ပယောဂလော အဆိပ်လော

ပယောဂလော အဆိပ်လော *(ဝတ္ထုတို)
ရွှေဥဒေါင်း
လွန်ခဲ့သော ၃နှစ်ခန့်အခါက ကျွန်တော်၏ မိတ်ဆွေ မောင်စံရှားသည် ကောင်းစွာမကျန်းမာသည်ဖြစ်၍ ဆရာဝန်ကြီးများက အမှုများကိုလက်မခံဘဲ အနည်းဆုံး တလခန့်မျှ နားနေရန် အကြံပေးကြသည် ဖြစ် သောကြောင့် ကျွန်တော်သည် အလုပ်တိုက်မှ အခွင့် နှစ်လမျှခံယူပြီးလျှင် ကျွန်တော်၏မိဘရပ်ထံဖြစ်သော မြန်မာပြည်အထက် ပိုင်း ရွှေဘိုနယ်သို့ မောင်စံရှားကိုခေါ်ငင်၍ သွားရောက်နေထိုင်စဉ်အခါက ကျွန်တော်နှင့် မောင်စံရှားတို့ စုံထောက်ခဲ့ရသော အမှုတစ်မှုမှာ အလွန်တရာ ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်ဖြစ်၍ အခြားအခြားအမှုတို့ထက်ပင် ထူးကဲသာလွန်ကောင်းမွန်လှသည် ဖြစ်သော်လည်း ၎င်းအမှုအကြောင်းနှင့် စပ် လျဉ်း၍ထိုအခါက ရေးသားဖော်ပြရန် ခွင့်မပြုဘဲရှိခဲ့ပါကြောင်း…
သို့ရာတွင် ယခုအပတ်၌မူ ၎င်းအမှု၌ အရေးအကြီးဆုံးပါဝင်သူတို့ သေဆုံး ကြပြီဖြစ်သောကြောင့် မောင်စံရှားက ရေးသားဖော်ပြခွင့်ပြုသည်အရ ဤ လထုတ်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြရခြင်း ဖြစ်ပေကြောင်း။
ကျွန်တော်နှင့် မောင်စံရှားတို့သည် ရွှေဘိုနယ် မန်ကျည်းတုံရွာသို့ ဆိုက်ရောက်ကြပြီးနောက်လယ်ပြင်တို့မှတိုက်ခတ်သည့်လေကောင်းလေ သန့်ကိုရှူရှိုက်ခဲ့၍ ၁၅ ရက်ခန့်မျှ နေထိုင်မိကြသဖြင့် မောင်စံရှားသည် အတော်အတန်ကျန်းမာ၍လာစပြုသည်တွင် တစ်နေ့သောနံနက်ခင်းအချိန်၌ မန်ကျည်းတုံရွာသူကြီးနှင့် ၎င်း၏အိမ်၌ ထမင်းလခပေး၍စားသောက်နေ ထိုင်လျက်ရှိသော ကိုသုခဆိုသူ ကျွန်တော်တို့၏အိမ်ပေါ်သို့ ပျာယီးပျာယာ တက်လာကြလေ၏။
ရွာသူကြီးမှာ ဝဝတုတ်တုတ်နှင့် စကားများစွာပြော တတ်သောသူတစ်ယောက်ဖြစ်လေရာသုခဆိုသူမှာပိန်ပိန်ပါးပါးနှင့်စကား နည်းလျက် အသက်မှာ ၃ဝ ခန့်မျှရှိလေ၏။ ရွာသူကြီးနှင့်မူ ကျွန်တော် သည် သိဟောင်းကျွမ်းဟောင်းဖြစ်ခဲ့၍ ရံဖန်ရံခါ ၎င်း၏အိမ်သို့ ကျွန်တော် တို့ ဝင်ရောက်ခဲ့ဖူးသည်ဖြစ်ရာ ကိုသုခမှာ အမွေရသောလယ်မြေများကို လယ်ထောက်ခချ၍ စားသောက်ကြောင်း ကြားသိရသော်လည်း လူအများ တို့နှင့် ရောနှောဆက်ဆံခြင်းမပြုဘဲ ဘာသာအလျောက်နေထိုင်တတ် သော သူတစ်ယောက်ဖြစ်သောကြောင့် ကျွန်တော်တို့နှင့်ခေါ်ဖူးပြောဖူးရုံမျှ တစ်ပါး များစွာအကျွမ်းမဝင်ခဲ့ကြဖူးချေ။
အိမ်ပေါ်သို့ရောက်လာကြသည် နှင့်တပြိုင်နက် ရွာလူကြီးက တုန်လှုပ်သောအမူအရာနှင့် “ကြုံလည်းမ ကြုံဖူး၊ ကြားတောင်မှလည်း မကြားဖူးပါဘူးကိုသိန်းမောင်ရယ်၊ ဘယ့်နှယ် များထူးဆန်းတဲ့ အဖြစ်ကယ်လို့၊ ဦးစံရှားရောက်နေတာနဲ့ အခန့်သင့်လိုက် တာခင်ဗျာ”ဟုပြောသောအခါကျွန်တော်မှာဆရာဝန်မှာလိုက်သည့်စကား သတိရ၍ရွာသူကြီးအားမျက်စိမှိတ်ပါသော်လည်း မောင်စံရှားသည်ငေါက်ခနဲထိုင်ပြီးလျှင် ခဲလျက်ရှိသောဆေးတံကိုပါးစပ်မှထုတ်နုတ်၍ ထိုသူများ အားနေရာထိုင်ခင်းပေးလျက်ရှိသည်ကို တွေ့မြင်ရသောကြောင့် လက်လျှော့လိုက်ရလေ၏။
ရွာသူကြီးမှာမူ ရပ်တန့်၍မရအောင် တုန်လှုပ်လျက်ရှိ ရာ ကိုသုခဆိုသည်မှာ ရွာသူကြီးကဲ့သို့ ဂနာမငြိမ်အောင်မရှိသော်လည်းနှုတ်ခမ်းများကို ရံဖန်ရံခါကိုက်လျက်ရှိသည်ကိုတွေ့မြင်ရသဖြင့်၊ အပြင်၌ ဟန်ဆောင်၍နေသော်လည်း အတွင်း၌ကား တုန်လှုပ်လျက်ရှိကြောင်း ထင်ရှားပေ၏။ ထိုသူနှစ်ယောက်တို့သည် ကုလားထိုင်၌ ထိုင်မိကြလေလျှင် –
သူကြီး။ ။ (ကိုသုခကိုကြည့်လျက်) “ကျုပ်ပြောရမလားခင်ဗျားပြောပြ မလား”
ရှား။ ။ “သူကြီးမင်းက သုတ၊ ကိုသုခက ဒိဋ္ဌနဲ့တူတယ်။ တွေ့ခဲ့ရတဲ့ လူကိုယ်တိုင် ပြောပြရင် သာ ကောင်းမယ်ထင်တယ်”
ထိုအခါ ထိုသူနှစ်ယောက်တို့သည် မောင်စံရှား၏စကားကို အံ့ဩ လျက်တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်၍ နေကြသည်ကို မြင်သ ဖြင့်၊ ကျွန်တော်မှာ ပြုံးမိလေ၏။ ၎င်းနောက် –
သူကြီး။ ။ “သို့သော် ကျွန်တော်ပဲလက်ဦးပြောပါရစေ ခင်ဗျား။ ကျွန် တော်ပြောပြပြီးတဲ့နောက် ကိုသုခကိုမေးခွင့်ရှိရင်လည်းမေးပြီး၊ အမှုဖြစ်ပွား တဲ့ နေရာမြန်မြန်ကြီးသွားကြရင်ကောင်းပါလိမ့်မယ်။ သည်လိုပါခင်ဗျာ၊ ကျွန်တော့်မိတ်ဆွေ ကိုသုခက မနေ့ညနေကဝက်လက်မြို့မှာ သူ့ ညီများ နှမများအိမ်ကိုသွားပြီးလည်ပါရော ခင်ဗျား၊ ဟိုမှာပဲ ညစာထမင်းစားပြီး ညီအစ်ကို ၃ ယောက် ၃ ပုံ ဖဲရိုက်လိုက်ကြတာ ၁၀နာရီခွဲလောက်မှ အိမ်ပြန်လာခဲ့သတဲ့။ သူပြန်လာခဲ့တော့ ကျန်ရစ်ခဲ့တဲ့ သူ့ညီများနှမများဟာ အကောင်းကြီးပဲ ခင်ဗျ၊ ဘာမျှမဖြစ်ဘူး။ သည်ကနေ့ မနက်တော့ ကိုသုခက သူ့ထုံးစံအတိုင်း မနက်စောစောလမ်းလျှောက်သွားလို့ မူးမြောင်းကို ကျော်မိတော့ ခေါတောရွာက သမားတော်ဦးကျော်ဇောက လှည်းနဲ့ဝက်လက်ကို သွားတာ တွေ့ရပါရောတဲ့ခင်ဗျ။
တွေ့တော့ ကိုသုခကစောစောစီးစီး ဘယ် သွားမလို့လဲမေးတော့၊ ဦးကျော်ဇောက ဝက်လက်မြို့က ကိုသုခရဲ့ ညီများ အိမ်က ပင့်လို့သွားမလို့ပဲပြောတော့ ကိုသုခလည်း ဆရာကြီးလှည်းနဲ့လိုက် သွားပါရောတဲ့ဗျ။ အိမ်ကိုရောက်တော့ သူ့ ညီမောင်ဒါနနဲ့ မောင်ဗလရယ် နှမ မယ်သီရယ် မနေ့ညကအတိုင်းစားပွဲမှာဝိုင်းပြီးထိုင်လျက်ပဲတဲ့ဗျ။ သုံးပုံ ဖဲတွေလည်း စားပွဲပေါ်မှာ ညကအတိုင်းတင်လျက်ပဲတဲ့ဗျ။ မယ်သီကတော့ကုလားထိုင်မှာထိုင်လျက်၊ ခေါင်းငိုက်စိုက်နဲ့အသက်မရှိဘူးတဲ့ဗျ။ မောင်နှစ် ယောက်ကတော့ နှမရဲ့ တစ်ဖက်တစ်ချက်မှာထိုင်လျက် လက်ခုပ်လက်ဝါး တီးပြီးရယ်လိုက်မောလိုက် သီချင်းဆိုလိုက်နဲ့ သွက်ချာတောလည် အောင် ရူးနေကြဆိုသကိုးဗျ။ သေသူနှမ မယ်သီရော၊ မောင်နှစ်ယောက်ရောဟာ သူတို့မျက်နှာထားကအင်မတန်ကြောက်ရွံ့ပြီးနေကြတဲ့မျက်နှာထားကိုဗျ။ ဘယ်လောက်ကြောက်တယ်၊ မကြောက်တယ် အသက်သေပြီးတဲ့နောက် တောင် မယ်သီမှာ အင်မတန်ကြောက်ရွံ့တဲ့ မျက်နှာထားကြီး ကျန်နေရစ် သတဲ့။ အိမ်မှာလည်း ဘယ်သူမျှမရှိဘူး၊ ထမင်းချက်တဲ့ မိန်းမကြီး ဒေါ်အိုဇာ တစ်ယောက်ပဲရှိတယ်။ သူကလည်း ညက အိပ်ပျော်နေလို့ ဘာမျှမသိဘူး တဲ့ဗျ၊ ပစ္စည်းလည်း ဘာတစ်ခုမျှမပျောက်ဘူး၊ ဘယ်သူမျှလည်းလာတဲ့ လက္ခဏာမရှိဘူးတဲ့။ ကိုင်း- ဒါပါပဲ ဦးစံရှားရယ်၊ တကယ့်ခင်ဗျာ- တစ် ယောက်မှာ စင်းစင်းသေပြီး၊ နှစ်ယောက်မှာ သွက်သွက်ခါရူးရအောင် ဘယ် လိုဟာမျိုးများ မြင်လိုက်ရှာကြလို့ပါလိမ့်ခင်ဗျာ။ ကိုင်း – တစ်ဆိတ်လောက် ခင်ဗျား၊ ကြုံကြိုက်တဲ့အခါ ထောက်လှမ်းပြီး ပေးခဲ့ပါဦး ခင်ဗျား”
မောင်စံရှားသည် အထက်စကားများကိုကြားရပြီး သည်နောက် မည်သို့မျှ ပြန်၍မပြောသေးဘဲ ဆေးတံကိုဖွာရင်းမိမိ၏ အလေ့အတိုင်း စဉ်းစား စိတ်ကူးလျက်ရှိနေပြီးနောက်-
ရှား။ ။ “ဆန်းတော့ဖြင့် တယ်ပြီးဆန်းကြယ်တဲ့ အမှုပါပေဗျာ၊ ဒါထက် သူကြီးမင်း ဝက်လက်ကိုရောက်ပြီးပြီလား”
သူကြီး။ ။ “ကျွန်တော်ကိုယ်တိုင်တော့မရောက်သေးပါဘူးခင်ဗျား။ကိုသုခပြန်လာလို့ ပြောပြတာနဲ့ ဦးစံရှားထံ ခေါ်ခဲ့ခြင်းဖြစ်ပါတယ်”
ရှား။ ။ (ကိုသုခဘက်သို့လှည့်လျက်) “သူကြီးမင်းပြောပြတာတော့ ကြားရပါပြီ၊ သို့သော် ခင်ဗျားကိုယ်တိုင် တစ်ဆိတ်လောက်ထပ်ပြီးပြောပြ စမ်းပါဦး”
သုခ။ ။ “အထူးပြောဖို့ မရှိပါခင်ဗျာ။ သူကြီးမင်း ပြောတဲ့အတိုင်းပါပဲ။ ညနေ ၅းဝဝ နာရီလောက်က သူတို့အိမ်ကိုရောက်၊ ၆းဝဝ နာရီလောက်မှာထမင်းစား၊ ၇းဝဝ နာရီလောက်ကစပြီး စားပွဲမှာထိုင်ပြီး ထုံးခွေတမ်း ၃ ပုံ ဖဲရိုက်လိုက်ကြတာ ၁ဝးဝဝ နာရီမှပြီးတာပဲ”
ရှား။ ။ “ခင်ဗျားတို့ ဖဲရိုက်နေတဲ့အခါမှာ မယ်သီက ဘယ်မှာနေသလဲ”
ခ။ ။ “သူကလည်း ရှုံးတဲ့သူ မျက်နှာကို ထုံးခွေပေးရင်း အနားကထိုင် ပြီး ရယ်ကာမောကာနဲ့ ကြည့်နေတယ်ခင်ဗျ”
ရှား။ ။ “ခင်ဗျား ပြန်လာတော့ကော သူတို့ဘယ်မှာ နေရစ်သလဲ”
ခ။ “စားပွဲမှာထိုင်ပြီး ရယ်စရာမောစရာပြောပြီး နေရစ်ကြတယ် ခင်ဗျ”
ရှား။ ။ “ခင်ဗျားထွက်လာတော့ တံခါးကို ဘယ်သူလိုက်ပြီး ဖွင့်ပေး သလဲ”
ခ။ ။ “ကျွန်တော့ဟာ ကျွန်တော် ဖွင့်ပြီးထွက်ခဲ့တာ ခင်ဗျ”
ရှား။ ။ “မနက်လင်းလို့ခင်ဗျားရောက်တော့ တံခါးတွေ ပြတင်းပေါက် တွေဘာတစ်ခုမျှ ခြေရာလက်ရာ မပျက်ဘူး”
ခ။ ။ “မပျက်ဘူးခင်ဗျ၊ ညကအတိုင်းပဲ”
ရှား။ ။ အင်းဆန်းကြယ်ပါပေ့ဗျာ။ သို့သော် ခင်ဗျား ဘယ်လိုများတွေး မိသလဲ”
ခ။ ။“ကျွန်တော်ဖြင့် သွေးရိုးသားရိုးဟုတ်မယ်မထင်ပါဘူးခင်ဗျား၊ အမှောင့်ပယောဂများလား၊ သရဲသဘက်များလားမပြောတတ်ပါဘူး ခင်ဗျား”
ရှား။ ။ “ပယောဂဖြစ်ရင်လည်းကျုပ်နဲ့မဆိုင်ဘူးပေဗျာ၊ သို့သော်သွေး ရိုးသားရိုး ဟုတ်မဟုတ်ကို ရှေးဦးစွာစုံစမ်းဖို့ရှိသေးတာကိုဗျ။ ဒါထက်နေပါ ဦးဗျာ၊ ဟိုက မောင်နှမ ၃ ယောက်ကတော့ အတူတူနေကြတယ်၊ ခင် ဗျားကတော့တခြားခွဲပြီးနေတယ်။ သားမယားလည်း မရှိဘူးဆိုတော့မသင့် မတင့်ဖြစ်ဖူးကြလို့လား”
ခ။ ။ “မှန်ပါတယ်ခင်ဗျာ၊ ဖခင် သေဆုံးသည့်အခါက အမွေမှုနဲ့ ပတ် သက်ပြီး နည်းနည်းကလေး ညီအစ်ကိုမောင်နှမ စိတ်ဝမ်းကွဲသွားကြပါ တယ်။ သို့သော် ယခုတော့ သင့်မြတ်ကြပါပြီ ခင်ဗျာ၊ ထွက်ထွက်ဝင်ဝင်ပါပဲ”
ရှား။ ။ “မနေ့ညကတစ်စုံတစ်ရာ ဘာများ ထူးထူးခြားခြားတွေ့ရကြုံရ သလဲ ခင်ဗျား၊ သေသေချာချာတွေးပြီး ကြည့်စမ်းပါဦး”
ခ။ ။ “ဘာမျှ ထူးထူးခြားခြားရယ်လို့ မတွေ့ရမကြုံရဘူး ခင်ဗျ”
ရှား။ ။ “သူတို့အားလုံးကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပဲလား”
ခ။ ။ “မှန်ပါတယ်ခင်ဗျ”
ရှား။ ။ “ကြောက်များကော ကြောက်တတ်သလား”
ခ။ ။“သူများနည်းတူပါပဲခင်ဗျ၊ သိပ်ပြီးကြောက်တတ်လွန်းလှတယ်လို့ ပြောရကောင်းအောင် မရှိပါဘူး ခင်ဗျာ”
ရှား။ ။ “ဘေးအန္တရာယ်တစ်ခုခုကို စိုးရိမ်နေကြတယ်လို့များ ပြောဖူး သလား”
ခ။ ။ “သည်လိုလည်း မပြောဖူးပါဘူး၊ ခင်ဗျ ကျွန်တော့်မှာတော့ မယ်သီ မရှိတဲ့နောက် နေရလို့လည်းမထူး၊ သေရလို့လည်း မထူးပါဘူး ခင်ဗျာ။ ခင်ဗျားသဘောရှိသလိုသာပြုပါတော့
ရှား။ ။ “ဒါဖြင့် ခင်ဗျား ဘာမျှ ကျုပ်ကိုပြောစရာမရှိဘူးပေါ့လေ”
ထိုအခါ ကိုသုခသည် အတန်ငယ်စဉ်းစားနေပြီးနောက် သတိရလာ သည့်လက္ခဏာနှင့် . . .
ခ။ ။ တစ်ခုတော့ရှိတယ်ခင်ဗျ၊မနေ့ညကစားပွဲမှာထိုင်ပြီးဖဲရိုက်နေကြ တော့ကျွန်တော်ကပြတင်းပေါက်ဘက်ကိုကျောခိုင်းထိုင်တယ်ခင်ဗျ၊သည်တော့ ကျွန်တော့်ညီ ဒါနက ကျွန်တော့်ကို ကျော်ပြီးပြတင်းပေါက်ကိုလိုက်ကြည့်နေတာမြင်လေတော့ ကျွန်တော်လည်းပြတင်းပေါက်ရှိရာကို လှည့် ပြီးကြည့်မိတယ်၊ ကြည့်တော့ စံပယ်ရုံနားက လူလိုလိုနွားလိုလို လှုပ်လှုပ် လှုပ်လှုပ်နဲ့ မြင်မိတယ်၊ ဒါနကိုမေးကြည့်တော့လည်း သူကလည်း သည် လိုလိုပဲမြင်မိတယ်လို့ပြောတယ်၊ ဒါပါပဲခင်ဗျား”
ရှား။ ။ “နို့၊ ခင်ဗျားတို့ ထပြီး သေချာအောင် ကြည့်ကြသေးသလား”
ခ။ ။ “အရေးမကြီးတာနဲ့ ထလည်း မကြည့်မိဘူးခင်ဗျ”
ရှား။ညကခင်ဗျားပြန်လာခဲ့တော့တစ်စုံတစ်ရာစိုးရိမ်စရာဘာမျှမရှိခဲ့ဘူးပေါ့”
ခ။ ။ “မရှိဘူးခင်ဗျ”
ရှား။ ။ “မနက်က စောစောကြီးသည်အကြောင်းကို ခင်ဗျားကြား ရပုံ တယ်ပြီးနားမရှင်းသေးပါဘူးဗျာ၊ ဘယ့်နှယ်ကြောင့် စောစောကြီး ခင် ဗျားသိရသလဲ”
ခ။ ။“ကျွန်တော်ကမနက်တိုင်းစောစောထပြီး၊လမ်းလျှောက်တတ်တဲ့ အလေ့ရှိလေတော့ လမ်းလျှောက်ပြီးသွားတော့၊ ဆေးဆရာ ဦးကျော်ဇောနဲ့ လမ်းမှာတွေ့ပါရောခင်ဗျ။ တွေ့တော့အကျိုးအကြောင်း သူကပြောပြလို့ သူ့ လှည်းနဲ့ပဲကျွန်တော်စီးလိုက်သွာပါတယ်ခင်ဗျ။ ဟိုရောက်တော့မယ်သီက အလယ်က ကုပ်ကျိုးလို့၊ မောင်လုပ်တဲ့ လူနှစ်ယောက်က တစ်ဖက်တစ် ချက်ကထိုင်ပြီးတေးချင်းဆိုလိုက်၊ လက်ခုပ်တီးလိုက်နဲ့ ကျွန်တော်ဖြင့် ကြောက်လိုက်တာခင်ဗျာ မပြောပါနဲ့တော့။ ကျွန်တော်တွင် မကဘူး၊ ဆေး ဆရာကြီးလည်း အကြောက်လွန်ပြီး မူးမေ့တောင်သွားချေသေး။ ကျွန် တော်ဖြင့် ခက်များခက်နေဦးမလားလို့ အောက်မေ့မိတယ် ခင်ဗျ”
ရှား။ ။ “ဆန်းကြယ်ပါပေ့ဗျာ၊ အားကြီး ဆန်းကြယ်တဲ့အမှုပါပဲ။ ကိုင်း- ကိုယ်တိုင် တစ်ဆိတ်လောက် သွားကြည့်ကြရအောင်ဗျာ”
ကျွန်တော်တို့သည် လှည်းတစ်စီးနှင့် သွားရောက်ကြ၍ ဝက်လက်မြို့ သို့ဆိုက်ရောက်ကြရာ ထိုအိမ်မှာမြို့၏ အစွန်အဖျား၌တည်ရှိ၍ နှင်းဆီ၊ စံ ပယ်၊ ဇွန် အစရှိသော ပန်းဥယျာဉ်ကလေးဖြင့် လှပစွာဝိုင်းရံလျက်ရှိသည် ကို တွေ့ရှိကြရလေ၏။ ဝင်းတံခါး၌ ဝင်းတွင်းသို့ဝင်မိကြသည်နှင့် တစ်ပြိုင်နက်မောင်စံရှားသည် နှင်းဆီပင်တစ်ပင်အနီး၌ရှိသော ရေဖျန်းကရား တစ် ခုကို ခြေနှင့်တိုက်မိသဖြင့် ရေသည်လမ်းပေါ်၌ဖိတ်၍ သွားလေ၏။ ၎င်း နောက်မောင်စံရှားသည် ကရားကိုပြန်ယူပြီးနောက် ထမင်းချက်သော ဒေါ်အိုဇာအမည်ရှိမိန်းမကြီးအား မေးခွန်းများထုတ်လျက်ရှိရာ ဒေါ်အိုဇာ သည်ညအခါ မည်သည့် အသံကိုမျှ မကြားရကြောင်း၊ မောင်နှမ ၃ ယောက် လုံးမှာ စိတ်ညစ်ညူးဖွယ်ရာအကြောင်း တစ်စုံတစ်ရာရှိသည်ဟူ၍ မကြား ရကြောင်း၊ ယမန်ညဉ့်ကလည်း မိမိအိပ်ရာသို့မဝင်မီပျော်ရွှင်စွာရှိနေကြ သည်ကိုလည်း တွေ့ရှိရကြောင်း၊ နံနက်လင်း၍ ဧည့်ခန်းသို့ဝင်လာသော အခါမောင်နှမ ၃ ယောက်၏ ဖြစ်ပျက်နေပုံကို တွေ့ မြင်ရသဖြင့် သတိရ လာသောအခါ သူငယ်တစ်ယောက်ကို ဆေးဆရာကြီးထံစေလွှတ်လိုက် ကြောင်း၊ မယ်သီ၏ အလောင်းကို ပြင်ဆင်ပြီးဖြစ်၍ မောင်နှစ်ယောက်မှာ မူ မီးဖိုခန်းအတွင်း၌ ချုပ်လှောင်၍ ထားပြီးဖြစ်ကြောင်းများနှင့် ပြောဆို လေ၏။
၎င်းနောက် ကျွန်တော်တို့သည် အခန်းပေါ်သို့တက်ကြ၍ ခုတင်ပေါ်၌ ပြင်ထားသော မယ်သီ၏အလောင်းကိုကြည့်ရှုကြရာ မယ်သီမှာရုပ်ရည်ရူပ ကာယ ချောမောလှပခြင်းနှင့်ပြည့်စုံ၍ အရွယ်မှာ ၂၄ နှစ်ခန့်မျှရှိလေ၏။ ၎င်း၏ မျက်နှာမှာ ပင်ကိုအားဖြင့်ချောမောတင့်တယ်ခြင်းရှိမည်မှန်သော် လည်း မရှုဝံ့မမြင်ဝံ့အောင်ရှိခဲ့လေ၏။ ၎င်းနောက် ကျွန်တော်တို့သည် ညီ အစ်ကိုနှစ်ယောက်ရှိရာ မီးဖိုခန်းသို့သွားရောက်ကြည့်ရှုကြရာ တံခါးကိုဖွင့် လိုက်သည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုနှစ်ယောက်တို့သည် ခွေးရူးပြန်ဘိ သကဲ့သို့ ရှိနေရရှာကြရကား အလွန်တရာ သနားဖွယ်ကောင်းလှပေ၏။
ထိုမှတစ်ဖန် ကျွန်တော်တို့သည် ထိုကိစ္စဖြစ်ပွားရာနေရာကိုသွား ရောက်ကြည့်ရှုကြရာ၊ စားပွဲမှာ ယခင်အတိုင်းရှိနေလျက်၊ ကုလားထိုင်များ မှာ ဖယ်ရှားပြီးဖြစ်၍ နံရံ၌ကပ်လျက်ရှိနေခဲ့လေ၏။ မောင်စံရှားသည်အခန်း တွင်း၌ ထိုမှ ဤမှ လျင်မြန်စွာလှုပ်ရှားသွားလာလျက် အခန်း၏အခြေအနေ များကိုစုံစမ်းကြည့်ရှုပြီးလျှင်ကုလားထိုင်များကိုယခင်ညကအတိုင်းစားပွဲ၌ ပြန်၍ တည်ခင်းစေပြီးနောက် ကုလားထိုင်တစ်ခုပြီးလျှင် တစ်ခု ထိုင်၍ကြည့်လေ၏။ ကုလားထိုင်မှထိုင်၍ ပြတင်းပေါက်ကကျော်ပြီးလျှင် ပန်းခြံ သို့ကြည့်သောအခါ မည်မျှလောက်မြင်နိုင်သည်ကိုလည်း စုံစမ်း၍ကြည့် လေ၏။ ၎င်းနောက် ကြမ်းများ၊ မျက်နှာကြက်များ၊ ထရံများကိုလည်း တီး ခေါက်စုံစမ်းလေ၏။ ယင်းသို့ အနည်းနည်းစုံစမ်းကြည့်ရှုလျက်ရှိသည် ကျွန် တော်သည် မောင်စံရှား၏ မျက်နှာကဲကိုကြည့်လျက်ရှိရာ တစ်စုံတစ်ရာ သဲလွန်စရသေးဟန် လက္ခဏာမရှိသည့်အကြောင်းကို တွေ့ မြင်ရလေ၏။ ၎င်းနောက် နံရံအနီး မီးလင်းဖိုတစ်ခုကို တွေ့ မြင်ရသည်နှင့် –
ရှား။ ။“မီးလင်းဖိုကဘာလုပ်ဖို့လဲဗျ၊ သည်လောက်လည်းချမ်းတဲ့အခါ မဟုတ်ပါလား”
ခ။ ။“မနေ့ညကမိုးရိပ်ကလေးကြောင့် နည်းနည်းအေးလေတော့ ခြေ ထောက်ကင်ရအောင်မယ်သီကမီးနည်းနည်းထည့်ထားတယ်ခင်ဗျ၊ ဘယ့် နှယ်လဲ ခင်ဗျာ၊ ဘာများ ထောက်လှမ်းစုံစမ်းလို့ရပါသလဲ”
ရှား။ ။ (ကျွန်တော်၏လက်မောင်းကိုဆွဲလျက်) “ခုတော့ဖြင့် ဘာမျှမ နေနိုင်အောင် ရှိနေပြီဗျာ၊ သို့သော် အကြောင်းထူးပေါ်ပေါက်လျှင်လည်း ကျုပ်ဆီကိုထပ်ပြီး အကြောင်းကြားလိုက်ပါဦး။ ကျုပ်တို့ပြန်လိုက်ဦးမယ်။ လာဗျာ – ကိုသိန်းမောင်၊ သူကြီးမင်းလည်း သည်ကိစ္စနှင့်နေရစ်ဦးမယ် မဟုတ်လား။ ကျွန်တော်တို့ ပြန်လိုက်ဦးမယ်လေ၊ အကြောင်းထူးရင် သိပါ စေ့မယ်၊ စိတ်သာချပါ”
သူကြီးနှင့် ကိုသုခတို့မှာ ဈာပနကိစ္စအတွက်ဝက်လက်၌ ကျန်ရစ်ခဲ့ ကြရာ ကျွန်တော်နှင့် မောင်စံရှားသာလျှင် လှည်းနှင့်ပြန်လာခဲ့ကြလေ၏။ လမ်းခရီး၌ မောင်စံရှားသည် စကားတစ်ခွန်းမျှမပြောဘဲ လိုက်ပါလာခဲ့ရာ `သို့ရောက်သည့်အခါ၌လည်း ပက်လက်ကုလားထိုင်ပေါ်တွင် ခေါင်းအုံး များကိုစုပုံ၍တင်ပြီးနောက် ပက်လက်လှန်လျက် မျက်မှောင်ကုပ်ကာ နဖူး ရေတွန့်ကာဖြင့် တစ်ခန်းလုံး မီးခိုးများ အူလျက်ထွက်သည်တိုင်အောင် ဆေးတံကြီးကို သောက်ဖွာလျက်ရှိနေလေ၏။
တစ်နာရီခန့်မျှကြာသောအခါ မောင်စံရှားသည် ဆေးတံကိုပစ်ချ၍ ထိုင်ရာမှထပြီးလျှင် “တော်သေးပြီ ကိုသိန်းမောင်ရေ၊ အကြောင်းစုံမသိရသေးဘဲနဲ့ စဉ်းစားရတာ၊ ခြေနာတုန်းခရီးသွားရတာလိုပဲတယ်ပြီး ခရီးမ တွင်လှဘူးဗျာ၊ သို့သော် အချိန်တန်တော့ဖြင့် နွာပိန်ကန်ကောင်းပါရဲ့လေ၊ လက်ဖက်ရည်ကြမ်းနဲ့ ပဲလှော်ကြော်ကလေးစားပြီးမှ နှီးနှောကြဦးစို့လား ဗျာ
ကျွန်တော်တို့သည် ပဲလှော်ကြော်သုတ်နှင့် လက်ဖက်ရည်ကြမ်း တစ် ကရားကို သောက်ရင်း
ရှား။ ။ “ကိုင်း – ကိုသိန်းမောင် နားထောင်စမ်းဗျာ၊ ကျုပ်တို့သိနှင့်သ လောက် စဉ်းစားလို့ရတာ ကျုပ်ပြောပြစမ်းမယ်၊ နောက်ထပ်ပြီး တစ်ခုခုပေါ် လာလို့ရှိရင်လည်း သိနှင့်ပြီးနဲ့ အံကျအောင် ညှိယူရတာပေါ့ဗျာ။ ရှေးဦးစွာ အချက်က ဒီအမှုဟာ ပယောဂနဲ့ မသက်ဆိုင် သာမညနည်းဖြင့် လူကိုပြု သော သွေးရိုးသားရိုးအမှုဖြစ်တယ်လို့ ယူဆရမယ်ဗျ။ ကောင်းပြီ ဘယ်သူ့ မှာထိသလဲတဲ့၊ ၃ ယောက်မှထိတယ် ဟုတ်စ။ ဘယ်အချိန်မှာထိသလဲတဲ့၊ မောင်သုခပြောတဲ့အတိုင်းဆိုတော့ ဆယ်နာရီခွဲလောက်မှ သူပြန်ပြီးများ မကြာမီသတိထားလိုက်စမ်းပါ။ ကျုပ်အထင်တော့ သူပြန်ပြီးတဲ့နောက် ၅ မိနစ် ၁ဝ မိနစ် အတွင်းပဲဖြစ်တယ်လို့ဆိုချင်တယ်၊ ဘာ့ကြောင့်လဲဆို တော့ ဖဲတွေလည်း ဒီအတိုင်းပဲရှိနေတယ်။ သူတို့ ၃ ယောက်လည်းပဲ အိပ်ချိန်တန်လျက်နဲ့ နေရာမျှလည်းမပြောင်း၊ ကုလားထိုင်ကိုတောင် နည်း နည်းကလေးနောက်ကိုမျှရွှေ့ပြီးမထိုင်၊ စားပွဲမှာပဲ ကပ်ပြီးထိုင်လျက်ရှိသေး တယ်ဆို မဟုတ်လားဗျ။ သည်တော့ ကျုပ်က မောင်သုခပြန်သွားပြီးတဲ့ နောက် မိနစ်အနည်းငယ်ခန့်အတွင်းဖြစ်စေ အလွန်ဆုံး ၁ဝ နာရီတွင်းမှာ ဖြစ်စေဖြစ်တယ်လို့ ကျုပ် ဆိုချင်တယ်။ ဘယ့်နှယ်လဲ”
ကျွန်တော်။ ။ “ကုလားထိုင်နေရာမျှမပြောင်းပုံထောက်တော့ ထင် ထိုက်ပါပေတယ်ဗျာ။ ၃ပုံရိုက်တယ်ဆိုတော့ညောင်းကညောင်းနဲ့၊ တကယ် ဆိုတော့ ကိုသုခ ပြန်သွားရင် နေရာပြင်ထိုက်တယ်။ ဟုတ်တယ်ဗျို့၊ ပြန် ပြန်ချင်းဖြစ်ဟန်တူတယ်”
ရှား။ ။ “နောက်တစ်ချက်ကတော့မောင်သုခဟာ အိမ်ကထွက်လာပြီး နောက် ဘယ်ကိုသွားတယ်ဆိုတာ ကြည့်ဖို့လိုတယ်။ ဒီဟာသိချင်လို့ ကျုပ်က ရေဖျန်းကရားကို တိုက်ပြီးလှဲလိုက်တယ်မဟုတ်လားဗျ၊ ရေစိုမှာသူ ကဖြတ်ပြီးနင်းသွားလေတော့ မနေ့ညကသူ့ခြေရာနဲ့တိုက်ပြီးကြည့် လိုက် တယ်။ ကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပဲအိမ်ကထွက်ပြီးနောက်ရွာ ကို မြန်မြန်လျှောက်လာခဲ့တာပဲ”
ကျွန်တော်။ ။ “မနေ့ညက သူ့ခြေရာကို ခင်ဗျား ဘယ့်နှယ်ရသလဲ” ရှား။ ။ “ညက မိုးကလေးဖြောက်ဖြောက်ကျတာ ခင်ဗျားမှတ်မိတယ် မဟုတ်လား”
ကျွန်တော်။ ။ “ဟုတ်တယ်ဗျို့၊ ညဦးက နည်းနည်းရွာတယ်”
ရှား။ ။“ကိုင်း- သည်တော့မောင်သုခပြန်သွားရိုးမှန်တဲ့အတွက်သည့် ပြင် တစ်ယောက်ယောက်ကြောင့် ဖြစ်တယ်လို့ ကျုပ်တို့ယူဆကြမယ်။ သို့ သော် သည်လောက်တောင်ကြောက်ရအောင်ဟာ ဘယ်လိုလူက ဘယ်လို နည်းနဲ့ ခြောက်လေသလဲတဲ့။ ဒေါ်အိုဇာတော့ မဟုတ်နိုင်ဘူး၊ မိန်းမကြီးက အင်မတန်ရိုးတယ်။ ဒါဖြင့်တစ်ယောက်ယောက်ကပြတင်းပေါက်ကလာပြီး ကြောက်လောက်အောင်ခြောက်လေသလားပဲစဉ်းစားဖို့ရှိပြန်တယ်။ သည် လိုတွေးဖို့ အကြောင်းကလည်း မောင်သုခစကားမှာပါတယ်။ သို့သော် မနေ့ ညက မိုးမှောင်ကလည်းကျ၊ လကလည်း မထွက်ဘူးဗျ။ သည်တော့ ကျုပ် ပြောသလို ခြောက်ခဲ့ရိုးမှန်လျှင် ပြတင်းပေါက်ကိုရောက်အောင်လာပြီး ပြတင်းပေါက်ကနေခြောက်မှပဲ မြင်နိုင်မယ်။ ပြတင်းပေါက်အနီးမှာမြေကြီး လည်းပြောင်လို့ ခြေရာလည်း တစ်ခုမျှ ကျုပ်မတွေ့ဘူး၊ သည်တော့သည် နည်း လည်းမဟုတ်နိုင်ဘူးဗျ၊ တော်တော်ကျပ်တည်းတဲ့ အမှုကလေးပဲဗျာ”
ကျွန်တော်။ ။ “ကျပ်တည်းတာတော့ ဘာပြောစရာရှိသလဲဗျာ၊ သိပ်ကျပ်တာပေါ့” “
ရှား။ ။“သို့သော် နောက်ထပ်ပြီး နည်းနည်းကလေးလောက်စဉ်းစားဖို့ အချက်ကလေးတစ်ခု ထပ်ပေါ်နိုင်ဖို့ ရှိပါသေးရဲ့ဗျာ၊ ကျုပ်တို့အရင်က စုံ ထောက်ခဲ့ရတဲ့ အမှုတွေမှာလည်း တချို့တလေဟာ သည်ထက် ကျပ်ကျပ် တည်းတည်းဖြစ်ခဲ့ဖူးတယ် မဟုတ်လား။ တော်တော်ကြာလို့ တစ်ခု နှစ်ခု လောက်ထပ်ပြီး စဉ်းစားလို့ပေါ်ပေါက်တဲ့အခါကျရင် အရှုပ်ကိုရှင်းနိုင်ခဲ့တယ်မဟုတ်ဘူးလား၊ သည်ဟာမှာလည်း နောက်ထပ်ပြီးတစ်ခုခုကြားရ ကောင်းပါသေးရဲ့ဗျာ၊ သည်အတောအတွင်းမှာတော့ လက်ဖက်ရည်ဝ အောင်သောက်ပြီး ပဲလှော်ကြော်ဖိစားဦးမှပဲ။ ထည့်ဦးဗျာ- ကိုသိန်းမောင် ပဲလှော်ကြော်”
၎င်းနောက် မောင်စံရှားသည် အမှုအကြောင်းနှင့်စပ်လျဉ်း၍ ထပ် လောင်းပြောဆိုခြင်းမရှိဘဲ ညနေခင်းအချိန်၌ ကျွန်တော်တို့သည် လမ်း လျှောက်ရန်ထွက်သွားကြရာ အိမ်သို့ပြန်လာသောအခါ အသက် ၄ဝ အ ရွယ်ခန့်ရှိ၍ အရပ်ထောင်ထောင်မောင်းမောင်းနှင့် တောင့်တင်းမာကျော သော လူတစ်ယောက်သည် အိမ်ရှေ့မှ စောင့်ဆိုင်းလျက်ရှိသည်ကိုတွေ့ရှိ ကြရလေ၏။ ထိုသူသည်ကျွန်တော်တို့ကိုမြင်လျှင် –
“ဦးစံရှား မှတ်ပါတယ် ခင်ဗျာ”
ရှား။ ။ “မှန်ပါတယ် ဘာကိစ္စ”
ထိုသူ။ ။“မယ်သီသေတဲ့ကိစ္စပါပဲခင်ဗျား၊ ဘယ်လိုများထင်မြင်ချက်ရှိ ပါသလဲ”
ရှား။ ။ “ခင်ဗျား ဘယ်သူလဲ”
ထိုသူ။ ။“ကျွန်တော်က သည်နယ်သားဇာတိ မောင်မိုးသီးပါပဲ ခင်ဗျာ၊ ရှေ့တုန်းကတော့ သာမည ပုလိပ်ပါပဲ၊ စစ်ကြီးတွင်းမှာ စစ်မှုထမ်းရွက်စဉ်က အမှုထမ်းကောင်းတယ်ဆိုပြီး ဟာဂျီလဒါရာထူးသို့ ချီးမြှင့်ခြင်းခံရပါတယ်။ ယခု မယ်သီတို့ မောင်နှမတစ်စုနဲ့ ဆွေလိုမျိုးလိုချစ်ခင်ပြီးနေလေတော့ ခွင့်ရက်စေ့လို့ အလုပ်ပြန်ဝင်မယ်လို့ မန္တလေးရောက်ပြီးမှကြေးနန်းရတာနဲ့ ပြန်လာခဲ့ပါတယ် ခင်ဗျာ၊ ဘယ်လိုများ အကြောင်းထူးပါသေးသလဲ”
ရှား။ ။ “နေပါဦး၊ ဘယ်သူ့ဆီက ကြေးနန်းရသလဲ”
သီး။ ။ “ရွာသူကြီး ဦးကျောက်တိုင်က ကြေးနန်းရိုက်လိုက်ပါတယ်”
ရှား။ ။ “အချိန်မကျတတ်သေးဘူးဗျ။ ဒါနဲ့ နေပါဦး ခင်ဗျားတည်းတော့ဘယ်မှာတည်းသလဲ”
သီး။ ။ ဝက်လက်မှာပဲတည်းပါတယ်။ ချစ်ခင်နေကြတဲ့မိတ်ဆွေမို့လို့၊ ဖြုန်းဆို ကြားရကြားရချင်း၊ မန္တလေးကမီရာ ရထားနဲ့လိုက်ပြီးလာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျား။ အကြောင်းထူးတဲ့အခါ ကျွန်တော်လည်း တစ်ဆိတ် လောက်သိပါရစေ၊ ကိုင်း – ပြန်လိုက်ဦးမယ် ခင်ဗျား”
ဦးမိုးသီးပြန်သွားသောအချိန်၌ကား နေဝင်ပြီဖြစ်လေရာဝက်လက်မှ ပြန်၍ အိမ်ပေါ်သို့တက်လာရာ ၎င်း၏မျက်နှာထားကိုမြင်သည်နှင့် မောင်စံ ရှားသည်ထပ်လောင်း၍ သဲလွန်စမတွေ့ရှိသည့် အကြောင်းကိုရိပ်မိခဲ့လေ ၏။ ညစာထမင်းစားသောက်ပြီးနောက် မောင်စံရှားသည် ဆေးတံကို မီးညှိလျက် –
ရှား။ ။ “နည်းနည်းတော့လိုနေသေးတာပဲကိုသိန်းမောင်ရေ၊ သို့သော် ကျုပ်ပြောထားတဲ့အတိုင်း အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်ဗျာ၊ ကိုင်း – အိပ်ကြဦးစို့ဗျို့၊ ဆရာဝန်ကစောစောအိပ်ရမယ်တဲ့ မှာလိုက်တယ် မဟုတ်လား”
ထိုညဉ့်အိပ်ရာသို့ ဝင်သောအခါ၌ ကျွန်တော်သည်နွားပိန်ကန်လိမ့် မည်ဟူ၍ မောင်စံရှား ပြောထားသောစကားကို ယုံကြည်သော်လည်း ဤ မျှလောက် ထူးဆန်းစွာနွားပိန်ကန်လိမ့်မည်ဟူ၍ မအောက်မေ့မိခဲ့ချေ။ အ ကြောင်းကိုဆိုသော် ကျွန်တော်သည် နံနက်လင်းသဖြင့်မျက်နှာသစ်လျက် ရှိသည်ပင် ရွာသူကြီး ဦးကျောက်တိုင်သည် ပျာယီးပျာယာပေါက်လာ၍
“အကျိုးနည်းကုန်ပြီကော ကိုသိန်းမောင်ရေ့၊ တစ်နယ်လုံး ဘာဖြစ်ကုန်ပြီ မဆိုနိုင်ဘူး၊ ကပ်များသင့်ကုန်ကြလေရော့လားဗျာ”
ရှား။ ။ “ဘာများဖြစ်ပြန်လို့လဲဗျာ”
တိုင်။ ။ “ကျွန်တော့်အိမ်က မောင်သုခလည်း မယ်သီ သေတဲ့နည်း အတိုင်း ညက သေပြန်ပြီကော ဦးစံရှား ခင်ဗျာ”
ရှား။ ။ (ထိုင်ရာမှ ရုတ်တရက်ထ၍) “အလို – တယ်လုပ်နေပါကလား၊ လာဗျို့ ကိုသိန်းမောင် လိုက်ကြည့်စမ်းကြရအောင်”
ရွာသူကြီး၏ အိမ်မှာနှစ်ထပ်အိမ်ကြီးဖြစ်လေရာ အပေါ်ထပ်အိမ် နောက်ခန်း၌ရွာသူကြီးနှင့် ၎င်၏မယားနေထိုင်လျက် အိမ်ရှေ့ခန်းမှာ မောင် သုခ၏အိပ်ခန်းဖြစ်လေသည်။ အောက်ထပ်မှာမှုတစ်ပိုင်းသည်မြင်းဇောင်း ဖြစ်၍ တစ်ပိုင်းမှာ ဧည့်ခန်းဖြစ်လေသည်။
ကျွန်တော်တို့သည် အောက်ထပ်ရှိ ဧည့်ခန်းသို့ဝင်သွားကြသောအခါ ပြတင်းပေါက်များမှာပိတ်လျက်ရှိသည်ဖြစ်၍ အခန်းသည်မှောင်လျက်ရှိရာ စားပွဲပေါ်၌ကား စားပွဲတင်မီးအိမ်တစ်ခုသည် ထွန်းညှိလျက်ပင်ရှိနေသေး လေ၏။ ဦးကျောက်တိုင်လည်းလေကောင်းစွာဝင်နိုင်စေရန် မီးအိမ်ကိုငြှိမ်း ကာ ပြတင်းပေါက်များကိုဖွင့်လိုက်လေရာ စားပွဲအနီးရှိကုလားထိုင်ပေါ် တွင်နောက်မှီကိုမှီလျက် မောင်သုခ၏ အလောင်းသည် မယ်သီ၏ အ လောင်းကဲ့သို့ပင် မျက်လုံးပြူးပြူး မျက်ဆန်ပြူးပြူးရှိနေသည်ကိုတွေ့ မြင် ကြရလေ၏။ ခြေလက်တို့မှာကောက်ကွေးတွန့်လိမ့်လျက် မျက်နှာထားမှာ လည်းဆိုးဝါးလှသည်ဖြစ်၍ ထိုသူသည်လည်းကြောက်အားကြီးလှသဖြင့် သေဆုံးရကြောင်း ထင်ရှားလှပေ၏။ မောင်သုခ၏အလောင်းမှာ၊ ရှပ်အင်္ကျီ မျှသာဝတ်ဆင်လျက်ရှိ၍ အိပ်ရာမှနံနက်စောစောထလာပြီးသည့်နောက် ထိုကဲ့သို့ သေဆုံးရသည်ဟူ၍ တွေးထင်ဖွယ်ရှိပေ၏။
မောင်စံရှားမှာမူ ထိုအခန်းတွင်းသို့ ဝင်မိသည်နှင့်တစ်ပြိုင်နက်၊ တာ ပတ်ကွင်းသို့ဝင်မိသော ဒုန်းမြင်းကဲ့သို့ ဖျတ်လတ်သွက်လက်သော အမူ အရာရှိခဲ့လေ၏။ တစ်စုံတစ်ရာ အနံ့ရသောအမဲလိုက်ခွေးကဲ့သို့ အခန်း တွင်း၌ ထိုမှ ဤမှလူးလာခတ်မျှ စုံစမ်းကြည့်ရှုပြီးနောက် မောင်စံရှား သည် ပြတင်းပေါက်မှကျော်ဆင်း၍ အိမ်နံဘေး၌ပတ်ပတ်လည်လှည့်၍ ကြည့်ရှုပြီးလျှင် အိမ်အပေါ်ထပ်ရှိ မောင်သုခ၏ အိပ်ခန်းသို့ဝင်သွားပြန်လေ ၏။ အိမ်ခန်းအတွင်း၌အနှံ့အပြားကြည့်ရှုပြီးလျှင် မောင်စံရှားသည် အိပ်ခန်း ပြတင်းပေါက်ကိုဖွင့်၍၊ အပြင်သို့မျှော်ကြည့်ပြီးနောက် တစ်စုံတစ်ခုကိုတွေ့ ရှိသည့်လက္ခဏာနှင့် ဝမ်းမြောက်ဝမ်းသာရှိသည့်ဟန်ဖြင့်ရှိနေလေပြန်၏။ ထိုနောက်တစ်ဖန် အိမ်အောက်သို့ဆင်းပြန်ပြီးလျှင် မောင်စံရှားသည်အိမ်နံ ဘေးပတ်ပတ်လည်၌ လှည့်လည်ကြည့်ရှုပြန်၍ အချို့သောနေရာတို့၌ မြေ ကြီးနှင့် မျက်နှာထိလုမတတ်နီးကပ်စွာကြည့်ရှုပြီးနောက် အလောင်းရှိရာ အခန်းတွင်းသို့ တစ်ဖန်ဝင်၍ လာပြန်လေ၏။
၎င်းနောက် စားပွဲပေါ်၌ရှိသော မီးအိမ်ကို သေချာစွာကြည့်ရှုလေ၏။ ထိုနောက် စလောင်းဖုံးကိုလည်း မှန် နှင့်သေချာစွာကြည့်ရှုလေ၏။ ထိုနောက်စလောင်းဖုံးအပေါ်ယံ၌ကပ်လျက်ရှိသော ပြာများမှိုင်းများကို ဓားငယ်နှင့်ခြစ်၍ယူပြီးလျှင် စာအိတ်တွင် ထည့်၍အိတ်တွင်းသို့ထည့်လိုက်လေ၏။ နောက်ဆုံး၌ဝက်လက်မြို့ဌာနာမှ ပုလိပ်အရာရှိများရောက်လာကြသောအခါမောင်စံရှားသည် ကျွန်တော်နှင့် ရွာသူကြီးတို့ကို အိမ်ပြင်သို့ လက်ယပ်ခေါ်ငင်သွားသဖြင့် ကျွန်တော်တို့ လည်း လိုက်ပါသွားကြလေ၏အိမ်ပြင်သို့ ရောက်သောအခါ-
ရှား။ ။“ကျွန်တော်စုံစမ်းလို့သိတန်သလောက်သိရပြီကောခင်ဗျ၊ပုလိပ် အရာရှိများကိုလည်းအိမ်ပေါ်ကပြတင်းပေါက်နဲ့ စားပွဲပေါ်က မီးအိမ်ကို တစ် ဆိတ် ဂရုစိုက်ပြီးကြည့်ဖို့ ကျွန်တော်အကြံပေးခဲ့ပါတယ်လို့ပြောလိုက်ပါ တော့ခင်ဗျာ၊ ကိုင်း – ကိုသိန်းမောင် ကျုပ်တို့ ပြန်လိုက်ကြဦးစို့ဗျာ”
ထိုနေ့တစ်နေ့လုံး မောင်စံရှားသည်ငြိမ်ဝပ်စွာမနေဘဲ အိမ်ပြင်ထွက် ချည်ဝင်ချည်ပြုလျက် ဝက်လက်သို့လည်းတစ်ခေါက်သွား၊ သူကြီး၏အိမ်မှ စားပွဲတင်မီးအိမ် နမူနာပုံစံအတိုင်း မီးအိမ်တစ်ခုကိုဝယ်ယူခဲ့လေ၏။ ၎င်း နောက် သူကြီးအိမ်၌ထွန်းသော ရေနံဆီအတိုင်း ဝယ်ယူ၍ အပြည့်ထည့်ပြီး လျှင် မီးအိမ်ကိုထွန်းညှိ၍ အချိန်မည်မျှကြာမှ ရေနံဆီကုန်သည်ကိုစမ်းသပ် ၍မှတ်သားကြည့်ရှုလေ၏။ ထိုပြင်အခြားနည်းအားဖြင့်လည်းစုံစမ်းနည်းမှာ ကား ကျွန်တော်တို့နှစ်ယောက်လုံး၌အသက်အန္တရာယ်ဖြစ်ခဲ့သောကြောင့် ကျွန်တော်တို့မှာ ထိုအခြင်းအရာကိုတစ်သက်လုံးမမေ့နိုင်လောက်အောင် ရှိခဲ့လေ၏။ ထိုနည်းကို မစမ်းသပ်မီ မောင်စံရှားက –
ရှား။ ။ “မယ်သီသေတဲ့ အမှုမှာရော၊ မောင်သုခသေတဲ့ အမှုမှာရော တူညီတဲ့ အချက်ပေါင်းများစွာရှိတဲ့အနက် အထူးသဖြင့် အရေးကြီးတဲ့အ ချက်ရှိတယ်ဗျ။ ဘာလဲဆိုတော့ သူတို့သေဆုံးပြီးတဲ့နောက် အခန်းတွင်းမှာ လှောင်စော်နံပြီး ကျန်ရစ်ခဲ့တဲ့အနံ့တစ်ခုရှိတယ်။ မယ်သီသေဆုံးရာအခန်း တွင်းကိုဒေါ်အိုဇာဝင်သွားတဲ့အခါမှာ မူးဝေပြီးသွားတယ်ဆိုတာတစ်ချက်၊ ဆေးဆရာကြီးရောက်ပြန်တော့လည်း ထိုနည်းလည်းကောင်းပဲဖြစ်တယ် ဆိုတာတစ်ချက် မှတ်မိသေးတယ် မဟုတ်လား ကိုသိန်းမောင်”
ကျွန်တော်။ ။ “မှတ်မိပါရဲ့ဗျာ”
ရှား။ ။ “ပြီးတော့တစ်ခါမောင်သုခ သေတဲ့အခန်းတွင်းကို ကျုပ်တို့ဝင် သွားတော့ကော ဘယ်လိုအနံ့ရသလဲ မှတ်မိသေးလား”
ကျွန်တော်။ ။ “လေလုံနေလို့ လှောင်စော်နံတယ် ထင်ပါရဲ့ဗျာ”
ရှား။ ။ “အစစ်ပဲ၊ လှောင်စော်နံတယ်၊ ဟိုမှာလည်း နံတယ် သည်မှာလဲ နံ့တယ်။ သည်ဟာ ဘာကြောင့်လဲ ခင်ဗျားတွေးမိရဲ့လား”
ကျွန်တော်။ ။ “အလောင်းရှိလို့ ထင်ပါရဲ့ဗျာ”
ရှား။ ။ အလောင်းရှိတိုင်းသည်လို မနံနိုင်ဘူးဗျ၊ ပြီးတော့ စဉ်းစားဖို့ တစ်ခုရှိတာက နှစ်မှုစလုံးမှာ အခန်းတွင်း၌ မီးရှိတာချည်းပဲ၊ မယ်သီအမှု မှာ မီးလင်းဖိုရှိတယ်၊ မောင်သုခအခန်းမှာလည်းမီးအိမ်တစ်ခုရှိတယ်။ သည်တော့ ကျုပ်ထင်တာကတစ်ခုခု မီးလောင်လို့အနံ့တစ်ခုခုထွက်တယ် လို့ ကျုပ်ထင်တယ်၊ ကျုပ်သဘောအရမှာတော့ မီးရယ်၊ အနံ့ရယ်၊ သေ ခြင်း သို့မဟုတ် ရူးသွပ်ခြင်းရယ် တစ်ခုနှင့် တစ်ခုဆက်သွယ်ခြင်းရှိတယ် လို့ ထင်တယ်ဗျ။ ရှင်းရဲ့မဟုတ်လားဗျာ”
ကျွန်တော်။ ။ “ရှင်းပြီဆိုပါဦးတော့ဗျာ”
ရှား။ ။“တပ်အပ်မဆိုနိုင်သေးသော်လည်း၊ စဉ်းစားဖို့အချက်ရတာပေါ့ ဗျာ၊ ကိုင်း- သည်တော့ ကျုပ်ဆိုချင်တာကတစ်ခုခုကို မီးအိမ်ထဲထည့်လို့ အနံ့ထွက်တဲ့အခါမှာ ၎င်းအနံ့ကို ရှူရှိုက်ရသောကြောင့် ရူးသွပ်ခြင်းသော် လည်းကောင်း၊ သေဆုံးခြင်းသော်လည်းကောင်း ဖြစ်ရတယ်လို့ ကျုပ်ဆို ချင်တယ်။ ကောင်းပြီ-မယ်သီ အမှုမှာတော့ အနံ့ဟာမီးလင်းဖိုကလာ တယ်။ လာသော်လည်း ပြတင်းပေါက်ဖွင့်ထားတဲ့အတွက် တချို့တစ်ဝက် သာ အခန်းတွင်းမှာ ကျန်ရစ်တယ်။ သည့်အတွက်အသက်ပြင်းတဲ့ ယောက်ျားနှစ်ယောက်မှာ ရူးသွပ်ရုံမျှဖြစ်ပြီး အသက်နေနည်းတဲ့ မိန်းမ မယ်သီမှာတော့ အသက်ဆုံးရှုံးရှာတယ်။ ကောင်းပြီ။ ဒုတိယအမှုမှာတော့ အခန်းက လုံလေတော့ ထွက်သမျှ အနံ့ကိုမောင်သုခက ရှူရသဖြင့် တစ်ခါ တည်းသေရှာရော။ အဲဒါကြောင့်မို့ မီးရယ်၊ အနံ့ရယ်၊ သေခြင်းရယ် ဆက်သွယ်ခြင်းရှိတယ်လို့ ကျုပ်ပြောတယ် မဟုတ်လား။ သည့်အတိုင်း စဉ်းစားမိလေတော့ မောင်သုခအခန်းထဲမှာ ခုပြောတဲ့အနံ့ထွက်စေတတ်တဲ့အဆိပ်အကြွင်းအကျန်များ ရှိလေသလားလို့ ကျုပ်ရှာကြည့်တယ်၊ ရှာ တော့ ဘယ်နေရာမှာ ရှာသလဲဆိုတော့ မီးအိမ်စလောင်းဖုံးမှာ ရှာကြည့် တယ်။ ရှာကြည့်တဲ့အခါမှာ မီးလောင်ပြီး ပြာကလေးတွေရော၊ မီးမကျွမ်း လောင်သေးတဲ့ ခပ်ညိုညိုအမှုန့်ကလေးတွေရော ကျုပ်တွေ့ရတယ်။ တွေ့ရတော့ တစ်ဝက်ကို ဓားနဲ့ ခြစ်ပြီး၊ စာအိတ်နဲ့ ထည့်ယူခဲ့တာ ခင်ဗျားမြင် တယ် မဟုတ်ဘူးလား”
ကျွန်တော်။ ။ “ဘယ့်နှယ်ကြောင့် တစ်ဝက်တည်းယူခဲ့သလဲဗျာ”
ရှား။ ။ “ပုလိပ်အရာရှိများလည်း သူတို့အစွမ်းနဲ့ စုံထောက်လို့ပေါ်ချင် ပေါ်ပါစေတော့လို့၊ သူတို့မြင်စေဖို့ ကျုပ်က တမင်တစ်ဝက်ချန်ပြီးထားခဲ့ တယ်ဗျ။ ကိုင်း . . . ကိုသိန်းမောင်မီးထွန်းစမ်းဗျာ။ စမ်းကြည့်ရအောင် သို့သော် ပြတင်းပေါက်လည်းဖွင့်ထားလိုက်ဦးဗျို့၊ မတော်တဆအငွေ့များ လွန်းအားကြီးပြီး ကိုသုခနောက်ကို ကျုပ်တို့လိုက်နေရဦးမယ်။ ဩော် – သို့သော် ခင်ဗျားစမ်းလို့ မတော်ဘူး မှတ်တယ်”
ကျွန်တော်။ ။“ဘာလို့မတော်ရသလဲဗျာ၊ ခင်ဗျားစမ်းဝံ့ရင် ကျွန်တော် လည်း စမ်းဝံ့တာပေါ့ဗျာ”
ရှား။ ။“သည်လိုမှပေါ့ကိုသိန်းမောင်”
၎င်းနောက်ကျွန်တော်တို့သည်စားပွဲပေါ်၌ရှိသောမီးအိမ်ကိုထွန်းညှိပြီး နောက် မောင်စံရှားသည် စာအိတ်တွင်ထည့်ထားသောအမှုန့်အနည်းငယ် ကို မီးအိမ်စလောင်းဖုံးပေါ်၌ ဖြူးပြီးလျှင်တစ်ယောက်၏ မျက်နှာကိုတစ် ယောက်ကြည့်ကာ စားပွဲတစ်ဖက်တစ်ချက်၌ ထိုင်လျက်ရှိနေကြလေ၏။ စလောင်းဖုံးသည်ပူလာသည်နှင့်တစ်ပြိုင်နက် ယခင်အမှုန့်တို့မှအခိုးအငွေ့ တို့သည် တဖြည်းဖြည်းထွက်ပေါ်၍လာခဲ့ရာ ကျွန်တော်တို့၏နှာဝသို့ ဝင် သည့်အခါတွင် ပထမ၌ ကတိုးအနံ့ကဲ့သို့မွှေးကြိုင်သော ရနံ့ကိုခံစားကြရ လေ၏။ ၎င်းနောက်စက္ကန့်အနည်းငယ်အတွင်းတွင် အနံ့သည်မွှေးကြိုင် သည်ထက် မွှေးကြိုင်လာပြီးလျှင် အီလည်လည်ဖြစ်သည်တိုင်အောင် တိုး တက် ပိုမိုပြင်းထန်လာရလေကား၊ ကျွန်တော်မှာ ပျို့ချင်သလိုအန်ချင်သလို အော်ဂလီဆန်၍ တက်လာခဲ့လေ၏။ သို့ရာတွင် ထိုသို့အခံရခက်အောင်ရှိခြင်းမှာ များစွာအချိန်မကြာလှချေ။ နောက်ခဏ၌ကား သတိလစ်တော့ မည်လိုလိုရှိနေပြီးလျှင် တစ်ဖန်သတိရလာခဲ့ပြန်၍ တစ်ခန်းလုံးမှာမှောင် နှင့်မည်းမည်းရှိနေဘိသကဲ့သို့ ကျွန်တော်၏စိတ်၌ ထင်မှတ်ရလေ၏။ ၎င်း မှောင်ရိပ်တို့၌ ကြောက်မက်ဖွယ်ကောင်းလှသောပုံသဏ္ဌာန်တို့သည် ထိုမှ ဤမှယိမ်းယိုင်လှုပ်ရှားလျက် ကျွန်တော့်အား ဖက်မည်လိုလို၊ ပွေ့တော့မည် လိုလိုပြုလုပ်ကြသည်ဖြစ်သောကြောင့် ကျွန်တော်သည်ထိတ်လန့်၍ အော် ဟစ်လိုက်သည်တွင် ကျွန်တော်၏ အသံမှာကျယ်လောင်စွာမထွက်ဘဲ ဖား ပြုပ်ကိုတုတ်နှင့် ထိုးလိုက်သည့်အခါ၌ မြည်သည့်အသံကဲ့သို့သာလျှင် ကျွန်တော်၏ နား၌ကြားရလေ၏။
နောက်တစ်ခါ၌ ကျွန်တော်သည် မထင် ရှားသော ပုံသဏ္ဌာန်တို့က ခြေထောက်ကိုဆွဲငင်၍ အသူတစ်ရာနက်သော ချောက်ထဲသို့ ပစ်ချမည်ဆဲဆဲရှိဘိသကဲ့သို့ စိတ်၌ထင်မှတ်၍ သတိလစ် မည်ဆဲဆဲရှိနေသည်တွင် မောင်စံရှားသည် ကျွန်တော်၏ခါးကိုပွေ့ဖက်၍ အိမ်ပေါ်မှတွဲခေါ်ပြီးလျှင် နှစ်ယောက်သားတို့သည် မြက်ခင်းပေါ်၌ပစ်လှဲ လျက်ရေထဲမှ ကုန်းပေါ်သို့တင်ထားသော ငါးများကဲ့သို့ လေကိုရှိုက်ကာ ရှိုက်ကာ ရှူလျက်ရှိနေကြလေ၏။ ကျွန်တော်တို့သည်မြက်ပေါ်၌ ပက်လက် လှန်လျက်တစ်ယောက်ကိုတစ်ယောက်စကားပြောဆိုနိုင်မည်ဝေးစွ၊လက် ခြေတို့ကိုမျှ လှုပ်ရှားခြင်းမပြုနိုင်ဘဲငြိမ်သက်စွာ၅မိနစ်ခန့်မျှလေကိုရှူရှိုက် မိသောအခါမှ အနည်းငယ်ကြည်လင်သော အဖြစ်သို့တိုင်ရောက်ခဲ့ရာ –
ရှား။ ။ “ကံကောင်းလို့ ကိုသိန်းမောင်ရေ၊ နည်းနည်းကလေးလိုတော့ တယ်၊ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုတာ ကျုပ်တို့လူစုပဲ”
ကျွန်တော်။ ။ “သေရမည်ချည်းပဲခင်ဗျားနဲ့အတူတူသေရရင် ကျွန် တော်စိတ်ကျေနပ်ပါတယ်ဗျာ”
ရှား။ ။ “သာဓုဗျာ၊ သို့သော်အတူတူနေဖို့က အရေးကြီးသေးတယ်ဗျ။ ခင်ဗျား ဘယ့်နှယ်နေသေးလဲ”
ကျွန်တော်။။”အခုတော့နေလို့ကောင်းသွားပြီဗျာ၊ခုနကများဖြင့်သေရ တော့မလား အောက်မေ့မိတယ်”
ရှား။ ။ “ကျပ် အပြစ်ပဲဗျို့၊ ကိုသိန်းမောင် တကယ်ဆိုတော့ စုံစမ်းလို့ရှိရင်ကျုပ်တစ်ယောက်သာစုံစမ်းပြီး ခင်ဗျားက ကျုပ်ကိုစောင့်ကြည့်စေဖို့ ကောင်းတယ်။ အခုတော့ နှစ်ယောက်စလုံးစမ်းကြည့်တယ်ဆိုတော့ ကျုပ် မိုက်သွားတာပဲဗျို့၊ ကံကောင်းလို့ဗျာ၊ သို့သော် ဒါထက်အမှုအကြောင်း ပြောရဦးမယ်၊ မယ်သီနဲ့ မောင်သုခသေတာဟာ ဒီအဆိပ်ငွေ့ကြောင့်ပဲ လို့ဆိုတဲ့ အကြောင်းယုံမှားသံသယများ ရှိသေးသလားဗျာ”
ကျွန်တော်။ ။ “မရှိပါဘူးဗျာ၊ သူ့ကြောင့် အစစ်ပါပဲဗျာ”
ရှား။ ။ “ကောင်းပြီ၊ ကိုင်း ဒါဖြင့် ဒီအဆိပ်ကို ဘယ်သူခတ်သလဲတဲ့၊ မယ်သီ အမှုမှာတော့ မောင်သုခ ခတ်တာ အမှန်ပဲ”
ကျွန်တော်။ ။ “ခင်ဗျာ”
ရှား။ ။ “ခင်ဗျားစဉ်းစားကြည့်လေ၊ သူတို့အဖေသေဆုံးစဉ်အခါကအမွေနဲ့ပတ်သက်ပြီးမောင်နှမ၃ယောက်ကတစ်ဖက်၊ မောင်သုခကတစ်ဖက် အချင်းဖြစ်ပွားကြတယ်ဆို မဟုတ်လား၊ နောက်တော့ကျေအေးကြတယ် လို့ မောင်သုခက ပြောတာပဲ၊ သို့သော် မျက်နှာကစုတ်ချွန်းချွန်း မျက်စိ စွေစွေနဲ့ လူများဟာ ဝမ်းတွင်းက အင်မတန် ကောက်တတ်တယ်ဗျ၊ ဒီလူမျိုးဟာ နှုတ်ကတစ်မျိုးပြောသော်လည်း ဝမ်းတွင်းမှာအင်မတန် အကျိတ်အခဲကြီးပြီး အကောက်ကြံတတ်တာချည်းပဲ ကျုပ်တွေ့ရဖူးတယ်၊ပြီးတော့ တစ်ချက်ကလည်း သူတို့ဖဲရိုက်နေစဉ်အခါမှာ ခြံထဲကလူလိုလို နွား လိုလို လှုပ်လှုပ်လှုပ်လှုပ်နဲ့နေတာ ပြတင်းပေါက်ကမြင်တယ်လို့ မောင်သုခကပြောတယ်မဟုတ်လား။ ဒီဟာက ညာတဲ့အလုံးပဲဗျ။ ကျုပ်တို့ကို အထင်လွဲစေရအောင် ဉာဏ်ဆင်ပြီးပြောတဲ့ အလုံးပဲ။ ပြီးတော့လည်း မောင်သုခက ပြန်ပြန်ချင်းဖြစ်ပွားတဲ့အမှုဖြစ်ကြောင်း ထင်ရှားလေတော့၊ အဆိပ်ကိုမီးထဲ သူပစ်မထည့်လျှင် ဘယ်သူပစ်ထည့်ဦးမှာလဲဗျ။ တကယ် လို့ သူသွားပြီးတဲ့နောက်တစ်စုံတစ်ယောက် အခန်းထဲဝင်လာခဲ့လို့ရှိရင် မောင်နှမတစ်စုဟာ မုချကုလားထိုင်ကဖြစ်စေထကြရမယ်။ ယခုတော့ ဘယ်သူမျှ နေရာမပြောင်းဘူး၊ သူထားခဲ့တဲ့ အတိုင်းပဲတဲ့ဗျ၊ သည်တော့ သည်အဆိပ်ကို မီးထဲပစ်ထည့်တဲ့ လူဟာ တခြားသူမဟုတ် မောင်သုခပဲ ဖြစ်ကြောင်းထင်ရှားတယ် မဟုတ်လား”
ကျွန်တော်။ ။ “ဒါဖြင့် မောင်သုခ သေတဲ့အမှုမှာ သူ့ကိုယ်သူ သတ်ပြီး တာလားဗျာ သေတာလားဗျာ”
ရှား။ ။ “တွေးတော့လည်း တွေးစရာပဲဗျာ၊ ညီအစ်ကို မောင်နှမ ခေါင်း နင်းလို့ ရက်ရက်စက်စက်သတ်မိတဲ့ လူတစ်ယောက်ဟာ နောက်ဆုံး တစ် နေ့တော့ ယူကျုံးမရဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်ပြီး သေမယ်ဆိုတာ တွေးဖို့တော့ရှိတာပဲ။ သို့သော် သည်လိုမဟုတ်ဘဲ တစ်ဖက်တစ်လမ်း စဉ်းစားစရာတွေကလည်း ရှိသေးတာကိုးဗျ၊ သည်အကြောင်းကိုသေသေ ချာချာသိတဲ့ လူတစ်ယောက်ရှိတယ်ဗျ၊ ဟောပြောရင်းဆိုရင်းပေါက်လာ ပြီဗျို့။ လာဗျာ ကိုမိုးသီး အိမ်ထဲမှာကျွန်တော်တို့တစ်ခုစမ်းသပ်ပြီးကြည့် ထားတာနဲ့ သည်အိမ်ရှေ့မှာ ထိုင်ပေဦးတော့ဗျာ”
ထိုခဏ၌ စစ်ပြန်ကိုမိုးသီးသည် ဝင်းတွင်းသို့ဝင်လာရာ မောင်စံရှား သည် ၎င်းအား မြက်ခင်းပေါ်၌ ပင်နေရာ ထိုင်ခင်းပေး၏။
သီး။ ။ “ဦစံရှား ကျွန်တော့်ကို မှာလိုက်တယ်ဆို ဘာကိစ္စလဲ ခင်ဗျာ”
ရှား။ ။ “ကျွန်တော်တို့ မရှင်းတဲ့ အချက်ကလေး တစ်ခုနှစ်ခု ရှိနေလို့ပါ ဗျာ၊ တစ်ဆိတ်ပြောပြစမ်းပါဦးဗျ”
သီး။ ။ “ဘာအကြောင်းလဲ ခင်ဗျာ”
ရှား။ ။ “မောင်သုခကို သတ်တဲ့အကြောင်းပေါ့ဗျ”
ထိုအခါကိုမိုးသီးဆိုသူသည်မျက်နှာများမည်းသွားပြီးလျှင်မျက်မှောင် ကြုတ်လျက် မောင်စံရှားအားစားတော့မည် ဝါးတော့မည်ကဲ့သို့ကြည့် လျက်ရှိရာ ကျွန်တော်မှာ အနီး၌ရှိသော ဖရုံစိတ်ကိုလှမ်းကြည့်မိလေ၏။
သီး။ ။ “ကျွန်တော်တို့အမျိုးက မြန်မာမင်းလက်ထက် ကတည်းက ဗိုလ်မျိုးဗျ၊ ဗိုလ်မိုးလုံးတို့.ဗိုလ်မိုးခဲတို့ဆိုတာ ခင်ဗျားတို့ကြားဖူးပါလိမ့်မယ်၊ သူတို့ သွေးကလေးပါလေတော့ ကျွန်တော်ကတစ်ဆိတ် စိတ်မြန်တယ် ဗျနော်၊ စကားပြောရင် စဉ်းစဉ်းစားစားကလေး ပြောကြပါဗျာ”
ရှား။ ။ `ခင်ဗျားသဘောကို ကျုပ်သိလို့မို့၊ ပုလိပ်ကိုမခေါ်ဘဲ ခင်ဗျားကို ခေါ်တယ် မဟုတ်လားဗျ”
ယင်းကဲ့သို့ မောင်စံရှားက အေးအေးဆေးဆေးနှင့် မိမိအကုန်သိပြီးကဲ့သို့ပြောသည်ကို ကိုမိုးသီးကြားရသောအခါ အနည်းငယ်ရွံ့ကြောက် သည့် အမူအရာဖြစ်ပေါ်လာပြီးလျှင် –
သီး။ ။ “စကားပြောရင် တည့်တည့်ပြောစမ်းပါဗျာ၊ ကျွန်တော်တို့က တောသားမို့လို့ စောင်းပါးရိပ်ခြည် ပြောရုံနဲ့ နားမလည်ဘူးခင်ဗျ”
ရှား။ ။ တစ်ယောက်ဖွင့်ပြီးပြောခဲ့လို့ရှိရင်တစ်ယောက်ကလည်းပြော လိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ် ကိုမိုးသီး။ ကိုင်း – ကျုပ်ကဖွင့်ပြီးပြော ရမှာဖြင့် မောင်သုခကို ခင်ဗျား ဘယ်အတွက်ကြောင့် သတ်သလဲဗျာ”
သီး။ ။ (နဖူးမှ ထွက်လာသောချွေးများကို လက်ကိုင်ပဝါနှင့်သုတ် လျက်)“ဦးစံရှားနာမည်ကြီးတယ်ဆိုတာအညာအလှိုင်းကောင်းလွန်းလို့ နာမည်ကြီးနေတာလားဗျာ”
ရှား။ ။ “ညာတယ်၊ မညာတယ် ခင်ဗျားသိရအောင် ကျုပ်ကပဲ သိသ လောက်ဖွင့်ပြီးပြောရတာပေါ့ဗျာ၊ ကိုင်း – ခင်ဗျား နားထောင်။ ကျုပ်တို့ဆီကို ခင်ဗျားတို့ တစ်ခေါက်လာမေးပြီးအပြန်မှာ အိမ်ကို တည့်တည့်မပြန်သေးဘဲ သူကြီးအိမ်သွားပြီး အပြင်က ခင်ဗျား ချောင်းနေတယ် မဟုတ်လား”
သီး။ ။ “ခင်ဗျား ဘယ့်နှယ်သိသလဲ”
ရှား။ ။ `ကျုပ်နောက်က လိုက်လာလို့ပေါ့”
သီး။ ။“မမြင်ပါကလားဗျာ”
ရှား။ ။ “ကျုပ်လိုက်ရင် ခင်ဗျားဘယ်တော့မြင်လိမ့်မှာလဲ။ ဒါနဲ့ခင်ဗျား အိမ်ပြန်ရောက်တော့ တစ်ညလုံး ခင်ဗျားအကြံထုတ်ပြီးနေတယ် မဟုတ် လား။ မနက်မိုးလင်းခါနီးတော့မှ မောင်သုခနေတဲ့အိမ်ကိုသွားတော့လမ်း နံဘေးကျောက်ပုံက ကျောက်ခဲကလေးတွေကောက်ပြီး ခင်ဗျားအိတ်ထဲ ထည့်သွားတယ်မဟုတ်လား”ဟုပြောသဖြင့် ကိုမိုးသီးသည် အံ့ဩသော မျက်နှာထားနှင့် မောင်စံရှားအား ကြည့်လျက်ရှိသည်။ မောင်စံရှားကဆက် လက်၍
“ဟိုနေ့က ခင်ဗျား ဒီကြက်ပေါင်ဖိနပ်ကိုပဲ စီးပြီးသူကြီးအိမ်ကို သွား၊ သွားလို့ အိမ်ကိုရောက်တော့ မိုးလင်းလုပြီ။ သို့သော်တစ်အိမ် လုံးအိပ်ပျော်နေကြတုန်းရှိသေးတယ်။ သည့်နောက် ခင်ဗျားအိမ်ကိုတစ်ပတ်နစ်ပတ်လျှောက်ပြီး အိတ်ထဲကကျောက်ခဲကလေးနဲ့ မောင်သုခအခန်း ပြတင်းပေါက်ကိုလှမ်းပစ်တယ် မဟုတ်လား”
သီး။ ။ (ထိုင်ရာမှ ထ၍) “ခင်ဗျား ဘာမှော်များ အောင်ထားသလဲ”
ရှား။ ။ (ပြုံးရယ်လျက်ဆက်လက်၍) “ခင်ဗျားက နှစ်သုတ် သုံးသုတ် လောက်ကျောက်ခဲနဲ့ ပစ်နှိုးတော့မှ မောင်သုခနိုးပြီးပြတင်းပေါက်က ခေါင်း ပြူကြည့်တယ် မဟုတ်လား၊ သည်တော့ ခင်ဗျားက လက်ယပ်ပြီးခေါ်တယ်၊ ခေါ်လို့မောင်သုခလည်းအိမ်အောက်ထပ်ဆင်းလာရော၊ခင်ဗျားကလည်းပြ တင်းပေါက်က ကျော်ပြီးဝင်ရော မဟုတ်လား၊ ခင်ဗျားအခန်းထဲရောက် တော့ စားပွဲမှာတစ်ပတ်နှစ်ပတ်လျှောက်ပြီး ပြတင်းပေါက်ကပြန်ထွက်၊ ထွက်ပြီး ဆေးလိပ်သောက်ရင်း အပြင်ကနေခင်ဗျားစောင့်ကြည့်နေတယ် မဟုတ်လား။ မောင်သုခသေတော့မှ ခင်ဗျားလာတဲ့ လမ်းအတိုင်းပြန်ပြီး သွားတယ်။ ကိုင်း- ကိုမိုးသီး ဘယ်အတွက်မောင်သုခကို ခင်ဗျားသတ် တယ်ဆိုတာ ကျုပ်တို့ကိုဟုတ်တိုင်းမှန်ရာဖွင့်ပြီးပြောလျှင်ပြော၊ မပြောလို့ ရှိရင်တော့အမှုကို ပုလိပ်လက်ကို တစ်ခါအပ်လိုက်ရင် ကျုပ်ဘာမျှမတတ် နိုင်တော့ဘူးလို့ မှတ်ပေတော့”
ထိုအခါ ကိုမိုးသီးသည် အင်္ကျီအိတ်မှ ဓာတ်ပုံတစ်ခုကို ထုတ်ပြီးလျှင် မြေပေါ်သို့ပစ်ချ၍ “သူ့ကြောင့် ကျွန်တော်သတ်ရတာဗျ၊သူ့အတွက်ကြောင့် ကျွန်တော်သတ်ရတာဗျ” ဟုပြောရာမောင်စံရှားသည် ဓာတ်ပုံကိုကောက် ယူ၍သေချာစွာကြည့်ပြီးနောက်
ရှား။ ။“မယ်သီ မဟုတ်လား”
သီး။ ။”ဟုတ်တယ်ဗျ၊ မယ်သီ ဓာတ်ပုံပါပဲ၊ မယ်သီနဲ့ ကျွန်တော်နဲ့ဟာ ငယ်ရည်စားပါပဲဗျာ၊ကြိုက်နေကြတာနှစ်ပေါင်း၈နှစ်ကျော်၉နှစ်လောက်ရှိ သွားပါပြီ။ ဒီအတွင်းမှာ ကျွန်တော်ကို မကောင်းတဲ့မိန်းမတစ်ယောက်က ဖြားယောင်းတာနဲ့ မယ်သီကိုမယူမိဘဲ သူ့ကိုသွားပြီးယူမိတယ်။ တစ်နှစ် လောက်ပေါင်းပြီးဟိုမိန်းမနဲ့ကွာကြပြီးတဲ့နောက်၊ကျွန်တော်ကမေတ္တာတစ် ဖန် တုံ့ပြန်ပြီးဆက်ကြဖို့ပြောတဲ့အခါမှာ မယ်သီကကျွန်တော်မိုက်ပြစ်ဒဏ် ပေးရဦးမယ်တဲ့၊ ဘယ်လိုဒဏ်ပေးရမလဲဆိုတော့ သူနဲ့အတူနေတဲ့မောင်နှစ်ယောက်လုံး အိမ်ထောင်မကျမချင်း ကျွန်တော်ကစောင့်ဆိုင်းပြီးနေရ မယ်တဲ့။ အခုလောက်လည်း ကျွန်တော်အခွင့်ယူပြီး အတန်တန်တိုက်တွန်း နှိုးဆော်ခဲ့တယ်ဗျ၊ တိုက်တွန်းပေမဲ့ မယ်သီက သူပြောပြီးတဲ့စကားတိုင်းပဲ မောင်များ အိမ်ထောင်ကျအောင်စောင့်ဆိုင်းမယ်လို့ချည်းပြောပြ ငြင်းပယ် ခဲ့တယ်ဗျ၊ ကျွန်တော်လည်း စောင့်ရတာဝန်မလေးပါဘူးခင်ဗျာ၊ သို့သော် အနှစ်နှစ်အလလစောင့်ဆိုင်းပြီး နောက်ဆုံးကျတော့ ဖြစ်ရပုံကြည့်ကြပါဦး တော့ခင်ဗျား၊ ဘယ်လောက်များ အသည်းနာဖို့ကောင်းသလဲ”ဟုပြော လျက်ကိုမိုးသီးသည် ရဲရင့်သောယောက်ျားစင်စစ်ဖြစ်ပါလျက် မျက်ရည်မ ဆည်နိုင်အောင်ရှိသည်နှင့် ကျွန်တော့်မှာ မျက်နှာလွှဲလျက်ရှိကြလေ၏။
၎င်းနောက်ဆက်လက်၍-
သီး။ ။“ကျွန်တော်တို့အကြောင်းကို သူကြီးကိုကျောက်တိုင်လည်းသိ တယ်ခင်ဗျ၊ဒါကြောင့်သည်လိုဖြစ်ဖြစ်ချင်းကျွန်တော့်ဆီကိုသူကကြေးနန်း ရိုက်လိုက်တယ်”ဟုပြောပြီးနောက် ကိုမိုးသီးသည် မိမိ၏အိတ်မှစာအိတ် တစ်အိတ်ကို ထုတ်ပြီးလျှင်
“သည်ဟာ ခင်ဗျားမြင်ဖူးပါသလား ခင်ဗျား”
ရှား။ ။“ဆိုပါဦး”
သီး။ ။ “ဒါနဲ့ ဟိုတစ်နေ့က မောင်သုခက ကျွန်တော်တည်းတဲ့အိမ်လာ လည်ပြီး မောင်ခလား၊ ပြောင်ခလား လျှောက်ပြောကြရင်း စကားစပ်မိတာနဲ့ ကျွန်တော်က ဒီဆေးမြစ်အကြောင်းကို သူ့ပြောပြပြီး ဒီဆေးမှုန့်ထုပ်ကို လည်း ကျွန်တော်ကထုတ်ပြမိတယ်ခင်ဗျ။ သည်တုန်းကသူဘယ်လိုများ လုပ်ပြီး ကျွန်တော်မသိအောင် ခိုးပြီးယူလိုက်တယ်မဆိုနိုင်ပါဘူး ခင်ဗျာ။ သည်လူက တော်တော်ဝမ်းတွင်းကောက်ကြောင်း ကျွန်တော်နည်းနည်း တော့ရိပ်မိပါရဲ့။ သို့ပေမဲ့ သည်လောက်တောင်ယုတ်မာလာမယ်လို့များ မထင်မိပေဘူးဗျာ။ ဒါနဲ့ကျွန်တော်လည်းခွင့်ရက်စေ့လို့ မန္တလေးပြန်သွား တော့၊ ဦးကျောက်တိုင်ဆီက ကြေးနန်းလည်းရပါရောခင်ဗျာ့။ ကြေးနန်း ထဲမှာ မောင်နှစ်ယောက်ရူးပြီး မယ်သီသေတယ်ဆိုရင်ပဲ ကျွန်တော် ဗြုန်းဆို ကျွန်တော့်ဆေးမြစ်ကိုသွားပြီး သတိရမိတယ်။
ပြီးတော့မောင်သုခကို ဒီ ဆေးမှုန့်ထုတ်ပြမိတယ်ဆိုတာလည်း သွားပြီးသတိရမိတယ်။ သည်တော့ဧကန္တ မယ်သီတို့မောင်နှမသုံးယောက်လုံးကို ရူးအောင်လုပ်ပြီး သူက အ မွေထိန်းချင်တဲ့အကြံအစည်နဲ့ပြုတာပဲလို့ကျွန်တော်တွေးမိလေတော့ချက် ချင်းပဲ ကျွန်တော်လိုက်ပြီးလာခဲ့တယ်။ ရောက်တဲ့အခါမှာ ခင်ဗျားကိုမေး ကြည့်တော့လည်း ခင်ဗျားက ရိပ်မိဟန်မတူဘူး။ ဒီတော့ကာ ဒီအမှုရုံးပို့စေ ကာမူ ရုံးမင်းက ယုံကြည်ချင်မှယုံကြည်မယ်။ ပြီးတော့ ဒီပြင်တစ်ချက်က လည်း တကယ်လို့အမှုထင်ရှားစေကာမူ မောင်သုခဟာကြိုးပေးသာခံရ မယ်။ ကြိုးပေးခံရလို့လည်း ကျွန်တော်က မကျေနပ်ဘူး။ ကျွန်တော်က မယ်သီခံရသလို၊ မယ်သီမချိမဆံ့ဖြစ်သလို သူလည်းခံရစေချင်တာပဲ။ အဲဒါ ကြောင့်ပုလိပ်ကိုမတိုင်ဘဲကျွန်တော်ကိုယ်တိုင်စီရင်လိုက်ခြင်းဖြစ်ပါတယ် ခင်ဗျာ။
ကိုင်း – ဒါပါပဲခင်ဗျာ။ စီရင်ပုံတော့ ဦးစံရှားလည်း သိပြီးပါပဲ။ ကျွန် တော်က တစ်ညလုံး အိမ်မပျော်နိုင်ဘဲ အကြံထုတ်နေပြီးလင်းခါနီးတော့ မောင်သုခအိမ်ကိုသွား၊ သွားပြီး ပြတင်းပေါက်ကိုကျောက်ခဲနဲ့ပစ်ပြီးနှိုး၊ သူ နိုးတော့ အိမ်အောက်ထပ်ကိုခေါ်၊ အောက်ထပ်ရောက်တော့ ကျွန်တော်က သူ့အကြံတွေအကုန်သိကြောင်းပြောပြပြီး ကုလားထိုင်မှာ ငြိမ်ငြိမ်ထိုင်ရင် ထိုင်၊ မထိုင်ရင်တစ်ခါတည်းပစ်သတ်လိုက်မယ်လို့ ခြောက်လုံးပြူးနဲ့ထုတ် ပြီး ခြောက်လေတော့ သူက မျက်လုံးမျက်ဆန်ပြူးပြီး၊ ကျွန်တော်ပြောတဲ့ အတိုင်း ကုလားထိုင်ပေါ်မှာ ထိုင်ပါရောခင်ဗျာ။ သည်တော့မှ ကျွန်တော်က မီးခွက်ကိုထွန်း၊ စလောင်းဖုံးမှာ ဆေးမှုန့်ဖြူး၊ အိမ်ပြင်ထွက်အပေါက်ကနေ ပြီး ခြောက်လုံးပြူးနဲ့စောင့်၊ ၅ မိနစ်အတွင်း မောင်သုခသေပါရော ခင်ဗျာ။ ကိုင်း – ဦးစံရှား ကျွန်တော့်မှာတော့ မယ်သီမရှိတဲ့နောက်နေရလို့လည်း မထူး၊ သေရလို့လည်း မထူးပါဘူးခင်ဗျာ။ ခင်ဗျားသဘောရှိသလိုသာပြု ပါတော့” ဟုပြောသောအခါ မောင်စံရှားသည်အတန်ကြာအောင် စကား မပြောဘဲ စဉ်းစားဆင်ခြင်နေပြီးနောက် –
ရှား။ ။ “ခင်ဗျား ဘယ်လိုကြံစည်သလဲ”
သီး။ ။ “ကျွန်တော်တော့ သင်္ကန်းဆီးမယ် ကြံစည်တယ်”
ရှား။ ။ “ကျုပ်ကို ရဟန်းဒကာ မှတ်လိုက်ပေတော့ဗျာ။ ကိုင်း – သွား ပေတော့ ကိုမိုးသီး”
ကိုမိုးသီးပြန်၍ သွားသောအခါ –
ရှား။ ။“ဘယ့်နှယ်လဲ ကိုသိန်းမောင်၊ ကျုပ်လုပ်ပုံ သဘောတူရဲ့လား”
ကျွန်တော်။ ။ “တူပြီလားဗျာ”
ရှား။ ။“ကျုပ်လည်းတစ်ခါမျှမိန်းမဆိုရင် မချစ်ကြိုက်ဖူးဗျ၊ တကယ်လို့ ချစ်ကြိုက်မိလို့ကိုမိုးသီးကြုံသလိုများကြုံရရင်သည်လိုပဲပြုမိမလားမပြော တတ်ဘူးဗျို့။ ကိုင်း – ဘာများမရှင်းတာ ရှိသေးသလဲဗျာ။ ပြတင်းပေါက်မှာ ကျောက်ခဲတွေ တွေ့တာကစပြီး ကျုပ်စဉ်းစားမိတာကိုးဗျ။ အိမ်အနီးအနား မှာလည်း ဒီကျောက်ခဲမျိုးမရှိဘူး။ မီးခွက်ကြီးထွန်းလျက်တွေ့တာရယ်၊ စ လောင်းဖုံးပေါ်မှာ ဆေးမှုန့်တွေ့တာရယ်ကနောက်ထပ်ဖြည့်စွက်တဲ့အချက် တွေပဲဗျာ။ ကိုင်း ကိုင်း- ကိုသိန်းမောင်၊ ဒီမှာနေတဲ့အခိုက်နောက်တစ်မှု ကျုပ်မလိုက်ပါဘူးဗျာ၊ ဆရာဝန်ကြီးကိုလည်း မပြောလိုက်ပါနဲ့ဗျနော်၊ ကျုပ် လည်း ကျန်းမာပါပြီ”
*** ***
ရွှေဥဒေါင်း
( သည်းထိတ်ရင်ဖို