နာနာဘာဝကိုစိန်ခေါ်မိသူ

“နာနာဘာဝကို စိန်ခေါ်မိသူ*📖📖

           ဖြစ်ရပ်မှန်(စ•ဆုံး)
~~~~~~~~~~~~~
ကုက္ကိုကုန်းရွာမှ ထွန်းထွန်းနှင့် ငမင်းတို့သည် အလွန်ချစ်ခင်ကြသော သူငယ်ချင်းများ ဖြစ်ကြသည်။ အသက်အရွယ်မှာ (၂၀)ကျော်ဝန်းကျင်ခန့် ရှိကြပြီး အရက်သောက် ကြက်တိုက်ကြရာတွင်လဲ ဝါသနာတူကြသဖြင့် အမြဲတမ်း တစ်တွဲတွဲ ရှိနေတတ်ကြသည်။

မည်သည့်အရာကိုမျှ မကြောက်ကြပဲ
တဇွတ်ထိုး သမားများဖြစ်ကြလေသည်။
ထိုသို့ဖြင့် ထွန်းထွန်းမှာ ဘေးရွာမှ ကောင်မလေးတစ်ယောက်နှင့် အိမ်ထောင်ကျသွားပြီး ထိုကောင်မလေး၏
ရွာသို့ လိုက်၍နေလေသည်။

သို့သော်လဲ
သူငယ်ချင်း ငမင်းနှင့် အဆက်အသွယ်မပျက်။ ငမင်းက ညနေတိုင်းလိုလို အရက်နှင့် ကြက်တစ်ကောင်ကိုဆွဲပြီး ထွန်းထွန်းတို့ လင်မယားရှိရာ ရွာသို့လာရောက်ပြီး
ကြက်ကို ချက်ပြုတ်၍ အရက်နှင့် စားသောက်လေ့ရှိသည်။ ရွာထိပ်တွင် ညောင်ပင်ကြီးတစ်ပင်ရှိပြီး သဘက်ကြီး
တစ်ကောင်ရှိသည်ဟုဆိုကြသည်။ သို့သော် ငမင်းက ကြောက်လန့်ခြင်းမရှိ။ကြောက်လဲ မကြောက်တတ်။

     တစ်နေ့ ညနေစောင်းတွင် ငမင်းသည်
အရက်ဆိုင်သို့သွား၍ အရက်တစ်ပိုင်းမှာသောက်ကာ အရက်နှစ်လုံးဝယ်ပြီး
ကြက်တစ်ကောင်ကိုဆွဲ၍ ထွန်းထွန်းတို့လင်မယားရှိရာ ရွာသို့ထွက်လာခဲ့လေသည်။ အရက်တစ်ပိုင်းသောက်ထားသဖြင့်
ရီဝေဝေဖြစ်နေလေသည်။

ရွာထိပ်ရှိ ညောင်ပင်ကြီးအောက်သို့ ရောက်သောအခါ ညောင်ပင်ပေါ်မှ မဲမဲအကောင်ကြီးတစ်ကောင်ဆင်းလာသည်ကို တွေ့လိုက်ရသဖြင့် ကြည့်လိုက်ရာ အမွှေးအမျှင်များဖြင့် ပြည့်နေသော အကောင်ကြီးကို တွေ့လိုက်ရသည်။ ထိုအကောင်ကြီးမှ ငမင်းလက်ထဲမှ ကြက်ကို လက်ညှိုးထိုးပြပြီး တောင်းနေလေသည်။

“ဘာလဲ ကြက်သားစားချင်လို့လား”

ဟု ငမင်းက မေးလိုက်ရာ မဲမဲအကောင်ကြီးက ခေါင်းညိမ့်ပြလေသည်။ သူတို့ အရက်နှင့်မြည်းဖို့ ယူလာသည့် ကြက်ကိုလာတောင်းနေသဖြင့် ငမင်းဒေါသထွက်သွား၏။ နဂိုကတည်းကလဲ မကြောက်တတ် အရက်လဲသောက်ထားသဖြင့် ငမင်းမှာ သွေးကြွနေပြီး မဲမဲအကောင်ကြီးကို

“ကြက်က အစိမ်းပဲရှိသေးတယ် စားချင်ရင် ခဏစောင့် ငါချက်ပြီး လာပို့ပေးမယ်”

ဟု ပြောလိုက်ရာ မဲမဲအကောင်ကြီးမှ ခေါင်းညိမ့်ပြပြီး ညောင်ပင်ပေါ်သို့ ပြန်၍
တက်သွားလေသည်။ ငမင်းလဲ ထွန်းထွန်းတို့အိမ်သို့ ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။ထွန်းထွန်းတို့ အိမ်သို့ရောက်သောအခါ အရက်နှစ်လုံးနှင့် ကြက်ကို ပေးလိုက်ပြီး

“ဟေ့ကောင်ထွန်းထွန်း မင်းရဲ့ဓား ငါ့ကို
ခဏပေးစမ်း ပြီးရင် အဲ့ဒီကြက်ကို ချက်ထားလိုက်”

“ဟာ မင်းဖြစ်လာတာလဲ ဘယ်သူနဲ့ ပြသနာဖြစ်လာလို့လဲ”

“မဖြစ်ပါဘူးကွ ခဏလေး မင်းကြက်ချက်ထားလိုက် ငါပြန်လာခဲ့မယ်”

ငမင်းက ပြောပြောဆိုဆိုနှင့် ဓားကိုဆွဲ၍
ရွာထိပ်ဖက်သို့ ပြန်၍ ထွက်သွားလေရာ ထွန်းထွန်းမှာ ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့လေပြီး

“ဟာ ဒီကောင် ဘယ်သွားပြန်တာလဲ မသိဘူး”
ဟု တွေးရင်း ငမင်း ယူလာသည့် ကြက်ကို
ချက်ရန် ပြင်ဆင်နေလိုက်သည်။
**********
ငမင်းမှာ ဓားကိုဆွဲပြီး ညောင်ပင်ကြီးဆီသို့ သွားလေသည်။ အချိန်မှာမှောင်ရီပျိုးစ
အချိန်။ ညောင်ပင်ကြီးဆီသို့ ရောက်သောအခါ

“ဟေ့ကောင်သရဲ မင်းကြက်သားစားချင်တယ်ဆို လာစားလေ”

ငမင်းက ပြောလိုက်ရာ ချက်ချင်းပင်
ညောင်ပင်ပေါ်မှ သရဲက ဆင်းလာလေသည်။ ငမင်းလဲ ထိုသရဲကို ဓားဖြင့် ခုတ်လေသည်။ ငမင်း၏ ဓားချက်များက
သရဲကို ခုတ်မိသော်လဲ ဖွဲအိတ်ကြီးကို
ခုတ်မိသည့်အလား ဖြစ်နေလေသည်။
ထိုအခါ သရဲကြီးမှ ငမင်းအား နပန်းလုံး
လေရာ ငမင်းလဲ လက်ထဲမှဓားကို လွှင့်ပစ်
လိုက်ပြီး သရဲကြီးကို ပြန်လည်၍ နပန်းလုံး
လေတော့သည်။ သရဲကြီးက အပေါ်ရောက်လိုက် ငမင်းက အပေါ်ရောက်လိုက်နှင့် လုံးထွေးနေကြသည်မှာ နှုတ်ခါနီး
ပျိုးခင်းတစ်လုံး ကျွဲနှစ်ကောင် ခတ်ထားသည့်ပမာ မွမွကြေနေလေတော့သည်။
*********
ထွန်းထွန်းတို့ လင်းမယားမှာလဲ ကြက်ကို ခုတ်ထစ်ချက်ပြုတ်ရင်း ငမင်းအလာကို စောင့်နေကြသည်။ ထိုအချိန်မှာ ထွန်းထွန်း၏ နားထဲသို့
“သူငယ်ချင်းရေ ကယ်ပါဦး”
ဟူသော ငမင်း၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ကြက်ခုတ်သည့် ဓားမကို ဆွဲပြီး
ငမင်းထွက်သွားရာ ရွာထိပ်ဖက်သို့ အပြေးတစ်ပိုင်းဖြင့် ထွက်လာခဲ့လေတော့သည်။ရွာထိပ်နားသို့အရောက်တွင် လယ်ကွင်းများဆီမှ

‘ဝုန်း ဝုန်း ဘုတ် ဘုတ် ဖျော’

အသံများကို ကြားလိုက်ရသဖြင့် အပြေးသွား၍ ကြည့်လိုက်ရာ ငမင်းမှာ လယ်ကန့်
ထဲတွင် တစ်စုံတစ်ယောက်နှင့် နပန်းလုံးနေ
ပမာ အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ ထွန်းထွန်းက ငမင်းတစ်ယောက်ထဲကိုသာ မြင်ရပြီး ငမင်းနှင့် နပန်း
လုံးနေသည့် သူကို မမြင်တွေ့ရပေ။ ထို့ကြောင့် ဓားဖြင့်လဲ ဝင်၍မခုတ်ရဲပဲ လယ်ကန်သင်းပေါ်မှ ကြောင်၍ ကြည့်နေမိ
လေသည်။ ငမင်းမှာ အသဲအသန်လုံးထွေးနေတုန်းပင်။ ထိုသို့ဖြင့် (၁၅)မိနစ်ခန့်လောက် အကြာတွင် ငမင်းမှာ လုံးထွေးနေရာမှ ရပ်တန့်သွားလေသည်။ သူ့တစ်ကိုယ်လုံးလဲ ရွှံ့ညွန်များဖြင့် ပေကျံနေပြီး
မောဟိုက်နေလေသည်။ ထွန်းထွန်းလဲ
ငမင်းအနားသို့ ပြေးသွားပြီး

“ဟေ့ကောင်ငမင်း မင်းဘာတွေဖြစ်နေတာလဲ ဘယ်သူနဲ့ နပန်းလုံးနေတာလဲ”

ထွန်းထွန်း၏ အမေးကို မဖြေနိုင်။ မောပန်းလွန်းဖြင့် သူ့ရင်ဘတ်မှာ ဖားဖိုကဲ့သို့ ဖြစ်နေရင်း အသက်ကို အသဲအသန်ရှူနေရလေသည်။ ခဏမျှအကြာတွင်

“ဟူး မော  မောလိုက်တာကွာ”

ဟု မပီမသပြောရင်း ပစ်လဲကျသွားလေတော့သည်။ ထွန်းထွန်းလဲ စိုးရိမ်သွားပြီး

“ငမင်း ငမင်း ဘာဖြစ်တာလဲ”

ဟုမေးရင်း အနားသို့ ပြေးသွားပြီးကြည့်လိုက်ရာ ငမင်းမှာ မျက်ဖြူလန်နေပြီး အသက်မရှိတော့ပေ။

“ဟာ လုပ်ကြပါဦးဗျာ လာကြပါဦး ဒီမှာ
ငမင်း ခေါ်လို့မရတော့ဘူး”

ထွန်းထွန်း၏ အော်သံကြောင့် ပတ်ဝင်းကျင်မှ လူများရောက်လာကြပြီးသည်။
မွမွကြေနေသော စပါးခင်းနှင့် တစ်ကိုယ်လုံး ရွံ့နွံများလူလျက် မျက်ဖြူလန်ကာ အသက်ပျောက်နေသော ငမင်းကို တွေ့လိုက်ကြရသဖြင့် အားလုံး အံ့အားသင့်သွားကြရ၏။

“ဟာ”

“ဟင်”

“ဘယ်လိုဖြစ်ရတာလဲ”

“ကျွန်တော်လဲ မသိပါဘူးဗျာ ကျွန်တော့အိမ်ကိုလာပြီး အရက်နဲ့ ကြက်ချက်ခိုင်းခဲ့ပြီး ဓားဆွဲထွက်သွားတာ ကြာနေလို့ စိတ်ပူနေရင်း အော်သံကြားလို့ လာကြည့်တော့
အခုလို ဖြစ်နေတာပဲဗျာ”

“ဟာ တယ်မိုက်တဲ့ ကလေးတွေပဲ နာနာဘာဝကို သွားပြီးရန်ရှာကြတာကိုး
သူ့ပိုင်နက်ကို သွားပြီး သူ့ကိုရန်မူမှတော့
ဒုက္ခနဲ့တွေ့ပြီပေါ့ ကဲကဲ အခုမှတော့ ဘာမှမတတ်နိုင်တော့ဘူး လုပ်စရာရှိတာ လုပ်ကြရအောင်ဟေ့ အလောင်းတင်ဖို့ စင်ဆောက်ကြ သူ့မိဘတွေဆီ အကြောင်းကြားဖို့ သွားတဲ့သူတွေက သွားကြ”

လူကြီးများ ရောက်လာပြီး ပြောဆိုကြသဖြင့် ထွန်းထွန်းနှင့် ရွာသားများမှာ
ငမင်း၏ နာရေးအတွက် ပြင်ဆင်ကြလေတော့သည်။
ထိုအချိန်မှစ၍ ထွန်းထွန်းမှာလည်း
ယခင်ကကဲ့သို့ မဆိုးမိုက်ရဲတော့ပဲ နေဝင်သည်နှင့် အိမ်ပေါ်မှ မဆင်းရဲတော့ပေ။
*********
ကိုဖြိုး(ကျိုက်လတ်)