ပါရမီရှင်နှင့် မှော်ဝင်ဓာတ်လုံး

ပါရမီရှင် နှင့် မှော်ဝင်ဓာတ်လုံး(စ/ဆုံး)
—————————

” ဟဲ့ …နွား !!! ရုန်းပါဟ သွက်သွက်ကလေး ..”

“.. နယုန်မိုးသေး မြက်သားမွေး..” ဆိုတဲ့အတိုင်း
မိုးဦးလေဦးကျတဲ့ နယုန်လမှာ နှစ်မလောက် ကောင်း ကောင်း ရွာခဲ့တာကြောင့် တနွေလုံး ပက်ကြားအက်နေတဲ့ လယ်မြေတွေထဲမှာ ရေကွက်ကလေးတွေ နေရာယူနေခဲ့တယ်။

လယ်မြေ ရေစပ်စပ်တွေကြားမှာတော့ စိမ်းစိမ်းစိုစို အပင်ငယ်လေးတွေက ဟိုတစု သည်တစုနဲ့ မြေပြင်ပေါ်မှာ ထိုးထွက်လာနေကြတယ်။ လယ်ကွင်းတွေပေါ် ရံဖန်ရံခါ ဖြတ်တိုက်လာတဲ့လေ​က လယ်ထွန်နေတဲ့ လယ်သမားတွေအတွက် အပန်းဖြေစရာတစ်ခု ဖြစ်လို့နေပါတယ်။

ထွန်ပြီးသားမြေကွက်တွေထဲကနေ ထွက်လာတဲ့ပိုးကောင်လေးတွေကို အစာအဖြစ်ရှာဖွေစားသောက်နေကြတဲ့ ငှက်တွေကလည်း ကျီကျီကျာကျာနဲ့ ပျံသန်းနေကြပြန်ပါတယ်။

ပူပြင်းလှတဲ့နေရောင်အောက်မှာ ကိုအုန်းမောင်တို့ ထွန်နေရတဲ့မြေသားကလည်း အပေါ်ယံ​ပျော့သလိုလိုနှင့် နက်လေမာလေ ဖြစ်နေတယ်။ ကိုယ့်မြေကိုယ့်ယာမလိုသာ လုပ်ကိုင်နေကြရတယ် ကြာလေ စိတ်ပျက်လေ ဖြစ်လို့နေပါတော့တယ်။

” ထောက်!!! ”

” ဟာကွာ ကျိုးပြန်ပဟေ့ နောက်တစ်ချောင်း ”

” ဒီနွားတွေကလဲ သေချာ မရုန်းဘူး ကဲ့ကွာ ကဲ့ကွာ ”

​ထယ်သွားတွေက မကြာခဏကျိုးနေတာကြောင့် ကိုအုန်းမောင်ဒေါသက ငယ်ထိပ်ရောက်နေတယ် ။
ကိုအုန်းမောင်လိုပဲ ဘေးနားဝန်းကျင်က လယ်သ မားတွေလည်း နေကလည်းပူ သူတို့လိုသလောက် ခရီးလည်းမပေါက်တာ​ကြောင့် နွားတွေကိုပဲ အသံကျယ်ကျယ်နဲ့ ငေါက်ငမ်းလိုက် ရိုက်လိုက် ခိုင်းနေရတာကို တွေ့ရပြန်တယ်။

နယုန်လကိုကျော်လို့ ဝါပင်ဝင်လာခဲ့ပြီ။ ထူးဆန်းစွာပဲ ပဲခူးတိုင်းအနောက်ခြမ်း ညောင်ရွှေရွာလေးမှာ မိုးလုံးဝမရွာလာခဲ့ပါ။

” ဒီနှစ်လဲ မရွာပြန်ဘူးထင်တယ်ဟယ်….”

ကျဲကျဲတောက်ပူနေတဲ့ နေမင်းကြီးကို မော့ကြည့်ရင်း စိတ်ပျက်စွာ ငြီးငြူလိုက်သူက မအေးတင်ပါ။ ချေးငွေတွေယူပြီး လယ်စိုက်နေရတဲ့ သူမလယ်တွေအတွက် မိုးက အရေးကြီးတယ်လေ။

မြစ်ရေနဲ့ မြောင်းသွယ် စိုက်ရအောင်လည်း လယ်နဲ့မြစ်နဲ့က အလှမ်း ဝေးလွန်းလှပါတယ်။ လယ်ကွက်တွေကိုကြည့်လိုက် သက်ပြင်းရှည်ကြီးချလိုက်နဲ့ လယ်ထွန်နားနေတဲ့ ယောကျ်ားဖြစ်သူ ကိုအုန်းမောင်ရှိရာကို ပြန်လာရင်းနဲ့ ကန် သင်းဘေးမှာတွေ့တဲ့ ကန်စွန်းရွက်တစ်ချို့ကို ခူးလာခဲ့လိုက်တယ်။

” အေးတင် ကန်စွန်းရွက် ရလာခဲ့လား ”

” ရော့ပါတော် သူတို့လည်း ရေမရတော့ သူတို့လဲ ငုပ်တိုလေးတွေပဲပေါက်နေရတယ် ”

” ရပါတယ်ဟာ ရေဆေးလိုက် ငါဗိုက်ဆာနေပြီ ”

မအေးတင်က ထမင်းစားမလို့ ပြင်နေတဲ့ ယောကျ်ားဖြစ်သူကို ကန်စွန်းရွက်တွေ ကမ်းပေးရင်း ဆောင်းထားတဲ့ ခမောက်ကိုချွတ်ကာ ယပ်ခပ်နေလိုက်တယ်။

” ဒါနဲ့ အိမ်မှာ ဆန်ရောကျန်သေးလား အေးတင် ”

” ဝမ်းစာကတော့ သစ်သားစည်ထဲ နှစ်တင်းခွဲလောက်
ကျန်ပါသေးတယ်တော် ဟိုဟာကတော့ ”

မအေးတင်က ဆက်မပြောပဲ ယောကျ်ားဖြစ်သူမျက်နာကို အကဲခတ်လိုက်တော့ စိတ်မရှည်တဲ့ ကိုအုန်းမောင်က …

” ဘာလဲဟ ဟိုဟာဆိုတာ.. ”

” ရွာထဲက သက်ကြီးအဖိုးအဖွားတွေကို လှူဖို့ ဆန်က
နည်းနေပြီတော့် ”

မချင့်မရဲနှင့် ပြောချလိုက်သော်လည်း မကြာခင် အဆဲခံရတော့မည် ဖြစ်ကြောင်း မအေးတင် ထင်နေခဲ့တယ်။ သို့ပေမဲ့ သူထင်သလို ဖြစ်မလာခဲ့ပဲ ယောကျ်ားဖြစ်သူက လေသံအေးအေးနဲ့..

” ဒီမှာ အေးတင်ရယ် တို့များ အတိတ်က ဒါနမရှိခဲ့လို့ အခု ဘဝမှာ လူဖြစ်ရတာတောင် ပင်ပင်ပန်းပန်းရုန်းကန်မှ ထမင်းစားနေရတာဟဲ့ နင်သိရဲ့လား ”

” သိပတော် ကျုပ်ကမှ တော့်ထက်ပိုပြီး ကုသိုလ်
လုပ်သေးတယ် အခုဟာက ကျုပ်တို့တောင် စားဖို့
နည်းနေလို့ ပြောပြတာ ”

” ဘာပဲဖြစ်ဖြစ်မိန်းမရာ အိမ်ပြန်ရောက်ရင် တို့စားဖို့အထဲက သုံးပုံပုံတစ်ပုံခွဲပြီး လူကြီးတွေကို ပေးလိုက် ကြားလား ”

” အင်းပါတော် ဒါနဲ့ ကျမသားလေး မောင်သိန်းခေါင်
သတင်း ဘာကြားသေးလဲဟင် ကိုအုန်း ”

ယောကျ်ားဖြစ်သူ စားသောက်ပြီးတဲ့ အိုးခွက်ပန်းကန်တွေကို ကြိမ်ခြင်းတောင်းထဲပြန်သိမ်းဆည်းရင်းက အိမ်ကနေထွက်သွားတဲ့ သားငယ်ကို သတိရလာတာကြောင့် မအေးတင် ကောက်မေးလိုက်ခြင်း ဖြစ်အါတယ်။

” သူ့ဘကြီး ငါ့အစ်ကိုတစ်ဝမ်းကွဲကတော့ စာနဲ့လူ
ကြုံပါးလိုက်တာပဲ ငါတို့သားက အခုဆို ဆေးပညာ
မှာ အတော်ထက် ဆိုပဲဟ ”

” ကျမ သားလေးက အတင်းလိုက်ချင်လို့သာ ထည့်
ပေးလိုက်ရတယ် ဘယ်လိုမှ စိတ်မချဘူး ဟီး!!! ”

မအေးတင်က ပြောရင်း ငိုချလိုက်တာကြောင့် ထမင်းစားပြီး ခဏမှိန်းမယ်လို့တွေးထားတဲ့ ကိုအုန်းမောင်လဲ နားပူမခံနိုင်တာနဲ့ ကိုင်းခုတ်ဓါးကိုယူကာ တဲကနေထွက်လာခဲ့လိုက်တယ်။

(၂)

ငိုပြီးကျန်နေခဲ့တဲ့ မယားဖြစ်သူကိုလဲ အပြစ်
မပြောရက်။ သူ့အစ်ကိုတစ်ဝမ်းကွဲက မိမိတို့ ညောင်ရွှေရွာနဲ့ ၁၃မိုင်လောက်ဝေးတဲ့ ပဲခူးမြို့ပေါ်မှာ တိုင်းရင်းဆေးကုပြီး အသက်မွေးနေသူမဟုတ်လား။ လွန်ခဲ့တဲ့သုံးနှစ်က ရွာပြန်လာချိန် သားဖြစ်သူကအတင်းပူဆာလို့ အစ်ကိုကြီး တောက်တိုမယ်ရ ခိုင်းဖို့ရာ သူထည့်ပေး လိုက်တာပါ။

” ဟူး ”

သူအတွေးလွန်နေရင်း သတိဝင်လာလို့ ကြည့်လိုက်တော့ တဲနဲ့ နှစ်ခေါ်သာသာလောက် ဝေးတဲ့ ဝါးတောလေးဆီကို ရောက်နေပြီ။ ဝါးတောကလည်း အရင်လိုစိမ်းစိမ်းစိုစို မဟုတ်တော့။ သုံးနှစ်လောက် မရွာတဲ့မိုးကြောင့် တစ်ချို့သစ်ပင်တွေဆိုရင် ရိုးတံဖြိုင်ဖြိုင် ဖြစ်လို့နေပေပြီ။

” ဟာ ”

ကိုအုန်းမောင် နှီးဝါးခုတ်ဖို့တောအတွင်းပိုင်းထဲထိ တိုးဝင်လာရင်း မြင်လိုက်လိုက်ရတဲ့ မြင်ကွင်းကြောင့် အတွေးစတွေပြတ်ကာ ကြက်သေသေသွားခဲ့တယ်။

သူမြင်လိုက်ရသည်က ဝါးတောကိုပတ်ပြီး တူးထားတဲ့ မြောင်းကြီးတစ်ခု ၊ မြောင်းတဖက်မှာလည်း စိမ်းစိုနေတဲ့ စပါးခင်းကြီးက တမျှော်တခေါ်လောက် ရှိနေခဲ့တယ်။ သူကြည့်နေတုန်းမှာပဲ ကောင်းကင်ကနေ မိုးတွေရွာလာလို့ နီးရာသစ်ပင်အောက် ​ဝင်ပြေးရင်း ပြဿနာကို အဖြေရှာနေခဲ့တယ်။

” ဘယ်လိုကြီးပါလိမ့် ”

ထူးဆန်းနေတာက မိုးရေပါ။ ဒီနေရာကိုကြည့်ရတာ မိုးပုံမှန် ရွာနေတယ်။ ဒါပေမယ့် မိုးရေက ညောင်ရွှေရွာနဲ့ အနီးအနားဝန်းကျင်ရွာတွေကို ဘာကြောင့်မရောက်ရတာလဲ။

” ဟား ဟား ဟား ”

လူနှစ်ယောက် ဟက်ဟက်ပက်ပက် ရီမောရင်း လမ်းလျှောက်လာသံကြားလို့ ကိုအုန်းမောင်လဲ တခုခုသိလိုသိရငြား သူတို့အနားရောက်မလာခင် ချုံတစ်ခုထဲကိုဝင်ပုန်းနေလိုက်တယ်။

” လှဖေ မင်းကြည့်စမ်း ငါတို့လယ်တွေ ဘယ်လောက်
ကောင်းလဲဆိုတာ ”

” အေးပါ စိန်မြင့်ရာ ငါ့လယ်တွေလည်း အတူတူပါပဲဟ ”

” နှစ်တိုင်း စပါးအထွက်ကောင်းလို့ ဂုဏ်ယူနေတဲ့
ညောင်ရွှေရွာက သေနာကျတွေ အခုဆို စားဖို့တောင်
အနိုင်နိုင်တဲ့ ”

” ဟား ဟား ဟား ”

” လှဖေ တို့ဆရာကြီးက အရမ်းအစွမ်းထက်တာပဲကွ နော် ”

” ဒါနဲ့ စိန်မြင့် မင်းဒီကအပြန် ဆရာကြီးဆီ ဝင်ဦး
မှာလား ”

” ဝင်မှာပေါ့ကွ ငါ့မိန်းမက ငါးခြောက်ဖုတ်ဆီဆမ်းလေးကို ဆရာကြီးစားဖို့တဲ့ ထည့်ပေးလိုက်လို့ ဝင်ပို့ရမှာဟေ့ ”

” အေးပါ အဲ့ဒါဆိုလည်း ရော့ကွာ မင်းသွားလက်စနဲ့ ငါ့
ခြံထွက်နွားနို့နှစ်ပုလင်း ယူသွားပေးစမ်းပါ ငါပေးတာလို့ပြောပေးနော် ”

” အေး ပေးလိုက်လေ ”

လယ်အခြေနေလာကြည့်တဲ့ အိုးဝေရွာသားတွေ
ဖြစ်ဟန်တူပါတယ်။

” တောက်!!! ”

သူတို့အဝေးရောက်သွားတာနဲ့ အခြေအနေအရပ်ရပ်ကို ရိပ်စားမိသွားတဲ့ ကိုအုန်းမောင်တစ်ယောက် ချုံထဲကထွက်ပြီး တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်တယ်။

” ဝှီး….”

အဲ့ဒီအချိန် မမြင်ရတဲ့လှိုင်းတစ်ခုက သူ့ကို ဆောင့်တွန်းလိုက်သလို ဖြစ်သွားပြီး ကိုအုန်းမောင် လယ်ကန်သင်းဘောင်ပေါ် မှောက်လျှက် လဲကျသွားခဲ့တယ်။

” ဖြောင်း ဖြောင်း !!! ”

” အား!!!!!!!! ”

တစ်ဆက်ထဲမှာပဲ အကောင်အထည်မမြင်ရတဲ့ သတ္တဝါတစ်ကောင်ကလဲ နောက်ကျောကို နှစ်ချက်ဆင့်ရိုက်ချလိုက်တာကြောင့် ကိုအုန်းမောင် ငယ်သံပါအောင်အော်ဟစ်ရင်း အမြင်တွေမှောက်မိုက်သွားခဲ့တယ်။

သတိပြန်ရလာတော့ တောစပ်မှာ ပြန်ရောက်နေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ သူ့ပတ်ချာ လည်က သစ်ပင်တွေပေါ်မှာ ကြောက်လန့်စရာ အသွင် သဏ္ဍာန်မျိုးစုံနဲ့ သတ္တဝါတွေက နေရာမလပ် ရှိနေကြတယ်။

” ထွက်သွား မလာနဲ့ သွား ဒါငါတို့နေရာ ”

နာနာဘာဝတွေက ကိုအုန်းမောင်ကို စားမတတ် ဝါးမတတ် ကြည့်နေကြပြီး သူတို့နေရာကနေ ထွက်သွားဖို့ ဝူးဝူးဝါးဝါးနဲ့ မောင်းထုတ်နေကြပါတယ်။ ခြေ ဟန်လက်ဟန်တွေနဲ့ မောင်းထုတ်နေတဲ့ သတ္တဝါတွေကို သူကြောက်နေရမယ့်အစား ဘာတွေဖြစ်နေတာလဲဆိုတဲ့ မေးခွန်းကိုစဥ်းစားရင်း ခြေလှမ်းတွေကို ရွာဘက် ဦးလှည့်လိုက်တယ်။

” ဟုတ်ပါ့မလား သာဒင်ရယ် မင်းသေချာကြားလိုက်
လို့လား ”

” ဟာ ကိုတင်ဆန်းကလည်း ကျနော်ကိုယ်တိုင် နားနဲ့
ဆက်ဆက်ကြားလိုက်တာဗျ ကိုအုန်းမောင်အသံမှ
ကိုအုန်းမောင်အသံဗျ ”

” မထိတ်သာမလန့်သာ ရှိလိုက်တာကွာ ပိုးများထိတာ
လားမသိဘူး ”

​ ပုဆိုးစလွယ်သိုင်းပြီး အာကာထွန်းဘောင်းဘီတို ကိုယ်စီဝတ်ထားတဲ့ လယ်သမားလေးယောက်လောက်က မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ ကိုအုန်းမောင် လျှောက်လာတဲ့ လမ်းအတိုင်း တည့်တည့်လာနေကြတယ်။ သူတို့မျက်နာတွေ ပေါ်မှာတော့ စိုးရိမ်စိတ်ကြောင့်ကျလာတဲ့ ချွေးသီးတွေက တစ်ပေါက် ပေါက်ကျနေခဲ့တယ်။

” ဟာ ကိုတင်ဆန်း သာဒင် လွန်းမောင် ဆန်းကိုကို တို့
မင်းတို့ ဘယ်သွားကြမလို့လဲ ဘယ်သူဘာဖြစ်လို့လဲ ”

သူ့အမေးကို ပြန်မဖြေတဲ့အပြင် ဝင်ပါတိုက်သွားတာကြောင့် ​ကိုအုန်းမောင်ခမျာ မနည်းရှောင်ရှားလိုက်ရတယ်။ သူပြေးလိုက်ဖို့ ကြိုးစားရင်း ဆွဲအားတစ်ခုက စောင့်ဆွဲလိုက်တာကြောင့် လိုက်ပါသွားခဲ့ရတယ်။

(၃)

သတင်းကြားကြားခြင်း ပြေးလိုက်လာတဲ့ မအေးတင်ခမျာ ယောကျ်ားဖြစ်သူကို မြင်တော့…

” ကိုအုန်းမောင် အမလေး အခုလေးတင် ထမင်းစားပြီး
နှီးဝါးခုတ်ဖို့ ဝါးတောထဲ ထွက်သွားတာပါတော် ဖြစ်မှ
ဖြစ်ရလေ ယောကျ်ားရဲ့ အီးဟီး ဟီး ”

” ဟဲ့ အေးတင် ဖယ်စမ်း နင့်ပုခုံးပေါ်က စောင်ကို ဒီကို
ပေး ”

အသက်အကြီးဆုံးဖြစ်တဲ့ ကိုတင်ဆန်းက ငိုယိုနေတဲ့မအေးတင်ကို အော်ငေါက်လိုက်ပြီး လူနာကို စောင်ပုခတ်ထဲ ဝိုင်းမထည့်လိုက်ကြတယ်။ ပြီးနောက် အတူပါလာတဲ့လူငယ်တွေကို တလှည့်စီထမ်းခိုင်းပြီး ရွာကို သယ်လာခဲ့လိုက်တယ်။

ရွာရောက်တာနဲ့ ဆေးထိုးဆရာလေးကိုအမြန်ပင့်ပြီး စမ်းသပ်ကုသကြည့်ပေမယ့် လူနာရဲ့ဒဏ်ရာက မြွေကိုက်ထားသည့် လက္ခဏာကို မတွေ့ကြရ။

လူနာက သုံးနာရီခြားတခါ နှလုံးထခုန်နေသေးတာကြောင့် ဆရာလေးက သက်ဆိုင်သူတွေကို ခေါ်ပြီး လေသံခပ်တိုးတိုးနဲ့…

” ဒီဝေဒနာကို ကျနော်လဲမကုတတ်ဘူး ” လို့ ပြောပြပြီး ညှိုးငယ်စွာနဲ့ ထပြန်သွားခဲ့တယ်။

ဆေးလွယ်အိတ်ကိုင်ပြီး ခြံဝရောက်တဲ့အထိလိုက်ပို့ပေးရှာတဲ့ ကိုတင်ဆန်းကို ဆရာလေးက…

” ကိုတင်ဆန်း တွေ့တယ်မလား သူ့တစ်ကိုယ်လုံးမှာ
ဒဏ်ရာဆိုလို့ ကျောပြင်က မဲနက်နေတဲ့လက်ဝါးရာ
နှစ်ခုပဲ ရှိတာလေ အဲ့ဒါ​ကျတော့ ကျနော်တို့ အ နောက်တိုင်းဆေးပညာတွေလိုက်မမှီတဲ့ အရာတွေဗျ”

” ဒါမျိုးမှာ ကျွမ်းကျင်တဲ့ပရောဂပညာရှင်တွေ ပင့်ကုကြည့်ပါလား။ စေတနာနဲ့ အကြံပေးတာပါ။ ပြီးတော့ကျနော်ခန့်မှန်းရရင် ကိုအုန်းမောင်ဟာ အလွန်ဆုံးနေရမှ နောက်သုံးလေးရက်လောက်ပဲရှိတော့မယ် မှီလိုမှီငြားပေါ့ဗျာ ”

” ဟုတ်ကဲ့ပါ ဆရာရယ် ”

ဆေးထိုးဆရာလေးက ဆေးအိတ်လှမ်းယူရင်း ကိုတင်ဆန်းကိုကြည့်လိုက်တော့ မျက်ရည်ဝဲနေတဲ့ မျက်နာနဲ့ ခေါင်းကို ငုံ့ချလိုက်တာ တွေ့ရတယ်။

ညီအစ်ကိုလို ခင်မင်ကြတဲ့ သူတို့ဆက်ဆံရေးကို ဆေးထိုးဆရာလေးအပါအဝင် ညောင်ရွှေရွာ တစ်ရွာလုံးက သိနေကြတာမဟုတ်လား။

” ဘယ်လိုဖြစ်ရတာလဲ သာဒင်ရာ ”

” အမလေး ငါတို့ရဲ့ ဆန်ကုသိုလ်ရှင်ကြီး ဘေးမသီရန်မခပါစေနဲ့ ”

ကိုအုန်းမောင် ပိုးထိလို့ဆိုတဲ့ သတင်းကြောင့် စိတ်ပူပြီး သတင်းလာမေးသူတွေကလည်း မနည်းမနော… အိမ်ပေါ်မှာမဆံ့လို့ အားချင်း မဏ္ဍပ်ထိုးပြီး ဧည့်သည်တွေကို ထားထားရတဲ့ အထိဖြစ်လာတယ်။

(၄)

ဆွဲအားတစ်ခုရဲ့ ဆွဲငင်မှု​နောက်ကိုလိုက်ပါလာတဲ့ ကိုအုန်းမောင်တစ်ယောက် ကားသံလူသံတွေကြားလို့ကြည့်လိုက်တော့ သူရောက်နေတာ ပဲခူးမြို့ပေါ် ဖြစ်နေခဲ့တယ်။

ဟရောက်လက်စနဲ့ မထူးတော့ပြီမို့ အစ်ကိုဝမ်းကွဲဆီမှာ ဆေးပညာသင်ယူနေတဲ့ သားဖြစ်သူကို ဝင်တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

အစ်ကိုကြီးအိမ်ရှေ့ရောက်တော့ အိမ်က အရင်ပုံစံမဟုတ်တော့ပဲ အောက်ခြေကိုအင်္ဂတေခံပြီး အသစ်ပြန်ဆောက်ထားတာ တွေ့ရတယ်။

ထူးဆန်းတာက အိမ်ပတ်ချာလည်မှာ လက်နက်မျိုးစုံကိုင်ထားတဲ့ လူလိုလို နတ်လိုလိုပုဂ္ဂိုလ်တွေက လှည့်လည်သွားလာနေတာပါ။ ကိုအုန်းမောင်လည်း ကြောက်ကြောက်လန့်
လန့်နဲ့ ခြံထဲဝင်ဖို့ မဝံ့မရဲဖြစ်နေချိန် အိမ်အပေါ်ထပ်ဝရံတာကနေ အစ်ကိုကြီးက ထွက်လာပြီး

” ငအုန်းပါလား ဘာလုပ်နေတာလဲ ဝင်ခဲ့လေကွာ ”

လို့ ခေါ်လိုက်တော့ သူရဲရဲတင်းတင်းပဲ ဝင်လာခဲ့လိုက်တယ်။ အိမ်ထဲရောက်တော့ သားဖြစ်သူကို မတွေ့ရတာကြောင့်…

” အကို ကျနော့်သားလေးရော သူ သူဘယ်မှာလဲ ”

လို့ အမောတကော ​မေးရှာတယ်။ ဒီတော့ကိုသိန်းက

” ဖြည်းဖြည်းပြောပါ ငအုန်းရာ တွေ့ရမှာပေါ့ ရော့
ရေနွေးလေးဘာလေး သောက်ဦး ”

လို့ပြောပြီး အသင့်ငှဲ့ထားတဲ့ ရေနွေးခွက်ကလေး လှမ်းပေးလိုက်တယ်။ ကိုသိန်း ကမ်းပေးလာတဲ့ ရေနွေးခွက်ကို ရိုရိုသေသေ လှမ်းယူလိုက်ပြီး မော့သောက်လိုက်ပြီးခဏ

” ဝုန်း ” ဆိုတဲ့အသံနဲ့အတူ ခြံထဲမှာ တွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်သုံးယောက်ပေါ်လာပြီး ကိုအုန်းမောင်ကို တစ်ဖက် တစ်ခြမ်းကနေ ဝိုင်းချုပ်ထားကြပါတော့တယ်။

တကယ်တော့ ကိုသိန်း တိုက်လိုက်တာ သာမန်ရေနွေးမဟုတ်ပဲ မူလပြန်ဂါထာကို လက်ညိုးနဲ့မွှေပြီး ပေးလိုက်တာ ဖြစ်ပါတယ်။ ညီဖြစ်သူ မိမိခြံရှေ့မှာ မယောင်မလည်ရပ်ကြည့်နေကတည်းက အခြေနေအရပ်ရပ်ကို သူသဘောပေါက်သွားခဲ့တာပါ။

မူလပြန်ဂါထာအစွမ်းကြောင့် ထင်၏။ ကိုအုန်းမောင်နဲ့အတူပါလာတဲ့ မိစ္ဆာအငွေ့အသက်တွေက ထိန်းမရအောင် သောင်းကျန်းလာခဲ့တယ်။ ဆရာသိန်းကတော့ ဘာမှမသိတဲ့ဟန်နဲ့ ကွမ်းတမြုံ့မြုံးဝါးရင်း..

” အဲ့တော့ မင်း ဒီဘဝ ဘယ်လိုရောက်လာတာလဲဆို
တာ သတိရပြီမလား ငအုန်း ”

” ကျနော်သိရပြီ ကျနော်သိပြီ အကို ကျနော့်ကို ပြန်
လွှတ်ပေးပါ သူတို့ကို သွားပြန်သတ်ပါရစေ ”

” ဟေ ..မင်းက …သူတို့ကို သွားသတ်မလို့ ဟုတ်စ ”

” မမိုက်ချင်စမ်းပါနဲ့ ငါ့ညီရယ် မင်းက ဝိညဥ် ဟိုက
ဇော်ဂနီကွ အသာလေး ဖမ်းလိုက်လို့ရတယ် ”

(၅)

ဟုတ်ပါတယ်။ ကိုအုန်းမောင်နေတဲ့ ညောင်ရွှေရွာကနေ တစ်မိုင်လောက်ဝေးတဲ့ အိုးဝေရွာဟာ ရှေးအစဥ်အဆက် တောပုန်းဓားပြတွေစုဝေးနေထိုင်ရာ ရွာကြီးဖြစ်ခဲ့ဖူးပါတယ်။ ဓားပြခေါင်းဆောင် အောင်လှိုင်ဟာ သူ့ဘဝတစ်လျှောက်လုံး အဓမ္မရယူထားတဲ့ ရွှေထည်ပစ္စည်းတွေကို အဂ္ဂိရက်ဆရာတစ်ယောက်နဲ့ တိုင်ပင်ပြီး အန္တရာယ်ကင်းဓာတ်လုံးတစ်လုံး ဖိုလ်ထိုးပေးဖို့ အကူအညီ တောင်းခဲ့တယ်။

သူထိုးခိုင်းတဲ့ ဓာတ်လုံးကတော့ ရှာမှာရှားပြီး လိုသလိုစေခိုင်းနိုင်တဲ့ စိတ္တဓာတ်လုံးဖြစ်ပါတယ်။ ကုန် သည်သူဌေးကြီးလို့ပဲ သိထားတဲ့ အဂ္ဂိရက်ဆရာကတော့ ရိုးရိုးသားသားပဲထင်ပြီး ဓာတ်လုံးအောင်မြင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားစိုက်ပြီး ကူညီပေးခဲ့တယ်။

နောက်တော့ ထိုလူဟာ ကုန်သည်မဟုတ်ပဲ ရွာစဥ်လှည့်ဓါးပြတိုက်နေတဲ့သူဆိုတာ တစ်ဆင့်စကားနဲ့ သိရလို့ ကိုယ်တိုင်မေးကြည့်တော့ သတင်းကအမှန်မဟုတ်ကြောင်း၊ သူ့ကြီးပွားမှုကိုမနာလိုလို့ ပြောကြတာဖြစ်ကြောင်း ကြိုတင်ဇာတ်တိုက်ထားတဲ့ တပည့်တွေနဲ့ ဝိုင်းလိမ်လို့ အဂ္ဂိရက်ဆရာလဲ လက်လျှော့ခဲ့ရတယ်။

လူသူမရှိတဲ့နေရာမှာ လုံခွဲပြီးဓာတ်လုံးကို စမ်းသပ်အောင်မြင်သွားတော့ ဓားပြခေါင်းဆောင်ဟာ သူ့အ ကြောင်းကို ခရေစေ့တွင်းကျသိနေတဲ့အဂ္ဂိရက်ဆရာကို ဓာတ်လုံးအစွမ်းနဲ့ ရူးအောင်လုပ်ပြီး ရွာကနေ မောင်းထုတ်လိုက်တယ်။

အသိစိတ်လွတ်ပြီး ရှေ့ဦးတည့်ရာ လျှောက်သွားနေတဲ့ အဂ္ဂိရက်ဆရာကို ကိုအုန်းမောင်ရဲ့အကိုဖြစ်သူ ကိုသိန်းကတွေ့ပြီး ကုသပေး လိုက်လို့ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့တယ်။

နေပြန်ကောင်းသွားတဲ့ အဂ္ဂိရက်ဆရာကလဲ ကိုသိန်းကိုဖြစ်ကြောင်းကုန်စင်အားလုံးပြောပြခဲ့တယ်။ ပြီးတော့ သူ့ပညာကို လက်တလုံးခြားလုပ်ပြီး ဒုစရိုက်မှုတွေမှာ အသုံးပြုနေတဲ့ ဓားပြဗိုလ်ကို နိဂုံးချုပ်ပေးဖို့ လဲ ကိုသိန်းကိုတောင်းဆိုခဲ့တယ်။

ကိုသိန်းက ဒီကိစ္စတွေမှာ သူမကျွမ်းကျင်ကြောင်း သူဟာအခုမှ လောကီပညာတွေကို လေ့လာနေသူဖြစ်ကြောင်း ပြောပြတော့ အဂ္ဂိရက်ဆရာက

” ဆရာသိန်းရဲ့ ညီတစ်ဝမ်းကွဲဆီမှာ မွေးရာပါပါရမီရှိတဲ့သားတစ်ယောက်ရှိတယ် သူဟာ အတိတ်ဘဝက
ဝေသဝဏ်နတ်မင်းကြီးရဲ့သားတော်တစ်ပါးဖြစ်ဖူး
တယ်ဆရာသိန်း ”

” အဲ့တာကြောင့် ယခုဘဝ လူသားဖြစ်လာတာတောင်
သူနေထိုင်ရာနေရာတွေမှာဘာအန္တရာယ်မှ မကျရောက်ပဲ မိုးလေဝသမှန်ကန်တယ် ”

” ဒါကြောင့်မို့လို့ ဆရာတစ်ဆူအဖြစ်နဲ့ လောကကောင်းကျိုး၊ ဘာသာသာသနာအကျိုးတွေ သယ်ပိုးဖို့ သူစွမ်းအားတွေကို ကျုပ်ဖွင့်ပေးရမယ် ”

လို့ ပြောပြခဲ့တယ်။

သူတောင်မသိသေးတဲ့ တူတော်မောင်အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောပြနေတဲ့ အဂ္ဂိရက်ဆရာကို
ဆရာသိန်းက အံ့သြတဲ့ အမူအယာနဲ့ ကြည့်ပြီး

” နေပါဦး ဝိဇ္ဇာကြီးရဲ့ ဓားပြဗိုလ် ခင်ဗျားကို ဒုက္ခပေး
တာ မဆန်းဘူးဗျ လောကမှ ခင်ဗျားမသိသေးတဲ့
အကြောင်းအရာ​ကော ရှိသေးရဲ့လား ” လို့မေးလိုက်တော့..

” သိတာပေါ့ ကျုပ်က ထွက်ရပ်ပေါက်လမ်းစဥ်လိုက်
နေတဲ့လူပဲ စိတ်အလိုလိုက်မိနေသေးလို့သာ မအောင်မြင်သေးတာဗျ ဟိုလူယုတ်မာရဲ့ ဓာတ်လုံး မနက်ဖြန်လိုအောင်မြင်တော့မဲ့ညက ဝိဇ္ဇာဌာနီအလုံပြည်က စာတစ်စောင်ရောက်လာသေးတယ် ဆရာသိန်းရဲ့”

” စာထဲမှာ ဘာတွေ ရေးထားလို့လဲ ဝိဇ္ဇာကြီးရဲ့ ”

” စာထဲမှာ ရေးထားတာက အဲ့ဒီဓာတ်လုံးကို အသုံးပြု
ပြီး ဌာနေကိုလိုက်လာခဲ့ဖို့ မှာထားတာဗျ ကျုပ်က
သာ…”

လို့ ပြောပြီး အဂ္ဂိရက်ဆရာက ခေါင်းကြီးငုံ့သွားခဲ့တယ်။

” အင်း….ကျနော် သဘောပေါက်ပါပြီ ဒါနဲ့ဝိဇ္ဇာကြီး တစ်ခုတော့ကူညီပါဦး ကျုပ်အိမ်ကို ခဏကြည့်ပေးထားပါ ဒီနေ့ပဲ ညောင်ရွှေရွာကိုသွားပြီး တူလေးကို သွားခေါ်လာပေးပါ့မယ် ”

” နေဦး ဆရာသိန်း ဒီည ကျုပ်လုပ်စရာလေးရှိလို့ မ
နက်ဖြန်မှ သွားပါ ခင်ဗျားတူက ကလေးသာသာစိတ်
ပဲ ရှိသေးတယ် သူမလိုက်လိုက်အောင် အစီအရင်တစ်ခုလုပ်ပေးလိုက်မလို့ပါ ”

နောက်တစ်နေ့ရောက်တော့ အဂ္ဂိရက်ဆရာက ကိုသိန်းလက်ဝါးမှာ ပျူအက္ခရာလိုလို အင်းတံဆိပ်လိုလို ပုံလေးတစ်ပုံဆွဲပေးလိုက်ပြီး ညောင်ရွှေရွာက သိန်းခေါင်လေးကို သွားခေါ်စေခဲ့တယ်။

(၆)

” ဗျ ဗျာ ကျနော့်သား ကျနော့်သားသိန်းခေါင်က စောင့်ရှောက်သူ ဟုတ်လား ”

” ဟုတ်တယ် ငါ့ညီ ဒီအကြောင်းအရာတွေကို မင်းတစ်သက်ကြားဖူးချင်မှ ကြားဖူးမယ် ဒီတော့ ငါ့ညီ မင်းစိတ်ကိုလျှော့ထားပါ ”

” ကျနော် တကယ်ကိုမကျေနပ်ဘူးဗျာ ”

” အေးကွာ ဒါဖြင့်လဲ မင်းလုပ်နိုင်မယ်ထင်ရင် မင်းရှေ့က ကွမ်းအစ်နဲ့ ရေနွေးအိုးကို မ,ကြည့်စမ်း ”

လို့ ပြောတော့ ချုပ်ထားတဲ့အစောင့်တွေက လက်တစ်ဖက်ကို လွှတ်ပေးလိုက်တယ်။

ကိုအုန်းမောင်လဲ သူ့ရှေ့ကရေနွေးအိုးကို လက်နဲ့ မ,ကြည့်တော့ အိုးကကြွဖို့နေနေသာသာ ထိလို့တောင်မရခဲ့။

” အား လာပြီ လာပြီ ”

အဲ့ဒီအချိန် ဆွဲအားတစ်ခုက ထပ်မံဆင့်ခေါ်လိုက်သလို ခံစားနေရတာကြောင့် ကိုအုန်းမောင် ဆက်ကနဲဖြစ်သွားပြီး ထွက်ပြေးဖို့ ကြိုးစားပြန်တယ်။

ဒါကိုသိတဲ့ အစောင့်ပုဂ္ဂိုလ်တွေလဲ အတွင်းစည်းအပြင်စည်းအပြင် မိမိတို့တက်နိုင်သမျှ ချုပ်ထားပေမဲ့ ဆွဲငင်အားကသာနေတာမလို့ လက်လွှတ်ရတော့မဲ့စဲစဲမှာ

” ဟိတ်….ရပ်စမ်း!!! ရာရာစစ ငါ့နေရာအထိလာပြီး စော်ကားရဲတဲ့ကောင်တွေ ”

ဆိုတဲ့ အသံတစ်ခုက အိမ်ရှေ့ကနေပေါ်ခဲ့တယ်။

ကြည်လင်ရှင်းသန့်ပြီး သြဇာအာဏာအပြည့်ပါတဲ့ အသံကြောင့် ရုန်းကန်နေတဲ့ ကိုအုန်းမောင်တစ်ယောက် မီးကိုရေနဲ့ငြိမ်းလိုက်သလို ငြိမ်သက်သွားခဲ့တယ်။

” ဖေကြီး … ဖေကြီး… အဖေ့…ထပါဦး… ”

တစ်ရင်းတစ်နှီးကြားဖူးနေတဲ့ ခေါ်သံကြောင့် ဒူးထောက်ပြီး ကြမ်းပြင်ပေါ်မှောက်နေတဲ့ ကိုအုန်းမောင်
မော့ကြည့်လိုက်တော့…

” ဟင် သားလေး အဖေ့သားလေး သား ”

သိန်းခေါင်ကို အမှတ်မထင် ပြန်တွေ့လိုက်ရတဲ့အတွက် ကိုအုန်းမောင်လဲ ဣန္ဒြေမဆည်နိုင်လောက်အောင် တုန်ရီနေတဲ့လက်တွေနဲ့ သားဖြစ်သူကို ပွေ့ဖက်လိုက်တယ်။

ဘယ်အရာဝတ္ထုပစ္စည်းမှ ထိတွေ့ကိုင်တွယ်လို့မရတဲ့သူက သားဖြစ်သူကိုဖက်လို့ရနေတာ သူအံ့သြနေပေမယ့် ထုတ်မပြောဖြစ်ခဲ့ပါ။ မောင်သိန်းခေါင်ကလဲ မျက်ရည်တွေတစ်သွင်သွင်နဲ့..

” ဖေကြီး ဘယ်လို ဖြစ်ရတာလဲ ဖေကြီးရယ် ”

” မသိဘူး သားရယ် အဖေ ဘာဖြစ်သွားတာလဲ ”

” ဘာမှမပူနဲ့နော် ဖေကြီး အဖေ့ကို သားရအောင်ကယ်
မယ် ”

လို့ပြောပြီး ကိုအုန်းမောင်နဖူးကို လက်နဲ့ သုံးချက်သပ်ချလိုက်တယ်။ ပြီးတော့

” အဖေ အခုချက်ချင်း အိမ်ကို အရောက်ပြန်ပါ မနက်
ဖြန်ဆိုရင် အဖေ့အတွက် အချိန်မရှိတော့ဘူး ”

မောင်သိန်းခေါင်လက်နဲ့ သပ်ပေးလိုက်ကတည်းကစိတ်တွေ ကြည်လင်လာတဲ့ ကိုအုန်းမောင်လဲ

” သား အမြန်လိုက်လာခဲ့နော် ”

လို့ ပြောပြီး တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။

အိုးဝေရွာမှာတော့ စိတ္တဓာတ်လုံးရှင် ဦးအောင်လှိုင်တစ်ယောက် ဒေါသအိုးပေါက်ကွဲနေခဲ့ပါတယ်။

အကြောင်းကတော့ သူ့နယ်မြေမှာလက်သပ်မွေးမြူထားတဲ့သဘက်ငကြွယ်ကြီးရဲ့လက်ချက်ကြောင့်သေဆုံးသွားတဲ့ဝိညဥ်ကို စိတ္တဓာတ်လုံးနဲ့ ဘယ်လိုပဲခေါ်ခေါ် ရောက်မလာလို့ပါပဲ။

ဒါကြောင့် ဓာတ်လုံးအပေါ်သံသယဝင်ပြီး တခြားပုဂ္ဂိုလ်တွေကို အကြိမ်ကြိမ်ခေါ်ကြည့်တော့ ခေါ်တဲ့သူတိုင်းကရောက်လာခဲ့တာမို့ ဦးအောင်လှိုင်တစ်ယောက် ပိုပိုပြီးဒေါသထွက်လာခဲ့တယ်။

” တောက်!!! ဒီကောင်က ဘာမိုလို့ ခေါ်မရတာလဲ မလောက်လေးမလောက်စား လယ်သမားကများ ”

” ဟေ့ ရွာတော်ရှင် ဒီကိုလာစမ်း အဲ့ဒီလယ်သမားကို
အခုချက်ချင်း ခေါ်လာခဲ့ မပါလာရင် ငါ့အကြောင်း
ကောင်းကောင်းသိစေရမယ် ”

” ကောင်းပါပြီ ဓာတ်လုံးအရှင် ”

(၇)

နောက်တစ်နေ့နေ့လည်ရောက်ရင် ညောင်ရွှေရွာရဲ့ စည်းကမ်းအရ ကိုအုန်းမောင်ကို ရွာပြင်ထုတ်ကြတော့မည်။ အလောင်းစင်ပြင်သူ၊ အခေါင်းရိုက်သူ၊ အကျွေးအမွေးအတွက် လုပ်အားပေးသူတွေကလည်း ပျားပန်းခက်နေသလို စည်ကားနေကြတယ်။

လူတွေစည်းကားနေတဲ့ ခြံထဲကို ကိုအုန်းမောင်တစ်လှမ်းချင်းဝင်လာရင်း လှည့်ပတ်ကြည့်နေချိန် သူ့ရှေ့ကို လူတစ်ယောက် ပေါ်လာလို့ မော့ကြည့်လိုက်တော့ ရွှေချည်ထိုးပိုးပဝါအနီကို ခေါင်းပေါင်းထားတဲ့ လူတစ်ယောက်……

” လာ လိုက်ခဲ့ အုန်းမောင် သင့်ကို နေစရာပေးမယ်”

လို့ပြောပြီး ထိုသူက ကိုအုန်းမောင်ကို လက်နဲ့လှမ်းဆွဲမယ် အလုပ်….

” ဖြောင်း ဖြောင်း ”

ဆိုတဲ့ အသံနဲ့အတူ ထိုသူရဲ့လက်က ရိုက်ချခံလိုက်ရတယ်။

မရှေးမနှောင်းမှာပဲ အကိုကြီးရဲ့ခြံထဲမှာတွေ့ခဲ့တဲ့ အစောင့်အရှောက်တချို့ကပေါ်လာပြီး ကိုအုန်းမောင် နားမလည်တဲ့စကားတွေနဲ့ အချင်းချင်းပြောဆိုနေကြတယ်။

” အဖေ ဘာလုပ်နေလဲ အိမ်ထဲသွားတော့လေ ”

ဆိုတဲ့ သားဖြစ်သူ အသံကိုကြားမှ ရပ်ငေးနေတဲ့ ကိုအုန်းမောင် သတိပြန်ဝင်လာပြီး အိမ်ထဲကို ဝင်သွားခဲ့တယ်။

(၇)

” ကိုအုန်းရယ် တော်ဘယ်လိုဖြစ်ရတာလဲ တော် ကျမ
ကို စိတ်ချသွားပြီပေါ့ အဟင့် ဟင့် ”

ဇနီးဖြစ်သူ မအေးတင်က မလှုပ်မယှက် ငြိမ်သက်နေတဲ့ ကိုအုန်းမောင်အနားသွားထိုင်ပြီး ပျော့ခွေနေတဲ့ လက်တစ်ဖက်ကို အသာအယာဆုပ်ကိုင်ကာ ခပ်တိုးတိုးငိုနေတဲ့အချိန် …

” အေး….တင်… ရေ…ရေပေး….”

ဆိုတဲ့ အသံကို မပီမသကြားလိုက်ရတယ်။

မအေးတင်လဲ ကိုအုန်းမောင်မျက်နာကို သေချာကြည့်လိုက်တော့ မျက်လုံးမပွင့်တပွင့်ကို မှိတ်လိုက်ဖွင့်လိုက်လုပ်ရင်း ပြုံးပြနေတာ တွေ့လိုက်ရတယ်။

” အမလေး ကိုအုန်း ကိုအုန်း သတိရလာပြီ အကို
တင်ဆန်းတို့ သာဒင်တို့ လာကြပါဦး ဒီမှာ ကိုအုန်းသ
တိရလာပြီ ”

မအေးတင်ရဲ့ ဆူဆူညံညံအော်ခေါ်လိုက်တဲ့ အသံကြောင့် အိမ်တွင်းအိမ်ပြင်က လူတွေ အကုန်ရောက် လာပြီး ကိုအုန်းမောင်ကို လာကြည့်ကြတယ်။

” ဟာ ဟုတ်တယ်ဟေ့ အုန်းမောင် သတိပြန်ရလာပြီ ”

” ရေယူလာခဲ့ ရေ ရေ ”

ရေရောက်လာတော့ ကိုတင်ဆန်းက ကိုအုန်းမောင်ကို သူ့ပေါင်ပေါ်ခေါင်းတင်စေပြီး တစ်စက်ချင်း ချပေးလိုက်တယ်။ ရေတိုက်နေရင်းက

” ကာလသားတွေ မင်းတို့က အိမ်ရှေ့က အလောင်း စင်တွေသွားဖျက် အခေါင်းကိုလဲ ဆက်မရိုက်နဲ့တော့ အကုန်မီးရှို့လိုက်ကြ ” လို့ အော်ပြောလိုက်တယ်။

လုပ်စရာကိစ္စတွေပြီးသွားတော့ ကိုတင်ဆန်းက

” အုန်းမောင် ငါ့ညီထမင်းဆာလား မင်းအိပ်ယာထဲလှဲ
နေတာ လေးရက်ရှိပြီ ဆေးထိုးဆရာက နေ့တိုင်း လာ
ကြည့်ပေးတယ် ဟောဒီဂလူးကို့စ်ပုလင်းကိုလည်း
သူပဲ ချိတ်ပေးထားခဲ့တာ ”

ဆိုပြီး ဘေးက ဂလူးကို့စ်ပုလင်းချိတ်ထားတဲ့ တိုင်ကို လက်ညိုးထိုးပြလိုက်တယ်။

” ကိုအုန်း တော်ဘာဖြစ်တာလဲ အရိုက်ခံရတာဆို ဘယ်
သူရိုက်သွားတာလဲ မှတ်မိလား ”

မအေးတင်က မေးတော့ ရေသောက်ရလို့ ပြန် လည်လန်းဆန်းလာတဲ့ ကိုအုန်းမောင်က

” ဒါတွေကို ငါ့သားလာရင် ပြောပြလိမ့်မယ် အကို
ကြီးကိုသိန်းလဲ ပါတယ် သူတို့ လာနေပြီ ”

” ဟော့တော် ကိုအုန်း တော်ဘာတွေ ပြောနေတာလဲ ”

” ဟုတ်တယ် အေးတင် ငါပြန်ရောက်လာတာ ငါ့သား
နဲ့ အကိုကြီး ကျေးဇူးကြောင့်ပဲ သူတို့ ညနေရောက်
လာလိမ့်မယ် ” လို့ပြောပြီး ထထိုင်လိုက်တယ်။

ကိုအုန်းမောင် သတိပြန်ရပြီလို့ ကြားကြားချင်း ဆေးအိတ်ဆွဲကာ အမောတကော ရောက်ချလာတဲ့ ဆေးထိုးဆရာလဲ လူတွေကြားမှာ ရီရီမောမော စကားတွေပြောရင်း ကြည်နူးနေတဲ့လူနာကိုကြည့်ပြီး

” ဟော ကိုအုန်းမောင် ခင်ဗျား ပြန်ကောင်းလာပြီပေါ့ ”

လို့ အားရဝမ်းသာမေးရင်း လက်မောင်းမှာ ချိတ်ထားတဲ့ ဆေးပုလင်းကို ဖြုတ်ပေးလိုက်တယ်။

ဆေးထိုးဆရာလည်း သူဆေးထိုးလာသည့် ကာလတစ် လျှောက်လုံး မတွေ့ခဲ့ဖူးသည့် တမူထူးခြားနေတဲ့ ကိုအုန်းမောင်နဲ့ စကားတွေ ပြောရင်း ညနေစောင်းကာနီးမှ တစ်ခြားလူနာရှင်ကလာပင့်လို့ ထပြန်သွားခဲ့တယ်။

(၈)

” ဒူ……ဒူ…..ဒူ…..ဒူ…….”

” ဖေကြီး….. အမေရေ….”

ဘုန်းတော်ကြီးကျောင်းကနေ နာရီမောင်းသံ လေးချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာ အိမ်ရှေ့ကနေ ခေါ်သံကြားလို့ မအေးတင်လှမ်းကြည့်လိုက်တယ်။

” ဟယ် သား!! အမေ့သားလေး!!!သားလေးပြန်လာပြီ”

” သားရယ် … နေနိုင်လိုက်တာကွယ် အမေ့ဆီကို စာ
လေးဘာလေး ရေးပါတော့လား အဟီးဟီး ”

မတွေ့ရတဲ့ သုံးနှစ်အတွင်း တစ်သွေးတစ်မွေးကြီး ချောမောလာတဲ့ သားဖြစ်သူကို ကြည့်ပြီး မအေးတင်ခမျာ သတိရစိတ်တွေနဲ့ မျက်ရည်တွေကျလာတယ်။ မောင်သိန်းခေါင်ကလည်း အခုမှပြန်တွေ့ရတဲ့ အမေဖြစ်သူကို ကြည့်ပြီး

” အမေရယ် ဘာလို့ ဒီလောက်အိုစာသွားတာလဲ အဟင့် ဟင့် ”

” သားကို လွမ်းလို့ပေါ့ သားရယ် အီးဟီး ဟီး ”

” ဝေါ…..”

” ဟင် ”
” ဟယ် ”
” ဟာ ”

သားအမိနှစ်ယောက်သား ဖက်ငိုနေတာကို နာရေးလာကူတဲ့လူတွေလဲ ဂရုဏာမျက်လုံးတွေနဲ့ကြည့်နေတဲ့အချိန် ” ဝေါ “ကနဲ မြည်ဟီးသံကြီးနဲ့အတူ သုံးနှစ် သုံးမိုးလုံး သေသေချာချာမရွာခဲ့တဲ့ မိုးက အငြိုးတကြီးနဲ့ ရွာလာခဲ့တယ်။

” ဟေး!!!! ”

တစ်ဝေါဝေါရွာချလာတဲ့ မိုးကြောင့် ကိုအုန်းမောင်တို့အိမ်မှာ ရောက်နေတဲ့ ရွာသူရွာသားတွေလည်း ” ဟေး” လို့ ပြိုင်တူအော်ပြီး မိုးရေထဲ ဆင်းပြေးကုန်ကြတယ်။

မရွာစဖူးအရွာထူးလာတဲ့ မိုးကြီးနဲ့ မိုးရေထဲပျော်မြူးနေကြတဲ့ လူကြီးလူငယ်တွေကို ကြည့်ရင်း အတူပါလာတဲ့ ကိုသိန်းက…

” မိစ္ဆာစည်းပျက်ပြီ သိန်းခေါင် ဒီညပဲ လူယုတ်မာကို
မိုက်ဇာတ်သိမ်းပေးကြစို့ ”

လို့ ခပ်တိုးတိုးပြောလိုက်တယ်။

မောင်သိန်းခေါင်လည်းအဖေနဲ့အမေဘက်လှည့်ပြီး လက်အုပ်ချီကာ….

” အဖေနဲ့အမေ အရာအားလုံး ပုံမှန်ပြန်ဖြစ်ဖို့ သားအလုပ်လုပ်ရဦးမယ် ခွင့်ပြုပါဦး ”

လို့ပြောပြီး ဘုရား စင်ရှေ့ကို ထွက်သွားခဲ့တယ်။

ညမှောင်ရီ ပျိုးတာနဲ့ မိုးတိတ်သွားပြီးကောင်းကင်ယံမှာတော့ တိမ်သားတွေ ကင်းစင်နေခဲ့တယ်။

” ဖြောင်း ဖြောင်း ရွှမ်း!!”

” ရိုက်စမ်း ခပ်ပြင်းပြင်းလေး ”

ကညင်ဆီမီးတိုင်တွေ ထွန်းထားလို့အလင်းရောင်ကောင်းစွာရနေတဲ့ ခြံကြီးထဲမှာတော့ အသက်ခြောက်ဆယ်ကျော်လူကြီးတစ်ယောက်က ဒေါသတကြီးနဲ့ အော်ဟစ်ဆဲဆိုနေတယ်။

အိုးဝေရွာရဲ့ ရွာ့မျက်နာဖုံးသူဌေးကြီးဦးအောင်လှိုင်ဟာ ဘဝတစ်လျှောက်လုံး လိုချင်တာမှန်သမျှကို မရရအောင်ယူလာခဲ့သူပါ။

အခုလဲ လက်စွဲတော် သဘက်ကြီးလက်ချက်နဲ့ အသက်ပျောက်သွားတဲ့ ညောင်ရွှေရွာကလယ်သမားဝိညာဥ်ကို ဆေးစီရင်ပြီးခိုင်းစားဖို့ဓာတ်လုံးသုံးခေါ်ပေမဲ့ ထူးထူးဆန်းဆန်းရောက်မလာခဲ့….

ထပ်မံပြီး ရွာတော်ရှင်ကို အခေါ်ခိုင်းလိုက်ပေမဲ့လဲ ရောက်မလာတာမို့ အပြစ်တွေကို ရွာတော်ရှင်ဆီပုံချကာ ကြာပွတ်နဲ့ ရိုက်နှက်နေခဲ့တယ်။

” ချွင်!!!!!! ”

အဲ့ဒီအချိန် ဦးအောင်လှိုင်ကိုယ်နဲ့မကွာထားတဲ့ စိတ္တဓာတ်လုံးက အရောင်တဖျက်ဖျက်ထတောက်ပြီး ရှုံ့အိတ်လေးထဲကနေ လေပေါ်ပျံတက်သွားခဲ့တယ်။

” ဟာ ငါ့ဓာတ်လုံး ငါ့ဓာတ်လုံး ဟေ့ကောင်တွေ ဘာ
လုပ်နေလဲ လိုက်လေ လိုက်ဖမ်း ”

သူဘယ်လောက် အော်ဟစ်ပြောဆိုနေပေမဲ့လို့ တပည့်တွေက ကျောက်ရုပ်တွေလို မလှုပ်မယှက်ဖြစ်နေတာ​မို့ ကိုယ်တိုင်ပြေးလိုက်လာချိန်မှာ ဓာတ်လုံးကို လူငယ်တစ်ယောက်က ဆက်ကနဲ ဖမ်းယူလိုက်တာ တွေ့ရတယ်။

” ဟေ့ ဟေ့ မင်း ဘယ်သူလဲ ဘာလာလုပ်တာလဲ မင်းလက်ထဲက ဓာတ်လုံး ငါ့ကို ပြန်ပေးစမ်း အဲ့ဒါငါ့ဟာ ”

” ဒီမှာ ဦးအောင်လှိုင် ခင်ဗျားဓာတ်လုံးကို ကျုပ်ယူထားတာ မဟုတ်ဘူး ဓာတ်လုံးကသာ သင်နဲ့ မနေနိုင်တော့လို့ ပျံပြေးလာတာပါ ”

” မဖြစ်နိုင်ဘူး ဒါလုံးဝ မဖြစ်သင့်ဘူး မင်းမပြေးနဲ့ မင်းကိုငါသတ်မယ် ”

” ယား ”

“ချွင်!!! ”

“အား ”

ဦးအောင်လှိုင်လဲ သူ့ကိုတရားချနေတဲ့ သိန်းခေါင်ကို ရန်ပြုဖို့ပြေးအသွား သိန်းခေါင်လက်ထဲကိုင်ထားတဲ့ဓာတ်လုံးက ရုတ်တရက် ​စူးရှတဲ့အလင်းရောင်တစ်ခုကိုထုတ်ကာ ဦးအောင်လှိုင်ရဲ့အသက်ကိုနှုတ်ယူလိုက်တယ်။

ချက်ချင်းဆိုသလို အရိုးစုအဖြစ်ပြောင်းသွားတဲ့ ဦးအောင်လှိုင်ကိုကြည့်ပြီး မောင်သိန်းခေါင်က

” ဦးအောင်လှိုင် ဦးအောင်လှိုင် ခင်ဗျားဟာ သဘာဝတရားကို ထိန်းချုပ်ပြီး လူ့သက်တမ်းကိုဆွဲဆန့်ထားတဲ့အပြင် မိမိအကျိုး စီးပွားအတွက် ရာသီဥတုကို လိုသလိုတားဆီးတယ် လူပေါင်းများစွာရဲ့ ဘဝကိုလည်း ဖျက်ဆီးခဲ့တယ် အဲ့ဒီအပြစ်တွေကို ငရဲမှာပျော်ပျော်ကြီး ခံပေဦးတော့ဗျာ ”

အဲ့ဒီအချိန် ရွာတော်ရှင်ကလည်း လာရောက် အရိုအသေပေးတာကြောင့် သိန်းခေါင်က

” ရွာတော်အရှင်ခင်ဗျာ မိုက်မဲတဲ့ လူတစ်ယောက်​ကို အကြောင်းပြုပြီး ဆိုးသွမ်းခဲ့တဲ့ သူတွေအစား ကျနော်ကပဲ တောင်းပန်ပါတယ် ခွင့်လွှတ်ပေးလိုက်ပါ ”

” ခွင့်လွှတ်ပါတယ် အကုသိုလ်ကောင်လဲ သူ့အပြစ်သူခံသွားရပြီပဲ ”

ရွာတော်ရှင်ရဲ့စကားကိုကြားတော့ သိန်းခေါင်လဲဝမ်းသာသွားပြီး ကြက်သေသေနေတဲ့ ဦးမအောင်လှိုင်ရဲ့တပည့်တွေကို လက်နဲ့ဝှေ့ရမ်းကာ မူလပြန်ပေးလိုက်တယ်။

” ဒါဖြင့် ကျုပ်ကို ပြန်ခွင့်ပြုပါဦး ရွာတော်အရှင်ရေ ”

” ကောင်းပါပြီ ဆရာလေး ”

သိန်းခေါင်လဲ ဓာတ်လုံးကိုသေချာသိမ်းဆည်းကာ မိဘတွေရှိရာညောင်ရွှေရွာကို ပြန်လာခဲ့လိုက်တယ်။

ရွာထိပ်ရောက်တော့ မီးတုတ်ကိုယ်စီကိုင်ပြီးစောင့်ကြိုနေတဲ့ မိဘတွေနဲ့အတူ ဘကြီးဖြစ်သူကိုပါ တစ်ပါတည်းတွေ့လိုက်ရတယ်။

” ကဲ့ သိန်းခေါင်ရေ မင်းမိဘတွေကို နှုတ်ဆက်လိုက်ပါ
ဦး တို့တွေ နယ်လှည့်ဆေးကုဖို့ သွားရတော့မယ်ဟ ”

လို့ ပြောလိုက်တယ်။

” သားလေး နယ်လှည့်ရင်း ဒီဘက်ရောက်ရင် ဝင်ခဲ့နော် အမေ သားကြိုက်တဲ့ ဟင်းတွေအများကြီးချက် ​ကျွေးမယ်သိလား ”

” ဟုတ်ကဲ့ပါ အမေ အဖေ နဲ့ အမေလည်း ကျန်းမာရေးဂရုစိုက်ပါ ဒါနဲ့ အဖေ အမေက ဘာလို့ မငိုတော့တာလဲ ”

” ဒါကတော့ မင်းဘကြီးကို မေးကြည့်ပေါ့ သားရ အ
စကတော့ ခရီးရောက်မဆိုက် ပြန်မယ်ပြောလို့ ငိုနေ
သေးတယ်..ဘယ်ရမလဲ သားဘကြီးရဲ့ ရေနွေးတစ်
ခွက်ကို သူသောက်မိသွားတယ်လေ ”

” ဟား ဟား ဟား ”

တူးဝရီးနှစ်ယောက်သား တစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာ အားပါးတရရယ်ရင်း ကိုအုန်းမောင်ကမ်းပေးလာတဲ့ မီးတုတ်ကို ယူကာ ခရီးဆက်ခဲ့ကြပါတော့တယ် ။

*********************************************
စာပြီးချိန် ၂၃.၁၀.၂၀၂၀

ရွှင်လန်းချမ်းမြေ့ကြပါစေ ……

မောင်လူလှ – ကညင်မြေ