ပျော်နေပါအဖေ

ပျော်နေပါအဖေ(စ/ဆုံး)
——————–

အလုပ်များနေချိန် အံဆွဲထဲထည့်ထားသည့်ဟန်းဖုန်းက ရုတ်တရက်မြည်လာသည်။ တိတ်ဆိတ်နေသောရုံးခန်းထဲတွင် အသံ volume အဆုံးထိတင်ထားသော ဖုန်း Ringtone သံ သည်အလွန်တရာဆူညံသွား၏။ အလုပ်၀င်စ ဖြစ်သည်မို့ ရုံးအဖွဲ့သားများ အားလုံးနှင့် ကျွန်တော်သည် အကျွမ်းတ၀င်မရှိသေးပါ။ကျွန်တော့်ဖုန်းသံကြောင့် အလုပ်တွင် အာရုံပျက်ပြားသွားကြသော ရုံးခန်းထဲက ရုံးအဖွဲ့သားများကို အားတုံ့အားနာ ဝှေ့ကြည့်ကာ ပြုံးပြလိုက်မိသည်။

ထို့နောက် အံဆွဲထဲက ဖုန်းကို ကမမ်းကတမ်းထုတ်ကာ ကိုင်မည် အပြုမှာတော့ ပေါ်နေသော Contact Number တစ်ခုကြောင့် ကျွန်တော်သည်မကိုင်သေးပဲ အံ့သြစွာ ကြည့်နေလိုက်မိသည်။

ဖုန်းက အဖေ့ဖုန်းဖြစ်သည်။ ကျွန်တော့် contact list တွင် အလွယ်တကူ Dad ဟု မှတ်ထားသော်လည်း ကျွန်တော်မှတ်မိသလောက် အဖေ့ဖုန်းသည် တစ်ခါမှ ကျွန်တော့်ထံ အ၀င်ကောမရှိခဲ့ဖူးပါ။ ကိုင်ရန်တွေဝေနေရင်း ကျယ်လောင်စွာမြည်နေသော ဖုန်းကို အသံတိတ်သွားစေရန်အလို့ငှာ ကျွန်တော်သည် ပါဝါ ခလုတ်ကို ကမမ်းကတမ်းနှိပ်လိုက်မိလေသည်။ထို့နောက် ရုံးခန်းထဲတွင်မပြောချင်သောကြောင့် လူမရှိသော office meeting room ထဲသို့ ကျွန်တော်သည် ခပ်သော့သော့လေးအပြေးသွားပြီးကိုင်လိုက်ပါသည်။

“ဟဲလို….။’’

“သြော်…သား ….အဖေပါ။အလုပ်များနေလားမသိဘူး။ငါ့သား အလုပ်လုပ်ရတာအဆင်ပြေရဲလားလို့…။’’

အဖေ့အသံ အနည်းငယ်တုန်ယင်နေသည်။(ကျွန်တော့်အထင်ကြောင့်လည်းဖြစ်နိုင်ပါသည်။)

“ဟုတ်ကဲ့…ပြေပါတယ်အဖေ..။ ဒါပေမဲ့ ဝင်တာမကြာသေးတော့ အလုပ်ကိုလေ့လာနေရတုန်း။ မကျွမ်းကျင်သေးတော့ အလုပ်ကနည်းနည်းများတယ်။အစဆိုတော့ ဒီလိုပဲပေါ့အဖေရယ်…။ ကြာတော့အသားကျသွားမှာပါ…။’’

“အင်းပါ.. သားရယ်….။ ကြိုးစားပါ…။ဘာကိစ္စမှတော့ ထွေထွေထူးထူးမရှိပါဘူး။ သားအဆင်ပြေရဲ့လားသိချင်လို့ ဆက်လိုက်တာ။’’

“ဟုတ်အဖေ…။ အဖေက ဖုန်းမဆက်လိုတော့ သားက ဘာဖြစ်လို့လဲလို့။’’

“သားထမင်းချိုင့်ပါလား။’’

“ဒီနေ့မပါခဲ့ဘူးအဖေ.. ဘာလို့လဲ။’’

“ဒါဆိုအဖေတို့နေ့လည်စာ ထမင်းအတူတူစားကြမလား။ သားတို့ရုံးလမ်းထိပ်က စားသောက်ဆိုင်မှာ အဖေစောင့်နေမယ်။ အဖေအလုပ်ကိစ္စနှင့်နေ့ခင်းလောက် သားတို့ရုံးဖက်ရောက်မှာ သားကို နေ့လည်စာကျွေးချင်လို့…။’’

“ဟုတ်အဖေ…။ သားထွက်လာခဲ့ပါ့မယ်။ အဲဒါဆိုဒါပဲလေအဖေ … သားအလုပ်မှာမို့…။နေ့ခင်းမှ တွေ့ကြတာပေါ့’’

“သြော်…. အေးအေး ။’’

ဘ၀မှာ ပထမဆုံးအဖေနဲ့ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံခြင်းဖြစ်သလို၊ ကျွန်တော့်ကိုလည်း လူကြီးတစ်ယောက်လို ပြောဆိုဆက်ဆံခံရတာ ပထမဆုံးဖြစ်သောကြောင့် ကျွန်တော်ဘာရယ်မသိ ရင်ထဲတွင်အလိုလိုကြည်နူး၀မ်းသာဖြစ်မိသည်။

အဖေသည် အနေအေးသူဖြစ်သလိုလည်း စကားလည်းအပြောဆိုနည်းသူဖြစ်ပါသည်။ အိမ်တွင် ကျွန်တော်ရယ်၊ လေးနှစ်အရွယ် ညီလေးရယ်၊ အဖေနှင့်အမေရယ် မိသားစု လေးယောက်သာ ရှိသော်လည်း ကျွန်တော်တို့မိသားစုသည် ပျော်စရာကောင်းသည့် မိသားစုတစ်စုတော့မဟုတ်ပါ။ အဖေသည် မိသားစုအပေါ်နွေးထွေးမူမရှိပဲ အမြဲလိုလို အေးတိအေးစက် ဆက်ဆံတတ်သည်ဟု ကျွန်တော်ထင်ပါသည်။

အဖေက ကုမ္မဏီတစ်ခုတွင် ကားမောင်းသည့် ဒါရိုက်ဘာတစ်ဦးဖြစ်၏။ရန်ကုန်မြို့ထဲတွင်မောင်းရသည်ဖြစ်သောကြောင့် ကုမ္မဏီမှ စီစဉ်ပေးသည့် အိမ်တွင် ညအိပ်ညနေ နေရင်း နယ်တွင်ရှိသော ကျွန်တော်တို့အိမ်သို့ တစ်လမှာ တစ်ခေါက်လောက်သာ ပြန်လာတတ်ပါသည်။ ထိုသို့ ဝေးဝေးမှ တစ်ခါပြန်လာတတ်သောကြောင့် ကျွန်တော်တို့သည်ပင်အဖေနှင့်စိမ်းနေသလိုပင်ဖြစ်နေပါသည်။

အိမ်ရောက်လျှင်လည်း အဖေသည် အမေနှင့်ပင်စကားသိပ်မပြောပါ။ တစ်ပတ်လုံးပင်ပန်းလွန်းသောကြောင့်ထင်၏။ သူဘာသာနေသည် ကများပါသည်။တခါတလေ အငယ်ကောင်ညီလေးကိုသာ တီတီသာသာ စမြူတတ်ပါသည်။

အဖေနှင့်အမေက အသက်သိပ်မကြီးကြသေးပါ။အသက် ၄၀ ကျော်အရွယ်များသာဖြစ်ပြီးအမေက အနေအေးပြီး ရိုးသလောက် အဖေက ခေတ်မီသည်ဟု ကျွန်တော်ထင်ပါသည်။ အဖေ့ပုံစံက အသားဖြူဖြူ၊ အရပ်ရှည်ရှည်ဖြင့် တည်ကြည်ခန့်ညားသော အမျိုးသား တစ်ဦးရုပ်သွင်ရှိပါသည်။ ကုမ္မဏီ၀န်ထမ်းပီပီ အ၀တ်စားကို Smart ကျကျ၀တ်တတ်ပြီး ဗိုလ်ကေကိုကျော့နေအောင်ဖီး တတ်သည်။ ကားဒါရိုက်ဘာ ဟု ဆိုသော်လည်း သူဌေးစီးသည့်ကားကို မောင်းရသောကြောင့် တခြားသော ကား ဒါရိုင်ဘာများထက် အဖသည် Smart ကျပါသည်။

အမေကတော့ အဖေ့လိုမဟုတ်ပါ။ အမေ့ရုပ်ရည်က ရွက်ကြမ်းရေကျို အဆင့်သာရှိသော်လည်း အမေသည် မြန်မာဆန်ပြီး ၊ ကိုယ်လုံးကိုယ်ထည်လှပါသည်။ အမြဲတမ်း သနပ်ခါးပါးကွက်ကြားနဲ့ တွေ့ရတတ်ပြီး ဆံပင်ကို အပြောင်သိမ်းကာ ထုံးဖွဲ့ထားတတ်သည်။ ထို့ကြောင့်အမေ့ပုံစံမှာရှိရင်းစွဲ အသက်ထက်ပို၍ ကြီးသည်ဟုထင်ရပါသည်။ အမြဲတမ်းခပ်အေးအေးသာ နေတတ်ပြီး ဘာသာတရားလည်း ကိုင်းရှိုင်းသူဖြစ်သည်။

ထို့ပြင် အမေသည် အိမ်တွင်သာအနေများ၏။အပြင်ဟူ၍ရပ်ကွက်ထဲမှ သာရေး ၊ နာရေး ကိစ္စနှင့်စျေးလောက်သာသွားတတ်ပါသည်။အမေသည် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပြီး အဖေ့ကိုလည်း တရိုတသေရှိသည်ဟု ကျွန်တော်ထင်ပါသည်။

သို့သော် အဖေနှင့်အမေ၏ ဆက်ဆံရေးမှာ အေးစက်ပြီး တင်းမာလှသည်။ ရန်ဖြစ်အငြင်းပွားနေခြင်းမျိုးမဟုတ်ပဲ တစ်ဦးနှင့်တစ်ဦး ဖာသိဖာသာနေတတ် သည်။ အဖေ နှင့် အမေကအစ တစ်ဦးကိုတစ်ဦးနွေးထွေးမူမရှိသောကြောင့် ကျွန်တော်တို့ မိသားစုလေးမှာ လူစုံနေသော်လည်း အမြဲတမ်းတိတ်ဆိတ် ငြိမ်သက်နေတတ်ပါသည်။

အဖေသည် ကျွန်တော်တို့အား အေးစက်စွာဆက်ဆံတတ်သော်လည်း ငွေရေးကြေးရေးနှင့်ပတ်သက်လျှင်တော့ အများနည်းတူ မျက်နှာမငယ်အောင်ထားပေးပါသည်။ဤသည်ပင် အဖေ့ကိုကျေးဇူးတင်ရမည်မဟုတ်ပါလား။

လွန်ခဲ့သော နှစ်ပတ်လောက်တွင် ကျွန်တော်သည် ရန်ကုန်မြို့မှ ကုမ္ပဏီတစ်ခုတွင်အလုပ်ရပြီး အလုပ်ကပေးသောအဆောင်တွင်နေရပါသည်။ ရန်ကုန်ရောက်ပြီး အဖေသည် ကျွန်တော့်အား ပထမဦးဆုံးဆက်သွယ်ခြင်းဖြစ်၏။ တောင်ငူမြို့တွင်ရှိသော အမေ့အိမ်ကိုတော့ ယခုတိုင်းဆိုင်ပါမူ ကျွန်တော် တော်တော်နှင့်ပြန်ဖြစ်သးမည်မထင်ပါ။

***

ထမင်းစားဆင်းချိန်ရောက်သောအခါ ကျွန်တော်သည် အဖေချိန်းဆိုထားသော လမ်းထိပ်က ဆိုင်သို့ ခပ်သော့သော့ ထွက်ခဲ့ပါသည်။ ဆိုင်သို့ရောက်သည့်အခါ ထောင့်ကျကျ စားပွဲတွင်နေရယူနေနင့်ပြီးသော အဖေ့ကိုလှမ်းတွေ့ရသည်။ စားပွဲသို့ရောက်တော့ အဖေက စားရန်အတွက် ထမင်းနှင့်ဟင်းအစုံကို အရံသင့်မှာထားပြီးဖြစ်သည်။

အဖေ့ပုံစံသည် အနည်းငယ်ပိန်သွားသလို ထင်ရသော်လည်း အရင်ထက်နုပျိုနေသလိုရှိ၏။ နဂိုကတည်းကအသားဖြူသော အဖေ့မျက်နှာသည် ကြည်လင်သန့်ရှင်းလို့နေသည်။ ဆံပင်ကိုကျော့နေအောင်ဖီးထားပြီး ဖြူ၀င်းနေသော နဖူးပေါ်မှာ ဆံစ သုံးလေးချောင်းက ကျနေသည်။ တမင်ချထားသည်လား အလိုလို ကျလာသည်လားတော့မသိပါ။ မြင်နေကြ နက်ပြာရောင် ယူနီဖောင်းက ယနေ့အဖို့ အဖေနှင့်ပိုမိုလိုက်ဖက်နေသည်ဟုထင်ရသည်။

“ရောက်နေတာ ကြာပြီလားအဖေ…။’’

“သိပ်မကြာသေးဘူးသား။ ဆာပြီမလား စားလေ…။များများစား….။ကောင်းမယ်ထင်တာလေးတွေမှာထားတာ သားစားချင်တာရှိလည်းထပ်မှာ’’

“ဟုတ်အဖေ….။ အဖေလည်းစားလေ…။အလုပ်တွေရောအဆင်ပြေတယ်မလားအဖေ။အဖေ ကားမောင်းနေတာ အရင်ကုမ္ပဏီမှာပဲလား။’’

ယူနီဖောင်းကြည့်ကတည်းက အရင်ကုမ္ပဏီပဲဆိုတာ သိသော်လည်း တမင်မေးလိုက်မိခြင်းဖြစ်ပါသည်။

“ဟုတ်တယ်လေ….။အဆင်ပြေပါတယ် သားရယ်..။ ဒီလိုပဲပေါ့ သူများအလုပ်လုပ်တာဆိုတော့လည်း အရာရာကိုယ့်စိတ်တိုင်း ကျတော့ဘယ်မဖြစ်မလဲ။’’

“ဒါပေ့ါအဖေရယ်….။’’

ထို့နောက် ကျွန်တော်တို့စားပွဲဝိုင်းတွင် စကားသံတိတ်ဆိတ်သွားသည်။ ကျွန်တော်လည်းအလွန်တရာဆာလောင်လွန်းနေသည် ဖြစ်သောကြောင့်ထမင်းကိုသာ သည်းကြီးမဲကြီးစားနေမိသည်။ အဖေကတော့သိပ်မစားပါ။ ကျွန်တော့်ကိုသာဟင်းတွေ ခပ်ထည့်ပေးနေသော်လည်း အဖေ့ထမင်းပန်းကန်က ခုချိန်ထိ မယွင်းသေး။ဇွန်းတစ်ချောင်းနှင့်ထမင်းဖြူတွေကို ထိုးဆွနေ၏။

“အဖေ….။ ထမင်းမဆာလို့လား…။စားလေ။ သားတောင်စားကောင်းလို့ တစ်ပန်းကန်ကုန်ပြီ။’’

ကျွန်တော်ပြောတော့ အဖေ အမူရာပျက်သလိုဖြစ်သွား၏။အဖေပုံစံကတစ်ခုခုကိုစိုးရိမ်နေသလိုပုံပေါက်နေသောကြောင့် ကျွန်တော့်ကိုပြော စရာအကြောင်းအရာတစ်ခုခုရှိလိမ့်မည်ဟု ကျွန်တော်ရိပ်စားမိသည်။

“အဖေ …။ သားကိုပြောစရာရှိလို့လား။ပြောလေအဖေ ဘာပြောမှာလဲ…။’’

“သြော်… ထွေထွေထူးထူးရယ်တော့မရှိပါဘူးသားရယ်..။ သားအလုပ်အဆင်ပြေလား။လစာကောင်းလား သိချင်လို့ပါ…။’’

မဖြစ်နိုင်ပါ။အဖေ့တွင်ထိုထက်ပိုသော ပြောစရာစကားများရှိနေနိုင်ပါသည်။ သားအဖချင်း ပြောသင့်မပြောသင့်စကားတွေရှိသေး လို့လား အဖေရယ်…။ အဖေဘာဖြစ်နေတာလဲ။

“အဆင်ပြေပါတယ်အဖေရဲ့။ လစာလည်းမဆိုးဘူးပြောရမယ်။ကုမ္ပဏီက သူဌေးက သားကိုသဘောကျတယ်လေ။တခါတလေ နိုင်ငံခြားသားတွေလာရင် သားက အင်္ဂလိပ်စကားရတော့ စကားပြန်ပေးတယ်။စကားပြန်လစာပါပေးထားတယ်။ ၅သိန်းလောက်တော့ ရတယ် အဖေ…။’’

“သြော်ဟုတ်လား…. အဆင်ပြေတာပဲအာ့ဆို။အဖေ့ထက်တောင်လစာများသေးတယ်။အိမ်က အမေနဲ့ညီလေးကိုလည်းပြန်ကြည့်ဦး နော်သား ။ ဒီအတိုင်း ပစ်မထားနဲ့…။’’

“စိတ်ချပါအဖေရဲ့…။ သားလုပ်သမျှက အမေနှင့်ညီလေး အတွက်ပါပဲ..။’’

“အင်းပါ … သားရယ်…။ ကျေးဇူးတင်ပါတယ်။ အဖေ့ကိုယ်စားအိမ်ကိုပြန်ကြည့်ဖို့စိတ်ကူးရှိလို့…။’’

ရုတ်တရက်ကြားလိုက်ရသည့်စကားကြောင့် ကျွန်တော်သည် ထမင်းစားနေရာမှ လက်ထဲက ဇွန်းကိုပစ်ချပြီး အဖေ့ကိုကြည့်လိုက်မိသည်။ အဖေ့မျက်နှာ ရဲတွတ်သွားပြီး အကြည့်လွဲသွားသည်။ အဖေဘာကိုဆိုလိုချင်တာလဲ။

အဖေ့ကိုယ်စားဆိုတော့ အဖေ ကဘယ်ကိုသွားမှာလဲ။ အဖေကအိမ်ကိုငွေမပို့တော့ဘူးလား။ ညီလေးနှင့်အမေ့ကို မစောင့်ရှောက်တော့ဘူးဆိုလိုချင်တာလား။ ကျွန်တော့်အပေါ်သို့ မသိမသာ ပုခုံးလွှဲလိုက်သည်လား။ ကျွန်တော်က အမေ နှင့်ညီလေးကိုပြန်ကြည့်မယ်ပြောလို့ အဖေကျွန်တော့်ကို ကျေးဇူးတင်တယ်တဲ့လား။

စဉ်းစားရင်ကျွန်တော်ခေါင်းထဲအတွေးတွေကတစ်ခုပြီး တစ်ခု၀င်လာသည်။
အဖေကတော့ ကျွန်တော့်ကိုကြည့်မလာတော့ပါ။ထမင်းကိုသဲကြီးမည်းကြီးစားနေသည်။ကျွန်တော်ကတော့ ခန့်ခန့်ညားညား စမတ်ကျကျ၀တ်ထားသည့်အဖေ့ကိုသာ ခြေဆုံးခေါင်းဆုံးကြည့်ရင်းစိတ်ထဲတွင်အတွေးပေါင်းစုံတို့က ပလုံစီလျက်ရှိပါသည်။

***

ယခုရက်ပိုင်းအဖေနှင့်အဆက်သွယ်မရှိသည်မှာ ၃လကျော်ကျော်လောက်ပင်ရှိပါပြီ။ ထိုနေ့က အဖေနှင့်ထမင်းအတူတူ စားပြီး တစ်ခေါက်သာအဖေနှင့်ဖုန်းပြောရသေးပါသည်။ထိုသည်လည်း ကျွန်တော်ဆက်လိုက်ခြင်းဖြစ်၏။ အိမ်ပြန်ဖြစ်သေးလား၊ အလုပ်အဆင်ပြေ လားစသည့် လောက၀တ်စကားများသာဖြစ်သည်။

အမေ့ကိုတော့ တစ်ပတ် နှစ်ခါလောက်ဖုန်းဆက်နေကြမို့အမေနှင့် တော့အဆက်သွယ်မပြတ်ပါ။အမေ့ကိုဖုန်းဆက်သည့်အခါတိုင်း အဖေ့အကြောင်းကို ကျွန်တော် မေးဖြစ်သည်။ ထိုသို့မေးသည့်အခါတိုင်း အမေက စကားလွဲသွားသည်သာများ၏။အဖေ့အကြောင်းကို ကောင်းကြောင်းကိုလည်း အမေ့ထံတွင် သိပ်မကြားရတတ်။ အမေသည် အရာရာ တင်းတိမ်ရောင်ရဲ့သူ ဖြစ်ပြီး လောဘ ဒေါသ နည်းလွန်းသည်လားကျွန်တော်မသိပါ။

အဖွားရှိစဉ်က ပြောပြသော စကားများအရ အဖေနှင့်အမေ က နှစ်ဦးသားမေတ္တာမျှ၍ယူထားခြင်းမဟုတ်ပါ။ မိဘများအတင်းလက်ထပ် ပေး၍ယူခဲ့ခြင်းဖြစ်ပြီး လက်ထပ်စဉ်က အဖေ့ထံတွင်မတ္တာမျှနေသည့်သူ ရှိနေခဲ့သည်ဟု ဆိုပါသည်။

မည်သို့ပင်ဆိုစေကာမူ ကလေးနှစ်ယောက်တောင်ရပြီး အိမ်ထောင်သက် ၂၀ ကျော်ပြီဖြစ်သော အိမ်ထောင်ရေး relationship တစ်ခုသည် အခုလောက်ထိ အေးစက်မနေသင့်ဟု ကျွန်တော်ထင်သည်။ အမေနှင့်အဖေ၏ ဆက်ဆံရေးတွင် ဘယ်သူဘက်က လိုအပ်ချက် ရှိနေခဲ့သည် ကျွန်တော်မခန့်မှန်းတတ်ပါ။ အမေက အနေအေး လွန်းကြောင့်လား၊ အဖေက ပဲ မယုယမကြင်နာတတ်လို့လားမသိပါ။ မိဘ အချင်းချင်းဖြစ်နေတဲ့ကိစ္စမှာ သားဖြစ်သူကျွန်တော့်အဖို့ ၀င်ရောက်စွတ်ဖက်ပိုင်ခွင့်မရှိသလို လိုက်လံညှိယူပေးခြင်းကိုတော့ ကျွန်တော် မလုပ်ချင်ပါ။

မှတ်မိသေးသည် ကျွန်တော် ဘွဲ့ယူသည့်အချိန်တွင် အဖေနှင့်အမေကို လိုက်ခဲ့ဖို့ခေါ်ခဲ့သည်။ သို့သော်အဖေသည် အမေလိုက်ရင် မလိုက်တော့ဟု ဆိုပြီး အမေသည်လည်းအဖေလိုက်မည်ဆိုပါက မလိုက်တော့ဟုဆိုပြန်သည်။ထိုအခါက စိတ်ဆိုးလွန်းသောကြောင့် ကျွန်တော်သည် အဖေ ရော အမေကိုပါ မခေါ်ပဲ တစ်ယောက်တည်းဘွဲ့သွားယူခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော့် ထံတွင်ယခုထိ မိဘနှစ်ပါးနှင့်တွဲရိုက်ထားသည့် ဓါတ်ပုံမရှိပါ။

အဖေနှင့်အမေ ကို ယှဉ်လိုက်ပါက အမေသည် အဖေ့ကိုချစ်သည်ဟုထင်မိသည်။ အနေအေးလွန်းသော်လည်းအမေသည် တခြားသူတွေအဖေ့ကောင်းကြောင်း (ချီးကျူးစကား) ပြောသည့်အခါ ပြုံးပြီးကျေနပ်နေတတ်သည်။ အဖေ့မကောင်းကြောင်းပြောသည့်အခါများတွင်တော့ အမေသည်အလွန်တရာ စိတ်ဆိုးတတ်ပါသည်။

သို့သော် အဖေ့ရှေ့တွင်တော့ ထိုအမူ အရာများကို မြင်သာအောင်မလုပ်ပြတတ်ပါ။အဖေ အိမ်ပြန်လာမည့်ရက်များတွင် အမေသည် အဖေကြိုက်တတ်သည့် ဟင်းများကို သေချာစီမံချက်ပြုတ်တတ်ပါသည်။အဖေ့ ယူနီဖောင်းများကို သေချာလျှော်ဖွတ်ပြီး မီးပူထိုးပေးတတ်ပါသည်။ သို့သော်လည်း သည်အရာများသည် မယား၀တ္တရားအရ အမေလုပ်ပေးသည်ဟုသာ ဆိုနိုင်ပြီ အဖေ့ကို အမေချစ်မချစ်ကိုတော့ မသိနိုင်သေးပါ။

တစ်ခုသော နေ့တစ်နေ့မှာတော့ အမေသည် အဖေ့အား အလွန်တရာချစ်ပြီး သ၀န်တိုတတ်ကြောင်း ကျွန်တော် သိခဲ့ရပါသည်။ ထို့နေ့က အဖေသည် စနေ နေ့ ညနေပိုင်းလောက်တွင် အဖေ့ကားလေးနဲ့ အိမ်ကိုပြန်လာပါသည်။ကျွန်တော်နဲ့ ညီလေးအငယ်ကောင်တို့သည် ထုံးစံအတိုင်း အဖေ၀ယ်လာသည့် အိမ်အတွက်ပစ္စည်းများကို ကားနောက်ခန်းထဲကနေ ချနေပါသည်။ ကျွန်တော်တို့ အိမ်ထဲပြန်ရောက်သည့်အခါ အဖေက ရေချိုးခန်း၀င်သွားသည်ကိုတွေ့လိုက်ရပါသည်။

ရုတ်တရက် အဖေနှင့်အမေ အခန်းသို့ဖြတ်အလျှောက်တွင် အဖေ့အခန်းထဲတွင် အမေ့ကို မျက်လုံးထောင့်က မြင်လိုက်ရသော ကြောင့်ကျွန်တော်သည် အခန်းတံခါးအကွယ်တွင် ရပ်ပြီး အမေ့ကိုခိုးကြည့်လိုက်မိသည်။ အမေသည် အဖေ့ ၀တ်လာသော အဖြူရောင် စပို့ရှပ်အကျီ င်္ကို အကြိမ်ကြိမ်အခါခါ နှမ်းရှိုက်ရင်း အမေ့ ပုံစံမှာ စိုးရိမ်ထိတ်လန့်နေမူ အရိပ်အရောင်တို့ကပ်ငြိနေပါသည်။

ကျွန်တော်စိုးရိမ်တကြီးဖြစ်ပြီး အခန်းထဲသို့၀င်သွားလိုက်မိသည်။ ကျွန်တော့်အား လှည့်ကြည့်လာသော အမေမျက်၀န်းအိမ်မှာ မျက်ရည်စတို့ကပ်ငြိနေပါသည်။

“ အမေ ဘာဖြစ်လို့လဲ။

“သား…. ဒီမှာလာကြည့်ပါဦး…။ ဒီအကျီ င်္ အနံ့ကိုသားနမ်းကြည့်စမ်း

တုန်ယင်စွာလှမ်းပေးသော အကျီ င်္ကို ကျွန်တော်လှမ်းယူပြီး နမ်းရှိုက်ကြည့်သည်။ ခပ်စူးစူးရေမွှေးနံ့မှ လွှဲ၍ တခြားအနံ့မရပါ။

“ဒါ…. သားအဖေသုံးတဲ့ ရေမွှေးနဲ့မဟုတ်ဘူး။
ကျွန်တော်အမေ့ကိုကြည့်ပြီးရယ်ချင်သွားသည်။ ပြုံးစိစိလုပ်ပြီး

“အမေအ အဖေ့ ကိုသ၀န်တိုနေတာလား။”

ကျွန်တော့်စကားကြားသည့်အခါ အမေမျက်နှာရဲတွတ်သွားသည်။သို့သော်အမေမျက်နှာတွင်အပြုံးရိပ်သန်းမလာပါ။

“ဒါ ရေမွှေးနံ့မဟုတ်ဘူးသား။ ဒါ မိတ်ကပ်နံ့။ အမေသိပ်သိတာပေါ့။ အမေမိတ်ကပ်မလိမ်းတတ်ပေမဲ့ ရေမွှေးနံ့နဲ့ မိတ်ကပ်နံ့ကို ကောင်းကောင်းခွဲတတ်တယ်။ နောက်ပြီးသားအဖေက ဘယ်တုန်းကမှ ဒီလိုအနံ့မျိုးကိုကြိုက်တဲ့သူမဟုတ်ဘူး။ ပြီးတော့ ဟောဒီမှာကြည့် ဆံပင် တစ်ချောင်း အကျီ င်္မှာ တွေ့တယ်။”

အမေကသူ့လက်ထဲက ဆံပင်ချည်တစ်ချောင်းကိုပါကျွန်တော့်ကိုပြသည်။ဆံပင်မှာ အတော်လေးရှည်ပြီးဆေးဆိုးထားသည့် နီကျင်ကျင်ဆံပင်ဖြစ်သည်။အမေ့ဆံပင်မဟုတ်ပါ။ အမေ့ဆံပင်သည်အမြဲတမ်းနက်မှောင်ပြီးဖြောင့်စင်းနေတတ်ပါသည်။ကျွန်တော်သည် အမေနှင့်အတူ အဖေ့အပေါ် သံသယစိတ်တွေပေါက်ဖွားသွားပြီး အမေ့ကို ခပ်တင်းတင်းပြောလိုက်မိသည်။

“အမေ အဖေ့ကို သေချာအောင်မေးလိုက်လေ။ အမေ သံသယရှိရင်မေးပိုင်ခွင့်ရှိတယ်။ အဖေ ဘယ်လို ဖြေရှင်းလာမလဲ အမေစောင့်ကြည့်ပေါ့”

သို့သော် ကျွန်တော့်စကားသည် အချီးနှီးဖြစ်ခဲ့သည်။ အမေသည် ထိုကိစ္စနှင့်ပတ်သက်ပြီး အဖေ့ကို မေးခွန်းမထုတ်ခဲ့ပါ။

အဖေ ရန်ကုန်ပြန်သည့်အခါ ဒီအကြောင်းအား အမေ့ကိုမေးကြည့်သည့်တော့ အမေက ခပ်အေးအေးသာဖြေပါသည်။

“သားအဖေက အလုပ်ပင်ပန်းတယ်လေ။ဘာမဟုတ်တဲ့ အမေ့စကားကြောင့် စိတ်အနှောင့်ယှက်မဖြစ်စေချင်ဘူး။ ဒါကြောင့်အမေ မမေးခဲ့တာ။ပြီးတော့ အမေ သံသယ လွန်နေတာလဲဖြစ်နိုင်တယ်လေ။ အမေယုံကြည်တဲ့သားအ​ေဖရဲ့ သိက္ခာတရားကို စော်ကားသလိုဖြစ်သွားမှာလည်းစိုးရိမ်လို့ပါ။”

ကျွန်တော် ခပ်အေးအေးပြောနေသည့် အမေ့မျက်နှာကို ပါးစပ်အဟောင်းသားသာ ငေးကြည့်နေမိသည်။

အမေသည် ကျွန်တော်ထင်သည်ထက်အဖေ့ကိုပိုချစ်သူဖြစ်ပါလိမ့်မည်။

***

ခရီးရောက်မဆိုက် အမေ့ထံက ကြားလိုက်ရသောစကားကြောင့်ကျွန်တော်တကိုယ်လုံးထူပူထုံကျဉ်သွားသည်။ အမေသည် ဘာမှမဖြစ်သလို အဝေးတနေရာသို့ သွေသွေလေးငေးကြည့်နေသည်။ အငယ်ညီလေးက ဘာမှမသိပဲ ကျွန်တော် ဖုန်းကိုယူကာ ဂိမ်းကို သည်းကြီးမည်းကြီးဆော့ရင်း တခါတခါကျွန်တော်နှင့်အမေ့ကိုပါ လှမ်းလှမ်းပြနေသေးသည်။
“အမေက ဒီအတိုင်းပဲ ကြည်ကြည်ဖြူဖြူခွင့်ပြုလိုက်ရလားအမေရဲ့။ အမေ မတားဘူးလား။ ”

“အို… မတားပါဘူး။ ကိုယ့်ဆီမှာစိတ်မပါတော့တဲ့ လူတစ်ယောက်ကို အမေက ဘာဖြစ်လို့တားရမှာလဲသားရယ်။သွားပါစေ။ အမေ မနှမြှောဘူး။ မေတ္တာဆိုတာ နှစ်ဦးနှစ်ဖက် အပေးအယူတည့်မှ ဖြစ်တာပါ။အမေ စိတ်ကုန်သွားပြီ။ အမေဒုက္ခတွေ သားတို့မသိပါဘူး။ လိုက်ညှိယူရတဲ့ အဖြစ်ကို အမေ မလုပ်ချင်တော့ဘူး။ သူ့ဘာသာ လွတ်လွတ်လပ်လပ်နေပါစေတော့။”

“လွတ်လွတ်လပ်လပ်နေလို့ရရိုးလားအမေရဲ့။သူ့ ကလူပျိုမဟုတ်ဘူးလေ။ အိမ်ထောင်သည်လေ။ သားက ကိစ္စမရှိပေမဲ့ ညီလေးကို ဘယ်လိုလုပ်မလဲ။အဖေမရှိပဲ လောက ကြီးထဲမှာ ကြီးပြင်းလာတာ အမေမြင်ချင်လို့လား။”

“အဖေရှိနေတော့ရော ဘာဖြစ်လဲ။ လောကကြီးမှာ မိဘမဲ့ကလေးတွေမှ အများကြီး။ အဖေမရှိပဲကြီးလာတဲ့ကလေးတွေဆို ပိုများသေးတယ်။ အဖေမရှိတာထက် အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ အဖေက အိမ်ဦးခန်းမှာ ငုတ်တုတ်ရှိနေတာပို မဆိုးဘူးလား။ အစကတည်းက အမေရိပ်မိပါတယ်။သူ့ဘာသာဘယ်တော့၀န်ခံလာမလဲစောင့်ကြည့်နေတာ”

“အမေရယ်…. ပတ်၀န်းကျင်မှ ရှက်စရာကောင်းလိုက်တာကြားလို့မကောင်းဘူး။”

“ကာယကံရှင်တောင်မရှက်တာ အမေတို့အတွက်တော့ အနေသာကြီးပါသားရယ်။”

အမေက ပြောပြောဆိုဆို ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်နေရာမှ တဖက်ကိုလှည့်သွားသည်။အမေ့မျက်၀န်းအိမ်မှာ မျက်ရည်ဥ တွေ တွဲခိုနေသော်လည်း အမေသည် မျက်ရည်များကိုကျခွင့်မပေးပဲ မျက်တောင်ဖြားဖြင့် အတင်းပုတ်ထုတ်နေသည်။

ဘယ်အချိန်ထိများ ခံစားချက်တွေကိုမြိုသိပ်ပြီး အေးတအေးစက်နေနေဦးမလဲ အမေရယ်…။

****

ဖေ့ဘုတ်အကောင့်ကိုဖွင့်ဖွင့်ခြင်း ထိပ်ဆုံး Friend request မှာနေရာယူနေသည့်အကောင့်ပိုင်ရှင်ကို တွေ့လိုက်ရသည့်အခါ ကျွန်တော့်မျက်လုံးတို့ ပြူးကျယ်သွားသည်။ ရဲမာန်ဆိုသည့်အဖေ့နာမည်နဲ့အကောင့်က request လုပ်ထားတာ Just now သာရှိသေးသည်။ အခုလောလောဆယ်အဖေလိုင်းပေါ်မှာရှိနေဟန်တူသည်။

အဖေ သည် အမေနှင့်ကွာရှင်းပြတ်စဲပြီး ယခု တစ်နှစ်ကျော်အချိန်ထိ ကျွန်တော်တို့အားဆက်သွယ်လာခြင်းမရှိပါ။ အဖေ့ရဲဆက်သွယ် မူမှန်သမျှကို ကျွန်တော် စိတ်နာနာနဲ့ ဖျက်ပြစ်ခဲ့ခြင်းကြောင့်လည်းပါမည်ထင်၏။ အရင်သုံးနေကြ အမေဖုန်းရော ကျွန်တော့်ဖုန်းပါ အကုန် လုံး ကျွန်တော် sim card တွေ ဖြုတ်လွှင့်ပစ်သည်။ အလွှတ်ရနေသည့်အဖေ့ ဖုန်းနံပါတ်ကတော့ မှတ်ညဏ်ကောင်းစွာ ယခုထိ တစ်လုံးမှ မမေ့သေးပါ။

သို့သော်လည်း ကျွန်တော်သည် အဖေ့ကို ယောင်လို့တောင်မဆက်သွယ်ခဲ့ပါ။ အဖေ့ဆီက ကြားရမည့် ရှင်းပြချက်တွေရော၊ အကြောင်းပြချက်တွေရော ဘာဆို ဘာမှ ကျွန်တော်မသိချင်တော့သောကြောင့်ဖြစ် ပါသည်။

တစ်ခါတလေ သွားရင်းလာရင်း ရန်ကုန်မြို့တနေရာရာမှာ အဖေနှင့်မဆုံတွေ့မိဖို့ပင်ကျွန်တော် အကြိမ်ကြိမ်ဆုတောင်းခဲ့ရသည်။ ကျွန်တော့်ဆုတောင်း ပြည့်ခဲ့သည်ဟုပင်ဆိုမလား၊ အဖေကပင် ပုန်းရှောင်နိုင်ခဲ့တာလားမသိပါ။ အဖေနှင့်ကျွန်တော် တခါမှ မဆုံတွေ့ခဲ့ ရပါ။

ယခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်တော့်အကောင့်ကို အဖေ လာအပ်သည်။ ခပ်သွက်သွက်ပင် အဖေ့ဝေါထဲ ကျွန်တော် ၀င်ကြည့်လိုက်မိသည်။

Profile picture ကိုကြည့်လိုက်သည့်အခါ ကျွန်တော့်နှလုံးသွေးတို့သည် အုံကြွဆူပွက်သွားသည်။ကျွန်တော်နှင့်ရွယ်တူထင်ရသော အမျိုးသမီးတစ်ယောက်ကို အဖေသည် ပုခုံးကို တင်းကြပ်စွာရင်း ဆုပ်ညစ်ထားသည်။အဖေ့ နောက်ထပ်ဇနှီးဖြစ်ကြောင်း မပြောလည်းကျွန်တော် အလိုလို သိပါသည်။ သူမမျက်နှာနဲ့ အဖေ့မျက်နှာသည် ထိလုမတတ်နီးကပ်နေ သည်။ အရယ်အပြုံးနည်းလှသောအဖေသည် ဓါတ်ပုံထဲတွင် ပြုံးရွှင်ရယ်မောလို့နေ၏။

တော်တော်လေးပျော်နေရဲ့လားအဖေရယ်။

ကျွန်တော် ရင်ထဲတွင်စိတ်မကောင်းလွန်းသောကြောင့် မျက်ရည်တွေတွဲခိုလာသည်။ ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေသော လက်အစုံဖြင့် အဖေ့အကောင့်ကိုကျွန်တော် block လိုက်မိသည်။

ထိုဘလော့ခြင်းသည် ဖေ့ဘုတ်အကောင့်တွင်သာ မဟုတ်ပါ ။ အဖေ့အား ကျွန်တော့်တစ်ဘ၀လုံးစာအတွက် ဘလော့လိုက်ခြင်းဖြစ်ပါသည်။
အမေနှင့်အရွယ်မရောက်သေးတဲ့ညီလေးကို ရက်ရက်စက်စက်ထားပြီး အငယ်နှောင်းနဲ့ပျော်ပါးနေသော အဖေ့ကိ ု ကျွန်တော့် ဘ၀တွင် ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပါ။

စိတ်လိုလက်ရထားခဲ့ပြီး စိတ်လိုလက်ရသာ ပျော်နေပါတော့အဖေရယ်…။

ကံမကုန်လို့ တနေရာရာမှာတွေ့ခဲ့ရင် ကျွန်တော်ဟာ အဖေ့သားမဟုတ်တော့သလို အဖေ့ဟာလည်း ကျွန်တော့်အဖေမဟုတ်တော့ဘူးဆိုတာ အဖေလက်ခံထားလိုက်ပါ။

လောလောဆယ်တော့…. ပျော်နေပါအဖေ….။

(သူငယ်ချင်းတစ်ယောက်၏ခံစားချက်အား၀တ္ထုအဖြစ်အမှတ်တရရေးဖွဲ့ပေးခြင်းသာဖြစ်ပြီး တိုက်ဆိုင်မူရှိပါက နားလည်ပေးစေလိုပါသည်။)

ချစ်ခြင်းများစွာဖြင့်

ညီလေးငယ်