ထူးဆန်းသောနတ်ဆရာမ

ထူးဆန်းသောနတ်ဆရာမ(စ-ဆုံး)
——————————-

“အချုပ်ခန်းဖောက်ပြီး တရားခံထွက်ပြေး” လို့တဲ့၊
ဖြူးရဲစခန်းတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားတယ်။ မတုန်လှုပ်၊ မချောက်ချားလို့လည်း မရဘူး၊ တရားခံဆိုတာက ရဲကိုအဓိက ဒုက္ခပေးတဲ့သူ၊ ရဲတစ်ရာပြုတ်ရင် ရှစ်ဆယ်က တရားခံကြောင့်ပဲ၊ ဒါကြောင့်လည်း ရှေးရဲကြီးတွေက မျိုးဆက်သစ်ရဲတွေအတွက် စကားတစ်ခုချန်ထားခဲ့တယ်။ အဲဒီစကားကတော့ “တရားခံသည် တို့အမေလင် မဟုတ်”တဲ့
အခုလည်းတရားခံထွက်ပြေးပြီဆိုတာနဲ့ တာဝန်ကျ ကင်းသားနဲ့ ကင်းမှူး အချုပ်ထဲရောက်တော့မယ်။ တစ်နွယ်ငင်၊ တစ်စင်ပါဆိုသလို တာဝန်ရှိတဲ့ တာဝန် မှူး၊ စခန်းမှူးနဲ့ မြို့နယ်မှူးပါ အရေးယူခံရနိုင်တယ်။ ပဏာမစစ်ဆေးမှုတွေ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေခံရမယ်၊ စစ်ဆေးမှုတွေပြီးလို့ တာဝန်ရှိကြောင်း ပေါ်ပေါက်ရင်အပြစ်ပေးခံရမယ်။ နှစ်တိုးလျှော့တာ၊ ရာထူးကျတာလောက်ဆို မထောင်း တာပေမဲ့ အလုပ်ပြုတ်ရင်တော့ မိသားစုတစ်ခုလုံး ဘဝပျက်ပြီ၊ ဒီကြားထဲ ထောင်ပါကျသွားနိုင်သေးတယ်။ တာဝန်ရှိသူတွေရဲ့ မျက်နှာငယ်လေးတွေကိုကြည့်ပြီး ရဲစခန်းတစ်ခုလုံး စိတ်မကောင်းဖြစ်ကြရတယ်။ ထူးခြားတာက ထွက်ပြေးတဲ့တရားခံက ကျား တရားခံမဟုတ်ဘူး၊ မ တရားခံ၊ အမျိုးသမီးတရားခံ။ နောက်ပြီး ထွက်ပြေးတော့လည်း တရားရုံးတို့လို၊ ဆေးရုံအချုပ် ခချုပ်လို၊ ပြင်ပကနေ ထွက်ပြေးတာမဟုတ်ဘူး၊ အမျိုး သမီးအချုပ်ခန်း ဖျက်ဆီးပြီး ထွက်ပြေးတာဖြစ်နေတယ်။ပိုပြီးဆိုးတာက မူးယစ်ဆေးဝါးအမှုက အမျိုးသမီး တရားခံ ဖြစ်နေတယ်။

နိုင်ငံတော်အစိုးရကိုယ်တိုင် အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ်ခံယူပြီး စိတ်ဝင်တစားရှိတဲ့ အမှုအမျိုးအစား၊ညအချိန် အချုပ်ခန်းဖောက်ပြီး တရားခံထွက်ပြေးတဲ့ကိစ္စက ထိန်ချန်လျှို့ဝှက်ထားလို့မရတဲ့ ကိစ္စဖြစ်နေတာကြောင့် အထက်အဆင့်ဆင့်ကို ချက်ချင်းသတင်းရောက်သွားတယ်။

“တရားခံက မူးယစ်ဆေးဝါးတရားခံ၊ အရေးကြီးတယ်…။ ပြန်မမိလို့ လုံးဝမဖြစ်ဘူး၊ ဘာအကြောင်းကြောင့်မှ လွတ်မနေစေရဘူး၊ မမိမိအောင်ပြန်ဖမ်းရမယ်..”
အထက်အရာရှိကြီးက အခင်းဖြစ်တဲ့အချုပ်ခန်းကို ချက် ချင်းလာစစ်ပြီး ညွှန်ကြားတယ်။ညွှန်ကြားချက်ရတာနဲ့ တစ်စခန်းလုံး အဖွဲ့ငယ်တွေခွဲပြီး လှုပ်ရှားကြရတယ်။

“တရားခံ ဘယ်နေရာလောက်ရောက်သွားပြီလဲ” ဆို တာသိဖို့ ထွက်ပြေးတဲ့အချိန်ကိုသိဖို့လိုတယ်။ ဒါကြောင့် မိန်းမအချုပ်ခန်းက တန်းစီးတရားခံမကို စစ်ရတယ်။ဒီကိစ္စ တန်းစီးမသိဘဲနေမှာမဟုတ်ဘူးဆိုတာလည်းတွက်လို့ရတယ်။

ဒါပေမဲ့ တန်းစီးမက ဘူးခံနေတယ်။ ““ဘာမှ မသိရပါဘူး” လို့ ငြင်းတယ်။မိန်းမအချုပ်ခန်းကို သံဖြတ်လွှနဲ့ တိုက်ဖြတ်တာဖြစ်လို့သံဖြတ်လွှဘယ်ကရတာလဲဆိုတာ စုံစမ်းစစ်မေးရတယ်။
ဒီတော့မှ လွန်ခဲ့တဲ့နှစ်ရက်က တရားခံမကို ယောက်ျားဧည့်သည်တစ်ယောက်လာတွေ့ ပြီး လက်ဖက်ရည်နဲ့ အီကြာကွေးကို ဂျွတ်ဂျွတ်အိတ်ထဲထည့်ပေးတယ်ဆိုတာ ပေါ်လာတယ်။

အီကြာကွေး အချောင်းလိုက်ဆိုရင် သံဖြတ်လွှထည့်နိုင်လို့ ဂရုစိုက်စစ်ဆေးတတ်ပေမဲ့ အီကြာကွေးကို ထက်ပိုင်းချိုးထားတယ်။ဒါ့ကြောင့် မစစ်ဆေးတော့ဘဲ လွှတ်ပေးလိုက်တယ်၊
ဒီတော့မှ အီကြာကွေးအပိုင်းထဲ သံဖြတ်လွှချိုးပြီး ထည့်ပေးလိုက်တယ်ဆိုတာ သိတော့တယ်။တရားခံထွက်ပြေးသွားတဲ့အချိန်က ညအချိန်ဖြစ်လို့ခရီးသည်တင်ကားတွေ မရှိတော့ဘူး။

ဖြူးဘူတာကို ညလယ်လောက်ရောက်တဲ့ ရထားနှစ်စီးနဲ့ မနက်လင်းအားကြီးအချိန်ဝင်တဲ့ ရထားတစ်စီး၊ အစုန်ရော အဆန်ပါ ရှိပေမဲ့ တရားခံမှာ မှတ်ပုံတင်မပါတာကြောင့် စီးဖို့မဖြစ်နိုင်ဘူး။

နောက်ပြီး ဘူတာမှာ ရဲလုံခြုံရေးရှိနေတယ်။သေပြေးရှင်ပြေး ပြေးရတော့မယ့်တရားခံက၊ ရထားကိုစောင့်ပြီးစီးမှာ မဟုတ်ဘူးလို့လည်း တွက်ဆမိတယ်။ အပြင်က တစ်စုံတစ်ယောက်နဲ့ ချိတ်ဆက်ပြီးခေါ်ထုတ် သွားတာ ဖြစ်နိုင်သလို သူ့ဘာသာဆိုင်ကယ်ကယ်ရီ၊ ဆိုက်ကားငှားပြီးလည်း သွားနိုင်တယ်လို့ တွက်ဆတယ်။ ဖြစ်နိုင်မယ့်ထွက်ပေါက်အားလုံးကို အဖွဲ့တွေ့ခွဲပြီးလိုက်ကြတယ်။ မြောက်ဘက်က ဇေယျဝတီ၊ တောင်ဘက်မှာရှိတဲ့ညောင်ပင်သာ၊ ကညွတ်ကွင်းမြို့တွေကိုလည်း ကားလမ်းပိတ် ဆို့ပြီး ရှာဖွေပေးဖို့ အကြောင်းကြားတယ်။ အစွမ်းကုန်ကြိုးစားအားထုတ်ကြပေမဲ့ အခြေအနေကမကောင်းဘူးဖြစ်နေတယ်။နေ့လယ်ခင်းအချိန်အထိ ထွက်ပြေးတဲ့တရားခံမနဲ့ ပတ်သက်ပြီး ဘာသတင်းမှမရဘူး။

ညနေ(၃)နာရီလောက်မှာ လူတစ်ယောက်မြို့နယ်ရဲတပ် ဖွဲ့မှူးအိမ်ရောက်လာတယ်၊ သတင်းတစ်ခုပေးတယ်၊သတင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ တရားခံနဲ့ပတ်သက်တဲ့ သတင်းတော့မဟုတ်ဘူး။

နတ်ဆရာမတစ်ယောက်ရဲ့ သတင်း၊ ဖြူးမြို့တောင်ဘက်အထွက် ကားလမ်း၊ ရထားလမ်း အရှေ့ဘက်မှာ ကရင်ရွာကြီးတစ်ရွာရှိတယ်။ အဲဒီကရင်ရွာကြီးမှာ ထူးဆန်းတဲ့နတ်ဆရာမ တစ်ယောက်ရှိတယ်။ နတ်ဟောတာ အံဩစရာကောင်းလောက်အောင် မှန် တယ်ဆိုတဲ့သတင်း၊

““ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သွား ဖြစ်အောင်သွားပြီး မေး ပါ” လို့လည်း သတင်းပေးသူက တိုက် တွန်းတယ်။မြို့နယ်မှူးအနေနဲ့ကလည်း အခြေအနေက ကောက်ရိုး တစ်မျှင်ကိုပဲဖြစ်ဖြစ် ဆွဲရတော့မယ့်အခြေအနေ၊ဘာပဲဖြစ်ဖြစ် သွားကြည့်သင့်တယ်လို့ တွေးလိုက်တယ်။ ကရင်နတ်ဆရာမနေတဲ့ ရွာလိပ်စာ၊ တည်နေရာကို သေသေချာချာမှတ်သားတယ်၊ပြီးတော့ နတ်တွေ၊ ဗေဒင်တွေနဲ့ ပတ်သက်လာရင် မိန်း မတွေက မေးတတ်မြန်းတတ်တယ်၊ အတွေ့အကြုံရှိတယ်၊ ပြောတတ်ဆိုတတ်တယ်ဒါ့ကြောင့် အမျိုးသမီးထဲက ခေါ်သင့်တဲ့သူတချို့ပါ ခေါ် သွားဖို့ စဉ်းစားမိလိုက်တယ်။

“ကျွန်မခင်ပွန်းသည်က ဖြူးရဲတပ်ဖွဲ့မှာ ဒုတိယမြို့နယ်သူက စီအာရ်အို လို့ခေါ်တဲ့ မှုခင်းမှတ်တမ်းဌာနစိတ်ကို တာဝန်ယူထားရတယ်။

“ဆရာမရေ.. သွားစရာလေးရှိလို့ ခဏလိုက်ခဲ့ပေးပါဦး”လို့ ခေါ်တယ်၊ကျွန်မက ကျောင်းဆရာမတစ်ယောက်မို့ အားလုံးကဆရာမလို့ပဲ ခေါ်ကြတယ်။

ကျွန်မလည်း ဘာမှမေး နေတော့ဘူး၊ မြို့နယ်မှူးကတော်ခေါ်ရာ လိုက်သွားခဲ့တယ်။ကျွန်မနဲ့ မြို့နယ်မှူးကတော်လည်း နောက်ခန်းမှာပဲတက်ထိုင်လိုက်ကြတယ်။
ကျွန်မတို့နေရာယူပြီးတာနဲ့ ကားစထွက်တယ်၊ ကားက ရဲစခန်းကထွက်ပြီး ရန်ကုန်-မန္တလေးလမ်းမကြီးအတိုင်း မြို့ရဲ့တောင်ဘက်ကို မောင်းလာခဲ့တယ်။ ဖြူးမြို့အထွက် သုံးလေးဖာလုံ လွန်တာနဲ့ အရှေ့ဘက်လမ်းခွဲအတိုင်း ကွေ့ဝင်သွားတယ်။ငါးမိနစ်၊ ဆယ်မိနစ်လောက်အကြာမှာ ရွာလေးတစ်ရွာထဲကို ဝင်မိတယ်။
ကားက ခြံကြီးတစ်ခြံထဲမှာဝင်သွားတယ်။

“ဒါ နတ်ဆရာမနေတဲ့ အိမ်ပဲ…..
မြို့နယ်မှူးက ကားပေါ်ကဆင်းပြီး ကျွန်မတို့ကိစ္စပြောတယ်…။

ကျွန်မတို့အားလုံး ကားပေါ်ကဆင်းလိုက်ကြတယ်။ ရွာက ကရင်ရွာကြီး တစ်ရွာပါ။ ကျွန်မတို့ ဝင်လိုက်တဲ့ အိမ်ကလည်း ကရင်အိမ်ပါပဲ။ဝါးပိုးဝါးကြီးတွေကို အိမ်တိုင်လုပ်ပြီး တစ်အိမ်လုံးဝါ။ ချည်းသုံးပြီး ဆောက်ထားတယ်။

ဧည့်ခန်းခေါင်းရင်း ခပ်မြင့်မြင့်နေရာမှာ ဘုရားစင်ရှိပြီး ဘုရားစင်ရဲ့အောက်ဘက်မှာတော့ နတ်ရုပ်အချို့နဲ့ နတ်ပွဲထိုးထား တဲ့ အုန်းပွဲ၊ ငှက်ပျောပွဲတွေ စီချထားတယ်။ခေါင်းရင်းဘက် ခပ်ကျကျမှာ အသားဖြူဖြူ၊ အရပ်မြင့် မြင့်၊ ပိန်ပိန်ပါးပါး ကရင်ဖထီးကြီးနဲ့ ဖြူဖြူ၊ ဝဝ၊ ခန့်ခန့် ကရင် အမိုးကြီးတို့ ထိုင်နေတယ်။

“ကျွန်တော် ရဲတပ်ဖွဲ့က မြို့နယ်မှူးပါ။ ညက ဖြူးအချုပ် ခန်းဖောက်ပြီး အမျိုးသမီးတရားခံတစ်ယောက် ထွက်ပြေးသွားပါတယ်။အဲဒါ ပြန်ဖမ်းမိချင်လို့ အမိုးရဲ့ပညာနဲ့ ကူညီပါဦး” မြို့နယ်မှူးက နတ်ဆရာမကို ပြောလိုက်တယ်။ နတ်ဆရာမဟာ ခေါင်းတဆတ်ဆတ်ညိတ် နားထောင်ပြီး

“ရပါတယ်… ထွက်ပြေးသွားတဲ့ တရားခံရဲ့ အင်္ကျီအ ဝတ်အစား ရှိသလား”လို့ မေးတယ်။
““ဟုကဲ့…ရှိပါတယ်”
“ဒါဆိုရင် အင်္ကျီစနည်းနည်းလောက် လိုချင်တယ်၊ လက်ကိုင်ပုဝါအရွယ်လောက်ပေါ့”
““ဟုတ်ကဲ့… ရပါတယ်။ ကားနဲ့ ပြန်ယူခိုင်းလိုက်ပါ
“နေဦးအရေးကြီးတာ ကျန်သေးတယ်၊ကြက်ဥနှစ်လုံးနဲ့ မုန့်ဟင်းခါး ငါးဆယ်သား၊ ဟင်းရည်၊ဟင်းဖတ်အစုံအလင်လိုတယ်၊ ကြက်ဥကလည်း အစိမ်းနော်..”
လိုအပ်တာတွေ ယူဆောင်ဖို့ ကားမောင်းသူနဲ့ ဂတ်စာရေးကတော်ကို ရဲစခန်းပြန်လွှတ်လိုက်တယ်။နာရီဝက်သာသာလောက်မှာ ကားပြန်ရောက်လာတယ်၊မြို့နယ်မှူးက နတ်ဆရာမတောင်းတဲ့ ပစ္စည်းအားလုံးကိုပေးလိုက်တယ်။

နတ်ဆရာမတာ သစ်သားကလပ်ခုံလေးတစ်ခုပေါ်ကိုထွက်ပြေးသွားတဲ့ တရားခံမရဲ့ အင်္ကျီစကိုဖြန့်ခင်းပြီး အပေါ်ကနေ ကြက်ဥနှစ်လုံးစလုံး တင်လိုက်တယ်။အောက်က ဝါးကြမ်းခင်း မညီညာတာကြောင့်ရော၊ကလပ်ခုံရဲ့ သစ်သားမျက်နှာပြင် တင်းမာနေတာကြောင့်ရောကြက်ဥနှစ်လုံးက ဟိုလိမ့်၊ သည်လိမ့်နဲ့ လိမ့်ကျနေတယ်။

အချိန်နည်းနည်းကြာအောင် စိတ်ရှည်လက်ရှည်တင်မှငြိမ်သွားတယ်။နတ်ဆရာမက ဇလုံကြီးတစ်လုံးထဲကို မုန့်ဟင်းခါးတွေအကုန်သွန်ထည့်လိုက်တယ်။နောက်ပြီး ကြက်ဥတင်ထားတဲ့ကလပ်ခုံနဲ့ မုန့်ဟင်းခါးဇလုံကို နတ်ပွဲပြင်ထားတဲ့ရှေ့မှာ ချလိုက်တယ်။အားလုံးပြင်ဆင်ပြီးတာနဲ့ နတ်ဆရာမဟာ ဘုရားစင်ဘက်လှည့် လက်အုပ်ချီအာရုံပြုတယ်။ဘုရားအာရုံပြုပြီးတော့ နတ်ပွဲတွေရှေ့မှာ ပုဆစ်တုပ် ထိုင်ပြီး ပါးစပ်ကတတွတ်တွတ် ရွတ်ဆိုနေတယ်။ကရင်ဘာသာစကားနှင့် ရွတ်ဆိုတယ်ဆိုတာတော့
ကျွန်မသိတယ်။ဒါပေမဲ့ ဘာတွေပြောမှန်းတော့ နားမလည်ဘူး၊သူတို့ ကိုးကွယ်ယုံကြည်တဲ့ ကရင်နတ်ကို ပူဇော်ပသပြီးအကူအညီတောင်းခံနေတယ်လို့ပဲ တွေးမိတယ်။တော်တော်လေးကြာတော့ နတ်ဆရာမက ကျွန်မတို့ဘက်ကို လှည့်လာတယ်။ အဲဒီအချိန်မှာ သူ့မျက်နှာဟာစောစောတုန်းကလို ရွှင်ရယ်မောနေတဲ့ သွင်ပြင်ဟန်ပန်တွေ လုံး၀မရှိတော့ဘူး ပယောဂတစ်စုံတရာ ဒါမှမဟုတ် သူတို့ရဲ့ကရင်နတ် ပူးကပ်ဝင်လာတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သူက မုန့်ဟင်းခါးဇလုံကြီးကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်တယ်။ပြီးတော့ သူ့လက်ကြီးတွေနဲ့ ဟင်းရည်ဟင်းဖတ်တွေကို အားရပါးရနယ်ပြီး ပလုပ်ပလောင်းစားတော့တာပဲ၊

မုန့်ဟင်းခါးဟင်းရည်တွေက သူ့လက်ကြားတွေကနေ တစ်စက်စက်ယိုစီးပြီးကျနေတယ်။နတ်ဆရာမရဲ့အပြုအမူတွေကိုကြည့်ပြီး အခြားသူတွေ တော့ ဘယ်လိုခံစားနေရလဲမသိဘူး၊

ကျွန်မစိတ်ထဲမှာတော့ ရင်တုန်ပန်းတုန်ဖြစ်ပြီး တစ်မျိုး ကြီးခံစားနေရတယ်၊ ကြောက်သလိုလို၊ ထိတ်သလိုလိုလည်း ဖြစ်မိတယ်။တော်တော်လေးကြာတော့ မုန့်ဟင်းခါးတွေအားလုံး ကုန်သွားတယ်။အဲဒီနောက်မှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကို ကျွန်မ မြင်တွေ့ရတော့တာပါပဲ…..၊နတ်ဆရာမဟာ ကြက်ဥနှစ်လုံးတင်ထားတဲ့ သစ်သား ကလပ်ကို ဘယ်လက်နဲ့ စွေ့ခနဲကောက်ယူလိုက်တယ်။

စောစောတုန်းက ဟိုလိမ့်သည်လိမ့် လိမ့်ပြီးတဖြုတ် ဖြုတ်ပြုတ်ကျနေလို့ စိတ်ရှည်လက်ရှည်တင်ခဲ့ရတဲ့ ကြက်ဥ နှစ်လုံးဟာ ပြုတ်မကျဘဲ လုံးဝငြိမ်နေတယ်။ ကလပ်ပေါ်မှာ ကော်နဲ့ကပ်ထားတဲ့အတိုင်းကို ဖြစ်နေခဲ့တာ၊ကျွန်မကတော့ ကြက်ဥနှစ်လုံးစလုံး ကလပ်ပေါ်ကနေ ပြုတ်ကျလာမယ်ပဲ ထင်မိတယ်။

အသက်ရှူဖို့တောင်မေ့ပြီး မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။ နတ်ဆရာမဟာ ကြက်ဥတင်ထားတဲ့ကလပ်ကို ကိုင်ထားရုံနဲ့ အားမရဘဲ လေထဲမှာဟိုဟိုသည်သည် ဝှေ့ရမ်း၊နေလိုက်သေးတယ်။ ကြက်ဥတွေ ပြုတ်ကျမလာတာကိုကြည့်ပြီး ကျွန်မအရမ်းကို အံ့ဩမိတယ်။ နောက်တစ်ခါ၊ နတ်ဆရာမက သူ့ရဲ့ နတ်ဆက်ထားတဲ့ ဓားရှည်ကိုလှမ်းယူပြန်တယ်။ ပြီးတော့ ကြက်ဥတင်ထားတဲ့ ကလပ်ကို ဓားနဲ့ခုတ်ဟန် ပြုတယ်၊ လေထဲမှာခုတ်ပြနေတယ်၊ တစ်ချက်ပြီး တစ်ချက်၊ တစ် ချက်ပြီးတစ်ချက်၊ ဆက်တိုက်၊ ဆက်တိုက်။လေထဲမှာ ဓားနဲ့ခုတ်ပြရင်း ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ပြောနေတယ်။ အဓိပ္ပါယ်နားမလည်ပေမဲ့ ကြိမ်းဝါးအော်ငေါက်နေတယ်

“နတ်ဆရာမရဲ့ အစီအရင်””
“ဒီကြက်ဥနှစ်လုံးကိုယူသွား.. တစ်လုံးကို တရားခံအမျိုးသမီး အချုပ်ခန်းကနေ ထွက်တဲ့အချိန်မှာ အရင်ဦးဆုံးခြေချတဲ့နေရာကို တွင်းတူးပြီးမြှုပ်ရမယ်၊ကျန်တဲ့တစ်လုံးကို တရားခံမရဲ့ အင်္ကျီဝနဲ့ရစ်ပတ်၊တရားခံမရဲ့ နာမည်ကိုခေါ်ပြီး ချက်ချင်းပြန်လာခဲ့လို့ အမိန့်ပေးရမယ်..”
နတ်ဆရာမရဲ့ အစီအရင်ကိုရတာနဲ့ ကျွန်မတို့အားလုံးဖြူးကိုပြန်လာခဲ့ကြတယ်။ဖြူးအချုပ်ခန်းကိုသွား၊ အချုပ်ခန်းအဖောက်ခံရတဲ့နေရာရဲ့ အပြင်ဘက်တမံသလင်းမှာ ကျင်းလေးတူးပြီး ကြက်ဥတစ်လုံးကို မြှုပ်တယ်။ကျန်တဲ့ ကြက်ဥတစ်လုံးကို တရားခံပရဲ့အင်္ကျီစနဲ့ ပတ်ပြီး..“ဟဲ့ သန်းသန်းအေး၊ ပြန်လာခဲ့နော်၊ ပြန်လာခဲ့၊ ပြန်လာခဲ့”လို့ မြို့နယ်မှူးကတော်က ချော့ပြောတယ်။ အစီအရင်အတိုင်းလုပ်ပြီးတော့ နတ်ဆရာမဆီပြန်သွား ကြတယ်၊ ခိုင်းတဲ့အတိုင်းလုပ်ပြီးတဲ့အကြောင်း ပြောတယ်။

“မှားနေတယ်၊ မြို့နယ်မှူးကတော်ပြောတာ လေသံ ပျော့လွန်းနေတယ်၊

ချော့မပြောရဘူး၊ မာန်နဲ့ထန်နဲ့ပြော၊ သန်းသန်းအေး အခုလာခဲ့၊ ချက်ချင်းလာခဲ့လို့ အမိန့်ပေးရမယ်။ အခုချက်ချင်းပြန်လုပ်၊ ပြီးတာနဲ့ ပြန်လာခဲ့ဦး” ကျွန်မတို့အားလုံး ဖြူးကိုတစ်ခေါက်ပြန်သွားပြီ။ နတ်ဆရာမခိုင်းတဲ့အတိုင်း အတိအကျပြန်လုပ်ကြရတယ်။ ပြီးစီးတာနဲ့ နတ်ဆရာမဆီပြန်လာတယ်။ ““ထွက်ပြေးသွား တဲ့ တရားခံမဟာ မ တစ်လုံးထဲနဲ့ မြို့ကို ထွက်ပြေးသွားတာဖြစ်တယ်။ မ တစ်လုံးထဲနဲ့ မြို့က မုန်းမြို့ဟေ့….။ အခု မုန်းမှာပဲရှိသေးတယ်၊ ချက်ချင်းသွားပြီး ဖမ်းကြ”” ကရင်နတ် ပူးဝင်နေတဲ့ နတ်ဆရာမရဲ့ ဟောကိန်းပါ။ဒီဟောကိန်းဖြစ်နိုင်တယ်လို့ သုံးသပ်မိကြတယ်၊ ဘာ့ကြောင့်လဲဆိုတော့ သန်းသန်းအေးကို ဆေး ခြောက်တွေနဲ့ ဖြူးနယ်ထဲမှာ ဖမ်းမိခဲ့တယ်။

စစ်ဆေးလိုက်တော့ ဆေးခြောက်တွေယူလာတဲ့နေရာ က ပုန်းက၊မုန်းမှာရှိတဲ့ အိမ်တစ်အိမ်က ဝယ်လာတယ်လို့ ထွက် ဆိုတာနဲ့ အဲဒီအိမ်ကို သွားပြီးရှာခဲ့ရသေးတယ်။ ပုန်းမြို့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့မြို့ကလေး၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက….၊ ဒါပေမဲ့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းက ဖြူးမြို့နယ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာကြောင့် အသွား အလာ၊ အဆက်အဆံပိုများတယ်။မြို့နယ်မှူးရဲ့အစီအစဉ်နဲ့ တရားခံအမျိုးသမီးကို ဖမ်းဖို့မုန်းကို အဖွဲ့တစ်ဖွဲ့ ချက်ချင်းလွှတ်လိုက်တယ်။

အဲဒီအဖွဲ့က ဖြူးအရှေ့ဘက် ကိုးမိုင်အကွာမှာရှိတဲ့ အုတ် ဖြတ်ရွာကြီးအထိ ကားနဲ့သွားရတယ်။ အုတ်ဖြတ်ကနေမှ စက်လှေစီးပြီး စစ်တောင်းမြစ်ကို ဖြတ်ရတယ်။ဒီတော့မှ မုန်းကိုရောက်တယ်။မုန်းမြို့ထဲက တရားခံမသန်းသန်းအေးနဲ့ အဆက်သွယ်ရှိတဲ့ အိမ်ကိုဝိုင်းပြီးရှာတယ်။ လက်မတင်လေး လွတ်သွားခဲ့တယ်။

““မနက်အစောကြီးမှာ အိမ်ကိုရောက်လာတယ်….။ သူ့အမှုက အာမခံရပြီး လွတ်လာတာလို့ ပြောပါတယ်၊ဆရာတို့မရောက်ခင် တစ်နာရီလောက်ကမှ အိမ်ကနေပြန်ထွက်သွားပါတယ်။ဘယ်သွားမယ်ဆိုတာတော့ မသိပါဘူး”

အိမ်ရှင်ရဲ့ပြောစကားကြောင့် တရားခံထွက်သွားနိုင်တဲ့ လမ်းကြောင်းကိုစဉ်းစားရပြန်တယ်။ လမ်းကြောင်းက နှစ်ခုပဲရှိတယ်။ တစ်လမ်းက မုန်း…ကျောက်ကြီး ကားလမ်းအတိုကျောက်ကြီးမြို့ကို ထွက်တဲ့လမ်း။

နောက်တစ်လမ်းက စစ်တောင်းမြစ်ကို ပြန်ကူးပြီးဖြူးမြို့နယ်ထဲ ပြန်ဝင်တဲ့လမ်း၊မုန်း-ကျောက်ကြီးလမ်းက သွားလို့မရဘူး။ဒီလမ်းတစ်လျှောက်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေရှိတယ်။

စစ်တပ်ယာဉ်တန်းတောင် သတိကြီးကြီးထားပြီး၊ သေနတ်တွေအသင့်ကိုင်ပြီး သွားနေရတဲ့လမ်း၊ မကြာခဏတိုက်ပွဲဖြစ်နေတဲ့လမ်း၊ကျောက်ကြီးမြို့နယ်ထဲက ဝန်ထမ်းတွေဆိုရင် မုန်းကနေ ကျောက်ကြီးသွားတာပဲဖြစ်ဖြစ်၊ ကျောက်ကြီးကနေ မုန်းကိုသွားတာပဲဖြစ်ဖြစ် အဲဒီလမ်းက မသွားရဲဘူး။ဆယ့်နှစ်မိုင်လောက်ပဲရှိတဲ့ အဲဒီလမ်းကိုရှောင်ပြီး မိုင်ငါးဆယ်လောက်ဝေးတဲ့ မုန်း…အုတ်ဖြတ် ဖြူး၊ ပဲနွယ်ကုန်း ကွင်းချောင်းဝ နတ်သံကွင်း..ကျောက်ကြီးလမ်းအတိုင်း လှေအဆင့်ဆင့်၊ ကားအဆင့်ဆင့် စီးပြီးသွားကြတယ်။တရားခံမက မုန်း၊ ကျောက်ကြီးလမ်းအတိုင်း အမှန်တကယ်ထွက်ပြေးသွားတယ်ဆိုရင်တောင် ဒီရဲအင်အားလေးနဲ့၊ ရရိုင်ဖယ်လေးနဲ့ လိုက်လို့လုံးဝမဖြစ်ဘူး။ဒါနဲ့ပဲ ဖမ်းဆီးရေးအဖွဲ့ဟာ တပ်ခေါက်ပြီးဖြူးကို ပြန်လာခဲ့ကြရတယ်။“

““အားလုံး အညာခံလိုက်ရတာပဲ၊ တရားခံမက ဘယ်မှထွက်မသွားဘူး၊ ရဲတွေလာတာကြိုသိလို့ အိမ်နောက်ဖေးက ကိုင်းတော
ကြီးထဲမှာ ဝင်ပြီးပုန်းနေတာ..” ““ဒါဆိုရင် ကျွန်တော်တို့ မုန်းကိုနောက်တစ်ခေါက် ထပ်သွားရမလား နတ်ဆရာမရဲ့စကားကို မြို့နယ်မှူးကပြန်မေးလိုက် တယ်။“တရားခံမက အခုမုန်းကနေထွက်သွားနေတယ်၊ညနေပိုင်းမှာ ကကြီးနှစ်လုံးနဲ့ ကျောက်ကြီးမြို့ကို ရောက်လိမ့်မယ်။

စကားမများနဲ့၊ ခုချက်ချင်းထ၊ ခုချက်ချင်းသွား၊ မြို့ဝင်တံတားက စောင့်နေကြ၊ ဆံပင်တွေဖြတ်ထားတယ်၊ လျှာထိုးဦးထုပ်ဆောင်းထားတယ်၊ အင်္ကျီအနီရောင်ဝတ် ထားတယ်၊သွားကြ၊ သွားကြ၊ ခုချက်ချင်းသွားကြ””
တစ်စုံတစ်ဦးပူးဝင်နေတဲ့ နတ်ဆရာမက ဦးခေါင်းကို
တဆတ်ဆတ်ညိတ်ပြီး ပြောတယ်။
“သွားကြ၊ သွားကြ၊ ခုချက်ချင်းသွားကြ”လို့ပဲ ထပ်ခါထပ်ခါပြောနေတယ်။ မြို့နယ်မှူးတာ ဖြူးကိုချက်ချင်းပြန်ပြီး ဖမ်းဆီးရေးအဖွဲ့အတွက် ကားတစ်စီးစီစဉ်ပေးတယ်၊ ပြီးတော့ ကျောက်ကြီးမြို့ကို စေလွှတ်လိုက်တယ်။

နတ်သံကွင်းကနေ အရှေ့ဘက်၊ ကိုးမိုင်၊ ဆယ်မိုင် လောက် ဆက်သွားတော့မှ ကျောက်ကြီးမြို့ကို ရောက်တယ်။ ခရီးက တစ်ကွေ့တစ်ပတ်သွားနေရတယ်။ နောက်ပြီး လမ်းတွေက မကောင်းဘူး။ ဒီကြားထဲ လမ်းမှာတံတားလုံခြုံရေး၊ မြို့လုံခြုံရေး ကင်းစခန်းတွေရှိတယ်၊ အဝင်အထွက် အစစ်ဆေးခံရတယ်။ အနည်းဆုံးတော့ တာဝန်နဲ့ခရီးသွားရတဲ့အကြောင်းစကားစမြည်ပြောရဦးမယ်။တရားခံပက မုန်း_ကျောက်ကြီး (၁၂) မိုင်လမ်းကို ခြေ ကျင်လျှောက်လာရတဲ့အတွက် မနားဘဲသွားရင်တောင် လေးနာ ရီလောက်လျှောက်ရမယ်။နတ်ဆရာမဟောတဲ့အတိုင်းဆိုရင် တရားခံမ ကျောက် ကြီးမြို့ထဲ ဝင်မယ့်အချိန်က ညနေသုံးနာရီလောက်လို့ ခန့်မှန်း – ရတယ်။

ဖမ်းဆီးရေးအဖွဲ့သွားတဲ့ခရီးက ခရီးရှည်ပေမဲ့ ကားနဲ့ ဖြစ်လို့ တရားခံမထက်အရင် ကျောက်ကြီးမြို့ကိုရောက်မှာဖြစ် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖမ်းဆီးရေးအဖွဲ့ ကျေားမြို့ကိချောချောမောမောနဲ့ အချိန်မီရောက်ပြီ။ တရားခံမကိုလွယ်လင့်တကူ ဖမ်းမိပါစေလို့ ကျွန်မတို့အားလုံး ဆုတောင်းနေကြတယ်။

မင်္ဂလာသတင်းပါပဲ။ညနေလေးနာရီလောက်မှာ မြို့နယ်မှူးဆီကို ဖုန်းဝင်ဖုန်းဆက်တာက ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့လာတယ်။ဒုရဲအုပ်လေးပါ။

“တရားခံသန်းသန်းအေးကို ဖမ်းဆီးရမိပါပြီ မြို့နယ်မြို့နယ်မှူးမှာကြားလိုက်တဲ့အတိုင်းပါပဲ၊

တရားခံမ သန်းသန်းအေးဟာ ဆံပင်ရှည်တွေကို ဖြတ်ပြီး ကုပ်ဝဲဆံပင်အဖြစ် ပုံပြောင်းထားပါတယ်၊နောက်ပြီး အနီရောင်အင်္ကျီနဲ့ လျှာထိုးဦးထုပ်ကိုလည်းဝတ်ဆင်ထားပါတယ် မြို့နယ်မှူးခင်ဗျား…

မောင်မှိုင်းညို့(ချောင်းဦး)