*ထူးဆန်းသော ဖြစ်ရပ်များ*📖📖📖
*******************************
* * * * *
တစ်လပြည့်တဲ့နေ့မှာ စနေသားတွေဖြစ်တဲ့ သားအမွှာနှစ်ယောက်ကို ကိုဘတင့်တို့ လင်မယားက ထွန်းအောင်နဲ့ ထွန်းမောင်ရယ်လို့ အမည်ပေး ကင်ပွန်းတပ်ခဲ့ကြတယ်။
ဒါပေမယ့်လည်း အများက လုံးလုံးကစ်ကစ်ကလေးတွေဖြစ်နေတဲ့ အမွှာနှစ်ယောက်ကို ဒိုးလုံးလေးတွေလို တင်စားပြီး ဒိုးကြီးနဲ့ ဒိုးငယ်ရယ်လို့ သညှာပြုကြရဲ့။
ဒီလိုနဲ့ပဲ အချိန်ကြာလာတော့ ထွန်းအောင်၊ ထွန်းမောင်အစား ဒိုးကြီး၊ ဒိုးငယ် ဒိုးညီနောင်ရယ်လို့သာ အခေါ်တွင်တော့တာရယ်။
ငယ်စဉ်ကာလတွေမှာ သူတို့ညီအကိုရဲ့ ရုပ်ရည်အသွင်အပြင်တွေက တစ်ယောက်နဲ့တစ်ယောက် တစ်ပုံစံထဲ တူလွန်းနေတာကြောင့် အကြီးအငယ် ခွဲခြားဖို့ ခက်လှပေမယ့် ငါးနှစ်သား အရွယ် ရောက်ချိန်မှာတော့ ရုပ်ရည်က ကွဲပြားလာပြီး စရိုက်ကလေးတွေကလည်း ထင်ရှားလာခဲ့တယ်။
စရိုက်လက္ခဏာအရတော့ ဒိုးကြီးက အတော့်ကို သွက်လက်ချက်ချာပြီး မျက်နှာချိုသလောက်၊ ဒိုးငယ်ကတော့ အနေအေးပြီး ဒေါသကြီးတတ်တာလည်း လွန်ရောပဲ။
တစ်ခါကဆို အိမ်နံဘေးက ကလေးတစ်ယောက်က ဒိုးငယ် ဆော့နေတဲ့ ကစားစရာကို လာပြီး လုယူတာ။
ဒိုးငယ်က စိတ်ဆိုးမာန်ဆိုးနဲ့ အဲ့ဒီ့ကလေးကို လုံးထွေးပြီး နီးစပ်ရာကို အတင်းကုန်းကိုက်တော့တာပဲ။ လူကြီးတွေ ဖျန်ဖြေပေးပြီးချိန်မှာတော့ တစ်ဖက်ကလေးဆီမှာ သွားကိုက်ရာ ဗလပွနဲ့။
မှတ်မှတ်ရရပြောရရင် အကိုက်ခံရတဲ့ကလေးဟာ သွားဆိပ်တက်ပြီး သုံးရက်လောက်ကို ဖျားသွားရလေတော့တာ။
အဲ့ဒီ့ကတည်းက ဒိုးငယ်ကို စရဲနောက်ရဲ၊ အတူကစားရဲတဲ့သူတောင် မရှိတော့ သလောက်ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် သူတို့ညီအကိုချင်းကျရင်တော့ ဒေါသတကြီးပြုမူတာမျိုးမရှိဘဲ ဟက်ဟက်ပက်ပက်နဲ့ကို ရယ်မောပြီး ဆော့ကစား နေတတ်တာ။
* * * * *
ဒီလိုနဲ့ပဲ ဒိုးညီနောင်တို့ ၇ နှစ်သားအရွယ်ရောက်ချိန်မှာတော့…။
ကောက်ရိတ်သိမ်းချိန်မို့ ကိုဘတင့်တို့လင်မယားတွေ အငှါးခေါ်ထားတဲ့ သူတွေနဲ့အတူ လယ်ကျင်းထဲက ကောက်လှိုင်းတွေကို လှည်းနဲ့တိုက်ပြီး တလင်းထဲမှာ စုပုံနေကြတယ်။
အဲ့ဒီ့အချိန် ဒိုးကြီးနဲ့ ဒိုးငယ်ကတော့ လယ်ကျင်းတွေကြားမှာ ပျော်ရွှင်ပြီး ဟိုသွား ဒီသွားနဲ့ ဆော့ကစားနေတော့တာ။
တဖြေးဖြေးနဲ့ ညီအကိုနှစ်ယောက် ဆော့ကစားရင်း လယ်ကျင်းနဲ့ အတော်လှမ်းတဲ့ ရိုးပျက်တောအုပ်ကလေးထဲကို ရောက်သွားကြလေရော။
လူကြီးတွေကတော့ အလုပ်ဆီ ဇောကပ်နေတဲ့အချိန်မို့ သူတို့သွားတာကို ဂရုပြုမိသူ မရှိကြဘူး။
နေ့တစ်၀က်ကျိုးချိန်၊ ထမင်းစားချိန်ရောက်တော့မှသာ ညီအကိုနှစ်ယောက်ကို သတိထားမိပြီး ပျောက်နေလို့ လိုက်ရှာကြရတော့တာ။
” ဒိုးကြီးရေ…ဒိုးငယ်ရေ…”
” သားတို့ရေ…မင်းတို့ ဘယ်မှာလဲ…”
အော်သံဟစ်သံတွေ ဆူညံပြီး အနီး၀န်းကျင်ဆီမှာ လိုက်ရှာကြပေမယ့် ညီအကိုနှစ်ယောက်ကို အရိပ်အယောင်တောင် မတွေ့ကြရဘူး။
သားတွေကို မတွေ့တော့ မိခင်ဖြစ်တဲ့ မမယ်ဆုံက စိုးရိမ်ကြီးပြီး ငိုချေပြီ။ ကိုဘတင့်တာင်မှ စိုးရိမ်ကဲနေမိတဲ့ စိတ်ကို ယောက်ျားသားဆိုတဲ့အသိနဲ့ အတော်ထိန်းချုပ်ထားရတာ။
” သူတို့ ဟိုဘက်က ရိုးပျက်တောကိုများ သွားသလား မသိဘူး…”
တစ်ယောက်က ပြောတာ။ ရိုးပျက်တော နေရာနဲ့ သူတို့နေရာက အတော့်ကို ဝေးတာကလား။
” ရိုးပျက်ဘက်ကိုက အတော်ဝေးလို့ သွားမယ်မထင်ဘူး…”
အချင်းချင်း အပြန်အလှန်ပြောနေကြချိန် ကိုဘတင့်စိတ်ထဲ တစ်စုံတစ်ရာကို သိနှင့်နေသလို ခံစားလိုက်ရပြီး…။
” ရှာဖို့က ဒီတစ်နေရာပဲ ရှိတော့တာဆိုတော့…”
” ဟုတ်တယ်။ သေချာတယ် အဲ့ဒီ့မှာပဲ ရှိမှာ။ ကျုပ်တို့ သွားကြည့်သင့်တယ်…”
အားလုံး တက်ညီလက်ညီနဲ့ ရိုးပျက်တော့ဆီကို ခပ်သုတ်သုတ်လှမ်းခဲ့ကြတယ်။
ရိုးပျက်တောထဲရောက်တော့ သူတို့ထင်တဲ့အတိုင်း ဒိုးညီနောင်တို့ ဆော့ကစားနေတာကြတဲ့ အသံကို အတော်လှမ်းလှမ်းကတည်းက ကြားရကော။
” သားကြီးရေ…ဒိုးကြီး…ဒိုးငယ်…”
ကိုဘတင့် အော်ခေါ်ပေမယ့် ကလေးတွေက အဆော့မက်နေတာကြောင့် သူ့အသံကို မကြားနိုင်။ ဒါနဲ့ပဲ အသံရှိရာဆီကို ထပ်တိုးလို့ကြည့်မိလေတော့…။
” ဟာ…”
” အမလေး…”
အသံ ဒိုးညီနောင်ကို မြင်ချိန်ကျ မြင်ကွင်းကို ကြည့်ပြီး ပါလာတာတဲ့သူ အားလုံး အံ့အားသင့်ကုန်ကြရတယ်။ မြင်ကွင်းကြောင့်ပဲ မမယ်ဆုံဆို မူးမေ့တောင် လဲသွားခဲ့ရတာ။ သူမေ့လဲမယ်ဆိုလည်း မေ့ချင်စရာရယ်။
ဒိုးကြီးလက်ထဲမှာကိုင်ပြီး ဆော့ကစားနေကြတာက အလွန် အဆိပ်ပြင်းလွန်းလှပါတယ်ဆိုတဲ့ တောကြီးမြွေဟောက်ကြီးတစ်ကောင်ရယ်ကိုး။ လုံးပတ်က လူကြီးလက်မောင်းလုံးသာသာလောက်ကို ရှိမယ်။
” အကို…ငါ့အလှည့်…”
သူတို့ ကြောင်အမ်းပြီး ကြည့်နေတုန်းမှာပဲ အဲ့ဒီမြွေကြီးကို ဒိုးကြီးဆီကတစ်ဆင့် လက်ပြောင်းပြီး ဒိုးငယ်က ယူလို့ ထိပ်ပုတ်ခေါင်းပုတ်နဲ့ လုပ်လိုက်၊ အတူတူ ပြေးဆော့ကစားလိုက်နဲ့ လုပ်ပြန်တယ်။
တောကြီးမြွေဟောက်ဆိုတာက ဒေါသကြီး၊ ရန်လိုတဲ့နေရာမှာ သူမတူဘူးဆိုပေမယ့် ဒိုးညီနောင်ရဲ့ လက်ထဲမှာတော့ ပီဘိကစားစရာ အရုပ်ကလေးတစ်ရုပ်လိုပဲ။ ညီအကိုနှစ်ယောက်ကတော့ မြွေကြီးကို ဆော့ကစားရင်း ပျော်နေလိုက်တာများ ပတ်၀န်းကျင်ကိုတောင် မေ့နေတော့တာ။
လူကြီးတွေမှာတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး အသက်ရှူရပ်တော့မတတ် အံ့သြတုန်လှုပ်ကုန်ကြရရင်း…။
” သား…သားတို့…”
သတိ၀င်လာတဲ့ ကိုဘတင့်က အသံကုန် အော်လိုက်မိတာ။ ဖအေရဲ့ အသံကို ကြားတော့ ဒိုးညီနောင်တို့ လှည့်ကြည့်လာတယ်။
ဖခင်ဖြစ်သူနဲ့ လူအုပ်ကြီးကို မြင်တော့ နှစ်ယောက်စလုံး ၀မ်းသာအားရနဲ့ ပြေးလာကြတာရယ်။ အဲ့ဒီ့အချိန် မြွေကြီးကတော့ သူတို့ရှိရာဆီကို ခေါင်းတစ်ချက်ထောင်ကြည့်ပြီး တောထဲကို တိုး၀င်သွားတော့တယ်။
တလင်းဆီကို ပြန်ရောက်ချိန်ကျ သတိပြန်ရနေပြီဖြစ်တဲ့ မမယ်ဆုံက သားတွေကို ပွေ့ဖက်ပြီး မေးမိတော့ ဒိုးညီနောင်တို့က…။
” အို…ဘယ်ကသာ မြွေကြီးကမလဲ မေမေရ။ အဲ့ဒါ ဘိုးဘိုးကြီးပါ။ သားတို့ကို ချစ်လို့တဲ့ အတူလာဆော့ပေးနေတာ…”
နှစ်ယောက်စလုံးရဲ့ အဖြေကအတူတူပဲ။ ကြားရသူတို့သာ ကိုယ့်နားကိုယ် မယုံချင်သလိုဖြစ်ရတယ်။
အဲ့ဒီ့ညနေမှာတော့ ဒိုးညီနောင်ရဲ့ အကြောင်းဟာ ရွာစဉ်ရိုးတစ်လျောက်မှာ လူတိုင်းက ပြောကြတဲ့ စကားအရာအဖြစ် ချက်ချင်းကြီး သတင်းကြီးခဲ့လေတော့တာ။
* * * * * *
” ကိုဘတင့်…”
” ဟေ…”
အိပ်ရာထဲမှာ လူးလှိမ့်ရင်း အိပ်မပျော်နိုင်တဲ့ မမယ်တင့်။ အတွေးကြားမှာ နစ်မွန်းနေရင်းက တစ်စုံတစ်ရာပြောလို့ ကိုဘတင့်ကို ခေါ်မိတာ။
” ကျုပ်သားတွေကို ပရောဂတွေဘာတွေစစ်ကြည့်မှထင်တယ်…”
” ဟာ…မဟုတ်တာ မယ်ဆုံရာ။ ငါ့သားတွေက ဘာများဖြစ်နေတာမို့လို့ စစ်မှာလဲ…”
” အိုတော်…တော်ပဲ ဟိုတစ်နေ့က မြွေကြီးကိစ္စကို စဉ်းစားကြည့်စမ်းပါဦး။ ကျုပ်တို့မြင်တာက မြွေ၊ သူတို့မြင်တော့ ဘိုးဘိုးကြီးတဲ့။ ဒါ မကောင်းဆိုးရွားတွေက သူတို့ကို ပြုစားတာမဖြစ်နိုင်ဘူးလား…”
အစိုးရိမ်ကဲနေတဲ့ မမယ်ဆုံ စကားကြောင့် ကိုဘတင့် သက်ပြင်းချမိလိုက်ပြီး…။
” မယ်ဆုံ…ဒီကလေးတွေရဲ့ နောက်ကြောင်းရာဇ၀င်ကို မင်းမေ့များနေရော့သလား။ သူတို့ကို ဟိမ၀န္တာက ဘိုးဘိုးကြီးကလာပေးတယ်။ တာ၀န်တွေပါလာတယ်။ ထူးဆန်းတာတွေဖြစ်မယ်။ ဒါ မင်းပဲ ငါ့ကို ပြောပြခဲ့တာမဟုတ်လား…”
မမယ်ဆုံ ခဏတော့ ငြိမ်သွားတယ်။ ပြီးကာမှ…။
” ဘာပဲဖြစ်ဖြစ်တော့ ကျုပ်စိတ်ထဲ ရှင်းသွားအောင်တော့ စစ်ကြည့်ချင်သေးတယ်…”
ကိုဘတင့် သက်ပြင်းချမိတယ်။ ဇနီးဖြစ်သူရဲ့ တစ်ယူသန်စိတ်ကိုလည်း သူသိနေတာကိုး။
” အင်းကွာ…စစ်ချင်သပဆို သွားစစ်ချေ။ ဒါပေမယ့် အရပ်ထဲက ဆရာတွေဆီတော့ မသွားဘူး။ ကျောင်းက ကပ္ပိယကြီးဆီကိုပဲ သွားကြမယ်…”
” အင်းပါ…ပြီးတာပါပဲ…”
ရွာဦးကျောင်းက ကပ္ပိယကြီး ဦးဖေက လောကီပညာကို လိုက်စားပြီး ပယောဂတို့ကိုလည်း ကုသနိုင်နင်းတတ်သူ။
နောက်တစ်နေ့ နံနက်။
ကိုဘတင့်တို့ မိသားစု ဆွမ်းချိုင့်တစ်ချိုင့် ဆွဲလို့ ရွာဦးကျောင်းကို ထွက်ခဲ့ကြတယ်။ ကျောင်းရောက်တော့ တရာတော်ဆီကို ဆွမ်းချိုင့်ကပ်ပြီးနောက် အကျိုးအကြောင်းလျှောက်တင်လို့ ကပ္ပိယကြီးရှိရာ ကျောင်းအနောက်ဘက် အဂ္ဂိရတ်ဖိုလ်ရုံရှိရာဆီကို ထွက်ခဲ့ကြတယ်။
ကပ္ပိယကြီးနဲ့တွေ့တော့ အကျိုးအကြောင်းကို ပြောပြပြီး စစ်ဆေးကြည့်စေတယ်။
” ထူးတော့ထူးတယ်။ ဒါပေမယ့် ပရောဂကြောင့်တော့ မဟုတ်ဘူး။ တခြားတစ်ဖက်ကနေ တမူထူးနေတာမျိုး…”
ကပ္ပိယကြီးက ပြောပြီးတော့ ကလေးနှစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေကို ဆက်လက်ကြည့်ရှုနေတယ်။
အတော်ကြာကြာကြည့်ပြီးတော့မှ ကလေးတွေဆီမှာ ထူးခြားနေတဲ့အရာတစ်ခုရှိနေတာကို ကပ္ပိယကြီးသတိထားမိတော့တယ်။
” စ၊ ဓ၊ ဗ၊ ၀…မှန်း မင်းမှာလည်း ပါလားလို့…”
ကပ္ပိယကြီးက ဒိုးကြီးကို ကြည့်ပြီး ရေရွတ်ရင်း ဒိုးငယ်ကိုပါဆက်ကြည့်လိုက်ရင်း…။
” မင်းမလည်း ပါတာပဲ…ထူးတော့ထူးနေပြီဟေ့…”
ကပ္ပိယကြီးပြောပြပါမှ သားနှစ်ယောက်မှာ (စ၊ ဓ၊ ဗ၊ ၀) အက္ခရာတွေကို ဒိုးကြီးက လျှာမှာရှိနေပြီး ဒိုးငယ်က ခံတွင်းမှာရှိနေကြောင်း ကိုဘတင့်တို့ သိကြရတော့တယ်။ မမယ်ဆုံက…။
” အဲ့ဒါ ဘာဖြစ်တတ်လဲ ကပ္ပိယကြီး…”
” ပြောရရင်တော့ ဒါက အာစက်လျှာစက်လို့ ပြောရမယ်။ စ၊ ဓ၊ ဗ၊ ၀ ဆိုတာကတော့ တချို့က စွမ်းအင်ပြင်းပြတဲ့ ဘုရားလေးဆူ အစီအမံ၊ တချို့ကျတော့ မြတ်ဘုရားရှင်ရဲ့ ဂုဏ်တော်အသွယ်သွယ်ကို ချီးမွမ်းထားတဲ့ အစီအမံရယ်လို့ ဆိုကြတယ်ရယ်။ အခေါ်နည်းအားဖြင့်တော့ လောကီသမားတို့က စမ’လို့ခေါ်သပေါ့လေ။ ဗျည်းလေးလုံးထဲဆိုသော်ငြား တန်ခိုးအနဂ္ဂမှာ သူမတူအောင် အဖိုးထိုက်လေရဲ့။ လူ၊ နတ် တကာတို့ရဲ့ ချစ်ခင်ခြင်းကိုလည်း ထူးထူးကဲကဲခံရတတ်လေသပေါ့…”
” ဒါဆို သားတို့ဆီမှာ စမအက္ခရာတွေ ပါလာတာဟာ အန္တရာယ်တော့ မရှိနိုင်ပါဘူးနော် ကပ္ပိယကြီး…”
ကိုဘတင့်ရဲ့ အမေး။
” အင်း…အဆိုးတော့ မရှိနိုင်ပါဘူး။ ဒါတောင် စမ’ အကြောင်းကို ကျုပ် လက်လှမ်းမီသလောက် လေ့လာမိသလောက်ပဲ ရှိသေးတာ။ ကျုပ်အထင်ပြောရရင်တော့ ကိုဘတင့်ရဲ့ ဒီကလေးတွေဆီမှာ ဒီ့ထက်မကတဲ့ ထူးဆန်းတဲ့ တာ၀န်လိုဟာမျိုး၊ နောက်… အဖြစ်အပျက်တွေ အကြောင်းအရာတွေ၊ အများကြီး ထပ်ကြုံလာရဦးမယ်လို့ ထင်မိတယ်။ ဒါနဲ့ သူတို့ကို မမွေးခင် ထူးဆန်းတာတွေများ မကြုံကြရဘူးလား…”
ကပ္ပိယကြီးရဲ့ အမေးကြောင့် ကိုဘတင့်ကော မမယ်ဆုံပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြပြီး သက်ပြင်းကိုယ်စီချမိကြတယ်။ ပြီးတော့ ကိုဘတင့်က…။
” ကြုံခဲ့တာမှ အများကြီးပါပဲ ကပ္ပိယကြီးရယ်…”
နောက်တော့ ကိုဘတင့်က မမယ်တင့် အိပ်မက်မက်ရာကနေ နောက်ဆုံး ဒီနေ့အထိ ဖြစ်ပျက်ခဲ့တာတွေကို ကပ္ပိယကြီးဆီ အကျဉ်းချုံးပြီး ပြောပြလိုက်လေတယ်။
” အင်း…ထင်တော့ထင်သားပဲ။ ဒါဖြင့်ရင်တော့ ဒီကလေးတွေကို သူတို့ရဲ့ သက်ဆိုင်ရာက ပြောတဲ့အတိုင်း ကိုဘတင့်တို့ သေချာစောင့်ရှောက်ကြဖို့ လိုလိမ့်မယ်…”
ကိုဘတင့်တို့ဆီက စကားသံအစား သက်ပြင်းချသံတွေပဲ ထွက်လာတယ်။
ကပ္ပိယကြီးက ကိုဘတင့်တို့ရဲ့ သားတွေအတွက် စိုးရိမ်စိတ်ကို သိမိလေတော့…။
” ကဲပါ…သိပ်လည်း စိတ်မပူပါနဲ့။ ဒီကိစ္စအတွက်ကို ကျုပ်နဲ့ ဘဘုန်းတို့ တိုင်ပင်ပြီး စီစဉ်ကြည့်ကြပါဦးမယ်…”
” ကျေးဇူးတင်ပါတယ် ကပ္ပိယကြီးရယ်…”
ဒီအဖြစ်အပျက်ပြီးတဲ့ နောက်မှာတော့ ဒိုးညီနောင်တို့ဟာ ဆရာတော်နဲ့ ကပ္ပိယကြီးတို့ဆီမှာ စာဝါပညာတွေ၊ ကျမ်းဂန်မန္တာန်တို့ကို လေ့လာဆည်းပူးဖို့ ဖြစ်လာပါတော့တယ်။
* * * * * *
အချိန်တွေ တဖြေးဖြေးနဲ့ တိုက်စားပြီး ဒိုးညီနောင်တို့တောင် ကပ္ပိယကြီးဆီမှာ ပညာသင်ယူကြရင်းနဲ့ အသက်ဆယ်နှစ် အရွယ်ကို ရောက်လာခဲ့ကြပြီ။
ဒီနည်းတူပဲ သူတို့မိဘတွေဖြစ်တဲ့ ကိုဘတင့်တို့ လင်မယားမှာလည်း အသက်ငါးဆယ်အရွယ် ရှိခဲ့ကြပြီဖြစ်ကာ အများက ဦးဘတင့်၊ ဒေါ်မယ်ဆုံရယ်လို့တောင် ခေါ်နေကြပြီရယ်။
ဒိုးညီနောင်တို့ဟာ ဆရာတော်နဲ့ ကပ္ပိယကြီးတို့ဆီမှာ စာဝါပညာဆည်းပူးကြရင်း လောကီပညာရပ်တချို့ကို ကျမ်းဂန်စာပေတချို့ကနေတစ်ဆင့် ပါရမီအဟုန်ကြောင့် တတ်ကျွမ်းလာခဲ့ကြတယ်။
တစ်နေ့သား…။
” ကျွဲဆိုးကြီး လာပြီဟေ့…ပြေးကြ…”
တစ်စုံတစ်ယောက်ရဲ့ ဆော်သြသံကြောင့် တစ်ရွာလုံး ပြေးလိုက်ကြတာ အုန်းအုန်းကျွတ်ကျွတ်။
တစ်ဖက်ရွာက လူနှစ်ယောက်ကို အသေခတ်ခဲ့ပြီး ပြေးလာတဲ့ ကျွဲဆိုးကြီးတစ်ကောင် ဥက္ကံရွာထဲကို ၀င်လာတာ။
ကျွဲကြီးက ဒေါသတကြီးနဲ့ ရွာထဲက မည်းမည်းမြင်ရာကို လိုက်ခတ်နေတယ်ရယ်။
အဲ့ဒီ့အချိန် ဒိုးညီနောင်တို့က သူ့အဖေနဲ့အတူ လယ်ခင်းထဲသွားနေကြတယ်။
ဒေါ်မယ်ဆုံက အိမ်မှာကျန်ခဲ့ပြီး သူတို့ဝိုင်းထဲမှာ နေလှန်းထားတဲ့ ဆေးရိုးတွေကို ပြန်ရုတ်သိမ်းနေတာရယ်။
အနောက်ကနေ ” ရှူး…ရှူး…” ဆိုတဲ့ နှာမှုတ်သံကြားရလို့ ဒေါ်မယ်ဆုံလှည့်ကြည့်မိတော့…။
” အမလေး…ဘုရား…”
သူနဲ့ မလှမ်းမကမ်းမှာ ဒေါသတကြီးနဲ့ နှာမှုတ်ရင်းရပ်နေတဲ့ ကျွဲဆိုးကြီး။
ဒေါ်မယ်ဆုံမှာတော့ ရုတ်တရက် ကြောင်အမ်းသွားရတယ်။ ပြီးတော့မှ သတိ၀င်ပြီး အော်ဟစ်လို့ ပြေးဖို့ကြိုးစားချိန်…။
ကျွဲဆိုးကြီးက ဒေါသတကြီးနဲ့ သူ့ဆီ၀င်အောင်းဖို့ တရှိန်ထိုးပြေး၀င်လာလေပြီ။
” အမလေး….”
ဆေးရိုးတောင်းကို ပစ်ချလို့ မျက်စိကုန်စုံမှိတ်ရင်း ဒေါ်မယ်ဆုံ အလန့်တကြား အော်လိုက်မိတာ။ အဲ့ဒီ့အခိုက်…။
” ဟေ့ကောင်…ရပ်စမ်း…”
ဆိုတဲ့ အသံနဲ့အတူ ဝိုင်းထဲကို ၀င်လာတဲ့ လှည်းဆီကနေ ခုန်ဆင်းပြေးချလာတဲ့ ဒိုးကြီး…။
သူ့အသံကို ကြားတာနဲ့ ဒေါ်မယ်ဆုံဆီ ခတ်ဖို့ပြေးနေတဲ့ ကျွဲကြီးရဲ့ ခြေလှမ်းတွေက တုန့်ခနဲ…။ ပြေးလာတဲ့ အရှိန်က ပါနေတာဆိုတော့ ကျွဲဆိုးကြီးခမျာ ဖင်ထိုင်ရက်ကြီးလဲပြီး တရွတ်တောင်ဆွဲသွားရတာ။
” ၀ပ်စမ်း…၀ပ်လိုက်စမ်း…”
နောက်ထပ်အသံနဲ့အတူ တံပိုးကျည်းတစ်ချောင်းကိုင်လို့ လှည်းပေါ်က ခုန်ချပြီး ပြေး၀င်လာတာက ဒိုးငယ်…။
သူ့စကားသံအဆုံး ကျွဲကြီးက အမိန့်နာခံတဲ့အလား မြေဆီကို ပုဆစ်တုပ်ပြီး ၀ပ်ချလိုက်တယ်။
” ငါ့အမေကို ရန်ရှာချင်ဦး…ကဲကွာ…ကဲကွာ…”
” ဖြောင်း…ဖြောင်း…”
စိတ်ထက်တဲ့ ဒိုးငယ်က တံပိုးကျည်းနဲ့ ကျွဲဆိုးကြီးကို ရိုက်တယ်။ ဒိုးကြီးက သူ့ညီကို အတင်းပြေးဆွဲပြီး…။
” ညီလေး…စိတ်ထိန်းလေကွာ။ ဘဘုန်းက သတ္တဝါတိုင်းကို မေတ္တာထားဖို့ သင်ပေးထားတယ်လေ…”
” အိုကွာ…ကျန်တဲ့သူတွေကိုတော့ ငါ မေတ္တာထားရင်ထားမယ်။ အမေ့ကို ရန်ပြုတဲ့ ဒီကောင့်ကိုတော့ မေတ္တာမထားနိုင်ဘူး…”
ဒိုးငယ်က ပြောပြီး ရုန်းရင်းကန်ရင်းနဲ့ ကျွဲကြီးကို ဆက်ရိုက်သေးတယ်။
ကျွဲဆိုးကြီှးခမျာမှာတော့ ဒိုးငယ်ရဲ့ ရိုက်ချက်တို့ကို အလူးအလှိမ့်ခံစားနေရပေမယ့်လည်း ထူးဆန်းလွန်းစွာနဲ့ တုပ်တုပ်တောင် မလှုပ်ရဲခဲ့ဘူး။
နောက်ဆုံးမှာတော့ ဒိုးငယ်ကို ဦးဘတင့်ကော ရောက်လာကြတဲ့ ရွာသူရွာသားတွေကပါ ဝုိင်း၀န်း ချောမော့လို့ကြရတယ်။ ကျွဲဆိုးကြီးကိုတော့ ဒိုးကြီးရဲ့ အကူအညီနဲ့ပဲ လက်ရ ဖမ်းဆီးခဲ့ကြတယ်။
ဒီအဖြစ်အပျက်က နေ့ချင်းမကူးဘူး။ တစ်နယ်လုံး မလှုပ်ရဲအောင် သောင်းကျန်းလွန်းတဲ့ ကျွဲဆိုးကြီးကို နှိမ်နင်းခဲ့တဲ့ ဒိုးညီနောင်ရဲ့ သတင်းက နယ်တကြောမှာ တောမီးလိုပဲ ဟိုးလေးတကျော်ကျော်ကို ဖြစ်ခဲ့တော့တာ။
သူ့တို့အမေဒေါ်မယ်ဆုံဆို ဒီအကြောင်းတွေ ပြန်ပြောတိုင်း မျက်ရည်တွေတောင် ရစ်ဝိုင်းလို့…။
သူတို့အဖေ ဦးသိန်းဆိုလည်း နောက်များဆို သားတွေရဲ့ အကြောင်းကိုများ ပြောနေရလို့ကတော့ ထမင်းမေ့ ဟင်းမေ့ကို ဖြစ်လို့ပေါ့…။။
* * * * * *
အဲ့ဒီ့ကနေ သုံးလလောက်ကြာခဲ့ပြီးတဲ့တစ်နေ့…။
ဦးဘတင့်တစ်ယောက် သူတို့ရွာနဲ့ ၅ ရွာကျော်က ဖူးကြီးရွာကို အကြွေးသွားတောင်းဖို့ ပြင်ဆင်နေတယ်။
အချိန်က နေမွန်းတည့်နေပြီ။ သွားရမယ့် ခရီးက လှမ်းပြီး လှည်းနဲ့သွားမှာဆိုတော့ နွားတွေကို မသွားခင် အစာကျွေး ရေတိုက်အရင်လုပ်နေတာရယ်။
” အဘ…ကျုပ်တို့လည်း လိုက်ခဲ့မယ်…”
ဦးဘတင့် နွားတွေကို ရေတိုက်နေတဲ့အနားကို ဒိုးကြီးက ရောက်လာပြီးပြောတာ။
” အဘပြန်ရင် မိုးချုပ်နိုင်တယ် ငါသားတို့ရဲ့။ အိမ်မှာပဲ အေးအေးသက်သာနေခဲ့ကြစမ်းပါ…”
” အို…အဘကလည်း မိုးချုပ်တော့ရော ဘာဖြစ်လဲ။ ကျုပ်တို့က ဖူးကြီးရွာကို တစ်ခေါက်မှ မရောက်ဖူးလို့ရယ်ဟာ…”
ညီအကိုနှစ်ယောက်ရဲ့ ပြောစကားကို ဦးဘတင့်မလွန်ဆန်နိုင်ခဲ့ပါဘူး။
သားအဖသုံးယောက် ဖူးကြီးရွာဆီကို ရောက်ခဲ့ကြတယ်။ ဒိုးညီနောင်ကတော့ မရောက်ဖူးတဲ့ရွာမို့ ပျော်ရင်း၊ မော်ရင်း၊ ရွာရဲ့ အနေအထားကို လိုလံ စူးစမ်းလေ့လာနေတော့တာ။
အကြွေးရစရာ ရှိတဲ့သူက လယ်ထဲသွားနေတာကြောင့် ဦးဘတင့်တို့သားအဖတွေ စောင့်တောင်းကြရပြီး အကြွေးရပြီးချိန်မှာ အပြန်ခရီးက မိုးချုပ်ခဲ့ရပြီ။ ဒါပေမယ့် ဆန်းသစ်စ လရောင်က ရှိနေတာမို့ ကိစ္စတော့ ထွေထူးပြီး မရှိ။
ူ
သားအဖသုံးယောက်သား လှည်း၀င်ရိုးသံ တအီအီကို အဖော်ပြုရင်း အပြန်ခရီးကို လာခဲ့ကြတာ ရွာသုံးရွာတောင်ကျော်ခဲ့ပြီရယ်။
အရှေ့ဆိုရင် သဲအင်းရွာ၊ အဲ့ဒီ့ရွာကို ကျော်ရင်တော့ သူတို့ရွာဆီကို ရောက်ပြီလို့တောင် ပြောလို့ရတယ်။
နို့ပေမယ့် သူတို့လှည်း သဲအင်းရွာ မရောက်မီ ဇီးပင်တန်းကလေးတစ်ခုကို ၀င်ရောက်လာမိချိန်မှာတော့ ရုတ်တရက်ကြီး နွားတွေက လန့်လာတော့တာ။
” က်စ်…ကြစ်…ကြစ်…”
ထူးဆန်းတဲ့ အသံတွေ။ အသ့လာရာဆီကို ကြည့်မိတော့ ဇီးပင်တွေ အပေါ်မှာ ပြေးလွှားနေတဲ့ ကြောင်လောက်မကြီး၊ ကြွက်လောက်မသေးတဲ့ မျောက်လိုလို အကောင်ကလေးတွေရယ်။
တချို့က ဇီးကိုင်းမှာ ဇောက်ထိုးအနေအထားနဲ့ သူတို့လှည်းဆီကို စူးစမ်းသလို လှမ်းကြည့်နေကြလေရဲ့။
” ဘာကောင်လေးတွေလဲဟ…”
ဦးဘတင့်ရဲ့ အာမေဋိတ်စကား…။
” အဘ…အဲ့ဒါအကောင်မဟုတ်ဘူး။ နာနာဘာဝတွေဗျ…”
” ဟေ…”
ဒိုးငယ်က ပြောတော့ ဦးဘတင့် အံ့သြရပြီး အကောင်လေးတွေဆီကို ထပ်မံကြည့်မိတယ်။
ဟုတ်လေရဲ့။ အကောင်လေးတွေထဲက တချို့အကောင်တွေက သူတို့ကို လျှာအရှည်ကြီးတွေထုတ်ပြီး ပြောင်ပြနေကြတာပါကလား။
တချို့ကတော့ အချင်းချင်းခေါင်းချင်ဆိုင်ပြီး သူတို့ကြည့်လိုက်၊ ကွိကွိကွကွနဲ့ အသံတွေပြုနေလိုက်တာ။
” ဒါ…ဒါ မှင်စာတွေ များလား…”
ဦးဘတင့်ရဲ့ စကားအဆုံး ဒိုးကြီးက…။
” မှင်စာလား၊ မစာလားတော့ မသိဘူး။ နာနာဘာဝကောင်တွေဆိုတာတော့ သေချာတယ် အဘ…”
တစ်ခါမှ မကြုံဖူးတာမို့ ဦးဘတင့်စိတ်ထဲ ထိတ်လန့်လာရတယ်။
” ဒါဖြင့်လည်း အဘသူတို့ကို မေတ္တာပို့ကြည့်ဦးမယ်။ နင့်တို့ကိုလည်း အန္တရာယ်မပေးဘူး။ ငါတို့ကိုလည်း အန္တရာယ်မပေးနဲ့။ ငါပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှုတွေကို အမျှအတန်းပေးဝေပါတယ်…”
ဦးဘတင့် မေတ္တာပို့ကာမှပဲ ဇီးပင်အကိုင်းပေါ်က အကောင်လေးနှစ်ကောင်က လှည်းလမ်းကြောင်းထဲဆီကို ခုန်ဆင်းလာတော့တာ။
ခုန်ချလာတဲ့ မှင်စာကောင်လေးနှစ်ကောင်က လမ်းရဲ့ တစ်ဖက်တစ်ချက်ဆီကနေပြီး လန့်နေတဲ့ နွားတွေအရှေ့မှာ ခုန်ပေါက်ပြေးလွှားပြီး ခြောက်လှန့်နေတော့တာရယ်။
နွားနှစ်ကောင်မှာတော့ မှင်စာတွေကြောင့် အရှေ့ကို ဆက်မသွားဝံ့တော့ဘဲ နှာတရှူးရှူးမှုတ်လို့ ဟိုဆွဲ၊ ဒီဆွဲနဲ့။
” တောက်…ဟုတ်တော့ မဟုတ်သေးဘူး။ ဒီကောင်တွေကို ဆုံးမမှဖြစ်တော့မယ်…”
” ဟုတ်တယ်ကွ…ဒီအတိုင်းဆို လှည်းပါမှောက်သွားလိမ့်မယ်…”
စိတ်မရှည်တတ်တဲ့ ဒိုးငယ်ရဲ့ ဒေါသ။ ဒိုးကြီးကလည်း ဒိုးငယ်စကားကို ထောက်ခံလို့ရယ်။
ဦးဘတင့်မှာတော့ ဇောချွေးတွေကြားက အသံတောင်မထွက်ရဲဘူး။
” အဘ…ကျုပ်ကို ကြိမ်လုံးပေးချေ…”
ဒိုးငယ်က ပြောပြောဆိုဆို ဦးဘတင့်ဆီက နွားမောင်းတဲ့ ကြိမ်လုံးကို ယူပြီး လှည်းရဲ့ အရှေ့ကို တက်သွားတော့တာ။
” မင်းတို့ ဘာပဲလုပ်ပြပြ ငါတို့က မကြောက်တတ်ဘူး။ စမ်းချင်ရင် လာခဲ့လိုက်…”
ဒိုးငယ်ရဲ့ စိန်ခေါ်စကားအဆုံး ဒိုးကြီးက…။
” ငါတို့က ဖားကလွဲပြီး ဘာကိုမှ မကြောက်ဘူး။ မင်းတို့ အစွမ်းရှိရင်တော့ ဖားယောင်ဆောင်ကြည့်လိုက်…”
ဒိုးကြီးရဲ့ စကားကြောင့် နွားရှေ့က မှင်စာနှစ်ကောင်မှာ တစ်ကောင်နဲ့ တစ်ကောင်တိုင်ပင်သလို ကြည့်လိုက်ကြပြီး ရုတ်တရက် လှည်းတံပိုးထက်ဆီကို လှမ်းခုန်တက်တော့တာ။
” ဟဲ့…ဖားတွေဖြစ်ကုန်ပြီ…”
ဦးဘတင့်က လန့်ဖျပ်လို့ အော်မိတာရယ်။ ဒါကိုပဲ ဖားလိုအသွင်ပြောင်းထားတဲ့ မှင်စာနှစ်ကောင်က သူတို့ကို ကြောက်သွားထင်ပြ အရှေ့ကို ထပ်တိုး ခုန်လာလိုက်တာမှာ…။
” ကဲကွာ သေပေတော့…”
” ဗြန်း…ဗြန်း…”
ဒိုးငယ်ရဲ့ ကြိမ်းဝါးသံနဲ့ ကြိမ်လုံးရိုက်သံက ရှေ့ဆင့်နောက်ဆင့်ပဲ။ ရုတ်တရက်ဆိုတော့ မှင်စာနှစ်ကောင်ခမျာ ရှောင်ချိန်တောင်မရလိုက်ဘူးရယ်။
ဒိုးငယ်ရဲ့ ကြိမ်လုံးရိုက်ချက်အောက်မှာ နှစ်ကောင်သား ကားခနဲဖြစ်ပြီး လှည်းအောက်ကို ပြုတ်ကျသွားလေတော့တာ။ ပြီးလည်းပြီးရော လှည်းအောက်ကနေ ဇီးပင်တွေအပေါ်ကို အတင်းပြေးတက်ကုန်တော့တာ။
ဇီးပင်ပေါ်က ကျန်တဲ့ မှင်စာတွေမှာလည်း အသံတွေစုံအောင် အော်ဟစ်ကြပြီး ထွက်ပြေးကုန်လိုက်ကြတာဆိုတာ တစ်ခဏအတွင်းမှာပဲ ကြက်ပျောက်ငှက်ပျောက်ကို ဖြစ်လို့။
အိမ်ပြန်ရောက်လို့ ဦးဘတင့်က အဖြစ်အပျက်ကို ပြန်ပြောပြတဲ့အခါကျ ဒေါ်မယ်တင့်တို့က သဘောကျပြီး ဟားတိုက်ပြီး ရယ်မောနေကြသေးတော့တာ။
ဒီကနေ နောက်တစ်လခန့်အကြာမှာတော့ ဒိုးညီနောင်တို့ဟာ အလယ်အင်းရွာကို မိဘတွေနဲ့အတူ အလှူသွားရာ ဘီလူးတစ်ကောင်ကို ကိုယ်၀န်ဆောင်ထားရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံလာရတော့တယ်။
ဒီအဖြစ်အပျက်ကိုတော့ ဒိုးညီနောင်နဲ့ ဘီလူးလေးမွေးဖွားသူ ဇာတ်လမ်းကို ဆက်လက် ဖတ်ရှုပေးကြပါဦးခင်ဗျာ။
ပြီးပါပြီ။
နောင်ရိုး( ဆေးတပ်)