နတ်မျက်စိမောင်စုန်

” နတ်မျက်စိမောင်စုန် “📖📖📖

 

***********************

 

ကိုမောင်စုန်ကြီးကို အဲဒီလောက်ကြီး စွမ်းလိမ့် ၊ သိလိမ့် ၊ နားလည်ဟောပြောနိုင်လိမ့်မယ်လို့ ကျွန်တော်တို့လုံးဝမထင်ဘူးဗျာ။

 

ကျွန်တော်တို့သာ မဟုတ်ဘူး။ တစ်ရပ်ကွက်လုံး ၊ တစ်မြို့လုံး ၊ တစ်ဆွေမျိုးလုံးကကို လုံးဝမထင်တာ။ ဘယ်တုန်းကမှ သူ့ကို အထင်မကြီးကြဘူး။ မလေးစားကြဘူး။

 

အခု ကြည့်စမ်း …။

 

သူ့ကြိုတင်ဟောချက် ၊ ပြောချက်တွေ မှန်လွန်းလို့ အမည်သစ်တစ်မျိုးတောင် ပေးလိုက်ကြရဲ့။

 

နတ်မျက်စိမောင်စုန်တဲ့ခင်ဗျား …။

 

▪▪▪▪▪▪▪▪▪▪

 

သူ့အကြောင်းကို သိချင်နေကြပြီပေါ့လေ။ ပြောရမှာပေါ့ဗျာ။ ဒီအဖြစ်ဆန်းမျိုးက မပြောရင် မဖြစ်ဘူးလေဗျာ။

 

သူ့နာမည်က ကိုစုန်။

အချို့က သူ့ကို ကိုမောင်စုန်လို့ ခေါ်လား ခေါ်ရဲ့။

ဦးစုန်လို့လည်း ကလေးများက ခေါ်ကြရဲ့။

သူငယ်ချင်းအသိများက ငစုန်လို့ခေါ်ရဲ့။

လူကြီးသူမများက မောင်စုန်လို့ခေါ်ရဲ့။

 

ကိုစုန်က စာပေပညာ သိပ်မတတ်ပါဘူးဗျာ။ ဘုန်းကြီးကျောင်းသား လုပ်နေရတာ။ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်ခင်ဗျ ၊ တာဝတိံသာဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးဦးသက်ရှည်ရဲ့ မွေးစားသားလို့ အများက ခေါ်ကြသပေါ့။

 

တစ်နေ့ ဘုန်းကြီးဦးသက်ရှည် နယ်မြို့တစ်မြို့ကိုကြွသွားရင်း တွေ့ခဲ့ရတာ။ သူ့မိဘများက သောင်းကျန်းသူများလက်ချက်နဲ့ သေကုန်ပြီ။

 

မောင်စုန်လည်း ကံကောင်းလို့ မသေတာရယ်။ သူ့လည်း သောင်းကျန်းသူများက သေနတ်နဲ့ပစ်သတ်ခဲ့တာ။ မသတ်ခင် ကန်ကျောက်ရိုက်နှက်လို့ ဘယ်ဘက်မျက်လုံးမရှိတော့ဘူး။ ဝမ်းဗိုက်မှာ ကျည်ဆန်ဝင်ရာတစ်ချက်နဲ့ မိဘများအလောင်းအနီး မှောက်လျက်လဲနေတာ။

 

ရဲနဲ့စစ်တပ်ရောက်လာပြီး စစ်ဆေးလိုက်တော့ မောင်စုန်ကလွဲပြီး ကျန်လူဆယ့်သုံးယောက် အသက်မရှိတော့ဘူး။

 

အဲဒါ ဆေးရုံမှာ ဆေးကုပေးလို့ အနာဒဏ်ရာပျောက်ခဲ့ပေမင့် ကြောက်လန့်စိတ်နဲ့ တစ်ချက်တစ်ချက် ထထအော်နေရရှာတယ်။

 

ဘုန်းတော်ကြီးဦးသက်ရှည်ရောက်သွားတော့ ရွာသူရွာသားများက အထီးကျန်မောင်စုန်ကို ခေါ်သွားဖို့ တိုက်တွန်းလျှောက်ထားကြရော။ အဲဒီတုန်းက မောင်စုန်က လူပျိုပေါက်လေး။

 

ရုပ်ရည်သနားကမား။ အသားဖြူဖြူလေး။ မျက်လုံးတစ်လုံးပဲ ကောင်းရှာတယ်။ ဘုန်းကြီးကိုလည်း အားကိုးရှာတယ်။ အနားကကို မခွာဘူး။

 

” မောင်စုန်…”

 

” ဘုရား…”

 

” ငါပြန်ကြွရင် လိုက်မှာလား ”

 

” မှန်…မှန်ပါ…ဘုရား ”

 

” ဘာလို့လိုက်ချင်ရတာတုံး ၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ မပျော်ဘူးလား ”

 

” ကြောက်…ကြောက်လို့ပါဘုရား ”

 

” ဟဲ့…ဘယ်သူ့ကိုကြောက်တာတုံး မောင်စုန်ရဲ့ ”

 

” လူ…လူဆိုး…ဓားပြတွေကိုပါဘုရား ”

 

” သူတို့မရှိတော့ပါဘူးကွာ။ အစိုးရတိုက်လို့ ပြေးပြီဥစ္စာ ”

 

” ကြောက်…ကြောက်နေသေးတယ်ဘုရား ”

 

” ဘယ်သူ့ကို ထပ်ကြောက်နေတာတုံးဟဲ့ ငစုန်ရဲ့ ”

 

” အမေနဲ့အဖေကိုဘုရား ”

 

” ဟေ…မင်းအဖေနဲ့အမေက မသမာသူလက်ချက်နဲ့ သေပြီလေကွာ ”

 

” မ…မသေသေးဘူးဘုရား။ ညညကျရင် တပည့်တော်အနားကို ရောက်ရောက်လာပြီး လှုပ်လှုပ်နှိုးနေတယ်ဘုရား ”

 

” ဟေ…”

 

” ဟယ်…”

 

” အလိုလေး…”

 

” ဟုတ်ရဲ့လား မောင်စုန် ”

 

” ဟုတ်မှလည်းလုပ်ပါ မောင်စုန်ရယ် ”

 

အားလုံးကလည်း ဝိုင်းမေးကြ ၊ အံ့သြကြပေါ့။

 

” အမှန်ပြောတာပါဘုရား။ တပည့်တော်တောင် မနေရဲဘူး ”

 

” အင်း…အစွဲအလမ်း…အစွဲအလမ်း…သံယောဇဉ် အစွဲအလမ်း။ သူတို့ ဒီသားအစွဲနဲ့ မကျွတ်မလွတ်ဘဝ ရောက်နေကြပြီ တူရဲလေ ”

 

ဘုန်းတော်ကြီးဦးသက်ရှည်က ဘုရားသားတော်ပီပီ ဓမ္မတရားသံဝေဂအသိနဲ့ သို့ကလိုကောက်ချက်ချပြီး ကြောက်လန့်လို့ အူတူတူ ကြောင်ငန်းငန်းဖြစ်နေတဲ့ မောင်စုန်ကို စိုက်ကြည့်ရင်းက …

 

” မောင်စုန်…”

 

” ခင်ဗျာ…အဲ…အဲ…ဘုရား…”

 

” ငါနဲ့လိုက်ခဲ့ရင် ဘုန်းကြီးကျောင်းသားလုပ်ရမှာနော် ”

 

” လုပ်ပါ့မယ်ဘုရား ”

 

” မနက်တိုင်း ဆွမ်းခံလိုက်ရမယ် ”

 

” လိုက်ပါ့မယ်ဘုရား ”

 

” ရေခပ် ၊ ထင်းခွဲ လုပ်ရမယ် ”

 

” လုပ်မယ်ဘုရား ”

 

” အမှိုက်လှဲရမယ် ၊ ကုဋီသန့်ရှင်းရေး လုပ်ရမှာ ”

 

” နေ့တိုင်း လုပ်ပါ့မယ်ဘုရား ”

 

” စာသင်ရမယ် ”

 

” သင်မယ်ဘုရား ”

 

” ရန်မဖြစ်ရဘူး ”

 

” မဖြစ်ပါဘူးဘုရား ”

 

” ဘုရား နေ့တိုင်း ရှိခိုးရမယ် ”

 

” စိတ်ချပါဘုရား ”

 

” ကိုင်း…ဒါဆို ငါပြန်ကြွရင် တစ်ပါတည်းလိုက်ခဲ့ ”

 

မောင်စုန် အရမ်းဝမ်းသာသွားသလို သူ့ဝန်းကျင်က လူများလည်း ထပ်တူဝမ်းသာသွားကြလေရဲ့။

 

▪▪▪▪▪▪▪▪▪▪

 

ဒီလိုနဲ့ မောင်စုန် တာဝတိံသာဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းသားဖြစ်လာပြီ။ ဘုန်းကြီးကျောင်းရဲ့ဝေယျာဝစ္စမှန်သမျှကို မညည်းမညူလုပ်ရှာတယ်။ ဘုန်းကြီးကျောင်းစာလည်း သင်ပေးလို့ ရေးတတ် ၊ ဖတ်တတ်ပြီ။

 

ဘုန်းကြီးကျောင်းသားဘဝတူများရဲ့ အနွံအတာကိုလည်း ခံရှာတယ်။

 

အချို့က တစ်ဖက်လပ်မောင်စုန်လို့ ခေါ်ဝေါ်နောက်ပြောင်လည်း လုံးဝစိတ်မဆိုးဘူး။ အကန်းပြောလည်း ရန်မလုပ်ဘူး။

 

ဒီလိုနဲ့ စားကောင်းသောက်ကောင်း မနက် ၊ ည စားရလို့ထင့်။ မောင်စုန် ကျန်းမာရေးပြည့်ဖြိုးလာခဲ့တယ်။

 

အချိန်ရရင် ရပ်ကွက်ထဲက အိမ်များမှာ ရေခပ် ၊ ထင်းခွဲ ၊ ခြံသန့်ရှင်းရေးလုပ်လုပ်ပေးလို့ အပိုဝင်ငွေလေးလည်း ရလာလေရဲ့။

 

ဒီမှာ မောင်စုန်ကို အရေးတယူခိုင်းလေ့ရှိတာက ဘက်ထရီမီးအိုးလုပ်ငန်းရှင် ဦးသြဘာညွန့်နဲ့ သူ့သမီးရွှန်းရွှန်းတို့ သားအဖပဲခင်ဗျ။

 

လျှပ်စစ်မီးမရှိတဲ့အိမ်များကို ဦးသြဘာညွန့်က ဘက်ထရီအားသွင်းအိုးများ နေ့စား ၊ လစား ဖြန့်သကိုး။

 

အဲဒီမှာ မောင်စုန်က အချိန်ပိုင်းလေး ဝင်လုပ်ရတယ်။ ရွှန်းရွှန်းကလည်း မျက်စိတစ်လုံးမရှိပေမယ့် အသားဖြူဖြူချောချော ဘုန်းကြီးကျောင်းသား မောင်စုန်ကို သနားတယ်။ ကရုဏာပိုရှာတယ်။

 

ဟိုနား ဒီနား စျေးသွားရင် ဆွဲခြင်းကိုင် အဖော်ခေါ်ခေါ်သွားတတ်တယ်။ ပြောရရင် ရွှန်းရွှန်းက မျက်နှာများတယ်။ ဝတ်တာစားတာ ၊ သွားလာနေထိုင်တာ အလွန်ကိုခေတ်ဆန်ရဲတင်းတယ်။ ပိုက်ဆံကလည်း သုံးဖြုန်းနိုင် ၊ ရုပ်ရည်ကလည်းချော ၊ ကိုယ်လုံးကိုယ်ပေါက်လည်း နုစိုအိဝင်းနေတော့ သူမကို ကြိုက်သူ ၊ ချစ်သူများတာ မဆန်းပါဘူး။

 

ကျွန်တော်တို့က မောင်စုန်နဲ့ရင်းနှီးတော့ ဆုံရင် မေးရော။

 

” မောင်စုန်…”

 

” ဘာတုံး ကိုမှိုင်း ”

 

” မင်းနဲ့ ရွှန်းရွှန်းနဲ့ ဖြစ်နေလား ”

 

” ဘာဖြစ်လို့လဲ ”

 

” မင်းကလည်း တုံးပါ့ မောင်စုန်ရာ ”

 

” ဖြစ်တယ်ဆိုတာ ဘာကိုပြောမှန်းမှ မသိတာဗျာ ”

 

” မင်းနဲ့ ရွှန်းရွှန်းနဲ့ ချစ်နေ ၊ ကြိုက်နေလားလို့ မေးတာဟ ဘုန်းကြီးကျောင်းသားရ။ တုံးပါ့ကွာ…”

 

” ဟာ…ကြံကြီးစည်ရာဗျာ ”

 

အဲဒီလိုမေးရင် သင်းက ရှက်လွန်းလို့။

 

” မင်းကို သွားလေရာ ခေါ်နေတာကကောကွ။ ချစ်လို့မဟုတ်ဘူးလား ”

 

” ဟုတ်ပါဘူးဗျာ…။ သူ့မှာ ရည်းစားတွေ အများကြီးဗျ ”

 

” ဘယ်သူတွေတုံးကွ။ လုပ်ပါဦး မောင်စုန်ရ ”

 

” ကောလိပ်ကျောင်းသား စိုးမြရွှေ ”

 

” ပြီးတော့ကော…”

 

” အင်ဂျင်နီယာ ကိုချစ်ဝင်းမြင့် ”

 

” ပြီးတော့ကော…”

 

” ကားပွဲစား ကိုဘတင့် ”

 

” ဒါပဲလားဟ ”

 

” ကျုပ်သိတာ ဒါပဲဗျ ”

 

” သူတို့ ဘယ်မှာချိန်းတွေ့ကြတုံး မောင်စုန်ရ ”

 

” မသိပါဘူးဗျာ ”

 

အဲဒီလောက်ပဲ မေးလို့ရတယ်။ ဒါ့အပြင် ပိုမေးလို့ မရဘူး။

 

” မောင်စုန်…”

 

” ဘာတုံးဗ် ”

 

” မင်းကော ရွှန်းရွှန်းကို မကြိုက်ဘူးလား ”

 

” မကြိုက်ရဲပါဘူး ကိုမှိုင်းရာ ”

 

” ဟ…လူလူချင်းပဲဥစ္စာ ၊ မင်းကြိုက်လို့ ရတာပဲကွ မောင်စုန်ရ ”

 

” မတန်ပါဘူးဗျာ…။ သူက သူဌေးသမီး။ ကျုပ်က ဘုန်းကြီးကျောင်းသား။ နတ်ပြည်က ပင်လယ်ကသစ်နဲ့ မြေကြီးပေါ်က နွားချေးတုံး။ တခြားစီဥစ္စာ ”

 

” ငါ့လူက အလာကြီးပါလားကွ။ မင်း စာရေးစာဆရာလုပ်ဖို့ကောင်းသကွ။ ဟား…ဟား…ဟား…”

 

အဲဒီလိုနဲ့ ဆောင်းဦးပေါက်မှာ ရွှန်းရွှန်းရော ၊ ဘုန်းကြီးကျောင်းသား မောင်စုန်ပါ အိမ်က နေရပ်ထဲက ပျောက်ခြင်းမလှ ပျောက်သွားပါရောခင်ဗျာ။

 

အဲဒါ ဖအေလုပ်သူ ဦးသြဘာညွန့်ခမျာ ရဲစခန်းကို လူပျောက်တိုင်ရ ၊ ရှာရ…။ နောက်ဆုံး သတင်းတစ်ခု ရပါရောလား။

 

ဘုရားရေ…။ အံ့သြစရာကောင်းလိုက်ပါဘိဗျာ။

ကြားရသူတိုင်း လုံးဝမယုံကြဘူး။ ဟုတ်ရဲ့လားလို့ မေးကြမြန်းကြ။ ဘာကြာလဲဗျာ…။ သတင်းကြားရတာပါပဲ။

 

သူဌေးသမီး ရွှန်းရွှန်းနဲ့ ဘုန်းကြီးကျောင်းသား မောင်စုန်နဲ့ ခိုးရာလိုက်ပြေးကြသတဲ့။

 

သူဌေးဦးသြဘာဆိုတာ နေ့စဉ် ဓားကြိမ်းကြိမ်းနေတာ။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတဲ့။ မြေလှန်ရှာတာဗျား…။ သူတို့နှစ်ဦးကလည်း ဘယ်ဆီများပုန်းနေကြသလဲ မသိဘူး။

 

တစ်နှစ်နီးပါးမျှ အချိန်ကြာမှ ရွာကိုပြန်ရောက်လာကြတယ်။ ပြန်ရောက်လာချိန်မှာ အကြင်လင်မယားအဖြစ် မဟုတ်ဘူး။

 

နှစ်ဦးသဘောတူ ကွာရှင်းပြီး ပြန်လာကြတာတဲ့။

 

မောင်စုန်က သူ့မွေးစားဘုန်းကြီး ဦးသက်ရှည်ကျောင်းကို ပြန်ရောက်လာပြီး ကြုံရာကျပန်းအလုပ်ကို လုပ်နေတယ်။

 

ရွှန်းရွှန်းက သူ့အဖေအိမ် ပြန်ရောက်ပြီး သူဌေးသမီးက သူဌေးသမီးပဲ။ ပိုတောင် ဝင်းစိုရွှန်းအိ မှည့်နေတာပဲ။

 

မောင်စုန်ကို အခေါ်အပြော လုံးဝမလုပ်တော့ဘူး။ မောင်စုန်လည်း ဒီအိမ်ကို လုံးဝအဝင်အထွက် မလုပ်ရရှာတော့ဘူး။ မောင်စုန်ဟာ အချစ်စိတ်ကြောင့်ပဲလား မသိဘူး။ ပိန်သွားရှာတယ်။ ရွှန်းရွှန်းတို့တိုက်ရှေ့ရောက်ရင် လှည့်လှည့်ကြည့်ရှာတယ်။

 

အဲဒါ သူ့အဖေဦးသြဘာညွန့်က ဓားကြိမ်းကြိမ်းနေလို့ ကြာကြာမကြည့်ရဲရှာဘူး။

 

ကျွန်တော်တို့ မောင်စုန်ကို မေးရော။

 

” မောင်စုန်…မင်းနဲ့ ရွှန်းရွှန်း တကယ်ညားခဲ့သလားဟင် ”

 

မောင်စုန်မဖြေဘူး။

 

” ဘာလို့ကွဲရတာတုံး မောင်စုန်ရာ ”

 

မောင်စုန်မဖြေပါဘူး။

 

” မင်းက ယောက်ျားမပီသလို့လား ”

 

သူ တုံဏှိဘာဝေပဲဗျ။

 

” ဆင်းရဲလို့ ရွှန်းရွှန်းက စိတ်ဓာတ်ကျပြီး ဒီကောင့်ကို ကွာရှင်းလိုက်တာ နေမှာပေါ့ ”

 

မောင်စုန်က ဘယ်သူတွေ ဘယ်လိုမေးမေး လုံးဝနှုတ်ဆိတ်လျက်ပါပဲဗျာ။

 

▪▪▪▪▪▪▪▪▪▪

 

ဟော…ရွှန်းရွှန်းမင်္ဂလာဆောင်မယ်တဲ့ခင်ဗျ။ သူမရဲ့အမျိုးသားက ရန်ကုန်မြို့က ဝပ်ရှော့လုပ်ငန်းရှင်ဆိုပဲ။ လူချမ်းသာလို့ ကြားရရဲ့။

 

ဒါနဲ့အတူ မောင်စုန်ရဲ့သတင်းကိုလည်း ပြိုင်တူကြားရရောလား။

 

မောင်စုန် ရွှန်းရွှန်းတို့အိမ်ရှေ့ကနေ ညဘက်လမ်းလျှောက်နေတဲ့သတင်း…။ ရွှန်းရွှန်းကို လာလာချောင်းတဲ့သတင်း။

 

တစ်နေ့ …

 

မှောင်ရိဖျိုးဖျ …။

 

ရပ်ကွက်တစ်ခုရဲ့ လမ်းကြားမှာ မောင်စုန်အရိုက်ခံရပါရော။ သွေးချင်းချင်းကို ရဲနေတာပဲ။ ဘယ်သူရိုက်သွားမှန်း မသိဘူး။ ဆိုင်ရာကမေးတော့ မသိဘူးပဲ ဖြေရှာတယ်။

 

သေပြီလို့တောင် ထင်ရတာ။

 

မကြာပါဘူး…။ ခေါင်းတုံးကြီးနဲ့ ၊ ချုပ်ရိုးပေါင်းများစွာနဲ့ ၊ အချိုင့်အဝှမ်းတွေနဲ့ ဆေးရုံက ဆင်းခွင့်ရခဲ့တယ်။

 

သို့သော် ဘယ်သူ့ကိုမှ မမှတ်မိတော့ဘူး။ သူ့မွေးစားဖခင် ဘုန်းကြီးဦးသက်ရှည်ကိုလည်း မမှတ်မိတော့ဘူး။ ကျွန်တော်တို့ကိုလည်း မသိတော့ဘူး။ သူ့မယားချော ရွှန်းရွှန်းကိုလည်း မသိတော့ဘူး။ ကျွေးရင်စားတယ်။ မကျွေးရင် မစားဘူး။ ဥဒဟိုလျှောက်သွားတယ်။ ကြုံရာမှာ အိပ်တယ်။

 

အဝတ်တစ်ထည် ၊ ကိုယ်တစ်ခုနဲ့ပဲ။

 

အများအားဖြင့် မြို့ပြင်ရှိ ရွှေကျီးညိုသင်္ချိုင်းမှာပဲ အနေများတယ်။ မိုးရွာရွာ ၊ နေပူပူ သင်္ချိုင်းက ဂူပေါ်မှာ တရားထိုင်သလိုထိုင်ပြီး ပုတီးစိပ်နေလေ့ရှိရဲ့။

 

အဲဒါ သူ့မွေးစားဖခင် ဘုန်းကြီးဦးသက်ရှည်က သင်္ချိုင်းစောင့် စဏ္ဍာလကြီးဦးဂွေးတောက်ကိုခေါ်ပြီး အပ်ရတယ်။

 

” ဂွေးတောက်…”

 

” ဘုရား…”

 

” မင်းတို့ရွှေကျီးညိုသင်္ချိုင်းမှာ ဦးနှောက်သိပ်မကောင်းတဲ့ လူရွယ်တစ်ယောက် ရောက်နေတယ် ”

 

” မှန်ပါဘုရား။ အမိန့်ရှိပါ ”

 

” သူ့နာမည်က မောင်စုန်တဲ့ ”

 

” မှန်ပါ…”

 

” ငါ့ရဲ့သားတပည့်ပဲ။ သူ့ကိုစောင့်ရှောက်လိုက်ပါ ”

 

” မှန်ပါဘုရား ”

 

ဦးဂွေးတောက်က ဘုန်းကြီးရဲ့မေတ္တာရပ်ခံချက်နဲ့ မောင်စုန်ရဲ့ဘဝဖြစ်စဉ်ကို ကြားသိသနားပြီး စောင့်ရှောက်ရှာတယ်။ ဘုန်းကြီးကျောင်းက ကျောင်းသားများလာပို့တဲ့ ထမင်း ၊ ဟင်းများကို ကျွေးရှာတယ်။

 

မောင်စုန် စားချင်လည်း စားတယ်။ မစားချင်လည်း မစားဘူး။ မစားတဲ့နေ့မျိုးကျရင် သင်္ချိုင်းမှာရှိသမျှ ခွေးများကို အဲဒီအစားအစာများ ကျွေးရင်ကျွေး ၊ ဒီလိုမှမဟုတ်ရင် မောင်စုန်က ဖက်ရွက်တွေခူးပြီး အုတ်ဂူတွေပေါ်မှာ တစ်ပုံစီပုံလို့ ” စားကြဟေ့။ ဒါ…ငါ့အလှူပဲကွ ” လို့ ပြောပြီး သူက အငတ်ခံပါရော။

 

မိုးရွာရွာ ၊ နေပူပူ မနက်မိုးလင်းကနေ မွန်းတည့်ချိန်အထိ အုတ်ဂူပေါ်မှာ ပုတီးထိုင်စိပ်နေလေ့ရှိတယ်။

 

အဲဒါ မိုးတွေရွာနေလို့ ဦးဂွေးတောက်က သွားပြောရတယ်။

 

” ဟေ့…မောင်စုန်။ မိုးတွေရွာနေတယ်။ လျှပ်စီးတွေလည်း လက်နေတယ်ကွာ။ သုသာန်ဇရပ်ထဲဝင်ပြီး နားခိုပါလားကွာ။ နော်…”

 

ဘယ်လိုမှပြောလို့မရဘူး။ မိုးရွာထဲမှာ ငုတ်တုတ်ထိုင်ပြီး ပုတီးကို စိပ်မြဲစိပ်နေတာပဲ။

 

ထူးခြားတာက ဖျားခြင်း ၊ နာခြင်း လုံးဝမရှိဘူး။ ညဘက်လည်း ဒီဂူပေါ် မိုးရေထဲ အိပ်ချင်အိပ်နေတာမို့ မိုးရွာရင် ဦးဂွေးတောက်က မိုးရေကာဖျင် ခပ်ကြီးကြီးနဲ့ သူ့ကိုယ်ပေါ်ကို လွှမ်းခြုံပေးရတယ်။

 

ကြာတော့လည်း ဦးဂွေးတောက် သူ့ကိုသနားရှာတာပေါ့။ ငယ်ငယ်ရွယ်ရွယ် အရွယ်ကောင်း အလွန်ချောတဲ့မိန်းမနဲ့ကွဲ ၊ အမည်မသိသူများရဲ့ ရိုက်ချက်နဲ့ ဘဝအတိတ်မေ့။ သွားချင်ရာသွား ။ ဒါပေမဲ့ အချိန်တန်ရင် သူ့ရဲ့ပြုနေကျစရဏအလုပ်နဲ့ ဒီသင်္ချိုင်းကို လုံးဝမမေ့။ မစွန့်ခွာ။

 

တစ်နေ့ …

 

မိုးကြီးလေကြီးကျပါရော။ မိုးကြိုးတွေပစ် ၊ လျှပ်စီးများလက် ၊ လေပြင်းမုန်တိုင်းကျ ၊ သစ်ပင်သစ်ကိုင်းတွေ ကျိုးလဲ။ အိမ်တွေ အမိုးများ လွင့်…။ ဝုန်းဒိုင်းကြဲနေတာရယ်။

 

ဦးဂွေးတောက် မောင်စုန် မိုးရေထဲပုတီးစိပ်နေတာကို စိုးရိမ်သွားပါရော။ ဘုန်းကြီးကလည်း စောင့်ရှောက်လိုက်ပါ ပြောထားသကိုး။ ခက်တာက မောင်စုန်က ပြောစကား နားမထောင်။ ပြောလို့ဆိုလို့ မရ။

 

ခုဟာက မုန်တိုင်း…။

 

ဦးဂွေးတောက် မိုးပေါက်များအကြား ခမောက်စုတ်ကြီးဆောင်းပြီး ဒယီးဒယိုင်နဲ့ သွားပြောခေါ်ရရော။

 

” မောင်စုန်…မောင်စုန်…”

 

” ……………………….. ”

 

” မောင်စုန်…မောင်စုန်… ”

 

လေသံမိုးသံက ဆူညံနေလို့ အသံကုန်အောင် အော်ဟစ်ခေါ်ရတယ်။ မောင်စုန် တုတ်တုတ်မျှမလှုပ်ဘူး။ ကျောက်ရုပ်လို ငြိမ်သက်ထိုင်နေလို့။

 

” မောင်စုန်…မုန်တိုင်းကျနေပြီ။ အောက်ကိုဆင်း…။ ဇရပ်ထဲမှာနေ…။ ဒီမှာ အန္တရာယ်များတယ် ”

 

အဲဒီလိုခေါ်ပြောလည်း မလှုပ်ရှားဘူး။

 

ဒါနဲ့ သူ့လက်ကိုကိုင်လှုပ်လည်း မလှုပ်ဘူး။ တောင့်တောင့်ကြီး။

 

” ဟာ…ဒီလောက်ပြောမရလည်း သေချင်သေဟာ ”

 

စိတ်က မရှည်တော့ဘူး။ ပြောလို့မရမှတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ။ သင်းကိုပစ်ထားခဲ့ပြီး မိုးခြိမ်းသံ ၊ လျှပ်စီးလက်သံများ ဆူညံနေတဲ့ကြားက ဇရပ်ရှိရာကိုအပြေး….

 

” ဂျိုင်း…”

 

” မြတ်စွာဘုရား…”

 

” ဂျိုင်း…ဂျိုင်း…ဂျိမ်း…ဒလိန်း…ဒလိန်း…”

 

မိုးကြိုးပစ်သံ နှစ်ချက်ဆင့်ပြီးကြားရလို့ လန့်ပြီး မှောက်လျက်လဲသွားရင်းက ကြောက်ကြောက်လန့်လန့်နဲ့ ကုန်းထပြီး မောင်စုန်ရှိရာကို နောက်ပြန်လှည့်ကြည့်လိုက်ရော…

 

” ဘုရား…ဘုရား…”

 

မောင်စုန် အုတ်ဂူပေါ်မှာ မရှိတော့ဘူး။ ဘယ်ရောက်သွားလဲမသိဘူး။

 

ဒီမှာ မိုးက ဝေါခနဲရွာ ၊ လျှပ်စီးကလက် ၊ မိုးခြိမ်းသံများ တရကြမ်းဆူညံနေလို့ စဏ္ဍာလကြီးဦးဂွေးတောက် မောင်စုန်ရှိရာ အုတ်ဂူကို မလှမ်းနိုင်တော့ဘူး။

 

ကိုယ့်အသက် ကိုယ်လုပြီး ဇရပ်ရှိရာကို ပြေးရတယ်။ ဇရပ်အမိုးတွေလည်း လန်ပျံလွင့်ကုန်ပြီ။ မိုးယိုနေပြီ။ ချမ်းလွန်းလို့ လူလည်း ခိုက်ခိုက်တုန်နေပြီ။

 

လိုရမည်ရဆောင်ထားတဲ့ အရက်ပုလင်းကို ခေါင်းပုံဟောင်းကြားက လှမ်းယူပြီး နှစ်ငုံ ၊ သုံးငုံ ငုံပစ်လိုက်မှ သွေးနွေးသွားလေရဲ့။

 

▪▪▪▪▪▪▪▪▪▪

 

မွန်းတည့်ချိန်ရောက်မှ မုန်တိုင်းက စဲသွားပါရော။ မုန်တိုင်းစဲမှ ကိုယ့်လူရာရှိရာကို အပြေးအလွှားသွားကြည့်လိုက်ရော…

 

မောင်စုန် အုတ်ဂူနံဘေးက ရေဗွက်ထဲမှာ တင်ပျဉ်ခွေချိတ်လျက် ၊ ညာလက်က ပုတီးကိုင်လျက် တောင့်တောင့်ကြီးလဲကျလို့…။

 

” မောင်စုန်…မောင်စုန်…”

 

” ……………………….. ”

 

” ဟေ့…မောင်စုန်…မောင်စုန်…မောင်စုန်…”

 

ခေါ်လို့လည်း မရဘူး။ လှုပ်လည်းမလှုပ်ဘူး။ လူက ရေခဲရိုက်ထားသလို တောင့်နေပြီ။ သေပြီနဲ့တူပါရဲ့။ ဒါနဲ့ တင်ပျဉ်ခွေကိုယ်လုံးကို မြေပြင်ပေါ်ဆွဲတင်လှဲထားခဲ့ပြီး ဆရာတော်ကျောင်းကို အမြန်ပြေးချလာခဲ့လိုက်တယ်။

 

လမ်းတစ်လျှောက်လုံး သစ်ပင်များ ပြိုလဲကျလို့။

 

အိမ်တော်တော်များများမှာ အမိုးမရှိကြဘူး။ လူတွေက ဓား ၊ ပုဆိန်များနဲ့ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းနေကြတယ်။ ဒါနဲ့ ဘုန်းကြီးကျောင်းကိုရောက်ရော…

 

” ဘုန်းဘုရား…”

 

” ဒကာကြီးဂွေးတောက်…ဘာအကြောင်းထူးရှိလို့လဲ ”

 

” မောင်…မောင်စုန် ခေါ်လို့မရတော့ဘူးဘုရား ”

 

” ဟေ…ဘယ်လိုဖြစ်လို့လဲ ဒကာကြီးရဲ့ ”

 

” မိုးရေမုန်တိုင်းအောက်က ဂူပေါ်မှာ ပုတီးစိပ်နေတာဘုရား။ ခေါ်လို့မရလို့ ထားခဲ့ရုံရှိသေး။ မိုးကြိုးပစ်သံ နှစ်ချက်ဆင့်ကြားလိုက်ရပြီး မောင်စုန် အုတ်ဂူပေါ်ကနေ လွင့်ကျပုံပဲဘုရား။ မုန်တိုင်းစဲလို့ ကြည့်တော့ တောင့်တောင်တောင့်နေပြီဘုရား ”

 

” ဟေ…ဖြစ်မှဖြစ်ရလေ ဒုက္ခသည် မိတဆိုး ၊ ဖတဆိုးလေးရယ် ”

 

ဘုန်းကြီးဦးသက်ရှည်ဟာ သူ့သားတပည့်ကို ကရုဏာကြီးပုံရလေရဲ့။ ရဟန်းနှစ်ပါးအကူအညီနဲ့ ရွှေကျီးညိုသင်္ချိုင်းကို လိုက်လာပြီး မောင်စုန်ကိုကြည့်တယ်။

 

” အင်း…ရေခဲတုံးလို အေးစက်နေပြီ။ သေပြီနဲ့တူရဲ့ ”

 

” သေနေပါပြီဘုရား ”

 

” သေတော့လည်း ဝဋ်ကုန်တာပေါ့ကွာ။ ဘဝဝဋ်ကြွေးကို ဒီဘဝအကျေဆပ်လိုက်တာဥစ္စာ။ အင်း…သေတာတောင် ပုတီးကိုင်လျက်ပဲကို။ သာဓု…သာဓု…သာဓု…မောင်စုန် ”

 

” ဒကာကြီးပဲ ကြည့်စီစဉ်လိုက်တော့ ”

 

” ဒီနေ့ပဲ မြေမြှုပ်သင်္ဂြိုဟ်လိုက်မယ်ဘုရား ”

 

” ကောင်းပါတယ် ဒကာကြီး ”

 

” သရဏဂုံ တင်ပေးသွားပါဘုရား ”

 

” အေး…အေး…လုပ်ကြတာပေါ့ ”

 

သည်နောက် သူ့အလောင်းကို ဦးဂွေးတောက်က မနိုင့်တနိုင်ပွေ့ယူပြီး သင်္ချိုင်းဇရပ်သရဏဂုံတင်အုတ်ခုံပေါ်မှာ ခပ်လှဲလှဲလေး တင်ထားပေးလိုက်တယ်။

 

မွေးစားဖခင်ကြီး ဘုန်းကြီးဦးသက်ရှည်က သရဏဂုံတင်ပေးလိုက်ပြီး အကျဉ်းချုံးရေစက်ချပေးလိုက်တယ်။

 

ပြီး…သူ့မွေးစားသား မောင်စုန်ရဲ့မျက်နှာကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေရဲ့။

 

အမေနဲ့အဖေကလည်း သူပုန်လက်ချက်နဲ့သေ။

အထီးကျန်တစ်ကောင်ကြွက်ဘဝ မနူးမနပ်မှာ မျက်နှာများတဲ့ မိန်းမချောတစ်ယောက်ရဲ့ မာယာနွံထဲမှာ နစ်ပြီး ရင်ကွဲပြန်ရ။

 

ရင်ကွဲလို့ အသည်းကြွေတုန်းရှိသေး။ မသမာသူရဲ့လက်ချက်နဲ့ ဦးနှောက်ပျက်သလိုဖြစ်ပြီး တရားအသိ ၊ သမထအသိလေးနဲ့ ဘဝခရီးကို လျှောက်တုန်းရှိသေး…။ မိုးကြိုးပစ်လို့ သေခဲ့ပြီ။ သွားတော့ မောင်စုန်။ မွေးလာတာ သေဖို့ သားတပည့်ရေ။

 

လူတွေဟာ နေရက်များနေလို့ သေရမယ့်တစ်ရက်ကို မေ့နေကြပေမင့် အဲဒီလို သေနေ့မေ့တဲ့စာရင်းမှာ မင်းမပါဘူးလို့ ဘဘုန်းထင်ပါတယ်။ ကောင်းရာသုဂတိဘုံသို့ လားပါစေ လူကလေး။

 

ဘဘုန်း စိတ်မကောင်းသော်လည်း တရားဓမ္မကို နှလုံးသွင်းလိုက်ရဲ့။ တည်တယ် ၊ ပျက်တယ်… အားလုံး သင်္ခါရရဲ့ သားကောင်ချည်းပဲ။

 

လူဖြစ်လာတာဟာ သေမင်းရဲ့အမဲလိုက်ခြင်း ခံရဖို့ပါပဲလေဟု ရှုရင်း ကျောင်းသို့ပြန်ခဲ့လိုက်သတဲ့။

 

▪▪▪▪▪▪▪▪▪▪

 

နောက်ဆုံး စဏ္ဍာလကြီးဦးဂွေးတောက် အလောင်းကိုသယ်လာလိုက်ပြီး ကျင်းဟောင်းတစ်ခုကို ဖော်လိုက်တယ်။

 

ကျင်းဟောင်းထဲက သစ်ဆွေးသစ်စများကို ကော်ပက်တင်လိုက် ၊ မြေကြီးမြေစာများကို ကော်ပက်တင်လိုက်လုပ်လို့ လူတစ်ယောက်ဖို့စာ ကျင်းအကြမ်းလည်းရရော…

 

လူသေကောင် မောင်စုန်ကို မြေမြှုပ်မယ်လို့ ကြည့်လိုက်ရော…

 

” အမယ်လေးဗျ…”

 

” သ…သရဲ…”

 

” တ…တစ္ဆေ…အမလေး…လုပ်ပါဦးဘုရား ”

 

ဦးဂွေးတောက် မမျှော်လင့်ဘဲ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ငယ်သံပါအောင်လန့်အော်ရင်း ဘုန်းကြီးကျောင်းရှိရာကို ခြေကုန်တင်ပြေးရပါရောဗျာ။

 

” ဘဘုန်း…ဘဘုန်း…”

 

” …………………….. ”

 

” အရှင်ဘုရား…ဘဘုန်း…”

 

” ………………………. ”

 

” ဘဘုန်းဘုရား…”

 

” ဟဲ့…ဘယ်သူတုံး။ ကျောင်းရှေ့ကနေ အော်ကြီးဟစ်ကျယ်နဲ့ ”

 

” တပည့်တော်ပါဘုရား။ စဏ္ဍာလဂွေးတောက်ပါဘုရား ”

 

” ဂွေးတောက်…ဘာဖြစ်လို့တုံး။ တစ်ကိုယ်လုံး တုန်နေတာပဲ ”

 

စဏ္ဍာလဦးဂွေးတောက် အံ့သြလွန်း ၊ ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေရဲ့။

 

” ဂွေးတောက်…”

 

” ဘု…ဘုရား…”

 

” ပြောစမ်း…။ နင်ဘာဖြစ်လာတာတုံး ”

 

” သင်္ချိုင်းကို မြန်မြန်ကြွပါဦး ဘု…ဘုရား…”

 

” ဟဲ့…ငါက ဘာကိစ္စနဲ့ နင့်သင်္ချိုင်းကို ကြွရမှာတုံးဟ”

 

” တ…တစ္ဆေ…တစ္ဆေဘုရား ”

 

” ဘယ်ကတစ္ဆေတုံး ၊ ဂွေးတောက်ရ ”

 

” မောင်စုန်တစ္ဆေဘုရား…မောင်စုန်တစ္ဆေပါဘုရား ”

 

” ဟာ…ဒီကောင်နှယ်။ ပြောစမ်းပါဦး…ပြောစမ်း…”

 

” ဒီလိုပါဘုရား…။ သူ့အလောင်းကိုမြှုပ်ဖို့ ကျင်းတူးပြီးကြည့်လိုက်ရော တုံးလုံးလဲသေနေတဲ့ မောင်စုန် ငုတ်တုတ်ကြီးထိုင်ပြီး ပုတီးစိပ်နေပါရောဘုရား ”

 

” ဟာ…ကြံကြီးစည်ရာ။ မိုးကြိုးပစ်သေလို့ သရဏဂုံတင်ပြီးဥစ္စာ ”

 

” အမှန်အကန်ပါဘုရား။ မယုံရင် လိုက်ကြည့်ပါဘုရား ”

 

” မင်းအမြင်မှောက်လို့ နေပါလိမ့်မယ် ဂွေးတောက်ရာ ”

 

” တစ္ဆေမှ တစ္ဆေအစစ်ပဲလား။ ဒါမှမဟုတ် ဒီကောင် မောင်စုန် အပမှီ ၊ ဖုတ်ဝင်သလား မသိဘူးဘုရား။ လိုက်ကြည့်ပေးပါဦးဘုရား။ တပည့်တော်ကြောက်လွန်းလို့ပါဘုရား ”

 

ဗုဒ္ဓေါ…။

 

စဏ္ဍာလတောင် တစ္ဆေကြောက်ရသတဲ့။ ကြားဖူးပေါင်။

 

ဒါနဲ့ ဘုန်းကြီးဦးသက်ရှည် ရွှေကျီးညိုသင်္ချိုင်းကို လိုက်ခဲ့လိုက်ရော။

 

” ဟိုက်…”

 

” တွေ့ … တွေ့လားဘုရား။ ဟိုမှာ …။ အဲဒါ ဖုတ်တစ္ဆေပါဘုရား ”

 

” ဟုတ်ပါ့…။ သူထိုင်နေကျ ဧရာမအုတ်ဂူပေါ်မှာ မောင်စုန်။ နေရှိရာကို မျက်နှာမူပြီး ပုတီးစိပ်လို့ပါလား။

 

သူတို့နှစ်ဦး အနားကိုတိုးကပ်ကြည့်လိုက်တော့ မောင်စုန်မှ မောင်စုန်အစစ်။ ညစ်ပေပေအင်္ကျီနဲ့။

 

” မောင်စုန်…”

 

ဘဘုန်းဦးသက်ရှည်က လှမ်းခေါ်လိုက်တယ်။ ပြန်မထူးဘူး။ ပုတီးစိပ်နေလျက်ပဲ။ ဒါနဲ့ ဘဘုန်းဦးသက်ရှည်က လက်ထဲက တောင်ဝှေးနဲ့ နောက်ကြောကိုထိုးလိုက်ရော မောင်စုန် လူးလွန့်ပြီး နောက်ကို လှည့်ကြည့်လေရဲ့။

 

” မောင်စုန်…”

 

” ဘုရား…”

 

” ဟေ…ဟုတ်သဟ။ ဟ…မောင်စုန်း။ နင် လူလား ၊ တစ္ဆေလား ”

 

” လူပါဘုရား ”

 

” လူဆို နင် ငါ့ကိုသိလား ”

 

ဒီမှာ မောင်စုန်က ဂူပေါ်ကနေ အောက်ကိုဆင်းပြီး လက်အုပ်ချီလျက်ကနေ…

 

” သိပါတယ်ဘုရား။ ဘဘုန်းဦးသက်ရှည်ပါဘုရား ”

 

” ဘုရားရေ…။ မင်း…မင်း…မသေဘူးလား မောင်စုန် ”

 

” မသပေါဘူးဘုရား ”

 

” ဟေ…ဒါ…ဒါဆို…မင်း…မင်းအသိကော ပြန်ကောင်းသွားပြီပေါ့။ ဟုတ်လားမောင်စုန် ”

 

” မှန်ပါ…။ အားလုံးကို ပြန်သတိရပါပြီဘုရား ”

 

” အလိုလေးဟဲ့…ထူးဆန်းအံ့သြစရာကောင်းလိုက်ပါဘိ မောင်စုန်ရယ်။ ငါ့တစ်သက်နဲ့တစ်ကိုယ် သေပြီး ပြန်ရှင်တာ နင်တစ်ယောက်ပဲ တွေ့ဖူးသကွယ့် မောင်စုန်ရဲ့ ”

 

ဘဘုန်းဦးသက်ရှည်ဟာ ဝမ်းသာလွန်းလို့ ရွှင်မြူးနေတာပဲ။

 

” မောင်စုန်…”

 

” ဘုရား…”

 

” သူ့ကိုသိလား ”

 

ဘဘုန်းက အနီးရှိ ပေါက်တူးကိုင်စဏ္ဍာလကြီးကို လက်ညှိုးထိုးပြလိုက်တော့…

 

” သိပါတယ်ဘုရား။ စဏ္ဍာလဦးဂွေးတောက်ပါဘုရား ”

 

” ကိုင်း…မင်းကို မိုးကြိုးပစ်တာ သိလား ”

 

” မသိပါဘူးဘုရား ”

 

” မင်း မိုးကြိုးပစ်ခံရပြီး သေသလိုဖြစ်သွားတာကွယ့် ”

 

” မြောသွားတာနဲ့ တူပါရဲ့ဘုရား ”

 

” အိမ်း…ဒါလည်း ဟုတ်တာပဲဟ။ ဒါနဲ့ မောင်စုန်…။ မင်း သေ…အဲ…အဲ…မြောသွားတော့ ဘယ်များရောက်ခဲ့လဲကွယ်။ ပြောစမ်းပါဦး ”

 

” နတ်ပြည်ကို ရောက်သွားပါတယ်ဘုရား ”

 

” နတ်ပြည်ကို…”

 

” မှန်ပါဘုရား…။ နတ်ပြည်ကိုရောက်ရော နတ်မင်းကြီးက နတ်ပြည်တစ်ထပ်ကို လိုက်ပြပါတယ်ဘုရား။ ပြီး…သူက ပြောပါတယ်ဘုရား။ ကောင်းကောင်းကျင့်ကြံပွားများပါ။ ဒါန ၊ သီလ မြဲပါ။ တစ်နေ့ မင်း ဒီနေရာကိုရောက်မယ်လို့ ပြောပါတယ်ဘုရား ”

 

” ဟုတ်ရဲ့လား မောင်စုန်ရာ။ အိပ်မက်မက်နေတာများလား ”

 

” ဒါတော့ မသိပါဘူးဘုရား ”

 

” မင်း ဘယ်လိုသက်သေပြမတုံး ”

 

” နတ်မင်းကြီးက မေးပါတယ်ဘုရား။ မင်း သူတစ်ထူးရဲ့အသက်နဲ့ အရှက်ကို ဘဝနဲ့ရင်းပြီး ကာကွယ်ပေးခဲ့တယ်။ ဘုန်းကြီးကျောင်း ဝေယျာဝစ္စများကိုလည်း ဦးလည်မသုန်လုပ်ခဲ့တယ်။ အခု လူ့ပြည်ခဏပြန်ပြီး ဒါန ၊ သီလ ဘာဝနာ ထပ်လုပ်နှင့်ဦး။ အချိန်တန်ရင် ငါတို့လာခေါ်မယ်လို့ပြောပြီး မင်းအလိုရှိရာပြောလို့ ဆိုပါရော ဘဘုန်းခင်ဗျား ”

 

” ဒီတော့ မင်းက ဘာပြောလိုက်တုံး ”

 

” ကျွန်တော်မျိုး ဘယ်ဘက်မျက်လုံး အနှိပ်စက်ခံရလို့ ကွယ်သွားပါတယ်။ အဲဒါ ပြန်မြင်ချင်ပါတယ်ဘုရားလို့ ပြောတာပေါ့ဘုရား ”

 

” ဒီတော့…”

 

” ဒီတော့ နတ်မင်းကြီးက ငါ မျက်လုံးတစ်လုံးပေးလိုက်မယ် ယူသွား…။ အဲဒီမျက်လုံးနဲ့ လူတွေရဲ့အကျိုးကို ရှေးရှုလို့ ပြောလိုက်ပြီး ဟောဒီမျက်လုံးအကန်းထဲကို မျက်စိတစ်လုံးထည့်ပေးလိုက်ပါတယ်ဘုရား ”

 

” ဟဲ့…မောင်စုန် ”

 

” ဘုရား…”

 

” နင်ကသာ နတ်မင်းကြီးက မျက်စိအသစ်တစ်လုံး ထည့်ပေးလိုက်တယ် ပြောနေတယ်။ နင့်မျက်စိတစ်လုံးက အကန်းက အကန်းပဲဟ ”

 

ဒီမှာ မောင်စုန်က သူ့ရဲ့ကန်းနေတဲ့မျက်စိကို လက်နဲ့ကိုင်ကြည့်ပြီး…

 

” ဘဘုန်း…”

 

” ဘယ့်နဲ့တုံး ”

 

” မြင်နေရပါတယ်ဘုရား ”

 

” ဟေ…”

 

” မြတ်စွာဘုရား…”

 

ကြားရသူနှစ်ဦးစလုံး အံ့သြကြရပါရောလား။ သူကသာ မြင်တယ်ပြောတယ်။ မျက်လုံးက ကန်းလို့။ ဘဘုန်းနဲ့ ဦးဂွေးတောက် တစ်ယောက်နဲ့တစ်ယောက် အထာနဲ့ကြည့်ပြီး ခေါင်းညိတ်လိုက်ကြတယ်။

 

” မောင်စုန်…”

 

” ဘုရား…”

 

” မင်း ငါ့ကျောင်းကို ပြန်လိုက်မှာလားဟင် ”

 

” မလိုက်တော့ပါဘူးဘုရား။ ဒီသင်္ချိုင်းမှာပဲ တရားကျင့်ပြီး နတ်မင်းကြီးမှာလိုက်သလို လူတွေရဲ့အကျိုးကို ရှေးရှုကူညီပါရစေဘုရား ”

 

” အိမ်း…ဒါဆိုလည်း နေပေါ့…နေပေါ့။ ဂွေးတောက်က မင်းကို လိုအပ်သမျှ အကူအညီပေးလိမ့်မယ်။ ငါ့ကျောင်းလည်း မလာဘဲမနေနဲ့။ ကြားလား…။ လာခဲ့ဦး တပည့် ”

 

” မှန်ပါဘုရား ”

 

” ငါသွားမယ် ”

 

” မှန်ပါဘုရား…။ ဘဘုန်းအလိုရှိရင် ခေါ်လိုက်ပါဘုရား ”

 

ဒါနဲ့ ဘဘုန်းဦးသက်ရှည် ရွှေကျီးညိုသင်္ချိုင်းက ပြန်လာခဲ့လိုက်တယ်။ လူကတော့ မိုးကြိုးပစ်သံကြားရပြီး ဦးနှောက်ပြန်ကောင်းသလို ရှိပုံရရဲ့။ ဒါပေမဲ့ ကျပ်မပြည့်ချင်ဘူးလို့ ကောက်ချက်စွဲပြီး လုံးဝသတိမရှိတာနဲ့စာရင် အခုအနေအထားက တော်ပါသေးရဲ့လို့ ဖြေသိမ့်လိုက်သတဲ့လေ။

 

▪▪▪▪▪▪▪▪▪▪

 

အဲ…ဆန်းပုံက သင်း မိုးကြိုးပစ်သံကြောင့် ပြန်ကောင်းစပြုလာသည့်အချိန်ကစပြီး ထူးဆန်းနေတာခင်ဗျ။

 

တစ်နေ့ …

 

သူပုတီးလည်းစိပ်ပြီးရော စဏ္ဍာလကြီးဦးဂွေးတောက်ရှိရာကို ပေါက်ချလာပါရော။

 

” မောင်စုန်…လာဟေ့။ ပဲပြုတ်ဆီဆမ်းနဲ့ ရေနွေးကြမ်းမြည်းကွာ ”

 

” ဦးဂွေးတောက်…”

 

” ဘာတုံး မောင်စုန်ရ ၊ ထိုင်လကွာ…”

 

မောင်စုန်က အားရင် ဦးဂွေးတောက်ကို ဝိုင်းကူလုပ်ပေးနေလို့ ဦးဂွေးတောက်လည်း အဖော်ကောင်းရပြီး ဝမ်းသာနေတာပေါ့ဗျာ။

 

” ဦးဂွေးတောက်…ကျုပ်ကို တစ်ခုကူညီပါဗျာ ”

 

” ပြော…မင်းဘာစားချင်လို့လဲ ”

 

” မစားချင်ပါဘူးဗျာ။ ဒီမှာ ခင်ဗျား သူဌေးသမီး ရွှန်းရွှန်းကိုသိလား ”

 

” မင်းနဲ့ညားဖူးတဲ့ သူဌေးသမီးကို ပြောတာလား ”

 

” ဟုတ်တယ်လို့ ပြောကြပါစို့ဗျာ ”

 

” ဟုတ်ရင် ဟုတ်တယ်ပေါ့ကွာ။ ဘယ့်နှယ်…ဟုတ်တယ်လို့ ပြောကြပါစို့လဲကွ။ ဘာလဲ…ငါက ချိန်းပေးရမှာလား။ ပြော…”

 

” ခင်ဗျား သူ့အိမ်ကို အရောက်သွားလိုက် ၊ ရောက်ရင် ရွှန်းရွှန်းအခုလက်ထပ်မယ့်သူနဲ့ ရေလမ်းခရီးသွားဖို့အစီအစဉ်ကို ဖျက်လိုက်ပါ။ ဆက်သွားရင် အသက်အန္တရာယ်ရှိတယ်လို့ ကျုပ်ကပြောလိုက်တယ်လို့ အခုပြောပေးဗျာ ”

 

” မောင်စုန်…ဖြစ်…ဖြစ်ပါ့မလား ငါ့လူရာ ”

 

” ဘာလို့မဖြစ်ရမှာလဲဗျ ”

 

” ငါက စဏ္ဍာလ ၊ မင်းကောင်မလေးက သူဌေးသမီး။ အိမ်ထဲကော ဝင်လို့ရမှာလား။ ငါ့လိုလူကိုကော စကားပြန်ပြောမှာလားကွ မောင်စုန်ရ။ စဉ်းစဉ်းစားစားလုပ်ပါ ငါ့လူရာ ”

 

” ဖြစ်ပါတယ်ဗျာ…။ ကျုပ်လွှတ်လိုက်တယ်လို့သာပြော။ ဒီနေ့ ပြောဖြစ်အောင်ပြောနော် ဦးဂွေးတောက် ”

 

” သိပ်အရေးကြီးနေလို့လား ငါ့တူရာ ”

 

” ကြီးလို့ ခင်ဗျားကို အမြန်သွားခိုင်းတာပေါ့ဗျ ”

 

” ဒါဆို ငါ့လူသွားလိုက်ပါလားကွာ။ တစ်ချိန်က ကိုယ်မယားဖြစ်ခဲ့ဖူးဥစ္စာ ”

 

” အခု ကျုပ်မယား မဟုတ်တော့ဘူးဗျ ၊ သူများမယား ဖြစ်တော့မှာ ”

 

” သူများမယား ဖြစ်နေမှန်းသိရင် ငါ့လူသံယောဇဉ်ဖြစ်မနေနဲ့လား။ ကင်းကင်းရှင်းရှင်းနေပြီး ကိုယ့်စရဏနဲ့ကိုယ် …”

 

” ဒီမှာဦးဂွေးတောက်…။ တဏှာရာဂ သံယောဇဉ်စိတ်ကြောင့် ခင်ဗျားကိုပြောခိုင်းတာ မဟုတ်ဘူး။ သူ့အသက်ရော…ပြီး…အိုဗျာ…ဟိုလူ့အသက်ကိုပါ ကယ်ချင်လို့ … ကယ်ချင်လို့ …”

 

” ဒါဆို ငါမသိလို့ ရှင်းရှင်းဘွင်းဘွင်းမေးပါရစေ ငါ့လူရာ။ အဲဒီခရီးကို သွားခဲ့ရင် သူဘာဖြစ်မှာမို့လဲကွယ် ”

 

” သူတို့သေလိမ့်မယ်ဗျ ”

 

” ဘာ…ရွှန်းရွှန်း…မင်းမယား သေလိမ့်မယ်။ နေပါဦး…။ သူ ရေလမ်းခရီးနဲ့ သွားမယ်ဆိုတာ မင်းဘယ်လိုလုပ်သိသလဲ။ သွားရင် သေမှာကော မင်းက အတိအကျပြောနိုင်လို့လား ”

 

” ဦးဂွေးတောက်…ကျွန်တော့်ကိုခင်ရင် အမြန်သာသွားပြောလိုက်ပါဗျာ။ အဲဒီလိုပြောပေးရင် ခင်ဗျားကို ကျုပ် ရွှေလက်စွပ်တစ်ကွင်းရအောင် ကူညီမယ်ဗျာ ”

 

” မောင်စုန်…မင်း…မင်း…တကယ်ပြောတာလားဟင် ”

 

” ဟုတ်တယ် ”

 

” မင်း ငါ့ကို မပတ်နဲ့နော် ”

 

” စိတ်ချပါဗျာ။ ရွှေလက်စွပ်မှ ကျောက်နီရွှေလက်စွပ် ရရစေမယ်ဗျာ ”

 

” ကိုင်း…ဒါဆို လေယာဉ်ပျံငှားပြီး သွားပြီ ကိုယ့်လူရေ ”

 

ဦးဂွေးတောက် ရွှေကျီးညိုသင်္ချိုင်းကနေ အမြန်နှုန်းနဲ့ ပြေးချလာခဲ့လိုက်လေရဲ့။

 

သူဌေးဦးသြဘာညွန့်ရဲ့ ခြံရှေ့ကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာ အကြိမ်မနည်းဘူး။ ရွှန်းရွှန်းဆိုတဲ့မိန်းကလေး ထွက်လာတာလည်း တွေ့ရပေါင်။

 

ဒီလိုနဲ့ ကုက္ကိုပင်အောက်မှာထိုင်နေတုန်း ဝတ္ထုစာအုပ်အငှားဆိုင်ကနေ ထွက်လာနေတဲ့ ရွှန်းရွှန်းကိုတွေ့ရော ဦးဂွေးတောက် ဝမ်းသာအားရနဲ့ အနီးပြေးသွားလိုက်ပါရော။

 

” ရွှန်းရွှန်း…”

 

” ရှင်ဘယ်သူတုံး ”

 

အဝတ်အစားညစ်ညစ်ပေပေနဲ့ သူ့ကို ရွှန်းရွှန်းက ရွံရှာစက်ဆုပ်ဟန်နဲ့ကြည့်ပြီး မေးပါရော။

 

” ဟို…ဟို…”

 

” ဘာဟိုလဲ…။ သူတောင်းစားရုပ်ကများ…။ ဟွန်း…”

 

” ဒီ…ဒီလိုပါ…။ ဟို…ဟိုလေ…မောင်စုန်လွှတ်လိုက်လို့ပါ ”

 

” မောင်စုန်…မောင်စုန်…ဟုတ်လား ”

 

” ဟုတ်တယ် ”

 

” ဒီမှာ…မောင်စုန်နဲ့ကျွန်မ ဘာမှမပတ်သက်တော့ဘူးရှင့် ”

 

” နေ…နေပါဦးကွယ်။ သူက အရေးကြီးစကားတစ်ခွန်း အမှာပါးလိုက်လို့ လာပြောရတာပါ။ ခဏလေး ”

 

” ဘာစကားမို့လို့လဲ။ ပြော…မြန်မြန်ပြော ”

 

” ဟို…ဟို…ငါ့တူမကြီးတို့ သွားမလို့ကြံရွယ်စီစဉ်ထားတဲ့ ရေလမ်းခရီး မသွားလိုက်ပါနဲ့တဲ့။ အစီအစဉ်ဖျက်လိုက်ပါတဲ့ ”

 

” ရှင်…”

 

သူမ ကြားရသည့်စကားကြောင့် အလွန်အံ့သြသွားတာရယ်။

 

” ဘာ…ဘာဖြစ်လို့လဲ။ သူ…သူ…ဘယ်…ဘယ်…ဘယ်လိုလုပ်ပြီး…သိ…သိ…”

 

” သွားခဲ့ရင် ညည်းအသက်သေဆုံးလိမ့်မယ်တဲ့ ”

 

” အို…အဓိပ္ပါယ်မရှိဘူး။ သွား…သွား…သွား…”

 

သူမဟာ ဦးဂွေးတောက်ကို ရွံရှာစက်ဆုပ်သလိုကြည့်ပြီး ချာခနဲလှည့်လို့ သူမရဲ့အိမ်ရှိရာကို ပြေးဝင်သွားလေရဲ့။

 

▪▪▪▪▪▪▪▪▪▪

 

ဝါဆိုလပြည့်နေ့က အလွန်ကြေကွဲစရာကောင်းတဲ့ သတင်းဆိုးတစ်ခုကို အားလုံးကြားလိုက်ရပါလေရောဗျာ။

 

ရွှန်းရွှန်းရယ် ၊ သူနဲ့မကြာခင်လက်ထပ်တော့မယ် သူဌေးလောင်းရယ်…ဟို…ကျောက်တန်းမြို့တောင်စူးစူးက မီးပြဆိုတဲ့ရွာကိုသွားလို့ မှော်ဝန်းချောင်းကိုအကူး အရှိန်နဲ့ဝင်လာတဲ့ စက်တပ်ပဲ့ထောင်နဲ့ သူမတို့ စင်းလုံးငှား ပဲ့ချိတ်သမ္ဗန် တိုက်မိပြီး မှော်ဝန်းချောင်းမှာပဲ ရေနစ်လို့ နှစ်ဦးစလုံးသေသွားကြလေရဲ့။

 

နောက်ဆုံး…

 

အဲဒီသတင်းဆိုးမဖြစ်စေဖို့ မောင်စုန်ဆိုသူ ရွှန်းရွှန်းရဲ့ကွာလင်က ကြိုတင်သတိပေးလိုက်တဲ့ သတင်းကလည်း စဏ္ဍာလဦးဂွေးတောက်ရဲ့ အာချောင်မှုနဲ့ အားလုံးသိကုန်ပြီမို့ အံ့သြကုန်ကြပါရော။

 

မောင်စုန် ဒီကိစ္စ ဘယ်လိုကြောင့် ကြိုသိရသလဲ။

 

အဲဒါ မေးခွန်းဖြစ်ကုန်ပါရော။

 

အချို့က မောင်စုန်ကို လာမေးလား မေးကြရဲ့။

 

နောက်ဆုံး မောင်စုန်က ရိုးသားစွာဖြေလိုက်လေရဲ့။ သူတရားထိုင်နေစဉ် မျက်လုံးထဲမှာ သူမတို့နှစ်ဦး ရေနစ်သေတဲ့ အာရုံနိမိတ်ကိုမြင်လို့ ကြိုကြိုတင်တင် လိုရမည်ရ တားမြစ်သတိပေးရတာပါတဲ့။

 

ဒီလိုကြားရတော့ လူအတော်များများက သင်္ချိုင်းကုန်းမှာနေတဲ့မောင်စုန်ကို အံ့အံ့သြသြဖြစ်သွားကြပါရော။

 

ဒီတော့မှ စဏ္ဍာလကြီးဂွေးတောက်လည်း မောင်စုန်ရဲ့ အာရုံနိမိတ်အစွမ်းကို စတင်နားလည်စပြုလာလေရဲ့။

 

မောင်စုန်ကတော့ စိတ်မကောင်းဘူးပေါ့။

 

” မောင်စုန်…”

 

” ခင်ဗျာ…”

 

” ဦးလေးတစ်ခုမေးပါရစေ ငါ့တူရာ ”

 

” မေးပါ ဦးဂွေးတောက် ”

 

” မင်း ရွှန်းရွှန်းကို ချစ်ခဲ့သလားဟင် ”

 

” ချစ်တယ် ”

 

” ချစ်ရင် ဘာလို့ကွာရှင်းခဲ့ရတာလဲ ”

 

” သူတောင်းဆိုလို့ပါဗျာ ”

 

” မင်းတို့က ခိုးရာလိုက်ပြေးတဲ့ အကြင်လင်မယား မဟုတ်ဘူးလား ”

 

” ဦးဂွေးတောက်ရယ်…။ ကျွန်တော်က သူမကို မြင်ပါများ ၊ ရင်းနှီးပါများလို့ တစ်ဖက်သတ်ချစ်ခဲ့ရတာပါ။ အမှန်က ရွှန်းရွှန်းက ကျွန်တော့်ကို နည်းနည်းမှမချစ်ပါဘူး ”

 

” ဒါဆို ဘာလို့ ခိုးရာလိုက်ပြေးကြတာတုံးဟ ”

 

” သူမရဲ့ အရှက်တစ်ခုကြောင့် ကျွန်တော့်ကို ခုတုံးလုပ် အသုံးချသွားတာ။ ဒီအကြောင်းတွေ မသိချင်ပါနဲ့တော့ဗျာ။ သူမလည်း သူမရဲ့အကြောင်းတရားနဲ့သူမ ကွယ်လွန်သွားခဲ့ပါပြီဗျာ။ သူမရဲ့ဂုဏ်သိက္ခာကိုငဲ့ပြီး လျှို့ဝှက်ချက်ကို ကျွန်တော်မပြောပါရစေနဲ့။ ဒီဇာတ် ၊ ဒီအလွမ်းကို ဒီနေရာမှာပဲ ပြည်ဖုံးကားချလိုက်ကြပါစို့ ”

 

” အေးပေါ့လေ…။ ကံ ကံ၏အကျိုးကို ကံပြုလုပ်သူသာ ခံစားကြရစမြဲလို့ တို့ဘုရားရှင် ဟောထားသားပဲ။ ဒါနဲ့ မောင်စုန်…။ မင်းကို ငါအံ့သြတယ် ငါ့လူရာ ”

 

” ဘာဖြစ်လို့…”

 

” မင်း ဒီအကြောင်းကို အတိအကျပြောနိုင်လို့ကွ ”

 

” နိမိတ်ကိုဗျ…။ အချို့နိမိတ်များက သက်ရောက်အားပြင်းတယ်။ အဲဒါကို ဂရုစိုက်နိုင်ရင် အန္တရာယ်ကင်းတာပါပဲလေ ”

 

” မောင်စုန်…မင်း ငါ့ကို ကတိပေးထားတာ ရှိသေးတယ်လေကွာ ”

 

” ဘာများပါလိမ့်ဗျာ ”

 

” မင်းမိန်းမကို သွားပြောပေးပြီးရင် လက်စွပ်တစ်ကွင်းရမယ်ဆိုတာလေကွာ ”

 

” သြော်…ဒါလား။ လိုချင်လို့လား ”

 

” ဟ…လိုချင်တာပေါ့ဟ ”

 

” စဏ္ဍာလနဲ့ ရွှေလက်စွပ်နဲ့ ဘာဆိုင်လို့လဲဗျာ။ ခင်ဗျားကလည်း…”

 

” ငါ့လူရာ…။ ရွှေစငွေစလေးများ ရှိထားရင် ကုသိုလ်ကောင်းမှုပြုချင်လို့ပါ မောင်ရာ။ စဏ္ဍာလအလုပ်ကို ဘယ်သူလုပ်ချင်မှာလဲကွာ။ အတိတ်ဘဝက ဒါန ၊ သီလ ၊ သမထ ၊ ဘာဝနာ အားနည်းလို့ ခုဘဝမှာ အနိမ့်ကျဆုံးအလုပ်ကို လုပ်နေရသမို့လားကွာ။ ဒီဘဝမျိုး အထုံရေစက် နောင်မပါရအောင် ခုဘဝ ကံသင့်တုန်းလေး ကုသိုလ်ကောင်းမှုလုပ်ချင်လို့ပါ ”

 

” ဦးဂွေးတောက်ရာ…။ ဒီအလုပ်ကလည်း စေတနာထားပြီးလုပ်ရင် ကုသိုလ်ရတဲ့အလုပ်ပါ။ ခင်ဗျား မရွံမရှာလုပ်ပေးတဲ့ စေတနာရဲ့ကံအကျိုးကို ခင်ဗျားခံစားရတော့မှာပါ။ ကိုင်း…ခင်ဗျား အခု ဘာလုပ်ချင်လဲ ”

 

” သံဃာငါးပါးလောက် ဆွမ်းကပ်ချင်တယ်ကွာ ”

 

” ခင်ဗျား ဒီနေ့ကစပြီး ဘုရားရှိခိုးလို့ အဓိဌာန်ဗျား။ သုံးရက် အဓိဌာန်လိုက်။ သုံးရက်စေ့တဲ့နေ့ ခင်ဗျားရွှေလက်စွပ်တစ်ကွင်းရလိမ့်မယ် ”

 

” ဘယ်လိုလုပ်ရမှာလဲ င့ါလူရာ။ ဟင်…”

 

” အဓိဌာန်ကိုသာလုပ်ဗျာ။ စိတ်ရော ၊ ကိုယ်ပါ လုပ်နော် ”

 

” ရမှာပါနော် ”

 

” ရမှာပေါ့ဗျ ”

 

” ဘယ်နားက ရမှာလဲဟင် ”

 

” မြေကြီးထဲက ”

 

ဒါနဲ့ စဏ္ဍာလကြီးဦးဂွေးတောက် သုသာန်ဇရပ်က ပုံလောင်းရုပ်ပွားရှေ့မှာ သုံးရက်တိုင်တိုင် အဓိဌာန်ဝင်၊ ဘုရားရှိခိုး ၊ ပုတီးစိပ်လေရဲ့။ သံဃာတော်ငါးပါး ဆွမ်းဒါနပြုရသည့်ကုသိုလ် ရရပါလို၏လို့လည်း ဆုတောင်းအဓိဌာန်လေရဲ့။

 

သုံးရက်စေ့သည့်နေ့မှာ နာရေးကိစ္စတစ်ခုအတွက် ကြာမြင့်လှပြီဖြစ်သည့် မြေပုံကျင်းဟောင်းတစ်ခုကို ပြန်လည် ဖော်တူးခဲ့တယ်။

 

ပေါက်တူးချက်တစ်ချက်မှာ ပစ္စည်းတစ်ခုကို သွားထိခတ်မိပါရော။ ပစ္စည်းက ဆွေးမြည့်လုအရိုးများအကြားမှာ ခပ်ဝင်းဝင်းလေး။ အလို…ကောက်ယူပြီး မြေကြီးရွှံ့စေးများကို သုတ်သင်ဖယ်ရှားလိုက်ရော…

 

ကျောက်နီရွှေလက်စွပ်တစ်ကွင်း။

 

ဘုရားရေ…။

အံ့ရောဟဲ့…။

 

သူ လက်စွပ်ကိုကိုင်ပြီး တရားထိုင်နေတဲ့ မောင်စုန်ရှိရာကို ပြေးသွားလို့ လှုပ်နှိုးပြီး ပြလိုက်လေရဲ့။

 

” မောင်စုန်…မောင်စုန်…”

 

” ………………………… ”

 

” ခဏရပ်လိုက်ပါဦး မောင်စုန် ”

 

” ……………………….. ”

 

” ဒီ…ဒီမှာကြည့်စမ်း မောင်စုန် ”

 

” ရပြီမဟုတ်လား ”

 

” မင်း…မင်းပြောတဲ့အတိုင်း ငါ…ငါ…ကျင်းဟောင်းထဲကနေ လက်စွပ်တစ်ကွင်းရပြီမောင်စုန်…သိလား။ ဝမ်းသာလိုက်တာ မောင်စုန်ရာ ”

 

” ဦးဂွေးတောက်…”

 

” ဘာတုံး ငါ့…ငါ့တူကြီးရာ…ဟင်…ဟင်လို့ ”

 

ပစ္စည်းရရော ချက်ချင်း အခေါ်အပြောပြောင်းသွား၏။

 

” မြေပုံကျင်းထဲက ရွှေလက်စွပ်ရခဲ့ပြီဆိုတော့ မူလသေသူကိုပါ ရည်စူးပြီး ခင်ဗျားလှူချင်တဲ့အလှူကို လှူပေတော့ ဦးဂွေးတောက်ရ ”

 

” မောင်စုန်…”

 

” ဘာတုံးဗျာ…။ ကျုပ်အလုပ်ပျက်မယ်ဗျ ”

 

” ငါ…ငါ….မင်းလိုလူကို ထူးဆန်းလွန်းလို့ နာမည်အသစ်တစ်ခုပေးချင်တယ် ငါ့လူရာ “

 

” ဘာနာမည်တုံးဗျ ”

 

” မင်း မိုးကြိုးပစ်ခံရပြီး မြောနေတုန်းက မင်းနတ်ပြည်ရောက်ခဲ့တယ်လို့ ပြောသမို့လား ”

 

” ဟုတ်တယ်။ ပြောဖူးတယ် ”

 

” အဲဒီအိပ်မက်စကားနဲ့အညီ မင်းကို လိုက်ဖက်တဲ့ နာမည်အသစ် ပေးချင်တာက နတ်မျက်စိ…”

 

” ဘာဗျ….။ နတ်မျက်စိ…ဟုတ်လား ”

 

” အေး…ဒီနေ့ကစ မင်းကို နတ်မျက်စိမောင်စုန်လို့ ခေါ်တော့မယ် ငါ့လူရေ…ခေါ်တော့မယ်ကွ။ ဟား…ဟား…ဟား…ဟား…”

 

ရွှေကျီးညိုသင်္ချိုင်းကုန်းသည် အနိဌာရုံရပ်ဝန်းဖြစ်ပါသည်။ သို့သော် သည်ရပ်ဝန်းမှာလည်း သူတို့စေတနာကံအကျိုးပေးများနဲ့ စရဏအားကောင်းပြီး ကံပါကောင်းနေကြလေရဲ့။

 

ဒီနေ့ သင်္ချိုင်းမှာ ငိုသံမကြားရပါ။

ရယ်မောသံများနဲ့ ရွှန်းစိုဝင်းလက်နေသည်။

 

နောင်အခါ နတ်မျက်စိမောင်စုန်၏ ထူးဆန်းအံ့ဖွယ် ဟောချက် ၊ ဖြစ်ချက်များကို ကျွန်တော် ဖြစ်ရပ်မှန်အတိုင်း ဆက်လက်ရေးသားသွားပါဦးမည်။

 

စာရေးသူ_မောင်ညိုမှိုင်း(သန်လျင်)အားလေးစားလျက်