ဖုတ်ဝင်သူဖွားအိမ်မြဲ

*တစ္ဆေနိုင်ကိုရင်လေးနှင့်ဖုတ်ဝင်သူဖွားအိမ်မြဲ*📖📖📖

***********************************************

အခန်း၁။
ရွာတောင်ဖျားကနေ ဆွမ်းခံလာခဲ့တာ ရွာလယ်ရောက်တော့ ကိုရင်နန္ဒိယရဲ့ သပိတ်က ပြည့်လျံနေပြီ။
နောက်က ဗျတ်ဆိုင်းကို တလှည့်စီ ထမ်းလာကြတဲ့ ကျောင်းသား နှစ်ယောက်ဖြစ်သော ဉာဏ်ပွင့်နှင့် ဟန်စော တို့ နေ့ခင်းကျရင် ပေသီးကြေး ထွေပစ်တမ်း ကစားမည့်အကြောင်း အခုကတည်း တိုင်ပင်လာကြ၏။
ကိုရင်နန္ဒိယကတော့ ထုံးစံအတိုင်း သူ ဝင်နေကျဖြစ်သော အဖွားဒေါ်အိမ်မြဲတို့ အိမ်ရှေ့ရောက်တဲ့အခါ ဆွမ်းခံ ရပ်လိုက်၏။ ဉာဏ်ပွင့်က ကြေးစည်လေးကို ထုလိုက်ပြီး ဗျို့ဟစ်လေ၏။
” နောင် ဝေ ဝေ ”
ကြေးစည်သံနောက်က ဉာဏ်ပွင့်ရဲ့အသံက စူးခြစ်ခြစ်နဲ့ ထွက်ပေါ်လာ၏။
” ဆွမ်းတော်ဗျို့ ”
ဒီအိမ်မှာက မိသားစု ၆ယောက်ရှိ၏။ ဖွားအိမ်မြဲကတော့ ကောင်းကောင်း မကျန်းမာတာ ကြာပြီ။ လွန်ခဲ့တဲ့ ၂လလောက်ကပဲ သေမတတ် ရောဂါပြင်းခဲ့သေး၏။
ဖွားအိမ်မြဲရဲ့ သားကြီးကိုချစ်ထွန်းတို့မိသားစုက ဖွားအိမ်မြဲနှင့် အတူနေကြ၏။
လက်သမားဆရာ ကိုချစ်ထွန်းတွင် ဇနီးနှင့် သားသမီး ၃ယောက် ရှိလေ၏။ ဇနီးဖြစ်သူ မဝိုင်းက အိမ်မှုကိစ္စ အဝဝကို တာဝန်ယူရသည်။ သား ၂ယောက် သမီးတယောက် ရှိရာ အကြီးဆုံးသား ခိုင်မြဲထွန်းပင် အသက်က ၁၁နှစ် ရှိသေး၏။ အလတ်ကောင် ဇာနည်ထွန်းက ၉နှစ်၊ အငယ်ဆုံးမ ယုယုထွန်းကတော့ ၇နှစ်သာရှိသေး၏။
ဖွားအိမ်မြဲတို့ အိမ်ရဲ့ စီးပွားရေးကို ဖွားအိမ်မြဲရဲ့ သားကြီး ကိုချစ်ထွန်းကပဲ ထောက်မပေးထားရသည်။
ကိုချစ်ထွန်းက လက်သမားဆရာ။ ရွာမှာတော့ အိမ်ဆောက်မယ်၊ အိမ်ပြုပြင်မယ်ဆိုရင် ကိုချစ်ထွန်းကိုပဲ အားကိုးကြသည်။
ဒါ့အပြင် ကိုချစ်ထွန်းက အိမ်ထောင်ပရိဘောဂ ပညာလည်း ရတော့၊ အလုပ်နဲ့လက်နဲ့ ပြတ်သည်မရှိ။ တခုမဟုတ် တခုတော့ ကြံဖန် လုပ်တတ်၏။
စားပွဲဝိုင်းလေး ရိုက်လိုက်၊ ကုလားထိုင်လေး ရိုက်လိုက်နှင့် ၊ အော်ဒါရှိလျင် ဘီရို၊ ကြောင်အိမ် စတာတွေလည်း လုပ်ရသည်။
အိမ်ရွေ့၊ အိမ်မြှောက်၊ ကြမ်းခင်းလဲ ၊ တံခါးပြင် ၊ ကြီးခွေ(တံခါးဘောင်) အစားထိုး ၊ ခြံခတ် စသည့် လုပ်ငန်းတွေလည်း ကိုချစ်ထွန်းကိုသာ ခိုင်းတတ်ကြသည်။
တခြား လက်သမားဆရာတွေထက် ကိုချစ်ထွန်းက ဈေးမှန်ခြင်း၊ စေတနာပါခြင်းနှင့် အချိန်တိကျမှန်ကန်သောကြောင့် ရွာမှာတော့ ကိုချစ်လွင်က အလုပ်ရများ၏။
သို့ပေမဲ့ လူ၆ယောက်စားအိုးကြီးကို တယောက်တည်း ထမ်းနေရတာဆိုတော့ စားလောက်ရုံသာ။ ပိုသည်လျှံသည်မရှိ။ အမေဖြစ်သူ ဒေါ်အိမ်မြဲ၏ ကျန်းမာရေးစရိတ်ကလည်း ရှိသေးမဟုတ်လား။
ဘယ်လောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ရပါစေ။ ဗမာလူမျိုးဆိုတာတော့ ကိုယ့်ထမင်းအိုး၊ဟင်းအိုးထဲက စားဦးစားဖျားကို ဘုရားဆွမ်းတော်တင်ခြင်း၊ သံဃာများကို ဆွမ်းလောင်းခြင်း ဓလေ့က မပျက်ကြပေ။
ယခုလည်း အိမ်ရှေ့က ဆွမ်းတော်ဗျို့ဟစ်သံ ကြားရသည်နှင့် ၊ မဝိုင်းက သူ့သားတွေကို လှမ်းအော်တော့လေ၏။
” ခိုင်မြဲထွန်းရေ ခိုင်မြဲထွန်း ၊ ဟဲ့ အလတ်ကောင် ဇာနည်ထွန်း ဘာလုပ်နေကြလဲ ၊ အိမ်ရှေ့မှာ ဆွမ်းခံကိုယ်တော်လေး ရောက်နေပြီ ၊ ဆွမ်းလောင်းချေပါအုံးဟဲ့ ၊ ဆွမ်းဟင်းတော့ မမှီတော့ဘူးဟေ့။ အမေ မအားလို့ပါ ”
မဝိုင်းက ခိုင်မြဲထွန်းကို အော်ခေါ်ရင်း ထူးသံမကြား၍ ၊ တလက်စတည်း ဇာနည်ထွန်းကိုပါ တွဲခေါ်လိုက်သည်။
ထို့နောက် ကိုရင် နန္ဒိယကို လှမ်းအော်ပြောသည်။
” ကိုရင်ရေ … ဒီကနေ့တော့ ဆွမ်းဟင်း မမှီတော့ဘူးဘုရား။ မနေ့ညနေက ချက်ထားတဲ့ အမဲသား တပိဿာတွဲ ဘယ်ခွေး ဝင်စားသွားသလဲ မသိပါဘူး၊ တက်တက်ကို ပြောင်လို့ ၊ အိုးတောင်ဆေးစရာမလိုတော့ဘူး ”
မဝိုင်းက မကျေမနပ်နှင့် ပြောနေခြင်း ဖြစ်သည်။
မနက်ကတည်းက လျှော်ရ၊ဖွပ်ရမည့် အဝတ်တွေ ဆပ်ပြာရေနှင့်စိမ်၊ သားနှစ်ကောင်က ရေတွင်းက ရေကို စဥ့်အင်တုံနှစ်လုံးနှင့် အပြည့်ဖြည့်ပေးထား၏။ လုပ်ရမယ့်အိမ်မှုကိစ္စတွေက တန်းစီနေသည်။
ဒီကြားထဲ ညက ချက်ထား အမဲသားအိုးက ခိုးစားခံရတော့၊ ကိုချစ်ထွန်းတို့ လက်သမားတွေဆီ ထမင်းချိုင့်ပို့ဖို့အတွက် ဘဲဥလေး ခရမ်းညင်သီးနှင့် ချဥ်စပ်လေး ပြန်ချက်ပေးနေရပြန်၏။
ဇာနည်ထွန်းက ဆွမ်းထည့်ထားသော ဇလုံကို လာယူရင်း ၊
” ဖွားဖွားကြီးက နင်းပေးအုံးဆိုလို့ ၊ ခိုင်မြဲနဲ့ကျွန်တော် တလှည့်စီ နင်းပေးနေတယ် အမေ ၊ ကျွန်တော် ဆွမ်း သွားလောင်းလိုက်မယ်”
မဝိုင်းက သားဖြစ်သူကို ကြည့်၍ မသက်မသာဖြင့် သက်ပြင်းကို ချ၏။ ယောက်ခမဖြစ်သူ ဒေါ်အိမ်မြဲသည် အဲ့သလိုပင်။ အိမ်ရှိ လူကုန် မအားရအောင် တမျိုးပြီး တမျိုး မရိုးရအောင် ခေါ်ခိုင်းလေ့ရှိသည်။ မကျေနပ်သော်လည်း ခင်ပွန်းမျက်နှာဖြင့် ငြိမ်နေရလေ၏။
ဒေါ်အိမ်မြဲက ဒီနောက်ပိုင်းမှာ ဆူဆူပူပူလုပ်တတ်သလို၊ သူ့ယောက်ကျား ကိုချစ်ထွန်းကိုလည်း သူ့မကောင်းကြောင်း ပြော၍ တိုင်တတ်၏။
ချွေးမနှင့် ယောက်ခမ ကမ္ဘာဦးကတည်း မတည့်ကြဟု ဆိုသော်လည်း ၊ မဝိုင်းသည် ဒီယောက်ခမကြီးအပေါ် အမြင်စောင်းနေတတ်သူတော့ မဟုတ်ပါ။
သူ့ဝတ္တရား ရှိသ၍တော့ ယောက်ခမအပေါ် မငြိုမငြင်ဖြင့် ပြုစုပေးပါ၏။သို့သော်လည်း ယောက်ခမဖြစ်သူ ဒေါ်အိမ်မြဲက သူ့အား ဆီလို အပေါက်ရှာ အပြစ်မြင်တတ်တော့လည်း အခက်သား။
ဇာနည်ထွန်းက ဆွမ်းဇလုံကို ယူ၍ အိမ်ရှေ့ ထွက်လာခဲ့သည်။ ကိုရင်နန္ဒိယသည် ဆွမ်းလာလောင်းသော ဇာနည်ထွန်းကိုကြည့်၍ ပျော့ဖတ်ဖတ် နိုင်လှသည်ဖြစ်ရာ …
” ဇာနည် … မင်း နေမကောင်းဘူးလား ၊ မင်းကြည့်ရတာ အားနည်းနေသလိုပဲ ”
ခါတိုင်း ဇာနည်ထွန်းရော၊ ခိုင်မြဲထွန်းရော သူတို့ညီအစ်ကို၂ယောက်စလုံးက အင်မတန် သွက်လက် ဖြတ်လတ်ကြသည်ဖြစ်၏။
ယခု ဇာနည်ထွန်းကြည့်ရာတာ အားအင်ကုန်ခမ်းနေသလို ၊ နွမ်းနွမ်းဖတ်ဖတ် ရှိနေသည် ဖြစ်ရာ ၊ ကိုရင်နန္ဒိယက စပ်စုလိုက်လေ၏။
ဇာနည်ထွန်းက အပြုံးယဲ့ယဲ့ဖြင့် ၊
” မနက်က လက်မောင်းတောင့်အောင် တွင်းရေငင်ရတယ်ဘုရား ၊ ရေငင်ပြီးတော့ နားရမလား အောက်မေ့တယ်။ မနားရပါဘူး ကိုရင်ရာ ၊ တပည့်တော်တို့ ညီအစ်ကို နှစ်ယောက် ဖွားဖွားကြီး အခန်းရှေ့က ဖြတ်သွားတော့ ၊ ခေါ်အနင်းခိုင်းတယ်လေ ၊ အဲ့တာ တယောက်တလှည့်စီ နင်းပေးနေရတယ် ၊ ရေငင်ရတာ ဒီလောက် မပင်ပန်းဘူး ကိုရင်ရ။ ဖွားဖွားကြီးကို နင်းပေးပြီးရင် လူကို နွမ်းဟိုက်သွားတာပဲ ”
၉နှစ်သား ဇာနည်ထွန်းက ငြီးငြီးငြူငြူ ထိုသို့ ဆိုလေတော့ ၊ ကိုရင်နန္ဒိယက ပြုံးရင်းဖြင့် …
” သက်ကြီးရွယ်အို အဖွားကို ပြုစုရတာလည်း ကုသိုလ်ရပါတယ် ဇာနည်ရာ။ ရေငင်လို့ ပင်ပန်းနေရတဲ့ကြားက ဆက်တိုက် နင်းပေးရလို့ အားနည်းသွားတာ နေမှာပါ။
ရော့ ရော့ မင်းတို့မောင်နှမ ၃ယောက်အတွက် ၊ ကိုရင် အလှုခံလို့ရလာတဲ့ မုန့်ကြက်ဥ ၃ခု စွန့်ခဲ့မယ် ၊ ဒါလေးစားပြီး အားဖြည့်လိုက်ကြနော် ”
ထန်းလျက်ရည် ရွှဲနေသော မုန့်ကြက်ဥ ၃ခုကို ကိုရင်နန္ဒိယက သပိတ်ဖုံးပေါ် တင်ထားရာမှ ယူပြီး၊ ဇာနည်ထွန်းအား စွန့်လိုက်သည်။ ဇာနည်ထွန်းက ကလေးပီပီ ဟန်ပင်မဆောင် ၊ မုန့်များကို လက်ခံယူလိုက်၏။
ကိုရင်နန္ဒိယသည် ဇာနည်ထွန်းကို ကျော်၍ အိမ်ထဲကို လှမ်းကြည့်လိုက်သည်။
လေးတိလေးကန် ခြေလှမ်းများဖြင့် ထွက်လာသော ခိုင်မြဲထွန်းကို မြင်လိုက်ရသည့်အခါ စိတ်မကောင်းသလို ခံစားလိုက်ရလေ၏။ ခိုင်မြဲထွန်းကြည့်ရသည်က အလွန် မောဟိုက်နွမ်းနယ် လာသည့်ပုံပင်။
ခိုင်မြဲထွန်းက ကျောင်းကို လာလည်တတ်သည်။ လာလည်တိုင်း သူလည်း ကိုရင်ဝတ်ချင်ကြောင်း ကိုရင်နန္ဒိယအား ရင်ဖွင့်လေ့ရှိသူ ဖြစ်သည်။ အိမ်မှာဆို သူတို့ ညီအစ်ကိုနှစ်ယောက် ပင်ပန်းသည်ဟုဆို၏။ သို့သော် စာအံရမှာကိုတော့ ပျင်းသည်ဟု ဆိုရှာ၏။
ကိုရင်နန္ဒိယလည်း ဆွမ်းကွမ်းပြည့်စုံပြီမို့ ကျောင်းသို့ ပြန်ကြွခဲ့လေသည်။
လမ်းတွင် ကျောင်းသားနှစ်ယောက်က ခိုင်မြဲထွန်းတို့ ညီအစ်ကို အကြောင်း ပြောလာကြတာကို စိတ်ဝင်စားသဖြင့် နားစိုက် ထောင်မိခဲ့သည်။
ခိုင်မြဲထွန်းတို့ ညီအစ်ကိုနှင့် ကျောင်းသားနှစ်ယောက်မှာ ကစားဖေါ် ဖြစ်ကြသည်။
ခိုင်မြဲထွန်းနဲ့ ရွယ်တူ ကျောင်းသား ဉာဏ်ပွင့်က၊
” ခိုင်မြဲက အရင်လို မသန်တော့ဘူးကွ ၊ အရင်က ငါနဲ့ လက်ဖွေ့လုံးတမ်းကစားရင်း ဒီကောင် အမြဲနိုင်နေကျ၊ အခု ဒီကောင် အားမရှိတော့ဘူး၊ ငါ သူ့ကို အသာလေး လှဲချနိုင်တယ် ”
ဟန်စောက ထောက်ခံ၏။
” ဟုတ်တယ်နော် ကိုဉာဏ် ၊ ဒီကောင်တွေ ညီအစ်ကို အရင်ကဆို မတရား အပြေးသန် အဆော့သန် ။ အခု ဘာဖြစ်တယ် မသိဘူး၊ မှိုင်ထွေထွေ လေးတိလေးကန်နဲ့ ”
” ငါ့ကို ပြောတာတော့ သူတို့ညီအစ်ကို အဖွားဒေါ်အိမ်မြဲကို နှိပ်ပေး နင်းပေးပြီးရင် ခြေကုန်လက်ပမ်းကျကုန်သတဲ့ ။ အဖွားကလည်း တနေ့ ၂ခါလောက်ကို နင်းခိုင်းတဲ့ကွ။ ခိုင်မြဲက မနင်းပေးချင်လို့ ရှောင်နေရင် အဖွားက ဦးချစ်ထွန်းကို ပြန်တိုင်သတဲ့ ။ ဦးချစ်ထွန်းက သူ့အမေကို နင်းမပေးရကောင်းလားဆိုပြီး ညီအစ်ကို၂ယောက်စလုံးကို ရိုက်တယ်ဆိုပဲ ”
” အင်းပေါ့ ခိုင်မြဲတို့ညီအစ်ကိုခမျာ ဦးချစ်ထွန်း ရိုက်မှာ ကြောက်ပြီး၊ နင်းပေးနေရရှာတာ နေမယ် ”
ကိုရင်က မနေနိုင်သောကြောင့် ဝင်မေးလိုက်သည်။
” ဉာဏ်ပွင့် ခိုင်မြဲတို့ ညီအစ်ကို ဒီလို ဖြစ်တာ ဘယ်လောက်ကြာပြီလဲ … ”
ဉာဏ်ပွင့်က လူရည်လည်ပီပီ ၊ သူ့ ထင်မြင်ချက်ကိုပါ ပြောလေ၏။
” ဘာကြာအုံးမလဲဘုရား ၊ ၂လလောက် ရှိပြီ ထင်တယ်။ သူတို့ အဖွားကို နှိပ်ပေး နင်းပေးရာကနေများ အဖွားဒေါ်အိမ်မြဲဆီက ရောဂါ ကူးသလား မပြောတတ်ဘူး။ ဒေါ်အိမ်မြဲ ရောဂါက ပန်းနာရင်ကြပ်ဆိုပဲ ဘုရား ၊ အဲ့ဒီရောဂါက ချောင်းတဟွတ်ဟွတ်ဆိုးပြီး အမောမခံနိုင်ဘူး ပြောတယ်ဘုရား ”
ထို့နောက်တော့ ကိုရင်သည် ကျောင်းရောက်သည်အထိ ဆိတိဆိတ်ငြိမ်သွားလေ၏။
ကိုရင်နန္ဒိယဟန်ကား တစုံတခုကို နှိုက်နှိုက်ချွတ်ချွတ် စဥ်းစားလာဟန် တူလေ၏။
” အင်း … ဦးသူတော် သင်ပေးထားတဲ့ လ္ဘက်အစီအရင်နဲ့ ခိုင်မြဲကို ခေါ်ပြီး စမ်းကြည့်ရင်တော့ အဖြေမှန် သိရမှာပဲ ၊ နေ့လယ် ဆွမ်းစားပြီးချိန်ကျရင် ကျောင်းသားတယောက်ကို ရွာထဲ လွှတ်ပြီး ခိုင်မြဲကို အခေါ်ခိုင်းလေမှ ”
ကိုရင်နန္ဒိယသည် ဦးသူတော်က သင်ထားပေးသော ပယောဂစစ်နည်းဖြင့် ခိုင်မြဲထွန်းအား စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
_________
အခန်း၂။
ထိုနေ့ နေ့ခင်းဘက်၌ အရိပ်အာဝါသ ကောင်းစွာရသော ဘုန်းကြီးကျောင်းအတွင်းရှိ ကုက္ကိုပင်ကြီး အောက်က ကိုရင်ငယ်များ စာကျက်စာအံကြသော ပင်စည်ပတ်လည် ကွပ်ပြစ်ကြီးပေါ်တွင် ကိုရင်နန္ဒိယနှင့်အတူ ခိုင်မြဲထွန်းသည် စကားပြောနေ၏။
ကိုရင်က အခေါ်လွှတ်လိုက်၍ ၊ ခိုင်မြဲထွန်း ရောက်လာရခြင်း ဖြစ်သည်။
ကိုရင်နန္ဒိယသည် ခိုင်မြဲထွန်းအား ၎င်းစီရင်ထားသော လ္ဘက်တို့ကို ဝါးစေသည်။ ခိုင်မြဲထွန်းလည်း ကိုရင်နန္ဒိယ ပေးသော လ္ဘက်ကို တစိမ့်စိမ့် ဝါး၏။
ယင်းအစီအရင်လ္ဘက်သည် သာမန်ရောဂါဆိုပါက၊ လ္ဘက်အရသာ ရှိမည်။ သူတပါး ပြုစားတာ မှန်လျင် ချို၏။ စုန်းဖမ်းစားလျင် လွန်စွာ ခါးမည်။ နတ်ဖမ်းစားလျင် ဆိမ့်၏။ တောသူ ၊ တစ္ဆေ ဘုတ် ဖမ်းစားလျင် ချဥ်လေ၏။ ဂြိုလ်မာတရာ ဖမ်းစားလျင် ဖန်သည့်သဘောမှာ ရှိ၏။သေမည့်အနာမှန်လျင် အော့အန်လေ၏။ ရှေးသမားသုံး အစီအရင်လ္ဘက် ဖြစ်လေ၏။ လ္ဘက်ကြောင့် အခြားဆိုးကျိုးကို မဖြစ်စေ။
ခိုင်မြဲထွန်းက ဝါးနေရင်း ပါးစောင်ကြိမ်းဟန်ဖြင့် မျက်နှာကို ရှုံ့ပိန့်ကာ ဝါးလက်စ လ္ဘက်တို့ကို ထွေးထုတ်ပစ်လိုက်ပြီး ၊
” ကိုရင့်လ္ဘက်ကလည်း သံပုရာသီး ဝါးရသလိုပဲ ချဥ်လိုက်တာ ဘုရား၊ တော်ပြီ တပည့်တော် မစားချင်တော့ဘူး”
လ္ဘက်ခွက်ကို ကိုရင်နန္ဒိယဘက်သို့ ပြန်ထိုးပေး၏။
ကိုရင်က လ္ဘက်အနည်းငယ်ကို ယူဝါးကြည့်သည်။ လ္ဘက် အရသာ ခါးသက်သက်လေးရှိသည်မှ အပ ၊ ခိုင်မြဲထွန်း ပြောသလို နည်းနည်းမှ မချဥ်ပေ။
ကိုရင်နန္ဒိယ ပြုံးသည်။ စိတ်ထဲကလည်း ‘အင်း ဒီအကောင်တော့ သာမန် ဖျားနာတာ မဟုတ်တော့ဘူး။ ဖုတ်တစ္ဆေ တကောင်က ပြုစားတာကို ခံနေရပြီပဲ’ ဟု အတတ်သိလိုက်လေ၏။
သို့သော်လည်း ကိုရင်သည် ခိုင်မြဲထွန်းကိုယ်ပေါ်၌ မည်သည့်’အပကောင်’ကိုမျှ မြင်တွေ့ရခြင်း မရှိလေရာ ၊ သေချာအောင် ပရိယာယ်သုံး၍ စုံစမ်းလေမှဟု တွေးမိလေ၏။
” ငါကြားတာ မင်းတို့ ညီအစ်ကိုနှစ်ယောက်က အဖွားဒေါ်အိမ်မြဲကို မပြုစုပေးချင်ကြဘူးဆို ၊ အဲ့ဒါ ဟုတ်သလား ခိုင်မြဲ ”
ခိုင်မြဲထွန်းက ကိုရင့်အား မချိသွားဖြဲ ရယ်ပြပြီး ၊
” အစကတော့ အဖွားကို တပည့်တော်တို့ ညီအစ်ကိုတွေ ကောင်းကောင်းမွန်မွန် ပြုစုပေးကြပါတယ် ကိုရင်ရာ ၊
နောက်တော့ အဖွားက ခဏခဏ ခေါ် အနင်းခိုင်းတယ်။ တပည့်တော်တို့ ဆော့နေချိန်လည်း ခေါ် အနင်းခိုင်းတာပဲ ။
တခါတခါ အနင်းခိုင်းရင် အကြာကြီး နင်းပေးရတယ်။ အဖွားကို နင်းပေးပြီးရင် တပည့်တော်တို့ ညီအစ်ကို နှစ်ယောက်စလုံး မလှုပ်ချင်မသယ်ချင်တော့အောင်ကို နွမ်းဖတ်သွားကြတယ် ကိုရင်။ နေလို့ မကောင်းချင်သလိုကို ဖြစ်သွားတာ ဘုရား ။
ဒါကြောင့် အမေ့ကို ဖွင့်ပြောတော့ ၊ အမေက တပည့်တော်တို့ကို သနားပြီး နေ့လယ်နေ့ခင်းဘက်ဆို တပည့်တော်တို့ ညီအစ်ကိုကို အိမ်မှာ မနေကြနဲ့ ၊ ရှောင်နေကြ ၊ ရွာထဲ သွားကစားချေကြဆိုပြီး လွှတ်ပေးထားတယ် ”
” ဟင်! အဲ့ဒီလိုကျတော့ ကျန်ခဲ့တဲ့ မင်းတို့ ညီမလေးကို ခေါ် မခိုင်းဘူးလား ”
” မိယုကိုကျ အဖွားက ခေါ်မခိုင်းဘူး ၊ သူက ငယ်သေးတယ်လေ ၊ နောက်ပြီး မိယုကလည်း အဖွားခိုင်းရင် ဘာမှ လုပ်မပေးဘူး ၊ သူ့ဖာသာ သူ အိုးပုတ်တွေနဲ့ ကစားနေတာ”
” မိယုက ဘာလို့ အဖွားခိုင်းတာ မလုပ်ပေးတာလဲကွ ”
” အဲ့ဒါက … ဒီလိုပါ ။ တခါတုန်းက မိယု တယောက်တည်း အဖွားအခန်းထဲ ဝင်သွားဖူးတယ်။ မိယုက ငယ်ငယ်ကတည်းက ပိုးဟပ်ဆို အသေကြောက်တာ ။ သူ့အပေါ် ပိုးဟပ်များ ကျလာလို့ကတော့ တဂစ်ဂစ်နဲ့ တက်ကရောပဲ။
မိယုက အဖွားအခန်းထဲမှာ ပိုးဟပ်တွေ တွေ့သတဲ့ ။ တကောင်တည်းတောင်မဟုတ်ဘူးတဲ့။ အဖွားရဲ့ ခြုံစောင်အောက်ကနေ ထွက်လာတာ လေးငါးဆယ်ကောင်တောင်ဆိုပဲ ဘုရား ။
အဲ့ဒီကတည်းက မိယုက အဖွားအခန်းထဲကို လုံးဝ မဝင်တော့တာပါပဲဘုရား ”
ကိုရင်နန္ဒိယသည် နောက်ထပ် အချက်တချက်ကို သိလိုက်ရပြန်ပြီ။ အဖွားဒေါ်အိမ်မြဲ အိပ်ယာတွင် ပိုးဟပ်ကောင်များ တွေ့ရသည်ဆိုတော့ သူ ထင်ထားတာနဲ့ အတော်ကို နီးစပ်နေပြီဟု တွေးပူလိုက်မိသည်။
” နေပါအုံး ငါ မေးစမ်းပါအုံးမယ် ခိုင်မြဲရ ၊ မင်းတို့က အဖွား ဒေါ်အိမ်မြဲကို နင်းနှိပ်ပေးရတယ်ဆိုတော့ ၊ အဖွားဆီက လူမမာအနံ့ မနံဘူးလားကွ ”
” ဟာ ဘာပြောကောင်းမတုန်း ကိုရင်ရာ။ နံတာပေါ့ ။ နံတာမှ အတော်ကို နံတာဗျ ။ အောက်သိုးသိုးနဲ့ အပုပ်နံ့ကြီး နံတာ ။ အတော်ဆိုးတဲ့ အနံ့ကြီးပါဗျာ ”
” မင်းတို့ အမေတို့ အဖေတို့က အဖွားကို ရေဖတ် တိုက်မပေးကြဘူးလားဟ၊ ရေမချိုးရင်တောင် တနေ့ နှစ်ကြိမ်လောက်တော့ ရေဖတ် တိုက်ပေးမှာပေါ့ ”
” အံမယ်လေး ကိုရင်ရယ်၊ ရေဖတ် တိုက်ဖို့နေနေသာသာ ၊ အဖွားက ရေကို မသောက်တာဘုရား ၊ အဖွား အခန်းထဲမှာ အဖေက ဒါန်ချိုင့်တလုံးနဲ့ ရေချိုင့် တည်ပေးထားတယ်။
ရေဆာရင် အော်မတောင်းရအောင်လို့ဆိုပြီး ၊ ထားပေးထားတာ။ ဘာလို့လဲ မသိပါဘူး အဲ့ရေချိုင့်ထဲက ရေကို အဖွားက တစက်မှတောင် မသောက်ဘူး ၊ အမြဲ သွန်ပစ်တာ ၊ သွန်တာက အဖေတို့အမေတို့ မသိအောင် ခိုးသွန်တာနော် ။ တပည့်တော်က မျက်မြင်ကိုယ်တွေ့မို့ သိတာ ”
ဒါန်ချိုင့်ထဲက ရေကို အဖွားဒေါ်အိမ်မြဲ က ခေါင်းရင်း ပြတင်းပေါက်ကနေ ခိုးခိုးသွန်နေတာကို ခိုင်မြဲထွန်းတို့ မောင်နှမ ၃ယောက်စလုံးက သိနေကြသည်။ ဘာလို့လဲဆိုတော့ ခေါင်းရင်းပြတင်းပေါက် အောက်က မြေကွက်လပ်မှာ သူတို့က ဆော့ကစားနေကြမဟုတ်လား။
ကိုရင်နန္ဒိယမှာ သူ၏ သံသယကို ထပ်မံ အတည်ပြုရန်အတွက် အချက်တချက်ကို ထပ်ရပြန်ပြီ။ ဖုတ်တစ္ဆေသည် ရေကို ကြောက်၏။ အပုပ်နံ့ ဟောင်၏။ ၎င်း၏အိပ်ယာတွင် ပိုးဟပ်၊ ပိုးလောက်လန်း စသော အကောင်ငယ်များကို တွေ့ရတတ်၏။ ယခု အဖွားဒေါ်အိမ်မြဲသည် ထိုအချက်များဖြင့် လာ၍ ကိုက်ညီနေလေ၏။
” ဒါနဲ့ မနက်က ငါ ဆွမ်းခံ ကြွလာတော့ ၊ မင်းတို့ အမေ အမဲသားဟင်းတွေ ပျောက်ကုန်တယ်ဆို ၊ အဲ့ဒါ ဘယ်လို ဖြစ်တာလဲ ခိုင်မြဲရ ”
” ပြော မပြောချင်ပါဘူး ကိုရင်ရာ ၊ အဲ့ဒါလည်း အဖွားလက်ချက်နေမှာပဲ ၊ အဖွားက ရေသာ မသောက်တာ ၊ တနေ့တနေ့ သူ့ကို ထမင်းကျွေးရင် အသားဟင်း မပါလို့ မရဘူး။
အမေက အဖွားကို ဓာတ်စာလေးဆိုပြီး အသီးအနှံလေးများ တလှည့်ကျွေးလို့ရှိရင် ၊ တအိမ်လုံး ဗြောင်းဆန်ရောသာမှတ် ။
ချွေးမက ချွေးမ ပီသတယ်၊ ယောက်ခမအပေါ် မသဒ္ဓါဘူး ၊ အသားဟင်းငါးဟင်းတော့ သူတို့ဖာသာ ဖွက်စားတယ် ၊ ငါ့ကိုတော့ အသီးအရွက်နဲ့ ကျွေးတယ် ၊ ငါ့ကို အငတ်ထားချင်ကြတာလား၊ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဆူပူပါလေရော ။
အဖေ ပြန်လာရင်လည်း ကတုံးကတိုက်နဲ့ အမေနဲ့အဖေ့ကို ရန်တိုက်ပေးတယ်လေ။ သူ့ကို ထမင်း မှန်မှန် မကျွေးပါဘူး ၊ အငတ်ထားပါတယ်လို့ ရန်တိုက်ပေးတာ ။ အဖေက ဘာသိမှာလဲ ၊ သူ့အမေကို အဲ့သလို လုပ်ရကောင်းလားဆိုပြီး အမေ့ကို ရိုက်တာပေါ့။
ဒါကြောင့် အမေက သူ မစားရရင် နေပလေ့စေ။ အဖွားကို အသားငါး ဟင်းတခုခုပါအောင် ချက်ကျွေးရတယ်။ အဲ့သလိုမှ အဖွားက ကျေနပ်တာကိုး ”
” နေပါအုံး ခိုင်မြဲရ။ မင်း ခုဏက ပြောတဲ့အထဲမှာ ဟင်းပျောက်တာ အဖွားလက်ချက်ပဲ နေမှာဆိုတော့၊ မင်းက အဖွား ဟင်းခိုးစားတာ မြင်ဖူးလို့လား ”
” မြင်ဖူးတာပေါ့ ကိုရင်ရာ ၊ အဲ့ဒီတုန်းကဆို တပည့်တော် ကြောက်လွန်းလို့ အော်လည်း မအော်ရဲ ၊ အသာလေး တိတ်တိတ် အိပ်ယာထဲ ဝင်ပြီး၊ စောင် ခေါင်းမြီးခြုံ အိပ်ရတယ်။ အဖွား က မီးဖိုချောင်ထဲက အသားဟင်းတွေကို အငမ်းမရနဲ့ စားနေတာများ၊ လူလို့တောင် မထင်ရဘူး။ ကြောက်စရာကြီး ကိုရင်ရ။ တပည့်တော်ထက် ပိုဆိုးတာက ၊ အလတ်ကောင် ဇာနည်ထွန်း ။ သူလည်း အဖွား စားတာကို မြင်ဖူးတယ် ။သူဆို ဖျားတောင် ယူတယ် ”
” ဟေ ၊ ဇာနည်ထွန်းက ဘယ်လို မြင်ရလို့လဲ ”
ခိုင်မြဲထွန်းက ခုပြော ခုပင် မြင်တွေ့ရသလို ကြောက်ရွံစွာ ပြန်ပြောင်း ပြောပြလေ၏။
” အဲ့ဒီနေ့ ညနေက အဖွားအတွက် ဝက်ကလီစာဟင်း ချက်ကျွေးတယ်။ အစိပ်သားပဲ ချက်တာဆိုတော့ တမိသားစုလုံး ညနေစာ စားအပြီးမှာ၊ ဟင်းရော ထမင်းက ကုန်သွားတယ်။ အိုးတွေ ပန်းကန်တွေ တပည့်တော်က အကုန်ဆေးပြီး ပန်းကန်စင်မှာ မှောက်ထားလိုက်တာပေါ့ ။
အဲ့ဒီညမှာ … ”
________
အခန်း၃။
” ဝုတ် ဝုတ် ဝုတ် ”
ခိုင်မြဲထွန်း မွေးထားတဲ့ ရန်လုံဆိုသော ခွေးက ဘာကို မြင်သည်မသိ။ တဝုတ်ဝုတ်နဲ့ ဟောင်နေသည်။
ဦးချစ်ထွန်းက တနေ့လယ်လုံး ပင်ပန်းသည်မို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ မဝိုင်းလည်း ဘာထူးလဲ။ တနေကုန်အောင် အိမ်မှုကိစ္စ အဝဝကို မရပ်မနား လုပ်ရသည်မို့ ပင်ပန်း၍ အိပ်ပျော်နေလေပြီ။
” ဟ … အစ်ကို ခိုင်မြဲ ၊ မင်းခွေးရန်လုံကလည်း ဟောင်တာကွာ ၊ သွားပြီး ဟန့်ချေစမ်းပါအုံး၊ တော်နေကြာ အဖေ နိုးလာရင် ရန်လုံ ပိတ်အရိုက်ခံနေရအုံးမယ် ”
လက်သံပြောင်သည့် အဖေ့အကြောင်း သိနေ၍ ဇာနည်ထွန်းက ဤသို့ ဆိုလိုက်ခြင်း ဖြစ်သည်။
အဖွား အခန်းနှင့် ကပ်လျက်က ကြမ်းပြင်ပေါ်မှာ အိပ်ကြတဲ့ ညီအစ်ကို၂ယောက်ဟာ ခွေးဟောင်သံကြောင့် အိပ်ပျော်ရာမှ နိုးလာကြခြင်း ဖြစ်သည်။
ဇာနည်ထွန်းက အိပ်စုံမှုန်ဝါးနဲ့ သူ့အစ်ကိုကို ခွေးကြည့်ခိုင်းနေသည်။ ခိုင်မြဲထွန်းက မကြားယောင်ပြု၍ အိပ်မြဲ အိပ်နေ၏။
အချိန်မှာ ည၁၁နာရီ ကျော်ပြီ ဖြစ်သည်။ အစ်ကိုဖြစ်သူကို နိုးမရတော့ ဇာနည်ထွန်းပဲ ထလိုက်၏။ အပြင်မှာက လသာနေ၏။ ဇာနည်ထွန်းသည် အိမ်အပြင်သို့ ထွက်၍ ရန်လုံ ဟောင်နေသော နေရာသို့ သွားသည်။
တခါတလေ ခွေးတွေက မြွေတွေ့လျင်လည်း ဤသို့ဟောင်တတ်သည်။ ထို့ကြောင့် ဇာနည်ထွန်းသည် တွေ့ရာ တုတ်ချောင်း တချောင်းကို လက်ထဲ အသင့်ကိုင်သွားလိုက်လေ၏။
ရန်လုံ ဟောင်နေသည့် နေရာက အဖွားအခန်း ခေါင်းရင်းတံခါး တည့်တည့်အောက်က သနပ်ခါးပန်းရုံအနီး ဖြစ်သည်။ သနပ်ခါးပန်းပင်က အဖွား ကျန်းမာစဥ်က စိုက်ထားခဲ့ခြင်း ဖြစ်သည်။
အဖွားက သနပ်ခါးပန်းရနံ့ကို နှစ်ခြိုက်လေ၏။ မြေဩဇာ ကောင်းမွန်ပြီး၊ ရေအမြဲလောင်းပေးသဖြင့် သနပ်ခါးပန်းပင်သည် လူ့တရပ်မက ရှိချေပီ။
” ဝုတ် ဝုတ် ဝုတ် ”
” ခွီး ဂစ် ညောင် ”
သနပ်ခါးပန်းရုံသည် အနည်းငယ် လှုပ်ခတ်သွားပြီး၊ ရန်လုံ၏ ဟောင်သံအပြင်၊ ကြောင်တကောင်၏ အသံကိုပါ ကြားလိုက်ရ၏။
ကြောင်၏အသံက နာနာကျင်ကျင် အော်ဟစ်လိုက်သံဖြစ်သည်။ဇာနည်ထွန်း စိတ်ထဲ ရန်လုံက ဝင်ဆွဲသည်ဟု အောက်မေ့ကာ ခပ်သွက်သွက်လေး သနပ်ခါးပန်းပင်၏ တဖက်ကို တုတ်ဆွဲ ဝင်လိုက်၏။
ရန်လုံသည် ဇာနည်ထွန်း အနီး ပြေးကပ်လာပြီး အကာအကွယ် ပေးသလိုဖြင့် ထိပ်မှ ပိတ်ဆီး ရပ်နေပြန်သည်။ အရိပ်မည်းတခုသည် ဇာနည်ထွန်း မရောက်မီလေးတင် လှစ်ခနဲ အိမ်၏ အနောက်ဘက်ထဲသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။
” ဟင်! အဲ့တာ ဘာကြီးလဲ ”
လျင်မြန်လွန်း၍ လူရော ဟုတ်ရဲ့လားဟု ဇာနည်ထွန်း စိတ်ဝယ် သံသယ ဝင်သွားလေ၏။
ထိုအရိပ်သည် မီးဖိုချောင်အနီး ပျောက်ကွယ်သွား၏။ဇာနည်ထွန်းသည် ထိုအချိန်က ကြောက်ရကောင်းမှန်း မသိသေး။ ကလေးပီပီ စပ်စုလိုစိတ်ဖြင့် မီးဖိုချောင်သို့ သွားချောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဇာနည်ထွန်း မီးဖိုချောင်တံခါးကို မဖွင့် ။ တံခါးကိုသာ အသာလှပ်၍ ချောင်းကြည့်လိုက်မိသည်။
” အု … ”
မြင်ကွင်းကို မြင်လိုက်ရပြီး၊ ကြောက်လန့်တကြား အားဟု အော်ရန်ပြုပြီးမှ ၊ သတိတရဖြင့် ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည့်အခါ အားဟု အသံမထွက်တော့ဘဲ၊ အုခနဲ ဟုသာ ခပ်အုပ်အုပ် အသံထွက်သွားလေ၏။
ဇာနည်ထွန်း မြင်ရသည်က အဖွားဒေါ်အိမ်မြဲသည် ဆောင့်ကြောင့်ကြီး ငုတ်တုတ်ထိုင်လျက် ၊ ကြောင်တကောင်၏ ဝမ်းဗိုက်ကို အရှင်လတ်လတ် ဖေါက်ထုတ်ကာ စားသုံးနေခြင်း ဖြစ်သည်။
အဖွားဒေါ်အိမ်မြဲသည် အဖြူတဝက်အနက်တဝက် ရောယှက်နေသော ဆံစများကို ဖါးလျားချထား၏။
မျက်လုံးများက အနက်ရောင်ဟုဆိုငြားလည်း မီးဖိုချောင် အမှောင်ထုထဲတွင် အရောင်တမျိုးတောက်ပနေသည်။
ကြောင်၏ ဝမ်းတွင်းကလီစာများကို မြိန်ယှက်စွာ စားနေသည်မှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလေ၏။
ပါးစောင်နှစ်ဖက်စလုံးတွင် ကြောင်အမွှေးများနှင့်ကြောင်သွေးများက စီးကျ ပေကျံနေ၏။ အဖွား ဒေါ်အိမ်မြဲကို ဇာနည်ထွန်းသည် လူတယောက်ဟု မြင်လို့မရတော့ပေ။ နာနာဘာဝ သရဲ တစ္ဆေ တကောင်ဟုသာ မြင်မိနေတော့သည်။
ကြောက်လွန်း၍ ကိုယ်က တဆတ်ဆတ် တုန်နေ၏။ ကြာရင် ဒေါ်အိမ်မြဲက ရိပ်စားမိတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ဇာနည်ထွန်း၏အနောက်ကနေ ၊ လက်တဖက်ဖြင့် သိုင်းဖက်တာကို ခံလိုက်ရသလို၊ ပါးစပ်ကိုလည်း
ကျန်လက်တဖက်က လာပိတ်လိုက်၏။
ဇာနည် လှည့်ကြည့်လိုက်တော့ သူ့အစ်ကို ခိုင်မြဲ ဖြစ်နေသည်။ ခိုင်မြဲက ရှုး တိုးတိုးဟု လုပ်ပြကာ၊ ဇာနည်၏ လက်ကိုဆွဲ၍ ထိုနေရာမှ အသာ ထွက်လာခဲ့လေ၏။
ညီအစ်ကိုနှစ်ယောက် အိပ်ယာထဲ ပြေးဝင်ကာ တယောက်ကို တယောက် ဖက်၍ စောင်ကို ခြေဆုံးခေါင်းဆုံး ခြုံထားလိုက်ကြသည်။
မကြာခင် သူတို့ ကြမ်းပြင်ပေါ် နင်းလျှောက်သည့် ခြေသံကို ကြားလိုက်သည်။ ဇာနည်က အငယ်ပီပီ ကြောက်လွန်း၍ ဟင့်ခနဲ အသံထွက်၍ တချက်မျှ ရှိုက်လိုက်မိသည်။
သူတို့ညီအစ်ကို ကြားနေရသော ခြေသံသည် အဖွားအခန်းလောက်ဆီမှ ရပ်တန့်သွား၏။ တခဏ အကြာ၌ ထိုခြေသံသည် သူတို့ ညီအစ်ကို ရှိရာ ခြင်ထောင်အနီးသို့တိုင် လျှောက်လာပြန်၏။
ခြေသံသည် သူတို့ ခြင်ထောင်အနီး ရပ်တန့်သွား၏။ ဇာနည်မှာ ပါးစပ်ကို သူ့လက်နှင့်သူ အတင်းပိတ်ထားကာ မျက်စိကို စုံမှိတ်ထား၏။
ခိုင်မြဲမှာ စောင်ပုံအတွင်းမှ ချွေးဒီးဒီး ကျလျက် ကြောက်ရွံနေမိသည်။ သို့သော် သူတို့ညီအစ်ကိုသည် အသံ လုံးဝ မထွက်ရဲကြချေ။
အပြင်ဘက်မှ အပုပ်နံ့ကြီးသည် သူတို့ စောင်ခြုံအတွင်းသို့တိုင် နံဟောင်လာ၏။ ညီအစ်ကို ၂ယောက်စလုံး ပါးစပ်ရောနှာခေါင်းပါ လက်ဖြင့် ပိတ်ထားရသည်။
အသက်ရှုသံ ပြင်းပြင်းကြီးသည် သူတို့အနီး မိနစ်ခန့်ကြာအောင် တရှုးရှုး မှုတ်ထုတ်လိုက် ရှုသွင်းလိုက် လုပ်နေ၏။ သို့သော် ဘာမျှ မကြာလိုက် ထိုအသက်ရှုသံကြီးသည် သူတို့အနီးက ထထွက်သွားသော ခြေသံနှင့်အတူ ပျောက်သွားသည်။
ထိုအခါမှ ခိုင်မြဲတို့ ညီအစ်ကို သက်ပြင်းကို ချနိုင်တော့သည်။ ထိုညက မိုးလင်းသည့်တိုင် သူတို့ ညီအစ်ကို ကောင်းစွာ အိပ်မပျော်တော့ချေ။ ဘယ်အချိန် သူတို့အိပ်ယာကို ပြန်လာမလဲဟု ရင်တထိတ်ထိတ်နှင့် ရှိနေကြတော့သည်။
မိုးလင်းတော့ အလတ်ကောင် ဇာနည်ထွန်းက သူ့အစ်ကို လက်ဆွဲ၍ မီးဖိုချောင်ကို မယောင်မလည် သွားကြည့်သည်။
မီးဖိုချောင် မြေပြင်ပေါ်မှာ ကြောင်တကောင်၏ အမွှေးအချို့ကို တွေ့ရသည်။ သို့သော သွေးစသွေးနတို့ကိုမမူ မမြင်ရချေ။
လင်းအာရုဏ်တက်တော့ သူတို့၏ အနောက်ဖက် အိမ်နီးချင်း ဖြစ်သူ ဒေါ်တုတ်ကြီး၏ အလန့်တကြား အော်သံကို ကြားရလေသည်။
” အံမယ်လေး ငါ့ကြောင်မလေးကိုမှ လုပ်ရက်လေခြင်း၊ ရက်စက်လိုက်ကြတာ …”
ဒေါ်တုတ်ကြီးအိမ်က ကြောင်မလေး မိနိုသည် ဗိုက်ဟောင်းလောင်းပွင့်လျက် သေနေပါတော့သည်။
__________
အခန်း၄။
ကိုရင်နန္ဒိယသည် ဖွားအိမ်မြဲကိုယ်၌ ဖုတ်တစ္ဆေ ဝင်ရောက် ခိုအောင်းနေကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။
ထိုဖုတ်တစ္ဆေသည် နေ့ဘက်၌ အိပ်ယာထဲ တနေကုန်အောင် ခွေခေါက်လှဲလျောင်းနေတတ်ပြီး ၊ လူတို့ကျွေးသော အစာကို စားလေ၏။ ထိုသို့ စားရာမှာလည်း အညှီအဟောက်ဖြစ်သော အသားငါး မပါလျင် မစား။ ကျွေးသောသူကို ရန်လုပ်လေ့ရှိ၏။
ခိုင်မြဲထွန်းနှင့်ဇာနည်ထွန်းတို့ကို မကြာခဏ ခေါ်ယူ၍ အနင်းခိုင်းသည်မှာ ၊ ကလေးနှစ်ယောက်၏ အသွေားအသားကို စုပ်ယူဝါးမြိုလိုသောကြောင့် ဖြစ်သည်။
ဖုတ်တစ္ဆေသည် ၎င်းပူးကပ်နေသောခန္ဓာကိုယ်နှင့် ကြာရှည်ထိတွေ့ပါက ၊ ထိုထိတွေ့သူ၏ အသွေးအသားကိုဟစုပ်မြို ယူနိုင်စွမ်းရှိသည်။
ထိုသို့ စုပ်ယူသောကြောင့် နင်းပေးသောသူတို့မှာ အားအင်ကုန်ခမ်းလွယ်လေ၏။နွမ်းနွမ်းဖတ်ဖတ်နှင့် ခန္ဓာကိုယ်က မလှုပ်ချင်၊မသယ်ချင်သလို ခံစားရသည်။
ယခု ခိုင်မြဲထွန်းတို့ ညီအစ်ကို ၂ယောက် အားအင်ကုန်ခမ်းကြရသည့် အကြောင်းရင်း တရားခံမှာ ဖုတ်ပြိတ္တာ ဝင်ရောက်နေသော ဒေါ်အိမ်မြဲကို နင်းနှိပ်ပေးရသောကြောင့် ဖြစ်သည်။
ဒီထက်မက ဖုတ်ပြိတ္တာအား အိမ်အတွင်းမှာ လက်ခံထားပါက ၊ ကလေးနှစ်ယောက်၏ ကံကြမ္မာမှာ စဥ်းစားလို့ ရနိုင်ဖွယ်မရှိချေ။ အသက်ကိုပင် ဆုံးရှုံးနိုင်လေ၏။
ထို့ကြောင့် ကိုရင်နန္ဒိယသည် ဖုတ်ပြိတ္တာအား နှိမ်နှင်းရန် ဆုံးဖြတ်လိုက်လေသည်။
ဖုတ်ပြိတ္တာ ထွက်သွားပါက ဖွားအိမ်မြဲသည် အသက်ဆက်ရှိတော့မည်မဟုတ်။ အမှန်တော့ ဖွားအိမ်မြဲသည် လွန်ခဲ့ ၂လခန့်ကပင် အသက် မရှိတော့ချေ။ သေခါနီး အသက်ငင်နေချိန်၌ ဖွားအိမ်မြဲကိုယ်ထဲကို ဖုတ်ဝင်နေခြင်း ဖြစ်သည်။
ရှင်းအောင် ဆိုရလျင် ၊ ဖွားအိမ်မြဲသည် လွန်ခဲ့သော ၂လခန့် ကွယ်လွန်သွားပြီ ဖြစ်ပြီး ၊ ယခုရှိနေသော ဖွားအိမ်မြဲသည် ဖုတ်ပြိတ္တာတကောင်က အစားဝင် လှုပ်ရှားနေခြင်း ဖြစ်လေ၏။ ယခု သက်ဝင်လှုပ်ရှားနေသူသည် ဖွားအိမ်မြဲ မဟုတ်တော့ချေ။
ကိုရင်နန္ဒိယသည် နောက်တနေ့ ဆွမ်းခံပြီးချိန်၌ ၊ ခိုင်မြဲအား အမေဖြစ်သူ ဒေါ်ဝိုင်းနဲ့အတူ သူ့ကျောင်းသို့ ခဏ လာခဲ့ဖို့ မှာလိုက်သည်။
ဒေါ်ဝိုင်းမှာ ကိုရင်နန္ဒိယအကြောင်းကို သိထားသူ ဖြစ်သောကြောင့် အားကိုးတကြီးဖြင့် ကျောင်းသို့ လိုက်လာ၏။
” ဒကာမကြီးဒေါ်ဝိုင်း … ကျုပ် ဘွင်းဘွင်းပဲ ပြောတော့မယ်။ ခင်များ ယောက်ခမကြီး ဖွားအိမ်မြဲကိုယ်မှာ ဖုတ်တစ္ဆေ တကောင် ဝင်ရောက် ပူးကပ် စားသောက်နေထိုင် နေတယ် ။
ကြာလာရင် ခင်များရဲ့ သားသမီးတွေကို ဥပါဒ် ပေးလာနိုင်တယ် ။ အိုဗျာ ကုန်ကုန် ပြောမယ် ၊ ဖုတ်တစ္ဆေက ခင်များတို့ တအိမ်လုံးကို မကျန်းမမာဖြစ်အောင် အရင်လုပ်မယ် ။ ပြီးရင် အသက်ကိုပါ အန္တရာယ် ဆက်ပေးလာလိမ့်မယ် ဒကာမကြီး ”
ဒေါ်ဝိုင်းက …
” ဘုရား ဘုရား တပည့်တော်မ ထင်တော့ အထင်သား။ ယောက်ခမဆိုတော့ တပည့်တော်မက ပြောရင် ၊ ဝန်တိုလို့ ငြူစူလို့ပြောတယ် ဖြစ်အုံးမယ်။
ဒါကြောင့် ပြောချင်ရက်နဲ့ ယောက်ကျားကို ဖွင့် မပြောရဲခဲ့ဘူးဘုရား ၊ ယောက်ကျားကလည်း သူ့အမေကို ထိရင် နည်းနည်းမှ မခံတော့ တပည့်တော်မတို့တော့ ဒုက္ခပဲဘုရား။
ကိုရင် ကယ်နိုင်မယ်ဆိုရင် ကယ်ပါအုံး ။ တပည့်တော်တို့မှာ အားကိုးစရာ မရှိပါဘူး ဘုရား ”
” ကောင်းပြီ ဒကာမကြီး၊ ကျုပ် စွမ်းသလောက် ကူညီပါ့မယ် ။ ခက်တာက ဒကာကြီး ဦးချစ်ထွန်းက သူ့အမေ ဖုတ်ဝင်တယ် ပြောရင် ယုံမှာ မဟုတ်ဘူး ။
အဲ့ဒီတော့ အရင်ဦးဆုံး ဒကာမကြီးခင်ပွန်း ဦးချစ်ထွန်း ကိုယ်တိုင် ၊ သူ့အမေ ဒေါ်အိမ်မြဲမှာ ဖုတ်တစ္ဆေ ပူးကပ်နေတယ်ဆိုတာ သိသာ ထင်ရှားလေအောင် အရင်လုပ်လေမှ ဖြစ်မယ်။
ကျုပ် ဒကာမကြီးကို ကျုပ်ဆရာ ဦးသူတော်ကိုယ်တိုင် စီရင်ပေးထားတဲ့ စက်ဖယောင်းတိုင် ၃တိုင် ပေးလိုက်မယ်။ အဲ့ဒီ ဖယောင်းတိုင်ကို ခင်များ ယောက်ကျား ညနေစာ ထမင်းစားချိန်မှာ ထမင်းစားပွဲပေါ် တတိုင်ထွန်း ။ ထူးခြား မခြား ကြည့် ။
ပြီးရင် ညကိုးနာရီမှာ တတိုင် ထွန်း၊ ဘယ်နေရာမှာ ထွန်းရမလဲဆိုတော့ … ဖွားအိမ်မြဲ အိပ်ယာနဲ့ အနီးဆုံးမှာ သွားထွန်း ။ ဖုတ်တစ္ဆေကို ခင်များ ယောက်ကျား အထင်အရှား မြင်ရလိမ့်မယ်။
တတိုင်ကိုတော့ ချန်ထား။ လိုအပ်မှ ဆက်ထွန်းပေါ့။ ဒီစက်ဖယောင်းတိုင်ရဲ့ အစွမ်းက အစားပင်းမှန်သမျှ ပြေစေတယ်။ ပယောဂမှန်သမျှ ထင်ရှားစေတယ် ဒကာမကြီး ”
ပြီးလျင် ကိုရင်နန္ဒိယက အသင့် ယူထားသော အသံဖမ်းကက်စက်ကလေးကို ပေး၏။
” ရော့ ဟောဒီ အသံဖမ်း တိတ်ခွေ ကက်စက်ကလေး ယူသွားအုံး ၊ ဒီထဲမှာ ကျောင်းထိုင်ဆရာတော်ကြီး ကိုယ်တိုင် ရွတ်ဖတ် သရဇ္ဇျယ်ထားတဲ့ မေတ္တသုတ်ကို အသံဖမ်းထားတယ် ။
ခင်များ ယောက်ကျားက သူ့အမေ ကိုယ်ထဲက ဖုတ်တစ္ဆေကို တွေ့ပြီဆိုရင် ၊ အဲ့ဒီ မေတ္တသုတ်ကိုသာ ဖွင့်ထားလိုက် ။ ထူးခြားလာလိမ့်မယ် ”
ကိုရင်နန္ဒိယသည် ဒေါ်ဝိုင်းအား တခြား မှာသင့်သည်တို့ကို အသေအချာ မှာလိုက်လေ၏။
ဒေါ်ဝိုင်းလည်း ကိုရင်မှာသမျှကို သေသေချာချာ လိုက်နာမှတ်သားခဲ့လေ၏။
__________
အခန်း၅။
ညနေစောင်းချိန် ၊ နေဝင်ရီတရော် အခါ၌ ဦးချစ်ထွန်းတို့ သားအဖတတွေ ထမင်းလက်ဆုံ စားကြသည်။
ထမင်းစားပွဲ အလယ်၌ ဖယောင်းတိုင် တိုင် ထွန်းညီ ထားသည်။
” ဟ … မဝိုင်း ၊ ဒီကနေ့မှ မင်းဟာက ထူးထူးဆန်းဆန်း ဖယောင်းတိုင် ထွန်းလို့ပါလားဟ ၊ ဘက်ထရီ မီးနှင့်တင် လင်းပါတယ်ကွာ ၊ ဘာလို့ အပိုကုန် ရှာနေရသေးလဲ ”
ဦးချစ်ထွန်းက ပြောပြောဆိုဆိုနဲ့ ဖယောင်းတိုင်မီးကို ငြိမ်းသတ်ရန် လက်လှမ်းလိုက်သည်။ သို့သော် ဒေါ်ဝိုင်းက …
” မငြိမ်းနဲ့ ကိုချစ်ထွန်း ၊ အဲ့ဒါ ကျွန်မ တမင် ထွန်းထားတာ၊
ရွာဦးကျောင်းက ကိုရင်လေး နန္ဒိယက ပေးလိုက်တာတော့၊ အန္တရာယ်ကင်း စက်ဖယောင်းတိုင်လို့ ပြောတယ် ”
ဦးချစ်ထွန်း လက်က ပြန်ရုတ်သွားသည်။ဖယောင်းတိုင်မီးကို မငြိမ်းသတ်ဖြစ်တော့ပဲ ၊ထမင်းကို ဆက်၍ စားသည်။
ထူးခြားသည်မှာ ခါတိုင်းဆိုလျင် ဦးချစ်ထွန်းသည် ထမင်းတလုပ် ဝါးလျင် ဟင်းချိုတဇွန်း သောက်လေ့ရှိပြီး၊ ယနေ့တော့ ဟင်းချိုပန်းကန်ကို လုံးဝ လက်မလှမ်းချေ။
ဦးချစ်ထွန်း မျက်လုံးထဲတွင် ဟင်းချိုပန်းကန် ပျောက်နေသည်လား မပြောတတ်။
ဦးချစ်ထွန်းတင်လားဆိုတော့ မဟုတ်ချေ။ တခြား ကလေးများကလည်း ထိုဟင်းချိုပန်းကန်ကို လုံးဝ မထိကြချေ။
မဝိုင်းသည် ဒါကို သတိထားမိလေ၏။ ကိုရင် ပြောသလို ထမင်းဝိုင်းမှာပင် ထူးခြားမှုက ပြသနေ၏။
စက်ဖယောင်တိုင် အစွမ်းကြောင့် ခပ်ဆေး ခပ်ထားသော ဟင်းချိုရည်သည် ချဥ်စုပ်စုပ် အနံ့ထွက်နေခြင်း ဖြစ်ပြီး ၊ အမြင်အာရုံမှာလည်း ဟင်းချိုပန်းကန်သည် မည်းသည်းနေသောကြောင့် မသောက်ကြခြင်း ဖြစ်သည်။
ဖွားအိမ်မြဲသည် သူ့သားက ဟင်းချို သောက်လေ့ သောက်ထရှိတာ သိနေသောကြောင့် ၊ အမြဲတန်း ဟင်းချိုရည်ထဲကို လူလစ်သည့်အခါတိုင်း ခပ်ဆေးအပင်းထည့်ခဲ့ခြင်း ဖြစ်သည်။
ခပ်ဆေး၏ အစွမ်းမှာ ညဘက် လုံးဝ မနိုးဘဲ အိပ်ပျော်တတ်ခြင်း ဖြစ်၏။
ထို့ကြောင့်သာ ဒေါ်အိမ်မြဲ ကိုယ်ထဲက ဖုတ်တစ္ဆေသည် ညဘက်၌ အိမ်ရှင်များ မသိရလေအောင် ဟင်းခိုးစားနိုင်ခြင်း ဖြစ်လေ၏။
ထမင်းစားသောက်ပြီး၊ ဦးချစ်ထွန်းသည် ခါတိုင်းလိုပဲ သူ၏ အမေရှိရာ အခန်းသို့ စကားစမြည် ပြောရန် သွားသည်။
ဒေါ်ဝိုင်းသည် စားသောက်ပြီး ပန်းကန်များကို ဆေးကြော သိမ်းဆည်းနေခဲ့၏။
ကလေး ၃ယောက်က ခြံရှေ့ လမ်းပေါ်ထွက်၍ တခြားကလေးများနှင့် ကစားနေကြသည်။
ဦးချစ်ထွန်းသည် အခန်းထဲ ဝင်သွားသည်အခါ ၊ သူ့နှာခေါင်းထဲ အပုပ်နံ့တခုကို စရလေ၏။ သူ့စိတ်ထဲ အမေ ရေမချိုးတာ ကြာပြီဟု သတိရသွား၏။
” အမေ ဒီကနေ့ နေလို့ထိုင်လို့ ကောင်းရဲ့လား ”
ဒေါ်အိမ်မြဲသည် သားဖြစ်သူ ဦးချစ်ထွန်းကို ကျောပေး၍ ကိုယ်တပိုင်း စောင်ခြုံကာ လှဲနေခြင်း ဖြစ်သည်။
ဒေါ်အိမ်မြဲသည် လှည့်မကြည့်ပဲ … ‘ အေး’ ဟု သံပြတ်ဆိုလေ၏။ ဦးချစ်ထွန်းက ၊
” အမေ ရေမချိုးတာ ကြာပြီနော် ၊ အိပ်ယာထဲကြည့် လှဲနေတော့ ကြာရင် အမေ ယားနာတွေ ဘာတွေ ပေါက်လိမ့်မယ် ၊ ဒီဥပုသ်ကျရင် ကျွအမေ့ကို ကျွန်တော် ခေါင်းလျှော် ၊ ရေချိုးပေးမယ်နော် ”
ထိုအခါ ဒေါ်အိမ်မြဲသည် အလန့်တကြားဖြင့် …
” ဟဲ့ ငထွန်း ၊ ငါ့ဖာသာ ရေမချိုးတာ ဘာမှ မဖြစ်ဘူး ၊ မင်း အပိုတွေ လာမလုပ်စမ်းပါနဲ့။
ဒီမှာဟေ့ ရေမချိုးလို့ သေတဲ့ မသာ မရှိဘူး ။ ရေချိုးမှားပြီးတော့သာ သေကြတာ ။
ငါ ရေချိုးချိန်ရောက်ရင် ငါ့ဖာသာ ချိုးမယ် ။ မင်းနှယ်ကွယ် ပူစရာမရှိ ၊ ရှာကြံ လာပူနေတယ် ”
ဖုတ်ဝင်သူတို့၏ ဓလေ့မှာ ရေကို အလွန်ကြောက်ကြ၏။
ရေလည်း မသောက်၊ ရေလည်းမချိုးပဲ နေကြသည်။
ဦးချစ်ထွန်းမှာ မအေချစ်သားဆိုတော့ ဒေါ်အိမ်မြဲက အသံမာလိုက်တာနဲ့ ရေချိုးဖို့ကိစ္စကို နောက်တခေါက် ထပ်မပြောဝန့်တော့ပါဘူး ။
တခြား အကြောင်းအရာတို့ကိုသာ ရှာကြံ ပြောရရှာ၏။ သို့သော်လည်း ထုံးစံအတိုင်း သူကသာ အမေ ပျင်းနေမလားဆိုပြီး လာစကားပြောရသည်။ အမေဖြစ်သူ ဒေါ်အိမ်မြဲကတော့ အင်းတလုံး အေးတလုံးနဲ့ ပြီးနေ၏။
ဦးချစ်ထွန်းက စကားမရှိ စကားရှာပြီး ၊ ဒေါ်အိမ်မြဲ ကျန်းမာစဥ်က ဘုရားရှိခိုး၊ အမျှဝေသံကို သတိတရဖြင့် ၊
” အမေ … ခါတိုင်းဆို အမေ့ ဘုရားရှိခိုးသံလေးက သိပ်ကြည်နူးဖို့ ကောင်းတာပဲနော် ၊ အမေ ဝတ်တက်တဲ့အသံ မကြားရတာ နှစ်လလောက် ရှိပြီ မှတ်တယ် ”
ဒေါ်အိမ်မြဲ ကိုယ်ထဲရှိ ဖုတ်တစ္ဆေက အလွန်လည်၏။
” အေးကွယ် ၊ အမေက မကျန်းမာတော့ ဘုရားတောင် ဖြောင့်အောင် မရှိခိုးနိုင်တော့ပါဘူး။ ကျန်းမာရေးကောင်းတော့ ပြန်ရှိခိုးတာပေါ့ ”
ဦးချစ်ထွန်း စိတ်ထဲ သံသယ မဖြစ်မိပါ။ အဘယ်ကြောင့်ဆ်ုသော အမေသည် မကြာခဏ ချောင်းတဟွတ်ဟွတ် ဆိုးလေ့ ရှိသည်မဟုတ်လား။ အဲ့ဒီတော့ ဘယ်မှာ လာပြီး ဘုရားရှိခိုး နိုင်ပါ့မလဲပေါ့။
ထိုအချိန် ဒေါ်ဝိုင်းသည် ဒေါ်အိမ်မြဲ အခန်းထဲ ဝင်လာပြီး၊
” အမေ … အမေ့အတွက် ကြက်စွပ်ပြုတ်လေး လုပ်ထားတယ် ။ ပူပူလေး သောက်ရအောင်နော် ”
ဦးချစ်ထွန်းက ဒေါ်ဝိုင်းဆီမှ ကြက်သားစွပ်ပြုတ်ပန်းကန်ကို လှမ်းယူ၍ …
” ပေး ပေး မဝိုင်း။ ငါ အမေ့ကို တခါတည်း တိုက်လိုက်မယ် ”
ဒေါ်ဝိုင်းလည်း ပန်းကန်ကို ဦးချစ်ထွန်းကို ပေးခဲ့ပြီး ပြန်ထွက်လာခဲ့သည်။
ခဏအကြာ ဒေါ်ဝိုင်း ပြန်ဝင်လာ၏။ ဒေါ်ဝိုင်းလက်ထဲတွင် ဖယောင်းတိုင် တတိုင် မီးထွန်းလာ၏။
” အခန်းထဲက မီးက မှိန်တယ်။ ရှင် အမေ့ကို မမြင်မစမ်းနဲ့ စွပ်ပြုတ် တိုက်နေရမှာစိုးလို့ ကျွန်မ ဖယောင်းတိုင် မီးထွန်းလာခဲ့တယ် ”
စွပ်ပြုတ် ထိုင်သောက်နေသော ဒေါ်အိမ်မြဲသည် စက်ဖယောင်းတိုင် ကို မြင်လိုက်သော ၊ ထိုင်နေရာမှ ချက်ချင်း လှဲချလိုက်ပြီး …
” အိုအေ … ညည်း ဖယောင်းတိုင် မလိုပါဘူး။ ငါ မြင်ရသားပဲ ။ သွား သွား ပြန်ယူသွား မလိုဘူး ”
သို့သော် ဒေါ်ဝိုင်းသည် အကြံအစည်နှင့် ယူလာသည်ဖြစ်ရာ ၊ ဖယောင်းတိုင်ကို ထိုင်ခုံတလုံးပေါ် တင်ထားလိုက်ပြီး ၊
” ဟုတ် ဟုတ် ယူသွားပါ့မယ် အမေ ၊ ကျွန်မ အမေ့ အဝတ်တွေ မနက်ကျ လျှော်ဖွပ်ဖို့ လိုက်စုလိုက်အုံးမယ် ။ ခဏနော် အမေ ”
ဒေါ်ဝိုင်းသည် ဒေါ်အိမ်မြဲ၏ အဝတ်ဟောင်းတို့ကို လိုက်စုနေလိုက်သည်။
ထိုအချိန် ကြက်စွပ်ပြုတ် ပန်းကန်ကိုင်ထားသော ဦးချစ်ထွန်းသည် ထိတ်လန့်တကြား ပန်းကန်ကို အောက်သို့ လွှတ်ကျသွားလေ၏။
” ဟာ … အမေ ”
” ခွမ်း ”
ဦးချစ်ထွန်း ၊ မတ်တတ် ထရပ်လိုက်မိသည်။ စက်ဖယောင်းတိုင်၏ အလင်းရောင်ကြောင့် ဒေါ်အိမ်မြဲ၏ ကိုယ်၌ ပူးဝင်စားသောက်နေသော မကောင်းဆိုဝါး ဖုတ်တစ္ဆေကို ဦးချစ်ထွန်း ပက်ပင်း မြင်တွေ့လိုက်ရပြီ မဟုတ်လား ။
ဦးချစ်ထွန်းသည် မျက်စိမျက်နှာ ပျက်စွာ ကျသွားသည် ပန်းကန်ကို ကောက်ယူ၍ အခန်းအပြင်သို့ ကတုန်ကရင်ဖြင့်…
” လာ လာ မဝိုင်း ”
ဟု သူ့ဇနီးကို လက်ဆွဲခေါ်ကာ အခန်းအပြင်သို့ ထွက်သွားလေတော့သည်။
ထူးဆန်းသည်မှာ၊ ဦးချစ်ထွန်းနှင့် ဒေါ်ဝိုင်း အခန်းအပြင် ထွက်သည်နှင့် ၊ ဒေါ်အိမ်မြဲသည် အိပ်ယာပေါ်၌ လူးလိမ့်နေ၏။
” ဟဲ့ ဖယောင်းတိုင်ကို ယူသွားကြလေ ၊ အံမယ်လေး အလင်းရောင်က စူးခြစ်ပြီး ပူလိုက်တာ ၊ ငါနဲ့ မတည့်ဘူးဟဲ့။ အမြန်လာယူစမ်း ငထွန်း”
အခန်းအပြင်ရောက်သည့်အခါ ဦးချစ်ထွန်းက သူ့အမေစကားကို မကြား။ သူ မြင်တွေ့ခဲ့ရသည်ကို အံဩထိတ်လန့်စွာ သူ့ဇနီး မဝိုင်းကို လှမ်း၍ မေးပြော ပြောလိုက်သည်။
” မ … မဝိုင်း အမေ့ကိုယ်မှာ …အမေ့ကိုယ်ပေါ်မှာလေ မင်း … မင်းရော မြင်လိုက်လား ”
ဒေါ်ဝိုင်း ပါးစပ်က ပြန်မဖြေပါ။ ဦးချစ်ထွန်းကို ခေါင်းငြိမ့်ပြလိုက်သည်။
ဦးချစ်ထွန်း ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပစ်ထိုင်ကျသွားသည်။ပါးစပ်ကနေ ၊
” ငါတို့ ဘယ်လို လုပ်ကျမလဲ မဝိုင်း ”
ဒေါ်ဝိုင်းက သူ့လက်ထဲက အသံသွင်း ကက်စက်ကလေးကို ထုတ်ပြပြီး ၊
” ခဏနေရင် ကိုရင်လေးနန္ဒိယက ကျောင်းမှာ ဝတ်တက်ပြီး ၊ ကျွန်မတို့ အိမ်ကို လာခဲ့မယ် ပြောတယ် ကိုချစ်ထွန်း ။
သူ မလာသေးခင် ဒီတရားခွေ ဖွင့်ထားဖို့ ၊ ကျွန်မကို မှာလိုက်တယ် ”
ဒေါ်ဝိုင်းက ကိုရင်လေး ပြထားသည့်အတိုင်း၊ ကက်စက်ခလုပ်ကို ဖွင့်လိုက်သည်။
စပီကာမှ ကြည်လင်ပြတ်သားသော ဆရာတော် ဦးသုမန၏ မေတ္တသုတ် ရွတ်ဖတ်သရဇ္ဇျယ်သည့် အသံ ထွက်ပေါ်လာ၏။
” ဒုန်း ဒုန်း ”
ဒေါ်အိမ်မြဲ၏ အခန်းထဲမှ ထုရိုက်သံ ၊ ခြေဆောင့်သံများ ထွက်ပေါ်လာသည်။ မကျေမနပ်ဖြစ်သော အသံ၊ ကျဥ်းထဲကြပ်ထဲ ရောက်သည့်အခါ မကျေမနပ်ဖြင့် အော်ဟစ်ငြီးတွားသည့်အသံ စသဖြင့် တအိမ်လုံး ဆူညံ ပွက်လောထကုန်၏။
___________
အခန်း၆။
ဝတ်တက်ပြီးချိန် ကိုရင်နန္ဒိယသည် သူ့ကတိအတိုင်း ဒေါ်အိမ်မြဲတို့အိမ်ကို ရောက်လာ၏။
ဦးချစ်ထွန်းနှင့်ဒေါ်ဝိုင်က ဝမ်းသာအယ်လဲ ကြိုဆို၍ နေရာထိုင်ခင်း ပေးသည်။
” လုပ်ပါအုံး ကိုရင်၊ အခန်းထဲမှာတော့ ကိုရင် ကြားတဲ့အတိုင်း အမေ သောင်းကျန်းနေတယ် ”
ကိုရင်နန္ဒိယက …
” ကိုရင် ရောက်လာပြီပဲ။ မစိုးရိမ်ကြပါနဲ့ ။ ဒီ ဖုတ်တစ္ဆေလောက်ကတော့ ကိုရင် အသာလေး နှင်နိုင်ပါတယ်။
ဒါပေမဲ့ ခုဏက ဒကာမကြီးပြောသလို အခန်းထဲမှာ သောင်းကျန်းနေတာက ၊ ဒကာ ၊ ဒကာမကြီးတို့ရဲ့ အမေ မဟုတ်တော့ဘူးဗျ ။
အဲ့ဒါ ဒကာကြီးအမေရဲ့ ကိုယ်ထဲ ဝင်ပြီး အစားသောင်းကျန်းနေတဲ့ ဖုတ်တစ္ဆေ တကောင်ပဲ။
တကယ်တော့ အဖွားဒေါ်အိမ်မြဲက မရှိတော့ဘူး။ ရှင်းရှင်း ဆိုရရင် လွန်ခဲ့တဲ့ ၂လလောက်ကပဲ ဆုံးပါးသွားရှာပြီ။ အဖွားဒေါ်အိမ်မြဲ အသက်ငင်နေတဲ့အချိန်မှာ၊ ဖုတ်တစ္ဆေက အစားထိုး နေရာယူပြီး လှုပ်ရှားနေတာဗျ။
ဒါ့ကြောင့် ဒကာကြီး ဦးချစ်ထွန်းကို ကျုပ် အရင် ခွင့်ပန်ပါရစေ ”
ဦးချစ်ထွန်းက …
” ပြောပါ ကိုရင် ၊ တပည့်တော် ဘာလုပ်ပေးရမလဲ … ”
” အခု ကိုရင်က ဖွားအိမ်မြဲ ကိုယ်က ဖုတ်တစ္ဆေကို ထုတ်ပေးလိုက်ရင် ၊ ဖွားအိမ်မြဲရဲ့ကိုယ်ဟာ ပဲ့ကိုင်သူ မရှိတော့ပဲ အသက်မဲ့သွားလိမ့်မယ် ။ ဒါဟာ ကိုရင်က ဖွားအိမ်မြဲကို သတ်တာမဟုတ်ဘူး။ ဖွားအိမ်မြဲက လွန်ခဲ့တဲ့ ၂လကပဲ ကွယ်လွန်သွားခဲ့ပြီး ဖြစ်တယ်။
ဖုတ်တစ္ဆေ ထွက်သွားတဲ့အခါ ၊ ဒကာကြီးရဲ့ အမေ ရုပ်အလောင်းကို မြင်ရပါလိမ့်မယ်။ အဲ့ဒီအခါကျ ကိုရင်က သက်သေပြစရာမလိုပဲ ဒကာကြီး နားလည်သဘောပေါက်ပါလိမ့်မယ် ။
ကဲ ဖွားအိမ်မြဲရဲ့ကိုယ်ထဲက ဖုတ်တစ္ဆေကို ကိုရင်ထုတ်ရမလား ဒကာကြီး ”
ဦးချစ်ထွန်းသည် ခပ်တွေတွေ ဖြစ်သွားပြီး ဆူညံနေသော သူ့အမေအခန်းဆီသို့ တချက်မျှ ကြည့်သည်။ဒေါ်ဝိုင်းက ဦးချစ်ထွန်းအနီး ခပ်တိုးတိုး ဖြောင့်ဖျသည်။
ဦးချစ်ထွန်း ခေါင်းငြိမ့်လိုက်သည်။ မငြိမ့်လို့ မဖြစ်၊ သူ့အိမ်ရှေ့မှာ အိမ်နီးချင်းအချို့ စပ်စုရန် ရောက်ကုန်ကြပြီ ဖြစ်သည်။
နောက်ပြီးတော့ လူမမယ် သူ့သားသမီး ၃ယောက်အတွက်လည်း ထည့်စဥ်းရမည်မဟုတ်လား။ ကြာလျင် ဖုတ်တစ္ဆေသည် သူ့သားသမီးများကို ဒုက္ခကောင်းစွာ ပေးတော့မည် ဖြစ်သည်။
ကိုရင်သည် ဖွားအိမ်မြဲ အခန်းရှေ့မှာ တင်ပလ္လင်ခွေထိုင်လိုက်ပြီး ၊ အရင်ဦးစွာ စည်းချသည်။ ပြီးသော် …
” ဖွားအိမ်မြဲကိုယ်ခန္ဓာအတွင်းမှာ ပူးကပ်နေသော ဖုတ်တစ္ဆေ ။
သင့်အား ကိုရင် မေတ္တာ ပို့သပါတယ်၊ ဖွားအိမ်မြဲရဲ့ အိမ်သူအိမ်သားများကို မနှောက်ယှက်ပါနဲ့တော့၊ သင်လွတ်ရာကျွတ်ရာသို့သွားပါ၊
သင့်အတွက် ကိုရင် ကုသိုလ်ကောင်းမှုလုပ်ပေးပြီး
အမျှအတန်းများ ပေးဝေပေးပါ့မယ်။ အကယ်၍ သင့် မထွက်သည် ရှိသော ကိုရင်အနေဖြင့် ဤအိမ်သို့ သာသနာစောင့် နတ်မင်းကြီးများအား ပင့်ဖိတ်ရပါလိမ့်မယ်။
ထိုအခါ သာသနာကို စောင့်ရှောက်ကြကုန်သော နတ်မင်းကြီးများမှ သင့်အား တွေ့သော် ထုနှက်ရိုက်ပုတ်၍ ဂုတ်မှ ဆွဲကိုင်ကာ လွှင့်ပစ်ကြလိမ့်မယ် ”
အခန်းထဲက ဖွားအိမ်မြဲကို ပူးကပ်နေသော ဖုတ်တစ္ဆေသည် စက်ဖယောင်းတိုင်ကြောင့်၎င်း၊ မေတ္တသုတ်ကြောင့်၎င်း၊ ကိုရင်နန္ဒိယရဲ့ စရဏစွမ်းအားကြောင့်၎င်း ဆက်လက် နေဝန့်တော့ဟန်မတူ ။
ကြမ်းကို တဘုန်းဘုန်း ထုရိုက်ရင်း …
” သွားပါ့မယ် သွားပါ့မယ် ၊ နောက် မလုပ်ဝန့်တော့ပါဘူး။ ကြောက်လှပါပြီ ၊ ပူလောင်လှပါပြီ ၊ ငါ ထွက်လို့ရအောင် တရားခွေကို ပိတ်ပေးကြပါ ”
ကိုရင်နန္ဒိယက ဖုတ်တစ္ဆေ အိမ်ထဲက ထွက်လို့ရအောင်၊ တရားခွေ ဖွင့်ထားသော ကက်စက်ကို အပိတ်ခိုင်းလိုက်သည်။ မကြာပါ။ ကက်စက် ပိတ်လိုက်သည်နှင့် ဖွားအိမ်မြဲ အိပ်ယာအထက်က ခေါင်းရင်းတံခါးသည် လေမတိုက်ပဲ ဝုန်းခနဲ ပွင့်သွား၏။
တံခါး ပွင့်သည်နှင့် အပြင်က လေကြောင့် အခန်းထဲက စက်ဖယောင်တိုင်မီးသည် ငြိမ်းသွား၏။
အခန်းတွင်းမှ မည်းမည်းကြီး အရိပ်သဏ္ဍာန် တခုသည် ထိုပြတင်းပေါက် အပြင်သို့ ထိုးထွက်သွားသည်ကို အိမ်ထဲရှိ ဦးချစ်ထွန်းနှင့် ဒေါ်ဝိုင်းတို့ နှစ်ယောက် ကောင်းစွာ မြင်လိုက်ရသည်။
ရန်လုံ၏ ဟောင်သံ၊ ရွာလမ်းပေါ်က ခွေးလေခွေးလွင့်များရဲ့ အူသံတွေ ဆက်တိုက်ဆ်ုသလို ဆူညံ့သွားသည်။
ကိုရင် နန္ဒိယက ဦးစွာ အခန်းတွင်းသို့ ဝင်၍ ဖွားအိမ်မြဲ၏ ကိုယ်ကို စမ်းကြည့်သည်။ ဖွားအိမ်မြဲမှာ အသက်မရှိတော့ချေ။
ကိုရင်က ဦးချစ်ထွန်းတို့ လင်မယားကို ဘက်ထရီ မီးချောင်း ယူ၍ လာကြည့်ကြရန် ခေါ်လိုက်သည်။
ဘက်ထရီ မီးချောင်း၏ အလင်းရောင်ဖြင့် ဖွားအိမ်မြဲ၏ ရုပ်အလောင်းကို မြင်တွေ့ကြရလေပြီ ။
ဖွားအိမ်မြဲ အိပ်ယာအောက်က ပိုးဟပ် လေးငါးဆယ်ကောင် ထွက်ပြူလာပြီး ချောင်ကြို ချောင်ကြားတွေထဲ ပြေးဝင် ပျောက်ကွယ်သွားကြသည်။
ဖွားအိမ်မြဲကား အရိုးပေါ် အရေတင်ရုံလေး ခြောက်သယောင်းနေသော ရုပ်အလောင်းအဖြစ် တွေ့ကြရလေ၏။
သဘောမှာ ယခုမှ ဆုံးပါးသွားသော ရုပ်အလောင်းနှင့်မတူ။ လွန်ခဲ့သော နှစ်လက ဆုံးသွားသည် ရုပ်အလောင်းကဲ့သို့ ဖြစ်လေ၏။
” ကျေးဇူးတင်လိုက်တာ ကိုရင်ရယ် ” ဟု ဦးချစ်ထွန်းက လက်အုပ်ကလေးချီ၍ တုန်တုန်ရင်ရင် ပြောရှာသည်။
” ကဲ … ဒကာကြီးတို့ ထုံးစံရှိတဲ့အတိုင်းသာ နာရေးကိစ္စကို ဆက်ပြင်ပါတော့ ၊
ကိုရင်လည်း ကျောင်းကို ပြန်တော့မယ် ။ မနက်ဖြန်ကျမှ ဆရာတော်နဲ့အတူ အသုဘရှု့ ကြွခဲ့ပါမယ်။
အခု ဒကာကြီးတိုအိမ်မှာ ဘာအမှောင့်ပယောဂမှ မရှိတော့ပါဘူး ။ စိတ်ချ လက်ချသာ နေရစ်ကြပါတော့ ”
ကိုရင်နန္ဒိယကား ထိုသို့ နုတ်ဆက်ပြီး ၊ အိမ်ထဲမှ အပြင်သို့ ကြွ၏။
ရွာထဲက လူတွေကတော့ ကိုရင်နန္ဒိယကို ခပ်တိုးတိုးလေသံဖြင့် …
“တစ္ဆေနိုင်ကိုရင်လေးလို့ နာမည်ကြီးမယ်ဆိုလည်း ကြီးလောက်ပါတယ် ၊ သိက္ခါရ ဆရာတော်ကြီး ကျနေတာပဲနော်။ ကိုရင်လေးက အင်မတန် ဣန္ဒြေသိက္ခာရှိတာ” ဟူ၍ တယောက်တမျိုး ချီးမွှန်းစကား ဆိုနေကြလေတော့သည်။
ပြီးပါပြီ။
ပီပီ(မန္တလေး)