နန်းကျော့ရှင်နှင့် သမန်းကျားကျိန်စာ

နန်းကျော့ရှင်နှင့် သမန်းကျားကျိန်စာ(စ/ဆုံး)

————————————-

ဇီးပင်ကုန်း ရွာလေးသည် အလွန်စည်ကားသိုက်မြိုက်လှသော မြို့မကျ ရွာမကျသည့် ရွာလေးတစ်ရွာဖြစ်ချေသည်။အိမ်ခြေ (၃၀၀)ကျော်ခန့်ရှိပြီး
အရှေ့အနောက် နှစ်ပိုင်းခွဲထားသည်။ထူးခြားသည်ကား အရှေ့ပိုင်းသည် ကုန်းမြေဖြစ်ပြီး အနောက်ပိုင်းသည် ရေပေါ်အိမ်ဆောက်နေသူများဖြစ်ကြ၏။ထိုအချက်ကြောင့်ပင် နိုင်ငံခြား ခရီးသွားဧည့်သည်များ စည်ကားကာ ဝင်ငွေပေါများပြီး ဖွံ့ဖြိုးတိုးတက်ကာအလှူအတန်းလည်း ရက်ရောကြသည့် ဇီးပင်ကုန်းရွာဟု တစ်ခွင်လုံးတွင် ထင်ကြားကျော်ကြားလေသည်။

ဇီးပင်ကုန်းရွာ၏ ရွာသူကြီးမှာ ဦးဘမြိုင်ဖြစ်သည်။ရွာသူကြီးဟုဆိုသော်လည်း အသက်အားဖြင့်၄၀ခန့်သာဖြစ်ပြီး လူပျိုကြီးတစ်ဦးလည်းဖြစ်သည်။ကျောင်းဆရာတစ်ဦးဖြစ်ခဲ့သူပီပီ ဗဟုသုတကြွယ်ဝသူဖြစ်ကာ ဘက်မလိုက်ဘဲ မှန်ကန်စွာဆုံးဖြတ်တတ်သောကြောင့် ဩဇာညောင်းကာ တစ်ရွာလုံး၏ လေးစားချစ်ခင်ခြင်းကို ပိုင်ဆိုင်ထား‌၏။အသက်၄၀ဟုဆိုသော်လည်း လူငယ်အလား သန်မာဖျတ်လတ်ကြံ့ခိုင်သည်။အသားညိုညို ထောင်‌ကောင်းကောင်းနှင့် ကျန်းမာရေးလည်းလိုက်စားသူမို့ အရွယ်တင်နုပျိုကာ အသက်၄၀ဟုပင် မထင်ရချေ။သို့သော် ဦးဘမြိုင်မှာ ဇီးပင်ကုန်းရွာဇာတိသားမဟုတ်ချေ။အသက်၂၅နှစ်ခန့်တွင် နယ်ပြောင်းဖြင့် တာဝန်ကျသည့်ကျောင်းဆရာဘဝမှ ကံကြမ္မာအလှည့်အပြောင်းများကြောင့် ဇီးပင်ကုန်းရွာ၏ ရွာလူကြီးတစ်ဦးဖြစ်ခဲ့တော့သည်။

လွန်ခဲ့သော (၁၅)နှစ်ခန့်…

“ကဲရွာသူရွာသား အားလုံးကိုခေါ်လိုက်ရတာက ဒီကဆရာလေးနာမည်က ဆရာလေးမောင်ဘမြိုင်တဲ့ ကျုပ်တို့ရွာမှာ မူလတန်းပြကျောင်းဆရာအဖြစ်တာဝန်ကျတယ် အားလုံးဆရာလေးလိုအပ်တာမှန်သမျှကို ဝိုင်းဝန်းကူညီနိုင်အောင် အသိပေးလိုက်တာပဲ”

“ကျုပ်တို့ရွာကိုရောက်လာတာပဲ ကျုပ်တို့တာဝန်ကျေစေရပါ့မယ်”

“ဟုတ်ပါတယ် ဒီကဆရာလေး‌လည်း လိုအပ်တာကို တောင်းဆိုနိုင်ပါတယ် ကျုပ်တို့အတတ်နိုင်ဆုံး ကူညီပါ့မယ်”

“ခုလိုမျိုး ကျွန်တော့ကိုကြိုဆိုပေးတဲ့အတွက် ဝမ်းသာပါတယ်
အဓိကက နယ်တွေမှာဖြစ်တတ်တဲ့ပြဿနာမှာ ကလေးတိုင်းကျောင်းမတက်နိုင်ကြဝာာပါပဲ
ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ကျွန်တော်နဲ့တိုင်ပင်ဆွေးနွေးပြီးကလေးတွေရဲ့ပညာရေးကိုတိုးတက်အောင် မြေတောင်မြှောက်ပေးဖို့ပါပဲ”

“ဒါတော့ စိတ်ချဆရာလေးရေ ကျုပ်တို့ရွာတည်တာ နှစ်၆၀ကျော်ပြီ ပညာရေးကိုအဓိကဦးစားပေးခဲ့လို့သာ ဒီလိုအခြေနေလေး‌ရောက်လာခဲ့ကြတာ ကဲအားလုံးရပ်ရွာကောင်းကျိုးအတွက်ကြိုးစားကြတာပေါ့”

ဆရာလေးဘမြိုင်ရဲ့ ရွာသူရွာသားတွေအပေါ်မှာထားတဲ့သံယောဇဉ်ဟာ တဖြည်းဖြည်းကြီးမားလာခဲ့သလို ရွာသူကြီးကိုယ်တိုင်ကပင် မွေးစားသားအဖြစ်ထားရှိခဲ့ခြင်းကြောင့်ပင် ရွာသူကြီးဆုံး‌တော့ ဆရာလေးဘမြိုင်လည်းရွာသူကြီးအဖြစ်ကိုရောက်ရှိခဲ့၏။ကျောင်းဆရာအဖြစ်မှနှုတ်ထွက်ခဲ့ကာ ဆရာလေးဘမြိုင်၏ အုပ်ချုပ်မှုအောက်တွင် ရွာလေးသည် တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းဖြစ်သည်။

@@@

‌ မောင်ဓနုသည် အင်းခရိုင်နယ်တွင် နာမည်ကျော်ကြားသည့်မုဆိုးတစ်ဦးဖြစ်ချေသည်။ဘိုးဘွားအဆက်ဆက် မုဆိုးများဖြင့်၍ ဓနုသည်လည်းငယ်စဉ်ကတည်းက တောလိုက်မုဆိုးဖြစ်ကာ အင်းခရိုင်နယ်အနီးဆယ်ရွာ တစ်ခွင်တွင် မုဆိုးဓနုဟုလူသိများလေသည်။

ဓနုမှာ နစ္စဓူဝတောထဲတွင်သာအချိန်ကုန်လေ့ရှိသည်။မနက်ဝေ‌လီဝေလင်းတွင် အိမ်မှထွက်ကာ ထောင်ထားသည့်ထောင်ချောက်များအားလိုက်၍စစ်ဆေးသည်။လက်ထဲတွင် လေးမြှားနှင့် တစ်ခုတည်းသော မိသားစုအမွေပစ္စည်းဖြစ်သည့် တူမီးသေနတ်ကို ကိုင်ဆောင်လေ့ရှိသည်။တူမီးသေနတ်မှာ ဘိုးဘွားအစဥ်အဆက်များမှ သားဦးယောက်ျားလေးများကိုလက်ဆင့်‌ကမ်းပေးသည့် အမွေပစ္စည်းဖြစ်သည့်တိုင် တူမီးသေနတ်အား အလေးအနက် တရိုတသေကိုင်ဆောင်ကြ၏။ဓနုသည်လည်း တူမီးသေနတ်အား မိဘအမွေသက်မဲ့ပစ္စည်းဟုသဘောမထားဘဲ မိဘကဲ့သို့ပင် သဘောထားလေ့ရှိသည်။

ဓနု၏မုဆိုးသက်တမ်းတစ်လျှောက်တွင်လည်း သားကောင်များရွေးချယ်ရာတွင် သားပေါက်ကလေး များနှင့် ကိုယ်ဝန်ရင့်မာဖြစ်နေသည့်သားကောင်များကို ဖမ်းမိသော်လည်းလွှတ်ပေးမြဲဖြစ်သည်။မုဆိုးဖြစ်သော်လည်း နှလုံးသားနုသည့်မုဆိုးဟုဆိုရပေမည်။

‌မနက်ဝေလီဝေလင်းမှ ထွက်လာလိုက်တာ နေမြင့်သည်အထိ ထူးခြားစွာသားကောင်တစ်ကောင်မှမရချေ။သို့သော် မုဆိုး နှာခေါင်းဖြင့် သွေးညှီနံ့ပြင်းပြင်းအားရသည်မို့ လက်ထဲရှ်ိ တူမီးသေနတ်အားအသင့်အနေအထားကိုင်ထားသည်။

“အီ..ဝေါင်”

ချစ်စရာ ကျားပေါက်ကလေးတစ်ကောင်မှာ ဒဏ်ရာဖြင့်သွေးများထွက်ကာ အော်ဟစ်ငြီးငြူနေခြင်းဖြစ်သည်။ကျားပေါက်လေးမှာ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေပြီး သွေးထွက်လွန်ကာ သေမည်ဆိုး၍ ဆေးရွက်အချို့ကိုဒဏ်ရာတွင်လိမ်းကာ အိမ်သို့ခေါ်ယူလာလိုက်တော့သည်။ဒဏ်ရာများပျောက်ကင်းမှသာ ပြန်လွှတ်မည်စိတ်ကူးကာ ကျားအန္တရာယ်ကာကွယ်ရန် အနံ့အသက်များကို အနံ့ပြင်းဆေးရွက်များဖြင့် ဖုံးအုပ်ကာခေါ်ဆောင်ခဲ့သည်။

“မုဆိုးကြီး ဓနု ထူးထူးဆန်းဆန်းကျားပေါက်လေးကိုဖမ်းလာတာလား”

“မဟုတ်ပါဘူးဗျာ ကျုပ်မသွားခင်‌သားကောင်ကြီးတစ်ကောင်ဝင်မွှေသွားပုံပဲ ဒီနေ့သားကောင်မရခဲ့ဘူး ဒဏ်ရာရနေတဲ့ကျားပေါက်လေးပဲတွေ့တာနဲ့ ဆေးကုပြီးပြန်လွှတ်ပေးမှာပါဗျာ”

“ဒါ့ကြောင့်လည်း အသည်းနုတဲ့မုဆိုးဓနုလို့ကျော်ကြားတာပေါ့”

“မနောက်ပါနဲ့ဗျာ အရီးလေး ကို သားကောင်မရခဲ့ဘူးပြောပေးပါဦးဗျာ ကျုပ်အခုရက်တောလိုက်ခဏနားဦးမယ်လည်းပြောခဲ့ပေးပါ”

“အေးအေး ပြောလိုက်မယ်”

ဓနုလည်း ကျားပေါက်ကလေးနှင့်အချိန်ကုန်လာခဲ့သည်။တဖြည်းဖြည်းသံယောဇဉ်တိုးကာ ပြန်မလွှတ်နိုင်ဘဲ ကျားပေါက်ကလေးကိုမွေးစားထားချေတော့၏။တစ်နေ့တွင် ကျားပေါက်ကလေးမှာ ပျောက်ချင်းမလှပျောက်သွားတော့သည်။လိုက်ရှာသော်လည်းမတွေ့သည်မို့ ဓနုစိတ်ထဲတွင် တောထဲပြန်ဝင်သွားသည်ထင်ကာမေ့မေ့လျော့လျော့ပဲနေလိုက်ချေသည်။

@@@

“ဆရာမနန်းကျော့ သမီးညီမလေးကို သတိရတယ်”

“စုလိပ်ပြာ သတိရပေမယ့်လည်း အချိန်တိုင်းသွားတွေ့နေလို့မရဘူး”

“သမီးသိပါတယ် ဒီတိုင်းသတိရမိရုံပါ ဒီညလည်း အဓိဌာန်နောက်ဆုံးညမို့ ပြောမိတာ”

“ဒီည တရားထိုင် ပုတီးစိပ်တဲ့အခါ သတိထားရမယ် စိတ်ကိုမလွှင့်သွားစေနဲ့ သတိကပ်ထား မနက်ဖြန်တို့တွေ ခရီးဆက်စရာရှိသေးတယ်”

“ဟုတ်ကဲ့ဆရာမနန်းကျော့….”

ဆရာမနန်းကျော့ရှင်နှင့် စုလိပ်ပြာတို့ ပုပ္ပါးဝောာင်ခြေ‌တွင်တရားကျင့်ကြံသည့် ၄၅ရက်ပြည့်ညဖြစ်သည်။အဓိဌာန်နောက်ဆုံးညဖြစ်သည်မို့ အနှောင့်အယှက်သည့်ပေါ်လာမြဲပင်။

လေအေးများ စုလိပ်ပြာမျက်နှာကိုတစ်ချက်ရိုက်ခတ်သွားသည်နှင့်တစ်ပြိုင်နက် အာရုံစူးစိုက်မှုတွင် ညီမဖြစ်သူကိုသတိရစိတ်များခြုံလွှမ်းသွားဝော့ာသည်။

“ညီမလေး မမကို အရမ်းသတိရတာပဲ ညီမလေးတစ်ယောက်တည်းအရမ်းကြောက်လို့ လာခေါ်ပါနော်”

“ညီမလေး မမ လည်း သတိရပါတယ်”

“ညီမလေးကြောက်တယ်မမ ….ညီမလေးကိုလာခေါ်ပါနော်”

“မမလာပြီ….”

ညီမဖြစ်သူက်ို သတိရစိတ်နှင့်ပင် အရိပ်နောက်ကို စုလိပ်ပြာလိုက်လာမိတော့သည်။ပုံရိပ်သည် တဖြည်းဖြည်းမီးခိုးငွေ့များကြား ပျောက်ကွယ်သွားသည်။

“ညီမလေး ညီမလေးဘယ်မှာလဲ”

“မမအရှေ့မှာလေ”

“ဘယ်မှာလဲမမ မတွေ့ဘူး”

“စုလိပ်ပြာ အာရုံစုစည်းစမ်း စုလိပ်ပြာ”

“ဆရာမနန်းကျော့ သမီးညီမလေးတစ်‌ယောက်တည်းကြောက်နေလို့ကယ်ပါဦး”

“စုလိပ်ပြာ သမီးရဲ့အာရုံကိုသေချာပြန်စူးစိုက် ခု မြင်နေရတာတွေက အစစ်အမှန်တွေမဟုတ်ဘူး စိတ်ကိုပြန်စုစည်း”

ဆရာမနန်းကျော့စကားကြောင့် စုလိပ်ပြာ နေရာတွင်ထိုင်ချလိုက်သည်။စိတ်ထဲတွင် ဝင်သက်ထွက်သက်ကိုမှတ်နေတော့သည်။အတန်ကြာမှ အမှောင်ထုသည် လင်းလတ်လာခဲ့သည်။‌

“ဆရာမနန်းကျော့”

“ဂုဏ်ယူပါတယ်တပည့် စိတ်ရဲ့အမှောင်ထုကို ကျော်လွှားနိုင်ခဲ့လို့ ဒါပေမယ့် ဆရာမသာသတိမပေးရင်မလွယ်ဘူး နောက်ဆို သင်ခန်းစာအဖြစ်အမြဲမှတ်ထားရမယ်နော်”

“ဟုတ်ကဲ့ တပည့်မှတ်ထားပါမယ်”

“ကဲ ကိုယ်လက်သန့်စင်ပြီးနေထွက်တာနဲ့ခရီးဆက်ကြတာပေါ့ ဆရာမရဲ့မိတ်ဆွေတစ်ဦးကိုသွားတွေ့ရမယ်”

“ဟုတ်ကဲ့ဆရာမ….”

@@@

သီတင်းကျွတ်အခါ သမယ ဆီမီးတစ်ထောင်ပူဇော်ပွဲအား ဇီးပင်ကုန်းရွာတွင် ကျင်းပရန်ပြင်ဆင်နေကြတော့သည်။ပွဲတော်နည်းပါးသည့်နေရာများဖြစ်၍ သီတင်းကျွတ်ပွဲတော်သည် အစည်ကားဆုံးနှင့် ဇီးပင်ကုန်ရွာ၏ ဝင်ငွေအများဆုံးရသည့်ပွဲတော်ပင်ဖြစ်သည်။ရွာနီးခြောက်စပ်မှန်သမျှ ဤပွဲတော်လည်းလာရောက်ကြသည်။ထို့ကြောင့်ပင် အနယ်နယ်အရပ်ရပ်မှ အငြိမ့်သဘင် မျက်လှည့်ဆက်ကပ်ပညာရှင်များလာရောက်ပြသ‌ကြသည်။

“သူကြီးရေ ကျုပ်တို့ရွာက မြို့ကြီးကျနေတာပဲ ဖွံ့ဖြိုးတိုးတက်လာတာအံ့ဩစရာပဲဗျာ”

“ကျွန်တော်လည်း ခုလိုရွာလေးသာယာဖွံ့ဖြိုးတိုးတက်လာတာပဲဝမ်းသာပါတယ်”

“ဒါသူကြီးရဲ့ ကျေးဇူးတွေပါပဲ”

“မဟုတ်တာ အားလုံးရဲ့စည်းလုံးညီညွှတ်မှုကြောင့်ပါ
ကဲကဲ ပွဲတော်ရက်မှာကာလသား‌တွေမင်းတို့ အသောက်အစားတော့လျှော့ကြ ရွာနာမည်မပျက်စေနဲ့”

“စိတ်ချပါသူကြီး….”

“ဗျို့သူကြီးဆီ ဧည့်သည်လာတယ်”

“ဘယ်သူတွေတုန်း…”

” နန်းကျော့လေ”

“‌နန်းကျော့ မတွေ့တာကြာပြီ ဘယ်လိုများစုံစမ်းပြီးရောက်လာတာလဲ”

“ကဲကဲ အားလုံးလုပ်စရာရှိတာလုပ်ကြတော့ ဒီကတစ်ယောက်ကဆရာမနန်းကျော့ရှင်တဲ့ နယ်လှည့် ပယောဂကု ဆေးကုနေတဲ့သူပဲ”

“ဆရာမနန်းကျော့တဲ့ နာမည်ပဲကြားဖူးတာ တကယ့်ကို‌နာမည်ဂုဏ်သတင်းနဲ့လိုက်ပါ့ပေ့”

“ခုမှခရီးပန်းလာတော့ အေးဆေးနားပါစေ အကုန်လုံးအလုပ်ဆက်ကြဦး မနက်ဖြန်ညပွဲတော်ကြီး သေချာဂရုစိုက်ကြ”

“ဟုတ်ကဲ့သူကြီး….”

ရွာသူရွာသားများလည်း လူစုခွဲကာ ကိုယ်စီအလုပ်များလုပ်ကိုင်ကြတော့သည်။ဆီမီးထွန်းရန် မီးပုံးများ ဖောင်များကိုပြင်ဆင်ကြ၏။

“ကဲ ဘယ်လိုအကြောင်းထူးတွေရှိလို့လဲ”

“မရှိပါဘူး လူတစ်ယောက်ကသူ့ရဲ့ကတိကိုတည်နေတာသိရလို့ လာနှုတ်ဆက်တာ ဒါကကျွန်တော့တပည့်မ စုလိပ်ပြာ အဖိုးကတော့ဆုံးပါးသွားတာကြာပါပြီ”

“သတင်းတော့ကြားလိုက်တယ် အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ခဲ့ဘူး”

“ရပါတယ် ဒီမှာကျင်းပတဲ့ပွဲတော်ကစည်ကားတယ်လို့ကြားတယ် ကျွန်တော့တပည့်ကို ခဏလောက်ပေးပျော်လိုက်ဦးမယ် ဒါနဲ့ စိတ်ထဲမှာ ခံစားချက်တွေသိပ်မကောင်းဘူး”

“အင်း အတူတူပါပဲ ခုရက်ထဲမှာ ပြဿနာကြီးတစ်ခုခုလာတော့မယ်လို့ခံစားမိနေတယ် ကဲပါ အေးဆေးနားကြနော် မနက်ဖြန်ညကျ ဇီးပင်ကုန်းရွာအလှကိုကြည့်ကြပေါ့”

“ကောင်းပါပြီ”

@@@

သီတင်းကျွတ်လပြည့်ည လပြည့်ဝန်းကြီးသည် ပုံမှန်ထက် ထိန်ထိန်သာနေတော့သည်။လရောင်အောက်တွင် ဆီမီးထွန်းညှိ့ပူဇော်သူများ မီးပုံးလွှတ်နေသူများဖြင့် စည်ကားနေတော့သည်။လူအများ၏ စူးစိုက်မှုကို ခံနေရသည်‌က ဆက်ကပ်အဖွဲ့ပင်။ပုံမှန်ထက်မတူဘဲ ကျားနှင့်သရုပ်ပြမည်ဆိုသောကြောင့် လူများစိတ်ဝင်စားနေကြသည်။

“အားလုံးစောင့်မျှော်နေကြတဲ့
ကျားနဲ့လူရဲ့ မီးဝိုင်းကျော်ကစားကွက်ကို ကစားပြမှာပဲဖြစ်ပါတယ်”

ချစ်စရာကျားပေါက်လေးသည် မီးကွင်းအား ခုန်ကျော်ပြလိုက်သည့်မို့ လူများလက်ခုပ်ဩဘာများတီးခတ်ကြ၏။ထိုစဉ်ပွဲထဲမှ ဆူညံသံထွက်ပေါ်လာခဲ့သည်။

“ဒီကျားက ကျုပ်ရဲ့ကျား ကျုပ်ကိုပြန်ပေး”

မုဆိုးဓနုသည် သူမွေးထားသည့်ကျားအားမှတ်မိ၏။ကျား‌လေး၏ ခြေထောက်ဒဏ်ရာသည်လည်း အရှင်းမပျောက်သေးပေ။အချင်းချင်းခိုက်ရန်ပွားကာ လုရင်း ကျားလေးရေထဲသို့ကျသွားတော့သည်။

“သူကြီး ဆက်ကပ်ပွဲမှာရန်ဖြစ်နေကြတယ်”

ရန်ပွဲဆိုသည့်စကားကြောင့် သူကြီးဘမြိုင်လည်း ဆက်ကပ်ပွဲသို့ အမြန်လျှောက်လာခဲ့သည်။ဆရာမနန်းကျော့လည်းအတူလိုက်ပါလာ၏။

ကျားပေါက်လေးလည်း မုဆိုးဓနုအားမှတ်မိ၏။ မုဆိုးဓနုနားကပ်လာတော့သည်။

“ဘယ်လိုဖြစ်ကြတာလဲ”

“သူကြီး ကျုပ်ရှင်းပြမယ် ခုအခြေနေမကောင်းဘူး ရွာသူရွာသားအားလုံးကိုလူစုခွဲဖို့ပြောပေးပါ”

“သူကြီးလည်း ဓနုလက်ထဲရှိကျားပေါက်လေးအားကြည့်ကာ အခြေနေကိုနားလည်၍ လူစုခွဲခိုင်းလိုက်တော့သည်”

ဓနုလည်းအကြောင်းစုံအားရှင်းပြလိုက်သည်။ကျားပေါက်လေးတွင် လိမ်းထားသည့် အနံ့များပျယ်သွားပြီမို့ ကျားပေါက်လေး၏ အဖေအမေများရောက်ရှိလာမည်ကိုကြိုတင်သိ၍ဖြစ်သည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ရာမှ တိရစ္ဆာန်များ၏ အော်မြည်သံများကြားရသည်။ဤသည်များ ကျားတို့သည် တောဘုရင်သကဲ့လို့ ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်။သားစောဖြင့် ဒေါသမာန်ဟုန်ပြင်းစွာရောက်ရှိလာသော ကျားအထီးနှင့်ကျားမနှစ်ကောင်သည် အရွယ်ပမာဏအတော်ကြီးသည်။ဓနုလည်း ကျားပေါက်လေးအား လွှတ်ပေးလိုက်သော်လည်း ဒေါသမီးအရှိန်အဟုန်ဖြင့် မုဆိုးဓနုအားခုန်အုပ်ရန်ပြင်ဆင်လိုက်သည်။
ကျားပေါက်လေးကို သူ‌ကိုယ်တိုင်ခေါ်ခဲ့သည်မို့ ဓနုလည်းပြန်လည်တုံ့ပြန်ခြင်းမပြုချေ။ထိုအချိန်မှာပဲ….

“ဝေါင်း…”

ကျားတစ်ကောင်သည် ဓနုရှေ့မှ ကာကွယ်လိုက်ခြင်းဖြစ်သည်။

“ဘုန်း…”

နှစ်ကောင်အားနှင့်မယှဉ်နိုင်၍ ကျားမှာ လဲကျသွားကာ လူတစ်ဝက် ကျားတစ်ဝက်အသွင်ပြောင်းသွားတော့သည်။ထိုကျားမှာ သူကြီးဘမြိုင်ဖြစ်သည်။ဘမြိုင်မှာ ကျားဘဝမှ နှစ်များစွာကျင့်ကြံအားထုတ်ခဲ့ရာ လူ့ဘဝကိုရရှိခဲ့ပြီးနောက် ကျိန်စာကြောင့် သမန်းကျားအသွင်သို့ရောက်ရှိခဲ့သည်။နန်းကျော့နှင့် အဘိုးတို့၏ တွေ့ဆုံမှုတွင် လူသားအသွင်အဖြစ်နှင့်သာ နေထိုင်မည်ဆိုသော ကတိကြောင့် သမန်းကျားကျိန်စာအားပိတ်လှောင်ပေးခဲ့ခြင်းဖြစ်သည်။ဓနုအားကျားခုန်‌အုပ်မည့်အရေးမှ ကာကွယ်လိုစိတ်ကြောင့် သမန်းကျားကျိန်စာသည်တစ်ဖန်ပေါ်ပေါက်လာတော့သည်။

ဆရာမနန်းကျော့လည်း တောစောင့်တောင်စောင့်နတ်များပင့်ကာ တောင်ပိုင်နတ်မင်း၏ စီးတော်ကျားဖြင့် ခြောက်လန့်လိုက်၍ ကျားထီးနှင့်ကျားမလည်း ကျားပေါက်ကိုခေါ်ကာ‌အဝေးသို့ထွက်သွားတော့သည်။

ထိုအချိန်မှာပဲ ရွာသူရွာသားများထွက်လာတော့သည်။
ဘမြိုင်၏ နေဝင်ချိန်လည်းနီးလာပြီဟုဆိုရမည်။သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော ဘမြိုင်အား တခြားသူများမှာ ကြောက်စိတ်များဖြင့်ကြည့်နေ၏။နန်းကျော့မှာ ဘမြိုင်အားထူကာ…

“ဘမြိုင်ကတစ်ရွာလုံးအပေါ်ကောင်းခဲ့တယ် သူဒီနေ့ထိ ဘယ်သူ့အပေါ်မှ ထိခိုက်နာကျင်စေခဲ့ခြင်းမရှိဘူး ဘာလို့ သူ့ကိုကြောက်နေကြတာလဲ”

နန်းကျော့ဒေါသစိတ်များ သနားစိတ်များရောယှက်နေ သည်။နန်းကျော့စကားကြောင့် ရွာသူရွာသားများလည်း သူကြီးဘမြိုင်အားထွေးပွေ့ကာငိုယိုကြတော့သည်။

“ကျေးဇူးတင်ပါတယ်နန်းကျော့
မင်းအဘိုးနောက်ကို ငါလိုက်သွားတော့မယ်…”

ဘမြိုင်ကျိန်စာမှ အပြီးတိုင်လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။နန်းကျော့တို့လည်း ဘမြိုင်၏ နားရေးအပြီးတွင် ဇီးပင်ကုန်းရွာမှ ထွက်ခါ နောက်တစ်နေရာသို့ခရီးဆက်တော့သည်။မုဆိုးဓနုလည်း မုဆိုးဘဝကိုစွန့်ကာ သာသနာ့ဘောင်သို့ဝင်ရောက်သွားခဲ့လေသည်။

ပြီးပါပြီ

#စုသစ္စာ(ဓနုဖြူ)
စိတ်ကူးပုံဖော်သည်#

၁၇-၁၁-၂၀၂၂