နာရီပြန်တစ်ချက်တီး

နာရီပြန်တစ်ချက်တီး(စ/ဆုံး)

—————————

“ဖိုးမောင်ရေ ဒီညတော့မင်းဂျူတီကျတယ်ဟေ့”

အလုပ်သမားလိုင်းခန်းလေးအတွင်း ဦးလေးသောင်က ပြောရင်း လိုင်းခန်းအတွင်းသို့ဝင်လာလေသည်။ အိမ်ရှေ့တွင် မဂ္ဂဇင်းတစ်အုပ်နှင့် နှပ်နေသော ဖိုးမောင်မှာ ဦးလေးသောင်ကိုလှမ်းကြည့်လိုက်လေသည်။ ဦးလေးသောင်က ဖိုးမောင်တို့အိမ်ရှေ့အရောက်တွင် ရပ်သွားလေသည်။

“မင်းဒီညမောင်မျိုးနဲ့စောင့်ရမှာကွ . . ဒါပေမယ့် မောင်မျိုးက မစောင့်ဘူးဆိုပြီး မင်းအတွက် ၁၀၀ ထည့်ပေးလိုက်တယ်”

ဖိုးမောင်က ပြုံးရင်း ထို၁၀၀ တန်ကို ယူလိုက်တော့သည်။ ထို့နောက် နွမ်းဖတ်နေသည့် သူ့အကျီအိတ်ကပ်ထဲသို့ ထည့်လိုက်တော့သည်။

ခေတ်ကာလအခြေအနေအရသော်လည်းကောင်း၊ ရာသီဥတုအခြေအနေရသော်လည်းကောင်း မီးကင်းစောင့်ရသည့်ခေတ်ဖြစ်သည်။ သူတို့လမ်းထိပ်တွင် အစိုးရစက်ရုံတစ်ရုံရှိပြီးနောက် ထိုစက်ရုံအုတ်တံတိုင်းဘေး ကားလမ်းမအနားတွင်သစ်သားဖြင့် ခြေတံရှည်ဆောက်လုပ်ထားသည့် မီးကင်းတဲကလေးရှိသည်။ မီးကင်းစောင့်ရသည့်ကာလတွင် လမ်းထဲ ရပ်ကွက်ထဲမှလူများ အလျှိုလျိုတာဝန်များခွဲဝေပေးထားသော်လည်း အများစုကတော့ မီးကင်းလိုက်မစောင့်ကြဘဲ ကင်းကြေးသာ ပေးကြသည်များသည်။ ထိုအခါ ဖိုးမောင်တို့လို အလုပ်မရှိအကိုင်မရှိ ရပ်ကွက်ထဲက လူငယ်တွေအဖို့ မီးကင်းစောင့်ရသည်က အပိုဝင်ငွေတစ်ခုပင်ဖြစ်သည်။ မီးကင်းကြေးများကို မီးကင်းစောင့်သည့်သူများအား ခွဲဝေပြီး နေ့စားသဘောမျိုးဖြင့် ပြန်ရှင်းပေးခြင်းဖြစ်ပြီး ရာအိမ်မှူးက ထိုတာဝန်ကို လုပ်ဆောင်ရလေသည်။ ဦးလေးသောင်က သူတို့ရပ်ကွက်အတွင်း ရာအိမ်မှူးဖြစ်သဖြင့် ယခုလဲ မီးကင်းကိစ္စ ဖိုးမောင်ကို လာအပ်သွားခြင်းဖြစ်သည်။

“မင်းတစ်ယောက်ထဲ ဖြစ်ပါ့မလား”

“အောင်မယ်လေး ဦးလေးသောင်ရယ် ကျွန်တာ်မီးကင်းစောင့်လာတာ အခုဆို သုံးနှစ်လောက်ရှိပါပြီဗျ”

“အေးကွာ သတိဝိရိယတော့ထား”

“ရပါတယ် ကိစ္စမရှိပါဘူးဦးလေးသောင် ကျွန်တော် နေ့လည်ဘက်အိပ်ထားပါတယ်”

ဦးလေးသောင်က ခေါင်းညိတ်ပြီးပြန်သွားတော့သည်။ ဖိုးမောင်ကတော့ အိမ်ရှေ့ခန်းတွင် စာအုပ်ဖတ်ရင်း လှိမ့်နေလိုက်တော့သည်။

(၂)

ညနေရောက်တော့ ဖိုးမောင်က တုတ်တစ်ချောင်းကိုယူပြီး ဆေးလိပ်နှင့် မီးခြစ်ကို လွယ်အိတ်ထဲထည့်လိုက်လေသည်။ ဖိုးမောင်က ကွမ်းတော့မစားတတ်၊ ထို့နောက် ဖယောင်းတိုင်နှင့် ဓါတ်မီးကိုလဲ လွယ်အိတ်ထဲထည့်ခဲ့သည်။ လိုလိုမယ်မယ် လေးခွနှင့် လောက်စာလုံး သုံးဆယ်လုံးလောက်ထည့်ထားပြီး စာအုပ်သုံးလေးအုပ်ထည့်ကာ လမ်းထိပ်ထွက်လာခဲ့တော့သည်။ ဖိုးမောင်အားရပ်ကွက်ထဲမှ မသိသူမရှိ။ မီးကင်းသမားလို့ပြောလိုက်လျှင် ဖိုးမောင်ကိုသာတန်းမြင်ကြလေသည်။ ဖိုးမောင်က မီးကင်းစောင့်ရာတွင် စိတ်ချရသည်။ ပုံမှန်ဆို မီးကင်းကို လူနှစ်ယောက်စောင့်ရသည်ဖြစ်သော်လည်း အများစုက အလုပ်သမားများ၊ ကျောင်းသားများမို့ အိပ်ရေးပျက်မည်စိုးသဖြင့် ဖိုးမောင်အား လက်ဖက်ရည်ဖိုးပေးကာ တစ်ယောက်ထဲစောင့်စေသည်။ ဖိုးမောင်ကတော့ မီးကင်းစောင့်ရသည်က ထမင်းစားရေသောက်ဖြစ်နေသဖြင့် တစ်ယောက်ထဲက ပိုပြီး အေးအေးဆေးဆေးရှိသည်ဟုထင်ရသည်။

လမ်းထိပ်ရောက်တော့ ည ၇နာရီထိုးနေပြီဖြစ်သည်။ ဖိုးမောင်က မီးကင်းစောင့်ရန်ပြင်ဆင်ရတော့သည်။ ကင်းတဲလေးအတွင်း ခြင်ထောင်ထောင်လိုက်ပြီးနောက် သူ့ပစ္စည်းတွေကို ကြမ်းပြင်ပေါ်ပုံထားလိုက်တော့သည်။ ကင်းတဲခြေရင်းတွင် ကွပ်ပြစ်ကလေးတစ်ခုရိုက်ထားသဖြင့် ညလဲသိပ်မမှောင်သေးသောကြောင့် ထိုကွပ်ပျစ်ကလေးတွင် ထိုင်နေလိုက်သည်။ မကြာခင် ဦးလေးသောင်ရောက်လာလေသည်။ သူ့လက်ထဲတွင် ဒန်ရေနွေးကရားအိုးကလေးနှင့် ကော်ခွက်တစ်လုံးကိုကိုင်ထားပြီး နောက်လက်တစ်ဖက်တွင်တော့ စတီးဇလုံကလေးတစ်လုံးကိုကိုင်ထားလေသည်။

“ဒီနေ့နောက်ကျလှချည်လား ဦးလေးသောင်”

“နောက်ကျဆို အိမ်မှာအလုပ်နည်းနည်းများနေလို့ပါကွာ ရော . . ဒီမှာ ရေနွေးကြမ်းအိုးနဲ့ လက်ဖက်သုပ်”

“ဒီလက်ဖက်သုပ်က မြနှင်းသုပ်ပေးလိုက်တာလား”

“မင်းကြီးတော် မြနှင်းသုပ်ပေးမလား ငါ့မိန်းမသုပ်ပေးတာပေါ့ကွ”

ဖိုးမောင်က ပြုံးလိုက်တော့သည်။ မီးကင်းသမားများကို ပံ့ပိုးပေးရသည်မှာ ရာအိမ်မှူးများဖြစ်သည်။

“ကဲဖိုးမောင်ရေ တစ်ခုခုအကြောင်းရှိလို့ကတော့ သံချောင်းသာခေါက်လိုက် ငါတော့ပြန်ပြီ၊ သတိဝိရိယရှိပါစေနော်”

ဖိုးမောင်ခေါင်းညိတ်လိုက်တော့ ဦးလေးသောင်ပြန်သွားသည်။ မြနှင်းက ဦးလေးသောင်၏ တူမဖြစ်သည်။ ဖိုးမောင်တို့နှင့် အသက်အရွယ်မတိမ်းမယိမ်းဖြစ်သလို သူငယ်ချင်းတွေလဲဖြစ်သည်။ ဆယ်တန်းအောင်ပြီးတော့ ဖိုးမောင်က အလုပ်မည်မည်ရရမရှိသေး၊ မြနှင်းကလဲ ဦးလေးသောင်ဖွင့်ထားသည့် စာအုပ်အငှားဆိုင်တွင် ထိုင်သည်မို့ တစ်စတစ်စရင်းနှီးခဲ့ကြရာမှ ဖိုးမောင်ကတော့ သူ့စိတ်ထဲတွင် မြနှင်းကို သူငယ်ချင်းထက်ပိုပြီး ခင်နေမိတော့သည်။

ည (၈) နာရီဆို အလုပ်စပြီဖြစ်သည်။ လမ်းသွားလမ်းလာများလဲ ရှင်းစပြုနေပြီဖြစ်သည်။ ဖိုးမောင်က မီးကင်းတဲကလေးပေါ်တက်ခဲ့သည်။ မီးလာသဖြင့် မီးကင်းတဲပေါ်မှ မီးလုံးကလေးက မှိန်မှိန်ကလေးလင်းနေလေသည်။ ဖိုးမောင်လဲ မီးလုံးအလင်းဖြင့် စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ စာအုပ်ဖတ်ရင်း ပတ်ဝန်းကျင်ကိုလဲ တစ်ချက်တစ်ချက် လှည့်ကြည့်ရသေးသည်။

(၃)

ခြင်တွေက ခြင်ထောင်အပြင်တွင် တဝီဝီအော်သံပေးနေသည်။ ဖိုးမောင်က ကင်းတဲပေါ်ရှိ နာရီအသေးလေးတွင် ပြသနေသည့် နာရီလက်တံကို သတိထားနေရသည်။ တစ်နာရီပြည့်တိုင်း တစ်ခါခေါက်ရသည်။ ကိုးနာရီဆိုလျှင် ကိုးချက်ခေါက်ရသည်။ ဆယ်နာရီဆိုလျှင် ဆယ်ချက်ခေါက်ရသည်။ သူတို့လမ်းထိပ်တွင် အသုံးမပြုတော့သည့် အစိုးရ စက်ရုံဟောင်းကြီးတစ်ခုရှိပြီးနောက် ထိုစက်ရုံဘေးလမ်းကလေးသည် သူတို့ရပ်ကွက်မိန်းလမ်းဖြစ်သည်။ ထိုလမ်းကလေး တစ်ဖက်တွင်တော့ လက်ဖက်ရည်ဆိုင်နှင့် ကျောင်းရှိသည်။ ကားလမ်းမပေါ်မေးတင်ထားပြီး ထိုကားလမ်းမမှာလဲ လူသိပ်အသုံးမပြုသည့်ကားလမ်းမဖြစ်သည့်အတွက် မနက်ပိုင်းလောက်သာကားများသွားလာပြီး ညဘက်ဆို ကားက တစ်နာရီတစ်စီးတောင် မသွားကြပေ။

စုံထောက်စာအုပ်ဖတ်နေသဖြင့် အလွန်စိတ်ဝင်စားစရာကောင်းနေတော့သည်။ စာဖတ်လိုက် ပတ်ဝန်းကျင်ကိုကြည့်လိုက် နာရီကိုကြည့်လိုက်နှင့် တစ်ယောက်တည်းဗျာများနေရသည်။ ရေဆာလျှင် ရေနွေးကြမ်းသောက်၊ လက်ဖက်သုပ်စားပြီး နှပ်နေရသည်။ နာရီလက်တံကိုကြည့်လိုက်တော့ ဆယ့်နှစ်နာရီထိုးပြီဖြစ်သည်။ ကမန်းကတမ်းသံချောင်းကိုကောက်လိုက်ပြီး တွဲလောင်းဆွဲထားသည့် သံပိုက်လုံးကို ဆယ့်နှစ်ချက်ခေါက်လိုက်တော့သည်။ သူခေါက်နေစဉ်မှာပင် ရပ်ကွက်အတွင်းမှ အခြားမီးကင်းတဲများက သံချောင်းခေါက်သံများက အလျိုလျိုထွက်ပေါ်လာလေသည်။ သံချောင်းခေါက်ပြီးတော့ စာဆက်ဖတ်နေလိုက်သည်။

့ညတစ်နာရီသံချောင်းခေါက်ပြီးတော့ ဖိုးမောင် တော်တော် ညောင်းနေပြီဖြစ်သည်။ ထို့ကြောင့် မီးကင်းတဲကလေးပေါ်မှလှေကားဖြင့် ဆင်းလိုက်တော့သည်။ နွေညက ပူလောင်အိုက်စပ်လှသည်။ လေကလဲ ငြိမ်နေသည်မို့ ဖိုးမောင်တစ်ကိုယ်လုံး ချွေးတွေပြန်နေတော့သည်။ ကင်းတဲအောက်ဆင်းလိုက်ပြီး တစ်ချက်နှစ်ချက် လမ်းလျှောက်လိုက်တော့သည်။ အချိန်အတော်ကြာခွေနေသည့် ခြေထောက်က အခုမှ အညောင်းသက်သာသွားတော့သည်။ ထိုအခါ အပေါ့သွားချင်လာသဖြင့် မြောင်းဘေးသို့သာ အလွယ်သွားလိုက်တော့သည်။ ရပ်ကွက်တစ်ခုလုံးက သန်းခောင်ကျော်ပြီမို့ တိတ်ဆိတ်နေလေသည်။ ဖိုးမောင်လဲ ကွပ်ပျစ်တွင်ခဏထိုင်နေလိုက်ပြီးဆေးလိပ်ဖွာနေလိုက်သည်။

“ရှပ် . . . ရှပ်”

သူ့နောက်မှ ခြေသံကြားလိုက်သည်။ ဖိုးမောင်က ကားလမ်းမကြီးကို ကျောပေးထားသဖြင့် ထိုဘက်သို့လှည့်ကြည့်လိုက်သည်။

“အလို ကောင်မလေးတစ်ယောက်ပါလား”

အသက် ၁၆ နှစ်လောက်သာရှိဦးမယ်ထင်ရသည့် ကောင်မလေးတစ်ယောက်က ကားလမ်းမအတိုင်းလမ်းလျှောက်လာလေသည်။ ခြေသံမှာတိတ်ဆိတ်နေသည်မို့ အကျယ်ကြီးကြားနေရတော့သည်။

“ညည့်ငှက်ကလေးတွေများလား”

ဖိုးမောင်အကဲခတ်ကြည့်လိုက်တော့ ကောင်မလေးက အပေါ်က အကျီအဖြူကိုဝတ်ဆင်ထားပြီး အကျီရင်ဘတ်မှာလဲ တံဆိတ်ကလေးတစ်ခုကိုတွေ့ရသည်။ အောက်က ထဘီကို နက်ပြာရောင်ဝတ်ထားပြီး ဆွဲခြင်းကလေးကိုင်ထားသည်။ ဆွဲခြင်းအတွင်းတွင်လဲ ထမင်းချိုင့်နှင့်ရေဗူးကိုတွေ့ရသဖြင့် စက်ရုံဝန်ထမ်းတစ်ဦးဖြစ်မည်ဟု ဖိုးမောင်က ကောက်ချက်ချလိုက်သည်။ ထိုကောင်မလေးက ဖိုးမောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရပ်ကွက်လမ်းအတွင်းသို့လှမ်းဝင်လာတော့သည်။

ဖိုးမောင်အနီးရောက်တော့ ဖိုးမောင်လဲ အငြိမ်မနေနိုင်တော့။

“စက်ရုံကပြန်လာတာလား နောက်ကျနေပြီ အဖော်မပါဘူးလား”

ဖိုးမောင်ပြောလိုက်တော့ ကောင်မလေးက ရပ်တန့်သွားလေသည်။ ဆံပင်နက်နက်ရှည်ရှည်နှင့် အသားဖြူဖြူကရင်မလေးဖြစ်သည်။

“ဟုတ်တယ်၊ အခုတစ်လော နောက်ကျနေတာ”

“ဒီအချိန်လမ်းမှာလူပြတ်နေပြီ အန္တရာယ်များတယ်”

“ရပါတယ် ကိစ္စမရှိပါဘူး”

ထိုကောင်မလေးက ထိုသို့ပြောပြီးနောက် ရပ်ကွက်အတွင်းသို့ဝင်သွားတော့သည်။ ဖိုးမောင်လဲ ဆေးလိပ်ကိုချနင်းလိုက်ပြီးနောက် မီးကင်းတဲကလေးအပေါ်သို့တက်ခဲ့တော့သည်။ ကင်းတဲပေါ်ရောက်သည့်အခါ ရပ်ကွက်လမ်းအတွင်းသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော် လမ်းကြီးက ဖြူးနေပြီး ခုနက တွေ့ခဲ့သည့် ကောင်မလေးကိုမတွေ့တော့ပေ။

“လမ်းသွယ်လေးတွေထဲများဝင်သွားသလားမသိဘူး”

ဖိုးမောင်က ပြောလိုက်ပြီး စာအုပ်ပြန်ဖတ်နေလိုက်သည်။ ထိုစဉ် ရပ်ကွက်အတွင်းမှ ခွေးများက စူးစူးဝါးဝါး အူကြသည်။ ထိုးဟောင်ကြလေသည်။ ဖိုးမောင်လဲ ခွေးဟောင်သံများကြားသဖြင့် ဟိုကြည့် သည်ကြည့် ကြည့်ရသေးသည်။ ဆယ်မိနစ်ခန့်လောက်ကြာတော့ ခွေးအူသံများရပ်သွားလေတော့သည်။

(၄)

မနက် (၆) နာရီထိုးမှ ပြန်ခဲ့တော့သည်။ အိမ်ရောက်တော့ အမေပြင်ပေးသည့် နံနက်စာကို စားလိုက်ပြီး ပြန်အိပ်နေလိုက်သည်။ ထိုညတွင်လဲ ဖိုးမောင်တစ်ယောက်တည်းစောင့်ရဦးမည်ဖြစ်သည်။ သူနှင့်အတူ တာဝန်ကျသူက ဘေးအိမ်မှ ကိုမောင်ဖြစ်သည်။ ကိုမောင်က တစ်ခါမှ မီးကင်းမစောင့်၊ ပိုက်ဆံသာပေးလေ့ရှိသည်။ ထုံးစံအတိုင်း ညနေရောက်တော့ ကင်းတဲဆီပြန်ထွက်လာခဲ့သည်။ ကင်းတဲမရောက်ခင် မြနှင်းစာအုပ်ဆိုင်ကလေးထဲဝင်ပြီး စာအုပ်တွေအပ်ပြီး နောက်ထပ်စာအုပ်တွေ ထပ်ငှားလာခဲ့သည်။

ညတစ်နာရီထိုးပြီဖြစ်သည်။ ထုံးစံအတိုင်း သံချောင်းခေါက်ပြီးတော့ လက်ဖက်သုပ်တစ်ဇွန်းခပ်စားလိုက်သည်။ ထိုအခါ ကားလမ်းမကြီးအတိုင်း လမ်းလျှောက်လာသည့် မနေ့ကတွေ့ခဲ့သည့် ကောင်မလေးကို မြင်လိုက်ရပြန်သည်။ သူလဲ ကင်းတဲပေါ်မှပြေးဆင်းလာခဲ့သည်။

“ဒီနေ့လဲ နောက်ကျလှချည်လားဗျ”

ကောင်မလေးက သူ့ကိုတစ်ချက်ကြည့်ပြီး ပြုံးပြလိုက်လေသည်။

“တကယ်ဆိုစက်ရုံက ဖယ်ရီတွေဘာတွေနဲ့ ပို့ပေးရမှာဗျ၊ ညကြီးမိုးချုပ်ဗျာ ခင်ဗျားမကြောက်ဘူးလား”

“ဘာကိုကြောက်ရမှာလဲရှင်”

“အောင်မယ်လေးဗျာ မသမာတဲ့သူတွေနဲ့တွေ့ရင် ခင်ဗျားရေတိမ်နစ်မှာပေါ့ဗျ”

ကောင်မလေးက ဘာမှမပြောဘဲဆက်သွားဖို့ပြင်လိုက်သည်။

“ဒါနဲ့ ခင်ဗျားကို အရင်က မတွေ့ဖူးပါဘူး၊ ဘယ်မှာနေတာလဲ”

“၈လမ်းထဲမှာနေတာလေ”

ထိုသို့ပြောပြီး ထိုကောင်မလေးက ထွက်သွားပြန်သည်။ သူပြန်သွားပြီး မကြာခင် ရပ်ကွက်ထဲက ခွေးတွေဟောင်ကြ အူကြပြန်သည်။

“ဘယ်လိုကောင်မလေးလဲမသိဘူး အကြောက်အလန့်မရှိ၊ ခွေးတွေ ဝိုင်းဆွဲလို့ အကိုက်ခံနေရဦးမယ်”

ဖိုးမောင် စိတ်ထဲတွေးလိုက်တော့သည်။

နေ့ဘက်တွေကတော့ အိပ်လိုက် စားလိုက်၊ စာဖတ်လိုက်နှင့်မို့ သိပ်တော့မထူးခြားတော့။ ဒီလိုနှင့် နောက်တစ်ညကိုရောက်ခဲ့ပြီ။ နာရီပြန်တစ်ချက်တီးပြီးတော့ ဖိုးမောင်က လမ်းမကိုငေးကြည့်နေမိပြန်သည်။ ထုံးစံအတိုင်းလာပါပြီ။ ထိုကောင်မလေး။ ဆွဲခြင်းလေးကို လွှဲပြီး အေးအေးလူလူလမ်းလျှောက်လာသည်မို့ ဖိုးမောင်လဲ ကင်းတဲပေါ်မှဆင်းမိပြန်သည်။

“လာပြန်ပြီ၊ အိုဗာတိုင်က ဘယ်နှရက်တောင် ဆင်းနေရဦးမှာလဲ”

“တော်ပြီ၊ အဲဒါတွေ မပြောပါနဲ့တော့ရှင်”

ကောင်မလေးက သွားပြီးတော့မှ ပြန်လှည့်ကြည့်လိုက်လေသည်။

“ဒါထက် ရှင်စာအုပ်ငှားဖတ်သလား”

“ဖတ်တယ်၊ မြနှင်းဆိုင်က ငှားဖတ်နေကြ”

“ဒါဆို ကျွန်မကို တစ်ခုလောက်ကူညီပါ”

ကောင်မလေးက သူ့ဆွဲခြင်းထဲမှ ဝတ္ထုစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်လေသည်။

“ဒီစာအုပ်ကလေးကို အဲဒီအမမြနှင်းတို့ဆိုင်မှာ သွားပြန်အပ်ပေးနိုင်မလား”

“ခင်ဗျားဖာသာ သွားအပ်ပေါ့ဗျ”

“လုပ်ပါရှင် . .. ကျွန်မသွားမအပ်နိုင်လို့ပါ”

“ကောင်းပြီလေ”

ဖိုးမောင်က စာအုပ်ကိုလှမ်းယူလိုက်တော့သည်။

“ဒါနဲ့ ဘယ်သူအပ်တယ်လို့ ပြောလိုက်ရမလဲ”

“ကေသီလို့ပြောရင် မမြနှင်းသိပါတယ်”

ဖိုးမောင်လဲ ခေါင်းညိတ်လိုက်တော့သည်။ ကောင်မလေးက လမ်းအတွင်းဝင်သွားတော့သည်။ ကင်းတဲပေါ်ရောက်မှ သတိရတော့သည်။ စာအုပ်ခ မတောင်းလိုက်ရခြင်းဖြစ်သည်။

“ဒီကောင်မလေး တစ်နေ့လုံး တစ်ညလုံး အလုပ်တွေလုပ်နေလို့ မသွားအပ်နိင်တာဖြစ်မယ်၊ စာအုပ်ငှားခကို ငါပဲစိုက်ပေးထားလိုက်မယ်၊ နောက်နေ့မှ ပြန်တောင်းလိုက်တော့မယ်”

တွေးပြီးနောက် စာအုပ်နောက်ဖုံးကိုလှန်ကြည့်လိုက်သည်။ စာအုပ်ငှားခက တစ်ရက်ကို ငါးကျပ်နှင့် ငှားထားတာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။

(၅)

မနက်စာစားပြီးတော့ မအိပ်တော့ဘဲ ရေမိုးချိုးလိုက်ကာ အဝတ်အစားလဲလိုက်သည်။ ပေါင်ဒါလူးလိုက်သည့်အခါတွင် မွှေးကြိုင်သွားလေသည်။ ဖိုးမောင်က စာအုပ်များကိုယူပြီး အိမ်ကထွက်လာတော့ နံနက် (၇) နာရီကျော်ပြီး (၈) နာရီထိုးတော့မည်။ မြနှင်းစာအုပ်ဆိုင်က (၇) နာရီလောက်ဆို ပုံမှန်ဖွင့်သည်။ ဦးလေးသောင်၏ ခြံရှေ့မြေနေရာကလေးတွေင် သစ်သားဖြင့် စာအုပ်အငှားဆိုင်ကို ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။

“စောလှချည်လား ကိုဖိုးမောင်ရဲ့”

“အင်း ဒီနေ့တော့ စောစောအပ်ပြီး စောစောနားမလားလို့”

ဖိုးမောင်က စာအုပ်များကို လှမ်းပေးလိုက်သည်။

“သြော်ဒါနဲ့ ကောင်မလေးတစ်ယောက်က စာအုပ်အပ်ခိုင်းလိုက်တယ်၊ နာမည်က ကေသီဆိုလားပဲ”

မြနှင်းမျက်နှာတွင် ထူးဆန်းသည့်အရိပ်အယောင်များကိုတွေ့လိုက်ရသည်။

“မနောက်ပါနဲ့ ကိုဖိုးမောင်ရယ် . . အင်းစာအုပ်ကတော့ ကေသီငှားသွားတဲ့စာအုပ်ပဲ”

“အငှားခဘယ်လောက်ကျသလဲ . . အကိုဖိုးမောင်ခဏစိုက်ထားပေးပြီး နောက်တစ်ခါ ကေသီနဲ့တွေ့မှ ပြန်တောင်းလိုက်မယ်”

မြနှင်းမျက်နှာတွင် ကြောက်လန့်ထိတ်လန့်မှုများဖြစ်ပေါ်သွားသည်။

“အဲဒီလိုတော့ မနောက်သင့်ဘူး ကိုဖိုးမောင်ရေ . . . မြနှင်းက စာအုပ်ရတာနဲ့တင်ကျေးဇူးတင်နေတာ”

“အကိုပြောနေတဲ့အထဲနောက်စရာတစ်ခုမှ မပါဘူး မြနှင်း”

“ပါတာပေါ့ ကေသီ . . ကေသီနဲ့ ဘာတွေလာပြောနေမှန်းမသိဘူး”

“သြော် ကေသီလို့ပြောတာ မြနှင်းက ဘာဖြစ်နေတာလဲ”

“ကိုဖိုးမောင်မသိဘူးလား ကေသီက သေသွားတာတစ်ပါတ်လောက်ရှိပြီလေ”

ထိုစကားကြားလိုက်ရတော့ ဖိုးမောင် ခေါင်းနားပန်းကြီးသွားသည်။

“ဘာ . . . ဘာပြောတယ် မြနှင်း ကေသီက သေသွားပြီဟုတ်လား”

“ကိုဖိုးမောင်မသိဘူးလား ဟိုတစ်ရက်က စက်ရုံဟောင်းအရှေ့မှာ ဖယ်ရီစောင့်နေတဲ့ ကေသီကို ကားတစ်စီးက ဘရိတ်ပေါက်ပြီးဝင်တိုက်တာ အဲ့နားတင်ပွဲချင်းပြီးသေသွားတယ်လေ”

ဖိုးမောင် မြနှင်းပြောတာကိုသာ နားထောင်နေရသည် ယုံတော့မယုံသေး။

“ဘယ်လိုဖြစ်နိုင်မှာလဲ မြနှင်းရဲ့ အကိုညကတောင်တွေ့ခဲ့သေးတယ် သူကပဲစာအုပ်လာပြန်အပ်ခိုင်းလိုက်တာ”

“သွားတော့ ကိုဖိုးမောင် ရှင်နဲ့စကားမပြောချင်တော့ဘူး မြနှင်းကို ကြောက်မှန်းသိလို့ ခြောက်နေတာလား”

ဖိုးမောင် စာအုပ်ပင်မငှားနိုင်တော့ဘဲ ဆိုင်အတွင်းမှ ပြေးထွက်ခဲ့သည်။ သူဦးတည်နေသည်ကတော့ (၈) လမ်းက ကေသီ့အိမ်ကိုဖြစ်သည်။

(၈)လမ်းမှာ အတွင်းကျသဖြင့် တော်တော်ကလေး ပြေးလိုက်ရသည်။ လမ်းထဲရောက်တော့ လမ်းထဲက လူတွေကို မေးလိုက်ရသည်။ ထိုလူတွေက ကေသီအိမ်ကို ညွှန်ပြကြလေသည်။ သူတို့ညွှန်ပြသည့် အိမ်ရှေ့ရောက်လာခဲ့သည်။ အိမ်ရှေ့တွင် ကုလားဖျဉ်းထိုးထားပြီး ပလတ်စတစ်ထိုင်ခုံများချထားသည်။ စားပွဲခုံများလဲ ချထားလေသည်။ ဒန်အိုးကြီးများကိုလဲတွေ့လိုက်ရသည်။

“ကေ . . ကေသီတို့အိမ်လား”

ဒန်အိုးကို တိုက်ချွတ်ရန်လုပ်နေသည့် လူက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ မုန့်ဟင်းခါးစားဖို့ဆိုရင်တော့ နောက်ကျသွားပြီကိုယ့်လူ အိုးတောင် အခုဆေးတော့မလို့”

“ကေသီ အိမ်မှာမရှိဘူးလား”

“ကေသီဟိုရက်က ဆုံးသွားပြီလေဗျာ . . . ဒီနေ့တောင် သူ့ရက်လည်ဟာကို”

ဖိုးမောင်ဘာမှပြန်မပြောတော့ဘဲ လမ်းမဘေးတွင်ငုတ်တုတ်ထိုင်ချမိလိုက်သည်။ ဒါဆို သူတွေ့ခဲ့သည့် ကေသီက သရဲပေါ့။ ဖိုးမောင်က ညဘက်ကင်းစောင့်ရင်း မနက်တစ်နေ့လုံးအိပ်နေသည်မို့ ရပ်ကွက်အတွင်းဖြစ်ပျက်နေသည်များကို သိပ်ပြီးမသိလိုက်ရသောကြောင့်ဖြစ်သည်။ ဖြစ်တော့လဲဖြစ်နိုင်သည်။ သူတွေ့ခဲ့သည့် ကေသီက စက်ရုံအဝတ်အစားလေးဝတ်ထားပြီး လက်ကလဲ ဆွဲခြင်းကလေးကို ကိုင်ထားလေသည်။ စက်ရုံအသွား ကားစောင့်ရင်း ကားတိုက်သေခဲ့ရသည့် ကေသီဖြစ်နေသည်မှာပါ ရာနှုန်းပြည့်ဖြစ်သည်။

ထိုညတော့ ဖိုးမောင်တစ်ယောက်ထဲ ကင်းမစောင့်ရဲတော့။ ဦးလေးသောင်ကို ပြောလိုက်ရာ ဦးလေးသောင်ကလဲ ကင်းစောင့်ဖော် တစ်ယောက်ရအောင်ရှာပေးသည်။ လာစောင့်သည့်သူကလဲ ကိုထွေးဆိုသည့် သရဲကြောက်တတ်သည့်သူတစ်ယောက်ဖြစ်နေပြန်သည်။

ယခုညတော့ စာမဖတ်အားတော့ ဖိုးမောင်က ကြောက်လန့်တကြားဖြင့် နာရီကိုသာ စိုက်ကြည့်နေမိသည်။ နာရီက တစ်နာရီထိုးပြီးဖြစ်၍ သံချောင်းမခေါက်သေးသော ဖိုးမောင်ကို ကိုထွေးက လက်တို့လိုက်သည်။ ဖိုးမောင်လဲ သံချောင်းတစ်ချက်ခေါက်လိုက်တော့ သူ့လက်တွေတုန်ယင်နေလေသည်။ စိတ်ထဲ မလာပါစေနဲ့ မလာပါစေနဲ့လို့သာဆုတောင်းနေမိသည်။ သို့သော် သူ့ဆုတောင်းမပြည့်ခဲ့။

“ရှပ် . . . ရှပ်”

ခြေသံကျယ်ကျယ်တစ်ခုကို ကြားလိုက်ရသဖြင့် မီးကင်းတဲပေါ်မှနေ၍ မဝံ့မရဲလှမ်းကြည့်လိုက်မိသည်။ ကိုထွေးက ကေသီကို လှမ်းကြည့်လိုက်သည်။

“ဘယ်က ကောင်မလေးလဲမသိပါဘူး၊ တစ်ယောက်ထဲလာတာ ဆင်းကြည့်ရအောင်ဗျာ”

ကိုထွေးခေါ်သော်လည်း ဖိုးမောင် မဆင်းရဲသေး။

“မ . . . မဆင်းနဲ့ဗျို့ . . . အဲ . . အဲဒါ ကေသီပဲ”

ကိုထွေးက ခေါင်းကုပ်လိုက်သည်။

“ဘယ်က ကေသီလဲ၊ ကေသီက ဘယ်သူလဲ”

“အရင်အပတ်က စက်ရုံဟောင်းရှေ့ ကားစောင့်ရင်း ကားတိုက်ပြီး ပွဲချင်းပြီးသေသွားတဲ့ ကေသီဆိုတာသူပေါ့”

ိကိုထွေးမျက်နှာ သွေးမရှိတော့။

“ဖိုး . . ဖိုးမောင် မင်းတကယ်ပြောတာလား”

“တကယ်ပြောတာ ကျုပ်သူနဲ့တွေ့နေတာ သုံးရက်လောက်ရှိပြီ”

သရဲကြောက်တတ်သည့် ကိုထွေးနှင့် ကေသီကိုကြောက်နေသည့် ဖိုးမောင်တို့မှာ ကြံရာမရတော့။ ကင်းတဲကလေးပေါ်တွင် ဝပ်နေလိုက်ပြီး ကေသီဖြတ်အသွားကိုသာ စောင့်နေလိုက်ကြတော