*ဘွားမယ်စိန်နှင့်ပုဂ္ဂိုလ်ထူးပေးသည့်လက်ဆောင်*📖📖📖
*******************************************
စဆုံး
“ဗျို့…လေးလေးဘထော်…
ဘာတွေလုပ်နေတာလဲဗျ”
ခြံဝိုင်းထဲဝင်လာသောမောင်တိုးက
ဦးဘထော်ကြီးကိုမေးလိုက်သည်။
“ဟေး…ဒီမှာလေကွာ…
ဆောင်းအခါရောက်တော့မှာဆိုတော့အိမ်မှာ
ထင်းလုံလုံလောက်လောက်ရှိအောင်ခွဲပေးနေတာကွ…”
“ဒါဆိုကျုပ်လည်းဝိုင်းခွဲပေးမှာပေါ့လေးလေးရာ….
လေးလေးခဏနားလိုက်…ကျုပ်ကိုပေါက်စိန်ပေး…”
မောင်တိုးက ဦးဘထော်ဆီမှ ပေါက်စိန်ကိုတောင်းယူပြီး
ထင်းများကိုကူကာခွဲလေသည်။
ထိုအခါမှ ဦးဘထော်လည်း ထန်းလက်ခုံ၌
ထိုင်ကာအမောဖြေလေတော့သည်။
“လေးလေးဘထော်…
ဘွားတို့လည်းမမြင်ပါလားဗျ…”
လို့မောင်တိုးမေးတော့ဦးဘထော်က…
“အေး…မင်းအဘွားနဲ့မင်းအရီးတို့များ
ငါရောက်ကတည်းက အိမ်ကိုမကပ်ကြဘူးဟေ့…
တစ်ယောက်ကဘုန်းကြီးကျောင်းသွားတယ်…
ဟော…နောက်နှစ်ယောက်ကတော့
ရွာထဲသွားလည်နေကြလေရဲ့ကွာ…”
“ကောင်းပဗျာ…
သြော်…ဒါနဲ့လေးလေး ဒီမှာကြာဦးမှာလား”
“အေး…ကြာဦးမယ်ထင်တယ်ကွ…
အမေတို့နဲ့လည်းမတွေ့တာကြာတော့
စိတ်ပြေလက်ပျောက်နေဦးမယ်ကွာ…”
မောင်တိုးလည်းဦးဘထော်နဲ့စကားပြောရင်း
ထင်းများကိုပေါက်ခွဲပေးနေခဲ့သည်။
အတော်လေးကြာတော့ထင်းတွေလည်း
အပုံကြီးဖြစ်နေလေပြီ။
“ကဲ…နားကြရအောင်ကွာ…
လာ…မင်းအရီးကလက်ဖက်သုပ်ပေးထားခဲ့တယ်…
အကြမ်းရေလေးသောက်ပြီးစားကြတာပေါ့ကွာ…”
“ဟုတ်ကဲ့လေးလေး…”
မောင်တိုးလည်းဦးဘထော်နှင့်အတူကွပ်ပျစ်ခင်းသို့
သွားထိုင်တော့သည်။
အကြမ်းရေလေးသောက်လိုက်ရွာအကြောင်းလေး
ပြောလိုက်ဖြင့် မောင်တိုးတို့မှာမမောနိုင်ရှာပေ။
ခဏကြာတော့
“ဟော…ဧည့်သည်ကြီးရောက်နေတာပါလား…”
ဆိုတဲ့အသံနှင့်အတူဒေါ်ဝင်းတို့ဝိုင်းထဲဝင်လာခဲ့ကြသည်။
ဘွားမယ်စိန်ကတော့ ဒေါ်ဝင်းတို့သားအမိရဲ့
အနောက်မှလိုက်လာခဲ့လေသည်။
မောင်တိုးတို့ကလည်းဘွားမယ်စိန်တို့ထိုင်ဖို့ရန်
နေရာလေးရွေ့ပေးကြရှာသည်။
“မောင်ရင်…အလုပ်အားနေတာလား…”
“ဟီး…ဟုတ်တယ်ဘွား”
ဘွားမယ်စိန်ကမေးတော့မောင်တိုးကသွားကြီးဖြီး၍ဖြေသည်။
“အမေ့ကောင်က ကျုပ်ကိုထင်းတွေဝိုင်းခွဲပေးထားတာဗျ…
ကျုပ်တို့လည်းအခုမှနားကြတာ…”
ဆိုပြီးဦးဘထော်ကဝင်ပြောလေတော့
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“ဒါဖြင့်လည်းနားကြပါဦး…
နေကပူပူနဲ့မလုပ်ပါနဲ့ပြောလည်းမင်းလေးလေးက
ပြောမရဘူးကွဲ့ …အခုတော့ မောင်ရင်ပါ
အတူပင်ပန်းပြီပေါ့ကွယ်…”
“ဒီလောက်ကတော့မပင်ပန်းပါဘူးဗျာ…
ဒါပေမယ့်ဒီကိုလာတာက
ကျုပ်သိချင်တာလေးရှိလို့လာခဲ့တာဘွားရဲ့…”
“အလို…ဘာတွေများသိချင်တာလဲ…
ပြောစမ်းပါဦးကွဲ့…”
ဘွားမယ်စိန်ကမေးလေတော့…
“ကျုပ်အိမ်ကိုတစ်နေ့က နန်းကြိုင်လာလည်သေးတယ်ဗျ”
ဟု…ပြောတော့နန်းကြိုင်က…
“ကိုကြီးတိုးနော်…ကျုပ်ဘက်လှည့်မလာနဲ့”
ဆိုပြီး နန်းကြိုင်က
ဆူဆူပုပ်ပုပ်မျက်နှာထားလေးဖြင့်ပြောလိုက်သည်။
“ဟောဗျာ…ကျုပ်ကညည်းမကောင်းကြောင်း
ပြောမလို့မဟုတ်ပါဘူးနော် …
အခုကျုပ်ပြောမှာက တစ်နေ့ကသူကျုပ်အိမ်လာရင်းနဲ့
ဘွားကသူ့ကို ဘွားငယ်ငယ်ဒီရွာကိုရောက်စတုန်းကအကြောင်း
တွေပြောပြတယ်ဆိုပြီးကျုပ်ကိုကြွားသွားတာဗျ…
ကျုပ်လည်းအဲ့သည်လိုအကြောင်းတွေကိုသိချင်လို့
ဘွားဆီကိုလာနားထောင်တာပါဗျာ…”
မောင်တိုးကနန်းကြိုင်ကိုတစ်လှည့်ဘွားမယ်စိန်ကို
တလှည့်ပြောလိုက်သည်။
ဘွားမယ်စိန်ကတော့မောင်တိုးကိုကြည့်ရင်းပြုံးလေသည်။
ဒေါ်ဝင်းကလည်း…
“အမယ်လေး…သမီးရယ်…
ညည်းလည်းဖိုးစပ်စုကိုမှသွားပြောရတယ်လို့..
အခုကြည့်လေညည်းကြောင့်သူ့ရဲ့သိချင်စိတ်တွေက
နေမရထိုင်မရဖြစ်ပြီးအိမ်အထိတောင်ရောက်လာခဲ့ပြီ”
ဟု…စလေတော့ မောင်တိုးမှာရယ်ရယ်မောမောဖြင့်
ပင်ထိုင်နေခဲ့သည်။
“ကဲပါ…အမေရာ…ကျုပ်တို့မသိသေးတာ
လေးတွေရှိရင်လည်းပြောပြလိုက်ပါ…ကျုပ်တို့လည်း
နားထောင်ပြီးသားဖြစ်တာပေါ့ဗျာ…”
ဆိုပြီးဦးဘထော်ကပါ ဝင်ပြောလေသည်။
ထိုခါဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်ပြီး…..
“ဒါဆိုရင်လည်း ဘွားပြောပြရမှာပေါ့ကွယ်…
အင်းပြန်တွေးကြည့်မိတော့
မင်းတို့ ဒွေးလေးက…အမေ့ကိုဆို
ငယ်နိုင်တစ်ယောက်လိုပဲသဘောထားခဲ့တာ…
အရီးနဲ့အဘမျက်နှာကိုထောက်ပြီး အမေကလည်း
သည်းခံရတာပေါ့ …အဲ့သည်လိုနဲ့တစ်နေ့မှာ……..” ဆိုပြီး
ဘွားမယ်စိန်ကပြန်လည်ကာပြောပြတော့သည်။
************************************
အချိန်ကညသန်းခေါင်ကျော်လေပြီ
ခွေးအူသံတို့သည်လည်း ရွာလမ်းမအထက်၌
ဆူညံ စွာထွက်ပေါ်နေခဲ့သည်။
ဆွဲဆွဲငင်ငင်အူလိုက်သောခွေးများနဲ့အတူ
ရွာလမ်းမအထက်ဆီမှထွက်ပေါ်လာသောအသံတစ်သံ ….
ထိုအသံသည် “ရှက်..ရှက်…ရှက်…”မြည်နေသော ခြေသံတစ်သံပင်ဖြစ်၏။
ထိုခြေသံပိုင်ရှင်သွားလေရာသို့ ခွေးများကလိုက်လံ၍အူနေကြခြင်းဖြစ်သည်။
ခြေသံပိုင်ရှင်သည်ရွာလမ်းအတိုင်းလာရင်းအိမ်တစ်အိမ်၏အရှေ့၌မတ်တပ်ရပ်နေခဲ့သည်။
နီရဲသောမျက်၀န်းတစ်စုံကအိမ်ကြီးဆီသို့ဒေါသတကြီးဖြင့်ကြည့်နေခဲ့သည်။
အိမ်ကြီးအတွင်းသို့၀င်ဖို့ရန်ခြေလှမ်းစတင်လိုက်ချိန်တွင်…
“ရပ်လိုက်စမ်း…” ဟူသောအသံတစ်သံကြောင့်
ခြံ၀ိုင်းအတွင်းသို့ခြေချဖို့ပြင်နေသူ၏
ခြေလှမ်းများရပ်တန့်သွားခဲ့သည်။
တားဆီးသူကတခြားသူမဟုတ်မယ်စိန်ပင်ဖြစ်၏။
မယ်စိန်သည် ခါးကြီးထောက်၍
ခြံ၀ိုင်းအပြင်ဆီကိုထွက်လာခဲ့သည်။
မယ်စိန်ခြံ၀ိုင်းအပြင်ဆီသို့ထွက်လာတော့
ခြေသံပိုင်ရှင်သည်အနောက်သို့တိုးဆုတ်သွားခဲ့၏။
“ညည်းဘယ်သူလဲ…” လို့မယ်စိန်ကမေးတော့
ခြေသံပိုင်ရှင်အမျိုးသမီးသည်မယ်စိန်ကိုသာ
စိုက်ကြည့်နေခဲ့ပြီးမည်သည့်စကားမှပြန်မဖြေပေ။
“တောက်…” မယ်စိန်တောက်တစ်ချက်ခေါက်တော့
ထိုအမျိုးသမီးဆတ်ခနဲတုန်သွားလေသည်။
အမျိုးသမီးသည်ရက်စက်သောအသွင်အပြင်ရှိ၏။
နီရဲသောမျက်၀န်းတစ်နှင့်ရှည်လျားလှသော
လက်သည်းအရှည်ကြီးများနှင့်အမျိုးသမီးသည်
ရှေးဆန်လှသောအ၀တ်အစားများကို၀တ်ဆင်လို့ထား၏။
သူသည်မယ်စိန်ကိုရန်လိုချင်နေပုံရသည်။
“ဟဲ့…နင်ဘယ်သူလဲ…
ငါ့ဆီကိုဘာကြောင့်လာတာလဲ”
ဆိုပြီးမယ်စိန်ကမေးတော့ ချွန်ထက်တဲ့လက်သည်းရှည်ကြီးများနှင့်
မယ်စိန်ကိုလက်ညိုးထိုးလေသည်။
လက်ညိုးထိုးရင်းဖြင့်သူ၏ပါးစပ်မှ…
“နင့်ကိုငါသတ်မယ်…”
ဟု မပီသသည့်အသံဝါးဝါးကြီးဖြင့်ပြောလေသည်။
မယ်စိန်ကတော့ ထိုမိန်းမကိုကြည့်နေရင်းမှ
မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး…
“အမယ်…နင့်လိုသရဲမကများငါ့ကို
သတ်မယ်…ဟုတ်လား…”
ဟုပြောလိုက်သည်။
အမျိုးသမီးသည်သူ၏ရှည်လျားသော
လက်သည်းရှည်ကြီးများရှိသည့်
လက်နှစ်ဖက်ကိုဆန့်တန်းပြီးမယ်စိန်ထံသို့ပြေး၀င်လာခဲ့၏။
မယ်စိန်ကလည်းမြေကြီးပေါ်သို့ဖနှောင့်တစ်ချက်ပေါက်၍…
သူ့ထံသို့ပြေး၀င်လာသော အမျိုးသမီး၏လက်နှစ်ဖက်ကို သူ၏လက်အစုံဖြင့်ဆွဲကိုင်လိုက်ပြီး…
“မယ်စိန်တဲ့ဟဲ့…” ဟုအော်ကာအမျိုးသမီး၏
ခန္ဓာကိုယ်အားကိုင်ကာပေါက်ပစ်လိုက်၏။
မယ်စိန်၏အားကြောင့်အမျိုးသမီးမှာမြေပေါ်သို့ခွေခနဲကျသွားပြီး…
“အီး…အီး…အီး…” ဟုအော်ဟစ်ကာငြီးငြူနေခဲ့သည်။
“ဟဲ့ကောင်မထစမ်း…နင်လားဟဲ့ ငါ့ကိုသတ်မယ်ဆိုတာ…
လာလေ…လာလိုက်စမ်းပါ…” ဟုမယ်စိန်က
ဒေါသတကြီးဖြင့်အော်လိုက်လေသည်။
မယ်စိန်ဒေါသထွက်နေတာကိုသိလေတော့
အမျိုးသမီးလည်းနေရာမှလူးလဲထကာပြေးဖို့ပြင်တော့သည်။
ပညာစမ်းလို့မရမှန်းသိသွား၍ပြေးဖို့ဆုံးဖြတ်လိုက်ပုံရ၏။
“ဒီလိုစမ်းလို့ရရိုးလားအေ့…”
ဟုဆိုကာ မယ်စိန်သည်ဂါထာများကိုစတင်ရွတ်ဆိုတော့သည်။
မယ်စိန်ဂါထာများရွတ်ဆိုလေတော့ပြေးဖို့ဟန်ပြင်နေသော အမျိုးသမီး၏
ခြေလှမ်းများမှာရပ်တန့်သွားခဲ့သည်။
ခြေထောက်များကိုကျောက်ဆွဲထားသည့်အလားလှုပ်ရှား၍မရဖြစ်နေခဲ့သည်။
လှုပ်ရှား၍မရဖြစ်နေသောကြောင့် အမျိုးသမီးသည်အတော်လေးကြောက်လန့်နေခဲ့သည်။
ထိုစဥ်မယ်စိန်၏ဂါထာရွတ်ဆိုသံကပို၍ ကျယ်လောင်လာခဲ့၏။
“အမယ်လေး…အမယ်လေးတော့် ….”
အမျိုးသမီးသည်နာနာကျဉ်ကျဉ်အော်ဟစ်နေခဲ့သည်။
သူ၏လက်နှစ်ဖက်ကိုပိုက်၍ ဒူးလေးတုပ်ကာအော်ဟစ်နေခဲ့ခြင်းဖြစ်သည်။
“နာလှပါပြီရှင်…တော်ပါတော့…အမယ်လေးလေး…”
ဟုမယ်စိန်ကို တောင်းဆိုနေခဲ့၏။ မယ်စိန်ကလည်း
ဂါထာရွတ်နေရင်းမှ
အမျိုးသမီးကိုသေချာစူးစိုက်ကာကြည့်နေ၏။
အမျိုးသမီးမှာလည်းအတော်လေးနာကျဉ်လွန်းလှ၍အော်ဟစ်သံမှာပင်
တိုးလျလို့နေခဲ့သည်။
မယ်စိန်၏ဂါထာရွတ်ဆိုမှုက အမျိုးသမီးအား
အတော်လေးနာကျဉ်ပူလောင်နေစေပုံရသည်။
မယ်စိန်လည်းဂါထာရွတ်တာကိုရပ်ပေးလိုက်သည်။
မှတ်လောက်အောင်အပြစ်ပေးခြင်းပင်ဖြစ်ပေသည်။
“နောက်ကိုညည်းမှတ်ထား…ဒီနယ်ကိုငါစောင့်ရှောက်နေမှာ…
ငါ့ကိုပညာစမ်းချင်ရင်အချိန်မရွေးလာခဲ့လိုက်…
ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့
ခွင့်လွှတ်လိမ့်မယ်လို့မထင်လေနဲ့အေ့…”
ဟုမယ်စိန်ကလေသံမာမာဖြင့်ပြောလိုက်သည်။
အမျိုးသမီးကလည်းမယ်စိန်ကိုမျက်နှာငယ်လေးဖြင့်…
“ကျုပ်နောက်ကိုမလုပ်ဝံ့တော့ပါဘူး…
ကျုပ်ကိုခွင့်လွတ်ပေးပါရှင်…”ဟုပြောလာခဲ့သည်။
“ဒါဆိုရင်ညည်းသွားလိုက်တော့အေ…
ညည်းနေရာကိုညည်းပြန်ချေတော့…”
ဟုမယ်စိန်ကပြောလိုက်လေသည်။
အမျိုးသမီးကနေရာမှလူးလဲကာထ၏။
သူ၏ခြေထောက်များလှုပ်ရှား၍ရသွားသောကြောင့်
အတော်လေးဝမ်းသာသွားပုံရသည်။
မယ်စိန်ကိုဦးညွှတ်ပြီးနေရာမှထွက်သွားတော့သည်။
မယ်စိန်သည်အမျိုးသမီး၏နောက်ကျောကိုသေချာစိုက်ကြည့်နေခဲ့၏။
ပြီးလေတော့မှခြံဝိုင်းအတွင်းသို့ပြန်ဝင်လာခဲ့လိုက်သည်။
မယ်စိန်ခြံဝိုင်းအတွင်းဆီသို့ဝင်လာတော့အိမ်အတွင်းမှအပေါ့သွားဖို့ရန်
ထွက်လာသောလှအေးနဲ့တိုးသွားခဲ့သည်။
“တော် ဒီအချိန်ကြီးဘယ်ကပြန်လာတာလဲ…”
ဟု လှအေးကမယ်စိန်ကိုစူးစမ်းသလိုဖြင့်မေးလေသည်။
“ဘယ်ကိုမှမသွားပါဘူးအေ…အပေါ့သွားပြီးပြန်လာတာပါ…”
ဟုမယ်စိန်ကဖြေတော့လှအေးကမယုံကြည်သလိုဖြင့်
မယ်စိန်ကိုအကဲခတ်နေခဲ့၏။
“ကဲ…ညည်းအပေါ့သွားမလို့မလား..
.ဖယ် ကျုပ်အိမ်ထဲဝင်တော့မယ်…”
ဟုဆိုကာမယ်စိန်အိမ်ထဲသို့ဝင်လာခဲ့တော့သည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့…
“သမီးမယ်စိန်…ညတုန်းကတစ်ယောက်ထဲအပြင်ကိုထွက်သွားတယ်ဆို…”
ဟု ဒေါ်မြထွေးကမေးတော့မယ်စိန် လှအေးကိုကြည့်လိုက်သည်။
လှအေးကမသိဟန်ဆောင်နေခဲ့၏။
“အမေ မေးနေတာကိုဖြေလေသမီး…”
ဟုဒေါ်မြထွေးကထပ်မေးလာတော့…
“ကျုပ်ညကဘယ်မှမသွားပါဘူးအရီး…
ကျုပ်ညကအပေါ့အပါးသွားပြီးမအိပ်ချင်သေးတာနဲ့
ခြံထဲမှာလမ်းလျှောက်ခဲ့ပါသေးတယ်…
ကျုပ်အိမ်ထဲပြန်ဝင်တော့မှလှအေးနဲ့ဆုံတာပါ…”
ဆိုပြီးမယ်စိန်ကဖြေတော့ဒေါ်မြထွေးကခေါင်းညိတ်၍…
“အင်းပါ သမီးရယ်အမေကလည်းအဲ့သည်လိုပဲထင်တာပါ…
ညည်းညီမလှအေးပေါ့ အမေ့ကိုအတင်းမေးခိုင်းနေတာ
ညည်းမှာ ရည်းစားသနှာများရှိပြီးချိန်းတွေ့နေတယ်လို့သူက ထင်နေတာလေ…”
“ဒီအတွက်စိတ်ချပါအရီး ကျုပ်မှာလက်တွဲမယ့်သူရှိရင်တောင်
အရီးတို့ကိုပြောပြမှာပါ…
အခုလှအေးထင်သလို ခိုးကြောင်ခိုးဝှက်တော့မတွေ့ပါဘူးတော်”
ဟုပြောပြီးမယ်စိန်အိမ်ထဲမှထွက်လာခဲ့သည်။
စိတ်အေးအေးချမ်းချမ်းနေချင်၍ ရွာပြင်ရှိညောင်ပင်ကြီးဆီသို့ထွက်လာခဲ့သည်။
လေကလည်းတဖြူးဖြူးတိုက်နေသောကြောင့် ညောင်ပင်ကြီးရဲ့ပင်စည်ကိုမှီရင်း
မယ်စိန်မျက်လုံးကိုမှိတ်ထားလိုက်တော့သည်။
“မယ်စိန်…သမီး..” ဆိုပြီး
ခေါ်တဲ့အသံကြောင့် မယ်စိန်နိုးလာခဲ့သည်။
ကြည့်မိတော့ ယောဂီယောင်ပုဆိုးဝတ်ဆင်ထားသော
ဘိုးတော်ကြီးကိုမြင်လိုက်ရသည်။
“အဘကဘယ်သူလဲ..”
ဟုမယ်စိန်ကမေးတော့ဘိုးတော်ကြီးကမယ်စိန်ကိုကြည့်ပြီး…
“အဘဘယ်သူ ဘယ်ဝါဆိုတာထက် အခုအဘလာခဲ့တာ
သမီးကိုပေးစရာလေးရှိနေလို့ပါကွယ်”
ဟု ပြောတော့မယ်စိန်က မျက်မှောင်ကြုတ်၍…
“ကျုပ်ကိုလက်ဆောင်လာပေးတာ…
ကျုပ်ဖြင့်ဒီကအဘကိုမသိပါဘူးတော်..”
ဟုပြန်ကာပြောလေတော့ဘိုးတော်ကြီးကရယ်မောလေသည်။
ရယ်မောလို့ပြီးလေမှ…
“ရော့ကွဲ့ …ဒါအဘတို့ရဲ့လက်ဆောင် သမီးကကောင်းတဲ့လမ်းကို
သွားမယ့်သူဆိုတာအဘတို့သိတယ်…
ဟောသည်တောင်ဝှေးကိုသမီးပေးရတဲ့အကြောင်းကိုလည်း
သမီးတစ်နေ့နားလည်လာမှာပါ…”
ဟုပြောကာတောင်ဝှေးတစ်လက်အားမယ်စိန်ကိုပေးလေသည်။
တောင်ဝှေးကအတော်လေးလက်ရာမြောက်လှ၏။
နဂါးတစ်ကောင်ကတောင်ဝှေးအားရစ်ပတ်ထားသည့်ပုံစံအတိုင်းပုံဖော်ကာထွင်းထုထားခြင်းဖြစ်သည်။
မယ်စိန်လည်းတောင်ဝှေးကိုကိုင်ကြည့်ရင်းသဘောကျသွားခဲ့သည်။
ဘိုးတော်ကြီးက မယ်စိန်န်ကိုပြုံးပြုံးကြီးကြည့်ပြီး…
“ဟောသည်တောင်ဝှေးမှာသမီးထင်မထားလောက်တဲ့
အစွမ်းတ္တိတွေရှိတယ်ကွဲ့…
သုံးရင်းနဲ့သမီးနားလည်လာမှာပါ…ကဲ..အဘသွားမယ်ကွယ်…”
ဟုဆိုကာဘိုးတော်ကြီးက မယ်စိန်ကို
ကျောခိုင်းကာထွက်သွားတော့သည်။
မယ်စိန်မှာတားဆီးချိန်ပင်မရလိုက်…
မျက်စိရှေ့မှာပင်ဘိုးတော်ကြီးကပျောက်ကွယ်လို့သွားခဲ့တော့၏။
မည်သို့မှစဥ်းစားမရတော့၍မယ်စိန်လည်း နဂါးတောင်ဝှေးကိုယူ၍အိမ်သို့ပြန်လာခဲ့လိုက်သည်။
***********************************
ဘွားမယ်စိန်ပြောပြသမျှကိုနားထောင်နေကြသော
ဒေါ်ဝင်းတို့လည်း ဘွားမယ်စိန်တောင်ဝှေးရလာပုံကို
သိရှိသွားကြတော့သည်။
“ဘွားကိုတောင်ဝှေးပေးခဲ့တဲ့ ဘိုးတော်ကြီးက
ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဗျ…”
လို့မောင်တိုးကမေးသောအခါ…
“ဘွားကိုအမြဲလမ်းမှန်ရောက်အောင်
ညွှန်ပြပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီးပေါ့ကွယ်…”
ဟုသာဘွားမယ်စိန်ကပြောပြီး
သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာဖွာရှိုက်နေခဲ့တော့၏။
ပြီးပါပြီး…။
ယဉ်မင်း(ကန့်ဘလူ)