံးကိုပုတ်လိုက်ပြီး

“ကဲပါ၊ ဒီတစ်ခါမင်းအလှည့်၊ မင်းနှမကို ငါ့ကိုပေးမယ်ဆိုရင် မင်းကိုငါမသတ်ဘူး”

တုတ်ကြီးက ဘာမှမပြောနိုင်တော့ပေ။ ထို့နောက် ဒေါသထွက်လာလေသည်။

“ဟေ့ကောင်ကျော်ကြီး၊ မင်းကို ငါ့နှမထွေးမှုန်ကို လုံးဝမပေးနိုင်ဘူးကွ၊ မင်းငါ့ကိုသတ်ချင်ရင်သတ်ပစ်လိုက်”

ကျော်ကြီးက ရယ်ကျဲကျဲနှင့် အရပ်ရှည်ရှည်နှင့်အကောင်ကြီးကို ကြည့်လိုက်ကာ

“ကဲ၊ ငါ့ကောင်ကြီး၊ မင်းကြားတယ်နော်၊ ဒီကောင့်ကို မင်းတို့လုပ်ချင်တာသာ လုပ်လိုက်ကြတော့”

ထိုအခါ ထိုလူကြီးက တုတ်ကြီးအားလေပေါ်ဆွဲမြှောက်တင်လိုက်ပြီးနောက် အမှောင်ထုအတွင်းသို့ ဆွဲခေါ်သွားလေသည်။ တုတ်ကြီး၏ အသံနက်ကြီးဖြင့်် အော်သံကြီးမှာ သုဿန်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထိုအချိန်မှစ၍ တုတ်ကြီးအားမည်သူမှ ထပ်မံမတွေ့ရတော့ပေ။

(၅)

ထိုနောက်ပိုင်းတွင် ကျော်ကြီးနာမည်ပြောင်းသွားတော့သည်။ ကြက်လောကတွင် တိုက်တိုင်းနိုင်ကျော်ကြီးဟု နာမည်ကြီးသွားလေသည်။ ထိုနာမည်အတိုင်းပင် ကျောင်းကုန်းရွာအနီးတွင် ကြက်ဝိုင်းဖွဲ့သည့်အခါတိုင်း ကျော်ကြီး၏ ကြက်ကိုနိုင်အောင်မတိုက်နိုင်ကြ၊ ကျော်ကြီး၏ ကြက်သည်ပွဲတိုင်းနိုင်လေရာ ထိုကြက်ဖကြီးကို လပ်ကီးဟုပင် အများကနာမည်ပေးထားကြလေသည်။

သို့နှင့် အချိန်တစ်နှစ်ခန့်ကြာလာပြီဖြစ်သည်။ ဆောင်းညမို့ အလွန်အေးချမ်းနေလေသည်။ ပြူးကျယ်လည်း ကျော်ကြီးအိမ်ဆီသို့လာခဲ့သည်။

“ဆရာသမား၊ ငွေနည်းနည်းလောက်ပေးပါအုံး၊ အမဲသားသွားဝယ်မလို့”

ကျော်ကြီးမှာ အရက်တော်တော်မူးနေပြီဖြစ်သည်။ ထိုနေ့လည်က ကြက်ဝိုင်းတစ်ဝိုင်းတွင် အချီကြီးနိုင်ထားသည်မို့ အောင်ပွဲခံနေခြင်းလည်းဖြစ်သည်။ ပြူးကျယ်ပြောလိုက်သောအခါ ကျော်ကြီးက ပြူးကျယ်၏ နားရင်းကိုလက်နှင့််ရိုက်လျှက်

“အမဲသားက ဘာလုပ်မလို့လဲ၊ မင်းမိထွေးကို သွားကျွေးမလို့လား”

ပြူးကျယ်အံ့အားသင့်သွားသည်။

“ကျွန်တော်တို့ သချိုင်းကုန်းမှာ ထမင်းပြင်ကျွေးတာ တစ်ပတ်ပြည့်ပြီလေ ဆရာသမားရဲ့၊ အဲဒါ စီစဉ်ရအုံးမယ်မဟုတ်လား”

ကျော်ကြီးက မျက်နှာကြီးကိုရှုံ့မဲ့လိုက်ပြီး

“တော်စမ်းပါကွာ၊ အမြဲတမ်းကျွေးနေရအောင် ဒီကောင်မက ငါ့မယားကျနေတာပဲ”

ကျော်ကြီးက အရက်တစ်ကျိုက်မော့သောက်လိုက်သေးသည်။

“ပြီးတော့ ပွဲတိုင်းနိုင်တယ်ဆိုတာကလည်း၊ ငါ့ကြက်ကောင်းတာလည်းပါတယ်ကွ၊ သူတို့ချည်းလုပ်တာမဟုတ်ပါဘူးကွာ၊ တကယ်ခွပ်တော့ ငါ့ကြက်က ခွပ်ရတာ၊ ဒီကောင်မ ဝင်ခွပ်တာမှမဟုတ်တာ၊ ငါတော့ ဆက်ပြီးမကျွေးနိုင်တော့ဘူး”

“ဖြစ်၊ ဖြစ်ပါ့မလား ဆရာသမားရဲ့”

“သိပ်ဖြစ်တာပေါ့ကွာ၊ အလကား အပိုအလုပ်တွေမလုပ်နဲ့ ငါ့ခြေထောက်တွေညောင်းနေတယ်၊ နှိပ်ပေးစမ်း”

ပြူးကျယ်တစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် ကျော်ကြီးခြေသလုံးကို နှိပ်ရတော့သည်။ ထိုညတော့ ပြူးကျယ်နှင့် ပေါက်ကြီးတို့မှာ အလွန်ထိတ်လန့်နေမိသည်။

“မကောင်းဘူးပြူးကျယ်၊ ငါ့အထင်တော့ ဒီသချိုင်းကုန်းထဲက သရဲကြီးတွေက တို့ဆရာသမားကို လာသတ်လိမ့်မယ်ထင်တယ်ကွ”

“အေးလေ၊ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ကြတာပေါ့ကွာ”

သို့သော်လည်း နောက်သုံးပတ်ခန့်ကြာသည့်အထိ ဘာမှထူးထူးခြားခြားဖြစ်မလာသည့်အတွက် ကျော်ကြီးရော၊ ပြူးကျယ်နှင့် ပေါက်ကြီးတို့ပါ ပေါ့ပေါ့လျော့လျော့နေခဲ့ကြလေတော့သည်။

တစ်လတင်းတင်း ပြည့်သည့်ည။ ထိုညက အအေးဓါတ်ပိုနေသည်။ ကျော်ကြီး၏အိမ်တွင်လည်း ကြက်သမားများ၊ အရက်သမားများက မူးယစ်သောက်စားကာ ဆောင်းအေးအေးနှင့် ကွေးနေကြပြီဖြစ်သည်။ မကြာခင် အိမ်ရှေ့မှ သန်းခေါင်ကြက်တွန်သံကိုကြားလိုက်ရသည်။ ပြီးနောက် တစ်ရွာလုံးမှခွေးများမှာ ဆွဲဆွဲငင်ငင်ထအူကြလေသည်။

“အူ၊ ဝု၊ ဝူး”

ရွာအပြင်မှဟစ်အော်လာသည့်ခွေးများမှာ တဖြည်းဖြည်းရွာလမ်းမကြီးအတိုင်း ဟစ်အော်လာပြီး ကျော်ကြီးတို့အိမ်နှင့် နီးလာလေသည်။ ပေါက်ကြီးနှင့် ပြူးကျယ်တို့လည်း လန့်နိုးသွားပြီး အိမ်အောက်တစ်နေရာတွင် ပုန်းအောင်းကာ အခြေအနေကိုကြည့်နေမိသည်။ လရောင်က ထိန်ထိန်သာနေလေရာ မကြာခင် ရွာလမ်းမကြီးအတိုင်း အလွန်ကြီးမားသည့် ခွေးနက်ကြီးတစ်ကောင် လှမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ခွေးနက်ကြီး၏ အနောက်တွင်လည်း ရွာခွေးများက ဟစ်အူကာ တန်းစီလိုက်လာကြလေရာ နောက်ဆုံး ကျော်ကြီးအိမ်ရှေ့သို့ ရောက်သည့်အခါမှ ခွေးနက်ကြီးမှာရပ်တန့်သွားသည်။

ခွေးနက်ကြီးက သူ့ခေါင်းကိုမိုးပေါ်ထောင်ကာ ဆွဲဆွဲငင်ငင်တစ်ချက်အူလိုက်လေသည်။ ထို့နောက် ခွေးနက်ကြီးမှာ ခါးကုန်းကာ မတ်တပ်ထရပ်လိုက်လေရာ လူတစ်ဦးအသွင်သို့ ရုတ်ခြည်းပြောင်းသွားလေသည်။ ခန္ဓာကိုယ်အောက်ပိုင်းတွင် ဘာဝတ်ထားမှန်းမသဲကွဲသော်လည်း၊ အလွန်နက်မှောင်ရှည်လျားပြီး ဖွာလန်ကျဲနေသည့် ဆံပင်ကြီးများနှင့်် မိန်းမကြီးတစ်ဦးဖြစ်မှန်းသိလိုက်ရသည်။ ထိုမိန်းမကြီးက ကျော်ကြီးအိမ်ရှေ့တွင် ခါးထောက်လိုက်ပြီး

“ဟဲ့ ကျော်ကြီးဆိုတဲ့အကောင်၊ ထွက်လာခဲ့စမ်း”

ဟု အသံနက်ကြီးဖြင့်အော်ဟစ်လေသည်။ ပြူးကျယ်နှင့် ပေါက်ကြီးတို့လည်း သူတို့အနီးအနားတွင် အိပ်ပျော်နေကြသည့်် အရက်သမားများကို လှုပ်နှိုးကြသော်လည်း ထိုလူများမှာ ပါးရိုက်နှိုးလျှင်တောင် မနိုးကြဘဲ လူသေကောင်ကြီးများကဲ့သို့ ငြိမ်သက်နေလေကြသည်။ ထိုစဉ် အိမ်လှေကားအတိုင်း ကျော်ကြီးက တစ်လှမ်းချင်းဆင်းလာလေသည်။

သို့သော် ကျော်ကြီး၏ လမ်းလျှောက်ပုံမှာ တောင့််တောင့်ကြီးဖြစ်နေလေသည်။

“နင်လား၊ ငါ့ကိုစော်ကားတာ”

“မ . . .မဟုတ်ပါဘူး၊ ကျုပ် မစော်ကားပါဘူး”

“တစ်ပတ်တစ်ခါ ကွှေးရမယ်ဆိုတာ နင်ပေးထားတဲ့ကတိနော်၊ ငါက အဲဒီလို ကတိပျက်တဲ့သူတွေကို လုံးဝမကြိုက်ဘူး”

ကျော်ကြီးက ဘာမှပြန်မပြောပေ၊ ထိုမိန်းမကြီးက ကျော်ကြီးအားလက်ညှိုးထိုးပြီး

“နင်ငါနဲ့လိုက်ခဲ့ရမယ်”

ထိုအခါ ပြူးကျယ်နှင့်ပေါက်ကြီးတို့က အိမ်အောက်မှပြေးထွက်လာကြပြီး ကျော်ကြီးလက်ကိုဆွဲလိုက်သည်။ ကျော်ကြီး၏ လက်များခြေများမှာ အလွန်အေးစက်ကာ တောင့်တင်းနေလေသည်။

“ဆရာသမား၊ သတိထားပါအုံး”

ကျော်ကြီးမျက်နှာမှာလည်း အလွန်တည်ငြိမ်လျှက် မျက်လုံးကြီးများမှာ အဝါရောင်အလင်းများတောက်နေတော့သည်။ ထိုမိန်းမကြီးဆီသို့ တစ်လှမ်းချင်းသွားနေသဖြင့် ပေါက်ကြီးနှင့် ပြူးကျယ်တို့မှာ ကျော်ကြီးအား ခြေကန်ဆွဲသော်လည်း ဆွဲ၍မရဘဲ တဖြည်းဖြည်းနီးကပ်သွားလေသည်။ ထိုအခါ ထိုမိန်းမကြီးက ကျော်ကြီးအား ခါးမှထမ်းပိုးကာ ပုခုံးပေါ်တွင် တင်လိုက်လေသည်။ ကျော်ကြီးမှာလည်းကျောက်ရုပ်ကြီးတစ်ရုပ်အလား တောင့််တောင့််ကြီးပါသွားတော့သည်။

“မ . .မဖဲဝါကြီးထင်တယ်”

ပေါက်ကြီးပြောနေစဉ်မှာပင် မဖဲဝါကြီးက တစ်လှမ်းချင်းလျှောက်သွားလေတော့သည်။ ဆယ့်လေးငါ့လှမ်းလောက် လှမ်းလျှောက်ပြီးသည့်အခါ ပေါက်ကြီးတို့နှစ်ဦးကိုလှည့််ကြည့်ပြီးနောက် ကြောက်စရာကောင်းသည့်အပြုံးကြီးဖြင့် ပြုံးပြလိုက်လေရာ ပေါက်ကြီးနှင့်ပြူးကျယ်နှစ်ယောက်မှာ သတိလစ်ကာ မေ့မြောသွားကြလေသည်။

နောက်တစ်နေ့။

“တကယ်ပါသူကြီးရာ၊ ကျုပ်တို့ပြောတာကိုယုံပါ၊ ဆရာကျော်ကြီးကို မဖဲဝါက ဖမ်းသွားတာပါ”

ကျော်ကြီးမှာ နေရင်းထိုင်ရင်းပျောက်ဆုံးသွားလေသည်။ သူ့တပည့်နှစ်ယောက်ဖြစ်သည့်် ပေါက်ကြီးနှင့် ပြူးကျယ်တို့ကို ခေါ်မေးသည့်အခါတွင်လည်း ထိုကဲ့သို့သာ ပြောဆိုနေလေသည်။

“မင်းတို့ပြောတာဖြစ်နိုင်မလားကွ”

“ဟုတ်ပါတယ်ဆိုသူကြီးရာ၊ ကျုပ်တို့ခွေးအူသံနဲ့အတူ ခွေးနက်ကြီးရွာထဲဝင်လာတာကို မြင်လိုက်ရတာ”

သူကြီးက ရွာသားများဘက်သို့လှည့်လိုက်ပြီး

“ကဲ၊ အဲဒီညက ခွေးနက်ကြီးတွေလာတယ်၊ တစ်ရွာလုံးခွေးတွေအူတယ်ဆိုတာ ဘယ်သူကြားလိုက်ကြသေးလဲ”

ရွာသားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။ ရွာသားတစ်ယောက်က ထပြောသည်။

“အဲဒီညက ကျုပ်တစ်ညလုံးအိပ်မပျော်ပါဘူးဗျာ၊ သူတို့ပြောသလို ခွေးအူတာတွေ၊ ခွေးနက်ကြီးဝင်တာတွေ လုံးဝမကိုမသိလိုက်ပါဘူး၊ ဒီကောင်တွေ ရှပ်ထုတာများလို့ ရူးကြောင်မူးကြောင်နဲ့ လျောက်ပြောတာနေမှာသူကြီး”

သို့နှင့်် ကျော်ကြီးမှာ ရွာမှ တိတ်တဆိတ်ပျောက်သွားတော့သည်။ ရွာသူရွာသားများလည်း ထင်ကြေးအမျိုးမျိုးပေးသော်လည်း ပေါက်ကြီးတို့ပြောသည့်စကားကိုတော့ မည်သူမှမယုံကြပေ။

ဆရာသမားမရှိတော့သဖြင့် ပြူးကျယ်နှင့် ပေါက်ကြီးတို့မှာ ဝေလေလေဖြစ်နေကြသည်။ တစ်ရက် ဦးလူပေအရက်ဆိုင်တွင် ထိုင်နေရင်း

“တို့ဆရာသမား သေသွားပြီဆိုတော့ အဲဒီထမင်းဝိုင်းကိစ္စလည်း ပြီးလောက်ပြီထင်တယ်နော် ပေါက်ကြီး”

“ဒါပေါ့ကွ၊ ထမင်းဝိုင်းက ငါတို့လုပ်တာမှမဟုတ်ဘဲ၊ တို့ဆရာကျော်ကြီးလုပ်တာကို”

“အေးလေ၊ ဒါဆိုရင်လည်း ပြီးတာပဲ၊ သူသေသွားတာလည်း ခပ်ကောင်းကောင်းပဲကွ၊ နို့မို့ဆို ငါတို့မှာ သူပေးတဲ့ငွေလေးမဖြစ်စလောက်ယူပြီးတော့ သူ့ဆီမှာနေ့တိုင်း အထုအထောင်းခံနေရတာပဲမဟုတ်လား”

“အေးလေ၊ အဲဒါတော့ ဟုတ်တာပေါ့၊ ဒါနဲ့ ငါတို့ဘာဆက်လုပ်ကြမလဲ”

“တို့က ကြက်မှမပိုင်တာကွ၊ ဒီတော့ ကြက်မရတော့လည်း ဗျက်ဘက်လှည့််ကြတာပေါ့ကွာ”

ထိုဒေသတွင် ဖဲဝိုင်းကို ဗျက်ဝိုင်းဟုခေါ်ကြလေသည်။ သို့နှင့် ပြူးကျယ်နှင့် ပေါက်ကြီးတို့မှာ ကြက်သမားကျော်ကြီးသေဆုံးပြီးသည့်အခါ ဗျက်သမားများဖြစ်သွားကြလေသည်။

မကောင်းသည့်ကံမှာ အကျိုးပေးသည်လားတော့ မပြောတတ်ပေ။ သူတို့နှစ်ဦးပေါင်းကာ ဖဲရိုက်လျှင်အမြဲတမ်း အနိုင်ရလျှက်ရှိနေလေသည်။ တစ်ယောက်တည်းဝင်ရိုက်လျှက် တစ်ယောက်တည်းနိုင်ကာ နှစ်ယောက်ဝင်ရိုက်လျှက် နှစ်ယောက်စလုံးနိုင်နေလေသည်။ သို့နှင့် ကျော်ကြီးသေဆုံးပြီးမှ သူတို့နှစ်ဦး ဝင်ငွေဖြောင့်နေကြလေသည်။

တစ်ရက်တွင်တော့ အုတ်တွင်းရွာတွင် ဖဲရိုက်ပြီးနောက် ကျောင်းကုန်းရွာကလေးသို့ ပြန်လာကြသည်။ ဖဲဝိုင်းတစ်ဝိုင်းလုံးကိုနိုင်ခဲ့ပြီးသည်မို့ သောက်စားပျော်ပါးပြီးမှ သူငယ်ချင်းနှစ်ယောက် ပုခုံးဖက်ပြီးလာခဲ့ကြရာ ညနေပင်အတောင်မှောင်ခဲ့ပြီဖြစ်သည်။ ကျောင်းကုန်းရွှာအဝင် သုဿန်ကလေးအနားအရောက်တွင် သုဿန်ထိပ်တွင် မိန်းမကြီးတစ်ဦးက ခါးထောက်ကာ မတ်တပ်ရပ်နေလေသည်။ သာမန်လူများထက် အရပ်အနည်းငယ်ပိုမြင့်ပြီး ထွားထွားကျိုင်းကျိုင်းနှင့် မိန်းမကြီးဖြစ်သည်။ ပေါက်ကြီးက ထိုမိန်းမကြီးကို မြင်ခဲ့သော်လည်း ပြူးကျယ်ကတော့ အမှုမဲ့အမှတ်မဲ့ပင်။ သုဿန်ထိပ်ဆိုင်းဘုတ်အနားရောက်သည့်အခါ ထိုမိန်းမကြီးက သူတို့ကိုလက်ယပ်ခေါ်သည်။

“ဟဲ့အကောင်တွေ၊ ငါ့ဆီလာကြစမ်း”

ထိုတော့မှ သူတို့နှစ်ဦးရင်ထိတ်သွားသည်။

“ဟာ၊ ပြူးကျယ်၊ ငါတို့ကို မဖဲဝါကြီးခေါ်နေပြီကွ”

သူတို့ထွက်ပြေးရန်ကြိုးစားလိုက်သော်လည်း ကိုယ့်ခြေထောက်များပင် ကိုယ်မသယ်ချင်နိုင်အောင်ဖြစ်သွားသည်။။ ထိုမျှမကသေး၊ ခြေထောက်များမှာ မလှမ်းလျှောက်ပါသော်လည်း သူ့အလိုလိုပင် မဖဲဝါအနားသို့လျှောက်သွားလေရာ မကြာခင် မဖဲဝါနှင့် လက်တစ်ကမ်းအကွာသို့ရောက်သွားခဲ့သည်။

“နင်တို့ဆရာသေသွားတယ်ဆိုပြီး နင်တို့က ထမင်းဝိုင်းမဆက်တော့ဘူးလား”

မဖဲဝါစကားပြောလိုက်တိုင်း ပါးစပ်အတွင်းမှ လူသေပုပ်နံ့ကဲ့သို့ နံစော်နေသည့် ညီးစော်ကြီးကိုရရှိနေလေသည်။

“ဟာဗျာ၊ ခင်ဗျားကို တစ်ပတ်တစ်ခါထမင်းဝိုင်းဆက်မယ်ဆိုတာ ကျုပ်ပြောခဲ့တာမှမဟုတ်တာ”

“နင်တို့သုံးယောက်စလုံးပြောခဲ့တာပဲ၊ နင်တို့သုံးယောက်စလုံး အတူတူလုပ်ခဲ့ကြတာပဲမဟုတ်လား၊ ဒါ နင်တို့ကိုနောက်ဆုံးအကြိမ်နဲ့သတိပေးတာ၊ နင်တို့ထမင်းဝိုင်းမဆက်ရင် နင်တို့ဆရာကျော်ကြီးအနောက်ကို လိုက်ရမယ်မှတ်”

မဖဲဝါမှာ ထိုသို့ပြောဆိုပြီး ရုတ်ခြည်းပင်ပျောက်ကွယ်သွားလေရာ ပေါက်ကြီးနှင့် ပြူးကျယ်ပင် အမူးပြေသွားတော့သည်။ ထို့နောက်မှ သတိရလာပြီးရွာဆိသို့ ခြေကုန်သုတ်ကာ ပြေးခဲ့ကြလေသည်။

(၆)

“တစ်ပတ်တစ်ခါ ကျွေးရမှာဆိုတော့ မနိပ်ပါဘူးကွာ၊ ငါကတော့ ရှင်းရှင်းပြောရရင် မကျွေးနိုင်ဘူးကွ၊ အမဲသားဈေးကလည်း မသေးဘူးမဟုတ်လား”

ပြူးကျယ်က ပြောဆိုသဖြင့် ပေါက်ကြီးပင်ထိတ်လန့်နေရသည်။

“ဒါဆို ငါတို့ကိုလည်း မဖဲဝါက လာခေါ်နေမှာပေါ့ကွ”

“ငါ့မှာ အကြံရှိပြီးသားပါကွ၊ ဒီမှာ ပေါက်ကြီး၊ ငါတို့ကတိပေးထားတာက တို့ရွာသချိုင်းကုန်းမှာ ကတိပေးထားတာမဟုတ်လား၊ ငါတို့သာ ဒီရွာမှာမရှိတော့ဘူးဆိုရင် သူတို့ဘာတတ်နိုင်မှာလည်း”

“မင်းပြောတာက ငါတို့ထွက်ပြေးမယ်လို့ပြောနေတာလား”

ပြူးကျယ်က ခေါင်းညိတ်လိုက်ကာ

“ငါတို့ နယ်စပ်ကိုပြေးမယ်ကွာ၊ မူဆယ်ဘက်ဆိုရင် ဗျက်ဝိုင်းတွေလည်း ပေါတယ်လို့ပြောတယ်၊ ငါတို့ အဲဒီကိုသွားပြီး ကျက်စားကြရင်မကောင်းဘူးလား”

ပေါက်ကြီးလည်း ခေါင်းညိတ်လိုက်ကာ

“ကောင်းတာတော့ ကောင်းပါတယ်၊ ဒါပေမယ့် မဖဲဝါကြီးလိုက်လာရင် ဘယ်လိုလုပ်မလဲ”

“မင်းကွာ၊ ငါတို့က ခြေထောက်နဲ့ပြေးတာမှမဟုတ်တာ၊ ကားစီးပြေးတာပဲကွ၊ မဖဲဝါက ငါတို့အနောက်ကိုလိုက်ပါ့မလား၊ ပြီးတော့ ပြေးတာကလည်း နယ်ကျော်ပြေးမှာကွ၊ ငါကြားဖူးတာက အဲဒီလိုသရဲတစ္ဆေတွေက နယ်ကျော်ရင်လိုက်လို့မရဘူးတဲ့”

“အေးပါကွာ၊ မင်းကောင်းသလိုသာ ကြည့်လုပ်စမ်းပါ”

ပြူးကျယ်က ခေါင်းညိတ်လျှက်

“ငါတို့ ဖဲတစ်ပွဲလောက်နိုင်အောင်ရိုက်မယ်ကွာ၊ နိုင်ရင် မသုံးတော့ဘဲ လမ်းစားရိတ်အဖြစ်စုထားမယ်၊ ပြီးရင် အုတ်တွင်းရွာကားဂိတ်ကနေပြီးတော့ မန္တလေးဘက်တက်မယ်ကွာ၊ ပြီးတော့ လားရှိုး၊ မူဆယ် ဆက်သွားမယ်၊ အုတ်တွင်းရွာက ကားတွေက တို့ရွာကိုဖြတ်တာမှမဟုတ်တာ၊ ဘယ့်နှယ့်လဲ”

“အေးလေ၊ ကောင်းတာပဲ”

ပေါက်ကြီးလည်း မတတ်သာသည့်အဆုံးပြူးကျယ်စကားကိုလက်ခံလိုက်ရတော့သည်။ သို့နှင့် အုတ်တွင်းရွာသို့ နှစ်ဦးသားသွားကြသည်။ အုတ်တွင်းရွာရှိ ဖဲဝိုင်းတစ်ဝိုင်းတွင် ဖဲများနိုင်သည့်အတွက် ကျောင်းကုန်းရွာသို့ မပြန်တော့ဘဲ အုတ်တွင်းမှ မန္တလေးတက်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ အုတ်တွင်းရွာတွင် ညအိပ်ပြီးနောက် နောက်တစ်နေ့မနက်အစောထွက်မည့်ကားနှင့် မန္တလေးသို့ စီးရန်စီစဉ်လိုက်ကြသည်။

မနက်လေးနာရီမထိုးခင် အစောဆုံးကားနှင့် မန္တလေးသို့ သွားကြမည်ဖြစ်သည်။ ကားဂိတ်ရောက်သည့်အခါ ကားပင်ထွက်တော့မည်၊ ကားပေါ်တွင်ခရီးသည်များစုံနေပြီဖြစ်သည်။ ထိုစဉ်က ယာဉ်လိုင်းပြေးဆွဲသည့် ကားများမှာ ဟိုင်းလတ်ကားအသေးကလေးများဖြစ်သည်။ သူတို့နှစ်ဦးမှာ ကားပေါ်အလျှင်အမြန်ပြေးတက်ပြီးသည်နှင့် ကားကတစ်ဟုန်ထိုးမောင်းထွက်သွားလေသည်။

ကားပေါ်ရောက်ပြီးသည့်အခါမှ ပေါက်ကြီးက ဘေးဘီကိုကြည့်လိုက်မိသည်။ ကားပေါ်တွင် လူများထိုင်နေကြသော်လည်း လူစင်စစ်များမဟုတ်ကြပေ၊ စုတ်ပြဲဟောင်းနွမ်းနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူသေကောင်ကြီးများဖြစ်နေသည်။ ပေါက်ကြီးနံဘေးတွင် ထိုင်နေသည့် ခပ်၀၀နှင့်အဒေါ်ကြီးမှာ လူသေကောင်ပုပ်ကြီးဖြစ်နေသည်။ အသားအရေများမှာ ပွထနေပြီး ပါးစပ်ကြီးကပွင့်နေကာ ထိုအတွင်းမှ လောက်ကောင်ဖြူဖြူဖွေးဖွေးများက တဖွားဖွားကျနေလေသည်။

“ဟေ့ကောင်ပြူးကျယ်၊ ငါတို့တော့ ကားမှားစီးပြီထင်တယ်”

ပေါက်ကြီးပြလိုက်တော့မှ ပြူးကျယ်လည်း ကားပေါ်မှလူများကို သတိထားမိပြီး အလွန်ထိတ်လန့်သွားသည်။ ထိုအခါ ကားကိုတွယ်စီးနေသည့် လူတစ်ဦးက ခေါင်းအရှည်ကြီးဆန့်ထုတ်လျှက် ကားပေါ်သို့ခေါင်းကြီးဝင်လာလေသည်။ ဆံပင်ဖွာဖွာနှင့် ထိုခေါင်းကြီးမှာ မဖဲဝါ၏ ဦးခေါင်းကြီးဖြစ်နေသည်။

“ဟဲ၊ ဟဲ မင်းတို့ဘယ်သွားကြမလို့လဲ”

“ဟို၊ ဟို လေ၊ မူ . .မူဆယ်”

“ငါတို့ကားက မူဆယ်တော့မရောက်ဘူး၊ သချိုင်းကုန်းပဲရောက်မယ်”

ထိုအခါ မဖဲဝါက ပြူးကျယ်ကိုဖမ်းချုပ်လိုက်လေသည်။ ပေါက်ကြီးကိုလည်း အနားမှလူသေကောင်ကြီးက ဖမ်းချုပ်ထားသည်။ ပြူးကျယ်က အသံကုန်ဟစ်ပြီးအော်နေလေသည် ပေါက်ကြီးကတော့

“ကျုပ်ကိုမလုပ်ပါနဲ့မဖဲဝါ၊ ကျုပ်၊ ကျုပ် ထမင်းဝိုင်းပြင်ပေးပါ့မယ်၊ ကျုပ်ကတိတည်ပါ့မယ်”

ထိုသို့ပြောလိုက်သည့်အခါ ပေါက်ကြီးးထိုင်နေသည့်် ထိုင်ခုံကြီးမှာ ကားအောက်ဘက်သို့ ကျွံကျသွားပြီး ပေါက်ကြီးတစ်ယောက်မြေကြီးပေါ်တွင် ငူငူကြီးထိုင်ကာ ကျန်နေခဲ့လေသည်။ သူလှည့်ကြည့်လိုက်သည့်အခါ သရဲများစီးနင်းလာကြသည့် ဟိုင်းလပ်ကားကလေးမှာ ဆက်လက်မောင်းနှင်သွားသည်။ ကားကလေးပေါ်မှ ပြူးကျယ်ကလည်း အသံနက်ကြီးဖြင့် အော်ဟစ်သွားလေသည်။

“ကယ်ကြပါ . . . ကယ်ကြပါ”

သရဲကားကြီးက ဆက်လက်မောင်းနှင်ကာ ထွက်ခွာသွားတော့သည်။

(၇)

အဘိုးကြီးပြောပြသမျှ နားထောင်နေသည့် မောင်တိုးမှာ အလွန်ထိတ်လန့်လျှက်

“ဒါ၊ ဒါဆို အဘကြီးက . . .”

“ဟုတ်တာပေါ့၊ ငါ့နာမည် ပေါက်ကြီးတဲ့၊ ငါ့တစ်သက်လုံး တစ်ပတ်တစ်ခါကျတိုင်း ဒီသချိုင်းကုန်းမှာ မဖဲဝါအတွက် ထမင်းပွဲဆက်နေခဲ့ရတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ပေးခဲ့ဖူးတဲ့ ကတိတစ်ခုကြောင့်ပေါ့ကွာ”

ထိုတော့မှ မောင်တိုးနားလည်သွားခဲ့သည်။ သုဿန်အတွင်းမှ ထမင်းဝိုင်းနှင့်၊ ထမင်းစားပွဲပေါ်တက်ပြီးစားနေသည့် မိန်းမကြီးကိုလည်း နားလည်သွားမိကာ ကြက်သီးများထလျှက် ကျောများချမ်းလာလေသည်။ မည်မျှကြာကြာစကားပြောနေမိသည်မသိတော့၊ မောင်တိုးလက်တွင်းကိုင်ထားသည့် ရေနွေးခွက်မှာလည်း အေးစက်သွားပြီဖြစ်ရာ မောင်တိုးလည်း ထိုရေနွေးများဖြင့် မေ့လဲနေသည့် သိန်းထွန်း၏ မျက်နှာကိုပက်ထည့်လိုက်တော့သည်။ သိန်းထွန်းတစ်ယောက် ထိတ်လန့်စွာဖြင့် နိုးထလာလေသည်။

“ဘာ၊ ဘာဖြစ်တာလဲ မောင်တိုး”

မောင်တိုးက ဘာမှမပြောချင်တော့သဖြင့် ခေါင်းသာခါပြလိုက်သည်။ ထိုစဉ် ကျေးရွာချင်းဆက် လမ်းမကြီးအတိုင်း အင်ဂျင်စက်သံဆူညံစွာဖြင့်် ထွေလာဂျီတစ်စီးခုတ်မောင်းလာသည်ကိုမြင်တွေ့လိုက်ရသည်။ မောင်တိုးနှင့် သန်းထွန်းတို့လည်း တဲကလေးအတွင်းမှ ပြေးထွက်ခဲ့ပြီး ထွေလာဂျီကိုတားလိုက်ကြသည်။

“ဟေ့ မောင်တိုးတို့ပါလား”

ထွေလာဂျီမောင်းသူမှာ သူတို့နှင့်အသိဖြစ်နေသည်။

“ဟာ၊ ဦးဗိုက်ကြီးပါလား”

“အေး၊ မင်းတို့ကောင်တွေ ဒီမှာဘာလုပ်နေတာလဲ”

“ဟိုလေ၊ ကျုပ်တို့ဆိုင်ကယ် ဒီနားမှာပျက်သွားလို့ အဲဒီ လမ်းကြုံရမလားလို့စောင့်နေတာ”

“အေး၊ ငါလည်း မနက်စောစောအုတ်တိုက်စရာရှိလို့ ထွက်လာခဲ့တာ၊ ကဲလာလာ၊ တက်ကြ”

သူတို့နှစ်ဦး ထွေလာဂျီအနောက်ခန်းတွင် တက်ထိုင်လိုက်ကြသည်။ ထိုစဉ် ဦးဗိုက်ကြီးက

“ဟေ့ကောင်တွေ၊ မင်းတို့ဆိုင်ကယ်ရော မတင်ဘူးလားဟ”

ဦးဗိုက်ကြီးလက်ညှိုးထိုးပြလိုက်သည့်နေရာကိုကြည့်လိုက်သောအခါ သုဿန်အဝတွင် သူတို့ဆိုင်ကယ်က ထောင်လျက်သားကလေးရပ်နေလေသည်။ မောင်တိုးလည်း အလွန်ထူးဆန်းသွားသည်။ အဘိုးကြီးနှင့် သုဿန်အတွင်းမှ ထွက်လာခဲ့စဉ်က ဆိုင်ကယ်ကို ဇရပ်အနားတွင် ရပ်ထားခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ ဆိုင်ကယ်မှာ သုဿန်အဝတွင် သူ့အလိုလိုပြန်ရောက်နေလေသည်။ သူငယ်ချင်းနှစ်ယောက် ထွေလာဂျီပေါ်မှဆင်းကာ ဆိုင်ကယ်ကို တွန်းတင်ခဲ့ကြလေသည်။ ထွေလာဂျီကိုမောင်းထွက်သည့်အခါတွင်တော့ အဘိုးကြီးက သူတို့အားလက်ပြနှုတ်ဆက်နေလေသည်။

“ဘယ်သူများလဲမှတ်တယ်၊ မင်းတို့ ဦးပေါက်ကြီးနဲ့တွေ့ခဲ့တာကိုး”

သန်းထွန်းက ဘာမှမမှတ်မိသည့်နှယ် ကြောင်စီစီဖြစ်နေသည်။ မောင်တိုးက ထွေလာဂျီမောင်းနေသည့် ဦးဗိုက်ကြီးအနားသို့ တိုးကပ်လိုက်ပြီး

“ဦးဗိုက်ကြီးက ဦးပေါက်ကြီးကို သိလို့လား”

“သိတာပေါ့ကွ၊ သူက ကျောင်းကုန်းရွာက နာမည်ကြီးဖဲသမားပေါက်ကြီးလေ၊ သူ့သားသမီးတွေ ကျောင်းကုန်းရွာထဲမှာရှီတယ်ဆိုပေမယ့် သူကတော့ အဲဒီသုဿန်နံဘေးမှာပဲ တဲကလေးထိုးပြီးနေတယ်ကွ”

“ထူးဆန်းတယ်နော်”

“ဒီလူကြီးက နည်းနည်းဂေါက်နေတာကွ၊ သူနဲ့စကားပြောရင်၊ သရဲအကြောင်းတို့၊ မဖဲဝါအကြောင်းတို့ပဲ ပြောပြောနေတတ်တာ၊ ပိုပြီးထူးဆန်းတာတစ်ခုကတော့ တစ်ပတ်တစ်ခါ ဈေးကားနဲ့ အမဲသားအစိမ်း ငါးဆယ်သား၊ တစ်ပိဿာ မှာမှာနေကျတဲ့ကွ”

မောင်တိုးလည်း ထိုအကြောင်းကိုသိပြီးသားမို့ စကားဆက်မပြောတော့ဘဲ ခပ်လှမ်းလှမ်းတွင် ကျန်ရစ်ခဲ့သည့် ကျောင်းကုန်းသုဿန်ကြီးဆီသို့ တစ်ချက်လှည့်ကြည့်လိုက်မိသည်။ သုဿန်ကြီးမှာ နှစ်ချို့ပင်ကြီးများဖြင့်အုပ်ဆိုင်းလျှက် အမှောင်ထဲတွင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသကဲ့သို့ ထီးတည်းကြီး ကျန်ရှိနေပါတော့သည်။

ပြီးပါပြီး။
#စာရေးဆရာအဂ္ဂဇော်ရေးသည်
စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။