ထူးဆန်းသောဝိညာဥ်ခေါသံ

“ဝိဉာဥ်နိုင် ဂါထာတော်နှင့် ထူးဆန်းသော ဝိဉာဥ်ခေါ်သံ”📖📖

***************************************************

( ဖြစ်ရပ်မှန်)

သရဲတစ္ဆေ ဝိဥာဥ်များကို အလွန်ကြောက်တတ်ကြသော သူတို့ထဲတွင် စာရေးသူလည်း ပါဝင်ပါသည်။စာဖတ်သူတို့ထဲတွင် ထိုကဲ့သို့ ကြောက်ရွံ့သူများ ပါဝင်ပါက ယခုတင်ပြမည့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဖတ်ဖြစ်အောင် ဖတ်ပေးကြပါလို့ တောင်းဆိုပါတယ်ဗျ။ အဘယ့်ကြောင့်ဆိုသော် ဤဇာတ်လမ်းလေးထဲတွင် ဝိဥာဥ်နိုင် ဂါထာတော်ကြီးအား ပူးတွဲတင်ပြထားသောကြောင့်တည်း။

ဦးစွာပထမ စာဖတ်သူတို့အား စာရေးသူ၏ကိုယ်တွေ့ဖြစ်ရပ်မှန်တွေပဲ ရေးနေတာမို့ စာဖတ်သူတို့ ငြိုငြင်သွားမှာ အထူးစိုးရိမ်ပါသောကြောင့် နောက်အပုဒ်တွေမှာ အခြားသော ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများ၏ ကိုယ်တွေ့ ဇာတ်လမ်းတွေကိုလည်း စာဖတ်သူတို့အား တင်ပြနိုင်ရန် ကြိုးစားပါ့မည်ဟု ကတိပြုရင်း ယခုတင်ပြမည့်
ထူးခြားဆန်းကျယ် သော အဖြစ်အပျက်တစ်ခုအား တင်ပြလိုက်ရပေသည်။
*************
စာရေးသူသည် အသက် 14 နှစ်သားအရွယ်ထဲက
ရေကြည်ရာ မြက်နုရာ စီးပွားရှာ အလုပ်လုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံရှိ ဒေသအတော်များများကို ရောက်ရှိဖူးပါသည်။

ယခုတင်ပြမည့် အဖြစ်အပျက်သည် ရန်ကုန်တိုင်း
သက်န်းကျွန်းမြို့နယ် အတွင်း အစိုးရ ရုံးတစ်ရုံးတွင် စာရေးသူ အလုပ်လုပ်ခဲ့စဥ်က ကြုံတွေ့ခဲ့သော အဖြစ်အပျက်ဖြစ်သည်။ ထိုအဖြစ်အပျက်ကို ဆက်လက်တင်ပြရသော်

*******
“ကျွီ”
“ဒုတ်”
လမ်းမပေါ်သို့ ခွေးတစ်ကောင်ဖြတ်ပြေးသွားသောကြောင့် ရန်ကုန်မြို့တော်ကြီးဆီသို့ ယခုမှ ရောက်ရှိကာ မြို့ပြအလှအပတွေကို ရင်သတ်ရှုမော ငေးမောနေမိသော ရဲရင့်တစ်ယောက် Taxiဆရာ ထိုင်မောင်းနေသော ခုံနှင့် သူ၏နဖူး တိုက်မိတော့မှ မျက်နှာရှုံ့မဲ့စွာဖြင့် နဖူးကို ပွတ်ကာအသိဝင်လာတော့သည်။

“Sorry နော် ညီလေး ရှေ့မှာ ခွေးတစ်ကောင် ဖြတ်ပြေးသွားလို့”

“ရတယ် အကို ဒါနဲ့ မရောက်သေးဘူးလားဗျ”

“ပေးထားတဲ့ လိပ်စာအရဆိုရင် ရှေ့နားတင်ပဲ ညီလေး မလိုတော့ဘူး”

ကားဆရာပြန်ဖြေသံကို ခေါင်းညိမ့်ပြရင်း ရဲရင့်
တစ်ယောက် စိတ်လှုပ်ရှားနေမိသည်။

အသိတစ်ယောက်ချိတ်ဆက်​ပေး မှုဖြင့် ယခုလာလုပ်သော အစိုးရလုပ်ငန်းဆိုသည်မှာ မိမိနှင့်အလွန်စိမ်းသော အလုပ်တစ်ခုဖြစ်သောကြောင့်ပင်။
အခြားသော ပုဂ္ဂလိဂ လုပ်ငန်းမျိုးစုံ ဝင်ရောက်လုပ်ကိုင်ဖူးသော်လည်း ယခုကဲ့သို့ အစိုးရရုံးတွင်
လုပ်ရမည်မှာ ပထမဆုံးအတွေ့အကြုံမို့ သူ စိတ်ပူမိတာ မဆန်းပါ။

“ကဲ ညီလေး ရောက်ပီကွ”

ကားဆရာ အသံကြားမှ ရဲရင့် ဘေးပတ်ဝန်းကျင်ကိုသတိထား​ကြည့် လိုက်ရာ အပြာရောင်ခြံတစ်ခါးကြီးဖြင့် ကျယ်ဝန်းသော ရုံးတစ်ရုံးရှေ့ ရောက်နေသည်ကို တွေ့ရသည်။

ကားပေါ်မှဆင်းကာ အထုတ်အပိုးများ ချရင်း taxiဆရာကို ကြည့်ကာ

“ဘယ်လောက်လဲ အကို”
“8000 ညီလေး “

ကားဆရာ၏ဖြေသံကြားတော့ ရွာမှာကျန်ခဲ့သည့်
ဘဒွေး၏စကားကို ပြန်ကြားယောင်မိသည်။

“လူလေး ရန်ကုန်ဆိုတဲ့မြို့က ဘယ်သွားသွား ဘာလုပ်လုပ် အင်မတန်စျေးကြီးတယ်ကွဲ့”

မှန်ပေသည်။ ဝေးလံခေါင်သီလှသော ကျနော်တို့ရွာနှင့် မန္တလေးရွှေမြို့တော်အထိဆိုလျှင်တောင်ကားခအနေဖြင့် လူတစ်ယောက် 4000 ကျပ်သာလျှင်ကုန်သည်မို့ ပုံမှန် 15 မိနစ်လောက်(ယခုကားကျပ်၍ နာရီဝက်ခန့်ကြာ)သာ မောင်းရသော လမ်းကြောင်းအား 8000 ဆိုတော့ များသည်ဟု ဆိုနိုင်သည်။သို့သော်လည်း မတတ်နိုင်။ မျက်စိသူငယ် နားသူငယ်ဖြင့် အညာသားစစ်စစ် ရဲရင့်တစ်ယောက် ကားခ 8000 အား မျက်နှာရှုံ့မဲ့စွာ
ပေးလိုက်ရလေသည်။

ကားဆရာပြန်ထွက်သွားသည်နှင့် ရဲရင့် အထုတ်အပိုးတွေ သယ်ကာ ခြံတံခါးပြာပြာကြီးဆီ လျှောက်လာခဲ့သည်။

“ဝန်ထမ်းအသစ်လား”

“ဟုတ်ပါတယ်ခင်ဗျ “

“ဒါဆို လာ လာ ဦးလေးနဲ့လိုက်ခဲ့”

လုံခြုံရေးဦးလေးကြီး ဦးဆောင် ခေါ်သွားရာနောက်သို့ ရဲရင့် ခပ်ကုတ်ကုတ်လိုက်သွားလိုက်သည်။

“အစ်မရေ ဒါ ရုံးကိုအခုမှ ရောက်တဲ့ ဝန်ထမ်း အသစ် တဲ့”
“ရှင် ဟုတ်လား “

လုံခြုံရေးဦးလေးကြီး သွားရောက်အသိပေးနေသော အမျိုးသမီးတစ်ဦးကို ရဲရင့် အကဲခတ်သလို ကြည့်မိသည်။ အသက် 40 လောက်တော့ရှိမည်။
ခပ်တုတ်တုတ်နှင့် အလွန်ကြည့်ကောင်းသော အမျိုးသမီးဟု ရဲရင့်မှတ်ချက်ချနေမိသည်။
ထိုစဥှ

“သား ဝါဝါသွင်းပေးတဲ့ နယ်က ဆိုတဲ့တစ်ယောက်လား”

ထိုအမျိုးသမီး အကြည့်က ရဲရင့်ဘက်ရောက်လာကာ အပြုံးတစ်ပွင့်ဖြင့်မေး ​သောကြောင့် ရဲရင့်  ကမန်ကတန်းပင် ပြန်ပြုံးကာ

“ဟုတ်ပါတယ်ခင်ဗျ မဝါဝါ သွင်းပေးထားတဲ့ တစ်ယောက်ပါ”

“အော် အေး အေး ခနနေ ဝါဝါ ရောက်လာလိမ့်မယ်။ အဲ့ကျမှ လုပ်ငန်းနဲ့ပတ်သက်တာတွေ သူအကုန် ရှင်းပြလိမ့်မယ်။ ခုတော့ သားက ခရီးဝေးက လာရတာဆိုတော့ ပင်ပန်းနေမှာပဲ နားလိုက်ဦး။
သားရေ ထက်ပိုင် ဒီမှာ ဒီအကို့ကို နေရာမဲ့ နေရာလေး လိုက်ပို့ပေးလိုက်ပါကွယ်”

ထိုအမျိုးသမီး ကြီးသည် ရဲရင့်အား ပြောစရာရှိတွေ ပြောရင်း မလှမ်းမကန်းတွင် အလုပ်လုပ်နေသော 18 နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုခေါ်ကာ ရဲရင့်အား လိုက်ပို့ရန် ပြောလေသည်။

ရဲရင့် စိတ်ထဲတွင်တော့ “အမယ် ရန်ကုန်သူ ရန်ကုန်သူဆိုပီး ခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးတယ် ပြောတတ်ခိုင်းတတ်လိုက်တာ အပြောကို ချိုနေတာပဲ။ အဲလို အပြောကောင်း အမြှောက်ကောင်းလို့ကတော့ အ​မြှောက်ကြိုက်တတ်တဲ့ ငါနဲ့တော့ တွေ့ပီ” ဟု တွေးကာ စိတ်ပူနေတာ တစ်ဝက်ခန့်သက်သာသွားလေတော့သည်။

ထက်ပိုင်ဆိုသော ညီငယ်လေး လိုက်ပို့သည့် အဆောင်တွင် အထုတ်အပိုးတွေ ထားကာ ရဲရင့်တစ်ယောက် အညောင်းပြေ ခါးဆန့်နေလိုက်သည်။

(ဤသို့နှင့် စာရေးသူ ထိုရုံးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ဖြစ်ခဲ့သည်။ စာရေးသူအား အလုပ်သွင်းပေးခဲ့သော မဝါဝါ နှင့်တွေ့ကာ အလုပ်အကြောင်း စုံစမ်းသင်ယူခဲ့ရပုံတွေကိုတော့ အသေးစိတ်ထည့်သွင်းဖော်ပြနေလျှင် စာဖတ်သူတို့ ပျင်းရိသွားမည်စိုးသည့်အတွက် မဖော်ပြတော့ပေ။)

ထိုရုံးသို့ အလုပ်ဝင်သည်မှာ အတော်အတန်ကြာပြီဖြစ်သောကြောင့် ရုံးဝန်ထမ်းများနှင့် ရဲရင့်တစ်ယောက်ခင်မင်ဖြစ်လာသည်။

ညနေဘက်ရုံးဆင်းချိန် အဆောင်ရှေ့တွင်ငုတ်တုတ်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေသော ရဲရင့်အား  လုံခြုံရေးဦးလေးကြီးတစ်ယောက်က

“ဟကောင် ရဲရင့်ရ မင်းတစ်ယောက်ထဲ ရုံးက ပေးတဲ့ အဆောင်မှာနေတာ မကြောက်ဘူးလား ဒီနေရာက အရင်က သခ်ျိုင်းဟောင်းကွ။ဟော ဟိုဘက်ကပစ္စည်းအဟောင်းတွေ ထားတဲ့ ဂိုဒေါင်ကြီးက အရင် ဂျပန်ခေတ်က ရင်ခွဲရုံကြီးဖြစ်ခဲ့တာကွ”

ကွမ်းတမြုံမြုံဝါးရင် ခပ်လှမ်းလှမ်းဆီမှ ဟောင်းနွမ်းဆွေးမြေ့နေသည့် ဂိုဒေါင်ဟောင်းကြီးကို မေ့ငေါ့ ပြတော့ ရဲရင့်တစ်ယောက်လှမ်းကြည့်လိုက်သည်။

ဂိုဒေါင်ကြီးမှာ အတော်ကြီးမားကာ ဘေးဘက်တွင် ကာရံထားသော အကာတို့မှာ ပေါက်ပြဲနေလေသည်။ အထဲကို လှမ်းမျှော်ကြည့်တော့ ဆောက်လုပ်ရေးသုံး ပစ္စည်းကိရိယာဟောင်းများကို တစ်စွန်းတစ်စ တွေ့ရသည်။

နောက်ထပ် လုံခြုံရေး ဦးလေးကြီးတစ်ယောက်က

“ဟုတ်တယ် ရဲရင့်ရ ဦးလေးတို့ ငယ်ငယ်တုန်းကဆို ဟောဒီအပင်ကြီးပေါ်ကာ လျှာကြီးထုတ်ပီး ဇောက်ထိုးကြီး ဆင်းလာတာ ဦးလေး ကိုယ်တိုင် ကြုံဖူးတယ်”

“ဟာ”

ပထမဦးလေးကြီး အပြောက သိပ်မလန့်ရပေမဲ့ ဒုတိယ ဦးလေးကြီး အပြောကိုတော့ ရဲရင့်တစ်ယောက်လန့်ဖြတ်သွားကာ ကြက်သီးများပင် ထမိတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဦးလေးကြီး ညွှန်ပြသော သစ်ပင်ကြီးဆိုသည်မှာ ရဲရင့်အခန်းရှေ့တည့်တည့်တွင် ဖြစ်နေသောကြောင့်ပင်။

“တ တကယ်လား ဦး ဦးလေးတို့ရာ မခြောက်နဲ့နော် တောသား အညာသားဗျ ၊ မကြောက်တတ်ဘူးနော် သရဲဆို ဂျိုနဲ့လား ပြန်မေးပြစ်လိုက်မယ် ဟဲဟဲ”

မယုံကြည်သလို ရုပ်ရှင်မင်းသားစတိုင်ဖြင့် ပခုံးတွန့်ကာ ရယ်ကျဲကျဲ ပြန်ဖြေနေသော ရဲရင့် အားကြည့်ကာ ထိုဦးလေးကြီးမှ

“ဟကောင်ရ မင်း မကြောက်ဘူးလည်းဆိုသေး အသံတွေတောင် ထစ်နေပြီ။တကယ်ကွ ငါ့ကိုယ်တွေ့။ငါ့စိတ်ထင် အခုထိ ဒီအပင်ကြီးမှာ ရှိနေတုန်းပဲကွ”

“ဟာဗျာ မခြောက်ပါနဲ့ ဗျာ ကျနော်က တစ်ယောက်ထဲ အိပ်ရတာဗျ ဦးလေးတို့က ပြောပြီးရင် ပြန်သွားမှာ “

“မင်းပဲ မကြောက်ဘူးဆို ”
“ဒါကတော့ ဗျာ”
“ကဲဟေ့ မကြောက်ဘူးတဲ့ ပညာပြလိုက်ဦးဟေ့ဟားဟား”
“ဟာ ဦးလေး မ မဟုတ်တာတွေမပြောနဲ့ဗျာ”

ကြောက်ပါတယ် လို့ ဝန်ခံဖို့ တွန့်ဆုတ်နေသော ရဲရင့်အား ဦးလေးကြီးက စနောက်ချင်လို့ထင်ပါသည်။သစ်ပင်ကြီးဘက် လှည့်အော် ပြောလိုက်လေမှ ရဲရင့် အလန့်တကြားတားမိတော့သည်။ ထိုဦးလေးကြီးနှစ်ယောက်မှာ ရဲရင့် ကြောက်နေပုံကို ကြည့်ကာ တဟားဟား ဖြင့် ပြန်လှည့်ထွက်သွားကြပါတော့သည်။ရဲရင့်တစ်ယောက် လှည့်ထွက်သွားသော လုံခြုံရေး ဦးလေးကြီးတွေကို ကြည့်ရင်း ဟိုကြည့်ဒီကြည့်ဖြင့် ကျန်ရစ်ခဲ့ပါတော့သည်။

စိတ်မလုံသလိုဖြင့် ဇောက်ထိုဆင်းလာပါသည်ဆိုသော အပင်ကြီးကို မော့ကြည့်ရာ လေမတိုက်ဘဲ သစ်ကိုင်းတွေ လှုပ်လာသည်ဟု ထင်မိသောကြောင့် ရဲရင့်တစ်ယောက်အလန့်တကြား မိမိ အခန်းထဲ သို့ ဝင်ပြေးခဲ့လေတော့သည်။

ထိုနေ့ညက ရဲရင့် တစ်ယောက် ကြောက်လန့်စွာဖြင့် စောစော အိပ်ရာဝင်ခဲ့တော့သည်။ခပ်ပျင်းပျင်း ရှိလာသည်မို့ နေ့လည်က ထက်ပိုင် ဖုန်းထဲမှ ကူးထားသော ဇာတ်ကားကြည့်မည် ဟုတွေးကား ရဲရင့်တစ်ယောက် ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ထက်ပိုင်ကူးပေးထားသော ဇာတ်ကားမှာ သရဲကားဖြစ်နေ၍ အလန့်တကြားဖုန်းကို ပိတ်ရင်း နောက်မှ ကြည့်မည်ဟု ဆုံးဖြတ်လိုက်ကာ အိပ်ပျော်အောင်မျက်စိကို အတင်းမှိတ်ကာ အိပ်ပျော်ဖို့ ကြိုးစားလိုက်လေတော့သည်။

“ရှပ် ရှပ် ရှပ် ရှပ်”

မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ တစ်စုံတစ်ယောက် လမ်းလျှောက်နေသံ ကြားမှ ရဲရင့်တစ်ယောက်လန့်နိုးလာသည်။

အိပ်ကောင်းနေသည့်အချိန်တွင် လန့်နိုးလာရခြင်းကြောင့် ရဲရင့် စိတ်ရှုပ်စွာ ဖုန်းစခရင်ကို ဖွင့်၍ အချိန်ကို ကြည့်မိလိုက်သည်။

“1 နာရီတောင် ထိုးပြီပဲ ဒီအချိန်ကြီး ဘယ်သူ လမ်းထလျှောက်နေလည်း မသိဘူး”

ရဲရင့် တစ်ယောက် စိတ်ရှုပ်စွာ ရေရွတ်နေစဥ်

“ဒေါက် ဒေါက်”

မိမိအခန်းရှေ့လာရပ်ကာ တံခါးခေါက်သံကြောင့် ရဲရင့် ဆက်ခနဲခေါင်းထောင်သွားမိသည်။

“ဘယ်သူပါလိမ့်” ဟု စိတ်ထဲမှ တွေးကာ
“နယ်ဆိုဒ်တွေမှာ တာဝန်ကျတဲ့ သူတစ်ယောက်ယောက်များ ညကားနဲ့ ပြန်လာတာလား မသိဘူး” ထိုသို့ တွေးနေခိုက်

“ဒေါက် ဒေါက်”
“လာပီ ခနစောင့်ဗျို့”

ထပ်မံပေါ်ထွက်လာသော တံခါးခေါက်သံကြောင့်
ရဲရင့်ဆက်မတွေးတော့ပဲ အိပ်ရာမှ ထလိုက်ရလေတော့သည်။ ထို့နောက် တံခါးဆီသို့ လျှောက်သွားကာ ချက်ချင်းမဖွင့်သေးဘဲ တံခါးတွင်ရှိသော အပေါက်သေးသေးလေးမှ ချောင်းကြည့်လိုက်ရာ

“အား သပေီ”

ချောင်းကြည့်မိလိုက်သော ရဲရင့်တစ်ယောက်မြင်လိုက်ရသည် မြင်ကွင်းကြောင့် ဖျားချင်သွားမိသည်။ အပြင်ဘက်တွင် အဝတ်အစား စုတ်စုတ်နှင့် လူတစ်ယောက် ရပ်နေသည် ။ မျက်လုံးနှစ်လုံး ရှေ့သို့ ထွက်ကြလုမတက် ပြူးထွက်နေသည်။နှာခေါင်းမှာ ပြားချပ်နေပြီး အထဲသို့ဝင်နေသည်ဟု ထင်ရသည်။နှုတ်ခမ်းနှစ်ခုမှာ အပေါ်သို့ လန်နေကာ အထဲမှ သွားမည်းမည်းကြီးများအား အတိုင်းသားမြင်နေရသည်။ထိုလူကြီးမှာ တံခါးပွင့်လာမည်ကို စောင့်ဆိုင်းနေပုံရကာ ရဲရင့်ချောင်းကြည့်နေသော တံခါးအား စူးစိုက်ကြည့်နေလေသည်။

ရဲရင့်လည်း တစ်ကိုယ်လုံးတုန်ဆက်ကာ ကြောက်လန့်တကြားအော်ရင် မိမိအိပ်ရာဆီသို့ ပြေးသွားကာ စောင်ခေါင်းမြီးခြုံ ရသမျှဘုရားစာတွေ ကို ဟိုကျော် ဒီခွ ဖြင့် ရွတ်ဖတ်နေပါတော့သည်။

“ဗုန်း ဗုန်း”

အခန်းနံရံ သို့ လာရောက် ရိုက်နှက်သော ရိုက်သံကြောင့် အလန့်တကြား ခေါင်းမြီးခြုံကာ ဘုရားစာရွတ်နေသော ရဲရင့်တစ်ယောက် မြန်မြန်သာမိုးလင်းပါစေဟု ဆုတောင်းနေမိတော့သည်။

ထိုစဥှ

“ကျွီ”

“ဘုရား ဘုရား”

တံခါးတစ်ခုပွင့်လာသည့် အသံကြောင့် ရဲရင့် ဘုရားတ လိုက်မိသည်။ မိမိ အခန်းတံခါး လား ဟုတွေးရင်း စောင်ကိုလည်း ဖွင့်မကြည့်ရဲ။ မြန်မြန်သာ မိုးလင်းစေရန် ဆုတောင်းနေမိသည်။

“ဟာ”

တစ်စုံတစ်ယောက်လာထိုင်သလို  သိမ့်ခနဲ လှုပ်ရှားသွားသော မိမိ ကုတင်ကြောင့် စောင်ထဲတွင် တုန်လှုပ်နေသော ရဲရင့် တစ်ယောက်”ဟာ “ဟု နှုတ်မှအလန့်တကြားထွက်ကျလာလေတော့သည်။

ထိုစဥ် အေးခဲနေသော အရာတစ်ခု ရဲရင့် ခြေထောက်ကို လာဆွဲသော အခါတွင်တော့

” ဝုန်း”
“အမေရေ ကယ်ပါဦးဗျ”

ဘယ်လိုမှ နေလို့မရသည့် အဆုံး ရဲရင့် ဝုန်းခနဲ ထရပ်ကာ အခန်းတံခါးပြေးဖွင့်ပြီး ရွာတွင်ကျန်ခဲ့သော အဖေနဲ့ အမေကို တ ရင်း လုံခြုံရေး ဦးလေးကြီးတွေ ရှိရာ ရုံးအပေါက်ဝဆီသို့ နောက်မလှည့်စတမ်း ပြေးရလေတော့သည်။

ထိုဦးလေးကြီးတွေဆီရောက်လို့ အကျိုးအကြောင်းရှင်းပြလေရာ

“ကဲ ယုံသွားပီမလား ငါ့တူ”
“ဟုတ် ဟုတ်ကဲ့”
“ကဲ ကဲ လာ ဦးလေး လိုက်ပို့မယ် ဘာမှ မဖြစ်တော့ဘူး။ ပြန်အိပ်တော့”

လုံခြုံရေး ဦးလေးကြီး လိုက်ပို့မည် ပြောသော်လည်း ရဲရင့်တစ်ယောက် အကြောက်အကန်ငြင်းဆန်လျက် မိုးလင်းသည်အထိ ၎င်းတို့နှင့် နေပါမည်ဟု အတင်းပြောလေတော့မှ “ကဲ ကဲ ငါ့တူ သဘော ငါ့တူ သဘော”ဟုဆိုကာ လက်လျှော့လိုက်ရလေတော့သည်။

နောက်နေ့မနက်ရောက်သောအခါ ရဲရင့် တစ်ယောက် ညက သရဲခြောက်ခံရသည်ဟူသော သတင်းမှာ ရုံးဝန်ထမ်းတွေအကြား ​ပျံ့နှံ့သွားတော့သည်။ ဟိုလူက မေး သည်လူ က မေး နှင့်
ပြန်ဖြေရသည်မှာ ရဲရင့်တစ်ယောက်စိတ်ရှုပ်လာကာ

“မဟုတ်ဘူးဗျို့ လျှောက်ပြောတာ ”
ဟု ဆိုလေတာ့မှ စပ်စုခြင်းအမှုကို လက်လျှော့ကြလေတော့သည်။

ရဲရင့်လည်း ထိုရုံး၌ အလုပ်လုပ်ရသည်ကို မပျော်ရွှင်တော့ပေ။ ညတိုင်းနီးပါး ထိုဝိဉာဥ်နှောက်ယှက်သည်မှာ တစ်ပတ်ပင် ရှိလေပြီ။ နောက်ညတွေမှာ  သူ၏အမည်ကိုပင် ထိုဝိဥာဥ်က ခေါ်သည်အထိ ဆိုးလာလေတော့သည်။

အလုပ်လုပ်ရတာလည်း စိတ်မပါ၊ အလုပ်ထဲတွင်လည်း တဝါးဝါးသန်းနေသော ရဲရင့်အား သူ၏အထက်လူကြီးဟု ပြောလို့ရသော သူနှင့်လည်း ခင်မင်ရင်းနှီးသော “သဲမိုး” ဟု ခေါ်သော အသက် 30 အရွယ် မိန်းကလေး အရာရှိပေါက်စ တစ်ယောက်က သတိထားမိကာ

“ရဲရင့် ဒီကိုလာဦး”
“ဟုတ်ကဲ့”
“မင်း သတင်းတွေကြားတယ် အဆောင်ပြောင်းချင်လား ဟိုမှာတော့ လူပျိုဝန်ထမ်းတွေ စုနေရမှာ ဒီမှာလိုတော့ မင်းတစ်ယောက်ထဲမဟုတ်ဘူး”

ထိုသို့ပြောသောအခါ ရဲရင့် လူအများကြီးနှင့်မနေတတ်တာမို့

“နေပါစေ အစ်မ၊ ဒီနေရာမှာက နေသားကျနေပြီ။
ပြီးတော့ အထုတ်အပိုးတွေလည်း ဟိုပြောင်း ဒီပြောင်း မပြောင်းချင်တော့လို့ပါ”

“အေး အေး အဲ့ဒါဆိုလည်း ပြီးရော မင်း ညဘက် ဘုရားရှစ်ခိုး အိပ်လား”

“ဟုတ်ကဲ့ အိပ်ပါတယ် ဒါပေမဲ့ အဆင်မပြေပါဘူး”

“အေး ဒါဆို စည်းလေးချအိပ်ကြည့် စည်းချတဲ့အခါ ဘာရွတ်ရမလဲ သိလား “

“မသိပါဘူးဗျ “

“ကဲ ဒါဆို ဒါလေး ရွတ်ပီး စည်းချ အိပ်ကြည့်” ဟု ဆိုကာ ရဲရင့် အား စာရွက်တစ်ရွက်ကို ထုတ်ပေးလေသည်။ သူမ ပေးသော စာရွက်အား ရဲရင့် တရိုတသေယူကာ ဖတ်ကြည့်လိုက်လေသည်။

(ထိုစာရွက်ထဲတွင် တွေ့ရသော ဂါထာတော်လေးအား စာရေးသူအနေဖြင့် စာဖတ်သူတို့ သိရှိစေရန် အလို့ငှာ အောက်တွင် ဖော်ပြလိုက်ရပေသည်။သိပြီးသူများ ရှိခဲ့သော် ထိုဂါထာလေး၏ စွမ်းဆောင်ပုံကို comment တွင် ရေးပေးခဲ့နိုင်ပါသည်)

စာရွက်လေးထဲမှ ဂါထာတော်အား ဖော်ပြရသော်

” ဥုံ ဗုဒ္ဓ စက်ခုံ ကိုယ်လုံးခြုံ လုံစေသော်။
ဥုံ ဓမ္မ စက်ခုံ ကိုယ်လုံးခြုံ လုံစေသော်။
ဥုံ သံဃာ့ စက်ခုံ ကိုယ်လုံးခြုံး လုံစေသော်။”

ဟူ၍ပင် ဖြစ်လေတော့သည်။

ရွတ်ဖတ် အသုံးပြုပုံမှာ ပထမဦးစွာ ထိုသို့ ရွတ်ဆိုရင်း မိမိ ခန္ဓာကိုယ်အား နေရာ ​ သုံးနေရာ ခွဲကာ စည်းချရမည် ဖြစ်သည်။

ထို့နောက် ခြင်ထောင် ထောင်အိပ်သော သူဆိုလျှင်လည်း ထိုနည်းအတိုင်း ခြင်ထောင်ကို စည်းချလို့ရပါသည်။ သို့သော်

ဉုံ ဗုဒ္ဓစက်ခုံ ကိုယ်လုံးခြုံ ” ဆိုသည့်နေရာတွင်
“ဥုံ ဗုဒ္ဓ စက်ခုံ ခြင်ထောင်တစ်ခုလုံး ခြုံ” ဟု ပြောင်းလဲ ရွတ်ဆိုရမည် ဖြစ်သည်။

ထိုမှတစ်ဆင့် မိမိအိပ်သော အခန်း ၊ မိမိနေသော အိမ်၊ မိမိနေသောအိမ်၏ ခြံသည်းရိုး စသည့်ဖြင့် ဆင့်ကဲဆင့်ကဲ ပြောင်းလဲရွတ်ဆို စည်းချနိုင်ပါသည်။

ဆက်လက်ဖော်ပြရသော် အထက်ပါ အတိုင်း
ရဲရင့် ရွတ်ဖတ် စည်းချအိပ်ကြည့်ရာ ပထမ ညတွင် တံခါးခေါက်သံနှင့် ခြေသံကြားရသေးသည်။သူ၏အမည်ကိုကား အခေါ်မခံရတော့။

ဒုတိယ ညတွင် တံခါး ခေါက်သံသား ကြားရတော့သည်။

တတိယညတွင် မည်သည့်အနှောက်အယှက်မျှ မရှိတော့ပေ ။ ထိုအခါမှ ရဲရင့်တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ဖြင့် ထိုရုံးတွင် တစ်နှစ်မျှကြာအောင် အလုပ်လုပ်ကိုင်ခဲ့လေတော့သည်။

ဤတွင် ကျနော်ရေးသားသော “ဝိဥာဥ်နိုင်ဂါထာတော်နှင့်ထူဆန်းသော ဝိဥာဥ်ခေါ်သံ “ဟု အမည်ရသော ပရလောက ဖြစ်ရပ်မှန် အဖြစ်အပျက် တစ်ခုအား အဆုံးသတ်လိုက်ရပေတော့သည်။

မှတ်ချက်။ ယခုအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်နှစ်ကျော်မျှက ဖြစ်ပျက်ခဲ့သော စာရေးသူ၏ကိုယ်တွေ့ဖြစ်ရပ် ဖြစ်ပါသည်။ထိုရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး ရုံးကို ဖော်ပြချင်ပါသော်လည်း သက်ဆိုင်ရာ၏ခွင့်ပြုချက် မတောင်းခံရသေးသောကြောင့် မဖော်ပြနိုင်တာကို
စာဖတ်သူများအနေဖြင့် သိရှိနားလည်လိမ့်မည်ဟု မျှော်လင့်မိပါသည်။သို့သော် ရန်ကုန်တိုင်းဒေသကြီး သက်န်းကျွန်းမြို့နယ် ကမာကြည်လမ်းမကြီးဘေးတွေ တည်ရှိသော ဆောက်လုပ်ရေးရုံး သုံး ခု(အတိအကျမသိပါ)လောက်ရှိသည့်အထဲတွင် ထိုအထဲမှ တစ်ခုပင်ဖြစ်သည် ဆိုတာကိုတော့ စာဖတ်သူတို့အား ဖော်ပြနိုင်ပါသည်။ စာဖတ်သူတို့ထဲတွင် ရန်ကုန်သူ ရန်ကုန်သားများ ပါသည်ဆိုပါက သက်န်းကျွန်းမြို့နယ် ကမာကြည်လမ်းပေါ်သို့ ရောက်ခဲ့လျှင် ကျနော် ပြောသော ရုံးများကို တွေ့ပါလိမ့်မည်။ဤအဖြစ်အပျက်တွင်ပါဝင်သော ရဲရင့် ဆိုသည်မှာ စာရေးသူ ကိုယ်တိုင်ဖြစ်ကာ အခြားသော အမည်များကို ကာယကံရှင်များ၏ဆန္ဒအရ အမည်လွှဲထားပါကြောင်းဖြင့် ဂါထာတော်လေးကို သတိတရ စိတ်ပူစွာပေးသော အစ်မကိုလည်း ဒီနေရာကပင် ကျေးဇူး တင်ကြောင်း ပြောကြားရင်း
နောက်ထပ်ရေးသားမည့် ဖြစ်ရပ်မှန် ဇတ်လမ်းများကို ဖတ်ရှုအားပေးဝေဖန်ပေးကြပါဦးလို့ စာဖတ်သူတို့အား တောင်းဆိုလိုက်ရပါသည်ခင်ဗျား။

✨ယခုလို ထူးဆန်းအံဖွယ်ရာတွေကို ဖြစ်ရပ်မှန်မှ ဖတ်ချင်သူတွေ ဆိုရင်တော့ စာရေးသူ၏ page ကို like & follow လုပ်ထားပီး တင်သမျှစာတွေကို စိတ်လှုပ်ရှားစွာ ဖတ်နိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျ✨

သတ္တဝါများ ကျန်းမာကြပါစေ။

🎆ရဲရင့် အဂ္ဂါ