***ပြုသောကံ၏ အကျိုး***📖📖📖
*********************************
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။
လူပုဂ္ဂိုလ်တို့၏ အမည်.. နေရပ်များအား..လွှဲပြောင်း ရေးသားထားပါသည်။
ခွန်သွေးကစာအုပ်လေးကို ပစ်ချကာ ပိုက်ဆံအိတ်ထဲမှ နန်းကျန်၏ ဓာတ်ပုံလေးကို ကြည့်လိုက်မိသည်။
ခွန်သွေးက မိတ္ထီလာ စီးပွားရေးတက္ကသိုလ် မှ ပထမနှစ်ကျောင်းသား တစ်ယောက်ဖြစ်သည်။
ခွန်သွေးလ်ို တောင်ပေါ်သား တစ်ယောက်အတွက် မြေပြန့်ဒေသ ၌ နေသားမကျသည်မှာ..
အဆန်းတော့ မဟုတ်ပေ။
ခွန်သွေး အတွက် မြေပြန့်ဒေသ ၏ စည်ကားလှသော မြို့အလှထက် မြေနီလမ်း၌ ကြက်သွန်နံ့ သင်းသော မြ်ို့ငယ်လေးကို ပို၍တမ်းတမိသည်။
ခွန်သွေး၏ ဇာတိမြို့လေးက ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့လေး ဖြစ်သည်။
ထိုမြို့လေးသည်
ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်သော တောင်ကြီး မြို့၏ အရှေ့၊ တောင်ဘက်တွင်ရှိကာ ပအိုဝ်း တိုင်းရင်းသားမျိုးနွယ်စုများ အများဆုံးနေထိုင်သော မြို့လေးဖြစ်သည်။
ဆီဆိုင်မြို့လေးသို့ သွားရောက်ရန် တောင်ကြီး မြို့ကြီးမှတဆင့် ဘန်းယာဥ်_နောင်မွန်_ဆီဆိုင် ကားအား တစ်ဆင့်စီးရသေးသည်။
ထိုကား စီးရန်အတွက် တောင်ကြီးမြို့ ရှိ သစ်တောဂိတ်ဟု ေခါ်သော ကားဂိတ်မှတစ်ဆင့် ကားလက်မှတ်ဖြတ်ကာ သွားရသည်။
( ထိုစဥ် အချိန်က ယခုကဲ့သို့ မှန်လုံ အဆင့်မြင့် Aircon ကားများ မရှိသေးပေ)
တောင်ကြီးမြို့တွင် စီးပွားရေးတက္ကသိုလ် မရှိသောကြောင့် ရှမ်းတောင်ဒေသမှ
စီးပွားရေးတက္ကသိုလ် တက်လိုသော ကျောင်းသား ကျောင်းသူများက မိတ္ထီလာ စီးပွားရေး တက္ကသိုလ်သို့သာ တက်ရောက်ပညာ သင်ယူကြရသည်မှာ ယခုကာလအထိပင်ဖြစ်သည်။
ခွန်သွေးကား ပအိုဝ်းတိုင်းရင်းသား တစ်ဦးဖြစ်ကာ သူတစ်ဖက်သတ် စွဲလမ်းချစ်ခင်ရသော နန်းကျန်သည်လည်း ပအိုဝ်းတိုင်းရင်းသူလေး ပင် ဖြစ်သည်။
လူမျိုးတူ ကြသော်လည်း ခွန်သွေးနှင့် နန်းကျန်တို့၏ ဘဝအခြေအနေတွေသည်ကား မိုးနှင့်မြေလို ကွာခြားလှသည်။
ခွန်သွေး၏ မိဘများက သီးနှံများစိုက်သော တောင်သူများ ဖြစ်ကာ နန်းကျန်၏ မိဘများက ထိုမြို့၏မြို့မျက်နှာ ဖုံးဟုဆိုလျှင်လဲမမှားပေ။
နန်းကျန်၏ မိဘများက ထိုတစ်မြို့လုံး၏ ဝက်ကန်ထရိုက်ဟုပင် ဆိုရပေမည်။
ဝက်ဒိုင် ဟုလည်းခေါ်ကြသည်။
မိဘများက ချမ်းသာ သော်လည်း နန်းကျန်က ပညာပါရမီ နည်းလေသလား ဒါမှမဟုတ် ရည်းစားများကာ စာကိုစိတ်မဝင်စားသည်လားတော့ မပြောတတ်၊ဆယ်တန်း မအောင်ပါချေ။
အလှူတစ်ခုတွင် ရိုက်ထားသော နန်းကျန် ၏ ပုံလေးကို ကြည့်ကာ စာအုပ်ကြား ပြန်ညှပ်လိုက်သည်။
ထိုပုံလေးအား နန်းကျန်က သူ့အားပေးလိုက်ခြင်းမဟုတ်…
နန်းကျန်၏ပုံလေး ကိုလိုချင်လွန်း၍ နန်းကျန်၏ သူငယ်ချင်း နန်းဗွာထံ ပူဆာလွန်းလှသောကြောင့် နန်းဗွာက နန်းကျန်၏ ပုံအားခွန်သွေး လက်ထဲထည့်ပေးခဲ့ခြင်းဖြစ်သည်။
ခွန်သွေး ..တက္ကသိုလ်ပျိုဖြူချော မိန်းမလှလေးများကို စိတ်မဝင်စား၊နန်းကျန်ကိုသာ အလှဘုရင်မလေးအဖြစ် နှလုံးသားထဲ စွဲထင်သိမ်းဆည်း ထားသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
” အမိုး..အပေါရော”
(ပအိုဝ်းလူမျိုးများက မိခင်ကို အမိုးဟု ခေါ်ကာ ဖခင်အား အပေါဟု ခေါ်တွင်လေသည်။)
” အေး..ပိုမှူးး…အပေါ.. အောင်ဖေ တို့ ဝက်ပေါ်တာ သွားကြည့်တယ်”
( ပိုမှူး ဆိုသည်မှာ ပအိုဝ်းဘာသာ စကားအရ သမီးဟု ခေါ်ဆိုခြင်းဖြစ်သည်)
“ဟွန့်..အပေါကသမီးကို တောင်ကြီးလိုက်ပို့မယ် ဆိုပြီး လိုက်မပို့ပဲ သွားလိုက်ပြန်ပြီ”
” အော် ပိုမှူးရယ်.. နက်ဖြန် နန်းပေးတို့အလှူလေဝက်အချိန်၂၀ မှာထားတာ.. အဲ့ဒါကြောင့် ဒီနေ့ ပေါ်မှရမှာလေ… “
” အမိုး…အခြားအလုပ်လုပ်လ်ို့ မရဘူးလား၊ဝက်သတ်တာ ငရဲကြီးတယ်၊ခုလဲ သမီးတို့ ပိုက်ဆံရှိနေတာပဲ၊ဗွေးက ပြောတယ် တိရစ္ဆာန်တွေက်ို သတ်ရင် သူတို့သေသလို ပြန်သေရတယ်တဲ့”
( ဗွေး ဆိုသည်မှာ ဘုန်းကြီး ကိုခေါ်ဆိုခြင်း ဖြစ်သည်)
” ဘယ်တတ်နိုင်မလဲ သမီးရယ်..အမိုးတို့မသတ်လဲ သူတို့သေမှာလေ… သူတို့က သေဖို့မွေးလာကြတာပဲ…”
နန်းကျန် မိခင်အား ဘာမှ မပြောတော့ပဲ အိမ်ပေါ်တက်သွားလေသည်။
နန်းကျန်၏မိခင်ဖြစ်သူမှာ နန်းဘဲ့ဟု အမည်ရကာ ဖခင်၏ အမည်မှာခွန်တမောင်း ဖြစ်သည်။
” အောင်ဖေ ရေနွေးအဆင်သင့် ဖြစ်ပြီ ဝက်ကို ကြိုးသေချာချည်ထား”
” အု..အစ်..အစ်..ဂွီး”
တိုင်မှာ ချည်ထားသော ဝက်မကြီးက တမောင်းအား တောင်းပန်စကား လှမ်းဆိုသည်လား မပြောတတ်…တဂွီး ဂွီး အော်ကာ မော့ကြည့်နေရှာသည်။
ဝက်မကြီးက သူ၏ကလေးများအား မနေ့ကပင် ခွဲခွာ ထားရသည်။
ကြာပါပြီ.. ကလေးတွေ တသုတ်ပြီး တသုတ်မွေးကာ…သူ၏ကလေးများအား အကြိမ်ကြိမ် ..ရောင်းစားကြကာ ငွေများရခဲ့သော်လည်း နောက်ဆုံးတွင်မူ သူ့အားသတ်ရန်လုပ်နေကြပေပြီ။
အောင်ဖေက ဝါးရင်းတုတ်ကြီးအား ကိုင်ကာ ဝက်မကြီး အနား ချဥ်းကပ် လိုက်ပြီး ဝက်မကြီး၏ ငယ်ထိပ်အား အားဖြင့်ရိုက်ချလိုက်သည်။
အားဖြင့် အရိုက်ခံရသောကြောင့် ဝက်မကြီး တစ်ချက်အော်ကာ ဖင်ထိုင်ရက် လဲကျသွားသည်။
ဝက်မကြီးက မျက်ရည်များဖြင့် တမောင်းအား. စိုက်ကြည့်ကာ.. ” အစ်..အစ်.. အစ်” ဟု အော်မြည်ရင်း ငြိမ်သက်သွားလေသည်။
အောင်ဖေနှင့်တိုးမောင်က ဝက်မကြီးအား မနိုင်မနင်း မ..ကာ ရေနွေးကန်ထဲ ပစ်ချလိုက်သည်။
တမောင်းက ဝက်မကြီးအား ကျေနပ်စွာ ကြည့်ရင်း တစ်ချက်ပြုံးလိုက်သည်။
ဦးတမောင်း၏ မိန်းမ ဒေါ်နန်းဘဲ့က သေတ္တာသော့အား ဖွင့်ကာ တစ်ချက်ပြုံးရင်း လက်ဝတ်ရတနာများကို ရွေးနေမိသည်။
နက်ဖြန်အလှူအတွက် အားလုံးထက်သာအောင် သားအမိနှစ်ယောက်လုံး ဝတ်ဆင်ရမည်။
အရွယ်ရောက်လာသော သမီးနန်းကျန်ကိုလည်း အလှဆုံး စျေးအကြီးဆုံး လက်ဝတ်လက်စားများကို ဆင်မြန်းရမည်။
အကုသိုလ် အလုပ်နှင့်အကျိုးပေးသည်ဟု ဝေဖန်ကြသော ပတ်ဝန်းကျင်ကို ဟားတိုက်ရယ်မော လိုက်ချင်သည်။
ကွယ်ရာတွင် မည်သို့ ကဲ့ရဲ့ စေကာမူ ရှေ့တွင်တော့ မိမိတို့မိသားစုအား ဘုရင်တစ်ပါးလို ဦးညွတ်ကြရသည် မဟုတ်လား။
နက်ဖြန်ပွဲ၌ မြို့မှ ပွဲစားကြီးများ၏ မိသားစုများလည်းလာကြမည်မို့ သမီးကိုပွဲထုတ်ရပေမည်။
ပွဲစားကြီးများ၏ သားများနှင့်သမီးကို ရင်းနှီးစေချင်မိသည်။
ဤ မြို့လေးမှ လူငယ်များနှင့်သမီးလေးအား မနီးစပ်စေလိုပါ။
ကျောင်းသွားတက်နေသည့် ခွန်သွေးအား ဒေါ်နန်းဘဲ့ ကြည့်မရ။
ခွန်သွေး၏ မိဘများက ကြက်သွန်စိုက်သည့် တောင်သူမို့ နန်းဘဲ့အထင်သေးသည်။
ခွန်သွေး ဆယ်တန်းအောင်တော့ ဂုဏ်ထူးလေးဘာသာပါသည်မို့ ဘုန်းကြီးကိုယ်တိုင်က ဂုဏ်ပြုပွဲ လုပ်ပေးခဲ့သည်။
မိမိသမီးနန်းကျန်မှာမူ စာမေးပွဲကျသဖြင့် ရှက်လွန်းကာ အိမ်အပြင်ပင် မထွက်ရဲ…
ဒင်းတို့က ဂုဏ်ပြုပွဲပင်လုပ်ကာ မော်ကြွားလှသည်ဟု နန်းဘဲ့ ထင်မြင်မိသည်။
” ပိုမှူး ရေ..လာဦး…”
” ဟုတ်အမိုး..”
” နက်ဖြန် အလှူအတွက် ဒီမှာ ရွှေဆံထိုး…ပတ္တမြား ဆွဲကြိုး….နဂါးလက်ကောက်.. ပတ္တမြားလက်စွပ်..သမီးဒါတွေ ဝတ်ရမယ်နော်”
” ဟယ်..လှလိုက်တာ အမိုးရယ် ဒီပတ္တမြား ဆွဲကြိုးနဲ့ လက်စွပ်က ဘယ်တုန်းက ဝယ်လိုက်တာလဲ..”
“ပြီးခဲ့တဲ့ တစ်ခေါက်မြို့တက်တုန်းကလေ…ဒီလထဲ အလှူတွေ များတော့ နင့်အဖေ က ဝက်တွေ အရမ်းပေါ်ရတာ… ဝက်ဝယ်တော့ စျေးကချိုတယ်လေ… အသားတိုးဆေး တွေ ပစ်ကျွေး ပြီး မွေးပြီး မှ ပေါ်တော့ အမြတ်တွေ အရမ်းရတာ..
သမီး ဆယ်တန်း မအောင်လဲ.. အရေးမကြီးဘူး…
အမေတို့ ဝက်လုပ်ငန်း ကိုသာ ဦးစီး.. သမီးတစ်ကိုယ်လုံး စိန်စီ ထားလို့ရတယ် “
” အ..ဟင်း..ဟင်း”
” ခစ်.ခစ်..ခစ်”
သားအမိနှစ်ဦး၏ ကျေနပ်စွာ ရယ်သံ က ပတ်ဝန်းကျင် တစ်ခုလုံး ပျံ့နှံ့သွားသည်။
အလှူအိမ်၌ လူပျိုများ၏ မျက်လုံးများက နန်းကျန်နားက မခွာပေ။
မေးစေ့ အောက်က မှဲ့လေးကလည်း နန်းကျန်၏ အလှကို ပို၍ပြည့်စုံ စေသည်လား မပြောတတ်။
မြို့၏ ပွဲစားကြီးများ၏ သားများကလည်း နန်းကျန်အနားမှ မခွာ…
ပွဲစားကတော်ကြီးများ၏ မျက်လုံးများကလည်း..
နန်းကျန်ဝတ်ဆင်ထားသော ပတ္တမြား များထံမှမခွာပေ။
နန်းဘဲ့ တစ်ယောက် အလှူအိမ်မှ ဝက်သားဟင်းဖြင့် ထမင်းစားပြီးနောက် ရင်များ တလှပ်လှပ်တုန်ကာ မူးနောက်လာသည်။
ကြားနေရသော အိုးစည်ဘုံမောင်းသံများက လည်း နားကွဲမတတ် ဆူညံလှသည်ဟု ထင်မိသောကြောင့်
” နန်းကျန်ရေ… အမိုးနေလို့ မကောင်းလို့ ပြန်နှင့် တော့မယ်နော်..သမီးက ပြီးမှ အေးဆေးလာခဲ့..ဧည့်သည်တွေနဲ့ ပြောလိုက်ဦး..”
ဒေါ်နန်းဘဲ့ အားလုံးကို နှုတ်ဆက်ကာ ပြန်လာခဲ့သည်။
အိမ်သို့ ရောက်သောအခါ အဝတ်များ လဲလိုက်ပြီး အိပ်ယာထက်တွင် လဲလျောင်းလိုက်ရင်း..
ရေဆာလာသဖြင့် အိမ်အောက်ထပ်သို့ ဆင်းလိုက်သည်။
ဒုတိယမြောက် လှေကားထစ် အရောက်
နောက်မှ တစ်ဦး တစ်ယောက် ဆောင့်တွန်း လိုက်သကဲ့ သို့ ဖြစ်ကာ လှေကားပေါ်မှ ဒလှိမ့်ကောက်ကွေး ပြုတ်ကျသွားလေတော့သည်။
” ဟင်.. မိန်းမ.. နန်းဘဲ့ ဘယ်လိုဖြစ်တာလဲ..”
” တမောင်း..ငါ့ကို တစ်ယောက်ယောက်က တွန်းချတယ်၊လှေကားပေါ်က တွန်းချတာ..အား…ကျွတ်..ကျွတ်…အမလေး…လက်က ထောက်မရတော့ဘူး..ကျိုးပြီထင်တယ်…အားး”
ဦးတမောင်းလဲ သူ့မိန်းမအား အသာအယာ ဆွဲထူလိုက်ကာ.
” လာဆေးခန်းသွားမယ်…လာ..ဖြေးဖြေး “
နန်းဘဲ့ လှေကားပေါ်မှ ပြုတ်ကျကာ လက်ကျိုးသွားခြင်း ဖြစ်သည်။
နန်းဘဲ့က သူ့အား တစ်စုံတစ်ယောက်မှ လှေကား ပေါ်က တွန်းချသည်ဟု ပြောသော်လည်း မည်သူမျှ မယုံကြပေ။
နန်းဘဲ့ အိမ်တွင်နေရင်း စိတ်ကမလုံပေ။
နန်းကျန်က သူ၏ဖခင် လုပ်ငန်းကို သေချာ လေ့လာကာ..ဝက်..လုပ်ငန်း ပညာအား..သင်ယူနေပြီ ဖြစ်သည်။
ခွန်သွေး ကျောင်းပိတ်၍ ဇာတိ မြို့လေး အား ပြန်ရောက်လာပြီဖြစ်သည်။
ခုထိ ချစ်ရသော နန်းကျန်ကို မတွေ့ရသေးပေ။
ထို့ကြောင့် သူငယ်ချင်း ဖြစ်သူနန်းဗွာ အိမ်သို့ သွားကာ
” နန်းဗွာရေ..နန်းဗွာ..”
” ဟင်..ခွန်သွေး ပါလား..တက္ကသိုလ် ကျောင်းသားကြီးက အိမ်ကို လာလည်တာ ဘာကိစ္စရှိလို့လဲ “
” ကိစ္စရှိမှ လာရမှာလား..”
” မသိဘူးလေ..နန်းကျန်ကိစ္စလားလို့ပေါ့”
” အဟီး..နင်ကလည်း သိရဲ့သားနဲ့…နန်းကျန်ကို မတွေ့ဘူး…သူရော နေမှကောင်းရဲ့လားလို့..”
” သူမအားဘူးလေ..ဝက်သတ်လုပ်ငန်းဦးစီး..နေတယ်…သူကအရင်လို မဟုတ်တော့ဘူး ခွန်သွေး..သူက သိပ်ရက်စက်တယ်”
နန်းဗွာက.. စိတ်မကောင်းသော.. လေသံဖြင့်
“တစ်နေ့က စိုင်းနောင်တို့ အိမ်က ဝက်မကြီးက ကလေးမွေး ပြီး..
သိပ်တောင်မကြာသေးဘူး..
သူတို့ အကြွေး ရစရာရှိလို့.. ဝက်မကြီးကို အတင်းလာဖမ်းခေါ်သွားတယ်လေ…
စိုင်းနောင်က.. သူငယ်ချင်းအချင်းချင်းမို့ နေပါဦး..ဝက်ကလေးတွေနို့ပြတ်မှယူပါလို့ တောင်းပန်လဲမရဘူး…
ခု.. ဝက်ကလေးတွေ နို့မရလို့ သေကုန်ပြီလေ…ခွန်သွေးရယ် စိုင်းနောင်တို့သနားပါတယ်ဟာ….”
” ဟင်.. ဟုတ်လား..သူငယ်ချင်း မျက်နှာလေး တော့ ထောက်သင့်ပါတယ်ဟာ…”
” အေးလေ..အဲ့ဒါပြောတာ”
ခွန်သွေး..အပြန်လမ်းတစ်လျှောက်၌နန်းကျန် အကြောင်းတွေး နေမိသည်…
သေချာသည်က သူနန်းကျန်အား တွေ့လိုစိတ်မရှိတော့ပေ။
စိုင်းနောင်တို့ မိသားစုလေးကိုလည်း သနားမိလေသည်။
” စိုင်းနောင် သူငယ်ချင်း.. အားမငယ်ပါနဲ့ကွ… မင်းအလုပ်လိုချင်ရင် ငါ့သူငယ်ချင်း ဆီပြောပေးမယ်…
တောင်ကြီးကလေ..
ကျောင်းတက်ရင်း ခင်တာ…သူတို့ရဲ့ဆိုင်မှာ လူလိုနေတယ်ပြောတယ်…
ငါ့ကိုတောင် ပိတ်ရက် အလုပ်လာလုပ်ဖို့ခေါ်နေတာ… ငါလည်း ပိတ်ရက် ကျောင်းစရိတ်ရအောင်သွားလုပ်မို့.. ငါအမိုးတို့နဲ့ တွေ့ချင်လို့ ပြန်လာတာ…
နန်းကျန်ကိုလည်း တွေ့ချင်လို့ပေါ့ကွာ…
ခုတော့ သူ့ကိုလည်း မတွေ့ချင်တော့ပါဘူး…
အရင်ကတောင် ငါ့ကို မခင်တာ
ခုတော့ ငွေတစ်ခုပဲ ကြည့်တော့ ပိုဆိုးမှာပေါ့..”
ခွန်သွေး နှင့် စိုင်းနောင် တို့ သူငယ်ချင်း နှစ်ယောက်လဲ တောင်ကြီးမြို့သို့ အလုပ်လုပ်ရန် လာခဲ့ ကြလေတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နန်းကျန်တို့ မိသားစု ဘုရားဖူး ထွက်လာကြသည်။
ကိုယ်ပိုင်ကား.. ရွှေငွေ အပြည့်ဖြင့်…ပျော်မဆုံး မော်မဆုံးပေ။
နန်းကျန်တို့ မိသားစု သုံးဦး နှင့် ကားဒရိုက်ဘာ တစ်ဦး ပေါင်းလေးဦး လာခဲ့ကြလေသည်။
မန္တလေး သို့ ရောက်သောအခါ ဟိုတယ်တစ်ခုတွင် တည်းခိုကြသည်။
နောက်ရက်မနက် စောစောတွင် မန္တလေး မဟာ မြတ်မုနိဘုရားအား သွားရောက်ဖူးမျှော်ကြလေတော့သည်။
ဦးတမောင်းတို့ လေးဦး ဘုရားသို့ ရောက်သောအခါ သင့်လျှော်ရာ နေရာလေးတွင်ထိုင်လိုက်သည်။
နန်းကျန်..နန်းဘဲ့နှင့် ကားဒရိုင်ဘာ က ဘုရားကို ဦးချလိုက်သော်လည်း..ဦးတမောင်းမှာမူ ဦးမချသေး…
ဟိုဟိုဒီဒီ ကြည့်က ဇောချွေးများ ပျံလာသည်။
“အပေါ..ဘုရားမရှိခိုးပဲ ဘာလုပ်နေတာလဲ…”
” ဟုတ်ပ ဘုရားကို ဦးမချပဲ… ဟိုကြည့်ဒီကြည့်နဲ့..”
” သမီး….နန်းကျန်…ငါ…ငါ…ဘုရားရဲ့ မျက်နှာတော်ကို မမြင်ရဘူး….မိန်းမ နန်းဘဲ့နင်ရော…မြင်ရလား….ငါ…ငါ..ဘုရားရဲ့ မျက်နှာတော်ကို မမြင်ရဘူး…”
“ဟင်”
“ဟာ”
” ဟုတ်လို့လား ကိုတမောင်း….”
” တစ်ကယ်ပါကွ…ငါ..တစ်ကယ်ကို ဘုရားရဲ့ မျက်နှာတော်ကိုမမြင်ရဘူး”
မိသားစု အားလုံး စိတ်မကောင်း ကြီးစွာဖြင့် ဟိုတယ်သို့ ပြန်လာကြသည်။
ကားဒရိုက်ဘာ သောင်းဖေကား အလွန်ပင် အံ့ဩ မိနေသည်။မိမိ၏ တစ်သက်သာတွင် ဤသို့သော အကုသိုလ် ကြီးသူအား မမြင်ဖူးပေ။
မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသည်…ဘုရား၏ ရုပ်ပွားတော် အစစ်ဖြစ်ကာ အင်မတန်မှ တန်ခိုးကြီးသော ဘုရားဖြစ်သည်။
ဤသို့သော တန်ခိုးကြီးဘုရား၏ မျက်နှာတော်အား လူအရှင်လတ်လတ်ဘဝ၌ ဖူးခွင့်မရသည်မှာ…အဘယ်ထိ အကုသိုလ် များသူ ဖြစ်သနည်း ဟု တွေးကြည့်ရုံမျှဖြင့် ကြက်သည်း ထဖွယ် ကောင်းလေသည်။
ဦးတမောင်းလဲ အလွန်ကြောက်လန့်ကာ မည်သည့့် ဘုရားမှ ထပ်မံ ဖူးတွေ့ လိုစိတ်မရှိတော့ သောကြောင့် မိမိတို့ နေထိုင်ရာမြို့လေးသို့ ပြန်ရောက်လာကြသည်။
ဦးတမောင်း…ပြန်ရောက်ချိန်မှစ၍ တငူငူ တငိုင်ငိုင်ဖြင့် စိတ်ဓာတ်ကျလျှက် ရှိလေသည်။
နန်းဘဲ့တစ်ယောက် ဝရံသာတွင် ထိုင်နေရင်း ရေနွေးကြမ်း သောက်နေသည်။
ထိုစဥျ…
” ဒေါ်နန်းဘဲ့… ဒေါ်နန်းဘဲ့… “
” ဝေ့.. ဘယ်သူလဲ…”
သူ အသံကြားရာ ကြည့်လိုက်သော အခါ…အိမ်၏ ဝရံတာ အောက်တွင် အသက်ခပ်ကြီးကြီး.. အမျိူးသမီး တစ်ယောက် ကိုတွေ့လိုက်ရသည်။
ထိုမြင်ကွင်းအား ခြံထဲရှိ သစ်ပင်အောက်တွင် ထိုင်နေသော ဦးတမောင်းက ကြည့်နေသည်။
သူသည် အံ့ဩစွာကြည့်နေခြင်း ဖြစ်သည်။
သူ၏ မိန်းမသည်..အောက်ထပ်သို့ ငုံ့ ကြည့်ကာ တစ်ယောက်တည်း စကားပြောနေသောကြောင့် ဖြစ်သည်။
နန်းဘဲ့ မေးသောအခါ ထိုအမျိုးသမီးက
” နန်းဘဲ့.. နင့်ဆီက ငါငှားထားတဲ့ ရွှေဆံထိုးလာပေးတာ..ဒီမှာလေ နင့်ဆံထိုး..”
” ဟင်…ငါဘယ်သူ့ကိုမှ မငှါးပါဘူး ဆံထိုး…ငါ့ရွှေဆံထိုးနင့်ဆီ ဘယ်လိုရောက်နေတာ..”
” ရော့… မိအောင်ဖမ်း နင့်ဆံထိုး… “
ဟုဆိုကာ ထိုမိန်းမသည် ရွှေဆံထိုးအား နန်းဘဲ့ ထံ လှမ်းပစ်ပေးလိုက်ရာ…
နန်းဘဲ့လဲ သူ၏ရွှေဆံထိုးအား အမြန်လှမ်းဖမ်းလိုက်စဥ်…
” ဝုန်း….အား”
ဒေါ်နန်းဘဲ့ အရှိန်လွန်ကာ… မိမိခန္ဓာကိုယ်အား မထိန်းနိုင်တော့ဘဲ ဝရံတာပေါ်မှ…ပြုတ်ကျသွားလေတော့သည်။
” ဟာ…နန်းဘဲ့… တစ်ယောက်ထဲ ပြောပြီး…ဘာတွေ လုပ်လိုက်တာလဲ…”
ဦးတမောင်း အပြေးအလွှား ရောက်လာကာ နန်းဘဲ့အား ပြေးပွေ့ လိုက်လေတော့သည်။
အသံကြောင့် နန်းကျန် ဝရံသာသို့ အပြေးထွက်ကြည့်လိုက်ရာ သူမ၏ မိခင်သည် မြေပြင်တွင် ခွေခေါက်နေလျှက် သူမဖခင်က ပွေ့ထားသည်ကို တွေ့လိုက်ရသည်။
“အမိုး…အမိုး..အမိုးဘာမှ မဖြစ်ရဘူး”
နန်းကျန် ပါးစပ်မှ တတွတ်တွတ် ရွတ်အော်ရင်း အိမ်အောက်ထပ်သို့ ပြေးဆင်းလာသည်။
” အမိုး…အမိုး..”
နန်းကျန်ခေါ်သံအား ဒေါ်နန်းဘဲ့ တစ်ယောက် မကြား နိုင်တော့ပါချေ။
ဒေါ်နန်းဘဲ့ တစ်ယောက် ဝရံတာမှ ပြုတ်ကျကာ ဇက်ကျိုး သေဆုံးသွားခြင်းဖြစ်သည်။
ဒေါ်နန်းဘဲ့ သေဆုံးရခြင်းမှာ အကုသိုလ် ကအကျိုးပေးခြင်း ဖြစ်သည်ဟု အများက တီးတိုး ပြောဆိုကြသည်။
“ငါ့မိန်းမ သေတယ်..အကုသိုလ်ကြောင့် ဟုတ်လား…ဟားဟား.. ဟား..ငါလုပ်တာလေ၊ငါဘာလို့ မသေလဲ အရူးတွေ လျှောက်ပြောမနေနဲ့…ဘုရား မျက်နှာမဖူးရလဲ အခြားဘုရား ဖူးလို့ရတယ်…လောကမှာ ေငွ ကွ..ငွေ…အေ.. ငါ့မိန်းမ ကို သေအောင်လုပ်တယ်ပေါ့
သတ္တိရှိရင်ငါ့ကိုလာလုပ်ကွ..ဟား..ဟားဟား “
ဦးတမောင်း၏ အော်ဟစ်သံကြောင့်..ပတ်ဝန်းကျင်မှ လူများပင် လန့်သွားကြသည်။
ဦးတမောင်းတစ်ယောက် ရူးများသွားလေသလား ဟု ပင် စိတ်ကထင်မိကြသည်။
ဦးတမောင်းတစ်ယောက်..သူ၏ မိန်းမ ဖြစ်သူ.. နန်းဘဲ့ သေဆုံးပြီးနောက် ဝက်များကိုကိုယ်တိုင် သတ်သည်။
ဝက်၏ ဦး ေခါင်းအား တုတ်ဖြင့် အားရပါးရ ရိုက်လျှင် ဝက်များ တစ်ချက်တည်း နှင့်ငြိမ်ကာအသက်သေဆုံးသွားသည်ကို ကြည့်ရင်း ကျေနပ်နေမိသည်။
နန်းကျန်ကား ဝက်စာရင်းများအား ကြည့်ကာ
“ဦးအောင်ဖေ..နောင်ထောဝ် ရွာက မောင်ဌေး က ငွေ ကြိုယူပြီး.. သူ့ဝက်လာမပို့သေးပါလား… “
“သူ့မိန်းမ နေမကောင်းလို့ လာမပို့ အားသေးတာတဲ့…နေကောင်းရင်လာ ပို့မယ်ပြောတယ်..”
” မလိုချင်ဘူး.. ဦးအောင်ဖေ ။နက်ဖြန် သွားယူလိုက်…သူတို့က ဝက်ကြီးလာရင် မပေး ချင်ကြတော့ဘူး… မပေးလဲ သိမ်းရမယ်၊နက်ဖြန်ကျမ ကိုယ်တိုင်လိုက်မယ်”
“ဩ ဒီနေ့ ပေါ်တဲ့ ဝက်ရဲ့ကလီစာကို ဦးအောင်ဖေ မိန်းမကိုချက်ပြီး လာပို့ခိုင်းလိုက်ဦး၊ကလီစာက သိပ်ကောင်းတာ …နားရွက်လဲသုပ်ပေးလိုက်ဦး..”
“အေးပါနန်းကျန်ရယ်…သမီးလဲ အတော်လေး ဝလာတယ် ထိန်းဦး..”
” မထိန်းတော့ဘူး ဦးအောင်ဖေရေ… ဘယ်သူမှ မကြိုက်လဲ ခွန်သွေးကတော့ ကြိုက်မှာပဲ… ခစ်..ခစ်..ခစ်”
ထိုသို့ဆိုကာ နန်းကျန်က သဘောကျစွာရယ်နေ၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခွန်သွေး တစ်ယောက် ချစ်ရသောနန်းကျန်၏ အကြောင်းများကို ကြားရသည်မှာ စိတ်မချမ်းသာပေ။
နန်းကျန်ကို ဤအခြေအနေမျိုးဖြင့် တွေ့လဲမတွေ့ဆုံလိုပေ။
ဘုရားတရား ကိုင်းရှိုင်းသော မိမိ၏မိဘများနှင့် နန်းကျန်တို့၏ စီးပွားရေးက လားလားမှ မအပ်စပ်ပေ။
ဟိုနေ့က ခွန်သွေးအမေ သူ့ဆီလာရင်း မှာကြားသွားသည်များအား ပြန်လည်ကြားယောင် လာမိလေသည်။
” သား..ခွန်သွေး..နန်းကျန်အမေလဲ ဝရံတာ ပေါ်က ပြုတ်ကျပြီး အသေဆိုးနဲ့ သေရတယ်…
သူ့အဖေကလဲ ဘုရားသွားဖူးတာ ဘုရားမျက်နှာ တော်တောင် မမြင်ရဘူး..
အကုသိုလ် ကြီးကြတယ်..
အမိုးတို့က ငွေမမက်ဘူးသား…
ကုသိုလ်ပဲမက်တယ်၊သားလေး အကုသိုလ်ကြီးတဲ့ မိသားစုနဲ့ မပက်သက်ပါနဲ့နော်…
သားလေး.. အကုသိုလ်နဲ့ ငရဲရောက်မယ့် အဖြစ်တော့ အမိုးအဖြစ်မခံနိုင်ဘူး….”
ခွန်သွေးလဲ နန်းကျန်တို့အတွက် စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး မတတ်နိုင်တော့ပါချေ။
ဖြူ..နီ..ပြာ..ဝါ.. မိန်းမလှတွေ များသော တက္ကသိုလ် ကျောင်းတော်ကြီး၌ ခွန်သွေး စာကိုသာ အာရုံစိုက်ကာ ကြိုးစားလေသည်။
” ခွန်သွေး…နင်ကလဲ.. ပျော်ပျော်နေပါ၊လာ ကန်တင်းသွားရအောင်…”
” တော်ပြီ..နန်းဖြူ ငါမလိုက်တော့ပါဘူးဟာ…
သွားလိုက်တော့…”
“လာပါ ဒီနေ့ ငါ့မွေးနေ့မို့နင့်ကိုခေါ်တာ…ငါမွေးနေ့ကို ဘယ်သူမှတောင် မပြောထားဘူး၊နင့်ကို ခင်လို့…”
ပါးချိုင့်လေး ခွက်နေအောင် ပြုံးနေသော နန်းဖြူ ကို ကြည့်ကာအားနာစွာ..ခေါင်းကို ငြိမ့်လိုက်ပြီး
” ငါ့မှာ နင့်ကိုပေးဖို့ မွေးနေ့လက်ဆောင် ဘာမှမရှိဘူး နန်းဖြူ..”
“မလိုပါဘူး…နင့်ကို မုန်ကြွေး ချင်ရုံသက်သက်ပါ”
ခွန်သွေး.. မတ်တပ် ထရပ်လိုက်သော အခါ သူ၏ စာအုပ်ကြားမှ နန်းကျန်၏ ဓာတ်ပုံလေး ထွက်ကျ လာသည်။
” နန်းဖြူက..ထိုဓာတ်ပုံအား အလျှင်အမြန် ကောက်ယူကာ ကြည့်လိုက်ပြီး…လှတယ်နော်..
နင့်ချစ်သူလား”
” မဟုတ်ပါဘူး…သူငယ်ချင်း ပါ…”
” အော်..လှတယ်နော်..”
” အင်း”
နှစ်ဦး သားတိတ်ဆိတ်ငြိမ်သက် သွားကာ စကားများ ဆက်မပြောဖြစ်ကြတော့…
အစောက ပျော်နေသော နန်းဖြူ၏ မျက်နှာလေးသည်..ပြိုတော့မည့် မိုးပမာ..အုံ့မှိုင်းလျှက်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“အား..ကျွတ်..ကျွတ်..ခေါင်းတွေ ပေါက်ထွက်တော့ မလားမသိဘူး သမီးရယ်…ကိုက်ခဲနေတာပဲ..”
” အပေါရဲ့ရောဂါကလဲ သမားတော်တွေ တောင် အဖြေ ရှာမရဘူး…တောင်ကြီးက သမားတော်တွေ လဲစုံနေပြီ”
” အီး…အစ်..အစ် ဂွီး..”
“ဟင်..အဖေ့ဆီက ဝက်သံတွေ ထွက်နေပါလား.”
ဦးတမောင်း စကားပြောရန် ဟလိုက်စဥ် ပြောမရဘဲ.. ဝက်သံကဲ့သို့ အသံများသာ ထွက်လာလေသည်။
” အပေါ…အပေါ.. ဘာဖြစ်တာလဲ…”
” ဟိုမှာ နန်းဘဲ့ပဲ…ခေါင်းကလူခေါင်း..ခန္ဓာကိုယ် က ဝက်ကြီး၊ဟာ..ငါ့ဆီလာနေပြီ…မလာနဲ့…မလာနဲ့..”
ဂွီး…အစ်…အစ်
လူသံရော..ဝက်သံများ ပါပလုံးပထွေး… ထွက်လာသည်။
“ဟာ.. ဝက်တွေ…အများကြီးပဲ..ဝက်တွေ…
ဟဲ့ ရှူး..ရှူး…မလာနဲ့..”
“အပေါ…ဘာမှမရှိဘူး ရော့ဆေးသောက်..”
ဦးတမောင်းသည် ဆေးသောက်ပြီး မကြာမီအိပ်ပျော်သွားသည်။
ဦးတမောင်း အိပ်ပျော်သွားစဥ် သူ၏ပါးစပ်မှ
ဝက်၏ အသံကဲ့သို့ တ အစ်..အစ် ထွက်နေသည်။
” ကလင်..လင်…ကလင်”
“ဟယ်လို..ပြော”
” ဘာ.. ဦးအောင်ဖေ သစ်ပင်ပိလို့ သေပြီ ဟုတ်လား”
နန်းကျန်အလုပ်အတွက် အားကိုးရသူ တစ်ဦး ဆုံးရှုံးရလေပြီ။
“ဦးအောင်ဖေ၏ ဦးခေါင်းငယ်ထိပ်သည်..သစ်ကိုင်းဖျား အချွန်ဖြင့် ထိုးမိကာ ဦးနှောက်အား အချွန်ဖြင့် ထိုးကလော် ထုတ်ထား သကဲ့သို့ ဦးနှောက် အသားဖတ်များ က လွှင့်စင် ပြန့်ကျဲကာ သေဆုံးရခြင်း ဖြစ်သည်။
ဝက်၏ ဦး ခေါင်းအား တုတ်ဖြင့် အားရပါးရ ရိုက်မိခြင်း၏ ဝဋ်ကြွေးပေလား မသိပေ။
” တမောင်း…တမောင်း..”
“ဟင်..ဘယ်သူလဲ..”
” နန်းဘဲ့လေ..ဒီမှာ ပါ”
နန်းဘဲ့၏ ဆံပင်ဖျားလျားချကာ..ပါးစပ်ကြီး ပြဲလျှက် ရယ်ပြရင်း…
ဝက်ခန္ဓာ ကိုယ်ကြီးက.. လူကဲ့ သို့ လျှောက် လာနေသည်မှာ…တွေ့မြင်ရသူအဖို့..သွေးပျက်ဖွယ် ကောင်းလှပေသည်။
သူမ၏ အနောက်တွင် ခေါင်းထပ်မှ ဖွာလန်ကြဲ အပေါက်ကြီးဖြင့် အောင်ဖေအား တွေ့လိုက်ရလျှင်
” ဂွီး..ဂေါ်…အစ်..အစ်..”
ဦးတမောင်း ဝက်တစ်ကောင်ကဲ့သို့ အော်ကာ လေးဘက် ထောက်လျှက် အိမ်ထဲ၌ ပတ်ပြေးနေသည်။
ထို့နောက် သူ၏ဦးခေါင်းအား နံရံဖြင့် တခွပ်..ခွပ် မြည်အောင် ဆောင့်နေလေတော့သည်။
“အပေါ..အီးဟီး…မလုပ်ပါနဲ့…အဲ့လို မလုပ်ပါနဲ့…”
“ဂွီး..အစ်..အစ်”
ဦးတမောင်း ပါးစပ်က ထွက်လာသော ဝက်သံများ….
ဦးခေါင်း တစ်ခုလုံး သွေးများက ရဲဖြာကျနေသည်။
ဦးတမောင်းဆေးရုံပေါ်သို့ ရောက်သောအခါ ဝက်အော်သံကဲ့သို့အော်ကာ ရုန်းကန် လှုပ်ရှား နေလေသည်။
ဆေးရုံပေါ်မှ လူနာများကလည်း ဝက်အော်သံ ကဲ့သို့ အော်နေသော ဦးတမောင်းအား ထူးဆန်းနေသည်မို့ ဝ်ိုင်း၍ ကြည့်နေကြ၏။
ဦးတမောင်းသည် သူ၏ သမီးနန်းကျန်အား ကြည့်ကာ တစ်ခုခုပြောရန်ကြိုးစားနေသော်လည်း ပါးစပ်က ဝက်သံကဲ့သို့သာ ထွက်နေသည်မို့ နန်းကျန် တစ်လုံးမှနားမလည်ပေ။
မကြာမီ ဦးတမောင်း တစ်ယောက် မျက်ရည်များ စီးကျလာကာ ငြိမ်သက်သွားလေတော့သည်။
ဦးတမောင်း သေခါနီး၌ သူ့သမီးကို ကြည့်ကာ တစ်ခုခု ပြောချင်ပါသော်လည်း ပြောခွင့်မရလိုက်ပါချေ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခွန်သွေး ဒုတ်ိယနှစ် စာမေးပွဲဖြေပြီးသောအခါ ဆီဆိုင်မြို့သို့မပြန်ပဲ တောင်ကြီး၌သာ အလုပ်ဝင်လုပ်နေသည်။
မပြေလည်သော မိသားစုမို့ ကျောင်းစရိတ်အား ရှာရသည်။
ခွန်သွေး…ဆီဆိုင်သို့ ပြန်မရောက်သည်မှာ ကြာပြီ ဖြစ်သည်။
ယခုတော့ နောက်ဆုံးနှစ်၏ ပထမနှစ်ဝက် စာမေးပွဲပြီးသွားပြီမို့ သူ၏ဇာတ်ိဖြစ်သော ဆီဆိုင် မြို့လေးသို့ ခေတ္တပြန်လာခဲ့သည်။
သူနှင့်အတူ စိုင်းနောင်လဲ ပြန်လာသည်။
ခွန်သွေး ပြန်ရောက်သောအခါ သူငယ်ချင်း အားလုံးက တစ်ယောက်ပြီး တစ်ယောက် ခွန်သွေး အိမ်သို့ လာရောက်လည်ပတ် နှုတ်ဆက် ကြသည်။
ထိုစဥ် ကားတစ်စီးသည် ခွန်သွေးအိမ်ရှေ့၌ ရပ်သွားသည်။
ကားထဲ၌ မိန်းမဝဝကြီးတစ်ဦး ဆင်းလာသည်ကို တွေ့ လိုက်ရပြီး.
” ခွန်သွေး..ခွန်သွေး..”
ထိုမိန်းမ ဝဝကြီး၏ ပါစပ်မှ ခွန်သွေး၏အမည်အား အဆက်မပြတ် အော်ကာ အိမ်ထဲဝင်လာသည်မို့
” ဟုတ်ကဲ့ ကျွန်တော်ခွန်သွေးပါ…ဘာက်ိစ္စ ရှိလို့လဲ ဗျ”
” ခွန်သွေး ငါဘယ်သူလဲ သေချာကြည့်..”
မို့အစ်နေသော မျက်စိပေါက် ကျဥ်းကျဥ်းဖြင့် မှေးစင်းကာ ကြည့်နေသည်မှာ ကြက်သည်း ထဖွယ်ပင် ကောင်းသေးသည်။
သူမသည် ခွန်သွေးအား ကြည့်ကာ အားရပါးရ ပြုံးလိုက်လေသည်။
ထိုအပြုံး အောက်ရှိ မေးစေ့အောက်တွင် မှဲ့တစ်လုံး ရှိနေသည်ကိုတွေ့ လိုက်ရလျှင်
” ဟင်…နင်…နင်..နန်း..ကျန်…”
“အဟစ်..ဟစ်..အဟက်..ဟက်..ငါ့ကို မှတ်မိသားပဲ..”
ခွန်သွေး ရပ်တည်ခြင်းငှာ မစွမ်းသာတော့ပဲ..တွေ့ရာခုံတွင် ဝုန်းကနဲ့ ထိုင်ချလိုက်လေတော့သည်။
“ထိုင်မယ်နော်….
နန်းဗွာ ပြောတာ..နင်…ငါ့ဓာတ်ပုံ”
” ဟာ.. ဟုတ်တယ် ပေးမလို့…နင့်ကို ပြန်ပေးမလို့…
ငါက ပြန်မလာဖြစ်လို့…နေဦး”
ခွန်သွေး အခန်းတွင်း အမြန်ပြေးဝင်သွားကာ..နန်းကျန်၏ ဓာတ်ပုံအားဆွဲယူလိုက်ပြီး..အမြန်ပြန်ထွက်လာကာ…နန်းကျန်အား ပေးလိုက်၏။
ထိုဓာတ်ပုံနှင့် အတူခွန်သွေးနှလုံးသားမှ အနှစ်နှစ် အလလက သိမ်းထားသော နန်းကျန်၏ ပုံရိပ်လေးသည်လည်း ပျောက်ကွယ်သွားလေတော့သည်။
နန်းကျန်၏ မေးစေ့မှမှဲ့သာ မရှိပါက သူ၏ မျက်လုံးထဲမှ မြင်နေရသောမေးစေ့နှစ်ထပ် ဖြင့် ခပ်အစ်အစ် ဖြစ်နေသော မျက်နှာပိုင်ရှင် သည်..နန်းကျန် ဖြစ်သည်ဟု ပြောလျှင်ယုံနိုင်ဖွယ်ပင် မရှိပေ။
ဘဝမကူးသော်လည်း အကျိုးပေးအတိုင်း ပြောင်းလဲ သွားသောသူမသည်..ဓာတ်ပုံထဲမှ သူမအား သေချာစွာငေးစိုက်ကြည့်ရင်း တအိအိ တလှုပ်လှုပ်ဖြင့်.. ခွန်သွေး ၏အိမ်ထဲမှထွက်ခွာ သွားလေတော့သည်။
မိန်းခလေးများက အိမ်ထောင်ကျပြီးသော အခါ ခန္ဓာကိုယ်မှာ အများအားဖြင့်ဝလာသော်လည်း… အိမ်ထောင်မကျသေးသော နန်းကျန်လောက် ဝမည် မဟုတ်ပေ။
သူမသည် ထိုင်နေလျှင် ပင် ဂစ်..အစ်.. ဟူ၍ ဝက်တစ်ကောင်ကဲ့သို့ အသံများ ထွက်နေတတ်သေးသည်။
ခွန်သွေးလဲ နန်းကျန်၏ ကျောပြင်အား ကြည့်ကာ
“ပြုသောကံ၏ အကျိုးတွေပေါ့ နန်းကျန်ရယ်”
ဟု နှုတ်မှ တီးတိုး ရွတ်ဆိုရင်း…
လေးစားလျက်
စာရေးသူ Nan Kyarnyအား😍😍