ပိတောက်တစ္ဆေ(စ/ဆုံး)
—————————————
အခန်း၁။
မြန်မာ သက္ကရာဇ် ၁၃၆၀ခု၊
တန်ခူးလ၊ အတာသင်္ကြန်အကြိုနေ့။
စိမ်းမြမြသစ်ရွက်တွေကို ဖုံးလုနီးနီး ရွှေဝါရောင်ပိတောက်ပန်းဝါလေးများက အခိုင်လိုက် အဆုပ်လိုက် အလုအယက် ပွင့်နေကြပါသည်။
တပင်လုံးကို ရွှေရည်များ သွန်းလောင်းထားသည့်နှယ်ပင်။အပင် တပင်လုံးမှာ ဝါဝင်းလို့နေလေ၏။
တနှစ်မှာ တကြိမ်၊ ထိုတကြိမ်ကလည်း မြန်မာတို့ နှစ်သစ်ကူးတဲ့ အတာသင်္ကြန်မှာ ပွင့်သည့်ပန်းမို့ ပျိုပျိုအိုအို အရွယ်သုံးပါးမရွေး၊ ပိတောက်ပန်းကို အမြတ်တနိုး တန်ဖိုးထားကြသည်မှာ မဆန်းလှချေ။
” ဟဲ့ ဟိုညာဘက်အစွန်က အခိုင်ကို ခူးပေး ၊ ကောင်မတွေ အဲ့ဒီအခိုင်က ငါ့ဟာနော် ”
ကိုယ်လုံးတုတ်တုတ်နဲ့ ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာတို့လို ဂိုက်ဆိုဒ်မျိုးရှိတဲ့ မမြစိန်က သစ်ပင်ပေါ်က ခင်စိုးကို သူကြိုက်သည့်ကိုင်း ချိုးခိုင်းရင်း၊ သူ့အခိုင်ဟု ဦးနေ၏။ဒါကို အားကျမခံ လှမ်းအော်ပြောသူက ရွာလယ်က အပျိုမ မအိ။
” အစ်မမြစိန်က အဲ့ဒီကိုင်းဆို ကျွန်မက အဲ့အပေါ်က ကိုင်းနော် ကိုခင်စိုး ၊ ကိုင်းချိုးပြီးရင် ကျွန်မဘက်ကို ချလိုက် ”
အပျိုတွေတင်သာမဟုတ် သမီးလေးယောက်အမေ ဒေါ်စန်းကြည်ကလည်း အပင်ပေါ်က အောင်ရင်ကို လှမ်းအော်နေပါ၏။
“ဟဲ့ အောင်ရင် … အပေါ်ထိတက်ပါဟဲ့၊ ယောက်ကျားမဟုတ်တာကျလို့ ၊ နင့်ခေါင်းပေါ်က ကိုင်းမှာ အပွင့်တွေကြည့်ပဲ။ အဲ့ဒီကိုင်း ငါ့ဖို့ ချိုးပေးစမ်း ”
” ဟုတ်ကဲ့ အရီးလေး ၊ ဟုတ်ကဲ့ ဟုတ်ကဲ့ … ”
သမီးလေးယောက်စလုံးက အချောတွေကြည့်ဆိုတော့ အောင်ရင်လည်း ဒေါ်စန်းကြည်ကို သူ့ယောက်ခမအလား မှတ်ယူ၍ မျက်နှာလိုအားရ ခူးပေးနေပါသည်။ ပါးစပ်ကလည်း ဟုတ်ကဲ့ချင်းထပ်နေ၏။
ပိတောက်ပင်ပေါ်ဝယ် ကာလသား လူငယ်နှစ်ယောက်က ပုဆိုးကို ခါးတောင်မြှောင်အောင် ကျိုက်ပြီး လက်မလည်အောင် ပန်းချိုးပေးနေရခြင်း ဖြစ်သည်။
လူငယ်နှစ်ယောက်မှာ အောက်က တမျိုးပြီး တမျိုး အော်ဟစ်နေသမျှ သည်းခံပြီး ချိုးပေးနေရသည်။ မချိုးပေးကြည့်လေ။ အောက်ရောက်ရင် အပျိုလေးတွေရော၊ အပျိုကြီးတွေပါမက၊ သားသည်အမေတွေက ဝိုင်းချုပ်ပြီး နို့ထမင်း ဇွတ်အတင်း ခွန့်ကြမည်မဟုတ်လား။
နို့ထမင်းဆိုတာက သားသည်အမေတွေရဲ့ နို့ရည်ရွှဲရွှဲနဲ့ထမင်းခပ်ပျော့ပျော့ကို နယ်ဖတ်ထားတာကို ပြောတာ။ နွားနို့ထမင်းမဟုတ်ဘူး။ လူနို့ထမင်း။ ပါးစပ်ထဲရောက်ရင် အင်မတန် အော်ဂလီဆန်တာ။
အောက်က အပျိုကြီးတွေက ဇံဇံကြဲတွေ။ နို့ထမင်းတင်မကဘူး။ ဒယ်အိုးဖင်က အိုးမည်းနဲ့ဆီကို လူးပြီး မျက်နှာအနှံ့ ပွတ်ချင်ပွတ်ကြသေးတာဆိုတော့ သစ်ပင်ပေါ်က ခင်စိုးရော ၊ အောင်ရင်ပါ သူတို့စိတ်တိုင်းကျသည့်အထိ ပိတောက်ပန်း ခူးပေးပေတော့ပဲ။
မနှစ်က ခင်စိုးက ကလန်ကဆန် လုပ်လို့ အပျိုကြီးတွေက ချုပ်ပြီး လူနို့ထမင်း ခွန့်သည့်အပြင် အိုးမည်းကို ဆီသုတ် လိမ်းပေးပြီး မျောက်က ကခိုင်းခဲ့ကြသည်လေ။
အဲ့ဒီတော့ ဒီနှစ် ခင်စိုးခမျာ အပိုးကျိုးရှာသည်ပေါ့။ အပင်အောက်က မိန်းမသူတွေ ချိုးခိုင်းသမျှ ကိုင်းတွေ လိုက်ချိုးပေးနေရှာသည်။
အောင်ရင်လည်း ဘာထူးလဲ။ မနှစ်က အခါတွင်းမှာ သားသည်အမေတွေ ဝိုင်းဖမ်းတာခံရပြီး၊ နို့အတင်း တိုက်ကြ၊ နနွင်းနဲ့သနပ်ခါး ရောပြီး မျက်နှာတခုလုံး ဝါထိန်နေအောင် လိမ်းပေးကြနဲ့ ။ အတော် ခံလိုက်ရ၏။
ဒါကြောင့် အောင်ရင်တယောက် ဒီနှစ် အပိုးကျိုးနေပါသည်။
မနှစ်ကဆို အကြိုနေ့ကတည်းက ဒီအကောင်က ဥပုသ်သည်မရှောင်၊ ဗိုက်ကြီးသည်မရှောင် တရွာလုံးကို ရေလောင်းတဲ့အကောင်။ ဒါကို ရွာတောင်ဖျားက ကလေးအမေ မဂွက်က မှတ်ထားပြီး၊ အတက်နေ့ကျမှ မိအောင်ဖမ်းပြီး မှတ်လောက်သားလောက်အောင် ဆုံးမလွှတ်တာ။
မဂွက်ဆိုတာက စည်ပိုင်းအတိုလေးကို အဝတ်ပတ်ထားသလို ဝဝပုပုနဲ့။ ကလေး လေးယောက်အမေ။ တနှစ်တသားကျသလိုပဲ။ မွေးလိုက်တဲ့မွေး၊ အထက်အောက် တနှစ်မှ ခြားရဲ့လား အောက်မေ့ရ၏။ လူက ဝတော့ ချွေးတလုံးလုံးနဲ့။ ညစ်က ညစ်ပတ်သေး။ တကိုယ်ရေ သန့်ရှင်းမှု အလွန်နည်းတဲ့သူ။ မျက်နှာကဆို မမြဲ အဆီပြန်နေတာ။
အားတိုင်း မွေးတဲ့ ကလေးအမေမဂွက် … အငယ်ဆုံးကောင်က အခုမှ ၉လဆိုတော့၊ သူ့နို့ကလည်း ရွှင်မှရွှင်။
အဲ့ဒါ သူတို့ သားသည်အမေတွေက ဖမ်းမိတဲ့အောင်ရင်ကို အတင်းပဲ မဂွက်ရဲ့နို့ အစို့ခိုင်းသေးတာ။ ဟိုအကောင် ကြောက်ကလည်းကြောက် ရှက်ကလည်းရှက်တော့ ယက်ကန်ယက်ကန်နဲ့ အတင်းရုန်းတာပေါ့။
အောင်ရင်က ရုန်းတော့ ဘာလုပ်တယ်မှတ်လဲ။ မဂွက်က အကြမ်းပန်းကန်လုံးထဲ နို့ညှစ်ထည့်ပြီး နှာခေါင်းပိတ်တိုက်တာ၊ ‘အောင်ရင်’ ခမျာမှာ ဂလုခနဲ မြိုချမိတယ်ဆိုရင်ပဲ ရင်ခေါင်းထဲကနေ ပျို့တက်လာပြီး အန်တောင် ယူတယ်လေ။
အခု ပိတောက်ပင်အောက်မှာ မနှစ်က ပွဲကြမ်းခဲ့ကြတဲ့ သားသည်အမေတွေရော၊ အပျိုကြီး အပျိုလေးတွေရော စုပြုံရောက်နေကြ၏။
ပိတောက်ပင်ပေါ်က ခင်စိုးနဲ့ အောင်ရင် ခမျာမှာ ကိုင်းတွေ ချိုးရလွန်းလို့ လက်တွေ ကျိန်းစပ်နေကြပြီ။
ဒါပေမဲ့ အောက်က ခိုင်းသမျှကို ‘တော်ပြီဗျာ’မငြင်းဆန်ရဲ။ ၎င်းတို့စိတ်တိုင်းကျ ခူးပေးနေကြရသည်။
အောင်ရင် ကိုင်းတခုကို ချိုးရင်း ရွာလယ်လမ်းက ပြေးလာနေသော အေးမြကို မြင်လိုက်ရသည်။ ဆတ်ခနဲ သူ့ရင်တွေ ခုန်လာ၏။
အေးမြ ပြေးလာနေတာကို ကြည့်ပါအုံး။ အမောတကောနဲ့ ။ နောက်ကျ၍ ပိတောက်ပန်း မလှတာတွေပဲ သူ့အတွက် ကျန်တော့မည်ကို စိုးရိမ်နေပုံရသည်။
အေးမြသည် သူ့ကိုယ်လုံး တုတ်တုတ်ခဲခဲလေးနှင့် လိုက်ဖက်စွာ မိုးပြာရောင် သရက်ထည်ဝမ်းဆက်ကို ဆင်မြန်းထား၏။
အင်္ကျီမှာ ချိုင်းပြတ်ရင်ဖုံးဖြစ်သဖြင့် လက်မောင်းသား ဝါဝါဝင်းဝင်းလေးက ထင်းခနဲ ပေါ်လွင်နေသည်။
ထမိန်ကို တင်းတင်းရင်းရင်း ဝတ်ထားတော့ အေးမြရဲ့ အပျိုကိုယ်လုံးအလှက ပေါ်လွင်လှသည်။
ဆံပင်မှာ ခေါင်းလျော်ပြီးခါစနှင့်တူ၏။ ကျောမ၌ ဖြန့်ချထားသည်။ ပြေးလိုက်တိုင်း အေးမြ၏ ဆံသားတို့က သူမ၏ ကိုယ်ပေါ်က အသားစိုင်နဲ့အပြိုင်လှုပ်ခါနေလေတော့သည်။
အေးမြ ပိတောက်ပင်အောက်ကို ရောက်ပြီ။ အပင်ပေါ် တချက်မျှ ငေးကြည့်ရင်း သက်ပြင်းကို ချသည်။ ဝါရွှေရွှေ ပိတောက်ပန်းတို့က ခင်စိုးနှင့် အောင်ရင်တို့ ချိုးချ၍ အတော်ပင် ကုန်သွားပြီ ဖြစ်၏။
အောင်ရင်က အေးမြကို လှမ်းကြည့်သည်။ အေးမြက အောင်ရင်အား မမြင်ဟန် ပြု၏။ အောင်ရင် သူ့ကို ကြိုက်နေတာ အေးမြ မသိဘဲနေမလား။ ဒါကြောင့် မူစိုစိုနှင့် ခြေဆောင့်ရင်း
” ဟယ်တော် ဘယ်လိုများ ခူးလိုက်ကြတာလဲ၊ မနက် အစောကြီး ရှိသေးတယ်၊ တပင်လုံး ကုန်ပါရော့လား ။ အရီးလေးတို့ကလည်း လက်ထဲလည်း တပွေ့တပိုက်နဲ့တောင် ဟိုကိုင်းချိုးပေးပါအုံး ဒီကိုင်းလေး ခူးပေးပါအုံးနဲ့ ၊ လောဘကို မသတ်နိုင်ဘူး တကတည်းနော် … ”
အေးမြက သူ့အနားရှိတဲ့ အရီးလေး ဒေါ်ကြင်ကို မနာလိုဟန် စကားနာထိုး၏။
အရီးလေး ဒေါ်ကြင်မှာ သမီးအပျို နှစ်ယောက်ရှိတာကိုး။ သဲသဲနဲ့ ခဲခဲဟုသာ ရွာက အလွယ်ခေါ်ကြသည်။
ကျောင်းနာမည်က ခင်နေခြည်စိုးဆိုလား ၊ အဲ့ဒီတယောက်က မြို့မှာ တက္ကသိုလ်ပင်တက်နေပြီ ဖြစ်၏။ တတိယနှစ်ဆိုလား။ နောက်ဆုံးနှစ်ဆိုလား။
ခင်နေခြည်စိုး ခေါ် သဲသဲက မြို့ကျောင်းတက်တော့ ပြင်တတ်ဆင်တတ် ဝတ်တတ်စားတတ်သည်လေ။ ပင်ကိုယ်ကလည်း လှဆိုတော့ သဲသဲက ရွာမှာတော့ မင်းသမီးပင်။ သဲသဲတင်မဟုတ်ပါဘူး။ သူ့ညီမ ခဲခဲ ခေါ် ခင်သော်တာစိုးကလည်း ရွာက ကွမ်းတောင်ကိုင်ပဲဥစ္စာ။ ညီအစ်မနှစ်ယောက်စလုံးက လှကြ၏။
အခု အရီးလေးဒေါ်ကြင်က လက်ထဲမှာလည်း ပန်းတွေ တပွေ့တပိုက်နဲ့ကို… အောင်ရင်အား ကိုင်းတကိုင်း ထပ်၍ ချိုးခိုင်းနေသည်ကို အေးမြက မြင်ရကြားရသဖြင့် သဝန်တိုဟန်တူ၏။
ငယ်ရာက ကြီးလာတာပဲ၊ အရီးလေး ဒေါ်ကြင်က အေးမြအထာကို မသိဘဲ နေမလား။
အရီးလေးဒေါ်ကြင်က ရယ်ရယ်ပြုံးပြုံးနဲ့ပဲ စကားဆို၏။
” ဟဲ့ ကောင်မလေး သူများတွေလို စောစောမလာဘဲ ၊ နောက်ကျမှ လာတော့ လှတဲ့ကိုင်း မရတော့ဘူးပေါ့။ ငါတို့က ဘုရားပန်းတင်ဖို့ပါတော် ၊ ခူးပေးသူလည်း ကုသိုလ်ရ၊ အပင်ရှင်လည်း ကုသိုလ်ရအောင်ပါအေ့ ၊ ညည်း လိုချင်ရင် အပင်ပေါ် အောင်ရင် ရှိသား၊ လိုချင်တဲ့ကိုင်း ခူးခိုင်းပေါ့၊ ဟိုအကောင်က ညည်းအတွက်ဆို ခူးပေးချင်တာမှ လွန်ရော ”
အေးမြလေ ၊ တခြားသူမှ မဟုတ်တာ။ နည်းနည်းတော့ စကားနာလေး ထိုးလိုက်ရမှ။
” ဟွန့် … သူက ခူးပေးချင်အုံးမှကိုး ၊ ကျွန်မက ခူးပေးလည်း မလှပဲတော့ မယူပေါင် ”
အေးမြက အောင်ရင် ကြားသာအောင် အော်ပြောခြင်း ဖြစ်သည်။
အောင်ရင် ကြား၏။အောင်ရင် အူထဲ ကလိကလိ ဖြစ်သွား၏။ အောင်ရင်လည်း အေးမြကို ခူးပေးချင်တာပေါ့။ ဒီအချိန် ဒီအခွင့်အရေး သူ ဘယ်လက်လွတ် ခံပါ့မလဲ။ အပင်ထိပ်ဖျားမှာ ပွင့်နေတဲ့ ပိတောက်ပန်းတွေက လှမှ လှလေ။
အောင်ရင်ရော၊ ခင်စိုးရော ကိုင်းများစွာ ခူးချိုးထားပြီးသားဆိုတော့ ၊ အခေါင်အဖျားမှာသာ ဝေဝေဆာဆာ ပွင်နေတဲ့ ပိတောက်ပန်းကိုင်းတွေ ကျန်တော့သည်။
အပင် ခွဆုံကနေ ဝါးတံချုနဲ့ လိမ်ချိုးရင်တော့ ရနိုင်၏။ဒါပေမဲ့ တံချုနဲ့ လိမ်ချိုးသည့်အခါ အပွင့်တွေက တခြားကိုင်းက အရွက်တွေနဲ့ ထိပြီး ကြွေကျတတ်သည်။ ထိုအခါ ပိတောက်ပန်းခိုင်မှာ အပင်ပေါ်လောက် မလှတော့ချေ။
အမြင့်ထိ တက်မယ်ဆိုရင်လည်း ပိတောက်ကိုင်းက ဆတ်၏။ အဆင်မသင့်လျင် ကျိုးကျနိုင်သည်။
ဒါပေမဲ့ အောင်ရင်သည် သူရောက်နေသည့် သစ်ပင်ခွကြားမှ တဆင့် အပေါ်သို့ ထပ်၍ တက်လိုက်သည်။ အေးမြအတွက် သူ ဒီလောက်တော့ စွန့်စားရမည်မဟုတ်လား။
စိတ်ကြိုက် ပိတောက်ပန်းများစွာပါသော ကိုင်းများကို ရရှိပြီးသူများက ပန်းများကို ပွေ့ပိုက်၍ ကျေနပ်စွာ ပြန်ကြလေပြီ။
ခင်စိုးပင် အပင်မှ ဆင်းလာပြီ ဖြစ်၏။ အပင်ပေါ်၌ အောင်ရင် တယောက်သာ ကျန်တော့သလို အပင်အောက်မှာလည်း အေးမြသာ ကျန်တော့သည်။ အားလုံးက ပိတောက်ပန်းခိုင်ကိုယ်စီနဲ့ အလျိုလျို ပြန်ကုန်ကြပြီ။
အောင်ရင်က တကိုင်းမှ တကိုင်း ကူးရင်း အပင်ထိပ်ဖျားရောက်အောင် တက်နေသည်။ တနေရာ အရောက်တွင် သူက သစ်ပင်အောက်က အေးမြကို လှမ်းအော်ပြောလိုက်သည်။
” အေးမြရေ … အပင်ထိပ်ဖျားမှာ အရမ်းလှတဲ့ ပိတောက်ပန်းကိုင်း ရှိသေးတယ်။နင့်အတွက် ငါချန်ထားတာဟ။ နင် ခဏစောင့်နော်။ နင့်အတွက် ငါ တက်ခူးပေးမယ် ”
” ဟဲ့ ဖြစ်ရဲ့လား ၊ မဖြစ်ရင် မတက်ပါနဲ့။ ငါ အောက်ကနေ ဝါးတံချု ကမ်းပေးလိုက်မယ်လေ။ တံချုနဲ့ပဲ ခူးပါလား …အပေါ်ထိဆို အန္တရာယ်များတယ်နော် ”
တကယ်တန်း အောင်ရင်က အပင် ထိပ်ဖျားတက်နေပြီဆိုတော့ အေးမြက အားနာ၏။ သူ့အတွက်နဲ့ အောင်ရင် တခုခု ဖြစ်သွားမှာ စိုးရိန်ဟန်တူ၏။
” ဘာမှ မဖြစ်ပါဘူးဟ၊ ဒီအပင်က ငါတက်နေကျပါ။ အပေါ်က ပန်းတွေက ဒီအပင်ရဲ့ အလှဆုံး ပန်းခိုင်တွေ … ခဏပဲစောင့် ”
တကယ်လည်း အောင်ရင်က သစ်ပင်တက် ကျွမ်းကျင်ပါ၏။လွှားခနဲ လွှားခနဲ တက်ချသွားလိုက်တာ ဟိုးအပင်ထိပ်ဖျားပင် ရောက်သွားပြီ ဖြစ်၏။
အောင်ရင် တပင်လုံးရဲ့ အလှဆုံးကိုင်းကို မမှီ့တမှီ လက်လှမ်း၍ ချိုးသည်။ သူ နင်းထားတဲ့ ကိုင်းက ကျပ်လုံးသာသာ ဆိုတော့ သူ အားပြုလိုက်တိုင်း ညွှတ် ညွှတ်ကျ သွား၏။
အောက်က ကြည့်နေသော အေးမြခမျာ ရင်ဘတ်ကို လက်နဲ့ဖိရင်း အသည်းတအေးအေး ရင်တဖိုဖို ဖြစ်နေရှာသည်။
” တော်ပြီ တော်ပြီ အောင်ရင်၊ အန္တရာယ်များတယ် ၊ မခူးနဲ့တော့ ၊ အောက်ကို ပြန်ဆင်းခဲ့တော့ ”
အေးမြ ပြောတာမှ စကား မဆုံးသေး ။
” ဂျွတ် … ”
အောင်ရင့်လက်ထဲက ပိတောက်ပန်းခိုင်ပါသော သစ်ကိုင်းက ဂျွတ်ခနဲ ချိုးရသွားသည်။
” အေးပါဟ ၊ ရပါပြီ ။ ဒီမယ်ကြည့်စမ်း အေးမြ ။ အပွင့်တွေ ဝါဝင်းနေတာပဲ … ”
အောင်ရင်က အောင်ပွဲရ စစ်သူကြီးပမာ ၊ လက်ထဲ ပိတောက်ပန်းခိုင်ကြီးကို အေးမြအား လှမ်းပြသည်။
” ဟယ်! လှလိုက်တာ ”
တကယ်လည်း လှပါ၏။ အပင်ထိပ်ဖျားကဆိုတော့ နေရောင်လည်း ကောင်းစွာရ၏။ ထို့ကြောင့် ထိုပန်းခိုင်သည် အလှဆုံး ဖြစ်နေတော့သည်။
အောင်ရင်သည် ပိတောက်ပန်းခိုင်ကို တယုတယ ကိုင်ရင်း အပင်ပေါ်မှ တဖြည်ဖြည်းချင်း ဆင်းလာ၏။
အေးမြ ရင်ထဲ လိုချင်တာရတော့ ဝမ်းသာပီတိ ဖြစ်နေဟန်တူ၏။ မျက်နှာပေါ်မှာ ခုနကလို စိတ်ကောက်ဟန် မရှိတော့ဘဲ ရွှင်မြူးနေ၏။
အခြေ ဂွဆုံနားရောက်တော့ အပင်ပေါ်ကနေ အောင်ရင်က …
” ရော့ အေးမြ ၊ တော်ပြီလား ၊ ငါ ထပ်ခူးပေးရအုံးမလားဟင်”
” ဟင့်အင်း တော်ပြီ အောင်ရင်၊ နင် ခူးလာတဲ့ ပန်းခိုင်လည်း ကြည့်အုံး ၊ အကြီးကြီးဟာ ”
အေးမြက ပန်းခိုင်ကို မမှီ့တမှီ လှမ်းယူလိုက်ပြီး ပန်းတို့ကို မွှေးကြည့်သည်။
အေးမြက ပိတောက်ပန်းတွေကို နမ်းနေပုံက အရမ်းကို လှသည်။ မျက်စိကို စုံမှိတ် နမ်းခြင်းဖြစ်သည်။ ထိုအခါ သူမ၏ မျက်ခွံကျယ်ကြီးတွေ မျက်လုံးကို ပိတ်ဖုံးသွားသည်။
အေးမြ၏ မျက်နှာပေါ်မှာ လူးထားပြီးစ သနပ်ခါးနဲ့ဆိုတော့ အရမ်း လှနေသည်။ အောင်ရင် ငေးမောရင်း သစ်ပင်ခွဆုံမှ ခြေချော်သွား၏။
” အောင်မယ်လေးဗျ …”
” ဘုတ် … ”
အောင်ရင် ကိုယို့ကားယားနဲ့ အခြေဂွဆုံက ပြုတ်ကျ၍ တော်တော့သည်။ သို့ပေမဲ့ အတန်ငယ် နာသွားဟန်တူ၏။ ချက်ချင်း မထနိုင်။
အေးမြ ထိတ်ထိတ်ပြာပြာနဲ့ အောင်ရင် လိမ့်ကျရာသို့ ပြေးလာ၏။
” အောင်ရင် အောင်ရင် … နင် ဘာဖြစ်သွားသေးလဲ ”
” ဟီး ဘာမှ မဖြစ်ပါဘူး၊ မြီးညောင့်ရိုးတော့ နည်းနည်း နာသွားတယ် ၊ အောင်မယ်လေး ကျွတ် ကျွတ် … ”
အောင်ရင်က လဲကျရာကနေ ပြန်ထရင်း သူ့တင်ပါးကို သူကိုင်၍ ညည်းညူလိုက်၏။
” ဒါဆို နင် ဆေးလူးမှ ဖြစ်မှာပေါ့ ၊ လမ်းရော လျှောက်နိုင်ရဲ့လား ၊ ငါတွဲကူရမလား ”
အောင်ရင် ခေါင်းခါပြလိုက်သည်။
” ဟေ့အေး နေပါစေ။ ရပါတယ်ဟ ။ နိမ့်နိမ့်လေးက ကျတာပဲဟာ။ ဘာမှ မဖြစ်ပါဘူး။ ငါ လျှောက်နိုင်ပါတယ် ”
” ဒါဆိုလည်း ငါနဲ့ အိမ်လိုက်ခဲ့ဟာ။ နင့်ဒဏ်ရာကို ငါ ဆေးလူးပေးမယ်လေ … ”
အေးမြကတော့ သဘောရိုးနဲ့ ပြောလိုက်ခြင်းပင်။ ဒါပေမဲ့ လူပျိုလေးတယောက်က သူ့တင်ပါးကို အပျိုလေးတယောက်ကို ဘယ်လိမ်းခိုင်းရဲပါ့မလဲ။ ဒါကြောင့် သူ့တင်ပါးကို သူ လက်နဲ့ ဖိထားပြီး …
” ဟာ! နေပါစေ။ ရပါတယ်ဆိုနေ၊ ဒီလောက်ကတော့ အပျော့ပါဟ ။ ပြီးတော့ ဆေးလိမ်းမယ်ဆိုလည်း … နင် နင် လိမ်းပေးလို့ မဖြစ်ဘူးလေဟယ် ”
အဲဒီတော့မှ အေးမြလည်း သဘောပေါက်သွားပြီး …
” ခစ်ခစ် … ဟုတ်သားပဲ။ ဒါဆိုလည်း ငါ့မောင် ငဆောင်ကို လိမ်းပေးခိုင်းပါ့မယ် ။ လာပါဟာ ငါနဲ့ အိမ်လိုက်ခဲ့ ။ အိမ်မှာ မုန့်လက်ဆောင်း ကုသိုလ် လုပ်ထားတယ်ဟ။ နင် လိုက်သောက်လှဲ့ ”
အေးမြ စကားပြောနေတဲ့အခါ၊ အောင်ရင်က အေးမြရဲ့ လှုပ်ရှားနေသော နုတ်ခမ်းလွှာလေး နှစ်ခုကို ငေးကြည့်နေ၏။
မိုးပြာရောင် ရင်ဖုံးအင်္ကျီ နဲ့ ထမိန်က အေးမြရဲ့ ကိုယ်လုံးအလှကို ထင်ရှားပေါ်လွင်နေလေတော့၊ အောင်ရင် ကြည့်လို့ မဝနိုင်ဘူး။
အေးမြက အောင်ရင် သူ့ကို ကြည့်နေမှန်းသိတော့ ရှက်ကိုးရှက်ကန်းနဲ့ ပိတောက်ပန်းတွေကို သူမရှေ့က ရင်ဘတ်ကို ကွယ်လိုက်ရင်း …
” ဟဲ့ ငါပြောတာ ကြားရဲ့လား ။ နင် ဘာကို ကြည့်နေတာလဲ ”
အောင်ရင် လူမိသွားတဲ့ သူခိုးလိုပဲ။ ထိတ်ထိတ်ပြာပြာနဲ့ ရှင်းပြသည်။
” ဟမ် … ဘာမှ မကြည့်ပါဘူးဟ။ ဟို ဟို ဒီကနေ့ နင် အရမ်းလှတယ်ဟာ ၊ ဒီ အဝတ်အစားနဲ့ နင်နဲ့ သိပ်လိုက်တာပဲ ”
” အံမယ် ကောင်စုတ် ၊ နင် ပြောသလိုဆို အရင်နေ့တွေတုန်းက ငါက မလှဘူးပေါ့ ”
” ငါက အဲ့သလို ပြောတာမဟုတ်ပါဘူးဟယ်။ နင်က ငါ့မျက်စိထဲမှာတော့ ဘယ်အချိန်ဖြစ်ဖြစ် လှနေတာပါပဲ ။ နင်က ငါ့အိပ်မက်ထဲမှာတောင် အရမ်းလှတဲ့ နတ်သမီးတပါးပါ … ”
” အို … နင်ကလဲ ”
အောင်ရင်က သူ့ရင်ထဲ ရှိတာကို ဖွင့်ချလိုက်ပြီလေ။ အဲ့ဒီတော့ အေးမြ ရှက်သွားတာပေါ့။
” အေး … အေး မြ ”
” ဘာလဲ …”
” ငါ ငါ မနေနိုင်လွန်းလို့ နင့်ကို စကားတခွန်းလောက် ဖွင့်ပြောချင်တယ် ။ နင် စိတ်မဆိုးပါနဲ့နော် … ”
အေးမြ ခေါင်းကို ငုံ့ထား၏။ လက်နှစ်ဖက်က ပန်းတွေ ပွေ့ထားသည်။ အောင်ရင် ခွင့်တောင်းနေတာကို အင်းအဲ မလုပ်။ တိတ်တဆိတ် ရင်ခုန်နေရှာသည်။
အောင်ရင် … အေးမြအနီး တိုးကပ်သွားသည်။ ယခုဆိုရင် အောင်ရင်နဲ့ အေးမြသည် တပေခန့်အကွာ မျက်နှာချင်းဆိုင် အနေအထားမှာ ရှိနေကြသည်။ သူတို့ နှစ်ဦးကြားတွင် ပိတောက်ပန်းတွေ ခြားထား၏။
” ငါ … ငါ …
နင့်ကို ချစ်တယ် အေးမြ ၊ နင် …နင်က ငါ့ရဲ့ အချစ်ဦးပါ။ ဟိုလေ နင့်မှာ ရည်းစားမရှိရင် ငါ့ကို ပြန်ချစ်ပါလားဟင် ”
အောင်ရင် ပြောမိပြောရာ ပြောချလိုက်လေပြီ။ ရည်းစားစကားကို ဘယ်လို စီကာသီကာ ပြောရမည် သူ မသိ။ သူ့ရင်ထဲ ရှိတဲ့အတိုင်း ဘွင်းဘွင်းကြီး ဝန်ခံလိုက်ခြင်းပင်။
အေးမြ ခေါင်းငုံ့ထားရာမှ ဆတ်ခနဲ မော့လာ၏။ အောင်ရင်ရဲ့ စကားကို အောင်ရင့်မျက်နှာပေါ်မှာ ဝေဘန်သုံးသပ်သည်။တကယ် ချစ် မချစ်ပေါ့။ ပြီးတော့ တခွန်းပဲ ဆို၏။
” ကျုပ်မှာ ရည်းစား မရှိဘူးတော့ ”
ထိုသို့ပြောပြီး အေးမြသည် အောင်ရင့်အနီးမှ ပြေးထွက်သွားလေ၏။ အောင်ရင်က အူကြောင်ကြောင်နဲ့ ကျန်ခဲ့၏။ အေးမြ တော်တော်လှမ်းလှမ်း ရောက်သွားမှ …
” ဟင် … နေအုံးလေ အေးမြ ၊ ငါ့ကို အဖြေပေးသွားအုံးလေ ”
အေးမြက အောင်ရင့်စကားကို ကြားသော်လည်း လှည့်မကြည့်တော့ပေ။
အောင်ရင်ကတော့ ပြေးသွားသည့် အေးမြ၏ နောက်ကျောကို ကြည့်ရင်း ငူငူငိုင်ငိုင် ကျန်ရစ်ခဲ့လေတော့သည်။
__________________
အခန်း၂။
သင်္ကြန်အကျနေ့ နံနက်ခင်း
အောင်ရင် မနေ့က တနေ့လုံး တနုံ့နုံ့နဲ့ နေထိုင်မကောင်းဘူး။ အေးမြက ရေရေရာရာ အဖြေပေး မသွားတာကြောင့် ဖြစ်၏။
ချစ်ရင်လည်း ချစ်တယ်ပေါ့။ မချစ်ဘူးဆိုလည်း ဘာတတ်နိုင်မှာတုန်း။ဒါက သူ့အခွင့်အရေး သူ့သဘောလေ။ အခုတော့ အေးမြက ချစ်တယ်လည်း မဟုတ်၊ မချစ်ဘူးလည်းမဟုတ်။ ” ကျုပ်မှာ ရည်းစား မရှိဘူးတော့ “ဆိုတာပဲ ပြောသွားတော့ အောင်ရင်တယောက် ဆတ်တငန့်ငန့်နဲ့ ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ အကျနေ့ဆိုတော့ သူ့လို ရွယ်တူ သူငယ်ချင်းများက ရေတွေပက်လိုက်ကြ၊ ရေကစားလိုက်ကြနဲ့ ။ တဟေးဟေး တဝါးဝါး ပွဲကျနေချိန် သူ့ခမျာ လဒမှိုင် မှိုင်နေရှာ၏။
သူ့ခမျာ အေးမြကို တွေ့ရနိုးနိုးဆိုပြီး အေးမြတို့ အိမ်ရှေ့လမ်းကို ခေါက်တုန့်ခေါက်ပြန် လျှောက်နေတာ ဘယ်နှခေါက်မှန်းတောင် မသိ။ သို့သော် အေးမြကို လုံးဝ မတွေ့ရသေးချေ။
ဒါနဲ့ အိမ်ပြန်လာပြီး ခြံထဲက ပက်လက်ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ထိုင်နေခြင်း ဖြစ်၏။
အဲ့ဒီချိန် (နေ့လယ် ၁နာရီခန့်) မှာ အပျိုကြီး မဖော့ ဇီးဖျော်ရည်ချိုင့်ကြီးဆွဲပြီး ခြံထဲ ဝင်လာ၏။ အခါတွင်း ဥပုသ်သီလ ယူကြတဲ့ လူကြီးသူမများကို အဟာရဒါန လုပ်ခြင်း ဖြစ်သည်။
” ဟဲ့ အောင်ရင် … အရီးတို့ ဘဒွေးတို့ ရှိကြလား ”
လူကြီးတွေက မနက်ခင်း သီလယူ ၊ နေ့လယ်နေ့ခင်း တရေးတမော မှေးကြ၏။ အောင်ရင်က မဖြေချင်ဖြေချင်နဲ့ …
” ရှိတယ် မကြီးဖေါ့ ၊ အဖေရော အမေပါ အိမ်ထဲက တန်းလျားမှာ လှဲနေကြတယ် ထင်တယ် … ဝင်သွားလိုက်တော့ဗျာ ”
မဖေါ့က အိမ်ထဲ တန်းဝင် မသွားသေးဘဲ၊ အောင်ရင် ထိုင်နေတဲ့ ထန်းပက်လက်ကုလားထိုင်အနီး လျှောက်လာပြီး …
” အံမယ် ဒီကနေ့ ငါ့မောင် ရေမကစားဘူးထင်တယ် ၊ ဘာလဲ ရည်းစားပူမိနေတာလား ”
အောင်ရင် အထိတ်တလန့်နဲ့ မဖေါ့ မျက်နှာကို လှမ်းကြည့်လိုက်သည်။ မကြီးဖေါ့ ဘယ်လိုသိတာလဲပေါ့။
မဖေါ့က မချိုမချဥ်ပြုံးရင်းနဲ့
” ကောင်လေး … ငါ အခု အေးမြတို့အိမ်ဘက်ကို ဇီးဖျော်ရည် ပို့ပြီး ပြန်လာတာ … အေးမြက ငါ့ကို နင့်အကြောင်း အကုန် ပြောပြလိုက်တယ် ခစ်ခစ်ခစ် ..”
အောင်ရင် ပက်လက်ကုလားထိုင်ပေါ် ကျောမှီချထားရာမှ ချက်ချင်း ခါးဆန့်သွား၏။
” ဟင်! အေး … အေးမြက ကျုပ်အကြောင်း ပြောလိုက်တယ် ဟုတ်လား မကြီးဖေါ့။ သူ … သူက ဘာတွေ ပြောလိုက်တာလဲဟင် ”
” နင်က သူ့ကို ဒီကနေ့ ရည်းစားစကား ဖွင့်ပြောလိုက်တယ်တဲ့ ၊ ပြီးတော့ သူ့ကိုလည်း ကြည့်နေလိုက်တာလည်း အတင်းပဲတဲ့ … သူက ရှက်လို့ ထွက်ပြေးလာခဲ့တယ်ဆိုပဲ ”
” အင်း အင်း ဟုတ်တယ် မကြီးဖေါ့၊ နောက် … နောက်တော့ရော အေးမြက ဘာပြောသေးလဲဟင် ”
အောင်ရင်က သိလိုဇောနဲ့ မေး၏။ မဖေါ့က အထာကိုင်လိုက်သည်။
” နေပါအုံးဟဲ့ ၊ ငါ့မှာ ရွာထဲ အိမ်တိုင်းစေ့ ဇီးဖျော်ရည် လိုက်ကမ်းနေရတာ ညောင်းနေပြီ ၊ အံမယ်လေး လက်တဖက်ကလည်း ဇီးဖျော်ရည်ချိုင့်ဆွဲရလွန်းလို့ လက်အံသေချင်နေပြီ ကျွတ်ကျွတ် … ”
အောင်ရင်က ပြာတိပြာယာနဲ့
” လာ လာ မကြီးဖေါ့ ၊ ဒီပက်လက်ကုလားထိုင်မှာ လာထိုင်။ အဖေနဲ့ အမေဖို့ ကျုပ် ဇီးဖျော်ရည် သွားထည့်ပေးလိုက်မယ် ။ နားပါအုံး …”
အောင်ရင်က မဖေါ့ လက်ထဲက ဇီးဖျော်ရည် ချိုင့်ကြီးကို ဆွဲပြီး အိမ်ထဲ ဝင်သွား၏။ မကြာပါဘူး။ ပြန်ထွက်လာ၏။
” မကြီးဖေါ့ ညောင်းရင် ကျုပ် ဇီးဖျော်ရည် ရွာထဲ ဆက်ဝေ ပေးမယ်လေ ။ အော် … ဒါနဲ့ အေးမြက ဘာဆက်ပြောသေးလဲဟင် ”
မဖေါ့က သူ့ရဲ့ နဂိုက မှေးနေတဲ့ မျက်လုံးကို ထပ်မှေးလိုက်ပြီး၊
” နင် တကယ် ရွာထဲ ဆက်ဝေ ပေးမှာလား ၊ အဲ့ဒါဆို ငါ့ဆက်ပြောမယ် ”
” ဟာ ဘာလို့ ညာရမှာတုန်း၊ တကယ် ဝေပေးမှာပေါ့ မကြီးဖေါ့ရ ”
မဖေါ့က အဲ့ကျမှ ပြုံးတုံ့တုံ့ လုပ်ပြီး ၊ သူ ခါးကြား ဝှက်ယူလာတဲ့ စာတစောင်ကို အောင်ရင်အား ပြ၏။
” ဒါ အေးမြက နင့်ကို ပေးလိုက်တဲ့စာ ”
” ဟင်! အေးမြက စာ … စာပေးလိုက်တာလား ၊ ပေး ပေး ကျုပ် ဖတ်ကြည့်အုံးမယ် …”
” အံမယ် ဒီလိုတော့ ဘယ်ရမလဲ အကောင်ရဲ့ ။ နင် ငါ့ကိုယ်စား ရွာထဲကို ဇီးဖျော်ရည် ဆက်ဝေပေးပါ့မယ်လို့ ကတိပေးမှ ၊ ဒီစာကို ပေးမယ် ။ မဝေပေးလို့ကတော့ ငါ စာကို ပြန်ယူသွားမှာ ”
ဇီးဖျော်ရည် ဒါန်ချိုင့်ကြီးထဲမှာက အပြည့်နီးပါး ကျန်သေး၏။ မဖေါ့ နှစ်အိမ်၊ သုံးအိမ်လောက်သာ ဝေခဲ့ရသေးဟန်တူ၏။
မဖေါ့က လူလည်လုပ်၍ သူ့ကိုယ်စား အောင်ရင်အား ရွာထဲ လှည့်ဝေခိုင်းခြင်း ဖြစ်သည်။
ဘာတတ်နိုင်မှာတုန်း။ အောင်ရင် သဘောတူလိုက်ရ၏။ အဲ့ကျမှ မဖေါ့က အေးမြ ပေးလိုက်သော စာကို အောင်ရင့်လက်ထဲ ထည့်ပေး၏။
အောင်ရင် သူ့လက်ထဲ ရောက်လာသည့် စာကို တယုတယ ဖွင့်ဖတ်သည်။ စာထဲတွင် …
” အောင်ရင် … နင် ငါ့ကို တကယ်ချစ်ရင် အတက်နေ့ မနက် စောစောမှာ ၊ နင် ပန်းချိုးပေးလိုက်တဲ့ ပိတောက်ပင်အောက်က လာစောင့်နေပါ။
ငါ ရွာဦးကျောင်းကို ဆွမ်းချိုင့်ပို့တဲ့အခါ ပိတောက်ခြောက်ရောင် ဝမ်းဆက် ဝတ်လာရင် နင့်ကို ချစ်တယ်လို့ အဖြေပေးတာနဲ့ အတူတူပဲ ။ အကယ်၍ ငါ တခြားအရောင် ဝတ်လာခဲ့ရင်တော့ သူငယ်ချင်းလိုပဲ ဆက်ပြီး ခင်ကြရမယ်နော် ” တဲ့။
စာက အဲ့သလိုရေးထားတာ။ ဒါပေမဲ့ ထူးဆန်းနေတာက အောက်ဆုံးက စာကြောင်း။
အေးမြတို့ ရိုမန်တစ်ဆန်လိုက်ပုံက စာရဲ့ အောက်ခြေမှာဖေါင်တိန်နဲ့ အသဲပုံ သေသေချာချာ ရေးဆွဲပေးလိုက်ပြီးမှ ၊ အဆုံးသတ်မှာတော့
” တသက်လုံး သစ္စာမြဲမယ့် … သစ္စာရှင်မလေးအေးမြ ” ပါတဲ့။
ရည်းစားလည်း မဖြစ်သေးဘူး။ အဖြေလည်း မပေးရသေးဘူး။ ဒါပေမဲ့ အေးမြက တသက်လုံး သစ္စာမြဲမယ် ဆိုပါလား။ အသဲပုံကလည်း ပါလိုက်သေး။
ဒါပေမဲ့ ဒီက(ငအောင်ရင်)ဆိုတာကလည်း မအူမလည် အူကြောင်ကြား အောင်ရင်လေ။သူက ဘာလုပ်တယ်မှတ်လဲ။ စာရွက်ကို လက်အုပ်ချီထားတဲ့ လက်နှစ်ဖက် ကြားမှာ ညှပ်တဲ့ပြီး ဆုတောင်းနေပါလေရဲ့။
” ဘုရား ဘုရား ။ ဘုရားမလို့ အတက်နေ့ကျရင် အေးမြ ပိတောက်ခြောက်ရောင် ဝမ်းဆက် ဝတ်လာပါစေ ”
လို့တောင် ဆုတောင်းနေလေရဲ့ …။
တကယ်တော့ အေးမြက ဝတ်စုံ သုံးစုံ ချုပ်ထားတာ။ အတက်နေ့ကျရင် ပိတောက်ခြောက်ရောင်ဝမ်းဆက် ဝတ်မယ် ဆုံးဖြတ်ပြီးသား။
ကဲ … မခက်ပေဘူးလားဗျာ ။
အခန်း၃။
သင်္ကြန်အကြတ်နေ့ နေ့လယ်။
အောင်ရင် ပျော်နေ၏။ သူ့အပျော်ကို ဘယ်သူကမှ မှီလိမ့်မည်မထင်။ မနက်ဖြန်ဆိုရင် အေးမြက သူ့ကို အဖြေပေးမည်မဟုတ်လား။
မကြီးဖေါ့က သူ့ခေါင်းကို တိန်ခနဲ မြည်အောင် ခေါင်းခေါက်၍ မဲ့ကာရွဲ့ကာ ဆိုသွားခဲ့သည်လေ။
သူက မဖေါ့ကို သူက ဒီလိုသွားမေးတာကိုး။ ဟိုက ခေါက်ပေမပေါ့။
” မကြီးဖေါ့ … အေးမြက ကျုပ်ကို ပြန်မှ ချစ်ပါ့မလားဗျာ။ ကျုပ်စိတ်ထဲ သူက ငြင်းလိုက်မလားလို့ စိုးရိမ်လိုက်တာဗျာ ”
ဒေါက်!
” အ … နာတယ်ဗျ ၊ ကျုပ်ကို ဘာလို့ ခေါင်းခေါက်ရတာလဲ ”
” ဟဲ့! ငတုံး ၊ စာဖတ်ပြီးတာတောင် မိန်းကလေးရဲ့ သဘောကို နားမလည်ဘူးလား ။ နင့်လို တုံးတဲ့ ငတုံးကတော့ နင်ပဲ ရှိလိမ့်မယ် သိရဲ့လား ။ အေးမြက နင့်ကို အဖြေပေးချင်လို့ ၊ ဒီစာ ရေးပို့တာပေါ့ ။ မှတ်ထား ငတုံးရဲ့ ။ တို့ မိန်းကလေးတွေက မချစ်လို့ကတော့ စာမပြောနဲ့။ လှည့်တောင်မကြည့်ဘူးဟေ့ ။ နင်ဟာလေ အတော်ကို ‘တုံး’လွန်း၊ ‘အ ‘လွန်းတယ် ”
ဒါတောင်အောင်ရင်က ခေါင်းခေါက်ခံရလို့ နာသွားတဲ့ သူ့ခေါင်း သူ ပွတ်သပ်ရင်း စဥ်းစားသေး၏။ ပြီးလေမှ ရေးရေးမျှ သဘောပေါက်သွားဟန်ဖြင့် …
” ဟင် … အဲ့သလိုဆို အေးမြကလဲ ကျုပ်ကို ချစ်တယ်ပေါ့နော် မကြီးဖေါ့ ၊ ဟီးဟီး အဲ့ဒါဆို ကျုပ် လွှတ်ပျော်သွားပြီဗျာ …”
အောင်ရင်က အပျော်တွေ ရင်ဆို့ကာ အားပါးတရ ဆိုလေတော့၊ မကြီးဖေါ့ကလည်း မကြီးဖေါ့ပဲလေ။ အပျိုကြီးဆိုတော့ နည်းနည်းလောက်တော့ ဆရာကြီး လုပ်လိုက်ရမှ ကျေနပ်တတ်ကြတဲ့အမျိုးဆိုလေတော့ …
” အေး လွှတ်ပျော်တာက ပျော်ပေါ့ ။ ဒါပေမဲ့ အပျော်လွန်ပြီး အကြတ်နေ့မှာ ရွာထဲ လှည့်ကဲ မနေနဲ့ ။ လူ့စိတ်ဆိုတာ မျောက်စိတ်လိုပဲဟဲ့ ။ ခု ချစ်ချင် ချစ်ပြီး၊ တော်နေကြာ အမြင်ကပ်ရင် အခက်။ နင် ရွာထဲ ကဲနေတာ အေးမြ တွေ့သွားလို့ကတော့ အဖြေမရဘဲ ၊ ပါးချခံနေရအုံးမယ် ။ ကဲ … ရော့ ဇီးဖျော်ရည်ချိုင့် ၊ နင် ရွာထဲ လှည့်ဝေလိုက်တော့ ။ ငါသွားပြီ ”
မဖေါ့က သူ့လက်ထဲက ဇီးဖျော်ရည်ချိုင့်ကို အောင်ရင်ရဲ့ လက်ထဲ ထည့်ပေးခဲ့ပြီး ထွက်သွား၏။ အောင်ရင်ကတော့ မဖေါ့စကားကြောင့် မနက်ဖြန် အကြတ်နေ့မှာ ခါတိုင်းလို သူငယ်ချင်းများနှင့် မကဲတော့ရန် ဆုံးဖြတ်လိုက်လေတော့၏။
ထို့ကြောင့်လည်း ဒီကနေ့ သင်္ကြန်အကြတ်နေ့၌ အောင်ရင်သည် ၎င်းအိမ်ဝိုင်းထဲတွင်သာ တကုပ်ကုပ်နဲ့ ရှိနေလေ၏။ ဥပုသ်သီလ ယူထားကြသော မိဘနှစ်ပါးကပင် အငယ်ဆုံးသား အောင်ရင်ကို ကြည့်လျက် အံဩနေကြသည်။
အောင်ရင်သည် အသက်၁၉နှစ် အရွယ် ဖြစ်ပြီး၊ အင်မတန် အပျော်အပါးမက်သူ ဖြစ်၏။ အတာသင်္ကြန်ကာလတွင် သူငယ်ချင်းများနှင့် နှစ်စဥ် ကဲနေကျ ဖြစ်၏။
ရိုးအသော အောင်ရင်မှာ သူငယ်ချင်းများ၏ သနားချစ်ခင်မှုကို လေးနက်စွာ ခံယူရ၏။
သူငယ်ချင်းများက အောင်ရင်မပါလျင် မပြီး။ အောင်ရင်ပါမှ ပွဲစည်သည်ဟု အောက်မေ့ကြသည်။ ယခုနှစ်တွင် အောင်ရင့်အား သူငယ်ချင်းများက ရေကစားရန် လာခေါ်ကြသော်လည်း အောင်ရင်က ထူးဆန်းစွာ ငြင်းပယ်လိုက်သည်။
သူငယ်ချင်းများက ဇွတ်အတင်း ခေါ်သော်လည်း သူက မလိုက်။ ဒါကြောင့် သူငယ်ချင်း အချို့က စိတ်ကွက်ခါ ဒေါသထွက်ကြ၏။ အောင်ရင်အား ဘယ်တော့မှ လာမခေါ်ဟုဆိုကာ ထွက်သွားခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့်တော့ အောင်ရင်နှင့် ငယ်ပေါင်း သံခဲက အောင်ရင့်အပေါ် တော်တော်လေး စိတ်ဆိုးသွားဟန်တူ၏။ အောင်ရင့်အား ခေါ်မရသည့်အခါ ယောက်ကျားလေးသူငယ်ချင်းတို့ ထုံးစံအတိုင်း ဆဲဆို၍ ဒေါသဖြင့် ပြန်သွားခြင်း ဖြစ်သည်။
ဒါကလည်း အရင်ကဆို အောင်ရင်က သံခဲ ပြောသမျှ ပြီးခဲ့တာကြောင့် ဖြစ်မည်။ အောင်ရင်နဲ့သံခဲတို့က ဆဲမနာဆိုမနာ သူငယ်ချင်း အရင်းတွေ ဖြစ်ကြ၏။ အားလုံးထဲတွင် သူတို့နှစ်ယောက်က အတွဲဆုံးမဟုတ်လား။ ဒါကြောင့် သံခဲက စိတ်ဆိုးခြင်း ဖြစ်လိမ့်မည်။
တန်ဆောင်မုန်းလပြည့်ဖြစ်သော သူခိုးကြီးညလို အခါမျိုးမှာ သံခဲက ဦးဆောင်၍ ကြက်ခိုး၏။
အောင်ရင်က သံခဲ၏ နောက်လိုက်။ သံခဲ ခိုင်းတာ အကုန် လုပ်လေ့ရှိသည်။
အကယ်၍ လူမိရင်လည်း သံခဲက အောင်ရင့်ကို ဘယ်တော့မှ ဆွဲမထည့်။ သူ တဦးတည်း ခေါင်းခံကာ သူကြီး ထိတ်တုံး၌ ပျော်ပျော်ကြီး အခတ်ခံလေ့ရှိ၏။ သံခဲက အောင်ရင့်ကိုတော့ ညီအစ်ကိုအရင်းထက်ပင် ချစ်ခင်သူ ဖြစ်၏။
တခုပင် သံခဲက စိတ်တိုစိတ်ဆတ်၏။ အောင်ရင်က ရိုးရိုးအအနှင့် နုံ၏။ ထစ်ခနဲဆို သံခဲက လက်ပါတတ်သည်။ ရန်ဖြစ်လွယ်၏။ အောင်ရင်ကတော့ ထိုသို့မဟုတ်။ သံခဲ ရန်ဖြစ်တိုင်း ဝင်ရောက်ဖြန်ဖြေလေ့ရှိသည်။ သူငယ်ချင်းနှစ်ယောက်က ခင်မင်ရင်းနှီးစွာပေါင်းသင်းကြသော်လည်း စရိုက်မတူကြပေ။
အချိန်တို့သည် ကုန်လွယ်လွန်း၏။ အောင်ရင် တယောက် အိမ်ထဲ နေရင်းနဲ့ သင်္ကြီန်အကြတ်နေ့သည် ပြီးဆုံးလုတိုင်တိုင် ညနေပိုင်းသို့ ရောက်လာ၏။
အောင်ရင် ဤသို့တွေး၏။ ယခုအချိန်ဆို ရွာထဲက ကလေးတွေ ရေပက်နားလောက်ပြီ။ သူ့စိတ်ထဲတွင် ချစ်ရသော အေးမြ မျက်နှာလေးကို မြင်တွေ့ချင်နေမိသည်မှာ အမှန်။ အနည်းဆုံး အေးမြရဲ့မျက်နှာကို စက္ကန့်ပိုင်းမျှ တွေ့ရ တွေ့ရ ၊ တွေ့ချင်မြင်ချင်နေမိသည်။ ထို့ကြောင့် ရှပ်အင်္ကျီ ခပ်လတ်လတ်တထည်ကို ဝတ်၏။
ရှပ်အင်္ကျီမှာ နံ့သာရောင် ဖြစ်သည်။ ခေါင်းပေါ်က ဆံပင် တိုနံ့နံ့ကို ဆီလိမ်း၍ သပ်ရပ်စွာ ခေါင်းဖီးသည်။ပြီးလျင် အစ်မလတ် ကြည်ကြည်ဆွေ၏ တရုတ်ရေမွှေးဘူးကို ဟိုကြည့်ဒီကြည့်လုပ်ကာ တရှီးရှီးနှင့် သူ့ကိုယ်အနှံ့ ဖျန်းလေ၏။
ရေမွှေးမှာ နှင်းဆီရနံ့ ဖြစ်သောကြောင့် အောင်ရင် ကိုယ်မှ နှင်းဆီနံ့များ တထောင်းထောင်း ထနေတော့သည်။
တခါတရံမှ ထုတ်ဝတ်သည့် ပလေကပ်ပုဆိုးကို ဝတ်သည်။ မှန်ကို သုံးလေးခါထက်မနည်း ကြည့်၏။
မှန်ကိုကြည့်၍ ကိုယ့်ကိုယ်ကိုယ် ကျေနပ်လောက်ပြီဆိုမှ ၊ မြင်းခြံသားရေဖိနပ်ကို ချစီး၏။ ထို့နောက် အမေ့ကို ရွာထဲ ခဏ သွားဦးမည်ဟုဆိုကာ ထွက်လာခဲ့သည်။
အမေက သူ့ကို ပြုံးစိစိ ကြည့်တော့ သူ ရှက်ကိုးရှက်ကန်း ဖြစ်ရသေး၏။
သူ့မျက်နှာပေါ်မှာ သနပ်ခါးမှုန်တွေ ဖုန်နေသည်မဟုတ်လား။ပြီးတော့ ရေမွှေးနံ့တွေက တထောင်းထောင်း။
ချစ်သူ အမြင်မှာ သူ လှနေချင်တော့ အစ်မတွေ သနပ်ခါးလိမ်းပြီး တို့ဖတ်နှင့် ရိုက်တတ်သည့် သနပ်ခါးမှုန်လေးတွေ သူ မျက်နှာပေါ် ရိုက်လာခဲ့သည်လေ။
ဒေါ်မြင့်ရီက သူ့သား လူပျိုလှည့်သွားမည့် ပုံကို ကြည့်၍ သဘောကျစွာ ရယ်၏။
သို့ဖြင့် အောင်ရင် တယောက် ရွာထဲက ကလေးတွေ ရေပက်သေးလားဆိုပြီး အကဲခတ်ရင်း ခတ်ရင်းနဲ့ အေးမြတို့အိမ်ရှိရာ လမ်းဘက်သို့ လျှောက်လာခဲ့သည်။
သူတို့အိမ်က ရွာမြောက်ပိုင်းဆိုတော့ အေးမြတို့ အိမ်ရှိတဲ့ ရွာအလယ်ပိုင်းကို နည်းနည်းတော့ လျှောက်ရ၏။
ရွာက ရွာတန်းရှည်ကြီး ဖြစ်သည်။ အေးမြတို့အိမ်က ရွာက သာရေးနာရေး အသင်းတည်ရှိရာ ရွာလယ်ဓမ္မာရုံနှင့် မနီးမဝေး၌ ရှိလေ၏။
အချိန်မှာ နေဝင်ဖြိုးဖျ ညနေဆည်းဆာ အချိန်။ နေညိုချိန် တိမ်ဆည်းဆာတို့ရဲ့ အလှဆုံးအချိန်။
သူ လမ်းလျှောက်လာစဥ်မှာ ဓမ္မာရုံဘက် လူငယ်တစုသည် စုရုံး စုရုံး ဖြစ်နေကြသည်။
သိပ်မကြာခင်မှာပဲ အော်ဟစ်ဆဲဆိုသံများနှင့်အတူ လူငယ်အချို့သည် သူရှိရာဘက်သို့ ပြေးလာကြသည်ကို မြင်လိုက်ရသည်။ သူ ရှေ့ဆုံးက ပြေးလာသူကို လှမ်းကြည့်လိုက်သည်။
” ဟင်! ဖိုးထူး … ”
မှန်၏ ။ ဖိုးထူး ဆိုတာက ရွာထဲက ဆိုးသွမ်း လူငယ်တယောက်ပင်။ မိမနိုင် ဖမနိုင် ဖြစ်၏။ ဖိုးထူးသည် စကား အပြောအဆို မိုက်ရိုင်း၏။ လူကြီးသူမများကိုပင် ဓါးကြိမ်း ကြိမ်းတတ်သူ ဖြစ်သည်။ သူ့ကိုယ်သူ လူမိုက်ဟု ခံယူထားသူ ဖြစ်၏။
ရွာဘုရားပွဲတွင် ရွာသား အချင်းချင်း ခေါင်းကို ရိုက်ခွဲသဖြင့် မြို့အချုပ်မှာ ၃လ လောက် ထောင်ကျဖူးသူ ဖြစ်၏။
အခုလည်း ဖိုးထူးသည် ဘာပြသနာ ရှာလာပြန်သည်မသိ။ သူ့နောက်က လူအုပ်က ပြေးလိုက်လာနေ၏။
ဖိုးထူး၏အနောက်က ပြေးလိုက်လာသူများထဲမှ တယောက်က လှမ်းအော်သည်။
” အဲ့ကောင်ကို ဖမ်း ဖမ်း ၊ မလွတ်စေနဲ့ဟေ့ ”
” မိအောင် ဖမ်းထားပါဗျို့ ၊ ဒီကောင် ခင်နေခြည်စိုးကို ဓါးနဲ့ထိုးပြေးသွားလို့ … ”
ဟင် … ဖိုးထူး မိုက်ရိုင်းလှချည်လား။ မိန်းကလေးတယောက်ကို ဓါးနဲ့ ထိုးပြေးရတယ်လို့ …။
အောင်ရင် ပုဆိုးကို ခပ်တိုတို ပြင်ဝတ်ရင်း ဖိုးထူး ပြေးလာသည့် လမ်းအလယ်က စောင့်ကြိုနေလိုက်သည်။ အနီးမှာတွေ့ရတဲ့ သစ်သားချောင်တချောင်းကို ကောက်ယူ၍ စောင့်နေခြင်း ဖြစ်သည်။
ဖိုးထူးက သူ့ကို မြင်သွားပြီး၊
ပြေးလာရင်း အော်ပြောလိုက်သဟ်။
“ဟေ့ကောင် ငါ့ရှေ့က ဖယ်စမ်း ၊ မင်းနဲ့ မဆိုင်ရင် ရှောင်နေ ”
အောင်ရင်က ဖိုးထူး စကားကို ဂရုမစိုက်။ အနားနီးလာသည့်အခါ ဖိုးထူးအား ဝင်ရိုက်သည်။ ဖိုးထူးက အသတ်အပုတ် ကျွမ်းကျင်သည့် လူမိုက်လေ။ ရိုက်ချက်ကို ရှောင်၍ အောင်ရင်အား ဓါးဖြင့် တွတ်ထိုး ထိုးချလိုက်သည်။
အောင်ရင် ဝမ်းဗိုက် ပူခနဲ ဖြစ်သွား၏။ ဒါပေမဲ့ အောင်ရင် သတိကောင်း၏။ ဖိုးထူးရဲ့ခေါင်းအား တုတ်ဖြင့် မိမိရရ ထပ်မံ ရိုက်ချလိုက်ရာ …
” ခွပ် … ”
ဖိုးထူး ခေါင်းက သွေးများ ဖြာကျခါ လမ်းပေါ် ဘိုင်းခနဲ လဲကျသွား၏။
နောက်က လိုက်လာသူများ ရောက်လာကြလေပြီ။ လဲကျနေသော ဖိုးထူးကို ပြေးကန်သူက ကန်၏။ ထိုးသူက ထိုး၏။
အသက်နည်းနည်းကြီးရင့်သူတယောက်က အော်ဟစ်သတိပေးသည်။
” ဟေ့ကောင်တွေ မလုပ်ကြနဲ့။ လက်လွန်ကုန်ကြမယ်။ ဖိုးထူးကို ရဲလက်အပ်ရမှာ ၊ မင်းတို့က ကြားထဲကနေ တရားခံ မဖြစ်ချင်ကြနဲ့ ”
ထိုလူကြီး သတိပေးစကားကြောင့်သာ ဖိုးထူး သက်သာရလေတော့သည်။ နို့မဟုတ်ရင် ရွာသားများက ဖိုးထူးအား အသေလုပ်ကြမည်ဖြစ်၏။
ဖိုးထူးကို ဆွဲထူ၍ အားကောင်းမောင်းသန် လူငယ်နှစ်ယောက်က ဘေးတဖက်တချက်စီကနေ ချုပ်ထားကြသည်။
“ဟာ ! အောင်ရင် အောင်ရင် ဘာဖြစ်တယ် မသိဘူး လုပ်ကြပါအုံး ”
အခုမှ လူတွေက အောင်ရင့်ကို သတိရသွားကြသည်။ အောင်ရင်က ဗိုက်မှာ ဓါးထိုးခံရ၍ သွေးအိုင်ထဲ လဲနေပြီ ဖြစ်၏။
အောင်ရင် ဓါးထိုးခံရသည်ဆိုတော့ အရင်ဆုံး ပြေးချလာသူက ၊ သံခဲပင်။
သံခဲသည် အောင်ရင်၏ ကိုယ်ကို ပွေ့ချီရင်း အံတကြိတ်ကြိတ်နဲ့ ရင်ထုမနာ ဤသို့ ဆိုလေ၏။
” အောင်ရင်ရာ … မင်း ငါ ခေါ်တုန်းကသာ လိုက်ခဲ့ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူးကွ … တောက် ! ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်းရာ”
သံခဲနှာခေါင်းထဲမှာတော့ နှင်းဆီရေမွှေးနံ့နဲ့အတူ သွေးညှီနံ့များက ရောယှက်နေကြလေတော့၏။
_____________
အခန်း၄။
သင်္ကြန်အတက်နေ့ ။
ရွာထဲက လူကြီးများမှာ နှစ်စဥ်မပျက် ရိုးရာအစဥ်အလာတိုင်း နံနက် ၄နာရီထိုးတာနှင့် ရွာဦးက ချမ်းသာရစေတီတော်မှာ ဆွမ်းတော်ကပ်ကြရန် နိုးကြပြီဖြစ်၏။
အခါတွင်းဖြစ်သော သင်္ကြန်အကြိုနေ့မှစ၍ အတက်နေ့အထိ ချမ်းသာရစေတီတော်တွင် ရွာလုံးကျွတ် ဆွမ်းတော်နှင့် သောက်တော်ရေ လာကပ်ကြစမြဲ ဖြစ်၏။
နံနက် ၅နာရီ အမှောင် မကွဲခင် အချိန်ကတည်းက ရွာထဲက လူကြီးသူမအချို့သည် ဆွမ်းတော်ဗန်းကို ခေါင်းမှာရွက်၍ ရွာဦးစေတီတော် ဖြစ်သည့် ချမ်းသာရဘုရားကို တဖွဲ့ပြီး တဖွဲ့ လမ်းလျှောက်သွားနေကြသည်။
အေးမြသည် အောင်ရင်အား မနက်စောစော ပိတောက်ပင်အောက်မှာ လာစောင့်နေပါဟု စာရေးပြောခဲ့ခြင်းသည် ချမ်းသာရစေတီတော်ကို ဤပိတောက်ပင်ရှိရာ လမ်းက ဖြတ်သွားပြီး ဆွမ်းတော်ကပ်လှုရန် သွားရမည်မို့ ချိန်းဆိုခဲ့ခြင်း ဖြစ်လေ၏။
အမှန်တော့ အေးမြသည် ရွာလယ်လမ်းမကြီးသွားရင် ရ၏။ သို့သော် အေးမြက သက်သက်မဲ့ ဤပိတောက်ပင်ရှိရာ လမ်းသွယ်ကို တမင်ချိန်းဆိုရခြင်းမှာ လူအသွားအလာ နည်းပါးသောကြောင့် ဖြစ်သည်။
ယခု ပိတောက်ပင်ကြီးအောက်ဝယ် ဝီရိယကောင်းစွာဖြင့် အောင်ရင် စောင့်နေပါ၏။ အေးမြက ခုထိ မလာသေး။
လမ်းသွယ်ထဲက ဆွမ်းတော်ကပ်ရန် လူအချို့ ထွက်လာကြသည်။ အောင်ရင် သူ့ကို မြင်သွားမည်စိုး၍ ပိတောက်ပင် အနောက်ကို ဝင်ပုန်းလိုက်သည်။
လာနေကြသူများမှာ အပျိုမ နှစ်ဦး ဖြစ်၏။ အေးအေးခိုင်နှင့် နွေးနွေးခိုင်တို့ ညီအစ်မ ဖြစ်ကြသည်။ ညီအစ်မနှစ်ယောက်သည် ဆွမ်းတော်ဗန်းကိုယ်စီရွက်၍ လာနေကြ၏။
ပိတောက်ပင် အနီး ရောက်သည့်အခါ အေးအေးခိုင်က ဆွမ်းတော်ဗန်းကို လက်နဲ့ ထိန်း၍ ပိတောက်ပင်ကို တချက်မျှ မော့ကြည့်ပြီး …
” နွေးနွေး … ပိတောက်ပန်းနံ့ ရလား ။ ငါ့နှာခေါင်းထဲ ပိတောက်ပန်းနံ့တွေ သင်းနေတာပဲဟယ် ”
နွေးနွေးခိုင်က ကြောက်သလိုလို ရွံသလိုလိုနှင့် အေးအေးခိုင်ဘက် တိုးကပ်ခါ …
” ဟုတ်တယ် အစ်မ၊ ကျုပ်လဲ ပိတောက်ပန်းနံ့တွေ ရတယ်။ နို့ပေမဲ့ အစ်မလဲ အပင်ပေါ် အကြည့်သား ။ ပိတောက်ပန်းက တခိုင်မှ မပွင့်တာ ၊ ဘယ်က ပိတောက်ပန်းရနံ့ပါလိမ့် ၊ ကျုပ် စိတ်ထဲ တမျိုးကြီးပဲတော် ”
အမှန်တော့ အေးအေးခိုင်သည် ပိတောက်ပင်အောက် စ ရောက်ကတည်းက သူ့တကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့၏။ သို့ပေမဲ့ ဒီလမ်းက သူတို့ သွားနေကျ လမ်းဆိုတော့ သိပ်မကြောက်မိခြင်းသာ။
အခု နွေးနွေးခိုင်က ထိုသို့ ဆိုလေတော့ … သူ့မျက်လုံးထဲ အကြိုနေ့က အောင်ရင် ပိတောက်ပန်း ခူးပေးနေတာကို ပြေး မြင်ယောင်သွားခြင်း ဖြစ်လေ၏။ အဲ့ဒီနေ့က သူလည်း အောင်ရင် ချိုးချပေးသော ပိတောက်ပန်းကို ယူခဲ့သည်လေ။
” လာ လာ ညီမလေး ၊ သွားကြစို့ … ဒီနေရာက မြန်မြန် သွားကြရအောင် ”
အေးအေးခိုင် သူ့ညီမရဲ့ လက်တဖက်ကို ဆွဲပြီး ပိတောက်ပင်အောက်က ခပ်သုတ်သုတ် ထွက်လေ၏။
အဲ့ဒီအချိန် ပိတောက်ပင်ကို ကွယ်၍ ရပ်နေသော အောင်ရင်က နှာချေလိုက်သည်။ တိတ်ဆ်တ်နေသော အချိန်ဆိုလေတော့ အောင်ရင်၏ နှာချေသံက အတော် ကျယ်လောင်သွား၏။
” ဟပ် ချိုး … ”
အေးအေးခိုင်ရော နွေးနွေးခိုင်ပါ ပိတောက်ပင်အခြေကို လှည့်ကြည့်မိလိုက်ကြသည်။ သူတို့ ညီအစ်မ မျက်လုံးပြူးသွား၏။
ပိတောက်ပင်အောက်မှာ လူတယောက်မျှ မတွေ့။ ညီအစ်မ နှစ်ယောက်စလုံး ဆွမ်းတော်ဗန်းကို မြဲအောင်ကိုင်၍ တချိုးတည်း ပြေးကြလေတော့သည်။
” အံမယ်လေး သရဲ သရဲ ”
အောင်ရင်ကတော့ သူတို့ ညီအစ်မကို ကြည့်၍ တခိခိနှင့် သဘောကျ ကျန်ရစ်လေ၏။
နောက် ၅မိနစ်လောက်အကြာ အရီးသိန်းလှနှင့် သူ့မြေး ဝင်းသိန်းတို့ ပိတောက်ပင်အောက် ရောက်လာပြန်၏။ ဝင်းသိန်းက အသက် ၉နှစ်အရွယ် ကလေး ဖြစ်၏။
ဆွမ်းတော်ကပ်၍ ပြန်သည့်အခါ ဆွမ်းတော်ဗန်းမှာ ပါသည့် ဖရုံယိုကို စားလို၍ ဝင်းသိန်းက သူ့အဖွားနဲ့ လိုက်ပါလာခြင်း ဖြစ်၏။ လူကြီးသူမများမှာ ဤသို့ပင် ကလေးအရွယ် ငယ်စဥ်ကတည်းက ဘာသာတရား ကိုင်းရှိုင်းစေရန် ခေါ်ဆောင်လာလေ့ရှိကြသည်။
အခု ဝင်းသိန်းက သူတယောက်တည်း လိုက်လာသည်မဟုတ်။ သူ မွေးထားသော ခွေးကိုပါ ခေါ်လာခြင်း ဖြစ်သည်။ သူ့ခွေးနာမည်က ရန်လုံ ဟုခေါ်၏။
ပိတောက်ပင်အောက် ရောက်သည့်အခါ ရန်လုံသည် ပိတောက်ပင်ခြေကို စူးစူးရဲရဲ ကြည့်ရင်း အတင်းဟောင်နေတော့သည်။
” ဝုတ်ဝုတ် .. ဝုတ် ”
ရန်လုံက ရန်သူကို မြင်ရသည့်အလား ဂဏှာမငြိမ်။ အတင်း ထိုးဟောင်နေသည့်အခါ ဝင်းသိန်းက ပိတောက်ပင် အခြေကို လှမ်းကြည့်သည်။ သူ ဘာမှ မတွေ့။ ဒါနဲ့ ရန်လုံကို ဟောက်၏။
” ဟိတ်ကောင် ရန်လုံ ၊ အလကား လိုက်ဟောင်မနေနဲ့ ။ လာ သွားစို့ ”
မြေးအဖွားနှစ်ယောက်က ရန်လုံကို ခေါ်၏။ သို့သော် ရန်လုံက တဝုတ်ဝုတ်နဲ့ ဟောင်နေမြဲပင်။ ထိုနေရာကနေ မခွာပဲ အဆက်မပြတ် ဟောင်နေ၏။
မြေးအဖွားနှစ်ယောက်က စိတ်မရှည်တော့သဖြင့် … ရန်လုံကို ထားခဲ့ပြီး ထွက်သွား၏။
ဒါလည်း ရန်လုံက ဆက်ဟောင်နေပြန်၏။သခင်နဲ့ လိုက်မသွားချေ။
ခွေးဟောင်သံက သစ်ပင်နောက်မှာ ပုန်းနေသော အောင်ရင်၏ နားစည်နှစ်ဖက်စလုံးကို ကောင်းစွာ နှိပ်စက်ကလူ ပြုနေသကဲ့သို့ ရှိလေ၏။ထို့ကြောင့် အောင်ရင်သည် အနီးက သစ်ကိုင်းခြောက်တခုကို ယူ၍ ရန်လုံထံ ပစ်လိုက်လေ၏။
သစ်ကိုင်းခြောက်က ရန်လုံ၏ ခေါင်းကို တည့်တည့်မတ်မတ် ထိသွားဟန်တူ၏။ ကိန်ခနဲ မြည်သွားသည်။ ထို့နောက် ရန်လုံသည် တအီအီ အသံပေးကာ ထိုပိတောက်ပင်အနီးမှ အမြီးကုပ်၍ ထွက်ပြေးသွားလေ၏။ သူ့သခင်နောက်သို့ လိုက်သွားခြင်း ဖြစ်မည်။
ရန်လုံ ထွက်သွားမှပဲ အောင်ရင် သက်ပြင်းချနိုင်၏။ နောက်တခါ ပိတောက်ပင်အောက် ရောက်လာသူက …
” ဟင်! သံခဲပါလား ၊ ဒီကောင် ဘာလာလုပ်တာပါလိမ့် ”
အသေအချာ ကြည့်တော့ သံခဲအနောက်မှာ ဆွမ်းတော်ဗန်း ရွက်လာသူက အပျိုကြီး မဖေါ့။သံခဲနှင့် မဖေါ့က မောင်နှမ ဝမ်းကွဲတော်၏။ အမေညီမမွေးဖြစ်ပြီး ခြံဝိုင်း တဝိုင်းတည်း အတူနေကြသူများ ဖြစ်ကြသည်။
သံခဲသည် ပိတောက်ပင်အနီးရောက်သည့်အခါ နှာခေါင်းတရှုံ့ရှုံ့ ဖြစ်လာ၏။ သူ အနံ့တခု ရနေဟန်တူ၏။ သူတင်ပဲလားဆိုတော့ မဟုတ်။ အပျိုကြီး မဖေါ့ပါ နှာတရှုံ့ရှုံ့ လုပ်နေ၏။ သူတို့ မောင်နှမ ဘာအနံ့များ ရှုရှိုက်မိနေပါသနည်း။
သူတို့မောင်နှမ နှာခေါင်းထဲမှာ နှင်းဆီရေမွှေးနံ့တွေ သင်းကြိုင်နေ၏။ ထို့ကြောင့် မောင်နှမ နှစ်ယောက် တဦးကိုတဦး ကြည့်လိုက်မိကြ၏။ သံခဲကတော့ ထီမထင်ဟန် ရှိပေမယ့် မဖေါ့မျက်လုံးများက ကြောက်၍ ပြူးကျယ်နေလေ၏။
” အ .. အ .. အကြိုနေ့က … နင့်သူငယ်ချင်း အောင်ရင်နဲ့ ဟိုအကောင် ခင်စိုးတို့ ဒီပိတောက်ပင်ပေါ်ကနေ ပန်းတွေ ချိုးပေးနေတာလေ ၊ အခု .. ခု သူ ..သူ .. ဒီအပင်ပေါ်များ ရောက်နေသလား မသိဘူး ”
မဖေါ့က ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောတော့ သံခဲက အပင်ပေါ်ကို မော့ကြည့်သည်။ လေပြေလေးကြောင့် မြစိမ်းရောင် ပိတောက်ရွက်တွေက လေယူရာတိမ်းနေသည်မှအပ ။ ဘာမှ မမြင်ရပေ။
သံခဲကို မြင်တော့ ပိတောက်ပင်အနောက် ကွယ်နေတဲ့ အောင်ရင်က လူလုံးထွက်ပြလိုက်သည်။
” ဟေ့ကောင် သံခဲ ။ ငါ ဒီမှာလေကွာ … ”
သံခဲက ပိတောက်ပင်ပေါ်ကြဟ့်နေရာမှ ပိတောက်ပင်အခြေကို လှမ်းကြည့်သည်။ အောင်ရင်က ဝမ်းသာအားရနှင့် လက်တဖက် မြှောက်ပြသည်။ သို့ပေမဲ့ သံခဲက သူ့ကို ဆက်မကြည့်ပဲ မဖေါ့ဘက်သို့ လှည့်သွား၏။
” အပင်ပေါ် ဘာမှ မရှိပါဘူး အစ်မရဲ့ ။ ဒါပေသိ ကျုပ်နှာခေါင်းထဲ နှင်းဆီရေမွှေးနံ့တွေ သင်းနေတယ်ဗျ ။ အစ်မရော အဲ့ဒီ အနံ့ ရလား ”
မဖေါ့က ခေါင်းငြိမ့်ပြ၏။
” အေးလို့ … ဒီအပင်အောက် ရောက်မှ နှင်းဆီရေမွှေးနံ့က ထောင်းထောင်းထနေတာပဲ ။ ဒီနားမှာ ရေမွှေးနှင်းဆီပင်လည်း မရှိပါဘူး ။ ဘယ်လိုပါလိမ့် ”
သူတို့ မောင်နှမ စကားပြောနေကြသည်ကို အောင်ရင် ကြည့်၍ စိတ်မရှည်တော့သဖြင့် သူတို့ အနီး လျှောက်လာခဲ့သည်။
သံခဲ အနီးရောက်တော့ သံခဲ နောက်ကနေ ပခုန်းကို လှမ်းပုတ်ရင်း …
” ဟေ့ကောင် သံခဲ ၊ အခုထိ ငါ့ကို စိတ်ဆိုး မပြေသေးဘူးလားကွ ”
သံခဲ လန့်သွားသည်။ သူ့ပခုန်းကို လူတယောက်က နောက်ကနေ ပုတ်လိုက်သလို ခံစားလိုက်ရသည်မဟုတ်လား။ ထို့ကြောင့် နောက်ကျောဘက်ကို ချက်ချင်း ချာခနဲ လှည့်ရင်း၊ လက်က ခါးကြားထိုးယူလာတဲ့ ဘတ်ခွ(လောက်လေးဂွ)ကို ထုတ်ယူလိုက်သည်။
လောက်စာအိမ်မှာ လောက်စာလုံးကို တပ်၍ ပိတောက်ပင် ရှိရာကို ချိန်ရွယ်လိုက်သည်။
အောင်ရင် အလန့်တကြားနဲ့ မျက်စိကို မှိတ်လိုက်သည်။
ဝှီး ဖေါင်း
လောက်စာလုံးက ပိတောက်ပင် ပင်စည်ကို ထိမှန်၍ ကွဲကြေသွားသည်။ သံခဲ လောက်စာလုံး နောက်တလုံးကို ထည့်၍ အသင့် ချိန်ရွယ်ထားပြန်သည်။
အောင်ရင် မျက်လုံးကို ဖွင့်ကြည့်တော့ သူ့အား သံခဲက ဘတ်ခွနဲ့ ချိန်ရွယ်ထားသည်ကို မြင်တွေ့လိုက်ရသည်။
အောင်ရင်၏ ရင်ထဲ ဆို့နင့်ကြေကွဲလာသည်။ လည်ချောင်းပြွန်ထဲကို အလုံးကြီးတလုံးက ဆန်တက်လာသလိုပင်။ ဝမ်းနည်းသွားလေ၏။ အောင်ရင် သူ့ခန္ဓာကိုယ်ကို သူ့လက်နဲ့ ပြန်စမ်းသည်။ သူ့မှာ ဘာအထိအတွေ့မှ မခံစားရတော့ချေ။ သူ စမ်းမိသည့် နေရာတိုင်းသည် လေဟာနယ်တခုလို ဟာလာဟင်းလင်းကြီး ဖြစ်နေတော့သည်။
အောင်ရင် ဝမ်းနည်းပူဆွေးစိတ်ဖြင့် အသံကုန် အော်ဟစ်လိုက်မိသည်။
” အား …ဟား … ”
သံခဲ သူ့မျက်နှာကို လေအေးအေးဖြင့် အမှုတ်ခံရသလို ခံစားလိုက်ရပြီး နောက်သို့ နည်းနည်း လန်သွား၏။
“ဟင်! သံခဲ နင် ဘာဖြစ်တာလဲ ”
သံခဲ ခေါင်းထိပ်က ဆံပင်တွေ လေမှုတ်ခံရသလို ၊ နောက်သို့ လန်သွားတာ မဖေါ့ မြင်လိုက်ရ၍ ထိတ်လန့်ပြီး မေးလိုက်ခြင်း ဖြစ်သည်။
သံခဲလည်း ခံစားမိပါ၏။ သံခဲ ပိတောက်ပင်ကို ချိန်ရွယ်ထားသည့် ဘတ်ခွကို လေးလံစွာ ချလိုက်သည်။ သံခဲ သိလိုက်ပါပြီ။
ဒီအနီးအနားတဝိုက်မှာ အောင်ရင်ရဲ့ ဝိဉာဥ် ရောက်ရှိနေသည်ဟု သံခဲ သိလိုက်ခြင်းပင်။
သံခဲ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ အသံတွေက ဝမ်းနည်းစိတ်ကြောင့် တုန်ရင်နေ၏။
” ငါ မင်းကို အမျှ မဝေဘူး သူငယ်ချင်း ။ ဘာကြောင့်လဲဆိုတော့ မင်းတွေ့ချင်တဲ့သူကိုမှ မတွေ့ရသေးတာကွာ …”
သံခဲက ထိုသို့ ပြောပြီးနောက် သူ့အမ မဖေါ့ လက်ကို ဆွဲ၍ ပိတောက်ပင် အောက်မှ ခပ်လေးလေး ထွက်ခွါသွားလေ၏။
အောင်ရင့်ခမျာမှာတော့ ငူငူငိုင်ငိုင်ကြီး ကျန်နေရစ်တော့၏။
_________
အခန်း၅။
သင်္ကြန်အတက်နေ့
ပိတောက်ပင်အောက်မှာ အေးမြ တယောက်တည်း ရပ်နေ၏။ သူမ ဒီကနေ့ ပိတောက်ခြောက်ရောင် ဝမ်းဆက်နှင့် အလွန် လှနေပါ၏။
ထိုလှသော မိန်းကလေး၏ မျက်ဝန်းထဲမှာ မျက်ရည်တွေက အိုင်ထွန်းလို့နေ၏။
ပိတောက်ခြောက်ရောင် ဝမ်းဆက်နဲ့ အေးမြကို ကြည့်၍ ဝမ်းနည်းနေရသူကတော့ အောင်ရင်ပင်။
ချစ်ပါတယ်လို့ အဖြေရပေမယ့် သူ လုံးလုံးလျားလျားကြီး ဝမ်းမသာနိုင်တော့ပြီ။ သူ ယခုအခါ အေးမြနဲ့ ထပ်တူ ကြေကွဲနေရရှာသည်။
” နင် မကောင်းဘူး အောင်ရင်ရယ် …။ နင်ကလေ သိပ်တကိုယ်ကောင်း ဆန်တာပဲ သိလား ။
နင်ကျတော့ ငါ့ကို ချစ်တယ်လို့ ဖွင့်ပြောသွားခဲ့ပြီး ။
ငါ့ကျတော့ ဘာဖြစ်လို့ နင့်ကို ချစ်ပါတယ်လို့ အဖြေပြန်ပေးတာကို နားမထောင်သွားခဲ့တာလဲ …။
ငါလဲ နင့်ကို ချစ်တယ် အောင်ရင်။ နင့်ရဲ့ ရိုးရိုးအအဟန်လေးတွေကို ငါ ချစ်ခဲ့တာပါဟာ။ နင့်ရဲ့ ဖြူစင်တဲ့စိတ်ထားကို ငါ မြတ်နိုးခဲ့ရတာပါ။
အခုတော့ ငါ့စကားတွေကို နင် မကြားနိုင်တော့ဘူးမို့လားဟင်။ နင် သိပ်ရက်စက်တာပဲ အောင်ရင်ရယ်။
ငါ တယောက်တည်း ဒီအပင်အောက်မှာ နင့်ကို ဘယ်ချိန်ထိ စောင့်နေရအုံးမှာလဲ။ ငါ ဘယ်ချိန်ထိ နေရအုံးမှာလဲလို့”
အောင်ရင် အေးမြ အနီးမှာ ထိုင်ချလိုက်သည်။ အေးမြကို သူ ဘယ်လို နှစ်သိမ့်ရမည်မသိ။ သူ့ လက်တွေက အေးမြ မျက်နှာအနီး ဝဲလည်ခတ်နေ၏။
အေးမြရဲ့ စကားတွေက သူ့နှလုံးသားကို အပ်နဲ့မွှန်းနေသလို ခံစားနေရသည်။
သူ ပြောချင်သည်။ သူ အေးမြ ကြားလောက်အောင် ပြောလိုက်ချင်သည်။
” နင် ငါ့ကို မစောင့်ပါနဲ့ အေးမြရယ် ။ ငါ့ကသာ နင့်ကို ဟောဒီ ပိတောက်ပင်ကြီးကနေ အမြဲ စောင့်ကြည့်နေပါ့မယ် ။
ပိတောက်တွေ ပွင့်တိုင်း နင့်အတွက် ငါ အလှဆုံး ပိတောက်ပန်ကိုင်းတခု ချန်ထားပေးပါ့မယ် အေးမြရယ်။
နင်သာ ဆက်ဆက် လာယူလှဲ့ပါနော် … ”
မှန်ပါ၏။ ဟောဒီ ရွာထဲက အပျိုတွေ ပိတောက်ပွင့်တိုင်း ဒီအပင်ကြီးအောက်ကနေ အလုအယက် ပန်းချိုးခိုင်းကြဦးမှာပါ။ ဒါပေမယ့် ဘယ်လောက် အပင်တက် ကျွမ်းကျင်သူ ဖြစ်ပါစေ။ ဘယ်လူပျို အပင်ပေါ်တက်တက် အလှဆုံး ပိတောက်ပန်းခိုင်ကိုဖြင့် မမြင်မတွေ့ရလေအောင်၊ မခူးနိုင်လေအောင် ပိတောက်တစ္ဆေ အောင်ရင်က အမြဲ ဝှက်ထားလေ့ရှိပါသတဲ့။
ဒါပေမဲ့ လူခြေတိတ်ချိန် လူသူ အသွားအလာပြတ်တဲ့ချိန် ဒေါ်အေးမြသာ အဲ့ဒီ ပိတောက်ပင်အောက် ရောက်လာခဲ့ရင်တော့ဖြင့် အလှဆုံး ပိတောက်ပန်းခိုင်တခိုင်က သူ့အလိုလို ကြွေကျလာတတ်ပါသတဲ့လေ။
ပိတောက်တစ္ဆေ သူ့ချစ်သူအတွက် တမင် ချိုးချလေသလားဆိုတာကတော့ …။
ပြီးပါပြီ။
ပီပီ(မန္တလေး)